Quantcast
Channel: .
Viewing all articles
Browse latest Browse all 346

ဆြာဒင်နှင့်ရွှေပင်ရွာမှ ပို့သသောမေတ္တာ ။

$
0
0



                                            
                                                         ဆြာဒင်နှင့်ရွှေပင်ရွာမှ ပို့သသောမေတ္တာ
                                                               
                                                                       (မင်းဒင်)
(၁)
"ဘွန္တော၊ တေဘုမ္မကဝဋ်ဒုက္ခမှ မုချမလွတ်ငှက်အတောင်ကျွတ်သို့ ဇွတ်နစ်ပျော်ပါး၊အိုလူသားတို့။ ရည်စူးစိတ်သန်မြတ်နိဗ္ဗာန်သို့ ဧကန်ရောက်ကြောင်း သဒ္ဓွါလောင်း၍ ကောင်းမှုဒါနမြတ်ဇာဂနှင့် စိတ်မှာပြဌာန်း ကပ်လှူဒါန်းဖို့ ဆွမ်းချက်ရန် ထတော်မူကြပါ့။ ဘွန္တော သပူရိဿအပေါင်းသူတော်ကောင်းတို့ "
ရောင်ခြည်တစ်ထောင်အလင်းဆောင်သော သူရိန်နေမင်းကြီးပင်လျှင် အရှေ့ဗြုဗ္ဗာအရပ်သို့ ခရီးထွက်ရန် ဘွတ်ဖိနပ်ကြိုးစည်း နေဆဲပင် ရှိအံ့ ထင်မိသည်။ ရွှေပင်ရွာ၊ရွာလည်မှ ထွက်ပေါ်လာသည့် စီညံလှသော ကြေးစည်သံကြောင့် ဆြာဒင်တယောက် လျောင်းစက်ရာ ကွပ်ပျစ်ဆီမှ ငေါက်ကနဲ ထထိုင်လိုက်ချိန်တွင် စတုဒီဿာအရပ်လေးမျက်နှာမှာ မှောင်မိုက်နေဆဲဖြစ်၏။ လင်းကြက်တွန်သံကိုမူကြား နေရပြီ။ ရွှေပင်ကျေးရွာ၏ နိဗ္ဗာန်ဆော်ချက်ကြီးနှင့်အဖွဲ့ကား၊ ရိုးရာအစဉ်အလာအတိုင်း ဘွန္တောဟစ်သံဖြင့် ရွာရိုးလျှောက်နေကြချေပြီ။ ဆြာဒင်နှင့်ကပ်လျက် ကွပ်ပျစ်ပေါ်မှ တပည့်ကျော် လေမင်းသားနှင့် ကပ္ပလီတို့ကား ကုလားသေကုလားမော နှစ်ခြိုက်စွာ၊ ဟောက်သံ တခေါခေါဖြင့် အိပ်မောကျနေဆဲဖြစ်၏။
သင်းရို့လွန်စွာပင်ပန်းကြပေလိမ့်မည်။ အိပ်ဆောင်ကွန်ပြူတာတစ်လုံးကို ဂျိုင်းကြားတွင်ညှပ်လျက်၊ တနေကုန်တနေခန်း ရွာရိုးကိုးပေါက် ခြေဆန့်ကာ အွန်လိုင်းသတင်းမှန်သမျှ ရွာတွင်းရွာပြင် မြင်မြင်သမျှသော ရွှေပင်ရွာသူရွာသား၊လူကြီးလူငယ်ကျားမ၊မရွေးထံ၊ အချိန်နှင့် တပြေးညီ အင်ဖော်မေးရှင်းပေးခဲ့ကြရသည်မဟုတ်တုံလော။
