"ဆြာဒင်နှင့် မြတ်ဘုရားရွှေတိဂုံ"
(မင်းဒင်)
(၁)
(မြတ်ဘုရားရွှေတိဂုံ၊လေးဆူဓာတ်တော်ခိုလှုံ၊ရည်စူးလို့သာ ဖူးမျှော်ပါကုန်၊ခြောက်သွယ်မီးရေပြည့်စုံ၊ကျွန်းဇမ္ဗူမှာ အံ့ချီး၍ မကုန်။)၂ (သိင်္ဂုတ္တရတောင်သေလာမှာ၊ များဝေနေယျာသဒ္ဓါပွားဖို့၊ထင်ရှားစွာပဲကြုံ၊တည်ထားဓာတုစေတီ၊ မွေသရီဓာတ် ပေါင်း ကျွန်းဇမ္ဗူမှာအံ့ချီး၍မကုန်)၂
ဖူးခက်သို့အပြန်၊ဆီးဂိမ်းကြောင့် ရန်ကုန်မှာသောင်တင်နေသော ဆြာဒင်သည် အေးချမ်းလှသော ဆောင်းနံနက်တစ်ခုတွင် နိုင်ငံ့ကျက်သရေဆောင် လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော် မြတ်ကြီး၏ အနောက်ဖက်စောင်းတန်းမှလှေခါးထစ်များကို တထစ်ချင်းတက်လျက်ရှိ၏။ လက်တဖက်တွင်ကားစိတ်ပုတီး၊ အခြားတဖက်တွင်ကားနားကြပ်တပ်ထားသော အိုင်ဖုန်း နှင့်ဖြစ်၍ မလိုသူတို့ကား မီးစတဘက်၊ ရေမှုတ်တဘက်ဟု ဆိုကြပေမည်။ အထက်ပါ သီချင်းသံသည် ဆြာဒင်၏ အိုင်ဖုန်း မှတဆင့် တဘက်သော နားတွင် ဆို့ထားသည့် နားကြပ်ငယ်အတွင်းမှ ထွက်ပေါ်နေ ခြင်းဖြစ်လေသည်။ ဘုရားတရား၏ အရိပ်အာဝါသကား အေးချမ်းလှပါဘိ။ ခြွင်းချက်အနေဖြင့် ဆြာဒင့်နောက်တော်မှ စောင်းတန်းလှေခါးကိုတထစ်လျှော့ ကပ်လိုက်နေကြသော ကပ္ပလီ၊ဖေကြည်နှင့်လေမင်းသားတို့၏ မကြာမတင်က လွန်လေပြီးခဲ့လေသည့် ဆီးဂိမ်းမှ မြန်မာ့အားကစားအကြောင်း၊ ဘောလုံးပွဲဒိုင်များအကြောင်း၊ မစင်ခြောက်ရေနှူးသံ တို့မှာကား ဆြာဒင့်၏ ကျန်တဖက်နား ကို ဧကန်ပင်ခါးစေ၏။ ကလောစေ၏။ တခဏတာ အေးချမ်းနေသော စိတ်အစဉ်ကို နေပြင်းပြင်းမှာ ထုတ်အလှန်းခံရ သကဲ့သို့ ပူလောင်လှချေ၏။
"စမူဆာမကွာ၊ ဒီလောက်ရှင်းနေတဲ့ဂိုးကို လူကျွံတယ်ဆိုပြီး လုပ်ပစ်တယ်။တမင်ညစ်တာကွ"
"နည်းပြလုပ်နေပြီး ဟက်တူဟက်ဆိုတာလေးတောင် မသိဘူးတဲ့။အံ့ရော။ယူထားတာက ဒေါ်လာသန်းချီ"
"ဒိုင်တွေကြောင့်ပေါ့ကွာ။ဒီဆီးဂိမ်းမှာ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းနိုင်မဲ့ဆဲဆဲမှာ၊လက်မတင်လေးလွတ်သွားတာ နာ လိုက်တာ"
အလယ်ပစ္စယံဆီင်္သို့ရောက်လာပြီဖြစ်၍ ရွှေတိဂုံစေတီတော်မြတ်ကြီးကိုဖူးမျှော်နိုင်ပြီဖြစ်ရာ လောကီအရေးတို့ဖြင့် ရတက် မအေးဖြစ် နေကြသော တပည့်ကျော် နောက်တော်ပါတို့ကို လူကြီးပီပီ ဆြာဒင်ဟန့်လိုက်ရသည်။
"တော်ကြစမ်းကွယ်ရို့၊ကိုရင်တို့ဟာ တို့ရွှေပင်ရွာက ဖွားမြရီပြောသလို "ပေါင်မရှိပဲဘောကန်"နေကြသလိုပါကလား။ တနိုင်ငံလုံးပေါင်းမှ ခေတ်မီအားကစားကွင်းဆယ်ကွင်းမပြည့်တဲ့တိုင်းပြည်က အားကစား၊ ကမ္ဘာကိုလွှမ်းဖို့ အချိန်နည်းနည်း တော့စောင့်ကြအုံးစို့ရဲ့။ တော်ကြပါတော့။ရောက်တုန်းရောက်ခိုက် ဘုရားဖူးလိုက်ကြစို့"
(၂)
တောခေါင်ခေါင်ကျေးလက်မှာ ချက်မြှုပ်ခဲ့လေသည့် အညာသားဆြာဒင်ကား တရပ်တကျေးအဝေးနယ်၊ ပင်လယ်ပြင်ကြီး ထဲက ကျွန်းငယ်ဖူးခက်တွင် ဆယ်နှစ်ဆယ်မိုးခိုအောင်းခဲ့ရသည်ဖြစ်၍ ရွှေတိဂုံစေတီတော်ကြီးကို ဖူးမျှော်မဝရှိ၏။ ဦးနှိမ် မာန်လျှော့ အကြိမ်ကြိမ်ကန်တော့၏။ထိုစဉ်ခဏ၌လည်း မွေးရပ်မြေရွှေပင်ရွာက ရှေးလူကြီးသူမများ၏ လိုအင်ဆန္ဒ တောင့် တသံကို ကြားယောင်မိ၏။"ရန်ကုန်ဆိုတာရောက်ခဲ ဘိချင်းကွာ။ရွှေတိဂုံဘုရားကြီးဖူးလိုက်ရရင် အမေ့နို့တလုံးဖိုးကျေပြီ"ဟူသတည်း။
ကြည်နူးဖွယ်ဘုရားရိပ်တွင် အချိန်မည်မျှကြာလေသည်မသိ၊သတိပြန်ဝင်လာသည့်အခါ နောက်ဖက်သို့လှည့်အကြည့်တွင် တပည့်ကျော်သုံးဦးကား မိုးတိုးမတ်တတ် ခြေစုံရပ်လျက်ရှိနေကြဆဲဖြစ်လေရာ ဆြာဒင်မှာ နားမလည်နိုင်သည်နှင့် အတန် ငယ် ဆတ်သောအသံဖြင့်ငေါက်ငန်းလိုက်ရလေသည်။
"ဟ၊ကောင်တွေ။ မင်းတို့က ကွန်မြူနစ်တွေလား။ဒါမှမဟုတ်ဘာသာများပြောင်းသွားလေကြရော့သလား။ခေတ်ကာလ သား သမီးများ ခက်ချက်ကွာ။မိစ္ဆာဒိဋ္ဌိတွေဖြစ်ကုန်ကြပြီထင်ပါရဲ့"
"အာ၊ ဆြာဒင်ကလည်း တဆိတ်ရှိ ပိဿလေးနဲ့ဘေးပစ်ဖို့ပဲ ချောင်းနေတာကိုး။ဒီဘုရားကြီးရဲ့ထီးတော်မှာ ဘယ်သူ့ နာမည် ထိုးထားတယ်ဆိုတာ ဆြာဒင်မသိဘူးထင်တယ်။ဒါအကွက်ဆင်ထားတာနော်။ဘုရားကို ညအိပ်ယာဝင်တိုင်း ရှစ်ခိုးလည်း ရပါတယ်ဆြာဒင်ရဲ့"
"ဟုတ်တယ်ဆြာဒင်၊ တွေ့ရာဆင်းတုတော် လျှောက်ပြီး ရှစ်ခိုးမနေနဲ့အုံး။ မျက်နှာတော်ကို ဒင်းတို့မျက်နှာနဲ့ အစားထိုးထား တာ။ ဆြာဒင် သူတို့ဂွင်ထဲ ဝင်သွားမယ်နော်"
"အင်း၊ဆြာဒင်တစ်ယောက် မျက်စိပိတ်နားပိတ်ဖြစ်နေပါရောလား။ အထက်ပစ္စယံက ပတ္တမြားမျက်ရှင်ဘုရားတောင် ဘတ်ကီးရိုက်ခံရသလိုလို၊ အသံတွေထွက်နေတယ်နော်"
တပည့်ကျော်သုံးဦးထံမှ ဆင်ခြေဆင်လက်မျိုးစုံသည် တီးဝိုင်းတိုက်ထားသည့်အလား တပြိုင်တည်းထွက်ပေါ်လာလေရာ ဆြာဒင်မှာ မမျှော်လင့်ပဲ ကွင်းလယ်မှ ကန်သွင်းလိုက်သော ဘောလုံးကို ရုတ်ခြည်းမဖမ်းနိုင်လိုက်သည့် ဂိုးသမားနှယ် အငိုက်မိသွားသော်ငြား သူတော်ကောင်းလေသံဖြင့်သာ တုန့်ပြန်မိတော့သည်။
"မင်းတို့နှယ်ကွာ။ ဘုရားရိပ်တရားရိပ်ရောက်နေတာတောင် ပူလွန်းချက်။အင်း၊ အဝိဇ္ဇာ၊အဝိဇ္ဇာ၊အဝိဇ္ဇာဆိုတဲ့ အမှောင်များ တယ်ကြောက်စရာကောင်းသကိုး"
(၃)
တပည့်ကျော်တို့ မည်သို့ဆိုစေ။ဆြာဒင်ကား ဘုရားရှင်ခြေတော်ရင်းဆီသို့ ကြုံတောင့်ကြုံခဲရောက်ခဲ့ရသည်ဖြစ်၍ လုပ်စရာ အလုပ်တို့ကို တရစပ်ဆက်တိုက်လုပ်နေမိ၏။ လေးဘက်လေးတန်မုဒ်ဦးတန်ဆောင်းများအတွင်းမှ ဘုရားအဆူဆူတို့ကို ရှစ်ခိုးပူဇော်၏။မွေးနံထောင့်တိုင်းမှာ ပန်းဆီမီးကပ်လှူ၏။ရေချမ်းကပ်လှူ၏။ အထူးသဖြင့် မွေးနံတိုင်းမှ ရုပ်ပွားတော်တို့ကို ရေအကြိမ်ကြိမ် ကပ်လှူသပ္ပါယ်၏။ဆြာဒင်လိုချင်သောဆုကို နှုတ်တက်ရွရွ၊ရွတ်ဆိုကာ ဘုရားရှင်ထံအကြိမ်ကြိမ် တောင်း ခံမိ၏။"ဘုရားတပည့်တော်၏ မြေးမြစ်များ ရေငတ်သော အငတ်ဘေးနှင့် မကြုံမတွေ့ရပါလို၏ဘုရား"
ဆြာဒင်၏ ဝပ်တွားခယမှုနှင့် ဆုတောင်းပတ္ထနာအပြုအမူသည် အစွန်းရောက်လေသလော မဆိုနိုင်။နောက်တော်ပါတို့ထံမှ အသံထွက်လာပြန်လေ၏။
"တော်ရုံပေါ့ဆြာဒင်ရယ်။ရှစ်ခိုးနေလိုက်တာ ခါးတောင်သွင်သွင်ကျိုးမတတ်။ဆြာဒင် ရေသပ္ပါယ်နေပုံက ဘုရားရှင်ကို တောင် ပါရာစီတမော့ တိုက်ရမဲ့ကိန်းရောက်နေပြီဗျ"
