မင်းဒင်ရဲ့သက်ခိုင်(၂)
၁၂။၀၂။၂၀၁၄နေ့ထုတ်ဆဲဗင်းဒေးဂျာနယ်
ဘက်တူရင်လူမရွေးတဲ့ တက်လူကလေးသက်ခိုင်
သူကျင်လည်ခဲ့လေသော လူဂုဏ်တန်သူဌေးသူကြွယ်တို့၏ အကြောင်းမှသည် သူ့ဇာတိရပ်ရွာအကြောင်းဘက်သို့ စကားလမ်းကြောင်း ပြောင်းလိုက်ချိန်တွင် ကိုသက်ခိုင်၏ အသံသည် အတန်ငယ်တိမ်သွားဟန်ရှိသည်။သူ့မျက်လုံးအစုံသည် ကျနော့်မျက်နှာကို တည့်တည့် ကြည့်ရာမှသည် အဝေးဆီသို့ ရွေ့လျားသွား၏။ကျနော်တို့ထိုင်နေရာ ဇရပ်ငယ်မှာ ဓာတ်ဆီဆိုင်ဝင်းအတွင်းတွင်တည်ရှိသည်ဖြစ်၍ မလှမ်းမကမ်းရှိ ဓာတ်ဆီပန့်များတွင် ဆီဝင်ဖြည့်သည့် ကားကြီးကားငယ်တို့ ဥဒဟိုဝင်ထွက်နေကြသည်။
ထိုင်းနိုင်ငံတနံတလျားရှိ ဓာတ်ဆီဆိုင်တိုင်းလိုလိုသည် ကျယ်ဝန်းသောမြေကွက်လပ်များတွင် ဆောက်လုပ်ထားကြပြီး နားခိုရန်ဇရပ် ငယ်နှင့် သန့်ပြန့်သောကိုယ်လက်သန့်စင်ခန်းများလည်းရှိသည်။ကော်ဖီဆိုင်၊ မီနီမတ်ကက်နှင့် ဆဲဗင်းအလဲဗင်းကဲ့သို့ စုံစီနဖာ ရောင်း သည့် ဆိုင်များတွဲဘက်ဖွင့်လှစ်ထားကြသည်။
ထိုင်းနိုင်ငံက ဓာတ်ဆီဆိုင်များတွင် သတ်မှတ်ဈေးနှုန်းဖြင့် အချိန်မရွေးနေရာမရွေး လိုသလောက်ဝယ်ယူနိုင်သည်။ ကျနော်သိ သလောက် ထိုင်းနိုင်ငံတွင်ဖြန့်ဖြူးနေသော ဓာတ်ဆီများမှာ သဘာဝဓာတ်ငွေ့မှသည် Gasoline ခေါ်ဓာတ်ငွေ့ရည်ဖြစ်အောင် ဖန်တီး ထားခြင်းဖြစ်သည်ဟုဆို၏။ Gasoline ထုတ်လုပ်သည့် သဘာဝဓာတ်ငွေ့ရာခိုင်နှုန်းအများစုသည် မြန်မာပြည်မှ ဝယ်ယူတင်သွင်း ခြင်းဖြစ်လေသည်။လျှပ်စစ်ဓာတ်အားရာခိုင်နှုန်းအများစု ထုတ်လုပ်ရာတွင်လည်း သဘာဝဓာတ်ငွေ့ကိုသာ၊အဓိကထား၍သုံးလေရာ ထိုင်းနိုင်ငံတလွှား အသုံးပြုနေသော လျှပ်စစ်ဓာတ်အားပမာဏ၏ခြောက်ဆယ်ရာခိုင်နှုန်းခန့်သည် မြန်မာပြည်ထွက်သဘာဝဓာတ်ငွေ့ များမှ မြစ်ဖျားခံသည်ဟု ကျွမ်းကျင်သူတချို့က ဆိုသည်။ကိုသက်ခိုင်တစ်ယောက်အာရုံပြောင်းလိုပြောင်းငြား ကျနော်စကားမရှိ စကားရှာ လိုက်မိသည်။
"ဟေ့လူ ကိုသက်ခိုင်။ ထိုင်းက ဓာတ်ဆီတွေဟာ သဘာဝဓာတ်ငွေ့ကနေ လုပ်တာဆိုဗျ"
