၂၄။၀၅။၂၀၁၄ ယနေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာ။
ဆြာဒင်နှင့် LIKE ကို LIKE ကြသူများ။
မင်းဒင်
(တစ်)
ဆြာဒင့်အိမ်နောက်ကတောအုပ်ငယ်မှာ ပိန်းပိတ်အောင်မှောင်မိုက်နေ၏။ပုစဉ်းရင်ကွဲသံမှအပ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ် သက်နေသော အကာလညအခါပေတည်း။ သက်ကြီးခေါင်းချချိန်လွန်ခဲ့ပြီ။ အိပ်ယာအနီးစားပွဲပေါ်မှ ဖွင့်လျက်သားကွန်ပြူတာနှင့် ကပ်လျက်ရှိသော မှိန်ပျပျစာကြည့်မီးအလင်းရောင်လဲ့လဲ့အောက်တွင်ဆြာဒင် တစ်ယောက်အိပ်၍မပျော်နိုင်သေးချေ။ အိပ်ယာပေါ်တွင် လှဲလျောင်းလိုက်၊ကွန်ပြူတာရှေ့တွင်ထထိုင်လိုက်၊ဖေ့စ်ဘွတ်နှင့်အလုပ်ရှုပ်လျက်ရှိ၏။အထူးသဖြင့် ကွန်ပြူတာဆီမှ တိန်ကနဲ အသံကြား လျှင် ဆြာဒင်သည် ဇာတ်ကနဲကွန်ပြူတာဆီသို့ထသွားကာ မောက်စ်ခလုပ်ကိုကောက် ကိုင်လှုပ်ယမ်းရင်းတစ်စုံတခုသော အာရုံတွင် စိတ်ဇော ကပ်လျက်ရှိ၏။
ဆြာဒင်၏စိတ်ဇောအာရုံကို ဖမ်းစားညှို့ယူ၊ရတက်ပူစေသည်ကား LIKE ဟူသောအရာပေတည်း။ဖေ့စ်ဘွတ်လောကတွင် LIKE သည် လွန်စွာ အဖိုးတန် လှ၏။LIKE များများရရေးသည် အရေးကြီး၏။LIKE သည်သာဆြာဒင့်ဘဝ၊LIKEသည်သာ ဆြာဒင်၏ကိုးကွယ်ရာ ပေတည်း။
လွန်ခဲ့သောနာရီဝက်ခန့်က ဆြာဒင်၏ဖေ့စ်ဘွတ်တွင် ဆြာဒင်တင်ခဲ့သော စတေးတပ်ကား ..."ဝတ်ကြောင်ကိုလွတ်အောင် ရုန်းမယ်လို့ ကတုံးစိန်ကကြံ"ဟူ၏။ရှေးခေတ်ဗမာဇာတ်မင်းသားကြီးဦးစိန်ကတုံး၏ ညီတော်မင်းနန် နှစ်ပါးသွားမြိုင်ထသီချင်းမှ အပိုင်းအစတစ်ခုမျှ သာဖြစ်လေသည်။ယင်းစတေးတပ်တင်ပြီးသည်၏ နှစ်မိနစ်မရှိတရှိမှာပင် LIKE သူဦးရေ ငါးဆယ် ကျော်လေပြီ။တစ်ဦးသော ဖေ့စ်ဘွတ် မိတ်ဆွေကမူ ဆြာဒင်၏စတေးတပ်ကို မည်သို့သဘောပေါက်လေသည်မသိ၊"အော်.. ဆြာဒင် ကတုံးကေနဲ့ဖြစ်သွားပြီကိုး"ဟု COMMENT မှတ်ချက်ပြု၏။ကိစ္စမရှိလေ။ဆြာဒင့်မျှော်လင့်သည့်အဓိကအချက်မှာ LIKE များများရ ရေးသာ မဟုတ်တုံလော။
