၂၇၊၀၅၊၂၀၁၄ နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာ။
http://7daydaily.com/story/11723#.U4PaKSior90
ဆြာဒင်၏ကျပ်နှစ်ထောင်တန်အာချောင်မှုတရားစီရင်ခန်း
(မင်းဒင်)
(၁)
"တွေးတွေးပြီးတော့ တဝဲလည်လည်၊ မျှော်လင့်ချက်ရည်ရွယ်ချက်တွေ ကင်းမဲ့ယွင်းခဲ့လေတယ်။ကိုယ်တစ်ယောက်တည်း အတွေးဗိမာန် ကြီး တည်ဆောက်ကာရယ်။ စိတ်ကူးယဉ်သက်သက် မှတ်ချက်တွေရေးကာ ဆိုဖူးခဲ့တဲ့တေးသံဝယ် ရေပြင်ကိုကြည့်ကာကြည်ကာ ကြည်နူးမှုရဲ့အရိပ်ဝယ် နှစ်သက်စရာစကားတွေနဲ့ ဖောင်ဖွဲ့ကာပဲ ကမ်းခြေဇေယျာဦးဝယ် မှန်းခြွေမေလာမှူးမယ် လွမ်းနေ၊နေပါဘူးကွယ် ကမ်းခြေဇေယျာဦးဝယ်"
တေးပြုစာဆိုကိုလှမိုး၊တေးသံရှင်ကိုခင်လတ်၏"ကမ်းခြေဇေယျာဦး"အမည်ရှိ ခေတ်ဟောင်းဂန္တဝင်တေးတပုဒ်ကို ဆြာဒင်တေးသီကျူးနေ သည့်အရပ်ဒေသကား စစ်ကိုင်းမြို့အနီးမှ ဧရာဝတီမြစ်ကမ်းပါးတွင်မဟုတ်မူပဲ၊ဖူးခက်မြို့အမ်မခန်အရပ်ရှိ အိမ်အိုကြီးတစ်လုံးတည်ရှိရာ ခြံကျယ်ကြီးတစ်ခု၏ရှေ့မှ ကွန်ကရစ်ရေမြောင်းဘေးတွင် ဖြစ်ချေ၏။နေလုံးနီနီသည် ညနေစောင်းအချိန်မို့အနောက်ဂေါယာကျွန်းဆီ ယွန်းလုလုအချိန်တွင် ဆြာဒင်၏အိမ်ပေါက်တစ်ဒါဇင်ကျော်မျှသော ကြောင်အုပ်၏ဖင်သရမ်းမှုကြောင့် အိမ့်အနောက်တောအုပ်ဆီမှ တိုက်ခတ်လာသည့် လေနုအေးသည် ကြောင်ချေးနံ့ဖြင့် သင်းပျံ့လျက်ရှိလေ၏။
"ဆြာဒင်၊ပေါင်ချိန်ရှိပါသလားရှင်"
ဆြာဒင့်နောက်ကျောဘက်ဆီမှ ရုတ်တရက်ကြားလိုက်ရသော အသံကြောင့် ဆတ်ကနဲသမင်လည်ပြန်စောင်းငဲ့ကြည့်မိသည့်အခါ တွင် ကား ခပ်နွမ်းနွမ်းအဝတ်အစား၊အသက်အားဖြင့်လေးဆယ်ကျော်ခန့်ရှိမည့် ခပ်ရွယ်ရွယ်အမျိုးသမီးတစ်ဦးကို တွေ့မြင်ရလေ၏။ သူသည် နှပ်ချေးတွဲလောင်းနှင့်သုံးနှစ်အရွယ်ကလေးတစ်ဦးကို ခါးထစ်ခွင်လျက်ရှိ၏။သူ့နံဘေးတွင်မူ ခင်ပွန်းယောက်ျားဖြစ်ဟန်ရှိသည့် ညောင်နာ နာ လူရွယ်တစ်ဦးသည်လည်း