၂၄ဇန်နဝါရီ၂၀၁၅နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ။ ။
"တပည့်ကျော်တို့၏ သမ္မတလောင်းများ ဒီဘိတ်နှင့် စာဖတ်နေသော ကျွန်ုပ်"
(မင်းဒင်)
(တစ်)
‘‘ဒီမယ်.. ကိုကပ္ပလီစိန်၊ ခင်ဗျားနဲ့ကျုပ်ခဏခဏထိပ်တိုက် မတိုးချင်ဘူးနော်။ ဒါပဲပြောမယ်’’
‘‘ဩ.. ကိုဖေမန်းရာ ခင်ဗျားကလာလာချည်သေး။ ကျုပ်ဘာကောင်ဆိုတာမေ့များနေလေ ရော့သလား။ သမ္မတဆိုတာ ဗိုလ်တကာ့ဘုရင်နော်။ ကျုပ်ကိုမီဖို့ ခင်ဗျားထပ်ကြိုးစားလိုက်ဦး။ ဆယ်နှစ်၊ ဆယ်နှစ်’’
‘‘ဟား.. ဆယ်နှစ်က အသာ ထား။ နောက်ဆယ်လဆိုခင်ဗျား မြောင်းထဲရောက်တော့မှာ။ ဘယ် နိုင်ငံမှာမဆို လွှတ်တော်ဆိုတာ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဗျ။ လွှတ်တော်ဟာ အချိန်တိုင်းလိုလို မရှိနိုင်လို့သာ သမ္မတရာထူးက အရာရောက်တယ်လို့ထင်နေရတာ။ မသေမချင်းမှတ်’’
‘‘ဘာဗျ။ ကျုပ်သမ္မတရာထူး ကနေ ထွက်ပေးရရင်လည်း အခု ခင်ဗျားထိုင်နေတဲ့ ပါတီဥက္ကဋ္ဌ ကုလားထိုင်ဟာ ကျုပ်ကုလားထိုင်ကြီးဆိုတာလည်း သတိထားဦးနော်’’
‘‘ဟီဟိ၊ ရယ်ချင်ပါဘိဖတ် ဖတ်မော၊ ရင်ဘတ်နောက်က ကျော၊ ဆင်းပြီးသားကုလားထိုင် မှာ ပြန်ထိုင်ရရိုးထုံးစံမြန်မာပြည် မှာ မရှိသေးဘူးခင်ဗျ။ ကိုင်းကြီး ကြီးမှာနားလိုက်။ ဘယ့်နှယ့်ဗျာ အရေးထဲ ကုလားထိုင်ရှိသူ ကုလားထိုင်ပိုင်တဲ့ခေတ်ကြီးမှာ လာပြီး လက်ငုတ်လက်ရင်းလာ တိုက်နေတယ်’’
နေအိမ်အောက်ထပ်ဆီမှ ဖေကြည်၊ ကပ္ပလီနှင့် လေမင်း သားတည်းဟူသော တပည့်ကျော် တို့၏ ထူးထူးဆန်းဆန်း၊ အပြန် အလှန်အချေအတင်ပြောဆိုသံ များကြောင့် ဒရင်းဘတ်ပေါ်တွင် လဲလျောင်းရင်း စာဖတ်နေသော ကျွန်ုပ်သည် ဖတ်လက်စဘုတ် အုပ်ကို အသာပိတ်ကာ နားစွင့် နေလိုက်မိ၏။
‘‘ဟုတ်ပါပြီ။ ကိုဖေမန်းရယ်။ ကျုပ်ပဲနားရမလား၊ ခင်ဗျားပဲနား ရမလား။ ငွေရောင်ပိတ်ကားပေါ် မှာ ဆက်ပြီးရှုစားလိုက်ပေါ့။ ကျုပ်သမ္မတရာထူးရခဲ့တာကို ခင်ဗျား အစာမကြေဖြစ်နေတာသိသာ လွန်းနေတယ်။ မနာလိုစိတ်မမွေး ပါနဲ့ဗျ။ ဒါမျိုးဆိုတာ ပါရမီနဲ့ဆိုင် တာလေ’’