သည်တကြိမ်တွင်ကား ဆြာဒင်သည် ဘောလုံးလာရာလမ်းကို ကြိုတင်သိနှင့်နေသည့် ကျွမ်းကျင်လိမ္မာပါးနပ်လှစွာသော ဂိုးသမား၊ဘောလုံးကို ပိုင်နိုင်စွာဖမ်းယူလိုက်နိုင်သည့် မျက်နှာပေးဖြင့် အိပ်ထောင်ထဲမှ စာရွက်တရွက်တရွက်ကို နောက် တော်ပါများထံ တည်တည်ငြိမ်ငြိမ်ကြီးကမ်းပေးလိုက်ရင်း.....။
"ရော့၊ ကိုယ်တော်တွေ ဖတ်ကြည့်။ဒါ ဆြာဒင့်မိတ်ဆွေ ကဗျာ့အကျော်အမော်ကိုရင်ဟယ်ရီရေးထားတဲ့ကဗျာ။ ဆြာဒင့် အတွက် ဆြာဒင် ပူတာမဟုတ်ဘူး။ မြေးမြစ်တွေ ရေငတ်ကုန်တော့မဲ့ ဘဝမို့ ဒီလောက် ရှစ်ခိုးဦးတင်ဆုတောင်းနေတာ"
သူတို့ထံကမ်းပေးလိုက်သော စာရွက်ပေါ်ရှိ ဆြာဒင်ကိုယ်တိုင်အွန်လိုင်းမှ ကူးယူထားသည့် ကဗျာကို ဆြာဒင်အလွတ်ရ လျက်ရှိ၏။ အထူးသဖြင့် "ရေလမ်းတွေ တွင်တွင် ကျဉ်းပါလိမ့်၊ရေဆင်းဟာအလျဉ်နှေးကာပ၊ ရင်သွေးတွေရေမဝနိုင်ဘူး"ဟူသော စာသားသည် ဆြာဒင့်ရင်ကို ပြင်းစွာနင့်စေ ၏။အဆိုပါကဗျာကို အပြည့်အစုံဖော်ပြရသော် အောက်ပါအတိုင်း ဖြစ်လေသည်။
မဟာနဒီ၏ဈာပနနိဒါန်း
အကြေအညာဆက်ပေး၊
ပြေ(ပြည်)မြန်မာအသက်သွေးမို့၊
ရတက်မအေးပါမဟာနဒီ။
မြစ်နှစ်စင်းဟာ၊
မြစ်မင်းမဟာဖြစ်၊
ကြာရစ်လေပြီ။
ခင်ဝမ်းရဲ့ဧရာဝတီ၊
ရွှေဝါပြည်ရဲ့ဇာတိသမိုင်း။
မပြစ်မှားလေနဲ့၊
မြစ်ဖျားမှာဆည်တွေပိတ်ရင်ဖြင့်၊
အပြစ်များစွာကြွယ်နေလိမ့်ပေမပေါ့၊
ရေဆိပ်တွေမသွေခမ်းပါလို့၊
ရေလမ်းတွေတွင်တွင်ကျဉ်းပါလိမ့်၊
ရေဆင်းဟာအလျဉ်နှေးကာပ၊
ရင်သွေးတွေရေမဝနိုင်ဘူး၊
ဂေဟတွေဖြစ်စဉ်ပျက်ရုံမက၊
မြစ်ပြင်နက်တိမ်ကောကာ၊
ကျိန်ပြောပါမှ“မြစ်”ဆိုရပါလျှင်၊
ခေတ်ကိုပြတဲ့ကြေးမုံအင်မှာ၊
တေးပုံပြင်စာတင်နှိုင်းလာသမျှဟာ
ကွယ် ... ရာဇဝင်ရိုင်း။
အကြေအညာဆက်ပေး၊
ပြေ(ပြည်)မြန်မာအသက်သွေးမို့၊
ရတက်မအေးပါမဟာနဒီ။
မြစ်နှစ်စင်းဟာ၊
မြစ်မင်းမဟာဖြစ်၊
ကြာရစ်လေပြီ။
ခင်ဝမ်းရဲ့ဧရာဝတီ၊
ရွှေဝါပြည်ရဲ့ဇာတိသမိုင်း။
မပြစ်မှားလေနဲ့၊