နှုတ်နည်းစွာ ငူငူကြီးရပ်လျက်ရှိ၏။အဆိုပါအမျိုးသမီးကြီးကို အကဲခတ်ရသည်မှာ အကြောက် အလန့် ရှိပုံမရပဲ မှန်ရာကို ဟောဟောဒိုင်းလုပ်ရဲကိုင်ရဲဇတ်ဇတ်ကြဲဖြစ်ပုံရ၏။မည်သို့ဆိုစေ သူ့အမေးကို ဆြာဒင်တစ်ယောက်တည်ငြိမ် အေးဆေး စွာပင် ဖြေဆိုသမှုပြုလိုက်ရပေသည်။
"ပေါင်ချိန်ချင်ရင် အိမ်ထဲမှာ ရှိလေရဲ့။ကီလိုပါ ချိန်လို့ရပါတယ်လေ၊အထဲကိုကြွပြီး ချိန်ချင်တာသာ ချိန်ပါလေတော့"
"ဟင်း ဆြာဒင်ပြောင်ချော်ချော်မလုပ်ပါနဲ့၊ကျမတွေ့ချင်တာက တရားသူကြီး မျက်နှာမည်းပေါင်ချိန်ရှင့်၊အမှုဖွင့်ချင်လို့"
ငယ်ထိပ်ကို တည့်တည့်ထုကာမှ စဉ်းငယ်ရိပ်မိခဲ့ရချေပြီ။သည်သူငယ်မကား မတရားမှုသို့တည်းမဟုတ် မကျေနပ်ချက် တစ်စုံတစ်ရာ ရှိ ဟန်တူပေရာ ဆြာဒင်မှာ ဖြစ်ကြောင်းကုန်စင်ကို သိနိုင်ရန်အလို့ငှာ အိမ်တွင်းသိုကြွပါမည့်အကြောင်း ဖိတ်ခေါ်သမှုပြုလိုက်ရလေသည်။
"ဆြာဒင်လိုလူမျိုးနဲ့ နဖူးတွေ့ဒူးတွေ့နေကမင့်ဟာ၊ပေါင်ချိန်ကို ရှာစရာလိုသေးလား မယ်မင်းကြီးမရယ်။ဆြာဒင်ရဲ့ ရုံးတော်ရှေ့က စည်ကြီး ကိုသာတီးလိုက်ပါလေ။အဲ၊အိမ်အတွင်းသို့သာကြွပါလေ။ရွှေဉာဏ်တော်ကလော်တိုင်းထွက်လေသည့် ဆြာဒင်၏မဟာ ဖြုတ်ဦးနှောက် ဖြင့် တရားမျှတမှုကို ဖြစ်စေပါအံ့"
(၂)
ပေါင်ထင်းလျှန်ဟုအမည်ကျော်ကြားလေသည့် ပညာရှိခုံသမာဓိတရားသူကြီးမင်းကား တရားတဘောင်အမှုအခင်းကြီးငယ်တို့တွင် မှူးကြီးမတ်ရာသေနာပတိမဆိုထားနှင့်၊မင်းဧရာဇ်နှင့် မိဖုရားကိုသာမက ဧကရာဇ်၏မယ်တော်ကိုပင် ညှာတာသက်သာခွင့်မပေး အစဉ် အမြဲတော်တည့်မှန်ကန်စွာ ဆုံးဖြတ်ခဲ့လေသည့် စိနရာဇဝင်ထဲမှ ပုဂ္ဂိုလ်ကျော် တစ်ဦးဖြစ်ပေတည်း။သူ၏ကြောင်းရာဗျုပ္ပတ်ကို လွန်ခဲ့ သောဆယ်စုနှစ်များဆီက မြဝတီရုပ်မြင်သံကြားဇာတ်လမ်းတွဲများမှတစ်ဆင့် မြန်မာပြည်သူတို့ရင်းနှီးခဲ့ကြချေသည်။ ဤသူ ငယ်မ သည် အသိဉာဏ်နုံနဲ့သည့်အားလျော်စွာ ပေါင်ချိန်တည်းဟူသော တရားသူကြီးသည် ယခုထက်တိုင်သက်ရှိထင်ရှားရှိနေ လေသေးသည် ဟုထင်မြင်နေခြင်း ဖြစ်တန်ရာသည်။
