ရွှေပင်ရွာရဲ့ဆိုင်းဝိုင်းလဝိုင်း
(မင်းဒင်)
(၁)
ဝါခေါင်တကြောင်း ထနောင်းကြောင်ခြစ် ဆူးရစ်ပွင့်ကာ မိုးမရွာ၊ ရွာပါသော်လည်း မိုးမသည်းသည့် ကာလပေ တည်း။“အော်၊ မောင်တို့အညာမှာ တမာပင်တန်းတွေနဲ့ ထန်းပင်ထန်းတော လွမ်းမောစရာပဲ ”ဟူသည့် သီချင်း နေရာတွင် ခေတ်ပေါ်အဆိုကျော်ဗီဗာဟိန်း၏သီချင်းသံတို့ လွှမ်းမိုးနေချိန်တည်း။ရွှေပင်ကျေးရွာကား တခေတ် ဆန်းခဲ့ပြီထင့်။ ရွှေပင်သားတို့၏ ဘဝင်ကို လေဟတ်လေသောကြောင့် ယင်းတို့၏ မေးစေ့နှင့်ရင်ဘတ်ကို ခပ်ခွာခွာထားကာ မော်ကြွားလျက် ရှိကြကုန်၏။
အမှန်စင်စစ် အမျိုးသားခေါင်းဆောင်ကြီး၏ ဇာတိချက်မြှုပ်နှင့် ငါးတိုင်ခန့်သာလှမ်းသော ဤရွာသည် လွန်စွာ ကြီးမားလှသည့် မှိုက်ပင်ကြီးတပင်ကို အစွဲပြုလျက် မှိုက်ပင်ရွာဟု အမည်သညာပြုခဲ့ ကြလင့်ကစား ရွာသား တို့ကမူ မိမိတို့ရွာအမည်နာမကို “ရွှေပင်”ဟု ရည်ညွန်းလေ့ရှိကြသည်။ ကာလရွေ့လျောသည်က တကြောင်း၊ အချို့အချို့သော အထင်အမြင်သေးစိတ် မူလဓာတ်ခံရှိကြသူတို့၏ နှုတ်ထွက်လေသံအရသော်ကောင်း “အမှိုက်ပင်”ဟု နှိမ့်ချသယောင်ခေါ်ဝေါ်သမှု ပြုခဲ့ကြသည်မှာ ကာလအားဖြင့်လည်း ရှည်ကြာခဲ့ပေ၏။ ထိုစဉ်ကသော် ရွှေပင်သားတို့မှာ ရွာအမည် ခေါ်ဆိုပုံနှင့် စပ်လျဉ်း၍ မခံချိမခံသာ ဖြစ်ကြသော်ငြား အချိန်ကုန်လူပန်း ဖြေရှင်းရန် အခွင့် မသာခဲ့ကြချေ။ ရွာနီးချုပ်စပ်ဖြစ်သောညောင်ကြပ်ပင် ရွာလေးစသည် တို့နှင့် ထူးမခြားနား ဇာတိမာန်ကို သိုသိုသိပ်သိပ်နှုတ်ဆိတ်၍သာ နေခဲ့ကြသည်ချည်း ဖြစ်ပါ၏။ သို့တစေ ရာဇဝင်ဘီးကား တပတ် လည်ခဲ့လေပြီ။ ရွှေပင်ကျေးရွာကား အမှန်ပင်ဂုဏ်တက်ခဲ့ပြီ။
ယခုဖော်ပြ လတ္တံ့သော အကြောင်းခြင်းရာ၌ ဒီမိုကရေစီခေတ်ကြီး၏အကြောင်းခြင်းရာသည်လည်းကောင်း ၊တောကျောင်း ဘုန်းကြီး၏ထေရုပ္ပတ္တိသည်လည်းကောင်း ရေးကြီးခွင်ကျယ် ရှိအံ့မထင်သည် ဖြစ်၍ ချန်လှပ် ထားပေတော့အံ့။ ရွှေပင်၏ ဂုဏ်ကား ဆိုင်းဝိုင်းလဝိုင်းကြောင့် တက်ရခြင်းဖြစ်ပါ၏။
