Quantcast
Channel: .
Viewing all 346 articles
Browse latest View live

မျက်ဝန်းထဲမှာ မိုးရွာပြီ “ဒင်”

$
0
0

လွမ်းတာချင်းတူရင် “ဒင်ဒင်”တို့ အရှုံးပေးလိုက်မယ် ဟူ၍သာ ကျွန်ုပ် ဥဒါန်းကျူးရင့် ရပေခြိမ့်တော့မည်။ လွမ်းသူတကာတို့၏ ထိပ်ဖြစ်သော နတ်သျှင်နောင်၊ ပြည်နဝဒေးတို့မှအစ ကိုတင်လှိုင်၊ ကိုသန်းလှိုင်နှင့်တကွ အလွမ်းသီချင်းရေးသော မောင်ကျော်ဇော တို့ပင် ကျွန်ုပ်၏အလွမ်းကို မီအောင်စာဖွဲ့ သီကျူးနိုင်လေမည် မထင်ချေ။ ကြားမြင်တွေးသမျှ အလွမ်းတို့သာတည်း။ နေရာတကာ အလွမ်းတို့ချည်းပါတကား။ လွမ်းလို့ရယ် ဘယ်မကုန် ဝသုန် ဤမြေ အသိသက်သေတင်သည့်တိုင် ဘယ်ပန်းချီရေးမမီနိုင်လေ။
……………………
နံနက်စောစော အိမ့်အနောက်ဖက်တောအုပ်ငယ်ဆီမှ ငှက်မြည်သံတချို့သည် ညကကျွန်ုပ်မက်ခဲ့သောအလွမ်း အိပ်မက်ကို ကိုးရီးယားဇာတ်လမ်းတွဲကဲ့သို့ အခန်းဆက်ဖြစ်စေလေ၏။ ဘာဏုရာဇာနေမင်းကြီးကား ရောင်ခြည်တထောင်အလင်းဆောင်လျက် အရှေ့ဗြုဗ္ဗာမှ ထွက်ပြူလာနေလင့်ကစား ကျနော့်စိတ် အစဉ်သည် ညက အိပ်မက်ထဲတွင် ရောက်ရှိနေခဲ့သော မွေးရပ်မြေတွင် မြူးတူးခုန်ပေါက် နေဆဲပင်။ ကျွန်ုပ်၏ အလွမ်းကား ကြီးကောင့်ကြီးမားကျမှ ပေါက်သော အလွမ်းဝက်သက်မဟုတ်၊ တောင်တောင် အီအီ အလွမ်းမဟုတ်၊ မွေးရပ်မြေ အလွမ်း ဖြစ်သတည်း။ ဆီဆုံနံ့ကို လွမ်းသလိုလို၊ ထန်းတောထဲက ထန်းတဲမှာထွက်ပေါ်သည့် ထန်းရွက်ခြောက်နံ့ကို သတိရသလိုလို၊ နောက်ချေးပုံနံ့ကို တမ်းတသလိုလို။ ထိုမှသည် ရန်ကုန်အလွမ်း၊ ဝက်သားဒုတ်ထိုး အလွမ်း ဟိုအလွမ်း ဒီအလွမ်း အလွမ်း သောင်းခြောက်ထောင်မက အလွမ်းကုဋေကုဋာဟု ဆိုရမယောင်တ ကား။
ခပ်ဝေးဝေးက သဲ့သဲ့ကြားရသော ထိုင်းရိုးရာသီချင်းသံသည် ကျွန်ုပ်၏နားဝယ် စွဲမိစွဲရာ ထွက်ပေါ်လာသည်ကား .. မယ်တို့ရွာသာစခန်း အလည်လာစမ်းပါကွယ်၊ မြရောင်ခြယ် လယ်ကွင်းနဲ့ ကန်သင်ရိုးတလျှောက်မယ် .. ။ ပင်ထနောင်းနဲ့ ဇီးပင်တွေရယ် မကျည်း၊ ဝါးပင်ပေါပါတယ်ဗျာ…. ဟူလို။
……………………
ကျွန်ုပ်ကား တိုင်းခြားပြည်ရွာတွင် အခြေချရန် စဉ်းငယ်မျှ အိပ်မက်တွင်ပင် မရှိခဲ့လင့်ကစား ပစ္စက္ခအချိန်တွင် ဖူးခက်မည်သော ဤသောင် ဤကမ်း၌ ရေတွင်မျောသော ကမ်းတင်ဗေဒါ၊ သောင်ပြင်လွတ်သည့် ဟသာင်္ဖြစ်မှန်း မသိ ဖြစ်နေခဲ့လေသည်မှာ ကာလအားဖြင့် ရာသီစက်ဝန်း ခုနှစ်နှစ်ပင် စွန်းပေရော့မည်။
တကိုယ်ထီးတည်းဖြစ်သော ကျွန်ုပ်၏နိစ္စဓူဝ၊ ကျင်လည်လှုပ်ရှားမှုမှာ ပြစ်ဒဏ်ကျ အကျဉ်းသားနှင့် တူလှလေ၏။ ထူးခြားသည်ကား အကျဉ်းကျစေသည့် အမိန့်ကို ချသူမှာလည်း ကျွန်ုပ်ကိုယ်တိုင်ပင် ဖြစ်နေလေ၏။ မိုးသောက် လျှင်အိပ်ယာထမည်။ ဘာမှ ဟုတ်တိပတ်တိ မချက်ပြုတ်တတ်သော၊ ဟင်းနုနွယ်နှင့် မုန်ညင်းရွက်ကို ရံဖန်ရံခါ မှားတတ်သော တပည့်ကျော် ကျော်ဝင်းဌေး၏ လက်ရာကို စားမည်။ ပြီးလျှင် အချုပ်ခန်းနှင့် မယိုးရင်းစွဲ တူလှစွာသော အခန်းငယ်ထဲသို့ မည်သည့် ထောင်ပိုင် ထောင်ကြပ် ထောင်ဝါဒါကမျှ အတင်းအဓမ္မ မသွင်းရပါဘဲ ကိုယ့်သဘောနှင့်ကိုယ် ပြန်ဝင်ကာ ကိုးရီးယားကား ဇာတ်လမ်းတွဲများ ကြည့်မည်။ ကျွန်ုပ်ကား အွန်စော၊ ဂျွန်စောနှင့် ကင်ဆိုယို တို့သာမက ဂျာမြောင် မင်းသမီးလေးနှင့်လည်း မျက်မှန်းတန်းမိပြီ။ ကိုးရီးယား နတ်ဝင်သည်တို့နှင့် လည်း ရင်းနှီးခဲ့ပြီ။ အနှိုင်းမဲ့သစ္စာရှင်၊ ရာဇဝင်ထဲက သူရဲကောင်းကြီး လီဆွန်ရှင်းနှင့် သွေးသောက် ဖြစ်ရုံမက မြောင်နိုင်ငံ၊ ဂျိုဆွန်း၊ ဂျောင်းလား၊ ဖျောင်ယန်း၊ ဂယောင်ဆန်း၊ ဂုံယန်း စသည့် နယ်မြေဒေသတို့ကို အကျွမ်းတဝင် ရှိခဲ့ပြီ။ ထိုထိုသော ပြုမြဲအလုပ်တို့ဖြင့်သာ သည်နွေမိုးဆောင်း ပြောင်းခဲ့ပြန်ချေသည် တမုံ့။
……………………
သုံးလောကထွဋ်ထား မြတ်ဘုရားသော်မှ မွေးရပ်ဇာတိ ကပ္ပိလဝတ်သို့ ပြန်ကြွဖူးလေကြောင်း နိပါတ်တော်တွင် လာလေရကား ကျွန်ုပ်လို ငပါမွှား လူ့အန္ဓအဖို့ မွေးရပ်မြေကို သတိရခြင်းမှာ ဆန်းလှသည်တော့ မဟုတ်ချေ။ လွမ်းဖော် လွမ်းဖက်တို့လည်း အနမတက္ကပင်၊ တက္ကဆပ်ပြည်နယ်ရောက်၊ တောင်ငူချက်မြှုပ် ရန်ကုန် စက္ကောမ ကျောင်းဆင်းကလေး မောင်ဝင်းခိုင် ကား ငွေထက် အဓိကကျတာတွေ အများကြီးရှိပါသေးကလား။ ကိုယ့်အမိအဖ၊ ကိုယ့်မွေးရပ်မြေနဲ့ ခွဲခွာရသည်မှာ ဧရာမ ဝဋ်ဆင်းရဲ၊ အကြီးစား ငရဲပါတကားဟု သံဝေဂစကား ဆိုပါ၏။ ဗိုက်ကင်းတို့မြေ၊ နော်ဝေရောက် ကိုခင်ဦးကမူ ထောင်ထဲနေရတာကမှ ခြူးတံဆိပ် နွားတံဆိပ် ဆေးပေါ့လိပ်ကလေး ကမ်းရင် နင်းပေး နှိပ်ပေးမဲ့သူနဲ့ဗျာ။ ဒီက ယဉ်ကျေးမှုတွေကို သိပ်စိတ်ကုန်တယ်။ ထောင်ထဲ ပြန်ဝင်နေ ရတာကမှ ကောင်းသေးဟူ၍ ထောင်မကြောက် တန်းမကြောက် ဆို့နင့်နင့် ကြွေးကြော်လေ၏။
အဖြစ်သည်းနေသော ကျွန်ုပ်ကို မြင်ပြင်းကပ်လှစွာဖြင့် သဟာလောက် လွမ်းနေလျှင်ဖြင့် ခဲတပစ်၊ ဒုတ်တထောက် ရှိသမင့်ဟာ ပြန်လိုက်ပါတော့လား စကားအလွယ် ဆိုကြပေမည်။ သို့တမူလည်း ဥာဏ်တည်းဟူသော မျက်စိထဲတွင် အုတ်နံရံနှင့် သံတိုင်တို့သာ မြင်နေလေရာ လွမ်းသူတို့ လျှောက်သော လမ်းကလေး မဟုတ်ပြန်ချေ။
……………………
အလွမ်းနာသည် ဤရက်ပိုင်းတွင် ပို၍ သည်းလာသည် ထင်ရ၏။ လွမ်းလှချေပြီ။ အဖော်ဆွေမွန် ရှိမှတော်ချေရော့မည်။ ရန်ကုန်မြို့နေဇနီးသည် ခင်အိမ်စည်ကို ခေါ်လေမှ။ သူကား အကျွန်ုပ်၏ အနီးကပ်ဆုံး မိတ်ဆွေမဟုတ်တုံလော။ ခင်အိမ်စည်ကား ကျွန်ုပ်ရှိရာသို့ လုံးလုံးလျားလျား မလာမရောက်သည်တော့ မဟုတ်၊ တရေးချစ်ခွင့် ကြင်ရနိုး၊ လာသည်ဆိုရုံ တနှစ်လျှင် သုံးလတကြိမ် တခေါက်တကျင်းတော့ လာတတ်ပေသည်။ တခေါက်တခါ အရောက်လာသည့် ကိစ္စမှာလည်း ဗီဇာရရေးအတွက် ဖိတ်စာခေါ်စာ၊ ဘဏ်စာရင်း၊ သန်းခေါင်စာရင်း၊ လက်ထပ်စာချုပ်သာမက မွေးစာရင်း ရက်ချုပ်ဇာတာပါ ပြရသော ဒုက္ခက မသေးလှချေ။ မည်သို့ဆိုစေ ဒီတောင်ကို မောင် ကျော်မယ် မြင့်မိုရ်မို့လား။
ခေါ်ဆိုခ အဖိုးစား နားကြီးမြင့်သော်ငြား ကျွန်ုပ် မမှုအားပြီ။ အိုဗာဆီးလ် ကောကို စောလျင်စွာနှိပ်လျက် လွန်စွာ ချိုသာလှသော အသံဖြင့် ….
“ဟယ်လို၊ ခင်အိမ်စည်ငဲ့၊ အိမ်စည် ခပါခလှည့်၊ ကျွန်ုပ် ပျင်းလှပေပြီ၊ ခွဲခွာခြင်းဟူသည် ကိုယ်တို့နှစ်ဦးအတွက် ဘယ်သောအခါမှ မမျှော်လင့်ခဲ့သော ဝေါဟာရပါကွယ်”
သို့တစေ ခင်အိမ်စည့်အသံကား အကဲဆတ်လွန်းလှချေ၏။
“အံမယ်၊ စွတ်ကနဲ စွတ်ကနဲ လာဖို့ခေါ်နေရအောင် ရှင့်ကိုယ်ရှင် နိုင်ယုတ် (ဝန်ကြီးချုပ်) အောက်မေ့နေသလား”
ခင်အိမ်စည်ကား စ စချင်း ဆောက်ကော လွန်ပူနဲ့ပါ ထွင်းချေပြီကော။
“ဟုတ်သေးဘူးလကွယ်၊ ညည်းပြန်တာ ခြောက်လကျော် ကြာသမင့်ပြီပဲ”
“တော်ခေါ်တိုင်း လာလို့ မရဘူးရှင့်၊ သံရုံးက ဗီဇာပေးမှ လာလို့ရတာ သိသိကြီးနဲ့”
ရော။ ခက်ကပြီ။ နည်းလမ်းရှာလေမှ ။
“အနို့၊ မင့်အာယုက ငါးဆယ် မပြည့်သေးဘူးလား၊ ငါးဆယ်စွန်းလျှင်ဖြင့် ပင်စင်ဗီဇာ ရနိုင်မည် မဟုတ်တုံလော”
“ရှင်စိတ်မှ မှန်သေးရဲ့လား၊ ကျုပ်အသက်က ငါးဆယ်ပြည့်ဖို့ အဝေးကြီးလိုသေးတယ်။ အရေးထဲ ဘာတွေ လာပြောနေမှန်းမသိဘူး”
ဤတွင်မှ နှဲကြီး တက်နင်းမိသည့် ကိန်းကြုံကာ၊ ထင်သာထင် မဝင်ဘူး ကျောင်းအမရေ ဆိုရပေတော့မည်။ ဆိုး ချေပြီတည့်။ ဣတ္ထိယတို့ လျှို့ဝှက်အပ်သော အာယုအကြောင်း ထည့်ပြောမိသည်ကိုး၊ ဒါသည်ပင် ဒင့် အမှား ဖြစ်ချေသည်။ ချစ်၍ ချစ်ကာ လာသည်မှကွယ်၊ နှမလက်လျော့ နေလေတော့။
……………………
ကျွန်ုပ်ကား ဘုတ်အုပ် ဖတ်ချင်စိတ်လည်း မရှိ။ အင်တာနက် တက်ချင်ဆင်းချင် စိတ်လည်း မရှိရကား အလွမ်းပြေ စေခြင်းငှာ တမျိုးတဖုံ ကြံစည်မိပြန်လေသည်။ မဲဆောက်နှင့် မွေးရပ်မြေကား ခဲပစ်သာ ကွာလေသောကြောင့် မဲဆောက်မှ မိတ်ဆွေတွေကို အလွမ်းပြေ ဖုန်းဆက်ပေအံ့။ ဦးစွာ သတိရမိသူကား မဲဆောက်၏ သားကောင်း ဇာနည် ကိုရင် ကျော်ထက်တည်း။
“ဟိုင်း၊ ကိုရင်ထက်၊ မာပါ၏လော၊ မိတ်လာ(မိတ္ထီလာ)က အရီးလေးတို့နဲ့ အဆက်ရသေးလား၊ ကိုရင်တို့ အရပ်မိုးလေကော မှန်ပါစ”
“ဟား၊ မောင်ပဉ္ဖင်း၊ကောင်းဗျား၊ အနို့ပေမဲ့ … ”
ဟိုက်ရှားလဘတ်။ ကြီးကောင်ကြီးမားကျမှ နဖူးစာ ရွာလည်လေသော မောင်မင်းကြီးသားကား ရှေ့ဆင့် နောက်ဆင့်မွေးသော သမီးနှစ်ကောင်ကို ထိန်းရင်း ပြည်တွင်းလှုပ်ရှားမှု လုပ်နေလေရာ စကားနှစ်ခွန်း မပြည့်မီမှာပင် ကလေးငိုသံကြား ရပြန်သည်။ သူလည်း ယခုမှပင် နိုင်ငံရေးစစ်စစ်ကို လုပ်နိုင်တော့သည် တကား။ လူစွမ်း လက်စွမ်း ပြောင်လေစွ။ အလိုက်သိလေမှ။
……………………
ဘဇာ အကြောင်းနည်း။ သူ့အပြင်မဲဆောက်တွင် ဖုံးဆက်ရမည့် မိတ်ဆွေရင်းချာတို့ နေ့ရောညပါ မနားတမ်း ရိုက်သတ်၍ပင် ကုန်နိုင်ဖွယ်ရာမရှိ။ ဆရာဝန်မလုပ်သော ဘလော့ဂါကလေး မောင်လွဏ်းဆွေထံ ဆက်လေဦးမှ။ သူကား အကြပ်အတည်းကြားမှ လွတ်မြောက်ရန် နည်းလမ်းကောင်း ရှာနိုင်သူ ဖြစ်နိုင်ပေ၏။ ယခု ကျွန်ုပ် အလွမ်းဟူသော ရန်သူ၏ အမိဖမ်းခြင်းကို ကြုံတွေ့နေရပြီ မဟုတ်တုံလော။ အနှီ ဘလော့ဂါကလေး တင်ထားသော၊ အမျိုးသားခေါင်းဆောင်ကြီး၏ လမ်းညွှန်မိန့်ခွန်းဖြစ်သော သူ၏ ဘလော့ မှတ်ချက်ကို ရှုလော့။
“ဟေ့ သေလည်း မြန်မာပီပီ ဇာတိမာန်နဲ့ သေကြပါ။ ရန်သူက မိရင် လက်အားရင် လက်နဲ့ ထိုး ခြေအားရင် ခြေနဲ့ကန်ပါ။ နောက်ဆုံး ပါးစပ်အားရင် ပါးစပ်နဲ့ကိုက်ပြီးမှ အသေခံလိုက်ပေါ့”ဟူလေရာ ကျားရိုးကို သွေး၍ လျက်ကာ အခွင့်ကောင်းကို ရှာရမည် မဟုတ်လေလော။ ဖုန်းခေါ်သံ နှစ်တီ အဆုံးတွင် သူ့အသံပေါ်လာသည်။
“ဟယ်လို ဆရာဒင်လော”
“မှန်ပေသည်။ အတို့ကျွန် မာပါစံ့။ စကားစမြည်ပြောကြပါအံ့”
“ဟို ဟို ဆရာဒင်၊ ဟို ဟို ….”
သူ့အသံကား ချွတ်နင်းသံတည်း။ အညာအရပ်မှာ လူပျိုသိုးတို့ အပျိုအိမ်လှည့်စဉ် လူမိသော အသံနှင့် ဆင်လေစွ။ အကြောင်းတစုံတရာ ရှိပေမည်။ ဘလော့ အကျော်အမော်ကလေး မည်သည့် အလုပ်များနှင့် ရှုပ်နေဘိသနည်း။
“ဆရာဒင်ရေ။ ကျွန်တော် ဖုန်းမော်မွေးနေ့ ရောက်နေလို့ခင်ဗျ။ ဒီမှာ ဆရာမန်းနဲ့ ပြောလိုက်နော်”
သမားတော် ဖြစ်လောက်သော ပါးလှပ်သည့် တင်္ခဏုပ္ပတ္တိဥာဏ်ကြီးသူ ပီသပါပေ၏။ ဘောလီဘော ကစားခြင်း အတတ်ကို အထူးတလည် ကျွမ်းကျင်ဟန် ရှိလေရာ တယ်လီဖုန်းသည် မဲဆောက်ရွာဆော်ကြီး ရွှေမန်းတင်မောင်ခရေဇီ ဆရာမန်းမျိုးမြင့်ထံ ခုန်ကူးသွားဟန် ရှိလေသည်။
“ဆရာကြီးဒင်လား၊ ခေတ္တငံ့ပါလင့်၊ မင်းပရိသတ်တို့ စုံညီနေပြီဖြစ်၍ ဓာတ်ပုံ မှတ်တမ်းတင်ခြင်းအမှု ပြုရပေ ဦးမည်”
ကျွန်ုပ်ကား အလိုက်မသိသူပေတကား။ ကိုဖုန်းမော် ကွယ်လွန်သည်မှာ အနှစ်နှစ်ဆယ် ကျော်လင့်ကစား သူတို့ မမေ့ကြသေးရုံမျှမက ဦးဝင်းတင်၊ ဦးတင်ဦးမွေးနေ့လည်း ကျင်းပရန် ရှိကြပေဦးမည်။ ကျေးဇူးဥပကာရ တင်အပ်ပေသည်။
မွေးနေ့သေနေ့တို့တွင်ပင် တော်လှန်ရေးကို ဆင်နွဲနေဆဲပါတကား။ သာဓုခေါ်ထိုက်ပေစွ။ မည်သို့ပင် ဆိုစေကာမူ အိမ်တွင်မွေးထားသော ကြွက်ခုတ်တတ်သည့် ကြောင်မလေး နာရေးရက်လည်တွင်ပင် ဇာတ်ပွဲသွင်းလေသော ဒီကေဘီအေလူကြီးမင်း ကိုချစ်သူနှင့် နှိုင်းစာလျှင် တော်ပေသေး၏။ မဖြစ်ချေသေး။ အရိပ်သုံးပါး နားလည် အပ်ပေသည်။
……………………
မဟာဇနက္ကမင်းသားသည် အပြောကျယ်လှသော မဟာသမုဒ္ဒရာကို ခုနှစ်ရက်တိုင်တိုင် ကူးခတ်ခဲ့သည် မဟုတ်လော။ မလျော့သောဇွဲဖြင့် မဲဆောက်နေ ကဗျာ့ဝိဒူ ကိုတက်တူသို့ ဆက်ပြန်လေသည်။
“ဟယ်လို၊ မာလကာပင် မင်္ဂလာပါခင်ဗျ၊ ဆရာတက်၊ မာရဲ့နော”
“မာပါပေ၏။ သို့တစေ ကဗျာရွတ်ဆိုလျက် ကမ္ဘာ့ကဗျာနေ့ကို ဝှဲခြီးကျင်းပရန် ရှိသဖြင့် မအားမလပ် ဖြစ်နေချေသည်”
ကျွန်ုပ်သည် အချိန်ကို အကျိုးရှိစွာ မသုံးတတ်ယောင်တကား။ သူသည်လည်း ကဗျာရွတ်ရင်း လွတ်မြောက်ရေးတိုက်ပွဲကို ဆက်လက် ဆင်နွဲနေသူပါတကား၊ ဆက်၍ ဆက်ကာ ရွတ်ပါလေလော့။ ပျံသာပျံပါ ခွပ်ဒေါင်းနီ မုန်တိုင်းမိုးသက်ဆီ။ ရရာလက်နက် စွဲကိုင်လျက် တော်လှန်ရေးကို အားဖြည့်လျက်ရှိကြလေရာ တော်လှန်ရေး အဓွန့်ရှည်ပါစေကြောင်း ဆုမွန်တောင်းရပေမည်။
နှုတ်မစောင့်စည်းသော လိပ်၏ ဥပမာအတိုင်း စကားဆက်ရှည်နေလျှင် ပက်လက်လှန်လျက် တံတွေးထွေး သကဲ့သို့ ရှိရော့မည်ဖြစ်၍ ဤနေရာတွင် တောစကား တောပျောက်ပါအံ့။ ဖော်ကွာဝေးသူအဖို့ ပျင်းရိဆွေးလျချိန် မိတ်ဆွေအပေါင်းထံ ဇီးရွက်ခန့်မျက်နှာဖြင့် ဖုန်းဆက်ရသော အလုပ်ကား အငိုလွယ်လျက် အရှိုက်ခက်လေသည် တကား။ ခန္တီတရား လက်ကိုင်ထားလေမှ။
အော်.. ကဗျာဆိုကာမှ ရွာအကြောင်း အမှတ်ရဖွယ် ကဗျာတပုဒ်သည် နှုတ်မှ အလိုလို ထွက်ပေါ်လာတော့သည်။ ဘာတဲ့၊ ချိုးနှစ်ကောင် ထနောင်းပင်ညီနောင်က လွမ်းအောင်ကူချွဲ၊ ပန်းတော်ဖြူ ပင်မြက်မြေဇာထူလှ ဖိုးတောင် သူ့တဲ တဲ့။
……………………
မုန်းမုန်းမေ့မေ့ မတွေ့လိုသူ ရှောင်ရှားရပေမည်။ မရွာသောမိုးကို မမျှော်ကိုးတော့ပြီ။ မပွင့်သောပန်း မမှန်းဝံ့ချေပြီ။ အလွမ်းဖြေနည်းတို့ အနမတဂ္ဂ ရှိလေသေးသည်။ ဖူးခက်မြို့တော်ရှိ ဂျန်စီလွန်း၊ စင်ထရယ်၊ ရော်ဘင်ဆင် အစရှိသော နာမည်ကျော် ကုန်တိုက်ကြီးများဆီသို့ ဝင်ထွက် လှည့်လည်ပေအံ့။ ဈေးဝယ်ထွက်ခြင်း သည်လည်း စိတ်အပန်းဖြေခြင်း တမျိုးပင် မဟုတ်တုံလော။ ဝယ်စရာ ခြမ်းစရာကား စုံလှပါဘိတောင်း။ အတွင်းခံဘောင်းဘီတထည်ကို အရဲစွန့် ဈေးမေးလိုက်ရာ ဘတ်ခြောက်ရာ ဆိုလေ၏။ ဤကား ငတို့ရပ်ရွာတွင် ဒုံးခြောက် တပိသာဖိုးနှင့် ညီ ပေသည်တကား ဟူသော အသိသည် ခေါင်းကို ပြေးဆောင့် ပြန်ပါလေ၏။
အသင့်ချိတ်ထားသော ဈေးနှုန်းကဒ်ပြားများကို ကြည့်မိပြန်သည့် တခဏတွင်လည်း ရေမွှေး ဒါဇင်ဝက်ဖိုးသည် သုံးမခံ၊ အရှာခက် မြန်မာအသပြာနှင့် ယှဉ်ထိုး ချိန်စက်သည့်အခါ နွားတရှဉ်းဖိုး၊ ယာတကွက်ဖိုးပါတကား။ လှည်းလမ်းကြောင်း တလျှောက်ဖုန်လုံးကြီးတွေ တလိမ့်လိမ့်တက်တာ မြင်ယောင်လာပြန် ချေပြီ။ သည်အလွမ်းက တမှောင့်။
ကုန်တိုက်တို့ကို ကျောခိုင်းပြီးသကာလ ကျန်းမာခြင်းသည် လာဘ်တပါးဟူသော ဆိုရိုးနှင့်အညီ ညနေချိန်ကို တန်ဖိုးရှိရှိ အသုံးချရန် စတုတ္ထရာမမင်း၏ ပန်းခြံသို့ ခြေဦးလှည့်ပြန်သည် ဤတခဏ၌လည်း ဘယ်အရပ်ကနေ ရှာဖွေစိုက်ပျိုးလေသည် မသိသော ထန်းပင်စုစုကို တွေ့ပြန်သောကြောင့် ရွာက ထန်းတောကို အောက်မေ့ပြန် လေသည်။ အလွမ်းရယ် တည့်မကုန်နိုင်လေ။
……………………
လေလွမ်းနေသော စိတ်များဖြင့် ထိုမှသည် အရောက်သွားရာက ပါတောင်ကမ်းခြေဆီ ရောက်ခဲ့ပြန်ပြီ။ ခုနှစ်ပြည်ထောင် ဧည့်သည်တို့အဖို့မူကား ပါတောင်ကမ်းခြေသည် တာဝတိံက နန္ဒာလော၊ တူစွဟုတ္တာ ဆိုကြပေမည်။ အပျော်လွန်နေသော မျက်နှာဖြူလုံမငယ်တို့ကား ရင်စီးလွှာပင် မကပ်နိုင်ကြလေတော့။ ကြည့်၍မူ ကောင်းပါ၏။ ဟီရိ သြတ္တပ္ပ ရှုထောင့်ဖြင့်ကား မတင့်တယ်လေ။ ကျွန်ုပ်စိတ်တွင်ကား ရင်စီးမဲ့ အနှီအရာကို မြင်ရလေ၊ ကိုယ့်တော ကိုယ့်ရွာမှ သနပ်ခါးပါးကွက်ကြားကို လွမ်းလေလေတည်း။ သနပ်ခါး ပါးကွက်ကြား၊ ခပ်ပါးပါးလေး လိမ်းကာခြယ်၊ မြင်ရသူ နှုတ်ဖျားက “ဟင် .လှပါကလား” ရယ်လို့ တဖွဖွပြောလောက်အောင်ကွယ်၊ အရေးထဲ ဟင်္သာတထွန်းရင်က ရင်ဝသို့ ဇွတ်တိုး ဝင်လာပြန်ချေသည် တမုံ့။
……………………
တနေကုန် လွမ်းလျက်ရှိသော စိတ်အစဉ်သည် သူငယ်အိပ်ဆိတ်မှသည်၊ သက်ကြီးခေါင်းချ၊ ထိုမှသည် လုလင်ပြန် ချိန်တိုင်အောင် မဆုံးနိုင်ချေ။ အိပ်၍မပျော်သောညများ ပါတကား။ ညဥ့်ယံကား တာရှည်လှပေ၏။ ဘယ်ညာစောင်းရင်းကပင် ကြာခြည်ယံနာရီသံ ဗဟိုရ်ငြိမ့်ပါပေါ့ စက်လည်းပျော်ပါနိုင်။ တခုခု ကြံလေမှ။ ထိုစဉ်တခဏ၌ပင် အကြောင်း သုံးပါးမရွေးသော ဖူးခက်မိုးသည် ရုတ်ခြည်း ရွာချလာပါလေ၏။ မိုးကား ပုလဲလုံး ရွဲအလှမဟုတ်ချေ။ မိုးလုံးမဲအမျှ ချေတည်း။
ထိုခဏ၌ပင် ကျွန်ုပ်၏ ဦးခေါင်းအတွင်းပိုင်းတွင် လင်းကနဲ ဖြစ်သွားကာ အလွမ်းဖြေနည်း နိသျှည်း တခုသည် ပြိုးပြက်ပေါ်ထွက် လာလေတော့သည်။ ကျွန်ုပ်သည် ရုတ်ခြည်းပင် ကွာတားဘောင်းဘီနှင့် သင်္ကြန်အကျီ ကြောင်ကြောင် ကျားကျား တထည်ကို ကောက်စွတ်လိုက်လေ၏။ ဂိုဒေါင်တွင်းမှ ကားကို စက်နှိုးကာ အိမ်နှင့် အတန်ငယ်ဝေးသည့် စဖန်ဟင်းကမ်းခြေသို့ တကိုယ်တည်း ကားမောင်းထွက်ခဲ့ တော့သည်။
စဖန်ဟင်း ကမ်းခြေကား ညအမှောင်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ရှိချေသည်။ ကျွန်ုပ်၏ရှေ့တွင် သဲသောင်ပြင်ကြီးနှင့် ရှုမဆုံးသော ပင်လယ်ပြင်ကြီးသာ ရှိတော့သည်။ လွတ်လပ်ပေစွ။ အချိန်ကား သန်းခေါင်ယံနာရီပြန် ဗဟိုစည်တချက် ထိုးပေတော့မည်။
ထိုတွင် ဒက်ရှ်ဘုတ်အတွင်းမှ ကက်ဆက်ခွေများကို ထုတ်ယူရင်း စိတ်ကြိုက် မြန်မာသံစဉ် တခွေကို ကားကက်ဆက်အတွင်းသို့ ထိုးထည့်လိုက်လေ၏။ ကျွန်ုပ်၏ အကြံအစည်ကို အကောင် အထည်ဖော်ရန် မြန်မာ့ဆိုင်းဝိုင်းကြီး နှင့် မြို့မငြိမ်းမြို့မအဖွဲ့ ဆိုလျှင် လုံလောက်ပေပြီ။ အခါမဟုတ် မိုးကား အငြိုးဖြင့် ဆက်၍ ဆက်ခါ ရွာလျက်ပေတည်း။ ကျွန်ုပ်သည်ကား အပြင်ထွက်ကာ အသင့်အနေအထား နေရာယူလိုက်သည်။ ကျွန်ုပ်မိုးကိုမမှု။ ငယ်စဉ်က မိုးရွာလျှင် လုံးတီးမိုးရေချိုးခဲ့သည် မဟုတ်တုံလော။
ထိုစဉ်ခဏ၌ပင် ကွယ်လွန်သူ မြန်မာသံအဆိုကျော်၊ သုမောင်၏ အသံဝါကြီးက ကားကက်ဆက်အတွင်းမှ အောင်မြင်ထယ်ဝါစွာ ထွက်ပေါ်လာ ပါတော့သည် ။
“မြို့မစိန်ရတုမို့ မြို့မသီချင်းတွေနဲ့ပဲ ကျနော်တို့ သီဆိုဂုဏ်ပြုပါ့မယ်။ အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း ရေးစပ်သီကုံးခဲ့တဲ့ စစ်ကိုင်းတောင် ဆိုတဲ့တေးနဲ့ ဖျော်ဖြေပါ့မယ်။ နားဆင် ကြည့်ကြပါခင်ဗျာ”
“ပုညရှင် စေတီအပါး၊ စစ်ကိုင်းတောင်၊ အထက်နားဆီက အရှေ့တလွှား၊ ရှုလိုက်ရင်လေ၊”
ကျွန်ုပ်ကား တရုတ်ဘုန်းကြီး ဘုရားရှိခိုးဟန်၊ တံတောင်ဆစ်ကို ကိုးဆယ်ဒီဂရီကွေးလျက် နဖူးတွင်ထိရင်း ရှေ့ခြေတလှမ်းတိုး နောက်ခြေတလှမ်းဆုတ်ကာ ကိုယ်ကို အနည်းငယ် ယိမ်းလိုက်လေ၏။ အိုး .. ဘာတဲ့ ၊
“ဧရာဝတီ၊ ဒုဠဝတီ နတ်ပန်းချီဆေးစုံတွေ ကွန့်ရော့လေသလား၊ ဝဲလက်ယာ အတွန့်တွန့်နဲ့၊ အလွန့်အလွန် သာယာပါပေသည်”
ဤအပိုဒ်တွင်ကား နတ်ကတော်ယိမ်းကသလို လက်အုပ်ချီထားသော လက်နှစ်ဖက်နှင့် နဖူးကို ခပ်ဆတ်ဆတ် လေးငါးကြိမ် ရိုက်လိုက်လေ၏။ အလွမ်းတို့ ပျောက်စေသတည်း။
တစ်နှစ်ကူးလို့ တစ်နှစ်ကျူးပြန်တော့ ……၊ အသစ်အဖူး ဖြစ်ရပြန်ချေ၊ တောတောင်ရေမြေ၊ ကုန်းနေ ရေနေ သက်ရှိသက်မဲ့ သတ္တဝါတွေ၊ လောကဓာတ်ကြီးတခုလုံး သစ်လို့မို့၊ သည်နှစ်တွင်လည်း၊ ချစ်ချစ်ခင်ခင် ရွှင်ရွှင်ပျော်ပျော်နေ။ သမိုင်းပြောင်မညှိုး စစ်ကိုင်းတောင်တော်ရိုးမှာလေ မြူခိုးယှက်ဆိုင်း အုံ့မှိုင်းပြာရီဝေ၊ စေတီ ပုထိုးဘုရား မိုးဖျားမြင့် သီခေါင်ဗွေ၊ တောင်တွေစိမ့်စမ်း ချောင်တွေသိန်းသန်း ခေမာသောင်ကမ်း၊ တက်လှမ်း အောင်မြင်မြေ၊တိန့်၊ တိန်၊ တိန် တီးလုံးနှင့်အညီ ကျွန်ုပ်ကား မင်းကြီးမင်းလေး နတ်ပူးသလို ကိုယ်ကို ခပ်ကြမ်းကြမ်း ယိမ်းလိုက်ပြန်သည်။ ကက်ဆက်အတွင်းမှ အတွဲလိုက် အတောတီးလုံး ဝီး….. ရော ……၊ရော့ ဟူသောအသံ ပေါ်လာချိန်နှင့် အကိုက်ပင် ကျွန်ုပ်သည် ခေါင်းကို စဉ်းငယ်ငုံ့လိုက်ပြန်ပါသည်။ အလွမ်းတို့ပြယ်စေသတည်း။
မေဓာဝီကလေး တောမှီထုံးတဲ့ ယောဂီသုံးရှာပေ၊ ရောက်ကြဖူးသလား ဇေယျာရွှေမြေ၊ မြစ်ရေခွေဝန်းလျှမ်း ရှုစမ်းဖြာဝေ၊ စစ်ကိုင်းတောင်ခြေ အရောက်သွား တရားရှာဖွေ ဗုဒ္ဓဘာသာမြန်မာတွေ အတာကျူးတဲ့ နှစ်ဦးဂိမာန်နွေ၊
ထိုခဏတွင်ပင် ငယ်စဉ်က အလှူပွဲများတွင် မြိုင်မြိုင်ကြီး တီးလေ့၊ ကလေ့ရှိကြသည့်၊ အယိုင်ဒိုးနှင့် အယိုင်အကကို သတိရမပြန်ရာ လက်နှစ်ဖက်ကို တလှည့်စီ အပေါ်တင်အောက်ချလုပ်ရင်း ကိုယ်ကို လှည့်ကာ၊ ယိမ်းကာ ကကြိုး ဆက်ပြန်ပါသည်။ သီချင်းသံကား ဆက်၍ ထွက်ပေါ်လျက် ပင်တည့်။ အလွမ်းတို့ ကွယ်စေသတည်း။
(ကံ့ကော်ဝတ်မှုန် သင်းတဲ့ရဂုံ စုံတောခြေ သဂီင်္ပွင့်ဖတ် ရင်ခတ်သရဖီ ကြိုင်လို့မွှေး) ၂ဖူးငုံဝေ ပုရစ်တံစီ ညီတယ်လေ တဝေဝေ လေပြေလေညှင်းသွေးတော့ သင်းရနံ့ ထုံပေရွက်သစ်လောင်းလို့ ဟောင်းရွက်ညှာကြွေ ခါပေ၊ ရော်မြန်းရွက်ကျင် ညိုလွင်မောင်း ပြေပြေ(ရောက်ကြဖူးသလား ဇေယျာရွှေမြေ မြစ်ရေခွေဝန်းလျှမ်း ရှုစမ်း ဖြာဝေ စစ်ကိုင်းတောင်ခြေ အရောက်သွား တရားရှာဖွေ ဗုဒ္ဓဘာသာမြန်မာတွေ အတာကျူးတဲ့ နှစ်ဦးဂိမာန်နွေ)
ထိုတွင်ကား ROCK SHOW များတွင်ကသည့် HEAD BANGER အကဟု ဆိုရမည်လောမသိ။ မကြီးမငယ်နှင့် ကင်းမြီးကောက် ထောင်ကာ၊ မြေကြီးကို ခေါင်းနှင့် ဆီကြိတ်သလိုကြိတ်ကာ နှစ်ပတ်သုံးပတ် လှည့်လျက် ဘိုဆန်ဆန်က ပစ်လိုက်ပြန်သည်။ ကကြစမ်းဗျာ တို့ လွတ်လပ်တယ် ဟုပင် ဥဒါန်းကျူးမိတော့သည်။ အလွမ်းတို့ ဝေးစေသတည်း။
မြစ်မင်းဧရာ ခွေကာဝိုင်းလို့ စစ်ကိုင်းအောင်ချာမြေ၊ ရေလှိုင်းလေးတွေ သွင်သွင်မြူးတော့ ငွေရောင်ဖြူးကာနေ ရွှေတောင်ဦးမော် ရှုမျှော်ခင်းနဲ့၊ မြစ်တွင်းသာယာပေ၊ ချစ်ချင်းသာယာနေ၊ ဟင်္သာစင်ရော် ကြင်ဖော်တွဲလို့ သဲကမ်းပါးယံ ဝဲပျံကာနေ။ (ရောက်ကြဖူးသလား ဇေယျာရွှေမြေ မြစ်ရေခွေဝန်းလျှမ်း ရှုစမ်းဖြာဝေ၊ စစ်ကိုင်း တောင်ခြေအရောက်သွား တရားရှာဖွေ ဗုဒ္ဓဘာသာမြန်မာတွေ အတာကျူးတဲ့ နှစ်ဦးဂိန်မာန်နွေ )
တယ့်၊တယ်၊ တဲ့တယ်၊ တဲ့တယ့်၊ တူနယ် ..။ မြန်မာ့ဆိုင်းဝိုင်းကြီး၏ တေးသံစုံကား နားဝင်ပီယံ ရှိလှပါဘိတောင်း။ ဤတွင်ကျွန်ုပ်သည် ဦးရွှေရိုးအကဖြင့် နောက်တမျိုး မရိုးရလေအောင် ကကွက် ပြောင်းရပြန်ပါသည်။ ကကြိုး၊ ကကွက်ကား ခုနှစ်ထွေမက၊ ဆယ့်နှစ်ထွေမျှ ရှိရော့မည်။ တတ်သမျှ ပညာကုန် ထုတ်သုံးရလေ၏။ STREET BREAK DANCE, FREE STYLE ဟု ဆိုအပ်သော တရုတ်သိုင်းချသလို ကကွက်လည်း မလွတ်တမ်း ပါပြန်ပါ၏။ အလွမ်းတို့ လွင့်စေသတည်း။
……………………
စိတ်တွင် ထင်တိုင်းကြဲခဲ့ရသည့် အလျောက် ထိုညက အလွမ်းမူ ပြေခဲ့ပါ၏။ သို့တစေ ကျွန်ုပ်၏ မျက်ဝန်းတို့တွင်မူ မိုးတွေညို့ယောင် ပြန်ပါတကား။
……………………
(စာကြွင်း။ ။ အကယ်တန်တည့် အကြင်စာရှုသူသည် ကျွန်ုပ်၏ ရေးချက်ညံ့ဖျင်းလေသောကြောင့် ကကွက်နှင့် တေးသွားကို ထင်သာမြင်သာ မရှိပါမူ အောက်ပါ လင့်ကိုနှိပ်လျက် ဂိတ်ဆုံးကျယ်ကျယ်ဖွင့်ကာ နောက်တခေါက် ဖတ်ကြစေလိုပါသည်။)

“သုမောင်ရဲ့ စစ်ကိုင်းတောင်သီချင်း နားဆင်ခံစားရန်”


မင်းဒင်ရေးသည်။

အရူးရင့်ချိန်

$
0
0
အရူးရင့်ချိန်

ပန်းတွေ ကြွေလှချည့်

အပင်မှာ ပန်းမှ ရှိသေးရဲ့လား။

နက်ဖြန်ဆို ပန်းတွေ ထပ်ပွင့်မှာပေါ့၊

တော်လှန်ရေးကတော့ နေမြင့်ခဲ့ပြီ။

(မင်းဒင်)

အောင်ဆန်းမော်ကွန်း

$
0
0

မှတ်မှတ်ရရဆိုရလျှင်လွန်ခဲ့သော သုံးနှစ်ဝန်းကျင် အာဇာနည်နေ့အကြိုကာလဖြစ်သည်။ ကွန်ပြူတာပေါ်တွင် လက်ဆော့နေရင်း ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းအသံဖိုင်တခုကိုတွေ့သည်နှင့် ဖွင့်နားထောင်မိခဲ့သည်။ လွတ်လပ်သောကာလဝယ် မည်သို့မည်ပုံနေထိုင်ပြုမူနေထိုင်ကြရမည်ဖြစ်ကြောင်း အညာလေခပ်မာမာ ၊ ခပ် ရိုင်းရိုင်းအသံမျိုးကို ကျနော်ကြိမ်ဖန်များစွာ ကြားဖူးနေလင့်ကစား မရိုးအီနိုင်သည့် သတိချပ်နာယူစရာများ ကြောင့် အာစုံစိုက်နားထောင်နေစဉ် ရုတ်တရက် နောက်ကွယ်မှ အသံတခုပေါ်လာပါသည်။

`ဦးလေး၊ ဒီဘဲကြီး အသံတော်တော်မိုက်တယ်ဗျ၊ချက်နဲ့လက်နဲ့ပြောတတ်တယ်၊အဲဒါဘယ်သူတုန်း`

အသံရှင်ကား ကျနော်နှင့်အတူနေတပည့်ကျော်မောင်ဖြိုးဖြစ်ပြီး တောင်ငူဇာတိဖြစ်သည်။ကိုးတန်းအထိအတန်း ပညာသင်ခဲ့ပြီး ယခုဖူးခက်မှာ ရွေ့ပြောင်းအလုပ်သမားအဖြစ် လွန်ခဲ့သောငါးနှစ်ခန့်က ရောက်နေခဲ့ပြီး ကျနော့် ထံရောက်နေခဲ့သည်ကား တနှစ်ခန့်ရှိပြီ။သူ့အပြောနှင့်အမေးကြောင့် ကျနော့်စိတ်တွင်အောင့်သီး အောင့်သက် ဖြစ်သွားရသည်ကား အမှန်။

`မင်းနှယ်ကွာ၊ ကိုးတန်းလည်းဆိုသေး၊ ဒီအသံတောင်မကြားဖူးတာအံ့ပါရဲ့။ အဲဒါ ဗိုလ်ချုပ်အောင်ဆန်းအသံကွ`

`ဟာ ၊ဦးလေးကလည်း ၊ကျနော်ဗမာပြည်မှာနေတုန်းက ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံတွေအိမ်မှာချိတ်ရင်တောင် အဖမ်းခံရမလိုလိုပြောနေကြ တာဗျ၊ကျနော်တော့ သူ့အသံတခါမှ မကြားဖူးဘူး၊ဗိုလ်ချုပ်အောင်ဆန်းက ဘာ တွေလုပ်ခဲ့တုန်းဗျ`

သူ့အမေးသည် ကျနော့်ရင်ကို မချိတင်ကဲဖြစ်စေခဲ့လေ၏။မောင်ဖြိုးကား ကွန်ပြူတာအတွင်းမှ ဒေါမာန်ပါပါ ဗိုလ်ချုပ်အသံကိုစိတ်ဝင်တစား ဆက်နားထောင်နေချိန်တွင် ကျနော်၏စိတ်အစဉ်၌ ယခုခေတ်လူငယ်များ အတွက် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပြည့်ပြည့်စုံစုံသိနိုင်မည့် အစီအစဉ်အတခုကို အကောင်အထည် ဖော်ရ သော် ကောင်းလေစွဟု ပိုင်းဖြတ်နှလုံးပိုက်မိခဲ့ပါသည်။ထိုပိုင်းဖြတ်ချက်အောင်မြင် သည်အထိ အားထုတ်ပါအံ့ ဟူ၍လည်း ကိုယ့်ကိုယ်ကို ပဋိညာဉ်ပြုခဲ့ပါသည်။

သို့တစေ အသက်သေသည်အထိ ကိုယ်ကျိုးမရှာခဲ့သော မြန်မာလွတ်လပ်ရေးဗိသုကာကြီး၏ မှတ်တမ်းတစုံ တရာအတွက် အားထုတ်ကြိုးပမ်းမည်ဟူသော ကျနော့်ရည်မှန်းချက်သည် ကျနော့်စားဝတ်နေမှု၊ကိုယ်ကျိုး အလို့ငှာ ဆောင်ရွက်မြဲဗာဟီရ အလုပ်များကြောင့် မှေးမှိန်သွားခဲ့ပြန်ပါသည်။

………………………………………

လွန်ခဲ့သောလ အာဇာနည်နေ့အကြိုတွင် ကျနော်နေထိုင်ရာ ဖူးခက်မြို့သို့ မိသားတစု အလည်အပတ်ရောက် ခဲ့ပြန်ပါသည်။ သူတို့ကား တောင်အာဖရိကနိုင်ငံတွင် လွန်ခဲ့သောအနှစ်နှစ်ဆယ်က ရောက်ရှိနေခဲ့ကြပြီး အာဖရိ ကနိုင်ငံသားအဖြစ်ပင် ခံယူထားခဲ့ကြပြီ။သို့သော် အလွန်မြန်မာဆန်ကြသည်။ ယောက်ျားဖြစ်သူဆရာဝန် က ဖူးခက်မြို့အနှံ့ ကျနော်လိုက်လံပို့ဆောင်နေချိန်၊ ကားကက်ဆက်မှ ထွက်ပေါ်လာနေသောကိုအံ့ကြီးသီချင်း ကို လိုက်ညည်း နေပြီး ဇနီးဖြစ်သော မန္တလေးသူက ဆယ့်နှစ် နှစ်အရွယ်သမီးငယ်ကို ဗမာစကားဖြင့် ဗမာပြည် အကြောင်း၊ထိုင်းနိုင်ငံအကြောင်း တတွတ်တွတ်ရှင်းပြနေသည်။မိခင်၏ကျေးဇူးကြောင့် အာဖရိကဖွားသမီးငယ် မှာ မြန်မာလိုမရေး တတ်မဖတ် တတ်လင့်ကစား မြန်မာစကားကိုတော့ ပြောသမျှနားလည်ဟန်ရှိသည်။

တခုသောနေ့နံနက်တွင် ဖူးခက်မှ ကျနော့်အိမ်ရှိရာသို့ လာရောက်လည်ပတ်စဉ် ဧည့်ခန်းမှာ ချိတ်ဆွဲထားသော ခေါင်းတွင်ပန်းတွေနှင့်ဝေနေသည့် အမျိုးသမီးကြီး၏ ဓာတ်ပုံကို လက်ညှိုးထိုးပြရင်း ဧည့်သည်မိခင်ဖြစ်သူက …၊

`သမီး ၊ဒါဘယ်သူ့ပုံလဲ သိတယ်နော်`

ဟူသောအမေးကို ကလေးငယ်က ခပ်လေးလေးခေါင်းငြိမ့်လျက်` အောင်ဆန်းစုကြည် `ဟုခပ်လေးလေး ဖြေ ဆိုလိုက်သည်၏ တခဏ၌ ဘေးတွင်ရပ်နေသော ကျနော့်နှုတ်ဖျားမှ မေးခွန်းတခု၊ မထင်မှတ်ပဲ ရုတ်ခြည်း ထွက် ပေါ်သွား ခဲ့ပါသည်။

`ဒါဆို သမီးလေး၊ သူ့အဖေနာမည်ကိုကော သိသလား`

ကလေးငယ်ကား ကျနော့်ကို ဆတ်ကနဲမော့ကြည့်ရင်း ခေါင်းကိုခပ်ဖြေးဖြေး ယမ်းရှာပါသည်။ အော်၊ဖြစ်ရလေ ဟုသာ ကျနော့်ရင်တွင်းမှ မြည်တမ်းမိတော့သည်။ကလေးငယ်ကို အပြစ်မဆိုသာပါလေ။သူတို့သည် နယ်လ် ဆင်မင်ဒယ်လား၊ကနေဒီ၊မာတင်လူသာကင်း (ဂျူနီယာ)တို့ကို သိကြလင့်ကစား ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကား အလှမ်းဝေးခဲ့နေကြပြီ။ကျနော်အပါအဝင်မြန်မာအများစုပင်လျှင် ဗိုလ်ချုပ်အောင်ဆန်းကို အာဇာနည့်နေ့နားရောက်မှ သတိရဖြစ်ကြတော့သည်မှာလည်း ငြင်းမရသောအချက်ဖြစ်ပါသည်။

ဤတွင်မှ လွန်ခဲ့သောကာလများက ကျနော့်စိတ်အစဉ်တွင် ပိုင်းဖြတ်ခဲ့ပြီးကာမှ အကြွေးတင်လျက်ရှိသော လုပ်ငန်းရပ်တခုကို အမြန်အကောင် အထည်ဖော်အံ့ဟူ၍ ယတိပြတ်ထပ်မံဆုံးဖြတ်ခဲ့ရပါတော့သည်။

…………………………………………

ကျနော်၏ အကြံအစည်ကား ထူးခြားဆန်းပြားလှသည်ဟူ၍ကား ဆိုနိုင်မည်မဟုတ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော စုဆောင်းရနိုင်သမျှအချက်အလက် ပေါင်းစုံကို ဓာတ်ပြားတချပ်တွင်ထည့်သွင်းကာ မှတ်တမ်း ပြု လျက် ယခုမျိုးဆက်၊ နောင်မျိုးဆက်များသို့ ဖြန့်ချိရန်တည်း။ ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်တမ်းမတင်နိုင် ခဲ့ သော သူ၏ပုံရိပ်အချို့တွင် ကောင်းဆိုးနှစ်တန်ဝေဖန် ရန်ရှိနိုင် သော်ငြား သူ၏ရိုးသားဖြောင့်မတ်မှုနှင့် နိုင်ငံ ချစ်စိတ်ကိုကား စိုးစဉ်းမျှထိပါးဖွယ်ရာမရှိကြောင်း ကာလသံမဏိ ကြာရှည်သည့်တိုင် မှေးမှိန်မသွားသော သူ့ ရုပ်ပုံလွှာက သက်သေပြလျက်ရှိသည်။

မြန်မာပြည်နှင့်မကင်းနိုင်ကြသူအားလုံး၊လှည်းနေလှေအောင်းမြင်းဇောင်းမကျန်သိရှိကြည့်ရှုသိမ်းဆည်းထားနိုင်ရန် အထူးသဖြင့် ရည်ရွယ်၏။ ထိုဓာတ်ပြားတွင် အမျိုးသားခေါင်းဆောင်ကြီး၏ ကိုယ်ရေးရာဇဝင်မှသည်၊ အသံ ဖိုင်၊ အရုပ်ဖိုင် ၊ သတင်း ဖိုင်များအပါအဝင် ကဗျာ၊သီချင်း၊ဗိုလ်ချုပ်၏လက်ရေးမူအပါအဝင် မှတ်တမ်း မှတ်ရာ မျိုးစုံကို အပြည့်စုံဆုံးရှာဖွေ စုဆောင်းထည့်သွင်းရန်ဖြစ်၏။အကယ်၍ ဖြစ်နိုင်ခဲ့လျှင် ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ် ကို ပေါ်လွင်စေသော ဇာတ်လမ်းတိုကလေးများကိုပါ ထည့်သွင်းရန်ဖြစ်၏။ လိုအပ်သောနေရာများ တွင် အင်္ဂလိပ်ဘာသာဖြင့် စာတန်းထိုးရန် စကားပြောရန်လည်း ကြံရွယ်သည်။

ထိုဓာတ်ပြား သည် ပါတီတဖွဲ့ ၊ပုဂ္ဂိုလ်တဦးတယောက်ကို ထိပါးပုတ်ခတ်ရန် မဟုတ်သကဲ့သို့ ထောက်ခံ ဝေဖန် ရန် လည်း မဟုတ်ချေ။ ရိုးရှင်း ခိုင်မာသော မှတ်တမ်းတခုအဖြစ်သာ ကျနော်ရည်သန်မျှော်လင့်သည်။

……………………………………………..

ယခုကာလကဲ့သို့အင်တာနက်ခေတ်ကြီး၌ ဗိုလ်ချုပ်အောင်ဆန်း ဟူသော မြန်မာ စာလုံးကို ဂူဂဲလ်တွင် ရိုက် ထည့်ရုံဖြင့် ဟိုတစ သည်တစ၊သိနိုင်ကြသည်ကား မှန်ပါ၏။ သို့တစေ ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းအရာ အပြည့်အစုံကို တနေရာတည်းတွင် ကြည့်ရှုနိုင်သည်ဟူ၍ကား ကျနော်မကြားမသိသေးချေ။ သားစဉ်မြေးဆက် လက်ဆင့် ကမ်းနိုင်လောက်သော ခိုင်မာပြည့်စုံစွာ စုစည်းထားသည့် မှတ်တမ်းမရှိသေးဟုဆိုသော် ရအံ့ထင် သည်။ နီး လွန်း၍ မမြင်နိုင်ခြင်း သည်လည်း ဖြစ်တန်ချေအချက်တခုဖြစ်ပါလိမ့်မည်။

နရသိမ်စံကိုဇာဂနာကား ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ကြီးရိုက်ရန် စီစဉ်ခဲ့သည်လည်းရှိပါ၏။ အဆိုပါ ရုပ်ရှင် သည်လည်း ဇာတ်လမ်းဇာတ်ကွက်အရ အချိန်အကန့်အသတ်ရှိသည်ဖြစ်၍၊မှတ်တမ်းတခုအနေနှင့်ကား ပြည့်စုံ မည်ဟူ၍မမျှော်လင့်နိုင်သကဲ့သို့ ကာလအားဖြင့် ကြာမြင့်ပေဦးမည်။

……………………………………..

ကျနော်ကား ကွန်ပြူတာဖွင့်တတ်ပိတ်တတ် အဆင့်မျှသာဖြစ်၍ တယောက်အားဖြင့်ယူ၍ ရနိုင်သော အရာ မဟုတ်လေရာ ကမ္ဘာပြားသောကာလတွင် တတ်သိပညာရှင် တို့ကို၊မှန်ပြားပေါ်တွင် စုစည်းနိုင်ပါမှ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း မှတ်တမ်းကို အိုးမကွာအိမ်မကွာဖန်တီး နိုင်မည်ဟု ယုံကြည်သည့်အလျောက် လက်လှမ်း မီရာ စတင်စုစည်းခဲ့ရာ ပြည်တွင်းမှ နိုင်ငံကျော်ဒါရိုက်တာ လူငယ်ဒါရိုက်တာ နှစ်ဦးက စိတ်ဝင်တစားကူညီပံ့ပိုး မည်ဖြစ်ကြောင်း ညတွင်း ချင်းပင်အကြောင်းပြန်လာ ခဲ့ပါ သည်။ထိုလူငယ်ဒါရိုက်တာနှစ်ဦးကို စတင်ချိတ်ဆက် ပေးသူကား ကွယ်လွန်သူ အဆိုတော် စိုးလွင်လွင်၏ သားဖြစ်သူ ကိုဒေဝဖြစ်၏။

တချိန်တည်းလိုလိုပင် အမေရိကရောက် ပန်းချီမင်းကျော်ခိုင်ကို အကျိုးအကြောင်းရှင်းပြသည့် အခါတွင်လည်း စိတ်အားထက်သန်စွာ ဝိုင်းဝန်းလုပ်ဆောင်ရန်သဘောတူညီယုံမျှမက အဝေးရောက်စွယ်စုံရအနုပညာရှင် ဒါရိုက် တာ ဦးဝင်းဖေကို အကြံပေးအဖြစ်ကူညီပေးပါရန် မေတ္တာရပ်ခံမည်ဆိုပါသည်။

အမျိုးသားခေါင်းဆောင်ကြီး၏ သြဇာတိက္ကမကား ကြီးမားလှချေ၏။ ကျနော်ဆက်သွယ်အကူအညီတောင်းခံသူ တိုင်းသည် ဗိုလ်ချုပ်၏အမည်ကို ကြားကာမျှနှင့် အားတက်သရောကူညီပါမည် ဆိုသူချည်းပင်။မလေးရှားမှ ကိုတင်နိုင်ဝင်း၊ ချင်းမိုင်နေ ဘလော့ဂါ ကိုသင်ကာ၊ပြည်တွင်းမှ အယ်ဒီတာများ၊စာရေးဆရာများ၊ အားတက် သရော ဝိုင်းဝန်းအားဖြည့်လာကြရုံမျှမက ဗိုလ်ချုပ်၏ဇာတိ နတ်မောက်မြို့တွင် ပြီးခဲ့သည်အာဇာနည်နေ့က ပြတိုက်အဖြစ်ဖွင့်လှစ်ထားခဲ့သော နေအိမ်တွင် သွားရောက်ရိုက်ကူးထားသည့်မှတ်တမ်း၊ ဗိုလ်ချုပ်အောင်ဆန်း အသက်ထင်ရှားရှိစဉ်က သိမှီဆုံတွေ့ဖူးသည့် ဗိုလ်ချုပ်ကြီးတင်ဦး ၊ဆရာဒဂုန်တာရာ၊ မြောင်းမြဦးဘဆွေ အစရှိ သူတို့နှင့်တွေ့ဆုံမေးမြန်းချက်များကိုပါ ပေးပို့မည်ဖြစ်ကြောင်း၊ ကျရာတာဝန်ကိုထမ်းဆောင်ရန်အသင့်ရှိကြကြောင်း ကတိပြုလာကြပါသည်။ ပြည်တွင်းမှ လူငယ်အချို့ဆိုလျှင် စက်တင်ပုံနှိပ်ခြင်း မပြုရသေးသော ၊ စာမျက် နှာထောင်ချီရှိသော ၊ဗိုလ်ချုပ်အောင်ဆန်းအထုပ္ပတ္တိကို ပီဒီအက်ဖ်ဖြင့် ရေးကူးနေကြပြီဖြစ်ပါသည်။

ထိုသို့လျှင် အောင်ဆန်းမော်ကွန်းကို ပြည့်စုံခိုင်မာစွာရေးထိုးကမ္ဗည်းတင်နိုင်ရန် အစပြုနိုင်ခဲ့ပြီဖြစ်ပါသည်။ ယခုဤ စာကို ရေးနေချိန်တွင် ဗိုလ်ချုပ်နှင့်ပတ်သက်သော မှတ်တမ်းအတော်များများကို ၊ ကိုသင်ကာနှင့် ကို တင်နိုင်ဝင်း တို့ပူးတွဲလျက် အထိုက်အလျောက်ပြည့်စုံစွာ စုဆောင်းနိုင်ခဲ့ပြီးဖြစ်ပါသည်။သို့တစေလုံးဝ ပြည့်စုံ ပြီဟူ၍ကား မဆိုနိုင်သေးသည်ဖြစ်၍ ပြည်တွင်းပြည်ပမှ အောင်ဆန်းချစ်သူများ၏ အကူအညီ အထောက်အပံ့ လိုအပ်နေဦး မည်ကား သေချာလှပါသည်။ ဤလုပ်ငန်းကို မလွဲမသွေ အောင်မြင်မည်ဟု ယုံကြည်သည့်အလျောက် လက်ရှိအခြေအနေတွင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတခုခု၏ အလှူငွေတစုံတရာဖြင့် ဆောင်ရွက်နေခြင်း မဟုတ်ကြောင်းကိုလည်း ရှင်းလင်းစွာ ကြိုတင် အသိပေးလိုပါသည်။

ထို့အပြင် ကျနော်စိတ်ကူးယဉ်ခဲ့သော တန်းဝင်ဓာတ်ပြားတချပ်ဖြစ်မြောက်လာရေးအတွက် ဇာတ်ညွှန်းခွဲနိုင်သူ၊ ရုပ်သံ ရိုက်ကူးပေးနိုင်သူ၊ အသံဖက်ဆိုင်ရာပညာရှင်၊ ဗီဒီယို စိစစ်တည်းဖြတ်နိုင်သူ၊ နောက်ခံဇာတ်ကြောင်းကို အသံသြ ဇာအပြည့်ဖြင့် ပြောနိုင်မည့်သူ၊ လိုအပ်သောအထောက်အထားကို ကူညီရှာဖွေပေးနိုင်သူ စသည်ဖြင့် တတ်ကျွမ်း နားလည်သူ ၊ အခမဲ့ကူလီထမ်းလိုသူ အများအပြားလိုအပ်နေဆဲဖြစ်သောကြောင့် ဤစာစုကို တခုတ် တရရေး ပါသည်။ ထက်သန်သောစိတ်ဖြင့် ဝိုင်းဝန်းပံ့ပိုးကြ မည်ဟု လည်း ကျနော်ခိုင်မာစွာ ယုံကြည် မျှော်လင့် ပါသည်။

အကယ်၍စာဖတ်သူအနေဖြင့် အထက်ဖော်ပြပါလုပ်ငန်းစဉ်တွင်တထောင့်တနေရာမှ ပါဝင်ဖြည့်ဆည်းလိုသည် ဆိုငြားအံ့။ ဤလုပ်ငန်းစဉ်ကို အဓိကနေရာမှ ဆောင်ရွက်နေကြသော ကိုသင်ကာ (mmfreethinker@gmail .com ) ကိုတင်နိုင်ဝင်း ( tnaingwin08@gmail.com) နှင့် တောက်တိုမယ်ရ ကျွမ်းကျင်သူ (mindin3000 @ gmial.com)သို့ အချိန်နာရီမရွေး ဆက်သွယ်ပံ့ပိုးကြပါရန် အလေးအနက်မေတ္တာရပ်ခံလိုပါသည်။

လေးစားမှုများဖြင့်

မင်းဒင်

ကြောင်စုန်းဝတ္ထု

$
0
0
ဒီမယ်၊ဒီမယ်၊ ခင်ဗျားကိုကြည့်ရတာ ဗမာထင်ပါရဲ့။ အတော်ပဲဗျာ၊ ကျုပ်လည်း စကားပြောဖော်မရှိတာနဲ့ ခုတလော ကျုပ်စိတ်ထဲမှာ တကြောင့်ကျကျဖြစ်နေရတဲ့ကိစ္စလေးတခုပြောချင်လို့ပါဗျာ။အော်၊ကျုပ်လည်း ဖူးခက်မှာနေတဲ့ ဗမာပါပဲဗျ။ အခုပါတောင်ဖက်၊ ပစ္စည်းလေးတွေလာပို့ရင်း ပျင်းပျင်းရှိတာနဲ့ ဒီကမ်းခြေကို လျှောက်လာတာပါ။ပါတောင်ကမ်းခြေကတော့ သာယာပါ့ဗျာ။မိုးတွင်းမို့ လှိုင်းကတော့ ကြီးသေးတယ်ဗျ။
အော်၊ ဗမာဆိုတာ မြန်မာပြည်ကလာတဲ့သူတွေကို ပြောတာပါဗျာ။ တခြားအဓိပ္ပါယ် အထွေအထူး မဟုတ်ရ ပါဘူး။ ခင်ဗျား ဗမာဆိုတာ ဘယ်လိုလုပ်သိသတုန်းဟုတ်လား။ ဟ၊ ခင်ဗျား သွားတွေမှာကပ်နေတဲ့ ကွမ်းဂျိုး တွေကို ကြည့်ရင် တန်းသိနေတာပဲ ။
ဘာလဲ၊ ခင်ဗျားက ထိုင်းလူမျိုးတချို့လည်း ကွမ်းစားတယ်ဆိုပြီး ဆင်ခြေကန်အုံးမလို့လား။ ထိုင်းတွေ ကွမ်း စားတယ်ဆိုပေမဲ့ အတော်အသက်ကြီးတဲ့ရှေးခေတ်အဘိုးကြီး၊ အဘွားကြီးတွေမှ စားကြတာဗျ ။ခင်ဗျား လို အာယုသုံးဆယ်ဝန်းကျင်တွေ ကွမ်းစားတာ မရှိသလောက်ပဲဗျ။ဒီထက်ပိုသေချာတာက ခင်ဗျာဘေးက အမျိုး သမီးရဲ့ပါးမှာ ဖျက်ထားတဲ့သနပ်ခါးတွေက သိပ်မပျောက်ချင်ဘူးဗျာ ။
ခင်ဗျားကြည့်ရတာ ကျုပ်လိုပဲ အညာသားထင်ပါရဲ့ ။ ဒါကိုလည်း သိပ်အံ့သြမသွားနဲ့အုံး။ စောစောက ခင်ဗျား ပြောလိုက်တဲ့စကားသံကို ကြားရတာ အညာလေဆိုတော့ ကျုပ်နားယဉ်နေလို့ပါ။ နည်းနည်းစပ်စုရရင် ခင်ဗျားဟာ ဒီဖူးခက်ပါတောင်ကမ်းခြေမှာ နိုင်ငံခြားဧည့်သည်တွေ စီးလေ့ရှိတဲ့ အပျော်စီးလေထီးပေါ်မှာ အတူတွဲလိုက်တဲ့သူ ထင်ပါရဲ့။ ဒါလည်း ခင်ဗျားရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ နေလောင်ထားတဲ့ အသားအရေ ကိုကြည့်ပြောတာပါဗျာ။
အော် ။ကျုပ်ပြောမှာက ကျုပ်အကြောင်းမဟုတ်ပါဘူး ။ခင်ဗျားအကြောင်း ၊အညာအကြောင်း၊လေထီး အကြောင်းလည်း မဟုတ်ရပါဘူး။ ကျုပ်အိမ်က ကြောင်ကလေးတွေ အကြောင်းပါ။ အလုပ်မရှိကြောင် ရေချိုးတယ်လို့တော့ မထင်လိုက်ပါနဲ့ ဗျာ။နည်းနည်းသည်းခံပြီးနားထောင်လိုက်ရင် ခင်ဗျား စိတ်ဝင်စား သွားမှာပါ။
………………………………………………
ဒီလိုဗျ။ ကျုပ်အိမ်မှာကြောင်မလေးတကောင်ရှိတယ်။ သူ့နာမည်ကနက်ကျားတဲ့ ။ကျုပ်အိမ်မှာပေါက်တဲ့ ကြောင် ဆိုပါတော့။အမှန်တော့ နက်ကျားအမေဟာ နက်ကျားတကောင်တည်းပေါက်ခဲ့တာတော့ မဟုတ် ဘူး။ ပေါက်တုန်းက စုစုပေါင်းသုံးကောင်။အဲဒီမောင်တွေကို ကြောင်ချေးပါနည်းသင်တန်းပေးရာက ကြောက် လန့်ပြီး ကျုပ်အိမ်က ပျောက်ချင်းမလှပျောက်သွားလိုက်ကြတာ တလကျော်လောက်ကြာတော့ နက်ကျား တကောင်တည်း သူ့အမေနဲ့ ကျုပ်အိမ်ကို ပြန်ပေါက်ချလာတာမို့ နက်ကျားဟာ ကျုပ်အိမ်ထောင်စု စာရင်း ၀င်ဖြစ်လာတော့တာပါပဲဗျာ။ ကျန်တဲ့ ကြောင်ပေါက်နှစ်ကောင်သတင်းတော့ အခုထက်ထိ သတင်း အစ အန မရတော့ဘူးဗျ။ တမိပေါက်တကောင်တည်း၊ အထီးကျန်မို့ ပုထုဇဉ်သဘာဝ ကျုပ်လည်း သံယောဇဉ် ဖြစ်မိတယ်ဆိုပါတော့ဗျာ။အဲဒီကြောင်လေးက အဖြူနဲ့အနက်ကျားလေးမို့ ကျုပ်လည်း နက်ကျားဆိုပြီး နာ မည်လွယ်လွယ်ပေးထားခဲ့တာပါပဲ။
အိမ်မှာကြောင်မွေးတယ်ဆိုတော့လည်း ကြောင်စားရေးသောက်ရေးတာဝန်ပိုလာတာပေါ့ဗျာ။ အမယ် ။ ထိုင်းနိုင်ငံက ထိုင်းကြောင်တွေက ကျုပ်တို့နိုင်ငံကကြောင်တွေလို စားကြွင်းစားကျန်လေးနယ်ဖတ်ပြီး ကျွေးတာကို စားရကောင်းမှန်းမသိကြဘူးဗျ။ သူတို့အတွက် ကုန်တိုက်တွေမှာ တင်ရောင်းတဲ့ စပါယ်ရှယ် ပါကင်ထုပ် ကြောင်စာကိုမှ၊ ကြောင်စာထင်တတ်ကြတာကလား။ နက်ကျားဆိုတဲ့မယ်မင်းကြီးမ ကလည်း ကုန်တိုက်က၀ယ်ကျွေးတဲ့ ကြောင်စာကိုတောင် ခွက်ထဲမှာ ကျန်နေတဲ့ လက်ကျန်ကို မစားဘူးဗျ။ တော်တော်ကို ကိန်းခန်းကြီးတဲ့ဟာမ ။ထားလိုက်ပါဗျာ။ ကျနော့်အနေ အထားနဲ့ကြောင်တကောင်အစာ ဖိုးလောက်တော့ ထောင်းတာတယ်မဆိုလောက်ပါဘူး။
လိုရင်းဆက်ကြပါစို့ဗျာ။ ဒီလိုနဲ့ နက်ကျားဟာ အပျိုဖော်ဝင်ပြီး အရွယ်ရောက်လာတော့ အိမ်ထောင်ကျ၊ သားသမီးတွေမွေးရောဆိုပါတော့။ အော် ၊သူနဲ့ရေစက်ဆုံတဲ့ ကြောင်ထီးကိုတော့ ကျုပ်ဘယ်သိပါ့မလဲဗျာ။ ထားလိုက်ပါ။ အဲဒါက အရေးမကြီးလှပါဘူး။ပထမဆုံးအကြိမ်နက်ကျားပေါက်တာက သူ့အမေလိုပဲ သုံး ကောင် ပေါက်သဗျ။ ပေါက်တာကလည်း ကျုပ်အိမ်ရှေ့က ပုဏ္ဏရိပ်ခြုံထဲမှာဗျ။ ကြောက်ပေါက်ကလေး တွေ ဆယ်ရက်သားလောက်ရလာတော့ နက်ကျားက သူ့ကလေးတွေကို ဂုတ်ကနေကိုက်ချီပြီး အိမ်နောက်ဖက် ကို ရွေ့သွားသဗျာ။ ကျုပ်လည်း ဒါဟာ ကြောင်ဓလေ့ကြောင်ထုံးစံထင်ပါရဲ့ ဆိုပြီး ကြည့်နေလိုက်တာပါပဲ ။ ဒီလိုနဲ့နောက်ထပ်လေးငါးရက်ကြာပြန်တော့ နက်ကျားဟာ သူ့ကလေးတွေကို ကားဂိုဒေါင်မျက်နှာကျက်ပေါ် ကိုရွေ့ပြန်ပါရောဗျာ။
သူ့အမေနဲ့သူ့သားသမီးရွေ့ချင်တဲ့နေရာရွေ့ပါစေလို့ ကျုပ်သဘောထားခဲ့ပေမဲ့ နောက်သုံးရက်အကြာ မှာတော့ ကြောင်ပေါက်ကလေးတွေရဲ့ ခေါင်း၊ခြေလက်အပိုင်းအစတွေ ကျနော့်ခြံထဲမှာ ဟိုတစဒီတစ တွေ့ရပါလေရောဗျာ။ တကယ့်ကို မမြင်ရက် မရှုရက်စရာဗျာ။ ဘာတွေဘယ်လိုဖြစ်ကုန်တယ်ဆိုတာ ကျုပ်ရော ၊ ကျုပ်နဲ့အတူနေတဲ့ တပည့်ကျော်၊နိုင်စိုးရော အဖြေမရှာနိုင်ကြပါဘူး။ ကျုပ်စိတ်ထင် အိမ်ဘေးခြံ ကကြောင်ကြီးတွေဝင်ပြီး နက်ကျားမရှိတုန်း ကိုက်ဖဲ့စားသောက်သွားကြလေသလားပေါ့။ နိုင်စိုးကတော့ နက်ကျားကို သေချာကြည့်ပြီး ဒီကောင်မ သူ့ကလေးတွေကို သူပြန်စားတာများလား မသိဘူးတဲ့ဗျာ။ ကျုပ်လည်း အထောက်အထားမခိုင်လုံပဲနဲ့တော့ တဖက်သတ်စွပ်စွဲလို့မဖြစ်ချေဘူးဆိုပြီး မေ့မေ့ပျောက် ပျောက် နေမြဲအတိုင်း ဆက်နေခဲ့တယ်ဆိုပါတော့။
………………………………………..

အင်း ။ ဇာတ်လမ်းက မပြီးသေးဘူးဗျာ။ ကြောင်တို့ဓမ္မတာထင်ပါရဲ့၊လေးငါးလလောက်အကြာ နက်ကျား သားပေါက်ပြန်ပါရော ။ဒီတခါလည်းနက်ကျားဟာ အိမ်ရှေ့က ပုဏ္ဏရိပ်ခြုံမှာ ပေါက်တာပါပဲ။အမယ်။ ဒီတခါနက်ကျားပေါက်တာက လေးကောင်ဗျ။ ကြောင်ရေးရာကျွမ်းကျင်တဲ့ကျုပ်သူငယ်ချင်းစံလွင့် အပြောအရ ကြောင်လေးကောင်ပေါက်တယ်ဆိုတာ ကြောင်ကုတင်လို့ ခေါ်သတဲ့ ။အိမ်ရှင်တွေ လာဘ်ကောင်းတယ်ဆိုလား ။ ငွေအလုံးအရင်းဝင်တတ်တယ်ဆိုလားပဲဗျာ။ ပိုဆိုးချင်တော့ စံလွင့်မိန်းမ မစန္ဒာကပါ သူတို့အိမ်ဘေးခန်းမှာ ကြောင်ကုတင်မွေးတုန်းက ကြောင်ကလေးတွေ အိမ်ပြောင်းသွားလို့ ဆိုလား၊ မူလကြောင်ပိုင်ရှင်နဲ့ ၊ ကြောင်ကလေးတွေကို လက်ခံထားမိတဲ့ အိမ်ရှင်တွေ ရပ်ကျော်ရွာကျော် ရန်ဖြစ်ကြတယ်ဆိုတာလည်း ပါသေးဗျ ။
တကယ်တမ်းကျုပ်စိတ်မှာတော့ အယုံအကြည်ရှိလှတယ် မဟုတ်ပါဘူး။
ထူးခြားချက်ကတော့ တနှစ်ကိုတခေါက်တကျင်းရောက်လာတတ်တဲ့ ကျုပ်ဇနီးက ကြောင်ကုတင်ဆိုတာ ကံကောင်းတယ်။ လာဘ်ရွှင်တယ်လို့ ယုံဟန်ရှိသဗျ။ ကြောင်ကလေးတွေအေးမှာစိုးလို့ဆိုပြီး ပန်းခြုံကို တာလပတ်စတွေမိုး ၊ပန်းခြုံထဲမှာ ဂုန်နီအိတ်တွေ ခင်းပေး ၊ကြောင်စာတွေ ဂရုတစိုက်ဝယ်ခြမ်း ၊လုပ်နေပါ လေရောဗျာ။ သူက ကြောင်ကုတင်ဆိုပြီး အကဲပိုလေ ကျုပ်က ရင်ပူရလေပဲဗျာ။
အေးလေ။ နက်ကျားဇာတ်လမ်းဟောင်းက သိပ်မကောင်းလှဘူးမဟုတ်လား။ ဘယ်နေ့ကြောင်ခေါင်းပြတ်လေးတွေ ခြံထဲတွေ့ရမလဲဆိုပြီး နေ့စဉ်နဲ့အမျှ ပူနေရတာပါပဲဗျာ။ ကျုပ်ကလည်း တခါတလေ လာလည်တဲ့ ဇနီးသည်စိတ်မကောင်းဖြစ်မှာစိုးတာကြောင့်နက်ကျား ဇာတ်လမ်းကို ပြောမပြပဲ ရေငုံနှုတ်ပိတ်နေလိုက်တယ်ဆိုပါတော့။ အော် ။နက်ကျားဇာတ်လမ်းဟောင်းကို သိနေတဲ့ တပည့်ကျော် နိုင်စိုးလည်း ကျုပ်ဆီက အလုပ်ထွက်သွားပြီဗျ။သူ့နေရာမှာ မြင်းခြံဆိတ်ဖြူဖက်က ကျော်ဝင်းဌေးဆိုတဲ့ ချာတိတ်အလုပ်ဝင်နေလေရဲ့ ။
………………………………..
နက်ကျားကတော့ မီးတွင်းကအထွက် ခုနှစ်ရက်မြောက်တဲ့နေ့မှာ ထုံးစံအတိုင်း ကြောင်ပေါက်လေးတွေကို တောင်ရွေ့မြောက်ရွေ့လုပ်ပြန်တာပါပဲဗျာ။ ကျနော့်ဇနီးကလည်း နက်ကျားရွေ့ထားလေရာမှာ စက္ကူပုံးတွေ သစ်သားပုံးတွေနဲ့ မှက်ခြင်ယင်မသန်းရအောင် ဂရုစိုက်နေခဲ့တာပါပဲ။သူက ကြောင်မိသားစုအပေါ် အကဲပါ လေ ကျုပ်မှာနေမထိထိုင်မထိ ဖြစ်လေပဲဗျာ။
ဒီလိုနဲ့ ဆယ့်ငါးရက်လောက်ကြာတော့ ကြောင်ကလေးတွေဟာ မျက်စေ့ပွင့်လာပြီး တညောင်ညောင်အော် ရင်း တောင်လျှောက်မြောက်လျှောက်လုပ်လာကြပါလေရောဗျာ။ ကျုပ်က အသံပေးလိုက်ရင် ကျုပ်နောက် ကို လေးယောက်တန်းကြီးလိုက်လာကြသဗျ။ ကျုပ်စိတ်ထဲ ပျော်သလိုလို၊ ကြည်နူးသလိုလိုပါပဲ။ တချို့စိတ်ပညာရှင်တွေကလည်း ကြောင်မွေးရင် နှလုံးရောဂါသက်သာတယ်ဆိုလား၊ဘာလား ။ကြားဖူးတာ ဟုတ်များနေရော့သလား မသိပါဘူး။ ကျုပ်ဇနီးသည်ကလည်းကြောင်ပေါက်လေးတွေ လမ်းသလားတာကို ကြည့်ပြီး ပြုံးပြုံး၊ ပြုံးပြုံးနဲ့ပေါ့ဗျာ။
မကြာပါဘူးဗျာ။နောက်လေးငါးရက်နေတော့ နက်ကျားဟာ ကြောင်ပေါက်လေးတွေကို တောင်ချီမြောက်ချီ ထပ်လုပ်ပြန်ပါရော။ ဒီတော့ကြောင်ကလေးတွေရဲ့အသံသာ ကြားနေတယ်။ ဘယ်နေရာကအော်နေမှန်း မသိတော့ဘူးဗျ။ ကျော်ဝင်းဌေးအရှာကောင်းတာနဲ့ မျက်နှာကျက်ပေါ်မှာ တကောင်။ နောက်ဖေးက ထုံးပုံး တွေနောက်မှာ တကောင်၊ အိမ်ဘေးက ဆွီဒင်ကြီးရဲ့ ခြံထဲမှာတကောင် ပြန်တွေ့ပေမဲ့ နောက်ဆုံးတကောင် ကတော့ ဘယ်မှာမှ အစရှာမရအောင်ပျောက်သွားရောဆိုပါတော့။
ကြောင်ကလေးတွေ ပြန်လိုက်စု၊ သားအမိတတွေတစုတစည်းတည်း ပြန်ထားလိုက်ပြီးတဲ့နောက်တနေ့ မနက်မှာတော့ နက်ကျားရဲ့သရုပ်မှန်ဟာ ဘွားကနဲပေါ်လာပါတော့တယ်။ ဖြစ်ပုံက၊ နက်ကျားဟာ သူ့ရင်သွေးကြောက်ပေါက်လေးတကောင်ကို ခြံဘေးကို ကိုက်ချီသွားပြီး မြောင်းဘောင်ပေါ်မှာ မြိန်ရည် ယှက်ရည်၊ကိုက်ဖဲ့စားနေ တာကို ကျော်ဝင်းဌေးလက်ပူးလက်ကြပ် ပက်ပင်း တွေ့တော့တာပါပဲ။ ဦးလေး ၊ ဦးလေးဆိုတဲ့ ကျော်ဝင်းဌေးရဲ့အော်သံကြောင့် ကျုပ်အောက်ထပ်ဆင်းပြီး ကြည့်လိုက်တော့ ကြောင်ပေါက် လေးရဲ့ ခန္ဓာကိုယ်တပိုင်းကို တွေ့ရပါတော့တယ်။စက္ကူပုံးထဲမှာကျန်နေတဲ့ကြောင်ပေါက်ကလေးတွေကို သွားကြည့် လိုက်တော့လည်း ဇက်ကနေ နက်ကျားခါရမ်းထားဟန်တူပါရဲ့ ။ အသက်မျော့မျော့ပဲ ရှိကြပါ တော့သဗျ။
တကယ့် ကို ဥာဏ်နီဥာဏ်နက်များတဲ့ နက်ကျားပါပဲဗျာ။ တကယ်တော့ နက်ကျားဟာ ကျုပ်တို့ကို ရည်ရွယ်ချက်ရှိရှိနဲ့မှင်သေသေလှည့်စားခဲ့တာကလား။သူက သူ့ကလေးတွေကို စားတော့မှာမို့ တကောင်စီ လျှောက်နေရာရွေ့နေတာကိုး။ပျောက်သွားတဲ့ကြောင်ပေါက်လေးလည်းနက်ကျားလက်ချက်ဆိုတာ သေချာ ပြီပေါ့ဗျာ။ အသက်မျော့မျော့ကျန်တဲ့ နှစ်ကောင်ခမျာလည်း နာရီပိုင်းအတွင်း အသက်ပျောက်သွားကြရှာတာ ပါပဲ။
ကျုပ်လည်း ဒီလောက်တောင်ရက်စက်ယုတ်မာလှတဲ့ နက်ကျား၊မှတ်ကရောဟဆိုပြီး ဂုတ်ကနဲဆွဲ၊ လေးငါး ကြိမ်ကိုင်ပေါက် ပစ်လိုက်တယ်။ နံဘေးကိုလည်း လေးငါးဆယ်ချက်လောက်ခပ်ပြင်းပြင်းကန်ပစ်လိုက် တယ်။ခင်ဗျားက လည်းကျုပ်ကို ရက်စက်တတ်တဲ့သူဆိုတဲ့ အကြည့်နဲ့ကြည့်နေပြန်ပါပြီ။ တကယ်တမ်းကန် တာမ ဟုတ်ပါဘူးဗျာ။ စိတ်ထဲမှာ လုပ်ပစ်လိုက်ချင်စိတ်ပေါက်သွားတာကို ခင်ဗျားကိုယ်ချင်းစာနိုင်အောင် နိမိတ် ပုံလေး ပြောလိုက်တာပါလေ။
စိတ်နာနာနဲ့ ကျုပ်၊ နက်ကျားကို နှစ်လလောက် ခပ်တန်းတန်းနေ လိုက်မိတဲ့အထိပါပဲဗျာ။ကုန်တိုက်က ကြောင် စာလည်း မ၀ယ်တော့ဘူး။ ထမင်းဟင်းအကြွင်းအကျန် စားချင်သပ ဆိုရင်လည်း သူ့သဘော ပဲဆိုပြီး ပေလယျကံ ပစ်ထားလိုက်ရောဆိုပါတော့။ စံလွင်ကတော့ နက်ကျားကို ဂုံနီအိတ်ထဲထည့် ကား ပေါ်တင်ပြီး တနေရာရာ မှာသွားပစ်လိုက်ဖို့ အကြံပေးခဲ့ပါသေးတယ်။ ကျော်ဝင်းဌေးကလည်း ဦးလေး ဒီကောင်မ သူ့သားသမီးကို သူပြန်စားတယ်ဆိုတာ ကြောင်စုန်းဗျ။ အိမ်မှာမထားကောင်းဘူး လုပ်ပြန်ပါရော။ ဒါပေမဲ့ဗျာ။ ကျုပ်လည်း ဒီအသက်အရွယ်ရောက်မှ ကြောင်နဲ့ဖက်ရန်ဖြစ်နေလို့ မသင့်ချေဘူးဆိုပြီး ခန္တီတရား လက်ကိုင်ထားရင်း ၊ ကိုယ့်စိတ်ကိုယ်ဖြေ တိတ်တိတ်ပဲ နေလိုက်ပါတော့တယ်။
ကျုပ်ဇနီးကတော့ မျက်စိပျက်မျက်နှာပျက်နဲ့ ရက်စက်လိုက်တာ ၊ရက်စက်လိုက်တာ ဆိုပြီး တဖွဖွငြီးနေတာ ပေါ့ဗျာ။
အမယ်။ နက်ကျားကလည်း ခပ်တင်းတင်းပဲဗျာ။ သူ့ကို အစားဝယ်မကျွေးပေမဲ့ ကျုပ်တို့စားကြွင်းစား ကျန်တွေ ကိုလှည့်တောင်မကြည့်ပဲ အိမ်မြောင်တွေ လျှောက်ဖမ်းစားနေလေရဲ့ ။နောက်ပိုင်းတော့ ကျုပ်လည်း သတ္တ၀ါ တခု ကံတခုမို့ ကိုယ့်ဖက်က စေတနာမကွက်ကောင်းပါဘူးလေလို့ နှလုံးပိုက်ပြီး ကုန်တိုက်ကအစာ ပြန်ဝယ် ကျွေးလိုက်ရတာပါပဲ။
…………………………………….
ဇာတ်လမ်းက ဒီမှာတင် မရပ်ပြန်ဘူးဗျာ။ နောက်တခါလာပြန်ချည်သေး ဆိုသလို နက်ကျားဟာ နောက် ခြောက်လလောက်အကြာမှာ တတိယအကြိမ်မြောက် သားပေါက်ပြန်ပါရော။အမယ်။ ဒီတခါ နက်ကျား ပေါက်တာလည်း ကြောင်ကုတင်ဆိုတဲ့လေးကောင်ပဲဗျာ ။အော်၊ ကျုပ်လည်း တတိယမ္ပိ ပူပန်ရပြန်တာ ပေါ့ဗျာ။ ဒီတကြိမ်လည်း ကျုပ်ဇနီးလာလည်ချိန်နဲ့တိုက်ဆိုင်နေပြန်ရောဗျို့။ သူ့ကြောင်ကုတင်အယူအစွဲ ကလည်း မပြတ်သေးတာကြောင့် ကြောင်ကလေးတွေကို ရက်သားမှာတင် နက်ကျားနဲ့ခွဲ၊ နို့ဝယ်တိုက် မယ်ဆိုပြီး ဇယား ဆွဲနေလေပြန်ရဲ့ဗျား။
ဒီတကြိမ်မှာတော့ ၊တပည့်ကျော်၊ ကျော်ဝင်းဌေးလည်း အိမ်ထောင်ကျပြီး ဆံထုံးနောက်ယောင်ပါ ၊သူ့မိန်းမ အလုပ်လုပ်တဲ့ စားသောက်ဆိုင်ကို ပြောင်းသွား ပြန်တာကြောင့် ကျော်ကျော်လင်းဆိုတဲ့ ပဲခူးသားလေးကို ခေါ်ထားတဲ့ အချိန်ပေါ့ဗျာ ။ကျုပ်မလည်း အတူနေ တဲ့ချာတိတ်တွေသာ ပြောင်းပြောင်းသွားကြတယ်၊ ပူရပင် ရတဲ့ ဒုက္ခကတော့ မဆုံးနိုင်သေးဘူးဗျ။

ဒီတခါတော့ ကျုပ်ရင်ပူပေမဲ့နက်ကျားလုပ်သမျှ ငြိမ်ကြည့်မနေတော့ဘူးဗျာ ။
ဆယ်ရက်မြောက်နေ့မှာ နက်ကျားကို ကြောင်ပေါက်လေးတွေနဲ့ခွဲထားလိုက်တယ်။ အဲ၊ နို့တိုက်ချိန်တော့ သားအမိတတွေကို ပေးတွေ့တယ်ပေါ့ဗျာ။ ကျော်ကျော်လင်းကတော့ ကြောင်ထိန်းအလုပ်နဲ့ တနေကုန် အလုပ်ရှုပ်နေတော့တာပါပဲ။ ကျုပ်တို့အပြင်သွားချိန်ဆို နက်ကျားကို သူ့အခန်းထဲကနေ ကြောင်ပေါက်လေး တွေနဲ့ ခွဲပြီး အပြင်ထုတ်၊ အစာခွက်ထဲမှာ အစာအပြည့်ဖြည့်။ အပြင်ကပြန်လာတော့ အခန်းတံခါးဖွင့်ပြီး ကြောင်သားအမိကို ပြန်လည်နေရာချ။ ညညဆိုလည်း နက်ကျားက အပြင်ထွက်ချင်လို့ အသံပေးရင် တံခါး ထဖွင့်ပေး။တခါတခါ နက်ကျားက အလည်လွန်ပြီး နို့တိုက်ချိန်ပြန်ရောက်မလာရင် ညဥ့်နက်သန်းခေါင် အပြင်ထွက် ရှာရတာလည်း ရှိပေါ့ဗျာ။နက်ကျားက ကြောင်လည်မဗျ။ လူတွေအမြဲတမ်းစောင့်ကြည့်နေတာ သိနေပုံရလေသလားမဆိုနိုင်ဘူး။ ကြောင်ကလေးတွေကိုလူတွေရှေ့မှာ အန္တရာယ်မပေးဘူးဗျ ။
အခုတော့ ကြောင်ကလေးတွေပေါက်တာ ရက်နှစ်ဆယ်ကျော်နေပြီဗျ။ အားလုံးကျန်းမာပကတိချမ်းသာစွာ ရှိပါရဲ့။ ပူရပင်ရမှန်းမသိတဲ့ ရွှေကိုယ်တော်လေးတွေကတော့ ကျုပ်တခါတခါ သွားကြည့်မိရင် ဖင်ပေါ်ဂွေးပေါ် နဲ့ ပိုးလိုက်ပက်လက်အိပ်နေလိုက်ကြတာများဗျာ။ တခါတခါတော့လည်း အခန်းထဲမှာ၊ယိုင်ထိုးယိုင်ထိုးနဲ့ လမ်းသလားကြသဗျ။ နို့ပေသိ၊ ဘယ်နေ့ ဘယ်အချိန်ကျုပ်တို့အလစ်မှာ နက်ကျား သူ့ဇာတိပြလေမလဲ တကြောင့်ကျကျဖြစ်ရတဲ့ ဒုက္ခကတော့ ရှိနေတုန်းပါပဲဗျာ။ကျော်ကျော်လင်းခမျာလည်း ကြောင်မီးနေခန်း စောင့်ရတဲ့ ဒုက္ခက မလွတ်သေးပါ ဘူးဗျာ။ကြောင်ပေါက်လေးတွေအရွယ်ရောက်လာရင် တာဝန်ပိုကြီးအုံး မယ်။ ကြောင်စာဖိုးလေးကောင်စာ ကုန်အုံးမယ်ဆိုပေမဲ့ ကျုပ်တတ်နိုင်ပါတယ်လေ။ ဒီကောင်လေးတွေ ဟိုဟိုဒီဒီလမ်းလျှောက်တတ်လာရင်တော့နက်ကျားကို စံလွင့်အိမ်ဖက်ပို့ထားရတော့မှာပဲ။မတော်၊ ကျုပ်တို့ အလစ်မှာ ကိုက်သတ်လိုက်ရင်ဒုက္ခ။
……………………………………….
အေးဗျာ။ တောင်တောင်အီအီ နေရာတကာမှာ ပူပင်နေတတ်တာ၊ ထိတ်လန့်တဲ့စိတ်တမျိုးနဲ့ အမြဲလို ကျီးလန့်စာစား ဖြစ်နေရတာဟာ ကျုပ်အကျင့်စရိုက်လိုဖြစ်နေပြီထင်ပါရဲ့။ ဖြစ်ဆို ၊ကျုပ်တသက်မှာကြုံခဲ့ရ တာတွေက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ရှစ်လေးလုံးအရေးအခင်း၊ ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေး အဖွဲ့၊သံဃာ့အရေးအခင်း၊ ဒီပဲယင်း အရေးအခင်း၊ ဆိုတာမျိုးတွေချည်းမဟုတ်လား။ ကောင်းလာမလား၊ ပြောင်းလာမလားစောင့်ကြည့်နေရင်း ၊ရင်ကျိုးရတဲ့အကြိမ်မှ မနည်းတော့တာကလား။
အခုလည်း၂၀၁၀ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ ၊ရွေးကောက်ပွဲတို့လုပ်ပြီး ဒီမိုကရေစီစံနစ်သစ်နဲ့စခန်းသွားနေပြီ လို့ တော့ ကြားနေရပြန်ပြီဗျ။ ဟင်း…၊ကျုပ်စိတ်ထဲမှာတော့ ခပ်လေးလေးပါပဲဗျာ။ဘယ်နေ့ကြောင်ခေါင်းပြတ် လေးတွေ မြင်ရမလဲ တထင့်ထင့်။ ကြောင်မကြီးကို ကြောင်ကလေးတွေနဲ့ခွဲထားတာဟာ လုပ်ထုံးလုပ် နည်း အမှန်ထင်ပါရဲ့ ။အော်၊ဘယ့်နှယ်၊ကြောင်အကြောင်းပြောနေရင်းက စကားတွေက တောင်ရောက် မြောက် ရောက်ဖြစ်ကုန်တာပါလိမ့်။
ညနေစောင်းချိန်မို့ထင်ပါရဲ့ ။ကမ်းခြေမှာ ဧည့်သည်တွေ ကျလာပြီဗျ။ဟောဟိုက အဖြူကောင်စုံတွဲ၊ လေထီး စီးချင်လို့ထင်တယ်။ တောင်ကြည့်မြောက်ကြည့်လုပ်နေတယ်ဗျ။ ခင်ဗျားသွားခေါ်လိုက်လေ။ စကားကောင်း နေလိုက်တာ အိမ်ပြန်အုံးမှပါဗျာ။နက်ကျားကို အခန်းအပြင်ထုတ်ထားခဲ့တော့ ဒီအချိန်ဆို ကြောင်ပေါက် လေးတွေလည်း နို့ဆာရော့မယ်။ နက်ကျားလည်း တညောင်ညောင်နဲ့အစာတောင်းရော့မယ်။ သွားပြီဗျို့။
………………………..
(မင်းဒင် ရေးသည်။)

ဖြစ်ပျက်ရှာပုံတော်ခရီးသည် ( ၁ )

$
0
0
၁။ သံသရာတကွေ့ဝယ်
လွန်ခဲ့သော ၂၀၁၀ခုနှစ် စက်တင်ဘာလ၊ ကျနော်နှင့် ကိုသက်ခိုင် ဘန်ကောက်မြို့တွင် ပြန်လည်တွေ့ဆုံခဲ့ကြ ချိန်က ဖြစ်ပါသည်။ စကားလက်ဆုံကျအပြီး ခွဲခွာအံ့ဆဲဆဲအချိန်တွင် ကျနော်က …
“ကိုသက်ခိုင်၊ ခင်ဗျားအချိန်ရတဲ့အခါ ဖူးခက်ကိုလာခဲ့ပါလားဗျာ၊ အေးအေးဆေးဆေး အနားယူရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတာပေါ့" ဟု ဖိတ်မန္တကပြုသည့်အခါ ကိုသက်ခိုင်က ခပ်ပြုံးပြုံး မျက်နှာပေး ဖြင့် ..
“ဖူးခက်နဲ့ကျနော် မစိမ်းလှပါဘူး၊ ဖူးခက်မှာ ကျနော်ငှားထားတဲ့အိမ် ရှိပါ့ဗျာ”
ကိုသက်ခိုင်က ခပ်အေးအေးဖြေလိုက်သော်လည်း ကျနော်အံ့အားသင့်သွားရပါသည်။
“တော်တော်နေနိုင်တဲ့သူပဲဗျာ၊ ခင်ဗျား ကျနော့်စာတွေ ဖတ်မိတယ်ဆိုရင် ဆက်သွယ်လိုက်ရောပေါ့၊ ဒါနဲ့ ခင်ဗျားက ဖူးခက် ဘယ်နားမှာ နေတာတုန်း”
“ကျနော်က ခြေထောက်မှာ ဗွေပါနေတဲ့သူဆိုတော့ ဖူးခက်မှာ အမြဲတမ်းမနေဖြစ်ဘဲ တောင်ရောက် မြောက် ရောက် ဖြစ်နေလို့ပါ။ ကျနော်ငှားထားတဲ့အိမ်က နိုင်ထောင်မှာဗျ” --
“နိုင်ထောင်ဆိုတာ ဘယ်နားမှာတုန်း။ ကျနော်မကြားဖူးပါလား”
“သြော်၊ ဖူးခက်လေယာဉ်ကွင်းနားမှာလေဗျာ။ တော်တော်ဆိတ်ငြိမ်တဲ့ နေရာဗျ။ အဲဒီမှာ နေဝင်ချိန်ကို ငေးလို့ရ တဲ့ ကမ်းခြေခပ်သေးသေးရှိလေရဲ့။ အင်း...ကမ္ဘာလှည့်ခရီးသည် တော်တော်များများကလည်း ဖူးခက်ဆိုရင်
ပါတောင်၊ကမလာ၊ကရွန်၊ကတ လောက်ပဲ သိကြတာကလား၊ကျနော့်စိတ်ထင် နိုင်ထောင်ဟာ ဖူးခက်လေယာဉ် ကွင်းနဲ့ သုံးမိုင်သာသာလောက် ဝေးမယ်ထင်ပါရဲ့”
“သြော်၊ ခင်ဗျားပြောတဲ့ နိုင်ထောင်ဆိုတာ ထလန်အပိုင်ထဲက ဖြစ်မယ်ဗျ၊ ကျနော်က နိုင်ထောင်ဖက်မှာ ရာဘာတောတွေလောက်ပဲ ရှိတယ်ထင်နေတာ”
“နိုင်ထောင်က တော်တော်ဆိတ်ငြိမ်တဲ့နေရာဗျ။ တကယ့်လူဂုဏ်တန်တွေက ဧရာမအိမ်ကြီး အိမ်ကောင်းတွေကို
အနောက်ဖက်မျက်နှာမူပြီး ပင်လယ်ပြင်မှာ နေဝင်သွားတဲ့ရှုခင်းကို မြင်နိုင်အောင် ဆောက်ထားကြတာကလား၊ ဒါပေမဲ့ သစ်ပင်တွေ၊ တောအုပ်ခပ်ထူထူတွေကြားမှာ ဆောက်ထားကြတာကြောင့် ရုတ်တရက်ဆို မသိသာလှ ဘူး၊
နိုင်ထောင်မှာ ကျနော်တွေ့ဖူးတဲ့ အိမ်ကြီးတလုံးဆို ပင်လယ်ကိုမျက်နှာမူပြီး ကျောက်ဆောင်ပေါ်မှာ မေးတင်ဆောက် ထားလိုက်တာ အခု ထိုင်းဘတ် သန်းနှစ်ရာ့ငါးဆယ်လောက် ကုန်တာတောင်တဝက်သာသာပဲ ပြီးသေးဗျာ။ တခါတခါ ကျနော့်စိတ်ထဲမှာ ငွေကိုထားစရာမရှိတဲ့ မာဖီးယားတွေများ လာဆောက်ထားသလား လို့တောင် ထင်မိတဲ့အထိ”
အမှန်တော့ ဖူးခက်ကျွန်းကို အမည်သာကြားဖူးသူများက မြို့ငယ်လေးတမြို့ဟု ထင်မှတ်ကြလင့်ကစား ခဝဲသီးပုံ ကျွန်းမကြီး၏ အကျယ်အဝန်းသည်ပင် စင်္ကာပူနိုင်ငံလောက်ရှိသည်။ ကျွန်းပတ်လည်တဝိုက်မှ လည်စရာ ပတ်စရာ ကျွန်းကြီး၊ကျွန်းငယ်ပေါင်း နှစ်ဆယ်ကျော်သုံးဆယ်နီးပါးကို ထည့်သွင်းတိုင်းတာလျှင် စင်္ကာပူထက် နှစ်ဆကျော်ခန့် ရှိနိုင်လောက်သည်။
“ဟာ၊ခင်ဗျားက ကျနော့်ထက် ဖူးခက်အကြောင်း ပိုသိနေပါကလား။ လုပ်စမ်းပါအုံးဗျ၊ နိုင်ထောင်အကြောင်း ပြည့်ပြည့်စုံစုံလေး”
“ရော၊ ခင်ဗျားမလည်း တွေ့မယ်ကြံကာရှိသေး၊ အမေးအမြန်းထူတာက အရင်ကိုး။ အခုတော့ ကျနော်လည်း အချိန်မရသေးဘူး။ ကျနော့်ကလေး ကျောင်းဆင်းပွဲအတွက် စင်္ကာပူသွားဖို့ ပြင်ရဆင်ရအုံးမယ်၊ ကဲပါလေ။ မကြာခင် ဆုံကြသေးတာပေါ့၊ ကျနော် လာဖြစ်အောင် လာခဲ့ဖို့ ကတိပေးပါတယ်”
ကိုသက်ခိုင် ခပ်သုတ်သုတ် စကားဖြတ်နေသည်ကို သတိပြုမိသည်နှင့်..
“ခင်ဗျားသဘောတူရင် ကျနော်မကြာခင် မင်းဒင်ရဲ့သက်ခိုင်ကို ပုံနှိပ်စာအုပ်ထုတ်မယ်ဗျာ။ အဆင်ပြေရင် ဖြစ်ပျက်ရှာပုံတော်ခရီးသည်ကိုပါ ဆက်ထုတ်ချင်တယ်၊ အဲဒါ ခင်ဗျားနဲ့ ပြန်ဆုံမှဖြစ်မယ်”
(မှတ်ချက်။ ။စာရေးသူသည် ဖြစ်ပျက်ရှာပုံတော်ခရီးသည် ဟူသောအမည်ဖြင့် ဝတ္ထုလတ်တပုဒ်ကို လွန်ခဲ့သော လေးနှစ်ခန့်က အွန်လိုင်းစာမျက်နှာပေါ်တွင် ပွဲဦးထွက်လက်ရာအဖြစ် ရေးသားခဲ့ဖူးပါသည်။)
“အမလေး၊တ်ာတော် လောဘကြီးတဲ့သူပါလား။ ကိုယ့်လူသဘောပါဗျာ။ ခင်ဗျားရှိစုမဲ့စု ငွေယားလေးပြောင် မသွားပါစေနဲ့လို့သာ ဆုတောင်းပါတယ်၊ ဒီတော့ ခင်ဗျားထုတ်ချင်တဲ့ စာအုပ်ကိုသာ ထုတ်ကြည့်ပါလေ၊ အဆင် ပြေတော့လည်း ဆက်လုပ်ပေါ့၊ ဒါပေမဲ့ အခု ခင်ဗျားရေးထားတဲ့ ဖြစ်ပျက်ရှာပုံတော်ကတော့ ဗူးလုံးနားမထွင်းမို့ ကျနော်တော့ သိပ်စိတ်တိုင်း မကျလှသေးဘူးဗျာ”
“အေးပေါ့ဗျ။ ဒီထက်ပိုပြီး ရှင်းရှင်းလင်းလင်းပြည့်စုံစုံ ရေးနိုင်အောင် ခင်ဗျားကို ထပ်တွေ့ချင်တာပေါ့”
“ဟုတ်ပါပြီဗျာ၊ ခင်ဗျားပထမစာအုပ်အသံကို ကျနော်နားထောင်နေပါ့မယ်၊ အဆင်ပြေခဲ့ရင် ရှေ့ဆက်တိုးကြတာ ပေါ့”

…………………………

ကျနော်ဖူးခက်သို့ ပြန်ရောက်ပြီး သုံးလခန့်အကြာတွင် မင်းဒင်ရဲ့သက်ခိုင်ကို ပုံနှိပ်ထုတ်ဝေခဲ့ရာ အထိုက်
အလျောက် အောင်မြင်ခဲ့ပါသည်။ ဤသည်ပင်လျှင် ကိုသက်ခိုင်နှင့်ကျနော် ထိုင်းနိုင်ငံ ဖူးခက်ကျွန်းတွင် သံသရာတကွေ့ ပြန်ကာတွေ့ကြလျက် "ဖြစ်ပျက်ရှာပုံတော်ခရီးသည်"ကို အစမှအဆုံးတိုင် ပြန်လည်ရေးသားရန် အကြောင်းဖန်လာသည်ဟု ဆိုနိုင်ပါသည်။
၎င်းကာလများအတွင်း ကိုသက်ခိုင်ကို ထပ်မံတွေ့ဆုံနိုင်ရန်အတွက် ကျနော့်ဖက်က အကြိမ်ပေါင်းများစွာ ဆက် သွယ်သော်လည်း ခရီးယာယီများလှသော ကိုသက်ခိုင်ကား စင်္ကာပူရောက်လိုက်၊ ဂျပန်ရောက်လိုက်၊ မလေးရှား ရောက်လိုက် ဖြစ်နေသည်သာများပါသည်။ သူဖူးခက်သို့ ရောက်သည့်အခါ မပျက်မကွက် ဆက်သွယ် ပါမည်ဟူသော ကတိကိုသာ ပေးခဲ့ပါသည်။ ထိုကာလများအတွင်း အားလပ်သည့်အချိန်များ၌ ကျနော်ရေးခဲ့ သော ဖြစ်ပျက်ရှာပုံတော်ခရီးသည်ကို ပြန်လည်ဖတ်ရှုမိသည့် အခါများတွင်လည်း ကိုသက်ခိုင် ထောက်ပြခဲ့ သကဲ့သို့ ဗူးလုံးနားမထွင်း ဖြစ်စရာများကို တွေ့ရပါလေ၏။ အမှန်ကားကျနော်၏ နုနယ်လှသော စာရေး သက်ကြောင့် ဖြစ်ဟန်ရှိလေသည်။ထို့ကြောင့် ကိုသက်ခိုင်နှင့်ပြန်လည် ဆုံတွေ့သည့်အခါ ဖြစ်ပျက်ရှာပုံတော်ကို ယခုထက်ပိုမိုပြည့်စုံစွာ ပြန်လည်ရေးသားနိုင်ရန် စိတ်အားထက်သန်လျက်ရှိစဉ် လွန်ခဲ့သောခြောက်လခန့်က မမျှော်လင့်သည့် တခုသော နံနက်ခင်းတွင် အမ်မခန်အရပ်ရှိ ကျနော့်အိမ်ရှေ့သို့ TOYOTA VIGO PRERUNNER အနက်ရောင်ကား တစီးဖြင့် ကိုသက်ခိုင် ပေါက်ချလာ ပါသည်။
ကျနော်ကား ခြံအတွင်းရှိ အပင်တချို့ကို ပေါင်းသင်ရေလောင်း လုပ်နေချိန်ဖြစ်၍ သူ့ကို ဦးစွာ လှမ်းမြင်နေရ သည်။
ကျနော်က ဝမ်းပန်းတသာ တအံ့တသြဖြင့် ….
“ဟေ့လူ၊ ခင်ဗျား ကျနော့်အိမ်ကို ဘယ်လိုလုပ် ရှာတွေ့တုနုးဗျာ၊ ဖုန်းလေးဘာလေး ကြိုဆက်ရောပေါ့”
“သြော်..၊ ခင်ဗျားဈေးဆိုင်ကို ဖူးခက်က ဗမာတိုင်း သိနေတာပဲ၊ ဝပ်ထေ့ဘုန်းကြီးကျောင်းနားက ခင်ဗျားဆိုင် ဝင်မေးလိုက်ရင် ခင်ဗျားအိမ်လိပ်စာ သိဖို့ အလွယ်ကလေးပဲ”
ကိုသက်ခိုင်၏ ရုပ်သွင်နှင့်ပြောဟန်ကား လွန်ခဲ့သော ခုနှစ်နှစ်ကျော် ကာလခန့်ကကဲ့သို့ပင် ထူးထူးခြားခြား ပြောင်းလဲခြင်း မရှိသေးချေ။ ခြေသလုံးအလည်လောက်အထိသာရှိသော ကွာတာဘောင်းဘီ၊ စပို့ရှပ်နှင့် လူလတ်ပိုင်း တယောက်ကဲ့သို့ ဖျတ်လတ်တက်ကြွနေဆဲပင်။
“လာဗျာ၊ ပါတောင်ကမ်းခြေ သွားကြရအောင်၊ခင်ဗျားခါးကပုဆိုးကိုချွတ်၊ ဘောင်းဘီဝတ်ပြီးလိုက်ခဲ့ပေတော့”
သူကအိမ်ထဲသို့ဝင်ရန်ပင်စိတ်ကူးရှိပုံမရဘဲဇွတ်ခေါ်နေလေရာကျနော်လည်း ထွေထွေထူးထူးစဉ်းစားရန်အကြောင်း မရှိသည်နှင့် သူနှင့်အတူ ပါတောင်ကမ်းခြေဖက်သို့ လိုက်ပါလာခဲ့ပါသည်။ ကားပေါ်တွင် ကိုသက်ခိုင်ဘေး၌ ထိုင်လျက်လိုက်ပါရင်း…. ..
“နေပါဦးဗျ၊ခင်ဗျားက ပါတောင်ဖက် ဘာသွားလုပ်မှာတုန်း”
“ပါတောင် OTOPက ဂေါ်ရခါးဆိုင်မှာ ရှမ်းခေါက်ဆွဲစား ရေကူးကြတာပေါ့ဗျာ၊ OTOPက ကိုင်လားဆိုတဲ့ ဂေါ်ရခါးဆိုင်ကို သိတယ်မဟုတ်လား”
“သိပါ့ဗျာ၊ နေပါဦး ခင်ဗျားက ဗီဂိုးယာယီနံပတ်အနီကြီးနဲ့ ထိုင်းမှာတော်တော်ကြီးပွားနေပုံရတယ်”
“ထပ်သရီး၊ ဒီကားမျိုးက ဗမာပြည်မှာသာ သိန်းရှစ်ရာတထောင်ပေးရမှာ၊ ဒီမှာက ဗမာငွေ သိန်းသုံး ဆယ်လောက်ရှိရင် စီးနိုင်နေတဲ့ဥစ္စာ၊ စွတ်အထင်ကြီးမနေနဲ့အုံး၊ ထုံးစံအတိုင်း လစဉ်သွင်း အကြွေး စံနစ်နဲ့စီးနေတာ”
“ဟာ၊ အကြွေးစံနစ်နဲ့ ဝယ်တာ တခြားလူမျိုးအတွက်တော့ လွယ်ချင်လွယ်လိမ့်မယ်၊ ဗမာတွေ အတွက်တော့ သိပ်မလွယ်တာ ကိုယ်တွေ့ပါဗျာ”
“လုပ်ပါဦး၊ ဘယ်လိုကိုယ်တွေ့များပါလိမ့်”
“သြော်၊ ကားကို အကြွေးစံနစ်နဲ့ ဝယ်မယ်ဆိုရင် ထိုင်းနိုင်ငံသားတယောက်က ထောက်ခံချက်ပေးမှ ရတာလေ၊ ကျနော်ကားဝယ်တုန်းကဗျာ၊ အာမခံမဲ့ ထိုင်းနိုင်ငံသား ရှာလိုက်ရတာ သုံးလလောက် ကြာတယ်ထင်ပါရဲ့၊ အများစုက ဗမာဆိုမယုံကြ၊ ယုံတဲ့သူတွေကလဲ ဘဏ်စာရင်းမှာ ဘတ်တထောင်ပြည့်အောင်မရှိ၊ ရှိပြန်တော့ လည်း အရင်အကြွေးဟောင်း မဆပ်နိုင်တာမို့ နာမည်ပျက်စာရင်းဝင် တော်တော်စိတ်ညစ်စရာ ကောင်းတာ ကလား”
“အဲဒါ ခင်ဗျား ကြော(ဂျော)မသိလို့၊ အမှန်က ထိုင်းလူမျိုးအတော်များများဟာ ဟန်ပဲရှိတာ၊ အများစုဟာ ဘဏ်ကြွေးနဲ့ မကင်းကြဘူး၊ တီဗီဝယ်အကြွေး၊ တယ်လီဖုန်းဝယ်အကြွေး၊ ဆိုင်ကယ်ဝယ်အကြွေး၊ ကားဝယ်အကြွေးနဲ့ အကြွေးသံသရာလည်နေကြတာဗျ၊ ခင်ဗျားကားဝယ်ချင်လို့ ထိုင်းနိုင်ငံသားတယောက် ထောက်ခံချက်လိုရင် ထိုင်းရှေ့နေတယောက်ရှာပြီး ထောက်ခံစားရိတ် တသောင်းပေးမယ်လို့သာ ပြောလိုက် ပါဗျာ။ ထောက်ခံချက်ပေးချင်တဲ့သူတွေ ရိုက်သတ်လို့တောင် မကုန်တာ ခင်ဗျားတွေ့ပါလိမ့်မယ်”
စကားတပြောပြောနှင့် ခရီးနှင်လာကြစဉ် ဖူးခက်မြို့မနှင့်ပါတောင်ကမ်းခြေကို ပိုင်းခြားထားသော ခေါင်လုံ ဖော့စူအာတောင်တန်းပေါ်မှ စံကျောက်စူရာအမည်ရှိ တောင်ပေါ်တရုတ်ဘုန်းကြီးကျောင်းရှေ့သို့ အရောက် တွင် ကိုသက်ခိုင်က အကြောင်းတစုံတရာမရှိဘဲ ဟွန်းရှည်သုံးချက် ဆင့်နှိပ်လိုက်ပါသည်။
“ဟ၊ ဘာတုန်းဗျ၊ ကားလည်း ရှင်းနေရက်သားနဲ့”
“ရော၊ ခင်ဗျားလည်း ဖူးခက်မှာနေတာ ကြာကြာလှပြီ၊ ဒီဓလေ့ထုံးစံကို မသိသေးပဲကိုး၊ ဒီတောင်ပေါ်က ဒီတရုတ်ဘုန်းကြီးကျောင်းရှေ့ကိုရောက်ရင် ကားမှန်သမျှ ဟွန်းတီးပြီးအချက်ပေးမှ တောစောင့်နတ်တွေက သဘောကျတယ်လို့ ဖူးခက်သားတွေက ယုံကြတယ်လေ”
“သြော်၊ ခင်ဗျားလည်း ဒီအယူအဆတွေကို လက်ခံတာပေပဲကိုး”
ဟု ကျနော်က ထောက်လိုက်ရာ ကိုသက်ခိုင်က ရယ်ရယ်မာမောဖြင့်
“ဟား၊ ကျနော်က တောင်စောင့်နတ် တောစောင့်နတ်တွေ သဘောကျမကျ သေချာမပြောနိုင်ပေမဲ့ ဒီတောင်ပေါ်ရောက်တဲ့အခါ အတက်အဆင်း ကားအချင်းချင်း သတိပြုမိအောင် တီးလိုက်တာဗျ၊ ဒီနေရာက အတက်အဆင်း မတ်လွန်းတော့ သတိလက်လွတ် မဖြစ်တော့ဘူးပေါ့၊ မကြာခင်တော့ ဒီတောင်ကြီးရဲ့ အောက်ခြေကနေ ဥမင်လိုဏ်ခေါင်း ဖြတ်ဖောက်တော့မှာမို့ ဟွန်းတီးစရာ မလိုတော့ဘူး ထင်ပါရဲ့”
“လုပ်ပြန်ပြီ၊ ပေါက်ပေါက်ရှာရှာ၊ အဲဒီသတင်းကို ခင်ဗျား ဘယ်ကနေ ကြားလာပြန်သတုန်း”
“သြော် ဖူးခက်ဂေဇက်မှာ သတင်းပါတယ်လေ၊လုပ်ကြမှာပေါ့ဗျာ၊ ဖူးခက်ဟာ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းနဲ့ ဝင်ငွေ သောက်သောက်လဲ ရနေတဲ့မြို့ပဲ၊ ဖူးခက်ကို နှစ်စဉ်လာပြီး လည်ပတ်တဲ့ ခရီးသွားဦးရေဟာ သန်းချီရှိတယ်လို့ ဆိုတယ်ဗျာ၊ ကျနော်တို့နိုင်ငံမှာလည်း ခရီးသွားလုပ်ငန်းဟာ မီးခိုးမထွက်တဲ့ စက်ရုံဆိုပြီး ၁၉၉၆ခုနှစ်တုန်းက မြန်မာ့ခရီးသွားနှစ်တွေ ဘာတွေညာတွေ လုပ်ခဲ့ဖူးတာခင်ဗျားလည်း ကြားဖူးနေမှာပါ၊ ဒါပေမဲ့ အခုအချိန်အထိ ထွေထွေထူးထူး တိုးတက်တယ်လို့တော့ ဘာမှမကြားမိသေးပါဘူး၊ အမှန်က ဖူးခက်ဟာလွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ဝန်းကျင်ကရာဘာလုပ်ငန်းနဲ့ ရေလုပ်ငန်းလောက်သာရှိခဲ့တဲ့မြို့ပဲ၊ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း လေးငါးခြောက်ဆယ်ကတော့ TINORE လို့ ခေါ်တဲ့ သံရိုင်းတမျိုး တူးဖော်တဲ့ လုပ်ငန်းကို လုပ်ခဲ့ကြတယ်ဆိုတယ်ဗျ၊ ဖူးခက်တကျွန်းလုံးကို TINORE ရှာရင်း မြေလှန်ပစ်လိုက်ကြတာ အခုတော့ TINORE ဆိုတာ ဖူးခက်မှာ မူးလို့တောင် ရှူစရာမရှိတော့ဘူးထင်ပါရဲ့၊ ဘယ်ကနေ သိသလဲ ထပ်မေးမနေနဲ့အုံး၊ ဖူးခက်မြို့မဈေးကြီးနားမှာ ရှိတဲ့ သာဗွန်းဟိုတယ်ရဲ့ အောက်ထပ်မှာ ဖူးခက်ပြတိုက်ဆိုတာ ရှိလေရဲ့၊ ကျနော် ဝင်ကြည့်တုန်းကတော့ ဝင်ကြေး ဘတ်၅၀ပေးရတယ်၊ ဖူးခက်ရဲ့သမိုင်းကြောင်း ဓာတ်ပုံတွေ၊ ဖူးခက်မြို့မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ခြောက်ဆယ်လောက်က အသုံးပြုခဲ့တဲ့ စက်ပစ္စည်းဟောင်း တော်တော် များ များကိုလည်း ပြထားလေရဲ့၊ ဒီပြတိုက်ကိုလည်း လူသိမများလှဘူး၊ ကျနော်ဝင်ကြည့်တုန်းက ကျနော်အပါအဝင် နိုင်ငံခြားသား သုံးယောက်လောက်ပဲ ဝင်ကြည့်တာ တွေ့ခဲ့လေရဲ့”
“စပ်စုတဲ့ နေရာမှာတော့ ခင်ဗျားက စံနမူနာပါပဲဗျာ”
“ဟာ၊ စပ်စုတာမဟုတ်ဘူးလေ၊ ကျနော်တို့တိုင်းပြည်မှာည်း ရှိရှိသမျှ သယံဇာတတွေ ထုတ်ရောင်းနေတာ ခင်ဗျားလည်း ကြားနေတာပဲ၊ ဒါတွေကုန်ရင် တိုင်းပြည်ဘယ်လိုလုပ်ထူထောင်မယ်ဆိုတာ မစဉ်းစားသင့် ဘူးလားဗျာ နေဦးဗျ၊ အခုကျနော်တို့သွားမဲ့ OTOP ဆိုတဲ့ ဈေးအကြောင်းကို ခင်ဗျား သိလား၊ အမှန်က အဲဒီစီမံကိန်းဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ် လက်ထက်က အကောင်အထည်ဖော်ခဲ့တဲ့ စီမံကိန်းဆိုပဲ၊ ONE TAMBOM ONE PRODUCT(OTOP) ကျေးရွာအုပ်စုတခုကို ထုတ်ကုန်တခု ထုတ်လုပ်ဖို့ အားပေးတဲ့စီမံကိန်းတဲ့ဗျ၊ ဥပမာ သရက်သီးလှိုင်လှိုင် ထွက်တဲ့ရွာဆို သရက်သီးယိုလုပ်မလား၊ သရက်ပြား ခြောက်လုပ်မလား၊ လိုအပ်တဲ့ စက်ကိရိယာနဲ့ချေးငွေကို အစိုးရက ချေးငွေသဘောမျိုးထုတ်ပေးပြီး ထောက်ပံ့ သတဲ့ဗျာ။ အဲဒီထွက်ကုန်တွေကိုလည်း ဝမ်းစတား(ကြယ်တပွင့်)၊တူးစတား(ကြယ်နှစ်ပွင့်)၊ သရီးစတား၊ ဖိုးစတား၊ ဖိုက်စတား စသည်ဖြင့် အဆင့်အမျိုးမျိုး သတ်မှတ်ခွဲခြားပေးပြီး ဖိုးစတား၊ ဖိုက်စတား အဆင့်ဝင်တဲ့ ထုတ်ကုန် ကို ပြည်ပပို့ကုန်အဖြစ် သတ်မှတ်ပြီး ပြည်ပမှာ ဈေးကွက်ရှာပြီး ပို့တယ်ဆိုပဲ၊ ပြည်ပပို့ကုန် အဆင့်မမီသေးတဲ့ ထုတ်ကုန်တွေကိုလည်း နိုင်ငံအနှံ့မှာ OTOPဆိုတဲ့ ဈေးတွေတည်ဆောက်ပြီး ဖြန့်ဖြူးစေသတဲ့ဗျာ”

ရဲဘက်စခန်းတွင် အတူနေခဲ့ကြစဉ်က သူနှင့်ဆုံလေတိုင်း ဖြစ်ပျက်အကြောင်းတွေချည်း အပ်ကြောင်းထပ် တတ်လေသော ကိုသက်ခိုင်သည် ယခုတော့မူ တိုင်းရေး၊ ပြည်ရေး၊ စီးပွားရေး အကြောင်းများကိုသာ ဇောင်းပေးလျက် စကားဖောင်ဖွဲ့ နေပြန်ပါသည်။
တောင်ပေါ်မှ ပါတောင်ကမ်းခြေဖက်သို့ အဝင် တခုသောကုန်းမြင့်ပေါ်သို့ ကျနော်တို့ ရောက်သည့်အခါ ကမ္ဘာကြီး လုံးဝန်းသည့် သဘောကြောင့်ပေလော၊ နီးဝေးမျက်မြင် သဘောကြောင့်ပေလော မဆိုနိုင်၊ တောင်တန်းများ၏အပေါ်သို့ ရောက်လျက်ရှိသော ပင်လယ်ရေပြင်ကျယ်ကြီးကို လှမ်းမြင်ရပါလေ၏။ အဆောက်အဦး အမြင့်အနိမ့်မျိုးစုံဖြင့် တမျှော်တခေါ် ရှုမဆုံးလေသော ပါတောင်ကမ်းခြေကား မြို့ငယ်တခုနှင့် တူလေစွ။
မကြာမီကျနော်တို့ OTOP ဈေးအတွင်းက ကိုင်လား၏ဆိုင်သို့ ရောက်သည့်အခါတွင်လည်း ကိုင်လားသည် ကိုသက်ခိုင်ကို ယခင်ကပင် ရင်းနှီးနေဟန်ရှိသောလေသံဖြင့်..
” ဟာ ၊ ဆရာ၊ ဆရာတို့ဘယ်လို တွေ့လာကြတုန်း၊ ထိုင်ပါဆရာ၊ ဆရာဂျွန်ကို မတွေ့တာကြာပြီ”
ကိုင်လားက ဆရာဂျွန်ဟူသောအမည်ဖြင့် နှုတ်ဆက်လိုက်သောကြောင့် ကျနော်တို့နောက်ဖက်တွင် တစုံတဦး ရှိနေလေရော့သလား ဟူသော အတွေးဖြင့် နောက်သို့လှည့်ကြည့်မိရာ ကိုသက်ခိုင်က ခပ်ပြုံးပြုံး အမူအရာဖြင့် ..
“ဟေ့လူ လျှောက်ရှာမနေနဲ့၊ ဂျွန်ဆိုတာ ကျနော့်နာမည်ကို ခေါ်နေတာ၊ ဖြစ်ရပုံများဗျာ၊ ကျနော် ဖူးခက် ရောက်စတုန်းက ကုမ္ပဏီထောင်ဖို့ ထိုင်းရှေ့နေရုံးကို ဝင်ထွက်နေတုန်း ကျနော့်မိတ်ဆွေ ထိုင်းရှေ့နေ မစ္စတာဒင်းန်ဆိုတဲ့ မောင်က ကျနော့်မှာ (NICK NAME) နာမည်တို ရှိလားဆိုပြီး မေးတော့ ကျနော်လည်း ပါးစပ်ထဲတွေ့တဲ့နာမည် ဂျွန် ဆိုပြီး ပြန်ဖြေမိရာက ဖူးခက်မှာရှိတဲ့ ထိုင်း မိတ်ဆွေ တော်တော်များများက ကျနော့်ကို ဂျွန် ဂျွန် လို့ခေါ်ကြရော ဆိုပါတော့ဗျာ၊ သူတို့နဲ့ ဒီဆိုင်ကိုလာဖူးတော့ သူတို့လည်း ကျနော်နာမည်ကို ဂျွန် လို့ ခေါ်ကုန်ကြတာပါပဲ၊ ဘယ်နှယ့် ပေါက်ပေါက်ရှာရှာ အညာသားမှာ ဘယ်လိုလုပ် နစ်နိမ်းရှိမတုန်းဗျာ ”
ကျနော်ကား …. ဖြစ်မှဖြစ်ရလေ မစ္စတာဂျွန်သက်ခိုင်ရယ် ဟုသာ စိတ်ထဲမှ ကျိတ်ပြုံး လိုက်ရပါ တော့သည်။
ကိုင်လားဆိုင်မှ ရှမ်းခေါက်ဆွဲနှင့် တို့ဟူးကြော် လွေးပြီးသည်နှင့် ပါတောင်ကမ်းခြေဖက်သို့ ခရီးဆက်ကြသည်။ ခရီးသွားရာသီ မဟုတ်၍ ကမ်းခြေမှာ လူမစည်ကားလှ။ ရေတက်ချိန်ဖြစ်၍ ပင်လယ်ရေသည် ရောင်စုံ ထီးများနှင့် ပက်လက်ထိုင်ခုံများအနီးသို့ ရောက်နေသည်။ ထုံးစံအတိုင်း ရောင်စုံထီးနှင့် ခုံတစုံငှားလိုက်ပြီးချိန် ကိုသက်ခိုင်သည် ရေထဲဆင်းရန် ဘောင်းဘီတိုနှင့် အသင့်ဖြစ်ချိန်တွင် ကျနော်က ကိုသက်ခိုင် ရေကူးဟန်ကို ကြည့်ချင်သည်နှင့် …
“ကဲကိုသက်ခိုင် ခင်ဗျားအရင်းဆင်းနှင့်ဗျာ၊ ကျနော် ခင်ဗျားပစ္စည်းပုံကိုစောင့်ရင်း ပေါင်တံရှည်လေးတွေကို ငေး လိုက်အုံးမယ်”
ကိုသက်ခိုင်ကား ကျနော့်ကို စကားမပြန်တော့ဘဲ ပင်လယ်ထဲသို့ တလှမ်းချင်း ဆင်းသွားလေတော့ရာ ကျနော် တကိုယ်တည်း ရောင်စုံထီးအောက်က ကုလားထိုင်မှာ ပက်လက်လှန်ရင်း ကမ်းခြေက လူရောင်စုံ မြင်ကွင်းရောင်စုံကို ကြည့်ရင်း အပန်းဖြေရတော့သည်။ ပါတောင်ကမ်းခြေကား ကမ်းခြေ ချည်းသက်သက် တမိုင်ကျော် ရှိနိုင်သည်။ ကျယ်ပြန့်သော သောင်ပြင်၊ ကြည်လင်သော ရေပြင်၊ သဲနုနှင့် နေရောင်ကြောင့် ဥရောပခရီးသွားများ နှစ်ခြိုက်ကြလေဟန် တကား၊ ဟိုးအဝေးကြီးမှာ ရေပြင်နှင့် မိုးကောင်းကင်တို့ ထိစပ်လျက်ရှိသည်။ စပိဘုတ်၊ ကောင်းကင်လေထီး၊ စကူတာ တွေ ရေပြင် ဝေဟင်မှာ လှုပ်ရှားနေကြသည်။ ခရီးသွားရာသီ မဟုတ်သည့်တိုင် နိုင်ငံတကာ ခရီးသွားများကား နည်းသည်ဟု မဆိုနိုင်ချေ။ ဥရောပ၊ လက်တင်အမေရိက စသော နိုင်ငံမျိုးစုံမှ ဧည့်သည် အများစုဖြစ်သည်။ အသားညိုအုပ်စုတွင် ပါသော ဘရာဇီး၊ ဗင်နီဇွဲလား နိုင်ငံများမှ ဖြစ်ဟန်ရှိသည့် ပျိုဖြူများကား ကိုယ်ခန္ဓာ အချိုးအဆစ် ပြေပြစ်လှသည်။ အချို့ကား ရင်စီးဗလာ။ ရင်စီးဗလာ ဆို၍ ဖူးခက်ရောက်စက ရယ်စရာ ကျနော့် အဖြစ်ကို တွေးမိသည်။
ပါတောင်ကမ်းခြေသို့ ဒုတိယအကြိမ် ရောက်ချိန်ကဖြစ်၏။ ကမ်းခြေမှာ တောင်လျှောက် မြောက်လျှောက် လုပ်နေရင်း အချို့နိုင်ငံခြားသူများ ဗလာစီယာနတ္ထိ၊ အဝတ်ဆို၍ ခါးတွင် ကပ်သည်ဆိုရုံ နံငယ်ပိုင်းမျှလောက်ပင် မရှိသည့် ပိတ်စငယ်နှင့် ကိုယ်ထီးတည်းနီးပါး မြင်ရသည့်အခါ ကျနော့်စိတ်မှာ တအံ့တသြနှင့် ဟုတ်မှ ဟုတ်ပါလေစ၊ တစုံတခုများ မှားယွင်း နေလေရော့သလား တွေးမိကာ မဲဆောက်မှ ကျနော့်မိတ်ဆွေ ကိုဝမ်းထွဋ်ကို ကမ်းခြေမှချက်ချင်း ဖုန်းဆက်လျက် အဆိုပါ ထူးဆန်းသော အကြောင်းခြင်းရာကို ပြောမိပါ လေသည်။
ကိုဝမ်းထွဋ်က အတည်ပေါက်လိုလို နောက်သလိုလို နှင့် ..
“အဲဒါ ဆရာဒင် မျက်စိမှုန်နေလို့ဗျ၊ အမှန်က အသားကပ် ဗလာစီယာ ဝတ်ထားကြတာဖြစ်မယ်” ဟု မအူမလည်ဖြစ်နေသော ကျနော့်ကို ကြပ်ပြန်လေရာ ကျနော့်မှာ သေချာသည်ထက် သေချာစေရန် အဆိုပါ ပျိုဖြူများအနီးသို့ မယောင်မလည် ချည်းကပ်လျက် စူးစမ်းရပြန်သည်။ သစ်သီးတလုံး၏ ထိပ်ဆံကဲ့သို့သော အရာကို မြင်ရလျက် ဘာအသားကပ်မှမပါကြောင်း သေချာသည့်အခါမှ သူနောက်ပြောင်သည်ကို သတိထား မိလာပါသည်။ စင်စစ် အဆိုပါ ပျိုဖြူတို့သည် ပင်လယ်ကမ်းခြေများတွင် နေပူစာလှုံလျက် မူလက ဖြူဆွတ် နေသော အသားအရေကို အတန်ငယ် ညိုရင့်လာစေရန် လုံးပန်းကြရာ၌ ရင်စီးကပ်ထားသောနေရာမှာ အဖြူ ကွက်နှစ်ကွက်တည်း ကျန်နေလေသာကြောင့် တကိုယ်လုံး တပြေးညီ အရောင်ပြောင်းစေရန် ဤနေရာမျိုး တွင် အနှီအတိုင်း ပြုမူကြခြင်းဟု သိနားလည်သူများက ဆိုကြလေသတည်း။
…………………………..
ကမ်းခြေကပက်လက်ခုံရှည် ပေါ်တွင်လှဲလျက် တောင်မြောက်ဝဲယာကို ငေးနေမိသောကျနော်သည် ရေထဲဆင်းနေသည့် ကိုသက်ခိုင်ဆီသို့ အာရုံပြန်ရောက်သွားချိန်၌ စိတ်ထဲတွင် ထိတ်ကနဲ ဖြစ်သွားလေသည်။ ကိုသက်ခိုင်ကို ကမ်းစပ်တွင် မတွေ့ရချေ။ သူရေမကူးတတ်ကြောင်း ကောင်းကောင်းကြီး သိနေသဖြင့် စိုးရိမ်စိတ်ဖြင့် သေချာရှာသည့်အခါ ကမ်းစပ်မှ ခပ်လှမ်းလှမ်းအကွာ ရေကူးနိုင်သည့်နေရာ သတ်မှတ်ပေးထား သည့် ရောင်စုံ ဖိုင်ဘာဘောတန်းများ အနီး လူတရပ်ကျော်နက်သည့် နေရာတွင် ကျွမ်းကျင်သောရေကူးသမား တယောက်သဖွယ် ကိုယ်ကိုဖော့လိုက် ရေကူးလိုက် လုပ်နေသော ကိုသက်ခိုင်ကို တွေ့ရပါလေ၏။ ကျနော့် စိတ်ထဲတွင် အတော် ထူးဆန်းနေလေသည်။
နောက်ထပ် ဆယ့်ငါးမိနစ်ခန့်အကြာ ကိုသက်ခိုင်ရေထဲမှ ပြန်တက်လာချိန်တွင် ကျနော်က သိချင်ဇောဖြင့် …
“ဟေ့လူ ခင်ဗျား ဘယ်တုန်းက ရေကူးသင်လိုက်သတုန်းဗျာ။ အခုကျတော့လဲ တယ်ဟုတ်နေပါ လား”
“အေးဗျာ၊ ပြောရရင်တော့ ခပ်ဆန်းဆန်းပဲ၊ ကျနော်အခု ရေကူးတတ်နေပြီ၊ ဘယ်မှာမှ ရေကူးမသင်ခဲ့ပါဘူး၊ ဟိုတုန်းက ရေထဲဆင်းရင် ရေထဲမျက်နှာအပ်ပြီး ခြေကန်လက်ကန်လုပ်ရင် လေးငါး၊ဆယ်ပေလောက် ရွေ့ဖူးပါရဲ့၊ အခုတော့ ဝါးလုံးလေးငါးပြန် ကျနော်ကောင်းကောင်း ကူးတတ်နေပြီ၊ နောက်ရေထဲမှာ ဆယ့်ငါးမိနစ်လောက် ကောင်းကောင်း ကိုယ်ဖော့နိုင်နေတယ်၊ ကျနော် သေချာ ပြန်စဉ်းစားကြည့်တော့ ဒါဟာ ကျနော်လေ့ကျင့်နေတဲ့ အာနာပါနနဲ့များ ဆိုင်နေရော့သလား မဆိုနိုင်ဘူး ”
“သြော်..၊ ခင်ဗျားက အာနာပါန လုပ်နေတုန်းလား၊ အဲဒါနဲ့ ရေကူးတတ်တာ ဘာဆိုင်သတုန်းဗျာ”
“ဆိုင်ပါသော်ကောဗျာ၊ ဗီယက်နမ်က သီလရှင်ကြီးတပါးဟာ အမြဲလိုလို အာနာပါနရှုမှတ် နေရာကနေ ဆယ့်လေးနှစ်အကြာမှာ ရေပေါ်ကို ပေါ်နေနိုင်တယ် ဆိုတဲ့အကြောင်း ကျနော်ပြောဖူးတာ ခင်ဗျား မေ့နေပြီ ထင်တယ်၊ အဲသလိုရေပေါ်ကို ပေါ်နေနိုင်တာကို မယ်သီလရှင်ကြီးက မသိဘူးတဲ့ဗျ၊ တနေ့ သူရေထဲကို လိမ့်ကျသွားရာက မြှုပ်မသွားဘဲ ထူးထူးဆန်းဆန်း ရေပေါ်မှာ ပေါ်နေတာကို သတိပြုမိ သွားတာတဲ့ဗျာ၊ အခု ကျနော်က အဲဒီမယ်သီလရှင်လို ရေပေါ်မှာ လုံးလုံးမပေါ်ပေမဲ့ ရေထဲနစ်မသွားအောင် သိပ်ပင်ပင်ပန်းပန်း အားထုတ်စရာမလိုဘဲ လက်နဲ့အသာယက်နေရုံနဲ့ ပေါ်နေတာကို သတိပြုတာ နှစ်လလောက်ရှိပြီဗျ၊ ခင်ဗျားက တော့ အထူးအဆန်းကြီး ထင်နေပေလိမ့်မယ်၊ အမှန်က သိပ်မထူးဆန်းဘူးဗျ၊ ဒါဟာ အသက်ရှူခြင်းရဲ့ လျှို့ဝှက် ချက် တခုပဲ၊ ရေမကူးတတ်တဲ့သူ တော်တော်များများဟာ ကြောက်တဲ့စိတ်နဲ့ အသက်ရှူမှားနေရာကနေ ကိုယ့်ဘာသာ ရေထဲနှစ်သလို ဖြစ်နေတဲ့ သဘောပါပဲ၊ အသက်ကိုစနစ်တကျ ရှူတတ်တဲ့အခါ ရေကူးတတ် သလို ဖြစ်လာတယ်ထင်ပါရဲ့၊ ဘာလိုလိုနဲ့ကျနော် အသက်ရှူလေ့ကျင့်ခန်း လုပ်နေခဲ့တာ ရှစ်နှစ်နီးပါး ရှိခဲ့ပြီပဲ”
“ဟာ ခင်ဗျားက အာနာပါနကို နေ့တိုင်းလုပ်နိုင်သလား၊ ရှစ်နှစ်လုံးလုံး တရက်မှ မပျက်ဘူးလားဗျာ”
“နေဦးဗျ၊ တရက်မှ မပျက်ဘူးလို့တော့ တထစ်ချ မပြောချင်ဘူး၊ ကျနော် နေ့တိုင်းနီးပါး တရားထိုင်တယ်၊ ပျက်တဲ့ရက် အင်မတန်နည်းပါတယ်၊ ကားပေါ်မှာ လေယာဉ်ပေါ်မှာတောင် ရှုမှတ်နေလေ့ရှိတယ်၊ ကျနော့် စိတ်ထင် ရှစ်နှစ်အတွင်းမှာ တရားမထိုင်ဖြစ်တဲ့ အချိန်ဟာ ရက်ပေါင်း ခြောက်ဆယ်လောက်ပဲ ရှိမယ်၊ ဒါတောင် တရားမထိုင်ဖြစ်ပေမဲ့ အချိန်ရရင် ရသလို အာနာပါန မှတ်နေတာကြောင့် ပျက်ရက်မရှိဘူး ပြောရင်လည်း ရနိုင်တယ်”
“ဒါဆို အတော်ပဲ၊ ခင်ဗျားရဲ့ ဖြစ်ပျက်ရှာပုံတော်က ဇာတ်လမ်းမဆုံးသေးပဲကိုး၊ ကျနော့်စိတ်မှာ ခင်ဗျား စီးပွားရေးတွေ တိုင်းရေးပြည်ရေးတွေ လျှောက်ပြောနေတော့ အဲဒီအလုပ်ကို မလုပ်ဖြစ်တော့ဘူး ထင်နေတာ၊ နေရာကျလိုက်လေဗျာ၊ ဘာတွေများ ထူးထူးဆန်းဆန်းတွေ ကြုံခဲ့တုန်းဗျ၊ ဇာတ်လမ်းဆက်ပါအုံး”
“အင်း .၊ လူတွေကလဲ ခက်ပါ့ဗျာ၊ တရားဆိုတာနဲ့ ဟယ်ရီပေါ်တာ ဇာတ်လမ်းလို ထူးဆန်းတာကိုပဲ စိတ်ရောက်ကြတာကိုး၊ ထူးဆန်းတာတွေလည်း အများကြီး ရှိပါရဲ့၊ ကျနော့်ရဲ့ ဖြစ်ပျက်ရှာပုံတော်ကို ရှေ့ဆက် ပြောဖြစ်ခဲ့ရင် ထူးထူးဆန်းဆန်း အကြောင်းအရာတွေအပြင် ကျမ်းဂန်အကိုးအကားတွေနဲ့ ပြည့်ပြည့်စုံစုံ ပြောပြ ချင်ပါရဲ့၊ ခင်ဗျား ကျနော့်ရဲ့ ဖြစ်ပျက်ရှာပုံတော်ကို ဇာတ်လမ်းဆက်ချင်ရင်တော့ ကျနော်နဲ့ အပေးအယူတခု လုပ်မှ ဖြစ်မယ်”
“ကဲ ဆိုပါအုံး၊ ဘယ်လို အပေးအယူမျိုးပါလိမ့်”
“ဒီလိုလုပ်ဗျာ၊ တကယ်တော့ ဘာသာတရားတခုရဲ့ တကယ့်အနှစ်သာရဟာ လူ့ဝန်းကျင်မှာ နေ့စဉ်ပြုမူ လှုပ်ရှားနေကြတာနဲ့ အတော်အလှမ်းဝေးပါတယ်၊ အခုလို ကမ်းခြေမှာ ဇိမ်ခံပြီး မျက်စိအစာ ကျွေးနေလို့တော့ မဖြစ်နိုင်ဘူးဗျ။ ဒီအကြောင်းရေးမယ် ပြောမယ်ဆိုရင် ပထမဆုံး သီလဝိသုဒ္ဓိ (အကျင့်သီလစင်ကြယ်မှု) ရှိမှ ဖြစ်မယ်၊ဒီတော့ ခင်ဗျားကို ကျနော့်လေ့ကျင့်ခန်း အတွေ့အကြုံ ပြည့်ပြည့်စုံစုံ ပြောပြနိုင်အောင် ကျနော် ကိုယ်တိုင် ခါတိုင်းထက် ပြင်းပြင်းထန်ထန် လေ့ကျင့်ချိန်ပေးမှဖြစ်မယ်၊ ဆယ်ရက်လောက်ဆို လုံလောက်ပါပြီ၊ ဒီကြားထဲမှာ ခင်ဗျားရေးထားတဲ့ ဖြစ်ပျက်ရှာပုံတော်ခရီးသည်ကို ပြင်ရေးထားပေတော့ဗျာ၊ ကျနော့်ဖက် ကလည်း အားလပ်တဲ့အခါ လိုအပ်မယ် ထင်တာလေးတွေ ဝေဖန် ဖြည့်စွက်ပါ့မယ်"
ဤသို့လျှင် လွန်ခဲ့သောလေးနှစ်ခန့်က ကျနော်ရေးသားခဲ့သော ဖြစ်ပျက်ရှာပုံတော်ခရီးသည် ဝတ္ထုလတ်အား ပိုမိုပြည့်စုံသော ဝတ္ထုရှည်ကြီး တပုဒ်အဖြစ် ပြန်လည်ဖန်တီးခွင့် ရခဲ့လေရာ အဆိုပါ ဝတ္ထုရှည်ကြီးတွင် မူလ ဇာတ်လမ်းအကျဉ်းအပေါ် ကိုသက်ခိုင်၏ ဝေဖန်ဖြည့်စွက်ချက်၊ ကျနော့်၏ ပြင်ဆင်ဖြည့်စွက်ချက်တို့ ပါဝင်ပြီး ဇာတ်လမ်း အစအဆုံး၊ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်လေသည်။


