ဆြာဒင်နှင့် ကွက်ကျော်မြင်သူများ
(မင်းဒင်)
(၁)
`မောင်တို့ရွာကို ယောင်လို့တောင် မလာချင်ဘူးတဲ့၊ကညာခင် ကညာခင် ဆိုတဲ့စကားရယ်ကွယ်၊မှား…. မှားလိမ့်မဗျာ၊ အရင်က ရောက်ပြီးမို့၊ဟိုအရင်တုန်းက ရောက်ပြီးမို့ နောက်ချေးနဲ့အိုင်ဗွက်အလယ်မှာ၊ နောက်ချေးနဲ့အိုင်ဗွက်အလယ်မှာ ကျမတို့ စတိုင်ပျက်ပါတယ်ဆိုလို့ ၊ငိုတော့မလို နေတာများ…ဟား ဟား၊တခေါက်လောက်ကြွခဲ့ကြစမ်းပါ၊ကျုပ်နှမများကို ဖိတ်ကြား ချင်ပါတယ်ခင်ဗျာ၊ထိန်ဝါရောင် တိမ်တောင်တွေ စိမ်းစိမ်းစို အကိုတို့ရွာ အခုများတော့ မြို့ကြီးလို ဓာတ်မီးရောင် ရှိန် ကုသိုလ်ဖြစ်ဆေးရုံ ပွဲနဲ့လမ်းနဲ့သာသာယာယာ´
ဇနပုဒ်သာသာအခြေမှသည် ခန့်ထည်ကြီးမားလှသော ဧရာမခေတ်မီအဆောက်အဦကြီးများ၊ ကျယ်ဝန်းလှသည့်လမ်းမကြီး များဖြင့် ပြောင်းလဲတန်ဆာဆင်အပ်သည့် ရာဇဌာနီဟု ခေါ်တွင်သမုဒ်အပ်သော နေပြည်တော်ကြီးရှိ ပြည်ထောင်စု လွှတ်တော် အဆောက်အဦးကြီးနှင့် မလှမ်းမကမ်းတွင် ဆြာဒင်သည် တစုံတခုကို စိတ်အားထက်သန်စွာ မျှော်လင့်စောင့် ကြိုရင်း ရှေးသီချင်းတပုဒ်ကို တိုးတိုးညည်းလျက်ရှိလေသည်။ ဆိုင်းမဆင့် ဗုံမဆင့် ဆြာဒင်၏ ဖူးခက်-နေပြည်တော်ခရီးစဉ် တွင် လိုက်ပါခဲ့ကြသော လက်စွဲတော် တပည့်ကျော် နှစ်ဦးဖြစ်သည့် ကပ္ပလီနှင့်အာရုံခေါ်ဖေကြည်တို့ကား ငေါင်ကြောင် ကြောင် မျက်နှာပေးတို့ဖြင့် ဆြာဒင့်နောက်တော်ပါးဝယ် ခပ်ငူငူရပ်လျက်ရှိကုန်၏။ဆြာဒင်မှာမူ တပည့်ကျော်နှစ်ဦးကို မေ့ လျော့နေဟန်ရှိကာ သီချင်းတအေးအေးဖြင့် တစုံတခုကိုသာ သဲကြီးမဲကြီး ၊ဇွဲကြီးကြီးဖြင့် စောင့်ကြိုလျက်နေလေသည်။
(၂)
မကြာပါချေ။အစည်းအဝေးပြီးဆုံးချိန်ဖြစ်၍ လွှတ်တော်အတွင်းမှ ကိုယ်စားလှယ်တော်အမတ်များ လမ်းမပေါ်သို့ စုပြုံဆင်း လာကြသောအခါ ထိုအထဲတွင် တစုံတယောက်ကို ရုတ်တရက်လှမ်း၍တွေ့မြင်လိုက်သောကြောင့် ဆြာဒင်သည် ထိုပုဂ္ဂိုလ်ကြီးရှိရာသို့ ခတ်သုတ်သုတ်လျှောက်သွားလေသည်။ခေါင်းပေါင်းစတလူလူနှင့် အဆိုပါအမတ်မင်းကား အရပ် အမောင်း ပုပျပ်လျက်ပါးစုန့်နှစ်ဖက်မှာ ဖောင်းလျက်ရှိ၏။သမ၀န်ကြီးပေတည်း။သူကား မကြာမတင်သော ကာလက လွှတ်တော်ရုပ်စုံ သဘင်အတွင်း ဆဒ္ဒန်ဆင်မင်းဇာတ်တော်ဖြင့် အလွမ်းသယ်ခဲ့ဖူးသောကြောင့် ဂုဏ်သတင်း မွှေးခဲ့သူ ဖြစ်၏။
