အက်ဒမန်ပင်လယ်ဓားပြရာမန်
အရွယ်နှင့်မလိုက်အောင် စိတ်မြန်လက်မြန်ရှိလှသော ကိုသက်ခိုင်သည် ကျနော်ကို ကားရှိရာသို့တွန်းပို့ရင်း သူကိုယ်တိုင် လည်းကားပေါ်သို့ ခပ်သွက်သွက်တက်ကာ၊ ကျနော့်ဆိုင်တည်ရှိရာ ဆွတ်နီရန်လမ်းသွယ်မှသည် ကျောက်ဖားလမ်းမကြီး ဆီသို့ဦ်းတည်မောင်းနှင်လိုက်သည်။အချိန်ကား နံနက်ကိုးနာရီဝန်းကျင်ခန့်ရှိပြီဖြစ်၍ ကျောက်ဖားလမ်းမပေါ်မှာ ကားတွေ ကြပ်ညပ်နေသည်။ကျနော်လေ့လာမိသလောက် ဖူးခက်မှာ ကားလမ်းတွေဂျမ်းဖြစ်လာတာ နှစ်နှစ်ခန့်သာရှိသေးသည်။ အောင်မြင်နေသော ခရီးသွားလုပ်ငန်း၏နောက်ဆက်တွဲအကျိုးရလာဒ်အဖြစ်၊ ဖူးခက်မှာ ပြည်တွင်းပြည်မှ လာရောက် အခြေစိုက်သူ များပြားလာခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ဖူးခက်နေရာအနှံ့မှာ ကားလမ်းတွေချဲ့ နေသည်။ ခေတ်မီ ဂုံးကျော်တံတားတွေ၊ ကားအသွားအလာ ရှုပ်ထွေးလွန်းသည့် လမ်းဆုံမီးပွိုင့်တို့တွင် ခေတ်မီမြေပေါ်မြေအောက် ကားလမ်း တွေ နေ့မအားညမအား ဆောက်လုပ်လျက်ရှိသည်။ကျောက်ဖားလမ်းမကြီးမှသည် ရာဘာတောခပ်အုပ်အုပ် ရှိသော လမ်းသွယ်တစ်ခုကိုဖြတ်ကာ (ချာလူဝမ်ဖရာ့ကက်) လမ်းမကြီးပေါ်သို့ရောက်လာသည်။ကိုသက်ခိုင်သည် ဖူးခက် တမြို့လုံး ကို လမ်းသွယ်လမ်းမြောင် ချောင်ကြို ချောင်ကြားပါမကျန် အကျွမ်းတဝင်ဖြစ်နေသည်ကို ကျနော်အံ့သြမိသည်။ ကျနော် ဆိုခဲ့ပြီးသည့်အတိုင်း ဖူးခက်မြို့သည် နေ့ချင်းညချင်း အရှိန်အဟုန်ပြင်းစွာ စည်ပင်ဖွံ့ဖြိုးလာနေသောမြို့ ဖြစ်သည်ကား မှန်ပါ၏။ သို့သော် ခေတ်မီမြို့ကွက်ရိုက်ကာ စံနစ်တကျ တည်ဆောက်ထားသောမြို့မူ မဟုတ်။
ရေလုပ်ငန်း၊ ငွေဖြူကျောက်မိုင်းနှင့်ရာဘာစိုက်ပျိုးရေးလုပ်ငန်းတို့လုပ်ကိုင်သော ကျွန်းရွာကြီးတစ်ခုအနေအထားမှသည် ကမ္ဘာကျော်ခရီးသွားမြို့အဖြစ် လွန်ခဲ့သောနှစ်နှစ်ဆယ်ကျော်ကမှ အသွင်ပြောင်း လာခြင်းဖြစ်ရာ၊လမ်းကြီးလမ်းငယ်အသွယ် သွယ်မှာ စိတ်ထင်သလိုတောင်ရောက်မြောက်ရောက်ဖောက်လုပ်ထားခြင်းဖြစ်၍ တော်ရုံလူအဖို့ အဆိုပါလမ်းတို့ကို မှတ်မိ ရန်ခက်ခဲလှသည်။
