ဆြာဒင်နှင့်သူ၏ရာဇ၀င်
မင်းဒင်
(၁)
မွေးရပ်မြေထက် မိုးဦးစောလေသော ဖူးခက်မြို့ကား မှိန်ပြာပြာမြူအဆင်း၊ တိမ်တိုက်ကယ် ခြုံလွှာသိုင်းဖွဲ့ဆင် ၊ဆေးပန်းချီ ရေးမမှီနိုင်သော ဟန်ရေးပြင်သည့် မိန်ရာသီသို့မကြာမီ ရောက်ရှိပေတော့မည်။ ရွက်သိဂီင်္လေပြည်သုတ်ချီ ညှာညောင်း မပြုတ်မီ ဤမှာဖက်ဆီဟုဆိုနိုင်သော ကာလဖြစ်လေ၏။အသူရာတပ်တို့ နောက်ဆုတ်သွားကြလေသောကြောင့်ထင့်။ အငြိုးကြီးကြီးဖြင့် ရက်ပေါင်းများစွာဆက်တိုက်ရွာသွန်းခဲ့သောမိုးသည် ဖူးခက်ကို လက်ပြနှုတ်ဆက် သွားခဲ့လေပြီ။
ဤအခါသမယ၌ ဖူးခက်ကမ်းခြေ၏ သောင်ပြင်တွင် လွတ်လေသည့် ရွှေဟင်္သာနှင့်တူလှစွာသော ဆြာဒင်ကား တ၀မ်းတခါးအတွက် ထိုင်းမိတ်ဆွေတဦး၏အမည်ခံကာ ဖွင့်လှစ်ထားအပ်သော စုံစီနဖာဆိုင်ငယ် အတွင်းတွင် ငုတ်တုတ် ထိုင်ရင်း ၀င်လာလတ္တံ့သော ဖောက်သည်ဈေးဝယ်တို့ကို လည်ဆန့်ကာမျှော်နေချိန်ဖြစ်လေ၏။
မိုးရက်များကား ဖူးခက်ရောက်မြန်မာအလုပ်သမားတို့ကို စိုးနှောက်ဗျာပွေစေခဲ့ဟန်တကား။ ဆက်တိုက်ရွာခဲ့သော မိုးကြောင့် အလုပ်ဆင်းရက် မရှိသလောက်ဖြစ်ကာ ဘိုင်ပြတ်ကြကုန်၏။နောက်ဆက်တွဲအကျိုးရလာဒ်မှာ မြန်မာအလုပ် သမားတို့၏လုပ်ငန်းခွင်များသို့ ဟိုင်းလတ်ကားကိုယ်စီဖြင့် မြန်မာပစ္စည်းမျိုးစုံဖြန့်ဖြူးရောင်းချကြလေသော ဆြာဒင့်ဆိုင်သို့ ၀င်ထွက်နေကျ ယိုးဒယားဖောက်သည်တို့မှာ ကြက်ပျောက်ငှက်ပျောက်၊ပျောက်လေ၏။ထို့အတူ ပျောက်ကြားပျောက်ကြား ပေါ်လာ တတ်သော ဆြာဒင်နှင့် မျိုးနွယ်တူ ဆွေသဟာရွှေမြန်မာဈေးဝယ်တို့သည်လည်း အသပြာမရွှင်သည့်ကာလမို့၊ ယာယီ ခဏအားဖြင့် ကိုယ်ပျောက်အတတ်ကျင့်ကာ ဆြာဒင့်ဆိုင်အား ဝေရာမဏိကြလေသည်။
(၂)
`ဟယ်လို ဆ၀ါဒီခပ် ဖိဒင်´
ထိုစဉ်တွင် ဆိုင်အတွင်းသို့ `မင်္ဂလာပါကိုကြီးဒင်´ဟူသော နှုတ်ဆက်သံဖြင့် ရဲယူနီဖောင်းအပြည့်ဝတ်ဆင်ကာ ကြွမြန်းလာသူကား ၀ထေ့အပိုင်ရဲစခန်းမှ တပ်ကြပ် အဒန်းဖြစ်၏။ကြွရောက်တော်မူလာခြင်းအကြောင်းရင်းကား လစဉ် ဆက်သနေကျ လိုင်းကြေးကို အမြိန့်သားလက်ခံရန်တည်း။အငြိမ်းစားပင်စင်ဗီဇာလေးဖြင့် ယိုးဒယားမြေတွင် ခိုလှုံရရှာ သော ဆြာဒင်အတွက် ဈေးရောင်းခြင်းသည် ရာဇ၀တ်မှုမြောက်လေရာ ပေးကမ်းခြင်းအောင်မြင်ရာဟူသည့် ဆိုရိုးနှင့်အညီ ဈေးဦး မပေါက်သေးသည်ကို အသာမေ့ထားလျက် ဘတ်တထောင်တန် ငါးရွက်ကို အဒန်းလက်သို့ မြန်မြန်ကြီး ဆက်သ ရလေ၏။