ထိုခဏမှာပင် ရွှေပင်ရွာလယ်၏ တစ်ခုသောဝါးရုံပင်ထိပ်ဖျားရှိ အသံချဲ့စက်မှ ကျယ်လောင်စွာပေါ်ထွက်လာသည့် ရွှေပင့်ပဏ္ဍိတ် ကျောင်းဆရာလေး ကိုဘိုကိတ်၏အသံကား …
ရွှေပင်ကျေးရွာသူကျေးရွာသားများခင်ဗျား၊ ယနေ့ဟာဆိုလျှင်ဖြင့် ရွှေပင်ရွာရဲ့ ဂုဏ်သရေရှိအာဂန္တုဖြစ်တဲ့ ဆြာဒင်နှင့်အဖွဲ့ ယိုးဒယား ပြည်ဖူးခက်မြို့သို့ ပြန်ရန်အတွက် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာတော့မှာဖြစ်ပါတယ်။ သို့ဖြစ်ပါသောကြောင့် ဆြာဒင်နှင့်အဖွဲ့အား နှုတ်ဆက်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးသူကြီး ဦးတုတ်မြိုင်၏ အိမ်ဂေဟာရှေ့တွင် ဆွမ်းခံကြွချိန်၌ လာရောက် စုရုံးကြပါရန် မေတ္တာအကျိုးမျှော်၍ လေးစားစွာနိုးဆော်အပ်ပါသည်ခင်ဗျား။ ဆြာဒင်ဟာဆိုလျှင်ဖြင့် ရွှေပင်သားထဲမှာ သူ့ခေတ်သူ့အခါက ဆယ်တန်းစာမေးပွဲကို နှစ်ချင်းပေါက်ထူးချွန်စွာအောင်မြင်ခဲ့သူဖြစ်ပြီး ရွှေပင်တရွာလုံးမှာ ဘော်လုံးကို ပထမဆုံးကန်ဖူးသူဖြစ်ပါ တယ်။ကိုရင်ကပ္ပလီနဲ့ ကိုရင်လေမင်းသားတို့ဟာ ဆိုလျှင်ဖြင့် ….
(၂)
ရွှေပင်ရွာကား အမှန်ပင်တခေတ်ဆန်းခဲ့ချေပြီ။အဆိုပါလော်စပီကာသည် ရွှေပင်ရွာပြန်ကြားရေးဌာနကြီးပေတည်း။ ရွှေပင်ရွာ၌ ကျပ်တစ် ထောင့်ငါးရာတန်လက်ကိုင်ဖုန်းဆင်းကဒ်များ မဲဖောက်ရောင်းချခဲ့သောကြောင့် လုံးဝန်းသောကမ္ဘာကြီးကို အပြားခတ်နိုင်ခဲ့ပြီဖြစ်လေရာ ရွှေပင်ရွာသည် လက်ကိုင်ဖုန်းမှတဆင့် ကမ္ဘာကြီးနှင့် ချိတ်ဆက်နိုင်ခဲ့ပြီဖြစ်၏။သို့သော် မဲဖောက်ပေးသည့် စုစုပေါင်းဆင်းကဒ်သုံးပြားဖြင့် ရွာလုံးကျွတ်မလုံလောက်ခြင်း၏ နောက်ဆက်တွဲရလာဒ်အဖြစ် ရွာလည်တွင်ဖုန်းခေါ်ဆိုင်တစ်ဆိုင်ပေါ်ပေါက်လာလေ၏။ ထိုဖုန်းခေါ်ဆိုင် ၏ရှေ့မှ ၀ါးရုံပင်တွင် လော်စပီကာတစ်လုံးကို ချိတ်ဆွဲလျက် ဆက်သွယ်ရေးနှင့်ပြန်ကြားရေးတာဝန်ကို ဆောင်ရွက်ပေးလျက်ရှိရာ ရွှေပင်ရွာ၏အသံလွှင့်ရုံဟုဆိုနိုင်လေမည်။  ကြိမ်ဖန်များစွာ ကြားရလေ့ရှိသော လော်သံတို့ကို နမူနာအားဖြင့် ဥဒဟရုဏ်ဆောင်ပါအံ့။
`ကြီးမယ်သီခင်ဗျား၊ မလေးရှားက သားတော်မောင်ကိုရင်ခွေးသိုးဖုန်းဆက်နေပါတယ်။ အမြန်လာရောက်၍ လက်ခံစကားပြောပေး စေလိုပါတယ်ခင်ဗျာ။´