မြို့အဝင်ဆာရက်ဆင်တံတားကြီးရှိရာသို့ ဦးတည်မောင်းနှင်နေရာမှ စင်ထန်းမီးပွိုင့်အရောက်တွင် ဂုံးကျော်တံတားအသစ် ကြီးတည်ဆောက်နေသဖြင့် ကားလမ်းပိတ်ဆို့နေလေရာ မီးပွိုင်မှ မီးနီစိမ်းသည်အထိ အချိန်အတော်ကြာစောင့်ရသည်။ (မှတ်ချက်။ ထိုင်းတို့သည် Central ဟူသော စကားလုံးကို "စင်ထန်း"ဟုတညီတညွတ်တည်း အသံထွက်ကြသည်။)ထိုစဉ် ကိုသက်ခိုင်ထံမှ စကားသံထွက်လာသည်။
"အင်း၊ ခင်ဗျားပြောမှ ရာမန့်အကြောင်း ကျနော်စဉ်းစားမိတယ်။ ရာမန့်ကိုလူရှိန်မယ်ဆိုလည်း ရှိန်လောက်တယ်ဗျ"
ဖူးခက်မြို့မနှင့်မြို့အဝင်ဆာရက်ဆင်တံတားမှာ ကီလိုမီတာ ငါးဆယ်နီးပါးရှိရာ တနာရီနီးပါးမောင်းနှင်ရမည်ဖြစ်၍ လမ်းတ လျှောက် မပျင်းမရိခရီးနှင်နိုင်ရန် စကားစရပြီဖြစ်၍ ကျနော်ဝမ်းသာသွားသည်။
"လုပ်စမ်းပါအုံးဗျ။ ခင်ဗျားက ရာမန့်အကြောင်း နှိုက်နှိုက်ချွတ်ချွတ်သိတယ်ထင်တယ်"
"ဒီလိုဗျ။ ဖြစ်ချင်တော့ ကျနော်ထိုင်းဖက်ကို ရောက်ကာစ ရနောင်းဈေးနားမှာ အိမ်ငှားနေတော့ တိုက်တိုက်ဆိုင်ဆိုင် ရာမန်က ကျနော့်အိမ်ဘေးက တိုက်ခန်းလေးမှာ လက်ဖက်ရည်ဆိုင်ဖွင့်ထားတယ်။ ဒါကြောင့် သူနဲ့ကျနော် အဆမတန် ရင်းနှီးသွားရာက သူ့အကြောင်း ပြည့်ပြည့်စုံစုံသိနေတာဆိုပါတော့။ တကယ်ဆို ရာမန်ဟာ ပင်လယ်ဓားပြလို့တောင် ဆိုနိုင်တယ်။ ကဗျာဆန်ဆန်ပြောရရင် အက်ဒမန်ပင်လယ်ဓားပြရာမန်ပေါ့"
"ဗျာ။ ရာမန်က ပင်လယ်ဓားပြ၊ဟုတ်လား။ခင်ဗျားကလည်း နောက်နေပြန်ပါပြီ"
"ဟ။ ဘာနောက်စရာရှိတုန်း။ ရာမန်ရဲ့ပင်လယ်ဓားပြဇာတ်လမ်းကို ကျနော်ပြောပြမယ်။ခင်ဗျား နားထောင်ကြည့်။ ဇာတ်လမ်းဆုံးမှ ရာမန်ဟာ ပင်လယ်ဓားပြဟုတ်မဟုတ်ခင်ဗျား ဆုံးဖြတ်ပေါ့ဗျာ"
ဤသို့လျှင် ရာမန်၏ အကူအညီတောင်းခံမှုကြောင့် ဖူးခက်မြို့မမှ ဖူးခက်မြို့အဝင် ဆာရက်ဆင်တံတားကြီးရှိ ရဲဂိတ်သို့ သွားရာ လမ်းတလျှောက် ကိုသက်ခိုင်တစ်ယောက်ကားမောင်းရင်း အပျင်းပြေပြောပြခဲ့သော ရနောင်းမြို့မှ ရာမန်၏ ပင်လယ်ဓားပြ ဇာတ်လမ်းမှာအောက်ပါအတိုင်းဖြစ်လေ၏။
"ဒီလိုဗျ။ အမှန်တော့ ရာမန်ဟာ ရနောင်းဆိပ်ကမ်းဖက်ကို ငယ်ငယ်လေးကတည်းကရောက်နေခဲ့တာလို့ဆိုတယ်။ ဘယ် လောက်တောင်ငယ်သလဲဆိုရင် ရနောင်းကို ပထမဆုံးအကြိမ်သူရောက်တုန်းက သူ့အသက်ဟာ ဆယ့်လေးနှစ်ပဲ ရှိသေး သတဲ့ဗျာ။ဟုတ်တယ်။ ခင်ဗျားသိထားတဲ့ ရာမန်၊ရနောင်းမှာ အနှစ်နှစ်ဆယ်ကျော် နေခဲ့တယ်ဆိုတာ တဆက်တည်း နေခဲ့တဲ့ အချိန်ကိုပြောတာ။ အမှန်က ဆယ့်လေးနှစ်သားကတည်းက ရနောင်းကို ရောက်နေတာ။ ပြန်လိုက်သွားလိုက် ဆိုပါတော့။ဒါပေမဲ့ ပထမအကြိမ်မှာတော့ ရနောင်းကနေ မန္တလေးကို သုံးနှစ်ကျော်မှ ပြန်နိုင်ခဲ့တယ်။ဘာကြောင့်လဲဆို တော့ ရာမန်ဟာ ရနောင်းထောင်မှာ ပင်လယ်ဓားပြမှုနဲ့ ထောင်ကျနေခဲ့လို့ပဲဗျာ။ ဟုတ်တယ်။ ခင်ဗျား မအံ့သြနဲ့။ ရာမန်ဟာ အသက်ဆယ့်လေးနှစ်မို့ ကလေးသူငယ်ဥပဒေအရ ပြစ်ဒဏ်လျော့ပေါ့လို့ခြောက်နှစ်ပဲကျတာ။ နောက်ပိုင်းထိုင်းဘုရင့် သမီးတော်ရဲ့ ကလေးသူငယ်ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ အကူအညီကြောင့် သုံးနှစ်ပဲ ထောင်ထဲမှာနေခဲ့ရတယ်။ သူ့အမှုတွဲ ဆယ့်ငါးယောက်ကတော့ ထောင်ဒဏ်အနှစ်နှစ်ဆယ်ကျော်အထိ ကျကြတယ်။ ကျမှာပေါ့ဗျာ။ ကျူးလွန်တဲ့ အပြစ်ကလည်း ငါးဖမ်းစက်လှေ တစီးလုံးမှာ ရှိသမျှလှေသားတွေကို သတ်ဖြတ်၊ ရေထဲကန်ချ။ လုယက်ဖျက်ဆီး မီးလောင်တိုက်သွင်းပြီး ကျွန်းတကျွန်းပေါ်ကို စွန့်ပစ်ထားခဲ့တဲ့ အမှုကိုး "
"ဖြစ်ချင်တော့ ဆယ့်လေးနှစ်သားရာမန်ဟာ ရနောင်းရောက်စမှာ မအူမလည်နဲ့ ငါးဖမ်းလှေပေါ်ရောင်းစားခံရတဲ့ ဘဝကို ရောက်ရာက ဒီဇာတ်လမ်းကို ကြုံရ၊ဒီပြစ်မှုကို ကျူးလွန်တဲ့စာရင်းထဲမှာ ပါရတာပါပဲ။ ကလေးမို့ဘာမှ သိနားလည်ပုံမရ။ တကယ်တမ်းလည်း သူကိုယ်တိုင် ဒီလိုရက်စက်တဲ့ပြစ်မှုကြီးကို ကိုယ်ထိလက်ရောက် ပါဝင်ကျူးလွန်ခဲ့ပုံမရပါဘူး။ ရာမန် လိုက်သွားတဲ့ငါးဖမ်းစက်လှေရဲ့နာမည်က ဗမာလိုပြောရရင် "နဖူးစာ"တဲ့ဗျ။ ဖြစ်ချင်တော့ အဲဒီငါးဖမ်းစက်လှေရဲ့ပဲ့နင်းဟာ နာမည်ကျော်ထိုင်းလူမျိုး လူဆိုးဗိုလ် စာရင်းဝင်နေသဗျာ။ထူးခြားချက်ကတော့ အဲဒီလူကို ရနောင်းတမြို့လုံးက လွိုင်ဆော့ဖ် (အလောင်းတစ်ရာပြည့်အောင် လူသတ်ခဲ့သူ)လို့ခေါ်ကြသတဲ့။လွိုင်ဆော့ဖ်ရဲ့ဇနီးအသိုင်းအဝိုင်းဟာ ရနောင်း မြို့က မျက်နှာကြီးအသိုင်းအဝိုင်းမို့ လွိုင်ဆော့ဖ်တစ်ယောက် သူ့မိန်းမမျက်နှာနဲ့ ထင်တိုင်းကြဲနိုင်ခဲ့တယ်ဆိုပါတော့။ဒါပေမဲ့ လွိုင်ဆော့ဖ်ဟာ လူဆိုးလူလည်လို့ ဆိုရမယ်။ သူက ဗမာလှေသားတွေကိုချည်း သီးသန့်မွေးထားပြီး လိုသမျှ ငွေကြေး ထုတ်ပေးတယ်။ငွေရတဲ့အလုပ်မှန်သမျှ အကုန်လုပ်တယ်။ဗမာဖက်ကမ်းကော့သောင်းက ငါးခိုးရောင်းမဲ့သူ၊ သစ်ခိုးရောင်း မဲ့သူ၊သတ္တုခိုးရောင်းမဲ့သူတွေကို သူ့လှေသား ဗမာတွေကို ငွေထုတ်ပေးပြီး တရားမဝင်ဝယ်ခိုင်းတဲ့ အလုပ်တွေလည်း ပါတာပေါ့ဗျာ။"
"လွိုင်ဆော့ဖ်လုပ်နေတဲ့ အလုပ်တော်တော်များများဟာ ဥပဒေနဲ့ မလွတ်ကင်းတာကြောင့် တချို့ကိစ္စတွေမှာ ပြိုင်ဖက်ကို အပြတ်ရှင်းရတာ၊နှုတ်ပိတ်တဲ့သဘော ပင်လယ်ပြင်မှာ လူသတ်ပြီး အလောင်းကိုရေထဲမှာ လက်စဖျောက်ရတာတွေလည်း အများကြီးရှိသတဲ့။သူဟာ နဖူးစာစက်လှေရဲ့ စက်ခန်းပေါင်းမိုးပေါ်မှာ စက်သေနတ်ကြီးတစ်လက်တင်နိုင်တဲ့ သုံးချောင်း ထောက်ဒေါက်တခုတင်ပြီး ဗမာ့ရေတပ်က တန်ကေးလှေတွေကိုခံပစ်ဖူးသတဲ့ဗျာ။ ဗမာရေတပ်တန်ကေးစက်လှေဆိုတာ ဒီလိုဗျ။ ဗမာရေတပ်ဟာ ထိုင်းတန်ကေးငါးဖမ်းစက်လှေတွေကို ဖမ်းပြီး ရေတပ်သုံးစက်လှေအဖြစ် အသွင်ပြောင်းသုံးခဲ့ ကြလို့ဗျ။ထိုင်းငါးဖမ်းစက်လှေပုံစံဖြစ်နေတာကြောင့် ငါးခိုးဖမ်းတဲ့ ထိုင်းလှေတွေကို အကြောင်ရိုက်ပြီး ဖမ်းနိုင်တာပေါ့ဗျာ။ ဒီလိုနဲ့ လွိုင်ဆော့ဖ်ဟာ(အလောင်းတစ်ရာဗိုလ်)ဆိုတဲ့ နာမည်တစ်လုံးရလာတာဆိုပါတော့။ဒါပေမဲ့ လွိုင်ဆော့ဖ်ရဲ့ နာမည်ခံ မူလ အလုပ်ကတော့ ငါးဖမ်းစက်လှေပဲ့နင်းကြီးပါပဲ"