မြစ်ဖျားမှာဆည်တွေပိတ်ရင်ဖြင့်၊
အပြစ်များစွာကြွယ်နေလိမ့်ပေမပေါ့၊
ရေဆိပ်တွေမသွေခမ်းပါလို့၊
ရေလမ်းတွေတွင်တွင်ကျဉ်းပါလိမ့်၊
ရေဆင်းဟာအလျဉ်နှေးကာပ၊
ရင်သွေးတွေရေမဝနိုင်ဘူး၊
ဂေဟတွေဖြစ်စဉ်ပျက်ရုံမက၊
မြစ်ပြင်နက်တိမ်ကောကာ၊
ကျိန်ပြောပါမှ“မြစ်”ဆိုရပါလျှင်၊
ခေတ်ကိုပြတဲ့ကြေးမုံအင်မှာ၊
တေးပုံပြင်စာတင်နှိုင်းလာသမျှဟာ
ကွယ် ... ရာဇဝင်ရိုင်း။
(ဟယ်ရီလွင်)
(၄)
ကိုရင်ဟယ်ရီ၏ ကဗျာကို သုံးဦးသားခေါင်းချင်းဆိုင် ဖတ်ရှုပြီးချိန်တွင် ရှေ့တန်းတိုက်စစ်မှူးများနှင့်တူလှစွာသော တပည့် ကျော်တို့သည် ဂိုးသမားလက်မှ ပြန်အံထွက်လာသည့် ဘောလုံးကို ပြန်ကန်သွင်းရန်ကျိုးပမ်းလိုသည့် လေသံဖြင့် "လက်စသတ်တော့ ဆြာဒင်က မြစ်ဆုံအရေးကို ပူပန်နေသကိုး။ဆြာဒင့်နှယ်။ ဘုရားရိပ်တရားရိပ်ရောက်နေတာတောင် ပူလွန်းချက်။အင်း၊ အဝိဇ္ဇာ၊အဝိဇ္ဇာ၊အဝိဇ္ဇာဆိုတဲ့ အမှောင်များ တယ်ကြောက်စရာကောင်းသကိုး"ဟု ဆြာဒင့်လေသံ အတိုင်း ထပ်တူချေပကြပါသေး၏။သို့သော် အဆိုပါကန်ချက်မှာ ဂိုးတန်းပေါ်ကျော်သွား မည့်အရေးကို ကြိုတင်သိမြင် နေပြီဖြစ်ရကား ဆြာဒင်သည် စောင်းတန်းလှေခါးထစ်များကို တထစ်ချင်းဆင်း နေရင်း အိုင်ဖုန်းဖြင့် နားထောင်လက်စ သီချင်းနှင့်သာ ဆက်၍ နှစ်ပါးသွားနေလိုက်တော့သည်။ စေတီတော်ကြီးဆီမှ ဆည်းလည်းသံတို့သည် ဆြာဒင်၏ ဆုတောင်းကို တချွင်ချွင် မြည်သံဖြင့် ပိုင်စေ၊ပြည့်စေ ဆိုနေဟန်ပေတကား။
(ကဿပဂုံ၊ကောဏဂုံ၊ ကကုသန်ဘုရား ဂေါတမဘုရားရယ် ရည်စူးလို့သာ ပူဇော်ကြကုန် မွေသရီလေးဆူဓာတ်ပုံ ကျွန်းဇမ္ဗူ မှာ အံ့ချီး၍မကုန်။တန်ခိုးတော်ဂုဏ်၊ ဗုဒ္ဓမြတ်ဘုရား ဆံတော်စုံ၊ တည်ထားပုံ အဓိကရထင်ရှားစွာပဲကြုံ၊ ဟိုရှေးက ကုန်သည်ညီနောင်တူစုံ မဇ္ဇျိမကိုသွား၊ ဘုရားပွင့်တာနဲ့အခါကြုံ၊ ပျားမုန်ဆွမ်းတွေလှူပါကုန်၊ အဟောဝတပြည့်စုံ မနော ဟဒယမွေ့ပုံ၊ အနာဂတံ ဥာဏ်တော်အဟုန်ချီးမြှင့်ပါတဲ့ ရှစ်ဆူသရီဓာတ်ပုံ)