‘‘တောမှာ သွားပြောပါ ကိုကပ္ပလီစိန်၊ အဘိုးကြီးကောင်း မှုနဲ့ ခင်ဗျားဒီရာထူးရတယ်ဆိုတာ ကလေးရောခွေးပါသိတယ်’’
‘‘ဩ.. အခုတော့ ခင်ဗျား ဒီစကားမျိုးပြောပြီပေါ့ဗျာ။ ပျို တိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးနဲ့ လက်ဝါးချင်းရိုက်ပြီး ကျုပ်တို့ ပါတီကို ခြေစုံကန်နေတာမသိဘူး များမှတ်နေသလား။ ဟုတ်တယ် နော် ကိုလေမင်းလှိုင်’’
ဆက်၍နားထောင်လေ၊ ဆက်စပ်တွေးတော၍မရလေ။ပိုမိုရှုပ်ထွေးလာသော အကြောင်း အရာနှင့် စကားသံတို့ကြောင့် ရုတ်တရက်မတ်တတ်ထရပ်ကာ ဘုတ်အုပ်ကိုချိုင်းကြားညှပ်လျက် အောက်ထပ်သို့ တည်ငြိမ်သော ခြေလှမ်းများဖြင့် ဆင်းလာခဲ့ရချေ သည်။
(နှစ်)
ကျွန်ုပ်ကား မျက်စိရှုပ်၊ နား ရှုပ်သောကိစ္စရပ်တို့ကို စိတ်ကုန် ချင်ဟန်ဆောင်နေချင်သူပီပီ၊ တပည့်ကျော်များနှင့် ရံဖန်ရံခါ တွေ့ဆုံသည်မှအပ လူအများနှင့် ဝေးရာ၌ အခန်းအောင်းရင်း စာ ဖတ်နေခဲ့သည်မှာ လေးနှစ်စွန်း စွန်းတိုင်ခဲ့လေပြီ။ ကျွန်ုပ်သည် ငယ်စဉ်ကပင် စာဖတ်ဝါသနာထုံ ခဲ့သူဖြစ်၏။ မူလတန်းကျောင်း သားဘဝမှာပင် ဘားမားစတား၊ ရွှေသွေး၊ တေဇ၊ တို့ကျောင်းသား၊ ရွှင်ပြုံး၊ မိုးသောက်ပန်း၊ ရွှေဂေါင်းပြောင်၊ သိင်္ဂီရွှေစင်၊ ငတက်ဖြား စသည့်ရုပ်ပြကာတွန်းများကို စွဲလမ်းစွာဖတ်ရှုခဲ့၏။
ထိုမှတစ်ဆင့် အရွယ် ရောက်လာပြန်လာသော် အဟိ၊ သောင်းပြောင်းထွေလာရယ်စရာ၊ ဆွေလှိုင်ဦး၏ မချောဆယ်ယောက်ကိုယ်တစ်ယောက်၊ မအေးပွင့် မြင့်မြင့်စန်း လမ်းသုံး ဆယ်စသည့်ရင်သိမ့်တုန်ဝတ္ထုတို့ အပြင် ကာလသားများအကြိုက် ရတနာဝင်းထိန်၏ အချစ်ဇာတ်လမ်းခပ်ကြမ်းကြမ်းများကိုပင် မလွတ်တမ်းဆက်တိုက်ဖတ်ရှုခဲ့ကြောင်း မရှက်မကြောက်ဝန်ခံရပေမည်။
သို့သော် နိုင်ငံတကာရေးရာ၊ အတွေးအမြင်၊ ကမ္ဘာ့အရေး၊မြန်မာ့အရေးနှင့်စပ်လျဉ်းသည့် ဘုတ်အုပ်တို့ကိုမူကား မာတိကာ ကိုဖတ်စဉ်တစ်ခဏမှာပင် ငိုက် မျဉ်းအိပ်ပျော်တတ်လေ့ရှိလေရာ ကျွန်ုပ်အနေဖြင့် ဝေးဝေးမှရှောင်ခဲ့ ရာ ယနေ့ထက်တိုင်ဖြစ်ချေသည်။