"တနေ့တော့ လွိုင်ဆော့ဖ်နဲ့ဗမာလှေသားအဖွဲ့ဟာ သူ့စက်လှေနဲ့ ထိုင်းမြန်မာနယ်နိမိတ်ချင်းထိစပ်နေတဲ့ အက်ဒမန် ပင်လယ်ထဲကို ငါးဖမ်း ထွက်ခဲ့ကြရောဆိုပါတော့။အမှန်တော့ဗျာ ထိုင်းငါးဖမ်းစက်လှေတော်တော်များများ အက်ဒမန် ပင်လယ်ထဲကို ငါးဖမ်းထွက်တယ်ဆိုတာ ဗမာပြည်ရေပိုင်နက်ထဲက ငါးတွေကို တရားမဝင်ခိုးဖမ်းဖို့ထွက်ခဲ့ကြတာ ပါပဲ။ ဟုတ်တယ်လေ။ ထိုင်းပင်လယ်ပြင်မှာ ငါးဖမ်းမိတဲ့နှုန်းနဲ့ ဗမာရေပိုင်နက်မှာ ငါးဖမ်းမိတဲ့နှုန်းဟာ အဆမတန်ကွာခြား တယ်ဆိုပဲ။တချို့အပြောအရဆို ထိုင်းပင်လယ်ပြင်မှာ ငါးတောင်မရှိတော့ဘူးဆိုတယ်။ဒါလည်း သိပ်သဘာဝကျတယ်။ ထိုင်းငါးဖမ်းစက်လှေတွေက ခေတ်မီငါးဖမ်းစံနစ်တွေ၊ ငါးဖမ်းကိရိယာတွေကို အသုံးပြုတာကြောင့် ထိုင်းပင်လယ်ပြင်မှာ ငါးမျိုးတုန်းကုန်ပြီး၊ ဘာနည်းပညာမှ မရှိတဲ့ ဗမာပြည်ရေပိုင်နက်မှာ ငါးတွေရှိ နေသေးတဲ့သဘောပါပဲ။ဒီတော့ ထိုင်းငါးဖမ်း စက်လှေတွေက ဗမာ့ပင်လယ်ပြင်မှာ ဘယ်နေရာမှာ၊ ဘယ်နှစ်နာရီ ငါးဖမ်း ဖို့အတွက်၊ ဘယ်လောက်ပေးရမတုန်းဆိုပြီး ဗမာရေတပ်ကို လှမ်းညှိကြတာပေါ့။"
"ခင်ဗျားသိတဲ့အတိုင်းပေါ့ဗျာ။ ဗမာ့ရေတပ်မတော်ကလည်း ဘာသားနဲ့ထုထားတာမို့တုန်း။ခေတ်ဆိုးခေတ်ပျက်ကြီးထဲမှာ ဆိုတော့ ပိုဆိုးသပေါ့။ခင်ဗျားမှတ်မိလား။ ကျနော်တို့ စခန်းခွဲ(၁)ရဲဘက်မှာ ဆုံခဲ့တဲ့ ဗိုလ်မှူးမျိုးဆွေနဲ့ တပ်ကြပ်ကြီး ထွန်းထွန်းဦးတို့ဟာ ဒီကော့သောင်းရနောင်း ထိုင်းမြန်မာနယ်စပ် ပင်လယ်ပြင်မှာ ထိုင်းငါးဖမ်းစက်လှေတစီးကို အပျောက် ရှင်းတဲ့အမှုနဲ့ ထောင်ကျလာကြတာလေ။ကြုံတုန်းပြောရအုံးမယ်။ထိုင်းငါးဖမ်းစက်လှေတွေမှာ အခုသုံးနေကြတဲ့ ခေတ်မီ ငါးဖမ်းနည်းစံနစ်တွေငါးဖမ်းကိရိယာတွေဟာ တော်တော်အံ့သြဖို့ကောင်းတယ်ဗျ။ ကျနော်လည်း အစက ဒီလောက် အဆင့်မြင့်မှန်းမသိပါဘူး။ လွန်ခဲ့တဲ့ခုနစ်နှစ်လောက်တုန်းက ကျနော်နဲ့ဖူးခက်မှာဆုံပြီး ရင်းနှီးခဲ့တဲ့ ဂျပန်တရုတ်ကပြား မစ္စတာဝူးဆိုတဲ့ သဘောင်္အရောင်းကိုယ်စားလှယ်တစ်ယောက် ကျနော့်ကို ရှင်းပြဖူးလို့သိနေတာဗျ။"
