၁၉။၀၂။၂၀၁၄ ထုတ် ဆဲဗင်းဒေးဂျာနယ်။
မင်းဒင်ရဲ့သက်ခိုင်(၂)အခန်းဆက်ဝတ္ထုရှည်။
(မြန်မာအလုပ်သမား ငါးဆယ့်လေးဦးအအေးခန်းကားပေါ်တွင် အသက်ရှူမွန်းကြပ်သေဆုံးခဲ့ရသည့် ဖြစ်ရပ်)
မဝသောဘဝများ။
အဲဒီခေတ်ကာလ(၁၉၆၀)ဝန်းကျင်တုန်းက ကျနော်တို့ရွာကနေ စွန့်စွန့်စားစား၊ရန်ကုန်မြို့တက်ပြီးစီးပွားရှာတယ်ဆိုတာ အတော့်ကို ထူးဆန်းတဲ့ကိစ္စထင်ပါရဲ့။ကျနော်ငယ်ငယ်က ကြားဖူးနေကျစကားတခွန်းတောင်ရှိသေး။ ဘာတဲ့။"ရန်ကုန်မြို့ကြီးကိုများ ရောက်လို့ က တော့ ရွှေတိဂုံဘုရားကို ဖူးလိုက်ရရင်၊အမေ့နို့ တစ်လုံးဖိုးကြေပြီ"ဆိုပဲ။အေးလေ။ဟိုခေတ်ဟိုအခါတုန်းက သွားရေးလာရေးကလည်း ခက်ခဲပေသကိုး။မှိုက်ပင်ကနေ ရန်ကုန်ရောက်ဖို့တစ်ခုတည်းသော အားကိုးရာကတော့ မီးရထားပါပဲ။ တစ်ခါတစ်လေများ မီးရထားမှာ နေရာရအောင် ရန်ကုန်ဘက်သွားမဲ့ခရီးစဉ်မှာ ကျောက်ပန်းတောင်းကြီးနီလိုဆန့်ကျင်ဘက်ကို စီးလိုက်သွားရတာမျိုးရှိသေးတယ်ဗျ။ ရထား အချိန်ကလည်း မမှန်တလှည့်၊မလာတလှည့်မို့ ကျနော်တို့ရွာသားတွေဟာ မှိုက်ပင်ရန်ကုန်ခရီးကို အင်္ဂါဂြိုဟ်သွားဖို့လောက် ခက်တယ်လို့ စိတ်ထဲစွဲနေကြ ဟန်တူပါရဲ့။
ရွာမှာတော့ အဖေဟာ သူ့ဆွေဂုဏ်မျိုးဂုဏ်နဲ့ ခေသူမဟုတ်စာရင်းဝင်ပေါ့ဗျာ။အဘွားရဲ့တချက်လွှတ်အမိန့်နဲ့ အမေ့ကိုယူလိုက်ရတဲ့ အဖေဟာ သူ့ငယ်ရည်းစား"စမ်းမြ"ကို တမ်းတရင်း၊ အသောက်အစား၊လောင်းကစားလွန်ကဲရာက ရှိသမျှစည်းစိမ်ပြုတ်တဲ့အခါ ညစ် ညစ်နဲ့ မန္တလေးကိုတက်သွားခဲ့တာတဲ့ဗျ။မန္တလေးကိုင်းတန်းဈေးမှာဆိုလား၊ ကြုံရာအလုပ်ဝင်လုပ်ရင်း မိုက်မြဲမိုက်နေတုန်း အရက်ဝိုင်း တစ်ခုမှာ လက်လွန်ခြေလွန်ဖြစ်ရာက ရန်ကုန်ဘက်ခြေဦးလှည့်ခဲ့တာဆိုပါတော့။အဖေရန်ကုန်ရောက်စက သုံးဘီးကားထောင်ပြီး ကိုယ်တိုင်မောင်း ခဲ့သေးတယ်ဆိုပဲ။ဒါလည်းသိပ်မကြာလိုက်ဘူးထင်ပါရဲ့။ အလုံမီးပွိုင့်မှာ မော်တော်ပီကယ်ကို ရိုက်မှုဖြစ်ပြန်တော့ ဆိုက်ကားထောင်၊နောက်-ဘဝမျိုးစုံကျင်လည်ပြီး နောက်ဆုံးကုန်စိမ်းထမ်းရောင်းတဲ့ဘဝအထိ ရုန်းကန်ခဲ့ရာကနေ ကမာရွတ်ဈေးကြီး ထဲမှာ ဆိုင်နဲ့ကန္နားနဲ့ဖြစ်လာခဲ့တာပါပဲ။နောက်ပိုင်း ရန်ကုန်မြို့ကြီးဟာ အဖေ့ကို ဘယ်လိုများပဲ့ပြင်ထိန်းကျောင်းလိုက်သလဲမဆိုနိုင်ဘူး။ စိတ်ကောင်းဝင်လာတဲ့၊တဇွတ်ထိုးသမားအဖေဟာ ရွာမှာကျန်ခဲ့တဲ့ ကျနော်တို့တမိသားစုလုံးကို လှမ်းခေါ်တော့တာပဲဗျာ။
