၁၇။၀၂။၂၀၁၅နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ ။
လောက်ကိုင်စစ်မြေပြင်နှင့်အမျိုးကိုအလွန်ချစ်တတ်သောကျွန်ုပ်။ ။
(မင်းဒင်)
(တစ်)
‘ဒိုင်း၊ ဒိုင်း၊ ဒိုင်း’‘ဒက်၊ ဒက်၊ ဒက်’
‘ရွှီ ဝုန်း၊ ဝုန်း၊ ဒုန်း၊ ဒုန်း’
‘‘ဆော်ကုန်ပြီဆြာရေ့။ လယ်ဒီ ဝမ်း တူး သရီး’’
နားကွဲလုမတတ်ဆူညံသော သေနတ်သံ၊ အမြောက်သံ၊ ဗုံး သံတို့ကြောင့် ကျွန်ုပ်နှင့်တပည့် ကျော်သုံးဦးသား နီးရာလမ်းဘေး ချုံပုတ်ထဲသို့ အုန်းခနဲနေအောင် တညီတညာတည်း ဒိုင်ဗင်ထိုး လိုက်ကြသည်မှာ ယိမ်းတိုက်ထား သည်နှင့်ပင်တူသေးတော့သည်။ သတ္တိခဲတပည့်တစ်သိုက် ချုံပုတ် အတွင်းမှာ ဒူးတဆတ်ဆတ်တုန် ကာ ကြောက်ရွံ့လျက်ရှိနေရှာကြ ဟန်ကား ကျွန်ုပ်၏စိတ်ကို အတော်ပင်ကသိကအောက်ဖြစ် စေသည်မှာအမှန်။ ကျွန်ုပ်တို့၏ ဘိုးဘေးများဖြစ်ကြကုန်သော ဘုရင့်နောင်၊ အလောင်းဘုရားနှင့် ဗန္ဓုလတို့သာ ဤအဖြစ်ကို မြင်လေသော် ရှက်နိုးဖွယ်ရာတည်း။
ကျွန်ုပ်သည် ပက်လက်လန် နေသည့် အနေအထားမှပင် ကောင်းကင်ယံဝယ် ဝေါခနဲထိုးပျံ သွားသည့်တိုက်လေယာဉ်ကို လက်ကိုင်ဖုန်းဖြင့် အမိအရဓာတ် ပုံလှမ်းရိုက်နေမိ၏။ ကျွန်ုပ်တို့ သည် မမျှော်လင့်ဘဲ အန္တရာယ် စက်ကွင်း၏ ဗဟိုချက်မတွင် ရောက်ရှိနေကြချေပြီ။ သေပေါက်သေဝ အရေးဟယ်အကြောင်း ဟယ်အဖြစ်မျိုးကြုံလာချိန်တွင် မည်းမည်းမြင်ရာအပြစ်ရှာတတ်သည့် တပည့်ကျော်တို့၏ မကျေမချမ်းညည်းတွားရေရွတ်သံတို့မှာ အလွန်ပင်နားကြားပြင်းကပ်စရာကောင်းလှ၏။
‘‘သည်တစ်ခါတော့ ကိုယ် ကျိုးနည်းပါပေါ့ဆြာရယ်၊ တပည့် တို့အသက် ဘယ်ကထွက်ရ မတုံးဆြာ။ ခြေရှည်ချင်ဦးလေ’’
‘‘အမှန်တော့ ဆြာတရားခံ ပဲ။ အခုလိုတပည့်တွေကို မြောင်း ထဲရောက်အောင်ပို့တာ ဆြာမှ ဆြာပဲ’’
‘‘အသက်သာဖင်ဆောင့်နေ တာ၊ ဇွတ်တရွတ်လုပ်တတ်တဲ့ စိတ်က သေမှပဲပျောက်မှာထင်ပါ ရဲ့။ ကဲ...အခုတော့မှတ်ပြီလား ဂုရုကြီး’’
သင်းတို့ ငိုသံပါအောင် ညည်းနေကြလေသည်တွင် ကျွန်ုပ်လည်း ခပ်တည်တည်ဘာမထီ အိုက်တင်ဖြင့် လေသံတင်းတင်း တုံ့ပြန်စကားဆိုလိုက်ရသည်။
‘‘သေတစ်နေ့ မွေးတစ်နေ့ပါ ကွာ။ လှမုန်းတို့မိသားစုကိုသာ တွေ့အောင်ရှာကြစို့ကွယ်။ငါ့နှမလေးကို တွေ့တာနဲ့ ရွာပြန်ကြတာပေါ့ကွာ’’
(နှစ်)