တရုတ်နိုင်ငံမှ ငွေချေးသူသမ၀ါယမ ၀န်ကြီးသည် အတိတ်ကာလ၌ မအောင်မြင်ခဲ့သည့် အားနည်းချက်သည် အနာဂတ် ကာလ၏ အဖြေဖြစ်ကြောင်း၊ လက်ရှိတွင်လည်း ၎င်းဌာန၏ ၀န်ထမ်းများ၊ အသင်းသားများ၊ အမှုဆောင်များကို ၎င်းကိုယ် တိုင် ဦးဆောင်၍ လမ်းမှန်ပေါ်မှ သွားလာနိုင်ရန် ကြပ်မတ် ဆောင်ရွက်ပေးနေကြောင်း ကိုယ်စားလှယ်များ၏ ဆွေးနွေးမှု အပေါ် ပြန်လည်ရှင်းလင်း ပြောဆိုခဲ့ကြောင်း ယခုရက်ပိုင်းသတင်းများတွင်ဖော်ပြထားလေသည်။သူက `နိုင်ငံခြား တိုင်းပြည်တွေမှာ အံ့သြလောက်အောင်၊ အောင်မြင်နေတာပဲ၊ ဒါဟာ ကျနော်တို့အတွက် အဖြေပါပဲ၊ အဲဒီနိုင်ငံမှာ ရှိကြတာ လည်း လူတွေပါပဲ၊ ကျနော်တို့လည်း လူတွေပါပဲ´ဟုလည်း ဆိုသည်။
`၀န်ကြီးခင်ဗျာ၊၀န်ကြီးရဲ့အဆိုအောင်မြင်မှုအတွက် အပလီဆိတ် လုပ်ပါတယ်ခင်ဗျာ´
အမတ်မင်းသည် ကြောင်အမ်းအမ်းအမူအရာဖြင့် ဆြာဒင့်ကို အကဲခတ်နေ၏။
`ကျုပ်နာမည် ဆြာဒင်ပါဗျ၊ ဂန္ဓလရာဇ်ပြည်က ဒေါ်လာငွေသန်းတစ်ရာချေးပြီး တောင်သူလယ်သမားတွေ၊ ကျေးလက် ပြည်သူ တွေကို ပြန်ပြီး ငွေထုတ်ချေးမဲ့ ၀န်ကြီးရဲ့ အစီအစဉ်ကို ကျုပ် လွှတ်သဘောကျလွန်းလို့ပါ။လွှတ်တော်မှာ ဒီအဆို အောင်မြင်ခဲ့တဲ့အတွက် ၀န်ကြီးနဲ့အတူ ဂုဏ်ယူပါရစေခင်ဗျာ´
ဝန်ကြီးမှာ အတန်ငယ်ပြုံးယောင်သန်းလာလျက် ` ဒါပေါ့၊ဒါပေါ့´ဟု တည်တည်ကြီးမိန့်လေ၏။
ထိုမှတဖန် မလိုသူများက အနှိပ်တော်ဟု အမနာပပြောဆိုခြင်းခံရသည့် တောင်သာ၊၀ဲလောင်ဇာတိအမတ်မင်းကို တွေ့မြင် ပြန်သည့်အခါ ဆြာဒင်သည် ဖုံးမရဖိမရ ၀မ်းသာအယ်လဲအမူအရာဖြင့် တလေးတစားသွားရောက်နှုတ်ဆက်ပြန်လေ၏။
`အညာသားတွေထက်တယ်ဆိုတာ အညာသားချင်းမို့ ကျုပ်သိပြီးသားပါ၊အကိုကြီးလိုလူမျိုးက ၀င်ပြီးထောက်ခံလိုက်မှ ပွဲမြန် မြန်ပြတ်သွားတာနေမှာ၊နို့မဟုတ်ရင် အများစုကယောင်ဝါးဝါး ဖြစ်ကုန်ကြမှာ၊များများချေးနိုင်လေကောင်းလေပေါ့၊ ကွန်ဂက် ကျုလေးရှင်းအကိုကြီး´
မျက်နှာထားအတန်ငယ်တင်းသည့် အမတ်မင်းကား ကျေနပ်လှသည့်အမူအရာဖြင့် မျက်မှန်ထူကြီးကို ပင့်တင်ရင်း ခေါင်း တဆတ်ဆတ်ငြိမ့်ပြကာ ဆြာဒင့်ချီးမွမ်း စကားကို တုန့်ပြန်သမှုပြုလေသည်။
ထို့နောက် ဆြာဒင်သည် အစိမ်းရောင်ယူနီဖောင်းဝတ် အမတ်မင်းများရှိရာသို့ အပြေးတပိုင်းသွားတဲ့ကာ ယင်းတို့နှင့် မလှမ်းမကမ်းတွင် ခြေစုံရပ်လျက် တပ်ဓလေ့ထုံးစံအတိုင်း နဖူးနှင့်လက်ကိုထိကာ အချိန်အတန်ကြာမျှ အလေးပြုနေပြန် လေသည်။ရာခိုင်နှုန်းတမတ်အင်အားရှိသော အဆိုပါအမတ်မင်းများကား ချေးငွေအစီအစဉ်ကို ထိုင်ရာမထသော အားထုတ်မှုဖြင့်ထောက်ခံခဲ့ကြသူများပေတည်း။
