Quantcast
Channel: .
Viewing all 346 articles
Browse latest View live
↧

ဖြစ်ပျက်ရှာပုံတော် ခရီးသည် (၁၅)

$
0
0


 ဖြစ်ပျက်ရှာပုံတော် ခရီးသည်(၁၅)



၁၅။ မိုးနှင့်အတူ

အရပ်ရှစ်မျက်နှာစလုံး အုံ့မှိုင်းညိုမှောင်ကာ မိုးကြီးသည်းစွာ ရွာနေချိန်ဖြစ်၏။ မိုးပြင်းသာမက တခါတခါ လေပြင်းပါ ကူလေသောကြောင့် ကျွန်တော်တို့ ရဲဘက်အကျဉ်းသားများအိပ်ဆောင်မှာ သိမ့်ကနဲ သိမ့်ကနဲ လှုပ်ယမ်းလျက်ရှိ၏။ထို့ပြင်တဝ ရံဖန်ရံခါ လျှပ်စီးဝင်းဝင်းလက်ကာ မိုးကြိုးပစ်သံများကိုပါ ကြားနေရ၏။ အချိန်ကား နံနက်ကိုးနာရီခန့် ဖြစ်၍ ရဲဘက်တို့ ဘုတ်ဆင်းနေကြချိန်ဖြစ်သည်။ အိပ်ဆောင်ပေါ်တွင်ကား ကျနော် ၊ကိုသက်ခိုင်နှင့် ဆေးနားရဲဘက်တဦးအပြင် ပင်မစခန်းမှ ဆေးမှူး ကိုမြင့်ဇော်တို့ ရှိနေကြ၏။ ဆေးမှူးကိုမြင့်ဇော်ကား ကျနော်တို့ စခန်းခွဲသို့ တလတခေါက်ပင် မှန်မှန်ရောက်သူ မဟုတ်သော်ငြား ကိုသက်ခိုင်၏ ပင့်ဖိတ်မှုကြောင့် စခန်းခွဲသို့ မိုးကြီးသည်းချိန်တွင် ရောက်နေခြင်းဖြစ်သည်။ သူလာစဉ်အချိန် နံနက်(၈)နာရီခန့်ကမူ မိုးသည် ဤမျှမသည်းလှ။ သူရောက်ပြီး နာရီဝက်ခန့်ကြာမှ ကြောက်ခမန်းလိလိ မိုးသည်းလာခြင်းဖြစ်၏။
ကိုသက်ခိုင်သည် အဆောင်ပေါ်တွင် အမြဲတစေ နေလေ၊့အိပ်လေ့ ရှိသူမဟုတ်သဖြင့် မူဆလင်ကိုတင်ဝင်း၏ အိပ်ရာလိပ်ကို မှီလျက် ဆေးမှူး ကိုမြင့်ဇော်တယောက် ဆေးနားလူနာရဲဘက်အား ရောဂါအခြေအနေ မေးမြန်းစစ်ဆေးနေခြင်းကို ခပ်လှမ်းလှမ်းမှ အကဲခတ်လျက်ရှိ၏။ ကျနော်ကား ကိုသက်ခိုင်၏ ဘေးတွင် နီး ရာအိပ်ယာလိပ်တခုကို မှီရင်း သူ့ကို အကဲခတ်နေရင်း စိတ်ထဲတွင် မရှင်းလှသည်နှင့် မေးခွန်းထုတ်လိုက်မိ သည်။
“နေပါဦးဗျ။ ခင်ဗျားပဲ ကျနော့်ကို ဆေးမှူးခန့်ထားပြီး အခုကိုမြင့်ဇော်ကို ဇွတ်ခေါ်ပြီး ပြရအောင် သူ့မှာ ဘာဆေးတွေများ ထွေထူးပြီး ပါလာမှာမို့လဲဗျာ”
ကိုသက်ခိုင်က သူ့မျက်လုံးအစုံကို ဆေးမှူးနှင့်လူနာထံမှ မခွာပဲ ကျနော်ကို လက်ကာပြလိုက်၏။ သူလက် ကာပြကာမှ ကျနော့်သိချင်စိတ် ပို၍ပြင်းပြလာသောကြောင့် နောက်တခွန်းမေးမိပြန်သည်။
“ခင်ဗျားရဲ့ဆေးနားချာတိတ်ကို ကြည့်ရတာ ကလိမ်ကျပြီး ဆေးခွင့်တောင်းတာ ထင်ပါရဲ့ဗျာ။သူ့ပုံစံက လူကောင်းပကတိပါ။ ကျနော်အံ့သြတာက ဒီချာတိတ်ဟာ ဆေးနားရသင့်တယ်လို့ စခန်းခွဲတာဝန်ခံကို ခင်ဗျားကိုယ်တိုင် ထောက်ခံလိုက်တဲ့ကိစ္စပဲ”
ဤတကြိမ်တွင်မူ ကိုသက်ခိုင်က ထုံးစံအတိုင်း မဲ့ပြုံးပြုံးလိုက်ရင်း နှုတ်မှ အသံထွက်လာ၏။
“အရေးထဲ စခန်းခွဲဆေးမှူးကြီးကလည်း တမှောင့်ပါလား၊မိုးတွေခြိမ်းနေတယ်နော်။ သူတော်ကောင်းကို ပစ်မှား မိရင် မိုးကြိုးပစ်မယ်။ ခဏလေးနေစမ်းပါဗျာ။ခင်ဗျား သိချင်တဲ့ အဖြေ မကြာခင်သိရပါစေ့မယ်”
သို့တစေ သူ့မျက်လုံးများကား ဆေးမှူးနှင့်ဆေးနားလူနာထံမှ မရွေ့ ။ဆေးမှူးကား အဆိုပါ ဆေးနား လူနာကို ကိုယ်အပူချိန်တိုင်းခြင်း ၊ ပါးစပ်ဟခိုင်းခြင်း စသည်ဖြင့် သူတတ်သမျှ မှတ်သမျှနည်းတို့ဖြင့် ရောဂါ ဇစ်မြစ်ကို ရှာဖွေလျက်ရှိသည်။ ရဲဘက်လူနာမှာ စိုးရိမ်ထိတ်လန့်ဟန်ရှိသော်ငြား တစုံတခုကို ဖုံးကွယ်လိုဟန် ရှိသည်ကို ကျနော်သတိပြုမိ၏။ အတန်ကြာသော် ဆေးမှူးက ကိုသက်ခိုင်ကို လှမ်းကြည့်လိုက်ရင်း ….
“ဗျို့ ၊ဆရာသက်၊ ဆရာ့ လူက အဖျားသွေးတော့ မရှိဘူးဗျာ။ ဘယ်လိုခံစားရလဲ ဘာဖြစ်နေတာလဲ မေးတော့ လည်း မြုံစိစိ၊ ဝေ့လည်ကြောင်ပတ်လုပ်နေတယ်”
“ ဒါဆိုလည်း ဆေးမှူး ကျနော့်နား လာပါလားဗျာ၊ ဝိုင်းမေးကြတာပေါ့”
ကိုသက်ခိုင်ကား ဘာကို ရည်ရွယ်သည် မသိ၊ အိပ်ယာလိပ်ကို မှီနေရာက မထပဲ ဆေးမှူးကို သူ့အနားလာ ရန် ခေါ်နေပြန်၏။ ဆေးမှူးကိုမြင့်ဇော် သူ့အနားရောက်ချိန်တွင် လူနာအား ..
“ ကဲ မင်းလည်း ဒီဖက်ကို ကြွပါအုံး” ဟု ခေါ်ပြန်ပါလေ၏။ကျနော်ကား သူ့အပြုကို ငေးကြည့်နေရာက ဆေးနားလူနာ သူရှိရာသို့ ထလာနေပုံကို ကြည့်ရင်း တစုံတခု ထူးခြားနေသည်ကို သတိပြုလိုက်မိသည်။ ဆေးနားလူနာသည် ပုဆိုးစကိုကိုင်ရင်း ထော့နင်းထော့နင်းဖြင့် ကိုသက်ခိုင့် အနီးသို့ ရောက်လာသည်။
“ ကဲ ကိုယ့်လူ၊ ပုဆိုးလှန်ပြီး ဆေးမှူးကို မင်းဥစ္စာ ပြလိုက်ပါကွာ”
ဟူသော စကားသံအဆုံး၌ ကိုသက်ခိုင်နှင့်အနီးဆုံးတွင် ရောက်နေသည့် ဆေးနားလူနာက ခပ်ရွံ့ရွံ့ အမူအရာဖြင့် သူ့ပုဆိုးကို မတင်ကာ သူ့ငယ်ပါကို လက်ဖြင့် ခပ်ဆဆကိုင်ကာ ကိုသက်ခိုင်နှင့် ဆေးမှူးကို ပြပါလေတော့သည်။ဤတွင် ကျနော်လည်း သိချင်ဇောဖြင့် လှမ်းကြည့်မိရာ အဆိုပါဆေးနာလူနာ၏ ယောက်ျားအဂါင်္ပတ်လည်တွင် အသီးထလျက်ရှိသော အနာတို့ကို ကြောက်မက်ဖွယ်ရာ တွေ့ရပါလေ၏။ ကိုသက်ခိုင်က ဆက်၍
“ တလက်စတည်း မင်း ဖင်ကိုပါ လှန်ပြလိုက်ပါအုံး”
ဟု ဆိုပြန်သဖြင့် လူနာမှာ ကိုသက် ခိုင် အမိန့်ပေးသည့်အတိုင်း ပြသပြန်ရာ သူ့စအိုဝပတ်လည်တွင်လည်း အသီးထနေသော အနာများကို တွေ့ရပြန်သည်။ ကျနော်မြင်ရသည့် သူ့အနာများမှာ ဂေါ်ဖီပွင့်မှ အသီးထနေပုံနှင့် တူလှသည်။
“လက်စသတ်တော့ မင်းဥစ္စာ ကျိုးနေတာပါကလား” ဟု ဆေးမှူးက စိတ်ပျက်သည့်လေသံဖြင့် ခပ်ညည်း ညည်းဆိုလေသည်။
“ အဲဒါပဲ ကိုမြင့်ဇော်ရာ၊ သူ့ဥစ္စာ ရိုးရိုးကျိုးတဲ့ အဆင့်မဟုတ်တော့ဘူး၊ ကျနော့်စိတ်ထင် ဆစ်ဖလစ် ဒုတိယ အဆင့်လောက်ဖြစ်နေတာ၊ဒီကောင်ဖြစ်နေတဲ့ ပုံစံက အချိန်မီ မကုနိုင်ရင် လူညွန့်တုံးတော့မှာ၊ စခန်းခွဲ တာဝန်ခံကို အမှန်အတိုင်း  ပြောပြန်ရင်လည်း ဒီရောဂါခေါင်းစဉ်နဲ့ ပင်မစခန်းကို ပြန်လွှတ်မဲ့ပုံ မပေါ်ဘူးဗျာ၊ ဒါကြောင့် ခင်ဗျားကို ကျနော် ဇွတ်ပင့်ခဲ့တာပေါ့”
ဤသို့လျှင် ကိုသက်ခိုင်တယောက် အဆိုပါ အမျိုးကောင်းသားကို ပင်မစခန်းသို့ ပြန်ပို့ကာ အချိန်မီ ဆေးဝါး ကုသနိုင်ရေးအတွက် ဆေးမှူးနှင့် ဇယားဆွဲနေလေ၏။ ဆေးမှူးက ကိုသက်ခိုင်ပြောသမျှ ခေါင်းတငြိမ့်ငြိမ့် လုပ်ရင်း၊ နောက်ဆုံးတွင် အဆိုပါလူနာအား အခြားရောဂါတမျိုးအမည်တပ်ကာ စခန်းခွဲတာဝန်ခံသို့ ထောက်ခံတင်ပြရန် သဘောတူလေသည်။
ရဲဘက်တို့ ထမင်းစားဘုတ် တက်လာချိန်တွင်ကား အိပ်ဆောင်တခုလုံး ကျနော်တို့အတွက် နေစရာမရှိတော့ ချေ။ ရဲဘက်ကော အကျဉ်းဦးစီးဝန်ထမ်းများပါ ကြွက်စုပ်ရေနစ်လာသည့်တူနေပြီး တဆောင်လုံး ရွှဲရွှဲစို ကုန် သောကြောင့်ဖြစ်၏။ ဆေးမှူးကား စခန်းတာဝန်ခံထံသို့ သတင်းပို့ရန် အဆောင်မှူး အိမ်ဖက်ဆီသို့ ရဲဘက် ထီးတော်မိုး တယောက်နှင့်အတူ အဆောင်ပေါ်မှ ဆင်းသွားလေပြီ ။ကိုသက်ခိုင်ကား မိုးသည်းနေသည့် ကြားမှပင် ဝါးခမောက်ရှာကာ သူ့တဲဆီသို့ ပြန်ရန် ပြင်နေသည်။
 “လာဗျာ၊ ဒီမောင်တွေနဲ့ မျက်စိကော နားပါရှုပ်နေပြီ၊ ကျနော့် ယာယီနန်းတော်ကို ပြန်ကြစို့ရဲ့၊မိုးရွာနေတာ လည်း ဟန်တမျိုးကျတာပဲဗျာ၊ အဝတ်တွေ မလျှော်တာ ကြာပေါ့၊ မိုးရေနဲ့ဆို အဝတ်လျှော်ရတာ ပိုပြီး အဆင် ပြေတယ်ဗျ”
ပြောပြောဆိုဆို သူ့တဲဆီသို့ မိုးသည်းသည်းထဲမှာပင် အပြေးတပိုင်း လျှောက်သွားလေရာ ကျနော်လည်း နီးရာ ထီးစုပ်တချောင်းဖြင့် သူ့နောက်မှ  လိုက်ပါသွားရပြန်သည်။ ကိုသက်ခိုင်သည် တဲသို့ရောက်သည်နှင့် ဇလုံကြီးတခုထဲမှာ အဝတ်တွေကို ပစ်ထည့်၊ဆပ်ပြာမှုန့်အချို့နှင့်ရောမွှေကာ အဆိုပါဇလုံကို တံစက်မြိတ် အဝမှာ ချထားလိုက်သည်။ထို့နောက် နှစ်ယောက်သား တဲပေါ်မှာ အသင့်ရှိနေသည့် ထမင်းဟင်းကျန် တချို့နှင့် နေ့လည်စာကို ကျေနပ်လိုက်ကြရသည်။ ကိုသက်ခိုင်ကား ထုံးစံအတိုင်း ထမင်းစားပြီးသည်နှင့် ကွမ်းတယာကို မြုံ့နေစဉ် ကျနော်က စကားစလိုက်မိပြန်သည်။
“ နေပါဦးဗျ၊ ဒီချာတိတ် ကျိုးနေတာ ဆေးမှူးက ရောဂါ ရှာမတွေ့ပဲ ခင်ဗျားက ဒက်ထိပြောနိုင်တယ်ဆိုတော့ ခင်ဗျားက အကြားအမြင်ရနေရော့သလား”
“လွဲချက်ကတော့ ကမ်းကုန်ပဲဗျာ၊ နံရံမှာ နားတွေ ရှိတယ်လို့ ဆိုတယ်မဟုတ်လား၊ ဒီချာတိတ်က သူ့ရောဂါ မဟန်ပုံပေါ်တာကြောင့် ပင်နယ်ဆလင်ငါးသိန်းအား ဘယ်မှာ ရနိုင်မလဲဆိုပြီး လျှောက်ရှာနေတဲ့ သတင်း ကျနော် ရပြီးသားဗျ၊ကြားရတဲ့ သတင်းထဲမှာ ဂေါ်ဖီပွင့်လို အဆုပ်ဆုပ်ဖြစ်နေတာလည်း ပါတာမို့ ဒီကောင် ဖြစ်နေတာ ဆစ်ဖလစ်ဆိုတာ ကြိုမှန်းနို်င်တာပေါ့ဗျာ”
“ အော် တယ်ဟုတ်ပါလား၊ ဒီချာတိတ် ဒီလောက်သောင်းကျန်းတာ သူ့ထိုက်နဲ့ သူ့ကံ ပစ်ထားလိုက်ရော ပေါ့ဗျာ”
“ ဒီလိုလည်း မဟုတ်သေးဘူးဗျ၊လူမှန်သမျှ ကာမဂုဏ်နဲ့ ကင်းနိုင်ခဲတာကလား၊အမှန်တော့ ရဲရဲဝံ့ဝံ့ ဝန်မခံရဲ ကြလို့ပါ၊ခင်ဗျားကော ကျနော်ပါ ဒါမျိုးမကင်းခဲ့ကြပါဘူး။ ဝန်ကြီးချုပ်ဟောင်း ဦးနုလို ပုဂ္ဂိုလ်မျိုးတောင် မကင်း နိုင်လို့ သူကြုံခဲ့တဲ့ ပြည့်တန်ဆာဇာတ်လမ်းနဲ့ ရောဂါအကြောင်း တာတေစနေသားမှာ ရေးပြဖူးတယ်လေ။ ရေးပြရဲတဲ့ သူ့သတ္တိကတော့ လေးစားလောက်တယ်ဗျာ။ ခင်ဗျား သေချာစဉ်းစားကြည့်ပါ။ အခု ရဲဘက်မှာ တွေ့နေရတဲ့ အကျဉ်းသားကော ဝန်ထမ်းပါ သူတို့စိတ်ထဲ၊မမြင်ကွယ်ရာလို့ ထင်နေတဲ့ တချိန်ချိန် တနေရာ ရာမှာ ကိုယ်တုံးလုံးနဲ့ ကာမဂုဏ်ခံစားခဲ့ဖူးသူချည်းပါပဲ။ ထို့အတူ ဒီတနယ်လုံးမှာ၊ပြည်နယ်တိုင်း တခုလုံးမှာ တနိုင်ငံလုံးမှာ တကမ္ဘာလုံးမှာ တလောကလုံးမှာ ရှိရှိသမျှ သတ္တဝါတွေဟာ ဆိတ်ကွယ်ရာတခုခုမှာ အဝတ်ဗလာနဲ့ ကာမဂုဏ်ကို တနည်းနည်းနဲ့ ခံစားနေကြခံစားခဲ့ကြသူတွေချည်းပါပဲဗျာ။ကာမဂုဏ်နဲ့ လုံးလုံး လျားလျား ကင်းတဲ့သူဆိုတာ ရာနှုန်းအင်မတန် နည်းလှပါတယ်။
ဒါကြောင့် ပညာရှိ သူတော်ကောင်းတွေက ကာမဂုဏ်ကို ညွှတ်ကွင်းနဲ့ ဥပမာပေးခဲ့ကြတာပါပဲ။ စွန်းလွန်းဆရာတော်ကြီးလို ပုဂ္ဂိုလ်မျိုးကတောင် “ကာမဘုံဟာ အတော်စွဲမက်စရာကောင်းတယ်၊ ရုန်းထွက်ဖို့ခက်တယ်၊ ဘုန်းကြီးတောင် ကံကြီးလို့ အလွတ်ရုန်းထွက်လာနိုင်တာ”လို့ မိန့်ဖူးသဗျ၊ အဲသလိုအမြင်မျိုးနဲ့ဆင်ခြင်ကြည့်ရင် ဒီကလေး ဖြစ်နေ တဲ့ ရောဂါအတွက် သူ့ကို အပြစ်ဆိုစရာ အကြောင်းမမြင်ပါဘူး။ ဒီကိစ္စကို ကျနော်ဝင်ပါရတာက သူ့ရောဂါဟာ ဒီအဆင့်မှာ သေချာမကုပဲ ဆေးမြီးတိုနဲ့ လျှောက်လုပ်နေရင် လူညွှန့်တုံးသွားနိုင်တာမို့ မဖြစ်သင့်တာ မဖြစ် အောင်ဆိုပါတော့။ တကယ်တော့ ကာမတဏှာ၊အချစ်၊ သံယောဇဉ် ဆိုတာတွေဟာ သတ္တဝါတွေရဲ့  နက်ရှိုင်း တဲ့ အတွင်းပိုင်းတနေရာကို ဗဟိုပြုပြီးလှုပ်ခတ်တဲ့ ဖြစ်ပျက်တမျိုးပါပဲ”
“ ဟ၊ တော်ရုံပညာရှိတွေတောင် အဓိပ္ပါယ်မဖော်နိုင်တဲ့ အချစ်ဆိုတာ ဖြစ်ပျက်တဲ့လား၊ သေချာရှင်းပါအုံးဗျာ”
“ အင်း၊ ဆယ်တန်းကျောင်းသားတယောက်က ရူပဗေဒသင်ဖူးတယ်ဆိုရုံမျှနဲ့ အိုင်စတိုင်းရဲ့  နှိုင်းရဓမ္မကို နားလည်အောင် အရှင်းခိုင်းသလို ပါပဲလား”
“ခင်ဗျားကလည်း ထစ်ကနဲရှိတာနဲ့ ကျနော့်ကို ပါးပါးလေးနွှာတော့တာပဲ။ အခုကျနော်လည်း ဖြစ်ပျက်ကို ရိပ်မိနေပါပြီဗျ။ ခင်ဗျား ပြောတဲ့အချက်တွေအတိုင်းဆို ကျနော်တို့ ခန္ဓာကိုယ်တခုလုံးဟာ အမှုန်ကလေးတွေ နဲ့ ဖွဲ့ထားတယ်။ အဲဒီအမှုန်လေးတွေဟာ သူ့အလိုလို ဖြစ်လာတယ်၊ပျက်သွားတယ်။ မခိုင်မြဲခြင်း ၊ ပျက်စီး သေဆုံးခြင်း ၊ မိမိကိုယ်တိုင် ထိန်းချုပ်မရခြင်း ဆိုတဲ့သဘောတွေ ရှိတယ်၊ ဒါဆို ကျနော်လည်း ဖြစ်ပျက်ကို သဘောပေါက်နေပြီဆိုတာ  ခင်ဗျား ဘယ်လိုငြင်းမလဲ”
“ မငြင်းချင်ပါဘူးဗျာ၊ ရင်တထိတ်ထိတ်နဲ့ သာဓုခေါ်လိုက်ပါတယ်”
“ သာဓုခေါ်တာများ ရင်တထိတ်ထိတ်နဲ့ ခေါ်ရတယ်လို့ဗျာ”
“ အမှန်ပဲဆရာ၊ ဘာသာရေးမှာ အခု ခင်ဗျားသိသလို သူတပါး ပြောစကားကနေ သိလာတဲ့ အသိဟာ ဧရာမ အန္တရာယ်ပဲ၊ တိတိကျကျပြောရရင် အဲဒီအဆင့်နဲ့  မပြည့်စုံဘူးဗျ။ ခက်နေတာက ဘယ်ဘာသာဝင်မဆို အဲဒီ အဆင့်နဲ့ပဲ သူတို့ ဘာသာအသီးသီးကို ကိုးကွယ်နေကြတာကလား၊ဘုန်းကြီးက ဟောတယ် ၊သင်းအုပ်ဆရာ က ပြောတယ်၊ ဗလီဆရာက လမ်းညွှန်တယ်ဆိုတာနဲ့တင် လမ်းဆုံးနေကြတာချည်းပါပဲ၊ နောက်တခုက ဘယ် စာအုပ် ဘယ်ကျမ်းဂန် မှာ  ရေးထားတယ်ဆိုတာမျိုးလည်း ထို့နည်းအတူပါပဲ” 
“အော် ဒါဆို စိတ်တော့ မရှိပါနဲ့ ၊ခင်ဗျား ကျနော့်ကို ခွပ်နေတာများပြီဗျာ၊ ဒီတကြိမ်တော့ ခင်ဗျားကို ထောက်လိုက်ပါရစေ။ ခင်ဗျားကဘာသာတရားကို လက်တွေ့တံခါးပေါက်ကနေ စူးစမ်းခဲ့တယ်ဆိုတော့ ဖြစ်ပျက်ဆိုတာကို ကျနော်နားလည်ထားတာနဲ့ ဘယ်လိုများ ကွဲပြားပြီး သိမြင်သတုန်းဗျာ”
ကျနော်ကား နှုတ်မှစကားသံ ထွက်သွားပြီးကာမှ ငါထောက်လိုက်တာ စိတ်ဆိုးစရာများ ဖြစ်သွားလေသလား ဟူသည့် စိုးရိမ်မှုဖြင့် ကိုသက်ခိုင့်မျက်နှာကို လှမ်း၍ အကဲခတ်လိုက်မိသည်။သူ့မျက်နှာတွင် စိတ်အနှောင့်  အယှက်တစုံတရာ ဖြစ်ပုံမရ။ ကျနော့်စိတ်ထင် သူ့မျက်နှာတွင် အပြုံးရိပ်သန်းနေယောင်ရှိ၏။
“ အဆင်သင့်လိုက်လေဗျာ၊ ကျနော်လည်း အခွင့်သင့်ရင် ခင်ဗျားကို ကျနော်သိနေတဲ့ ဖြစ်ပျက်ရဲ့  လက်တွေ့ သဘောကို သက်သေအခိုင်အမာပြမယ်လို့ စိတ်ကူးထားတာဗျ။ အခုတော့ နေရာကျလိုက်လေဗျာ။ ကဲ ဟိုမှာ အဝတ်လျှော်ဖို့ ဆပ်ပြာမှုန့်နဲ့ စိမ်ထားတဲ့  ဇလုံဆီကို လှမ်းကြည့်လိုက်ပေတော့ဗျာ”
သူက ကြည့် ဆို၍သာ ကြည့်လိုက်ရသည်။ သူဘာကို ဆိုလိုသည်ကို  ကျနော် ဆက်စပ်တွေးတောနိုင်စွမ်း မရှိချေ။ တံစက်မြိတ်အောက်တွင် ဆပ်ပြာမှုန့်ထည့်ကာ ချထားသည့် ဇလုံတွင်းဝယ် ဆပ်ပြာမြှုပ်များ တစီစီ ထလျက်ရှိသည်ကို မြင်နေရသည်။
“ ဘာတုန်းဗျ၊ အဝတ်ကို ဆပ်ပြာမှုန့်နဲ့ရောပြီး မိုးရေထဲ ချထားတော့ အမြုပ်တွေ ထွက်တာပေါ့၊ အဲဒါ ဘာဆန်းလို့တုန်း”
“ အဲဒီ ခင်ဗျား မြင်နေရတဲ့ ဆပ်ပြာမြှုပ်တွေဟာ ခင်ဗျားတို့ ကျနော်တို့ ခန္ဓာကိုယ်ရဲ့ ရူပက္ခန္ဓာရဲ့ သဘော၊ အဲဒီဆပ်ပြာမြှုပ်တွေ ပွက်ပြီးပေါက်ကွဲနေတာဟာ ဝေဒနာက္ခန္ဓာရဲ့သဘောပါပဲ”
“ ဗျာ”
“ မဗျာနဲ့ ဆရာ၊ ရုပ်နဲ့နာမ်ကို ခန္ဓာအားဖြင့် ခွဲခြားရင် ရူပက္ခန္ဓာ၊ သညာက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာဆိုပြီး ငါးပါးရှိသတဲ့။ ခင်ဗျားမြင်နေရတဲ့ ဆပ်ပြာမြှုပ်တွေဟာ ရူပက္ခန္ဓာဖြစ်ပျက်နေပုံ၊ ဆပ်ပြာမြှုပ်တွေ ပေါက်ကွဲနေပုံဟာ ဝေဒနာက္ခန္ဓာနဲ့ တထပ်တည်းပါပဲ။ ရူပက္ခန္ဓာဟာ ရေမြှုပ်နဲ့တူတယ်လို့ စာပေကျမ်းဂန်မှာ ခင်ဗျား ဖတ်ဖူးကောင်းဖတ်ဖူးပါလိမ့်မယ်။  ဘာကြောင့် ဆပ်ပြာမြှုပ်နဲ့တူနေသလဲ ဆိုတာ တော့  လက်တွေ့ကျင့်ကြံမှု မပါပဲ ခင်ဗျား နားရှင်းဖို့ အတော်ကို  ခက်ပေလိမ့်မယ်။ စကားကြုံတုန်း ဆက်ပြောရရင် သညာက္ခန္ဓာဟာ တံလျှပ်နဲ့တူတာတို့ ၊ဝိညာဏက္ခန္ဓာဟာ မျက်လှည့်ဆရာနဲ့တူတာတို့၊ သင်္ခါရက္ခန္ဓဟာ ငှက်ပျောတုံးနဲ့တူတာတို့လည်း ရှိလေသေးရဲ့။ ခက်တာက ဆက်ရှင်းပြနေရင် ကိုယ့်ဆရာ နားငြီးရုံသာ ရှိတော့မယ်။ ဒါကြောင့်  ခင်ဗျားအနေနဲ့ အခုလို တဆင့်စကားနဲ့ ဖြစ်ပျက်ကို  သိနေရာကနေ ခင်ဗျားရဲ့ ခန္ဓာကိုယ်မှာ အချိန်တိုင်း ဖြစ်ပျက်နေတာကို ပကတိအမှန်တရားအတိုင်း ကျင့်ကြံ သိမြင် နိုင်ပါစေလို့ သာဓုခေါ်တာဗျ။ ရင်ထိတ်တာက ခင်ဗျားက ကြားဖူးနားဝနဲ့တင်  ဖြစ်ပျက်ဆိုတာ ငါသိပြီလို့ လူစုစု ရှိရာမှာ မောင်းခတ်နေမှာ ကြောက်လို့ဗျို့၊ အင်း ပြောရရင် ကျနော်ဟာ ရုပ်ရဲ့ ဖြစ်ပျက်ကိုတွေ့ပြီး မရှေးမနှောင်းမှာ မထင်မှတ်ပဲ စိတ်ရဲ့ဖြစ်ပျက်သဘောကို တွေ့မိသေးတယ်ဗျ”
“ ခင်ဗျားက စိတ်ရဲ့ဖြစ်ပျက်ကိုလည်း တွေ့ခဲ့ဖူးသကိုး၊ စိတ်ဝင်စားစရာ အပျင်းပြေစရာဆိုရင်တော့ မိုးအေး အေးမှာ နားထောင်ချင်ပါ့ဗျာ”
“ အင်း အပျင်းပြေ စိတ်ဝင်စားစရာကို နားထောင်ချင်သတဲ့လား။ ခင်ဗျားကိုလည်း အဆိုးမဆိုပါဘူးလေ၊ လူတွေဟာ အစစ်ထက် အတုကို ပိုပြီး စိတ်ဝင်စားတတ်ကြတာကလား။ ပြောနေရင်း လူတွေရဲ့သဘောကို ထင်ဟတ်တဲ့ ဆရာဦးရွှေအောင်ရဲ့ ပုံပြင်လေးတပုဒ် သွားသတိရမိသေးဗျာ”
“ ဘာပုံပြင်ပါလိမ့်။ ပုံပြင်ဆိုရင်တော့  လုပ်ဗျာ။ အပြစ်ဆိုရင်လည်း ဆိုပေတော့။ ကျနော်ကတော့ ပုံပြင်ဆိုရင် ငယ်ငယ်တုန်းကလည်း ကြိုက်တယ်။ အခုလည်း ကြိုက်တုန်းပဲ”
“ အဲဒီပုံပြင်လေးက ဆရာဦးရွှေအောင်ရဲ့ ထေရဝါဒအုတ်မြစ်ဆိုတဲ့ စာအုပ်ပါးလေးထဲမှာ နောက်ဆုံးနေရာနား မှာ ပါတာဗျ။ တခြားစာဖတ်သူတွေ သတိထားမိချင်မှ ထားမိပေလိမ့်မယ်။ ကျနော်ကတော့ သဘောကျလွန်း လို့ အသေအချာကို မှတ်ထားမိတယ်ဗျာ။  ဒီလိုပါ ။  တခါက ဆရာနဲ့တပည့် ခရီးအတူသွားကြသတဲ့။ လမ်း တနေရာမှာ တစုံတခုကို လူတွေဝိုင်းအုံတိုးဝှေ့ပြီး  ကြည့်နေကြတာမြင်တော့ တပည့်လုပ်သူကလည်း အများ နည်းတူ ဝင်ပြီး တိုးကြည့်သတဲ့ဗျ။ တော်တော်ကြာကြည့်ပြီး တပည့်ဖြစ်သူပြန်လာတော့ ဆရာက “ဘာတွေ့ သတုန်း“လို့ မေးတဲ့အခါ တပည့်က “ တော်တော်ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းတယ်လို့ ပြောရမယ် ဆရာ၊ လူစင်စစ်က ဝက်လိုအော်လိုက်တာ တကယ့်ဝက်အစစ် အော်တဲ့ အသံအတိုင်းထွက်လာတာ ဆရာရေ့၊ ဒါကြောင့် လူတွေဝိုင်းအုံတိုးဝှေ့ပြီး ကြည့်နေကြတာဆရာ” လို့ ဖြေသတဲ့ဗျ။ ဒီတော့ ဆရာက “ လာသွားကြစို့၊ ရှေ့မှာ ဒီထက် အံ့သြစရာလည်း ကောင်း စိတ်ဝင်စားစရာလည်း ကောင်းတာ မင်းတွေ့ပါ လိမ့်အုံးမယ်” ဆိုတော့ တပည့်ဖြစ်သူလည်း ဒိထက်ဆန်းတာ ဘာအရာများပါလိမ့်ဆိုပြီး မျှော်တလင့်လင့်နဲ့ ဆရာ့နောက်ကနေ လိုက်သွားရော ဆိုပါတော့ဗျာ။ ဒီလိုနဲ့ တနေရာလည်း ရောက်ရော ဆရာတပည့် နှစ်ယောက် သွားနေတဲ့ လမ်းမှာ  ဝက်တကောင် တွေ့တဲ့အခါ ဆရာက တပည့်ကို ဝက်အဖမ်းခိုင်းသတဲ့။ တပည့်က ဝက်ကို ဖမ်းမိတဲ့အခါ ဆရာဟာ ဝက်ကို တုတ်နဲ့ ရိုက်သတဲ့။ ဒီတော့ အရိုက်ခံရတဲ့  ဝက်က အော်တာပေါ့ဗျာ။ ဒီမှာတင် ဆရာက “အခုနက ဝက်အော်သံနဲ့  အခု ဝက်အော်သံ၊ဘယ်အသံက ဝက်အသံနဲ့ ပိုတူသတုန်း”မေးတော့ တပည့်က “ဟာ ..၊ ဆရာကလည်း အခုအော်တဲ့ ဝက်သံက ဝက်အစစ်က အော်တာပဲ။ စောစောက ကြားခဲ့ရတဲ့အသံဟာ လူက ဝက်လိုအော်တာမို့ အခုအသံက ဝက်အသံနဲ့ ပိုတူတာပေါ့”လို့ ဖြေသတဲ့ဗျ။ ဒီတော့ ဆရာက “ဒါဆို အခု အော်နေတဲ့ ဝက်အစစ်အသံကို လူတွေ ဘာကြောင့် ဝိုင်းအုံ မကြည့်တာတုန်း” မေးပြန်တော့ တပည့်က မထူးဆန်းလို့ စိတ်ဝင်စားစရာ မကောင်းလို့ ဝိုင်းအုံ မကြည့်ကြတာပါ ဆရာ” လို့ ဖြေတာပေါ့။ အဲဒီအခါမှ ဆရာက “အေး.. မင်းမှတ်ထားပေတော့၊ သာမန်လူများဟာ အဝိဇ္ဇာရဲ့ “မာယာအလှ” ကိုသာ မြင်တတ်ကြားတတ် မြင်ချင်ကြားချင်ကြတယ်။ ဝိဇ္ဇာရဲ့ “သစ္စာအလှ” ကို မမြင်မကြားတတ်ကြဘူး။ မြင့်မြတ်တဲ့သူများသာ အဝိဇ္ဇာရဲ့ မာယာအလှကို ကျော်ပြီး ဝိဇ္ဇာရဲ့သစ္စာအလှကို မြင်တတ်ကြတယ်လို့ ” ဆုံးမ သတဲ့ဗျ”
“ အော် လက်စသတ်တော့ ဆရာသမားက ကျနော့်ကို ယဉ်ယဉ်လေးနဲ့ ပြန်ပြီး နှိပ်ကွပ်တာပါကလား”
“ ရော ၊မဟုတ်ရပါဘူးဗျာ။ဒါဟာ လူတိုင်းရဲ့ စိတ်သဘောပါ။ကျနော်ကိုယ်တိုင်လည်း သတိမချပ်မိတဲ့အခါ ဒီစာရင်းမှာ ပါနေတုန်း ပါပဲ။ ကဲပါလေ၊ ခင်ဗျား  အပျင်းပြေရအောင် ကျနော့်စိတ်ရဲ့ ဖြစ်ပျက်ကို ရှာဖွေတွေ့ရှိ တဲ့အကြောင်း ပြောပြပါအုံးမယ်၊ ဒီအကြောင်းကို နားထောင်ရင်း ကျနော်ဟာ မဂ်ဖိုလ်ဆိုက်ခဲ့သလားဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ခင်ဗျားကိုယ်တိုင် ဆင်ခြင်နိုင်ကောင်းပါရဲ့ ”
ဤသို့ဖြင့် မိုးသက်လေပြင်းနှင့် လျှပ်ပန်းလျှပ်နွယ်တို့ ပြိုးပြက်နေသော အခါသမယတွင် ထိုနေ့က ကိုသက်ခိုင် ပြောပြခဲ့သော ဖြစ်ပျက်ရှာပုံတော်ခရီး၏ အခန်းဆက်မှာ အောက်ပါအတိုင်းဖြစ်လေ၏။ 


 “ ခင်ဗျား ရိပ်မိနေတဲ့ ဖြစ်ပျက်ဟာ တကယ်တော့ ရုပ်ရဲ့ဖြစ်ပျက်ဗျ။ အဲဒီ ရုပ်နဲ့မကွဲမကွာ တွဲပြီး ရှိနေတဲ့ စိတ်အုပ်စုရဲ့ ဖြစ်ပျက်ကျန်သေးတယ်။စိတ်ဆိုတော့ ပြောရတာ ခက်သားဗျာ။ သို့ပေမဲ့ ကျနော် နားလည် သလောက်တော့  ပြောပါ့မယ်။ ဒါမှ ဖြစ်ပျက် ဇာတ်ရည်လည်သွားမှာ။
တစတစ လေ့ကျင့်ဖန်များလာတော့ ထူးခြားမှု တခုတွေ့လာတယ်။ကျနော်တို့ဟာ ငါ ဟာငါပဲ လို့ တယောက် တည်းထင်ပေမဲ့ မဟုတ်ဘူးဗျ။ ခိုင်းတဲ့သူနဲ့ လိုက်လုပ်နေတဲ့သူ နှစ်ပိုင်း ကွဲနေတယ်ဗျ။ရုပ်နဲ့နာမ်ဆိုပါတော့။
ကိုယ့်ကိုကိုယ် ဒရဝမ်စောင့်အဖြစ် ခန့်ပြီး မပြတ်စောင့်ကြည့်တဲ့အခါ လား လား၊ ကျနော်တို့ ခန္ဓာကိုယ်ကြီး ဟာ အတွင်းပိုင်းက မမြင်ရတဲ့ ကွန်ထရိုးခန်းထဲကနေ ထိန်းချုပ်စေခိုင်း နေတာကို သိလာတယ်ဗျ။ အမှတ်နဲ့ လမ်းလျှောက်နေတယ် ဆိုပါစို့ဗျာ။စိတ်က လမ်းလျှောက်ဟေ့လို့ခိုင်းလိုက်တာနဲ့  ကျနော့်ခန္ဓာ ကိုယ်ကြီးက နာခံပြီး လျှောက်နေတာ။ သေချာဂရုစိုက်လေ။ ထင်ရှားလေပဲ။ စိတ်အကြောင်း ပြောရတာ အိပ်ငိုက်ဘို့ ကောင်းတာတော့ အမှန်ပါပဲ။
ဒါပေမဲ့ ကျနော်တွေ့ခဲ့တဲ့ ကျနော့်စိတ်အကြောင်းကတော့ အာပူလျှာပူစား သလိုပါပဲ။ သိသိသာသာ ပူစပ် ပူလောင် ခံစားလိုက်ရလို့ဗျ။ အမှန်က အာပူလျှာပူတော့ မဟုတ်ဘူး။ ကျနော့်စိတ်ကို ကျနော် ရှာတွေ့ခဲ့တာ ပုဇွန်ထုပ်ဟင်းဗျ။ ဟုတ်ပါတယ်။ ပုဇွန်ထုပ်ကြီးကို ခရမ်းချည်သီး အကွင်းလိုက် ဆီပြန်ချက်ထားတဲ့ဟင်း။ အဲဒီ ကနေ ကျနော့်စိတ်ကို ကျနော်တွေ့ တာ။ဒီလိုပါဗျာ။
၂၀၀၀ ခုနှစ်ဝန်းကျင်တဝိုက်ပေါ့။ ရန်ကုန်မှာကော။ မန္တလေးမှာပါ စွယ်တော်စေတီတွေ တည်ကြတယ်လေ။ ကျနော်တို့အုပ်စုလည်း မန္တလေးမှာ ဂွင်ရိုက်နေတဲ့အချိန်ဆိုတော့ စွယ်တော်တည်ဆောက်ရေးက တာဝန်ခံ ဗိုလ်မှူးကြီး စံလင်းတို့။ ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းကြည်တို့နဲ့ အဖွဲ့ ကျနေတယ်။
ရန်ကုန်နဲ့မန္တလေး တပုံစံတည်းထပ်တူ ဖြစ်ရမှာဆိုတော့ နောက်ဆုံးဌာပနာသွင်းမဲ့ အချိန် ရန်ကုန်မှာ လုပ်ပုံကိုင်ပုံကို ပုံတူကူးဘို့ သူတို့နှစ်ယောက်စလုံး ရန်ကုန်ကို ကျနော်တို့အဖွဲ့နဲ့ လိုက်လာကြတယ်။ ဗိုလ်ထွန်းကြည်က နည်းနည်းအနေတည်တော့ ဗိုလ်စံလင်းလောက် ကျနော်တို့နဲ့ အဖွဲ့တော့မကျလှဘူး။ သူတို့နှစ်ယောက်စလုံးကို ကျနော်တို့အဖွဲ့ထဲက မင်းမင်းထွန်းဆိုတဲ့မောင်က သူ့အိမ် ထမင်းစားဖိတ်တယ်။ သူ့ညီမက သူ့နာမည်နဲ့ ခင်ဆင်ဆင် နာမည်ကျော် အဆိုတော် ရုပ်ရှင်မင်းသမီးဗျ။ ဗိုလ်ထွန်းကြည်တော့ ရောက်မလာဘူး။ကိုစံလင်း တယောက်ထဲပဲ လာတယ်။ ကံကောင်း တယ်လို့ဆိုရမှာပဲ ။ဘာလို့ လဲဟုတ်လား။ မင်းမင်းထွန်း သားတော်မောင် လေးနှစ်အရွယ် ကလေးကြောင့်ပေါ့ ဗျာ။
မင်းမင်းထွန်းကလည်း တဦးတည်းသော ကလေးဆိုတော့ တော်တော်ကို အလိုလိုက်ထားတယ် ထင်ပါ့ဗျာ။ ကလေးက လူကြီးတွေကို လုံးဝအကြောက်အလန့်မရှိဘူး။ဧည့်သည် လေးငါးယောက်ရှေ့လည်း ဗြောင်းဆန် အောင် ဆော့နေတယ်။
ကျနော်တို့လည်း ထမင်းဝိုင်းပြင်နေတာကို စကားပြောရင်း စောင့်နေကြတယ် ။ဟင်းပန်းကန်တွေ တခုပြီး တခုချပေါ့။ နောက်စားဘို့ အဆင်သင့်ဖြစ်လို့ လူစုံလည်း ဝိုင်းထိုင်လိုက်ရော။ မင်းမင်းထွန်း သားတော် မောင်က ခုနှစ်အိမ်ကြား အော်လိုက်တဲ့ ကြွေးကြော်သံကြောင့် ကျနော်တို့အားလုံး ထမင်းဆက် မစားရဲ အောင် ဖြစ်ကုန်ရောဗျာ။ဘာတဲ့။ ငါ -ိုးမ သားတွေ ငါစားဘို့ ချက်ထားတာတွေ လာစားနေကြတယ် တဲ့ ။
တခွန်းတည်းမဟုတ်ဘူး ဗျာ။ အဖေလုပ်သူက ပါးစပ်ပိတ်လေ။ အသံကပို ကျယ်လာလေ။ ကျနော်တို့လည်း အဲဒီနေ့က ဘယ်လို ဘယ်ပုံ ထမင်းစားမိမှန်းတောင် မသိတော့ဘူး။တယောက်မျက်နှာ တယောက် ကြည့်ပြီး ရီရမလို ။စိတ်ဆိုးရ မလိုနဲ့။ နောင်ကြုံတိုင်းလည်း ဒီကလေး အကြောင်း ပြောပြောပြီး စားမြုံ့ပြန်ခဲ့တဲ့ အကြိမ်ပေါင်း မနည်းပါဘူးဗျာ။ ဟုတ်ပါတယ်။ ကျနော်ဝန်ခံပါတယ်။ ကလေးကော မိဘကိုပါ ကဲ့ရဲ့တဲ့ သဘောပါ။ ဒါပေမဲ့ဗျာ ။ကလေးက အမှန်ကို ပြောခဲ့တာဗျ။ ကျနော်တို့ကသာ ဟန်ဆောင်နေတာ။ ကိုယ့် စိတ်ကို ကိုယ် မမြင်ကြလို့ ပေါ့ ဗျာ။
ပြီးခဲ့တဲ့ တလလောက်ကပေါ့။ ကျနော်ဟာ ကျနော့်ဇနီးက နောက်တခေါက်လာရင် ဘာစားချင်သလဲ မေးတော့ ကြိုက်တာသာ လုပ်ခဲ့ကွာ။ အေး ပုဇွန်ထုပ်ဟင်းတောင် မတွေ့တာ ကြာပါပေါ့လို့ ပြောလိုက်မိ တယ်။ သူကနောက် တခေါက်လာတော့ ပုဇွန်ထုပ် ခပ်ကြီးကြီးတွေကို ခရမ်းချည်သီး အကွင်းလိုက် ကြက်သွန်အဖြူအနီ များများနဲ့ ချက်လာတယ်။ ကျနော့်ဇနီးက ထမင်းစားဘို့ ပန်းကန်ပြင်နေတော့ ကျနော် လည်း မှတ်လက်စ အမှတ်လေးနဲ့နေလိုက်တယ်။စားခါနီးဆဲဆဲဗျာ။ မူဆလင် ကိုတင်ဝင်း ပေါက်ချလာတယ်။ သူက ဘိုးတော် ဘာဟင်းလဲတဲ့ ။ နည်းနည်း မျှအုံးတဲ့။သူက ဘာသာရေးအရ အစားရွေးရတယ် ဆိုတော့ တခါတခါဒီလိုပဲ လာပြီးမေးတတ်ပါတယ်။ အတူစားခဲ့တဲ့ အကြိမ်တွေ မနည်းပါဘူး ။သူက တခြားသူ ဆီကတော့ ဒီလိုလုပ်လေ့မရှိပါဘူး။
အေးပေါ့ဗျာ ။ ကျနော်ကလည်း လေ့ကျင့်ခန်း ဆင်းနေတဲ့ လူဆိုတော့ ဒါနခန်းက ဘာမှမဆန်း လှဘူးပေါ့။ ငါဘယ်လောက် ကြိုက်ကြိုက် သူများကို ခွဲဝေပေးနိုင်ရမယ်ပေါ့။ ဒီလောက်တော့ ငါစွန့်နိုင်ပါတယ်ပေါ့။ ကျနော်လည်း လာဗျာ ကိုတင်ဝင်း ပုဇွန်ထုပ်ဆိုတော့ ခင်ဗျားစားလို့ရ တယ်။ သူလည်း အတူဝိုင်းထိုင်ပြီး အတူစားဘို့ စလိုက်ပါရော ဗျ။
ကျနော်ဟာ မှတ်နေရင်းတန်းလန်းနဲ့ ပန်းကန်ထဲမှာရှိတဲ့ ပုဇွန်ထုပ်ကြီးသုံးကောင်ထဲက တကောင်ကို ဇွန်းနဲ့ခပ်ပြီး ကိုတင်ဝင်း ထမင်းပန်းကန်ထဲကို ထည့်ပေးလိုက်တယ်။ ပုဇွန်ထုတ်ကြီးဟာ ကြက်သွန်နီ အကွင်းလေးတွေကပ်လျက် ကြက်သွန်ဖြူ အနှစ်တချို့၊ ခရမ်းချဉ်သီးတကွင်းနဲ့အတူ ကိုတင်ဝင်း ပန်းကန် ထဲကို ရောက်သွားပါတော့တယ်။ကျနော်မှတ်လျက်ပဲ။အေးဗျာ။ ကျနော့်ကိုယ် ကျနော်တောင် လန့်သွား တယ်။ ကျနော်ကိုယ်ထဲက တစုံတခုဟာ ကျယ်ကျယ်လောင် ထအော်နေ တယ်ဗျာ။ဘာတဲ့။ ငါ့ပုဇွန်ထုပ်ကြီး တဲ့။
ဟ၊ မဟုတ်သေးပါဘူး။ ဘယ်ကကောင်က လာအော်နေတာလဲ ။ ကျနော် သေချာထပ်စစ်ဆေး တယ်။ ဘယ်ကလဲ ။ဘယ်သူလဲ ။ ဘာအော်နေတာလဲ ပေါ့။သေချာလိုက်တာဗျာ။ အော်နေတာ ကျနော့်စိတ် ဗျ။သေချာအာရုံစိုက်လေ။ ပိုဆိုးလေ။အော်နေတာ မရပ်ဘူး။ ဆက်တိုက် ဆက်တိုက် အော်နေတယ်။ ငါ့ပုဇွန် ထုပ်ကြီး၊ ငါ့ပုဇွန်ထုပ်ကြီးတဲ့။အသံတော့ ဘယ်ထွက်မလဲဗျ။ စိတ်ပါ ဆိုမှ ။ကျနော်ကမှတ်နေတာဆိုတော့ သေချာကို သတိပြုမိနေတယ်ဗျာ။အော် မင်းမင်းထွန်း သားကလေး အော်တာ အမှန်ကိုးလို့ တွေးမိရင်း စိတ် ဆိုတာကို သဘောပေါက်ခဲ့ ပါတော့တယ်။ကျနော်ဟာ ရုပ်ဆိုတာကို လည်းမြင်ခဲ့ပြီ။ စိတ်ဆိုတာကိုလည်း မြင်ခဲ့ပြီ။
ဆက်ပြီး ရှုရင်းမှတ်ရင်း ခန္ဓာကိုယ်ကအမှုန်တွေ စိတ်တွေ တလစပ် ပြောင်းလဲနေတာကို တဖြည်းဖြည်း ဥာဏ်မှာ ထင်လာခဲ့ပါတော့တယ်။ဘေးလူတွေ ပါတ်ဝန်းကျင်က သတ္တဝါတွေရဲ့ ရုပ်တွေနာမ်တွေကို ဆက်စပ် စဉ်းစားမိတဲ့အခါ အားလုံး ဝရုန်းသုဉ်းးကားဖြစ်နေတဲ့ ဖြစ်စဉ်ကြီးကို တွေ့မိ ပါတော့တယ်။
နောက် ကျနော်တို့နေတဲ့ရဲဘက်၊ ရဲဘက်စခန်းရှိတဲ့မြို့ ၊ပြည်နယ်တိုင်း၊ နိုင်ငံ၊ကမ္ဘာကြီး။ စင်္ကြာ ဝဠာ ဆိုတာတွေ၊ သုံးဆယ့်တစ်ဘုံဆိုတာတွေပါလာပြီး အားလုံးဟာ ဝရုန်းသုဉ်းကားပါလား။ နေရာ တကာ ရှုပ်ထွေးမှု၊ တွေချည်းပါလားလို့ သိလာပါတော့တယ်။ ဒါတွေ အားလုံးဟာ တခုနဲ့တခု ပါတ်သက်နေလို့ ဒီလို ဖြစ်ရတာကလားဆိုတာလည်း ဆက်ပြီး ထင်ထင်ရှားရှား သိလာပါတယ်။ ကျနော်ဟာ ဟိုတုန်းက ရိုးတိုး ရိပ်တိတ်တောင် နားမလည်ခဲ့တဲ့ သစ္စာလေးပါးဆိုတဲ့ အရာကို နားလည်ရိပ်စားနိုင်တဲ့အဆင့် ရောက်လာပါ တော့တယ်။
ဒီလို ရှုပ်ထွေးလွန်းလှတဲ့ အခြေအနေ ။ ယှက်နွယ် ရှုပ်ထွေးမှုတွေမှုတွေကနေ လွတ်မြောက်တဲ့ နည်းလမ်း ဟာ တကယ်ရှိသလား။ လွတ်မြောက်မှုဆိုတာ ရှိသလား။ ငါရောက်ခဲ့တဲ့ နတ်ပြည်လို နေရာဟာလည်း တကယ်တော့ လွတ်မြောက်တဲ့နေရာ မဟုတ်သေးဘူးလို့ ကျမ်းဂန်တွေမှာ ဆိုတယ်။ တကယ် လွတ်မြောက် တဲ့နေရာဟာ ဘယ်နေရာလဲ။ အတွေးစဉ်က မပြတ်တော့ဘူးပေါ့ ဗျာ။
အဲဒီလိုနဲ့ဆက်ပြီး လေ့ကျင့်မှတ်လာလိုက်တာ။လွတ်မြောက်ရာလို့ဆိုမလား လွန်မြောက်ရာလို့ ပြောရမလား ။ ကျနော်ကိုယ်တိုင် မဝေခွဲနိုင်တဲ့နေရာနဲ့ အဖြစ်ကို ကြုံတွေ့ခဲ့ပါတော့တယ်။ ကျနော် ကြိုတင် သတိပေး ပါရဲ့နော်။ရမ်းပြီးတော့ ကောက်ချက်မဆွဲပါနဲ့။ ကျနော်ကိုယ်တိုင် နားမလည်တာလည်း အမှန်ပါ။ဟုတ်ပါ့ဗျား။ မဂ်လားဖိုလ်လားဆိုတဲ့ အဖြစ်ပေါ့။နောက်ဆုံးအနေနဲ့ ဆိုပါတော့ ဗျာ။
မဂ်ဖိုလ်လို့လည်း ဆိုရော။ ခင်ဗျား ပုံစံက မျက်တောင်တောင် မခတ်တော့ပါလားဗျာ။ သိပ်ထူးထူး ဆန်းဆန်း လုပ်ခဲ့တာ မဟုတ်ဘူးဗျ။ကျနော်လေ့ကျင့်ခဲ့တဲ့နည်းဟာ သူလိုကိုယ်လို နည်းပါပဲ။ သို့သော် အလွန်ထက်သန် သော စိတ်။ ကြီးမားတဲ့ လုံ့လ။ ရိုးသားဖြောင့်စင်းစွာ လေ့ကျင့်တဲ့နေရာ မှာတော့ သူများနဲ့ကွာလိမ့်မယ် ထင် ပါရဲ့ ။
ကျနော့်တသက် ဘယ်တုန်းကမှ။ ဘယ်အရာကိုမှ အဲဒီလောက် ထက်သန်၊ ရိုးသားပြီး လုံ့လကြီးကြီးနဲ့ မလုပ် ခဲ့ဘူးတာ အမှန်ဗျ။ ဒါလည်း သေခါနီးတာ ပါမှာပါ။အသေးစိတ် ပြောပါ့မယ်။ တဆင့်ချင်း ပြောပါ့မယ်။ ခင်ဗျား ပျင်းပုံမရတော့ ပြောရတာ အားတော့အရှိသား။
တခုသောနေ့လို့ ဆိုပါတော့။ ကျနော်ဟာ လေ့ကျင့်ခန်း စဝင်ခဲ့ပါတယ်။ ပုံမှန်အချိန် ညဆယ့်တစ် နာရီ လောက်ပေါ့။
ဘုရားရှစ်ခိုးတာ သီလယူတာဟာ ပုံမှန် သြကာသ၊ ပုံမှန်သီလပါ။ ရှစ်ပါးသီလလေ၊ဘာတဲ့။ အာဇီဝ ဋ္ဌမကသီလဆိုတာ။ အော်၊ အသက်သတ်တာ။ ခိုးတာ၊အိမ်ယာပြစ်မှားတာ ၊လိမ်မပြောတာ အတူတူပါပဲ။ နည်းနည်းကွဲလွဲတာက ၊ညစ်ညစ်ညမ်းညမ်း မပြောတာ၊ ဂုံးချောတဲ့ စကား မပြောတာ၊ သိမ်သိမ် ဖျင်းဖျင်း စကားတွေ မပြောတာ။ မကောင်းသော အသက်မွေးမှု မလုပ်တာ၊ ဒါပဲကွာပါတယ်။ ပါဠိလိုဟုတ်လား။ နောက်မှရှာဖတ်။ ကျနော်လည်း အစက ပါဠိလိုမရလို့နားလည် သလိုသာ ရွတ်တယ်။ စိတ်မှာတော့ တကယ့် ကို စောင့်ထိန်းမယ် ပိုင်းဖြတ်ထား တယ်။
မေတ္တာပို့တာလား ၊ အတူတူပဲ ။ကွာရင် ဆိုလိုက်တဲ့စာရင်းထဲမှာ ပါတဲ့သူတွေ ။တကယ့်ကို ဘေးရန် ကင်းဘို့။ ဒေါသကင်းဘို့။ဆင်းရဲကင်းဘို့။ နှလုံး စိတ်ဝမ်း အေးချမ်းဘို့ ကျနော်တကယ့်ကို ဆန္ဒရှိတယ်။ ဆိုတတ်သလို ဆိုတာ အကောင်းဆုံး လို့ ကျနော်ယူဆ တယ်။
နောက် ကျနော်သစ္စာဆိုတယ်။ မိခင် မကွယ်လွန်မီမှာ အတတ်နိုင်ဆုံး ပြုစုကုသခဲ့တယ်။ ဒီ စကားမှန်ရင် တရားထူးဆိုတာ တွေ့ရပါလို၏လို့ လေးလေးနက်နက် သစ္စာဆိုတယ်။ ဆိုတတ်သလို ဆိုတာပါ။ ဘာမှ ထွေထွေထူးထူး မဟုတ်ဘူး။ ကျနော်ဆိုတဲ့ သစ္စာစကားဟာ တကယ့်ကို မှန်တယ် ဆိုတာ ကျနော့်ရင်ထဲမှာ သေချာသိနေတာတော့ ကွာကောင်းကွာနိုင်ပါတယ်။
လူ့စိတ်ဆိုတာ မျောက်စိတ်နဲ့တူတယ် လို့ဆိုကြတယ် မဟုတ်လား။ တောင်သွားမြောက်သွား မဟုတ်တာ မှန်သမျှ အကုန်စဉ်းစားတတ်တာမျိုးပေါ့ဗျာ။ဒီတော့ တောင်းပန်ခန်းလေးလည်း ပါရတယ်။ ဒါက ဆရာ သက်ကြီး စာအုပ်မှာတွေ့မိလို့။ တောင်းပန်ရတယ်ဆိုတာလည်း ရိုးရိုးပါပဲဗျာ။
မပြစ်မှားထိုက်သော သူများကို ပြစ်မှားမိခဲ့ရင် ၊ နောက် ကျနော့်စိတ်ထဲမှာ ကျနော့်ဆရာလို့ သတ်မှတ်ထား တဲ့သူတွေ တခါတခါ ကျနော်လို၊ ကျနော်လောက်မှ တရားကို တွေ့မှတွေ့ပါလေစ၊ ဆိုတာမျိုး အတွေးတွေ ဝင်ဝင် လာတတ်တာကြောင့် အဲဒီအတွက် ဆရာတွေကို တောင်းပန်တာပေါ့။
နောက်တခုက ဘယ်သူကိုမဆို။ ဘာအကြောင်းနဲ့မဆို ကျနော့်အပေါ် အပြစ်အမျိုးမျိုး ပြုမူခဲ့သူတွေ အတွက် ကျနော်ခွင့်လွတ်တယ် ဆိုတာပဲ။ အားလုံးပေါ့ဗျာ။ ကျနော့်ကို လောကငရဲ၊ ရဲဘက်ကို ပို့ခဲ့တဲ့ ကျနော့် ရန်သူတော်လည်း ပါတယ်။ ခင်ဗျားနဲ့ ကျနော် ဒီလောက်နဲ့ ရန်မီး ငြိမ်းကြစို့ ။ ကျနော့်ဘက်ကတော့အလုံးစုံ ကျေနပ် ခွင့်လွတ်ခဲ့ပြီပေါ့။ ကျနော်ဟာ အေးချမ်းတဲ့ အရသာကို အထိုက်အလျောက် ရှာဖွေတွေ့ရှိ ခဲ့ပါပြီ။
ခန္ဓာကိုယ်ကို ဘုရားလှူတာလည်း ပါသဗျ။ဒါက သေချာတော့နားမလည်ဘူး။ သို့သော် လေ့ကျင့်ခန်း လုပ်နေချိန် ဘာဖြစ်ဖြစ် စွန့်လွှတ်ထားပြီးသားဆိုတော့ အသုံးတော့ တည့်ပုံရတယ်။တရားတောင်း တာလား။  တောင်းတတ်သလိုသာ တောင်းဗျာ။တောင်းနည်း ပါဠိလိုကတော့ စာအုပ်တိုင်း လိုလိုမှာ ပါပါ တယ်။ ရှာဖတ်ပေါ့။
ဗျာ။။ ကျနော်ဆိုတာ သိချင်တယ်။ ဟုတ်လား။ ပြောဆိုလည်း ပြောရတာပေါ့။ ဘာတဲ့။အဟံ ဘန္တေ။ သံသာရ ဝဋ္ဋ ဒုက္ခတော ၊ မောစနထ္ထာယ၊ ဝိပဿနာ  ကမ္မဋ္ဌာနံ  ယာစာမိ။ ဒုတိယ တတိယ သုံးကြိမ်ပါ ။ဒီလောက်ပါ ပဲ။ သို့သော် တကယ်ပေးစေ့ချင်၊ရချင်တဲ့စိတ် ကျနော့်မှာ ထက်သန် နေတာတော့ ကျနော်သတိပြုမိတယ်။
ကဲ၊ လေ့ကျင့်ခန်း စပြီဗျာ။ ဝင်သောလေ ထွက်သောလေကို စမှတ်တယ်။ဘာရယ်။ ထိုင်တဲ့ပုံစံနဲ့ ယောဂီ တဘက် ဟုတ်လား။ ထိုင်ပုံက ခင်ဗျားတို့ကျနော်တို့ မြင်ဘူးနေကျပုံစံပါပဲ။ အဲဒီတုန်းက ယောဂီတဘက် တော့ ဘယ်ရှိမလဲ ။ ရဲဘက်ပါဆိုမှ။ ကျနော်ပြောခဲ့တဲ့သဘောက ဘာမှမလုပ်ခင် ဟိုဟာ ဈေးဆစ် ဒီဟာ ဈေးဆစ် မဖြစ်အောင်သာ ဆိုလိုရင်း ပါဗျာ။ တခုက ခြေထောက်နှစ်ခုကို ထပ်မထားဘူးဗျ။ မှတ်မိလား ။ကျနော့်ဆရာ ရဲဘက်ပေါက်စလေး သင်ခဲ့တာလေ။
ဝင်သောလေ ။ ထွက်သောလေကို မှတ်ပါတယ်။ အစမှာတော့ တောင်ပြေး မြောက်ပြေး ထုံးစံပေါ့။  အလေ့အကျင့်ကလည်းများ ပုံမှန်လုပ်နေကျဆိုတော့ ဆယ်မိနစ်ဝန်းကျင်လောက်မှာ စပြီး ငြိမ်စပြုလာတယ်။
စမှတ်စမှာ နှာသီးဖျားကလေဟာ အပါတ်မလည်ဘူး။ ဆိုလိုတာက တပါတ်ပြည့်အောင် မလည်ဘူး။စိတ်က လျှောက်ပြေး နေလို့ တပါတ်မပြည့်တာ။ နောက်တဖြည်းဖြည်း အပါတ်ရည် လည်လာတယ်။ လည်တယ်ဆိုတာ လုံးလုံးကြီးလို့ မမှတ်နဲ့။ တခါတခါ ဒေါင်လိုက်ရှည်မျောမျော။တခါတခါ စက်ဝိုင်းသေး ပုံစံ။ အကြီးအသေး ပုံစံကွာတယ်။ လေဝန်းဟာ အစတော့ နှာသီးဖျားမှာပဲ ရှိနေတယ်။ နောက် ငယ်ထိပ်ဖက်ကို ပို့တယ်။ ငယ်ထိပ်ရောက်စတော့ အဝိုင်းကြီးနေတယ်။ နောက် စူးစိုက် ပါများတော့ အဝိုင်းက သေးသထက် သေး လာတယ်။ အစက်ကလေး အထိတော့ မသေးဘူးပေါ့။ ငါးမူးစေ့အရွယ်မှာ ရှိနေတာ များတယ်ဗျ။
အဲဒီနေရာရောက်ရင် ကျနော့်စိတ်မှာ စပြီးဆင်ခြင်တာက ငါ့ခန္ဓာဟာ ရုပ်နာမ် နှစ်ခုတွဲသာဖြစ်တယ်။ ရုပ်ဆိုတဲ့အထဲမှာ အမှုန်သဘောတွေ။ အဲဒီ အမှုန်တွေနဲ့ ငါ့ကိုဖွဲ့စည်းထားတယ်။ ဒီအမှုန်တွေဟာ ရုတ်ခြည်းဖြစ်လာ။ရုတ်ခြည်း ပျောက်တဲ့သဘော ရှိတယ်။ မာသောပျော့သော သဘော နှစ်ခုလုံးရှိတယ်။
နောက် ငါ့ကိုယ်မှာ အပူချိန်တခုရှိတယ်။ အေးတဲ့ပူတဲ့သဘော နှစ်ခုတွဲနေတယ်။ နောက် လေဖိအားနဲ့ ဆိုင် တဲ့ သဘောတခုလည်း ရှိနေတယ်။ ဒါတွေကို ဆက်စပ်ဖွဲ့စည်းတဲ့အရာကြောင့် တည်နေနိုင်တယ်။ပါဠိလို ကျနော်မပြောချင်လို့ပါ။ အခုပြောနေတာက လူတကာသိနေတဲ့ ပထဝီ၊တေဇော၊အာပေါ ၊ဝါယောဆိုတဲ့ ဓာတ်ကြီး လေးပါးပါပဲ။
အဲဒီ လေးခုထဲက အမှုန်၊ အပူချိန်နဲ့လေဖိအား သဘောကို ကျနော်ကိုယ်တိုင် ရှင်းရှင်းလင်းလင်း မြင်သိ တယ်။ ဆက်စပ်ဖွဲ့စည်းပေါင်းစပ်ထားတဲ့ အရာကတော့ မှန်းဆချက်သာဖြစ်တယ်။ ဒါတွေ အတူရှိနေဘို့ ပေါင်းတဲ့သဘောမရှိပဲ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။
အမှုန်တွေ သိမှုအစုတွေ အားလုံးဟာ အမြဲပြောင်းလဲနေတယ်။ အချိန်တိုင်း ပျက်စီးနေတယ်။အဲဒီ နှစ်ခု စလုံးဟာ ထိန်းချုပ်လို့ မရဘူး။
နောက် စိတ်ရဲ့သဘောကို သိသလောက် ဆင်ခြင်တယ်။ စိတ်မှာ သိမှု။ မှတ်သားမှု ။ခံစားမှု ။ တုန့်ပြန်မှုတွေ ရှိတယ်လို့ စာမှာဆိုလို့၊ ဘယ်လိုဆိုတာသိရအောင် ဂရုစိုက်မယ်လို့ စိတ်ပိုင်းဖြတ်ထားတယ်။ ဘယ်ဟာ ဘယ် စိတ်ဆိုတာ သေသေချာချာ လုံးစေ့ပါတ်စေ့ ကျနော်မသိဘူး။ ဒါ အမှန်တရားပဲ ။ စာမှာတော့ အသေးစိတ် တိတိကျကျ ရှင်းပြထားတာ ရှိပါရဲ့ဗျာ။ အခွင့်သာတဲ့အခါ လေ့လာဘို့ တိုက်တွန်းပါရဲ့။
ကျနော်လေ့ကျင့်နေတာ နိဗ္ဗာန်ဆိုတဲ့နေရာကို ရောက်ချင်တဲ့ စိတ်မရှိဘူး ။ ဟုတ်တယ်လေ။ နိဗ္ဗာန် ဆိုတာ ကျနော်မှ မသိတာ။ နိဗ္ဗာန်နဲ့ပါတ်သက်လို့ ဥပမာ ပေါင်းများစွာနဲ့ ရှင်းထားတာတော့ ကျနော် ဖတ်ဖူးတယ်။ ဒါပေမဲ့ နားမလည်တာတော့ အမှန်။ ကျနော့်ရည်မှန်းချက်က အေးချမ်းသောစိတ် ။အေးချမ်းသော အခြေ အနေကိုသာ အလိုရှိတယ်။ ဒီအတွက် လွတ်မြောက် ကျော်လွန်ချင်တဲ့စိတ် ပြင်းထန်စွာ ရှိတယ်။
နောက်ဆက်ပြီး ကျနော့်ခန္ဓာကိုယ်ဟာ ရေမြှုပ်လို အရာဖြစ်တယ်ဆိုတာ တစီစီတဖြုတ်ဖြုတ် တလစပ်ဖြစ်ပေါ်နေတာကို ခံစားမိတာကြောင့် ထင်ထင်ရှားရှားသိလာတယ်။ ခံစားမှုဖြစ်တဲ့အခါ လှိုင်းလိုဖြစ် လာတယ်။ တခုခု ရှင်းရှင်းလင်းလင်းသိတဲ့အခါ လင်းကနဲ ဖြစ်တယ်။ အပြုအမူတခုအတွက် တိုးထွက် ပျံလွင့်သွားတဲ့ စိတ်တခုကိုမြင်တယ်။ ဒါတွေကိုတော့ ကျနော်ရှင်းရှင်း လင်းလင်း ကိုယ်တွေ့အဖြစ် သိတယ်။ ကိုယ်တွေ့ဆိုတာ ခန္ဓာကိုယ်မှာတွေ့တဲ့ ကိုယ်တွေ့ကို ဆိုလိုတာ ။ နောက်ဘယ်လို ဘယ်ပုံ ငါ ငါ လို့ စွဲသလဲ ဆိုတာ ဝိညာဏ် ခန္ဓာကြောင့်ဆိုတာ စာထဲမှာ ဖတ်ဖူးတယ်။ ကိုယ်တိုင်တော့ မမြင်ဘူး။ မမြင်တာကို မမြင်တဲ့နေရာမှာ တင်ရပ်ထားတယ်။ ဆက်မတွေးဘူး။
အဲဒီ ရုပ်မှုန်တွေရဲ့အလှုပ် ၊စိတ်တွေရဲ့အလုပ်ဟာ အာရုံခံ ကိရိယာတွေကနေ မြစ်ဖျားခံ လာတာကို ဆက်တွေးတယ်။ မြင်တယ်ဆိုပါတော့။ မျက်လုံးထဲက မှန်ဘီလူးကို ပုံရိပ်လာ ရိုက်တာ ။လာရိုက်ပြီး ပျောက်သွားပြီ။ ကိစ္စက ဒီမှာတင် ဆုံးတယ်။ ဆက်ဆက်ပေါ်နေတာက ကျနော်က ဆွဲခေါ်ပြီး ကျနော်မြင်တာ လို့ တယူသန်စွဲပြီး ထပ်တလဲလဲ ထင်နေလို့ ။
နားမှေးကို လာရိုက်တဲ့အသံတို့။ နှာဝ လာရိုက်တဲ့အနံ့တို့ ။ လျှာဖျားလာထိတဲ့ အရသာတို့။ ကိုယ်ခန္ဓာ မှာ ထိလို့ ဖျင်းကနဲ ဖြစ်တာတို့ အားလုံးဟာ သူ့သဘောသူဆောင်ပြီး ခဏလာဖြစ်တာချည်းပဲ။ ခင်ဗျား ဖြစ် တယ်လို့ ထင်တာ၊ ယူဆနေတာက ဝိညာက္ခန္ဓာရဲ့ အလုပ်ကို မသိလို့။ သူက မျက်လှည့်ဆရာတဲ့။ သူဘာသာ ဖြစ်နေတာကို ခင်ဗျားဖန်တီးလို့ ဖြစ်တယ်ထင်အောင် မျက်လှည့်ပြ ထားတာပေါ့။
ခင်ဗျားက ကျနော့်ကို ကျမ်းတတ်ပေတတ် ကြီးထင်နေမယ်။ မဟုတ်ရပါဘူး။ လေ့ကျင့်ဖန်များလာ ၊ စာတချို့ဖတ်လာတော့ သိလာတယ်။ သို့သော် ထူးဆန်းတာက မီးခိုးကြွက်လျှောက် ဆက်တိုက် တဆက် တည်း သဘောပေါက်လာ၊ သိလာတဲ့ ကိစ္စဗျ။ ဒါလည်း သိလာရိုး ထုံးစံလို့ ကျမ်းဂန်တွေမှာ လာပါတယ်။ ဘယ်လို လာသလဲ ဟုတ်လား။ ဒီနည်းစံနစ်ဟာ တခုတည်းသော လမ်းကြောင်းကြီးတဲ့ ဗျ။ အစကို တွေ့ပြီး လမ်းမပေါ် ရောက်ရင် ရှေ့မြင်ကွင်း အားလုံးကို နားလည်လာတာ ဘာမှ မဆန်းဘူး။ ဧကော ဓမ္မောဆိုတာလေ။ ကျနော် လည်း အစက မသိပါဘူး ဗျာ။
အဲဒီမျက်လှည့်ဆရာကြောင့် ကျနော်တို့ဟာ ကိုယ်ထင်ရာဆွဲတွေး ဆက်လုပ်ရာကနေ။အမှားတွေ ဆက်ဖြစ် တယ်ပေါ့ဗျာ။ အမှားကြောင့်အားထုတ်မှုတွေ ဖြစ်လာ ။အားထုတ်မှုကနေ နောက်ဘဝ ဝိညာဏ် အသစ်ဖြစ် ၊ရုပ်တွေ စိတ်တွေပေါ်လာ၊ အာရုံခံ ကိရိယာတွေဖြစ် ။ နောက်အာရုံတွေကို ရှာတွေ့။ အာရုံတွေကို ခံစား၊ စွဲလန်းမှုဖြစ်၊ ပြင်းပြင်းထန်ထန် ကပ်ငြိ၊ ဆက်တိုက်ဆက်တိုက် လူမှုဘဝတွေကနေ မွေးသေငိုကြွေး လွတ်ရေးမမြင်တဲ့ စက်ဝိုင်းကြီးထဲမှာ ပျော်ပျော်ကြီး လှည့်နေတာကို ဆက်ဆင်ခြင်တာပေါ့။ တတ်သလောက် မှတ်သလောက်ပေါ့ဗျ။ ကျနော်က မိုးကုတ်ဆရာ တော်ကြီးလောက်တော့ ဘယ်သိပါ့မတုန်း။
ဒီစက်ဝန်းကြီးထဲကနေ လွတ်မြောက်အောင် အဲဒီစက်ဝိုင်းကြီးကို ရိုက်ချိုးဖျက်ဆီးပစ်မှ ဖြစ်မယ်။ ရပ်တန့်သွား အောင် လုပ်မှဖြစ်မယ်လို့လည်း ကျနော် သဘောပေါက်လာတယ်။ ကောင်းမှ မကောင်းတာ ။ကောင်းတယ် ထင် နေလို့ မရုန်းထွက်ဖြစ်တာ ။ ကိုယ်တွေ့ မကောင်းမှန်းသိတော့  ရိုက်ချိုးဖျက်ဆီး ရုန်းထွက်ဘို့  ကြိုးစား ချင်တဲ့စိတ် ဖြစ်လာတယ်။
ကျနော်လေ့ကျင့်ခန်း လုပ်ရင်း အဆင့်ဆင့် ဆင်ခြင်နေတာနော်။ ဒါကို မမေ့ပါနဲ့။ဒါမှ ဘယ်လို လွတ်မြောက်မှု ဆိုတာမျိုး ဖြစ်လာတယ် ဆိုတာ ခင်ဗျား သေချာသိမှာပေါ့။
ဒီမှာ စက်ဝိုင်းကြီးကို ရိုက်ချိုးနိုင်တဲ့အချက် ရှစ်ချက်ရှိတယ်တဲ့ဗျ။ ဒါကို သုံးပြီး ခရီးနှင်ရင် တကယ် ရောက် သတဲ့ ။လွယ်ပါတယ်ဗျ။ ကျနော်ပြောပြဖူးတဲ့ မဂ္ဂင်ရှစ်ပါးဆိုတာပါပဲလေ။
မှန်ကန်မျှတတဲ့ အပြော သမ္မာဝါစာဆိုပါတော့ ။ ကျနော်က လေ့ကျင့်ခန်းဆင်းနေတာ ဘာမှ မပြောတော့ အော်တိုမစ်တစ် ထိန်းပြီးသားပေါ့။ နောက်လှုပ်ရှားမှု အလုပ် သမ္မာကမ္မန္တ။ တရားထိုင်ပြီး စိတ်ကို ဆုံးမနေမှတော့ ဒါလည်း အလိုအလျောက်ပြီးနေတဲ့ ကိစ္စပဲ။ နောက်အသက်မွေးဝမ်းကြောင်းတာ သမ္မာ အာဇီဝ။ ထို့ နည်း လည်းကောင်းပါဗျာ။
နောက်၊ ကျနော့်ခန္ဓာဟာ အမှုန်နဲ့သိမှုအစုသာ ဖြစ်တယ်လို့သိနေတော့ အယူအဆ မှန်ပြန်ရောဗျာ။ ဒါတွေဘယ်လို ဖြစ်နေသလဲ စိုက်ပြီးအာရုံပြုနေတော့ တွေးတောမှု မှန်ပြန်ရောဗျာ။ တနာရီဝန်းကျင် ဘာဘဲဖြစ်ဖြစ် ထိုင်မယ် ဆုံးဖြတ်ထားတော့ ဝီရိယစိုက်ထားတာ သမ္မာဝါယမပေါ့။ ငြင်းလို့မရပြန်ဘူး။ တည်ငြိမ်အောင် ထိန်းတဲ့ သမ္မာသမာဓိလား။ ဝင်လေထွက်လေနဲ့ ထိန်းတယ်လေ။ သမ္မာသတိဆိုတဲ့ သတိတရားကတော့ သတိကြီးစွာနဲ့ အာရုံမပျံ့အောင် ထိန်းထားတယ် ။အလေ့အကျင့်ကလည်း များတော့ ဒါလည်း ကျနော့်အတွက် မခက်လှပါဘူး။
အိုကေတော့ ဘာဆက်ဖြစ်သလဲ သိလား။ဒီလောကကြီးနဲ့အဆက်ပြတ်တဲ့ နေရာကို ရောက်တာပေါ့။ ဘာတဲ့ လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်သည် ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေသောကြောင့် ဆိုတာမျိုး ပေါ့။
ဘာကြောင့်ရောက်သလဲ ဟုတ်လား။ ကျနော်ပြောခဲ့တာတွေ သေချာပြန်စဉ်းစားလေ။ အခုပဲ ပြောခဲ့တာ။ ခင်ဗျားဗျာ။ ထူးဆန်းတာတော့ သိချင်တာလွန်ရော။ ကဲပါ ပြန်စဉ်းစားပါ၊မေ့တတ်ရန်ကော ။နေရာတခုကို ရောက်ဖို့ ဘယ်နည်း နဲ့ ရောက်တယ်လို့ သေချာသိရင် ကိုယ်လည်း သွားလိုစိတ်ဖြစ်တဲ့အခါ သဲလွန်စ တခုရတာပေါ့။ အေးလေ။ မဂ္ဂင်ဆိုတဲ့ ယာဉ်ကိုစီးပြီး ခရီးနှင်ခဲ့လို့ ခင်ဗျား သိပ်သိချင်တဲ့ မဂ်လား ဖိုလ်လားဆိုတဲ့ နေရာကို ရောက်ခဲ့တာပေါ့။
အခုပြောမှာပါဗျ။ ခါးဆန့်ရုံလေးပါ။ လောရန်ကောဗျာ။ နောက်ဆုံး ပါဆိုနေမှ။
အေးဗျာ၊ စိတ်ဆိုတာမျိုးက ထိန်းလေဆိုးလေ ဆိုတာမှန်ပါတယ်။ အလေ့အကျင့်များရင်တော့ ထိန်းနိုင်လာ တာ မဆန်းလှပါဘူး။ ကျနော့် လေ့ကျင့်ခန်းကို ပြန်ဆက်လိုက်ကြရအောင်။ ဟုတ်ပါတယ်။ မဂ်လား ဖိုလ်လား ဆိုတာပါပဲဗျ။
အဲဒီ အချက်တွေကို ဆင်ခြင်တဲ့အခါ အာရုံအဝန်းဟာ ငြိမ်သထက်ငြိမ်လာပါတယ်။ တပြိုင်နက်မှာ ခန္ဓာကိုယ်ဟာ ဝေဒနာမျိုးစုံ ပေါ်လာပါတော့တယ်။တကိုယ်လုံး နာတာကျင်တာ အောင့်တာတွေ မျိုးစုံ ပေါ်လာပါတယ်။
ခါးနာလာတယ်။ ထုံတဲ့ကျင်တဲ့ ဝေဒနာက ပြင်းပြင်းထန်ထန် ပေါ်လာပါတယ်။ အသိသာဆုံး ကတော့ ခန္ဓာကိုယ်ရဲ့အပူချိန်ဟာ ထူးခြားစွာ မြင့်တက်လာခြင်းပါပဲ။ ဟုတ်တယ်ဗျ။တကိုယ်လုံး ပူလာတယ် ။ သည်းမခံနိုင်လောက်အောင် ပူလောင်မှု ဆက်တိုက်ဖြစ်လာပါတယ် ။လေ့ကျင့်ခန်းကို လက်လျော့လိုက် ချင်စိတ်တွေ ပေါ်လာပါတယ်။ ကျနော့်မလျှော့ဘူး။ ဆက်တိုက် မှတ်နေလိုက်တယ်။ ဘာကိုမှတ်သလဲ ဟုတ်လား။ ငယ်ထိပ်ပေါ်က အာရုံအဝန်း မပြတ်တမ်း အာရုံစိုက်ထားတာ ပေါ့။ ဟုတ်တယ်။ ဒီအဝန်းကို ကျနော် လိုသလို ထိန်းနိုင်နေတာ ကြာပါပြီ။
အတော်ကြာတော့ ဝေဒနာဟာ တဖြည်းဖြည်း သက်သာလာပါတယ်။ ဆက်ရှုမှတ်ပါတယ်။ ငယ်ထိပ် တည့်တည့် အထက်တနေရာမှာ စက်ဝန်းငယ်တခုဟာ အလွန်နူးညံ့တဲ့ အရှိန်တခုနဲ့ လည်နေပါတယ်။ မလည်ခင်ကလား။ မလည်ခင်က စည်းချက်မညီပဲ ဖြစ်နေတာ။ အဲဒါကို အာရုံစုစည်းပြီး ငယ်ထိပ်ဆီကို ရွေ့လိုက်တယ်။ တဖြည်းဖြည်း အာရုံဝန်းဟာ ငယ်ထိပ်မှာ မွတ်နေ အောင် လည်ပြီး ငြိမ်နေတော့တာပဲဗျ။
ငြိမ်နေတော့ ဇိမ်ကျတာပေါ့ဗျာ။ ဇိမ်ကျတာ လွန်ပြီး တခြားနေရာကို စိတ်ရောက်သွားရင်လည်း လည်နည်း ပုံမမှန်ပြန်ဘူး။ တခြားနေရာကိုရောက်ပုံကလည်း အမျိုးမျိုးဗျ။ သေချာအောင် အတွေ့ အကြုံတခု ပြောမယ် ဗျာ။ အံ့သြဘို့ လည်းကောင်း ။ ဆင်ခြင်ဘို့ လည်း ကောင်းပါတယ်။
ကျနော် တကြိမ်ကြုံခဲ့ဘူးတာပါ။ အဲဒီညတော့ မဟုတ်ပါဘူး။ တနေ့ ၊နေ့ခင်းဘက်မှာ ကျနော်ဟာ မိန်းကလေး တယောက်ရဲ့ ဓာတ်ပုံကို အတော်ကြာ စိုက်ကြည့်နေမိခဲ့တယ်။ ကျနော်ကတော့ မေ့မေ့ပျောက်ပျောက်ထင် ခဲ့တာပဲ။ အဲဒီည လေ့ကျင့်ခန်းဆင်းတော့ နာရီဝက်လောက်အကြာ အာရုံဝန်းနဲ့ ဇိမ်ကျနေချိန်ပေါ့။ အဲဒီမိန်းကလေးပုံဟာ ထင်ထင်ရှားရှား ပေါ်လာတယ်ဗျာ။