ကျွန်ုပ်တို့ရောက်ရှိနေသည့် နေရာကား ရှမ်းပြည်မြောက်ပိုင်း နမ့်စမ်လပ်ရွာနှင့်လောက်ကိုင်မြို့အကြား ဗျူဟာကုန်းအနီးတွင်ဖြစ် ၏။ အန္တရာယ်၏အငွေ့အသက် ကိုရိပ်စားမိဟန်ရှိသည့် နယ်ခံ ယာဉ်မောင်းမှာ လောက်ကိုင်မြို့ အရောက် ခရီးရှေ့မဆက်ရဲတော့ လေသဖြင့် ကျွန်ုပ်တို့အား နမ့်စမ် လပ်ရွာမှာပင် ချထားရစ်ကာ လားရှိုးမြို့ဆီသို့ ပြန်လည်တပ် ခေါက်သွားခဲ့လေပြီ။ ဆြာတပည့် လေးဦးသား ခြေလျင်တစ်လှည့်၊ ကုန်းကြောင်းတစ်နည်း လောက် ကိုင်သို့ စိုးရွံ့စိတ်ကိုယ်စီဖြင့် ခရီး ဆက်နေကြစဉ် မမျှော်လင့်ဘဲ အထက်ပါအတိုင်း အမြောက်သံ၊ စိန်သံ၊ ဗုံးဆန်တို့ကြားတွင် ပိတ်မိ နေခဲ့ခြင်းဖြစ်လေသည်။
စင်စစ် ထိုအဖြစ်အပျက် သည် ကျွန်ုပ်၏မွေးရပ်မြေဖြစ် သောနတ်မောက်နယ်ရွှေပင်ရွာ သို့ လွန်ခဲ့သောရက်သတ္တပတ်ခန့် က အလည်ရောက်ခဲ့စဉ်တွင် မြစ်ဖျားခံအစပြုခဲ့ခြင်းဖြစ်လေ ၏။ ထိုရက်များ၏တစ်ခုသော နံနက်ခင်းဝယ် ကျွန်ုပ်၏မိခင် ဘက်မှ တော်စပ်သောဦးကြီးတစ် ယောက် ကျွန်ုပ်တည်းခိုရာအိမ်သို့ ပေါက်ချလာကာ မျက်နှာကို အောက်ကျို့ရင်း မျက်ရည်တစမ်း စမ်းနှင့်စကားဆိုခဲ့သည်။
‘‘ကျုပ်တို့တစ်ဆွေလုံးတစ် မျိုးလုံးမှာ လောက်လောက်လား လားအားထားစရာဆိုလို့ ကိုရင် ငဒင်တစ်ယောက်သာရှိတာကလား။ ကိုရင့်နှမလေး ကလေး တစ်ပြုံတစ်မကြီးနဲ့ ကိုရင်မကယ်ရင် သေဖွယ်သာရှိပါတော့တယ်’’
ဦးကြီးတင် တောင်းခံသော အကူအညီက ရွှေပင်တွင်စားရေး ဝတ်ရေးမသောင်သာသည်ဖြစ်၍ ရှမ်းပြည်နယ် လောက်ကိုင်မြို့သို့ မိသားစုလိုက်သွားရောက်ကာ ကြံစိုက်နေကြရသော သူ၏သမီး ထွေး၊ ကျွန်ုပ်၏နှမဝမ်းကွဲလှမုန်း တို့မိသားစုကို ရွာအရောက်ပြန် လည်ခေါ်ဆောင်လာရန်ဖြစ်ချေ သည်။ ဦးကြီးတင်ပူပန်မည်ဆိုက ပူထိုက်လှ၏။ လှမုန်း၏လင်သား လူနုံလူအစာရင်းဝင် ကိုရင်ငပြား မှာလည်း မမာမကျန်းဖြစ်နေသည့် အပြင် လှမုန်းထံမှ တယ်လီဖုန်း သတင်းစကားအရ လောက်ကိုင် မြို့ကို ဖုန်ကြားရှင်နှင့်အဖွဲ့မှ ပြန် လည်သိမ်းပိုက်ရန် လူသူလက် နက်များ တစ်စတစ်စစိမ့်ဝင်လာ နေပြီဟုလည်းဆိုပါ၏။