(၂)
ယနေ့ကား ရွှေပင်ကျေးရွာတွင် ပထမဆုံးသော နိုင်ငံတကာအဆင့်မီ စုံစီနဖာအရောင်းဆိုင်ကို စတင် ဖွင့်လှစ် သည့်နေ့ပင် ဖြစ်ချေ၏။ယင်းဆိုင်၏ခြင်းရာ အသေးစိတ်ကို ဘေးဘိုးတို့ ကိုးကွယ်ရာ အထင်ကရပုဂ္ဂိုလ် ဖြစ်ပေ သော တောကျောင်းဘုန်းကြီးပင်လျှင် ရိုးတိုးရိပ်တိတ်သဘောမျှသာ သိသည်ဟုလည်း တီးတိုး ဆိုကြပါကုန်၏။
ရွာ၏ပဏ္ဍိတ် တွဲဖက်ကျောင်းဆရာ ကိုဘိုကိတ်၏အဆိုအရ အဆိုပါ ဆိုင်၏အမည်မှာ သိုးဆောင်းစကား အတိအကျဖြင့် “ဆဲဗင်းအလဲဗင်း” ဟုခေါ်ဆိုကြောင်း အာပေါက်မတတ်ရှင်းပြသော်ငြား ရွာသူရွာသား အများ စုကမူ ယခု ဖွင့်လတ္တံ့သောဆိုင်၏ အမည်ကို “ဆဲဝင်း”ဟူ အလွယ်ခေါ်ဆိုကြပါလေ၏။ ထိုစဉ်မှာပင် ရွှေပင်ရွာ၏ ဘိသိက်ဆရာ ဆြာထောင်က၊ ဆိုင်၏ အမည်မှာ ပါဋ္ဌိသက်အလိုအားဖြင့် “ဆိုင်းဝိုင်းလဝိုင်း”ဟု ခေါ်နိုင်ပေဟန် ရုတ်တရက် နှုတ်ထွက်မြွက်ကြားမိသည်၏နောက်၌ ယင်းဆိုင်၏အမည်မှာ ဆိုင်းဝိုင်းလဝိုင်းဟု ရွာလုံးကျွတ် နှုတ်တက်အမည် တွင်ပေတော့၏။
နှစ်ဆယ့်လေးနာရီပတ်လုံး ဖွင့်လှစ်ရောင်းချသည့် အဆိုပါတိုလီမိုလီဆိုင်များကား ရွှေပြည်ကြီး၏ နယ်စပ် ဒေသနှင့် ခဲတပစ်မကွာဝေးသော ယိုးဒယားပြည်အနှံ့ လမ်းကြိုလမ်း ကြားပါမကျန် မှိုလိုပေါက်နေသော ဆိုင်များဖြစ်လင့်ကစား ရွှေပင်ကျေးရွာအတွက်မူ နတ်သိကြားတို့ဖန်ဆင်း စီရင်အပ်သော ဘုံဝတိံမှ မိုးပျံ စူပါ မားကက်ကြီးအလား ရွှေပင်သားတို့စိတ်တွင်မှတ်ထင်ကြရှာသတည်း။ ထို့ပြင်တဝ တံဆိပ်မျိုးစုံလင်လှသော နိုင်ငံခြားဖြစ် မုန့်ပဲသားရေ စာ၊အချိုရည်နှင့်တကွ အမျိုးစုံလှသော စုံစီနဖာတို့မှာ ဆိုင်အတွင်း အဆင့်ဆင့် အစီ အရီ၊စင်မြင့်အသီးသီးတွင် တခန်းတနား တင့်တယ်စွာ နေရာယူလျက်ရှိရကား ရွှေပင်သားတို့မှာ ရင်သတ်ရှုမော အံ့သြမကုန်အောင် ရှိကြလေ၏။