"ကျနော်လည်း အဲသလိုပဲကြားဖူးတယ်ဗျ။ အေးဗျာ။ မဆလခေတ်တုန်းက အမေရိကန်ရေနံကုမ္ပဏီတစ်ခုဟာ မြန်မာ့ပင်လယ်ပြင်မှာ ရေနံရှာတော့ ရေနံမတွေ့ပဲ သဘာဝဓာတ်ငွေ့တွေပဲ တွေ့ဖူးသတဲ့။နောက်ဆုံးတော့ မတော်တဆမှုပေပဲလား။သို့တည်းမဟုတ် အမေရိ ကန်ကုမ္ပ္ပဏီနဲ့ဗမာအစိုးရအကြား၊နားလည်မှုလွဲရာကနေ ပြဿနာတစုံတစ်ရာရဲ့နောက်ဆက်တွဲများဖြစ်လေသလားတော့မဆိုနိုင်ဘူး။ အဲဒီမြန်မာ့ကမ်း လွန်ရေနံအစမ်းတွင်းဟာ ရုတ်တရက်မီးလောင်ပေါက်ကွဲပြီး နိဂုံးချုပ်ခဲ့ဖူးတယ်ဗျ။အချက်အလက်အသေးစိတ်ကို ကျနော်မသိပေမဲ့ အဲဒီရေနံအစမ်း တွင်း မီးလောင်နေတဲ့ပုံကို အဲဒီကာလထုတ်တဲ့ သတင်းဂျာနယ်တွေမှာ ဖော်ပြခဲ့တာ အခုထက်ထိ ကျနော်မှတ်မိနေတယ်"
"ဘဘာဝဓာတ်ငွေ့တွေ တွေ့ပြီးသားဆိုတော့ အမေရိကန်တွေ နစ်နာကုန်တာပေါ့ ဒီလိုလား"
"ဘယ်သူနစ်နာသလဲဆိုတာယတိပြတ်တော့မဆိုနိုင်ဘူး။အဲဒီခေတ်ကာလက သဘာဝဓာတ်ငွေ့တွေဟာ ဈေးကွက်ရှိဟန်မတူဘူး။ သဘာဝဓာတ်ငွေတွေ့ကို နေရာတချို့မှာ ဒီအတိုင်းမီးရှို့ပြီး ထားတဲ့ မီးတောက်ကြီးတွေ ကျနော်မြင်ဖူးတယ်။ကျနော့်စိတ်ထင် ရန်ကုန် အင်းစိန်လမ်း၊အုတ်ကျင်းအလွန် သမိုင်းလမ်းဆုံမရောက်ခင် ရေမြောင်းကြီးနားမှာလို့ထင်မိတယ်။ခုတော့ သဘာဝဓာတ်ငွေ့ ကနေ နည်းပညာအသစ်တမျိုးနဲ့ Gasoline လို ဓာတ်ဆီတမျိုးဖြစ်အောင် လုပ်နိုင်ပြီမို့ သဘာဝဓာတ်ငွေ့ဟာ ရွှေဖြစ်လာတာ ပေါ့ဗျာ။ သဘာဝ ဓာတ်ငွေ့ရွှေလိုတန်ဖိုးရှိတဲ့အချိန် မြန်မာပြည်ထဲမှာ ဓာတ်ငွေ့သိုက်တွေ တစ်သီတစ်တန်းကြီးရှာတွေ့တော့ ရတနာပုံဆိုက်ကိန်း ဝင်ကုန်တာပေါ့ဗျာ။မြန်မာပြည်သူလူထုအတွက် ဟုတ်မဟုတ် တော့ မသေချာလှဘူး။ခင်ဗျားဘာသာဆက်တွေးပေတော့"
''နေပါဦးဗျ။ သဘာဝဓာတ်ငွေ့ကနေ ဓာတ်ဆီထုတ်နိုင်တာ မကြာလှသေးဘူးထင်မိတယ်"
"သေချာတာပေါ့ဗျာ။ ဒီနည်းပညာကို STG+(Syngas to Gasoline Plus)လို့ခေါ်သတဲ့ဗျ။ စတင်တွေ့ရှိတာကကတော့အမေရိကန်တွေပဲ။ တွေ့တာလည်း ဆယ်စုနှစ်ဝန်းကျင်လောက်ပဲရှိအုံးမယ်။အခု ကျနော်တို့မျက်စိရှေ့က ဓာတ်ဆီဆိုင်မှာရောင်းနေတဲ့ Gasoline 91တို့ 95 တို့ဆိုတာ ဗမာပြည်ကတင်သွင်း လာတဲ့ သဘာဝဓာတ်ငွေ့တွေကနေ ထုတ်တာပေါ့ဗျ။ ဒီနည်းပညာကိုအမှီပြုပြီး အဆမတန်ချမ်းသာ ကုန်ကြတာကတော့ အာရပ်အာဏာရှင်တွေပေါ့။ဒါတင်မကသေးဘူး ။ ဒီဓာတ်ဆီဆိုင်မှာ ဓာတ်ဆီရောင်း နေတဲ့ဝန်ထမ်းတွေလည်း ဗမာအလုပ် သမားတွေပါပဲဗျာ။ ဒီဆိုင်က ပန့်ကိုင်နေတဲ့ဝန်ထမ်းကလေးနှစ်ယောက်ဆို ကျနော့်တို့ရွာနဲ့သိပ်မဝေးတဲ့ ရွှေပန်းတောက ဆိုလား"
"အာ၊သေချာမှလည်း လုပ်ပါဗျာ။ ဓာတ်ဆီပန့်ကိုင်တဲ့ ဝန်ထမ်းက ဗမာဖြစ်နိုင်ပါ့မလား။သူတို့ပြောနေပုံကတော့ တကယ့်ထိုင်းလူမျိုး စစ်စစ်တွေလိုပဲ"