အမျိုးအတွက် အရေးတော် ပုံကြုံလာသည်မို့ အမျိုးကိုချစ် တတ်သောကျွန်ုပ်၏ဂုဏ်ပုဒ်ကို ထုတ်ဖော်ကာ အကူအညီတောင်း ခံလာသည့်ဦးကြီးတင်၏ မေတ္တာ ရပ်ခံချက်ကိုကျွန်ုပ်တွန်းလှန်ရန် အကြောင်းမရှိချေ။ ထို့ကြောင့် ဖူးခက်သို့ပြန်ချင်ဇောကပ်နေသည့် တပည့်ကျော်တို့ကို ဇွတ်အတင်းအပါခေါ်ကာ ရွှေပင်၊ မန္တလေး၊ လားရှိုးမှသည် စစ်ရိပ်စစ်ငွေ့သန်းနေသော လောက်ကိုင်မြို့ထိတိုင် မဟာခရီးရှည်ကြီးကို ရင်ကော့ချီတက်ခဲ့ကြရာမှ လောက်ကိုင်မြို့အနီး အနှီချုံပုတ်အတွင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိနေခဲ့ကြခြင်းဖြစ်လေသည်တမုံ့။
(သုံး)
ကြိုတင်ရရှိထားသော သတင်းများနှင့် ပစ္စက္ခပကတိ အခြေအနေတို့ကို ပေါင်းစပ်လျက် ချုံပုတ်အတွင်းမှနေ၍ ကျွန်ုပ် လေ့လာ သုံးသပ်မိသလောက် ဤတိုက်ပွဲသည် ဖုန်ကြားရှင်ဦး ဆောင်သော ဘိန်းမှောင်ခိုစာရင်း ဝင်သောင်းကျန်းသူတို့နှင့်ထိတွေ့ တိုက်ပွဲဖြစ်ပေလိမ့်မည်။ မြန်မာ့ တပ်မတော်အနေဖြင့် နယ်မြေရှင်းလင်းရေးသဘော ချေမှုန်းနေခြင်းဖြစ်ဟန်ရှိ၏။ ရာဇဝင်ပြောင်လှ သော မြန်မာ့တပ်မတော်ကြီး အနေဖြင့် သင်းတို့လက်တစ်ဆုပ် စာကိုအမြစ်ပါမကျန်တွန်းလှန်ဖြို ဖျက်နိုင်မည်မှာသေချာလှပေ၏။ ကျွန်ုပ်တို့ကား ချုံပုတ်အတွင်းမှာ ပြားပြားဝပ်ရင်း တပ်မတော်၏ ပြောင်မြောက်လှသောလက်သံ ကို နာခံနားစွင့်နေခဲ့ကြ၏။
နာရီအတန်ကြာတွင် သေ နတ်သံတို့စဲလေသဖြင့် ဆြာ တပည့်တစ်သိုက် ယမ်းငွေ့မစဲ သေးသည့် စစ်မြေပြင်ကိုဖြတ် သန်း ခရီးဆက်နေရင်း မြင် မကောင်းရှုမကောင်းပြန့်ကျဲနေ သည့် စစ်သည်ရုပ်အလောင်းတို့ ကိုမကြည့်ချင်မြင်ချင်လျက်သား ဖြစ်နေ၏။ အတုံးအရုံးဖြစ်နေ သော ရုပ်အလောင်းတို့ကိုသေချာ စွာကြည့်မိသည်၏တစ်ခဏတွင် မူ ကျွန်ုပ်၏နှုတ်မှ အလန့်တကြား ရေရွတ်မိသည်အထိ တုန်လှုပ် ခြင်းကြီးစွာဖြစ်ရလေတော့သည်။
‘‘အလိုလေး ကျဆုံးနေတာ ငတို့တပ်မတော်သားတွေပါကလားဟရို့’’
‘‘ဟုတ်တယ်ဆြာဒင်၊ ဒီ ကောင်တွေစနစ်တကျပြင်ဆင် အလစ်ငိုက်ဖမ်းပြီး အကွက်ကျကျ ဝင်ဆော်သွားတာဗျ’’
‘‘ဒီကောင်တွေပေါ့ပေါ့သေး သေးမဟုတ်ဘူး။ တိုက်လေယာဉ် ကိုတောင် အောက်ကနေဒုံးကျည် နဲ့လှမ်းပစ်တာတွေ့လိုက်မိတယ် ဆြာ’’
‘‘မြန်မာ့တပ်မတော်သား တွေအဖြစ်ဆိုးချက်ဆြာရယ်။ ရာဇဝင်ရိုင်းလိုက်တာ’’