"ကဲ၊မယ်မင်း၊အဘယ်သော အမှုကို အဘယ်အတွက်ကြောင့်ဖွင့်လိုပါသနည်း။ဆြာဒင်နှင့်ဆုံတွေ့ကြပြီဖြစ်၍ ဆြာဒင်သည်ပေါင်ချိန်ထက် သာလွန်ထက်မြက်ရဲဝံ့သူဖြစ်သည့်အားလျော်စွာ မယ်မင်း၏တိုင်ချက်ကို လက်ခံကြားနာပါအံ့"
"ဆြာဒင် မလုပ်ရဲလောက်ဘူးနော်"
ဆြာဒင့်ရှေ့တွင် ပုဆစ်တုပ်လျက်ပျဝပ်ကျိုးနွံစွာရှိနေသည့် တရားလိုသူငယ်မ၏သတိပေးစကားကြောင့် ဆြာဒင့်ရင်မှာ ထိတ်ကနဲဖြစ်သွား သော်ငြား ဟန်ကိုယ်ဖို့ဟူသောဆိုရိုးရှိသည်မဟုတ်တုံလော။
"ဆိုမှာသာဆိုပါလေမယ်မင်း၊ဇမ္ဗူထိပ်မင်းကရာဇ်တို့၏မတရားမှုကိုသော်မှ ဆြာဒင်၏အသက်ကိုစွန့်လျက် မှန်ရာကိုဖြစ်စေပါအံ့၊ အဘယ် အမှုပေနည်း"
"အာချောင်မှုပါဆြာဒင်၊ကျူးလွန်သူက ဒုသမ္မတပါ"
"ဟေ"
ဆြာဒင်မှာဟေတစ်လုံးသာအော်နိုင်လျက် တကိုယ်လုံးကြက်သီးဖျန်းကနဲထသွားပြန်သော်တည့် မရဲသော်လည်းပြေးခဲစေ ဟုပညာရှိတို့ ဆိုလေရာ ယင်းသူငယ်မ၏လျှောက်တင်ချက်ကို ဟန်မပျက်ရှေ့ဆက်နားထောင်ရပြန်၏။
"ကျွန်တော်မတို့လင်မယားယိုးဒယားပြည်ဖူးခက်ကိုရောက်နေတာ ဆယ့်ငါးနှစ်ဝန်းကျင်ရှိပါပြီဆြာဒင်၊စားဝတ်နေရေးချောင်လည်ရုံ ဝင်ငွေ ရရေး အတွက် တစ်နေ့ဆယ့်နှစ်နာရီမျှ ပင်ပန်းဆင်းရဲစွာလုပ်ခဲ့ရသော်ငြား ထိုင်းပုလိပ်တို့နှိပ်စက်သည်ကြောင့် ဝမ်းဝသော်ငြား နေ့စဉ်နှင့် အမျှ ကျီးလန့်စာစား ဖြစ်ရပါသည်။ယခုအခါ ဇာတိရွာတွင်ဒီမိုကရေစီစံနစ်ထွန်းကားပြီးဖြစ်၍ မိခင်တိုင်းပြည်မှာပင် ရရာ အလုပ်ဖြင့် ကျိုးကုပ်အသက်မွေးရန်စီစဉ်ဆဲတခဏ၌ ဒုသမ္မတမင်း၏ တစ်နေ့နှစ်ထောင်ကျပ်ဖြင့် ထမင်းနပ်မှန်သည်ဟူသော အာချောင်စကား ကြောင့် ကျွန်တော်မတို့မှာ ဂယောင်ခြောက်ချား နေရပ်သို့ပြန်နိုင်အင်အားမရှိတော့ပဲ၊ ယိုးဒယားပြည်တွင်သာ ကျွန်သက်ဆက် ရှည်ဖွယ် ရှိပါသဖြင့် လိုအပ်သလို ထိရောက်စွာအရေးယူပေးစေချင်ပါသည်ဆြာဒင်ရှင့်"