`၀ိုင်းစိန်မရေ။ နင့်ယောက်ျားကိုရင်ဆန်စိ။ ဘန်ကောက်ကနေဖုန်းခေါ်နေပြီဟ။ နင်ပဲမဆက်တာကြာလို့ ခဏခဏလာလာမေးနေတာ အခုလာပြောတော့´
`ဆက်ကြောင်းဆိုလား၊အက်ကြောင်းဆိုလား ပြင်နေတဲ့အတွက် တယ်လီဖုန်းသုံးရက်ပျက်မှာမို့ သုံးရက်လွန်မြောက်သည့်နေ့တွင်မှ ဖုန်းဆိုင်သို့ လာရောက်ကြပါရန် ရွာလုံးကျွတ်အသိပေးအပ်ပါတယ်ခင်ဗျား´
ရံခါ၌ကား အသံချဲ့စက်၏တခုသော ခလုပ်ကိုမပိတ်မိလေသဖြင့် ကာယကံရှင်တို့ အပြန်အလှန်အချေအတင်ပြောဆိုသံကို ရွာလုံးကျွတ် နားဆင်ရကာ၊အိမ်တွင်းရေး၊ကိုယ်ရေးကိုယ်တာ အချက်အလက်အချို့ ပေါက်ကြားဖူးသည်ကိုမူ နားလည်ခွင့်လွှတ်ရမည်ဖြစ်ပေသည်။ ဥပမာအားဖြင့်...."ကိုရွှေကြည်၊ရှင် ဟိုတခေါက်ပြန်လာတုန်းက ကျုပ်နဲ့ဘာမဆိုင်ညာမဆိုင်အပ်ပုန်းဆရာဆီ ခေါ်သွားတာမျိုး မလုပ်ပါနဲ့။ ရှင်ဘန်ကောက်မှာ မဟုတ်တယုတ်တွေလုပ်လာခဲ့တာ ကျုပ်သိတယ်။ကျုပ်က မပြောချင်လို့ ကြည့်နေတာ၊သိနေတယ်နော်"ဟူသော အသံမျိုးဖြစ်ချေ၏။
ဖုန်းခေါ်ပါးသည့်အချိန်ကာလများတွင်ကား ရွှေပင်ရွာအကြိုက်တေးသီချင်းများနှင့် ဓာတ်ပြားဟောင်းအချို့ကို ဖွင့်ကာ ဖျော်ဖြေလေ့ရှိ၏။
လော်စပီကာ၏ သတိပေးချက်ကြောင့်  ဆြာဒင်တယောက် ဇာတိရွှေပင်တွင် စတည်းချနေခဲ့သည်မှာ သီတင်းပတ်အချို့ပင် ကုန်ဆုံး ခဲ့ပြီဖြစ်၍  ပျော်ရာအရပ်မဟုတ်လေသည့်တော်ရာအရပ်၊ဖူးခက်မြေသို့ပြန်ရပေဦးတော့မည်ကို သတိချပ်မိလေ၏။
(၃)
ဆြာဒင်နှင့်တပည့်ကျော်နှစ်ဦး၊သုံးယောက်သား  အမင်းကြမ်းခဲနှုင့်အမဲခြောက်ဖုတ်ကို မက်ဒေါ်နယ်ဟမ်ဘာဂါအမှတ်ဖြင့် ဘရိတ်ဖတ်စ် သုံးဆောင်ပြီးသကာလ   အဖန်ရည်တစ်အိုးကျချိန်တွင် ဆွမ်းခံဝင်ချိန်နီးပြီဖြစ်လေရာ ရွှေပင်ရွာလူထု၏ နှုတ်ဆက်မှုကို ခန့်ငြားစွာ ဗိုလ်ရှုခံရန်အလို့ငှာ သူကြီးဦးတုတ်မြိုင်အိမ်ဂေဟာရှိရာသို့ ချီတက်ရာ လမ်းတလျှောက်တွင်ကား ဆင်ကြယ်ဖိနပ်နောက်ဖျားမှ လည်ဂုတ်သို့ တက်စင်လေသော သဲတို့သည် ဆြာဒင်နှင့်အဖွဲ့အား ဝှဲချီးကြိုဆို၊ပန်းမိုးရွာသကဲ့သို့ ရှိလေ၏။ယခုခေတ်အခေါ် ကျေးရွာအုပ် ချုပ်ရေးမှူးအိမ်သို့ မရောက်မီ အလင်္ကာကျော်စွာရွှေမန်းဦးတင်မောင်၏ အောင်ပါစေသီချင်းသံကို ကြားနေရချေပြီ။
