ဆဲဗင်းဒေးဂျာနယ်
အခန်း(၂၁)
ဗမာပီပီနဂါးနီတန်ခိုးနဲ့မြေလျှိုးပါလို့ မိုးပျံချင်သည်။
၂၀၁၄ခုနှစ် မတ်လ။ ။
ဤရက်ပိုင်းများသည် ဖူးခက်ဒေသခံထိုင်းလူမျိုးတို့အတွက်၊သူတို့အရပ်၊သူတို့တိုင်းဌာနီမို့ သာမန်နေ့ရက်များဖြစ်လင့်ကစား ကျနော်နှင့် ကိုသက်ခိုင်တို့အတွက်ကား ပျင်းရိဖွယ်ခြောက်ကပ်ကပ်နိုင်လှသောကာလများပေတည်း။ထို့ပြင်တဝ ပြဿနာပေါင်းသောင်းခြောက် ထောင်သည် မဟာမိတ်တပ်ချီကာ ရောက်လာသောနေ့ရက်များဟုလည်း ဆိုနိုင်သည်။စင်စစ်ကိုသက်ခိုင်သည် အရှုပ်အထွေးများနှင့် ပျော်မွေ့ခဲ့သူဖြစ်၍ ပြဿနာအတော်များများမှာ ကိုသက်ခိုင်၏စိတ်အားညစ်ညူးအောင် မစွမ်းနိုင်သော်ငြား ဤရက်များကိုမူ ခြွင်းချက် အဖြစ် ထားသင့်သည်ဟု ကျနော်ထင်မိသည်။
လွန်ခဲ့သောငါးရက်ခန့်က ကိုသက်ခိုင်၏မိတ်ဆွေရင်းချာတစ်ဦး ရန်ကုန်မှရေးကြီးသုတ်ပျာဖုန်းဆက်လာသည်။သူ့ညီအကိုတော် တစ်ယောက် ဘန်ကောက်လေဆိပ်မှာ ရဲနှင့်ပြဿနာတက်နေသောကြောင့် ကူညီဖြေရှင်းပေးရန်ဖြစ်၏။ဘေးမှာနားထောင်ရသော ကျနော့်အဖို့ ရင်ထိပ်စရာဖြစ်သော်ငြား ကိုသက်ခိုင်ကမူ လေသံခပ်အေးအေးဖြင့်သာ အောက်ပါမှတ်ချက်ကိုပြုသည်။
"သူ့အလိုလို ပြီးသွားမဲ့ကိစ္စပါဗျာ။ဗမာလူမျိုးထုံးစံ ပူပင်နေရမှ ကျေနပ်နေတတ်တဲ့ အကျင့်ထင်ပါရဲ့"
"ခင်ဗျားအထင်က သိပ်ပြီးစလွယ်နိုင်မနေဘူးလားဗျာ။လေဆိပ်မှာ ပြဿနာတက်တာမို့ ပေါ့သေးသေးတော့ ဟုတ်ဟန်မတူဘူး"
"မဟုတ်ဘူးကိုမင်းဒင်။ လေဆိပ်မှာမို့ ဒီပြဿနာက ဘာမှ စိုးရိမ်စရာမရှိတာ"
"အသေးစိတ်ရှင်းစမ်းပါဗျာ။ဘေးကနေ ကြားရတဲ့လူတောင် ရင်ပူတယ်။ဘယ်လိုပြဿနာများပါလိမ့်"
"ပြဿနာအစက (MAI Airline)မှာ (Check in)လုပ်တုန်း အဝတ်သေတ္တာပေါင်ပိုတဲ့ ကိစ္စက အစပြုတယ်ဆိုပါတော့။ကျနော်တို့ ရွှေဗမာက ထုံးစံအတိုင်း ဒေါသအလျောက် ကောင်တာပေါ်က ကတ်ကျေးကိုကောက်ကိုင်ပြီး အပြောအဆိုမချေငံတဲ့ အဲဒီလေကြောင်း လိုင်း အရာရှိကို ချဲလင့်တောင်းရာက လေဆိပ်ရဲကိုခေါ်ရတဲ့အထိ ကြီးသွားတဲ့ပြဿနာပါပဲ။အမှန်တော့ဗျာ။ ဒီလိုကိစ္စမျိုးဟာ သုဝဏ္ဏဘူမိလို နိုင်ငံတကာလေဆိပ်မှာ တယ်ပြီးဆန်းလှတာမဟုတ်ပေမဲ့ ခရီးသည်ဟာ ဗမာဖြစ်နေတာကြောင့် ပြဿနာက ပိုကြီး သွား တယ်ထင်ပါရဲ့"
"ဗမာဖြစ်နေတာနဲ့ အပြစ်က ပိုကြီးသွားသတဲ့လား"