(၃)
ထိုစဉ် အန်အယ်ဒီအမတ်မင်း ဦးဖြိုးမင်းသိန်းသည် ဆြာဒင့်အပါးမှ ဖြတ်လျှောက်သွားလေရာ ဆြာဒင်သည် ဖုတ်လေသည့် ငပိရှိသည့်ဟန်ပင်မပြချေ။ဦးဖြိုးမင်းသိန်းကား ….
တရုတ်နိုင်ငံမှ ချေးယူမည့် ငွေ၏ အတိုးနှုန်းသည် တခြားနိုင်ငံများ၏ အတိုးနှုန်းထက် များနေကြောင်း၊ ထို့အတူ ၀န်ဆောင် မှု စရိတ်လည်း ကြီးမြင့်ကြောင်း၊အများပြည်သူ၏ ဘ၀မြှင့်တင်ရမည်မှန်သော်လည်း ယခုကဲ့သို့ အချိန်မျိုးတွင် အမှားခံ၍ မရကြောင်း၊“သမ ၀န်ကြီးဌာန လက်အောက်မှာ စီမံကိန်းတရပ် ရရှိဖို့အတွက် ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ ဒီလို စွန့်စားမှု မျိုး မလုပ်သင့်ဘူး၊ ဘတ်ဂျက်လိုငွေပြနေတဲ့ တိုင်းပြည်မှာ နောက်ထပ် ပိုမိုကြီးလေးတဲ့ အခြေအနေမျိုး မဖြစ်ဖို့ ပြည်ထောင် စု ကိုယ်စားလှယ် အားလုံးက စနစ်တကျ စဉ်းစားဆောင် ရွက်သင့်တယ်”ဟုဆိုကာ ငွေချေးမည့်အစီအစဉ်ကို ကန့်ကွက် ဆွေးနွေးခဲ့သူတည်း။
အမတ်မင်းများကြားတွင် ရောက်နေသောဆြာဒင်မှာ တိုးရင်းဝှေ့ရင်း အမတ်မင်းဦးဖုန်းမြင့်အောင်နှင့် မထင်မှတ်ပဲ မျက်နှာ ချင်းဆိုင်ဆုံပြန်လေသည်။ဆြာဒင်သည် ရုတ်ခြည်းပင် ချာကနဲမျက်နှာလွှဲပြန်လေသည်။အဆိုပါအမတ်မင်းသည်လည်း ချေးငွေကိစ္စနှင့်စပ်လျဉ်း၍……
“ဒေါ်လာသန်း ၁၀၀ စချေးတာနဲ့ နေ့ပြန်တိုးချေးသလိုမျိုး တရုတ်ကို တသန်းပြန်ပေးခဲ့ရမယ်၊ ပြီးမှ ၄ ဒသမ ၅ ရာခိုင်နှုန်း ပုံမှန်ပေး ရဦးမယ်လေ၊ ဒါဟာ အလွန်များပြားတဲ့ အတိုးနှုန်းပါ၊ ဒီချေးငွေတွေနဲ့ လယ်သမားတွေရဲ့ ဘ၀ကို ဘာမှ ပြောင်းလဲ ပေးနိုင်မှာလည်း မဟုတ်ဘူး´ဟူသော မှတ်ချက်ကို ပြုခဲ့သူဖြစ်၏။
ထို့အတူ ချေးငွေအစီအစဉ်အပေါ် `မြန်မာနိုင်ငံသည် အကြွေးသံသရာ လည်နေသည့် နိုင်ငံဖြစ်၍ အတိုးနှုန်းကြီးမြင့်သည့် နှုန်း ထားဖြင့် ငွေမချေးသင့်ကြောင်း၊ ထိုချေးငွေကိုလည်း မည့်သည့်နေရာတွင် မည်သည့်လုပ်ငန်း လုပ်မည်၊ အကျိုးအမြတ် မည်ကဲ့သို့ရမည် ဆိုသည်ကို တိတိကျကျ ရှင်းပြနိုင်ခြင်း မရှိကြောင်း၊“၀န်ကြီး ဦးကျော်ဆန်းကတော့ ပြောတာပေါ့လေ၊ ၀ိုင်းကြီးချုပ် စနစ်နဲ့ချေးမယ်၊ ပုံမှန်ပြန်ဆပ်သူ ကို နောက်ထပ် ၂ ဆ၊ ၃ ဆ ထပ်ချေးမယ် ဆိုတာမျိုးတွေ ပြောတယ်၊ ပြောမယ်ဆိုရင် ကျမ တို့ဆီမှာ ဘယ်တုန်းကများ သမ၀ါယမ စနစ်က အောင်မြင်ခဲ့ဖူးလို့လဲ´စသည်ဖြင့် ကန့်ကွက်ဆွေးနွေး ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးကိုလည်း ဆြာဒင်မြင်ပါလျက်ကယ်နှင့် မသိကျိုးကျင်ပြုပြန်လေသည်။
(၄)
ဆြာဒင်နှင့်ထပ်ချပ်မကွာလိုက်ပါရင်း အူကြောင်ကြောင်လုပ်ရပ်တို့ကို မကြည့်ချင်မြင်လျက်သားဖြစ်နေသည့် နောက်ပါ တပည့်ကျော်တို့သည် ဆြာဒင့်ကို မြင်ပြင်းကပ်လာဟန်ရှိလေသည်။
`ဘာတွေ လျှောက်လုပ်နေတာတုန်းဆြာဒင်ရ၊ပြောင်းပြန်တွေ ဖြစ်ကုန်ပြီထင်တယ်နော်´
`ညံ့ကြပါ့ကွာ၊ တည့်လွန်းလို့ ပူဇာစပူဇနေယျာနံနေတာကွ´
`အံ့ပါ့ဗျာ၊ တရုပ်ဆီက ချေးစားမဲ့အစီအစဉ်ကို ဘာများအပလီဆိတ်လုပ်နေစရာရှိလဲဗျာ´
`ဒါဟာ ကွက်ကျော်မြင်တယ်လို့ ခေါ်တယ်ကွ၊မင်းတို့သာ သမိုင်း သင်ပြီး အ နေကြတာ´
ဟု အစချီကာ အရည်အချင်းညံ့ဖျင်းလှသော တပည့်ကျော်များအား အောက်ပါ အကြောင်းခြင်းရာ အထောက်အထားများ ကိုဖတ်စေလျက် စာအလွန်ဖတ်သူကြီး၏အိုက်တင်အပြည့်ဖြင့် ရှင်းလင်းလေ၏။
မြန်မာနိုင်ငံအပေါ် တင်ရှိနေသော အာရှဖွံ့ဖြိုးရေးဘဏ် (ADB)နှင့် ကမ္ဘာ့ဘဏ်တို့၏ ကြွေးမြီများ ရှင်းလင်းခဲ့ပြီးကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှသတင်းထုတ်ပြန်လိုက်သည်။
၁၉၇၃ခုနှစ်ခန့်က စ၍ အေဒီဘီနှင့်ကမ္ဘာ့ဘဏ်တို့ထံမှ ဖွံ့ဖြိုးမှုချေးငွေများ မြန်မာက ရယူပြီး ပြန်ဆပ်ရန် အချိန်စေ့ပြီးနောက် ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိခဲ့သည့် ကြွေးမြီလက်ကျန်များကို(ADB)၊ကမ္ဘာဘဏ်၊ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးဘဏ်(JBIC)တို့နှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ညှိနှိုင်း၍ စာရင်းရှင်းလင်းရေးလုပ်ဆောင်လာခဲ့ကြခြင်း ဖြစ်သည်။ ဇန်န၀ါရီလ (၁၇)ရက်နေ့တွင် (JBIC)ထံမှ အမေရိကန်ဒေါ်လာ ၅၁၂သန်းကို ပေါင်းကူးချေးငွေအဖြစ် ရယူ၍ (ADB)သို့ အကြွေးဆပ်ခဲ့ပြီး ထို (ADB)မှ နှစ်ပေါင်းသုံးဆယ်အတွင်း ပထမအများဆုံးချေးငွေအဖြစ် ပြန်လည်ရရှိသည့် အမေရိကန် ဒေါ်လာ ၅၁၂သန်းဖြင့် (JBIC)၏ပေါင်းကူးချေးငွေအားထိုနေ့တွင်ပင် ပြန်လည်ပေးဆပ်ခြင်းဖြင့် ကြွေးမြီလက်ကျန်စာရင်း ရှင်းခဲ့ကြခြင်းဖြစ်သည်။
