အခန်း(၁၂)
ကျမ်းကြီးပေါက်သူများ
ကျနော်ထိုင်းနိုင်ငံကိုရောက်ကာစမှာ ကျော်ဖြတ်ခဲ့တဲ့ အတွေ့အကြုံတွေဟာ အခုနေပြန်စဉ်းစားကြည့်ရင် တကယ့်ကို ရင်ထိပ် သည်းဖိုဖြစ်စရာပဲဗျ။ သတ္တိခဲကြီးလို့တော့ မထင်လိုက်လေနဲ့ဗျာ။ကျနော်ဟာ ရဲဘက်စခန်းက ပြေးလာသူမို့ ကျနော့်ဘဝဟာ အရိပ်မည်းကြီးတစ်ခုအထိုးခံသလို မလုံမခြုံခံစားနေရတဲ့အချိန်ဆိုတော့ ပိုဆိုးတာပေါ့။ခင်ဗျား စဉ်းစား ကြည့်လေ။ဗမာပြည်မှာ ကျန်ရစ်ခဲ့တဲ့ ပြဿနာကနောက်ကြောင်းမအေးခင်၊ထိုင်းနိုင်ငံမှာများ ပြဿနာတစ်စုံတစ်ရာ ပေါ်ခဲ့ ရင် ငါ့ဘဝတော့ ရေစုန်မျောပြီဆိုတဲ့ အတွေးတွေသာ နေ့နေ့ညည ကျနော့်စိတ်မှာ ပူပန်နေမိတာပါပဲ။ဒါပေမဲ့ ရွေးစရာလမ်း မရှိတဲ့ ကျနော်ဟာ ကြောက်ကြောက်နဲ့ရှေ့တိုးခဲ့ရတာပါပဲ။
ဒီနေရာမှာ စကားစပ်လို့ ကျနော့်အတွေးနဲ့ တက်တက်စင်အောင်လွဲနေတဲ့ ထိုင်းနိုင်ငံအကြောင်း ပြောရအုံးမယ်ဗျ။ ထိုင်းနိုင် ငံကို ခြေချကာစတုန်းက ထိုင်းနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်တယ်။စည်းကမ်းနည်းလမ်းတကျဒီမိုကရေစီနည်းအတိုင်း အုပ်ချုပ် နေတယ်။ထို့အတူထိုင်းရဲတွေဟာလည်း ထိုင်းနိုင်ငံကြီးရဲ့ဥပဒေတွေကို တိတိကျကျကာကွယ်စောင့်ရှောက် နေတယ် ထင်မိတာပေါ့။တကယ်တမ်းထိုင်းနိုင်ငံမှာလည်း အနေကြာ၊ထိုင်းစစ်ဘက်နယ်ဘက်က အရာရှိတွေ၊အဆင့်ဆင့် သော ဌာနဆိုင်ရာအရာရှိတွေနဲ့ ရင်းနှီးကျွမ်းဝင်တော့မှ သူတို့လည်း ဒီမိုကရေစီသာဆိုတယ်။ လာဘ်ပေးလာဘ်ယူ ကိစ္စမှာတော့ ကျနော်တို့ ရွှေပြည်ကြီးနဲ့ နင်လားငါလားပါပဲဗျ။တိတိကျကျပြောရရင် ထိုင်းနိုင်ငံရဲ့ စီးပွားရေး လူမှုရေး နိုင်ငံရေးကိစ္စရပ်အားလုံး လိုလိုမှာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ ထိုင်းမာဖီးယားတွေက လက်ဝါးကြီးအုပ် လွှမ်းမိုး ထားတာပါပဲ။သူတို့ဟာ ထိုင်းနိုင်ငံရဲ့အဆင့်ဆင့်သောဌာနဆိုင်ရာအရာရှိတွေ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးယန္တရား တွေကို နောက်ကွယ်ကနေ ကြိုးကိုင်နေတာပါပဲ။