ရန်ကုန်မြို့ကြီးရောက်တော့ ကျနော်မှတ်မိနေတဲ့ ထူးထူးဆန်းဆန်းအတွေ့အကြုံကတော့ ရေခဲရေပဲဗျ။ဟုတ်တယ်။ကျနော်တို့ရွာမှာ ရေခဲ ရေကို မမြင်ဘူးမသောက်ဘူးတဲ့သူတွေအခုအချိန်အထိ အများကြီးရှိအုန်းမယ်။ကမာရွတ်ဘူတာရုံလမ်းထဲက စတုဒီသာမဏ္ဍပ်တစ်ခု မှာ အလကားတိုက်နေတဲ့ ရေခဲရေကို အမေနဲ့အတူကျနော်ဝင်သောက်ဖူးတယ်။ ဟား၊သွားတွေ ကျင်စက်ပြီး ဆက်မသောက်နိုင်ဘူးဗျာ။ ဘယ်နှယ့် ဒီရေဟာ ထူးထူးခြားခြားအေးလှပါကလား၊ဘယ်လိုလုပ်ထားပါကလိမ့်ဆိုပြီး အမေ့ကိုမေးကြည့်တော့ ရေခဲတုံးထည့်ပြီး စိမ်ထားလို့ ဒီလောက်အေးနေတာ သားရဲ့ တဲ့။အမယ် ကျနော်ကိုတုံးလှချည့်ရဲ့လို့ စွတ်အထင်သေးမနေနဲ့အုံး။ ကျနော်တို့နယ်ဖက်က အညာ သားတစ်ယောက်နဲ့ မကြာသေးခင်ကပဲဆုံမိရင်း စကားလက်ဆုံကျရာက ရေခဲရေအကြောင်းရောက်သွားတော့ သူလည်း ရှစ်တန်း ကျောင်းသား ဘဝရောက်မှရေခဲရေသောက်ဖူးသတဲ့။ သူနဲ့စာရင်ကျနော်က လေးငါးနှစ်သားမှာ သောက်ဖူးတာဆိုတော့ တော်သေးတာ ပေါ့။
အေးဗျာ။ဘဝဆိုတာများဆန်းချက်။ဘကြီးနဲ့အဖေ့လို ရေခြားမြေခြားမှာ ခြေချဖို့ ကျနော့်မှာဇာတာပါလာဟန်တူပါရဲ့။ဘဝပေးကုသိုလ် ကြောင့်ခြေဦးနဲ့ဒူးတည့်ရာထွက်လာခဲ့တဲ့ ကျနော်ဟာ ထိုင်းတောင်ပိုင်းဖူးခက်ကို စွတ်ရွတ်ပြီးရောက်လာသဗျာ။ကျနော်ကပဲ တောင်တွေး မြောက်တွေး၊တွေးတတ်တဲ့သူ ဖြစ်နေရော့သလား မဆိုနိုင်ဘူး။ ကိုယ်တွေ့ကြုံခဲ့ရတဲ့ဖြစ်ရပ်တချို့ကတော့ ကျနော့်အတွက် အံ့သြ စရာဖြစ်နေတာအမှန်ပါပဲ။
မှတ်မှတ်ရရ ဖူးခက်မြို့ကိုကျနော်ရောက်ခါစ တခုသောရက်မှာပေါ့။ မြို့မဈေးနောက်လမ်းထဲက မွတ်ဆလင်ဆိုင်တွေပြည့်နေတဲ့ လက်ဖက်ရည်ဆိုင်တန်းမှာ ကြက်သားပလာတာစားပြီး ပလက်ဖောင်းအတိုင်းလျှောက်အပြန်အလာ ကျနော့်နားထဲမှာ ဗမာစကား သံလိုလို ကြားလိုက်မိတယ်ဗျ။ ဘေးဘီကို ကြည့်လိုက်တော့လည်း လမ်းဘေးမှာပလက်ဖောင်းပြင်နေတဲ့ အလုပ်သမားသုံးယောက် သာတွေ့တာမို့ ခဏရပ်ပြီး နားစွင့်လိုက်တော့ သေချာတယ်ဗျ။ ဗမာသံမပီင်္မသပြောနေတာ သူတို့ပဲ။အသက်နှစ်ဆယ်ကျော် လောက် ဝန်းကျင်တွေ။မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေးနှစ်ယောက် နေပူကျဲကျဲအောက်မှာ ပလက်ဖောင်းကျောက်ပြားတချို့ကို ဘိလပ်မြေ မဆလာနဲ့ ပြင်နေကြတာ။
မထင်မှတ်တဲ့နေရာနဲ့အချိန်မှာ ဗမာစကားသံကိုကြားလိုက်ရတဲ့ကျနော်ဟာ ရုတ်တရက် ဝမ်းသာသွားတဲ့စိတ်ကို မထိန်းနိုင်ပဲ အဲဒီကလေး တွေဆီ လျှောက်သွားပြီး "မင်းတို့က ဗမာတွေလား"လို့မေးလိုက်မိတဲ့အခါ၊ အဲဒီလူငယ်သုံးဦးစလုံးရဲ့နှုတ်က တပြိုင်နက်တည်း ထွက်လာ တဲ့ အသံကတော့ ....မဲ့ချိုင်း၊မဲ့ချိုင်း။ ခွန်မွန်၊ ခွန်မွန်(မဟုတ်ဘူး၊ မဟုတ်ဘူး မွန်လူမျိုး) တဲ့ ။
ခင်ဗျားလည်းဖူးခက်မှာနေတာမို့ သတိပေးလိုက်ပါရဲ့။ဒီမှာရောက်နေတဲ့ ဗမာတိုင်းရင်းသားတွေကို ယောင်လို့များ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးတရား သွားမဟောလိုက်ပါလေနဲ့။ဆိုလိုတာက ဒီအချက်ဟာ သူတို့လက်တွေ့ဘဝနဲ့အများကြီးအလှမ်းဝေးနေတယ်ဗျ။ဟုတ် တယ်။ဖူးခက်ကိုရောက်နေတဲ့ တိုင်းရင်းသား၊မွန်၊ထားဝယ်၊ကရင်၊ရခိုင်၊ဂေါ်ရခါး၊ဗမာ စတဲ့လူမျိုးတွေဟာ သူတို့အုပ်စုနဲ့ သူတို့နေတတ် ကြတာများတယ်။အထူးသဖြင့် ဖူးခက်ကို အလုပ်သမားအသစ်အဖြစ်ဆွေတော်မျိုးတော်တွေကို ခေါ်သွင်း၊ငွေလွှဲ၊ဖုန်းချိတ်တဲ့ကိစ္စတွေမှာ ကိုယ့်လူမျိုးကိုယ့်ရပ်ရွာကလူနဲ့ပဲ လုပ်နေကြတာများတယ်။ ဖူးခက်ကို အစောဆုံးရောက်လာသူတွေကတော့ မွန်ပြည်နယ်လမိုင်းရွာသား တွေလို့ဆိုတယ်။ဖြစ်နိုင်တယ်ဗျ။ဖူးခက်မှာ ရောက်နေတာ မွန်လူမျိုးအများစုပါပဲ။ဘေးလူမသိစေချင်တဲ့စကားဆို သူတို့ချင်းမွန်လိုပဲ ပြော ကြတယ်။လွန်ခဲ့တဲ့နှစ်ဆယ့်ငါးနှစ်ဝန်းကျင် လမိုင်းရွာသားတွေရောက်စကဆို ဖူးခက်လမ်းတွေမှာ မီးပွိုင့်တောင်မရှိသေးဘူးဆိုပဲ။ မွန်လူမျိုးတွေဟာ ကိုယ့်ထီးကိုယ့် နန်းကိုယ့်ကြငှန်းနဲ့နေလာကြရာကနေ ရှေးမြန်မာဘုရင်တွေကြောင့် ထီးသုဉ်းနန်းသုဉ်းဖြစ်ခဲ့ရ တာကို လူကြီးသူမစဉ်ဆက် ကြားနာ လာရတာကြောင့် လူမျိုးရေးရန်ငြိုးမပြေသေးဘူးဆိုတာ ထင်ထင်ရှားရှားတွေ့နေရတယ်ဗျ။ ရခိုင်လူမျိုး တွေလည်း ထို့နည်းလည်းကောင်း ပါပဲ။နာကျည်းဖွယ်အတိတ်ဆိုတာ အလွယ်တကူမေ့ပျောက်နိုင်ခဲတာမို့ ကျနော်ဘာမှ မပြောလို ပါဘူး။ခက်နေတာက သူတို့အချင်းချင်း ကြားမှာလည်း မညီညွတ်ပြန်ဘူးဗျ။ခင်ဗျားမြင်သာအောင် ကျနော့်ကိုယ်တွေ့ အဖြစ်အပျက် လေးတစ်ခုပြောပြပါ့မယ်။
လွန်ခဲ့တဲ့ရှစ်နှစ်ဝန်းကျင်လောက်တုန်းကပေါ့။ ဖူးခက်မှာ မွန်အမျိုးသားနေ့ကျင်းပရေးအတွက် World Vision ဆိုတဲ့ NGO အဖွဲ့တစ်ခုက ဖိတ်တာ နဲ့ ကျနော်လည်း အဲဒီအစည်းအဝေးကို သွားတက်လိုက်ရောဆိုပါတော့။အဲဒီင်္အစည်းအဝေးမှာ ဖူးခက်မြို့ရဲ့အလုပ်ခွင်သုံး နေရာက မွန်လူ ငယ်သုံးယောက်လည်း ရောက်လာသဗျ။World Vision ပေးမဲ့အကူအညီကတော့ ရွေ့ပြောင်းအလုပ် သမားတွေရဲ့ လူမျိုး အလိုက်အမှတ်တရနေ့တွေ ကျင်းပတာကို အားပေးလိုတဲ့အတွက် လိုအပ်တဲ့ငွေကြေး ထောက်ပံ့မဲ့အကြောင်းဗျ။ ကျနော်လည်း ဒီကိစ္စဟာ အားပေးထိုက်တဲ့အလုပ်ပဲဆိုပြီး ဘယ်ပုံဘယ်နည်းကျင်းပသင့်တယ်ဆိုတာ တက်တက်ကြွကြွဆွေးနွေးလိုက်မိတော့ မွန်လူငယ် သုံးယောက်ဟာ တုတ်တုတ်မှ မလှုပ်ပဲ အသံတိတ်ကန့်ကွက်နေကြသလိုပဲဗျာ။ ကျနော့်စိတ်ထဲ တစ်ခုခုတော့ မှားနေပြီ ထင်ပါရဲ့ဆိုပြီး အသာပြန် ငြိမ်၊အကြောင်းရင်းသိအောင် စနည်းနာလိုက်တော့ အဲဒီင်္မွန်အမျိုးသားနေ့ကို ကျနော်ဦ်းစီးကျင်းပမယ်လို့ အတွေးဝင် နေကြသကိုး။ အမှန်က သူတို့ဖာသာကျင်းပတာကို လိုအပ်ချက်မရှိအောင်ကျနော်က ဝိုင်းထောက်ခံပေးနေတာ သူတို့ သဘော မပေါက်ကြရှာဘူးဗျာ။