ထိုနေ့ကား ဆြာဒင်၏ကံဆိုးသောနေ့ရက်တည်း။ အဒန်းပြန်ထွက်ပြီး တခဏအကြာမှာပင် စံမကောင်းအပိုင်ရဲစခန်းမှ နီရန်းအမည်ရှိ ထိုင်းပုလိပ်၊ လိုင်းကြေးဆွမ်းရပ်ပြန်လေရာ သုံးထောင်သော အသပြာသည် ဆြာဒင့်အိပ်ကပ်တွင်းမှ ထွက်ပြန်လေ၏။နီရန်းသည် ဘတ်သုံးထောင်ကို ဘောင်းဘီအိပ်ကပ်တွင်ထိုးထည့်နေရင်း အဘထရှူဆေးနှစ်ဗူးကို ဒင်းအမေ့လင် အမွေမှတ်ထင်လျက် ပြုံးဖြဲဖြဲအမူအယာနှင့် အဆစ်ယူငင်ပြန်လေရာ ဆြာဒင့်မှာ ရင်မှာမချိသော်ငြား `ဒါလေးများ´ဟူသော မျက်နှာပေးဖြင့် သွားဖြဲပြလိုက်ရပြန်လေသည်။ ဈေးဝယ်သူကား တကောင်တမြီးမျှ အရိပ်အယောင် မမြင်သေး။
မကြာပါချေ။ ဒီအက်စ်အိုင်မည်သော ထိုင်းအထူးထောက်လှမ်းရေးမှ ကိုယ်စားလှယ်တော်၊ လစဉ်ကြေးအလှူခံကြွလာပြန် ရာ ခြေစောင့်လက်စောင့်အသပြာစာရင်းမှ ဘတ်ငါးထောင်လျှောကနဲထွက်ရပြန်၏။ကျေးတော်မျိုးကျွန်တော်မျိုး ဆြာဒင် လစဉ် ဘဏ္ဍာ တော်ဆက်ရသည့် ထိုင်းပုလိပ်တို့မှာ ခြောက်ဖွဲ့တိတိ ရှိလေသတတ်။
ကျွန်ုပ်အပါအ၀င် ဖူးခက်ရောက် မြန်မာတို့ကား ထိုင်းပုလိပ် ဂုဏံအဟံဝန္ဒာမိကြရသူများဖြစ်ကုန်၏။ပုလိပ်မင်းတို့သည် စစ်ပြီဟေ့ဆိုကတည်းက ရွှေစာရင်းဝင်တို့ကို လမ်းဘေးက ဓာတ်မီးတိုင်အောက်မှာဆောင့်ကြောင့်ထိုင်ခိုင်းသည်။ မြေပြင်၊ သမံသလင်း၊ ကြမ်းပြင် ပေါ်ထိုင်ခိုင်းသည်။ ပတ်စပို့မရှိလျှင် ပြေးမလွတ်။ ရှိပြန်သော်လည်း သူဌေးအမည်မတူသောကြောင့် ငွေကုန်ရ၏။ပတ်စပို့ရှိ၊ သူဌေးအမည်တူ ပြန်လျှင်လည်း ခွင့်ပြုချက်မရှိသော အလုပ်ကိုလုပ်သောကြောင့် ငွေကုန်ပြန်၏။ စစ်ရင်းဆေးရင်း အိတ်ကပ်ထဲမှ ရှိရှိသမျှ ငွေကို ငေါက်ငမ်းလျက် နှိုက်ယူ၏။ယုတ်စွအဆုံး ရွှေဆိုင်အပေါင်လက်မှတ်ကို ပင် သိမ်းတတ်၏။ ထို့ထက်ဆိုးသည်ကား စစ်ဆေးခြင်းအမှုကို ပြုသည်ဆိုကာ မြန်မာအလုပ်သမအရွယ်ကောင်းတို့၏ မတော်ရာကိုပင်၊ ကိုင်စမ်းကာ လက်သရမ်း တတ်ကြပြန်ချေသည်တမုံ့။
(၃)