"ခုခေတ်ကာလ ငါးဖမ်းတယ်ဆိုတာ ကျနော်တို့ထင်နေသလို စက်လှေတစီးနဲ့ ဟိုဟိုဒီဒီလျှောက်မောင်းပြီး ငါးရှိမယ်ထင်တဲ့ နေရာကို ငါးဖမ်းပိုက်လိုက်ချပြီး ဖမ်းနေကြတာ မဟုတ်တော့ဘူး။ ဘယ်နေရာမှာ ဘယ်ငါးအုပ် တန်ချိန်ဘယ်လောက် ရှိနေတယ်ဆိုတဲ့ သတင်းအချက်အလက်နဲ့ ကိရိယာကို နည်းပညာအဖွဲ့တွေဆီကနေ ဝယ်ကြရတာတဲ့ဗျာ။ အဲဒီလို အချက်အလက်နဲ့ ကိရိယာရောင်းစားနေတဲ့ ကုမ္ပဏီတွေလည်း ဒုနဲ့ဒေးရှိနေပြီတဲ့ဗျ။ ဒါတင်ဘယ်ကအုံးမလဲ။ ဘယ်ငါးအမျိုး အစားတွေ တနေရာတည်းကို စုံပြုံရောက်လာအောင် လယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းပညာကိုလည်း ဝယ်ကြရတာပဲခင်ဗျာ။ ဥပမာဆိုပါတော့ ကင်းမွန်လို့ခေါ်တဲ့ ပြည်ကြီးငါးတွေ တနေရာတည်းကို စုပြုံရောက်လာစေချင်ရင် ငါးဖမ်းလှေရဲ့ အောက်ခြေ ပင်လယ်ရေထဲ မှာ မီးလုံးတမျိုးထွန်းထားရသတဲ့။ အဲဒီမီးရောင်ကို ကင်းမွန်တွေ မြင်ရင် တနေရာတည်းကို စုပြုံတိုးလာကြရောတဲ့။ ကျနော်ခန့်မှန်းသိသလောက် တချို့ပိုးဖလံတွေ မီးရောင်ရှိရာကို တိုးဝင်လာကြတဲ့သဘောပါပဲ။ နောက်ထပ် ကျွန်တော် နာမည် မမှတ်မိတဲ့ ငါးတမျိုးရှိသေးတယ်။အဲဒီငါးမျိုးကျတော့ ငါးဖမ်းစက်လှေထဲကနေ စီဒီပြား တချပ်ဖွင့်ပြီး ပင်လယ်ရေအောက်မှာ အသံလှိုင်းတမျိုးဖြစ်ပေါ်စေသတဲ့။အဲဒီအသံလှိုင်းတုန်ခါသံကြောင့် အဲဒီငါးတွေဟာ တနေရာတည်းကို စုပြုံရောက်လာပြန်ရောတဲ့ဗျာ။ခင်ဗျားကြားဖူးမလားပဲ။ ငှက်သိုက်လို့ခေါ်တဲ့ ငှက်အံဖတ်တွေ အံထုတ်တတ်တဲ့ ဇီဝဇိုးငှက် တွေကို၊ စီဒီပြားတချပ်ဖွင့်ပြီး ငှက်တွေအများကြီး စုဝေးလာအောင် မြူဆွယ်တဲ့နည်းလည်း ရှိသေးတယ်ဗျ။အေးပေါ့ဗျာ။ဒီခေတ်ကာလမှာ ငှက်သိုက်ကို ပင်လယ်ထဲက ကျောက်ဆောင်ကြီးတွေပေါ်မှာ လိုက်ရှာစရာ မလိုပဲ ပင်လယ်ကမ်းခြေက အိမ်အိုဟောင်းကြီးတွေဆီ လာပြီး အသိုက်ဖွဲ့အောင် မျှားခေါ်နိုင်ပြီဆိုပါစို့။ ဆိုနာလို့ခေါ်တဲ့ ကိရိယာတမျိုးကလည်း ပင်လယ်ရေအောက်မှာရှိတဲ့ ငါးအုပ်တွေကို ကီလိုမီတာအတော်လှမ်းလှမ်းကနေ ကြည့် နိုင်သိ နိုင်တယ်ဆိုသဗျ"