ကျနော်မှတ်မိတာပေါ့။
ဒါ ကျနော် နေ့လည်က ကြည့်ခဲ့တဲ့ ပုံထဲက မိန်းကလေးပေါ့။တော်တော်လည်း လှပါတယ်။ အေးပါ။ ကျနော်လည်း ဒီလောက်တော့ မညံ့ပါဘူး။ပေါ်လာတာကိုပဲ ရှုနေလိုက်တာပေါ့။တော်တော် အံ့သြဘို့ ကောင်းတဲ့ စိတ်ဗျာ။ အတော်ကြာ ကြည့်နေရာက ရုတ်ခြည်းဆိုသလို ကျနော့်ရင်ဘတ် ထဲက လက်တဖက် ထိုးထွက်လာပြီး အဲဒီ မိန်းကလေးရဲ့ ရင်ဘတ်နေရာကို ဖြတ်ကနဲရောက်သွားပြီး ချက်ချင်း ဆိုသလို ပြန်ရုပ် သွားတယ်ဗျ။ တကယ့် ထင်ထင်ရှားရှား မြင်ရ၊ ခံစားရတာဗျာ။ ဟ ဘယ်ကောင်လဲကွ။ လက်သရမ်း တာပေါ့။ ကျနော်သေချာ စပ်စုတယ်။ အော် ။ ဒါလည်း ကျနော့်ရဲ့ တခုသော စိတ်ပါလား ဗျာ။
ဒါကို ဘာလို့ကျနော်ပြောသလဲဆိုတော့ ကျနော်ပြောမဲ့ ထူးဆန်းသော နေရာကို မရောက်ခင် အဲဒီလို စိတ်မျိုး ပေါ်တတ်တာ ကိုယ်တွေ့ပါ။ အခု ကျနော် ဆက်သွယ်မှု ဧရိယာအပြင် မရောက်ခင် စိတ်ဟာ မဟုတ်တာတွေ အဆီအငေါ် မတည့်တာတွေ ပေါ်လာပါတယ်။ စိတ်ကို ဆုံးမရတာပေါ့။ မင်းစိတ်မှာ တပ်မက်စရာလို့ ထင်နေတဲ့ အရာအားလုံးဟာ တကယ်တော့ အမှုန်တွေ၊ ဆီးဝမ်း သွေးသလိပ်တွေနဲ့ ဖွဲ့ထားတဲ့ ရွံရှာစရာ အရာတွေချည်းပဲ။ အပြင်ဘန်း ကြည့်ပြီး မင်းစွဲလန်းနေတာ ။ဒါမျိုးက ရုတ်တရက်  ခံစားပြီး ရုတ်တရက်ပျောက်နေတာ၊ ဖြစ်စဉ်ကလျင်မြန်လွန်းလို့ မင်းက တဆက်တည်းလို့  မြင်ပြီး တက်မက်နေတာ ၊ မင်း သတိထား။ ဘာညာပေါ့ ဗျာ။ကာမဂုဏ်ညစ်ညူးကြောင်းကို တတ်သလောက် မှတ်သလောက်နဲ့ ဆင်ခြင် ရတာပေါ့။
ဒါကို ကျော်ပြီးရင် ကျနော့်ရဲ့အာရုံဟာ ငယ်ထိပ်အထက် တနေရာမှာ စွဲမြဲစွာ တည်နေတော့တာ ပါပဲ။ ကျနော်ဟာ စိတ်အမှတ်ကောင်းစွာနဲ့ အထက်ကောင်းကင်ယံတခုမှာ ရောက်နေသလို ငြိမ်ပြီး ငြိမ့်နေအောင် ခံစားနေရပါတော့တယ်။ ကျနော့် ကိုယ်ခန္ဓာအစိတ်အပိုင်း အားလုံးရှိနေတယ် ဆိုတဲ့စိတ် ပျောက်နေပါတယ်။ သို့သော် အဲဒီနေရာဟာ ကျနော်ရောက်ခဲ့တယ်လို့ ပြောမဲ့ နေရာတော့ မဟုတ်သေးဘူး။ ဒါက ဆက်သွယ်မှု ဧရိယာထဲမှာဆိုတာ ကျနော်သတိထားမိတယ်။ သေချာတယ်။ လောကကြီးအတွင်းမှာ ကျနော်ရှိနေသေး ပါသေးတယ်။ လိုင်းကောင်းကောင်း မိနေသေးတယ်ပေါ့ ဗျာ။
ဟုတ်ပါတယ်။ ကျနော်ဆက်မှတ်တာပေါ့။ ရုတ်တရက် စက်ဝန်းလည်ပုံဟာ တမျိုးဖြစ်လာတယ် ။ စောစောက ပြောတဲ့ အမြီးအမောက်မတည့်တဲ့ အာရုံတွေကိုထိန်းပြီး သိပ်မကြာဘူးဗျ။ ဘယ်လောက်ကြာသလဲတော့ ကျနော်မပြောနိုင်ပါဘူး။သေချာတာက စက်ဝန်းရဲ့ လည်ပုံဟာ သိသိသာသာ ပြောင်းသွားပါတယ်။ အလွန်မြန် ပါတယ်။
တိတိကျကျပြောရရင် မော်တော်ကားမောင်းနေရင်း ဂီယာချိန်းလိုက်သလိုဗျ။ ဘာလို့ဂီယာ ချိန်းတာနဲ့ တူတယ်လို့ ပြောနိုင်သလဲ ဟုတ်လား။ အဝန်းလည်ပုံက လားရာနဲ့အရှိန် ရှိတယ်လေ။ အဲဒီ လားရာနဲ့ အရှိန်က သိသိသာသာ မတူဘူးဗျ။ ရုတ်တရက် ပြောင်းသွားတဲ့ အာရုံအဝန်းရဲ့ လားရာနဲ့ အရှိန်ဟာ ပုံစံတမျိုး ဗျ။ ကျနော်သေသေချာချာကို မှတ်မိတယ်။ အခုလည်း အဲဒီ ပြောင်းသွားတဲ့ အာရုံကို အခုထိ မှတ်မိနေတုန်း ။အရင် အာရုံအဝန်းက ဘယ်ညာလည်တာ ဆိုရင် အသစ်က ညာဘယ်လည်တာ ။ အရင်အာရုံက အရှေ့ အနောက်ဆို ရင် အသစ်က အနောက် အရှေ့ ။ လုံးလုံးးကို ခြားနားပါတယ်။ သေချာဂရုစိုက် ကြည့်နေသလို ရှုမှတ်နေတာကြောင့် ဒါကို ကျနော် ကောင်းကောင်းကြီး မှတ်မိတယ်။ ပြောင်းသွားပုံကတော့ ဗျာ။ တိန်ကနဲ ။ဒိန်ကနဲ နေတယ်လို့ ပြောရမယ် ထင်ပါရဲ့ ။
ဒါတင် ဘယ်ကမလဲ ဗျ။ အလွန်တိကျသေချာပြီး မှတ်မိနိုင်တာက ကျနော့်ရဲ့ ရင်ဘတ်အလည် ။ ရင်ဝနေရာ ကနေ  ဒုတ်ကနဲ အသံမြည်တယ် ထင်လိုက်ရအောင် တစုံတခုဟာ ထိုးထွက်သွား ပါတယ်။ သေချာပါတယ်။ တကြိမ် မဟုတ်ပါဘူး။ နောက်တညမှာလည်း ဒါနဲ့ ထပ်တူ ဖြစ်တာပါပဲ။ ဒုတ်ကနဲ ရင်ဝကထွက်သွားတဲ့ အရာကို ကျနော်သေချာ ပြောနိုင်ပါတယ်။ ဘယ်နည်းနဲ့မှ မမှားနိုင်ဘူး။ စမ်းတဝါးဝါး မဟုတ်ဘူး။ တကြိမ် တည်း မဟုတ်ဘူး။ နှစ်ည ၊ နှစ်ကြိမ် ဆိုတော့ လွဲစရာ မရှိဘူး။
နောက် ကျနော် ဘာကို ဘယ်လိုဆိုတာ ဆက်မပြောတတ်တော့ဘူး။ ရောက်သွားပုံကိုလည်း ရှင်းမပြ တတ်ဘူး ။ရောက်သွားတဲ့ နေရာကိုတော့ ကျနော်ကောင်းကောင်း မှတ်မိတယ်။
ဟုတ်ပါတယ်။ လောကကြီးနဲ့အဆက်အသွယ် ပြတ်တဲ့နေရာကို ကျနော် ရောက်သွားခဲ့ပါပြီ။ ဒေါက်ကနဲ ရောက်သွားတာဗျ။ ဟုတ်ကနဲ ရောက်သွားတာ။သေချာပါပြီ။ လူကြီးမင်းဟာ ဆက်သွယ်မှု ဧရိယာပြင်ပကို ရောက်နေပါပေါ့လား။
ဘယ်လိုနေလဲ ဟုတ်လား။ ပြောပြဘို့တော်တော်တော့ ခက်တဲ့အဖြစ်ပါ။ ကျနော်ဟာ တောသား တယောက် နယူးယောက်လို မြို့မျိုးကို ရောက်ခဲ့သလိုဆိုတော့ မှတ်မိတာတွေကို တောသားလိုသာ ရှင်းပြတတ် ပါလိမ့်မယ်။ မြေပုံပေါ်မှာထောက်ပြီး အတိအကျ ရှင်းမပြတတ်ပါဘူးဗျာ။ လင်းနေတယ်ဗျ။ဟုတ်တယ် ။ လင်းနေတဲ့နေရာ။
ဟုတ်တယ်ဗျ။ လင်းနေတယ်။ ဒါပေမဲ့ ထိန်လင်းနေတာ မဟုတ်ဘူး။ဒီလိုဗျာ။ထိန်ထိန်လင်းတာနဲ့ မဲမှောင်နေ တာက နှိုင်းယှဉ်လို့ လွယ်တယ်လေ။ အခုလင်းတာက မှောင်တာနဲ့မဆိုင်သလိုပဲ။ လင်းပုံတမျိုးဗျ။
နောက်တခုက အဲဒီကို ရောက်နေတဲ့ စိတ်ဟာ ကျနော့်စိတ်မဟုတ်သလိုပဲဗျ။ ဘာဖြစ်လို့လဲ ဟုတ်လား။ သိသာတယ်။ကျနော့်ကိုယ်ကျနော်၊ ကျနော်လို့ ခံစားမရဘူး။ ဒါကြောင့် ကျနော်တွေ့ နေရောက်နေတဲ့ နေရာ က စိတ်ဟာ ကျနော့်စိတ် မဟုတ်ဘူးလို့ ပြောရတာပါ။ အေးဗျာ။ ပြောလေ၊ ရှုပ်လေ ဖြစ်တော့မှာပဲ။ဒီလို လေ။ နတ်ပြည်လိုလို အရပ်ဆီကို အထက်မိုးလမ်းက စက်ကြိုးယန္တရားယာဉ်ကြီးနဲ့လိုလို သွားခဲ့တုန်းက ကျနော့်မှာ ကျနော်ဆိုတဲ့ ခံစားချက်ရှိတယ်။ အခုက ကျနော် မဟုတ်သလို ဖြစ်နေတာ။
အေးသော အလင်းနယ်တခု ၊အားလုံးနဲ့ ကင်းပြတ်နေတဲ့ဒေသ၊ရပ်ဝန်း ။ဟုတ်တယ်ဗျ။ နယ်နိမိတ်လည်း ရှိဟန် မတူဘူး။ အဆုံးတို့ အစတို့ ကို စဉ်းစားလို့ မပေါ်ဘူး။
တကယ့်နေရာဗျ။ သိတော့နေတယ်ဗျာ။ ဘယ်လို ဘယ်ပုံ လောကကြီးနဲ့ ဆက်စပ်နေတယ် ဆိုတာ စဉ်းစား လေ ဝေးလေပဲဗျ။နေရာလို့ဘာလို့ပြောနိုင်သလဲ ဟုတ်လား။ ဒီလောကဆိုတာကြီးနဲ့ နှိုင်းယှဉ်လိုက်ရင် အဲဒီ နေရာ တကယ် ရှိတယ်လို့ ပြောနိုင်တယ်ဗျာ။
ဒီလိုဗျ။ လေ့ကျင့်ခန်းဆင်းတုန်း ဘယ်လောက် ဇိမ်တွေ့တွေ့၊ တခုခုတော့ နှောင်ကြိုးတဲထားသလိုပဲ ။ဇိမ်ကျ ကျနှောင်ကြိုးလေး။ အခုနေရာက ဇိမ်ကျတာရော၊ ဇိမ်မကျတာ လုံးလုံးကင်းတဲ့  အခြေအနေ။ မရီနဲ့လေဗျာ။ တောသားလို ပြောတာပါဆိုမှ။
ဘာတွေ့လဲ ။ ဟုတ်လား။ ဘာမှ မတွေ့ဘူး။ ဘာမှလည်း ရှိဟန်မတူဘူး။ သို့သော် ဘာမှမရှိပေမဲ့ အားလုံး ပြည်စုံနေတဲ့သဘောကိုလည်း နားလည်နေသလိုပဲဗျ။ နောက်တခု စဉ်းစားမိတာက ဘာပြဿနာမှ မဖြစ် ပေါ်နိုင်တဲ့ နေရာမျိုးဗျ။ ဒီအချက်ဟာ အခု ကျနော်တို့နေတဲ့ လောကကြီးနဲ့ နှိုင်းယှဉ်လိုက်မှ အဲဒါက ပေါ်လွင်တာ ။သူ့ချည်းသက်သက် အကြောင်းပြောရင် ပြောစရာ ရှာမတွေ့ ဘူး။
နတ်ပြည်လိုလိုဟာက နန်းတော် ပြဿဒ် စုလစ်မွန်းချွန်လိုလိုတွေနဲ့ဆိုတော့  နတ်ပြည်လို အရပ် ဒေသတခု မဟုတ်တာ သေချာတယ်ဗျာ။ ဒီမှာ ဘာဆိုဘာမှ မရှိဘူး။ ကျနော်ဒီထက် စပ်စုချင်တာပေါ့။ ဒါပေမဲ့ ထူးထူးဆန်းဆန်းဗျာ။ ကျနော့်စိတ်ဟာ စပ်စုချင်စိတ် ပျောက်နေတယ်။
နောက်တပတ်လောက်အကြာ တခုသောညမှာလည်း အဲဒီအချိန်မျိုးမှာ အဲဒီနေရာကို အဲဒီနည်းအတိုင်း ရောက်ပြန်တယ်။နေရာတူပဲ။ ဘာမှ မကွဲဘူး။ အေး သိတယ်လေ။ ကျနော့်စိတ်မဟုတ်တဲ့ စိတ်တခုက သိတာ။ခံစားမှုတို့ သောကပရိ ဒေဝတို့၊ စိတ်တွေ ရုပ်တွေတို့လည်း တည်ရှိနိုင်တဲ့ပုံမပေါ်ဘူး။ ဒါက အခုမှ ပြန်စဉ်းစားမိတာဗျ။
အဲဒီနေရာကို လွမ်းသလား ၊အော် တော်တော်လည်း စပ်စုပါလား။ လွမ်းပါသော်ကောဗျာ။ ညစ်စရာတွေ ရှုပ်စရာတွေ များလာရင် အဲဒီနေရာကို ပြေးပြေးသတိရတယ်။ငြိမ်းလွန်လွန်းလို့ ဆိုပါတော့။
ဘာမှသာ သေချာပြောမရတာ ဆက်ပြောရင် မဆုံးတော့ဘူးဗျ။ လူ့လောကကြီးဆိုတာနဲ့ ဆက်စပ်မှ သူ့အကြောင်းက ပိုပေါ်တာကလား။ လောကကြီးဟာ ဖြစ်ပျက်လောကကြီးလို့ ဆိုကြရင် ကျနော်ရောက် ခဲ့တဲ့နေရာဟာ မဖြစ်မပျက်တဲ့နေရာလေလား အထင်ရောက်စရာပါပဲ။
ဒီတော့ဗျာ။ ကျနော့်စိတ်မှာ ရှုပ်ထွေးမှု ၊ ပါတ်သက်မှု၊ လွတ်လမ်း၊လွတ်နည်း တို့ဆိုတဲ့မှန် ကန်ချက် လေးခုကို ရှင်းရှင်းလင်းလင်းသိတယ်လို့ ဆိုနိုင်ကောင်းပါရဲ့။ အများကြီးလို့လည်း မဆိုသာပါဘူး။ အော် ၊ခင်ဗျားနားရှုပ်သွားတယ်ထင်ပါရဲ့ ၊ အဲဒီမှန်ကန်ချက်လေးခုဆိုတာ ဒုက္ခသစ္စာ ၊သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာဆိုတဲ့ သစ္စာလေးပါးကို ကျနော်နားလည်သလို ပြောပြနေတာပါဗျာ
ဖြစ်ပျက်ကို ရှာကာမှ ဖြစ်ပျက်တင် မဟုတ်ဘူး။ မဖြစ်မပျက်လိုဟာမျိုးပါ လာတွေ့ နေသလို ဖြစ်နေတယ်။ နှစ်ခေါက်တည်းနဲ့တော့ မပြည်စုံလောက်သေးဘူးထင်ပါ့။ နောက်တခေါက်များ ရောက်ခဲ့ရင် ဒီထက် သေချာ အောင်မှတ် ခဲ့ပါအုံးမယ်။
ပြန်ရောက်ရောက်ချင်း စိတ်ထဲပေါ်တာက ဆုံးသွားတဲ့ ကျနော့်အမေကို ဒီနေရာမျိုးကို ရောက်စေချင် စမ်းသဗျာ။ အဲဒီ စိတ်ပြင်းထန်စွာ ပေါ်တယ်ဗျ။ ဘာလို့လဲ ဟုတ်လား။ သားသမီးတွေ အများကြီးနဲ့ ရိုးရိုး ကုပ်ကုပ်နေပြီး ရုန်းကန်သွား ခဲ့ရတဲ့ အမေ့ကို သနားလို့ဗျ။ အမေ့ခမျာ လူ့လောကကြီးမှာ အသက်ခြောက် ဆယ်ကျော်သာ နေသွားရတယ်။ တစက်မှ အေးချမ်းခဲ့ပုံ မရပါဘူး။ ဒီလို အေးချမ်း ၊ ချုပ်ပြတ်တဲ့နေရာမျိုးကို ပို့နိုင်ရင် အမေ့ကျေးဇူးကို ဆပ်ရာလည်း ရောက်မယ်ထင်ပါရဲ့ ။
နောင်တော့ မရောက်ဖြစ်တော့ဘူးဗျ။ ကျနော့်က ထပ်ထပ် ရောက်ချင်တဲ့စိတ်၊ စောနေလို့  မရောက်နိုင်တော့ တာလည်း ဖြစ်နိုင် ပါတယ်။အော် ၊ မဂ် ဖိုလ် လို့ ပြောနိုင်တယ် ထင်တယ် ဟုတ်လား။
ကျနော် ပြောခဲ့ပါပကော။ လွယ်လွယ် ကောက်ချက်မချပါနဲ့လို့။ ဒီအဖြစ်ကို ကျမ်းဂန်တွေမှာ ကျနော်လှန်ခဲ့ပါ တယ်။ ဟုတ်သလိုလို မဟုတ်သလိုလိုပါပဲ။ ဒါက ကျနော့်မှာ ထိထိရောက်ရောက် လမ်းညွှန်မဲ့ ဆရာမရှိလို့ ဗျ။
ခင်ဗျားက ထင်ရာမြင်ရာ ကောက်ချက်ဆွဲရင် ရဲဘက်မှာ မဂ်ဆိုက်တယ်ဆို ပြီး လူတကာ ရဲဘက် ထွက်ဘို့ လုပ်ကုန်ကြရင် ကြီးလိုက်တဲ့ အန္တရာယ်ဗျာ။
ကဲ၊ ဇာတ်လမ်း ဆုံးပါပြီ။ခင်ဗျား အယူအဆကို သိချင်လှချည့်ရဲ့ဗျာ။ သို့သော် ခင်ဗျားလည်း ချက်ချင်းတော့ ဖြေနိုင်မယ် မထင်လှဘူး။တကယ်လို့ခင်ဗျား ကိုယ်တိုင် ကျနော်လေ့ကျင့်ခဲ့တဲ့ လေ့ကျင့်ခန်းကို ဆရာကောင်း သမားကောင်းနဲ့ လေ့ကျင့်လို့များ ဒါမျိုးဆင်ဆင် တွေ့ခဲ့ရင်၊ ကျနော်မေးတဲ့  ပုစ္ဆာကို အဖြေထုတ်နိုင်တဲ့ အခြေအနေ ရောက်ခဲ့ရင်ပေါ့။ ကျနော့်ကို အသိပေးပါဗျာ။ဘယ်နေရာ ရောက်နေနေ၊ ကျနော် ခင်ဗျားကို လှမ်းဆက်ပါ့မယ်။
ကျနော် ဘယ်သွားမှာလည်း ဟုတ်လား။ အေးဗျာ၊ ကျနော်မမျှော်လင့်ပဲ ငွေသိန်း နှစ်ထောင်နီးပါး ရဖို့ အကြောင်းပေါ်နေပြီဗျ။ လုပ်လက်စတန်းလန်း အလုပ်တခုက ဆိုပါတော့ ။ ကျနော်ဖြစ်တဲ့အမှု တန်ဘိုးက သိပ်မရှိပါဘူး။ ငွေ ဒီလောက်ရှိရင် ဗမာပြည်မှာ ကျနော်ဖြစ်တဲ့ ပြဿနာဟာ ရှင်းလို့ မခက်တော့ပါဘူး။
ဘယ်နည်းနဲ့လွတ်မယ်တော့ တိတိကျကျ မပြောနိုင်ဘူး။ သို့သော် အသံမျိုးစုံနဲ့ စခန်းကနေ မောင်းထုတ် နေသလိုပဲ။ အခုလည်း အာရုံတွေ ရနေတယ်။ အသံတွေ ကြားနေရတယ်။ အသံတွေ ကြားနေရတယ် ။ ကျော်ဟိန်း သီချင်းလိုပေါ့ဗျာ။
ကဲ၊ နောက်ဆုံးစကားပြောရရင် ခင်ဗျားက ကျနော့်ကို သူတော်ကောင်းကြီးလို့ စွတ်အထင် ကြီးနေ တော့မယ်။ တကယ်တော့ စာထဲမှာ ပါသလောက်အကုန်တတ်သိတာ ဘုရားပဲရှိမယ်ဗျ။ အနီးဆုံး လက်ရင်း တပည့်တွေတောင် လုံးစေ့ပါတ်စေ့ မသိကြပါဘူး။ သူ့အဆင့်နဲ့သူသိကြတာတဲ့ ။ ဆရာသက်ကြီးရဲ့ စကားအရ ဆိုရရင် ဘုရားက သမုဒ္ဒရာလောက်သိပေမဲ့ ခင်ဗျားတို့ ကျနော်တို့က အဲဒီ သမုဒ္ဒရာ ရေတစက်ကို သိတာ မျိုးပါ။ဘာဘဲ ဖြစ်ဖြစ် ။ ဒါလေး ဖတ်လိုက်နော်”
ပြောပြောဆို ကိုသက်ခိုင် ကျနော့်ကို ဖတ်စေသော အကြောင်းအရာမှာ  ဓမ္မာစရိယ ဦးဌေးလှိုင်၏ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်တွင်ဖော်ပြထားသော ဘကြီးတော်မင်းလက်ထက် အင်းဝ မြို့မိုးထိကျောင်းတိုက်၊ အရှင် ဝိသုဒ္ဓါစာရ ထေရုပ္ပတ္တိမှ ကောက်နှုတ်ချက်တချို့ဖြစ်ပြီး အောက်ပါအတိုင်း ဖတ်ရှုခဲ့ရပါသည်။
……………………..
သမထကား တော်လောက်ပြီ။ မြင်မြင်သမျှ သင်္ခါရ တင်၍ ဝိပဿနာကူး မှသင့်မည်ဟု ယူဆကာ တညနေ၌ ဝိပဿနာစ၍ ကူးပြောင်း ရှုမှတ်ကြည့်၏။ ငယ်စဉ်က အာရုံငြိဖူးသော မာတုဂါမတဦးကို စိတ်အာရုံ၌ ထင်မြင်တပ်မက် စွဲလန်းမိ၏။ ဆံပင် အမွှေး ခြေသည်း လက်သည်း စသော သုံးဆယ်နှစ် ကောဠာသ ကမ္မဌာန်းကို ပွား၍ ဖျက်ဆီးပစ်ရ၏။ ဒွါရကိုးပေါက်မှ အပုပ်ရည် ယိုစီး၍ ပဋ္ဋိသန္ဓေ နေရ အိုရ နာရ သေရပုံ တို့ကိုဆင်ခြင်ရသည်။ အသေကောင် ဟူ၍ပင် ထင်၏။ ထိုအခါ လက္ခဏာ ရေးသုံးပါး (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) ထင်ရှား ပေါ်လွင်လာပြီဟု ယူဆကာ မိမိ သန္တာန် ၌ ရှိသော တဏှာအယုတ်ကို အပြစ်မြင်လာတော့သည်။
ဟဲ့ တဏှာယုတ် ရာဂစုတ် ။ နင့်ကြောင့် သံသရာလည်ကာ ဘုရားအဆူဆူနှင့် လွဲခဲ့ရသည် ။ စသည်ဖြင့် တဏှာ၏ အပြစ်များ ဥာဏ်၌ များစွာထင်မြင်ကာ တဏှာအား ရှုံ့ ချနေမိ၏။
ဤသို့ ရန်တွေ့ပြောဆိုသောအခါ တဏှာသည် လူတယောက်ပမာ အကောင်သဏ္ဍာန် မြင်လာပြန်ရာ ထိုတဏှာကောင်က သင့်ကို နှိပ်စက်တာ ငါချည်း မဟုတ်ပါ၊ ဟုဆိုကာ အကုသိုလ်စိတ် ဆယ် နှစ်ပါးကို အဖော်ညှိ၍ ထုတ်ဖော်လာ၏။ အကောင် ဆယ့်နှစ်ကောင် တိုးလာကြသည်။ အရှင်က ရှုံ့ချမာန်မဲ ပြန်၏။
ငါတို့ ချည်းမဟုတ် ။ ပုညကိရိယာ ဆယ်ပါးလည်း ပါသေးသည်။ ဟု လက်ညှိုးထိုးပြ ကြပြန် သဖြင့် ဆယ်ကောင်တိုးလာပြန်၏။ ထိုအခါမြည်တွန် ရန်ပင် မတတ်နိုင်တော့ပဲ ကိုးကွယ်ရာ မရှိသဖြင့် ဘုရား တ ကာ (စိတ်အားဖြင့်) ထွက်ပြေးရ ရှာ၏။ ရန်သူတို့ ကလည်း လိုက်ပါလာကြသည်။ ဒီကို လာခဲ့ဟူသောအသံကို ကြား၍ အသံဖက်ဆီသို့ပြေးရာ ရွှေပြဿဒ်ကြီးကို တွေ့မြင်ရ၏။ လှေခါး သုံးထစ် ရှိရာတွင် ပထမထစ် ဒုတိယထစ်အထိ ရန်သူများ လိုက်လာကြသေးသည်။ ထို့နောက် သတိမေ့သွား၏။ သတိရလျှင် ရခြင်း တတိယ အထစ်မှ တဆင့် ပြဿဒ် အတွင်းသို့ ဝင်သွားရာ မိမိကိုယ်ကိုလည်း ရွှေရောင်ဝင်းနေသည် ဟုထင်၏။
ရှေ့တွင် အလွန်သပ္ပါယ်သော ဘုရားရှင်ကို ဖူးမျှော်ရသဖြင့် ဝမ်းသာအားရ ခြေတော်ကိုဖက်၍ ဦးချ။ စကားတွေကိုလည်း များစွာလျှောက်ထားပြီး အားရပါးရ ငိုလေတော့သည်။ ငိုချင်းမှာကား စိတ် အာရုံတွင် မျှမဟုတ်။ တကယ်ပင် အသံထွက်အောင် ငိုမိ၍ မျက်ရည်များ ရွှဲရွှဲစို လာတော့သည်။
ထိုအရှင် နှင့် မလှမ်းမကမ်းတွင် တရားအားထုတ်နေသော အရှင် သဒ္ဓမ္မာ လင်္ကာရသည် ငိုသံကြား၍ လှည့်ကြည့်လိုက်ရာ ငိုနေသော အရှင်ကို မြင်၍ အင်း၊ ငါ့ ရှင်၊ ဝိသုဒ္ဓာစာရ ငါ့ရှင်၏ ပီတိကား အလွန် နက်ရှိုင်းစွာ့တကားဟု လှမ်း၍ မိန့်တော်မူ၏။ ဘာကြောင့် ငို သည်ကို မမေး ။ အရှင်မှာ ပြောသံကြား ရသော် လည်း ပြန်၍ မလျှောက်နိုင်ဖြစ်သည်။
(မှတ်ချက်။ အာရုံ ဟူသည် မိမိစိတ်ကူး သညဇကြောင့်လည်း ဖြစ်၏။ အမှန်တကယ် ရှေးက ဖြစ်ဘူး၍လည်း ပေါ်တတ်၏။ မသူတော် တန်ခိုးရှင်တို့လှည့်စားခြင်းလည်း ဖြစ်တတ်၏။ မိမိ ရုပ်နာမ် ဝိပဿနာ ရှုကွက်ကိုလွှတ်ပြီး အာရုံနောက် လိုက်၍မဆုံးနိုင် ဖြစ်ရသည်ကို သတိမူသင့်၏။ ဤ၌ ဆရာက တရားကူးပြောင်းပေးခြင်း ထူးခြားချက် ဖြစ်ပေါ်လာလျှင်လည်း ဆရာအား လျှောက်ထား အသိပေးခြင်း မပြု ဘဲ ကိုယ့်သဘောနှင့် ကိုယ်လုပ်နေပုံကိုလည်း သတိပြုပါ။)

အရိယာဖြစ်ပြီ ထင်၍

အရှင်သည် ဘုရားရှင်ကို ဖူးမြင်ရပြီး ငိုရာမှ တဖြည်းဖြည်း ကိုယ်ရှိန်သတ်၍ သောကငြိမ်းသွားပြီး လျှင် ဘဝ၌ ကြောက်ဖွယ် အပြစ်အနာအဆာနှင့် ငြီးငွေ့ ဖွယ်စသော အသိဥာဏ်များ ဝင်လာ၏။ ထိုအခါတွင်လည်း
ငါသည် အထက် မဂ် အထက်ဖိုလ်တိုင်အောင် တရားထူး ရလေပြီဟု စိတ်ကူး(စိန္တာမယ သုတမယ)မျှဖြင့် အဆင့်ဆင့် ဥာဏ်စဉ်ဆယ်ပါးတက်ကာ အဓိမာန( တရားထူးရပြီဟု အထင်ရောက်စိတ်) ဝင်ပြန်၏။ တရားဖြုတ်ပြီး ကောင်းကင်သို့မော့ကြည့်ရာ စိတြနက္ခတ်ပင် မွန်းတည့် လေပြီ။
အင်း၊ ငါတရားထူးရတာ တန်ခူးလပြည့်နေ့။ ညသန်းကောင်ယံ အချိန်ဟု မိမိစိတ်၌ မှတ်တမ်းတင်လေသည်။ (တရားထိုင်သူများ ထူးသော အရာကို မှတ်တမ်းတင်ထားရမြဲ ဖြစ်သည်။)
နံနက်မိုးလင်းသောအခါ ဈာနလာဘီ ဆရာတော်ထံ ဝမ်းသာအားရသွား၍.....
ဆရာ၏ ကြီးမားသော မေတ္တာတော်ကြောင့် တပည့်တော် တရားထူးရပါပြီ။ ဟု လျှောက်ထားရာ ဆရာက ......
အိမ်း၊ ငါ့အရှင် ဝိသုဒ္ဓါစာရ သတိကြပ်ကြပ်ထားပါ။ ပုထုဇဉ် အနွယ် အမြစ်တွယ်နေသော အဝိဇ္ဖာ။ တဏှာ။ ရေသောက်မြစ်ကား ဖြတ်နိုင်ခဲ၏။ ဥပမာအားဖြင့် ညောင်ပင်ကြီးတပင်ကို မိုးကြိုးပစ်ရာ ခက်လက်များ ကျိုးပဲ့ ကုန်သော်လည်း ရေသောက်မြစ်မထိမှန်က မိုးရွာပြန်လျှင် ညောင်ငုတ်တိုမှ အတက်ပေါက်လာလိမ့်မည်။ သတိထားပါလေ ဟု မိန့် တော်မူသည်။
ကာလအတန်ကြာ ဆရာထံမှာနေပြီးနောက် မိတ်ဆွေ အရှင်သုဒ္ဓမ္မာလင်္ကာရလည်း မရှိတော့ သဖြင့် ဆရာ့ထံမှ ခွာရန်ဆုံးဖြတ်သည်။ တရားထူးရပြီဖြစ်၍ ဆက်လက်နေရန်လည်း မလိုတော့ ဟုစဉ်းစားသည်။ မိမိ၏ မိအိုဖအို ဆရာသမားများက စပြီး သတ္တဝါအများကို မိမိကဲ့သို့ခံစား စေချင်သည့် ဂရုဏာစေတနာများ ထက်သန်နေ၏။ သို့နှင့် ဇာတိ ကမ္ဘောဇ တောင်လားမြို့သို့ ကြွ၍ တောရဆောက်တည်နေ၏။ မိမိလည်း အားထုတ်။လူအများကိုလည်း နည်းပေးလျက် နေခဲ့ရာ တရားထူးရသည့်တန်ခူးလမှ ရေတွက်သော် ရှစ်လ မြောက်တန်ဆောင် မုန်းလတွင် ငုတ်လျှိုးနေခဲ့သော အနုသယ ကိလေသာဓာတ်သည် ထကြွပေါ် ပေါက်လာသဖြင့် ....
အင်း ။ ဆရာ့စကား တယ်မှန်ပါကလား ။ ပုထုဇဉ် အနွယ်ကိုမျှ မလွန်နိုင်သေး။ ညောင်ငုတ်တို အတက်
ပေါက်လေပြီ ဟု ယူကျုံးမရ နောင်တဖြစ်နေရှာ၏။ (စာပေကျမ်းဂန်တတ် ပုဂ္ဂိုလ်များပင် ဖြစ်တတ်သည်ကို သတိပြုမူကြရာ၏။ တရားသဘောသည် နက်ရှိုင်းစွာ့။)
အရှင်ဝိသုဒ္ဓာ စာရသည် ကိလေသာ မကုန်မှန်းသိ၍ မိမိတတ်စွမ်းသမျှ တရားတို့ကို နှလုံးသွင်းလျက် ရာသက်ပန် တောထဲမှာပင် သီတင်းသုံးတော်မူ၏။နည်းခံတပည့်များလည်း ပါရမီအလျောက် သမထ ဝိပဿနာ ဥာဏ်ရင့်သန်ကြီးပွား တရားရသူတွေ များစွာပင် ရှိကြ၏။ နောင်သောအခါတွင် အကြောင်းမသင့် အခွင့်မသာ ပါရမီကုန်သဖြင့် သာသနာတော်၌ မနေပဲ လူသူတော် ဘဝဖြင့်သာ တရားအားထုတ်ရင်း တောမှာပင်နေ၍ ၁၂၃၄ ခုနှစ် သီပေါ မင်းလက်ထက်တွင် ကွယ်လွန်ရရှာ၏။ မင်းငါးဆက် သိမှီ၍ ပါရမီအလျောက် မိမိအကျိုး သူတပါးအကျိုးကို တရားဖြင့် သယ်ပိုးတော်မူခဲ့သော ရာသက်ပန် တောပျော် ယောဂီ အာဇာနည်ကြီး ပင်ဖြစ်သတည်း။
……………………………………………
ကျနော် ဖတ်နေသော စာအဆုံးတွင်ကား တဲအပြင်ဖက်တွင် မိုးစဲစပြုနေချေပြီ။ခပ်လှမ်းလှမ်း လှေဆိပ်ဆီမှ ဆေးမှူးကိုမြင့်ဇော်က ကိုသက်ခိုင်အား အော်ဟစ်နှုတ်ဆက်နေသံကို ကြားရသည်။ စခန်းခွဲတာဝန်ခံက လူနာကို ဆေးမှူးနှင့် ပြန်ထည့်ရန် သဘောတူဟန်ရှိသည်။ အကြောင်းမှာ ကိုမြင့်ဇော်၏ နှုတ်ဆက်သံတွင် “ကျနော် ဒီချာတိတ်ကို ခေါ်သွားပြီ ကိုသက်ခိုင်ရေ့”ဟူသော စကားသံ ပါရှိလာသောကြောင့်ဖြစ်၏။ 
…………………………………………..
စင်စစ် ကိုသက်ခိုင်နှင့်ကျနော် မိုးကြီးသည်းသည့်နေ့သည် သူနှင့်ကျနော့်အတွက် ရဲဘက်စခန်းတွင် နောက်ဆုံး စကားလက်ဆုံကျခဲ့ကြခြင်း ဖြစ်သည်ကို ကျနော်အမှတ်မထားမိခဲ့ချေ။ထိုနေ့မှ စတင်ရေတွက် လျှင် တလခန့် ကြာမြင့်ချိန်၌ ကိုသက်ခိုင်တယောက် ထောင်ပိုင်ကြီး၏ဆင့်ခေါ်ချက်ကြောင့် ပင်မစခန်းသို့ ရောက်ရှိသွားခဲ့ရာမှ သတင်းအစအန ပျောက်သွားခဲ့ပါသည်။ အင်းစိန်ထောင်သို့ ပြန်ပို့ခံရသည်ဟု ဆိုသူရှိသကဲ့သို့ အချို့က အယူခံနိုင်သွားသည်ဟု ဆိုကြပါသည်။ အချို့ကမူ ရဲဘက်မှ ထွက်ပြေး လွတ်မြောက်သွားသည်ဟု ဆိုကြပြန်ပါသည်။ သို့သော် မည်သည့်အဖြေမျှ ရေရာလှသည် မဟုတ်ချေ။
ထိုကာလအတွင်း တခုသောရက်တွင် ကိုသက်ခိုင်၏ ဇနီးဖြစ်သူ ပင်မစခန်းသို့ ရောက်လာခဲ့ပြီး စားဝတ် နေရေး ကြပ်တည်း နေကြသည့် အကျဉ်းဦးစီး ဝန်ထမ်း ဘေးကြယ်ကြီး၊ ဦးဌေးအောင်နှင့် ရဲဘက် အချို့ အတွက် ငွေသား၊ ဆေးဝါးနှင့် စားသောက်ဖွယ် ပစ္စည်းများပေးပို့သွားခဲ့ရာ ကျနော့်အတွက် စာအုပ်ငယ် တအုပ် ပါရှိလာပါသည်။ စခန်းခွဲတာဝန်ခံ၏ တဆင့်စကားအရ ကိုသက်ခိုင်က ပေးပို့ရန် စေလွှတ်သည်ဟု ဆိုပါသည်။
ကျနော့်အား ကိုသက်ခိုင်ပေးပို့သော စာအုပ်အဖုံးတွင် ကိုမင်းဒင်သို့ ဟူသော ကိုသက်ခိုင်၏ လက်ရေးကို မြင်ရ၏။ အဆိုပါစာအုပ်မှာပညာအလင်းပြ၊စာအုပ်တိုက်မှ ထုတ်ဝေသည့် ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီး နှင့်အနာဂါမ် ဆရာသက်ကြီးတို့၏ ဥပနိဿယအတိုင်း အာနာပါနသိမှုဖြင့်ဝိပဿနာ ရှုပွားနည်း  ဟူသော ကိုသက်ခိုင့်လက်စွဲစာအုပ်ပင်ဖြစ်ပြီး အဆိုပါစာအုပ်၏ အကြားတွင် ဓာတ်ပုံတပုံနှင့်စာတစောင် ညှပ်လျက်ပါရှိသည်ကို တွေ့ရလေသည်။
ဓာတ်ပုံမှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားဘူတာရုံနောက်ခံနှင့်  ချယ်ရီပင်တပင်၏ရှေ့တွင်  လူသုံးယောက်တွဲ ရိုက်ထားသောပုံဖြစ်ပြီး ဘေးနှစ်ဘက်မှ လူနှစ်ဦးမှာ ဂျပန်လူမျိုး မျက်နှာပေါက်များဖြစ်ကြ၍ အလယ်တွင် ကား  အနောက်တိုင်းဝတ်စုံကို ကျနသေသပ်စွာ ဝတ်ဆင်ထားသည့် ကိုသက်ခိုင်ဖြစ်ပါလေ၏။
ကိုသက်ခိုင်တယောက် စခန်းမှ ပျောက်ကွယ်သွားပြီး သုံးလခန့်အကြာတွင်မူ ကိုသက်ခိုင်နိမိတ်ဖတ် ခဲ့သည့်အတိုင်း ဗိုလ်ချုပ်ကြီးခင်ညွန့်အား အနားပေးသည့် သတင်း၏ နောက်ဆက်တွဲအဖြစ် ပြစ်ဒဏ်ကျ အကျဉ်းသားအချို့ကို နိုင်ငံတော်မှ ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာ ကျနော်အပါအဝင် စခန်းခွဲ(၁)မှ အကျဉ်းသားတချို့ လွတ်မြောက်လာခဲ့ကြပါသည်။
ဓာတ်ပုံနှင့်အတူ ပူးတွဲပါရှိသော စာတွင်မူ ကိုသက်ခိုင်၏ လက်ရေးဖြင့်  အောက်ပါအတိုင်း ရေးသားထား သည် ကို တွေ့ရပါလေသတည်း။  ။

 -ဖြစ်ပျက်ဆိုတာမရပ်မနား တလစပ် ဖြစ်နေ။ ပျက်နေ တာကို ဆိုလိုတယ်။

-ဖြစ်ပျက်ဆိုတဲ့ အထဲမှာ ကျနော်လည်းပါတယ်။ ခင်ဗျားလည်း ပါတယ်။

-ဖြစ်ပျက်ဟာကျုပ်တို့ ခင်ဗျားတို့ ရဲ့ ခန္ဓာကိုယ်မှာ ရှိနေတယ်။

-ဖြစ်ပျက်ကိုကိုယ်ခန္ဓာ မှာ ရှာတွေ့ နိုင်တယ်။

-ဖြစ်ပျက်ကိုတွေ့ ချင်ရင် နည်းလမ်းလိုတယ်။

-ဖြစ်ပျက်ဆိုတာအရာအားလုံးနဲ့ ဆိုင်တယ်။

- ဖြစ်ပျက်ကို သိရင်လောကကြီးကို သိဘို့ လမ်းစဖြစ်တယ်။

- ဖြစ်ပျက်ကိုခြေရာခံမိရင် မဖြစ်မပျက်တာကို တွေ့ နိုင်တယ်။

- ဖြစ်ပျက်ဟာချုပ်ငြိမ်းခြင်းရဲ့ လမ်းစပဲ။

- ဖြစ်ပျက်ဆိုတာ .......................

