၂၀၁၃ ခုနှစ် နိုဝင်ဘာ(၁၉)နေ့ထုတ် ဆဲဗင်းဒေး ဂျာနယ်။
အခန်း(၉)
ကိုယ်တွေ့စူနာမီ
ကျနော်ဆိုတဲ့ကောင်ကလည်း ကြုံလိုက်ရင် မထိတ်သာမလန့်သာဆိုတာ တွေချည်းပဲဗျ။ ကျနော့်မိတ်ဆွေတစ်ယောက် ပြောဖူးသလို ကျနော်ဟာ သည်းထိတ်ရင်ဖိုကိစ္စတွေကို မသိစိတ်မှာ စွဲလန်းနေတယ်ဆိုတာဖြစ်နိုင်တယ်ဗျ။ ကြည့်လေ။ ရနောင်းကို ကျနော်ရောက်ပြီးမကြာခင် ကျနော့်ဇနီးနဲ့သမီးရောက်လာကြတော့ မြဘုရားဖူးဖို့ဆိုပြီး တမိသားစုလုံးဘန်ကောက်ကို သွားကြတုန်းက ကျနော့်ပတ်စပို့က တရားမဝင်သလို ဇနီးနဲ့သမီးကလည်းကော့သောင်းဖက် နယ်စပ်ကနေဝင်လာကြတာမို့ သူတို့လည်းထို့နည်းလည်းကောင်းဆိုပါတော့။အမှန်တော့ ကျနော်ဘန်ကောက်ကို သွားပုံသွားနည်းဟာ ထိုင်းနိုင်ငံထဲကို တရားမဝင်ရောက်လာတဲ့ မြန်မာ အလုပ်သမားအများစုသုံးနေကျနည်းလမ်းမို့ ဆန်းတယ်လို့ မဆိုသာပေမဲ့ အန္တရာယ်များတာတော့အမှန်ပဲဗျ။
ကျနော်ကတော့ဗမာစကားမတောက်တခေါက်တတ်တဲ့ (မောင်အက်)ဆိုတဲ့ ထိုင်းလူပွဲစားတယောက်နဲ့ချိတ်လိုက်တာ တယောက်ဘတ် (၃၅၀၀)နဲ့ဈေးတည့်သဗျာ။ဟွန်ဒါစီဗစ်ဆလွန်းကားလေးနဲ့ အမြိန့်သားထွက်လာလိုက်ကြတာ တလမ်းလုံးလိုလို ဘာမှ မထူးခြားပေမဲ့ ဘန်ကောက်ရောက်ခါနီး ကီလိုမီတာ ၂၀၀လောက်အလိုမှာ တော့၊ဓာတ်ဆီဆိုင်နဲ့တွဲဖွင့်ထားတဲ့ ကော်ဖီဆိုင်တစ်ခုမှာ ဗိုက်ဝင်ဖြည့်နေကြတုန်း ဗြုန်းဆို ထိုင်းရဲကားတစီးလည်းဆိုက်လာရော (မောင်အက်)ဟာ ရုတ်ကနဲ ထိုင်ရာကနေ သူ့ကားဆီ ထသွားပြီး မောင်းထွက်သွားပါလေရောဗျာ။ရုတ်တရက်မို့ ကျနော်ဟာ ရင်ထဲမှာထိတ်ကနဲဖြစ်သွားပေမဲ့ ဣနြေ္ဒမပျက်ထိုင် နေလိုက်တော့ သူတို့၊ ကျနော်တို့မိသားစုကိုလှမ်းပြီးအကဲခတ်နေတာ ကျနော်က ခိုးကြည့်နေရင်း သိလိုက်တယ်။ကျနော်လည်း ဘာမှ ရိပ်စားမိဟန်မတူတဲ့ ဇနီးနဲ့သမီးကို စကားမရှိစကားရှာတောင်ပြောမြောက်ပြောလုပ်၊ ထိုင်းရဲတွေနဲ့ အနီးဆုံးဆီကို ဖြတ်လျှောက်ရင်း ကောင်တာမှာ ထပ်မှာစရာရှိတာကို ဘိုလိုအသံကျယ်ကျယ်နဲ့ မှာလိုက်ရောပေါ့ဗျာ။ကံကောင်းတယ်ဆိုရ မယ်ထင်ပါရဲ့။ ထိုင်းရဲသုံးယောက်ဟာ ကျနော့်တို့ထိုင်နေတဲ့ကော်ဖီဆိုင်ထဲမှာ ဆယ့်ငါးမိနစ်လောက်လည်းထိုင်ပြီးရော သူတို့ရဲကားကို ဝီးအော်ဝီးအော်ဆိုတဲ့ ဝါယာလက်ဥသြသံဖွင့်ပြီးပြန် မောင်းထွက်သွားလေရဲ့ဗျာ။နာရီဝက်လောက်အကြာ ကျနော်ဖုန်းဆက်လိုက်မှ မောင်အက်ဆိုတဲ့ ရွှေကိုယ်တော်ပြန်ကြွ လာသဗျ။
အမှန်တော့ သူလိုငါလို သာမန်လူပွဲစားကယ်ရီလို့ကျနော်ထင်ခဲ့တဲ့ မောင်အက်ဟာ နာမည်ကြီးလူကုန်ကူးသူဆိုတာ နောက်တနှစ်ကျော်အကြာမှာ ကျနော်သိခဲ့ရပါတယ်။ ထိုင်းသတင်းစာအစောင်စောင်မှာ လူကုန်ကူးမှုနဲ့ အဖမ်းခံရတဲ့ သူ့ဓာတ်ပုံနဲ့ သူ့နာမည်ကို စာလုံးမဲကြီးတွေနဲ့တွေ့လိုက်ရတာကိုး။
ကျနော်ဆိုတဲ့ကောင်ကလည်း နှစ်ထပ်ရှိမှ မှတ်မိမဲ့ကောင်ထင်ပါရဲ့။ဖူးခက်ကိုဈေးကွက်စနည်းနာဖို့ ထွက်လာတော့လည်း ဇနီးနဲ့သမီးပါလာပြန်တာပါပဲ။မှတ်မှတ်ရရပြောရရင် အဲဒီနေ့ဟာ ဖူးခက်ကို စူနာမီဝင်မွှေဖို့ တပတ်အလို၂၀၀၄ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့ပေါ့။ကျနော်ဟာ အလန်ကွာတာမိန်း၊မာကိုပိုလို၊ဗတ်စကိုဒဂါးမား၊ကိုလံဘတ်၊မြိုင်ရာဇာတွတ်ပီနဲ့ ထက်ထက်မိုးဦးတို့ကို အားကျပြီး ဖူးခက်မြို့ဆီ၊ရင်ကော့ပြီးချီတက်ခဲ့ရောဆိုပါတော့။ဖူးခက်နဲ့ရနောင်းဟာ ကီလိုမီတာ သုံးရာကျော် ဝေးပါတယ်။လမ်းတလျှောက်ရဲ့မြင်ကွင်းတွေဟာ မော်လမြိုင်၊ဘိတ်၊ထားဝယ်ကားလမ်းက မြင်ကွင်းတွေနဲ့ ဆင်တယ်ဗျ။ ရာသီဥတုလည်း သိပ်ကွာခြားပုံမရဘူး။ကွမ်းသီးပင်၊အုန်းပင်နဲ့ ရာဘာခြံတွေကို ကွက်ကြား ကွက်ကြား တွေ့နေရတယ်။ ဒီတောဒီတောင်ဒီရေမြေဟာ ဗမာပြည်နဲ့ တယ်ပြီးအလှမ်းဝေးလှတယ်မဟုတ်ပေမဲ့ တစ်စုံတစ်ခုသော အတိုင်းအတာ ကွာခြားနေတာတော့ အမှန်ပါပဲ။ဆိုလိုချင်တာက ပတ်ဝန်းကျင်ရှုခင်းတွေဟာ အလေ့ကျဖြစ်ကတတ်ဆန်း ပစ်ထားတာနဲ့ စံနစ်တကျပြုစုပျိုးထောင်ထားတဲ့အရာ ကွာခြားသလိုဖြစ်နေတာပါပဲ ။