"ကျနော်တော့ မစ္စတာဝူးရဲ့ခေတ်မီငါးဖမ်းနည်း နိသရည်းတွေကို နားထောင်ရင်း တချိန်မှာ ကုလားနဲ့ငါး အရုပ်ရေးကြည့် ရမယ်ဆိုတဲ့ အတိတ်လိုလို တဘောင်လိုလို စကားကို ပြေးသတိရမိတော့တာပါပဲ။ကုလားတော့ မပြောတတ်ဘူးဗျာ။ ငါးကတော့ ဒီနည်းတွေနဲ့သာ ဖမ်းနေရင် မကြာခင်မျိုးတုန်းပျောက်ကွယ်တော့မှာအမှန်ပဲ။ ကုလားကုလားဆိုလို့ ရိုင်းတယ် မထင်ပါနဲ့ဗျာ။နှုတ်ကျိုးနေလို့ပါ။ဒီဖက်က အိန္ဒိယသွေးပါတဲ့ဗမာတော်တော်များများဟာ ကုလားခေါ်ရင် မကြိုက်ကြတာ ကျနော်သတိပြုမိပါတယ်။ခက်နေတာက အိန္ဒိယလူမျိုးနဲ့ငါး အရုပ်ရေးကြည့်ရမယ်လို့ ပြောပြန်ရင်လည်း မူလတဘောင်နဲ့ လွဲရုံမက အသံကာရန်ပါ မညီပြန်ဘူး။ငါးဖမ်းနည်းဖက် ချော်တောငေါ့သွားတာနဲ့ လွိုင်ဆော့ဖ် ပင်လယ်ဓားပြ ဇာတ်လမ်း တောင် ဘယ်ရောက်သွားပါလိမ့်။ အော် ။ သူတို့ ငါးဖမ်းထွက်လာကြတယ်။ ကံဆိုးချင်တော့ အဲဒီရက်ပိုင်းတွေက ဗမာရေတပ်နဲ့ ညှိရတာ အဆင်မပြေဘူးဆိုပဲ။ဒါနဲ့ လွိုင်ဆော့ဖ်လည်း ထုံးစံအတိုင်း ဗမာ့ပင်လယ်ပြင်ထဲ ကို ဗမာ့ရေတပ်ရဲ့ ခွင့်ပြုချက်မရပဲ နေ့ဖက်မှာ ထိုင်းဘက်၊ညဘက်မှာ ဗမာရေပိုင်နက်ထဲ တရားမဝင်၊ဝင်ပြီး ငါးခိုးဖမ်းကြ ရောဆိုပါတော့။ ညှိလို့နှိုင်းလို့ မရပဲ ခိုးဝင်ဖမ်းရတာဆိုတော့ ကျီးလန့်စာစား ရင်တထိတ်ထိတ်နဲ့ပေါ့ဗျာ"
"ဒီလိုနဲ့တနေ့သောရက်၊တစ်ခုသောညမှာတော့ သူတို့ဗမာရေပိုင်နက်ထဲမှာ ငါးဖမ်းပိုက်တွေချပြီး ငါးခိုးဖမ်းနေကြတုန်း၊ ဗြုန်းဆို ဗမာဘက်ခြမ်း ပင်လယ်ပြင်ဆီကနေ သူ့တို့သင်္ဘောရှိရာကို မီးနီဖွင့်ပြီး အရှိန်နဲ့ခုတ်မောင်းလာနေတဲ့၊ စက်လှေ တစ်စီးကို ညအမှောင်မှာ စက်လှေမီးရောင်နဲ့လှမ်းမြင်ကြရသတဲ့ဗျ။မီးနီဖွင့်ပြီး မောင်းတယ်ဆိုတာ ဗမာ့ရေတပ်က တိုက်ရေယာဉ်တွေ လုပ်လေ့လုပ်ထရှိတာမို့ ဗမာရေတပ်သူတို့စက်လှေကို လိုက်ဖမ်းပဟဆိုပြီး အလန့်တကြားနဲ့ ငါးဖမ်းပိုက်ကြိုးတွေကို ကမန်းကတန်းဖြတ်၊ စက်လှေကို စက်ကုန်ဖွင့်၊ မောင်းပြေးကြရောပေါ့။ငါးဖမ်းပိုက်ကြိုးတွေကို ကြောက်လန့်တကြားဖြတ်ပစ်လိုက်ရတာကြောင့် ထိုင်းဘတ်သိန်းချီပြီး