(သက်ခိုင်)

 ရုပ်ပုံ။  ။ ဂူဂဲလ်
↧

ဆိုရေးရှိပြီဟု ထင်မြင်သည်။

$
0
0



    ဆိုရေးရှိပြီဟု ထင်မြင်သည်။

       (မင်းဒင် ရေးသည်။)

တိုင်းရေးပြည်ရေးဟာ ကိုယ်ထင်တာမြင်တာနဲ့ အများကြီး ကွဲလွဲနေတတ်တာမို့ ကြက်ဥ အရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်၊ ပြည်ထဲအရေး ပေါက်နဲ့ကျေးလို့ဆိုကြပါတယ်။ ကိုယ်တိုင်က သတင်းတွေ ဖတ်ပြီး နားစွင့်တဲ့အဆင့်သာရှိတာမို့   ကျနော်ဟာ နိုင်ငံရေးခေါင်းစဉ်တပ်ပြီး စာရေးခဲ ပါတယ်၊ နှစ်သက်သည်ဖြစ်စေ  မနှစ်သက်သည်ဖြစ်စေ ရေငုံနှုတ်ပိတ် နေလေ့ရှိပါတယ်။ ငြိမ်နေရတဲ့ အကြောင်းက ကျနော်ဟာ နိုင်ငံရေးကျမ်းတတ်မဟုတ်တဲ့အပြင် အရေးအရာလေ့လာသူ၊ ဟိုအရေး ဒီအရေး ကျွမ်းကျင်သူ မဟုတ်တဲ့  အတွက်ပါပဲ။ ကိုယ့်ဘဝနဲ့ ကိုယ့်အကြောင်း နောက်ကြောင်း မရှင်း တဲ့ အခြေအနေမျိုးမှာ ကိုယ်တိုင်ဘာတစ်ခုမှ ထိထိရောက်ရောက် ဝင်မလုပ်နိုင်ပဲ  လူမှုကွန်ယက်တွေ ကနေ အာချောင်ရုံသက်သက် အလုပ်ကို ကျနော်မုန်းပါတယ်။ အခုကော ဘာဖြစ်လို့ ရေးရသတုန်း မေးလို့ တိုတိုဖြေရရင် မပြောမဖြစ်ဘူးလို့ ခံစားမိလို့ပါ ။ရေးတာကို ဖတ်ပြီးယုံကြည်လက်ခံကြရန် မဟုတ်ပဲ ဝေဖန်ဆင်ခြင်ပြီး ဝိုင်းဝန်နည်းလမ်းရှာကြံဖို့သာ ရည်သန်မျှော်လင့်ပါတယ်။

၁။ ညီအကိုမသိတသိ အချိန်

မြန်မာပြည်ကြီး ပြောင်းလဲနေပြီလို့ ဆိုကြပါတယ်။မှန်ရာကို ဝန်ခံရရင် ယုံကြည်လက်ခံနိုင်စရာ အချက်တချို့သာ ရှိနေဆဲ ဖြစ်သော်ငြား တိုင်းပြည်နာလွန်းနေတဲ့ အခြေအနေမို့ ပြောင်းခဲ့ပြီ ဆိုတာကို ကောင်းတဲ့ဖက်က တွေးပြီး ကျိတ်ဝမ်းသာနေခဲ့သူပါ။
အစိုးရကော အတိုက်အခံပါ ကမ္ဘာပေါ်လျှောက်ပါလို့ နှံ့သလောက်လည်နိုင်ပြီး ထိတွေ့ဆက်ဆံကြ နေတာ၊ မီဒီယာတွေ ပွင့်လင်းလာတာ၊ တံခါးတွေပိုပွင့်လာပြီး ဧည့်သည်တွေ စုံပြုံဝင်ရောက် လာကြတာတွေဟာ၊ မျက်မြင်ကိုယ်တွေ့မို့ ပြောင်းလဲခြင်းအပေါ် ကျနော့်  ယုံကြည်ချက်က ပိုတိုး လာပါတယ်။ ဒီမှာတင် လယ်သမားအရေး၊ အလုပ်သမားအရေး၊ ရခိုင်အရေး၊ ဦးပိုင်အရေးတွေ ဆက်တိုက်ပေါ်လာ ပြန်တော့ ဒါဟာအပြောင်းအလဲရဲ့ နောက်ဆက်တွဲ သာမန်ဖြစ်ရပ်လို့သာ မှတ်ယူ လက်ခံထားခဲ့ ပါတယ်။

၂။ လက်ပံတောင်းတောင်အရေးမှ အနိဌာရုံများ 

ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်မှာ လောင်မီးဗုံးတွေ ဒဏ်ကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်ရတဲ့ ရဟန်းရှင်လူ တွေရဲ့ဓာတ်ပုံတွေ သတင်းတွေကို မြင်ရဖတ်ရတဲ့အခါ ကျနော်ဟာ အိပ်မက်ကနေ လန့်နိုးလာသလို ခံစား လာရပါတော့တယ်။ ဘာကြောင့်များ ဒီအဖြစ်ဆိုးကြီး ထဖြစ်လာရသလဲ။ တကယ်ပဲ နောက်ကြောင်းကို ပြန်လှည့်နေပြီလား ဆိုတဲ့အတွေးတွေ ဝင်လာပါတော့တယ်။
ဒီမှာတင် လူမှုစာမျက်နှာတွေမှာကော ရှိရှိသမျှ သတင်းစာမျက်နှာတွေမှာပါ လက်ပံတောင်းတောင် အရေးနဲ့ ပတ်သက်ပြီး ဒေါသစိတ်အခြေခံနဲ့ မဲမဲမြင်ရာ အပြစ်ဖို့တဲ့ ပေါက်ကွဲသံစဉ်မျိုးစုံ  မြင်လာကြား လာရတော့တာပါပဲ။ ဆဲဆိုကြိမ်းမောင်းမှုတွေအပြင် သမ္မတထွက်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည် ဒီထက် ပြတ်သားဖို့ အသံတွေကြားလာရပါတော့တယ်။
FreedomNewsGroup(Burma) ဆိုတဲ့  သတင်းစာမျက်နှာတစ်ခုကဆို ဒီကိစ္စမှာ ဦးသိန်းစိန် တရားခံဖြစ်တယ်ဆိုတဲ့ ခေါင်းစဉ်မျိုးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအတွင်းရေးမှူး ဗိုလ်မှူးကြီးယု လွင်ရဲ့ “နေပြည်တော်ကတိုက်ရိုက်ညွှန်ကြားပါတယ်”စကားကို အကျအနကောက်ပြီး မိမိလိုရာ ဇွတ်ကောက်ချက်ဆွဲတာမျိုးတွေအထိ တွေ့လာရပါတယ်။
သူတို့ဘာကို ၊ဘယ်သူ့ကို မျှော်လင့်နေကြပါသလဲ။ မြန်မာပြည်မှာ ဒိုင်းဝန်ထက်ကဲတဲ့ မောင်ပုလဲတွေ အများကြီး ရှိခဲ့ပါပြီ။ ရေရာတိကျတဲ့ အဖြေတစ်ခု မတွေ့ခင် ကြွက်ချေးတွေထဲက ဆန်ကို ခါထုတ် မပစ်မိဖို့တော့ သတိကြီးကြရပါလိမ့်မယ်။

၃။ ဦးသိန်းစိန်ဟာ တရားခံဖြစ်နိုင်သလား။

ကျနော့်ကိုယ်ပိုင်အယူအဆအရ လုံးဝမဖြစ်နိုင်ပါ။ ကိုယ်တွေ့အရ လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက မြန်မာပြည်ဖွား ထိုင်းလုပ်ငန်းရှင်ကြီးတစ်ယောက် ချင်းရိုင်ဖက် နယ်စပ်မလွယ်ပေါက်ကနေ နယ်စပ်လုံခြုံရေးတာဝန်ယူနေတဲ့ စစ်တပ်နဲ့ပေါင်းပြီး လောင်စာဆီခိုးသွင်းဖို့ စီစဉ်တဲ့ အလုပ်မှာ ကျနော် ကိုယ်တိုင် လေ့လာသူအနေနဲ့ ပါသွားဖူးပါတယ်။ အဲဒီလုပ်ငန်းအတွက် အဓိကချည်းကပ်ရမဲ့သူဟာ အဲဒီတုန်းက ဝန်ကြီးချုပ်ဖြစ်နေတဲ့ ဦးသိန်းစိန်ပါပဲ။ဒီမှာတင် ထိုင်းလုပ်ငန်းရှင်ကြီးက ရုတ်တရက်ဆိုသလို စိတ်ပျက်လက်ပျက်လေသံနဲ့ အဲဒီဗိုလ်ချုပ်နဲ့ဆိုရင်တော့ မဖြစ်နိုင်လောက်ဘူး၊ သူကတကယ့် လူကောင်း၊ အစိုးရခေါင်းဆောင်လုပ်သင့်တဲ့ လူမဟုတ်ဘူး၊ ဂေါပကလုပ်ရမဲ့သူလို့ မှတ်ချက်ပြု ပါတယ်။ ရှမ်းတိုင်းရင်းသူ သူ့ဇနီးဟာ ဦးသိန်းစိန်နဲ့ အနီးကပ်ထိတွေ့ဆက်ဆံခဲ့ဖူးသူပါ..တဲ့။ ကျနော့်နားနဲ့ ဆတ်ဆတ်ကြားခဲ့ရတဲ့ အဖြစ်ပါ။
မြေးကို သာမန်ဆေးရုံမှာပြတာ၊ ရိုးရိုးကုပ်ကုပ်နေထိုင်တာ၊ နာရေးကူညီမှုအသင်းကို အဆောင်အ ယောင်မပါပဲ ဆက်သွယ်လှူဒါန်းတာ လာဘ်ပေးလာဘ်ယူကင်းတာ သူ့စကားပြောပုံ၊လုပ်ပုံကိုင်ပုံ အများစုဟာ စေတနာပါကြောင်းပေါ်လွင်တာကြောင့်  ဒီအခြေအနေမှာ စွပ်စွဲခံရသူစာရင်းကနေ ဖျက်ထားမှသာ ရန်သူအစစ်၊ တရားခံအစစ်ကို ခြေရာခံနိုင်မှာပါ။ ဒီနေရာမှာ ဦးသိန်းစိန် ဘာကြောင့် သမ္မတဖြစ်လာသလဲဆိုတာ ကျနော်ဆင်ခြင်မိတဲ့ အချက်တစ်ခုရှိပါတယ်။ အဲဒီဆင်ခြင်ချက်ဟာ မြန်မာပြည်ကို လမ်းကြောင်းသစ်ပေါ် ဘာကြောင့်ကူးပြောင်းရသလဲဆိုတဲ့အချက်နဲ့ ဆက်စပ်နေ ပါတယ်။

၎။ ဘာကြောင့်ဒီမိုကရေစီပေးခဲ့သလဲ။

ဒီမေးခွန်းကို ကျနော်တစ်ယောက်တည်း ကျိတ်ပြီး အဖြေရှာခဲ့တာ ကြာပါပြီ။ ကျနော့်အယူအဆကို တိုတိုဖြေရရင် ဘယ်လိုမှ မလူးသာမလွန့်သာ အခြေအနေကြောင့်ပါ။ ဘဝရှင်မင်းတရားကြီးရဲ့ ဂရုဏာတရား၊ ဆင်ခြင်တုံတရား၊ စေတနာတရား၊ လုံးဝမဟုတ်ပါ။ဆက်တိုးစရာ ခြေတလှမ်းစာတောင် မကျန်တော့တဲ့ အခြေအနေမို့ပါ။ ဆက်တိုးမယ်ဆိုရင်လဲ အာရပ်နွေဦးနဲ့ညားမဲ့အပြင် ရေမြောင်းထဲက နေ ထွက်ပြီး ရွှေသေနတ်လေးနဲ့ အသက်ကိုလဲဖို့တောင် မအောင်မြင်တဲ့ အခြေမျိုး ၊ မင်းတရားကြီး ကိန်းသေပေါက် ဆိုက်တော့မှာမို့ပါ။
 တိုင်းပြည်မှာတင်နေတဲ့ကြွေးမြီးတွေ၊ ပြုတ်ပြုတ်ပြုန်းအောင် ထုတ်ရောင်းထားတဲ့ သယံဇာတတွေ၊ ခြေလွန်လက်လွန်ချုပ်ဆိုထားတဲ့ စာချုပ်တွေကြောင့် ၂၀၁၀ လွှတ်တော်ဟာ ဘာတစ်ခုမှ လုပ်စရာ မရှိပဲ ပြဿနာမျိုးစုံ ထိုင်ရှင်းနေရာက မကြာမီ နိဋ္ဌိတံရမှာမို့ အမေရိကန်ဘက်ကို ခြေဦးလှည့် လက်ယပ် ခေါ်ခဲ့တာပါပဲ။
တကယ်တော့ ဒီအစီအမံတွေဟာ ၂၀၁၀ လွှတ်တော်မတိုင်မီ စီမံကြံစည်ခဲ့တဲ့ အရာတွေပါ။လွန်ခဲ့တဲ့ ငါးနှစ်ခန့်ကတည်းက စစ်ဗိုလ်ချုပ်ကြီးအချို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကိုနေရာပေးပြီးအမေရိကန်ကို ချည်းကပ်နိုင်ဖို့ နည်းလမ်းရှာခဲ့ဖူးပါတယ်။ ကျနော့်ဆီမှာတောင်  ဓာတ်ပုံနဲ့ စာရွက်စာတမ်းတချို့ လက်ခံရှိနေပါသေးတယ်။ အဲဒီစီမံချက်ဟာ အတိုက်အခံ အတော်များများရဲ့ လက်ထဲကိုရောက်ခဲ့ ပါတယ်။ စီမံချက်ရေးဆွဲပုံကတော့ စစ်တပ်ထဲမှာ မင်းတရားကြီးကို မနှစ်မြို့သူတွေ တရုတ်ကို အလွန်အကျွံ အားထားတာကို မကျေနပ်တဲ့ ထိပ်တန်းစစ်ဖက်အရာရှိကြီးတွေ ရှိနေပြီဆိုပြီး ပုံဖျက်ထားတဲ့ ခေါင်းစဉ်နဲ့ပါ။တချိန်တည်းမှာပဲ ၂၀၀၈ခုနှစ် အခြေခံဥပဒေမှာ နောက်ကြောင်းပြန် အာဏာ မသက်ရောက်နိုင်ဖို့ ၊ ကျူးလွန်ခဲ့သမျှအမှားတွေကို လက်စဖျောက်နိုင်ဖို့ တရားမဝင်ကြိုတင်မဲ တွေနဲ့ စံနစ်တကျ အာဏာကို လက်ဆင့်ကမ်းခဲ့တာပါ။
ဒီနောက်ခံအကြောင်းတွေကြောင့်  လွှတ်တော်ပေါ်လာတဲ့အခါ အမေရိကန်ကို သေချာပေါက်ချည်း ကပ်နိုင်ဖို့ လူရွေးရာကနေ လူမှန်လို့အများယူဆကြတဲ့ ဦးသိန်းစိန်ဟာ သမ္မတဖြစ်လာတော့တာပါပဲ။ ဒီအခြေအနေကို သမ္မတကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမှန်အတိုင်း ဖွင့်ဟတိုင်ပင်ခဲ့ဟန်ရှိပါ တယ်။ ဒါကြောင့် “ကျွန်မသမ္မတကြီးကို ယုံတယ်”ဆိုတဲ့ စကားသံထွက်လာတယ်လို့ ခန့်မှန်းနိုင်ပါ တယ်။ ဒါကြောင့် အတိုချုပ်ရရင် သမ္မတကြီးဟာ နောက်ကြောင်းပြန်လှည့်ရင် ကိုယ့်သေတွင်းကိုယ်တူး သလို ဖြစ်မဲ့အခြေအနေကြောင့် နောက်ကြောင်းလှည့်မဲ့သူ မဖြစ်နိုင်ပါဘူး။ သူဟာ နိုင်ငံရဲ့ရှေ့ကြောင်း နောက်ကြောင်း၊ အကြောင်းအားလုံး အေးနိုင်အောင် အမေရိကန်ကို မလွတ်တမ်းချည်းကပ်နိုင်ဖို့ လုံးပန်းမဲ့သူပါ။ထို့အတူ ဝန်ကြီးဦးအောင်မင်းဟာလည်း ဒီနည်းဗျူဟာမှာ အခရာနေရာက ပါဝင်နေသူ မို့ ထွက်ခိုင်းရမဲ့သူ စာရင်းမှာမပါသင့်ပါ။

၅။ ချစ်၍ခေါ်သည်လိုက်တော်မူငဲ့။

ရွေးကောက်ပွဲအပြီးမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်တက်ပြီလို့ ကြေညာရင်း အမေရိကန်ကို နာသားပါရ ဖိတ်ခေါ်ခဲ့ အမေရိကန်ကလည်း အာရှပစိဖိတ်ကို ထိန်းချုပ်ဖို့ မဟာဗျူဟာ စီမံချက် ကြောင့် အိနြေ္ဒမဆည်နိုင်ပဲ အချိန်တိုတိုအတွင်း ဝင်လာပါတော့တယ်။ အမေရိကန်ဟာ လူဝတ်လဲ အစိုးရရဲ့ မှားနေဆဲ နောက်ပြန်လှည့်နေသော ခြေလှမ်းတချို့၊ လူပုဂ္ဂိုလ်အချို့ ရှိနေသေးတာကို သိလျက်နဲ့ ပွင့်လင်းလာတဲ့ မီဒီယာနဲ့ နိုးထလာတဲ့ လူထုရဲ့ အသိစိတ်ဓာတ်နဲ့ ကျော်လွှားနိုင်မယ်လို့ မျှော်လင့်ပြီး အချိန်တိုတိုအတွင်းမှာ ခြေလှမ်းကျဲကျဲနဲ့ လှမ်းလာရာက အိုဘားမားကိုယ်တိုင် ရန်ကုန်တက္ကသိုလ်ကို ရောက်လာခဲ့ပါတော့တယ်။ တချိန်တည်းမှာပဲ တရုတ်ဟာ မြန်မာပြည်ကို  ကျားပိန်တွယ် ဆက်တွယ်နိုင်ဖို့ အတွက် ထင်ရာစိုင်းအကျင့်ကို မဖျောက်နိုင်ကြတဲ့ စစ်ဗိုလ်အုပ်စုကို အနုနည်းရော အကြပ်ကိုင်တဲ့နည်းနဲ့ပါ စေလိုရာစေနိုင်ဖို့ စီမံလာပါတော့တယ်။ လက်ရှိ တရုတ်ရဲ့ လက်ကတုံးတောင်ဝှေးကတော့  ဦးပိုင်ပါပဲ။ ဦးပိုင်ဟာ စစ်သားတွေအကျိုးအတွက်လို့ ခေါင်းစဉ်တပ်ပြီး တစ်တိုင်းပြည်လုံးကို ထင်တိုင်းကြဲနေတဲ့ မာဖီးယားဂိုဏ်းအကြီးစားဆိုတာ လူတကာသိပြီးသား ကိစ္စပါ။သေချာတဲ့အချက်က အမေရိကန်ဟာ ဒီအဆင့်အထိ ခြေလှမ်းလှမ်းခဲ့ပြီးကာမှ “ဟုတ်ကဲ့ ဒီလို အခြေအနေမျိုး ဖြစ်နေရင်လဲ ကျနော် ပြန်လိုက်ပါအုံးမယ်”ဆိုပြီး သိက္ခာမဲ့စွာ ထ ပြန်မဲ့ နိုင်ငံမျိုး မဟုတ်ဘူး ဆိုတာ သတိချပ်စေချင်ပါတယ်။ ဆိုလိုတာက ဧရာမနိုင်ငံကြီးနှစ်ခုရဲ့ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုကြားမှာ မြန်မာပြည်ဟာ အဓိက နေရာက  ပါနေတဲ့အချက်ပါ။

၆။ ကျုပ်တို့အမျိုးက တောကြောင် သိပ်ပေါတယ်။

အဲဒီအခြေအနေမျိုးမှာမျက်ခြေမပြတ် စောင့်ကြည့်သင့်တဲ့သူတွေစာရင်းမှာ ပြည်ပအတိုက်အခံဘဝကနေ ခေါင်းစဉ်မျိုးစုံနဲ့ ပြန်ဝင်လာကြတဲ့ နာမည်ကျော် ဥာဏ်ကြီးရှင်တွေဟာ ထိပ်တန်းက ပါနေပါတယ်။ အဲဒီပုဂ္ဂိုလ် အများစုဟာ မြန်မာပြည်ကြီး ကြီးပွားစည်ပင်စေကြောင်းထက် အငြိမ့်စား၊အခန့်သား အနေအထားနဲ့ ပြည်ပမှာ အစဉ်အဆက်နေလာခဲ့သူတွေပါ။ နေရာရဖို့ ထင်ပေါ်ကျော်ကြားဖို့ သိက္ခာကို ပဲလှော်နဲ့လဲခဲ့ကြတဲ့သူတွေများ ပါတယ်။ သမ္မတအကြံပေးထဲ အထိ ရောက်နေတဲ့သူတွေ ကို မြန်မာ့ခရိုနီတွေက ကြိုက်ဈေးပေးပြီး ဝယ်လိုက် ကြပြီလားဆိုတာ စဉ်းစားဖို့လိုပါတယ်။ မဲဆောက်လို နယ်စပ်မှာတောင် အခုလို စပ်ကူးမတ်ကူးကာလမှာ တရုတ် ဒလန်အဖြစ် လုပ်စားနေတဲ့သူတွေပေါ်လာနေပါပြီ။
လက်ပံတောင်းတောင် ပြဿနာမှာ ဖဲသမားစကားနဲ့ ပြောရရင် နှစ်ပယ်ရှင်းတဲ့လုပ်ရပ်တွေ ပါနေနိုင်ပါတယ်။ ဆိုလိုတာက အစိုးရရောလူထုပါ  အကြပ်ရိုက်ပြီး  တရုတ်ဖက်ကို ခြေကန်ရုန်းမဲ့ဆရာတွေ ရှိနေနိုင်ပါတယ်။ အရပ်သတင်းအရ သမ္မတရုံးဝန်ကြီးဦးအောင်မင်းကို အကြံပေး ပုရောဟိတ် ဇော်ဦးက “တရုတ်ကိုလဲ ကြောက်ရတယ်လို့ လက်ပံတောင်းတောင်လူထုကိုပြောရင် ပြေလည်သွားမယ်”ဟူသော ခပ်တိမ်တိမ် အကြံပေးခဲ့လို့ “ ကိုဇော်ဦး စကားနားထောင်မိတာ မှားပြီ”ဟု ငြီးသံထွက်ခဲ့တာ စဉ်းစားစရာအချက်ပါ။ တရုတ်ထောက်လှမ်းရေးရဲ့ ခြေတံ လက်တံကိုလည်း  လျှော့မတွက်သင့်ကြပါ။

၇။ အကျည်းတန်သည့် လပြည့်ညချေမှုန်းရေး။

ဒီလို အခါသမယမှာ တစထက် တစ်စကြီးထွားလာတဲ့ လက်ပံတောင်းတောင်အရေးဟာ လွှတ်တော် ကနေ စစ်ဆေးမဲ့အဆင့်အထိ  ဖြစ်လာပါတယ်။ ဝန်ကြီးဦးအောင်မင်းကိုယ်တိုင် ကွင်းဆင်းစစ်ဆေးရာက လယ်သူမ ကလေးသွဲ့သွဲ့ဝင်းနဲ့  အခြေအတင် စကားစစ်ထိုးရင်း တရုတ်ကိုကြောက်ရပါတယ်ဆိုတဲ့ အသံလည်း ထွက်လာရော လူထုဟာ အနာပေါ်ဒုတ်ကျပြန်ပါတယ်။ ဒီပြဿနာကို ညှိနှိုင်းမဟဲ့ ဆိုပြီး ဖုတ်ပူမီးတိုက် ထ လိုက်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ် လမ်းခုလတ်မှာတင် သပိတ်စခန်းတွေ မီးလောင်တိုက် အသွင်းခံရပြီး  ပြာကျကုန်တော့တာပါပဲ။
ဘာကြောင့်ပဲဖြစ်ဖြစ် အဲဒီလောင်မီးဟာ အစိုးရအဖွဲ့အတွင်းက ပြုပြင်ပြောင်းလဲရေး လိုလားသူတွေကို အကြီး အကျယ်မျက်နှာပျက် အကြပ်ရိုက်စေပါတယ်။ ကမ္ဘာမှာ ပြလက်စမျက်နှာ ထားစရာမရှိအောင် ဖြစ်ကုန်ပါတယ်။
ထို့အတူ နောက်ကြောင်းပြန်ချင်သူတွေအုပ်စုကလည်း လက်ရှိအခြေအနေမှာ ပေါ်ပေါ်ထင်ထင် အောင်ပွဲခံဖို့ မရေရာ၊ သူ့လူကိုယ်လူ မကွဲတာကြောင့် မုန်လာဥလုပ်ဖို့ ပြင်ဆင်ကြတော့တာပါပဲ။ အစိုးရတစ်ဖွဲ့လုံးအတွင်းမှာ ခေါင်းချင်းရိုက်ကုန်လိုက်ကြတာ သမ္မတရုံးရဲ့ဖြေရှင်းချက်ကို မိနစ်ပိုင်းအတွင်း ပြန်ပယ်ဖျက်ရတဲ့ အခြေအနေ အထိ  ရှုပ်ထွေးကုန်ပါတယ်။

၈။ ရုပ်မြင်သံကြားပေါ်မှ ဓားစာခံများ

အတွင်းပိုင်းမှာ ဘယ်လိုညှိခဲ့ကြသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့  ပထမဆုံး ဓားစာခံတွေကတော့ မုံရွာဆေးရုံအုပ်ကြီး၊ခွဲစိတ်ဆရာဝန်နဲ့ ဒုတိယရဲမှူးကြီးသူရသွင်ကိုကိုပါပဲ ။ အားလုံး  မျက်စိပျက်မျက်နှာပျက်၊ အသံတွေ တုန်တုန်ရီရီနဲ့  ဗြောင်လိမ်ပေးကြရပါတယ်။ ရဲတွေကိုယ်တိုင် သံဃာတော်တွေကို တောင်းပန်မယ် ဆိုတာလည်း သတင်းကြိုထွက်နေပါတယ်။ ဦးသာအေးကို ဖြုတ်သင့်တယ်။ ပြည်ထဲရေးဝန်ကြီးဦးကိုကိုမှာ တာဝန် အရှိဆုံးဆိုပြီး တီးတိုးသံတွေလည်း ထွက်လာပြန်ပါတယ်။
သေချာတဲ့အချက်ကတော့ ဆန္ဒပြသူတွေကို နှိမ်နှင်းတဲ့အဆင့်ငါးဆင့်ထဲက နောက်ဆုံးအဆင့် လောင်မီးဗုံးခွင်း တဲ့အဆင့်မှာ လက်သည်တရားခံ ပျောက်နေပါတယ်။ ရဲတွေကိုယ်တိုင်  ကိုယ်တိုင်ပစ်တဲ့ လက်နက်ကနေ လောင်မီးတွေ ထွက်လာတာကို အံ့သြနေကြရတယ်ဆိုပါတယ်။ အဆင့်ငါးဟာ ဘယ်သူ့လက်ချက်လဲ၊ လောင်မီးဗုံးတချို့ကို  ဝမ်ပေါင်ကုမ္ပဏီက အစားထိုးပေးခဲ့သလား။ ဝမ်ပေါင်ဘက်တော်သား အောက်ခြေ အရာရှိတွေက ရည်ရွယ်ချက်ရှိရှိ သုံးခဲ့သလား။ စီမံကိန်းမရပ်ရရေးအတွက် ရက်ရက်စက်စက် မှတ်လောက်သား လောက်အောင် ရည်ရွယ်တာကတော့  သေချာလှပါတယ်။
အဆင့်ငါးဟာ ဘာကြောင့်ဖြစ်လာသလဲ။ ဝမ်ပေါင်မှာ ဒီလက်နက်တွေ အဆင်သင့်ရှိနေသလား။ မေးခွန်းတွေ မဆုံးနိုင်ပါ။အထက်အမိန့်ကို လက်တစ်လုံးခြားလုပ်ပြီး မိမိလိုချင်တဲ့အကွက်ကို ကြားတစ်နေရာရာမှ မသမာ စိတ်နဲ့ လုပ်ဆောင်မှုတစ်ရပ်ရပ် ပြုနိုင်တာကို ထည့်သွင်းစဉ်းစားကြစေချင်ပါတယ်။ နိုင်ငံရေးဖြစ်စဉ်များ သမိုင်းဖြစ်ရပ်တွေမှာ  ဥပမာ အမြောက်အများရှိပါတယ်။ လူထုရဲ့ အသိဥာဏ် ဆင်ခြင်တုံတရားကို တည့်မတ် ထိန်းကျောင်းပြီး သူ့လူကိုယ့်လူ ခွဲခြားနိင်မှ အဖြေမှန်ပေါ်လာကာ အပြစ်ရှိသူကို ထိရောက်စွာ အပြစ်ပေး နိုင်ပါလိမ့်မယ်။

၉။ လမ်းပေါ်ကိုလူထုတက်လာကြရင် ပြဿနာအားလုံးပြေလည်သွားမလား။

ကျနော့်စိတ်ထင် ပြေလည်ရန် အကြောင်းမရှိပါ။ ယုတ်စွအဆုံး  အစိုးရတစ်ဖွဲ့လုံး  ချက်ချင်းဆင်းပေးရင်တောင် ပြေလည်ဖို့ မရှိပါ။ အဖက်ဖက်က ဆိုးရန်သာ ရှိပါတယ်။ အမေရိကန်လိုနိုင်ငံမျိုးဟာ စီမံချက်ကျကျ အသေးစိတ် အချိန်ယူပြီး  စံနစ်တကျ ဘက်ပေါင်းစုံက စဉ်းစားဆုံးဖြတ်တာကြောင့် အမေရိကန်လေယာဉ်ကြီးတွေ မြန်မာ့ ကောင်းကင်ယံမှာဝဲပြီး  ချက်ချင်းရောက်လာမဲ့  စိတ်ကူးယဉ်မှုမျိုး  မထားသင့်ပါ။ရှုပ်ထွေးမှုကြောင့် ခုတ်ရာ တလွဲ ရှရာတခြားမီးခိုးကြွက်လျှောက် နောက်ကြောင်းပြန်လှည့်သွားနိုင်တာကို သတိချပ်ကြဖို့ပါ။ဖဲဝိုင်းနဲ့ ဥပမာ ထပ်ပြရရင် သူဆင်ထားတဲ နှပ်ကြောင်းအတိုင်း ချိုးမိလို့ သူ့အိမ်မှာ ကိုးကျသွားမဲ့ အပေါက်ပါ။
အကိုင်အတွယ် မတတ်ရင် ပိုမိုရှုပ်ထွေးပြီး  တရားခံပျောက်ကာ  တိုင်းပြည်ရေစုန်မျှောပါလိမ့်မယ်။ ရနေတဲ့ ပွင့်လင်းစ အခြေအနေမှာ  ရှိသမျှလွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်ဖြင့်  ဥာဏ်ကြီးကြီးထားကာ  စစ်ဆေးအဖြေရှာဖို့ အားလုံးမှာ တာဝန်ရှိနေပါပြီ။

၁၀။ တရားခံအစစ်ကိုရှာရန် ပြည်သူကို ဂျူရီလူကြီးတာဝန်ပေးပါ။

အကယ်၍  ဖြစ်စဉ်တွင် ပါဝင်တဲ့  ဘယ်အဆင့်က ပုဂ္ဂိုလ်မဆို လွတ်လပ်စွာ မေးမြန်းခွင့်အပ်နှင်းပြီး    လက်ပံတောင်းတောင်အရေး အဖြစ်မှန်ကို ဖော်ထုတ်ခွင့်ရှိမည်ဆိုရင် လေးပစ်သူအုပ်စုရဲ့ အနိမ့်ဆုံးတပ်သား ကနေ  ခြေရာခံကာ အဓိကလက်သည်ကို  ဖော်ထုတ်နိုင်ကောင်း ပါလိမ့်မယ်။ အနိမ့်ဆုံးတပ်သားကို “မင်းကို ဘယ်သူ ဘယ်လိုအမိန့်ပေးသလဲ”၊ “ဒုရဲအုပ်ကို ဘယ်သူက ဘယ်လို အမိန့်ပေးသလဲ” ။ အဆင့်ဆင့် အထက်အောက် အမိန့်နာခံမှုတွေနဲ့ ဖွဲ့ထားတဲ့အတွက် နှုတ်မိန့် ရုံးအမိန့်တွေ သေချာပေါက်ရှိနေပါလိမ့်မယ်။ နေပြည်တော်က ပေးပို့ညွှန်ကြားသည့်အမိန့်၊ ရုံးစာ၊ နှုတ်မိန့်များကို စစ်ဆေးရပါမယ်။ ဒီအမိန့်ကို အောက်ခြေအဖွဲ့တွေက ဘယ်လိုအဆင့်ဆင့် အမိန့်ပေး အကောင်အထည်ဖော်ခဲ့တယ် ဆိုတာကို စစ်ဆေး ဖော်ထုတ်နိုင်ရင် အဖြေမှန် ရလာနိုင်မှာပါ။ “တဆင့်ဆင့်ကလိမ်နေရင်ကော”ဟု စောဒကတက်လာလျှင် စစ်ဆေးမှုကို  တိုက်ရိုက်မှတ်တမ်းတင် ထုတ်လွှင့်ပြသပြီး မီဒီယာအကူအညီနဲ့ ပြည်သူတစ်ရပ်လုံးကို ဂျူရီလူကြီးတွေအဖြစ် နေရာပေး၊ နားထောင်ဆုံးဖြတ်စေဖို့ပါပဲ။ရဲတွေကို ဝန်ခံတောင်းပန်ခိုင်းတဲ့ ကစားကွက် မျိုးတွေကိုလည်း  အလွယ်တကူ ရိုက်ချိုးနိုင်ပါလိမ့်မယ်။
အဲဒီက တဆင့်တက်ပြီး သွားလေသူတွေ  ထင်ရာစိုင်းသွားတဲ့၊  နိုင်ငံကိုအပေါင်ထား ကိုယ်ကျိုးရှာသွားကြတဲ့  လုပ်ငန်းစာချုပ်အားလုံးကို စစ်ဆေးနိုင်ဖို့ လုံးပန်းကြရပါမယ်။လက်ရှိအခြေအနေကတော့ ပြည်သူဖက်က ဘောလုံးပွဲလည်းရှုံးတဲ့အပြင်  လောင်မီးဒဏ်ရာတွေကိုပါခံစားနေရတဲ့အဖြစ်ပါပဲ။ ဒီအခြေအနေကနေ အကောင်းဆုံး ရုန်းထွက်ပြီး အနိုင်ဖက်ကို ခြေဦးပြန်လှည့်နိုင်အောင် အားလုံးတတ်နိုင်တဲ့ဖက်က ဝိုင်းဝန်းကူညီကြဖို့ပါပဲ။ ကျနော့်ကိုလည်း လိုတဲ့နေရာမှာခိုင်းနိုင်ဖို့ ကျနော် အဆင်သင့်ရှိနေပါ့မယ် ။

 ရုပ်ပုံ ။ ။ ဂူဂဲလ်


↧
↧

မင်းဒင်ရဲ့သက်ခိုင် (ဒုတိယအကြိမ် ရိုက်နှိပ်ခြင်း)

$
0
0


                                                      ယနေ့ထွက်ပါပြီ

ဒုတိယအကြိမ်ရိုက်နှိပ်ခြင်း

မျက်နှာဖုံးပန်းချီ ။ ။ ပန်းချီမျိုးမြင့်

စာအုပ်အပြင်အဆင်။  ။ သီဟမောင်မောင်

စီစဉ်သူ။   ။ကိုဝင်းဟိန်း

ဖြန့်ချိရေး ။   ။ သက်ခိုင်စာပေ။ (+၆၆(၀) ၈၁၇၁ ၉၁၀ ၉၂ )

                  email; mindin3000@gmail.com
                                  .............................................................
                                          ဒုတိယအကြိမ် ပုံနှိပ်ခြင်းအတွက် 

                                              စာရေးသူ၏ အမှာစာ

“မင်းဒင်ရဲ့ သက်ခိုင်” သည် စာရေးသူ၏ရင်တွင်း၌  နှစ်ကာလအားဖြင့် ကြာရှည်လေးမြင့်စွာကပင် ဖြစ်ပေါ် တည်ရှိခဲ့သော ဇာတ်လမ်းတပုဒ်ဖြစ်ပါသည်။ အခွင့်သာသည့် ၂၀၀၈ ခုနှစ်ဝန်းကျင်၌ www.mindin.infoတွင် စတင် လူးလွန့်နိုးကြားလာခဲ့ပြီး ၂၀၁၀ခုနှစ်တွင် ပထမအကြိမ် ပုံနှိပ် စာအုပ်အဖြစ် အလားမြောက် ခဲ့ပါသည်။ မျှော်လင့်မထားသည့် အခြေအနေတရပ်အထိ စာဖတ်သူတို့၏ အားပေးမှုများ ရရှိခဲ့သောကြောင့် သက်ခိုင်ကိုထုဆစ် ဖန်တီးရကျိုးနပ်သည်ဟူသော ဝမ်းမြောက်ပီတိဖြင့် စာဖတ်သူများ အား ကျေးဇူးစကား လေးနက်စွာ ဆိုပါ၏။ စင်စစ် ထိုကျေးဇူးတရား၏ နောက်ဆက်တွဲသည်ပင် “မင်းဒင်ရဲ့သက်ခိုင်”ကို ဒုတိယအကြိမ် ထပ်မံပုံနှိပ်ထုတ်ဝေနိုင်ခြင်း၏ အခြေခံ အကြောင်း တရားဖြစ်ချေသည်။
ဤစာအုပ်တွင် ဇာတ်ကောင်အမည်အများစုမှာ သက်ရှိထင်ရှားရှိခဲ့သူများ ၊ရှိနေသူများ၏ အမည်နာမများ ပါဝင်နေလေရာ ကာယကံရှင်ပုဂ္ဂိုလ်အချို့အနေဖြင့် မနှစ်မြို့စရာဖြစ်ကြမည်မှာ သေချာလှသော အချက်ဖြစ်၏။ စင်စစ် သက်ခိုင်သည် အမှန်တကယ်သက်ရှိထင်ရှားရှိသည့် ဇာတ်ကောင်ဖြစ်ရုံမက သူကျင်လည် ခဲ့သည့် ခေတ်ကာလအပိုင်းအခြားမှာလည်း လက်ရှိကာလနှင့်မနီးမဝေး သည့် ခေတ်ပြိုင်ကာလပင်ဖြစ်၍ ဤဇာတ်အိမ် သည် သက်ရှိထင်ရှား ဇာတ်ကောင်များနှင့် ဆပ်စပ်နေရခြင်း ဖြစ်ပေသည်။စာရေးသူ အနေဖြင့်  မျက်မှောက် ခေတ်လူ ငယ်များအား ဘဝသင်ခန်းစာ၊ သမိုင်းသင်ခန်းစာ ဖြစ်လိုဖြစ်ငြားသာ ရည်ရွယ်ခဲ့ပြီး တစုံတယောက်သို့ ထိခိုက်နစ်နာစေရန် ရည်သန်ခဲ့သည်မဟုတ်ချေ။
စာရေးသူ အနေဖြင့် သက်ခိုင်ကို ဖန်တီးရာ၌ အာဃာတရားကို အတတ်နိုင်ဆုံး မေ့ပျောက်ဖယ်ရှားလျက် သံဝေဂ တရားဖက်သို့ ဇောင်းပေးရေးသားခဲ့ရိုးအမှန်ဖြစ်ပါသည်။ ရေးသားနေစဉ်ကာလတွင်လည်း စာရေးသူ၏ စိတ်အစဉ်ကို ကြိမ်ဖန်များစွာ ဆုံးမခဲ့သည်မှာလည်း မှန်သောသစ္စာစကားဟု လိပ်ပြာသန့်စွာ ဆိုဝံ့ပါ သည်။
ထို့ကြောင့် ဇာတ်လမ်းပါ အကြောင်းခြင်းရာအားလုံးမှာ စာရေးသူ တတ်ကျွမ်းသမျှ ချယ်မှုန်း ပုံဖော်ထားသည် သက်ခိုင်၏ ခံစားချက် အတွေးအမြင်မျှသာ ဖြစ်လေရာ စာဖတ်သူ တို့အနေဖြင့် ဖော်ပြထားသမျှသော အချက် အလက်၊ ဖြစ်ရပ်အားလုံးသည် ပရမတ်ဆတ်ဆတ် မုချ အမှန်ချည်းဖြစ်သည်ဟု  ယူဆကြရန်မဟုတ်မူပဲ မိမိတို့ ကိုယ်ပိုင် ဆင်ခြင်တုံတရားဖြင့် အကြောင်း ယုတ္တိတန်သည် မတန်သည်ကို ဝေဖန်ပိုင်းခြားကြရန် ဖြစ်ပါသည်။
ဒုတိယအကြိမ်ရိုက်နှိပ်ခြင်းတွင် ပထမအကြိမ်ရိုက်နှိပ်စဉ်က လွဲမှားစွာဖော်ပြမိခဲ့သော အကြောင်းအချက် အမည်နာမအချို့ကို ဖြည့်စွက်ပြင်ဆင်ဖော်ပြထားပါသည်။ ထိုသို့ဖော်ပြနိုင်ရန် အတွက် မေတ္တာစေတနာဖြင့် ထောက်ပြ ပြင်ဆင်ပေးခဲ့သူများအား ကျေးဇူးအထူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။
ရသစာအုပ်တအုပ် ပီပြင်စွာဖြစ်ပေါ်လာနိုင်ခြင်းမှာ အခိုက်အတန့်အားဖြင့် စာရေးသူတွင် ပူးကပ်လာသော ဈာန်သဘောနှင့် အခြေအနေပေးမှု အပေါ်တွင်သာ မူတည်လေရာ ဒုတိယအကြိမ်ရိုက်နှိပ်ထုတ်ဝေရခြင်း အတွက် စာရေးသူအနေဖြင့် ဂုဏ်ယူပလွှားစရာ အကြောင်းမမြင်ပဲ၊ ဤစာအုပ်ဖြစ်ပေါ်လာနိုင်ရေးအတွက် ဝိုင်းဝန်းအားထုတ်ပေးခဲ့ကြသည့် မျက်နှာဖုံးပန်းချီမျိုးမြင့်၊ ရခိုင်သတင်းစာ အယ်ဒီတာ ဦးဌေးဝင်း၊  ဓာတ်ပုံ ဂျစ်တူး(မုံရွာ)၊ ကိုသီဟမောင်မောင်၊ ကဗျာဆရာနှင်းခါးမိုး၊ ကိုမောင်မောင်ဈာန် ၊ကိုဝင်းဟိန်း၊ ကိုဝင်းမြင့် (စင်္ကာပူ) ၊ ကိုရဲ (စင်္ကာပူ)၊ ရွှေပြည်စိုး(စင်္ကာပူ) နှင့်တကွ စာဖတ်ပရိတ်အားလုံး၏ ကျေးဇူးတရားသို့သာ ဦးညွတ်လိုပါသည်။

ချမ်းသာကိုယ်စိတ်မြဲပါစေ

လေးစားမှုများဖြင့်

မင်းဒင်
mindin3000@gmail.com
၂၀၁၂ ခုနှစ်။ အောက်တိုဘာလ (၃၀) ရက် ။
ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေ ။


↧

ဖြစ်ပျက်ရှာပုံတော်ခရီးသည်

$
0
0



 စာရေးသူ၏ ပထမဆုံးအားထုတ်ကြိုးပမ်းမှု။
ဒုတိယမြောက်ထွက်ရှိလာမည့် ပုံနှိပ်စာအုပ်။
အွန်လိုင်းစာမျက်နှာတွင် မဖော်ပြရသေးသည့် အခန်း ခြောက်ခန်း အပါအဝင်
စုစုပေါင်း (၂၁)ခန်း အစအဆုံးရေးသားပြီးစီးပါပြီ။ 

၂၀၁၃ ခုနှစ် ၊မတ်လတွင် ပုံနှိပ်စာအုပ်အဖြစ် ထွက်ရှိလာပါမည်။

မျက်နှာဖုံး ပန်းချီ။ ။ ပန်းချီ မျိုးမြင့်
စာအုပ်အပြင်အဆင်။   ။ သီဟမောင်မောင်


သက်ခိုင်စာပေမှ မြန်မာတပြည်လုံးသို့ ဖြန့်ချိပါမည်။ 

လေးစားမှုများဖြင့်

မင်းဒင်

၂၀၁၃ ဇန်နဝါရီလ (၉)ရက်
ဖူးခက်ကမ်းခြေ
ထိုင်းနိုင်ငံ


↧

လူတိုင်းလောဘတရား မကင်းနိုင်ကြပါ။ သို့သော် ....

$
0
0


 လူတိုင်းရှိတတ်သည့် လောဘတရား မဆန်းပြားပါ။ သို့သော် ......

မင်းဒင်ရဲ့သက်ခိုင်ကို လေးနှစ်မျှအချိန်ယူ၍ ကျနော်ရေးခဲ့ရသည်။ ပြည်ပမှာ ထုတ်ဝေခဲ့သည်။ အထိုက်အလျောက် ဖတ်သူရှိ၍ စိတ်ချမ်းမြေ့ရသည်။ စာအုပ်စာပေ လောကမှာ ရိုးသားစွာ ရှာဖွေမစားချင်ကြသူတချို့က မိတ္တူကူးကာ အုပ်ရေသောင်းဂဏန်းနီးပါး ကူးကြသည်။ ရောင်းကြသည်။ ယင်းကိစ္စ္စအပေါ် ကျနော်မည်သို့မျှ မခံစားရပါ။ မိတ္တူကူးရောင်း သောကြောင့် စာဖတ်သူတို့ ငွေကုန်ကြေးကျသက်သာစွာ ဖတ်ရှုနိင်ပေမည်ဟု သာ ကျနော်သဘောပိုက်ခဲ့သည်။
သို့သော် ဒုတိယစာအုပ် ဖြစ်ပျက်ရှာပုံတော် ခရီးသည် စာအုပ်အား စာရေးသူက ရေးသားမပြီးစီးမီ ခိုးယူရောင်းချနေခြင်းကိုတော့ အလွန့်အလွန် စိတ်ပျက်ရသည်။ ငွေကြေးကြောင့်မဟုတ်။ ဖြစ်ပျက်ရှာပုံတော်သည် အပျော်ဖတ်ဝတ္ထုမဟုတ်။ အယူဝါဒတခုကို လက်တွေ့တံခါးပေါက်မှ ဆန်းစစ်ချက်ဖြစ်သည်။
ယခုခိုးယူဖြန့်ချိနေသော စာအုပ်တွင် အခန်း ၁ မှ အခန်း ၁၅ သာပါရှိသည်။ ပြီးပြည့်စုံမှု မရှိသေးချေ။ အမှန်စင်စစ် အဆိုပါစာအုပ်တွင် အခန်းပေါင်း ၂၁ ခန်းပါရှိပါသည်။ ၂၀၁၃ မတ်လတွင် ထွက်ရှိမည် ဖြစ်ပါသည်။ ဆက်လက်ရေးသား ပြီးစီးခဲ့သော အခန်းများတွင် ကျမ်းတတ်ပုဂ္ဂိုလ်များ၏ သုံးသပ်ချက် စာရေးသူ ၏ ပြန်လည် ဆွေးနွေးချက် များပါရှိပါသည်။
ထို့ကြောင့် တဝက်တပျက်သာ ပါရှိသော ခိုးရိုက်သည့် စာအုပ်များကြောင့် မိမိကိုးကွယ်ရာ အယူဝါဒတရပ်ကို လွဲမှားစွာ (သို့တည်းမဟုတ်) မပြည့်မစုံ နားလည်သဘောပေါက်စေခြင်းဖြင့် ကြီးစွာသော အန္တရာယ်ဖြစ်စေနိုင်ပါသည်။ ယင်းအချက်ကို စာအုပ်ခိုးရိုက်နေကြသူများ အထူးသဖြင့် နားလည်စေလိုပါသည်။ ကျနော်ကိုယ်တိုင်လည်း လောဘဒေါသ ကင်းသူ မဟုတ်သေးပါ။
လောဘတရားသည် မဆန်းပြားလှပါ။ သို့သော် ...... ။
↧
↧

Article 0

$
0
0

 အမှန်စဉ်စစ် ဤစာမူကို ရေးခဲ့သည်မှာ လွန်ခဲ့သော ၈ နှစ်ကာလက ဖြစ်ပါသည်။ ထိုစဉ်ကသော်  ကိုယ့်တပ်ကိုယ်နင်းသော စာမူဖြစ်၍ ဖော်ပြခွင့်မရခဲ့ပါ။ ယခုသော် စဉ်းစားသုံးသပ်ရမည့် အခြေအနေဖြစ်၍ ပြန်လည်ဖော်ပြအပ်ပါသည်။ စာစီစာရိုက် တာဝန်ကို မငြီးမညူ ကူညီပေးခဲ့သည့် ဖြူဖြူစိုး (Sky Net) အား အလေးအနက်ကျေးဇုးစကားဆိုအပ်ပါသည်။

                                 
                                        “မိုးခါးရွာတဲ့နေ့”

ပုရောဟိတ် ။        ။ မင်းကြီး ယနေ့မှ (၇) ရက်မြောက်သော် ပြည်အ၀ှမ်း မိုးခါးကြီးရွာလတ္တံ့။ ထိုမိုးခါးရေကို သောက်လျှက် ပြည်အလုံး ရူးသွားကြလတ္တံ့။
မင်းကြီး      ။       ။ မရွာအံ့သောငှာ၊ မသောက်ကြစိမ့်သောငှာ နည်းလမ်းမရှိပြီလော။
ပုရောဟိတ် ။        ။ မင်းကြီး၊ မရှိပါ။

x  x  x  x  x  x  x  x  x  x  x  x  x  x  x

နံနက် (၈း၃၀) နာရီ
မတ်လ (၂၇) ရက်၊ တပ်မတော်နေ့
တော်လှန်ရေးပန်းခြံ၊ ရန်ကုန်မြို့။

            တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ချီတက်နေရာယူထားကြသော စစ်ကြောင်းကြီးများအား အစဉ်အလာအတိုင်း မိန့်ခွန်းအရှည်ကြီးကို ခြွေနေလေသည်။ ထူးခြားသည်က အဆိုပါမိန့်ခွန်းကို သတင်းကြေငြာသူ၏ အသံဖြင့်မဟုတ်ဘဲ သူ၏မူရင်းအသံဖြင့် သတင်းဌာနပေါင်းစုံမှ တိုက်ရိုက်ထုတ်လွှင့်သော ရုပ်မြင်သံကြားကင်မရာများရှေ့တွင် ပြောနေခြင်းပင်။
            မိန့်ခွန်းတပိုဒ်ချင်းကို ရဲဘော်တို့၊ ရဲဘော်တို့ ဟူ၍ အစပျိုးလျှက် တပ်မတော်၏အစဉ်အလာ၊ စစ်သည်တော်တို့၏ ကျင့်ဝတ်၊ တပ်မတော်၏ ခေတ်အဆက်ဆက် အမျိုးသားရေးတာဝန် ကျေပွန်ခဲ့မှု စသောမဲပြာပုဆိုးအကြောင်းကို အပ်ကြောင်းထပ်နေလေ၏။
            ထိုသို့ တစ်နာရီခွဲခန့်မျှ ဓါတ်ပြားဟောင်းမာရသွန်မိန့်ခွန်းကြီးကို ပြောနေရင်း အောက်ပါအတိုင်း ကောက်ခါငင်ခါ ပြောချလိုက်လေသည်။
            “ ရဲဘော်တို့၊ ရဲဘော်တို့အပါအ၀င် ပြည်သူတရပ်လုံး၊ ကမ္ဘာ့နိုင်ငံအသီးသီး၊ မြန်မာ့ဒီမိုကရေစီအင်အားစုများ အားလုံးကို ဒီနေ့ ဒီစင်မြင့်ကနေပြီး ထူးခြားလေးနက်ပြီး အရေးကြီးလှတဲ့ ကြော်ငြာချက်တစ်ရပ်ကို လက်ရှိတပ်မတော်အကြီးအကဲရဲ့ လုပ်ပိုင်ခွင့်အခွင့်အာဏာကိုသုံးပြီး ထုတ်ပြန်လိုက်ပါတယ်။ ”
            အဲဒါကတော့ ဒီနေ့ဒီအချိန်ကစပြီး တပ်မတော်သားအားလုံး စစ်တန်းလျားကို ပြန်ကြဘို့ ကျွန်တော်အမိန့်ထုတ်လိုက်ပါတယ်။ စစ်တပ်ဟာ နိုင်ငံရေးကို အနှစ်လေးဆယ်ကျော် ၀င်ရောက်တာဝန်ယူခဲ့ပြီးဖြစ်ပါပြီ။ ဘာတွေဖြစ်ခဲ့တယ်၊ ဖြစ်နေတယ်ဆိုတာ အားလုံးအသိပါပဲ။ ကျွန်တော်တို့ ဘာတစ်ခုမှ ကောင်းအောင်မလုပ်နိုင်ခဲ့ကြပါဘူး။ ဒုတိယကာကွယ်ရေးဦးစီးချုပ်အပါအ၀င် ဘယ်စစ်ခေါင်းဆောင်ကမှ ထပ်ပီး အာဏာသိမ်းတာ၊ နိုင်ငံရေးမှာ ၀င်ရှုပ်တဲ့လုပ်ရပ်မျိုး တစ်နည်းနည်းပြုမူတာမျိုးကို ပြင်းထန်လေးနက်စွာ တားမြစ်လိုက်ပါတယ်။ တားမြစ်ချက်ကို ချိုးဖောက်တဲ့ မည်သည့်စစ်ဖက်အရာရှိမဆို နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုနဲ့ အရေးယူမှာဖြစ်တယ်။ တိကျစွာ လိုက်နာကြဘို့ ကျုပ်သတိပေးလိုက်တယ်။ မိမိတို့အတိတ်က လုပ်ရပ်အားလုံးအတွက် မိမိတို့တာဝန်ခံကြရမယ်။ ကျွန်တော့အပြစ်ကိုလည်း ကျွန်တော်သိပါတယ်။ ဒါပါပဲ။
            ကျောက်ဆည်သား အဘိုးကြီးသည် ဗြုန်းစားကြီး နိဂုံးချုပ်လျှက် ဘက်ဖက်ခြေ ဆာတာဆာတာဖြင့် စင်မြင့်ပေါ်က ဆင်းသွားလေသည်။
            ဗိုလ်ရှုခံနေသော စစ်ခေါင်းဆောင်များသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြောင်စီစီ ကြည့်နေကြလေသည်။

x  x  x  x  x  x  x  x  x  x  x  x  x  x  x

          သတင်းကား တောမီးပမာ၊ ဆူနာမီ ပမာတည်း။ နှစ်နာရီခန့်အတွင်း ရန်ကုန်နှင့် မန္တလေးမြို့ကြီးနှစ်မြို့လုံး ငြိမ်သက် သွားလေသည်။
            အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးလွင် ကား တယ်လီဖုန်းသံများကြားတွင် ဗျာများနေလေသည်။ သံရုံးအကြီးအကဲများ၊ ပြည်ပနိုင်ငံအကြီးအကဲများထံမှ အဆက်မပြတ်ဝင်လာနေသောဖုန်းတို့ကို “ ဟုတ်ကဲ့ ကျွန်တော်တို့ လည်း ဘာဖြစ်တယ်ဆိုတာ အသေအချာမသိသေးပါဘူး။ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ညှိနှိုင်းဖို့ လိုမယ်ထင် ပါတယ်။ အခု ကျွန်တော်တစ်ယောက်တည်းသဘောနဲ့ ဘာမှမပြောနိုင်သေးပါဘူး” ဟူသည့် အဖြေတစ်မျိုးသာ ဒိုင်ခံဖြေရင်း မောဟိုက်နေလေသည်။
            ဖုန်းသုံးလုံးဖြင့် အလုပ်ရှုပ်နေသော ဦးလွင်သည် တစုံတခုကို သတိရဟန်ဖြင့် ဘေးနားတွင် ပြူးကြောင်ကြောင် ရပ်နေသော ဒီချုပ်လူငယ်ကို အရေးတကြီးပြောလိုက်၏။
“ ဟေ့ကောင်၊ အခုအိမ်သွားကွာ။ အခြေအနေသွားကြည့်။ မင်းတို့လူငယ်တွေ မစုလုံခြုံရေးကို တာဝန်ယူကြ။ ”

x  x  x  x  x  x  x  x  x  x  x  x  x  x  x

            ဒုတိယကာကွယ်ရေးဦးစီးချုပ်သည် သေနတ်နှစ်လက် ခါးကြားထိုးလျှက် တယ်လီဖုန်းပေါ် လက်တင်ရင်း ငိုင်နေ လေသည်။ တပ်ချုပ်က ဘာအရူးထတာလဲ၊ သူတာဝန်က အနားယူ မယူ ဆိုတာလည်း မရှင်းဘူး။ စစ်တိုင်းမှူးထဲက ငါ့လူတွေ ငါလှမ်းအမိန့်ပေးလိုက်လို့ဖြစ်ပါ့မလား။ တော်တော်အူကြောင်ကြောင်နိုင်ပါလား။ သူ့ကိုယ်ရေးအရာရှိကို ရုတ်တရက် အော်ခေါ်လိုက်သည်။
           ‘ဟေ့ကောင်’
            ‘ဗျာ ဒုချုပ်’
            ‘ဒီချုပ်က ဦးလွင် ဖုန်းနံပါတ် ရှာစမ်းကွာ’
            ‘နိုင်ငံရေးကိစ္စပြောမလို့လား ဒုချုပ် ခင်ဗျာ’
            ‘ဟေ့ကောင်၊ မင်းပါးစပ်ပိတ်’

x  x  x  x  x  x  x  x  x  x  x  x  x  x  x

NCGUB ဥက္ကဌ ဒေါက်တာစိန်ဝင်းလည်း သတင်းရသည်နှင့် ခေါင်းထဲတွင် ထူပူသွားလေသည်။
“ ဟဲလို ကိုဘိုလှတင့်၊ စိန်ဝင်းပါ။ ကိုတင့်ဆွေကိုပါ တပါတည်းခေါ်ဗျာ။ ကြေငြာချက်ထုတ်သင့်တာ ထုတ်ရအောင်။”
“ ဟုတ်ကဲ့ ၀န်ကြီးချုပ်၊ နဲနဲစောနေမလားလို့။”
“ အေးဗျာ၊ ယုံရခပ်ခက်ခက်ပဲ”

x  x  x  x  x  x  x  x  x  x  x  x  x  x  x

            မင်းကိုနိုင်အိမ်ရှေ့မှ လူစုကား သူထောင်မှလွတ်လာသည့် ပရိသတ်အတိုင်းပင် ဖြစ်လေသည်။
            “ ဒါဟာ ကြီးမားတဲ့ သမိုင်းအလှည့်အပြောင်းကြီး တစ်ရပ်ဖြစ်တယ်။ ဒီမိုကရေစီအင်အားစုအားလုံးပါဝင်တဲ့ အမျိုးသားညီလာခံကြီးတစ်ရပ် ခေါ်ယူဖို့ ကြိုးပမ်းရမယ်။”
            မင်းကိုနိုင်အိမ်က တယ်လီဖုန်းသည် သွေးရိုးသားရိုး ပျက်နေလေသည်။

x  x  x  x  x  x  x  x  x  x  x  x  x  x  x

            ထိုင်းဝန်ကြီးချုပ် သပ်ဆင်ရှင်နာဝပ်ကား နယ်ခြားစောင့်တပ်ကို တပ်လှန့်ထားလိုက်သည်။ နယ်စပ်တံတားအားလုံးကို လည်း ပိတ်ထားရန် ညွှန်ကြားလိုက်သည်။
            ‘အတိုက်အခံအင်အားစုအားလုံးကို သတိနဲ့ စောင့်ကြည့်။’

x  x  x  x  x  x  x  x  x  x  x  x  x  x  x

          ကိုဖီအာနန်က သူ့လက်ထောက် အတွင်းရေးမှူးကို ချက်ခြင်းဆင့်ခေါ်သည်။
            “ မြန်မာ့စစ်ကောင်စီအကြီးအကဲရဲ့ ကြေငြာချက်ကို ကြိုဆိုကြောင်း ကြေငြာချက်ထုတ်ပါ။ ”

x  x  x  x  x  x  x  x  x  x  x  x  x  x  x
            ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာကမူ သတင်းထောက်တစ်ဦးကို ဖုန်းဖြင့် အေးဆေး တည်ငြိမ်သောအသံဖြင့် ရှင်းနေသည်။
            “ အခုလောလောဆယ်မှာ ကရင့်နယ်မြေအေးချမ်းရေးနဲ့ ကရင်အမျိုးသားအကျိုးစီးပွားကို ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်တယ်။”

x  x  x  x  x  x  x  x  x  x  x  x  x  x  x

            အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကောလင်းပါဝဲလ်သည် လေယာဉ်ပေါ်မှပင် ထိုသတင်းကိုရသည်။ အီရတ်စစ်ပွဲ၊ အာဖဂန်သို့ ပို့ထားသော တပ်ကုန်ကျငွေ၊ ငလျင်ရေဘေးအလှူငွေ ထည့်လို့မှမဆုံးသေး။ လာပြန်ပြီး ဗမာပြည်။

x  x  x  x  x  x  x  x  x  x  x  x  x  x  x

          DKBA, UWSA, SSA စသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မိမိတို့ဒေသအသီးသီးအတွက် တပ်ဖြန့် ထားကြရန် အပူတပြင်းနှိုးဆော်သည်။
            ဗမာပြည်ကွန်မြူနစ်ပါတီမှ ရဲဘော်ဖိုးသံချောင်းသည် ၁၉၈၈ ခုနှစ်တုန်းက သင်ခန်းစာအရ အာဏာပြသနာကို ဖြေရှင်း နိုင်ရန် စာတမ်းပြုစုနေသည်။
            အမေရိကန်ပြည်ထောင်စုရောက် နိုင်ငံရေးသိပ္ပံပညာသင်ကြားနေသူ မိုးသီးဇွန်ကမူ လက်ရှိမြန်မာ့အခြေအနေနှင့် ဆင်တူသော ကမ္ဘာ့နိုင်ငံရေး အဘိဓါန်စာအုပ်ထူထူကြီးကို ကသောကမျောလှန်နေလေ၏။

x  x  x  x  x  x  x  x  x  x  x  x  x  x  x

            ပထမသော် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများနှင့် ဒီမိုကရေစီသီချင်းတွေချည်း လွှင့်ထုတ်နေသည်။ အဖန်ဖန်ဖြစ်လာသော် မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း၊ တိမ်တမန်နှင့် မာမာအေးပေါ်လစီသချင်းတွေ ပြောင်းလွှင့်နေပြန်သည်။

x  x  x  x  x  x  x  x  x  x  x  x  x  x  x

          မဲဆောက်မှ မဟာမိတ်တပ်ပေါင်းစုလည်း ရန်ကုန်ချီစစ်ကြောင်း ချောမွေ့လုံခြုံရေးအတွက် ဒီကေဘီအေနှင့် အပူတပြင်း ညှိနှိုင်းနေသည်။ စစ်မြေပြင်ချီရန်မဟုတ်၊ ဆယ့်လေးငါးနှစ်ခွဲခဲ့ရသော အိမ်ကို လွမ်းကြပြီ၊ အောင်ပွဲရပြီ၊ အိမ်ပြန်မည်။

x  x  x  x  x  x  x  x  x  x  x  x  x  x  x

          တစ်ရက်ပြီးတစ်ရက်ကြာညောင်းခဲ့လေပြီ။
            လူထုကြီးကား ဆေးမိနေသကဲ့သို့ဖြစ်နေ၏။ ဒေါ်အောင်ဆန်းစုကြည်က အိမ်ထဲကအိမ်ပြင်မထွက်ဘဲ ရက်ပိုင်းတောင့်ခံနိုင်ရင် အစိုးရပြုတ်ကျမယ်ဟူသော ဟောပြောချက်ကို ယခုမှ တသွေမတိမ်း လိုက်နာနေကြလေသည်။
            မြန်မာ့အတိုက်အခံတို့ကား ခပ်ကွင်းပြင်ဆဲ၊ စည်းဝါးရိုက်ဆဲ၊ တက်သုတ်ရိုက်နေရင်းက အချိတ်အဆက် မမိနိုင်ကြသေး။
            လူထုသည် ဘိန်းကြွေးပြီး ရေအေးမှာ မသိမသာမီးထိုးပေးတာ ကြာကြာခံရသော ဖားများကဲ့သို့ အပူနှင့် အအေးကို မခွဲခြားနိုင်တော့။ စစ်အစိုးရကိုလည်း လွမ်းပုံမပြ။ ဖြစ်ချင်သော စံနစ်ကိုလည်း အော်မတောင်းတတ်ကြတော့။ အိမ်မက်မက်ရင်း ယောင်ယမ်းလမ်းလျှောက်သူများနှင့် တူနေတော့သည်။
            ၁၉၈၈ ခုနှစ် ရှစ်လေးလုံးကာလဖြစ်လေသည်။ ဒေသပါတီဥက္ကဌ၏ အိမ်ရှေ့တွင် မြို့ခံလူထုက တခဲနက် ဟစ်ကြွေးတောင်းဆိုနေကြသည်။

         “‘ ဒီမိုကရေစီ ချက်ခြင်းပေး”
         “‘ဒီမိုကရေစီ ချက်ခြင်းပေး”
ကြံရာမရသော မဆလ ကိုယ်စားလှယ်သည် ပြေးရန်မြေမရှိသည်နှင့် ၀ရန်တာရှေ့ထွက်ရပ်လျက်
            ‘ဟုတ်ကဲ့ ဒီမိုကရေစီ ပေးပါတယ်ဗျာ’
လူအုပ်ကြီးသည် ရုတ်တရက်ငြိမ်ကျသွား၏။ ခဏကြာသော် ဆက်အော်ကြပြန်၏။
            ‘ဒီမိုကရေစီဆိုတာ ပါးစပ်နဲ့ပေးလို့မရဘူး။ ဒီမိုကရေစီချက်ခြင်းပေး၊ ဒီမိုကရေစီချက်ခြင်းပေး။’
တုန်လှုပ်ခြောက်ချားရုံမက နတ်ကျသလိုတုန်ရီနေပြီဖြစ်သော ပါတီဥက္ကဌသည် အိမ်ထဲပြန်ဝင်သွားကာ စာအုပ်စင်ရှိ “ လူနှင့် လူ့ပတ်ဝန်းကျင်တို့၏ အညမည သဘောတရား” စသော စာအုပ်များကို မ ချလာလျှက် လူအုပ်ကြီး၏ရှေ့သို့ လွှင့်ပစ် ကြဲချလေ၏။
            ‘ကျွန်တော့်မှာ ရှိတဲ့ ဒီမိုကရေစီဟာ ဒါအကုန်ပဲဗျာ’
            ‘ဟေး’
            ‘ဟေး’
လူအုပ်ကြီးသည် ၀မ်းမြောက်ဝမ်းသာ ကြွေးကြော်လျှက် တစတစ လူစုကွဲသွားကြလေသည်။
            ဤသို့လျှင် အပြောင်အပျက်လို၊ အတည်လို ကြားဘူးခဲ့ပါ၏။

x  x  x  x  x  x  x  x  x  x  x  x  x  x  x

          ‘ဟေ့ကောင် မင်းဒင်၊ ဘာတွေလျှောက်ရေးနေတာလဲ’
            ‘ဟုတ်ကဲ့၊ တွေးမိတာလေးပါ’
            ‘အတိုက်အခံတွေထဲမှာ မင်းထက်တတ်တဲ့သူတွေချည်းပဲ။ ဒါတွေအားလုံးကြိုမြင်ပြီးသားကွ။’
            ‘ဟုတ်ကဲ့ ဟုတ်ကဲ့၊ ၀မ်းသာလိုက်တာဗျာ။ တော်ပါသေးရဲ့’

x  x  x  x  x  x  x  x  x  x  x  x  x  x  x


မင်းဒင်
2005, January, 15th
02:00 a.m.