လောက်ကိုင်မြို့ဆီသို့ ခရီး ဆက်ရာလမ်းတစ်လျှောက် ကြား သိရသမျှသတင်းစကားတို့အရ ကိုးကန့်တိမ်းရှောင်အဖွဲ့ဝင်တို့ သည် သစ်လွင်သောယူနီဖောင်း များဝတ်ဆင်ထားပြီး အသွင် သဏ္ဌာန်အရ ခရီးဝေးမှလာ ရောက်ခဲ့ဟန်မရှိဘဲ လန်းဆန်း သည့်အနေအထားရှိကြောင်း၊ ၎င်းတို့လှုပ်ရှားရာတွင် လျင်မြန် လွယ်ကူစွာရွှေ့ပြောင်းနိုင်ရေးအတွက် နယ်စပ်ဒေသကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုပြုလုပ်ရန် ဖောက်လုပ်ထားသောလမ်းများ ကိုအသုံးပြု၍ အမျိုးအစားကောင်းမွန်သောယာဉ်ငယ်များဖြင့် ရွှေ့ပြောင်းမှုများဆောင်ရွက်ကြကြောင်း တိုက်ပွဲဖြစ်ပွားရာတွင် ဒုံးပစ်လောင်ချာနှင့် လက်ပစ်ဗုံးအရေအတွက်များပြားစွာ သုံးစွဲနိုင်ပြီး လေယာဉ်ပစ်စက်သေနတ်ကြီးများကိုလည်း အဖွဲ့အားလုံးတွင်ဖြန့်ခွဲအသုံးပြုနိုင်ကြောင်းနှင့် ၎င်းတို့လှုပ်ရှားတိုက်ပွဲဝင်သည့်အနေအထားမှာ စနစ်တကျပြင်ဆင်လေ့ကျင့်ထားသူများ ဖြစ်နိုင်ကြောင်း သိရှိရလေသေးသည်။
အကွက်ဆန်းလှချေ၏။ ရိုးပုံမရချေ။ ကျွန်ုပ်၏မျိုးချစ်စိတ် သည် ငယ်ထိပ်သို့ရုတ်ခြည်း ဆောင့်တက်လာလေသည်။
(လေး)
ကျွန်ုပ်တို့ လောက်ကိုင်မြို့ သို့ရောက်ရှိသည့်အခါ ယင်းမြို့ တွင်အသုံးပြုသည့် တယ်လီဖုန်း များဖြတ်တောက်ထားသည်ဖြစ်၍ နှမကလေးလှမုန်း၏သတင်းအစ အနကိုမရနိုင်တော့ချေ။ လောက် ကိုင်မြို့ကြီးကား တစပြင်ကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်လျက်ရှိ နေ၏။ တီးတိုးအရပ်သတင်းများ အရ ဖြစ်ပွားနေဆဲတိုက်ပွဲများတွင် ကြေးစားစိနစစ်သားအချို့ပါဝင် နေသည့်အပြင် မြန်မာ-တရုတ် နယ်စပ်တွင် တရုတ်စစ်အင်အား နှစ်သောင်းကျော် တိုက်ပွဲဝင်ရန် အသင့်အနေအထားဖြင့်ရှိနေ ကြောင်း သိလာရသည့်အခါ ကျွန်ုပ်သည် လာရင်းကိစ္စကို မေ့လျော့လေပြီတကား။ အမျိုးသားရေးမို့ သွေးအေး၍ဖြင့်မနေသင့်လေပြီ။ ကျွန်ုပ်သည်ခိုင်မာပြတ်သားသောဆုံးဖြတ်ချက်တစ်ခုကို လျင်လျင်မြန်မြန် ပိုင်ပိုင်နိုင်နိုင်ကြီးချလိုက်ရပေတော့သည်။
‘‘ဟကောင်တွေ ဆိုင်းဘုတ် တွေလိုက်ဖတ်ကြစမ်းလေကွာ’’
‘‘တရုတ်လိုချည်းပဲမို့ ဘယ်လိုလုပ်ဖတ်မတုံးဆြာရဲ့။ ဘာများဝယ်ချင်လို့ပါလိမ့်’’
‘‘ဆြာဗိုက်နာရင်ဖြင့် နီးရာ ချုံသာတိုးပေတော့ဆြာ။ ဒီအချိန် မှာရွေးလမ်းမရှိတော့ဘူး’’