ဤသို့လျှင် ဈေးဦးမပေါက်ရသည့်အထဲ တရက်တည်း ပုလိပ်သုံးကြိမ်နှိပ်စက်ခံရချိန်တွင် တေဇာညှိုးသော ရွှေမြန်မာတို့ ၏ဖြစ်အင်တို့ကို စဉ်းစားနေမိရင်း ဇာတိမာန်ချွတ်ခြုံကျနေသည့် ဆြာဒင်တယောက် မျက်နှာငယ်ဖြင့် လဒမှိုင်မှိုင်လျက်ရှိ သည့် သတင်းသည် သမာဒေ၀နတ်ကောင်းနတ်ကောင်းနတ်မြတ်များဆီသို့ မည်သို့လျှင် မက်ဆေ့ခ်ျရောက်လေသနည်း မဆိုနိုင်။ ၀ိသကြုံနတ်သားနှင့် ထင်မှတ်မှားလောက်သည့် အသက်ခြောက်ဆယ်အရွယ် `ကောလင်းမက်ကေ´ အမည်ရှိ စကော့ လူမျိုး တဦးသည် ကျွန်ုပ်၏ဆိုင်ဂေဟာသို့ မည်သို့မည်ပုံစုံစမ်းသိရှိခဲ့လေသည်မသိ၊ ဆိုက်ဆိုက်မြိုက်မြိုက်ပေါက်ချ လာလျက် ကျွန်ုပ်အား ၀မ်းသာအားရ ပွေ့ဖက်နှုတ်ဆက်လေသည်။
ရှေးမြန်မာကြီးအမျိုးအနွယ် ဆြာဒင်တယောက် ဖူးခက်တွင် ရောက်နေသောသတင်းကြောင့် ရှာဖွေစုံစမ်းကာ အရောက် လာခဲ့သည်ဆို၏။ကောလင်းကား ကျွန်ုပ်၏ ခြောက်ပေနီးပါးရှိသော အရပ်အမောင်းကို တအံ့တသြဖြစ်နေဟန်ရှိ၏။ သူနှင့် အသက်အရွယ်ချင်း မတိမ်းမယိမ်းဖြစ်သည့်တိုင် မာကျောကြံ့ခိုင်ဆဲဖြစ်သည့် ဆြာဒင့်၏ လက်ရုံးလက်မောင်းတို့ကိုပင် အထင်တကြီး၊အလေးတယူကိုင်တွယ်ကြည့်ရှုနေပြန်ရာ ဆြာဒင့်ခမျာ ဘုမသိဘမသိ အတော်ပင်အနေခက်ရချေ၏။
ကော်လင်းမက်ကေသည် ရာဇ၀င်ဆရာဟုဆို၏။ထိုင်းအမျိုးသမီးတဦးနှင့်လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်က အိမ်ထောင် ဖက်ကာ ဖူးခက်တွင်နေထိုင်ရင်း ဖူးခက်သမိုင်းကို ရေးခဲ့သူဟုဆို၏။ထိုသမိုင်းကြောင်းအရ ကျွန်ုပ်ကို လာရောက်တွေ့ဆုံ မိတ်ဆက်ရခြင်းဟု ဆိုလျက် သူရေးသားစီရင်အပ်သော `ဖူးခက်ရာဇ၀င်(A History of Phuket)´ အမည်ရှိ ဘုတ်အုပ် ထူကြီးကို လက်ဆောင်ပေးလေသည်။
(၄)
ကျွန်ုပ်ကား ဆိုင်ပိတ်သည်နှင့်တပြိုင်နက် ညစာကိုပင်မေ့လျော့ကာ အင်္ဂလိပ်မြန်မာအဘိဓာန်၏ အကူအညီဖြင့် ထိုစာအုပ် ထူကြီးကိုအငမ်းမရ ဖွင့်လှန်ဖတ်ရှုကြည့်မိလေသည်တွင် ကိုယ်လုံးအနှံ့ကြက်သီးဖြန်းဖြန်းထရုံမျှမက၊ ဘ၀င်စိတ်သည် ငယ်ထိပ်သို့တက်ကပ်လျက် `မျိုးရိုးနဲ့တန်ခိုးရှိခဲ့ပေ၊ ထီးနန်းနဲ့စံမြန်းလာတာတွေ ၊ကမ္ဘာမိုးမြေ တေဇာတော်ဖြိုးဝေ အစချီ သော ဇာတိမာန်သီချင်းသံသည်ပင် ဆြာဒင့်နားဝယ် ကြားယောင်လာလေသည်။ရှေးမြန်မာနွယ်ဝင် ဆြာဒင့်အား အကြင် မောင်ကောလင်း အထင်ကြီးလေးစားရခြင်း၏အကြောင်းရင်းကို သိခဲ့ရပေပြီ။