↧

Article 3

$
0
0



 “ဒင့် ဘဝ ၊ ခဏဘယ်သူယူပါ့မယ်”
              (မင်းဒင်)
(၁)
မြူနှင်းတို့ဝေသောကာလ၊ ချမ်းမြမြဆောင်းတစ်ညတွင်၊ယိုးဒယားနိုင်ငံ၊ဖူးခက်မြို့အန်မခမ်အရပ်ရှိ အိမ်အိုကြီး၏အပေါ်ထပ် ၌ ကျွန်ုပ် ဆြာဒင်တစ်ယောက် ဇီးကင်းခန့်ရှိသော ချွေးစေးများပြန်လျက် လွန်ခဲ့သော အနှစ်ငါးဆယ်ခန့်က ကျောင်းသုံး ပြဌာန်းခဲ့သည့် တတိယတန်းဒေါင်းဖတ်စာတစ်အုပ်ကိုဖွင့်ရင်း ခုနှစ်သံချီ အော်ဟစ်ကာ စာအံလျက်ရှိလေသည်။
“တောင်ရှိန်ပြင်းဟုန် ၊ ငှက်ဂဠုန် ၊သုန်သုန်ကိုလည်း နသတ်မည် ။”“မလည်မသုန် ၊ ရေကြောင်းစုန် ၊ဒဂုန်ကိုလည်း နသတ် မည် ။”“ကမ္ပည်းတံဆိပ် ၊ ရွှေပေလိပ် ၊သိပ်သိပ်ကိုလည်း ပသတ်မည် ။”“ငါးမည်မာရ်နှိပ် ၊ ပလ္လင်ထိပ် ၊ညောင်ရိပ်ကိုလည်း ပသတ်မည် ။”“ငါးမည်ရွှေကြာ ၊ ခက်ညွန့်ဖြာ ၊စိမ်းပြာကိုလည်း ရစ်ရမည် ။”
ခုနှစ်အိမ်ကြား၊ရှစ်အိမ်ကြား စာရွတ်သံကြောင့် ကာလနဂါးကဲ့သို့ ကုလားသေကုလားမော အိပ်မောကျတတ်သော တူတော် မောင် ရဲအောင်ပင်လျှင် စက်တော်ခေါ်ရာမှ လန့်နိုးလျက် ဝူးဝူးဝါးဝါးနှင့် ဦးရီးတော်ရှိရာ အပေါ်ထပ်သို့ တက်လာကာ ..
“ဦးကြီးဒင် ၊အဘယ်သတ္တဝါက လာရစ်ပါသဖြင့် သတ်ရန်ဖြတ်ရန် အချိန်မတော် ကြိမ်းမောင်းလေသနည်း”
တူတော်မောင်၏ ဇာတ်ဟန်ပါသော အပြောကို ယခင်ယခင့် အခါများက ရယ်တပြုံးပြုံး၊ သွားဖုံးပေါ်အောင် သဘောကျ ခဲ့သော်ငြား ဤတစ်ကြိမ်တွင်မူ ငယ်ထိပ်သို့ရောက်နေသော ဒေါသသည် အမြှောင်းလိုက်ထွက်လာလေ၏။
“သောက်လိုက်ကန်းဆိုးမသိချက်ကတော့ကွာ၊ ကြိမ်းမောင်းနေတာ မဟုတ်ဘူးဟ၊ စာရွတ်စာအံနေတာ၊မြန်မာသတ်ပုံ သံပေါက်လို့ခေါ်တယ်၊ အိပ်မှာ အိပ်စမ်းကွာ၊ ထရိုက်မိမယ်”
“ကောင်းလှပေပြီ ဦးကြီးဒင်၊ပြန်အိပ်ပါအံ့ ၊ စိတ်ကိုလျှော့ပါလေ”
ထွက်ခတ်ခတ်ရင်း အောက်ထပ်သို့ ပြန်ဆင်းသွားသော တူတော်မောင်၏ သွန်သင်ဆုံးမစကားကြောင့် ကျွန်ုပ်၏ စိတ်ကို ပညာတည်းဟူသော ချွန်းဖြင့် ဘရိတ်အုပ်လိုက်ရပေ၏။ သို့သော် နှလုံးအိမ်ထဲတွင်ကား “မြန်မာစာမှာ သတ်ပုံဟာ အသက်ဝိညာဉ်ပဲ” ဟူသော ငယ်ဆရာ၏ စကားသံကို ပြန်လည် ကြားယောင်ကာ အံလက်စစာကို ဆက်ရွတ်မိပြန် သည်။
“ယာဉ်ပျံစကြာ ၊ ရွှေလိပ်ပြာ ၊ကြိုးကြာကိုလည်း ရစ်ရမည် ။”“ဇမ္ဗူ့သပြေ ၊ အသီးကြွေ ၊မိုးမြေကိုလည်း ရစ်ရမည်။ ”
“စည်းစိမ်မကြေ ၊ ကြိုးနှင့်ဖြေ ၊လက်ခြေကိုလည်း ရစ်ရမည် ။”“ရတနာစိန် ၊ ၀င်းလျှံထိန် ၊ရောင်ရှိန်ကိုလည်း နသတ်မည် ။”
“အသက်ဇီဝိန် ၊ စုတေချိန် ၊ညှိုးပိန်ကိုလည်း နသတ်မည် ။”“ပဉ္စအာလိန် ၊ တာဝတိန် ၊ဒေ၀ိန်ကိုလည်း နသတ်မည် ။”“မိုဃ်းကြိုးပုဆိန် ၊ တာဝတိန် ။ပစ်ချိန်ကိုလည်း နသတ်မည် ။”
………………………………
(၂)
အမှန်စင်စစ် ဤဒုက္ခ၊အနှီဒုက္ခကား ဆြာဒင့်ထံသို့ မိုးနတ်မင်း၏ပယောဂကြောင့်၊အထက်ဘဝဂ်၊အောက်အဝီစိမှ  ကံဆိုး မိုးမှောင်ကျကာ ရောက်လာခြင်းမဟုတ်။ ဒုက္ခနှင့် ပြဿနာကို မီးခွက်ထွန်းရှာတတ်သော၊ ကိုယ့်အပူ ကိုယ်ရှာ ၊ကိုယ့်မီး ကိုယ်မွှေးလိုသော ကျွန်ုပ်၏ဓလေ့၊ စရိုက်ဝသီကြောင့် ကြုံရခြင်းသာတည်း။   ဖြစ်ပုံပျက်ပုံ အလုံးစုံကို အစလှန်ရသော် ဤသို့ ဖြစ်၏။
အမိမြေရွှေနိုင်ငံတော်သည် ဒီမိုကရေစီဇမ္ဗူရစ်၊ခေတ်ကြီးဆီသို့ ပြောင်းလဲခဲ့လေပြီဟု ဆိုကြလေသောကြောင့် ဆြာဒင် တစ်ယောက် အကယ်တန္တု ပြည်တော်ဝင်ခဲ့သော် အလုပ်လက်မဲ့ တရာ့ကိုးတရာ့တဆယ်စာရင်း မဝင်စိမ့်သောငှာ စာပေ တိုက်တခုကို ထင်ရာစိုင်းထူထောင်မိခဲ့လေ၏။
အဆိုပါစာပေသို့ အဦးအစ စတင်မိတ်ဆက်လာသူမှာ ရတနာပုံ နေပြည်တော်မှ မန္တလာဒကာသင့်ဖြစ်၏။ဒကာသင့်မှာ မန်းဆေးကျောင်းတော်ကြီးမှ ကဝိတဆူဖြစ်ရကား သူ့လုပ်ဖော်ကိုင်ဖက်ဆရာဝန်ကြီးတစ်ဦး၏ စာမူကို စက်တင်ပုံနှိပ်ပါရန် စပ်ဟပ်ကမ်းလှမ်းလာသော တခဏ၌ပင် ရေငတ်တုန်းရေတွင်းထဲကျသူကဲ့သို့ ဆြာဒင့်ခမျာ ဝမ်းသာအားရ ချက်ချင်းပင် ခေါင်းငြိမ့် လက်ခံလိုက်လေ၏။ စာရေးသူ၏ ကလောင်နာမည်မှာ ဇာတ်ဟန်ပါသော်ငြား သူသည် ဖေ့စ်ဘွတ်ခေါ် ဆွေသဟာစာမျက်နှာ၌  ဆယ်လီဗရစ်တီဖြစ်နေသည်ကတကြောင်း၊သူ့စာရေးဟန်မှာ မြူးကြွသွက်လက်သည်က တကြောင်း တို့သည်လည်း ကျွန်ုပ်လက်ခံခဲ့ခြင်းအကြောင်းရင်းတစ်ရပ်ဖြစ်၏။(ဤကားစကားချပ်)
(၃)
အဆိုပါစာမူသည် ကွန်ပြူတာစာစီသူထံမှတဆင့် ကျွန်ုပ်၏လက်ဝယ်သို့ ရောက်လတ်သော် ကျွန်ုပ်သည် အခြားတပါးသော သူ မကြံစည်ဝံ့သော မဟာအကြံအစည်ကြီးတခုကို အကောင်အထည်ဖော်ရန် စိတ်အားထက်သန်လေ၏။ ဆင်ခေါင်းကို ခွေးချီမည့် ဧရာမအကြံအစည်ကား ငါ၏စာပေတိုက်မှ ထုတ်ဝေလတ္တံ့သော စာမူသည် သတ်ပုံအမှားကင်းစေရမည် ဟူသော အကြံပေတည်း။ ဤကာလမင်္ဂလာအခါသမယမှ စတင်လျက် ကျွန်ုပ်သည် ဒုက္ခတည်းဟူသော လှလှနှင့် ဖူးစာ ဖက်ရချေတော့ သည်။
မြန်မာစာပေခေတ်ကြီးကား ဂငယ်ကွေ့ကွေ့လျက်ရှိပြီး ထွက်ရှိသမျှသော ဝတ္ထု၊သတင်းစာ၊ဂျာနယ်ဟူသမျှ သတ်ပုံမမှန်၊ တို့ထုံးစံခေတ်သို့ ရောက်နေခဲ့သော အဖြစ်ကို ကျွန်ုပ် မသိမဟုတ်။ သိပါ၏။လွန်ခဲ့သော နှစ်နှစ်ခန့်က မြန်မာစာတွင် သတ်ပုံမှန်သင့်ကြောင်း အချေအတင်စကားစစ်ထိုးကြရာ၌ အချေရှင် ညီတော်မောင်၊နာမည်ကျော်ဘလော့ဂါ နဗနက “အကိုကြီးရာ၊ ဖတ်တဲ့သူ နားလည်ရင် ပြီးတာပါပဲ။ဥပမာဗျာ အကိုကြီးကို ပြန်ပေးဆွဲပြီး အကိုကြီးမိန်းမဆီကို ပြန်ပေး ဓားပြတွေက စာတစောင် ပို့တယ်ဆိုပါစို့၊ အမဂျီး၊ ခင်ဗျားယောက်ကျားအူးမင်ဒင် အသက်မသေခြင်ရင် ငွေတယာ လာပို့ပါ ၊လို့စာရေးတာကို နားလည်ရင်ပြီးတာပဲ” ဟူသော ပွဲသိမ်းလက်သီးကြောင့် ဆြာဒင်ခမျာ၊ ဖင်ထိုင်ကာ ဒိုင်ပွဲရပ် အရှုံးပေး ခဲ့ရဖူးချေသည်တမုံ့။
(၄)
ဘယ်အရာမဆို လွယ်လွယ်နှင့် လက်မလျှော့လိုသော၊ ခေတ်တည်းဟူသော ရေစီးကို အဆန်ကူးလိုသော ကျွန်ုပ်ကား သတ်ပုံစိစစ်ရေးစီမံချက်ကြီးကို ပီပြင်စွာအကောင်အထည်ဖော်အံ့သောငှာ ရှေးစာဟောင်းတို့ကို လှန်၏။ သတ်ပုံကျမ်းတို့ ကို မွှေ၏။ ဒေသန္တရ၊ဘာသန္တရစကားတို့ပါ မကျန်စေရ။အကြိမ်ကြိမ်အဖန်ဖန် အာဂုံပြန်ဆောင်၏။ အနှီစာမူကို ဖတ်ရှု ပြင်ဆင်နေရင်းဖြင့်  သနားစရာအတို့ကျွန် ငဒင်ငယ်မှာ ဖြိုးကနဲ ဝမ်းသာခြင်း၊ ဖျတ်ကနဲ ဝမ်းနည်းခြင်း၊ လှပ်ကနဲ ရင်တုန်ခြင်း၊ ဇာတ်ကနဲ အကြောဆွဲခြင်း၊ ဖျတ်ကနဲ လက်ပန်းပေါင်းခတ်ခြင်း အမှုတို့ကို ပြုမိလေရာ ကျွန်ုပ်ကို ဘေးဘီမှ စောင့်ကြည့်အကဲခတ်သူတို့ပင် ရူးမတတ်ရှိကြလေ၏။
ကျွန်ုပ်သည် နီပြာနှစ်ရောင်စပ်မှင်တံကို ယမထာရွှေကြိမ်လုံးအသွင် စိတ်ဝယ်စွဲမှတ် ကိုင်ဆောင်လျက် ….
 “တရုပ်ဟူသောအမှားကို တရုတ်ဟုပြင်သည်”
“တွေ့ဘူးလား ကို တွေ့ဖူးလား ဟု ပြင်၏”
“ပွဲသိမ်းပလိုက်မယ် ကို ပွဲသိမ်းပစ်လိုက်မယ် ဟု တည့်မတ်၏”
“ပဏ္ဍာပစ္စည်း ကို ပဏ္ဏာပစ္စည်းဟု အမှန်ဖြစ်စေ၏”
“ဘိက်သိက် ကို ဘိသိက် ဟု ပြောင်းလဲ၏။”
“ မူးမတ်ကို မှူးမတ် သို့ ပြန်ဖြစ်စေ၏”
“ ငြိုးငယ်ခြင်းကို ညှိုးငယ်ခြင်းဟု ပြင်ပြန်၏။”
ထို့မူတဝ ဆင်ကြီးဂဠုန်ချီသည့် အရေးအသားဖြစ်သော “သေခမူနာတရော်၌တည်း” ဟူသော စာအလွဲကို ပျူ၊ပါဠိ၊ မွန်၊မြန်မာလေးဘာသာဖြင့်ရေးထိုးအပ်သည့် ရာဇကုမာရ ကျောက်စာ(မြစေတီကျောက်စာ)ကို လှန်လျက် “သေခမူနာ သရော၌တည်း” ဟု အမှန်ဖြစ်အောင်အားထုတ်မိပြန်၏။
ထိုထိုဤဤသော စာလုံးရေထောင်ချီသည့် စာအကျအပေါက်တို့ကို ဖင်ကြားမှချွေးယိုအောင် ပြင်ရသော်ငြား ကျွန်ုပ်ပင်ပန်း သည် မထင်မိသေး၊ဒုက္ခဟု မသတ်မှတ်။စာစီဆရာ၏ အားနည်းချက်ဟုသာမြင်၏။ ငယ်နုစဉ်အရွယ်က သတ်ပုံမှားသဖြင့် ဆရာမ၏ လက်စွဲတော်ပေတံနှင့် လက်ဆစ်တို့အား  ကြိမ်ဖန်များစွာ အခေါက်ခံခဲ့ရသည်ကို ပြန်လည်သတိရခြင်းဖြင့် အားတင်း၏။သို့သော် ၊ သို့သော် …. ။
ဤသို့သော်ကား တကိုယ်လုံးယားယံလာသယောင်ခံစားရရုံမက ၊မန္တလာဒကာသင့်ကိုပါ ပလီစိချောက်ချက်၊ ကြမ်းပိုးကို မီးရထားစက်ခေါင်းဖြစ်အောင် ၊ဤအခြေဆိုက်အောင် အယုံသွင်းလေခြင်းဟူသောအတွေးပင် ဝင်လာကာ ကြီးစွာသော စိတ်ဒုက္ခကို ခံစားရလေသည်။ ဆက်၍ ရှုပါလော့။
(၅)
အဆိုပါ စာမူ၏ တခုသောနေရာ၌ “ခက်ထှာ” ဟူသော စကားလုံးကို တွေ့ရ၏။ ထူးဆန်းသော စကားလုံးပေတကားဟု သတ်ပုံကျမ်းကို လှန်၏။မတွေ့၊ပေါရာဏဖြစ်တန်ရာသည်ဟူသော အတွေးကြောင့် ကျမ်းအဆူဆူကိုလှန်သည်။ မရှိ။ မတတ်နိုင် ။ စာရေးဆရာသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းသမှု ပြုရတော့သည်။
“အော် ဒါလား ဆရာ၊ (ခက်လိုက်တာ)ကို အခုခေတ်မှာ “ခက်ထှာ”လို့သုံးနေပြီလေ၊ ဂျီတော့ ချပ်တင်စကားအသုံး ဆိုပါ တော့”
ကျွန်ုပ် ရုတ်ခြည်းလဲ၍သာ သေချင်တော့၏။ ရှိစေတော့။ ဆက်၍လှန်ပါအံ့။
စာမူ၏ အခြားတပါးသော နေရာတွင်လည်း .. ..“ပိတ်သတ်ကြီး”ဟူသော ထူးဆန်းလှသည့် စကားလုံးကို တွေ့ပြန်ရာ ဤကား ပရိသတ်ကြီးကို ဆိုလိုဟန်ရှိသောကြောင့် အမှားပြင်ပြီးသည်၏တခဏ၌ စာရေးသူထံ အသိပေးပြန်ရာ .. “ပိတ်သတ်ကြီးဆိုတာ အမှန်ဗျ။ မော်ဒန်အသုံးအနှုံး ဆိုပါတော့” ဟူသတည်း။နီးရာတိုင်ကို ခေါင်းနှင့်ပြေးဆောင့်ချင်စိတ် ကို အတော်ထိန်းရ၏။ ဆက်၍လှန်ပြန်သော် ..
“သမီးမှာ ကိုဝင်းကြည်ရှိနေပြီ” ဟူသော စာသားကို တွေ့ပြန်၏။ “ဘယ်က ကိုဝင်းကြည်ပါလိမ့်။ ဇာတ်ကောင်ကလေးမရဲ့ မိတ်ဆွေထင်ပါရဲ့။ ငါ့အသိကိုဝင်းကြည်များလား ”ဟု၊ဇဝေဇဝါ ဖြစ်ရသည်၏ အဆုံးတွင် ပြုမြဲအတိုင်း စာရေးသူထံ မေးရ ပြန်ရာ …။
“အော် ၊ဒါလား၊ ကိုယ်ဝန်ရှိတာကိုပြောတာလေဗျာ”ဟူ၏။“ဗျာ” ဟုသာ အော်နိုင်တော့သည်။ တခါမှ မရှိခဲ့ဖူးသော သွေးတိုးရောဂါကို ရုတ်ခြည်းခံစားရသယောင်ရှိလာလေသည်။ဆက်ဦးအံ့။ တခုသောနေရာတွင် ….
“အသည်းနာနွန်းနွန်းလို့” ဟု ပါရှိပြန်၏။ “အသည်းနာလွန်လွန်းလို့” ဖြစ်အံ့ထင်လျက် ပြင်မည်ကြံသော ခဏတွင်ပင် စာရေးသူကို မေးမိပြန်ရာ ….
“ အဲဒါ အမှန်လေဆရာ၊ မိုးဒီကြီးရဲ့ လက်သုံးစကားဗျ” ဟူသတည်း။
“ဖုသွားပြီ” ဟူသောစကားကိုလည်းတွေ့ရပြန်၏။“စိတ်ဆိုး၊စိတ်ခု၊စိတ်ကောက်သွားပြီ” ဟုဆိုသတည်း။
ထိုထိုသော သတ်ပုံထူး၊စကားဆန်းတို့ကို နာခံပြင်ဆင်ပြီးသည်တွင် ဇာတ်လမ်းဆုံးခါနီးတနေရာ၌“ ဥထုဇဉ်”ဟူသော စကားကို တွေ့ရပြန်ရာ၊ သည်တကြိမ်ဖြင့် အမှားသေချာပြီဟု အရဲကိုးကာ “ပုထုဇဉ်”ဟု ပြင်ဆင်လျက် စစ်ဆေးပြီးဆုံးသည့် စာမူဖိုင်ကို စာရေးသူ ပြန်ပို့ပြီးသည်နှင့် မကြာမတင် ပြန်စာရောက်လာသည်ကား ….
“ ကျနော်ရေးထားတဲ့ “ဥထုဇဉ်” ဆိုတာ အမှန်ပါ၊ကျနော်ဖော်ပြထားတဲ့ ဇာတ်ကောင်ဟာ သူ့လဥသူ ထုပြီး သေဖို့ကောင်း တဲ့ သူမို့ “ဥထုဇဉ်”လို့ သုံးတာပါ” ဆိုလေသတည်း။ကျွန်တော်မျိုးကြီးငဒင်ကား အမှန်ပင်သေသင့်ခဲ့ပြီ။
(၆)
အကျွန်ုပ်ကိုယ်တိုင်သာ သူ့ဇာတ်ကောင်နေရာကိုဝင်ကာ ကိုယ့်ဟာကိုယ်ထုလျက် ပျော်ပျော်ကြီး အဆုံးစီရင်ချင် စိတ်ပေါက်မိတော့သည်။ မန္တလာ ဒကာသင့်ကို ဆုံမှာထည့်ထောင်းကာ အမှုန့်ကြိတ်ချင်စိတ်ပေါက်မိတော့သည်။အို၊ မန္တလာဒကာသင့်၊ ကိုယ်ချင်းစာ၊နာနိုင်ခြင်းငှာ …အသင့်အား ဆုံတွင် ထည့်မထောင်းမိခင်၊ ဒင့်ဘဝ ခဏယူပါခလှဲ့။
……………………………..
↧

Article 2

$
0
0


လွန်ခဲ့သော ကိုးနှစ်၊တခုသော ဘန်ကောက်၊စင်္ကာပူခရီးစဉ်မှာ ရေးဖြစ်ခဲ့တဲ့ အမေ့အကြောင်းပေါ့။ ဒီနေ့ (၃၀၊၀၅၊၂၀၁၃) မက်ဆင်ဂျာ ဂျာနယ်မှာ ဖော်ပြထားလေရဲ့ ။ 


“အရေးတော်ပုံထဲက အမေ”
“မင်းဒင်”
၂၀၀၄ခုနှစ်။ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့။  ။
တစ်ခုသောနံနက် တည်းရိပ်သာမှအထွက် ခပ်ကြဲကြဲ ဘန်ကောက်နှင်းကြွင်းတို့က ကျွန်တော့်ကို မိတ်ဝတ်မပျက် နှုတ်ဆက်ကြပါသည်။ Suchumuvit လမ်းမကြီးပေါ်အရောက်တွင် အသင့်တွေ့သော အငှားကားကို အားသလား လက်ဟန်ပြသည်။ ကားတံခါးဖွင့်ဝင်ထိုင်ရင်း “ဒွန်မောင်း အဲယားပို့”ဟုပြောလိုက်တော့ ယာဉ်မောင်းက “ခပ်... ခပ်”ဆိုကာ လေဆိပ်သို့ ခပ်မြန်မြန်မောင်းနေလေသည်။
ထို့အတူ နေ့သစ်တစ်နေ့သည်လည်း ကျွန်တော့်ထံသို့ အရှိန်တစ်ခုဖြင့် ပြေးဝင်လာနေချေ၏။နံနက်၈း၀၀နာရီတွင် ဘန်ကောက်မှ၊ စင်္ကာပူသို့ထွက်ခွာမည့် T.G 403 တွင်လိုက်ပါရန် ဒွန်မောင်းလေဆိပ်ကို ၆း၃၀မှာ ကျနော်ရောက်သည်။ ဂိတ်အထပ်ထပ်ကို ဖြတ်ပြီး နောက်ဆုံးလေယာဉ်ပေါ်ရောက်တော့ ကိုယ့်ခုံမှာကိုယ်ထိုင်ရင်း စောစောက လေယာဉ် အ၀င်ဝမှာ ယူခဲ့သော “ဘန်ကောက်ပို့စ်”ကို စမ်းဖတ်သည်။
သို့သော် စိတ်က စာထဲကိုမရောက်။ယခုခရီးစဉ်သည် ကျွန်တော်၏ ဒုတိယအကြိမ်  ဘန်ကောက်၊စင်္ကာပူခရီးစဉ်ဖြစ်ပါ သည်။ ပထမအကြိမ် Cathay Pacific Airline ကို စီးစဉ်က လူတစ်ထောင်နီးပါးဆန့်နိုင်သည့်လေယာဉ်ကြီးအတွင်းမှ ခုံတွေကို ရေကြည့်၊ အခန်းတွေ အထပ်တွေနဲ့ မြှောက်ပြီး ကျွန်တော် တော်တော်အံ့သြခဲ့သည်။ ယခု T.G မှာ Cathay နှင့် မတိမ်းမယိမ်းမို့ ကျွန်တော့်စိတ်ထဲ သိပ်မထူးခြားတော့။ ခရီးမထွက်မီ ညများဆို ကျွန်တော် အိပ်မပျော်တတ်။ ကျွန်တော် ငိုက်ချင်လာပါသည်။ငိုက်စမှာပင် လေယာဉ်စထွက်ပါသည်။လေထုထဲကို လေယာဉ်ရောက်တော့ ကျွန်တော် အိပ်ပျော် နေပြီ။
“ပင်လယ်စာဆိုရင် ရှင်နှစ်သက်ပါသလား”
ဟူသော လေယာဉ်မယ်၏အသံကြောင့် ကျွန်တော် နိုးလာပါသည်။ “ဟုတ်ကဲ့ဗျာ ပင်လယ်စာ ကျွန်တော်ကြိုက်ပါတယ်၊ ကျေးဇူးတင်ပါတယ်။”ဆိုတော့ ထမင်းဘူး၊ သစ်သီး၊ ကော်ဖီတွေပါသည့် အစာဗန်းလာချသည်။ ကျွန်တော် လေယာဉ်မယ်ကို ကျေးဇူးတင်ပါတယ် ဆိုခဲ့ခြင်းမှာ ယဉ်ကျေးမှုအရ ၀တ်ကျေတန်းကျေ ပြောခဲ့ခြင်းမဟုတ်ပါ။ ညက ဘာမှမစားခဲ့၍ ကျွန်တော် တော်တော်ဆာနေပြီ။ကော်ထမင်းဘူးအပေါ် ဖုံးထားသည့် လချေးပြားငွေရောင်ကို တဖြည်းဖြည်း စမ်းခွာလိုက်ပါသည်။ ဘာများပါလိမ့်။ ခေါက်ဆွဲကြော်လား၊ ထမင်းနဲ့ဟင်းလား၊ မဟုတ်ပါ။ ဆန်ပြုတ်ကို ပုဇွန်အပါအ၀င် ပင်လယ်စာတချို့ဖြင့် စီမံထားခြင်းဖြစ်ပါသည်။ ဇွန်းငယ်ဖြင့် အသာခပ်၍    ကျွန်တော် မြည်းလိုက်ပါသည်။ အလွန်ဆာ လောင်နေသော ကျွန်တော့်လျှာပေါ်မှာ ထူးထူးခြားခြား အရသာတစ်မျိုးကို ခံစားရသည်။ ကျွန်တော် ဆန်ပြုတ်ကို သေချာစပ်စုသည်။ ပုဇွန်ကျော့ထက် အနည်းငယ်ကြီးသော ပုဇွန်တုပ်ကွေး၊ ကင်းမွန်ခေါ် ပြည်ကြီးငါးအဖတ်၊ အမည်မသိ ငါးအသားတုံးငယ်အချို့နှင့် အစိမ်းရောင်အဖတ်ခြောက်တချို့   ။
အပေါ့အငံအရသာ အတော်မျှသောဆန်ပြုတ်၊ မငံသော အစာဖြစ်၍ သွေးတိုးသမားအတွက် ဓာတ်စာအာဟာရ အရသာရှိ လှသော ဆန်ပြုတ်၊ သွေးတိုးဝေဒနာသည်အတွက် လိုက်ဖက်သော ဆန်ပြုတ်။စိတ်ဆိုသောအရာကား ဆန်းကြယ်လှ ပါသည်။ အဆိုပါဆန်ပြုတ်ကို ကျွန်တော့်အမေအား ကျွေးမွေးချင်သောစိတ်သည် ရင်၌ရုတ်ခြည်း ပေါ်ပေါက်လာပါသည်။ ပြင်းထန်လွန်းသော သွေးတိုးရောဂါကြောင့် ဝေဒနာခံစားနေခဲ့ရသည့် ကာလများတွင် အမေနှင့်တည့်မည့် ဓာတ်စာကို   ကျားကုတ်ကျားခဲ ကိုယ်တိုင် ရှာခဲ့ဖူးသော ကျွန်တော်သည် ရုတ်တရက် တွေ့လိုက်ရသော၊ အမေနှင့် သင့်တော်လှသော အစာကိုမျိုမကျတော့ပါ။ ကျွန်တော့်ရင်ထဲမှာ ဆို့တက်လာပါသည်။   မျက်ရည်တို့ ဝေ့လာသည်။သို့သော် ကျွန်တော့်ရင်မှာ ပူဆွေးသောကမဖြစ်။မိခင်ကိုပြင်းထန်စွာ သတိရသောစိတ်ဖြင့် အေးချမ်းစွာဆို့နင့် နေလေ၏။T.G လေယာဉ်ကြီးပေါ်မှ ကျွန်တော့်စိတ်အစဉ်သည် လေယာဉ်ကြီး၏အရှိန်ထက် အဆပေါင်းများစွာ မြန်သောအဟုန်ဖြင့်  သံသရာခရီးရှည်ကို ကြိုထွက်သွားနှင့်သော မိခင်ထံသို့  ဒုန်းစိုင်းသွားလေသည်။
...........
အမေကွယ်လွန်ခဲ့သည်မှာ ဆယ်နှစ်ကျော်ခဲ့ပြီ။
ကမ္ဘာကျော် ရာဇ၀င်ဆရာတို့ အမူမော်ကွန်းတင်အပ်သော၊ မည်သည့်ကျမ်းတစ်စောင် ပေတဖွဲ့တွင်မျှ အမေ့နာမည်ကို ထည့်သွင်းရေးဖွဲ့ထားခြင်း မရှိပါ။ သို့သော် အမေသည် ကျွန်တော့်ဘ၀တွင် သင်ရိုးလက်ကိုင်အဖြစ် အမြဲအသုံးတည့်နေမည့် ကျွန်တော့်ဘ၀သမိုင်း၏ ကျမ်းပြုဆရာဖြစ်ပါသည်။စင်စစ် အမေသည် စာမတတ်သော ကျမ်းပြုဆရာ အကျော်အမော်ဟု ကျွန်တော်ဆိုချင်ပါသည်။
မှန်ပါသည်။ အမေသည် စာမတတ်ပါ။ သေစာရှင်စာမျှပင် ကွယ်လွန်သည်အထိ တတ်မသွားရှာပါ။ ဗမာနိုင်ငံတစ်ဝှမ်း၊ အသုံးလုံးလှုပ်ရှားမှု ကာလများဆီက အမေစာတတ်ရေးအတွက် ပညာရေး ၀န်ထမ်းဖြစ်နေသော ကျွန်တော်သည် အပြင်းအထန် လုံးပမ်းခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ပါ။ မအောင်မြင်လျှင် မချင့်မရဲဖြစ်တတ်သော ကျွန်တော်က
“အမေရယ် အမေ့ညီမ ဒေါ်လှရင်တောင် တတ်သေးတာပဲ မတတ်တတ်အောင် သင်ကြမယ်အမေရာ”ဟု အားတင်းပါသည်။ထိုအခါ အမေက“သြော်... ငါ့သားရယ် လှရင်က ဥာဏ်ကောင်းတယ် သားရဲ့။ အမေက ကကြီး ကခွေးဆိုနေတုန်း သူက ထဆင်ထူးတို့ တ၀မ်းပူတို့ တတ်နေပြီ သားရဲ့။ ဆရာက ဆိုခိုင်းလိုက်ရင်လည်း ဂျောင်းဂျောင်းကို ပြေးနေတာပဲ။ ကဲပါသားရယ်... အမေစာမတတ်လည်း ငါ့သားက စာတတ်တာပဲ။ ငါ့သားတတ်တာ အမေတတ်တယ်လို့ပဲ သဘောထားလိုက်တော့”
အမေနားချတော့ အမေ့ကို ဘာမှမပြောရက်ဘဲ ကျွန်တော် အမေ့မျက်နှာကို စိုက်ကြည့်နေမိပါသည်။ ကျွန်တော့်စိတ်ထဲတွင်မူ စာတတ်တယ်ဆိုတာ ...... အစချီ၍ ဦးကျည်ပွေ့၊ ဟယ်လင်ကဲလား စသော အကြောင်းတွေ ပေါ်လာပြီး အမေ့ကို အားမလိုအားမရ ဖြစ်ခဲ့လေသည်။ခက်တာပဲ အမေရာ... ဘ၀မှာ ဘာမှမဖြစ်တော့ပါဘူးဆိုပြီး လက်မလျှော့ရဘူး အမေရဲ့၊ ဘယ်လောက်ခက်ခက် ရင်ဆိုင်ကျော်လွှားရတယ်။ ဟိုးရှေးရှေးတုန်းက.... စစ်ရှုံးဘုရင်ကြီး တစ်ပါးဟာ... ဂူထဲမှာ ပုန်းနေတုန်း ပင့်ကူတစ်ကောင်................။
ကျွန်တော့်စိတ်ထဲမှာ တတ်တိတ်ကျိတ်၍ အမေ့ကို ဆရာလုပ်နေခဲ့မိလေသည်။ သို့သော် အမေသည် လွယ်လွယ်နှင့် လက်လျှော့တတ်သူ ဟူသော.... အမေ့အပေါ် ကျွန်တော့်အထင်သည် တက်တက်စင်အောင် လွဲခဲ့ပါ၏။ကျွန်တော် ဆယ်တန်းကျောင်းသားဘ၀၊ ညီအစ်ကိုမောင်နှမ ခုနစ်ဦးတွင် ခြောက်ယောက်က ကျောင်းနေတုန်း၊ မိုးရာသီ၏ တစ်ခုသော ညနေတွင် ကျွန်တော်တို့ မိသားစုကမ္ဘာမှာ နေခုနစ်စင်းထွက်ပြီး မီးလောင်သည်။မျက်စိအောက်က အကောင်းပကတိ အိမ်မှ အလုပ်သို့ထွက်သွားသော အဖေသည် နာရီဝက်မပြည့်မီ ကားတိုက်လို့ ဆုံးပြီဟူသော သတင်းရောက်လာသည်။
လင်ယောက်ျားအားကိုးဖြင့် တောကြိုအုံကြားက အရဲစွန့်တက်လာခဲ့သောအမေ ရွှေတောင်ရော ငွေတောင်ရော စကောပါ မကျန် ပြိုလဲကုန်ပြီ။နာရေးကိစ္စကို စမ်းတ၀ါးဝါးလုပ်နေရင်း ဆွေမျိုးမိတ်ဆွေ လာသမျှ ပရိသတ်က “ရွှေညာသူ ဘာဆက် လုပ်မှာလဲ၊ ကျောင်းသားတွေက တပြုံကြီး ရွာပြန်ရင်ကော၊ အကြီးကောင်တွေ ကျောင်းထုတ်”လောကွတ်လုပ်တာ ပြောမလား၊ ဥာဏ်စမ်းပဟေဠိထုတ်သည်လား မသိ၊ ဧည့်ပရိသတ်၊ဆွေမျိုးနီးစပ်တို့၏ အမေးစကားတို့သည် အမေ့ကို စစ်မျက်နှာပေါင်းစုံမှ သွေးတိုးစမ်း ပစ်ခတ်တိုက်ခိုက် နေသကဲ့သို့ ဖြစ်နေလေသည်။
အမေကား မည်သို့မျှ တုံ့ပြန်စကားမဆို၊ တုတ်တုတ်မျှမလှုပ်၊ အမေနှုတ်ဆိတ်လေ အမေ့ကို ကျနော်အားမလိုအားမရ ဖြစ်လေ၊ ပူပန်သော ပတ်ဝန်းကျင်၏ မေးခွန်းသံတို့က ပိုမိုကျယ်လောင်လာလေလေ။ ကျွန်တော်တို့ မွေးချင်းတစ်သိုက် ကား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ယောင်နနဖြစ်နေကြသည်။
သို့နှင့် ရက်လည်ဆွမ်းသွတ်ပြီးသည့်နေ့ ညတွင် အမေသည် သားသမီးခုနစ်ယောက်ကို စုရုံးလျက် နူးညံ့တိုးညှင်း သော်လည်း ခိုင်မာပြတ်သားသောအသံဖြင့် ဥပဒေကဲ့သို့ အာဏာတည်သော၊ ကျွန်တော်တို့ မိသားစု ဘ၀တွင် ကမ္ဗည်းတင်အပ်သော၊ မော်ကွန်းတကာတို့တွင် အထွတ်အမြတ်ဖြစ်သော အောက်ပါ သမိုင်းဝင် သဘောထားကြေညာချက် ကို ထုတ်ပြန်ကြေညာခဲ့လေသည်။
“အမေနဲ့ အေးရီ(ကျနော့်အမအကြီးဆုံး)ပဲ ဈေးဆက်ရောင်းမယ်။ အားလုံး ကျောင်းပြန်တက်ကြ။ မင်းတို့အဖေက သားသမီးတွေအားလုံး ပညာတတ်ကြီးတွေ ဖြစ်စေချင်တာ၊ တောပြန်ရင် အမေ့လို ကကြီး ပုတ်လောက် ရေးပြရင်တောင် ဘာမှန်းမသိဘဲ ဖြစ်နေမယ်၊ မနက်ကျောင်းသွားကြ၊ ကဲအိပ်ကြတော့”
.............
ဆုံးပါးသွားသည့်အချိန်အထိ ရန်ကုန်ကတ္တရာလမ်းကို ကိုယ်တိုင် တစ်ကြိမ်မျှ မဖြတ်ခဲ့ဖူးသော အမေ၊ အလောင်းတော်ရာမ ရုပ်ရှင်တစ်ကားမှလွဲ၍ မည်သည့်ရုပ်ရှင်ရုံတွင်မျှ မကြည့်ခဲ့ဖူးသောအမေ၊ သည်အမေသည် ဘ၀နှင့်ပတ်သက်သော နရီပုစ္ဆာတို့ကို မည်ကဲ့သို့ မှန်ကန်စွာ ချိန်ဆတွက်ချက်တတ်ခဲ့ပါသနည်း။ ကျွန်တော့်အဖို့ ဂန္တ၀င်တွင်ရစ်နေသော ပုစ္ဆာ။
အမေသည် အလွန်နူးညံ့သူဖြစ်ပါသည်။ သို့သော် ပျော့ညံ့သူတော့ မဟုတ်ပါ။ အမေသည် ပညာပေးခြင်း၊ စည်းရုံးဟော ပြောခြင်းနည်းတို့ကို ကိုင်စွဲပါသည်။ သို့သော် ထိရောက်ဟန့်တားသော ပြစ်ဒဏ်ကိုပေးရန် ၀န်လေးသူလည်း မဟုတ်ပါ။ ထို့ထက်ပို၍ ထိုပြစ်ဒဏ်ကြောင့် မည်သည့် အကျိုးဆက်ဖြစ်ပေါ်သည် ဆိုသောအချက်ကိုလည်း မျက်ခြေမပြတ်ပါ။
မြင်သာသော ဖြစ်ရပ်တစ်ခုကို ဥပမာဆောင်လိုပါသည်။ ကျွန်တော် အပါအ၀င် ညီအစ်ကိုအားလုံး ပွဲကြိုက်မောင်တွေ ချည်းဖြစ်ကြလေရာ သည်အထဲမှာ ကျွန်တော်က အဆိုးဆုံး။ ချစ်တီးဘုရားကွင်းမှာ ပွဲသွင်းသည့်ကာလများဆို မနက်ငါးနာရီ ကျော်၊ နောက်ပိုင်း ရာဇ၀င်ဇာတ်သိမ်းမှ အိမ်ပြန်တတ်သည်။ ရွှေမန်းတင်မောင်၊ ရွှေမန်းကျော်အောင်တို့ဆို အမျိုးလိုလို စိတ်ထဲထင်နေပြီ။ ခဏ ခဏ ပွဲခိုးကြည့်တော့ အမေက “ပွဲကြည့်ချင်တယ်ဆိုလည်း တစ်ရက်တလေပေါ့ ငါ့သားတို့ လွန်နေပြီ။ နောက်နေ့သွားရင် အမေ့ကို အဆိုးမဆိုကြနဲ့”အမေ၏ ပညာပေးစည်းရုံးတားမြစ်မိန့်ထွက်လာခြင်းဖြစ် သည်။ကျွန်တော်က မကြောက်။ ပွဲကြိုက်မြဲ၊ ပွဲခိုးကြည့်မြဲ။ တစ်ခုသောနံနက် ၆နာရီဝန်းကျင်မှာတော့၊ ကျနော်ပွဲမှ အပြန်၊အမေမသိအောင် အိမ်ထဲပြန်ခိုးဝင်၊ အိပ်ရာထဲဝင်အိပ်၊ နာရီဝက်တောင် မရှိ ထင်သည်။
“လူလေး မင်းဒင်၊ ထတော့သား စားစရာရှိတာ ထစား”
အမေက ကျွန်တော့်တင်ပါးကို ပုတ်ရင်းနှိုးပါသည်။ ကျွန်တော် မျက်လုံးမဖွင့်နိုင်။ “လူလေး ထတော့.... အမေ ဈေးသွား တော့မယ်... ထ...ထ”အမေထပ်နှိုးရင်း အိမ်ရှေ့ခန်းမှာ ဘုရား စရှိခိုးပြီ။ ဘုရားရှိခိုးဆုံးခါနီး အမျှဝေနေရင်း ကြားဖြတ်၍ “မင်းဒင် အမေနှိုးနေတယ်နော်”နှစ်ကြိမ် ပြင်းထန်စွာ သတိပေးပြီ။ မင်းဒင်မထနိုင်။ မျက်လုံး ဖွင့်မရ။ မကြာပါ။ အမေသည် လုပ်သင့်သော အလုပ်ကို ပြတ်သားစွာ ဆောင်ရွက်ပါသည်။လက်နှစ်လုံးစာရှိ ၀ါးခြမ်းပြား နှစ်ခြမ်းတွဲသည် ကျွန်တော့်ကျော နှင့် တင်ပါးပေါ်သို့ အရှိန်ပြင်းစွာ ကျလာပါသည်။

“အမလေး... ကြောက်ပါပြီ အမေရာ”

“အခုမှ မကြောက်နဲ့၊ အချိန်မရှိ အချိန်ရှိ သွားချင်ရာသွား၊ လာချင်ရာလာ မအေလုပ်တဲ့သူက ဘာများဖြစ်နေသလဲ၊ စိတ်တထင့်ထင့်နဲ့မျှော်၊ ပါးစပ်နဲ့ဆုံးမတော့ ဖင်ကြား လေသွားတယ်မမှတ်ဘူး။ ကဲ၊ အခု မှတ်ပြီလား”
အမေ၏လက်ရာသည် အဆိုအပြောသက်သက်၊ အတီးသက်သက်မဟုတ်ပါ။ ဆိုတီး တီးနေခြင်းဖြစ်၍ ကျောကော့အောင် ခံပေတော့၊ တစ်ခါတရံ ငါးမိနစ်လောက် ရပ်သွားပြီးမှ ကိုရီးယား အခန်းဆက်ဇာတ်လမ်းများလို  မြည်တွန် တောက်တီး လိုက်၊ရိုက်လိုက်၊နားလိုက်နှင့် အခန်းဆက်တတ်ပါသည်။
ဟန်ဆောင် ဖွဖွရိုက်ခြင်းမဟုတ်၊ အမှန်အကန် အပီအပြင်အုပ်ခြင်းဖြစ်၍ ကျွန်တော့်တစ်ကိုယ်လုံး အရှိုးချင်းထပ်တော့မှ အမေ ဈေးထွက်သွားသည်။အမေဈေးပြန်လာတော့ မှုန်တေတေ ခပ်ကုပ်ကုပ်နှင့် မှောင်မိုက်မှာ ငိုမဲ့မဲ့ဖြစ်နေသော ကျွန်တော့်ကို ညင်သာစွာ လှမ်းခေါ်ရင်း ချော့မော့ ဆုံးမစကားဆိုသည်။
“သားက အမေစိတ်တိုအောင် လုပ်တာကိုး၊ မနက် မနက် နေဖင်ထိုးအောင် မအိပ်ရဘူး သားရဲ့၊ သူတောင်းစားတွေ ကယ်ပါတွေမှ အဲဒီလိုအိပ်ရတာတဲ့။ မနက်ဆို စောစောထ သွားတိုက် မျက်နှာသစ်၊ စားစရာရှိတာစားပြီး လန်းလန်း ဆန်းဆန်း တက်တက်ကြွကြွ နေရတယ်…သားရဲ့၊ တကယ်လို့ ငါ့သား သိပ်အိပ်ချင်နေရင်လည်း ခဏဖြစ်ဖြစ် ထပြီး မျက်နှာသစ် သွားတိုက် စားစရာရှိတာစားသောက်ပြီးမှ ပြန်အိပ်ချင် ပြန်အိပ်ပါ။ နေ့တိုင်းတော့ မရဘူးနော်။ ရော့သား၊ အမေ၀ယ်လာတဲ့ ကောက်လှိုင်းတီမုန့်၊ စား သား၊စား”
ဤကား ကျွန်တော်တို့ ညီအစ်ကိုမောင်နှမအားလုံးအပေါ် မည်သည့်ကိစ္စရပ်မျိုးကိုမဆို အမေ အမြဲ ကိုင်တွယ်ကျင့်သုံး ဖြေရှင်းခဲ့သော တက္ကဗေဒပုံစံ ဖြစ်ပါသတည်း။
…………
အမေသည် မည်သည့်နိုင်ငံရေးကိုမျှ နားလည်သူမဟုတ်ပါ။ ခေတ်၊ စနစ်၊ လူတန်းစားတိုက်ပွဲ တို့ကိုလည်း သိရှိသူမဟုတ်ပါ။ သို့သော် ဗမာနိုင်ငံသူ တစ်ဦးဖြစ်သည့် အားလျော်စွာ ၁၉၈၈ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ဒီမိုကရေစီအရေးအခင်းကြီး ကိုလည်း ကိုယ်တိုင်ကြုံတွေ့ကျော်ဖြတ်ခဲ့ရလေသည်။
အရေးအခင်းကာလမှာ ကျွန်တော်တို့မိသားစု အထိုက်အလျောက် အဆင်ပြေစပြုနေပြီ။ ကျွန်တော် အိမ်ထောင်ကျပြီး သမီးပင်သုံးနှစ်ရှိပြီ။ ဇနီးက ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ကျွန်တော်က ဘွဲ့ရကျောင်းသားများသမဂ္ဂ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ GTI ကျောင်းသားများသမဂ္ဂတွေမှာ လူထုနဲ့အတူ တိုက်ပွဲဝင်၊ အော်ဟစ် ရလွန်း၍ အသံတွေပျောက်၊ နေပူလောင်၍ မျက်နှာ အရေပြားတွေ အဖတ်လိုက်ကွာကျကုန်သည်အထိ တက်ကြွခဲ့လေ သည်။ အဆိုပါကာလအတွင်း မကြာခဏ ဆိုသလို အမေ့ဆီ ကျွန်တော်ရောက်သည်။အမေက
“လူလေး ထမင်းစားသွားလေ”ဟု ရောက်တိုင်းခေါ်သည်။
“မစားတော့ပါဘူး အမေရာ၊ နိုင်ငံတကာအကူအညီအတွက် သံရုံးတွေနဲ့ ဆက်သွယ်ဖို့က လုပ်ရဦးမယ်အမေ”
“အေးအေး ငါ့သား၊ လမ်းပေါ်မှာ ဆန္ဒပြကြတာ လူတွေအများကြီးပဲနော်။ ဦးနေ၀င်းဆိုတာ ဒီနိုင်ငံမှာ သူကရာထူးအကြီးဆုံး၊ အေးလေ၊ ဒို့ရွာက သူကြီးဦးချစ်ခိုင်လို ထင်ပါရဲ့၊ သူက တော်တော်ဆိုးသလား”
“ဆိုးတာပေါ့ အမေရာ”
ကျွန်တော် အမေ့ကို အကျယ်တဝင့်ရှင်းပြဖို့ ဟန်ပြင်ပြီးကာမှ အမေ့ကိုရှင်းပြနေလို့ အမေဘာနားလည်မှာလဲ ဟူသော အတွေးကြောင့် စကားစဖြတ် အမေ့ကိုနှုတ်ဆက် ပြန်ထွက်ခဲ့သည်။
အရေးအခင်းကြီး၏ တစ်ခုသောနေ့ရက်တွင် ဒီမိုကရေစီအင်အားစုများ၏ တောင်းဆိုချက်ကို မလိုက်လျောပါက ရန်ကုန်တိုင်းအတွင်းရှိ အချက်အချာကျသော နေရာအသီးသီးကို ရန်ကုန်ပင်လယ်ဝတွင်ရှိနေသော တိုက်သဘောင်္ကြီးမှ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မည်ဖြစ်ကြောင်း၊ တပ်မတော်(လေ)ချုပ်၊ (ရေ)ချုပ်နှင့် စစ်ဥပဒေချုပ်တို့၏ လက်မှတ် ရေးထိုးထားသော ကြေညာချက်တရပ် ထွက်ပေါ်လာခဲ့လေသည်။
မှန်သည်မှားသည် အပထား ကျွန်တော်အမေ့အတွက် စိတ်ပူသွားသည်။ ကြေညာချက်ကို လက်ကကိုင်ပြီး အမေ့အိမ် ကျွန်တော်ပြေးသည်။ တခုခုစီစဉ်မှ။ ကျွန်တော် ရောက်တော့ အမေက ထုံးစံအတိုင်း ခပ်အေးအေးပင်၊ ကျွန်တော်က မောကြီးပမ်းကြီး လေသံနှင့်…..
“အမေ ရွာပြန်မလား အမေ၊ ကျွန်တော်ရောက်အောင် ပို့ပေးမယ်၊ ဒါမှမဟုတ် ပဲခူးဘက်ဖြစ်ဖြစ် ရှောင်နေပါလား”
ဖတ်လာခဲ့သော၊ ကိုင်လာခဲ့သော ကြေညာချက်ကို ရည်ညွှန်းပြောဆိုနေသော်လည်း အမေက ကျွန်တော့်ကို နားမလည်စွာ ငေးကြည့်နေသည်။
“ဘာဖြစ်လို့လဲ သားရဲ့”
“ဒုံးပျံတွေနဲ့ ပစ်မှာတဲ့ အမေရာ”
“ဘယ်က ပစ်မှာလဲ”
“သင်္ဘောပေါ်ကနေ”
“သင်္ဘောပေါ်ကနေ ဒီရပ်ကွက်ထဲ ရောက်အောင် ဘယ်လိုပစ်မှာလဲ´
သည်တချိန်တော့ ကြောက်ရကောင်းမှန်းမသိသော အမေ့ကို စိတ်ရှည်ရှည် ကျွန်တော် ရှင်းပြမိပါသည်။
“ပင်လယ်ဝမှာရောက်နေတဲ့ သင်္ဘောက အကြီးကြီး အမေရ။ အဲဒီမှာ ဒုံးပျံပစ်တဲ့စင်တွေ ပါတယ်။ ဒုံးပျံဆိုတာ ကျည်ဆံအကြီးကြီးတွေပေါ့ အမေ။ ဒီကနေ ကျွန်တော်တို့ရွာကို လှမ်းပစ်ရင်တောင် ရတယ်ဆိုလားပဲ အမေရာ။ တကယ်တော့ သင်္ဘောပေါ်ကနေ စစ်တပ်ရုံးတွေနဲ့ စစ်တပ်လူကြီးတွေရဲ့ အိမ်တွေကို ပစ်မှာ။ ဒါပေမယ့် မလွှဲမရှောင်သာ ရိုးရိုးရပ်ကွက်ထဲက လူနေအိမ်တွေလည်း ထိနိုင်တယ် အမေရ”
အမေသည် ပါးစပ်ဟ၍ ငေးနေလေသည်။ တစုံတခုကိုလည်း စဉ်းစားနေဟန်ရှိသည်။ ကြောက်ရွံ့ဟန်လည်းမပြ၊ စိုးရိမ်ဟန်လည်း မပြ။ ကျွန်တော့်စိတ်ထဲမှာ အမေ့သည်လိုဟန်ကို မြင်ဖူးသယောင်ထင်လေသည်။အဖေဆုံးပါးစဉ်က အမေ့စဉ်းစားဟန်ပါတကား။ အမေသည် ကြီးမားသော ပြဿနာတစ်ရပ်ကြုံလာလေတိုင်း သူ၏ ရိုးစင်းလှသော မွေးရာပါ သရုပ်ခွဲမှု အတတ်ပညာဖြင့် တုံ့ပြန်လေ့ရှိပါ၏။
ယခုတကြိမ်တွင်လည်း အမေသည် သူ တစ်လုံးတစ်ပိုဒ်၊ တပါဒမျှ နားမလည်သော နိုင်ငံရေးလှုပ်ရှားမှုကြီးနှင့် ပတ်သက်၍ နတ်မောက်သူ သွေးနီကြောင်း အောက်ပါအတိုင်း မှတ်ချက်ပြု သဘောထားထုတ်ပြန်ခဲ့လေသည်။
“လူတွေကို ဒုက္ခပေးနေတဲ့ လူဆိုးလူညစ်တွေကို ပစ်မှာပဲ။ သေသေချာချာ ပစ်ပါစေ။ မတော်တဆ အမေတို့ကို ထိရင် လည်း သေပေါ့။ ဘာတတ်နိုင်မှာလဲ၊ သေတာဆန်းသလား၊ အမေဘယ်မှ မရှောင်ဘူး”
အမေ့အဖြေအကြောင့် သည်တကြိမ်တွင် ကျနော် ပါးစပ်အဟောင်းသားဖြင့် မှင်တက်မိရလေသည်။
……….
ရုတ်ခြည်း ပစ္စုပ္ပန်တည့်တည့်သို့ ပြန်ရောက်လာသည့်အခါ ဝဲယာဘေးဘီကို ကျနော်အကဲခတ်မိသည်။ လေယာဉ်
အောက်မှာ တိမ်တွေက ဆပ်ပြာမှုန့်ထူထူတွေလို ဂွမ်းစိုင်တွေလိုလို…။
သြော်… အမေ… အမေ အမေသာ ရှိသေးရင် ဒီလိုလေယာဉ်ပျံကြီးနဲ့ တင်ခေါ်လာရမယ်။ လေယာဉ်ပျံပေါ်က အစာတွေက ဆားပေါ့တော့ အမေနဲ့တည့်တယ်။ လေယာဉ်ပျံပေါ်မှာ အစားအစာ အလကားကျွေးတာ အမေရ။ စင်္ကာပူစာတွေလည်း ဆားပေါ့တယ် အမေ။ ထိုင်းစာတွေက ငရုတ်သီး သိပ်စပ်တယ်။ အမေစားဖူးတယ်ရှိအောင် စားပါအမေ။ ကြံကြံဖန်ဖန်အမေရယ်…. အမေသိပ်ကြိုက်တဲ့ အညာစာ မလွှပွင့်အခြောက်ကို ခရမ်းချဉ်သီးနဲ့ မြေပဲဆံထောင်းချက်တာ တော့၊ ဒီမှာ ဘယ်ရမလဲ အမေရ။
လေထဲတွင် ဆောက်နေသော ကျွန်တော့် စိတ်ကူးအိမ်သည် ချန်ဂီလေဆိပ်သို့ လေယာဉ်ငြိမ့်ကနဲ ထိုးအဆင်းတွင် ပြိုလဲကုန်လေ၏။ “ဘ၀နှင့် သံသရာအဆက်ဆက်တို့တွင် အမေကဲ့သို့ အမေမျိုးနှင့်သာ အမေတော်စပ်လိုပါတယ် အမေ” ဟု နှုတ်မှ ဖွဖွ ရွတ်ဆိုရင်း….. လေဆိပ်ခန်းမကျယ်ကြီးထဲသို့ ကျွန်တော် ရောက်လာပါသည်။
မင်းဒင်
↧

Article 1

$
0
0




 Popularmyanmar.com
Posted by AF in ပြည်တွင်းသတင်း

မင်းဒင်ရဲ့သက်ခိုင် ဝတ္ထုသည် ၁၅ နှစ်အတွင်း ထွက်ရှိခဲ့သမျှ အကောင်းဆုံးဟု ဆို

စာရေးဆရာ မင်းဒင်၏ ”မင်းဒင် ရဲ့သက်ခိုင်” ဝတ္ထုစာအုပ်သည် ၁၅ နှစ် အတွင်း မြန်မာနိုင်ငံ၌ ထွက်ရှိသမျှ ဝတ္ထု စာအုပ်များထဲတွင် အကောင်းဆုံး ဖြစ်ကြောင်း စာရေးဆရာ ဟိန်းလတ် က ချီးကျူးပြောဆိုလိုက်သည်။ ”မြန်မာပြည်မှာ နိုဗယ်မရှိပါ ဆိုပြီး ကျွန်တော်တို့ ပြောနေကြတာ။ ဖတ်စရာ ဝတ္ထုမရှိတာ ၁၅ နှစ်လောက် ရှိပြီ။ အဲဒီမှာ မင်းဒင်ရဲ့ သက်ခိုင်စာအုပ် ဖတ်လိုက်တော့ ကျွန်တော်သာ အမျိုး သားစာပေဆု ရွေးချယ်ရေးကော်မတီ ဖြစ်ခဲ့ရင် ဒီစာအုပ်ကို ဆုပေးမှာအမှန်ပဲ။ ရသမျိုးစုံပါတယ်” ဟု စာရေးဆရာ ဟိန်းလတ်က မေ ၂၃ ရက်က စာရေး ဆရာ မင်းဒင်၏ ဒုတိယစာအုပ် ထုတ် ဝေခြင်း အခမ်းအနားတွင် ထိုင်းနိုင်ငံရှိ စာရေးဆရာ မင်းဒင်အား အွန်လိုင်း (Skype) မှတစ်ဆင့် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

”မင်းဒင်ရဲ့သက်ခိုင်” စာအုပ်သည် တရားဝင်ထုတ်ဝေဖြန့်ချိမှု မပြုမီက တည်းက မြန်မာစာဖတ်ပရိသတ် အ တော်များများ လမ်းဘေးအရောင်းဆိုင် များက ရောင်းသော မိတ္တူစာအုပ်ကို ဝယ်ယူဖတ်ရှုထားကြပြီး ယင်းစာအုပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ယခုလက်ရှိ သက်ရှိများ၏ သမိုင်းအဖြစ်အမျိုးမျိုး ပြောဆိုလျက်ရှိကြသည်။ စာရေးဆရာမောင်သွေးသစ်က လည်း မင်းဒင်နှင့်သက်ခိုင်ဝတ္ထုသည် ဖတ် ခဲ့ဖူးသမျှ အကြိုက်ဆုံးနှင့် ဇာတ်ကောင် များမှာ ပြင်ပတွင် လက်ရှိအချိန် အထိရှိ နေခြင်းက ထူးခြားကြောင်း ပြောသည်။
 

ထို့အပြင် စာရေးသူကိုယ်တိုင်က မူမမှန်သော ခေတ်ကြီးကို ယုံကြည်သလို ဖြတ်သန်းခဲ့ပုံသာ ဖြစ်သည်ဟု အမှာစာ ရေးသားထားရာ မြန်မာနိုင်ငံ အမှောင် ခေတ်တစ်ခုမှ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးစသည့် နယ်ပယ်အရပ်ရပ်ကို ကိုယ်တွေ့ဖြတ်သန်းခဲ့သူပီပီ စာဖတ်ပရိ သတ်အကြိုက်ဝတ္ထု၊ အတ္ထုပ္ပတ္တိတစ်ခု အဖြစ် စာဖတ်သူများကပါ ချီးကျူးပြော ကြားသည်။စာရေးဆရာမင်းဒင်သည် မင်း ဒင်ရဲ့သက်ခိုင်စာအုပ်ပြီးနောက် ဒုတိယ မြောက်လုံးချင်းစာအုပ်အဖြစ် ”ဖြစ်ပျက် ရှာပုံတော်ခရီးသည်” ဘာသာရေးစာ အုပ်ကို ယခုအခါ ထုတ်ဝေဖြန့်ချိလိုက်ပြီး အဆိုပါ စာအုပ်ဖြန့်ချိခြင်း အထိမ်းအ မှတ်ပွဲကို မေလ ၂၃ ရက်နေ့က ရန်ကုန် မြို့ ၃၇ လမ်းအထက် တစ်ထိပ်တန်း ပညာ့ဗိမာန်၌ ပြုလုပ်ခဲ့သည်။ စာရေး ဆရာမင်းဒင်မှာ ထိုင်းနိုင်ငံဖူးခက်၌ နေထိုင်လျက်ရှိပြီး အဆိုပါစာအုပ်အခမ်း အနားကို တက်ရောက်လာသူများအား အင်တာနက်အွန်လိုင်းမှတစ်ဆင့် မေး မြန်းမှုများအား ပြန်လည်ဖြေကြားခဲ့ရာ ထူးခြားသည့် စာအုပ်မိတ်ဆက်ပွဲ ဖြစ်ခဲ့ သည်။ စာရေးဆရာ မင်းဒင်က ”မင်းဒင် ရဲ့သက်ခိုင် (၂)” စာအုပ် ဆက်လက် ထွက်လာရန်ရှိကြောင်းလည်း ပြောကြား ခဲ့သည်။

မိုးမြင့်

http://popularmyanmar.com/mpaper/2013/05/မင်းဒင်ရဲ့သက်ခိုင်-ဝတ္ထု/


↧
↧

Article 0

$
0
0


 (ဖော်ပြပါစာမူသည် ၂၀၀၆ခုနှစ်က ရေးသားခဲ့ခြင်းဖြစ်ပါသည်။ မကြာမတင်ကာလများက နိုင်ငံ၏သရုပ်ဟောင်းကို ပစက္ခအခြေအနေနှင့်ချိန်ထိုးစေ့ငုနိုင်ရန် ပြန်လည်ဆန်းသစ်ခြင်းဖြစ်ပါသည်။)