ယခုမူလည်း သမိန်ပေါသွပ် ပေါင်းချုပ် ကာတွန်းဟောင်းတစ် အုပ်နှင့် ဇိမ်ကျနေချိန်တွင် အလွန် တရာထူးဆန်းလှသော တပည့် ကျော်တို့၏အသံများကြောင့်သာ အောက်ထပ်သို့ဆင်းလာခဲ့ရခြင်း ဖြစ်ရာ ဆြာ့ကိုမြင်လိုက်ကြသည် နှင့် တပည့်ကျော်တို့သည် ရုတ် ခြည်း အသံတိတ်သွားကြလေ သည်။
ကျွန်ုပ်- နေပါဦးဟ၊ မောင်ရင်တို့ နာမည်တွေက အထူးအဆန်းတွေ ဖြစ်ကုန်ကြပါလား။ နို့ပြီးပြောနေ တဲ့ အကြောင်းအရာနဲ့ပြောပုံဆိုပုံ ကလည်း ရန်တွေ့နေကြသလိုပါ ကလား။
ဖေကြည်- ဒါက ဒီလိုပါဆြာ။ ဆြာ့တပည့်တွေပျင်းလွန်းလို့ အစမ်းသဘောဒီဘိတ်လုပ်ကြည့်နေကြတာလေ။ နောက်ပြီး ဒီမိုကရေစီခေတ်ကြီးမှာ လူတိုင်းလူတိုင်း နိုင်ငံရေးနဲ့ မျက်ခြည်မပြတ်သင့်တာမို့ အပျင်းလည်းပြေ၊ အမြင်ချင်း
လည်းဖလှယ်ဆိုပါတော့ဆြာ။
ကပ္ပလီ- ဟုတ်တယ်ဆြာရဲ့။ ၂၀၁၅ ရွေးကောက်ပွဲကလည်းနီး လာပြီဆိုတော့ လက်ရှိမြန်မာ့နိုင်ငံ ရေးအခင်းအကျင်းမှာ သမ္မတ လောင်းဖြစ်နိုင်ခြေရှိသူတွေရဲ့ အတွင်းသဘောဘယ်လိုရှိတယ် ဆိုတာသိရအောင် တပည့်တို့က ဦးနှောက်မုန်တိုင်းဆင်ကြည့်ကြရ မယ်လေ။
လေမင်းသား- ကျွန်တော်က ကာ ချုပ်ပေါ့ဆြာ။ သူတို့ကတော့ သမ္မတကြီးနဲ့ လွှတ်တော်ဥက္ကဋ္ဌ ကြီးဆိုပါတော့။
ကျွန်ုပ်- အိမ်း၊ အားအားရှိဖေ့စ် ဘွတ်ခ်ပေါ်မှာ ဖင်ဂျွတ်တက် အောင်ထိုင်ရင်း ဆဲဆိုနေကြမယ့် အစား နိုင်ငံ့အရေးအရာကို သို့က လို စိတ်ဝင်တစားဆွေးနွေးနေကြ တာဟာဖြင့် လှိုက်လှဲစွာအားပေး ထိုက်ပေတာပဲ ဆက်ကြပါဦး၊ ဆင့်ဖင်တို့။
ကျွန်ုပ်ကား ဦးခေါင်းကို တဆတ်ဆတ်ညိတ်ရင်း တပည့် ကျော်တို့၏ ဒီဘိတ်ကိုလေ့လာသူ တစ်ဦးအနေဖြင့် အားဖြည့်တက် ရောက်ပေးရန် ဆုံးဖြတ်ကာ သင်း တို့၏ စကားဝိုင်းဘေးမှ မေး ထောက်နားထောင်နေလိုက်ရချေ ၏။ သို့သော် သဏ္ဌာန်လုပ်သရုပ် နှင့်တူအောင် အပြန်အလှန်ဆွေး နွေးငြင်းခုံသမှုပြုကြရင်း အချင်း ချင်း နပန်းထသတ်ပြီး ပါးကိုက်၊ နားကိုက်မဖြစ်ကြရန် စိတ်ထဲမှ ကျိတ်၍ ဆုတောင်းရသည်။ အဆိုပါ ဒီဘိတ်တွင် ယခင်နှင့် မတူထူးခြားစွာနှုတ်နည်းနေသူ ကား လေမင်းသား(ခေါ်) လေမင်း လှိုင်ဖြစ်ချေ၏။ ကျန်နှစ်ဦးက ဈာန်အပြည့်ဖြင့် ဒီဘိတ်ကိုရှေ့ ဆက်နေလေသည်တစ်မုံ့။
