“ဆြာဒင်နှင့် ဥသြသံအရေးတော်ပုံ”
(မင်းဒင်)
(၁)
ယိုးဒယားပြည်၊ဖူးခက်မြို့၏ ရပ်ရှစ်ခွင်တိုင်းကား မိုးလုံးပတ်လည် ၊အုံ့မှိုင်းပြာရီညိုမှောင်နေဆဲကို။
“ဝဿန်ကာလ၊မိုးကျတည့်လျှင် ပျော်ပျော်ပါးပါး မယားနှင့်ဆွေငယ်လင်” ဟူ၍ ဝန်ကြီးပဒေသရာဇာ ဖွဲ့ဆိုအပ်သော မိုးရာသီသမယပေတည်း။ရွှေပြည်တော်မျှော်လေဝေးလေသည့် တကျွန်းတမြေနေ အထီးကျန်ဆြာဒင်ကား ငွေမျှားတံမိုး ပေါက်တို့ကို ငေးကြည့်ကာ ပူဆွေးဗျာထုလှိုင်လျက်ရှိ၏။ မိုးဖြိုင်ဖြိုင်ရွာသွန်းလေသည့်လဇူလိုင်ပေတကား။ မကြာမတင် ရက်များတွင် ဆြာဒင်တို့နိုင်ငံအတွက် ကြေကွဲဝမ်းနည်းဖွယ်အထိမ်းအမှတ်နေ့တနေ့ကို ကျင်းပကြပေရော့မည်။ ဆယ့်ကိုး ဇူလိုင်ကား မေ့ရက်နိုင်စရာ မဟုတ်ပါချေ။
အင်တာနက်သာအမိ၊အင်တာနက်သာအဖ ထင်မှတ်နေရရှာသော ဆြာဒင်သည်၊မည်သို့လျှင် စိတ်၏စေစားရာသို့ လိုက်ပါ မိသည်မသိ၊ အွန်လိုင်းယူကျုမှ သီချင်းတပုဒ်ကို ဖွင့်မိလျက်သားရှိလေသည်။အမေရိကန်ပြည်ဖြစ် ဒဲလ်တံဆိပ်ကွန်ပြူတာ ဆီမှ ထွက်ပေါ်လာသည့် “နှစ်လနာရီ ခါရာသီရွေ့ပေမဲ့ အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ၊ ယနေ့ဖြင့် အသိတရား ထားဖို့ အခြေ၊ (အများပြည်သူတွေ)၂၊အာဇာနည်နေ့ကိုလေ၊ တွေးရှုကာပဲ၊အလေးပြုပါမယ်လေ” ဟူသော ခေတ်ဟောင်း ဂန္တဝင်အဆိုတော်ကြီး ဒေါ်မေလှမြိုင်၏ ကြေကွဲဖွယ်၊အာဇာနည်နေ့အမှတ်တရ အလွမ်းသီချင်းသံကား ဆြာဒင့်ရင်ကို ဆို့နင့် စေပြန်ချေပြီ။
(၂)
“တီးတင်၊ တီးတင် ”
ဆြာဒင်ကား အခန်းအောင်းရင်းပင် လွမ်းကောင်းခြင်းလွမ်းရန်အခွင့်မသာပြန်ချေ။ခြံတံခါးဝမှ ဘဲလ်သံကြောင့် အောက်ထပ် သို့ ဆင်းလျက် ခြံတံခါးဖွင့်ရပြန်ရာ ပူပုံငယ်ပန်းနွမ်းနေရှာသည့်အသွင်ဖြင့် ဝင်လာသူကား ဖူးခက်မြို့မှ ရှားပါးပညာတတ် ကလေး မောင်ကပ္ပလီတည်း။ဒင်းရောက်လာပြန်ချေပြီ။ ဆြာဒင့်ကို မြင်လျှင်မြင်ခြင်းပင် ဗူးလုံးနားမထွင်းသောစကားဖြင့် အစပြု၏။