"ဟုတ်သမှ ဟုတ်ဟုတ်၊ ဟုတ်ဟုတ်နဲ့တောင်နေသေးဗျာ။ ထိုင်းလဝက ရန်ကြောင့် "ထိုင်းယောင်ဆောင်သော အညာသား"တွေ ဖြစ်ကုန်ကြတာပေါ့။ ဓာတ်ဆီပန့်ကိုင်တဲ့ အဆင့်တောင်မဟုတ်ဘူး။တချို့ဆို နာမည်ကြီးဟိုတယ်တွေရဲ့ မန်နေဂျာအဆင့်မှာတောင် မြန်မာတွေရှိပါ့ဗျာ။ တိုင်းပြည်အတွက်ဆိုတဲ့ ခေါင်းစဉ်နဲ့အကျယ်ချဲ့တွေးမိလို့ကတော့ ညညတောင် အိပ်ပျော်နိုင်စရာ မရှိဘူး။ တကယ့်အရွယ် ကောင်းအား ကောင်းမောင်းသန်တွေ၊ထက်မြက်တဲ့သူတွေလည်း ပါပါ့ဗျာ။ဟိုးလွန်ခဲ့တဲ့ နှစ်အစိတ်ဝန်းကျင်ကတော့ ထိုင်းဘက် ကိုရောက်လာကြတဲ့ ဗမာအများစုဟာ ထိုင်းနယ်စပ်တဝိုက်က မွန်ထားဝယ်လိုဗမာတိုင်းရင်းသားတွေများ ပါတယ်။ ခုကာလမှာတော့ ကျနော့်ဇာတိရွာဘက်ဆီ ကတောင် ထိုင်းကို အိမ်ဦးနဲ့ကြမ်းပြင်လိုဖြစ်ပြီး ရောက်လာကုန်ကြပြီဗျာ။အေးဗျာ ကျနော့် ဇာတိရွာနဲ့ ပတ်သက်လို့ ကျနော့်မှာ နာကျည်းစရာ အတိတ်ဆိုးတွေရှိသခဲ့သလို လွမ်းမောစရာတွေလည်းအများကြီးပါပဲ။ အထူးသဖြင့် ကျနော့်ရွာသားတွေ၊ ကျနော့်အမျိုးတွေ ထိုင်းနိုင်ငံအနှံ့မှာ ကျပန်းအလုပ်သမားတွေ အဖြစ်ရောက်လာကုန်ကြတဲ့အဖြစ်ဟာ ကျနော့်ကို အိပ်မက်ကနေ လှုပ်နှိုး လိုက်သလိုပါပဲ "
အလုပ်ပါးသောနေ့ဖြစ်သည့်အပြင် နံနက်ကိုးနာရီဝန်းကျင်ခန့်အချိန်သာရှိသေးသဖြင့် ကိုသက်ခိုင်၏ ဇာတိရွာဇာတ်ကြောင်း နားထောင် နိုင် ရန်အခွင့်သာလျက်ရှိလေရာ သူ့စကားစကို သူ့စိတ်ကြိုက်ရှေ့ဆက်နိုင်ရန် ကျနော်လမ်းဖွင့်ပေးလိုက်ပါသည်။
"အင်း၊ဒါဆိုလည်း စောစောက ခင်ဗျားပြောလက်စ ကိုသက်ခိုင့်ရွာအကြောင်း၊ ပြန်ဆက်ပါအုံးဗျ"
နတ်မောက်နယ်တဝိုက်က ရွာတွေဟာ ပုဂံအပျက်မှာ နတ်မောက်မိဘုရားက သူ့နောက်လိုက်တွေနဲ့အတူ ပြန်လာပြီး အခြေချရာကနေ အစပြုတယ်ဆိုတာကို ထည့်စဉ်းစားရင် ကျနော်ဇာတိရွာမှိုက်ပင်ဟာ ပုဂံအပျက်မှာစပေါ်လာသလားမဆိုနိုင်ဘူး။ဒါအပြင်နောက်ထပ် စဉ်းစားစရာတစ်ခုရှိနေတာက ရွာနဲ့မလှမ်းမကမ်းမှာ ရှိနေခဲ့တဲ့ အင်ကြင်းငုတ်တိုတွေကြောင့်ဗျ။ အင်ကြင်းကျောက်ဖြစ်ဖို့ဆိုတာ နှစ်ပေါင်း သန်းချီကြာရိုးသာမှန်ရင် ကျနော်တို့ရွှေပင်ရွာရဲ့သက်တမ်းဟာ နှစ်သန်းချီကြာပြီပြောရမှာပဲဗျ။ ဟုတ်တယ်လေ။ အဲဒီအင်ကြင်းငုတ်တွေ မှာ ထင်ထင်ရှားရှားမြင်နေရတဲ့ ပုဆိန်ရာလိုလို ဒါးရာလိုလို ခုတ်ထစ်ထားတာတွေဟာ လူတွေအခြေကျနေထိုင်ခဲ့လို့ပေါ့။ရွာက