"အကျယ်သာချဲ့ရရင် ပြောမဆုံးပေါင်တောသုံးထောင်ပဲဗျာ။အခုပြဿနာဖြစ်တဲ့မောင်နဲ့ ကျနော်ရင်းရင်းနှီးနှီးသိပါတယ်။ သူ့ဖက်က မှန်တယ်လို့လည်း ကျနော်ဇွတ်မပြောချင်ဘူး။တခုသေချာတာက ဘယ်လောက်ယဉ်ကျေးပါတယ်။ပညာတတ်ပါတယ်ဆိုတဲ့ ထိုင်းအရာရှိ ဖြစ်ပါစေ ဗမာဆိုရင် ပန်းရံ၊အိမ်ဖော်တွေလို့သာ အရိုးစွဲထင်မြင်နေကြတုန်းကိုး။ရာဇဝင်ထဲက ရန်ကြွေးဟာ ထိုင်းလူမျိုးတွေရဲ့ အတွင်း စိတ်မှာ အခုထက်ထိ ပြေပျောက်ဟန်မတူသေးဘူး။ဗမာလူမျိုးနဲ့ပတ်သတ်တဲ့ပြစ်မှုတစ်စုံတစ်ရာကို ကောက်ချက်ဆွဲရာမှာ နင်မဟုတ်ရင်နင့် အဖေဆိုတဲ့ ယုတ္တိနည်းကိုသုံးနေကြတုန်းဗျ။သက်သေအခိုင်အမာပြရရင် တော်ဝင်ထိုင်းဘုရင်ကြီးနရစွမ်အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်မှာ စပွန်ဆာပေးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ကုမ္ပဏီအမည်စာရင်းတွေကိုသာ ကြည့်ပေတော့ဗျာ။ ပြဿနာ ဖြစ်ချင်တော့ အခု လေဆိပ်က ထိုင်းတွေ ပြဿနာရှာလိုက်တဲ့ ဗမာဟာ နိုင်ငံတစ်ကာအတွေ့ အကြုံရှိတဲ့ဗမာလူ လည်၊ လူချမ်းသာ ဖြစ်နေတာကြောင့်ပဲ"
"ကိုယ့်ဆရာ၊ကိုယ့်အတွေးနဲ့ ကိုယ်တော့ ဟုတ်ပါပြီ။ လွယ်လွယ်မပြီးရင် ဘယ့်နှယ်လုပ်ပါ့မလဲဗျာ"
"အဲဒါ ဘာခက်သတုန်းဗျာ။ဘန်ကောက်လေဆိပ် လူဝင်မှုကြီးကြပ်ရေးမှာကျနော့်လူရင်းထိုင်းရဲဗိုလ်ချုပ်တစ်ယောက်ရှိလေရဲ့။ ဖုန်းတစ် ချက်ဆက်လိုက်ရုံပါပဲ။ဒီဗိုလ်ချုပ်နဲ့ကျနော်ဟာရိုးရိုးသာမန်မျက်မှန်းတန်းမိတဲ့အဆင့် မဟုတ်ဘူး။ဗမာပြည်ထွက်ကျောက်မျက်တွေ လက်ဆောင်ပေး ထားဖူးတဲ့အထိ ရင်းနှီးနေတာ။ထိုင်းနိုင်ငံဘယ်ဒေသမှာမဆို ပြဿနာကြုံရင် အချိန်မရွေးဖုန်းလှမ်းဆက်လှည့်ပါဆိုပြီး ကတိပေးထားဖူးတဲ့သူ။ကျနော်တစ်ခါမှ အကူအညီမတောင်းဖူးသေးဘူး။ ကြံဖန်မပူပါလေနဲ့။ခင်ဗျား တစ်ခုသတိပြုဖို့က ဘယ်ပြဿနာ မဆို ၊အထူးသဖြင့် ထိုင်းမှာ ပြဿနာ တစ်စုံတစ်ရာကြုံရင် အပူလွန်ပြီး ဗျာမများလေနဲ့ ။ဗျာများလေ ငွေကုန်လေ့။ခင်ဗျားစောင့်သာကြည့် အလိုလိုပြီး သွားပါမှာ သေချာ သလောက်ရှိတယ်။ ဘယ့်နှယ်။ လူကို အန္တရာယ် ပြုနိုင်တဲ့ ကတ်ကျေးက ကောင်တာပေါ်ရောက်နေ ရသတုန်း။ ဒီသတင်းမျိုးသာ မီဒီယာ ပေါ်တက်သွားရင် လေကြောင်းလိုင်းပါ နာမည်ပျက်မဲ့ကိန်းပါဗျာ"
ပြဿနာတို့သည်အဖော်အပေါင်းနှင့်လာတတ်၏ဟူသောဆိုရိုးသည်မှန်ဖွယ်ရှိသည်။ဆက်တိုက်ကြုံရသော အခြင်းအရာမှာ ကျနော့် ဈေးဆိုင်ကို ထိုင်းရဲဝင်ဖမ်းသည့် ပြဿနာပေတည်း။ထုံးစံအတိုင်း အဆိုပါပြဿနာကို ကိုသက်ခိုင်ကပင် သူ့အသိထိုင်းရဲဗိုလ်မှူး တစ်ဦးနှင့်ချိတ်ဆက်လျက်ဝင်ရောက်ရှင်းလင်းပေး ခဲ့သော်ငြား သူ့မျက် နှာသွင်ပြင်သည် တစ်စုံတစ်
ခုကို မကျေမချမ်းဖြစ်နေမှန်း သိသာ လှသောကြောင့် ကျနော်ကပင် လေပြေထိုးလိုက်ရ သည်။
"ထိုင်းဘတ်တစ်သောင်းခွဲလောက်ကုန်တာ ကျနော့်အတွက် မထောင်းတာလှပါဘူး။ခင်ဗျားမျက်နှာကြည့်ရတာ ကျနော့်စိတ်မှာ မသက် သာလှတာတော့ အမှန်ပဲဗျ"