(သုံး)
ဖေကြည် - ရှင်းရှင်းမေးမယ် ကိုကပ္ပလီစိန် လွှတ်တော်ကိုယ် စားလှယ်တွေရဲ့ လစာကိစ္စနဲ့ ၂၀၀၈ ခြေဥပြင်ဆင်ရေးကိစ္စတွေ ကို ခင်ဗျားက ပယ်ချလိုက်ပြန်ပြီ ဆိုတော့ လွှတ်တော်က လက်နဲ့ ရေးတာကို ခင်ဗျားက ခြေနဲ့ဖျက် တာပဲဗျ။ ခင်ဗျားအကွက်တွေ ကျုပ်မသိရင်ခက်မယ်။ ဟေ့ လေ မင်းလှိုင်၊ မင့်ကောင်တွေအစိတ် သားပါနေတာနော်။
ကပ္ပလီ- အောင်မာ။ အုပ်စုနဲ့ ဂန်ကျယ်နေတဲ့လူကများ အခြေခံ ဥပဒေကိုပြင်ဖို့ဆိုတာ တိုင်းပြည် တည်ငြိမ်ဖို့လိုတယ်ဗျ။ တရား ဥပဒေစိုးမိုးရေး (Rule of Law)ကို ကျော်လွန်ပြီးလုပ်လို့မရဘူး လေ ကိုဖေမန်းရဲ့။ လွှတ်တော်ကိုယ် စားလှယ်တွေကို ငွေနဲ့မျှားပြီး မက် လုံးပေးနေတာကလေးကွက်ဗျ။
ဖေကြည်- သူတော်ကောင်း ယောင်ဆောင်မနေစမ်းပါနဲ့ ကပ္ပ လီစိန်ရယ်။ ခင်ဗျားဗိုက်ထဲမှာ အူ ဘယ်နှခွေရှိတယ်ဆိုတာ ပါးစပ် ဟလိုက်ရုံနဲ့သိပြီးသားဗျ။ ဖေမန်း တစ်မန်းတည်းရှိတယ်။
ကပ္ပလီ- အဟက်အဟက်၊ ငပြူး က ပြဲပြရတယ်ရှိသေး။ အပြော ကတော့ ဖေမန်း။ ခင်ဗျား သမ္မတ ရူးရူးနေတာ လူတိုင်းသိတယ်။ အမယ်၊ ဟိုဘွားတော်ကိုလွှတ် တော်ဥက္ကဋ္ဌပေးမယ်ပေါ့။ တွက် ရေးကတော့ စက်သူဌေး၊ အကြံ ပိုင်သောမောင်ခွေး။ အဲလေ.. ဖေမန်း။
ဖေကြည် - ဟေ့ကောင် စကား ပြောတာမိုက်ရိုင်းမလာနဲ့နော်။ မင်းရင်ဘတ်ထဲမှာထည့်ထားတဲ့ စက်ဟာ နှလုံးခုန်စက်လား။ ကလိမ်ကကျစ်လုပ်တဲ့စက်လား၊ သေချာပြန်စစ်။ သူခိုးကလူကို ပြန်ဟစ်မနေနဲ့။
ဒီဘိတ်ကားတစ်စတစ်စပွဲ ကြမ်းလာချေပြီ။ ကျွန်ုပ်လည်း အချေအတင်ဆွေးနွေးချက်များ ကို စိတ်ဝင်စားလှသည်ဖြစ်၍ နား ရွက်မျှပင် မခတ်နိုင်ဘဲ ငုတ်တုတ် မေ့ကာ နစ်မျောနေမိ၏။ လေမင်း လှိုင်အား တစေ့တစောင်းအကဲ ခတ်သည်တွင်မူ နှစ်ဖက်အခြေ အနေကို အလေးအနက်တွက်ဆ နေသည့် အမူအရာဖြင့် အသံ တိတ်လျက်ပင်ရှိ၏။ ဖေကြည်နှင့် ကပ္ပလီတို့ကား ကျရာဇာတ်ရုပ် တွင် လမိုင်းအကြီးအကျယ်ကပ် နေကြလေပြီ။