(၃)
ဤသူငယ်မကား အပြောအဆိုချက်ချာပေစွ။အမည်နာမကား မရွှေတုတ်ဟုတွင်၏။ မင်းဘေးစိုးဘေးကိုမကြောက်ရွံ့ယောင်တကား၊ ခင်ပွန်းဖြစ်သူဥပဓိရုပ်စုတ်ချာချာငနဲကမူ ယောင်တီးယောင်အနှင့်ကလေးငယ်၏နှပ်ချေးဖတ်တို့ကို အလုပ်မရှိအလုပ်ရှာ ငြင်သာစွာခွာ လျက်ရှိ၏။ဆြာဒင်သည် ဒုသမ္မတဟူသောာ အမည် နာမကိုကြားရကာစပင်လျှင် ဒူးတတဆတ်ဆတ်တုန်လျက်ရှိသည့်ကြားမှ မရဲဘဲ ကျွဲပြဲစီးမိပြီဖြစ်၍ ပေါက်သည့်နဖူးမထူးတော့ပြီမို့ ရှိစုမဲ့ နတ်မောက်ရွှေပင်ဇာတိသွေးကို ဇွန်းခြစ်ခြစ်ကာ မာန်ပါပါဖြင့်အောက်ပါ အတိုင်း မြွက်ဟစကားဆိုလေ၏။
"သူငယ်မ၊ကောင်းလှပေပြီ။ကျွန်သက်ရှည်မည့်အရေးမှာ တွေးထိုက်လှပေသည်။ခုံသမာဓိမင်းတို့မည်သည် ငွေကြေး၊သြဇာအာဏာတို့ကို ထိတ်လန့်တုန်လှုပ်ခြင်းကင်းလျက် မှန်ရာကိုဖြောင့်မတ်စွာ ဆုံးဖြတ်ရာသည်ချည်းဖြစ်၍အဂတိတရားလေးငါးတို့မှ ကင်းစေ ရာ၏။ အဆိုပါအရေး ကိစ္စတွင် ထိုပုဂ္ဂိုလ်သည် မည်သည့်အတွက်ကြောင့် ဤသို့အာချောင်ရကြောင်းဆြာဒင်သိသော်ငြား အများပြည်သူ ထင်သာမြင်သာရှိရန် အလို့ငှာ တပည့်ကျော် လေမင်းသား၊ကပ္ပလီနှင့်ဖေကြည်ခေါ်အာရုံတို့ကို စနည်းနာရန်အလို့ငှာ အချင်းဖြစ်ဇာတိမြေ သို့ ယခုပင်စေလွှတ် ပေအံ့။နောက်လေးဆယ့်ရှစ်နာရီအကြာတွင် တရားလိုသူငယ်မနှင့်တကွ မင်းပရိတ်တို့သည် ဆြာဒင်၏ အိမ်ဂေဟာ တွင် စုရုံးကြကုန်လော့"
ထိုသို့လျှင် ဆြာဒင်သည် အခင်းဖြစ်အမှုတွင်ပြစ်မှုကျူးလွန်သည်ဟုသံသယဖြစ်၊စွပ်စွဲခြင်းခံရသူဒုသမ္မတစံမြန်းရာ နေပြည်တော်သို့ တပည့်ကျော်တို့အား တစ်ဦးလျှင် ထိုင်းဘတ်နှစ်ထောင်၊ဗမာငွေအားဖြင့် ကျပ်ခြောက်သောင်းစီထုတ်ပေးလျက် ဖူးခက်မှသည်ရနောင်း ၊ထိုမှ ရေလမ်းခရီးဖြင့် ကော့သောင်းမြို့သို့ကူးဖြတ်စေလျက် နေပြည်တော် သို့ ကုန်းလမ်းခရီးပြင်းနှင်စေရန် ညွန်ကြားစေလွှတ် လေသည်။