"နေဦးဗျာ။ အခုကြားဝင်ဖြေရှင်းပေးတဲ့ ထိုင်းရဲဗိုလ်မှူးကို ကျနော်သိပ်မသင်္ကာလှဘူး။ဖူးခက်မှာ ကျနော့်အသိရဲတွေ မှိုလိုပေါက်နေတဲ့ ကြားက ခင်ဗျားဆိုင်ကို ဝင်ဖမ်းတယ်။ခင်ဗျားနဲ့ကျနော်မိတ်ဆွေရင်းတွေဆိုတာ ဒီကောင်တွေသိပြီးသား။အခုလာဖမ်းတာ ဖူးခက်နယ်ခံရဲ မဟုတ်တဲ့ ဆူရတ်ဌာနီက ရဲတဲ့။လက်ရှိထိုင်းနိုင်ငံရေးအကြပ်အတည်းကြောင့် ဒီကောင်တွေ အနေအစားကြပ်နေပုံရတယ်။ခင်ဗျား ကြားမိလား။ ဆူရတ်ဌာနီက ရဲဆိုတဲ့မောင်က ကျနော့်ကိုတွေ့တွေ့ချင်း .."အော် အကိုကြီး ဂျွန်ပါလား"တဲ့။ဒီကောင်ကျနော့်ကို သိနေ တယ်။ သိမှာပေါ့။သူဟာအခုပြဿနာကိုကြားဝင်ရှင်းပေးတဲ့ ရဲဗိုလ်မှူးရဲ့ တပည့်အရင်းပဲ။ကျနော်အမှတ်မမှားဘူးဆိုရင် ဒီလူဟာ ပါတောင်ကုန်း အတက် သေနတ်ပစ်ကွင်းမှာ လေ့ကျင့်ရေးတာဝန်ယူထားတဲ့ရဲတပ်ကြပ်ပါပဲ။ကျနော်လိုလူလည်နဲ့ပတ်သက်တဲ့ဆိုင်ကို ဂွင်ဆင်ပြီး ငွေဖန်တာ အံ့သြလွန်းလို့ ပါဗျာ။ဗမာမှန်ရင်ငတုံးတွေချည်းထင်နေလေရော့သလား"
"ခင်ဗျားပြောကာမှ ကျနော်လည်း သံသယဝင်လာတယ်။ဒီလူတွေ ခင်ဗျားကို ဆက်ဆံတာ ရိုကျိုးလွန်းနေတာကို သတိတော့ ပြုမိသလို ပဲဗျာ"
"ထားလိုက်ပါဗျာ။ထိုင်းဟာ ထိုင်းပါပဲ။ရဲဟာရဲပါပဲ"
တချိန်တည်းတွင်ကိုသက်ခိုင်သည် အကြံပေးအဖြစ်၊သူလုပ်ကိုင်နေသော ရန်ကုန်မြို့၏ဧရာမစီမံကိန်းကြီးတစ်ခုအတွက်လည်း အာရုံ ထွေပြားနေဟန်ရှိသည်။သူအာရုံများလာသည့်အခါ ..
"လာဗျာ၊ ပန်းခြံထဲမှာ ကိုယ်လက်လှုပ်ရှား၊လမ်းလျှောက်ရင်း အာချောင်ကြတာပေါ့"ဟု အဖော်စပ်လေ့ရှိသည်။နုစဉ်အခါကမူ ယခုကဲ့သို့ စိတ်လက်မအီမသာသည့်အချိန်များတွင် ချောင်ကျသောစားသောက်ဆိုင်တစ်ခုခုမှာ သူ့နောက်တော်ပါများနှင့် အရက်ဝိုင်းဖွဲ့ကာ အချိန် ကုန်လေ့ရှိသည်ဟု ဆိုပါ၏။ယခုသော် အချိန်ကာလများနှင့် အတွေ့အကြုံ၊ အသက်အရွယ်တို့သည် သူ့ကိုပဲ့ပြင်လိုက် ဟန်ရှိ၏။ ဖူးခက်မြို့၏အထင်ကရ ထိုင်းဘုရင့်တော်ဝင်ပန်းခြံအဝင်ဝသို့ ကျနော်တို့ရောက်ချိန်တွင် နေအတော်စောင်းခဲ့ပြီ။ပန်းခြံတွင်းသို့ ရောက်ရန် အတန်ငယ်ရှည်လျားသော ကွန်ကရစ်ချောင်းကူးတံတားကြီးတစ်ခုကို ဖြတ်ကျော်ကြ ရသည်။ထိုတံတားကြီး၏အလယ်သို့အရောက် ကိုသက်ခိုင့်နှုတ်မှ အသံထွက်လာသည်။
"တော်တော်ကိုစိတ်ပျက်စရာကောင်းတယ်ဗျာ"
အရင်းမရှိအဖျားမရှိ ကောက်ကာငင်ကာ ညည်းညူလိုက်သောကိုသက်ခိုင့်အသံကြောင့် ၊စူးစမ်းသောအဓိပ္ပါယ်ပါသည့် ကျနော့်မျက်လုံး အစုံ သည် သူ့မျက်နှာဆီသို့ ဖျတ်ကနဲရောက်သွား၏။
"ဘာဖြစ်ရပြန်တာတုန်းကိုယ့်ဆရာ။ခင်ဗျားလို အတွေ့အကြုံစုံလှချည်ရဲ့ဆိုတဲ့လူက ညည်းနေတော့ ကျနော်တို့လိုလူက ဘယ်သွားနေ ရမတုန်း"