ရွှေပင်ကျေးရွာ၌ အဆိုပါ ဆိုင်းဝိုင်းလဝိုင်းဆိုင် ဖွင့်လှစ်နိုင်ခြင်းသည် စီးပွားရေးပိတ်ဆို့မှုရုတ်သိမ်းခြင်း၊ ကမ္ဘာ့ ဘဏ၊် အာရှဘဏ်တို့၏ ပွင့်လင်းမြင်သာမှု၊စသည်တို့နှင့် ဆက်စပ်နေသည် ဆိုသည့် အချက်အလက် များကို လည်းကောင်း၊ အဆိုပါဆိုင်ဖွင့်ပွဲတွင် သက်ဆိုင်ရာ ဂုဏ်သရေရှိ လူကြီးမင်းများ အမှာစကား အသီးသီး ပြောကြားလျက် ကြက်ပျံမကျ ဖြိုးဖြိုးစည်စွာ ကျင်းပခဲ့ကြသည့် အကြောင်းများသည်လည်းကောင်း၊ ရွှေပင် ကျေးရွာအတွက် အမေရိကန်ပြည်ထောင်စု၏လက်ဆောင် ဂျီအမ်ကုမ္ပဏီလုပ် မီးစက်ကြီး၏အကြောင်းသည် လည်းကောင်း စာလေးအံ့ ရှိမည်ထင်၍ အသေးစိတ်မဖော်ပြလိုတော့ပြီ။
“ဆိုင်ထဲကို ဝင်လိုက်ပြီ၊ ဆိုင်ထဲက ထွက်လိုက်ပြီ ဆိုတာနဲ့ ငြိမ့်ငြောင်းတဲ့ တီးလုံးသံလေးထွက်ပေါ်လာပါမယ်၊ဒါ ဟာ လူကြီးမင်းတို့ကို ကြိုဆိုနှုတ်ဆက်ခြင်းပါပဲ၊ ပစ္စည်းတခုချင်းရဲ့တန်ဖိုးကိုဖော်ပြတဲ့ စာတန်းကလေးတွေ ပစ္စည်းအားလုံးမှာ ကပ်ထားပါတယ်၊မိမိနှစ်သက်ရာ ပစ္စည်းကို ရွေးချယ်ပြီး ငွေရှင်းကောင်တာမှာ တန်းစီငွေရှင်း လိုက်ရုံပါပဲ”
ဆိုင်ဖွင့်ပွဲအခန်းအနားတွင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဆိုင်အတွင်း ဝယ်ပုံခြမ်းနည်း နိဿရည်းကို အကျယ်တဝင့် ရှင်းပြလင့်ကစား ရွာသူရွာသား အများစုကမူ ဂုဏ်မောက်သည့် မျက်နှာပေး အသီးအသီးဖြင့် မော်ကြွားလျက်သာ ရှိရကား တဦးတလေမျှပင် သတိပြုနားစိုက်ကြဟန်မရှိချေ။
ဆိုင်းဝိုင်းလဝိုင်းဆိုင်ကို နံနက်ခုနစ်နာရီတွင် စတင်ဖွင့်လှစ်ရောင်းချပေရာ ဦးစွာကြွရောက်လာသည်ကား တော ကျောင်း ဘုန်းတော်ကြီး ဖြစ်ပေ၏။ ဘုန်းတော်ကြီးကား ကြီးစွာသော အိနြေ္ဒဖြင့် ဆိုင်အတွင်းစင်္ကြန် လျှောက် ရင်း မမြင်ဖူးသော ပစ္စည်းမျိုးစုံကို ကြည့်ရှုတော်မူပြီး သကာလ “အိမ်း .. ရွှေပင်ကျေးရွာအတွက်ကဖြင့် ဂုဏ် တက်စရာပေတကား”ဟု