၇။ အနာဂါမ် ဆရာသက်ကြီး
“အင်း ၊ ကျုပ်လည်း ရမ်ဆေး ဘဝ ရောက်နေပြန်ပြီ”
“ဘာလဲဗျ၊ ရမ်ဆေး ဆိုတာ”
“ အော်၊ ငယ်ငယ်တုန်းက သမိုင်းဖတ်စာမှာ သင်ခဲ့ရတဲ့ အီဂျစ်ပြည်က ပိရမစ်ကြီးကို တည်ဆောက်ခဲ့တဲ့သူလေ၊ ဖတ်စာထဲမှာတော့ ရမ်ဆေးကို ရက်စက်တဲ့ ကျွန်ခေါင်းဆောင်လို့ ရေးထားပေမဲ့ အမှန်က ရမ်ဆေးဟာ အီဂျစ် ဘုရင်တပါးပါ ”
“အဲဒါနဲ့ ဘာဆိုင်လို့တုန်း”
“ ဟိုမှာလေ၊ ရဲဘက်တွေ ဖြစ်ပျက်နေတာ မမြင်ဘူးလားဗျာ”
အချိန်ကား နံနက်ဆယ်နာရီခန့်ဖြစ်ပြီး ကျွန်တော်နှင့်ကိုသက်ခိုင် စကားအခြေအတင် ပြောနေကြသော နေရာမှာ စခန်းခွဲ(၁) ရဲဘက် အကျဉ်းစခန်း၏ မလှမ်းမကမ်းရှိ တခုသော မြေသားတာရိုး ဘောင်ပေါ်တွင်ဖြစ်သည်။ အဆိုပါ တာရိုးတလျှောက်တွင် ရဲဘက်တို့ စိုက်ပျိုးထားသော ကင်မွန်းပင်များ အစီအရီရှိနေသည်။ တခုသောကင်မွန်း ခြုံရိပ်တွင် ကိုသက်ခိုင်က ကုလားထိုင်တလုံးနှင့် ထိုင်လျက်ရှိ၏။ ကျနော်က သူ့ဘေး တွင် မတ်တပ်ရပ်လျက်။
ကျနော်တို့နှင့် ဝါးလေးငါးပြန်ခန့်ရှိသောနေရာတွင် ပူပြင်းသောနေရောင်အောက်၌ စခန်းရှိလူကုန် အကျဉ်း သားရဲဘက် တရာကျော်ခန့်မှာ ရွှံ့အလူးလူးနှင့် ဧရာမငါးမွေးကန်ကြီးတခုကို တူးဖော်လျက် ရှိကြသည်။ စားရေး သောက်ရေးချို့တဲ့သောကြောင့် အကျဉ်းသားအများစုမှာ ဗိုက်ပူနံပိန်တွေသာ များသည်။တူးဖော်ရမည့်ပမာဏကို ဘုတ်အလိုက် တာဝန်ခွဲဝေပေးထားသောကြောင့် ကိုယ့်ခွဲတမ်း ကိုယ်ပြည့်အောင် နေပူပူလွင်တီးခေါင်မှာ ချွေးသံတရွှဲရွှဲနှင့် ပြစ်မှုကြွေးကို ချွေးဖြင့်ဆပ်နေကြရချေသည်။လောကဓံကို ထီမထင်ဟန်ရှိသော ရဲဘက် အချို့ထံမှ တွံတေးစိုးအောင်သီချင်း ဟစ်နေသံတွေကို ကြားရသည်။ ကာရာအိုကေခန်းမကို သတိရချင်စရာ ကောင်းတော့သည်။
တခါတရံကား ဆူသံဆဲသံညံလျက်။ ဤမဟာ ငါးကန်စီမံကိန်းကို အဓိကအခန်းကဏ္ဍမှ ဦးဆောင် အကောင် အထည်ဖော်သူမှာ ကိုသက်ခိုင်ဖြစ်၏။ သို့ကြောင့်ပင် ကိုသက်ခိုင်က သူ့ကိုယ်သူ အီဂျစ် ကျွန်ခေါင်းဆောင် ရမ်ဆေးနှင့် ပုံခိုင်းလိုက်ဟန်ရှိသည်။
ထောင်ပိုင်ကြီး၏ စိတ်ကူးပေလော၊ စခန်းခွဲတာဝန်ခံ ထောင်မှူး ဦးအေးနိုင်၏ မဟာရွှေဥာဏ်တော်ပေလော မဆိုနိုင်။စခန်းခွဲ (၁) ဤရွေ့ဤမျှ အတိုင်းအတာရှိသော ဧရာမငါးမွေးကန်ကြီးတခု တူးဖော်စေဟူသော ညွန်ကြားချက်သည် နှုတ်မိန့်အဆင့်ဆင့်ဖြင့် ကိုသက်ခိုင်ထံ ရောက်လာသည်ဟု ဆိုပါသည်။နှုတ်မိန့်သာ ထွက်လာသည် ၊ဘာစီမံချက်မှ ဟုတ်တိပတ်တိ ရေးဆွဲထားခြင်းမရှိချေ။ တူးဖော်မည့် ငါးမွေးကန်၏ အတိုင်း အတာ အတိအကျမရှိ ။ အကျယ်အဝန်း ဝါးဆယ်ပြန်ပတ်လည်၊ အနက် ဆယ့်ငါးပေခန့် ဟူ၏။ လုပ်ငန်းကာလ သတ်မှတ်ချက်ကား ရက်ပေါင်းသုံးဆယ် ဆိုပါသည်။
အဆိုပါ မဟာစီမံကိန်းအတွက် တိုင်းတာရန် ပေကြိုးခွေ၊မျဉ်းတံစသည့်ကိရိယာ တစုံတရာမရှိ။ ထို့ပြင်တဝ တူးဖော်ရာတွင် အဓိကကျသော လက်နက်ကရိယာဟူ၍ ပေါက်တူးနှင့်ငန်းပြား သုံးလေးလက်မှတပါး အခြားမရှိ ချေ။ ယင်းအခြေအနေမျိုးနှင့်ပင် အဆိုပါစီမံကိန်းကို သတ်မှတ်ကာလအမီ ပြီးစီးအောင် ဆောင်ရွက်ရန် ကိုသက် ခိုင်ထံသို့ တာဝန်ကျလာခဲ့ခြင်းဖြစ်လေ၏။
ကျနော်က မနေနိုင်မထိုင်နိုင်၊ မေးခွန်းထုတ်လိုက်မိသည်။
“ဟေ့လူ၊ ကိုသက်ခိုင် ၊ဒီပုံစံနဲ့ ခင်ဗျား ငါးကန်ကြီးက အချိန်မီပြီးပါ့မလားဗျာ၊ အခုလုပ်ငန်းစနေတာ လေးရက် လောက်ရှိပြီ ၊ ဘာမှ လုပ်ကွက်မပေါ်သေးပါကလား”
ကိုသက်ခိုင်က ကွမ်းဝါးနေရင်း ပါးစပ်ကိုပိတ်လျက် ခပ်မဲ့မဲ့ပြုံးလိုက်သည်။
“ခင်ဗျား အာမချောင်ရင် ကောင်းမယ်နော်”
“ဟ ဒါလေးမေးမိတာ အပြစ်လားဗျာ”
“ခက်တယ်ဗျာ၊ ခင်ဗျားက ထောင်ချောက်ထဲ ဝင်မိတော့မှာမို့ ကျုပ်က သတိပေးတာပါ”
“ ဘာထောင်ချောက်တုန်းဗျ ”
“အခု ခင်ဗျား ရှေ့မှာတွေ့နေရတဲ့ အဆင်မပြေမှုအားလုံးဟာ မတော်တဆဖြစ်နေတာ မဟုတ်ဘူးဗျ၊ ဂွင်ဆင်ထား တာ ထောင်ချောက်ဆင်ထားတာ ”
“ရှင်းအောင်ပြောစမ်းပါဗျာ”
“ ကဲ ဒီလောက်တောင် ပြောမရရင် ခင်ဗျားအတွက်ဝေစုအဖြစ် ပေါက်တူးနှစ်လက်နဲ့ ဂေါ်ပြားနှစ်လက် ခွဲတမ်း ကျတယ်၊ လူကြုံနဲ့ ခင်ဗျားအိမ်ကို မှာပေတော့”
“ဟ ဘာဆိုင်လို့လဲဗျာ”