အောင်ပါစေ၊ ဇေယျတုနဲ့ခြွေ၊ သပြေနုခက်ဝေ ရွှေရေချမ်းလောင်းလို့ တောင်းဆုပန်ခြွေ။ ကမ္ဘာမြေအမှီပြုတဲ့ လူထုအားလုံး ကျန်းမာချမ်း သာစေ။(အောင်ပါစေသား အောင်စေသားဟေ)။( မြန်မာနိုင်ငံတော်မလေ၊ မင်းသူဌေးကုန်သည် လယ့်ပိုင်ရှင်၊လယ်သမား ဆင်းရဲသား မကျန်ပေ၊ လိုရာဆန္ဒ ပြည့်ဝစေ အောင်ပါစေ။)၂
သူကြီးအိမ်ရှေ့တွင်ကား ရွှေပင်ရွာသူရွာသားတချို့ရောက်နှင့်ကြပြီ။ အချို့သည်လည်း ဝင်လာမစဲတသဲသဲရှိနေဆဲပင်ဖြစ်၏။ ဆြာဒင် တစ်ယောက် တစ်ခုသော ကွပ်ပျစ်ပေါ်တွင်နေရာယူပြီးချိန်တွင်မူ ပူဇာစပူဇနေယျာနံဟူသောမင်္ဂလာတရားတော်ကို နားလည် ကျေညက် ကြဟန်ရှိလေသည့် ရွှေပင်သားတို့ကား မြေပြင်ကွက်လပ်တွင် ခြေဆန့်၍တနည်း ပုဆစ်တုတ်လျက်တဖုံ ၊ခြေလက်ကားယားဖြင့်တနည်း ရှိကြကုန်၏။
ထိုစဉ်ခဏ၌ ဆြာဒင့်၏မျက်လုံးအစုံသည် ကွပ်ပျစ်ရှေ့နှင့်ပရိသတ်အကြားတွင် ထန်းသီးခိုင်၊ရွှေဖရုံသီး၊ဘူးသီး၊နှမ်းပျစ်ထုတ်၊ မြေပဲယို စသော ရွှေပင်ရွာထွက် စုံစီနဖာ၊ရွာပြန်လက်ဆောင်အစုအပုံကြီးကို မြင်မိသည်တွင်၊ ငတို့ ရွှေပင်သားများကား သဒ္ဓါ တရားကြီး မားလှပေစွဟု ဆင်ခြင်အောက်မေ့လျက် "အင်း၊ ရွာပြန်လက်ဆောင်တွေက များချက်ဗျာ။ တယ်လဲ စေတနာကြီးကြသကိုး။ အနို့ပေမင့် ကျုပ်လည်း ရွှေပင်သားပေမို့ သဟာတွေ မလိုလောက်ဘူးထင်ပါရဲ့"ဟူ၍ ကျေးဇူးတင် စကားမြွက်ဟရန်နိဒါန်းချီမိသည်တွင် လူအုပ် အတွင်းမှ ဆူညံသောတုန့်ပြန်သံများ ရုတ်ခြည်းပေါ်ထွက်လာလေ၏။
"ဟာ၊ ဒါတွေက ဆြာဒင့်ဖို့မဟုတ်ဘူးလေ"
"အေးလေ၊ဆြာဒင်က နှမ်းပျစ်နဲ့အညက်ခဲ စားနေကျဟာပဲ"
"လွှတ်ခက်တဲ့ဆြာဒင်ဗျာ။အဲသာတွေက ရန်ကုန်ဝန်ကြီးချုပ်အတွက် လဗျာ"
"ဆြာဒင်တယောက်လည်း မဲမဲမြင်ရာ သူ့ဟာချည်းထင်နေတာကိုး"
"ဆြာဒင်ကလည်းတမှောင့် ဒါတွေက ရန်ကုန်ကို လူကြုံပါးတာတွေလဗျာ။ဖူးခက်သယ်သွားဖို့ ဟုတ်ဘူးဗျ"
