မင်းဒင်ရဲ့သက်ခိုင်သည် “ကောင်းသည်”ဟု တထစ်ချမဆိုနိုင်သော်ငြား “ဆန်းသည်”ဟုမူ ကျနော်ရဲရဲကြီးဆိုဝံ့သည်။ “မင်းဒင်ရဲ့သက်ခိုင်”သည် ထူးဆန်းအံ့သြဖွယ် အကြောင်းတရားတိုက်ဆိုင်မှုများကြောင့် စာရေးသူကို “မရွယ်ပဲစော်ကဲ မင်းဖြစ်”စေခဲ့သည်။ သာမန်ဆင်ခြင်တုံတရား ရှုဒေါင့်မှ ရှုမြင်လျှင် ဖြစ်နိုင်ချေအလွန်နည်းသည့် ရှေးဘဝနောက်ဘဝ၊ ကုသိုလ်၊ အကုသိုလ်စသော ထောက်လှမ်းရန် မလွယ်ကူသည့် အခြင်းအရာများသည် “မင်းဒင်ရဲ့သက်ခိုင်”ကို ဖန်တီး ဖြစ်ပေါ်စေခဲ့ သည်ဟု ကျနော် ယုံကြည်လျက်ရှိသည်။
ကံတရားသည် အရှိန်ဖြင့်လည်ပတ်နေသေးဟန်ရှိလေရာ “မင်းဒင်ရဲ့သက်ခိုင်”သည် ဆဲဗင်းဒေးမီဒီယာ၏ အထောက်အပံ့ ဖြင့် ခရီးဆက်နိုင်ပြန်ချေပြီ။စာဖတ်ပရိသတ်နှင့် ဆဲဗင်းဒေးမီဒီယာအား အလေးအနက်ကျေးဇူးစကားဆိုအပ်ပါသည်။ထို့ အတူ ကျနော်၏ချို့ယွင်းအားနည်းချက်တို့ကို ပြင်ဆင်မွမ်းမံခွင့်ရခြင်းအတွက် မျက်နှာသာပေးခဲ့သောကံတရားကို အလေးမူ ရင်း ဝမ်းမြောက်စိတ်ဖြစ်ရပါသည်။မင်းဒင်ရဲ့သက်ခိုင်(၂)တွင် “ပျင်းပြေနှစ်ခြိုက်၊တွေးထိုက်ဖွယ်ရာ၊တပိုဒ်တလေ” ပါရှိနိုင် စေရန် “အစွမ်းကုန်အားထုတ်ပါမည်”ဟု စာဖတ်ပရိသတ်များအား ကျနော်ကတိအခိုင်အမာပေးလိုပြီး၊ ဝေဖန်အကြံပြုချက် များကို မျှော်လင့်ကြိုဆိုလျက်ရှိပါ၏။
ချမ်းသာကိုယ်စိတ်မြဲပါစေ။
လေးစားစွာဖြင့် …..