သို့သော်ခြွင်းချက်တော့ရှိတယ်ဗျ။ထိုင်းဥပဒေကို အထိုက်အလျောက် နားလည် သဘောပေါက်တဲ့ထိုင်းလူမျိုးအချင်းချင်း ကြားမှာတော့ လူပါးဝလို့မရဘူး။အထူးသဖြင့် အသေးစားတနိုင်တပိုင်စီးပွားရေး လုပ်ငန်းတွေမှာ ထိုင်းလူမျိုးအချင်းချင်း ပစားပေးထားတာ အထင်အရှားတွေ့နေရတယ်။ဥပမာ အခုခင်ဗျား လုပ်နေတဲ့ ဗမာပစ္စည်းဖြန့်တဲ့အလုပ်မျိုးဆိုပါတော့။ တော်ရုံအတိုင်းအတာကို ထိုင်းလူမျိုးတစ်ယောက်အနေနဲ့ လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ရှိတယ်။ ပြည်ပရင်းနှီးမှုခွင့်ပြုရာ မှာလည်း ထိုင်းလူမျိုးတွေကို စာရင်းထည့်ထားပါမှ အလုပ်ဖြစ်တယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ရောက်လာကြတဲ့ နိုင်ငံခြားသားလုပ်ငန်းရှင်တွေဟာ ခင်မင်ရင်းနှီးပြီး ယုံကြည်စိတ်ချရမယ်ထင်ရတဲ့ ထိုင်းလူ မျိုးတွေ ကိုနာမည်ခံပြီးလုပ်ကြရတယ်။နာမည်ခံပေးပြီး နိုင်ငံသားခြားသားလုပ်ငန်းရှင်တွေရဲ့ စည်းစိမ်ပြုတ်အောင် အကွက်ကျကျ ဇယားချပြီးလိမ်နေကြတဲ့ ထိုင်းလူလည်အုပ်စုတွေလည်း ဒုနဲ့ဒေးဗျာ။မယုံမရှိနဲ့ကိုယ်တွေ့။ ကျနော့်မိတ်ဆွေ မစ္စတာဝူး မိတ်ဆက် ပေးဖူးတဲ့ စင်္ကာပူသင်္ဘောလုပ်ငန်းရှင်တစ်ယောက်ဟာ နာမည်ခံထိုင်းလူမျိုးတစ်ယောက်ကြောင့် ထိုင်းဘတ် သန်းသုံးရာ လောက်ဆုံးသွားဖူးသတဲ့ဗျ။
ကျနော့်စကားကို ပြန်ဆက်ရရင် ကျနော်လို မအူမလည်ကောင်မျိုးက ဖူးခက်မြို့ဝင်တံတားကြီးရဲဂိတ်ဆီကို တရားမဝင် ကုန်ပစ္စည်း လော်လီကားတစ်စီးတိုက် တင်ပြီးမောင်းဝင်လာဖို့လာဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပဲ။ဒါပေမဲ့ ကျနော်ဟာ အမွှန်ကို အခွပ်ခံထားရတဲ့ တိုက်ကြက်တစ်ကောင်နဲ့တူနေတယ်ထင်ပါရဲ့။ ကျနော့်ဘော်ဒါအရင်း ရာမန်ကတောင် "သက်ခိုင်၊ ဟုတ်မှလည်း လုပ်နော်။ မင်းအခုလုပ်မဲ့ကိစ္စကို ငါတောင်မလုပ်ရဲဘူး"ဆိုပဲ။ဒါပေမဲ့ မလုပ်မဖြစ်တဲ့အခြေအနေရောက်နေ တာမို့ ကျနော်လည်း ကြောက်စိတ်ကို ဘေးချိတ်ထားလိုက်ရတယ်ဆိုပါတော့။ဇာတ်လမ်းကဒီလိုဗျ။