၂၀၁၃ ဇွန်လ ၇ရက်နေ့ထုတ် စောင့်ကြည့်ဂျာနယ်

ပသီပုံပြင်ထဲက ဒို့တိုင်းဌာနီ
(၁)
၂၀၀၆ခုနှစ် မတ်လ၊ထိုင်းနိုင်ငံ
ကိုယ့်တိုင်း ကိုယ့်ဌာနီမှာ အင်ဂျင်နီယာဖြစ်ခဲ့လေသောမင်းဒင်သည် အတိတ်က ရန်ဘက်နိုင်ငံ၌ ကာဗူလီးဝါလား ဖြစ်နေ လေသည်။ ကာဗူလီးဝါးလား ဟူသည် စုံစီနဖာရောင်းသော ဈေးသည်ကို ကုလားလိုခေါ်ခြင်းဖြစ်သည်။
ကာဗူလီးဝါးလားလုပ်ရင်း တစ်ဘက်က နိုင်ငံတကာကုန်သွယ်ခြင်းအတတ်ကိုလည်း ဆည်းပူးနေစဉ် ထိုင်းမိတ်ဆွေ တစ်ဦး၏ မိတ်ဆက်ပေးမှုဖြင့် ဂျပန်-တရုတ်ကပြား Mr Woo နှင့် သိကျွမ်းခဲ့လေသည်။ Mr Woo ကား အဖေဂျပန်စစ်သား အမေတရုတ်ပြည်ကြီးပေါက် ဒုတိယကမ္ဘာစစ်အတွင်း တရုတ်စစ်မြေပြင်မှ ဖူးစာဆုံ သားသမီး သုံးယောက်ရပြီး ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်ကုန်သည်။ Wooကား အစ်မနှစ်ယောက်၏ အငယ်ဆုံးမောင်၊ ဂျပန်နိုင်ငံ ယိုကိုဟားမား တက္ကသိုလ် က စက်မှုအင်ဂျင်နီယာဖြင့် ဘွဲ့ရပြီး ထိုင်းမှာ သဘောင်္အင်ဂျင်တွေ အရောင်းအ၀ယ်လုပ်နေသူ၊ အသက် ၄၅နှစ် ခန့်ရှိ၍ မင်းဒင်ထက် ၆နှစ်ခန့်ကြီးလေသည်။
ဗမာလူလည်မင်းဒင်ကား ဘယ်ကိစ္စမဆို Woo ကိုချည်း နားပူရလေသည်။ သူကား မိတ်ဆွေကောင်း ပီသပါပေသည်။ အပတ်စဉ် ကြာသပတေးနေ့တိုင်း ညစာခေါ်ကျွေးရုံမက မကောင်းမြစ်တား ကောင်းရာညွှန်လတ်တတ်လေ၏။
(၂)
ယခုလည်း ဖူးခက်မှဘန်ကောက်သို့သွားရန် အရေးပေါ်ကိစ္စကြုံလာသဖြင့် သူ့ကားဖြင့် လမ်းကြုံတင်ခေါ်လာသည်။ သူကား ကျွန်တော်တွေ့ဖူးသမျှ ကားမောင်းအလွန်ကျွမ်းကျင်လှသူဖြစ်လေသည်။ တစ်နာရီ ကီလို ၁၃၀ကို စကားပြောမပျက် မောင်းနေသည်။ လမ်းတွေကလည်း ကောင်းသည်ကိုး။
Woo မောင်းနှင်နေသော Toyota Vigoသည် ထိုင်းတောင်မြောက်ကို ဆက်သွယ်ထားသည့် National Hi Way လမ်းမကြီးပေါ်တွင် ဇောင်းကလွှတ်သော မြင်းလို ပြေးနေသည်။
အမိမြေကို အလွမ်းမပြေသေးသော မင်းဒင်ကား Nokia 7610 အကူအညီဖြင့် ဗမာပြည်က လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဖုန်းနံပါတ်တွေ လျှောက်နှိပ်နေသည်။
“ဟဲလို …မင်းဒင်ပါ။ အာကာ မင်းဘာတွေလုပ်နေလဲ။ ကြီးပွားပြီးရင်း ကြီးပွားရင်းပဲလား”
“တော်ပါကွာ။ ဒီမှာ ဘာမှလုပ်မရတော့ဘူး။ ဆိုးသထက် ဆိုးနေပြီ”
ဗမာပြည် စီးပွားရေးလူစွမ်းကောင်း အာကာက၊ ဆိုးတာတွေဆက်ပြော၊ နားထောင်ရင်း ၁၀မိနစ်လောက်ကြာတော့ ဟ…. တစ်မိနစ် ၂၄ဘတ်ဆို၊ ဘတ်၂၄၀၊ နားဦးမှ။
“အေး၊ နောက်မှ ထပ်ဆက်ဦးမယ်ကွာ။ အခု ဘန်ကောက်ကိုသွားနေတာ။ လမ်းပေါ်ရောက်နေလို့”
စကားစဖြတ်လိုက်ရသည်။
သို့သော် စိတ်ကမပြတ်။ အာကာ အဆင်မပြေရင် မိုးကျော်ကော အဆင်ပြေသလား။ ဆက်ကြည့်ဦးမှ..
“ဟဲလို မိုးကျော်လား။ မင်းဒင်ပါ။ ဘယ်လိုလဲ၊ ကျန်းမာပကတိ ချမ်းသာစွာရှိရဲ့လား”
“ဟ…မင်းဒင်လား။ ဒီမှာတော့ သပ္ပါယ မမျှဘူးဟေ့၊ ဆူးလှည်းပေါ် အိပ်ရသလိုပဲကွ”
ဆူးလှည်းပေါ်က မိုးကျော်ကလည်း နေရကျပ် လုပ်ရကျပ်သည့်အကြောင်း အကျပ်ဋီကာ ဖွင့်နေပြန်ပေသည်။ နောက် ၁၂မိနစ် ကုန်ပြန်ပြီ။ ရပ်မှ။
“ဒီမှာ ငါလည်း ဘောင်းဘီတိုနဲ့ ကုန်စုံဆိုင် တရုတ်လိုလို၊ ကွမ်းယာဆိုင်က ကာစင်ဘိုင်လိုလိုပါပဲကွာ။ ဒီမှာ အခြေအနေ ကောင်းရင် လှမ်းပြောမယ်။ ပြန်ဆက်ပါဦးမယ်ကွာ”ဟုစကားဖြတ်ရပြန်သည်။
မင်းဒင်ပြောနေသော စကားတွေမှာ အင်္ဂလိပ်စကားတချို့ ညှပ်ပါနေတော့ Woo က အလုပ်အကိုင် အခြေအနေအကြောင်း ဗမာပြည်နဲ့ လှမ်းဆက်နေမှန်း ရိပ်မိသွားပုံရသည်။
“မင်းဒင် ဗမာပြည်မှာ Mobile Phone ရှိလား”
“ရှိပါတယ်ဗျ”
“ထိုင်းမှာလို SIM Card နဲ့ပဲလား”
“တယ်လီဖုန်းတွေကို လိုင်းဖုန်းကော Mobile ဖုန်းကော အစိုးရက ကိုင်ထားတာဗျို့၊ဖုန်းတစ်လုံးကို ထိုင်းဘတ်တစ်သိန်း လောက် တန်တယ်ဗျ”
“မင်းတကယ်ပြောတာလား၊ ဟုတ်ရဲ့လားကွာ၊ မော်တော်ကားဈေးကော”
“ဗမာပြည်မှာ ကားအကောင်းစား Land Cruiser ဆို ထိုင်းဘတ် ဆယ်သိန်းဝန်းကျင်ရှိတယ်”
“တကယ်ပြောတာလား၊ သေချာရဲ့လား၊ ဓာတ်ဆီဈေးကကော”
“ဓာတ်ဆီက အစိုးရကကိုင်ထားတာ၊ လိုချင်သလောက် ၀ယ်မရဘူး”
“ဟုတ်ရဲ့လားကွာ၊ ခရီးဝေးဝေးသွားချင်ရင် ဘယ်နှယ့်လုပ်မလဲ”
Wooက သွေးရိုးသားရိုး မေးနေပုံရသော်လည်း “ဟုတ်ရဲ့လား၊ သေချာရဲ့လား”ဟု အမေးထပ်လျက် မင်းဒင်ကို စိတ်မနှံ့သူလို ကြည့်လာသည့်အခါ ဗမာပီပီ စိတ်အချဉ်ပေါက်လာသည်။
“ခင်ဗျားကိုယ်တိုင်သာ သွားကြည့်ပေတော့။ လေယာဉ်ခ အသွားအပြန် ဘတ် ၆၀၀၀ထက် ပိုမကုန်ဘူး။ ခင်ဗျားကို လိမ်ပြောနေလို့ ဘာအကျိုးရှိမှာလဲ”
Woo ကား မင်းဒင်ထက် ယဉ်ကျေးလေသည်။
`အေးပါ။ မင်းပြောထားတော့ ငါသွားတဲ့အခါ ကြိုသိရတာပေါ့။ ဗမာပြည်က ချမ်းသာတယ်။ သဘာဝအရင်းအမြစ်တွေ ပေါတယ်လို့သာ ကြားဖူးတာ။ မရောက်ဖူးတော့ ဘာမှမသိဘူး။ ဒါနဲ့ မင်းက ဘာဖြစ်လို့ ဒီဘက်ထွက်လာတာလဲ´
ရော.. ၀ဋ်ကြွေးကားမကုန်။ ထွက်ပေါက်ရပြီဆိုပြီး “ဟင်း”ချမလို့ရှိသေး။ နောက်တချီ။ ဒီတလုံးက ဖုံးလိုက်ပြန်ပြီ။ ပြည့်ပြည့်စုံစုံကို ဖြေချင်ပါသည်။ ဖုန်း၊ကားနှင့် ဓာတ်ဆီကိစ္စကိုပင် “ဟုတ်ရဲ့လား”နေသော Wooကို ရေရာသော အဖြေပေးနိုင်ရန် မင်းဒင်အတွက် မြင့်မိုရ်ကို ချေရမလောက်ခက်ပါသည်။
သို့သော် မင်းဒင် ရုတ်ခြည်းပေါ်လာသော စိတ်ကူးတခုဖြင့် ချက်ချင်းပြန်ဖြေလိုက်ပါသည်။
“ဘုရင်ကြီးကြောင့် ကျွန်တော် အဲဒီနိုင်ငံက ထွက်လာတာဗျ”
“မင်းတို့နိုင်ငံက ဘုရင်အုပ်ချုပ်တာလား”
“ကဲ.. ခင်ဗျားနားလည်အောင် ကျွန်တော်ဖြည်းဖြည်းပြောမယ်။ ခင်ဗျားလည်း ကားဖြည်းဖြည်းမောင်း။ ကျွန်တော်ပြောတဲ့ ဘုရင်ကြီးကြောင့်ဆိုတာ ရှင်းသွားအောင် အခုပြောပြမယ့် ပုံပြင်ကို အရင်နားထောင်ပါ”
(၃)
စင်စစ် ဤပုံပြင်သည် မင်းဒင်၏ မူပိုင်မဟုတ်ပါ။ စင်္ကာပူက ကျွန်တော့်မိတ်ဆွေ မဟာမေဒင်ဘာသာဝင် ဒေါက်တာ အောင်ကျော်ထွန်း၏  ပုံပြင်သာဖြစ်ပါသည်။ ထိုပုံပြင် ကျွန်တော့်ကို ပြောပြခဲ့ခြင်းမှာလည်း “ဒေါက်တာ ဘာလို့ ဗမာပြည်က ထွက်လာရတာလဲဗျာ”ဟူသော မင်းဒင်မေးခွန်းကြောင့် “ကိုမင်းဒင် မနေအပ်တဲ့တိုင်းပြည်ဆိုတာ ကျွန်တော်တို့ တရားတော်ရဲ့ နိပါတ်တွေထဲမှာ ရှိတယ်ဗျ”အစချီပြောပြခဲ့ဖူးသော ပသီပုံပြင်ဖြစ်ပါသည်။ ယခု ကျွန်တော် Woo ကို ဖောက်သည်ဈေးနှင့် အခမဲ့ပြန်ပေး (သို့) ပြန်ပြောနေခြင်းဖြစ်ပါသည်။
ကျွန်တော်ပြောမယ့်ပုံပြင်က ဒီလိုဗျ Mr Woo ရ….
တစ်ခါတုန်းက ဆော်ဒီအာရေဗျကျွန်းဆွယ်ဒေသအနှံ့ကို ဗဟုသုတရှာရင်း ကြုံသလို အသက်မွေးဝမ်းကျောင်းရင်း ခရီး လှည့်လည်နေတဲ့ ပညာရှိတစ်ဦးနဲ့ သူ့အဖော်တပည့်တစ်ယောက် ရှိသတဲ့ဗျာ။ ဆရာလုပ်သူ ပညာရှိဟာ ဗဟုသုတအလို့ငှာ လှည့်လည်နေပေမယ့် တပည့်လုပ်သူကတော့ အနေချောင်တဲ့ အရပ်ဒေသ၊ နိုင်ငံတခုခုမှာ အခြေချနေလိုက်မယ်လို့ စိတ်ကူးထားသတဲ့။
ဒီလိုနဲ့ ခရီးလှည့်လည်နေလိုက်ကြတာ (၅)နှစ်လောက်ကြာတော့ နိုင်ငံတစ်ခုကို ရောက်လာပါသတဲ့။ အဲဒီနိုင်ငံကို ရောက်ရောက်ချင်း ဆရာတပည့်နှစ်ယောက် ဈေးတစ်ခုကိုသွားပြီး ရိက္ခာသွားဝယ်ကြတဲ့အခါ ကန်စွန်းရွက် တစ်စည်း တစ်ကျပ်၊ အမဲသားတပိဿာ တစ်ကျပ်၊ ဆန်တစ်တင်း တစ်ကျပ်၊ ဘာမဆို တစ်ကျပ်ဈေးချည်း ဖြစ်နေတာ တွေ့ရပါသတဲ့။
အဲဒီအခါ တပည့်လုပ်သူက “ဆရာသခင် ကျွန်တော်ရှာနေတဲ့နိုင်ငံ တွေ့ပြီ။ ဒီမှာပဲ ကျွန်တော် အခြေချနေတော့မယ်ဆရာ” လို့ဆိုတော့ ဆရာလုပ်သူ ပညာရှိက ဘာကြောင့် ဈေးတွေတူနေရသလဲ။ ဘာကြောင့် သူ့ဈေးနဲ့သူ မရောင်းကြသလဲဆိုတာ စုံစမ်းတဲ့အခါ အဲဒီနိုင်ငံရဲ့ ဘုရင်ကြီးအမိန့်ကြောင့်လို့ ပြန်ဖြေကြသတဲ့။
ဒီတော့ ဆရာလုပ်သူက “တပည့် ဒီဒေသဟာ မနေအပ်တဲ့အရပ်ဖြစ်တယ်။ ဒီနိုင်ငံက ဘုရင်ကြီးဟာ ဘာမှ နားလည်ပုံ မရ ဘူး။ မင်းမနေပါနဲ့။ ဒုက္ခရောက်လိမ့်မယ်”လို့ အတန်တန်နားချပေမယ့် တပည့် လုပ်သူက နားမထောင်ဘဲ ဇွတ်နေရစ်ဖို့လုပ် နေတာကြောင့် “ကဲ…ပြောမရရင်လည်း မင်းနေခဲ့ပါ။ အလ္လဟ်အရှင်မြတ် အလိုတော်ရှိခဲ့ရင်တော့ မင်းဒုက္ခရောက်တဲ့အချိန် ငါကယ်တင်နိုင်ပါလိမ့်မယ်”ဆိုပြီး တစ်ယောက်တည်း ခရီးဆက်ထွက်သွားသတဲ့။
ဒီလိုနဲ့တပည့်လုပ်သူဟာ အဲဒီနိုင်ငံမှာ နေလာခဲ့တာ တစ်လလောက်ကြာလာတဲ့အခါ အဲဒီနိုင်ငံမှာ လူသေမှုတစ်ခု ဖြစ်ပါ သတဲ့။ ဖြစ်ပုံက သူခိုးတစ်ယောက်ဟာ ညအချိန်အိမ်တစ်အိမ်က ပစ္စည်းခိုးဖို့အတွက် အုတ်နံရံစည်းရိုးကို ကျော်တက်ရာက အုတ်နံရံပြိုကျပြီး သူခိုး နံရံပိသေတာဖြစ်ပါသတဲ့။
အဲဒီအမှုဟာ ဘုရင်ကြီးဆီရောက်လာတဲ့အခါ “အုတ်နံရံကို ခိုင်မာအောင်မလုပ်တဲ့ အိမ်ပိုင်ရှင်မှာ အပြစ်ရှိတယ်။ အိမ်ပိုင်ရှင် ကို သတ်စေ”လို့ အမိန့်ချသတဲ့။
အဲဒီအခါ အိမ်ပိုင်ရှင်က “ဘုရင်ကြီးခင်ဗျား ဒီအုတ်နံရံဟာ ပန်းရံသမားလုပ်တဲ့ အုတ်နံရံပါ”ဆိုတော့ ဘုရင်ကြီးက “ဒီလိုဆို ပန်းရံသမားအပြစ်ပေါ့။ အိမ်ရှင်ကို လွှတ်၊ ပန်းရံသမားကို သတ်စေ”လို့ အမိန့်ချပြန်ပါသတဲ့။
အဲဒီအခါ ပန်းရံသမားက “ဘုရင်ကြီးခင်ဗျား ဒီနံရံကိုလုပ်ဖို့ ဖျော်ထားတဲ့ အင်္ဂတေမဆလာပုံးနားမှာ ထားတဲ့ ရေပုံးကို နွားတစ်ကောင်ကန်သွားလို့ အင်္ဂတေမှာ ရေတွေများပြီး နံရံပြိုရတာပါ။ နွားမှာအပြစ်ရှိပါတယ်”လို့လျှောက်ထားပြန်တော့ ဘုရင်ကြီးက “ဟာ.. ဒါဆို အဲဒီနွားကို သတ်စေ။ ပန်းရံသမား လွှတ်စေ”ဆိုပြီး အမိန့်ချပြန်ပါသတဲ့။
အဲဒီနွားကို ရှာတဲ့အခါ နွားက နွားသတ်ရုံရောက်ပြီး သတ်ပြီးသား ဖြစ်နေတဲ့အခါ “နွားသတ်ရုံပိုင်ရှင်ကို သတ်စေ”လို့ အမိန့်ချပြန်ပါသတဲ့။ နွားသတ်ရုံပိုင်ရှင်ကို လည်ပင်းကြိုးကွင်းစွပ်ပြီး သေဒဏ်ပေးတဲ့အခါ ပုံပန်းမကျဘဲ လည်ပင်းနဲ့ခေါင်း တဆက်တည်းဖြစ်နေတော့ ကြိုးကွင်းက လျှောလျှောထွက်နေပြီး ကြိုးပေးမရဖြစ်နေသတဲ့။ အဲဒီအကြောင်း ဘုရင်ကြီးကို လျှောက်တဲ့အခါ “ဟ၊ဒီလိုဆို အဲဒီကြိုးကွင်းနဲ့တော်တဲ့ တွေ့တဲ့လူတစ်ယောက်ယောက်ကို ကြိုးပေးကွာ”လို့အမိန့်ချပြန် သတဲ့။
အဲဒီအချိန်မှာ အာဏာပါးကွက်သားတွေက နီးရာလူကိုရှာတဲ့အခါ ဒီကိစ္စဘယ်လိုရှင်းမလဲ သိချင်လို့ လိုက်ကြည့်နေတဲ့ ဧည့်နိုင်ငံသား တပည့်ဖြစ်သူကိုတွေ့ပြီး လည်ပင်းကို ကြိုးကွင်းစွပ်လိုက်ကြပါသတဲ့။
အဲဒီအခါ တပည့်ဖြစ်သူဟာ “ဆရာသခင်စကားကို နားမထောင်မိတာတော့ မှားပြီ။ အလ္လဟ်အရှင်မြတ် ကယ်တော်မူပါ”ဆိုပြီး ရုန်းကန်အော်ဟစ်နေသတဲ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီအချိန်မှာ ဆရာလုပ်သူဟာ လူအုပ်ထဲကထွက်လာပြီး “မင်းကို ငါကယ်မယ်၊ မင်းစိတ်ကို ငြိမ်ငြိမ်ထား။ ငါပြောတာ တသွေမတိမ်းနားထောင်ပါ။ အခု မင်းလည်ပင်းက ကြိုးကွင်းကို ငါကလုပြီး ငါ့လည်ပင်းမှာစွပ်မယ်။ မင်းက ပြန်လုပြီး မင်းလည်ပင်းမှာစွပ်ပါ”လို့ သင်ပေးပြီး ဆရာတပည့်နှစ်ယောက် ကြိုးကွင်းကို အပြန်အလှန်လုပြီး စွပ်နေကြပါသတဲ့။
အဲဒီသတင်းကို ဘုရင်ကြီးကြားတဲ့အခါ “ဟ၊ဒွန္နယားကြီးဟာ ထူးဆန်းလှချည်လား”ဆိုပြီး ကိုယ်တိုင် လူသတ်ကုန်းကို ဆင်းလာပြီး အကျိုးအကြောင်းမေးတဲ့အခါ ဆရာလုပ်သူပညာရှိက “ဘုရင်ကြီးခင်ဗျား ဒီအချိန်ဟာ ကောင်းကင်ဘုံ ဂျန္နတ် တံခါးဖွင့်ချိန် ဖြစ်ပါတယ်။ ဒီကြိုးနဲ့ ဒီအချိန်သေတဲ့သူဟာ ဂျန္နတ်ကို တန်းရောက်မှာပါ။ သူက ကျွန်တော့်တပည့်ပါ။ ကျွန်တော်က ဆရာဆိုတော့ ဂျန္နတ်ကို သူ့ထက်ပိုရောက်သင့်လို့ လုရတာပါ”လို့ဖြေသတဲ့။
အဲဒီအခါ ဘုရင်ကြီးက တချက်တွေကနဲ စဉ်းစားပြီး “ဟ.. ဒီနိုင်ငံဟာ ငါ့နိုင်ငံကွ. ဂျန္နတ်ကိုသွားဖို့ ငါ့ထက် သင့်တော်တဲ့သူမရှိဘူး။ ပေးစမ်း…မင်းလည်ပင်းက ကြိုးကွင်း”ဆိုပြီး သူ့လည်ပင်းသူ ကြိုးကွင်းစွပ်၊ အာဏာပါးကွက်သား တွေကို `မြန်မြန်ဆွဲတင်ကြ၊ အချိန်ကိုက်ဖြစ်မှ´လို့ အမိန့်ပေးတော့ အာဏာပါးကွက်သားတွေက ကြောက်ကြောက်နဲ့ ကြိုးကိုဆွဲတင်လိုက်တာ ဘုရင်ကြီး အသက်ပျောက်ပါရောတဲ့ဗျာ…။
(၄)
“ကဲ…ပုံပြင်ကတော့ ဒါပါပဲဗျာ၊ ခင်ဗျားမေးခွန်းကိုလည်း ကျုပ်ဖြေပြီးပြီ။ ဘယ်နှယ့်လဲ”ဆိုတော့ Mr. Woo က
“အိုး အိုင်ဆီး…အိုင်ဆီး အိုင်ဆီး၊ ခွီး ခွီး”ဆိုပြီး တံတွေးတွေ သီးအောင် ရယ်မောနေလေ၏။
Mr Woo ဟာ ဘုရင်ကြီးရဲ့ ဇာတ်သိမ်းကို သဘောကျ၍ ရယ်မောလေသလော၊ ကျွန်တော်ဖြေပုံ ဥပမာကို သဘောကျလို့ ရယ်မောလေသလော၊ မင်းဒင်မဝေခွဲနိုင်ပါ။ မင်းဒင်ရင်ထဲတွင်မူ ပြည်သူပြည်သားတွေအတွက် ရင်ဆို့နေပါသည်။
xxxxxxxxxxxxxxxx




↧

Article 0

$
0
0


  မျိုးရိုးနဲ့တန်ခိုးရှိခဲ့ပေ
     
         (မင်းဒင်)

(၁)
အချိန်ကာလကား ရွှေမှန်ကင်းအစစ် ထင်းဖြစ်နေရဆဲအချိန်တည်း။ယင်းအခါသမယတွင် ကြငှန်းပြဿဒ်နှင့်တူလှစွာသော မိခင်နိုင်ငံကို ဖယ်ခွာလျက်၊ ခွေးကတက်နှင့်တူလှစွာသော ယိုးဒယားပြည်ဝယ် မဟော်သဓာအိုးထိန်းသည်ဖြစ်ရသည်သို့  မထင်မရှားကိုယ်ပျောက်အတတ်ကျင့်ကာ၊ တညိုးခွေခွေ၊တပေလျဉ်းလျဉ်းခိုလှုံနေရသည့် စပ်ဖျင်းဖျင်းနေ့ရက်များကား လွမ်းမောဖွယ် အတိပါတကား။ အနှီကာလဤသမယတွင် ဆြာဒင်အဖို့ လက်ကတုံးတောင်ဝှေးအဖြစ် အားကိုးသမှုပြု ရာကား အိပ်စပရာဒိတ်ဆေးဝါးနှင့် တူလှစွာသော ဇာတိမာန်ဖြစ်လေ၏။
ဆြာဒင်ခိုလှုံရာ ယိုးဒယားပြည်ကြီးကား၊ပစ္စက္ခကာလ၌ မည်သို့ပင်  ဖွံ့ဖြိုးစည်ပင်သည်ဆိုစေကာမူ  ဗမာပြည်ကြီး ရွှေထီး ဆောင်းခဲ့စဉ်ကာလများက ပဏ္ဏာဆက်တိုင်းပြည်ငယ် အဆင့်သာရှိခဲ့ပေသည်။ထို့ပြင်တဝ ယိုးဒယားအမျိုးကောင်းသားတို့ မှာ ဆြာဒင်တို့သာကီမျိုးကဲ့သို့ အိမ်ဖော်၊အလုပ်ကြမ်းနှင့် ညစ်ပတ်ပေရေ၊အန္တရာယ်ပြွမ်းသော အလုပ်တို့ကို လုပ်နိုင်စွမ်းကြ သူများ  မဟုတ်ယုံမျှမက တခဏချင်းထိုးထွင်းသိမြင်သော တင်္ခဏုပ္ပတ္တိဥာဏ်လည်း နည်းပါးကြကုန်၏ဟူသော အတွေးတို့ သည် ဆြာဒင်၏မရိုးနိုင်သော အမျိုးသားရေးမဲတင်းချက်များ ဖြစ်ကြကုန်၏။
(၂)
ဤသို့လျှင် ကျွန်ုပ်၏နိစ္စဓူဝ၊ ကြံမိကြံရာ တွေးတောမဲတင်းချက်များသည် တာဝတိံသာနတ်ပြည်တွင် အခန့်သား စံပယ်လျက်ရှိသော နတ်တို့သနင်း သိကြားမင်းထံသို့ ဝိုင်ဖိုင်စံနစ်မှတဆင့် သတင်းရောက်ဟန်တူလေရာ ဘိုးတော် သိကြား၏ ဗန္ဓုကဗ္ဗလာ မြကျောက်ဖျာသည် ပြင်းစွာတုန်လှုပ်ဟန်ရှိလေ၏။သို့ကြောင့်သာ ဖြစ်ရပေမည်။ သိကြားမင်းသည် ဝိသကြုံနတ်သားအား မည်သို့လျှင် ဆက်သွယ် စီမံဖန်ဆင်းစေလိုက်သည်မသိ၊ ဆြာဒင်၏ ဇာတိမာန် ကွပ်လပ်ကို ဖြည့်ဆည်းစိမ့်သော ဧရာမဖြစ်ရပ်ကြီးတစ်ခုသည် ကြပ်ပြေးနေပြည်တော်တွင် အံသြကုန်နိုင်ဖွယ်မရှိ၊ ရုတ်ခြည်းပေါ်ပေါက် လာလေ၏။ ယင်းဖြစ်ရပ်ကား ကမ္ဘာ့စီးပွားရေးဆိုင်ရာ  ဖိုရမ်မည်လေသည်။
ယင်းဖိုရမ်၊အနှီဖိုရမ်ကား အခြားသူများအတွက် မည်သို့သော အကျိုးဆက်ရှိလေသည်ကို ဥာဏ်နုံ့နဲလှသည့် ဆြာဒင် မသိသော်ငြား ယိုးဒယားအခက်၊ဆြာဒင့်အချက်ဖြစ်သည်ကား နံရံကိုနဖူးဖြင့် စရွေးချိန်တိုက်သကဲ့သို့ ဆတ်ဆတ်ဧကန် မှန်လေတော့သည်။စာဖတ်သူ နားမထွေးစေရန် အလို့ငှာ စဉ်းငယ်ရှင်းပါအံ့။
ယိုးဒယားပြည်ကြီးကား ပြည်ပအားကိုးကာ၊ ရှုမဆုံးလေသော ခေတ်မီလမ်းမကြီးများ၊မိုးမျှော်တိုက်များ၊ တံတားကြီးတံတား ငယ်များသာမက၊ စိမ်းလဲ့လဲ့ လယ်ကွင်းပြင်တို့ဖြင့်  ဖွံ့ဖြိုးစည်ပင်နေလင့်ကစား ကိုးဆယ့်ကိုးရာခိုင်နှုန်းသော ယိုးဒယား သကောင့်သားတို့ကား သိုးဆောင်းဘာသာခေါ် ဘိုစာဘိုစကား အညံ့ကြီးညံ့ကြလေကုန်၏။ရှားရှားပါးပါး ဘိုစကားပြော တတ်သူတို့သည်လည်း ဌာန်ကရိုဏ်းကျသူဟူ၍ ချစ်တီးခေါင်းမှ သန်းကဲ့သို့ အရှာခက်ပြန်၏။ နားဆင်လော့၊ စင်ထရယ်ကို စင်ထန်း ဟုဆို၏။ဗိုင်းရပ်ကို ဝိုင်းလပ် အသံထွက်၏။မက်ကရိုကို မက်ခိုဟူ၏။ဆမ်ဆောင်းကို ဆမ်ဆွမ်းဟူ၏။
(၃)
ကံထူးသူဆြာဒင်ကား ပြေးရင်းလွှားရင်းပင် ရွှေစင်ပုံနှင့် ပက်ပင်းတိုးလေသည့်ကိန်းပင်တည်း။ အမေဇုံတောအုပ်ကြီး အတွင်းက လိပ်ပြာတောင်ပံခတ်သံသည် တက္ကဆက်ပြည်နယ်ကို တော်နေဒိုးမုန်တိုင်းဆင်စေသည်ဟု ဆိုရိုးရှိသည် မဟုတ်တုံလော။ ထိုင်း နိုင်ငံတောင်ပိုင်း ဖူးခက်မြို့ကြီးကို တုန်လှုပ်ခြောက်ခြားစေပါအံ့။
 ဆြာဒင်ကား မိုးနတ်မင်းပေးသနားသော အခွင့်အရေးကို ပိုင်နိုင်စွာအသုံးချခဲ့လေသည်။ ဧရာမဖန်သားပြင်ပါရှိသည့် လက်မငါးဆယ် ဆမ်းဆောင်း တီဗီအသစ်စက်စက်ကြီးကို  တွန့်တိုနှမြောခြင်းကင်းစွာ ဝယ်ယူ၏။ ရင်းနှီးခင်မင်သော ယိုးဒယား အမျိုးကောင်းသားတို့ကို ဆြာဒင်၏ အိမ်ဂေဟာသို့ တကူးတကပင့်ဖိတ် ကျွေးမွေးကာ အဆိုပါဖိုရမ်တိုက်ရိုက် လွှင့်ထုတ်မှုအစီအစဉ်ကို စေ့ငသေချာစွာကူးယူလျက် ဂုဏ်ယူဝင့်ကြွားစွာ ပြသလေ၏။
နေပြည်တော် အမ်အိုင်စီစီတွင်ကျင်းပသည့် အဆိုပါ ကမ္ဘာ့စီးပွားရေးဖိုရမ် အကြိုဆွေးနွေးပွဲ၌ လက်ရှိ ပြုပြင်ပြောင်းလဲ ရေးတို့သည် နောက်ကြောင်း ပြန်လှည့်၊မလှည့်၊ စစ်တပ် အခန်းကဏ္ဍ၊ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေး၊ ရခိုင်ပြည်နယ် အရေးကိစ္စ၊ တရားဥပဒေစိုးမိုးရေးကိစ္စစသည်များကို အချေအတင်ဆွေးနွေးကြပြီး  ကမ္ဘာကျော်ဘီဘီစီအသံလွှင့်ဌာနမှ ကမကထပြုသည်ဟု ဆိုလေသည်။
တီဗီဖန်သားပြင်၏ နေပြည်တော်ဖိုရမ်တွင်ကား မြန်မာ့ဒီမိုကရေစီမိခင်ကြီးသည် နိုင်ငံတကာအဆင့်ဗျူးသမားကို သိုးဆောင်း ဘာသာစကားဖြင့် ခွန်းတုန့်ပြန်၏၊ ဘိုလိုနှက်၏။ ပြည်ထောင်စုဝန်ကြီးသည်လည်း အားကျမခံ ဘိုလိုပင်ထုချေ ၏။နိုင်ငံရေး အကျဉ်းသူပင်လျှင် နရသိမ်စံကာလများ၌ မည်သို့မည်ပုံလေ့လာထားသည် မသိ၊ ဘိုစကားကို ရွှန်းရွှန်းဝေ အောင် ပြောဆိုနိုင်လေသည်။
ဆြာဒင်၏ ရွှေပွဲလွှာတို့မှာ တည်ခင်းဧည့်ခံထားသော အဖိုးတန်အစားအစာတို့ကို မေ့လျော့လျက် ဇကောအရွယ်ရှိသော မျက်လုံးဝိုင်းကြီးများဖြင့် ပါးစပ်အဟောင်းသားကိုယ်စီ ရှိကြလေရာ ကျွန်ုပ်မှာ “ဘယ်ဘုရားတန်ခိုး ဘယ်လောက်ကြီးကြီး ရွှေတိဂုံစင်္ကြန်လျှောက်နေသလောက်သာပ” ဟူသော မျက်နှာပေးဖြင့် ဝင့်ထယ်လျက်ရှိပေ၏။
(၄)
တဂိုးသွင်းထားနိုင်ကာမျှဖြင့် ကျေနပ်နိုင်ရစိမ့်လော။ နှာတဖျားသာရုံဖြင့် တက်ကိုချနိုင်အံ့စိမ့်လော၊ ဗိုလ်ချုပ်၏ အမှာစကား ကို မြေဝယ်မကျ နာယူရပေအံ့။ကျွန်ုပ်သည် ဖိုရမ်တွင် အချီအချပြောဆိုနေကြသော စကားတို့၏ အသေးစိတ်အဓိပ္ပါယ်ကို တစ်ခွန်းချင်း ထိုင်းစကားထော့ကျိုး ထော့ကျိုးဖြင့် ဖွင့်ဆိုရှင်းပြလျက်ရှိလေသည်တကား။
 (ဒေါ်အောင်ဆန်းစုကြည် ဘော်ဝ) ။ဒေါ်အောင်ဆန်းစုကြည်ပြောတာက ဒီလိုဗျ။
Burma လို့ပဲ  ကျမ ဆက်လက်ခေါ်ရတဲ့ အကြောင်းတွေထဲမှာ ပြည်သူတွေရဲ့ သဘောထားနဲ့  ဒီနာမည်ကို ပြင်ဆင်ခဲ့ခြင်း မဟုတ်တာကြောင့်လဲ ပါပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်မှာ ပြည်သူတွေပါဝင်ခွင့် လုံးဝ မပါခဲ့ဘူး။ နောက်တစ်ခုက ဒီလုပ်ရပ်ရဲ့ ရည်ရွယ်ချက်ထဲမှာ အတွင်းကျကျ မရိုးသားမှုတချို့ ရှိတယ်လို့ ကျမမြင်လို့ပဲ။ အဲ့ဒါဘာလဲဆိုတော့  “မြန်မာ” ဆိုတာ ပြည်ထောင်စုတွင်းမှာရှိတဲ့ လူမျိုးစုံ၊ တိုင်းရင်းသားပေါင်းစုံကို ကိုယ်စားပြုတယ်ဆိုတဲ့ အယူအဆမှားကြီးကို  ဆိုလိုချင်တာပါ။ အရိုးရှင်းဆုံးပြောရရင်  “မြန်မာ” ဆိုတာ  “ဗမာ”  ဆိုတဲ့ တိုင်းရင်းသားတစ်စုကိုပဲ အလင်္ကာမြောက်အောင် ရေးလိုက်တဲ့ စာလုံးဖြစ်ကြောင်း ကျမ ပြတ်ပြတ်သားသား ပြောထားပါရစေ။ ဘာ့ကြောင့်လဲဆိုတော့ ပြဿနာတစ်ခုကို ပြေလည်အောင် ဖြေရှင်းချင်တယ်ဆိုရင် အဲ့ဒီပြဿနာကို တည့်တည့်ရင်ဆိုင်ဖို့  လိုပါတယ်။ နာမည်လေး ပြောင်းလိုက်ရုံနဲ့ ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ဘူးလေ။
သြော်၊သူက  ပြည်ထောင်စုဝန်ကြီးလေ။ သူကဘိုလို ကောင်းကောင်းတတ်တာပေါ့။ ခင်ဗျားတို့ အခုကြားတယ် မဟုတ် လား၊ သူပြောတာက…..(တော်နိ ခွန်ယိုင်ယိုင် ဘော်ဝ)
လွန်ခဲ့တဲ့အနှစ် ၂၀ အတွင်းမှာ ဘယ်ကိစ္စမဆို စစ်တပ်ကပဲ လုပ်ပါတယ်၊ စစ်တပ်ဟာ ဘာမဆိုလုပ်နိုင်တယ်လို့လဲ ထင်ကြပါတယ်။ အခုတော့ ဒီမိုကရေစီ အစိုးရလက်ထက်ကို ပြောင်းနေပါပြီ။ ပြောင်းပုံပြောင်းနည်းက၊ ဖျတ်ကနဲ ပြောင်းတာမျိုးက တိုင်းပြည်အတွက် မကောင်းပါဘူး။ ကျနော့် အမြင်ကတော့ တဖြည်းဖြည်း ပြောင်းလဲခြင်းပါ။
ထို့ပြင်တဝ နိုင်ငံရေးအကျဉ်းသူ၏ စက်ဝိုင်းအတွင်းမှာ ပတ်ပြေးနေတဲ့ လူတယောက်ကို ဥပမာပေးပြီး နောက်ပြန်လှည့်၊ မလှည့်.. ဟူသော ဥပမာဥပမေယျကိုလည်းအထက်နည်းနှင်နှင်ပင် ရင်ကော့ကာ ဘာသာပြန်ဆို ရှင်းလင်းလေရာပရိသတ် မင်းတို့ကား မျက်တောင်ပင် မခတ်နိုင်တော့။ ထိုနေ့ပွဲကား အလဲထိုးဒိုင်ပွဲရပ်ဖြင့် နိဂုံးတိုင်ခဲ့လေပြီ။
အချို့သော မဟာမြန်မာတို့ကား အွန်လိုင်းမှနေ၍  “ဒို့ဝန်ကြီးး ငပိသံနဲ့ နှိပ်ရဲတာ ကြိုက်သကွာ”ဟူ၍လည်းကောင်း၊ နိုင်ငံရေးအကျဉ်းသူကို အဆင့်မမီလေဟန် အမနာပ ဆိုကြသည်များလည်း ရှိပါလေ၏။ သို့သော် ယင်းအချက်တို့သည် ပိန်းကြာရွက်တွင် ရေမတင်သကဲ့သို့ ဆြာဒင့် ဇာတိမာန်အတွေးစဉ်ဝယ် စဉ်းငယ်သော အနှောင့်အယှက်မျှကိုပင် မပေး နိုင်ကြချေ ။
(၅)
သို့ကြောင့် ထိုနေ့က ကျွန်ုပ်၏စံတော်အိမ်၌ ကျင်းပခဲ့သော ဇာတိမာန်ဖိုရမ်ကား နေပြည်တော်ဖိုရမ်ထက် အောင်မြင်ခဲ့ပြီး အောင်လံထူ စစ်သူကြီးပွဲဟုပင်  ဆိုမည်ဆိုက ဆိုရလောက်သည်။ ရှေးယခင်အချိန်များကလည်း အွန်လိုင်းစာမျက်နှာ များမှာ တွေ့ရသည့် စစ်ကြိုခေတ်၌ ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးတွင် ဒေါက်တာကျော်ထက်အမည်ရှိ ဆရာတစ်ဦးမှ လက်ချာတည်းဟူသော သင်ခန်းစာများကို သိုးဆောင်းဘာသာဖြင့် ပို့ချနေပုံကို ကြံဖန်ရှာဖွေကာ ကြွားဝါခဲ့ဖူးသော်ငြား  ယခုကဲ့သို့ကား  အပ်ပဒိတ်မဖြစ်လှချေ။
ယခုပစ္စုပ္ပန်တည့်တည့်၊ဆြာဒင်ဖိတ်ကြား  ဧည့်ခံအပ်သော ပရိသတ်ကား မြန်မာ့ဒီမိုကရေစီမိခင်ကြီးကို လက်ဖျားခါ၏။ သူ၏ အောက်စဖိုဒ်ထွက်လေသံကို ထားဘိဦး။ပြည်ထောင်စုဝန်ကြီးကိုပင် အံ့ဘနန်းချီးကျူး၏။ နိုင်ငံရေးအကျဉ်းသူကို စုတ်တသပ်သပ်ဖြင့် သြချဟန်ပြုရုံမက စိန်နားကပ်ရောင်ဖြင့် ပါးဝင်းဝင်းတောက်နေသည့် ကျွန်ုပ်ကိုပါ ကျောသပ်ကြ လေ၏။အထူးသဖြင့် အဆိုပါဖိုရမ်ဆွေးနွေးချက် များအပေါ် ကျွန်ုပ်အနေဖြင့် သည်၊၏မရွေး အသေးစိတ်ဘာသာ ပြန်ဆိုနိုင်ခြင်းကို ဧည့်သည်တော်မဟာထိုင်းများမှာ အဆမတန်  အထင်ကြီးကြလေဟန်  ရှိလေသည်။
စင်စစ်ကား ဆြာဒင်၏ သိုးဆောင်းစာကျွမ်းကျင်မှုမှာ “I is a dog”  အဆင့်မျှသာ ဖြစ်လေရာ အဘယ်မှာလျှင် အဆိုပါဖိုရမ်၏ စကားအခြေအတင်တို့ကို ပြည့်စုံစွာ သဘောပေါက်နိုင်ပါမည်နည်း။အဆိုပါပွဲမစမီညက ကျွန်ုပ်သည် ဆွေသဟာစာမျက်နှာ ခေါ် ဖေ့စ်ဘွတ်တွင် ဖိုရမ်အကြောင်း မြန်မာစကားပြေသက်သက်ဖြင့် ရေးသားပြန်ဆိုချက်များကို ဖင်ကြားက ချွေးကျအောင် အပန်းတကြီးရှာဖွေလျက် တစ်လုံးမကျန်  အာဂုံကျက်မှတ်ကာ ပွဲကြီးဝှဲချီးကျင်းပချိန်တွင် နှုတ်တိုက်အလွတ်  ရွတ်ပြနိုင်ခြင်းကြောင့်  အမှတ်ကောင်းခဲ့ခြင်းသာ ဖြစ်ချေသည်တမုံ့။
(၆)
အဆိုပါ ဥာဏ်ရည်ဥာဏ်သွေးကား ကျွန်ုပ်ဆြာဒင်၏ မျိုးရိုးစဉ်ဆက်မှ ဆင့်ကဲပေါ်ပေါက်လာဟန်ရှိလေရာ ကျွန်ုပ်၏ ဒွေးလေးတော်စပ်သူ ဒွေးလေးစိန်မေသည်လည်း ကျွန်ုပ်ကဲ့သို့ပင် ဥာဏ်ရည်မြင့်သည်ဟု ဆိုသော်ရကောင်း၏။ဒွေးလေး စိန်မေသည် စာရေးစာဖတ်ဖြောင့်သူ တစ်ယောက်မဟုတ်ချေ။သို့သော် သူ့ခေတ်သူ့အခါက တန်းမြင့်ကျောင်းထွက် လက်မှတ်ရ ဦးကြီးတင်နှင့်အိမ်ထောင်ကျခဲ့ရာ ဒွေးလေးစိန်မေသည် သူ့ခင်ပွန်းဖြစ်သူ အခါအားလျော်စွာ ပြောဆို သုံးစွဲသည့်  thank you, come in, go out,weak, fine, ok, ready , နှင့် enough ဟူသော သိုးဆောင်း စကားတို့ကို ကောင်းစွာ ရေလဲသုံးနိုင်စွမ်းလေသည်။
သူ့အိမ်ဝမှာလာရပ်ပြီး “ဒွေးလေးရှိလား” မေးလာခဲ့လျှင် “ကန်းအင်” ဟု ချက်ချင်းခေါ်နိုင်စွမ်း၏။ သူအိမ်လည်ရာမှ ပြန်လေတိုင်း အိမ်ရှင်ဖြစ်သူကို “ဂိုးအောက်”ဟု နှုတ်ဆက်တတ်၏။သူ့အိမ်နီးချင်းတစ်စုံတစ်ယောက် မအီမသာ ပုံစံတွေ့လေတိုင်း ….ညည်းဝိဖြစ်နေတာဟု ဆိုလေ့ရှိ၏။ဒွေးလေးနေကောင်းလားဟု ပဋိသန္ဓာရစကားဖြင့် နှုတ်ဆက်လာသူ မည်သူ့ကိုမဆို၊ “ဖိုင်းဖိုင်း”ဟု တုန့်ပြန်၏။ဦးကြီးတင်က.. “ဟေ့ စိန်မေ ထမင်းစားတော့မယ်” ဟု ဆိုလာသည့်အခါ “လယ်ဒီ”ဟု ချက်ချင်းဖြေနိုင်၏။သိုင်းကျူးသိုင်းကျူးဟူသော စကားသံကား တစ်အိမ်လုံးတွင် တရံမလတ်သောသောညံ၏။
ထိုမျှသာမကသေး ၊ ဦးကြီးတင် ကွယ်လွန်ဆုံးပါးသွားချိန်တိုင်အောင် ဒွေးလေးသည် သူ့ခင်ပွန်းထံမှ နှုတ်တက်ရွရွ သင်ယူ ခဲ့ရသည့် သိုးဆောင်းစာတို့ကို မမေ့သေးသည်မှာ သက်သေအခိုင်အမာပြနိုင်ဆဲဖြစ်လေသည်။ မကြာမတင်အချိန်က သူ့သမီးဖြစ်သူသည် ထမင်းဝိုင်းတွင် ထမင်းစားနည်းနေသည့် ဒွေးလေးကို ဂရုဏာအပြည့်ဖြင့် “အမေ၊ ထမင်းထပ်ယူ အုံးမလား၊ ထမင်းစားနည်းတယ်” ဟု မေးမြန်းသမှုပြုသည်ကို  ဒွေးလေးက …“သိုင်းကျူး၊အိုကေ၊ ဖိုင်း ဖိုင်း၊ အနတ်”ဟု ဒက်ကနဲ ပြန်ဖြေနိုင်ဆဲ ဟူသတည်း။
တိုင်းပြည်စည်ပင်ဖွံ့ဖြိုးကာမျှနှင့် သွေးနထင်ရောက်နေသော ယိုးဒယားတို့ကား ကျွန်ုပ်ကို မဆိုထားနှင့်၊ ကျွန်ုပ်၏ကြီးဒေါ် ဒွေးလေးစိန်မေ၏ခြေဖျားကိုပင် မှီအံ့မထင်ချေ။မျိုးရိုးနှင့်တန်ခိုးရှိခဲ့ကြသည်မှာ ဧကန်ပါတကား။ ။
……………………………….

↧

တို့ဗမာသာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာ

$
0
0






“တို့ဗမာ သာကီမျိုးဟာမို့ ၊ မညှိုးဂုဏ်တေဇာ”
                   (မင်းဒင်)
(၁)
သေချာစဉ်းစားကြည့်လေ လူမျိုးတစ်မျိုးအတွက် ဇာတိမာန်ဟာ  သိပ်အရေးကြီးတယ်ဆိုတာ ပေါ်လွင်လေပဲဗျ။ လူတစ်ဦး ချင်းစီအတွက်တော့ ဇာတိပုညဂုဏ်မာနဆိုပါတော့ဗျာ ။
(၂)
ဒါကြောင့်ဖြစ်မယ်ဗျ။ အမေရိကန်ပြည်ထောင်စုကြီးက အမေရိကန်နိုင်ငံသားတစ်ယောက်ကို ထိပါးရင် သူ့တိုင်းပြည်ကို ရန်စတာလို့ ယူဆတယ် ဆိုသကိုး။အံမယ်၊ အခုဆို တရုတ်တွေတောင် အမေရိကန်လေသံလိုက်လာတာ ခင်ဗျား သတိပြု မိမှာပါ။ ထို့နည်းတူ ကျုပ်တို့အစိုးရမင်းများလည်း မညံ့ကြပေဘူးဗျ။ အမျိုးဂုဏ်၊ဇာတိဂုဏ် မြင့်မားရေး ဘာညာ ဘာညာဆိုပြီး ပုံနှိပ်စာအုပ်တိုင်းရဲ့ ရှေ့ဆုံးစာမျက်နှာတွေမှာ ဝေဝေဆာဆာ ဖော်ပြပေးနေတာပါပဲ။ အမှန်တော့ အစိုးရ မင်းများရဲ့ စေတနာဟာ ပရမတ် ဆိုက်အောင် စဉ်းစားနိုင်လေ ပေါ်လွင်လေလို့ ဆိုရမယ်ဗျ။
ကြည့်လေ၊ ဖယောင်းတိုင်ထွန်းပြီးနေခိုင်းတာတို့၊ ထမင်းတစ်နပ်လျှော့စားခိုင်းတာတို့ဟာ ရှုတတ်၊မြင်တတ်၊ခံစားကျင့်ကြံ တတ်ရင် ဂုဏ်တက်စရာပဲဗျ။ အနောက်နိုင်ငံတွေမှာ ဖယောင်းတိုင်ထွန်းပြီး ညစာစားဖို့ဆိုတာ တကူးတကစီစဉ်ကြရတာ မဟုတ်လား။ဟော ၊ကျုပ်တို့ဆီမှာ အဆင်သင့်ဗျာ။ခင်ဗျား ရှစ်ပါး၊ကိုးပါးသီလလေးခံယူစောင့်ထိန်းလိုက်ရင် ညစာကိစ္စ ဟာလည်း ဘာဝနာတစ်မျိုးပေပဲလေ။အိမ်တိုင်းဖယောင်းတိုင်ကိုယ်စီနဲ့ ညစာစားနိုင်တဲ့လူမျိုး၊ သီလကို တိုင်းခြားသား၊ ဘာသာခြားတွေထက် ထူးထူးကဲကဲ စောင့်ထိန်းနိုင်တဲ့လူမျိုးဖြစ်လာရင် ခင်ဗျားတို့ ကျုပ်တို့ အမျိုးဂုဏ်ဇာတိဂုဏ် မတက် ပေဘူးလားဗျာ။
(၃)
ကျုပ်ကိုယ်တိုင်လည်း ယိုးဒယားပြည်ဖူးခက်မြို့ကို ရောက်လာတော့ အမျိုးသားရေးဇာတိမာန်ကတော့ မညှိုးပန်းပမာ တမျိုးလန်းကာ နေလျက်ပါပဲဗျာ။ အမှန်တော့ ကျုပ်တိုင်းပြည်မှာကျုပ်နေလည်း မြေတူး၊ရေထမ်းစားရင်တောင် ထမင်း မငတ်ပါဘူးဗျ။
ဝတ်ရေး၊နေရေး၊လှူရေး၊တန်းရေးတွေ ဆက်စဉ်းစားရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ ဇာတိမာန်က အရေးကြီးပါတယ်လေ။ အမှန်တော့ ဖူးခက်ကို သာကီနွယ်တွေ အစုလိုက်အပြုံလိုက် ရောက်လာတာဟာ အရင်းစစ်ရင် ဒင်းတို့အပြစ်ပဲဗျ။ တဲလေး ကနေ သွပ်မိုးပျဉ်ကာလေးများဖြစ်မလားလို့ လောဘတက်မိကြတယ်ထင်ပါရဲ့။
အေးဗျာ၊ လူတွေကလည်း လူတွေပဲဗျ။ ကိုယ့်တိုင်းပြည်ထဲမှာ ထမင်းကြမ်းကို ကန်းဇွန်းရွက်ရေလုံပြုတ်နဲ့ လေလာရာ၊ဖင် ပေး၊အေးအေး၊စားနေနိုင်ကြပါရက်ကယ်နဲ့ ဒုက္ခရှာကြသကိုး။ပြည်တွင်းမှာ စားဝတ်နေရေးကြပ်တည်းလို့ အမျိုးကောင်း သမီးတွေ ကေတီဗီ ရောက်တာကို ခင်ဗျား ရေးကြီးခွင်ကျယ်လုပ်အုံးမယ်။ ရွာတည်ရင် အဝှာသည်ရှိရတယ်တဲ့ဗျ။ ဘုရားရှင် လက်ထက်မှာတောင် အမ္မပါလီဆိုလား ရှိခဲ့သေးတာပဲဗျာ။ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်စမ်းပါ။
ဘာဘဲဖြစ်ဖြစ်၊ဗမာ့ဂုဏ်ကိုအထင်အရှားမြင်နိုင်တာဟာ ဖူးခက်မြို့ဗျ။ တစ်မြို့လုံးလိုလို ခေတ်မီအဆောက်အဦးတွေ၊ လမ်းတံတားတွေနဲ့ ရှုမငြီးနေမဝ၊ နတ်ထီးနတ်နန်းထင်ရအောင် တည်ဆောက်ဖန်တီးပေးနေတဲ့သူတွေဟာ တစ်သိန်းကျော် လောက်ရှိတဲ့ ကျုပ်တို့ မဟာမြန်မာတွေပေါ့။ဘိုလိုပြောရရင် Builders of Phuket ဆိုပါတော့ဗျာ။ကဲ၊ဒါဟာ အမျိုးဂုဏ် တက်စရာ မဟုတ်ရင် ဘယ်အရာကို ဇာတိမာန်လို့ ခင်ဗျားပြောမတုန်းဗျ။
အော်၊ ခင်ဗျားက ထိုင်းနိုင်ငံသားအပါအဝင် ဘယ်နိုင်ငံခြားသားမှ နေဖို့စိတ်မကူးတဲ့ မဒမတိုင်ထူ၊သွပ်ပြားကာတဲ့ ယာယီ တဲစုပ်လေးတွေနဲ့နေရတာကို ထောက်ချင်တာလား။သေချာမှတ်ပေတော့ဗျာ။ တဲစုတ်တွေထဲကနေ ဘုံပြဿဒ်ကြီး တွေ ဆောက်လုပ်ပေးနိုင်တာကိုက ကျုပ်တို့လူမျိုးရဲ့ဂုဏ်။
(၄)
အမယ်၊ကျုပ်ရောက်ကာစကဆို ကျုပ်ကို ထိုင်းခွေးတစ်ကောင်ကတောင် ဇာတိမာန်နဲ့ပတ်သက်လို့ အကဲစမ်းဖူးသေးသဗျ။ ဒီလိုဗျ။ ကျုပ်က ထိုင်းကိုရောက်ကာစမှာ ထိုင်းစားစရာတွေ နံမည်တပ်ပြီးမခေါ်တတ်တာကြောင့် လွယ်လွယ်ရရာ လမ်းဘေးက ဆယ့်ငါးဘတ်တန် ကြက်ကြော်တစ်တုံးဝယ်စားမိပါလေရော ။
စားနေရင်းတန်းလန်း ဘေးဘီကိုကြည့်မိတော့ ၊ အံမယ်၊ ထိုင်းခွေးတစ်ကောင်က အစားတောင်းသလိုလို၊ ကျုပ်ကို အကဲခတ်သလိုလို ရစ်သီရစ်သီလာလုပ်နေသဗျ။ကျုပ်တို့ခင်ဗျားတို့လူမျိုးက အလှူရေစက်လက်နဲ့မကွာတဲ့ လူမျိုးမဟုတ် လား။ ကျုပ်လည်း ကြက်ရိုးမှာ ကပ်နေတဲ့ အသားတချို့ကို ကုန်အောင်ကိုက်ဖဲ့မနေတော့ပဲ မောင်မင်းကြီး သားခွေးဆီကို ပစ်ပေးလိုက်တာပေါ့။ဖြစ်ရပုံက ရွှေကိုယ်တော်ဟာ ကြက်ကြော်ရိုးကို နမ်းရုံတင်၊နမ်းကြည့်ပြီး မစားပဲချာကနဲ လှည့်ထွက် သွားပါလေရော။
စေတနာဟာ အကုသိုလ်ဖြစ်ရတယ်ဆိုတာ ဒါမျိုးဖြစ်မယ်ဗျ။ ဧကန္တ၊ဒီကောင်ကျုပ်ကို စောင့်ကြည့်နေခဲ့တာဟာ လမ်းဘေး က ကြက်ကြော်ကို အငမ်းမရစားနေတဲ့ ကျုပ်ကို ဘယ်လိုသတ္တဝါမျိုးပါလိမ့်ဆိုပြီး ကြည့်နေခဲ့တာလားဗျာ။ခင်ဗျားတို့ ဗမာခွေးသာ ဒီကြက်ကြော်အရိုးကိုစားမယ်၊ကျုပ်တို့လို ထိုင်းခွေးတွေက ဒါမျိုးမမက်ဘူးဗျလို့ ဆိုချင်ပုံလည်း ပေါက်နေ တယ်။
ကျုပ်ခဏငြိမ်ပြီး သေချာစဉ်းစားတယ်။ ဒီထိုင်းခွေးနဲ့ကျမှ ဇာတိမာန်ကို အထိခိုက်ခံလို့တော့မဖြစ်ချေဘူး။ကျုပ်မှာသာ ရှေးဘဝ၊နောက်ဘဝ သိမြင်နိုင်တဲ့ ဇာတိဿရဥာဏ်ရခဲ့ရင် ဒီခွေးနဲ့ကျုပ်ဟာ ဘယ်ဘဝတွေမှာဘယ်လိုများဆုံခဲ့ပါလိမ့် ဆိုတာ သိချင်စမ်းပါဘိ။
ယိုးဒယားနဲ့ဗမာဆိုတာ ဟိုရာဇဝင်စဉ်ဆက် ရန်ငြိုးရန်ဖက်အနေနဲ့ တိုက်ပွဲပေါင်းများစွာတိုက်ခဲ့ကြတယ်လို့ သမိုင်းမှာ ဖော်ပြထားလေတော့ ၊ဗုဒ္ဓအယူဝါဒအရ ဘဝများစွာသံသရာမှာ ဒီခွေးနဲ့ကျုပ် တစ်နေရာရာမှာ ဆုံခဲ့ဖူးမှာတော့ သေချာ တယ်။
ဖြစ်နိုင်ချေကတော့ ဒီခွေးနဲ့ကျုပ်ဟာ ယိုးဒယားမြန်မာတိုက်ပွဲဟောင်းတစ်ခုခုမှာ လူ့ဘဝ၊  လူရဲမက်တွေအဖြစ်နဲ့ ဆုံဖူးတယ် ထင်ပါရဲ့။အဲဒီတိုက်ပွဲမှာ ကျုပ်ကနိုင်တဲ့ဖက် သူကရှုံးတဲ့ဖက်ဖြစ်မယ်။ ဒါကို ဒီကောင်အခဲမကျေဖြစ်ပြီး အခုဘဝမှာပါ ကျုပ် ဇာတိမာန်ကို ထိပါးဖို့ ကြိုးစားတာဖြစ်မယ်ဗျ။
ဘယ်ရမလဲဗျာ။ သူ့နိုင်ငံကြီးဘယ်လောက်တိုးတက်တိုးတက် ၊ကျုပ်တို့ကို ကျွန်လာခံတာလို့ စကားနာထိုးချင်ထိုး၊ ဟော၊ မျက်မှောက်အခြေအနေမှာ သူကခွေး ကျုပ်ကလူ၊သေချာစာရင်းချုပ်ရင် ကျုပ်တို့သာကီမျိုးတွေက အထက်စည်းကပါပဲ လေ။
(၅)
ခွေးပြဿနာပြီးတော့ စာကလေးပြဿနာလာသေးတယ်ဗျ။ အဲဒီစာကလေးပြဿနာက ထိုင်းဆန်နဲ့ပတ်သက်တယ်။ ခင်ဗျားသိတယ်မဟုတ်လား၊ကမ္ဘာကျော်ထိပ်တန်းစပါးမျိုးစပ်နည်းကို ထိုင်းနိုင်ငံက ရှာဖွေတွေ့ရှိထားလေတော့ ထိုင်းဆန် တွေဟာ ကမ္ဘာ့ဈေးကွက်မှာ မျက်နှာပန်းပွင့်တယ်ဆိုပဲ။ထိုင်းဆန်ဟာ အနံ့ရော အရသာပါပြောစရာမရှိအောင် ကောင်းတာ လည်း အမှန်ပဲဗျာ။
ကျုပ်က ခြောက်တိခြောက်ချက် ဗမာဈေးဆိုင်လေးဖွင့်ထားတော့ ထိုင်းဆန်ကော ဗမာဆန်ပါ ရောတင်ထားရပေသပေါ့။ ဖူးခက်ရောက်မြန်မာတွေက ထိုင်းဆန်အချောဟာ လျှောကနဲ၊လျှောကနဲဝင်သွားလို့ စားမရဘူးဆိုပဲ။ ဆန်ကြမ်းလေးနဲ့ အဆင်ပြေတယ်ဆိုပြီး မျိုးချစ်စိတ်ငယ်ထိပ် တက်ကပ်နေကြတယ်ထင်ပါ့ဗျာ။
နေ့လည်ဖက်၊ဝယ်သူရှင်းချိန်ဆိုရင် ကျုပ်ဆိုင်ထဲကို စာကလေးတအုပ် ၊လူအလစ်ချောင်းပြီး ဆန်အိတ်ထဲက ဆန်တွေကို လာလာစားကြသဗျာ။ ကျုပ်လည်း စာကလေးတွေစားပါစေဆိုပြီး မမောင်းမနှင်ပဲ အသာကြည့်နေလိုက်တာ ၊ အမယ်မင်း ကိုယ်ရွှေစာကလေးတွေက ဗမာ့ဆန်ကို ဆန်လို့တောင် မှတ်ဟန်မတူဘူးဗျာ။ ထိုင်းဆန်အိတ်မှာသာ တရုန်းရုန်းနဲ့ ဖြစ်နေ ကြတာကလား။
ဒီမှာတင် ကျုပ်ရဲ့ အမျိုးသားရေးစိတ်ဓာတ်ဟာ ဟုန်းကနဲထလာပြန်ပါရောဗျာ။ဘယ်နှယ်၊နှံပြည်စုပ်ဦးနှောက်သာသာ ရှိတဲ့ ထိုင်းစာကလေးတွေက ဗမာ့ဆန်ကိုစော်ကားရတယ်လို့ပေါ့။ဒါနဲ့ သေချာငြိမ်ပြီး စဉ်းစားပြန်တော့ ဦးနှောက်ကျပ်မပြည့်တဲ့ ထိုင်းစာကလေးတွေဟာ ဓာတုဗေဒနည်းတွေနဲ့ စိုက်ပျိုးထုတ်လုပ်ထားတဲ့ ထိုင်းဆန်ကို အကောင်းမှတ်နေကြတာဗျ။ တကယ်တမ်းကျတော့ မီးရောင်ကို ရွှေတောင်မှတ်နေကြတာပဲဖြစ်မယ်။
နောက်တနည်းတွေးကြည့်ရင် ဒီစာကလေးတွေဟာ လွန်ခဲ့တဲ့ငါးနှစ်လောက်က ဗမာပြည်ကို ဝင်နှောင့်သွားတဲ့ နာဂစ်မုန် တိုင်းကြောင့် ဗမာပြည်ကနေ ရေကြည်ရာမျက်နုရာရှာရင်း ယိုးဒယားပြည်ဖက်ကို မျက်စိလည်လမ်းမှားပြီး ရောက်လာတဲ့ ဗမာစာကလေးတွေပဲဖြစ်ရမယ်။စာကလေးချင်းတူပေမဲ့ အရသာနဲ့အနံ့ကို ခွဲခြားနိုင်တဲ့ ဦးနှောက်ဥာဏ်ရည်မှာတော့ ထိုင်းစာကလေးတွေဟာ ဗမာစာကလေးတွေနဲ့ ဘယ်နည်းနဲ့မှ မသာနိုင်ဘူး။အဲသလို အတွေးဝင်မိပြန်တော့ ကျုပ်ရင်ထဲမှာ အပူလျော့သွားတယ်ဗျ။ မတူရင်မတုလေနဲ့ ၊လူလူချင်းမဆိုထားနဲ့ စာကလေးချင်းယှဉ်ရင်တောင် ကျုပ်တို့က ပထမနေရာ ကနေတပြားသားမှ မလျော့ဘူး၊ဒီမှာတင် ကျုပ်ရဲ့  အမျိုးဂုဏ်ဇာတိဂုဏ်ဟာ သပြေညိုရွှေဘိုပန်းလို လန်းလျက်ပါကို ဆိုပါတော့။
(၆)
ကျုပ်အကြောင်းချည်းပြောနေတော့ အမျိုးသားရေးစိတ်ဓာတ်နဲ့ ဇာတိမာန်မြင့်မားရေးကို ကျုပ်တစ်ယောက်တည်း ကြိုးပမ်း နေတယ်လို့ ခင်ဗျားထင်နေအုံးမယ်။မဟုတ်ဘူးဗျ။ ဖူးခက်ရောက်ထိုင်းနိုင်ရောက် အမျိုးကောင်းသား၊အမျိုးကောင်းသမီး မြန်မာတိုင်းရင်းသားတိုင်းလိုလို ကိုယ်တတ်နိုင်တဲ့ဖက်က ကြိုးပမ်းနေကြတာပါ။
ကြည့်လေ၊ ထိုင်းမတွေ အဖြူကောင်တွေနဲ့ စည်းမရှိကမ်းမရှိတွဲပြီး မိုးလင်းမိုးချုပ် ဘီယာတမြမြလုပ်နေတာကို ကျုပ်တို့ မွန်၊ ထားဝယ်၊ကရင်၊ဗမာမလေးတွေက အညံ့မခံပဲ တန်းတူလိုက်သောက်နိုင်ကြတယ်။ ယောက်ျားဆိုဟောတစ်ယောက် ၊ဟော တစ်ယောက် ပြောင်းယူနိုင်ကြတယ်။
အမျိုးကောင်းသားတွေလည်း မညံ့ပါဘူးဗျာ ။အာရှသာတူညီမျှရေးအထိမ်းအမှတ်အနေနဲ့ ဘိန်းစာရွက်ကနေ ဖန်တီးထား တဲ့ အာစီယံခေါ် ဘဝင်ငြိမ့်ဆေးကို ၉၅ရာခိုင်နှုန်းသော မြန်မာများက တာဝန်ယူသောက်သုံးရင်း ဇာတိသွေးပြလျက်ရှိ ပါသဗျ။ ဒါတင်ဘယ်ကအုံးမလဲ။ ထိုင်းအလုပ်ရှင်တွေက ဗမာအလုပ်သမ မြန်မာအမျိုးသမီးတွေကို ခြေတော်တင်ကြ၊ မုဒိန်း ကျင့်ကြတာတွေရှိသလို ၊အားကျမခံ ဖူးခက်မှာ တိုင်းရင်းသား အချင်းချင်းဖြစ်တဲ့ မုဒိန်းလူသတ်မှုတွေ ကြိုကြားကြိုကြား ရှိပါ့ဗျာ။
(၇)
အေးလေ၊ ကျုပ်ပြောခဲ့ပါပြီကော၊
သေချာစဉ်းစားကြည့်လေ၊ ဇာတိမာန်ဆိုတာလူမျိုးတစ်မျိုးအတွက် အရေးကြီးလေဆိုတာ။လူတစ်ဦးချင်းစီအတွက်တော့ ဇာတိ ပုညဂုဏ်မာနဆိုပါတော့ဗျာ ။
↧