ဒီတော့ ကျနော်လည်း သူတို့နားရှင်းပါစေတော့ဆိုပြီး "မွန်အမျိုးသားနေ့ဘယ်နေ့ဆိုတာကိုယ်မသိဘူး။ကိုယ်ကအညာသား၊ငွေကြေးကိစ္စ ကိုလည်း ဘာမှဝင်မပတ်သက်ဘူး။အခုကိုရင်တို့အချင်းချင်းသာညှိနှိုင်းပြီး ကောင်းမယ်ထင်တဲ့နေရာတစ်ခုခုရွေး၊စိတ်တိုင်းကျ၊ ပွဲဖြစ် အောင်သာကျင်းပကြပါတော့"လို့ပြောပြန်တော့လည်း သူတို့ချင်းချင်း အခန်းအနားကျင်းပမဲ့နေရာလုနေကြတာ အစည်းအဝေးဟာ တော် တော်နဲ့မပြီးတော့ ဘူးဗျာ။မွန်တွေချည်းတော့ မဟုတ်ပါဘူး။ရခိုင်၊ထားဝယ်တွေလို ဒီအတိုင်းပါပဲ။အဆိုးဆုံးကတော့ ကျနော်တို့ဗမာတွေ ပေါ့။စွယ်စုံအနုပညာရှင်ဆရာဦးဝင်းဖေပြောဖူးတဲ့စကားတခွန်းတောင် သတိရမိသေး။ငါတို့ဗမာတွေက Aရယ်Bရယ်ရှိရင် A,B,AB ဆိုပြီး သုံးဖွဲ့ကွဲသတဲ့။
ပြည်တွင်းမှာ ဆင်းရဲကြပ်တည်းလွန်းတာကြောင့် ရေကြည်ရာမြက်နုရာအဖြစ် ဖူးခက်ကိုရောက်လာတဲ့ဗမာတိုင်းရင်းသားအများစုဟာ အခြေခံပညာအတော့်ကိုနည်းပါးကြရှာပါတယ်။နိုင်ငံတစ်ခုရဲ့အချုပ်အခြာအာဏာဆိုတာ ဘာကိုဆိုလိုမှန်းသူတို့နားမလည်ကြပါဘူး။ နိုင်ငံ သားဥပဒေ၊တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဆိုတာတွေကိုသိဖို့ဆိုတာဝေလာဝေးပေါ့။ဗမာပြည်ထဲကနေ ထိုင်းဘက်ကို နိုင်ငံကူးလက်မှတ်မပါပဲ၊တရား မဝင်၊ဝင်ရောက်လာတဲ့သူတို့ဟာ မြန်မာနိုင်ငံတည်ဆဲဥပဒေအရ ထောင်ဒဏ်ငါးနှစ်လောက်ထိုက်သင့် တဲ့ပြစ်မှုကို အလိုအလျောက်ကျူးလွန်လာကြသူတွေဆိုတာ သိတဲ့သူတစ်ယောက်တစ်လေတောင် ရှိပါလေစလို့တွေးမိတဲ့အထိဗျာ။
ထိုင်းလူမျိုးတွေမလုပ်ချင်ကြတဲ့ အန္တရာယ်များလွန်းလှတဲ့အလုပ်တွေဟာ မြန်မာအလုပ်သမားတွေအတွက် ဖူးခက်မှာ အဆင်သင့်ဖြစ် နေလေရဲ့။ အခြေခံပညာနည်းပါးပြီးတွေးခေါ်မျှော်မြင်မှုမရှိ၊အသိဥာဏ်ခေါင်းပါးလိုက်ပုံများဗျာ။အထပ်မြင့်အဆောက်အဦးတွေရဲ့လုပ်ငန်းခွင်တွေမှာ ပြုတ်မကျအောင် ခါးဆိုင်းကြိုးချည်ရတာကို ကျနော်တို့မြန်မာကိုယ်တော်တွေက အနေရကြပ်တယ်။ အလုပ်မတွင်ဘူးတဲ့။ ပိုးသတ်ဆေးဖျန်း တဲ့အလုပ် တွေမှာ အဆိပ်ငွေ့ တွေရှူမိလို့ လည်ပင်းမှာအကျိတ်တွေထွက်လာတာကို "ခဏနေပျောက်သွားမှာ၊ အကျင့်မရသေးလို့။ လုပ်သက်ရင့်တဲ့သူတွေဆို နှာခေါင်းမှာ အဝတ်စည်းစရာတောင်မလိုတော့ဘူး"တဲ့။ အမယ်၊ကျနော်ဂဟေဆော်တဲ့ အခါ မှန်ကာမပါပဲကို ဆော်နိုင်တယ်ဆိုတဲ့ သူတွေလည်း ဒုနဲ့ဒေးပါပဲ။ခင်ဗျားယုံချင်ယုံမယုံချင်နေပေတော့။ဖူးခက်မှာရှိတဲ့ မြန်မာ အလုပ်သမား ယောက်ျား ဦးရေတစ်ရာမှာ အယောက်ရှစ် ဆယ်ဝန်းကျင်ဟာ ဘိန်းစာရွက်ကိုကျိုထားတဲ့ အာစီယံကိုသောက်ကြ သဗျာ။အလှူမင်္ဂလာပွဲတိုင်းမှာ သူမပါရင်မပြီးဆိုတာ ဖူးခက်မှာတော့အာစီယံဗျ။အိုးကြီးအိုးငယ်နဲ့ကျိုချက်ပြီး သဒ္ဓါတရားကြီးကြီးနဲ့ကို ပွဲတိုင်းမှာ ဧည့်ခံတတ်ကြ တာ။ရဲဖမ်းမိတော့လည်း ဘတ်နှစ်သောင်း လောက်နဲ့ညှိရင်ပြီးသတဲ့။ချဲထီကိစ္စလား၊မပြောပါရစေနဲ့တော့။ အမေလုပ်သူက "ငါ့သား အာစီယံသောက်တာလျော့ပါ"လို့ဆုံးမတာကို "အမေကျတော့ ချဲချည်းဖိထိုးနေတာ ဘယ်လိုလုပ်မတုန်း"ပြန်ပက်တာတွေ နားနဲ့ ဆတ်ဆတ်ကြားဖူးခဲ့ပြီကော။
