၂။၀၃။၂၀၁၅နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ။ ။
ကျွန်ုပ်၊ကိုးကန့်စစ်ပွဲနှင့်နေဝန်းနီချစ်သူများ။
(မင်းဒင်)
(တစ်)
နေ့ခင်းကြောင်တောင်၌ပင် တစ္ဆေခြောက်မှာ ကြောက်ရသည့် လောက်ကိုင်တွင် ကျွန်ပ်တို့ သောင်တင်နေခဲ့သည်မှာ ရက် သတ္တတစ်ပတ်ကျော်ခဲ့ပေပြီ။ လမ်းမများပေါ်တွင် ကျီးနှင့် ဖုတ် ဖုတ်ဖြစ်ကာ ခွေးတစ်ကောင်၊ ကြောင်တစ်မြီးကိုမျှ မမြင်ရချေ။ တစ်မြို့လုံးတစပြင်ကဲ့သို့ ငြိမ် သက်ခြောက်ကပ်လျက်ရှိလေ သည်တကား။ လွန်ခဲ့သော ရက် များက ကျွန်ုပ်နှင့် တပည့်ကျော် တစ်သိုက် လောက်ကိုင်စစ်ပွဲ ကြားတွင် ပိတ်မိနေခဲ့သည့် နှမ တစ်ဝမ်းကွဲကလေး လှမုန်းတို့ မိသားစုအား ရှာဖွေလျက် ဇာတိ ရွာအရောက်ပြန်လည်ခေါ်ဆောင် ရန် ကိုးကန့်နယ်သို့ ရောက်ရှိနေခဲ့ ကြသည်ကို စာဖတ်သူတို့ မှတ်မိ ကြလိမ့်မည်ဟု ထင်ပါ၏။
ပြင်းထန်လှသော တိုက်ပွဲနေ့ရက်များအတွင်း ပွင့်လိုက်ပိတ် လိုက်ဖြစ်နေသော ဖုန်းလိုင်းများ ကြားမှပင် နှမကလေးလှမုန်းတို့ မိသားစုကို ကံအားလျော်စွာ ကျွန်ုပ်ပြန်လည်ရှာဖွေနိုင်ခဲ့ပါ၏။ သေမင်း၏ ခံတွင်းဝတွင် မမျှော် လင့်ဘဲ ပြန်လည်ဆုံတွေ့ကြရ သည်မို့ လှမုန်းကား ငိုမဆုံးပြီ။ လှမုန်း၏ လင်သား ငပြားကား ငေါင်စီစီနှင့် ရှိ၏။ ကျွန်ပ်လည်း နှမငယ်၏ သောကပရိဒေ၀ကို တတ်အားသမျှအားပေးနှစ်သိမ့်ရ ချေသည်။
‘‘ညည်းတို့နှယ် မသေ ကောင်း၊ မပျောက်ကောင်း ဒီ လောက်ဝေးဝေးလံလံကြီးမှာလာ ပြီး ရှာဖွေစားသောက်ရတယ်လို့’’
‘‘ရွာမှာက တစ်လလုံးနေပူ စပ်ခါးလုပ်တာတောင် လေး၊ ငါး သောင်းရဖို့လွယ်တာ မဟုတ်ဘူး မောင်ကြီးရဲ့။ ဒီမှာ ကြံခုတ်တာက တစ်စည်းကို တစ်ယွမ်ရတယ် လေ။ လင်ကိုယ်မယား၊ ဒိုးတူ ပေါင်ဖက်လုပ်လိုက်ရင် စားပြီး သောက်ပြီး တစ်လ၊ဆယ်သိန်းကျော် တော့ ကျန်တယ်မောင်ကြီးရဲ့။ ဒါ မှ ယာလေး၊ နွားလေးနဲ့ ရွာမှာ ပြန်နေနိုင်မှာလေ’’
မျက်ရည်မခြောက်သေး သည့် နှမကလေး၏ မျက်နှာကို ကြည့်ရင်း ‘‘ညည်းအမွေရတဲ့ ယာ တွေ၊ မြေတွေဘယ်ရောက်ကုန်ပြီ တုံး လှမုန်းရာ’’ဟူသော မေးခွန်း သည် ကျွန်ုပ်၏ လည်ချောင်းဝ၌ ပင် ရပ်တန့်သွားခဲ့လေ၏။