ထို့မှ နှစ်ရက်ကာလပြည့်မြောက်သည့်နေ့တွင် တပည့်ကျော်သုံးဦးဘေးမသီရန်မခပြန်လည်ရောက်ရှိလာကြရာ ဆြာဒင်သည် အိမ်တော်တွင် အသင့်ရောက်ရှိနေကြသည့် တရားလို မရွှေတုတ်နှင့် ဆြာဒင်၏ တရားစီရင်ခန်းသတင်းအစအနကို ကြားသိကြ လေ သည့်အနီးအဝေးမှ ဧည့်ပရိသတ်များ ရှေ့မှောက်တွင် တပည့်ကျော်တို့ စနည်းနာ သိရှိမှတ်သား လာသမျှ အကြောင်းခြင်းရာ အပြည့်အစုံ ကို မခြွင်းမချန်ဖွင့်ဟပြောဆိုစေတော့၏။
ထိုအခါ တရားလိုနှင့်မရွှေတုတ်အပါအဝင် ပရိသတ်အပေါင်းမှာ နားရွက်မျှပင် မခတ်နိုင်ကြပဲ အပ်ကျသံပင်ကြားရအောင်တုတ်တုတ်မျှ မလှုပ်ကြဘဲ ဆြာဒင်၏ပညာဉာဏ်စွမ်းကို ရင်သပ်ရှုမော အံ့ဘနန်းကြီးစွာရှိလှသည့် မျက်နှာပေးကိုယ်စီဖြင့် ငံ့လင့်ကြကုန်၏။
(၄)
တပည့်ကျော်သုံးဦးသားအနက် ကိုယ်တိုင်ကိုယ်ကျကြုံလာရသည့်အဖြစ်သနစ်ကို ဦးစွာဖွင့်ဟသူမှာ ကပ္ပလီငယ်ဖြစ်ချေသည်။
"ဆြာဒင်ခင်ဗျာ၊အဆိုပါဒုသမ္မတကြီးမှာရေတပ်ထွက် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဟုဆိုပါ၏။ကာလပေါက်ဈေးသိန်းငါးရာဝန်းကျင် တန် သည်ဟု ကျနော်မျိုးရမ်းသမ်းခန့်မှန်းသည့်အကောင်းစားကားကြီးဖြင့် ရုံးတက်ပါသည်။ဒုသမ္မတကြီးသည် မာန်မာနရှိဟန်မတူ၊လမ်းဘေး မုန့်ဟင်းခါးဆိုင်တွင် ပြည်သူတို့နှင့်လက်ရည်တပြင်တည်း၊အီကြာကွေးအပါအဝင်အကြော်နှင့်နှစ်ပွဲစားသည်ကိုတွေ့မြင်ခဲ့ရပါသည်။ ရှယ်ပေါ့ဆိမ့်လက်ဖက်ရည် တစ်ခွက်ကိုလည်း သောက်ပါ၏။ အဆိုပါ မုန့်ဟင်းခါးဖိုးနှင့်လက်ဖက်ရည်ဖိုးကျသင့်ငွေမှာ ကျပ်နှစ်ထောင် တိတိဖြစ်ပြီး ထိုဆိုင် တွင်အသင့်ရှိနေသည့် ကြေးရည်တတ် တစ်ဦးက စေတနာအလျောက် ကြားဝင်၍ဒကာခံသည်ကိုတွေ့မြင်ရပါ၏"
ဆြာဒင်၏ရုံးတော်ရှေ့တွင် ၎င်း၏အတွေ့အကြုံကို လွတ်လပ်သောမိမိဆန္ဒအလျောက်ဖွင့်ဆိုသောာဒုတိယပုဂ္ဂိုလ်မှာ ဖေကြည်ခေါ် အာရုံဖြစ်၏။