သက်ကြီး ရွယ်အိုတော်တော်များများကို ကျနော်စပ်စုကြည့်မိသလောက် ဒီရွာဘယ်ကာလက စတည်ဖြစ်ခဲ့တယ်ဆိုတာ ပြောနိုင်တဲ့သူ တစ်ယောက် မှ မရှိဘူးဗျ။ ဒါကြောင့် ပုံပြင်တွေထဲကလို ဟိုးရှေးရှေးတုန်းကလို့သာ ပြောရတော့မယ်ထင်ပါရဲ့။နေဦးဗျ။ ကျနော်ဖတ်ဖူးတဲ့ (ကင်္ခါဋီကာ သစ်)မှာ ဈေး၊တံတိုင်းနှစ်ပါးမရှိသော အရပ်သည် ဂါမမည်၏။ဈေးသာရှိ၍ တံတိုင်းမရှိသည်ကား နိဂမ မည်၏။တံတိုင်း၊ဈေးနှစ်ပါးရှိသည် ကား နဂရဖြစ်၏ တဲ့။ကျနော်တို့ရွာကတော့ ဈေးဆိုလို့ ကြီးဒွေးတို့ဈေးဆိုင်သာရှိပြီး ရွာပတ်ပတ်လည်ကို ဆူးခက်တွေ၊ပိုင်းတန်းတွေ ကာ ရံထားကြတာကြောင့် ဘယ်လိုခေါ်ရမှန်းတောင်မသိတော့ပါဘူးဗျာ။
ကျနော်သတိထားလေ့လာမိသလောက် ရွာတည်ခဲ့တဲ့ကာလရှည်လျားသလောက် ရွာသူရွာသားတွေဟာ ခေတ်အဆက်ဆက် ထီးရိပ် နန်းရိပ်နဲ့ ခပ်ကင်းကင်းနေခဲ့ကြပုံရတယ်။ အင်္ဂလိပ်ခေတ်မှာကော၊ဒီဘက်ခေတ်မှာကော ထို့နည်းလည်းကောင်းပါပဲ။မှိုက်ပင်ကော အနီးချုပ်စပ်ကရွာတွေထဲမှာပါ ဘုရင်ခေတ်မှာသူကောင်းပြုခံရဖူးတယ်။ နန်းသုံးတော်ကောက် အရာရောက်ဖူးတယ်ဆိုတဲ့ မှတ်တမ်း မျိုးကြားတောင်မကြားဖူးဘူးဗျာ။
ကျနော်တို့နယ်တရိုးက ရွာနာမည်တွေဟာရွာရဲ့သမိုင်းကြောင်းဘယ်လိုဆက်စပ်တယ်ဆိုတာ ခွဲခြားနိုင်တဲ့ အရပ်သီအိုရီတစ်ခုလည်း ရှိသေးတယ်ဗျ။ ရွာနာမည်မှာ တော၊တန်း၊စမ်း၊အိုင့် ဆိုတာတွေပါနေရင် ရွာအိုတဲ့။ မပါတဲ့ရွာဆိုရင် နေပြည်တော်နဲ့ အဆက်ရှိတဲ့ ရွာတဲ့ဗျ။ဆိုလိုရင်းကတော့ဗျာ။ ရွာနံမယ်က တောတွေ ၊ အပင်တွေ ၊ စမ်းတွေကို အစွဲပြုပြီး ဖြစ်နေရင် အဲဒီရွာကို သမိုင်း မတင်တဲ့ရွာ၊ ယာမြေ၊ တောမြေ ၊ စိမ့်စမ်းကောင်း လို့ စုဖွဲ့နေရင်း တဖြည်းဖြည်းအိမ်ခြေများလာတာလို့ ယူဆတယ်။ ရုံးတော၊ မှိုက်ပင်၊ ညောင်ကျပ်ပင်၊ ဖားငစမ်း၊ဝါးကြီးအိုင့်၊ဖန်းခါးပင်၊မကျည်းတန်းတို့လို ရွာမျိုးတွေပေါ့။ ထူးခြားတဲ့ နံမယ်ရှိနေရင်တော့ မင်းသားတွေ ၊ နယ်ပယ်စားတွေ ၊ မင်းနေပြည်တော်ကနေ ပုန်ကန်ဖို့ ထွက်လာတဲ့ မင်းဆွေ ၊မင်းမျိုးတွေတည်တဲ့ ရွာလို့ ယူဆကြတယ်။မင်းမနော်၊ငွေလေး၊နားကျ၊ သက်ဝင်၊နဂါးတို့လို ရွာနာမည်တွေပေါ့။