‘‘အေးပါလေ၊ သည်လိုဆို တော့လည်း ဟုတ်ပြန်ပေတာပဲ။ ဖြစ်သမျှအကြောင်းအကောင်း ပေါ့ လှမုန်းရာ။ ဘာမှအားငယ် မနေနဲ့ ရွာရောက်အောင်သာပြန် ကြစို့။ ညည့်အဖေ ဦးကြီးတင် လည်း စိတ်ပူလှရော့မယ်’’
အဆိုးထဲက အကောင်းဟု ပင် မှတ်ယူကာ ကျွန်ုပ်စိတ်တုံးတုံး ချလိုက်မိချိန်တွင် မမျှော်လင့်ဘဲ တစ်စခန်းထလာကြသူများကား တပည့်ကျော်ဖေကြည်၊ ကပ္ပလီ နှင့် လေမင်းသားတို့ပေတည်း။
‘‘ဒါပြည်ပကျူးကျော်မှု ဆြာ ရဲ့။ တပည့်တို့တော့ ဒီအတိုင်း မျက်နှာလွှဲမနေနိုင်ဘူး’’
‘‘အမျိုးသားရေးရန်စွယ်ကို ခုခံကာကွယ်တွန်းလှန်မှဖြစ်မယ် ဆြာ’’
‘‘အင်အားကြီးတယ်ဆိုပြီး ဒီလိုလူပါးဝတာကိုတော့ မခံနိုင် ဘူး ဆြာ။ ရာဇ၀င်ရိုင်းလိုက်လေ’’
(နှစ်)
အပြောင်းအလဲမြန်လှသော တပည့်ကျော်တို့၏ စိတ်ဓာတ်ကို ကျွန်ုပ်နားမလည်နိုင်သည်ကား အမှန်။
‘‘ဘယ်နှယ့်ဖြစ်ရပြန်တာ တုံး မောင်တို့ရာ။ ဟိုရက်ပိုင်း တွေတုန်းက ကျုပ်ကိုယ်တိုင်စစ် သားစုဆောင်းရေးတပ်ထဲဝင်ပါ တော့မယ်ဆိုတုန်းက တောင် ပြော၊ မြောက်ပြော ကတ်ဖဲ့တိုက်ခဲ့ကြတာ မေ့များနေကြလေရော့ သလား’’
လေပြည်အေးဖြင့် ကျွန်ုပ်ချွေးသိပ်သော်ငြား တပည့်ကျော်ကပ္ပလီမှာ ဇာတိမာန်ဇောင်းကြွ လျက်ရှိ၏။
‘‘ဒါကတော့ ဒီလိုရှိပါတယ် ဆြာ။ ဒီစစ်ပွဲမှာ မြန်မာစစ်သည် တွေ အတုံးအရုံးကျဆုံးကုန် အောင် ဘိန်းဓားပြတွေဘက်က တရုတ်ကြေးစား စစ်သားတွေခေါ် သုံးပြီး အကွက်ကျကျဝင်တိုက်နေ တာလေ။ ဓားကို ဓားချင်း၊ လှံကို လှံချင်းရင်ဆိုင်မှဖြစ်မှာပေါ့ ဆြာ’’
အမြဲလိုလိုကုပ်ချောင်းချောင်းနေလေ့ရှိသော ဖေကြည်ငယ်သည်လည်း အမျိုးချစ်စိတ်၌ ခေသူမဟုတ်ကြောင်း သူ့စကား အသွားအလာအရ ခန့်မှန်းနိုင်လေ၏။
‘‘ဟုတ်တယ် ဆြာ။ ဒုတိယ ဗိုလ်ချုပ်ကြီးမြထွန်းဦးကိုယ်တိုင်သတင်းစာ ရှင်းလင်းပွဲမှာ အ ထောက်အထားအပြည့်အစုံနဲ့ ဗြောင်ချရှင်းလိုက်ပြီလေ။ အမျိုး ကို ထိလာတာမို့ တပည့်တော့ မချိအောင် နာတယ်ဆြာရယ်’’
လေမင်းသားသည်ကား သူ ၏ အမျိုးသားရေးဇာတိမာန်ကို သူ့နည်းသူ့ဟန်ဖြင့် အထင်အရှား ပြရန် ဆုံးဖြတ်၏။
‘‘ဆြာ့တပည့်ရဲ့ ဖေ့စ်ဘွတ်ခ် ပရိုဖိုင်းကိုတောင် တိုက်ပွဲဝင်စစ် ဌာနချုပ်ရဲ့ နေ၀န်းနီတံဆိပ် အမှတ်အသားပြောင်းတင်လိုက် ပြီ ဆြာ’’