ဆြာဒင်နှင့် သူ၏ဖေ့စ်ဘွတ်

$
0
0



                                                             ဆြာဒင်နှင့်သူ၏ဖေ့စ်ဘွတ်

                                                                     (မင်းဒင်)
(၁)
နန်းမြေရွှေဘုံ၊ ရိပ်မြုံကွာလှမ်းဝေးနေချိန်၌ အဆိုးထဲက အကောင်းဟုပင် မှတ်ယူရပေချိမ့်တော့မည်။ခေါင်းလောင်းသံ တညံ ညံပေးသော၊ ရွာကျောင်းကို ပြေးမြင်မိသည့်အခါ အမေနဲ့ရွာကို လွမ်းနေတတ်သော ကျွန်ုပ်သည် ကြီးကောင်ကြီးမ ကျခါမှ ဖေ့စ်ဘွတ်ခေါ်ဆွေသဟာစာမျက်နှာတွင် မိတ်ဆွေ နောက်လိုက် တပြုံတမကြီးနှင့် လူရာဝင်လျက်ရှိလေ၏။ ဆြာဒင်နှင့် ရောင်ပေစူးဘဝက ကျောင်းနေဖော်သူငယ်ချင်းတို့ကား ဖေ့စ်ဘွတ်ကို မဆိုထားဘိ၊ အီးမေးလ် လိပ်စာနှင့်ပင် အလှမ်းဝေး ကာ မီဒီယာခေတ်ကြီး၏ ဟိုးဝေးဝေးက နှင်းအဖြစ် ကျန်ရစ်လျက် အဆက်ပြတ်ခဲ့ကြကုန်၏။
သံဂွေလှိမ့်ဖော်၊ ကျောက်ဒိုးရိုက်ဖက်၊ လည်ပင်းဖက်ဖော်တို့နှင့် အိုဗာဆီးပြောချိန်များ၌ ဖုန်းခခြွေတာရန်၊ စိတ်ကြိုက် အလွမ်းသယ်နိုင်ရန်၊ဂျီတော့တွင် ချပ်တင်ထိုင်ရန်၊ငယ်ကျိုးငယ်နာတို့ကို စမြုံ့ပြန်ရန်အလို့ငှာ ဂျီမေးလိပ်စာ တောင်းမိ လေတိုင်း“အေးကွာ၊ရှိတော့ရှိတယ်။အခုအလောသုံးဆယ်မို့မေ့နေတယ်” ဟူ၍လည်းကောင်း၊ “အဲဒီလိပ်စာနေပြည်တော်မှာ ကျန်ခဲ့တယ်” ဟူ၍တဖုံ၊ “ငါ့သားငါ့သမီးကတော့ လုပ်ပေးထားကြသားကွ၊မသုံးတာကြာတော့ သိပ်မကျွမ်းလှဘူး” ဟူ၍ တမျိုး စကားပရိယာယ်  အသွယ်သွယ်ဖြင့် ဂျက်စီဂျိန်းကြဖန်များသော် ဒင်းတို့ကား ခေတ်ကို မျက်ခြေပြတ်ခဲ့ကြချေပြီ တကား ဟူ၍ ကြီးစွာသော မဟာဂရုဏာဖြင့်သနားစိတ်ပင် ဝင်မိလေသည်။(ဤကားစကားချပ်)
(၂)
ခေတ်တည်းဟူသော မိတ်ဆွေနှင့် လက်ပွန်းတတည်းနေလိုလှသော ဆြာဒင်သည် ဟိုနှိပ်သည်နှိပ်ဘဝနှင့်ပင် အီးမေးလ်ဟူ သောအရာနှင့် အကျွမ်းဝင်ခဲ့သည်။ထိုမှတဖန် ဘလော့တကာ၏ စီဘောက်တို့တွင် လက်ဆော့ရေးသားနေခြင်းအား တူမ တော်တစ်ဦးက မျက်စိနောက်လေဟန်ထင့်။ “အန်ကယ်၊ ဒီလောက်တောင်၊လက်အားနေလျှင် ထင်တိုင်းကြဲပေတော့” ဟုဆိုကာ မေတ္တာအဟုန်ဖြင့် ဘလော့ဂ်စပေါ့ဒေါ့ကွန်းတစ်ခုကို  ဖန်တီးပေးသနားပြန်ရာ ရေငတ်နေစဉ်၊ ပါးစပ်ထဲသို့ မီးသတ်ပိုက်နှင့်  ထိုးပက်သကဲ့သို့ဖြစ်လျက် ဘလော့ဂါဖြစ်ရပြန်လေ၏။ထိုမှတဆင့်တက်ခါဖေ့စ်ဘွတ်တည်းဟူသော ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်နိုင်သည့် စာမျက်နှာတစ်ခုကို ပိုင်စိုးတော်မူခဲ့ပြန်လေသတည်း။
ဖေ့စ်ဘွတ်ဟူသောအရာနှင့် လက်မွန်မဆွ ပက်ပင်းတိုးစတွင်မူ ကျွန်ုပ်သည် ချစ်ဦးသူနှင့် ပထမဆုံး အချိန်းအချက်ပြုသော နေ့ရက်၌ ရှက်ကိုးရှက်ကန်း အိုးတို့အမ်းတန်း ဖြစ်လေသော လူပျိုပေါက်ကဲ့သို့လည်းကောင်း၊ ဟားဗတ်တက္ကသိုလ် ကျောင်းတော်သားငါးဦး တီထွင်ဖန်တီးအပ်သော သိင်္ဂီရွှေခွက်နှင့်တူလှစွာသည့် ဖေ့စ်ဘွတ်သည် “ငါလိုငပါမွှားအမဲရိုးနှင့် လားလားမျှမသက်ဆိုင်ရာ” ဟူသော အတွေးကြောင့်လည်းကောင်း၊မထိရဲ မကိုင်ရက် ဝေးဝေးကသာ လွမ်းခဲ့ရပါ၏။ သို့တပြီးကား ဖေ့စ်ဘွတ်၏ မျက်နှာငွေလ ရွှင်ပျပျကို  လျှောက်ပြန်သံပေး ခြေအေးဝမ်းယောင်လုပ်ရာမှ မုဆိုးစိုင်သင် ဟူသော ဆိုရိုးနှင့်အညီ ဆြာဒင်သည် ရှိရှိသမျှ သတ္တိကိုမွေးလျက် နွားမဒန်း၏နို့ကို ညှစ်သကဲ့သို့ လုံ့လပြုပြီးသကာလ ခြောက်လမျှအကြာ၊ ဖေ့စ်ဘွတ်၏ နံရံတွင် “မင်္ဂလာပါခင်ဗျာ” ဟူသော မဟာဥဒါန်းကို ကျူးရင့်၊ ရေးတင်ပြီးချိန်၌ ဖေ့စ်ဘွတ်နှင့်ကျွန်ုပ် ရင်းချာမိတ်ဖက်ဖြစ်ကြလေကုန်၏။
မိုးမမြင်လေမမြင် ပျော်မဆုံးဖြစ်ရသော အချိန်များပါတကား။ ဖေ့စ်ဘွတ်သည် ကမ္ဘာကြီး၏ အသက်ရှူသံတည်း။ ဖေ့စ်ဘွတ် သည် မိတ္တဗလကွက်လပ်ကို ဖြည့်ဆည်းနိုင်သည့်အရာတည်း။ဖေ့စ်ဘွတ်ကား ရသာစုံသည့် ဟင်းလျာပေတည်း။ ဖေ့စ်ဘွတ်ကား လောကကြီး၏ မျက်စိ၊နားပင်တည်း။ဖေ့စ်ဘွတ်ကား ငြီးငွေ့ဖွယ်ဘဝများအတွက် အကောင်းဆုံး ပျော်တော်ဆက်တည်း။ ဗဟုသုတဟင်းလေးအိုးကြီးပင်တည်း။ဘဝဆုံးတိုင် ရွှေလက်တွဲအပ်သော ကြင်ဖော်ပါတကား ဟူသော အတွေးမျိုးစုံဖြင့် ပျားရည်ဆမ်းနေ့ရက်များကို ကြည်နူးစွာ ဖြတ်သန်းခဲ့မိချေသည်တမုံ့။
(၃)
ယင်းသို့သောအချိန်၏ တစ်ခုသောနေ့ရက်တွင်မူ ဖေ့စ်ဘွတ်စာမျက်နှာ၌ နာမည်ကျော်အဆိုတော်ရုပ်ရှင် မင်းသမီးတစ်ဦး ရုတ်တရက် ကွယ်လွန်ဟူသော ဖော်ပြချက်တစ်ခုကို ဖတ်ရလေရာ ဆြာဒင့်ခမျာ ဝမ်းအနည်းကြီးနည်းလျက် အကြွေစောရ လေခြင်းဟု နှမြောတသဖြစ်ရုံမျှမက၊ သူ တခေတ်ဆန်းစေခဲ့သော နားပန်းဆံသီချင်းကို နားတွင် ပြန်လည်ကြားယောင် သလိုပင် ဖြစ်ချေ၏။သို့မျှမက အဆိုပါ ဝမ်းနည်းဖွယ်သတင်းကို ဝေးရပ်နီးနေ မိတ်ဆွေအများသို့လည်း ထပ်တူဝမ်းနည်း တသနိုင်ကြစေရန်အလို့ငှာ ဖုန်းဖြင့်တစ်မျိုး၊မေးလ်ဖြင့်တစ်သွယ် လက်လှမ်းမီသမျှ ဖြန့်ဖြူးဝေမျှမိသည်၏ မရှေးမနှောင်း တွင်ပင် အဆိုပါ မင်းသမီးကိုယ်တိုင် ဖေ့စ်ဘွတ်ပေါ်တွင်ကိုယ်ထင်ပြလျက် ဒေါင်ဒေါင်မြည်ကျန်းမာလျက်ရှိကြောင်း ရုတ်ခြည်း ဖြေရှင်းလေရာ ဆြာဒင်ခမျာ ဝမ်းသာရမည့်အစား ကျွံမိသည့်သတင်းစကားကို အချိန်မီဆက်သွယ်၊ ပြင်ဆင် ပယ်ဖျက်ရလေသဖြင့် ကြီးကောင့်ကြီးမားကျခါမှ နှုတ်သရမ်းသူ စာရင်းဝင်ရလေတော့သည်။
ထို့သို့ဖြေရှင်းရသည်ကား တစ်ကြိမ်တည်းမဟုတ်၊တစ်ခါတည်းမဟုတ်ချေ။ ဖေ့စ်ဘွတ်တွင်ဖတ်မိသမျှ သတင်းထူး သတင်းဦးမှန်သမျှ လိုက်ဖြန့်မိသော ကျွန်ုပ်မှာ လွဲဖန်များလတ်သော် အိမ်သူသက်ထားကပင် “ ဒင်းစိတ်ချမ်းသာရင် ကမ္ဘာကြီးငြိမ်းချမ်းပြီ”ဟူသော မျက်နှာပေးဖြင့် အရူးစာရင်းသွင်းလေ၏။
 တစ်ခုသော ဗီဒီယိုဖိုင်တစ်ခုတွင်မူ “ကျမပြောတာ နည်းနည်းရိုင်းမယ်နော်၊ မခံနိုင်ရင် အခုပိတ်လိုက်ပါ” ဟူသော သတိပေးစကားကို မသိကျိုးကျင်ပြုကာ ဆက်ဖွင့်မိသည်၏ တခဏ၌ ဣတ္ထိယတို့၏ အဂါင်္ကြီးငယ်တို့နှင့်ခိုင်းနှိုင်းတင်စား လျက် ပြောဆိုရွေရွတ်သံကို နားထင်နားရင်းပူအောင် နားဆင်ပြီးသကာလ ငါ့နှယ်၊သူတားပါလျက် ဖွင့်မိလေခြင်းဟူသည့် နောင်တများစွာဖြင့် ပူပန်ခဲ့ရပြန်ချေသည်။
ထိုနောက်တဖန် အောက်စဖို့ဒ်ကျောင်းထွက်၊ရုပ်ရည်သနားကမားနှင့် လူငယ်ပညာတတ်တစ်ဦး၏ ဗီဒီယိုဖိုင်တို့ကို ကြည့် မိပြန်ရာ သူသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကိုလည်း အတင်းတုတ်၏။ရှစ်လေးလုံးမျိုးဆက်၏ မျိုးဆက်ကိုလည်း အမနာပစကားဆို၏။ သူကား တခါတရံ မျက်နှာဖုံးကြီးစွပ်လျက် ပေါ်လာတတ်ပြန်သေး၏။မြန်မာယောက်ျားမှန်သမျှ သောက်တင်းချသည်ဟူသော အတွေးအမြင်ကို နိုင်ငံတကာသို့ ဖြန့်ချိနေသည်နှင့် တူတော့သည်။
(၄)
စိတ်ညစ်ညူးဖွယ်၊ ဖေ့စ်ဘွတ်ပုံပြင်တို့ကို အပြည့်အစုံဖော်ပြရလျှင် ညပေါင်းတစ်သောင်းတစ်ထောင်တိုင်နိုင်လေသည်။ အချို့ကား ဖေ့စ်ဘွတ်စွဲရောဂါရကာ အိပ်ကောင်းခြင်းမအိပ်နိုင်၊စားကောင်းခြင်းမစားနိုင်ကြတော့။မကျေနပ်သူကို တရေးနိုး မှာ ထဆဲနေသူလည်းရှိ၏။မုန့်ဟင်းခါး၊ပဲပြုပ်ဆီဆမ်း၊ဂျင်းသုတ်၊ လက်ဖက်သုပ်နှင့်မုန့်ဗိုင်းဒေါင့်တို့ကို ရိုက်ကူးတင်ပြသူ လည်း မရှား။ တစောင်းစေးနှင့် မျက်ချေးဘဝဖြင့်၊ အမြဲလိုလိုနပမ်းဖက်သတ်လေ့ရှိသော လင်စုံမယားဖက်တို့၏ ရွှင်ပြုံး သော မျက်နှာတော်တို့သည်လည်း ဒွိယံဒွိယံ၊ရံခါပေါ်လာတတ်ပြန်၏။
ထိုမျှမက ထီးပဲဟေ့ ထီးပဲ ၊အားလုံးကို ထီးပဲ ဟူသော အမျိုးသားပိုင်ဥစ္စာကို ဖောဖောသီသီကြော်ငြာသည့် စကားသံတို့ လည်း ဖေ့စ်ဘွတ်တွင် မိုးမွှန်၏။သောက်ကောင်တွေ၊သောက်ကောင်မတွေဟူသည့် သောက်ချင်းထပ်သည့် သောက် စတေးတပ်တို့သည်လည်း ဝေါ်လ်တကာတွင် နှံ့၏။တောင်းရမ်းလက်ထပ်ခြင်းကို ငြင်းသည့်အတွက် ငယ်ပါကိုအညှစ်ခံရသူ သည်လည်း သေခါမှ ဖေ့စ်ဘွတ်စတားဖြစ်ရရှာ၏။ကွယ်လွန်အနိစ္စရောက်သည့် စတေးတပ်ကို တပြုံတမကြီး နှစ်သက် ကြောင်း ဆန္ဒပြုကြ၏။
ကြေကွဲဝမ်းနည်းဖွယ်မလေးရှားဖြစ်ရပ်တွင်ပင် လူထုခေါင်းဆောင်၏အမည်ကို အလွဲသုံးကာ ခေတ်မီလေယာဉ်ပျံကြီးနှင့် သဘောင်္ကြီးတို့ကို ကွာလာလမ်ပူဆိပ်ကမ်းသို့ စိတ်ကူးဖြင့်စေလွှတ်ကြ၏။ဖေ့စ်ဘွတ်သတင်းကို ဖတ်ရှုချင့်ချိန်မိသော ဒုဝန်ကြီးခင်မျာ၊ မေတ္တာအပို့ခံရ၏။ရန်ကင်းစင်တာနားက ခေတ်မီ(office tower)သည်လည်း  ဘာသာရေး ဆောက်အဦဟု အဖွခံရကာ တာဝန်ခံအင်ဂျင်နီယာခမျာ၊ ဘုရားဒကာကျောင်းဒကာ သူ့အလုပ်ရှင်၊ဘယ်တုန်းက ဘာသာ ပြောင်းသွား ပါလိမ့်ဟု နဝေတိမ်တောင်ဖြစ်ရရှာသည်။ဘုရားစူးမိုးကြိုးပစ်ကျိန်ဆိုတင်ပြနေကြသော အမှန်တို့၊ ရှိသည်လည်း မှန်ပါ၏။ နားလည်ခွင့်လွှတ်၊ လက်ခံနိုင်သော အကြောင်းအရာ နည်းလွန်းလှစွာ၏။ အယုတ္တအနတ္တများလှတော့သည်။
ဘယ်ဟာအမှန်၊ ဘယ်ဟာအမှား ပါရမီ့ရှင်အရင့်အမာများပင် ခွဲခြားရန် ခက်ခဲလှပေရာ အနုံညာတ၊မောင်မောင်ဒင်မှာ သေ ချင်စော်နံ လေသတည်း။
ဖေ့စ်ဘွတ်ကားအိမ်သာနံရံနှင့်တူလေစွ။ မိမိမုန်းတီးသူကို ဖဲ့ရာနေရာတည်း။ ဆန့်ကျင်ဖက်အဖွဲ့အစည်း၏ အရှက်သိက္ခာ ကျရာကျကြောင်း  ဖွရာနေရာတည်း။စိတ်၏ထွက်ပေါက်ကို အဆင်ခြင်မဲ့ဖွင့်အံကြရာနေရာတည်း။ လူဟော့သရမ်းလူ့ ပေါက်ပန်းတို့ ပျော်မွေ့ရာ နေရာတည်း။သူရူးတို့၏နယ်မြေတည်း။မြန်မာစာရေးထုံးကို စံနစ်တကျ ဖျက်ဆီးနေသည့် တရားခံ နံပါတ်တစ်တည်း။
(၆)
ဖေ့စ်ဘွတ်ဟုခေါ်ဝေါ်သမှုပြုကြသည့်  လူမှုကွန်ယက်နက်ဝပ်ကို ဖေ့စ်ဘွတ်တ်ကုမ္ပဏီမှ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတွင်  အင်တာနက်ပေါ်သို့ စတင်လွှင့်တင်ခဲ့သည်ဟုဆိုပါ၏။ အစကနဦး တည်ထောင်ခဲ့သူမှာ Mark Zuckerbergဖြစ်ပြီး ဟားဗတ်တက္ကသိုလ်တွင်ရှိသော သူ၏အတန်းဖော် သူငယ်ချင်းလေးယောက် (Eduardo Saverin, Andrew McCollum, Dustin Moskovitz and Chris Hughes )တို့ ပါဝင်အင်အားဖြည့်လျက် တည်ထောင်ခဲ့ကြသည်ဟု ဆိုပါ၏။ ဖေ့စ် ဘွတ်တ်အသင်းဝင်အဖြစ် ဟားဗတ်တက္ကသိုလ်ရှိ ကျောင်းသူ ကျောင်းသားများသာ ၀င်ရောက်ခွင့်ရှိကြောင်း တည်ထောင် ခဲ့သူများက  ကန့်သတ်ခဲ့ကြသော်ငြား ၊၂၀၀၆ ခုနှစ်၊စက်တင်ဘာလခန့်က စတင်ပြီး တဖြည်းဖြည်း၊ ဘော်စတွန်နယ် တစ်ခွင်မှသည် အမေရိကန်ပြည်ထောင်စုနှင့်  ကနေဒါ တစ်ဝိုက်ရှိ၊ တက္ကသိုလ်များဆီသို့ ကူးစက်လာခဲ့ကြောင်း သိရပြန် ပါ၏။
ထိုသို့လျှင် အလုပ်မရှိအလုပ်ရှာ၊ လက်ဆော့ခြေဆော့ကာ ပြဲပြဲစင်သောကမ္ဘာတခွင်မှ လူအများကို မချိအချက်တွေနှင့် အမှု ရတက်ပွေစေသည့် အဆိုပါလူငယ်ငါးဦးနှင့်ကျွန်ုပ်၊ အကယ်၍သာ ဖူးခက်တစ်နေရာတွင် ဆုံမိသည်ဆိုငြားအံ့၊ သင်းတို့၏ နားရင်းကို ဖြောင်ဖြောင်မည်အောင် ခပ်ပြင်းပြင်းရိုက်ချင်လှ၏။ထိုတွင်မက ဖေ့စ်ဘွတ်အပေါ်ထားမိသည့် ကျွန်ုပ်၏ သံယောဇဉ်ကို နွယ်တမျှင်မြက်တစ်ပင်လို ဖြတ်နိုင်သူဖြစ်ပါစေကြောင်း ၊ နှုန်းတုမမြင် သုံးလူ့ရှင်ထံပါး၌ ယှက်နွယ် ဖယောင်းနှယ်၊ ခက်သွယ်ပြောင်းသည့်၊ လက်ဆယ်ချောင်းဖြင့် ဦးထိပ်မိုးကာ ရှစ်ခိုးဆုတောင်း လိုလှ၏။
…………………………..

↧
↧

မျက်ဝန်းထဲမှာ မိုးရွာပြီ ဒင်

$
0
0


“မျက်ဝန်းထဲမှာ မိုးရွာပြီ ဒင်”
(မင်းဒင်)
လွမ်းတာချင်းတူရင် “ဒင်ဒင်”တို့ အရှုံးပေးလိုက်မယ် ဟူ၍သာ ကျွန်ုပ် ဥဒါန်းကျူးရင့် ရပေခြိမ့်တော့မည်။ လွမ်းသူတကာ တို့၏ ထိပ်ဖြစ်သော နတ်သျှင်နောင်၊ ပြည်နဝဒေးတို့မှအစ ကိုတင်လှိုင်၊ ကိုသန်းလှိုင်နှင့်တကွ အလွမ်းသီချင်းရေးသော မောင်ကျော်ဇော တို့ပင် ကျွန်ုပ်၏အလွမ်းကို မီအောင်စာဖွဲ့ သီကျူးနိုင်လေမည် မထင်ချေ။ ကြားမြင်တွေးသမျှ အလွမ်းတို့ သာတည်း။ နေရာတကာ အလွမ်းတို့ချည်းပါတကား။ လွမ်းလို့ရယ် ဘယ်မကုန် ဝသုန်ဤမြေ အသိသက်သေ တင်သည့် တိုင် ဘယ်ပန်းချီရေးမမီနိုင်လေ။
……………………
နံနက်စောစော အိမ့်အနောက်ဖက်တောအုပ်ငယ်ဆီမှ ငှက်မြည်သံတချို့သည် ညကကျွန်ုပ်မက်ခဲ့သောအလွမ်း အိပ်မက်ကို ကိုးရီးယားဇာတ်လမ်းတွဲကဲ့သို့ အခန်းဆက်ဖြစ်စေလေ၏။ ဘာဏုရာဇာနေမင်းကြီးကား ရောင်ခြည်တထောင် အလင်း ဆောင်လျက် အရှေ့ဗြုဗ္ဗာမှ ထွက်ပြူလာနေလင့်ကစား ကျနော့်စိတ် အစဉ်သည် ညက အိပ်မက်ထဲတွင် ရောက်ရှိနေ ခဲ့သော မွေးရပ်မြေတွင် မြူးတူးခုန်ပေါက် နေဆဲပင်။ ကျွန်ုပ်၏ အလွမ်းကား ကြီးကောင့်ကြီးမားကျမှ ပေါက်သော အလွမ်း ဝက်သက်မဟုတ်၊ တောင်တောင် အီအီ အလွမ်းမဟုတ်၊ မွေးရပ်မြေ အလွမ်း ဖြစ်သတည်း။ ဆီဆုံနံ့ကို လွမ်းသလိုလို၊ ထန်းတောထဲက ထန်းတဲမှာထွက်ပေါ်သည့် ထန်းရွက်ခြောက်နံ့ကို သတိရသလိုလို၊ နောက်ချေးပုံနံ့ကို တမ်းတသလိုလို။ ထိုမှသည် ရန်ကုန်အလွမ်း၊ ဝက်သားဒုတ်ထိုး အလွမ်း၊ ဟိုအလွမ်း ဒီအလွမ်း၊ အလွမ်း သောင်းခြောက်ထောင်မက အလွမ်းကုဋေကုဋာဟု ဆိုရမယောင်တ ကား။
ခပ်ဝေးဝေးက သဲ့သဲ့ကြားရသော ထိုင်းရိုးရာသီချင်းသံသည် ကျွန်ုပ်၏နားဝယ် စွဲမိစွဲရာ ထွက်ပေါ်လာသည်ကား .. မယ်တို့ရွာသာစခန်း အလည်လာစမ်းပါကွယ်၊ မြရောင်ခြယ် လယ်ကွင်းနဲ့ ကန်သင်ရိုးတလျှောက်မယ် .. ။ ပင်ထနောင်းနဲ့ ဇီးပင်တွေရယ် မကျည်း၊ ဝါးပင်ပေါပါတယ်ဗျာ…. ဟူလို။
ကျွန်ုပ်ကား တိုင်းခြားပြည်ရွာတွင် အခြေချရန် စဉ်းငယ်မျှ အိပ်မက်တွင်ပင် မရှိခဲ့လင့်ကစား ပစ္စက္ခအချိန်တွင် ဖူးခက်မည်သော ဤသောင် ဤကမ်း၌ ရေတွင်မျောသော ကမ်းတင်ဗေဒါ၊ သောင်ပြင်လွတ်သည့် ဟသာင်္ဖြစ်မှန်း မသိ ဖြစ်နေခဲ့လေသည်မှာ ကာလအားဖြင့် ရာသီစက်ဝန်း ခုနှစ်နှစ်ပင် စွန်းပေရော့မည်။တကိုယ်ထီးတည်းဖြစ်သော ကျွန်ုပ်၏ နိစ္စဓူဝ၊ ကျင်လည်လှုပ်ရှားမှုမှာ ပြစ်ဒဏ်ကျ အကျဉ်းသားနှင့် တူလှလေ၏။ ထူးခြားသည်ကား အကျဉ်းကျစေသည့် အမိန့်ကို ချသူမှာလည်း ကျွန်ုပ်ကိုယ်တိုင်ပင် ဖြစ်နေလေ၏။ မိုးသောက် လျှင်အိပ်ယာထမည်။ ဘာမှ ဟုတ်တိပတ်တိ မချက်ပြုတ်တတ်သော၊ ဟင်းနုနွယ်နှင့် မုန်ညင်းရွက်ကို ရံဖန်ရံခါ မှားတတ်သော တပည့်ကျော် ကျော်ဝင်းဌေး၏ လက်ရာကို စားမည်။ ပြီးလျှင် အချုပ်ခန်းနှင့် မယိုးရင်းစွဲ တူလှစွာသော အခန်းငယ်ထဲသို့ မည်သည့် ထောင်ပိုင် ထောင်ကြပ် ထောင်ဝါဒါကမျှ အတင်းအဓမ္မ မသွင်းရပါဘဲ ကိုယ့်သဘောနှင့်ကိုယ် ပြန်ဝင်ကာ ကိုးရီးယားကား ဇာတ်လမ်းတွဲများ ကြည့်မည်။ ကျွန်ုပ်ကား အွန်စော၊ ဂျွန်စောနှင့် ကင်ဆိုယို တို့သာမက ဂျာမြောင် မင်းသမီးလေးနှင့်လည်း မျက်မှန်းတန်းမိပြီ။ ကိုးရီးယား နတ်ဝင်သည်တို့နှင့် လည်း ရင်းနှီးခဲ့ပြီ။ အနှိုင်းမဲ့သစ္စာရှင်၊ ရာဇဝင်ထဲက သူရဲကောင်းကြီး လီဆွန်ရှင်းနှင့် သွေးသောက် ဖြစ်ရုံမက မြောင်နိုင်ငံ၊ ဂျိုဆွန်း၊ ဂျောင်းလား၊ ဖျောင်ယန်း၊ ဂယောင်ဆန်း၊ ဂုံယန်း စသည့် နယ်မြေဒေသတို့ကို အကျွမ်းတဝင် ရှိခဲ့ပြီ။ ထိုထိုသော ပြုမြဲအလုပ်တို့ဖြင့်သာ သည်နွေမိုးဆောင်း ပြောင်းခဲ့ပြန်ချေသည် တမုံ့။
သုံးလောကထွဋ်ထား မြတ်ဘုရားသော်မှ မွေးရပ်ဇာတိ ကပ္ပိလဝတ်သို့ ပြန်ကြွဖူးလေကြောင်း နိပါတ်တော်တွင် လာလေရကား ကျွန်ုပ်လို ငပါမွှား လူ့အန္ဓအဖို့ မွေးရပ်မြေကို သတိရခြင်းမှာ ဆန်းလှသည်တော့ မဟုတ်ချေ။ လွမ်းဖော် လွမ်းဖက်တို့လည်း အနမတက္ကပင်၊ တက္ကဆပ်ပြည်နယ်ရောက်၊ တောင်ငူချက်မြှုပ် ရန်ကုန် စက္ကောမ ကျောင်းဆင်းကလေး မောင်ဝင်းခိုင်ကား ငွေထက် အဓိကကျတာတွေ အများကြီးရှိပါသေးကလား။ ကိုယ့်အမိအဖ၊ ကိုယ့်မွေးရပ်မြေနဲ့ ခွဲခွာရသည်မှာ ဧရာမ ဝဋ်ဆင်းရဲ၊ အကြီးစား ငရဲပါတကားဟု သံဝေဂစကား ဆိုပါ၏။ ဗိုက်ကင်းတို့မြေ၊ နော်ဝေရောက် ကိုခင်ဦးကမူ ထောင်ထဲနေရတာကမှ ခြူးတံဆိပ် နွားတံဆိပ် ဆေးပေါ့လိပ်ကလေး ကမ်းရင် နင်းပေး နှိပ်ပေးမဲ့သူနဲ့ဗျာ။ ဒီက ယဉ်ကျေးမှုတွေကို သိပ်စိတ်ကုန်တယ်။ ထောင်ထဲ ပြန်ဝင်နေ ရတာကမှ ကောင်းသေးဟူ၍ ထောင်မကြောက် တန်းမကြောက် ဆို့နင့်နင့် ကြွေးကြော်လေ၏။အဖြစ်သည်းနေသော ကျွန်ုပ်ကို မြင်ပြင်းကပ်လှစွာဖြင့် သဟာလောက် လွမ်းနေလျှင်ဖြင့် ခဲတပစ်၊ ဒုတ်တထောက် ရှိသမင့်ဟာ ပြန်လိုက်ပါတော့လား စကားအလွယ် ဆိုကြပေမည်။ သို့တမူလည်း ဥာဏ်တည်းဟူသော မျက်စိထဲတွင် အုတ်နံရံနှင့် သံတိုင်တို့သာ မြင်နေလေရာ လွမ်းသူတို့ လျှောက်သော လမ်းကလေး မဟုတ်ပြန်ချေ။
……………………
အလွမ်းနာသည် ဤရက်ပိုင်းတွင် ပို၍ သည်းလာသည် ထင်ရ၏။ လွမ်းလှချေပြီ။ အဖော်ဆွေမွန် ရှိမှတော်ချေရော့မည်။ ရန်ကုန်မြို့နေဇနီးသည် ခင်အိမ်စည်ကို ခေါ်လေမှ။ သူကား အကျွန်ုပ်၏ အနီးကပ်ဆုံး မိတ်ဆွေမဟုတ်တုံလော။ ခင်အိမ်စည်ကား ကျွန်ုပ်ရှိရာသို့ လုံးလုံးလျားလျား မလာမရောက်သည်တော့ မဟုတ်၊ တရေးချစ်ခွင့် ကြင်ရနိုး၊ လာသည်ဆိုရုံ တနှစ်လျှင် သုံးလတကြိမ် တခေါက်တကျင်းတော့ လာတတ်ပေသည်။ တခေါက်တခါ အရောက်လာသည့် ကိစ္စမှာလည်း ဗီဇာရရေးအတွက် ဖိတ်စာခေါ်စာ၊ ဘဏ်စာရင်း၊ သန်းခေါင်စာရင်း၊ လက်ထပ်စာချုပ်သာမက မွေးစာရင်း ရက်ချုပ်ဇာတာပါ ပြရသော ဒုက္ခက မသေးလှချေ။ မည်သို့ဆိုစေ ဒီတောင်ကို မောင် ကျော်မယ် မြင့်မိုရ်မို့လား။
ခေါ်ဆိုခ အဖိုးစား နားကြီးမြင့်သော်ငြား ကျွန်ုပ် မမှုအားပြီ။ အိုဗာဆီးလ် ကောကို စောလျင်စွာနှိပ်လျက် လွန်စွာ ချိုသာလှသော အသံဖြင့် ….
“ဟယ်လို၊ ခင်အိမ်စည်ငဲ့၊ အိမ်စည် ခပါခလှည့်၊ ကျွန်ုပ် ပျင်းလှပေပြီ၊ ခွဲခွာခြင်းဟူသည် ကိုယ်တို့နှစ်ဦးအတွက် ဘယ်သောအခါမှ မမျှော်လင့်ခဲ့သော ဝေါဟာရပါကွယ်”
သို့တစေ ခင်အိမ်စည့်အသံကား အကဲဆတ်လွန်းလှချေ၏။
“အံမယ်၊ စွတ်ကနဲ စွတ်ကနဲ လာဖို့ခေါ်နေရအောင် ရှင့်ကိုယ်ရှင် နိုင်ယုတ် (ဝန်ကြီးချုပ်) အောက်မေ့နေသလား”
ခင်အိမ်စည်ကား စ စချင်း ဆောက်ကော လွန်ပူနဲ့ပါ ထွင်းချေပြီကော။
“ဟုတ်သေးဘူးလကွယ်၊ ညည်းပြန်တာ ခြောက်လကျော် ကြာကမင့်ပြီပဲ”
“တော်ခေါ်တိုင်း လာလို့ မရဘူးရှင့်၊ သံရုံးက ဗီဇာပေးမှ လာလို့ရတာ သိသိကြီးနဲ့”
ရော။ ခက်ကပြီ။ နည်းလမ်းရှာလေမှ ။
“အနို့၊ မင့်အာယုက ငါးဆယ် မပြည့်သေးဘူးလား၊ ငါးဆယ်စွန်းလျှင်ဖြင့် ပင်စင်ဗီဇာ ရနိုင်မည် မဟုတ်တုံလော”
“ရှင်စိတ်မှ မှန်သေးရဲ့လား၊ ကျုပ်အသက်က ငါးဆယ်ပြည့်ဖို့ အဝေးကြီးလိုသေးတယ်။ အရေးထဲ ဘာတွေ လာပြောနေမှန်းမသိဘူး”
ဤတွင်မှ နှဲကြီး တက်နင်းမိသည့် ကိန်းကြုံကာ၊ ထင်သာထင် မဝင်ဘူး ကျောင်းအမရေ ဆိုရပေတော့မည်။ ဆိုး ချေပြီတည့်။ ဣတ္ထိယတို့ လျှို့ဝှက်အပ်သော အာယုအကြောင်း ထည့်ပြောမိသည်ကိုး၊ ဒါသည်ပင် ဒင့် အမှား ဖြစ်ချေသည်။ ချစ်၍ ချစ်ကာ လာသည်မှကွယ်၊ နှမလက်လျော့ နေလေတော့။
……………………
ကျွန်ုပ်ကား ဘုတ်အုပ် ဖတ်ချင်စိတ်လည်း မရှိ။ အင်တာနက် တက်ချင်ဆင်းချင် စိတ်လည်း မရှိရကား အလွမ်းပြေ စေခြင်းငှာ တမျိုးတဖုံ ကြံစည်မိပြန်လေသည်။ မဲဆောက်နှင့် မွေးရပ်မြေကား ခဲပစ်သာ ကွာလေသောကြောင့် မဲဆောက်မှ မိတ်ဆွေတွေကို အလွမ်းပြေ ဖုန်းဆက်ပေအံ့။ ဦးစွာ သတိရမိသူကား မဲဆောက်တော်လှန်ရေးနယ်မြေ၏ သားကောင်းဇာနည် ကိုရင် ကျော်ထက်တည်း။
“ဟိုင်း၊ ကိုရင်ထက်၊ မာပါ၏လော၊ မိတ်လာ(မိတ္ထီလာ)က အရီးလေးတို့နဲ့ အဆက်ရသေးလား၊ ကိုရင်တို့ အရပ်မိုးလေကော မှန်ပါစ”
“ဟား၊ မောင်ပဉ္ဖင်း၊ကောင်းဗျား၊ အနို့ပေမဲ့ … ”
ဟိုက်ရှားလဘတ်။ ကြီးကောင်ကြီးမားကျမှ နဖူးစာ ရွာလည်လေသော မောင်မင်းကြီးသားကား ရှေ့ဆင့် နောက်ဆင့် မွေးသော သမီးနှစ်ကောင်ကို ထိန်းရင်း ပြည်တွင်းလှုပ်ရှားမှု လုပ်နေလေရာ စကားနှစ်ခွန်း မပြည့်မီမှာပင် ကလေးငိုသံကြား ရပြန်သည်။ သူလည်း ယခုမှပင် နိုင်ငံရေးစစ်စစ်ကို လုပ်နိုင်တော့သည် တကား။ လူစွမ်း လက်စွမ်း ပြောင်လေစွ။ အလိုက်သိလေမှ။
ဘဇာ အကြောင်းနည်း။ သူ့အပြင်မဲဆောက်တွင် ဖုံးဆက်ရမည့် မိတ်ဆွေရင်းချာတို့ နေ့ရောညပါ မနားတမ်း ရိုက်သတ်၍ပင် ကုန်နိုင်ဖွယ်ရာမရှိ။ ဆရာဝန်မလုပ်သော ဘလော့ဂါကလေး မောင်လွဏ်းဆွေထံ ဆက်လေဦးမှ။ သူကား အကြပ်အတည်းကြားမှ လွတ်မြောက်ရန် နည်းလမ်းကောင်း ရှာနိုင်သူ ဖြစ်နိုင်ပေ၏။ ယခု ကျွန်ုပ် အလွမ်းဟူသော ရန်သူ၏ အမိဖမ်းခြင်းကို ကြုံတွေ့နေရပြီ မဟုတ်တုံလော။ အနှီ ဘလော့ဂါကလေး တင်ထားသော၊ အမျိုးသားခေါင်းဆောင်ကြီး၏ လမ်းညွှန်မိန့်ခွန်းဖြစ်သော သူ၏ ဘလော့ မှတ်ချက်ကို ရှုလော့။
“ဟေ့ သေလည်း မြန်မာပီပီ ဇာတိမာန်နဲ့ သေကြပါ။ ရန်သူက မိရင် လက်အားရင် လက်နဲ့ ထိုး ခြေအားရင် ခြေနဲ့ကန်ပါ။ နောက်ဆုံး ပါးစပ်အားရင် ပါးစပ်နဲ့ကိုက်ပြီးမှ အသေခံလိုက်ပေါ့”ဟူလေရာ ကျားရိုးကို သွေး၍ လျက်ကာ အခွင့်ကောင်းကို ရှာရမည် မဟုတ်လေလော။ ဖုန်းခေါ်သံ နှစ်တီ အဆုံးတွင် သူ့အသံပေါ်လာသည်။
“ဟယ်လို ဆရာဒင်လော”
“မှန်ပေသည်။ အတို့ကျွန် မာပါစံ့။ စကားစမြည်ပြောကြပါအံ့”
“ဟို ဟို ဆရာဒင်၊ ဟို ဟို ….”
သူ့အသံကား ချွတ်နင်းသံတည်း။ အညာအရပ်မှာ လူပျိုသိုးတို့ အပျိုအိမ်လှည့်စဉ် လူမိသော အသံနှင့် ဆင်လေစွ။ အကြောင်းတစုံတရာ ရှိပေမည်။ ဘလော့ အကျော်အမော်ကလေး မည်သည့် အလုပ်များနှင့် ရှုပ်နေဘိသနည်း။
“ဆရာဒင်ရေ။ ကျွန်တော် ဖုန်းမော်မွေးနေ့ ရောက်နေလို့ခင်ဗျ။ ဒီမှာ ဆရာမန်းနဲ့ ပြောလိုက်နော်”
သမားတော် ဖြစ်လောက်သော ပါးလှပ်သည့် တင်္ခဏုပ္ပတ္တိဥာဏ်ကြီးသူ ပီသပါပေ၏။ ဘောလီဘော ကစားခြင်း အတတ်ကို အထူးတလည် ကျွမ်းကျင်ဟန် ရှိလေရာ တယ်လီဖုန်းသည် မဲဆောက်ရွာဆော်ကြီး ရွှေမန်းတင်မောင်ခရေဇီ ဆရာမန်းမျိုးမြင့်ထံ ခုန်ကူးသွားဟန် ရှိလေသည်။
“ဆရာကြီးဒင်လား၊ ခေတ္တငံ့ပါလင့်၊ မင်းပရိသတ်တို့ စုံညီနေပြီဖြစ်၍ ဓာတ်ပုံ မှတ်တမ်းတင်ခြင်းအမှု ပြုရပေဦးမည်”
ကျွန်ုပ်ကား အလိုက်မသိသူပေတကား။ ကိုဖုန်းမော် ကွယ်လွန်သည်မှာ အနှစ်နှစ်ဆယ် ကျော်လင့်ကစား သူတို့ မမေ့ကြ သေးရုံမျှမက ဦးဝင်းတင်၊ ဦးတင်ဦးမွေးနေ့လည်း ကျင်းပရန် ရှိကြပေဦးမည်။ ကျေးဇူးဥပကာရ တင်အပ်ပေသည်။
မွေးနေ့သေနေ့တို့တွင်ပင် တော်လှန်ရေးကို ဆင်နွဲနေဆဲပါတကား။ သာဓုခေါ်ထိုက်ပေစွ။ မည်သို့ပင် ဆိုစေကာမူ အိမ်တွင်မွေးထားသော ကြွက်ခုတ်တတ်သည့် ကြောင်မလေး နာရေးရက်လည်တွင်ပင် ဇာတ်ပွဲသွင်းလေသော ဒီကေဘီအေလူကြီးမင်း ကိုချစ်သူနှင့် နှိုင်းစာလျှင် တော်ပေသေး၏။ မဖြစ်ချေသေး။ အရိပ်သုံးပါး နားလည် အပ်ပေသည်။
……………………
မဟာဇနက္ကမင်းသားသည် အပြောကျယ်လှသော မဟာသမုဒ္ဒရာကို ခုနှစ်ရက်တိုင်တိုင် ကူးခတ်ခဲ့သည် မဟုတ်လော။ မလျော့သောဇွဲဖြင့် မဲဆောက်နေ ကဗျာ့ဝိဒူ ကိုတက်တူသို့ ဆက်ပြန်လေသည်။
“ဟယ်လို၊ မာလကာပင် မင်္ဂလာပါခင်ဗျ၊ ဆရာတက်၊ မာရဲ့နော”
“မာပါပေ၏။ သို့တစေ ကဗျာရွတ်ဆိုလျက် ကမ္ဘာ့ကဗျာနေ့ကို ဝှဲခြီးကျင်းပရန် ရှိသဖြင့် မအားမလပ် ဖြစ်နေချေသည်”
ကျွန်ုပ်သည် အချိန်ကို အကျိုးရှိစွာ မသုံးတတ်ယောင်တကား။ သူသည်လည်း ကဗျာရွတ်ရင်း လွတ်မြောက်ရေးတိုက်ပွဲကို ဆက်လက် ဆင်နွဲနေသူပါတကား၊ ဆက်၍ ဆက်ကာ ရွတ်ပါလေလော့။ ပျံသာပျံပါ ခွပ်ဒေါင်းနီ မုန်တိုင်းမိုးသက်ဆီ။ ရရာလက်နက် စွဲကိုင်လျက် တော်လှန်ရေးကို အားဖြည့်လျက်ရှိကြလေရာ တော်လှန်ရေး အဓွန့်ရှည်ပါစေကြောင်း ဆုမွန်တောင်းရပေမည်။
နှုတ်မစောင့်စည်းသော လိပ်၏ ဥပမာအတိုင်း စကားဆက်ရှည်နေလျှင် ပက်လက်လှန်လျက် တံတွေးထွေး သကဲ့သို့ ရှိရော့မည်ဖြစ်၍ ဤနေရာတွင် တောစကား တောပျောက်ပါအံ့။ ဖော်ကွာဝေးသူအဖို့ ပျင်းရိဆွေးလျချိန် မိတ်ဆွေ အပေါင်းထံ ဇီးရွက်ခန့်မျက်နှာဖြင့် ဖုန်းဆက်ရသော အလုပ်ကား အငိုလွယ်လျက် အရှိုက်ခက်လေသည် တကား။ ခန္တီတရား လက်ကိုင်ထားလေမှ။
အော်.. ကဗျာဆိုကာမှ ရွာအကြောင်း အမှတ်ရဖွယ် ကဗျာတပုဒ်သည် နှုတ်မှ အလိုလို ထွက်ပေါ်လာတော့သည်။ ဘာတဲ့၊ ချိုးနှစ်ကောင် ထနောင်းပင်ညီနောင်က လွမ်းအောင်ကူချွဲ၊ ပန်းတော်ဖြူ ပင်မြက်မြေဇာထူလှ ဖိုးတောင် သူ့တဲ တဲ့။
မုန်းမုန်းမေ့မေ့ မတွေ့လိုသူ ရှောင်ရှားရပေမည်။ မရွာသောမိုးကို မမျှော်ကိုးတော့ပြီ။ မပွင့်သောပန်း မမှန်းဝံ့ချေပြီ။ အလွမ်းဖြေနည်းတို့ အနမတဂ္ဂ ရှိလေသေးသည်။ ဖူးခက်မြို့တော်ရှိ ဂျန်စီလွန်း၊ စင်ထရယ်၊ ရော်ဘင်ဆင် အစရှိသော နာမည်ကျော် ကုန်တိုက်ကြီးများဆီသို့ ဝင်ထွက် လှည့်လည်ပေအံ့။ ဈေးဝယ်ထွက်ခြင်း သည်လည်း စိတ်အပန်းဖြေခြင်း တမျိုးပင် မဟုတ်တုံလော။ ဝယ်စရာ ခြမ်းစရာကား စုံလှပါဘိတောင်း။ အတွင်းခံဘောင်းဘီတထည်ကို အရဲစွန့် ဈေးမေးလိုက်ရာ ဘတ်ခြောက်ရာ ဆိုလေ၏။ ဤကား ငတို့ရပ်ရွာတွင် ဒုံးခြောက် တပိသာဖိုးနှင့် ညီ ပေသည်တကား ဟူသော အသိသည် ခေါင်းကို ပြေးဆောင့် ပြန်ပါလေ၏။
အသင့်ချိတ်ထားသော ဈေးနှုန်းကဒ်ပြားများကို ကြည့်မိပြန်သည့် တခဏတွင်လည်း ရေမွှေး ဒါဇင်ဝက်ဖိုးသည် သုံးမခံ၊ အရှာခက် မြန်မာအသပြာနှင့် ယှဉ်ထိုး ချိန်စက်သည့်အခါ နွားတရှဉ်းဖိုး၊ ယာတကွက်ဖိုးပါတကား။ လှည်းလမ်းကြောင်း တလျှောက်ဖုန်လုံးကြီးတွေ တလိမ့်လိမ့်တက်တာ မြင်ယောင်လာပြန် ချေပြီ။ သည်အလွမ်းက တမှောင့်။ကုန်တိုက်တို့ကို ကျောခိုင်းပြီးသကာလ ကျန်းမာခြင်းသည် လာဘ်တပါးဟူသော ဆိုရိုးနှင့်အညီ ညနေချိန်ကို တန်ဖိုးရှိရှိ အသုံးချရန် စတုတ္ထရာမမင်း၏ ပန်းခြံသို့ ခြေဦးလှည့်ပြန်သည် ဤတခဏ၌လည်း ဘယ်အရပ်ကနေ ရှာဖွေစိုက်ပျိုးလေသည် မသိသော ထန်းပင်စုစုကို တွေ့ပြန်သောကြောင့် ရွာက ထန်းတောကို အောက်မေ့ပြန် လေသည်။ အလွမ်းရယ် တည့်မကုန်နိုင်လေ။
……………………
လေလွမ်းနေသော စိတ်များဖြင့် ထိုမှသည် အရောက်သွားရာက ပါတောင်ကမ်းခြေဆီ ရောက်ခဲ့ပြန်ပြီ။ ခုနှစ်ပြည်ထောင် ဧည့်သည်တို့အဖို့မူကား ပါတောင်ကမ်းခြေသည် တာဝတိံက နန္ဒာလော၊ တူစွဟုတ္တာ ဆိုကြပေမည်။ အပျော်လွန်နေသော မျက်နှာဖြူလုံမငယ်တို့ကား ရင်စီးလွှာပင် မကပ်နိုင်ကြလေတော့။ ကြည့်၍မူ ကောင်းပါ၏။ ဟီရိ သြတ္တပ္ပ ရှုထောင့်ဖြင့်ကား မတင့်တယ်လေ။ ကျွန်ုပ်စိတ်တွင်ကား ရင်စီးမဲ့ အနှီအရာကို မြင်ရလေ၊ ကိုယ့်တော ကိုယ့်ရွာမှ သနပ်ခါးပါးကွက်ကြားကို လွမ်းလေလေတည်း။ သနပ်ခါး ပါးကွက်ကြား၊ ခပ်ပါးပါးလေး လိမ်းကာခြယ်၊ မြင်ရသူ နှုတ်ဖျားက “ဟင် .လှပါကလား” ရယ်လို့ တဖွဖွပြောလောက်အောင်ကွယ်၊ အရေးထဲ ဟင်္သာတထွန်းရင်က ရင်ဝသို့ ဇွတ်တိုး ဝင်လာပြန်ချေသည် တမုံ့။
တနေကုန် လွမ်းလျက်ရှိသော စိတ်အစဉ်သည် သူငယ်အိပ်ဆိတ်မှသည်၊ သက်ကြီးခေါင်းချ၊ ထိုမှသည် လုလင်ပြန် ချိန်တိုင်အောင် မဆုံးနိုင်ချေ။ အိပ်၍မပျော်သောညများ ပါတကား။ ညဥ့်ယံကား တာရှည်လှပေ၏။ ဘယ်ညာစောင်းရင်း ကပင် ကြာခြည်ယံနာရီသံ ဗဟိုရ်ငြိမ့်ပါပေါ့ စက်လည်းပျော်ပါနိုင်။ တခုခု ကြံလေမှ။ ထိုစဉ်တခဏ၌ပင် အကြောင်း သုံးပါးမရွေးသော ဖူးခက်မိုးသည် ရုတ်ခြည်း ရွာချလာပါလေ၏။ မိုးကား ပုလဲလုံး ရွဲအလှမဟုတ်ချေ။ မိုးလုံးမဲအမျှ ချေတည်း။
ထိုခဏ၌ပင် ကျွန်ုပ်၏ ဦးခေါင်းအတွင်းပိုင်းတွင် လင်းကနဲ ဖြစ်သွားကာ အလွမ်းဖြေနည်း နိသျှည်း တခုသည် ပြိုးပြက် ပေါ်ထွက် လာလေတော့သည်။ ကျွန်ုပ်သည် ရုတ်ခြည်းပင် ကွာတားဘောင်းဘီနှင့် သင်္ကြန်အကျီ ကြောင်ကြောင် ကျားကျား တထည်ကို ကောက်စွတ်လိုက်လေ၏။ ဂိုဒေါင်တွင်းမှ ကားကို စက်နှိုးကာ အိမ်နှင့် အတန်ငယ်ဝေးသည့် စဖန်ဟင်းကမ်းခြေသို့ တကိုယ်တည်း ကားမောင်းထွက်ခဲ့ တော့သည်။စဖန်ဟင်း ကမ်းခြေကား ညအမှောင်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ရှိချေသည်။ ကျွန်ုပ်၏ရှေ့တွင် သဲသောင်ပြင်ကြီးနှင့် ရှုမဆုံးသော ပင်လယ်ပြင်ကြီးသာ ရှိတော့ သည်။ လွတ်လပ်ပေစွ။ အချိန်ကား သန်းခေါင်ယံနာရီပြန် ဗဟိုစည်တချက် ထိုးပေတော့မည်။
ထိုတွင် ဒက်ရှ်ဘုတ်အတွင်းမှ ကက်ဆက်ခွေများကို ထုတ်ယူရင်း စိတ်ကြိုက် မြန်မာသံစဉ် တခွေကို ကားကက်ဆက် အတွင်းသို့ ထိုးထည့်လိုက်လေ၏။ ကျွန်ုပ်၏ အကြံအစည်ကို အကောင် အထည်ဖော်ရန် မြန်မာ့ဆိုင်းဝိုင်းကြီးနှင့် မြို့မငြိမ်းမြို့မအဖွဲ့ ဆိုလျှင် လုံလောက်ပေပြီ။ အခါမဟုတ် မိုးကား အငြိုးဖြင့် ဆက်၍ ဆက်ခါ ရွာလျက်ပေတည်း။ ကျွန်ုပ်သည်ကား အပြင်ထွက်ကာ အသင့်အနေအထား နေရာယူလိုက်သည်။ ကျွန်ုပ်မိုးကိုမမှု။ ငယ်စဉ်က မိုးရွာလျှင် လုံးတီးမိုးရေချိုးခဲ့သည် မဟုတ်တုံလော။
ထိုစဉ်ခဏ၌ပင် ကွယ်လွန်သူ မြန်မာသံအဆိုကျော်၊ သုမောင်၏ အသံဝါကြီးက ကားကက်ဆက်အတွင်းမှ အောင်မြင်ထယ်ဝါစွာ ထွက်ပေါ်လာ ပါတော့သည် ။
“မြို့မစိန်ရတုမို့ မြို့မသီချင်းတွေနဲ့ပဲ ကျနော်တို့ သီဆိုဂုဏ်ပြုပါ့မယ်။ အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း ရေးစပ်သီကုံးခဲ့တဲ့ စစ်ကိုင်းတောင် ဆိုတဲ့တေးနဲ့ ဖျော်ဖြေပါ့မယ်။ နားဆင် ကြည့်ကြပါခင်ဗျာ”
“ပုညရှင် စေတီအပါး၊ စစ်ကိုင်းတောင်၊ အထက်နားဆီက အရှေ့တလွှား၊ ရှုလိုက်ရင်လေ၊”
ကျွန်ုပ်ကား တရုတ်ဘုန်းကြီး ဘုရားရှိခိုးဟန်၊ တံတောင်ဆစ်ကို ကိုးဆယ်ဒီဂရီကွေးလျက် နဖူးတွင်ထိရင်း ရှေ့ခြေတလှမ်းတိုး နောက်ခြေတလှမ်းဆုတ်ကာ ကိုယ်ကို အနည်းငယ် ယိမ်းလိုက်လေ၏။ အိုး .. ဘာတဲ့ ၊
“ဧရာဝတီ၊ ဒုဠဝတီ နတ်ပန်းချီဆေးစုံတွေ ကွန့်ရော့လေသလား၊ ဝဲလက်ယာ အတွန့်တွန့်နဲ့၊ အလွန့်အလွန် သာယာပါပေသည်”
ဤအပိုဒ်တွင်ကား နတ်ကတော်ယိမ်းကသလို လက်အုပ်ချီထားသော လက်နှစ်ဖက်နှင့် နဖူးကို ခပ်ဆတ်ဆတ် လေးငါးကြိမ် ရိုက်လိုက်လေ၏။ အလွမ်းတို့ ပျောက်စေသတည်း။
တစ်နှစ်ကူးလို့ တစ်နှစ်ကျူးပြန်တော့ ……၊ အသစ်အဖူး ဖြစ်ရပြန်ချေ၊ တောတောင်ရေမြေ၊ ကုန်းနေ ရေနေ သက်ရှိသက်မဲ့ သတ္တဝါတွေ၊ လောကဓာတ်ကြီးတခုလုံး သစ်လို့မို့၊ သည်နှစ်တွင်လည်း၊ ချစ်ချစ်ခင်ခင် ရွှင်ရွှင်ပျော်ပျော်နေ။ သမိုင်းပြောင်မညှိုး စစ်ကိုင်းတောင်တော်ရိုးမှာလေ မြူခိုးယှက်ဆိုင်း အုံ့မှိုင်းပြာရီဝေ၊ စေတီ ပုထိုးဘုရား မိုးဖျားမြင့် သီခေါင်ဗွေ၊ တောင်တွေစိမ့်စမ်း ချောင်တွေသိန်းသန်း ခေမာသောင်ကမ်း၊ တက်လှမ်း အောင်မြင်မြေ၊တိန့်၊ တိန်၊ တိန် တီးလုံးနှင့်အညီ ကျွန်ုပ်ကား မင်းကြီးမင်းလေး နတ်ပူးသလို ကိုယ်ကို ခပ်ကြမ်းကြမ်း ယိမ်းလိုက်ပြန်သည်။ ကက်ဆက် အတွင်းမှ အတွဲလိုက် အတောတီးလုံး ဝီး….. ရော ……၊ရော့ ဟူသောအသံ ပေါ်လာချိန်နှင့် အကိုက်ပင် ကျွန်ုပ်သည် ခေါင်းကို စဉ်းငယ်ငုံ့လိုက်ပြန်ပါသည်။ အလွမ်းတို့ပြယ်စေသတည်း။
မေဓာဝီကလေး တောမှီထုံးတဲ့ ယောဂီသုံးရှာပေ၊ ရောက်ကြဖူးသလား ဇေယျာရွှေမြေ၊ မြစ်ရေခွေဝန်းလျှမ်း ရှုစမ်းဖြာဝေ၊ စစ်ကိုင်းတောင်ခြေ အရောက်သွား တရားရှာဖွေ ဗုဒ္ဓဘာသာမြန်မာတွေ အတာကျူးတဲ့ နှစ်ဦးဂိမာန်နွေ၊
ထိုခဏတွင်ပင် ငယ်စဉ်က အလှူပွဲများတွင် မြိုင်မြိုင်ကြီး တီးလေ့၊ ကလေ့ရှိကြသည့်၊ အယိုင်ဒိုးနှင့် အယိုင်အကကို သတိရမပြန်ရာ လက်နှစ်ဖက်ကို တလှည့်စီ အပေါ်တင်အောက်ချလုပ်ရင်း ကိုယ်ကို လှည့်ကာ၊ ယိမ်းကာ ကကြိုး ဆက်ပြန်ပါသည်။ သီချင်းသံကား ဆက်၍ ထွက်ပေါ်လျက် ပင်တည့်။ အလွမ်းတို့ ကွယ်စေသတည်း။
ထိုတွင်ကား ROCK SHOW များတွင်ကသည့် HEAD BANGER အကဟု ဆိုရမည်လောမသိ။ မကြီးမငယ်နှင့် ကင်းမြီးကောက် ထောင်ကာ၊ မြေကြီးကို ခေါင်းနှင့် ဆီကြိတ်သလိုကြိတ်ကာ နှစ်ပတ်သုံးပတ် လှည့်လျက် ဘိုဆန်ဆန်က ပစ်လိုက်ပြန်သည်။ ကကြစမ်းဗျာ တို့ လွတ်လပ်တယ် ဟုပင် ဥဒါန်းကျူးမိတော့သည်။ အလွမ်းတို့ ဝေးစေသတည်း။
မြစ်မင်းဧရာ ခွေကာဝိုင်းလို့ စစ်ကိုင်းအောင်ချာမြေ၊ ရေလှိုင်းလေးတွေ သွင်သွင်မြူးတော့ ငွေရောင်ဖြူးကာနေ ရွှေတောင်ဦးမော် ရှုမျှော်ခင်းနဲ့၊ မြစ်တွင်းသာယာပေ၊ ချစ်ချင်းသာယာနေ၊ ဟင်္သာစင်ရော် ကြင်ဖော်တွဲလို့ သဲကမ်းပါးယံ ဝဲပျံကာနေ။ (ရောက်ကြဖူးသလား ဇေယျာရွှေမြေ မြစ်ရေခွေဝန်းလျှမ်း ရှုစမ်းဖြာဝေ၊ စစ်ကိုင်း တောင်ခြေအရောက်သွား တရားရှာဖွေ ဗုဒ္ဓဘာသာမြန်မာတွေ အတာကျူးတဲ့ နှစ်ဦးဂိန်မာန်နွေ )
တယ့်၊တယ်၊ တဲ့တယ်၊ တဲ့တယ့်၊ တူနယ် ..။ မြန်မာ့ဆိုင်းဝိုင်းကြီး၏ တေးသံစုံကား နားဝင်ပီယံ ရှိလှပါဘိတောင်း။ ဤတွင်ကျွန်ုပ်သည် ဦးရွှေရိုးအကဖြင့် နောက်တမျိုး မရိုးရလေအောင် ကကွက် ပြောင်းရပြန်ပါသည်။ ကကြိုး၊ ကကွက်ကား ခုနှစ်ထွေမက၊ ဆယ့်နှစ်ထွေမျှ ရှိရော့မည်။ တတ်သမျှ ပညာကုန် ထုတ်သုံးရလေ၏။ STREET BREAK DANCE, FREE STYLE ဟု ဆိုအပ်သော တရုတ်သိုင်းချသလို ကကွက်လည်း မလွတ်တမ်း ပါပြန်ပါ၏။ အလွမ်းတို့ လွင့်စေသတည်း။
……………………
စိတ်တွင် ထင်တိုင်းကြဲခဲ့ရသည့် အလျောက် ထိုညက အလွမ်းမူ ပြေခဲ့ပါ၏။ သို့တစေ ကျွန်ုပ်၏ မျက်ဝန်းတို့တွင်မူ မိုးတွေညို့ယောင် ပြန်ပါတကား။


↧

ဆြာဒင်နှင့်မျက်နှာဖုံးပြဿနာ

$
0
0


                                  
                                                       
                                                    ဆြာဒင်နှင့်မျက်နှာဖုံးပြဿနာ
   (မင်းဒင်)
(၁)
အရှေ့ကျွန်းမှ နေဝန်းထွက်ပေါ်လာချိန်၌ နေဖင်ထိုးအောင် အိပ်လေ့မရှိသော ကျွန်ုပ်သည် ခေတ်ဟောင်း ဂန္တဝင်အဆို တော်ကြီး ဒေါ်မေရှင်၏ အောင်ခြင်းရှစ်ပါး သီချင်းကို အင်တာနက်မှနေ၍ နားသောတဆင်လျက်ရှိရာ “အောင်ခြင်းရှစ်ပါး အသံကြားတဲ့အခါ စီးပွားဥစ္စာ အဟုတ်မကျန်အောင်မှာ၊ ကျန်းမာချမ်းသာပါလို့ ဘေးဘယာမဝိုင်း၊ ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်ပါလို့ ခုနစ်ရက် သားသမီးများနဲ့ နတ်လူဗြဟ္မာ”ဟူသည့် တေးသံသည် ဝန်းကျင်တခိုတွင် ပျံလွင့်လျက် ရှိလေ၏။
ထိုသို့ရှိစဉ် ကျွန်ုပ်အနီးရှိလက်ကိုင်ဖုန်းမှ ထွက်ပေါ်လာသော ဖုန်းခေါ်သံတတီတီကြောင့် ဒေါ်မေရှင်ကို ခေတ္တအနားပေး ကာ ဖုန်းကိုကောက်ကိုင်မိသည်၏ တခဏတွင် တဖက်မှအသံရှင်ကား ဘန်ကောက်ရွှေမြို့တော်နေ မိတ်ဆွေကြီး၊ ရခိုင် အမျိုးသားသတင်းစာ၊အယ်ဒီတာမင်း  ဘစောတင်ဖြစ်လေသည်။
“ဗျို့၊ဆြာဒင် မြန်မြန်တက်ကြည့်ပါဗျ”
“ဟ၊ အရင်းမရှိ အဖျားမရှိ ဘယ်နေရာ သွားတက်ရမှာတုန်း။ အသက်ကြီးနေပြီ ကိုရင် ။ သိပ်အမြင့်ကြီးဆိုရင် မြန်မြန်  မတက်နိုင်လောက်ဘူး”
“အာ၊ ဆြာဒင်က အရေးထဲ နောက်နေပြန်ပါပြီ။ ဖေ့စ်ဘွတ်မှာအကြီးအကျယ်ပွဲဆူကုန်ပြီဗျ”
“အော်၊ ဖေ့စ်ဘွတ်မှာ ပွဲမဆူတဲ့နေ့ကော ရှိသေးသလားမောင်။ တနည်းမဟုတ်တနည်း ၊တကြောင်းမဟုတ် တကြောင်းနဲ့ ဆူနေကျကပဲဟာ”
“အခုဟာ ကမ္ဘာနဲ့ချီပြီး ဆူတာဆြာဒင်ရဲ့။တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးမှာကို ပါလာတာ။မြန်မြန်သာ တက်ကြည့်စမ်းပါဆြာ”
ကမ္ဘာကြီးတည်းဟူသော ရေနွေးအိုးကို မည်သူမီးပြင်းထိုးပြန်လေသနည်း။ ကျွန်ုပ်ဖေ့စ်ဘွတ်ကို စိတ်နာနေသည်မှာ ကြာ ချေပြီ။သို့သော် သံယောဇဉ်အမျှင်ကား တန်းလန်းပင်ရှိနေသေးလေရာ နဂိုကမှ မကောင်းမှု၌ ပျော်မွေ့လိုသောစိတ်ကြောင့် ထင့်။အယ်ဒီတာမင်းဘစောတင်၏ စကားသံမဆုံးမီပင် ဖေ့စ်ဘွတ်စာ မျက်နှာကို ဖွင့်မိလျက်သား ဖြစ်လေတော့သည်။
(၂)
အင်း၊တွေ့ပါချေပြီ။ တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးတွင် မြန်မာဘုန်းတော်ကြီးတပါး၏ ဓာတ်ပုံအား “ မြန်မာဗုဒ္ဓဝါဒီ အကြမ်း ဖက်သမား၏ ရုပ်သွင်” ဟူ၍စာတမ်းထိုး ဖော်ပြထားသည်ဆိုပါ၏။ရုတ်ခြည်းသော် မယုံကြည်နိုင်လောက်အောင်အံ့အား သင့် ရသည်။တနေရာတည်းမဟုတ်။ နေရာများစွာတွင် အမြင်အမျိုးမျိုးဖြင့် တင်ပြထားကြလေ၏။
ဦးစွာဖတ်မိသည်ကား ခင်မင်ရင်းနှီးသော အိုင်တီပညာရှင်လူငယ်တယောက်၏ ခပ်ရွဲ့ရွဲ့ လေသံဖြစ်၏။ “တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးရှင်ဖြစ်ဖို့ဆိုတာ လွယ်မှတ်လို့။ဗမာပြည်ထဲကလူ လက်ဆယ်ချောင်းမပြည့်သေးဘူး။ ဘာဘဲပြောပြော မန္တလေး ကနေ ကမ္ဘာကျော်ပုဂ္ဂိုလ်တယောက် ထပ်ထွက်လာပြီပဲ” ဟူ၏။
တနေရာတွင်ကား “မြန်မာ အစိုးရနဲ့  သာသနာပိုင်တွေက တရားဝင်အရေး ယူထားတာ မဟုတ်ပဲ ခုလို စွတ်စွဲ တဲ့  Time မ ဂ္ဂဇင်းကို တရားစွဲ သင့်ပါတယ်ဘာသာရေး အရလဲ ဗုဒ္မဘာသာမှာ အကြမ်းဖက်ရယ်လို့မရှိတာ၊ဘာလက်နက်မှ မကိုင်တဲ့  ဗုဒ္မဘာသာဘုန်းတော်ကြီးကို စွတ်စွဲတာ ဗုဒ္မဘာသာဝင်တွေကို စော်ကားလိုက်တာပဲ။ဒါမြန်မာပြည်ရဲ့ ပြည်တွင်းရေး ပါ။ဗုဒ္မသာသနာတော်ကို ကာကွယ်ကြပါ။အမြန်ဆုံး share ပေးကြပါ”ဟူ၍ လှုံဆော်စည်းရုံးသမှု၊မောင်းထု သည်ကိုလည်း တွေ့ရပြန်ပါသည်။
အမျိုးသမီးငယ်တဦးကမူ“အမျိုးစောင့်ဥပဒေကို လက်မခံတဲ့အပြင် Time Magazine က မီဒီယာကျင့်ဝတ်သိက္ခာ အပြည့်ရှိ တယ်လို့ ရှုမြင်သုံးသပ်တဲ့ ယောက်ျားတွေရဲ့ စိတ်နေသဘောထားကို သမီးအရမ်းကြိုက်တယ်၊ သမီး အဲ့လို ယောက်ျား မျိုးကို ခင်ပွန်းတော်ချင်ကြောင်း သွားပြောပေးပါမေမေ”ဟူ၍ ပြဿနာကြားမှာ သတိုးသားအလိုရှိကြောင်း မောင်းခတ်ပြန် လေသည်။
တဦးသောသူကား “တိုင်းမဂ္ဂဇင်းကိုပြောချင်တာတခုပဲရှိပါတယ်ခင်ဗျားတို့ကိုယ့်ကိုယ်ကိုသိပ်အထင်ကြီးလွန်းနေပါတယ်၊
ခင်ဗျားတို့မစဉ်းစားမဆင်ခြင်ပဲလုပ်သမျှထဲမှာ ဒီကိစ္စဟာအဆိုးဆုံးပါပဲခင်ဗျားတို့အဖွဲ့အစည်းကို အယုံအကြည်မရှိတော့ပါ ဘူး”ဟု တိုင်းမ်ကို မျက်နှာလွှဲအမွေဖြတ်လေ၏။
ထို့ပြင်တဝ အနာဂတ်ကိုကြိုတင်မြင်နိုင်စွမ်းသည့် ဒိဗ္ဗစက္ခုရှိဟန်တူသူတဦးကလည်း " ငါတို့အတန်တန် ရေးနေ ပြောနေ တားနေလျက်က ငါတို့စကားနားမထောင်ကြတော့ ခုဒီလိုဖြစ်ပြီမဟုတ်လား" ကရုဏာဒေါသော၊မချိတင်ကဲဆိုပြန်လေ၏။
ဤသို့လျှင် ထိုထိုသော သဘောထား၊ခံစားချက်မျိုးစုံကို ဖတ်ရှုပြီးချိန်၌ နဂိုဖေ့စ်ဘွတ်ရောဂါအခံပြန်ကြွလာသော ကျွန်ုပ် ဆြာဒင်မှာ ဖေ့စ်ဘွတ်သမားတို့တာဝန်ရှိအပ် သည့်အတိုင်း “ငါ၏စိတ်တွင် ထင်၏မလွဲ၊လိပ်ခဲတည်းလည်း၊ ဟုတ်တည်း ဧကန်၊အာမသန်နှင့်၊ မှန်သည်တစေ မရှိချေ”ဟူသော မှတ်ချက်တခုကို ရေးသားကာ ဖေ့စ်ဘွတ်ကိုတာ့တာပြ ၊နှုတ်ဆက် အပြီး နာရီဝက်ခန့်အကြာတွင် အိမ်ရှေ့ခြံတံခါးမှ ခေါင်းလောင်းသံ ဆူညံစွာမြည်ဟည်းလာလေသောကြောင့် အောက်ထပ် သို့ဆင်းကာ ခြံတံခါးကို ဖွင့်ရပြန်ပါလေ၏။
(၃)
ကြွရောက်လာသူကား ဖူးခက်မြို့နေ ရှားရှားပါးပါးပညာတတ်ကလေး မောင်ကပ္ပလီတည်း။ မည်းလှစွာသော အဆင်း ကြောင့် ဇာတာရက်ချုပ်ပါ အမည်ပျောက်ကာ ဤအမည်တွင်နေသူတည်း၊သူကား အာဂလူငယ်တည်း။သူသည် အွန်လိုင်း နှင့်မစိမ်း။ ကွန်ပြူတာကို ကျွမ်းကျင်စွာသုံးနိုင်စွမ်းသူဖြစ်၏။ဆိုင်ကယ်နှင့်ခရီးနှင်လာသည့်တိုင် သူ့မျက်နှာတွင် ချွေးပြန် လျက်ရှိရာ အရေးတကြီးကိစ္စရှိဟန်တူလေသဖြင့် ကျွန်ုပ်ကပင် စကားစလိုက်ရလေသည်။
“ရေးကြီးသုတ်ပျာ၊ ကပျာကယာပါကလားမောင်၊အဘယ်အကြောင်းပါများလိမ့်”
“အန်ကယ်ဒင် မှတ်ချက်ရေးလိုက်တဲ့ တိုင်းမ်မဂ္ဂဇင်းအဖုံးကိစ္စပေါ့အန်ကယ်။ ကျနော်အန်ကယ်နဲ့ဆွေးနွေးချင်တယ်”
တိုင်းမ်မဂ္ဂဇင်းအဖုံးကား ကျွန်ုပ်အိမ်ဝသို့တိုင် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြန်ချေပြီတည်း။
“အန်ကယ်ရေးတဲ့စတေးတပ်အတိုင်းဆို အန်ကယ်က မလုပ်မရှုပ်မပြုတ်ဆိုတဲ့သဘောပဲ၊ဘယ်ဟာမှ အမှန်မဟုတ်ဘူးဆို တော့”
မြန်နှုန်းမြင့်မီဒီယာခေတ်ကြီးပါတကား။ ရေးတင်လို့ပြီးတာမှ နာရီဝက်သာသာရှိပေဦးမည်။ ထုချေလွှာတင်ရန် အိမ်တိုင်ယာ ရောက် ဆင့်ဆိုနေချေပြီတည်း။
“ဒီလိုပါကိုရင်ရယ်၊ကျုပ်ရေးလိုက်တဲ့ မှတ်ချက်က တပိုင်းတစပါမောင်။ ရှင်မဟာရဋ္ဌသာရဆုံးမစာမှာ အကြောင်းခြင်းရာတခု ရဲ့ အဖြေမှန်ကို သိရအောင်“ကျိုးကြောင်းစကား၊ပြောဆိုငြားသော်။လျင်လျားဆွေးနွေး၊ဆိုရေးလိမ္မာ။ ပညာရှိအား၊ကိုယ်တိုင် သွား၍။ စကားလိုက်လျော စစပြော၍ နှီးနှောလေ ဆိုတာလည်း ပါပါသဗျာ။ ဖေ့စ်ဘွတ်မှတ်ချက်မှာ အဲသလောက် အရှည်ကြီးရေးလို့ မသင့်ဘူးမဟုတ်လား”
“အန်ကယ်လမ်းညွန်ပုံက ပညာရှိရှာပုံတော်ဖွင့်ရအုံးမှာမို့ အလုပ်ပြုတ်ကိန်းပဲအန်ကယ်ဒင်”
“ရော၊ နားဝေးချက်ကနှယ်၊ မောင်ရင်နေ့တိုင်းတက်နေတဲ့အွန်လိုင်းမှာပဲ သီတဂူဆရာတော်ကြီးရဲ့ သြဝါဒရှိပါသမောင်၊ “လူ့အခွင့်အရေးဆိုတာ ဥပဒေမဟုတ်ပါဘူး။ ဘယ်နိုင်ငံကိုမှ ချုပ်ကိုင်လို့ မရဘူး။ သူတို့မကြိုက်ရင် သူတို့ကတော့ လူ့အခွင့် အရေးချိုးဖောက်တယ်ဆိုပြီး အော်မှာပဲ။ ကြိုက်သလောက် အော်ပါစေ။ ငါတို့ကတော့ မြန်မာ့တိုင်းရင်းသား အားလုံးရဲ့ အကျိုးစီးပွားကိုပဲ ကြည့်ရမယ်။ ဒါကြောင့် “အမျိုးသားရေးဝါဒ”ကို ဆုပ်ကိုင်ထားရမယ်၊ အမျိုးသားရေးဝါဒဆိုတာ အကုသိုလ်တစ်ခုမှ မပါဘူး၊ လုပ်ကို လုပ်ရမယ်”တဲ့ခင်ဗျ။
“အော် ဒါဆို အန်ကယ်က မျိုးစောင့်ဥပဒေကို လက်ခဲ့တဲ့ဖက်ကပေါ့”
“ရော၊ မဆိုင်တဲ့အပေါက်ကို ဂလိုင်နဲ့ခေါက်ပါပကော၊ဒီကိစ္စဟာ လက်ခံတယ်၊လက်မခံဘူး၊လွယ်လွယ်နဲ့ ပြောလို့ ဖြစ်ရိုးလား မောင်ရယ်၊ ဘာသာရေးလှိုင်းရိုက်ခတ်မှု၊ လတ်တလော နိုင်ငံ့စီးပွားရေး၊လူမှုရေးအပါအဝင်သမိုင်းနောက်ခံတွေကိုပါ အကျယ် တဝင့်သုံးသပ် သင့်တယ်မဟုတ်လား၊နောက်ဆုံးလွှတ်တော်အဆင့်ရောက်ရင်တောင် အခြေအတင်ငြင်းခုန်ကြမဲ့ အမတ်မင်းများလည်း ရှိပါသမောင်၊သိပ်လည်း ပူပန်သောကမများပါလေနဲ့။ကျုပ်လိုငပါမွှားက ထင်ရာမြင်ရာစွတ်ပြောရင် အဆဲခံရတာသာ အဖတ် တင်တော့မပေါ့”
“ဒါဆို အန်ကယ်ဒင် မျက်နှာဖုံးကိစ္စကိုဘယ်လိုမြင်ပါသလဲခင်ဗျာ”
“သတင်းဌာနဆိုတာ သတင်းဆိုးနဲ့မှ နေရာကျတတ်တာ ဓမ္မတာပါမောင်၊No news is good ဆိုတာ မောင်ရင်ကြားဖူးမှာပါ”
“အင်း၊ဟုတ်ပါပြီ အန်ကယ်ရာ၊ ဒါနဲ့စကားမစပ် အန်ကယ်ဒင့်ကို ကျနော်သိပ်အားကျတယ်ခင်ဗျ၊ ရှင်မဟာရဋ္ဌသာရလို စာဆိုမျိုးရဲ့ ပျို့တွေကို လက်တန်းဆိုပြနိုင်တာမျိုးဟာ အထင်ကြီးစရာပါပဲ၊ သွားအုံးမယ်အန်ကယ်”
(၄)
ကျွန်ုပ်ကား နှုတ်ဆက်ထွက်ခွာသွားလေသော ကပ္ပလီငယ်၏ကျောပြင်ကို ငေးကြည့်ကာ သက်ပြင်းကို ခပ်လေးလေး ချမိတော့သည်။ သူကား တိုင်းမ်မဂ္ဂဇင်းအဖုံးအရေးတော်ပုံကိုလည်းကောင်း၊ မျိုးစောင့်ဥပဒေကိုလည်းကောင်း ဝေဖန်ပိုင်း ခြားနေသူဖြစ်ပါ၏။ သို့တစေ ကျွန်ုပ်ရွတ်ပြခဲ့သော ရှင်မဟာရဋ္ဌသာရ၏ပျို့မှာ လွန်ခဲ့သောနှစ်အနည်းငယ်ကမှ သူသင်ခဲ့ရ သော သတ္တမတန်းမြန်မာကဗျာစာအုပ်မှ တမြန်မနေ့ကပင် ကျွန်ုပ်တွေ့ရှိကျက်မှတ်ခဲ့သည့်အကြောင်းကိုကား မသိရှာချေ။ သတ္တမတန်းသင်ရိုးကိုမျှ သူကျေခဲ့ဟန်မတူ။
ခေတ်ကြီးသည် လူငယ်တို့၏လက်တွင်းသို့ လုံးလုံးလျားလျားသက်ဆင်းနေချိန်ဖြစ်ပါ၏။ သြောင်း၊ဥုမ်သံတွေပြင်းလှသည့် ဂျီမင်း ဖေဝိဇ္ဇာတို့ ပေါ်ထွန်းချိန်လည်းဖြစ်ပါ၏။ ဤကာလတွင် တမိုက်တထွာ၊ အသိဥာဏ်ဇကာကျဲဖြင့် ခေတ်ကို အဖတ် ဆယ်မိကြလျှင်ကား…….။
ကွန်ပြူတာဆီမှ ဒေါ်မေရှင်၏ “မေတ္တာဓာတ်နဲ့ ဗုဒ္ဓါမြတ်စွာ၊ ဆောင်နှင်းတဲ့ အောင်ခြင်း အဋ္ဌမပါ” ဟူသော သီချင်းသံ ပြန်လည်ပေါ်ထွက်လာချိန်၌ ကျွန်ုပ်စိတ်တွင်မူ..ရနံ့ချိုစွာငယ် တသန့်ဟိုမှာ တခွင်လုံးတော၊တောင်ဝနဗွေတခွင်မှာ “ဒင်က လျှင် မြင်ရုံနဲ့မော” ဟူ၍သာ စုံတောငယ်မြိုင်ခြေသံဆန်းကို အသံကုန်ဟစ် လိုက်ချင်တော့၏။