ထိုင်းရဲဆိုတာကလည်း ဗမာအလုပ်သမားတွေကို အလိုအလျောက်ငွေထုတ်စက်လိုသတ်မှတ်ကြတာကလား။ဗမာတယောက်ကို မသင်္ကာဘူးဆိုပြီး ဖမ်းစစ်လိုက်၊အနည်းဆုံးဘတ်နှစ်ထောင်လောက်တော့ တွက်ခြေကိုက်ပြီးသားပဲ။ ဘတ်(အလုပ်သမားလက်မှတ်)၊ ပတ်စ်ပို့တွေရှိလည်း အလုပ်ရှင်မတူဘူး။လိပ်စာမှားနေတယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုခုနဲ့ ငွေမရရအောင်ညှစ်တာပါပဲ။ အဆိုးဆုံးက တော့ ဗမာအလုပ်သမားတွေကို လမ်းဘေးငုတ်တုပ်ထိုင်ခိုင်းပြီး စစ်လားဆေးလားလုပ်တဲ့ကိစ္စပဲဗျာ။ဖူးခက်ဟာ နိုင်ငံတကာခရီးသွားတွေ ပြည့်နေတဲ့မြို့၊စီးပွားရေးအချက်အချာမြို့ဖြစ်တာကြောင့် ထိုင်းရဲတွေဟာ ဖူးခက်ကိုပြောင်းနိုင်ဖို့ ငွေပုံပေးလာဘ်ထိုးကြရသတဲ့ဗျ။ အဲဒီထိုင်း ရဲတွေအတွက် ဗမာရွေ့ပြောင်းအလုပ်သမားတွေဟာ ငွေတွင်းတွေပေါ့ဗျာ။ထိုင်းလူမျိုးတစ်ယောက်ယောက်နာမည်ခံပြီး ဖွင့်ထားတဲ့ ဆိုင်ကြီးဆိုင်ကြီးလုပ်ငန်းကြီးငယ် သိန်းချီပြီးရှိလောက်တယ်။အားလုံးလိုလို ထိုင်းရဲကို လစဉ်ဆက်ကြေးသဘော ဆက်ကြရတယ်။ ဘာအဖွဲ့ညာ အဖွဲ့၊ဘာရဲညာရဲဆိုပြီး အဖွဲ့ပေါင်းနှစ်ဆယ်နီးပါးရှိသဗျာ။ဗမာပြည်မှာ စည်ပင်ရဲ၊နယ်မြေခံရဲ၊ခရိုင်ရဲ၊ ပြည်နယ်နဲ့တိုင်း အဆင့်ရဲ၊စသုံးလုံး၊ မူးယစ်၊အကောက်ခွန်ဆိုတာမျိုးတွေပေါ့။အဖွဲ့အားလုံးလိုလိုဟာ ထိုင်းနိုင်ငံကြီးရဲ့တည်ဆဲဥပေဒ တွေကို ကာကွယ်စောင့်ရှောက်နေတယ် လို့တော့ ခင်ဗျားမယူဆလေနဲ့။ ထိုင်းတနိုင်ငံလုံးအဆင့်ဆင့်သော အမတ်တွေ၊ မာဖီးယား တွေလည်း ထိုင်းရဲ နဲ့ညှိပြီး လွှမ်းမိုးချုပ်ကိုင် ထားကြတာပါပဲ။ဒီကြားထဲ မှူးရိုးမတ်ရိုးသူကောင်းမျိုးတွေကလည်းတစ်မှောင့်။
အံ့သြဖို့ကောင်းတဲ့အချက်ကတော့ ဗမာရွေ့ပြောင်းအလုပ်သမားတစ်ယောက်တလေနဲ့များတွေ့မိလို့ သူ့အလုပ်အကိုင်အကြောင်း မေးမိရင်... "အားလုံးဆဗိုင်း ဆဗိုင်း၊(အလွန်ကောင်း၊လွှတ်ကောင်း)ပဲ။လစာဘတ်သောင်းချီရတယ်။ဘာမှမလုပ်ရဘူး။ ထိုင်းသူဌေးက သိပ်သဘောကောင်းတယ်။ ထိုင်းရဲတွေက ကောင်းပါတယ်"ဆိုပြီး တညီတညွတ်တည်းဖြေပါလိမ့်မဗျာ။တကယ်တော့ သူတို့အဖြေဟာ သူတို့လက်တွေ့ ဘဝနဲ့ ဆန့်ကျင်ဘက်ပါပဲ။လူသားတစ်ယောက်ရဲ့သိက္ခာ တစ်ပြားသားမှ မရှိတော့တဲ့အဖြစ်ကိုလည်း သူတို့ဝမ်းနည်း စရာလို့မမြင်ကြတော့ဘူး။ ဆိုးရွားလွန်းလှတဲ့ဘဝကို ဗမာအချင်းချင်းကြားမှာ လူသိ မခံချင်ပဲ ကိုယ့်ကိုယ်ကို မဲတင်းနေနည်းတမျိုးပါပဲ။