ချက်ဆိုနားခွက်က မီးတောက်သော ဆြာဒင်ကား တစုံတရာမှားယွင်းနေပြီကို အကဲခတ်မိသည်နှင့် တပြိုင်နက် ဤဖြစ်ရပ်၏ မြစ်ဖျား ခံရာအရပ်ကို ဒက်ကနဲ ရိပ်စားမိလေသဖြင့် နဘေးတွင်ခပ်ယို့ယို့ထိုင်နေသော တပည့်ကျော်ကပ္ပလီအား  ဘာသတင်းတွေများဖြန့် ထားပြန်ပြီတုန်း"ဟူသောအဓိပ္ပါယ်ပါသည့် အကြည့်ဖြင့် ကြည့်လိုက်ရာ ဆရာကောင်းတပည့်ပီသလှသော ကပ္ပလီငယ်သည် ဤသို့ကြုံရ မည်ကို လက်မွန်မဆွ ဦးစွာကြိုတင်သိမြင်နေဟန်ရှိရကား အသင့်ဖွင့်ထားသောခရီးဆောင်ကွန်ပြူဖန်သားပြင်ကို ဆြာဒင်ရှိရာသို့ စဉ်းငယ် ငဲ့စောင်းပြလိုက်သောအခါဖတ်ရှုရသော ဆွေသဟာစာမျက်နှာပါစာတပုဒ်မှာ အောက်ပါအတိုင်းဖြစ်၏။
(၄)
အရင်တပ်မတော်အစိုးရက ပြည်သူတွေကို အလျှော့ပေးလွန်းလို့၊ အလိုလိုက်လွန်းလို့၊ အနာခံလွန်းလို့၊ အရှုံးခံလိုက်လို့ တိုင်းပြည်က ဆင်းရဲခဲ့ရတယ်။ ဟိုအရင် စစ်အစိုးရ လက်ထက် မှာဆို အနစ်နာခံ ၊ အရှုံးခံ ပြီး ပြည်သူကို လုပ်ပေးတယ်၊ ရထားဆွဲ တာလဲ အရှုံးခံပြီး ဆွဲတာ ပဲ၊ ဆီတို့  ဘိလပ်မြေ၊ အစား အသောက် အကုန် အရှုံး ခံ ပြီး လုပ်ပေးတာ ၊ အဘက်ဘက်က အရှုံးခံပြီး လုပ်ပေးတာ၊ နောက်ဆုံး အဆင်းရဲဆုံး နိုင်ငံဘ၀ရောက်သွားတယ်။ ဒီလောက် ကျေးဇူးတင်စရာကောင်းတဲ့ အစိုးရဟာ ကမ္ဘာမှာ မရှိသေးဘူး။
(ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေ)
အတန်ငယ်ဇာတ်ရည်လည်သွားပြီဖြစ်သော ဆြာဒင်သည် ပရိသတ်ရှိရာသို့ တည်ကြည်သောဥပဓိဖြင့် တဖန်လှည့်လျက် အဟမ်းအဟမ်း ဟူသောချွဲခတ်သံဖြင့် လည်ချောင်းတွင်းမှ သလိပ်ခဲအစုကိုရှင်းလင်းလိုက်ရင်း ...
"လက်ဆောင်ပေးခြင်းဆိုသဟာ မင်္ဂလာတပါးပေမို့ သာဓုခေါ်ပါရဲ့။အနို့ပေသည့် ဘယ်လိုကြောင့်များ သဒ္ဓါစိတ်ပေါ်ကြပါလိမ့်ဆိုတာ သိချင်စမ်းပါဘိ"ဟူသော အမေးစကားမဆုံးမီမှာပင် ပရိသတ်ကြီးထံမှ လက်ပံပင်ဆက်ရက်ကျဘိသကဲ့သို့ ဆူညံသော တုန့်ပြန်သံများ ပေါ်ထွက်လာပြန်ချေသည်တမုံ့။
"အာ၊ ကျေးဇူးတရားဆိုတာကို နားမလည်တဲ့ဆြာဒင်ပဲ"
"သူတို့က ဒါလောက်အရှုံးခံ အနစ်နာခံတာ တို့ရွာကလည်း တတ်နိုင်သလောက်ကျေးဇူးပြန်ဆပ်သင့်တာပေါ့"
"ဒါလောက်ရှားပါးတဲ့ စေတနာရှင်တွေကို ဆြာဒင် အသိအမှတ်မပြုတာ အံ့ချက်"
"ဒီလိုမှန်းသိရင် အစက ကျုပ်တို့ကို အလိုမလိုက်ခိုင်းခဲ့ပါဘူး"
"တိုင်းပြည်မွဲရတာ ကျုပ်တို့ကြောင့်မို့ပါဗျာ။သူလည်း အနေအစားချို့ငဲ့နေရှာရော့မယ်"