သို့အတွက် ဆြာဒင်မှာ ဘုရားရှစ်ခိုးရာတွင်ပင်စိတ်ကမဖြောင့်။သြကာသ၊သြကာသ၊သြကာသ ကာယကံ၊ဝစီကံ၊မနောကံတို့မှ တစ်ပါးပါး သောကံဖြင့်....(အင်း၊ခုလောက်ဆို နောက်ထပ် LIKE ဆယ်ယောက်လောက်တိုးနေရောပေါ့)။သမ္ဗုဒ္ဓေအဋ္ဌဝီသဉ္စ၊ဒွာဒဿဉ္စ၊သဟသကေ၊ (ငါးယောက်လောက်တော့ LIKE စာရင်းမှာထပ်ပြီးLIKE နိုင်ကောင်းပါရဲ့)။အရှေ့အရပ်၌ရှိသော အနန္တစကြာဝဠာ၊အနန္တသတ္တဝါတို့.. (အင်း စကြဝဠာ အနန္တက၊အနန္တသတ္တဝါတွေ အကုန်သာ ဆြာဒင့်စာမျက်နှာကိုLIKE ကြရင်ဖြင့် ဟိုခွဲစိတ်ကုသမားတော်၊ ဖေ့စ်ဘွတ် ဆယ်လစ် ဗရစ်တီကြီးကို ဆြာဒင်မှီရုံမက ရွှတ်ကနဲ ကျော်တက်သွားပေခြိမ့်မည်။LIKE ကြစမ်းဗျာတို့လွတ်လပ်တယ်။
ဆြာဒင်သည်၊ညဥ့်သန်းခေါင်သန်းလွဲ၊ရွှေပြွန်မှရေသွန်ရန်အိပ်ချင်မူးတူး ထမိသည့်အချိန်များတွင်လည်း LIKE အရေအတွက်စစ်ဆေးမိ၏။ ထို့ပြင်တဝ နံနက်မိုးသောက်အလင်းမရောက်မှီ မျက်နှာပင်မသစ်ရသေးချိန်တွင်လည်း LIKEကိုCHECK ရပြန်၏။LIKE သည်သာ ဒင့် ဘဝဒင့်ကမ္ဘာ ဆိုရလေမည်လား။
(နှစ်)
ကွန်ပြူတာအင်တာနက်နှင့်ရင်းနှီးကျွမ်းဝင်ကြပြီးလေသော ခေတ်ပညာတတ်မြို့ကြီးနေလူငယ်လူရွယ်တို့ကား ဖေ့စ်ဘွတ်ဟု ဆိုလိုက် သည် နှင့်ဒက်ကနဲချက်ချင်း၊ကွင်းကွင်းကွက်ကွက်သိနားလည်ကြမည်ဖြစ်ပေ၏။ အချို့သောကျေးလက်တောရွာနေ လူတန်းစားနှင့် အင်တာနက်ခေတ်ကို မျက်ခြေပြတ်ကျန်ခဲ့ကြသူ၊ သက်ကြီးရွယ်အိုတို့အတွက်မူ ဖေ့စ်ဘွတ်တည်းဟူသည့် စကားရပ်ကိုရှင်းလင်းရန် လိုအပ်မည်ဟုထင်မိ၏။
ဖေ့စ်ဘွတ်စာမျက်နှာကို တီထွင်ကြံဆခဲ့သူမှာ အမေရိကန်နိုင်ငံသား မတ်ဇူကာဘတ်အမည်ရှိလူငယ်ဖြစ်ချေ၏။ယခုစာရေးနေချိန်တွင်ပင် အသက်အားဖြင့် ၂၉နှစ်သာရှိသေးသော မတ်ဇူကာဘတ်သည် ခရစ်နှစ်၂၀၀၂ခုနှစ်တွင် ဖေ့စ်ဘွတ်စာမျက်နှာကို စတင်တီထွင်ခဲ့ပြီး ယခုလက်ရှိအချိန်တွင် အသုံးပြုသူဦးရေ သန်းထောင်ချီရှိကာ ကမ္ဘာ့အကြွယ်ဝဆုံးပုဂ္ဂိုလ်စာရင်းဝင်ခဲ့သူဟုလည်းဆိုပါ၏။