တည်တည်ကြီးမိန့်လေ၏။ထို့နောက် ကြီးမားလှသောရေခဲသေတ္တာအတွင်းမှ အအေး ပုလင်း၊အားဖြည့်အချိုရည်မျိုးစုံကို ရှုတော်မူရင်း ထူးဆန်းအံ့သြသောအမူအရာဖြင့် “ ဒီအအေးကို ကပ်လဟဲ့”ဟု မြွက်တော်မူပြန်လေရာ အရောင်းတာဝန်ခံအသစ်စက်စက် ရွှေပင်သူဝိုင်းစိန်မခမျာ ငွေရှင်းကောင်တာပေါ်မှ ကွန်ပြူတာကို ကွက်၊ကြည့် ကွက်ကြည့်လုပ်ရင်း၊ ယိုးဒယားပြည်ဖြစ် အမ်မလွိုင်းဟဆစ်(M150)အချိုရည်ကို “အလှူရေစက် လက်နှင့်မကွာ” ဟူသော ရှေးထုံးနှင့်အညီ ညှိးငယ်သောစိတ်ထားဖြင့်၊ဒါနအမှု ပြုရရှာလေ သည်။
(၃)
“တီ၊ တင်၊ တီ၊ တင်”
“ဟဲ့၊သောက်ခွေး”
ဆိုင်အဝမှ လူဝင်ထွက်လေတိုင်းမြည်သည့် ဘဲလ်သံကြောင့် အလန့်တကြားအော်ဟစ်လိုက်သူကား ကြီးမယ်သီ တည်း။နံဘေးမှလိုက်ပါလာသူ၊ မဲဆောက်ဟူသော နိုင်ငံခြား၌ တလကိုးသီတင်းမျှ ကူလီအလုပ်လုပ်ဖူးလေ သည့် သားတော်မောင်ပေါ်အေးကား “အမေ့နှယ် အ ရန်ကောဟူသော မျက်နှာပေးဖြင့် မာတာမိခင်ကို စိုက်ကြည့်သော်ငြား ကြီးမယ်သီ၏ စိတ်မှာမူ ပစ္စည်းတခုချင်းပေါ်မှ ဈေးနှုန်းများကိုသာ စူးစိုက် လေ့လာလျက် ရှိလေသဖြင့် သတိမပြုမိဟန်မတူချေ။နှုတ်မှမူ ဆီမန်းမန်းသလို တဗြစ်တောက်တောက် ရေရွတ်လျက် ရှိ၏။
“ဟဲ့၊ ဒါက ပဲကြီးလှော်တွေပါကလား၊ လေးရာတဲ့၊ အံ့ပါ့တော်၊ တဆုတ်စာမရှိတာလေးကို သည်လောက်တောင် ဈေးတင်ရသလား၊ကြီးဒွေးဆိုင်မှာ နှမ်းတစလယ်ဖိုးဆိုရင် တအိမ်သားလုံး ဗိုက်ရိုက်စားပါလေ့၊ကြည့်အုံး၊ ဒီဇီး ထုတ်ကလည်း ငါးရာတဲ့၊ဈေးကြီးချက်ကတော့ ”
ပေါ်အေးကား ဘေးဘီကို မျက်နှာပူဟန်ဖြင့် “မဝယ်ချင်လဲနေပေါ့အမေရာ၊နွားစာစင်းချိန်နောက်ကျနေပြီ၊ ပြန်ကြစို့ရဲ့”ဟူ၍ အလိမ္မာနည်းသုံးလေ၏။
အနှီအချိန်၌ လသားအရွယ်ကလေးငယ်ကို ခါးထစ်ခွင်လျက်၊ လေးနှစ်ခြောက်နှစ်အရွယ်အသီးသီးရှိ ရင်သွေး မျောက်လောင်းနှစ်ကောင်ကို ခြံရံကာ ဝင်ရောက်လာသူကား ဒေါ်စံမယ်ဖြစ်၏။ အကြီးကောင်ကား စတုဒီသာ မဏ္ဍပ်နှင့် မှားလေသည်ထင့်။အအေးပုံးအတွင်းမှ ရေခဲမုန့်နှစ်ခုကို ဇတ်ကနဲ ထုတ်ယူကာ အငမ်းမရလွေး၏။ အငယ်ကောင်ကမူ ပေါင်မုန့်ထုတ်ကို ဖွင့်ဖောက်သုံးဆောင်၏။