ဆြာဒင်ကား ခေါင်းကိုသာ တဗျင်းဗျင်းကုပ်ရင်း စေတနာမေတ္တာဂရုဏာတရားကြီးမားလှသော ရွှေပင်ရွာကျောမွဲတသိုက်၏ ဆန္ဒကို ခုခံတွန်းလှန်နိုင်ခြင်းငှာ မစွမ်းနိုင်လေရကား၊ အဖြစ်စုံသနစ်ပုံကို ရာဇဝင်အူပေါက်ရှင်းပြရန်အခွင့်မသာလေသဖြင့် ဝေဿန္တရာထုံး နှလုံးမူကာ လူကြုံပါးကြလေသော ရွှေပင်ရွာထွက်ကုန် ရွာပြန်လက်ဆောင်အလုံးစုံကို နှီးတောင်းအချို့နှင့်ဖာကြီးဖာငယ်တို့တွင် ထုတ်ပိုးသယ်ဆောင်ရန်သာ တပည့်ကျော်တို့ကို မျက်နှာရိပ်မျက်နှာကဲပြရလေတော့သည်။ရွှေပင်ရွာသားတို့၏ မေတ္တာမိုးကား အတော မသတ်နိုင်သေးချေ။ သာမြားဘူတာရှိရာသို့ ရထားချိန်အမီထွက်ခွာရန် လှည်းကောက်နေသောတခဏ၌ ရွာပြင်ထန်းတောမှာ စံမြန်း လေသည့် ဆြာဒင့်ငယ်ပေါင်း ကိုရင်ပေါ်အေးတယောက် ထန်းလျက်ဖာကြီးကိုထမ်းကာ ချွေးတောက်တောက် ယိုစီးလျက် မောကြီး ပန်းကြီး ပေါက်ချလာပြန်ချေပြီ။
"ဘာတွေတုန်းဟ ပေါ်အေးရ။ ကျုပ်အတွက်တော့ မလိုဘူးနော်။အသက်ကြီးပြီမို့ အညက်ခဲတွေ မစားတော့ဘူးလဟ"
"ဟာ ကိုကြီးဒင်ကလည်း ရန်ကုန်ကဦးအောင်ခိုင်အတွက်ဗျ။ ရန်ကုန်မှာ လျှပ်စစ်ဌာနကဆိုလား၊သူက လျှပ်စစ်မီးဈေးတက်မှာကို ကြိုပြောရင် ကျုပ်တို့ စိတ်ဆင်းရဲမှာစိုးလို့ မပြောတာတဲ့ဗျ။လွှတ်စိတ်ကောင်းရှိသူပဲဗျာ။ နောင်ဆိုရင် ဘာဘဲဖြစ်ဖြစ် ကြိုသာပြောပါလို့။ ကျုပ်တို့က စိတ်ညစ်စရာတွေနဲ့ လုံးလားထွေလားနေတတ်နေပါပြီ။ဒီအညက်တောင်းတော့ လူကြုံပါးလိုက်ချင်တယ်"
ဆြာဒင့်ရင်ဝယ် ကိုရင်ပေါ်အေးကို လွှတ်ကနဲ ခွန်းတုန့်ပြန်ရန် စကားလုံးအချို့ဖြစ်ပေါ်လာသော်ငြား မပြောဖြစ်ခဲ့ချေ။
"ပေါ်အေးရာ၊ မင်းတို့ရွှေပင်ရွာနဲ့လျှပ်စစ်မီးဈေးတက်တာ၊ကျတာဘာဆိုင်သတုန်း။ရွာတည်ကတည်းက မီးခွက်နဲ့နေလာခဲ့တာကမင့်ဟာ"။
(၅)
သာမြားဘူတာသို့ဦးတည်ရာလမ်းတလျှောက်လှည်းဝင်ရိုးသံ၊တအီအီထွက်ပေါ်နေချိန်၌ ဆြာဒင်ခြေတွဲလောင်းချစီးနင်းလိုက်ပါလာသော လှည်းနောက်မှ လှည်းလမ်းကြောင်း တလျှောက်တွင်ဖုန်လုံးကြီးတွေ တလိမ့်လိမ့်တက်ကာ ကျန်နေခဲ့သည်ကိုလွမ်းမောရီဝေစွာ ကြည့်နေမိချိန်တွင် ယခင့်ယခင်က နှုတ်သွက်အာချောင်၊ စကားဖောင်သလောက် ရွှေပင်ရွာနှုတ်ဆက်ပွဲတွင်မှ တချိန်လုံးရေငုံနှုတ်ပိတ် လာခဲ့သော တပည့်ကျော် လေမင်းသားတယောက် သူ့ခံစားချက်များကို ဖွင့်အံထုတ်နေလေသည်။