တပည့်ကျော်တို့၏ တုံ့ပြန် စကားတို့မှာ စစ်သူကြီးမဟာဗန္ဓု လကပင် တစ်ဖန်ပြန်၍ အလေးပြု ရလောက်အောင် စွေးစွေးနီသည့် သတ္တိသွေးကို ဖော်ပြလျက်ရှိကုန် ၏။
ဤသို့လျှင် လောက်ကိုင်မြို့ ၏ တစ်ခုသော တရုတ်ဘုံကျောင်း အတွင်း ကျွန်ုပ်နှင့်အတူ အသက် ပင် ရဲရဲမရှူရဲလောက်အောင် ကုပ် ချောင်းချောင်းပုန်းအောင်းနေရ သည့် တပည့်ကျော်တို့မှာ လက် ကိုင်ဖုန်းကိုယ်စီပွတ်လျက် ဖေ့စ် ဘွတ်ခ်တက်ကြရင်း အမျိုးသား ရေး ဇာတိမာန်ကို မိုးယံသို့တိုင် လွှင့်ထူလျက်ရှိကြလေ၏။
ကျွန်ုပ်မူကား လှမုန်းတို့ လင်မယား၊ လူမမည်ကလေးငါး ယောက်နှင့် ကျွန်ုပ်တို့ ဆြာတပည့် လေးဦး၊ စုစုပေါင်းတစ်ကျိပ်ကျော်၏ နံနက်စာ၊ ညစာအလျဉ်မီရေး အတွက်လည်းကောင်း၊ လောက် ကိုင်မှ အောင်မြင်စွာ ဆုတ်ခွာနိုင် ရေးအတွက်လည်းကောင်း ပူပန် နေရလေသဖြင့် ယင်းတို့ကဲ့သို့ တိုင်းပြည်နှင့် လူမျိုးကို မချစ်နိုင် အားလေရာ ဆက်လက်၍ ဖက် ပြိုင်ငြင်းခုံခြင်းမပြုတော့ဘဲ ခပ် မဆိတ် အသံတိတ်သာနေခဲ့ရချေသည်တမုံ့။
(သုံး)
ကျွန်ပ်တို့ ပုန်းအောင်းနေ သည့်နေရာမှ အသာချောင်း၍ ကြည့်လတ်သော် ပိတ်ထားသော ဈေးဆိုင်တစ်ခု၏ တံခါးရှေ့တွင် ဆံပင်စုတ်ဖွားနှင့် စိတ်မနှံ့သူ ဘိန်းစားတစ်ယောက်ကို လှမ်းမြင်နေရ၏။ ရံဖန်ရံခါကြားနေရသော အဝေးဆီမှ သေနတ်သံတဒိုင်း ဒိုင်းတဒက်ဒက်ကို သူဂရုထားမိ ဟန်မတူ။ စိတ်အေးလက်အေး အမူအရာဖြင့် လောကကမ္ဘာကြီးကို မေ့လျော့နေဟန်ရှိလေသည်။ သေနတ်သံတို့ကား ဖုန်းချွေးထန်း၊ ကုန်းကြမ်းနှင့် ညံခွမ်းတစ်ဝိုက်တွင် အဆက်မပြတ်ဖြစ်ပွားနေ သော တိုက်ပွဲများဆီမှဟုဆိုကြပါ ၏။
ကျွန်ုပ်ကားလှမုန်းတို့ မိသား စုအား ဇာတိရွာအရောက်ပြန်ပို့ နိုင်ရေးကိုသာ စိတ်ဇောကပ်နေမိ သောကြောင့် လမ်းခရီးအခြေအ နေကို လက်လှမ်းမီသမျှ စုံစမ်း မေးမြန်းရပေရာ ကြက်ခြေနီ အလံလွှင့်ထူထားသော စစ်ရှောင်ဒုက္ခ သည်ကားများပါ ပစ်ခတ်ခံရသည့် သတင်းများလည်း တောမီးပမာ ပျံ့နှံ့လျက်ရှိ၏။ နှစ်ဖက်အပြန် အလှန်စွပ်စွဲနေကြသည်ဖြစ်၍ မည်သည့်ဘက်က ပစ်သည်ကို ကား တိကျစွာ မဝေခွဲနိုင်ချေ။ ထို မှောင်လွန်းသော ရက်များတွင် လှမုန်း၏ လင်သား၊ ယောက်ဖ တော် ငပြားနှင့် စကားပြောဖြစ် သည်လည်းရှိ၏။