ဖေ့စ်ဘွတ်သည် နဂိုမူလက ဟားဗတ်တက္ကသိုလ်ကျောင်းတော်သားများအချင်းချင်း မိတ်ဆွေသင်္ဂဟတိုးပွားစေသည့် အင်တာနက် စာမျက်နှာတစ်ခုသာဖြစ်သော်ငြား လက်ရှိကာလတွင်မူ တကမ္ဘာလုံးမှ အသုံးပြုသူများအချင်းချင်း အချိန်မရွေးမိတ်ရင်းဆွေချာဖြစ်နိုင် သည့် ဧရာမလူမှုကွန်ယက်ကြီးတစ်ခုဖြစ်နေချေပြီ။
မေးလ်အကောင့်တစ်ခုရှိလျှင်မည်သူမဆိုဖေ့စ်ဘွတ်အကောင့်တစ်ခုအချိန်မရွေးဖွင့်နိုင်၏။ဖေ့စ်ဘွတ်စာမျက်နှာတွင် ဓာတ်ပုံတို့ကို တင်နိုင် ရုံမက မိမိဘဝထုပ္ပတ်နှင့် ခံစားချက်အသီးသီးကိုလည်း ရင်ဖွင့်နိုင်ပြန်လေသည်။ရံခါမျှမမြင်မတွေ့ဘူးသူ၏ ကိုယ်ရေးအချက်အလက် အကျဉ်းကိုရုတ်ခြည်းသိနိုင်ကာ မိတ်ဆွေဖွဲ့လိုက ဖိတ်ခေါ်နိုင်၏။ထို့အတူ မိတ်ဆွေ ဖြစ်ရန် ကမ်းလှမ်းချက်ကို လက်ခံနိုင် ၏။ ထို့ပြင်မိမိ စိတ်ဝယ်ဘဝင်မကျသူအား အချိန်မရွေး မိတ်ဆွေစာရင်းမှပယ်ဖျက်နိုင်ပြန်၏။ ထိုမျှမကမက်ဆေ့ခ်ျဘောက်မှ အခြေအတင် စကား ဆိုနိုင်လေ၏။ ဖေ့စ် ဘွတ်နှင့်ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာအချက်အလက်တို့ကား များမြောင်လှသည်ဖြစ်ရာ စာလေးအံ့မည် ထင်မိ သဖြင့် ယခုမျှဖော်ပြလျှင် သင့်တော်လုံလောက်ပေပြီဟုဆိုနိုင်လင့်ကစား အထူးအရေး ကြီးသည့် အချက်တစ်ချက်မူ ကျန်ရစ်နေ သေး၏။
ဖေ့စ်ဘွတ်တွင် LIKE,COMMENT နှင့် SHARE တည်းဟူသော အရေးကြီးသည့် ကဏ္ဍသုံးရပ်ရှိ၏။ရေးသားတင်ပြထားသည့် စာသား သို့မဟုတ် ဓာတ်ပုံတစ်ခုခုကိုနှစ်သက်သဘောကျပါက LIKE ဟူသောလက်မထောင်ထားသည့်သင်္ကေတနေရာလေးကို နှိပ်ခြင်း ဖြင့်ဖော်ပြနိုင်၏။ထို့ထက်ပို၍ အဆိုပါတင်ပြချက်အပေါ်သဘောထားမှတ်ချက်တစ်စုံတစ်ရာပေးလိုပါက COMMENT ဟူသောနေရာတွင် ဖော်ပြရေးသားနိုင်၏။အများသိစေလိုပါမူ SHARE ခြင်းဖြင့်မျှဝေနိုင်လေ၏။COMMENT မှတ်ချက်နှင့် မျှဝေ SHARE တို့မှာ တကူးတက လုပ်ဆောင်ရသော်ငြား LIKE နှစ်သက်ခြင်းမှာ အလွယ်တကူအပန်းမကြီး ပြုနိုင်သည်ဖြစ်ရာ ဖေ့စ်ဘွတ်အသုံးပြုသူအများစုမှာ LIKE ကို အကြိုက်ကြီးကြိုက်ကြသည်ဟူသတတ်။