ထို့အတူဇန်န၀ါရီလ ၂၅ရက်နေ့ကလည်း (JBIC)ထံမှ ဒေါ်လာသန်း ၄၃၀ကို ပေါင်းကူးချေးငွေအဖြစ် ရယူကာ ကမ္ဘာ့ဘဏ် သို့ ကြွေးဆပ်ခဲ့ကာ ကမ္ဘာဘဏ်မှ ပြန်လည်ရရှိသည့် ချေးငွေ ဒေါ်လာသန်း ၄၃၀ ဖြင့်ပင် (JBIC)၏ပေါင်းကူးချေးငွေကို ပေးဆပ်ရှင်းလင်းလိုက်ကြသည်။(Myanmardaily.net)
ဆြာ့ခြေရာမနင်းနိုင်ကြရှာသော တပည့်များကား ဒုံးဝေးလှချေ၏။
`ဆြာဒင့်သတင်းကလည်း ပေါင်းကူးတာတွေများနေတယ်၊နားမရှင်းလှဘူး´
`တုံးချက်ကတော့ ကမ်းကုန်ရော၊တိုတိုပြောရရင် ဆပ်စရာရှိတဲ့အကြွေးမဆပ်နိုင်လို့ များများထပ်ချေးပြီး သုံးပင်လိမ်လိုက် တဲ့သဘောပေါ့ကွာ၊နောက် သတင်းတပုဒ်ကတော့ နားရှင်းမယ်ထင်ပါရဲ့´
ဂျပန်ကြွေးမြီလျှော်ပစ်ကြောင်း တရားဝင်ကြေညာ(၂၀၁၂ ခုနှစ်၊ဧပြီလ ၂၁ရက်၊အာအက်ဖ်အေ)
ဂျပန်နိုင်ငံကို သမ္မတဦးသိန်းစိန်ရောက်ရှိပြီး ဂျပန်ဝန်ကြီးချုပ် ယိုရှိဟီကို နိုဒါ(Yoshihiko Noda)နှင့် ဆွေးနွေးမှုတွေ လုပ်ပြီးတဲ့နောက် ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အခုလိုကြေညာလိုက်တာပါ၊ဒီမိုကရေစီဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ဆောင်သွားကြဖို့ လိုကြောင်းလည်း ဂျပန်ဝန်ကြီးချုပ်က ပြောသွားပါတယ်။အရင်က ရပ်ဆိုင်းထားခဲ့တဲ့ ဂျပန်အစိုးရရဲ့ နိုင်ငံရပ်ခြားအကူအညီ အိုဒီအေပြန်ပေးနိုင်ဖို့အတွက်ပြင်ဆင်နေပြီလို့လည်း ပြောပါတယ်။အခုလို ကြွေးမြီ တွေ လျှော်လိုက်တဲ့အတွက် မြန်မာအစိုးရအနေနဲ့ ဂျပန်နိုင်ငံထံက နှစ်ပေါင်း၂၅နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ချေးငွေတွေ ရယူနိုင်တော့မှာဖြစ်ပါတယ်။
(၅)
ဆြာဒင့်တပည့်ကျော်ကပ္ပလီနှင့်ဖေကြည်ကား အူကြောင်ကျားမျက်နှာပေးဖြင့် ရှိနေဆဲပေတည်း။ဆြာဒင်သည် စိတ်ရှည် လက်ရှည်ဖြင့် ကျမ်းကိုးတခုကိုထုတ်ပြန်လေ၏။
နေပြည်တော် ဇူလိုင်လ(၃၁)ရက်။
ဝန်ကြီး ဦးဝင်းရှိန်နှင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်တို့သည် ပြင်သစ်နိုင်ငံ နိုင်ငံခြား ကုန်သွယ်ရေး ဝန်ကြီး H. E. Mrs. Nicole BRICQ ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် ဘဏ္ဍာရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ လက်ခံ တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များ၊ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ဆိုင်ရာ ကိစ္စရပ်များ၊ပဲရစ်ကလပ် သဘောတူညီ ချက်အရ မြန်မာနှင့် ပြင်သစ် နှစ်နိုင်ငံအကြား ကြွေးမြီ ရှင်းလင်းရေး ဆိုင်ရာ လက်မှတ် ရေးထိုးပွဲ ကျင်းပပြီး ကြွေးမြီဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲ တွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံ၏ ပဲရစ်ကလပ်နှင့် ကြွေးမြီ ရှင်းလင်းရေး ကိစ္စများတွင် ပြင်သစ် နိုင်ငံ၏ ဦးဆောင် ကူညီမှုကို အသိအမှတ်ပြု ကျေးဇူး တင်ရှိပါကြောင်း၊မကြာသေးမီက နိုင်ငံတော် သမ္မတကြီးနှင့် ပြင်သစ် သမ္မတတို့ တွေ့ဆုံစဉ် ပြင်သစ်နိုင်ငံသို့ မြန်မာနိုင်ငံက ပေးဆပ်ရန် ကျန်ရှိသည့် ကြွေးမြီများ ကိစ္စ ဖြေရှင်းပေး ရန် လျှော့ပေါ့ပေးရန် ပြောကြားခဲ့သည့်အပေါ် အကောင်းဆုံး အဖြေရှာနိုင်မည်ဟု ယုံကြည် မျှော်လင့်ပါကြောင်း၊ ပြင်သစ် နိုင်ငံ ကုမ္ပဏီများ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များတွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမည့် သူများအား ဥပဒေ လုပ်ထုံး လုပ်နည်းနှင့်အညီ ကူညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။ပြင်သစ်နိုင်ငံ နိုင်ငံခြားကုန်သွယ်မှု ဝန်ကြီးက မိမိနှင့်အတူ ပြင်သစ် ကုမ္ပဏီ၂ဝ ခန့် လိုက်ပါ လာပါကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလိုသည့် ကုမ္ပဏီများစွာ ရှိပါကြောင်း၊ လက်ရှိတွင်လည်း TOTAL ရေနံ ကုမ္ပဏီကဲ့သို့ ကုမ္ပဏီကြီးများလည်း လုပ်ကိုင် နေပါကြောင်း၊ ပြင်သစ် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များတွင် လိုအပ်သည့် အကူအညီများ ပေးစေလိုပါ ကြောင်း၊ပြင်သစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်း ပံ့ပိုး ကူညီ ဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း ပြောကြားသည်။ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်က မြန်မာနိုင်ငံသို့ GSP အခွင့်အရေး ပေးသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း၊ ပြင်သစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ နည်းပညာ ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု များအတွက် အကူအညီများပေးစေလိုပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ကြွေးမြီ ရှင်းလင်း