မင်းဒင်
၂၀၁၃ခုနှစ် ၊ ဇူလိုင်လ(၁၉)ရက်၊(အာဇာနည်နေ့)
ဖူးခက်မြို့၊ထိုင်းနိုင်ငံတောင်ပိုင်း
မင်းဒင်
ရဲ့
သက်ခိုင်(၂)
အခန်း(၁)
ဒုတိယခြေလှမ်း၏နိဒါန်း
ကျနော့်ပွဲဦးထွက်စာပေလက်ရာ “မင်းဒင်ရဲ့သက်ခိုင်”သည် ရေးလိုစိတ်သက်သက်ဖြင့် ရေးသားခဲ့သည့် အကြောင်းခြင်းရာ ဖြစ်၏။ ငွေကြေး၊ကျော်ကြားမှုတို့ကို မျှော်မှန်းရန်ဝေးစွ၊ ဘလော့စာမျက်နှာတွင် ရေးတင်သမျှကို ဖတ်မည့်သူရှိပါလေစ ဟုပင် ကြောင့်ကျစိတ်ပိုခဲ့ရသည်။သို့တစေ မင်းဒင်ရဲ့သက်ခိုင်သည် ကျနော်ရေးပြပြောပြလိုသော အကြောင်းခြင်းရာဖြစ်၍ ကျနော် ဇွဲခတ်ခဲ့သည်။လေးငါးလမျှ မိုးလင်းမှမိုးချုပ်တိုင် မထတမ်းမနားတမ်း ကျနော်ရေးသည်။ မနက်စာအတွက် ကွန်ပြူတာ ဘေးမှာ ချထားသောနံနက်စာသည် ညနေခြောက်နာရီအချိန်တွင် ခြောက်သွေ့လာသည့်တိုင် ထမင်းမေ့ဟင်း မေ့ ကျနော် ရေးသည်။
ကျနော့်စိတ်မှာဇောကပ်နေသည်ကား “အသက်နှစ်ဆယ်အရွယ်ခန့်က ကျနော့်စိတ်ကူး၊အိပ်မက်”ကို မသေခင်အကောင် အထည်ဖော်ရန်ဖြစ်သည်။ကျနော့်အိပ်မက်မှာ မသေခင်စာတအုပ်ရေးခဲ့လိုသော ဆန္ဒဖြစ်၏။ဇာတိမြေမှ ဝေးကွာလှသည့် ရေမြေခြားတွင် အထီးကျန်လျက်ရှိသော ကျနော့်ဘဝ၏နိဂုံးအချိန် သည်တစစနီးကပ်လာပြီဟု ခံစားရလေရာ ပြင်းပြသည့် ဆန္ဒသည်ကျနော့်ကို တိုက်တွန်းလှုံ့ဆော်နေဟန်ရှိ၏။“ငါသာအခုနေ ရုတ်တရက်သေသွားရင်”အတွေးသည် ကျနော့်ကို အစဉ်မပြတ်ခြိမ်းခြောက်လျက်ရှိချိန်ဖြစ်၏။အချိန်မတော် ညဥ့်နက်သန်းကောင်မှာလည်း အိပ်ယာထက်မှ လူးလဲထကာ ရေးလက်စဇာတ်လမ်းကို ဆက်သည့်ညပေါင်းများစွာကိုကျော်ဖြတ်ပြီးသည့်တွင်ကား “မင်းဒင်ရဲ့သက်ခိုင်” သည် ဆုံးခန်း တိုင်သောအဖြစ်သို့ရောက်ခဲ့သည်။အချိန်ကာလအားဖြင့် သုံးနှစ်ကျော်မျှပင်ကြာမြင့်ခဲ့၏။