ဆုံးရှုံးရသတဲ့ဗျ။လွိုင်ဆော့ဖ်က လူလည်ဆိုတော့ စက်လှေကိုမောင်းပြေးနေရင်း နောက်ကလိုက် လာတဲ့စက်လှေကို အကဲခတ်ပြန်တော့ မီးနီဟာ တချက်တချက် ပြန်ပြန် စိမ်းသွားသတဲ့ဗျ။ဒီမှာတင် လွိုင်ဆော့ဖ်က သံသယ နည်းနည်းရှိလာလို့ စက်လှေကို အရှိန်လျော့ပြီး သေချာ အောင်စောင့်ကြည့်လိုက်တော့၊ နောက်ကလိုက်လာတဲ့ စက်လှေဟာ ဗမာရေတပ်က စက်လှေမဟုတ်ပဲ သူတို့လို ထိုင်းငါးဖမ်းလှေပဲဖြစ်နေသတဲ့ဗျ။ အမှန်တော့ အဲဒီစက်လှေဟာ ငါးဖမ်းထွက်လာတဲ့ လှေတော့မဟုတ်ဘူး။ ဗမာပိုင်ဘိတ် ကျွန်းစုတဝိုက်ကနေ ပုဇွန်တွေကို ထိုင်းဖက်ကမ်းဆီ၊ကယ်ရီသယ်လာတဲ့ လှေတဲ့ဗျ"
"ဒီမှာတင် လွိုင်ဆော့ဖ်ဟာ ငါးဖမ်းရတာက အဆင်မပြေရတဲ့အထဲ၊ ဗမာရေပြင်ထဲကို ခိုးဝင်တဲ့စက်လှေချင်း အတူတူ သူလို လူမျိုးကို အလန့်တကြားဖြစ်အောင်၊ဘတ်သိန်းချီတန်တဲ့ သူ့ငါးဖမ်းပိုက်တွေဆုံးအောင် လုပ်ရပါ့မလားဆိုတဲ့ အကြောင်းပြ ချက်နဲ့ လူမိုက်ဇာတိပြတော့တာပါပဲဗျာ။ ပဲ့နင်းလွိုင်ဆော့ဖ်ဟာ သူ့နောက်က လိုက်လာတဲ့ငါးဖမ်းစက်လှေကို စောင့်နေ လိုက်တယ်။ သူ့လှေသားတွေကိုလည်း အသင့်အနေအထားရှိနေကြဖို့ အမိန့်ပေးလိုက်တယ်။ နောက်ဆုံး အတိုချုပ်ရရင် လွိုင်ဆော့ဖ်နဲ့ သူ့ဗမာလှေသားအုပ်စုဟာ ပုဇွန်ဖမ်းတဲ့စက်လှေပေါ်ကို အတင်းတက်ပြီး စီးနင်းပါ တော့တယ်။ ဂျစ်ကန် ကန်၊ကလန်ကဆန်လုပ်တဲ့ ပုဇွန်ဖမ်းစက်လှေက လှေသားတွေကို လက်စတုံးသတ်တယ်။ အလောင်းတွေကို ရေထဲ ကန်ချတယ်။ တိုးလျှိုးတောင်းပန်တဲ့လှေသား တချို့ကိုတော့ ငါးထည့်တဲ့ လေးဂါလံဝင် ပလပ်စတစ်ပုံး တလုံးစီဝေပေးပြီး ရေထဲကန်ချတယ်။ ကီလိုချိန်ထောင်ချိန်တဲ့ပုဇွန်တွေကို သိမ်းယူတယ်။ နောက်ဆုံးအဲဒီစက်လှေကို မီးတင်ရှို့ပြီး ထိုင်းမြန်မာရေပြင်နယ်နိမိတ်နားက ကျွန်းတကျွန်းမှာ ကျောက်ဆောင်နဲ့ထိုးခွဲပစ်လိုက်ရောတဲ့ဗျာ။ အေးလေ။ အဲဒါ ပင်လယ်ဓားပြပေါ့။ ဟုတ်တယ်။ အဲဒီစက်လှေမှာ ခင်ဗျားဘိုင်ကြီးလို့ခေါ်နေတဲ့ ရာမန် ပါတယ်။ ဆယ့်လေးနှစ်သား အက်ဒမန်ပင်လယ်ဓားပြရာမန်ပေါ့ "