ရန်ကုန်ကနေ တင်လိုက်တဲ့ ဗမာပစ္စည်း ထိုင်းဘတ် တစ်သန်းဖိုးနီးပါးဟာ ကော့သောင်းဖက်ကမ်းကနေ ရနောင်းဈေးနား မှာရှိတဲ့ ကျနော်ငှားထားတဲ့အိမ်ကို ပထမဆုံးအကြိမ်ရောက်လာတုန်းကပေါ့။ လက်လှမ်းမီရာပိုင်ရာဆိုင်ရာတွေနဲ့ ချိတ်နိုင် တာမို့ နယ်မြေခံရဲကို တစ်လဘတ်ငါးထောင်လိုင်းကြေးပေးထားတဲ့အချိန်ဗျ။အဲဒီပစ္စည်းတွေ ဖူးခက်ကိုသယ်ဖို့စီစဉ်နေတုန်း မှာပဲ ထိုင်းထောက်လှမ်းရေးရဲအဖွဲ့ရောက်လာပြီး ကျနော့်အိမ်မှာ ရှိတဲ့ပစ္စည်းတွေ အကုန်သိမ်းပြီး ထိုင်းအကောက်ခွန်ဌာန ကို ပို့လိုက်ပါလေရောဗျာ။ထူးဆန်းတာက လူကိုတော့မဖမ်းဘူးဗျ။လာဖမ်းတဲ့မောင်တွေက ကျနော်လိုင်းဝင်ထားတဲ့ အဖွဲ့ မဟုတ်လေတော့ ကျနော်လည်း ဘာမှမပြောသာဘူးဗျာ။ကျနော်သိသလောက်ထိုင်းနိုင်ငံတနံတလျားမှာ တစ်ပိုင်းတစ်စ သာတရားဝင်တဲ့လုပ်ငန်းရှင်တွေဆီကနေ လစဉ်ဆက်ကြေးတောင်းနေတဲ့ အဖွဲ့ပေါင်း နှစ်ဆယ်ကျော်လောက်ကို ရှိတယ် ဗျာ။
ကျနော်ဟာ ဒီပြဿနာကို ရှင်းနိုင်ဖို့ အပူတပြင်းအဆက်အသွယ်ရှာလိုက်တော့ ထိုင်းရေတပ်ထောက်လှမ်းရေး ဗိုလ်မှူးကြီး နလုန်နဲ့ ချိတ်ဆက်မိရောဆိုပါတော့ဗျာ။ထူးခြားချက်ကတော့ နလုန်ဟာ ၁၉၈၈ခုနှစ်ဝန်းကျင်က ထိုင်းနိုင်ငံဘက်ကို ရှောင် တိမ်းလာတဲ့ မြန်မာအတိုက်အခံအတော်များများနဲ့ အဆက်အဆံရှိနေတဲ့အချက်ဗျ။ နလုန်နဲ့ကျနော့်ကိုချိတ်ဆက်ပေးခဲ့သူ ကတော့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ဥက္ကဌကိုကျော်ထက်ပေါ့ဗျာ။ သူက ကွယ်လွန်သူဗိုလ်မှူးကြီးစိန်မြရဲ့လက်ရုံးမို့ ကျနော်နဲ့ မကင်းရာမကင်းကြောင်းဆိုပါတော့။