‘‘အာ..တကယ့်ငတုံးတွေပါ ကလား။ စစ်သားစုဆောင်းရေး ဌာနဆိုင်းဘုတ်ကိုရှာခိုင်းနေတာ လကွ။ တကတည်းကွာ သောက် စကားများချက်’’
‘‘ဟမ်..ဆြာ့ဥစ္စာအဆန်းပါ ကလား’’
‘‘ဘာဆန်းရမတုံး၊ ဒါဟာ တိုင်းတစ်ပါးရဲ့စနစ်တကျသွေး ထိုးလှုံ့ဆော်မှုနဲ့ အချုပ်အခြာ အာဏာကိုထိပါးစော်ကားလာ တာကွ။ နိုင်ငံသားတိုင်းမှာတာဝန် ရှိသလို ငါတို့မှာလည်းတာဝန်ရှိ တယ်။ ငါတို့ဆြာတပည့်တစ် သိုက် စစ်မှုထမ်းဖို့စာရင်းသွင်းပြီး အမိမြေကိုကာကွယ်ကြစို့ရဲ့’’
ကျွန်ုပ်၏ဇာတိမာန်ထက် သန်လှသောစကားအဆုံးတွင် တပည့်တို့သည် တီကောင်ကို ဆားနှင့်တို့သကဲ့သို့ ဆတ်ခနဲတွန့် သွားကြ၏။
‘‘ဟုတ်တော့ဟုတ်ပါတယ် ဆြာ။ ဒါပေမဲ့ လှမုန်းတို့ကိစ္စ ဘယ်လိုလုပ်ကြမတုံးဆြာ’’
‘‘ခရီးမတ်တတ်၊လမ်းခုလတ်တွင်၊ ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ ၍၊ အားနာခဲ့ကြောင်းပြောကြတာ ပေါ့ကွာ’’
‘‘ဟုတ်ဆြာ ဒါပေသိ’’
‘‘ဟိတ်ကောင်တွေ ဘာမှ ဒါပေသိ လုပ်မနေနဲ့။ အခုလို နိုင်ငံတော်ရဲ့အစိတ်အပိုင်းတစ်ခု ကိုထိပါးနှောင့်ယှက်လာတာဟာ ဖြင့် လုံးဝအလျှော့ပေးသည်းခံလို့ မရဘူးကွ။ ဒူးမထောက်လက် မမြှောက်၊ ဓားကိုဓားချင်း၊ လှံကို လှံချင်းရင်ဆိုင်ပြီး လာမယ့်ဘေးပြေးတွေ့ဖို့ပဲရှိတယ်’’
‘‘ဒီ . . . ဒီ . . .ဒီလိုပါဆြာ’’
‘‘ဒီတွေ ဟိုတွေလုပ်မနေကြ နဲ့။ ကြောက်တတ်ရင် နင်တို့ချည်း နေခဲ့ကြပေရော့’’
‘‘ငတို့ဆြာနဲ့တော့ခက်နေပါ ပြီ။ အခု လောက်ကိုင်ကိုဝင်ပြီး ထင်တိုင်းကြဲနေတဲ့ မောင်တွေ ဟာ တပည့်တို့တပ်မတော်ခေါင်း ဆောင်ကြီးတွေရဲ့ဘော်ဒါအရင်း တွေခင်ဗျ။ ဖုန်ကြားရှင်ကိုသူ ကောင်းပြုအရာသွင်းခဲ့တာလည်း အစဉ်အလာကြီးမားတဲ့ မြန်မာ့ တပ်မတော်ခေါင်းဆောင်ကြီး တွေပဲခင်ဗျ’’
‘‘အင်း . . . ’’
အင်း..သံကျယ်ကြီးဖြင့်ကျွန်ုပ်အငိုက်မိတွေဝေသွားချိန်တွင် တပည့်တို့သည် ဆြာ့အား စက်သေနတ်ပစ်သကဲ့သို့ တရစပ် ဝေဖန်ဆန့်ကျင်စောကြောတိုက် ခိုက်ကြကုန်၏။
(ငါး)
‘‘မဟေနဲ့ဆြာ၊ လောက်ကိုင် ကို ဖုန်ကြားရှင်တိုက်မယ်လို့ သတင်းထွက်နေတာ သုံးလ လောက်ရှိနေပြီတဲ့။ လောက်ကိုင် မြို့တောင်ခြမ်း၊ မြောက်ခြမ်းတွေ မှာ ကြေးစားစစ်သားတွေ၊ လက် နက်ကြီးတွေ တစ်စတစ်စ ခိုးသွင်း နေတာကို ဈေးနေ့လာတဲ့အရပ် သားတွေတောင် ကြိုသိနေကြသတဲ့။ ဆြာ့စစ်တပ်က တရုတ်လုပ်သမျှငြိမ်ခံဖို့ နဂိုကတည်းက ဆုံးဖြတ်ထားပုံရသဗျ’’