(လေး)
ကပ္ပလီ- ငါရှင်ဘုရင်၊ ငါ့တိုင်း ပြည်၊ ငါဘယ်နှပတ် ပတ်ပတ် ခင် ဗျားအပူတစ်ပြားသားမှမပါဘူး။ လူကိုအချဉ်မှတ်လို့ဗျာ။ လိုအပ်ရင် အရေးပေါ်အခြေအနေဟေ့လို့ ကြေညာနိုင်တာ ကျုပ်ဗျ။
ဖေကြည်- မင်းသားကြီးမလုပ်ရ ရင် ပတ်မကြီးထိုးဖောက်မယ့် မင်း သောက်ဉာဏ်တစ်ထွာတစ်မိုက် ကိုသိပြီးသားပါကွာ။ အစွယ် ထုတ်ပြမနေပါနဲ့။ တစ်ခုတော့ သတိပေးထားမယ်။ မင်းစိတ်ထဲ မှာ အရင်လိုထင်တိုင်းကြဲလို့ရဦး မယ်များမှတ်နေသလား။ လူထု က မင်းတို့ထင်သလောက်မညံ့ တော့ဘူးကွ။
ကပ္ပလီ- လာသေးတယ်သာအေး ရယ်။ ဟိုဘက်ခုန်ကူး၊ ဒီဘက်ခုန် ကူးနေတဲ့ မောင်သာကူးကများ။
ဖေကြည်- လျှာမရှည်နဲ့ကွာ။ ခြောက်ပွင့်ဆိုင်ဖို့ ထပ်တင်လိုက် ပြီနော်။ ဆိုင်မလား၊ မဆိုင်ဘူး လား၊ ယောက်ျားဆိုယောက်ျား စကားပြောကွ။ ညောင်ညည့် ညောင်ညည့်၊ ပျော့ပျော့လေးနဲ့နံ တဲ့ ကြောင်ချေးရ။
ကပ္ပလီ- လဲသေလိုက်ပါလား။ ဖြစ်နိုင်ရင် ကျုပ်က အပွင့်သန်းချီ ပြီး ဆိုင်လိုက်ချင်တာ။ များလေ ကောင်းလေ ဆိုတာလောက် တောင် မသိတဲ့ငတုံး။
ဖေကြည်- မေးနေတာ တည့်တည့် ဖြေစမ်းကွာ။ ပြင်မှာလား၊ မပြင် ဘူးလား၊ ဆိုင်မှာလား၊ မဆိုင်ဘူး လား။
ကပ္ပလီ- မင်းမှာနားမပါဘူးလား။ ငါ့နည်းငါ့ဟန်နဲ့လုပ်သွားမယ်။ နကန်းတစ်လုံးမှနားမလည်တဲ့ ကောင်၊ မင်းခဏခဏစာပို့နေ တာ ငါအိပ်ရေးပျက်တယ်ကွာ။
ဖေကြည်- ဩ.. မင်းကငါ့ကို ခွေးနဲ့နှိုင်းတယ်ပေါ့လေ။ တောက် မင်းမိုက်ရိုင်းမလာနဲ့နော်။
ကပ္ပလီ- (လေမင်းသားရှိရာသို့ ရုတ်ခြည်းလှမ်းကြည့်လျက်) ဇရှိ မှ ဇစ်ဖြုတ်ရတယ်ကွ။ စစ်တပ်ကို အမိန့်ပေးနိုင်တာငါကွ။
ဤတွင်လည်း ဖေကြည် သည် လေမင်းသားအားလှမ်း၍ အကဲခတ်ရင်းစိန်ခေါ်လေပြီ။
ဖေကြည်- သိမ်းရဲရင်သိမ်းကြည့် လိုက်လေ။ ကြာတယ်ကွ။ အကြောင်းသိချင်ရင် ခုချက်ချင်း သိမ်းကြည့်လိုက်။