ရွာမှာ ထူးခြားချက်တွေ တော့ရှိလေရဲ့။နှစ်ဝမ်းကွဲသုံးဝမ်းကွဲအမျိုးချင်းပြန်ပေးစားတဲ့ ဓလေ့ထုံးစံတချို့ကို ကျနော်ငယ်ငယ်က ကြားခဲ့ဖူး တယ်။အခု ခင်ဗျားကို ကျနော်စကားပြောနေတဲ့အချိန်ထိ မှိုက်ပင်ဟာ ပြင်ပကမ္ဘာကြီးနဲ့ထင်သလောက် မချိတ်ဆက်မိ သေးဘူးဗျ။ အေးလေ၊ရွာလည်မှာ အသံချဲ့စက်တစ်လုံးချိတ်ပြီး သာမှုနာမှုနဲ့ ဆက်သွယ်ရေးကိစ္စတွေ ဒိုင်ခံလုပ်နေတဲ့ဓလေ့ထုံးစံ ပျောက်တာတောင် ငါးနှစ်မပြည့်သေးဘူးဗျ။ရွာသားတွေရဲ့ ပင်ကိုယ်စရိုက်ကိုကလည်း ကိုယ့်ယာကိုယ့်ချောင်းကိုယ် ဓားမဦးချလုပ်ပြီး အေးအေးလူလူ နေချင်ကြတဲ့ သူများတယ်။ရွာမှာ ဖြစ်တဲ့ အမှုအခင်းတော်တော်များများဟာ သူကြီးအဆုံးအဖြတ်နဲ့ ပြီးတတ်ကြချည်းပါပဲ။
ခုကာလအထိ ရွာကိုရဲ(ပုလိပ်)ဝင်တယ်ဆိုတာ တကယ့်ကိုကြုံတောင့်ကြုံခဲကိစ္စ။ ကြုံတုန်းမို့ ပြောရအုံးမယ်။မှိုက်ပင်ရွာကို ရဲ(ပုလိပ်) ဝင်အောင် လက်မွန်မဆွ ဦင်္းစွာပထမဖန်တီးခဲ့သူကတော့ ကျနော်ကိုယ်တိုင်ပဲဗျာ။
ဟုတ်တယ်။(၁၉၇၅)ဝန်းကျင်ကျနော်ဆယ့်ခုနစ်နှစ်သားလောက်ကပေါ့။ကျနော့်အကိုအကြီးဆုံးအရွာပြန်လည်တုန်း လမိုက်ညတစ်ရက် သား သံဒုတ်နဲ့ချောင်းရိုက်ခံရပြီး အသည်းအသန်လူနာအဖြစ်နဲ့နတ်မောက်ဆေးရုံတင်ရတုန်းပေါ့။အဖေဆုံးပါးသွားပြီးကတည်းက အကိုကြီးလုပ်သူဟာ ကျောင်းစာ ဘက်စိတ်ကုန်တယ်ထင်ပါရဲ့။ မှိုက်ပင်ချည်းစွပ်ကယ်စွပ်ကယ်ပြန်နေရာကနေ လက်သည်မပေါ်ပဲ ဘာကိစ္စကြောင့်မှန်းမသိ အရိုက်ခံရတာဗျ။ရွာထဲမှာပဲ ကျိတ်ပြီးကုနေရာကနေ မသက်သာပဲနတ်မောက်ဆေးရုံတင်ရတော့ အမေ့ညီမဒွေး လေးမစန်းဆီကနေ "ညည်းသား အသက်မီချင် အမြန်လာ"ဆိုတဲ့ ကြေးနန်းရောက်လာပါလေရော။ အမယ် ကြေးနန်းစာမှာ "သက်ခိုင်ကို ခေါ်မလာနဲ့"ဆိုတဲ့ စာသားလည်း ပါသေးဗျာ။ကျနော့်ဇနဲ့တဇွတ်ထိုးဉာဉ်အကြောင်း ပန်းသတင်းလေညှင်းဆောင်ပြီး ရွာအထိရောက်နေ ခဲ့ထင်ပါ့။
အမေကတော့ ကျနော်ဖတ်ပြတဲ့ကြေးနန်းစာလည်းဆုံးရော ငိုမဲ့မဲ့အသံနဲ့"ဟောတော်၊ဒါကဘာသဘောတုန်း။ငါ့မှာအားကိုးစရာဆိုလို့ သက်ခိုင်ပဲရှိတာ။ သူ့မခေါ်လို့ ရွာကို ငါဘယ်လို ရောက်ပါ့မတုန်း။ငါ့သားလိုက်မှကို ဖြစ်မှာ"ဆိုပြီး နီးရာရထားပေါ်တက်လာလိုက်တာ ဘယ်လိုရွာရောက် မှန်းတောင် ပြန်စဉ်းစားမရတော့ ပါဘူး။ သေချာပေါက်မှတ်မိနေတာကတော့ သားမြားဘူတာကနေ လှည်းနဲ့ကြိုလာ ပြီး ဒွေးလေးမစန်း အိမ်ဝင်ပြီး အထုတ်အပိုးမချရသေးခင် သူကြီးဦးချစ်စိန်အခေါ်တော်ရှိသမို့ သွားလိုက်ရသဗျာ။