လွန်ခဲ့တဲ့လေးနှစ်မတိုင်မီ၊ယာယီနိုင်ငံကူးလက်မှတ်ဆိုတာဘယ်နေမှန်းမသိတဲ့ကာလတုန်းက ဗမာပြည်ထဲကနေ အလုပ်အကိုင်ရှာဖို့ ဖူးခက်ကိုအရောက်လာနိုင်ဖို့၊ကော့သောင်း၊မြဝတီ၊ဘုရားသုံးဆူ၊၊မဲဆိုင်စတဲ့ နယ်စပ်မြို့တွေကတစ် ဆင့်ဝင်လာကြရတဲ့ကိစ္စဟာ လွယ်တဲ့ အလုပ်တော့မဟုတ်ဘူးဗျ။ကော့သောင်းကလာတဲ့ခရီးစဉ်ဆိုပါတော့။လူဦးရေမချိမဆန့်တင်ထားတဲ့စက်လှေနဲ့ ပါချန်မြစ်ကို အသက်ရင်း ပြီးဖြတ်ကူးရတယ်။မကြာခဏလှေမှောက်ပြီး အလောင်းရှာမရတဲ့သတင်းတွေကလည်း မကြားချင်အဆုံး။ ထိုင်းဖက်ကမ်းကို ရောက်ပြန်တော့ စစ်တပ်ဂိတ်၊ရဲဂိတ်တွေကိုကျော်နိုင်အောင် ဘယ်ရောက်လို့ဘယ်ပေါက်မှန်း ကိုယ်တိုင်မသိတဲ့တောလမ်းတွေကို ဖြတ်ရတယ်။နောက်တဆင့် ဟိုင်းလပ်ပစ်ကပ်ကားရဲ့နောက်ခန်းကျဉ်းကျဉ်းလေးထဲမှာ လူအယောက် နှစ်ဆယ်လောက်ငါးပိသိပ်သလို တင်ပြီး ဂိတ်တွေကိုကျော်ရတယ်။ဂိတ်တွေနဲ့လည်းညှိထားပြီးသားပါဗျာ။အတင်းထိုးသိပ်ထည့်တာက တွက်ခြေကိုက်အောင်၊ ဘေးလူ မမြင်အောင်ဆိုတဲ့သဘောပါပဲ။
ရင်နာစရာအကောင်းဆုံးအဖြစ်အပျက်တစ်ခုကတော့ ၂၀၀၈ခုနှစ်မှာဖြစ်ခဲ့တဲ့ ခိုးဝင်ဗမာအလုပ်သမားတွေကို ရနောင်းကနေ ဖူးခက်မြို့ဆီ အအေးခန်းကားနဲ့ ခိုးသွင်းလာစဉ်မှာ အသက်ရှူကြပ်ပြီး မြန်မာလူမျိုးငါးဆယ့်လေးယောက်သေခဲ့ရတဲ့ဖြစ်ရပ်ပါပဲ။ထိုင်းတနိုင်ငံလုံးမှာရှိတဲ့ မြန်မာ အလုပ်သမားတွေတုန်လှုပ်ထိတ်လန့်ခဲ့ကြရတဲ့သတင်းပေါ့။အဲဒီနေ့ကို ကျနော် ကောင်းကောင်းမှတ်မိနေတယ်။ ပါတောင် ကမ်းခြေမှာ အလုပ်လုပ်နေတဲ့ မွန်မလေးတစ်ယောက်က မနက်စောငါးနာရီလောက်မှာ ဖုန်းဆက်ပြီး ငိုသံပါကြီးနဲ့ ဒီသတင်းကိုပြော တာဗျ။"ကျမတို့ ရွာဘက်ကလူတွေအများကြီးပါတယ်။မွန်လူမျိုးတွေတဲ့"။နောက်ပိုင်းကျနော်စနည်းနာကြည့်တော့ အဲဒီသားငါးတင်တဲ့ အအေးခန်းကား ဟာ ခိုးဝင်တဲ့ဗမာအလုပ်သမား တစ်ရာ့နှစ်ဆယ်ကျော်ကို မချိမဆန့်တင်လာသတဲ့။ရနောင်းကထွက်လာခါစတုန်းက လေအေးစက်ဖွင့် ထားပေမဲ့ လမ်းမှာရဲက မသင်္ကာလို့တားပြီးစစ်ဆေးတော့ ယာဉ်မောင်းကိုယ်တိုင်းဆင်းပြီး ရဲနဲ့ညှိနှိုင်းရတာမို့ လေအေးစက်ခလုပ်ကို ပိတ်ခဲ့သတဲ့။ယာဉ်မောင်းကားပေါ်ပြန်အတက်မှာလေအေးစက်ခလုပ်ကို ပြန်မဖွင့်မိတော့တာကြောင့် ကားနောက်အလုံပိတ်ခန်းထဲမှာ ပါလာတဲ့ဗမာအလုပ်သမားတွေအရှင်လတ်လတ် ငရဲပြည်ကျသလိုဖြစ်ကုန်ကြတာပေါ့။သေအံ့မူးမူး တဝုန်းဝုန်းဒိုင်းဒိုင်း ကားဘော်ဒီ အတွင်းပိုင်းကို ဝိုင်းထုကြပေမဲ့ လူမှောင်ခိုသွင်းလာတဲ့ယာဉ်မောင်းဟာ ရဲလွတ်ရာအရပ်၊ လူအများမမြင်နိုင်တဲ့အရပ်ကို ရွေးမောင်းနေ လိုက်တာ နောက်ဆုံးတော့ ငါးဆယ့်လေးယောက် အသက်ရှူမွန်းကျပ် ပြီးမရှုမလှ သေကုန်ကြရတာပါပဲ။ အဲဒီယာဉ်မောင်း ထွက်ပြေး လွတ်မြောက်မှုနဲ့ပတ်သက်ပြီး ထိုင်းရဲ ထောက်လှမ်းရေးတချို့တောင် ကျနော့် အိမ်ရောက်လာပြီး အကူအညီတောင်းကြပါသေးတယ်။ဆက်နွယ်ပုံကတော့ အဲဒီတရားခံယာဉ်မောင်းဟာ ကျနော့်ဆိုင်မှာ ဈေးဝယ် နေကျဖောက်သည် ထိုင်းအမျိုးသမီး ကီးယက်ရဲ့ ပထမအိမ်ထောင်မို့ ပါပဲ။အဲဒီဖြစ်စဉ်မှာ ကံကြီးလွန်းလို့ အသက်မသေပဲကျန် ရစ်သူတွေဟာ တရားမဝင်ခိုးဝင်မှုနဲ့ ရုံးတင်အပြစ်ပေး ခံပြန်ပါတယ်။ မြန်မာအစိုးရမင်းများကတော့ ဒီတရားခံတွေကို မြန်မာပြည်ထဲကို ချက်ချင်းပြန်ပို့စေချင်သတဲ့။ဖေးမကူညီဖို့တော့ မဟုတ် လောက်ဘူး ထင်ပါရဲ့။