သို့သော်စာမူသည်စာအုပ်မဟုတ်လေရကား ကျနော့်သောကသည် ဆက်ရန်ရှိသေးသော ဇာတ်လမ်းတွဲဖြစ်၍ တဝမ်းတခါး အတွက် အားကိုးပြုရသည့် ဖူးခက်မှဈေးဆိုင်ကို ပစ်ကာ မိုင်ထောင်ချီဝေးသည့် မဲဆောက်တည်းဟူသော အရပ်သို့ ခရီးနှင် ရပြန်သည်။မဲဆောက်မှ မိတ်ဆွေအချို့ကား ကျနော့်ကို ဘဝင်ရူး၊စိတ်မနှံ့သူလို ကြည့်ကြသည်။ရှိစုမဲ့စုငွေ ဘတ်သုံးသိန်း နီးပါးကို အရင်းပြုလျက်၊ခါးသီးစပ်ဖျဉ်းလှသည့် အဆင်မပြေမှု၊လျစ်လျူပြုခံရမှုတို့ကို တလကိုးသီတင်းနီးပါး ရင်ဆိုင် ကျော်ဖြတ်ပြီး ချိန်တွင်ကား “မင်းဒင်ရဲ့သက်ခိုင်” သည် စာမူမှ စာအုပ်ဘဝသို့ ကူးပြောင်းရောက်ရှိခဲ့လေသည်။
ဤသို့လျှင် နောက်ထပ်ခြောက်လခန့်မျှသောကာလကို ကျော်ဖြတ်ပြီးချိန်၌ “မင်းဒင်ရဲ့သက်ခိုင်”သည် ကျနော့်ဘဝအမော ကိုကောင်းစွာ ပြေပျောက်နိုင်စေခဲ့သည်။ကံတရားသည် ကျနော့်ကို မျက်နှာသာပေးခဲ့သည်။စာဖတ်သူအများစု နှစ်သက် လက်ခံသော စာအုပ်စာရင်းမှာ ပါခဲ့သည်။ ထိုမှတဆင့် ဆန်းကြယ်လှသောကံတရားသည် ပြည်ပတွင်သာ ခိုးကြောင် ခိုးဝှက်ဘဝဖြင့် ခရီးနှင်နေရသော “မင်းဒင်ရဲ့သက်ခိုင်”ကို ပြည်တွင်းစာဖတ်ပရိသတ်တို့ရှိရာသို့ တွန်းပို့လေသဖြင့် ပြည်တွင်း မှာ တရားဝင်ထုတ်ဝေခွင့်ရခဲ့ပြန်သည်။မကြာသေးသောကာလတခုမှ ဖြစ်ရပ်များဖြင့် ခေတ်ဟောင်းကို တူးဆွထားသည်မို့ အများစိတ်ဝင်စားကြသည်။
“မင်းဒင်ရဲ့သက်ခိုင်”အောင်မြင်မှုကို ကျနော်အကျယ်မချဲ့လိုတော့ပြီ။
မင်းဒင်ရဲ့သက်ခိုင်ကို စက်တင်ပုံနှိပ်ထုတ်ဝေပြီးချိန်တွင် စာရေးချင်စိတ်သည် ကျနော့် စိတ်အစဉ်မှ ဝေးရာသို့ လွှင့်ပါးသွားခဲ့ လေသည်။ စာတလုံးမှ ရေးချင်စိတ်မရှိတော့။ကိုယ့်ကိုယ်ကိုလည်း စာရေးတတ်သူမှ ဟုတ်ပါလေစဟု အမြဲအတွေးဝင် ခဲ့သည်။မင်းဒင်ရဲ့သက်ခိုင်ကဲ့သို့ ဝတ္ထုရှည်မျိုးကို မဆိုထားနှင့် www.mindin.infoတွင် စိတ်ပြေလက်ပျောက်သဘော ရေးတင်နေကျ စာတိုလေးငါးကြောင်းသော်မျှ ရေးရန် စိတ်မပါတော့ချေ။
ကြီးစွာသောသတိတရားဖြင့် ကိုယ့်စိတ်ကို ကိုယ်ဆုံးမလျက် လွန်ခဲ့သောလေးနှစ်ကျော်က ရေးသားခဲ့သည့် “ဖြစ်ပျက်ရှာ ပုံတော်ခရီးသည်” ကိုထုံ့ပိုင်း၊ ထုံ့ပိုင်းပြင်ဆင်တည်းဖြတ် ထုတ်ဝေခဲ့ရာ အထိုက်အလျောက်ဖတ်သူရှိခဲ့ပြန်ပါသည်။သို့သော် စာရေးသားချင်စိတ်မှာမူ ပြန်ပေါ်မလာခဲ့သည်၏နောက်ဆုံးတွင် အွန်လိုင်းမိတ်ဆွေဖြစ်သူ ဒေါက်တာသန့်စင်ထူး(သင့်လူ) ထံ ကျနော့်ခံစားချက်ကို အီးမေးလ်မှတဆင့် ရင်ဖွင့်ခဲ့ဖူးရာ အဆိုပါစာမူရင်းမှာအောက်ပါအတိုင်းဖြစ်၏။