“ဆိုင်တယ်ဆရာ ၊ခင်ဗျားရောက်နေတာ ရဲဘက်၊ အခုဒီစခန်းမှာ ငါးမွေးကန်စီမံချက် အကောင်အထည်ဖော် နေတယ်၊ ရေဗူးပေါက်တာမလိုချင်ဘူး၊ရေပါတာ လိုချင်တယ်။ အချိန်မီ ပြီးစီး ဖို့အတွက် ရဲဘက်တယောက် အနေနဲ့ တတ်နိုင်တာမတတ်နိုင်တာ ဘေးဖယ်ပြီး မဖြစ်ဖြစ်အောင် လုပ်ပေးရမယ်၊ ကျုပ်လည်း ဒီလိုပဲ ဒီစီမံ ချက်ဟာ ဘာမှအဓိပ္ပါယ်မရှိပါဘူးလို့ အထွန့်တက်ဖူးတယ်၊ နောက်ဆုံးတော့ ရရာဝါးလုံးရှည်တွေ ရှာဖွေပြီး ပေတံ ဖြစ်အောင်လုပ်၊ အဲဒီဝါးလုံးတွေကိုပဲသုံးပြီး ပန်းပဲမင်းကြီးထုံး နှလုံးမူရင်း ငါးကန်ဖြစ်လာအောင် တိုင်းရတာရ ပန္နက်ရိုက်ခဲ့ရတာပဲဗျာ၊ ဒီလိုနဲ့ လေးထောင့်စပ်စပ်လည်း ပုံပေါ်ရော ရဲဘက်တွေကို အတင်းမောင်းချပြီး ပေါက်တူးဂေါ်ပြား သုံးလေးလက်နဲ့ ဘယ်ရက်အပြီး ဆိုပြီး ချွေးတပ်စခန်းမှာလို ဇွတ်မောင်းတော့ အခုလို ဘေးက ကြည့်နေတဲ့ ခင်ဗျားလို အဆောင်သန့်ရှင်းရေးလည်း နေမထိထိုင်မထိ ခံစားလာရပြီ မဟုတ်လား၊ အဲဒီလို ခံစား လာရအောင် သေချာစီစဉ်ထားတာပဲဗျ၊ ရဲဘက်တွေက ခင်ဗျားထက် ပိုပြီးခံစားရမယ်၊ ဘုတ်အလိုက် သတ်မှတ် ထားတဲ့ လုပ်ကွက်ပမာဏမပြီးရင် ခြေကျင်းတို့ဒေါက်တို့ပါ ပါလာအုံးမှာ၊ အဲသလို ဘယ်သူမှ မခံချင်တော့ ဘယ်လိုလုပ်ပြီးအောင် လုပ်ရပါ့မတုန်း ပူပန်စိတ်နဲ့ ထွက်လမ်းရှာ လိုက်တော့ ပေါက်တူးဂေါ်ပြားစုံမှ တက်ညီ လက်ညီလုပ်မှ ဆိုတဲ့ အတွေးပေါ်လာကြမယ်၊ ပေါက်တူးဂေါ်ပြားပေးပါလို့ တောင်းရနိုင်တဲ့ နေရာမဟုတ်တော့ ဧည့်တွေ့လာတဲ့ မိဘဇနီးမယားကို ပေါက်တူးဂေါ်ပြားဖိုး ဇွတ်နားပူကြမယ်၊ အဲဒါ ဒီမဟာစီမံကိန်းကြီး အချိန်မီ ပြီးစီးရေးအတွက် ရေးဆွဲ ထားတဲ့ သေနင်္ဂဗျူ ဟာပါပဲဗျာ ”
“လက်စသတ်တော့ ဒီဇာတ်လမ်းက ခင်ဗျား ဇာတ်ညွှန်းကိုး ”
“သေလိုက်ပါတော့ဗျာ၊ ဘယ်နှယ့် ကျုပ်က ဒီဇာတ်ညွန်းကို ရေးသူဖြစ်ရမှာတုန်း၊ ကျုပ်က အကျဉ်း ဦးစီးဋီကာကို ခင်ဗျားသိအောင် ရှင်းပြနေတာဗျ၊ ကျုပ်လည်း လုပ်နေရင်းနဲ့ တရေးတရေး သူတို့ လုပ်ကွက်ကို သဘောပေါက် လာတာ၊ ကျုပ်လည်း ပေါက်တူးလေးငါးလက်လောက် ဝယ်ထည့်အုံး မှပါဗျာ၊ ခုလို ရွှံ့တွေလက်ထဲ ကော်တင် နေလို့ကတော့ ငါးမွေးကန်စီမံချက်က ကိုးရီးယား ဇာတ်လမ်းတွဲထက် ပိုရှည်နေတော့မယ် ”
“နေပါဦးဗျ၊ ပေါက်တူးဝယ်ဆို ဝယ်ပေးပါ့မယ်၊ ခင်ဗျားငါးကန်က ဘာငါးတွေကို ဘယ်လိုမွေးမှာတုန်း၊ နည်းနည်း ရှင်းစမ်းပါအုံး”
“ခင်ဗျားက ပေါက်တူးဂေါ်ပြားနှစ်လက်စီနဲ့တင် မတင်းတိမ်သေးဘူးထင်တယ်၊ထပ်ပြီး လျှာရှည်နေပြန်ပါပြီ၊ အမှန် တော့ ဘာငါးကို ဘယ်လိုမွေးမယ်ဆိုတဲ့စီမံချက် ဘာမှမရှိဘူး၊ အခုရာသီမှာ ရဲဘက်တွေ အလုပ်ပါးနေတယ်၊ ရဲဘက်ကို အလုပ်မရှိပဲထားရင် စားရိတ်ကုန်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်ပေါ်လာမယ်၊ဒါကြောင့် ဒီငါးမွေးကန်စီမံချက်ကို ဆွဲတာပဲဗျာ၊ ကန်ပြီးရင် တူးမြောင်းတွေထဲက ငါးပေါက်လေးတွေ ဖမ်းထည့်ခိုင်း၊ ငါး တွေက ကန်ထဲမှာ သဘာဝအလျောက် ဖြစ်လာမဲ့ ရေမှော်တွေဒိုက်တွေကိုစား၊ အချိန်တန်ဖမ်းပြီးရောင်းကြပေါ့၊ တခုရှိတာက ငါးမွေးကန် ထဲကိုထည့်ဖို့ ငါးသားပေါက်တွေ မဖြစ်မနေလိုလာရင်လည်း စောစောက ဇာတ်ညွန်း မျိုးကို နောက်တခါ ထပ်ပြီး ထုတ်သုံးကြမှာပေါ့ဗျ ”
“ကောင်းလိုက်လေဗျာ ၊တကယ့် မဟာစီမံကိန်းကြီးပါကလား”
ကျနော်က သရော်တော်တော် ပြောအပြီးတွင် ကိုသက်ခိုင်သည် တစုံတရာကို တွေးမိသွားဟန်ဖြင့် ရုတ်တရက် ငိုင်သွား၏။နောက် သူ့နှုတ်မှ စကားသံခပ်လေးလေးထွက်လာသည်။
“အင်း တကယ်တော့ ကျုပ်တို့လည်း ဒီအရွယ်အထိ ဖြတ်သန်းလာခဲ့တဲ့ဘဝခရီးမှာ ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင် တာကို မဖြစ်ဖြစ်အောင် နည်းလမ်းစုံ သုံးခဲ့ကြတာပါပဲ၊တကယ်တမ်း သေသေချာချာ ပြန်စဉ်းစားတော့ ဘဝကို စံနစ်တကျတည်ဆောက်နိုင်ခဲ့သူဆိုတာ တသောင်းတယောက် ရှိခဲလှပါ တယ်၊ ကိုယ်လုပ်နေတဲ့ အလုပ်တခုဟာ အဓိပ္ပါယ်ရှိမရှိ တွေးတောချင့်ချိန်မှု အားနည်းလေ့ရှိတာ ဓမ္မတာပါပဲ”
“ဟုတ်ပြီ၊ ခင်ဗျားက တရားစကားခပ်ဆန်းဆန်းတွေ စလာပြီဆိုတော့ ကျုပ်လည်း ကြုံတုန်း နားမရှင်းတာတွေ မေးစရာရှိတယ်၊ ခင်ဗျား ပြောတဲ့စကားတွေထဲမှာ ပရမတ်၊ ပညတ်ဆိုတာတွေ ပါလာတာ သတိထားမိတယ်၊ နားလည်သလိုလိုတော့ ရှိပါရဲ့၊ ဒါပေမဲ့ ခင်ဗျားရဲ့ ရှင်းလင်းချက်လေး တော့ ကြားချင်သေးတယ်ဗျ ”
“အော်၊ ဒါလား၊ ပညတ်ဆိုတာ တကယ်မရှိတဲ့သတ်မှတ်ချက်သက်သက်ပေါ့ဗျာ၊ ပရမတ်ဆိုတာ တကယ်ရှိတဲ့ အရာပေါ့ ၊ ပညတ်ကိုတော့ သာမန်မျက်စိ လူသာမန်အတွေးနဲ့ မြင်သိနိုင်ပေမဲ့ ပရမတ်ဆိုတာကိုတော့ ပညာ မျက်စိနဲ့ မှသာမြင်နိုင်တယ် ၊ဥပမာ ဆိုပါတော့၊ ခင်ဗျားနာမည် မင်းဒင်၊ အဲဒီ မင်းဒင်ဆိုတာ ပညတ် သက်သက်ပဲ၊ တကယ်မရှိဘူး၊ ခင်ဗျားရဲ့ မိသားစုမှာ အထက်အောက်ညီအကို မောင်နှမအပါအဝင် လူအများနဲ့ ခွဲခြားသိနိုင် အောင်၊ သတ်မှတ်ထားမှုတခုမျှသာ ဖြစ်တယ်၊ ဒိထက်ရှင်းချင်ရင် ခင်ဗျားရဲ့ ကိုယ်ပေါ်က အဝတ်အစား အပါ အဝင် ၊ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို တပိုင်းတစစီ၊ စိတ်ကူးထဲမှာပိုင်းပြီး ဘယ်ဟာ မင်းဒင်တုန်းလို့ ရှာကြည့်ပေတော့၊ ကြီးစွာသော သမာဓိနဲ့ သေချာအသေးစိတ်ခွဲ ခြမ်းစိတ်ဖြာကြည့်တဲ့အခါ ခင်ဗျားတို့ ကျုပ်တို့ ခန္ဓာကိုယ်ဟာ သေးငယ်တဲ့ အမှုန်လေးတွေ ၊ အပူ၊ စေးကပ်မှု ၊လေဖိအားတမျိုးနဲ့ ထောက်ကန်နေတဲ့သဘော စုစုပေါင်းလေးမျိုးနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ မြင်လာနိုင်တယ်၊ အဲဒါ ဓာတ်ကြီးလေးပါး၊ ပရမတ်တရား ပါပဲဗျာ ”