ဒီအဖြစ်အပျက်ဟာ ရင်နာစရာအဖြစ်ပေါင်းထောင်သောင်းထဲက တစ်ခုပါဗျာ။ဒိထက်နာကျည်းကြေကွဲစရာအဖြစ်တွေ အများကြီးရှိပါ သေးတယ်။ အကြောင်းသင့်တဲ့အခါ ဇာတ်လမ်းဆက်ကြသေးတာပေါ့။ခင်ဗျားကြည့်ရတာ ဆိုင်ကို စိတ်ပူနေတဲ့ပုံပဲ။ ကဲ သွားကြစို့ဗျာ။ "
(မှတ်ချက်။ ။ ဤနေရာ၌ အလျဉ်းသင့်သည်ဖြစ်၍ ကိုသက်ခိုင်ပြောပြခဲ့သော မြန်မာလူမျိုးငါးဆယ့်လေးဦးအသက်ရှူကျပ်သေဆုံးခဲ့ရ သည့်သတင်းကို စာဖတ်သူများ ပြည့်စုံစွာသိရှိနိုင်ရန် ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ကူးယူလျက်၊အောက်တွင် ဖော်ပြအပ် ပါသည်။)
"သေဘေးမှလွတ်မြောက်လာသူ မြန်မာပြည်သားများကို ဌာနေပြန်မပို့ဟု ထိုင်းအာဏာပိုင်များသဘောတူ"
ကျော်ထင် (ခေတ်ပြိုင်)
၂၀၀၈ခုနှစ်ဧပြီ(၉)ရက်နေ့က ထိုင်းနိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်စဉ် အအေးခန်းကားအတွင်း အသက်ရှူမွန်းကြပ်သေဆုံးမှုမှ လွတ်မြောက်လာသူများကို မြန်မာနိုင်ငံသို့ပြန်မပို့ရန် ထိုင်းအာဏာပိုင်များက ဆုံးဖြတ်လိုက်သည်။
စောစောပိုင်းက ထိုင်းအာဏာပိုင်များဘက်မှ လူဝင်မှုကြီးကြပ်ရေးအက်ဥပေဒဖြင့် ဖမ်းဆီးထောင်ချပြီး မြန်မာပြည်သို့ ပြန်ပို့မည့် အစီအစဉ်ကို ပြင်ဆင်လိုက်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ရနောင်းခရိုင်ရုံးတွင် ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ထိုင်းရှေ့နေများကောင်စီ၊ဒေသဆိုင်ရာ အာဏာ ပိုင်များ၊ရဲ၊စစ်တပ်၊တရားရေးဌာနတာဝန်ရှိသူများနှင့် မြန်မာရွေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေကြသည့် MAPဖောင်ဒေးရှင်း World Visionတို့မှ တာဝန်ရှိသူများကယနေ့နက်နက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးပြီးနောက် ယခုကဲ့သို့ပြင်ဆင်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ပါဝင်ဆွေးနွေးခဲ့သူ MAP ဖောင်ဒေးရှင်း၏ တောင်ပိုင်းဒေသတာဝန်ခံ ဆူထိဖုံ ခေါခန်းဖုံက "တရားသူကြီးပြောတာက သူတို့ကို အမိန့်ချ လိုက်ပြီပေါ့နော်။တရားမဝင်ခိုးဝင်မှုနဲ့ထောင်ဒဏ်ဆယ်ရက်၊မနက်ဖန်ပြန်ပို့မဲ့သဘောပေါ့။ကျနော်တို့တောင်းဆိုတာက ပြန်မပို့ဖို့ကိစ္စ၊ကို ဆွေးနွေးတယ်။သိပ်တော့သဘောမတူချင်ဘူး။ဒါပေမဲ့လည်း National Human Right commission ကလည်း တရားဥပဒေနဲ့ထောက်ပြ တော့ အဲဒါနဲ့ပြေလည်သွားတယ်။ဒီလူတွေအားလုံးကိုပြန်မပို့တော့ဘူး။ပြီးလို့ရှိရင်လျော်ကြေးပြန်ရဖို့ကိစ္စ သူတို့ဆက်လုပ်မယ်။နောက်လူ ကုန်ကူးမှုမှာပါဝင်ပတ်သက်နေသူတွေကို အရေးယူဖို့လုပ်သွားမယ်"ဟုပြောသည်။