“သူတို့ခေါင်းရှောင်နေကြပြီ ဆြာဒင်”
“အန်”
“မအန်နဲ့ဆြာဒင် ၊ဒါဟာ မပြောင်းသေးဘူးဆိုတဲ့သဘောပဲ”
“အာ”
“ဒါနောက်ကြောင်းပြန်လှည့်နေတာပေါ့ဆြာဒင်ရယ်”
“ဟေ”
“ဆွဲခွင့်ပြုသင့်တာပေါ့ဆြာဒင်”
“ကိုရင်၊အဘယ်ကိုဆိုလိုသနည်း။ ရိတ်ပတ်လည်အောင် ခဏတဖြုတ်ထိုင်ပြီးမှ မိန့်ပါလေ”
ကြာလေဆိုးလေဖြစ်လာမည်မို့ ဆြာဒင်မှာ ယာဉ်ထိန်းရဲအိုက်တင်ဖြင့် လက်တဖက်ကို အသာမြှောက်လျက်ကာရင်း မောင် မင်းကြီးသားကို တားမြစ်မိန့် ထုတ်ရလေသော်ငြား သူကားတပြားသားမလျော့လေ။
“ရော့ ဆြာဒင် ဒါကိုဖတ်ပေတော့”
ကိုရွှေကပ္ပလီ၏ညွန်ကြားချက်အရ သူကိုယ်တိုင်ယူဆောင်လာသော လူထုပုံရိပ်အမည်ရှိ သတင်းဂျာနယ်မှသူဖတ်စေသော သတင်း၏ လိုရင်းအချက်မှာ အောက်ပါအတိုင်းဖြစ်လေ၏။
၂၀၁၃တွင် အာဇာနည်နေ့ အထိမ်းအမှတ် ဥသြဆွဲဂုဏ်ပြုခြင်းအား ပြန်လည်ဖော်ထုတ်ရန် ရှိမရှိနှင့်ပတ်သတ်၍လူထုပုံရိပ်မှ အောက်ပါပုဂ္ဂိုလ်များကို ဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ ဖြေဆိုထားသည်။
“ အဲဒီဥသြဆွဲမယ့်ကိစ္စနဲ့ပတ်သတ်ပြီးတော့မှ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကိုပဲ မေးရမှာပါ ”( ဦးဇော်ဌေး၊ သမ္မတရုံးညွန် ကြားရေးမှူး )
“ ဦးကျော်ဆန်းလက်ထက်တုန်းက မဆွဲဘူးလို့ဖြေခဲ့တာက ပြန်ကြားရေးဝန်ကြီးအနေနဲ့ ဖြေခဲ့တာမဟုတ်ပါဘူး။ ဒီဥသြဆွဲ မယ့်ကိစ္စက ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းအစိုးရကိုပဲ မေးမှရမှာပါ။ ”(ပြန်ကြား ရေးဒုဝန်ကြီး ဦးရဲထွဋ်၊ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ )
“မသိဘူး။ အဲကိစ္စက မြို့တော်ဝန်ကိုပဲ လွှဲထားတဲ့အတွက် မြို့တော်ဝန်ကိုပဲမေးရမှာ” (ရန်ကုန်အစိုးရရုံး)
“ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရုံးကို အဲဒီကိစ္စကို လွှဲထားတယ်။”( ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းဆွေ)