“ဟုတ်ပါပြီဗျာ၊ မေးလက်စနဲ့ ဆက်မေးရအုံးမယ်၊ ခင်ဗျား တရားထိုင်နေတုန်း ဗြုန်းဆို ရှေ့တည့်တည့်မှာ ရွှေတိဂုံ စေတီတော်ကြီးပေါ်လာတယ်ဆိုတာ ဘာဖြစ်တာတုန်းဗျ ”
“ခင်ဗျားစိတ်ရှုပ်ပြီး အံ့သြနေပြီမဟုတ်လား။ဘာမှ မဟုတ်ဘူး။ဒီအလုပ်လုပ်ရင် ဒီလိုဖြစ်တတ်တာ ထုံးစံ။ကျုပ် ဘယ်လိုလုပ်သိသလဲဆိုတော့ ကျုပ်ဇနီး သယ်သယ်လာတဲ့ တရားနဲ့ပါတ်သက်တဲ့ စာအုပ်တွေကနေပေါ့၊ ဒီအလုပ်က နည်းလမ်းမှန်ဖို့၊ဆရာသိပ်အရေးကြီးတယ်။ စွတ်လုပ်တာ လုပ်တာပဲ။ စာရင်းပြန်ပြန်ကိုက်သလို ချိန်ထိုးနေမှ လမ်းမှန်ရောက်တတ်တာ။ စာတွေ့လက်တွေ့ ချည်းကပ်ပြီး နည်းလမ်းမှန်မှန်နဲ့ လုပ်တတ်ဘို့  လို တယ်။
ရွှေတိဂုံစေတီတော်ကြီး ကျုပ်ရှေ့ရောက်လာတဲ့ အဖြစ်အပျက်ဟာသမထရင့်လာတဲ့ လက္ခဏာပါဗျာ။ တည်ငြိမ်မှု ရှိလာတဲ့အခါ အပွင့်အမျိုးမျိုး၊အပင်အမျိုးမျိုး၊အရောင်အမျိုးမျိုး၊ အဆောက်အဦအမျိုးမျိုး၊ တောတောင်ရေမြေ သမုဒ္ဒရာအမျိုးမျိုး၊ ဂူကျောင်းဘုရားအမျိုးမျိုး၊အလွန်သာယာပျော်ဖွယ်ကောင်းသောနေရာဌာနအမျိုးမျိုး၊ နေလ နက္ခတ်တာရာအမျိုးမျိုး၊ ပတ္တမြားစတဲ့ ကျောက်မျက်ရတနာအမျိုးမျိုး၊ ဥက္ကာပျံကဲ့သို့သော အလင်းရောင် တန်းလုံးကြီးမျိုး၊ ပိုးစုန်းကြုးကဲ့သို့၊ မီးပန်းမီးကျည်များ ကဲ့သို့မီးပွားကလေးများကဲ့သို့စတဲ့ အရာအမျိုးမျိုး ပြောမပြ တတ်အောင် တွေ့ရတတ်၏။ သမာဓိရင့်လေတွေ့လေပဲ လို့ ဆရာသက်ကြီးရဲ့ ဝိပဿနာရှုပွားနည်းစာအုပ်မှာ ဆိုတယ်”
“ဟာ ခင်ဗျားရွတ်ပြနေတာ အတိအကျကြီးပါလား၊ ”
“ဒါလည်း သိပ်အံ့သြပြီး အထင်မကြီးလေနဲ့ ၊ သမထအားထုတ်ပြီး သမာဓိရင့်လာတဲ့အခါ ရှေးဟောင်းနှောင်းဖြစ် တွေကို အသေးစိတ်ပြန်ပြီး မှတ်မိလာတတ်တယ်၊ ဖတ်ထားတဲ့စာတွေကို လည်း မှတ်မိနေတတ်တယ်”
“ဒါဖြင့် ခင်ဗျား ဈာန်ရသလို လေထဲမှာ မျောနေတယ်ဆိုတာကကောဗျာ”
“အော် ၊ဒါလား ၊ ဒါလည်း ထူးဆန်းလှတယ် မဟုတ်ပါဘူးဗျာ၊ အဲဒါဟာ ဝိပဿနာပီတိလို့ ခေါ်သတဲ့ဗျ၊ ကဲ ခင်ဗျားသိချင်ရင် ကျုပ်နဲ့ တဲပေါ်ကိုလိုက်ခဲ့ပေတော့၊ ခင်ဗျားမေးမယ်ဆိုတာ ကျုပ် ကြိုတင်တွေးမိထားလို့ အဆင် သင့် ရှာထားပါတယ်ဗျာ၊ နေလည်း နည်းနည်းပူလာပြီ၊ ရဲဘက်တွေ နားချင်နားရအောင် မသိမသာ ရှောင်ပေးရာ လည်း ရောက်တာပေါ့ဗျာ”
ပြောပြောဆိုဆို ကိုသက်ခိုင်က သူ့တဲရှိရာသို့ စိုက်စိုက်နှင့် လျှောက်သွားသဖြင့် ကျနော်လည်း သူ့နောက်မှ လိုက်ပါသွားလေရာ တဲပေါ်အရောက်၊ အသင့်လှန်ထားသည့် စာအုပ်တအုပ်ကို ကျနော့်ထံ လှမ်းပေးရင်း …
“ရော့ ၊ ဖတ်ကြည့်ပေတော့ဗျာ”
အဆိုပါ စာအုပ်မှာ အနာဂါမ်ဆရာသက်ကြီး၏ အာနပါနသိမှုဖြင့် ဝိပဿနာရှုပွားနည်း စာအုပ်ပင်ဖြစ်၍ သူညွှန်ပြသော စာမျက်နှာတွင်ကြည့်ရှုရာ အောက်ပါအတိုင်းရေးသားထားသည်ကို တွေ့ရ၏။
ပီတိငါးမျိုး
ပီတိအကြောင်းရေးပြအံ့။ ဤကဲ့သို့ မိမိခန္ဓာကိုယ်အတွင်း ရုပ်ဓာတ်လေးပါးတို့၏ ဖောက်ပြန်ခြင်း၊ နာမ်ဓာတ် လေးပါးတို့၏ ဖြစ်ပေါ်ချုပ်ပျောက်ခြင်းတို့ကို တစ်စထက်တစ်စ သမာဓိရင့်လေ ပို၍သိလေ ဖြစ်လာလေ၏။ သမာဓိရင့်လွန်းအားကြီးလာသောအခါ ဝိပဿနာသမာဓိ၏ အစွမ်းဖြင့် ဝိပဿနာကို ကျနမှန်ကန်စွာ ယထာ ဘူတကျကျကြီး နည်းမှန်လမ်းမှန်အတိုင်း အားထုတ်သောသူတို့မှသာ ရတတ်တွေ့တတ်သော ပီတိများကို တွေ့ရ တတ်ပါသည်။ ထို့ကြောင့် ဓမ္မပဒပါဠိတော်၌ -
သုညာဂါရံ၊ ဆိတ်ငြိမ်သောအရပ်သို့၊ ပဝိဋ္ဌဿ- ဝင်သော ၊သန္တ စိတ္တဿ - ငြိမ်းချမ်းသော စိတ်ရှိသော၊ သမ္မာ - အသင့်အားဖြင့်၊ ဓမံ္မ - ရုပ်နာမ်တရားကို ၊ဝိပဿတော- ဥဒယဗ္ဗယာ- နုပဿနာတို့၏ အစွမ်းအားဖြင့် ရှုသော၊ ဘိက္ခုနော- သံသရာဘေးကိုရှုသော ယောဂီပုဂ္ဂိုလ်အား၊ အမာနုသီ - ဝိပဿနာ အဇ္ဖျတ္တခန္ဓာငါးပါးကို အားမထုတ် သော သူတို့၏ အရာမဟုတ်သော၊ ရတိ- ဝိပဿနာ ပီတိသုခ ဟူသော မွေ့လျော်ခြင်းသည်၊ ဟောတိ- ဖြစ်၏ ။
ဟူ၍ ဟောတော်မူပါသည်။
ဤကဲ့သို့ ဟောတော်မူသည့်အတိုင်း တကယ့်တကယ် အားထုတ်သန်၍ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဥဒယဗ္ဗယအစစ်ကို ရှုမြင်ပွားများနေသောအခါ သမာဓိက တစ်ဆင့်ထက်တစ်ဆင့် ရင့်သန်လာတော့၏။ထိုအခါ၌ ဝိပဿနာသမာဓိအရှိန်ကြောင့် ပီတိပေါ်တတ်၏။ ဓမ္မနိယာမပင်။ [ယထာဘူတ ကျနသည့် အဇ္ဖျတ္တခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဥဒယဗ္ဗယအစစ်၊တိရဏပရိညာအစစ်၊ ပရမတ်အစစ်၊ ခဏိကအစစ်၊ သောတာပန် ဖြစ်နိုင် သော တရားအစစ်၊ နိဗ္ဗာန်ရောက်နိုင်သော တရားအစစ်ဖြစ်သောကြောင့်သာ ဤဖော်ပြမည့်အတိုင်းသော ပီတိ မျိုးကိုတွေ့ရသည်ဟု မှတ်ပါ။]ဤ သည်ကား ဤတရားသည် ယထာဘူတကျနမှန်ကန်ကြောင်းကို ပိုမိုထင်ရှား စေ၏။