သူကြီးဦးချစ်စိန်က အသံခပ်သြသြဗလုံးဗထွေး စကားတွေပြောနေရာကနေ အမေ့ဆီ ပိုက်ဆံတချို့လှမ်းပေးရင်း "ရော့၊ခင်သန်း ။ ပိုက်ဆပ်သုံးထောင်၊ညည်းသားဆေးကုဖို့ ၊ရိုက်တဲ့ဆိုတဲ့ကလေးတွေက ပေးတာ။အရှည်အရှည်မဖြစ်နဲ့တော့"ဆိုပဲ။သူကြီးရှေ့မှာ ခပ်ယို့ ယို့လေးထိုင်နေတဲ့အမေဟာ ဆတ်ကနဲ ဖြစ်သွားပြီး ကျနော်ဘက်ကိုလှည့်ကြည့်ရင်း "ကျုပ်လာတာ ကျုပ်သားလွှတ်သည်းနေလို့ လာတာ ဘချစ်စိန်ရဲ့။ကျုပ်ကလေးဘယ်လိုနေတယ်ဆိုတာတော့ စမပြောဘူး။ပိုက်ဆပ်ထိုးပေးတာတော့ ကျုပ်လက်မခံနိုင်ဘူး"ပြောရင်းငိုပါလေရောဗျာ။ အမေ့ငိုသံလည်းကြားရော ကျနော်လည်း မခံချင်စိတ်က ငယ်ထိပ်ထိုးတက်သွားတာမို့ ပါလာတဲ့ အိတ်ထဲက သောင်းချီတဲ့ငွေတွေကို သူကြီးရှေ့ပစ်ချပြီး "ကဲပါဘကြီးရာ ရိုက်တဲ့ကောင်တွေသာ ဘကြီးခေါ်လိုက်ပါ။ ငါးထောင်ဖိုးစီလောက် ကျနော် ပြန်ရိုက်မယ်ဆိုပြီး"စွတ်တွန်းလိုက်တာ သူကြီးတရားစီရင်ခန်းပျက်ပါလေရောဗျာ။ဟုတ်ပါတယ်။ အဲဒီပြသနာဖြစ်ချိန်မှာ အမေ့ရဲ့ မဆုတ်မနစ်တဲ့လုံ့လ၊အားမာန်၊အမေ့ကျေးဇူးကြောင့် ကျနော်တို့ မိသားစုဟာအထိုက်အလျောက်ချောင်လည်တဲ့ဘဝကိုရောက်နေပါပြီ။
နောက်ပိုင်းမှသိရတာက အကိုကြီးအရိုက်ခံရတဲ့ကိစ္စရဲ့ စနက်ဟာ အမေ့မောင်အရင်း ဦးလေးကိုသာဒွန်းလက်ချက်ပါပဲ။တိုတိုပြောရရင် အမွေကိစ္စဆိုပါတော့။အမေ့မှာ မောင်တစ်ယောက်၊ညီမတစ်ယောက်ရှိတယ်။အမေကအကြီးဆုံး။ အမေ့အဖေကျနော့်အဖိုးဆုံးတော့ ကျန်ခဲ့တဲ့ယာတွေချောင်းတွေမနည်းလှဘူး။အမွေခွဲတဲ့အခါ ဦးလေးကိုသာဒွန်းဟာ အပျိုကြီးဖြစ်တဲ့ဒွေးလေးမစန်းရဲ့ ဝေစုကို သူရမယ်လို့ မျှော်လင့် ထားတယ်။ ဒီအချိန်မျိုးမှာ ကျနော့်အကိုကြီးက ရွာပြန်ယာလုပ်မဲ့အပေါက်ချိုးတာမို့ ဒွေးလေးအမွေစု ကျနော့်အကိုကြောင့် လမ်းကြောင်း ပြောင်းသွားမှာကို စိုးရိမ်ပြီး တူအရင်းကို အပြတ်ရှင်းတဲ့ ဇာတ်လမ်းပေါ့ဗျာ။ ကျနော့်ဦးလေးကလည်း ဇတော့မသေးလှဘူး။ သူ့ခေတ်သူ့ အခါတုန်းက အမတော်ကြေးပြန်မဆပ်နိုင်တဲ့ကိစ္စကြောင့် ရွာအရှေ့တံခါးအနောက်တံခါး မင်းတုံး ဂလန့်ထိုး၊ ပိတ်ထား တာကို ဒါးမကြီး တစ်ချောင်းခါးကြားထိုးသွားတဲ့ပြီး ရိုက်ဖျက်ပစ်ဖူးသတဲ့။"သာဒွန်းဖျက်တယ် မိုက်တဲ့ကောင်ထွက်"ဆိုတဲ့ လူစားမျိုး။