"ရွှေပင်သားတွေကတော့ စံပါပဲ။ သူ့တို့ဖာသာ ဘယ်လောက်အရှုံးခံခံ၊အနစ်နာခံခံ ခုချိန်ထိရွှေပင်ကို ကားလမ်းလည်းမပေါက်၊ သဘောင်္လမ်းနဲ့ကအဝေးကြီး၊မီးရထားဘူတာရောက်ဖို့ လှည်းလမ်းကလည်းကြမ်းပါ့။ ဆန်ဆီတွေက ကိုယ့်အရပ်ကထွက်တာ။ဒါနဲ့များ ဒီဘူးသီးခရမ်းသီးတွေကို ရန်ကုန်တိုင်းဝန်ကြီးချုပ်အိမ်ကို လက်ဆောင်ပို့ ပေးရအုံးမတဲ့။ဟိုက ခြံတံခါးဖွင့်ပေးရင်တောင် ကံကောင်း။ ဓာတ်မီးတိုင်မမြင်ဖူး တဲ့ရွာသားတွေက လျှပ်စစ်ဥက္ကဋ္ဌကို သနားသတဲ့။ကြုံ၊ ကြုံဖူးပေါင်ဗျာ"
ဆြာဒင်ကား သူတပါးအပြစ်အား ဆီလိုအပေါက်ရှာကာ ရွှေပင်ရွာ၏သဒ္ဓါတရားကိုမုဒိတာမပွားနိုင်လေသော လေမင်းသား၏ တွတ်ထိုး သံကို နားကြားပြင်းကပ်လာ သဖြင့် နှုတ်ဆက်ပွဲတွင် ကြားခဲ့ရသော အောင်ပါစေသီချင်းကို မှတ်မိသလောက်၊ ကဘောက်တိ ကဘောက်ချာ၊ စိတ်ထင်သလို အသံကုန်ဟစ်လိုက်ရာ လှည်းကိုရုန်းနေကြသော နွားကြန်စုံတရှဉ်းမှာ သူတို့ကိုငေါက်ငန်းသည် ထင်ဟန်ရှိလေ၏။  အရင်ကထက်ဒုန်းစိုင်း ပြေးနေလေသည်။
တဦးမေတ္တာတဦးမှာ ကူးကာဆက်စပ်ဆုံပြန်ပါသည် ။ဧကန်မလွဲအမှန်ပဲအတည် ။(ရွှေမန်းမောင်ဒင် ကြည်လင်သော မေတ္တာဓာတ်ကို သိမှတ်ကြပေလိမ့်မည်။သောတဆင်ကြတဲ့လူထုပရိသတ်ကြီးကစုံညီ၊မွန်မွန်မြတ်မြတ်နဲ့သာ အားပေးတယ်လို့ ကျနော်ယုံကြည်။)၂။ ပြည်သူပြည်သားအပေါင်းက ချစ်သဒ္ဓါပွားလို့မေတ္တာထားပေသည်။
အခါ ခပ်သိမ်းမယိမ်းယိုင်ပါဘူး ကျောက်စာတိုင်ကြီးပုံသို့အညီ။အတည်၊ ရွှေမန်းဒင်ရဲ့ ကြံ့ခိုင်မာပါတဲ့ မေတ္တာဂုဏ်ရည်။ မေတ္တာ တော်ပြန်ကြပါတဲ့ ချစ်မိတ်ဆွေများကိုအတည် ။ ကျနော်လေထို့နည်းလည်းကောင်း ထို့နည်းလည်းကောင်း စီးပွားရေး အခြေအနေ ကောင်းလို့ ကျန်းမာစေကြောင်း ဆုတောင်းရပါသည် ။ 

Credit to ဓာတ်ပုံ ။ ။ ကိုကိုသက်

Viewing all articles
Browse latest Browse all 346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...