“ကိုသင့်လူခင်ဗျာ
ကျနော် စာမရေးဖြစ်တာ တနှစ်ဝန်းကျင်ရှိပါပြီ။ စာရေးမယ်လုပ်တိုင်း ဈာန်မ၀င်ရုံသာမက ဆရာပြောခဲ့ဖူးတဲ့ မာဂရက် မစ်ချယ်လို တအုပ်တည်းနဲ့ ဇာတ်သိမ်းသွားမယ်ဆိုတဲ့ စကားကို နားထဲမှာ ကြား ကြားနေတယ်ဗျာ ။ သက်ခိုင်ဟာ ထင်တာ ထက်အောင်မြင်သလို နောက်ထပ်ရေးမဲ့ စာအုပ်အတွက် အကြီးအကျယ် အဟန့်အတား ဖြစ်စေတယ်ဆရာ ။ဒါကြောင့် ဆရာဟာ အပေါ်က မှတ်ချက်ကို ဘာကြောင့် ချခဲ့သလဲ ဆိုတာအချိန်ရရင် ရှင်းပြစေချင်ပါတယ်။ သက်ခိုင်ကိုရေးတုန်း ကတော့ ထမင်းမေ့ဟင်းမေ့ ရေးနိုင်ခဲ့ပြီး ဘဝခရီးသည်သက်ခိုင်ကိုလည်း ရေးမယ်လုပ်ရော ဘာမှ မရေးတတ်တော့သလို ခံစားရပါတယ် ။ဇွတ်အတင်းရေးကြည့်တော့လည်း ကိုယ်ရေးတာ ကိုယ်မကြိုက်ပြန်ဘူးဆရာ။ တသက်လုံးစာမရေးချင် တော့တဲ့စိတ် ဖြစ်နေတော့မလားဆိုတာလည်း သိချင်လှပါတယ် ။”
ကျနော့်စာနှင့်ပတ်သက်၍ သူ၏ ပြန်ကြားစာမှာ အောက်ပါအတိုင်းဖြစ်၏။
“ဆရာဦးမင်းဒင်
သက်ခိုင်ကို စဖတ်ကတည်းက ဒီစာရေးတဲ့လူကတော့ဖြင့်တစ်သက်လုံးရင်ထဲအောင်းထားသမျှ ခံစားချက်တွေ၊ အတွေ့ အကြုံတွေနဲ့ဘဝစာမျက်နှာတွေကို ရင်ဖွင့်ပြီလို့ ကျွန်တော် ယူဆမိပါတယ်။ ဒီလို အမှတ်တရကိစ္စကြီးတစ်ခုကို ရင်ဖွင့်တတ် တဲ့စာရေးဆရာမျိုးဟာ Masterpieceတစ်အုပ်ရေးပြီးရင် နောက်တစ်အုပ်ဆက်ရေးဖို့အင်မတန်ခက်တတ်တယ်။ပထမ ဦးဆုံးလက်ရာရဲ့ လွှမ်းမိုးမှုက အင်အားကြီးလွန်းတဲ့ အခါကျတော့ နောက်ဖန်တီးမှုတွေကို ကိုယ့်ဖာသာ စိတ်တိုင်းမကျ ဖြစ်နေတတ်တယ်ဆရာ။မာဂရက်မစ်ချယ်ရဲ့ လေရူးသုန်သုန်၊ အဲလက်စ်ဟယ်လီရဲ့ ဇစ်မြစ်၊ ဂါစီယာမာကေးရဲ့ ဝေးလွင့် ကင်းကွာ နှစ်တစ်ရာတို့ဟာ ဒီလို မထွေးနိုင်မအန်နိုင်ခံစားချက်တွေ ပွင့်ထွက်ပေါက်ကွဲရာက ထွက်လာတဲ့စာမျိုး။ ဒါကြောင့် ဆရာရဲ့သက်ခိုင်ဟာလည်း ဒီလို စာမျိုးလို့ ကောက်ချက်ချရတာပါ။ အချိန်ယူပါဆရာ။ဦးနှောက်ကို အနားပေးပါ။ အတွေးကို ရှင်သန်အောင် ပြန်မွေးပါဆရာ။ထပ်ရေးလို့ ရမှာပါ။ သို့သော် သက်ခိုင်လောက် စိတ်တိုင်းမကျရင်လည်း ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ အနုပညာရဲ့ သဘောဟာ ဒီလိုပါပဲလေ။”
သက်ခိုင်ကို စဖတ်ကတည်းက ဒီစာရေးတဲ့လူကတော့ဖြင့်တစ်သက်လုံးရင်ထဲအောင်းထားသမျှ ခံစားချက်တွေ၊ အတွေ့ အကြုံတွေနဲ့ဘဝစာမျက်နှာတွေကို ရင်ဖွင့်ပြီလို့ ကျွန်တော် ယူဆမိပါတယ်။ ဒီလို အမှတ်တရကိစ္စကြီးတစ်ခုကို ရင်ဖွင့်တတ် တဲ့စာရေးဆရာမျိုးဟာ Masterpieceတစ်အုပ်ရေးပြီးရင် နောက်တစ်အုပ်ဆက်ရေးဖို့အင်မတန်ခက်တတ်တယ်။ပထမ ဦးဆုံးလက်ရာရဲ့ လွှမ်းမိုးမှုက အင်အားကြီးလွန်းတဲ့ အခါကျတော့ နောက်ဖန်တီးမှုတွေကို ကိုယ့်ဖာသာ စိတ်တိုင်းမကျ ဖြစ်နေတတ်တယ်ဆရာ။မာဂရက်မစ်ချယ်ရဲ့ လေရူးသုန်သုန်၊ အဲလက်စ်ဟယ်လီရဲ့ ဇစ်မြစ်၊ ဂါစီယာမာကေးရဲ့ ဝေးလွင့် ကင်းကွာ နှစ်တစ်ရာတို့ဟာ ဒီလို မထွေးနိုင်မအန်နိုင်ခံစားချက်တွေ ပွင့်ထွက်ပေါက်ကွဲရာက ထွက်လာတဲ့စာမျိုး။ ဒါကြောင့် ဆရာရဲ့သက်ခိုင်ဟာလည်း ဒီလို စာမျိုးလို့ ကောက်ချက်ချရတာပါ။ အချိန်ယူပါဆရာ။ဦးနှောက်ကို အနားပေးပါ။ အတွေးကို ရှင်သန်အောင် ပြန်မွေးပါဆရာ။ထပ်ရေးလို့ ရမှာပါ။ သို့သော် သက်ခိုင်လောက် စိတ်တိုင်းမကျရင်လည်း ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ အနုပညာရဲ့ သဘောဟာ ဒီလိုပါပဲလေ။”
ဤစာအသွားအလာတွင် သူက မင်းဒင်ရဲ့သက်ခိုင်ကို ကမ္ဘာကျော်စာအုပ်ကြီးများနှင့် နှိုင်းယှဉ်ဖော်ပြထားသောအချက်ကို ကျနော်အဓိကထားလိုသည်မဟုတ်။အမှန်စင်စစ်လည်း ကျနော့်စာအုပ်ကို ကြီးကျယ်ခန်းနားသောစာအုပ်ဟု ကျနော်မမြင် မိချေ။ကျနော်ဆိုချင်သည့်အချက်မှာ စာရေးချင်စိတ်ပျောက်နေခြင်းသာ အခရာဖြစ်၏။