ဂျပုကလေး လေမင်းသား ကား ကျီးကြည့်၊ ကြောင်ကြည့်ဖြစ်နေဆဲပင်တည်း။ ကျွန်ုပ်၏မျက် နှာကို အားကိုးတကြီးလှမ်း၍ကြည့် ကာမည် သို့တုံ့ပြန်ရမည်ကို လမ်း ညွှန်ချက်တောင်းနေဟန်ရှိ၏။ မြန်မာ့အရေးကို ဆရာတစ်ဆူ ဧတဒဂ်မြောက်အောင် အကုန်အစင်သိမြင်နေသည့် ကျွန်ုပ်ကားဟန်ပါ မာန်ပါလှသော တပည့်ကျော်တို့၏ ဒီဘိတ်တွင်လုံးလုံးလျား လျားကြီး အာရုံကျဈာန်ဝင်နေခဲ့ပြီ ဖြစ်ရာ ကျွန်ုပ်၏နှုတ်မှ စကားတစ် ခွန်းသည် ထင်မှတ်မထားဘဲ ပွင့် အန်ထွက်ကျသွားခဲ့လေသည်။
‘‘အခုလို ပွဲကျပ်နေချိန်မှာ လိမ္မာရင် ကိုယ့်အတွက်ချည်းပဲလ ဟဲ့။ မောင်လေမင်းလှိုင်လေးရဲ့’’
အကင်းပါးလှသော တပည့် ကျော်လေမင်းသားသည် ကျွန်ုပ် ၏ စကားဆုံးသည်နှင့်တစ်ပြိုင် နက် မတ်တတ်ရပ်ကာ ဂျူနီယာ ဗိုလ်ချုပ်မှူးကြီး၏ အိုက်တင် အပြည့်ဖြင့် ဒီဘိတ်ကိုနိဂုံးတိုင်စေ ခဲ့လေတော့သည်။
‘‘ကျွန်တော့်အနေနဲ့ တစ်ဖက် သတ်အာဏာသိမ်းမှာမဟုတ်ပေ မယ့် အခုဆရာတို့ဖြစ်သလို တစ် ဖက်နဲ့တစ်ဖက် အပြန်အလှန် အပုပ်ချပြီး တိုင်းပြည်မှာ အရေး ပေါ်အခြေအနေကြေညာရပြီဆို ရင်တော့ ငြိမ်ဝပ်ပိပြားရေး အတွက် ဆောင်ရွက်ဖို့ တုံ့ဆိုင်း နေမှာမဟုတ်ဘူးနော်။ ဒါ့အပြင် ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့စီစဉ် ထားတဲ့အထွေထွေရွေးကောက်ပွဲ မတိုင်မီ အကြမ်းဖက်မှုတွေပေါ် ပေါက်လာအောင် ပြင်ပအဖွဲ့ အစည်းတွေက သွေးထိုးလှုံ့ဆော် လာနိုင်တာတွေလည်း ကျွန်တော် သိထားတယ်။ ဘာပဲဖြစ်ဖြစ် အာ ဏာသိမ်းရပြီဆိုမှတော့ ဘယ်သူ က တိုင်းပြည်ကို ခေါင်းဆောင်ရ မယ်ဆိုတာ ခင်ဗျားတို့သိပြီးသား ပါလေ’’
တပည့်ကောင်းပီသလှ သည့် အာဂ လေမင်းသားပေ တကား။ အခွင့်အခါကောင်းကို အချိန်ကိုက်အသုံးချလျက် ချက် ကျလက်ကျပြောင်မြောက်သော စကားလုံးတို့ဖြင့် ဆုံးဖြတ်ချက်ကို ပိုင်နိုင်စွာ ချနိုင်သူပေတည်း။ ကျွန်ုပ်သည် ကျေနပ်ရွှင်လန်းအား ရစိတ်ဖြင့် လေမင်းသားရှိရာသို့ လျှောက်သွားတည့်ကာ သူ၏ ကျောပြင်ကို ညင်သာစွာပွတ် သပ်ရင်း တပည့်မွေးရကျိုးနပ်လေ စွ။ စာဖတ်နေရကျိုးနပ်ပါဘိဟု ရင်တွင်းမှ ဥဒါန်းကျူးရင့်မိလေ တော့သည်။