"ဆြာဒင်၊ဒုသမ္မတကြီးကား နံနက်စာကို အိမ်တွင်စား၍နေ့လည်စာကို ရုံးတွင်သုံးဆောင်ပါ၏။ပါစကဝမ်းမီးတောက်၍ အစာကြေရန် အလို့ငှာ ဝိုင်အနီကို အသားနှင့် လည်းကောင်း၊ဝိုင်အဖြူကို ငါးအစရှိသော ပင်လယ်စာနှင့်လည်းကောင်း ရံဖန်ရံခါသုံးဆောင်ပါ၏။ နိုင်ငံ တစ်ကာအဆင့်မှီ ဝိုင်တစ်လုံး၏တန်ဖိုးမှာ ဗမာငွေဖြင့်တွက်ချက်လျှင် ကျပ်နှစ်သိန်းဝန်းကျင်ဖြစ်ပါ၏။ အဆိုပါစားရိတ်အတွက် ကျခံသည့် ငွေစာရင်း ခေါင်းစဉ်မှာ နိုင်ငံတော်ဧည့်ခံစားရိတ်မှဖြစ်ပါသည်။ဒုသမ္မတကြီးသည် လွန်စွာသနားညှာတာစိတ်ရှိသူဖြစ်ပြီး သမ္မတရုံး ဝန် ထမ်း အသီးသီးအား မောင်တို့ကြိုက်သလိုသုံးပါလေဟူသော မိန့်မှာစကားကိုဆိုရင်း တစ်ဦးလျှင် ကျပ်တစ်ရာတန်တရွက်နှုန်း မကြာခဏ စေတနာဗလဗွဖြင့်စွန့်ကြဲ ပေးကမ်းသည်ဟုလည်းကြားသိရပါ၏"
၎င်းနောက် တတိယမြောက်ပုဂ္ဂိုလ်လေမင်းသားသည် သူ၏အတွေ့အကြုံကို ဆက်လက်တင်ပြဖွင့်ဟပြန်ပါသည်။
"ဆြာခင်ဗျာ၊ခရီးစဉ်၏နောက်ဆုံးညတွင် တပည့်ကြီးသည် ဒုသမ္မတ၏အိမ်တော်တွင်းတိုင် အမှတ်မထင်ရောက်ရှိသွားခဲ့ရာ အိမ်တော်၏ အိပ်ခန်းတွင်းမှ ဒုသမ္မကတော်၏မဲမောင်းပြစ်တင်သံကို နားဖြင့်ဆတ်ဆတ်ကြားခဲ့ရပါသည်။ရှင်မသိတဲ့ကိစ္စကို မသိသလိုနေ၊ တောင်ပြော မြောက် ပြောအာမချောင်နှင့်၊ကြက်သွန်၊ငြုပ်သီးနှင့် အာလူးမကျန်ဈေးတွေတက်နေပြီ။တစ်ကျပ်မှာ ဘယ်နှစ်ပြား ရှိတယ် ဆိုတာမသိပဲ လူအမြင် ကပ်အောင်မလုပ်နှင့်၊ဘာမှမပြောပဲနေရင် အကောင်းဆုံး၊အခုကိစ္စမှာ ကိုရဲထွဋ်ကယ်လို့ရှင်သက်သာ တယ်မှတ်။ နောက်တစ်ခါ လူရှေ့သွားရင် ကျုပ်ကိုယ်တိုင် ရှင့်ပါးစပ်ကို ပလာစတာကပ်ပေးလိုက်မယ် ဟူ၍ဖြစ်ပါသည်"
တပည့်ကျော်တို့၏ဖွင့်ဟပြောဆိုချက်အသီးသီးဆုံးခန်းတိုင်သည်နှင့် တရားလိုမရွှေတုတ်သည် ဖျတ်ကနဲမတ်တတ်ရပ်တဲ့ကာ ..