ကျနော်ဆိုတဲ့ကောင်ကလည်း ငယ်ကလည်းငယ်၊ရန်ကုန်မက္ခရာနယ်မြေလိုနေရာမျိုးမှာ ကြီးပြင်းလာတာကြောင့်ထင်ပါရဲ့။ တက်လူ ကလေးမို့ဘက်တူရင်လူမရွေးဘူးဆိုတဲ့ စိတ်မျိုးဝင်နေချိန်ပေါ့ဗျာ။ဦးလေးသောဘာသော နားမလည်ဘူး။ မတရားရင် ခေါင်းငုံ့မခံနိုင် ဘူးပေါ့။ တိုတိုဇာတ်လမ်းချုံ့ရရင် "ကိုရင်သက်ခိုင်၊ကိုရင့်ဦးလေးက လူ့တစွတ်ထိုးနော်၊သူ့ပေးစာကမ်းစာစားနေတဲ့ လက်မရွံ့တွေ အများကြီးဆိုပြီး အမျိုးတွေတားနေတဲ့ကြားထဲက ကျနော့်အကိုကိုချောင်းရိုက်တဲ့ရွှေကြည် ဆိုတဲ့မောင်ကို အရီလေးမအေးသိန်း အိမ်ဆင် ဝင်ပေါ်ကနေလှမ်းမြင်တော့ ငှက်ကြီးတောင်တစ်ချောင်းဆွဲပြီး လိုက်ခုတ်မိတဲ့အထိပေါ့ဗျာ။ဒါတင်မဟုတ်သေးဘူးဗျာ။ တရားခံအမှုတွဲ စိန်ကျော်မောင်ကိုလည်း ရွာလုံးကျွတ်ခြိမ့်ခြိမ့်သဲသဲ ဝင်နွှဲနေတဲ့ ကြက်ဝိုင်းထဲ နီးရာဒါးမတိုနဲ့ ဝင်ပိုင်းတဲ့အဖြစ်လည်း ရှိသေး။ ကျနော့် အရိပ်အခြည်ကြည့်ပြီး သတိနဲ့နေကြတာကြောင့် ဆိုးဆိုးဝါးဝါးဒဏ်ရာမရပေမဲ့ တရွာလုံး အုတ်အော်သောင်းနင်းဖြစ်ကုန် ကြရောဗျာ။ အဖေ့အမျိုးအမေ့အမျိုးတွေ အချင်းချင်းရန်စောင်ကုန်ကြပါလေရော။ ဒီမှာတင် သူကြီးဦးချစ်စိန်ကိုယ်တိုင် "သက်ခိုင်၊ ကိုရင်ရမ်းတာ တော်ပါတော့။ရှစ်ကြီးခိုးပါရဲ့။မင်းအမှုဖွင့်ချင်သပဆိုရင်နတ်မောက်ကိုကြွပေတော့။ဘကြီးစာရေးပေးပါ့မယ်"ဆိုတဲ့ကိန်းဆိုက်ရော။ဒီတော့ကျနော်လည်း လက်စွဲတော်ငှက်ကြီးတစ်ချောင်းဆောင်ပြီး နတ်မောက်တက်အမှုဖွင့်ဖြစ်တော့တာပဲ။ အမယ်၊နတ်မောက်ဂါတ်က ဂတ်စာ ရေးကြီးကလည်း "ငါ့တူလုပ်ပုံက ဓလေ့ထုံးစံကိုကျော်သလိုဖြစ်နေတယ်။ကိုယ့်သားအရင်းအရိုက်ခံရဖူးတာ ငတို့အရပ်ထုံးစံအတိုင်း ကျေအေးခဲ့ရတာပါပဲ"ဆိုပြီးရွှေပြည်အေးတရားဟောရင်း အချိန်ဆွဲလို့ နှစ်ရက်ကြာသေးဗျာ။ကျနော်ကလည်း တင်းခံပြီးခေါင်းမာနေ တယ်။ အဲ၊နတ်မောက်ဂါတ်မှာ အမှုဖွင့်ဖို့စောင့်နေတုန်း တွံတေးသိန်းတန်ဇာတ်အဖွဲ့ နတ်မောက်မှာ ပွဲသွင်းချိန်နဲ့ကြုံနေတော့ ပွဲကြည့်ပြီး စောင့် နေလိုက်ရော။
နောက်ဆုံးတော့ ခေါင်းမာလှတဲ့ကျနော့်ကို အလျော့ပေးပြီး အမှုဖွင့်လက်ခံလိုက်တာ ရွာထဲ ပုလိပ်ဝင်ပြီး တရားခံတွေကို ဖမ်းတော့တာ ပဲဗျာ။ရဲကိုမမြင်ဖူးတဲ့ တရားခံရဲ့ဆွေမျိုးမိန်းမဒွေတသိုက် အမေ့ကို ဝိုင်းတောင်းပန်ကြတော့ အမေကတော့ "ညည်းတို့ငါလာတောင်းပန် မနေနဲ့၊ငါ့မောင်လက်ချက်ဆိုတာ ငါသိတယ်။ ငါ့သား ကျေနပ် အောင်သာပြော"တဲ့ဗျ။ကျနော့်ဦးလေးလူရည်လည်ချက်က၊ ကျနော့်တို့ သားအမိကို ဇွတ်ထမင်းဖိတ်ကျွေးပြီး"ဦးလေးကိုတော့ အထင် မလွဲပါနဲ့"လုပ်သေးဗျာ။အမေ့ကိုလည်း "အမ၊နင့်သားကြည့်ပြော ပါအုံး။ကလေးက ကျုပ်ကို တမျိုးထင်နေတယ်"တဲ့။ သတိဆိုတာ ပိုတယ်မရှိဘူးဆိုတယ်မဟုတ်လား။ ဥာဏ်ကိုလွှာပြီးသုံးလိုက်ရသေး တယ်။ ထမင်းစားပွဲပေါ်က ရှိသမျှ ဟင်းတွေ ဦးလေး ကိုသာဒွန်း ပန်းကန်ထဲ "ဦးချတာပါ"ဆိုပြီး ဇွတ်ထည့်ပြီး အရိပ်အခြည်အရင်ကြည့် ရတာပေါ့ဗျာ။
နိဂုံးမှာတော့ ရွှေကြည်နဲ့စိန်ကျော်မောင် အမေ့ကိုဦးချကန်တော့၊ဆေးဖိုးဝါးခကုန်သမျှပေးတာကြောင့် အမှုပြန်ပိတ်ခဲ့ရောဆိုပါတော့။အခု တော့ ဦးလေးကိုသာဒွန်းလည်း ကွယ်လွန်ရှာပါပြီ။ မသေခင်လည်း ကျနော်တတ်နိုင်သလောက် ထောက်ပံ့ခဲ့ပါသေးတယ်။
အေးဗျာ။ ကျနော်ဟာ အမေ့သွေးရောအဖေ့သွေးပါ ပါနေပုံရတယ်ဗျ။ ကြမ်းချင်ရမ်းချင်တဲ့စိတ်နဲ့ နူးညံ့တဲ့စိတ်နှစ်စိတ် ရောနေလေရဲ့။ အဲ စွန့်စွန့်စားစားလုပ်ချင်စိတ်ကတော့ ကျနော့်အဖေဘက်က ပါတာဖြစ်နိုင်တယ်။ ဘာလို့တုန်းဆိုတော့ မှိုက်ပင်မှာရွာကို စွန့်ခွာ၊ မြို့တက်ပြီး ပထမဆုံးပညာသင်ထွက်ခဲ့သူဟာ ကျနော့်ဘကြီး ဦးလှစိန်ပဲဗျ။ကျနော်လူမှန်းသိတဲ့အချိန်မှာ ဦးလှစိန်ဆုံးပါးသွားတာ ကြာပြီမို့ အဖေ့ညီအကိုမောင်နှမတွေထဲမှာ ကျနော့်အဖေက အကြီးဆုံးလို့ ကျနော်ထင်နေခဲ့ပေမဲ့ မဟုတ်ဘူးဗျာ။ ဆွေစဉ်မျိုးဆက်ကိစ္စတွေ တစ တစလေ့လာကြည့်မိတော့ အဖေ့အကိုကြီးဆုံး ဦးလှစိန်ဟာ အသက်ဆယ့်ငါးနှစ်သားလောက်မှာ ကိုရင်ဝတ်နဲ့ မြင်းခြံပခုက္ကူမြို့တွေ တက်ပြီး စာဝါလိုက်ဘူးသတဲ့။ကိုရင်ဘွဲ့အမည်က ရှင်ဝါသဝတဲ့။ ကိုရင်ဘဝနဲ့စာသင်ချင်တယ်ပူဆာလွန်းလို့ ကျနော့်အဖွားဒေါ်ရွှေဘွဲ့ရဲ့ မောင် သူကြီးဦးချစ်ခိုင်တို့ လင်မယားက သင်္ကန်းစည်းပေးခဲ့တာဆိုပဲ။ပခုက္ကူမှာ ပထမကြီးတန်းအောင်ပြန်တော့ ရန်ကုန်ကိုတက်လာ တယ်။ရဟန်းဘောင်တက်တယ်။အလုံက နတ်မောက် ကျောင်းမှာ ဓမ္မာစရိယတန်းစာသင်သားဘဝ၊ ဒူလာကိုင်သွေးဝမ်းသွားတဲ့ ရောဂါနဲ့ ရန်ကုန်ဆေးရုံကြီးမှာ ဆွေမရှိမျိုးမရှိ။ သဂြိုဟ်မဲ့သူ မရှိပဲ ပိုင်ရှင်မဲ့အလောင်းအဖြစ်စခန်းသိမ်းခဲ့ရသတဲ့ဗျာ။
အဲဒီသူ့အကိုကြီးဦးလှစိန်ရဲ့ခြေရာကို နင်းပြီး သားသမီးတွေပညာရေးအတွက် ကျနော်တို့တမိသားစုလုံးကို ရန်ကုန်လိုမြို့ကြီးဆီ ဇွတ်ခေါ် ချလာတဲ့ မှိုက်ပင်သားတွေထဲမှာ ဒုတိယမြောက်စွန့်စားသူကတော့ ကျနော့်အဖေ ဦးအောင်မြတ်ပေါ့ဗျာ။သူလည်းခေတ်သူမဟုတ်ဆိုတဲ့ အထဲကလို့ဆိုရမယ်ထင်ပါရဲ့"