"ညည်းတာဆန်းသလားဗျာ။ကျနော်ကြားဖူးတဲ့ ဓမ္မတေးတစ်ပုဒ်မှာဆို သုံးလောကထွဋ်ထား၊ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်တောင် စိတ်ပျက်ဖူး သတဲ့"
"လာပြန်ပြီ။ပေါက်ပေါက်ရှာရှာ။ဘယ်သီချင်းပါလိမ့်။လုပ်စမ်းပါအုံး"
"အော်။ ကျနော်မှတ်မိသလောက်တော့ "မဟာဗောဓိပင်နဲ့တလံကွာပါသည်။စကြာဝဠာငြိမ်သက်၍ လုံ့လဥဿဟအစုံအညီ ဗောဓိပင်ရွှေပလ္လင်ထက်မှာ ထက်ဝယ်ဖွဲ့ခွေနေတော်မူလေသည်။ဗောဓိပင်ရွှေပလ္လင်ကြီးကိုအောင်သော် သတ္တဝါအများ ချွတ်လို့ကျွတ်နိုင် ပါ့မလားရယ်လို့ အားတော်ငယ်ရှာသော်.."တဲ့ဗျာ။ကျနော်လိုဖွတ်ကြား စိတ်များတာ ဘာဆန်းသတုန်း"
"ကဲပါဗျာ ခင်ဗျားကို ကျနော်စကားနိုင်မလုတော့ပါဘူး။ ခင်ဗျားစိတ်ပျက်တာက ထိုင်းရဲတွေကိစ္စများလား"
"အေးဗျာ။ထိုင်းပုလိပ်တွေကိစ္စကနေ ကျနော်တို့ဗမာပြည်ဒီမိုကရေစီခေတ်မှာပြောင်းနေကြတဲ့လုပ်နည်းလုပ်ဟန်ကို ချိတ်ဆက်စဉ်းစား မိလို့ဗျ။ကျနော်အခုအကြံပေးလုပ်နေတဲ့ မဟာစီမံကိန်းကြီးမှာပေါ့။ဗမာပြည်က လုပ်ငန်းရှင်တွေကလည်း ငွေရှိရင် ဘယ်အရာမဆိုပြီး တယ်ထင်နေကြတုန်း၊ဗမာပြည်ဘဏ်တွေကလည်း အမိန့်ရ အပေါင် ဆိုင်သာသာလောက်ပဲ ရှိကြသေးထင်ပါ့ဗျာ"
ဤသည်ပင် ကိုသက်ခိုင်၏ပင်ကိုယ်စရိုက်တည်း။သူသည် အမြဲလိုလို ကိစ္စတစ်ခုခုအတွက် တွေးတောနေတတ်သူဖြစ်၏။သူ့အတွေးစဉ် တစ်နေရာ အရောက်၊ထွက်ပေါက်မရှိချိန်တွင် သူ့နှုတ်မှ ယခုကဲ့သို့ပင်၊အသံထွက်လာလေ့ရှိသည်။
"ခင်ဗျားဘာတွေတွေးနေမှန်းမှ မသိတာ။ကျနော်က ဘာပြန်ပြောရမှာတုန်းဗျာ"
"ဘာမှပြန်မပြောနဲ့ဗျာ။ အသာငြိမ်ပြီးသာနားထောင်ပေတော့။တကယ်တော့ အခုလိုခေတ်ပြောင်းနေချိန်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ခေါ်ကြ၊ခေတ်မီအဆောက်အဦတွေ ဆောက်ကြ၊ စီမံကိန်းတွေလုပ်နေကြတာတော့ မှန်ပါရဲ့။ ဗမာလုပ်ငန်းရှင်သူဌေးတွေဟာ သူတို့ပိုင်တဲ့ဥစ္စာဓနကို ဗမာဘဏ်တွေမှာ အပေါင်ထားပြီး ချေးလို့ရတဲ့ငွေနဲ့ ဧရာမစီမံကိန်းတွေကို လုပ်ကြသတဲ့။ဗမာဘဏ်တွေကလည်း သူတို့ငွေမဆုံးရေးလောက်သာ အာရုံစိုက်ကြတယ်ထင်ပါရဲ့။ ဒီပုံဒီနည်းနဲ့ဖြင့် ပြာပုံထဲက ထွက်နိုင်ဖို့ လမ်းမမြင်ဘူး။ အပေါင်ခံ ပစ္စည်းမလိုပဲ၊ဗမာပြည်ထဲကိုလာပြီး ရင်းနှီးမြှုပ်နှံနေတဲ့ပြည်ပရင်းနှီးမြှုပ်နှံသူတွေ အတွက်တော့ ရတနာပုံဆိုက်ကိန်း ပေါ့ဗျာ။ လေယာဉ်ပျံနဲ့သွားနေတာကို ကုန်းကြောင်း လမ်းလျှောက်ပြီး အမှီ လိုက်နေတာ မြင်၊မြင်ယောင်သေးတော့တယ်"
"အနည်းအကျဉ်းတော့ ရိပ်မိသလိုပဲဗျာ။ခင်ဗျားစကားကို ဆက်ပါအုံး"