နန်းယွန်း၊သကွယ်ပါမြို့တွေကိုကျော်ပြီးတော့ ခေါင်လတ်၊ဖန်ငမြို့တွေကိုရောက်တယ်။ အဲဒီမြို့တွေဟာ ပင်လယ်နဲ့နီးတယ်။ ပင်လယ်နဲ့ထိစပ်နေတဲ့မြင်ကွင်းတွေကိုမြင်နေရတယ်။ကားလမ်းဘေးအဆောက်အဦးတွေမှာ ချိတ်ဆွဲထားတဲ့ ငှားရန်ရှိ သည်ဆိုတဲ့ အဆောက်အဦးဆိုင်းဘုတ်တွေကြောင့် ဒီဒေသဒီအရပ်ရဲ့ အဓိက လုပ်ငန်းကတော့ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းလို့ခန့်မှန်းနိုင်ပါတယ်။ခေါင်လတ်မှာဆိုရင် အဆောက်အဦးအသစ်တွေ အရှိန်အဟုန်နဲ့တိုးချဲ့ဆောက်နေတာ ကျနော်သတိပြုမိတယ်။ဒီနေရာတွေမှာ လာပြီးရင်းနှီးမြှုပ်နှံတဲ့ အလုပ်ရှင်အများစုကတော့ အမေရိက၊ဥရောပနဲ့ ထိုင်းတွေပါပဲ။ ထုံးစံအတိုင်း အလုပ်သမားအများစုကတော့ ကျနော်တို့ မဟာမြန်မာတွေပေါ့။ ခေတ်မီငါးဖမ်း စက်လှေတွေကိုလည်း တွေ့ရတာကြောင့် ရေလုပ်ငန်းအကြီးအကျယ်လုပ်နေကြတာကိုလည်း ကျနော်သတိပြုမိတယ်။
မြို့နာမည်တွေကိုပြောနိုင်တာက စံနစ်တကျရေးထားတဲ့ လမ်းညွန်ဆိုင်းဘုတ်တွေကြောင့်ဗျ။ ကျနော်က အင်ဂျင်နီယာ ပေါက်စလုပ်ခဲ့ဖူးလေတော့ အဝေးပြေးလမ်းမကြီးတလျှောက် ဆိုင်းဘုတ်တွေကို ကြည့်ရင်း ကိုယ့်နိုင်ငံနဲ့ ဘာများကွာခြား ပါလိမ့်ဆိုပြီး စပ်စုနေတာ။လမ်းတွေကတော့ ကျနော်တို့ဇာတိမြေက လမ်းတွေနဲ့ ကိုးဆယ်ဆကွာပါသကော။ရနောင်းဖူးခက် အဝေးပြေးလမ်းမကြီးတလျှောက် ကတ္တရာလမ်းပေါ်က အနီအဝါအဖြူမျဉ်းကြောင်းတွေ၊ယာဉ်အန္တရာယ် သတိပေးဆိုင်း ဘုတ်တွေ၊လမ်းညွှန်ဆိုင်းဘုတ်တွေကို ကြည့်ရင်း ငါတို့နိုင်ငံမှာ ဒီလိုမျဉ်းကြောင်းဆွဲဖို့နဲ့ လမ်းညွှန်းဆိုင်းဘုတ်ရေးဖို့တောင် အနှစ်နှစ်ဆယ်နဲ့ပြီးပါ့မလားလို့တွေးမိတဲ့အထိပါပဲ။ ဒီလိုလမ်းမကြီးတွေမျိုးဖြစ်လာဘို့ဆို တာဝေလာဝေးပေါ့။ဒီကြားထဲ မောင်အက်ဆိုတဲ့မောင်ကလည်း ကျနော့်ကို တောသားများထင်ရော့သလားမသိပါဘူးဗျာ။ ကျောင်းရှိသည်။ ဖြေးဖြေးမောင်း၊လမ်းချော်တတ်သည်၊မိုင်၆၀ထက်မပိုရ၊ရှေ့ကားကို မကျော်ပါနှင့် ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေရဲ့ အဓိပ္ပါယ်ကို ရှင်းပြနေသေးဗျာ။အမယ်၊သူက လုပ်သေးဗျာ။ ခင်ဗျားတို့နိုင်ငံမှာ မီးမလာဘူးဆို တဲ့ ။ မီးမလာရင် ဓာတ်မီးတိုင်လဲလိုက်ရင်ပြီးတာပဲမဟုတ်လားတဲ့။ သူနားမလည်လို့ပြောနေပေမဲ့ ကျနော့်စိတ်ထဲတော့ အတော်ခံပြင်း မိတယ်ဗျ။ ဘယ်နှယ့်ထိုင်းလို ကျနော်တို့ဘိုးဘွားတွေရဲ့သစ္စာတော်ခံဘဝနဲ့နေလာခဲ့တဲ့မောင်တွေက မီးပျက်တာကို နားမလည်တဲ့အချိုးလာချိုးနေတယ်လို့ထင်မိတာကိုး။နောက်ပိုင်းမှာ ကျနော်သိရတာက ထိုင်းနိုင်ငံမှာသုံးစွဲနေတဲ့ လျှပ်စစ်မီး ၇၀%ရာခိုင်နှုံးဟာ ဗမာပြည်က ဝယ်ထားတာတဲ့ဗျာ။
ဒီတခေါက်မှာတော့ ဖူးခက်ရောက်တဲ့အထိ ဘာအခက်အခဲမှမရှိဘူးလို့ဆိုရမယ်ဗျ။ တိုက်တိုက်ဆိုင်ဆိုင် ကိုဇော်ဝင်းဦး တို့လင်မယားလည်း စင်္ကာပူကနေ ဖူးခက်ကိုရောက်နေသဗျာ။ကျနော်တို့မိသားစုလည်း သူတို့တည်းတဲ့ ပါတောင် ကမ်းခြေနဲ့ကပ်နေတဲ့ ဒန်းဂျစ်ဆိုတဲ့ ဧရာမဟိုတယ်ကြီးမှာတည်းတယ်။ဒန်းဂျစ်ဟိုတယ်ဟာ မြေနေရာအကျယ်ကြီးထဲမှာ ရေကူးကန်တွေ၊ လေးထပ်အဆောက်အဦးတွေနဲ့ပြည့်နေတဲ့ ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးပါပဲ။
ကျနော်ဟာ ဖူးခက်မှာ နေရာအနှံ့ကို ခြေဆန့်ခဲ့တယ်။ နာမည်ကျော်ဖီဖီကျွန်းကိုလည်းရောက်၊ဖန်တက်စီရှိုးကိုလည်း မလွတ်၊နာမည်ကျော်ဆွိုင်ဘန်ဂလာလမ်းကြားကိုပါ မကျန်ဆိုပါတော့။ကျနော်ဟာ ဖူးခက်မှာ ငါးရက်နေပြီး ရနောင်းကို ပြန်လာသဗျ။ကိုဇော်ဝင်းဦးတို့လင်မယားကတော့ ဖူးခက်မှာတညအိပ်ပြီး ပြန်သွားကြလေရဲ့။အမှန်တော့ ဖူးခက်ကို စူနာမီဝင်ဖို့ ၄၈နာရီသာလိုပါတော့တယ်။နေ့မြင်ညပျောက်ဆိုတဲ့စကားဟာ တယ်မှန်သကိုး။ ဖူးခက်မှာ ကျနော်ရောက်ဖူး ခဲ့တဲ့နေရာအတော်များများဟာ နောက်လေးဆယ့်ရှစ်နာရီအကြာမှာ ရစရာမရှိ အောင်ကြေမွပြိုလဲပြီး ပျက်စီးခြင်း ငါးပါးဆိုက် ကုန်ပါတော့တယ်။အသေးစိတ်ပြောရရင်ဒီလိုဗျ။