ဒီမှာတင် ဗိုလ်မှူးကြီးနလုန်ဟာ ကျနော်နဲ့တွေ့ဖို့ ရနောင်းက ကိုစိုးတင့်ဆိုတဲ့ပုဂ္ဂိုလ်ကို စကားပြန်အဖြစ်ခေါ်လာသဗျ။ ကျနော် အကဲခတ်မိသလောက် ကိုစိုးတင့်(ယခုကွယ်လွန်)ဟာ နှစ်ဘက်ချွန်ပဲဗျ။ သူဟာ ထိုင်းနယ်စပ်မှာရှိနေတဲ့ ဗမာရေ တပ်ရဲ့ ကြေးနန်းတွေ၊ဖုန်းအဆက်အသွယ်တွေကို ထိုင်းထောက်လှမ်းရေးအတွက် ကြားဖြတ်နားထောင်ပေးတယ်။ဘာသာ ပြန်ပေးတယ်။ ထိုင်းဘက်က လျှို့ဝှက်ချက်တစ်ချို့ကိုလည်း ဗမာဘက်ကို ပြန်ပို့တယ်။ထုံးစံအတိုင်းကိုစိုးတင့်နာမည်ခံထား တာကတော့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားတက်ကြွသူပေါ့ဗျာ။
လိုရင်းပြောရရင် ရနောင်းမြို့ရဲ့ အထင်ကရစားသောက်ဆိုင်ကြီးတစ်ခုမှာ ဗိုလ်မှူးကြီးနလုန်နဲ့တွေ့ကြရောဆိုပါတော့။နလုန် ဟာ ဆက်ဆံရေးဖော်ရွေသူမို့ အချိန်တိုတိုအတွင်းမှာ ကျနော်နဲ့ခင်မင်သွားရောပေါ့ဗျာ။ အော် ပြောဖို့မေ့နေတယ်။ ဗိုလ်မှူး ကြီးနလုန်နဲ့အတူ ထိုင်းရေတပ်ထောက်လှမ်းရေးဗိုလ်ကြီးလေးယောက်လည်း အတူပါလာသဗျ။နလုန်က စကားပြန် ကိုစိုးတင့် ဆီကနေတဆင့်ကျနော်ကြုံနေရတဲ့ ပြဿနာအသေးစိတ်ကိုလည်း သိရော၊ကိုသက်ခိုင် ဘာမှ မပူနဲ့။ ကျနော်ရ အောင် ရှင်း ပေးမယ်။ခင်ဗျား ပစ္စည်းအားလုံးပြန်ရမယ်ဆိုသဗျ။ဒီလိုနဲ့ ဗိုလ်မှူးကြီးနလုန်နဲ့အဖွဲ့ဟာ ကျနော်တည်ခင်းတဲ့ ညစာကို စားသောက်နေချိန်ကြချိန်မှာ တယောက်သော ထိုင်းထောက်လှမ်းရေးဗိုလ်ကြီးတစ်ယောက်ဟာ နည်းနည်းရေချိန် ကိုက်လာတယ်ထင်ပါရဲ့။ ကျနော့်ကို သိပ်သနားစရာကောင်းတဲ့သတ္တဝါတကောင်လိုလှမ်းကြည့်ရင်း၊စကားအဆက်အစပ် မရှိ ..."ခင်ဗျား မအူမလည်နဲ့ ထိုင်းဘက်မှာ လူတွင်ကျယ်လာလုပ်တာ အံ့ပါရဲ့။ထိုင်းမှာ သေနတ်သိပ်ပေါတယ်နော်။ ကျည်ဆံတစ်တောင့်ကို ဘတ်နှစ်ဆယ်ပဲရှိတယ်။အခုနေ ထိုင်းရဲတစ်ယောက်ယောက်က ခင်ဗျားကို သေနတ်နဲ့ပစ်သတ် မယ်ဆိုရင် ခင်ဗျား ဘာလုပ်နိုင်မတုန်း"ဆိုပြီး ချောင်ပိတ်မေးပါရောဗျာ။