‘‘သြော်...သြော်’’
‘‘မသြော်နဲ့ဆြာ။ ဆြာက လောက်ကိုင်ကိစ္စကျမှ မိအေး ဂဏန်းညှပ်သလို ထအော်နေ။မြန်မာတစ်ပြည်လုံးမှာ တရုတ် တွေထင်တိုင်းကြဲနေနိုင်တာကြာ လှပေါ့။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ လုံခြုံရေး အသွင်ယူထားတဲ့ တရုတ်ရဲတွေ ဝင်စွက်နေတာကို ဆြာ့ရဲ့ဦးမျိုး ချစ်တွေ မမြင်ချင်၊ မကြားချင် ယောင်ဆောင်နေကြတာပဲ။ မြန်မာပြည်ကို ခါးလယ်ကဖြတ်ပြီး ဓာတ်ငွေ့ပို့လွှတ်မယ့်ကျောက်ဖြူ ကူမင်းဓာတ်ငွေ့လိုင်းကြီးတောင် လုပ်ငန်းစနေပါပြီဆြာ။ မန္တလေး လည်း တရုတ်မြို့လုံးလုံးဖြစ်၊ မြစ် ဆုံမီးကမငြိမ်းသေးခင် သံလွင်မြစ်ကိုပိတ်ပြီး ရေကာတာဆောက်ကြဦးမတဲ့။ လောက်ကိုင် ကိစ္စလောက်ကို ဟိုဒင်းဥစ္စာအနာလုပ်နေတာဟာဖြင့် သင်္ဘောကြီးတစ်စီးလုံးနစ်နေတာကို ဆန်ဆေး တောင်းနဲ့လိုက်ဆယ်နေသလို ဖြစ်မနေဘူးလားဆြာရယ်’’
တပည့်တို့၏ ထောက်လက် သီးဆင်ခြေများကြောင့် ကျွန်ုပ်၏ အမျိုးချစ်စိတ်သည် ဘယ်ဆီသို့ ရုတ်ခြည်းခိုဝင်ပျောက်ကွယ်သွား လေသည်မသိ။ အာစေးမိသကဲ့သို့ ဖြစ်ကာ ယမ်းငွေ့အူအူလောက် ကိုင်မြို့လယ်ကောင်တွင် ငူငူကြီး သာခြေစုံရပ်နေမိတော့သည်။ ထိုစဉ် လှမုန်းတို့မိသားစုကို ရုတ် တရက်သတိရလာမိပြန်သည်။ တယ်လီဖုန်းလိုင်းများကောင်း လာချိန်တွင် ဆက်သွယ်လာမည့် ‘‘မောင်ကြီး ကျုပ်လှမုန်းပါတော့၊ ကျုပ်တို့ကိုကယ်ပါဦး’’ဟူသော လှမုန်း၏ အသံစာစာကိုကြား ယောင်လာသည်။
လောက်ကိုင်၏မြောက်ဘက်အရပ်ဆီမှ အမြောက်သံတို့ကို ကြိုးကြားစိပ်စိပ် ကြားနေရသည်။ တာရွှေထန်အရပ်တွင် ဆက် လက်ဖြစ်ပွားနေသောတိုက်ပွဲများ ဆီမှဟုဆိုကြပါ၏။ ကျွန်ုပ်၏စိတ် တွင်မူ ယင်းအမြောက်စိန်ပြောင်း သံတို့သည် တစ်ဖက်နိုင်ငံမှ ကျွန်ုပ်တို့ပြည်ထောင်စုကြီးပြိုကွဲစိမ့် သောငှာ ရည်ရွယ်ချက်ရှိရှိ ပစ် ခွင်းတိုက်ခိုက်သည်ဟုသာထင်မိ တော့သည်။ လောက်ကိုင်မြို့ အနောက်ကုန်းဝယ် နေလုံးကွယ် ချိန်နီးလေပြီ။ ကျွန်ုပ်အနေဖြင့် လှမုန်းတို့မိသားစုကို အချိန်မီ ကယ်တင်နိုင်မည့်အရေးမှာ မသေချာလှတော့ချေ။ ။