နိုင်ရေးနှင့်စပ်လျဉ်းသောပဲရစ်ကလပ်အစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့သည့် Agreed Minutes on the Treatment of the Republic of the Union of Myanmar အရ ပြင်သစ် နိုင်ငံနှင့် မြန်မာနိုင်ငံ တို့အကြား နှစ်နိုင်ငံ သဘောတူ စာချုပ်အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ ကိုယ်စား ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်နှင့် ပြင်သစ် နိုင်ငံကိုယ်စား နိုင်ငံခြား ကုန်သွယ်ရေးဝန်ကြီး H.E. Mrs. NicoleBRICQတို့က လက်မှတ်ရေးထိုးခဲ့ကြောင်းသတင်းရရှိသည်။ (မြ၀တီအွန်လိုင်း သတင်း)
သို့တစေ ဆြာဒင့်တပည့်များကား နားဝေးလှချေ၏။
`ဒဲ့ဒိုးသာရှင်းစမ်းပါဆြာဒင်ရာ´
`ဟ၊သမိုင်းတလျှောက်လုံး ယူခဲ့ဖူးသမျှအကြွေးမှန်သမျှ ပြန်ဆပ်ဖူးတဲ့ နိုင်ငံမှမဟုတ်တာ၊ကြွေးသိပ်များလာရင် ကြွေး ပြန်မဆပ်နိုင်တဲ့ အခြေအနေ ၊တိုင်းပြည်ဖြူကာပြာကာကျအောင်ဖန်တီးလိုက်၊နောက် လမ်းမှန်ပေါ်ခဏပြန်တက်ပြ လိုက်၊အသံကောင်းဟစ်ပြလိုက်၊ ကြွေးတွေပြန်လျှော်ပစ်လိုက်၊ ဒါမှမဟုတ်ကြွေးရှင် ကျေနပ်မဲ့ စီမံကိန်းတွေချပေး လိုက်၊ကြွေးပြန်ဆပ်မဲ့နည်းလမ်းကို စဉ်းစား စရာမှ မလိုတာ၊အဲဒီကြွေးသံသရာကြီးထဲမှာ ပျော်ပျော်ကြီးလည်လိုက်ကြရအောင် ပျော်ပျော်ကြီးချေးလိုက်ကြစို့၊ ပျော်ပျော် ကြီးစားလိုက်ကြစို့ရဲ့´
`ဟား၊ခုမှပဲ နားခွက်က မီးတောက်တော့တယ်၊တကယ့်ကို ကွက်ကျော်မြင်တဲ့ ဆြာဒင်ပါကလား၊အပလီဆိတ် ကွန်ဂက်ကျု လေးရှင်းပါဆြာဒင်´
ဆြာဒင်၏လိုတိုရှင်းသွန်သင်ချက်ကြောင့် ကပ္ပလီနှင့်ဖေကြည်တို့ ကိုယ့်နဖူးကိုယ်ရိုက်ကြရင်း မျက်နှာအသီးသီး ၀င်းပ ကြည်လင်သွားကြချိန်တွင် ဆြာဒင်သည် စိတ်လက် ပေါ့ပါးသွားဟန်ဖြင့် ရင်ကိုကော့လျက် တေးသွားအလိုက်တခုကို ရွှင်လန်း တက်ကြွစွာ လေချွန်သီကျူးနေလေသည်။
`သိဒ္ဓိအဖုံဖုံ ကုံလုံစေမည်၊နေ့စဉ်ညစဉ်ဖိုမထိုးပဲ အကျိုးထူးနိုင်မည်။ ဗမာပီပီနဂါးနီတန်ခိုးနဲ့မြေလျှိုးပါလို့ မိုးပျံနိုင်မည်။ မွဲတဲ့သူတွေငွေမရှားရအောင် ကြိုးပမ်းလို့ ဆောင်ရွက်ကာမှန်း ရှေ့ကလမ်းပြမည်။ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည်။ လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည်။
အပလီဆိတ်=Appreciate
ကွန်ဂက်ကျုလေးရှင်း=Congratulation