ဒီမှာတင် ကျနော့်ရိုးတွင်းချဉ်ဆီထဲက ဇာတိသွေးဟာ ငယ်ထိပ်တက်ပြီး ထကြွသောင်းကျန်းပါလေရောဗျ။ကျနော်ဟာ အဲဒီ ဗိုလ်ကြီးရဲ့မျက်နှာကို သေချာစိုက်ကြည့်ရင်း “ကျနော်က အရင်လက်ဦးအောင် ပြန်သတ်မှာပေါ့။သေနတ်မပါပဲ သတ်တဲ့ နည်းတွေ အများကြီးပါ။ယောက်ျားကောင်းတစ်ယောက်လို သတ္တိတကယ်ရှိတယ်ဆိုရင် သေနတ်ချင်းယှဉ်ပစ်တဲ့နည်းဟာ အကောင်းဆုံးပဲ” လို့ပြန်ပက်လိုက်ရောဗျာ။ အဲဒီအချိန်မှာ ကျနော်အရက်သောက်မထားပါဘူး။အရက်နဲ့ကျနော် လမ်းခွဲခဲ့ တာ အတော်ကြာခဲ့ပါပြီ။ ကျနော်ရုတ်တရက်ပြန်ခံတွန်းလိုက်တာကို စကားပြန်ကိုစိုးတင့်ဟာ ဘာသာမပြန်ရဲရှာပါ ဘူး။ မျက်စိမျက်နှာပျက်နေသဗျ။ ကျနော်လည်းခပ်အေးအေးပဲ"“ပြောလိုက်စမ်းပါကိုစိုးတင့်ရာ၊သူက အတည်ဆိုလည်း အတည်ပေါ့။ နောက်တယ်ဆိုရင်လည်း ပြန်နောက်တဲ့သဘောပေါ့”ဆိုတော့မှ ဘာသာပြန်ပေးရှာသဗျ။ ကျနော့်ချေပချက် ကို ကိုစိုးတင့်နှုတ်ဖျားကနေတဆင့် နားထောင်နေတဲ့ နလုန်ကတော့ အားရပါးရရီတာပါပဲ။ "မင်းတို့ဗမာတွေ တလေတည်း ပဲ"တဲ့။
ဇာတ်လမ်းကိုအတိုချုံးရရင် နလုန်ကျေးဇူးကြောင့် ပစ္စည်းတဝက်လောက်အကောက်ခွန်က ဖြတ်တဲ့ဈေးနဲ့ပြန်ရတယ်။ နလုန်ကိုလည်းထိုင်းဘတ်လေးသောင်းလောက်ကျေးဇူးဆပ်ရသပေါ့ဗျာ။ ကျနော်ပြောပါပြီကော။ ထိုင်းနဲ့ဗမာစစ်ဘက် အရာရှိ တွေလာဘ်စားပုံက မယိုးရင်းစွဲပါလို့။သို့သော်လာဘ်စားတာချင်းအတူထိုင်းအရာရှိတွေထိုင်းရဲတွေလာဘ်စားတာက တာဝန်ယူမှုပိုပြီးပီပြင်တယ်လို့ ကျနော်ထင်မိတယ်။
နောက်သုံးရက်လောက်လည်းကြာရော အကောက်ခွန်က ပြန်ရတဲ့တရားမဝင်ဗမာပစ္စည်းတွေအပါအဝင် နောက်ထပ် ရောက်လာတဲ့ ပစ္စည်းတွေပေါင်းပြီး ခြောက်ဘီးတပ်လော်လီကားတစီးတိုက်ဖူးခက်မြို့ထဲကို မောင်းဝင်လာရောပေါ့ဗျာ။ လမ်းတလျှောက်က ကြားမြို့တွေဖြစ်တဲ့ နန်းယွန်း၊ကပေး၊တကွယ်ပါ၊ဖန်ငစတဲ့မြို့တွေက စစ်တပ်ဂိတ်၊ရဲဂိတ်အသီးသီးကို မှင်သေသေနဲ့ကျော်ဖြတ်လာနိုင်ပေမဲ့ ဖူးခက်မြိ့ဝင်တံတားကြီးဂိတ်မှာ ကွိကနဲနေအောင် အဖမ်းခံရရောဆိုပါတော့။နေဦးဗျ။ ပြောဖို့ကျန်သေးတယ်။ရနောင်းကနေ ဖူးခက်ကို လော်လီကားပုတ်ပြတ်ငှားတော့ ကားပိုင်ရှင်က ကျနော့်ကို.. "ခင်ဗျား ကိုယ်တိုင် ကားခေါင်းပေါ်မှာလိုက်လာမှ ငှားမယ်"ဆိုလို့ ကျနော်ကိုယ်တိုင် ကားပေါ်ပါလာရသဗျ။ ဖူးခက်မြို့ဝင်ကာနီးမှ ကိုရွှေဒရိုင်ဘာက မမောင်းရဲပါဘူးဆိုလို့ ကျနော်ကိုယ်တိုင်မောင်းဝင်လာတာဗျ။
ကျနော့်ကားပေါ်က ပစ္စည်းတွေကို စစ်ဆေးပြီးတော့ ဆာရက်ဆင်ရဲစခန်းရှိရာကို မောင်းခိုင်းသဗျ။ စခန်းမှာ တာဝန်ကျနေ တဲ့ရဲဗိုလ်မှူးနာမည်က ချင်ချိုင်း(ယခု ဖူးခက်ရဲချုပ်)တဲ့ဗျ။ ထိုင်းစကားမပီတပီ၊အင်္ဂလိပ်စကားတစ်လုံးစနှစ်လုံးစညှပ်၊ခြေဟန် လက်ဟန်တွေနဲ့ အပြန်အလှန်ပြောနေကြရင်း ငါးမိနစ်လောက်အကြာမှာ ထိုင်းရဲမှူးဟာ ကျနော်ပစ္စည်းတွေကို သိမ်းဖို့အမှု ဖွင့်ဖို့ အစီအစဉ်မရှိပဲ ကျနော်ဘယ်လောက်ပေးနိုင်သလဲဆိုတာ တီးခေါက်နေမှန်း ကျနော်ရိပ်မိလာတယ်။ဒီမှာတင် ချင်ချိုင်း ဟာ စခန်း ထဲမှာ အဆင်သင့်ရှိနေတဲ့ မွန်လူမျိုးဗမာအလုပ်သမားတစ်ယောက်ကိုခေါ်ထုတ်လာပြီး သူပြောတာကို လုံးစေ့ ပတ်စေ့ ဘာသာပြန်ခိုင်းသဗျာ။ဒီတော့ ကျနော်က "ရဲမှူး၊ကျနော့်အခက်အခဲကို ကူညီစေချင်ပါတယ်။ ကျနော့်ဖက်ကလည်း အဆင်ပြေအောင် တတ်နိုင်တာဆောင်ရွက်ပေးပါ့မယ်"ဆိုတဲ့ စကားကို စကားပြန်မွန်အလုပ်သမားလေးကတဆင့် ဘာသာ ပြန်ခိုင်းလိုက်တော့ ရွှေကိုယ်တော်၊ ချက်ချင်းလက်တန်း ဘာသာပြန်လိုက်တာက "ထောက်လိုင်ခပ် (ဘယ်လောက် ပေးရမလဲခင်ဗျာ)"တဲ့။ ကောင်းကြရောပေါ့ဗျာ။ကျနော်က ချက်ချင်းဆိုသလို "ဟေ့ကောင်၊ထောက်လိုင်တော့ ငါလည်းသိ တယ်လေ။ ငါပြောချင်တာက သူကအရာရှိမို့ယဉ်ယဉ်ကျေးကျေးအသုံးအနှုန်း သုံးချင်တာ"လို့ပြောမိတော့ .. "အကိုပြောတာတွေကို အားလုံးပေါင်းလိုက်ရင် ဘယ်လောက်ပေးရမလဲ"လို့ အဓိပ္ပါယ်ထွက်တာပဲမဟုတ်လားတဲ့။