၁။ ခုဒ္ဒိကာပီတိ
ခုဒ္ဒိကာပီတိဘယ်လိုဖြစ်ပါသနည်းဟူမူ သမာဓိအလွန်ကောင်းသောအခါ ခန္ဓာကိုယ်အတွင်း၌ တစီစီတဖြုတ်ဖြုတ် တလှုပ်လှုပ်တရွရွ ဖြစ်၍ဖြစ်၍ ပျက်၍ပျက်၍ နေကြကုန်သော ရုပ်တရားတို့သည် တစ်ကိုယ်တစ်ကောင်လုံး၌ ဆီချက်အိုးကဲ့သို့ အမြှုပ်တွေ ပြည့်ကျပ်နေသလို ဖြစ်တတ်၏။
ထိုအခါ ဆက်၍ရှုသွားလျှင် ဆီးနှင်းပေါက်မျှလောက်သာ မာမှုပူမှု တွန်းကန် လှုပ်ရှားမှုသဘောကလေးတွေ သည် နူးညံ့သိမ်မွေ့စွာ တစ်ကိုယ်လုံး၌ ဖြစ်၍ဖြစ်၍ ချုပ်၍ချုပ်၍ နေတတ်၏။ ထိုအခါ ဖြစ်ပျက်တည်းဟူသော ကာယသမ္ဖဿကလေးတွေလည်း လွန်စွာ သိမ်မွေ့စွာနေလေ၏။
ဤအတောအတွင်း၌ အားထုတ်နေသော ယောဂီ၌ သိပ်ပြီးခြေကျဉ်၍ နေသောသူ၏ ခြေထောက်ကို လက်နဲ့ တို့လိုက်သောအခါ နဂိုတုန်းကထက် ပို၍ ဗြုန်းခနဲ နေသကဲ့သို့လည်းကောင်း၊ သဲကို လက်နှင့်ယူ၍ ဖြန့်လျက် ပက်လိုက်သကဲ့သို့လည်းကောင်း ၊ဖြုန်းခနဲ ဖြန်းခနဲနှင့် ကြက်သီးထသကဲ့သို့လည်းကောင်း ဖြစ်ပေါ်လာတတ် ၏။ကြက်သီးထသကဲ့သို့ဆိုသော်လည်း ပကတိထသော ကြက်သီးကဲ့သို့ လူပါတစ်ကိုယ်လုံး တုန်လှုပ်သွားတာမျိုး မဟုတ်၊ခန္ဓာကိုယ်ကြီး ယိမ်းယိုင် တုန်လှုပ်ခြင်းမဖြစ်ပါ။ ခေါင်းနားပန်းကြီးပြီး ကြောက်တာမျိုးလည်းမဟုတ်ပါ။ ရှုသောသူ၌ ဣနြေ္ဒမပျက်ပါ။ သို့ရာတွင် ကြက်သီးထသောအခါ ဖြန်းခနဲ ဖြန်းခနဲဖြင့် ကိုယ်၌တွေ့ထိသော သဘောမျိုးနှင့်တူ၍သာ ဥပမာပြရပါသည်။ ဒါကြောင့် ကြက်သီးထတာနှင့်တူသည်ဟု ကျမ်းဂန်၌ဆိုပါသည်။ ဤကဲ့သို့ဖြစ်တာကို ခုဒ္ဒိကာပီတိဟု ခေါ်ပါသည်။
၂။ ခဏိကာပီတိ
ဤကဲ့သို့ ရှုဖန်များသော် စိတ်သည် မိမိခန္ဓာကိုယ်အတွင်း ဖြစ်ပျက်ခြင်းတည်းဟူသော ရုပ်နာမ် တရားတို့မှ တခြားကို ထွက်မသွားဘဲနေလေ၏။ ထိုအခါ၌ စိတ်၏ စင်ကြယ်ခြင်းတည်းဟူသော အကြောင်းကြောင့် လျှပ်လက်သကဲ့သို့ ဝင်းခနဲလင်းလိုက်၊ လင်းပြီးသည်နှင့်တစ်ပြိုင်နက် ပျောက်လိုက် ၊ ဤကဲ့သို့ ခဏခဏ လင်းခနဲ ဝင်းခနဲ အရောင်တို့သည် လင်းလိုက် ပျောက်လိုက် လင်းလိုက် ပျောက်လိုက်နေ၏။ ကြာကြာလင်း၍ မနေ၊ ဝင်းဆို ပျောက်သွားတာပါပဲ၊ ဝင်းခနဲနေသော အလင်းရောင်သာ လာမှန်းသိရတယ်၊ ဘယ်ကဖြစ်၍ ဘယ် ပေါ်လာမှန်းကား မသိရပါ။ ထို့ကြောင့် လျှပ်လက်သကဲ့သို့ ဥပမာပေးခြင်း ဖြစ်ပါသည်။ ဤကား ခဏိကာပီတိ ခေါ်၏။
ဤခဏိကာပီတိနှင့်တူသော အလင်းရောင်မျိုးသည်ကား သမာဓိနှင့်ဆိုင်သောအလုပ်ကို လုပ်သောသူများ လည်း သမာဓိကောင်းလာလျှင် ဤအလင်းရောင်နှင့် ခပ်ဆင်ဆင် အလင်းမျိုး ကို တွေ့ရတတ်ပါ၏။
၃။ သြက္ကန္တိကာပီတိ
အတွင်းက ဖြစ်ပျက်နေသော သဘောတရားတို့သည် အိုးထဲက ဆူပွက်၍နေသော ဆန်နှင့်ရေကဲ့သို့ ဖြစ်နေ တော့၏။ မီးပြင်းထိုးထားသကဲ့သို့ဆူ၍နေ၏။မီးညှိသောအခါ တညီတည်း ဆူ၍နေသကဲ့သို့ တစ်ကိုယ်လုံး တညီ တည်းဆူ၍နေ၏။ ဤကဲ့သို့ တညီတည်း ဆူ၍နေတာကြာသော် ရေပြင်ပေါ်သို့ မိုးကြီးရွာချသောအခါ မြင်ရ သည်နှင့်လည်း တူပါ၏။ တူသည်ဆိုသော်လည်း လက်ဦးတော့ကာ ကိုယ်တွေ့တရားသာ တူသည်။ မျက်စိဖြင့် မြင်ရသော သဘောမျိုးမဟုတ်ပါ။ သို့ရာတွင် ကြာကြာနေတော့ကာ သမာဓိနှင့်ပညာ နှစ်မျိုးရှိရာ ပညာထက် သမာဓိက အားရှိသွားပြီးသကာလ ပညာတည်းဟူသော ကိုယ်ဖြင့်တွေ့၍သိ၍ နေရသောသဘောကို လွန် မြောက်၍ မျက်စိဖြင့်မြင်ရသော သဘောသို့ ပြောင်းမှန်းမသိ ပြောင်းသွားတော့၏။
မိုးလည်း သည်းသည်း လှိုင်းကြီးကြီး
ထိုအခါ၌ ရေပြင်ပေါ်တွင် မိုးသည်းသည်းကြီး ရွာချသကဲ့သို့ ဖြစ်လာတာကို မျက်စိဖြင့် ဖွင့်၍ကြည့်ရသကဲ့သို့ မြင် လာတော့၏။ တစ်စထက်တစ်စ တစ်ခဏထက်တစ်ခဏ မိုးသည် ကြီး၍ကြီး၍ သည်းသကဲ့သို့ မြင်ရတော့၏။
ကြာတော့ကာ မိုးသည်းရုံတင်မက၊ လေကလေးပါ တိုက်ခတ်လာသလိုလို ဖြစ်လာ၏။ ရေပြင်သည် မိုးရွာနေ တဲ့အထဲ လှုပ်ရှား၍လာသလို ဘာလိုလို မျက်စိဖြင့် မြင်ရသကဲ့သို့ ဖြစ်လာ၏။ ကြာလေ ကြာလေ မိုးကသည်းလေ လေကလည်းပြင်းလေ ဖြစ်လာ၏။ ထိုအခါ၌ လှိုင်းကလေးများ ထ လာတုန်း မိုးကြီးသည်းလာသလို မြင်ရ၏။ ကြာတော့ကာ ပင်လယ်ရေပြင်တွင် မိုးရောလေပါ သဲသဲမဲမဲ ရွာချနေတုန်းအခါ လှိုင်းတံပိုးများ ထနေသကဲ့သို့ မြင်၍မြင်၍ တကယ့်မျက်စိနှင့် တကယ်မြင် သကဲ့သို့ ဖြစ်နေတော့၏။ ဤကား သြက္ကန္တိကာပီတိ ဖြစ်ပါသည်။
( ဤပီတိမျိုးကို တွေ့သည်ဆိုတာ အဇ္ဖျတ္တခန္ဓာငါးပါး ဥဒယဗ္ဗယတရားအစစ်တွေ့တော့မှ အားထုတ်သော သူက လည်း သမာဓိကောင်းမှ တွေ့ရသောသော ပီတိမျိုးဖြစ်ပါသည်။ ဗဟိဒ္ဓိကို လက္ခဏာရေး သုံးပါးတင်၍ ရှုနေရုံနှင့် ဤပီတိမျိုး မတွေ့နိုင်ပါ။)