(ဆက်လက်ဖော်ပြပါမည်။)


မင်းဒင်ရေးသည်။

ဖြစ်ပျက်ရှာပုံတော်ခရီးသည် (၂)

$
0
0

၂။ ဖြစ်ပျက်ဆိုသောအရာ

ကျနော်သည် မိရိုးဖလာဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်၏။ ပို၍ရှင်းအောင်ဆိုရလျှင် ကျနော့်မိဘများသည် ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင် ကိုးကွယ်သောကြောင့် ကျနော်သည်လည်း ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခြင်း ပင်။လူမှန်းသိတတ်စ အရွယ်ကပင် ဘုရားပုထိုး၊ဘုန်းကြီးရဟန်းတို့ကိုမြင်လျှင် အမိအဖက“ဦးတော် လုပ်လိုက်” ဆိုသဖြင့် လုပ်ခဲ့သည်။နောင်တဖြည်းဖြည်း အရွယ်ရောက်လာသည့်အခါ “သြကာသဘုရားရှစ်ခိုး”နှင့် ခရီးဆက် ခဲ့သည်။အလှူအတန်း၊အခါကြီးရက်ကြီးများတွင်သီလပေးသည့်အခါများ၌ “အာမဘန္တေပါဘုရား” “တင်ပါ့ဘုရား” တို့ဖြင့်သာ ယဉ်ပါးနေခဲ့သည်။စာတတ၊်ပေတတ်၊ကျမ်းတတ်သည် ဟုကျော်ကြားသော ဆရာတော်များကို ဆည်း ကပ်ကိုးကွယ်ကာ ဥပုတ်သီလစောင့်တည်ခြင်း၊အလှူဒါနပြုခြင်းတို့ကိုလည်းစောင့်လေမျိုးနွယ်ဟူသောအဆုံးအမ နှင့်အညီ ပြုခဲ့သည်လည်း ရှိပါ၏။
ထို့ပြင်တဝ ဗုဒ္ဓဘာသာအများအပြားဖတ်လေ့ရှိသောစာအုပ၊်ကျမ်းဂန်အတော်များများကိုလည်း ဖတ်ရှုလေ့လာခဲ့ ဖူးပါသည်။အရိုးသားဆုံးဝန်ခံရလျှင် နာကြားခဲ့ဖူးသည့်တရားများ၊ဖတ်ရှုခဲ့ဖူးသည့် ဘာသာရေးစာအုပ်စာပေများ တွင် ကျနော်နားမရှင်းဆုံးအရာကား “ဖြစ်ပျက်” ဟူသော စကားလုံး ဖြစ်၏။
အဆိုပါ ဖြစ်ပျက်ဟူသော စကားလုံးသည် လူတိုင်းနီးပါး ပြောနေကျစကား ဖြစ်၏။ ဗုဒ္ဓဘာသာဝင်တိုင်းလိုလို နားယဉ်နေသော စကားလုံးဖြစ်၏။ ကျနော်သည်လည်း အများယောင်သကဲ့သို့ “ ဖြစ်ပျက်ပေါ့ကွာ”၊ “ဖြစ်ပြီးရင် ပျက်တာပါပဲ”ဟူ၍အကြိမ်ပေါင်းများစွာယောင်ဝါးဝါးပြောဆိုခဲ့ဖူးပါသည်။အမှန်ကိုဝန်ခံရလျှင်ထိုစကားကို ကျနော် ဘယ်သောအခါကမျှ နားမရှင်းခဲ့။ တိကျပြည့်စုံသော အနက်အဓိပ္ပါယ်ကို မသိခဲ့ချေ။နီးစပ်ရာ ပုဂ္ဂိုလ်အချို့ကို ဂဃ နဏမေးသည့်အခါများတွင်လည်း ထိုသူတို့က ဥပါဒ်၊ဌီ၊ဘင်ဟူသည် အနိစ္စ၊ ဒုက္ခ၊အနတ္တဟူ၍လည်းကောင်း၊အမျိုး မျိုးဖြေကြားကြလေရာ ယင်းအဖြေမျိုးကား ကျနော် လိုချင်သောအဖြေ မဟုတ်ပြန်ချေ။ထိုသို့လျှင် “ဖြစ်ပျက်” ဟူသော စကားလုံးပေါ် ကျနော် ရွာလည်နေခဲ့သည်။
မကြာသေးမီအချိန်က ဖိုးနီအမည်ရှိ ညီငယ်အရွယ် လူငယ်တစ်ယောက်က“အာစရိရာ၊ကျနော်ကတော့ စိတ်ညစ် စရာရှိလာရင်ဖြစ်ပျက် ဖြစ်ပျက်လို့မှတ်လိုက်တာပါပဲ”ဟုဆိုလာဖူးလေ၏။ကျနော်လည်း “သည်တခါ နေရာကျပြီ” ဟူသောအတွေးဖြင်“မင်းပြောတဲ့ဖြစ်ပျက်ဆိုတာငါ့ကိုသေချာရှင်းပြစမ်းပါ”ဟုမရှက်မကြောက်မေးမြန်းသည့်အခါ သူက “အာစရိရာ၊ နှာသီးဖျားက လေကို ဝင်လေ ထွက်လေဆိုပြီး မှတ်နေတာဟာ ဖြစ်ပျက်ပဲပေါ့” ဟူ၏။ ကျနော် စကားမဆက်နိုင်တော့။အချို့စကားဝိုင်းများတွင် ဖြစ်ပျက်အကြောင်း တစွန်းတစကြားမိသဖြင့် နားစွင့်မိသည့်အခါ “မွေးလာတာ ဖြစ်တာပေါ့၊သေသွားတာ ပျက်တာပေါ့”ဟု ဆိုကြပြန်လေသည်။ရှင်းလေမှ ပိုရှုပ်ပြန်တော့သည်။ မွေးခြင်းနှင့်သေခြင်းသည် ဖြစ်ပျက်ခြင်းဟူသော သဘောမျှကိုကား သူတို့ပြောမှမဟုတ်၊လူတိုင်းအသိ။ကျနော့် စိတ်တွင်ကားသည်လောက်နားလည်ရခက်တဲ့ဖြစ်ပျက်၊မသိ သိအောင်လုပ်လေမှဟု တေးမှတ်ထားရပြန်ပါသည်။
ဤသို့လျှင် ဖြစ်ပျက်ရှာပုံတော်ဖွင့်နေစဉ်၌ ဖတ်မိသောစာတအုပ်တွင် “အကြင်သူသည် ရုပ်နာမ်တို့၏ ဖြစ်ပုံ ပျက်ပုံကို အိပ်မက်တွင်မျှ မမြင်ရဖူးဘဲ၊ အနှစ်တရာပတ်လုံး အသက်ရှည်၏။ ထိုသူ၏အသက်ရှည်မှုထက် ဥဒယဗ္ဗယကို မြင်သောသူ၏တစ်ရက်မျှ အသက်ရှည်ခြင်းသည်၊မြတ်သေး၏။”ဟူ၍ တွေ့ရပြန်ရာ ကျနော်ဖြစ်ပျက် ကို သိချင်စိတ်မှာ ထိန်းမနိုင် သိမ်းမရ ဖြစ်လာပါတော့သည်။ အိပ်ယာဝင်သည့်အခါတွင်လည်း ဖြစ်ပျက်ကို သိချင် စိတ်၊ စားသောက်နေရင်းတွင်လည်း ဖြစ်ပျက်ကို သိလိုစိတ်များသာ ဖြစ်နေပါတော့သည်။ ဤတသက် ဖြစ်ပျက် ဟူသော အရာကို သိမှ သိနိုင်ပါတော့မည်လော ဟု ပူပန်စ ပြုလာပါသည်။
သို့နှင့် ကျနော်သည် ရနိုင်သမျှ ဘာသာရေးဆိုင်ရာ စာအုပ်များကို ထပ်မံမွှေနှောက် ရှာဖွေဖတ်ရှုလျက် ဖြစ်ပျက်ကို ရှာပုံတော်ဖွင့်ခဲ့၏။ ဖြစ်ပျက်နှင့် ပတ်သက်၍ ရေးသားထားသော အကြောင်းအရာများကို ဘာသာ ရေးစာအုပ်တိုင်းလိုလိုတွင် တွေ့ရဖတ်ရသည်ချည်းဖြစ်သော်ငြား ကျနော်အနေဖြင့် နားလည် သဘော ပေါက်ခြင်း မရှိသည်ကို ဝန်ခံရပေမည်။ နာကြားခဲ့ရသော တရားခွေများ၊ စီဒီများတွင်လည်း ဤနည်း နှင်နှင်ပင်တည်း။ ဖတ်မိသောစာအုပ်နှင့် စီဒီစာရင်းကို ဖော်ပြရလျှင် ပိုမိုရှုပ်ထွေးရန်သာ ဖြစ်တော့မည်ဖြစ်၍ မရေးလို တော့ပြီ။ ထိုသို့လျှင် ကျနော်၏ ဖြစ်ပျက်ရှာပုံတော်သည် တဆယ့်ငါးနှစ်မျှ ကြာခဲ့ပါလေတော့သည်။
ကျနော် စိတ်ပျက် အားလျော့စပြုလာ၏။ ဤနေရာတွင် အနည်းငယ် ရှင်းပြရန် လိုလာပါသည်။ “ဖြစ်ပျက်ကို သိချင်တာများ တရားစခန်း တခုခုသွားလိုက်ရင် ပြီးနိုင်တာပဲ”ဟု အချို့လူများအနေဖြင့် ဆိုရန်အကြောင်း ရှိပါသည်။ကျနော် ဆိုလိုသည်မှာ ဖြစ်ပျက်ဟူသောအရာ၏ သဘောသဘာဝကို လူသာမန် နားလည်သလို နားလည်လိုခြင်း ဖြစ်ပါသည်။ လက်တွေ့ သိနိုင်ရန်အတွက် တရားစခန်းတခုခုတွင် သွားရောက် အားထုတ်ရန် လည်း ရည်ရွယ်ရင်းရှိပါ၏။
ဤနေရာတွင် ကျနော့်အကြောင်းကို အနည်းငယ် ရှင်းပြရန်လိုမည် ထင်ပါသည်။အမှန်တော့ ကျနော့်ဘဝသည် ထူးထူးခြားခြား စာဖွဲ့ပြနိုင်လောက်သော ဘဝမျိုးမဟုတ်ပါ။မြန်မာမိဘနှစ်ပါးက မွေးဖွားပြီး အရွယ်ရောက်သည့် အခါကျောင်းနေ၊ ထို့ထက် အရွယ်ရောက်လာသည့်အခါ အိမ်ထောင်ကျလျက် မိသားစု စားဝတ်နေရေးအတွက် အစိုးရဌာနတစ်ခုဖြစ်သော ကုန်သွယ်လယ်ယာတွင် အလုပ်ဝင်ခဲ့သည်။ ဤမျှသာ။ အနည်းငယ်ထူးသည်ကား ကျနော့်ဌာနတွင် စာရင်းစစ်ဝင်သည့်အခါ ငွေစာရင်းကွာဟမှုဖြင့် အမှုတွဲလေးယောက်နှင့်အတူ ထောင်ဒဏ်သုံး နှစ်ကျခံခဲ့ရခြင်းဖြစ်သည်။စင်စစ် ကုန်သွယ်လယ်ယာကဲ့သို့သော ဌာနမျိုးကား ငွေစာရင်းမှန်ကန်အောင် လုပ် ကိုင်ရနိုင်သောဌာနမျိုးမဟုတ်သည်မှာ ကျနော့်ကိုယ်တွေ့ဖြစ်သည်။ဆင်ခြေပေးသည်ဟု ထင်စရာရှိပေမည်။ယခု ကျနော်ထောင်ကျလာသောအမှုတွင် ကျနော့်ကိုယ်ကျိုးအလို့ငှာ မည်သည့်အလွဲသုံးစားမှုကိုမျှ ကျနော်မလုပ်ခဲ့ ချေ။အခွင့်သာစဉ် အချိန်များကမူ အပေါင်းအသင်းတရုန်းရုန်းဖြင့် သောက်စားပျော်ပါးခဲ့သည်များ ရှိသည်ကိုကား ကျနော် မငြင်းလိုပါ။မည်သို့ဆိုစေ ဤအချက်သည် အဓိကမကျလှ။ကျနော် ပြောလိုသည်မှာ ရဲဘက်စခန်းသို့ ရောက်နေသည့်ကာလများ၌ ပိုမိုအထီးကျန်ကာ စဉ်းစားတွေးတောချိန် များလာလေသောကြောင့် ဖြစ်ပျက် ဟူသောအရာကို သိလိုစိတ် ပိုကဲလာခြင်းဖြစ်ပါ သည်။
လောကကြီးကား ထူးဆန်း အံ့သြဖွယ်ရာများနှင့်အတိ ပြီးလျက်ရှိသည်ဟု ဆိုရပေတော့မည်။ ကျနော့်တသက် တွေ့ရန် မဖြစ်နိုင်တော့ဟု ထင်မြင်ခဲ့သော ဖြစ်ပျက်ဟူသည့် အရာကို ရှင်းရှင်းလင်းလင်း သိနိုင်ရန် အခြေအနေသည် ရုတ်ခြည်း ဖြစ်ပေါ်လာလေ၏။ ဖြစ်ပျက်ဟူသော အရာကို တိကျစွာ အဖြေပေးနိုင်မည့် သူကား ကျနော်နှင့် အနီးဆုံးနေရာသို့ ရောက်လာခဲ့လေပြီ။ တွေ့စကမူ ထိုသူသည် ကျနော်၏ ဖြစ်ပျက် ပုစ္ဆာကို ဖြေရှင်းနိုင်မည့်သူဟူ၍ တွေးထင် မထားခဲ့သည်ကား အမှန်။ သူကား ကျနော်နှင့် အသက် မတိမ်းမယိမ်းဖြစ်၏။ ဘဝတူချင်းဖြစ်၍ အချိန်တိုတိုအတွင်း အလွန် ခင်မင်ရင်းနှီးသူများ ဖြစ်လာကြပါသည်။ သူ့အမည်ကား ကိုသက်ခိုင် မည်၏။
ကိုသက်ခိုင်သည် အသက်လေးဆယ်ကျော်ခန့်ရှိပြီး ဥပဓိရုပ် ကောင်းသည်၊ အရပ်ငါးပေ ဆယ့်တစ်လက္မခန့်ရှိ၍ စကားပြောသည့်အခါ အားနှင့်မာန်နှင့် ပြောတတ်သူဖြစ်သည်။သူ့ကို ရဲဘက်စခန်း တစ်ခုလုံးက ဆရာကြီး ဟု ခေါ်ကြပြီး မည်သည့်အကြောင်းကြောင့် ဆရာကြီး ဟု ခေါ်ကြောင်း ရှင်းပြနိုင်သူကား မရှိချေ။
အဆိုပါ ရဲဘက်စခန်း၏ တခုသောနေ့တွင် ဖြစ်ပါသည်။
ရေပတ်လည် ဝိုင်းလျက်ရှိသော ကျနော်တို့ ရဲဘက်စခန်း၏အရှေ့၊ ကိုက်တရာခန့် အကွာတွင် ဓနိမိုး ဝါးထရံကာ တဲငယ်တလုံးရှိ၏။ အဆိုပါတဲငယ်ကား၊ ရဲဘက်စခန်းများတွင် ငွေကြေးတတ်နိုင်သူများအနေဖြင့် ထောင်အာဏာ ပိုင်များနှင့်ညှိနှိုင်းကာ ကိုယ်ပိုင်အိမ်များပင် ဆောက်လုပ်နေထိုင်နိုင်သော ဓလေ့ထုံးတမ်းအတိုင်း ကိုသက်ခိုင် ကိုယ်ပိုင်ငွေနှင့် ဆောက်လုပ်ထားခြင်း ဖြစ်လေ၏။လိုရင်းကို ဆက်ရလျှင် ထိုနေ့က အဆိုပါ တဲငယ်ပေါ်၌ ကိုသက်ခိုင်နှင့်ကျနော် ပထမဆုံးအကြိမ် စကားလက်ဆုံကျ ခဲ့ပါသည်။
ကျနော်။ ။ “ဆရာကြီးက ဘာမှုလဲ ဗျ”
ကိုသက်ခိုင်။ ။“လေယာဉ်ပျံပေါ်က ပြုတ်ကျတဲ့ အမှုပေါ့”
ကျနော်။ ။ “ကြံကြံဖန်ဖန်ဗျာ”
ကိုသက်ခိုင်။ ။“လောကကြီးမှာ အမြင့်ဆုံးကို တက်ချင်သူတွေ ကြုံရတဲ့အမှုလို့  ပြောချင်တာပါ”
ကျနော်။ ။“ထားလိုက်ပါတော့ဗျာ။ဒါနဲ့ ခင်ဗျား စာအုပ်အညိုလေးတအုပ်နဲ့နေ့ရော ညပါ အလုပ်ရှုပ်နေရအောင် ဘာစာအုပ်လည်းဗျ”
ကိုသက်ခိုင်။ ။“အော်.. တရားစာအုပ် ဆိုပါတော့၊အဖြေတခု ရှာချင်လို့ အကြိမ်ကြိမ်ဖတ်ပြီး လေ့ကျင့်နေတာဗျ”
ကျနော်။ ။“ဘာလေ့ကျင့်တာလဲဗျ”
ကိုသက်ခိုင်။ ။“စိတ်”
ကျနော်။ ။“ဗျာ စိတ်ကို ဘယ်လို လေ့ကျင့်သတုန်းဗျာ”
ကိုသက်ခိုင်။ ။ “အဲဒီ စာအုပ်ထဲက အတိုင်း တသွေမတိမ်းပေါ့”
ကျနော်။ ။“ဘယ်လောက် ကြာပြီလဲဗျာ”
ကိုသက်ခိုင်။ ။“ခုနှစ်လ”
ကျနော်။ ။“ဘာတွေ တွေ့ ပြီး ဘာတွေ ထူးခြားသလဲဗျာ”
ကိုသက်ခိုင်။ ။(အတန်ကြာစဉ်းစားနေပြီးနောက်) “တိုတိုပြောရရင် ဖြစ်ပျက်ကို တွေ့တယ် ပေါ့ဗျာ”
ကိုသက်ခိုင်အမည်ရှိ ဤပုဂ္ဂိုလ်ကား ဖြစ်ပျက်ကို တွေ့သည်ဟု ဆိုလာပြန်ချေပြီ။ကျနော်လည်း ချက်ချင်းဆိုသလို သူ့ကို အလောတကြီး ဆက်မေးလိုက်မိသည်။
ကျနော်။ ။“အဲဒီ ဖြစ်ပျက်ဆိုတာ ကျုပ်ကို သေချာ ရှင်းပြစမ်းပါဗျာ”
ကိုသက်ခိုင်။ ။“ခုနှစ်လစာ လေ့ကျင့်ခန်းကို တထိုင်တည်း ရှင်းလို့ ဘယ်လိုဖြစ်နိုင်မလဲဗျ”
ကျနော်။ ။“ဘယ်လောက်ကြာကြာဗျာ။ကျုပ်တို့လည်း အချိန်တွေပိုနေတာပဲ။ဆရာကြီးသာ ရှင်းပါ။ ကျနော် နားထောင်ပါ့မယ်ဗျာ”
ကိုသက်ခိုင်။ ။“တခုရှိသေးတယ်ဗျာ။ ပုံမှန်မဟုတ်တဲ့ အကြောင်းအရာတွေ၊ ရူးကြောင်ကြောင်လို့ ထင်စရာ တွေပါလာရင် ခင်ဗျားလက်ခံဘို့ခဲယဉ်းတယ်။ အဲဒီအခါကျရင် လေ့ကျင့်ခန်းကို ပြုစုခဲ့သူကော။လေ့ကျင့်ခန်းပါ နာမည်ပျက်မယ် ။ဒါကြောင့် မပြောတာပိုကောင်းမယ် ထင်တယ်”
ကျနော်။ ။“ပြောမှာသာ ပြောစမ်းပါဗျာ။ကျနော် ဘာကိုမှ အထင်သေးတာ၊ ကြီးတာ မရှိစေရပါဘူး။ ကျနော် အဲဒီ ဖြစ်ပျက်ဆိုတာကို သိချင်လို့ မေးမြန်းစူးစမ်းနေခဲ့တာ ဆယ့်ငါးနှစ်ကျော်နေပြီ”
ကိုသက်ခိုင်။ ။“နောက်တခု ရှိသေးတယ်။ကျုပ်က ခင်ဗျားကို ပြောပြပြီးရင် ခင်ဗျားက ကျုပ်ကို လူလို့ မထင်တော့ မှာလည်း စိုးရိမ်တယ်”
ကျနော်။ ။“ဘယ်နှယ့် လူလို့ မထင်ရမှာလဲဗျာ”
ကိုသက်ခိုင်။ ။“ကျုပ်ပြောတာက ဖြစ်ပျက်ကိုတွေ့ပြီးတဲ့သူဟာ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတဲ့ သဘောတွေ ခင်ဗျား အများကြီး ဖတ်ဘူးမှာပါ။ကျုပ် အခုတွေ့တဲ့ ဖြစ်ပျက်ဆိုတာ အစသာရှိသေးတယ်။အဆုံးက ဟိုးအဝေး ကြီးမှာ ကျန်သေးတယ်။ဒါတွေ နဲ့ မရောထွေးစေချင်ဘူး”
ကျနော်။ ။“ကဲပါဗျာ ပြောမှာသာ ပြောပါ။ခင်ဗျား တောင်းမဲ့ ကတိအားလုံးကို ကျုပ်ပေးပါတယ်”
ကိုသက်ခိုင်။ ။“ခင်ဗျား သိပ်သိချင်နေရင်တော့ ခင်ဗျားလည်း ဖြစ်ပျက်ဆိုတာ သိချိန်တန်ပြီလို့ မှတ်ရတော့ မှာပဲ။သို့သော် ဖြစ်ပျက်တလုံးတည်းကို ကွက်ရှင်းလို့ကတော့ မပြည့်စုံနိုင်ဘူး။ ကျုပ်ရဲ့  လေ့ကျင့်ခန်း အစအဆုံးကို ပြောမှ ပြည့်စုံပေလိမ့်မယ်”
ထိုအချိန်တွင် အိပ်ဆောင်ဝဆီမှ “ထမင်းတန်းစီမယ်ဟေ့”ဟူသော အဆောင်မှူးတန်းစီး နိုင်ဝင်း၏အသံက ငှက်ဆိုးထိုးသကဲ့သို့ ပေါ်ထွက်လာရာ နှစ်ယောက်သား ပြောလက်စစကားကို ရပ်လိုက်ကြရသည်။
ညအချိန် ကိုသက်ခိုင် အိပ်ယာအနီးသို့ ကျနော် ရောက်သွားသည့်အခါ သူက လင်းကြည်အမည်ရှိ အကျဉ်းသား လူငယ်တဦးကို စာရေး စာဖတ် သင်လျက်ရှိသည်။လင်းကြည်ကား အသက်နှစ်ဆယ့်ငါးနှစ်အရွယ် ရောက်နေ သည့်တိုင် အရေးအဖတ်မျှပင် တတ်သူမဟုတ်ချေ။ စာသင်ချိန်ကား ညဖက် အိပ်ဆောင်မပိတ်မီ ဆယ်နာရီ အထိ ဖြစ်သည်။
ကျနော်ကား ကိုသက်ခိုင်ဘေးမှာ ကပ်လျက်ရှိသူ မဟာမေဒင်ဘာသာဝင် ကိုတင်ဝင်းကို လေးငါးညခန့် အိပ်ယာ ပြောင်းပေးပါရန် တောင်းပန်လျက် ကိုသက်ခိုင့်ဘေးမှာ အသင့်နေရာ ယူထားလိုက်သည်။ မကြာလှချေ။ ဆယ်နာရီထိုးသည်နှင့် လင်းကြည်တယောက် သူ့နေရာသူပြန်သွားချိန် “အိပ်ချိန်၊ အိပ်ချိန် ”ဟူသော နိုင်ဝင်း၏ အသံပြဲကြီးတိတ်သွားသည့်အခါ ကိုသက်ခိုင်နှင့်ကျနော် အိပ်ယာပေါ်တွင် ကိုယ်စီလှဲနေကြရင်း စကားဆက် ဖြစ်ကြ၏။ ကိုသက်ခိုင်ကမူ နဖူးပေါ်တွင် လက်တင်ရင်း ပက်လက်အနေအထားဖြင့် နှုတ်ဆိတ်လျက်ရှိ၏။
ကျနော်။ ။“ကဲ လုပ်ဗျာ ။ခင်ဗျားရဲ့ ဖြစ်ပျက်ဇာတ်လမ်း”
ကိုသက်ခိုင်က သက်ပြင်းကို ခပ်လေးလေးချလျက် လေသံတိုးတိုးဖြင့် …..
ကိုသက်ခိုင်။ ။“ဖြစ်ပျက်ကို မစခင် ကျုပ်ဘဝအတိုချုပ်လေးတော့ ပြောပါရစေ။အော်.. ကျုပ် ကျုပ် ဆိုပြီးသုံးလို့ တမျိုးတော့မမြင်ပါနဲ့ဗျာ။ကျနော်ကအညာသားဆိုတော့ ရွာမှာနေခဲ့တုန်းက သုံးခဲ့တဲ့ ကျုပ်ဆိုတာကြီးကို တခါ တလေ သုံးလိုက်ရမှ အားရသလို ခံစားမိလို့ပါ။ကျုပ်ဘဝဟာ ထူးထူးထွေထွေတော့ မဟုတ်ပါဘူး။ လူလတ် တန်းစား မိသားစုကမွေးခဲ့တယ်။ ဘွဲ့ရခဲ့တယ်။ နောက် ကြီးပွားမယ်ထင်တဲ့ အလုပ်မျိုးစုံလုပ်ခဲ့တယ်။ တက်လိုက် ကျလိုက် ၊ အောင်မြင်လိုက် ကျဆုံးလိုက်နဲ့ လုံးချာလိုက် နေခဲ့တာပါပဲ။နောက်ဆုံးတော့ ဒီထောင်ထဲကိုရောက် လာခဲ့တယ်။ ဒါပေမဲ့ ထူးခြားတာက ကျုပ်ဟာ ထောင်ထဲကို ကိုယ့်သဘောနဲ့ ကိုယ် ဝင်လာခဲ့တာပဲ”
ကျနော်။ ။“ဘယ်လိုလဲ ဗျ။ ကိုယ့်သဘောနဲ့ကိုယ် ဝင်လာတယ် ဆိုတာ”
ကိုသက်ခိုင်။ ။“မူလရုံးက ကျုပ်အမှုကို အပြီးအပြတ် လွှတ်ပြီးသား၊တရားလိုက ပြင်ဆင်မိန့်တက်လို့ ကျုပ် မျက်ကွယ်မှာ ထပ်ပြီးအမိန့်ချတာ။ကျုပ်ကလည်း ငါမှန်နေတာပဲ။ ရှင်းမယ်ဆိုပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ကိုယ်တိုင် တရားရုံးရှေ့သွားပြီး ထောင်ထဲဝင်ခဲ့တာ၊ ကျုပ်က ရန်ကုန်မှာနေတော့ အင်းစိန်ထောင် ရောက်ရော ဆိုပါတော့”
ကျနော်။ ။ “ဟာ တော်တော် သတ္တိကောင်းတာပဲဗျ”
ကိုသက်ခိုင်။ ။“မှားတယ်ဗျ။ ထောင်ထဲကိုရောက်တော့ ကျုပ်ဟာ ကျုပ်ထင်သလောက် သတ္တိမကောင်း တော့ဘူး။ ထင်ရာစိုင်းခဲ့တဲ့ ဒါဏ်တွေက ဒုက္ခပေးလာတယ်”
ကျနော်။ ။“ဘာတွေ ထင်ရာစိုင်းခဲ့တာလဲဗျာ”
ကိုသက်ခိုင်။ ။“မြန်မာပြည်မှာ စီးပွားရေးသမားတိုင်း အမြဲတမ်းပူပင်နေရတဲ့သူတွေရဲ့ ထုံးစံအတိုင်းပေါ့။ နေ့တိုင်းနီးပါး အရက်သောက်ဖြစ်တယ်။ တခါတခါ စိတ်ငြိမ်မလားဆိုပြီး စိတ်ငြိမ်တယ်ဆိုတဲ့ ဆေးမျိုးစုံလဲ သုံးခဲ့တယ်”
ကျနော်။ ။“အော် ဆရာကြီးလည်း အရက်တွေ ၊ ဆေးတွေ သုံးခဲ့တာပဲလား”
ကိုသက်ခိုင်။ ။“သေချာတာပေါ့၊ အဲဒီ ဒါဏ်တွေရယ်။ ဒီပြဿနာကို မကြီးကြီးအောင် လုပ်ခဲ့တဲ့ တရားပြိုင်ကို သတ်ပစ်ချင်တဲ့ စိတ်ရယ်ကြောင့် လူဟာအရူးတပိုင်း ဖြစ်လာတယ်၊ညဖက်ဆို လုံးဝ အိပ်လို့မရတော့ဘူး။ ဆယ့်လေးငါးရက် ဖြစ်လာတော့ အိမ်ကအိပ်ဆေးတွေ သွင်းပေးတယ်။သောက်လည်း ခဏပဲအိပ်တယ်။ ဆရာဝန်ကတော့ အခုပေးလိုက်တဲ့ ဆေးတွေဟာ ဂိတ်ဆုံးပဲ တဲ့။ ဆင်ကို တိုက်ရင်တောင် တုန်းကနဲ အိပ်မယ်တဲ့။ သို့သော် ကျုပ်အတွက်တော့ မထူးခြားလှပါဘူး။ ဒါနဲ့အိပ်မရတဲ့ညတွေ များလာပြီး စိတ်ကလည်း ဂယောင်ချောက်ခြား ဖြစ်လာတော့ သေရင် အေးမယ်လို့ ထင်လာတယ်။နောက်ဆုံး ကျုပ်ဟာ ထောင်နံရံကို ခေါင်းနဲ့ ပြေးဆောင့်ပြီး ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားခဲ့တယ်”
ကျနော်။ ။“ဆိုးလှချည်လားဗျာ”
ကိုသက်ခိုင်။ ။“အဲဒီ ဆိုးလှတဲ့ အခြေအနေကပဲ ကျုပ်ကို ဖြစ်ပျက်ဆိုတာ တွေ့အောင် တွန်းပို့လိုက်တာပါပဲ”
ကျနော်။ ။“အော် ဒါနဲ့ ဖြစ်ပျက် တွေ့ရောလားဗျာ”
ကိုသက်ခိုင်။ ။“ထောင်နံရံကို ခေါင်းနဲ့တိုက်ရုံနဲ့ ဖြစ်ပျက် မြင်မလားဗျ။ကျုပ်စိတ်ထဲမှာ ဒီလို သေရရင်တော့ ရုပ်ပျက်ဆင်းပျက် နိုင်လှတယ်ဆိုပြီး တခုစဉ်းစားမိတယ်။အဲဒါကတော့ အသက်ရှူတဲ့လေ့ကျင့်ခန်းနဲ့ အသက် ဆက်နေဘို့ပဲ။လွယ်တော့ မလွယ်လှပါဘူး။ကျုပ်ဟာသေဘို့ အချိန်မကျသေးတာလည်း ပါပါလိမ့်မယ်။”
ကျနော်။ ။“အော် အသက်ရှူလေ့ကျင့်ခန်းကနေ ဖြစ်ပျက်ကို တွေ့တာပေါ့”
ကိုသက်ခိုင်။ ။“ခင်ဗျား တော်တော်လောတာပဲ။ အသက်ရှူတာကို ခဏလေးလေ့ကျင့်ရုံနဲ့တော့ ဘယ်မှာ ဖြစ်ပျက် တွေ့မလဲဗျာ။ ဒီလိုနဲ့ အသက်ရှူလေ့ကျင့်ခန်းလုပ်လို့ တပတ်လောက်ကြာတော့ ကျုပ် အင်းစိန်ထောင် ကနေ ဒီရဲဘက်ကို ထွက်လာရတယ်”
ကျနော်။ ။“အော် ဖြစ်ပျက်က ရဲဘက်စခန်းရောက်မှ တွေ့တာလား”
ကိုသက်ခိုင်။ ။“ဟုတ်တယ်။ သို့သော် ချက်ခြင်းတော့ မဟုတ်ဘူး။ရဲဘက်မှာ ဟိုလိုလို ဒီလိုလိုနဲ့ တလလောက် ထပ်ကြာသွားတယ်။ကျန်းမာရေးကတော့ နေ့သေမလား ညသေမလားပဲ။ နောက် ရဲဘက်မှာ အနေချောင်တော့ အရက်လေးဘာလေး ရရင်ရသလို ထပ်ချတော့ ပိုဆိုးလာတယ်။ ဒီတော့မှ ကိုယ့်ကိုကိုယ် သတ်သေစရာမလို တော့ပဲ လုံးပါးပါးတော့မဲ့ အခြေအနေ ရောက်လာတော့တယ်”
ကျနော်။ ။“ဆရာကြီးကလည်း အရက်ကို တော်တော်စွဲလမ်းပုံရတယ်”
ကိုသက်ခိုင်။ ။“ဘယ်အရာမှ အလွန်အကျွံစွဲလန်းရင် မကောင်းဘူးဆိုတာ သေခါနီးမှပဲ သေချာ သဘော ပေါက်တော့တယ် ပြောရမယ်။အရက်ဖြတ်ဘို့ ဆေးရုံသုံးကြိမ်တက်ခဲ့ဘူးတယ်။ နောက်ဆုံးတော့ အရက်မပြတ်ပဲ ဘဝပြတ်ဘို့ဖြစ်လာတော့တာပဲဗျာ။ပိုဆိုးတာက ရဲဘက်ပင်မစခန်းကနေ လူသတ်ကုန်းလို့ နာမည်ကျော်နေတဲ့ ဒီစခန်းခွဲကိုလည်း ပို့လိုက်ရော ငါဘယ်လို သေ မလဲဆို တဲ့မေးခွန်းကို ကိုယ့်ကိုကိုယ် မေးရတော့တာပဲ။ကျုပ်ဟာ အနှေးနဲ့အမြန် သေရဘို့ ကျိန်းသေတဲ့ဘဝကို ရောက်ခဲ့တော့တာပဲ”
ကျနော်။ ။“အော် သေရတော့မယ် ဆိုတော့  ဘယ်နှယ့်နေလဲဗျာ”
ကိုသက်ခိုင်။ ။“ဟ....... ကြောက်တာပေါ့ဗျ။ အဲဒီ ကြောက်ရာက လမ်းစရှာမိသွားတာပေါ့”
ကျနော်။ ။“ဘာကို လမ်းစ ရှာမိသွားတာလဲဗျာ”
ကိုသက်ခိုင်။ ။“ခင်ဗျားမေးနေတဲ့ ဖြစ်ပျက်ပေါ့ဗျာ။ကဲ နောက်နေ့မှ ဆက်ကြရအောင်ဗျာ။တခြားသူတွေ အားလုံး အိပ်ကုန်ကြပြီ
နောက်တနေ့ နံနက်ငါးနာရီတွင် ရဲဘက်စခန်းထုံးစံအတိုင်း အိပ်ယာထကြရပြီး ဘုရားဝတ်ပြု ကြရသည်။ အကျဉ်းသားအများစုက သြကာသ သြကာသ သြကာသ ဟူသောအသံကျယ်ကြီးများဖြင့် ရွတ်ဆိုနေကြချိန်တွင် ကိုသက်ခိုင်ကမူ တင်ပလ္လင်ခွေ အနေအထားဖြင့် ဒူးနှစ်လုံးကြားတွင် လက်နှစ်ဖက်မှ လက်ညိုးနှင့်လက်မကို ထိလျက် မျက်စိမှိတ်နေသည်ကို တွေ့ရသည်။
မနက်ခြောက်နာရီခန့်တွင် ရဲဘက်စခန်းမှ ခွဲဝေပေးသော ရောင်စုံထမင်းကို ကိုယ်စီသိမ်းဆည်းထားကြသည့် ငပိကြော်အစရှိသော ရိက္ခာခြောက်များနှင့် တွဲဖက်သုံးဆောင်ပြီးချိန်တွင်ကား ထောင်မှူး ဦးအေးနိုင်အိမ်ရှေ့တွင် ဘုတ်ဆင်းအလုပ်ခွဲရန် ငုတ်တုတ်တန်းစီကြရသည်။ ကိုသက်ခိုင်ကား အကျဉ်းသားများ ငုတ်တုတ်တန်းစီနေကြ သည့်နေရာအနီးရှိ သစ်ပင်တပင်အောက်တွင် မတ်တပ်ရပ်လျက်သာနေသည်။သူ့အနားမှာ ငုတ်တုတ်ရှိနေသော ကျနော်က နှစ်ကိုယ်ကြားလေသံဖြင့် ..
“ ကိုယ့်ဆရာ၊ ကျနော့်ကို အဆောင်သန့်ရှင်းရေး ကျန်နေခဲ့အောင် ပြောပါအုံး”
ဟု ပြောလိုက်ရာ ကိုသက်ခိုင်က အသာနေဟူသော အမူအယာဖြင့် လက်ကာပြသည်။နောက်ဆုံးတွင်မူ ကိုသက်ခိုင်ကောင်းမှုဖြင့် သူနှင့်ကျနော် အဆောင်ပေါ်တွင် နှစ်ယောက်တည်း ကျန်ရစ်ကြလေရာ ဖြစ်ပျက်ကို ရှေ့ဆက်ဖြစ်ကြပြန်ပါသည်။ဤတကြိမ်တွင်မူ ကျနော်သည် ကိုသက်ခိုင်ပြောနေသောစကားကို ဝင်ဖြတ်ရန် မကြိုးစားတော့ပဲ သူ့ဘာသာအရှိန်နှင့် တဆက်တည်းပြောနေသည်ကိုသာ အသာငြိမ်လျက် နားထောင်ရန် ဆုံးဖြတ်ထားလိုက်ပါသည်။ကိုသက်ခိုင် ရှေ့ဆက်သော သူ့ ဇာတ်လမ်းမှာ ဤသို့ဖြစ်လေ၏။
“လူတယောက်သေခါနီးပြီ၊သေရတော့မယ်ဆိုရင် ဘယ်လိုခံစားရတယ်ဆိုတာ ပြောပြစရာတွေ အများကြီးပါပဲ။ ငါသေတော့မယ်။ ငါကြိုးစားမျှော်မှန်းခဲ့တာတွေ အားလုံးရေစုန်မျောပြီ၊ ငါဘာတွေ ကောင်းတာလုပ်ခဲ့ သလဲ၊ငါသေရင် ဘယ်နေရာကို ရောက်သွားမှာလဲ၊ဒီလို ဝေးလံခေါင်သီတဲ့အရပ်မှာ ငါ့အလောင်းကို ဘယ်လို လုပ်ကြမလဲ၊ ငါ့ဘဝဟာ ဒီလို ငရဲခန်းမှာ အသေဆိုးနဲ့ သေရမယ်ဆိုတာ ငါကြိုမသိခဲ့ပါလား။ဒါတွေပဲ ထပ်ချည်း တလဲလဲ ကျုပ်ခေါင်းထဲကို ရောက်ရောက်လာတော့တာပဲဗျာ။
ကျုပ်ကြောက်မယ်ဆိုလည်း ကြောက်လောက်စရာတွေက တပုံကြီးပါ။ ရဲဘက်မှာ အမောဆို့ ပြီးသေတဲ့မသာ။ နေပူပူမှာ မတရားခိုင်းစေတာတွေကြောင့် ဦးနှောက်သွေးကြောပြတ်ပြီး သေတဲ့မသာ။တပိန်ပိန် တလိန်လိန်နဲ့ အဟာရပြတ်ပြီး သေတဲ့မသာ၊ မြွေကိုက်ပြီး သေတဲ့မသာ၊ တီဘီလိုရောဂါနဲ့ဆေးမကုရဘဲ သွေးအန်ပြီးသေတဲ့ မသာ။ဘာရောဂါမှန်းကိုမသိရပဲ ရုတ်တရက် သေသွားတဲ့မသာ၊ဖျားနာပြီး သေသွားတဲ့မသာ၊ရေနစ်ပြီး သေရတဲ့ မသာ၊ အိုး… မသာမျိုးကတော့ စုံလို့ ပါပဲဗျာ။
ဒါကြောင့်လည်း ဒီစခန်းခွဲကို လူသတ်ကုန်းလို့နာမည်ကျော်တာ ထင်ပါရဲ့။အဖြစ်ဆိုးနဲ့ သေရတဲ့မသာတွေကို မြင်လေ၊ကျုပ်ရဲ့သေမှာ ကြောက်တဲ့ရောဂါက ပိုဆိုးလာလေပဲ ပေါ့ဗျာ။ဒီလိုနဲ့ ကျုပ်လည်းအကောင်းဆုံး သေဘို့ နည်းလမ်းတခုကို ရှာရပါတော့တယ်။
ကိုယ့်ကိုကိုယ်သတ်သေလို့ကတော့ မတော်ချေဘူး၊သေသွားရင်တောင် နောက်မှုထပ်တိုးအုံးမယ်။ကျန်ရစ်တဲ့ မိသားစုရော၊သေသွားတဲ့ ငါပါနာမည်ပျက်ပြီး ကျန်ခဲ့မယ်။ဘာဘဲဖြစ်ဖြစ် ရနိုင်သမျှအရက်ကို ခိုးကြောင် ခိုးဝှက်သွင်းပြီး သောက်ရင်း အသေခံသွားမလားဆိုတဲ့ အတွေးမျိုးလည်း ပေါ်သေးသဗျာ။တော်တော့်ကို အခံစား ရခက်တဲ့ ဝေဒနာတွေဗျ။ ကျုပ်အရင်ကကြားဘူးတဲ့ သေခါနီးရင် ဇောငါးတန်ပြန်တယ် ဘာညာဆိုတာ အချိန် ဘယ်လောက်ကြာသလဲတော့မသိဘူး။ အခု ကျုပ် ဇောပြန်နေတာက အရှင်လတ်လတ် ငရဲပြည်ရောက်တာကမှ ခံသာလိမ့်အုံးမယ် လို့  ထင်တော့တာပဲ။
သို့သော် သေခြင်းတရားဟာ ကျုပ်ဆီကို အရှိန်ပြင်းပြင်းနဲ့ ဝင်လာနေတာမို့ အကောင်းဆုံးထင်ရမဲ့ နည်းလမ်း တခုကို ရွေးချယ်ခဲ့ရပါတော့တယ်။
“ငါ ဘာသာရေးလုပ်ရင်း အသေခံတော့မယ်”
ဒီနေရာမှာ ပြဿနာကပိုကြီးလာတော့တယ်။ ဘာသာရေး လုပ်မယ်သာဆိုတယ်။ ဘာသာရေးနဲ့ ပါတ်သက်လို့ ကျုပ်တခုမှ ရေရေရာရာမသိဘူး။ သူလိုငါလို လှူတာတန်းတာ၊ ဥပုတ်စောင့်တာလောက်တော့ လုပ်ဘူးတာပေါ့။ ဒါပေမဲ့ သေခြင်းကိုရင်ဆိုင်ဘို့ ဘာသာရေးလုပ်နိုင်တဲ့ အတွေ့ အကြုံ ၊ ဗဟုသုတ ကျုပ်မှာ ဘာမှမရှိဘူးဗျာ။
အော် ကျုပ်ကို အများက ခေါ်ကြတာတော့ ဆရာကြီးတဲ့ဗျာ။ တကယ်တော့ ကျုပ်ကို ဒီလိုခေါ်နေကြတာဟာ ကျုပ်ဘဝမှာ ဟိုစပ်စပ်၊ ဒီစပ်စပ်တွေများနေလို့ အားလုံးက တကယ့်လူတတ်ကြီးလို့ထင်ပြီး ခေါ်နေကြတာပဲ။ အခုလို သေပေါက်သေဝ ရောက်လာတော့မှ ကျုပ်ဟာ ဘာမှမတတ်တဲ့သူမှန်း သေချာလာတော့တယ်။
ဘာဘဲဖြစ်ဖြစ် ကျုပ်လက်မလျော့ခဲ့ဘူး၊ထောင်ထဲအဝင်တုန်းက ဇနီးဖြစ်သူထည့်ပေးလိုက်တဲ့ တရုတ်ပြည်လုပ် ပုတီးနှိပ်စက်ကို ထုတ်ပြီး ဘာသာရေးဆိုတဲ့အလုပ်ကို အပြင်းအထန် စလုပ်ပါ တော့တယ်။
ပုတီးစိတ်တယ်ဆိုတာလည်း အားလုံးသိကြသလိုပါပဲ။ အနိစ္စလို့ တစ်လုံးရွတ်လိုက်၊ စက်ကို တချက်နှိပ်လိုက်ပေါ့ ဗျာ။တနေ့ကို အကြိမ်နှစ်ထောင် သုံးထောင်ကနေ၊ တနေ့ အကြိမ်သုံးသောင်းအထိ ဇွဲနဘဲနဲ့ စိတ်ပါတယ်။ ဘယ်လောက်စိတ်သလဲဆိုရင် နှိပ်နေတာ များလွန်းတာကြောင့် စက်ပျက်သွားပြီး နောက်တလုံး ထပ်မှာရတဲ့ အထိပါပဲ။ တလလောက် ကြာခဲ့ပြန်ပါပြီ။ စက်သာ အသစ်ထပ်ဝယ်ရတယ်၊ ကျုပ်ခံစားနေရတဲ့ သောက ဝေဒနာ ဟာ လျော့ပါးမသွားခဲ့ပါဘူး။ ဒီနည်းလည်း မဟန်သေးပါဘူးလို့ စိတ်ပျက်စ ပြုလာပြန်ပါတယ်။
ဒီလိုနဲ့ တစ်ရက်ပေါ့ဗျာ။ အကျဉ်းသားတွေအားလုံး ဘုတ်ဆင်း (အလုပ်ဆင်းကြခြင်းကို ထောင်အခေါ် ဘုတ်ဆင်း သည်ဟု ပြောကြသည်) သွားကြလို့ ကျုပ်တယောက်တည်း အဆောင်ပေါ်မှာ ကျန်နေပြီး ပက်လက်လှန် စဉ်းစားနေရာကနေ ကျုပ်ဟာ ကိုယ့်ကိုကိုယ် စိတ်ထဲမှာ နှစ်ကိုယ်ခွဲလိုက်သလို ခံစားရပြီး တစ်ကိုယ်ကို ဘာသာရေး ခုံရုံးကို တင်လိုက်မိပါတော့တယ်။
သက်ခိုင်(၁)။ ။“မင်း ဘယ်ဘာသာ ကိုးကွယ်သလဲကွ”
သက်ခိုင် (၂)။ ။“ဗုဒ္ဓဘာသာပေါ့ဗျာ”
သက်ခိုင် (၁)။ ။“ဒါဆို ဗုဒ္ဓဘာသာအကြောင်း မင်းဘာသိလဲ”
သက်ခိုင် (၂)။ ။ (ဘာမှ ပြန်မဖြေနိုင်ဘူး။စိတ်ထဲမှာ ဖြီးဖြန်းဘို့၊ နည်းနည်း လိမ်လိုက်ဘို့ ကြံလိုက်ခါရှိသေး ….)
သက်ခိုင် (၁)။ ။“ဟေ့ကောင် လိမ်ဘို့ စိတ်မကူးနဲ့လေ။ မင်းဟာ ငါပဲ။ မင်းအကြောင်း ငါအားလုံးသိပြီးသား။ မင်းက သေခါနီးနေတာတောင် လိမ်ဘို့၊ ပါတ်ဘို့ စဉ်းစားတုန်း၊ ဒါတွေ မေ့လိုက်တော့”
သက်ခိုင်(၂)၊ ။(ဘာမှပြန်မဖြေပဲ ဆက်စဉ်းစားနေတယ်။ နေအုံး အနိစ္စတို့၊ ဒုက္ခတို့၊ အနတ္တတို့ ဆိုတာများ ငါ သိသလား။ နောက် သစ္စာလေးပါးဆိုတာလည်း ကြားဘူးတယ်။ နောက် ဘာတဲ့ သင်္ခါရဆိုလား။အသုဘ ယပ်တောင်တို့ ဖိတ်စာတို့။ တချို့တရားစာအုပ်တွေမှာ တွေ့တော့ တွေ့ဘူးတာပဲ။သို့သော် မရေရာဘူး။လိမ်လည်း အလကားပဲ။ အချိန်က မရှိတော့ဘူး။ သူကလည်း ငါဖြစ်နေတော့ လိမ်လည်း အလကားပဲ။ အတွင်းသိတွေ။ ကဲပါ ဒီတခါ ရိုးသားလိုက်တော့မယ်။)
“အေးဗျာ။ သေချာ စဉ်းစားလိုက်တော့ ကျုပ် ဗုဒ္ဓဘာသာနဲ့ပါတ်သက်လို့ ဘာမှမသိဘူးဗျ”
သက်ခိုင် (၁)။ ။“ဒါနဲ့ မင်းကိုးကွယ်တာ တိပိဋ္ဋကဓရဆရာတော် ဆို ၊ မင်းဖတ်လိုက်တာလည်း ဘာတဲ့၊ စွယ်စုံကျော်ထင် ဆိုလား။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်ဆိုလား။ အများကြီးပါကွာ။ ပြန်စဉ်းစားပါအုံး”
သက်ခိုင်(၂)။ ။(သူပြောကာမှ ပိုဆိုးသွားပါတယ်။ ကျုပ်ဖတ်ခဲ့တာတွေ၊ ပြန်စဉ်းစားတော့ တခြားသူတွေနဲ့ ငြင်းခုန်ကောင်းအောင်၊သူများ အထင်ကြီး လေးစားအောင် ဖတ်ခဲ့တာတွေချည်းပါလား။ ရေကူးနည်းစာအုပ် ဖတ်ဘူးသလိုပါပဲ။ တကယ်နစ်တော့ သေဘို့ပဲ ရှိတော့တာပါကလား။နောက်ဆုံးအချိန်မှာ ငါရိုးသားမှ။ မသေခင် လေး မှန်တာကိုပဲ ဝန်ခံတာ ကောင်းပါတယ်လေ။)
“ကဲပါဗျာ။ ကျုပ် ဝန်ခံပါတယ်။ ဘာသာတရားနဲ့ပါတ်သက်ပြီး ကျုပ် ဘာမှမသိပါဘူး။ ဒါပေမဲ့ အခုအချိန်ဟာ ငြင်းခုံ ဝေဖန်နေရမဲ့ အချိန်မဟုတ်ပါဘူး။ ကျုပ် သေခါနီးမှာ အသေဆိုး မဖြစ်အောင် ဘာသာရေး လုပ်သွား ချင်တယ်။ ဘာသာရေးလုပ်ရင်း သေသွားတယ်ဆိုလည်း နည်းနည်းကြောင်သလို ထင်ရပေမဲ့ ဆွဲကြိုးချသေသလောက် တော့ မဆိုးဘူး မှတ်ရမှာပဲ။ ကျုပ် ဘာလုပ်ရမလဲဗျာ”
သက်ခိုင် (၁)။ ။“ဟ မင်းကလည်း နောက်နေပြန်ပြီ။ ငါကလည်း မင်းပဲ။ မင်းမသိတာနဲ့ ငါ မသိတာ အတူတူပဲပေါ့။ဒါပေမဲ့ နေအုံးကွ။ မသိပဲ မတတ်ပဲ လုပ်နိုင်တဲ့နည်းရှိသလား ဝိုင်းစဉ်းစားရအောင်။ မင်းလည်း စာရေး၊ စာဖတ်လောက်တော့ တတ်တာပဲ ။ အဲဒီ အခြေအနေကနေစပြီး စဉ်းစားကွာ”
သက်ခိုင် (၂)။ ။ (ဒီမှာတင် ကျုပ်ခေါင်းထဲကို ဝင်းကနဲ အလင်းရောင်တချက် ဝင်လာပါတော့တယ်။ ဟုတ်တယ်။ ကျမ်းဂန်မတတ်ပဲ တကယ်တမ်း လက်တွေ့ကျင့်ကြံ အောင်မြင်သွားတဲ့သူတွေ ရှိတယ်။ငါ ဖတ်ဘူးတယ်။ ငါ ဖတ်ဘူးတယ်။ ငါ သိပါတယ်။ ငါ ရင်းရင်းနှီးနှီးကို သိတယ်။ သူ ဘယ်သူလဲ ။ ဘယ်ပုဂ္ဂိုလ်လဲ။)
“ဟေ့ကောင် မင်းလည်းသိတယ်။ ပြော ဘယ်သူလဲ။ ဘယ်ပုဂ္ဂိုလ်လည်း စာမတတ်ဘူးကွာ။ဒါပေမဲ့ သူအောင်မြင် သွားတယ်”
သက်ခိုင်(၁)။ ။ (သူက ပြုံးပြီး တခွန်းချင်းပြောလိုက်တယ်ဗျာ)
“ဦးကျော်ဒင် လေကွာ။ မြင်းခြံက။ သူ စာမှ ကောင်းကောင်း မတတ်တာ”
သက်ခိုင် (၂)။ ။“ဟုတ်ပြီ ။ ငါ ကောင်းကောင်း မှတ်မိပြီ။”
“စွန်းလွန်းဆရာတော်ကြီး ပေါ့ကွာ။”
(ဤနေရာ၌ အလျဉ်းသင့်သည်ဖြစ်၍ ကိုသက်ခိုင်ဖတ်ရှုခဲ့သော စွန်းလွန်းဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်း ကို ဓမ္မာစရိယဦးဌေးလှိုင်၏ “ ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ ” စာအုပ်မှ ကောက်နှုတ် ဖော်ပြအပ်ပါသည်။ )
စွန်းလွန်းဆရာတော် ဦးကဝိ
(၁၂၃၉-၁၃၁၄)
“၁၂၈၂ - ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃-ရက် အဂါင်္နေ့ညဥ့် ၁၀-နာရီအချိန်ခန့်။”
ကိုရင်ကြီးဦးကဝိသည် စွန်းလွန်းတောင်ဖက်ရှိ မောင်ရင်ပေါ်ချောက်၌ တစ်ကိုယ်တည်း တရားရှုမှတ်နေ၏။ ကောင်းကင်မှ တဝီဝီ အသံကြီးမှာ ကြက်သီး ထလောက်အောင် မြည်ဟည်းနေ၏။ သတိ သမာဓိ ပညာ ထက်သန်ညီမျှစွာ ရှုမှတ်နေရာမှ အသံကြားရာအထက်သို့ မော့ကြည့်လိုက်ရာ ငွေစောင်းတန်းကြီးမှ နတ်ရထား ပျံကြီးတစ်စင်း အရှိန်ပြင်းစွာဖြင့် မိမိထံသို့ တည့်တည့်ကြီးဦးတည် ဆင်းလာနေသည်ကို တွေ့ရ၏။ ဦးကဝိကား နတ်ရထားပျံကြီးကို ဆက်၍မကြည့်တော့ဘဲ မိမိတရားကိုပင် ရှုမှတ်မြဲ ရှုမှတ်နေလိုက်သည်။
ဦးကဝိသည် တရားကိုသာ ဖိ၍ မိမိရရ ရှုမှတ်နေစဉ် ခန္ဓာကိုယ်ကြီးမှာ သိသိသာသာ ပေါ့၍ပေါ့၍ လာ၏။ အိကနဲ ငြိမ့်ကနဲ သိမ့်ကနဲ ဖြစ်ကာ အပေါ်သို့ မြောက်တက်သွားသည်ဟုထင်၍ မျက်စိကို ဖွင့်ကြည့်လိုက်ရာ စောစောက တွေ့လိုက်ရသော ရထားပျံကြီးမှာ မိမိအောက်သို့ ရောက်နေသည် ကို တွေ့ရပြန်သည်။
ထိုရထားပျံကြီး၏ ထောင့်လေးထောင့်တွင် နတ်မင်းကြီးလေးယောက်နှင့် လက်ယာဘက်တွင် သိကြားမင်းကို တွေ့ရ၏။ အားလုံးအရိုအသေပြု နေကြသည်။
တနေ့ကပင် ကျောင်းအနီး၌ မှိုပွင့်ကြီးတပွင့်တွေ့၍ နှုတ်လိုက်ရာ မှိုငုံမှိုမြစ်ပါမကျန် တစ်အုံလုံး ကျွတ်ထွက်လာ သည်ကို တွေ့ရကတည်းက “အမြစ်ပြတ် လုံးဝ အကျွတ်တရားရတော့မည်”ဟုယူဆကာ အရိုးကြေကြေ အရည် ခန်းခန်း မထတမ်း ကြိုးစားခဲ့ရာ ယခု နတ်သိကြားများကို တပ်အပ်သေချာ တွေ့မြင်ရ ပြန်သောအခါ -
“ငါ့အား တရားထူး ရတော့မည်ဖြစ်၍ လာရောက်စောင့်ကြသည်”ဟု မှတ်ထင်လိုက်၏။
နတ်ရထားနှင့် နတ်သိကြားတို့ကို ဂရုမမူဘဲ “ဣရိယာပုထ် တစ်ခုတည်းဖြင့် တစ်ရှိန်တည်း တစ်သံတည်း ခန္ဓာကိုယ်နှင့် အသက်ကိုပင် စွန့်လွှတ်၍ အားထုတ်ရာ ထိုနေရာ၌ပင် “ရဟန္တာ ” ဖြစ်တော်မူလေ၏။
ဘဝများစွာ ကမ္ဘာထုတ်ချင်း မြင်တော်မူပုံ
အတန်ကြာသောအခါ သတိရလာ၍ စောစောက နတ်ရထားကြီးကို ကြည့်လိုက်ရာ မရှိတော့ပေ၊ အထက်သို့ မော့ကြည့်လိုက်ရာ သိကြားမင်းနှင့် နတ်မင်းကြီးလေးယောက်တို့သည် “အချင်းတို့၊ လူ့ပြည်၌ ရဟန္တာတစ်ပါး ပေါ်ထွန်းနေပြီ။ သွားရောက် ဖူးမျှော်ကြကုန်လော့”ဟု ကြွေးကြော်နေသည်ကို တွေ့မြင်တော်မူ၏။
ထို့နောက် အနီးအပါးရှိ ဘုမ္မစိုး၊ ရုက္ခစိုးနတ်များနှင့်တကွ နတ်ဗြဟ္မာများ တစ်သုတ်ပြီး တစ်သုတ် လာရောက် ဖူးမျှော်ကြသည်မှာ ကြည့်၍ မဆုံးနိုင်အောင် ရှိတော့သည်။
ကိုယ်စိတ်နှစ်ပါးလုံး ထူးထူးခြားခြား ငြိမ်းချမ်း၍ လန်းဆန်း ကြည်လင်စွာဖြင့် စကြာဝဠာ ကမ္ဘာ လောက ဓာတ်ကြီးကို လှမ်းမျှော်၍ ကြည့်တော်မူရာ အထက်ဘဝဂ် အောက်အဝီစိ ရှိရှိသမျှ ငရဲပြည် လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည် အားလုံးကို ဒိုးယိုထုတ်ချင်း ဟင်းလင်းအပြင် အကုန်စင်ကြီး တွေ့မြင်တော်မူရလေ၏။ သတ္တလောက သခါင်္ရလောက သြကာသလောက လောကကြီး သုံးပါးလုံးကိုလည်း အနုစိတ် ဝင်စား သုံးသပ်တော်မူနိုင် လေသည်။
ထို့နောက် မိမိဘဝကို ဆင်ခြင် စဉ်းစားနေမိ၏။
မြင်းခြံမြို့ တောင်လက် စွန်းလွန်းရွာ ဦးသန့်- ဒေါ်တုတ်တို့မှ ၁၂၃၉ - ခုနှစ် တပေါင်းလဆန်း နှစ်ရက် တနင်္လာနေ့ နံနက် လေးချက် မတီးမီ ဖွားမြင်။
မြင်းခြံမင်းကျောင်း ဆရာတော်ထံ စာသင်သော်လည်း စာမတတ်သဖြင့် ၁၅-နှစ်သားတွင် ကျောင်းမှ ထွက်၊ဖခင်နှင့်အတူ အရေုးပိုင်ရုံးတွင် ယပ် လေကြိုး ဆွဲရသော မင်းစေအလုပ်။ အသက် သုံးဆယ်တွင် အလုပ်မှထွက်၍ တောင်ယာလုပ်ကိုင်စား၊အသိဥာဏ်လွန်စွာ ချို့ငဲ့လှသော မိမိ၏ လက်ရှိဘဝနှင့် အတုမရှိ မြင့်မြတ်လှသော အရဟတ္တဖိုလ်ဆုကြီးကို အပြီးတိုင် ရတော်မူခြင်း၏ ရှေ့ဖြစ်နောက်ဟောင်း အကြောင်းများကို ဆက်လက် ဝင်စားကာ ကြည့်ရှုတော်မူ၏။
ဦးကဝိအရှင်မြတ်ကြီး ရရှိတော်မူသော အရဟတ္တဖလ အာသဝက္ခယ ဥာဏ်တော်သည်ပုဗ္ဗေနိဝါ သာနုဿတိ ဥာဏ်၊ ဒိဗ္ဗစက္ခုဥာဏ်နှစ်ပါးနှင့်အတူ ပု-ဒိ-အာ ဟူသော ဝိဇ္ဇာသုံးပါးလုံး ရတော်မူသဖြင့် “တေဝိဇ္ဇ ရဟန္တာ” ဟုပင် ဆိုရပေမည်။
“အဘယ်ကဲ့သို့သော ကုသိုလ်ကောင်းမှုများကို လုပ်ခဲ့၍ ဤသို့ တရားထူး ရလေသနည်း”ဟု ဆင်ခြင်တော် မူ သောအခါ ကဿပဘုရားရှင် လက်ထက်တော်က မိမိပြုခဲ့ဖူးသော ကောင်းမှုကို ဤသို့ မြင်တော်မူလေ၏။
(ဆက်လက်ဖော်ပြပါမည်။)
မင်းဒင်ရေးသည်။

ဖြစ်ပျက်ရှာပုံတော်ခရီးသည် (၃)

$
0
0
၃။ ဦးကဝိ၏ ထေရာပဒါန်
တသန္ဓေန္ဓေ တပေလျဉ်းလျဉ်း တညှဉ်းဆိုးဆိုး အမျိုးမျိုးအဖုံဖုံ သက်တုံ တက်တုံ ဆူကြုံနိမ့်မြင့် တဖြင့် တစ်ပါး ဆုံလည်နွားသို့ ပြေးသွားကျင်လည်ခဲ့ရသောဘဝသံသရာတစ်ခွင်၌အမျှင်မပြတ်လူနတ်တိရိစ္ဆာန် နောက်ကြောင်း လှန်၍ ပြန်ကြည့်မဆုံးအောင် ရှိနေတော့၏။
ထိုဘဝများစွာတွင် ယခုအခါ တရားထူးရခြင်း၏အကြောင်းရင်း ဥပနိဿယ ကုသိုလ်ကံထောက်မပုံကို ဆင်ခြင် တော်မူရာ ကဿပဘုရားလက်ထက်၌ ကျေးသား(ကြက်တူရွေး)ဖြစ်ခဲ့သည်ကို မြင်တော်မူ၏။ထိုကျေးသားမှာ ဘုရားရှင်အား လွန်စွာကြည်ညိုလှသဖြင့် တောင်ပံနှစ်ဖက် ထိပ်မှာ ယှက်၍ နှစ်သက်ကြည်နူး သစ်သီးဆွမ်း လှူခဲ့ဖူးသည်ကို မြင်တော်မူ၏။ထိုကုသိုလ်ကံကြောင့် လူ့ပြည်နတ်ပြည်တို့၌လောကီစည်းစိမ်များ သူမတူအောင် ခံစားရသည့် ဘဝများကိုလည်းမြင်တော်မူ၏။
ထိုမှ နောက်ဘဝတစ်ခုတွင်ကား တက္ကသိုလ်ပြည်၌ လွန်စွာထင်ရှားသော သမားတော်ကြီးတစ်ဦး ဖြစ်ခဲ့ဖူးရာ ဆေးပညာဖြင့် သတ္တဝါတို့အားကယ်မခဲ့ရဖူးသည်ကို တွေ့ရပြန်၏။" ထိုဘဝက တွေ့ကြုံ ဆက်ဆံခဲ့ဖူးသူတိုင်း ယခုအခါ ငါ့ထံသို့လာရောက်၍ ကိလေသာရောဂါကင်းဝေးအောင် တရားတည်းဟူသောဆေးကို စားသုံးကြ လိမ့်မည်"ဟုလည်း မြင်တော်မူ၏။
(ယခု ဆရာတော်၏ဝေနေယျများလည်း ဆေးဆရာကြီးဘဝတုန်းက ဝေနေယျများ ဖြစ်ဟန်တူ၏။)
ဂေါတမမြတ်စွာဘုရားသာသနာခေတ်တွင် သုဝဏ္ဏဘူမိ သထုံပြည်၌ မနုဟာမင်းကြီး၏ဆရာ ဘားမဲ့ဆရာတော်
ဘဝလည်း တစ်ဘဝဖြစ်ခဲ့ရဖူးကြောင်း တွေ့မြင်တော်မူ၏။
ယခုဘဝမိခင်လောင်းဒေါ်တုတ်၏ဝမ်းကြာတိုက်၌ဆိုက်ရောက်ကိန်းဝပ်မည်ရှိစဉ်ဖခင်ကြီးဦးသန့်၌အိပ်မက်မြင်၏။
ရည်ရည်မွန်မွန်လူတစ်ယောက်က "ဤအိမ်၌လာ၍ နေပါရစေ"ဟုပြောရာ"ဆင်းရဲလွန်း၍မနေချင်ပါနှင့်"ဟု ပြောသည်ကို မရ၍လက်ခံရသည်ဟု ဦးသန့်ကပြောခဲ့ဖူး၏။ ထို့ကြောင့် "မောင်ကျော်ဒင်" ဟူသော အမည်ဖြင့်အသိဥာဏ်ရောဥစ္စာပါဆင်းရဲငြိုငြင်စွာ အသက်ရှည်ခဲ့ရရှာ၏။ ကျင်လည်ခဲ့ရသော ဘဝများမှာလည်း အများအားဖြင့်အဟိတ်တိရစ္ဆာန်ဘဝသာလျှင်များပြားခဲ့သဖြင့် ပစ္ဆိမဘဝိက(နောက်ဆုံး) ရဟန္တာဖြစ်တော်မူ ရသည့်ယခုဘဝ၌ပင်အသိဥာဏ်ပညာအားနည်းတော်မူရ၏။ "ဘဝငါးရာတွင် လူအဖြစ် နှစ်ဘဝသာရခဲ့သည်" ဟု ဟောတော်မူဖူးသည်။ လူ့ဘဝကို အဘယ်မျှ ရခဲကြောင်းသတိပြုကြရာ၏။
ဂိုဏ်းဆရာ၏တဘောင်စကားဦးကဝိလျောင်းလျာ"မောင်ကျော်ဒင်"သည်ဆင်းရဲငြိုငြင်စွာမင်းစေဘဝဝမ်းကျောင်းခဲ့
ရစဉ်အချိန်တန်အရွယ်ရောက်သောအခါတစ်ရွာတည်းနေ"မရွှေရည်"ဆိုသူအမျိုးသမီးတစ်ဦးနှင့်သင့်မြတ်၍သား
သမီးငါးယောက်ထွန်းကားခဲ့၏။လေးဦးမှာငယ်စဉ်ကပင်ကွယ်လွန်ခဲ့ကြရာကိုရှိန်ခေါ် ကိုကံညွန့်တစ်ဦးသာလျှင် ရှိ
သည်။
အသက်၃၀တွင် လခစားအလုပ်မှ ထွက်ခဲ့ပြီးနောက် မိဘလက်ငုတ် တောင်ယာအလုပ်ဖြင့် အသက်မွေးရ၏။
ကိုကျော်ဒင်မှဦးကျော်ဒင်ဖြစ်ကာဘဝဖြစ်စဉ်မှာလည်းတက်သုတ်နှင်၍လာတော့၏။ဘုရားရှင်ကဲ့သို့သောပုဂ္ဂိုလ်ထူး
ကြီးများ အနီးအပါးတွင် ဒေဝီလ၊ကောဏ္ဍညစသော လောကီဆရာကြီးများ ကပ်မြှောင်၍ရှိနေတတ်ကြ သကဲ့သို့ ဦးကျော်ဒင်၏အနီးအပါးတွင်လည်း သူငယ်ချင်းတစ်ဦးဖြစ်သူ ဦးစံတင်မှာကောဏ္ဍည ပင်ဖြစ်၏။ ဦးစံတင်အား“သမာဓိ မှော်အောင်သူ”ဟု ပြောသူက ပြော၍ “ရံခါ ကမ္ဘာစောင့်နတ်ကြီးများ ပူးကပ်ခံရသူ” ဟု
ဆိုသူက ဆိုကြလေသည်။လောကီနှင့်လောကုတ္တရာသည် ခွဲ၍မရသကဲ့သို့ ထိုမမြင်ရသော ဖြစ်ရပ်ဆန်းများက
လည်းပုဂ္ဂိုလ်ထူးများအနီးအပါးတွင်ကပ်ဝင်လာတတ်ပေသည်။
တစ်နေ့တွင် ဦးကျော်ဒင်အိမ်သို့ ဦးစံတင်ရောက်လာ၏။ခရီးရောက်မဆိုက် ဦးစံတင်က အောက်ပါတဘောင်ကို ရွတ်ပြသည်။
“တစ်လိမ်နှစ်လိမ် လိမ်လို့ရှုပ် ၊ အမယ်ဗုဓ်ကဲ့ သူ့ချည်ခင် ။
ဘယ်သူငင်မှ သည်ရှုပ်ထွေး ၊ ရှင်းနိုင်ပါ့မလေး”
“ချည်ခင်ကြို ချည်ခင်ကြား ၊ လွန်းကလေးနဲ့သွား။
ဘုရားငုတ်တို ရောင်တော်လွှတ်ပါလို့၊ ပုံတော်ဝတ်တဲ့ မခွေးရယ်၊
အနားစိမ်းရောင်ခြယ်၊ အလယ်ပြာ ဘောင်ကွက်နဲ့ ၊လက်ခတ်သံ ကျွန်းဖိုသား ၊
သောင်းတိုက်က ကြား။”
ဦးစံတင်သည်တဘောင်ကိုရွတ်ပြပြီး အဓိပ္ပါယ်ကိုပါဆက်၍ရှင်းပြနေသဖြင့် ဦးကျော်ဒင်မှာ ဘုမသိဘမသိ နားထောင်ရင်း အင်း…..လိုက်နေရပြန်၏။
"အမယ်ဗုဓ်ချည်ခင်ဟာ ဘယ်လောက်ပဲရှုပ်ရှုပ် ရက်ကန်းစင်ကျရင်ရှင်းသွားတာပဲ ကိုကျော်ဒင်ရဲ့။ အမယ်ဗုဓ်ခေါ် တဲ့ ဒီဘုရားရှင်လက်ထက်မှာ အဝိဇ္ဖာချည်ခင်ရှုပ်ကြီးကို သတိပဌာန်ရက်ကန်းစင်မှာ သတိလွန်းတစ်လုံးတည်း နဲ့ပဲ ကိုကျော်ဒင် ခင်ဗျား ရှင်းရလိမ့်မယ်ဗျာ။ "
"အဲဒီအခါမှာ စွန်းလွန်းရွာတောင်ဘက်မှာ တကယ့်ရက်ကန်းစင်လဲ ပေါ်လိမ့်မယ်၊ရက်ကန်းစင်ပေါ်တဲ့ကျွန်းဖိုကုန်း မှာခင်ဗျားသာသနာပြုရလိမ့်မယ်။သာသနာပြုတဲ့အခါ ကျွန်းတိုင်နှစ်လုံးလဲ ပါလိမ့်မယ်။“ဘုရားငုတ်တိုရောင် တော်လွှတ်” ဆိုတာက ပဋိပတ္တိသာသနာတော်ကြီးငုတ်တိုနေခဲ့တာ ပြန်ပေါ်လာတော့မယ်လို့ ဆိုလိုတာပဲဗျ။ အဲဒီတော"့ ကိုကျော်ဒင် ခင်ဗျားရဲ့တရားလက်ခတ်သံကို တနိုင်ငံလုံး သုံးဆယ့်တစ်ဘုံလုံးက ကြားလာရမှာ"ဟု
ဆက်တိုက်မမောနိုင်မပန်းနိုင် ပြောလျက်ရှိရာ.........
"မွန်းစံတင်…. တော်စမ်းပါကွာ၊ တောက်တီးတောက်တဲ့တွေ ပြောမနေစမ်းပါနဲ့"ဟုဦးကျော်ဒင်က မကြားလိုဟန် ပြောလိုက်သောအခါ …
"ခင်ဗျား...... စောင့်ကြည့်သေးတာပေါ့" ဟုပြောလိုက်၏။
အမှောင်ခွင်းမည့်ဆီမီးတစ်ထောင်
ဦးကျော်ဒင်နှင့်မရွှေရည်သည် ထိုနှစ်တွင် အထိုက်အလျောက်သောင်သာသဖြင့်ယာတစ်ကွက်ကိုပင် ဝယ်ယူ ကာ ဇနီးမောင်နှံ ယာရှင်း ခုတ်ထွင်နေကြရာ-
"ရှင် ရွှေရည်ရေ့၊တို့ဒီနှစ်ဒီယာထဲမှာ နှမ်းကြဲကြရင် ကောင်းမယ်။နှမ်းအတင်းငါးဆယ်သာ ထွက်ပစေ၊ဘုရားမှာ ဆီမီးတစ်ထောင် ပူဇော်ရအောင်ဟေ့"ဟုဦးကျော်ဒင်က ပေါက်ပြားကိုင်၍ နားရင်း ပြောလိုက်၏။
"ငါးဆယ်မရပါနဲ့ဦးတော်၊ လေးဆယ်ပဲရရ၊ဆီမီးပူဇော်ရတာပ"ဟုမရွှေရည်ကသစ်မြစ်သစ်မှိုက် ကောက်ရင်းချက်
ချင်းပြန်ဖြေလိုက်သည်။
"အေး-ကောင်းသဟေ့၊ကတိမဖျက်တမ်းနော်"ဟုဦးကျော်ဒင်က ပြောဆိုကာအတန်ငယ်စကားရပ်၍စိတ်ကူးဖြင့်
အလှူပေးကြည့်လျက်-
"ရှေးကလိုအတီးအမှုတ်တွေနဲ့ငါမသွားချင်ဘူးကွာ၊ကလေးမတွေလက်ဝတ်လက်စားပျောက်နေရင်တို့တာဝန်ဖြစ်နေ
ဦးမယ်၊ ရိုးရိုးပဲသွားကြမယ်"ဟုမမောနိုင်မပန်းနိုင် တောင်ယာခုတ်ရင်း စိတ်ကူးအလှူ ပေးနေမိကြ၏။
မိုးကျ၍ နှမ်းများကြဲကြရာမိုးခေါင်နေသဖြင့်နှမ်းပင်များ သေလုသေခင်ဖြစ်သွား၏။ကျန်ယာနီးချင်းအခင်းများအား
လုံးသေကုန်ကြ၏။ဦးကျော်ဒင်၏နှမ်းခင်းမှာမူမသေမီမိုးရ၍ထူးထူးခြားခြား နှမ်းများရခဲ့သည်။
မရွှေရည် တောင့်တသည့်အတိုင်း အတင်းလေးဆယ်တိတိ တစ်လက်ဆွမ်းမျှ မပို မလို ရှိလေ၏။
ထိုနှစ် ၁၂၈၁ခုသီတင်းကျွတ်လပြည့်နေ့တွင် ဘုရားတရားသံဃာအား ဆီသုံးပိဿာစီလှူ၍ ပရိတ်တရား နာကြားကြ၏။ထိုနှစ်တွင် စီးပွားလည်းတက်၊ဒေါ်ရွှေရည်မှန်းချက်နှင့် နှမ်းထွက်ကလည်း ကိုက်ညီ၍ဒေါ်ရွှေရည် လည်း ပရိတ်နာလာသူများအား ဆေး၊ကွမ်း၊လက်ဖက်ဖြင့် ဧည့်ခံရသည်ကို မမောနိုင်အောင် ရှိတော့သည်။
သူများအား ဆေး၊ကွမ်း၊ လက်ဖက်ဖြင့် ဧည့်ခံ ရသည်ကိုမမောနိုင်အောင် ရှိတော့သည်။
ထိုနေ့ နေဝင်သည်နှင့်တစ်ပြိုင်နက်ရွာ၏အရှေ့တောင်ဘက်ရှိ စေတီတော်သို့သွားကာ ဆီမီးပူဇော်ကြသည်။
ဦးကျော်ဒင်ကား စေတီအပါးမှမခွာ။ဆီမီးတောက်များကို တစိမ့်စိမ့်ကြည့်ရင်း ပီတိဖြစ်နေ၏။ဆီမီးခွက်ထဲမှမီးစာ
အဖျားမှာ မည်း၍မည်း၍လာ၏။ ဆီမီးအညွှန့်ကလေးများက အဆက်မပြတ် တဖျပ်ဖျပ် တလျှပ်လျှပ်တက်၍ တက်၍ လာ၏။ဆီများ ဆူဝေ၍ ပွက်လာ၏။အချို့မီးခွက်များ မီးစာကုန် ဆီခန်း၍ ငြိမ်းသွား၏။
ဦးကျော်ဒင်သည် တစိမ့်စိမ့်ကြည့်ရင်းက မီးပူကြောင့်ဆူဝေကာ တဖျစ်ဖျစ်မြည်သောအသံနှင့် ဆီမီးခွက်များ၏
တောက်လောင်ချုပ်ငြိမ်းမှုများက သူ့အား တဖြိုးဖြိုးတဖြန်းဖြန်းနှင့် ကြက်သီးမွေးညင်းထစေ၏။
ဇနကမင်းကြီးနှင့်ကရဏ္ဍကမင်းကြီးတို့အား အပွင့်အသီးကြောင့် ခက်ရွက်ကျိုးရသောသစ်ပင်များက တောထွက် ရန် တရားဟောပြနေသကဲ့သို့ ဆီိမီးခွက်များကလည်း ဦးကျော်ဒင်အားအဘယ်သို့သော တရားကို ဟောပြလိုက်
သည်မသိ။ ဦးကျော်ဒင်ကား ချက်ချင်းထိုင်ကာ ဘုရားကို လက်အုပ်ချီ၍ ဆုတောင်းလိုက်တော့သည်။
"ယခုနေသာ ငါဆုတောင်းရရင် ဧကန္တ တောင်းတိုင်းရမှာဘဲ"ဟုလည်း ပီတိအဟုန်ဖြင့်ယုံကြည် စိတ်ဝင်ကာ-
"ဤသို့အလင်းရောင်ဆီမီးအလှူကြောင့်အကျွန်ုပ်သည်ရဟန်းဖြစ်ရပါလို၏။ရဟန်းဖြစ်သောအခါအကျွန်ုပ်တရား
ဟောပြောဆုံးမသည့်အတိုင်း သတ္တဝါတွေကျင့်ကြံနိုင်ကြပါစေ"ဟု စိတ်အကြံပေါ်လာသည့်အတိုင်း ဆုတောင်း လိုက်သည်။
ဆုတောင်းပြီးသွားသော်လည်း စိတ်ထဲတွင်"ငါဘယ်လိုလုပ် တရားဟောနိုင်မတုံး၊စာမှမတတ်ဘဲ"ဟူသော မိမိ တောင့်တချက်ကို အနုတ်လက္ခဏာပြသည့် နောင်တပူပန်မှုက ဝင်လာပြန်၏။
“စာတတ်မှသာ တရားဟောနိုင်မည် ” ဟု ထင်နေသောကြောင့်ဖြစ်သည်။တိုးတက်အောင်လုပ်နိုင်သည်မှာ
လည်း ထိုစိတ်ပင်ဖြစ်၍နိမ့်ကျစေနိုင်သည်မှာလည်း ထိုစိတ်ပင်တည်း။
မည်သို့ဖြစ်စေဆီမီးတစ်ထောင်အလင်းကအမှောင်ခွင်းလေပြီ။
မသေသော တရား ရှာသင့်ပြီ
“ပစ္စည်းဥစ္စာတက်ရင် လူသေတတ်တယ်”ဟူသောအစွဲက ဦးကျော်ဒင်အား ဥပါဒါန်ဖြစ်စေ၏။ထိုနှစ် ဦးကျော်ဒင်
တို့လင်မယား ထူးထူးခြားခြားစီးပွားတက်သည်။မြင်းခြံမြို့၌ ပလိပ်ရောဂါဖြစ်၍ နေ့စဉ်သုဿန်၌ လူစည်ကား နေ၏။သူအို၊သူနာ၊သူသေ ရဟန်း နိမိတ်ကြီးလေးပါး ထင်သကဲ့သို့ ဦးကျော်ဒင်၌လည်းသေခြင်းတရားက အရိပ် နိမိတ်များပြလျက်ရှိ၏။
“ပလိပ်ကပ်ရောဂါထဲများ ခုနေပါသွားရင် ငါ့မှာဘာကုသိုလ်မှ မယ်မယ်ရရ အားကိုးစရာမရှိသေးပါလား ” ဟု နီး ကပ်သော သေဘေးကြီးကိုတွေး၍ မိမိကိုယ်ကို စစ်ဆေးကြည့်မိကာမှ ပို၍ ကြက်သီးထနေမိ၏။
တပေါင်းလ၏ညတစ်ညတွင်ဦးကျော်ဒင်သည်အလန့်တကြားအိပ်ယာမှထကာ ဗလုံးဗထွေး မပီမသအသံကြီးဖြင့်
မရွှေရည်အား အိပ်ယာမှ လှုပ်နိုးလိုက်သည်။ မရွှေရည်မှာ -
"ဘာလဲ ကိုကျော်ဒင်ရဲ့"ဟု အလန့်တကြား ထူးထူးထထ ထထိုင်လိုက်၏။
ဦးကျော်ဒင်မှာ ကတုန် ကရင်ဖြစ်လျက် -
"ရွှေရည်ရ၊ ငါ့ရင်ဘတ်ကို စမ်းကြည့်ပါဦး၊ ငါတော့ သေရတော့မှာပါကွာ…."ဟု ဆိုကာ အိပ်မက်မက်ပုံကို ပြော ပြသည်။
"ရွှေရည်ရယ်၊ တို့အိမ်ရှေ့ကမဏ္ဍပ်ထဲမှာ ဘုရားဆင်းတုတော် ကြွလာပြီး လှုပ်လှုပ် လှုပ်လှုပ်နဲ့ ပြုံးတော်မူတာ ဖူး ရတယ်၊ဒါနဲ့ငါက ညည်းလက်ထဲကဆွမ်းအုပ်ကိုယူပြီး ငါကိုယ်တိုင်ဆွမ်းကပ်ရတယ်၊ဆွမ်းကပ်တော့ ဘုရားဆင်းတု
ကပြောတယ်၊“သတ္တဝါတွေဟာတယ်ရှုပ်တယ်၊ငါယခုသာစကားပြောမယ်၊နောက်မပြောတော့ဘူးတဲ့။”ကဲပါ၊ဟယ်….ဘုရားမီးပူဇော်ရအောင်ငါ့ကိုဖယောင်းတိုင်ပေးစမ်းပါ။ငါတော့ ဘုရားမီး ပူဇော်ရအောင် ငါ့ကို ဖယောင်းတိုင် ပေးစမ်းပါ။ငါတော့ သေရတော့မှာပါ၊နောက်ဆုံး ကုသိုလ်လုပ်
ရအောင် ဘုရားကြွလာပြီး သတိပေးတာနေမှာဘဲ" ဟုပြောပြ၏။
"အိပ်မက်အကြောင်းဘယ်သူ့မှမပြောရင်ဖယောင်းတိုင်ပေးမယ်"ဟုကတိခံစေကာ ဖယောင်းတိုင်ပေးလိုက်၏။
ဦးကျော်ဒင်လည်းဖယောင်းတိုင်ယူပြီးချက်ချင်းပင်ဘုရားဘက်သို့ထွက်သွား၏။ဘုရားသို့ရောက်လျှင် သူငယ်ချင်း ဦးချီတိုင်နှင့်တွေ့၍ အကျိုးအကြောင်းမေးရာ သေရမည်ကြောက်၍ ဘုရားမီး ပူဇော်ရန်လာကြောင်း ပြောပြ သောအခါ ဦးချီတိုင်က ခုနှစ်သက္ကရာဇ်မေးစမ်းပြီး တွက်ချက်ကြည့်၏။
"ဟ….မွန်းကျော်ဒင်၊မင်းစနေဂြိုဟ်ထဲမှာပါလားကွ၊ အေး…. ကြောက်တော့လဲသိပ်ကြောက်မနေနဲ့ပေါ့၊မင်းအိမ်မှာ
ခြေနှစ်ချောင်းထွက်ကိန်းလည်း တွေ့နေရတယ်"ဟု ပြောလိုက်ရာ -
"ဟ …. မပြောစမ်းပါနဲ့ကွာ၊ နဂိုကမှ ကြောက်ရတဲ့အထဲ"ဟု ပြောလျှင် -
"ငါက ပြောတာမဟုတ်ဘူး၊ ဗေဒင်က ပြောတာ"ဟု ထပ်၍ လောပြန်သဖြင့်
ဦးကျော်ဒင်မှာ ဆောက်တည်ရာမရ ပို၍ပင် ကြောက်လန့်နေတော့သည်။သေရမည်ကို ကြောက်လန့်လှ၍ မသေ တရားရှာခြင်းအားဖြင့် ကြိုးစား၍ ဘုရားဝတ်တက်မည် ဟု အားခဲလိုက်သည်။ သူငယ်ချင်း ဦးချီတိုင်နှင့်
ဦးစံတင် တို့ကိုလည်း နေ့စဉ် ဝတ်တက် ဝတ်ကပ် ခေါ်ရန် သတိပေးတောင်းပန်ထား၏။
အကြောင်းတရားတို့သည် ဆန်းကြယ်လှကုန်၏။ တထစ်ချ သတ်မှတ်ပြီး လွှတ်လိုက်သော ကံတရားက အချိန်
နီးကပ်လှပြီ ဖြစ်၍ ဘဝကို အကျဉ်းရုန်းကာ တက်သုတ်နှင်လေတော့သည်။
များမကြာမီကာလ လသာသော ညတစ်ည၌ ဦးကျော်ဒင်သည် ဦးစံတင်နှင့်အတူ အိမ်ရှေ့ကွပ်ပျစ်၌ စကား ပြောရင်းနှစ်ယောက်သား အိပ်ပျော်သွားကြ၏။တစ်နာရီခန့်ရှိလျှင် ဦးကျော်ဒင်က ဦးစံတင်အား အလန့်တကြား လှုပ်၍နှိုးပြီးလျှင် -
"ကဲ….မင်းပြောတာ ငါနားမလည်ဘူးကွ၊ ဆက်ပြီး ပြောစမ်းပါဦး"ဟုလောတိုက်မေးရာ ဦးစံတင်မှာ အိပ်မှုန်စုံမွှား ဖြင့် -
"ကျုပ်ဘာပြောလို့လဲ"ဟု ကြောင်အမ်းအမ်း ပြောလိုက်ကာမှ ဦးကျော်ဒင်သည် မိမိဘာသာ အိပ်မက်ထဲတွင်
နှစ်ယောက်သား စကားပြောကြရာ နားမရှင်း၍ထပ်မေးမည်ရှိစဉ် နိုးလာသော်လည်း အိပ်မက်ဇာတ်လမ်းအရ ဆက်၍ မေးနေမိခြင်း ဖြစ်ကြောင်း သတိရသွား၏။
ဦးကျော်ဒင်ခမျာ သေခြင်းဘေးကြောင့် မအိပ်နို်င်မစားနိုင်ဖြစ်ကာ အိပ်ပျော်သည်ဆိုရစေကာမူ ကြက်နိုး အိပ်ဖြစ်
နေရှာ၏။ သမ္မာဒေဝနတ်တို့ အပူတပြင်းနှိုးဆော်နေဟန်ရှိသည်။
“ငါတော့ သေဖို့ရက်နီးနေပြီ ထင်ပါရဲ့သူငယ်ချင်းရာ၊ခုတစ်ခါ အိပ်မက်မက်ပြန်တယ်။မင်းက ငါ့ကို ပြောတယ်၊
“သတ္တဝါတွေဟာ အလွန်သနားစရာ ကောင်းနေပြီ၊ ကပ်ကြီးသုံးပါးဆိုက်နေတယ်၊ မျက်စိလယ်လမ်းမှားပြီး ချောက်ကမ်းပါး ကျကုန်ပြီ” လို့ ပြောတော့ ငါ က “ချောက်ကမ်းပါး ကျမှန်းတော့ သိတယ်။ခုနေများ လမ်းမှန် တွေ့ရင် လိုက်ချင်ပါသကွာ"လို့ ပြန်ပြောတာကိုးကွ၊ ဒီတော့မင်းက“လမ်းမှန်ရောက်ချင်ရင် မခက်ပါဘူး၊ လမ်းဆုံ လမ်းမ လမ်းလေးခွကနေ စောင့်ပါ၊လမ်းမှန်ပြမယ့် ပုဂ္ဂိုလ် ပေါ်လာလိမ့်မယ်” လို့ ပြောတာကို ငါ နားမရှင်းလို့ မေးတာ၊လက်စသတ်တော့ မင်းလည်းဘယ်သိမလဲ။အိပ်မက်ထဲမှာ ပြောကြတဲ့ စကားဟာကိုး ”
...................
ပထမတစ်ရက်နှစ်ရက်တွင် ရွာထဲကအဘိဓမ္မာဆရာ စာသမားများသာ လာကြ၏။သုံးရက်မြောက်သောနေ့တွင် ကား စတီးဘရားသားစက်ထဲမှ စာရေးကြီးဦးဘစံသည် အထူးမပင့်ဖိတ်ရဘဲ တရားဆွေးနွေးရန်ပေါက်လာ၏။ စက်ထဲသို့ ထင်းရောင်းလာကြသော အညာဘက်မှ လှည်းသမားနှစ်ယောက်လည်း စာရေးကြီးနှင့်လိုက်ပါ လာ ကြသည်။လှည်းသမားတစ်ဦးမှာ ဘုန်းကြီးလူထွက်၊ လယ်တီဆရာတော်၏ တပည့်ဖြစ်၍ အာနာပါန ကမ္မဋ္ဌာန်း
အကြောင်းကို ပါဠိများ ရွတ်ကာရွတ်ကာ များစွာ ဟောပြောဆွေးနွေးသည်။
စာရေးကြီးဦးဘစံကား အာနာပါနအကြောင်းကို အနည်းငယ်မျှသာ ပြော၍ လှည်းသမားနှင့် စွန်းလွန်းမှ တရားဆရာများကို မိတ်ဆက်ပေး၏။ဦးဘစံကား လယ်တီဆရာတော်ကပင် တရားထူး ရထားသူ ဖြစ်ကြောင်း
(တရားစစ်မေးပြီး)သာဓု ခေါ်ခံရသူဖြစ်သည်။အရိယာပုဂ္ဂိုလ်ထူးပင်တည်း။
ဦးကျော်ဒင်သည်တရားသမားအဘိဓမ္မာသမားများအားရပါးရ ဆွေးနွေးနေကြသည်ကိုအနားမှထိုင်၍သက်ပြင်းချ
ကာ မလှုပ်မရှက် တွေတွေကြီး နားစိုက်နေ၏။သူတို့ပြောသောစကားများတွင် နားမလည်သည်က များသည်။ သို့  သော် “အာနာပါန ” ဟူသော စကားကို ထပ်ချည့်တလဲလဲ ပြောဆိုနေကြရာ “အာနာပါန” ဟူသော အသံကို
ကြားရခါမျှဖြင့် ဦးကျော်ဒင်မှာ ကြက်သီးတဖျဉ်းဖျဉ်း ထနေ။
အာနာပါနနှင့် ပြောင်းရိုးစဉ်း၍ ကောင်
နောက်တစ်ရက်ည စာရေးကြီး ဦးဘစံ ကြွလာသောအခါ ဦးကျော်ဒင်သည် မဏ္ဍပ်အဝင်မှ ဆီးကြိုနှုတ်ဆက်ကာ-
"စာရေးကြီး ၊ခင်ဗျားတို့ တရားအလုပ်က ကျုပ်တို့လိုစာမတတ်တဲ့လူလုပ်လို့ရပါ့မလား"ဟု စိုးရိမ်တကြီး မေးရာ
"အို … စာတတ်တာမတတ်တာလိုရင်းမဟုတ်ပါဘူးဗျာ။တကယ်ယုံပြီးအဟုတ်လုပ်နိုင်ဖို့သာအရေးကြီးတာပါ။ သဒ္ဓါ ဝီရိယ ရှိဖို့လိုတာပါပဲ" ဟုပြောလိုက်၏။
"ဒါဖြင့် ဘယ်လိုလုပ်ရမတုံး"ဟု ဆက်၍မေးပြန်သဖြင့်….
"ထွက်သက်ဝင်သက်မှတ်နေရုံပါပဲ"ဟု ပြောပြောဆိုဆိုဦးဘစံသည်မဏ္ဍပ်တွင်းရှိသူ၏ဓမ္မမိတ်ဆွေများရှိရာသို့ဝင်
သွား၏။ ထုံးစံအတိုင်းဟောပြောဆွေးနွေးနေကြပြန်သည်။
ဦးကျော်ဒင်ကား မဏ္ဍပ်ထဲသို့ပင် မဝင်တော့ဘဲ အိမ်ဘေးအဖီထဲ သွားကာဂုန်နီအိတ်အခင်း ခင်းထားသော ပက်လက်ကုလားထိုင်၌ထိုင်၍ "ဟင်း- ဝင်တယ်၊ ဟင်း…ထွက်တယ်"ဟု လူမသိ အောင် ကျိတ်၍ မျက်စိစုံမှိတ်ပြီး ရှူရှိုက် မှတ်ရှုနေလေတော့၏။
ထွက်လေ…. ဝင်လေ အဝင်အထွက်မျှပြီး သက်တောင့်သက်သာဖြင့်အရသာတွေ့စ နှစ်ရက် သုံးရက် အရတွင် အနာဂါမ် ဒေါ်ငွေဘုံကြီးထံမှ သတိပဌာန် အမှတ်တရားမှတ်ဖူးသူ ဦးရွှေလုပ်သည် အိမ်သို့ရောက်လာကာ
"အသိလိုက်ရသေးတယ်"ဟု ဆို၍ ….
"ဘယ်လို အသိလိုက်ရမတုံး"ဟု မေးလျှင် ….
"သိ… သိ… သိ ပေါ့ကွာ"ဟု လွယ်လွယ်ပင် ဦးရွှေလုပ်က ပြော၏။
"အသိလိုက်တော့ ဘာဖြစ်မတုံး"ဟု ဦးကျော်ဒင်က မေးပြန်၍….
"ကုသိုလ်ရတာပေါ့ကွာ"ဟု သာဖြေလေသည်။ဦးကျော်ဒင်ကလည်း ….
" ငါလုပ်ရင် မုချ ရ- ရမယ်"ဟု တစ်ထစ်ချ စွဲမြဲယုံကြည်သွားပြီဖြစ်၍ ….
"ကုသိုလ်ရရင် လုပ်မယ်ဗျာ"ဟု ဆိုကာ ထိုအသိမျှလောက်ဖြင့် အာနာပါနကိုစတင်ခဲ့ရရှာ၏။
အားကျဖွယ်ကြီးပါပေ။
ဦးကျော်ဒင်သည် ဤမျှလောက်သောအသိဖြင့် အချိန်ရှိသမျှ သတိကပ်ပြီးလာခဲ့ရာ တစ်နေ့ထက်တစ်နေ့ တိုးတက်လာ၏။ နွားစာအတွက် ပြောင်းရိုးများကိုစဉ်းရာ၌လည်း သတိကပ်ပြီးစဉ်းရာ ဗျောက်ကနဲ ဗျောက်ကနဲ ပြောင်းရိုးဖြတ်သံနှင့် အမှတ်သတိအံကျဖြစ်ကာ တိကနဲတိကနဲ ချက်ကျကျသွားသည်ကို ပီတိဖြစ်နေ၏။ မောရမှန်းပင် မသိချေ။
"အင်း …. ခုမှ ပိုပြီးနေရာကျ၊ကုသိုလ်လဲရ၊ပြောင်းရိုးစဉ်း လဲများများရ၊အမောလဲ သက်သာသေး"ဟု တွေးကာ ဝမ်းသာအားရ နေ့ညမပြတ် ရေခပ်ရင်း၊နွားကျောင်းရင်း၊ပေါင်းနုတ်ရင်း၊ယာလုပ်ရင်းတစ်ချိန်ထဲအလုပ်နှစ်ခုပြီးနေ လေ၏။ရှုပုံမှတ်ပုံလည်း "မုဆိုးစိုင်သင်"ဟူသကဲ့သို့အလုပ်ကပင်တည့်၍တည့်၍ ပေးသွားလေသည်။အိပ်သော အခါ ခေါင်း၊လက်၊ ခြေ၊ကိုယ်အဂါင်္အနေအထားကို တမင်ပြုပြင်မနေရဘဲအိပ်ရင်းက နေသားတကျအလိုလို ပြင်ပြီး သားဖြစ်သွားသကဲ့သို့တည်း။ တရားကိုသာအားထုတ်ပါလေ။ မှားလျှင်တရားကပင်ပြင်ပေးသွားလိမ့်မည်ဟူ၏။
မောင်ရင်ပေါ်ချောက်သို့ သွား၍လည်း ညအိပ်ညနေ အားထုတ်၏။ အလင်းရောင်များကို တွေ့သောအခါ-
"ငါတရားအားထုတ်လို့ဘုရားရောင်ခြည်တော်ဖူးရပဟေ့"ဟုတိုး၍ကြိုးစားပြန်၏။မျက်နှာအနီး၌ချာချာလည်နေသော အလင်းလုံးကလေးများကိုမြင်ရပြန်သောအခါတစ်မျိုးအားတက်ကာစိုက်၍ကြည့်မိ၏။ကြည့်လျှင်အလင်းလုံးကလေး
များကအပေါ်သို့တက်၍တက်၍သွား၏။တက်၍တက်၍သွားတိုင်း…."တက်ဟာတက်ဟာ"ဟုအားပေးရင်းစိတ်ကအမှီ
လိုက်၍ ကြည့်ရာ တိမ်ပေါ်သို့ပင် ရောက်သွား၏။
"အင်း….တယ်လဲဟုတ်ပါကလား။ငါတိမ်ပေါ်ကိုတောင်ရောက်နေနိုင်မှကော"ဟုမမောနိုင်အောင် ကျေနပ်လျက်ရှိ
သည်။မကြာမီ အလင်းလုံးကလေးများကို တက်၍တက်၍လိုက်ရင်းဘုံနန်း ပြဿဒ်ကြီးများကို တွေ့ရပြန်ရာ….
"အင်း…တရားအားထုတ်လို့ငါသေရင် နေရမယ့် ပြာဿဒ်ကြီးတွေပဲ"ဟုယူဆကာမကြောက်မရွံ့စွန့်စွန့်စားစား တိုး၍ အားထုတ်ပြန်လေ၏။
(ယခုခေတ်ကဲ့သို့ပွင့်ပွင့်လင်းလင်းမရှိသေး၍စိတ်ကူးပေါက်သလိုလုပ်နေရသည်ကိုသတိပြုပါ။ဤယခုရေးနေသည်
မှာ ဆရာတော်ပြန်ဟောသည့်အတိုင်းရေးနေခြင်း ဖြစ်ပါသည်။ )
မှတ်ချက်။။အထက်ပါအကြောင်းအရာများနှင့်ပတ်သက်၍ဆရာတိုင်ကိုယ်တိုင်ဟောကြားသောမူရင်းအသံကိုအင်တာ
နက်စာမျက်နှာများတွင် ရှာဖွေနာယူနိုင်ပါသည်။
...................

ထိ-သိ သတိ လွယ်လွန်း၏
ဦးကျော်ဒင်သည် လူတွေ ပြောပုံ ဆိုပုံ၊လုပ်ပုံ ကိုင်ပုံတို့ကို မြင်လေ ကြောက်လေ၊ငရဲခံနေရသည့် သတ္တဝါများကို မြင်လေ ထိတ်လန့်လေ ဖြစ်နေ၏။ကြောက်ရွံ့ထိတ်လန့်လေ ဝီရိယကိုတိုးမြှင့်လေဖြစ်သည်။သွားလည်း ဒီစိတ် အိပ်လည်းဒီစိတ်ဖြင့် ကျိတ်မှိတ်ပြီး လုပ်နေသည်ကို မြင်ရသောအခါ “ငါတို့တော့ နိဗ္ဗာန်မရချင် နေပေစေ ၊ ဒီ
လောက်တော့ မလုပ်နိုင်ဘူး” ဟု ထင်ရ၏။
ကိုယ့်ကိုကိုယ် လျော့တွက်ကြသည်။"သူဒီလိုဒုက္ခခံနိုင်တာပါရမီရှိလို့"ဟု မြှင့်၍တွက်တတ်ကြပြန်၏။မဟုတ်ချေ။
လက်တွေ့လုပ်ကြည့်လျှင်တဖြည်းဖြည်းရက်ပိုင်းမျှဖြင့်ဓမ္မအရသာ တွေ့ကာယုံကြည်မှု(သဒ္ဓါ)၊တိုးလာ၏၊ယုံကြည်မှု
တိုးလျှင် ဝီရိယတိုး၏။ဝီရိယတိုးလျှင် သတိတိုး၏။သတိတိုးလျှင် သမာဓိတိုး၏။သမာဓိတိုးလျှင် ပညာတိုး၏။တမငိကြိုးစားဖျစ်ညှစ်၍ လုပ်နေရသည် မဟုတ်ချေ။
တစ်ရက်ထက် တစ်ရက် ကိုယ်နှုတ်စိတ် အပူဓာတ်များ ကင်းကာအေးငြိမ်း၍ အေးငြိမ်း၍ လာသည်ကို ကိုယ်တိုင်ပင် သိလာ၏။ သူများဟောစရာ၊ တိုက်တွန်းစရာမလို။
ယင်းကိုပင်"အကာလိကော=ချက်ချင်းအကျိုးရနိုင်သည်။သန္ဒိဋ္ဌိကော=ကိုယ်တိုင်လက်ငင်းခံစားတွေ့ရှိနိုင်သည်"ဟု တရား တော်က ဆိုလေသည်။
လက်တွေ့စမ်းဖို့၊လုပ်ကြည့်ဖို့သာ အရေးကြီး၏။"ဒီလိုမှန်းသိငါ အစောကြီးက(ငယ်ငယ်က)မလုပ်ရလေလား" ဟု
ယောဂီတိုင်းနောင်တဖြစ်ကြရသည်။ပြောရသည်ထက်အလုပ်ကပို၍လွယ်၏။ထို့ကြောင်“ဧဟိပဿိကော=မယုံ ရင်လာလှည့် စမ်း၍ကြည့် ” ဟု အာမခံရဲခြင်းဖြစ်သည်။ လူတိုင်း မလုပ်တတ်မရှိရအောင်လည်း ရှင်းလင်း၏။
လွယ်ကူ၏။သို့ရာတွင် လက်တွေ့ ယုံယုံကြည်ကြည် လုပ်လိုသူများ ရှားပါးလှသဖြင့် တဖွဖွ ဟောရလွန်း၍-
“နွားစာမှ ရရဟု ကျတ်တီးကုန်းမှာ တောင်ယာလုပ်ရသလို တစ်ပုဒ် တစ်ပါဒမျှသိရင် မနည်းအကျိုးများမည် ဟု ယူဆ၍ ဒီလောက်ငါပြောပြလို့မှ မသိမမြင်တဲ့ပုထုဇဉ်အမိုက်အကန်းတွေကို ငါဘာတတ်နိုင်ဦးမှာလဲ" ဟုတစ်ခါ ကဘုရားရှင်ပင်လျှင်ညည်းညူတော်မူဖူး၏။ (ခန္ဓဝဂ္ဂ-ခေတ္တူပမ သုတ်။)
ထိုချမ်းသာကားအဖော်မလို၊သန္တော= အေးငြိမ်း၏။ ပဏီတော= မြိန်၏။ တင်းတိမ်ရောင့်ရဲမှုမရှိ။
အသေစနကော=ပို၍ ကောင်းအောင်တစ်စုံတစ်ရာဖြည့်စွက်(နှမ်းဖြူး)စရာမလို၊အလိုလို့ကိုအရသာရှိနေ၏။
ပြဆိုပြီး (ဣနြေ္ဒငါးပါး၊ဗိုလ်ငါးပါးဟုလည်း ခေါ်ဆိုရသော) သဒ္ဓါ၊ဝီရိယ၊ သတိ၊သမာဓိ၊ ပညာငါးမျိုး တိုးတက်လာ လေပို၍အရသာရှိလေအသိညာဏ်တိုးလေဖြစ်တော့သည်။ထိုအခါအာရုံငါးပါး၏ခိုင်းစေရာလိုက်ပါနေကြရသောလူများစုနှင့်
ခွဲခွာကာတစ်ကိုယ်တည်း နေနိုင်သည်မှာသတ္တိကောင်းလွန်း၍၊ပါရမီရှိလွန်း၍မဟုတ်။အလိုလိုခံနိုင်ရည်ရှိသွား၏။ ချမ်းသာနေ ၏။ လူသာမန်တို့ ကိုယ်ချင်းစာ၍ မရနိုင်ပြီ။
ဦးကျော်ဒင်သည် နှာသီးဖျား၌ထွက်လေဝင်လေတို့ထွက်တိုင်းထိ၊ထိတိုင်းသိ၊ဝင်တိုင်းထိ၊ထိတိုင်းသိ၊အသိချင်းစပ်
အောင်မှတ်နိုင်လာသည့်အပြင်လျောင်း၊ထိုင်၊ရပ်၊သွားဣရိယာပုတ်၊လေးပါးလုံး၌လည်းရှုမှတ်ပုံတိုးချဲ့မှတ်သိနိုင်လာ
၏။
သွားလျှင်မြေ၌ခြေဖြင့်ထိသည်ကိုသတိကပ်၍မှတ်ခြင်း၊ယင်းသို့မှတ်နေသည်ကိုသိမြင်နေခြင်း(သတိ၊ပညာ)ထိုင်လျှင်
တင်ပါးနှင့်ကြမ်းပြင်ထိနေသည်ကိုမှတ်သိခြင်း၊စားလျှင်ထမင်းလုပ်နှင့်လက်ထိနေသည်ကိုမှတ်သိခြင်း၊ပါးစပ်၌ထိနေ
သည်ကိုမှတ်သိခြင်းစသည်ဖြင့်"ထိ+သိ+သတိ"ဟုပင် သတိပဌာန်တစ်ခုလုံးကို ခြုံမိအောင် ဆောင်ပုဒ်ပြုသွား နိုင်လေတော့၏။ (ပထဝီဓာတ်ကို ပဓာနပြု ရှုမှတ်သော သတိပဌာန်ဖြစ်၏။
မဟာစည်ဆရာတော်ဘုရားကားဝါယောဓာတ်ကိုပဓာနမူသည်။) ထို့နောက်ခန္ဓာကိုယ်၌ နာကျင်ကိုက်ခဲမှု ပူမှု အေးမှုစသော ဝေဒနာများကိုပါစူးစိုက်၍ မှတ်သိခြင်းများပင်တိုး၍လာ၏။"ဝေဒနာလိုက်"သည်ဟု ပြောစမှတ်ပြု ကုန်၏။ဝေဒနာနုပဿနာခေါ်သည်။ထင်ရှားခံခက်သောဒုက္ခဝေဒနာကိုသာဦးစားပေး၍မှတ်ဟန်တူ၏။
(သုခ-ဥပေက္ခာ ဝေဒနာတို့ကိုလည်း မှတ်သိရသည်ပင်။ သို့သော် အကျုံးဝင်လေပြီ ဖြစ်၍ အထူးမဆို ။)ထို့ကြောင့် လည်း ဦးကျော်ဒင်က - အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့သည်။
"မခံသာ မှန်ပါဘိ သည်တရား။ ခံသာလျှင် သံသာကြောမှာ ၊ မျောလိမ့်အများ"
.......................
ဦးကျော်ဒင်အား အဆုံးအဖြတ်ပေးမည့်နေ့
ဦးကျော်ဒင်သည် ထိုသို့နေညမလပ်သတိချင်းစပ်အောင်ရှုမှတ်လေရာ မချိမဆန့်ထိုးအောင့်ကိုက်ခဲလာသော ဝေဒနာများ ရိပ်ကနဲရိပ်ကနဲ အားသေးပျောက်ကွယ်သွားကုန်၏။ အာရုံနိမိတ်များလည်း တဖြည်းဖြည်းကင်းကွာ ၍၊ ခွာ၍၊လျစ်လျူရှု၍ ခန္ဓာကိုယ်ရုပ်နာမ်တရားတို့၏ဖြစ်မှုပျက်မှုအစဉ်ကိုသာ သိမြင်လျက်ရှိ၏။ ဖြစ်ပျက်အပေါ်၌ သာစူးစိုက်သိမှတ်နေခဲ့ရာ ရှုမှတ်၍ အလွန်ချက်ကျလက်ကျ စီးစီးပိုင်ပိုင်ရှိနေ၏။ စိတ်ထဲတွင် အလွန်ကျေနပ် ဝမ်းမြောက်နေမိ၏။ ကြည်နူးနှစ်သက်နေမိပြန်၏။ ကျေနပ်ဝမ်းသာလွန်းအားကြီးနေစဉ်ဦးကျော်ဒင်၏ ရှေ့၌ အလင်း ဓာတ်ကြီးမှာထင်းကနဲ ပေါ်လာတော့သည်။
ပီတိဖြင့်ဖုံးအုပ်ပေးထား၍ ဝေဒနာငြိမ်းသွားပြီဟုထင်ရသော်လည်းအခိုးအရှိန်များ ပြည့်ဟုန်ပြီးစွဲကျန်နေသေးရာ
အလင်းဓာတ်ကြီး ပေါ်လာသောအခါတွင်မှ ဝေဒနာများစုပ်စမြုပ်စငြိမ်းချုပ်ကာလုံးဝအေးသွားတော့သည်။
ထို့ကြောင့်အလင်းဓာတ်ကြီးကိုတွယ်တာနေမိပြန်၏။ဖြစ်ပျက်သတိလည်းလွတ်နေတော့သည်။ဦးကျော်ဒင်သည် အတန်ငယ်စဉ်းစားကာ"အင့်ဟင် ငါ့ဟာဟုတ်သေးပါဘူး"ဟု ပညာဖြင့်ဆင်ခြင်၍ သိမှတ်မှုကို ခန္ဓာကိုယ်ပေါ်သို့
ချက်ချင်းပြန်၍ တင်ပို့ လိုက်၏။(သြဘာသ၌လဲကျ၍ ပဿဒ္ဓိ၌နစ်သွားသည်ကိုဆွဲထူလိုက်ခြင်းပင်တည်း။)
ထိုအခါစောစောက ဝေဒနာများပြန်၍ ပေါ်လာကြပြန်၏။လှိုင်းထန်သောဝဲဂယက်၌ သစ်တုံးတိုကိုဖက်၍ ကူးနေရ
သကဲ့သို့ရှိတော့သည်။ မဂ္ဂါမဂ္ဂဥာဏဒဿန၀ိသုဒ္ဓိခေါ်လမ်းမှန်လမ်းမှား၌ သတိရှိရှိ၊ ၀ီရိယမှန်မှန်၊ ဥာဏ်ကို အသုံး ချ၍ပဲ့ကိုင်နေရပုံတည်း။
ပေါ်လာသော ဝေဒနာများကိုသိမှတ်ပြန်ရာ အာရုံနှင့်သိမှတ်မှုမှာ တော်တော်နှင့်အံမကိုက်၊ ခွင်မကျ။ မဆုံးနိုင် အောင် တမှတ်ထဲမှတ်နေရသည်ကိုပင် ငြီးငွေ့လာ၏။ အာရုံနှင့်သိမှတ်မှုမှာ အထက်လွန် သွားလိုက်၊ အောက်ကျ သွားလိုက်၊ရှေ့ရောက်သွားလိုက်၊နောက်ကျကျန်ရစ်လိုက်ဖြစ်နေပြန်၏။
ထိုအခါဦးကျော်ဒင်သည် အသက်မှန်မှန်ရှုရှိုက်ကာ မဇ္စျိမပဋိပဒါကျအောင် ညှိယူလိုက်သောအခါ ဣနြေ္ဒငါးပါး လုံးမျှ တညီညွတ်သွားသဖြင့် နိရောဓဓါတ်ကို ဖတ်ကနဲမိကာ ယမ်းတောင့်ထိုးထားသော သေနတ်ကို စိကနေ ကိုင်ဖြုတ်လိုက်သကဲ့သို့ ဒိုင်းကနဲမှတ်သိမှုပြုတ်ထွက်သွားလေတော့၏။ သတိဝီရိယဥာဏ်ရှိသော ရေနစ်သူသည် အလိုက်သင့်မှေး၍မျှောလိုက်ရာမှ ဆိပ်ကမ်းကိုခေါင်းဖြင့်ဒိုင်းကနဲ ဆောင့်ဝင်၍တိုက်ရာ ဆိပ်ကမ်းကို မလွှတ် တမ်းဆုပ်ကိုင်၍ အမောဖြေသကဲ့သို့လည်း ဖြစ်နေပေမည်။ တစ်သံသရာလုံးမခံစားခဲ့ရဖူးသေးသော ငြိမ်းအေးမှု ကြီးကို မျက်ဝါးထင်ထင်တွေ့ မြင်ရကာအမောပြေ သက်သာရာ ရလေတော့၏။
"အာလောကောဥဒပါဒိ" တရားအလင်းဓာတ်ကြီးသည် ဦးကျော်ဒင်၌ ပထမဆုံးအကြိမ် ကိန်းဝပ်လေတော့ သည်။ မြွေကိုက်ခံရသူသည် ထိုဝေဒနာ လုံးဝချုပ်ငြိမ်းပပျောက်သွားသော်လည်း တစ်သက်နှင့်တစ်ကိုယ် မမေ့ နိုင်အောင် စဉ်းစားလိုက်တိုင်း ခံစားရပုံကိုတပ်အပ်မှတ်ချ သိနိုင်သကဲ့သို့ ထိုအခြေအနေနှင့်ထိုနေ့ကို ဦးကျော်ဒင် အဖို့  ရာသက်ပန်မမေ့နိုင်တော့ချေ ။
ပထမရစ် အနေဖြင့် အပါယ်လေးပါး ကြွေးစာရင်း ဖျက်လိုက်သော ထိုနေ့ ကား…..
"၁၂၈၂ - ခုနှစ် ၊ ၀ါဆိုလပြည့်ကျော် ၁၃ -ရက်၊ ကြာသပတေးနေ့  ၊ ညဥ့် ၁၀ -နာရီခန့်  ။"
.....................
ဒုတိယအကြိမ် နိဗ္ဗာန်ရောက်ခြင်း
ဦးကျော်ဒင်သည် ဒေါ်ရွှေရည်၏အမျိုးမျိုးသော နှောင့်ယှက်ခြင်းကို မေတ္တာဖြင့်သည်းခံကာ အချိန်ရသမျှ ရှုမှတ် ပွားများရာယခင်ကထက်ပို၍ အသိဥာဏ်များလင်းလာ၏။ သွားဖူးပြီးသောလမ်းဖြစ်၍ အခက်အခဲလည်း မရှိတော့ပေ။“အတွင်းဝေဒနာပို၍ တက်ခြင်းမျှလောက်သာ ထူးတော့သည်။”ဟု ဟောကြားဖူး၏။(ယောဂီတိုင်း ဤသို့ဖြစ်ရမည်ဟုကား တစ်ထစ်ချ မမှတ်သင့်၊)
တစ်ညတွင်ဦးကျော်ဒင်သည် သတိဖြင့်ပင်အိပ်ပျော်သွားခိုက် အိပ်မက်ထဲတွင် မီးရထားဘူတာရုံတစ်ခုကို ရောက်သွား၍ လက်မှတ်ယူရာ မိမိကတစ်ခုသာယူသော်လည်း လက်မှတ်ပေးသူက လေးခုပေးပုံ၊ ထို့နောက် လေးခုလုံးအိတ်ထဲထည့်ပြီး ရထားသို့လျှောက်ခဲ့ရာ ရထားမှာထွက်ခါနီးနေ၍ အမြန်လိုက်ပါတက်စီးရပုံကို မြင် မက်၏။ နောက်မကြာမီရက်အတွင်း အိပ်မက်မက်ပြန်သည်မှာ ယာခင်းသို့ရောက်သွားခိုက် နွားတစ်ကောင် ပြေး လာသည်ကိုမြင်၍လိုက်ဆွဲရာ အမြီးကိုဆွဲမိသဖြင့် အမြီးရင်းမှပြုတ်ပါလာသည်ကို မြင်မက်၏။(ယောဂီ၌အိပ်မက် များသည် တစ်နည်းတစ်ဖုံအားဖြင့် အကျိုးပြုပုံကိုကျွန်ုပ်တို့ပြခဲ့ပြီ။)
ဦးကျော်ဒင်သည်အဆိုပါအိပ်မက်များကိုအတိတ်ကောက်၍"သာသနာနောက်ပိုင်းမှာအပြုတ်ဟ” ဟုကြိမ်းဝါးကာ
ဝင်လာသမျှ အာရုံသညာတို့ကို သတိဖြင့် ဖမ်း၍ပညာဖြင့်ဖြတ်လျက် ပထမ အကြိမ်နှင့်တစ်လ တိတိအကြာ -
"၁၂၈၂ခုနှစ် ဝါခေါင်လပြည့်ကျော်၁၃ရက်၊ စနေနေ့ညဥ့်၁၀နာရီအချိန်ခန့်တွင် ဒုတိယအကြိမ်နိဗ္ဗာန်ကို မျက် မှောက် ပြုတော်မူ၏။"
ဦးကျော်ဒင်ရှေ့ မိုးကြိုးခခြင်း
ဦးကျော်ဒင်သည် ဒုတိယဆင့်ရောက်ပြီး တစ်လတိတိကြာသောအခါ -
"၁၂၈၂ခုနှစ်၊တော်သလင်းလပြည့်ကျော်၁၃ရက်၊တနင်္လာနေ့၊ညဥ့်၁၀နာရီအချိန်ခန့်၌တတိယအကြိမ်နိဗ္ဗာန်ကို
မျက်မှောက်ပြုလေ၏။"
ဆယ်နာရီမထိုးမီကလေးတွင် ဦးကျော်ဒင်တစ်ကိုယ်လုံးရှိ အကြောအခြင်များတုတ်တုတ်ဆွဲကာ ပြတ်သွားမတတ် အလွန်ပြင်းထန်လှသော ဝေဒနာကို ခံစားရသည်။
"ဒီနေရာမှာ ခံနိုင်ရင်ခံ၊မခံနိုင်ရင် လန်ရော၊ဒါကျော်မှ ငါသာဓုခေါ်မည်"ဟုလည်း ပြန်လည်ဟောကြားဖူး၏။
နောက်တစ်နေ့တွင် ဦးကျော်ဒင်၏ ရှေ့ ၌ပင် ပြင်းထန်သော မိုးကြိုးကျ၏။
ဦးကျော်ဒင်ကားမည်သို့မျှမတုန်လှုပ်၊ မထိတ်လန့်၊စိတ်ဆိုးခြင်း၊ကြောက်ရွံ့တုန်လှုပ်ထိတ်လန့်ခြင်းသည် ဒေါသပင်
ဖြစ်၏။ဦးကျော်ဒင်ကားဒေါသကို အမြစ်ပြတ်သတ်နိုင်လေပြီ။ ထိုအဆင့်သို့ရောက်ပြီးဖြစ်ကြောင်း ထောက်ခံချက် ပေးလာသော မိုးကြိုးပင်တည်း။
နွားနှစ်ကောင်နှင့်ထွန်ထောင်ကိုယ်တော် ဦးကျော်ဒင်သည် ၁၂၈၂ခုနှစ်သီတင်းကျွတ်လပြည့်ကျော် ငါးရက်နေ့ တွင်ပဲကြဲရန်ထွန်က, ၍ ယာခင်းသို့ထွက်လာခဲ့၏။
ယာထဲသို့ရောက်သောအခါထွန်ရေးစရန် မောင်းနှင်ရာ နွားနှစ်ကောင်မှာ လှည့်ကြည့်လှည့်ကြည့်လုပ်ကာမသွား ဘဲတွေပြီးရပ်နေကြ၏။"ဟဲ့"ဟုငေါက်သော်လည်း ရှေ့သို့မတိုးဘဲ လှည့်ကြည့်ပြီးဦးကျော်ဒင်အား တစ်စုံတစ်ခု ပြန်
ပြောနေကြသကဲ့သို့ရှိ၏။ "ခါတိုင်းဆိုဟဲ့လို့တောင်မငေါက်ရဘဲ သူ့ထက်ငါရုန်းကြတဲ့ကျေးဇူးရှင်ကြီး နှစ်ကောင်က
တောင်ထုံပေပေနဲ့ ငါ့ကိုနှင်နေကြပါပကောလား။ အင်းကိုယ့်အကြောင်းကိုယ်အသိဆုံးမို့ ကိုယ့်ဟာကိုယ် မဆုံး ဖြတ်နိုင်ရင်ကိုယ့်အသိဥာဏ်ဟာ ဘာအသုံးကျတော့မှာလဲ။"
ဦးကျော်ဒင်သည် ရုတ်တရက်အကြံပေါက်ကာ ထွန်ပေါ်ကဆင်းပြီး နွားကိုထမ်းပိုးမှကြိုးဖြုတ်၍ ထွန်တုံးကိုထောင်
ထားလိုက်၏။
"ကဲ-မင်းတို့နဲ့ငါနဲ့လည်း သေခန်းဖြတ် ကြွေးရှင်းကြစို့။ တော်ရာသွားကြပေရော့။သင်တို့ကိုငါ ဘေးမဲ့ပေးလိုက်ပြီ" ဟုဆိုကာနွားနှစ်ကောင်ကိုလွှတ်လိုက်သည်။ ပြီးလျှင်ဦးဝီရိယခေါ်ဘုန်းတော်ကြီး ဦးကျောက်ကျောင်းဆီသို့ ထွက် လာခဲ့၏။ လမ်းတွင်ဒေါ်တင်ဆိုသူနှင့် တွေ့၍အကျိုးအကြောင်း မေးရာသင်္ကန်းဝတ်သွားမည့်အကြောင်း ပြောပြ လျှင်….
"ဟဲ့- မောင်ကျော်ဒင်၊ဒီလိုဆိုရင်တို့အိမ်က မောင်တာကိုရင်ကြီးဝတ်တုန်းကဧကသီအဟောင်းတစ်ထည်ရှိတယ်။
ယူသွား။မိရွှေရည်လည်း မသိစေနဲ့"ဟုဆိုကာ ဒေါ်တင်လှူလိုက်သောဧကသီ ၊ဦးဝီရိယချီးမြှင့်သော သင်းပိုင်
တစ်ထည်ဖြင့် ထိုနေ့၌ပင် ဦးကျော်ဒင်မှ ကိုရင်ကြီး ရှင်ကဝိဖြစ်လာလေတော့၏။
"ထွန်ဆင်းကိုယ်တော် ထွန်ထောင်ကိုယ်တော်" ဟုလည်း သမုတ်ကြသည်။"
ကိုရင်ကြီးဦးကဝိကားယခုမှပင်စိတ်နှင့်ကိုယ်၊အတွင်းနှင့်အပြင်၊အသွင်နှင့်သဘောထားတစ်သားတည်းကိုက်ညီကာ အာနာပါနကို စိတ်တိုင်းကျရှုမှတ်ခွင့်ရလေတော့သည်။
ဦးကဝိကိုရင်ဝတ်ပြီး ငါးရက်အရတွင် သူငယ်ချင်းဦးရွှေလုပ်လည်းရှင်ဝိဇယအမည်ဖြင့်ရှင်ကဝိနှင့်အတူလိုက်ပါ၍
သာမဏေပြု၏။(ပြဆိုခဲ့သည်အတိုင်း)အနာဂါမ်ဖြစ်ပြီး တစ်လတိတိအကြာ မောင်ရင်ပေါ်ချောက်တွင်အရဟတ္တ ဖိုလ်သို့ ဆိုက်ရောက်ကာ`ရဟန္တာ´ဖြစ်တော်မူလေ၏။ ဦးကျော်ဒင်သည်၁၂၈၁ခုနှစ်သီတင်းကျွတ်လပြည့်နေ့၌ ဆီမီးတစ်ထောင်ပူဇော်၍ထိုနှစ်တပေါင်းလတွင်မဏ္ဍပ်ထိုးကာဘုရားပူဇော်ခဲ့၏။
အာနာပါနတရားကို တစ်စွန်းတစ်စကြားသိရုံမျှဖြင့်"မုဆိုးစိုင်သင်"အားထုတ်ခဲ့ရာ၁၂၈၂ခုနှစ်ဝါဆို၊ဝါခေါင်၊တော် သလင်း၊ သီတင်းကျွတ်လပြည့်ကျော်၁၃ရက် ညဥ့်၁၀နာရီအချိန်ချည်းသာလျှင် အချိန်ကာလတစ်လစီ တစ်လစီ ခြား ကွာ၍ အရိယာ လေးဆင့် အောင်လံ လွှင့်တော်မူလေပြီ။
သက်တော်၄၃- နှစ်ကိုရင်ကြီးဘဝဖြင့်"ရဟန်းကိစ္စ" ပြီးတော်မူသည်။အရိယာစခန်းအတွက်ဦးကျော်ဒင်ပေးသော သင်ခန်းစာထက် အားကျဖွယ်သည် အဘယ်မှာရှိပါသေးတော့အံ့နည်း။
..............

တရားအစစ်ခံခြင်း
မြင်းခြံမြို့ဦးဖြိုးသာနှင့်စာရေးကြီးဦးဘစံတို့၏လျှောက်ထားသတင်းပေးချက်အရမိတ္ထီလာရေလယ်ဆရာတော်ကပင့်
ခေါ်ခြင်းဖြစ်၏။ ရေလယ်တိုက်သို့ကြွရောက်ကာ တရားအစစ်ခံခဲ့ရာ ဣနြေ္ဒနှင့်ပြောဆိုသောစကားများအရ "ရဟန္တာ"ဖြစ်ကြောင်း ကောင်းစွာ ယုံကြည်၍နှစ်ထောင်းအားရ သာဓု ခေါ်တော်မူသည်။
ရေလယ်ဆရာတော်သည် ရှင်ကဝိနှင့်ရှင်ဝိဇယတို့အား အပန်းဖြေစေပြီးနောက် စာပေကျမ်းဂန်နှင့် ညှိ၍ပို၍ တိကျစွာ ကြည်ညိုနိုင်ရန်အောက်ပါအတိုင်းထပ်မံ မေးစစ်ပြန်လေသည်။ ဦးဖြိုးသာနှင့်ဦးဘစံတို့လည်း အနား၌ ပင်နာယူကြည်ညိုနေကြ၏။
(မှတ်ချက်။ ။ စာမတတ်သူတစ်ဦးအနေဖြင့် ဖြေဆိုရန် မည်မျှခက်ခဲသောမေးခွန်းများဖြစ်သည်ကို သတိပြု၍ ဖတ်ပါ။)
မေး။ ။ ရှင်ကဝိ၊ ဘုံသုံးပါးမှာ ဘယ်သူက အိမ်ဆောက်လုပ်ပေးပါသလဲ။
ဖြေ။ ။ တဏှာက ဆောက်လုပ်ပေးပါတယ် ဘုရား။
မေး။ ။ တေဘုမ္မက သင်္ခါရဟာ ဘယ်ကမျိုးစေ့ ဖြစ်ပါသလဲ။
ဖြေ။ ။ အဝိဇ္ဇာက မျိုးစေ့ ဖြစ်ပါတယ် ဘုရား။
မေး။ ။ လူရယ်လို့ဖြစ်တာ ကုသိုလ်ကြောင့်လား၊ ဒါမှမဟုတ် အကုသိုလ်ကြောင့်လား။
ဖြေ။ ။ လူဖြစ်တာ ကုသိုလ်,အကုသိုလ် နှစ်မျိုးလုံးကြောင့် ဖြစ်ပါတယ် ဘုရား ။
မေး။ ။ ကုသိုလ်ဟာ သုခ ဆိုမလား၊ ဒုက္ခဆိုမလား ။
ဖြေ။ ။ ကုသိုလ်ဟာ သုခလို့ ဆိုပါတယ်။ စင်စစ်အားဖြင့် ဒုက္ခ ပါပဲ။
မေး။ ။ လူချမ်းသာ နတ်ချမ်းသာဆိုတာ အမှန်ရှိသလား။
ဖြေ။ ။ သင်္ခတနယ်မှာ အမှန်ပင်ရှိပါတယ်။ ပရမတ် သဘောအရ ဆိုလျှင် မရှိပါ။
မေး။ ။ ငရဲခံတဲ့ ပုဂ္ဂိုလ် ၊ နတ်ပြည်စံတဲ့ ပုဂ္ဂိုလ်များ ရှိသလား။
ဖြေ။ ။ မရှိပါဘုရား။
မေး။ ။ လောကကြီးမှာ ခံစားသူ စံစားသူ နှစ်မျိုးရှိသည်တွင် ဘယ်သူ့ကို အမှန် ခေါ်မတုံး။
ဖြေ။ ။ နှစ်မျိုးစလုံးပင် မှန်ပါတယ် ဘုရား။
မေး။ ။ ၎င်း နှစ်မျိုးကို ဘာခေါ်မတုံး။
ဖြေ။ ။ နာမ် ရုပ် နှစ်ပါးဟု ခေါ်ပါတယ် ဘုရား။
မေး။ ။ လောကမှာ သတ်သူ၊ သေသူ ရှိသလား။
ဖြေ။ ။ ရှိပါတယ် ဘုရား။
မေး။ ။ ရှိပါတယ် ဆိုတာ ဘယ်လို မှတ်ရမလဲ။
ဖြေ။ ။ နာမ် ရုပ် နှစ်ပါးပါပဲ ဘုရား။
မေး။ ။ သူ့အသက် သတ်လျှင် ငရဲကျတယ်ဆိုတာ အမှန်ပဲလား ။
ဖြေ။ ။ အမှန်ပါပဲ ဘုရား။
မေး။ ။ မှန်တယ်ဆိုလျှင် ဘယ်ဟာ အမှန်ခေါ်မတုံး။
ဖြေ။ ။ ရုပ်နာမ်နှစ်ပါးဟာ ငရဲကျအောင်လည်း သူတို့ပါပဲ။ နိဗ္ဗာန်ရောက်အောင်လည်းသူတို့ပါပဲ။
မေး။ ။သတ်သူသေသူရှိတယ်ယူတာမျိုး၊မရှိဘူးယူတာမျိုး၊ထိုနှစ်မျိုးတို့တွင်ဘယ်ဟာသမ္မာအယူ
ခေါ်၍ဘယ်ဟာ မိစ္ဆာအယူ ခေါ်သတုံး။
ဖြေ။ ။ ရုပ်နာမ်နှစ်ပါးကလွဲ၍ ရှိတယ်မရှိဘူး နှစ်မျိုးစလုံးပင် မိစ္ဆာအယူဆိုရမှာပဲ ဘုရား ။
မေး။ ။ သမ္မာအယူ ဖြစ်အောင် ဘယ်လို ယူရမှာတုံး။
ဖြေ။ ။ ရုပ်နာမ် နှစ်ပါးသာ ရှိတယ်ယူလျှင် သမ္မာအယူ ဖြစ်ပါတယ် ဘုရား။
မေး။ ။ ပရမတ်သဘောကို မသိသောသူ ပါရမီဆယ်ပါး ပြည့်စုံနိုင်ပါသလား။
ဖြေ။ ။ မပြည့်စုံနိုင်ပါ ဘုရား။
မေး။ ။ ပညတ်ပရမတ် နှစ်ပါးရှိရာ ပညတ်ကိုသာ သိသောသူ မဂ်ကိုရသလား။
ဖြေ။ ။ မရနိုင်ပါ ဘုရား။
မေး။ ။ ပညတ် ပရမတ် နှစ်ပါး ဘယ်ဟာ အမှန်ခေါ်မတုံး။
ဖြေ။ ။ ပရမတ်ကိုသာ အမှန်ခေါ်နိုင်ပါတယ် ဘုရား။
မေး။ ။ မိစ္ဆာအယူ သမ္မာအယူ နှစ်မျိုးတွင် ဘယ်အခါ သမ္မာအယူ ခေါ်မတုံး။
ဖြေ။ ။ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ကင်းလွတ်သည်က စ၍ သမ္မာအယူ ဖြစ်ပါပြီဘုရား ။
"အင်း….သာဓုသာဓု၊မှန်ကန်ကောင်းမြတ်လှပါပေတယ်ဦးကဝိ၊သည်သဘောသဘာဝမျိုးဟာအလွန်အသိခက်ပေ
တယ်ဦးကဝိ၊သည်နေ့ကစပြီး ဘုန်းကြီးများလည်းဦးက၀ိရဲ့ နည်းနာနိဿယအတိုင်း အားထုတ်လိုပါတယ်။ ဒကာ ဒကာမတွေလည်းအပါယ်တံခါးပိတ် အောင် ဦးကဝိတို့လဲ တစ်ဝါတစ်ချီဒီမှာပဲ သီတင်းသုံးပါဦးနော်" ဟု ရေလယ် ဆရာတော်ကအမိန့်ရှိရာ …….
"မှန်လှပါဘုရား၊တပည့်တော်များလည်းယခုအခါမှီခိုရာနိဿယည်းဆရာရှာတုန်း၊ယခုလိုအမိန့်ရှိတာဝမ်းမြောက်လှ
ပါတယ်ဘုရား"ဟု လျှောက်ကာ ရေလယ်တိုက်၌ပင်ဦးကဝိနှင့်ဦးဝိဇယတို့သီတင်းသုံး နေထိုင်ကြလေ၏။
………………
ဈာန်တက်ပုံ ညောင်လွန့်ဆရာတော် မေးစမ်းခြင်း
ရေလယ်ဆရာတော်နှင့် ညောင်လွန့်တောရဆရာတော်တို့သည်"တရားထူးရလျှင်အသိပေးကြစတမ်း"ကတိအရ ရှင်ကဝိအကြောင်းစာရေးလျှောက်ထားသဖြင့် ညောင်လွန့်တောရဆရာတော်မိတ္ထီလာသို့ကြွလာစုံစမ်းစစ်မေးတော်
မူသည်။
ရှင်ကဝိက လောကီ လောကီသတ်သတ်၊ လောကုတ္တရာလောကုတ္တရာသတ်သတ် မေးရန်ကြိုတင် လျှောက်ထား ၏။လောကုတ်- လောကီတစ်ရက်စီခွဲ၍ မေးတော်မူသည်။အနယ်နယ်မှစာတတ် ပေတတ်အကျော် ဆရာတော် ကြီးအချို့ကလည်း စာမတတ်ဘဲတရားထူးရသည်ဆိုသည်ကို မယုံကြည်နိုင်ကြသဖြင့် အထပ်ထပ်စစ်မေးကြပုံ၊ နှိမ်ချသောစကားများပြောဆို၍ အပြစ်ကြီးကြပုံ၊ စာမတတ်သောဦးကဝိ၏အလုပ်ခွင်နှင့်စပ်သော သိပုံများကို နောက်ဆက်တွဲ၌ကြည့်ပါ။
ယင်းသို့မေးမြန်းစိစစ်ကြသည်မှာ ပဓာနအားဖြင့် အစစ်အမှန် ဝမ်းမြောက်ကြည်ညိုလိုကြ၍ဖြစ်သည်။ အထင် သေးသည့် ပုဂ္ဂိုလ်များလည်းများစွာရှိ၏။ မည်သို့ဖြစ်စေ၊ ထိုအစစ်အဆေးအမေးအမြန်းအားလုံးသည် ဦးကဝိ၏ အရဟတ္တဂုဏ်ကို တစ်နိုင်ငံလုံးကယုံကြည်လက်ခံလာရအောင် မှတ်ကျောက်တင် အတည်ပြုပေးကြရခြင်းပင် တည်း။မေးသောပုဂ္ဂိုလ်တိုင်းကပင် "စာမသင်ဘဲစာတတ်"နေသော ပဋိပတ်သဘောကိုအံ့သြမဆုံးရှိကြရလေ၏။
ထို့ကြောင့်(ပဋိသမ္ဘိဒါမဂ်နှင့်ဝိဘင်းအဋ္ဌကထာ)တို့၌ "အရိယာဖြစ်သွားလျှင် ပဋိသမ္ဘိဒါပတ္တမဖြစ်သူမရှိနိုင်" ဟုဖွင့် ဆိုကြ
ကုန်၏။"ပဋိသမ္ဘိဒါပတ္တ"ဟူသည်ရုပ်နာမ်သဘာဝကိုသဒ္ဒါအနက်စသည်ခွဲခြားဝေဖန်၍အမှန်တကျထိုးထွင်းသိမြင်သွား
သည့်အသိဥာဏ်ထူးရသူဟုဆိုလိုပေ၏။ အရိယာတိုင်းပဋိဝေဓအဖြစ် ရောက်သည်ကိုပင် "ပဋိသမ္ဘိဒါဥာဏ် ရသည်" ဟုဆိုသည်။
မေး။ ။ ရှင်ကဝိ၊ လောကီဈာန် အဂါင်္ ငါးပါး ပြောစမ်းပါ။
ဖြေ။ ။ ဆရာတော် အမိန့်ရှိတဲ့ ဈာန်ကိုတပည့်တော်မပြောတတ်ပါ။တပည့်တော် ပြောတတ်သလို ပြောပါရစေ ဘုရား။(ပြောပါ၊ပြောပါဆို၍)ဆရာတော်ဘုရား ဟောဒါကကသိုဏ်းဝန်းပါဘုရား။ ပထမကသိုဏ်းဝန်း ပေါ်ကို အာရုံသိမ်းပြီး တင်လိုက်တယ်။ပြီးတော့ ဆင်ခြင်တယ်။ ကြက်သီးထပြီးတုန်လာတယ်။ ချမ်းသာနေ တယ်။ တည်ငြိမ်နေတယ်။
မေး။ ။ ဘာ .. ဘာ … ဘာဗျ။ ရှင်ကဝိရဲ့ ၊ ပြန်ပြောစမ်းပါဦး။
ဖြေ။။ ဟောဒါကကသိုဏ်းဝန်းပါဘုရား၊အဲသည်အပေါ်ကိုအာရုံသိမ်းပြီးတင်လိုက်တယ်။ပြီးတော့ဆင်ခြင်တယ်၊ ကြက်သီးထပြီးတုန်လာတယ်၊ချမ်းသာနေတယ်၊တည်ငြိမ်နေတယ်။အဲဒါပါပဲဘုရား၊အမည်ကတော့အရှင်ဘုရားတို့
မှည့်ချင်သလို မှည့်ခေါ်ချင်သလို ခေါ်ရုံပါ ပဲ ဘုရား။
ထိုအခါ ညောင်လွန့်ဆရာတော်က"ဟုတ်ပြီရှင်ကဝိရေ၊ကသိုဏ်းဝန်းအပေါ်(နှာသီးဖျားမှာမှတ်လျှင် နှာသီးဖျားကို ယူပါ။)အာရုံသိမ်းပြီးတင်လိုက်တာကဝိတက်၊ဆင်ခြင်တာကဝိစာရ၊ကြက်သီးထပြီးတုန်လာတာကပီတိ၊ချမ်းသာတာ
ကသုခ၊တည်ငြိမ်နေတာကဧကဂ္ဂတာ၊ကဲ…သဘောကျပါပြီဗျာ၊ ရှေ့ဆက်လျှောက်ပါဦး"ဆို၍ပဉ္စမဈာန်အထိဆက်၍
လျှောက်ထားရ၏။ (စာသိပုံနှင့် အလုပ် သိပုံကို နှိုင်းယှဉ်လေ့လာသင့်၏။ )
မေး။ ။ ဒါဖြင့် နေပါဦး၊ အာကာသာနဉ္စာယတန ဈာန်ဟာ ပညတ်အာရုံပြုသလား၊ပရမတ်အာရုံ ပြုသလား။
ဖြေ။ ။ ပညတ်အာရုံပြုပါတယ် ဘုရား။
မေး။ ။ ဝိဉာဏဉ္စာယတန ဈာန်ကကော ။
ဖြေ။ ။ ပရမတ်အာရုံပြုပါတယ် ဘုရား။
မေး။ ။ အာကိဉ္စညာယတန ဈာန်ကကော ။
ဖြေ။ ။ ပညတ်အာရုံပြုပါတယ် ဘုရား။
မေး။ ။ နေဝသညာ နာသညာယတန ဈာန်ကကော ။
ဖြေ။ ။ ပရမတ်အာရုံ ပြုပါတယ် ဘုရား။
မေး။ ။ ဒါဖြင့် အာကာသာနဉ္စာယတန ဈာန်ကနေ ဝိဉာဏဉ္စာယတန ဈာန်ကို တက်တော့ အောက်
အာရုံပြုသလား၊ အထက် အာရုံပြုသလား။
ဖြေ။ ။ အောက်အာရုံပြုပြီး တက်ပါတယ် ဘုရား။
ထိုအခါဆရာတော်က"ဟင်…ဘယ့်နှယ်မဟုတ်တာ၊အထက်တက်တာဘာ့ကြောင့်အောက်အာရုံပြုရမှာတုံးဗျ"ဟုဆို၍ ရှင်ကဝိက ….
"တပည့်တော်ဥပမာနဲ့ လျှောက်ပါ့မယ်ဘုရား၊ ဟောဟိုနားမှာမစင်ပုံကြီးရှိတယ်။အဲဒီမစင်ပုံကြီးထဲကျသွားမှာ စိုးလို့အထက်တွယ်တက်ရတာပါ၊အဲသလိုပါပဲ၊ အောက်ကိုအာရုံပြုပြီးအထက်ကိုတွယ်တက်ရခြင်း ဖြစ်ပါတယ် ဘုရား"ဟု ပြန်၍ လျှောက်ထားသဖြင့် ကျေနပ်တော်မူသွား၏။
"အဲဒီတုန်းကဆရာတော်များက ရှေ့ဆက်မမေးလို့၊ မေးရင် အရူပဘုံမှာ နတ္ထိဘောပညတ်မရှိလို့ စာကဆိုထား တယ်။ ပညတ်ကိုလည်းအာရုံပြုတယ်လို့ ဆိုတယ်၊ဘယ်လိုပညတ်ကိုဘယ်ပုံအာရုံပြုသတုံးလို့ မေးမယ်ဆိုပါ တော့။ ဒီတော့"မရှိပညတ်ကိုအာရုံပြုတယ်"လို့ဖြေလိုက်မှာပဲ။မရှိတာကို ဘယ်လိုအာရုံပြုသတုံးလို့ ထပ်မေးမယ် ဆိုရင်ပစ္စည်းတစ်ခုကို ပြပြီးဒီမှာကြည့်စမ်း၊ မြင်တယ်မဟုတ်လား၊ ဝှက်ထားလိုက်ပြီ၊ ရှိသေးရဲ့လား၊ မရှိတော့ဘူး။ မရှိပေမယ့် စောစောက မြင်ဖူးတာကိုအာရုံပြုကြည့်စမ်း၊ အာရုံပြုလို့ရတယ် မဟုတ်လား၊ "အဲသလိုမရှိ ပညတ် ကိုအာရုံပြုတယ်လို့ ဖြေလိုက်မှာပဲ"ဟု ဦးကဝိကိုယ်တိုင် တစ်ချိန်က ဟောပြခဲ့ဖူး၏။
...............