(သုံး)
လူထဲကလူပင်ဖြစ်၍ ဖေ့စ်ဘွတ်သုံးနေသော ဆြာဒင်သည်လည်း LIKE ကိုကြိုက်လှချေ၏။ LIKE သည်ဆြာဒင့်စိတ်ကိုကြည်နူးစေ၏။ မိမိ၏ ဖော်ပြချက်STATUS ကို LIKE ကြစေရန်အလို့ငှာ ဘုတ်ကျီးမြှောက်၊ကျီးဘုတ်မြှောက်ဆိုရိုးစကားနှင့်အညီ သူတစ်ပါး၏ ဖော်ပြ ချက်တို့ကိုလည်း ဂရုဓမ္မပြု၍LIKE ရ၏။ရံဖန်ရံခါ မက်ဆေ့ခ်ျဘောက်မှနေ၍ ခင်မင်ရင်းနှီးသူအချို့သို့ မိမိ၏ဖော်ပြချက်အား LIKE ပေးပါ ရန် တိတ်တခိုးမေတ္တာရပ်ခံရသည့်နည်းတူ အပြန်အလှန်အားဖြင့်အခြားသူ၏တိတ်တခိုးမေတ္တာရပ်ခံချက်ကိုလက်ခံလိုက်နာကာ LIKE ပေးရသည်လည်း ရှိတတ်ပေပြန်သည်။ဆြာဒင် ဖေ့စ်ဘွတ်ဝါးမဝခင်ကသော်
အငြိမ်းစားအထက်တန်းကျောင်းအုပ်ဆရာမကြီး၏ .. "ဆြာဒင်တို့များ LIKE ကလေးတချက်နှိပ်ရမှာတောင် တွန့်တိုနေလိုက်တာ"ဟူ၍စကားနာထိုးခံခဲ့ရဖူးသော်ငြားနောင်သော် အကင်းပါးလှ သည့်ဆြာဒင်သည် ဆရာမကြီးတင်ပြအပ်သော ခွေးပုံကြောင်ပုံပါမကျန် တင်လိုက်သည်နှင့် LIKE ပြီးဖြစ်နေခဲ့လေသည်။ထို့အတူ ဆရာမ ကြီးသည်လည်း ဆြာဒင်၏.."ဗိုက်တင်းလိုက်တာ၊ပျင်းချက်"ဟူသော စတေးတပ်မျိုးကို မဆုတ်မဆိုင်း LIKE ပေးခဲ့ချေသည်။ ဤသည်ပင် ဖေ့စ်ဘွတ် သွေးစည်းညီညွတ်ပေတကား။သို့မှသာ ဖေ့စ်ဘွတ်သင်္ဂဟလူထူထူစုံမိချိန်တွင် "ကျုပ်စတေးတပ်ကို LIKE ကြတာ ရာချီပြီ"ဟု လက်မထောင်ရင်ကော့ကာ၊ခပ်မော့မော့ဝင့်ကြွားနိုင်မည်မဟုတ်ချေလော။
ဖေ့စ်ဘွတ်တွင် ကျွန်းကိုင်းမှီ၊ကိုင်းကျွန်းမှီတည်းဟူသော အပြန်အလှန်အကျိုးပြုအပ်သည့် အညမညသဘောတရားသည်ပိုမိုပေါ်လွင် ထင်ရှားပေသည်။ဆြာဒင်သည် ဖေ့စ်ဘွတ်မိတ်သဟာအပေါင်း၏လက်ဖက်သုတ်၊ဂျင်းသုတ် အသုတ်စုံ ဓာတ်ပုံ တို့ကိုလည်း မဆိုင်းမတွ LIKE ၏။"ဗိုက်တွေရစ်ရစ်ပြီး