‘‘နေပါဦး ကိုရင်ငပြားရ ဒီ ဘက်ရောက်နေကြတာ ငတို့ နတ် မောက်သားတွေ အတော်များ သလား’’
‘‘ဟာ... နတ်မောက်တင် ဘယ်ကပါမတုံး နောင်ကြီးရာ။ ပျော်ဘွယ်၊ အောင်လံ၊ သာစည်၊ ရမည်းသင်းတွေဘက်ကပါ ပါသေးသဗျ’’
‘‘အင်း၊ လူစုံနယ်စုံပါကလား ငပြားရာ’’
‘‘များဆို ကွမ်းလုံကနေ ထွက်ပြီဆိုကတည်း လမ်းတောက် လျှောက် မြေပြန့်၊ ချိုင့်ဝှမ်းတောင် စောင်း၊ နေရာတိုင်းမှာ ကြံခင်း တွေချည်းပဲလေ’’
‘‘သြော်...ဒီဘက်က တိုင်း ရင်းသားတွေလည်း စိုက်ပျိုးရေး ဘက်မှာ အတော်အားစိုက်နိုင်ကြ သကိုး’’
‘‘ဟုတ်သေးဘူး နောင်ကြီး ရ။ ဒီဘက်က ကြံစိုက်ခင်းပိုင်ရှင် မှန်သမျှ ယူနန်ဘက်က တရုတ် တွေချည်းပဲခင်ဗျ’’
‘‘သဟာဖြင့် တို့နယ်ဘက်မှာ ကော ကြံမစိုက်ကြဘူးလားလ ကွဲ့’’
‘‘စိုက်ခဲ့ပါသော်ကောဗျာ။ ဒါပေသိ နောက်ပိုင်းမှာ တပ်မြေ ဆိုပြီး သိမ်းကုန်ကြလို့ နွားစား ကျက်တောင် အနိုင်နိုင်’’
စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ် မိသော်ငြား တပ်ပိုင်မြေဟူသည် တစ်လက်မမျှ ကျူးကျော်၍ မရစ ကောင်းလေသည်မို့ ကျွန်ုပ်အဖို့ သက်ပြင်းရှည်ကြီးချရုံမှ အခြား မရှိလေ။ တပည့်ကျော်တို့ကား ဇာတိမာန်စိတ်အထွတ်အထိပ်သို့ တက်ကောင်းတိုင်းတက်နေကြ ဆဲဖြစ်လေသည်။
(လေး)
‘‘ဗျို့ ဆြာ၊ ဘောပင်နဲ့ စာ ရွက်ဖြူလေးရှိရင် မျှပါဦးဗျ။ ဓာတ်ရှင်မင်းသား၊ မင်းသမီးတွေလို လောက်ကိုင်ကျူးကျော်စစ်ကို ထောက်ခံတဲ့အနေနဲ့ ဂုဏ်ပြုစာ လေးရေးပို့ချင်လို့ပါ’’
‘‘တွေ့သမျှ လူမည်းမည်းမြင် ရာစွတ်ပစ်နေကြတာ။ မောင်ရင် ကိုယ်တိုင်သွားပို့ရင်ဖြင့် လမ်းမှာ တင်နင်မာလကီးယားသွားမှာပေါ့ မောင်ကပ္ပလီရယ်’’
‘‘ဖေ့စ်ဘွတ်ခ်ပေါ်တင်မှာပါ ဆြာရဲ့’’
လူကြောက်စာရင်းဝင် ဖေ ကြည်သည်လည်း ဤအရေးတွင် ဖြင့် သွေးနီလှချေ၏။
‘‘အမေရိကန်လေတပ်က နောက်ဆုံးပေါ်တိုက်လေယာဉ် တွေ မြန်မာ့တပ်မတော်ကို ထောက်ပံ့တော့မတဲ့။ ကိုးကန့် တွေကို တိုက်ဖို့ လားရှိုးမှာ ပင်မ လေတပ်အခြေစိုက်စခန်းဖွင့်မှာ တဲ့ ခင်ဗျ။ တပည့်တော့ ဖူးခက် ကို မပြန်တော့ဘဲ လေသူရဲအဖြစ် နဲ့ တိုင်းပြည်ရန်စွယ်ကို ကာကွယ် တော့မယ် ဆြာ’’