ဒီဇင်ဘာ (၂၆)ရက်နေ့ မနက်ဆယ့်တစ်နာရီလောက်၊ရနောင်းကအိမ်မှာ ကျနော်ဟာ တီဗီဖွင့်ပြီး ထိုင်းသတင်းတွေကိုကြည့်နေတုန်း ပေါ်လာတာက မုန်တိုင်းတစ်ခုဝင်ပြီးစ မြို့ပျက်ကြီးတစ်ခုမှာ ဝရုန်းသုဉ်းကားဖြစ်နေတဲ့ ရေဘေးဒုက္ခမြင်ကွင်းတွေပါပဲ။ ကျနော် နားလည်သလောက်တော့ ဖူးခက်၊ဖူးခက်၊ဖန်င၊ဖန်င ဆိုတဲ့အသံတွေထပ်နေ တယ်ဗျ။ဒါနဲ့တခြားတီဗီလိုင်းတွေကို ဖွင့်ကြည့်ပြန်တော့လည်း ဒီသတင်းတွေကိုချည်းတပြိုင်တည်းထုတ်လွှင့်နေတယ်ဗျာ။ အဲဒီအချိန်မှာပဲ ကိုဇော်ဝင်းဦးဆီက ဖုန်းဝင်လာတယ်။ဥက္ကဋ္ဌနေကောင်းရဲ့လား၊အခုဘယ်ရောက်နေတုန်း၊ ဖူးခက်မှာပဲလား၊ရနောင်းမှာလား၊ဘာတွေဖြစ်ကုန်ပြီလဲ၊ဂြိုဟ်တုသတင်းမှာတော့ ဖူးခက်တမြို့လုံး ရစရာမရှိတော့ဘူး။ အိန္ဒိယ၊အင်ဒိုနီးရှား၊သိရီလင်္ကာ၊မလေးရှားတွေမှာလည်း ငလျင်လှုပ်ပြီး ရေလှိုင်းတွေကြီးတယ်လို့ကြားတယ်၊ ကျနော်စိတ်ပူလို့ဆက်တာပါတဲ့။
ကျနော်လည်းနည်းနည်းတော့ ရိပ်မိသလို ဖြစ်လာတယ်။ဒါနဲ့ ဖူးခက်က ကျနော့်မိတ်ဆွေထိုင်းရှေ့နေ မစ္စတာဝါရင်းကို လှမ်းပြီးဖုန်းဆက်ကြည့်လိုက်တော့ အံ့သြစရာကောင်းတာက ဖူးခက်မြို့ထဲမှာနေတဲ့ ဝါရင်းဟာ အဲဒီအချိန်မှာ ဖူးခက်စူနာမီ ရေဘေးကို မသိသေးဘူးဗျ။သူပြောတာက ဖူးခက်မြို့မထဲမှာ အခြေအနေအေးအေးဆေးဆေးပါပဲ။ ပါတောင်ကမ်းခြေ ဖက်မှာတော့ ရေလှိုင်းရိုက်လို့ အပျက်အစီးတချို့ရှိတယ်လို့တော့ကြားမိသတဲ့။သူ့ဖုန်းချအပြီးမှာ ဆက်တိုက်ဝင်လာတာက ဖူးခက်မှာ မြန်မာပစ္စည်းတွေကို ကားတစီးနဲ့လိုက်ဖြန့်နေတဲ့ ဦးသိန်းအောင်ဆီကဗျ။သူ့မိန်းမကထိုင်း။
ဖူးခက်မှာ ကမ္ဘာပျက်နေပြီဆရာရေ့၊ကျနော့်တသက်နဲ့တကိုယ်တခါမှ မကြုံဖူးဘူး။ရေတွေက ရေနွေးဆူသလိုထပွက်တယ်။ သိပ်မကြာခင်မှာ ဧရာမလှိုင်းလုံးကြီးတွေ တက်လာပြီး ကမ်းခြေက လေးငါးထပ်မြင့်တဲ့တိုက်ကြီးတွေကို ရိုက်တော့တာပဲ ဆရာ၊ဆရာတို့သိပ်ကံကောင်းတယ်။ပါတောင်ကမ်းခြေက ဆရာတို့တည်းခဲ့တဲ့ ဒန်ဂျစ်ဟိုတယ်ကြီးလည်း ရစရာမရှိအောင် ပျက်စီးသွားပြီ။ကားတွေရောလူတွေပါ ပင်လယ်ထဲကို ဆွဲအကုန်ဆွဲချခံရသလိုပဲ။လူတွေလည်း သေလိုက်တာသောက် သောက်လဲပဲဆရာ။ကျနော် အခုပဲ သွားကြည့်ပြီးပြန်လာတာ။ကြောက်စရာကောင်းလိုက်တာ ဆရာရယ် တဲ့။