နောက်ဆုံးတော့ ရဲဟာရဲပါပဲဗျာ။ အဲဒီထောက်လိုင်ခပ်နဲ့ပဲ ဘတ်နှစ်သောင်းနဲ့ညှိနှိုင်းပြေလည်းလွတ်မြောက်လေသတည်း ဆိုပါစို့။ ကျနော့်ရဲ့ထီးဟန်နန်းဟန်ဆန်ချင်မှုကြောင့် ထော်လော်ကန့်လန့်ဖြစ်ရတဲ့ စကားပြန်အတွေ့အကြုံတစ်ခုလည်း ရှိသေးတယ်ဗျ။ ကျနော်ရဲ့ဆက်ဆံရေးအသိုင်းအဝန်းဟာ ဖူးခက်မှာ တစ်စတစ်စ ကျယ်ပြန့်လာလိုက်တာ ဖူးခက်ရဲ့ မြို့တော် ဝန် မစ္စတာ ထရီးဟာ ကျနော့်အိမ်ကိုလာလည်တဲ့အဆင့်ရောက်လာသဗျ။
မစ္စတာထရီးဟာ အမေရိကန်နိုင်ငံမစ္စစ္စီပီတက္ကသိုလ်ကနေ မဟာဘွဲ့ရလာပေမဲ့ အလေ့အကျင့်မရှိလို့လား မဆိုနိုင်ဘူး။ သိုး ဆောင်းဘာသာနဲ့ စကားပြောရမှာတော့ အတော့်ကိုညံ့တယ်ဗျာ။မြို့တော်ဝန်ကျနော့်အိမ်လာလည်တာက ဗမာပြည်မှာ ထုလုပ်တဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို သူ့အိမ်မှာ ကိုးကွယ်ချင်တဲ့ကိစ္စဗျ။ သူ့အပြောအရတော့ ဆင်းတုတော်ချင်းတူရင် တောင် ဗမာဘုရားက ရာထူးတိုးအောင်၊ကျန်းမာအောင်၊စီးပွားလာဘ်လာဘရွှင်အောင်ပိုစွမ်းနိုင်သတဲ့။ထိုင်းလူမျိုးအတော် များများဟာ ဂမ္ဘီရဆန်ဆန် အင်းအိုင်ခလှဲ့လက်ဖွဲ့အဆောင်တွေကို စိတ်ဝင်စားကြတတ်သဗျ။မြို့တော်ဝန်ဟာ သူရဲ့ အိမ်စီး ကားလေးနဲ့ ကျနော်အိမ်ကို မနက်ဆယ်နာရီလောက်မှာ မထင်မရှားပေါက်ချလာတာမို့ ကျနော်နဲ့ခင်မင်ရင်းနှီးနေတဲ့ ထားဝယ်အလုပ်သမားလေးတစ်ယောက်ကို စကားပြန် လုပ်ပေးဖို့ အကူအညီတောင်းရတာပေါ့။ထားဝယ်အလုပ်သမား လေးရဲ့ သူ့ကိုယ်သူ အမွှန်းတင်ချက်အရ သူဟာ ထိုင်းမှာ အနှစ်နှစ်ဆယ်နီးပါးနေခဲ့တာမို့ ထိုင်းစကားကို မွှတ်နေအောင် ပြောတတ်ဆိုပဲ။
ကျနော်က ထားဝယ်လေးကို သေချာမှာထားရတယ်။ "အခုရောက်နေတာ ဖူးခက်မြို့တော်ဝန်နော်။ရိုရိုသေသေလေးလေး စား ဆက်ဆံပါ။ဘာသာပြန်ပါ"ဆိုတော့ ရပါတယ်အန်ကယ်ရာတဲ့ဗျာ။ ဒါဆိုလည်း "မြို့တော်ဝန်ကြီး အထဲကို ကြွပါခင်ဗျာ။ တည်ခင်းထားတဲ့ အစားအသောက်တွေကို သုံးဆောင်ပါခင်ဗျာ"ဖိတ်မန္တက ပြုပေတော့ကွာလို့လည်း စကားပြန် လုပ်ခိုင်းလိုက်ရော မဟာပညာကျော် ဖိတ်ခေါ်လိုက်ပုံက .....