‘‘အလိုလေး၊ ထော်လာဂျီ တောင်ဖြောင့်အောင် မမောင်း တတ်တဲ့ နင်က လေယာဉ်ပျံ ဒရိုင် ဘာလုပ်ဦးမတဲ့လား ငဖေကြည် ရယ်။ မြန်မာစစ်တပ်က ကမ္ဘာပေါ် မှာ စစ်ဘက်ဆိုင်ရာ စွမ်းအားမြင့် ပြီး စစ်သည်အင်အားတောင့် တင်းတဲ့ တပ်ကြီးပါကွယ်။ နင်ဝင် ပါဖို့ မလိုလောက်သေးပါဘူးလေ။
ရှေ့လူနှစ်ယောက်ကို ကျွန်ုပ်ဖျောင်းဖျနေဆဲမှာပင် နောက် ကွယ်မှ လေမင်းသားသည်လည်း သခွတ်ပင်က မီးတကျည်ကျည် တစ်စင်ထောင်ပြန်လေပြီ။
‘‘တရုတ်တွေ မြှောက်ပေး တာကြောင့် ‘၀’၊ ကချင်၊ မိုင်းလား၊ရှမ်း၊ ပလောင်တွေပါအကုန်ဝင် တိုက်နေပြီတဲ့ ဆြာ။ ဒါဟာ ပြည်ထောင်စုကြီးပြိုကွဲမယ့်အရေးခင်ဗျ။သွေးအေးနေလို့ မဖြစ်ဘူးလေ’’
‘‘ခက်ပါ့ ငါ့လူရာ၊ တခြား တိုင်းရင်းသားအဖွဲ့တွေလည်း သူ တို့မပါကြောင်း ငြင်းဆိုနေကြ တယ်လေကွယ်။ အင်အားတစ် ထောင်ကျော်လောက်ကိုတောင် မျက်ကလဲ ဆန်ပျာတိုက်နေကြရ တာ။ မောင်ပြောသလို တကယ် တမ်းမဟာမိတ်ဖွဲ့တိုက်ကြတယ် ဆိုရင်ဖြင့် တွေးတောင် မတွေးဝံ့ ပါဘူး မောင်’’
မည်သို့ပင် လေပြည်ထိုးစေ ကာမူ တပည့်ကျော်တို့ကား ကျွန်ုပ်၏ ရွှေပြည်အေးတရားကို စိုးစဉ်းမျှ နားဝင်ကြဟန်မတူဘဲ ဖေ့စ်ဘွတ်ခ်စာမျက်နှာတို့တွင် နေ၀န်းနီပရိုဖိုင်ကိုယ်စီနှင့် တိုက်ပွဲဝင်စစ်သည်တော်များအဖြစ် စိတ်ကူးဖဲရိုက်နေကြလေတော့သည်။
(ငါး)
နောက်ဆုံးတွင်မူ လောက် ကိုင်မြို့နှင့် ၂၅ မိုင်ခန့်ဝေးသော လူဦးရေငါးသောင်းခန့်နေထိုင် သည့် ကွမ်းလုံမြို့ကို ကိုးကန့် ဘက်မှ ပစ်ခတ်တိုက်ခိုက်တော့ မည့် သတင်းများ ထွက်ပေါ်လာခဲ့ ရာ ကျွန်ုပ်သည်လည်း ဖြစ်သည့် နည်းနှင့် လောက်ကိုင်ကို စွန့်ခွာ ရန် ဆုံးဖြတ်ရလေတော့သည်။
‘‘ကဲ၊ တိုက်ပွဲထဲမှာ ကြား ညပ်ပြီး အသေခံမယ့်အစား ဖြစ်တဲ့ နည်းနဲ့ ပြန်ကြစို့ရဲ့။ အထုပ်အပိုးသာ ပြင်ကြပေတော့ကွယ်တို့’’
‘‘တပည့်တို့ လောက်ကိုင်မှာ ပဲ နေရစ်ခဲ့ပြီး ကျူးကျော်စစ်ကို တားဆီးတော့မယ် ဆြာ’’