ဖူးခက်မည်သော ဤသလင်းကြေအရပ်သည် ပျူခေတ်တည်းဟူသော ရှေးအတီအတေကာလမှ စ၍ ရှေးမြန်မာတို့ စိုးပိုင်ရာနယ်မြေပါတကား။သီဟိုဠ်ကျွန်းသို့စုန်ရာတွင် ရှေးမြန်မာတို့ ရေကြောင်းခွန်ကောက်ရာဌာနေပေတကား။
နှစ်ကာလအားဖြင့် နှစ်ရာခန့်သာကြာသေးသည့် ဆင်ဖြူရှင်လက်ထက်တွင်ပင် စစ်ကြောင်းကြီး ကိုးကြောင်း၊ စစ်သည် အင်အားတသိန်းလေးသောင်းလေးထောင်ပါဝင်သော ကိုးန၀င်းကြေ စစ်ကြောင်းကြီးသည် ယိုးဒယား တနိုင်ငံလုံးကို မွှေနှောက်ချောက်ခြားစေခဲ့ရာ တစ်ခုသောစစ်ကြောင်းသည် ဖူးခက်မြို့တိုင်အောင် ရောက်ခဲ့သည်ဆို၏။
ထို့ပြင်တ၀ ဘိုးတော်ဘုရားလက်ထက်တွင်လည်း မြန်မာတပ်တို့သည် ရနောင်း၊ချွန်ဖွန်၊ဖန်င၊ဖူးခက်တည်းဟူသော ကျွန်ုပ် ဖြတ်သန်းသွားလာနေကျ ယိုးဒယားမြို့တို့ကိုသာမက မာလာယုခေါ်မလေးနယ်တိုင်အောင် အာဏာစက်ဖြန့်ကျက်နိုင် ခဲ့လေသည်။
ဖူးခက်မြို့အ၀င်မှ ဓားလွတ်ကိုင်ညီအမရုပ်တုရှိရာ ထရူးဝါးနယ် ထလန်ခံတပ်ကို မြန်မာတို့အကြိမ်ကြိမ် စီးနင်းတိုက်ခိုက် အောင်မြင်ခဲ့၏။ယိုးဒယား မလေးရှား မဟာမိတ်တပ်ပေါင်းစုကို အနိုင်တိုက်နိုင်ခဲ့၏။ ကြီးမားကြံခိုင်သော ကိုယ်ခန္ဓာ၊ လေအဟုန်ကဲ့သို့ လျင်မြန်သောစွမ်းပကား၊အသက်ကို ဖက်ရွက်မျှပင် သဘောမထားသည့် မြန်မာတပ်တို့၏စစ်ချီ စစ်တက်၊စစ်ထိုးစစ်ခံ သေနင်္ဂဗျူဟာ၊အမြောက်ကြီးအမြောက်ငယ်နှင့် မီးပေါက်သေနတ်သံ တညံညံ၊ ဓားလွတ်လှံရှည် တဖွေးဖွေးဖြင့် `မြန်မာတွေလာပြီ ပြေးကြပေရော့´ဟူသောမော်ကွန်းကို ထိုးနိုင်ခဲ့ကြလေသည်တကား။
ဖူးခက်ထလန်ခံတပ်ကို မြန်မာတပ်တို့ အကြိမ်ကြိမ် စီးနင်းသိမ်းပိုက်ခဲ့သည့်ဖြစ်ရပ်အား မူလမှတ်တမ်းတင်ခဲ့သူမှာ ထိုတိုက် ပွဲတွင် ယိုးဒယားတို့ဘက်မှ စစ်ကူအဖြစ်ကိုယ်တိုင်ဝင်တိုက်ပေးခဲ့သည့် မလေးကဗျာစာဆိုဟုဖော်ပြထားသည်။ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ထလန်ခံတပ်နယ်မြေမှာ ကျွန်ုပ်နေ့စဉ်နီးပါးရောက်နေကျ ဒေသဖြစ်လေသောကြောင့် တိုက်ပွဲ၏ တကယ့် အသွင်သဏ္ဍာန်ကို မြင်ယောင်ကြားယောင်ဖြစ်ရသည်။