“ အဲဒီကိစ္စကိုမသိဘူး။ ပြောခွင့်လည်း မရှိဘူး”( ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ ကိုယ်ရေးအရာရှိ)
ကာဗူလီးဝါလားအနုံညာတ ဆြာဒင်ကား “အင်း”ဟူသော သက်ပြင်းခပ်လေးလေးတချက်ကို ချရင်း ကပ္ပလီ၏ အံကြိတ်နေ သည့် ငိုမဲ့မဲ့မျက်နှာကို မဟာဂရုဏာတော်ဖြင့် ကြည့်ရှုနေမိလေရာ သူ့ထံမှ ခပ်လေးလေးစကားသံတခွန်း ထွက်ပေါ်လာ လေ၏။
“ယိုးဒယားမှာ နိုင်ငံတော်သီချင်းနဲ့အလံတော်ကို နေ့တိုင်းမနက်ကောညပါ၊ကျနော်တို့အလေးပြုနေကြရသေးတာဗျာ၊ တနှစ်တခါ ဒီလိုနေ့မျိုးမှာ တမိနစ်လောက်ဥသြဆွဲခွင့်လေးကို ဒီလောက်နှမြောတွန့်တိုနေရသလား၊ဖြစ်နိုင်ရင် ဆြာဒင့်ကို လွှတ်တော်မှာတင်ပြဖို့ ဖူးခက်ရောက်မြန်မာတွေရဲ့ကိုယ်စား၊ကိုယ်စားလှယ်အဖြစ်လွှတ်ချင်စမ်းပါဘိ”
ကပ္ပလီဆိုလိုချင်သော အကြောင်းအရာကို ကျွန်ုပ်ကောင်းစွာ သဘောပေါက်ခဲ့ပြီ။သို့သော် ကြီးစွာသော ကိုယ်ချင်းစာနာ စိတ်ဖြင့် အာစေးမိနေသော ဆြာဒင်ငပါမွှားခမျာ လွှတ်တော်တက်အရေးဆိုရန် ရွှေပင်လယ် ကာဆီးသည်သို့နီးမယ် မထင်လေရကား၊စိတ်ပျက်အားလျော့စွာ တပ်ခေါက်ပြန်သွားရှာသော ကပ္ပလီ၏ ကျောပြင်ကို ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း အတန်ကြာငေးမျှော်ကြည့်ပြီးသကာလ၊ စံပျော်ကွန်းခိုနေကျအခန်းတွင်းရှိ အိပ်ယာထက်တွင် အတွေးမျိုးစုံကို ရင်ဝယ်ပိုက် ရင်း ဖြေးညှင်းစွာလှဲလျောင်းမိလေသည်။
(၃)
မည်သို့မည်ပုံ ရုတ်ခြည်းခရီးနှင်ခဲ့မိသည်မသိ။ ဆြာဒင်ကား မြန်မာပြည်ကြီး၏တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတို့ မှီတင်း နေထိုင်ရာ နေပြည်တော်တည်းဟူသော အရပ်ရှိ တခုသောလမ်းမကြီးပေါ်တွင် ခြေစုံရပ်လျက်ရှိ၏။ရှေ့တည့်တည့်ရှိ ပြည် ထောင်စုလွှတ်တော် ခန်းမကြီး ကား ခန်းနားလှပါဘိ။ လွှတ်တော်အစည်းအဝေးကျင်းပနေချိန်ဖြစ်၍ ဘေးဘီမှာ တိတ်ဆိတ် ငြိမ်သက်လျက်ရှိ၏။ ဤအရပ် ဤဌာနသို့ တခေါက်တကျင်းမှ ရောက်ဖူးသူမဟုတ်မူ၍ ဆြာဒင်မှာ ယောင်နနဖြစ်နေ သော်ငြား လာရင်းကိစ္စကို မမေ့မလျော့ ဆောင်ရွက်နိုင်ရန်အလို့ငှာ ပါးစပ်ပါရွာရောက်ဟူသော ဆိုရိုးအတိုင်း လွှတ်တော် အဝမှာ အဆင်သင့်တွေ့ရသည့် ကျိုင်းတုတ်ကြီးကိုဘေးချကာ ငိုက်မျဉ်းနေသူတယောက်ကို အသာပုတ်နှိုးရင်း တိုတို နှင့်လိုရင်း မေးမြန်းသမှုပြုလိုက်ရ လေသည်။
“တဆိတ်ဗျာ၊ အစည်းအဝေးခန်းမထဲကို ဘယ်လိုဝင်ရပါသလဲ”
အံ့သြဖွယ်ကောင်းလေစွ။ အကြင်သူသည် ကျွန်ုပ်အား စကားတခွန်းမျှပင် တုန့်ပြန်စောကြောခြင်းမရှိပဲ၊ငိုက်မျဉ်းနေရာမှ ရုတ်တရက်ထတဲ့ကာ သူ၏လက်စွဲတော် ကျိုင်းတုတ်ကြီးကို စွေ့ကနဲကောက်ယူပြီး ပုခုံးပေါ်တွင်ထမ်းလျက် လွှတ်တော် အစည်းအဝေးရှိရာသို့ လမ်းပြခေါ်ဆောင်လေ၏။ မကြာမီပါချေ။ ဖိုးကျိုင်းတုတ်နောက်မှ အူကြောင်ကြောင်ခြေလှမ်းများ ဖြင့် တလှမ်းချင်းလျှောက်လှမ်းခဲ့သော ဆြာဒင်သည် အမတ်မင်းတို့စုဝေးတိုင်ပင်နှီးနှောရာ ပြည်ထောင်စုလွှတ်တော်ခန်းမ အတွင်းသို့ ဒုတ်ဒုတ်ထိ ရောက်ရှိခဲ့လေသည်တမုံ့။
ခေတ်ကြီးသည် အမှန်ပင်ပြောင်းလဲခဲ့လေပြီလော။ခန်းမတွင်းမှ လွှတ်တော်ကိုယ်စားလှယ်အများစုမှာ မှတ်စုမှတ်ရာစာရွက် စာတမ်းတို့ကို အသီးသီးလှန်လှောဖတ်ရှုရင်း လှုပ်လှုပ်ရွရွဖြင့် အလုပ်များလျက်ရှိကြ၏။ မကြာသေးမီကမှ လွှတ်တော် သဘာပတိ၏ “မင်းတို့အုပ်စုတွေ”ဟု ရည်ညွန်းကြိမ်းမောင်းခြင်းခံခဲ့ရသော အစိတ်သားကိုယ်တော်များကား ကျွန်ုပ်တည် တည်မိန့်မိန့်ကြီး ဝင်ရောက်လာသည်ကို တွေ့မြင်သော တခဏ၌ တအံ့တကြ၊အလန့်တကြားပုံစံဖြင့် ပြိုင်တူမတ်တပ် ထရပ်ကြကာ သတိဆွဲလျက် အနေအထားဖြင့် ကြိုဆိုကြလေ၏။
(၄)
ပြည်ထောင်စုလွှတ်တော် သဘာပတိသည်လည်းကောင်း၊ဥက္ကဋ္ဌသည်လည်းကောင်း ကျွန်ုပ်ကို စူးစမ်းသောအကြည့်ဖြင့် ရှုစားတော်မူကြလျက်ရှိကြကုန်၏။ယိုးဒယားနဲ့တိုင်းခြားကိုပါ တိုက်ခိုက်ကာ အောင်ခဲ့ကြသည့် ဘိုးဘေးတို့၏မြစ်တော် ဆြာဒင်ကား ကြောက်ရွံ့တုန်လှုပ်သည်ဟု မဆိုနိုင်သော်ငြား ဒူးနှစ်လုံးမှာ အချင်းချင်း ဘေးတိုက်တဆတ်ဆတ် ရိုက်လျက် ရှိ၏။ ထိုစဉ်မှာပင် လွှတ်တော်စင်မြင့်ရှိရာသို့ မော့ကြည့်နေသော ဆြာဒင်၏နှုတ်မှ ညောင်နာနာအသံသည် ဗလုံးဗထွေး ထွက်ပေါ်လာလေတော့သည်။