↧

ရွှေပင်ရွာရဲ့ ဆိုင်းဝိုင်းလဝိုင်း

$
0
0


            

                              ရွှေပင်ရွာရဲ့ဆိုင်းဝိုင်းလဝိုင်း
                                        (မင်းဒင်)
(၁)
ဝါခေါင်တကြောင်း ထနောင်းကြောင်ခြစ် ဆူးရစ်ပွင့်ကာ မိုးမရွာ၊ ရွာပါသော်လည်း မိုးမသည်းသည့် ကာလပေ တည်း။“အော်၊ မောင်တို့အညာမှာ တမာပင်တန်းတွေနဲ့ ထန်းပင်ထန်းတော လွမ်းမောစရာပဲ ”ဟူသည့် သီချင်း နေရာတွင် ခေတ်ပေါ်အဆိုကျော်ဗီဗာဟိန်း၏သီချင်းသံတို့ လွှမ်းမိုးနေချိန်တည်း။ရွှေပင်ကျေးရွာကား တခေတ် ဆန်းခဲ့ပြီထင့်။ ရွှေပင်သားတို့၏ ဘဝင်ကို လေဟတ်လေသောကြောင့်  ယင်းတို့၏ မေးစေ့နှင့်ရင်ဘတ်ကို ခပ်ခွာခွာထားကာ မော်ကြွားလျက် ရှိကြကုန်၏။
အမှန်စင်စစ် အမျိုးသားခေါင်းဆောင်ကြီး၏ ဇာတိချက်မြှုပ်နှင့် ငါးတိုင်ခန့်သာလှမ်းသော ဤရွာသည် လွန်စွာ ကြီးမားလှသည့် မှိုက်ပင်ကြီးတပင်ကို အစွဲပြုလျက် မှိုက်ပင်ရွာဟု အမည်သညာပြုခဲ့ ကြလင့်ကစား ရွာသား တို့ကမူ မိမိတို့ရွာအမည်နာမကို “ရွှေပင်”ဟု ရည်ညွန်းလေ့ရှိကြသည်။  ကာလရွေ့လျောသည်က တကြောင်း၊ အချို့အချို့သော အထင်အမြင်သေးစိတ် မူလဓာတ်ခံရှိကြသူတို့၏ နှုတ်ထွက်လေသံအရသော်ကောင်း “အမှိုက်ပင်”ဟု နှိမ့်ချသယောင်ခေါ်ဝေါ်သမှု ပြုခဲ့ကြသည်မှာ ကာလအားဖြင့်လည်း ရှည်ကြာခဲ့ပေ၏။ ထိုစဉ်ကသော် ရွှေပင်သားတို့မှာ ရွာအမည် ခေါ်ဆိုပုံနှင့် စပ်လျဉ်း၍  မခံချိမခံသာ ဖြစ်ကြသော်ငြား အချိန်ကုန်လူပန်း  ဖြေရှင်းရန် အခွင့် မသာခဲ့ကြချေ။ ရွာနီးချုပ်စပ်ဖြစ်သောညောင်ကြပ်ပင် ရွာလေးစသည် တို့နှင့် ထူးမခြားနား ဇာတိမာန်ကို သိုသိုသိပ်သိပ်နှုတ်ဆိတ်၍သာ နေခဲ့ကြသည်ချည်း ဖြစ်ပါ၏။ သို့တစေ ရာဇဝင်ဘီးကား တပတ် လည်ခဲ့လေပြီ။ ရွှေပင်ကျေးရွာကား အမှန်ပင်ဂုဏ်တက်ခဲ့ပြီ။
ယခုဖော်ပြ လတ္တံ့သော အကြောင်းခြင်းရာ၌  ဒီမိုကရေစီခေတ်ကြီး၏အကြောင်းခြင်းရာသည်လည်းကောင်း ၊တောကျောင်း ဘုန်းကြီး၏ထေရုပ္ပတ္တိသည်လည်းကောင်း ရေးကြီးခွင်ကျယ် ရှိအံ့မထင်သည် ဖြစ်၍ ချန်လှပ် ထားပေတော့အံ့။ ရွှေပင်၏ ဂုဏ်ကား ဆိုင်းဝိုင်းလဝိုင်းကြောင့် တက်ရခြင်းဖြစ်ပါ၏။
(၂)
ယနေ့ကား ရွှေပင်ကျေးရွာတွင် ပထမဆုံးသော နိုင်ငံတကာအဆင့်မီ စုံစီနဖာအရောင်းဆိုင်ကို  စတင် ဖွင့်လှစ် သည့်နေ့ပင် ဖြစ်ချေ၏။ယင်းဆိုင်၏ခြင်းရာ အသေးစိတ်ကို ဘေးဘိုးတို့ ကိုးကွယ်ရာ အထင်ကရပုဂ္ဂိုလ် ဖြစ်ပေ သော တောကျောင်းဘုန်းကြီးပင်လျှင် ရိုးတိုးရိပ်တိတ်သဘောမျှသာ သိသည်ဟုလည်း တီးတိုး ဆိုကြပါကုန်၏။
 ရွာ၏ပဏ္ဍိတ် တွဲဖက်ကျောင်းဆရာ ကိုဘိုကိတ်၏အဆိုအရ အဆိုပါ ဆိုင်၏အမည်မှာ သိုးဆောင်းစကား အတိအကျဖြင့် “ဆဲဗင်းအလဲဗင်း” ဟုခေါ်ဆိုကြောင်း အာပေါက်မတတ်ရှင်းပြသော်ငြား ရွာသူရွာသား အများ စုကမူ ယခု ဖွင့်လတ္တံ့သောဆိုင်၏ အမည်ကို “ဆဲဝင်း”ဟူ အလွယ်ခေါ်ဆိုကြပါလေ၏။ ထိုစဉ်မှာပင် ရွှေပင်ရွာ၏ ဘိသိက်ဆရာ ဆြာထောင်က၊ ဆိုင်၏ အမည်မှာ ပါဋ္ဌိသက်အလိုအားဖြင့် “ဆိုင်းဝိုင်းလဝိုင်း”ဟု  ခေါ်နိုင်ပေဟန် ရုတ်တရက် နှုတ်ထွက်မြွက်ကြားမိသည်၏နောက်၌ ယင်းဆိုင်၏အမည်မှာ ဆိုင်းဝိုင်းလဝိုင်းဟု ရွာလုံးကျွတ် နှုတ်တက်အမည် တွင်ပေတော့၏။
နှစ်ဆယ့်လေးနာရီပတ်လုံး ဖွင့်လှစ်ရောင်းချသည့် အဆိုပါတိုလီမိုလီဆိုင်များကား ရွှေပြည်ကြီး၏ နယ်စပ် ဒေသနှင့် ခဲတပစ်မကွာဝေးသော ယိုးဒယားပြည်အနှံ့ လမ်းကြိုလမ်း ကြားပါမကျန် မှိုလိုပေါက်နေသော ဆိုင်များဖြစ်လင့်ကစား ရွှေပင်ကျေးရွာအတွက်မူ နတ်သိကြားတို့ဖန်ဆင်း စီရင်အပ်သော ဘုံဝတိံမှ မိုးပျံ စူပါ မားကက်ကြီးအလား ရွှေပင်သားတို့စိတ်တွင်မှတ်ထင်ကြရှာသတည်း။ ထို့ပြင်တဝ တံဆိပ်မျိုးစုံလင်လှသော နိုင်ငံခြားဖြစ် မုန့်ပဲသားရေ စာ၊အချိုရည်နှင့်တကွ အမျိုးစုံလှသော စုံစီနဖာတို့မှာ ဆိုင်အတွင်း အဆင့်ဆင့် အစီ အရီ၊စင်မြင့်အသီးသီးတွင် တခန်းတနား တင့်တယ်စွာ နေရာယူလျက်ရှိရကား ရွှေပင်သားတို့မှာ ရင်သတ်ရှုမော အံ့သြမကုန်အောင် ရှိကြလေ၏။
ရွှေပင်ကျေးရွာ၌ အဆိုပါ ဆိုင်းဝိုင်းလဝိုင်းဆိုင် ဖွင့်လှစ်နိုင်ခြင်းသည် စီးပွားရေးပိတ်ဆို့မှုရုတ်သိမ်းခြင်း၊ ကမ္ဘာ့ ဘဏ၊် အာရှဘဏ်တို့၏ ပွင့်လင်းမြင်သာမှု၊စသည်တို့နှင့်  ဆက်စပ်နေသည် ဆိုသည့် အချက်အလက် များကို လည်းကောင်း၊ အဆိုပါဆိုင်ဖွင့်ပွဲတွင် သက်ဆိုင်ရာ ဂုဏ်သရေရှိ လူကြီးမင်းများ အမှာစကား အသီးသီး ပြောကြားလျက် ကြက်ပျံမကျ ဖြိုးဖြိုးစည်စွာ ကျင်းပခဲ့ကြသည့် အကြောင်းများသည်လည်းကောင်း၊ ရွှေပင် ကျေးရွာအတွက် အမေရိကန်ပြည်ထောင်စု၏လက်ဆောင် ဂျီအမ်ကုမ္ပဏီလုပ် မီးစက်ကြီး၏အကြောင်းသည် လည်းကောင်း စာလေးအံ့ ရှိမည်ထင်၍ အသေးစိတ်မဖော်ပြလိုတော့ပြီ။
“ဆိုင်ထဲကို ဝင်လိုက်ပြီ၊ ဆိုင်ထဲက ထွက်လိုက်ပြီ ဆိုတာနဲ့ ငြိမ့်ငြောင်းတဲ့ တီးလုံးသံလေးထွက်ပေါ်လာပါမယ်၊ဒါ ဟာ လူကြီးမင်းတို့ကို ကြိုဆိုနှုတ်ဆက်ခြင်းပါပဲ၊ ပစ္စည်းတခုချင်းရဲ့တန်ဖိုးကိုဖော်ပြတဲ့ စာတန်းကလေးတွေ ပစ္စည်းအားလုံးမှာ ကပ်ထားပါတယ်၊မိမိနှစ်သက်ရာ ပစ္စည်းကို ရွေးချယ်ပြီး ငွေရှင်းကောင်တာမှာ တန်းစီငွေရှင်း လိုက်ရုံပါပဲ”
ဆိုင်ဖွင့်ပွဲအခန်းအနားတွင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဆိုင်အတွင်း ဝယ်ပုံခြမ်းနည်း နိဿရည်းကို အကျယ်တဝင့် ရှင်းပြလင့်ကစား ရွာသူရွာသား အများစုကမူ ဂုဏ်မောက်သည့် မျက်နှာပေး အသီးအသီးဖြင့် မော်ကြွားလျက်သာ ရှိရကား တဦးတလေမျှပင် သတိပြုနားစိုက်ကြဟန်မရှိချေ။
ဆိုင်းဝိုင်းလဝိုင်းဆိုင်ကို နံနက်ခုနစ်နာရီတွင် စတင်ဖွင့်လှစ်ရောင်းချပေရာ ဦးစွာကြွရောက်လာသည်ကား တော ကျောင်း ဘုန်းတော်ကြီး ဖြစ်ပေ၏။  ဘုန်းတော်ကြီးကား ကြီးစွာသော အိနြေ္ဒဖြင့်  ဆိုင်အတွင်းစင်္ကြန် လျှောက် ရင်း မမြင်ဖူးသော ပစ္စည်းမျိုးစုံကို ကြည့်ရှုတော်မူပြီး သကာလ “အိမ်း .. ရွှေပင်ကျေးရွာအတွက်ကဖြင့်  ဂုဏ် တက်စရာပေတကား”ဟု တည်တည်ကြီးမိန့်လေ၏။ထို့နောက် ကြီးမားလှသောရေခဲသေတ္တာအတွင်းမှ အအေး ပုလင်း၊အားဖြည့်အချိုရည်မျိုးစုံကို ရှုတော်မူရင်း ထူးဆန်းအံ့သြသောအမူအရာဖြင့် “ ဒီအအေးကို ကပ်လဟဲ့”ဟု မြွက်တော်မူပြန်လေရာ အရောင်းတာဝန်ခံအသစ်စက်စက် ရွှေပင်သူဝိုင်းစိန်မခမျာ  ငွေရှင်းကောင်တာပေါ်မှ ကွန်ပြူတာကို ကွက်၊ကြည့် ကွက်ကြည့်လုပ်ရင်း၊ ယိုးဒယားပြည်ဖြစ် အမ်မလွိုင်းဟဆစ်(M150)အချိုရည်ကို “အလှူရေစက် လက်နှင့်မကွာ” ဟူသော ရှေးထုံးနှင့်အညီ ညှိးငယ်သောစိတ်ထားဖြင့်၊ဒါနအမှု ပြုရရှာလေ သည်။
(၃)
“တီ၊ တင်၊ တီ၊ တင်”
“ဟဲ့၊သောက်ခွေး”
ဆိုင်အဝမှ လူဝင်ထွက်လေတိုင်းမြည်သည့် ဘဲလ်သံကြောင့် အလန့်တကြားအော်ဟစ်လိုက်သူကား ကြီးမယ်သီ တည်း။နံဘေးမှလိုက်ပါလာသူ၊ မဲဆောက်ဟူသော နိုင်ငံခြား၌ တလကိုးသီတင်းမျှ ကူလီအလုပ်လုပ်ဖူးလေ သည့် သားတော်မောင်ပေါ်အေးကား “အမေ့နှယ် အ ရန်ကောဟူသော မျက်နှာပေးဖြင့် မာတာမိခင်ကို စိုက်ကြည့်သော်ငြား ကြီးမယ်သီ၏ စိတ်မှာမူ ပစ္စည်းတခုချင်းပေါ်မှ ဈေးနှုန်းများကိုသာ စူးစိုက် လေ့လာလျက် ရှိလေသဖြင့် သတိမပြုမိဟန်မတူချေ။နှုတ်မှမူ ဆီမန်းမန်းသလို တဗြစ်တောက်တောက် ရေရွတ်လျက် ရှိ၏။
“ဟဲ့၊ ဒါက ပဲကြီးလှော်တွေပါကလား၊ လေးရာတဲ့၊ အံ့ပါ့တော်၊ တဆုတ်စာမရှိတာလေးကို သည်လောက်တောင် ဈေးတင်ရသလား၊ကြီးဒွေးဆိုင်မှာ နှမ်းတစလယ်ဖိုးဆိုရင် တအိမ်သားလုံး ဗိုက်ရိုက်စားပါလေ့၊ကြည့်အုံး၊ ဒီဇီး ထုတ်ကလည်း ငါးရာတဲ့၊ဈေးကြီးချက်ကတော့ ”
ပေါ်အေးကား ဘေးဘီကို မျက်နှာပူဟန်ဖြင့် “မဝယ်ချင်လဲနေပေါ့အမေရာ၊နွားစာစင်းချိန်နောက်ကျနေပြီ၊ ပြန်ကြစို့ရဲ့”ဟူ၍ အလိမ္မာနည်းသုံးလေ၏။
အနှီအချိန်၌ လသားအရွယ်ကလေးငယ်ကို ခါးထစ်ခွင်လျက်၊ လေးနှစ်ခြောက်နှစ်အရွယ်အသီးသီးရှိ ရင်သွေး မျောက်လောင်းနှစ်ကောင်ကို ခြံရံကာ ဝင်ရောက်လာသူကား ဒေါ်စံမယ်ဖြစ်၏။ အကြီးကောင်ကား စတုဒီသာ မဏ္ဍပ်နှင့် မှားလေသည်ထင့်။အအေးပုံးအတွင်းမှ ရေခဲမုန့်နှစ်ခုကို ဇတ်ကနဲ ထုတ်ယူကာ အငမ်းမရလွေး၏။ အငယ်ကောင်ကမူ ပေါင်မုန့်ထုတ်ကို ဖွင့်ဖောက်သုံးဆောင်၏။
“ငွေအရင် ရှင်းရမှာ အရီးလေးရဲ့” ဟူ၍ အကူအရောင်းစာရေး စိန်ကျော်မောင်က ကောင်တာမှနေ၍ အသံပြု စဉ်မှာပင် ခါးထစ်ခွင်ထက်မှ ကလေးငယ်၏ လက်သရမ်းမှုကြောင့် တခုသောစင်ထက်ရှိ ဒိန်းမတ်နိုင်ငံလုပ် အိုဗာတင်းပုလင်းမှာ အစိတ်စိတ်အမွှာ ကွဲရှာလေသည်။သို့သော် ဒေါ်စံမယ်၏ ထီမထင်လေသံဖြင့် ရုတ်ခြည်း တုန့်ပြန်သည်ကား…..၊
“ငါက နင့်အရီးလေးအရင်းပါဟဲ့၊စိန်ကျော်မောင်ရဲ့၊ နှစ်ပြားတပဲပိုက်ဆံလောက်ကို ရေးကြီးခွင်ကျယ် မလုပ်စမ်းနဲ့၊ ဒီသေနာလေးကလည်း တမှောင့်၊ဒီရွာကနေ ဘယ်မှ ထွက်မပြေးဘူး။ကျကွဲတဲ့ပုလင်းဖိုးပါ မှတ်ထားလိုက်ဟေ့” ဟူ၏။
ဤသို့လျှင် ရွှေပင်ကျေးရွာမှ ကာစတန်မာတို့မှာ ဆိုင်ထဲဝင်လာလိုက်၊ ပစ္စည်းမျိုးစုံကို တခုချင်းစိတ်ရှည် လက် ရှည်ကိုင်ကြည့် ပြန်ချ၊ထင်သလိုဖွ၊ တွေ့ရာနေရာပစ်တင် စသည်ဖြင့် ထင်တိုင်းကြဲကြရင်းပင် နေထန်းတဖျား တိုင်ခဲ့ပြီ။
(၄)
ရွာဦးကျောင်းဆီမှ ဆွမ်းစားသံချောင်းခေါက်သံနှင့် မရှေးမနှောင်းမှာပင် ရွှေပင်ရွာမူလတန်းကျောင်း၏ မုန့်စား ဆင်းချိန်ခေါင်းလောင်းထိုးလေရာ နှပ်ချေးဗရဗစ်၊ချေးလက်လေးသစ်နှင့် ရွှေပင်ကျေးရွာ၏ တောက်ပြောင်သော အနာဂတ်ကို ပိုင်စိုးထူထောင်ကြမည့် မျိုးဆက်သစ်တို့သည် ဆိုင်းဝိုင်းလဝိုင်းအတွင်းသို့ နွားအုပ်မောင်းသွင်း သည်နှင့်တူလှစွာ ဝင်ရောက်တော်မူ လာကြလေကုန်၏။ အုန်းအုန်းကျွက်ကျွက်ဆူညံစွာ စည်ကားလေပြီ တကား။
“ဟာ၊ ဆိုင်ထဲမှာ ရုပ်ရှင်ပြနေတယ်ဟေ့”
“ဟေ့ကောင်၊ ရုပ်ရှင်မဟုတ်ဘူး။ အခုပေါ်နေတာ ချက်ကြီးရဲ့ပုံ။ချက်ကြီးမင်းသားဖြစ်ပြီ”
“ဟာ၊ ဒါရိုက်ပြနေတာဟေ့၊ ဒါရိုက်ပြနေတာ၊ချက်ချင်းကြီးကို တန်းမြင်နေရတာ”
“ဒါရိုက်ထုတ်လွှင့်နေတာကွ”
“ဟ၊ဟ၊ ဗိုက်ဗူလမ်းလျှောက်နေတယ်၊ လမ်းလျှောက်နေတယ်”
“ဟေ့ကောင်၊ငစိုး မင်းပုံကို ငါမြင်နေရတယ်နော်။ မုန့်ခိုးစားမယ်မကြံနဲ့။ မင်းကို ငါကြည့်နေတယ်။ ဟဲဟဲ”
“ဘယ်နေရာမှာ ရပ်ရင်ပေါ်လဲကွ။ ငါ့ပုံကို ကြည့်ပါအုံး”
“စွတ်မတိုးနဲ့ကွ၊ တယောက်တလှည့်စီနော်၊မင်းဖယ်တော့”
ဤသို့လျှင် ရွှေပင်ကျေးရွာ မျိုးဆက်သစ်အုပ်စုနှစ်စုသည် တီဗီဖန်သားပြင်ရှေ့နှင့် စီစီတီဗီကင်မရာရှေ့တွင် အုပ်စုတစုစီခွဲလျက် ခေတ်မီနည်းပညာအပေါ် အသီးသီးဝေဖန်ဆောကြောလျက်ရှိရာ ကျောင်းပြန်တက်ချိန် ကိုပင် မေ့လျော့နေကြလေသဖြင့် ကျောင်းဆရာကိုဘိုကိတ် ကိုယ်တိုင်လက်စွဲတော်ကြိမ်လုံးနှင့်အတူ ကိုယ်ထင် ပြမှသာ တပ်နောက်သို့လှည့်ကြသည်ဟူ၏။
(၅)
ပူပြင်းသောနေရောင်ကြောင့် ရွာလယ်လမ်းမကြီးတလျှောက် တံလျှပ်ထနေသည့် နေ့လယ်ချိန်ခါတွင်ကား ရွှေပင်ရွာသားတို့သည် ဆိုင်းဝိုင်းလဝိုင်းဆိုင်အတွင်းသို့ အချိန်းအချက်ပြုထားကြဘိသည့်အလား နှစ်ယောက်တ တွဲ၊သုံးယောက်တတွဲ အသီးသီးအဿက၊အဿက ဝင်ရောက်လာကြလေရာ မကြာမီဆိုင်လုံးပြည့်လေ၏။ ယင်းဖြစ်ရပ်၏ လက်သည် တရားခံမှာ ကြီးမယ်သီဖြစ်၏။ “အဲကွန်းဆိုလား၊ဘာဆိုလား၊ ဆိုင်ထဲမှာတော့ လေမတိုက်ပဲ အေးနေတာ ပဲဟေ့၊ဘာမှ မဝယ်လဲ ဝင်ထိုင်နေရင် ရတယ်”ဟူသော သူ၏ မှတ်ချက်စကား ကြောင့် ပူပြင်းလှသော အပူဒဏ်ကို ကျော်လွှားနိုင်ကြရန် ရွှေပင်သားတို့ ချီတက်စုရုံးရောက်ရှိ လာကြခြင်း ဖြစ်လေသည်တကား။
အချို့ကား ရဲတင်းပွင့်လင်းစွာ ရင်ကိုဖွင့်လျက် ဝင်လာ၏။အချို့ကား မျက်စိလည်လမ်းမှားလာသယောင်ပုံဖမ်း၏။ အချို့ကား ဈေးဝယ်လာလေဟန် အိုက်တင်ဖြင့်ရှိ၏။အချို့ကားလမ်းကြုံလေဟန်ပုံစံပြ၏။ဝင်လာမစဲ တသဲသဲ ပါတကား။
ဈေးဝယ်သူအနည်းငယ်ကား ရှိပါ၏။သို့သော် ပြန်ထွက်သူကား မရှိလေ။ ရွှေပင်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဆွေတော်မျိုးတော် မိန်းမဒွေတသိုက်မှာ ဆိုင်ထောင့်လေအေးစက်အောက်တွင် စကားဖောင်ဖွဲ့ကာ သန်းတုတ် လျက်ရှိလေသည်။ကြွရောက်လာသော မင်းပရိသတ်တို့မှာ ဆိုင်အတွင်း နေရာရရန်အလို့ငှာ တွန်းကြ၏။ ဝှေ့ကြ၏။ အချို့ကား တွန်းဝှေ့ဝှေ့ကြ၏။ တွန်းသောဝှေ့သော အရှိန်ကြောင့်ပင် ဆိုင်းဝိုင်းလဝိုင်း၏ ဆိုင်ရှေ့ မျက်နှာစာကို ကာရံအပ်သော ဧရာမမှန်ကြီး နှစ်ချပ်မှာ မြေခပျက်ယွင်း၊အစိတ်စိတ်အမြွှာမြွှာ ကွဲကြေခြင်းသို့ ရောက်ရလေ၏။
(၅)
ညီအကိုမသိတသိ နွားရိုင်းသွင်းချိန်တွင်ကား ဆိုင်းဝိုင်းလဝိုင်းရှေ့မြေကွက်လပ်တွင် ရွှေပင်ကျေးရွာအုပ်ချုပ်ရေး မှူးကြီးသည် ခုံပုငယ်တလုံးပေါ်တွင် ထိုင်နေရင်း နဖူးဆီမှ ဖြိုင်ဖြိုင်ကြီး စီးကျလာသော ဇောချွေးတို့ကို သုတ်လျက်ရှိ၏။ အရောင်းတာဝန်ခံ ဝိုင်းစိန်မကား အရောင်းကောင်တာနောက်ကွယ်တွင် ငူငူကြီးရပ်ကာ ငိုမဲ့မဲ့ရှိ၏။ အကူဈေးရောင်း စိန်ကျော်မောင်ကား ခေါင်းကိုတဗျင်းဗျင်းကုပ်လျက် ဂဏှာမငြိမ်ဟန်ဖြင့် ဆိုင်ပြင် ထွက်လိုက် အတွင်းပြန် ဝင်လိုက် ရှိနေလေသည်။
ထိုစဉ် ရွာလယ်ခေါင်တခုသော အလှူမဏ္ဍပ်၏ လော်စပီကာမှ နာမည်ကျော် အဆိုတော် ဗီဗာဟိန်း၏ ရက်ပ် စတိုင်ရောမွှေထားလေသည့်  ချိုမြကြည်လင်သည့် မြန်မာသံသီချင်းမှာ ဆိုင်းဝိုင်းလဝိုင်းဆီသို့တိုင် လေနှင့်အတူ လွင့်ပျံရောက်ရှိ လာလေသည်။
 “ဝါဝါမြင်တိုင်း ရွှေအစစ်လို့ မထင်လိုက်ပါနဲ့ မေ့ချစ်သူရယ်၊အချစ်စစ်နဲ့မတန်ဘူးအချစ်ရယ်၊ ဂုဏ်လောကကြီး ရယ်၊ မှန်ကင်းတလှည့်ထင်းတလှည့်ပါကွဲ့၊ သစ်ငုတ်မြင့်တုံ မြက်မြင့်တုံတဲ့ကွယ်၊ရေစီးတခါရေသာတလှည့်မို့ ဘူးသီးမှ အရီးလာမတော်နဲ့ဟယ်”
“ချိန်ဆည်းဆာ နေခြည်စောင်း၊မောင်းကလေးကမြည်၊ ဒီအချိန်ဆို လူစုံပြီ ယာထဲကိုင်းထဲ အလုပ်သွားကြတဲ့ ရွာသားများတို့သည်၊ ဖိတ်စာကမ်းကာ မဖိတ်နေတော့ပါ၊ တရွာလုံးလာပါ၊ ဗျို့ဟစ်ဖိတ်သည်၊ မီးခိုးတိတ်ကြွ ကြပါဗျို့”
↧

မိုးခါးပုံပြင်

$
0
0







                                                                              မိုးခါးပုံပြင်
 
                  (မင်းဒင်)

ပြည်တပြည်တွင် မင်းနှင့်ပုဏ္ဏား အကျွမ်းဝင်ကြ၏ ။ အခါတပါးသော် မင်းကြီးကို ပုဏ္ဏားဆို၏ ။“အရှင်မင်းကြီး၊ရှေ့ ၇ ရက်၌ ၇ ရက်ပတ်လုံး မိုးကြီးစွာရွာလတ္တံ့သတည်း။ ထိုမိုးကို ပြည်သူပြည်သားတို့ သောက်ကြကုန်သော် ပြည်လုံးရူးအံ့ သတည်း” ဟု ဆို၏ ။
မင်းကြီးလည်းပုဏ္ဏား၏ ဥာဏ်အမြော်အမြင်ကို ယုံမှတ်၏။ မိုးကြီးရွာလတ်သော် မိုးရေမှအပဖြစ်သောရေကိုသာ၊မင်းနှင့် ပုဏ္ဏား မှီဝဲ၍နေ၏။ မိုးရေကိုသောက်မိသော ပြည်သူအလုံးလည်း ရူးသွပ်ခြင်းသို့ရောက်၏။ ရူးသူတို့က မင်းကို ပမာမခန့်ပြု သည်ဖြစ်၍ ပြည်အ၀ှမ်း၌ အုတ်အာသရဲ ရှိလေ၏။
(၂)
Nobody above The Law .“ဥပဒေ အထက်တွင် မည်သူမျှ မရှိစေရ”(ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ)။
……..
သမ္မတက မိမိ၏ သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟု ဆိုသော ဧရာဝတီ မြစ်ဆုံ ဆည်အား မဖြစ်မနေ ပြန်လည်စတင် တည်ဆောက်သွားရမည် ဖြစ်ကြောင်း အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှု ဆောင်က တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြား ပြောဆို သွားခဲ့ပါသည်။
မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေးအဖွဲ့အစည်းများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များနှင့် လူထုလူတန်းစား အဖွဲ့အစည်း များ မီဒီယာများနှင့် ပြည်သူအများအပြားက ဆန့်ကျင်ဝေဖန်မှုများ ပြုလုပ်အပြီး ပြည်သူ့အသံကို နားထောင်ကာ သမ္မတက ၄င်းစီမံကိန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သော သမ္မတ၏ ဆုံးဖြတ်ချက်အား ယခင် ရန်ကုန်မြို့တော်ဝန်ဟောင်း အငြိမ်းစားဗိုလ်မှူးချုပ်ကတွေ့ဆုံမေးမြန်းရာတွင်စိန်ခေါ်သွားခဲ့ခြင်းဖြစ်ပါသည်။
 "ဒါဟာ သူ (သမ္မတ) ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို ဆန့်ကျင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သမ္မတဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်"ဟု ဖြေကြားသွားပြီးယခု မြစ်ဆုံဆည်အား ပြန်တည်ဆောက် သင့်သလားဟု မေးမြန်း ရာတွင် "ဆောက်ကိုဆောက်ရမှာပေါ့၊ ကျွန်တော်တို့ လျှပ်စစ်ဓာတ်အား လိုတယ်။ အနောက် နိုင်ငံတွေက ဒါကိုရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ " ဟု ဖြေကြားခဲ့သည်။
USDPပါတီ၏အဓိကအလုပ်အမှုဆောင်တစ်ဦးဖြစ်သူသည်NLDပါတီနှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်း ပြင်းထန်ထန်ဝေဖန်သွားခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်အားလည်း"ကျွန်တော် သူ့ကို မယုံဘူး။ ကုလသမဂ္ဂ ကိုလည်းမယုံဘူး " ဟုဖြေကြား သွားခဲ့သည်။(သောကြာ၊ဇူလိုင် ၂၀။၂၀၁၂)။ Burma Development Net
……….
၂၀၁၃၊ဇန်န၀ါရီ၂၈ရက်နေ့က ပြုလုပ်တဲ့ လယ်သမားတွေနဲ့တွေ့ဆုံပွဲမှာ လယ်ဆည်ဝန်ကြီးက “အကြွေးမကြေရင်တောင်သူ တွေအနေနဲ့ထမင်းတစ်နပ် လျော့စားသင့်ကြောင်း၊ ဥပုဒ်စောင့်တဲ့ သဘောမျိုး ကုသိုလ်လည်းရ၊ ၀မ်းလည်းဝမှာဖြစ် ကြောင်း၊ အကြွေးမကျေရင် သံသရာက မလွတ်နိုင်ဘူး နောင်ဘ၀မှာ ကျွန်ဖြစ်လိမ့်မယ်”လို့ ပြောခဲ့ပါတယ်။
………

၂၀၁၂ မေလ နောက်ဆုံးပတ်လောက်က အကြံပေးအဖွဲ့ခေါင်းဆောင်က လျှပ်စစ်မီးပြဿနာနဲ့ ပတ်သက်ပြီးပြည်သူလူထု ကြီးကို ''ဖယောင်းတိုင် မီးထွန်းပြီး ချွေချွေတာတာ နေကြပါ'' ဆိုတဲ့သဘော တိုက်တွန်းပြောဆို အကြံပေးလိုက်ပါတယ်။ ပြည်သူလူထုကြီးရဲ့ တုံ့ပြန်ဝေဖန်သံ၊ ဆဲသံဆိုသံတွေက ဖုံးလွှမ်းသွားလိုက်တာ ဘ၀ဂ်ထိတိုင်အောင် ပွက်ပွက်ညံသွား ပါရောလား။(သမိုင်းက ဒဏ်ခတ်လိမ့်မယ်)။ (မောင်သွေးချွန်)

(၃)
သမ္မတရုံး ပြည်ထောင်စုဝန်ကြီး၏ စင်္ကာပူနိုင်ငံခရီးစဉ်တွင် ပြောကြားခဲ့သော မိမိတို့သည် စစ်အစိုးရမှ ပေါက်ဖွားလာခြင်း ဖြစ်ပြီး ဘာမှမတတ်ဟူသည့် ပြောကြားချက်အသံဖိုင်မှာလူမှုကွန်ယက်စာမျက်နှာ(fackbook)တွင် ပျံ့နှံ့နေပြီး လူကြိုက်များ လျှက်ရှိသည်။ဝန်ကြီးက “ကျနော်တို့ဟာ စစ်အစိုးရက ပေါက်ဖွားလာတာဖြစ်တယ်၊စံနစ်သစ်ရောက်လို့ တံခါးဖွင့်ကြည့် လိုက်တဲ့ အခါ ဘာမှမတတ်ဘူးဆိုတာ သွားတွေ့ရတယ်”ဟု ဆိုသည်။သူသည် ၂၀၁၂ခုနှစ်နိုဝင်ဘာလအတွင်းက လက်ပံ တောင်းကြေးနီစီမံကိန်းကိစ္စနှင့်ပတ်သက်၍ ဒေသခံများအား မိမိတို့သည် တရုတ်ကိုကြောက်နေရကြောင်းနှင့် တရုတ်ကို ကျေးဇူးတင်ရမည်ဖြစ်ကြောင်းပြောကြားသည့်စကားကြောင့် လည်း ပြည်သူလူထုအကြားစိတ်ဝင်စားမှုခံခဲ့ရဖူးသည်။
(အမှတ်(၉) မေ ၁၁-၁၇၊၂၀၁၃ရက်စွဲပါ The Myanmar herald)
“ နောက်ကြောင်းပြန်မလှည့်ရေးအတွက် ကြံ့ခိုင်ရေးပါတီမှာသာ တာဝန်ရှိပြီး နောက်ကြောင်းပြန်လှည့်စေဖို့ ပြောသူ၊ လုပ်သူတွေကို ချေမှုန်းမယ်”( ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ)
(၄)
တင်ဒါအောင်မြင်ခါ ရွေးချယ်ပြီးဖြစ်သည့် ဆက်သွယ်ရေး အော်ပရေတာ နှစ်ခုအမည်ကို ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာမည်ဖြစ်ခါ ရက်ရွှေ့ဆိုင်းရန် မရှိကြောင်း ဆက်သွယ်ရေး အော်ပရေတာ တင်ဒါအကဲဖြတ် စိစစ် ရွေးချယ်ရေးအဖွဲ့ဥက္ကဌက  မြန်မာတိုင်း(မ်)ကို ပြောသည်။''လွှတ်တော်မှာ တင်သွင်း အဆိုပြု ဖြစ်တာတော့ မကြားရ သေးဘူး။ လွှတ်တော်က ဒါမျိုး ရပ်ခိုင်းလို့မရဘူး။ နိုင်ငံရေး ပိုင်းအရ ပြည်ထောင်စု အစိုးရနဲ့ လွှတ်တော် ဘယ်လိုရှိမလဲ မသိဘူး။ သမ္မတရုံးဆီက ဘာမှ ညွှန်ကြားချက် မလာရင် လုပ်စဉ်အတိုင်း ဆက်လုပ်ရမှာပဲ။ နည်းပညာအဖွဲ့ဖြစ်လို့ လွှတ်တော်မှာ ဘာဖြစ်လဲ ကျွန်တော်တို့ မသိဘူး''ဟု ဦးဆက်အောင်က ပြောသည်။(မြန်မာတိုင်းမ်၊ ဇွန်၂၇၊၂၀၁၃)
………………..
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာ  လုပ်ပိုင်ခွင့်ရမဲ့ ကုမ္ပဏီတွေ အနေနဲ့ ထွက်ရှိလာမဲ့ ဆက်သွယ်ရေးဥပဒေအ တိုင်းပဲ လုပ်ကိုင်ဆောင်ရွက်ရမယ်လို့ ဆက်သွယ်ရေးနဲ့သတင်းအချက်အလက်နည်းပညာဌာန ပြည်ထောင်စုဝန်ကြီးက ပြည်သူလွှတ်တော်မှာ သတင်းထောက်များကိုပြောကြားလိုက်ပါတယ်။“တင်ဒါအောင်တာပဲ ရှိမယ်။ လုပ်မယ်ဆိုရင် နိုင်ငံတော်က ချမှတ်ထားတဲ့ဥပဒေရင်းနှီးမြှုပ်နှံမှုဥပဒေ၊တယ်လီဖုန်းအော်ပရေတာဥပဒေတွေ အများကြီးရှိသေးတယ်။ အဲဒီဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မှတ်ပုံတင်သင့်တင်မယ်။ စာချုပ်ချုပ်စရာရှိချုပ်ရမယ်”ဇွန်၂၈၊၂၀၁၃အာအက်ဖ်အေ။
(၅)
ဗုဒ္ဓဘာသာနဲ့ အမျိုးဘာသာ စောင့်ရှောက်ရေး လှုပ်ရှားမှုတွေကြောင့် ထင်ရှားလာသူ မန္တလေး မစိုးရိမ်တိုက်သစ် ကျောင်း တိုက်က ဆရာတော် အရှင်ဝီရသူကို ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီးက ဗုဒ္ဓဘာသာ အကြမ်းဖက်မှု ပြယုဒ်အဖြစ် ဇူလိုင် လဆန်းထုတ် မဂ္ဂဇင်းမျက်နှာဖုံး မှာ ဖော်ပြလိုက်ပါတယ်။
…………….
အမျိုး၊ ဘာသာ၊သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းမှုသည် ရည်ရွယ်ချက် ကောင်း ကြောင်း၊သံဃာ ၁၀၀၀ ကျော်တက်ရောက်သည့် အမျိုး ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒ ခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲ၌ သီတဂူဆရာတော်ကြီးက တစ်နာရီကျော်ကြာ မိန့်ကြားသော သြ၀ါဒတွင် ထည့်သွင်းမိန့်ကြားခဲ့သည်။
ထို့အပြင် သီတဂူဆရာတော်ကြီးက အမျိုးဘာသာ၊ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တစ်ရပ်ပေါ်ပေါက်က အစိုးရ၊ နိုင်ငံတော်သံဃမဟာနာက၊ သံဃာထုတစ်ရပ်လုံး စည်းစည်းစည်းလုံးလုံး လုပ်ဆောင်ကြရန်လည်း တိုက်တွန်းခဲ့သည်။
အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး အကြံပေးဆွေးနွေးသူ ဦးရဲခေါင်ညွန့်ကလည်း ယင်းဥပဒေသည် လူ့အခွင့်အအရေးနှင့်ညီ ကြောင်း၊ အခြားနိုင်ငံများတွင် ၄င်းတို့ ဘာသာများအတွက်ခတ်ထားသော ခြံစည်းရိုးကို လူ့အခွင့်အရေးနှင့်မညီဟု မပြော ကြောင်းစသည်ဖြင့် ဥပဒေကြောင်းရာများဆွေးနွေးခဲ့သည်။
(၆)
ပုဏ္ဏားလည်းဆိုပြန်၏။ `မြတ်သောမင်းကြီး...ကျွန်ုပ်တို့ ရူးသည်ထက် ပြည်မပျက်အောင် နှလုံးစေ့ဆော်ပါလော့´ဟုဆိုကာ မိုးခါးရေကို မင်းအား ဆက်၏ ။ ကိုယ်တိုင်လည်း သောက်၏။ထိုအခါတွင်မှ အမျိုးလေးပါးသောပြည်သူတို့ကမင်းနှင့်ပုဏ္ဏား ကို ပျပ်ဝပ်ကြသည် တဖန်ဖြစ်၍တိုင်းကားပြည်ရွာ ငြိမ်သက်ခြင်းသို့ရောက်၏။

(မဏိရတနာပုံကျမ်း)


↧
↧

ကြောင်ချော့တေး

$
0
0
         ကြောင်ချော့တေး

             (မင်းဒင်)
(၁)
အနေမပျော် အခင်းဆွေး စာရင်းထုတ်၊ ရွှေနားတော်သွင်း ဧချင်းတစ်ပုဒ်လို့သာ မှတ်ပေတော့ ကြောင်ကလေးတွေရေ့။ ဘာလိုလိုနဲ့ မင်းတို့ ငါ့အိမ်ကနေ အစအန ပျောက်သွားတာ ဆယ်ရက်တောင် ကျော်ပြီဟေ့။မင်းတို့မောင်နှမ သုံးယောက် ပျောက်သွားတဲ့ နေ့ကစပြီး တကယ့်ကို တနေ့မှ မေ့မရဘူးကွာ။ ငါ့ကိုယ်ငါတောင် အံ့သြမိပါရဲ့။ အေးလေ။ မင်းတို့လို တလသား ကြောင်ပေါက်စလေးတွေကို ငါက မမေ့စရာ ဘာအကြောင်းမှ မရှိတာ။ နောက် ငါကလည်း ခွေးချစ်သူ၊ကြောင်ချစ်သူ စာရင်းထဲမှာ မပါပြန်ဘူး။ဒါပေမဲ့ ငါ့ကို ဒုက္ခပေးနေတာ ငါ့စိတ်ကွ။ မင်းတို့များ ငါ့ကို အထင်လွဲသွားလေသလား၊ ဝဋ်ကြွေးတုန့်ငင်၊ တင်ကျန်လေမလား၊ တွေးတွေးနေမိလို့။အထင်လွဲမယ်ဆိုလည်း လွဲစရာပဲကွာ။ မင်းတို့မောင်နှမတွေနဲ့  ငါ့လူတွေ ရုန်းရင်းဆန်ခတ် ဖြစ်သွားတာကလည်း နည်းနည်းတော့ ပွဲကြမ်းသွားတယ်ထင်ပါရဲ့။ အဲဒါ မင်းတို့ နဲ့  ငါ နောက်ဆုံးတွေ့ လိုက်တဲ့ ညပဲကွ။
မင်းတို့ထင်သလောက် ငါမရိုင်းပါဘူးကွာ။ မယုံရင် မင်းတို့အမေကိုသာ မေးကြည့်ပေတော့ကွာ။ တကယ်ဆို မင်းတို့အမေကလည်း ငါ့အိမ်မှာနေတာ မဟုတ်ပါဘူး။ ဘေးချင်းကပ် ဆွီဒင်ကြီး အိမ်ကကွ။ မင်းအဖေက ငါ့မျက်စောင်းထိုး အိမ်၊ ထိုင်းအဘိုးကြီး အဘွားကြီး လင်မယားအိမ်က။ဘယ်လိုလုပ် ငါ့အိမ်မှာလာပြီး နဖူးစာ အိမ်လည်ကြသလဲ မပြောတတ်တော့ပါဘူး။
ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက မင်းအဖေနဲ့မင်းအမေ ညည ချိန်းတွေပြီး ငါ့အိမ်မှာ ဗြောင်းဆန်အောင် ပလူးခဲ့ကြတာ၊ ငါတောင် အိပ်ကောင်းခြင်း မအိပ်ရတဲ့ညတွေ အများကြီးပါ။ ဒီလိုကွ။ မင်းအမေကို မင်းအဖေက စ ရစ်တော့ အစပိုင်းမှာ မင်းအမေက ငြင်းပုံရတယ်။ ဝုန်းဒိုင်းကို ကြဲနေတာပဲ။ နောက်ပိုင်း မင်းအဖေကပဲ အတင်းအဓမ္မ နသားပါရ လုပ်လေသလား။ မင်းအမေကပဲ အလိုတူကြည်ဖြူလေသလား။ ဒါတော့ ငါလည်း ရှင်းမပြတတ်တာ အမှန်။ မင်းတို့မွေးလာမှ သြော်၊ သူတို့ အဆင်ပြေသွားကြသကိုးလို့သိတာ။အေးပါ၊ ဒါ မင်းတို့်ကလေးတွေကိစ္စ မဟုတ်ပါဘူး။ အခုပြောပြနေတာက မင်းတို့သိသင့်တယ်ထင်လို့  နည်းနည်း နောက်ကြောင်းပြန်ပြတာ။ ဒါမှ ငါ့ စိတ်ကို မင်းတို့ ခန့် မှန်းနိုင်မယ်လေ။
အမှန်အတိုင်းပြောရရင် မင်းတို့အမေ ကိုယ်လေးလက်ဝန် ဖြစ်နေလည်း ငါမသိလိုက်ဘူး။ ငါလည်း ငါ့အလုပ်နဲ့ငါ ရှုပ်နေတာ။ ရှုပ်နေတဲ့ငါ့ အလုပ် ဆိုတာက၊ သက်ခိုင်ဆိုတဲ့ငါ့သူငယ်ချင်း တစ်ယောက်အကြောင်းကို အင်တာနက်မှာ ရေးရေးနေလို့။ ထားလိုက်ပါကွာ။ ဒါလည်း မင်းတို့နဲ့ မဆိုင်ပါဘူး။လွန်ခဲ့တဲ့ တစ်လကျော်လောက်ပေါ့ကွာ။ မင်းတို့ မီးတွင်းထဲမှာ ရှိတုန်းပေါ့။ မီးတွင်းဆိုတာ မီးဖွားတာ တစ်ပါတ်မပြည့်သေးတာကို ပြောတာကွ။“ဆရာ၊ အိမ်မှာ ကြောင်လေးတွေ ပေါက်နေပြီ”ဆိုပြီး ငါ့အိမ်မှာနေတဲ့  မောင်ဖြိုးဆိုတဲ့ ချာတိတ်လေး ၊ငါ့ကို လာပြောမှ မင်းတို့ မိသားစုကို ငါသတိပြုမိတာ။ မင်းအမေက တော်တော်လည်တာပဲကွ။ မင်းတို့မွေးဖို့ မီးနေခန်းကို ငါ့ဘုရားစင်နောက်မှာ လာရွေးသတဲ့ကွာ။ တမျိုးလည်း အန္တရာယ်ကင်းတာပဲကွ။ ဘုရားစင်နောက်ဆိုတော့ တွေ့တဲ့လူက ရုတ်တရက် ဒေါသ မထွက်နိုင်ဘူး၊ ရန်မပြုနိုင်ဘူးပေါ့။ မင်းတို့ကြောင်ဘဝရောက်တာ ငါသိတော့ မင်းတို့ဘာသာ မင်းတို့နေ၊ ငါ့အလုပ်ငါလုပ်ပဲလို့အစက သဘောထားခဲ့တာလည်း အမှန်ကွ။ အပ်ကြောင်းထပ်တယ်တော့ မထင်ပါနဲ့။ ငါက ခွေးတွေ ကြောင်တွေ ချစ်တတ်တဲ့အထဲတော့ မပါဘူးကွာ၊ ဒါပေမဲ့ မင်းတို့မိသားစုကို ငါ ကိုယ်ချင်းစာပါတယ်။ မင်းတို့ငါ့အိမ်ရောက်နေသလို ငါလည်း သူများနိုင်ငံ ရောက်နေတာပါပဲ။ ပိုဆိုးတာက အခု ငါ ရောက်တဲ့ ထိုင်းဆိုတာက ငါမွေးခဲ့တဲ့ မြန်မာပြည်နဲ့ ဟိုးရှေးရှေးတုန်း ကတည်းက ရန်ဘက်ကွ။
(၂)
တို့မြန်မာဘုရင် အလောင်းဘုရား၊ ဘုရင့်နောင်တို့လက်ထက်တွေတုန်းက ထိုင်းတွေကို ဟိုဒင်းကို ဟိုဒင်း နိုင်သလိုကို နိုင်ခဲ့တယ် ဆိုပဲကွာ။ ထိုင်းဆိုတာ မြန်မာတွေ နိုင်ဖတ်။ ထိုင်းတွေက အမြဲတမ်း ခံဖက်က။ အခု တို့နေတဲ့ ဖူးခက်မြို့အဝင်၊ လမ်းမကြီးပေါ်မှာ ကျောက်တိုင်ကြီးတခု ရှိလေရဲ့။အဲဒီ ကျောက်တိုင်ထိပ်က ဓားကိုင်ထားတဲ့ မိန်းမရုပ်တု နှစ်ခုဟာ မြန်မာဘုရင် ကျူးကျော်တာကို ရွံ့ရွံ့ချွံချွံတွန်းလှန်ခဲ့တဲ့၊ ဖူးခက်သူ ထိုင်းအမျိုးသမီး သူရဲကောင်းတွေတဲ့ကွ။ ထိုင်းလိုတော့ အနုစာဝါရီတဲ့။ တို့မြန်မာတွေကတော့ အမြင်ကတ်လေသလား မပြောတတ်ဘူး။ အရုပ်နှစ်ကောင်လို့ ခေါ်ကြလေရဲ့။ ဖူးခက်ရောက် မြန်မာအလုပ်သမားတွေကတော့ အဲဒီမိန်းမတွေဟာ မြန်မာဘုရင် အလောင်းဘုရားကို တွန်းလှန်ခဲ့ကြတာ ဆိုပြီး ရမ်းတုတ်နေတာကွ။ စာတတ်တဲ့  ထိုင်းတစ်ယောက်ကို ငါ သေချာမေးတော့ ဘိုးတော်ဘုရားလို့ ပြောပါသကွာ။
အမှန်က ထိုင်းကို ရောက်တဲ့ မြန်မာတွေက မရှိတော့တဲ့ ဇာတိမာန်ကို ကျားပိန်တွယ်တွယ်ပြီး ရမ်းတုတ် မှန်းတုတ် ရာဇဝင်တွေနဲ့ အားတင်းနေကြတာပါကွာ။တကယ်တော့ အလောင်းဘုရားက ထိုင်းကို မြန်မာ သက္ကရာဇ် ၁၁၂၁ ခုနှစ်မှာ တိုက်ရုံသာ တိုက်ခဲ့တာ အောင်မသွားရှာဘူး။
ဗဒုံမင်းခေါ် ဘိုးတော်ဘုရားဟာ ကုန်းဘောင်ဆက်မှာ နန်းသက်အရှည်ဆုံးဘုရင်ဆိုပဲ။ကုန်းဘောင်ခေတ်ဘုရင်တွေထဲမှာ အကျယ်ပြန့်ဆုံး၊မြန်မာ့အင်ပါယာကြီးကို စိုးစံခဲ့သတဲ့ကွ။သူ ထီးနန်းစိုးစံခဲ့တဲ့အချိန်ဟာ ကုန်းဘောင်ခေတ်ရဲ့ အထွဋ်အထိပ် နေမွန်းတည့်ချိန်မို့ သူ့ကို ကုန်းဘောင်ပရမေလို့တောင် တင်စားခဲ့ကြသတဲ့။ တကယ်တော့ အင်္ဂလိပ်တွေဟာ အဲဒီအချိန်ကတည်းက မြန်မာပြည်ကို ထိပါးလာခဲ့ပေမဲ့ ဗဒုံမင်းဟာ “ကျားကဲ့သို့ ရက်စက်ကြမ်းကြုတ်သူ”လို့ ယူဆကြ တာကြောင့် အနားမကပ်ဝံ့ဘူးတဲ့ကွာ။ ဖူးခက်ကို ဘိုးတော်ဘုရားတပ်တွေ ရောက်လာတာဟာ ခရစ်သက္ကရာဇ် ၁၇၈၅ ဆိုတော့ သမိုင်းမှတ်တမ်းတချို့အရ ထားဝယ်ဘက်မှာ ယိုးဒယားနဲ့ပေါင်းပြီး ပုန်ကန်ကြလို့ နှိမ်နှင်းရာကနေ ဖူးခက်အထိ ရောက်လာဟန်ရှိသကွ။
(၃)
သြော်။ လူမှာ လူ့သမိုင်းရှိသလို မင်းတို့ကြောင်တွေမှာလည်း ကြောင်ရာဇဝင် ရှိပါသကွာ။ မင်းတို့ ကြောင်တွေက ဟိုတုန်းက ကျားတွေရဲ့ ဆရာတဲ့ကွ။ အေးလေ၊ ကျားဆရာ ကြောင်ဆိုတဲ့ စကားပုံတောင် ရှိသေး။ တကယ့် အကောင်ကြီးကြီး အဝါအနက် အစင်းကြားကြီးနဲ့ မင်းတို့ခန္ဓာကိုယ် အကြီးစား၊ ကျားဆိုတဲ့ကောင်တွေလေ။ ကျားဆိုတဲ့မောင်တွေက အကောင်သာ ကြီးတယ် ပညာကျတော့ မင်းတို့ မျိုးနွယ်တွေလောက် မစွံဘူး ဆိုပဲ။ အသားစားတဲ့ အကောင်ကြီးတွေ အမဲ မလိုက်တတ်တော့ ငတ်ပေါက်ကြုံပြီး မင်းတို့ အဖိုးအဖွားတွေဆီမှာ အဲဒီကျားတွေက ပညာသင်ခဲ့ ရတာတဲ့။ ခုန်ပျံကျော်လွှားတာ ခြေသံလုံအောင် လျှောက်တာတွေကအစ သင်ခန်း စာတော်တော်များများကို ပို့ချခဲ့တာတဲ့။ နောက်ဆုံး တော့၊ အမြီးကို ဘယ်လို ထိန်းရတယ် ဆိုတဲ့ သင်ခန်းစာကို မင်းတို့  ဘိုးဘွားတွေက ဆရာစား ချန်ခဲ့လို့  ကျား တွေက ရာဇဝင်စဉ်ဆက် အခဲမကြေဘဲ၊ မင်း တို့ကိုတွေ့ရာ သင်္ချိုင်း ဓားမဆိုင်းလက်တုန့်ပြန်မယ် ကြိမ်းထားခဲ့ကြသတဲ့။ မင်းတို့ဆွေစဉ် မျိုးဆက်ကလည်း ငါတို့ကို ရှာတွေ့ဖို့မပြောနဲ့ ငါတို့စွန့်တဲ့မစင်တောင် မတွေ့စေရဘူး ဆိုပြီး ချဲလင့် ပြန်လုပ်ခဲ့တယ် ဆိုပဲကွာ။အမှန်တော့ကွာ။ ဆရာတပည့် ပြေပြေလည်လည် မညှိနှိုင်းပဲ ရန်ကြွေးကို သားစဉ်မျိုးဆက် သယ်လာတာလည်း ကောင်းတဲ့အလုပ်တော့ မဟုတ်ပါဘူး။
ငါနဲ့ မင်းတို့မောင်နှမတွေ အထင်အမြင်လွဲစရာဖြစ်ရတာ မင်းတို့ကြောင်ရာဇဝင်နဲ့တောင် လာဆက်စပ် နေသလို ပါပဲကွာ။ဟုတ်တယ်ကွ။ အခုလို မင်းတို့နဲ့ ငါ တို့ အကြားမှာ ပြဿနာဖြစ်ရတာက ရာဇဝင်ထဲက မစင်စွန့် နည်းနဲ့ ဆိုင်တယ်၊ မင်းတို့ အမေက မင်းတို့ငယ်သေးတော့ မစင်ဘယ်လို စွန့်ရမယ်ဆိုတာ သင်မပေးသေးလို့။ ငါတို့ကလည်း သဲနည်းနည်းကို ဇကောလေးထဲ ထည့်ပြီး မင်းတို့ဇက်ကိုကိုင်။ မင်းတို့ဖင်နဲ့  သဲဗန်းနဲ့ဆောင့်။ ဒီမှာ ပါ၊ ဒီမှာ ယိုဆိုပြီး ကျင့်မပေးရသေးလို့ ဇာတ်တွေ မရှုပ်သင့်ပဲ ရှုပ်သွားတာကွ။ ဒါကို အစက ငါလည်း မသိပါဘူး။မင်းတို့ဥစ္စာက မခံစားနိုင်အောင် အနံ့ ဆိုးလွန်းလို့ တောင်မေးမြောက်မေးနဲ့ မေးမှသိတာ။မင်းတို့ကလည်း အကောင်သာငယ်တာ ပါတဲ့မစင်က လေသင့်ရာမွှေး တော်တော်လေးကို နံတာပဲကွာ၊ ဒါကြောင့် လူတွေက မင်းတို့ ပါတဲ့ဟာကို သီချင်းတောင်လုပ်ဆို ကြတဲ့ အထိကွ။ ဘာတဲ့။ ကြောင်ကို ဝမ်းနှုတ်ဆေးကျွေးမိသလို ကျွေးမိသလို ပျော့ပျော့လေးနဲ့  နံမဲ့  ပုံပေါ်တယ် တဲ့။
စာဖွဲ့မယ်ဆိုလည်း ဖွဲ့လောက်ပါရဲ့ကွာ။ လေတင်လေညာ ဘယ်လိုမှ မခံသာအောင် မင်းတို့က ဖင်သရမ်းထားတော့ ငါလည်း နှစ်ဦးနှစ်ဖက် ကောင်းအောင် စီစဉ်ရတော့တာပေါ့၊ ဒါကို မင်းတို့က အကြောက်လွန်ပြီး အထင်လွဲသွားတာကွ။
တကယ်ပါကွာ။ မင်းတို့ကို ငါလိမ်စရာ မရှိပါဘူး။ ခက်တာက အဲဒီရုန်းရင်းဆန်ခတ်ဖြစ်တဲ့ညက မင်းအမေကလည်း မင်းတို့နဲ့အတူ ရှိမနေဘူး။မင်းအမေရှိနေရင်လည်း ဒီလို ဖြစ်ချင်မှ ဖြစ်မှာပါကွာ။အမှန်က မင်းတို့ကို မစင်စွန့်နည်း သင်မလို့ကွ။ ဒဲ့ဒိုးပြောရရင် ကြောင်ချေးပါနည်း ပေါ့ကွာ။ မင်း တို့ကို သင်တန်းပေးဖို့ သဲကော ဗန်းပါ ရှာလာပြီးသား။ တလက်စတည်း မင်းတို့ တွေ့ရာ လျောက်ပါထားတဲ့ အီအီးတွေပါ ကျုံးမလို့။
ပြဿနာဖြစ်မှ သူများလွှဲချတာတော့မဟုတ်ဘူး။ပြည်ပန်းညို ချိုပါရက် ဆားဖျက်သလို လုပ်လိုက်တဲ့အဓိက တရားခံက စံလွင်ဆိုတဲ့ မောင်ကွ။ သူက ငါနဲ့ကျောင်းနေဘက် သူငယ်ချင်းပါကွာ။ သူလည်း သူ့ဘဝသူ့အကြောင်းနဲ့ ငါ့ဆီ ဘယ်လိုလုပ် မျက်စေ့လည် လမ်းမှားလာသလဲ မပြောတတ်တော့ပါဘူး။ အခု သူက ငါဖွင့်ထားတဲ့ ဆိုင်က မန်နေဂျာ ဆိုပါတော့။ သူက ငါပြောသမျှ ဟုတ်ကဲ့။ မသိဘူး ဆိုတာချည်း ပြောနေတတ်တဲ့ မောင်။
အဲဒီညက ကြောင်လေးတွေကို ချေးပါနည်း သင်ရအောင်၊ ကြောင်ချေး စစ်ဆင်ရေး လုပ်ရအောင် လာခဲ့ပါ ဆိုတော့ ချီတက်လာလိုက်ကြတာ၊ သူကော၊ သူ့မိန်းမကော၊ အောင်ချိုဆိုတဲ့ချာတိတ်ကော၊ အိမ်က မောင်ဖြိုးနဲ့ပါဆို  လေးယောက် တောင်။
နောက်တော့ ကြည့်အုံး။ စံလွင့်မိန်းမကလည်း ကြောင်ချေးဆိုတာ အသံကြားတာနဲ့ ဘီလူး သံပုရာသီး ကိုက်ထားတဲ့ ရုပ်နဲ့၊ အောင်ချိုကလည်း အာဏာပါးကွက်သား ပုံစံ။ စံလွင်က မင်းတို့ကို ဒိုင်ဗင်ထိုး ဖမ်းတယ်။ အောင်ချိုက တံမြက်စည်းတ ချောင်းနဲ့ ရိုက်မယ်နှက်မယ် ဆိုတဲ့ ဒီဇိုင်း။မောင်ဖြိုးကလည်း အားပေးကူညီ၊အမှုတွဲအိုက်တင်နဲ့။ကြောင်ချေးကျုံးပြီး ကြောင်ကို အပေါ်ထပ်ကနေ အောက်ထပ်ကို ရွှေ့တာများကွာ တိုင်းပြည်ပျက်သလို ဟိုအတန်း ပုလိပ်ဝင်သလိုပါပဲ။ အမှန်က မင်းတို့ဂုတ်ကို အသာလေးဆွဲပြီး ကိုင်လိုက်ရင် ပြီးပါတယ်။ အခုဟာက အမဲဖျက်သလို ကြောင်သတ်ပွဲလို ဖြစ်ကုန်တော့ မင်းတို့လည်း ဟိုချောင်၊ ဒီချောင် ဂျက်ဆီဂျိန်းလိုက်တာ ပွဲက ဆူသထက် ဆူကုန်တော့တာပေါ့။
မင်းတို့မောင်နှမတတွေ ဘီဒိုအောက် ပြေးပုန်းတဲ့ကောင်က ပုန်း၊ အဲယားကွန်းနောက် ဝင်တဲ့ကောင်ဝင်၊ ခံကိုက်တဲ့ကောင်ကကိုက်။ စံလွင်လည်း ဒဏ်ရာရ။ မင်းတို့လည်း လန့်မသေတာ ကံကောင်း။ ဇာတ်ကတော့ တကယ့်ကို ရှုပ်ကုန်တာပဲကွာ။နာရီဝက်လောက်နေမှ သမ္မတလူကြမ်းတွေက မင်းတို့မောင်နှမသုံးကောင်ကို အောက်ထပ်ရွှေ့နိုင် တော့သဟေ့။
မင်းတို့ကလည်း မင်းတို့အမေ ပြန်လာတော့ တန်းစီဝိုင်းတိုင်ကြမှာပေါ့။အမေရယ်။ ဒီလူတွေ လူယုတ်မာတွေ အမေရဲ့။ ကျနော်တို့မောင်နှမ ကြောင်ပေါက်လေး သုံးကောင်ကို သတ်မဲ့ဖြတ်မဲ့ပုံတွေနဲ့ဗျ။ ဘီလူးသဘက် စီးနေသလား မှတ်ရ တယ်။အဖွဲ့လိုက်ကို အကြမ်းဖက်ကြတာဗျ..ပေါ့။မင်းတို့ညီမလေးကလည်း၊အမယ်လေး မာမီရယ်၊ သမီးတော့ အခုထိ ရင်တွေပန်းတွေ တုန်တုန်း။ သမီး သိပ်ကြောက်တယ် မာမီရယ်။ သမီးကို ချစ်ရင် ဒီလူရမ်းကားတွေအိမ်မှာ ဆက်မနေပါနဲ့။ လူတွေဖြစ်ပြီး လူစိတ်မရှိတဲ့သူတွေပါ မာမီရယ်၊ လုပ်မှာပဲ ပေါ့ကွာ။အေးကွာ၊တကယ်ဆို ငါ့အပြစ်လည်း ကင်းလှတယ်တော့ မဟုတ်ဘူး။ ဒီလောက် အကွပ်အကဲ ညံ့တဲ့ မောင်တွေကို ဒီလို စစ်ဆင်ရေးကို တာဝန်ပေးမိလို့ပေါ့ကွာ။
မင်းတို့အမေကလည်း မင်းတို့တိုင်တာတောတာ ယုံပြီး မင်းတို့ကို ဂုတ်ကနေ ကိုက်ချီပြီး ညတွင်းချင်းကို ပြောင်းသွားကြ ထင်ပါရဲ့ကွာ။ မနက်မိုးလင်းတော့ ငါလိုက်ရှာပါသေးတယ်။ ငါတို့ လွန်သွားတာကို ပြန်ချော့မလို့ ကွ၊ မင်းတို့က နို့ဆီ ကြိုက်တတ်တယ် မဟုတ်လား။မင်းတို့ကတော့ ငါ့ကို ခြေရာလည်းပျောက်၊ ရေလည်းနောက်အောင်ကို လုပ်သွားခဲ့တာ ကလား။ ဆွီဒင်ကြီး အိမ်ကို ပြန်လေသလား၊ ထိုင်းအဘိုးကြီး အဘွားကြီးအိမ်ကိုပဲ မြန်းလေသလား။ အစအနကို ရှာမရတော့ပါဘူးကွာ။
(၄)
ပွင့်ပွင့်လင်းလင်း ပြောရရင် ငါလည်း တစ်ယောက်တည်း နေလာတာ ကြာလို့လား မသိဘူး။ မင်းတို့ကို သံယောဇဉ် ဖြစ်သွားသလိုပဲကွ။ မှတ်မှတ်ရရ လွန်ခဲ့တဲ့ နှစ်ပါတ်ဝန်းကျင် ညတစ်နာရီထိုးလောက် ငါတရားထိုင်ပြီး ထွက်လာတော့ မင်းအမေက ငါ့ကို သူ့နှုတ်သီးနဲ့ ပွတ်သီးပွတ်သပ် လာလုပ်နေတယ်။တရားထိုင်တယ် ဆိုတာကလည်း ကိုသက်ခိုင် ပြောလို့ပါကွာ။ ဘာရယ်တော့ ဟုတ်တိပါတ်တိ မရှိလှပါဘူး။ ကိုသက်ခိုင်ကတော့၊သူ့နည်းနဲ့သူ ဖြစ်ပျက်ကို မြင်တယ် ဆိုလားပဲ။ ငါကတော့ နှာသီးဝက လေတောင် အနိုင်နိုင် ဖမ်းနေရတုန်းပါ။
ထူးထူးဆန်းဆန်း မကပ်စဖူး လာကပ်တဲ့ မင်းအမေရဲ့  အမူအယာကို ငါသဘောပေါက်တယ်ကွ။ သူက ကျမကလေးတွေ နို့ဆွဲလွန်းလို့ စားစရာလေး ဘာလေး ရှိရင် ကြည့်လုပ်အုံးလို့ပြောတာကွ။ အစတော့ ငါလည်း မျက်နှာလွှဲလိုက်မလို့။ နောက်ပြန်စဉ်းစားကြည့်တော့ ငါတို့လူတွေကသာ ဆဲဗင်းအလဲဗင်းမှာ နှစ်ဆယ့်လေးနာရီ ထွက်ဝယ်လို့ ရတာ မင်းအမေက မင်းတို့ကို ထားပြီး ဘယ်မှာ ဘာထွက်ရှာမလဲ။ ကြည့်၊ အချိန်ကလည်း ညတစ်နာရီလေ။ဒါနဲ့ မင်းတို့အတွက် ဘာများသင့်တော်မလဲ စဉ်းစားတယ်။နောက် ငါနဲ့မောင်ဖြိုး မနက်ဖက် လက်ဖက်ဖျော်သောက်တဲ့ နို့ဆီဗူးထဲက တဝက်လောက်ကို အချိုပန်းကန်အောက်ခံပြားထဲ ထည့်ပြီး တိုက်လိုက်တော့တာပဲကွာ။အေးလေ။ မင်းတို့မောင်နှမ သုံးကောင်က အစတော့ ခပ်လှမ်းလှမ်းက အခြေအနေ အကဲခတ်နေတယ်။ မင်းတို့အမေလည်း လေးငါးခါလျက်ပြီးရော မင်းတို့လည်း ဘာသာနဲ့ထုထားမှတ်လို့ အတင်းဝိုင်းတွယ်ကြတယ်လေ။နောက်ရက်တွေလည်း မင်းတို့ကလည်း ငါ့တွေ့တာနဲ့ တညောင်ညောင်နဲ့ နို့ဆီခွဲတမ်း တောင်းတော့တာပဲလေ။ တခါတခါ ငါ ချတိုက်တာများပြီး အန်ထွက် ကုန်တာတောင် ရှိသေး။သြော်၊ကြံဖန်ပြီး ဂုဏ်ဖော်တာ မဟုတ်ရပါဘူး။ ငါမှာလည်း သံယောဇဉ်ဆိုတာရှိတယ်လို့ ပြောချင်တာက အဓိကပါ။
ဝဋ်မှာအမြဲ ငရဲမှာအပ တဲ့။ဝဋ်ဆိုတာတော့ ကြောက်သဟေ့။မြန်မာရှေးဘုရင်တွေ လုပ်ချင်ရာလုပ်ခဲ့တာ ငါတို့လက်ထက်မှာ ကောင်းကောင်းကြီး ဝဋ်လည်နေတော့တာပဲ။ မြန်မာပြည်မှာ ဘယ်လိုမှ ရှာဖွေ စားသောက်လို့မရတဲ့ အဆုံး နယ်စုံက မြန်မာပြည်ဖွား တိုင်းရင်းသားမျိုးစုံဟာ ထိုင်းကို ရောက်လာပြီး ထိုင်းတွေ မလုပ်ချင်တဲ့ အလုပ်ကြမ်း မှန်သမျှ လုပ်နေကြရပြီကွ။ တိုတိုပြောရရင် မြန်မာတွေက ထိုင်းတွေရဲ့ ကျွန် ပြန်ဖြစ်နေတယ် ဆိုပါတော့ကွာ။ မင်းတို့အိမ်ပြောင်းတာ တို့မြန်မာတွေနေရာရွှေ့ နိုင်ငံကူးပြီး အလုပ်လုပ်ရသလောက်တော့ မဆိုးသေးဘူးကွ။မြန်မာအလုပ်သမားတွေက ကျွန်လာခံတယ် ဆိုတာတောင် လာရေးသွားရေးက မလွယ်လှဘူးမောင်။ နှစ်နိုင်ငံ နယ်စပ်ကိုကျော်ဖို့ နှစ်နိုင်ငံလုံးက ပိုင်ရာဆိုင်ရာတွေကို တံစိုး လက်ဆောင် လိုင်းကြေး လမ်းခင်းပြီး လာကြရတာ။ပတ်စပို့လို့ခေါ်တဲ့ နိုင်ငံကူးလက်မှတ်ထုတ် ပေးတဲ့ခေတ်မှာလည်း ထင်သာထင် မဝင်ဘူးကျောင်းအမရေ ပြောရမလို၊ ဒုက္ခမီးကတော့ လောင်နေတုန်းပါပဲ။ ပတ်စပို့စာအုပ်ရဖို့ ပွဲစားအဆင့်ဆင့်ကို ပေးရကမ်းရတာ ဗမာငွေလေးသိန်းကျော် ကုန်ကျတယ်ဆိုပဲ။မင်းတို့မမွေးခင် တစ်နှစ်ကျော်လောက်က ရနောင်းကနေ ဖူးခက်ကို အလုံပိတ် အအေးခန်းကားထဲမှာ မြန်မာအလုပ်သမား တစ်ရာကျော် တင်လာလိုက်တာ လေအေးစက် ခလုပ်မဖွင့်မိလို့ ငါးဆယ့်လေးယောက်တောင် မချိမဆန့်အသက်ထွက် ကုန်ကြပါပကော။ မင်းတို့ကြီးရင် မြို့ထဲရောက်ရင် မြင်ပါလိမ့်မယ်ဗျာ။ တကယ့်မိုးထိတိုက်တွေ ပြည့်နေတဲ့ မြို့ကြီးမှာ မဒမတိုင်မျောတိုင်တွေနဲ့  သွပ်ပြားဟောင်း မိုးထားတဲ့ ယာယီတဲတွေဟာ မြန်မာအလုပ်သမား စံနန်းတော်တွေ ပေါ့။
(၅)
တို့မြန်မာနိုင်ငံက အစိုးရမင်းများကိုလည်း တို့က ဘယ်ဘဝကများ ဘာတွေ ငြိုငြင်အောင် ဘယ်လောက် လုပ်ခဲ့မိသလဲ ဇာတိဿရ ဥာဏ်မရတော့ မပြောတတ်ဘူး။ငါတောင် မြန်မာပြည်မှာ မတောင့်မတ နေနိုင်ပါရက်ကနဲ့ ဖူးခက်မှာ သောင် လာတင်ပြီး သောင်ပြင်ကမောင်လို ဝဋ်ပြန်လည်နေလေရဲ့။ ကိုသက်ခိုင် ပြောတာတော့သံသရာဆိုတာတကယ်ရှိကြောင်း သူယုံတယ် ဆိုပဲ။အဲဒီ သံသရာတို့ ဝဋ်တို့ဆိုတာတွေကြောင့် ငါဒီလောက် လေကြောရှည်နေတာပေါ့ ကွာ။မင်းတို့သာ အမြီးနဲ့ဖုန်လုံးတောင် မမြင်ရတော့တာ မင်းတို့အမေတော့ ငါ့အိမ်ဘက်ကို ရံဖန်ရံခါ လာ လာနေတုန်းကွ။ ငါလည်း မျက်နှာပူနေတော့ မင်းတို့သတင်းမေးရမှာ နည်းနည်းတော့ ရှိန်နေသလိုပဲ။အေးလေ။ဒါကြောင့် မင်းတို့မောင်နှမကို ပြောပါရစေ။ အဲဒီနေ့က အဖြစ်အပျက်နဲ့ပါတ်သက်လို့မင်းတို့ မောင်နှမတွေ မလိမ္မာတခါ မိုက်တဲ့ ငါတို့လူမိုက်တွေကို ဗွေမယူပါနဲ့ ။ ရန်ငြိုးရန်ကြွေး၊ ဝဋ်ကြွေး ဆိုတာမျိုး ဖြစ်အောင် ဘယ်ဘဝမှသယ် မသွားကြပါနဲ့ ။
မင်းတို့သတင်းကိုလည်း ငါ အမြဲနားစွင့်လျက်ပါ။ စကားကုန်ကုန် ပြောရရင် ငါ့အိမ်မှာ ပြန်မနေကြရင်တောင် အဝင်အထွက် လောက်တော့ လုပ်ကြကွာ။နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ သံသယတို့ ရန်ငြိုးးတို့ဆိုတာ ဘယ်သူ့အတွက်မှ အကျိုးမပြုပါဘူးကွာ။ အခု တို့မြန်မာပြည်ဒီမိုကရေစီစံနစ်ဆီကို ပြောင်းလဲနေသတဲ့။ခက်တာက ခေတ်ဟောင်းမှာ ရှိခဲ့တဲ့ ကြီးမား တဲ့သံသယတွေရဲ့ အရိပ်မဲကြီးအောက်ကနေ မလွတ်နိုင်ကြသေးတာပါပဲ။အဲသလိုအချိန်မျိုးမှာ ရန်ငြိုးတွေပယ် ဖျောက်ဖို့ စံ နမူနာကို မင်းတို့နဲ့ငါက ၊စပြလိုက်တာ အကောင်းဆုံးထင်ပါရဲ့။