“ငွေအရင် ရှင်းရမှာ အရီးလေးရဲ့” ဟူ၍ အကူအရောင်းစာရေး စိန်ကျော်မောင်က ကောင်တာမှနေ၍ အသံပြု စဉ်မှာပင် ခါးထစ်ခွင်ထက်မှ ကလေးငယ်၏ လက်သရမ်းမှုကြောင့် တခုသောစင်ထက်ရှိ ဒိန်းမတ်နိုင်ငံလုပ် အိုဗာတင်းပုလင်းမှာ အစိတ်စိတ်အမွှာ ကွဲရှာလေသည်။သို့သော် ဒေါ်စံမယ်၏ ထီမထင်လေသံဖြင့် ရုတ်ခြည်း တုန့်ပြန်သည်ကား…..၊
“ငါက နင့်အရီးလေးအရင်းပါဟဲ့၊စိန်ကျော်မောင်ရဲ့၊ နှစ်ပြားတပဲပိုက်ဆံလောက်ကို ရေးကြီးခွင်ကျယ် မလုပ်စမ်းနဲ့၊ ဒီသေနာလေးကလည်း တမှောင့်၊ဒီရွာကနေ ဘယ်မှ ထွက်မပြေးဘူး။ကျကွဲတဲ့ပုလင်းဖိုးပါ မှတ်ထားလိုက်ဟေ့” ဟူ၏။
ဤသို့လျှင် ရွှေပင်ကျေးရွာမှ ကာစတန်မာတို့မှာ ဆိုင်ထဲဝင်လာလိုက်၊ ပစ္စည်းမျိုးစုံကို တခုချင်းစိတ်ရှည် လက် ရှည်ကိုင်ကြည့် ပြန်ချ၊ထင်သလိုဖွ၊ တွေ့ရာနေရာပစ်တင် စသည်ဖြင့် ထင်တိုင်းကြဲကြရင်းပင် နေထန်းတဖျား တိုင်ခဲ့ပြီ။
(၄)
ရွာဦးကျောင်းဆီမှ ဆွမ်းစားသံချောင်းခေါက်သံနှင့် မရှေးမနှောင်းမှာပင် ရွှေပင်ရွာမူလတန်းကျောင်း၏ မုန့်စား ဆင်းချိန်ခေါင်းလောင်းထိုးလေရာ နှပ်ချေးဗရဗစ်၊ချေးလက်လေးသစ်နှင့် ရွှေပင်ကျေးရွာ၏ တောက်ပြောင်သော အနာဂတ်ကို ပိုင်စိုးထူထောင်ကြမည့် မျိုးဆက်သစ်တို့သည် ဆိုင်းဝိုင်းလဝိုင်းအတွင်းသို့ နွားအုပ်မောင်းသွင်း သည်နှင့်တူလှစွာ ဝင်ရောက်တော်မူ လာကြလေကုန်၏။ အုန်းအုန်းကျွက်ကျွက်ဆူညံစွာ စည်ကားလေပြီ တကား။
“ဟာ၊ ဆိုင်ထဲမှာ ရုပ်ရှင်ပြနေတယ်ဟေ့”
“ဟေ့ကောင်၊ ရုပ်ရှင်မဟုတ်ဘူး။ အခုပေါ်နေတာ ချက်ကြီးရဲ့ပုံ။ချက်ကြီးမင်းသားဖြစ်ပြီ”
“ဟာ၊ ဒါရိုက်ပြနေတာဟေ့၊ ဒါရိုက်ပြနေတာ၊ချက်ချင်းကြီးကို တန်းမြင်နေရတာ”
“ဒါရိုက်ထုတ်လွှင့်နေတာကွ”