လူပွဲစားများခေါ်ယူလာသည့် မြန်မာအလုပ်သမား(၁၂၁)ဦးတို့သည် ဧပြီ(၉)ရက်နေ့ည(၁၀)နာရီခွဲခန့်တွင် ထိုင်းနိုင်ငံတောင်ပိုင်းရနောင်း မြို့မှ ဖူးခက်မြို့သို့အသွား လမ်းတွင်အအေးခန်းအတွင်း ပိတ်မိကာ လူ(၅၄)ဦးသည် အသက်ရှူမွန်းကြပ်ပြီးသေဆုံးသွားခဲ့ကာ (၂၁)ဦးမှာ ဆေးရုံတွင်ဆေးကုသမှုခံယူခဲ့ရပြီး ကျန်(၄၆)ဦးကို တရားမဝင်ဝင်ရောက်မှုဖြင့် ရနောင်းခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးထားခဲ့သည်။
ကားပေါ်မွန်းကြပ်သေဆုံးသူ(၅၄)ဦးကို ဧပြီ(၁၂)ရက်နေ့က အကျဉ်းချုံးဂူသွင်းသဂြိုဟ်ခဲ့ပြီး အသက်ဘေးမှလွတ်မြောက်လာသူများကို နေရာနှစ်ခုခွဲပြီး ရနောင်းထောင်နှင့်ရနောင်လဝက အချုပ်ခန်းတို့တွင် ချုပ်နှောင်ထားဆဲဖြစ်သည်။
ယမန်နေ့က မြန်မာဘက်မှ ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူးလာရောက်ပြီး ဖမ်းဆီးခံထားရသူများ၏ ဓာတ်ပုံများကို ရနောင်းခရိုင်ရဲမှူးမှ တဆင့်ယူသွားကာ မြန်မာပြည်သို့ပြန်လည်ပို့ဆောင်ရန်တိုက်တွန်းခဲ့သည်ဟု ရနောင်းခရိုင်ရဲမှူးကပြောဆိုခဲ့ကြောင်း မစ္စတာ ဆူထိဖုံ ခေါခန်းဖုံကပြောသည်။
မွန်လူမျိုးအများစုပါဝင်သော ဖမ်းဆီးခံနေရသူများမှာ မြန်မာပြည်သို့ပြန်ပို့ခံရမည်ကို စိုးရိမ်လျက်ရှိကြောင်းသိရသည်။
၎င်းကိစ္စနှင့်ပတ်သက်ပြီးဖမ်းဆီးခံရသူများကို တွေ့ဆုံခဲ့သည့် ဆူထိဖုံ ခေါ်ခန်းဖုံက "တော်တော်များများ ကြောက်ကြတာပေါ့နော်။ အထူး သဖြင့် အမျိုးသမီးတွေပေါ့နော်။စိတ်ပိုင်းဆိုင်ရာအရမ်းထိခိုက်ကြတာပေါ့နော်။ငိုကြတာပေါ့။အိမ်ကိုပြန်ချင်ကြတာပေါ့"ဟုပြောသည်။
အအေးခန်းကားအတွင်းမှ အသက်မသေပဲလွတ်မြောက်လာကြသူ ဖမ်းဆီးခံနေရသည့် မြန်မာအလုပ်သမားများသည် မကြာသေးခင် ရက်ပိုင်းအတွင်းတွင် မော်လမြိုင်၊သထုံ၊ကျိုက်ထို၊ရေးစသည့်ဒေသများမှ ကော့သောင်းမြို့သို့ရောက်ရှိလာကြပြီး လူပွဲစားကိုငွေကျပ် သုံး သိန်းကျော်လေးသိန်းပေးကာ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ရန်လာရောက်ကြသူများဖြစ်သည်။
.......
(မှတ်ချက်။ ။ "မဝသော ဘဝများ "ဟူသောခေါင်းစဉ်မှာ လွန်ခဲ့သော အနှစ်လေးဆယ် ကျနော်ဆယ်တန်းကျောင်းသားဘဝက တခန်းတည်းနေသူငယ်ချင်း စာဂျပိုးသောင်းအေး၏ မူပိုင်စကားလုံးဖြစ်ပါသည်။နံရံကပ်စာစောင်တွင် အသုံးပြုခဲ့သည်ဟု ထင်ပါသည်။လူချမ်းသာစာရင်းဝင်နေပြီဖြစ်သော သောင်းအေးကား သူ့ကိုယ်ပိုင်စကားလုံးကိုသော်လည်းကောင်း၊ကျနော့်ကိုသော်လည်းကောင်း မေ့နေလောက်ပြီဟု ထင်ပါသည်။)
ဓာတ်ပုံ။ ။နေဇာလင်း