ရှင်ကဝိ ရဟန်းဘောင်တက်၍ သာသနာပြုခြင်း
ယင်းသို့ရှင်ကဝိအားစာပေကျမ်းဂန်နှင့်စစ်ဆေးပြီးနောက် ရေလယ်ဆရာတော်သည်ရှင်ကဝိအားရဟန်းပြုရန်တိုက် တွန်းတော်မူ၏။
"တပည့်တော်လည်း စာကမတတ်၊သင်လည်းမသင်လိုတော့ပါ။ တပည့်တော်ရပြီးတရားကိုသာ နှလုံးသွင်းနေချင် ပါတယ်။ ပဉ္ဇင်းမတက်လိုပါဘုရား" ဟု ငြင်းဆိုနေရာ ရေလယ်ဆရာတော်က …..
"ဦးကဝိ၊ဝိနည်းသင်ဖို့မလိုပါ၊ ကျုပ်တို့ပြောစကားနားထောင်နေလျှင်ပြီးရောပေါ့၊ ရဟန်းပြုတဲ့အကျိုးဟာ အင်မ တန်ကြီးပါတယ်။ ဦးကဝိလိုပုဂ္ဂိုလ်မျိုး ရဟန်းဘောင်တက်ပြီး ရဟန်းတစ်ပါးလောက် ဖြစ်စေ၊ သိမ်တစ်လုံး လောက်ဖြစ်စေ ဆောင်ရွက်ပေးရလျှင် အလွန်အကျိုးများသွားနိုင်ပါတယ်" ဟု တိုက်တွန်းတော်မူသည်။
ဦးကဝိကလည်းသဘောတူ၍ ၁၂၈၂ခုနှစ် တပေါင်းလပြည့်ကျော်၁၂ရက် တနင်္လာနေ့ညနေ လေးနာရီကိုးမိနစ် အချိန်၊ယင်းကျောင်းရှိခဏ္ဍာသိမ်၌ ဟင်းရန့်ကန်ဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရေလယ်ဆရာတော်၊ ညောင်လွန့် ဆရာတော်များ ဦးစီးကာ သံဃာတော် တစ်ကျိပ်ကျော်တို့က ဥပသမ္ပဒါဘိသေမင်္ဂလာ ရဟန်းဘိသိက်သွန်းတော် မူကြ၏။ မိတ္ထှီလာမြို့ပွဲစားဦးပေါ၊ ဒေါ်ကျီးညိုတို့ကပဉ္ဇင်းဒကာပြု၍ရှင်ကဝိနှင့်ရှင်ဝိဇယတို့ရဟန်းဘောင်သို့ ရောက် တော်မူကြသည်။
..................

အရိယာဖြစ်ရန် ကျန်သေး၍ စောင့်ကြိုတော်မူခြင်း
ဆရာတော်ဘုရားကြီးကို အမှီရ၍ အရိယာဖြစ်တော်မူကြရသော ပုဂ္ဂိုလ်တို့လည်းမရေတွက်နိုင်အောင်ရှိရာပြီ။ ဆရာတော်သည် ၁၃၀၁ခုနှစ်က တကြိမ်၊၁၃၁၁ခုနှစ်က ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကပင့်၍ တစ်ကြိမ်၊၁၃၁၃ခုနှစ် ဘောက်ထော် စွန်းလွန်းဂူဋ္ဌာန သိမ်သမုတ်ရန် တစ်ကြိမ်၊ ရန်ကုန်သို့ ကြွရောက်ချီးမြှင့်သည်ကို တွေ့ရ၏။
ဆရာတော်၏တရားများ၊နီတိဥပဒေသစကားများမှာ အလွန်မှတ်သားဖွယ် ကောင်းလှပေသည်။အပြည့်အစုံကို "ထေရုပ္ပတ္တိနှင့်သာရဏီယကထာ"စာအုပ်တို့၌ ကြည့်ရှုကြပါကုန်။
အထူးသဖြင့် ဆရာတော်၏သြဝါဒတရား၊ဥပဒေသစကားများကိုဖော်ပြကြရာ၌ ကျမ်းဂန်ပါဠိများကို ကိုးကား၍ အခိုင်အမာပြချင်လွန်းလျှင်မူလစကားများဖုံးကွယ်မသွားရအောင်စီစဉ်ကြရာ၏။ဆရာတော်၏တရားစကားများကို အရင်းကျနိုင်သမျှကျအောင် ဖော်ပြကြပါလျှင် ပို၍ဓမ္မရသရှိပါမည်။ နောက်ထပ်လည်းများစွာ ထွက်ပေါ်လာနိုင် ပေသေးသည်။ မူရင်းကား ဆားဖြူးရန်မလို၊အလိုလိုပင် မြိန်ယှက်လှပါပြီ။
"စာသင်ရန်အခြေအနေမပေး၍စာမတတ်စေကာမူတရားအားထုတ်၍ရနိုင်သည်။အကျွတ်အလွတ်တစ်ကိုယ်တည်း
တောထဲသွား၍အားထုတ်နိုင်မှရသည်မဟုတ်။တကယ်ယုံ၍အဟုတ်လုပ်လျှင်မည်သူမဆိုရနိုင်သည်"ဟူသောသင်
ခန်းစာစာတမ်းကြီးကိုပဋိပတ္တိသာသနာဝင်၌စိုက်ထူတော်မူခဲ့သော"စွန်းလွန်းဂူဆရာတော်ဘုရားကြီး"ကား၁၃၁၄
ခုနှစ်၊ကဆုန်လပြည့်ကျော်ကိုးရက်၊စနေနေ့ညနေ ငါးနာရီ အချိန်တွင် ခန္ဓာဝန်ကို စွန့်တော်မူခဲ့သည်။
ပရိနိဗ္ဗာန်မပြုမီငါးနှစ်ခန့်ကပင်ပရိနိဗ္ဗာန်ပြုမည့်ရက်ကိုကြိုတင်၍အမိန့်ရှိတော်မူခဲ့ရာ(မှတ်သားသူတို့အမှတ်မှား၍
လောမသိ) ရက်မျှသာလွဲသည်ဟု ဆိုကြသည်။
"ငါသေရင်ဘာမှမလုပ်နဲ့။ထိုးထားလိုက်"ဟူသောအမှာစကားအရစွန်းလွန်းဂူကျောင်း၌ပင်ဂန္ဓကုဋိသံသရာအေးစေတီတည်ကာ ပကတိအသွင် မပြောင်းသောအလောင်းတော်ကိုလည်း ယခုတိုင် ဖူးမြှော်နိုင်ကြ၏။
ပရိနိဗ္ဗာန်ပြုခါနီး နောက်ဆုံးစကားအနေဖြင့်"အရိယာတွေဖြစ်ဖို့အများကြီးကျန်နေသေးတယ်"ဟု မိန့်တော်မူရာ ဆရာတော်၏ ရုပ်ကလာပ်သည်ကြွင်းကျန်နေသေးသော ဆရာတော်၏ ဝေနေယျများကို ဆိုင်းငံ့စောင့်ကြိုတော် မူနေဟန်ရှိစွတကား...
……………
မှန်ပါတယ်။ ဦးကျော်ဒင်လို့လူနာမည်တွင်တဲ့ စွန်းလွန်းဆရာတော့်အကြောင်းကို အကြိမ်ပေါင်းများစွာ ကျုပ်ဖတ်ခဲ့ ဘူးပါတယ်။ ဓမ္မာစရိယဦးဌေးလှိုင်ရဲ့ ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများဆိုတဲ့စာအုပ်ကို ကျုပ်တို့ ဘာသာဝင်တိုင်းလိုလို ဖတ်ဘူးကြမှာပါ။ သို့သော်ကျုပ်သိတာကဒိထက်နည်းနည်းပိုပြီး ထူးခြားတယ်လို့  ပြောနိုင်တယ်ဗျ။
(ဆက်လက်ဖော်ပြပါမည်။)

…………………………

(မင်းဒင်ရေးသည်)

ဖြစ်ပျက်ရှာပုံတော်ခရီးသည် (၄)

$
0
0

၎။ သေလမ်းကို ရွေးခဲ့သူ
ကျနော်နှင့်ကိုသက်ခိုင် နှစ်ယောက်တည်းကျန်ခဲ့သောအဆောင်ကား တိတ်ဆိတ်လျက်ရှိသည်။ဘုတ်ဆင်းချိန် ဖြစ်၍ အဆောင်အဝင်အထွက်တံခါးမကြီးကို အကျဉ်းစခန်းထုံးစံအတိုင်း သော့ခတ်ထားသဖြင့် လူဝင်လူထွက် မရှိချေ။ တခါတရံခပ်ဝေးဝေးလယ်ကွင်းပြင်ကြီးမှ အကျဉ်းသားအချို့၏ ဆူဆူညံညံအသံနှင့် အကျဉ်းဦးစီးဝန်ထမ်း တို့၏ အော်သံ ငေါက်သံတို့ကား လေနှင့်အတူအဆောင်ပေါ်သို့ ရောက်လာတတ်၏။ဖိုကြီးနှင့် ထောင်မှူးအိမ်ဖက် များတွင်လည်း အလားတူတိတ်ဆိတ်ငြိမ်သက်လျက်။ဖိုကြီးတာဝန်ခံကိုအောင်ကြည်တယောက် လက်ပစ်ပိုက် ကွန်တဖုံနှင့် ချောင်းစပ် မှာ ငါးရှာချိန်နေချိန်ဖြစ်လေသည်။
ကိုသက်ခိုင်ကားသစ်သားနံရံကိုကျောမှီရင်းကျနော့်ကိုမကြည့်ဘဲ ရှေ့တူရူကိုသာအာရုံစိုက်ရင်း သူ့ဇာတ်လမ်းကို ဆက်လျက်ရှိသည်။ သူသည်ပတ်ဝန်းကျင်နှင့်အကျဉ်းသားဘဝကို မေ့လျော့နေဟန်ရှိ၏။ သူပြောနေဟန်မှာ ဓမ္မကထိကဆရာတော်တပါး စက္ကုနြေ္ဒချကာ တရားဟောနေပုံမျိုးနှင့် ဆင်လှသည်။ ကျောင်းဆရာတယောက် စိတ်ပါလက်ပါ စာရှင်းပြနေပုံနှင့်လည်း တူသည်။ကျနော်ကမူ သူ့ကိုကြည့်ကာ သူ့စကားကို ငြိမ်သက်စွာ နားစွင့် လျက်ရှိ၏။သူ့တရားကို နာနေသူမှာ တစခန်းတည်းနေ ဘဝတူအကျဉ်းသားဖြစ်သည် ဟူသောအချက်ကိုလည်း သူသတိပြုမိပုံမရတော့ချေ။
"ကျုပ်ဆိုတဲ့ကောင်ကလည်း နိုင်ငံရေးဆိုတဲ့ ကိစ္စတွေမှာ တောင်စပ်စပ်၊မြောက်စပ်စပ် ပါခဲ့ဘူးသေးတယ်ဗျ။ ရည် ရွယ်ချက်ရယ်လို့မယ်မယ်ရရရှိလှတယ်မဟုတ်ပါဘူး။ မတော်မတရားတာကို လက်ပိုက်ကြည့်မနေချင်ဘူး။သူများ တိုင်းပြည်တွေ တိုးတက်သလို ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကြီးပွားတိုးတက်စေချင်တယ်။ ဒီလောက်ပါပဲ။ နိုင်ငံ
နဲ့ လူမျိုးအတွက် ဘဝတခုလုံးရင်းပြီး လုံးပန်းခဲ့တာမျိုးလည်း မရှိခဲ့ပါဘူး။ ၁၉၈၈အရေးအခင်းကာလမှာ ကျုပ် ယုံ ကြည်သလို လုပ်ခဲ့တဲ့ကိစ္စတခုအတွက် ဖမ်းတာဆီးတာ ခံခဲ့ရဖူးတယ်။
လွန်ခဲ့တဲ့၁၅နှစ်ကျော်လောက်ကပေါ့ဗျာ။ ထောက်လှမ်းရေးကနေ နိုင်ငံရေးပုဒ်မ ၁၇(၁)တို့၊ ၅(ည)တို့နဲ့ ဖိတ်ခေါ် စစ်ဆေးခံရပြီး သူတို့ကျေနပ်လောက်ပြီဆိုမှ ပြန်ခွင့်ပေးလိုက်တော့ ကျုပ်လည်းမိသားစုစီးပွားရေးဘက် ပြန်လှည့် ခဲ့တယ်။မြင်းခြံဘက်က ကုန်သည်တယောက်၊ ဆပ်ပြာချက်တဲ့ ဖွဲနုဆီတွေလိုချင်တယ်ဆိုလို့ ရန်ကုန်မှာလေလံဆွဲ
ပြီး တပည့်တွေတရုံးရုံးနဲ့ မြင်းခြံဘက်ကိုတက်ရောင်းကြရောဆိုပါတော့။ မြင်းခြံမြို့ခံ၊ကုန်သည်လက်ထဲ ပစ္စည်းလွှဲ ပြီး အမြတ်တွက်ကြည့်လိုက်တော့ အဲဒီအချိန်က ပါဘလစ်ကာတစီးဘိုးလောက် မြတ်နေတယ်။ ဒီတော့ထုံးစံ အတိုင်းပါလာတဲ့ တပည့်တွေအပြင် မြင်းခြံကကုန်သည်တစုနဲ့ပါ နေ့ရော၊ညရော အရက်လေးတမြမြ လုပ်တော့ တာပေါ့။ငွေယားလေးနဲ့ဆိုတော့ ရန်ကုန်မပြန်နိုင်သေးဘူး ဖြစ်နေတာပေါ့ဗျာ။
တမနက်ပေါ့။ကျုပ်တို့မောနင်းပက်ရာက အရှိန်လွန်ပြီးမနက်၁၀နာရီလောက်မှာတင်တော်တော်မူးကုန်ကြတယ်။ ဘယ်ကဘယ်လို စကားစမိမှန်းတောင်မမှတ်မိတော့ပါဘူး။သောက်ဖော်သောက်ဖက် မြင်းခြံမြို့ခံတယောက်က "ခင်ဗျားရောက်တုန်း စွန်းလွန်းဆရာတော်ရုပ်ကလာပ်ကို ဖူးသွားအုံး။ဒီနေ့တော့ ခင်ဗျားမူးနေပြီ၊ နောက်နေ့ သူ
လိုက်ပို့မယ်"တဲ့။ ကျုပ်ကလည်းငမူးကို မူးတယ်ပြောတော့ ဘယ်ခံချင်ပါ့မလဲ။"ဘယ်ကလာ ဒီလောက်နဲ့ မူးရမှာ လည်းဗျာ။စွန်းလွန်းဆရာတော့်အကြောင်း ကျုပ်ဖတ်ဖူးတယ်။ခင်ဗျားထက်တောင် သူ့အကြောင်း ကျုပ်ကပိုသိ သေး" ဘာညာနဲ့ အမူးသမားထုံးစံအတိုင်း ရစ်ပြီးလိုက်ပို့ခိုင်းတော့ ဘယ်လိုရောက်သွားမှန်းတောင် မသိပါဘူး။ ဆရာတော့်ရုပ်ကလာပ်ရှိတဲ့ ကျောင်းကိုရောက်သွားပါလေရောဗျာ။အဲဒီကျောင်းရဲ့တည်နေရာတို့ အကျယ်အဝန်း တို့ကို ကျုပ်လုံးလုံးမမှတ်မိဘူးဗျ။ ကျုပ်မျက်စိထဲမှာ စွဲထင်ကျန်ရစ်ပြီးသေချာမှတ်မိနေတာ တခုကတော့ဘုန်း တော်ကြီးတပါးရဲ့ ခြောက်သွေ့နေတဲ့ အလောင်းရုပ်ကလာပ်ဟာ ရင်ဆို့လောက် အမြင့်ရှိတဲ့ကုတင် ညောင် စောင်းတခုပေါ်မှာ ပက်လက်ပုံစံရှိနေတာကိုပါပဲ။ အုပ်ဆောင်းလိုပုံစံ မှန်သားပါးပါး ခေါင်းတလားအဖုံးနဲ့အုပ်ထားပါတယ်။
'ဒကာကြီးက တခြားမြို့က ထင်ပါရဲ့"ဆိုတဲ့ နောက်ဖက်နားကအသံကြားတော့မှ ကျုပ်ဘေးမှာဘုန်းတော်ကြီးတပါး
ရောက်နေတယ်။သက်တော်ငါးဆယ်ဝန်းကျင်လောက်ရှိမယ်။ကျုပ်လည်းကိုယ်ရှိန်သတ်ပြီးတင်ပါ့ဘုရားလုပ်ရတာ
ပေါ့။
"ဘယ်လိုဆေးဝါးမျိုးမှ ထိုးနှံထားတာ၊သွင်းထားတာမဟုတ်ဘူးဒကာကြီး၊ဆရာတော်ရဲ့ အကျင့်သီလနဲ့အဓိဌာန်ကြောင့် မပုပ်မသိုးရှိနေတာ၊ဘုန်းကြီးတို့ဆရာတော့်ကို တလတခါဆိုသလို ခြေသည်းလက်သည်းတွေ ညှပ်ညှပ် ပေးရတယ်၊လူကောင်းပကတိတွေလိုပဲ ရှည်ရှည်လာလို့ ၊ဆံပင်တွေလည်း ရိတ်ပေးရတယ်" ဆိုပဲဗျ။ ကျုပ်သေချာ စေ့ စေ့စပ်စပ်အနီးကပ်ထပ်ပြီး စူးစမ်းလိုက်ပါတယ်၊ဆရာတော်ရဲ့ ခြောက်သွေ့နေတဲ့ အလောင်းဟာ အပြာရောင် အနည်းငယ်စွက်နေတဲ့ခပ်မှိုင်းမှိုင်းအရောင်ဖြစ်နေပါတယ်။လက်မောင်းက အကြောမျှင်တွေကို ထင်ထင်ရှားရှား မြင်နေရပါတယ်။ဆေးဝါးတမျိုးမျိုးနဲ့ မပုပ်သိုးအောင်လုပ်ထားတာမဟုတ်ဘူး ဆိုတာသိသာလှပါတယ်။ ကျုပ်က သေချာစပ်စုလိုက်ပြန်တော့ ဆရာတော်ရဲ့ညာဘက်ခြေသကြွယ်တချောင်းဟာ ပြတ်ထွက်သလို ဖြစ်နေတာကို တွေ့ရပါတယ်။
"အရှင်ဘုရား ဆရာတော့်ခြေညှိုးက ဘာဖြစ်တာပါလဲ ဘုရား" လို့ ကျုပ်က လျှောက်လိုက်တော့....
"လူမသမာတွေပေါ့၊ဒကာကြီးရာ၊လောကီအစီအရင်တွေအတွက်အစွမ်းထက်တယ်ဘာညာဆိုပြီးလုပ်သွားကြတာ
ပေါ့။ဒါကြောင့်မှန်ခေါင်းအုပ်ထားရတာပဲ။"လို့ပြန်မိန့်တယ်ဗျာ။ဒီမှာတင်ကျနော်လည်းနည်းနည်းအထွန့်တက်လိုက်
မိတယ်။
"အရှင်ဘုရားတပည့်တော်ကော မှန်ခေါင်းဖွင့်ပြီးကြည့်လို့မရဘူးလားဘုရား ၊ တပည့်တော်ကရန်ကုန်ကမို့ရောက် ခဲလို့ ပါ။" ဆိုတော့အဲဒီဘုန်းတော်ကြီးက ..
"ခါတိုင်းရပါတယ်။အခုသော့ကိုင်တဲ့ဘုန်းကြီးက ရန်ကုန်ကိုကြွသွားလို့"တဲ့။ ဒီတော့ဆရာတော့်ရုပ်ကလာပ်ကို လက်နဲ့ကိုင်ကြည့်ဖို့ အခွင့်မသာခဲ့ဖူးဆိုပါတော့။ အဲဒီဘုန်းတော်ကြီးရဲ့ရှေ့မှာရပ်နေတုန်း ကျုပ်ခေါင်းထဲမှာ ဆရာတော့်အကြောင်းဖျတ်ကနဲ သတိရလာပြန်တယ်။ဘာတဲ့ မောင်ရင်ပေါ်ချောက်။ မေးခွန်းတစ်ခု ကျုပ်ပါးစပ် ကနေရုတ်ကနဲ ထွက်သွားပြန်တယ်။
"အရှင်ဘုရား မောင်ရင်ပေါ်ချောက်ဆိုတာ တော်တော်ဝေးသလား"ဆိုတော့ ဘုန်းတော်ကြီးက ကျုပ်မျက်နှာ ကိုသေချာကြည့်လိုက်ပါတယ်။ အရက်နံ့ရတာလည်း ဖြစ်နိုင်သလို မျက်နှာနီနေတာကြောင့်လည်း ဖြစ်နိုင်ပါ တယ်။ဘုန်းတော်ကြီးက ဖြည်းဖြည်းချင်းမိန့်ပါတယ်။
"နေသိပ်ပူလွန်းတယ် ဒကာကြီး။သိပ်တော့မဝေးဘူး၊တတိုင်(နှစ်မိုင်)ကျော်လောက်တော့ ရှိမယ်။ဒကာကြီးသွား လို့ ဖြစ်ပါ့မလား၊ သွားချင်ရင် ကျောင်းသားလေးတွေထည့်ပေးလိုက်မယ်" တဲ့ဗျာ။"ရပါတယ် အရှင်ဘုရား ၊တပည့် တော်သွားနိုင်ပါတယ်။ ကျောင်းသားလေးတယောက်သာ ထည့်ပေးပါ"ဆိုပြီး စိတ်မြန်လက်မြန် ချက်ချင်းသွားဖို့ လုပ်တော့တာပါပဲ။ ကျုပ်ကလည်းဇွတ်သမားဆိုတော့တိုတိုပြောရရင် မောင်ရင်ပေါ်ချောက်ဆီကို ရောက်ဖြစ်ခဲ့ တော့တာပါပဲ။ ဟုတ်ပါတယ်။မောင်ရင်ပေါ်ချောက်ဆိုတာ စွန်းလွန်းဆရာတော်လူဝတ် ကြောင်ဘဝမှာပဲ တရား ထူး ရခဲ့တဲ့နေရာပါ။ပဲခင်း၊နှမ်းခင်းတွေကိုဖြတ်ပြီး သိပ်မမြင့်လှတဲ့ တောင်တခုကိုရောက်ပါတယ်။တောင်ဘေးမှာ သဲချောင်းလေးရှိပါတယ်။ အဲဒီသဲချောင်းလွန်ရင် ဟိုဘက်တောင်ကုန်းတခုပေါ်မှာ ဘုန်းတော်ကြီးကျောင်း တ ကျောင်း ရှိပါတယ်။ မောင်ရင်ပေါ်ချောက်ဟာ အဲဒီနေရာပါပဲ။ကျုပ်စိတ်ထဲမှာဆရာ တော်ဟာပျံလွန်တော်မူသည့် တိုင် အလောင်းကမပုပ်မသိုးရအောင် ဘယ်လိုများကျင့်ကြံခဲ့သလဲဆိုတဲ့ သိချင်စိတ်ကကြီးစိုးနေပါတယ်။ တောင် ကုန်းလေးပေါ် တက်လာနေရင်း တောင်ခါးပန်းတနေရာရောက်တော့ လိုက်ပြတဲ့ကျောင်းသားလေးက "ဒီနေရာ ပဲဗျ။ ဆရာတော် တရားထိုင်ခဲ့တဲ့ဂူ"ဆိုပြီး တောင်ခါးပန်းဘေးကလိုဏ်ခေါင်းပေါက်ထဲဝင်သွားတော့ ကျုပ်လည်း နောက်ကနေ ဝင်လိုက်သွားတယ်။အထဲမှာအေးစိမ့်ပြီး မဲမှောင်နေပါတယ်။ လူတရပ်ကျော်လောက် သာမြင့်တဲ့ တောင်စောင်းလိုဏ်ခေါင်းတခုပါ။ဆက်သွားရင် တောင်စောင်းရဲ့အခြားတဖက်ကို ပြန်ရောက်ပါ တယ်။ ကျုပ်စိတ်ထဲမှာ ဒီနေရာဟာ တော်တော်ငြိမ်သက် အေးချမ်းတဲ့နေရာပါလား။ ငါကောဒီလိုနေရာမျိုးမှာ တရားကျင့်ခဲ့ရင်တရားထူးရနိုင်လေမလားဆိုတဲ့အတွေးစတွေဟာ အဆက်မပြတ်ဝင်လာနေခဲ့ပါတယ်။ ဒါပေမဲ့ ဗျာ။လောကကြီးဟာ တော်တော်စွဲမက်ဘို့ကောင်းခဲ့တာကလား။ကျုပ်အတွေးဟာ အဲဒီမှာတင် တစခန်းရပ် သွားခဲ့ပါတယ်။ဒါတွေဟာ မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး ကျုပ်လည်း အသောက်မပျက်၊ အလည်မပျက်၊ အရှုပ် မပျက်ပဲ နေလာလိုက်တာအခုထောင်ထဲရောက်၊ရဲဘက်ရောက်၊ သေခါနီးပြီဆိုမှ ခေါင်းထဲမှာ ပြန်ပေါ်လာတော့ တာပါ။ဟုတ်ပြီ။သေရင်တောင် မပုပ်သိုးဘူး၊တရားထူးကို လူအဖြစ်နဲ့လည်း ရတယ်။
ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက၊ဒါဟာ ပုံပြင်လိုလိုဒဏ္ဍာရီလိုလို ဇာတ်လမ်းမျိုးလည်းမဟုတ်ပြန်ဘူး။ မျက်မြင်ကိုယ်တွေ့၊မပုပ်မသိုးသေးတဲ့ ရုပ်ကလာပ်၊တရားထိုင်တဲ့ဂူ၊ဆရာတော်ပျံလွန်တော်မူခဲ့တာတောင် နှစ် အားဖြင့် ဆယ်ဂဏန်းလောက်သာရှိသေးတာ။သူ့ဘဝသူ့အကြောင်းကို ပြည့်ပြည့်စုံစုံမှတ်တမ်းရှိတယ်။ ဆရာ တော်ဟာ အတန်းပညာချို့တဲ့တယ်။ဘုရားစေတီတခုမှာ ကပ်လှူထားတဲ့ ဆီမီးတွေ တဖြစ်ဖြစ်မြည်ရင်းလောင် ကျွမ်းနေတာကို ကြည့်မိရာက သေရမှာကြောက်လန့်တဲ့စိတ်နဲ့ စပြီးတရားရှာခဲ့တယ်။တခွန်းစနှစ်ခွန်းစ ပြောပြ ရုံနဲ့ အသက်သေချင်သေပါစေဆိုတဲ့မဟာယောက်ျားကောင်း တွေရဲ့ထုံး၊နှလုံးမူပြီးကျင့်ခဲ့တယ်။နောက်ဆုံး တော့ သူ တရားထူးရခဲ့တယ်။အဲဒီအတွေးတွေ တစဉ်တတန်းကြီးပေါ်လာပြီးတဲ့နောက်မှာ ကျုပ်ဟာကျုပ်ဖတ်ဘူးခဲ့၊ ကြုံဘူးခဲ့တဲ့လူအမည်ဦးကျော်ဒင်လို့ခေါ်တွင်တဲ့ စွန်းလွန်းဆရာတော်ရဲ့လမ်းကို ကျုပ်ရဲ့သေလမ်းအဖြစ် ရဲရဲကြီး ရွေးလိုက်ပါတော့တယ်။
ငါဟာ ယောက်ျားစင်စစ်ဖြစ်တယ်။ဒီလမ်းဟာ သူတော်ကောင်းတွေရဲ့ လမ်းဖြစ်တယ်။အရှုံးမရှိတဲ့လမ်းဖြစ်တယ်။
မောင်ရင်ပေါ်ချောက်ကို ငါမသွားနိုင်ပေမဲ့ ဒီရဲဘက်စခန်းမှာပဲ ငါကျင့်မယ်။သေခြင်းတရားဟာ မင်းလားဟေ့ လို့
ကျုပ်စိတ်ထဲမှာ အထပ်ထပ်ကြွေးကြော်ပြီး အဲဒီနေ့မှာပဲကျုပ်ဖြစ်ပျက်ဆိုတာကိုတွေ့လာမဲ့လမ်းမပေါ်ကိုတက်ခဲ့ပါ
တော့တယ်။ကျုပ်ဆုံးဖြတ်ချက်ချပြီးတာနဲ့ သိမ်းထားတဲ့အရက်ပုလင်းတွေကိုထုတ်လိုက်တယ်။နေဦး၊ ဒီနေရာမှာ အရက်ပုလင်းတွေအကြောင်းပြောရအုံးမယ်။ကျုပ်စိတ်ထဲမှာ အိပ်မရတဲ့ညတွေများလာတဲ့အခါ သောကသိပ်ဖိစီး ရာကနေငါရူးများသွားမလားဆိုပြီးအမြဲတမ်း တကြောင့်ကျကျဖြစ်နေခဲ့တယ်။ အရက်ကလေးဆောင် ထားရင် စိတ်ငြိမ်သွားအောင် လုပ်နိုင်မယ်ဆိုပြီး စိတ်ထဲမှာစွဲနေခဲ့တယ်ဗျာ။ဒါကြောင့်သွားလေရာမှာ အရက်ပုလင်း ပါ အောင်ကိုယ်နဲ့မကွာ ဆောင်ထားလေ့ရှိတယ်။ ထောင်ပါဆိုနေမှ အရက်ကိုသိပ်တင်းကျပ်တာပေါ့ဗျာ။ သို့သော် ကျုပ်အနေအထားနဲ့ ငွေကြေးပံ့ပိုးနိုင်မှုကို စခန်းတာဝန်ခံထောင်မှူးက ရှိန်နေတာကြောင့် မသိချင်ယောင် ဆောင်နေပုံရပါတယ်။
ကျုပ်သိမ်းထားတာကလည်း ပုလင်းကြီးတွေမဟုတ်ပါဘူး။စီပလပ်(Cplus)လို့ခေါ်တဲ့ ပလပ်စတစ်အချိုရည်ပုလင်း ပုလေးတွေနဲ့ထည့်သိမ်းထားတာ။မိသွားခဲ့ရင်လည်း ဝိနည်းလွတ်အောင်လည်း ပါတာပေါ့။အရက်တပုလင်းကို တလုံးလို့ခေါ်တော့ အဲဒီစီပလပ်တဗူးဟာ တစိတ်နီးပါးရှိတယ်ဆိုပါတော့။ တခါသောက်အနေတော်ပဲ။ သုံးဗူး လောက်ဆို ကျုပ်ရေချိန်ကိုက်တယ်။စားလို့သောက်လို့မျိုကျပြီး နည်းနည်းအိပ်နိုင်တယ်ပေါ့။ အရက်ဖြတ်ဖို့ ဆုံး ဖြတ်ပြီးတာနဲ့တပြိုင်နက် အဲဒီနေ့က ဘုတ်ဆင်းရာကနေ ပြန်လာတဲ့မင်းနောင်ဆိုတဲ့စစ်ပြေးကိုခေါ်ပြီး မင်းပဲ သောက်လိုက်တော့ဆိုပြီးစွန့်ကြဲလိုက်ရောဗျာ။မင်းနောင်ဟာ ကျေးဇူးတင်လွန်းလို့ထိုင်တောင်ရှိခိုးမတတ်ပဲ။
သူကမေးသေးတယ်။ဆရာကြီးမလုပ်တော့ဘူးလားတဲ့။ကျုပ်လည်းဘာမှပြန်မပြောတော့ဘူး။ကြည့်လုပ်အုံးထောင်
မှူးသိလို့ခြေကျင်းမိနေအုံးမယ်လို့ သတိပေးလိုက်ရတယ်။ အားလုံးပေါင်း ရှစ်ဗူးလောက်ရှိမယ်။ဒီနေရာမှာကျုပ် တခုပြောရအုံးမယ်။ကျုပ်ဘာကိုဆုံးဖြတ်ထားတယ်၊ဘာလုပ်မယ်ဆိုတာ ဘယ်သူ့ကိုမှဖွင့်မပြောခဲ့ဘူး။ အဆုံးပြော ရရင် နှစ်ပတ်တခါ ထောင်ဝင်စာလာတွေ့တဲ့ဇနီးဖြစ်သူကိုတောင် ဖွင့်မပြောဘူးဗျာ။ကျုပ်ရင်ထဲမှာဆုံးဖြတ်ချက် က သိပ်ခိုင်မာနေပါပြီ။ငါဘာမှမတတ်ဘူး။သို့သော် တကယ်လုပ်ရင်ဖြစ်ရမယ်။တကယ်ဖြစ်အောင်လည်း ငါလုပ် မယ်လို့ သာထပ်တလဲလဲ သန္နိဌာန်ချနေခဲ့တယ်။
တဆက်တည်းပဲ ကျုပ် အကောင်းဆုံးပြင်ဆင်မှုတွေကို ခေါင်းအေးအေးနဲ့စီစဉ်တယ်။လမ်းလယ်မှာ ခါးပြတ်မသွား
အောင် ရေရှည်လေ့ကျင့်နိုင်အောင်ဇယားဆွဲတယ်။ဥပမာအိပ်ဆေးတွေကိစ္စ။နေ့စဉ်တညတညမှာ သောက်ရတဲ့ အိပ်ဆေးက စုစုပေါင်းဆယ့်သုံးလုံးရှိတယ်။ရောင်စုံဆေးတွေ၊အလုံးရော၊အပြားရော၊ လေးထောင့်တွေရော၊ သုံး ထောင့်တွေရော၊စုံလို့ပေါ့ဗျာ။
ကျုပ်ကဆေးတွေကို အပြင်းအပျော့ရွေးတယ် အမျိုးအစားခွဲတယ်။ အပြင်းဆုံးဆေးရဲ့ ဆေးပြားတဝက်ကိုနေ့တိုင်း လျှော့ဘို့ဆုံးဖြတ်လိုက်တယ်။ ပုံမှန်လျော့သွားနိုင်ခဲ့ရင် တလလောက်ဆို ကျုပ်ဆေးပြတ်ပြီပေါ့။ အရက်ကိုတော့ ဘယ်နည်းနဲ့မှ မသောက်တော့ဘူးလို့ စိတ်ဆုံးဖြတ်လိုက်တယ်။ဟုတ်ပြီ။ ဘယ်လိုစမလဲ။ ကျုပ်နားလည်သလိုပဲ စမယ်။မသိရင်မေးမယ်။ဘယ်သူ့ကိုမဆို ကြီးသည်ငယ်သည်မရွေးကျုပ်တပည့်ခံမယ်။
ပထမဆုံးနေ့မှာ အချိန်ဘယ်လောက်ကြာကြာ လေ့ကျင့်မလဲဆိုတာကို ကျုပ်ကိုယ်ကျုပ်အကဲခတ်ပြီး ဆယ့်ငါး မိနစ်လို့ဆုံးဖြတ်တယ်။ သို့သော်အဲဒီဆယ့်ငါးမိနစ်မှာ သေချင်သေပေ့စေ။ သေလောက်တဲ့ကိစ္စ ဖြစ်ရင်တောင် ငါမရပ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ မှန်ပါတယ်။ ခင်ဗျားအခုနားထောင်နေတော့ ဆယ့်ငါးမိနစ်များကွာလို့ ရယ်စရာ ဖြစ်ပါ လိမ့်မယ်။စိတ်ရောကိုယ်ပါ ထောင်းထောင်းကြေနေတဲ့ကျုပ်အတွက်တော့ မလွယ်လှဘူး။ ဘေးလူတွေ အားလုံး အိပ်တဲ့အချိန် ည၁၀နာရီမှာကျုပ်အလုပ်စတယ်။
ဘယ်လိုစသလဲ။ဟုတ်လား၊ဦးကျော်ဒင့်နည်းပေါ့ဗျာ။ဦးကျော်ဒင်က တရားမှတ်ချင်တယ်။ မမှတ်တတ်လို့ပါဆို တော့ စာရေးကြီးဦးစံသိန်းဆိုတဲ့လူက ဝင်လေ။ထွက်လေမှတ်ပေါ့ဗျာလို့ပြောတာနဲ့ ဦးကျော်ဒင်က ကုလားထိုင် ပေါ်သွားပြီး ဟင်း။ဝင်တယ်။ဟင်း။ထွက်တယ်။စမှတ်တော့တာပေါ့။ကျုပ်လည်းဒီနည်းပေါ့။နောက်သူ့သူငယ်ချင်း တယောက်က ကိုကျော်ဒင်တဟင်းဟင်းနဲ့ ဘာလုပ်နေသလဲဆိုတော့ တရားမှတ်တာပေါ့ဗျာ တဲ့။ဒီတော့သူက သိနေအောင်လည်း အသိလိုက်ရတယ်ဗျဆိုလို့ ထွက်တဲ့လေ၊ ဝင်တဲ့လေတိုင်းကို သိအောင်လုပ်ခဲ့တယ်တဲ့။ ကျုပ် လည်း ဒီနှစ်ခွန်းနဲ့ပဲစလုပ်တယ်။ဘုရားရှစ်ခိုးကတော့ လူတိုင်းလိုသြကာသပေါ့ဗျာ။ငါးပါးသီလကလည်း သူလို ကိုယ်လိုယူ လိုက်တာပါပဲ။သို့သော်ကျုပ်ဟာ ယူထားတဲ့သီလကို ခိုင်ခိုင်မြဲမြဲထိန်းဘို့ ဆုံးဖြတ်ပြီး လုပ်နေတာဗျ။ ဒုက္ခကတော့ ငါးမိနစ်မပြည့်ခင်စတော့တာပါပဲ။ငယ်ငယ်က ခါးနာထားတဲ့ဒဏ်ကပြန်ပေါ်လာတယ်။ ခါးထဲ ကနေမခံနိုင် အောင် နာလာတယ်။အရင်တုန်း က သောက်ခဲ့တဲ့အရက်တွေ။ဆေးတွေရဲ့ဒဏ်ကြောင့်ထင်ပါရဲ့။
..............
ပါးစပ်ထဲက သွားရည်တွေတမြားမြားကျလာတယ်။ကွင်းလည်ခေါင်မှာဆောက်ထားတဲ့ တဲတန်းလျားရှည်ကြီးထဲ မှာ လူတရာနီးပါးလောက် ထားတာဆိုတော့ပူလွန်းလို့မခံနိုင်ဘူး။ ကျုပ်တကိုယ်လုံးဟာ သွားရည်တွေ၊ချွေးတွေ နဲ့ရွှဲနစ်နေတော့တယ်။ ဝတ်ထားတဲ့ ပုဆိုးပေါ်ကိုစီးကျနေတဲ့ ချွေးတွေသွားရည်တွေကို ကျုပ်ဂရုမစိုက်ဘူး။ ငါ ဒီဆယ့် ငါးမိနစ်လောက်မှ တောင့်မခံနိုင်ရင် ဘာယောက်ျားကောင်းလဲကွာ ဆိုပြီး အားတင်းတယ်။ ပထမနေ့ဟာ
အောင်မြင်စွာပြီးဆုံးခဲ့တယ်ဆိုပါတော့။ တခုပြောစရာရှိတာက အဝတ်အစားတစုံလုံး သွားရည်တွေချွေးတွေနဲ့ ရွှဲ အိုင်နေတာကြောင့် လေ့ကျင့်ခန်းပြီးတဲ့အချိန်မှာ အသစ်တစုံ ပြန်လဲရတယ်။
အဲဒီညကကောင်းကောင်းတော့အိပ်မပျော်ခဲ့ဘူး။မပျော်လည်းကျုပ်သိပ်ဂရုမစိုက်တော့ဘူး။မင်းဖာသာအိပ်ပျော်ပျော်
မပျော်ပျော်လုပ်ရမဲ့အလုပ်တော့မပျက်လေနဲ့ဆိုပြီး ကိုယ့်ကိုကိုယ်ဆုံးမတယ်။ နောက်တနေ့မှာတော့ မိနစ်နှစ် ဆယ်၊နောက်တနေ့ နှစ်ဆယ့်ငါးမိနစ်။ တဖြည်းဖြည်းချင်းချိန်ဆပြီး အချိန်ကိုတိုးတိုးသွားတယ်။ တပတ်လောက် ကြာတော့ နာရီဝက်ခံနိုင်လာတယ်။နာရီဝက်နဲ့ နှစ်ပတ်လောက်ကြာ ခဲ့တယ်ထင်ပါရဲ့။ကျုပ်မှာ ငယ်ငယ်ကတည်း ကအကျင့်တခုရှိတယ်ဗျ။လုပ်မယ်ဆိုရင် ဖြစ်အောင်လုပ်တတ်တဲ့အကျင့်ပေါ့။မဆုတ်မနစ်မလျော့တမ်းလုပ် တတ် တဲ့အကျင့်ရှိတယ်။ဆုံးဖြတ်ထားတာ တခုမပြီးရင်မနားဘူး၊မစားဘူး၊မအိပ်ဘူးဆိုတဲ့စိတ်မျိုးပေါ့။
သုံးပတ်လောက်ကြာတော့ ကျုပ်လုပ်နေတာကို ကျုပ်ကိုယ်တိုင် အားမလိုအားမရဖြစ်လာတယ်။ တနေ့နာရီ ဝက် နဲ့ကွာ၊လိပ်သွားသွားနေသလိုပဲ။ထပ်ပြီးတင်းလိုက်ရင် ကောင်းမယ်ဆိုပြီး နေ့ဖက်မှာပါ အသက်ရှူတာကို သတိနဲ့ စောင့်ကြည့်တယ်။
ဝင်လေ၊ထွက်လေကိုနေ့ဖက်မှာတနာရီ လောက်ရအောင်လူမသိသူမသိမှတ်နေတယ်။ဇနီးလုပ်သူကတောင်မေး
မေးနေတယ်။ရှင်ဘာဆေးတွေသုံးနေပြန်ပြီလဲတဲ့။ကျုပ်ကဘာမှပြန်မဖြေလိုက်ပါဘူး။တကယ်ဆို အဲဒီကာလတုန်း က ကျုပ်စိတ်ထဲမှာ အိပ်ချိန်စားချိန်ကလွဲရင် ကျန်တဲ့အချိန်အားလုံးကို တရစပ်တည်း သိနေအောင် မှတ်လိုက် မယ်ဟဲ့ ဆိုတာမျိုးအထိ စိတ်ကူးခဲ့ဖူးတယ်။ဒါကြောင့် ဘယ်အရာမှ အစွန်းမရောက်စေနဲ့လို့ ကိုယ့်ကိုကိုယ် ပြန်ပြန် သတိပေးနေရတယ်။ ကျုပ်စိတ်ထဲမှာဗျာ၊ ဘယ်လောက်တောင်ထက်သန်နေသလဲဆိုရင် ဒီရဲဘက်စခန်းနဲ့ လေး ငါးမိုင်လောက်ဝေးတဲ့ ကွင်းပြင်ကြီးထဲမှာ ရဲဘက်တယောက်တည်းကို သီးခြားတာဝန်ပေးထားတဲ့ လယ်စောင့် တဲကို သွားပြီး ဧကစာရီကျင့်မယ်ဆိုတဲ့ စိတ်ကူးမျိုး ပေါ်လာတဲ့အထိပါပဲ။
အဲဒီလယ်စောင့်တဲအကြောင်း ဘေးကြယ်ကြီးဦးမြဖေကို မေးမြန်းကြည့်တော့ သွားရေးလာရေး၊ စားရေး သောက် ရေး အခက်အခဲတွေအပြင် မြွေအန္တရာယ်တွေနဲ့ နေဖူးတဲ့သူတော်တော်များများဟာ ကြောင်တောင်တောင် ဖြစ် ကုန်ကြတယ် ဆိုတာနဲ့ ကိုယ့်ကိုကိုယ် ပြန်ဘရိတ်အုပ်လိုက်ရတယ် ဆိုပါတော့။
နောက်ဆယ့်ငါးရက်လောက်ကြာတော့ စခန်းရှေ့မှာ ကျုပ်ပိုက်ဆံနဲ့ ကျုပ်တဲတလုံးထိုးတယ်။ ထောင်မှူးကို ငွေနှစ်
သောင်းပေးပြီးထိုးတာ ကျုပ်အတွက် တော်တော်ဟန်ကျသွားတယ်။စားချိန်အိပ်ချိန်ကလွဲရင် ကျုပ်လေ့ကျင့်ခန်း ကို လွတ်လွတ်လပ်လပ်လုပ်နိုင်သွားတယ်။ ထောင်အလုပ်တွေလား။ကျုပ်က လခပေးပြီး ဘာမှမလုပ်ပဲနေတာ လေ။တခါတခါကိစ္စကြီးငယ်ပေါ်မှ ထောင်ပိုင်တို့ အကျဉ်းဦးစီးကညွှန်မှူးတို့လာမှ နည်းနည်းအနေကျပ်တာပါ။ ဒီလိုနဲ့ တစတစ ကျုပ်အိပ်ပျော်လာတယ်။ ကျုပ်ဘဝမှာ နှစ်နှစ်ခြိုက်အိပ်မရခဲ့တဲ့ညတွေ အများကြီးရှိခဲ့တယ်။ အိပ်မရတဲ့ညတွေရက်ဆက်ဖြစ်တုန်းကဆို နှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်ရရင်သေပျော်ပြီလို့တောင် တွေးခဲ့ဘူးပါရဲ့။
အဲဒီလိုရက်ပိုင်းတွေမှာ လေ့ကျင့်ခန်းဝင်နေတုန်း ညောင်းညာနာကျင်လာတဲ့အခါထိုင်နေတဲ့ပုံစံကို ပြောင်းလို့ ရမရ ကျုပ်သေချာမသိတာနဲ့လွယ်တာနဲ့ ခက်တာဆိုရင် ခက်တာကိုပဲ ရွေးတတ်တဲ့ ကျုပ်ဟာ ပုံစံမပြောင်းတဲ့ လမ်းကို ရွေးလိုက်တယ်။ကျုပ်အရပ်အမောင်းနဲ့ ထိုင်တာကြာလာတော့တဖြည်းဖြည်း ရှေ့ကိုငိုက်ငိုက်ကျလာ တော့တာပေါ့ဗျ။ငိုက်လဲငိုက်လျက်အတိုင်း ဆက်မှတ်တယ်။ငိုက်ရာကနေတဖြည်းဖြည်းကျုပ်နဖူးဟာ ကြမ်းပြင်ကို သွားထိတဲ့အခါမျိုးတောင် ရှိပါ့ဗျာ။ ကျုပ်လည်း မပြင်ဘူး၊အဲဒီအတိုင်း ဆက်မှတ်တာပဲ။
ဒီလိုနဲ့တလလောက်ကြာသွားတယ်ဗျာ။ကျုပ်ကတော့ လေ့ကျင့်ခန်းကို မရပ်မနားလုပ်မြဲပဲ။ကျုပ်တို့စခန်းနဲ့ တမိုင် လောက်မရှိတရှိမှာအကျဉ်းသားတွေ ဈေးဝယ်နေတဲ့ အပျိုကြီးကြည်ကြည်ဌေးရဲ့ ဈေးဆိုင်တဲလေးရှိတယ် မဟုတ် လား။မိုးတွင်းတော့မဖွင့်ဘူး။နွေအခါလယ်ကွင်းမှာ စပါးရိတ်ပြီးချိန်မှလာဖွင့်တာ။
တနေ့ပေါ့ဗျာ။ဆောင်းအကူးမို့ နှင်းကြွင်းနဲ့ နေခြည်ကြားမှာကျုပ်အပျိုကြီးဆိုင်ဘက်ကနေဒီရဲဘက်စခန်းကိုမနက်
ဆယ်နာရီလောက်၊တယောက်တည်းလမ်းလျှောက်ပြန် လာတယ်။ထုံးစံအတိုင်း အသက်ရှူတာတော့ မှတ်လျက် ပဲ။ လမ်းတဝက်လောက်အရောက်၊ကျုပ်စိတ်ထဲမှာကျုပ်ရှူနေတဲ့ လေဟာအရမ်းပေါ့သလို ဖြစ်လာတယ်။ ဟ.. ဘာဖြစ်တာလဲ၊ထူးဆန်းလှချည့်လား။ လေကိုရှူရတာပေါ့ပြီးအသက်မှငါရှူသေးရဲ့လားလို့ စိတ်ထဲမှာသံသယ ဖြစ် လာတယ်။အေးဗျာ။ကျုပ်ဘဝမှာ အသက်ကို အေးအေးနဲ့ဖြည်းဖြည်း မရှူနိုင်ခဲ့တာကြာပါပြီ။ ထောင်ထဲ ဝင်ခါစက ဆိုကျုပ်နှလုံးသားတည့်တည့်ကို သံချောင်းမီးဖုတ်ပြီး ထိုးထားသလိုခံစားခဲ့ရတယ်။
ရှူသွင်းရှူထုတ်တဲ့ လေတိုင်းမှာ နာကျည်းမှု၊ ဒေါသ၊မာန်မာနတွေနဲ့ အမြဲပူပြင်း လောင်မြိုက်နေခဲ့တာကလား။ ဘာလဲ ခင်ဗျားက ဖြစ်ပျက်ကိုတွေ့ပြီလို့ ထင်သွားသလား။မဟုတ်သေးဘူးဗျ။ဒါကအခုမှအစရှိသေးတာ။ အော်။ အိပ်ဆေးတွေကိစ္စလား။ကျုပ်တွက်ထားသလိုတလနဲ့တော့ လုံးလုံးပြတ်မသွားဘူးဗျ။ နောက်ဆုံးလေးလုံးစီ ညစဉ်
သောက်ရတဲ့ အခြေအနေရောက်လာတော့ တနေ့တလုံးလျော့ဘို့ဆိုတာ အခက်အခဲရှိလာတယ်။ ဒီတော့တနေ့ ကို တပြားရဲ့လေးပုံတပုံ(တစိတ်)လျှော့တဲ့နည်းကို သုံးရပြန်တယ်။ဒီနေရာမှာလည်း ကျုပ်ဖြတ်ကျော်ခဲ့တဲ့ ဘဝနဲ့ ဆိုင်လိမ့်မယ်။ကျုပ်ဟာမူးယစ်ဆေးဝါးသမားတော့မဟုတ်ဘူး။ သို့သော်အစုံလုပ်ဘူးတယ်။ အကြောထဲထိုးသွင်း တာတခုပဲမလုပ်ဘူးတာ။
ဘာဖြစ်လို့လုပ်ခဲ့သလဲဟုတ်လား။ကျုပ်ရဲ့စိတ်စွဲရောဂါထင်ပါရဲ့။ကျုပ်က မွေးရာပါစိတ်အစွဲအလန်းကြီးတတ်တဲ့သူ။
တခုခု မြင်ရ၊ကြားရ၊ခံစားရရင် ပေါက်ကွဲခံစားလွယ်တယ်။ ဒီတော့ ဆေးတခုခုသုံးလိုက်ရင်ငြိမ်သက်ပြီးဇိမ်ကျနေ တာကိုသဘောသိပ်ကျတယ်။
နောက်တခုကဆရာကြီး ရွှေဥဒေါင်းအဘိုးရဲ့သြဝါဒကိုတလွဲသုံးနေတာလည်းပါသဗျာ။ဘာတဲ့ ယောက်ျားဆိုတာ စုံမှတဲ့။ အော်..ခင်ဗျားကအဲဒီစကားကိုဆရာကြီးရွှေဥဒေါင်းပြောတယ်လို့အမှတ်မှား နေသလား။မဟုတ်ဘူးဗျ။
တသက်တာအတွေးအခေါ်မှတ်တမ်းမှာ ပြန်ရှာဖတ်ကြည့်ပေတော့။ အမှန်ကသူ့အဘိုးပြောခဲ့တာတဲ့ဗျ။ သုံးခဲ့တဲ့ ဆေးတွေကတော့အစုံပေါ့ဗျာ။အခုခေတ်မှာသုံးနေကြတဲ့ ခေါင်းခါဆေးတို့ဘာတို့၊ကျုပ်တို့ခေတ်တုံးက မပေါ်သေး ဘူး ထင်ပါ့။ကျုပ်တို့ခေတ်မှာ အများဆုံးသုံးတာကတော့ ဖင်ဆီဒိုင်းပဲ။ဒုတိယလိုက်တာက ကွန်မယ်သာဇင်။ နှစ်ခုစလုံး ချောင်းဆိုးပျောက်ဆေးတွေပေါ့။ဘီပီအိုင်ကထုတ်တဲ့ကွန်မယ်သာဇင်ကအရင်လာတာဗျ။သမဝါယမ ဆိုင်တွေက ချောင်းဆိုးပျောက်ဆေးဆိုပြီးခွဲတမ်းထဲမှာထည့်ရောင်းတယ်။ဆိုင်မှာလည်းတင်ရောင်းတယ်။ အိန္ဒိယ ကဝင်တဲ့ ဖင်ဆီဒိုင်းကတော့အပြင် ဈေးကွက်မှာဖောဖောသီသီဝယ်လို့ရတယ်။
ဘာတဲ့ ဖင်ဆီဒိုင်းသောက်တာကို ငါးစားတယ်၊ကွန်မယ်သာဇင်ကျတော့ ကွန်ပစ်တယ်တဲ့။ပေါသလား မမေးနဲ့ ဗျာ။ ကွန်မယ်သာဇင်၊ဖင်ဆီဒိုင်းခေတ်ဦးကဆိုရင် တပုလင်းကို ဗမာငွေလေးငါးကျပ်နဲ့ရတယ်။ ပုလင်းဆိုတာ လစ်ပိုပုလင်းပုံစံတွေပေါ့။ နောင်တော့ဗျာ၊ လူငယ်လူလတ်အများစုက အားပေးလိုက်ကြတာတပုလင်းကိုလေး ထောင်ငါးထောင်ဖြစ်၊မူးယစ်ဆေးဝါးစာရင်းထဲသွင်းခံရတဲ့အထိ ဖင်ဆီဒိုင်းခေတ်ကြီးတခေတ်ဖြစ်ခဲ့တာပေါ့ဗျာ။
ဘာကောင်းသလဲဟုတ်လား။ ကောင်းသလားမမေးနဲ့ဗျာ။ဖင်ဆီဒိုင်းကောကွန်မယ်သာဇင်ကောစိတ်ငြိမ်တယ်ဗျ။
ပိုရှင်းအောင်ပြောရရင်စိတ်ကူးလို့ကောင်းတယ်။သောက်ထားရင်စိတ်ကူးသမျှအားလုံးတကယ်ဖြစ် နေသလိုပဲ။ လူငယ်တွေကြိုက်တာက ဒါသောက်ထားပြီး သီချင်းဆိုတဲ့အခါ၊စကားပြောတဲ့အခါ ဈာန်ဝင်လို့ဆိုပဲ။တချို့ကလည်း
ဒါ လေးလုပ်ထားပြီး ကိုယ်ရိရိသဲ့သဲ့လုပ်နေတဲ့၊ကိုယ်မျှော်လင့်နေတဲ့မိန်းကလေးနဲ့ စကားပြောရင်မိန်းကလေးတွေ
ကကြွေတယ်ဆိုပဲ။အမှန်တော့ ကြွေလို့ကောင်းတယ်ဆိုတာ ငါးစားထား၊ကွန်ပစ်ထားရင် စိတ်ကငြိမ်နေတော့ ကိုယ်ပြောချင်တဲ့ စကားကိုတဖက်မိန်းကလေးရိပ်ပတ်လည်အောင် ပြောထွက်တာကို ဆိုလိုတာပါဗျာ။ ကျုပ် အပါအဝင်ငနဲတော်တော်များများဟာ ကိုယ်တကယ်ခိုက်နေတဲ့ မိန်းမနဲ့တွေ့ရင် ခွေးအလှည်းနင်းတာ များကြ တာကိုး။ ပြောဘို့စိတ်ကူးထားတာကတခြား ပြောတာကတခြားဖြစ်သွားတတ်တာ ဓမ္မတာကိုး။ဒီတော့ မြန်မာ လူငယ်လူတန်းစားမျိုးစုံ၊လူလည်ရောလူရှုပ်ရော၊ အေးအေးဆေးဆေးသမားရော၊ကုတ်ကမြင်းတွေရော၊လက်ဝဲ ယောင်ယောင်၊လက်ယာယောင်ယောင် နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ လူငယ်နိုင်ငံရေသမားပေါက်စတွေရော အား လုံးလိုလို အဲဒီခေတ်အခါတုန်းက အဲဒါတွေနဲ့ မကင်းခဲ့ကြဘူး။အနုပညာသည်တွေ၊ စာရေးဆရာ၊ကဗျာဆရာ တွေက အစပေါ့ဗျာ။ထားလိုက်ပါ တော့ ဗျာ။ဒါက စကားကြုံလို့ပြောဖြစ်တာပါဗျာ။အရက်ဟုတ်လား။
အော်လာပြန်ပြီ ဒီအရက်အကြောင်း။ အမှန်ကကျုပ်ဟာ အရက်ဆန့်ကျင်ရေးသမားဗျ။ ကျုပ်အဖေအရက် သောက် တုန်းကအဖေရယ် အရက်ကို ခွေးတောင်မသောက်ဘူးလို့ ပြောခဲ့ဘူးတယ်။ကျုပ်အဖေကို ခပ်ပေါ့ ပေါ့မထင်နဲ့။ ယောက်ျားရင့်မကြီးအချင်းချင်းတောင် ရဲရဲမကြည့်ဝံ့လောက်အောင် တည်ကြည်တာ အိနြေ္ဒကြီးတာ၊ ကျုပ်က အဲသလို ပြောလိုက်တော့ သိပ်စိတ်တိုစိတ်ဆတ်တဲ့အဖေဟာတချက်ငေးငိုင်သွားပြီး အေးကွာ၊ မင်းကြီး လာတော့သိလာပါလိမ့်မယ်တဲ့။ဒါလောက်ပဲပြောပြီးငြိမ်သွားတယ်။
အမှန်ကကျောင်းစာတွေမှာ အထိုက်အလျောက်ထူးချွန်တဲ့ ကျုပ်ကိုအဖေကချစ်ရှာလွန်းလို့ ဘေးမဲ့ပေးခဲ့တာ ဗျ။သို့သော်ဝဋ်ကတော့ နောက်ဘဝမကူးပါဘူးဗျာ။ဒီဘဝမှာတင်လည်တော့တာပါပဲ။တဖြည်းဖြည်းအရွယ်ရောက် လာ၊ဆရာအတတ်သင်ကျောင်းသားဖြစ်လာတဲ့ ကျုပ်ဟာ ကျုပ်ထက်အသက်ကြီးတဲ့သူငယ်ချင်းတွေနဲ့ တွဲမိရာက အရက်သမားဖြစ်လာတော့တာပဲ။ကန့်ကူလက်လှည့်ဆရာတွေကတော့ပဲခူးတိုင်း ဘောလုံးလက်ရွေးစင် မောင် သောင်း၊တင်ဝင်းနဲ့ကိုတင်အေးတို့ပေါ့ဗျာ။အဲဒီအရက်ကိုစသောက်တော့ကျုပ်အသက်(၁၉)နှစ်လောက်ပဲ ရှိအုံး မယ်။
.............
သူတို့က ကျုပ်ကို"ဟေ့ကောင်ငတုံးလေး၊အရက်ဆိုတာ လူ့ဘုံမှာသာရတာကွ။သုံးဆယ့်တဘုံမှာ၊ ဘယ်ဘုံမှာမှ အရက်မရဘူး။ အရက်ဆိုတာ လူဖြစ်တုန်းသောက်ရတာ။ မင်းပုံစံကဂန်ဒူးလိုလို ဘာလိုလိုနဲ့" ဆိုပြီး မျိုးစုံ တွန်းကြတာပေါ့ဗျာ။ ကျုပ်က လည်းထစ်ကနဲရှိမခံချင်စိတ်က ငယ်ထိပ်တက်တတ်တဲ့ကောင်ဆိုတော့၊ ကဲ ထည့် စမ်းပါဗျာ။ကျုပ်သွေးဘယ်လောက် နီသလဲဆိုတာကြည့်ပေတော့ဆိုပြီး တလွဲဆံပင်ကောင်းခဲ့ရာကနေ အရက် သမားဘဝစခဲ့တော့တာပဲ။ဆရာအတတ်သင်ကဆင်းတော့ ကျောင်းဆရာဘဝမို့ သောက်တယ်ဆိုပေမဲ့ ခွက်ပုန်း ပေါ့ဗျာ။ နောက်ပညာရေးဋ္ဌာနကနေ အလုပ်ထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းလေးနဲ့ဖြစ်လာတော့ အရက်ကို လွတ်လပ် စွာ သောက်သုံးခွင့်လိုင်စင် ရလာပါလေရော။
တစတစပေါ့ဗျာ။အပေါင်းအသင်းစုံကလာ၊သောက်တဲ့အကြိမ်များလာ၊ နှစ်ကာလကြာလာတော့ ကျုပ်ဟာအရက် မှာ မာစတာတန်းလောက်ဖြစ်လာတယ်။ကျုပ်ရဲ့ ပင်ကိုယ်အရည်အချင်းကလည်း အထိုက်အလျောက် ရှိတော့ တဖြည်းဖြည်းအရက်နဲ့ ပါတ်သက်တဲ့သင်ခန်းစာ တော်တော်များများကို ဆရာဖြစ်အဆင့်လောက်အထိ တတ်လာ တယ်။
ဘယ်အရက်ကို ဘာနဲ့တွဲသောက်ရမယ်။ဘာအမြည်းနဲ့ သောက်ရမယ်။ဥပမာဂျင်အရက်ကိုတောနစ်ဝါတားနဲ့ စပ် တာ။ သံပုရာဝိုင်းလေးအပြားလိုက် ဖန်ခွက်ထဲထည့်ထားရတာ။ဘီယာကိုရမ်နဲ့ ရောမသောက်ရတာကအစ။ ဘယ်လိုလူမျိုးကိုဘယ်အရက်နဲ့ဧည့်ခံရမယ်။ဘလူးလေဘယ်လား၊အက်စ်ဆိုလား၊ဗော်ဒဂါလား။ ကော့ညက်လား၊ ဟင်နဆီလား၊ ဂျော်နီလမ်းလျှောက်လား၊ထွေးညိုဆိုတဲ့ တောအရက်လား၊ဒါကလည်းချမ်းသာဆင်းရဲ ၊ပညာတတ် မတတ်နဲ့မဆိုင်ပြန်ဘူး။ ကိုယ့်အကြိုက်နဲ့ကိုယ်ဗျ။ တချို့ဆို သိပ်ချမ်းသာပြီး ရာထူးကြီးပေမဲ့ ဘီအီးဒီစီကလွဲလို့ ရွှေကိုကြိုပြီး အရက် ထဲထည့်တိုက်ရင်တောင် မကြိုက်တဲ့သူတွေလည်း ဒုနဲ့ဒေးဗျ။နောက်ပြီး လူကြီးလူကောင်း အရက်ဝိုင်းတွေမှာ ဘာပြီးရင်ဘာမှာရမယ်။ ဘယ်သူကပုလင်းကို ဖွင့်ရမယ်ဆိုတာကအစ အရက်ဝိုင်း ဥပဒေသ မျိုးစုံကို ကျုပ်ကျွမ်းကျွမ်းကျင်ကျင်တတ်လာခဲ့တယ်။ အကုန်သာရေးပြရရင် ဖြစ်ပျက်အကြောင်းကနေ အရက် ဋ္ဋီကာ ဖြစ်သွားလိမ့်မယ်။တိုတို ပြောကြစို့ဗျာ။
ဗမာပြည်မှာ အရက်သမားတို့ရဲ့ဘိုးအေကြီး စာရေးဆရာသော်တာဆွေနဲ့ပါ ကျုပ်အချိန်မှန်မှန်ဝိုင်းဖွဲ့ခဲ့ဖူးတယ်။ နောက်ဆုံးတော့ အရက်ဖြတ်ဖို့ စိတ်ရောဂါကုဆရာဝန်ကြီးတဦးဖွင့်ထားတဲ့ ပြင်ပဆေးရုံတခုမှာ အရက်စွဲလူနာ အဖြစ်သုံးကြိမ်တိုင်တိုင် တက်နိုင်ခဲ့တဲ့အဆင့်အထိ ရောက်ခဲ့တော့တာပါပဲ။ အော်၊ ကျုပ်အရက်ပြတ်သွားတယ် ထင်လို့လား။ဝေးပါသေးတယ်ဗျာ။ဆေးရုံပေါ်ကို ဆရာဝန်ကြီးမသိအောင်အရက်ခိုးသွင်းပြီး သောက်ခဲ့လို့ဆရာဝန် ကြီးက သြချရတဲ့အထိပါပဲ။
အေးဗျာ။ ငယ်ချစ်အကြောင်းပြောနေရတော့ ခင်ဗျားသိချင်တဲ့ ဖြစ်ပျက်နဲ့တောင်လမ်းချော်သွားပြီထင်ပါရဲ့။ ပြော မှာ ပါ။အဲဒီ လေ့ကျင့်ခန်းက တယောက်တည်းအထုပ်ရှုပ်ကို ရှင်းနေရတဲ့အလုပ်ဗျ။ တရားခြောက်ကြီး၊ ဒါကို ဆက် တိုက်ပြောနေရင်ခင်ဗျားအိပ်ငိုက်သွားလိမ့်မယ်။
ခင်ဗျားကသာမပျင်းမရိနားထောင်နိုင်ရင်ကျုပ်ဘက်ကဝန်မလေးပါဘူး။ဆက်ပြောဘို့အဆင်သင့်ပါ။ဖြစ်ပျက်ဆိုတဲ့ အကြောင်းကိုပြောတဲ့အခါ ကျုပ်တခုတ်တရကျေးဇူးတင်ရမဲ့ ဆရာတွေရဲ့အကြောင်းပါမှ ဖြစ်မယ်။ ကျုပ်လေ့ကျင့် ခန်းဆင်းလို့ ငါးရက်လောက်ရှိတဲ့နေ့မှာပေါ့။ရန်ဖြစ်ပြီးရိုက်မှုနဲ့ကျလာတဲ့ အသက်နှစ်ဆယ်ကျော်အရွယ် ချာတိတ် ကလေးက ညဖက်၁၀၊၁၂ဘာယာဆိုတော့ ကျုပ်လုပ်နေတာကို ရိပ်မိပုံရတယ်။
ဒီရဲဘက်စခန်းမှာ ရဲဘက်တချို့လည်းသူ့နည်းသူ့ဟန်နဲ့ တရားထိုင်ကြတဲ့ သူတွေလည်းရှိပါတယ်။ သူက ဆရာကြီး၊ တရားထိုင်တာလားတဲ့။ အေးဟုတ်တယ်လို့ ခပ်ပေါ့ပေါ့ပြန်ဖြေတော့ သူကဆရာကြီး ခြေထောက်ကို ဘယ်လို ထားသလဲတဲ့။ ညာခြေပေါ်ဘယ်ခြေထပ်တာပေါ့ကွာလို့ကျုပ်က ပြန်ဖြေပြန်တော့ ဆရာကြီးကြာကြာ ဘယ်ထိုင် နိုင်မလဲတဲ့။သူကပဲဆက်ပြီး ကျနော်ပဉ္ဖင်းခံတုန်းက တရားစခန်းဝင်ဘူးတယ်။တရားပြတဲ့ဆရာတော်က ခြေ ထောက်ချင်းထပ်မထားဘဲ ရှေ့နောက်ချထားရင်လည်းရတယ်လို့ သင်ဘူးသတဲ့ဗျာ။ အဲဒီနေ့ကစပြီး ကျုပ်လည်း သူပြောသလိုထိုင်လိုက်တယ်။ မှန်တယ်ဗျ။အရင်နဲ့စာရင်ခံသာတယ်။ စိတ်ဖြောင့်စိတ်ဖြောင့် မှတ်နိုင်လာတယ်။ ငပိဖုတ်တာတောင် ဆရာလိုတယ်လို့ ဆိုတယ်မဟုတ်လား။နောက်ထပ်ဆရာတွေလည်း ရှိပါသေးတယ်။ သူတို့ အကြောင်းနဲ့ကြုံလာမဲ့ နေရာတွေကျမှ ပြောပါ့မယ်။ ကျုပ်တဖြည်းဖြည်းလေ့ကျင့်လာတာ ရက်ပေါင်းလေးဆယ် လောက်မှာ ဆေးလုံးလုံးပြတ်သွားတယ်။အိပ်လို့လည်းပျော်လာတယ်။
ကျုပ်ရှေ့ဆက်တိုးဘို့ကြံပြန်တယ်။ ငါဒီလိုလုပ်နေတာ ကျန်းမာရေးကောင်းဘို့လိုတယ်။ လေ့ကျင့်ခန်းတခုခု လုပ် မှ။ဒီလေ့ကျင့်ခန်းက ငါလေ့ကျင့်နေတာနဲ့ အံဝင်ဂွင်ကျဖြစ်ရမယ်ဆိုပြီး နည်းလမ်းရှာလိုက်တော့ အကျဉ်းသား တွေ ရေချိုးဘို့လုပ်ထားတဲ့အုတ်ကန်မှာလက်နှိပ်တုံကင်နဲ့ ရေထိုးတဲ့အလုပ်ကို ကျုပ်မျက်စိ ကျသွားတယ်။
အုတ်ကန်က ခင်ဗျားတွေ့တိုင်းအတိုင်း အကျဉ်းသားပန်းရံဆရာတွေရဲ့ လက်ရာကပ်ရိုက်ကပ်ခွေ ပုံစံအကြမ်း ပါပဲ။အလျားရှစ်ပေ၊အနံခြောက်ပေအမြင့်သုံးပေခွဲသာသာလောက်ရှိတယ်။ကျုပ်နေ့လည်နေ့ခင်း တခြားသူတွေ ဘုတ်ဆင်းတဲ့အချိန် အဲဒီ ရေကန်ဆီသွားတယ်။တုံကင်နှိပ်ပြီး ရေကန်ကို ရေပြည့်အောင် ဖြည့်ထားလိုက်တယ်။
တုံကင်ဝါရှာက အိပ်မက်ရမှတခါလဲတဲ့ အမျိုးအစားဆိုတော့ အားတော်တော်စိုက်ရတယ်။ တခါတခါ ဝါရှာကွဲနေ လို့လက်ပူတိုက်ပြီး ပြန်ပြန်တပ်ထားရတာမျိုးမို့ နှိပ်သလောက် ရေမပါဘူး။ကျုပ်အတွက်တော့အတော် နေရာကျ တာပဲ။ဝင်လေမှာ မောင်းတံကို အောက်ဖက်ကိုဆွဲချတယ်။ထွက်လေမှာ မောင်းတံကိုပြန်တင်တယ်။ ဟန် ကိုကျလို့။
စလုပ်လုပ်ချင်းတော့အကြိမ်ခြောက်ဆယ်ဝန်းကျင်ပေါ့ဗျာ။ဘယ်နည်းနဲ့မှဝင်လေ၊ထွက်လေကို မလွတ်စေရဘူးလို့ လည်းစိတ်ကိုပိုင်းဖြတ်ထားတယ်။ ရေပြည့်သွားရင် ကျုပ်တဲကိုကျုပ်ပြန်ပြီး ပက်လက်ဖြစ်ဖြစ်၊ထိုင်လျက်ဖြစ်ဖြစ် လေကိုဆက်မှတ်တယ်။ ရေကန်ကရေကို အကျဉ်းထောင်ဝန်ထမ်းမိသားစု လာသုံးသွားလို့လျော့သွားရင် ထပ် ဖြည့်တယ်။
တဖြည်း ဖြည်းနဲ့ကျုပ်လက်တက်လာတယ်။အကျဉ်းသားတွေ ပြန်လာလို့ ရေချိုးချိန်မှာတောင် ကျုပ်ကဒိုင်ခံထိုး ပေးနိုင်လာတယ်။ဝင်လေထွက်လေကတော့ မှတ်လျက်ပေါ့။တချို့အကျဉ်းသားတွေက ဆရာကြီးတော်ပါတော့။ ကျနော်တို့ ထိုးပေးမယ်။ဆရာကြီးနားပါဆိုလည်း ကျုပ်ကကိုယ့်အကြံနဲ့ကိုယ်ဆိုတော့ ကျန်းမာရေးကွ ဆိုပြီး မောင်းတံကိုလက်မလွှတ်ဘဲ မောင်ပိုင်စီးထားတော့တာပဲ။အကျဉ်းသားတွေလည်းဟန်ကျ၊ ဝန်ထမ်းတွေလည်း ဟန်ကျ၊ကျုပ်လည်းဟန်ကျ။ဘက်ပေါင်းစုံကဟန်အပြုံလိုက်ကျနေတော့တာပေါ့ဗျာ။
...........
အော်ငါ့နှယ် ဦးကျော်ဒင်က ပြောင်းရိုးစဉ်းရင်းဝင်လေထွက်လေမှတ်သတဲ့။ငါကတော့ တုံကင်နဲ့လို့ကျုပ် စိတ်ထဲ မှာ အတွေး ပေါ်လာပြီးပြုံးမိသေးသဗျာ။ ပြောရင်ယုံနိုင်စရာတောင် မရှိဘူးဗျာ။ တလကျော်လောက် အတွင်းအဲဒီ ရဲဘက်စခန်းတခုလုံးမှာကျုပ်ကိုယှဉ်ပြီး မနားတမ်းတုံကင်နှိပ်နိုင်တဲ့သူမရှိတော့ဘူးဗျာ။ ဖြစ်ပုံကမင်းနောင်ဆိုတဲ့ အကျဉ်းသားကဆရာကြီးမနားတမ်း ဘယ်နှစ်ချက်နှိပ်နိုင်သလဲဆိုပြီး ဘေးကနံပါတ်ထိုင်ရေရာကတခြားလူငယ် တွေပါဝင်နှိပ်ကြည့်ရာက သိသွားကြတာပဲ။
မှတ်မိသလောက်ဆိုရင် ကျုပ်ဟာမနားတမ်းတုံကင်ကို အချက်ပေါင်းတထောင့်ငါးရာလောက် အထိထိုးနိုင် လာခဲ့တယ်။ကျန်းမာရေးကတော့ ကျုပ်ဖက်ကိုပါလာခဲ့ပြီ။ နေအုံးဗျ။ ကျန်သေးတယ်။ ကျုပ်ရဲ့ဝင်လေ ထွက်လေ ကိုမှတ်မှုဟာ တခါတခါလေကို ဖမ်းမရတဲ့အခါတွေလည်း ရှိတယ်။ဘာကြောင့်မှန်းမသိဘဲ ဝင်လေထွက်လေဟာ မထင်ရှားဘူး။စည်းချက်မမှန်ရင်မှတ်နေရင်း လွတ်လွတ်သွားတယ်။ အဲဒီအခါကျရင် မှတ်လို့ရအောင်၊ လေကို သိသာအောင်ထွက်သွားတဲ့လေကို နံပါတ်စဉ်ရေပြီး သတိထားလိုက်တယ်။ ဝင်လာတဲ့လေကိုလည်း နံပါတ်စဉ် ရေပြီးသတိထားလိုက်တယ်။ထွက်လေဆိုပါတော့ဗျာ။လေစထွက်သွားတာနဲ့တစ် နှစ်သုံး လေးငါး ခြောက်ဆိုပြီး လေဆုံးတဲ့အထိလိုက်ရေတယ်။ထွက်လေဆုံးလို့ဝင်လေပြန်လာတဲ့အခါလည်း တစ် နှစ်သုံး လေးငါး ခြောက်ဆိုပြီး ပြန်ရေလိုက်တယ်။ကဲဘယ်လိုလုပ်ပြီးအဲဒီလေလွတ်တော့မလဲ။
အစကတော့ ပင်ပန်းသလိုရှိပေမဲ့ မုဆိုးစိုင်သင်ဆိုသလို တဖြည်းဖြည်း အလေ့အကျင့်ရလာတယ်။ညဖက်ဆို တနာရီအထိ ထိုင်နိုင်လာတယ်။ဘာထိုင်လုပ်သလဲဟုတ်လား။ လေကိုထိုင်မှတ်တာပဲပေါ့ဗျာ။ မှတ်တယ်ဆိုတာ ဝင်လေတိုင်း ထွက်လေတိုင်းကို သိသိနေအောင်လုပ်တာဗျ။ ဝင်တယ်ထွက်တယ်လို့ လျှောက်ရွတ်နေတာမျိုး မဟုတ်ဘူးလေ။
ကျုပ်ပုံစံက ဘေးလူတွေအမြင်မှာ နည်းနည်းထူးဆန်းလာပုံရတယ်။ကျုပ်က ထိုင်လည်းမှတ်။ထလည်းမှတ်၊အိပ် လည်းမှတ်ဆိုတော့ နှစ်လလောက်မှာ မုတ်ဆိတ်ကျင်စွယ်တွေထွက်လာတယ်။ ကျုပ် ဘာမှစတိုင်ထုတ်တာ မဟုတ်ဘူးဗျ။ အမှတ်ပျက်မှာစိုးပြီး တချို့ကိစ္စတွေ မလုပ်ဖြစ်လောက်အောင်ဖြစ်နေတာ။ အထူးသဖြင့် ပြင်ဆင် ခြယ်သတဲ့ကိစ္စတွေပေါ့။တနေ့ရိတ်မယ် တနေ့ရိတ်မယ် တေးထားရင်း အမှတ်ဘက်ကို စိတ်ရောက်နေတာနဲ့ တောပုန်းပုံစံ ပေါက်လာတာဗျ။
ရဲဘက်စခန်းထုံးစံအတိုင်း ညခုနှစ်နာရီလောက်ဆို ညစာစားပြီး အကျဉ်းသားတွေ လွတ်လွတ်လပ်လပ်နေခွင့်ရ တဲ့ အချိန်မို့ တဆောင်လုံးဆူညံပြီး ပွက်လောရိုက်နေလေတော့ ကျုပ်လေ့ကျင့်ခန်းလုပ်ချိန်ဟာ သူတို့အိပ်ဆောင် ဝင်ချိန် ညဆယ်နာရီမှ စ ရတာပေါ့။ကျုပ်နေတဲ့တဲနဲ့ အဆောင်က နည်းနည်းလှမ်းတယ်ဆိုပေမဲ့ တိတ်ဆိတ်နေတဲ့ ညအချိန်မို့ အဆောင်ပေါ်က အသံတွေကို အတိုင်းသားကြားနေရတော့ သူတို့အိပ်တဲ့အချိန်အထိ စောင့်ရတာပေါ့ ဗျာ။ ဒီအချိန်မှာလည်း ကျုပ်ဟာ တဲပေါ်မှာ လှဲနေရင်းဖြစ်ဖြစ် ထိုင်နေရင်းဖြစ်ဖြစ် နှာသီးဖျားက လေကို မှတ်နေ တတ်တာပါပဲ။ ကျုပ်တခါတခါ စဉ်းစားမိတာက ကျုပ်ကို ဒီလိုအလုပ်မျိုး လုပ်နိုင်ဖို့ တစုံတယောက် သို့မဟုတ် တစုံတခုသော အကြောင်းကများ ဒီလိုရဲဘက်စခန်းကို တွန်းပို့ခဲ့လေသလား ပေါ့ဗျာ။
ဒီနေရာမှာ သတိပြုဖို့က နှာသီးဖျားကလေကို မှတ်တယ်ဆိုတာ ထွက်သွားတဲ့လေ ဝင်လာတဲ့လေ တွေနောက်ကို
လျှောက်လိုက်နေရတာမျိုး မဟုတ်ဘူးဗျ။ဝင်သောလေ ထွက်သောလေဝင်တိုင်းထွက်တိုင်း တိုးထိသွားတဲ့ နှာသီး
ဖျားကို သတိချပ်နေရတာဗျ။ဒါဟာ သိပ်အရေးကြီးတဲ့အချက်ပဲ။တကယ်တော့ ကျုပ်ရဲ့ လေ့ကျင့်ခန်းဟာ လေကို
ကြည့်တာမဟုတ်ဘူး။ခန္ဓာကိုယ်ကို စောင့်ကြည့်တဲ့အလုပ်ဆိုတာတဖြည်းဖြည်းသဘောပေါက်လာတယ်။
အဲဒီအချက်ကို စာအုပ်ထဲကကျုပ်ဖတ်မိတာပဲဗျ။မှတ်မှတ်ရရ ကျုပ်လေ့ကျင့်ခန်းလုပ်နေတာ နှစ်လဝန်းကျင် လောက်ရှိတဲ့နေ့ပေါ့ဗျာ။ ညဆယ်နာရီထိုးခါနီး ငါးမိနစ်လောက်အလိုမှာ အဆောင်ပေါ်ကနေ တာဝန်ကျဘာယာ ကအိပ်ချိန်အိပ်ချိန်ဆိုပြီးအသံကျယ်ကြီးနဲ့ အော်သံအဆုံးမှာ တဆောင်လုံး မီးကိုရေနဲ့ ငြိမ်းလိုက်သလို ငြိမ်ကျ သွားတယ်။
အဆောင်အပြင်က အကျဉ်းသားဘာယာရဲ့သံချေင်းခေါက်သံဆယ်ချက်လည်းကြားရော ကျုပ်လေ့ကျင့်ခန်းလည်း စရောဆိုပါတော့။ထုံးစံအတိုင်းဘုရားရှစ်ခိုးအမျှအတန်းဝေပြီး ကျုပ်ထိုင်မှတ်နေလို့ ဆယ်မိနစ်လောက်အကြာမှာ
ဗြုန်းဆို ရွှေတိဂုံ စေတီတော်ကြီးကကျုပ်ရှေ့မှာဘွားကနဲ ပေါ်လာပါလေရောဗျာ။
စိတ်ကြောင့်ထင်မိထင်ရာထင်တတ်ကြတာကျုပ်သိထားတော့ ရှေ့ရောက်လာတဲ့ ရွှေတိဂုံစေတီတော်ကို သေချာ ကြည့်လိုက်မိတယ်။မှတ်တာကမှတ်လျက်ပဲ။ပေါ်လာပုံကရိုးတိုးရိပ်တိတ်ပေါ်လာတာမဟုတ်ဘူးဗျ။ ရွှေတိဂုံစေတီ တော်ကြီးရဲ့ ညဖက်မြင်ကွင်းကိုအလယ်ပစ္စယံကနေမြင်ရသလိုမျိုး မြင်တွေ့နေရတာ။ လူကိုယ်တိုင်ဘုရားရှေ့သွား ထိုင်သလိုမျိုးဖြစ်နေတာ။ စေတီတော်ကြီးရဲ့ဘေးက စေတီရံတွေကိုအသေးစိတ်မြင်နေရတယ်။ စေတီတော်ကြီး ကိုထိုးထားတဲ့မီးဆလိုက်တွေလည်း ပါသပေါ့ဗျာ။ကျုပ်စိတ်ထဲဘာမှ တုန်လှုပ်ခြင်းမဖြစ်ပေမဲ့ တော်တော်အံ့သွားမိ တာတော့ အမှန်ပါပဲဗျာ။နောက်ပြီး အဲဒီရွှေတိဂုံပေါ်ပေါ်လာတာက တရက်တည်းလည်းမဟုတ်၊ လေးငါးရက် ည စဉ် ရက်ဆက်ပေါ်နေတယ်ဗျ။ ဒါကြောင့် ဒီလိုနေ့စဉ်ရက်ဆက်ဖြစ်လာတော့ ဘာကြောင့်ဖြစ် ရတယ်။ ဘာကြောင့် နေ့တိုင်းလာပေါ်နေရတယ်ဆိုတာ သိချင်စိတ်ဖြစ်လာတယ်။ကဲ..ခပ်ကြောင်ကြောင်စကားတွေစပြီလို့ ခင်ဗျားထင် နေပြီမဟုတ်လား။ခင်ဗျားပဲအစကသိချင်လှချည်ရဲ့ဆို။ အေးဗျာဖြစ်ပျက်ဆိုတဲ့အရာကိုမတွေ့ခင် ပထမဆုံးကြုံရ တဲ့ ထူးထူးဆန်းဆန်းအဖြစ်တခုဆိုပါတော့။
ဒီအကြောင်းတွေကိုကျုပ်ဘယ်သူ့ကိုမှဖွင့်မပြောခဲ့ဖူးဘူး။ယုတ်စွအဆုံးကျုပ်ဇနီးကိုတောင်ဖွင့်မပြောခဲ့ဘူး။လူတော်
တော်များများက မြင်တယ်ကြားတယ်ဆိုရုံနဲ့တင်ထင်မြင်ချက်တွေအမျိုးမျိုးပေးပြီး ကောက်ချက်ဆွဲတတ်ကြလွန်း လို့ပေါ့ဗျာ။
ရှေ့ဆက်ပြောမဲ့အကြောင်းတွေမှာခင်ဗျားနဲ့ကျုပ်ကြား၊သဘောထားကွဲစရာတွေပါလာတော့မယ်ဗျ။ ကျုပ်ပြောမှာ တွေက ယုံဘို့ ခပ်ခက်ခက်တွေချည်း ဖြစ်နေလို့ပါ။ဒီနေ့တော့ နားလိုက်ကြအုံးစို့ဗျာ။

(ဆက်လက်ဖော်ပြပါမည်။)

(ရုပ်ပုံ။ ။ ဂူဂဲလ် )
မင်းဒင်ရေးသည်။

ဖြစ်ပျက်ရှာပုံတော်ခရီးသည် ( ၅)

$
0
0

၅။ လျှောက်သောလမ်းမှာ စမ်းတဝါး

ထိုနေ့က ကိုသက်ခိုင် စကားဖြတ်လိုက်သည့်အချိန်ကား နံနက်ဆယ်နာရီခန့်ရှိပြီဖြစ်၍ နောက်တစ်နာရီခန့်ကြာ လျှင် အကျဉ်းသားများ ဘုတ်တက် ပြန်လာကြတော့မည်ဖြစ်၏။
“လာဗျာ၊ကျနော့်တဲဖက် သွားကြရအောင်၊မနက်စာအတွက် ချက်ရပြုတ်ရအုံးမယ်”
ဟု နှုတ်ကဆိုရင်း တပြိုင်တည်းမှာပင် ကိုသက်ခိုင်တယောက်အဆောင်ပေါ်မှ ဆင်းသွားလေရာ ကျနော်လည်း ခပ်မဆိတ်ပင် ကိုသက်ခိုင်နောက်မှလိုက်ပါသွားခဲ့၏။ကိုသက်ခိုင်ကား လင်းကြည်ကို စာသင်နေသောရက်များ၌ သာ အကျဉ်းသားများအိပ်ဆောင်တွင် လာရောက်အိပ်လေ့ရှိသော်လည်း ပုံမှန်အားဖြင့်မူ သူ့တဲငယ်ပေါ်တွင်သာ အအိပ်အနေများသည်။ ဖိုကြီးမှ ထမင်းကိုသာယူပြီး ဟင်းကိုမူ ကိုယ်တိုင်ချက်ပြုတ်လေ့ရှိသည်။သူ့တဲပေါ်တွင် ဖွင့် လျက်သား ဖတ်လက်စ စာအုပ်များနှင့် အစီအရီထပ်ထားသော စာအုပ်အချို့ကို တွေ့ရ၏။
“ဒီနေ့တော့ အစိမ်းကြော်လေးကြော်ပြီး မိန်းမပို့ထားတဲ့ ငါးပိကြော်လေးနဲ့ စခန်းသွားရမှာပဲဗျာ၊ခင်ဗျားပါ တခါ တည်း စားသွားပေတော့” ကိုသက်ခိုင်ကား ပြောပြောဆိုဆို တဲပေါ်ရှိဗန်းတချပ်ပေါ်တွင် ရှိနေသော အသီးအရွက် တချို့ကို ကျွမ်းကျင်သော စားဖိုမှူးတဦးပမာ လှီးဖြတ်ပြင်ဆင်နေလေသည်။
“ ကိုသက်ခိုင်က ချက်တာပြုတ်တာတွေ တော်တော်ကျွမ်းကျင်ပုံရတယ်”
“’ဒါလည်း ကျနော့်ဘဝပေး ကိစ္စပဲဗျ”
“ခင်ဗျားကလည်း နေရာတကာ ဘဝနဲ့ ကိုင်ပေါက်နေတော့တာပဲ”
“ရော၊ ကိုင်ပေါက်တာ မဟုတ်ရပါဘူးဗျာ၊ကျုပ် ငယ်ငယ်တုန်းက အဖေအမေတွေ ဈေးထွက်ရောင်းနေကြတာမို့ အိမ်မှာ ညီတွေနဲ့ညီမကို ထိန်းရတယ်၊ ချက်တာပြုတ်တာ တာဝန်ယူ ရတယ်လေ၊ ကျနော့်စိတ်ထင် ကျနော် ရှစ်နှစ်သားလောက်ကတည်းက ထမင်းအိုးစတည်ရတယ်၊ဆယ်နှစ်သားလောက်ရောက်တော့ ဟင်းပါချက်ရ တယ်၊မှတ်မိသေးတယ်ဗျာ၊ငယ်ငယ်တုန်းက ထမင်းအိုးတည်ထားရင်း ကျောက်ဒိုးထွက်ပစ်နေလို့ ဆံပြုတ်ဖြစ် သွားတဲ့ ထမင်းအိုးကို ကြွက်တွင်းရှာပြီး သွန်ပစ်ရတဲ့ အဖြစ်တွေ၊ မိဘလုပ်စာ ဖြုန်းတီးခဲ့တဲ့ဝဋ်ကြွေးတွေ ထင်ပါရဲ့ ဗျာ၊ အခုတော့ ရဲဘက်မှာ ရောင်စုံထမင်းနဲ့ ညားနေတာ”
ကျနော်က မီးသွေးမီးဖိုကို မီးမွှေးပေးနေရင်း သူ့စကားကို နားစွင့်နေလိုက်သည်။ မကြာမီမှာပင် ကိုသက်ခိုင် တယောက် ဒယ်အိုးတလုံးနှင့် အသီးအရွက်မျိုးစုံကို တရှဲရှဲကြော်နေလေရာ ကျနော်က သူ့စာအုပ်ပုံကို လှန်လှော ကြည့်နေ၏။တခဏအကြာ ကိုသက်ခိုင်၏ အစိမ်းကြော်စစ်ဆင်ရေး ပြီးဆုံးသည့်အခါ ကျနော့်ကိုပါ တပါတည်း ဝင်စားရန် ဖိတ်ခေါ်သဖြင့် တဲပေါ်မှာထမင်းဝိုင်းဖွဲ့ဖြစ်ကြသည်။ စားရင်းသောက်ရင်းပင် စကားလက်ဆုံကျပြန် သည်။
“ခင်ဗျား ဖတ်တဲ့စာအုပ်တွေက များလှချည့်လားဗျ”
“အေးဗျာ၊ ကျုပ်ဘဝမှာ ရှားရှားပါးပါး ကောင်းတဲ့အကျင့်လေးတခုကတော့ စာဖတ်တဲ့အကျင့် ဆိုပါတော့၊ ရဲဘက် ရောက်နေတော့ စာပိုဖတ်ဖြစ်တယ်ဗျာ”
“ခင်ဗျားက ဘယ်လိုစာမျိုးတွေ ကြိုက်သတုန်းဗျ”
“ကျုပ်က စာမရွေးဘူး၊စာစုံဖတ်ပါတယ်၊ မကြိုက်တဲ့စာသာ ရှိတယ်၊မကောင်းတဲ့စာမရှိဘူးလို့ ခံယူထားတယ် ဆို ပါတော့၊ ခြွင်းချက်အနေနဲ့ စာဖတ်သူရဲ့ ကိုယ်ခံအားတော့ လိုတာပေါ့ဗျာ၊”
‘အခု ခင်ဗျား ဖတ်လက်စ စာတွေကတော့ တရားစာအုပ်တွေချည်းပါလား ”
“ဟုတ်တယ်ဗျ၊ ကျုပ်လုပ်နေတဲ့ လေ့ကျင့်ခန်းနဲ့ ပတ်သက်ပြီး စာတွေ့လက်တွေ့ဖြစ်အောင် ဆိုပါတော့၊ ကျုပ်ဟာ ဘာသာ တရားကို စာပေမှာချည်း ရှာခဲ့တဲ့တာမျိုးကိုလည်း လုပ်ခဲ့ဖူးတယ်၊တချို့စာပေတွေဟာ ဖတ်ရုံနဲ့တင် အသိပြည့်စုံသွားတယ်လို့ ထင်ရလောက်အောင် ယုတ္တိနည်းကျလွန်းတာတွေလည်း တွေ့ရတယ်ဗျ၊ဥပမာ ဆရာ ဦးသုခရဲ့ ရာမာခရစ်ရှနား၏ သုတ္တန်ပုံပြင်များ ဆိုပါတော့ ”
“ဟ၊ ရာမာခရစ်ရှနားရဲ့ သုတ္တန်ဆိုတော့ ဘုရားဟော သုတ္တန်တွေနဲ့ ရောမကုန်နိုင်ဘူးလားဗျာ”
“ဟုတ်ပါပြီ၊ ဒီစာအုပ်နာမည်နဲ့ ပတ်သက်ပြီး အငြင်းပွားကြတာတွေ ရှိလေရဲ့၊ကျုပ်ကတော့ စာအုပ်ခေါင်းစဉ်ထက် စာအုပ်ထဲက အကြောင်းအရာကို ပိုပြီးစိတ်ဝင်စားတယ်”
“ဘယ်လို အကြောင်းတွေ ရေးထားလို့ သုတ္တန်လို့ တောင် ညွှန်းရသတုံးဗျာ”
“အမှန်တော့ဗျာ၊သုတ္တန်ဆိုတာ ဘုရားဟောတာကိုမှ သုတ္တန်လို့ဆိုနိုင်တာ မဟုတ်ပါဘူး၊သုတ္တန်ရဲ့ မူရင်းအနက် က “အစဉ်”၊” သီကုံးသည်” လို့ ဖတ်ဖူးတယ်ဗျ။ ဆရာကြီးဦးဟုတ်စိန်ရဲ့ မြန်မာ အင်္ဂလိပ် ပါဠိအဘိဓာန် စာမျက်နှာ ၈၇၀မှာ a Buddhist Sutra or the doctrine contain in it ( သုတ္တန္တ) လို့ရေးထားလေရဲ့။ အများနားလည်ကြတဲ့ အဓိပ္ပါယ်ကတော့ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ အဇ္ဈာသယ(အလိုဆန္ဒ)ကိုလိုက်ပြီး သင့်လျော်သလို နားလည် အောင် ကျင့်နိုင်လောက်သော ဟောတော်မူသည့် တရားဖြစ်သည် လို့ဆိုတယ်။အဲဒီ ဦးသုခရဲ့ ရာမာခရစ်ရှနား စာအုပ်ထဲမှာ ကျုပ်သဘောကျတဲ့ ပုံဝတ္ထုတချို့ရှိလေရဲ့၊တပုဒ်က လယ်ထွန်ယောက်ျား တယောက်အကြောင်းတဲ့။ တခါတုန်းက ရွာတရွာမှာ အိမ်ထောင်သည် လယ်ထွန်ယောက်ျားတယောက်ရှိသတဲ့။တနေ့ သူလယ်ထွန်ရာက နေ အိမ်အပြန်မှာ ဇနီးဖြစ်သူကို မျက်ရည်စက်လက်နဲ့တွေ့ရတဲ့အပြင်၊ ကျန်တဲ့မိသားစုတွေပါ မျက်နှာမသာ မယာ ဖြစ်နေကြတာကို တွေ့ရတော့ အကျိုးအကြောင်းမေးတဲ့အခါ ဇနီးဖြစ်သူက ကျမတို့အိမ်မှာ အားလုံး ပူဆွေး သောက ရောက်ကြရတော့မယ် လို့ဆိုတယ်၊ဒါနဲ့ လယ်ထွန်ယောက်ျားက သေချာနားရှင်းအောင် ပြောပါအုံးဆို တော့ ဇနီးဖြစ်သူက .. ကျမအဖေ ရှင့်ယောက္ခမဟာ တောထွက်ပြီး တရားကျင့်တော့မယ်လို့ ပြောနေပြီ၊ ဒါကြောင့် သူသာတောထွက်သွားရင် ကျမတို့အားလုံး ဝမ်းနည်းပူဆွေးကြရတော့မယ်လို့ ဖြေသတဲ့ဗျ။ဒီမှာတင် လယ်ထွန် ယောက်ျားဟာ ရီမောပြီး ဒီကိစ္စက ဘာမှပူစရာမရှိပါဘူး၊ ထမင်းခူး မှာသာခူးပါလို့ဆိုရင်း ထမင်းစားပြီး အိပ်ယာဝင်သွားရောတဲ့ဗျ၊ဒီလိုနဲ့ နောက်တလလောက်အကြာ ရောက်ပြန်တော့ လယ်ထွန်ယောက်ျား အိမ်အပြန် မှာ မျက်ရည်စက်လက်နဲ့ ဇနီးသည်ကို တွေ့ရပြန်လို့ အကျိုးအကြောင်း မေးမြန်းတဲ့အခါ ဇနီးဖြစ်သူရဲ့ အကို တော ထွက်မဲ့ ဇာတ်လမ်းဖြစ်နေပြန်သတဲ့၊လယ်ထွန်ယောက်ျားလည်း ရီမောပြီး ထမင်းခူးခိုင်း၊စားသောက်ပြီး အိပ်ယာ ဝင်ပြန်သတဲ့ဗျ၊နောက်ထပ် တလခြား နှစ်လခြားဆိုသလို လယ်ထွန်ယောက်ျား အိမ်ပြန်လာတိုင်း ဆွေမျိုးတွေ ထဲက တယောက်ပြီးတယောက် တောထွက်မယ် ဆိုတဲ့ ဇာတ်လမ်းနဲ့ အကြိမ်ပေါင်းများစွာ ကြုံနေရသတဲ့ဗျာ၊ အဲသလို ကြုံတဲ့အခါတိုင်းလည်း လယ်ထွန်ယောက်ျားဟာ ရီမောပြီး ညစာစား အိပ်ယာဝင်တဲ့အပြုအမူနဲ့ တုန့်ပြန် နေလေ့ ရှိသတဲ့ဗျ။တခု သတိပြုစရာ ရှိတာက တောထွက် တော့မယ်လို့ ကြွေးကြော်နေခဲ့တဲ့ သူ့အမျိုး တယောက် တလေမှ တကယ်တမ်းတောထွက်တာတော့ မရှိပါဘူးတဲ့၊ ဒီလိုနဲ့ တနေ့မှာတော့ လယ်ထွန်ယောက်ျား အိမ်အပြန် မှာ ပုံစံတူဇာတ်လမ်းနဲ့ ကြိုနေတဲ့ ဇနီးသည်ကို အလားတူ တုန့်ပြန်လိုက်တဲ့အခါမှာတော့ ဇနီးဖြစ်သူဟာ လယ်ထွန်ယောက်ျားကို မကျေမချမ်းနဲ့ “ရှင်ဟာ ဘာသာတရားကို နားလည်တဲ့ သူမဟုတ်ဘူး၊တောထွက်မဲ့ သူတွေကို အားကျသင့်တယ်” ဘာညာဆိုပြီး ရန်တွေ့ပါလေရောဗျာ၊ဒီမှာတင် လယ်ထွန်ယောက်ျားက ဇနီးသည် ကို လေသံအေးအေးနဲ့ .. “ တကယ်တောထွက်မဲ့သူကို မင်းမတွေ့ဖူးသေးပါဘူး”လို့ ဆိုသတဲ့။ဒီတော့ ဇနီးဖြစ်သူ က “တကယ်တောထွက်မဲ့သူက ဘယ်မှာတုန်း၊ကျမတွေ့ဖူးအောင် လိုက်ပြစမ်းပါ” ဆိုပြီး ခပ်ငေါ့ငေါ့အမေးမဆုံး ခင်မှာပဲ လယ်ထွန်ယောက်ျားဟာ နံငယ်ပိုင်းတခုကိုသာချန်ပြီး သူ့ကိုယ်ပေါ်က ကျန်တဲ့အဝတ် အစားတွေကို ချွတ်ခွာချလိုက်သတဲ့ဗျ။နောက်တော့ တဆက်တည်းဆိုသလို “ဒီလို လူမျိုးဟာငါပါပဲ”ဆိုတဲ့ စကားတခွန်းကို ပြောရင်း အိမ်ဝကနေ ချာကနဲလှည့်ပြီး အပြီးတိုင်တောထွက်သွား ရော တဲ့ဗျာ၊
“ဟား၊ တယ်ဟုတ်ပါလား၊ ခင်ဗျား ပုံပြင်က အတော်သဘောကျချင်စရာပဲ”
“ဒါတင် မဟုတ်သေးဘူးဗျ၊ နောက်တပုဒ်ရှိသေးတယ်၊ ”
“ ဒါဆိုလည်း ဆက်ပါအုံးဗျာ ၊စားသောက်ထားတဲ့ ပန်းကန်တွေ ကျနော်ဆေးလိုက်ပါ့မယ်“
ထမင်းဝိုင်းက ပန်းကန်ခွက်ယောက်များကို ကျနော်ဆေးကြောနေချိန်တွင် ကိုသက်ခိုင်က တဲနံရံတွင်ချိတ်ထား သောကျွတ်ကျွတ်အိပ်တခုထဲမှာ ကွမ်းရွက်နှင့်ကွမ်းယာပစ္စည်းများကိုထုတ်ကာ အလုပ်ရှုပ်နေပြန်၏။ ကိုသက်ခိုင် ကား ကွမ်းယာကို ဟုတ်တိပတ်တိ စားတတ်ဟန်မတူချေ။ခဏကြာမျှဝါး၍ ငါးမိနစ်မပြည့်ခင် ပြန်ထွေးထုတ်ကာ ပါးလုပ်ကျင်းနေပြန်သည်။ကျနော်က သူ့ပုံပြင်ကို နားထောင်ချင်ဇောဖြင့် စကားထောက်လိုက်၏။ “ဆက်ပါအုံးဗျ၊ ခင်ဗျား ပုံပြင်”
“အော် ၊တခါတုန်းက ဆာဒူးတပါး တရားအားထုတ်နေတဲ့ ကျောင်းသင်္ခန်းအနားမှာ ပြည့်တန်ဆာမ တယောက်ရဲ့ အိမ် ရှိသတဲ့ဗျ၊အဲဒီဆာဒူးဟာ တရားမှတ်နေရင်း ပြည့်တန်ဆာမအိမ်မှာ လူဝင် လူထွက်များနေတာကို သတိပြုမိ သတဲ့၊ ဒီတော့ ပြည့်တန်ဆာမကို တရားပြလေမှလို့ စဉ်းစားဆုံးဖြတ်ပြီး ဆာဒူးဟာ ပြည့်တန်ဆာမအိမ်ကို ဝင်လာ တဲ့ ယောက်ျားတယောက်ကို ကျောက်ခဲတလုံးကျနဲ့ တာလီမှတ်နေသတဲ့၊ရက်တွေကြာလာလေ ဆာဒူးမှတ်တဲ့ တာလီကျောက်ခဲတွေကများလာလေမို့ လေးငါးခြောက်လကြာတော့ ကျောက်ခဲပုံကြီးဖြစ်လာသတဲ့ဗျာ၊အဲဒီတော့ ဆာဒူးဟာ ပြည့်တန်ဆာမကိုခေါ်ပြီး၊ ကျောက်ခဲပုံကြီးကို လက်ညှိုးထိုးပြရင်း နင်ပြုခဲ့တဲ့ မကောင်းမှုတွေ ဘယ်လောက်များနေပြီလဲလို့ ဟောပြောချေချွတ်သတဲ့၊ပြည့်တန်ဆာမလည်း သူ့အမှားကို ကြီးစွာနောင်တရပြီး မျက်ရည် ဖြိုင်ဖြိုင်ကျသတဲ့၊ပုံပြင်အဆုံးမှာတော့ ဆာဒူးကော ပြည့်တန်ဆာမပါ ကွယ်လွန် သွားကြတဲ့အခါ ဆာဒူး က ငရဲကျပြီး ပြည့်တန်ဆာမက နတ်ပြည်ရောက်သွားသတဲ့ဗျ၊”
“ယုတ္တိနည်းအရတော့ သဘောကျစရာပဲဗျာ”
“ အေးဗျ၊ ကျုပ်စိတ်ထင် ဘာသာတရားတိုင်းလိုလိုမှာ လက်တွေ့မဟုတ်ပဲ ယုတ္တိနည်းအရ ဆင်ခြင်ပြီး ယုံကြည် ကိုးကွယ်နေကြတဲ့ အရေအတွက်ဟာ ကိုးဆယ်ရာခိုင်နှုန်းအထက် ရှိလောက်မယ် ထင်ပါရဲ့၊ကျုပ်ဆိုတဲ့ကောင် လည်း ဘာသားနဲ့ထုထားတာ မှတ်လို့ဗျာ၊ဟိုတုန်းကတော့ ဘာသာတရားကို ယုတ္တိနည်းနဲ့ ဆင်ခြင်ခဲ့တာပါပဲ” အချိန်ကား နေ့လည် ဆယ့်နှစ်နာရီကျော်ခန့် ရှိပေပြီ။အဆောင်ပေါ်မှ အကျဉ်းသားများ နေ့လည် နားနေချိန်ဖြစ်၍ အတန်ငယ်တိတ်ဆိတ်လျက်ရှိ၏။နှစ်ယောက်သား တဲပေါ်တွင် လဲလျောင်းကြရင်း စကားဆက်မိကြပြန်ပါသည် ။

“တကယ်တော့ စာတွေဖတ်တယ်၊တရားတွေနာတယ်ဆိုတာ ကောင်းတော့ကောင်းပါရဲ့။သို့သော် အငှားအသိ ဆိုတဲ့ အဆင့်မှာပဲ ရှိနေသေးတာပါ။ဒီနေရာမှာ ကျုပ်ရဲ့ ဘာသာတရားအပေါ်ခံယူချက်ကို ရှင်းပြဘို့လိုလိမ့်မယ် ထင်တယ်။ဟုတ်ပါတယ်။ဟိုတုန်းက ခံယူချက်တွေကိုပြောတာပါ။အခုတော့ ကျုပ်ဟာ ဒီအလုပ်ကို စလုပ်တဲ့နေ့ ကစပြီးကျုပ် ကိုယ်ကျုပ် ဗုဒ္ဓဘာသာဝင်အသစ်လို့ ခံယူထားတာဗျ။ဟိုတုန်းကတော့ ကျုပ်လည်း ဘိုးဘိုးအောင်တို့ ဘိုးမင်းခေါင် တို့ကို စိတ်ဝင်စားခဲ့ဘူးတာပေါ့ဗျာ။
ကျုပ် ပိုပြီးစိတ်ဝင်စားခဲ့၊ကိုးကွယ်ခဲ့တာက ဘိုးမင်းခေါင်။ဘိုးမင်းခေါင်ကို စိတ်ဝင်စားတာက သူ့ရဲ့ ပြတ်သားပြင်း ထန်မှု၊ တည့်ဒိုးပြောမှု စတိုင်တွေကို ကျုပ်သိပ်သဘောကျတယ်။နေဦး။ အဲဒီစတိုင်ဆိုတာလည်း ဘိုးမင်းခေါင်ကို ကျုပ်မြင်ဘူးတာ မဟုတ်ဘူး။ဟိုလူပြောဒီလူပြောနဲ့ဘိုးမင်းခေါင် ဆိုတာ အဲသလိုမျိုး စရိုက်ရှိတယ်ဆိုလို့ ကျုပ်က ယုံနေ၊သဘောကျနေတာ။ကျုပ်ကိုးကွယ်တဲ့ပုံစံလား။လူတကာလို ပေါ့ဗျာ။ရွှေတိဂုံစေတီဒေါင့်တဒေါင့်မှာ ဘိုးမင်း ခေါင်ရုပ်တု ရှိလေရဲ့။ ကျုပ်ကိစ္စတခုခု လုပ်မဲ့ကြံရင် အဲဒီဒေါင့်ကို သွား၊ကန်တော့ပွဲဝယ်၊အမွှေးတိုင်၊ ဖယောင်း တိုင်၊ ရွှေချတဲ့ရွှေဆိုင်းတွေဝယ်ပြီး ဆုတောင်းတာတွေ။ဘာတွေ လုပ်ခဲ့တာပေါ့။အောင်မြင်ခဲ့ရင်လည်း ထို့နည်း လည်းကောင်းပါပဲ။ကပ်လိုက်တဲ့ အကြိမ်ပေါင်းမနည်းပါဘူးဗျာ။သေသေချာချာ ထပ်စဉ်းစားတော့ ကျုပ် ဗုဒ္ဓဘာ သာအဖြစ် ယုံကြည်ကိုးကွယ်နေတာလဲ ဒီသဘောထက် မပိုဘူးဗျ။အဖေ အမေနဲ့ ဘိုးဘွားတွေကိုးကွယ်ခဲ့လို့ ကျုပ်လည်းကိုးကွယ်ခဲ့တာ။ဗုဒ္ဓကို ကိုးကွယ်တော့ ဘာအကျိုးရှိသလဲ မေးရင် ကျုပ်ပြောခဲ့သလို ယောင်ဝါးဝါးပဲ။ ချွန်ချွန်ထက်ထက် စေတီတော်တွေ၊ ဆင်းတုတော်တွေကို ကျုပ်ဦးချခဲ့တယ်။အရိုအသေပေးခဲ့တယ်။ဘုန်းကြီး ရဟန်းတွေကိုလည်း ထို့နည်းလည်းကောင်းပေါ့။ ဘာလို့ ဒီလိုလုပ်သလဲဆိုရင် ဓလေ့ထုံးစံတခုကို လိုက်နာခဲ့တာ ထက် မပိုခဲ့ပါဘူး။အလေးအမြတ်ပြုကောင်းတဲ့အရာတွေမို့ ကုသိုလ်ရတယ်ဆိုလို့သာ ဦးချခဲ့ရတယ်။ယောင် တောင်တောင် အလုပ်ချည်းပါပဲဗျာ။ဘာကြောင့်တန်ဘိုးထားရတယ်။ဘာကြောင့် အလေးအမြတ်ပြုထိုက်တယ်၊ ဘယ်လိုကုသိုလ်ရတယ် ဆိုတာ ကျုပ်ဘယ်တုန်းကမှ သဘောမပေါက်ခဲ့ရိုး အမှန်ပါ။ အော် ခင်ဗျားက ကျုပ်ဟာ ဘာသာရေးစာတွေမဖတ်ခဲ့ဘူးလားလို့ မေးမယ်။ ဖတ်ပါသကောဗျာ။ဖတ်ခဲ့ပေမဲ့ အမှန်ကိုဝန်ခံရရင် ကျုပ်ခန္ဓာ ကိုယ်ထဲကို အဲဒီဥာဏ် ရောက်မလာခဲ့ဘူး။ယုံတော့ယုံသလိုလိုပဲ။ဘာကြောင့် ယုံရတယ်ဆိုတာ ကျုပ်မှာ သက် သေ ခိုင်ခိုင်မာမာပြစရာမရှိဘူး ဖြစ်နေတယ်ဗျ။အမှန်ကိုပြောရရင် စာထဲတရားထဲက အရာတွေကို သူများအထင် ကြီးလောက်အောင် ကျုပ်ရွတ်ပြခဲ့ဘူးတယ်။သို့သော်အဲဒီတရားဟာ ကျုပ်ရဲ့ ငြင်းခုန်ဖက်တွေအတွက်ပဲ။ကျုပ် အတွက်တော့ သက်သေမခိုင်မာခဲ့ဘူး။ကျုပ်ညံ့ခဲ့တာ ဖြစ်နိုင်တာပေါ့။ဒါဟာ အမှန်တရားပါပဲဗျာ။ကဲ ကြည့်လေ။ ကျုပ်သေတော့မယ်။ကျုပ်ယုံကြည်ခဲ့တယ်ဆိုတဲ့ ဘုရား၊ကျုပ်ဖတ်ခဲ့၊နာခဲ့တဲ့ တရားတွေက ကျုပ်ကို မကယ်နိုင်ဘူး ဖြစ်နေတယ်။ဒါဟာ ဘာကြောင့်လဲ။
ကျုပ်တိုတိုပြောရရင် ကျုပ်ဟာ ဘာသာတရားကို လက်တွေ့တံခါးပေါက်ကနေ မလေ့လာ မစူးစမ်းခဲ့လို့ပါပဲ။ ဒါကြောင့်ကျုပ်ဟာ ဘာသာတရားကို အကျင့်လမ်းကြောင်းကနေ ချည်းကပ်ဘို့ဆုံးဖြတ်ပြီး ဇွတ်လုပ်နေခဲ့တာ ပေါ့။ဘာလဲ ဘိုးမင်းခေါင်ရှိမရှိ ကျုပ်သေချာ ဘယ်သိနိုင်မလဲ။ ဘိုးမင်းခေါင်အကြောင်းတော့ စာပြုဆရာကြီး ဦးပေါ်ဦးရေးပြီး မိဘမေတ္တာ-ဆရာဦးမောင်ကြီး တည်းဖြတ်ပြင်ဆင်တဲ့ ဝိဇ္ဇာဓိုရ်အောင်မင်းခေါင်၏ ထွက်ရပ် ပေါက်ရာဇဝင် အတ္ထုပ္ပတ္တိဆိုတာ ဖတ်ဖူးတယ်။ ခက်တာက အဲဒီစာအုပ်မှာလည်း ဘိုးမင်းခေါင်ကို ဘယ်အချိန် ဘယ်နေရာမှာ မွေးဖွားတယ်ဆိုတာလောက်တောင် ဖော်ပြမထားဘူးဗျာ။ အခုပြောနေတာက ဘိုးမင်းခေါင်ရှိ မရှိ ပြောနေတာ မဟုတ်ဘူးဗျ။ ရှိချင်လည်းရှိမယ်။ မရှိချင်လည်းမရှိဘူး။ အခုက ငွေလိုချင်တာ မဟုတ်ဘူး။သေမှာ ကြောက်တဲ့ရောဂါ။အေးချမ်းမှုကို လိုလားတာ။ဒါကိုရဘို့ ဘိုးမင်းခေါင်ရဲ့ လမ်းညွှန်ချက် ဆိုဆုံးမချက်ထဲမှာ ကျုပ် မတွေ့ခဲ့ဘူး။ဒီတော့သူ့ကို ဒီကိစ္စမှာ ဖယ်ထားမှဖြစ်မယ်။
နောက်တချက်က ဘိုးမင်းခေါင်ဆိုတာလည်း သူ့ရဲ့ကျင့်ကြံအောင်မြင်မှုတခုနဲ့ သူ့အသက်ကို မသေအောင် ဆွဲဆန့်ထားတာတဲ့ဗျ။သူလည်း အချိန်တန်ရင် သေရမှာ။အပြီးတိုင် ငြိမ်းအေးတဲ့လမ်းကို သူမရောက်သေးဘူး တဲ့ဗျ။ဒါလောက်နဲ့ ကျုပ်မကျေနပ်နိုင်ဘူးဗျာ။ကဲပါဗျာ။ပြောလက်စနဲ့ ကျုပ်နဲ့ဘိုးတော်တွေရဲ့ ဇာတ်လမ်းတချို့ လည်းရှိလေရဲ့။ဒါလည်း ပြောပြအုံးမှပါ။တော်ကြာ ထိန်ချန်သလိုဖြစ်နေရင် မကောင်းပါဘူး။ကျုပ်ဟာ ထောင်ဇာ တာပါလာတယ်လို့ ဆိုရမယ်။အချုပ်နဲ့ ထောင်ကိုရောက်ခဲ့တဲ့ အကြိမ်ပေါင်း ဆယ်ကြိမ်လောက်ရှိမယ်။ ဒါပေမဲ့ အကြာကြီးထောင်ထဲမှာ နေရမဲ့ဇာတာတော့မပါပြန်ဘူး။ကျုပ်ဒီတခါ ထောင်ကျတာ အကြာဆုံးနဲ့ ဒုက္ခ အရောက် ဆုံးပဲ။နေအုံးဗျ။ထောင်ထဲကို ခဏခဏရောက်တယ်ဆိုတော့ ခင်ဗျားကျုပ်ကို လူဆိုးလူယုတ်မာ ထင်သွားအုံး မယ်။ ဗမာပြည်မှာက ခက်သားလားဗျာ။ထောင်ထဲမှာ တသက်လုံးထည့်ထားရမဲ့ သူတွေက သုံးမကုန်ဖြုံးမကုန် ဘဝနဲ့လောကနိဗ္ဗာန် ရောက်နေပြီး ထောင်နဲ့လားလားမှ မထိုက်သူတွေက ထောင်ထဲ ရောက်နေတဲ့တိုင်းပြည် မဟုတ်လား။ဘာမှမဟုတ်လည်း ထောင်ကျချင်ကျနေတဲ့သူတွေ အများကြီးဗျ။ ဒါတော့ ခင်ဗျားနားလည်ပေးဗျာ။ ဆိုလိုတာက ကျုပ်ဟာ ထောင်တို့အချုပ်တို့ကို ဝင်လိုက်ထွက်လိုက် လုပ်နေလောက်အောင် ကောက်ကျစ် ယုတ်မာပြီး ဆိုးသွမ်းသူမဟုတ်ဖူး ဆိုတဲ့အချက် ပါ။အမှားမကင်း ခဲ့ဘူးဆိုတာလည်း ကျုပ်မငြင်းပါဘူး။
လွန်ခဲ့တဲ့ ငါးနှစ်လောက်ကဗျာ။မီးရထားဝန်ကြီးဌာနကို အရည်ကြိုသံတိုသံစတွေ တင်ဒါသွင်း တဲ့ကိစ္စမှာ ပစ္စည်းလည်း သွင်းပြီးပြီ၊ငွေလည်းထုတ်ပြီးပြီ။ဒါကို လုပ်နည်းလုပ်ဟန်အဆင့်ကျော်တယ်ဆိုပြီး ၆(၁) နဲ့အမှု ဖွင့်တယ်။အမှန်တကယ် အမှုတန်ဖိုးက ကျပ်ငါးထောင်။ နောက်တရားရုံး ရောက်တဲ့အခါ အမှုစွဲတင်တဲ့ စီအိုင်ဒီ အရာရှိ ရုံးထဲဝင်လာပြီး တရားသူကြီးရှေ့က အမှုတွဲဖိုင်မှာ ငါးတလုံးထပ်ဖြည့်လိုက်တော့ ငါးသိန်းငါးထောင်တန် တဲ့အမှုဖြစ်သွားပြီးအပက(၃)ဖြစ်တော့တာပဲ။အမှန်က ဒီအမှုဟာ မှားယွင်းမှုတော့ မဟုတ်ဘူးဗျ။ ကျုပ်ကိုယ် တိုင်ကလည်း ဌာနဆိုင်ရာ စာရွက်စာတမ်းတစောင်ကို အကြံအဖန်လုပ်ထားမိတာလည်း ရှိတယ်။ ကျုပ်လုပ် ကွက်က ပညာသားပါလွန်းလို့ အဲဒီအမှုကို သာမန်ရဲဌာနအနေနဲ့ ကွင်းဆက်ဖော်လို့ မရတာကြောင့် နောက်ဆုံး အင်းစိန်စီအိုင်ဒီရောက်သွားတဲ့အမှုဆိုပါတော့။စီအိုင်ဒီနဲ့ကျုပ် ဘတပြန်ကျားတပြန် ပညာပြိုင်နေ လိုက်ကြတာ အမှုက ရှုပ်သထက်ရှုပ်လာပြီး နောက်ဆုံးတော့ ဟင်္သာတ ဖက်က ကျုံလဟာရွာရဲစခန်းမှာ ကျုပ်ကို မလိမ့် တပတ်လုပ်၊အချုပ်ထဲ သွင်းလိုက်ရော ဆိုပါတော့ဗျာ။ကျုံလဟာ အချုပ်မှာ နှစ်ပတ်လောက်နေပြီးတော့ လက်ပံတန်းအချုပ်ကို ရောက်လာတယ်။ဒီအမှုဟာ အများပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်တဲ့ဥပဒေ(အပက ၃) နဲ့ စွဲတင်ထားတာမို့ လွတ်ဖို့နေနေသာသာ အာမခံရဖို့တောင် အကြောင်းမရှိတာကြောင့် ရွှေပင်လယ်ကာဆီး သည်သို့၊လွတ်လမ်းရယ်ဘယ်မမြင် ဖြစ်နေချိန်ပေါ့။အဲဒီအမှုနဲ့လက်ပံတန်း ရဲအချုပ်ထဲရောက်လို့ တပါတ် လောက်အကြာ တညမှာပေါ့။အချုပ်ခန်းထဲမှာ ကျနော် အိပ်ပျော်သလို မပျော်သလို ဖြစ်နေတုန်း တစုံတယောက် လာနှိုးသလို ခံစားလိုက်ရပြီး နားထဲမှာ “ဟေ့ကောင် သက်ခိုင် အပြင်ကို ကြည့်လိုက်စမ်း ” ဆိုတဲ့ အသံတခု ကြား လိုက်ရတယ်။
ကျုပ်လည်း အိပ်ချင်မူးတူးနဲ့ အချုပ်ခန်းအပြင်ကို လှမ်းကြည့်လိုက်တော့၊လား လား၊ဝတ်ဖြူ စင်ကြယ်နဲ့ ဘိုးတော် တွေ လက်ပံတန်းရဲစခန်းတခုလုံးကို စက်ဝိုင်းပုံပတ်ပြီး တရားထိုင်နေသလို ထိုင်နေကြတာကလား။ကျုပ်ဆိုတဲ့ ကောင်ကလည်း ဘာမဆို နှိုက်နှိုက်ချွတ်ချွတ် စပ်စုတတ်တဲ့ကောင်ဆိုတော့ သေချာအောင်ထပ်ကြည့်မိ တယ်။ကျုပ်တို့ အချုပ်ခန်းဟာ အပြင်ဖက်ကို ကောင်းကောင်းလှမ်းမြင်နိုင်တဲ့ အနေအထား ဗျ။ခပ်လှမ်းလှမ်းမှာ စေတီတဆူကို လှမ်းမြင်နေရတယ်။ကျုပ်ပြောတဲ့ ဘိုးတော်တွေဟာ အဲဒီစေတီနဲ့ အချုပ်ခန်း ကြားကွက်လပ်မှာ ရှိနေကြတာကိုး။စက်ဝိုင်းပုံ အထပ်ထပ်ဝိုင်းပြီး ထိုင်နေလိုက်ကြတာ မျက်စိတဆုံးဆိုပါတော့ဗျာ။ကျုပ်စိတ်ထဲမှာ တော့ တော်တော်အံ့သြသွားမိတာ အမှန်ပဲဗျ။ဘယ့်နှယ့်၊ဒီဘိုးတော်တွေက ငါ ဒုက္ခရောက် နေတာကို ဘယ်လို သိပြီး ဘာအကြောင်းကြောင့် ဒီစခန်းကိုလာဝိုင်းနေကြပါလိမ့်ပေါ့။အမှန်တော့ ကျုပ်ဆိုတဲ့ကောင်ကလည်း ဘိုးတော်တွေက လာကယ်ရလောက်အောင် ကိုယ်ကျင့်တရား လွှတ်ကောင်းနေတဲ့ သူမျိုးလည်း မဟုတ်ဘူးလေ။ ကျုပ်လည်း ဘိုးတော်ပဟေဠိကို တောင်တွေးမြောက်တွေးနဲ့ အဖြေထုတ်နေတုန်း လေးငါးရက်လောက် ကြာ တော့ ပဲခူးတိုင်းရဲမင်းကြီးဦးတင်အောင် လက်ပံတန်းအချုပ်ကို ရောက်လာပြီး ကျုပ်ကို လာတွေ့ပါလေရောဗျာ။ သူ့ကိုယ်ရေးအရာရှိ ရဲမှုးကိုစစ်နိုင်အပြောအရတော့ ရဲမင်းကြီးဟာ ကျုပ်ရဲ့သတင်းကိုကြားတာကြောင့် ပြည်မြို့ ဖက်ကို စစ်ဆေးရေးခရီး အကြောင်းပြပြီး လက်ပံတန်းရဲစခန်းကို ဝင်စစ်တဲ့ပုံစံနဲ့ တမင်ဝင်တွေ့တာတဲ့ဗျာ။ တိုတိုပြောရရင် ရဲမင်းကြီးမျက်နှာကြောင့် ကျုပ်ဟာ ဘာရောဂါမှမရှိပဲ လက်ပံတန်းဆေးရုံမှာ တက်ခွင့်ရပြီး အချုပ်ကနေ လွတ်တော့တာပဲဗျ။ နောက်နှစ်လလောက်ကြာတော့ ကျုပ်အာမခံရတယ်။အမှုရင်ဆိုင်ပြီး တနှစ် ကျော်လောက်ကြာတော့ အဲဒီအမှုကနေ ကျုပ်ကွင်းလုံးကျွတ်လွတ်ခဲ့တာပဲဗျာ။ နေဦးဗျ။ ကျုပ်ဟာ အဲဒီ အချိန် တုန်းက ပဲခူးစစ်တိုင်းမှူးနဲ့ အလုပ်တွဲပြီး လုပ်နေချိန်ပေါ့။ အဲဒီ ဘိုးတော်တွေဟာ တကယ်ပဲလား။ကျုပ်စိတ်က ထင်မိထင်ရာထင်သလား။ဒါတော့ ကျုပ် ဘယ်လိုမှမပြောတတ်ဘူး။အော်.. ခင်ဗျားက ဘိုးတော်တွေ ကျုပ်ကို စောင့်ရှောက်တယ်ထင်နေသလား။ခက်တာက ဒီလိုအတွေးတွေဟာ အထင်တွေသက်သက်လို့ပဲ ကျုပ်ယူဆခဲ့ တယ်။ဘာ သက်သေ၊ သက္ကာယမှ ဆုပ်ဆုပ်ကိုင်ကိုင် ပြနိုင်တာမဟုတ်ဘူး။
နောက်တခေါက် အင်းစိန်ထောင်ထဲကို ၅(ည)နဲ့ရောက်တုန်းကလဲ ဘိုးတော်ဇာတ်လမ်း ရှိသေးသဗျ။အဲဒါက ဒုတိယအကြိမ် ၅(ည)။အမှန်တော့ အဲဒီအမှုဟာ ဘာနိုင်ငံရေးနဲ့မှ ပတ်သက်တဲ့ အမှုမဟုတ်ပါဘူးဗျာ။ကျုပ်တပည့် လူမိုက်တယောက် မူးပြီးရမ်းကားရာကနေ နယ်မြေရဲက အထိန်းမတတ်တော့ ပြဿနာ ပိုကြီးသွားတယ် ဆိုပါတော့။စခန်းမှူးဟာ ကျုပ် သာမန်ရဲနဲ့အချင်းများတာကို စစ်ကြောင်းမှူးဆီ ဖုန်းဆက်ရာက တပ်ခွဲတခွဲ လက်နက်၊ အပြည့်အစုံနဲ့ ရောက်လာပြီး ကျုပ်ကို ဖမ်းတော့တာပဲ။စခန်းမှူးက ကျုပ်ရှိနေရင် သူ့စခန်းအပိုင်မှာ အုပ်ချုပ်လို့မရပါဘူးလို့ အချွန်ကြီးကြီးနဲ့ မ လိုက်တော့ ၅(ည)ဖြစ်ပြီး အင်းစိန်တောရရောက်ခဲ့ရော ဆိုပါတော့။ အဲဒီအချိန်ဟာ နဝတအာဏာ သိမ်းထားတဲ့အချိန် ၁၉၉၀ ခုနှစ်ဝန်းကျင်ဗျ။ခေတ်ပျက်ကြီးထဲမှာ ထောင်ထဲကို ၅(ည)နဲ့ရောက်လာတော့ အကျဉ်းသားအချင်းချင်း အားပေးကြလေရဲ့။စစ်ခုံရုံးနဲ့ညားမှာပဲ။အနည်းဆုံးတော့ ငါးနှစ် ပဲ။ကိုင်းကြီးကြီးမှာ နားဘို့တော့သေချာပြီ။ ကြိုတင်ပြီး လိုင်းလေးဘာလေးဝင်ထားပေါ့တဲ့။ ကျုပ်မိသားစုကလည်း ဟိုလိုက်ဒီလိုက်၊ကျုပ်ကို ဆွဲထည့်တဲ့ရဲမှူးကလည်း ကျုပ်ထောင်မကျ ကျအောင်နေရာ အနှံ့သတင်းပို့ပြီး ပြစ်ဒါဏ် မကြီးကြီးအောင်ဆွဲဆန့်၊ဒါနဲ့ စစ်ခုံရုံးရောက်သွားပါလေရော။ သိတဲ့အတိုင်းပဲဗျာ။ စစ်ခုံရုံးတွေ သိပ်ခေတ်စားနေ တဲ့အချိန်။ စဉ်းစားသာကြည့်ပေတော့။လွတ်ဘို့ကတော့ လမ်းဘယ်မမြင် ဖြစ်ပြန် ရော။
ဒီလိုနဲ့ ချုပ်ရက် နှစ်လလောက်ရှိတော့ ကျုပ်မိန်းမက ရှင်ဒီနေ့လွတ်မယ်လို့စာတိုလေးတစောင် ထောင်ဝန်ထမ်းနဲ့ ပို့လိုက်တယ်။ကျုပ်လည်း ယုံရခက်၊မယုံရခက်နဲ့ လွတ်လေနိုး မျှော်လိုက်တာ ညနေခြောက်နာရီထိုးပြီး ထောင် ပိတ်သွားတဲ့အထိပေါ့ဗျာ။ကျုပ် စိတ်ဓာတ်ကျကျနဲ့ သံတိုင်ကိုခေါင်းပေးပြီး ပက်လက်လှန်၊ မျက်စိမှိတ်နေလိုက်မိ တဲ့အချိန်မှာ ဝတ်ဖြူစင်ကြယ်နဲ့ ဘိုးတော်တယောက် ပေါ်လာသဗျာ။သူက ကျုပ်ကို ပြုံးပြရင်း ဒီနေ့ မင်းလွတ်မှာ ပါလို့ ဆိုလာသဗျာ။ ကျုပ်ကလည်း တအံ့တသြ ဖြစ်နေရင်းက စိတ်ချဉ်ချဉ်နဲ့ ပြန်တွန်းလိုက်မိတယ်။ `ခင်ဗျား ကသာ လွတ်နေ။ ထောင်ကပိတ်သွားပြီ`လို့ ခပ်ငေါ့ငေါ့ ပြန်ပြောတော့၊သူက သူ့လက်ကို ကမ်းလိုက်ပြီး `ကဲ ၊မင်း မယုံရင် ငါခေါ်ပြမယ်။မင်းလက်ပေး`တဲ့။ကျုပ် သူ့ကို လက်လှမ်းပေးလိုက်တော့သူက ကျုပ်လက်ကို ဆွဲကိုင်ပြီး ခေါ်ပါလေရော။ယုံနိုင်စရာတောင် မရှိပါဘူးဗျာ။ကျုပ်ဟာ ဝိဥာဉ်တွေ အကြောင်းရိုက်ကူးတဲ့ ရုပ်ရှင်ထဲ ကလို သံတိုင်တွေနံရံတွေကို ဝှစ်ကနဲ ဖြတ်ကျော်ပြီး အပြင်ကိုချက်ချင်းရောက်သွားပါတော့တယ်။ကျုပ်ဟာ ထောင် အပြင်ကနေ ထောင်ထဲကို ထင်ထင်ရှားရှား လှမ်းမြင်နေရတယ်ဗျာ။ဒီမှာတင် အဲဒီဘိုးတော်က မင်းငါ့ကိုယုံပြီ လား တဲ့။
ကျုပ်က ငါတော့ လွတ်ကြောင်ကြောင်သွားပြီ ထင်တယ်ဆိုပြီး မျက်လုံးဖွင့်လိုက်မိတော့ ဦးကိုဆိုတဲ့ မူဆလင် နှစ်ရှည်အကျဉ်းသားက အပေါ်အဖြူအောက်အဖြူဝမ်းဆက်နဲ့ ကျုပ်ကို လက်လှမ်းပေးရင်း အကိုကြီး အိမ်ပြန်လို့ ရပြီ၊ လွှတ်ဝါးရမ်း နောက်ကျနေလို့ တဲ့ဗျာ။ ကဲ ခင်ဗျားယုံရဲ့လား။ အေးဗျာ ဒီလို နှစ်ခါသုံးခါ ကြုံလာတော့ ကျုပ်ကို ကယ်မနေတာ ဘိုးမင်းခေါင်ပဲ ဆိုပြီး ဟိုလူကပြော ဒီလူကပြောနဲ့ ကျုပ်လည်း ဘိုးမင်းခေါင်ဘက် ပါသွားခဲ့တာပဲ။ တကယ်တမ်း မညှာတမ်း ဆန်းစစ်တဲ့အခါ ဒီလို စိတ်အာရုံမှာ ထင်လာပေါ်လာရုံနဲ့ ကိုးကွယ်တယ်ဆိုတာ တော် တော် ယောင်ဝါးဝါးကိစ္စပဲ။ဘိုင်အိုဂရပ်ဖီမရှိ။အထောက်အထား နတ္ထိ၊မှတ်တမ်း မခိုင်မလုံနဲ့ ရှေ့တိုးပြီး စွတ်ယုံဘို့ ဆိုတာ ကျုပ်အတွက် အခက်တွေ့နေခဲ့တယ်ဗျ။
အခုလည်း ရွှေတိဂုံစေတီကြီးက ကျုပ်ရှေ့ရောက်လာပြန်တော့ ကျုပ်တမျိုး စဉ်းစားလာပြန်တယ်။ငါ လေ့ကျင့် နေတာ တော့ဟုတ်ပြီ။အခုက အကန်းလမ်းသွားသလို ဖြစ်နေတယ်။လမ်းညွှန်လိုတယ် လို့ယူဆလာတယ်။ဒီတော့ ထောင်ဝင်စာလာတွေ့ပြီး ကျုပ်တဲမှာလာနားတဲ့ ကိုနေအောင်ဆိုတဲ့သူကို အာနာပါနမှတ်တာနဲ့ပါတ်သက်လို့ သိ သလောက်ပြောပါလားဗျာ ဆိုပြီး မေးတော့ ကျုပ်ဘေးနားမှာထိုင်နေတဲ့ဇနီးလုပ်သူက ကြားသွားတယ်။သူနောက် တခေါက်လာတော့ စာအုပ်အညိုလေးတအုပ် ပါလာတယ်။အဲဒါ ခင်ဗျားတွေ့တွေ့နေတဲ့ စာအုပ်လေးပဲဗျ။ပညာ အလင်းပြစာအုပ်တိုက်က ထုတ်တာ။ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးနှင့်အနာဂါမ်ဆရာသက်ကြီးတို့၏ ဥပနိဿယအတိုင်း အာနာပါနသိမှုဖြင့်ဝိပဿနာရှုမှတ်နည်းတဲ့ဗျာ။ပါဠိဆရာကြီး ဦးဘုန်းကျော် ကြီးကြပ်ပြင် ဆင်သည် တဲ့။ အဲဒီစာအုပ်လည်း ကျုပ်လက်ထဲရောက်ရော ကျုပ်ဟာ စာတအုပ်လုံးကို တလုံးချင်းအားထုတ်ပြီး ဖတ်တယ်။သူဘာကို ဆိုလိုသလဲဆိုတာ သဘောမပေါက် ပေါက်အောင် အကြိမ်ပေါင်း မရည်မတွက်နိုင်အောင် ဖတ်တယ်။လူပြိန်းနားလည်အောင်ရေးထားတာဆိုတော့ကျုပ်နဲ့တော့အံကိုကျလို့ဗျာ။ သေချာဖတ်၊ စေ့စေ့စပ်စပ်ဖတ်တော့ ကျုပ်လုပ်နေတာတွေဟာ ဝိပဿနာ မဟုတ်သေးဘူး။သမထတဲ့ဗျာ။ဝိပဿနာဆိုတာ ရုပ်နာမ်တို့၏ ဖြစ်ပျက်မှုကိုသိအောင် ရှုပွားသော ကမ္မဋ္ဌာန်းတဲ့ဗျ။ ဒီတော့ကျုပ်လည်း ဝိပဿနာဖြစ်အောင်လုပ်နည်းကို အဲဒီစာအုပ်ထဲမှာ ထပ်ရှာရပြန်တယ်။ဘာရေးထားသလဲ ဆိုတော့ စားတဲ့အခါ သွားတဲ့အခါမှာလည်း သတိကပ် ပြီးနေရသတဲ့။ ရော့ ၊ ဒီမှာ ဖတ်ကြည့်ဗျ၊ စားတဲ့အခါ ဘယ်လို သတိထားပြီး စားရတယ်ဆိုတာ “
ပြောပြောဆိုဆို ကိုသက်ခိုင်က သူ့ဘေးမှာ အသင့်ဖွင့်ထားသည့် စာအုပ်ငယ်ကို ကျနော့်ဆီသို့ လှမ်းပေးလိုက်၏။ (အဆိုပါစာအုပ်၏ စာမျက်နှာ ၄၉တွင် ရေးသားဖော်ပြထားသည့် စားသောအခါရှုမြင်နည်း အကျဉ်းမှာ အောက်ပါ အတိုင်းဖြစ်၏။မူရင်းသတ်ပုံအတိုင်း။)
စားသောအခါ ရှုမြင်နည်းအကျဉ်း
စားသောအခါ၌ ထမင်းလုတ်ကို ပြုသောလက်သည် ထမင်းကို ယူသောအခါ ဖြည်းဖြည်း ကလေးယူ။ ယူသော လက်ချောင်းကို ပဓာနမထားနှင့်။လက်ချောင်းကြီးထဲက ပထဝီ၊အာပေါ၊တေဇော၊ ဝါယော ဓာတ်တို့ ဖြစ်ပေါ်ပျက် နေပုံကိုသာ စိတ်က စိုက်ထား။ဤကဲ့သို့ပင် စိတ်ကိုထားရင်းနှင့်ပင် ထမင်းကိုယူ၍ ထိုထမင်းလုတ်သည် ပါးစပ်သို့ ရောက်အောင် တမိနစ်၊နှစ်မိနစ်ခန့် ကြာအောင် ဖြည်းဖြည်း ကလေးယူ။ စိတ်ကိုမူ လက်ထဲမှာပဲထား။ပရမတ် ဆတ်ဆတ်ဖြစ်သော “ခက်မာဖွဲ့စေး ပူအေးထောက်ကန်”ဆိုတဲ့ သဘောကလေးတွေ သူတို့ဘာသာသူတို့ ဖြစ်နေတာတွေကို အပျောက်မခံနှင့်၊ သတိအမြဲရှိစေ။ ထမင်း ကိုပါးစပ်၌ထည့်တုန်းကလည်း သတိမလစ်စေနှင့်။ဒါကြောင့် သတိပဋ္ဌာန်ဟုခေါ်သည်။ဤကား ပရမတ္ထ သဘာဝကျနသော ပရမတ်ကိုမြင်လျက် ရှုနေသော သမ္ပဇညပဗ္ဗ သတိ ပဋ္ဌာန်ပင်တည်း။
သူ့စာကို ကျနော်ဖတ်ပြီးသည်နှင့်တပြိုင်နက် ကိုသက်ခိုင်က စကားဆက်ပြန်ပါသည်။

“အမှန်ဝန်ခံရရင် အဲဒီတုန်းက ပရမတ်တို့၊ပညတ်တို့၊ပထဝီ၊တေဇော၊အာပေါ၊ဝါယောဆိုတဲ့ ဓာတ်ကြီးလေးပါး ဆိုတာတွေလည်း ကျုပ်သေချာမသိသေးတာ အမှန်ပဲဗျ။ဒါပေမဲ့ အဲဒီစာကိုဖတ်ပြီး ကျုပ်နားလည်သလောက် လိုက်လုပ်တယ်။ ကလေးတယောက် လူကြီးစကားနားထောင်သလို လိုက်လုပ်ကြည့်တယ်။ကျုပ်စားတော့မဲ့ ထမင်းလုတ်ကို လက်နဲ့ စထိတာကနေ ပါးစပ်ထဲထည့် ဝါးပြီးမြိုချတဲ့အထိ ကျုပ်သတိနဲ့ လိုက်ကြည့်တယ်။ အသက်ရှူ မှတ်တဲ့အလုပ်ကိုလည်း ကျုပ်ရပ်မထားဘူး။နေ့တိုင်း အချိန်ရတိုင်း လေ့ကျင့်တယ်။ညညဆို တနာရီ ကျော်ကျော်မှတ်တယ်။ လေးလဝန်းကျင်လောက်ကြာပြီးတဲ့ တနေ့မှာတော့ ညဖက်ထိုင်လိုက်တယ်ဆိုရင်ပဲ ဆယ် မိနစ်ဝန်းကျင်လောက်ရောက်တာနဲ့ ကျုပ်ခန္ဓာကိုယ်ကြီးဟာ သံတုံးကြီးတတုံးချထားသလို ငြိမ်သက် တည်မြဲနေ တာကို ကြုံရပါတော့တယ်။တော်တော်ကို အံ့သြဖို့ကောင်းတာကလား။လေကို မှတ်နေရင်း ခန္ဓာကိုယ် ကြီးဟာ မလှုပ်မရှားခိုင်ခိုင်မြဲမြဲ ထိုင်မိနေတာဗျ။လေ့ကျင့်ခန်းလုပ်ခါစကဆိုဗျာ။ခန္ဓာကိုယ်ကို ငြိမ်သက်နေအောင် ကြိုးစား ရတဲ့ဒုက္ခက မသေးလှဘူးဗျ။ခုတော့ သူ့ဖာသာ ငြိမ်နေတယ်ဗျာ။ဒါတင် ဘယ်ကမတုန်း။ ကျုပ်ခန္ဓာကိုယ် ဟာ တခု ခုထူးခြားနေသလိုပဲလို့ထင်မိတာနဲ့ ကျုပ်ဟာမျက်စိမှိတ်နေရင်းနဲ့ ခန္ဓာကိုယ်ရဲ့ရှေ့ပိုင်းကို အာရုံစိုက်ကြည့်လိုက်မိ တယ်။အမယ်၊ကျုပ်ခန္ဓာကိုယ်ထဲကနေ မှန်သားလိုကြည်လင်တဲ့ နောက်ထပ်ခန္ဓာကိုယ်တခု ထပ်ထွက်လာတာကို တွေ့ရသဗျ။အဲသလို ထွက်လာပြီး လင်းနေတဲ့ခန္ဓာကိုယ်ဟာ ဝိုးတိုးဝါးတား မဟုတ်ဘူးဗျ၊သိသိ သာသာကြီးကို ဖြစ်နေတာ။ခက်တာက အဲဒီ အရောင်အလင်းထွက်နေတဲ့ကိုယ်ပွားဟာ တကယ့်မျက်စိနဲ့ မြင်နိုင်တာမျိုးတော့ ဟုတ်ဟန်မတူဘူး။ ကျုပ်ကလည်း အဲဒီအရောင်ကို မျက်စိဖွင့်မကြည့်မိဘူး။ ကျုပ်စိတ်ထဲမှာ အထူးအဆန်းတွေ နောက် လျှောက်လိုက်ချင်တဲ့စိတ် ကုန်နေတာလည်း ဖြစ်နိုင်ပါရဲ့။ နောက်ပိုင်းရက်တွေမှာတော့ ကျုပ်ဟာ လေ့ကျင့်ခန်းတနာရီထိုင်မယ်လို့ ဆုံးဖြတ်လိုက်ရင် ပထမဆယ်မိနစ်လောက်မှာသာ အချိန်ကုန်တာကို သိရပြီး နောက်မိနစ်ငါးဆယ်ဟာ ရုတ်ခြည်း ကုန်ကုန်သွားပါတော့တယ်။ဆိုလိုတာက မိနစ်ငါးဆယ်လောက် အချိန်တွေ အတွင်းမှာ ကျုပ်စိတ်ဟာ တနေရာတည်းမှာ စွဲမြဲငြိမ်သက်နေတာပါပဲ။အဲသလို ငြိမ်သက်နေတဲ့ အချိန်မျိုးမှာ ခံစားရတဲ့ ခံစားချက်ဟာ ဘယ်လိုအရာမျိုးနဲ့မှ ဥပမာပေးလို့မရအောင် အေးချမ်းတာကလား ။ဘာနှိုးစက်မှ ပေးမထားပေမဲ့ တနာရီထိုင်မယ်လို့ အဓိဋ္ဌာန်ပြုထားရင် တနာရီတိတိမှာ ကျနော် သတိပြန်ဝင်လာတတ်တာပါ ပဲ။တနာရီခွဲ၊နှစ်နာရီထိုင်မယ်လို့ ဆုံးဖြတ်ထားရင်လည်း အဲဒီအချိန်အတွင်း ကျုပ်စိတ်မှာ အေးချမ်းပြည့်စုံမှုတခု ကလွဲလို့၊ ဘာခံစားမှုမှ ထူးထူးထွေထွေမရှိပဲ အချိန်စေ့မှ သတိပြန်ပြန်ဝင်လာသဗျာ။ အဲသလို ရက်ပေါင်းများ လာတော့ ကျုပ်စိတ်ထဲမှာ ငါဘာဖြစ်နေတာလဲ။ အဲဒီအချိန်တွေဟာ ဘယ်ကိုရောက်သွားသလဲ ။အဲဒီအချိန်တွေ မှာ ငါဘာလို့ သတိမပြုနိုင်တော့တာလဲ။၊လောကကြီးမှာ အချိန်ကာလကို ချုံ့ပစ်လို့ရနိုင်သလား။ အချိန်ဆိုတာ ကျဉ်းနိုင်ကျုံ့နိုင်သလားဆိုတဲ့ မေးခွန်းတွေ ဆက်တိုက်ပေါ်လာပါတော့တယ်။ဒီမှာတင် ဘယ်ရပ်အုံးမလဲဗျာ။ ဒိထက် အံ့သြဖွယ်အဖြစ်အပျက်တွေဟာ ဆက်တိုက်ဖြစ်ပေါ်လာပါတော့တယ်။ကျုပ်ဟာ ငှက်တကောင်လို လေ ထဲမှာ ပျံတက်သွားတော့မလားလို့တောင် ခံစားလာရပါတော့တယ်။ခင်ဗျား သေချာနားထောင်ပါ။ ဒါတွေကို ခင်ဗျားယုံစေချင်တဲ့ဆန္ဒ ကျုပ်မှာမရှိပါဘူး။စဉ်းစားချင့်ချိန်နိုင်ဘို့ တွေးခေါ်မျှော်မျှင်နိုင်ဘို့ပြောနေခြင်းသာ ဖြစ် တယ်။ကျုပ်ကိုလည်း အထင်မကြီးပါနဲ့။ကျုပ်ပြောနေတဲ့ အကြောင်းအရာတွေ ဆုံးတဲ့အခါ ဘိုးတော်၊ရုက္ခစိုး၊ နတ် ဗြဟ္မာ ဆိုတာတွေနဲ့ ပတ်သက်ပြီး အားလုံးကို ခြုံငုံမိတဲ့အဖြေတခု ရလာပါလိမ့်မယ်။အဲဒီအဖြေကိုပေးနိုင်ဘို့ မရှိ မဖြစ်လိုတဲ့ အရာကတော့ ဖြစ်ပျက်ကိုသိဘို့ပါပဲ။တညပေါ့ဗျာ။လေ့ကျင့်ခန်းဆင်းပြီး ကျုပ်အိပ်ရာထဲ ပက်လက် လှဲနေလိုက်တယ်။အိပ်တော့ မပျော်သေးဘူး။ အိပ်တော့မဲ့ ဆဲဆဲ စပ်ကူးမတ်ကူး အချိန်လေးမှာပေါ့ဗျာ။