"လူတစ်ယောက်လူတစ်စုပိုင်တဲ့ ဥစ္စာဓနကို အာမခံထားနိုင်ရုံနဲ့တိုင်းပြည်ကြီးကို အချိန်တိုတိုအတွင်းပြောင်းလဲအောင် ဘယ်မှာလာ ဖြစ်နိုင်ပါ့မ တုန်း၊ခင်ဗျားမြင်သာတဲ့ ဥပမာတစ်ခု ကျနော်ပေးမယ်။အခုထိုင်းနိုင်ငံမှာ လူတစ်ယောက်ဟာ ကားဝယ်ချင်တယ်ဆိုပါစို့။ ကားဝယ်မဲ့သူရဲ့ အခြေအနေနဲ့ ဒီကားကိုသူဘယ်လိုဘယ်ပုံအသုံးပြုမယ်ဆိုတာ သိရင် ဘဏ်က ငွေထုတ်ချေးတယ်။ဆိုလိုတာက ဒီကားဝယ်ဖို့ ကားဝယ် တဲ့သူက သူ့အိမ်ကိုအပေါင်ပစ္စည်းအဖြစ် ထားစရာမလိုဘူး။အခုဗမာပြည်ရဲ့မြောက်များလှစွာသော စီမံကိန်းတွေမှာ ဒီစီမံကိန်းရဲ့အနာဂတ်ကို ဘဏ်တွေက အမြှော်အမြင်ရှိရှိသုံးသပ်ပြီး ပူးပေါင်းဆောင်ရွက်သင့်တာပေါ့။နိုင်ငံတကာက လာပြီး ရင်းနှီးမြှုပ်နှံသူတွေက သူတို့နိုင်ငံတွေရဲ့ ကျောထောက်နောက်ခံဘဏ်တွေနဲ့ ဗမာပြည်ထဲလာပြီး လူတွင်ကျယ်လုပ် နေကြတာ။ငွေထုတ်ကြီးပိုက်လာပြီး လုပ်ကြတာမှ မဟုတ် တာ။အဲဒီခြားနားချက်ကြောင့် ဗမာလုပ်ငန်းရှင်တွေဟာ ပြည်ပရင်းနှီးမြှုပ်နှံ သူတွေကို တန်းတူယှဉ်မလိုက်နိုင်တော့ပဲ၊ နောက်ကောက်ကျ ကျန်ကုန်တော့တာပါပဲ။ ကျောထောက်နောက်ခံဘဏ်တွေရဲ့အားကိုးနဲ့ ဗမာပြည်စီမံကိန်းတစ်ခုခုအတွက် တိကျရေရာတဲ့ အကျိုးအမြတ် ကို ခန့်မှန်းတွက်ချက်နိုင်တာကြောင့် သူတို့အသာစီးရတယ်။ ဗမာဘဏ်တွေကတော့ အကဲဖြတ်နိုင် ပုံမရဘူး။အစိုးရကိုယ်တိုင်ကလည်း ဒီအချက်ကို ပံ့ပိုးနိုင်ပုံမရဘူး။ဒီတော့ ဗမာလုပ်ငန်းရှင်တွေဟာ ဗမာအစိုးရဆီက စီမံကိန်းတွေကို နာမည်ခံလျှောက်ပြီး လုပ်ပိုင်ခွင့်ရတဲ့အခါ နိုင်ငံခြားသား တွေလက်ထဲ ဝကွက်အပ်လိုက်ကြ၊ရောင်းစား လိုက်ကြတဲ့ အခြေဆိုက်ကုန်ကြရောပေါ့ဗျာ။ဒီတော့ ချမ်းသာတဲ့သူက ပိုချမ်းသာ၊ဆင်းရဲတဲ့သူက ဒုံရင်း ဘယ်မှာလာ ဒုက္ခတွင်းထဲက လွတ်နိုင်ကြပါ့မတုန်း။
ထိုင်းလိုနိုင်ငံမှာတောင် အသေးစားအိမ်တွင်း မှုလုပ်ငန်းတွေအတွက် ဘဏ်တွေဟာလုပ်ငန်း အလားအလာ ကိုကြည့်ပြီး လွယ်လွယ်ငွေချေး လိုက်ကြတာပဲ။ချေးငွေယူထားတဲ့ သူတွေ လုပ်ငန်းကောင်းကောင်းလည်ပတ်နိုင်အောင်လိုအပ် ချက်တွေကို အစိုးရက ဖြည့်ဆည်းပေးတာလည်း နည်းယူစရာပါပဲ။ယုတ်စွအဆုံး ထိုင်းလူမျိုးတစ်ယောက်ဗမာပစ္စည်းဆိုင်ဖွင့်ရင် အခွန်မဆောင်တဲ့ ပစ္စည်း တွေဖြစ်အုံးတော့။ တနိုင်တပိုင်လုပ်ငန်းဆိုရင် နားလည်မှုပေးထားတယ်။ထိုင်းလူမျိုးကောင်းစားဖို့ ထိုင်းရဲတွေ၊ ထိုင်းအာဏာ ပိုင်တွေ နားလည်မှုရှိပုံကတော့ အတုယူလောက်ပါပေရဲ့။ထိုင်းဘဏ်တွေမှာ အလုပ်လုပ်ချင်တဲ့သူတွေအတွက် ချိတ်ဆက်ပြင်ဆင် ထားတာတွေအများကြီးဗျ။ကြက်ကြော်ရောင်းချင်သလား။လမ်းဘေးကော်ဖီဆိုင်ဖွင့်ချင်သလား။ကြက်မွေးတဲ့စီပီကုမ္ပဏီ၊ကော်ဖီတံဆိပ်အမျိုးမျိုးရဲ့မူရင်း ကုမ္ပဏီတွေနဲ့ ချက်ချင်းချိတ်ဆက်ပေးနိုင်တယ်ဗျ"