နာနေ တယ်၊ အီးအီးပါလိုက်တော့ဇိမ်ပဲ"ဟူသောစတေးတပ်ကိုလည်း အလွတ်မပေး။"ဝမ်းသွားလိုက်တော့ တကိုယ်လုံးပေါ့ပါးသွား တယ်"ဟူသည့်ချက်ကျလက်ကျ၊ကျန်းမာရေးအမြင်ကိုလည်း ကြိုက်လွန်းသဖြင့် ဆြာဒင် LIKE၏။"အားလုံးကို ထီး ထင်တယ်"ဟူသည် ဖရုဿဝါစာတို့ကိုလည်း
ထို့နည်းလည်းကောင်း၊"သားသား မိန်းမလိုချင်ပြီမေမေ""ဘယ်ယောက်ျားကိုမဆို သမီးချစ် ပါရစေမေမေ"ဟူသည့်၊ဘယ်အမေကိုတမ်းတမှန်းမသိလေသည့်မေမေတမ်းချင်းတို့ ကိုလည်း မလွတ်စေရ။ ရင်သားနှင့် တင်ပါးကို အဓိကထားဦးစားပေး ဖော်ပြသည့် မော်ဒယ်လေးတို့၏ ရုပ်ပုံတို့ကိုလည်း ဆြာဒင့် အနေဖြင့် မျက်နှာမငယ်စေရ။LIKE , LIKE, LIKe မြဲLIKEပေ၏။
ထို့အတူရင်းနှီးချစ်ခင်လှစွာသော ဖေ့စ်ဘွတ်မိတ်ဆွေတို့ကလည်း ဆြာဒင်၏
"ချစ်ဦးဒင့်ထံပြန်လာပါ"၊ "မချောသုံးယောက်ဒင်တစ် ယောက်"၊ "သူများနဲ့ညားတဲ့ဒင့်ရည်းစားသို့"၊ "သူသာဒင့်ဘဝ၊သူသာဒင့်ရဲ့ကမ္ဘာ"၊ "ဒင့်အပြင်နောက်လင်မရှာလိုက်ပါနဲ့"၊ "ဒင့်အချစ်နဲ့ အရာရာကို အကောင်း အတိုင်းဖြစ်စေမယ်"အစရှိသည့် အရည်မရအဖတ်မရ၊ပေါက်တတ်ကရသီချင်းအပိုင်းအစတို့ကို မေတ္တာရှေ့ထား၊ စေတနာ ဗလဗွနှင့် ရုတ်ရုတ်သည်းသည်း၊LIKE၍မစဲ၊LIKEမြဲLIKE တော်မူကြလေသည်တကား။ဤသို့လျှင်ဆြာဒင်နှင့်သူသူငါငါ ဖေ့စ်ဘွတ် အကောင့်ပိုင်ရှင် အသီးသီးသည် LIKE များစွာကို ပိုင်ဆိုင်သည့် ဖေ့စ်ဘွတ်ဆယ်လီဗရစ်တီ ဖြစ်လာကြစေရေးငှာ အလောင်း တော် မဟာဇနက္ကမင်းသား၏မတွန့်မဆုတ်သောဇွဲနဘဲကိုအတုယူလျက်၊ လုံ့လဝီရိယကိုယ်စီဖြင့် အပတ်တကုတ်ကြိုးပမ်း အားထုတ် တော်မူကြလေကုန်သည်တမုံ့။
(လေး)
ထိုသို့ဖြင့် ဆြာဒင်တစ်ယောက် သူ၏ဖေ့စ်ဘွတ်စာမျက်နှာတွင် LIKEများနှင့်ရွှင်မြူးကခုန်ကာ LIKE၍ LIKEကာ LIKE လာကြရာမှ တစ်နေ့တွင်မူ ဆြာဒင်သည် ရုတ်ခြည်းဆိုသလို သူသူငါငါလူတစ်ကာတို့မရှောင်လွှဲနိုင်သော ဇရာမှမြစ်ဖျားခံလေသည့်ဗျာဒိတည်းဟူ သော