"ဖိခပ်။ မာ မာ မာ၊ ကင်ခပ် ၊ကင်ခပ်(အကို၊လာပါလာပါ။ စားပါစားပါ)"တဲ့ဗျား။ကျနော်ဘယ်လိုမှ ဘရိတ်အုပ်လို့မမီတော့ပါ ဘူး။ကျနော်သူ့ကို အထွန့်တက်ပြန်ရင်လည်း "ကြွပါ"ဆိုတာ ထိုင်းလို "မာ၊မာ(လာ၊လာ)"၊သုံးဆောင်ပါဆိုတာ "ကင်၊ကင် ဆိုတာ(စား ၊ စား)"ဆိုပြီး သူဖြေ ရှင်းတော်မူမှာကို ကျနော်သိလိုက်ပါပြီ။တကယ်တော့ ထိုင်းဘာသာမှာလည်း မြန်မာစကားလို ဒူးနေရာဒူး၊တော်နေရာတော် ခန့်ခန့်ငြားငြားယဉ်ယဉ်ကျေးကျေးသုံးတဲ့ အသုံးအနှုန်းတွေရှိပါတယ်။ဥပမာ ကြွပါဆိုပါတော့ ၊ထိုင်းအဆင့်မြင့်စကားနဲ့ "ချွန်ဝ်ခပ်"၊သုံးဆောင်ပါဆိုရင်လည်း "ရပ်ပထန်ခပ်"ဆိုတာမျိုးတွေပေါ့။
သေချာစဉ်းစားကြည့်မိပြန်တော့ ဒီကလေးတွေကိုလည်း အပြစ်တင်လို့မဖြစ်ပြန်ဘူးဗျ။ သူတို့အဖြစ်က လေးတန်းမအောင်ပဲ တက္ကသိုလ်ဝင်ခွင့်ဖြေခွင့်ရနေသူတွေနဲ့တူနေတယ်။ ဗမာရွေ့ပြောင်းအလုပ်သမားအများစုဟာ စားဝတ်နေရေးကျပ်တည်း လှတဲ့ မြို့ကြီးပြကြီးနဲ့ဝေးလံသီခေါင်လှတဲ့ အရပ်ဒေသကနေ ရောက်လာကြတာကိုး။အများစုဟာ ပညာရေးအခြေခံလည်း ဟုတ်ဟုတ်ငြားငြား မရှိရှာကြဘူး။ရန်ကုန်မြို့တောင်မရောက်ဖူးတဲ့ ရွှေကိုယ်တော်များဟာ ဖူးခက်လို ခေတ်မီခရီးသွား မြို့ကြီးမှာ အထိုက်အလျောက်လစာဝင်ငွေလေးနဲ့ ကိုယ့်ကိုယ်ကို ကျမ်းကြီးပေါက်လူလည်စာရင်းသွင်းလိုက်ကြပြီး မိုဘိုင်းဖုန်းကိုယ်စီနဲ့ ကိုဖိုးသိ၊ဒေါ်တတ်ပတွေဖြစ်ကုန်ပါရောဗျာ။သူတို့ဟာ သူတို့လုပ်ကိုင်နေတဲ့ ပတ်ဝန်းကျင်ကျဉ်းကျဉ်း လေးထဲမှာ အရာရောက်နေကြပြီး ကျယ်ဝန်းလှတဲ့လောကကြီးနဲ့ အဆက်ပြတ်နေကြဟန်တူပါရဲ့။ ဖူးခက်မှာ အနှစ်နှစ် ဆယ်နီးပါးနေသားကျပြီး ဟင်းသီးဟင်း ရွက်ဒိုင်တစ်ခုမှာသူဌေးလူယုံလိုဖြစ်နေတဲ့ ထားဝယ်မလေးတစ်ယောက် ဟာ ထိုင်းစကားကို ထိုင်းလူမျိုးလို့ ထင်ရအောင်တော့ ပြောတတ်ပါရဲ့။ဒါပေမဲ့ "စိန်နဲ့ပတ္တမြားကို ထိုင်းလို ဘယ်လိုခေါ်သတုန်း"လို့ စကား မစပ်မေးမိတော့ ခမျာ မသိရှာဘူးဗျာ။
ဗျာ။ ကျနော်ကြုံခဲ့ရတဲ့ဒုက္ခ ဒါတင်ပဲလား။ဟုတ်လား။ အမလေး၊ အခုမှနိဒါန်းချီတုန်းဗျ။ရုပ်ရှင်ဇာတ်ကားကြီးမပြခင် နမူနာ အနေနဲ့ ထွေလာထိုးပြတဲ့ အပိုင်းတိုလေးတပိုင်းဆိုပါတော့။ ပြောပါ့မယ်ဗျ။ ခင်ဗျားနှယ်လောချက်။