"ခင်ဗျားပြောနေတဲ့စကားနဲ့ ဆိုင်မဆိုင်တော့ မသိဘူးဗျာ။ ကျနော့်အိမ်ရှေ့မှာ စွန့်ပစ်စရာအမှိုက်ရှိမရှိ ဟွန်းသံလေးပေးပြီး အမှိုက် ကောက်တဲ့သူတောင် စံပလောလို့ခေါ်တဲ့ဆိုင်ကယ်ဘေးတွဲနဲ့ဗျာ"
"အေးဗျာ။ထိုင်းတွေဆိုင်ကယ်တစ်စီးဝယ်ချင်ရင် တလထိုင်းဘတ် တစ်ထောင်၊ဗမာငွေသုံးသောင်းလောက်သွင်းနိုင်ရင် ရနေတာမို့ လူတိုင်း ဆိုင်ကယ်စီးနိုင်ကြတာ အဆန်းတော့မဟုတ်ပြန်ဘူး။ခင်ဗျားသေချာစဉ်းစားကြည့်။ကော့သောင်းလိုမြို့မျိုးမှာ ဆိုင်ကယ်တစီး တစ်လငှား စီးရင် ငါးသောင်းပေးရသတဲ့ဗျာ။ဒီငွေနဲ့ထိုင်းမှာ ဆိုင်ကယ်အပိုင်ဝယ်စီးနိုင်တယ်ဗျာ။ထိုင်းမှာ ကုန်စိမ်းရောင်းတဲ့သူတိုင်းလိုလို တိုယိုတာ ဟိုင်းလပ်ကား တစ်စီးတော့ပိုင်ကြလေရဲ့။ပိုင်မှာပေါ့ဗျ။ နှစ်ကုန်တိုင်း(Discount)ဒစ်စကောင့်ချပေးတဲ့ကာလမျိုးမှာ ထိုင်းဘတ်ငါးသောင်း (ဗမာငွေဆယ့်ငါးသိန်း) လောက်သွင်း နိုင်ရင် ကားကို အရစ်ကျစံနစ်နဲ့အပိုင် ဝယ်စီးနိုင်ကြတာပဲ။ ခင်ဗျားအနေနဲ့တစ်ခုစောဒက တက်စရာ ရှိမယ်။ ငွေလွယ်လွယ်ချေးပြီး ပြန်မဆပ်ကြတော့ ဘယ့်နှယ့်လုပ်မတုန်းလို့။ ကျနော့်အယူအဆကတော့ တိုတိုပြတ်ပြတ်ပဲဗျာ။ လိမ်စားမဲ့သူတစ်စုကိုစိုး
ရိမ်ကြောက်လန့်ပြီး သမာအာဇီဝတိုးတက်ကြီးပွားချင်တဲ့ လူအများစုကို မနစ်နာစေသင့်ဘူး"
"ခင်ဗျားက ထိုင်းနိုင်ငံကြီးဟာ သိပ်တိုးတက်အောင်မြင်နေပြီလို့ဆိုချင်ရော့သလား"
"တော်စမ်းပါဗျာ။ ကျနော့်အနေနဲ့တော့ ထိုင်းလူမျိုးတွေဟာ ဘာမှ အထင်ကြီးစရာမဟုတ်ဘူး။ဗမာလူမျိုးတွေနဲ့ တစ်ဦးချင်းစွမ်းရည် ယှဉ် လိုက်ရင် ထိုင်းတွေမယှဉ်နိုင်တာသေချာတယ်။ထိုင်းလူမျိုးတွေမှာ ကြီးကျယ်ပြောင်မြောက်တဲ့အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမရှိဘူး။ ဘယ်လူမျိုးက ကျူးကျော်လာလာ စေ့စပ်ညှိနှိုင်းတဲ့နည်းနဲ့ လမ်းဆုံးခဲ့ကြတာချည်းပဲ။လွတ်မြောက်ရေးတိုက်ပွဲအတွေ့အကြုံ ရှားလွန်းလို့ ခေတ်သစ်ထိုင်းရုပ်ရှင်တော်တော်များများမှာ ဂျပန်ကိုခုခံတဲ့ တိုနန့်နန့်အခန်းတွေချည်းများနေလေရဲ့။အဓိကအချက်ကတော့ တိုင်းပြည် တစ်ခုကြီးပွားရာ ကြီးပွားကြောင်းဟာ အဲဒီနိုင်ငံကျင့်သုံးနေတဲ့ စံနစ်ပါပဲ။အစိုးရရဲ့စီမံခန့်ခွဲမှုဟာ အခရာပါပဲ။ ကိုယ့်လူမျိုးရဲ့ လူနေမှု ဘဝ၊စားဝတ်နေမှုဘဝ၊ ပြည့်စုံချောင်လည်ရေးကို ဦးတည်ဖို့ပါပဲ။ဗမာပြည်မှာ အနိမ့်ဆုံးအဆင့် အဝှာခံစားတာတောင် ရဲရန်က မလွတ်ဘူး။ ခင်ဗျားမြင် အောင်ကြည့်စမ်းပါဗျာ။ ဖူးခက်တမြို့လုံးမှာ ဇိမ်ခန်းတွေမှိုလိုပေါက်နေပါလျက် ဘယ်ဇိမ်ခန်းကိုမှ ထိုင်းရဲဝင်စီးတယ် ဆိုတဲ့သတင်းမကြားမိ သလောက်ပဲ။အမယ်၊ထိုင်းဥပဒေမှာလွတ်လပ်စွာ ပြည့်တန်ဆာလုပ်ကြလို့တော့ ပြဌာန်းမထား ပေမဲ့ "ခန္ဓာကိုယ်ဖြင့် ရင်းနှီး ရှာဖွေလျက် အမိအဘကို ကျွေးမွေးစောင့်ရှောက်ခြင်းကား အမြတ်ဆုံး ကုသိုလ်ပေတည်း"ဆိုတဲ့ ဓလေ့ထုံးစံအကြောင်းပြချက်တောင်ရှိ သေးဗျာ။