၎။ ဥဗ္ဗေဂါပီတိဥဗ္ဗေဂါပီတိဆိုတာလဲ ဝါဂွမ်းကဲ့သို့ ကောင်းကင်သို့တက်သွားသည်ဟု ကျမ်းဂန်၌ဆို၏။
“သီဟိုကျွန်းသူတယောက်သည် မိမိ၌ ကိုယ်ဝန်ရှိ၍ တောင်ထိပ်ကဘုရားကို မိဘများသွား၍ဖူးရာမလိုက်ရ သဖြင့် အိမ်ကပင်နေ၍ ဘုရားကို ကြည်ညိုနေရင်း ဥဗ္ဗေဂါပီတိဖြစ်ပြီး ဘုရားရင်ပြင်တော်ပေါ်၌ မိဘများထက် စော၍ရောက်နေနှင့်သည်” ဟု ကျမ်းဂန်၌လာ၏။ ဤကားဘုရားကိုကြည်ညိုသော သမာဓိကြောင့်ဖြစ်သည့် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းတွင် အကျုံးဝင်သော သမထ၏ အစွမ်းကြောင့်ဖြစ်သော ဥဗ္ဗေဂါပီတိမျိုးဖြစ်၏။
ယခုအခါ၌လည်း အာနာပါန သမထကို အားထုတ်စဉ် မြေနှင့်မထိပဲ တစ်ရပ်သာသာလောက်အထိ တက်၍ မြောက်နေသော သမထယာနိကပုဂ္ဂိုလ်များ ရှိကြပါ၏။ ဝိပဿနာတရားအားထုတ်ရင်းကိုမူကား ဤကဲ့သို့ အထက်သို့တက်ရောက်နေသည်ကို သူတစ်ပါးမျက်စိနှင့် တွေ့မြင်ရသည်ဟူ၍ကား မကြားမတွေ့ရဖူးသေးပါ။ အားထုတ်သန်လျှင်မူကား ထက်မြက်သော လုံ့လ၊ ဝီရိယရှိလျှင် မူကား ညဥ့်အခါ တရားကို အာရုံပြုလျက် အထူး သဖြင့် အာရုံပြုလျက် အိပ်သောအခါ စိတ်သည် ခန္ဓာကိုယ်ထဲ၌ ဖြစ်သမျှသော ရုပ်နာမ် သခါင်္ရတို့ကိုသာ ရှုမြင်၍ နေတတ်၏။
ဝိပဿနာ ဥဗ္ဗေဂ
ဤကဲ့သို့ ရှုရင်း ရှုရင်း အိပ်ပျော်သွားပြီးသကာလ နိုးလာသောအခါ၌လည်း အိပ်ပျော်ပြီး၍ နိုးလာမှန်း မသိ၊ တရားကိုရှုမြင်လျက်ပင်နေ၏။ ဤကဲ့သို့ ရှုမြင်နေရင်း မိမိကိုယ်သည် အထက် သို့ကြွ၍ တက်နေသကဲ့သို့ပင် ထင်ရ၏။ တက်နေသောအခါ အတန်ကြာသော် မိမိကိုယ်သည် အပေါ်သို့ မြောက်၍နေပါကလားဟုသိ၍ ဟုတ်မှဟုတ်ပါမည်လားဟု လက်နှင့်စမ်းကြည့်သော အခါ အောက်က အခင်းနေရာကို လက်နှင့်မတွေ့တော့ပေ။
သည်တော့မှ ဘယ့်နှယ်ကြောင့် အပေါ်သို့ မြောက်တက်နေပါသနည်းဟု အောက်မေ့၏။ အောက်မေ့ပြီးလျှင် ဝမ်းသာအားရသည်ဟူ၍မဟုတ်၊ တရားကိုသာ ရှုမြဲတိုင်းရှုနေလျက်တော့၏။ ထိုကဲ့သို့ တရားကို ဆက်လက် ရှုမြင်သွားသောအခါ တရားကို မြင်လျက်ပင်နေ၏။ မိမိကိုယ်မြောက်နေတာကို အာရုံမပြုတော့ပေ။ ဤကဲ့သို့ တရားကိုရှုနေတာ ကြာသောအခါ တရား၌ အာရုံပြေ၍လာ၏။ ထိုအခါ၌ ခုနတုန်းက မိမိကိုယ်ကြီး မြောက် တက်နေတာ ဘာပြုလို့ပါလိမ့်မလဲဟု သတိရ၏။ ဤကဲ့သို့ဖြစ်တာကို ဝိပဿနာအရာ၌ ဥဗ္ဗေဂါပီတိဟူ၍ ကျမ်းပြု သောသူက ဆိုချင်၏။ သို့ရာတွင် ပညာရှိသူတော်ကောင်းများကမူကား မည်သို့ယူဆကြမည် မသိ။
၅။ ဖရဏာပီတိဖရဏာပီတိဆိုတာ ကျမ်းဂန်၌ “ကိုယ်အလုံးသည် မှုတ်၍ လေဖြင့်ပြည့်သော စီဖောင်းကဲ့သို့လည်းကောင်း များသောရေအလျင်ဖြင့် စီးဝင်သော တောင်ခေါင်းကဲ့သို့လည်းကောင်း မပြတ်အစဉ် ထက်ဝန်းကျင်မှ ပျံ့နှံ့သည် ဖြစ်၏” ဟု ဆို၏။
သို့ဖြစ်၍ တရားအားထုတ်သောအခါ ကျမ်းဂန်၌ပါတာနှင့်တူတာကို လိုက်ရှာလိုက်သော အားထုတ်သောသူ သည် ခန္ဓာငါးပါးတို့၏ ဖြစ်ပျက်နေမှုတို့ကို တစ်ကိုယ်တစ်ကောင်လုံး၌ သိလာရသောအခါ သိတာထက်ပို၍ သန်အောင် အားစိုက်လာသောအခါ မိမိခန္ဓာကိုယ်မှတစ်ပါး တခြားသို့ စိတ်မရောက်ဘဲ ကိုယ်ထဲတွင်ထား၍ ရှုနေလေ၏။ ထိုအခါ၌ ခန္ဓာကိုယ်သည် တစ်ကိုယ်လုံး အပ်ချစရာ နေရာမရှိအောင် သေးငယ်လှစွာသော ရေမြှုပ် ရေပွက်ကလေးတွေ ဖြစ်၍ဖြစ်၍ ပျက်ပျက်ပြီး ဆူနေတာကို တွေ့ရ၏။
ဤကဲ့သို့ ရှုနေရင်း မိမိခန္ဓာကိုယ်အတွင်းက ဆူပွက်ခြင်း သဘောတရားတို့သည် တိုးတက်ပိုမို၍ လာသောအခါ နွားနို့အိုးများသည် ဆူရာမှ ဝေ၍ တက်လာလိုက်၊ ပြန်ကျသွားလိုက်နှင့် နေသကဲ့သို့ မိမိကိုယ်ကြီးသည်လည်း ဆူပွက်၍ ပွပြီး ကြီးပြီးလာလိုက် ၊ ပြန်ငယ်သွားလိုက်နှင့် နေသည်ဟု ထင်ရ၏။ဤကဲ့သို့ ဖြည်းညင်းသာယာစွာ နူးညံ့သိမ်မွေ့စွာ ဖြည်းဖြည်းကလေး နုနုကလေး ပွပွ လာလိုက် ကျုံ့ကျုံ့သွားလိုက်နှင့် ဖြစ်နေပြီးလျှင် တစ်ခါတစ်ရံ ပွလာပြီးနောက် ပြန်၍ ကျုံ့မသွားဘဲပွလျက်နှင့်ပင် မတိုးမဆုတ်ဘဲ နူးညံ့စွာ နုနုကလေး ဆူ၍ပွပြီး ငြိမ်နေတာကို မျက်စိဖြင့် ဖွင့်၍ကြည့်ရတာလို မြင်နေတတ်၏။ ထိုအခါ မြင်နေတာမှတပါး စိတ်သည်တခြားသို့ မပြောင်း ရွှေ့တော့ပေ။ မိမိ၏ မူလခန္ဓာကိုယ်ကိုလည်း သတိမရတော့ပေ။ ယခုမြင်နေသော ပွလျက် နုနုကလေး အေးမြ ကြည်လင်စွာ ဆူနေသော ကိုယ်ပွကြီးကိုသာ မြင်နေလျက် အမှတ်တမဲ့ ကြက်သေသေပြီး ကြည့်နေမိတာနှင့် တူ နေတော့၏။ တကယ်ကိုယ်ပင် လေတွေမှုတ်သွင်းထား၍ ပွနေတာနှင့်လည်းတူ၏။ ရေတွေ ဆူပွက်နေပြီး ပြည့် ကျပ် ပွရောင်းနေတာနှင့်လည်း တူပါ၏။
ဤအတွေ့သည်ကား ကျမ်းဂန်၌ပါသည်နှင့် အလွန်တူ၏။ ထို့ကြောင့် ဖရဏာပီတိဟု ခေါ်ချင်၏။
………………………….