ယိုးဒယားတို့က ထလန်ခံတပ်တွင်းက ကြံ့ကြံ့ခံနေ၏။အမြောက်များဖြင့် ဆီးကြိုပစ်ခတ်လျက်ရှိကုန်၏။ မြန်မာတပ်တို့က မြေကတုတ်တူးကာ ခံတပ်အနီးသို့ ဖြည်းဖြည်းချင်းချည်းကပ်လာနေ၏။မြန်မာအမြောက်ကြီးများသည် ဖရာ့သီအိုတောင် ကုန်းပေါ်မှနေ၍ ခံတပ်ရှိရာသို့ ဗုံးမိုးရွာချလျက်ရှိ၏။ခံတပ်တွင်းမှ ပစ်အားစွမ်းရည်ကျဆင်းလာအောင် စစ်မြူခြင်း အတတ်ကို သုံး၏။ခံတပ်တွင်းသို့ မီးမြားတို့ ဒလစပ်ပစ်သွင်းနေ၏။ထလန်ခံတပ် ခံနိုင်ရိုးလား။မြန်မာ့ လက်သို့ ကျရပြီ။
ဆြာဒင့်ရင်ဝယ် ဇာတိမာန်ဟူသော အောင်လံတော်သည် မိုးယံဆီသို့တိုင် တလူလူလွှင့်လေပြီ။
ဆြာဒင်ကား ညတွင်းချင်းပင် လက်လှမ်းမှီရာ ဖူးခက် နေမြန်မာလူထုထံသို့ ဖုန်းတဂွမ်ဂွမ်ဆက်ရင်း နက်ဖန်မိုးသောက်တွင် ဇာတိမာန်ဆိုင်ရာဟောပြောပွဲကြီး ၀ှဲချီးကျင်းပမည် ဖြစ်ပါသောကြောင့် ဆြာဒင့်အိမ်ဂေဟာသို့ အဖန်ရည်သောက်ကြွ ရောက်ကြပါရန် ဖိတ်ကြားလေတော့၏။
(၅)
နံနက်မိုးသောက်အလင်းရောက်ခဲ့ချိန်တွင် အဆိုပါပွဲကြီးသို့ တက်ရောက်လာသော မင်းပရိသတ်ကား ကပ္ပလီ၊ဖေကြည်နှင့် လေမင်းသားအမည်ရှိ ဂေါ်ရခါးလူငယ်တယောက်၊စုစုပေါင်းသုံးဦးတိတိ ဖြစ်လေ၏။ အားလုံးလိုလို လူလုံးလူဖန်သေးညှပ် ကြ၏။ ကပ္ပလီတယောက်မှလွဲ၍ကျန်နှစ်ယောက်မှာ ခြောက်တန်းမအောင်ကြ။ လွန်ခဲ့သောညက အိုဗာတိုင်ဆင်းခဲ့ကြရ လေ၍ အိပ်မှုံစုံမွှားဖြစ်နေကြ၏။စင်စစ် ဇာတိမာန်ရေးရာဟောပြောချက်ကို စိတ်ဝင်စားကြ၍လာကြခြင်းကားမဟုတ်။ ကျွဲကူးရေပါ သူတို့ဆပ်ရန်ရှိသည့် ဈေးကြွေးကို ဆိုင်းငံပေးရန် တောင်းဆိုကြကုန်၏။ ဈေးကြွေးနှင့်ဇာတိမာန် ရောထွေး ကုန်လေပြီ။
ဆြာဒင့်ကား လွယ်လွယ်နှင့် လက်လျှော့တတ်သူမဟုတ်။
ရွှေမှန်ကင်းအဆင်း ၀င်းဝင်းတောက်ခဲ့ပေ၊နောင်လာနောက်သားတွေ သိအပ်ကြတဲ့အခြေ ဟုသာခံယူပေသည်။သို့နှင့် အထက်အပိုဒ်တွင် ဖော်ပြခဲ့သော စွေးစွေးနီလှသည့် မြန်မာ့ဇာတိမာန်သမိုင်းတို့ကို အာပေါင်အာရင်းသန်သန်ဖြင့် တံတွေး သီးအောင် တနာရီကျော်မျှဟောပြောပြီးသည့်အခါ အားနာပါးနာအောင့်အည်းသည်းခံနားထောင်နေကြသည့် မင်းပရိသတ် သုံးဦးသည် တည်ခင်း ဧည့်ခံအပ်သော အဖန်ရည်ခွက်ကို ကိုင်၍မျှပင်မကြည့်ကြပဲ အသင့်ပါလာသော ယိုးဒယားပြည်ဖြစ် အားဖြည့် အချိုရည် အမ်မလွိုင်းဟဆစ်ပုလင်းတို့ကိုသာ ဖွင့်ဖောက် မော့သောက်ကြရင်း ဆြာဒင်အား စိတ်ပေါ့သွပ်နေ လေဟန် အဓိပ္ပါယ်ဆောင်သည့် မျက်လုံးများဖြင့် ပေကလပ်ပေကလပ် ကြည့်လျက်…
`ပေါက်ကရရှစ်ဆယ်ပါတကား၊ဟုတ်မှလဲလုပ်ပါဆြာဒင်ရယ်၊ဖူးခက်ကို ဗမာတွေပိုင်မပိုင်တော့ မသိဘူးဆြာ၊လတ်တလော မှာတော့၊ဗမာပြည်ကို တရုတ်ပိုင်တာသေချာတယ်´
`ဦးဒင်ရဲ့ပုံပြင်က ထိုင်းဗီဒီယိုနဲ့လည်းမတူဘူး။ဗီဒီယိုတွေထဲမှာတော့ စစ်သားယူနီဖောင်းအပြည့်နဲ့ထိုင်းတွေက ခါးတောင်း ကျိုက်နဲ့ ကျောပြောင်နေတဲ့ ဗမာစစ်သားတွေကို အပြတ်နှိပ်ကွပ်တာခင်ဗျ´
`ကျနော်ကြားဖူးတာကတော့ ဖူးခက်အရုပ်နှစ်ကောင်ညီအမဟာ အလောင်းဘုရားကို ဓားနဲ့ခုတ်သတ်လိုက်တာတဲ့၊ထိုင်းနဲ့ ဘောလုံးတောင်နိုင်အောင် ကန်ပါအုံးဆြာဒင်´
`ဆဲဗင်းအလဲဗင်းဆိုင်တောင်မရှိတဲ့ ဗမာပြည်က ထိုင်းကို ဘယ်လိုနိုင်မှာတုန်း၊နိုင်ငံတကာကြွေးမြီတွေတောင် မဆပ်နိုင်လို့ လျှော်ပေးနေရတယ်ဆို´
ဟူ၍ လေးနက်သော ရွှေဥာဏ်တော်တို့ဖြင့် အသီးသီး၊အဿကအဿက မှတ်ချက်ပြုကြလေ၏။ဆြာဒင်ကား ပြောင်မြောက်လှသော မြန်မာ့ရာဇ၀င်နှင့် မသိဆိုးရွား နိုင်လှစွာ မျက်ခြေပြတ်ကြလေသည့် ဒင်းတို့ လူဖလံသုံးကောင်အား ကျွဲမြီးတိုလွန်းလှသည်ဖြစ်၍ နားရင်းထအုပ်ချင်စိတ်ကို အတန်တန် မျိုသိပ်ရင်း အနီးရှိ ကွန်ပြူတာခလုပ်ကို ဒုန်းကနဲ နေအောင် ဆောင့်ဖွင့်လိုက်သောအခါ ပေါ်ထွက်လာသော ဇာတိမာန် ခေတ်ဟောင်းတေးသံ သည် ဆြာဒင့်ကို မခိုးမခန့် ဆက်လက် လှောင်ပြောင်နေသယောင် ရှိပြန်တော့သည်။
`အမျိုးသားတွေ နိုးကြားလာကြပြီ၊ ကြိုးစားရှာကြသည်။ကူညီညာဝိုင်းကာ တို့တိုင်းတို့ပြည်၊တို့တိုင်းတို့ပြည် သာယာစေဖို့ အတည်၊ အနစ်နာခံကာ ကမ္ဘာမြေအတွင်းတွင် မြန်မာတွေစာရင်းဝင် ဖြစ်စေမည်။ တို့မြန်မာတွေဇာတာစန်းလဂ် ပွင့်လန်း လာခဲ့ပြီ၊ ဘုန်းတေဇာ ကမ္ဘာလျှမ်းမည် စာဆိုတွေနဲ့ အညီ မမေ့နိုင်သည်၊ ခေတ်ဆန်းချိန်ရောက်လုနီးပါပြီ၊
အမ်မလွိုင်းဟဆစ်=M150