“ဟ၊ဟ၊ ဗိုက်ဗူလမ်းလျှောက်နေတယ်၊ လမ်းလျှောက်နေတယ်”
“ဟေ့ကောင်၊ငစိုး မင်းပုံကို ငါမြင်နေရတယ်နော်။ မုန့်ခိုးစားမယ်မကြံနဲ့။ မင်းကို ငါကြည့်နေတယ်။ ဟဲဟဲ”
“ဘယ်နေရာမှာ ရပ်ရင်ပေါ်လဲကွ။ ငါ့ပုံကို ကြည့်ပါအုံး”
“စွတ်မတိုးနဲ့ကွ၊ တယောက်တလှည့်စီနော်၊မင်းဖယ်တော့”
ဤသို့လျှင် ရွှေပင်ကျေးရွာ မျိုးဆက်သစ်အုပ်စုနှစ်စုသည် တီဗီဖန်သားပြင်ရှေ့နှင့် စီစီတီဗီကင်မရာရှေ့တွင် အုပ်စုတစုစီခွဲလျက် ခေတ်မီနည်းပညာအပေါ် အသီးသီးဝေဖန်ဆောကြောလျက်ရှိရာ ကျောင်းပြန်တက်ချိန် ကိုပင် မေ့လျော့နေကြလေသဖြင့် ကျောင်းဆရာကိုဘိုကိတ် ကိုယ်တိုင်လက်စွဲတော်ကြိမ်လုံးနှင့်အတူ ကိုယ်ထင် ပြမှသာ တပ်နောက်သို့လှည့်ကြသည်ဟူ၏။
(၅)
ပူပြင်းသောနေရောင်ကြောင့် ရွာလယ်လမ်းမကြီးတလျှောက် တံလျှပ်ထနေသည့် နေ့လယ်ချိန်ခါတွင်ကား ရွှေပင်ရွာသားတို့သည် ဆိုင်းဝိုင်းလဝိုင်းဆိုင်အတွင်းသို့ အချိန်းအချက်ပြုထားကြဘိသည့်အလား နှစ်ယောက်တ တွဲ၊သုံးယောက်တတွဲ အသီးသီးအဿက၊အဿက ဝင်ရောက်လာကြလေရာ မကြာမီဆိုင်လုံးပြည့်လေ၏။ ယင်းဖြစ်ရပ်၏ လက်သည် တရားခံမှာ ကြီးမယ်သီဖြစ်၏။ “အဲကွန်းဆိုလား၊ဘာဆိုလား၊ ဆိုင်ထဲမှာတော့ လေမတိုက်ပဲ အေးနေတာ ပဲဟေ့၊ဘာမှ မဝယ်လဲ ဝင်ထိုင်နေရင် ရတယ်”ဟူသော သူ၏ မှတ်ချက်စကား ကြောင့် ပူပြင်းလှသော အပူဒဏ်ကို ကျော်လွှားနိုင်ကြရန် ရွှေပင်သားတို့ ချီတက်စုရုံးရောက်ရှိ လာကြခြင်း ဖြစ်လေသည်တကား။
အချို့ကား ရဲတင်းပွင့်လင်းစွာ ရင်ကိုဖွင့်လျက် ဝင်လာ၏။အချို့ကား မျက်စိလည်လမ်းမှားလာသယောင်ပုံဖမ်း၏။ အချို့ကား ဈေးဝယ်လာလေဟန် အိုက်တင်ဖြင့်ရှိ၏။အချို့ကားလမ်းကြုံလေဟန်ပုံစံပြ၏။ဝင်လာမစဲ တသဲသဲ ပါတကား။