(ဆက်လက်ဖော်ပြပါမည်။)

(ရုပ်ပုံ။ ။ ဂူဂဲလ် )

ဖြစ်ပျက်ရှာပုံတော်ခရီးသည် ( ၆ )

$
0
0


၆။ ထူးထွေသည့် အံ့ရာသော် ။

နေဦးဗျ၊အဲဒီအဖြစ်အပျက်ကဒီစခန်းခွဲမှာ ကြုံခဲ့ရတဲ့အဖြစ်မဟုတ်ဘူး။ ထောင်ပိုင်ကြီး အခေါ်တော်ရှိလို့ ကျုပ် ပင်မ စခန်းကို သွားနေတဲ့ရက်တွေတုန်းကဗျ။ ဒီလိုပါပဲဗျာ။ ဒီရဲဘက်စခန်းမှာ အရေးကြီး ပုဂ္ဂိုလ်လာမယ်၊ အကျဉ်းဦးစီး က စစ်ဆေးရေးအဖွဲ့လာမယ်၊ ဘာညာဆိုရင် တောင်စပ်စပ် မြောက်စပ်စပ် စုံစီနဖာကျွမ်းကျင်နေတဲ့ ကျုပ်ကို ခေါ် လေ့ခေါ်ထရှိပါတယ်။ အဲဒီလိုကိစ္စတွေမှာ ထိုင်ခုံစီတာကအစ ကျွေးမွေးဧည့်ခံတဲ့နေရာအဆုံး အမှားအယွင်းမရှိဖို့ လိုတယ်မဟုတ်လား။ အကျဉ်းဦးစီးဆိုတာ ခင်ဗျားသိတဲ့အတိုင်း အမေက ငါ့ကိုနိုင်၊ ငါက ကြက်မကြီးကိုနိုင်ဆိုတဲ့ နေရာမျိုးလေ။အကျဉ်းသားက တန်းစီးဘုတ်ကိုင်ကို သေမလောက်ကြောက်ရတယ်။တန်းစီးဘုတ်ကိုင်က ထောင် ဝန်ထမ်းကို အဖေထက်ကြောက်ရတယ်။ ထောင်ဝန်ထမ်းတွေလဲ သူ့အထက်အရာရှိဆို ပထွေးထက်ကြောက်ကြ ရတယ်လေ။
ပင်မစခန်းမှာလည်း ကျုပ်ဟာ သာမန်အကျဉ်းသားတွေလို အဆောင်ထဲဝင်မနေရပါဘူးဗျာ။ ထောင်ပိုင်ကြီး အထူး ခေါ်ယူထားတဲ့သူဆိုတော့ ထောင်ပိုင်ကြီးအတွက် သီးသန့်ချက်ပြုတ်တဲ့ အဆောင်မှာနေတယ်။ အဲဒီအ ဆောင်မှာရှိကြတာက ချဲမှုနဲ့ကျလာတဲ့ ချာတိတ်နှစ်ယောက်။ မောင်ဝင်းနဲ့ တရုတ်ကလေး ပေါက်ပေါက် ပေါ့။ အမှန်တော့ သူတို့လည်း ထောင်ပိုင်စားဖိုဆောင်မှာ နေခွင့်ရတယ်ဆိုတာ လိုင်းကြေးပဲဗျ။ အဲဒီစားဖိုဆောင်ကို သူတို့ အိတ်စိုက်ပြီး ဆောက်ပေးရတယ်။ ထောင်ပိုင်စားဖို့၊ လာသမျှ ထောင်ပိုင့်ဧည့်သည်တွေကို ဝတ္တရားကျေ အောင် ပြုစုကျွေးမွေးဖို့ သူတို့ တာဝန်ယူရတယ်။
ပင်မစခန်းကို ကျုပ်ရောက်လာတော့ မောင်ဝင်းက ကျုပ်အတွက် သူတို့အဆောင်မှာရှိတဲ့ သီးသန့်အခန်းလေး တခု စီစဉ်ပေးတယ်။ကုတင်၊စောင်၊ခေါင်းအုံးအပြင် အောက်ခံစောင်ခပ်ထူထူတောင် ခင်းထားပေးသေးဗျာ။ ကုတင်ဆိုတာ အကျဉ်းသားလက်သမားရဲ့လက်ရာ ကပ်ရိုက်ကပ်ခွေပေါ့ဗျာ။ ကုတင်က နှစ်ပေခွဲလောက် မြင့်မယ် ထင်ပါရဲ့။အဲဒီကုတင်ရဲ့ထူးခြားချက်ကတော့ ကုတင်ခေါင်းရင်းမှာ တပေမရှိတရှိ သစ်သားတန်းလေးပါတယ်ဗျာ။ ကျုပ်အိပ်ခန်းနဲ့ကပ်လျက်က မီးဖိုဆောင်၊ မီးဖိုဆောင်နဲ့ကပ်လျက် တခြားတဖက်မှာ မောင်ဝင်းတို့အခန်းပေါ့။
နေ့လည်ဖက်မှာ လုပ်စရာကိုင်စရာရှိတာတွေ လုပ်နေချိန်လဲ ကျုပ်ကတော့ အချိန်ရတယ်ဆိုတာနဲ့ အမှတ်မပျက် အောင် မှတ်လျက်ပဲဗျ။ အဲဒီအချိန်တွေမှာ ကျုပ် စကားများများပြောတဲ့အလုပ်ကို သတိကြီးကြီးနဲ့ရှောင်တယ်။ အားရင်အားသလို မှတ်တယ်။လစ်ရင် လစ်သလို မှတ်တယ် ဆိုပါတော့ဗျာ။ အဲဒီနေ့ညက ကျုပ် အိပ်ယာဝင်တဲ့ အချိန်ဟာ ညဆယ့်တစ်နာရီလောက်ရှိမယ်။ ဆယ်နာရီမှာ အိပ်ဆောင်ပိတ်တော့ တနာရီလောက်က ဘုရားရှိခိုး ပြီး လေ့ကျင့်ခန်းဝင်ချိန်ပေါ့ဗျာ။ မှတ်နေတဲ့ တရားရဲ့အရှိန်ကြောင့်ပေလား မဆိုနိုင်ဘူး။ အဲဒီနေ့က အိပ်ယာဝင် ရတာ ကျုပ်စိတ်ထဲမှာ ခါတိုင်းနေ့ထက် ငြိမ်းချမ်းနေသလိုပဲဗျ။ ကျုပ် အကျဉ်းစခန်းကို ရောက်နေတယ်၊ ရဲဘက် ဘဝနဲ့ လေးငါးနှစ်နေရမယ်ဆိုတဲ့ ပူပင်စရာအတွေးတွေလည်း မရှိဘူး။ ကုန်ကုန်ပြောရရင် ဟိုတုန်းက သောက် သောက်စားစား လူ့မင်းသားဘဝနဲ့ နေခဲ့တုန်းကတောင် အိပ်ယာဝင်တဲ့အခါ ဒီလောက် မအေးချမ်းခဲ့ဖူးဘူး။
အဲဒီညက ကျုပ် အိပ်ယာထဲမှာ ပက်လက်လှဲနေရင်း အိပ်မပျော်ခင် အချိန်ကလေးကိုလည်း အမှတ်မပျက်ပဲ ဆက် မှတ်နေခဲ့တယ်ဗျ။ ဒါနဲ့ ကျုပ်ဟာ အိပ်ပျော်သလိုလို ဖြစ်သွားတယ်။ အချိန် ဘယ်လောက်ကြာသွားတယ် မပြော တတ်ဘူး။ ကျုပ်ဟာ အိပ်ပျော်နေရာကနေ ပြန်နိုးလာသလို ဖြစ်သွားတယ်။ ကျုပ်စိတ်ထဲမှာ တခုခုထူးနေသလိုပဲ လို့ ခံစားရတယ်။ ဘာကြောင့်လဲဆိုတော့ ကျုပ်ခန္ဓာကိုယ်ဟာ ဘာနဲ့မှထိမနေသလို သတိပြုမိလိုက်တယ်။ခင်ဗျား စဉ်းစားကြည့်လေ။ အိပ်နေရင်း ဘေးဘယ်ညာလှည့်မယ်ဆိုရင် ခေါင်းအုံးတို့စောင်တို့နဲ့တော့ ထိတာထုံးစံမဟုတ် လား။ကျုပ်ဟာ ခန္ဓာကိုယ်ကို နည်းနည်းလှုပ်ကြည့်လိုက်မိတယ်။လှုပ်ကြည့်မိကာမှ ဘာနဲ့မှထိမနေတာ ပိုသိသာ လာတယ်ဗျာ။ ဟုတ်တယ် တစုံတခု ထူးခြားနေတယ်ဆိုတာ သေချာပြီဗျ။
ဒါနဲ့ကျုပ်လည်း တတ်နိုင်သမျှ သတိကိုပြန်စုစည်းရင်း ဘာဖြစ်နေတယ်ဆိုတာ သေချာသိရအောင် စူးစမ်းလိုက် တော့ လား .. လား ကျုပ်ဟာ လေထဲမှာ မျောနေတာပါကလား။ တကယ့်အသိစိတ်နဲ့ ထင်ထင်ရှားရှား သိနေ သလိုပါပဲ။ ကျုပ်ရဲ့ ခန္ဓာကိုယ်ဟာ လျောတိုက်ပြီး မျောနေပါတယ်။ မျောနေတဲ့နေရာက ကုတင်အပေါ်တည့်တည့် တပေလောက် အမြင့်မှာပါ။ သေချာသည်ထက်သေချာအောင် ကျုပ်ဟာ ကိုယ်ကိုယိမ်းပြီး ကြည့်လိုက်မိတော့ ဘေးနှစ်ဖက်ကို ခြောက်လက်မစီလောက် ရွေ့ပြန်ရောဗျ။ ကျုပ်သတိပြုမိသလောက် ခန္ဓာကိုယ်ဟာ အောက်ဖက် ကို နိမ့်လိုက် အပေါ်ဖက်ကို မြင့်လိုက် ဖြစ်နေတာမျိုးမဟုတ်ဘူး။ အမြင့်က မပြောင်းလဲဘူး။ ဘေးဖက်ကိုတော့ ရွေ့ တယ်ဗျာ။အဲ ခေါင်းရင်းနဲ့ခြေရင်းဖက်ကိုလဲ ရွေ့တယ်ဗျ။
အေးဗျာ ခေါင်းရင်းခြေရင်း လျှောတိုက်ရွေ့နေတာကို သတိထားမိတော့မှ ကျုပ်စိတ်ထဲမှာ ကျုပ်ခေါင်းနဲ့ခေါင်းရင်း ဖက်က သစ်သားတန်း သွားဆောင့်မိသွားရင် ဒုက္ခဆိုပြီး စိုးရိမ်သလိုလို ဖြစ်သွားတာကြောင့် ကျုပ်ညာဖက် လက်နဲ့ ခေါင်းကို အုပ်လိုက်ခွာလိုက်လုပ်ပြီး သစ်သားတန်းရှိလောက်မဲ့ နေရာနဲ့ လွတ် မလွတ် စမ်းကြည့်မိတယ်။ သစ်သားတန်းကို မစမ်းမိတာကြောင့် ကျုပ်ခေါင်းဟာ ကုတင်ခေါင်းရင်းက သစ်သားအပေါ်ကို ရောက်နေတာ သေချာတာပေါ့။
ကျုပ်မကျေနပ်သေးဘူး။ ကျုပ် ညာလက်ကို ခေါင်းဆီကနေ ပြန်ရုပ်ပြီး ကျောပြင်အောက်ကို ထိုးစမ်းလိုက်တယ်။ သေချာပါပြီ ။ ငါလေထဲမှာ လျောတိုက်မျောနေတာ အသေအချာပါပဲ။
ကျုပ် သုံးလေးကြိမ် တကယ်ဟုတ်ရဲ့လား၊တကယ်ဟုတ်ရဲ့လား၊ အထပ်ထပ် စဉ်းစားရင်းက ပုံမှန်ပြန်ဖြစ်သွား တယ်။ကျုပ်စိတ်ထဲမှာ တကယ်ဟုတ်ရဲ့လားလို့ အခုထိ စဉ်းစားနေရတုန်းပဲဗျာ။ လောကကြီးဟာ ထူးဆန်းလှပါ လား။ဒီလိုဆက်ကျင့်နေရင် လေထဲမှာပျံနိုင်မှာလား။ ရသေ့တွေ ရဟန္တာတွေ ဈာန်ရတယ်ဆိုတာ ဒီလို လေ့ကျင့် ခန်းမျိုးပဲလား။ငါ ဘာကြောင့် လေထဲမှာ မျောနေခဲ့ရတာလဲ။
ကျုပ်စိတ်ထဲမှာမေးခွန်းတွေ ဆက်တိုက်ဖြစ်ပေါ်နေပေမဲ့ လေ့ကျင့်ခန်းကိုမပြတ်သလို ကျမ်းဂန်တွေမွှေနှောက်တဲ့ အလုပ်ကိုလည်း လုပ်လျက်ပါပဲ။အများဆုံးဖတ်ဖြစ်တာကတော့ ဆရာသက်ကြီးရဲ့အာနာပါနသိမှုဖြင့် ဝိပဿနာ ရှုပွားနည်းပါပဲ။

ထူးခြားတာတခုပြောရအုံးမယ်ဗျ။ တနေ့ ကျုပ်အမှတ်မပျက် လမ်းလျှောက်နေတုန်း ဗြုန်းဆို ကျုပ်ရဲ့ ခြေဖဝါး နှစ်ဖက်ဟာ အမှုန်တွေဖြစ်သွားသလို ခံစားလိုက်ရတယ်ဗျ။ ဘယ့်နှယ့်ဟာတုန်း ခြေဖဝါးမှာ အမှုန်တွေ လှုပ်နေ တာ တဖျဉ်းဖျဉ်းနဲ့ပါလားပေါ့။ နောက်တော့ ခန္ဓာကိုယ်အနှံ့ ဟိုနေရာဒီနေရာ ၊နေရာအတော်များများမှာ ဆူးချွန် လေးနဲ့ထိုးသလို စပ်ဖျဉ်းဖျဉ်းဖြစ်သွားတာလည်း ရှိပါရဲ့။ ဒါတင် မကသေးဘူးဗျ။ တခါတလေ ကျုပ်ကိုယ်ပေါ်မှာ ပုရွက်ဆိတ်ကလေးတွေ တရွေ့ရွေ့လျှောက်သွား နေသလိုမျိုးလည်း ခံစားရတယ်ဗျ။ အမှန်က တရားထိုင်တဲ့သူ အတော်များများမှာ အမှုန်ကလေးတွေကို သတိပြုမိတာဟာ နှာသီးဖျားမှာလို့ ကျုပ်ဖတ်ဖူးပါတယ်။ အခု ကျုပ် ခြေဖဝါးမှာ လာပေါ်နေတာဟာ ကျုပ်ဟာ ဇွဲကြီးကြီးနဲ့ ရမ်းလုပ်နေလို့ ဖြစ်ရတယ်လို့ ယူဆမိတော့တာပါပဲ။
ကျုပ်စိတ်ထင် အဲဒီလိုခံစားမှုနဲ့ မရှေးမနှောင်းမှာ ထူးခြားတာတခု ထပ်ကြုံရပြန်ပါတယ်။ ထူးခြားတာဆိုတာ ထူး ဆန်းတာ မဟုတ်ဘူးနော်။ ဒီလိုဗျ။ ကျုပ်ဟာ ခြေဖဝါးမှာ အမှုန်တွေပေါ်တာကို သိသွားတော့ နှာသီးဖျားမှာကော ဘယ်လိုနေတုန်းဆိုပြီး သတိထားကြည့်လိုက်တော့ အမယ်၊ နှာသီးဖျားမှာလည်း အမှုန်တွေ ပေါ်တာပဲဗျ။ ဆူးချွန် နဲ့ထိုးသလို ပုရွက်ဆိတ်တွေ တရွေ့ရွေ့သွားနေတာဟာလည်း လက်စသတ်တော့ အမှုန်တွေလှုပ်တာပဲဗျ။ ဒါပေမဲ့ အဲဒီလိုဖြစ်တာကြောင့် မခံချိမခံသာတော့ ခံစားရတာမျိုးမရှိဘူး။ မှတ်နေသတိပြုနေဖန်များလို့ ထင်ပါရဲ့။ တခါ တလေ ကျုပ်ရဲ့နှာသီးဖျားမှာ ရေတွေ ဝင်လိုက်ထွက်လိုက်ဖြစ်နေသလို ခံစားရတယ်ဗျ။
တဖြည်းဖြည်းနှာသီးဖျားက လေကိုသေချာအာရုံပြုပြီး စိုက်ကြည့်နေလိုက်တော့ လှုပ်နေတဲ့ လေအဝန်းတခုကို ကျုပ်သတိပြုမိလိုက်တယ်။ ဒါနဲ့ ကျုပ်လည်း အဲဒီလှုပ်လှုပ်ရွရွအရာလေးဟာ နေရာရွှေ့လို့ရနိုင်သလားဆိုတဲ့ စိတ် ကူးပေါ်လာတာနဲ့ ငယ်ထိပ်ကို စိတ်နဲ့တွန်းပို့ကြည့်လိုက်မိတော့ ၊ အမယ် ရွှေ့လို့ရတယ်ဗျ။ ကျုပ်ဟာ ရွှေ့လို့ရတဲ့ အဲဒီအဝန်းလေးကို သေချာထပ်ပြီး ဂရုတစိုက်ကြည့်မိပြန်တော့ ကြည့်နေတာကြာလေ အဲဒါလေးက တဖြည်း ဖြည်း ငြိမ်လာလေပဲဗျ။ ငြိမ်လာလေ ခံစားမှုက နှစ်သက်စရာကောင်းလာလေပဲ။ နောက်ဆုံး အဲဒီအဝန်းလေးလဲ လုံးလုံးငြိမ်သွားရော ကျုပ်စိတ်ဟာ ငယ်ထိပ်တည့်တည့်မှာ ဒုတ်ဒုတ်ထိ ကျောက်ချထားသလို ခိုင်မြဲနေတော့တာ ပဲဗျ။ အံ့သြစရာကောင်းတာက အမြဲတမ်းတောင်တွေးမြောက်တွေးနဲ့ ဗျာများနေတတ်တဲ့ ကျုပ်စိတ်ဟာ ဘယ်မှ မသွားတော့ပဲ အဲဒီငြိမ်သက်ခြင်းမှာ ဇိမ်ကျနေတာပဲဗျာ။
ဒါနဲ့ ပတ်သက်လို့ ကျုပ်ဖတ်နေတဲ့ ဆရာသက်ကြီးစာအုပ်မှာ တွေ့လိုတွေ့ငြား ရှာကြည့်တော့ ကျုပ်ရှာတွေ့တဲ့ အနီးစပ်ဆုံးအဖြေကတော့ ဒါဟာ ပထမဈာန်ဇောကျတယ်ဆိုပဲ။ ကျုပ်စိတ်ထင်ပြောတာနော်။ ရော့၊ မူရင်းစာကို ဖတ်ကြည့်ပါ။
ကိုသက်ခိုင် ဖတ်စေသော အကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်၏။
ပထမဈာန်ဇော
ဤပဋိဘာဂနိမိတ်ကို ကြည့်၍ကြည့်၍နေလျှင် ကြာလေ၊ ငြိမ်လေ၊ ကြာလေ လင်းလေ၊ ကြာလေ အေးကြည်လေ၊ ကြာလေငြိမ်သက်လေ ဖြစ်လာပြီးသကာလ နှစ်သက်သော ပီတိဖြစ်၍ နေလိမ့်မည်။
ထိုနှစ်သက်သော ပီတိဖြစ်တယ်ဆိုလျှင်ပဲ ချမ်းသာရာသုခ ဖြစ်လာတော့တာပဲ။
ချမ်းသာသုခဖြစ်တယ်ဆိုလျှင် မတုန်မလှုပ် ငြိမ်သက်တည်ငြိမ်သော ကျောက်စာတိုင်ကဲ့သို့ ခိုင်သော မြဲသော ဧကဂ္ဂတာစိတ် ဖြစ်လာတော့တာပါပဲ။ ဧကဂ္ဂတာစိတ် ဖြစ်လာသောအခါ မိမိစိတ်သည် ထို ပဋိဘာဂနိမိတ်ထဲ ရောက်၍နေသကဲ့သို့ ပဋိဘာဂနိမိတ်ကို မြင်နေသည်မှတပါး လွဲ၍ ဘာကိုမျှ မသိ တော့ပေ။ ထိုပဋိဘာဂနိမိတ်သည်ပင်လျှင် မိမိ၊ မိမိသည်ပင် ပဋိဘာဂနိမိတ် ဟူသကဲ့သို့ ဖြစ်နေတတ် သည်။ ထိုအခါဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အဂါင်္ငါးပါး နှင့် ပြည့်စုံပြီး သကာလ ပထမဈာန်ဇော ကျသွားတတ်လေ၏။
ဝိတက်၊ ဝိစာရ၊ ပီတိ ၊သုခ၊ ဧကဂ္ဂတာ ဟူသော ဈာန်အဂါင်္ငါးပါးတို့တွင် -
ဝိတက်- ဟူသည်ကား မိမိနှင့်တကွဖြစ်သော နာမ်တရားတို့ကို အာရုံတစ်ခုခုသို့ ပို့ခြင်းသဘောရှိသော နာမ်တရားတစ်ခုပင်တည်း။
ဝိစာရ- ဟူသည်ကား မိမိနှင့်အတူတကွဖြစ်သော နာမ်တရားတို့ကို အာရုံ၌ သုံးသပ်စေခြင်း သဘောရှိ သော နာမ်တရားတစ်ခုပင်တည်း။
ပီတိ- ဟူသည်ကား အာရုံကို နှစ်သက်ခြင်းသဘော ရှိသော နာမ်တရားတစ်ခုပင်တည်း။
သုခ- ဟူသည်ကား အာရုံကို ချမ်းသာ၏ဟု ခံစားခြင်းသဘောရှိသော နာမ်တရားတစ်ခုပင်တည်း။
ဧကဂ္ဂတာ- ဟူသည်ကား အာရုံ၌ တည်ကြည်ခြင်း ၊ မပျံ့လွင့်ခြင်းသဘောရှိသော နာမ်တရားတစ်ခုပင် တည်း။
ဤကား ယောဂီပုဂ္ဂိုလ်များ နားလည်အောင်ရေးသားသော ဈာန်အဂါင်္ငါးပါး၏ အကျဉ်းဆုံး အဓိပ္ပါယ် တည်း။
(ပဋိဘာဂ နိမိတ်လုံးကို ကြည့်၍ကြည့်၍ နေသော ယောဂီပုဂ္ဂိုလ်အား ပြဆိုအပ်သော ဝိတက် ၊ဝိစာရ၊ ပီတိ ၊သုခ၊ ဧကဂ္ဂတာဟူသော သဘောတရားငါးပါးနှင့်တကွဖြစ်သော ပထမဈာန်စိတ် ဖြစ်ပေါ်လာသည် ဟူလို။)
………………………….
တခုတော့ သတိပေးထားအုံးမယ်ဗျ။ ပထမဈာန်ဇောကျတယ် ထင်တယ်ပြောမိလို့ ကျုပ်ကို ပထမဈာန်ရသွားပြီ ဆိုပြီး စွတ်အထင်ကြီးမနေနဲ့။ သူဌေးဖြစ်ချင်ဇောကပ်တာနဲ့ သူဌေးတကယ်ဖြစ်သွားတာ အများကြီး ကွာတယ် နော်။ ထပ်ပြီးပြောလိုက်ပါရဲ့။ အခုပြောနေတာဟာ ကျုပ်ရဲ့အထင်မျှသာ ဖြစ်တယ်။ ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး။
ကျုပ်စိတ်ထဲမှာ အံ့သြဝမ်းသာမိတာကတော့ ကျုပ်လုပ်နေသမျှ လေ့ကျင့်ခန်းနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်၊ အမည်သညာခေါ်ဝေါ်ပုံတွေဟာ ကျမ်းဂန်တွေမှာ အသင့်ရှိနေပြီးသားဆိုတဲ့ အချက်ပဲဗျ။ ကျုပ် စိတ် ထဲမှာ တခုခုမရှင်းတာရှိလို့ စာတအုပ်ကိုကောက်လှန်လိုက်ရင် ကျုပ်သိချင်တဲ့အချက်ဟာ လှန်လိုက်တဲ့ စာမျက် နှာမှာ တန်းတိုးနေတာမျိုးလည်း အကြိမ်ကြိမ်ကြုံရဖူးတယ်။ တခါတခါ နတ်သိကြားတွေ ကူညီနေတယ်လို့ တောင် ခံစားရတဲ့အထိပဲဗျ။
အမှန်က ကျုပ်တို့ဟာ ဘာသာရေးမှာ စကားလုံးတွေ အသံတွေနောက်ကို လိုက်ပြီး အဓိပ္ပါယ် ဖွင့်ကြတာမို့ ယောင်ဝါးဝါးတွေ ကြုံနေခဲ့ကြတာဗျ။ စာတွေ့လက်တွေ့ ပေါင်းစပ်လိုက်တော့မှ နားသယ်ကို တူနဲ့နှက်လိုက်သလို ဒေါင်ဒေါင်မြည်အသိဖြစ်တော့တာကလား။
ဥပမာ၊ ကျုပ်သဘောပေါက်သွားတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုပါတော့။ခင်ဗျားကပြောမယ် ၊ ဒါလေးများဗျာ။ မမြဲဘူး၊ ဆင်းရဲတယ်၊ အစိုးမရဘူး၊ ဒါဟာ အနိစ္စ၊ဒုက္ခ၊ အနတ္တ ပေါ့ဆိုပြီး။ဒီမှာတင် ကျုပ်က ဘယ်ဟာကဘယ်လို မမြဲ သတုန်း၊ ဘယ်ဟာက ဘယ်လို ဆင်းရဲသတုန်း ထပ်မေးရင် ခင်ဗျား ဒုက္ခိတပျားတုတ်သလိုဖြစ်ပြီ။ ကျုပ် ရှင်းပြတာလေးကို ခင်ဗျား သေချာနားထောင်ကြည့်ပါဗျာ။


ကျုပ်ဟာ နှာသီးဖျားကလေဝန်းကို ဆင်ခြင်ဖန်များလာတော့ အဲဒီလေဝန်းရဲ့ လှုပ်ရှားမှု အသေး စိတ်ကို တစတစ သဘောပေါက်လာတယ်။နောက် တခါတရံ ခန္ဓာကိုယ်အနှံ့ အမှုန်လေးတွေ ဖွားကနဲပေါ်လာလိုက် ပျောက်သွား လိုက် ဖြစ်တတ်တယ်။ အလားတူမျက်စိကိုမှိတ်ပြီး ရှုမှတ်နေတုန်းမှာ ဝင်းကနဲ လင်းကနဲ အလင်းရောင်တွေကိုလဲ အာရုံမှာပေါ်လာ တတ်တယ်ဗျ။
ကျုပ်လည်း ဒီလိုဖြစ်နေတာတွေဟာ ကျုပ်အသက်ရှူနေတာကြောင့် ဖြစ်ရတယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် အသက်ရှူနေခြင်းနဲ့ လေအဝန်းလှုပ်ရှားမှုဟာ ဘယ်လိုဆက်စပ်နေသလဲဆိုတာ သေချာထပ်ပြီး လေ့လာတယ်။ အသက်ရှူတာကို အောင့်ထားပြီး လေအလှုပ်ကို သတိထားကြည့်တော့ လှုပ်နေတုန်းပဲ။ နောက်ဆုံး ကျုပ်ဟာ အသက်မရှူတော့ဘူးထင်ရလောက်အောင်အထိ သမာဓိကြီးအောင်လုပ်ပြီး စောင့်ကြည့်တယ်။ အလှုပ်က ရှိနေ တုန်းပဲ။ အဲဒီအလှုပ်ဟာ ကျုပ်အသက်ရှူရှူ မရှူရှူ အချိန်တိုင်း ရှိနေတယ်။ နောက်တခုက အဲဒီအလှုပ်ဟာ တချိန်နဲ့တချိန်မတူအောင် ပုံစံပြောင်းလဲနေတဲ့ အလှုပ် ဖြစ်တယ်။ ဒီတော့ ဒီအလှုပ်ဟာ ကျုပ်ရဲ့လှုပ်ရှားမှု ဖန်တီး မှု ပယောဂနဲ့ ကင်းကွာပြီး သူ့သဘောနဲ့သူ အချိန်ပြည့် ဖြစ်နေတဲ့ အလှုပ်ဆိုတာသေချာလာတယ်။ ထို့အတူ ဝင်း ကနဲ ပေါ်လာတတ်တဲ့ အလင်းရောင်ဟာလည်း ကျုပ်သဘောနဲ့ကင်းပြီး ဖြစ်နေတယ်ဆိုတာ သဘောပေါက် လာတယ်ဗျာ။
အတိုချုပ်ရင် ခင်ဗျားတို့ကျုပ်တို့ခန္ဓာကိုယ်မှာ အမြဲမပြတ် သူ့သဘောသူဆောင်ပြီး လှုပ်ရှား ပြောင်းလဲ နေတဲ့ အချင်းအရာတခု ရှိတယ်။ဒါဟာ ကျုပ်နားလည်ခဲ့တဲ့ အနိစ္စပါပဲ။
အမှန်ကို ဝန်ခံရရင် အနိစ္စ ဆိုတာ အ ရေ အ ၊ နငယ်လုံးတင် စလုံးနှစ်လုံးဆင့် အနိစ္စ လို့ ကျုပ်တသက်လုံး ထင်နေခဲ့တာဗျ။အဲဒီအလှုပ်ကို ကြီးစွာသော သမာဓိနဲ့စိုက်ကြည့်နိုင်လာတဲ့အခါ အဲဒီအလှုပ်မှာ အလွန်သေးငယ် တဲ့ အမှုန်လေးတွေ ပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်နေတာကြောင့်ဆိုတာ သိလာနိုင်တယ်ဗျာ။ အမှုန် ဟောင်းတွေ ပျက်သွားပြီး အမှုန်သစ်တွေရောက်လာတာတဲ့ဗျ။ ဘယ်ကနေလာ၊ဘယ်ကိုသွားတယ်ဆိုတာ မရှိ ဘူး။ ဒီနေရာ မှာတင်ဖြစ် ဒီနေရာမှာတင် ပျောက်သွားတာမျိုး။
တိတိကျကျပြောရရင် အဲဒီပျောက်သွားတဲ့အမှုန်တွေဟာ အရပ် စကားနဲ့ဆို သေကုန်တာပေါ့ဗျာ။ တလ စပ် ပျောက်ကုန်သေကုန်တယ်ဆိုတော့ အဲဒါဟာ ဆင်းရဲခြင်းပေါ့။ ဆင်းရဲတာကို ဒုက္ခလို့ ဆိုတာပါပဲဗျာ။
ကျုပ်ဟာ အမြဲမပြတ်ပြောင်းလဲနေခြင်းသဘောနဲ့ အမှုန်နဲ့အလင်းတွေ ပျောက်လိုက်ပေါ်လိုက်ဖြစ်နေတာကို မဖြစ်ပဲနေအောင် သေသေချာချာ အားစိုက်ပြီး ထိန်းချုပ်ကြည့်တယ်။
ဘယ်လိုမှ ထိန်းချုပ်လို့မရပဲ တလစပ် သူ့သဘောနဲ့သူ ဖြစ်နေတယ်။ အဲဒါ အစိုးမရဘူးဆိုတဲ့ အနတ္တပေါ့။ ဘာဘဲဖြစ်ဖြစ် ကျုပ်ရဲ့ကောက်ချက်ကို စာတတ် ပေတတ် ကျမ်းဂန်တတ်တဲ့သူ တဦးဦးနဲ့များ ဆုံနိုင်ခဲ့ရင် မှန်မမှန် ဟုတ် မဟုတ် ထပ်ပြီး ဆန်းစစ်ချင်ပါရဲ့။
………………………………..
တစစနဲ့ကျုပ်ဘဝဟာ နေပျော်တဲ့ဘဝတခုဖြစ်လာပါတယ်။ရောက်လာသမျှ ကျမ်းဂန်တွေ၊ တရားစာအုပ်တွေကို သေချာဖတ်တယ်။ဝတ္ထုဖတ်သလို ဇာတ်ကြောင်းသိရုံမဟုတ်ဘူး။ရေကူးတတ်ချင်နေတဲ့သူက ရေကန်ဘေးမှာ ရေကူးနည်းစာအုပ်ဖွင့်ပြီး ရေထဲဆင်းကူးလိုက် စာအုပ်ထဲမှာ မသိတာပြန်ရှာလိုက် လုပ်နေတာ။ အတွင်းအား ကျင့်တဲ့သိုင်းသမားဝတ္ထုတွေထဲကလိုလဲ တူပါ့ဗျာ။ သိုင်းကျမ်းကြီးကိုဖွင့်လိုက် ၊သိုင်းလေ့ကျင့်လိုက်၊ နားမလည် တဲ့ အခန်းဆိုရင် စာအုပ်လှန်ရှာလိုက် ပေါ့ ။
ဗျာ စာအုပ်ချည်းသက်သက်ပဲလား။ဘယ်ဟုတ်မလဲဗျ။ လူဆရာလည်းလိုတာပေါ့။ ရဲဘက်ပါဆိုနေမှ တရားစခန်း က တရားပြဆရာတော့ ဘယ်ပင့်လို့ရမလဲ။ကျုပ်လည်း တရားစခန်း ဘယ်သွားလို့ရပါ့မလဲ။ သိချင်တတ်ချင် စိတ် က ဦးဆောင်နေတော့ ဖြစ်တဲ့နည်းနဲ့ဆရာရှာရတော့တာပေါ့။ ကျုပ်ရှာတွေ့ခဲ့တဲ့ နောက်ဆရာတယောက်က တော့ တပ်မတော်(ရေ)မှာ တပ်ကြပ်ကြီးအဖြစ်ကနေ ထောင်ကျလာတဲ့ တပ်ကြပ်ကြီးထွန်းထွန်းဦးပဲ။ ဆရာဆို တော့ ကျုပ်စိတ်မှာ ဒီနေ့အထိ ကျေးဇူးတင်လေးစားနေတုန်းပဲ။ကျုပ်ထက်ငယ်တယ်။ဦးထွန်းထွန်းဦး လို့ပြော ရင်ခင်ဗျား နားရှုပ်မှာ စိုးလို့။သူဟာ ကျုပ်ဆရာဆိုတာ ကျုပ်ရင်ထဲမှာ အမြဲရှိတယ်။တပ်ကြပ်ကြီး ထွန်းထွန်းဦးလို့ ပြော လိုက်တာ သူခွင့်လွတ်မှာပါ။တပ်ကြပ်ကြီး ဦးထွန်းထွန်းဦးလို့ ခေါ်လေ့ခေါ်ထမှ မရှိတာကလား။
သူက သူ့ဆရာ ဗိုလ်မှူးမျိုးဆွေနဲ့အမှုတွဲ ။တနင်္သာရီတိုင်းဘက်မှာ တာဝန်ကျတုန်း မှောင်ခိုစက်လှေတစီးကို ဖမ်းမိရာက လှေပေါ်ပါလာတဲ့ လူအကုန်လုံးကို ပစ်သတ်ပြီး သိန်းထောင်ချီတဲ့ ငွေနဲ့ ပစ္စည်းတွေကို ယူခဲ့တဲ့အမှု။ နောက်ဝေစု ခွဲတာမတည့်ကြဘူး ထင်ပါရဲ့။ အားလုံး ထောင်ထဲရောက်ခဲ့ ကြတာပါ။ကိုမျိုးဆွေကလည်း သူ့ ဗိုလ် သင်တန်း အပါတ်စဉ်မှာ ငွေဓားရခဲ့တဲ့သူလို့ ပြောတယ်ဗျ။ သူတို့ကို ကျုပ်အပြစ်ဆိုဘို့ မရှိပါဘူး။လူဆိုတာ တခါ တခါ မယုံကြည်နိုင်လောက်အောင် စိတ် ဖောက်ပြန်တတ်တာ လောကဓမ္မတာလို့ ကျုပ်လက်ခံတတ်နေပါပြီ။
ကိုမျိုးဆွေက တတ်နိုင်တဲ့သူ ဆိုတော့ကျုပ်လိုပဲ သီးခြားတဲတလုံးနဲ့နေတာ။ကို ထွန်းထွန်းဦးက သူ့ဆရာနဲ့တွဲနေ တယ်။သူ့အိမ်ရှေ့မှာ စိုက်ခင်းတွေလုပ်ထားတယ်။အိမ်ဘေးမှာ ချောင်းကျဉ်းလေးရှိတယ်။ နေချင့်စဖွယ်တောင် ဖြစ်သေးဗျာ။ကိုမင်းဆွေဆီသွားလည်ရင်းက ကိုထွန်းထွန်းဦးနဲ့တွေ့တာဗျ။သူက နည်းနည်းမှုန်ကုပ်ကုပ်နေတယ်။ သဘောတော့ ကောင်းတဲ့လူစားပါ။ ကိုမျိုးဆွေအိမ်ထဲကို ကြည့်လိုက်တော့ ကက်ဆက်ကြီးတလုံးနဲ့ တရား ကက်ဆက်ခွေအပုံကြီးကို သွားတွေ့ရာက စကားစပ်မိပြီး သူက တရားစခန်းတွေ အကြိမ်ကြိမ်ဝင်ဘူးတယ်ဆို တော့ ကျုပ်ဆရာဖြစ် သွားတာပဲ။
သူလား။ဘာဖြစ်ပျက်မှ မမြင်ခဲ့ပါဘူးလို့ သူကိုယ်တိုင် ဖွင့်ပြောဝန်ခံပါတယ်။ဒါပေမဲ့ကျုပ်က တကယ် လုပ်နေသူဆို တော့ ကျုပ်အတွက် တော်တော်ကို ကျေးဇူးကြီးတယ်ဆိုရမယ်။သသဒ္ဓါ၊ပညာ၊ဝိရီယ။သတိ ဆိုတဲ့လေးချက်ထဲမှာ သတိက အရေးအကြီး ဆုံး ပိုတယ်လိုတယ်ဆိုတာ မရှိဘူးဆိုတဲ့အချက်ကို ကျုပ် လွှတ် သဘောကျသဗျာ။ ကျုပ် လေ့ကျင့်ခန်းတွေမှာ သတိကို ထိထိရောက်ရောက် စိုက်ထားနိုင်မှ ဖြစ်မယ်လို့ ကျုပ်သိလာတယ်။
ကျုပ်သူ့တဲက ပြန်ရင်တောင် ကျုပ်ခြေထောက်ဘယ်လိုလှမ်းတယ်။ကြွတယ်။ ရေနဲ့ထိတယ်။ သစ်သားတံတားနဲ့ ထိတယ်။ ကတ္တရာလမ်းနဲ့ထိတယ် ဆိုတာကအစ သတိမပြတ်အောင် မှတ်တော့ တာပဲဗျာ။ကက်ဆက်ခွေက တရားတွေလား။ နာတာပေါ့ဗျာ။ ကျုပ်ဆီမှာ ကက်ဆက် မရှိတော့ သူ့ဆီရောက်တုန်း နာရတာပေါ့။ သူကလည်း ရှင်းပြပေါ့။ကျုပ်ကတော့ ဖိုးကျိုင်းတုတ်ပေါ့။ကြိုက်လွန်းတာ ပြောပါတယ်။
သူက ကျုပ်ဘယ်လို ဖြစ်နေပြီ၊ဘာအဆင့်ရောက်နေပြီ တွေလည်း ပြောတယ်ဗျ။ ကျုပ်ကတော့ နားလည်း မလည်၊ ယုံဘို့လည်းခက်ခက်ဆိုတော့ နားထောင်ယုံပေါ့။ကျုပ်ကုတင်ပေါ်မှာ လျောတိုက်မျောနေတာ သူ့ကိုပြော ပြတော့ “ခင်ဗျား ရသေ့သေလို့ ဝင်စားတယ်ထင်တယ်”တဲ့။
ကျုပ်ခေါင်းထဲမှာ ဘဝပေါင်းများစွာ ရှိတယ်ဆိုတာ ဟုတ်သလားလို့စဉ်းစားမိပြန်တယ်။ဘယ်လိုလုပ် ဘဝတွေ ပြောင်းကြတာလဲ။သုံးဆယ့်တဘုံဆိုတာ တကယ်ရှိသလား စာအုပ်ထဲက သုံးဆယ့်တဘုံတော့ ကျုပ်သိတာပေါ့။ ကျုပ်ဥာဏ်နဲ့ ကိုက်အောင်သိချင်တာ ဆိုတော့ အပြောနဲ့ တော့ မလုံလောက်ဘူးလေ။
နေအုံးဗျ။ဘဝပေါင်းများစွာ ကျင်လည်နေကြတယ် ဆိုတာဟုတ်မဟုတ် အခုမှ သံသယဖြစ်ခဲ့တာ မဟုတ်ဘူး။ ကျုပ်အာရုံမှာ ထူးထူးဆန်းဆန်း ဖြစ်ခဲ့တာတွေ ရှိသေးတယ်။လူပဲဗျ။ ကိုယ်ဘယ်ဘဝက လာတယ် ၊ဘယ်ဘဝ ရောက်မယ်၊ဆိုတာ သိနိုင်မယ်ဆိုရင် သိချင်ကြတဲ့သူချည်းပေါ့။ဒါမှ နောင်ဘဝမှာ မဖြစ်သင့်မဖြစ်ထိုက်တာ ရှောင်နိုင်ဆောင်နိုင်မှာပေါ့။ဘယ်လောက်နေရာ ကျလိုက်မလဲ။
ကျုပ်အာရုံထဲမှာ ပေါ်ခဲ့ဖူးတာက ဘာတဲ့ ကျုပ်ဟာ ဗြဟ္မာပြည်က လာတယ်ဆိုလား။ ဟား -- ဟား။ ကြောင်တော့ ကြောင်တယ် ဆိုရမယ်ဗျ။သို့သော် တကယ် ဗြဟ္မာပြည်ကလာတယ်ပဲ ထားပါတော့။သိပ်တော့ အထင်မကြီးလေ နဲ့။ ဗြဟ္မာပြည်တဝင်းဝင်း။ ဝက်စားကျင်းတရှုပ်ရှုပ်တဲ့။ လူတိုင်း သိနေကြားဘူးနေပြီးသားပဲ။ ခင်ဗျားလည်း နတ် ပြည်က ဆင်းလာတာဖြစ်ချင်ဖြစ်မှာပဲ။ အေးပါဗျာ။ ဗြဟ္မာပြည်ကလာသည်ဆိုတဲ့ ဇာတ်လမ်းကိုပြောမှာပါ။ ကျုပ်ပြောထားပါတယ်နော်။ အထင်မကြီးကြေး။ လူပေါလူကြောင်လို့မထင်ကြေးဆိုတာ။ အပ်ကြောင်းထပ်ရမယ် ဗျ။ လူတွေက ကတိပေးပြီး မေ့တတ်ကြလွန်းလို့ ။ဒီလိုဗျ။
ကျုပ်အခု ဒီထောင်ထဲကို ရောက်လာတဲ့အမှုကို ပထမတရားရုံးက အပြီးအပြတ်လွှတ်လိုက် ပြီးတဲ့အချိန်ပေါ့ ဗျာ။ကျုပ် တဖက်နိုင်ငံကို လိုအပ်ရင် ကူးဘို့ဆိုပြီး မြဝတီဘက်ကို ခြေဦးလှည့်ခဲ့တယ်။ကျုပ်တပည့်ကျော် အရပ် ငါးပေမပြည့်တဲ့ အသက်နှစ်ဆယ်ကျော်ပဲရှိသေးတဲ့ ရာဂျားဆိုတဲ့ ဟိန္ဒူ ကုလားလေးနဲ့ပေါ့။ ဟုတ်တယ်။ဒါကျနော့် ပညာပဲ။ ဒီကုလားလေးဟာ ကျနော်လို လူရဲ့ လက်စွဲတော်ဆိုတာ ဘယ်သူကမှ မယုံနိုင်အောင် တမင်ရွေးပြီး လေ့ကျင့်ထားတာ။ အမှန်တကယ်လည်း ကျုပ်အမှု အတွက် ကျုပ်ရတက်မအေးလှဘူး။ဗမာပြည်လေ။
ကဲပါဗျာ။အမှုအကြောင်း ကျုပ်ဖွင့်ပြော လိုက်ပါတော့မယ်။ ကျုပ်ထောင်ထားတဲ့ကုမ္ပဏီမှာ သဘောင်္သားဟောင်း တယောက်က ရှယ်ရာ ဝင်ထားတဲ့ရှယ်ရာရဲ့ တဆယ်ရာခိုင်နှုံး။ ကျန်တဲ့ ကိုးဆယ်က ကျုပ်ပိုင်တာ။အလုပ်အတူ တွဲလုပ်လာတာ နှစ်နှစ်လောက်ရှိတော့ ထုံးစံအတိုင်း သဘောထားတွေကွဲလာတာပေါ့ဗျာ။ကျုပ်က ဇယားကြီးကြီး တွေ ဆွဲတတ်တော့ အမြတ်တွေက မယုံနိုင်လောက်အောင် တိုးလာတယ်။ခက်တာက ဗမာပြည်မှာ ဇယားဆွဲ တယ် ဆိုတာ မာဖီးယား ထက်ဆိုးတယ်ဗျ။ ဝန်ကြီးချုပ်လည်းမကင်း၊ထောက်လှမ်းရေးဗျူဟာမှူးလို လူမျိုးကအစ နယ်မြေ ထောက်လှမ်းရေးတပ်ကြပ်ကြီးအဆုံး ပေးရ ကမ်းရ၊ ခွံ့ရ ၊ ပိတ်ရ၊ ဆို့ရ။ ကျွေးမွေးဧည့်ခံရနဲ့ စာရင်းမရှိ အင်းမရှိတွေက များတယ်။သူက ဘေးကနေ စာရွက်တရွက်နဲ့ ဘယ်အလုပ်တုန်းက ဘယ်လောက် အမြတ်ဆိုပြီး လိုက်မှတ်ရာက ပြဿနာစတော့တာပါပဲ။ ကျုပ်က သိပ်နားအေးချင်တဲ့သူဗျ။ငွေရှာတဲ့ အလုပ်ကို ကျုပ်သိပ်ကျွမ်း ကျင်တယ်။ဒီငွေအတွက်တော့ ကျုပ်သူ့ကို ဘယ်တုန်းကမှ မရိုးမသား လုပ်ဘို့ စိတ်မကူးခဲ့ဘူး။ကျုပ် ဥာဏ်ရည် ဥာဏ်သွေး လူစွမ်းလူစ နဲ့ထိလိုက်ရင် ရွှေဖြစ်နေတာ။ ဘာလို့ စိတ်ညစ်ခံစရာ လိုသလဲဗျာ။သူကလည်း ငန်းကို သတ်ပြီး ဗိုက်ခွဲဘို့ လုပ်လာတော့ ပြဿနာ က ပိုရှုပ်လာတယ်။
တစတစနဲ့ ကျုပ်က သူတောင်းတာ သဘောတူလိုက် သူက တိုးတောင်းလိုက်နဲ့ သပွတ်အူ လိုက်လာတယ်။ တဖြည်းဖြည်း ငွေကိစ္စထက်၊ မင်းဘာကောင်လဲ၊ငါ ဘာကောင်လဲဆိုပြီး ကမ္ဘာရန်ဖြစ်လာတော့ သူက တရား စွဲဘို့လိုက်လုံးပမ်းတယ်။ကျုပ်ဆိုတဲ့ ကောင်ကလည်း တိမ်ပေါ်တက် လိုက်ချင်တဲ့ ကောင်မျိုးဆိုတော့ စိန်လိုက်ကွာ လို့ ဘွာခတ်နေတာတွေ ပြန်ရုပ်လိုက်တော့တာပေါ့။ ဘယ်တရားရုံး၊ဘယ်ရဲစခန်းကမှ သူဖွင့်တဲ့ အမှုကို လက်မခံ ခဲ့ကြဘူး။ တနှစ်ကျော်လောက် ကြာတော့ကျုပ်ဘက်က ခြေလှမ်းတချက် ယိုင်သွားတယ်။ ကချင်ငြိမ်းချမ်းရေး အဖွဲ့က ဦးဇခုန့်တိန်ယိန်းရဲ့တပည့်ကျော်တွေနဲ့ ပါမစ်တခုအရောင်းအဝယ်မှာ ပြဿနာတက်ရာက လူသိရှင်ကြား ဖြစ်ပြီး အမှုဖြစ်သွားတယ်။အဲဒီမှာ ရွှေကိုယ်တော်က ဘယ်လိုအပေးအယူနဲ့ လုပ်လိုက်တယ် မသိဘူး။ ကုမ္ပဏီ ဆိုင်းဘုတ်ကို သူမသိပဲ ကျုပ်သဘောနဲ့ ကျုပ်ပြောင်းတင်တဲ့အမှုတဲ့။ပုဇွန်တောင်စခန်းမှာ အမှုဖွင့်နိုင်သွားပါလေ ရော။ဒီလိုပဲဗျ။ ပြဿနာဆိုတာ တယောက်တည်းမလာဘူး။ အဖော်အပေါင်းလေးနဲ့မှ ပွဲစည်တာ ကလား။
ဦးဇခုန်တိန်ယိန်း တို့အဖွဲ့နဲ့သာ အမှုကြေအေးသွားခဲ့တယ်။ သူနဲ့က ပွဲမပြီးနိုင်ဘူး။တရားရုံးမှာ လေးနှစ်လောက် ကြာသွားတယ်။ကြာတော့ ကျုပ်ကောသူပါ လက်ပမ်းကျလာတယ်။ အာဃာတတွေ ပိုကြီးလာကြတယ်။ နောက် ဆုံး သူလည်းသဘောင်္ပြန်မတက်နိုင် ကျုပ်လည်း ဘာဂွင်မှဆက်မဖန်နိုင်။ရုံးအဆင့်ဆင့်မှာ ငွေနဲ့ပစ်။ ဝိတ်နဲ့ဖိ၊ အပြန်အလှန် လုပ်လိုက်ကြတာ ကျုပ်ကပိုလည်တော့ အပြီးအပြတ်လွှတ်စေဆိုပြီး အမိန့်ချလိုက်တော့တယ်။ သို့သော် ဒီမီးဟာ မအေးလောက်ဘူးဆိုပြီး မြဝတီဘက်ကို ကြိုတင်ပြင်ဆင်ရေးတွေလုပ်ဘို့ ထွက်လာခဲ့တာပဲ။
ဘာပြင်ဆင်မှာလဲ ဟုတ်လား။အမှန်အတိုင်းပဲ ပြောလိုက်တော့မယ်ဗျာ။ ဒီအမှုနောက်ထပ်ပြန်ပေါ်လာရင် ကျုပ် သူ့ကို အပြတ်ရှင်းမှ ဖြစ်တော့မယ်။နစ်နာကြေးသိန်းသုံးဆယ်ပေးပါ ဆိုတဲ့အခြေအနေကနေ သိန်းနှစ်ရာ ပေးလဲ မကျေတော့ဘူး။ကျပ်ထောင်ကျရင်ပြီးရော ဆိုတဲ့လူကို ကျုပ်ဘာလို့ညှိနှိုင်းဘို့ စဉ်းစားတော့မလဲ။ ကျုပ်ကလည်း လူစုံဆိုတော့ဗမာပြည်ဒုစရိုက်လောကထဲမှာ ကျုပ်နဲ့မကင်းရာ၊မကင်းကြောင်းတွေများတယ်။ဆရာကြီး ပါဆိုနေမှ ဗျာ။
သူထောင်ထဲရောက်စေချင်တဲ့ကျုပ်ဟာ သူ့ကိုထောင်ထဲက ပြန်မထွက်နိုင်တဲ့ နည်းမျိုးစုံ ကြံစည်ခဲ့တယ်။ ထောင် ထဲမပို့နိုင်ရင် မြေကြီးထဲကိုပို့ရမယ်။တကယ်က ကျုပ်လူမသတ်ချင်ဘူးဗျ။ဒီလို ရက်ရက်စက်စက် စိတ်ကူးမျိုး လည်း ကူးတတ်တဲ့ လူမျိုးမဟုတ်ဘူး။ အခုဟာက သူသေကိုယ်သေ ဖြစ်နေကြတဲ့ အခြေအနေ။အသေမသတ်ပဲ ခြေတွေလက်တွေ ခုတ်ဖြတ်ပစ်ရင် မှတ်မလားလို့လဲ စိတ်ကူးမိ့ရဲ။ဒေါသ အာဃာတများ တယ်လည်း ပူလောင်ပါ လားဗျာ။သူ့ကို ဒုက္ခပေးဘို့အမျိုးမျိုး ကြံရင်း ကျုပ်စိတ်ကို ကျုပ်ဆောက်တည်ရာကို ရှာခဲ့ရတယ်။ နေ့တိုင်း အချိန် ပြည့်၊ မိုးချုပ်မိုးလင်း အရက်သောက်တယ်။
ကျုပ်မြဝတီမှာ ငှားထားတဲ့တိုက်ခန်းက မဲဆောက်မြဝတီတံတားကြီးရဲ့အောက်ဖက် ဗမာပြည်ဘက် အခြမ်းမှာ။ ဘေးဆိုင်မှာ အရက်ဝယ်ရတာ နေ့နေ့ညညလွယ်တယ်။ အရက်တင်မကဘူး။ ကျုပ် သောက်နေကျ အပင်လိမ် နေကျ အလက်ဇင်လို့ခေါ်တဲ့ အဖြူရောင်စိတ်ငြိမ်ဆေးပြားတမျိုးကလည်း မြဝတီမှာပေါမှပေါ။ အရက်သောက် လိုက် ။ဆေးချလိုက်။ဆေးနဲ့အရက်နဲ့အပင်လိမ်လိုက် ။ ဒုက္ခပေးခံရမဲ့သူက ဘာမှမဖြစ်သေးဘူး။ကျုပ်က ဂေါ်ပြား ကြီးကြီးနဲ့ နေ့ရောညရော မအိပ်မနေ ကိုယ့်သေတွင်းကိုယ်တူးနေပြီ ဆိုပါတော့။


ထင်ထားတဲ့အတိုင်းပါပဲဗျား။ ခြောက်လလောက်ကြာတော့ ကျုပ်ကို မျက်ကွယ်မှာ ထောင်ဒါဏ်ငါးနှစ် ချလိုက်ပါ လေရော။ အမိန့်ချပြီး ရက်ပေါင်းကိုးဆယ်အတွင်း အယူခံဝင်ရမယ်။ အယူခံဝင်တဲ့အခါ အယူခံလွှာကို ကျုပ်က ထောင်ထဲကနေ လက်မှတ်ထိုးရမယ်။ ရှင်းရှင်းပြောရရင် ကျုပ်ထောင်ထဲဝင်မှ အယူခံဝင်နိုင်မှာ။ မဟုတ်ရင် တသက်လုံး ဝါးရမ်းပြေးပေတော့။
အိပ်မပျော်စားမဝင်တဲ့ ဘဝတွေဟာ အဲဒီက စခဲ့တာဗျ။ကျုပ်လည်း မထူးပါဘူးဆိုပြီး အဝေးထိန်းခလုပ်နဲ့ ရန်သူ တော်ကို လှမ်းထုလိုက်တာ သူလည်းထောင်ထဲရောက်သွားပြန်ရော။အော် အဝေးထိန်းစံနစ်နဲ့ လှမ်းဒုက္ခပေး တယ် ဆိုတာ သူထောင်မကျ ကျအောင် ကျုပ်ဖန်တီးလိုက်တာကို ပြောတာဗျ။ သူထောင်ထဲရောက်လည်း ကျုပ် သောကက မအေးခဲ့ဘူး။လောင်မြိုက်ဆဲပဲ။ကျုပ်လည်း ထောင်ဗီဇာရထားပြီးသားလေ။ မှန်တယ်မှားတယ်။ တရားတယ်။မတရားတယ်။ ဝေဖန်စိစစ်နိုင်တဲ့ အသိဥာဏ် ကျုပ်မှာကွယ်ပျောက်သွားခဲ့ပြီ။ အရက်နဲ့ဆေးက လွဲရင် ဘာမှ ကျုပ်မတောင်းဆိုတော့ဘူး။ စားလို့လည်း မဝင်တော့ဘူး။ အချဉ်ထုတ်ကလေးတွေနဲ့ ရေသန့်ဗူး လောက်သာ ကျုပ် အတွက်အဟာရ ။လူပုံစံဟာ ကြောက်ခမန်းလိလိ လူမိုက်ရုပ်ပေါက်လာတယ်။ စိတ်တိုလာ တယ်။စိတ်တွေဟာ ဘယ်လိုမှထိန်းချုပ်လို့မရအောင် ကစင့်ကလျား ဖြစ်လာတယ်။ ဒရင်းဘက်ပေါ်မှာလှဲလိုက် ရင် ငါထောင်ထဲကို ဝင်ရတော့မယ်။ငါ့ကျန်းမာရေးကအဆိုးဆုံး အခြေအနေကိုရောက်နေပြီ။ ငါထောင်ထဲမှာပဲ သေရတော့မယ်။ ငါမကြာခင်သေရတော့မယ်၊ဆိုတာတွေချည်း ခေါင်းထဲရောက်ရောက်လာတော့တာပဲ။ နောက် ဆုံးဗျာ။ သမံသလင်းပေါ်မှာ လူးလိမ့်ပြီး ဘဝရဲ့ဆိုးဝါးလှတဲ့ ပရိဒေဝသောက မီးတောက်လောင်တဲ့ဒဏ်ခံခဲ့ရ တယ်။နောက်ဆုံး ရှိသမျှအားမာန်ကိုတင်းပြီး ကျုပ်ပြန်ဘို့ ဆုံးဖြတ်လိုက်တယ်။ဘာဘဲဖြစ်ဖြစ် ငါထောင်ထဲဝင် လိုက်တော့မယ်။ရန်ကုန်မှာ ထောင်ထဲမဝင်ခင်ဆေးကုမယ်။ငါ့မိသားစုရှိတဲ့နေရာမှာပဲ ငါသေချင်သေပါစေတော့ ဆိုပြီး ရန်ကုန် အရောက်ကား စီးလုံးငှားပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။
လမ်းခရီးရိက္ခာအဖြစ် မဲခေါင်အရက်ပြားသုံးလုံး၊ကြက်မောက်သီးကျွတ်ကျွတ်အိတ်၊ အိတ်တလုံး ရေသန့်လေးငါး ဗူး။ ဖန်ခွက်တလုံးပေါ့။ကျုပ်ညာလက်ရုံး ရာဂျားအကြောင်းလား။ နောင်ကြုံရင် တပည့်ကျော်နဲ့ဆရာကြီး နှစ် ယောက်တွဲ ဖျံကျခဲ့ဘူးတွေဇာတ်လမ်းတွေ ပြောပြချင်ပါသေးတယ်။ အခုတော့ အင်းစိန်သို့ချီရာဝယ်ဆိုတဲ့ ဇာတ် ကြောင်းပဲ နားထောင်ပါအုံး။ ဒါမှ ဗြဟ္မာ့ပြည်ကလာတာနဲ့  ဆက်စပ်နေတာမို့ ပါ။
စီးလုံးငှားလာတဲ့ကားဟာ ပုံမှန်အရှိန်နဲ့မြဝတီက ထွက်ခဲ့ပါတယ်။ကားသမားက နှစ်ယောက်ဗျ။ တယောက် တလှည့်မောင်းကြဘို့ပေါ့။ကျုပ်တို့ဆရာတပည့်က နှစ်ယောက်ဆိုတော့ စုစုပေါင်း လေးယောက်ပေါ့။ အမောင်း သမားနှစ်ယောက်က ရှေ့ခန်း။ကျုပ်တို့ဆရာတပည့်က နောက်ခန်းမှာ။ ကားက တိုယိုတာဆလွန်းလေ။ လောက ကြီးရဲ့ ဖြစ်ပုံများဗျာ။ ထောင်ထဲဝင်မဲ့ခရီးကို ကားစီးလုံးငှားပြီး နှင်နေရသတဲ့။နောက်မှာ ထိုင်လိုက်တဲ့ ကျုပ်က ဘာလုပ်နေသလဲ သိတဲ့အတိုင်းပေါ့ဗျာ။ သောကဖိစီးတဲ့စိတ်ဖြစ်လာလိုက် တခွက်မော့လိုက် ကြက်မောက်သီး သုံးလေးလုံးစားလိုက်ပေါ့။ ခရီးတွင်လာလေလေ ကျုပ်ရဲ့ကြောက်စိတ် စိုးရိမ်စိတ်တွေက ဖိစီးလာလေလေမို့ သောက်သမျှ အရက်ဟာ မမူးနိုင်တော့ဘူး။ ဆေးပြားတော့ယူမလာရဲဘူးဗျ။ လမ်းမှာ ပြဿနာတစုံတရာ ထပ် တက်ရင် တပူပေါ်နှစ်ပူဆင့်မှာစိုးလို့။မွန်ပြည်နယ်ဘက်ကမြို့တမြို့မှာ ထမင်းစားကြတယ်။ ရုပ်ပျက်ဆင်းပျက် ဖြစ် လိုက်တာဗျာ။အစာဝင်မှဖြစ်မယ်ဆိုပြီး အားတင်းစားဘို့လုပ်ပေမယ့် စားမရဘူး။လည်ချောင်းထဲမှာပူပြီး ဝါးမရ။ မျိုမရနဲ့။ဒါနဲ့အရက်ကို ဖန်ခွက်လက်လေးလုံးလောက် ဆိုင်ရှင်မသိအောင် ခိုးထည့်ပြီးချလိုက်တော့လည်း အံ ထွက်ကုန်ရော။ ဒါနဲ့ မရ ရအောင် ကြိုးကြိုးစားစား ဇွတ်မှိတ်မျိုချလိုက်တော့ အရက်တခွက်နဲ့ ထမင်းငါးလုပ် လောက် ဝမ်းထဲရောက်သွားရော ဆိုပါတော့။
ကားပေါ်ပြန်တက်ကြပြီး ခရီးဆက်ခဲ့ကြတယ်။ကျုပ်လည်း အသက်မှန်မှန် ကြိုးစားရှူရင်း အိပ်လို့ရလေမလား ဆိုပြီး မျက်လုံးကိုမှိတ်ထားလိုက်တယ်။ ကားကတော့မှန်မှန် မောင်းနေလျက်ပဲ။ အဲဒီအချိန်မှာ ရွာလားမြို့လား တော့ မသိဘူး၊ နေရာတခုကို ဖြတ်အသွားမှာ အသံချဲ့စက်သံကြားရတယ်။ အလှူခံမဏ္ဍပ်က အသံဗျ။ ခရီးသွား ရင်း လှူဘို့တန်းဘို့ဗ္ဗာန်ဆော်က နိုးဆော်နေတာ။ဒါနခန်းတွေ ကောင်းရာမွန်ရာဘဝတွေ အကြောင်းလည်း ပါမှာ ပေါ့။ကားက ဖြေးဖြေးမောင်းနေတော့ကျုပ်နားထဲကို အဆက်မပြတ် အဲဒီအသံတွေ ဝင်လာနေတယ်။
အလှူမဏ္ဍပ်က အသံကိုနားထောင်နေရာကနေ ကျုပ်ရဲ့အာရုံဟာ ရွာကြီးတရွာရဲ့ ရွာလယ်လမ်းမကြီး တခုပေါ်ကို ရောက်သွားလေရဲ့ဗျာ။အလွန်အေးချမ်းလှတဲ့ အသံတခုကလည်း အဲဒီရွာအကြောင်းကို နောက်ခံစကားပြော သလို ရှင်းပြနေတယ်။ ကျုပ်တသက်မှာဒီအသံလောက် အေးချမ်းကြည်နူးစရာကောင်းတဲ့အသံ တခါမှမကြားခဲ့ဖူး ဘူး။ပြန်ပြောလို့ကိုပြောမပြတတ်အောင် အေးချမ်းတဲ့အသံ။ ကျုပ်ဟာ အဲဒီရွာလယ်လမ်းမကြီး ပေါ်မှာ ရွာခံတချို့နဲ့ လမ်းလျှောက်နေတယ်။ သူတို့က ကျုပ်ကို ရွာအလည်ပြန်လာတဲ့ ဆွေမျိုးရွာသားတယေက် ရွာပြန် ရောက်လာလို့ လာပြီး ကြိုဆိုနေသလိုမျိုးဗျ။ ရွာလယ်လမ်းမကြီးရဲ့ဘယ်ဘက်မှာ မတ်စောက်တဲ့ မြေနီနံရံကြီးတခုလည်းတွေ့ရ တယ်။ စိုက်ခင်းကိုယ်စီရှိနေတဲ့ အနေတော်ခြံဝင်းတွေလည်း တွေ့ရတယ်ဗျ။ ခပ်လှမ်းလှမ်းမှာ အဖွားအို တယောက်က ခြံဝင်းထဲမှာ တခုခုလုပ်နေတာကိုလည်း တွေ့ရတယ်။ နောက်ခံအသံက ထင်ထင်ရှားရှား ပေါ်လာ တယ်ဗျာ။
“ဒီနေရာဟာ ဗြဟ္မာပြည်ကလာတဲ့သူတွေ နေတာပါခင်ဗျာ။စားဘို့ဝတ်ဘို့ ပူပင်ရတဲ့ နေရာမဟုတ်ပါဘူး။ လိုအပ် ရင် ဆီအိုးကြီးတွေ မြေကြီးထဲကနေ အလိုလို ပေါ်လာတဲ့နေရာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့မသေကြပါဘူး။ အိုမင်း ခြင်းဆိုတဲ့ ဒုက္ခကိုကျော်လွန်နိုင်သူတွေ နေကြတာပါ။လောဘ၊ဒေါသ။ မာန် မာနကင်းသူတွေနေကြတဲ့ ဒေသပါ။ နေရာပါ” တဲ့။`
ကျုပ်ဘေးက ရွာခံတယောက်က မင်းနေရာမှတ်မိလားတဲ့။ကျုပ်ကလည်း မှတ်မိတာပေါ့ဆိုတော့ သွားကြည့်ကြ မယ်ဆိုပြီး ဆက်လျှောက်သွားကြတယ်။ကျုပ်စိတ်ထဲမှာလည်း ကျုပ်အမျိုးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေခဲ့ဘူးတဲ့ ရွာကြီးအဖြစ်ပြန်ပေါ်လာတယ်။ ခြုံနွယ်တွေ ရှုပ်ထွေးနေတဲ့နေရာတခု ၊သစ်ပင်ကြီးတပင်ရဲ့ခြေရင်းမှာ ကျုပ်နေခဲ့ တယ်လို့ စိတ်ထဲမှာ မှတ်မိနေတဲ့ သစ်သားအိမ်ဟောင်းငယ် ယိုင်နဲ့နဲ့တခုကို တွေ့လိုက်တော့ ကျုပ် စိတ်ထဲမှာ အရီးကြီးအရီးလေးဆွေမျိုးတွေ အကြောင်းပါ ပေါ်လာပြန်တယ်။ကျုပ်နေခဲ့တယ် ဆိုတဲ့နေရာကို နောက်တခါ ထပ် ကြည့်လိုက်တော့ ကျုပ်ဟာ အင်းစိန်ထောင်ကို မောင်းနှင်နေတဲ့ကားပေါ်ကို ပြန်ရောက်နေသဗျာ။
ဘာလဲ ခင်ဗျားကကျုပ်ကို ဗြဟ္မာ့ပြည်စီတီဇင်လို့ တကယ်အောက်မေ့နေလား။ ကျုပ်ပြောသားပဲ ။ကျုပ်က အရက် ကော၊မူးယစ်ဆေးဝါးပါ အလွန်အကျွံသုံးခဲ့တဲ့အချိန်၊ စိတ်ဂယောင်ချောက်ခြားဖြစ်နေတဲ့ အချိန်ဆိုတော့ ဒါတွေ ဟာ အမှန်ပါလို့ဘယ်နှယ့်လုပ် အတည်ယူနိုင်မလဲ။သို့သော် မွန်ပြည်နယ်လို အကြီးအကျယ် သာသနာထွန်းကား ပြီး ပုဂ္ဂိုလ်အကျော်အမော်တွေ တရားရှာမှီးခဲ့တဲ့နေရာမျိုးမှာမှ ဒီလိုအာရုံမျိုးဟာ ဘာကြောင့်ပေါ်လာရသလဲ။ တွေးမယ်ဆိုရင် တွေးမဆုံးပါဘူးဗျာ။ ဘာဘဲဖြစ်ဖြစ် ကျုပ်အခုပြောနေတဲ့ ဖြစ်ပျက်ဆိုတဲ့အကြောင်း ကျုပ် ဇာတ်လမ်းဆုံးတဲ့အခါ ဒါတွေအားလုံး လိပ်ပတ်လည်သွားမယ်လို့ ကျုပ်ယုံကြည်ပါတယ်။ ခဏနားပါရစေဗျာ။ အရင်တုန်းက ပူလောင်ခဲ့တာများ အခုပြန်ပြောယုံနဲ့တောင် အပူဟပ်သလိုပါပဲဗျာ။နောင်များ ဘယ်သောအခါမှ ဒီဘဝမျိုး မကြုံပါရစေနဲ့။ ခင်ဗျားလည်း လူရောနားရော ညောင်းလောက်ပြီ။ အေးအေးဆေးဆေး နားပါဦးဗျာ။ သိပ်မလိုတော့ပါဘူး ။ခင်ဗျားသိချင်တဲ့ ဖြစ်ပျက်အကြောင်း ဇာတ်လမ်းဆုံးကိုရောက်ဘို့ ။

(ဆက်လက်ဖော်ပြပါမည်။)

ရုပ်ပုံ။ ။ ဂူဂဲလ်

ဖြစ်ပျက်ရှာပုံတော်ခရီးသည် ( ၇ )

$
0
0

၇။ အနာဂါမ် ဆရာသက်ကြီး

“အင်း ၊ ကျုပ်လည်း ရမ်ဆေး ဘဝ ရောက်နေပြန်ပြီ”

“ဘာလဲဗျ၊ ရမ်ဆေး ဆိုတာ”

“ အော်၊ ငယ်ငယ်တုန်းက သမိုင်းဖတ်စာမှာ သင်ခဲ့ရတဲ့ အီဂျစ်ပြည်က ပိရမစ်ကြီးကို တည်ဆောက်ခဲ့တဲ့သူလေ၊ ဖတ်စာထဲမှာတော့ ရမ်ဆေးကို ရက်စက်တဲ့ ကျွန်ခေါင်းဆောင်လို့ ရေးထားပေမဲ့ အမှန်က ရမ်ဆေးဟာ အီဂျစ် ဘုရင်တပါးပါ ”

“အဲဒါနဲ့ ဘာဆိုင်လို့တုန်း”

“ ဟိုမှာလေ၊ ရဲဘက်တွေ ဖြစ်ပျက်နေတာ မမြင်ဘူးလားဗျာ”

အချိန်ကား နံနက်ဆယ်နာရီခန့်ဖြစ်ပြီး ကျွန်တော်နှင့်ကိုသက်ခိုင် စကားအခြေအတင် ပြောနေကြသော နေရာမှာ စခန်းခွဲ(၁) ရဲဘက် အကျဉ်းစခန်း၏ မလှမ်းမကမ်းရှိ တခုသော မြေသားတာရိုး ဘောင်ပေါ်တွင်ဖြစ်သည်။ အဆိုပါ တာရိုးတလျှောက်တွင် ရဲဘက်တို့ စိုက်ပျိုးထားသော ကင်မွန်းပင်များ အစီအရီရှိနေသည်။ တခုသောကင်မွန်း ခြုံရိပ်တွင် ကိုသက်ခိုင်က ကုလားထိုင်တလုံးနှင့် ထိုင်လျက်ရှိ၏။ ကျနော်က သူ့ဘေး တွင် မတ်တပ်ရပ်လျက်။

ကျနော်တို့နှင့် ဝါးလေးငါးပြန်ခန့်ရှိသောနေရာတွင် ပူပြင်းသောနေရောင်အောက်၌ စခန်းရှိလူကုန် အကျဉ်း သားရဲဘက် တရာကျော်ခန့်မှာ ရွှံ့အလူးလူးနှင့် ဧရာမငါးမွေးကန်ကြီးတခုကို တူးဖော်လျက် ရှိကြသည်။ စားရေး သောက်ရေးချို့တဲ့သောကြောင့် အကျဉ်းသားအများစုမှာ ဗိုက်ပူနံပိန်တွေသာ များသည်။တူးဖော်ရမည့်ပမာဏကို ဘုတ်အလိုက် တာဝန်ခွဲဝေပေးထားသောကြောင့် ကိုယ့်ခွဲတမ်း ကိုယ်ပြည့်အောင် နေပူပူလွင်တီးခေါင်မှာ ချွေးသံတရွှဲရွှဲနှင့် ပြစ်မှုကြွေးကို ချွေးဖြင့်ဆပ်နေကြရချေသည်။လောကဓံကို ထီမထင်ဟန်ရှိသော ရဲဘက် အချို့ထံမှ တွံတေးစိုးအောင်သီချင်း ဟစ်နေသံတွေကို ကြားရသည်။ ကာရာအိုကေခန်းမကို သတိရချင်စရာ ကောင်းတော့သည်။

တခါတရံကား ဆူသံဆဲသံညံလျက်။ ဤမဟာ ငါးကန်စီမံကိန်းကို အဓိကအခန်းကဏ္ဍမှ ဦးဆောင် အကောင် အထည်ဖော်သူမှာ ကိုသက်ခိုင်ဖြစ်၏။ သို့ကြောင့်ပင် ကိုသက်ခိုင်က သူ့ကိုယ်သူ အီဂျစ် ကျွန်ခေါင်းဆောင် ရမ်ဆေးနှင့် ပုံခိုင်းလိုက်ဟန်ရှိသည်။

ထောင်ပိုင်ကြီး၏ စိတ်ကူးပေလော၊ စခန်းခွဲတာဝန်ခံ ထောင်မှူး ဦးအေးနိုင်၏ မဟာရွှေဥာဏ်တော်ပေလော မဆိုနိုင်။စခန်းခွဲ (၁) ဤရွေ့ဤမျှ အတိုင်းအတာရှိသော ဧရာမငါးမွေးကန်ကြီးတခု တူးဖော်စေဟူသော ညွန်ကြားချက်သည် နှုတ်မိန့်အဆင့်ဆင့်ဖြင့် ကိုသက်ခိုင်ထံ ရောက်လာသည်ဟု ဆိုပါသည်။နှုတ်မိန့်သာ ထွက်လာသည် ၊ဘာစီမံချက်မှ ဟုတ်တိပတ်တိ ရေးဆွဲထားခြင်းမရှိချေ။ တူးဖော်မည့် ငါးမွေးကန်၏ အတိုင်း အတာ အတိအကျမရှိ ။ အကျယ်အဝန်း ဝါးဆယ်ပြန်ပတ်လည်၊ အနက် ဆယ့်ငါးပေခန့် ဟူ၏။ လုပ်ငန်းကာလ သတ်မှတ်ချက်ကား ရက်ပေါင်းသုံးဆယ် ဆိုပါသည်။

အဆိုပါ မဟာစီမံကိန်းအတွက် တိုင်းတာရန် ပေကြိုးခွေ၊မျဉ်းတံစသည့်ကိရိယာ တစုံတရာမရှိ။ ထို့ပြင်တဝ တူးဖော်ရာတွင် အဓိကကျသော လက်နက်ကရိယာဟူ၍ ပေါက်တူးနှင့်ငန်းပြား သုံးလေးလက်မှတပါး အခြားမရှိ ချေ။ ယင်းအခြေအနေမျိုးနှင့်ပင် အဆိုပါစီမံကိန်းကို သတ်မှတ်ကာလအမီ ပြီးစီးအောင် ဆောင်ရွက်ရန် ကိုသက် ခိုင်ထံသို့ တာဝန်ကျလာခဲ့ခြင်းဖြစ်လေ၏။

ကျနော်က မနေနိုင်မထိုင်နိုင်၊ မေးခွန်းထုတ်လိုက်မိသည်။

“ဟေ့လူ၊ ကိုသက်ခိုင် ၊ဒီပုံစံနဲ့ ခင်ဗျား ငါးကန်ကြီးက အချိန်မီပြီးပါ့မလားဗျာ၊ အခုလုပ်ငန်းစနေတာ လေးရက် လောက်ရှိပြီ ၊ ဘာမှ လုပ်ကွက်မပေါ်သေးပါကလား”

ကိုသက်ခိုင်က ကွမ်းဝါးနေရင်း ပါးစပ်ကိုပိတ်လျက် ခပ်မဲ့မဲ့ပြုံးလိုက်သည်။

“ခင်ဗျား အာမချောင်ရင် ကောင်းမယ်နော်”

“ဟ ဒါလေးမေးမိတာ အပြစ်လားဗျာ”

“ခက်တယ်ဗျာ၊ ခင်ဗျားက ထောင်ချောက်ထဲ ဝင်မိတော့မှာမို့ ကျုပ်က သတိပေးတာပါ”

“ ဘာထောင်ချောက်တုန်းဗျ ”

“အခု ခင်ဗျား ရှေ့မှာတွေ့နေရတဲ့ အဆင်မပြေမှုအားလုံးဟာ မတော်တဆဖြစ်နေတာ မဟုတ်ဘူးဗျ၊ ဂွင်ဆင်ထား တာ ထောင်ချောက်ဆင်ထားတာ ”

“ရှင်းအောင်ပြောစမ်းပါဗျာ”

“ ကဲ ဒီလောက်တောင် ပြောမရရင် ခင်ဗျားအတွက်ဝေစုအဖြစ် ပေါက်တူးနှစ်လက်နဲ့ ဂေါ်ပြားနှစ်လက် ခွဲတမ်း ကျတယ်၊ လူကြုံနဲ့ ခင်ဗျားအိမ်ကို မှာပေတော့”

“ဟ ဘာဆိုင်လို့လဲဗျာ”

“ဆိုင်တယ်ဆရာ ၊ခင်ဗျားရောက်နေတာ ရဲဘက်၊ အခုဒီစခန်းမှာ ငါးမွေးကန်စီမံချက် အကောင်အထည်ဖော် နေတယ်၊ ရေဗူးပေါက်တာမလိုချင်ဘူး၊ရေပါတာ လိုချင်တယ်။ အချိန်မီ ပြီးစီး ဖို့အတွက် ရဲဘက်တယောက် အနေနဲ့ တတ်နိုင်တာမတတ်နိုင်တာ ဘေးဖယ်ပြီး မဖြစ်ဖြစ်အောင် လုပ်ပေးရမယ်၊ ကျုပ်လည်း ဒီလိုပဲ ဒီစီမံ ချက်ဟာ ဘာမှအဓိပ္ပါယ်မရှိပါဘူးလို့ အထွန့်တက်ဖူးတယ်၊ နောက်ဆုံးတော့ ရရာဝါးလုံးရှည်တွေ ရှာဖွေပြီး ပေတံ ဖြစ်အောင်လုပ်၊ အဲဒီဝါးလုံးတွေကိုပဲသုံးပြီး ပန်းပဲမင်းကြီးထုံး နှလုံးမူရင်း ငါးကန်ဖြစ်လာအောင် တိုင်းရတာရ ပန္နက်ရိုက်ခဲ့ရတာပဲဗျာ၊ ဒီလိုနဲ့ လေးထောင့်စပ်စပ်လည်း ပုံပေါ်ရော ရဲဘက်တွေကို အတင်းမောင်းချပြီး ပေါက်တူးဂေါ်ပြား သုံးလေးလက်နဲ့ ဘယ်ရက်အပြီး ဆိုပြီး ချွေးတပ်စခန်းမှာလို ဇွတ်မောင်းတော့ အခုလို ဘေးက ကြည့်နေတဲ့ ခင်ဗျားလို အဆောင်သန့်ရှင်းရေးလည်း နေမထိထိုင်မထိ ခံစားလာရပြီ မဟုတ်လား၊ အဲဒီလို ခံစား လာရအောင် သေချာစီစဉ်ထားတာပဲဗျ၊ ရဲဘက်တွေက ခင်ဗျားထက် ပိုပြီးခံစားရမယ်၊ ဘုတ်အလိုက် သတ်မှတ် ထားတဲ့ လုပ်ကွက်ပမာဏမပြီးရင် ခြေကျင်းတို့ဒေါက်တို့ပါ ပါလာအုံးမှာ၊ အဲသလို ဘယ်သူမှ မခံချင်တော့ ဘယ်လိုလုပ်ပြီးအောင် လုပ်ရပါ့မတုန်း ပူပန်စိတ်နဲ့ ထွက်လမ်းရှာ လိုက်တော့ ပေါက်တူးဂေါ်ပြားစုံမှ တက်ညီ လက်ညီလုပ်မှ ဆိုတဲ့ အတွေးပေါ်လာကြမယ်၊ ပေါက်တူးဂေါ်ပြားပေးပါလို့ တောင်းရနိုင်တဲ့ နေရာမဟုတ်တော့ ဧည့်တွေ့လာတဲ့ မိဘဇနီးမယားကို ပေါက်တူးဂေါ်ပြားဖိုး ဇွတ်နားပူကြမယ်၊ အဲဒါ ဒီမဟာစီမံကိန်းကြီး အချိန်မီ ပြီးစီးရေးအတွက် ရေးဆွဲ ထားတဲ့ သေနင်္ဂဗျူ ဟာပါပဲဗျာ ”

“လက်စသတ်တော့ ဒီဇာတ်လမ်းက ခင်ဗျား ဇာတ်ညွှန်းကိုး ”

“သေလိုက်ပါတော့ဗျာ၊ ဘယ်နှယ့် ကျုပ်က ဒီဇာတ်ညွန်းကို ရေးသူဖြစ်ရမှာတုန်း၊ ကျုပ်က အကျဉ်း ဦးစီးဋီကာကို ခင်ဗျားသိအောင် ရှင်းပြနေတာဗျ၊ ကျုပ်လည်း လုပ်နေရင်းနဲ့ တရေးတရေး သူတို့ လုပ်ကွက်ကို သဘောပေါက် လာတာ၊ ကျုပ်လည်း ပေါက်တူးလေးငါးလက်လောက် ဝယ်ထည့်အုံး မှပါဗျာ၊ ခုလို ရွှံ့တွေလက်ထဲ ကော်တင် နေလို့ကတော့ ငါးမွေးကန်စီမံချက်က ကိုးရီးယား ဇာတ်လမ်းတွဲထက် ပိုရှည်နေတော့မယ် ”

“နေပါဦးဗျ၊ ပေါက်တူးဝယ်ဆို ဝယ်ပေးပါ့မယ်၊ ခင်ဗျားငါးကန်က ဘာငါးတွေကို ဘယ်လိုမွေးမှာတုန်း၊ နည်းနည်း ရှင်းစမ်းပါအုံး”

“ခင်ဗျားက ပေါက်တူးဂေါ်ပြားနှစ်လက်စီနဲ့တင် မတင်းတိမ်သေးဘူးထင်တယ်၊ထပ်ပြီး လျှာရှည်နေပြန်ပါပြီ၊ အမှန် တော့ ဘာငါးကို ဘယ်လိုမွေးမယ်ဆိုတဲ့စီမံချက် ဘာမှမရှိဘူး၊ အခုရာသီမှာ ရဲဘက်တွေ အလုပ်ပါးနေတယ်၊ ရဲဘက်ကို အလုပ်မရှိပဲထားရင် စားရိတ်ကုန်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်ပေါ်လာမယ်၊ဒါကြောင့် ဒီငါးမွေးကန်စီမံချက်ကို ဆွဲတာပဲဗျာ၊ ကန်ပြီးရင် တူးမြောင်းတွေထဲက ငါးပေါက်လေးတွေ ဖမ်းထည့်ခိုင်း၊ ငါး တွေက ကန်ထဲမှာ သဘာဝအလျောက် ဖြစ်လာမဲ့ ရေမှော်တွေဒိုက်တွေကိုစား၊ အချိန်တန်ဖမ်းပြီးရောင်းကြပေါ့၊ တခုရှိတာက ငါးမွေးကန် ထဲကိုထည့်ဖို့ ငါးသားပေါက်တွေ မဖြစ်မနေလိုလာရင်လည်း စောစောက ဇာတ်ညွန်း မျိုးကို နောက်တခါ ထပ်ပြီး ထုတ်သုံးကြမှာပေါ့ဗျ ”

“ကောင်းလိုက်လေဗျာ ၊တကယ့် မဟာစီမံကိန်းကြီးပါကလား”

ကျနော်က သရော်တော်တော် ပြောအပြီးတွင် ကိုသက်ခိုင်သည် တစုံတရာကို တွေးမိသွားဟန်ဖြင့် ရုတ်တရက် ငိုင်သွား၏။နောက် သူ့နှုတ်မှ စကားသံခပ်လေးလေးထွက်လာသည်။

“အင်း တကယ်တော့ ကျုပ်တို့လည်း ဒီအရွယ်အထိ ဖြတ်သန်းလာခဲ့တဲ့ဘဝခရီးမှာ ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင် တာကို မဖြစ်ဖြစ်အောင် နည်းလမ်းစုံ သုံးခဲ့ကြတာပါပဲ၊တကယ်တမ်း သေသေချာချာ ပြန်စဉ်းစားတော့ ဘဝကို စံနစ်တကျတည်ဆောက်နိုင်ခဲ့သူဆိုတာ တသောင်းတယောက် ရှိခဲလှပါ တယ်၊ ကိုယ်လုပ်နေတဲ့ အလုပ်တခုဟာ အဓိပ္ပါယ်ရှိမရှိ တွေးတောချင့်ချိန်မှု အားနည်းလေ့ရှိတာ ဓမ္မတာပါပဲ”

“ဟုတ်ပြီ၊ ခင်ဗျားက တရားစကားခပ်ဆန်းဆန်းတွေ စလာပြီဆိုတော့ ကျုပ်လည်း ကြုံတုန်း နားမရှင်းတာတွေ မေးစရာရှိတယ်၊ ခင်ဗျား ပြောတဲ့စကားတွေထဲမှာ ပရမတ်၊ ပညတ်ဆိုတာတွေ ပါလာတာ သတိထားမိတယ်၊ နားလည်သလိုလိုတော့ ရှိပါရဲ့၊ ဒါပေမဲ့ ခင်ဗျားရဲ့ ရှင်းလင်းချက်လေး တော့ ကြားချင်သေးတယ်ဗျ ”

“အော်၊ ဒါလား၊ ပညတ်ဆိုတာ တကယ်မရှိတဲ့သတ်မှတ်ချက်သက်သက်ပေါ့ဗျာ၊ ပရမတ်ဆိုတာ တကယ်ရှိတဲ့ အရာပေါ့ ၊ ပညတ်ကိုတော့ သာမန်မျက်စိ လူသာမန်အတွေးနဲ့ မြင်သိနိုင်ပေမဲ့ ပရမတ်ဆိုတာကိုတော့ ပညာ မျက်စိနဲ့ မှသာမြင်နိုင်တယ် ၊ဥပမာ ဆိုပါတော့၊ ခင်ဗျားနာမည် မင်းဒင်၊ အဲဒီ မင်းဒင်ဆိုတာ ပညတ် သက်သက်ပဲ၊ တကယ်မရှိဘူး၊ ခင်ဗျားရဲ့ မိသားစုမှာ အထက်အောက်ညီအကို မောင်နှမအပါအဝင် လူအများနဲ့ ခွဲခြားသိနိုင် အောင်၊ သတ်မှတ်ထားမှုတခုမျှသာ ဖြစ်တယ်၊ ဒိထက်ရှင်းချင်ရင် ခင်ဗျားရဲ့ ကိုယ်ပေါ်က အဝတ်အစား အပါ အဝင် ၊ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို တပိုင်းတစစီ၊ စိတ်ကူးထဲမှာပိုင်းပြီး ဘယ်ဟာ မင်းဒင်တုန်းလို့ ရှာကြည့်ပေတော့၊ ကြီးစွာသော သမာဓိနဲ့ သေချာအသေးစိတ်ခွဲ ခြမ်းစိတ်ဖြာကြည့်တဲ့အခါ ခင်ဗျားတို့ ကျုပ်တို့ ခန္ဓာကိုယ်ဟာ သေးငယ်တဲ့ အမှုန်လေးတွေ ၊ အပူ၊ စေးကပ်မှု ၊လေဖိအားတမျိုးနဲ့ ထောက်ကန်နေတဲ့သဘော စုစုပေါင်းလေးမျိုးနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ မြင်လာနိုင်တယ်၊ အဲဒါ ဓာတ်ကြီးလေးပါး၊ ပရမတ်တရား ပါပဲဗျာ ”

“ဟုတ်ပါပြီဗျာ၊ မေးလက်စနဲ့ ဆက်မေးရအုံးမယ်၊ ခင်ဗျား တရားထိုင်နေတုန်း ဗြုန်းဆို ရှေ့တည့်တည့်မှာ ရွှေတိဂုံ စေတီတော်ကြီးပေါ်လာတယ်ဆိုတာ ဘာဖြစ်တာတုန်းဗျ ”

ခင်ဗျားစိတ်ရှုပ်ပြီး အံ့သြနေပြီမဟုတ်လား။ဘာမှ မဟုတ်ဘူး။ဒီအလုပ်လုပ်ရင် ဒီလိုဖြစ်တတ်တာ ထုံးစံ။ကျုပ် ဘယ်လိုလုပ်သိသလဲဆိုတော့ ကျုပ်ဇနီး သယ်သယ်လာတဲတရားနဲ့ပါတ်သက်တဲ့ စာအုပ်တွေကနေပေါ့၊ ဒီအလုပ်က နည်းလမ်းမှန်ဖို့၊ဆရာသိပ်အရေးကြီးတယ်။ စွတ်လုပ်တာ လုပ်တာပဲ။ စာရင်းပြန်ပြန်ကိုက်သလို ချိန်ထိုးနေမှ လမ်းမှန်ရောက်တတ်တာ။ စာတွေလက်တွေချည်းကပ်ပြီး နည်းလမ်းမှန်မှန်နဲလုပ်တတ်ဘို့  လို တယ်။

ရွှေတိဂုံစေတီတော်ကြီး ကျုပ်ရှေ့ရောက်လာတဲ့ အဖြစ်အပျက်ဟာသမထရင့်လာတဲ့ လက္ခဏာပါဗျာ။ တည်ငြိမ်မှု ရှိလာတဲ့အခါ အပွင့်အမျိုးမျိုး၊အပင်အမျိုးမျိုး၊အရောင်အမျိုးမျိုး၊ အဆောက်အဦအမျိုးမျိုး၊ တောတောင်ရေမြေ သမုဒ္ဒရာအမျိုးမျိုး၊ ဂူကျောင်းဘုရားအမျိုးမျိုး၊အလွန်သာယာပျော်ဖွယ်ကောင်းသောနေရာဌာနအမျိုးမျိုး၊ နေလ နက္ခတ်တာရာအမျိုးမျိုး၊ ပတ္တမြားစတဲကျောက်မျက်ရတနာအမျိုးမျိုး၊ ဥက္ကာပျံကဲ့သို့သော အလင်းရောင် တန်းလုံးကြီးမျိုး၊ ပိုးစုန်းကြုးကဲ့သို့၊ မီးပန်းမီးကျည်များ ကဲ့သို့မီးပွားကလေးများကဲ့သို့စတဲအရာအမျိုးမျိုး ပြောမပြ တတ်အောင် တွေ့ရတတ်၏။ သမာဓိရင့်လေတွေ့လေပဲ လို့ ဆရာသက်ကြီးရဲ့ ဝိပဿနာရှုပွားနည်းစာအုပ်မှာ ဆိုတယ်”

“ဟာ ခင်ဗျားရွတ်ပြနေတာ အတိအကျကြီးပါလား၊ ”

“ဒါလည်း သိပ်အံ့သြပြီး အထင်မကြီးလေနဲ့ ၊ သမထအားထုတ်ပြီး သမာဓိရင့်လာတဲ့အခါ ရှေးဟောင်းနှောင်းဖြစ် တွေကို အသေးစိတ်ပြန်ပြီး မှတ်မိလာတတ်တယ်၊ ဖတ်ထားတဲ့စာတွေကို လည်း မှတ်မိနေတတ်တယ်”

“ဒါဖြင့် ခင်ဗျား ဈာန်ရသလို လေထဲမှာ မျောနေတယ်ဆိုတာကကောဗျာ”

“အော် ၊ဒါလား ၊ ဒါလည်း ထူးဆန်းလှတယ် မဟုတ်ပါဘူးဗျာ၊ အဲဒါဟာ ဝိပဿနာပီတိလို့ ခေါ်သတဲ့ဗျ၊ ကဲ ခင်ဗျားသိချင်ရင် ကျုပ်နဲ့ တဲပေါ်ကိုလိုက်ခဲ့ပေတော့၊ ခင်ဗျားမေးမယ်ဆိုတာ ကျုပ် ကြိုတင်တွေးမိထားလို့ အဆင် သင့် ရှာထားပါတယ်ဗျာ၊ နေလည်း နည်းနည်းပူလာပြီ၊ ရဲဘက်တွေ နားချင်နားရအောင် မသိမသာ ရှောင်ပေးရာ လည်း ရောက်တာပေါ့ဗျာ”

ပြောပြောဆိုဆို ကိုသက်ခိုင်က သူ့တဲရှိရာသို့ စိုက်စိုက်နှင့် လျှောက်သွားသဖြင့် ကျနော်လည်း သူ့နောက်မှ လိုက်ပါသွားလေရာ တဲပေါ်အရောက်၊ အသင့်လှန်ထားသည့် စာအုပ်တအုပ်ကို ကျနော့်ထံ လှမ်းပေးရင်း …

“ရော့ ၊ ဖတ်ကြည့်ပေတော့ဗျာ”

အဆိုပါ စာအုပ်မှာ အနာဂါမ်ဆရာသက်ကြီး၏ အာနပါနသိမှုဖြင့် ဝိပဿနာရှုပွားနည်း စာအုပ်ပင်ဖြစ်၍ သူညွှန်ပြသော စာမျက်နှာတွင်ကြည့်ရှုရာ အောက်ပါအတိုင်းရေးသားထားသည်ကို တွေ့ရ၏။

ပီတိငါးမျိုး

ပီတိအကြောင်းရေးပြအံ့။ ဤကဲ့သို့ မိမိခန္ဓာကိုယ်အတွင်း ရုပ်ဓာတ်လေးပါးတို့၏ ဖောက်ပြန်ခြင်း၊ နာမ်ဓာတ် လေးပါးတို့၏ ဖြစ်ပေါ်ချုပ်ပျောက်ခြင်းတို့ကို တစ်စထက်တစ်စ သမာဓိရင့်လေ ပို၍သိလေ ဖြစ်လာလေ၏။ သမာဓိရင့်လွန်းအားကြီးလာသောအခါ ဝိပဿနာသမာဓိ၏ အစွမ်းဖြင့် ဝိပဿနာကို ကျနမှန်ကန်စွာ ယထာ ဘူတကျကျကြီး နည်းမှန်လမ်းမှန်အတိုင်း အားထုတ်သောသူတို့မှသာ ရတတ်တွေ့တတ်သော ပီတိများကို တွေ့ရ တတ်ပါသည်။ ထို့ကြောင့် ဓမ္မပဒပါဠိတော်၌ -

သုညာဂါရံ၊ ဆိတ်ငြိမ်သောအရပ်သို့၊ ပဝိဋ္ဌဿ- ဝင်သော ၊သန္တ စိတ္တဿ - ငြိမ်းချမ်းသော စိတ်ရှိသော၊ သမ္မာ - အသင့်အားဖြင့်၊ ဓမံ္မ - ရုပ်နာမ်တရားကို ၊ဝိပဿတော- ဥဒယဗ္ဗယာ- နုပဿနာတို့၏ အစွမ်းအားဖြင့် ရှုသော၊ ဘိက္ခုနော- သံသရာဘေးကိုရှုသော ယောဂီပုဂ္ဂိုလ်အား၊ အမာနုသီ - ဝိပဿနာ အဇ္ဖျတ္တခန္ဓာငါးပါးကို အားမထုတ် သော သူတို့၏ အရာမဟုတ်သော၊ ရတိ- ဝိပဿနာ ပီတိသုခ ဟူသော မွေ့လျော်ခြင်းသည်၊ ဟောတိ- ဖြစ်၏ ။

ဟူ၍ ဟောတော်မူပါသည်။

ဤကဲ့သို့ ဟောတော်မူသည့်အတိုင်း တကယ့်တကယ် အားထုတ်သန်၍ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဥဒယဗ္ဗယအစစ်ကို ရှုမြင်ပွားများနေသောအခါ သမာဓိက တစ်ဆင့်ထက်တစ်ဆင့် ရင့်သန်လာတော့၏။ထိုအခါ၌ ဝိပဿနာသမာဓိအရှိန်ကြောင့် ပီတိပေါ်တတ်၏။ ဓမ္မနိယာမပင်။ [ယထာဘူတ ကျနသည့် အဇ္ဖျတ္တခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဥဒယဗ္ဗယအစစ်၊တိရဏပရိညာအစစ်၊ ပရမတ်အစစ်၊ ခဏိကအစစ်၊ သောတာပန် ဖြစ်နိုင် သော တရားအစစ်၊ နိဗ္ဗာန်ရောက်နိုင်သော တရားအစစ်ဖြစ်သောကြောင့်သာ ဤဖော်ပြမည့်အတိုင်းသော ပီတိ မျိုးကိုတွေ့ရသည်ဟု မှတ်ပါ။]ဤ သည်ကား ဤတရားသည် ယထာဘူတကျနမှန်ကန်ကြောင်းကို ပိုမိုထင်ရှား စေ၏။

၁။ ခုဒ္ဒိကာပီတိ

ခုဒ္ဒိကာပီတိဘယ်လိုဖြစ်ပါသနည်းဟူမူ သမာဓိအလွန်ကောင်းသောအခါ ခန္ဓာကိုယ်အတွင်း၌ တစီစီတဖြုတ်ဖြုတ် တလှုပ်လှုပ်တရွရွ ဖြစ်၍ဖြစ်၍ ပျက်၍ပျက်၍ နေကြကုန်သော ရုပ်တရားတို့သည် တစ်ကိုယ်တစ်ကောင်လုံး၌ ဆီချက်အိုးကဲ့သို့ အမြှုပ်တွေ ပြည့်ကျပ်နေသလို ဖြစ်တတ်၏။

ထိုအခါ ဆက်၍ရှုသွားလျှင် ဆီးနှင်းပေါက်မျှလောက်သာ မာမှုပူမှု တွန်းကန် လှုပ်ရှားမှုသဘောကလေးတွေ သည် နူးညံ့သိမ်မွေ့စွာ တစ်ကိုယ်လုံး၌ ဖြစ်၍ဖြစ်၍ ချုပ်၍ချုပ်၍ နေတတ်၏။ ထိုအခါ ဖြစ်ပျက်တည်းဟူသော ကာယသမ္ဖဿကလေးတွေလည်း လွန်စွာ သိမ်မွေ့စွာနေလေ၏။

ဤအတောအတွင်း၌ အားထုတ်နေသော ယောဂီ၌ သိပ်ပြီးခြေကျဉ်၍ နေသောသူ၏ ခြေထောက်ကို လက်နဲ့ တို့လိုက်သောအခါ နဂိုတုန်းကထက် ပို၍ ဗြုန်းခနဲ နေသကဲ့သို့လည်းကောင်း၊ သဲကို လက်နှင့်ယူ၍ ဖြန့်လျက် ပက်လိုက်သကဲ့သို့လည်းကောင်း ၊ဖြုန်းခနဲ ဖြန်းခနဲနှင့် ကြက်သီးထသကဲ့သို့လည်းကောင်း ဖြစ်ပေါ်လာတတ် ၏။ကြက်သီးထသကဲ့သို့ဆိုသော်လည်း ပကတိထသော ကြက်သီးကဲ့သို့ လူပါတစ်ကိုယ်လုံး တုန်လှုပ်သွားတာမျိုး မဟုတ်၊ခန္ဓာကိုယ်ကြီး ယိမ်းယိုင် တုန်လှုပ်ခြင်းမဖြစ်ပါ။ ခေါင်းနားပန်းကြီးပြီး ကြောက်တာမျိုးလည်းမဟုတ်ပါ။ ရှုသောသူ၌ ဣနြေ္ဒမပျက်ပါ။ သို့ရာတွင် ကြက်သီးထသောအခါ ဖြန်းခနဲ ဖြန်းခနဲဖြင့် ကိုယ်၌တွေ့ထိသော သဘောမျိုးနှင့်တူ၍သာ ဥပမာပြရပါသည်။ ဒါကြောင့် ကြက်သီးထတာနှင့်တူသည်ဟု ကျမ်းဂန်၌ဆိုပါသည်။ ဤကဲ့သို့ဖြစ်တာကို ခုဒ္ဒိကာပီတိဟု ခေါ်ပါသည်။

၂။ ခဏိကာပီတိ

ဤကဲ့သို့ ရှုဖန်များသော် စိတ်သည် မိမိခန္ဓာကိုယ်အတွင်း ဖြစ်ပျက်ခြင်းတည်းဟူသော ရုပ်နာမ် တရားတို့မှ တခြားကို ထွက်မသွားဘဲနေလေ၏။ ထိုအခါ၌ စိတ်၏ စင်ကြယ်ခြင်းတည်းဟူသော အကြောင်းကြောင့် လျှပ်လက်သကဲ့သို့ ဝင်းခနဲလင်းလိုက်၊ လင်းပြီးသည်နှင့်တစ်ပြိုင်နက် ပျောက်လိုက် ၊ ဤကဲ့သို့ ခဏခဏ လင်းခနဲ ဝင်းခနဲ အရောင်တို့သည် လင်းလိုက် ပျောက်လိုက် လင်းလိုက် ပျောက်လိုက်နေ၏။ ကြာကြာလင်း၍ မနေ၊ ဝင်းဆို ပျောက်သွားတာပါပဲ၊ ဝင်းခနဲနေသော အလင်းရောင်သာ လာမှန်းသိရတယ်၊ ဘယ်ကဖြစ်၍ ဘယ် ပေါ်လာမှန်းကား မသိရပါ။ ထို့ကြောင့် လျှပ်လက်သကဲ့သို့ ဥပမာပေးခြင်း ဖြစ်ပါသည်။ ဤကား ခဏိကာပီတိ ခေါ်၏။

ဤခဏိကာပီတိနှင့်တူသော အလင်းရောင်မျိုးသည်ကား သမာဓိနှင့်ဆိုင်သောအလုပ်ကို လုပ်သောသူများ လည်း သမာဓိကောင်းလာလျှင် ဤအလင်းရောင်နှင့် ခပ်ဆင်ဆင် အလင်းမျိုး ကို တွေ့ရတတ်ပါ၏။


၃။ သြက္ကန္တိကာပီတိ

ဤမှတစ်ချက် ရှေ့သို့တိုးတက်၍ ရှုမြင်ပွားများသည်ရှိသော် သမာဓိအရှိန် ကောင်းသည်ထက် ကောင်း၍လာ၏။ သမာဓိကောင်းလေ၊ ခန္ဓာရုပ်နာမ်တို့၏ ဖြစ်ပျက်မှု ပိုမိုထင်ရှားစွာ သိရလေဖြစ်၏။ ထိုအခါ ခန္ဓာကိုယ်အတွင်း၌ အလျင်ကထက်ပို၍ ဆူပွက်လာလေ၏။ ဆူဖန်များလတ်သော် ခန္ဓာကိုယ်ကြီးသည်အလှူအိမ်ကချက်သော ထမင်းအိုးကြီးနှင့် တူ၏။

အတွင်းက ဖြစ်ပျက်နေသော သဘောတရားတို့သည် အိုးထဲက ဆူပွက်၍နေသော ဆန်နှင့်ရေကဲ့သို့ ဖြစ်နေ တော့၏။ မီးပြင်းထိုးထားသကဲ့သို့ဆူ၍နေ၏။မီးညှိသောအခါ တညီတည်း ဆူ၍နေသကဲ့သို့ တစ်ကိုယ်လုံး တညီ တည်းဆူ၍နေ၏။ ဤကဲ့သို့ တညီတည်း ဆူ၍နေတာကြာသော် ရေပြင်ပေါ်သို့ မိုးကြီးရွာချသောအခါ မြင်ရ သည်နှင့်လည်း တူပါ၏။ တူသည်ဆိုသော်လည်း လက်ဦးတော့ကာ ကိုယ်တွေ့တရားသာ တူသည်။ မျက်စိဖြင့် မြင်ရသော သဘောမျိုးမဟုတ်ပါ။ သို့ရာတွင် ကြာကြာနေတော့ကာ သမာဓိနှင့်ပညာ နှစ်မျိုးရှိရာ ပညာထက် သမာဓိက အားရှိသွားပြီးသကာလ ပညာတည်းဟူသော ကိုယ်ဖြင့်တွေ့၍သိ၍ နေရသောသဘောကို လွန် မြောက်၍ မျက်စိဖြင့်မြင်ရသော သဘောသို့ ပြောင်းမှန်းမသိ ပြောင်းသွားတော့၏။

မိုးလည်း သည်းသည်း လှိုင်းကြီးကြီး

ထိုအခါ၌ ရေပြင်ပေါ်တွင် မိုးသည်းသည်းကြီး ရွာချသကဲ့သို့ ဖြစ်လာတာကို မျက်စိဖြင့် ဖွင့်၍ကြည့်ရသကဲ့သို့ မြင် လာတော့၏။ တစ်စထက်တစ်စ တစ်ခဏထက်တစ်ခဏ မိုးသည် ကြီး၍ကြီး၍ သည်းသကဲ့သို့ မြင်ရတော့၏။

ကြာတော့ကာ မိုးသည်းရုံတင်မက၊ လေကလေးပါ တိုက်ခတ်လာသလိုလို ဖြစ်လာ၏။ ရေပြင်သည် မိုးရွာနေ တဲ့အထဲ လှုပ်ရှား၍လာသလို ဘာလိုလို မျက်စိဖြင့် မြင်ရသကဲ့သို့ ဖြစ်လာ၏။ ကြာလေ ကြာလေ မိုးကသည်းလေ လေကလည်းပြင်းလေ ဖြစ်လာ၏။ ထိုအခါ၌ လှိုင်းကလေးများ ထ လာတုန်း မိုးကြီးသည်းလာသလို မြင်ရ၏။ ကြာတော့ကာ ပင်လယ်ရေပြင်တွင် မိုးရောလေပါ သဲသဲမဲမဲ ရွာချနေတုန်းအခါ လှိုင်းတံပိုးများ ထနေသကဲ့သို့ မြင်၍မြင်၍ တကယ့်မျက်စိနှင့် တကယ်မြင် သကဲ့သို့ ဖြစ်နေတော့၏။ ဤကား သြက္ကန္တိကာပီတိ ဖြစ်ပါသည်။

( ဤပီတိမျိုးကို တွေ့သည်ဆိုတာ အဇ္ဖျတ္တခန္ဓာငါးပါး ဥဒယဗ္ဗယတရားအစစ်တွေ့တော့မှ အားထုတ်သော သူက လည်း သမာဓိကောင်းမှ တွေ့ရသောသော ပီတိမျိုးဖြစ်ပါသည်။ ဗဟိဒ္ဓိကို လက္ခဏာရေး သုံးပါးတင်၍ ရှုနေရုံနှင့် ဤပီတိမျိုး မတွေ့နိုင်ပါ။)

၎။ ဥဗ္ဗေဂါပီတိ

ဥဗ္ဗေဂါပီတိဆိုတာလဲ ဝါဂွမ်းကဲ့သို့ ကောင်းကင်သို့တက်သွားသည်ဟု ကျမ်းဂန်၌ဆို၏။

“သီဟိုကျွန်းသူတယောက်သည် မိမိ၌ ကိုယ်ဝန်ရှိ၍ တောင်ထိပ်ကဘုရားကို မိဘများသွား၍ဖူးရာမလိုက်ရ သဖြင့် အိမ်ကပင်နေ၍ ဘုရားကို ကြည်ညိုနေရင်း ဥဗ္ဗေဂါပီတိဖြစ်ပြီး ဘုရားရင်ပြင်တော်ပေါ်၌ မိဘများထက် စော၍ရောက်နေနှင့်သည်” ဟု ကျမ်းဂန်၌လာ၏။ ဤကားဘုရားကိုကြည်ညိုသော သမာဓိကြောင့်ဖြစ်သည့် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းတွင် အကျုံးဝင်သော သမထ၏ အစွမ်းကြောင့်ဖြစ်သော ဥဗ္ဗေဂါပီတိမျိုးဖြစ်၏။

ယခုအခါ၌လည်း အာနာပါန သမထကို အားထုတ်စဉ် မြေနှင့်မထိပဲ တစ်ရပ်သာသာလောက်အထိ တက်၍ မြောက်နေသော သမထယာနိကပုဂ္ဂိုလ်များ ရှိကြပါ၏။ ဝိပဿနာတရားအားထုတ်ရင်းကိုမူကား ဤကဲ့သို့ အထက်သို့တက်ရောက်နေသည်ကို သူတစ်ပါးမျက်စိနှင့် တွေ့မြင်ရသည်ဟူ၍ကား မကြားမတွေ့ရဖူးသေးပါ။ အားထုတ်သန်လျှင်မူကား ထက်မြက်သော လုံ့လ၊ ဝီရိယရှိလျှင် မူကား ညဥ့်အခါ တရားကို အာရုံပြုလျက် အထူး သဖြင့် အာရုံပြုလျက် အိပ်သောအခါ စိတ်သည် ခန္ဓာကိုယ်ထဲ၌ ဖြစ်သမျှသော ရုပ်နာမ် သခါင်္ရတို့ကိုသာ ရှုမြင်၍ နေတတ်၏။

ဝိပဿနာ ဥဗ္ဗေဂ

ဤကဲ့သို့ ရှုရင်း ရှုရင်း အိပ်ပျော်သွားပြီးသကာလ နိုးလာသောအခါ၌လည်း အိပ်ပျော်ပြီး၍ နိုးလာမှန်း မသိ၊ တရားကိုရှုမြင်လျက်ပင်နေ၏။ ဤကဲ့သို့ ရှုမြင်နေရင်း မိမိကိုယ်သည် အထက် သို့ကြွ၍ တက်နေသကဲ့သို့ပင် ထင်ရ၏။ တက်နေသောအခါ အတန်ကြာသော် မိမိကိုယ်သည် အပေါ်သို့ မြောက်၍နေပါကလားဟုသိ၍ ဟုတ်မှဟုတ်ပါမည်လားဟု လက်နှင့်စမ်းကြည့်သော အခါ အောက်က အခင်းနေရာကို လက်နှင့်မတွေ့တော့ပေ။

သည်တော့မှ ဘယ့်နှယ်ကြောင့် အပေါ်သို့ မြောက်တက်နေပါသနည်းဟု အောက်မေ့၏။ အောက်မေ့ပြီးလျှင် ဝမ်းသာအားရသည်ဟူ၍မဟုတ်၊ တရားကိုသာ ရှုမြဲတိုင်းရှုနေလျက်တော့၏။ ထိုကဲ့သို့ တရားကို ဆက်လက် ရှုမြင်သွားသောအခါ တရားကို မြင်လျက်ပင်နေ၏။ မိမိကိုယ်မြောက်နေတာကို အာရုံမပြုတော့ပေ။ ဤကဲ့သို့ တရားကိုရှုနေတာ ကြာသောအခါ တရား၌ အာရုံပြေ၍လာ၏။ ထိုအခါ၌ ခုနတုန်းက မိမိကိုယ်ကြီး မြောက် တက်နေတာ ဘာပြုလို့ပါလိမ့်မလဲဟု သတိရ၏။ ဤကဲ့သို့ဖြစ်တာကို ဝိပဿနာအရာ၌ ဥဗ္ဗေဂါပီတိဟူ၍ ကျမ်းပြု သောသူက ဆိုချင်၏။ သို့ရာတွင် ပညာရှိသူတော်ကောင်းများကမူကား မည်သို့ယူဆကြမည် မသိ။

၅။ ဖရဏာပီတိ

ဖရဏာပီတိဆိုတာ ကျမ်းဂန်၌ “ကိုယ်အလုံးသည် မှုတ်၍ လေဖြင့်ပြည့်သော စီဖောင်းကဲ့သို့လည်းကောင်း များသောရေအလျင်ဖြင့် စီးဝင်သော တောင်ခေါင်းကဲ့သို့လည်းကောင်း မပြတ်အစဉ် ထက်ဝန်းကျင်မှ ပျံ့နှံ့သည် ဖြစ်၏” ဟု ဆို၏။

သို့ဖြစ်၍ တရားအားထုတ်သောအခါ ကျမ်းဂန်၌ပါတာနှင့်တူတာကို လိုက်ရှာလိုက်သော အားထုတ်သောသူ သည် ခန္ဓာငါးပါးတို့၏ ဖြစ်ပျက်နေမှုတို့ကို တစ်ကိုယ်တစ်ကောင်လုံး၌ သိလာရသောအခါ သိတာထက်ပို၍ သန်အောင် အားစိုက်လာသောအခါ မိမိခန္ဓာကိုယ်မှတစ်ပါး တခြားသို့ စိတ်မရောက်ဘဲ ကိုယ်ထဲတွင်ထား၍ ရှုနေလေ၏။ ထိုအခါ၌ ခန္ဓာကိုယ်သည် တစ်ကိုယ်လုံး အပ်ချစရာ နေရာမရှိအောင် သေးငယ်လှစွာသော ရေမြှုပ် ရေပွက်ကလေးတွေ ဖြစ်၍ဖြစ်၍ ပျက်ပျက်ပြီး ဆူနေတာကို တွေ့ရ၏။

ဤကဲ့သို့ ရှုနေရင်း မိမိခန္ဓာကိုယ်အတွင်းက ဆူပွက်ခြင်း သဘောတရားတို့သည် တိုးတက်ပိုမို၍ လာသောအခါ နွားနို့အိုးများသည် ဆူရာမှ ဝေ၍ တက်လာလိုက်၊ ပြန်ကျသွားလိုက်နှင့် နေသကဲ့သို့ မိမိကိုယ်ကြီးသည်လည်း ဆူပွက်၍ ပွပြီး ကြီးပြီးလာလိုက် ၊ ပြန်ငယ်သွားလိုက်နှင့် နေသည်ဟု ထင်ရ၏။ဤကဲ့သို့ ဖြည်းညင်းသာယာစွာ နူးညံ့သိမ်မွေ့စွာ ဖြည်းဖြည်းကလေး နုနုကလေး ပွပွ လာလိုက် ကျုံ့ကျုံ့သွားလိုက်နှင့် ဖြစ်နေပြီးလျှင် တစ်ခါတစ်ရံ ပွလာပြီးနောက် ပြန်၍ ကျုံ့မသွားဘဲပွလျက်နှင့်ပင် မတိုးမဆုတ်ဘဲ နူးညံ့စွာ နုနုကလေး ဆူ၍ပွပြီး ငြိမ်နေတာကို မျက်စိဖြင့် ဖွင့်၍ကြည့်ရတာလို မြင်နေတတ်၏။ ထိုအခါ မြင်နေတာမှတပါး စိတ်သည်တခြားသို့ မပြောင်း ရွှေ့တော့ပေ။ မိမိ၏ မူလခန္ဓာကိုယ်ကိုလည်း သတိမရတော့ပေ။ ယခုမြင်နေသော ပွလျက် နုနုကလေး အေးမြ ကြည်လင်စွာ ဆူနေသော ကိုယ်ပွကြီးကိုသာ မြင်နေလျက် အမှတ်တမဲ့ ကြက်သေသေပြီး ကြည့်နေမိတာနှင့် တူ နေတော့၏။ တကယ်ကိုယ်ပင် လေတွေမှုတ်သွင်းထား၍ ပွနေတာနှင့်လည်းတူ၏။ ရေတွေ ဆူပွက်နေပြီး ပြည့် ကျပ် ပွရောင်းနေတာနှင့်လည်း တူပါ၏။

ဤအတွေ့သည်ကား ကျမ်းဂန်၌ပါသည်နှင့် အလွန်တူ၏။ ထို့ကြောင့် ဖရဏာပီတိဟု ခေါ်ချင်၏။

………………………….

အဆိုပါ ဝိပဿနာပီတိအကြောင်း ဖတ်ရှုပြီးသည့်အခါ ကျနော့်စိတ်ထဲတွင် အနာဂါမ်ဆရာသက်ကြီး ဆိုသူ၏ ဘဝအကြောင်းကို သိချင်စိတ် ရုတ်တရက်ပေါ်လာပြန်သဖြင့် …

“ခင်ဗျားက ဆရာသက်ကြီးနည်းနဲ့ အားထုတ်နေတာဆိုတော့ ဆရာသက်ကြီးဟာ ဘယ်လိုလူစား မျိုးပါလိမ့်ဗျာ”

“ဟုတ်ပါတယ်။ ကျုပ်ရဲ့ဝိပဿနာအားထုတ်နည်းဟာ အနာဂါမ်ဆရာသက်ကြီးရဲ့နည်းပါ။ လူချင်းမတွေ့ဖူးပေမဲ့ဆရာသက်ကြီးဟာ ကျုပ်ရဲ့လက်စွဲစာအုပ်လေးထဲကနေ လူကိုယ်တိုင် ထွက်လာပြီးပြသလို ဖြစ်ခဲ့ပါတယ်။ ကျုပ်ရဲ့ထက်သန်လွန်းလှတဲ့ စိတ်ကြောင့် ဒီစာအုပ်ကလေးကို ဂရုတစိုက်ဖတ်ရုံနဲဒီလောက်ဖြစ်လာတာလည်း တကြောင်း ပါမယ်ထင်ပါရဲ့။ ဒီစာအုပ်ဟာ ဆရာသက်ကြီးရဲ့ နည်းနိဿယတွေနဲ့ ဟောပြောချက်တွေကို သူ့တပည့်တချို့က စာနဲ့ရေးပြီး မှတ်တမ်းတင်ထားတဲ့ဗျ။ ဒါ့အပြင် အဲဒီမှတ်တမ်းတွေကို လယ်တီဆရာတော်၊ မိုးညှင်းဆရာတော်၊ သေက္ချတောင်ဆရာတော် ဦးတိလောကအစရှိတဲ့ဆရာတော်ကြီးတွေရဲ့ ကျမ်းတွေနဲ့ ညှိနှိုင်းပြီး စာအုပ်အဖြစ် ရိုက်နှိပ်ထားတာလို့ ဆိုပါတယ်ဗျာ။လူချင်းဘယ်တွေ့ဖူးပါ့မလဲ။ သူက ရှိမှမရှိတော့တာ။ သူ ကွယ်လွန်သွားခဲ့ပါပြီ။

ဆရာသက်ကြီးဆိုတာ ဘယ်လိုလူလဲဆိုတာ ခင်ဗျားသိချင်တာနဲ့အတော်ပဲဗျ။ကျုပ်လည်း နားချင်နေတာ။ သူ့အကြောင်းအကျဉ်ချုပ်ကတော့ ခင်ဗျားလက်ထဲက စာအုပ်ရဲ့ ရှေ့နားမှာရှိလေရဲ့။ ဒိထက်ပိုပြီးအပြည့်အစုံ သိချင်သေးရင် ဓမ္မာစရိယဦးဌေးလှိုင်ရဲအနာဂါမ်ဆရာသက်ကြီး၏ သူ့ဘဝ။သူ့တရား။သူ့ကျေးဇူးဆိုတဲ့စာအုပ်ကို ရှာဖတ်။သူက ဖြစ်ပျက်ကို ကိုယ်တိုင်တွေခဲ့တဲ့သူ ။တခြားသူတွေ ဖြစ်ပျက်တွေ့အောင်လည်း နည်းလမ်းပေးခဲ့တဲ့ သူပေါ့။ခင်ဗျားပဲ ဖြစ်ပျက်အကြောင်း သိချင်လှချည်ရဲ့ဆို။ မျက်စိညောင်းတာလောက်တော့ ခံနိုင်သင့်တာပေါ့ဗျာ”

(ကိုသက်ခိုင်ညွန်းဆိုသော စာအုပ်မှ အနာဂါမ်ဆရာသက်ကြီးဘဝဖြစ်စဉ်အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။)

အနာဂါမ်ဆရာသက်ကြီး၊

ဆရာသက်ခေါ် ဦးဖိုးသက်မှာ ရန်ကုန်မြိုတဖက်ကမ်း ဒလပျော်ဘွယ်ကြီးရွာသားဖြစ်၏။ ပျော်ဘွယ်ကြီးရွာနေ ဦးကျော်တုတ်-ဒေါ်ငွေဥတို့မှ မြန်မာသက္ကရာဇ် ၁၂၃၅ ခုနှစ် ဝါခေါင်လဆန်း ၃ ရက်၊ သောကြာနေ့တွင် မောင်ဖိုးသက်ကို ဖွားမြင်ခဲ့လေသည်။မွေးချင်းလေး ယောက်တို့တွင် မောင်ဖိုးသက်မှာ အကြီးဆုံး ဖြစ်၏။

ပျော်ဘွယ်ကြီးရွာမှာ ရန်ကုန်မြို့၏ တောင်ဖက်၇-မိုင်မျှသာကွာ၍ အိမ်ခြေတစ်ထောင်ကျော်ရှိသော ရွာကြီး ဖြစ်၏။ ရွာသူရွာသားတို့မှာလည်း များသောအားဖြင့် သမ္မာအာဇီဝဖြစ်သော လယ်ယာအလုပ်ဖြင်အသက်မွေး ကြသူများဖြစ်သည်။မောင်ဖိုးသက် အသက်(၁၁)နှစ်အရွယ်တွင် ဖခင်ဦးကျော်တုတ် ကွယ်လွန်သွားသဖြင့် မိခင် မုဆိုးမကြီး ဒေါ်ငွေဥက သားသမီးလေးယောက်အား အကြော်ရောင်း၍ လုပ်ကျွေးခဲ့ရသည်။

သားကြီးမောင်ဖိုးသက်ကိုလည်း မြန်မာစာခြောက်တန်းအထိ ပညာသင်ပေးခဲ့သည်။ မောင်ဖိုးသက်ကား ကျောင်း နေဆဲမှာပင် ကျောင်းအားရက်များ၌ လှည်းဦးစီး၊ သမ္ဗာန်ဦးစီးအဖြစ်ဖြင်စပါးသယ်ပို့သောလုပ်ငန်း၌ ၀င်ရောက် လုပ်ကိုင်လျက် မိခင်ကြီး၏ စီးပွားရေးကို ကူညီပံ့ပိုးပေးခဲ့သည်။ ထို့နောက် ရိုးသားကြိုးစားသော မောင်ဖိုးသက်ကို ဆန်စက်ပိုင်တစ်ဦးက သဘောကျ၍ သူ့  ဆန်စက်၌တာလီစာရေးခန့်ထားခဲ့သည်။တစ်လ ၆ -ကျပ်စားမှ ၂၅ -ကျပ်အထိ လတိုးပေးခဲ့သည်။ ထိုအခါ မောင်ဖိုးသက်တို့မိသားစု စားဝတ်နေရေး ချောင်လည်လာခဲ့သည်။

မောင်ဖိုးသက် အသက်(၁၆) အရွယ်တွင် ပျော်ဘွယ်ကြီးရွာမှ လယ်ပိုင်ရှင်တစ်ဦးဖြစ်သော ဦးသိန်း ဒေါ်သူဇာ တို့၏သမီးထွေး မျှင်နှင့် အိမ်ထောင်ကျလေသည်။ ထိုအခါသူသည် ယောက္ခမမိသားစုနှင်အတူနေထိုင်လျက် လယ်ယာအလုပ်ကို လုပ်ကိုင်ခဲ့သည်။ စီးပွားရေးပြေလည်၍ မိသားစုအသိုင်းအဝိုင်းမှာလည်း ပြည့်စုံသဖြင့် ကာလအတန်ကြာမျှ ပျော်ရွှင်စွာ နေခဲ့ရသည်။

ထိုအချိန်ကာလအတွင်ဘာသာရေးနှင့်ပတ်သက်၍လည်းအလှူဒါနပြုခြင်းဥပုသ်သီလဆောက်တည်ခြင်း စသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ဆည်းပူးနိုင်ခဲ့သည်။ အထူးအားဖြင့် ထိုခေတ်က ရဟန္တာဟု ကျော်ကြား သော ဘုန်းတော်ကြီး ဦးသီလနှင့် ပညာနေတ္တိ ဝိပဿနာကျမ်းပြု ဖိုဝန်းတောင်ဆရာညွန့်တို့ ဟောပြောသော တရားများကို ကြားနာခွင့်ရရှိခဲ့ခြင်း၊ လယ်တီဆရာတော်၏ ဒီပနီကျမ်းအချို့ကို ဖတ်ရခဲ့ရခြင်းတို့ကြောင့် မောင်ဖိုး သက်မှာ ဘာသာရေးအခြေခံ အတော်အသင့် ပြည့်စုံလေသည်။

သို့သော်လည်း ထိုသို့အစစချောမွေ့နေသောအချိန်တွင် မမျှော်လင့်သော ကြမ္မာဆိုးတစ်ခုက မောင်ဖိုးသက်တို့ မိသားစုနှင့်တကွ ပျော်ဘွယ်ကြီးရွာတစ်ရွာလုံးကို ဝင်ရောက်မွှေနှောက်ခဲ့သည်။ထိုကြမ္မာဆိုးမှာ အခြားမဟုတ်။ ကာလဝမ်းရောဂါပင်ဖြစ်၏။ ကာလဝမ်းရောဂါကျရောက်လာသဖြင့် ရွာသူရွာသား အမြောက်အများ သေကြေ ပျက်စီးကြရာတွင် မောင်ဖိုးသက်တို့မိသားစုမှာ အထိအနာဆုံးဖြစ်ခဲ့သည်။ မမျှင်၏ အစ်မ မခင်တို့လင်မယားနှင့် အတူ တူမလေး မချစ်မြိုင်ကိုဖိုးသက်၏ သမီးလေး မလှညွန့် ပါ ဝမ်းရောဂါ ထဲသို့  ပါသွားခဲ့ကြရရှာသည်။

လယ်တီဆရာတော်နှင့် ဆရာသက်

အသက်သုံးဆယ်ကျော်မျှသာရှိသေးသော ကိုဖိုးသက်မှာ မိမိလက်တွင်း၌ မချိမဆန့်အသက်ပျောက်သွားခဲ့ရ သည့် တစ်ဦးတည်းသော သမီးလေးမလှညွန့်အတွက် ကြီးအကျယ် စိတ်ထိခိုက်သွားသည်။ လအတော်ကြာမျှ သောက ဝေဒနာကို မဖြေနိုင် ဖြစ်ခဲရသည်။ရက်လ ညောင်း၍ မိမိစိတ်ကို အသင့်အတင့် ဖြေနိုင်သောအခါတွင်မူ ကိုဖိုးသက်မှာ ပျော်ဘွယ်ကြီးရွာနေလိုစိတ်မရှိတော့ချေ။ ထိုကြောင့် ဇနီးမမျှင်နှင့်ကျန်မိသားစုများအား အနူး အညွတ်တောင်းပန်ပြီး ပျော်ဘွယ်ကြီးရွာမှ ထွက်လာခဲ့လေသည်။

မောင်ညိုခေါ် မိတ်ဆွေတစ်ယောက်ကို အဖော်ပြုလျက် ရွာမှထွက်လာသော ကိုဖိုးသက်သည် မြန်မာပြည် တော တောင်ဒေသအနှံအပြားသို့လှည့်လည်လျက် သောကငြိမ်းအေးကြောင်းတရားကို ရှာဖွေသည်။

ရှေးဦးစွာ ဖိုဝန်းတောင် ဆရာညွန်ထံသို့ရောက်၍ အာနာပါနရှုမှတ်နည်းကိုရရှိခဲ့သည်။ ထိုနောက် ညောင်လွန့် ဆရာတော်၊အင်းမကြီးတောရဆရာတော်၊ ရွှေမြို့ဥဒေါင်းတောင်ဆရာတော်၊ သေက္ချတောင်ဆရာတော် ဦးတိလောကစသည့်ပဋ္ဋိပတ္တိအကျော် ဆရာတော်များထံသို့လည်း ခိုဝင်ဆည်းကပ်ခဲ့သည်။ နောက်ဆုံးကား လယ်တီဆရာတော် ဖြစ်လေသည်။

ကိုဖိုးသက်သည် လယ်တီဆရာတောထံ၌()နှစ်မျှ အနီးကပ်ဆည်းကပ်နေထိုင်လျက် ပဋ္ဋိပတ္တိအလုပ်ကို အား ထုတ်ခဲ့သည်။ဆရာတော်၏ ဆုံးမသြဝါဒများကို အလေးအနက် နာယူမှတ်သား ခဲ့သည်။

ဤသို့လျှင် အိုးပစ်အိမ်ပစ်ဘဝဖြင့်ကိုဖိုးသက်တရားရှာခဲ့သည်မှာ (၁၃)နှစ်မျှကြာမြင့်သွားခဲ့သည်။ ထိုအချိန် ကာလအတွင်း ဆရာသမား သူတော်ကောင်းပညာရှိုတို့၏ ဆုံးမသြဝါဒများကိုမပြတ်မလပ် ကြားနာခဲ့ရခြင်း ကြောင့်လည်းကောင်း၊ တရားအသိ ထိုက်သင့်သလောက် တိုးပွားလာခြင်းကြောင့်လည်းကောင်း ၊ကိုဖိုးသက်၏ သောက ဝေဒနာမှာ သိသိသာသာကြီး လျော့ပါးသွားခဲ့လေသည်။ ထို့ကြောင့် ကိုဖိုးသက်သည် အဖော်ဖြစ်သူ မောင်ညိုနှင့်အတူ လယ်တီဆရာတော်ကြီးအား ဖူးမြော်ကန်တော့ပြီး ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော ပျော်ဘွယ်ကြီးရွာသို့ ပြန်ခဲ့လေသည်။

ပျော်ဘွယ်ကြီးရွာသို့ရောက်သောအခါ အိမ်သို့သွားလိုစိတ်မရှိသေးသဖြင့် ကိုဖိုးသက်နှင့်မောင်ညိုတို့သည် ရွာထိပ်ရှိ ဓမ္မာရုံဇရပ်၌ ယာယီသဘောဖြင်စတည်းချနေကြသည်။ ထိုဓမ္မာရုံမှာ တစ်ချိန်က ကိုဖိုးသက်တို့ မိသားစု ဆောက်လုပ်လှူဒါန်းခဲ့သော ဇရပ်ပင်ဖြစ်၏။

ကိုဖိုးသက်သည် ရောက်မဆိုက်မှာပင် ဓမ္မာရုံအတွင်းရှိ ရုပ်ပွားဆင်းတုတော်အား သွားရောက်ဦးတိုက်သည်။ ထိုအခါ ရုပ်ပွားတော် ကိန်းဝပ်ရာပလ္လင်မှ -

၁၂၆၉ -ခု ၊ တန်ဆောင်မုန်း လပြည့်ကျော် () ရက် ပျော်ဘွယ်ကြီးရွာနေ အဖ ဦးသိန်း ၊အမိ ဒေါ်သူဇာသား ဘုရားဒါယကာ ကိုဖိုးသက်၊ဘုရားအမ မမျှင် ၊ သမီး မလှညွန့်တို့ ကောင်းမှု။သာဓု ခေါ်စေသောဝ်

ဟူသော ကမ္ဗည်းစာတန်းကို ခပ်မွှားမွှားတွေ့ မြင်ရလေသည်။

ထိုအခါ ကိုဖိုးသက်မှာ ဝေဒနာဟောင်းပြန်ထလာသည်။ သမီးလေး မလှညွန်၏ မျက်နှာကို မြင်ယောင်လျက် မျက်ရည်များပင် စီးကျလာသည်။သို့သော် ကိုဖိုးသက်သည် ချက်ချင်းဆိုသလို မိမိစိတ်ကို ပြန်၍ ထိန်းလိုက်သည်။

၁၃ -နှစ်တိုင်တိုင် တရားရှာခဲ့ပြီးမှ ခုလိုမျက်ရည်ကျရတာ မသင့်တော်ချေတကားဟု မိမိကိုယ်ကို မိမိ ဆုံးမ လိုက်သည်။

ဆရာသက် တရားပြခြင်း

ထိုနောက် ကိုဖိုးသက်သည် ရုပ်ပွားတော်၏ရှေ့၌ပင် တင်ပျဉ်ခွေထိုင်လျက် အာနာပါနကို စူးစိုက်စွာရှုမှတ်နေ သည်။ ယင်းသို့ရှုမှတ်သောအခါ တဖြည်းဖြည်း သမာဓိအားကောင်းလာပြီး စောစောက ဖြစ်ပေါ်ခဲ့သည့် စိတ်သောကမှလည်း တဒင်္ဂအားဖြင့် လျော့ပါးသွားသည်သို့သော် ကိုဖိုးသက်ကား ဤမျှဖြင့် မကျေနပ်ချေ။

ဤသောက ဝေဒနာမျိုး နောက်ထပ်မပေါ်လာအောင် ငါအားထုတ်မှဖြစ်တော့မည်။

ဟု သန္ဒိဌာန်ချလိုက်သည်။ ထို့နောက် ဇနီးမမျှင်တို့အိမ်သို့နှုတ်ဆက်ရုံမျှပင် မသွားတော့ဘဲ မောင်ညိုနှင့်အတူ ဇရပ်မှာပင် ဖြစ်သလို နေထိုင်လျက် တရားကို ဆက်လက်အားထုတ်သည်။

အာနာပါနဖြင်သမာဓိခိုင်မြဲအောင်ထူထောင်ပြီး မိမိခန္ဓာကိုယ်မှ ရုပ်နာမ်ဓမ္မတို့၏ ဖြစ်ပျက်မှုများကို ဝိပဿနာ ဥာဏ်ဖြင်ထင်မြင်အောင် ရှုမှတ်သည်။ သို့အားဖြင့် မကြာမီကာလအတွင်း၌ပင် ကိုဖိုးသက်သည် ခန္ဓာကိုယ်တွေ့  တရားကို လင်းလင်းချင်းချင်း ထိုးထွင်း သိမြင်ခဲ့လေသည်။

ထို့ နောက် ကိုဖိုးသက်သည် ရွာဦးဇရပ်မှာပင် ဆက်လက်နေထိုင်လျက် မရီး ဒေါ်ရင် အပါအဝင် ရင်းနှီးသူ (၁၅) ဦးခန့်အား အာနာပါန အားထုတ်နည်းကို စတင်သင်ပြပေးသည်။ယောဂီများအားတနေ့နှစ်ကြိမ် တရားစစ်ပြီး နေ့စဉ်တရားဟောသည်။ကိုဖိုးသက်မှာ စာတတ်ပေတတ်တစ်ဦးမဟုတ်သော်လည်း သူဟောပြောသော တရား ကား ရှင်းလင်းပြတ်သားသည်။ယောဂီများသာမက ယောဂီမဟုတ်သူများလည်း လာရောက်နာယူကြသည်။ တရားထိုင်သောယောဂီများမှာလည်း တိုးတက်မှုရရှိ၍ များစွာကျေနပ်နှစ်သက်ကြသည်။

ကိုဖိုးသက်သည် သီတင်းဝါလကျွတ်သောအခါ ယောဂီအချို့နှင့်အတူ လယ်တီဆရာတော်ထံ သွားရောက်ဖူးမြင် သည်။ မိမိတရားပြပုံများကိုလည်း ဆရာတော်အားလျှောက်ကြားသည်။ လယ်တီဆရာတော်က အကြိမ်ကြိမ် သာဓုခေါ်တော်မူပြီး ဆက်လက်တရားပြရန်တိုက်တွန်းတော်မူသည်မိမိအမြဲသုံးနေသော လက်ကိုင်တောင်ဝှေကိုလည်းဒကာသက်အာချီးမြှင့်တော်မူလိုက်လေသည်။

ကိုဖိုးသက်သည် လယ်တီဆရာတော်ထံမှ ပြန်လာပြီးနောက်ဆရာတော်၏ အားပေးတိုက်တွန်းချက်နှင့်အညီ တရားပြမှုကို တိုး၍ပြုလုပ်ခဲ့သည်။ အနီးပတ်ဝန်းကျင် ရွာများနှင့်တကွ ရပ်နီးရပ်ဝေးမှ လူများအဆက်မပြတ် လာရောက်၍ ကိုဖိုးသက်ထံ၌ တရားအားထုတ်ကြသည်။ဆရာသက်ကြီး ဟူ၍ လေးလေးစားစား အသိအမှတ် ပြုလာကြသည်။

ဆရာသက် ကွယ်လွန်ခြင်း

ဆရာသက်ကြီးသည် ပျော်ဘွယ်ကြီးရွာ၌သာမက ရန်ကုန် -မြောင်းမြ -ရွှေကျင်စသော အခြားမြို့ ရွာများ၌လည်း တရားပြခဲ့သည်။ ပျော်ဘွယ်ကြီးရွာမှာ ရန်ကုန်မြို့နှင့်နီးသဖြင့် ရန်ကုန်မြို့မှ အစိုးရအမှုထမ်းများနှင့် အခြားသူများ လည်း ဆရာသက်ထံ မကြာခဏ လာရောက်ကြသည်။ နောင်အခါ၌ ငွေစာရင်းမင်းကြီးဖြစ်လာမည့် ဦးဘခင် သည်လည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။

ဆရာသက်ကြီး၏ တပည့်အချို့သည် ဆရာကြီးအသက်ထင်ရှားရှိနေစဉ်ကပင် အာဇာနည်ကုန်း၌ ဟံသာဝတီ ကမ္မဌာန်းဌာနကို ဖွင့်လှစ်ခဲ့ကြသည်။ ထိုကမ္မဌာန်းဌာနသို့လာရောက်၍ တရားပြခဲ့သည်။ ဆရာကြီးသည် မြန်မာ သက္ကရာဇ် ၁၃၀၇ -ခုနှစ် နတ်တော်လဆန်း ၁၄ ရက်နေ့ညတွင် ဗဟန်းရေတာရှည် လမ်းဟောင်းမှ တပည့်ဖြစ်သူ ဦးအုံး၏နေအိမ်၌ ကွယ်လွန်ခဲ့သည်။ အသက်(၇၂) နှစ်အရွယ်တွင် ကွယ်လွန်သွားခြင်းဖြစ်။ ဆရာကြီး၏ ရုပ်ကလာပ်ကို အာဇာနည်ကုန်း၌ တပည့်ကြီးငယ်တို့က စည်ကားသိုက်မြိုက်စွာ သင်္ဂြုဟ်ခဲ့ကြ လေသည်။

နှစ်ပေါင်းသုံးဆယ်

ဤမျှအထိကား ဆရာသက်ကြီး၏ ဘဝဖြစ်စဉ် အကျဉ်းချုပ်ဖြစ်လေသည်။ ဤဘဝဖြစ်စဉ်ကို ကြည့်လျှင် ဆရာကြီးသည် မိမိ၏ဘဝကို ပဋိပတ္တိအလုပ်၌ နှစ်ပေါင်းသုံးဆယ်ကျော်မျှ မြှုပ်နှံခဲ့ကြောင်း တွေ့ရှိရမည်ဖြစ်ပါ သည်။

“ငါ့တပည့်ကြီး လူပေါင်းခြောက်ထောင်ထက်မနည်း တရားသိအောင် တရားပြပေးရမယ်”

ဟူသော လယ်တီဆရာတော်၏ မိန့်ကြားချက်နှင့်အညီ ဆရာသက်ကြီးထံ၌ နည်းနိဿယခံ၍ တရားအားထုတ် သူပေါင်းမှာ ထောင်ဂဏန်းမျှမက သောင်းဂဏန်းအထိပင် ရှိခဲ့လိမ့်မည်ဟု ခန့်မှန်း ရပါသည်။

ဆရာကြီး၏ နည်းနိဿယနှင့်အညီ တရားပြနေသည့် ကမ္မဋ္ဌာန်းဌာနများလည်း ယနေ့အထိ ရှိနေကြလေသည်။ ယင်းတို့မှာ

၁။ ပျော်ဘွယ်ကြီးရွာ ကမ္မဋ္ဌာန်းဌာန၊

၂။ ရန်ကုန်မြို့ ဟံသာဝတီ ကမ္မဋ္ဌာန်းဌာန၊

(အာဇာနည်ကုန်းမှ ပြောင်းရွေ့ခဲ့သော ဌာနဖြစ်၏။)

၃။ အင်းယားမြိုင်လမ်း အပြည်ပြည်ဆိုင်ရာ ပဋိပတ္တလုပ်ငန်းဌာန၊

၎။ လယ်တီမူ ကမ္မဋ္ဌာန်းဌာန ၊

၅။ သံသရာ အေးရိပ်သာ (ကမာရွတ်စပယ်ခြံ)

၆။ မန္တလေးမြို့ မဟာဗောဓိ ကမ္မဋ္ဌာန်းဌာန၊

၇။ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်း ဓမ္မဇောတိက ဝိပဿနာရိပ်သာ စသည်တို့ ဖြစ်၏။

ဆရာကြီးဦးဘခင်နှင့် ဦးဂိုအင်ကာ

အထက်ပါ ကမ္မဋ္ဌာန်းဌာနတို့တွင် အင်းယားမြိုင်လမ်းမှ အပြည်ပြည်ဆိုင်ရာ ပဋိပတ္တိလုပ်ငန်းဌာနကို ၁၉၅၃- ခုနှစ်တွင် ငွေစာရင်းမင်းကြီးဦးဘခင် တည်ထောင်ခဲ့ခြင်းဖြစ်၏။ ငွေစာရင်းမင်းကြီး ဦးဘခင်မှာ ဆရာသက်ကြီး၏ နည်းနိဿယကို အပြည့်အဝခံယူခဲ့သော တပည့်ရင်းတဦး ဖြစ်၏။

အင်္ဂလိပ်စာကို ကျွမ်းကျင်စွာ ရေးသားပြောဆိုနိုင်သောကြောင့် ဦးဘခင်၏ ပဋိပတ္တိတရားဌာန၌ နိုင်ငံခြားသား အများအပြား လာရောက်တရားထိုင်ခဲ့ကြသည်။ ဆရာကြီးဦးဘခင် ကွယ်လွန်ပြီးနောက်တွင် သူ၏ လက်ထောက်တပည့်များဖြစ်သော ဆရာမကြီးဒေါ်မြသွင်နှင့် ဆရာဦးချစ်တင်တို့က အင်္ဂလန်- သြစတြေးလျ စသော နိုင်ငံများသို့ သွားရောက်၍ တရားပြခဲ့ကြသည်။ တနေ့တခြား တိုးတက်အောင်မြင်မှုများ ရရှိနေကြောင်း လည်း ကြားသိရပေသည်။

ဆရာကြီးဦးဘခင်၏ လက်ထောက်တပည့်တဦးဖြစ်သော အိန္ဒိယအမျိုးသား ဦးဂိုအင်ကာမှာမူ ယခုအခါ ကမ္ဘာကျော် ဝိပဿနာဆရာကြီး ဖြစ်ပေသည်။ ၁၉၆၉- ခုနှစ်တွင် ဘုံဘေမြို့၌ စတင်တရားပြခဲ့ရာ ယခုအခါ အိန္ဒိယနိုင်ငံတွင်းရှိ မြို့ကြီးမြို့ငယ်တိုင်း၌ တရားဌာနနှင့် တရားပတ်များ ဖွင့်လှစ်ပေးလျက်ရှိသည်။

အင်္ဂလန် အမေရိကန် သြစတြေးလျစသည့် အရှေ့အနောက် နိုင်ငံပေါင်းများစွာတို့၌လည်း သူ၏တရားဌာနများ ဖွင့်လှစ်ထားပြီး ဖြစ်ပေသည်။

အထူးအားဖြင့် အိန္ဒိယနိုင်ငံ အကျဉ်းထောင်တို့၌ ဝိပဿနာတရားပတ်များဖွင့်၍ ထောင်ပေါင်းများစွာသော အကျဉ်းသားတို့၏ ဘဝကို မြှင့်တင်ပေးနေသည်မှာလွန်စွာအောင်မြင်လျက်ရှိကြောင်း ကြားသိရပေသည်။

ဆရာကြီးဦးဂိုအင်ကာနှင့် သူ့လက်ထောက်များထံ၌ တရားထိုင်ခဲ့ပြီးသော နိုင်ငံတကာ ယောဂီပေါင်းမှာ ယနေ့ အထိ (ဤနေရာ၌ စာအုပ်ထုတ်ဝေသည့် ၁၉၉၄ခုနှစ်ကို သတိပြုစေလိုပါသည်။) သိန်းဂဏန်းကျော်နေပြီဖြစ် ပေသည်။ ဆရာကြီးဦးဘခင်နှင့် ဦးဂိုအင်ကာတို့သည် ဆရာသက်ကြီး၏ ဂုဏ်ကျေးဇူးများကို အထူးတလည် ဖော်ထုတ်ခဲ့ကြသော ပုဂ္ဂိုလ်များဖြစ်ပြီး သူတို့နှစ်ဦး၏ အားထုတ်မှုကြောင့်ပင် ယခုအခါ ဆရာသက်ကြီး၏ ဂုဏ် ကျေးဇူးများ ကမ္ဘာသို့ ပျံ့နှံ့လျက်ရှိပေသည်။

……………………………

အထက်ပါအကြောင်းအရာများကို ကျနော်ဖတ်ရှုပြီးချိန်၌ ကိုသက်ခိုင်ထံမှ -

“ခင်ဗျားလည်း စာတွေချည်း ဖတ်ရတာ ပျင်းစရာကောင်းရော့မယ်၊ ဒီတော့ နောက်တကြိမ် အခွင့်သင့်တဲ့အခါ ကျုပ် ရုက္ခစိုးနဲ့ ဆုံခဲ့တဲ့အကြောင်းလေး ပြောပြပါအုံးမယ်ဗျာ”

ဟူသော စကားသံ ထွက်လာပြန်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)

ရုပ်ပုံ-ဂူဂဲလ်

ဖြစ်ပျက်ရှာပုံတော်ခရီးသည် (၈)

$
0
0

၈။ ရုက္ခစိုးနှင့်တွေ့ဆုံခြင်း

ကျနော်နှင့်ကိုသက်ခိုင် အေးအေးလူလူ စကားလက်ဆုံမကျဖြစ်သည်မှာ ဆယ့်ငါးရက်ခန့် ရှိခဲ့ပြီ။ အကြောင်း ရင်းကား စခန်းခွဲ(၁)မဟာငါးကန်ကြီးစီမံကိန်း၏ နောက်ဆက်တွဲပြဿနာများကြောင့် ဖြစ်၏။ နဂိုကမှ အစား အသောက်ချို့တဲ့ရသည့်အပြင် တနေကုန်နီးပါး မြေတူးမြေသယ်လုပ်ကြရသဖြင့် ရဲဘက်အများစုမှာ နာမကျန်း ဖြစ်ကုန်ကြသည်။ ဖျားနာသူ ၊ ပေါက်တူးခုတ်မိသူ၊ ငန်းပြားထိုးမိသူ လူနာရဲဘက်စုစုပေါင်းမှာ သုံးဆယ်နီးပါး ရှိလာ၏။ထိုအခါ ကျနော်သည် ကိုသက်ခိုင်၏စီမံမှုဖြင့် စခန်းခွဲ (၁)၏ တရားမဝင်ဆေးမှူး ဖြစ်လာပြန်လေသည်။ ဆေးမှူးခန့်အပ်ရေး အတွက် ကိုသက်ခိုင်၏ သုံးသပ်ချက်ကား မှတ်သားစရာကောင်းလှသည်။

“ ခင်ဗျားက ဆေးပြား၊ဆေးရည်နာမည်ကို အင်္ဂလိပ်လိုဖတ်တတ်တယ်၊လူကြီးဆိုတော့ လူငယ်အများစုဖြစ်တဲ့ ရဲဘက်တွေကို ဖေးမညှာတာစိတ်ထားနိုင်မယ်၊ လူနာဟာ ဆေးကုတဲ့သူကို ယုံကြည်အားကိုးတယ်ဆိုရင် ရောဂါ တဝက်ပျောက်ပြီ၊ ဒါကြောင့်ရွေးစရာလမ်းမရှိတဲ့ အခြေအနေမှာ ခင်ဗျားဆေးမှူးလုပ်ပေတော့” ဟူ၏။ ကျနော့် လက်စွဲဆေးများကားပါရာစီတမော၊အနာဂျက်ဆင်၊ကိုးတက်ဘလက်၊တက်ထရာဆိုက်ကလင်း၊ အနာကျက်ဆေး ဘီတာဒိုင်းဆေးရည်နှင့် ဂွမ်းပတ်တီးမျှသာဖြစ်၏။ အချို့ကား ပင်မစခန်းဆေးမှူးထံမှဖြစ်၍ အချို့ကား ကိုသက်ခိုင် အိပ်စိုက် ဖြစ်၏။

ထိုနေ့ကား တခုသောတနင်္ဂနွေဖြစ်၍ စခန်းခွဲတာဝန်ခံနှင့် ကိုသက်ခိုင်တို့ ညှိနှိုင်းချက်အရ နားရက်အဖြစ် သတ်မှတ်ထားသောနေ့ဖြစ်သည်။ရဲဘက်လူနာတချို့ကို ဆေးပေးဆေးထည့်ပြီးနောက် ငြီးစီစီရှိသည်နှင့် ကိုသက်ခိုင်၏တဲရှိရာသို့လျှောက်သွားလေရာ တဲပေါ်တွင် ကိုသက်ခိုင်မှာ သူဖတ်နေကျ လက်စွဲတော်စာအုပ် ညိုလေးကို ဖွင့်ဖတ်နေသည်ကို တွေ့ရသည်၊သူက ကျနော့်ကို မြင်သည်နှင့် ဖတ်လက်စစာအုပ်ကို ပိတ်လိုက်ပြီး …..