ကျနော့်စိတ်ထဲမှာ ဖုန်းသတင်းတွေကိုနားထောင်ရင်း နားဝေတိမ်တောင်ဖြစ်လာတာ အမှန်ပါပဲ။သူတို့ပြောနေတဲ့ နေရာတွေ ကိုကျနော်ရောက်ခဲ့တာ နှစ်ရက်တောင်မပြည့်သေးတာမို့ ဟုတ်မှဟုတ်ရဲ့လားလို့ သံသယရှိနေတုန်းပါပဲ။တကယ်တော့ အိပ်မက်မဟုတ်ခဲ့ပါဘူး။မှားယွင်းနေတဲ့သတင်းမဟုတ်ပါဘူး။ကျနော်နဲ့ လက်တကမ်းလွှဲခဲ့တဲ့၊ အာရှနိုင်ငံဆယ့်တစ်နိုင်ငံက လူဦးရေတသိန်းခွဲကိုသေပျောက်စေခဲ့တဲ့၊လူဦးရေသန်းချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တဲ့၊ဒုတိယကမ္ဘာစစ်အတွင်းက ဥရောပနိုင်ငံ တွေကြုံတွေ့ခဲ့ရတဲ့ ဒုက္ခထက်ဆိုးတဲ့၊လွန်ခဲ့တဲ့အနှစ်လေးဆယ်အတွင်း အဆိုးဝါးဆုံးဖြစ်တဲ့၊ကုလသမဂ္ဂသမိုင်း မှာ မကြုံတွေ့ဖူးတဲ့ ၊ တဲ့ ပေါင်းများစွာရဲ့ အဓိကလက်သည်တရားခံ ရေဘေးဒုက္ခဆိုးကြီးရဲ့အမည်သညာခေါ်စရာကတော့ စူနာမီပါပဲဗျာ။
အေးဗျာ။ ကျနော်သာ ရှေ့ဖြစ်နောက်ဖြစ်ကို ကြိုသိနိုင်တဲ့တန်ခိုးရှင်ဖြစ်ခဲ့ရင် ဒီလိုဒုက္ခဆိုးကြီးကို ကြုံတွေ့ရတော့မဲ့ ရက်သတ္တတပါတ်အလို အချိန်၊ ဖူးခက်ကိုသွားရင်း လမ်းတလျှောက်မှာရှိနေတဲ့မြို့ကြီးတွေတိုင်း လိုလိုမှာ၊ဇာတိမြေ ကိုခွဲခွာပြီး ရေခြားမြေခြားမှာ တဝမ်းတခါးအတွက် လာပြီးအလုပ်လုပ်နေခဲ့ကြတဲ့ ဗမာအလုပ်သမားတွေကို အသေအချာ သတိပေးခဲ့မှာပေါ့။
ခင်ဗျားတို့ဒီနေရာမှာ မနေကြပါနဲ့တော့၊ပင်လယ်ထဲကိုလည်း မထွက်ကြပါနဲ့။ နောက်ခုနှစ်ရက်ကြာတဲ့နေ့ မနက်ကိုးနာရီမှာ စူနာမီဆိုတဲ့ငလျင်ကြောင့်ဧရာမရေလှိုင်းကြီးတွေတက်လာပါလိမ့်မယ်။အဲဒီရေလှိုင်းကြီးတွေကြောင့် ခင်ဗျားတို့အထဲက အရေအတွက်အတိအကျမသိနိုင်တဲ့ လူတွေသေဆုံးကြရမယ်။ ကျန်ရစ်သူတွေဟာလည်း ဒုက္ခသည်ချင်းအတူတူ ပိုပြီးဆိုးဝါးတဲ့ ဒုက္ခကိုခါးစည်းပြီးခံကြရပါလိမ့်မယ်လို့ပေါ့ဗျာ။
(ဆက်လက်ဖော်ပြပါမည်။)