ဈေးဝယ်သူအနည်းငယ်ကား ရှိပါ၏။သို့သော် ပြန်ထွက်သူကား မရှိလေ။ ရွှေပင်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဆွေတော်မျိုးတော် မိန်းမဒွေတသိုက်မှာ ဆိုင်ထောင့်လေအေးစက်အောက်တွင် စကားဖောင်ဖွဲ့ကာ သန်းတုတ် လျက်ရှိလေသည်။ကြွရောက်လာသော မင်းပရိသတ်တို့မှာ ဆိုင်အတွင်း နေရာရရန်အလို့ငှာ တွန်းကြ၏။ ဝှေ့ကြ၏။ အချို့ကား တွန်းဝှေ့ဝှေ့ကြ၏။ တွန်းသောဝှေ့သော အရှိန်ကြောင့်ပင် ဆိုင်းဝိုင်းလဝိုင်း၏ ဆိုင်ရှေ့ မျက်နှာစာကို ကာရံအပ်သော ဧရာမမှန်ကြီး နှစ်ချပ်မှာ မြေခပျက်ယွင်း၊အစိတ်စိတ်အမြွှာမြွှာ ကွဲကြေခြင်းသို့ ရောက်ရလေ၏။
(၅)
ညီအကိုမသိတသိ နွားရိုင်းသွင်းချိန်တွင်ကား ဆိုင်းဝိုင်းလဝိုင်းရှေ့မြေကွက်လပ်တွင် ရွှေပင်ကျေးရွာအုပ်ချုပ်ရေး မှူးကြီးသည် ခုံပုငယ်တလုံးပေါ်တွင် ထိုင်နေရင်း နဖူးဆီမှ ဖြိုင်ဖြိုင်ကြီး စီးကျလာသော ဇောချွေးတို့ကို သုတ်လျက်ရှိ၏။ အရောင်းတာဝန်ခံ ဝိုင်းစိန်မကား အရောင်းကောင်တာနောက်ကွယ်တွင် ငူငူကြီးရပ်ကာ ငိုမဲ့မဲ့ရှိ၏။ အကူဈေးရောင်း စိန်ကျော်မောင်ကား ခေါင်းကိုတဗျင်းဗျင်းကုပ်လျက် ဂဏှာမငြိမ်ဟန်ဖြင့် ဆိုင်ပြင် ထွက်လိုက် အတွင်းပြန် ဝင်လိုက် ရှိနေလေသည်။
ထိုစဉ် ရွာလယ်ခေါင်တခုသော အလှူမဏ္ဍပ်၏ လော်စပီကာမှ နာမည်ကျော် အဆိုတော် ဗီဗာဟိန်း၏ ရက်ပ် စတိုင်ရောမွှေထားလေသည့် ချိုမြကြည်လင်သည့် မြန်မာသံသီချင်းမှာ ဆိုင်းဝိုင်းလဝိုင်းဆီသို့တိုင် လေနှင့်အတူ လွင့်ပျံရောက်ရှိ လာလေသည်။
“ဝါဝါမြင်တိုင်း ရွှေအစစ်လို့ မထင်လိုက်ပါနဲ့ မေ့ချစ်သူရယ်၊အချစ်စစ်နဲ့မတန်ဘူးအချစ်ရယ်၊ ဂုဏ်လောကကြီး ရယ်၊ မှန်ကင်းတလှည့်ထင်းတလှည့်ပါကွဲ့၊ သစ်ငုတ်မြင့်တုံ မြက်မြင့်တုံတဲ့ကွယ်၊ရေစီးတခါရေသာတလှည့်မို့ ဘူးသီးမှ အရီးလာမတော်နဲ့ဟယ်”
“ချိန်ဆည်းဆာ နေခြည်စောင်း၊မောင်းကလေးကမြည်၊ ဒီအချိန်ဆို လူစုံပြီ ယာထဲကိုင်းထဲ အလုပ်သွားကြတဲ့ ရွာသားများတို့သည်၊ ဖိတ်စာကမ်းကာ မဖိတ်နေတော့ပါ၊ တရွာလုံးလာပါ၊ ဗျို့ဟစ်ဖိတ်သည်၊ မီးခိုးတိတ်ကြွ ကြပါဗျို့”