"ခင်ဗျားက ဒီအကြောင်းတွေလည်း သိနေသကိုး"
"ခင်ဗျားပြောတဲ့လေသံက ကျနော်ဟာ ဇိမ်ခန်းတွေဘက်ခြေစင်္ကြာလှည့်နေတယ်လို့ဆိုလိုရာရောက်နေတယ်။ခက်၊ခက်ရချည့်ရဲ့။ ဒါမျိုးက မျက်စိဖွင့်နားစွင့်နေရင် မြင်နိုင်သိနိုင်နေတာပဲ။ဘန်ကောက်မှာ ရေချိုးခန်းနာမည်ခံပြီးဖွင့်ထားတဲ့ သလ္လာဝတီ၊ပိုစီတန်(Posidone) အမ်စတာဒမ်၊ပလာဇာဆိုတဲ့နာမည်ကြီး ဇိမ်ခန်းတွေရှိသလို ဖူးခက်မှာလည်း ဆွိုင်ဆစ်ပ်အက်၊ဆွိုင်ဘင်္ဂလာလမ်းတွေထဲမှာ ဇိမ်ခန်း တွေနဲ့ပြည့်နေလေရဲ့။ပါတောင်ဂျေဂျေပလာဇာမှာ ထိုင်းလူမျိုးမဝင်ရတဲ့ Sexy Showတောင်ရှိသေးဗျာ။ခင်ဗျားသွားချင်ရင် ကျနော်လိုက်ပို့ ပါ့မယ်။ဝင်ကြေးထိုင်းဘတ်နှစ်ထောင်လောက်တော့ရှိလေရဲ့ ဖူးခက်ဆိပ်ကမ်းမှာ အမေရိကန်ရေတပ်သင်္ဘောတွေ ဆိုက်ချိန်ဆို ဖူးခက်က ဇိမ်မယ်တွေ နဲ့ မလုံလောက်လို့ ဆူရတ်တို့၊ကရာဗီတို့လိုအနီးအနားမြို့တွေကနေ ပြည့်တန်ဆာအင်အားအလုံးအရင်းဖြည့်ရ တာတွေ တောင် ရှိသတဲ့ဗျ"
"နေပါဦးဗျ။အခုဗမာအစိုးရက ပြည်တွင်းအသေးစားလုပ်ငန်းတွေကို အားမပေးလို့လား"
"ပေးတော့ပေးဖူးပါရဲ့။ခါးတောင်းကျိုက်တစ်ခြားဖင်တခြားဗျ။ဘဏ်ချေးငွေကိုအသုံးပြုပြီး ကြီးပွားရာကြီးပွာကြောင်း အစိုးရမင်းများရဲ့ အစီအမံတွေက ပံ့ပိုးနိုင်မှ လမ်းဆုံးရောက်တော့မပေါ့။တလွဲဆံပင်ကောင်းဆိုတဲ့စကားပုံခပ်ရိုင်းရိုင်းသုံးရမယ်ထင်ပါရဲ့"
"တလွဲဆံပင်ကောင်းဆိုတဲ့ စကားပုံက ဗိုလ်ချုပ်အောင်ဆန်းတောင်သုံးခဲ့သေးတာ တော်တော်ရိုင်းသတဲ့လား"
"ဗိုလ်ချုပ်က စေတနာအရင်းခံနဲ့သုံးခဲ့တာမို့ စကားကရိုင်းပေမဲ့ အတော့်ကို အံကျတဲ့စကားဗျ။ဆံပင်လိုအမွှေးက ရှည်ရမဲ့နေရာမရှည်ပဲ မရှည်သင့်တဲ့နေရာမှာ ရှည်နေတာကိုရည်ညွှန်းတာ။ကျနော့်မိတ်ဆွေတစ်ယောက်ပြောဖူးတဲ့ ဗမာဘဏ်တွေအကြောင်း ပြေးသတိရမိ သေးတော့တယ်။ ဗမာပြည်မှာ တပိုင်တနိုင် စက်မှု လုပ်ငန်းလေးတွေ အထွန်းကားဆုံးနေရာဟာ ပုဆိုးတွေယက်နေတဲ့ ၀မ်းတွင်းမြို့လေးတဲ့ဗျ ။ စစ်ကြိုခေတ်ကတည်းက မလှိုင် ၊ သာစည် ၊ ကျောက်ဆည် ၊ ကူမဲ ပတ်ဝန်းကျင်က ၀ါထွက်တာ အကြောင်းပြုပြီး ပေါ်လာတဲ့ အင်္ဂလန်ချည်စက်ကလေးတွေပေါ့ဗျာ။ အရည်အသွေးကောင်းမှကောင်း ၊ ခုနောက်ပိုင်းတော့ မြင်းခြံက နေပြီး အဲဒီ ယက္ကန်းစက် ပုံတူမိုလေးတွေနဲ့ ဆက်ပြီးသွန်းလောင်းနေတာပေါ့ ။ သူဟာနဲ့သူ သုံးပျော်ပါတယ် ။ ၀မ်းတွင်း ချည်မျှင် နဲ့ အထည်စက် ကလေးတွေ လုပ်ငန်းထိုး ဆင်းသွားတာကတော့ ပြည်သူပိုင် သိမ်းပြီးနောက်ပိုင်းပေါ့ဗျာ ..