ဘေးကြောင့် ကောက်ကာငင်ကာ အဖျားကြီးဖျားပါလေတော့သည်။ဆြာဒင်ကား ဖေ့စ်ဘွတ်ဆီသို့စိတ်မရောက်နိုင်သည့်တိုင် ဖေ့စ် ဘွတ်ဖော်သဟာ မိတ်ရင်းဆွေချာတို့ထံ မိမိမမာမချာဖြစ်နေသည့် သတင်းစကားကိုမူပါးလိုလှသည်ဖြစ်၍ ငန်းနီကျော်တထုတ်ကို ကွမ်းရွက်ပြုတ်ရည်နှင့် အံကြိတ်မျိုချပြီးသကာလ စောင်ထူထူခြုံလျက် ချွေးထုတ်နေချိန်တွင် .."အို၊အဆွေတော်တို့၊ ဆြာဒင်မကျန်းမမာ ဖြစ်လျက်ရှိပါ၏"ဟူသည့်
စတေးတပ်အတိုလေးကို ရေးတင်မိသည်၏။တခဏတွင် ဖေ့စ်ဘွတ်မင်းပရိသတ်တစ်ထောင်ကျော်သည် အုတ်အာသရဲ LIKE ကြလေ ကုန်၏။တစ်စုံတစ်ရာဖြင့်မှားယွင်းနေလေပြီ။LIKE ဟူသော စကားကို အင်္ဂလိပ်မြန်မာအဘိဓာန်၌ ကြိုက်သည်။နှစ်သက်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုလေရာ ဆြာဒင် နေထိုင်မကောင်းဖြစ်ခြင်းကို သင်းတို့ ဝမ်းမြောက်ဝမ်းသာရှိကြ လေကုန် သလော။ဆြာဒင်ကား စိတ်မဆိုးသော်လည်း ကျွဲမြီးတိုမိသည်မှာ အမှန်ဖြစ်ချေသည်။ဒင့်ကိုသေစေညွန်းရော့လေသလား။
သို့နှင့်ဆြာဒင်နလံမထူနိုင်သေးချိန်တွင် ဇာတိရွှေပင်ရွာမှ ဆြာဒင်လေးစားချစ်ခင်ရသည့် အသက်ရှယ်ဆယ်အရွယ် အရီးလေးမငွေမြိုင် အနာရောဂါ ဖိစီးသဖြင့်အိပ်ယာထက်တွင်လဲနေကြောင်း သတင်းစကားပါးသည့် သံကြိုးကြေးနန်းစာတစောင်သည်လည်း ဆြာဒင့် ထံရောက် လာပြန်လေရာ အဆိုပါစာကို ဆမ်ဆောင်းလက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံရိုက်လျက် ဖေ့စ်ဘွတ်တွင်တင်မိသည့်အခါတွင်လည်း ဖေ့စ်ဘွတ် မိတ်ဆွေအပေါင်းတို့သည်သောင်းသောင်းဖျဖျLIKEကြပြန်လေ၏။
ဆြာဒင်ထောင်းကနဲအမျက်ထွက်မိ၏။ အဘယ်ရန်ငြိုး ကြောင့်အရီးလေးမမာသည်ကို LIKEကြပါ သနည်း။LIKE သူများကို ဘလော့လျက် ငယ်စာရင်းဖျက်၍လည်းမသင့်တော်ပြန်ချေသေး။