“လာဗျာ၊ အပျိုကြီးတဲဖက် လျှောက်ကြရအောင်၊ အာရုံနောက်စရာတွေ တော်တော်များနေပြီ”

ဟုပြောပြောဆိုဆို ဖတ်လက်စစာအုပ်ကလေးကို လက်ကကိုင်ရင်း တဲအပြင်သို့ ထွက်လာလေ၏။

ကျနော်က ဘာတခွန်းမှ ခွန်းတုန့်မပြန်တော့ပဲ သူနှင့်အတူ အပျိုကြီးကြည်ကြည်ဌေးတဲရှိရာသို့ လိုက်ပါခဲ့သည်။ ဤရက်ပိုင်းများအတွင်း ကိုသက်ခိုင်တွင် အာရုံနောက်စရာကိစ္စ အတော်များများရှိနေ၏။ သူဘေးကြပ်နံကြပ် အတွေ့ရဆုံးကိစ္စမှာ ဘေးကြယ်ကြီးဦးမြဖေနှင့် ဆက်ဆံရေး ဖြစ်သည်။

ဘေးကြယ်ကြီး၏ အမည်ရင်းမှာ ဦးမြဖေဖြစ်ပြီး အရပ်ခြောက်ပေနီးပါးရှိသည်။ထောင်လုပ်သက် အနှစ်သုံးဆယ် နီးပါးရှိသော တပ်ကြပ်ကြီးဖြစ်သည်။ ဌာနဆိုင်ရာထုံးစံအတိုင်း လုပ်သက်ဖြင့် ရာထူးအဆင့်ဆင့် တိုးပေးရမည် ဖြစ်သော်လည်း အရာရှိအဆင့်သို့တိုးမြှင့်ပေးနိုင်သော ပညာအရည်အချင်းလိုအပ်ချက်ကြောင့် တပ်ကြပ်ကြီး ဘဝဖြင့် နှစ်ပရိစ္ဆေတများစွာ ကြာမြင့်ခဲ့ပြီးမှ နောက်ဆုံးတွင် ကြံဖန်တီထွင်ပေးရဟန်တူသည့် အရာခံအဆင့်ဖြစ် လာသည်။သူ့လက်မောင်းရင်းမှ ငွေရောင်ကြယ်ပွင့်မှာ ထူးထူးခြားခြား ကြီးမားနေသည်ကတကြောင်း၊ အဆိုပါ ရာထူးကို အကျဉ်းဦးစီးတွင် မြင်ရခဲသည်က တကြောင်းကြောင့် သူ့ကို အမည်ရင်းဦးမြဖေအစား ရဲဘက်ရော ဝန်ထမ်းများကပါ ဘေးကြယ်ကြီးဟု နှုတ်ကျိုးနေကြခြင်းဖြစ်၏။ဝန်ထမ်းထုံးစံအတိုင်း စားဝတ်နေရေး မချောင် လည်သော်ငြား သားသမီးကား ဆယ့်ခြောက်နှစ်အရွယ် အကြီးဆုံးသမီး ၊ အငယ်ဆုံးလေးနှစ်သား အပါအဝင် စုစုပေါင်းခြောက်ယောက်နှင့် တပြုံတမကြီးဖြစ်၏။

ဘေးကြယ်ကြီးကား မျက်နှာထားတည်သည့်အပြင် ရဲဘက်တို့အပေါ်တင်းတင်းမာမာ ဆက်ဆံလေ့ရှိသည်။ စခန်းခွဲတခုလုံးတွင် အရက်စက်ဆုံး အဆိုးဆုံးဝန်ထမ်းဟု ရဲဘက်အများစုက သတ်မှတ်ကြသည်။ တကြိမ်တွင် ၁၉၈၈ခုနှစ်အရေးအခင်းနှင့်ပတ်သက်၍ ကိုသက်ခိုင်နှင့် ဘေးကြယ်ကြီးတို့ စကားအခြေအတင်ဖြစ်ကြရာ ကိုသက်ခိုင်က မာမာတင်းတင်းတုန့်ပြန်သလို ဘေးကြယ်ကြီးကလည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဘက်က တရွေးသားမျှ မလျှော့သည်ကို ကျနော်ဘေးမှ နားထောင်နေခဲ့ဖူးသည်။ ကျနော်အံ့သြမိသောအချက်မှာ ထိုအချိန်တွင် ကိုသက်ခိုင်သည် သူ့ငြင်းခုန်ဖက်မှာ ရဲဘက်ဝန်ထမ်းဖြစ်သည်ဟူသောအချက်ကို ဂရုထားဟန် မရှိသကဲ့သို့ ဘေးကြယ်ကြီးကလည်း အဆိုပါအငြင်းပွားမှုနှင့်ပတ်သက်၍ ကိုသက်ခိုင်အပေါ် အငြိုးအတေးထား ဟန်မရှိခြင်းပင်။မကြာမီ ဘေးကြယ်ကြီးနှင့်ကိုသက်ခိုင် ဆက်ဆံရေး အဆင်ပြေရန် အကြောင်းဖန်လာပြန်၏။

တခုသောနေ့တနေ့တွင် ရဲဘက်ဝန်ထမ်းအိမ်ယာဖက်ဆီမှ အော်ဟစ်ငြီးငြူသံနှင့်အတူ ဆူဆူညံညံအသံများ ထွက်ပေါ်လာသဖြင့် ကိုသက်ခိုင်နှင့်ကျနော် အပြေးရောက်သွားကြသည်။ အသံများမှာ ဘေးကြယ်ကြီး၏ အိမ်ခန်းတွင်းမှ ထွက်ပေါ်နေခြင်းဖြစ်ပြီး ကျနော်တို့ အိမ်ပေါ်သို့အရောက်တွင် ဘေးကြယ်ကြီးဇနီး ကရင်မကြီး (အမိုး)မှာ အမယ်လေး သေရပါတော့မယ်၊ သေရပါတော့မယ်ဟူ၍ ကြမ်းပြင်ပေါ်တွင် လူးလိမ့် အော်ဟစ်ရင်း မချိမဆန့်ဝေဒနာ ခံစားနေရသည်ကို တွေ့ရလေ၏။ အမိုးကား စခန်းခွဲတခုလုံး ပွက်လောရိုက်အောင် အော်ဟစ် ငြီးငြူကာ ရင်ညွန့်ကိုလက်နှင့်ဖိရင်း ပက်လက်လန်သွားလိုက် မှောက်ခုံဖြစ်သွားလိုက်၊ ခဏငြိမ်သွားလိုက်နှင့် ချက်ချင်း အသက်ထွက်တော့မည့်ပုံစံ ရှိနေလေရာ ထောင်မှူးကတော် လတ်လတ်ထွေးက ရင်ဝကိုဖိပေး၊ ခြေမချိုးသူချိုးနှင့် ပျာယာခတ် နေကြလေသည်။

စင်စစ်အားဖြင့် ဆေးရုံဆေးခန်းနှင့် အလှမ်းဝေးလှသည့် ဤရဲဘက်စခန်းလိုနေရာမျိုးတွင် ယခုလို သေရေးရှင် ရေးကိစ္စများ၌ အကျဉ်းဦးစီးဝန်ထမ်းဘဝသည်လည်း ရဲဘက်တို့နှင့် ထူးမခြားနားပင်တည်း။ ကိုသက်ခိုင်ကား စကားတခွန်းမှမဆိုပဲ ဆူညံနေသော လူအုပ်ဘေးမှာ ငူငူကြီးရပ်နေရင်း တစုံတခုကို လေးလေးနက်နက် စဉ်းစား နေဟန်ရှိလေသည်။ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသော ဘေးကြယ်ကြီးသည် “ကျနော့်ဇနီးကို မကယ်နိုင် တော့ဘူးလားဗျာ” ဟူသောအမူအရာဖြင့် ကိုသက်ခိုင်ရှိရာသို့ လှမ်းကြည့်လိုက်၏။ ရုတ်ခြည်းဆိုသလို ကိုသက်ခိုင်တယောက် အိမ်ပေါ်မှ ဆင်းသွားပြီး ဆေးပုလင်းတချို့နှင့်အတူ ပြန်ရောက်လာကာ အင်္ဂလိပ်ဆေး ငါးလုံးခန့် အမိုးကို တိုက်လိုက်သည်။ ဆေးတိုက်ပြီးနောက် ဆယ့်ငါးမိနစ်ခန့်အကြာ ဘေးကြယ်ကြီး၏ဇနီး အမိုးမှာ တဖြည်းဖြည်းငြိမ်သက်လာပြီး အိပ်ပျော်သွားလေရာ ပရိသတ်ကား ပါးစပ်အဟောင်းသားနှင့်ရှိလေ၏။ ထို့နောက် ကိုသက်ခိုင်က ဘေးကြယ်ကြီးကို သူနှင့်ခေတ္တလိုက်ခဲ့ရန်ခေါ်လေရာ ဘေးကြယ်ကြီးမှာ ကျောင်းဆရာနောက်က တပည့်တယောက်လိုက်ပါသလို ပါသွားလေ၏။ထိုစဉ်ကလည်း ကျနော့်စိတ်မှာ အံ့သြလှသဖြင့် သူ့တဲပေါ်သို့ လိုက်သွားပြီး မေးမြန်းခဲ့ဖူးသည်။

“ခင်ဗျား ဥစ္စာ စွမ်းလှချည့်လား၊ ဘာဆေးတွေများ တိုက်လိုက်သတုန်းဗျာ”

“ဘာမှမဆန်းပါဘူးဗျာ၊သူ အော်ဟစ်ခံစားနေရတဲ့ပုံစံက သူ့ရင်ဘတ်ထဲကို ပိုးကောင်တကောင်ဝင်ပြီးကိုက်နေ သလိုပုံစံ၊ငြိမ်သွားလိုက်၊ထအော်လိုက်နဲ့၊ ရင်ဘတ်နဲ့အနီးဆုံးမှာ အသည်းရှိတယ်အသည်းထဲမှာ ပိုးကောင် တကောင်ကိုက်နေပုံနဲတူနေတယ်။ ဒီအကြောင်းကျုပ်စာတအုပ်မှာ ဖတ်ဘူးတယ်။ ဒါကြောင့် အဆောင်ပေါ်က ကိုတင်ဝင်းဆီမှာ ဆေးမှူးလာတုန်းကပေးထားတဲအင်တီဗိုင်းအိုးရပ် အမောက်ဆလင်သုံးလုံးရယ် ကျုပ်သောက် ခဲ့တဲ့ အိပ်ဆေးလက်ကျန်နှစ်လုံးရယ် တိုက်လိုက်တာ။ ဝမ်းကိုက်ပိုး အသည်းထဲရောက်တာ ဖြစ်ဖိုများတယ်ဗျာ

ဟာ ဒါဆို ခင်ဗျား တွက်တာ လွဲနေရင် ဘာဆက်လုပ်မလဲဗျ

ရှင်းရှင်းလေးဘဲဗျ။လူနာလှေပေတင်ပြီး ဆေးရုံရောက်အောင် သွားပေတော့ပေါ့၊ကျနော်တိုက်တဲ့ အိပ်ဆေး၊ အမောက်ဆလင်နဲ့တော့ မသေလောက်ပါဘူး”

ဘေးကြယ်ကြီးကို ခေါ်သွားတာကကော

အရင်က ဖြစ်ဘူးသလား။ဘယ်ဆေးသောက်ဘူးသလဲမေးတော့ သူက ဘယ်ချောင်မှာ သိမ်းထားမှန်း မသိတဲ့ဆေးစာရွက်ကလေးယူလာပြတာန့ဆေးသွားဝယ်ဘိုပိုက်ဆံထုတ်ပေးလိုက်တာ။ ဘေးကြယ်ကြီးမိသားစုက ဘယ်တုန်းကမှ လက်ထဲမှာပိုက်ဆံထားနိုင်တာ မဟုတ်တာဗျာ။ ခင်ဗျားမြင်တဲ့အတိုင်း သူ့ကလေးဘုစုခရု တပြုံ တမကြီးနဲ့”

ဆုံးဖြတ်ချက်က တစွတ်ထိုးရမ်းပြီးဆုံးဖြတ်သလိုကြီး ဖြစ်မနေဘူးလားဗျာ”

သိပ်မှန်တာပေါ့။ လောကကြီးမှာ နောက်ဆုံးနည်းသုံးရတဲ့အချိန်တွေ ရှိတတ်တယ်။ အဖြစ်နိုင်ဆုံးနဲ့ အထိ ရောက်ဆုံးလမ်းကိုရွေးရတဲကျဉ်းထဲကျပ်ထဲအချိန်တွေ ရှိတတ်တယ်။ ယုတ္တိနည်းတိုဆင်ခြင်တုံတရား တို့တော့လိုတယ်။ အခု ကျုပ်ရွေးခဲ့တဲ့နည်းဟာ အတိုဆုံး၊ အကောင်းဆုံးနဲအဖြစ်နိုင်ဆုံးနည်းပါပဲ၊ ဒါကို ခင်ဗျား မငြင်းနိုင်လောက်ပါဘူး”

ထိုစဉ် ကျနော်မငြင်းနိုင်သည့်နည်းတူ မကြာမီမှာပင် သူကိုယ်တိုင်မရှင်းနိုင်သည့် ပြဿနာတခု ကိုသက်ခိုင်ကို ဝင်ဆောင့်ခဲ့ပါလေတော့သည်။ အဆိုပါပြဿနာမှာ ဘေးကြယ်ကြီးသမီး၏ မြီးကောင်ပေါက် ဇာတ်လမ်း ဖြစ်၏။ ငါးကန်စတင်တူးဖော်ပြီး တပတ်ခန့်အကြာတွင် ဖြစ်သည်။ မနက်ငါးနာရီခန့် ရဲဘက်အိပ်ဆောင် ဖွင့်သည်နှင့် ရဲဘက်အချို့မှာ ဟိုတစုသည်တစု ဝိုင်းဖွဲ့ကာ တစုံတခုသောသတင်းကို တီးတိုးဖြန့်လျက် ရှိသောကြောင့် စုံစမ်းကြည့်ရာ လွန်ခဲ့သောညက စခန်းခွဲ(၁)တွင် အိမ်တက်မှု ဖြစ်သည်ဆို၏။ အိမ်ကား ဘေးကြယ်ကြီးအိမ်ဖြစ်၍ အိမ်တက်မှုကျူးလွန်သူမှာ ထိုညကအပြင်ဘာယာ တာဝန်ကျသော ရဲဘက်မြင့်လွင်ဖြစ်၏။ တက်ရသော အကြောင်းကား ဘေးကြယ်ကြီးသမီးနှင့် မြင့်လွင်တို့၏ နှလုံးသားရေးရာကြောင့်ဟု ဆိုကြလေသည်။ ဘေးကြယ်ကြီး နိုးလာသောကြောင့် မြင့်လွင်တယောက် အိမ်ပေါ်မှသာမက ရဲဘက်စခန်းမှပါ ပြေးရကိန်း ကြုံတော့သည်။ဖြစ်ပုံကား မဆန်းလှသော်လည်း နောက်ဆက်တွဲပြဿနာကား မသေးလှချေ။

မြင့်လွင်မှာ ထောင်မှူးဦးအေးနိုင်၏လက်စွဲတော် ဖြစ်သည်ကတကြောင်း၊ အကျဉ်းဦးစီး လုပ်ထုံးလုပ်နည်းနှင့် အညီ ဖြစ်စဉ်ကိုအထက်သို့ တင်ပြလျှင်လည်း မသင့်သည်ကတကြောင်း၊ မြင့်လွင်မှာ လွတ်ရက်နီးနေ သည်ကတကြောင်းတို့ကြောင့် ထောင်မှူးက ကိုသက်ခိုင်ကိုခေါ်ကာ မြင့်လွင်ကို စခန်းသို့ပြန်လာစေရန် တာဝန် ပေးသည်။မြင့်လွင်နှင့်မြင့်စိုးညီအကိုကား ကိုသက်ခိုင် ကျောင်းဆရာဘဝက တပည့်များဖြစ်သည်ဟုလည်းဆို၏။ ဘေးကြယ်ကြီးကား ဥပဒေနှင့်အညီ နောက်ထပ်အမှုသစ်ဖွင့်ကာ အရေးယူစေ့ချင်သည်။ဤတွင် ကိုသက်ခိုင် တယောက် ဘုန်းကြီးအမှု ရွာပတ်ကာ ပဲလှော်ကြား ဆားညပ်ကိန်း ကြုံတော့သည်။

လေးရက်ခန့်အကြာ ကိုသက်ခိုင်အစီအမံဖြင့် မြင့်လွင်တယောက် ရဲဘက်စခန်းသို့ ပြန်ရောက်သည့် အခါ ရောက်လျှင်ရောက်ချင်းပင် ဘေးကြယ်ကြီးအဆောင်ပေါ်သို့တက်လာပြီး ဝါးစိမ်းတုတ်ဖြင့် လက်ကုန်အစွမ်းပြ လေရာ ကြီးမားသောဒေါသအရှိန်ကြောင့် ဝါးစိမ်းတုတ်ရိုက်ချက်များ ပြင်းထန်လှသော်ငြား ကိုသက်ခိုင်ခမျာ ဆွဲလည်းမဆွဲသာ၊ တရားလည်းမချသာပဲ ဘေးမှသာ ငူငူကြီး ရပ်နေရတော့သည်။နောက်ဆုံး ထောင်မှူး အရောက်မြန်၍သာ အရိုက်ရပ်ပြီး မြင့်လွင်တယောက် အသက် မသေရုံတမယ် ဖြစ်ကျန်ခဲ့သည်။

အဆိုပါဖြစ်ရပ်ကြောင့် ဤရက်ပိုင်းများအတွင်း ကိုသက်ခိုင်ခမျာ စိတ်ရှုပ်ထွေးနေဟန်ဖြင့် ယခင်ကထက် နှုတ်နည်းလျက်ရှိသည်ကို ကျနော်သတိပြုမိသည့်အလျောက် အပျိုကြီးဆိုင်ဖက်သို့ သွားရာ လမ်းတလျှောက်တွင် ခပ်မဆိတ် လိုက်ပါလာခဲ့ခြင်းဖြစ်၏။ ရှုမဆုံးသော ကွင်းပြင်ကြီးထဲတွင် ရိုးပြတ်တို့မှာ အချို့ထောင်လျက်၊ အချို့လဲ လျက်။ မိုးလုံးဝကင်းစင်သည် မဟုတ်သေး၍ ရိုးပြတ်တို့အကြား ကွေ့ကောက်သောလမ်းတို့မှာ ခြောက်သည့် နေရာခြောက် စိုသည့်နေရာစိုနေဆဲ။

အပျိုကြီးဆိုင်ရှေ့ တန်းလျားပေါ်တွင် ကော်ဖီမစ်နှစ်ခွက် ရှေ့ချကာ နှစ်ယောက်သား စကားမဆိုဖြစ်ကြပဲ ကိုသက်ခိုင်တယောက် သူ့စာအုပ်ကလေးကို ဖွင့်ဖတ်နေချိန်တွင် ကျနော်က ကွင်းပြင်ကြီးဆီသို့ ငေးမျှော်ကြည့် နေမိသည်။ အကျဉ်းသားဘဝ ငြီးငွေ့ခြောက်ကပ်ရသည့်ကြား ယခုကဲ့သို့ မထင်မှတ်သော ပြဿနာများ ကြုံလာ သောအခါ စိတ်သည် နှစ်ထပ်ကွမ်းဆင်းရဲရ၏။နေ့များကို မြန်မြန်ကုန်ဆုံးစေချင်သည်။ ဖြစ်နိုင်လျှင် နံနက်လင်း သည်နှင့် အရှေ့အရပ်မှ ထွက်ပြူလာသော နေလုံးကြီးကို ကြိုးဖြင့်ဆိုင်းလျက် အနောက်ဖက်သို့ မြန်မြန်ရောက် အောင် ဆွဲချပစ်ချင်စိတ် ပေါက်သည်အထိ။ ထိုစဉ် အပျိုကြီးဆိုင် အတွင်းဖက် ဆီမှ ….

“ငါမသိဘူး အောက်မေ့နေသလား၊ နင့်မျက်နှာက နင့်လင်တွေလာရင်တမျိုး”

ဟူသော ကြိမ်းမောင်းသံထွက်လာသဖြင့် လှည့်ကြည့်မိရာ …

“ဟဲ့အကောင် အုတ်ကြားမြက်ပေါက် ၊ နင်က အရိပ်နေနေ အခက်ချိုးချိုး ၊စော်ကားမယ်မကြံနဲ့နော်”

ဟူသော အပျိုကြီးအမေ့အသံ ထွက်လာပြန်သည်။ထိုစဉ်အပျိုကြီးဆိုင်ပေါ်မှ လူတချို့၏ ကြိမ်းမောင်း ဆဲဆိုသံ များပါ ဆက်တိုက်ထွက်ပေါ်လာပြန်သဖြင့် ကိုသက်ခိုင်က ဖတ်လက်စ စာအုပ်ကိုပိတ်ရင်း ကော်ဖီမစ်ခွက်ကို တကျိုက်တည်းမော့ချကာ ကျနော့်ကိုလည်း အလားတူလိုက်လုပ်ရန် အမူအရာပြလျက် ဆိုင်ပြင်သို့ထွက်လိုက်၏။ ကျနော်လည်း အူကြောင်ကြောင်နှင့်ပင် ကော်ဖီမစ်ခွက်ကိုမော့ကာ သူ့နောက်သို့ လိုက်လာရပြန်သည်။ ဆိုင်နှင့်မလှမ်းမကမ်းရောက်မှ ကျနော်သူ့ကို ခပ်ငြီးငြီးလေသံဖြင့် မေးလိုက်မိ သည်။

“ဘာတွေ ဖြစ်နေကြတာတုန်းဗျ”

“ခင်ဗျား မကြားဘူးလား၊ဌေးလွင် ရမ်းနေတာ ”

“ဌေးလွင်က ဘယ်သူတုန်း”

“အော်၊ ဌေးလွင်လည်း ဒီရဲဘက်စခန်းက အကျဉ်းသားဟောင်းပဲဗျာ၊ ရဲဘက်ကလွတ်တော့ အပျိုကြီးဆိုင်မှာ ဝိုင်းကူသလိုလို၊ အပျိုကြီးနဲ့ ဘာလိုလိုဖြစ်ပြီး ဒီမှာသောင်တင်နေတာ၊ သူ့ဇာတိကလည်း ဒီနေရာနဲ့ သိပ်မဝေး လှဘူးထင်ပါရဲ့”

“ဒါနဲ့သူ့လင်တွေဆိုပြီး နာမည်တပ် လျှောက်ရမ်းနေတာ ဘယ်သူတွေကိုတုန်းဗျ၊”

“ညံ့ပါ့ဗျာ၊ အဲဒါ ခင်ဗျားနဲ့ ကျုပ်ကိုပေါ့၊ အထူးသဖြင့် အပျိုကြီးက ကျုပ်ကိုမျက်နှာသာပေးတယ်လို့ ဌေးလွင် ခံစား နေရပုံရတယ်၊ ကျုပ် ရိပ်မိနေတာ ကြာပါပြီ”

“ဗျာ၊ ခင်ဗျားက ဌေးလွင်ကို ရှင်းမပြဘူးလား၊ခင်ဗျားမှာလည်း အခုတလော သွားလေရာ အရာရာနဲ့အကြောင်း ကြောင်းချည်းပါလား”

“ခက်နေပါလား၊ ကျုပ်က ဘယ့်နှယ့်မှမနေတာ သွားရှင်းရင် ပိုဆိုးတော့မှာပေါ့၊ခင်ဗျားကို မေးခွန်းတခုမေး ပါအုံးမယ်၊ ဥပမာဆိုပါတော့ လူတွေအရမ်းစည်ကားနေတဲ့ ဈေးတခုထဲမှာ ခင်ဗျားကို အရူးတယောက်က မျက်နှာချင်းဆိုင်ပြီး လာဆဲတာမျိုး ကြုံရပြီဆိုပါတော့၊ခင်ဗျား ဘယ်လိုတုန့်ပြန်မလဲ”

“အင်း စဉ်းစားရခပ်ကျပ်ကျပ်ပဲ”

“ကျပ်မနေနဲ့ ၊ အရူးရှေ့ လူမြင်ကွင်းကနေ ခင်ဗျား မြန်မြန်ခြေယောင်ဖျောက်တာ အကောင်းဆုံးပဲ၊

“’ဒါနဲ့ ခင်ဗျား တပည့်မြင့်လွင်ကိစ္စကို ခင်ဗျားက ကြိုတင်သိမထားဘူးလား၊ မတားဘူးလား”

“သိနေတာကြာပေါ့ဗျာ၊ ဒီကိစ္စကို ကျုပ်က ဘယ်လိုလုပ်ကြားဝင်မတုန်း၊ အဲဒီလို ကျနော်ကြိုသိနေတာကို ဘေးကြယ်ကြီးကရိပ်မိပြီး ကျုပ်ကိုခပ်တန်းတန်းဖြစ်နေတာ၊ မြှောက်ပေးတယ်များ ထင်ရော့သလားမဆိုနိုင်ဘူး။ ဒီလိုပဲဗျ၊တခါတခါ လောကကြီးမှာ သိပ်သိနေရင် အန္တရာယ်များတယ်၊ ကုလားအုပ်သူခိုး အထင်ခံရတတ်တယ်၊ ကုလားအုပ်ပျောက်တဲ့ အာရပ်ပုံပြင်တပုဒ် ခင်ဗျားကြားဖူး တယ် မဟုတ်လား”

“ဘယ်ပုံပြင်တုန်းဗျ၊လုပ်ပါအုံး”

“တခါတုန်းက အာရပ်တိုင်းပြည်တခုမှာပေါ့၊ တွေးခေါ်မြှော်မြင်တတ်တဲ့ သူတယောက်ဟာ ခရီးသွားနေရင်း ၊ ရှေ့တူရူကလာနေတဲ့ အာရပ်သုံးယောက်နဲ့ဆုံတော့ အဲဒီသူတွေက သူတို့ဟာ ကုလားအုပ် ပျောက်လို့ ရှာနေကြတာမို့ သူတို့ကုလားအုပ်ကို လမ်းမှာတွေ့ခဲ့သလားလို့ အမေးခံရသတဲ့ဗျာ၊ ဒီမှာတင် ခရီးသွားဟာ ခင်ဗျားတို့ကုလားအုပ်ဟာ လက်ဝဲမျက်လုံးတဖက် ကန်းနေတယ် မဟုတ်လားလို့ ပြန်မေးသတဲ့၊ ဒီတော့ ကုလားအုပ်ပျောက်တဲ့အုပ်စုထဲက အာရပ်တယောက်က ဟုတ်တယ်၊ ဟုတ်တယ် ကျနော်တို့ ကုလားအုပ်က လက်ဝဲမျက်လုံးကန်းနေတာ အမှန်ပဲဗျ၊ အဲဒီကုလားအုပ် ဘယ်မှာတုန်းဆိုတော့ ခရီးသွားက နေဦး၊ ခင်ဗျားတို့ ကုလားအုပ်ဟာ ရှေ့သွားတချောင်းလည်း ကျိုးနေတယ် မဟုတ်လားလို့ ဆိုပြန်ရောတဲ့။ ဒီတော့ ကုလားအုပ် ပျောက်တဲ့အထဲက နောက်အာရပ်တယောက်က ဟား ဒါလည်း အမှန်ပဲဗျ၊ ခင်ဗျား ဘယ်နားမှာတွေ့ခဲ့သတုန်း မေးပြန်တော့ ခရီးသွားက ဒါတင်မကသေးဘူးဗျာ၊ ခင်ဗျားတို့ကုလားအုပ်ဟာ ကိုယ်လေးလက်ဝန်ကြီးနဲ့ မဟုတ်လားလို့ ဆိုပြန်ရောတဲ့၊ ဒီအချက်ကိုလည်း ကုလားအုပ်ပိုင်ရှင်တွေက ထောက်ခံပြန်ပြီး အဲဒီကုလားအုပ်ကို ဘယ်နေရာမှာ ဘယ်တုန်းက တွေ့ခဲ့သတုန်းလို့မေးတော့ ခရီးသွားက ခင်ဗျားတို့ကုလားအုပ်ကို ကျနော်မတွေ့ ခဲ့ပါဘူး၊ အခုပြောတဲ့အချက်တွေဟာ ကျနော်တွေးကြည့်လို့ သိတာတွေပါလို့ ဆိုသတဲ့၊ ဒီမှာတင် ကုလားအုပ် ပိုင်ရှင်တွေက မကျေမနပ်ဖြစ်ရာကနေ ဒီလူဟာ ကုလားအုပ်သူခိုးပဲ ဖြစ်ရမယ်လို့စွပ်စွဲပြီး မြို့ဝန်ဆီ ဖမ်းခေါ် သွားကြရော တဲ့ဗျာ”

“ခင်ဗျား ပုံပြင်ကို ကျနော်ဖတ်ဖူးတယ်ဗျ၊ မြို့ဝန်တရားသူကြီးဆီမှာ သူရှင်းပြတာတော့ ကျနော်မေ့နေပြီ ၊ လုပ်ပါအုံးဗျ ၊ ရှင်းပုံရှင်းနည်းလေး”

“အော်၊ တရားသူကြီးရှေ့ရောက်တော့ သူဖြတ်သန်းလာခဲ့တဲ့လမ်းတလျှောက်၊ ဝဲယာတဖက်တချက်မှာ မြက်ပင် တွေရှိပါလျက် ညာဖက်ကမြက်တွေကိုသာ ကုလားအုပ်စားသွားတာတွေ့လို့ ဝဲဘက်မျက်လုံးကန်းနေတယ်လို့ ဆိုနိုင်သတဲ့။ အဲဒီကုလားအုပ်စားထားတဲ့ မြက်ငုတ်တွေကို သေချာလေ့လာတော့ မြက်ငုတ်တွေရဲ့အလယ်မှာ နဂိုအတိုင်းကျန်ခဲ့တဲ့ မြက်ပင်တချို့ကို ကြည့်ပြီး ရှေ့သွားတချောင်းကျိုးတာ သိသတဲ့ဗျ။နောက်ဆုံး ကိုယ်ဝန်ကိစ္စ ကတော့ ကန္တာရသဲလမ်းမှာ ထင်ကျန်နေရစ်ခဲ့တဲ့ ကုလားအုပ်ခြေရာတွေအနက် ရှေ့ခြေနှစ်ဖက်ရဲ့ အရာဟာ တိမ်ပြီး၊နောက်ခြေရာနှစ်ခုက နက်နေလို့တဲ့၊ ကဲ မှတ်မိပြီလား”

“အင်း သူ့အဖြေနဲ့သူကတော့ ဟုတ်နေတာပါပဲဗျာ”

“ဒါနဲ့ ခုတလော ကျုပ်မှာ ပြဿနာပေါင်းသောင်းခြောက်ထောင်ဝင်နေတာ ခင်ဗျားသတိပြုမိသလား၊ အမှန်တော့ ဒါတွေအားလုံးဟာ တရားရှာသူတွေ ကြုံလေ့ကြုံထ ရှိတာမျိုးတဲ့ဗျ၊ တခါတရံ ဝင်နှောက်တဲ့သူတွေအထဲမှာ လူတွေတင်မကဘူး ၊ ရုက္ခစိုးဆိုတာတောင် ပါလာတတ်သေးဗျာ”

“ဟား ဟုတ်ပြီ၊ ဟိုတခါ ခင်ဗျားပြောဖူးတဲ့ ရုက္ခစိုးနဲ့ တွေ့တယ်ဆိုတဲ့ ဇာတ်လမ်းလေး လုပ်ပါဦးဗျ”

“အေးဗျာ ကျုပ်လည်း စခန်းဘက်မပြန်ချင်သေးတာနဲ့အတော်ပဲ၊ ဟိုဘက်ချောင်းစပ်နားက ကုက္ကိုပင်ကြီးအောက် သွားကြရအောင်ဗျာ၊”

ဤသို့ဖြင့် စခန်းခွဲ(၁)နှင့် အပျိုကြီးဆိုင်ကြားရှိ လမ်းကလေးနှင့်မလှမ်းမကမ်းရှိ တူးမြောင်းဘေးမှ ကုက္ကိုပင် ကြီးအောက်တွင် ကိုသက်ခိုင်ပြောပြသော ရုက္ခစိုးဇာတ်လမ်းမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်။

“နေဦးဗျ၊ ဇာတ်လမ်းကို ဘယ်ကနေ အစပြန်ကောက်ရမှာပါလိမ့်၊ အော် သိပြီ၊ ဗြဟ္မာ့ဘုံကလာသလိုလို နေရာကနေ ပြန်စရအောင်၊ ကျုပ် ရန်ကုန်ရောက်တော့ သမားတော်ကြီး ဒေါက်တာသိန်းဌေးဖေ ဆေးခန်းမှာ အရက်စွဲရောဂါကို ပြရတယ်၊စိတ်ရောဂါဆရာဝန်ကြီးပေါ့ဗျာ၊ တပတ်လောက်ကြာတော့ ကျုပ်အမှုအတွက် အယူခံရက်ကုန်တော့မှာမို့ ဇနီးသည် စံနစ်တကျ ပြင်ဆင်ပေးလိုက်တဲ့ အထုပ်အပိုးအပြည့်အစုံနဲ့အတူ ထောင်ထဲ ရောက်လာရော ဆိုပါတော့၊ တသက်လုံး ထင်တိုင်းကြဲလာခဲ့တာမို့ တပတ်လောက် ဆေးထိုးဆေးစားရုံနဲ့ ကျုပ် ခံစားနေရတဲ့ ဝေဒနာက ဘယ်မှာလာ သက်သာမတုန်းဗျာ၊ ထောင်ထဲသာ ဝင်လာရတယ၊် လူက အူကြောင် ကြောင် ဖြစ်နေတုန်းဗျ၊ အင်းစိန် ထောင်ကျဆောင်ရောက်တော့ ထုံးစံအတိုင်း ကျုပ်နဲ့ ပတ်သက်ရာ ပတ်သက် ကြောင်းတွေ ၊ တပည့်တွေ အများကြီးတွေ့ပေမဲ့ ညညဆို မအိပ်ပဲ ငုတ်တုတ် မိုးလင်းတဲ့ရက်တွေ ဆက်လာပြီး ကျုပ်ကို ရူးနေပြီလားလို့တောင် သံသယဝင်လာကြတယ်၊

ထောင်ဝါဒါဖြစ်နေတဲ့ တပည့်လေးတယောက်ဆို၊ ဆရာရယ် ကျနော်တတ်နိုင်တာ အကုန်လုပ်ပေးပါ့မယ်၊ ဆရာ့ ကိုကြည့်ပြီး ကျနော်မခံစားနိုင်လွန်းလို့ပါတဲ့၊ ဒါနဲ့ သူ့ အကူအညီနဲ့ အိပ်ဆေးတွေ သွင်းခိုင်းပြီး သောက်တော့လည်း သောက်နေကျတခွက်စာနဲ့ အိပ်မပျော်ပြန်ဘူး၊ နှစ်ခွက်စာတခါတည်း သောက်ချလိုက်ပြန်တော့ အိပ်ယာက ထ မရအောင်ဖြစ်၊ ထောင်ထဲဆိုတော့ တော်တော်ကို ရုပ်ပျက်ဆင်းပျက်နိုင်တာပေါ့ဗျာ။ ထောင်အရာရှိ တယောက် ကဆို ဒီလူ သိပ်ကြာကြာခံမှာ မဟုတ်ဘူး၊ သွားမှာပဲတဲ့။

အင်းစိန်ထောင်ထဲမှာ နှစ်ပတ်လောက်ကြာတော့ အကျဉ်းဦးစီးထုံးစံအတိုင်း လိုင်းဝင်ပြီး ဒီရဲဘက်ကို ထွက်ခဲ့ တယ်၊ ရဲဘက်ရောက်ပြီး တလကျော်လောက်မှာ ကျနော် အသက်ရှူလေ့ကျင့်ခန်း စလုပ်ခဲ့တယ်၊ အဲဒီလေ့ကျင့် ခန်းလုပ်ပြီး သုံးလလောက်အကြာမှာ ကျုပ် ရုက္ခစိုးနဲ့ ဆုံခဲ့တော့တာပဲဗျာ၊ ရုက္ခစိုးဆိုတော့ သစ်ပင်ကိုစောင့်တဲ့ နတ်လို့ ပြောရမယ်ထင်ပါရဲ့၊

ထူးခြားတာက ကျုပ်လေထဲမှာ ပျံနိုင်နေသလိုခံစားရတာ၊ ရုက္ခစိုးနဲ့တွေ့တာစတဲ့ ထူးထူးဆန်းဆန်း အဖြစ်တွေဟာ ဒီစခန်းခွဲမှာ ကြုံတာမဟုတ်ပဲ ပင်မစခန်းမှာချည်း ကြုံရတာဗျ။ ကျနော့်စိတ်ထင် ပင်မစခန်း ထောင်ပိုင်ကြီး စားဖို နားက ကျုပ်အိပ်ဆောင်ဘေးမှာ ဧရာမသစ်ပင်ကြီးတပင်ရှိတာကြောင့် အဲဒီရုက္ခစိုးဟာ အဲဒီအပင်ကြီးမှာစတည်း ချ နေရော့သလား မဆိုနိုင်ဘူး”

ကျုပ်ရဲ့သမာဓိလေ့ကျင့်ခန်းတွေ တစတစရင့်လာနေတဲ့နေ့တွေထဲက တနေ့ပေါ့ဗျာ။ ထုံးစံအတိုင်း လေ့ကျင့်ခန်း ဖြတ်ပြီး အိပ်ရာဝင်တဲ့အချိန်အိပ်ပျော်သလို မပျော်သလို ဖြစ်နေတုန်းပေါ့။

တယ်လီဗေးရှင်းဖန်သားပြင်ပေါ်မှာ အရုပ်တွေမပေါ်ခင်တွေ့တတ်တဲအမှုန်လေးမျိုးတွေ ဖျတ်ကနဲ ဖျတ်ကနဲ ကျုပ်အာရုံကနေ ထင်လာတယ်။အမှုန်ကွက်ကလေးက ရှည်မျောမျောဗျ။ အရွယ်အစားက သုံးပေနှစ်ပေ ဝန်းကျင်လောက်ရှိမယ်၊ အဲဒီအမှုန်လေးတွေဟာ လေးထောင့်၊အဝိုင်းစသည်ဖြင့် ပုံသဏ္ဍန်အရွယ်အစား တိတိ ကျကျမဟုတ်ဘူး၊ အမှုန်တွေဟာ ရောင်စုံမဟုတ်ပဲ၊ အဖြူအမဲသက်သက်ဗျ၊အမှုန်တွေဟာ အရောင်တောက် တယ်၊တောင်ရွေ့မြောက်ရွေ့လုပ်နေတယ်၊

ကျနော်လည်း စိတ်ထဲမှာ တအံ့တသြနဲ့ ဘာတွေများပါလိမ့်ဆိုပြီး အမှုန်တွေကို စိုက်ကြည့်နေတော့ တစုံ တယောက်က တခုခုပြောလိုက်သလို ခံစားလိုက်ရတယ်။

တပြိုင်နက်မှာပဲကျုပ်စိတ်ထဲကနေသူ ဘာကိုဆိုလိုသလဲဆိုတာအလိုလိုနားလည်လာတယ်။ အသံကြားရတာ မဟုတ်ဘူး။ စိတ်ချင်းဆက်ပြီး သူနဲ့ကျုပ် အပြန်အလှန် နားလည်နေတဲ့ပုံစံ။ အဲဒီအမှုန်လှိုင်းကလေးတွေကနေ လွှင့်ထုတ်လိုက်တဲ့ ဘာသာဗေဒဟာ အရှိန်မြန်လွန်းတော့ သူ့ရဲပထမဆုံး စကားတချို့ကို ကျုပ်နားမလည် လိုက်ဘူး။ နောက်စကားလုံးက သူဟာ ရုက္ခစိုး ပါတဲ့ဒီမှာတင် ကျုပ်နားမရှင်းလိုက်တဲ့ သူ့ရဲ့ ပထမဆုံးစကားဟာ သူ့နာမည်နဲ့လိပ်စာကို ပြောခဲ့တာပဲလို့ ပြန်သဘောပေါက်လာပြန်ရောဗျာ။ ဒါပေမဲ့ နာမည်နဲ့လိပ်စာ အတိအကျ ကိုတော့ ကျုပ်စိတ်မှာ မပေါ်ပြန်ဘူး။

ကျုပ်ကလည်း ချက်ချင်းဆိုသလို ခင်ဗျားက ရုက္ခစိုးဆိုတော့ ကျုပ်ဘာလုပ်ရမလဲလို့ ပြန်မေးမိတယ်။ ဒီတော့ သူ က အခု မင်းဒုက္ခရောက်နေတဲ့အချိန်မို့ ငါကူညီရမဲ့ ဝတ္တရားရှိတယ်၊ မင်းလိုချင်တာ ဖြစ်စေရမယ်တဲ့။ မင်း ဘာလိုချင်သလဲ၊ ဘာဖြစ်ချင်သလဲတဲ့။

ဘုရားစူးစေ့ဗျာ။ ကျုပ်တသက်လုံး အောင်မြင်မှုတွေ ငွေကြေးနောက်ကို လိုက်နေခဲ့တဲ့ကောင်မို့ အထုပ်ရှုပ်တွေ ကို စိတ်ကုန်နေတဲ့အချိန် ဖြစ်နေလို့ထင်ပါရဲ့။ ကျုပ်စိတ်ထဲမှာ ဝမ်းသာအားရလည်း မဖြစ်သလို ဘာလောဘစိတ် မှ မပေါ်ခဲ့ဘူးဗျာ။ ဒီတော့ ကျုပ်လည်း ကိုရွှေရုက္ခစိုးကို ဘာမှမလိုချင်ဘူးဗျာလိုစိတ်ထဲက ပြန်ပြောဖြစ်တယ်။ သူက ဆက်ပြောသေးတယ်။ ဒါပေမဲ့ ကျုပ် မသဲကွဲဘူး၊ ကျုပ်စိတ်ထဲ သိပ်မယုံတာလဲ ပါမယ်ထင်ရဲ့။ သူ ပျောက် သွားတယ်။

ကိုယ်တော်ချောက လက်မလျော့ဘူးဗျ။ နောက်နှစ်ရက်လောက်ကြာတောထပ်ပေါ်လာပြန်ရော။ မင်းက ငါ့ကို မယုံဘူးလားတဲ့ ။ ကျုပ်ကလည်း စိတ်ထဲမှာ ခပ်ပေါက်ပေါက်နဲ့ ကဲ မယုံဘူးဗျာ။ ခင်ဗျားက ဘာတွေရအောင် လုပ် ပေးမှာလည်းဆိုတော့ မင်းလိုချင်တာ ပြောလေတဲ့ လုပ်ပြန်ရော။ ရုက္ခစိုးက အဲသလို ခဏခဏလာပြီး နားပူ နားဆာလုပ်တာ အကြိမ်များလာတော့ ကျုပ်လည်းအငေါ်တူးချင်စိတ်ပေါက်လာတာနဲ့နေပါဦး၊ ခင်ဗျားက ကျုပ်ကို ဟိုဟာလုပ်ပေးမယ် ၊ ဒီဟာလုပ်ပေးမယ်ဆိုတော့ အလကားလုပ်ပေးမှာလား၊ ပွဲစားခကော ပေးရအုံး မှာလား၊ခင်ဗျားကို ကျုပ်မယုံဘူး၊ ကဲ ဒီလောက်တောင် လုပ်ပေးချင်နေရင် ကောင်းမယ်ထင်တာသာ လုပ်ပေး ပေတော့၊ ပွဲခပေးရမယ်ဆိုရင် တရာကို နှစ်ဆယ်ရာခိုင်နှုန်း(တွမ်တီးပါဆင့်) ယူပေတော့လို့ ပြောမိရောဗျာ။ ဒီမှာ တင် ကိုယ်တော်ချော ပျောက်သွားပြန်ရော။

နောက်နေကျတောပေလာပြန်ရော။သူက တော်တော်ခက်တဲ့ လူပါလားတဲ့၊မင်းက ငါ့ကို မယုံပဲကိုး။ မင်း ငါ့ကို မယုံရင် မင်းလက်တဖက်ငါ့ကိုပေးတဲ့။ ကျုပ်မလဲ တွေ့သမျှ ဘိုးတော်၊ ရုက္ခစိုး လက်ချည်းပေးနေရတော့တာပဲ။ အသက်ကြီးမှဗျာ။ ကျုပ်ကို လက်မပေးတတ်ဘူး ထင်နေကြရော့သလား။ ကျုပ်က ညာဖက်လက်ကို ကမ်းပေး လိုက်တော့၊ မင်းငါနဲ့လိုက်ခဲ့ဆိုပြီး ခေါ်သွားပါလေရော ။

ကျုပ်လည်း အထက်မိုးလမ်းသွားဖို့ စက်ကြိုးယန္တယားမပါပဲ ဝေဟင်မှာလေဟုန်စီးပြီးပေတစ်ရာအမြင့်လောက် ကနေ သူနောက်ကို ပါသွားတောတာပါပဲ။သူခေါ်သွာတာက လှိုင်မြိုနယ်က ကျနော်နေတဲ့အိမ်နားကိုပဲဗျ။ လေထဲမှာ မြင့်သွားလိုက် နိမ့်သွားလိုက်နဲ့ခေါ်သွားရက ကျုပ်အိမ်နဲမလှမ်းမကမ်းတနေရာကိုရောက်တောမြေပြင်ပေါ်ကို ဆင်းလိုက်ကြတယ်။ လေထီးခုန်ဆင်းတာနဲ့တောင်တူသေးဗျာ။ မြေပေါ်ကျကျချင်း ခြေထောက် လေးငါးလှမ်းယက်လို့ပင်မစခန်းနဲ့ ကျုပ်အိမ်ဟာ မိုင်တရာကျော်ဝေးပေမဲ့ ရုက္ခစိုး၊ ကျုပ်ကို ခေါ်သွားတဲ့ လေ ကြောင်းခရီးစဉ်က ပျံသန်းချိန် တမိနစ်ထက် မပိုဘူးဗျာ။

အဲဒီအိမ်နေရာကို ကျုပ်သိတယ်ဗျ။ ကျုပ်ရဲ့ကျောင်းနေဘက်သူငယ်ချင်းမဝင်းကြည်တို့နေတဲ့အိမ်သူ့ အဖေက ဦးတင်ခ၊ ဦးတင်ခဆိုတာ ကျုပ်တို့ခေတ် နာမည်ကြီး၊ တောင်သူလယ်သမားအကြိုက် အဆိုတော် ဟသာင်္တ အောင်တင်ဝင်းရဲ့ အကိုအကြီးဆုံးကြုံတုန်းပြောရရင် ဟင်္သာတအောင်တင်ဝင်းအပါအဝင် သူ့ညီအကို မောင်နှမတွေအားလုံး၊တယောက်မကျန် ကျုပ်အကုန်သိတယ်ဗျ၊ အာကြမ်းလျှာကြမ်းနဲ့ သူ့အမ မသိန်းရွှေ၊ နောက်သူ့အောက်က ကိုသောင်းရွှေ၊ နောက်ကိုတင်မြ၊ သူတို့အားလုံး ကျုပ်တို့ လမ်းထဲမှာနေတာလေ၊ ကျုပ်လူပျိုပေါက်အရွယ်တုန်းက အိမ်ရှေ့မှာ ကျုပ်ရေချိုးနေတုန်း ဟသာင်္တအောင်တင်ဝင်းက ကျုပ်အိမ်ရှေ့ ရောက်လာတယ်၊ အမှန်က သူ့အမေ ဒေါ်စံမယ် နေမကောင်းလို့ လာကြည့်တာဗျ။ တိုက်ဆိုင်ချင်တော့ သူလည်း ကျုပ်အိမ်ရှေ့ ရောက် ရော ကျုပ်အိမ်က ရေဒီယိုကနေ မပြည့်လေသော ကိုယ့်ဆုတောင်းဆိုတဲ့ သီချင်းလာနေလို့ ကျုပ်လည်း လမ်းမပေါ်က သူ့ကို ဗျို့ ကိုတင်ဝင်း ခင်ဗျားသီချင်း ရေဒီယိုကလာနေတယ်ဗျလို့လည်း လှမ်းအော် လိုက်ရော သူကလမ်းပေါ်မှာရပ်ပြီး သူ့သီချင်းကို သူပြန်နားထောင်သွားဖူးတယ်ဗျာ။ အဲဒီတုန်းက သူ့ကြည့်ရတာ သူ့ဘဝကို ဂုဏ်ယူကျေနပ်နေပုံပါပဲ။ အသားဖြူဖြူ မျက်နှာမှာကျောက်ပေါက်မာသဲ့သဲ့နဲ့ တကယ်စိတ်ထား ဖြူစင်တဲ့သူပဲဗျာ ။ထားပါတော့ဗျာ။

ဟိုတုန်းက ဦးတင်ခရဲ့ အိမ်မှာ ရပ်ကွက်ပြည်သူဆိုင်ဖွင့်ဖူးတယ်။ ကျုပ်နဲ့ရုက္ခစိုး အဲဒီနားမှာ ယောင်လည်လည် လုပ်နေကြတုန်း ကျုပ်စိတ်ထဲမှာ မဝင်းကြည်တို့ အိမ်နေရာတော့ဟုတ်ပါပြီ၊ အဆောက်အဦးက မဝင်းကြည်တို့ အိမ်နဲ့မတူသလိုပဲလို့ တွေးမိသေးတယ်ဗျ။

ကိုရွှေရုက္ခစိုးက အဲဒီအိမ်ထဲကို လက်ညှိုးထိုးပြီး မင်းကြိုက်တာ ဝင်ယူတော့တဲ။ အိမ်ထဲမှာ မီလင်းနေတယ်။ အမျိုးသမီးတယောက် အဲဒီအဆောက်အဦးထဲက ထွက်လာပြီး ဘေးဖက်ကိုကပ်ပေးတယ်။ ကျုပ်ကလည်း ဟသူများပစ္စည်း ကျုပ်မလိုချင်ဘူး။ ပိုင်ရှင်ရှိတာတော့မလုပ်ပါနဲလို့ငြင်းလိုက်တောသူပျောက်သွားရော။ကျုပ်လည်း ရဲဘက်က ကုတင်ပေါ် ပြန်ရောက်လာရောဗျာ။

လားလား မနက်မိုးလင်းလိုကျုပ်ပြန်စဉ်းစားတော့မှ အဲဒီနေရာမှာ မီးလောင်သွားခဲ့လိုမဝင်းကြည်တိုအိမ်မရှိ တော့ဘူး။ အောင်ချမ်းသာကျောင်းတိုက်ပိုင်ဖြစ်ပြီး စေတီခပ်ကြီးကြီး တဆူတည်ထားတာ သွားသတိရတော့ တယ်။ တော်တော်ဆိုးတဲ့ ရုက္ခစိုးဗျာ။ ဘယ့်နှယ် ဌာပနာတိုက် သွားဖောက်ခိုင်းရတယ်လို့။ ကျုပ်စိတ်ထဲတော့ အဲဒီလိုပဲ ထင်လိုက်မိတယ်ဗျာ

ကိုသက်ခိုင့်စကားအဆုံးတွင် ကျနော်က သံသယရှိသည့်လေသံဖြင့် ..

“ခင်ဗျား ဥစ္စာက ယုံဘို့တော့ခပ်ခက်ခက်ပဲ၊ အိပ်မက်မက်တာများ ဖြစ်နေမလားဗျာ”

“ဟ အိပ်မက်မက်တယ်ဆိုရအောင် တကြိမ်လည်းမဟုတ် နှစ်ကြိမ်လည်းမဟုတ်ဗျာ၊ ကျုပ်လည်း အံ့သြလွန်း တာနဲ့ ဒီလိုကြုံရတွေ့ရတာဟာ ဘာကြောင့်များပါလိမ့်ဆိုပြီး နီးရာစာအုပ်တွေ လျှောက်လှန်တော့ ထူးထူးဆန်း ဆန်းဗျာ၊ အခုကျနော်ဖတ်နေတဲ့ ဆရာသက်ကြီးရဲ့ ဝိပဿနာရှုနည်း လက်စွဲစာအုပ်လေးမှာ ပါနေတယ်ဗျာ”

“အော် အဲဒီလို ရုက္ခစိုးနဲ့တွေ့ရတတ်တယ်ဆိုတာမျိုး ရေးထားသလား”

“အေးဗျ၊ တိတိကျကျကို ရေးထားတာ၊ ခင်ဗျားကို သေချာအောင်တခု ထပ်ပြောပါရစေ၊ ကျနော်က ဒီစာအုပ်ကို အရင်ဖတ်ပြီး စိတ်ကတောင်ထင်မြောက်ထင် ထင်တာမျိုးမဟုတ်ပဲ ရုက္ခစိုးနဲ့တွေ့ပြီးမှ ဒီစာအုပ်ထဲမှာ အဲဒီ အကြောင်း ဖတ်မိတာဗျ၊စာမျက်နှာ(၆၅)(၆၆)မှာကျုပ်ဖတ်ပြမယ်။နားထောင်။

နတ်တွေဘာတွေကို ဂရုစိုက်မနေနှင့်

တခါတရံ သမ္မာဒေဝနတ်တွေ ရုက္ခစိုးတွေနှင့် တွေ့ရတတ်၏။ စကားပြောရတတ်၏။ သိုရာတွင် တွေ့တုန်းအခါက မိမိစိတ်မှာ မထူးဆန်း၊ လူချင်းတွေရသကဲ့သို့ပင် ရှိတတ်၏။သူတို့ကလည်း ကြောက်လန့်အောင် မလုပ်နိုင်။ တချို့ကမူကားအားပေး၍သွားကြ၏။ အချို့မှာ မိမိကအလိုရှိလျှင် လာတတ်၏။ မေးလျှင်လည်း ပြန်ကြားဖြေဆို တတ်၏။

ဤအခါ သမထအားထုတ်သော ယောဂီသည် မိမိအလုပ်ကို မိမိကောင်းစွာ ဆက်မထိုင်ပဲ နတ်တွေနှင့်သာ ပျော်မွေ့၍ နေတတ်ကြ၏။မိမိကိုယ်မိမိ အထင်ကြီးပြီး နတ်ယောင်ယောင် ဝိဇ္ဖာယောင်ယောင်နှင်အတော်ကြာ ဘာဘဲဖြစ်တော့မလိုလို။ အတော်ကြာ ဘာဘဲရတော့မလိုလို ထင်နေတတ်ကြသည်။ကြာတော့ကာ ပြောပုံဆိုပုံ ရူးကြောင်ကြောင်နှင့် ဖြစ်လာတတ်ကြသည်။ ဤသို့ဖြင့် တောင်မရောက်မြောက်မရောက်နှင့် မူလက ရည်ရွယ် ရင်း ကမ္မဌာန်းအလုပ် ပျက်တတ်သည်။

ထိုကြောင့် သမထကမ္မဌာန်း အလုပ်မှာ ဝိပဿနာကိုပြ၍ မြင်လွယ်လောက်တဲ့ သမာဓိအားရှိလျှင် သမထကို ဖြတ်၍ ဝိပဿနာကို ရှုသွားတာကောင်းသည်။

ဤနေရာ၌ စောဒကဝင်စရာရှိရဲဘယ်လိုဝင်မလဲဆိုလျှင် ဒီလိုသာဖြင်ဈာန်အဘိညာဉ်ရအောင် အားထုတ်တဲ့ သူများ ဒီလိုပဲ ဖြစ်နေရတော့မှာလားဟု မေးစရာရှိရဲ့။ ထိုအခါ ဖြေဆိုရမည်မှာ ဈာန်အဘိညာဉ်ရအောင် အားထုတ်သောပုဂ္ဂိုလ်များက ဤကဲ့သို့ရုက္ခစိုးအစရှိသော နတ်တွေနှင့်တွေ့ရ မြင်ရပြောဆိုရတာနှင်အာရုံမပြေ၊ မနှစ်သက်။ မိမိတရားကိုမိမိဆက်လက်၍သာ အားထုတ်သွားကြပေသောကြောင်ဈာန်အဘိညာဉ်ရသည်အထိ ပေါက်ရောက်သွားကြပေသည်။ ” တဲ့။

ကဲ..ကျုပ်တောကံအားလျော်စွာ ဒီတောင်ကိုကျော်နိုင်ခဲ့တယ် ဆိုပါတော့ဗျာ။ လေ့လာအားပြုစရာတွေ ရှိလာတောကျုပ်လုပ်နေတဲသမထအလုပ်ကိုရပ်ပြီး ဝိပဿနာဘက်ကို လှည့်ရတော့တာပေါ့ဗျာ။ ဖြစ်ပျက်မြင် တယ်ဆိုတာ ဝိပဿနာလိုင်းဗျ။သမထနဲ့ကတခြားစီ။ဒီနေရာမှာ နတ်တွေရုက္ခစိုးတွေကို ဂရုမစိုက်နဲ့ဆိုတာ တော်တော်အဓိပ္ပါယ်ရှိတယ်။ ခင်ဗျားစဉ်းစားကြည့်၊ အဲသလို သူတို့ကလာပြီး ဆက်သွယ်တယ်ဆိုတာ သူတို့ ဆက်သွယ်လို့ရလောက်တဲ့ အခြေအနေအားလုံးနဲ့ ကိုက်ညီနေမှ ဆက်သွယ်လို့ရတာမျိုးဗျ။ ဆိုလိုတာက စောင့်ထိန်းမှု၊ တည်ငြိမ်မှုဆိုတဲ့ သီလသမာဓိတွေပြည့်စုံနေတဲ့ အချိန်မျိုးမှာမှ ဆက်သွယ်နိုင်တာပေါ့ဗျာ။ ခင်ဗျားတို့ ကျုပ်တို့ လူသာမန်တွေအဖို့ အချိန်မရွေး သီလသမာဓိပျက်သွားနိုင်တယ်၊ ဒါကြောင့် အကြားအမြင် ရသလိုလို ရုက္ခစိုးမှော် အောင်သလိုလိုနဲ့ ရှေ့ဖြစ်နောက်ဖြစ်တွေ ဟောကြပြောကြသူတွေဟာ နတ်တို့ ရုက္ခစိုးတို့နဲ့ ချိတ်ဆက်နိုင်ချိန်မှာ အဆင်ပြေနေပေမဲ့ ကိုယ်လိုတဲ့အချိန် ရွှေကိုယ်တော်က ဆက်သွယ်မှုဧရိယာပြင်ပရောက် နေရင် လူလိမ်ဖြစ်ရော။

အမှန်က ကျုပ်လေ့ကျင့်အားထုတ်ခဲ့တယ်ဆိုတာ အကြားအမြင်ရချင်စိတ်၊ မှော်အောင်စိတ်ကြောင့် မဟုတ်ဘူးဗျ၊ လောကကြီးကို ငြီးငွေ့စိတ်ပျက်လွန်းလို့ ကြောက်ကြောက်နဲ့ သိသမျှတတ်သမျှ လျှောက်လုပ်နေခဲ့တာကလား။ ဒီမှာတင် သမထဖက်ကို ရောက်သွားပြီး လူတကာမယုံနိုင်တဲ့ ဇာတ်လမ်းတွေ ကြုံရရောဆိုပါတော့ဗျာ။ကျုပ်မှာ သမထအားကောင်းနေပြီဆိုတာ ကျုပ်ကိုယ်တိုင် သိလိုက်တဲ့အဖြစ်လည်းရှိသေးတယ်ဗျ။ ကြုံတဲ့အခါပြောကြ သေးတာပေါ့။”

ကိုသက်ခိုင်က သူ့ဇာတ်လမ်းကို အဆုံးသတ်ရင်း ကုက္ကိုမြစ်ဆုံပေါ်မှ ရုတ်တရက်ထကာ စခန်းခွဲဆီသို့ ခြေလှမ်း ပြင်လိုက်သဖြင့် လာရာလမ်းအတိုင်း ကျနော်တို့ယာယီနားခိုရာ စခန်းခွဲ(၁)သို့ အတွေးကိုယ်စီနှင့် ပြန်ခဲ့ကြ ပါသည်။

(ဆက်လက်ဖော်ပြပါမည်။)

(ရုပ်ပုံ။။ ဂူဂဲလ်)

ဖြစ်ပျက်ရှာပုံတော် ခရီးသည် (၉)

$
0
0
(၉)ဤသို့လျှင် ဖြစ်တတ်သော သဘောရှိလေ၏။

ကျနော်တဲပေါ်သို့တက်လာချိန်တွင် ကိုသက်ခိုင်သည်သတင်းစာတထပ်ကြီးနှင့် အလုပ်ရှုပ်နေလေသည်။

အချိန်ကား နေ့လည်ဆယ့်နှစ်နာရီကျော်ခန့်ဖြစ်၍ ရဲဘက်များ အဆောင်ပေါ်တွင် ခေတ္တနားနေချိန်ဖြစ် သည်။ အချို့ကား အိပ်စက်အနားယူလျက်၊အချို့ကား လေးငါးယောက်တဝိုင်းရောက်တတ်ရာရာ စကားဝိုင်းဖွဲ့လျက်။ နေ့လည်နေခင်းအိပ်စက်လေ့မရှိသော ကျနော်သည် ပျင်းပျင်းရှိသည်နှင့် အဆောင်ပေါ်မှဆင်းကာ ကိုသက်ခိုင် ရှိရာတဲဆီသို့ လျှောက်လာခဲ့ခြင်းဖြစ်သည်။

အဆောင်ပေါ်မှ ဆင်းသည့်လှေခါးအုတ်ခုံအဆုံးတွင် ဆယ်ပေခန့်ကျယ်သော မြေလမ်းကလေး ရှိသည်။ လမ်း ကလေး၏ ဘေးတွင်ကား ပေတရာပတ်လည်ခန့် ရေကန်ငယ် တခုရှိသည်။ တခါ တုန်းက အဆိုပါ ရေကန်တွင်းမှ ရေနံလိုလို ညိုညစ်ညစ်အရည်များ စိမ့်ထွက်လာသည်ကို တွေ့ရ သဖြင့် ကိုသက်ခိုင်ကို ကျနော်ခေါ်ပြဖူးသော ရေကန်ဖြစ်၏။

ကန်ပတ်လည်လမ်းမှာ မိုးအခါ ဗွက်ထလွန်းသဖြင့် အုတ်ခဲကျိုး ကွန်ကရစ်ကျိုးတချို့ဖြင့် သွားသာလာသာအောင် မွမ်းမံထားရသည်။ တခါတရံ ဖိုကြီးက ဖွဲပြာတို့သည် အဆိုပါလမ်းကလေး၏ ကတ္တရာနေရာတွင် အစားထိုး နေရာယူလေ့ရှိ၏။ထိုလမ်းကား ကျနော်တို့ရဲဘက်စခန်း၏ အရှေ့ အနောက်ကို ဆက်သွယ်ပေးထား၏။ အရှေ့ ဖက်အဆုံးတွင် ဖိုကြီးရှိ၍ အနောက်ဖက်အဆုံးတွင် စခန်းခွဲတာဝန်ခံထောင်မှူး၏ နေအိမ်တန်းလျား ရှိသည်။

ထောင်မှူးတန်းလျားသို့မရောက်မီ ပေငါးဆယ်ခန့်အကွာတွင် အဆောင်ရှေ့က ရေကန်ကို ပတ်ထားသည့် နောက်ထပ်လမ်းငယ်လေးတခုအတိုင်း ပေတရာခန့် ဆက်လျှောက်ပြီး ရေကန်၏ထောင့်တည့်တည့် အရောက် တွင် ကိုသက်ခိုင့်တဲငယ်ရှိသည်။

စခန်းခွဲတခုလုံးကား အတန်ငယ်ဆိတ်ငြိမ်လျက်ရှိလေသည်။စခန်းခွဲအနှံ့ ဟိုတပင်သည်တပင် ရှိနေကြသော လဲမှို့ပင်များမှာ ရွက်နုထွက်စပြုနေချေပြီ။ကန်ဘောင်ပတ်လည်တွင်ရှိသည့် ပေါက်ပန်းဖြူပင်တချို့နှင့် ဆူးပုတ် ပင်တချို့လည်း လဲမှို့ပင်များနှင့် ဝတ်စုံတူပင်ဖြစ်နေသည်။ လဲမှို့ပင်တို့ကား အလေ့ကျပေါက်နေဟန်ရှိပြီး ပေါက် ပန်းဖြူနှင့် ဆူးပုပ်တို့ကား ရဲဘက်တချို့၏ စိတ်ကူးဖြင့် စီမံစိုက်ပျိုးထားဟန်ရှိသည်။စခန်းခွဲတခုလုံး၏ မြောက် အရပ်တွင်ရှိသည့် တူးမြောင်းငယ် တလျှောက်တွင် ငှက်ပျောပင်တန်းများဖြင့် စိမ်းညို့သယောင်ရှိနေလင့်ကစား ကျန်အရပ် သုံးမျက်နှာကား နေရှိန်ကြောင့် တံလျှပ်များပင် ထလျက်ရှိသည်။

တဲပေါ်သို့ကျနော်ရောက်ချိန်တွင် သူ ကျနော့်ကို မော့မကြည့်သောကြောင့် ကျနော်က အသံပြုလိုက်ရသည်။

“သတင်းစာတွေ တထပ်ကြီးနဲ့ ဘာတွေ အလုပ်ရှုပ်နေပြန်ပြီတုန်းဗျ”

“အော် ကိုမင်းဒင် လာဗျာ ။ပြည်ထောင်စုအဂါင်္စဉ်ကို ရေးချကြည့်နေတာဗျ”

“ဘာတုန်းဗျ၊ ပြည်ထောင်စုအဂါင်္စဉ်ဆိုတာ၊ခင်ဗျားပြောလိုက်ရင် စကားအဆန်းချည်းပဲ”

“အော် ၊အာဏာတန်းစီဇယားဆိုပါတော့ဗျာ။နိုင်ငံတော်အဂါင်္စဉ်လို့လည်း သုံးတယ်ထင်ပါရဲ့”

“သေချာရှင်းပါအုံးဗျာ”

“အော်၊ အခုအချိန်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီခေတ်ဆိုတော့ အာဏာအရှိဆုံး နံပတ်တစ် ပုဂ္ဂိုလ်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၊ ဒုတိယအာဏာအရှိဆုံးက ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ၊တတိယအာဏာအရှိဆုံးက ဗိုလ်ချုပ်ကြီးခင်ညွန့် စသည်ဖြင့်ပေါ့ဗျာ”

“ဒါနဲ့ အဲဒီအဂါင်္စဉ်ကို ဘယ်သူတွေက သတ်မှတ်တာတုန်းဗျ”

“အစိုးရအဖွဲ့ကနေ ထုတ်ပြန်ရတာမျိုးပါ။ခုခေတ်ကြီးမှာတော့ ကိုယ့်ဖာသာကိုယ် ကိုယ်အုပ်စုအချင်းချင်း ပြန်ပြီး သတ်မှတ်ကြတဲ့ သဘောပါပဲဗျာ”

“ဒါများဗျာ၊ ပုခုံးပေါ်က အပွင့်ကို ရေကြည့်လိုက်ရင် သိရောမဟုတ်ဘူးလား”

“ဒီလိုလဲ မဟုတ်သေးဘူးဗျ။ တခါတရံ နိုင်ငံရဲ့ လိုအပ်ချက်အရဆိုပြီး ထူးထူးခြားခြား ခန့်အပ်ခံရတဲ့ သူတချို့လည်း ထိပ်မှာရောက်နေတတ်တယ်။ ဥပမာ ဦးနေဝင်းရဲ့ မဆလအစိုးရလက်ထက်၊ နိုင်ငံတော်သမတရဲ့ စစ်ဖက် လက်ထောက်ဆိုပြီး ထောက်လှမ်းရေးအကြီးအကဲ မျက်မှန်ကြီး ဦးတင်ဦးကို ခန့်အပ်တုန်းက ဦးနေဝင်းပြီးရင် သူပဲ ဆိုပြီး အာဏာကြီးခဲ့ဖူးတယ်လေဗျာ”

“အခု အဲဒီအဂါင်္စဉ်ကို သတင်းထဲမှာ ထုတ်ပြန်လိုက်လို့လား”

“မဟုတ်ဘူးဗျ။ သတင်းစာမှာ ရေးထားတဲ့ နိုင်ငံတော်အခန်းအနားတွေနဲ့ ပတ်သက်တဲ့ သတင်းတွေထဲက ရှေ့နောက်နာမည်အထားအသိုကိုကြည့်ရင် နိုင်ငံတော်အဂါင်္စဉ်ကို အနီးကပ်ဆုံး အကဲခတ်လို့ရနိုင်တယ်။ နိုင်ငံ တော်အကြီးအကဲတွေစုံညီတက်ရောက်တဲ့ အစည်းအဝေးတွေမှာ ထိုင်ခုံတွေနေရာချတဲ့အခါ အဲဒီအဂါင်္စဉ်က တော်တော်အရေးပါတယ်ဗျ။ နေရာအပေးမှားရင် နားလည်မှု လွဲနိုင်တယ်။ ပြဿနာရှိနိုင်တယ်”

“နေပါဦး ၊ထိုင်ခုံဇယားခင်းရမယ်ဆိုတော့ ဒီရဲဘက်စခန်းကို နိုင်ငံတော်အကြီးအကဲတွေ လာမယ် ကြားလို့လားဗျ”

“ခင်ဗျားနဲ့တော့ ခက်နေပါပြီ၊ စကားကို ဆုံးအောင်နားထောင်ပါအုံးလေ”

ကိုသက်ခိုင် ကျနော့်စကားကို ဖြတ်နေသည့်ကြားက ကျနော်ဆက်၍အငေါ်တူးလိုက်မိပြန်သည်။

“နိုင်ငံတော်အဂါင်္စဉ်တော့မသိဘူးဗျ။ ဒီရဲဘက်စခန်းအဂါင်္စဉ်မှာတော့ ကိုသက်ခိုင်က ဇယားထိပ်မှာ ရှိနေ လောက်တယ်။ ခင်ဗျား ရဲဘက်ရောက်နေတာကို မေ့နေရော့သလား နိုင်ငံတော် အဂါင်္စဉ်နဲ့ ခင်ဗျားနဲ့ ဘာဆိုင်လို့ တုန်း”

“အော်၊ ပြောလေဆိုးလေပါပဲလားဗျာ၊ အခုရဲဘက်စခန်းမှာ ပြောဆိုနေကြတာ ခင်ဗျားမကြားမိဘူးလား၊ တာဝန် ခံထောင်မှူးရာထူးတိုးတော့မယ် ဘာညာဆိုပြီး အသံထွက်နေကြတာ။ အမှန်က ရာထူးတိုးမှာ မဟုတ်သေးဘူးဗျ။ အကျဉ်းဦးစီးဌာန ရာထူးတိုးစာမေးပွဲ ဖြေဖို့လျှောက်လွှာခေါ်တာ၊

ခင်ဗျားသိတဲ့အတိုင်း အကျဉ်းဦးစီးမှာ တပွင့်ကနေ နှစ်ပွင့်ဖြစ်ဖို့၊နှစ်ပွင့်ကနေ သုံးပွင့်ဖြစ်ဖို့ဆိုတာ လူ့ပြည်က အပ် တစင်းနဲ့ဗြဟ္မာ့ပြည်က အပ်တစင်းဆုံဖို့ခက်သလို ခက်ခဲတာကလား”

“ခင်ဗျားရှင်းမှ ပိုတောင်ရှုပ်နေပြန်ပြီ၊ ထောင်မှူးတွေ ရာထူးတိုးစာမေးပွဲရှိတာနဲ့ ခင်ဗျား ပြည်ထောင်စု အဂါင်္စဉ် ကို ပြုစုနေတာ ပိုတောင် အလှမ်းဝေးနေသေးတယ်”

“ဒီလူနဲ့တော့ခက်နေပါပြီ ၊ ကျနော်တို့စခန်းတာဝန်ခံ ဦးအေးနိုင်အပါအဝင် တခြားထောင်မှူးတွေပါ အဲဒီစာမေးပွဲ ဝင်ဖြေကြမှာမို့ ရေးဖြေနှုတ်ဖြေအတွက် လိုအပ်တဲ့အချက်အလက်တွေ စုဆောင်းပေး နေတာဗျ။ကျနော့်ဇနီးက ဧည့်တွေ့လာတဲ့အခါတိုင်း သတင်းစာတထပ်ကြီးယူလာတယ်။ ကျနော်က တလုံးမကျန်ဖတ်တယ်။ ကျနော်အပြင် မှာ ရှိစဉ်တုန်းကလည်း အလုပ်သဘောအရ ဝန်ကြီးဌာန အတော်များများရဲ့ အကြောင်းတွေကိုသိနေတယ်။ ဦးအေးနိုင်နဲ့ စကားလက်ဆုံကျတဲ့အခါ ဘယ်ဌာနက ဘယ်ဝန်ကြီး၊ ဘယ်ဗိုလ်ချုပ်ကြီး၊ ဘာဖြစ်နေတယ် ဘာလုပ်နေတယ် ဆိုတာတွေ ထည့်ပြောမိရာကနေ ရာထူးတိုးစာမေးပွဲအတွက် သင်ရိုးညွှန်းတမ်းပြုစုဖို့ ကျနော့် ခေါင်းပေါ် ရောက်လာ တော့တာ ပဲဗျာ”

အပြောင်အပြက်သဘောနှင့် အထေ့အငေါ့စကား ဆိုနေမိသော ကျနော့် စိတ်ထဲမှာ” သြော်” တလုံးသာ ရေရွတ်လျက် ကိုသက်ခိုင်ကို ငေးကြည့်နေလိုက်မိသည်။ ကိုသက်ခိုင်ကား ပြဿနာက သူ့ဆီ မလာလျှင် သူက ပြဿနာဆီ သွားမည့်သူမျိုးပေတည်း။ရောက်လာသည်က ရဲဘက်အကျဉ်းသား ဘဝ၊ဖြစ်နေသည်က နေရာ တကာ သူ့ခြေသူ့လက်မို့ ပါရမီလော၊ ဝဋ်ကြွေးလော၊ဝေခွဲရန်ခက်လှပါ သည်။ရဲဘက်များထဲမှ ဘုတ်ခေါင်းဆောင် ရွေးလျှင်လည်း သူပါသည်။ ရဲဘက်မူလတန်းကျောင်းမှာ ဆွဲခန့်ဆရာလိုတော့လည်း သူနှင့် မကင်း၊ရဲဘက် သက်သာဆိုင်ဖွင့်တော့လည်း သူ့ကို ဆင့်ခေါ်ကြ ပြန်သည်။ ထိုမျှမက စပါးစိုက်ကွင်း မြေပုံထုတ်ခြင်းမှသည် နိုင်ငံတကာကြက်ခြေနီ စစ်ဆေးရေးလာ ရောက်သည့်ကိစ္စအဆုံး နေရာတိုင်းမှာ သူ့မျက်နှာပါတကား။ ယခု လည်း ထောင်မှူးရာထူးတိုး စာမေးပွဲကိစ္စမှာ မဆီမဆိုင် ဝင်ပါနေပြန်ချေပြီ။ကျနော်က သူ့ကို စကားထောက် လိုက်မိပြန်သည်။

“နေပါဦး၊သူတို့ရာထူးတိုးဖို့ ဒီသတင်းစာတွေနဲ့တင်လုံလောက်ရောလားဗျာ”

“ရော၊ ဒီတခုတည်းနဲ့တော့ ဘယ်ပြည့်စုံပါ့မတုန်း၊ပြီးခဲ့တဲ့ ရာထူးတိုးစာမေးပွဲတွေတုန်းက မေးခွန်း ဟောင်းတွေ ကိုလေ့လာပြီး မေးခွန်းပုံစံကိုခန့်မှန်း ရတာပေါ့ဗျာ”

“ဟုတ်ပါပြီ၊ ခင်ဗျားက အဲသလိုပြည့်ပြည့်စုံစုံ အချက်အလက်တွေ ရှာဖွေပြုစုပေးတော့ တကယ်ကော ရာထူး တိုးကြပါ့မလားဗျာ။ဒီလူတွေကြည့်ရတာ ခင်ဗျားကို ယုံကြည်တာသိပ်များလွန်း နေသ လားလို့ပါ”

“အင်း၊ ခင်ဗျားမေးမယ်ဆိုလဲ မေးစရာပါပဲ၊ ကျနော်လုပ်ပေးရုံနဲ့ ဘယ်မှာလာပြီး ရာထူးတိုးနိုင်ကြပါ့ မလဲဗျာ။ ဝန်ထမ်းစာမေးပွဲတွေမှာ အမြဲမေးနေတဲ့ ဒို့တာဝန်အရေးသုံးပါးတို့ ၊နိုင်ငံရေး ၊လူမှုရေး၊ စီးပွားရေးဦးတည်ချက် တို့လောက်တော့ သေချာကျက်နိုင်ရမှာပေါ့။ဝါကျတကြောင်းတောင် ဖြောင့်အောင်မရေးနိုင်ပဲ ဘယ်လိုလုပ် ရာထူးတိုးပါ့မတုန်း။ဒါတင်မကသေးဘူးဗျ။ သိပ်ကြီးတဲ့အချက်တချက် ကျန်သေးတယ်”

“ဘာများပါလိမ့်ဗျာ”

“အော် ခေတ်နဲ့အညီ ဂါရဝတရားရှေ့ထားပြီး စာမေးပွဲမှာတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ပေးကမ်း ချီးမြောက် တဲ့အလုပ်ဆိုပါတော့၊သိတဲ့အတိုင်းပဲဗျာ။ ဒီခေတ်ကြီးက ဘယ်နေရာမဆို မပေးမကမ်းရင် ဘာမှ အဆင်မပြေ တဲ့ခေတ်ကြီးမဟုတ်လား။ ဒီတော့ စာမေးပွဲဖြေမဲ့ ထောင်မှူးတွေကို ကျနော်နဲ့ ခင်မင်နေတဲ့ အကျဉ်းဦးစီးက တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပေးရတာလည်း ရှိတာပေါ့ဗျာ။ အမှန်တော့ ဗမာပြည်မှာ ဝင်နည်းထွက်နည်းသိရင် ဘယ်ဝန်ကြီး၊ဘယ်ညွှန်ချုပ်မဆို ဝင်ဖို့ထွက်ဖို့ မခက်ပါဘူးဗျာ။ တိုင်းပြည်ကောင်း စားအောင်လုပ်နေကြတာမှ မဟုတ်တာ၊အားလုံး ကိုယ်ကြီးပွား ဘို့ လုပ်နေကြတဲ့ ခေတ်ကာလ သမယ ကြီးကိုး”

“အင်း၊ ပိုင်ပါ့ဗျာ။ ခင်ဗျားနည်းလမ်းတွေနဲ့ဆို ထောင်မှူးတွေအတော်များများ ထောင်ပိုင်ဖြစ်ပြီး ရှေ့လျှောက် ဂွင်တည့်ကြအုံးမှာပေါ့”

“အဲသလိုလဲ အပိုင်တွက်မထားနဲ့ ဆရာ၊ ခင်ဗျားပြောမှ ဇိကုပ်ပြီးနတ်ပြည်တင်လို့မရတဲ့သူမျိုးတွေ ကျနော်ကြုံခဲ့ ဖူးတယ်။ သူ့နာမည်က ကိုမောင်မြင့်တဲ့၊ ကျနော့်အဖေရှိစဉ်ကတည်းက ကီလီဈေးမှာ ကုန်တင်ကုန်ချလုပ်နေတဲ့ ကာယလုပ်သားဆိုပါတော့ဗျာ။ကျနော့်စိတ်ထင် ကိုမောင်မြင့်ဟာ ကျနော့်အဖေဆီမှာ ဆယ်နှစ်နီးပါး တွဲလုပ် ခဲ့တယ်။လုပ်ရည်ကိုင်ရည်ကော စိတ်နေသဘောထားပါ ပြောစရာ မရှိလို့ အဖေ့လက်ရုံးလို ဖြစ်နေခဲ့တာဗျ။ အဖေလည်း ဆုံးရော အဆက်အသွယ်ပြတ်သွား လိုက်ကြတာ အနှစ်နှစ်ဆယ်ကျော်ဆိုပါတော့။ ဖြစ်ချင်တော့ ကျနော်က အလုပ်သမားဝန်ကြီးနဲ့ ရင်းနှီးနေတဲ့အချိန် ဘယ်ကဘယ်လို သတင်းရလာသလဲ မသိပါဘူးဗျာ။ ကျနော့်အိမ်ကို ခပ်ကုပ်ကုပ်လေး ပေါက်ချလာပါလေရော။သူက ကျနော့်ကိုတွေ့တွေ့ချင်း ညီလေး ကိုယ့်ကို မှတ်မိသလား ဆိုတော့ ကျနော်က “ခင်ဗျား၊အဖေ့တပည့် ကိုမောင်မြင့်ထင်တယ်”လည်းပြောလိုက်ရော သူ့ မျက်နှာမှာ ဝမ်းသာတဲ့အမူအရာက ဖုံးမရအောင်ပေါ်လာတယ်ဗျာ”

ကျနော်လည်း အလိုက်သိသိနဲ့ “ကဲ ကိုမောင်မြင့် ကျနော်ဘာအကူအညီပေးရမတုန်း အားမနာနဲ့ ပြောသာ ပြော”ဆိုတော့ သူက “အေးကွာ ကိုယ်တို့ဌာနမှာ ကြီးကြပ်ရေးမှူးရာထူးအတွက် စာမေးပွဲ ဖြေရမယ်ကွ၊ မင်းက ဝန်ကြီးတွေဘာတွေနဲ့ သိတယ်ဆိုတော့ ကြည့်လုပ်ပါအုံးကွာ။ အကိုက လုပ်သက်လည်း အနှစ်နှစ် ဆယ်ကျော် နေပါပြီ “တဲ့ ။

“ကျနော်ဆိုတဲ့ကောင်ကလည်း ဒါမျိုးဆို နှစ်ခါမပြောရတဲ့ကောင်မျိုးဆိုတော့ ဒီကိစ္စအတွက်ဆိုရင်တော့ “ကိုမောင်မြင့် စိတ်အေးအေးသာပြန်ပေတော့၊ အဲသလောက်ကိစ္စကို ဝန်ကြီးအထိပြောစရာမလိုဘူး။ အလုပ် သမားဝန်ကြီးဌာနမှာ ဝန်ထမ်းစာမေးပွဲတွေကိုင်တာ ဗိုလ်ကြီးကျော်ဇောပဲ။ ကျနော် သေချာပြောထားလိုက် မယ်”ဆိုပြီး ပြန်လွှတ်လိုက်ရော ဆိုပါတော့”

တိုတိုပြောရရင် ဗိုလ်ကြီးကျော်ဇောကို အကျိုးအကြောင်းရှင်းပြ၊ အဲဒီစာမေးပွဲမှာ မေးမဲ့မေးခွန်း အတိအကျကို တောင်းယူပြီး ကိုမောင်မြင့်လက်ထဲထည့်ပေးရင်း “ရော့ အဲဒီမေးခွန်းတွေ မေးမှာမို့ ရှာဖွေကျက်မှတ်ပေတော့”လို့ အခမဲ့ကူလီထမ်းလိုက်ပေမဲ့ ကိုမောင်မြင့်က ကြောင်တောင်တောင် အမူအရာနဲ့ အင်းမလှုပ်အဲမလှုပ် ဖြစ်နေ သ ဗျာ။ ဒါနဲ့ ကျနော်လည်း မနေနိုင်တာနဲ့ “ကိုမောင်မြင့် ဘာလိုပြန်သတုန်း၊ အားမနာနဲ့ပြောသာပြော” ဆိုတော့။ “ဒီမေးခွန်းရဲ့အဖြေတွေကို ဘယ်မှာရှာ ရမယ်ဆိုတာ ကိုယ်မသိဘူး”တဲ့ဗျ။ အမှန်က မေးခွန်းတွေသာဆိုတယ် ၊ အ ထူးအဆန်းတွေ မဟုတ် ဘူးဗျ။ ဒို့တာဝန်အရေးသုံးပါးနဲ့ ဦးတည်ချက်လေးရပ်လောက်ပဲ။ ကျန်တာလည်း ဌာနမှာ ဝန်ထမ်းတိုင်းလိုလို သိနေတဲ့ မေးခွန်းတွေ”
သူ့ကြည့်ရတာ မအူမလည်မို့ ကျနော်လည်း မထူးတော့ပါဘူး။ ပို့မဲ့ပို့ကူးတို့ရောက်အောင်ပို့မှ ဆိုပြီး ကျနော် ကိုယ် တိုင် အဲဒီနေရာမှာတင် စာရွက်သုံးရွက်လောက်ပေါ်မှာ မေးခွန်းရော အဖြေပါ တွဲရေးပေးလိုက်ရောဗျာ။ ဒါပေမဲ့ ဗျာ။ ကိုမောင်မြင့်ဟာ အမေးအဖြေစာရွက်တွေကို စိတ်မပါ့တပါနဲ့ယူရင်း ကျနော့်ကို နှုတ်ဆက်ပြီး ပြန် သွားလေ ရဲ့။ အဲ၊ နောက်နေ့ကျတော့ ပြန်ရောက်လာပြန်ရော။

ဒီတော့ ကျနော်က ကိုမောင်မြင့် ခင်ဗျားတို့စာမေးပွဲက အရမ်းနီးနေပြီ။ ကျက်သင့်တာလေး ကျက်အုံးလေ ဆို တော့ သူက လေသံခပ်တိုးတိုးနဲ့ ကျက်လို့မရပါဘူး ငါ့ညီရာ၊အသက်ကြီးနေပြီ တဲ့။ ကျနော်ကလည်း လွယ်လွယ်နဲ့ လက်မလျှော့တတ်တဲ့ကောင်မို့ “ဒီလိုဆိုလဲ ကိုမောင်မြင့် အဲဒီစာရွက်တွေကို စာမေးပွဲခန်းထဲကို ယူသွားပြီး ကူး ရေးပေတော့၊ ကျနော် အခန်းစောင့်တဲ့အရာရှိတွေကို ပြောထားလိုက်မယ်။ ဗိုလ်ကြီး ကျော်ဇောကိုလည်း ခင်ဗျား ကို လာကြည့်ဖို့ပြောထားမယ်၊ဘာမှ မပူနဲ့၊ ခင်ဗျား ကြီးကြပ်ရေးမှူး ဖြစ်ကိုဖြစ် စေရမယ်။ စာမေးပွဲခန်းထဲ ကိုသာ ရောက်အောင်သွား ပေတော့လို့” မှာရင်း အလုပ်တခုအရေးကြီးတာနဲ့ သူ့ကို ထားရစ်ပြီး ထွက်ခဲ့ရောဆိုပါ တော့။

စာမေးပွဲဖြေရမဲ့နေ့လည်းရောက်ရော ကျနော့်မှာ ရင်တမမနဲ့ ကိုကျော်ဇောကို မနက်အစောကြီးထ ဖုန်းဆက် ၊ အဖေ့တပည့်ကျော် ကိုမောင်မြင့်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြည့်ရှုစောင်မပါလို့ အထပ်ထပ်ပြော၊ ကိုကျော်ဇော ကလည်း ခင်ဗျား ပူစရာမဟုတ်တာ မပူနဲ့တဲ့။ သူကြည့်ကျက်လုပ်လိုက်မယ် ဆိုသဗျ။မကြာပါဘူးဗျာ။ စာမေးပွဲဖြေချိန်စလို့ ဆယ့်ငါးမိနစ်လောက်မှာ ကိုကျော်ဇောက ထိတ်ထိတ်ပြာပြာအသံနဲ့ ဖုန်းဆက်လာ ပါလေရော။ “ဟေ့လူ၊ ကိုသက်ခိုင် ။ ခင်ဗျားလူကတော့ စံပါပဲဗျာ၊ “ဒီမှာ ရှုပ်ကုန်ပြီ” တဲ့။ “ဘာများဖြစ်သတုန်း ဗျာ”လို့လည်း မေးလိုက်ရော ခင်ဗျားလူက “စာမရေးတတ်ဘူး”တဲ့ ဗျား။ကျနော်လည်း “ဗျာ” လို့ လန့်အော်ရင်း “နေပါဦး၊မေးခွန်းကိုရော သူဖတ် တတ်သလား” ဆိုတော့ “ဒါလည်း သိပ်မသေချာဘူး” တဲ့။ကောင်းကြရော ပေါ့ဗျာ။ စာတလုံးမှ မရေးတတ် မဖတ်တတ်ပဲ အလုပ်သမားကြီးကြပ်ရေးမှူးရာထူး ဘယ်လိုလုပ်ပေးလို့ ရပါ့မလဲ။ သတ္တဝါမှန်သမျှ ကံစီမံရာအတိုင်းသာ ဖြစ်ကြလေကုန်၏လို့သာ သဘောပိုက်ရင်း ကိုမောင်မြင့် အရေးတော်ပုံကို လက်လျှော့လိုက်ရတာပါပဲ”

ထုံးစံအတိုင်း အခွင့်ကြုံလျှင် ပုံတိုပတ်စ၊ဇာတ်လမ်းလေးများနှင့် ဖွင့်ဆိုရှင်းပြလေ့ရှိသော ကိုသက်ခိုင်ကို ကျနော် ခေါင်းတငြိမ့်ငြိမ့်နှင့်ကြည့်ရင်း ရီချင်စိတ်ပေါ်လာသည်နှင့် အရွှန်းဖောက် လိုက်သည်။

“ဒါများဗျာ။ ခင်ဗျားလေ့ကျင့်ထားတဲ့ သမထနည်းတွေနဲ့ မန်းမှုတ်လိုက်ရင် ပြီးနိုင်တာပဲဥစ္စာ”

“အော် ၊ ခင်ဗျားက သမထဆိုလို့ ကျနော်လူတယောက်ကို စိတ်ညှို့ကြည့်ဖူးတယ်ဗျ”

“ဟုတ်လား။ ခင်ဗျားက စိတ်ညို့တာတွေ ဘာတွေတတ်နေပြီလား။ဘယ်လောက်တောင် စွမ်းနေပြီလဲဗျာ။ လုပ်ပါ အုံး”

“ကျနော်က အတည်ပြောနေတာ ခင်ဗျားက ရွှတ်နောက်နောက်ချည်း စွတ်လုပ်နေပြန်ပြီ ။အဲဒီ စိတ် ညှို့တဲ့ကိစ္စက ကျနော့်ရဲ့ ဖြစ်ပျက်ရှာပုံတော်ခရီးစဉ်မှာ ကြုံခဲ့တဲ့ အဖြစ်အပျက်တခုပဲဗျာ။ ဘာအကျိုး စီးပွားမှ ကျနော့် အတွက် မပါပါဘူး။ စမ်းသပ်တဲ့သဘောဆိုပါတော့”

“ကဲ ဒါဆိုလည်း အလုံးစုံရှင်းအောင် လင်းပါဦး ဇာတ်ဆရာ”

ဤသို့လျှင် ကိုသက်ခိုင်သည် ထိုစဉ်ကာလက ကျနော်တို့ကွန်းခိုရာ ရဲဘက်စခန်းမှ သူ၏ တဲနန်းတွင် စိတ်ညှို့ခဲ့ဖူး သည့်အကြောင်းခြင်းရာကို အောက်ပါအတိုင်း ဆိုခဲ့ပါ၏။

“ရဲဘက်စခန်းတို့ထောင်တို့မှာ အမြဲတမ်းသုံးနေကျ လက်သုံးစကားတခု ရှိတယ်မဟုတ်လား။ ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူးဆိုတာလေ။ဒီစကားက ရုတ်တရက် နားထောင်မိရင်ဘာမှ မဟုတ်သလို ထင်ရပေမဲ့ သေချာတွေးလေ ၊ အဓိပ္ပါယ်လေးနက်လေပဲဗျာ။ခင်ဗျားသေချာစဉ်းစားကြည့်။ ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူး။ ခင်ဗျားက ဘာမှ မဖြစ်အောင် ဘယ်လိုစီမံနိုင်သလဲ။ တခုခုဖြစ်လာရင် ဘယ်အရာမျိုးမဆို ခင်ဗျား ခံစားနိုင်ဖို့ အဆင်သင့်ဖြစ်ရဲ့လား။ဆိုလိုရင်းကတော့ ကျနော်တို့ရောက် နေတဲ့နေရာဒေသဟာ ဘာအာမခံချက်မှ မရှိဘူး ဆိုတဲ့ သဘောပါပဲ။ လောကကြီးမှာလဲ ထို့နည်း လည်းကောင်းပါပဲ”

“အခု ကျနော်တို့ရဲဘက်စခန်းကနေ ရဲဘက်အကျဉ်းသားတွေ အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ ညှိပြီး အပြင်ကို ထွက်တယ်ဆိုတဲ့ ကိစ္စဟာ အဲဒီ ဘာမှမဖြစ်ရင် ဘာမှ မဖြစ်ဘူးဆိုတဲ့ခေါင်းစဉ်အောက်မှာ ပါတယ်ဗျ”

“ခင်ဗျားကို ကျနော်တခါပြောဖူးတဲ့ ဗိုလ်မှူးမျိုးဆွေကို မှတ်မိတယ်မဟုတ်လား။ မှောင်ခိုစက်လှေ ဖမ်းမိပြီး လူသတ်မှုတွေ ဖြစ်ကုန်တဲ့ကိစ္စလေ။ အဲဒီကိုမျိုးဆွေက ရဲဘက်ရောက်လာပြီး ကိုယ်ပိုင် တဲထိုးနေတယ်။ ဒီလိုနေနိုင်တာဟာ သူစစ်တပ်ထဲတုန်းက ပတ်သက်ခဲ့တဲ့ သူ့အထက်အရာရှိတွေရဲ့မျက်နှာ၊သူ့စည်းစိမ်ဥစ္စာတွေနဲ့ လည်း ဆိုင်သပေါ့ဗျာ။အဲသလိုနေနိုင်တော့လည်း ရံဖန်ရံခါ ရဲဘက်ဝန်ဝမ်းတွေနဲ့ ညှိနိုင်းပြီး စခန်းအပြင် ထွက် တာ ၊ရန်ကုန်ဖက်ပြန်တာ ရှိတယ်ဆိုပါတော့”

တနေဗျာ။ဗိုလ်မှူးမျိုးဆွေ ရဲဘက်စခန်းက ထွက်ပြီးသူအိမ်သူပြန်သွားတဲ့အချိန် ရုံးချုပ်က ညွှန်မှူးတွေဆင်း လာပြီး လူတန်းစီစစ်လိုက်တာကိုမျိုးဆွေ အပြင်ထွက်တဲ့ကိစ္စ ပေါ်သွားပါလေရော။အဲဒီမှာ မိုးမီးလောင်တော့ တာပဲ။ကိုမျိုးဆွေလည်း ပြန်ရောက်ရော ချက်ချင်းတန်းစီကြဆိုပြီး နေ့လည်ဘက်ကြီး အရေးပေါ် တန်းစီရပါလေ ရော။ထောင်ပိုင်ကြီးက ဦးကျော်သင်း လေ။စစ်တပ် ကဗိုလ်ကြီးဘဝနဲ့လာပြီး အကျဉ်းဦးစီးမှာ ထောင်ပိုင် လာဖြစ်နေတာဗျ”

“ကျနော်တို့လည်း မိုးတဖွဲဖွဲကြားမှာ တန်းစီမဲ့အဆောင်ရှိရာကို အပြေးအလွှားသွားပြီး တန်းစီကြရတာပေါ့။ ရေတစွတ်စွတ်ကြားထဲမှာ ကျုပ်ဖိနပ်က အသစ်ဖြစ်နေလို့ ဖိနပ်ချွတ်ပြီး ရေတောထဲသွားရတာတောင် အမှတ်ရ နေသေးဗျာ”

တန်းစီလိုလူလည်းစုံရော ထောင်ပိုင်ကြီးဟာ ဒေါသအကြီးအကျယ်ထွက်နေပြီး ပွဲက သိပ်ကြမ်းတော့ မလိုဖြစ် လာတယ်။ကိုမျိုးဆွေကို အင်းစိန်ထောင်ကိုပြန်ပိုဘို။ချက်ခြင်း ခြေချင်းခတ်ဘို။ တိုက် ပိတ်အောင် စာရေးဘို့စတဲ့စကားသံတွေ ထွက်လာတယ်။အဲဒီ အချိန်မှာ ကိုမျိုးဆွေက ကျုပ်ဘေးမှာ ထိုင်နေတာဗျ။မျက်နှာပျက်နေ လိုက်တာများဗျာ။စစ်သားဗိုလ်မှူးဆိုတာတောင် ယုံနိုင်စရာမရှိဘူး။ အဲဒီတုန်းက ကျနော်က အိပ်လည်းမှတ် စားလည်းမှတ် ထိုင်လည်းမှတ် ဘယ်နေရာ ဘယ်ပုံစံမဆို မှတ်နေတဲ့အချိန်ဗျ။ ကုန်ကုန်ပြောရင် ရေချိုးရင်း ၊ရေအိမ်ဝင်ရင်းတောင် ကျနော် အမှတ် မပျက်ဘူး ဆိုပါတော့”

ထုံးစံအတိုင်း တန်းစီတုန်းလဲ မှတ်နေဆဲပဲ။အဲဒီအချိန်မှာ ကျနော်သတိထားမိတာက ကျနော့်ရဲ့ နှာသီးဖျားမှာ လေထုဝန်းတခုပေါ်နေတာပဲဗျ။အဲဒီလေထုဝန်းဟာ ကျနော့် ခေါင်းရဲ့ ပတ်ချာလည်မှာ သိသိသာသာ လည်နေ တယ်”

“ထောင်ပိုင်ကြိမ်းတာမောင်းတာနဲ့ ကိုမျိုးဆွေခံစားနေရတာကို ကြည့်နေရင်း ကျနော့်စိတ်ထဲမှာ သူကို သနားလာတယ်။ငါလေ့ကျင့်နေတဲအလုပ်နဲကိုမျိုးဆွေကို ကူညီလိုများရမလားမသိဘူး။ စမ်းကြည်အုံးမယ်လို့ ရုတ်တရက်စိတ်ကူးပေါ်လာပြီးမှတ်နေရက်က ထောင်ပိုင်ကြီးကို သေချာ လှမ်းကြည့် လိုက်တယ်။ ကျုပ်နှာသီးဖျားက လေထု အဝန်းကို တဖြည်းဖြည်း ကျယ်ဝန်းလာအောင် ချဲ့လိုက်တယ်။ချက်ချင်းပဲဗျာ။ လေထုစက်ဝန်းဟာ သားရေကြိုးကြီးတပင်လို အဝန်းကြီးသထက် ကြီးကြီးလာတယ်။ထောင်ပိုင်ကြီးရှိတဲပေသုံး လေးဆယ်လောက်အကွာ အဝေးကို လေးငါးမိနစ် အတွင်းမှာ ရောက်သွားတယ်။ ထူးဆန်းတာက အဲဒီ လေထုဝန်းဟာ ကျနော့်စိတ်ထဲက အမိန့်ပေးသလို လိုက်ပြီး လှုပ်ရှားနေတဲ့အချက်ပဲ။ ကျနော်က စိတ်ထဲကနေ အဲဒီလေထုဝန်းနဲ့ ထောင်ပိုင်ကြီး ကို ပတ်လိုက်တယ်။

ထောင်ပိုင်ကြီးကို ကျုပ်နှာသီးဖျားမှာ မြစ်ဖျားခံနေတဲလေထုစက်ဝန်းနဲ့သုံးလေးပါတ်လောက် ပတ်မိသွားတဲ့အခါ ကျုပ်စိတ်ထဲက ထောင်ပိုင်ကြီးရယ် တော်ပါတော့။ ကျေနပ်လိုက်ပါတော့။

တဖက်လူလည်း တော်တော် စိုးရိမ်ကြောက်လန်နေပါပြီ။ တော်ပါတော့။ ရပ်ပါတော့ ။ရပ်ပါဗျာရပ်ပါ လိုသုံးကြိမ်လောက် မေတ္တာမပျက် စိတ်ထဲကနေ ရွတ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ထောင်ပိုင်ကြီးကို ခင်ဗျား ကျနော့်စကားကို နားထောင်ပါ၊ နားထောင်ကိုထောင်ရမယ်။ ကျနော် ပြောတဲ့အတိုင်း ခင်ဗျား လုပ်ပါ ဆိုပြီး စိတ်ထဲကနေ အမိန့်ပေးသလို စိတ်ကို လေးးငါးကြိမ်ညွှတ် လိုက်ရောဆိုပါတော့။

ပြောရင် ယုံနိုင်စရာမရှိဘူးဗျာ။ကျနော်စိတ်ညှို့နေတဲ့ ငါးမိနစ်လောက်အတွင်းမှာ ထောင်ပိုင်ကြီးဟာတဖြည်း ဖြည်း ဒေါသလျော့လာတာ၊ သိသိသာသာ အသံပြောင်းသွားတာ တွေ့ရတယ်ဗျ။နောက်ဆုံး ဘာမှဆက် မပြောတော့ပဲ ပြောလက်စဧရာမ ခြိမ်းလုံးခြောက်လုံးတွေနိဒါန်းတွေကို ရပ်ပြီး သူ့ ရုံးခန်းဖက်ကို ရုတ်တရက်ပြန်ချသွားပါလေရော။ ဘေးက ထောင်မှူးတွေကလည်အူကြောင်ကြောင်ဖြစ်ပြီး သူနောက်က သုတ်သီး သုတ်ပြာလိုက်သွားကြရော။အမှန်အတိုင်း ဝန်ခံရရင် အဲဒီနေ့ က အဖြစ်အပျက်အတွက် ထောင်မှူးတွေ တခြား ရဲဘက်တွေ အံ့သြတာထက် ကျနော့်ကိုယ် ကျနော်အံ့သြမိတာက ပိုပါလိမ့်မယ်။ ဒါနဲ့ ပတ်သက်လို့ ကျနော် ကျေနပ်အားရ ဝမ်းမြောက်ခြင်း လည်း မရှိခဲ့တာ အမှန်ပါ”

“တရားထိုင်တဲ့အခါ တွေ့ရကြုံရတတ်တဲ့ အကြောင်းအရာတွေကတော့ ပြောမဆုံးပေါင် တောသုံး တောင်ပါပဲဗျာ။ ကျနော့်ကိုယ်တွေ့အရဆိုရင် ကျနော်လေ့ကျင့်ခန်းလုပ်လို့ သုံးလလောက် အကြာ မှာ ကျနော့်ဘဝတလျှောက်လုံး တွေ့ကြုံခဲ့ရတဲ့အဖြစ်တွေ၊ ကျနော်ဖတ်ခဲ့တဲ့စာတွေ၊ လူနာမည် တွေ၊နေရာဒေသတွေ၊ အကြောင်းအရာတွေဟာ အသေးစိတ်ခေါင်းထဲမှာ ပြန်ပေါ်လာတယ်ဗျာ။

ရှေးဟောင်းနှောင်းဖြစ်တွေသိတဲ့ဥာဏ်ပေါ်လာတယ်ဆိုပါတော့။ မှတ်မှတ်ရရပြောရရင် ကျနော် အပျော်အပါး ခုံမင်နေစဉ်ကာလက အရက်ဆိုင်တခုမှာ စကားလက်ဆုံကျရင်း အစ္စရေးလူမျိုး စိတ် စွမ်းအားပိုင်ရှင်တယောက်ရဲ့ နာမည်ကို သိလျက်နဲ့ ရုတ်တရက်စဉ်းစားမရတာကြောင့် အရက် သောက်တာကို ရပ်ပြီး တနာရီနီးပါး ငြိမ်ပြီး စဉ်းစားမှ “ယူရီဂဲလာ” ဆိုတဲ့ နာမည်ပြန်ပေါ်လာတယ်။

အခုဆို နာမည်တခုကို စဉ်းစားလိုက်ရင် ချက်ချင်း ရုတ်ခြည်းပြန်ပေါ်လာနေတယ်ဗျ။ ဥပမာ စပိန် ကဗျာဆရာ ရာမွန်ဂျင်မနဲ့ တို့၊ သူ့မြည်းကလေး ပလေထရိုတို့လို နာမည်မျိုး ဆိုပါတော့၊ ဒီအလုပ် ဟာ ဥာဏ်ပိုကောင်းစေတဲ့ အလုပ်ဆိုတာတော့ သေချာတဲ့အချက်ပဲဗျ၊အမှန်က ရှုပ်ထွေးမှုတွေကြား ကနေ တဖြည်းဖြည်း လွတ်မြောက်လာ တဲ့သဘောပါပဲ။သာမန်အားထုတ်တာနဲ့ အပြင်းအထန် အားထုတ်တာတော့ ကွဲပြားမှုရှိနိုင် ပါတယ်။ ဒီကျင့်ကြံမှု ဟာ စံနစ်တကျ နည်းမှန်လမ်းမှန် ကျင့်ကြံ နိုင်ရင်ဈန်အဘိဥာဉ်တောင် ရနိုင်တယ်လို့ ကျမ်းဂန်တွေမှာ ဆိုတာ ကလား”

“ခင်ဗျားလည်း ကျနော့်တရားနာရတာ ပျင်းလောက်ရော့မယ်။ ရော့၊ တရားအတွေ့အကြုံ အထူး အဆန်းတွေကို ဆက်ပြီး သိချင်သေးသပဆိုရင် ဒါတွေကိုဖတ်ကြည့်ပေတော့။ထူးဆန်းအံ့သြစရာ တွေ ကြုံခဲ့သူတွေထဲမှာ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ပန်းချီကျော်ဦးငွေကိုင်တို့လို အထင်ကရ ပုဂ္ဂိုလ်တွေတောင် ပါပါ့ဗျာ။ မချန်ဆိုတဲ့အမျိုးသမီးဆိုရင် သစ်ပင်တွေနံရံတွေကိုတောင် ထွင်းဖောက်ပြီး မြင်ရသတဲ့။ လူအများစုကတော့ အထူးအဆန်းဆိုရင် ချက်ချင်းနားရွက်ထောင်လာတတ်တာ ထုံးစံပါပဲ။ခင်ဗျားလည်း ဘာသားနဲ့ထုထားတာ မှတ် လို့”

ပြောပြောဆိုဆို ကိုသက်ခိုင် ကမ်းပေးသည့်စာအုပ်မှာဓမ္မာစရိယ ဦးဌေးလှိုင်၏ အနာဂါမ် ဆရာသက်ကြီး ၊သူ့ဘဝ သူ့တရားနှင့် သူ့ကျေးဇူးအမည်ရှိ စာအုပ်ဖြစ်ပြီး စာမျက်နှာ -၉၉ တွင် အောက်ပါအတိုင်း ရေးသား ဖော်ပြထားသည်ကို ဖတ်ရှုခဲ့ရပါသည်။

ကိုယ်တွေ့တရားအဖြစ်ဆန်းများ

တရားအားထုတ်၍ ရသော အကျိုးကို လောကဝေါဟာရနှင့် ပြောသော် အမျိုးမဆုံးချေ။ ဆရာကြီးထံ၌ တရားအားထုတ်ကြသော ယောဂီတို့ အတွေ့အကြုံဆန်းများကို တွေ့မြင်ရသောအခါ “သြော်… တရားထိုင်ရတာဒီလိုလဲဖြစ်တတ်သကိုး “ဟု အံ့သြကြလေသည်။

၁။ အချို့လယ်သမားများ မြွေကိုက်ခံရရာ အာနာပါနကိုသာ တွင်တွင်ကြီးရှုမှတ်၍ မြွေဆိပ်များ အံ့သြ လောက်အောင် ပြေပျောက်ခြင်း၊

၂။ သိသိသာသာ စီးပွားလာဘ်လာဘတိုးတက်ခြင်း၊

၃။ သွက်ချာပါဒ၊ ပန်းနာ(တီဘီ) စသော ထာဝရရောဂါများနှင့် တဒင်္ဂရောဂါများ ထူးဆန်းစွာပျောက်ကင်းကြခြင်း၊

၎။ ခန္ဓာကိုယ်တွင်းမှ ထူးဆန်းသော ရောဂါမျိုးစေ့များ ပြုတ်ကျခြင်း၊

၅။ တစ်စုံတစ်ခုသော အသက်ဘေးရန် အန္တရာယ်များနှင့် ကြုံသောအခါ အံ့သြ လောက်အောင် လွတ်မြောက်ခြင်း စသည်တို့ ဖြစ်ကုန်၏။

ပန်းချီကျော် ဦးငွေကိုင်

ဤ၌ အလင်္ကာကျော်စွာ နာမည်ကျော် ပန်းချီဆရာကြီးဦးငွေကိုင်အကြောင်းအနည်းငယ်ဖော်ပြ ဦးအံ့။ဂျပန်ခေတ် တစ်နေ့သောအခါ ပန်းချီဦးငွေကိုင်သည် ဆရာကြီးထံ ရောက်လာ၏။ ယခင်က ပျော်ဘွယ်ကြီး ရွာအနီး နတ်စင်ကုန်းရွာ၌ နေထိုင်ခဲ့သည်။

“ဆရာကြီးခင်ဗျား၊ ကျနော် ဒီနေ့ပဲ ရန်ကုန်က ကူးလာတာပါ၊ ဆရာကြီး ကျေးဇူးကြီးလွန်းလို့ ကန်တော့ချင်တာနဲ့

လာခဲ့တာပါ”ဟု ဆိုကာ သူ၏ အတွေ့အကြုံများကို ဝမ်းသာအားရ ပြောပြသည်။ဦးငွေကိုင်မှာ ဂျပန်တပ်များ မဝင်

မီကလေးပင် အင်္ဂလိပ်အစိုးရက ဖမ်းဆီးပြီး ရှမ်းပြည်ထောင်တစ်ခု၌ ချုပ်နှောင်ထား၏။ အခြားတရားခံများလည်း

ရှိနေကြသည်။ထောင်ထဲ၌ပင် ဗုံးခိုကျင်းများ တူးစေ၍ တစ်ကျင်းလျှင် တရားခံငါးဦးကျ ပုန်းခိုကြရ၏။

တစ်နေ့သောအခါ ဗုံးကြဲလေယာဉ် လာကြောင်း အချက်ပေး၍ ဦးငွေကိုင်နှင့် တရားခံငါးဦး ဗုံးကျင်းတစ်ခုထဲမှာ

အတူပုန်းအောင်း ကြရာအန္တရာယ်ပို၍ နီးကပ်ကြောင်း သတိပြုမိသဖြင့် ဦးငွေကိုင်မှာ အာနာပါနကိုသာ အားကိုး

ရာပြု၍ ရှုမှတ်နေသည်။ဗုံးမှာ ထောင်ပေါ်တည့်တည့်ကြီးပင် ကျလာရာ ထောင်ကြီးတစ်ခုလုံး နံရံပွင့်ကာ မီးဟုန်း

ဟုန်းတောက်နေ၏။ လူများလည်း အတုံးအရုံး သေကြေကုန် ကြသည်။ လေယာဉ်ပျံများ ပြန်လှည့်သွားသောအခါ

အတူပုန်းခိုနေသူလေးဦးမှာ အစအနမျှသာ တွေ့ရတော့သဖြင့် ဦးငွေကိုင်သည် ရှမ်းပြည်မှ ရန်ကုန်သို့ ထွက်ပြေး

လာ လေ တော့သည်။

“ဆရာကြီး ၊ ကျွန်တော်လဲ ဆရာကြီးသင်ပြပေးတဲ့ ဒီတရား အားကိုးသာ မရှိရင် သည့်ပြင်လူတွေလိုပဲ ဒီတချီတော့

ဘယ်လိုမှ လွတ်မှာမဟုတ်ပါဘူး၊ ဆရာကြီးကျေးဇူးနှင့်တရားတော်ရဲ့ ကျေးဇူးကိုပြောချင်လွန်းလို့ ဒီကို တောက်

လျှောက် လာကန်တော့တာပါ ဆရာကြီး”

နာမည်ကျော် ပန်းချီဆရာကြီး ဦးငွေကိုင်မှာ ရာသက်ပန် အာနာပါနတရားကို အားထုတ်သွားသူ ဆရာကြီး၏

တပည့် တဦးဖြစ်၏။

ဦးနု၏ ဖခင်ကြီး ဦးစံထွန်း

တစ်ခါက ဆရာကြီးထံသို့ (နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးနု ၊ဦးဘခင်နှင့် မြန်မာ့အလင်း ဦးတင်၊ဆာ-ဦးသွင် စသော ရန်ကုန် မြို့ပေါ်ရှိ မြို့မျက်နှာဖုံး လူကုံထံ ပုဂ္ဂိုလ်များပင် လာရောက် နည်းခံ အားထုတ်ကြသည်။

တစ်နေ့သောအခါ ဝါးခယ်မမှ ဦးနု၏ဖခင် ဦးစံထွန်းလည်း ဆရာကြီး၏ ဓမ္မာရုံသို့ လာရောက်အားထုတ် နေ သည်။သို့ရာတွင် ဦးစံထွန်းမှာ အသက်အရွယ်လည်း ကြီးသည့်အပြင် သွက်ချာပါဒ ရောဂါနှင့် နှလုံးရောဂါကြီး စွဲကပ်နေသူဖြစ်၍ လမ်းပင် ကောင်းစွာမလျှောက်နိုင်။ပါရမီဖြစ် ကုသိုလ်အထုံပါရုံ သဘောထား၍သာအားထုတ် ရရှာ၏။

ဆရာကြီးသည် ဦးစံထွန်းအား ထူးထူးခြားခြား တရားပေးသည်ကို တွေ့ရ၏။ အာနာပါနမျှသာ မဟုတ်ဘဲ ထိုင်နေ သော အခါ သြဒါတကသိုဏ်း(အဖြူ ဝိုင်းဝိုင်း) ခွက်ငယ်ကို ရှေ့ တွင်ချထား၍ရှုစေသည်။ လမ်းလျှောက်သောအခါ တွင်မှ အများနည်းတူ ထွက်လေ ဝင်လေကို ရှုမှတ်စေ၏။

ဦးစံထွန်း၏ ရောဂါမှာတစ်ပတ်အတွင်း၌ပင် တစ်စတစ်စ သက်သာလာရာမှ လုံးဝပျောက်ကင်းသွားသဖြင့် ပါရမီဖြစ် ကုသိုလ်ရရုံမျှသာမက ရုပ်နာမ် ဓမ္မကိုပင် ကောင်းစွာ သိမြင်သွားကာ ဦးစံထွန်းမှာ အတိုင်းမသိ ဝမ်းသာသွားခဲ့သည်။ဦးစံထွန်းလည်း ဓမ္မာရုံ၌ပင် တစ်နှစ်နီးပါး အားထုတ်သွား၏။

………………………………

အမြင်သန်သူ” မချန် “

တစ်နေ့သောအခါ ဓမ္မာရုံသို့ တရားအားထုတ်ရန် လူသစ် နှစ်ဆယ်ခန့်ရောက်လာကြရာ ထိုတွင် မချန်ခေါ်သောအမျိုးသမီးတစ်ဦးလည်း ပါလာ၏။

မချန်မှာ တရားထိုင်၍ သုံးလေးရက်အရ အရူးကဲ့သို့ ဓမ္မာရုံပေါ်၌ အော်ဟစ်၍ လျှောက်ပြီး ပြေးလွှား နေ၏။ ရံခါ ခေါင်းမထူနိုင်အောင်ပင် အော့အန်ဝမ်းသွားနေ၏။ ပူလောင်နေဟန်ဖြင့် နေမထိ ထိုင်မထိ လူးလှိမ့်၍လည်း နေရ ရှာ၏။ ထိုအခါ တရားစောင့်ဆရာ ဦးအောင်မြတ်(မုံရွာ-ဘုတလင် မြို့နယ် ဝက်လူးအိုင် ဇာတိ)က ဆရာကြီးရှိရာ အိမ်သို့ လာရောက်အကြောင်းကြားသည်။

မကြာမီ ဓမ္မာရုံသို့ ဆရာကြီး ရောက်လာပြီး မချန်အား အကျိုးအကြောင်း စိစစ်မေးမြန်းသည်။

“ ဆရာကြီး ၊ ကျွန်မတော့ သေရပါလိမ့်မယ်၊ ထွက်ပြေးဖို့ အပေါက်ရှာတော့လဲ မတွေ့ဘူး၊ ကျွန်မကို ကယ်ပါ ဆရာကြီး ၊အိမ်ပြန်ပါရစေ၊ အိမ်မှာ ပြန်ပြီး သေပါရစေ”

ဓမ္မာရုံ၌ ကာထားသော အဝတ်လိုက်ကာများမှာ တံတိုင်းကြီးများသဖွယ် စိတ်ထဲ၌ ထင်နေကြောင်းကိုပါ မချန်က ပြောပြ၏။ သူ၏ ခင်ပွန်းနှင့်ဆွေမျိုးများပါ ရောက်နေကြသည်။ အဖြစ်ဆန်းကို ကြားရလျှင် လူအများ မဝေခွဲနိုင်ဘဲ သို့လော သို့လော ဖြစ်နေကြ၏။ ပယောဂဆရာ ခေါ်ရကောင်းနိုးနိုး မဝေခွဲနိုင်ကြပေ။

“ဒီဆင်းရဲနဲ့ ငရဲက လွတ်မြောက်ဖို့ရာ တရားလာအားထုတ်တာ မဟုတ်လား၊ ပြန်လိုက ပြန်နိုင်ပါ တယ်၊ ဒါပေမယ့် တရားကိုမှ မိမိရရ မသိရသေးဘဲနဲ့ပြန်သွားရင် တစ်သံသရာလုံးက ပါလာတဲ့ ဒီဒုက္ခတွေက လွတ်မှာ မဟုတ်ဘူး”

“ဒီလိုဖြစ်ရတာလဲ ဘယ်သူကမှ လုပ်တာမဟုတ်ဘူး၊ ဘယ်သူမပြု ကိုယ့်အမှုတွေပဲ၊ တရားအားထုတ်လို့ ရူးဖို့ ရောဂါဖြစ်ဖို့ မဆိုထားနဲ့ ၊ ရှိတဲ့ အရူးရောဂါတွေတောင် ပျောက်စေနိုင်တယ်၊ လောကကြီးထဲမှာ နေကြတဲ့ သတ္တဝါ တွေမှာ ဒုက္ခရောက်စေတတ်တဲ့ ယုတ်ညံ့တဲ့ အတတ်ပညာတွေလဲရှိတယ်၊ ဒီအကုသိုလ်တွေ အားလုံးကို အမြစ်ပြတ် ပျောက်ကင်းစေနိုင်တာကတာ့ ဘုရားရှင်ရဲ့ သတိပဋ္ဌာန် တရားဆေးတော်ကြီးကလွဲလို့ တခြားမရှိဘူး၊ ကြိုးစားသည်းခံပြီး တရားဆက်မှတ်ရင် ကောင်း တယ်၊ သူ့သဘော သူဆောင်ပြီး သူ့ရောဂါလဲ အရှိန်ကုန်တော့ ရပ်သွားလိမ့်မယ်၊ ဘယ်ဆရာ ဘယ်ဆေးနှင့်ကုလို့မှ ပျောက်မှာ မဟုတ်ဘူး၊ ဒီတရားကိုသာ ကြိုးစားလုပ်”

“ဆရာကြီး၊ကျမကို စောင့်ရှောက်ပါ၊ သေချင်လဲ သေပါစေ၊ ကျွန်မ အားထုတ်ပါ့မယ်”

မချန်လည်း သူ့ဘာသာ ဝန်ခံ၍ ဆက်လက်အားထုတ်လေသည်။ ထိုနေ့ည၌ပင် အကြိမ်ပေါင်းများစွာ အော့အန် ဝမ်းသွားရာ အနံ့များ အလွန်ဆိုးရွားလှ၏။ လူမှာမူ ဝမ်းသွားသလောက် ဒုက္ခမခံရဘဲ ပို၍ ချမ်းသာလာသည် ကိုသာ တွေ့ကြရ၏။ ဆရာကြီးက ဘုရားအာရုံပြုရန်နှင့် မေတ္တာပို့ အမျှဝေ ပေးရန် အထူးညွှန်ကြားပေးသည်။

မချန်မှာ နောက်တစ်ရက် နံနက်ပိုင်းမှ စ၍ ထွက်လေ ဝင်လေ ရှုမှတ်ရင်း အလင်းရောင်ကို တွေ့မြင် ရာမှအစ ပတ်ဝန်းကျင်ရှိ သစ်ပင် နံရံ စသည်တို့ကို ထွင်းဖောက်မြင်နေရ၏။ တရားထိုင်နေရင်း ရပ်ထဲရွာထဲမှ လူအများ ချက်ပြုတ်လုပ်ကိုင်နေပုံများကို မြင်နေတော့သည်။

“ဒါတွေကို လိုက်ကြည့်မနေနဲ့၊ နှာဖျားမှာ သတိကပ်ထား၊ ကိုယ့်အလုပ် ကိုယ်လုပ်ပါ”ဟု ဆရာကြီး က အမိန့်ရှိရာ မကြာမီ ရုပ်နာမ် လက္ခဏာများကို ထိုးထွင်းသိမြင်လာ၏။ ၁၅ ရက်မျှ ဓမ္မာရုံ၌ နေပြီး နောက် ရာသက်ပန် တရားဖြင့် နေသွားတော့သည်။

“သမာဓိအစွမ်းကြောင့် အဲသလို ထွင်းဖောက်မြင်တဲ့အခါမှာ မြင်မြင်သမျှ အပေါ်မှာ ကိလေသာ ကင်းစင်ပြီး သံဝေဂစိတ်တွေဝင်မှ ကောင်းတယ်၊ ဒီလိုမဟုတ်ဘဲ လောဘ ဒေါသ မာနတွေမလျော့ တဲ့အပြင် တိုးလာတယ် ဆိုရင်တော့ မမြင်ဘဲနေရတာက ကောင်းတယ်”

“ဒေဝဒတ်ရဲ့ အဘိညာဉ်တန်ခိုးဟာ ဘုရားကို ပြစ်မှားတဲ့ အကုသိုလ်ကံကြီးကိုတောင် မပိတ်ပင်နိုင်ဘူး၊ သူ့မှာ အင်မတန် ဟုတ်နေတာပေါ့။ဒါပေမယ့် သူ့မှာ အပြစ်ပိုလေးဖို့ ဖြစ်နေတာပေါ့၊ အကုသိုလ်ဟာလဲ အကျိုးပေးရ အောင်ဟာ အင်အားမပြည့်မချင်း ဆည်းပူးစုဆောင်းရတာပဲ။ ဒါကြောင့် တန်ခိုးသတ္တိကိုရတာ ဝမ်းမသာနဲ့၊ ကိလေသာ အပူကင်းဝေးပြီး ငြိမ်းအေးမှု ရတာကိုသာ ဝမ်းမြောက်ရမယ်”

မချန်နှင့်စပ်၍ ယောဂီများအား ဆရာကြီးက ဆုံးမသြဝါဒစကား မိန့်ကြားလေသည်။ ကံကောင်းသူ များအတွက် တရားအားထုတ်ခြင်းဖြင့် လောကီအတတ်ဖြင့် ရအပ်သော ယုတ်ညံ့သည့် တန်ခိုးဗီဇများကိုပါ ပျက်ပြယ်စေနိုင် ပုံကိုလည်း ထောက်ပြသည်။

ပျော်ဘွယ်ရွာအနီး ရွာတစ်ရွာ၌ တစ်ညသောအခါ ဆရာကြီး၏ တပည့်များ အိမ်သို့ ဓားပြများ ဝင်ရောက်တိုက် ခိုက်၏။

အိမ်ရှင်အဘိုးကြီးနှင့် အဘွားကြီးမှာ ဘုရားရှေ့၌ ဘုရားဝတ်ပြုအပြီး တရားရှုမှတ်နေခိုက် ဖြစ် သည်။ အိမ်၌ ဧည့်သည်များလည်း ရှိနေကြ၏။ဓားပြလူဆိုးများမှာ စိတ်တိုင်းကျ အိမ်ရှိပစ္စည်းများကို ရှာဖွေယူငင်သွားကြသည်။

အိမ်ရှင်ဖြစ်သော အဘိုးကြီးနှင့် အဘွားကြီးတို့ကို အမိဖမ်းဆီး ဆောင်ယူရန် ကြံရွယ်ကြသော်လည်း အိမ်ရှင် များကို မတွေ့မြင်ကြချေ။ တစ်စုံတစ်ရာလည်း စစ်ဆေးမေးမြန်းခြင်း မပြုတော့ဘဲ ရသမျှပစ္စည်းများကို ယူဆောင် ထွက် သွားကြလေ၏။

တရားထိုင်ရာ ခြင်ထောင်အသီးသီးမှ ထွက်လာကြသောအခါတွင်မှ ဓားပြ အတိုက်ခံရကြောင်း သိကြရသည်။ ဓားပြများ ထွက်သွားပြီးနောက် အိမ်ရှိ ပစ္စည်းများကို စစ်ဆေးကြည့်ကြရာ ပို၍ အံ့အားသင့် ကြရပြန်သည်။

အိမ်ရှင်၏ ပစ္စည်းများတစ်စုံတစ်ခုမျှ ပါမသွားဘဲ ဧည့်သည်များသာလျှင် အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် ကျန်ရှာကြတော့သည်။

……………………………………………..

အနေကောင်း အသေကောင်း

ဆရာကြီးထံ တရားအားထုတ်သူများ ရောဂါအမျိုးမျိုး ပျောက်ကင်းမှုနှင့်စပ်၍ ရေးမှတ်မကုန်အောင် များပြားလှ သကဲ့သို့ ထို့အတူ သေခါနီးကာလတွင် (သုဂတိ နိမိတ်များထင်၍ ) စကားဆန်း ပြောသွားသော ယောဂီများလည်း များပြားလှပေသည်။ သေရမည့်နေ့ရက် အချိန်အခါ ကြိုတင် ပြောသော ယောဂီများလည်း မနည်းချေ။

ဆရာကြီး၏နှမ ဒေါ်ဖွားရင်၏ခင်ပွန်း ဦးဖိုးရွှင် မသေမီ တစ်ရက်ကပင် ရေမိုးချိုးခြင်း၊ အဝတ်အစားသစ် နေရာ ထိုင်ခင်းအသစ် ပြင်ဆင်လဲလှယ်ခိုင်းပြီး မိတ်ဆွေ သားမယားများကိုခေါ်၍ ကာယကံ ဝစီကံ မနောကံ အပြစ် များရှိလျှင် ခွင့်လွှတ်ကြရန်၊ သည်းခံကြရန် တောင်းပန်ပြောဆို လေသည်။ သမီးမချစ်ဆိုင်ကိုလည်း လိမ်လိမ် မာမာ နေရစ်ရန် ဆုံးမစကား ပြောကြားပြီး နောက် -

“နက်ဖြန် မနက်နေထွက်လျှင် သမီးတို့ စကားပြောရမှာ မဟုတ်တော့ဘူး၊ ငါ့အတွက် ငွေကုန် လူပင်ပန်းခံပြီးလဲ ဘာမှ မလုပ်ရစ်ကြနဲ့၊ ကဲ … ကဲ … အခုအချိန်ကစပြီး ဘာမှမပြောမဆို မမေးမြန်းကြ နဲ့တော့ကွယ်၊ ငါ့တရားနှင့်ငါ နေပါရစေ၊ ခြင်ထောင်ချပေး”

ဦးဖိုးရွှင်သည် တစ်ညနေနှင့်တစ်ည တရားနှလုံးသွင်းရင်း အေးဆေးစွာ နေတော့သည်။ နောက် တစ်နေ့ နံနက် ၅ နာရီခန့် ဆန်ပြုတ်တိုက်ကျွေးရန် ခြင်ထောင်ကို ဖွင့်ကြည့်ရာ ကွယ်လွန်နေသည်ကို တွေ့ကြရ၏။ သေခါနီး ကာလတွင် `နတ်ရထား ဆိုက်လာနေပြီ`ဟု ပြောသော ယောဂီများ လည်း မနည်းချေ။

ဆရာကြီး၏ ဓမ္မာရုံကို ဦးစီးပြီး တိုးချဲ့ဆောက်လုပ်သွားသူ လက်သမားဆရာကြီး ဆရာအင်း (၁၂၅၃-၁၃၃၀ ) ကွယ်လွန်သောအခါတွင်လည်း ဦးဖိုးရွှင်ကဲ့သို့ပင် ဇနီးဒေါ်အုံးမေနှင့် သားသမီးများအား ပြောဆိုဆုံးမပြီးမှ ကွယ်လွန်သွားသည်။

ထူးခြားသည်ကား ဆရာအင်းသည် ၄၉ ရက်ကပင် ကြိုတင်၍ မိမိသေရမည့်ရက်ကို ပြောဆိုကွယ်လွန်သွား လေသည်။

…………………………………….

ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၊ အာနာပါနဿတိ အခန်းနိဂုံး၌ -

“အာနာပါန ရှုပွား၍ ရဟန်းကိစ္စ ပြီးမြောက် သူတို့သည် မိမိတို့ သေရမည့်အချိန်ကာလကို အတိ အကျ ကြိုတင်သိမြင်ကြကုန်၏။ အာနာပါနမှ တစ်ပါးသော ကမ္မဋ္ဌာန်းကို ရှုပွားသူတို့ကား သိသည်လည်း ရှိသည်။ မသိသည်လည်း ရှိသည်”ဟု ဖော်ပြထား၏။ ထွက်လေဝင်လေကို ရှုမှတ်သော သတိ၏ စွမ်းအားသည် ထိုမျှ လောက် ကြီးမားလှပေ၏။

စင်စစ်မှာ ရဟန္တာ ပုဂ္ဂိုလ်များသာ မဟုတ်။ သေက္ခ (ကျင့်ကြံဆဲ) အရိယာများနှင့် သမာဓိအား ကောင်းသော ယောဂီများပင် ကြိုတင်သိနိုင်ပုံမှာ ထင်ရှားလှပေသည်။ အဋ္ဌကထာ၌ ရေမိုးချိုး ဝတ်စား ပြင်ဆင်၍ ကိုယ့်ဘာသာ အလောင်းပြင်ထားတတ်ပုံများကို ဝတ္ထုသာဓကနှင့်တကွ ပြဆိုထားရာ လက်တွေ့တွင်လည်း ထိုအတိုင်းပင် တွေ့နေကြရသည်။

သေမင်းကို ရဲတင်းအေးဆေးစွာ ရင်ဆိုင်ရဲရသည်မှာ ဤတရားရှုမှတ်မှုမှ လွဲ၍ အခြားနည်းလမ်း မရှိပါ ပေ။

ဗုဒ္ဓဘာသာဝင်တို့သည် `ဒီတောင်ကတော့ မကျော်နိုင်တော့ဘူး`ဟု ဆိုသည်နှင့် တစ်ပြိုင်နက် ဘာသာတရားဖြင့် သေမင်းကို ရင်ဆိုင်လေ့ရှိကြရာ ရင်ဆိုင်ပုံ ရင်ဆိုင်နည်းမှာ အမျိုးမျိုးရှိကြလေ သည်။

၁။။ မိမိပြုလုပ်ခဲ့သမျှသော ကုသိုလ်ကောင်းမှုများကို အောက်မေ့ခြင်း၊လူနာစောင့်များက သတိ ပေးခြင်း၊

၂။။ ရဟန်းသံဃာ တတ်သိ နားလည်သူများအား တရားစာပေများ ရွတ်ဖတ်စေ၍ နာယူခြင်း၊ အလှူအတန်း ပြုပေးခြင်း၊

၃။။ တရားဘာဝနာ နှလုံးသွင်းခြင်း စသည်ဖြင့် မိမိတို့ နားလည်သလောက် ပြုလုပ်ကြ ပြုလုပ်ပေးကြရ၏။ ဘဝကူး ကောင်းစေရန် `သေခါနီး မိတ်ဆွေကောင်း အရေးကြီးတယ်`ဟု ပင် ပြောစမှတ် ပြုကြသည်။

ဒါန သီလ ထက်သန် လေ့လာသူများက ၁-၂ နည်းကို အသုံးပြု၍ ကိုယ်ပိုင်ဝိပဿနာ ဘာဝနာ, တရား လေ့ကျက် ပွားများလေ့ ရှိသူများကမူ နံပါတ် ၃-နည်းကိုသာ အသုံးပြုကြလေသည်။ အားလုံး အကောင်းချည်းပင် ဖြစ်သော်လည်း သူတစ်ပါးကို အားကိုးနေရသော နည်းထက်`ကိုယ့် အားကိုယ်ကိုးသော နည်းကိုသာ ဘုရား စသော သူတော်ကောင်းများက ကြိုက်နှစ်သက်တော် မူကြသည်။ ပို၍ လွယ်ကူချမ်းသာ အင်အားပါသောကြောင့် ဖြစ်၏။

`တာဝန်ထမ်းဆောင်ရင်း သေသူကိုသာ သူရဲကောင်းအာဇာနည်`အဖြစ် လောက၌ အသိအမှတ် ပြုကြ၏။ လောကုတ္တရာ၌လည်း တရားအလုပ်လုပ်ရင်း သေနိုင်သူကိုသာ `အလုပ်ခွင်၌ သေသူ၊အလုပ်လုပ်ရင်း သေသူ၊ သေသည် အထိ လုပ်နိုင်သူ`ဟု (ဓုရသ္မိံယေဝ ကာလံ ကရောတိ၊ သဂါ ထာဝဂ္ဂသံယုတ်၊ အစ္ဆရာသုတ် အဖွင့်) ၌ ချီးကျူးဂုဏ်ပြု ရလေသည်။

တစ်စုံတစ်ရာ ရောဂါဝေဒနာ ပြင်းထန်လေ၊ သတိ သမာဓိ တိုးပေးရလေ လုပ်ကြရ၏။ ယင်းသို့ `အနေကောင်းမှ အလောင်းလှ` ကြပေလိမ့်မည်။ ယခုကဲ့သို့သော ခေတ်အခါမျိုးကြီး၌ သူတစ်ပါးတို့က ဆွဲကူထူမ၍ပေးမှ ရရှိ သော သုဂတိဘဝလောက်နှင့် အားရကျေနပ်လောက်သည် မဟုတ်ချေ။ တစ်ရံမလပ် သတိချပ်၍ ရှုမှတ် ပွားများကြကုန်ရာ၏။

သေခါနီးမှ လူဖြစ်ရသော အဘွားအို

ဆရာကြီးသည် ရွှေကျင်မြို့သို့ရော်ဘာသူဌေး ဦးဘိုးသင်း၏ ပင့်လျှောက်ချက်အရ ကြွရောက် တရားပေးရာ၌ အနှောင့်အယှက် အခက်အခဲများ အများဆုံး ကြုံတွေ့ရသည်။တစ်နေ့သောအခါ ယောဂီများအား ဆရာကြီး တရားပြနေခိုက် ဓမ္မာရုံပေါ်သို့ ဗလာထမီ(ဝတ်လစ်စားလစ်)နှင့် အဘွားတစ်ဦး ရောက်လာ၏။ ဆရာကြီး ထိုင်နေ ရာနှင့်မနီးမဝေးတွင် အဘွားအိုမှာ လူးလာတုံ့ခေါက် လမ်းလျှောက်နေ၏။ မျက်စိမျက်နှာပြူးကြောင် တင်းမာစွာ ဖြင့် စကားများကို လည်းတဖျစ်တောက်တောက် ပြောဆိုနေတော့ သည်။

“ဘယ်ကောင်လဲဟေ့ …. ဆရာဆိုတဲ့အကောင်၊ ငါနဲ့ တွေ့ချင်လိုက်တာ”

အဘွားအိုက အကြိမ်ကြိမ် မြည်တွန် ပြောဆိုနေသဖြင့် -

ဆရာကြီး။။ ဆရာဆိုတာ ကျွန်တော်ပါပဲ မိခင်။

အဘွားအို။။ အံမယ်၊ နင်က ဘာများတတ်လို့ ကြီးကြီးကျယ်ကျယ် ဆရာတဲ့၊ လူကဖြင့် ပလီ လိုက်တာ ။

ဆရာကြီး။။ ကျွန်တော် ဘာပလီ(လိမ်)လို့လဲ မိခင် ။

အဘွားအို။။ နင့်အမေလဲ မဟုတ်ပဲနဲ့ ငါ့ကို မိခင်လို့ပြောတာ ဒါ နင်ပလီတာပေါ့။

ဆရာကြီး။။ ကျွန်တော် မပလီပါဘူးမိခင်၊ သံသရာဟာ အလွန်ရှည်လျားတဲ့အတွက် သားသမီး မိဘဆွေမျိုး မိတ်ဆွေ မတော်စပ်ဖူး သူရယ်လို့ မရှိပါဘူး၊ အဝိဇ္ဇာ အမှောင်ဖုံးလွှမ်းပြီး မေ့နေကြ လို့သာပါ။

အဘွားအို။။ အေးပါလေ၊နင်က ဘာများတတ်လို့ ဆရာ လုပ်နေတာလဲ၊ နင့်ပညာ ငါ့ပြစမ်း။

ဆရာကြီး။။ မိခင်၊ ကျွန်တော့် ပညာကတော့ ဘုရားပေးတဲ့ သီလ သမာဓိ ပညာပါပဲ၊ ကျွန်တော်ပြရင် မိခင် ကြည့်မလား။

အဘွားအို။။ နင်ပြလို့မှ ငါက ဘာလို့ မကြည့်ရဲရမှာလဲ ၊ပြမှာသာ ပြ၊ အချိန်မရှိတော့ဘူး။

ဆရာကြီး။။ ကျွန်တော်ပြောသလို လုပ်မှ ပြတတ်ပါတယ်၊ မိခင် စမ်းကြည့်ချင်ရင် အကျိုးရှိ သွားပါလိမ့်မယ်၊ မိခင်မှာ အချိန်မရှိတော့တာကို ကျွန်တော်သိတာ ကြာပါပြီ။

အဘွားအို။။ စကားများတယ်ဟယ် …. ပြမှာပြစမ်း၊ အခု ငါ ဘာလုပ်ရမှာလဲ။

ဆရာကြီး။။ ကောင်းပါပြီမိခင်၊ ပထမဆုံး ဘုရားရှေ့မှာ ငါးပါးသီလ ဆောက်တည်ခံယူပြီးရင် ကျွန်တော့် ပညာပြပါ့မယ်။

အဘွားအို။။ (အဘွားအိုသည် တစ်ယောက်ကပေးသော တဘက်ကို ကိုယ်မှာ ပတ်ပြီး ဘုရား ရှစ်ခိုးငါးပါးသီလခံယူ၏။ ပြီးလျှင်)

ကဲ …. ဘာပြမှာလဲ …. ပြ။

ဆရာကြီးကား ပြုံးပြုံးနှင့် နှာဖျားနှာဝ၌ ထွက်လေဝင်လေကို သိမှတ်ရန် ချိုချိုသာသာ ပြောပြနေ၏။

အဘွားအိုလည်း ရုတ်တရက် စိတ်များ ပြောင်းလဲလာကာ အဝတ်အစားများကိုပင် ငှားယူဝတ်ဆင်ပြီးနောက် ယော ဂီများက ရေမိုးချိုးပေးခြင်း၊ အစားအသောက်များ ကျွေးမွေးခြင်း စသည်ဖြင့် ဝိုင်းဝန်း ပြုစုကြသည်။ အဘွား အိုမှာ ရွှေကျင်မြို့က မဟုတ်။ အခြားတစ်ရွာမှ လာရောက်သူဖြစ်၍ စိတ်ဓာတ်များ ပုံမှန်ကောင်းမွန် လာသောအခါ ရွာသို့ ခဏ ပြန်၍ အဝတ်အစားများ ယူရန် ပြောဆိုသော်လည်း ဆရာကြီးက တရားဖြင့် ဖျောင်းဖျပြောဆိုကာ တစ်ပတ်ခန့် တရားရှုမှတ် ခိုင်းထားလေသည်။ဝိပဿနာ ကူးပြောင်းပေးမည့် နေ့တွင် အဘွားအိုကို ဦးတည်၍ ဆရာကြီးက တရားအနည်းငယ်ဟောပြသည်။

“ ကဲ….မိခင်၊မိခင်နှင့်တကွကျွန်တော်တို့ တစ်တွေဟာ မွေးကတည်းက ယနေ့ကျအောင် သညာအမှတ်နဲ့  ပညတ်တွေကိုပဲ တစ်ခုပြီးတစ်ခု မဆုံးနိုင်အောင် မှတ်သားပြီး လာလိုက်ကြတာ၊ဒီသညာအမှတ် ဒီပညတ်တွေပဲ အခိုင်အမာထင်ပြီး ကောင်းတာ မြင်ရ ကြားရတော့ လောဘဖြစ်၊မကောင်းတာ မြင်ရ ကြားရတော့ ဒေါသဖြစ်ပြီးကာယကံ ၀စီကံ မနောကံ ဆိုတဲ့ ကိုယ်နှုတ်စိတ် ကံသုံးပါးနဲ့ မြင်သမျှ ကြားသမျှ လိုက်ပြီး လုပ်ခဲ့ကြတာ ကောင်းတာလဲလုပ်၊ မကောင်းတာလဲလုပ်၊အိပ်နေတုန်းပဲ နည်းနည်း အနားရပါတယ်မိခင် “

“ ငါပဲ၊ ငါ့ဟာပဲ ၊ဘာပဲညာပဲ ဆိုပြီး အစွဲအလမ်းတွေနဲ့လုပ်ခဲ့ကြတာ တကယ်တော့ ဘာမှမဟုတ် ၊ရုပ်နှင့်နာမ်ပါကလားဆိုတာ ဆရာသမားများထံ ကျင့်ကြံပွားများမှသာ သိရပါတယ်၊ဒီတော့ နောက်နောက် ဘ၀ ဘ၀က လုပ်ခဲ့တာတွေထားလို့ ဒီဘ၀မှာ လုပ်တဲ့ဟာတင်ပဲ ကိုယ်ကဖြစ်လိုက်၊နှုတ်ကဖြစ်လိုက် စိတ်ကဖြစ်လိုက်နဲ့  အပြစ်တွေပဲ များနေတတ်ကြပါတယ်မိခင် “

“ရုပ်နာမ်ကိုမသိတဲ့ ပုထုဇဉ်မှန်သမျှဟာ အချိန်ရှိသမျှ အာရုံခြောက်ပါး ကံသုံးပါးမှာ အမှားတွေကိုပဲ လုပ်မိတာ ကများနေတော့ ဒီအမှားတွေကျေပျောက်ပြီး လိုရာခရီးရောက်အောင်ဟာ

အမှားအမှန် ဝေဖန်ဟောပြတော်မူတဲ့ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကို ကန်တော့ကြရအောင်၊ မဂ်မျိုးစေ့ ဖိုလ်မျိုးစေ့တွေရအောင် ဒီရုပ်နာမ် ခန္ဓာကိုယ်ကြီးကိုလဲ ဘုရားကို လှူကြရအောင်မိခင်နှင့်တကွ အားလုံးလိုက်ဆိုကြပါ “ ဟု ဆရာကြီးက ပြောဆို၍ ကန်တော့ချိုး တရားတောင်းကို ချပေးသည်။

ဆရာကြီးသည် ကန်တော့ချိုးနှင့် တရားတောင်းကို သုံးကြိမ် နှုတ်တိုက်ချ ပေးပြီးနောက် တရားကို ဆက်၍ ဟောပြော ညွှန်ပြပေးလေသည်။ယောဂီဟောင်းများမှာ တည်ငြိမ်စိတ်ဝင်စားစွာ နာယူနေသောအဘွားအို အတွက် ၀မ်းမြောက်နေကြလေ၏။

ခန္ဓာပြင်ဘက် ၊ စိတ်မထွက် ၊ ရှုကွက်မှန်လေပြီ

“ ကဲ …..မိခင်နှင့်တကွ ယောဂီအားလုံး ဘယ်ကိုမှ စိတ်အာရုံ မသွားကြ ပါနဲ ၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာပဲ စိတ်ကလေးကို ထားကြပါ၊ကျွန်တော်ပြောတဲ့ စကားသံဆီကိုလဲ စိတ်မလာပါစေနဲ့  “

၁။ စိတ်ကို ငယ်ထိပ်ပေါ် ဒင်္ဂါးပြား တစ်ကွက်စာလောက် နေရာမှာ စိုက်ထားပါ။

၂။ ဒါမှမဟုတ်လဲ ဟဒယ၀တ္ထုလို့ ခေါ်တဲ့ ရင်ဝရင်ညွန့် ဆီမှာ စူးစိုက်ထားပါ။

၃။ အသံနဲ့ နားနဲ့  ကြားတဲ့အခါ နားဆီမှာလဲ စိတ်ကို ထားနိုင်ပါတယ်၊ခဏ ခဏလဲ နေရာမပြောင်း

ကြ နဲ့ ၊ ကိုယ့်စိတ်ထဲမှာပေါ်လွင်ထင်ရှားတဲ့ နေရာမှာ ဒင်္ဂါးပြားလောက် သတ်မှတ်ပြီးကြာကြာထားကြည့်ပါ “

မီးခြစ်နှင့်မီးခြစ်ဆံကြောင့် မီးဖြစ်လာရပုံ ဥပမာဆောင်၍ ရုပ်နှင့်နာမ်တို့ထိခိုက်ပေါင်းဆုံခြင်းကြောင့် ရုပ်နာမ် တရားတို့၏ဖြစ်ပေါ်လာလိုက်၊ ပျောက်ကွယ်သွားလိုက်နေပုံကို အကျယ်ရှင်းပြ၏။လျောင်း ထိုင် ရပ် သွားခြင်း၊ စားသောက်ခြင်း၊ကျင်ကြီးကျင်ငယ်စွန့်ခြင်းစသော ကိုယ်အမူအရာ ပြုလုပ်ဖြစ်ပေါ် သမျှကိုလည်း အနိစ္စအချက် ကို မိအောင် စိတ် စိုက်၍ကြည့်ရန် အသေးစိတ် ဟောပြသည်။ ၀ိပဿနာကူး၍သုံးရက်ခန့် ရှိလျှင် --

ဆရာကြီး။ကဲ….မိခင်၊ရုပ်နာမ်တွေအဆက်မပြတ်ဖြစ်ပေါ်ချုပ်ပျောက်နေတာကိုကောစိတ်ထဲကသဲသဲကွဲကွဲမြင်ပါရဲ့ လား။

အဘွားအို။။ မြင်ပါပြီလား ဆရာရယ်၊တစ်လောကလုံးမှာ ခိုကပ်စရာကို မရှိတော့ပါဘူး၊ဘာမှ အားကိုးစရာအားထားစရာပျော်စရာခင်မင်စရာလဲမရှိပါဘူးဆရာ။

“ ဒါထက် ဆရာရယ်၊ဆရာနဲ့တွေ့ရတာ ကျွန်မကံကောင်းလိုက်တာ....ပြောရဦးမယ်၊ထူးတာက ဆရာရယ်… ဗိုက်ထဲက မည်းမည်းအလုံးကြီးကလဲတစ်ခါတစ်ခါသေမလားအောက်မေ့ရလောက်အောင် နာနေ တယ် ဆရာ၊ ဒါနဲ့  သူ့ သဘော သိရအောင်ဆိုပြီးတရားအာရုံမပြုဘဲ နေကြည့်တယ်၊ အဲဒီတော့ အကောင်းပဲ ၊ဘာမှ မနာဘူး “

“ ကျွန်မမှာ မြင်တာ သိတာ ကြားတာတွေဟာ သိပ်ထူးတာပဲ၊အကုန်လုံးလဲ အမှန်ချည်းပဲ ဖြစ်နေတယ် “

“ နောက်ဆုံးတော့လူတိုင်းဟာတစ်နေ့ တော့ သေကြရမှာချည်းပဲ၊ ဘုရားရဟန္တာတွေ မျက်မှောက်ပြုတဲ့ တရားကို မသိရသမျှတော့ ဒီလိုပဲ တရစပ် ဖြစ်ပျက်ဒုက္ခနဲ့ချည်းနေရတော့မှာပါလားဆိုပြီး ဗိုက်နာတာကိုလဲ ဂရုမစိုက်တော့ပါဘူး ဆရာရယ်၊ ကျွန်မမှာဘာအပြစ်တွေဖြစ်ခဲ့တယ် ၊ဘုရား ဘာကြိုက်တယ်ဆိုတာ ခုတော့ဆရာ့ကျေးဇူးကြောင့်ရှင်းရှင်းကြီးသိပါပြီဆရာ “

ဆရာကြီး။။မိခင်၊ ဒါတွေကို အမှတ်သတိလက်လွတ်ပြီး လျှောက်တွေးနေတာလား ။

အဘွားအို။။မလွတ်ပါဘူး ဆရာ ၊ အနိစ္စကိုသိလျက်နဲ့  အဲသလိုသိသွားတာပါပဲ။

ဆရာကြီး။။ သာဓုဗျာ…….သာဓု…….သာဓု။

(သံသရာဘေးကြီးထိတ်လန့်  ကြောက်ရွံ့ဖွယ်ကောင်းပုံနှင့် ဘုရားပွင့်တော်မူ၍အတိုင်းမသိ ကျေးဇူးကြီးမားပုံကိုဆက်လက်ပြောပြပြီးနောက် )

“ ကဲမိခင် ၊ အင်မတန်မှကျေးဇူးကြီးမားတဲ့တရားတွေပါ ၊ ဒီတော့ သတ္တ၀ါတွေကိုလဲ မိခင် သိမြင်အောင် ပြုလုပ်ကြိုးစားရတဲ့ ကုသိုလ်အဖို့ကိုအမျှဝေပါ၊မိခင်ရဲ့ ကုသိုလ်ကို အားလုံးက သာဓုခေါ်ပြီး အမျှယူချင်ကြ ပါတယ်” ဟုပြောဆို၍ အမျှဝေပုံကို ချပေးသည်။

မှန်ကန်သော အသိအမြင်

ဆယ်ရက်ခန့် တရားရှုမှတ်ပြီးသောအခါ အဘွားအိုမှာ အပြစ်များကို ခွင်လွှတ်ရန် ဆရာနှင့်တကွ ရတနာသုံးပါး နှင့် သတ္တဝါအားလုံးအား တောင်းပန်အမျှဝေ၍ မဆုံးနိုင်အောင် ကျေနပ်နေ၏။

အဘွားအို။။ ဆရာ ကျွန်မလဲ တစ်ဘဝတစ်ခါ သေရမယ့် ဘေးထက် ခဏခဏ သေသေနေရ တဲ့ ဘေးကြီးကိုပါ မြင်ရပါတယ် ဆရာရယ်၊ ဒီဘေးကြီးက လွတ်အောင်ဟာ ဒီတရားကိုပဲ ကျွန်မ ဖက်ထားပါပြီ၊ ဒါပေမယ့် ဆရာရယ် ကျွန်မ နက်ဖြန် ရွာကို ပြန်ခွင့်ပြုပါ၊ ကျွန်မအသိတွေကလဲ ဆန်း ကျယ်လိုက်တာ၊ ကျွန်မ သားတွေ သမီးတွေကို အကျိုးအကြောင်း ပြောဆိုစရာတွေ ရှိနေလို့ပါ။

ဆရာကြီး။။ (အတန်ကြာ မျက်စိမှိတ် ငြိမ်နေပြီးနောက်) ကောင်းပါပြီ မိခင်၊ ကိုယ့်အချိန်ကိုယ် သိတဲ့အတိုင်း သွားတာပေါ့။

အဘွားအိုမှာ ရထားဖြင့် ပြန်သွား၏။ နောက်တစ်ရက် ဆရာကြီးက စကားစပ်ပြောမိ၍ သိလိုကြသဖြင့် ယောဂီအချို့လိုက်ပါသွားကြ၏။ ရွာသို့ရောက်၍ လေးနာရီခန့်အကြာ သားသမီးများကို ပြောဆိုဆုံးမအပြီး ကွယ်လွန်သွားကြောင်းနှင့် အလောင်းကိုသာ တွေ့မြင်ကြရလေ၏။

………………………………

အထက်တွင်ဖော်ပြခဲ့သော တရားအတွေ့အကြုံအထူးအဆန်းများကို ကျနော်ဖတ်ပြီးချိန်၌ ကိုသက်ခိုင်ထံမှ စကားသံခပ်တိုးတိုး ထွက်ပေါ်လာပြန်ပါသည်။

အဲသလို လောကီအကျိုးစီးပွားနဲ့မကင်းတဲ့ အတွေ့အကြုံတွေကြောင့် ကျနော်ဟာသမထနဲ ဆက်စခန်းသွားနေ လို့မဖြစ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျနော်က ချမ်းသာချင် ဈာန်အဘိညာဉ် ရချင်သူမဟုတ် ဘူး။ကျနော့်ဘဝမှာ ချမ်းသာခဲ့၊ စိတ်တိုင်းကျ နေချင်သလို နေခဲ့ပြီးပြီ။ လောကီအာရုံကာမဂုဏ်တွေကို ကျနော် အများကြီးခံစားခဲ့ဖူးပါပြီ။ ဈာန်အဘိညာဉ်အကြောင်း ကျုပ် နားမလည်ဘူး။ ကျုပ်စိတ်ချမ်းသာ ချင်တယ်။ အေးချမ်းသောဘဝ ကိုရချင်တယ်။ အထိရောက် ဆုံးပြောရရင် ကျုပ်ဟာ အဆုံးစွန်သော လွတ်မြောက်မှုကိုသာ အလိုရှိပါတော့တယ်။ဒါကြောင့် ကျနော်ဟာ ဝိပဿနာဖက်ကို ခြေဦးလှည့်ခဲ့တယ်။ ဖြစ်ပျက်တွေ့လာမဲ့လမ်း ဆီကို ဆိုပါတော့ဗျာ။

ဖြစ်ပျက်ရှာပုံတော်ခရီးသည် (၁၀)

$
0
0

 ဖြစ်ပျက်ရှာပုံတော်ခရီးသည် (၁၀)



(၁၀) ဧဟိပဿိကော၊ လာလှည့်၊ ရှုလော့ ။

“ကဲ ၊ လုပ်စမ်းပါအုံးဗျ၊ ခင်ဗျားခြေဦးလှည့်ခဲ့တဲ့ ဖြစ်ပျက်ကိုတွေ့လာမဲ့ ဝိပဿနာလမ်းဆိုတာ ဘယ်လိုဟာများပါလိမ့်၊ တကယ်ဟန်ရင် ကျနော်လည်း လျှောက်ချင်ပါရဲ့”
“ သိချင်တဲ့စိတ်ကို ကျနော်ဖြည့်ဆည်းနိုင်လောက်ပေမဲ့ လျှောက်လို့ဖြစ်မဖြစ်ဆိုတာကတော့ခင်ဗျား ကိုယ်တိုင် အပေါ်မှာပဲ မူတည်ပေလိမ့်မယ်ဗျာ“
“ခင်ဗျားပြောလို့ သိလာရင် ကျနော်လျှောက်နိုင်ပြီ မဟုတ်လား”
“ရော၊ခင်ဗျား တော်တော်လောတဲ့သူပဲ၊ ဘာသာတရားတခုရဲ့အနှစ်သာရကို တစုံတယောက်ရဲ့ပြောပြချက်လောက် နဲ့တော့  မခြုံငုံမိလောက်ဘူးဗျ၊ ကဲပါ ခင်ဗျား ဒီလောက် စိတ်စောနေရင်လည်း ကျနော်အတိုချုပ်ဖြေလိုက် ပါ့မယ်၊ စောင့်ထိန်းမှု၊တည်ငြိမ်မှု၊ ထိုးထွင်းသိမြင်မှု ဆိုတဲ့ အချက်သုံးချက် ပြည့်စုံရင်  ဖြစ်ပျက်ဆိုတာတင်မက လောက ကြီးတခုလုံးအကြောင်းကိုပါ သိမြင်နိုင်တယ်ဗျာ”
“ခင်ဗျား နောက်နေတာလားဗျ၊ အဲဒီကိစ္စက ဒီလောက်ရိုးရှင်းပါ့မလား”
“ရော ခက်ပြီးရင်း ခက်နေပါပြီကော၊ ကျနော်ပြောတဲ့ အချက်သုံးချက်ဟာ သီလ၊သမာဓိ၊ပညာကို ဆိုလိုတာဗျ၊ ကျမ်းတတ်ဘုန်းတော်ကြီးတပါး အမိန့်ရှိဖူးတာကတော့ ပိဋကတ်သုံးပုံကို အနှစ်ချုပ်လိုက်ရင် အဲဒီသုံးချက်ပဲ ရှိသ တဲ့”
“အော် လက်စသတ်တော့ ခင်ဗျားက ပညာရှိနည်းနဲ့ ကပ်ဖဲ့တိုက်နေတာပဲ”
"မဟုတ်ရပါဘူးဗျာ၊ ခင်ဗျားကြည့်ရတာ ကျနော်ပြောပြနေတဲ့ ဇာတ်လမ်းကို ငြီးငွေ့လာပုံရတာ သတိထားမိလို့ပါ"
“အေးလေ ခင်ဗျား ဥစ္စာ၊ ဇာတ်ကြောင်းပြောလိုက် စာတွေဖတ်ခိုင်းလိုက်နဲ့ ဘယ်တော့ ဆုံးမှာတုန်း”
“ဒါကတော့ ခင်ဗျား အပေါ်မှာ မူတည်တယ်ဗျာ၊ဥာဏ်ပဋိဘန် ထက်ရင်ထက်သလောက် ထုံရင်ထုံသလောက် နှေးတာမြန်တာ ကွာပေလိမ့်မယ်၊ ကျနော့်ရည်ရွယ်ရင်းကတော့ ကျနော့်အတွေ့အကြုံနဲ့ ကျမ်းဂန်လာ အကြောင်း ခြင်းရာတွေကို ဆက်စပ်နားလည်စေချင်တဲ့သဘောပါ”
“ဒါဖြင့် ဘယ်လောက်ကြာအုံးမှာတုန်းဗျာ”
“ခင်ဗျား ဥာဏ်သိပ်နုံနဲ့နေရင် သံသရာနဲ့ချီပြီး ကြာနိုင်တာပေါ့၊ကဲပါဗျာ၊ အခုခင်ဗျား ပြောနေတဲ့ စကားတွေက ခင်ဗျား စိတ်ထဲမှာ ရှိနေတာနဲ့ တခြားစီဆိုတာ ကျနော်သိနေတယ်၊ အမှန်က ခင်ဗျားကြောက်နေလို့ စကားမရှိ စကားလာရှာနေတာ မဟုတ်လား”
“ဗျာ၊ ဒါကို ခင်ဗျား ဘယ်လိုသိတာတုန်း”
ကျနော့်အသံသည် ကျယ်လောင်လွန်းလှသည်ဟု မဆိုနိုင်သော်ငြား တိတ်ဆိတ်သော ညဥ့်ယံကို သိသိသာသာ မြည်ဟိန်းထွင်းဖောက်သွားလေသည်။
ကိုသက်ခိုင်နှင့်ကျနော် စကားအခြေအတင် ပြောနေချိန်မှာ ညသန်းခေါင်ယံအချိန်ဖြစ်၏။ထိုညက ကျနော်အပြင် ဘာယာကျသည်။ထို့ကြောင့် အဆောင်အပြင်ထွက်အိပ်ရလေရာ ကျနော့် ဘာယာ စောင့်ချိန် ညဆယ့်တစ်နာရီတွင် အဆောင်ပေါ်သို့ ပြန်မတက်တော့ပဲ  ကိုသက်ခိုင်တဲဖက်သို့ လျှောက်လာပြီး  စကားစရှာနေခြင်းဖြစ်၏။ ရဲဘက် အိပ်ဆောင်ဆီမှ အတွင်းကင်းကျဘာယာ၏ တနာရီကြားပေါ်လာတတ်သော အသံမှလွဲ၍ စခန်းခွဲ(၁) ဝန်းကျင် တခုလုံး တိတ်ဆိတ်လျက်ရှိ၏။
ကိုသက်ခိုင်သည် ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်ရင်း ..
“ခင်ဗျား ကြောက်နေပြီ မဟုတ်လား”
ကျနော်က သူ့အမေးကို ရုတ်တရက် ပြန်မဖြေပဲ တဲဝန်းကျင်က အမှောင်ထုကြီးဆီသို့ လှမ်းကြည့် လိုက်သည်။ ပုဇဉ်းရင်ကွဲသံပင်မကြားရပဲ ပိန်းပိတ်အောင်မှောင်လျက် တိတ်ဆိတ်လွန်းနေခြင်းကြောင့် ကျနော့်စိတ်တွင် ကြောက်စိတ်အနည်းငယ်ဖြစ်ပေါ်လျက်ရှိကြောင်း ကျနော်ကောင်းစွာ သတိပြုမိသည်။ စင်စစ်ထိုကြောက်စိတ်သည် လွန်ခဲ့သော ရက်အနည်းငယ်က စခန်းခွဲ(၁)မှကင်း စောင့်ရဲတပ်သားတဦး ရေနစ်သေဆုံးခဲ့ခြင်းနှင့် ဆက်စပ် နေပေလိမ့်မည်။ မှန်၏။ ထိုရဲတပ်သား၏ အလောင်းကို ရေထဲမှဆွဲတင်ပြီး ရဲဘက်အိပ်ဆောင်ဘေးတွင် တနေကုန် နီးပါး ထားခဲ့လေရာ ထိုအလောင်းကောင်ကို အာရုံစွဲနေသည်။ ထိုရဲသားကား အသက်သုံးဆယ် ပင်မပြည့် သေးသော်ငြား အထွေထွေအကြပ်အတည်းကြောင့် စိတ်ဓာတ်ကျကာ အရက်စွဲနေဟန်ရှိသည်။ ရဲကင်းနှင့် ရဲဘက် အိပ်ဆောင်ကြား ဆယ့်ငါးပေခန့်ရှိသည့် မြောင်းငယ်ကို ညသန်းခေါင်ယံတွင် ဖြတ်ကျော်စဉ် ခြေချော်ကာ မြောင်းထဲသို့ လူမသိသူမသိ ပြုတ်ကျခဲ့ပြီး နောက်တနေ့နေ့လည်တွင် ပြန်ပေါ်လာခဲ့ ခြင်းဖြစ်၏။
တညလုံးရေစိမ်ထားသော အလောင်းသည် ပူပြင်းလှသောနေရှိန်ဖြင့် ထိတွေ့သည့်အခါ နေရာရွေ့ရန် မ လိုက်တိုင်း အသားတွေ ပဲ့ကျကုန်သည်။ ခြေရောလက်ပါ ခပ်ကွေးကွေး အလောင်းပုံစံသည် ကျနော့်မျက်စိထဲက မထွက်။
“ဧကန္တ ခင်ဗျား မျက်စိထဲမှာ ရေနစ်သေခဲ့တဲ့ ရဲအလောင်းကို ပြန်မြင်နေတယ်ထင်ပါရဲ့”
ကိုသက်ခိုင်ကား ကျနော့်စိတ်အစဉ်ကို မည်သို့ရိပ်စားမိလေသည်မသိ။ ကျနော်ကလည်း အရိုးခံအတိုင်းပင် ဝန်ခံ လိုက်ရသည်။
“အေးဗျာ၊ ကျနော်လည်း နေရာတကာ သိပ်အကြောက်ကြီးလှတယ်မဟုတ်ပေမဲ့ အခုလို မှောင်ပိန်း တိတ်ဆိတ် လွန်းနေတဲ့အချိန်မှာ အဲဒီရဲတပ်သားချာတိတ်ရဲ့ အလောင်းကိုပဲ မျက်စိထဲ ပြန်ပြန်ပေါ် လာနေတယ်ဗျာ၊ နေပါဦး၊ ခင်ဗျားကကော လုံးလုံးမကြောက်ဘူးလားဗျာ”
“ရော၊ ကျနော်လည်း လူပဲဗျာ၊ ကြောက်သင့်သလောက်တော့ ကြောက်ပါသော်ကော၊ သို့သော် ကျနော့်မှာ ဖြေဆေး ရှိတယ်ဗျ၊ အမှန်တော့ ကျနော်လည်း ငယ်ငယ်တုန်းက အများနည်းတူ တစ္ဆေ သူရဲပုံပြင်တွေ နားထောင်ပြီးရင် ညဖက်အိပ်ယာထဲမှာ တထိတ်ထိတ်တလန့်လန့် ဖြစ်ခဲ့ဘူးတဲ့သူ ပါပဲလေ၊ အခုတော့ တမျိုးပေါ့”
“ဘယ်လိုတမျိုးတုန်းဗျာ၊ ဆက်ပါအုံး”
“အမှန်တော့ သမထတို့ ဝိပဿနာတို့ ရှုရာမှာ ကမ္မဋ္ဌာန်းနည်းတနည်းနည်းကို သုံးရတာဗျ။ အခုဆို ကျနော်က ဝင်လေထွက်လေကို မှတ်တဲ့ကမ္မဋ္ဌာန်းနည်းပေါ့၊ ကမ္မဋ္ဌာန်းလေးဆယ်ရှိတဲ့အနက် အလောင်းကောင်ကို ကြည့်ပြီး ရှုမှတ်တဲ့ကမ္မဋ္ဌာန်းနည်းလည်း ရှိသတဲ့ဗျ။ ရှိတာမှ ဆယ်နည်းတောင်ရှိသတဲ့၊ ဘယ်ကမ္မဋ္ဌာန်းဟာ ကိုယ်နဲ့ကိုက်ညီ သလဲ ဆိုတာတော့ ကိုယ့်စရိုက် အပေါ်မှာ မူတည်သတဲ့ဗျာ၊ဟိုးရှေး ရှေးတုန်းက လူတွေဟာ လူသေတွေကို ကမ္မဋ္ဌာန်းရှုချင် တဲ့သူရှုနိုင်အောင် သုဿန်တွေမှာ ဒီအတိုင်း စွန့်ပစ်လိုက်လေ့ရှိသတဲ့ဗျ”
“အော်၊ အလောင်းကို ကြည့်ပြီး မှတ်တဲ့နည်းက ဆယ်နည်းတောင်ရှိသတဲ့လားဗျ၊ လုပ်ပါအုံး၊ ဘာတွေများပါလိမ့်”
“လေပြည့်နေတဲ့အိတ်လို ဖူးဖူးရောင်နေတဲ့ရုပ်အလောင်းကောင်၊အသားအရေညိုပုပ်နေသော ရုပ် အလောင်းကောင်၊ ပြည်တွေယိုစီးနေတဲ့ စက်ဆုတ်ဖွယ် ရုပ်အလောင်းကောင်၊ ထက်ပိုင်းပြတ်နေတဲ့ ရုပ်အလောင်းကောင်၊ ခွေး၊တော ခွေးတွေ ကိုက်ဖဲ့စားသောက်ထားတဲ့ ရုပ်အလောင်းကောင်၊ကိုယ် ခန္ဓာအစိတ်အပိုင်းတွေ အပိုင်းပိုင်းပြတ်နေတဲ့ ရုပ်အလောင်းကောင်၊ ကျီးခြေသဏ္ဍာန်လက်နက်တွေ နဲ့ ထိုးသတ်ထားလို့ မရှုမလှဖြစ်နေတဲ့ ရုပ်အလောင်းကောင်၊ ဒွာရအပေါက်တွေကနေ သွေးယိုစီးနေတဲ့ ရုပ်အလောင်းကောင်၊ ပိုးလောက်တွေတဖွားဖွားတက်နေတဲ့ ရုပ် အလောင်းကောင်နဲ့ အရိုးစုသာ ကျန်တော့တဲ့ ရုပ်အလောင်းကောင်တွေတဲ့ဗျာ၊ ဒါတွေကို အလွတ်ရွတ်ပြနေလို့ သိပ်တော့ အထင် မကြီးလေနဲ့ဗျာ၊ ကျနော်ဖတ်မှတ်ထားတာမကြာသေးလို့ပါ၊ခင်ဗျားကော ကျနော်ပါ မြင်ခဲ့ရတဲ့ ရဲတပ် သားရဲ့အလောင်းဟာ ဥဒ္ဓုမာတက အသုဘလို့ခေါ်တဲ့ လေပြည့်နေသော အိတ်ကဲ့သို့ ဖူးဖူးရောင် နေတဲ့ ရုပ်အလောင်းကောင်ဆိုပါတော့၊ ကျနော်ကတော့ အဲဒီအလောင်းကောင်ကို ကြည့်ရင်း ငါ့ခန္ဓာဟာ တချိန်တချိန်မှာ ဒီလိုပဲဖြစ်ကျန်ခဲ့မှာလို့ နှလုံးသွင်းတယ်ဆိုပါတော့။ ဒါဟာလည်း ကျနော့်အနေနဲ့ အလေ့အကျင့် အထိုက်အ လျောက်ရှိပြီး စိတ်ကိုတည်ငြိမ်အောင်ထားနိုင်ချိန်မို့ ဖြေဆေးအဖြစ် သုံးနိုင်ဟန်တူပါရဲ့၊ သာမန်လူအဖို့တော့ ဒီအတိုင်းချက်ချင်းဗြုန်းစားကြီး ရှုနိုင်ဖို့တော့ မလွယ်လောက်ဘူးထင်တာပါပဲ”
“တော်ပါတော့ဗျာ၊ အလောင်းကိုတွေးပြီး ကြောက်စိတ်ဝင်နေပါတယ်ဆိုကာမှ အလောင်းအမျိုး အစားတွေ ခွဲခြမ်းစိတ်ဖြာနေတာ မကြားပါရစေနဲ့တော့၊တခြား စိတ်ဝင်စားစရာတခုခု လုပ်ဗျာ၊ အာရုံပြောင်းလိုပြောင်းငြားပေါ့”
“ရော၊ ခင်ဗျားမေးလို့လည်း ဖြေရသေးဗျာ၊ အမှန်တော့ အဲဒီသေသွားတဲ့ ရဲတပ်သားလေးနဲ့ ပတ်သက်ပြီး ကျနော့်စိတ်မှာ တနုံ့နုံဖြစ်နေတာတခုရှိလေရဲ့ ။ဒီကလေးဟာ ဘာကြောင့်အချိန်မတော် မြောင်းကိုကျော်ပြီး အိပ် ဆောင်ဖက်ကို ကူးလာသလဲ၊ခင်ဗျားသေချာစဉ်းစားကြည့်ဗျာ၊ လာစရာအကြောင်းက တခုပဲရှိတယ်။ အဲဒါ အချိန် မတော် အရက်လိုချင်လို့၊ အဲဒီအရက်ကို ဘယ်မှာရနိုင်မလဲ၊ အဆောင်ပေါ်မှာ အရက်ကို ဖွက်ထားလို့ မရတာ ကြောင့်အိပ်ဆောင်ပေါ်က ရဲဖက်တွေဆီမှာ ဘယ်မှာလာ အရက်ရနိုင်မှာတုန်း၊ ဒါကြောင့် ဒီရဲသားလေးဟာ ဒီစခန်း မှာနေရာတကာ ဆရာကြီးယောင်ယောင်ဖြစ်နေတဲ့ ကျနော့်ဆီကို အရက်ရလိုရငြား နားပူဖို့ထွက်လာတယ်လို့ တွက်လို့ရနိုင် တယ်ဗျ၊သေချာစဉ်းစားကြည့်ရင် ကျနော်ပယောဂတောင် နည်းနည်းပါနေသလို ခံစားရတယ်”
“ခင်ဗျားက အရက်ကို ဆေးရုံတက်ပြီးဖြတ်ရလောက်အောင် စွဲလန်းခဲ့တာဆိုတော့ အရက်ဟာ အဲသလောက် တောင်ဆိုးသလားဗျာ”
“ဆိုးပါသော်ကောဗျာ၊ကျနော်လိုဖွတ်ကြားမဆိုထားနဲ့ ၊ မြန်မာရာဇဝင်မှာ ထင်ရှားကျော်ကြားတဲ့ တပင်ရွှေထီးလို ပုဂ္ဂိုလ်မျိုးတောင် အရက်နဲ့တွေ့တော့ ဇာတ်သိမ်းမလှရှာဘူးဗျာ”
“ဒါဆိုလည်းလုပ်ပါအုံးဗျာ၊ တပင်ရွှေထီးဇာတ်သိမ်းခန်းလေး”
“ခင်ဗျားကလည်းအရေးထဲ ကလေးတွေ ပုံပြောခိုင်းသလို လုပ်နေပြန်ပါပြီ၊ တပင်ရွှေထီးဆိုတာ တောင်ငူဘုရင် မင်းကြီးညိုက မွေးတယ်၊ သူ့အဖသေတော့ သူက တောင်ငူဘုရင်ဖြစ်တာပေါ့ဗျာ၊ ထူးခြားတာက တပင်ရွှေထီး မွေးမွေးချင်း သူ့ခေါင်းမှာ ရွှေရောင်ဆံပင်တချောင်းပါလာတယ်ဆိုပဲ၊ သမားဟူးရားတွေ အဟောအရ ဂုဏ်ရှိန် ကြီးမယ်၊ သတ္တိဗျတ္တိနဲ့ ပြည့်စုံမဲ့ ယောက်ျားကောင်း အလောင်းလျာဆိုပါတော့ဗျာ။ တကယ်တမ်းအရွယ် ရောက်လာတဲ့အခါမှာလည်း တပင်ရွှေထီးဟာ သတ္တိအရာမှာကော ဥာဏ်အမြှော်အမြင်အရာမှာပါ သမိုင်းတွင် လောက်အောင် ထက်မြက်ခဲ့သူပါပဲ။ ခင်ဗျားလည်း သိသားပဲ ၊ကျနော်တို့ငယ်ငယ်တုန်းက မြန်မာဖတ်စာတွေမှာ ဘုရင်မင်းထီးပညာရှိပုံ ဆိုပြီး ယောက်ဖအရင်းနဲ့ သူစိမ်းတယောက် ၊အမတ်နေရာပေးဖို့ ရွေးရာမှာ နန်းတော် ခြေရင်းက ခွေးသားအုပ်မ မီးနေခန်းကို သွားကြည့်ခိုင်းပြီး ဆုံးဖြတ်ပေးခဲ့တာကို သင်ရဖူးတယ်လေဗျာ”
“အင်း ဥာဏ်ရှိတာတော့ ဟုတ်ပါပြီ၊ တပင်ရွှေထီးသတ္တိကောင်းပုံနဲ့ လုပ်ရည်ကိုင်ရည်တော့ ကျနော် သိပ်မသိ တာအမှန်ပဲ၊ ဆက်ပါအုံးဗျာ”




“ကောင်းရောဗျာ၊ ဟိုးအဝေးကြီးက စစ်သူကြီး ဟန်နီဘောအကြောင်းကိုတော့ ပါးစပ်က တံထွေး စင်အောင် ပြောနိုင်ပါလျက် တပင်ရွှေထီးအကြောင်းတော့ ဂဃနဏမသိဘူးဆိုပဲ။ဒါဆို သေချာ မှတ်ထားပေရော့၊ ဟံသာဝတီ ဧရာဇ်နိုင်ငံတော်ကို စတင်ထူထောင်ခဲ့သူဟာ တပင်ရွှေထီးပဲဗျာ။ တကယ်တော့ တောင်ငူဟာ ဟံသာဝတီနဲ့ စာရင် ဘာမှမပြောလောက်ဘူး၊တောင်ငူဘုရင်ဘဝကနေ ဟံသာဝတီထီးနန်းကို သိမ်းနိုင်ခဲ့တာဟာ တပင်ရွှေထီးရဲ့ လူစွမ်း လူစပဲဗျာ။ နေအုံးဗျ၊ သူ့ ယောက်ဖ၊သူ့အမ(ခင်ကြီး)ယောက်ျားဘုရင့်နောင်ဟာ လူစွမ်းကောင်းရွေးရာမှာ လက်မထိပ်ကို အပ်စိုက်ပြီး တူနဲ့ထုရွေးတယ်ဆိုတာ ခင်ဗျားကြားဖူးတယ်မဟုတ်လား။ ဗလမင်းထင်ဆိုတဲ့ တပင် ရွှေထီးရဲ့ငယ်ကျွန်တယောက်က တွန့်သွားလို့ အရွေးမခံရတာကြောင့် သူ့ဗိုက်သူခွဲပြီး မိုက်ဂုဏ်ပြတဲ့ ဖြစ်ရပ် လေဗျာ။အဲဒီလူစွမ်းကောင်းရွေးပွဲဟာ တပင်ရွှေထီးရဲ့ နားထွင်းမင်္ဂလာကို ရန်သူ့နယ်မြေထဲက ရွှေမောဓောဘုရား ရင်ပြင်မှာ လုပ်ချင်တယ်ဆိုပြီး ဘုရင့်နောင်ကို တာဝန်ပေးတာတဲ့ဗျာ၊ ဒီမှာတင် ဘုရင့်နောင်က လက်ရွေးစင် ကွန်မန်ဒို အယောက်လေးဆယ် ၊အရံစစ်သည်အင်အား ငါးရာနဲ့ ရွှေမောဓောရင်ပြင်ပေါ်မှာ မင်းတရားရွှေထီး ရဲ့နားထွင်း မင်္ဂလာကို ကျင်းပသတဲ့။မှတ်သား စရာတခုကတော့ အဲသလို နားထွင်းနေတုန်း ဟံသာဝတီ (ပဲခူး) ရဲမက်တွေ ဘုရားခြေရင်းကို ရောက်လာပြီး ဝိုင်းထားလိုက်ကြတော့ နားထွင်းပေးနေတဲ့ ပုဏ္ဏားဟာ ကြောက်လန့်ပြီး လက်တုန်ခြေတုန် ဖြစ်ပါရော တဲ့။ဒီမှာတင် တပင်ရွှေထီးက ပုဏ္ဏားကို  `မောင်မင်းဒီလိုကြောက် နေပုံနဲ့ဆို ပဲခူးသားတွေ တက်မလာခင် ငါ့ဓားနဲ့ အရင်အသက်ပျောက်မယ်၊ နားကို တည့်တည့်ထွင်း`လို့တည်တည် ငြိမ်ငြိမ်ပြောလိုက်တဲ့စကားဟာလည်း ရာဇဝင်တွင်ခဲ့သဗျ။ ဒါတင် ဘယ်ကအုံးမလဲ။ ခင်ဗျားတို့ကျနော်တို့ နောက်မဆုတ်တမ်းလုပ်ကြကိုင်ကြရမဲ့နေရာမျိုးတွေမှာ  ဘုရင့်နောင် ဖောင်ဖျက်သလို ဆိုပြီးပြောနေကျစကားဟာ နောင်ရိုးတိုက်ပွဲကလာတာဗျာ။နောင်ရိုး တိုက်ပွဲကို ဦးဆောင်စီမံတာကတော့ ဘုရင့်နောင်ပါပဲ။ ဒါပေမဲ့နောက် ဆက်တွဲဖြစ်ရပ်လည်း ရှိသေးတယ်။ အမှန်က နောင်ရိုးတိုက်ပွဲကို ကုန်းကြောင်းရေကြောင်းစစ်ကြောင်း နှစ် ကြောင်းခွဲပြီး ချီတက်လာတာ၊ စစ်ကြောင်းနှစ်ကြောင်းဆုံမိမှ ပူးပေါင်းစစ်ဆင်ရေးလုပ်ရမယ်ဆိုပြီး တပင်ရွှေထီးက ဗျူဟာဆွဲထားတာ၊ တပင်ရွှေထီးရဲ့ ကြည်းကြောင်းကချီလာတဲ့စစ်တပ်ရောက်တော့ နောင်ရိုးတိုက်ပွဲ ကပြီးနေပြီ။ ဒီမှာတင် တပင်ရွှေထီးက ဘုရင့်နောင်ကို သူ့မစောင့်ပဲ တိုက်ရကောင်းလားဆိုပြီး ကြိမ်း သေးသတဲ့ဗျ။ဒီတော့ ဘုရင့် နောင်က ဒီလို တိုက်ပွဲအသေးအမွှားဟာ အရှင့်အရာမဟုတ်ပါလို့ အလျှောက်ကောင်းတာကြောင့် သက်သာသွား သတဲ့ဗျ”
“ခင်ဗျားပြောသလိုဆိုရင် အဲဒီအချိန်တွေမှာ တပင်ရွှေထီးက ကာလူးသိပ်မချသေးဘူးထင်ပါရဲ့”
“ဟုတ်ပါ့ဗျာ။ တပင်ရွှေထီးသောက်နှုန်းမြင့်လာတာက အိန္ဒိယမှာ ရုံးစိုက်တဲ့ ပေါ်တူဂီဘုရင်ခံရဲ့ တူကို မုတ္တမစားက ဖမ်းမိပြီး တပင်ရွှေထီးဆီကို ဆက်ရာက ယစ်ထုတ်ဇာတ်လမ်းစတာပဲတဲ့ဗျာ။ အဲဒီပေါ်တူဂီက အရက်ကောအမြည်း ပါ ပေါ်တူဂီစတိုင် ချက်ပြုတ်စီမံဆက်သရာက တပင်ရွှေထီး ဟာ အရက်ဂျိုးဖြစ်ပြီး တိုင်းရေးပြည်ရာတွေမှာ အလွဲလွဲ အချော်ချော်ဖြစ်ရောတဲ့။ နောက်ပိုင်းတော့ တိုင်းပြည်အုပ်ချုပ်ရေးကို ဘုရင့်နောင်ထက်ထဲထိုးအပ်ပြီး နေ့ရောညပါ သေသောက်ကြူးနေရာက ဘုရင့်နောင်တွံတေးဖက်စစ်ချီထွက်နေချိန် စစ်တောင်းဖက်မှာ ဆင်ကျော့(ဖမ်း)ရအောင် ဆိုပြီး သမိန်စောထွတ် မလိမ့်တပတ်သွေးဆောင်ရာကို လိုက်သွားမိရာကနေ သမိန်စောထွတ်ရဲ့ညီ လက်ဝဲဝင်းမှူး ဓားချက်နဲ့ ကုတင်ပေါ်မှာ အိပ်ပျော်နေတုန်း ခေါင်းနဲ့ကိုယ် အိုးစားကွဲခဲ့ရော ဆိုပါတော့ဗျာ။ တပင်ရွှေထီးနတ်ရွာစံချိန်မှာ အသက်(၃၅)နှစ်သာ ရှိသေးတာကြောင့်  တကယ့်အရွယ်ကောင်းပေါ့ဗျာ။ အံမယ်၊ ရွှေကိုယ်တော်က သေသာသေတယ်၊ သူ့ဇနဲ့ သူ့ဟိတ်ကတော့ ကျန်ခဲ့သေးတယ်ပြောရမယ်ဗျ။ ဘာကြောင့်လို့လည်း ဆိုတော့ တပင်ရွှေထီးရဲ့ခေါင်းပြတ်ကြီး ဟာ သူ့ခန္ဓာကိုယ်နဲ့ အိုးစားကွဲနေတာတောင် မျက်တောင်ခတ်နေဆဲပဲတဲ့။ ဒါကြောင့် ဝိုင်းကြည့်နေရာက ထူးဆန်းလှချည့်ရဲ့ဆိုပြီး သံဃာတော်တပါးကို ပင့်၊အကျိုးအကြောင်း လျှောက် ထားတော့ ခတ်နေတဲ့မျက်တောင်ဟာ မွန်းတည့်ချိန်ကျော်မှ မှိတ်တာကြောင့် ဒီနိုင်ငံမှာ မြန်မာ့ဦးစွန်းယွန်းပြီ လို့ အ တိတ်ကောက်ခဲ့သတဲ့ဗျာ”းံ
“တဆက်တည်းပြောချင်တာက ကျနော်တို့လူမျိုးသမိုင်းမှတ်တမ်းအားနည်းလိုက်ပုံက ဘုရင့်နောင် ရဲ့နာမည်ကျော် နောင်ရိုးတိုက်ပွဲ နွဲခဲ့တဲ့နောင်ရိုးဆိုတဲ့အရပ်ဟာ ဘယ်မှာရှိလေသလဲဆိုတာ တိတိကျကျ မညွန်နိုင်ဘူးဆိုပဲ။ သုတေသီတွေရဲ့ မှန်းဆချက်အရကတော့ ဧရာဝတီမြစ်ဝကျွန်းပေါ် အနောက်ဖက်ခြမ်း ပုသိမ်နဲ့မြောင်းမြကြားမှာ ပန်းမဝတီမြစ်ရှိသတဲ့။ ပန်းပဝတီနဲ့ အိမ်မဲချောင်းမကွဲခင် မင်းမနိုင်လို့ခေါ်တဲ့ချောင်းရိုးတရိုးရှိတယ်၊ ဒါကြောင့်ဘုရင့် နောင်ဖောင်ဖျက်ခဲ့တဲ့နေရာဟာ အိမ်မဲပတ်ဝန်းကျင်၊ဒါးကမြစ်နဲ့ မင်းမနိုင်ချောင်းကြားက နယ်မြေလို့ ဆိုသဗျာ”
ကိုသက်ခိုင်သည် စာသင်ခန်းထဲက ကျောင်းဆရာတယောက်ဟန်ဖြင့် မြန်မာ့သမိုင်းကို လက်တန်း ရှင်းပြနေလေရာ ကျနော်က သူ့မျက်နှာကို စေ့စေ့ကြည့်လိုက်ရင်း ..
“အေးဗျာ၊ခင်ဗျား ပြောပြနေတဲ့ တပင်ရွှေထီးဇာတ်ကြောင်းက နားထောင်ပါကောင်းပါပေရဲ့။ နို့ပေမဲ့ ကျနော်က ခင်ဗျား မှတ်ဥာဏ်အကြောင်းကို ပိုပြီးစိတ်ဝင်စားနေတယ်ဗျာ”
“ကြံဖန်အထင်ကြီးနေပြန်ပါပြီ၊ ကျနော်ပြောပြီးပါပကော၊ တရားရှုမှတ်တဲ့အလုပ်ကနေ ပေါ်လာတဲ့ နောက်ဆက်တွဲ ကိစ္စရပ်တွေပါလို့၊သို့သော် ကျနော့်ပင်ကိုယ်မှတ်ဥာဏ် နည်းနည်းကောင်းတာ လည်း ပါချင်ပါလိမ့်မယ်ဗျာ”
“ကဲ ဒီလိုဆိုရင်လည်း ခင်ဗျားရဲ့ ရှုပုံမှတ်ပုံလေး သင်ကြားပြသပေးပါအုံးဗျာ”
“ခင်ဗျားက တရားမှတ်နည်း သင်ပေးပါဆိုလို့ အနာဂါမ်ဆရာသက်ကြီးလို ပုဂ္ဂိုလ်ကိုတောင် တရား မပြဘို့ ပိတ်ပင် တာ ခံရဖူးတာလေး သွားသတိရတယ်ဗျာ”
“အော် ၊ဘယ်သူက တရားမပြဖို့ ပိတ်ပင်တာလဲဗျ၊အစိုးရအဖွဲ့ကလား၊ ရဟန်းပျိုအဖွဲ့တို့ဘာတို့ ကလား”
 “များလိုက်တဲ့မေးခွန်းတွေဗျာ၊ ကဲပါလေ၊ ဒါလေးဖတ်ကြည့်ုလိုက်ပါ၊ခင်ဗျား သိချင်တာ အားလုံးပါ တဲ့အပြင် ခင်ဗျား စာဖတ်နေတုန်း ကျနော်လည်း ကွမ်းတယာဝါးပြီး အညောင်းဆန့်လိုက်အုံးမယ်ဗျာ၊ ရော့”
ပြောပြောဆိုဆို ကိုသက်ခိုင်က အသင့်ယာထားသော ကွမ်းယာကို လက်တွင်ကိုလျက် တဲအပြင် ဖက်အမှောင်ထု ထဲသို့ ထွက်သွားလေရာ သူအဆင်သင့်ဖွင့်ပေးခဲ့သော ဓမ္မာစရိယ ဦးဌေးလှိုင်၏ အနာဂါမ် ဆရာသက်ကြီး ၊သူ့ဘဝ သူ့တရားနှင့် သူ့ကျေးဇူးစာအုပ်  စာမျက်နှာ -၆၈ တွင်အောက်ပါ အတိုင်းဖော်ပြထားသည်ကို တွေ့ရပါသည်။
တရားမပြရန် ပိတ်ပင်သော ဆရာတော်
ဆရာသက်က တရားကို ကြိုးစားပြ၍ ဆရာညိုစသော ပုဂ္ဂိုလ်များက ကူညီ၍ လက်ထောက်ဆရာ အဖြစ် ပြကြ၏။ နောင်အခါ ဆရာဦးဘစို၊ဆရာကျော့ ၊ဆရာဦးအောင်မြတ်စသော တပည့်လက်ရုံး ကြီးများ ထွက်ပေါ်လာကြသည်။
ဦးချစ်၊ ဦးညွန့်စသော ပုဂ္ဂိုလ်များက ဓမ္မာရုံ ယောဂီအစောင့် တာဝန်ယူကြ၏။ ဒေါ်ရင်၊ဒေါ်မျှင် စသူ တို့ကလည်း အကျွေးအမွေး တာဝန်ယူကြရာ ဆရာသက်၏ ပဋိပတ္တိသာသနာပြုအလုပ်မှာ တစ်နှစ် ထက်တစ်နှစ် တိုးတက်၍သာ လာတော့သည်။ပျော်ဘွယ်ကြီးရွာနှင့် ရွာနီးချုပ်စပ်သာမက ရန်ကုန်စသော မြို့များကပင် တစ်စတစ်စ လာရောက် နည်းခံ အားထုတ်ကြလေသည်။ ရံခါ ယောဂီ နှစ်ရာ ကျော်ပင်  ရှိလာ၏။
သို့ရာတွင် လူအချို့ကား ဆရာသက်ဤကဲ့သို့ လူပေါင်းများစွာကို အစားအသောက်အပြင် လိုအပ်
လျှင် စရိတ်နှင့် ထောက်ပံ့ငွေများကို ပေးကာ တရားပြနိုင်သည်မှာ ရိုးရိုးမဟုတ်။
“ရုက္ခစိုး မှော်လား၊ ဘာလား၊ မှော်တခုခုအောင်လို့ ဖြစ်မယ်” ဟု လည်းကောင်း၊“အဆောင်ကောင်း     အစောင့်ကောင်းတခုခု ရှိလို့နေမှာပါ”ဟုလည်းကောင်း၊ “ငွေပြန်ရှိသည်” ဟု လည်းကောင်း ၊”ဒီလူအကြားအမြင် ရပြီ၊ အထက်လမ်း ပေါက်နေပြီ` ဟုလည်းကောင်း အမျိုးမျိုး ထင်ကြေးပေးနေကြ သည်။ကမ္မဋ္ဌာန်းတရား ခေတ်စား စ တောရှင်းခုတ်ထွင်ရသောအခါဖြစ်၍  အခက်အခဲတို့ ကား များပြားလှပေသည်။
 တစ်နေ့တွင် ဓမ္မာရုံသို့ ရန်ကုန်မြို့မှ ဦးထပ် (နောင်အခါ ဟံသာဝတီ ကမ္မဌာန်းဌာန ဥက္ကဌ) နှင့် ၎င်း၏ ညီ ဦးပြန့်၊ သင်္ကန်းပရိက္ခရာကုန်သည် ဒေါ်ကျင်တို့နှင့်အတူ လူပေါင်းဆယ့်ငါးဦးခန့် တရားအားထုတ်ရန် လာကြ၏။ တရား အားထုတ်၍ လေးရက်ခန့်ရှိလျှင် ရန်ကုန်မှ ဒေါ်ကျင်တို့ကိုးကွယ်သော ဆရာတော်တစ်ပါးလိုက်လာသည်။ ၎င်းအား ကိုးကွယ်ဆည်းကပ်သော ဒကာ ဒကာမကြီးများ တရားအမှားတွေ့ပြီး ဒုက္ခရောက်မည်စိုး၍ တရားအားမထုတ်ရန် အချိန်မီ လာရောက် ခေါ်လာခြင်းဖြစ်၏။
ဆရာတော်၏ ဘွဲ့မှာ ဦးဂန္ဓမာ။ ပထမဆုံး ဆရာသက်အိမ်ကို မေး၍ လိုက်လာရာ ဆရာသက်နှင့် ပက်ပင်းပါ တွေ့ဆုံ မိကြသည်။
ဘုန်းကြီး။        ။ ဆရာသက်ဆိုတာ ဒကာကြီးလား။
ဆရာသက်။     ။ မှန်ပါတယ် ဘုရား၊ အရှင်ဘုရား ဘာကိစ္စများ ရှိတော်မူပါသလဲ။
ဘုန်းကြီး။        ။ တွေ့ရတာ အတော်ပဲ၊ တရားအားထုတ်တဲ့လူတွေ ရှိတယ်ဆို၊ ဘယ်မှာလဲ၊ ကျုပ်ကို လိုက်ပို့စမ်း။
ဆရာသက်။     ။ အားလုံး ဓမ္မာရုံမှာ ရှိပါတယ် ဘုရား၊ ကိစ္စ အမိန့်ရှိပါဦး။
ဘုန်းကြီး။        ။ အာ …. စကားရှည်တယ် ဒကာကြီး၊ဒကာကြီး တရားပြတဲ့အလုပ် ဒီနေ့က စပြီး ရပ်လိုက်ပါ၊ လာတဲ့ လူတွေလဲ ပြန်လွှတ်လိုက်ပါ၊ ဘယ့်နှယ်ဗျာ …. စာတတ်ပေတတ်ဆရာတော် သံဃာတော်ကြီးတွေတောင်မှ တောထဲသွားပြီး လုပ်လို့ မဖြစ်နိုင်တာ၊စာမတတ်တဲ့ လူဒကာက  တရားပြဆရာလုပ်ရတယ်လို့ ၊ ရယ်စရာကောင်း လိုက်လေ။
                   ကဲပါလေ၊ ဒါတွေက ရှည်ဝေးပါတယ်၊ ဒကာကြီး ဘာသာ နာမည်ကြီးအောင် လုပ် ချင်ရင် စီးပွားရှာချင်ရင် သည့်ပြင်နည်းနဲ့လုပ်ပါ၊ ဘုရားတရားနဲ့ မလုပ်ပါနဲ့။
ဆရာသက်။     ။ အရှင်ဘုရား အမိန့်ရှိတာ မှန်ပါတယ်၊ တရားတော်ဟာ အင်မတန် သိမ်မွေ့နက်နဲ ပါတယ် ဘုရား။ လူသာမန် ရဟန်းသာမန်တို့ သိရန် ခက်ခဲပါတယ်။
ဘုန်းကြီး ။       ။ အေး …. ဒါကြောင့်ပြောတာ၊ ဓမ္မာရုံ ပိတ်လိုက် ။
ဆရာသက်။     ။ ပိတ်ပါ့မယ် ဘုရား၊ပိတ်တာက လွယ်ပါတယ်၊ဒါပေမယ့် တပည့်တော် လျှေက်ပါရ စေဦး၊ တရားမှားလို့ ပိတ်ရတယ်ဆိုရင် ကောင်းပါတယ်၊တပည့်တော်အတွက် ပို၍ ကောင်းပါတယ် ဘုရား၊ တရားက မှန်နေတယ်ဆိုရင်ကော ဒီလိုလဲ စဉ်းစားရပေ လိမ့်ဦးမယ်။
                   ဘုရားတပည့်တော်အတွက် အရှင်ဘုရား ထောက်ထားငဲ့ညှာ ကြည့်သလို တပည့် တော်ကလဲ  အရှင်ဘုရားအတွက်  ကြည့်ပြီး လျှောက်ပါရစေ။
                   ဒီတော့ ဆွမ်းကွမ်း ဝေယျာဝစ္စ တပည့်တော်များက အားလုံးတာဝန်ယူပါတယ်၊ တရားမှန် မမှန် ဆယ်ရက်လောက် အရှင်ဘုရားများ စမ်းသပ် ပေးစေချင်ပါတယ်၊ အရှင်ဘုရားများက စာပေပရိယတ္တိ ဗဟုသုတတွေ ရှိထားတော့ ဒီရက်လောက်ဆို ရင် တပည့်တော်များကို အဆုံးအဖြတ် ပေးနိုင်လောက်ပါပြီ။
                   အဲသည်တော့မှ ပိတ်ကြတာပေါ့၊ ဆက်ပြသင့်လဲ ပြကြရတာပေါ့ဘုရား။
ဘုန်းကြီး။        ။ (ဆရာတော်မှာ အတန်ကြာအောင် စကားမပြန်နိုင်ဘဲ တွေတွေကြီး စဉ်းစား ကာ) အင်း …. ဒကာပြောတာလဲ ဟုတ်ပါရဲ့ ၊ ကျုပ် ဒကာမကြီး ဒေါ်ကျင်တို့တစ် တွေကို ပြန်မခေါ်တော့ပါဘူး၊ ဆက်ပြချင်လဲ ပြပါလေ၊ကျုပ်မှာက အရေးကြီးတဲ့ ကိစ္စတွေ ရှိနေသေးလို့။
ဆရာသက်။     ။ အရှင်ဘုရား ကိစ္စတွေပြီးအောင် တပည့်တော် မသေနေရ ကောင်းပေတာပ။ဤသို့ စသည်ဖြင့် အကျယ်တဝင့် လျှောက်ထားရာ ဆရာတော် ဦးဂန္ဓမာသည် ဆယ်ရက်အားထုတ်ပြီး ဝန်ချတောင်း ပန်ကာ သူ၏ ဒကာ ဒကာမများကိုလည်း အားပေးစကား ပြောကြား၏။ရန်ကုန် ပြန်ရောက်သောအခါ  အခြား ဒကာ ဒကာမများကိုလည်း ဆရာကြီးထံ ပို့လွှတ်လေတော့သည်။ (ဦးဂန္ဓမာဟူသည် နောင်အခါ  စင်ပြွမ်းကုန်း ဆရာတော်ခေါ် ဟံသာဝတီ ကမ္မဋ္ဌာန်းဋ္ဌာနတွင် ဆရာ ကြီးနည်းအတိုင်း တရားပြသခဲ့သော ဆရာတော်ပင်တည်း။)
ကျနော်စာဖတ်ပြီးချိန်နှင့်တချိန်တည်းလိုလိုပင် ကိုသက်ခိုင် တဲပေါ်သို့ပြန်တက်လာလေရာ ကျနော်က …..
“အင်း ကျနော်လည်း ခင်ဗျား ဖတ်ခိုင်းတာတွေဖတ်လိုက် တွေးလိုက်နဲ့သိုက်စာဖတ်ရာ နားထောင်ပါဥစ္စာရနိုးနိုး
ဆိုတာမျိုးဖြစ်နေပြီ ဖြစ်နေပြီထင်ပါရဲ့ဗျာ၊ ကျနော်မေးနေတာက ခင်ဗျား ဘယ်လို ရှုမှတ်လေ့ကျင့်တယ်ဆိုတာ
သိချင်တာဗျ၊ ခင်ဗျားလုပ်နေပုံက ဝေ့လည်ကြောင်ပတ်များ ဖြစ်နေသလားလို့”
“အမလေးဗျာ၊ စွဲချက်က ပြင်းလှချည်လား၊အမှန်က ဒီလိုအလုပ်မျိုးဟာ နားထောင်နေရုံနဲ့ ကိစ္စပြီးနိုင်တာမျိုး
မဟုတ်လို့  ဇာတ်ရည်လည်ပါစေတော့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သိုင်းဝိုင်းပြီး ရှင်းပြနေရတာဗျ”
ဟု အစချီလျက် အောက်ပါအတိုင်း ကရားရေလွှတ်သလို စကားဆက်ပါတော့သည်။
“အခု ခင်ဗျားက ကျနော့်ကို တရားပြပေးစေချင်တယ်၊ အမှန်တော့ ကျနော်ကိုယ်တိုင်လည်း အကန်းလမ်းလျှောက်
သလို စမ်းတဝါးဝါး လုပ်ခဲ့သူမို့ ဒီလမ်းဒီစခန်းဟာဖြင့် အမှန်ပါပဲလို့ ကျနော်တထစ်ချ မဆိုချင်ဘူးဗျာ၊ ကျနော့်ဟာ
ဒေါင်ဒေါင်မြည်တဲ့ ဆရာသမားမျိုးနဲ့ မကြုံဖူးလေတော့ ကျနော့်အယူအဆသက်သက်နဲ့ ခင်ဗျားကို ဆရာမလုပ်ချင် တာလဲ ပါပါရဲ့။ လက်လမ်းမီရာ ပုဂ္ဂိုလ်ကြီးငယ်မဟူ ဆရာတင်ပြီး ကျင့်ခဲ့ရတာမို့ အားနည်းချက်တွေ တပုံတပင်ရှိနိုင်ပါတယ်။ စာတွေလည်း ဖတ်သပေါ့လေ။
ဇနီးသည်ယူလာပေးတဲ့ စာအုပ်တွေထဲမှာတော့ဗျာ သိက္ချတောင် ဆရာတော်ဦးတိလောကရဲပဏ္ဍိတဝေဒနိယ ဒီပနီဆိုတာ ကျုပ်အကြိုက်ဆုံးပဲ။ ဆရာတော်က ကျမ်းဂန်တတ်ကျွမ်းယုံမက ကိုယ်တိုင်ပါ လေ့ကျင့်ခဲ့တာကိုး။အဲဒီ စာအုပ်မှာ ကျုပ်လုပ်နေတဲလေ့ကျင့်ခန်းတွေနဲ့ပါတ်သက်လို့ တကယ့်ကို အသေးစိတ်ရေးထားလေတောကျုပ် အတွက် ဘုရားပွဲတွေ့ နေတော့တာပဲ။
အခုခင်ဗျားက ဝိပဿနာ ဘယ်လိုရသလဲလို့မေးနေပြီ၊ တဖြည်းဖြည်း ခင်ဗျားအတွက် အန္တရာယ်တောများလာပြီဆိုရမယ်။ ကျနော်က ခင်ဗျားကို မလုပ်ပါနဲ့လိုတားလို့ကလည်း မတော်။ နေပါအုံး။ ထူးထူးဆန်းဆန်းတွေ တွေ့တယ်လို့ပြောယုံနဲခင်ဗျားက ကျနော့်ကို အထင်ကြီးနေပြီဆိုရင် ခင်ဗျား သံဃာစင်ပါမှောက်တော့မယ်။ ကျနော်ပြောခဲ့ပါ ပကော။ သေခါနီးလိုစွတ်လုပ်ရာက စခဲ့ပါတယ်လို့။ခင်ဗျားက သေချင်စော် နံနေလို့လား။ ခင်ဗျား နဲ့ကျနော်ဟာ ဘယ်လိုမှ ထပ်တူမကျနိုင်ဘူးဗျ။
ကျနော်စာအုပ်တွေ ဖတ်တယ်ဆိုတာ ပိဋ္ဋကတ်သုံးပုံ အာဂုံဆောင်တာမဟုတ်ဘူး။အာဂုံဆောင် ထားရင်တောင် လုပ်နည်းလုပ်ဟန် မကျရင် လိုရာမရောက်ဘူးဗျ။ ကျနော်ကစကားကြီး စကားကျယ်တွေ ပြောကိုမပြောချင် တော့ဘူး။ စာသံပေသံတွေနဲလည်း မဖြီးချင်ဘူး။အခု ကျနော်ပြော နေတာတွေဟာ ကျနော်လုပ်ခဲ့သမျှတွေခဲ့သမျှ တခွန်းမကျန် အကုန်ပြန်ပြောနေတာမိုအားလုံး အမှန်လိုမယူပါနဲ့။ တိတိကျကျ ထပ်ပြောပါရစေ။ကျနော့်ပါးစပ်မှာ ခင်ဗျားလမ်းမဆုံးပါစေနဲ့။ ကုန်ကုန် ပြောရရင် ဘုရားဟောလို့ဆိုရင်တောင် ခင်ဗျားအတည်မယူလေနဲ့ ။အဲဒါ ကျနော်ပြောတာ မဟုတ်ဘူး။သိဒ္ဓတ္ထ ဆိုတဲ့ဂေါတမဗုဒ္ဓ ကိုယ်တိုင် ကာလာမရွာဆိုတဲ့ရွာတရွာမှပြောခဲ့တာတဲ့
ကာလာမရွာမှာ သူပြောခဲ့တာ ကျနော်ကိုယ်တိုင်တော့ဘယ်နားထောင်ရမလဲ ဗျ။သို့သော် ဘာသာတရားကို ချဉ်းကပ်လေ့လာတဲအခါ အစပိုင်းတွေမှာ ဒါမှမဟုတ် အချိုနေရာတွေမှာ ဆင်ခြင်တုံတရားနဲ့ယုတ္တိဗေဒနည်းအရ လက်ခံထိုက်တာတွေလည်း ရှိတယ်။ဒါလည်း လမ်းဆုံးလိုမယူလေနဲ။ အဖြေမှန်အောင် လမ်းဆုံးအောင် ဆက်ရှာဘိုက ခင်ဗျားတာဝန်။ ဘာမှမလုပ်ပဲ သူများပြောယုံနဲ့၊ အမှန်တရားတွေ့ကြကြေးဆိုရင် သိဒ္ဓတ္တလည်း နန်းတော်ထဲမှာ ထိုင်နေရင်းနဲ့ဘုရားဖြစ်တော့ မပေါ့ဗျာ။
အမှန်တရားသိတဲ့ သူတွေ လာပြော၊လာဟောကြစမ်းပါ လိုဖိတ်ပြီး နားထောင်ခဲ့မှာပေါ့။ စကား ကြမ်းသလား ။ဖြစ်စဉ်ကိုက်လား။သဘောပါရဲလား။ဟားဟားနောက်တာပါဗျာ။ မိုးကုတ် ဆရာတော်ကြီးရဲလေသံကို သဘောကျလွန်းလို။ သူတရားလည်း နာတာပေါ့။ ကျနော်ဘယ်ဆရာ တော်မှ အစွဲမထားဘူး။နားထောင်တယ်။နာတယ်။ဟုတ်မဟုတ် ဆန်းစစ်ဘို့ က ကျနော့်တာဝန်။
ကာလာမရွာမှာ ဘာပြောခဲ့လဲ၊ ဟုတ်လား။ဆိုးနေပါလား။ကျနော့်လို လူမျိုး နောက်တယောက်တွေ့ နေပြန်ပြီ။ကဲပါကျနော်နားလည်မှတ်မိသလောက် ပြောပါ့မယ်။ တိတိကျကျ လုံးစေ့ပါတ်စေ့ကတောနောက်တော့ကိုယ်တိုင် ရှာဖတ်ပေါ့။ပေါပါ့ဗျာ။ စာအုပ်တော် တော်များများမှာရှိပါ့။ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ကတ်စထရိုရဲကမ္ဘာ ကျော်တရားခွင် လျောက်လဲချက်တောတလုံးမကျန် ရတယ်။ကာလာမသုတ်တောမကြားဘူးဘူး။ဆိုးချက်ကတော့ ကမ်းကုန်ပဲ။
သိဒ္ဓတ္ထဘုရားဖြစ်ပြီတောဘုရားတွေရဲထုံးစံအတိုင်းခရီးလှည့်ပြီး တရားဟောရာက ကေသမုတ္တနိဂုံးဆိုတဲ့ ရွာကို ရောက်သွားသတဲ့ဗျာ။အဲဒီရွာက လူတွေက လူလည်တွေဖြစ်နေ တယ်ဗျ။လူလည်တွေ ဖြစ်လာတာကလည်း သူတိုရွာဟာအခုခေတ် စကာင်္ပူတို၊ဘန်ကောက်တိုလို ရောင်းဝယ်ဖောက်ကားမှုစည်ပင်တဲ့ရွာဖြစ်နေတောကုန်သည် တွေ တိုးရစ်တွေ သိပ်များတယ်။ထို့အတူ အယူအဆရေးရာ အယူဝါဒအသစ် ဖြန့့််ဖြူးချင်သူတွေလည်း အလာများ တယ်ပေါ့ဗျာ။အဲဒီ ခေတ်က အတွေးခေါ် အသစ်တွေ ပေါ်တဲ့ ခေတ်မဟုတ်လား။
ဂေါတမရောက်တော့ ရွာခံတွေက ကောင်းကောင်းမွန်မွန်တောဧည့်ခံပါရဲ့။ နားညည်းတော့မခံချင် ကြဘူး ထင်တယ်။အရင်က သမဏ၊ဗြဟ္မဏတွေ လာလှပါပြီဗျာ။ကြားလိုက်ရ တာလည်းထပ်ချည်း တလဲလဲ၊ သူတို့တွေ့တဲ့ တရားက ဘယ်လိုဘယ်ချမ်းသာ။အဲဒါ အမှန် တရားအစစ်ပဲ။ ခင်ဗျားတိုကိုးကွယ်ကြတဲ့။အခု ဆရာဂေါတမ လည်းထိုနည်းလည်းကောင်း ထင်ပါရဲ့။ စပြောကြသတဲ့ဗျာ။ အဲဒီမှာ ဂေါတမသိဒ္ဓဟာ ဥဒါန်းတွင်လောက်တဲ့စကားကို ပြောခဲ့တယ်။
ဟုတ်ပါတယ်။ဘုရားဆိုတောဟောတာပေါ့။ အခုဟာက ခင်ဗျာနားထဲ တဲ့တိုးဝင်သွားအောင် ကျနော်ပြောနေတာ ။ဘုရားကို အရိုအသေတန်တာ မဟုတ်ရပါဘူး။ ဂေါတမဗုဒ္ဓက မင်းတိုထင် သလို မတူပါဘူးကွာ။ငါဟောမဲ့တရားက ငါပြောတာအမှန်ဆိုပြီး ပြောတဲတရား မျိုးမဟုတ်ဘူး။ ငါပြောတဲတရားဖြစ်ဖြစ်။သူများပြောတဲ့ တရားပဲဖြစ်ဖြစ်။ ကြားရုံမျှနဲလည်း အတည်မယူပါနဲ့။ ဆရာကပြော တယ်လို့လည်းအတည်မယူပါနဲ။မိဘက ပြောတာနဲလည်း အတည်မယူပါနဲ။ အစဉ်အဆက် ကိုးကွယ်လာလိုလဲ အတည်မယူပါနဲ။ယုတ္တိနည်းအရ မှန်တယ်လိုလည်း အတည်မ ယူပါနဲ့။ မှတ်တမ်း မှတ်ရာနဲရေးထားတာ တွေရုံနဲလည်း အတည်မယူပါနဲဆိုပြီး အယူဝါဒတခုကို အတည်မယူ ထိုက်တဲ့အချက်(၁၀)ချက်ကို ပြောပြတယ်။
ကျင့်ကြံအပ်တဲတရားဟုတ်မဟုတ်၊ကိုယ်တိုင်လက်တွေစမ်းသပ်ပါတဲ့။တရားမှာ ပြောထားဟောထားတဲ့အတိုင်း ကျင့်ကြံလိုက်နာကြည့်လိုအများရော၊ကိုယ်ပါ အကျိုးရှိသူတော်ကောင်းတွေ ချီးမွမ်းတဲ့ ကိစ္စကိုမှ ယုံကြည်လက်ခံ ပါတဲ့။
ချဲသွားထိုးခိုင်းတာ ။ဘီယာဆိုင် စမ်းထိုင်တာတွေမပါဘူးနော်။သူတော်ကောင်းတွေ လက်ခံဘိုလိုတဲ့အလုပ် ဆိုတာလည်း သတိချပ်အုံး။မှာရမယ်ဗျ။လူတွေက တလွှဲဆံပင်ကောင်းကြလွန်းလို့။ ဒီလိုပါပဲ။လူတွေကိုက။ ကျုပ်က အစ”
“ကဲ ခင်ဗျားပြောတဲ့ ကာလာမသုတ်ကို သဘောကျပြီဗျာ။ ခင်ဗျားရဲ့ရှုနည်းကိုသာ ပြောပါလေ၊ ကျနော့်ကိုယ်ပိုင်ဆင်ခြင်တုံတရားနဲ့ ပိုင်းဖြတ်ဖို့ ကတိပေးပါတယ်”
“ကဲ ဒီလိုဆိုရင်ဖြင့် ကျနော့် ရှုနည်းမှတ်နည်းကို ပြောပါ့မယ်ဗျာ၊ ခင်ဗျားနားထောင်နေရတာ မပျင်းရလေအောင် ရှုနည်းမှတ်နည်းတင်မက နတ်ပြည်တို့ အသူရကယ်ဘုံတို့အကြောင်းပါ ကြားညှပ် ပြောပါအုံးမယ်”
“ဘာလဲဗျ၊ အသူရကယ်ဘုံဆိုတာ”
“စိတ်လျော့ပါဗျာ၊ ကျနော်တို့ရဲဘက်တွေမှာ အပေါဆုံးက အားလပ်ချိန်ပဲ။အခွင့်သာချိန်တွေအများကြီးပါလေ။ ဒီညတော့ ညဥ့်နက်လှပြီ၊ အိပ်ကြစို့ရဲ့၊
သို့သော်ခင်ဗျားချက်ချင်းအိပ်ပျော်တတ်တဲ့ အကျင့်မရှိဘူးဆိုရင်တော့   ခင်ဗျားသိချင်တဲ့ ကမ္မဋ္ဌာန်း ရှုနည်းဟာ ဒီစာအုပ်ရဲ့ စာမျက်နှာ(၂၀)မှာ ရှိလေရဲ့။ ဖတ်ပေတော့ဗျာ”
ဟု ပြောပြောဆိုဆို စာအုပ်ကိုကမ်းပေးရင်း တဖက်သို့လှည့်ကာ အိပ်ယာဝင်သွားပါတော့သည်။
ထိုညက ကျနော်ဖတ်ခဲ့ရသော ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ သာသနာရေးဦးစီးဋ္ဌာနတွင် ရိုက်နှိပ် သော ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ် စာမျက်နှာ ၄၄-၄၅ တွင် ပါရှိသည့် ကာလာမ သုတ်အကျဉ်းနှင့် အနာဂါမ်ဆရာသက်ကြီး၏ ကမ္မဋ္ဌာန်းထိုင်နည်း အကျဉ်းချုပ်မှာ အောက်ပါအ တိုင်း ဖြစ်ပါသည်။




ကာလာမသုတ်အကျဉ်း
အခါတပါး မြတ်စွာဘုရားသည် နောက်ပါတပည့်သံဃာများနှင့်အတူ ကောသလတိုင်း၌ ဒေသစာရီ ကြွချီတော်မူစဉ် ကာလာမမင်းသားတို့နေထိုင်ရာ ကေသမုတ္တနိဂုံးရွာကြီးသို့ ဆိုက်ရောက်တော်မူ လာသည်။ ကေသမုတ္တိနိဂုံးရွာသား ကာလာမမင်းသားတို့သည် မြတ်စွာဘုရား ရောက်လာပြီး ဆိုက တည်းက ဘုရားရှင်၏ မျိုးရိုးဇာတိစသော ကောင်းသတင်းဂုဏ်များကို ကြားသိထားသည့်အတိုင်း အသီးသီးအုပ်စုဖွဲ့ကာ ချီးကျူးပြောဆိုနေကြလေသည်။
ဂေါတမမြတ်စွာဘုရားသည် သာကီဝင်မင်းသားဘဝမှ ရဟန်းပြုလာသူ ဖြစ်ကြောင်း၊ လူတွေကိုသာ မက နတ်ဗြဟ္မာအပါအဝင် တလောကလုံးအား ကိုယ်တိုင်သိထားသော တရားသဘောကိုသာ ဟောကြားသူဖြစ်ကြောင်း ၊ ဟောသမျှလည်း ဖြည့်စွက် ပယ်နှုတ်စရာမရှိ၊ တိကျမှန်ကန်၍ ကောင်းခြင်းသုံးတန်နှင့် ပြည့်စုံသည့်အပြင် လက်တွေ့အကျင့်စခန်းပါ ဟောပြောနိုင်သူဖြစ်ကြောင်း စသည်ဖြင့် ပြောဆိုကာ နောက်ဆုံးတွင် သွားရောက်ဖူးမြှော်ရန် ဆုံးဖြတ်ကြသည်။ ဘာသာအယူ ဝါဒနှင့် စပ်၍ မတင်မကျမရှင်းမလင်း ဖြစ်နေသော သံသယများကိုလည်း ဖွင့်ဟလျှောက်ထားရန် စုရုံးရောက်ရှိ လာကြသည်။
“ဘုန်းကြီးတော်မူသော မြတ်စွာဘုရား -
ကေသမုတ္တိနိဂုံးရွာကြီးသို့ ရောက်လာသမျှသော ရဟန်းပုဏ္ဏားတို့သည် မိမိတို့ အယူဝါဒသာ ကောင်းမွန်မှန်ကန်ကြောင်း ဂုဏ်တင်ပြောဆို၍၊ အခြားသူတို့၏ ဝါဒများ မှားယွင်းကြောင်း ထိပါးပုတ်ခတ် ရှုတ်ချကဲ့ရဲ့၍ ပစ်ပယ်ပြောဆိုကြပါသည်။ ဘုရားတပည့်တော်တို့သည် ထိုသူတို့၏ စကားကို ကြားနာရသဖြင့် မည်သူ၏ အယူဝါဒသည် အစစ်အမှန်ဖြစ်၍ မည်သူ၏ ဝါဒသည် မှားယွင်းကြောင်း မဝေခွဲနိုင် ဖြစ်နေကြပါသည်။ အားလုံးသောအယူဝါဒများအပေါ်၌ ယုံမှားသံသယ ဖြစ်နေကြရပါသည် အရှင်ဘုရား ” ဟုလည်း လျှောက်ထားကြသည်။
ထိုအခါ မြတ်စွာဘုရားက “ကာလာမမင်းသားတို့- သင်တို့သည် ယုံမှားသံသယ ဖြစ်မည်ဆိုက (ယုံမှားသံသယဖြစ်ထိုက်၍) ယုံမှားသံသယ ဖြစ်ခြင်းပင် ဖြစ်သည်” ဟု မိန့်တော်မူကာ အယူဝါဒနှင့် စပ်၍ အထူးမှတ်သားဖွယ်ကောင်းသော “စံ” ၁၀-ချက်ကိုလည်း ဆက်လက်ညွှန်ပြတော်မူ၏။
“အို - - ကာလာမမင်းသားတို့ - သင်တို့သည် အယူဝါဒတရပ်ကို -
(၁) တဆင့်ကြားကာမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု လက်မခံကြကုန်လင့်။
(၂) ဘိုးဘေးစဉ်လာ ဆင်းသက်လာသော မိရိုးဖလာ အယူဝါဒဖြစ်သည်ဟူ၍လည်း လက်မခံကြ ကုန်လင့်။
(၃) ဤအရာသည် ဤသို့ဖြစ်သတဲ့ ဟူသော ကောလဟလ ဖြင့်လည်း လက်မခံကြပါကုန်လင့်။
(၄) မိမိတို့လေ့လာထားသော စာပေကျမ်းစာနှင့် ညီညွှတ်ကာမျှဖြင့်လည်း လက်မခံကြကုန်လင့်။
(၅) မိမိတို့တွေးခေါ်ကြံဆချက်နှင့် ကိုက်ညီမျှရုံဖြင့်လည်း လက်မခံကြကုန်လင့်။
(၆) ဤအရာသည် ယုတ္တိရှိသည်-ဟု နည်းမှီထောက်ဆ၍ ရရုံမျှဖြင့်လည်း လက်မခံကြကုန်လင့်။
(၇) ဤအရာသည် မှန်ကန်ပြီဟု မိမိဘာသာကြောင်းကျိုး ဆင်ခြင်သုံးသပ်၍ ရရုံမျှဖြင့်လည်း လက်မခံကြကုန်လင့်။
(၈) မိမိတို့စဉ်းစားတွေးကြံ လက်ခံထားသောအယူနှင့် ကိုက်ညီပြီ ဆိုရုံမျှဖြင့်လည်း လက်မခံကြ ကုန်လင့်
(၉) မိမိတို့ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟု ပုဂ္ဂိုလ်စွဲအားဖြင့်လည်း လက်မခံကြကုန်လင့်။
(၁၀) မိမိတို့လေးစားသော ဆရာ၏စကားဖြစ်သည်ဟု ဆရာစွဲအားဖြင့်လည်း လက်မခံကြကုန်လင့် - မြတ်စွာဘုရားရှင်သည် ချိန်ခွင် သဖွယ်၊ မှတ်ကျောက်ပမာဖြစ်သော ဤ “စံ” ၁၀-ချက်ကို လမ်းညွှန်ဟောပြတော်မူပြီးနောက် အောက်ပါအတိုင်း ကိုယ်တိုင်လက်တွေ့စမ်းသပ်နည်းကိုပါ ဆက်လက် နည်းညွှန်တော်မူလေသည်။
အို--- ကာလာမမင်းသားတို့ - သင်တို့သည် “ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်ရှိသောတရားတို့တည်း၊ ဤ တရားတို့ကား ပညာရှိတို့ကဲ့ရဲ့အပ်သော တရားတို့တည်း၊ ဤတရားများကို လက်ခံကျင့်သုံးခဲ့သော် အကျိုးမဲ့ဖြစ်မည် ဆင်းရဲဒုက္ခရောက်မည် “ ဟု သင်တို့ကိုယ်တိုင် သိရှိအံ့၊ ထိုတရားတို့ကို ပယ်ရှားကြရမည်။
အို--- ကာလာမမင်းသားတို့ ၊လောဘတရား၊ဒေါသတရား၊မောဟတရားတို့သည် မိမိသန္တာန်၌ဖြစ် ပေါ်လာသည်ရှိသော် အကျိုးစီးပွားကို ဖြစ်စေသလော၊ အကျိုးမဲ့ကို ဖြစ်စေသလော။ လောဘကြီး သောသူ၊ ဒေါသကြီးသောသူ ၊မောဟကြီးသောသူ၊ လောဘ ဒေါသ မောဟ လွှမ်းမိုးခံရသူတို့သည် သူတပါးအသက်ကိုလည်း သတ်ဖြတ်ကြ၏။ သူတပါးဥစ္စာကိုလည်း ခိုးယူကြ၏။ သူတပါးသားမ ယားကိုလည်း ကျူးလွန်စော်ကားကြ၏။ လိမ်ညာ၍လည်း ပြောဆိုကြ၏။ အခြားသူများကိုလည်း ထိုကဲ့သို့ကျူးလွန်ရန် တိုက်တွန်းကြ၏။ ဤလောဘ ဒေါသ မောဟ အကုသိုလ်တရားတို့သည် ရှည် မြင့်စွာသော ကာလပတ်လုံး အကျိုးမဲ့ကို ဖြစ်စေတတ်ကုန်၏။ ဆင်းရဲဒုက္ခကို ဖြစ်စေတတ်ကုန်၏။
အို--- ကာလာမမင်းသားတို့ လောဘ ဒေါသ မောဟတရားတို့သည် ကုသိုလ်တရားတို့လော၊ အကု သိုလ်တရားတို့လော၊ အပြစ်ရှိသော တရားတို့လော၊ အပြစ်မဲ့သော တရားတို့လော၊ ပညာရှိတို့ ချီးမွမ်းအပ်သလော၊ ကဲ့ရဲ့အပ်သလော။ ပြုလုပ်ခဲ့မိသည်ရှိသော် အကျိုးမဲ့ ဆင်းရဲဒုက္ခကို ဖြစ်စေ တတ်ကုန်သည် မဟုတ်လော။ဤနေရာ၌ သင်တို့ အဘယ်သို့ ထင်မြင်ယူဆကြကုန်သနည်း။
အို--- ကာလမမင်းသားတို့ “ဤသို့လျှင် တဆင့်ကြားမျှဖြင့်လည်း လက်မခံကြကုန်လင့်၊ သင်တို့ ကိုယ်တိုင်သိရှိခဲ့သော (အကုသိုလ်တရားတို့ကို) ဖယ်ရှားကြကုန်လော့” ဟူသော စကားကို ထို့ကြောင့်ပင်လျှင် ငါဟောကြားခြင်းဖြစ်၏။
……………………………………….
ကမ္မဋ္ဌာန်းထိုင်နည်းအကျဉ်းချုပ်
၁။ ဝိပဿနာအားထုတ်မည့် လူယောဂီ ပုဂ္ဂိုလ်သည်အာဇီဝဋ္ဌမကသီလဖြစ်စေ၊ ရှစ်ပါးသီလဖြစ်စေ၊ ဆယ်ပါးသီလဖြစ်စေ၊ ကြိုက်နှစ်သက်ရာ သီလကို ဆောက်တည်ထားရမည်။
၂။ ရဟန်းတော်များကား ပါတိမောက္ခ သံဝရသီလကို စောင့်ရှောက်ထိန်းသိမ်းတော်မူနေသည်ဖြစ်၍ အထူးစောင့်ရှောက်ရန် မလိုပါဘုရား။
၃။ အောက်ပါအချက်များကို ဖတ်ရှုသိရှိထားရပါမည်။
ရှေးဦးစွာ သမာဓိရအောင်ထူထောင်ရန် သမထနည်း
သမထနည်းလေးဆယ်ရှိသည်တွင် ယေဘုယျအားဖြင့် တွေ့ကြုံဖူးသည့်အနက် အများနှင့်သင့် လျော်မည် ထင်သော ကမ္မဋ္ဌာန်းမှာ အာနာပါနဖြစ်၏။လွယ်လွယ်ကူကူနှင့် အားထုတ်၍ဖြစ်ကြသည် ကိုလည်း ကြုံတွေ့ရ၏။ထို့ကြောင့် အာနာပါနကမ္မဋ္ဌာန်းကို အဓိကထား၍ ရေးပြပေအံ့။ အာနာပါန ကမ္မဋ္ဌာန်းတွင် အားထုတ်ပုံအမျိုးမျိုးရှိသော်လည်း ဤကျမ်းစာအုပ်မှာ ဖြတ်လမ်းနည်း၊အတိုနည်းကို သာ လိုသည်ဖြစ်၍ အတိုဆုံးအမြန်ဆုံးဟု ကျမ်းပြုသူ ယူမှတ်ထားသောနည်းကိုသာ ပြပါမည်။
ကမ္မဋ္ဌာန်းခွင် ဝင်မည်ကြံလျှင် ဘုရားအစရှိသော ရတနာသုံးပါး အနန္တငါးပါးတို့အား ရိုသေစွာ ကန် တော့ပြီးလျှင် ဖော်ပြထားခဲ့ပြီးသော ဝိပဿနာရှုနည်းတွင် ကမ္မဋ္ဌာန်း၏ အရှေ့ပိုင်းအဖို့၌ ပြုရန်ပြုဖွယ် ကိစ္စတို့ကို ရေးသားထားသည့်အတိုင်း အကုန်လုံးပြုပြီးလျှင် မိမိကြာကြာထိုင်နိုင်မည့် ဣရိယာပုထ်အတိုင်းထိုင်၊ ယောက်ျား တင်ပျဉ်ခွေ ၊မိန်းမ ကျုံ့ကျုံ့ထိုင်နိုင်လျှင် သာ၍ကောင်း၏။ ထိုင်သောအခါ တဘက်ဖြူတစ်ခုကို သိုင်းထားလျှင် သာ၍ကောင်း၏။
ထိုင်ပြီးလျှင် ထွက်သက်ဝင်သက်ကို အလိုလိုနေတုန်းအခါကတိုင်း ရှု၍စိတ်ကို ထွက်သက်ဝင်သက်
တိုး၍တိုး၍ ထိ၍ထိ၍သွားနေသော နှာသီးဖျားမှာထား၊ စိတ်က ဘာမျှ မကြံမတွေးနှင့်၊ထွက်လေဝင် လေ ထိတိုင်း ဝင်တိုင်း အစဉ်အတိုင်း သိ၍သိ၍နေအောင်သာ သတိထား၍နေ။ ရံဖန်ရံခါ အသက်ရှူမှားလျှင် မောတတ်၏။ ပြင်၍ရှူပေး။ တစ်ခါတစ်ရံ ဖြည်းဖြည်းကလေး ရှုပါများလျှင် အိပ် ချင်လာတတ်သည်။ ပြန်၍ရှုပေး။ ရှုဖန်များလျှင် “မုဆိုးစိုင်သင် “ဆိုသကဲ့သို့ မိမိအလုပ်က မိမိကို သင်၍ပြလိမ့်မည်။ညောင်းအားကြီးလျှင် နေရာပြင်၊ ရှုမြဲတိုင်းရှု မှတ်မြဲတိုင်းမှတ်။
စိတ်က “ဘယ်နည်းနဲ့မဆို ပေါက်မြောက်အောင်မြင်အောင် အားထုတ်မည်၊ ငါ ပါရမီရှိသည်၊ အောင်လျှင် အပါယ်တံခါးပိတ်မည်” ဟု ယုံယုံကြည်ကြည် လိုလိုချင်ချင်နှင့် အားထုတ်ပါ။ သို့မှ မြန် မြန်ခရီးရောက်မည်။ ပေါ့ဆဆ စိတ်က မယုံတယုံ မလိုချင့်လိုချင်နှင့် ဆိုလျှင် အလကားပဲ၊ ပင်ပန်းရုံ ပင် ရှိတတ်သည့်အပြင် နောက်တစ်ခါထပ်၍ အားထုတ်ပါသော်လည်း ရုတ်တရက် မအောင်မြင် လွယ်ဘဲ ရှိတတ်သည်။
အာရုံနိမိတ် စိတ်မစွဲနှင့်
ဤကဲ့သို့ ရှုဖန်မှတ်ဖန် များလာသော် တစ်ခါတစ်ရံ ၁- စက္ကန့်မှ ၁- မိနစ်၊ ၂- မိနစ်၊ ၅- မိနစ်၊ ၁၀- မိနစ်ခန့်ကြာအောင် နိမိတ်မြင်လာတတ်သည်။
နိမိတ်ဆိုသည်မှာ အာနာပါန နိမိတ် ၁၂-ပါးဖြစ်စေ၊ အခြားနိမိတ်များဖြစ်စေ၊ မြင်လာတတ်သည်။ မြင်သော်လည်း မြင်မှန်းသိပြီးသည်နှင့် တစ်ပြိုင်နက်၊ နိမိတ်ပျောက်သွားသည်နှင့် တစ်ပြိုင်နက် -
ထွက်လေဝင်လေ ထိသောနေရာ နှာသီးဖျားမှာပင် စိတ်ကိုထား၊
ဝင်လေဝင်တိုင်း ဝင်တိုင်း ထိတာကို သိ။
ထွက်လေ ထွက်တိုင်း ထွက်တိုင်း ထိတာကို သိ၍ သိ၍ သာ နေ။




ထိုအခါ နိမိတ်အမျိုးမျိုး တွေ့လာတတ်သည်။ တွေ့တတ်ပုံမှာ ထွက်လေဝင်လေတို့သည် လေအ မြောင်းကြီးကဲ့သို့ ထင်လာတတ်သည်။ ထွက်လေသည် နှာသီးဝ၏ အပြင်ဘက်သို့ တစ်ထွာတစ် တောင် ရောက်အောင် ထွက်သွားသကဲ့သို့ ဝင်လေသည် လည်ချောင်းရင်ဝ ချက်တိုင်အထိ ရောက် သွားသကဲ့သို့ အလိုလို ထင်လာတတ်သည်။ [ဤနေရာ၌ အချို့က ဝင်လေကို “ချက်” ကိုရောက် အောင် အားထုတ်ရမည်ဟု ထင်နေကြသဖြင့် များသောပုဂ္ဂိုလ်များက ဝင်လေကို ချက်ရောက် အောင် တမင်ရှူသွင်းနေကြ၏။ ဒါကြောင့်မို့ အားထုတ်၍ မဖြစ်နိုင်ဘဲ ကြန့်ကြာ၍ နေကြ၏။ ဤ ကား စကားချပ်တည်း။]
ထွက်လေဝင်လေတို့သည် အခိုးတွေကဲ့သို့ ထင်လာတတ်သည်။ ဖြူဖြူမီးခိုးကဲ့သို့ ထင်လာတတ် သည်။ နှာသီးဝ၌ ဂွမ်းတွေအဆင့်ဆင့်ထပ်၍ ထပ်၍ ထွက်လေဖြင့် အဆင့်ဆင့် တိုး၍ တိုး၍ မြင့်မြင့် လာသကဲ့သို့ ထင်နေတတ်သည်။ အဖြူခိုးတွေ ထွက်သောအခါ အဖြူခိုးနှင့် ရောလျက် လက်လက် လက်လက်နှင့် ရွှေခြည်ငွေခြည်မှုန့်ကလေးတွေ တောက်ပြောင်လျက် မီးပန်းများကဲ့သို့ ဖွာဖွာ ဖွာဖွာ နှင့် ပါသွားတာကိုလည်း တွေ့ရတတ်သည်။ တစ်ခါတစ်ရံ ပုလဲကုံးတစ်လုံး ဖြစ်စေ၊ ပို၍ဖြစ်စေ၊ ကြီး သည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ထွက်လေဝင်လေနှင့် ရော၍ နှာသီးဝ၌ ဝင်လိုက်ထွက်လိုက် ဖြစ်နေတတ်သည်။ ပုလဲသွယ်ကဲ့သို့ သီတန်းလျက် ထွက်လိုက်ဝင်လိုက် နေတတ်သည်။ သမာဓိပို ၍ ရင့်လာလျှင် ဤပုလဲကုံးများသည် ဓာတ်မီးကဲ့သို့ အရောင်လင်းပြီးသကာလ ဝင်လိုက်ထွက် လိုက် နေတတ်သည်။ ထွက်သောအခါ ချက်မှသည် နှာသီးဝ၏ အပြင်ဘက်သို့ ထွက်လေနှင့်တကွ ရောက်သွားတတ်သည်၊ ဝင်သောအခါ ချက်အထိ တောက်လျှောက် ဝင်တာ သိရသည်။
ထိုအရောင်ဖြင့် ဝမ်းထဲက ရှိသမျှကိုတောင် မြင်ရတတ်သည်။ ဤကဲ့သို့ နိမိတ်မြင်နေသောအခါ နိ မိတ်ကိုသာ အာရုံပြုလျက် သိလျက် သတိရှိလျက် နေတတ်သည်။ နှာသီးဖျား၌ စိတ်မရှိတော့ပြီ။နိ မိတ်ပျောက်သွားသောအခါ နှာသီးဖျားမှာ စိတ်ရောက်လာပြန်သည်။ မရောက်လျှင်လည်း တမင် ထား၍ ပေးရသည်။
ထို့ပြင် ၃၁- ဘုံ၌ ရှိသော အပွင့်အမျိုးမျိုး၊ အပင်အမျိုးမျိုး အရောင်အမျိုးမျိုး၊ အဆောက်အအုံ အမျိုး မျိုး၊ တောတောင်ရေမြေ သမုဒ္ဒရာ အမျိုးမျိုး၊ ဂူကျောင်းဘုရားအမျိုးမျိုး၊ အလွန်သာယာပျော်ဖွယ် ကောင်းသော နေရာဌာနန္တရ အမျိုးမျိုး၊ နေလ နက္ခတ် တာရာ အမျိုးမျိုး၊ ပတ္တမြားအစရှိသော ကျောက်မျက်ရတနာ အမျိုးမျိုး၊ ဥပါပျံကဲ့သို့သော အလင်းရောင်လုံးကြီးအမျိုးမျိုး၊ ပိုးစုန်ကြူးကဲ့သို့၊ မီးပန်းမီးကျည်များကဲ့သို့၊ မီးပွားကလေးတွေကဲ့သို့ အစရှိသော အရာမျိုးများကို ပြော၍မပြတတ် လောက်အောင်ပင် တွေ့ရတတ်၏။ သမာဓိရင့်လေ တွေ့လေပဲ။
၎။ အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်ခါနီး၌ မြတ်စွာဘုရားအား လျှောက်ထားရမည်မှာ-
“ အဟံ ဘန္တေ သံသာရ ဝဋဒုက္ခတော မောစ နတ္ထာယ၊ သမထကမ္မဋ္ဌာနံ ယာစာမိ။
ဒုတိယမ္ပိ အဟံ ဘန္တေ …… ယာစာမိ။
တတိယမ္ပိ အဟံ ဘန္တေ ….. ယာစာမိ”။
“ ဘန္တေ- အရှင်ဘုရား ၊ အဟံ- တပည့်တော်သည် ၊ သံသာရဝဋ ဒုက္ခတော - သံသရာဝဋ်ဆင်းရဲမှ ၊ မောစ နတ္ထာယ- လွတ်မြောက်ပါရခြင်းအကျိုးငှာ ၊ သမထ ကမ္မဋ္ဌာနံ - သမထကမ္မဋ္ဌာန်းကို ၊ ယာစာမိ- တောင်းပန်ပါ၏။ ဒုတိယမ္ပိ- နှစ်ကြိမ်တိုင်လည်း ၊ ဘန္တေ- အရှင်ဘုရား ……………….. ယာစာမိ - တောင်းပန်ပါ၏။ တတိယမ္ပိ - သုံးကြိမ်တိုင်လည်း ၊ ဘန္တေ- အရှင်ဘုရား   ……………….
ယာစာမိ- တောင်းပန်ပါ၏။
ဤသို့လျှောက်ထားပြီးလျှင် -
၅။ လုံသော မှောင်သောနေရာတစ်ခုခု၌ အာနာပါနအလုပ်ကို အားထုတ်ရပါမည်။ တစ်ရက်၌ ၂၄- နာရီရှိရာ ၁၂- နာရီထက်မများ ၊ ၆- နာရီထက်မနည်း ၊ နှာသီးဖျားမှာ စိတ်ကို အမြဲစိုက်ထားပြီးလျှင် ထွက်လေဝင်လေကို သိရုံသာသိနေပါ။ လေနောက်သို့ စိတ်လိုက်မသွားရန် အထူးသတိပြုရပါမည်။ လေနောက်သို့စိတ်လိုက်နေပါက နိမိတ်ရဖို့ ကြာတတ်ပါသည်။



၆။ နိမိတ်ရ၍ ဝိပဿနာတက်လိုသောအခါ အောက်ပါအချက်များကို ဖတ်ရှုထားရပါမည်။
    ရန်ကုန်မြို့  ဒလဘက် ပျော်ဘွယ်ကြီးရွာ ကမ္မဋ္ဌာန်းဆရာကြီး ဆရာသက်ထံမှ ရရှိသော
                                   ဝိပဿနာ အားထုတ်နည်း
တရားအားထုတ်လိုသောသူသည် အာနာပါန ကမ္မဋ္ဌာန်းကို ဂရုတစိုက် လိုလိုချင်ချင်နှင့် ဖော်ပြခဲ့ပြီး သောနည်းအတိုင်း ၃-ရက်လောက် အားထုတ်မိသောအခါ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်တို့ကို ရတတ်ကြလေသည်။ ထိုအခါကျလျှင် ဝိပဿနာကို ပြ၍ ရနိုင်ပါတော့သည်။ဤနိမိတ်မျိုးကို တိဟိတ်မှ မြင်နိုင်သည်။ ထိုနိမိတ်တို့ကို တွေ့သောအခါ အရောင်အလင်းနှင့်တကွဖြစ်သော နိမိတ် ကို ခပ်ကြာကြာမြင်ရလျှင် သမာဓိတော်တော်ကောင်းလာပြီဟု မှတ်ပါ။
ထိုအခါ ပထမက အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်ခါနီး၌ ပြုအပ်သော ကိစ္စဟူသမျှ (ဘုရားရှိခိုး ခြင်း၊ ကမ္မဋ္ဌာန်းတောင်းခြင်း စသည်)တို့ကို တစ်ခုမကျန် စုံအောင် ထပ်၍ပြု။
ဝိပဿနာတရားကို ရမှာပဲဟု ယုံယုံကြည်ကြည် ရှိစေရမည်။ အလွန်လိုချင်သော စိတ်လည်း ရှိရ  မည်။လောကကြီး၌ ဒုက္ခအပေါင်းကိုလည်း ကြောက်၍ ထွက်မြောက်လိုသောစိတ်ဖြင့် မာန်မာနကို ချ၍ စိတ်ကို ပျော့ပျော့ထားရမည်။ ကိုယ်အမူအယာ နှုတ်အမူအယာ နူးညံ့သိမ်မွေ့စေရမည်။
ဝိပဿနာအာရုံ ရှုကွက်
ထို့နောက် မိမိထိုင်တတ်သလိုထိုင်၊ ထိုင်ပြီးလျှင် ၁၀-မီးနစ်ခန့်ကြာအောင် နှာသီးဖျား၌ ထွက်လေ ဝင်လေထိသည်ကို၊ ရိပ်ရိပ် ရိပ်ရိပ်နှင့် တိုး၍သွားသောအတွေ့သဘောကလေးတွေကို၊ ရိပ်ရိပ် ရိပ်ရိပ်နှင့်တိုး၍တိုး၍ ဖြစ်၍ဖြစ်၍ ပျောက်ပျောက်သွားသော သဘောကလေးတွေကို မမြဲခြင်း သဘောပါကလားဟု နှလုံးသွင်း၍ အနိစ္စ၊ အနိစ္စ ဟူ၍ရှု။
ရှု၍ ၁၀-မိနစ်၊၁၅- မိနစ်ခန့်ကြာသောအခါ မိမိ၏ ငယ်ထိပ်ကို အာရုံပြု။ ငယ်ထိပ်မှာ စိတ်ထား။စိတ် တခြားမသွားစေနှင့်။ ကြပ်ကြပ်သတိထား။
ဤနေရာ၌ ဆရာရှိမှ သာ၍ကောင်းသည်။ငယ်ထိပ်နေရာ၌ ငါးမူးစေ့ခန့်  ကျပ်ပြားဝိုင်းခန့် ဝိုင်းဝိုင်း ကလေး တစ်နေရာစာတွင် နည်းနည်းအေး၍ဖြစ်စေ၊ ပူနွေးနွေးဖြစ်စေ၊ တွေ့ရတတ်သည်။ တွေ့ရဆို တာ မျက်စိဖြင့် မြင်ရတာမျိုးမဟုတ်။ တွေ့သောအခါ စိတ်ကို တခြားမရောက်စေနှင့်။ သိ၍သာနေရ မည်။ အတော်ကြာလျှင် နွေးသော အေးသောနေရာကလေးသည် လှုပ်လှုပ် လှုပ်လှုပ်နှင့်လည်နေ သကဲ့သို့ တွေ့တတ်သည်။ ဘာပဲဖြစ်ဖြစ် စိတ်ကို ဤနေရာမှာပဲ ထား။
ငယ်ထိပ်က အဝိုင်းကလေးသည် ကျယ်ပြန့်၍ ခေါင်းကို ခြုံပြီးသကာလ အောက်သို့ ဖြာ၍ဆင်းကျ လာတတ်သည်။ ကျလာပေစေ၊ ကျလာတဲ့အတိုင်းပင် သိ၍လိုက်၊ ဤကဲ့သို့နှင့်ပင် တဖြည်းဖြည်း တစ်ကိုယ်လုံးခြုံ၍ သွားတတ်သည်။ ဤကဲ့သို့ တစ်ကိုယ်လုံး ခြုံမိမှ ဖြစ်စေ၊ မခြုံမိခင်ဖြစ်စေ၊ ပူရှိန် ပူငွေ့ဖြစ်စေ၊ အေးရှိန်အေးငွေ့ဖြစ်စေ မိမိခန္ဓာကိုယ် တစ်နေရာ၌ လှုပ်ရှားလျက် တရွေ့ရွေ့ တိမ် တိုက်များ သွားနေသကဲ့သို့နေတတ်၏။
ဖဿတွေ့ထိပုံ
တစ်ခါတစ်ရံ ဝမ်းထဲ ကျောထဲ၌ ရှိန်ရှိန်နှင့် လျှမ်းလျှမ်းနှင့် တေဇောဓာတ်တို့ မငြိမ်မသက်ဖြစ်နေ သည်ကို တွေ့ရတတ်သည်။ တစ်ခါတစ်ရံ ခန္ဓာကိုယ်တစ်နေရာ၌ ရိုးတိုးရွတနှင့် ပုရွက်ဆိတ်ကလေး တွေ တရွေ့ရွေ့သွားနေသကဲ့သို့ ထင်တတ်သည်။ဖန်ခွက်၌ ထည့်သော ဘိလပ်ရည်တွင် အမြှုပ်က လေးတွေ ဆူ၍တက်နေသကဲ့သို့လည်း ဖြစ်တတ်၏။ မီးပန်းကို ရှို့လိုက်သောအခါ ဖွာဖွာ ဖွာဖွာနှင့် ပန်းနေသကဲ့သို့လည်း ခန္ဓာကိုယ်၌ ဖွာဖွာ ဖွာဖွာနှင့် နေတတ်သည်။ တစ်ခါတစ်ရံ ခြေဖျားကျင်၍ နေသကဲ့လည်း ဖြန်းဖြန်း ဖြန်းဖြန်းနှင့် နေတတ်၏။
ဤကဲ့သို့ ရှုဖန်များလတ်သော် သမာဓိအရှိန် ကောင်းလာပြီးသကာလ တစ်ကိုယ်လုံး၌ အပ်ဖျားတစ် ခုစာမျှ မကျန်ရအောင် တဖွာဖွာ ဖြစ်၍ဖြစ်၍  ချုပ်၍ချုပ်၍ သွားတတ်သည်ကို တွေ့ရတတ်၏။ ဤကဲ့သို့ တဖွာဖွာ တဖြုတ်ဖြုတ် ဖြစ်နေခြင်းကို မျက်စိနှင့် မြင်လာရတာလားဆိုလျှင် မဟုတ်၊ ကိုယ်တွေ့တရားပင်ဖြစ်၏။ ထို့ကြောင့် နိဒါနဝဂ္ဂသံယုတ် ပါဠိတော်( ၃၀၁ ) ၌ -
ကာယဉ္ဇ-ကာယအကြည်ကိုလည်းကောင်း၊ ဖောဋ္ဌဗ္ဗေစ - ဖောဋ္ဌဗ္ဗ အတွေ့ဓာတ်တို့ကိုလည်းကောင်း၊ ပဋိစ္စ- နှစ်ပါးစုံကို စွဲ၍၊ ကာယ ဝိညာဏံ- ကာယဝိညာဏ်သည်၊ ဥပ္ပဇ္ဇတိ-ဖြစ်၏ ဟူ၍ဟောတော်မူ သည်။
ထိုအတွေ့ဓာတ်သည် မျက်စိဖြင့် မြင်ကောင်းသော တရားမဟုတ်၊ ကိုယ်ဖြင့် တွေ့ကောင်းသော တရားဖြစ်၏။ ဘာကြောင့် ကိုယ်ဖြင့် တွေ့ရသလဲဆိုလျှင် ကိုယ်ထဲ၌သာဖြစ်သော တရားကိုယ်ကို ရှု သောကြောင့်သာတည်း။



ရုပ်နာမ်ဖြစ်ပျက်တတ်ပုံ ဥပမာများ
ဤကဲ့သို့ ရှုဖန်များလတ်သော် သမာဓိကလည်း ရင့်သန်၍ ကောင်းလာတော့၏။ သမာဓိ ပို၍ ကောင်းလာသောအခါ ရုပ်တရား နာမ်တရားတို့၏ ဖြစ်ပေါ်မှု ချုပ်ပျောက်မှုတို့ကိုလည်း ပိုသည် ထက်ပို၍ များသည်ထက်များ၍ သိလာတော့၏။ ဘယ်လိုသိလာတတ်ပါသနည်းဆိုလျှင် နှမ်းဆီ အစစ်ကို ဒယ်အိုးကြီးနှင့် တည်၍ထားသောအခါ ဒယ်အိုးမျက်နှာပြင်နှင့်အမျှ ပြည့်တက်လျက် အမြှုပ်တွေတက်၍ လာတတ်၏။ ထိုအခါ မီးကို မလျော့ပဲ ထားပြီး အသာကလေးကြည့်နေမည်ဆို လျှင် လက်ဦးဖြစ်သော အမြှုပ်ဟောင်းတွေက ပေါက်ကွဲ၍ ဖြုတ်ဖြုတ်မြည်၍ ချုပ်ပျက်ကုန်တာကို လည်း မြင်ရလိမ့်မည်။
ချုပ်ပျောက်ပြီးသောနေရာ၌ နောက်ထပ်အမြှုပ်သစ်ကလေးတွေ စီစီ စီစီနှင့်လာ၍ ဖြစ်နေကြသည် ကိုလည်း မြင်ရလိမ့်မည်။ ထိုအခါ စီစီ စီစီ ဖြုတ်ဖြုတ် ဖြုတ်ဖြုတ်နှင့် ဖြစ်ချုပ်နေတာကိုချည်း မြင်ရ  လိမ့်မည်။ ဤဆီပူအိုးနှင့် ထပ်တူ မိမိခန္ဓာကိုယ်အတွင်းက ရုပ်ကလေးတွေသည် စီစီစီစီနှင့် ဖြစ်၍ ဖြုတ်ဖြုတ်ဖြုတ်ဖြုတ်နှင့် ချုပ်ပျောက်နေသည်ကိုလည်း သိ၍ နေလိမ့်မည်။(စီစီ ဖြုတ်ဖြုတ်ဆိုတဲ့ အသံတွေကိုလည်း တကယ်ကြား၍လာလိမ့်မည်။)
ထိုအခါ ကျသောအခါ တစီစီတဖြုတ်ဖြုတ်တို့သည် ဆီချက်အိုးက အမြှုပ်တွေထက် အဆပေါင်းများ စွာ လျှင်မြန်၍ လျှင်မြန်၍ ဖြစ်ချုပ်နေတာကို တွေ့ရလိမ့်မည်။ ဤအခါ၌ ခန္ဓာကိုယ်ကြီးတစ်ခုလုံး ဆီ ပူအိုး ဆူသကဲ့သို့ ဆူ၍ဆူ၍ လျှင်မြန်စွာဆူ၍ အမြှုပ်တွေ ပြည့်ကျပ်၍ ဖြစ်ပျက်နေသည်ကိုသာ တွေ့ နေရလိမ့်မည်။ တစ်ခါတစ်ရံ ရုပ်ကလာပ်ကလေးတွေသည် ဖွာဖွာ ဖွာဖွာနှင့် ကြွေကျနေဘိသကဲ့သို့ တစ်ကိုယ်လုံး၌ တွေ့၍နေတတ်သည်။ ဒါကြောင့် သဲကမ်းပါးများ ပြိုသကဲ့သို့ ဟု ဥပမာပေးခြင်းဖြစ် သည်။ တစ်ခါတစ်ရံ မိမိခန္ဓာကိုယ်အပေါ်၌ မိုးရွာချသကဲ့သို့ ထင်ရတတ်သည်။ တစ်ခါတစ်ရံ တံလျှပ်စိုင်ကြီးတွေသည် မိမိခန္ဓာကိုယ်အတွင်း ဝင်ပြီးသကာလ ရိပ်ရိပ် ရိပ်ရိပ်နှင့် တကယ့်တံလျှပ် ကဲ့သို့ လျှင်မြန်စွာ ဖြစ်၍ ချုပ်၍လည်း နေတတ်ပါသည်။
အနာအို အနာဆွေးများ၌ ပိုးလောက်များကျ၍ အပုပ်အစပ်တွေကို စားကာ တလှုပ်လှုပ်တရွရွ နေ သကဲ့သို့လည်း နေတတ်၏။ တစ်ကိုယ်လုံး အတွင်းရောအပြင်ပါ မစင်အတွင်းက လောက်တွေကဲ့ သို့ ပိုးလောက်တွေ ထိုး၍ထိုး၍ နေသကဲ့သို့လည်း ထင်ရတတ်၏။ ဆောင်းအခါ နှင်းများကျသကဲ့ သို့ မိမိကိုယ်၌ အတွင်းရောအပြင်ပါ နှင်းပေါက်ကလေးတွေ တစ်ကိုယ်လုံးကျ၍ နေသကဲ့သို့  အေး လျက် ဖွာဖွာ ဖွာဖွာကျနေသလိုလည်း ဖြစ်တတ်၏။ အပ်ကလေးတွေနှင့် ထိုးဆွသကဲ့သို့လည်း ဖြစ် တတ်၏။ (ခန္ဓာကိုယ်ကြီးဟာ လှုပ်မရ ကြွမရ ခြေလက်တွေ သေသကဲ့သို့ လေးပြီးလျှင် ) အတွင်း သားကတော့  ဆူပွက်၍နေတာကိုလည်း တွေ့ရတတ်၏။ နေ့ရောညပါ ဆက်လက်၍ ရှုဖန်များ လတ်သော် ခန္ဓာကိုယ်ကြီးတစ်ခုလုံး ဘယ်ခါမဆို ဆူပွက်၍ ပျက်စီး ချုပ်ပျောက် ဖောက်ပြန်နေတာ ကိုချည်း တွေ့နေရတော့၏။ တုံးလုံးလှဲ၍ ရှုနေမည်ဆိုလျှင် ဦးခေါင်းမှ ခြေဖျား၊ခြေဖျားမှ ဦးခေါင်းသို့  ဆင်းလိုက်တက်လိုက်နှင် ရေမြှုပ်ရေပွက်ကလေးများကဲ့သို့ ကိုယ်နှင့်အပြည့် ဆင်းသက်သွားလာ နေသလို ဖြစ်နေတော့၏။
ဥပမာ-ဖန်ဘူးကို လူရုပ်သဏ္ဍာန်လုပ်၊ အတွင်းက ခြေလက်ဦးခေါင်း ရင်ဝမှာ စ၍ အခေါင်းကြီးဖြစ် စေ၍ ရေထည့်ချက်စေ၊ ပူလွန်း၍ ဆူလွန်းသောအခါ  တစ်ကိုယ်တစ်ကောင်လုံး အတွင်းအဆူတွေ ဆူ၍ တက်၍ ပျံ့နှံ့ပြီးလျှင် ရံဖန်ရံခါ ဦးခေါင်းဘက်သို့လည်းကောင်း၊ ရံဖန်ရံခါ ခြေလက်တို့သို့လည်း ကောင်း၊ ရံဖန်ရံခါ တစ်ကိုယ်လုံး တစ်ပြိုင်တည်းလည်းကောင်း ဆူပွက်ပျံ့နှံ့သွားလာ၍ နေသကဲ့သို့ မိမိကိုယ်ထဲ၌ ဆူပွက်၍ နေတတ်၏။
လောကကြီးကို ရဲဝံ့စွာ ရင်ဆိုင်တတ်လာပြီ
သမာဓိကောင်းလွန်းလာလျှင် ဆူသံ ပွက်သံ တက်သံတွေကိုပင် ကြား၍ လာရတော့၏။ ဤကဲ့သို့ ခန္ဓာကိုယ်အတွင်း ဖြစ်ခြင်း ပျက်ခြင်း ချုပ်ပျောက်ခြင်းတို့ဖြင့် နေ့မစဲညမစဲ နာရီမစဲ မိနစ် စက္ကန့်မစဲ တသဲသဲ တဖြုတ်ဖြုတ် ချုပ်ပျောက်ဖောက်ပြန်နေပြီဆိုမှဖြင့် ငိုက်မျဉ်း တွေဝေခြင်း ၊ အိပ်ချင်ခြင်း၊ပူ ပင်သောကများခြင်း၊ တောင်တွေးမြောက်တွေး တွေးခြင်း၊ သူတစ်ပါး တရားစကားမှတစ်ပါး လွဲ၍ ပြောတာ နားထောင်ချင်ခြင်း၊ လောကီကိစ္စဟူသမျှ ဂရုစိုက်ချင်ခြင်း၊ သတင်းစာဖတ်ချင်ခြင်း၊ လော ဘကြီးခြင်း၊ ဒေါသကြီးခြင်း၊ ရယ်စရာပြောခြင်း၊ စီးပွားရေးအတွက် ဂရုစိုက်ချင်ခြင်းတို့ လွန်စွားပါး ရှား၍ သွားလေတော့၏။ သည်းခံနိုင်တော့၏။ မိမိအသက်ကိုပင် သေရမှာ မကြောက်တော့ပေ။ အလွန်ချစ်လှစွာသောသူများ သေဘေးနှင့်တွေ့တာတောင် တယ်၍ မပူကြတော့ပေ။
ဒါဖြင့်လျှင် ဝိသာခါ သောတာပန်သည် သူ၏မြေး သေတုန်းက ပူပန်သောကဖိစီးပြီး သိပ်ပြီးငိုတာ ဘာကြောင့်တုန်းဟု ဆိုစရာရှိ၏။ ငိုမှာပေါ့၊ တရားကို ဤကဲ့သို့မြင်နေအောင် ရှုတုန်းမြင်တုန်းအခါ သာ မပူဘဲနေနိုင်တာကလား၊ ကမ္မဋ္ဌာန်းတရားကို အားမထုတ်ပဲ ပေါ့၍နေတဲ့အခါကျတော့ သော တာပန်လည်း “ဒိဋ္ဌာနုသယနှင့် ဝိစိကိစ္ဆာနုသယ ”ကုန်တာမှ မဟုတ်ပေးဘဲ၊ ပုထုဇဉ်လိုပေါ့ဟု ဖြေ၊ ဤကား ကျမ်းဂန်အတိုင်းပင်တည်း။
ဤကဲ့သို့ တရားကို ကောင်းကောင်းကြီး ရှုမြင်နေတုန်းအခါ၌ မိမိကိုယ်မိမိ ဤကဲ့သို့ခေတ်ကြီး အတွင်း၌ အသက်ရှည်၍ နေရခြင်းကိုပင် လောကီမှုကိစ္စဆောင်ရွက်ခြင်းမှ မကင်းနိုင်သည်ကိုပင် မနှစ်မြို့နိုင်ဖြစ်လာတတ်တော့၏။ ဤမျှလောက် သမာဓိကောင်းလာလျှင် တစ်ကိုယ်လုံး၌ နာကျင် လှစွာ မခံသာသော ဝေဒနာများလည်း တွေ့ရတတ်၏။ ခန္ဓာကိုယ်ကြီး တစ်ကိုယ်လုံးအတွင်း သံရည်ပူတွေ သွားထားသလိုလည်း ဖြစ်တတ်၏။ ဝေဒနာတရားတွေ အစဉ်မပြတ် ဖြစ်ပျက်နေ တော့၏။
ဆုံးဖြတ်ချက်ကျ ၊သံသယ မရှိတော့ပြီ
ဤကဲ့သို့ ရှုမြင်ပွားများ ထင်မြင်လာကြသည်ကို ကျမ်းဂန်နှင့်ညှိ၍ ဘယ်လိုနားမည်ရ သိရပါမည်လဲ ဟုဆိုလျှင် ယခုတွေ့နေရတဲ့ သဘောဟာ မိမိခန္ဓာကိုယ် အဇ္ဇျတ္တသန္တာန်တွင် ဖြစ်ပေါ်နေသော ခန္ဓာ ငါးပါး ရုပ်နာမ်တရားတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာရေးသုံးပါး ပရမတ္ထ သဘာဝကျနေ တဲ့ တီရဏပရိညာစခန်း၊ ကင်္ခါဝိတရဏဝိသုဒ္ဓိခေါ်တယ်။ ရှင်း၍ပြပါမည်။ သေသေချာချာ စူးစိုက်၍ ကြည့်ကြပါ။
ဤနေရာ၌ ဘုရားဟောကျမ်းဂန်နှင့် တစ်ကိုယ်တည်း တစ်သားတည်း နေတာပင် ဖြစ်သော်လည်း စာသာတတ်၍ အလုပ်မတတ်သေးသော ပညာရှင်သူတော်မြတ်များနှင့် ဆန့်ကျင်ဘက်လိုလို ဖြစ် တတ်ပါသည်။ တရားက မဆန့်ကျင်ပါ။ အဓိပ္ပါယ်က မဆန့်ကျင်ပါ။ သဘာဝက မဆန့်ကျင်ပါ။ ပညာရှင်များက အားမထုတ်ဖူးသေး၍ အတွေးနှင့်အယူအဆ ပိုလျှင်လည်း ပို၍နေတတ်ပါသည်။ လိုလျှင်လည်း လို၍နေတတ်ပါသည်။ ပညာရှိသူမြတ်များကို ရှုံ့ချ၍ ပြောသည်မဟုတ်ပါ။ သဘော ပေါက်စေလို၍ ပြောရခြင်းဖြစ်ပါသည်။ (ဤကား ဓမ္မတာတည်း။)
၇။ ထို့နောက် ဘုရားရှေ့တော်မှာ ထိုင်၍ မြတ်စွာဘုရားအား လျှောက်ထားရမည်မှာ -
“ တုမှာကံ ဘန္တေ သြဝါဒါယ ဇီဝိတံ ပရိစ္စဇာမိ”
ဘန္တေ- အရှင်ဘုရား၊ အဟံ- တပည့်တော်သည် ၊ တုမှာကံ- အရှင်ဘုရားတို့အား၊ သြဝါဒါယ- သက် တော်ထင်ရှား၊ သဗ္ဗညုမြတ်စွာဘုရား ရှိတော်မူစဉ် ကမ္မဋ္ဌာန်းဝင်သူတို့ကဲ့သို့ ဆိုဆုံးမနိုင်စေခြင်းငှာ ၊ ဇီဝိတံ- ဇီဝိနြေ္ဒ တည်းဟူသော အသက်ကို ပရိစ္စဇာမိ- စွန့်လွှတ်လှူဒါန်းပါ၏။
“ အဟံ ဘန္တေ သံသာရ ဝဋဒုက္ခတော မောစနတ္ထာယ ဝိပဿနာ ကမ္မဋ္ဌာနံ ယာစာမိ။
ဒုတိယမ္ပိ အဟံ ဘန္တေ ……………. ယာစာမိ။
တတိယမ္ပိ အဟံ ဘန္တေ ………….. ယာစာမိ”။
ဘန္တေ- အရှင်ဘုရား ၊ အဟံ -တပည့်တော်သည်၊ သံသာရဝဋ ဒုက္ခတော ခန္ဓာ အာယာတနဓာတ် တို့၏ မပြတ်ဖြစ်ရာ သံသရာဝဋ်ဆင်းရဲမှ၊ မောစနတ္ထာယ၊ မဂ်ဥာဏ်ဖိုလ်ဥာဏ်ကို ရ၍  နိဗ္ဗာန်ကို မျက်မှောက်ပြုသောအားဖြင့် ထွက်မြောက်ပါရခြင်း အကျိုးငှာ၊ ဝိပဿနာ ကမ္မဋ္ဌာနံ ၊ အနိစ္စ အစရှိသော အထူးထူးအပြားပြားသော အခြင်းအရာအားဖြင့် ရှုကြည့်တတ်သော အနက်သဘော ကြောင့် ဝိပဿနာဟု ဆိုအပ်သော ဘာဝနာ ကမ္မဋ္ဌာန်းကို ၊ယာစာမိ- တောင်းပန်ပါ၏။
၉။ ထို့နောက် “သူတော်ကောင်းအပေါင်းတို့အား အကျွန်ုပ်က ကာယကံ၊ဝစီကံ၊ မနောကံအားဖြင့် ပြစ်မှားမိသည်ရှိသော် သည်းခံတော်မူကြပါ။ အကျွန်ုပ်အား ပြစ်မှားမိသော ကာယကံ၊ ဝစီကံ၊ မနော ကံတို့ကိုလည်း အကျွန်ုပ်က သည်းခံပါ၏” ဟု သည်းခံကျေနပ်ပြီးမှ ဝိပဿနာ တက်ရပါမည်။
၁၀။ ငယ်ထိပ်နေရာကို စိုက်ကြည့်သောအခါ၌လည်း ငါးမိနစ်ထက်မနည်း စိုက်ကြည့်ရပါမည်။ (ကိုယ်တိုင်လာ၍ ပြသကဲ့သို့ သေချာကျနစေလိုသော သဘောဖြင့် ဤအစီအစဉ်အကျဉ်းချုပ်ကို မှာထားရပါသည်။ အပါယ်တံခါးပိတ်သော တရားဖြစ်၍ သမ္မပ္ပဓာန် အချိုးကျအောင် အားထုတ်နိုင်ပါ စေသတည်း။)








ဖြစ်ပျက်ရှာပုံတော် ခရီးသည် (၁၁)

$
0
0


(၁၁) အသူရာကယ်ဘုံက ဧည့်သည်



“သြကာသ သြကာသ သြကာသ ကာယကံ ဝစီကံ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို …….”
ကျနော်နှင့်ကိုသက်ခိုင် ညက အိပ်စက်ခဲ့သော တဲငယ်၏အပြင်ဘက်တွင် အမှောင်သန်းနေဆဲဖြစ်၏။ ရဲဘက် စခန်းထုံးစံအတိုင်း နံနက်ငါးနာရီခွဲတွင် ဘုရားဝတ်တက်လေ့ရှိသဖြင့် ခပ်လှမ်းလှမ်း အကျဉ်းသား အိပ်ဆောင်ဆီမှ ဘုရားရှစ်ခိုးသံများကြောင့် ကျနော် နိုးလာသည်။ ဘေးမှာရှိနေသော ကိုသက်ခိုင်ကို  ကြည့်လိုက်ရာ တရားထိုင် နေသည်ကို တွေ့ရ၏။ ကျနော်လည်း အိပ်ယာမှ ထချင် စိတ်မရှိသေးသည်နှင့် တနာရီခန့်ဆက်အိပ်နေလိုက်ပြီး ကိုသက်ခိုင်တရားဖြုတ်ရာမှ ထသံ ချိုးချိုး ချွတ်ချွတ်ကြားကာမှ “ အင်း”ကနဲအသံရှည်ကြီးဖြင့် အညောင်းဆန့်ရင်း အသံပြုလိုက်ရသည်။
“ ခင်ဗျားက မနက်တိုင်း အစောကြီးထတတ်တဲ့ အကျင့်ရှိသလားဗျ “
“ ဆိုပါတော့ဗျာ၊ ဘဝက ပေးလိုက်တဲ့အကျင့်ဆိုပါတော့”
“ လာပြန်ပြီ  ဒီဘဝ၊ နည်းနည်းလောက် ရှင်းပါအုံး”
“ ဒီလိုဗျ၊ ကျနော်ငယ်ငယ်တုန်းက ကျနော်တို့မိသားစုဟာ နတ်မောက်ကနေ ရန်ကုန် ကျူးကျော်ရပ်ကွက်ဆီကို ပြောင်းလာရတယ်လို့ ပြောဖူးတယ် မဟုတ်လား၊ ကျနော်တို့နေတဲ့နေတဲ့ ရပ်ကွက်မှာ ရေရှားတယ်ဗျာ၊ မိုးရွာ တဲ့ညတွေဆို ညဥ့်နက်သန်းခေါင်လည်း အမေက လူလေး ထ ထ ၊ မိုးရေခံရအောင်ဆိုပြီး နှိုးတော့တာပဲဗျာ၊ ဒီတော့ ထချင်ချင် မထချင်ချင် ထ ရတော့တာပဲ၊ မ ထ ရင်လည်း  အိမ်မှာရေလိုရင် တမိုင်လောက်ဝေးတဲ့ ဘုံဘိုင်ကနေ ရေထမ်းပုံးနဲ့ ကိုယ်တိုင်သွားထမ်း ရမှာကိုး၊ နောက်တချက်က ကျနော့်အဖေဟာ နယ်အတော်များများကို အရောင်း အဝယ်ကိစ္စနဲ့ ခရီးသွားတဲ့အခါ တချို့ဒေသတွေဟာ အိပ်သာအိပ်လေ ၊ မမှိတ်လေနဲ့ ။ မှိတ်သာမှိတ်လေ ၊မပျော်လေ နဲ့လို့ စာချိုးရတဲ့ ဒေသတွေ ရှိတွေတဲ့အကြောင်း ပြောပြသံကြားဖူးတယ်ဗျ၊ အထူးသဖြင့် ပျဉ်းမနားလို ကားလမ်း ရထားလမ်း ဆုံတဲ့နေရာတွေပေါ့၊ အဲဒီဒေသတွေမှာ သူခိုးသူဝှက်ပေါတယ် ထင်ပါ့ဗျာ၊ နောက်ရှိသေးတယ်ဗျ၊ အဖေက မနက်သုံးနာရီလောက် ထပြီး ကီလီဒိုင်ကို ဈေးကြို ဆင်းတဲ့အခါ တခါခါ အဖော်ခေါ်တတ်တော့ ကျနော် လည်း အအိပ်မက်တဲ့အကျင့် ငယ်ငယ် ကတည်းက ပါမလာတော့ဘူး ဆိုပါတော့ ”
“ အင်း ဟုတ်ပါပြီဗျာ၊ ကျနော်မနက်စာအတွက် ကော်ဖီဖျော်လိုက်ပါ့မယ်၊ ညက ခင်ဗျား ဖတ်ခိုင်းတဲ့ စာတွေထဲက မရှင်းလင်းတာလေးတွေ မေးပါရစေဦးဗျာ”
ကျနော်က မနက်စာကို ကော်ဖီတခွက်နှင့်ပေါင်မုန့်ဖြင့် တင်းတိမ်သော်ငြား ကိုသက်ခိုင်ကား ညက ကျန်သည့် ထမင်းခြမ်းကို ငါးပိကြော်ပုလင်းဖွင့်ကာ လွေးနေလေသည်။ အိပ်ဆောင်ရှေ့က မြေကွက် လပ်တွင်ကား ရဲဘက်များ ဘုတ်ဆင်းရန် လူစုနေကြပြီ။ အခွင့်ထူးခံ ကျနော်တို့နှစ်ဦးကား ဖြစ်ပျက် ရှာပုံတော်ခရီးကို တသီးတခြားနှင်လျက်။ ကိုသက်ခိုင်ကား မနက်စာစားပြီးချိန်တွင် ကွမ်းယာတယာကို ပါးစောင်မှာခဲရင်း အိပ်ယာပေါ်တွင် မှိန်းနေပြန်လေရာ ကျနော်က …
“ နေပါဦးဗျ၊ ခင်ဗျားက ထမင်းစားပြီး ပြန်အိပ်မလို့လား”
“ မဟုတ်ရပေါင်ဗျာ၊ ကွမ်းယာနဲ့ ဖြစ်ပျက်မှတ်နေတာလေ”
“ ကြံကြံဖန်ဖန်ဗျာ၊ ကွမ်းယာထဲမှာ ဖြစ်ပျက်ပါလို့လား”
“ အော် ဒါလား၊ ရှင်းရှင်းလေးပါ၊ ကွမ်းရွက်၊ထုံး၊ဆေးရောပြီး ပါးစပ်ထဲထည့် ဝါးလိုက်တာနဲ့ ခန္ဓာကိုယ်ရဲ့ ဖြစ်ပျက်ဟာ ပြောင်းသွားတယ်ဗျ”
“ သေချာရှင်းပါအုံးဗျ၊ ကျနော်တော့ဖြင့် နားမရှင်းတာ အမှန်ပဲဗျာ”
“ ကွမ်းမစားခင်နဲ့ စားလိုက်ပြီးတဲ့ အခြေအနေနှစ်ခုက မတူဘူးလေ၊ မစားခင်က ခန္ဓာကိုယ်ရဲ့လှိုင်းနဲ့ စားပြီး ခန္ဓာကိုယ်ရဲ့လှိုင်းက တော်တော်ကွာတယ်။ စားလိုက်တာနဲ့ နှာသီးဖျားက အမှုန်တွေဆို အရင်ထက် ခပ်ကြမ်းကြမ်း ပိုခုန်တယ်။ အဲဒီလှိုင်းရဲ့အတွင်းပိုင်းက စက်ဝန်းအစိပ်အကျဲဟာလည်း လားရာနဲ့အရှိန် ပြောင်းသွားတယ်။ သိပ်သိ သာတယ်ဗျ။ အဲဒါ ကွမ်းယာထဲမှာတဲ့ ပစ္စည်းတွေရဲ့ သတ္တိဆိုပါတော့။ သိပ်များရင် စားလေ့စားထမရှိရင် တချို့အား နည်းတဲ့သူတွေဆို ကွမ်းမူးတယ်ဆိုတာ အမှန်တော့ ဖြစ်ပျက် သိပ်ပြင်းထန်သွားတာဗျ”
“ ဘယ်ကလှိုင်းတွေ အမှုန်တွေလည်းဗျာ”
“ ဖြစ်ပျက်လှိုင်းတွေ အမှုန်တွေပေါ့။ ကွမ်းတင်မကပါဘူး။ ငြုပ်သီးတို့ ကန်စွန်းရွက်တို့ ဒူရင်းသီးတို့ လို လှိုင်းတွေကို သိသိသာသာ မြင့်တက်စေတဲ့ အစာမှန်သမျှ စားပြီးလို့ သတိကပ်ရင် သိနိုင်ပါ တယ်”
“ ဒီလောက်တောင်ပဲလားဗျာ။ ဒါနဲ့ စပ်စုတယ်တော့ မထင်လိုက်ပါနဲ့၊ ညကခင်ဗျား ဖတ်ခိုင်းတဲ့ စာတွေထဲမှာ တရား မထိုင်ခင် ရေချိုးကိုယ်လက်သန့်စင်တာတို့ ၊ လုပ်လက်စအလုပ် လက်စသတ်ရမှာတို့ အေးပြီး မှောင်တဲ့ နေရာမှာ ထိုင်ရမယ်ဆိုတာတွေက အပိုအလုပ်တွေ ဖြစ်မနေဘူးလားဗျာ”
“ အလုပ်ကဖြင့် ဘာမှလုပ်မယ်မကြံသေးဘူး၊ ဈေးဆစ်တာအရင်ပါကလား၊ အဲဒါတွေ လိုကိုလိုတာပေါ့ ဗျာ၊ ချွေးစေးတွေ ချွေးနံ့တွေဟာ ခင်ဗျားငြိမ်ငြိမ်ထိုင်လိုက်တာနဲ့ ခင်ဗျားစိတ်ကို အနှောင့် အယှက်ပေးမယ်။ ဟိုနေရာက ယားသလိုလို ဒီနေရာက ယားသလိုလိုနဲ့ အလုပ်မတွင်တော့ဘူး”
“ ဒါဆို ယောဂီတဘက်ကျတော့ကော”
“  ဘောလုံးကန်ရင်တောင် ဝတ်စုံပြည့်ဝတ်ရသေးတာဗျာ၊ စိတ်ကိုတက်ကြွလာစေတာပေါ့”
“ အေးပြီးမှောင်တဲ့ နေရာကို ရွေးပါဆိုတာကကောဗျာ”
“ အေးရင် လေကလေးတယ်၊ မှတ်ရတာလွယ်တယ်။ မှောင်တော့ လင်းနေတာနဲ့စာရင် အာရုံကို ချုံ့ ထားရာ ရောက်တယ်၊ ရှုမှတ်ရာကပေါ်လာတဲ့အလင်းကို ကွဲကွဲပြားပြား သိလွယ်တယ်”
“  လုပ်လက်စ အလုပ်တွေ ဖြတ်ရမယ်ဆိုတာလည်း တဆက်တည်း ရှင်းပါဆရာ”
“ ပေးစရာရှိတဲ့အကြွေးမဆပ်မိရင် တရားထိုင်တာနဲ့ ခင်ဗျား အာရုံထဲကို အကြွေးကိစ္စဝင်လာဖို့ သေချာပေါက်ပဲ၊ မီးပိတ်ပြီး တရားထိုင်မဲ့ဟာကို မီးမပိတ်မိရင် ခင်ဗျား စ ထိုင်တာနဲ့ ငါ မီးချောင်းမပိတ်မိ ပါလားဆိုပြီး မီးချောင်းထဲပဲ စိတ်က ရောက်နေမယ်။တံခါးမပိတ်မိတာ၊ ရေသောက်ဖို့မေ့တာ၊ ဒါတွေ အားလုံး သတိထားရမဲ့အရာတွေချည်းပဲဗျ။ ကုန်ကုန်ပြောမယ်ဗျာ၊ ခင်ဗျားတရားမထိုင်ခင် မိန်းမက ကစ်ဆင်ရိုက်နေကျ နမ်းနေကျဆိုရင် ကစ်ဆင်ရိုက်ပြီးမှ နမ်းပြီးမှ တရားထိုင် ၊ အဲဒါ ကျနော့်စကား ကုန်ရော “
“ ဟ တရားထိုင်တဲ့သူက ဒါတွေလုပ်လို့ ရသလားဗျာ”
တော်တော်ခက်တယ်ဗျာ။ခင်ဗျားက ရဟန္တာမှမဟုတ်တာ။ပုထုဇဉ်ဗျ”
ပုထုဇဉ်စိတ်ရှိတာ ဘာမှဆန်းတဲ့ အရာမဟုတ်ဘူး။ကိုယ် လက်ရှိအခြေ အနေကနေ အဝေးကြီးကို မမျှော်နဲ။မနိုင်ဝန် မထမ်းနဲ့။လူအဖြစ်နဲ့ တရားတွေ့နိုင်တာသေချာတဲ့ အထောက်အထားအများကြီးပါ။  တရားသမားတချိုမုဒိမ်းမှုဖြစ် တယ် ဆိုတာ ကိုယ့်ကိုကိုယ်ဟုတ်လှပြီ ထင်ရာက စတာ”
“ ဆရာကြီး လေ့ကျင့်ခန်းတွေ လုပ်ခဲ့တုန်းကကော “
“လူပါဆိုမှဗျာ။ ပိုင်းဖြတ်မသာ အရေးကြီးတယ်။ ကိုယ်ဆုံးဖြတ်ပြီးထားတဲအချိန်တွေ ရက်တွေမှာ တိတိကျကျ  စောင့်ထိန်းဘိုသာလိုပါတယ်လူလို ကျင့်ကြံနေထိုင်နိုင်ပါတယ်။ မိန်းမနဲ့ကွာပြီးမှ တရားအားထုတ်ရမယ်လိုဘယ် ကျမ်းဂန်ကမှ မဟောဘူး။ခင်ဗျားပြောသလိုဆို တရားသမားမိန်းမတွေ လင်ကွာမုဆိုးမတွေ ဖြစ်ကုန်တော့ မပေါ့။ တဏှာရာဂ ကုန်ဆုံးတယ်ဆိုတာ ခင်ဗျားထင်နေတဲ့  ပုံစံမဟုတ်ဘူး။  တဖြည်းဖြည်းချင်း ပါးသွားတဲ့သဘော။ နောက်ဆုံးမှ ကုန်ဆုံးသွားတဲ့ သဘော။ ဒါလည်း ဒီအပြစ်ကို အဖန်ဖန်တလဲလဲ ဆင်ခြင်သုံးသပ်ပြီး ထပ်တလဲလဲ ကျင့်မှ ဖြစ်တာ။ အဓိဌာန်သုံရက်ဝင်ပြီး   ဒီစိတ်ကုန်တယ်ပြောရင်   ရူးလို့ ပဲမှတ်”
“ ဒီလို နေပြီးကျင့်ရင်လည်း ဖြစ်ပျက်တွေ့ တာပဲလားဗျာ”
“ တွေ့ - တွေ့ - တွေ့ နဲ့တောင်နေသေးဗျာ။ဘယ်လိုတွေသလဲ ကျုပ်ဆက်ပြောမယ်။ နားထောင် ဘို့သာပြင်ပေတော့ဖြစ်ပျက်ဆိုတာ ဒီလိုပါလားဆိုပြီး ခင်ဗျားနားထင်ကို တူနဲ့နှက် သလို သိသွား ပါစေရမယ်ဗျာ”
“ နေဦးဗျာ၊ ခင်ဗျား ဖြစ်ပျက်အကြောင်းစရင် ခင်ဗျားဖတ်ခိုင်းတဲ့ စာတွေကများလွန်းလို့ ကျနော် လည်းငြီးငွေ့နေပြီ၊ ခင်ဗျားက အလောင်းကောင်ကြီးတခုလုံး အနီးကပ်ကိုင်တွယ်နေတာတောင် ကြောက်ပုံလန့်မရတော့ တစ္ဆေသူရဲ ဆိုတာ အယုံအကြည်မရှိဘူးလား”
“ ရှိပါ့ဗျာ၊ ခဏခဏကြုံရလွန်းတော့ ရိုးတောင်နေပါပြီ”
တကယ်တွေဘူးတာလား ဗျ”
ဒါကတော့ င်ဗျားနားထောင်ကြည့်ပေါ့။ဖြစ်ပျက်ဆိုတာကို မတွေခင်ကျုပ်လေ့ကျင့်ခန်းတွေ လုပ်နေတာဟာ သမထနဲဝိပဿနာ ကွဲဟန်မတူဘူး။ နည်းစံနစ်လိုတာ၊ ကျွမ်းကျင်တဲ့ အနီးကပ် ဆရာ မရှိတာလည်းပါမယ်။ သမထလိုင်းဘက်ကို သိပ်လွန်သွားတဲ့အခါမျိုးမှာ ဒါမျိုးတွေ အကြိမ်ပေါင်းများစွာ ကြုံရတယ်။ မောင်မင်းကြီးသား တစ်ယောက်ဆို လာနိုင်လွန်းလိုအတော်ကို စိတ်အနှောင့်အယှက်  ကြုံရတယ်”
“ ဘယ်က မောင်မင်းကြီးသား လည်းဗျာ”



“ သူကို ကျနော့်အာရုံမှာပဲ မြင်ရတာဗျ။ လေ့ကျင့်ခန်း စလိုက်တာနဲ့ မောင်မင်းးကြီးသား ရောက် လာပြီး ငြီးတော့တာပဲ။ ကျနော့်ကုတင်ဘေးက သေတ္တာပုံးပေါ် ရောက် ရောက်နေတာဗျ။ သူပုံစံက အီးတီအဖေထက် အရုပ်ဆိုးတယ်။ဘာပုံစံမှန်းကို မတိကျဘူး၊ အရည်တရွဲရွဲနဲအသား  တစ်ကြီး  တစ်ခုလိုလို။အီးတီနဲ့  တူသလိုလို၊ သို့သော်  ခေါင်းနဲ့ကိုယ်တော့  ပါတယ်။ဘာတွေ  ငြီးတယ် ဆိုတာ ကျနော် နားမလည်ဘူး။ သူ  ငြီးနေမှန်းတော့ သိတယ်။သူကို တခုခု ကူညီဘို့လည်း ပြောနေ တယ်။ ကျနော်ကတော့ နားမရှင်းဘူး။ ညတိုင်းနီးပါး တလလောက် လာတယ်။ အစတော့ ကြောက်တာပေါ့။ နောကတည်ငြိမ်မှုရှိနေတဲအခြေအနေမို့   ကြောက်စိတ်ကို ထိန်းနိုင် တယ်။ ကျနော်ကလည်း  အကြိမ်ကြိမ် ဖြစ်လာတော့  မကြောက်တော့ဘူး။ကျနော့်စိတ်ထဲက သူကို ပြောမိ တယ်။ မင်းကို ငါသနားတယ်။ မင်းပြောတလည်း ငါ နားမလည်ဘူး၊ နားလည်ရင်လည်း ငါ တစ်ခုခု လုပ်ပေးဘို့ဝန် မလေးဘူး၊ဘာဘဲဖြစ်ဖြစ် ငါ လုပ်နေတဲအလုပ်တွေက ရလာတဲ့ အကျိုးရှိရင် မင်း ရစေ့ချင်တယ်လို့ ညတိုင်းလို ပြောမိတယ်။နောက်လေးငါးရက်လောက် ကြာတော့ သူပျောက်သွားတယ်
တခြား ဟာတွေကော ဗျာ”
“ ကျနော် လေ့ကျင့်ချိန်တွေမှာ ဒီ တဲရှေ့ ၊ အိပ်ဆောင်ရှေ့၊ ထောင်မှူးအိမ် လှေခါးထစ်၊ စားဖိုချောင်လယ်ကွင်းစပ် နေရာအနှံမှာ လူသေမျက်နှာတွေနဲရပ်ပြတာတွေ အသနားခံတာ တွေကတောအကြိမ်ပေါင်း  မရေနိုင် တော့ပါ ဘူး။ကြာတော့ ကျနော်လည်း ရိုးသွားတယ်။ ပျောက်သွားအောင်တောထုံးစံ အတိုင်း ရှိတာလေး မျှရတာပေါ့ဗျာ”
“ ဖြစ်ပျက်ကို ရောက် ဘို့ တော်တော်လိုသေးလား ဗျ”
“ အသူရကယ်ဘုံဆိုတာ နားထောင် ပါအုံးဗျာ။ ကျုပ်လို အပ်လို့ ပြောတယ်လို့ ခင်ဗျားယုံပါ။ အမှန် တရားဖြစ်တယ်။နာယူသူ အကျိုး ရှိတယ်။နာယူ သူက နားမထောင်ချင်ဘူး ဆိုရင်တောင် ပြောသင့် သေးတာ ပဲ။ကျနော်လည်း ဒီစခန်းမှာ နောက်ထပ်ရှိရင် တပါတ်ပေါ့။ဇာတ်လမ်းကို သိမ်းမှ ဖြစ်မယ်။
“ အယူခံ နိုင်ပြီလားဗျ။ ဒါမှမဟုတ် ထောင်ပြန်မှာလားဗျာ”
“မမေးပါနဲဗျာ။ သေချာတဲအဖြေကို ကျနော်မပေးနိုင်ဘူး။ကျနော်ကိုယ်တိုင်လည်း မသိရိုးအမှန်။ သို့သော် သေချာ တာက ကျုပ်ဒီမှာ ဆက်မရှိနိုင်တော့ဘူး။အခုတောင် အော်ဟစ်နေတဲ့ အသံတွေ ကျုပ် စိတ်အာရုံမှာ ပေါ်လာနေ တယ်။ တနေ့လုံး တညလုံး အရပ်ရှစ်မျက်နှာက အော်နေတဲအသံတွေဗျာ။ ဘာတဲကြိုးတွေကိုဖြေလိုက်ကြ။ ချက်ချင်းလွှတ်လိုက်ကြ။ ခြေကျင်းတွေကို ဖြုတ်။ လက်ထိပ် တွေကို ဖြုတ်တဲ့
ကျနော်တောင် ကြောက်လာပြီ ဗျာ။ ကဲပါ အသူရကါယ်ဘုံ ဆိုတာ ပြောတော့ဗျာ”
“ အသူရကာယ်ဘုံကနေ လာဆက်သွယ်တာက ကျနော်နဲ့ ဆွေမျိုးမကင်းဘူးဗျ။သူ့နာမည်က ဦးချစ်သိုင်းတဲ့။ ကျနော့်အမေနဲ့ သူ့မိန်းမက ညီအမ ဝမ်းကွဲ၊ ကျနော်က သူ့ ကို ဦးချစ်သိုင်းလို့ပဲ ခေါ်တယ်။ သူ့က ကျနော့်ကို တော်တော် ချစ်ရှာတယ်။ ဒါကလည်း အကြောင်းရှိတယ်ဗျ။ ဦးချစ်သိုင်းတို့က မောင်နှမ နှစ်ယောက်တည်း ရှိတာတဲ့၊ သူ့ အမကြီး နာမည်က မသက်ခိုင် တဲ့။ ဘာသာတရား အလွန်ကိုင်းရှိင်းတဲ့မသက်ခိုင်ဟာ အပျိုကြီးဘဝနဲ့ပဲ အသက်သုံးဆယ်ကျော် လောက်မှာ ဆုံးပါးသွားသတဲ့။ ကျနော်မွေးတဲ့ရွာ၊ ညောင်ပင်ကျောင်းဆိုတဲ့ ဘုန်းကြီး ကျောင်းက အပြန် ကြပ်ကုန်းမှာ ကြပ် ခေါ်လို့ သေတာတဲ့
“ ဘာလဲဗျ။ ကြပ်ဆိုတာ”
“မြန်မာလူမျိုးတော်တော်များ ပြောကြတဲ့ နာနာဘာဝ တမျိုးပါဗျာ။ တောထဲ တောင်ထဲ မှာအချင်း ချင်း လူကွဲနေရင် နာမည်အော် မခေါ်ရဘူး ။ ကြပ်ခေါ်လို့ထူးမိရင် သေတတ်တယ် ဘာညာဆိုတာ ခင်ဗျား ကြားဘူးမှာပါ။ ကြပ်ကုန်း ဆိုတာဗျာ၊ နာနာဘာဝတမျိုးဟာ လူသူကင်းတဲ့နေရာတချို့မှာ စတည်းချလေ့ရှိသတဲ့။ အချိန်မတော် အဲဒီကြပ်ကုန်း ကို ခရီးသွားတယောက် ရောက်သွားတဲ့အခါ ပွဲတွေလမ်းတွေ အငြိမ့်ဇာတ်ပွဲတွေလို ဖန်ဆင်းပြီး သွေးဆောင် တတ်သတဲ့၊ နောက်တနေ့မိုးလင်းလို့ ပတ်ဝန်းကျင်ကို ကြည့်မိတော့ ဘာမှ မတွေ့ရပဲ လွင်တီးခေါင်လို နေရာမျိုး ဖြစ်နေတတ်သတဲ့။
နောက်တမျိုးက သင်းခွေချပ်ဆိုတဲ့ သတ္တဝါဟာ တောထဲတောင်ထဲမှာ လူသံသူသံကြားရင် အဲဒီအသံကို လိုက်ပြီး အော်တတ် ထူးတတ်တယ်ဆိုပဲ။ ဒါကြောင့် တောထဲတောင်ထဲမှာ အချင်းချင်းလူစုကွဲသွားရင် နာမည်တပ်ပြီး တကြော်ကြော် အော်ဟစ်မခေါ် ရဘူးတဲ့၊  အဲဒီသင်းခွေ ချပ်က တောနက်ရာကို ထူးသံပေးရင်း မျှားခေါ်သွား တတ်သတဲ့။ အဲဒီကြပ်တို့  သင်းခွေချပ်တို့ ဇာတ်လမ်းတွေထဲမှာ မသက်ခိုင် ဘယ်လိုဘယ်ပုံ သေတယ်ဆိုတာ ကျနော်လည်း အသေးစိတ် ပြောမပြတတ်ပါဘူးဗျာ။ ခင်ဗျားလည်းအင်္ဂလန်မှာ မွေးတာမှ မဟုတ်တာ၊ ဒါတွေ ကြားဖူးမှာပါလေ
ဟုတ်ပါပြီ ဗျာ။ ဆက်ပါ။ အဲဒီ ဦးချစ်သိုင်း အမသေတာ ခင်ဗျားနဲ့ ဘာဆိုင်လို့ လည်း”
“ဆိုင်လို့ ပြောတာ ဗျ။ အဲဒီ ဦးချစ်သိုင်း အမ မသက်ခိုင် ဆိုတာ ကျနော်ပဲတဲ့”
“ ဗျာ”
“ မဗျာနဲ့။ ကျနော်ဟာ မသက်ခိုင် သေလို့ဝင်စားတာတဲ့။ ကျနော်ငယ်ငယ်တုန်းက မသက်ခိုင် သေခါနီး အဖြစ်အပျက်အားလုံးလိုလိုကို တလုံးမကျန်ပြန်ပြော နိုင်တယ်ဆိုပဲ။ ဒါနဲ့ ကျနော့်ကို အရပ်ထဲမှာ လူကြီးသူမတွေက သက်ခိုင် သက်ခိုင်ဆိုပြီး ခေါ်ကြရာက အမေပေးတဲ့ နာမည် ပျောက်ပြီး သက်ခိုင်အမည်ပေါက် နေတာပါပဲ ဗျာ။ အခုတော့ ဘာတလုံးမှ သိလည်း မသိတော့ဘူး။ မှတ်လည်းမမှတ်မိတော့ဘူး။ ယုံလည်း မယုံဘူး။
“ ဒီဇာတ်လမ်းတွေ အတိုင်းဆို ခင်ဗျားအဖြစ်က ဘဝများစွာ သံသရာဆိုတာ မျိုး ဖြစ်နေပါပေါ့လား”
“သိပ်သေချာတာပေါ့ဗျာ။ စဉ်းစားစရာတွေ ချည်းပဲ။ကျုပ်ကလည်း လက်ဝဲစာတွေဖတ်။ ချေဂွေဗားရား ကိုအားကျ တဲ့ကောင်ဆိုတောပြဒါးတလမ်း သံတလမ်း ဖြစ်နေတောတာပဲ။ ထားပါဗျာ။ ယုံဘိုလည်း ခင်ဗျားကို မတိုက်တွန်း ဘူး။ မယုံပါနဲ့လို့လည်း မတားဘူး။ကိုယ့်ဥာဏ်နဲ့ကိုယ်သာ စဉ်းစား ပေတော့။ဦးချစ်သိုင်းဟာ အသက်ငါးဆယ်ကျော် လောက်မှာ သွေးတိုးရောဂါကြောင့်အသက် ရှူကြပ်ပြီး ဆုံးတယ်။ ဒါလည်း ဆယ့်ငါးနှစ်ကျော်ပြီ။သူ မသေခင် ကျနော့်ကိုခေါ်ပေးပါလို့ချည်း တောင်းဆို သွားသတဲ့။ကျနော်က ခရီးထွက်နေတော့ မသွားနိုင်ဘူး။ ကျနော်လည်း မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့တာပဲ။ ကျနော် လေ့ကျင့်ခန်းတွေ လုပ်လို့ အတော်ခရီး ရောက်လာတဲ့တနေ့ တခု
သော ညမှာပေါ့။ ဦးချစ်သိုင်း ကျနော့်ဆီကို ရောက်လာတယ်။ ထုံးစံအတိုင်း အိပ်လိုပျော် သလိုလို မပျော်သလိုလို အချိန်ပဲ။ ငါ့တူကြီး ။ ဦးလေးကို ကူညီပါအုံးတဲ့။ သူအသံကော၊ သူရုပ်ကော၊ သူ ကျနော့်ကို ခေါ်နေကျ ငါ့တူကြီး ဆိုတာကော အားလုံးဟာ ဘယ်လိုမှ လူမမှား နိုင်ဘူးဗျ။ ဦးချစ်သိုင်းဆုံးတာ ဆယ့်ငါးနှစ်ကျော်ပြီမို့  စိတ်စွဲလန်းမှု ဖြစ်စရာလည်း အကြောင်းမရှိ ဘူးဗျာ။သူက ကျနော့်ကို ကူညီပါအုံး ချည်းထပ်တလဲလဲ ပြောပြီး သုံးညလောက် ဆက်တိုက်လာနေတယ်။ ကျုပ်လည်း မနက်မိုးလင်းတိုင်း ငါစိတ်က ဦးချစ်သိုင်းကို ဘာစိတ်စွဲနေသလဲ စဉ်းစား တယ်။ သေချာတယ် ။ ကျုပ်ဟာ ကျုပ်ဘဝကိုတောင် မေ့နေတဲ့ အချိန်။
နောက်တခေါက်မှာတောကျုပ်က ဦးလေးရယ် ကျုပ်ဘာကို ကူညီနိုင်သလဲမေးတော့ ငါ အသူရကာယ်ဘုံ ရောက် နေတယ်တဲ့။ အဲဒီလိုပြောပြီး သူပျောက်သွားတယ်။ အဲဒီညက အိပ်မက်ထဲမှာ ကျုပ်ဟာ အသူရကယ် ဘုံကို ရောက်ခဲ့တာပဲ။
သွားတာက ကျနော်တယောက်တည်းဗျ။ ရပ်ကွက်တခုလိုလို ရွာတရွာလိုလိုနဲ့။ အဲဒီကို မရောက်ခင် ဘုန်းကြီး ကျောင်းနဲဆင်ဆင် အဆောက်အဦး တခုလည်း တွေ့ရတယ်။ ကျောင်းဘေး မှာ ချောင်းသေးသေးတခု ရှိတယ်။ အဲဒီချောင်းကို ကျနော်ဘယ်လို ကူးသွားမိသလဲ မမှတ်မိ တောဘူး။ လူတွေ စုစု စုစု နဲဘာလုပ်နေမှန်း မသိတဲအုပ်စုဘေးမှာ ကျနော်ရောက်နေတယ်။ အဲဒီ သူတွေက ကျနော့်ကို မြင်ပုံမရဘူး။
သူတိုဘာလုပ်နေမှန်းမသိဘူး။ပျော်စရာတခုကို တရုံးရုံး လုပ်နေကြတာ။ ဘာလုပ်နေမှန်း ကျနော် မသိတာက  လူတွေကို လျှောက်ကြည့်နေမိလို့ဗျ။ လား၊လား ၊ အဲဒီ လူအုပ်ထဲမှာ ကျနော် သိတဲ့သူတွေ ပါနေတယ်ဗျာ။ ကျနော်ငယ်ငယ်က နေခဲ့တဲ့ရပ်ကွက်ထဲမှာ သိကျွမ်းနေတဲ့ လူတွေဗျ။ ကိုမြဟန်။ ကိုထွန်းအောင်။ ကိုတိုး ၊ကိုစံမြင့်၊ သူတိုအားလုံး ကျနော့်ထက် အသက် နှစ်ဆယ်လောက် ကြီးကြတယ်။ သူတို့လည်း ဆုံးကုန်ကြတာ ကြာပြီ။ ကျနော် သိတာ သေချာတာပေါ့။ ကိုမြဟန်က သူ့အရင်ဆုံးသွားတဲ့ ကိုစံမြင်မိန်းမကိုထပ်ယူထားတာတောင် ကျနော်မှတ်မိ နေတယ်။ အဲဒီသူ အားလုံးဟာ ကျနော်သိသလောက် ဘာအလုပ်မှ မယ်မယ်ရရမလုပ်ပဲ ကြက်ဝိုင်းဖဲဝိုင်းမှာ အချိန်ကုန်ခဲ့ကြတဲ့ သူတွေချည်းပဲဗျ။ အဲဒီနေရာမှာ ကျနော်စဉ်းမိတာက ဒီလူတွေဟာ သေပြီးသား လူတွေဖြစ် လျက်နဲ့ ဒီမှာလာပြီး ဘာအကြောင်းနဲ့ တရုံးရုံး လုပ်နေကြသလဲပေါ့။ကျနော့်စဉ်းစားခန်း မဆုံးခင် ဘယ်ကဘယ်လို အိပ်ရာထဲ ပြန်ရောက်ခဲ့သလဲ မသိတော့ပါဘူး။ နောက်တနေ့ည လေ့ကျင့်ခန်း မဆင်းခင်မှာတော့ ကျနော်ဟာ ဦးလေးချစ်သိုင်း ခင်ဗျာ။ ကျနော် အခု လေ့ကျင့်ခန်း လုပ်နေပါတယ်။အဲဒီအတွက် အကျိုးဖြစ်ထွန်းတယ်။ ဦးလေးအတွက် အကျိုးရှိမယ်ဆိုရင် အားလုံး ကို ကျွန်တော် ဝေမျှပေးပါတယ်။ ဦးလေး လိုသလိုသာသုံးပါ။ လိုတာ ရှိလည်း ထပ်ပြောပါ ပေါ့ဗျာ
ခင်ဗျားက ဘုန်းကြီးတွေကို သင်္ကန်းကပ်တာတို့ဘာတို့၊ခင်ဗျား ဇနီးကို မလုပ်ခိုင်းလားဗျ။ ဒါမျိုးလုပ်ရတယ်လို့ ကြား ဖူးတယ်"

ကျနော့်ကို ရူးနေတယ်၊ကြောင်နေတယ် ထင်မှာစိုးလို့ဗျ။ ဦးချစ်သိုင်းက အသူရကာယ်ဘုံမှာနေတာပဲဗျာ။ ကျနော့်ဆီလာကတည်းက ကျနော်လုပ်ပေးနိုင်တာရှိလို့ နေမှာပေါ့။ကျနော်သုံး လေး ညလောက် အမျှဝေခြမ်း ရေးလုပ်ပြီးတဲ့အခါ ဦးချစ်သိုင်းတယောက် ဝတ်ကောင်းစားလှတွေ ဝတ်ပြီး ကျနော့်အာရုံထဲမှာ ရှိုးစမိုးနဲ့ပေါ် လာပါလေရောဗျာ။ အဝတ်အစားဒီဇိုင်းကိုတောကျနော် သေချာ မှတ်မထားလိုက်မိဘူး။ သူတော်တော် အူမြူးနေ တာတောသေချာတယ်။ ငါ့တူကြီး ကျေးဇူးတင်တယ်ကွာ။ ငါ အဆင်ပြေသွားပြီကွတဲ့ ။သုံးလေးခွန်း တော့ကီပေးပြီး ပျောက်သွားတော့တာပဲ။နောက်တခါ လည်း ပေါ်မလာတော့ဘူး။
ကဲ၊ ဘုတ်ဆင်းတန်းစီတဲ့ဆီ သွားလိုက်ကြရအောင်ဗျာ။  ဒါနဲစကားမစပ် ကျုပ်ရသမျှကို ခင်ဗျားကို ရော။ကျန်တဲ့ အကျဉ်းသားတွေ အားလုံးကိုရော ကျုပ်ဝေသဗျာ။ ဦးလေး ဦးချစ်သိုင်းကို ဝေသလိုပေါ့။ ရမှာပါ။ ကျုပ်သိနေ သလိုပဲဗျာ။ ဒါပေမဲ့ နည်းနည်းတော့ စောင့်လိုက်ပါအုံး။ တန်းစီ သလို သဘောထားပေါ့။
ပြောပြောဆိုဆို ကိုသက်ခိုင်တယောက် ရဲဘက်များဘုတ်ဆင်းရန် ငုတ်တုတ်ထိုင် တန်းစီနေသည့် အိပ်ဆောင် ရှေ့ဆီသို့ လျှောက်သွားလေရာ ကျနော်လည်း သူ့နောက်မှ စိုက်စိုက် စိုက်စိုက်နှင့် လိုက် ပါသွားရပြန်ပါသည်။ အိပ်ဆောင်ရှေ့တွင် ရဲဘက်တို့ ဘုတ်ဆင်းရန် အသင့်ဖြစ်နေသော်ငြား ထောင်မှူးကား ရောက်မလာသေး။ ငုတ်တုတ်တန်းစီနေကြသော ရဲဘက်များ၏နောက်တွင် ကိုသက်ခိုင် တစ်ယောက် လဲမှို့ပင်မှီကာ မတ်တတ်ရပ် လျက်။ ဆယ်မိနစ်ခန့်ကြာမှ ထောင်မှူးဦးအေးနိုင် ရောက်လာသည်။
 ထုံးစံအတိုင်း ဘုတ်အသီးသီးကို တာဝန်ခွဲသည်။ ဆေးနားတောင်းသူကို ဘုတ်ကိုင်ထောက်ခံချက် ဖြင့် ပေးသူကိုပေး၊ ပယ်သူကိုပယ်နေသည်။ ဤကိစ္စသည်လည်း ရှင်းရှင်းလင်းလင်းမရှိလှ။ အချို့ အမှန်တကယ် မမာမကျန်းဖြစ်နေသူတို့ အနားမရလင့်ကစား လိုင်းကြေးမှန်သူတချို့ ဒေါင်ဒေါင်မြည် နေပါလျက် နားခွင့်ရတတ်၏။
“ ကိုသက်ခိုင် ဘာပြောချင်တာရှိလဲ”
ထောင်မှူးက ကိုသက်ခိုင်ရပ်နေရာ လဲမှို့ပင်ဆီသို့ မျက်စိကစားရင်း နံနက်တိုင်းမေးနေကျအတိုင်း လှမ်းမေးလိုက်သည်။ ကိုသက် ခိုင်က ပုံမှန်လေသံဖြင့် “ မရှိပါဘူးဆရာ”  ပြန်လည်ဖြေကြားသည်၌ ဘုတ်ဆင်းအခန်းအနား ပြီးဆုံးလေသည်။
နှစ်ဦးသားတဲဆီသို့ ပြန်လျှောက်လာကြရင်း ကျနော်က ကိုသက်ခိုင်ကို စကားစလိုက်မိပြန်သည်။
“ ကိုသက်ခိုင် ခင်ဗျားသတိထားမိလား၊ နိုင်ဝင်းတို့တင်သမျှ ဆေးနားတွေ တယောက်မှ အပယ်မခံ ရတာ”
“ သတိထားမိပါတယ်၊ နေရာတကာမှာ ဝင်ပါလို့မသင့်ဘူး ထင်တယ်ဗျာ၊ သတ္တဝါတစ်ခု ကံတစ်ခု လို့သာ သဘော ပိုက်ရတော့တာပဲ”
“ဒါနဲ့ တရားရှာတဲ့နေရာမှာလည်း စောစောက ဘုတ်ဆင်းလူရွေးသလို ရွေးတတ်သေးလားဗျာ”
“ ကြံကြံဖန်ဖန် ဆွဲတွေးတတ်ပါပေရဲ့ဗျာ၊ ရှိတာပေါ့ဗျ၊ တရားရနိုင်မရနိုင်ဆိုတာကိုတာကို တိတိကျကျ ကြိုတင်သတ်မှတ်ချက်ရှိတယ်၊ ဒါကို ကျမ်းဂန်တွေမှာ အတိအကျဖော်ပြထားတယ်”
“ အော် ၊ ဒါဆို ကျနော်က တရားတွေ့မဲ့သူ ဟုတ်မဟုတ် ဘယ်လိုသိမှာတုန်းဗျ၊ ကျမ်းတွေတော့ မဖတ်ခိုင်း ပါနဲ့အုံးဗျာ၊ တမနက်တလေ ပေါ့ပေါ့ပါးပါးနေရအောင်၊ အဲ ခင်ဗျားနားလည်သလို ရှင်းပြရင်တော့ နားထောင်ချင်ပါ ရဲ့”
“ အရေးထဲ ကျမ်းကြောက်တဲ့သူနဲ့ လာဆုံနေပြန်ပါပြီ၊ ကဲပါလေ၊ ကျမ်းရောကိုယ်တိုင်ဆင်ခြင်ချက်ပါ နှစ်ခုစလုံး ခြုံငုံမိအောင် ကြိုးစားရှင်းပါ့မယ်၊ ပြည့်စုံအောင်တော့ နောင်စာတွေမှာ ရှာဖတ်ပေါ့”
“ ခင်ဗျား နားလည်သလိုသာ ပြောစမ်းပါဗျာ၊ အဲဒါက ပိုရှင်းမယ်ထင်ပါတယ်”
“ တရားရနိုင်တဲ့သူဟာ အချက်ငါးချက်နဲ့ ပြည့်ရမယ်တဲ့ဗျ၊ အဲဒါတွေက ထက်သန်တဲ့သဒ္ဓါတရား၊ ကျန်းမာခြင်း၊ နှလုံးဖြောင့်စင်း မာယာကင်းခြင်း၊ ထက်သော ဝီရိယရှိခြင်း၊ ဥဒ္ဒယဗ္ဗယဥာဏ်ကို အတတ်သိခြင်း  တဲ့ဗျာ၊ တရားမရနိုင်တဲ့ အဂါင်္ငါးရပ်ကတော့ ပဉ္စာနန္တရိယ ကံကြီးထိုက်ခြင်း၊ မိစ္ဆာဒိဋ္ဌိ အယူရှိခြင်း၊ ဒွိဟိတ် အဟိတ်ဖြစ်ခြင်း ၊ အရိယာပုဂ္ဂိုလ်ကို ပြစ်မှားခြင်း ၊ အာဏာတော်ကို လွန်ကျူးခြင်းတဲ့ဗျာ”
“ ခင်ဗျား ရိုးရိုးရှင်းပြတာတောင် တော်တော်ရှုပ်နေပါပေါ့လား၊ ကဲပါလေ၊ ကျနော် မသိလို့မေးပါရ စေ၊ ကျနော်လည်း တခြားထွေထွေထူးထူး လိုအပ်ချက်တော့ မရှိလှပါဘူး၊ အမိအဘကို သတ်တဲ့  ပဉ္စာနန္တနိရိက ကံလည်း ကင်းပါ တယ်၊ ဗုဒ္ဓဘာသာမို့ အခြားအယူလည်း မရှိပါဘူး၊ ဘယ်အရိယာ ပုဂ္ဂိုလ်ကိုမှလည်း မပြစ်မှားဖူးပါဘူး၊ ဘုရားဟော ကို လွန်ကျူးချေဖျက်မိတာလည်း မရှိလေတော့ တော်တော်စုံပြီ ပြောရမယ်၊ ခက်တာက ဒွိဟိတ်အဟိတ် ဖြစ်မဖြစ်၊ ကျနော်က ဒွိဟိတ်လား၊ တိဟိတ်လား ၊ဘယ်လိုသိမတုန်းဗျာ”
“  ဒီတခါ ခင်ဗျား မေးတဲ့ကိစ္စက တော်တော်ရှုပ်တယ်ဆိုရမယ်၊ ဘာဘဲဖြစ်ဖြစ် တိဟိတ်၊ ဒွိဟိတ်ဆိုတဲ့ သဘောကို ကျနော်နားလည်သလို ကြိုးစားရှင်းပါ့မယ်၊ ဗုဒ္ဓဝါဒအလိုအရ ကျနော်တို့ဟာ ဘဝများစွာသံသရာမှာ ကျင်လည် ခဲ့ကြသတဲ့ဗျ၊ ဘဝတခုနဲ့တခု ကူးပြောင်းတဲ့အခါ ဇာတိစိတ်၊ ပဋိသန္ဓေစိတ်တို့ဆိုတာလည်း ပါလာတတ်ကြသတဲ့၊ အဲဒီထဲက စိတ်အရင်းအမြစ်သုံးခုဟာ အ လောဘ၊အ ဒေါသ၊အ မောဟတွေပဲတဲ့၊ အဲဒီသုံးခုမှာ ပြင်းထန်လွန်းတဲ့ အကုသိုလ်အရှိန်တခုခုကြောင့် အ မောဟ ဆိုတဲ့အရင်းအမြစ်တခုဟာ ချို့ယွင်းချက်နဲ့  လူဖြစ်လာတတ်သတဲ့၊ အဲဒီသူ ဟာ ဒွိဟိတ်ပဲ တဲ့ဗျာ၊ စိတ်ရင်းမြစ်သုံးခုလုံး ချို့ယွင်းချက်မရှိပဲ မွေးလာသူ တိဟိတ်ပုဂ္ဂိုလ်ဟာ ပုံမှန်အတိုင်း အလောဘ၊ ၊အဒေါသ၊ အမောဟ ဆိုတဲ့ စိတ်ခံစားအားလုံး ပုံမှန်အတိုင်း ခံစားတုန့်ပြန်နိုင်ပေမဲ့ အ မောဟရင်းမြစ်မှာ ချို့ယွင်းချက်ပါ လာသူဟာ ပုံမှန်ခံစားတုန့်ပြန်နိုင်မှု မရှိတဲ့အတွက် ဒွိဟိတ်လို့ ဆိုသတဲ့၊ အနီးကပ် ဆုံးပြောရရင် သူတပါး အသတ်ခံရလို့ ဘဝကူး ပြောင်းရမဲ့ဆဲဆဲ သူဟာ အကြောက်လွန်ပြီး ခံစား ချက်မဲ့သွားတယ်၊ အဲဒီစိတ်အစဉ် ရဲ့သတ္တိဟာ ဒီဖက်ဘဝမှာ ပါလာတယ်၊ ကျနော် နားလည်သလို နမူနာပေးရရင် ခင်ဗျားတို့ ကျနော်တို့ လူဖြစ် လာတဲ့အခါ အ လောဘ ၊အေ ဒါသ၊အမောဟဆိုတဲ့ စိတ်ရင်း မြစ်သုံးခုဟာ ဘာစာ၊ ဘာအရုပ်မှ မရေးရသေးတဲ့ စာရွက်အဖြူ အလွတ်သုံးခုအဖြစ် ပါလာမှ တိဟိတ်ဖြစ်တယ်၊ အ မောဟဆိုတဲ့ စာရွက်မှာ အမဲစွန်းလျက် ပါလာခဲ့ရင် ဒီဘဝမှာ အဲဒီစာရွက်ပေါ်ကို ထူးခြားပြောင်မြောက်တဲ့ အရုပ်တွေစာတွေ ရေးလို့ မရဘူး ဆိုပါတော့ဗျာ”
“ အင်း အဲသလိုဆိုရင်ဖြင့် ကျနော်ကိုယ်တိုင် ကျနော်ဟာ တိဟိတ်ဒွိဟိတ်ဆိုတာ မခွဲခြားနိုင်တာမို့ အားမထုတ် ပဲနေလိုက်တာ ကောင်းမယ်ထင်ပါရဲ့ ”


“ ဒါဆို ခင်ဗျား လူဖြစ်ရကျိုးမနပ်ဘူး ဖြစ်တော့မှာပေါ့၊ နက်နဲလှတဲ့ ဘဝပုစ္ဆာကို မရှာမဖွေပဲ ဘဝတစ်ခု ကုန်ဆုံးသွားတာသာ အဖတ်တင်တော့မပေါ့၊ ဒါကြောင့် သေက္ချတောင်ဆရာတော် ဦးတိလောကရဲ့ ပဏ္ဍိတ ဝေဒနိယကျမ်းမှာ တိဟိတ်ဒွိဟိတ် ဝိစ္စိကိတ်၊ ဘေးချိတ်ထားပါဘိ။ ကိုယ်တိုင်သိရန် ကိုယ်တိုင်ကြံ၊ သည်းခံကြိုး စားကြည့်။ ပဋိဘာဂါ သမထာ၊ ထင်လာ တိဟိတ်သိ။ ဥဒယဗ္ဗယာ ဝိပဿနာ ၊ ထင်လာ တိဟိတ်သိ လို့ သတိပေး ထားဘူးတယ်ဗျာ၊ ဒီတော့ ခင်ဗျားဟာ တိဟိတ်လား၊ဒွိဟိတ်လား သိချင်ရင် သမထဝိပဿနာ တစ်ခုခုကို လက်တွေ့လုပ်ကြည့်ရမယ်။ သမထပွားများကြည့်လို့ ပဋိဘာဂနိမိတ်ထင်လာရင် ခင်ဗျားဟာ တိဟိတ်ပဲ၊ ဝိပဿနာ ပွားကြည့်လို့ ဥဒယဗ္ဗယဥာဏ်(ဖြစ်ပျက်မြင်ရင်) ရရင်လည်း ခင်ဗျားဟာ တိဟိတ်ပဲပေါ့ဗျာ”
“ ဒါဆို ပဋိဘာဂနိမိတ်တို့ ဥဒယဗ္ဗယတို့ ဆိုတာကကောဗျာ ”
“ ခင်ဗျားနဲ့တော့ ခက်နေပါပြီ၊ ရှေ့စကားဆက်နေတုန်း နောက်စကားမေ့နေပါပေါ့လား၊ သမထထိုင် တဲ့အခါ သမာဓိရင့်လာတာနဲ့အမျှ ၃၁ ဘုံမှာရှိတဲ့ အပွင့်အမျိုးမျိုး၊ အပင်အမျိုးမျိုး၊အရောင်အမျိုးမျိုး အဆောက်အဦအမျိုးမျိုး၊ တောင်တောင်ရေမြေ သမုဒ္ဒရာ၊ ဂူကျောင်းဘုရား၊နေလနက္ခတ် စတဲ့ ဘာညာဘာညာတွေ မြင်ရတတ်တယ်ဆိုတာ ခင်ဗျားဖတ်ခဲ့ပြီးပြီလေဗျာ။ အဲဒါ ပဋိဘာဂနိမိတ်ပေါ့။ ပဋိဘာဂ ဆိုတာ မြန်မာလို အတူ(သို့မဟုတ်) အတုဆိုတဲ့ အဓိပ္ပါယ်ထွက်သတဲ့ဗျာ။ ဥဒယဗ္ဗယ ဆိုတာ အခုကျနော်ခင်ဗျားကို အချိန်အကြာကြီးယူပြီး ရှင်းပြနေတဲ့ ဖြစ်ပျက်ဆို တာပါပဲ၊ ဒါလည်း ဇာတ်လမ်းဆုံးတဲ့အခါ နားရည်လည်လာပါလိမ့်ဗျာ”
“အေးဗျာ အခွင့်သင့်ရင်တော့ ခင်ဗျားကိုအားကျပြီး တရားလေးဘာလေး ထိုင်စမ်းချင်ပါဘိ”
“ ကလေးတွေပြောသလို သေပြီဆရာလို့တောင် ငြီးရတော့မလို ပါလား၊ ခင်ဗျားက တရားရှာတဲ့ အလုပ်ကို အယားပြေ သန်းရှာသလို လုပ်မယ်ဆိုရင်တော့ မလုပ်တာက ပိုကောင်းပါလိမ့်မယ် ”
“ ကဲပါဗျာ၊ ကျနော်လည်း ဘာသာရေးနဲ့ မကင်းကွာလှပါဘူး၊ ရွှေတောင်မြို့ ကျီးသဲလေးထပ် ဆရာတော်ဘုရား ကြီးရဲ့ ဇိနတ္ထပကာသနီလောက်တော့ ဖတ်ဖူးပါတယ် ”
“ အော် တယ်ဟုတ်ပါလား၊ ဒါဖြင့်ရင် မေးပါစေအုံး ၊ ဇိနတ္ထပကာသနီဆိုတာ ဘာတဲ့တုန်းဗျ”
“ စာအုပ်နံမည်လေ”
“ ကောင်းကြရောပေါ့ဗျာ၊ ကျနော်မေးနေတာက ဇိနတ္ထပကာသနီ ဆိုတဲ့ စာလုံးတလုံးချင်းရဲ့ အဓိပ္ပါယ်ကို မေးနေတာဗျ ”
“ အမှန်အတိုင်း ပြောရရင် အဲသလောက် စေ့စေ့စပ်စပ်တော့ မမှတ်မိတော့ဘူးဗျာ၊ လုပ်ပါအုံး၊ ဘာ အဓိပ္ပါယ်လဲဗျ ”
“ ဇိနတ္တပကာသနီဆိုတာ ပုဒ်အနေနဲ့ ခွဲမယ်ဆိုရင် ဇိန+အတ္ထ+ပကာသနီ ဆိုပြီး သုံးပုဒ်ရှိတယ်ဗျ၊ ဇိန ဆိုတာ အောင်နိုင်သူ၊ အတ္ထ ဆိုတာက အကြောင်းအရာ၊ ပကာသနီဆိုတာက ထင်ရှားအောင်ပြဆို ခြင်း၊ အားလုံးပေါင်း လိုက်ရင် အောင်နိုင်သူ၏ အကြောင်းအရာကို ထင်ရှားအောင်ပြဆိုသောကျမ်း ပေါ့ဗျာ”
“ တယ်လည်းတိကျပါလားဗျာ၊ ဒါဆို စာရေးဆရာကြီး မောင်သာရရဲ့ မျိုးမမပကာသနီဆိုတာ မျိုးမမ ဆိုတဲ့ မိန်းမ တယောက်အကြောင်းထင်ရှားအောင်ဖော်ပြတဲ့ စာအုပ်ပေါ့ ”
“ ဒါဆို ခင်ဗျားရဲ့ အသိဥာဏ်ဟာ လက်တွေ့ဘဝထဲကို ရောက်စပြုလာပြီ ဆိုရမယ်၊ အမှန်တော့ လူအတော် များများရဲ့ အသိဥာဏ်ဟာ လက်တွေ့ဘဝထဲကို ရောက်မလာများတယ်ဗျ၊ ဆိုပါတော့ ၊ ကျနော်က ခင်ဗျားကို ကကြီး ခခွေးရသလားလို့ မေးရင် ခင်ဗျား ဘယ်လိုဖြေမတုန်း”
“ ဒါတော့ ခင်ဗျား ကျနော့်ကို နှိမ်တာပဲ၊ ကကြီးခခွေးတော့ သုံးနှစ်ကလေးကအစ ရတာပဲဗျာ”
“ ရော ၊ ကျနော်ကလည်း သုံးနှစ်ကလေးသိတဲ့ ကကြီးခခွေးအကြောင်း ခင်ဗျားလို သေခါနီးကို ဘယ်မေးပါ့မလဲဗျာ၊ ကဲပါ ၊ ကကြီးပြီးရင် ဘာလာတုန်းဗျ ”
“ ခခွေးပေါ့ဗျာ ”
“ ဟုတ်ပါပြီ၊ ခင်ဗျားအဖြေဟာ သုံးနှစ်သားဖြေတဲ့အဖြေပဲ၊ အဘိဓာန်တွေမှာ ကကြီင်္းပြီးရင် ကကြီး တွေပဲ ထပ်ခါထပ်ခါ လာတယ်ဆိုရင် ခင်ဗျား ငြင်းနိုင်မလား၊ အဲဒီအဘိဓာန်မှာ ကကြီးပြီးပြီ ဆိုအုံး တော့ “ကာ” နဲ့စတဲ့ စာလုံးတွေလာတာသိလား၊ အဘိဓာန်တခုခုမှာ ကကြီးအက္ခရာနဲ့ စာလုံးတွေ ကုန်သော်ငြား နေ့စဉ် အသစ်ဖန်တီးသုံးစွဲနေတဲ့ ၊ပေါ်ပေါက်နေတဲ့ ဒေသန္တရ၊ ဘာသန္တရ၊ ဗန်းစကား တွေဟာ ပါမလာတတ်သေးဘူး၊ ဒီတော့ ကကြီးဇာတ်လမ်းဟာ မပြီးဆုံးသေးဘူး ဆိုရမယ်၊ ဒီတော့ ကကြီးပြီးဆုံးတယ်ဆိုတာ ဘယ်တော့မှ ရှိမှာမဟုတ်ဘူးဗျ၊ တကယ်တော့ဗျာ ကျနော်တို့ခင်ဗျားတို့ အားလုံးလိုလို မူလတန်းမှာ သင်ခဲ့ရတဲ့ ဖတ်စာ တွေတောင် ကျနော်တို့ ကျမ်းမကြေခဲ့ကြပါဘူး၊ သူငယ်တန်းဖတ်စာအုပ် တအုပ် စီစဉ်ထားပုံကို သေချာ လေ့လာ ကြည့်ဗျာ၊ ပထမဆုံး  က ကညစ် ပေမှာခြစ် ဆိုတာမျိုးနဲ့ အသံသာပြီး မှတ်ရလွယ်တဲ့နည်းနဲ့ ကလေးတွေရဲ့ စိတ်ဝင်စားအောင် အစပျိုးတယ်၊ နောက်မှ ကကြီးခခွေး ဆိုတတ်အောင် တဆင့်တက်တယ်၊ နောက်တော့ သရတွေနဲ့ပေါင်းစပ်ပြီး အသံဖြစ်တာ၊ စာလုံးတခုနဲ့ ပေါင်းစပ်တဲ့အခါ အသံဖြစ်တာ အဲဒီအသံ ဖြစ်လာတာကို အဓိပ္ပါယ်နဲ့ တွဲမိအောင် ကဗျာ ၊လင်္ကာအတိုလေးတွေနဲ့ ချိတ်ဆက်မျှားခေါ်ထား တာကို သေချာသတိပြုရင် တွေ့နိုင် ပါတယ် ”
“ ခင်ဗျားတော်တော် အတွေးနက်တဲ့သူပဲဗျာ”
“ ပြောလက်စနဲ့ ဆက်လိုက်ပါရစေအုံး၊ ကျနော်တို့ဟာ ဘယ်တုန်းကမှ ဘယ်သင်ခန်းစာကိုမှ ကြေညက်အောင် မလေ့လာခဲ့ကြပါဘူး၊ မူလတန်းဖတ်စာတွေမှာ သင်ခဲ့ရတဲ့ဖတ်စာ တော်တော် များများဟာ နိုင်ငံကျော် ၊ကမ္ဘာကျော် ပညာရှိကြီးတွေရဲ့ အတွေးအခေါ်တွေထဲက ထုတ်နှုတ်ပြီး ကလေးတွေလက်လှမ်းမီအောင် စီစဉ်ပေးထားတာဗျ၊ ကျနော်တို့ဟာ မူလတန်းကျော်တာနဲ့ အဲဒီ ဖတ်စာအုပ်ထဲက အကြောင်းအရာတွေကို မေ့မေ့ပျောက်ပျောက် ချန် ထားရစ်ခဲ့ကြတာပါပဲ၊ ဥပမာ ဆိုပါတော့ စနေနေ့မှာ ဘုရားကျောင်း အရောက်သွားရမဲ့ အဗန်တီဆိုတဲ့ ပညာရှိ ဟာ သူ့မြည်းက သိပ်နှေးတာကြောင့် သောကြာနေ့ကတည်းက အိမ်ကနေ စ ထွက်တာတို့၊ သရက်ပင်တွေကို အသက်ရှစ်ဆယ်ကျော် အဘိုးအိုက စိုက်နေတာကို မင်းသားက မြင်တော့ ကိုယ်တိုင်ခံစားရမှာ မဟုတ်ပဲ ဘာကြောင့် အကျိုးမဲ့အလုပ်ကို လုပ်နေသလဲ  ဆိုပြီး အမေးအဖြေလုပ်ကြတဲ့ သရက်ပင် နဲ့ အဘိုးအို၊ မပုကြွယ်နဲ့ ခရုငယ်၊ ဘုရားလောင်းအာဇာနည် မျောက်မင်း စတာတွေကို ခင်ဗျားကော ကျနော်ပါ ဖတ်ဖူးခဲ့ကြတာပဲ၊ အဲဒီ သင်္ခန်းစာတွေကို ခင်ဗျား ဘယ်နှစ်ကြိမ် ရှေ့ဆက်တွေးဖူး သလဲဗျာ၊ ဘဝအတွက်အကျိုးရှိအောင် ဆက်စပ်ပြီး ဘယ်နှစ်ကြိမ် အသုံးပြုဖူး သလဲဗျာ၊
 ဥပမာဆိုပါတော့ ဘုရားလောင်းအာဇာနည်မျောက်မင်း ဇာတ်လမ်းမှာ ခေါင်းဆောင်ဖြစ်သူဟာ သရက်ပင် တည်ရှိရာအရပ်နဲ့ နောက်ဆက်တွဲဖြစ်ရပ်ကို အစောကြီးကတည်းက တွက်ဆမိတယ်၊ ဒါ ကြောင့် မြစ်ဖက်ကို ကျနေတဲ့ အကိုင်းက အသီးတွေအပွင့်တွေကို အလှည့်ကျအစောင့်တပ်ဖွဲ့ ချပြီး ခြွေခိုင်းတယ်၊ ခက်တာက အချိန်ရှိသရွေ့ ဆော့နေတဲ့ မျောက်ဆိုတဲ့ သတ္တဝါတွေကို ဘာကြောင့် ခြွေခိုင်းရတယ်ဆိုတာ အသေးစိတ်ရှင်းပြဖို့ ရှင်းပြဖို့ မဖြစ်နိုင်ဘူး၊ ဒီမှာတင် ခေါင်းဆောင်ကို အမြဲ ရန်ရှာနေတဲ့ ဒေဝဒတ်အလောင်းက တစခန်းထလာမယ်၊ ဒီကောင်ကြီးလုပ်နေတာ အပိုအလုပ်တွေကွ၊ မင်းတို့ အပင်ပန်းခံပြီး ခြွေနေစရာမလိုဘူး၊ လွတ်လွတ်လပ်လပ် ပျော် ပျော်သာ ဆော့ကြပေတော့လို့ သွေးထိုးလိုက်တော့ နောက်ဆုံး သရက်ပင်ကို ဘုရင့်တပ်က မြှားပစ်တပ်ဖွဲ့နဲ့ လာ ဝိုင်းပြီး မျောက်တွေကို အသေပစ်တဲ့ ဘဝရောက်ရတာပဲ၊ ဒီအခြေအနေရောက်ပြန်တော့ ခေါင်းဆောင်ဟာ ခေါင်းဆောင်ကောင်းစိတ်ဓာတ် ရှိသူမို့ ငါပြောထားတာကို နားမထောင်တဲ့ကောင်တွေ ကာလနာ တိုက်ကြပေ တော့လို့ ပစ်မထားနိုင်ပြန်ဘူး။ ကျန်တာတော့ ခင်ဗျားဖာသာ ဆက်တွေးပေတော့ဗျာ၊ အဲသလို မူလတန်း ဖတ်စာတခုကို သဘာဝကျကျ ခင်ဗျားဆက်တွေးမိဖူးသလား၊မတွေးမိဘူး။
ဒီတော့ ခင်ဗျား ဇိနတ္ထပကာသနဖတ်ဖူးရုံနဲ့ ဘာသာတရားဟာ ခင်ဗျားဘဝထဲကို ရောက်နေပြီလို့ မဆိုနိုင် သေးဘူး ဆိုရမယ်”
“ ဒီလိုဆိုရင်ဖြင့် ခင်ဗျားကကော ဘာသာတရားကို ခင်ဗျားဘဝထဲရောက်အောင် ဘယ်လိုလေ့လာ ဆင်ခြင်ထားသလဲဗျာ”
“ ကောင်းပြီ ခင်ဗျား မေးခွန်းကို ကျနော်ဖြေပါ့မယ်၊ လူတွေရဲ့ နေ့စဉ်ဘဝထဲမှာ အကျိုးမပြုနိုင်သမျှ ဘာသာတရား မမည်ဘူး လို့ ကျနော်လေးစားတဲ့ ဘုန်းတော်ကြီးတပါး မိန့်ဖူးတယ်၊  ဗုဒ္ဓဘာသာမှာ ကျနော် အနှစ်ခြိုက်ဆုံး အချက်က ဝေဖန်စောကြောခွင့် ရှိခြင်းပဲဗျ၊ ငါပြောတဲ့အတိုင်းလုပ် ငါပြောတာအမှန် မင်းလျှာရှည်စရာ မလိုဘူးဆိုတဲ့ ဘာသာတရားမျိုးကို ကျနော်လက်မခံချင်ဘူး၊ ဗုဒ္ဓဝင် ဆိုပါတော့ ၊ကျနော်နားလည်လက်ခံထားတဲ့ ဗုဒ္ဓရဲ့ဇာတ် ကြောင်း ခင်ဗျားကို ပြောပြရအုံးမယ်၊ ကပ္ပိလဆိုတဲ့တိုင်းပြည်မှာ ဦးသုဒ္ဓေါဒနနဲ့ ဒေါ်မာယာကနေ သိဒ္ဓတ္ထဆိုတဲ့ မင်းသားကို မွေးတယ်၊ ကပ္ပိလဆိုတာ အိန္ဒိယမြောက်ဖက် နီပေါနဲ့ကပ်လျက် တိုင်းပြည်ငယ်တခုပဲ၊ အဖေက ဘုရင်ဆိုတော့ သူတို့လူမျိုးထုံးစံအတိုင်း ကြီးပြင်းလာတဲ့အခါ ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်လာမလဲဆိုတာကို ဗေဒင် ဟူးရားအတတ်ကျွမ်းကျင်တဲ့ ပညာရှိတွေကို မေးတယ်၊ ဒီတော့ နက္ခတ် ဗေဒင်ပညာရှိတွေက စင်္ကြာဝဠေး မင်းဖြစ်ရင်ဖြစ် ၊ ဒါမှမဟုတ် ထူးကဲတဲ့အတွေးအခေါ်ပညာ ရှင်ကြီးဖြစ်မယ် လို့ဟောကြတာပေါ့ဗျာ၊ စင်္ကြာဝဠေး မင်းဆိုတာလည်း အခုခေတ် အမေရိကန် သမတ အိုဘားမားလို ဆိုပါတော့၊ အဲဒီခေတ်က အတွေးအခေါ် ပညာရှင်ဆိုတာကလည်း ပြင်းထန် တဲ့အကျင့်တွေနဲ့ ကိုယ်တုံးလုံးနေသူကနေ ရေငုပ်မီးလှုံတာတွေ လုပ်ကြတာ ဆိုတော့ အဖေလုပ်သူက ငါ့သားကို ငါ့ထီးနန်းဆက်ခံနိုင်အောင် စင်္ကြာဝဠေးမင်းဖြစ်မဲ့လမ်းကို ရွေးရောပေါ့ဗျာ၊ ဒီမှာတင် သိဒ္ဓတ္ထမင်းသားကို ငယ်စဉ်ကတည်းက ဘဝအကြောင်း၊လောကအကြောင်း တွေးချိန်မရအောင် ၊ ဒုက္ခတို့အခက်အခဲတို့ဆိုတာ လေသံတောင် မကြားရအောင် စီမံထားခဲ့တယ်ဆိုပါတော့၊ ဘယ်လောက်တောင် စီမံထားသလဲဆိုရင် စည်းစိမ်မျိုးစုံခံနိုင်တဲ့ နန်းတော်သုံးဆောင်ဆောက်ပြီး လောကီ စည်းစိမ် အားလုံး ခံစားစေ တယ်ဆိုပဲ၊ မြင်သာအောင် ပြောရရင် တီးဝိုင်းတွေ ကာရာအိုကေစက်တွေ အဆိုတော်တွေ ကခြေသည်တွေ တင်မက ယမကာမျိုးစုံပါ ပါဟန်တူပါရဲ့ဗျာ၊အဲသလို စည်းစိမ်ခံစားလာရာက အိမ်ထောင်ပြုမဲ့ အရွယ်ရောက်တော့ ယသော်ဓယာနဲ့ စုံဖက်ဖြစ်ပြီး သားတယောက်ရ၊ အသက်ကလည်း နှစ်ဆယ့်ရှစ်နှစ် ဖြစ်လာရောဆိုပါတော့၊


 ပြဿနာရဲ့အကြောင်းတရားက အဲဒီဇိမ်ခံနန်းတော်တွေက အစပြုတယ်ဆိုရမယ်၊ နေ့ရောညပါ နှစ်ပေါင်းများစွာ ကြီးစွာသော စည်းစိမ်နဲ့ နေလာတာ  ကြာလေလေ ဘဝဆိုတာ ဒါပဲလားဆိုတဲ့ အတွေး သိဒ္ဓတ္ထမှာ ပေါ်လာဟန် တူတယ်၊ ဒါကြောင့် နန်းတော်ရဲ့ပြင်ပလောကကို စူးစမ်းချင်စိတ် ပြင်းထန်စွာ ဖြစ်ပေါ်လာတယ်၊ ခက်တာက တင်းကြပ်တဲ့စည်းကမ်းနဲ့ အစောင့်အရှောက်တွေ တပြုံ ကြီးနဲ့ဆိုတော့ ထင်သလောက်မလွယ်ဘူး၊ နောက်ဆုံး မြင်းရထားမောင်းတဲ့ ရထားမှူးနဲ့တိုင်ပင်ပြီး  နန်းတော်အပြင်ကို အစောင့်တွေ အလစ်မှာ ခိုးထွက်ကြရောပေါ့၊ ဘုရင့်သားမှန်း မသိအောင် တိတ်တဆိတ်ထွက်လာရတာမို့ လမ်းကြိုလမ်းကြား အိမ်ကြိုအိမ်ကြားတွေကနေ လျှောက် သွားရာက တနေရာရောက်တော့ သိဒ္ဓတ္ထက တစုံတယောက်ကို တွေ့ပြီး အလန့်တကြား မေးပါလေရော၊ ဟေ့ကောင်၊ ဒါက ဘာကြီးတုန်းဟ တဲ့၊ အမှန်တော့ သူတွေ့တဲ့အရာဟာ အသက် အရွယ်အလွန်အိုမင်း ရင့်ရော်နေ တဲ့ ဆင်းရဲသားအဘိုးကြီးတယောက်ပဲဗျ၊
အသက်အရွယ်ကြီးရင့်လွန်းတာကြောင့် ပါးရည်နားရည်တွေတွန့်နေတဲ့အပြင် ဆံပင်ကဖြူ၊ သွားတွေလည်း တချောင်းမှမရှိ၊ အရိုးပေါ်အရည်တင်း ၊ခါးကကုန်းတော့ ရရာတုတ်ကောက် တချောင်း၊ ဒိုတီခပ်ဟောင်းဟောင်းနဲ့ ဘယ်လိုမှ အမြင်မသင့်ဘူးပေါ့ဗျာ၊ ပြင်ပလောကမှာရှိတဲ့ လူသာမန်အဖို့ ဒီအဘိုးအိုဟာ ဘာမှ မထူးခြားလှပေမဲ့ သိဒ္ဓတ္ထအတွက်ကတော့ အရမ်းအရမ်းကို ထူးဆန်းနေတာ ပေါ့ဗျာ၊အဲသလို စိတ်ပျက်စရာ မြင်ကွင်းမျိုးကို မမြင်ရအောင် သူ့အဖေက အသေအချာစီမံထားခဲ့တာကိုး၊ ဒီမှာတင် ရထားမှူးက ခပ်အေးအေးပဲ .. အော် အဲဒါ အဘိုးကြီးလေ လို့ ဖြေတော့၊ သိဒ္ဓတ္ထက ဟ အဲသလိုပုံကြီး ဘယ်ကဘယ်လို ဖြစ်သွားတာ တုန်းဆိုတော့ ၊ ရထားမှူးက ဟာ၊ လူတွေအသက်ကြီးရင် ဒီလိုဖြစ်တာချည်းပါပဲဆရာလို့လည်း ဖြေလိုက်ရော သိဒ္ဓတ္ထ အကြီး အကျယ် လန့်သွားပါလေရော၊ ဒီမှာတင် သိဒ္ဓတ္ထက ဆက်မေးတယ်၊ ဒါဆို ငါရော အသက်ကြီးရင် ဒီလိုဖြစ်မှာ ပဲလား ဆိုတော့ ၊ သေချာတာပေါ့ ဆရာလို့လည်း ဖြေရော၊ သိဒ္ဓတ္ထစိတ်ထဲမှာ အပျော်ကြီးပျော်နေတဲ့ နေ့ရက်တွေရဲ့ နောက်ဆုံးတနေ့ ရောက်ရမဲ့ အခြေအနေက တယ်ဆိုးပါလား ဆိုပြီး ပထမဆုံး သံဝေဂရရော ဆိုပါတော့ဗျာ။ ကဲ ဒါလောက်ဆို ကျန်တဲ့ နိမိတ်ကြီးသုံးပါး မြင်တာကို ခင်ဗျား ဖာသာ ဆက်တွေး လို့  ရလောက်ပြီထင်ပါရဲ့ ”
“ တွေးလို့တော့ ရပါတယ်ဗျ၊ခင်ဗျားပြောတာ သဘာဝကျလွန်းလို့ ရှေ့ဆက်စမ်းပါအုံး၊ တခုတော့ ရှိတယ်ဗျာ၊ ဘုရားရှင်လို ပုဂ္ဂိုလ်မျိုးရဲ့ ကိုယ်ရေးရာဇဝင်ကို ခင်ဗျားက ဒီလိုကြီး ပြောပြနေတာဟာ အရိုအသေတန်ရာ မရောက် ဘူးလား”
“ ခက်တယ်ဗျာ၊ အတိုဆုံးပြောရရင် နိုင်ရာက စတာ အကောင်းဆုံးပဲ၊မနိုင်ဝန်မထမ်းပါနဲ့၊ ဘုရားရှင်မှာ ဂုဏ်ထူး ဝိသေသတွေအများကြီး ရှိတာ ကျနော်လက်ခံပါတယ်၊ အဌကထာ ဆရာတွေ ၊ ဆရာတော်ကြီးတွေ ရေးတာတွေ ဟာ သူတို့နည်းသူတို့ဟန်နဲ့ ဘုရားရှင်ရဲ့ ဇာတ်လမ်းကိုသာမက သူ့ရဲ့ ဥာဏ်ပညာကြီးမားမှုကိုပါ လက်တွေ့ ကျင့်ကြံခံစားဖူးတာကြောင့် သူတို့သိတဲ့ ဂုဏ်ဒြပ်ကို ထူးထူးခြားခြား ရေးဖွဲ့ကြတာ ဖြစ်တယ်၊ ခင်ဗျားက ဘုရားရဲ့ အဖေနဲ့အမေကိုတောင် စာလုံးပေါင်းမှန်အောင် ပေါင်းတတ်တဲ့သူမဟုတ်ဘူး၊ ခင်ဗျားလက်လှမ်းမမီပဲ သူတပါး ဂုဏ်တင်သမျှ လိုက်ပြီးနားယောင် နေရင် ဗုဒ္ဓဝါဒဟာ ခင်ဗျားဘဝထဲကို ရောက်လာဖို့ အလှမ်းဝေးနေအုံးမယ်၊ ဗုဒ္ဓနဲ့ ဗုဒ္ဓဝါဒဟာ သဘာဝယုတ္တိနဲ့လည်း ဒေါင်ဒေါင်မြည် မှတ်ကျောက်တင်ခံပါတယ်၊ ဒီနေရာမှာ ခင်ဗျား လေးလေး နက်နက် စဉ်းစားရမှာက ဗုဒ္ဓစာပေတွေ အရင်းခံရာ အိန္ဒိယစာပေပဲ၊ အိန္ဒိယစာပေဟာ စကားလုံး အလွန်ကြွယ်ဝတဲ့ ဘာသာစကားဖြစ်တယ်၊ ဒါကြောင့် အကောင်းအဆိုး နှစ်မျိုးဖြစ်လာတယ်၊ အကောင်းက အကြောင်းခြင်းရာတခုခုကို မှတ်တမ်းတင်ရာမှာ အသေးစိတ်မှတ်တမ်းတင်နိုင်တယ်၊ အဆိုးက အလွန်အကျူးဖွဲ့ဆိုနိုင်ဖို့  အားပေးရာရောက် တယ်၊ အရေးအကြီးဆုံး လိုအပ်ချက်ကတော့ အထောက်အထား မခိုင်လုံခြင်းပဲ၊ တိတိကျကျပြောရရင် ဗုဒ္ဓရဲ့မွေး သက္ကရာဇ်အတိအကျကို အခုထက်ထိ အတည်မပြုနိုင်သေးဘူး၊ မြန်မာပြည် သာသနာဝင်မှတ်တမ်းတွေအရ ဗုဒ္ဓဖွားတော်မူတဲ့ နှစ်ဟာ ဘီစီ ၆၂၃၊ ပရိနိဗ္ဗာန်ပြုတဲ့နှစ်ဟာ ဘီစီ ၅၄၃ တဲ့၊ ဒါပေမဲ့ သမိုင်းသုတေသီတွေကတော့
ဘီစီ ၅၆၃ မှာမွေးပြီး ဘီစီ ၄၈၃ မှာ ပရိနိဗ္ဗာန်ပြုတယ်လို့ ပြင်ဆင်လိုကြသတဲ့၊ ငြင်းမယ်မကြံနဲ့အုံး၊ အဲဒါ ကျနော်ပြောတာမဟုတ်ဘူး၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း ထောက်ပြထားတာ၊ ပိုပြီး သေချာချင်သပဆိုရင် ဒေါက်တာသန်းထွန်းရဲ့ ခေတ်ဟောင်းရာဇဝင် စာမျက်နှာ ၁၄၃- မှာ ဖတ်ပေတော့ဗျာ၊ဒါကြောင့် ခင်ဗျားဟာ ဗုဒ္ဓရဲ့အရည်အချင်းကို စာပေမှတ်တမ်းတွေမှာ ဖတ်ပြီး တော်လှချည့်၊ ကောင်းလှချည့်လို့ ချီးမွှမ်းနေမဲ့အစား သူ့လမ်းညွှန်ချက်တွေကနေ ခင်ဗျားဘဝအတွက် အကျိုးရှိအောင် ကျင့်ကြံအားထုတ်တာက ပိုပြီး အဓိပ္ပါယ် မရှိပေ ဘူးလား၊ ခင်ဗျား ကြားဖူးမှာပါ ဗုဒ္ဓက သူ့ သင်္ကန်းကို ဆွဲပြီးတကောက်ကောက်လိုက်နေတဲ့ ရဟန်းကို အပြစ်တင် တာလေ၊”
“ ကဲပါဗျာ၊ ခင်ဗျားကျမ်းကိုးတွေကို ရပ်ပါတော့ ပြောလက်စ စကားကိုသာ ဆက်ပါလေ”
“ သိဒ္ဓတ္ထဟာ လူအိုကို မြင်ပြီး လေးလကြာတော့ နန်းတော်အပြင်ကို အရင်နည်းအတိုင်း စနည်းနာ ထွက်ပြန် ရောပေါ့ဗျာ၊ ဒီမှာတင် သေခါနီးလူမမာကို မြင်တော့တာပဲ၊ စဉ်းစားကြည့်လေ၊ လူဆိုတာ နုပျိုစဉ်အရွယ်မှာ အားကောင်းမောင်းသန်၊ ပြင်ပြင်ဆင်ဆင်နဲ့ အမြင်တင့်နေမဲ့ အသက်ကကြီး ဝေဒနာဖိစီးပြီး သေခါနီးမှာ ဘယ် လောက်အမြင်ဆိုးလိုက်မလဲ ဆိုတာ၊ သေခါနီးလူနာကို မမြင်ဖူး မကြားဖူးတဲ့ သိဒ္ဓတ္ထကတော့ သည်းဆုတ်အေးမျှ ကြောက်တယ်ဆိုပဲ၊ ဒီမှာတင် ရထားမှူးကို ရှင်းပြ ခိုင်းပြန်တော့ နာမကျန်းဖြစ်တာဟာ အရွယ်နဲ့ မဆိုင်ဘူး၊ အချိန်မရွေး နာနိုင်တယ်၊ ဆရာလည်း ဒီနေ့နက်ဖြန် ဒီဘဝမျိုးရောက်နိုင်တယ် လို့လည်း ပြန်ဖြေရော သိဒ္ဓတ္ထဟာ တော်တော်ကို စိတ်ပျက်စရာ လောကကြီးပါလားဆိုတဲ့ သံဝေဂနဲ့ နန်းတော်ကို ပြန်ရောပေါ့၊ လူနာဆိုတော့ လူအိုထက် သံဝေယူစရာ ကောင်းပေမပေါ့၊ အဖေလုပ်တဲ့သူကတော့ သူ့သား ဒီလိုမြင်ကွင်းတွေ မြင်ပြီး သံဝေဂ ရတဲ့သတင်းတွေလည်းကြားရော လုံခြုံရေးကို တိုးမြှင့်ချထား သတဲ့ဗျ၊
နောက်ထပ် လေးလကြာပြန်တော့ နောက်တခေါက်ထွက်ခွင့်ကြုံပြန်ရော ၊ ဒီတကြိမ်မှာတော့ ဆန့် ဆန့်ကြီး သေနေ တဲ့ အလောင်းကို မြင်သတဲ့ဗျ၊ဒီမှာတင် သိဒ္ဓတ္ထဟာ ငါတို့အားလုံးရဲ့ နောက်ဆုံး သွားရာလမ်းဟာ ဒါပါကလားဆိုပြီး အကြောက်ကြီးကြောက် ပြန်တာပေါ့၊ ရထားမှူးကိုတော့ မေးတော့မယ်မထင်ဘူးဗျာ၊သူက တကယ်ဥာဏ်ကြီးတဲ့ ပါရမီရှင်ပဲ၊ သိဒ္ဓတ္ထရဲ့ထူးခြားတဲ့အခြေအနေကို ခင်ဗျားမမေ့နဲ့အုံး ၊သူက မွေးလာကတည်းက လောကစည်းစိမ်ကို အကုန်အစင်နီးပါး ခံစားလာခဲ့ရသူမို့ ကျနော်တို့ ခင်ဗျားတို့တောင့်တနေတဲ့ လောကီချမ်းသာကို ငြီးငွေ့နေချိန်၊ ကျနော်တို့ခင်ဗျားတို့ ထွေထူးပြီး သတိမမူမိတဲ့ အိုခြင်းနာခြင်းသေခြင်းတွေအပေါ် ဆင်ခြင်သုံးသပ်မိပုံခြင်း မိုးနဲ့မြေလို ကွာမယ်။
သုံးကြိမ်မြောက် သံဝေဂရစရာတွေ ကို မြင်တွေ့ပြီးတဲ့ သိဒ္ဓတ္ထဟာ နန်းတော်ပြန်ရောက်ချိန်က စပြီး အဲဒီလမ်းတွေက လွတ်မြောက်ရာကိုသာ နေ့ရောညပါ တွေးနေရာက နောက်ထပ်လေးလ အကြာ မှာ နောက်တကြိမ် အပြင်ထွက်ပြန် တော့ လွတ်မြောက်ရာအကျင့်ကို သူ့နည်းသူ့ဟန်နဲ့ ကျင့်နေတဲ့ ပုဂ္ဂိုလ်ကို တွေ့တယ်ဗျာ၊ ဒီနေရာမှာ သေချာ ဆင်ခြင်ဖို့ရှိတာက အဲဒီကာလက ဗုဒ္ဓဝါဒနဲ့ အညီ ကျင့်ကြံတဲ့ ရဟန်းဆိုတာ မပေါ်နိုင်သေးဘူး၊ ခင်ဗျား စဉ်းစား ကြည့်လေ၊ ဗုဒ္ဓကိုယ်တိုင်တောင်မှ သံဝေဂယူတုန်းရှိတာ၊ သူ့နည်းအတိုင်း ရဟန်းပြုတဲ့ ပုဂ္ဂိုလ် ဘယ်မှာလာ ရှိအုံး မှာလဲ၊ စာဖတ်သူ နားလည်လွယ်အောင် စာပေတွေမှာ ရဟန်းလို့ ရေးဟန်ရှိတယ်၊ သိဒ္ဓတ္ထတွေ့တဲ့ ပုဂ္ဂိုလ်ဟာ သူ့နည်း သူ့ဟန်နဲ့ လောကကနေ လွတ်မြောက်ရာကို ရှာဖွေနေသူမို့ အထိုက်အလျောက် လောဘဒေါသ မောဟ ကင်းဝေးပြီး တင့်တယ်တဲ့ ရုပ်အသွင် ရှိမယ်၊ ဒီမှာတင် ဒီလို အေးချမ်းတဲ့ ဘဝမျိုးကို ရချင်စမ်းပါဘိလို့ တွေးမိမယ်၊ နောက်ဆုံးတော့ အဲဒီပုဂ္ဂိုလ်ကျင့်ကြံသလိုမျိုး ကျင့်ကြံနိုင်အောင် တောထွက်တော့တာပေါ့၊ အစပိုင်းတော့ သိဒ္ဓတ္ထလည်း ဆရာမျိုးစုံဆီမှာ စမ်းတဝါးဝါး နည်းလမ်း ရှာခဲ့ရတာပါပဲ၊ သူရှာခဲ့တဲ့ နည်းတွေဟာ လောကကနေ အဆုံးတိုင် လွတ်မြောက်လမ်းမဟုတ်တာမို့ သူ့ကိုယ်ပိုင်နည်းနာနဲ့ ထွက်မြောက်ရာလမ်းကို တွေ့ပြီး အယူဝါဒတရပ် ထူထောင်နိုင်ခဲ့ရော ဆိုပါ တော့ ၊ ဒီနေရာမှာ သဘာဝကျကျ ဆင်ခြင်ပြရရင် ဗုဒ္ဓမှာ ဆရာမရှိဘူးဆိုတာ စဉ်းစားစရာ ရှိမယ်၊ သူ့ခေတ်သူ့ကာလမှာ လွတ်မြောက်ခြင်း၊ငြိမ်းချမ်းခြင်းအလို့ငှာ ကျင့်ကြံနေကြတဲ့ လက်ဦးဆရာ တွေဆီက အစပိုင်း ကျင့်ကြံမှုတွေနဲ့ ပတ်သက်လို့ နည်းခံတာတွေ ရှိနိုင်တယ်၊ ဒါပေမဲ့ အယူဝါဒအသစ်ကို ထိုးထွင်းသိ မြင်တဲ့ကိစ္စမှာတော့ သူ့ကိုယ်ပိုင်ဥာဏ် ကိုယ်ပိုင်နည်းလမ်းသာဖြစ်တယ်၊ ဒါလည်း ကျနော့်အယူအဆသက်သက်ပါ၊ ခင်ဗျားကိုယ်တိုင် ဆင်ခြင်သုံးသပ်ပြီး လက်ခံထိုက်မှ လက်ခံပါ၊ ကာလာမသုတ် အတိုင်းပေါ့ ”
“ နေပါဦးဗျ၊ ခင်ဗျားက ဒီအကြောင်းကို ဘာကြောင့် အကျယ်တဝင့် ရှင်းနေရတာတုန်း”
“ အော် ခင်ဗျားပဲ တရားရှာမယ်ဆို ၊တရားရှာမဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လိုဘယ်ပုံ တရားရှာချင်သွားတာ  လဲဆိုတာ ခင်ဗျား မသိသင့်ဘူးလား၊ တိုတိုပြောရရင် သံဝေဂမပါပဲ တရားရှာလို့ မဖြစ်နိုင်ဘူး၊ လောကကြီးဟာ နေချင်စရာ ပျော်စရာ လွှတ်ကောင်းတဲ့ လောကကြီးပါလားလို့ ခင်ဗျား ခံယူနေ သမျှ တရားတွေ့ဖို့ ဝေးနေအုံးမှာပဲ”
“ ဒါဆို ခင်ဗျားလည်း အကြောက်ကြီး ကြောက်ခဲ့မှာပေါ့”
“ သေချာတာပေါ့ဗျာ၊ ကြောက်လွန်းလို့ လွတ်မြောက်ခြင်းလမ်းကိုသာ တွေ့ပါစေ၊ သေချင်သေပါစေ တော့၊ မလျော့တဲ့ ဇွဲလုံ့လနဲ့ မြင်းမိုရ်တောင်ကို တူးဖြိုအံ့၊ မြေဆီလွှာကို တူးယူအံ့၊ မဟာသမုဒ္ဒရာ၏ ဟိုမှာဖက်ကမ်းသို့ ကူးအံ့၊ စကြာမင်းစည်းစိမ်ကို ရယူအံ့ ဆိုတဲ့ ခံယူချက်တွေနဲ့  ကြိုးကြိုးစားစား ကျင့်ခဲ့တာပေါ့ဗျာ”
“ အဲဒီတော့ ဘာတွေအကျိုးရှိလာသတုန်း၊ ဘာတွေထူးခြားလာသတုန်းဗျ”
“ အရှင်လတ်လတ် နတ်ပြည်ရောက်ဖူးသွားတဲ့ အပြင် ဘာနဲ့မှ နှိုင်းယှဉ်လို့ မရတဲ့ အေးချမ်းမှုတွေ ခံစားရတာပေါ့”
“ ဟာ၊ နတ်ပြည်ရောက်ဖူးတယ်ဆိုတာ တကယ်လားဗျာ၊ ခင်ဗျားကြည့်ရတာ လိမ်မဲ့ပုံတော့ မပေါက်ပါဘူး”
“ လိမ်မလိမ်ဆိုတာ ခင်ဗျားကိုယ်ပိုင်ဥာဏ်နဲ့ ဆင်ခြင်သုံးသပ်ဖို့သာ ဖြစ်တယ်၊ ကျနော့်အတွေ့ အကြုံအပေါ်မှာတော့ ကျနော်လိပ်ပြာသန့်ပါတယ် ”
“ ဒါဆိုလည်း ခင်ဗျား နတ်ပြည်သွားတောလားလေး လုပ်စမ်းပါအုံးဗျာ၊ စိတ်ဝင်စားလွန်းလို့ပါ”
“ ဒီနေ့တော့ ဒီမျှနဲ့ ကျေနပ်ပေအုံးတော့ဗျာ၊ ရဲဘက်တွေတောင် ဘုတ်ပြန်တက်တော့မယ်၊ စားဖို့ သောက်ဖို့ စီစဉ်ကြအုံးစို့၊ ကျနော်ပြောထားပါပြီကော ၊လက်တွေ့ဘဝနဲ့ မကင်းကွာပါနဲ့လို့၊တော်ကြာ ထမင်းငတ်နေကြအုံးမယ်”
ကိုသက်ခိုင်က သူ့စကားကို ရီရီမောမော အဆုံးသတ်ပြီးသည်၌ ကျနော်လည်း ထမင်းအိုးအတွက် ထင်းရှာရန် ဖိုကြီး ဖက်သို့ ထွက်လာခဲ့ပါသည်။ထိုနေ့က ကျနော်စိတ်လက်ပေါ့ပါးနေသလိုခံစားရသည်။ အကြောင်းမှာ ကျမ်းစာအုပ် ထူထူကြီးတွေ ဖတ်ရသည့် ဒုက္ခမှ ကင်းဝေးခဲ့သောကြောင့် ဖြစ်ဟန် ရှိလေ၏။

 (ဆက်လက်ဖော်ပြပါမည်။)

ရုပ်ပုံ။ ။ ဂူဂဲလ်


ဖြစ်ပျက်ရှာပုံတော် ခရီးသည် (၁၂)

$
0
0

ဖြစ်ပျက်ရှာပုံတော် ခရီးသည်



 ခြောက်တန် နတ်ရွာ၊ ဝတိံသာလော ။

ထိုနေ့က ကျနော်နှင့်ကိုသက်ခိုင် ပင်မစခန်းဆီသို့ လှေတစင်းနှင့် ထွက်ခဲ့ကြသည်။ အချိန်ကား နံနက်ကိုး နာရီခန့်ဖြစ်၏။ စခန်းခွဲမှ အကျဉ်းသားများနှင့် ပတ်သက်သော အရေးကြီးစာရွက်စာတမ်း တချို့ကို ပို့ရန်ဖြစ်သည်။ ကိုသက်ခိုင်ကော ကျနော်ပါ လှေကိုကျွမ်းကျွမ်းကျင်ကျင် လှော်တတ်ကြသည်မဟုတ်သော်ငြား ကိုသက်ခိုင်၏ စရိုက်အတိုင်း  လုပ်ကြည့်ရင်ဖြစ်မှာပါ ဟူသော ခံယူချက်ဖြင့် တောင်ကွေ့ မြောက်ချော် ဖြစ်သလို လှော်နေကြ ခြင်းဖြစ်၏။
“ ဟေ့လူ ကြည့်လုပ်အုံး၊ ခင်ဗျားလှေက ဗေဒါတောထဲ တိုးနေပြီ ”
ကျနော်က ပူပန်သည့်လေသံနှင့် သတိပေးသည်ကို ကိုသက်ခိုင်က ခပ်ပြုံးပြုံးမျက်နှာပေးဖြင့်၊
“ ဗေဒါဒိုက်ထဲကို လှော်တက်နဲ့ကန်ထားလိုက်လေဗျာ၊ မပူပါနဲ့ဗျ၊ ဒီချောင်းက ကျနော်တို့ တရပ် မနက်ပါဘူး၊ မသကာ ချောင်းထဲဆင်းပြီး တွန်းကြရုံပေါ့၊ လမ်းမှားမှာလည်း မပူနဲ့ ၊ ဒီချောင်းက ပင်မ စခန်းကနေ လမ်းမှာပြီး ဆူးလေဘုရားကို ရောက်မသွားမှာတော့ သေချာတယ်ဗျာ ”
မှန်လေစွ။ စင်စစ်ချောင်းကား ချောင်းမဟုတ်။ တူးမြောင်းသာဖြစ်၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာ က ရေနက်ကွင်းအဖြစ် တည်ရှိခဲ့သော ဤနေရာတဝိုက်ကို ရဲဘက်များပို့လွှတ်လျှက် ရေနက်စိုက်ကွင်းအဖြစ် ပြောင်းလဲ ရန်အတွက် စီမံခဲ့ကြသည်ဖြစ်ရာ ချောင်းရိုးတို့သည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်လျက် ရှိလေသည်။
“ ဒါနဲ့ ခင်ဗျားက ဒီစိုက်ကွင်းမြေပုံတွေကို အလွတ်ရနေတာပဲ၊ ကုန်းပေါ်တက်ပြီး လွတ်ရာလွတ်ကြောင်း ထွက်သွားဖို့ စိတ်မကူးမိပေဘူးလား ကိုသက်ခိုင်”
“ လူသားပဲဗျာ၊ စိတ်ဆိုတဲ့အရာကလည်း သိပ်မြန်လွန်းတာမို့ အတွေးပေါ်မိတာ အကြိမ်ကြိမ်ပေါ့၊ ဒါပေမဲ့ဗျာ၊ ကျနော့်ကြောင့် ကျနော့်အပေါ် ယုံယုံကြည်ကြည် အခွင့်အရေးပေးထားတဲ့ ဝန်ထမ်းတွေ ပြဿနာ မဖြစ်စေချင်ဘူး၊ ထားလိုက်ပါဗျာ၊ ခင်ဗျား ဒီစကားကို လူတကာ လျှောက်မပြောပါလေနဲ့ ၊ ခြေကျင်းနဲ့ နီးတယ်”

ဤသို့လျှင် နှစ်ဦးသား တက်သမျှမှတ်သမျှ ကြိုးပမ်းလှော်ခတ်ခဲ့ကြရာ နံနက်ဆယ်နာရီခွဲခန့်တွင် ပင်မစခန်းသို့ ရောက်ကြသည်။လှေဆိုက်ရာနေရာကား ပင်မစခန်းသို့ ကိုသက်ခိုင် ရွေ့ပြောင်း နေထိုင်ရစဉ် အချိန်များ၌ ရေချိုးလေ့ရှိသော နေရာဖြစ်၏။ ကိုသက်ခိုင်၏ အိပ်ဆောင်ကား လှေဆိပ်နှင့် မလှမ်းမကမ်းတွင် မြင်နေရသော အစည်းအဝေးခန်းမနှင့် တွဲလျက်ရှိသော အခန်းငယ် ဖြစ်လေသည်။ကိုသက်ခိုင်တယောက် လှေပေါ်မှဆင်းလျှင် ဆင်းချင်း ထောင်ပိုင်ကြီးအိမ်ပေါ်သို့ တက်သွားပြီး စာရွက်စာတမ်းကိစ္စ ရှင်းပြချိန်မှာ စုစုပေါင်း နာရီဝက်မျှ သာဖြစ်၏။ ဆယ့်တစ်နာရီခန့်မှာ၊ ထောင်ပိုင်ကြီးအိမ်နှင့် မလှမ်းမကမ်းမှ ဖိုကြီးတွင် တာဝန်ခံမောင်ဝင်း၏ ဖိတ်မန္တကပြုချက်အရ မနက်စာစားကြသည်။ ထိုချိန်တွင်ပင် အကျဉ်းသားအဆောင်မှူးနှင့်တန်းစီးတချို့တို့ ရောက်လာပြီး အချိုပွဲအတွက် သူတို့ပိုင်ရာဆိုင်ရာ အိပ်ဆောင်အသီးသီးသို့ ဖိတ်ကြပြန်ရာ ကျနော့်မှာ ဘုန်းကြီး နောက်က လိုက်ပါရသော ကပ္ပိယနှင့်တူနေတော့သည်။
ပင်မစခန်းအဆောင်(၁)ပေါ်မှ ကိုသက်ခိုင်နှင့် အကျဉ်းသားအရာရှိများ ဆွေးနွေးပွဲကား နိုင်ငံတော် အရေးဖြစ်၏။ နိုင်ငံတော်ဆိုသည်ကား  လွတ်ငြိမ်းချမ်းသာခွင့်ကို ဆိုသတည်း။  အများစုသိလိုသော မေးခွန်းခေါင်းစဉ်ကား မည့်သည့်အချိန်ကာလတွင် လွတ်ငြိမ်းချမ်းသာခွင့်လာမည်နည်းဟူ၏။စင်စစ် ထိုမေးခွန်း၏ ခန့်မှန်းအဖြေကိုလည်း မေးသူများကပင် ရှာဖွေထားကြပြီး ဖြစ်သည်။ ဘယ်နေ့ သတင်းစာ ဘယ်ဆောင်းပါးက ဘယ်စာကြောင်းမှာ ဘယ်လိုရေးထားတာကြောင့်၊ ဘယ် သူ့မိန့်ခွန်းမှာ ဘယ်လိုပါတာကြောင့် ၊ဘယ်ဘုရားကြီးပြီးတော့မှာကြောင့် ဟူသော တစ်ကြိုအဖြေများ အဆင့်သင့် ပါပြီးဖြစ်၏။ ကိုသက်ခိုင်ကား တဦးစီ၏ မေးခွန်းနှင့် အဖြေများကို ဖြစ်နိုင်ခြေ အနည်း အများ ထောက်ပြနေလေသည်။ သို့တစေ သူ့အဖြေကို သူကိုယ်တိုင် ကျေနပ်ဟန်တော့ မပြချေ။ မကြာပါချေ။ အလုပ်ဆင်းဘုတ်များပြန်တက်လာကြရာ အကျဉ်းသားအချို့ ကိုသက်ခိုင်ဘေးမှာ ဝိုင်းအုံလာကြပြန်သည်။
အချို့ကား သူတို့၏ လွတ်ရက်(ကွာ) တွက်ခိုင်းကြ၏။ အချို့ကား အိမ်နှင့်အဆက်အသွယ်ပြတ်နေသဖြင့် သဝဏ် လွှာပါးကြ၏။ အချို့ကား ဖုန်းနံပတ်ပေး၍ အဆက်အသွယ်ပြုစေရန် နားပူကြ၏။ အချို့ကား ကျန်းမာရေးအတွက် သောက်ဆေးစားဆေးမျိုးစုံကို ကိုသက်ခိုင်ထံမှ ပူဆာ၏။ အကူအညီတောင်းနေသော ရဲဘက်များနှင့် ကိုသက်ခိုင် တို့ အုပ်စုကို မြင်ရသည်မှာ တောရွာကျေးလက်တွင် ရောက်နေသော ဆေးဆရာ၊ ပျောက်စေဆရာအနီးအပါးမှာ တောသားလူနာတွေ ဝိုင်းအုံနေသည်နှင့် တူလှပေစွ။ ကိုသက်ခိုင်ကား တောင်းသမျှ အကူအညီကို ဆောင်ရွက် ပေးမည်ဟု ကတိ ပေးရင်း စာရွက်တရွက်မှာ အသေးစိတ် ရေးမှတ်နေလေသည်။ ဤစာရွက်တွင် ရေးမှတ်ထား သည့် ဆောင်ရွက်ဖွယ်ရာတို့ကား ကိုသက်ခိုင့်ဇနီး ထောင်ဝင်စာ လာသည့်အခါ အကောင်အထည် ပေါ်လာပေ လိမ့်မည်။ ကိုသက်ခိုင့်ဇနီးကလည်း ထိုထိုသော စုံစီနဖာအကူအညီတောင်းလေရာကို အိမ်ဦးနတ်စေသည့်အတိုင်း မငြီးမငြူ ဆောင်ရွက်မြဲဖြစ်၏။
ပင်မစခန်းမှ စခန်းခွဲ(၁)သို့ ကျနော်တို့ ပြန်လာချိန်ကား နေ့လည်တနာရီခွဲခန့် ရှိလေပြီ။ ကျနော်က လှော်တက်နှင့် ကမ်းစပ်က မြေမာမာကို ထောက်လျက် လှေကို ချောင်းလယ်သို့ ရောက်အောင် ရွှေ့ရင်း အငေါ်တူးလိုက်မိသည်။ ကိုသက်ခိုင်ကား လှေပေါ်တွင်ထိုင်ရင်း သူရေးမှတ်လာသော အကျဉ်းသားရဲဘက်တို့၏ မှာတော်ပုံမှတ်စုများကို ရေမစိုစေရန် ပလတ်စတစ်စဖြင့် အထပ်ထပ် ပတ်နေ၏။
“ ခင်ဗျားဗျာ ၊ဘေးက  ကြည့်နေတဲ့သူတောင် ခေါင်းမူးတယ် ၊နိဗ္ဗာန်ကူးတို့ဆိုတာ ဒါမျိုးထင်ပါရဲ့”
“ နိဗ္ဗာန်အထိ မမှန်းကြောင်းပါဗျာ၊ အကြွေးဆပ်နေတယ်လို့ပဲ သဘောပိုက်ပါတယ် ”
ကျွဲမြီးနေသည့် ကျနော့်အမေးကို သူက လေသံအေးဖြင့် တုန့်ပြန်ပါသည်။
“ လုပ်ပါအုံးဗျ၊ ဘယ်လို အကြွေးဆပ်တာပါလိမ့်၊ အော် စီးပွားရေးလောက အထုတ်ရှုပ်ကြီးထဲမှာ ကာလများစွာ ကျင်လည်ခဲ့စဉ်က ကျနော့်ကြောင့် စိတ်ညစ်ခဲ့ရသူတွေ ၊နစ်နာရသူတွေ အများကြီး ရှိခဲ့ပါလိမ့်မယ်၊ တည့်တည့်ပြောရရင် အကုသိုလ်အလုပ်တွေ ရှိခဲ့မှာပေါ့ဗျာ၊ အခု ဒီဘဝမျိုးရောက်ချိန်မှာ ကျနော့်စိတ်ထဲ ငရဲတွင်းကလူတွေ ပျော်အောင်လုပ်ပေးချင်တယ်ဗျာ၊အကုသိုလ်အကြွေးတွေကို အခြေအနေပေးသလို ဆပ်နေတယ် ဆိုပါစို့ ”
လှေသည်ချောင်းရိုးအတိုင်း တရွေ့ရွေ့ ခရီးနှင်လျက်ရှိ၏။ ချောင်းဘေးဝဲယာမှ ငှက်ပျောပင်အုပ် ထူထူတို့၏ အရိပ်ကြောင့် ကျ နေ၏ အပူဒဏ်မှ သက်သာလျက်ရှိသည်။ နှစ်ဦးသား ပုံမှန်လှော်ခတ် လာကြရာ ခရီးတဝက်ခန့် အရောက်တွင် ကျနော်က စကားလမ်းကြောင်းတခုကို ခပ်ထေ့ထေ့ အစဖော်လိုက်မိ၏။
“ ဟေ့လူ ကိုသက်ခိုင် ၊ ခင်ဗျား နတ်ပြည်သွားတုန်းက ဒီလိုပဲ လှေလှော်သွားတာလားဗျ  ”
“ ကြံကြံဖန်ဖန်ဗျာ၊ နတ်ပြည်ကို လှေနဲ့တော့ ရောက်ပါ့မလားဗျ၊ မသကာ လေယာဉ်ပျံတို့ ၊ဒုံးပျံတို့နဲ့ ဆိုရင် နည်းနည်းနီးစပ်သေးဗျာ ”
“ အော် ဒါဆို ခင်ဗျား စီးသွားတဲ့ယာဉ်က လေယာဉ်ပျံနဲ့များ တူနေရော့သလား”
“ ခင်ဗျားနဲ့တော့ ခက်နေပါပြီ၊ လေသံကြည့်ရတာ မယုံသလို ဖြစ်နေတယ်၊ ကဲပါဗျာ၊ ဟိုးရှေ့က မျှော်စင်ကြီး အောက်မှာ လှေခဏနားကြစို့ဗျာ၊ အခုမှ နှစ်နာရီခွဲဆိုတော့ စခန်းခွဲ ပြန်ရောက်လည်း ကိုးလိုးကန့်လန့် အချိန်ကြီး မျှော်စင်ပေါ်မှာ ခဏနားကြစို့ ”
သို့နှင့်ပင် ကျနော်တို့လှေကို မျှော်စင်ခြေရင်း ချောင်းစပ်တွင် ရပ်ကာ နှစ်ဦးသား မျှော်စင်ပေါ်သို့ တက်လာ ခဲ့ကြသည်။ မျှော်စင်ကား ပေခြောက်ဆယ်ခန့်  မြင့်သည်။ တိုင်၊ ထုတ်ယောက်ဒိုင်းမြားနှင့် ကြမ်းခင်းပါ အားလုံးသစ်သားချည်းဖြစ်၏။ အကျဉ်းသားရဲဘက်တို့၏ အစွမ်းပြလက်ရာတည်း။ မျှော်စင်သည် ပင်မစခန်းနှင့် စခန်းခွဲ (၁)၏ ခရီးထက်ဝက်ခန့်တွင် တည်ရှိသည်။ဤမျှော်စင်ကား ရဲဘက်စခန်းသို့ လာရောက်ကြသော အရေးကြီးပုဂ္ဂိုလ်များကို ရဲဘက်စခန်းကြီးတခုလုံး၏ အနေအထားအား ရှင်းလင်းပြသရာ နေရာဖြစ်၏။ ရေနက်စိုက်ကွင်းအားလုံးကို၎င်း၊ ဘုတ်ဆင်းနေကြသော ရဲဘက်တို့အခြေအနေ အရပ်ရပ်ကို၎င်း အပေါ်စီးမှ မြင်နိုင်သည်။
မျှော်စင်ပေါ်တွင် လေတဟူးဟူး တိုက်လျက်ရှိ၏။ ကျနော်ရော ကိုသက်ခိုင်ပါ မျှော်စင်ဘေးက လက်ရန်းတိုင်တွေကို မှီရင်း ကောင်းကင်ဆီသို့ ခေါင်းမော့ကြည့်လိုက်မိကြသည်၊ ဘာရယ်မဟုတ်၊ အတွေးနှင့် အာရုံကို ဖြေလျှော့လိုက်ကြသည့် သဘော။ထိုစဉ် ကိုသက်ခိုင်ထံမှ စကားသံထွက်လာ ၏။
“  ကျနော် ရောက်ခဲ့တယ်ဆိုတဲ့ ခရီးဟာ  ဒီလို ကောင်းကင်ကြီးကို ဖြတ်ပြီး နှင်ခဲ့တာပေါ့ဗျာ၊ နတ်ပြည်ဟုတ် မဟုတ်တော့ ခင်ဗျားကိုယ်တိုင်သာ အဖြေထုတ်ပေတော့၊ ဒီအကြောင်း ဘယ်သူ့ကိုမှ ပြောမပြဘူးလို့ ပိုင်းဖြတ် ခဲ့ဖူးပါရဲ့၊ ခင်ဗျားအနေနဲ့ နားထောင်ခွင့်ကြုံတယ်ဆိုမလား ။ အကြောင်း တိုက်ဆိုင်တယ်လို့သာ မှတ်ကြပါစို့ရဲ့  ”
ဟူ၍ အစချီလျက် ကိုသက်ခိုင် တသီတတန်း ပြောပြခဲ့သော  အထက်မိုးလမ်းသွားခရီးစဉ် အတွေ့အကြုံ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်လေသည်။


  “ ကျနော့်ရဲ့ အားထုတ်မှုတွေ တစတစ ထူးခြားလာတာကြောင့် ကျနော်ဟာ လေ့ကျင့်ခန်းကို နေ့ရောညပါ အားထုတ်လာပါတယ်။ အချိန်အကြာကြီးတော့ မဟုတ်ပါဘူး ။မနက် တနာရီ ညတ နာရီပါပဲ။ သို့သော် အဲဒီ တနာရီဟာ တကယ့်တနာရီပါ။ တကယ်အားထုတ်တဲ့ တနာရီပါ။ ကျနော့်ရဲ့ ဆံပင်တွေဟာ ကျနော်နဲ့မဆီ မဆိုင်သလို ဖြစ်လာတယ်။တသီးတခြားစီ ဖြစ်နေတယ်လို့ ခံစားလာရ တယ်။ ပြောင်းဖူးမွှေးတွေ လာတပ်ထားသလို စိတ်ထဲမှာ ခံစားရတယ်။ လက်မောင်းတွေ ခြေထောက်တွေဟာ အမှုံတွေ ဖြစ်သွားသလို ခံစားရတယ်။ ကျော်ဟိန်း ဆိုတဲ့သီချင်းလိုပဲဗျ။ ဘာတဲ့ ။ ငါဟာငါ မဟုတ် ဆိုတာမျိုး ခံစားရတယ်။ ဒီနေရာမှာ အလွန့်အလွန် အန္တရာယ် ကြီးမားတဲ့ အခြေအနေ တရပ်ကို ကျော်လွန်ခဲ့ရပါတယ်။ ပြန်တွေးကြည့်ရင် တော်တော် ကျောချမ်းစရာ ကောင်းပါတယ်။
ကျနော့်စိတ်ထဲမှာ သိပ်ပေါ့နေတယ်။ ဘာကိုမှ သိပ်လိုလိုလားလား မရှိတော့ဘူး။ နေရတာပေါ့ပျက် ပျက် ဖြစ်လာတယ်။ စိတ်တော့မညစ်ဘူး။ကျနော်ဟာ ကျနော်မဟုတ်ဘူးလို့ ချိန်တိုင်းခံစားရတယ်။
ကိုထွန်းထွန်းဦးတို့ တဲဆီက ပြန်တဲ့အခါ ချောင်းလေးကိုဖြတ်ပြီးရင် ကတ္တရာလမ်းမကြီးပေါ်ကို ရောက် တယ်။ ဓာတ်တိုင်ခြောက်တိုင်လောက် လမ်းလျှောက်မှ စခန်းအဝင်ဝကို ရောက်ပါတယ်။ စခန်းခွဲမှာ မဟုတ်ဘူးဗျ။ ထောင်ပိုင်ကြီး ခေါ်လို့ပင်မစခန်းမှာ နေရတဲ့အချိန်ဗျ။ဒီလိုပဲ ပင်မစခန်းမှာ နေရတဲ့ အချိန်တွေရှိပါတယ်။
အဲဒီရက်တွေမှာ အဲဒီလမ်းကို ကျနော်လျှောက်ခဲ့တဲ့ လေးငါးကြိမ်မှာ ကျနော်ဟာ ကျနော်လုပ်နေတဲ့ အလုပ်နဲ့ တော်တော်ဖီလာဆန့်ကျင်ဖြစ်တဲ့အတွေးတွေ ပေါ်ခဲ့ပါတယ်။ အဲဒီ အတွေးကတော့  ငါဘာမှ မဟုတ်ပါလားဆိုတဲ့ အတွေးပါပဲ။ ဟုတ်ပါတယ်။ ကျနော်ဟာ စိတ်မညစ်ပဲ လူ့လောကကြီးမှာ နေရတာကို ဘာအဓိပ္ပါယ်မှမရှိသလို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါတယ်။ ကြိမ်ဖန် များစွာ ခံစားလာရတဲ့အခါ ကျနော်ဟာ ကတ္တရာလမ်းပေါ်လျှောက်ရင်း အဝေးက မောင်းလာနေတဲ့ ကားအောက်မှာ ခေါင်းဝင်ထိုးလိုက်ပြီး အသေခံလိုက်ရင် ကောင်းမယ်ဆိုပြီး တွေးမိ လာပါတယ်။
စိတ်ညစ်လို့မဟုတ်ဘူးဗျ။ စိတ်ထဲမှာ ဘာအဓိပ္ပါယ်မှ မရှိသလို ခံစားရလို့ ၊သေလိုက်တာမှအဓိပ္ပါယ် ရှိမယ်ဆိုတဲ့ အတွေးတွေဟာ ပြင်းထန်လွန်းတာကြောင့် တကယ့်ကို ကားတိုက်အသေခံဘို့ အကြိမ်ကြိမ် ဖြစ်ခဲ့တော့တာ ပဲ။ဒါပေမဲ့ ကျနော်ဟာ ငါအတွေးတွေ ဘာကြောင့်ပေါ်လာသလဲ။ ငါဘာမှားနေ လဲ။ဘာဘဲဖြစ်ဖြစ် ဒီအတွေးဟာ သဘာဝမကျဘူး။ သဘာဝမကျဘူး ဆိုပြီး အထပ်ထပ် အဖန်ဖန် ကိုယ့်ကိုယ်ကို ဆုံးမရပါတယ်။ ကံကောင်း ထောက်မစွာဘဲ ဆယ်ရက်ဝန်းကျင်လောက် အကြာမှာ အဲဒီခံစားချက် အတွေးတွေ ပျောက်ကွယ် သွားပါတယ်။ ကျနော့် လေ့ကျင့်ခန်းကတော့ ရပ်မသွား ပါဘူး။ ကံကောင်းလို့ မသေ သံချောင်းတို့ အဖေပါပဲ ဗျာ။
ခင်ဗျား ခေါင်းရှုပ်သွားပြီ မဟုတ်လား။ အဲဒါ ဖြစ်ရိုးဖြစ်စဉ်ဗျ။ ဟုတ်တယ်။ လေ့ကျင့်မှု ပြင်းထန်ထိရောက်လာတဲ့ အခါ ငါ ဆိုတဲ့ တွေးထင်ချက်တွေ လုံးလုံး ပျောက်ကွယ်သွားတယ်။စာတွေထဲမှာ ဒါဟာ အတ္တဒိဌိကင်းလာ တဲ့အတွက် ဖြစ်လာရတယ်လို့ဆိုသဗျာ။ခင်ဗျားကြားဘူးမှာပါ။ ဘုရားရှင်လက်ထက်ကတောင် ရဟန်းငါးရာဟာ ကိုယ်လည်ပင်းကိုယ်လှီးကြပြီး သတ်သေကြတယ် ဆိုတာမျိုး ထင်ပါရဲ့ဗျာ။
တော်တော် အန္တရာယ်ကြီးတယ်ဗျာ။ တွေးမိရင် ခုထက်ထိ လန့်သလိုလို ဖြစ်တုန်း။ ဘာကြောင့်ဖြစ်တယ်လို့ ထင် သလဲ ။ဆရာ အနီးကပ် ဆရာမရှိတဲ့ အမှားဗျ။ လေ့ကျင့်ခန်းလုပ်မယ်လို့ စိတ်ကူးသူတွေ သတိကြီးကြီး ချပ်သင့်တဲ့ အဆင့်ပေါ့ဗျ။ ကျနော်ဟာ ဆင်ခြင်ရင်း လေ့ကျင့်။လေ့ကျင့်ရင်း ဆင်ခြင်နဲ့ အဆင့်တော်တော်များများကို ကျော်ခဲ့ရ ပါတယ်။အဖြေသိချင်တဲ့  ပုစ္ဆာပေါင်းများစွာ ကျနော့်အတွေးတွေမှာ ဖြစ်လာခဲ့တယ်။ ဥပမာ၊ တရားတွေ့ဘို့ တရက်၊ တမနက်၊ ခုနှစ်ရက် ၊ခုနှစ်လ၊ ခုနှစ်နှစ် အကြာမှာ ရတတ်တယ်ဆိုတာ ဘယ်သူက ဘာအထောက်အထားနဲ့ တွက်ချက် ထားတာ လဲ ဆိုတာမျိုး ကအစပေါ့။သို့ သော် လေ့ကျင့်ခန်းကတော့ မပျက်ဘူး။
ကျနော်ဖြတ်သန်းခဲ့တဲ့ လေ့ကျင့်ခန်း အပြည့်အစုံကို ပြန်ပြောပြဘို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျနော့်မှတ် ဥာဏ်မှာ ပေါ်လာတာလောက်ကိုသာ ကျနော်ပြန်ပြောနိုင်တာပါ။
…………………………………………….
အေးဗျာ။ ကျနော်လေ့ကျင့်ခန်း လုပ်ခါစက မှန်သောစကားတခုကို တရားမထိုင်ခင် ဆိုလေ့ရှိတယ်။ ကြားဖူးနားဝ အဆိုအမိန့်တွေနဲ့ မှန်သောစကားတခုနဲ့ အခြေတည်ဘို့ ကျနော့်ခေါင်းထဲ ရောက်လာတယ်။ အချည်းအနှီး မဖြစ်လောက်ဖူးလိုယုံကြည်တာနဲဆိုမဲ့သစ္စာကို သေချာစဉ်းစားခဲ့တယ်။ ဆရာကြီးဦးသုခ ပြောဘူးတာက မှန်ဘို့သာလိုတယ်။နှစ်သက်ရာ သစ္စာစကားကို ဆိုနိုင်တယ် ဆိုပေမဲ့ ကျုပ်ကတော့ ဆိုမဲ့သစ္စာကို သေချာ ရွေးခဲ့တယ်။ ဘယ်လိုဆိုဆို။ဘယ်လိုစဉ်းစားစဉ်းစား ဒေါင် ဒေါင်မြည်မှန်နေရမယ်ဆိုပြီးရွေးဘိုစဉ်းစားတော့ ကျနော့်အမေကိုပြေးသတိရတယ်။ ကျနော့်ဘဝမှာ အမေမသေခင် ကျနော်ပြုခဲ့တဲအလုပ်တွေအတွက် ကျေနပ်ခဲ့ဘူး တယ်။ကျနော်က ရှုပ်သလောက် အမေက တကယ့်ရိုးရိုးအေးအေး တောသူဗျ။အဖေက ဥပဓိရုပ် ကောင်းပေမဲအမေကတောရွက်ကြမ်းရေကျိုရုပ်ရည်ပါ။အဖေက အဖွားစကားနားထောင်ပြီး အမေ့ကို လက်ထပ်ခဲ့တာလို့ အမေ က ခဏခဏ ပြောဘူးတယ်ဗျ။
သစ္စာဆိုဘိုအကြောင်းက အမေ ကျောက်ကပ်သွေးတိုးနဲ့ ဆေးရုံတင်ရတောဒေါက်တာပိုင်စိုး (နောင် ကျန်းမာရေး ဒုတိယဝန်ကြီးဖြစ်လာသူ)က ကျနော့်ကိုခေါ်ပြီး ရောဂါအခြေအအနေ ကိုရှင်းပြတဲ့အချိန်မှာပေါ့ဗျာ။ ကျောက်ကပ်လဲ ဘို့နည်းလမ်း။ကျောက်ကပ်ကိုထုတ်ပြီး နှစ်ပါတ်တခါ သွေးထဲက အညစ်အကြေးတွေဆေးတာတွေ စုံလို့ ပါပဲ။
ကျနော်ကလည်း အမေနဲ့ပတ်သက်ရင် နဲနဲထူးဆန်းတယ် ပြောရမလား။ အဖေဆုံးပြီး အနှစ်နှစ်ဆယ်လောက် အတွင်းမှာ အမေဟာ သူ့သမီးတွေနဲပဲ တလှည့်စီ နေနေတာ။ ကျနော့် စိတ်ထဲ၊ တမျိုးတမည် ခံစားမိတာနဲ့ မဆုံးခင် တလအလိုမှာ ကျနော့်ညီမအိမ်ကနေ အမေကို ကျနော့်အိမ်ဆီ၊ ဇွတ်ခေါ်လာခဲ့တာဗျ။ ခါတိုင်းလည်း တလတခါ ကျနော်ကိုယ်တိုင် ဒေါက်တာမြဦး(ဒုတိယကျန်းမာရေးဝန်ကြီးပါပဲ။)နဲ့သွားပြနေကျပါ၊ဆေးဝါးတွေရော၊ အစား အသောက်ကအစ လမ်းလျှောက် လေ့ကျင့်ခန်းအဆုံး သေချာ ကျနော်ဂရုစိုက်ခဲ့ပေမဲ့ကျနော့်အိမ်ရောက်လို့ တလမပြည့်ခင် အမေ ဈေးသွားရင်း မူးလဲပြီး ဆေးရုံရောက်ခဲ့တာပါပဲ။
ကျနော့်စိတ်ဟာ အမေ့အကြောင်းဆီလည်းရောက်ရော  ကျနော်ဆိုရမဲ့ သစ္စာကို ထင်းကနဲခေါင်းထဲမှာ ပေါ်လာ တယ်။ တပည့်တော်ဟာ မိခင်မသေခင် အတတ်နိုင်ဆုံး၊အကောင်းဆုံး ပြုစုကုသခဲ့ပါတယ်။ ဒီသစ္စာမှန်ရင် တကယ့်အမှန်တရားကို တွေ့ ရပါစေပေါ့ ဗျာ။
အထပ်ထပ် စဉ်းစားလေ ၊ကျနော့်သစ္စာဟာ မှန်လေပဲဗျာ၊ အရာရာကို တဇွတ်ထိုး လုပ်တတ်တဲ့ ကျနော်ဟာ ကျောက်ကပ်လဲဘိုဆရာဝန် ပြောတာလည်း နားထောင်ပြီးရော။ ဆေးရုံအောက်ထပ်မှာ စောင့်နေတဲ့ ကျနော့် ညီဆီ ပြေးသွားပြီး ဟေ့ကောင်၊ အမေကျောက်ကပ်ကို လဲလို့ရတယ် ပြောတယ်ကွ။ဒါက သွေးသားအရင်း သားသမီးတွေမှ ရတယ်ပြောတယ်။ မင်းနဲ့ငါ တယောက်တလုံး ကျောက်ကပ်ထုတ်ပြီး အမေကိုကုကြရအောင် ဆိုတောကျနော့်ညီက တို့ကျောက်ကပ် ထုတ်လိုက်ရင် တို့ က ဘာဖြစ်မလဲတဲ
သူလည်း အမေကို ချစ်ပေမဲ့ နည်းနည်းတော့ တွန့်နေတယ်။ ကျနော်က ဟေ့ကောင် အမေ့အတွက် ဆို သေလည်း ဘာဖြစ်လဲကွလိုဇွတ်တွန်းတာပဲ။ကျနော့်စိတ်ထဲမှာ ကျောက်ကပ်ကို နှစ်လုံးစလုံး လဲပစ်ရမယ် ထင်လိုဗျ။ တကယ်ကို ကျနော်ဟာ အမေ့ကို ကျနော့်အသက်နဲ့ လဲပြီး ကုချင်စိတ် ပြင်းထန်နေခဲ့တယ်။ တကယ်တမ်းတော့ မလဲဖြစ်ခဲ့ဘူးဗျာ။ အမေဟာ ကျောက်ကပ်လဲတဲ့ ဒါဏ်ကို ခံနိုင်ရည်မရှိဘူးဆိုပဲ။ဆေးရုံမှာ ဆုံခဲ့တဲအသိဆရာမ တယောက်က ရှင် အမေကိုကုသဘို့ ဒီလို စိတ်မျိုးထားတာ ဘယ်တော့မှဒုက္ခကြီးကြီး ကျယ်ကျယ်မရောက်ဘူးလို့ ပြောခဲ့ဘူးတာ လည်းပါ တယ်။အခု ဒုက္ခရောက်နေပြီ။ ဒါကို သစ္စာအဖြစ်ဆိုမှလို့ ဆုံးဖြတ်ခဲ့တာပဲ။ တော်တော် အသုံး တည့်တယ်ဗျာ။ဒီ သစ္စာကိုဆိုလိုက်တိုင်း ကျနော်ဟာ ကမ္ဘာလုံးကြီးပေါ်မှာ ထိုင်ပြီး အလွန်မာကျော တဲ့သံမဏိချောင်းကြီးလို အရာမျိုးနဲ့ မြေကြီးထဲကို ရိုက်သွင်းလိုက်တာ အဆုံးတိုင် ဝင်သွားသလို ခံစားရ တယ်။ဒါတွေလည်း ကြောင့်လည်း ထူးထူးဆန်းဆန်းတွေ ဖြစ်တာလည်း ပါချင်ပါမှာပေါ့ဗျာ။ ကျနော့်မှာ နတ်မျက်စိမှ မရှိတာ၊ အသေအချာတော့ မသိနိုင်ဘူး။
ဒါတွေ ကျနော်ပြောနေတာ အကြောင်းရှိတယ်ဗျ။ ခင်ဗျားစိတ်မှာ သိပ်အံသြနေတော့ ကျနော့် လုပ်ပုံကိုင်ပုံက သူတပါးတွေထက် ထူးခြားတယ်လို့ တွေးနေမှာစိုးလို့။အခု ကျနော်လုပ်ခဲ့သမျှက အားလုံး ရိုးရိုးစင်းစင်း ချည်းပဲဗျ။ဆိုပါတော့၊ သီလယူတယ်ဗျာ၊ ငါးပါးသီလ ရိုးရိုးပါပဲ၊ စလုပ်တဲ့ နေ့ကဆို အသက်သတ်တာ၊ခိုးတာ၊ အိမ်ရာပစ်မှားတာ၊လိမ်ပြောတာ ၊မူးယစ်တဲ့အရာ ရှောင်တာ တွေရွတ်တော့၊အစီအစဉ်တကျ မရွတ်နိုင်လို။ နှစ်ရက်သုံးရက်နေမှ ဟန်ကျသွားတယ်။ သီလ မစောင့်လို မရဘူးလား၊ ဟုတ်လား။ မရဘူး။ စောင့်ကိုစောင့်ရမယ်။ အဲဒီ စောင့်ထိန်းမှုကမှ အမှန် တရား ထွက်ပေါ်လာနိုင်တယ်ဆိုတာ ပုံသေနည်းဗျ။




ဒီလိုနဲ့ ကျနော့်ဘဝမှာ အထူးခြားဆုံး ။အထူးဆန်းဆုံး။လူတွေ မယုံနိုင်စရာ အကောင်းဆုံး၊သံသယ တွေ တထွေကြီး ပွားစရာအကောင်းဆုံး၊ ပြန်ပြောခဲ့ရင် အကျိုးရှိပါ့မလား။ ပြောကောပြောသင့်ရဲ့လားလို့အကြိမ်ကြိမ် အထပ်ထပ် တွေးခဲ့ရတဲ့ ဖြစ်ရပ်၊ ကြုံတွေ့ခဲ့ရတဲ့နေ့ကို ရောက်လာပါတော့တယ်။ကျနော်ဟာ ပင်မရဲဘက်စခန်းမှာ ရောက်နေတဲ့ ရက်တရက်ပေါ့။ပင်မစခန်းဟာ စခန်းခွဲ နဲ့ လေးမိုင်နီးပါးဝေးပါတယ်။
ခါတိုင်းလိုပဲ အိပ်ရာက နိုးခဲ့ပြီး လေ့ကျင့်ခန်း လုပ်ခဲ့ပါတယ်။ အဲဒီနေ့ကကျနော် အိပ်ခဲ့တဲ့ နေရာဟာ ပင်မစခန်းရဲ့ အစည်းအဝေးခန်းမကြီးနဲ့တွဲရက် ဧည့်သည်ထောင်မှူးတွေ တည်းဘို့သီးခြားဖွဲ့ထားတဲ့ အခန်းငယ်လေးပါ။ ဆယ်နှစ်ပေ။ ဆယ့်ခြောက်ပေလောက် ရှိတယ်။အုတ်နံရံကပ် အဆောက်အဦး ပါ။အဲဒီ အခန်းထဲမှာ ကျနော်အိပ်တဲ့ လက်ရာခပ်ကြမ်းကြမ်းသစ်သားကုတင်တလုံးနဲ့ ကုတင်ဘေး မှာ သစ်သားသေတ္တာတလုံးရှိပါတယ်။ မြေပုံတွေတချို့ စာရွက်စာတမ်းတွေ ထည့်သိမ်းထားတာပါ။ အဲဒီ သေတ္တာပေါ်မှာ မောင်မင်းကြီးသား အီးတီ့အဖေ ထိုင်ခဲ့တာပေါ့။ ခင်ဗျားသိပြီးသား ဖြစ် ချင်ဖြစ်မယ်။ မှတ်တမ်းဖြစ်စေချင်တာကြောင့် အသေးစိတ် ပြောနေတာ ဗျ။
အဲဒီ အဆောင်ရဲ့ ရှေ့ မှာ ပန်းခြံရှိတယ်။ အကျဉ်းသားတွေ ပြုစုပျိုးထောင်ထားတာဗျ။ပန်းခြံလွန်ရင် အကျဉ်းသား အဆောင်တွေဆီကို သွားတဲ့ ကတ္တရာလမ်းကျဉ်းလေး ရှိတယ်။ကတ္တရာလမ်းဘေးမှာ စခန်းခွဲကိုရောက်တဲ့ ချောင်းရှိတယ်။ အဲဒီချောင်းမှာ ကျနော်ရေဆင်းချိုးတဲ့ အကြိမ် အတော်များများမှာ ကျနော်ဟာ တဖြည်းဖြည်း ပေါ့သထက်ပေါ့လာတာကြောင့် ကျနော့်ကိုယ်ကျနော် ရေထဲမှာ လုံးလုံးပေါ်နိုင်ပြီလားလို့အကြိမ်ပေါင်းများစွာ လူမသိသူမသိ စမ်းခဲ့ဘူးတာပေါ့။ နည်းနည်းတောကြောင်သလိုလိုပဲ။ပေါ်သလား၊ ဟုတ်လား။ ရေကူးဘို့မခက် လောက်အောင်တောအလွန်အလွန်ပေါ့ပြီးပေါ်တယ်ဗျ။လုံးလုံးတောမပေါ်ဘူး။မြှုပ်မြှုပ်သွားတယ်။ ဘာလို့စမ်းသလဲ ဆိုတော့ ၁၄-နှစ် အသက်ရှူလေ့ကျင့်ခန်း လုပ်ခဲ့တဲဗီယက်နမ် သီလရှင်ကြီးတပါး ရေထဲမှာ ပေါ်နေနိုင်တာကို ဖတ်ဘူးလို့ ဗျ။
ကျနော် မနက်ပိုင်း အဲဒီချောင်းထဲမှာ ရေချိုးလေ့ရှိတယ်။ဒီမနက်လည်း ရေချိုးဘို့ဆိုပြီး အခန်းထဲကနေ ချောင်းဘက်ဆီကို လျှောက်ခဲ့တယ်။ပြင်ပ လောကကြီးဟာ သာမန်ပါပဲ။ဒါမဲကျနော့် စိတ်ထဲမှာ တမျိုးထူးခြား နေတယ်။ စိတ်ဟာ လန်းဆန်းပေါ့ပါးနေတယ်။ ကြောင့်ကျမှုအားလုံး ကင်းစင်နေတယ်။ ကျနော် ကောင်းကင်ကို မောကြည့်လိုက်တယ်။ နေအလင်းရောင်ဟာ မပီပြင်သေးပါဘူး။ နွေနဲမိုး စပ်ကူးမတ်ကူး အချိန်ပါ။ ကောင်းကင် ပြင်ကြီးမှာ တိမ်ပါးပါးတချို့ရှိနေတယ်။ ကျနော်ဟာ လမ်းခင်းကျောက်ပြား တချပ်ပေါ်မှာ ရပ်နေတယ်။ နေရောင်မမြင်ရသေးပါဘူး။ ကျနော့်ပတ်ဝန်း ကျင်မှာရှိနေတဲ့ သစ်ပင်နိမ့်နိမ်အုပ်အုပ်ကလေးတွေ ။မလှမ်းမကမ်းက ချောင်းငယ်။ ရှိသမျှနဲဖြစ်သလိုကာထားတဲပန်းခြံက ရောင်စုံသစ်သားတန်းလေးတွေ အားလုံးဟာ သာမန်ပါပဲ။ သာမန် မဟုတ်တာက ကျနော့်စိတ်ဗျ။ ကောင်းကင် ကိုမော့ကြည့်မိပြန်တယ်။
ဘာများထူးခြားနေလို့လဲ။ ခါတိုင်းနေ့နဲ့ ဘာကွာနေတာလည်း။ ငါ့စိတ်ဘာဖြစ်နေတာလဲ၊ဆိုပြီး တွေးနေတယ်။ စိတ်ဆိုတဲခေါင်းစဉ်နဲလည်း တွေးလိုက်ရော။ ကျနော့်ရင်ထဲမှာ စကားလုံးနဲမဖော် ပြနိုင်တဲအလွန်ချမ်းမြေတဲခံစားမှုတခုကို သတိချပ်မိတယ်။ မှန်ပါတယ်။ ကျနော့်စိတ်မှာ ဒီနေ့ ဒီအချိန် လောကကြီးဟာ သာယာလှချည့်လား။
ကြည်နူးဘိုကောင်းလှချည့်လား။ ကျနော့်ရဲ့ နှလုံးအိမ်တနေရာက ထွက်လာတဲ့ အလွန်နူးညံ့ ကြည်နူးဖွယ်ကောင်းတဲလှိုင်းတမျိုး တရှိန်ရှိန် တငွေ့ငွေ့ထွက်နေတာကို ကျနော်အကြာကြီး ခံစား နေမိပါတယ်။ ခင်ဗျား စဉ်းစားကြည့်စမ်းပါ။ ရဲဘက်ကို ရောက်နေတဲ့ အကျဉ်းသားတယောက်ဟာ စွပ်ကျယ်ဂျိုင်းပြတ်ကို ဝတ်ပြီး လမ်းခင်းကျောက်ပြားပေါ်မှာ မနက်စောစော ကောင်းကင်ကြီးကို ရပ်ကြည့်တာ ဘာ၊ စိတ်ချမ်းသာစရာ ရှိသလဲ။ သေချာတာက အေးချမ်းမှုဟာ ကျနော့်ကိုယ်ခန္ဓာ အတွင်းပိုင်းဆီက ထင်ထင်ရှားရှား ထွက်ပေါ်လာနေတာပါပဲ။ သာယာလိုက်တဲ့ လောကကြီးဗျာ။ နေချင့်စဖွယ်ကောင်းလိုက်တဲ့ လောကကြီး။ ညစ်ညူးစရာဘာတခုမှ မရှိတဲ့ လောကကြီးလို့ ကျနော့်စိတ်မှာ အထပ်ထပ် ကျူးရင်နေမိတော့တာပါပဲ။ ဒီလိုနဲ့ ကျနော့် ဘဝရဲ့ အလွန်ထူးခြားသော နေ့ ရဲ့ အစဟာ အလွန်ကြည်နူးဖွယ်နံနက်ခင်းနဲ့ စတင်ခဲ့ပါတယ်။
ရေချိုးပြီး ပြန်တက်လာတော့ အဝတ်အစားလဲပြီး ထုံးစံအတိုင်း ဆရာကြီး ဦးဂိုအင်ကာ ရဲ့ ဓမ္မရေစီး ဆိုတဲ့ စာအုပ်ကို ဖတ်ပါတယ်။ ဆရာသက်ကြီးရဲ့ စာအုပ်ထဲက တချို့ မရှင်းလင်းတဲ့စာပိုဒ်တွေ ။အခန်းတွေကို ဖတ်တယ်။ ကျနော့်စိတ်ဟာ တည်ငြိမ်လန်းဆန်းနေပါတယ်။
ဆယ်တစ်နာရီလောက်မှာ ကျနော်နဲ့ အတူနေတဲစားဖိုတာဝန်ခံ မောင်ဝင်းက ထောင်ပိုင်ကြီး အတွက် ထမင်းပြင်ဆင်ပေးပြီးတဲ့နောက်၊ ကျနော်တို့ စားအိုးတွဲ သုံးယောက်အတွက် ထမင်းဝိုင်း ပြင်ပါတယ်။ ခရမ်းချဉ်သီးနဲဘဲဥရောမွှေထားတဲဟင်းနဲအရွက်ဟင်းချို ခပ်ရိုးရိုးပုံမှန်ပါပဲ။စားနေ ရင်းလည်း ထမင်းလုပ်ကို စယူတာက အစ။ပါးစပ်ထဲရောက်၊ ဝါးနေ၊မျိုချ မှတ်လို့ရသမျှ၊ ဟင်းချို သောက်ချိန် ဇွန်းကိုင်တာကအစ အကုန်မှတ်နေပါတယ်။
ထမင်းစားပြီးတော့ အခန်းဖက်ကို ပြန်လာပြီး စားပြီးတဲ့အခါ ငါ့ခန္ဓာကိုယ် ဟာဘယ်လိုနေသလဲ ဘာပြောင်းလဲ သလဲ။ဆင်ခြင်ပါတယ်။စားပြီးတဲ့အချိန်ဟာ မစားခင်ထက် မှတ်ရတာ ပိုလေးတယ်။ ပိုခက်တယ်။
နေလည် တနာရီလောက်ကျတောအကျဉ်းသားတွေကို ဘုတ်ပြန်ထုတ်တယ်။ နေ့လည်ပိုင်း အလုပ်ပြန်ဆင်း တာလေဗျာ။ နေ့လည်တနာရီခွဲလောက်မှာ ကျနော် ကိုထွန်းထွန်းဦးတဲဆီကို ထွက်ခဲ့တယ်။ သူ့တဲဆီကူးတဲ့ တံတား လေးက ရေမြှုပ်နေလိုဖိနပ်ချွတ်ပြီး ကူးခဲ့ရတယ်။ တဲရဲနောက်ပိုင်းမှာ ဘေးဖက်က ဝင်လိုရတဲ့ဝါးကဲလား နဲလုပ်ထားတဲအပေါက်ဖက်ကနေ ကျနော် ဝင်ခဲ့တယ်။ကိုထွန်းထွန်းဦးဟာ တဲထဲမှာ ခြင်ဆေးတိုင်တတိုင်ထွန်းပြီး တရားထိုင်နေပါတယ်။ ဆယ်မိနစ်လောက်ကြာအောင် ကျနော် ထိုင်စောင့်နေပါတယ်။ မှတ်လျက်ပါပဲ။
သူက တရားဖြုတ်ပြီး ရေနွေးအိုး ချတည်ပါတယ်။ ကျနော်က ထိုင်ရတာ အဆင်ပြေရဲ့လား ဆိုတောသူက၊ အေးဗျာ။ ဒီမှာက တရားစခန်းလောက် မှတ်လို့မကောင်းဘူးဗျတဲ။ကျုပ်က ကိုထွန်းထွန်းဦးရယ် ရောက်တဲ့နေရာ စခန်းလို့သာ မှတ်ပါတောလိုပြောတော့ သူက ဟုတ်တယ်ဗျ။အဲသလို စိတ်မျိုးထားရမှာ ။ခင်ဗျားထားနိုင်တာ အကျိုးရှိမယ်။ လိုဆိုပါတယ်။အဲဒီ အကျိုးဟာ နောက်တနာရီ ကျော်လောက်မှာ ဖြစ်လာတော့မယ်ဆိုတာ ကျနော်ကြိုမသိခဲ့ပါဘူး။
ကျနော့်စိတ်ထဲမှာ တမျိုးဖြစ်လာတာနဲ့ကိုထွန်းထွန်းဦး သစ္စာလေးပါးဆိုတာ ကျနော့်ကို ဟောပြ စမ်းပါဆိုတော့ သူက သူနားလည်သလောက် ဒုက္ခသစ္စာ။သမုဒယ သစ္စာ။မဂ္ဂသစ္စာ။နိရောဓသစ္စာ ဆိုပြီး ပြောပြပါတယ်။ ကျနော်ဟာ အဲဒီတရားကို ဒီထက်သိချင်စိတ် ပေါ်လာနေပါတယ်။ သို့သော် ဥာဏ်ကမမှီပါဘူး။ဒုက္ခဆိုတာ ထောင် ထဲရောက်တုန်း ပြောကြတာကလား။
သစ္စာထိုက်တဲ့ ဒုက္ခဟာဘယ်လိုဟာမျိုးလည်း ကျနော်သိချင်စိတ်တွေ အဆက်မပြတ် ပေါ်နေခဲ့ပါ တယ်။ တွေးရင်းမှတ် မှတ်ရင်းတွေးနဲ့ ကျနော်လုပ်နေတာတွေကို ကိုထွန်းထွန်းဦးသိပုံမရဘူးဗျ။
သုံးနာရီ မထိုးခင်မှာ တဲကအဆင်းကနေ စမှတ်ပြီး ပြန်ခဲ့တယ်။ ကတ္တရာလမ်းပေါ်ရောက်တော့ ကျနော့်စိတ်ထဲမှာ ကျနော့်ခြေထောက်တွေကို သစ်သားချောင်းတွေလို ထင်လာတယ်။ခြေတလှမ်း လှမ်းတိုင်း သစ်သားချောင်းတွေက ကတ္တရာလမ်းကို သွားသွားထောက်မိလို့ ဒုတ်ဒုတ် ဒေါက်ဒေါက် အသံတွေကို ကျနော့်နားမှာ ကြားနေရ တယ်။ဒီလိုနဲညက အိပ်ခဲ့တဲအခန်းထဲကို ပြန်ရောက်လာပါတယ်။ အခန်းထဲကိုရောက်တော့ ကုတင်ဆီကို လျှောက်သွားလိုက်တယ်။နောက် ကုတင်ပေါ်ကို ထိုင်မိတော့မဲဆဲဆဲမှာပဲ ကျနော့်အတွက် အံ့သြမကုန်နိုင်တဲ့အဖြစ်ကိုကြုံရပါတော့တယ်။
ဟုတ်ပါတယ်။ ကျနော့်ခန္ဓာကိုယ်ဟာ တခုခု ထူးခြားနေပါပြီ။ ဘာဖြစ်နေသလဲ၊ စူးစမ်းစိတ်ဟာ ထပ်ချပ်မကွာ ပါနေပါတယ်။ စက်နှိုးသံလိုလို ကြားသလိုပဲ။ အင်ဂျင်စက်တခုခုကို ငြင်ငြင်သာသာ နှိုးနေတဲအသံပါ။အဲဒီ အသံဟာ ကျနော့်ခန္ဓာကိုယ်ထဲက လာနေပါတယ်။သတိကို မပြတ်တမ်း ချပ်ထားလျက်ပါပဲ။ စက်နှိုးတဲ့အသံဟာ ပီပြင်သထက်ပီပြင်လာပါတယ်။ ပိုပြီး ပြင်းလာပါတယ်။ သေချာ သွားပါပြီ။ ကျနော့်ခန္ဓာကိုယ်ဟာ စက်ကြီးတခုလို စတင်နှိုးလာနေပါပြီ။စိတ်ကို ထပ် တည်ငြိမ်အောင်လုပ်ပြီး ငါဘာဖြစ်နေတာလဲ။ ငါစိတ်ဂယောင်ချောက်ခြား ဖြစ်နေသလား အထပ် ထပ် စစ်ပါတယ်။ အလွန်အေးချမ်းနေပါတယ်။ ဘာပူပင်မှုမှ မရှိတာသေချာလှပါတယ်။ စိတ်ကူး ထဲမှာ ဆက်မှတ်မှဆိုတဲအတွေးပေါ်လာပါတယ်။ ကုတင်ပေါ်ကိုထိုင်မိနေပါပြီ။ကျနော်ဟာ အရာရာကို သိစိတ်မပြတ်ရှိနေပါတယ်။ နှာဝကလေကို မပြတ်အောင် မှတ်နေပါတယ်။ ခါတိုင်းလို ဘုရားရှိခိုးမေတ္တာ ပို့ပြီး လေ့ကျင့်ခန်းဆင်းနေတာ မဟုတ်ဘူး။
ရုတ်တရက် ကုတင်စွန်းမှာ ထိုင်မိနေတာပါ။ကျနော့်စိတ်ဟာ အပြင်ကော အတွင်းကိုပါ ကောင်းစွာ သတိရနေပါတယ်။ အဲဒီအချိန်မှာ ရုတ်တရက်ဆိုသလို ကျနော့်ခန္ဓာကိုယ်ရဲ့ အလယ်ခေါင် တည့်တည့်ကနေ အာရုံတန်းတခု ထိုးထွက်လာနေပါပြီ။ တိတိကျကျ ပြောရရင်ကျောဖက် အောက် နားကျကျ နေရာကနေ ထွက်လာနေပါတယ်။ ရင်ညွန်ဆီကိုတက်လာတယ်။ ခေါင်းဆီကို ရောက်လာတယ်။ နောက် အဲဒီအာရုံဟာ ငယ်ထိပ်တည့်တည့်ကနေ အလင်းထက်မြန်တဲ့ အရှိန်တခုနဲ့ အထက်ကောင်းကင်ယံကို တက်သွားပြန်ပါ တော့တယ်။ဒီတော့ ကျနော်ဟာ အမည်မသိ ယာဉ်တခုပေါ်ကို ရောက်နေတယ်လို့ ခံစားလာရတာနဲ့ အောက်ဖက် ကိုအသာငုံကြည့်မိပါတယ်။ လားလား။ သေချာပါတယ်။ ကျနော်ဟာ ယာဉ်တခုပေါ်ကိုရောက်နေပါရော့လား။အဲဒီ ယာဉ်ဟာ ငြိမ်နေအောင် ခရီးနှင်နေတဲအတွက် ရွေ့နေမှန်းကို မသိနိုင်လောက်အောင် ဖြစ်နေပါတယ်။ အသိစိတ်က အဆက်မပြတ်တဲ့အတွက် ဘယ်လိုယာဉ်လဲလို့ စိတ်ထဲက ငုံ့ကြည့်မိလိုက်ပါတယ်။ ကျနော်ဟာ ရွှေအိုရောင် ယာဉ်တစီးပေါ်ကို ရောက်နေပေါ့လားဗျာ။
ကျနော်စီးနင်းလိုက်ပါနေတဲယာဉ်ရဲထိပ်ပိုင်းဟာ သင်္ဘောဦးပုံစံဗျ။ကျုပ်လည်း ထိပ်ပိုင်းကိုသာ ကြည့်မိတယ်။ နောက်ပိုင်းဖက်ကို ဘာရယ်ကြောင့်မသိ လှည့်မကြည့်ဖြစ်ခဲ့ဘူး။ ကျနော်ကလား၊ မတ်တတ်ရပ်လျက်ဗျ။ ရွှေအိုရောင် ထိပ်ပိုင်းဟာ ချောမွတ်မနေဘူး။ ရွှေအတုံးအခဲလိုက်ကြီးလိုပါပဲ။ လက်ရာခပ်ကြမ်းကြမ်းလို့ ပြောရ မလား။ မော်ဒန်ဒီဇိုင်း ဖော်ထားလေသလားတော့ ကျုပ်မသိ ဘူး။ ဗြုတ်ထနေသလိုလို အကွက်ဖော်ထား သလိုလိုနဲ့၊ သေချာတာက အရောင်တင်ထားသလို မဟုတ်ပဲ အော်ရီဂျင်နယ် ရွှေတုံးကြီးလိုဗျာ။အင်း ဒရိုင်ဘာပါမပါလည်း ကျနော် မစပ်စုမိလိုက်ဘူး ဗျ။
ယာဉ်ဟာ လက်ဝဲဘက် အောက်ဖက်ထောင့်ကနေ လက်ယာဘက် အပေါ်ထောင့်ဖက်ကို ခရီးနှင်နေလေရဲ့။ ကျနော်က ရှေ့ဖက်ကို သတိထားကြည့်လိုက်တောမှောင်တယ်လို့လည်းမဆိုသာ  လင်းလှတယ်လို့လည်း မပြော နိုင်တဲအခြေအနေတခုမှာ ခရီးဆက်နေတယ်ဗျာ။မကြာမတင် အချိန်တခု မှာပဲ ကျနော့် ရှေ့တည့်တည့် ခပ်ဝေးဝေး နေရာတခုမှာ မာကျူရီမီးရောင်လို ခပ်မှိန်မှိန် အလင်းရောင်လေးတွေကို စတွေ့ပါတော့တယ်။ ကျနော်စီးနင်းလိုက်ပါ နေတဲ့ ယာဉ်ရဲ့ဘယ်ညာ နှစ်ဖက်စလုံးမှာဗျ။ ဘယ်ညာစီတန်းပြီး ရှိနေတဲ့ မီးရောင်လေးတွေကို မြင်နေတာ။ တဖြည်းဖြည်း နီးလာလေ။ ကျနော်လည်း ငါဘယ်ရောက်နေသလဲ သိချင်လေဆိုတောသေချာသတိထားပြီး ဆက် ကြည့်နေတယ်။ တခုထူးဆန်းတာက ကျနော့်စိတ်ထဲမှာ ဘယ်လိုမှ မနေဘူးဗျ။ဆိုလိုတာက ကြောက်တာ ။စိတ်လှုပ်ရှားတာတွေ မရှိဘူး။
အတော်အတန်နီးလာတဲ့အခါ အဆောက်အဦး တချို့ကို တွေ့လာရပါတယ်။ အလင်းရောင်နဲ့သာမှန်းနိုင် တဲ့ အနေ အထားပါ။အနီးကပ် စေ့စေ့စပ်စပ် ကြည့်လိုမရနိုင်ဘူး။ ကျနော့်စိတ်ထဲမှာ သေချာမှတ်ထားအုံးမှလိုစိတ်ကူး ပေါ်လာတာနဲအဆောက်အအုံ ဒီဇိုင်းကို ခန့်မှန်းကြည့်ပါတယ်။ နန်းတော်လိုလို ၊မန္တလေးက သုဓမ္မာဇရပ်တွေလိုလို ၊ကုရဝိတ်ဖောင်ရဲ့ အပေါ်ပိုင်းလိုလိုပဲဗျာ။ ဘယ်ဖက်မှာ တဆောင် ညာဖက်မှာ နှစ်ဆောင် ။ဖန်သားမှန်သားတွေနဲ့ဆောက်ထားလိုကျနော့်အမြင်မှာ ကွဲအောင်မကြည့်နိုင်တာလည်းဖြစ်နိုင်တယ်ဗျ။ ကျနော့်စိတ်ဟာ ခရီးစဉ် တလျှောက်လုံး အသိမကင်းပဲ ကောင်းစွာသတိရနေပါတယ်။ အဲဒီ အဆောက်အဦတွေကို ကြည့်နေရင်းနဲ့ပဲ အချိန် ဘယ်လောက်ကြာတယ်ဆိုတာ ဘယ်လိုမှမပြောနိုင်ပါဘူး။
ကျနော် ဘယ်လို ပြန်ရောက်လာတယ်၊ ဆိုတာလည်း မပြောနိုင်ပါဘူး။ကျနော်ဟာ ရဲဘက်စခန်း ဧည့်ထောင်မှူး တွေအတွက် သီးသန့်ထားတဲ့ ပင်မစခန်းဧည့်ဆောင်နဲတွဲရက် ကျနော် အိပ်တဲအခန်းထဲက ကုတင်ပေါ်ကို ပြန်ရောက်နေပါတယ်။ အပြင်မှာနေညိုနေပါပြီ။


ကျနော်အံ့သြတာ တခုရှိသေးတယ်။ ကျနော်နေတဲအခန်းဟာ လူသွားလမ်းနဲခဲတပစ် မဝေးဘူးဗျ။ စခန်းက အကျဉ်းသားနဲ့ ဝန်ထမ်းတွေ ငါးရာဝန်းကျင် ရှိတဲ့စခန်း။ အဆောင်က ပင်မဧည့်ခန်းဆောင် တံခါးတွေ အားလုံး ဖွင့်ထားတယ်။ ကျနော့်အခန်းကလည်း သံဇကာတွေတပ်ထားလိုအပြင်ကနေ ဒိုးယိုပေါက်နီးပါး မြင်နေရတဲ့ အနေ အထား။ နောက်တော့ နေ့ခင်းကြောင်တောင်ကြီး ကျနော် တပ္ပလင်ခွေ၊လက်နှစ်ဖက်ကိုထပ်ပြီး မျက်လုံးမှိတ်ထားပြီး အချိန်အကြာကြီး ငုတ်တုတ်မေ့၊ ငြိမ်နေတာကို ဘယ်သူကမှ သတိမထားမိကြဘူး ထင်ပါရဲ့ဗျာ။ သတိထား ကြည့်မိတော့ဘေးလမ်းမှာ လူသံသူသံတွေနဲကိုယ့်အလုပ်ကိုယ်လုပ်နေကြတာပဲ။ နေမိဘုံခန်းပျို့တောင် သတိရ စရာ ကောင်းသေးရဲ့ဗျာ။အမေရိကန်တို့၊ရုရှတို့က ကမ္ဘာကျော်သူဌေးတွေ ထက်အာကာကြီးအပြင်ကို စင်္ကြဝဠာ ခရီးနှင်တာ ဒေါ်လာသန်းနှစ်ဆယ် သုံးဆယ်ကုန်သတဲ့။ ကျနော်ကတော့ တပြားမှ မကုန်ပဲ ဘယ်နေ ရာမှန်း မသိတဲနေရာကို ဘာမှန်းမသိတဲယာဉ်တစီးနဲဘာအဆောက်အဦးတွေမှန်း မသိတဲ့နေရာ ကိုရောက်ခဲ့သဗျာ။ ရောက်တာမှ အိပ်နေတုန်းလည်းမဟုတ် တရားထိုင်နေတုန်းလည်း မဟုတ်။ သတိလွတ်နေတဲ့ အချိန်လည်း မဟုတ်။တော်တော့်ကို စဉ်းစားရကြပ်တဲ့ အဖြစ်ပါပဲ။ ရူးလို့ လျှောက်ပြောနေတယ်လို့ အပြောခံရမဲ့ အဖြစ်ဗျ။ကဲ ခင်ဗျားလည်း ကျနော်ရူးနေတာ မဟုတ်ရင် နတ်ပြည်ရောက်ခဲ့တယ် ထင်မှာပဲမဟုတ်လား။ ဒါကို ခဏထားပါဗျာ။ ဒီကိစ္စဖြစ်ပြီးတဲ့နောက် ကျနော့်ရဲအတွေးအစဉ်မှာ တိကျတဲ့အဖြေတခုကို ထုတ်နိုင်ဘိုလိုလာပါတော့တယ်။ငါ ဘယ်ကို ရောက်ခဲ့တာလဲ ။ ဘာကြောင့်ရောက်ခဲ့သလဲ။ဘယ်သူက ဘယ်လို အကြောင်းကြောင့် ပိုခဲ့သလဲ။ ဘာကြောင့် အရှင်လတ်လတ် သိစိတ်မကွာပဲ ရောက်ခဲ့တာလဲ။ မေးခွန်းတွေကတောမဆုံးနိုင်တော့ပါဘူး။ နတ်ပြည်ရောက်ရအောင်၊ ပိုရအောင်လည်း ကျနော်ဟာ နတ်ရွာနတ်ဂတိကိုဘယ်တုန်းကမှ မတောင်တခဲ့ဘူး။ ဘယ်တောင့်တမလဲ ၊နတ်ပြည်ဘယ်နေရာ ရှိတယ်။ တကယ်ကော ရှိမရှိ ကျနော်မှ မသိပဲ။ ကျနော်လေ့ကျင့်ခဲ့တာ ကလည်း အဲဒီလိုနေရာမျိုး ရောက်ဘို့၊ ရောက်အောင် မရည်ရွယ်ခဲ့ဘူး။ ကုန်ကုန်ပြောရရင် ကျနော်လေ့ကျင့်ခန်း မဆင်းခင် ရွတ်ဆိုတဲဘုရားရှိခိုးထဲမှာ တောင်နတ်ပြည်ရောက်ရပါလို၏ လိုမပါဘူး။ ခင်ဗျား ရွတ်ကြည့်၊ခင်ဗျားဆိုတဲသြကာသနဲကျနော်ဆိုခဲ့တဲသြကာသ အတူတူပဲ။လူတိုင်း ရွတ်နေ ဆိုနေကျ သြကာသပါပဲ။ ဘာတဲ့ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရ ရ ပါလို၏ တဲ့။ ဒါပဲ ဘယ်မှာ နတ်ပြည်ပါလို့လဲ။ ထား၊ နေအုံးဗျ။ ဒီ ဆုတောင်းလည်း ကျနော်ရွတ်သာ ရွတ်ခဲ့တာ အဲဒီ မဂ်တို့ဖိုလ်တို့ ရဘို့ဆိုတာ ကျနော့် စိတ်ထဲ မရှိရိုး အမှန်ဗျ။ ကျနော့်ဘဝ ပူလောင်တယ်။ အေးငြိမ်းတဲဘဝကို ရချင်တယ်။ ကျနော်လုပ် ရမယ်ဆိုတဲအလုပ်ကိုလုပ်တယ်။ လေ့ကျင့်ရမယ် ဆိုတာကိုသာလေ့ကျင့်တယ်။ တကယ် လုပ်တယ်။ ပြင်းပြင်းထန်ထန်ကြီးလိုတောင် တကယ်တမ်း မပြောနိုင်လောက်သေးဘူး ထင်ပါ့ဗျာ။ ခင်ဗျားမှတ်မိပါလိမ့်မယ်။ ကျနော်ပြောဖူးတဲဗြဟ္မာ့ပြည်တို၊ ဘဝပေါင်းများစွာတို၊ ရုက္ခစိုးတိုတစ္ဆေ တို၊အသူရကယ်ဘုံတို့ ဘိုးမင်းခေါင်၊ဘိုးဘိုးအောင် ဆိုတာတွေကို ကျနော့်အာရုံမှာ အကြိမ်ကြိမ် ကြုံခဲ့ရပါတယ်။
ဒါတွေကို ကျနော် လက်မခံခဲ့ဘူး။ ထင်ရာမြင်ရာတွေလိုသာ ကျနော်သဘောပိုက်ခဲ့တယ်။အခု နတ်ပြည်လိုလို လာပြန်တယ်။သိုသော် အရင်လို အိပ်မပျော်ခင် အချိန်မျိုးတွေ အားကောင်းကောင်း နဲ့ ရှုမှတ်နေချိန်မျိုးတွေမှာ မဟုတ်တာမို့ အတည်ပြုဘို့ ခက်ခဲလှပါတယ်။ စဉ်းစားလေ၊ ကြပ်လေ ရှေဆက် စဉ်းစားမရလေပါပဲ။ ခင်ဗျားပြော ချင်တာ ရှိလိမ့်မယ်။ ဒါများဗျာ။ သူတော်ကောင်း တရားလုပ်လို့ နတ်ပြည်ပို့တာပဲလို့ ၊အင်း..၊ဒီလို ထင်ရာလွယ်လွယ် ဆွဲတွေးပြီး ကျနော်ဗုဒ္ဓဘာသာ အမည်ခံခဲ့တာ အသက်ငါးဆယ် ပြည့်တောမယ်။ ဒီလမ်းကို ပြန်မလိုက်ပါရစေ နဲ့တော့၊ ကျနော့် ဥာဏ်မှာ တကယ်ရှင်းမှ အယူအဆတစ်ခုကို လက်ခံတော့မယ်လို့ ကျနော် ပိုင်းဖြတ်ထားခဲ့ပြီ ဗျာ။ကျနော်သူတော်ကောင်း ဖြစ်ပါပြီလို့ ဘယ်လိုပိုင်းဖြတ်နိုင်မလဲဗျာ။ဖြစ်ပျက်ကိုတောင် တိတိကျကျ နားမရှင်း သေးတဲ့အချိန်လေ။နောင်အချိန်အတော်ကြာမှ ဖြစ်ပျက်ဆိုတဲ့အရာဟာ ကျနော်နဲ့အနီးဆုံး နေရာမှာ ကာလအကြာ ကြီး ကတည်းက ရှိနေခဲ့ပါလားဆိုတာ နားရှင်းခဲ့ပါတော့တယ်

ကိုသက်ခိုင်၏ စကားတန်းရှည်ကြီး ပြီးဆုံးချိန်တွင်ကား နေအတော်စောင်းခဲ့ပြီ။ ငှက်တချို့ပင် အိပ်တန်း ပြန်ကြပြီ။ နှစ်ဦးသား အတွေးကိုယ်စီနှင့် လှေငယ်ကို တက်ကိုယ်စီဖြင့် လှော်ခတ်ရင်း စခန်း ခွဲရှိရာ သို့ ပြန်ခဲ့ကြပါသည်။

 (ဆက်လက်ဖော်ပြပါမည်။)
ရုပ်ပုံ။ ။ ဂူဂဲလ်

ဖြစ်ပျက်ရှာပုံတော် ခရီးသည် (၁၃)

$
0
0

 


(၁၃) တခါတလေလဲ ဝဲကတော့လေပွေ ၊ တခါတလေတော့ မြညှင်းလေပြေ ။

“ တယောက်ချင်း ဆင်းကြ ”

“ ကိုယ့်အိပ်ယာနဲ့ ကိုယ့်အထုတ်ကို ညီနေအောင် စီထားကြ ”

“ တွေ့လို့ကတော့ ကိုယ့်သမိုင်း ကိုယ်ရေးကြပေါ့ကွာ ”

“ ဟေ့ကောင် နိုင်ဝင်း ၊ တယောက်ချင်း တလာစီနော် ၊ပြဿနာက မင်းခေါင်းပေါ် ပုံကျလာမယ်”

“ မင်းအမေလင့်အိမ်မှာ အလှူလုပ်တာ အောက်မေ့နေလား၊ စွတ်မတိုးနဲ့လေကွာ ”