အဆိုပါ ဝိပဿနာပီတိအကြောင်း ဖတ်ရှုပြီးသည့်အခါ ကျနော့်စိတ်ထဲတွင် အနာဂါမ်ဆရာသက်ကြီး ဆိုသူ၏ ဘဝအကြောင်းကို သိချင်စိတ် ရုတ်တရက်ပေါ်လာပြန်သဖြင့် …
“ခင်ဗျားက ဆရာသက်ကြီးနည်းနဲ့ အားထုတ်နေတာဆိုတော့ ဆရာသက်ကြီးဟာ ဘယ်လိုလူစား မျိုးပါလိမ့်ဗျာ”
“ဟုတ်ပါတယ်။ ကျုပ်ရဲ့ဝိပဿနာအားထုတ်နည်းဟာ အနာဂါမ်ဆရာသက်ကြီးရဲ့နည်းပါ။ လူချင်းမတွေ့ဖူ့းပေမဲ့ ဆရာသက်ကြီးဟာ ကျုပ်ရဲ့လက်စွဲစာအုပ်လေးထဲကနေ လူကိုယ်တိုင် ထွက်လာပြီးပြသလို ဖြစ်ခဲ့ပါတယ်။ ကျုပ်ရဲ့ထက်သန်လွန်းလှတဲ့ စိတ်ကြောင့် ဒီစာအုပ်ကလေးကို ဂရုတစိုက်ဖတ်ရုံနဲ့ ဒီလောက်ဖြစ်လာတာလည်း တကြောင်း ပါမယ်ထင်ပါရဲ့။ ဒီစာအုပ်ဟာ ဆရာသက်ကြီးရဲ့ နည်းနိဿယတွေနဲ့ ဟောပြောချက်တွေကို သူ့တပည့်တချို့က စာနဲ့ရေးပြီး မှတ်တမ်းတင်ထားတဲ့ဗျ။ ဒါ့အပြင် အဲဒီမှတ်တမ်းတွေကို လယ်တီဆရာတော်၊ မိုးညှင်းဆရာတော်၊ သေက္ချတောင်ဆရာတော် ဦးတိလောကအစရှိတဲ့ဆရာတော်ကြီးတွေရဲ့ ကျမ်းတွေနဲ့ ညှိနှိုင်းပြီး စာအုပ်အဖြစ် ရိုက်နှိပ်ထားတာလို့ ဆိုပါတယ်ဗျာ။လူချင်းဘယ်တွေ့ဖူးပါ့မလဲ။ သူက ရှိမှမရှိတော့တာ။ သူ ကွယ်လွန်သွားခဲ့ပါပြီ။
ဆရာသက်ကြီးဆိုတာ ဘယ်လိုလူလဲဆိုတာ ခင်ဗျားသိချင်တာနဲ့အတော်ပဲဗျ။ကျုပ်လည်း နားချင်နေတာ။ သူ့အကြောင်းအကျဉ်းချုပ်ကတော့ ခင်ဗျားလက်ထဲက စာအုပ်ရဲ့ ရှေ့နားမှာရှိလေရဲ့။ ဒိထက်ပိုပြီးအပြည့်အစုံ သိချင်သေးရင် ဓမ္မာစရိယဦးဌေးလှိုင်ရဲ့ အနာဂါမ်ဆရာသက်ကြီး၏ သူ့ဘဝ။သူ့တရား။သူ့ကျေးဇူးဆိုတဲ့စာအုပ်ကို ရှာဖတ်။သူက ဖြစ်ပျက်ကို ကိုယ်တိုင်တွေ့ခဲ့တဲ့သူ ။တခြားသူတွေ ဖြစ်ပျက်တွေ့အောင်လည်း နည်းလမ်းပေးခဲ့တဲ့ သူပေါ့။ခင်ဗျားပဲ ဖြစ်ပျက်အကြောင်း သိချင်လှချည်ရဲ့ဆို။ မျက်စိညောင်းတာလောက်တော့ ခံနိုင်သင့်တာပေါ့ဗျာ”
(ကိုသက်ခိုင်ညွန်းဆိုသော စာအုပ်မှ အနာဂါမ်ဆရာသက်ကြီး၏ ဘဝဖြစ်စဉ်အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။)
အနာဂါမ်ဆရာသက်ကြီး၊ဆရာသက်ခေါ် ဦးဖိုးသက်မှာ ရန်ကုန်မြို့တဖက်ကမ်း ဒလပျော်ဘွယ်ကြီးရွာသားဖြစ်၏။ ပျော်ဘွယ်ကြီးရွာနေ ဦးကျော်တုတ်-ဒေါ်ငွေဥတို့မှ မြန်မာသက္ကရာဇ် ၁၂၃၅ ခုနှစ် ဝါခေါင်လဆန်း ၃ ရက်၊ သောကြာနေ့တွင် မောင်ဖိုးသက်ကို ဖွားမြင်ခဲ့လေသည်။မွေးချင်းလေး ယောက်တို့တွင် မောင်ဖိုးသက်မှာ အကြီးဆုံး ဖြစ်၏။
ပျော်ဘွယ်ကြီးရွာမှာ ရန်ကုန်မြို့၏ တောင်ဖက်၇-မိုင်မျှသာကွာ၍ အိမ်ခြေတစ်ထောင်ကျော်ရှိသော ရွာကြီး ဖြစ်၏။ ရွာသူရွာသားတို့မှာလည်း များသောအားဖြင့် သမ္မာအာဇီဝဖြစ်သော လယ်ယာအလုပ်ဖြင့် အသက်မွေး ကြသူများဖြစ်သည်။မောင်ဖိုးသက် အသက်(၁၁)နှစ်အရွယ်တွင် ဖခင်ဦးကျော်တုတ် ကွယ်လွန်သွားသဖြင့် မိခင် မုဆိုးမကြီး ဒေါ်ငွေဥက သားသမီးလေးယောက်အား အကြော်ရောင်း၍ လုပ်ကျွေးခဲ့ရသည်။
သားကြီးမောင်ဖိုးသက်ကိုလည်း မြန်မာစာခြောက်တန်းအထိ ပညာသင်ပေးခဲ့သည်။ မောင်ဖိုးသက်ကား ကျောင်း နေဆဲမှာပင် ကျောင်းအားရက်များ၌ လှည်းဦးစီး၊ သမ္ဗာန်ဦးစီးအဖြစ်ဖြင့်စပါးသယ်ပို့သောလုပ်ငန်း၌ ၀င်ရောက် လုပ်ကိုင်လျက် မိခင်ကြီး၏ စီးပွားရေးကို ကူညီပံ့ပိုးပေးခဲ့သည်။ ထို့နောက် ရိုးသားကြိုးစားသော မောင်ဖိုးသက်ကို ဆန်စက်ပိုင်တစ်ဦးက သဘောကျ၍ သူ့  ဆန်စက်၌တာလီစာရေးခန့်ထားခဲ့သည်။တစ်လ ၆ -ကျပ်စားမှ ၂၅ -ကျပ်အထိ လခတိုးပေးခဲ့သည်။ ထိုအခါ မောင်ဖိုးသက်တို့မိသားစု စားဝတ်နေရေး ချောင်လည်လာခဲ့သည်။
မောင်ဖိုးသက် အသက်(၁၆) အရွယ်တွင် ပျော်ဘွယ်ကြီးရွာမှ လယ်ပိုင်ရှင်တစ်ဦးဖြစ်သော ဦးသိန်း ဒေါ်သူဇာ တို့၏သမီးထွေး မမျှင်နှင့် အိမ်ထောင်ကျလေသည်။ ထိုအခါသူသည် ယောက္ခမမိသားစုနှင့်အတူနေထိုင်လျက် လယ်ယာအလုပ်ကို လုပ်ကိုင်ခဲ့သည်။ စီးပွားရေးပြေလည်၍ မိသားစုအသိုင်းအဝိုင်းမှာလည်း ပြည့်စုံသဖြင့် ကာလအတန်ကြာမျှ ပျော်ရွှင်စွာ နေခဲ့ရသည်။
ထိုအချိန်ကာလအတွင်းဘာသာရေးနှင့်ပတ်သက်၍လည်းအလှူဒါနပြုခြင်းဥပုသ်သီလဆောက်တည်ခြင်း စသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ဆည်းပူးနိုင်ခဲ့သည်။ အထူးအားဖြင့် ထိုခေတ်က ရဟန္တာဟု ကျော်ကြား သော ဘုန်းတော်ကြီး ဦးသီလနှင့် ပညာနေတ္တိ ဝိပဿနာကျမ်းပြု ဖိုဝန်းတောင်ဆရာညွန့်တို့ ဟောပြောသော တရားများကို ကြားနာခွင့်ရရှိခဲ့ခြင်း၊ လယ်တီဆရာတော်၏ ဒီပနီကျမ်းအချို့ကို ဖတ်ရှုခဲ့ရခြင်းတို့ကြောင့် မောင်ဖိုး သက်မှာ ဘာသာရေးအခြေခံ အတော်အသင့် ပြည့်စုံလေသည်။
သို့သော်လည်း ထိုသို့အစစချောမွေ့နေသောအချိန်တွင် မမျှော်လင့်သော ကြမ္မာဆိုးတစ်ခုက မောင်ဖိုးသက်တို့ မိသားစုနှင့်တကွ ပျော်ဘွယ်ကြီးရွာတစ်ရွာလုံးကို ဝင်ရောက်မွှေနှောက်ခဲ့သည်။ထိုကြမ္မာဆိုးမှာ အခြားမဟုတ်။ ကာလဝမ်းရောဂါပင်ဖြစ်၏။ ကာလဝမ်းရောဂါကျရောက်လာသဖြင့် ရွာသူရွာသား အမြောက်အများ သေကြေ ပျက်စီးကြရာတွင် မောင်ဖိုးသက်တို့မိသားစုမှာ အထိအနာဆုံးဖြစ်ခဲ့သည်။ မမျှင်၏ အစ်မ မခင်တို့လင်မယားနှင့် အတူ တူမလေး မချစ်မြိုင်၊ကိုဖိုးသက်၏ သမီးလေး မလှညွန့် ပါ ဝမ်းရောဂါ ထဲသို့  ပါသွားခဲ့ကြရရှာသည်။