"တော်ပြီတော်ပြီ ဆြာဒင်၊ကျွန်တော်မျိုးမနားလည်ပါပြီ။လက်စသတ်တော့ သူ့ခမျာငွေရေးကြေးရေးကို ကလေးသာသာ လောက်ပဲ သိသေးတာကိုး၊ဗွေယူမိရင် ကျမသာအရူးဖြစ်တော့မပေါ့။သူဘာပြောပြော ကျမတို့က လုပ်အားကိုရောင်းတာပဲ၊ အလုပ်ရှင်နဲ့ညှိနှိုင်း ဖို့သာအဓိကပါ။တရားတဘောင်တွေ မဖြစ်ချင်တော့ပါဘူး။သူစိတ်ချမ်းသာမယ်ထင်တာပြောပါစေလေ။သူလည်း အိမ်က ကိုကြွက်နီနဲ့ ဘာထူးလို့တုန်း"
ဤတွင် ကြွရောက်နားထောင်နေကြသည့် ပရိသတ်တို့ထံမှ ကျွက်ကျွက်ညံသောထောက်ခံဆွေးနွေးသံတို့သည် နေရာအနှံ့မှထွက်ပေါ် လာပြန်၏။
"ဟုတ်တယ်ဟ၊ရွှေတုတ်ရ၊ဇာတ်သမား၊ကလေးနဲ့အရူးတွေပြောရင်မှန်တတ်တယ်။အကောင်းဘက်ကစဉ်းစားရင်သူ့စကားဟာ ဗမာငွေ တန်ဖိုးတက်မဲ့သဘော"
"ဇမ္ဗူဒီပါလက်ျာတောင်ကျွန်း၊သြဘာနိမိတ်ထွန်းသတဲ့၊မင်္ဂလာလို့မှတ်ကြဟေ့"
"အေးဟ၊ငါတို့ဒုသမ္မတအူမြူးရင် တိုင်းပြည်အေးချမ်းမဲ့သဘောပဲ"
"ဘာမှမသိလို့ပြောမိတာ အပြစ်လို့မဆိုနိုင်ပါဘူး"
"သူ့မိန်းမကြိမ်းထားပြီဆိုတော့နောက်တစ်ခါမပြောရဲလောက်တော့ပါဘူး"
ထိုခဏ၌ ဆြာဒင်၏ပညာဉာဏ်ကိုကောင်းချီးပေးလေဟန်ရှိသည်ထင့်၊ဆြာဒင့်အိမ်မှကြောင်အရွယ်မျိုးစုံသည် တညောင်ညောင်အသံဖြင့် ဆူညံစွာ အာခေါင်ခြစ်အော်ဟစ်မြည်ကြွေးကြရုံမျှမက အိမ်အနောက်တောအုပ်မှ လေပြင်းတစ်ချက်တိုက်လာပြန်ရာ အော်ဂလီဆန်စရာ ကြောင်ချေးနံ့ တသင်းသင်းသည် ဆြာဒင်၏ အိမ်တွင်းသို့ပါ ထုံသင်းကြိုင်လှောက်နေလေတော့၏။တရားရုံးစားရိတ်ကို ဆြာဒင်၏ရှိစုမဲ့စု ချွေးနည်းစာဖြင့် ကျခံစေလျက် အဆိုပါအမှုသည် နှစ်ဘက်ကြေလည်ငြိမ်းအေးမှုရပြီးသကာလ ပြီးဆုံးခြင်းသို့ရောက်ခဲ့လေပြီ။ သြဘာလက်ခုပ်သံများ နှင့်အတူ လက်ခေါက်မှုတ်သံတရွှီရွှီအပြင် ဝမ်းစမိုးသံသောသောညံလေသတည်း။
ဤသို့လျှင် ဆြာဒင်၏ကျပ်နှစ်ထောင်တန်အာချောင်မှုတရားစီရင်ခန်းအဆုံးတွင်လည်း ဆြာဒင်၏ပညာဉာဏ်ဂုဏ်သတင်းသည် တပည့်ကျော်များနှင့် ရပ်ဝေးရပ်နီးမှပရိသတ်မင်းတို့အလယ်၌ ထင်ပေါ်ကျော်စောခြင်းသည် နောက်ထပ်တစ်ကြိမ်ဖြစ်ပြန်လေသတည်း။