“ဆရာတို့ရယ်၊ ဆွဲပါရစေ”
လွှတ်တော်သဘာပတိသည် ကျွန်ုပ်၏စကားကို သဲသဲကွဲကွဲကြားဟန်မတူရကား မလိုအပ်သောဆူညံသံများကို တားဆီးရန် အလို့ငှာ လက်စွဲတူတော်ကြီးကို တဒုန်းဒုန်းအသံမြည်အောင်ထုရင်း ကျွန်ုပ်အား ပြန်လှန်မေးခွန်းစတင်လေ၏။
“မောင်ရင်၊ဘာပြောချင်တာလဲ၊ရှင်းအောင်ပြော”
“ဟုတ်ကဲ့၊အများစုက ဆွဲစေချင်ကြတာမို့ ဆွဲခွင့်ပြုပါခင်ဗျာ”
“ဘာကို ဆွဲချင်တာတုန်း”
“ဥသြသံပါခင်ဗျ”
သဘာပတိမင်းကား အကင်းပါးလှချေ၏။ကျွန်ုပ်ဆိုလိုသည်ကို ဒက်ကနဲသဘောပေါက်ဟန်ဖြင့် ခပ်တွေတွေစဉ်းစားခန်းဝင် ရင်း မေးခွန်းကိုဆက်သည်။
“နေပါအုံး၊ မောင်ရင်က ဘယ်သူတုန်း”
“ကျနော်လူထဲကလူ၊ရိုးရိုးပြည်သူပါခင်ဗျ”
“မင်းနဲ့လွှတ်တော်ဘာဆိုင်သတုန်း”
“လျှာရှည်တယ်မထင်လိုက်ပါနဲ့ခင်ဗျာ၊ လွှတ်တော်ဆိုတာ ပြည်သူက ရွေးချယ်တဲ့ ကိုယ်စားလှယ်မင်းများနဲ့ ဖွဲ့စည်းထားတာ မို့ “လွှတ်တော်အထက်မှာ ပြည်သူရှိတယ်”လို့ဆိုနိုင်တာကြောင့် အမတ်မင်းတို့ပမာဒလေခပြီး မမေ့မလျော့ကြလေအောင် ကျနော်မျိုး လာရောက်နှိုးဆော်ရခြင်းဖြစ်ပါတယ်ခင်ဗျာ”
အလျှောက်ကောင်းလေသလောမဆိုနိုင်။ သဘာပတိမင်းသည် လွှတ်တော်ဥက္ကဋ္ဌထံသို့ အဓိပ္ပါယ်အပြည့်ပါသော အကြည့် ဖြင့်လှမ်း၍ကြည့်ရှုလေရာ ဥပဒေအထက်မှာ မည်သူမျှမရှိဟု မိန့်တော်မူဖူးလေသောဥက္ကဋ္ဌကြီးသည် တည်ငြိမ်လှသော အသံဖြင့် မှတ်ချက်ပြုသည်ကား၊“ခုချက်ချင်း အထူးအစီအစဉ် အနေနဲ့ ဒီကိစ္စကို မဲပြန်ခွဲလိုက်ကြတာပေါ့၊ဒါနဲ့ စကားမစပ် အမကြီးကရော ဘယ်လိုသဘော ထားရှိသလဲသိပါရစေ”ဟူ၏။ အမကြီးဟူသည်ကား ဒေါ်အောင်ဆန်းစုကြည်ကို ဆိုလိုပေရာ ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့မှ မိုက်ကရိုဖုန်းကို