မကြာမီမှာပင် အရီးလေးမငွေမြိုင်၏ဝေဒနာသည် သက်သာပျောက်ကင်းခြင်းမရှိပဲ ဘုရားရဟန္တာတို့သော်မှ မလွန်ဆန်နိုင်သည့် သင်္ခါရ တရားသဘောအတိုင်းဘဝတပါးသို့ပြောင်းသွားကွယ်လွန်လေရာ ဆြာဒင်မှာ ယူကြုံးမရအပူလုံးကြွလျက် ဖြေဆည်ရာရလိုရငြား အရီး လေး ၏နာရေးကြော်ငြာကြေးမုံသတင်းစာဖြတ်ပိုင်းဓာတ်ပုံကို ဖေ့စ်ဘွတ်တွင်၊တင်သည့်အခါတွင်လည်း ရှေးနည်းနှင်နှင်တွင်တွင်ကြီး LIKE ကြပြန်ကုန်၏။ ဆြာဒင်၏ဒေါသစိတ်ကား ငယ်ထိပ်သို့တက်လေပြီ။ လွန်စွာအလိုက်ကန်းဆိုးမသိချက်ကား ကမ်းကုန်လှပေ၏။ သောက ပရိဒေဝ များနှင့်ယှဉ်သော ဒေါသတရားကြောင့်
.."ခင်ဗျားတို့လူစကားမှနားလည်ကြသေးရဲ့လား။ကျုပ်အရီးလေးသေတာ LIKE စရာလားဗျာ။"ဟူသော ပြစ်တင်ကြိမ်းမောင်းသည့် ခပ်ကြမ်းကြမ်းစတေးတပ်ကို တင်လိုက်ချိန်တွင်ကား LIKE အရေအတွက် ကိုပြ ဆိုသည့် ကိန်းဂဏန်းရာပေါင်းများစွာ ရုတ်ခြည်းတိုးပွားလာပြန်တော့သတည်း။LIKE၍မစဲ၊တသဲသဲပင်။ဆြာဒင် LIKE ကိုမုန်းမိလေပြီ။
(ငါး)
ဆြာဒင်ကား LIKE သံသရာ၊LIKE ဝဲသြဂ၊LIKEဂယက်တွင်းသို့သက်ဆင်းနေကြသူများ၏ ဖြစ်အင်ကို ရိပ်စားမိချေပြီ။ ဖေ့စ်ဘွတ်မိတ်ဆွေတို့ ၏ပေါ်လစီကား ဘာစာကိုမျှမဖတ်၊ဘာလာလာLIKE၊ ဘာရေးရေးLIKE၊ ရမ်းLIKE၊စွတ်LIKEသည့်မူပေတကား။ ဖိုးLIKEချင်၊ မယ်LIKE ချင်၊ ဦးLIKEချင်၊ ကိုLIKEချင်၊ဒေါ်LIKEချင်တို့များလှလေသည်တကား။
အာယုအသက်အားဖြင့်လည်းကောင်း၊ ဥာဏံဥာဏ်အား ဖြင့် လည်းကောင်း ကြီးမြင့်လှသည့် ဆြာဒင်သည်ခွန်းကြီးခွန်းငယ် အချေအတင်ပြုရန် မသင့်တော်သည် လေရကား၊ ခွေးပါးအမြီးကုပ်၊ လူပါး နောက်ဆုတ်ဆိုဘိသကဲ့သို့ လူကင်းပါး သူတစ်ယောက်ဖြစ်သည့်အားလျော်စွာ၊ နေသေးသပ၊ခြုံထဲက၊ ဂျိုသွေး တမြမြဟူသော စကား အတိုင်း ဒင်းတို့ကိုယ်တိုင်နှင့်ဆွေမျိုးရင်းချာ မိတ်သဟာများ နာမကျန်းသည့်အခါ၊ နာရေးကြုံလာသည့် စတေးတပ်တင်လာသည့်အခိုက်တွင်မှ ဆြာဒင် အနေဖြင့် လက်မနှေးပဲ အပြေး LIKE ရန်သာ တေးမှတ်ထားလိုက်ရချေတော့သတည်း။ ။
http://7daydaily.com/story/11506#.U3_kxSior90