ဆူဆူညံညံအသံများကား အိပ်ဆောင်ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ ဘယ်သို့ဘယ်ပုံ သတင်းရ လေ သည်မသိ၊ ထောင်မှူးအမိန့်အရ အိပ်ဆောင်ပေါ်မှာ အရက်တလာစီနေခြင်းဖြစ်၏။ တလာစီခြင်း ဟူသည်ကား အကျဉ်း စခန်းစည်းကမ်းအရ လက်ဝယ်မထားရသည့် ပစ္စည်းများကို ရှာဖွေသိမ်းဆည်းခြင်း ဖြစ်၏။ အမှန်တော့ ရဲဘက် စခန်းစည်းကမ်းမှာ ထင်သလောက်တင်းကြပ်လှသည်တော့ မဟုတ် ။နေတတ်လျှင် ကျေနပ်စရာဟူသော ထောင်စကားမှာ ရဲဘက်တွင် အထိုက်အလျောက် မှန်ကန်သည်ဟု ဆိုရမည်။ ထောင်ထဲတွင် စက္ကူဘော့ပင်စသော စာရေးကိရိယာများ  ကိုင်ဆောင်ခွင့် မရသော်ငြား ရဲဘက်တွင်းကား ယင်းပစ္စည်းတို့အတွက် ပြဿနာမရှိချေ။ ယခုတလာစီရခြင်း အကြောင်းကား အိပ်ဆောင်ပေါ်သို့ အရက်ခိုးသွင်းထားသည်ဟူသောသတင်းရသောကြောင့်ဟု ဆိုသည်။ နေ့လည်ထမင်းစားပြီး ခေတ္တနားချိန်ဖြစ်၍ ရဲဘက်တို့၏ မျက်နှာများကား မသာယာလှ။ ကျနော်လည်း ဆူညံသံနှင့်မျက်စိနောက်သည့် ဒဏ်ကို ရှောင်ကွင်းရန် အလို့ငှာ ကိုသက်ခိုင်၏ တဲရှိရာသို့ မယောင်မလည်နှင့် ထွက်လာခဲ့သည်။ တဲပေါ်တွင် ကိုသက်ခိုင်တယောက် စာအုပ်တအုပ်ကို ထိုင်လျက် ဖတ်နေသည်။ ကိုသက်ခိုင်က ကျနော့်ကို အရီကဲသည့် မျက်နှာပေးဖြင့် ကြိုနေသည်။
“ အာရုံနောက်ရတဲ့ အထဲ ၊ခင်ဗျားက ဘာကြောင့် ရီမလိုလို လုပ်နေရတာတုန်း ”
“ အော်၊ အဆောင်ပေါ်က တလာစီတဲ့အသံ ဒီလောက်ဆူညံနေတော့ ခင်ဗျားလစ်လာရတဲ့ အကြောင်းကို သိနေလို့ပါ၊ နောက်တခုက အရက်အကြောင်း ဆရာသော်တာဆွေ ရေးထားတဲ့ စာ လေးတပိုဒ်ကို ပြေးသတိရလို့ ”
“ လုပ်ပါဦး၊ ဆရာသော်တာဆွေက ဘယ်လိုရေးတာတဲ့တုန်း၊ ခင်ဗျားကတော့ သော်တာဆွေလို နိုင်ငံကျော် အရက်သမားဘိုးအေနဲ့ ရင်းနှီးခဲ့ဖူးသူဆိုတော့ အတွင်းသိတွေ ထင်ပါ့ ”
“ သတိရမိတဲ့စာပိုဒ်လေးက သူနဲ့ရင်းနှီးလို့ သူ့ဆီက ကြားခဲ့ရတာ မဟုတ်ပါဘူး၊ သူရေးတဲ့ စာမှာ ဖတ်ရတာပါ။ ဆရာသော်တာဆွေနဲ့ ဆရာမကြီးဒေါ်ခင်မျိုးချစ် အချီအချ ပြောကြတဲ့ စကားလေးပါ၊ ဘာတဲ့၊ ဟေ့ မောင်သော်တာဆွေ ၊ ခင်ညာတဲ့။ အရိယာများ အရက်သောက်ရင် ရေဖြစ်သတဲ့ မောင်၊ အော် သမျောစရာကြီးနော် ဆိုပဲ၊ အခုလည်း ရဲဘက်တွေကို အရက်တလာစီမဲ့အစား အားလုံး အရိယာဖြစ်အောင် သင်တန်းပေးလိုက်ရင် ကောင်းမလား စဉ်းစားမိလို့ပါ”
“ ကိုယ့်ဆရာ၊ အရိယာပုဂ္ဂိုလ်တွေ အရက်သောက်ရင် ရေဖြစ်တယ်ဆိုတာ တကယ်လားဗျ”
“အော် ခင်ဗျားကလည်း စာကို သေချာမဖတ်ပဲကိုး ၊ရေဖြစ်တယ်လို့ ပြောတာက ဆရာမကြီး ဒေါ်ခင်မျိုးချစ်လေ၊ လူကြီးက နောက်ပါ့မလားဗျာ ၊ တကယ်တော့ ဖြစ်ပျက်ဆိုတာကို သေချာနား ရှင်းရင် အရိယာများ အရက် သောက်ရင် ရေဖြစ်တယ်ဆိုတာ သဘောပေါက်လွယ်ပါ့လိမ့်မယ်၊ တိုတိုပြောရရင်ဗျာ ၊ သောက်ထားတဲ့အရက် ကြောင့် ဖြစ်ပေါ်နေတဲ့ လှိုင်းကို နိမိတ်လုံးပေါ်တင်ပြီး စိုက်ကြည့်နေတဲ့အခါ အရက်ရဲ့တန်ခိုးသတ္တိဟာ ခန္ဓာကိုယ်ထဲမှာ အစွမ်းမပြနိုင်တော့ပဲ ရေလို ဖြစ် သွားတဲ့သဘောပါပဲ ”
“ ဒါဆိုလည်း ခင်ဗျားပြောနေတဲ့ ဖြစ်ပျက်ဆိုတာကို နားရှင်းအောင် ပြောပါအုံး”
အမှန်တော့ ကျနော်ပြောခဲ့တဲ့ အထဲမှာ ဖြစ်ပျက်ရဲ့အစ ပါသွားခဲ့ပါပြီ။ဘယ်နေရာလည်း ဆိုတာ ခင်ဗျားဘာသာ ရှာကြည့်ပေါ့။ ဒါမှမဟုတ် ကျနော်ပြောတာ ဆက်နားထောင်ပေါ့ ဗျာ။
ကျနော်မေ့နေတာ တခုရှိတယ်။ ကျနော့် ခန္ဓာကိုယ်ကြီး အင်ဂျင်တတုံးလို ထနိုးပြီး အထက်တနေရာ ရောက်ခဲ့တဲ့ နေ့ဟာ ကျနော်လေ့ကျင့်ခန်း ဆင်းခဲ့တာ ခုနှစ်လဝန်းကျင်ရှိချိန်ပဲ။ အစက လေ့ကျင့်ခန်း စလုပ်တဲ့နေ့ ကို မှတ်ခဲ့ပေမဲ့ နောက်တော့ မေ့မေ့လျော့လျော့ ဖြစ်သွားတယ်။ ကျနော့် အလုပ်က နေ့တွေကို မမှတ်နိုင်တော့ဘူး။လေနဲ့ခန္ဓာ ကိုယ်ကိုသာ မှတ်နေခဲ့တာကိုး။စက်နှိုးပြီးမှ သိပ် အံသြလွန်းလို့ငါ လေ့ကျင့်ခဲ့တာ ဘယ်လောက်ကြာပြီ လဲစဉ်းစား တော့မှ ခုနှစ်လဆိုတာ သတိပြု မိပါတော့တယ်။ အေးပေါ့ဗျာ။ ဟ၊ ဒီလိုဆိုတော့ ကျမ်းဂန်တွေမှာ ဖော်ပြထားတာ အမှန်ပါကလား လို့ အဖြေရခဲ့တာပေါ့။ ကျနော့် ဖြစ်ပျက်ကိုဆက်ပါရစေအုံး။
နောက်ပိုင်း ရက်တွေမှာ ကျနော့်နှာသီးဝက လေဟာ ဒုတ်ချောင်းတချောင်းလို မာလာတယ်။ အသက်ရှုလိုက်ရင် တစုံတခုက နှာဝအတွင်းပိုင်း ကိုသိသိသာသာလာတိုးတယ်။ ဘယ်လောက် ပြင်းထန်အောင် မှတ်သလဲ ဆိုရင် နှာသီးဖျားမှာ ပေါ်လာတတ်တယ်လို့ ပြောကြရေးကြတဲအမှုန်တွေ တုန်ခါခြင်းဟာ ကျနော့်ခြေဖဝါးတွေမှာ ဖြစ်လာ တဲ့အထိပဲ။
မြေပြင်မှာ ရပ်နေရင် သတိချပ်လိုက်ရင် ခြေဖဝါးက အမှုန်တွေတုန်ခါတာ ပြင်းလွန်းလို့ ငါရပ်နေတဲနေရာအောက် မှာ လိုဏ်ခေါင်းများရှိလေရော့သလား ခဏခဏ တွေးမိတဲ့အထိဗျ။
ဆက်တိုက်ဖတ်လိုက်မှတ်လိုက်နဲပွဲကောင်းလိုက်တာ နှာသီးဖျားက ဒုတ်တံလိုအရာဟာ တဖြည်း ဖြည်း ရှည်လာပြီး နှာခေါင်းအတွင်းပိုင်းကို ရောက်သွားတယ်။တဖြည်းဖြည်း ခေါင်းဘက်အတွင်းကို ရောက်လာတော့ နှာဝက ဝင်နေထွက်နေတာဟာ ရေပိုက်ထဲက ရေထွက်နေသလို ခံစားရ တယ်။ ဘယ်နှယ့် နှာခေါင်းထဲကို ရေအလုံးလိုက် ဝင်နေထွက်နေသလဲ စဉ်းစားတာပေါ့။ စာတွေလည်းဖတ်နေပြီ ဆိုတောရှာဖတ်တဲ့အခါ တွေပါတယ်။နည်းနည်း မြင့်လာတဲ့ နိမိတ်တမျိုး တော့ဗျာ။တိတိကျကျပြောရရင် အဲဒါဟာ ဥဂ္ဂဟနိမိတ်ပါပဲ ။ဒီနေရာမှာ လိုအပ်မယ်ထင်လို့ ဒီစာပိုဒ်လေးတော့ သည်းခံပြီး ဖတ်လိုက်ပါဗျာ”
ပြောပြောဆိုဆို ကျနော့်ထံ လှမ်းပေးသော စာအုပ်ထူကြီးမှာ သေက္ချတောင် ဆရာတော် အရှင် တိလောက မထေရ် စီရင်အပ်သော ပဏ္ဍိတဝေဒနိယဒီပနီကျမ်း၏ စာမျက်နှာ ၅၀၆ ဖြစ်၍ သူ ဖတ်ခိုင်းသော စာပိုဒ်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

“တပည့်တို့ - အာနာပါန အားထုတ်ပုံတို့၏ လိုရင်းအဓိပ္ပါယ်မှာ ပွတ်ကြိုးဆွဲသောသူ ပွတ်ကြိုးကို ရှည်ရှည် တိုတို နှေးနှေး မြန်မြန်အားဖြင့် အခါကို သိ၍ မိမိအလိုရှိသလို ဆွဲဘိသကဲ့သို့လည်း ကောင်း၊ ဖိုထိုးသောသူ ရှည်ရှည် တိုတို နှေးနှေး ပျော့ပျော့ ပြင်းပြင်းအားဖြင့် အခါကိုသိ၍ မိမိ အလိုရှိသလို ထိုးဘိသကဲ့သို့လည်းကောင်း ၊ ထိုထွက်သက်ဝင်သက်ကိုလည်း ဆိုအပ်ခဲ့ပြီးသည့် အတိုင်း ရှည်ရှည် တိုတို စသည်တို့ဖြင့် အခါကိုသိ၍ မိမိ အလိုရှိသလို ဖြစ်စေ၍ ထွက်စေ ဝင်စေ၍ တစ်…နှစ်… စသည်ဖြင့်လည်း မရေတွက်အပ်၊ မရေတွက်မူ၍ လေသွားရာအရပ်ကိုလည်း အကုန် အဆုံး လိုက်၍ မရှုမူ၍ လွှဖြတ်တိုက်သော ယောက်ျားသည် လွှသွားရာကို လိုက်၍ မရှုဘဲလျက် လွှသွားထိရာ၌သာ စိတ်ကိုထား၍ ကြည့်၍ လွှသွားကို အကုန်ထင်ရှား မြင်ရလေဘိသကဲ့သို့ ထို့အတူ နှာခေါင်းပေါက်၌သာ စိတ်ကို ထား၍ သတိသညာဖြင့် သိ၍ မှတ်မိ၍ သာလျှင် ထွက်စေ၍ ဝင်စေ၍ ထွက်ဝင် ထွက်ဝင် ထွက်ဝင်၍ဟု သိမှတ်လျက် ထို ထွက်ဝင်၍နေသော လေကို ဝါယော ကသိုဏ်း နိမိတ် ယူသကဲ့သို့ စိတ်ထဲ ဥာဏ်ထဲ၌ ထင်မြင်၍ လာအောင် ကြည့်ရှုအပ်၏။ ကြည့်ရှုရာ ၏။ ကြည့်ရှု၍ နိမိတ်ယူရာ၏။ တပည့်တို့- ဤအာနာပါန နိမိတ်ရအောင် ကြည့်ရှုအားထုတ်ပုံသည် နားမလည်၍ နေရာမကျ မလုပ်တတ်သော သူတို့မှာ အလွန်ခက်၏။ နားလည်၍ နေရာတကျ လုပ် တတ်သောသူမှာ အလွန်လွယ်၏။
တပည့်တို့- ဤကဲ့သို့ ကြည့်ရှုဖန် များလာသောအခါ နှာခေါင်းပေါက်၌ သွယ်တန်း၍နေသော ကြိုး ကလေးကဲ့သို့လည်းကောင်း၊ တုတ်တံကလေးကဲ့သို့ သော်လည်းကောင်း၊ ကြယ်ရောင်ကဲ့သို့ သော်လည်းကောင်း၊ ပြွန်တံပေါက်၌ ထွက်ဝင်၍နေသော ရေစိုင်လုံးကဲ့သို့သော်လည်းကောင်း၊ ဤသို့ စသည်ဖြင့် မိမိတို့ သညာအားလျော်စွာ လှုပ်ရှားလျက် အာနာပါန ဥဂ္ဂဟနိမိတ် ထင်လာ၏။ တပည့်တို့- ဤထွက်သက်ဝင်သက်ဆိုတာ စိတ္တဇလေဓာတ်တည်း။ အောက် အဘိဓမ္မာ သုညတနည်း၌ ဟောပြခဲ့သော လေဓာတ်၏ သဘောကို သိ၍ထားကြ။ ဤကဲ့သို့ လေဓာတ်သဘောကို သိသောသူအား ဤအာနာပါနနိမိတ်သည် အခိုးကဲ့သို့ သော်လည်းကောင်း၊ ရေကဲ့သို့ သော်လည်း ကောင်း ၊ထင်၏။ လျင်မြန်စွာလည်း ထင်လွယ်ရလွယ်၏။ တပည့်တို့- ဤသို့ ဥဂ္ဂဟနိမိတ်ရပြီးသော အခါ ထွက်သက်ဝင်သက်တို့ကို ကြောင့်ကြ မစိုက်မူ၍ မကြည့်ရှု မူ၍ ဤ စိတ်ထဲ၌ ဥာဏ်ထဲ၌ ထင်မြင်၍ ရရှိ၍နေသော ဥဂ္ဂဟနိမိတ်ကိုသာ အဖန်ဖန် ကြည့်ရှု၍ နေရာ၏။ ဤသို့ ကြည့်ရှုဖန်များ သောအခါ အလွန်ချောမွေ့ နှစ်သက်ဖွယ် ဖြစ်လျက် ငြိမ်သက်စွာ ပဋိဘာဂနိမိတ် ဖြစ်၍ ထင်၏။ ထို အာနာပါန ပဋိဘာကနိမိတ်ကို အဖန်ဖန် အားထုတ်ကြည့်ရှုသောအခါ ဈာန်အဂါင်္ငါးပါးနှင့် ပြည့်စုံသော ပထမဈာန် အပ္ပနာဇောဝီထိ ကျလာ၏။ ပထမဈာန်ကိုရ၏။ ဤ ပဋိ့ဘာဂနိမိတ်ကိုပင် ကြည့်ရှု၍ ကသိုဏ်း၌ ဆိုခဲ့ပြီးသော နည်းအတိုင်း အထက်ဈာန်တို့ကိုလည်း တက်အပ်၏။ ဖြစ်စေအပ်၏။ ဤအာနာပါန ကမ္မဋ္ဌာန်းသည် ပဉ္စမဈာန်ကျအောင် ဈာန်ငါးပါးစလုံးကိုပင် ဖြစ်စေနိုင်၏။ ” 



ကိုသက်ခိုင် ဖတ်စေသော စာတို့၏ အဆုံးတွင် ကျနော်က ….
“အမှန်အတိုင်း ပြောရရင်ဖြင့် မင်းဖွယ်စိုးဖွယ်မို့သာ စားကြည့်မိတယ်၊ အရသာကတော့ ခပ်ဖွယ်ဖွယ်ပါပဲ ဆိုသလို ဖြစ်နေပြီဗျ၊ ခင်ဗျား ဆရာတော်ရဲ့ စာတွေကို ကျနော်နားမလည်တာ အမှန်ပဲ”
“ ဒါလည်း ရှင်းရှင်းလေးပါဗျာ၊ ခင်ဗျားက ဒီအလုပ်ကို လုပ်ဖူးတဲ့သူမှ  မဟုတ်တာ၊ တကယ်တမ်း လုပ်လာတဲ့အခါ နားလည်ဖို့ မခဲယဉ်းလှပါဘူး”
“ ဒါနဲ့ ခင်ဗျားက ဘယ်အဆင့် ရောက်ခဲ့တုန်းဗျ၊ ခင်ဗျား ဖတ်ခိုင်းတဲ့ စာထဲမှာ ဈာန်အဆင့်ဆင့် အကြောင်းတွေ ပါနေသလားလို့ ”
“ မလောပါနဲ့လေ၊ စာတွေပေတွေ လိုအပ်တယ်ဆိုတာ မှန်သော်ငြား တယောက်နဲ့တယောက် တွေ့မြင်ပုံချင်း ခြားနားတတ်ပါတယ်၊ ကျနော့်ကိုယ်တွေ့ကိုသာ ဆက်ပြီး နားထောင်စေချင်ပါတယ်”
ဟုဆိုလျက် ကိုသက်ခိုင်က စကားဆက်ပြန်ပါသည်။
နောက်ထူးခြားတာက ကျနော်ဟာ လေ့ကျင့်ခန်း ဆင်းတော့မယ်ဆိုရင် တန်းဖြုတ်မဲ့ အချိန်ကို စိတ်က ဆုံးဖြတ် လိုက်ရုံပဲဗျ။ ထိုင်ပြီး တမီးနစ် မပြည့်ခင် ကိုယ်ခန္ဓာက ကျောက်တုံးကြီး ချထား သလို ဖြစ်သွားတယ်။ ငါးမိနစ်နဲ့ ဆယ်မိနစ်ဝန်းကျင်မှာ လောကကြီးနဲ့ အဆက်ပြတ်ပြီး နာရီချိန်မှတ် စက်အော်သံကြားရင် ထလိုက်ရုံပဲ။ တော်တော်တော့ဇိမ်ကျတဲ့အလုပ်ဗျ။ဘာမှကို မပင်ပန်းတော့ဘူး။ တနာရီလား ။နှစ်နာရီလား။ တနေကုန်လား လာခဲ့။ ဘာမှ အပန်းမကြီးတော့ဘူး။ နှာဝကလေလား ။နှာဝတင် မကတော့ဘူးဗျ။ နှာခေါင်း အတွင်းပိုင်းထဲကို ထောက်လှမ်းရေးစက် ကလေး တလုံးထည့်ထားသလိုကို ဖြစ်နေပြီ။ သိနေလွန်းလို့ မှတ်စရာဂိာုမလိုတော့ဘူး။ သိသလား မမေးနဲ။ဟေ့ဆိုပြီး မှတ်လိုက်တာနဲ့။အဲဒီ နေရာလေးက  ကျနော်တို့ ထောင်ထဲ လူစစ်တဲ့ အချိန်မှာ အော်သလိုပေါ့။ ရှိ….တဲ့။ရီစရာ ပြောတာပါဗျာ။ အဲဒါ ဖြစ်ပျက်ကို လိုက်ရှာမဲ့စက် ကလေးပဲပေါ့ ဗျာ။
နောက်ပိုင်းမှာ ကျနော်ဟာ အဲဒီ နှာသီးဖျားက လေအဝန်း၊ရေအဝန်းလို အရာကိုသေချာ စပ်စုတော့ ဒါဟာ တွန်းအားတခုကြောင့်ဖြစ်နေတဲ့အလှုပ်သဘော လိုသိလာတယ်ဗျ။အစတော့ လှုပ်နေတာကို ငြိမ်အောင် ထိန်းနေရ တယ်။ စိတ်ကူးတွေ တောင်ရောက်မြောက်ရောက် ဖြစ်ရင် ပိုလှုပ်တယ်။
ဒီတော့ ကျနော်လည်း ဖတ်ထားတဲ့ထဲက မှတ်မိသလောက် မျှပြီးမှန်ကန်တဲ့ အချက်ရှစ်ချက်ကို နားလည် သလောက် စိတ်ထဲက တွေးတယ်။ ဘာတဲ့ဗျာ။ မျှမှန်ကန်တဲ့အပြော။ အလုပ်၊ အသက် မွေးမှု၊ အယူအဆ၊ ကြံစည်မှု ၊ အားထုတ်မှု။သတိထားမှု ၊ တည်ငြိမ်မှုတွေပေါ့။ ထူးဆန်းတယ်ဗျ။
ဘာမှ ကြီးကြီးကျယ်ကျယ်နားမလည်ပေမဲ့ လေအဝန်းဟာ ထင်တာထက် မြန်မြန် ငြိမ်သွားတတ်တယ်။ ကျနော် ခံယူချက်က နားလည်သလောက်ပဲ လုပ်မယ်။ကြီးကြီး ကျယ်ကျယ်တွေ မမှီတာတွေကို ဆက်မတွေးဘူး။သိမှ မသိတာ ဗျာ။ကိုယ်သိသလောက်ပေါ့။ မျှတမှန်ကန်တဲ့ အချက်ရှစ် ချက်ဆိုတာ ပါဠိလို မဂ္ဂင်ရှစ်ပါးကို ပြောနေတာ ဗျ။ 
လယ်တီဆရာတော်ဘုရားကြီးရဲ့ မဂ္ဂင်္ဂဒီပနီမှာ

၁။  သမ္မာဒိဋ္ဌိ၊ ဖြူစင်ဖြောင့်မတ် ကောင်းမြတ်သော ဥာဏ်အမြင် ။
၂။ သမ္မသင်္ကပ္ပ၊ ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော အကြံအစည် ။
၃။ သမ္မာဝါစာ၊ ဖြူစင်ဖြောင့်မတ်  ကောင်းမြတ်စင်ကြယ်သော ဝစီကံမှု။
၎။ သမ္မာကမ္မန္တ၊ ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော ကာယကံအမှု ။
၅။ သမ္မာအာဇီဝ၊ ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သောအသက်မွေးမှု ။
၆။ သမ္မာဝါယာမ၊ ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော လုံ့လဝီရိယမှု၊
၇။ သမ္မာသတိ ၊ ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော မမေ့မလျော့မှု။
၈။ သမာသမာဓိ ၊ ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော စိတ်တည်ကြည်မှု ။ လို့ ဖော်ပြထားသဗျ။ အလွတ်ရလို့ သိပ်အထင်ကြီးမနေနဲ့အုံး၊ စာတွေကိုသေချာကြည့် ခင်ဗျား အလွတ်ကျက်စရာဆိုလို့ စကားလုံး ရှစ်လုံးပဲပါတာ။ ကျန်တာတွေက အနက်တွေထပ်နေတာ။
……………………………
တဖြည်းဖြည်း ကျနော်ဟာ ခန္ဓာကိုယ်အတွင်းပိုင်းကို ထောက်လှမ်းလာနိုင်တယ်။ဘယ်လို လုပ်သလဲ ဟုတ်လား။ ဒုတ်ချောင်းလိုလို ရေစိုင်လုံး လိုလိုမှာ အဆံနဲ့တူတဲ့ ဗဟိုရှိတယ်ဗျ။ တဖြည်းဖြည်း ငြိမ်သက်လာတာနဲအမျှ အဲဒီ ဗဟိုကို ရောက်လာတယ်။ဗဟိုကို ရောက်ချိန်မှာ အဲဒီ စက်ကလေးကို တောင်ရွေ့မြောက်ရွေ့လုပ်လို့ရတယ်။ ငယ်ထိပ်၊နောက်စေ့၊ ခေါင်းဘေး ဖက်ခြမ်း တွေ၊ပါးပြင်တွေ ပုခုံး၊လက်မောင်း တကိုယ်လုံးဆိုပါတော့ဗျာ။အဲဒီမှာ ဘာတွေ့ သလဲ သိသလား။
သတိချပ်လိုက်တဲ့နေရာတိုင်းမှာ အပ်နဲ့ထိုးသလိုလို ။စူးတခုခုနဲ့ဆွလိုက်သလိုလို ဖြစ်နေတယ်ဗျာ။ တခါတခါများ သတိကပ်တဲ့အချိန်ကို ကျနော်တောင် သတိမထားမိဘူး။ရုတ်တရက် ကျနော့်ပါးပြင်ဟာ အမှုန်တွေ ဖြစ်ပြီး ကြွေကျကုန်လို့။ ဟ၊ ငါ့ပါးတော့ သွားပါပြီ။ဘယ်နှယ့် ပါးမှာ အသားတွေ မရှိတော့ပါလား ဆိုပြီး ပါးကို ယောင်ပြီး စမ်းမိတာတွေလည်း ဖြစ်လာတယ်။
တရက်ပေါ့ဗျာ။ ထိုင်ပြီး ဆယ်မိနစ်လောက်ကြာတော့ ကျနော်ဟာ ထုံးစံအတိုင်း လောကကြီးနဲ့ အဆက်အသွယ် ပြတ်နေတဲ့အချိန် ကျနော့်ရှေမှာ ကျုပ်ခန္ဓာကိုယ် အချိုးအစားအတိုင်း တသွေမတိမ်းတူတဲအရိုးစုကြီးဟာ ကျနော် ထိုင်သလိုပုံစံ တပ္ပလင်ခွေထိုင်နေတယ်။သေချာ ကြည့်လေ ဒါဟာ ကျနော်ပဲလို့ သိသာလေပဲ။ အသားတစက်မှ မပါတဲ့ အရိုးစုကြီး ဗျာ။အရိုး တွေက နီညိုရောင် ရင့်ရင့်နဲ။သူဘာလုပ်နေသလဲ ဟုတ်လား။သူက ကျနော်ထိုင်သလို ထိုင်ပြီး ပါးစပ်ကနေ တတွတ် တွတ် ဘာရွတ်မှန်း မသိရွတ်နေတယ်။ရွတ်တာမှ မြန်မြန်ကြီးကို ရွတ်နေတာ ဗျား။ ဒီနေရာမှာ ကျနော်နဲ့ခင်မင်ဖူးတဲ့ နီတွတ်ကျော်ဆိုတဲ့ လူငယ်တယောက်ပြောပြဖူးတဲ့ စိတ်ကငြိမ်နေတဲ့အခါ ရုပ်ကအလုပ်ရှုပ်နေတယ်။ ရုပ်ကငြိမ်နေတော့ စိတ်က အလုပ်ရှုပ်နေတယ် ဆိုတဲ့ စကားတခုကိုပြေး သတိရမိတယ်ဗျာ။


ကျနော်ဟာ မှတ်တယ်ဆိုတဲ့ အလုပ်ကို ဘယ်ပုံစံနဲ့မဆို မှတ်နိုင်နေတယ်။ သွားနေနေ။စားနေနေ လှဲနေနေ၊ထိုင်နေနေ ။အိပ်နေနေ ဘယ်အနေအထားမှာ မဆိုမှတ်နိုင်လာတယ်။တနေ့ ကျနော် ဘေးတစောင်း လှဲနေရင်း မှတ်နေတုန်း ဗြုန်းဆို ကျနော်ဟာ တခြားဘက်ကိုစောင်း သွားတယ် လို့ ရုတ်ကနဲ ထင်လိုက်တယ်။ ငါ လည်းမစောင်းဘဲ နဲ့ ။ဘယ်လို ဖြစ်တာလဲ ဟ ။သေချာထပ်ပြီး ဂရုစိုက်လေ ကျနော်ရဲ့ တခြားသော ခန္ဓာကိုယ်တခု ဟာ ဘေးဘက်ကို လှည့်လှည့်နေတယ်။အော် ငါ့စိတ်ကူးတာတောင် ငါမသိသေးဘူး။သူက လှည့်နေတာ အရင်ပါ လား။နောက်တခါ ရှိသေးဗျာ။ ထိုင်လို့ မကြာခင် ကျနော့်မျက်နှာတည့်တည့်ကို လက်နှိပ်ဓာတ်မီးလို အလင်းတန်း တခုနဲ့ထိုး လိုက်သလို ဝင်းကနဲဝင်းကနဲ လာလာ ပေါ်နေတယ်။ အလင်းအမှုန်အမွှားလေးတွေက ထိုင်ခါစမှာ ပေါ်ဘူးပေါင်းများပါပြီ။ ဒီတခါ က ခပ်ကြီးကြီး ဗျ။
နောက်တခု ဒီအမှုန်တွေဟာ အချိန်တိုင်းလိုလို မတည်မြဲဘူးဗျ။ပြောင်းလဲနေတယ်။ ဘယ်လို ပြောင်းလဲသလဲ ဟုတ်လား။ခဏခဏ ကိစ္စချောပြီး အသစ်ပြန်ဖြစ်နေတာ။ အမြဲပြောင်းလဲနေတာနဲ့ ကိစ္စချောနေတာကို ကျနော်နဲ့ ဆိုင်သလား သေချာစပ်စုတာပေါ့။ စပ်စုသမှ ကျနော်ဟာ အသက် လုံးဝမရှူတဲ့အခြေအနေ ရောက်အောင် လေ့ကျင့်ပြီးစူးစမ်းတာ၊ ဟုတ်လိုက်သမှဗျာ။ ကျနော် အသက်မရှူလည်း သူဘာသူ အမြဲပြောင်းအမြဲ ကိစ္စတုံး နေတာ။အမြဲပြောင်းနေတယ်။ ပျက်စီးသွားတယ်။ အဲဒီ နှစ်ခုကို ထိန်းချုပ်ပြုပြင်လို့ မရဘူး။ ဟုတ်ပါတယ် ဗျာ။ ခင်ဗျားတို့၊ ကျနော်တို့အမြဲ ပြောပြောနေတဲ့ အနိစ္စ၊ဒုက္ခ၊အနတ္ထ၊ ဆိုတာ အဲဒါပါပဲ။
………….
ဒီလို အမှုန်တွေ၊ ကြွေကြွေကျနေတဲ့ကျနော့်ခန္ဓာကိုယ်က အလင်းတွေ အမှုန်တွေ၊စူးနဲ့ အပ်နဲ့ထိုး သလို တွေ၊ နေရာအနှံမှာ လှိုင်းထလှုပ်ရှားနေတာတွေ တွေ့ဖန်များလာ။ လေ့လာဖတ်ရှုမိတဲ့စာတွေလည်း အထိုက်အလျောက် ရှိလာပြီးတဲ့နောက် တနေ့မှာတော့ ကျနော်ဟာ လေ့ကျင့်ခန်း ဆင်းနေရင်း ငါဟာ အမှုန်တွေနဲ့ ဖွဲ့ထားတာ ပါကလား၊အလင်းလိုဟာမျိုးလည်း ပါသေး၊ နောက် လေဖိအားလို ၊ဒါတွေကိုဆွဲစိ ပေါင်းစပ်ထားတဲ့ အရာ။ အားလုံး ကို အသိဥာဏ်တခုနဲ့ဆက်ကာ ဆက်ကာ ဆင်ခြင်မိလာပါတယ်။ငါသာ မဟုတ်၊ ကျနော်လို ဘဝတူရဲဘက် တွေ၊ ထောင်ဝန်ထမ်းတွေ။ တခြား သူတွေ ဒီလိုပဲ ဖွဲ့ထားကြတာပါကလား။အားလုံး၊ အားလုံး။ ကုန်ကုန်ပြော ရင်ဗျာ။ ဘေးမှာ တဝီဝီ အော်ပြီး ပျံနေတဲခြင်တွေ။ ချောင်ကြို ချောင်ကြား လျှောက်သွားနေတဲ့ ကြွက်တွေ အားလုံးဟာ အဲဒီလို ဖွဲ့ထားတာတွေကလည်း ရုတ်တရက် ဖြစ်လာ။ ချက်ချင်းပျောက်သွား၊ နောက် အသစ်တခု ပေါ်လာ။ ဆက်တိုက်ဆက်တိုက် ဖြစ်နေတာပါကလား။
ဒါတွေ ဆက်တိုက်ဖြစ်လာဘို့ မူလစွမ်း အင်တမျိုး၊ ရာသီဥတု၊စားထားတဲ့ အစာ။စိတ်လို့ ခေါ်တဲ့ ထောက်လှမ်းရ ခက်တဲ့အရာတွေ ပံ့ပိုးလိုဖြစ်နေတာပါကလားဆိုတာ တန်းစီပြီး ကျနော့်အသိ ဥာဏ်မှာ ထင်လာပါတော့တယ်။ သိပ်လည်း နားရှုပ်မသွားပါနဲ့ဗျာ၊ ဒါတွေကို စာစကားနဲ့ပြောရင် ရုပ် နာမ်ရဲ့သဘော ဓာတ်ကြီးလေးပါးရဲ့သဘောကို တစတစ သိမြင်လာခြင်းပါပဲ။
………………………..
ဒါတင်မရပ်သေးပါဘူး။ ကျနော်ရဲ့ ဆင်ခြင်တွေးတောမှုဟာ ဒီအမှုန်တွေ အလင်းတွေ စတင် ဖြစ်ပေါ်လာရာ နေရာ တခုဆီကို ရုတ်ခြည်းပြေးသွားပြန်ပါတယ်။ ဘာမှ မရှိတဲ့၊နေရာ အခြေအနေတခုမှာ ရုတ်တရက် ပေါက်ကွဲမှုလိုလို၊ ဧရာမ ဖြစ်ပွားပေါ်ပေါက်မှုကြီးတခုလိုလိုကနေ ဆင့်ကဲ ဆင့်ကဲ ရွေ့လျားပြောင်းလဲ လာတာတွေ၊ တစတစ အချိန်ကာလတွေ၊ကို ဖြတ်သန်းပြီး အမှုန် အလင်းအပူချိန်ဖွဲ့စည်းမှု အမျိုးမျိုးရှိတဲ့ အခြေအနေ အမျိုးတွေကို ကျနော့်စိတ်ကျနော့် ဥာဏ်မှာ ထင်လာပါလေရော။
ဒီကတဆင့် အမှုန်တွေလို မြင်ခဲ့ရတဲ့ ရုက္ခစိုးကအစ ဗြဟ္မာ။အသူရကာယ်။တစ္ဆေ။နတ်ပြည် ဆိုတာ တွေဟာဘယ်ကဘယ်လို ဆက်စပ်မိမှန်း မသိတော့ပါဘူး။ နေရာဒေသသုံးဆယ့် တခု ။သုံးဆယ့် တဘုံဆိုတာပါ ဥာဏ်မှာ တရေးရေးထင်လာပါတော့တယ်။ အမှန်တော့ ကျနော်ဟာ လောကကြီး ဖြစ်တည်လာပုံ၊ ဖြစ်တည်နေပုံရဲ့သဘောကို အထိုက်အလျောက် စောကြောသိမြင်လာခြင်းပါပဲ။
ဒါတွေဟာ စံနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားမှုကြီးပါကလား။ ဘဝပေါင်းများစွာတို့  ကောင်းသောအမှုတို့ မကောင်းသောအမှုတို့ဟာ စိတ်နဲ့ကိုယ် အပြုအမူတွေကတဆင့် စွမ်းအင် သက်ရောက်မှုတွေ ရှိနေပါကလား ဒီထက်ရှုပ်ထွေးနက်နဲတဲ့ ကျနော်နားမလည်တဲ့ရုပ်တွေနာမ်တွေရဲ့ သဘော။ဆက်စပ် ဖြစ်စဉ်တွေလည်း အများကြီး ရှိသေး။ သူနည်းလမ်းအတိုင်း လုပ်ကြည့်တော့ တကယ်ပဲ တွေ့ သိလာတယ်။
မြတ်စွာဘုရား ။ဟုတ်ပါ့ဗျာ။ ဒီစံနစ်တကျ ဖြစ်စဉ်ကြီးကို ရှာဖွေဖေါ်ထုတ်ခဲ့တာ အခု ကျနော်တို့ ကိုးကွယ်နေ တဲ့ဂေါတမဗုဒ္ဓပေါ့။ခုနှစ်လ လေ့ကျင့်တဲ့သူက ဒီလောက်သိရင် မရေတွက်နိုင်တာ လေးကြိမ်၊နောက် ကမ္ဘာတသိန်း ဆိုတဲ့အချိန် ရှာဖွေလေ့ကျင့်တဲ့သူ ဘယ်လောက်များ သိလေမလဲ။
ဆိုချင်သလိုသာ ဆိုတော့ဗျာ။ ကျနော်ဟာ ဘုရားဆိုတာ ဘယ်လိုမှ စာနဲ့ရေးမပြောတတ်လောက်အောင် အထင် ကြီး လေးစားလာပါတော့တယ်။အလေးအမြတ်ထား ရမဲ့အရာအဖြစ် မြင်လာပါ တော့တယ်။
…………………..
ဒါတင် ဘယ်ကမလဲဗျ။ ဒါတွေကို မှတ်တမ်းမှတ်ရာပြုထား ချက်တွေ။မပျောက်မပျက်အောင် ကျနော်တို့လို ကိုယ့်ကိုယ်ကို လူလည်ထင်ပြီး တကယ်တမ်းကျတော့ စမ်းတဝါးဝါးဖြစ်နေတဲ့ ကောင်တွေ သိလာအောင် နည်းမျိုးစုံ အပင်ပန်းခံ ဖြန့်ဝေဟောပြောသွန်သင် ဆုံးမနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ တန်ဖိုးကိုပါ ဆက်တိုက်သိလာတော့ တာပေါ့။ တယ်လည်း အရေးကြီးပါလား။နည်းစံနစ်ကို သိရင် အထက်ကိုလည်း တက်နိုင်တယ်။ မသိရင် ယောင်ချာချာ နဲ့နေလို့ထိုင်လို့ ဘယ်လိုမှ မအေးချမ်းတဲ့နေရာတွေကို ရောက်နိုင်တယ်ပေါ့ဗျာ။လွယ်လွယ်ပြောရင် ငရဲကျတယ်ဆို ပါတော့။
အေးဗျာ။ ကျနော် စာစကားတွေကို ရှောင်လွှဲပြီး တမင်ပြောနေတာတောမဟုတ်ရပါဘူး။ ကျနော် တွေ့မြင်ခဲ့သလို ပြောပြနေတာပါ။အဲဒီလို အသိဥာဏ် အစဉ်အတန်းတွေ ပေါ်လာတဲ့ အချိန်မှာပဲ ကျနော်ဟာ တန်ဖိုးကြီးလွန်းလို့ရတနာသုံးပါးလို့ခေါ်တဲဘုရား၊တရား၊သံဃာ ဆိုတာကို မြတ်နိုး လေးစားခဲ့တော့တာပါပဲ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ဓမ္မံသရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ ပေါ့။ရင်ထဲက ဂစ္ဆာမိနော်။စာထဲက ဂစ္ဆာမိ မဟုတ်ဘူး။ ကျနော်ဟာ ဒေါင်ဒေါင်မြည် ဗုဒ္ဓဘာသာဝင်တယောက် ဖြစ်ခဲ့ပါပြီ။
ရတနာသုံးပါးကို လေးစားယုံကြည်စရာလို့ ကျနော်ကပြောရတာ စကားလုံးရှာရ ခက်တယ် ဗျာ။ ကျနော်လိုလူက ဒါကို ပြောတော့ မူလတန်ဖိုးပျက်မှာတောင် စိုးရိမ်တယ်။ယောမင်းကြီး ဦးဖိုးလှိုင် ရေးတဲ့ကျမ်းတွေကို စာမဖတ်တတ် တဲ့ သူ့မြင်းထိန်းငတာက ကောင်းလှချည့်ရဲ့ဆိုပြီး အရပ်ထဲ လျှောက်ပြောတော့ ယောမင်းကြီးကြားတော့ ငတာ့ကို ခေါ်ပြီး ရော့၊ ငတာ၊ ပုဆိုးနှစ်ထည်ယူလိုက်။ နောက်ကို လျှောက်မပြောနဲ့ တားတာတောင် သတိရသဗျာ။
………………….
ခင်ဗျား လည်းလုပ်ကြည့်ချင်တယ် ဟုတ်လား။ လုပ်ကောင်းတဲ့အရာပဲဗျ။သို့သော် ကျနော် လုပ်သလို တသွေမတိမ်း လိုက်မလုပ်ပါနဲ့။ ကျနော်ပြောတာ အကုန်မယုံပါနဲ့။ကိုယ်ပိုင်ဥာဏ်ကို သုံးပါ။ ဇွတ်လုပ်တာ၊ ခပ်ပျော့ပျော့လုပ်တာ မျိုးတွေ မလုပ်ပါနဲ့။ တိတိကျကျ ပြောရရင် အစွန်းတရား နှစ်ပါးကို ရှောင်ပါ။ထင်ရာကို ကောက်ချက် မဆွဲပါနဲ့။ ကျမ်းဂန်နဲ့တိုက်ဆိုင်ဘို့လိုတဲ့ နေရာမှာ တိုက်ဆိုင်ပါ။ သို့သော် တလုံးမကျန် အတည် မယူပါနဲ့။ ဒီနည်း စံနစ်ဟာ ထိန်းချုပ်မှု ။တည်ငြိမ်မှု ။တွေးခေါ်မျှော်မြင်မှုတွေနဲ့ အခြေခံထားတာပါ။အခုလောက်ဆို ခင်ဗျားလည်း ဖြစ်ပျက်ကို ရိပ်မိလောက်ပါပြီ။ ဒါပေမဲ့ ကျန်သေးတယ်ဗျ။နားထင်ကို တူနဲ့ထုသလို ရှင်းသွားအောင် ဒီမှာ ကျနော်တို့ ခင်ဗျားတို့ ခန္ဓာကိုယ် တည်ဆောက်ထားတဲ့ အမှုန်တွေအကြောင်း ရေးထားတာလေးကို ဖတ်ပါအုံး။ လိုလို့ပြောတာပါ။ ဗုဒ္ဓဘာသာဝင် တော်တော်များများဟာ ကိုယ်ကိုးကွယ်တဲ့  ဘုရားကို ဂုဏ်တင်လိုစိတ်နဲ့ ဂေါတမဗုဒ္ဓဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ကတည်းက အက်တမ်ကို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့တာကွ၊  ဘာညာ ဆိုပြီး လေတလုံးမိုးတလုံး ပြောသံတွေ ခင်ဗျားလည်း ကြားဖူးမှာပါ။ ဒါပေမဲ့ ဘယ်လိုခွဲခြမ်းစိတ်ဖြာထားသတုန်း မေးရင် တော့ ဖြေနိုင်သူရှားအံ့ထင်ပါရဲ့။



ဟုတ်တယ်။ သေက္ချတောင်ဆရာတော် အရှင်တိလောက မထေရ်ရဲ့ ပဏ္ဍိတဝေဒနိယကျမ်းပညာရှိ ရဲ့ခံစားချက်(သုံးဆောင်ခံစားရန်)လို့ ခေါ်မလား။စာမျက်နှာ ၁၃၃ ကို လှန်လိုက်။
…………………………
တပည့်တို့။ ပရမတ္ထရုပ်ကလာပ်ကား သူဘာသာသူ ဖွဲ့စည်း၍ နေသော သယံဇာတ ချည်းသာ။ ဤသမူဟ ရုပ်ကလာပ်သည်ကား သူဘာသာ ဖွဲ့စည်း၍ဖြစ်နေသော သယံဇာတ ရုပ်ကလာပ် လည်းရှိ၏။ သူတပါးတို့ဖွဲ့စည်း အပ်သော ပရံကတကလာပ်လည်း ရှိ၏။
လူတကောင်သည် သူ့ဘာသာသူ ဖွဲ့စည်း၍ ဖြစ်နေသော သယံဇာတရုပ်ကလာပ် တခုမည်၏။ ပရမတ္ထ ရုပ်ကလာပ်ပေါင်း သိန်းသန်းကုဋေလောက် သမူဟကလာပ် ဖွဲ့စည်းပေါင်းစုမိလျှင် ပရမာ အနုမြူလောက်ကြီးသော အထည်ဝတ္ထု ရုပ်ကလာပ်ခဲကလေး တစ်ခုဖြစ်၏။
ပရမတ္ထ ရုပ်ကလာပ်၏ အထည်ဝတ္ထုအကြီးပမာဏကိုကား ဤသို့သိရမည်။ဦးခေါင်းက သန်းတကောင်ကို ခုနှစ်စိတ်စိတ် ၍ တစ်စိတ်စာသည် လိက္ခာ မည်သောပိုးတစ်ကောင်။
၁။ (ဤ ပိုးကား လူတို့၏ ကိုယ်၌ ခို၍ ဖြစ်နေသောပိုးတည်း။ဝဲနာ ယားနာတို့ကို ဖြစ်စေတတ်၏။)ဤ လိက္ခာပိုး တစ်ကောင်ကို သုံးဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်စာသည် ရထေရေဏုမြူ တစ်ခု။
၂။(လှည်းရထား မောင်းသောအခါ ထသော ဖုန်မှုန်ကလေး တွေကို ရထေရဏုမြူ ခေါ်သည်။ ဤ ရထေရေဏုမြူ တစ်လုံးကို သုံးဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်စာသည် တဇ္ဇာရီမြူ တစ်ခု။
၃။(တဇ္ဖာရီမြူကိုကား လူအိုများ မမြင်ရ။လူပျိုရွယ်များမှသာလျှင် မြင်ရ၏)။ဤ တဇ္ဖာရီမြူ တလုံးကို သုံးဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ် စာသည် အဏုမြူတစ်ခု။
၎။(နံနက် ညချမ်းအချိန်အခါ ၌ နံရံပေါက် စသည်မှ ဝင်သော နေရောင် အတွင်း၌ ထင်မြင်ရသော အမှုန်နု ကလေးတွေကို အဏုမြူခေါ်သည်။နေရောင်နှင့် အခန့်သင့်သော်လည်းကောင်း၊ ရောဂါကင်းသော ကလေးငယ်များ သည်လည်းကောင်း ၊အလွန်ကြည်လှစွာသော၊ ဘိလပ်တိုင်းဖြစ် မျက်မှန်ကောင်းကောင်း တပ်၍လူပျိုလူရွယ်များ သည်လည်းကောင်း မြင်ရသေး၏။) အဏုမြူတစ်လုံးကို သုံးဆယ့်ခြောက်စိတ်စိတ်၍ တစိတ်စာသည် ပရမာဏုမြူ တစ်ခုမည်၏။
၅။(ဤ ပရမာဏုမြူကိုကား လူများ မျက်စိဖြင့် ကောင်းစွာ မမြင်ကောင်းပြီ။တန်ခိုးကြီးသော နတ်၊ ဗြဟ္မာများ မျက်စိမှ သာလျှင် မြင်နိုင်ကောင်းတော့သည်။)
ဤ ပရမာဏုမြူထက် အဆတစ်သိန်း တစ်သန်း တစ်ကုဋေမျှလောက် သာလွန် အင်မတန် သိမ်မွေ့သော ပရမတ္ထ ရုပ်ကလာပ် တခုကိုကား ပကတိ မံသမျက်စိနှင့်ကြည့်၍ ဘယ်သူမှ မမြင်ကောင်းပြီ။ မမြင်နိုင်ပြီ။ အလွန် တည်ကြည်လှသော သမာဓိ မျက်မှန်တပ်၍ အလွန်တည်ကြည်လှစွာသော ဥာဏ်မျက်စိနှင့် ကြည့်မှသာလျှင် မြင်နိုင်တော့သည်။
(အနည်းငယ်ချုံ့ ထားသည်။ မူရင်းသတ်ပုံအတိုင်း။ )
………..
ဟား။ ခင်ဗျားလည်း ကျမ်းနဲ့ စိမ်းတော့ သန်းတဲ့ကိန်း ဆိုက်သွားပြီ။ကဲပါ။ အိပ်ချင်ပြေသွားအောင် ကျနော့်ဧည့်သည် လိပ်မလေးအကြောင်း ပြောပြမယ်ဗျ။ဟုတ်တယ်။ လူယောင်ဆောင်ပြီး လာလည်တဲ့ လိပ်မလေး။ဒီလိုဗျ။
ကျနော်ဟာ အထိုက်အလျောက် လမ်းမှန်ကိုတွေ့တဲ့ အချိန်မှာ သမထအားကောင်းလွန်းလို့ တနည်းအားဖြင့် ဇိမ်ကျ တဲ့ဒါဏ်ကို မခံနိုင်လို့ စိတ်လွတ်သွားတဲ့  အချိန်တွေရှိတယ်။ဒါလည်း သတိထားသင့်တဲ့ အချက်ပဲ။
ကျနော်ဟာ စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းလာတယ်။ လောကကြီးကို ရဲရဲဝံဝံရင်ဆိုင် တတ်လာတယ်။ ကျန်းမာလိုက်ပုံများ ကျနော်ဟာ ရှိရင်းစွဲ အသက်ထက် ၁၀နှစ်လောက် ပြန် နုပျိုလာ တယ်။ခင်ဗျား ကျနော့်ကို ၄၀ ဝန်းကျင်ထင်နေတာ၊ကျနော့်အသက် အခု ငါးဆယ်ပြည့်နေပြီ။ ပုထုဇဉ် ဘဝက မကျော်သေးတာကြောင့် ကာမဂုဏ် စိတ်ပြင်းထန်စွာ ထ ပေါ်တတ်တဲ့ အချိန်တွေနဲကြုံခဲ့တယ်။ ကျနော့်အဖြစ်ကို ကျနော်ပြောတာ တခြား တရားသမား တွေကို မဆိုလိုဘူး။
အဲဒီမှာ လိပ်မလေးနဲ့တွေတာပေါ့ဗျာ။လူယောင်ဆောင်လာတယ် ဆိုပါတော့။ ဒီကိစ္စမှာလည်း ခင်ဗျားကို ကျနော်နားလည်ထားတဲ့ သုံးဆယ့်တဘုံဆိုတာ ရှင်းပြချင်သေးတယ်။နတ်ပြည်တို့ငရဲတို့ဆိုတာ အမေရိက တိုက်ကြီးလို လက်ညှိုးထိုးပြလို့မရတော့ ခင်ဗျားလည်း ယုံဘို့ခက်မယ်။ အလွယ်ဆုံးနည်းနဲ့ ကျနော်ရှင်းပြမယ်။
ဟိုမှာကြည့်လိုက်။ ထရံကြားကနေ နေရောင်ဝင်လာတယ်။ အဲဒီနေရောင်အောက်မှာ အမှုန်တွေ တွေ့ရတယ်။ မြင်တယ်နော်။ အဲဒီ အမှုန်တွေဟာ ခင်ဗျားနဲ့ကျနော့်ရဲ့ဘေးမှာလည်း ရှိတယ်။ ဒါပေမဲ့ ဒီနေရာမှာ နေရောင်မရှိတော့ မမြင်ရဘူး။ထိုနည်းလည်းကောင်းပဲ။ ခင်ဗျားတိုကျနော်တို့မှာ သမာဓိ အလင်းနဲ့ဥာဏ်အရောင်မရှိလို့ မမြင်ရတာ။ ဒါဟာ ကျနော်ရဲစာတွေလက်တွေအယူအဆ ။ခင်ဗျား လက်ခံတာ ငြင်းပယ်တာ ခင်ဗျားအလုပ်။သို့သော် ဥာဏ် အလင်းရောင် မရသေးပဲ မရှိဘူးလို့ တော့ ဇွတ်မငြင်းစေချင်ဘူး။ကဲ ၊လိပ်မလေးပုံပြင် စ ရအောင်။



တကယ့် လူရွယ်တယောက်လို သန်စွမ်းမှုတွေ ဖြစ်လာပြီး စိတ်က ကာမဂုဏ်ဘက်ကို ညွှတ်ခဲ့တဲ့တနေ့ပေါ့ဗျာ။ လုပ်နေကျ လေ့ကျင့်နေခန်းကတော့ မပျက်ပါဘူး။ ဒီစိတ်ပေါ်တယ်ဆိုတာလည်း သူများမသိရင်သာရှိမယ်။ ကိုယ့်ကိုယ်ကိုတောသိတယ်။ကိုယ့်ဇနီးမယားနဲ့အတူ ရှိနေရင်လည်း ဒီကိစ္စ မပေါ်လောက်ဘူး။ရဲဘက်ဆိုတာ ခင်ဗျားသိတဲ့အတိုင်း အလိုရှိချိန် ဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူး။
အဲဒီည အိပ်ရာအဝင်၊ ကျနော့်မှာ ကာမဂုဏ်စိတ်ပြင်းပြနေတော့ ကာမဂုဏ်ညစ်ညူးကြောင်းတွေ တတ်သလောက် မှတ်သလောက် မှတ်ပြီးဖြေတာပေါ့။ကိုယ့်ကိုကိုယ်လည်း ပြေလောက်ပြီထင်တာပေါ့။ဒါပေမဲ့ဗျာ။
ကျနော် အိပ်တဝက်နိုးတဝက် အချိန် ဆိုရမလား။တကယ်ဆို မအိပ်တဲ့ဘက်က ပိုများတယ်ဗျ။ ရုတ်တရက်ဆိုသလို ကျနော့်ဘေးကို အသက်နှစ်ဆယ်ဝန်းကျင် မိန်းကလေးတယောက် ရောက်လာတယ်။ အဲဒီညက အပြင်မှာ လေတဟူးဟူး တိုက်နေတောကျနော်စောင်ခြုံထားတာ။ သူက စောင်ထဲဝင်ပါရစေ ခွင့်တောင်းနေတယ်။ ကျနော့်မှာ ဟိုစိတ်ဒီစိတ်ထက် အံသြနေလိုဘာပြန်ပြောရမှန်း မသိဘူး။သမာဓိလည်း အထိုက်အလျောက်ရှိနေတော့ခွပ်လိုက်ကြဟေ့ သူငယ်ချင်းလို့လည်း မပြောဖြစ်ဘူး။အဲဒီ စိတ်လည်း ပျောက်နေတာ အမှန်ပါ။
ကျနော်က အူကြောင်ကြောင်လုပ်နေလေလေ။ သူက စောင်ထဲကို ဝင်ပါရစေ။ထပ်ချည်းတလဲလဲ ပြောနေတယ်။ နောက်ဆုံးကျနော်လည်း ဝင်ချင်လည်းဝင်နေပေါ့ဆိုပြီး သဘောတူလိုက်တယ်။ သူ ကျနော့်ဘေးမှာ အိပ်ပေ့စေပေါ့။ တကယ်ပါ ကျနော်မလိမ်ပါဘူး။
ဒါတင်မပြီးသေးဘူးဗျာ။ သူက သူဘက်ကိုတိုးတဲ့။သူကိုဖက်ထားတဲ့။ကျနော်လည်းနားငြီး အေးရော ဆိုပြီး ဘယ် ဘက်လက်နဲ့ဖက်ထားလိုက်တယ်။ သူက နောက်တမျိုးထပ်တိုး လာပြန်တယ်။ သူ့ခါးပေါ်ကို ကျနော့်ခြေထောက် တင်ထားတဲ့။ကဲ ။တင်ရုံတင်တော့ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး သူ့ခါးပေါ်လည်းကျနော့်ခြေထောက် တင်လိုက် ရော၊ ကျနော့်ခြေထောက်က အထိအတွေ့ဟာ မာကြောကြော ဖြစ်နေပါတယ်လို့။  ထင်မိတာကြောင့် စောင်ကြား ကနေ အဲဒီမိန်းကလေးရဲ့ အောက်ပိုင်းကို ကြည့်လိုက်တော့ လားလား ။ကျနော်ဟာ လိပ်ခွံကြီးတခုကို ခြေတင်ထား နေပါလား။ ကျနော်လည်း လန့်နိုးလာရော ဆိုပါတော့ဗျာ။
……………………….
အားမကျနဲ့၊ ဒါဟာ ဝိပဿနာညစ်ညူးကြောင်းနဲ့သမထလမ်းလွဲတွေဗျ။ဒါတင်မကဘူး။ ဝိဥာည်လောကက မိန်းမ တွေ လည်းလာတာပဲ။လာလွန်းလို့တခါတခါ လန့့််တောင်လာတယ်။ သူလာပုံက တမျိုးဗျာ။
သူတို့လာတော့မယ်ဆိုရင် ကျနော်က လုံးလုံး အိပ်မပျော်သေးဘူး။ အကောင်းကြီး ရှိနေသေးတာ။ အိပ်ရာထဲတော့ ရောက်နေပြီ။သူလာခါနီးရင် ကျနော်ဟာ ဓာတ်ကြိုးအားခပ်ပျော့ပျော့ကို ကိုင်မိသလို ဖြစ်လာတယ်။ သူအနား ရောက်လာပြီး လူချင်းထိတာနဲ့ ကျနော့်ငယ်ထိပ် တည့်တည့်ကို အပြင်းစားဓာတ်လိုက်သလို ဖြစ်လာတယ်။ သူက ကျနော့်ငယ်ထိပ်ကနေ ကျနော့် ခေါင်းကတဆင်ခန္ဓာကိုယ်ထဲ ဝင်တာဗျ။ အထဲရောက်တာနဲ့သူထင်တာ သူလုပ် တော့တာပဲ။ ကျနော်က အော်လည်း မအော်နိုင် အညှို့ခံရသလို ဖြစ်ပြီး သတိလွတ်သွားတာပဲ။လွတ်သွားတဲ့ အချိန် မှာ ကျနော်ဟာ သူနဲ့တသဘောတည်း ဖြစ်နေတယ်။ ဘယ်လောက်ကြာမှန်းတော့ မသိဘူး။ သူလည်း ထွက်သွား ရော။ ကျနော်လည်း လန့် ထိုင်မိတော့တာပဲ။
မိန်းမတွေချည်း မဟုတ်ဘူးဗျ။ ယောက်ျားဧည့်သည်လည်းရှိတယ်။ ကိုယ်တော်တွေကတော့  ကျနော့်ကို ဘာမကျေ နပ်သလဲ မသိဘူး။ လာတာနဲ့ ကျနော့်ကို ပညာပေးတော့တာပဲ။ ဟုတ်တယ် ။ကျနော့်ကို တခုခု ပြောတယ်။ ကျနော်က အူကြောင်ကြောင် ဘာပြန်ပြောရမှန်း မသိပဲ နေတာနဲ့ ကျနော့်လည်ပင်းကို ညှစ်တော့တာပဲ။ ထုံးစံ အတိုင်းအော်လို့မရ ။ ရုန်းလို့မရနဲ့။ အချိန်အတော်ကြာ ရုန်းမှလွတ်တယ်။ တခါလည်းမဟုတ်။ နှစ်ခါလည်း မဟုတ်တော့ ကျနော်လည်း စိတ်ရှုပ်လာတယ်။ ဘယ့်နှယ်၊ငါ သူတော်ကောင်း အလုပ်လုပ်နေတာ ဒါတွေ ဘာလို့ အကြိမ်ပေါင်းများစွာ လာနေရပါလိမ့်ပေါ့။နောက်တော့ နည်းတွေ့သွားတယ်။ ဘယ်နည်းလဲဟုတ်လား။ မင်းကွန်း၊ တိပိဋကဓရ၊ ဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရာဘိဝံသရဲ့အရပ်ဆယ်မျက်နှာ မေတ္တာဘာဝနာပွားနည်းပေါ့။ ဘယ်လိုသိလဲဟုတ်လား ။ တရားတွေနာ၊စာတွေ ဖတ်လို့သိတာပေါ့။အေးလေဗျာ။ ဗုဒ္ဓဘာသာဝင်တိုင်းလိုလို သိနေတဲ့ အရှေ့အရပ်၌ရှိသော အနန္တစင်္ကြဝဠာ… အစချီတဲ့ မေတ္တာပို့နည်းပါပဲ။
……………………………..
ခင်ဗျား ကြည့်ရတာ သူတို့ဘာလို့လာသလဲလို့ သိချင်ပုံရတယ်။ လွယ်ပါတယ်ဗျာ။ ကျနော်လေ့ကျင့်နေတဲစိတ်နဲ့ရုပ် ရဲ့အမှုန်တွေအနေအထားဟာ သူတို့ဆက်သွယ်ကူးလူးလို့ရတဲ့ အခြေအနေ ဖြစ်နေလို့ဗျ။သူတို့ရဲ့ ဖွဲ့စည်းပုံ ကလည်း အမှုန်နဲ့မကင်းဘူး။ ယုံချင်မှ ယုံနော်။ ကျနော့်အယူအဆ ပြောတာ။နောက်တခုက ခင်ဗျားလည်း ကျနော်လုပ်တဲ့ လေ့ကျင့်ခန်းမျိုးလုပ်ခဲ့လို့ ဒါမျိုးကြုံရင် ရှောင်ရန် ဆောင်ရန်အနေနဲ့ ပြောနေတာ။
……………………
ကဲ လိုရင်းဆက်ရအောင် ။လေ့ကျင့်တဲ့အချိန်ရော စာဖတ်တာကော အထိုက်အလျောက် များလာတဲ့အခါ အမှုန်တွေ လှုပ်ရတဲ့ အကြောင်းကို ကျနော်သိလာတယ်။ ကျနော်တို့ ခန္ဓာကိုယ်ဟာ တကယ့်ကို စက်ကြီးဗျ။အာရုံခံ ကိရိယာ ပေါင်းစုံတတ်ထားတဲ့စက်ကြီး။
အရာဝတ္ထုတွေကို မြင်ကွင်းတွေကို မြင်နိုင်တဲ့ဗွီဒီယို ကင်မရာနဲ့တူတဲ့မျက်လုံး။ အသံဖမ်း စက်နဲ့တူတဲ့နား။အနံ့ခံ စက်နဲ့တူတဲ့ နှာခေါင်း ။အရသာကို ခံစားဖော်ပြနိုင်တဲ့လျှာ။ထိ လိုက်တာနဲ့ ထ ထအော်တဲစက်နဲ့တူတဲ့ ခန္ဓာကိုယ်။ ဘာမဆို လက်ခံတွေးတောနိုင်တဲ့စိတ်၊ ဒါတွေဟာ အားလုံး စက်တွေလို အမြဲအလုပ်လုပ်နေကြတာဗျ။
ကျနော့်ကိုယ်တွေ့လေ။ ကျနော်ကြိုက်တဲ့ တွံတေးသိန်းတန် သီချင်းသံကြားရင် ကျနော်မှတ်နေတဲ့ လှိုင်းက ငြိမ်နေ တယ်။ ထောင်ဝါဒါလာတဲ့ အသံကြားရင် လှိုင်းက ပြင်းထန်လာတယ်။ တခြား အာရုံခံ ကိရိယာတွေလည်း ထို့နည်း လည်းကောင်းပဲ။စိတ်ထဲမှာ အေးချမ်းတာတွေးတဲ့အခါ ငြိမ်တယ်။ စိတ်တို စရာတွေးမိရင် ဝုန်းဒိုင်းကြဲတယ်။ မျက်စိ၊ နား၊ လျှာ၊ကိုယ်၊စိတ် အားလုံး ဒီသဘောပါပဲ။
သေချာစဉ်းစားကြည့်တော့ သူ့ဘာသာ မြင်နေကြားနေတာ ကျနော်တို့နဲ့မဆိုင်ဘူးဗျ။ ကျနော့်ရဲ့ အမှုန်တွေအပေါ် သုတေသန ပြုချက်အရ သူ့ဘာသာ သူ့အလုပ်သူ လုပ်နေတာ ။ကျနော်တို့က ငါနဲ့ဆိုင်တယ်၊ ငါလုပ်တယ်၊ ငါကြား တယ်လိုတလွဲယူလို့ နောက်ဆက်တွဲ ပြဿနာတွေ ရှုပ်ကုန် တာ။
ခင်ဗျားနားရှုပ်သွားပြီ ထင်တယ်။ လွယ်လွယ်လေးပါဗျာ။ ကိုယ်ခန္ဓာကို တကယ်တမ်း ဖွဲ့စည်းထားတဲ့ အမှုန်တွေဟာ အမြဲတည်တန့်နေတာ မှမဟုတ်တာ။ ရုတ်တရက်ဖြစ်လာ ရုတ်ချည်း ပျောက်သွားတာ မဟုတ်လား။ ဘယ်မှာလာပြီး အိုင်အမ် ဆရာကြီးဆိုပြီး ပြောလို့ ဖြစ်ပါ့မလဲ။ တခုတော့ ရှိတယ်။ အခု ခင်ဗျားသိလည်း ကြားလို့သိတာပဲ ဖြစ်မယ်။ ဖတ်လို့သိတာလည်း ရှိမယ်။ ဂဃနဏ သိဘို့က ဝိပဿနာဥာဏ်၊ဘာဝနာမယဥာဏ် ဆိုတာလိုတယ်။ ထိုးထွင်းသိခြင်း ဆိုပါစို့။ ဒီထက်ဆက်ပြီး ကျနော်လည်း ဆက်မရှင်းတတ်တော့ဘူး။ ထိုးထွင်းသိချင်ရင် ထိုးထွင်း သိနိုင်တဲ့ လေ့ကျင့်ခန်းကို လုပ်ပါလို့ သာပြောပါရစေ။
ကိုယ်တိုင်လုပ်ကြည့်တော့ခင်ဗျားကိုယ်ခန္ဓာ ဖွဲ့စည်းပုံနဲ့ အလုပ်လုပ်ပုံကို သိလာမယ်။ ကျနော်လည်း ဒီနည်းနဲ့ သိခဲ့တာပဲ။တော်တော်ကို အလုပ်ရှုပ်တဲ့ ခန္ဓာဗျ။မမွေးခင်ကတည်းက ရှုပ်လာလိုက်တာ သေတဲ့အထိ ရှုပ်တုန်းပဲ၊ မြင်လည်း ဝုန်းကနဲ ဖြစ်။ကြားလည်းဝုန်းကနဲဖြစ် ။တွေးလည်း ဝုန်းကနဲ ဖြစ်။အချိန်တိုင်း နေရာတိုင်း တဝုန်းဝုန်း ဖြစ်။ တဝုန်းဝုန်းဖြစ်တာ ငါနဲ့ ဆိုင်တယ်လို့ တွေးလေ။ ပိုဝုန်းဒိုင်းကြဲလေ ။
ကြဲလေ မကျေနပ်လို့ငါကွလို့ထပ်တွေးလေ ။ဆိုးသထက်ဆိုးလေ။ တော်တော်ကြီးတဲ့ ဒုက္ခပါလား။ အေးပေါ့ဗျာ။ ဒုက္ခဆိုတာ အမြဲရှိတယ်ဆိုတာ ရေးတေးတေး ဖြစ်လာတာပေါ့။အဲဒီ ဝုန်းဒိုင်းကြဲတာတွေ အားလုံးဟာ ကိုယ်က တနည်းနည်းနဲ့ ပါတ်သက်လို့ ဖြစ်တာဗျ။
ကဲ ခင်ဗျား ထပ်ပြီးသန်းနေပြီ။ နားလိုက်ရအောင် ကျနော်ကလည်း ခွဲခါနီး အဆုံးသတ်သွားချင်လို့ဗျို့။ ဘယ်တော့ခွဲ မှာလဲဟုတ်လား ။မသိချင်ပါနဲ့ကျနော်လည်း မသိဘူး။သို့သော် ဆုံးခန်းတိုင်အောင်တော့ ကျနော်သိသမျှ ပြော ခဲ့မယ်။မကြာတော့ပါဘူးဗျ။ နောက်တရက် နှစ်ရက်ပေါ့။
ခင်ဗျားကို ကျနော်အားနာလာပြီဗျာ။ဟုတ်တယ် ။ကျနော်လေကြောရှည်နေတာကို သည်းခံနားထောင်နေလို့ ။ဒါပေ မဲ့ဗျာ။ ခင်ဗျား အကျိုးမယုတ်စေရဘူးဆိုတာ ကျနော်ရဲရဲ ကြီးအာမခံတယ် ။လူ့လောကကြီးထဲကို ရောက်လာပြီး ဒီ နည်းစံနစ်ကြီးကို မသိခဲ့ဘူးဆိုရင် ရခဲလှတဲ့ လူ့ဘဝဟာ အချည်းအနှီးပဲဗျ။
တကယ့်ကို စံနစ်ကျတဲ့ ဖြစ်စဉ်ကြီးပါဗျာ။ကျနော်လည်း အစက မသိဘူး။စောစောကပြောတဲ့ လောကကြီးဟာ နေရာတကာမှာ အထုပ်ရှုပ်ကြီးတို့။အာရုံခံ ကိရိယာတွေရဲ့ ကွင်းဆက်တို့ဆိုတာ ကျနော်လည်း တဖြည်းဖြည်းချင်း၊ ဆက်၊ဆက် သဘောပေါက်လာတယ်။အဲဒါကမိုးကုတ် ဆရာတော်ကြီးရဲ့ ကျေးဇူးဗျ။အင်း ခင်ဗျားတို့ပြောနေကျ စကားအတိုင်းဆိုရင် ရေစက်ပေါ့။ ကဲပါ။ ရေစက် ဖြစ်ဖြစ် တုံကင်ဖြစ်ဖြစ် ကျနော်နဲ့ မိုးကုတ်တရားတော် ရေစက်ဆုံပုံ လေးနားထောင်ပါအုံး။ နည်းနည်းတော့ ရီစရာကောင်းသလိုပဲ။ ဒီနေ့အတွက်တော့ နားလိုက်ကြအုံးစို့ဗျာ။
 (ဆက်လက်ဖော်ပြပါမည်)

ရုပ်ပုံ။   ။ ဂူဂဲလ်

လော် တမ်းချင်း

$
0
0




 “လော်” တမ်းချင်း

ဗုဒ္ဓဿ၊ သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရား၏
ဓမ္မံတရားတော်မြတ်နှင့် သံဃာတော်အရှင်မြတ်တို့ကို ပူဇော်ရန်အချိန်သို့ ကျပါပြီ။
ဣမံပိဏ္ဍပါတ။ဤဆွမ်းခဲဘွယ် ချိုချဉ်သစ်သီးတို့ကို
ဆက်ကပ်လှူဒါန်း ပူဇော်ရန် အချိန်သို့ ကျပါပြီဖြစ်ပါသောကြောင့်
 မိမိတို့ အိမ်ဂေဟာမှ ဆွမ်းချက်ရန် ထ တော်မူကြပါ့ ၊
ဘွန္တော သပ္ပူရိဿအပေါင်း သူတော်ကောင်းတို့ ။
(ကြေးစည်သံလေးပေးကာ ပေးကာ နှိုးဆော်ပါတဲ့ ငဘတို့ရွာ
ကျက်သရေမင်္ဂလာ ရှိလိုက်ပုံက လင်းရောင်ခြည်ဖြာ ချိန်ခါမှာ)၂ ။ 

…………………
မေးပါရစေတော့ လဗိမာန်မှာကွယ်၊ ယုန်ရုပ်ကိုကွယ် ရေးတာ ဘယ်သူလဲကွဲ့၊
ငယ်ရွယ်သူအပေါင်း ထင်လင်းစွာ သိစေကြောင်းရယ်၊ စုံစုံလင်လင် ပြောပြရင်ဖြင့် သောတဆင်ချင်တယ်၊
ဒို့ဘုရားရှင် နုစဉ်တုန်းက ပြုကျင့်ခဲ့တဲ့ ပါရမီပါကွယ်၊ မှတ်သားစရာဇာတ်ကြောင်းကို တေးဖွဲ့လို့ သီကာဆိုမယ်။
ဟိုရှေးအခါက တိုင်းဗာရာဝယ်။ 

………………

ထွေးညိုလေးရယ် အဆွေးဆိုတာ ဖျောက်ဖျက်ပစ်ရမယ်။
မျှော်လင့်ရည်မှန်းထားတဲ့ ပန်းတိုင်အသွယ်သွယ် ရလာတဲ့တနေ့မယ်။
တေးဆိုကာကွယ် ၊ထွေးညိုကို ချော့ဖို့…။
ဟိတ် ၊သာဒင်ကိုဘာထင်သလဲ ။ 

………………….
ဗိုလ်အောင်ဒင်ဟေ့ ဗိုလ်အောင်ဒင် ထောင့်ငါးရာကွန်ယက်ထဲက ရုန်းမထွက်နိုင်တဲ့ ဗိုလ်အောင်ဒင်၊
ဟေ့ကောင် ရာမ၊ ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံသာ ရှိတော့မပေါ့ ရာမရာ
 ယောက်ျားဆိုရင် ဘောက်ဆင်လေးတော့ ထိုးတတ်ရမှာပေါ့၊ ကမ်းအွန် ချဲလင့်။
ဟား ဟား ဟား သိပ်ကြောက်သွားသလား ဦးဘချစ်၊ မိုးပေါ်ထောင်ပစ်တာပါဗျာ။

……………….
ယု ၊
အကိုကြီး
ဟေ့၊ ကြာကူလီ ဆရာဘခက် သစ္စာဖောက် ၊ အစကတော့ ခင်ဗျားကြီးပဲ ဘာလေးညာလေးနဲ့၊
ကဲကွာ၊ ဟာ အရေးထဲ ခွေးသေနတ်ထဲက ကျည်ဆံတွေ ဘယ်ရောက်ကုန်ပါလိမ့်။
အော် အောင်ဘော် အောင်ဘော်၊ မင်းမလည်း အခုထက်ထိ မိုက်နေတုန်းပဲကိုး၊
ရော့ ဒီသေနတ်ကိုယူ ၊ငါ့ကိုပစ်သတ်၊ ငါသေရင် ဒီစခန်းမှာ မင်းဗိုလ်လုပ်ပေါ့၊

………………
ကိုသိန်းတန်၊ ကိုသိန်းတန် ၊စိုးသင်္ဘောပေါ်တက်ခဲ့မယ်နော်။
မတက်နဲ့ ၊မတက်နဲ့၊ဟာ ၊ ဒုက္ခတွေများကုန်ပါတော့မယ်။
တကယ်တော့ ကိုသိန်းတန် စိုးကို ချစ်ပါသတဲ့ကွယ်၊
မြစ်နဒီပြင်ဝယ် အကွေ့အကောက် မြောက်များစွာသော လူ့လောကနဲ့ နှိုင်းယှဉ်ကာရယ်၊

……………
ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်။
ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်၊
ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်။
ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်။ 

မင်းဒင်(၁၇။၀၉။၂၀၁၂)

ရုပ်ပုံ။  ။ ဂူဂဲလ်

ဖြစ်ပျက်ရှာပုံတော် ခရီးသည် (၁၄)

$
0
0



(၁၄) သံသရာဘုံခရီးဝယ် ပြန်ကာဆုံစည်းကြမယ်

”ပူချက်ကတော့ဗျာ၊ ပျင်းစရာကလည်း ကောင်းပါဘိ”
”အေးပေါ့ဗျာ၊ ပူလည်းပူ ပျင်းလည်းပျင်းဆိုတော့ ပူပြင်းဆိုတဲ့စကားနဲ့ အံကိုက်ပေါ့”
အချိန်ကား နေ့လည် နှစ်နာရီခန့်ဖြစ်၍ နေရာကား လေကြောင်းရန်ကာကွယ်ရေးဋ္ဌာနပိုင် တခုသော ကန်ဘောင်ရိုး ကြီးပေါ်တွင်ဖြစ်၏။ လေကြောင်းရန်ကာကွယ်ရေးနယ်မြေကား ကျနော်တို့ရဲဘက်စခန်း စပါးစိုက်ဧရိယာနှင့် ဆက်စပ် လျက်ရှိသည်။ 
စိုက်ထူထားသော ဆိုင်းဘုတ်များအရ ဤနေရာကို လေကြောင်းရန်ကာကွယ်ရေးဟု ပြောဆိုခေါ်ဝေါ်နေကြသော်ငြား မည်သည့်လေကြောင်းရန်ကို မည်သို့ မည်ပုံ ကာကွယ်ကြမည်ကိုကား ကျနော်ရှင်းရှင်းလင်းမသိချေ။ လတ်တလောအားဖြင့် အဆိုပါ ဋ္ဌာနပိုင် မြေနေရာအားလုံးလိုလိုတွင် ဧရာမငါးမွေးကန်ကြီးများ တူးဖော်ထားလေရာ ကန်ဘောင်ကြီးများမှာ ခန့်မှန်း ခြေ ပေသုံးဆယ်ကျော်ခန့် မြင့်လောက်သည်။
ရဲဘက်စခန်းပိုင် စပါးစိုက်ဧရိယာအတွက် မြေပုံအသစ်ထုတ်ရန် ကွင်းပြင်ကြီးတခုလုံးကို အပေါ်စီးမှ ကြည့်ရှု လိုသည်ဆိုသော  ကိုသက်ခိုင်၏ ဆန္ဒအရ အဆိုပါကန်ဘောင်ကြီးပေါ်သို့ နေပူကျဲကျဲတွင် ရောက်နေကြရာ မှ ကျနော့်ငြီးသံကို ကိုသက်ခိုင်က အသောဖြင့် တုန့်ပြန်နေခြင်းဖြစ်၏။ ပူပြင်းလှသည့် နေဒဏ်ကို အာရုံလွှဲ သည့်အနေဖြင့် ကျနော်က ကိုသက်ခိုင်ကို မေးခွန်းတွေ တရစပ်မေးနေမိသည်။
”လေကြောင်းရန်ကာကွယ်ရေးသာ ဆိုတယ်၊ ငါးမွေးကန်တွေချည်းပါပဲလားဗျာ”
”အေးဗျ၊ ကျနော့်စိတ်ထင် ဒီငါးကန်တွေထဲမှာ လေယာဉ်ပစ်ဒုံးစင်တွေ ဆောက်ဖို့တော့ မဖြစ်နိုင်လောက်ဘူး၊ ကြည့်ရတာ အဲဒီဋ္ဌာနက အသစ်ဖွဲ့ကာစမို့ နေရာဦးထားတဲ့သဘောပဲ ဖြစ်နိုင်တယ်၊ငါးကန်တွေကတော့ ဋ္ဌာန ဆိုင်ရာသက်သာချောင်ချိရေး အတွက် ဖြစ်နိုင်တယ်”
”အခု လေကြောင်းရန်ကာကွယ်ရေးကို ဘယ်သူကိုင်သတဲ့တုန်းဗျ”
”ကျနော်ကြားတာတော့ ဗိုလ်ချုပ်မြင့်ဆွေ  တဲ့”
နေပါဦးဗျ ၊ဒီနေရာက ရန်ကုန်ကနေ မိုင်ငါးဆယ်လောက်ဝေးတယ်၊ လေကြောင်းရန်ကို ဒီနေရာကနေ ဘယ်လို ဘယ်ပုံ ကာကွယ်မတဲ့တုန်း
ဒီအချက်ကို ကျနော်လည်း လုံးလုံး သဘောတာ အမှန်ပဲဗျာ၊ ခန့်မှန်းမိသလောက်တော့ စစ်တပ်ကို ဖွဲ့စည်းပုံ ပြည့်အောင် နင်းကန်ချဲ့နေပုံရတယ်၊ ကြည့်လေ ၊ ပြောတော့ လေကြောင်းရန်ကာကွယ်ရေးတဲ့၊ ကျနော်မြင်တာ တော့ စက်တပ်မော်တော်တစင်းပဲ ဆင်သေချောင်းထဲမှာ တွေ့မိတယ်
နှစ်ယောက်သား စကားတပြောပြောနှင့် လျှောက်လာကြရာ မိုင်ဝက်ခန့်ရှည်လျားသည့် ကန်ဘောင်ကြီး၏ ထောင့်ချိုးအရောက် ကန်ဘောင်ဒုတိယအနား၏ အဆုံးဆီ၌ စိမ်းညို့နေသောငှက်ပျောပင်အုပ်များ အကြား တွင် သွပ်မိုးပျဉ်ကာ အဆောက်အဦးတခုကို လှမ်းမြင်လိုက်ရသည်။
”လာဗျာ ကိုမင်းဒင် ရှေ့က အဆောက်အဦဟာ လေကြောင်းရန်ကာကွယ်ရေး ရုံးပဲဗျ၊ တာဝန်ခံ ဗိုလ်ကြီး ဖြစ်ဖြစ် အစောင့်ရဲဘော်ဖြစ်ဖြစ် ရှိလောက်ပါရဲ့၊ အဲသည်မှာ ခဏနားကြရအောင်”
နှစ်ယောက်သားခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကြရာ အဆိုပါအဆောက်အဦဆီသို့ ရောက်သည့်အခါ လူသံသူသံတိတ်ဆိတ်လျက်ရှိ၏။ အဆောက်အဦတံခါးများကား ဖွင့်လျက်အနေအထားဖြစ်သည်၊ အသံပြု ရင်း ဧည့်ခန်းအတွင်းထိ ဝင်ကြည့်ပါသော်ငြား လူရိပ်လူယောင်မတွေ့ရချေ။ စင်တခုပေါ်၌ နို့ဆီနို့မှုန့်စသော စားသောက်စရာပစ္စည်းများ အစီအရီ တင်လျက်တွေ့ရသည်။
”ဘယ်သူမှ မရှိကြဘူးထင်တယ် ကိုသက်ခိုင်”
”အေးဗျ၊ မြို့ပေါ်တက်သွားကြဟန်တူပါရဲ့၊ ဒီလောက် လူသူကင်းပြတ်ပြီး ခြောက်ကပ်တဲ့နေရာမှာ ဘယ်သူကြာ ကြာနေနိုင်မတုန်းဗျာ”
”တော်တော်တော့ ဆိတ်ငြိမ်တဲ့ နေရာပဲဗျာ၊ ဒီရုံးခန်းရှေ့က ကွပ်ပျစ်မှာပဲ ခဏနားကြရအောင် ၊နို့မှုန့်နို့ဆီ တွေတော့ အဆင်သင့်ရှိလေရဲ့၊ဖျော်လိုက်ရမလား ကိုယ့်ဆရာ”
”မလုပ်ပါနဲ့ဗျာ ပိုင်ရှင်မှမရှိတာ၊ နဂိုကမှ ရဲဘက်ရောက်နေရတဲ့အထဲ အထင်အမြင်ထပ်သေးစရာ မကြုံပါရ စေနဲ့”
”နောက်တာပါဗျ၊ ကဲ ၊ ခင်ဗျားအတွေ့အကြုံထဲက ထူးထူးဆန်းဆန်းလေးတွေ  လုပ်ပါဦးဗျ၊ အပျင်းပြေပေါ့”
”ဒါဆို ခင်ဗျားကို ကျနော်တခုမေးမယ်၊ လူခြောက်ဆိုတာကို ခင်ဗျားအယုံအကြည်ရှိသလား”
”အေးဗျာ ကျနော်တို့ဗမာလူမျိုးထုံးစံ အရပ်ထဲမှာပြောကြတာတော့ နားစွန်နားဖျား ကြားဖူးပါရဲ့ လုပ်ပါအုံး ခင်ဗျားကော လူခြောက်ကလေးတွေအကြောင်း ဘာများသိထားတာ ရှိတုန်းဗျာ”
”ကျနော်လည်း ဘာသာရေးလေ့ကျင့်ခန်းတွေလုပ်နေတာဆိုတော့ မကြာမကြာဆိုသလို အဲဒီလူခြောက် ကလေးတွေအကြောင်း ခေါင်းထဲ ရောက်ရောက်လာတယ်ဗျ၊ ရေနံချောင်းက ကျနော့်အသိ ကျောင်းဆရာမ တယောက်ကတော့ သူ့သူငယ်ချင်းအိမ်မှာ လူခြောက်ကလေး မွေးဖူးတဲ့အကြောင်း တအံ့တသြပြောဖူးလေရဲ့၊ ခက်တာက သူပြောတဲ့အကြောင်းအရာတွေက ကျနော်တို့ကြားဖူးတာနဲ့ တထပ်တည်း ဖြစ်နေတာပဲ၊ ဘာတဲ့၊ အဲဒီလူခြောက်ကလေးက မမွေးခင် သူ့အမေကို ကြိုပြီး အိပ်မက်ပေးထားသတဲ့၊ ဘာအကြောင်းနဲ့မှ ကျနော့်ကို အမေတို့နဲ့ ခွဲမထားပါနဲ့ ဆိုပဲ၊ ဒီလိုနဲ့နေ့စေ့လစေ့ရောက်လို့ မွေးလာတော့ ခြေလက်အဂါင်္အစုံ အလင်နဲ့ လက်တဝါးသာသာ လူခြောက်ကလေး မွေးလာရောတဲ့ဗျာ၊ အသားအရောင်က သာမန်လူအသား အရောင်တဲ့၊ မျက်လုံးနှစ်လုံးကတော့ ပိတ်လျက်သားတဲ့ဗျာ၊ ဘာလှုပ်ရှားမှုမှ မရှိဘူးဆိုပဲ။ ဒါနဲ့ အဲဒီမိသားစု လည်း အရင်ကြားဖူးနားဝရှိတဲ့အတိုင်း တကယ့်မွေးကင်းစကလေးငယ်ကို ပြုစုသလို ရေမိုးသန့်စင်တာ၊နို့ခွက် လေးတွေ ချပေးထားတာတွေ လုပ်သတဲ့၊အမယ် ၊အဲဒီလူခြောက်ကလေးကညတိုင်းလိုလို သူ့အမေကို အိပ်မက်ထဲမှာ သူလိုချင်တာကို ပူဆာတယ်ဆိုပဲ၊ သူ့အတွက် ဝယ်ပေးထားတဲ့ အဝတ်အစားတွေထဲမှာ ဘယ် အရောင်ကိုဖြင့် မကြိုက်ဘူး ဘယ်အရောင်ကို ကြိုက်တယ်၊ သူသောက်ဖို့ဖျော်ပေးတဲ့ နို့ဆီတံဆိပ်တောင် ဂျီးများသေးတယ်ဆိုပဲ”
”ထူးခြားတာကတော့ လူခြောက်ကလေးမွေးပြီးကတည်းက အဲဒီမိသားစုဟာ တနေ့တခြား စီးပွားရေးချောင် လည်လာတာပဲတဲ့ဗျ၊ တချို့လူခြောက်ကလေးဆို ညဖက်အိပ်မက်ထဲမှာ အမေလိုချင်တာပြောလို့  ဆိုသတဲ့၊ မအေလုပ်သူက မယုံတယုံနဲ့ သူလိုချင်တာတခုခု ပြောလိုက်တာနဲ့ ၊မနက်မိုးလင်းရင် အဲဒီလူခြောက်လေးအိပ် ယာဘေးမှ သူ့အမေတောင်းတဲ့ ပစ္စည်းရောက်နေတတ်တယ် တဲ့ဗျ၊အမယ် သူ့အမေက စိတ်ထဲကနေ တခုခု ငြီးငြူလိုက်တာနဲ့ ချက်ချင်းဆိုသလို ပြည့်အောင်ဖြည့်ပေးတတ်တယ် ဆိုတာလည်းပါရဲ့၊ ဥပမာဆိုပါတော့၊ ဆန်အိုးထဲမှာ ဆန်ပြတ်နေပြီလို့ ငြီးလိုက်တာနဲ့ ဆန်အိုးထဲမှာ ဆန်တွေချက်ချင်းပြည့်လာတာမျိုး၊ ကျနော့် စိတ်ထင် အဲဒီလိုလုပ်ပေးတာဟာ တနေရာရာက ခိုးဝှက်ပြီး လုပ်ပေးပုံရတယ်၊ လူခြောက်သူခိုးဆိုပါတော့၊ အမယ်၊ ဒါတင်မကသေးဘူးခင်ဗျ၊ လူခြောက်ကလေးကို သူ့အသက်အရွယ်အလိုက်  အဝတ်အစားတွေ အသုံးအဆောင်တွေ ဝယ်ပေးရတယ် ဆိုလည်းပါသေးဗျာ”
”အေးဗျာ၊ ထူးဆန်းတာတော့ အမှန်ပဲကိုသက်ခိုင်၊ ခက်တာက သက်သေအထောက်အထား မခိုင်လုံတာပဲဗျ”
”မှန်ပါ့ဗျာ၊ ဒါတွေဟာ အရပ်ထဲက မိန်းမတွေ အတင်းတုတ်ရင်း ပြောကြတာများသကိုး၊ ကျနော်ဖတ်ဖူး သလောက် စာပေကျမ်းဂန်တွေမှာလည်း လူခြောက်အကြောင်း မတွေ့မိတာ အမှန်ပဲဗျာ”
”နေပါဦး၊နောက်ဆုံးတော့ အဲဒီလူခြောက်ဇာတ်လမ်းက ဘယ်မှာဆုံးသတုန်း”
”သူပြောငါပြောကတော့ အဲဒီလူခြောက်ကလေးက သူ့အမေကို သူရှိနေတဲ့အကြောင်း၊ သူလုပ်ကိုင်ပေးနေတဲ့ အကြောင်းတွေကို ဘယ်သူမှ မသိအောင် နှုတ်လုံဖို့ မှာထားရာက နောက်ဆုံး လူ့ပါးစပ်ပေါက်ဆိုတာ ပိတ်လို့ မလွယ်တာကြောင့် လူသိရှင်ကြားဖြစ်ရာက အဲဒီလူခြောက်ကလေးက အိပ်ယာထဲကနေ ဘယ်ရောက်မှန်း မသိ ပျောက်ချင်းမလှ ပျောက်သွားသတဲ့ဗျ၊နေဦး ခင်ဗျားက လူခြောက်ကလေးအကြောင်းပြောတော့ ကျနော့်  ကိုယ်တွေ့ ကြောင်ခြောက်ကလေးအကြောင်း ပြောရအုံးမယ်”
”ခင်ဗျားကတော့ ကြံကြံဖန်ဖန် လုပ်ပြန်ပြီ ကြောင်ခြောက်တဲ့လား”
ခင်ဗျားဥစ္စာ အပြစ်တင်တာက အရင်ပဲကိုး၊ ကျနော်ပြောတာလည်း နားထောင်ပါအုံး၊ ဒီလိုဗျ၊ ကျနော် ဂျီတီအိုင် ဒုတိယနှစ်ကျောင်းသားအရွယ်လောက်တုန်းက ကျနော့်အိမ်မှာ ကြောင်မကြီးတကောင် သားလာ ပေါက်တယ်၊ ထူးဆန်းတာက ကြောင်သားပေါက်ရင် အနည်းဆုံးသုံးလေးကောင်ပေါက်တယ်ဆိုပေမဲ့ အဲဒီ ကြောင်မ ကြီးပေါက်တာက တကောင်တည်းဗျာ၊ ပိုပြီးထူးဆန်းတာက အဲဒီကြောင်ပေါက်ကလေးဟာ အခြောက်ကလေးဗျ၊ တိုက်တိုက်ဆိုင်ဆိုင် ကြောင်မချစ်တတ်တဲ့ ကျနော်ဟာ မထင်မှတ်ပဲ အဲဒီ ကြောင် မကြီးသားပေါက် နေတာကို သွားစပ်စုမိရာက ကြောင်ခြောက်ကလေးကို တွေ့တာပဲဗျာ၊ ကျနော်တွေ့တဲ့ အချိန်မှာ အဲဒီကြောင် ခြောက်ကလေးဟာ ကြောင်မကြီးဝမ်းထဲက ထွက်ခါစမို့ အရည်အညှိတွေ ကပ်နေ တုန်းပဲ ရှိသေးဗျာ၊  ကြောင်  မကြီးက အဲဒီအရိအရွဲတွေကို လျှာနဲ့လျက်လိုက်တော့ လက်နှစ်လုံးသာသာ လောက်ပဲ ရှိမဲ့ ကြောင်ကလေးဗျ၊ ဘာလှုပ်ရှားမှုမှ မရှိဘူး၊ သေချာကြည့်ပြန်တော့ ကြောင်အဂါင်္အစုံအလင် ပါနေတယ်ဗျာ”
”ဟုတ်ရဲ့လား ကိုသက်ခိုင်ရာ  ၊ဒါဆို ခင်ဗျားလည်း ကြောင်ခြောက်ကလေးတွေ့ရာကနေ ချမ်းသာရောလား”
”ရော ခင်ဗျားကို  လိမ်နေလို့ ကျနော်က ဘာအကျိုးရှိမှာတုန်း၊ ယုံတာမယုံတာ ခင်ဗျားကိစ္စ ၊ကျနော်က ခင်ဗျား အပျင်းပြေပါစေတော့ ဆိုပြီး ကျနော့်ကိုယ်တွေ့ ထူးဆန်းတာကို ပြောနေတာ”
”ကဲ ဒါနဲ့လုပ်ပါအုံး ခင်ဗျားက အဲဒီကြောင်ခြောက်လေးကို ဘယ်လိုဆက်မွေးသတုန်း”
ဘယ်လိုမှ မမွေးဘူး၊ ကျနော်က အံ့သြလွန်းလို့ ကျနော့်ညီကို ခေါ်ပြီး ဟေ့ကောင်၊ မင်းမမြင်ဖူးရင် ကြောင် ခြောက်ဆိုတာ လာကြည့်ဆိုပြီး ခေါ်ပြတော့ သူက ဘာစိတ်ကူးပေါက်တယ် မသိဘူး၊ မင်း ဒီအကြောင်းကို ဘယ်သူ့မှ မပြောနဲ့ဆိုပြီး အဲဒီကြောင်ခြောက်လေးကို ပေါင်ဒါမှုန့်ဗူးထဲ ထည့်ပြီး ယူသွားလေရဲ့  ၊ အဲဒီတုန်းက သူက အိမ်ထောင်ကျနေပြီမို့ အိမ်ခွဲနေတယ်လေ
”လက်စသတ်တော့ ခင်ဗျားညီက ခင်ဗျားကိုလူလည်ကျသွားတာပဲ၊ အမှန်ဆို ကြောင်ခြောက်ပိုင်ရှင်က ခင်ဗျားမို့  ချမ်းသာစရာရှိ ခင်ဗျား ချမ်းသာရမှာ”
”တော်ပါတော့ဗျာ၊ ကြောင်ခြောက်သူခိုးလေးနဲ့ တွေ့နေမှ ခိုးစာဝှက်စာနဲ့  အကုသိုလ်ဖြစ်နေရော့မယ်၊ ကျနော့် စိတ်ထဲမှာ အချောင်နည်းနဲ့ ကြီးပွားချမ်းသာဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူး၊ အခု ကျနော့်ညီကတော့ တည်းခိုခန်းတွေ စားသောက်ဆိုင်တွေနဲ့ သူဌေးဖြစ်နေလေရဲ့၊ဒါလည်း ကြောင်ခြောက်နဲ့ ဆိုင်မယ် မထင်မိပါ ဘူး၊ အမှန်ပြောရရင် ဒါမျိုးတွေ ကျနော်အယုံအကြည် မရှိလှပါဘူး”
”ကျနော်လည်း ခင်ဗျားနဲ့တွေ့မှ လူခြောက်လေးတင်မက ကြောင်ခြောက်လေး ဇာတ်လမ်းပါ ကြားဖူးတော့ တယ်၊ လောကကြီးဟာ ထူးဆန်းတာတော့ အမှန်ပဲဗျာ၊ ကြောင်ခြောက်လူခြောက်ဇာတ်လမ်းတွေကလည်း နားထောင်လိုက်တာနဲ့ လောဘတက်ချင်စရာပါပဲ”
”အေးပေါ့ဗျာ၊ လူ့လောဘကြောင့် ပုဂံမှာ ထူးထူးဆန်းဆန်း ပေါ်ခဲ့ဖူးတဲ့ ပုဂံညှပ်ကြီးကွယ်ခဲ့ရတာကိုကော ခင်ဗျား ကြားဖူးသလား”
”ဟ လုပ်ပါဦး ပုဂံညှပ်ကြီးတဲ့လား  ဘယ်လိုညှပ်မျိုးတုန်းဗျ”
”အော် ခန့်မှန်းကြည့်ရတာတော့ ကွမ်းညှပ်လို သဘောမျိုးထင်ပါရဲ့၊ ခင်ဗျား မျက်စိထဲမှာ ကွင်းကွင်းကွက်ကွက် မြင်ချင်ရင် ပြည့်သူ့တရားရှင်ပေါင်ချိန် ဇာတ်လမ်းတွဲထဲက ခေါင်းဖြတ်စက်ကို မြင်ကြည့်ပေတော့ဗျာ”
”လုပ်စမ်းပါအုံးဗျ ခင်ဗျားရဲ့ ပုဂံညှပ်ကြီးဇာတ်လမ်း”
”အော် အဲဒါက ဒေါင်းဖတ်စာထဲမှာ ပါခဲ့တာဗျ၊ အမှန်က ဒေါင်းဖတ်စာကို ကျနော်မမှီလိုက်ဘူး၊ ကျနော့်အကို ဖတ်နေတဲ့စာအုပ်ကို ငယ်ငယ်က ယူဖတ်မိပြီး အခုထက်ထိ မှတ်မိနေတာ၊ ဒီလိုဗျာ ဟိုးရှေးရှေးတုန်းက ပုဂံပြည်မှာ ညှပ်ကြီးတခု  ရှိနေခဲ့သတဲ့။ အဲဒီညှပ်ကြီးဟာ ပုဂံပြည်သားတွေ လိမ်ညာကောက်ကျစ်မှုမရှိ နိုင် အောင် နတ်သိကြားတွေက ဖန်ဆင်းထားတာလို့ ယုံကြည်ကြသတဲ့၊ ပုဂံညှပ်ကြီးရဲ့ မူလအနေအထားက ကွမ်းညှပ်က ဟထားသလို ပုံစံတဲ့ဗျာ၊ လူနှစ်ယောက် အငြင်းပွားတယ်ဆိုပါစို့ ၊ အဲဒီလူနှစ်ယောက်အမှုကို ရပ်ရွာလူကြီးက ဖြေရှင်းမပေးနိုင်ရင် ပုဂံညှပ်ကြီးရှိရာကိုသွားပြီး သစ္စာဆို ဖြေရှင်းကြသတဲ့၊ ညှပ်ကြီးထဲကို လက်ထည့်ပြီး သစ္စာဆိုကြတာပေါ့ဗျာ၊မှန်တဲ့သူ ဘာမှ မဖြစ်ပေမဲ့ လိမ်လည်ပြီး သစ္စာဆိုတဲ့သူရဲ့  လက်ကိုတော့ ပုဂံ ညှပ်ကြီးက ဂျိုင်းဆို အော်တိုမစ်တစ် ဖြတ်ပစ်လိုက်ရောတဲ့”
”ခင်ဗျား ညှပ်ကြီးက ကြောက်စရာပါလား၊ ဒါဆို ပုဂံသားတွေ မလိမ်ရဲတော့ဘူးပေါ့”
”ဆန္ဒမစောပါနဲ့လေ၊ တကယ့်ကလိမ်ကကျစ်နဲ့ တွေ့တော့ သိကြားဖန်ဆင်းတဲ့ ညှပ်ကြီးလည်း နာမည်ပျက်ရုံ မကပဲ တခါတည်း ကွယ်သွားရသတဲ့”
”ဘယ်လိုကွယ်ရတယ်ဆိုတာ ဆက်ပါအုံးဗျာ”
”ဒီလိုဗျ ပုဂံသားကုန်သည်တယောက်ဟာ ခရီးသွားဖို့ ရှိတာကြောင့် သူပိုင်တဲ့ ရွှေစင်တပိသာကို သူတို့ ယုံကြည်ကိုးကွယ်တဲ့ ဖိုးသူတော်တယောက်ဆီမှာ အပ်ထားခဲ့သတဲ့ဗျ၊ အဲဒီကုန်သည် ခရီးသွားရာက ပြန်လာ တော့ သူတို့အပ်ထားတဲ့ ရွှေတပိသာကို ဖိုးသူတော်ဆီမှာ ပြန်တောင်းတော့ ဖိုးသူတော်က ပြန်ပေးပြီးပြီလို့ ငြင်းရာက ပုဂံညှပ်ကြီးဆီရောက်ကြရောဆိုပါတော့”
”အော် ဒီမှာတင် ဖိုးသူတော် လက်ပြတ်ရောလားဗျ”
”ခင်ဗျား တော်တော်လောတာပဲ၊ ဖိုးသူတော်လက်မပြတ်ပဲ ကုန်သည်သာ ရွှေတွေဆုံးတဲ့အပြင် ပုဂံညှပ်ကြီးပါ ကွယ်ခဲ့ရတာဗျ”
”ကဲ  ဖိုးသူတော်ရဲ့လိမ်နည်းကို ရှင်းပါအုံးဗျ”
”ဖိုးသူတော်နဲ့ ကုန်သည် ပုဂံညှပ်ကြီးရှေ့လည်းရောက်ရော ကုန်သည်က သူရွှေစင်တပိသာ ဖိုးသူတော်ဆီမှာ အပ်ထားခဲ့တာ အမှန်ပါလို့ သစ္စာဆိုပြီး ညှပ်ထဲကို လက်ထည့်လိုက်တော့ ညှပ်ကြီးက ဘယ့်နှယ့်မှ မလှုပ်ပဲ နေသတဲ့ ၊ ဖိုးသူတော်အလှည့်ရောက်တော့ ဖိုးသူတော်က သူ့လက်ထဲက တောင်ဝှေးကို ခဏကိုင်ထားဖို့ ကုန်သည်လက်ထဲကို အပ်ထားပြီး ပုဂံညှပ်ကြီးခင်ဗျာ ကျနော်ဟာ သူ့ရွှေတွေကို လက်ခံသိမ်းဆည်းထားပေး ခဲ့တာအမှန်ပါ ၊အခု ကျနော် သူ့ရွှေတွေကို သူ့လက်ထဲ ပြန်ထည့်လိုက်ပြီးပါပြီ၊ ကျနော့်သစ္စာမမှန်ရင် ကျနော့် လက်ကို ဖြတ်ပါခင်ဗျာလို့ သစ္စာဆိုလိုက်တော့  ညှပ်ကြီးက ဘယ်နှယ့်မှ မနေပြန်ဘူးတဲ့။ ဒီမှာတင် ဘေးက ဝိုင်းကြည့်နေတဲ့ ပရိသတ်တွေက ပုဂံညှပ်ကြီးဆုံးဖြတ်ပုံကို မကျေမနပ်ဖြစ်ကြရောတဲ့ဗျာ၊ အေးလေ၊ ပရိသတ် ထဲမှာ ဖိုးသူတော် လောဘတက်ပြီး ကလိမ်ကကျစ်ကျတာကို ဓာတ်သိတွေလည်း ပါနေမှာပေါ့ဗျာ။ အမှန်တော့ သစ္စာဆိုခါနီး ကုန်သည်ကို ခဏကိုင်ခိုင်းထားတဲ့ ဖိုးသူတော်ရဲ့  တောင်ဝှေးထဲမှာ ရွှေတွေကို အရည်ကျိုပြီး ထည့်ထားတာပေါ့ဗျာ”
“ဟား တကယ့်လက်တလုံးခြားဖိုးသူတော်ပဲ”
”အေးပေါ့ဗျာ၊ ဒီမှာတင် သိကြားမင်းလည်း သူ့ညှပ်ကြီးကို သူ့ဖာသာ ပြန်သိမ်းသွားရတယ်ထင်ပါ့၊ အဲဒီနောက် မကြာခင်မှာ ပုဂံညှပ်ကြီး ကွယ်ပျောက်သွားသတဲ့”
”ဒါနဲ့ခင်ဗျား ဘဝကလည်း ခပ်ဆန်းဆန်းပဲမဟုတ်လား၊ခင်ဗျားက လူဝင်စားဆို”


”ကြံဖန်စဉ်းစားမယ်ဆိုရင်တော့ အရင်ဘဝကလည်း သက်ခိုင် ၊အခုဘဝလည်း သက်ခိုင် ဆိုသလို ဖြစ်နေတာ တော့အမှန်ပဲ၊ ဒါပေမဲ့ ကျနော့်ကိုယ်တိုင်တော့ တယ်ပြီး အယုံအကြည်မရှိလှဘူးဗျ၊ ထူးခြားတာကတော့ ဂရိတ်ဒဿနိကဗေဒနဲ့ သင်္ချာဗေဒပညာရှင် ပိုက်သဂိုရပ်(Pythagoras) လို ပုဂ္ဂိုလ်ကတောင်  သူဟာ တချိန် က အယ်သာလီဒီး(Aethalides) ဖြစ်ခဲ့တယ်၊ နောက်တဘဝမှာ ယူဖော်ဘတ်(Euphorbus) ဖြစ်ပြန်ပြီး ထရိုင်းမြို့ကို ရန်သူတွေ ဝိုင်းမိတုန်းက မင်လာအတ်(Menelaus) ကြောင့် သူဒဏ်ရာရပြီး ကွယ်လွန်ခဲ့ရတယ် လို့ မကြာခဏပြောလေ့ရှိသတဲ့ဗျာ။လူဝင်စားဆိုတဲ့ပြဿနာနဲ့ ပတ်သက်ပြီး တကမ္ဘာလုံးက ပညာရှင် တော်တော်များ စူးစမ်းလေ့လာခဲ့ကြတာတော့ အမှန်ပဲ”
”လုပ်ပါအုံးဗျ ဘယ်လိုတွေများလေ့လာခဲ့ကြပါလိမ့်”
”ချမ်းမြေ့ဆရာတော်ရဲ့ ကံနှင့်တမလွန်ဘဝဆိုတဲ့ စာအုပ်မှာ ဆရာတော်က ကံနဲ့တမလွန်ဘဝတရားကို ဟော ကြားရင်း ဒေါက်တာစတီဗင်ဆင်ရဲ့ Twenty cases Suggestive of Reincarnation ဆိုတဲ့စာအုပ်ကို ညွန်းပြီး လူဝင်စားကိစ္စကို ဖော်ပြထားလေရဲ့၊ ဘရာဇီးနိုင်ငံက ပေါလို(Paulo) ဆိုတဲ့ ကလေးဟာ အရင်ဘဝတုန်းက သူဟာ အယ်မီလီယာဆိုတဲ့နာမည်နဲ့ မိန်းခလေးဖြစ်ခဲ့ကြောင်း ပြောသတဲ့ဗျ၊ သူ့မိဘများမှာ ကလေးဆယ့်သုံး ယောက် ရှိတဲ့အနက် အယ်မီလီယာက ဒုတိယကလေးတဲ့၊ သူက မိန်းမဘဝကို မနှစ်မြို့ဘူး၊ ရွံ့မုန်းသတဲ့၊ သူက ယောက်ျားလေးပဲ ဖြစ်ချင်တယ်၊ သူ့ဘဝမှာ မပျော်တာကြောင့် သူသေချင်တယ်၊ သေပြီးတော့လည်း သူ့မိခင်ဝမ်းမှာပဲ ယောက်ျားလေးအဖြစ်နဲ့ ပြန်ဝင်စားချင်တာကြောင့် ငါသေရင် ယောက်ျားလေးဖြစ်မယ် လို့ ခဏခဏပြောလေ့ရှိသတဲ့ဗျ”
”ဒါနဲ့ အသက် ၁၉ နှစ်အရွယ်မှာ အဆိပ်သောက်ပြီး သေကြောင်းကြံခဲ့တယ်၊ ပထမအကြိမ်မှာ လူကြီးတွေ အသိစောလို့ နွားနို့တွေ ဖိတိုက်တာကြောင့် မသေခဲ့ပေမဲ့ ဒုတိယအကြိမ်မှာ ဆိုင်ယန်နိုက်ဆိုတဲ့ အဆိပ်ကို သောက်ပြန်တာကြောင့် ၁၉၆၂ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ သူသေသွားခဲ့သတဲ့ဗျ၊သူသေပြီး တနှစ် ကျော်ကျော် အချိန်မှာ သူ့မိခင် အီဒါလောရင့်ဟာ ယောက်ျားလေး တစ်ယောက်ထပ်မွေးတယ်၊ အဲဒီကလေး ကို ပေါလိုလို့နာမည်ပေးတယ်၊ အဲဒီကလေးရဲ့ အမူအရာ စိတ်နေစိတ်ထားတွေဟာ ယောက်ျားလေးနဲ့ မတူ ဘူးဆိုပဲ၊ ယောက်ျားလေးအဝတ် မဝတ်ဘူး။ မိန်းကလေးအဝတ်တွေပဲ ဝတ်တယ်။ ငါက မိန်းကလေးလို့လည်း ပြောသတဲ့၊ အယ်မီလီယာလိုပဲ အပ်ချုပ်စက်ကို အရမ်းစိတ်ဝင်စားတယ်၊နှစ်သက်တယ်။ အသက်လေးနှစ် အရွယ်မှာ အယ်မီလီယာရဲ့ စကတ်တထည်ကို ဖျက်ပြီး ဘောင်းဘီချုပ်ပေးတော့ ပေါလိုက အရမ်းသဘော ကျသတဲ့ဗျာ၊ အဲဒီအချိန်က စပြီး ပေါ်လိုဟာ ဘောင်းဘီပဲ ဝတ်တော့တယ်၊ သူ စက်ချုပ်ကျွမ်းကျင်တာကိုလဲ လူကြီးတွေ တအံ့တသြ တွေ့ရှိကြရသတဲ့၊ ဘယ်သူသင်ပေးသလဲ မေးတော့ ငါက တတ်ပြီးသားလို့ ဖြေတယ်၊ နောက်ကျမှ ဒိုနာအယ်လီနာ သင်ပေးတယ်လို့ ပြောသတဲ့၊ အမှန်က ဒိုနာအယ်လီနာဟာ ပေါလိုကို စက်ချုပ် သင်မပေးဖူးဘူး၊ သူသင်ခဲ့တာက သေသွားတဲ့ အယ်မီလီယာကိုပဲ။ ဒီလိုနဲ့ ပေါလိုဟာ အယ်မီလီယာဝင်စားတဲ့  လူဝင်စားဖြစ်ကြောင်း တစ်စတစ်စ ပိုသိလာကြသတဲ့ဗျာ”
”အင်း အတော်ကို စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်ပါလား”
”ဒါတင်မကသေးဘူးဗျ၊ လူတယောက်ဟာ သူစိတ်ညွတ်ရာ လိုလားတောင့်တရာမှာ ဘဝသစ်ဖြစ်ရတဲ့ နောက် ထပ် ဖြစ်ရပ်နမူနာတခုကို ဒေါက်တာစတီဗင်ဆင် ရဲ့ စာအုပ်မှာပဲ တွေ့ရသေးတယ်လို့ ဆရာတော်က ဆက် ဟောသေးတယ်”
”ဒါဆိုလည်း ဆက်ပါအုံးဗျ”
”အမေရိကန်ပြည်ထောင်စု အလာစကာပြည်နယ်မှာ တံငါလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ တလင်းဂျစ် လူမျိုး မစ္စတာ ဝီလျံဂျော့ဆိုတဲ့ အဖိုးကြီးဟာ သူ့နယ်မှာ ထင်ရှားသူတယောက်ဖြစ်သတဲ့။ သူမသေခင်က သူချစ်တဲ့ သူ့သား ရယ်ဂျီနယ်ဂျော့ကို ”ငါသေရင် ပြန်လာပြီး မင့်သားဖြစ်မယ်၊ ငါ့ကိုယ်က အမှတ်အသားတွေ မင်းတို့ တွေ့ရင် ငါ့ကို မှတ်မိရောပေါ့” လို့ သုံးလေးကြိမ်ပြောသတဲ့၊ တခါတော့ သူ့သားကို သူ့ရွှေလက်ပတ်နာရီချွတ် ပေးပြီး ”ရော့၊ သိမ်းထား၊ ငါပြန်လာမယ်၊ မင့်သားဖြစ်မယ်၊ အဲဒီအခါကျ ဒီနာရီက ငါ့ဖို့” လို့ ပြောသတဲ့။ သူ့သားက အဲဒီနာရီကို သူ့မိန်းမ ဆူဇန်ဂျော့ကိုပေးရင်း သူ့အဖေပြောတဲ့ စကားကိုလည်း ပြောပြလိုက်တယ်။ ဆူဇန်ဟာနာရီကို သူ့လက်ဝတ်လက်စားသေတ္တာထဲ ထည့်ပြီး သေချာသိမ်းထားခဲ့သတဲ့”
”အဲဒီနာရီပေးပြီး မကြာခင် ၁၉၄၉ ခုနှစ်သြဂုတ်လ စောစောပိုင်းမှာ အဘိုးကြီး ကွယ်လွန်သွားတယ်၊ နောက် ကိုးလလောက်အကြာ ၁၉၅၀ ခုနှစ်မေလ ၅ ရက်နေ့မှာ သူ့ချွေးမဆူဇန် သားယောက်ျားလေးတစ်ယောက်မွေး တော့ ကလေးရဲ့ဘယ်ဘက်ပုခုံးနဲ့  တံတောင်ဆစ် အောက်နားမှာ မှဲ့တလုံးစီ ပါလာသတဲ့ဗျ၊ သူ့အဖိုး ဝီလျံ ဂျော့ရဲ့ မှဲ့ရှိတဲ့နေရာတွေနဲ့ တထပ်တည်းပဲတဲ့။ သုံးနှစ်သားကျမှ စကားပြောတယ်၊ ကလေးရဲ့အမူအရာ အပြောအဆို ကြိုက်တာ မကြိုက်တာကအစ သူ့အဖိုးနဲ့ ထပ်တူဖြစ်နေသတဲ့။ ကလေးငါးနှစ်သား အရွယ် ရောက်တော့ တနေ့မှာ သူ့အမေက ကိစ္စရှိလို့ သူ့လက်ဝတ်လက်စားသေတ္တာလေးကို  ဖွင့်နေတုန်းမှာ ကလေးက ကစားနေရာကနေ ရုတ်တရက်ရောက်လာပြီး ချက်ချင်း ရွှေနာရီကို ကောက်ယူတယ်၊ ပြီးတော့ ” ဒါငါ့နာရီ ” လို့ ပြောရင်း နာရီကို ဇွတ်ယူထားလို့ ချော့မော့ပြီး ပြန်တောင်းထားရသတဲ့။ နောက် မကြာမကြာ ဆိုသလို ငါ့နာရီ ငါ့ကို ပြန်ပေးလို့ တောင်းနေတတ်တာကြောင့် အဲဒီကလေးကို အဖိုးကြီးဝင်စားတဲ့ ကလေးပဲ လို့ သတ်မှတ်ပြီး ကလေးကို ဝီလျံဂျော့ လို့ပဲ သူ့အရင်နာမည် ပြန်မှည့်လိုက်ကြသတဲ့ဗျာ”
”အင်း ခင်ဗျားပြောသလို ဆိုရင်ဖြင့် လူတွေရဲ့ ဘဝကူးပြောင်းပုံဟာ စိတ်ဝင်စားဖို့ တော်တော်ကောင်းတာပဲ၊ ဒါနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျမ်းဂန်တွေမှာကော ဘယ်လို အဆိုရှိသတုန်းဗျာ”
”အောင်မလေး ထူးထူးဆန်းဆန်း ခင်ဗျားက ကျမ်းဂန်တွေကို စိတ်ဝင်စားနေပါရော့လား။ ဒီကိစ္စကို အသေးစိတ် နားလည်အောင်တော့ ခင်ဗျားကိုယ်တိုင် ကျမ်းဂန်စာပေတွေကို ရှာဖွေဖတ်ရှုတာ အကောင်းဆုံး ပါပဲ၊ အတိုချုပ်ပြောရရင် ဘဝတခုချုပ်ငြိမ်းတဲ့အခါ ရုပ်ကောနာမ်ပါ ပျက်စီးသွားပေမဲ့ နာမ်သတ္တိရဲ့ အရှိန်ဟာ ဘဝသစ်မှာ သက်ရောက်မှုရှိရာက ရှေးဘဝနောက်ဘဝဆိုတာတွေ ဖြစ်လာရတာပါပဲ။ ဒီနေရာမှာ ဘဝဟောင်းရဲ့ အတ္တဝိဥာည်ဟာ အကောင်အထည်လိုက်ကြီး ကူးပြောင်းသွားတာ မဟုတ်ဘူးဆိုတာတော့ သတိကြီးကြီးချပ်ရပါလိမ့်မယ်။ ဘဝဟောင်းက အာနိသင်လေးတွေဟာ စေတနာလို့ခေါ်တဲ့ ကံအဖြစ်ကျန် ခဲ့ပြီး အဲဒီကံနဲ့၊ ခန္ဓာဒုက္ခမသိမှု အဝိဇ္ဇာ၊ ခန္ဓာအသစ်လိုချင်မှု တဏှာ ဆိုတဲ့ အကြောင်းသုံးပါးပေါင်းစပ်ပြီး ဘဝသစ်ဖြစ်အောင် ဖန်တီးလိုက်ကြတာပါပဲ။ လယ်တီဆရာတော်ဘုရားကြီးရဲ့  ဋီကာကျော်ကျမ်းမှာ ဘ၀သစ် ဖြစ်ပုံကိုဥပမာသုံးမျိုးပေးထားတယ်”
”မီးတိုင် ဥပမာ
ဖယောင်းတိုင်တစ်တိုင် မီးထွန်းထားတယ်။ နောက်တစ်တိုင်ထွန်းချင်တဲ့အခါ ပထမအတိုင် ကနေ မီးကူးယူလိုက်တယ်။ ဒီနေရာမှာ စဉ်းစားရမှာက ဒုတိယအတိုင်မှာ တောက်လောင်နေတဲ့မီးဟာ ပထမအတိုင် က ကူးလာတဲ့မီးတွေလား။ ဒုတိယအတိုင်က ဖယောင်းသားကို လောင်နေတဲ့မီးတွေ လားဆို တာပဲ။
တကယ့်အမှန်က ပထမဖယောင်းတိုင်က မီးတွေဟာ ဒုတိယဖယောင်းတိုင်ကို ကူးမလာပါဘူး။ ဒါပေမယ့် ပထမဖယောင်းတိုင်က မိးနဲ့ကင်းပြီးတော့လည်း ဒုတိယဖယောင်းတိုင် မီးမတောက်နိုင်ပါဘူး။ထို့အတူ ကျောင်းဒကာ အနာထပိဏ်ဘ၀က ရုပ်နာမ်တရားတွေဟာ နတ်ပြည်ကို တစ်ခုမှကူးမလာပါဘူး။ ဒါပေမယ့် ကျောင်းဒကာအနာထပိဏ်နဲ့ကင်းပြီးတော့လည်း နတ်ပြည့်မှာ နတ်သားလာမဖြစ်လာပါဘူး။ အကြောင်း အကျိုးဆက်သွယ်မှုလောက်ပဲရှိတယ်လို့ ယူရမှာပေါ့”
”တံဆိပ်တုံး ဥပမာ
တံဆိပ်တုံးနဲ့ ဥပမာပေးကြဦးစို့။ ဒီသင်္ကန်းခေါက်ကို ကြည့်လိုက်ပါ။ သင်္ကန်းသားပေါ်မှာ ဂဠုန်တံဆိပ်ထင်နေတယ်။ သံပြားထူထူမှာ ဂဠုန်တံဆိပ်ထွင်း အပူပေးပြီး သင်္ကန်ခေါက်ပေါ်ဖိချလိုက်တာနဲ့ ဂဠုန်တံဆိပ် ထင်သွားတာပါပဲ။ ဒီလိုထင်တဲ့နေရာမှာ သင်္ကန်းမှာထင်နေတဲ့ ဂဠုန်ရုပ်ဟာ သံပြားက ဂဠုန်ရုပ်မဟုတ်ပါဘူး။ ဒါပေမယ့် သံပြားကဂဠုန်ရုပ်နဲ့ကင်းပြီးတော့လည်း မထင်နိုင်ပါဘူး။
ထို့အတူ နတ်ပြည်က နတ်သားဘ၀ဟာ လူ့ပြည်က ကျောင်းဒကာအနာထပိဏ် မဟုတ်ပါဘူး။ ရုပ်သစ်နာမ် သစ်ထပ်ဖြစ်တာပါ။ ဒါပေမယ့်လူ့ပြည်က အနာထပိဏ်နဲ့ကင်းပြီးတော့ မဖြစ်နိုင်ပါဘူး”

”ပဲ့တင်သံ ဥပမာ

ပဲတင်သံဥပမာကတော့ လိုဏ်ဂူကြီးထဲမှာ ဟေးကနဲတစ်ချက်အော်လိုက်ရင် ပထမအသံက လိုဏ်ဂူနံရံကို ရိုက် ပြီး ဟေး ဟေး ဆိုတဲ့ ဒုတိယ တတိယပဲ့တင်သံများ ပေါ်လာပါတယ်။ ဒုတိယ တတိယပဲ့တင်သံများဟာ ပထမအော်လိုက်တဲ့အသံမဟုတ်ပါဘူး။ အသစ်ထပ်ဖြစ်တာပါ။ ဒါပေမယ့် ပထမအော်သံနဲ့လည်း ကင်းပြီး မဖြစ်နိုင်ပါဘူး။အကြောင်းအကျိုးဆက်စပ်မှုကတော့ ရှိနေပါတယ်”

အဲဒါက လယ်တီဆရာတော်ဘုရားကြီးပေးတဲ့ ဥပမာတွေဗျ၊ ဒီသဘောကိုပဲ ချမ်းမြေ့ဆရာတော်ဘုရားက သံ လိုက်နဲ့ ဥပမာပေးထားသေးတယ်၊တိုက်တိုက်ဆိုင်ဆိုင်ဆိုရမလား ၊  ကံရဲ့သတ္တိဟာ ဘဝသစ်ကို ကူးပြောင်း သွားတာနဲ့ ပတ်သက်လို့ ကျနော့်အတွေးနဲ့ ဆရာတော်ဟောကြားချက်က လာတူနေတယ်ဗျ၊ ဆရာတော် ရှင်းပြပုံက ”သံလိုက်တစ်ခုအနားကို သံမှုန်လေးတွေ အပ်စလေးတွေ ဘယ်လိုရောက်လာသလဲ၊ သံလိုက်နဲ့ မထိရသေးဘူး၊ သံလိုက်နဲ့ သုံးလက်မ လေးလက်မ အကွာမှာပဲ ရှိသေးတယ်၊ အဲဒီသံမှုန်တွေက သံလိုက်ကို ပြေးပြီး သွားထိတယ်။ သံလိုက်ကြီးက သံမှုန်တွေကို ပြေးကပ်ပြီး ခေါ်လို့လား၊ မဟုတ်ဘူး၊ ဒါဖြင့် ဘာလဲ၊ အဲ ဒါ သံလိုက်ရဲ့ အားအရှိန်ပေါ့ တဲ့”။ 

ဒီတော့ရှေ့နာမ်တရား ပျက်ပြီးနောက်နာမ်တရား ဖြစ်တယ်။ရှေ့ရုပ်တရားပျက်ပြီးတော့ နောက်ရုပ်တရားဖြစ် တယ် ဆိုတာဟာ ရှေ့ရုပ်တရား နာမ်တရားပျက်ခြင်းအကြောင်း၊ မှန်တယ်။ အဲဒီ အကြောင်းကြောင့်ပဲ နောက်
ရုပ်တရား  နာမ်တရား ဖြစ်ရတယ်။ ဒီတော့ ကြားထဲမှာ အကြောင်းက ဘာလဲလို့ဆိုတော့ရှေ့ကပါလာတဲ့ အရှိန်ပဲ။ အဲဒီအရှိန်ကြောင့် ရှေ့ကပျက်ရင် နောက်ကအသစ်ဖြစ်တာပဲတဲ့ဗျ”
”ခင်ဗျားရှင်းပြလို့သာ နားထောင်နေရတယ်၊ကျနော့်စိတ်ထဲမှာတော့ သိပ်ရှင်းလှတယ် မဟုတ်ဘူးဗျာ”
” သိပ်မှန်တာပေါ့ဗျာ၊ ခင်ဗျားရဲ့ အာရုံနဲ့လေ့လာလိုက်စားမှုဟာ ဒီအကြောင်းအရာရဲ့ ခေါင်းစဉ်အောက်မှာ ရှိ မနေတာကြောင့် ခင်ဗျား နားမရှင်းတာပါ၊ နားလည်ပါတယ်ပြောရင်လည်း ခင်ဗျား လိမ်တာပဲ ဖြစ်မယ်၊ သို့ပေ မဲ့ ခင်ဗျားကိုယ်တိုင် လေ့ကျင့်အားထုတ်တဲ့အခါ ဒီအကြောင်းအရာတွေကို ခင်ဗျားနားလည်လာပါလိမ့်မယ်၊ ခင်ဗျား နားမလည်ဘူးဆိုလို့ ကျနော်နဲ့မိုးကုတ်တရားတော် ရေစက်ဆုံပုံလေး ပြေးသတိရမိသေးတယ်”
”ခင်ဗျား တော်တော်လည်တဲ့သူပဲဗျာ၊ လက်စသတ်တော့ မိုးကုတ်တရားအကြောင်း ပြောချင်တာနဲ့ ကျနော့် ကို အထူးအဆန်းတွေနဲ့ မျှားခေါ်နေတာကိုး”
”ဟား ခင်ဗျားအတွက် အကျိုးမယုတ်ပါဘူးဗျာ ၊ နေလည်းပူနေတုန်းမို့  စကားဆက်လိုက်ကြရအောင်”


ကွင်းပြင်ဆီမှ တိုက်ခတ်လာသော လေပူသည် ထူထပ်သော ငှက်ပျောပင်အုပ်ကို ဖြတ်သန်းတိုးဝင်လျက်ရှိ၏။ ကျနော်တို့ထံရောက်လာသော လေသည်ညှင်းသက်လျက်ရှိသည်။ ထိုင်နေသာကွပ်ပျစ်သည် အဆောက်အဦ နှင့် ကပ်လျက်ရှိသောကြောင့် ကျနော်က နံရံကို ကျောမှီလျက်၊ ကိုသက်ခိုင်ကား ကွပ်ပျစ်အလယ်တွင်ထိုင် ရင်း  ခပ်ဝေးဝေးကွင်းပြင်ဆီသို့ မျှော်ကြည့်ကာ သူ့စကားရှည်ကြီးကို အစပျိုးလေ၏။
ကျနော်သေမှာကြောက်တာ ဒါပထမဆုံး မဟုတ်ဘူးဗျ။ အစစအရာရာ အဆင်ပြေနေတဲ့ အချိန်တုန်းက လည်း ကျနော်သေမှာ ကြောက်ဘူးသေးတယ်။ဘယ်က ဘယ်လို စပြီးခံစားမိမှန်း မမှတ်မိတော့ပါဘူးဗျာ။ အားလုံး ချောမွေ့အဆင်ပြေပြီး လက်ဖျားငွေသီးနေတဲ့အချိန် သေမှာကြောက်တဲ့ စိတ်ဝင်လာတယ်။လာတာမှ ဘာရောဂါမှ မရှိပဲ နေ့သေမလား။ညသေမလား ကြောက်နေတဲ့စိတ်။ ဇနီးလုပ်သူကတော့ ထုံးစံအတိုင်း အရက်အသောက်များပြီးနည်းနည်း ကြောင်တယ် ထင်နေတာ။ ကျနော်က သူ့ကို သေမှာကြောက်လိုက် တာကွာလို့ ခဏခဏ ထုတ်ညည်းနေတာကိုး။ ကျနော်ကလည်း ဒုက္ခရောက်လို့ သေမှာ ကြောက်တာ မဟုတ်ဘူး၊ သေရမှာကို တွေးတွေးပြီး ကြောက်တာ ။
ဒါနဲ့စိတ်ပြေလက်ပျောက် မိတ်ဆွေ တချို့ဆီသွားလည်ပတ်ရာက ဗိုလ်မှူးဇော်လင်းဆိုတဲ့ မိတ်ဆွေက ဒါများ ဗျာ ။ခင်ဗျားမိုးကုတ် ဆရာတော်ရဲ့တရားကို သွားနာလိုက် ။တော်တော်အကျိုးရှိမယ်တဲ့။ နေအုံး၊ သူလည်း တရားပွဲဆီသာ လမ်းညွှန်တာ သူနဲ့ကျနော်က ကာလူးချဖက်ဗျ။ပွဲပေါင်း များစွာနွှဲဖူးတယ်။ အော် ကာလူးဆို တာ အရက်ကို ပြောတာ။
ကျနော်လည်း ဟုတ်လိုဟုတ်ငြား သေမှာ ကြောက်တဲ့ရောဂါ သက်သာလို သက်သာငြား ရွှေတိ ဂုံစေတီ အရှေ့ဖက်မုဒ်က အကောက်ခွန်ဓမ္မာရုံ မှာလုပ်နေတဲ့ တရားပွဲဆီ ရောက်သွားတယ်။ တရားဟောတဲ့ ဘုန်းကြီး က မိုးကုတ်ဆရာတော်ကြီးရဲ့ တပည့်ဗျ။ ပရိသတ်ကတော့ ဓမ္မာရုံအပြည့်ပဲ ။ ကျနော်က မိုးကုတ်တရားကို နာလည်းမနာဖူးဘူး။ ကြားလည်း မကြားဖူးတော့ တရားလည်း စဟောရော ဒုက္ခရောက်တော့တာပဲ။
မိုးကုတ်တရားက စက်ဝိုင်းကြီးနဲ့ ဟောသူနာသူ အမေးအဖြေနဲ့ကိုး။နကန်းတလုံးမှ မသိတဲ့ ကျနော့်မတော့ ဘာမေးမှန်းမသိ ယောင်ချာချာနဲ့ဗျာ။ဒါပေမဲ့ ကျနော်က လွယ်လွယ် လက်လျှော့တတ်တဲ့  ဥာည်မရှိတော့ ငါလည်း မေးခွန်း နားထောင်ပြီး ပြန်ဖြေရင် ရ ရမယ်ဆိုပြီး သေချာ နား ထောင်တယ်။သေချာနားထောင်လေ ပိုဆိုးလေပဲဗျ။ ကြည့်လေ။ တရားဟောတဲ့ ဘုန်းကြီးက စက်ဝိုင်းကြီးကို ထောက်လိုက်၊ မေးလိုက်။ ရုပ်နာမ် ဘယ်နှစ်ပါးလဲဆိုတော့ သာမန် အရပ်သူ မိန်းမ တရားနာ ပရိသတ်က နှစ်ပါး ပါဘုရားတဲ့ ။ကျနော်က စဉ်းစား တယ် ။အဲဒီ နှစ်ပါးဆိုတာ ဘယ်ဟာ ဘာလိမ့်ပေါ့။ နောက်ခန္ဓာ ဘယ်နှစ်ပါးလဲ ဆိုတော့ ငါးပါးပါဘုရား တဲ့။အမယ်၊ တသံတည်း ထွက်နေ ကြတာဗျ။သူတို့ အားလုံး ကြိုသိထားကြ တယ်ထင်ပါ့ ဗျာ။
ကျုနော့်မလည်း နှစ်ပါးတောင် အစရှာမရသေးတာ ငါးပါးဆိုတော့ ပိုဆိုးတော့တာပေါ့။ ကျနော် တနာရီ လောက် နာနေတဲ့အချိန် ဒုက္ခကြီးလိုက်တာဗျာ။ကုန်ခဲလိုက်တဲ့ အချိန် ။တရားလည်းဆုံး ရော ဦးဇော်လင်းးက လာခေါ်ပြီး တရားဟောဘုန်းကြီးနဲ့ တွေ့ပေးတာတောင် ကျနော့် စိတ်က မပါတော့ဘူး။ နောက်အရက် သောက်တဲ့ဘက် ပြန်လှည့်ပြီး သေမှာကြောက်တဲ့ ဒုက္ခလည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်။ သို့သော် အဲဒီနေ့က ကျနော်ဟာ ဒုက္ခရဲ့အစကိုတွေ့ခဲ့  တာဗျ။ ကျနော်က နားမလည်ခဲ့လို့ ။ဒုက္ခတောင် မကပါဘူးဗျာ။ ပါတ်သက်ရာ၊ ပါတ်သက် ကြောင်းတွေပါ ပါသေး။ဘယ်ဟာလည်း ဒုက္ခဟုတ်လား။ တရားဟောတဲ့ ဘုန်းကြီးဘေးမှာ ထောင်ထားတာ ဒုက္ခ ပေါင်းစုံကို ဖော်ပြထားတဲ့ စက်ဝိုင်းကြီးဗျ။
အဲဒီစက်ဝိုင်းကြီးက ကျနော်တို့ ခန္ဓာကိုယ်တွေ ဘဝပေါင်းများစွာမှာ အဆက်မပြတ်လည်နေ တာကို ခြေရာ ကောက်ထားတာဗျ။ဘုရားဟောတဲ့ သဘောကို မိုးကုတ်ဆရာတော်ကြီးက စက်ဝိုင်းကြီး တစ်ခုတည်းမှာ ထည့်ပြီး ဆက်စပ်ပြထားတာ။ ဘုရားကတော့ ဒီစက်ဝိုင်းကို ဘယ်ဆွဲခဲ့မလဲဗျ။ဆရာတော်ကြီးက စာတွေ့ လက်တွေ့ ကျွမ်းကျင်တော့ ကျုပ်တို့လို ခပ်ဒူဒူလူမျိုးတွေ သိလွယ်အောင် ထင်ပါ့။စက်ဝိုင်းကြီး ဆွဲပြပြီး ရှင်းခဲ့ တာ။

ကျနော်မိုးကုတ်တရားကို ကြော်ငြာနေတာ မဟုတ်ဘူးဗျ။ ထူးဆန်းတာ ရှိသေးတယ်။ ဘာတခုမှ တရားနဲ့ ပါတ်သက်လို့ ရေရေရာရာ မသိခဲ့တဲ့ ကျနော်ဟာ လေ့ကျင့်ခန်းလုပ်လို့ မကြာခင် ဘယ် တရားစာဖတ်ဖတ် ၊ဘယ်အခွေနားထောင်နားထောင် ချက်ကနဲ နားခွက်က မီး ထတောက်သလို သိသိသွားတယ်။ပြောရင် ယုံနိုင်စရာ မရှိဘူး။ ကျနော်သိချင်တာ တခုခု စွဲစွဲ လန်းလန်း ဖြစ်လာလို့ စာအုပ်တအုပ် ကောက်လှန်လိုက်ရင် ကျနော်သိချင်တဲ့ အကြောင်းက အဲဒီစာမျက်နှာမှာ တန်းတန်း ပြီး ပေါ်လာတယ်ဗျ။တကြိမ်တည်း မဟုတ်ဘူးဗျာ။အကြိမ်ပေါင်းများစွာ ဖြစ်လာတော့ နတ်တွေ သိကြားတွေ ဖန်ဆင်းပေးနေလို့တောင် ထင်မယ်ဆို ထင်စရာပေါ့ ဗျာ။စက်ဝိုင်းကြီး အကြောင်း ဟုတ်လား။ သူများနားလည်တာနဲ့ ကျနော်နားလည် တာ တူချင်မှတူမယ်ဗျ။ ကျနော်နား လည်တဲ့ အပိုင်းလောက်ကို ပြောပါရစေဗျာ။

မှန်တာကို မသိမှုကနေ ၊ မဟုတ်တဲ့ အားထုတ်မှုတွေ ကိုဖြစ်စေသတဲ့။

မဟုတ်တဲ့ အားထုတ်မှုတွေက ။ နောင်ဘဝ အတွက် ဝိညာဏ် အသစ် ဖြစ်စေသတဲ့။

အဲဒီ ဝိညာဏ် က ခန္ဓာကိုယ်နဲ့ စိတ် အစုကို ဖြစ်စေသတဲ့။

ကိုယ်နဲ့ စိတ်အစုကနေ အာရုံခံ ကိရိယာတွေ ဖြစ်လာစေ သတဲ့။

အာရုံခံ ကိရိယာတွေဟာ ။အာရုံတွေကို တွေ့ လာစေတယ်တဲ့။

တွေ့ လာတဲ့ အာရုံတွေဟာ ။ခံစားမှုကို ဖြစ်စေတယ် တဲ့။

ခံစားမှုတွေဟာ စွဲလန်းမှုကို ဖြစ်လာစေတယ်တဲ့။

စွဲလန်းမှုကနေ ပြင်းထန်တဲ့ ငြိတွယ်မှု ဖြစ်စေသတဲ့။

ငြိတွယ်မှုကနေ ၊ လူမှုဘဝ တခုဖြစ်စေသတဲ့။

လူမှုဘဝ ကြောင့် ခဏခဏ မွေးလိုက်သေလိုက်ဖြစ်စေသတဲ့။

မွေးလိုက်သေလိုက် အဖြစ်ကြောင့် ပူဆွေးပင်ပန်းမှုတွေ ဖြစ်စေသတဲ့ ။

ပူဆွေးဆင်းရဲခြင်းတွေဟာ ပါတ်သက်မှု၊ ရှုပ်ယှက်ခတ်မှုတွေဖြစ်စေတော့တာပဲတဲ့။

ဒါက ကျနော်နှစ်သက်တဲ့အပိုင်းလေးကို ရွေးပြောတာပါ။ သံသရာလည်ပုံ၊ သံသရာဖြတ်ပုံတွေပါ ရှင်းပြထား တာမို့ အခွင့်အခါသင့်တဲ့အခါ သူတော်ဆည်းကပ် မြတ်တရားနာ ကြည့်ပေတော့။
ကျနော့်စိတ်မှာတော့ ကျနော်လေ့ကျင့်ထားတဲ့ အတွေ့အကြုံနဲ့ ဟတ်နေတော့ အဲဒီစက် ဝိုင်းလည်ပုံကို ရှင်း နေတယ်။ ကျနော်ပြောတဲ့ စကားအသုံးအနှုံးက လိုချင်လိုမပေါ့ဗျာ။ ခင်ဗျားက မူရင်းအတိုင်းလည်း ရမယ်။ အဓိပ္ပါယ်ကိုလည်း ခန္ဓာကိုယ်နဲ့ဆက်စပ်ပြီး သဘောပေါက်ရင် အတိုင်းထက်လွန် တံခွန်နဲ့ကုက္ကားပေါ့” (နောင်အခါ ဘာသာရေးစာအုပ်များကို ရှာဖွေဖတ်ရှုမိချိန်တွင် ထိုနေ့က ကိုသက်ခိုင်ပြောဆိုခဲ့သော ပဋိစ္စ သမုပ္ပါဒ် အနက်ကို ဗုဒ္ဓဘာသာကောင်း တယောက် စာအုပ်။ အခန်း(၁၃)။ စာမျက်နှာ (၃၈၁)တွင် အောက်ပါ အတိုင်း ဖော်ပြထားသည်ကို တွေ့ရသည်။)

ပဋိစ္စ သမုပ္ပါဒ် အနက်(နိသျ)
အဝိဇ္ဖာပစ္စယာ၊ အဟုတ်အမှန်ကို မသိမမြင်။ မထင်မလင်းမှုဟူသော။အကြောင်းတရားထင် ရှားရှိနေခြင်း ကြောင့် ၊ သင်္ခါရာ ၊ ပစ္စုပ္ပါန်အမှု သံသရာအမှုတို့ကို ပြုစုပျိုးထောင်ခြင်းတည်း ဟူသော သင်္ခါရမှုတို့ သည် သမ္ဘဝန္တိ ၊ ဖြစ်ပွား ကုန်၏။
သင်္ခါရ ပစ္စယာ ။ ပစ္စုပ္ပန် အမှု သံသရာအမှုတို့ ကို ပြုစုပျိုးထောင် ခြင်း ဟူသော သင်္ခါရ တရား ထင်ရှားရှိနေ ခြင်းကြောင့်။ ဝိညာဏံ ၊ ဘဝသစ်၌ ဝိညာဏ်သစ် ဖြစ်ပေါ်မှုသည် ။ သမ္ဘဝတိ၊ ဖြစ်ပွား၏။
ဝိညာဏ ပစ္စယာ ၊ ဝိညာဏ်သစ်ဖြစ်ပေါ်မှုကြောင့် နာမရူပံ နာမ်အစု ရုပ်အစုတို့ သည်။ သမ္ဘဝတိ ဖြစ်ပွား၏။
နာမရူပ ပစ္စယာ ၊ နာမ်အစု ရုပ်အစု ဖြစ်ပွားမှုကြောင့် သဠာယတနံ ။ ဒွါရ ၆မည် အကြည် ၆ ပါး သဠာယတန တရားအစုသည် သမ္ဘဝတိဖြစ်ပွား၏။
သဠာယတန ပစ္စယာ ။ဒွါရ ၆မည် အကြည် ၆ပါး ၊ ထင်ရှားရှိခြင်းကြောင့် ဖေဿာ ၊ အာရုံကို တွေ့မှုဟူသော ဖဿ ၆ ပါးသည် သမ္ဘဝတိ ဖြစ်ပွား၏။
ဖဿပစ္စယာ ဖဿ ၆ပါး ထင်ရှားရှိနေခြင်းကြောင့် ဖေဿာ ၊ အာရုံကို ခံစားမှုဟူသော ဝေဒနာ ၆ပါး သည် ၊ သမ္ဘဝတိ၊ ဖြစ်ပွား၏။
ဝေဒနာ ပစ္စယာ၊ ဝေဒနာ ၆ပါး ထင်ရှားရှိနေခြင်းကြောင့် တဏှာ ၊ ဝတ္ထုအာရုံ ကာမဂုဏ် ခုံမင် တွယ်တာ၊ သာယာကပ်ငြိသော တဏှာ ၆ပါးသည် သမ္ဘဝတိ ဖြစ်ပွား၏။
တဏှာပစ္စယာ ၊ တဏှာ ၆ ပါးထင်ရှားရှိနေမှုကြောင့်။ ဥပါဒါနံ မလွှတ်နိုင် မခွာနိုင် ပိုင်ပိုင် စေးချွဲ အတွယ်မြဲသော ဥပါဒါန် တရားသည် သမ္ဘဝတိ ဖြစ်ပွား၏။
ဥပါဒါနပစ္စယာ ၊ ဥပါဒါန် အထင်အရှား ရှိနေမှုကြောင့် ။ ဘဝေါ၊ လောက အစီးအပွား သံသရာ အစီး အပွား ဟူသော ကံတရား ဝိပါတ် တရားစုသည် သမ္ဘဝတိ ဖြစ်ပွား၏။
ဘဝပစ္စယာ ၊ ပစ္စုပ္ပန်စီးပွားမှု ထင်ရှားရှိနေခြင်းကြောင့် ဇာတိ ။ အဖန်ဖန် ပဋ္ဋိသန္ဓေနေမှု ထင်ရှား ရှိနေခြင်းသည် သမ္ဘဝတိ ဖြစ်ပွား၏။
ဇာတိပစ္စယာ ပဋ္ဋိသန္ဓေနေမှု ထင်ရှားရှိနေခြင်းကြောင့် ။ ဇရာမရဏံ အဖန်ဖန် အိုမင်း ရင့်ရော် သေဆုံးမှု သည် လည်းကောင်း၊ သောက ပရိဒေဝ ဒုက္ခဒေါမနဿုပါယာသာ။ စိုးရိမ် ပူဆွေး ငိုကြွေး မြည်တမ်း ပင်ပန်း ဆင်းရဲ နှလုံးမသာယာမှု ။ သက်ကြီး ရှိုက်ငင် ပင်ပန်း မှုတို့ သည် လည်းကောင်းသမ္ဘဝတိ ဖြစ်ပွားကုန်၏။
ဧဝံ ဤသို့ကေဝလသာ ၊ ချမ်းသာမဖက် ဆင်းရဲသက်သက် သာဖြစ်သော ဧတဿ ဒုက္ခက္ခန္ဓဿ ၊ ဤ ဆင်းရဲ ခြင်းဒုက္ခ အစု၏ သမုဒ္ဒယော ဖြစ်ပွားစေခြင်းသည် ဟောတိ ဖြစ်၏။
………………………………………..
ထိုအချိန်တွင် ဆင်သေချောင်းအတွင်းမှ မော်တော်ဘုတ်သံကြားရပြီး၊ ချက်ချင်းဆိုသလို ဗိုလ်ကြီးအဆင့် ယူနီဖောင်းဖြင့် လူငယ်တဦး ကျနော်တို့ဆီသို့ လျှောက်လာနေ၏။ ထိုဗိုလ်ကြီးက ကိုသက်ခိုင်ကို မြင်သည်နှင့် ဝမ်းသာအဲလဲ နှုတ်ဆက်သည်။
” ဦးသက်ခိုင်ကြီး ဘယ်တုန်းက ရောက်နေတာလဲဗျ၊ ကိစ္စရှိရင် ပြောနော်၊ ကျနော့်ကို အားမနာနဲ့၊ အဖေက လည်း ဦးသက်ခိုင်ကြီးကို မေးမေးနေလေရဲ့၊ တခုခု စားပြီးမှ ပြန်ပါလား”
”နေပါစေတော့ အောင်နိုင်လူရာ၊ ငါတို့ရောက်နေတာ ကြာပေါ့၊ မင်းအဖေနေကောင်းရဲ့ မဟုတ်လား”
ကျနော်ကား သူတို့နှစ်ဦး တရင်းတနှီး နှုတ်ဆက်နေပုံက ဘေးမှ ငေးမောနေမိသည်။ အဆိုပါ တာဝန်ခံ ဗိုလ်ကြီးက ကျနော်တို့စခန်းခွဲရှိရာသို့ မော်တော်ဘုတ်ဖြင့် ပြန်ပို့လိုသည်ကို ကိုသက်ခိုင်က ခပ်အေးအေး ငြင်း ဆန်ကာ နှစ်ဦးသား ကန်ဘောင်ရိုးအတိုင်း ပြန်ခဲ့ကြရင်း ကျနော်က သူ့ကို စပ်စုမိပြန်သည်။
” ခင်ဗျားက တယ်ပိုင်ပါလား၊  ဘယ်တုန်းက သိနေတာဗျ”
  အော်၊ သူ့အဖေနဲ့ ကျနော်က သူငယ်ချင်းပါဗျာ၊ သူကလေးဘဝကတည်းက ကျနော့်ဆီမှာ မုန့်ဖိုးတောင်း နေကျပါ၊ တမိသားစုလုံးနဲ့ ခင်ပါတယ်၊ ဒါက အခုအချိန်မှာ ဘာမှ အရေးမပါတော့ဘူး”
”မသိပါဘူးဗျာ၊ ခင်ဗျားက တရားတွေဘာတွေ ပေါက်ပြီး တွေ့သမျှလူက အရေးတယူလုပ်တာ ခံရတဲ့ အဆင့် ကို ရောက်နေပြီလားလို့၊ ဒါနဲ့ ခင်ဗျား မဂ်ဆိုက်ဖိုလ်ဆိုက် ဖြစ်ခဲ့သလားဗျာ”
” အောင်မလေး ကြီးလိုက်တဲ့အချွန်ဗျာ၊ ကျနော်ဟာ မဂ်ဖိုလ်ဆိုက်ခဲ့သလားတဲ့၊ ခင်ဗျားမေးခွန်းကို ကျနော် ဖြေပါ့မယ်။ သို့သော် ဒီနေ့တော့ ဒီမျှနဲ့ ရပ်ပါရစေ၊ ဟိုမှာ မင်းနောင်တို့အုပ်စု ဘုတ်တက်လာကုန်ကြပြီ၊ ညစာ အတွက် စီစဉ်စရာရှိတာ စီစဉ်ရအောင် စခန်းခွဲအရောက် ခြေကုန်သုတ်ကြအုံးစို့ဗျာ”
ထိုနေ့က ကျနော်တို့စခန်းခွဲသို့ ပြန်ရောက်ချိန်တွင် ဖိုကြီးဆီမှ ထမင်းဝေမယ်၊တန်းစီမယ် ဟူသော အသံနှင့် အတူ ရဲဘက်တို့ တရုန်းရုန်း ဖြစ်နေချိန်ဖြစ်၍ နှစ်ဦးသား နှုတ်ဆက်ချိန်ပင် မရပဲ ရဲဘက်များအကြားတွင် လူချင်းကွဲခဲ့ကြပါသည်။


ဆက်လက်ဖော်ပြပါမည်။

ရုပ်ပုံ။   ။ဂူဂဲလ်



Article 5

Viewing all 346 articles
Browse latest View live