။ ကမ္ဘာ့ စက်မှု လုပ်ငန်းမပြောနဲ့ ဒေသတွင်း အဆင့်နဲ့ တောင် ပြတ်ကျန်နေရစ်ခဲ့တဲ့ ဒီ စစ်ကြိုခေတ် မိုဒယ်လေးတွေ နဲ့ ယက်ကန်းခတ်စားဖို့ရာလည်း ခမျာများမှာ ပိုက်ဆံမရှိရှာကြပါ ဘူး ။ သူဌေးကြီးတချို့တလေပဲ ယက္ကန်းစင်တွေ တစင်ပြီး တစင်ထောင်ရင်း ကြီးပွားကြတာပါ ။ အစိုးရ တို့ ဘဏ်တို့ ဆိုတာလဲ၊ဒီလို macro industries လေးတွေကို အားမပေးထိုက်ပေဘူးလားဗျာ။ ဒါပေမဲ့ အားမပေးတဲ့ အပြင် နှိပ်ကွပ်ထားသလိုပဲဗျို့။၉၀ ခုနှစ်ကျော်ကာလများဆီက ထွန်းဖောင်ဒေးရှင်း ဘဏ်ဆို ထင်ပါရဲ့ ၊ ၀မ်းတွင်းက အသေးစား စက်မှု လုပ်ငန်းလေးတွေ ငွေ ချေးမယ် ဆိုပြီး ဖြစ်ကရော။ဒါပေသိ ချေးငှားမဲ့လူမှာ မရွေ့မပြောင်းနိုင်သော ပိုင်ဆိုင်မှု အပေါင်ခံထားရမယ် ဆိုတော့ ဘယ်လိုလူတွေကို ချေးသတုံး။တိုက်ပိုင် ၊ ခြံပိုင် တွေကို ချေးတယ် ။ အဲဒါနဲ့ပဲ သူ့ထက်ငါဦးအောင် တိုက် မျက်နှာစာ တွေ ဆောက်ကြတော့သတဲ့ဗျာ.. ။ ၊သတိထား ၊ကျနော်ပြောတာ တိုက်မျက်နှာစာနော် ၊ တိုက်ဆောက်တယ်လို့ မပြောဘူး။ အဲသလို မျက်နှာစာတွေ ဆောက် နောက်ဖေးဟောင်းလောင်း ကိုယ်ထည်မပါတဲ့ တိုက်ကြီးတွေကို ဓာတ်ပုံရိုက် ၊ ဘဏ်ပေါင် ၊ ချေးငွေတင် ။ စက်ဝယ် ၊ ယက္ကန်းခတ် သူဌေးစီမံကိန်းဟာ ဖြူးလို့ပဲ ..။ သို့သော်တဲ့။ဒီမှာ အစိုးရ စီမံခန့်ခွဲမှုက စကားပြောလာရော။ မြင်းခြံက ယက်ကန်းစက်တွေ အပူတပြင်းသွန်းလောင်းပြီး "ခတ်လိုက်မယ်ဟဲ့ ယက္ကန်း"လို့လဲ ပြင်ရော လျှပ်စစ်မီး က မမှန်တော့ ခမျာများမှာ မှိုင်တွေကျရတော့တာပဲ ။ နှစ်ချုပ်လို့ ဘဏ်တိုး မဆပ်တော့ ကွင်းဆင်းစစ် ။ အလိမ်အညာတွေတွေ့ ။ တရားစွဲကြ ၊ ဖမ်းကြ၊ ပြေးကြ ၊ ထောင်တန်းကျကြ၊ ကမ္ဘာ ပျက်တာပါပဲဗျာ ။ကျနော်တို့ဗမာပြည်မှာဒီလိုပုံနဲ့မိုးကြီးချုပ်လို့ကတော့ဗျာ။ဘန်ကောက်လေဆိပ်က ဇာတ်လမ်းတွေ၊ခင်ဗျားဆိုင် ထိုင်းရဲဝင်ဖမ်းတာတွေ၊အရွယ်ကောင်းဗမာလူမျိုးသန်းချီပြီးထိုင်းမှာ ကျွန်ဇာတ်လာခင်းနေတာတွေ ဆက်ရှိနေအုံးမှာပါဘဲ"
ကိုသက်ခိုင်သည် သူ့စကားစကိုဖြတ်ကာ ပန်းခြံအတွင်းမှ သစ်ပင်များအုပ်ဆိုင်းဆိုင်းရှိနေသည့် ကတ္တရာလမ်းအတိုင်း ခပ်ဖွဖွပြေးထွက် သွားချိန်တွင် နေဝင်ချိန်လေနုအေးသည် နော့နေဆဲ။ကျနော်ကား နောက်ဆက်တွဲအတွေးမျိုးစုံဖြင့်ကိုသက်ခိုင်နှင့်လားရာတူအရပ်သို့ တလှမ်းချင်းလျှောက်လျက်ရှိလေ၏။