ကိုသင့်လူကား စာပေဆိုင်ရာဗဟုသုတ အတော်ပြည့်စုံသူဟုဆိုရမည်။သူကကျနော့်စာအရေးအသားကို ဤသည်ကား Double Narrative ,ထိုသည်ကား Magical Realism စသည့်ဖြင့် အခါအားလျော်စွာဝေဖန်ထောက်ပြလေ့ရှိသော်ငြား ကျနော် နကန်းတလုံးမျှ နားမလည်သည်မှာ အမှန်ဖြစ်၏။ကျနော်သည် စာပေဆိုင်ရာနည်းနားတချို့ကို သူ့ထံမှ ဝိုးတဝါးသိခွင့်ရ ခဲ့သည်။စင်စစ် ကျနော်သည် မင်းဒင်ရဲ့သက်ခိုင်ကို ဖန်တီးရာတွင် ကျနော့်ဘဝတလျှောက် ဖတ်ရှုလေ့လာ ခဲ့သော စာအုပ်စာပေများ ၏ဖန်တီးရှင် စာရေးဆရာတို့ကို ဆရာတင်ကာ၊ သူတို့နည်းနာမှန်သမျှ ကျနော့်မသိစိတ်တွင် နည်းမှီခဲ့ဟန် ရှိလေသည်။
အဆိုပါကာလအတွင်း သက်ခိုင်ကိုတွေ့လိုတွေ့ငြား ထိုင်းနိုင်ငံ၊ဖူးခက်မြို့သို့ စနည်းနာလာသူအများအပြားရှိခဲ့သည်။ထို့ အတူသက်ခိုင်၏ ဆိုးကောင်းနှစ်တန်ဒွန်တွဲနေသည့် သတင်းမျိုးစုံကို အဆက်မပြတ်ကြားနေရသည်။
အများစုမှာ နှစ်သက်သည်ဟု ဆိုကြပါ၏။ သို့သော် အချို့ကား သဘောကျနှစ်ခြိုက်ဟန်မတူကြ။ဝေဖန်မှုမှန်သမျှကိုကျနော် ရေငုံလျက်သာ နေခဲ့သည်။ စာရေးခြင်းအတတ်ပညာကို တဖက်ကမ်းခတ်ပြီဟု ဘယ်နံရောအခါကမှ ကျနော် မတွေးမိခဲ့ သောကြောင့် ပထမအကြိမ်ထုတ် စာရေးသူ၏အမှာစာတွင် “စာပေရေးသားခြင်းဆိုင်ရာ အတတ်ပညာနှင့်စပ်လျဉ်း၍ ချို့ယွင်းအားနည်းမှုရှိနိုင်ကြောင်း”အသိပေးခဲ့ပြီး၊ ဒုတိယအကြိမ်ထုတ်အမှာစာတွင်လည်း အောက်ပါအတိုင်းဖော်ပြခဲ့ပါ သည်။
“ဇာတ်လမ်းပါ အကြောင်းအရာအားလုံးမှာ စာရေးသူ တတ်စွမ်းသမျှ ချယ်မှုန်းပုံဖော်ထားသည့် သက်ခိုင်၏ ခံစားချက် အတွေးအမြင်မျှသာ ဖြစ်လေရာ စာဖတ်သူတို့အနေဖြင့် ဖော်ပြထားသမျှသော အချက်အလက်၊ဖြစ်ရပ်အားလုံးသည် ပရမတ်ဆတ်ဆတ် မုချအမှန်ချည်းဖြစ်သည်ဟု ယူဆကြရန်မဟုတ်မူပဲ မိမိတို့ကိုယ်ပိုင် ဆင်ခြင်တုံတရားဖြင့် အကြောင်း ယုတ္တိတန်သည် မတန်သည်ကို ဝေဖန်ပိုင်းခြားကြရန် ဖြစ်ပါသည်။”