လယ်တီဆရာတော်နှင့် ဆရာသက်
အသက်သုံးဆယ်ကျော်မျှသာရှိသေးသော ကိုဖိုးသက်မှာ မိမိလက်တွင်း၌ မချိမဆန့်အသက်ပျောက်သွားခဲ့ရ သည့် တစ်ဦးတည်းသော သမီးလေးမလှညွန့်အတွက် အကြီးအကျယ် စိတ်ထိခိုက်သွားသည်။ လအတော်ကြာမျှ သောက ဝေဒနာကို မဖြေနိုင် ဖြစ်ခဲ့ရသည်။ရက်လ ညောင်း၍ မိမိစိတ်ကို အသင့်အတင့် ဖြေနိုင်သောအခါတွင်မူ ကိုဖိုးသက်မှာ ပျော်ဘွယ်ကြီးရွာ၌နေလိုစိတ်မရှိတော့ချေ။ ထို့ကြောင့် ဇနီးမမျှင်နှင့်ကျန်မိသားစုများအား အနူး အညွတ်တောင်းပန်ပြီး ပျော်ဘွယ်ကြီးရွာမှ ထွက်လာခဲ့လေသည်။
မောင်ညိုခေါ် မိတ်ဆွေတစ်ယောက်ကို အဖော်ပြုလျက် ရွာမှထွက်လာသော ကိုဖိုးသက်သည် မြန်မာပြည် တော တောင်ဒေသအနှံအပြားသို့လှည့်လည်လျက် သောကငြိမ်းအေးကြောင်းတရားကို ရှာဖွေသည်။
ရှေးဦးစွာ ဖိုဝန်းတောင် ဆရာညွန့်ထံသို့ရောက်၍ အာနာပါနရှုမှတ်နည်းကိုရရှိခဲ့သည်။ ထိုနောက် ညောင်လွန့် ဆရာတော်၊အင်းမကြီးတောရဆရာတော်၊ ရွှေမြို့ဥဒေါင်းတောင်ဆရာတော်၊ သေက္ချတောင်ဆရာတော် ဦးတိလောကစသည့်ပဋ္ဋိပတ္တိအကျော် ဆရာတော်များထံသို့လည်း ခိုဝင်ဆည်းကပ်ခဲ့သည်။ နောက်ဆုံးကား လယ်တီဆရာတော် ဖြစ်လေသည်။
ကိုဖိုးသက်သည် လယ်တီဆရာတော်ထံ၌(၇)နှစ်မျှ အနီးကပ်ဆည်းကပ်နေထိုင်လျက် ပဋ္ဋိပတ္တိအလုပ်ကို အား ထုတ်ခဲ့သည်။ဆရာတော်၏ ဆုံးမသြဝါဒများကို အလေးအနက် နာယူမှတ်သား ခဲ့သည်။
ဤသို့လျှင် အိုးပစ်အိမ်ပစ်ဘဝဖြင့်ကိုဖိုးသက်တရားရှာခဲ့သည်မှာ (၁၃)နှစ်မျှကြာမြင့်သွားခဲ့သည်။ ထိုအချိန် ကာလအတွင်း ဆရာသမား သူတော်ကောင်းပညာရှိုတို့၏ ဆုံးမသြဝါဒများကိုမပြတ်မလပ် ကြားနာခဲ့ရခြင်း ကြောင့်လည်းကောင်း၊ တရားအသိ ထိုက်သင့်သလောက် တိုးပွားလာခြင်းကြောင့်လည်းကောင်း ၊ကိုဖိုးသက်၏ သောက ဝေဒနာမှာ သိသိသာသာကြီး လျော့ပါးသွားခဲ့လေသည်။ ထို့ကြောင့် ကိုဖိုးသက်သည် အဖော်ဖြစ်သူ မောင်ညိုနှင့်အတူ လယ်တီဆရာတော်ကြီးအား ဖူးမြော်ကန်တော့ပြီး ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော ပျော်ဘွယ်ကြီးရွာသို့ ပြန်ခဲ့လေသည်။
ပျော်ဘွယ်ကြီးရွာသို့ရောက်သောအခါ အိမ်သို့သွားလိုစိတ်မရှိသေးသဖြင့် ကိုဖိုးသက်နှင့်မောင်ညိုတို့သည် ရွာထိပ်ရှိ ဓမ္မာရုံဇရပ်၌ ယာယီသဘောဖြင့် စတည်းချနေကြသည်။ ထိုဓမ္မာရုံမှာ တစ်ချိန်က ကိုဖိုးသက်တို့ မိသားစု ဆောက်လုပ်လှူဒါန်းခဲ့သော ဇရပ်ပင်ဖြစ်၏။
ကိုဖိုးသက်သည် ရောက်မဆိုက်မှာပင် ဓမ္မာရုံအတွင်းရှိ ရုပ်ပွားဆင်းတုတော်အား သွားရောက်ဦးတိုက်သည်။ ထိုအခါ ရုပ်ပွားတော် ကိန်းဝပ်ရာပလ္လင်မှ -
“၁၂၆၉ -ခု ၊ တန်ဆောင်မုန်း လပြည့်ကျော် (၃) ရက် ပျော်ဘွယ်ကြီးရွာနေ အဖ ဦးသိန်း ၊အမိ ဒေါ်သူဇာ၊သား ဘုရားဒါယကာ ကိုဖိုးသက်၊ဘုရားအမ မမျှင် ၊ သမီး မလှညွန့်တို့ ကောင်းမှု။သာဓု ခေါ်စေသောဝ် ”
ဟူသော ကမ္ဗည်းစာတန်းကို ခပ်မွှားမွှားတွေ့ မြင်ရလေသည်။
ထိုအခါ ကိုဖိုးသက်မှာ ဝေဒနာဟောင်းပြန်ထလာသည်။ သမီးလေး မလှညွန့်၏ မျက်နှာကို မြင်ယောင်လျက် မျက်ရည်များပင် စီးကျလာသည်။သို့သော် ကိုဖိုးသက်သည် ချက်ချင်းဆိုသလို မိမိစိတ်ကို ပြန်၍ ထိန်းလိုက်သည်။
“၁၃ -နှစ်တိုင်တိုင် တရားရှာခဲ့ပြီးမှ ခုလိုမျက်ရည်ကျရတာ မသင့်တော်ချေတကား” ဟု မိမိကိုယ်ကို မိမိ ဆုံးမ လိုက်သည်။
ဆရာသက် တရားပြခြင်း“ဤသောက ဝေဒနာမျိုး နောက်ထပ်မပေါ်လာအောင် ငါအားထုတ်မှဖြစ်တော့မည်။”
ဟု သန္ဒိဌာန်ချလိုက်သည်။ ထို့နောက် ဇနီးမမျှင်တို့အိမ်သို့နှုတ်ဆက်ရုံမျှပင် မသွားတော့ဘဲ မောင်ညိုနှင့်အတူ ဇရပ်မှာပင် ဖြစ်သလို နေထိုင်လျက် တရားကို ဆက်လက်အားထုတ်သည်။
အာနာပါနဖြင့် သမာဓိခိုင်မြဲအောင်ထူထောင်ပြီး မိမိခန္ဓာကိုယ်မှ ရုပ်နာမ်ဓမ္မတို့၏ ဖြစ်ပျက်မှုများကို ဝိပဿနာ ဥာဏ်ဖြင့် ထင်မြင်အောင် ရှုမှတ်သည်။ သို့အားဖြင့် မကြာမီကာလအတွင်း၌ပင် ကိုဖိုးသက်သည် ခန္ဓာကိုယ်တွေ့  တရားကို လင်းလင်းချင်းချင်း ထိုးထွင်း သိမြင်ခဲ့လေသည်။
ထို့ နောက် ကိုဖိုးသက်သည် ရွာဦးဇရပ်မှာပင် ဆက်လက်နေထိုင်လျက် မရီး ဒေါ်ရင် အပါအဝင် ရင်းနှီးသူ (၁၅) ဦးခန့်အား အာနာပါန အားထုတ်နည်းကို စတင်သင်ပြပေးသည်။ယောဂီများအားတနေ့နှစ်ကြိမ် တရားစစ်ပြီး နေ့စဉ်တရားဟောသည်။ကိုဖိုးသက်မှာ စာတတ်ပေတတ်တစ်ဦးမဟုတ်သော်လည်း သူဟောပြောသော တရား ကား ရှင်းလင်းပြတ်သားသည်။ယောဂီများသာမက ယောဂီမဟုတ်သူများလည်း လာရောက်နာယူကြသည်။ တရားထိုင်သောယောဂီများမှာလည်း တိုးတက်မှုရရှိ၍ များစွာကျေနပ်နှစ်သက်ကြသည်။
ကိုဖိုးသက်သည် သီတင်းဝါလကျွတ်သောအခါ ယောဂီအချို့နှင့်အတူ လယ်တီဆရာတော်ထံ သွားရောက်ဖူးမြင် သည်။ မိမိတရားပြပုံများကိုလည်း ဆရာတော်အားလျှောက်ကြားသည်။ လယ်တီဆရာတော်က အကြိမ်ကြိမ် သာဓုခေါ်တော်မူပြီး ဆက်လက်တရားပြရန်တိုက်တွန်းတော်မူသည်၊မိမိအမြဲသုံးနေသော လက်ကိုင်တောင်ဝှေးကိုလည်းဒကာသက်အားချီးမြှင့်တော်မူလိုက်လေသည်။