ချက် ချင်းပင်ဆွဲယူလျက်၊“ကျမအဖေအပါအဝင်ဖြစ်နေတဲ့ အာဇာနည်တွေကို ဂုဏ်ပြုဖို့ ကျမကိုမေးရသတဲ့လား၊ ဥက္ကဋ္ဌကြီးကလည်း နောက်နေသလိုပဲ၊ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုတာ မင်္ဂလာတရားနဲ့အညီမို့ မဲခွဲဖို့လိုသေးလား”ဟု တုန့်ပြန်သည်တွင် သင်္ဃန်းကျွန်းအမတ်မင်းသည် ရုတ်တရက် ထရပ်ခါ ၊“ ဒီလိုတွေဖြစ်လာမှာ ကြိုမြင်လို့ ကျနော်ပြောခဲ့သားပဲ၊ဟော၊အခု ဥသြသံကအစ ပြဿဒ်မီးလောင်တော့မယ်”ဆိုပြန် လေသည်။ ထိုခဏ၌ လွှတ်တော်အမတ်မင်းအများစုထံမှ ထွက်ပေါ်လာသော အသံမျိုးစုံကား “ဟုတ်တော့လည်း ဟုတ်တာပဲ”“ အင်းလေ၊မှန်တာပေါ့”“ဆွဲရုံလေးပဲဥစ္စာ ဘာမှ မဖြစ်လောက်ပါဘူး”“ဆွဲလိုက်ရင်ကောင်း မယ်ထင်တယ်” ဟူသတည်း။
အတန်ငယ်အာရုံနောက်လာဟန်ရှိသော သဘာပတိမင်းသည် အစိမ်းရောင်အစိတ်သားကိုယ်တော်များဖက်သို့ မေးငေါ့ လျက်ခပ်ငေါ့ငေါ့အသံဖြင့် “မင်းတို့အုပ်စု ငြိမ်မနေနဲ့၊သဘောတူရင်တူတယ်၊ မတူရင်မတူဘူး၊ပြောကြအုံး” ဟူသော အမေး မဆုံးခင်မှာပင် ထိုအုပ်စုဆီမှ “ဟုတ်”ဟူသော ပြိုင်တူဖြေဆိုလိုက်သည့် ကျယ်လောင်သော အသံကြီးထွက်ပေါ်လာလေ သည်။
ထို“ဟုတ်”ကား အထက်အရာရှိ၏ အမေးကို တပ်ဓလေ့ထုံးစံအတိုင်း “ဟုတ်”လေသည်လား။ ဥသြဆွဲမည့်အစီအစဉ် ကို ထောက်ခံသော “ဟုတ်”ပေလော၊ဆြာဒင်တယောက်မဝေခွဲနိုင်စဉ်မှာပင် လွှတ်တော်ခန်းမတခုလုံး လက်ခုပ်သြဘာ သံများဖြင့် ဆူညံသွားလေရာ နောက်ဆုံးတွင် ဆြာဒင်၏ ဥသြသံနှင့်စပ်လျဉ်းသောအဆိုမှာ ကန့်ကွက်သူမရှိ၊ တညီတညွတ်
တည်းသော လက်ခုပ်သြဘာသံတို့ဖြင့် အောင်မြင်စွာနိဂုံးတိုင်လေတော့သည်။အောင်လံထူစစ်သူကြီးပွဲပေတကား။အဆင် သင့်ရောက်ရှိနေရာယူလျက်ရှိကြသော သတင်းမီဒီယာမျိုးစုံမှလည်း ကျွန်ုပ်၏ အရေးတော်ပုံကို တိုက်ရိုက်၊ရိုက်ကူး ထုတ် လွှင့်နေကြလေသည်တကား။
(၅)