ထို့ကြောင့် ကျနော်သည် ခေတ်ကြီးတခုလုံးကို ခြုံငုံမိသည့်သမိုင်းမှတ်တမ်းစာတအုပ်အဖြစ် ရေးစွမ်းနိုင်သူ၊ စွမ်းဆောင် နိုင်သူ မဟုတ်ရကား ဇာတ်ကောင်ပြန်ပြောသမျှ၊မြင်သမျှ၊ကြားသမျှကိုသာ၊ ဖတ်ပျော်အောင် အားထုတ်ခဲ့ခြင်းသာဖြစ် ကြောင်း ထပ်မံ၍အလေးအနက်ဆိုချင်ပါသည်။ထို့အတူ တစုံတယောက်ကို နစ်နာစေလိုသော အာဃာတ၊တရား မပါဝင် အောင်လည်း အတတ်နိုင်ဆုံး ကျနော်အားထုတ်ခဲ့ပါသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင်ဆိုရမည်လောမသိ။ ထိုကာလများအတွင်း ကိုသက်ခိုင်နှင့် ကျနော်တို့၏ ဆန်းကြယ်လှသော ရေစက်ကြောင့် ဧရာဝတီတိုင်း၏တခုသော ရဲဘက်စခန်းတွင်ဆုံကြရုံသာမက ရေခြားမြေခြားဖြစ်သည့် ဖူးခက်မြို့တွင် တကျွန်းတည်းတွင် နေထိုင်မိလျက်သား ဖြစ်နေပြန်လေသည်။ကိုသက်ခိုင်ကား ဖူးခက်အနှံ့အပြားရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြီးများသို့ ပစ္စည်းမျိုးစုံသွင်းခြင်းနှင့် သူ့ကိုယ်ပိုင်ခရီးသွားလုပ်ငန်းတို့ဖြင့် တည်ငြိမ်အေးဆေးသောဘဝတခုကို ပိုင်ဆိုင်နေလေပြီ။ သို့သော်သူ့ခမျာ စကားပြောဖော်ရှားလွန်းသော ဒုက္ခကြောင့် ကျနော့်ထံမကြာခဏပေါက်ချလာကာ စကားစမြည်ပြောခြင်းဖြင့် စိတ်ထွက်ပေါက်ရှာလေ့ရှိသည်။
ကျနော်နှင့်ကိုသက်ခိုင်သည် ဖူးခက်မြို့တွင်သာမက ထိုင်းနိုင်ငံနေရာအနှံ့သို့ ကြိမ်ဖန်များစွာ ခရီးအတူနှင်ခဲ့ကြပြီး မြောက် များစွာသော အကြောင်းအရာများကို စကားလက်ဆုံကျခဲ့ကြပါသည်။ထိုသို့လျှင် ကျနော်သည် ကိုသက်ခိုင် ထိုင်းနိုင်ငံသို့ ရောက်စကာလများတွင် အတည်တကျ နေထိုင်နိုင်ရေးနှင့်တဝမ်းတခါးအတွက် သူရုန်းကန်ကျော်ဖြတ်ခဲ့ပုံများ၊ သူ့ဘဝ ရှေးဟောင်းနှောင်းဖြစ်များကို ကြားသိခွင့်ရလာပြန်ပါသည်။ထိုအခါ ကျနော့်စိတ်သဏ္ဌန်အတွင်းငုတ်လျှိုးနေသော စာရေး ချင်စိတ်သည် တဖန်နိုးထလာပြန်တော့၏။ထို့ကြောင့် ကျနော်က သူ့ဇာတ်လမ်းကိုရှေ့ဆက်ရန် တိုင်ပင်သည့်အခါ ကိုသက်ခိုင်သည် စိတ်ဝင်စားဟန်မပြပဲ၊လက်တဖက်ကိုမြှောက်ကာပြရင်း “တော်လောက်ရောပေါ့”ဟူ၍သာ တုန့်ပြန်တတ် ပါသည်။ သူသည် ဆိတ်ငြိမ်ရာအရပ်၌ အသံတိတ် နေရသောဘဝအခြေအနေကို ခုံမင်နှစ်ခြိုက်နေဟန်ရှိသည်။ သူ့ဘဝသူ့ ဇာတ်လမ်းကို တခုတ်တရ ရေးသားနေသည်ကိုလည်း သဘောတွေ့ဟန်မရှိချေ။
(ဆက်လက်ဖော်ပြပါမည်။)