↧

ဆြာဒင်နှင့်ဥသြသံအရေးတော်ပုံ

$
0
0

            
             “ဆြာဒင်နှင့် ဥသြသံအရေးတော်ပုံ”

               (မင်းဒင်)
(၁)
ယိုးဒယားပြည်၊ဖူးခက်မြို့၏ ရပ်ရှစ်ခွင်တိုင်းကား မိုးလုံးပတ်လည် ၊အုံ့မှိုင်းပြာရီညိုမှောင်နေဆဲကို။
“ဝဿန်ကာလ၊မိုးကျတည့်လျှင် ပျော်ပျော်ပါးပါး မယားနှင့်ဆွေငယ်လင်” ဟူ၍ ဝန်ကြီးပဒေသရာဇာ ဖွဲ့ဆိုအပ်သော မိုးရာသီသမယပေတည်း။ရွှေပြည်တော်မျှော်လေဝေးလေသည့် တကျွန်းတမြေနေ အထီးကျန်ဆြာဒင်ကား ငွေမျှားတံမိုး ပေါက်တို့ကို ငေးကြည့်ကာ ပူဆွေးဗျာထုလှိုင်လျက်ရှိ၏။ မိုးဖြိုင်ဖြိုင်ရွာသွန်းလေသည့်လဇူလိုင်ပေတကား။ မကြာမတင် ရက်များတွင် ဆြာဒင်တို့နိုင်ငံအတွက် ကြေကွဲဝမ်းနည်းဖွယ်အထိမ်းအမှတ်နေ့တနေ့ကို ကျင်းပကြပေရော့မည်။ ဆယ့်ကိုး ဇူလိုင်ကား မေ့ရက်နိုင်စရာ မဟုတ်ပါချေ။
အင်တာနက်သာအမိ၊အင်တာနက်သာအဖ ထင်မှတ်နေရရှာသော ဆြာဒင်သည်၊မည်သို့လျှင် စိတ်၏စေစားရာသို့  လိုက်ပါ မိသည်မသိ၊  အွန်လိုင်းယူကျုမှ သီချင်းတပုဒ်ကို ဖွင့်မိလျက်သားရှိလေသည်။အမေရိကန်ပြည်ဖြစ် ဒဲလ်တံဆိပ်ကွန်ပြူတာ ဆီမှ ထွက်ပေါ်လာသည့် “နှစ်လနာရီ ခါရာသီရွေ့ပေမဲ့ အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ၊ ယနေ့ဖြင့် အသိတရား ထားဖို့ အခြေ၊ (အများပြည်သူတွေ)၂၊အာဇာနည်နေ့ကိုလေ၊ တွေးရှုကာပဲ၊အလေးပြုပါမယ်လေ” ဟူသော ခေတ်ဟောင်း ဂန္တဝင်အဆိုတော်ကြီး ဒေါ်မေလှမြိုင်၏ ကြေကွဲဖွယ်၊အာဇာနည်နေ့အမှတ်တရ အလွမ်းသီချင်းသံကား ဆြာဒင့်ရင်ကို ဆို့နင့် စေပြန်ချေပြီ။
(၂)
“တီးတင်၊ တီးတင် ”
ဆြာဒင်ကား အခန်းအောင်းရင်းပင် လွမ်းကောင်းခြင်းလွမ်းရန်အခွင့်မသာပြန်ချေ။ခြံတံခါးဝမှ ဘဲလ်သံကြောင့် အောက်ထပ် သို့ ဆင်းလျက် ခြံတံခါးဖွင့်ရပြန်ရာ ပူပုံငယ်ပန်းနွမ်းနေရှာသည့်အသွင်ဖြင့် ဝင်လာသူကား ဖူးခက်မြို့မှ ရှားပါးပညာတတ် ကလေး မောင်ကပ္ပလီတည်း။ဒင်းရောက်လာပြန်ချေပြီ။ ဆြာဒင့်ကို မြင်လျှင်မြင်ခြင်းပင် ဗူးလုံးနားမထွင်းသောစကားဖြင့် အစပြု၏။
“သူတို့ခေါင်းရှောင်နေကြပြီ ဆြာဒင်”
“အန်”
“မအန်နဲ့ဆြာဒင် ၊ဒါဟာ မပြောင်းသေးဘူးဆိုတဲ့သဘောပဲ”
“အာ”
“ဒါနောက်ကြောင်းပြန်လှည့်နေတာပေါ့ဆြာဒင်ရယ်”
“ဟေ”
“ဆွဲခွင့်ပြုသင့်တာပေါ့ဆြာဒင်”
 “ကိုရင်၊အဘယ်ကိုဆိုလိုသနည်း။ ရိတ်ပတ်လည်အောင် ခဏတဖြုတ်ထိုင်ပြီးမှ မိန့်ပါလေ”
ကြာလေဆိုးလေဖြစ်လာမည်မို့ ဆြာဒင်မှာ ယာဉ်ထိန်းရဲအိုက်တင်ဖြင့် လက်တဖက်ကို အသာမြှောက်လျက်ကာရင်း မောင် မင်းကြီးသားကို တားမြစ်မိန့် ထုတ်ရလေသော်ငြား သူကားတပြားသားမလျော့လေ။
“ရော့ ဆြာဒင် ဒါကိုဖတ်ပေတော့”
ကိုရွှေကပ္ပလီ၏ညွန်ကြားချက်အရ သူကိုယ်တိုင်ယူဆောင်လာသော လူထုပုံရိပ်အမည်ရှိ သတင်းဂျာနယ်မှသူဖတ်စေသော သတင်း၏ လိုရင်းအချက်မှာ အောက်ပါအတိုင်းဖြစ်လေ၏။
၂၀၁၃တွင် အာဇာနည်နေ့ အထိမ်းအမှတ် ဥသြဆွဲဂုဏ်ပြုခြင်းအား ပြန်လည်ဖော်ထုတ်ရန် ရှိမရှိနှင့်ပတ်သတ်၍လူထုပုံရိပ်မှ အောက်ပါပုဂ္ဂိုလ်များကို ဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ ဖြေဆိုထားသည်။
“ အဲဒီဥသြဆွဲမယ့်ကိစ္စနဲ့ပတ်သတ်ပြီးတော့မှ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကိုပဲ မေးရမှာပါ ”( ဦးဇော်ဌေး၊ သမ္မတရုံးညွန် ကြားရေးမှူး )
“ ဦးကျော်ဆန်းလက်ထက်တုန်းက မဆွဲဘူးလို့ဖြေခဲ့တာက ပြန်ကြားရေးဝန်ကြီးအနေနဲ့ ဖြေခဲ့တာမဟုတ်ပါဘူး။ ဒီဥသြဆွဲ မယ့်ကိစ္စက ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းအစိုးရကိုပဲ မေးမှရမှာပါ။ ”(ပြန်ကြား ရေးဒုဝန်ကြီး ဦးရဲထွဋ်၊ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ )
“မသိဘူး။ အဲကိစ္စက မြို့တော်ဝန်ကိုပဲ လွှဲထားတဲ့အတွက် မြို့တော်ဝန်ကိုပဲမေးရမှာ” (ရန်ကုန်အစိုးရရုံး)
“ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရုံးကို အဲဒီကိစ္စကို လွှဲထားတယ်။”( ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းဆွေ)
 “ အဲဒီကိစ္စကိုမသိဘူး။ ပြောခွင့်လည်း မရှိဘူး”( ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ ကိုယ်ရေးအရာရှိ)
ကာဗူလီးဝါလားအနုံညာတ ဆြာဒင်ကား “အင်း”ဟူသော သက်ပြင်းခပ်လေးလေးတချက်ကို ချရင်း ကပ္ပလီ၏ အံကြိတ်နေ သည့် ငိုမဲ့မဲ့မျက်နှာကို မဟာဂရုဏာတော်ဖြင့် ကြည့်ရှုနေမိလေရာ သူ့ထံမှ ခပ်လေးလေးစကားသံတခွန်း ထွက်ပေါ်လာ လေ၏။
“ယိုးဒယားမှာ နိုင်ငံတော်သီချင်းနဲ့အလံတော်ကို နေ့တိုင်းမနက်ကောညပါ၊ကျနော်တို့အလေးပြုနေကြရသေးတာဗျာ၊ တနှစ်တခါ ဒီလိုနေ့မျိုးမှာ တမိနစ်လောက်ဥသြဆွဲခွင့်လေးကို ဒီလောက်နှမြောတွန့်တိုနေရသလား၊ဖြစ်နိုင်ရင် ဆြာဒင့်ကို လွှတ်တော်မှာတင်ပြဖို့ ဖူးခက်ရောက်မြန်မာတွေရဲ့ကိုယ်စား၊ကိုယ်စားလှယ်အဖြစ်လွှတ်ချင်စမ်းပါဘိ”
ကပ္ပလီဆိုလိုချင်သော အကြောင်းအရာကို ကျွန်ုပ်ကောင်းစွာ သဘောပေါက်ခဲ့ပြီ။သို့သော် ကြီးစွာသော ကိုယ်ချင်းစာနာ စိတ်ဖြင့် အာစေးမိနေသော ဆြာဒင်ငပါမွှားခမျာ လွှတ်တော်တက်အရေးဆိုရန် ရွှေပင်လယ် ကာဆီးသည်သို့နီးမယ် မထင်လေရကား၊စိတ်ပျက်အားလျော့စွာ တပ်ခေါက်ပြန်သွားရှာသော  ကပ္ပလီ၏ ကျောပြင်ကို ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း အတန်ကြာငေးမျှော်ကြည့်ပြီးသကာလ၊ စံပျော်ကွန်းခိုနေကျအခန်းတွင်းရှိ အိပ်ယာထက်တွင် အတွေးမျိုးစုံကို ရင်ဝယ်ပိုက် ရင်း ဖြေးညှင်းစွာလှဲလျောင်းမိလေသည်။
(၃)
မည်သို့မည်ပုံ ရုတ်ခြည်းခရီးနှင်ခဲ့မိသည်မသိ။ ဆြာဒင်ကား မြန်မာပြည်ကြီး၏တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတို့ မှီတင်း နေထိုင်ရာ နေပြည်တော်တည်းဟူသော အရပ်ရှိ တခုသောလမ်းမကြီးပေါ်တွင် ခြေစုံရပ်လျက်ရှိ၏။ရှေ့တည့်တည့်ရှိ  ပြည် ထောင်စုလွှတ်တော် ခန်းမကြီး ကား ခန်းနားလှပါဘိ။ လွှတ်တော်အစည်းအဝေးကျင်းပနေချိန်ဖြစ်၍ ဘေးဘီမှာ တိတ်ဆိတ် ငြိမ်သက်လျက်ရှိ၏။ ဤအရပ် ဤဌာနသို့ တခေါက်တကျင်းမှ ရောက်ဖူးသူမဟုတ်မူ၍ ဆြာဒင်မှာ ယောင်နနဖြစ်နေ သော်ငြား လာရင်းကိစ္စကို မမေ့မလျော့ ဆောင်ရွက်နိုင်ရန်အလို့ငှာ ပါးစပ်ပါရွာရောက်ဟူသော ဆိုရိုးအတိုင်း လွှတ်တော် အဝမှာ အဆင်သင့်တွေ့ရသည့် ကျိုင်းတုတ်ကြီးကိုဘေးချကာ ငိုက်မျဉ်းနေသူတယောက်ကို အသာပုတ်နှိုးရင်း တိုတို နှင့်လိုရင်း မေးမြန်းသမှုပြုလိုက်ရ လေသည်။
“တဆိတ်ဗျာ၊ အစည်းအဝေးခန်းမထဲကို ဘယ်လိုဝင်ရပါသလဲ”
အံ့သြဖွယ်ကောင်းလေစွ။ အကြင်သူသည် ကျွန်ုပ်အား စကားတခွန်းမျှပင် တုန့်ပြန်စောကြောခြင်းမရှိပဲ၊ငိုက်မျဉ်းနေရာမှ ရုတ်တရက်ထတဲ့ကာ သူ၏လက်စွဲတော် ကျိုင်းတုတ်ကြီးကို စွေ့ကနဲကောက်ယူပြီး ပုခုံးပေါ်တွင်ထမ်းလျက် လွှတ်တော် အစည်းအဝေးရှိရာသို့ လမ်းပြခေါ်ဆောင်လေ၏။ မကြာမီပါချေ။ ဖိုးကျိုင်းတုတ်နောက်မှ အူကြောင်ကြောင်ခြေလှမ်းများ ဖြင့် တလှမ်းချင်းလျှောက်လှမ်းခဲ့သော ဆြာဒင်သည် အမတ်မင်းတို့စုဝေးတိုင်ပင်နှီးနှောရာ ပြည်ထောင်စုလွှတ်တော်ခန်းမ အတွင်းသို့ ဒုတ်ဒုတ်ထိ ရောက်ရှိခဲ့လေသည်တမုံ့။
ခေတ်ကြီးသည် အမှန်ပင်ပြောင်းလဲခဲ့လေပြီလော။ခန်းမတွင်းမှ လွှတ်တော်ကိုယ်စားလှယ်အများစုမှာ မှတ်စုမှတ်ရာစာရွက် စာတမ်းတို့ကို အသီးသီးလှန်လှောဖတ်ရှုရင်း လှုပ်လှုပ်ရွရွဖြင့် အလုပ်များလျက်ရှိကြ၏။ မကြာသေးမီကမှ လွှတ်တော် သဘာပတိ၏ “မင်းတို့အုပ်စုတွေ”ဟု ရည်ညွန်းကြိမ်းမောင်းခြင်းခံခဲ့ရသော အစိတ်သားကိုယ်တော်များကား ကျွန်ုပ်တည် တည်မိန့်မိန့်ကြီး ဝင်ရောက်လာသည်ကို တွေ့မြင်သော တခဏ၌ တအံ့တကြ၊အလန့်တကြားပုံစံဖြင့် ပြိုင်တူမတ်တပ် ထရပ်ကြကာ သတိဆွဲလျက် အနေအထားဖြင့် ကြိုဆိုကြလေ၏။
(၄)
ပြည်ထောင်စုလွှတ်တော် သဘာပတိသည်လည်းကောင်း၊ဥက္ကဋ္ဌသည်လည်းကောင်း ကျွန်ုပ်ကို စူးစမ်းသောအကြည့်ဖြင့် ရှုစားတော်မူကြလျက်ရှိကြကုန်၏။ယိုးဒယားနဲ့တိုင်းခြားကိုပါ တိုက်ခိုက်ကာ အောင်ခဲ့ကြသည့် ဘိုးဘေးတို့၏မြစ်တော် ဆြာဒင်ကား ကြောက်ရွံ့တုန်လှုပ်သည်ဟု မဆိုနိုင်သော်ငြား ဒူးနှစ်လုံးမှာ အချင်းချင်း ဘေးတိုက်တဆတ်ဆတ် ရိုက်လျက် ရှိ၏။ ထိုစဉ်မှာပင် လွှတ်တော်စင်မြင့်ရှိရာသို့ မော့ကြည့်နေသော ဆြာဒင်၏နှုတ်မှ ညောင်နာနာအသံသည် ဗလုံးဗထွေး ထွက်ပေါ်လာလေတော့သည်။
“ဆရာတို့ရယ်၊ ဆွဲပါရစေ”
လွှတ်တော်သဘာပတိသည် ကျွန်ုပ်၏စကားကို သဲသဲကွဲကွဲကြားဟန်မတူရကား မလိုအပ်သောဆူညံသံများကို တားဆီးရန် အလို့ငှာ လက်စွဲတူတော်ကြီးကို တဒုန်းဒုန်းအသံမြည်အောင်ထုရင်း ကျွန်ုပ်အား ပြန်လှန်မေးခွန်းစတင်လေ၏။
“မောင်ရင်၊ဘာပြောချင်တာလဲ၊ရှင်းအောင်ပြော”
“ဟုတ်ကဲ့၊အများစုက ဆွဲစေချင်ကြတာမို့ ဆွဲခွင့်ပြုပါခင်ဗျာ”
“ဘာကို ဆွဲချင်တာတုန်း”
“ဥသြသံပါခင်ဗျ”
သဘာပတိမင်းကား အကင်းပါးလှချေ၏။ကျွန်ုပ်ဆိုလိုသည်ကို ဒက်ကနဲသဘောပေါက်ဟန်ဖြင့် ခပ်တွေတွေစဉ်းစားခန်းဝင် ရင်း မေးခွန်းကိုဆက်သည်။
“နေပါအုံး၊ မောင်ရင်က ဘယ်သူတုန်း”
“ကျနော်လူထဲကလူ၊ရိုးရိုးပြည်သူပါခင်ဗျ”
“မင်းနဲ့လွှတ်တော်ဘာဆိုင်သတုန်း”
“လျှာရှည်တယ်မထင်လိုက်ပါနဲ့ခင်ဗျာ၊ လွှတ်တော်ဆိုတာ ပြည်သူက ရွေးချယ်တဲ့ ကိုယ်စားလှယ်မင်းများနဲ့ ဖွဲ့စည်းထားတာ မို့ “လွှတ်တော်အထက်မှာ ပြည်သူရှိတယ်”လို့ဆိုနိုင်တာကြောင့် အမတ်မင်းတို့ပမာဒလေခပြီး မမေ့မလျော့ကြလေအောင် ကျနော်မျိုး လာရောက်နှိုးဆော်ရခြင်းဖြစ်ပါတယ်ခင်ဗျာ”
အလျှောက်ကောင်းလေသလောမဆိုနိုင်။ သဘာပတိမင်းသည် လွှတ်တော်ဥက္ကဋ္ဌထံသို့ အဓိပ္ပါယ်အပြည့်ပါသော အကြည့် ဖြင့်လှမ်း၍ကြည့်ရှုလေရာ ဥပဒေအထက်မှာ မည်သူမျှမရှိဟု မိန့်တော်မူဖူးလေသောဥက္ကဋ္ဌကြီးသည် တည်ငြိမ်လှသော အသံဖြင့် မှတ်ချက်ပြုသည်ကား၊“ခုချက်ချင်း အထူးအစီအစဉ် အနေနဲ့ ဒီကိစ္စကို မဲပြန်ခွဲလိုက်ကြတာပေါ့၊ဒါနဲ့ စကားမစပ် အမကြီးကရော ဘယ်လိုသဘော ထားရှိသလဲသိပါရစေ”ဟူ၏။ အမကြီးဟူသည်ကား ဒေါ်အောင်ဆန်းစုကြည်ကို ဆိုလိုပေရာ ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့မှ မိုက်ကရိုဖုန်းကို ချက် ချင်းပင်ဆွဲယူလျက်၊“ကျမအဖေအပါအဝင်ဖြစ်နေတဲ့ အာဇာနည်တွေကို ဂုဏ်ပြုဖို့ ကျမကိုမေးရသတဲ့လား၊ ဥက္ကဋ္ဌကြီးကလည်း နောက်နေသလိုပဲ၊ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုတာ မင်္ဂလာတရားနဲ့အညီမို့ မဲခွဲဖို့လိုသေးလား”ဟု တုန့်ပြန်သည်တွင် သင်္ဃန်းကျွန်းအမတ်မင်းသည် ရုတ်တရက် ထရပ်ခါ ၊“ ဒီလိုတွေဖြစ်လာမှာ ကြိုမြင်လို့ ကျနော်ပြောခဲ့သားပဲ၊ဟော၊အခု ဥသြသံကအစ ပြဿဒ်မီးလောင်တော့မယ်”ဆိုပြန် လေသည်။ ထိုခဏ၌ လွှတ်တော်အမတ်မင်းအများစုထံမှ ထွက်ပေါ်လာသော အသံမျိုးစုံကား “ဟုတ်တော့လည်း ဟုတ်တာပဲ”“ အင်းလေ၊မှန်တာပေါ့”“ဆွဲရုံလေးပဲဥစ္စာ ဘာမှ မဖြစ်လောက်ပါဘူး”“ဆွဲလိုက်ရင်ကောင်း မယ်ထင်တယ်” ဟူသတည်း။
အတန်ငယ်အာရုံနောက်လာဟန်ရှိသော သဘာပတိမင်းသည် အစိမ်းရောင်အစိတ်သားကိုယ်တော်များဖက်သို့ မေးငေါ့ လျက်ခပ်ငေါ့ငေါ့အသံဖြင့် “မင်းတို့အုပ်စု ငြိမ်မနေနဲ့၊သဘောတူရင်တူတယ်၊ မတူရင်မတူဘူး၊ပြောကြအုံး” ဟူသော အမေး မဆုံးခင်မှာပင် ထိုအုပ်စုဆီမှ “ဟုတ်”ဟူသော ပြိုင်တူဖြေဆိုလိုက်သည့် ကျယ်လောင်သော အသံကြီးထွက်ပေါ်လာလေ သည်။
ထို“ဟုတ်”ကား အထက်အရာရှိ၏ အမေးကို တပ်ဓလေ့ထုံးစံအတိုင်း “ဟုတ်”လေသည်လား။ ဥသြဆွဲမည့်အစီအစဉ် ကို ထောက်ခံသော “ဟုတ်”ပေလော၊ဆြာဒင်တယောက်မဝေခွဲနိုင်စဉ်မှာပင် လွှတ်တော်ခန်းမတခုလုံး လက်ခုပ်သြဘာ သံများဖြင့် ဆူညံသွားလေရာ နောက်ဆုံးတွင် ဆြာဒင်၏ ဥသြသံနှင့်စပ်လျဉ်းသောအဆိုမှာ ကန့်ကွက်သူမရှိ၊ တညီတညွတ်
တည်းသော လက်ခုပ်သြဘာသံတို့ဖြင့် အောင်မြင်စွာနိဂုံးတိုင်လေတော့သည်။အောင်လံထူစစ်သူကြီးပွဲပေတကား။အဆင် သင့်ရောက်ရှိနေရာယူလျက်ရှိကြသော သတင်းမီဒီယာမျိုးစုံမှလည်း ကျွန်ုပ်၏ အရေးတော်ပုံကို တိုက်ရိုက်၊ရိုက်ကူး ထုတ် လွှင့်နေကြလေသည်တကား။
(၅)
ဆြာဒင်သည် သတင်းထောက်တို့ကို အသာတွန်းဖယ်ရင်း၊ရင်ကိုကော့ကာ လွှတ်တော်အတွင်းမှ ထွက်ခွာခဲ့ရာ ဘဝင်စိတ် ကြောင့် ရင်ဘတ်သည် မေးစေ့ထက် ပိုမြင့်နေ သယောင်ထင်ရ၏။ကပ္ပလီကလေး၏ စေခိုင်းတာဝန်ပေးချက်ကို ကျွန်ုပ်ကျေ ပွန်အောင်မြင်စွာ ကျွန်ုပ်ဆောင်ရွက်နိုင် ခဲ့ပေပြီ။ဇူလိုင်လမိုးဥတုဖြစ်သော်ငြား ကောင်းကင်တွင် တိမ်ညိုတို့ကင်းစင် လျက်ရှိ ၏။ကပ္ပလီအပါ အဝင်ဖူးခက်ရောက် မြန်မာအလုပ်သမားတို့ ဤသတင်းကို ကြားလတ်သော် ဝမ်းမြောက်ဝမ်းသာ ရှိကြကုန် အံ့။ ထို့အတူ မြန်မာပြည်သူလူထုကြီးသည်လည်း ဝမ်းမြောက်ကြပေလိမ့်မည်ဟူသော အတွေးတို့ဖြင့် ဆြာဒင့် ကိုယ်လုံး အနှံ့ ပီတိပြန့်လျက်ရှိ၏။
သို့သော်…..၊တခုသော လမ်းဆုံအရောက်၌ ဝါးချွန်၊တုတ်၊ဓားနှင့် အုတ်ခဲကိုယ်စီကိုင်ဆောင်ထားကြသော လူတအုပ်သည် ဆြာဒင့်ထံသို့ ညာသံမျိုးစုံပေးကာ ပြေးလာကြပြီး “ခေတ်ကိုပြောင်းချင်တဲ့ကောင်” “နောက်ကြောင်း ပြန်မလှည့်ချင် တဲ့ကောင်” “မှတ်လောက်အောင်ဆော်ကြဟေ့”ဟူသော ကြွေးကြော်သံတို့ဖြင့် တက်ညီလက်ညီဆွမ်းကြီးလောင်းကြ လေရာ “ဒုံး” “ခွပ်” ဟူသောအသံတို့၏နောက်ဝယ် အသိဥာဏ်မှောင်အတိကျကာ လောကကြီးနှင့် ဆြာဒင်အဆက် အသွယ်ပြတ်လေ၏။ နောက်ဆုံး ဆြာဒင်မှတ်မိသည်ကား ထိုလူအုပ်၏လက်မောင်းကိုယ်စီရှိ စာလုံးသုံးလုံးပါ အနီရောင် စာတမ်းနှင့် လက်ပတ်များပင်ဖြစ်၏။ ရှေ့ဆုံးစာလုံးမှာ “စွမ်း”ဟု ဆြာဒင်ထင်မိသည်။
(၆)
မှိတ်ထားသော မျက်စိကို တဖြေးဖြေးချင်း ဖွင့်ကြည့်မိသည်။တကိုယ်လုံးဇောချွေးပြန်လျက်ရှိ၏။ ဆြာဒင်လန့်နိုးလာချိန် တွင် အနီးရှိကွန်ပြူတာဆီမှာ ဒေါ်မေလှမြိုင်၏ ရင်ကွဲနာကျသံ သည်ဆက်လက်ထွက်ပေါ်နေဆဲဖြစ်၏။  “စံနစ်အခြေ ပြောင်းခဲ့ပေမဲ့ အဖြစ်ဟောင်းများတော့ ဖြေသော်မပြေ၊ အလွမ်းမျက်ရည် မြေခပြီမို့၊ဆွေးတသသ၊ တွေးဆမရွှင် ပေ၊ ရွှေဘဝင်ဆူကဲ၊ကြေကွဲ၊ဝမ်းနည်းရပုံတွေ၊ယနေ့ ထက်တိုင်အခြေ အော်၊မမေ့တဲ့နိုင်ပါသလေ၊ (အာဇာနည်ခေါင်းဆောင် ကြီးတွေ)၂ ကောင်းရာသုဂတိ ရောက်ရှိကြပါစေ၊တေးကဗျာအနုစာခွေ ရေးကာမနှေးယခု၊ အလေးပြုပါတယ်လေ”။
↧

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0


      
                                                               “သက်ခိုင်ပြန်လာပြီ”

မင်းဒင်ရဲ့သက်ခိုင်သည် “ကောင်းသည်”ဟု တထစ်ချမဆိုနိုင်သော်ငြား “ဆန်းသည်”ဟုမူ ကျနော်ရဲရဲကြီးဆိုဝံ့သည်။ “မင်းဒင်ရဲ့သက်ခိုင်”သည် ထူးဆန်းအံ့သြဖွယ် အကြောင်းတရားတိုက်ဆိုင်မှုများကြောင့် စာရေးသူကို “မရွယ်ပဲစော်ကဲ မင်းဖြစ်”စေခဲ့သည်။ သာမန်ဆင်ခြင်တုံတရား ရှုဒေါင့်မှ ရှုမြင်လျှင် ဖြစ်နိုင်ချေအလွန်နည်းသည့် ရှေးဘဝနောက်ဘဝ၊ ကုသိုလ်၊ အကုသိုလ်စသော ထောက်လှမ်းရန် မလွယ်ကူသည့် အခြင်းအရာများသည် “မင်းဒင်ရဲ့သက်ခိုင်”ကို ဖန်တီး ဖြစ်ပေါ်စေခဲ့ သည်ဟု ကျနော် ယုံကြည်လျက်ရှိသည်။
ကံတရားသည် အရှိန်ဖြင့်လည်ပတ်နေသေးဟန်ရှိလေရာ “မင်းဒင်ရဲ့သက်ခိုင်”သည် ဆဲဗင်းဒေးမီဒီယာ၏ အထောက်အပံ့ ဖြင့် ခရီးဆက်နိုင်ပြန်ချေပြီ။စာဖတ်ပရိသတ်နှင့် ဆဲဗင်းဒေးမီဒီယာအား အလေးအနက်ကျေးဇူးစကားဆိုအပ်ပါသည်။ထို့ အတူ ကျနော်၏ချို့ယွင်းအားနည်းချက်တို့ကို ပြင်ဆင်မွမ်းမံခွင့်ရခြင်းအတွက် မျက်နှာသာပေးခဲ့သောကံတရားကို အလေးမူ ရင်း ဝမ်းမြောက်စိတ်ဖြစ်ရပါသည်။မင်းဒင်ရဲ့သက်ခိုင်(၂)တွင် “ပျင်းပြေနှစ်ခြိုက်၊တွေးထိုက်ဖွယ်ရာ၊တပိုဒ်တလေ” ပါရှိနိုင် စေရန် “အစွမ်းကုန်အားထုတ်ပါမည်”ဟု စာဖတ်ပရိသတ်များအား ကျနော်ကတိအခိုင်အမာပေးလိုပြီး၊ ဝေဖန်အကြံပြုချက် များကို မျှော်လင့်ကြိုဆိုလျက်ရှိပါ၏။

ချမ်းသာကိုယ်စိတ်မြဲပါစေ။

လေးစားစွာဖြင့် …..

မင်းဒင်

၂၀၁၃ခုနှစ် ၊ ဇူလိုင်လ(၁၉)ရက်၊(အာဇာနည်နေ့)
ဖူးခက်မြို့၊ထိုင်းနိုင်ငံတောင်ပိုင်း   



    မင်းဒင်
        ရဲ့
                                                             သက်ခိုင်(၂)

    အခန်း(၁)

       ဒုတိယခြေလှမ်း၏နိဒါန်း

 ကျနော့်ပွဲဦးထွက်စာပေလက်ရာ “မင်းဒင်ရဲ့သက်ခိုင်”သည် ရေးလိုစိတ်သက်သက်ဖြင့် ရေးသားခဲ့သည့် အကြောင်းခြင်းရာ ဖြစ်၏။ ငွေကြေး၊ကျော်ကြားမှုတို့ကို မျှော်မှန်းရန်ဝေးစွ၊ ဘလော့စာမျက်နှာတွင် ရေးတင်သမျှကို ဖတ်မည့်သူရှိပါလေစ ဟုပင် ကြောင့်ကျစိတ်ပိုခဲ့ရသည်။သို့တစေ မင်းဒင်ရဲ့သက်ခိုင်သည် ကျနော်ရေးပြပြောပြလိုသော အကြောင်းခြင်းရာဖြစ်၍ ကျနော် ဇွဲခတ်ခဲ့သည်။လေးငါးလမျှ မိုးလင်းမှမိုးချုပ်တိုင် မထတမ်းမနားတမ်း ကျနော်ရေးသည်။ မနက်စာအတွက် ကွန်ပြူတာ ဘေးမှာ ချထားသောနံနက်စာသည် ညနေခြောက်နာရီအချိန်တွင် ခြောက်သွေ့လာသည့်တိုင် ထမင်းမေ့ဟင်း မေ့ ကျနော် ရေးသည်။
ကျနော့်စိတ်မှာဇောကပ်နေသည်ကား “အသက်နှစ်ဆယ်အရွယ်ခန့်က ကျနော့်စိတ်ကူး၊အိပ်မက်”ကို မသေခင်အကောင် အထည်ဖော်ရန်ဖြစ်သည်။ကျနော့်အိပ်မက်မှာ မသေခင်စာတအုပ်ရေးခဲ့လိုသော ဆန္ဒဖြစ်၏။ဇာတိမြေမှ ဝေးကွာလှသည့် ရေမြေခြားတွင် အထီးကျန်လျက်ရှိသော ကျနော့်ဘဝ၏နိဂုံးအချိန် သည်တစစနီးကပ်လာပြီဟု ခံစားရလေရာ ပြင်းပြသည့် ဆန္ဒသည်ကျနော့်ကို တိုက်တွန်းလှုံ့ဆော်နေဟန်ရှိ၏။“ငါသာအခုနေ ရုတ်တရက်သေသွားရင်”အတွေးသည် ကျနော့်ကို အစဉ်မပြတ်ခြိမ်းခြောက်လျက်ရှိချိန်ဖြစ်၏။အချိန်မတော် ညဥ့်နက်သန်းကောင်မှာလည်း အိပ်ယာထက်မှ လူးလဲထကာ ရေးလက်စဇာတ်လမ်းကို ဆက်သည့်ညပေါင်းများစွာကိုကျော်ဖြတ်ပြီးသည့်တွင်ကား “မင်းဒင်ရဲ့သက်ခိုင်” သည် ဆုံးခန်း တိုင်သောအဖြစ်သို့ရောက်ခဲ့သည်။အချိန်ကာလအားဖြင့် သုံးနှစ်ကျော်မျှပင်ကြာမြင့်ခဲ့၏။
သို့သော်စာမူသည်စာအုပ်မဟုတ်လေရကား ကျနော့်သောကသည် ဆက်ရန်ရှိသေးသော ဇာတ်လမ်းတွဲဖြစ်၍ တဝမ်းတခါး အတွက် အားကိုးပြုရသည့် ဖူးခက်မှဈေးဆိုင်ကို ပစ်ကာ မိုင်ထောင်ချီဝေးသည့် မဲဆောက်တည်းဟူသော အရပ်သို့ ခရီးနှင် ရပြန်သည်။မဲဆောက်မှ မိတ်ဆွေအချို့ကား ကျနော့်ကို ဘဝင်ရူး၊စိတ်မနှံ့သူလို ကြည့်ကြသည်။ရှိစုမဲ့စုငွေ ဘတ်သုံးသိန်း နီးပါးကို အရင်းပြုလျက်၊ခါးသီးစပ်ဖျဉ်းလှသည့် အဆင်မပြေမှု၊လျစ်လျူပြုခံရမှုတို့ကို တလကိုးသီတင်းနီးပါး ရင်ဆိုင် ကျော်ဖြတ်ပြီး ချိန်တွင်ကား “မင်းဒင်ရဲ့သက်ခိုင်” သည် စာမူမှ စာအုပ်ဘဝသို့ ကူးပြောင်းရောက်ရှိခဲ့လေသည်။
ဤသို့လျှင် နောက်ထပ်ခြောက်လခန့်မျှသောကာလကို ကျော်ဖြတ်ပြီးချိန်၌ “မင်းဒင်ရဲ့သက်ခိုင်”သည် ကျနော့်ဘဝအမော ကိုကောင်းစွာ ပြေပျောက်နိုင်စေခဲ့သည်။ကံတရားသည် ကျနော့်ကို မျက်နှာသာပေးခဲ့သည်။စာဖတ်သူအများစု နှစ်သက် လက်ခံသော စာအုပ်စာရင်းမှာ ပါခဲ့သည်။ ထိုမှတဆင့် ဆန်းကြယ်လှသောကံတရားသည် ပြည်ပတွင်သာ ခိုးကြောင် ခိုးဝှက်ဘဝဖြင့် ခရီးနှင်နေရသော “မင်းဒင်ရဲ့သက်ခိုင်”ကို ပြည်တွင်းစာဖတ်ပရိသတ်တို့ရှိရာသို့ တွန်းပို့လေသဖြင့် ပြည်တွင်း မှာ တရားဝင်ထုတ်ဝေခွင့်ရခဲ့ပြန်သည်။မကြာသေးသောကာလတခုမှ ဖြစ်ရပ်များဖြင့် ခေတ်ဟောင်းကို တူးဆွထားသည်မို့ အများစိတ်ဝင်စားကြသည်။
“မင်းဒင်ရဲ့သက်ခိုင်”အောင်မြင်မှုကို ကျနော်အကျယ်မချဲ့လိုတော့ပြီ။
မင်းဒင်ရဲ့သက်ခိုင်ကို စက်တင်ပုံနှိပ်ထုတ်ဝေပြီးချိန်တွင် စာရေးချင်စိတ်သည် ကျနော့် စိတ်အစဉ်မှ ဝေးရာသို့ လွှင့်ပါးသွားခဲ့ လေသည်။ စာတလုံးမှ ရေးချင်စိတ်မရှိတော့။ကိုယ့်ကိုယ်ကိုလည်း စာရေးတတ်သူမှ ဟုတ်ပါလေစဟု အမြဲအတွေးဝင် ခဲ့သည်။မင်းဒင်ရဲ့သက်ခိုင်ကဲ့သို့ ဝတ္ထုရှည်မျိုးကို မဆိုထားနှင့် www.mindin.infoတွင် စိတ်ပြေလက်ပျောက်သဘော ရေးတင်နေကျ စာတိုလေးငါးကြောင်းသော်မျှ ရေးရန် စိတ်မပါတော့ချေ။
ကြီးစွာသောသတိတရားဖြင့် ကိုယ့်စိတ်ကို ကိုယ်ဆုံးမလျက် လွန်ခဲ့သောလေးနှစ်ကျော်က ရေးသားခဲ့သည့် “ဖြစ်ပျက်ရှာ ပုံတော်ခရီးသည်” ကိုထုံ့ပိုင်း၊ ထုံ့ပိုင်းပြင်ဆင်တည်းဖြတ် ထုတ်ဝေခဲ့ရာ အထိုက်အလျောက်ဖတ်သူရှိခဲ့ပြန်ပါသည်။သို့သော် စာရေးသားချင်စိတ်မှာမူ ပြန်ပေါ်မလာခဲ့သည်၏နောက်ဆုံးတွင် အွန်လိုင်းမိတ်ဆွေဖြစ်သူ ဒေါက်တာသန့်စင်ထူး(သင့်လူ) ထံ ကျနော့်ခံစားချက်ကို အီးမေးလ်မှတဆင့် ရင်ဖွင့်ခဲ့ဖူးရာ အဆိုပါစာမူရင်းမှာအောက်ပါအတိုင်းဖြစ်၏။

“ကိုသင့်လူခင်ဗျာ
ကျနော် စာမရေးဖြစ်တာ တနှစ်ဝန်းကျင်ရှိပါပြီ။ စာရေးမယ်လုပ်တိုင်း ဈာန်မ၀င်ရုံသာမက ဆရာပြောခဲ့ဖူးတဲ့ မာဂရက် မစ်ချယ်လို တအုပ်တည်းနဲ့ ဇာတ်သိမ်းသွားမယ်ဆိုတဲ့ စကားကို နားထဲမှာ ကြား ကြားနေတယ်ဗျာ ။ သက်ခိုင်ဟာ ထင်တာ ထက်အောင်မြင်သလို နောက်ထပ်ရေးမဲ့ စာအုပ်အတွက် အကြီးအကျယ် အဟန့်အတား ဖြစ်စေတယ်ဆရာ ။ဒါကြောင့် ဆရာဟာ အပေါ်က မှတ်ချက်ကို ဘာကြောင့် ချခဲ့သလဲ ဆိုတာအချိန်ရရင် ရှင်းပြစေချင်ပါတယ်။ သက်ခိုင်ကိုရေးတုန်း ကတော့ ထမင်းမေ့ဟင်းမေ့ ရေးနိုင်ခဲ့ပြီး ဘဝခရီးသည်သက်ခိုင်ကိုလည်း ရေးမယ်လုပ်ရော ဘာမှ မရေးတတ်တော့သလို ခံစားရပါတယ် ။ဇွတ်အတင်းရေးကြည့်တော့လည်း ကိုယ်ရေးတာ ကိုယ်မကြိုက်ပြန်ဘူးဆရာ။ တသက်လုံးစာမရေးချင် တော့တဲ့စိတ် ဖြစ်နေတော့မလားဆိုတာလည်း သိချင်လှပါတယ် ။”

ကျနော့်စာနှင့်ပတ်သက်၍ သူ၏ ပြန်ကြားစာမှာ အောက်ပါအတိုင်းဖြစ်၏။

“ဆရာဦးမင်းဒင်
သက်ခိုင်ကို စဖတ်ကတည်းက ဒီစာရေးတဲ့လူကတော့ဖြင့်တစ်သက်လုံးရင်ထဲအောင်းထားသမျှ ခံစားချက်တွေ၊ အတွေ့ အကြုံတွေနဲ့ဘဝစာမျက်နှာတွေကို ရင်ဖွင့်ပြီလို့ ကျွန်တော် ယူဆမိပါတယ်။ ဒီလို အမှတ်တရကိစ္စကြီးတစ်ခုကို ရင်ဖွင့်တတ် တဲ့စာရေးဆရာမျိုးဟာ Masterpieceတစ်အုပ်ရေးပြီးရင် နောက်တစ်အုပ်ဆက်ရေးဖို့အင်မတန်ခက်တတ်တယ်။ပထမ ဦးဆုံးလက်ရာရဲ့ လွှမ်းမိုးမှုက အင်အားကြီးလွန်းတဲ့ အခါကျတော့ နောက်ဖန်တီးမှုတွေကို ကိုယ့်ဖာသာ စိတ်တိုင်းမကျ ဖြစ်နေတတ်တယ်ဆရာ။မာဂရက်မစ်ချယ်ရဲ့ လေရူးသုန်သုန်၊ အဲလက်စ်ဟယ်လီရဲ့ ဇစ်မြစ်၊ ဂါစီယာမာကေးရဲ့ ဝေးလွင့် ကင်းကွာ နှစ်တစ်ရာတို့ဟာ ဒီလို မထွေးနိုင်မအန်နိုင်ခံစားချက်တွေ ပွင့်ထွက်ပေါက်ကွဲရာက ထွက်လာတဲ့စာမျိုး။ ဒါကြောင့် ဆရာရဲ့သက်ခိုင်ဟာလည်း ဒီလို စာမျိုးလို့ ကောက်ချက်ချရတာပါ။ အချိန်ယူပါဆရာ။ဦးနှောက်ကို အနားပေးပါ။ အတွေးကို ရှင်သန်အောင် ပြန်မွေးပါဆရာ။ထပ်ရေးလို့ ရမှာပါ။ သို့သော် သက်ခိုင်လောက် စိတ်တိုင်းမကျရင်လည်း ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ အနုပညာရဲ့ သဘောဟာ ဒီလိုပါပဲလေ။”

ဤစာအသွားအလာတွင် သူက မင်းဒင်ရဲ့သက်ခိုင်ကို ကမ္ဘာကျော်စာအုပ်ကြီးများနှင့် နှိုင်းယှဉ်ဖော်ပြထားသောအချက်ကို ကျနော်အဓိကထားလိုသည်မဟုတ်။အမှန်စင်စစ်လည်း ကျနော့်စာအုပ်ကို ကြီးကျယ်ခန်းနားသောစာအုပ်ဟု ကျနော်မမြင် မိချေ။ကျနော်ဆိုချင်သည့်အချက်မှာ စာရေးချင်စိတ်ပျောက်နေခြင်းသာ အခရာဖြစ်၏။
ကိုသင့်လူကား စာပေဆိုင်ရာဗဟုသုတ အတော်ပြည့်စုံသူဟုဆိုရမည်။သူကကျနော့်စာအရေးအသားကို ဤသည်ကား  Double Narrative ,ထိုသည်ကား Magical Realism စသည့်ဖြင့် အခါအားလျော်စွာဝေဖန်ထောက်ပြလေ့ရှိသော်ငြား ကျနော် နကန်းတလုံးမျှ နားမလည်သည်မှာ အမှန်ဖြစ်၏။ကျနော်သည် စာပေဆိုင်ရာနည်းနားတချို့ကို သူ့ထံမှ ဝိုးတဝါးသိခွင့်ရ ခဲ့သည်။စင်စစ် ကျနော်သည် မင်းဒင်ရဲ့သက်ခိုင်ကို ဖန်တီးရာတွင် ကျနော့်ဘဝတလျှောက် ဖတ်ရှုလေ့လာ ခဲ့သော စာအုပ်စာပေများ ၏ဖန်တီးရှင် စာရေးဆရာတို့ကို ဆရာတင်ကာ၊ သူတို့နည်းနာမှန်သမျှ ကျနော့်မသိစိတ်တွင် နည်းမှီခဲ့ဟန် ရှိလေသည်။
အဆိုပါကာလအတွင်း  သက်ခိုင်ကိုတွေ့လိုတွေ့ငြား  ထိုင်းနိုင်ငံ၊ဖူးခက်မြို့သို့ စနည်းနာလာသူအများအပြားရှိခဲ့သည်။ထို့ အတူသက်ခိုင်၏ ဆိုးကောင်းနှစ်တန်ဒွန်တွဲနေသည့် သတင်းမျိုးစုံကို အဆက်မပြတ်ကြားနေရသည်။
အများစုမှာ နှစ်သက်သည်ဟု ဆိုကြပါ၏။ သို့သော် အချို့ကား သဘောကျနှစ်ခြိုက်ဟန်မတူကြ။ဝေဖန်မှုမှန်သမျှကိုကျနော် ရေငုံလျက်သာ နေခဲ့သည်။ စာရေးခြင်းအတတ်ပညာကို တဖက်ကမ်းခတ်ပြီဟု ဘယ်နံရောအခါကမှ ကျနော် မတွေးမိခဲ့ သောကြောင့် ပထမအကြိမ်ထုတ် စာရေးသူ၏အမှာစာတွင် “စာပေရေးသားခြင်းဆိုင်ရာ အတတ်ပညာနှင့်စပ်လျဉ်း၍ ချို့ယွင်းအားနည်းမှုရှိနိုင်ကြောင်း”အသိပေးခဲ့ပြီး၊ ဒုတိယအကြိမ်ထုတ်အမှာစာတွင်လည်း အောက်ပါအတိုင်းဖော်ပြခဲ့ပါ သည်။

“ဇာတ်လမ်းပါ အကြောင်းအရာအားလုံးမှာ စာရေးသူ တတ်စွမ်းသမျှ ချယ်မှုန်းပုံဖော်ထားသည့် သက်ခိုင်၏ ခံစားချက် အတွေးအမြင်မျှသာ ဖြစ်လေရာ စာဖတ်သူတို့အနေဖြင့် ဖော်ပြထားသမျှသော အချက်အလက်၊ဖြစ်ရပ်အားလုံးသည် ပရမတ်ဆတ်ဆတ် မုချအမှန်ချည်းဖြစ်သည်ဟု ယူဆကြရန်မဟုတ်မူပဲ မိမိတို့ကိုယ်ပိုင် ဆင်ခြင်တုံတရားဖြင့် အကြောင်း ယုတ္တိတန်သည် မတန်သည်ကို ဝေဖန်ပိုင်းခြားကြရန် ဖြစ်ပါသည်။”

ထို့ကြောင့် ကျနော်သည် ခေတ်ကြီးတခုလုံးကို ခြုံငုံမိသည့်သမိုင်းမှတ်တမ်းစာတအုပ်အဖြစ် ရေးစွမ်းနိုင်သူ၊ စွမ်းဆောင် နိုင်သူ မဟုတ်ရကား ဇာတ်ကောင်ပြန်ပြောသမျှ၊မြင်သမျှ၊ကြားသမျှကိုသာ၊ ဖတ်ပျော်အောင် အားထုတ်ခဲ့ခြင်းသာဖြစ် ကြောင်း ထပ်မံ၍အလေးအနက်ဆိုချင်ပါသည်။ထို့အတူ တစုံတယောက်ကို နစ်နာစေလိုသော အာဃာတ၊တရား မပါဝင် အောင်လည်း အတတ်နိုင်ဆုံး ကျနော်အားထုတ်ခဲ့ပါသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင်ဆိုရမည်လောမသိ။ ထိုကာလများအတွင်း ကိုသက်ခိုင်နှင့် ကျနော်တို့၏ ဆန်းကြယ်လှသော ရေစက်ကြောင့် ဧရာဝတီတိုင်း၏တခုသော ရဲဘက်စခန်းတွင်ဆုံကြရုံသာမက ရေခြားမြေခြားဖြစ်သည့် ဖူးခက်မြို့တွင် တကျွန်းတည်းတွင် နေထိုင်မိလျက်သား ဖြစ်နေပြန်လေသည်။ကိုသက်ခိုင်ကား ဖူးခက်အနှံ့အပြားရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြီးများသို့ ပစ္စည်းမျိုးစုံသွင်းခြင်းနှင့် သူ့ကိုယ်ပိုင်ခရီးသွားလုပ်ငန်းတို့ဖြင့် တည်ငြိမ်အေးဆေးသောဘဝတခုကို ပိုင်ဆိုင်နေလေပြီ။ သို့သော်သူ့ခမျာ စကားပြောဖော်ရှားလွန်းသော ဒုက္ခကြောင့် ကျနော့်ထံမကြာခဏပေါက်ချလာကာ  စကားစမြည်ပြောခြင်းဖြင့် စိတ်ထွက်ပေါက်ရှာလေ့ရှိသည်။
ကျနော်နှင့်ကိုသက်ခိုင်သည် ဖူးခက်မြို့တွင်သာမက ထိုင်းနိုင်ငံနေရာအနှံ့သို့ ကြိမ်ဖန်များစွာ ခရီးအတူနှင်ခဲ့ကြပြီး မြောက် များစွာသော အကြောင်းအရာများကို စကားလက်ဆုံကျခဲ့ကြပါသည်။ထိုသို့လျှင် ကျနော်သည် ကိုသက်ခိုင် ထိုင်းနိုင်ငံသို့ ရောက်စကာလများတွင် အတည်တကျ နေထိုင်နိုင်ရေးနှင့်တဝမ်းတခါးအတွက် သူရုန်းကန်ကျော်ဖြတ်ခဲ့ပုံများ၊ သူ့ဘဝ ရှေးဟောင်းနှောင်းဖြစ်များကို ကြားသိခွင့်ရလာပြန်ပါသည်။ထိုအခါ ကျနော့်စိတ်သဏ္ဌန်အတွင်းငုတ်လျှိုးနေသော စာရေး ချင်စိတ်သည် တဖန်နိုးထလာပြန်တော့၏။ထို့ကြောင့် ကျနော်က  သူ့ဇာတ်လမ်းကိုရှေ့ဆက်ရန် တိုင်ပင်သည့်အခါ ကိုသက်ခိုင်သည် စိတ်ဝင်စားဟန်မပြပဲ၊လက်တဖက်ကိုမြှောက်ကာပြရင်း “တော်လောက်ရောပေါ့”ဟူ၍သာ တုန့်ပြန်တတ် ပါသည်။  သူသည် ဆိတ်ငြိမ်ရာအရပ်၌ အသံတိတ် နေရသောဘဝအခြေအနေကို ခုံမင်နှစ်ခြိုက်နေဟန်ရှိသည်။ သူ့ဘဝသူ့ ဇာတ်လမ်းကို တခုတ်တရ ရေးသားနေသည်ကိုလည်း သဘောတွေ့ဟန်မရှိချေ။ 

(ဆက်လက်ဖော်ပြပါမည်။)
↧
Viewing all 346 articles
Browse latest View live