ကိုဖိုးသက်သည် လယ်တီဆရာတော်ထံမှ ပြန်လာပြီးနောက်ဆရာတော်၏ အားပေးတိုက်တွန်းချက်နှင့်အညီ တရားပြမှုကို တိုး၍ပြုလုပ်ခဲ့သည်။ အနီးပတ်ဝန်းကျင် ရွာများနှင့်တကွ ရပ်နီးရပ်ဝေးမှ လူများအဆက်မပြတ် လာရောက်၍ ကိုဖိုးသက်ထံ၌ တရားအားထုတ်ကြသည်။“ဆရာသက်ကြီး ”ဟူ၍ လေးလေးစားစား အသိအမှတ် ပြုလာကြသည်။
ဆရာသက် ကွယ်လွန်ခြင်း
ဆရာသက်ကြီးသည် ပျော်ဘွယ်ကြီးရွာ၌သာမက ရန်ကုန် -မြောင်းမြ -ရွှေကျင်စသော အခြားမြို့ ရွာများ၌လည်း တရားပြခဲ့သည်။ ပျော်ဘွယ်ကြီးရွာမှာ ရန်ကုန်မြို့နှင့်နီးသဖြင့် ရန်ကုန်မြို့မှ အစိုးရအမှုထမ်းများနှင့် အခြားသူများ လည်း ဆရာသက်ထံ မကြာခဏ လာရောက်ကြသည်။ နောင်အခါ၌ ငွေစာရင်းမင်းကြီးဖြစ်လာမည့် ဦးဘခင် သည်လည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။
ဆရာသက်ကြီး၏ တပည့်အချို့သည် ဆရာကြီးအသက်ထင်ရှားရှိနေစဉ်ကပင် အာဇာနည်ကုန်း၌ ဟံသာဝတီ ကမ္မဌာန်းဌာနကို ဖွင့်လှစ်ခဲ့ကြသည်။ ထိုကမ္မဌာန်းဌာနသို့လာရောက်၍ တရားပြခဲ့သည်။ ဆရာကြီးသည် မြန်မာ သက္ကရာဇ် ၁၃၀၇ -ခုနှစ် နတ်တော်လဆန်း ၁၄ ရက်နေ့ညတွင် ဗဟန်းရေတာရှည် လမ်းဟောင်းမှ တပည့်ဖြစ်သူ ဦးအုံး၏နေအိမ်၌ ကွယ်လွန်ခဲ့သည်။ အသက်(၇၂) နှစ်အရွယ်တွင် ကွယ်လွန်သွားခြင်းဖြစ်၏။ ဆရာကြီး၏ ရုပ်ကလာပ်ကို အာဇာနည်ကုန်း၌ တပည့်ကြီးငယ်တို့က စည်ကားသိုက်မြိုက်စွာ သင်္ဂြုဟ်ခဲ့ကြ လေသည်။
နှစ်ပေါင်းသုံးဆယ်
ဤမျှအထိကား ဆရာသက်ကြီး၏ ဘဝဖြစ်စဉ် အကျဉ်းချုပ်ဖြစ်လေသည်။ ဤဘဝဖြစ်စဉ်ကို ကြည့်လျှင် ဆရာကြီးသည် မိမိ၏ဘဝကို ပဋိပတ္တိအလုပ်၌ နှစ်ပေါင်းသုံးဆယ်ကျော်မျှ မြှုပ်နှံခဲ့ကြောင်း တွေ့ရှိရမည်ဖြစ်ပါ သည်။
“ငါ့တပည့်ကြီး လူပေါင်းခြောက်ထောင်ထက်မနည်း တရားသိအောင် တရားပြပေးရမယ်”
ဟူသော လယ်တီဆရာတော်၏ မိန့်ကြားချက်နှင့်အညီ ဆရာသက်ကြီးထံ၌ နည်းနိဿယခံ၍ တရားအားထုတ် သူပေါင်းမှာ ထောင်ဂဏန်းမျှမက သောင်းဂဏန်းအထိပင် ရှိခဲ့လိမ့်မည်ဟု ခန့်မှန်း ရပါသည်။
ဆရာကြီး၏ နည်းနိဿယနှင့်အညီ တရားပြနေသည့် ကမ္မဋ္ဌာန်းဌာနများလည်း ယနေ့အထိ ရှိနေကြလေသည်။ ယင်းတို့မှာ
၁။ ပျော်ဘွယ်ကြီးရွာ ကမ္မဋ္ဌာန်းဌာန၊
၂။ ရန်ကုန်မြို့ ဟံသာဝတီ ကမ္မဋ္ဌာန်းဌာန၊
(အာဇာနည်ကုန်းမှ ပြောင်းရွေ့ခဲ့သော ဌာနဖြစ်၏။)
၃။ အင်းယားမြိုင်လမ်း အပြည်ပြည်ဆိုင်ရာ ပဋိပတ္တလုပ်ငန်းဌာန၊
၎။ လယ်တီမူ ကမ္မဋ္ဌာန်းဌာန ၊
၅။ သံသရာ အေးရိပ်သာ (ကမာရွတ်စပယ်ခြံ)
၆။ မန္တလေးမြို့ မဟာဗောဓိ ကမ္မဋ္ဌာန်းဌာန၊
၇။ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်း ဓမ္မဇောတိက ဝိပဿနာရိပ်သာ စသည်တို့ ဖြစ်၏။
ဆရာကြီးဦးဘခင်နှင့် ဦးဂိုအင်ကာ
အထက်ပါ ကမ္မဋ္ဌာန်းဌာနတို့တွင် အင်းယားမြိုင်လမ်းမှ အပြည်ပြည်ဆိုင်ရာ ပဋိပတ္တိလုပ်ငန်းဌာနကို ၁၉၅၃- ခုနှစ်တွင် ငွေစာရင်းမင်းကြီးဦးဘခင် တည်ထောင်ခဲ့ခြင်းဖြစ်၏။ ငွေစာရင်းမင်းကြီး ဦးဘခင်မှာ ဆရာသက်ကြီး၏ နည်းနိဿယကို အပြည့်အဝခံယူခဲ့သော တပည့်ရင်းတဦး ဖြစ်၏။
အင်္ဂလိပ်စာကို ကျွမ်းကျင်စွာ ရေးသားပြောဆိုနိုင်သောကြောင့် ဦးဘခင်၏ ပဋိပတ္တိတရားဌာန၌ နိုင်ငံခြားသား အများအပြား လာရောက်တရားထိုင်ခဲ့ကြသည်။ ဆရာကြီးဦးဘခင် ကွယ်လွန်ပြီးနောက်တွင် သူ၏ လက်ထောက်တပည့်များဖြစ်သော ဆရာမကြီးဒေါ်မြသွင်နှင့် ဆရာဦးချစ်တင်တို့က အင်္ဂလန်- သြစတြေးလျ စသော နိုင်ငံများသို့ သွားရောက်၍ တရားပြခဲ့ကြသည်။ တနေ့တခြား တိုးတက်အောင်မြင်မှုများ ရရှိနေကြောင်း လည်း ကြားသိရပေသည်။
ဆရာကြီးဦးဘခင်၏ လက်ထောက်တပည့်တဦးဖြစ်သော အိန္ဒိယအမျိုးသား ဦးဂိုအင်ကာမှာမူ ယခုအခါ ကမ္ဘာကျော် ဝိပဿနာဆရာကြီး ဖြစ်ပေသည်။ ၁၉၆၉- ခုနှစ်တွင် ဘုံဘေမြို့၌ စတင်တရားပြခဲ့ရာ ယခုအခါ အိန္ဒိယနိုင်ငံတွင်းရှိ မြို့ကြီးမြို့ငယ်တိုင်း၌ တရားဌာနနှင့် တရားပတ်များ ဖွင့်လှစ်ပေးလျက်ရှိသည်။
အင်္ဂလန် အမေရိကန် သြစတြေးလျစသည့် အရှေ့အနောက် နိုင်ငံပေါင်းများစွာတို့၌လည်း သူ၏တရားဌာနများ ဖွင့်လှစ်ထားပြီး ဖြစ်ပေသည်။
အထူးအားဖြင့် အိန္ဒိယနိုင်ငံ အကျဉ်းထောင်တို့၌ ဝိပဿနာတရားပတ်များဖွင့်၍ ထောင်ပေါင်းများစွာသော အကျဉ်းသားတို့၏ ဘဝကို မြှင့်တင်ပေးနေသည်မှာလွန်စွာအောင်မြင်လျက်ရှိကြောင်း ကြားသိရပေသည်။
ဆရာကြီးဦးဂိုအင်ကာနှင့် သူ့လက်ထောက်များထံ၌ တရားထိုင်ခဲ့ပြီးသော နိုင်ငံတကာ ယောဂီပေါင်းမှာ ယနေ့ အထိ (ဤနေရာ၌ စာအုပ်ထုတ်ဝေသည့် ၁၉၉၄ခုနှစ်ကို သတိပြုစေလိုပါသည်။) သိန်းဂဏန်းကျော်နေပြီဖြစ် ပေသည်။ ဆရာကြီးဦးဘခင်နှင့် ဦးဂိုအင်ကာတို့သည် ဆရာသက်ကြီး၏ ဂုဏ်ကျေးဇူးများကို အထူးတလည် ဖော်ထုတ်ခဲ့ကြသော ပုဂ္ဂိုလ်များဖြစ်ပြီး သူတို့နှစ်ဦး၏ အားထုတ်မှုကြောင့်ပင် ယခုအခါ ဆရာသက်ကြီး၏ ဂုဏ် ကျေးဇူးများ ကမ္ဘာသို့ ပျံ့နှံ့လျက်ရှိပေသည်။
……………………………
အထက်ပါအကြောင်းအရာများကို ကျနော်ဖတ်ရှုပြီးချိန်၌ ကိုသက်ခိုင်ထံမှ -
“ခင်ဗျားလည်း စာတွေချည်း ဖတ်ရတာ ပျင်းစရာကောင်းရော့မယ်၊ ဒီတော့ နောက်တကြိမ် အခွင့်သင့်တဲ့အခါ ကျုပ် ရုက္ခစိုးနဲ့ ဆုံခဲ့တဲ့အကြောင်းလေး ပြောပြပါအုံးမယ်ဗျာ”
ဟူသော စကားသံ ထွက်လာပြန်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
ရုပ်ပုံ-ဂူဂဲလ်