ဆြာဒင်သည် သတင်းထောက်တို့ကို အသာတွန်းဖယ်ရင်း၊ရင်ကိုကော့ကာ လွှတ်တော်အတွင်းမှ ထွက်ခွာခဲ့ရာ ဘဝင်စိတ် ကြောင့် ရင်ဘတ်သည် မေးစေ့ထက် ပိုမြင့်နေ သယောင်ထင်ရ၏။ကပ္ပလီကလေး၏ စေခိုင်းတာဝန်ပေးချက်ကို ကျွန်ုပ်ကျေ ပွန်အောင်မြင်စွာ ကျွန်ုပ်ဆောင်ရွက်နိုင် ခဲ့ပေပြီ။ဇူလိုင်လမိုးဥတုဖြစ်သော်ငြား ကောင်းကင်တွင် တိမ်ညိုတို့ကင်းစင် လျက်ရှိ ၏။ကပ္ပလီအပါ အဝင်ဖူးခက်ရောက် မြန်မာအလုပ်သမားတို့ ဤသတင်းကို ကြားလတ်သော် ဝမ်းမြောက်ဝမ်းသာ ရှိကြကုန် အံ့။ ထို့အတူ မြန်မာပြည်သူလူထုကြီးသည်လည်း ဝမ်းမြောက်ကြပေလိမ့်မည်ဟူသော အတွေးတို့ဖြင့် ဆြာဒင့် ကိုယ်လုံး အနှံ့ ပီတိပြန့်လျက်ရှိ၏။
သို့သော်…..၊တခုသော လမ်းဆုံအရောက်၌ ဝါးချွန်၊တုတ်၊ဓားနှင့် အုတ်ခဲကိုယ်စီကိုင်ဆောင်ထားကြသော လူတအုပ်သည် ဆြာဒင့်ထံသို့ ညာသံမျိုးစုံပေးကာ ပြေးလာကြပြီး “ခေတ်ကိုပြောင်းချင်တဲ့ကောင်” “နောက်ကြောင်း ပြန်မလှည့်ချင် တဲ့ကောင်” “မှတ်လောက်အောင်ဆော်ကြဟေ့”ဟူသော ကြွေးကြော်သံတို့ဖြင့် တက်ညီလက်ညီဆွမ်းကြီးလောင်းကြ လေရာ “ဒုံး” “ခွပ်” ဟူသောအသံတို့၏နောက်ဝယ် အသိဥာဏ်မှောင်အတိကျကာ လောကကြီးနှင့် ဆြာဒင်အဆက် အသွယ်ပြတ်လေ၏။ နောက်ဆုံး ဆြာဒင်မှတ်မိသည်ကား ထိုလူအုပ်၏လက်မောင်းကိုယ်စီရှိ စာလုံးသုံးလုံးပါ အနီရောင် စာတမ်းနှင့် လက်ပတ်များပင်ဖြစ်၏။ ရှေ့ဆုံးစာလုံးမှာ “စွမ်း”ဟု ဆြာဒင်ထင်မိသည်။
(၆)
မှိတ်ထားသော မျက်စိကို တဖြေးဖြေးချင်း ဖွင့်ကြည့်မိသည်။တကိုယ်လုံးဇောချွေးပြန်လျက်ရှိ၏။ ဆြာဒင်လန့်နိုးလာချိန် တွင် အနီးရှိကွန်ပြူတာဆီမှာ ဒေါ်မေလှမြိုင်၏ ရင်ကွဲနာကျသံ သည်ဆက်လက်ထွက်ပေါ်နေဆဲဖြစ်၏။ “စံနစ်အခြေ ပြောင်းခဲ့ပေမဲ့ အဖြစ်ဟောင်းများတော့ ဖြေသော်မပြေ၊ အလွမ်းမျက်ရည် မြေခပြီမို့၊ဆွေးတသသ၊ တွေးဆမရွှင် ပေ၊ ရွှေဘဝင်ဆူကဲ၊ကြေကွဲ၊ဝမ်းနည်းရပုံတွေ၊ယနေ့ ထက်တိုင်အခြေ အော်၊မမေ့တဲ့နိုင်ပါသလေ၊ (အာဇာနည်ခေါင်းဆောင် ကြီးတွေ)၂ ကောင်းရာသုဂတိ ရောက်ရှိကြပါစေ၊တေးကဗျာအနုစာခွေ ရေးကာမနှေးယခု၊ အလေးပြုပါတယ်လေ”။