ကျွန်ုပ်၏ စကားသံအဆုံး တွင် ထွက်ပေါ်လာသော တပည့် ကျော်သုံးဦး၏ မထင်မှတ်သော နှုတ်ထွက်စကားကြောင့် ကျွန်ုပ် ခေါင်းနားပန်းကြီးသည်အထိ အံ့ သြထိတ်လန့်တုန်လှုပ်ခြင်းကြီးစွာ ဖြစ်ရချေသည်။
‘‘ဟ၊ လောက်ကိုင်မှာ နင်တို့ နေခဲ့တော့ ဒီကလေးတစ်ပြုံတစ်မ ကြီးနဲ့ ဒီလောက်အန္တရာယ်များလှ တဲ့ အပြန်ခရီးကို ဘယ်လိုလုပ် ခရီးနှင်ရပါမတုံး။ မောင်တို့ စိတ်အားထက်သန်လှတယ်ဆိုရင် လည်း လားရှိုးအထိတော့ လိုက်ခဲ့ ကြပါဦးလဟ’’
‘‘ဆြာ့တပည့်တွေ ဘူးဆိုရင် ဖရုံမသီးတာ ဆြာသိပါတယ် ဆြာ ရယ်’’
အပျက်အပျက်နှင့် နှာခေါင်း သွေးထွက်ရတော့မည်မို့ သင်းတို့ အား ပိုင်ပိုင်နိုင်နိုင်တရားချဖြေ သိမ့်နိုင်ရန် နည်းလမ်းကောင်းကို ဦးခေါင်းမှ မီးပွင့်ထွက်မတတ်ကြံ ဆရလေတော့သည်။
‘‘သမ္မတရုံးဝန်ကြီးကိုယ်တိုင် တရုတ်လက်ချက်မဟုတ်ပါဘူး လို့ အတိအလင်းပြောလိုက်ပြီကွ။ တပည့်တို့ရ။ တရုတ်နိုင်ငံက လည်း သူတို့မြေပေါ်မှာ ကိုးကန့် တပ်ဖွဲ့တွေကို ခြေချခွင့်မပေးပါ ဘူးလို့ အာမခံပါသကွာ’’
တပည့်ကျော်တို့မှာ အတန် ငယ်တွေဝေသွားကြသော်ငြား နောက်ဆုတ်မည့်ဟန်မပြသည့် တွင် ကျွန်ုပ်လည်း နောက်ဆုံး လက်နက်ကို ထုတ်သုံးလိုက်ရ လေသည်။
‘‘ဒါနဲ့ မောင်တို့ကို သတင်း ထူးတစ်ခုပြောရဦးမယ်။ သမ၀ါယမ၀န်ကြီးဌာနကို တရုတ်ပို့ကုန် သွင်းကုန်ဘဏ်ကနေ အမေရိ ကန်ဒေါ်လာသန်းသုံးရာတိတိကြီး များတောင် ထပ်ပြီး ထုတ်ချေး လိုက်ပြီလကွဲ့။ သည်အချက်ကို ကြည့်ရင် ကိုးကန့်စစ်ပွဲဟာ ကျူး ကျော်စစ်ပွဲပါလို့ မောင်တို့ ဘယ် လိုဆိုဆို ငတို့အစိုးရမင်းများနဲ့ တရုတ်အစိုးရတို့ဟာ ဆွေမျိုး ပေါက်ဖော်မိတ်ဝတ်အစဉ်အလာ မပျက်ချစ်ခင်နေကြဆဲပဲဆိုတာ ထင်ရှားနေတယ်လေ’’
ကျွန်ုပ်၏ ပွဲသိမ်းဝိုက်လက် သီးသည် တပည့်ကျော်တို့၏ ရင်ဝသို့ ဒိုင်းခနဲနေအောင် ချက် ကောင်းထိသွားခဲ့လေပြီ။ တပည့် ကျော်တို့၏ မျက်နှာထားမှာ ပါး ချပ်ကြိုးအား တုံ့ခနဲအဆွဲခံ လိုက်ရသည့် မြင်းကိုပင် သတိရ စရာကောင်းပါ၏။ ဘိန်းကျွေး ထားသည့် လင်းတ၏ မျက်နှာထားသို့ ချက်ချင်းပြောင်းလဲသွားလေ တော့သည်။
‘‘ဟုတ်လို့လား ဆြာရယ်’’
‘‘သြော် ဟုတ်သမှ ဟုတ် ဟုတ်၊ ဟုတ်ဟုတ်နဲ့တောင်နေ သေးသဗျာ။ ပြည်ထောင်စုလွှတ် တော်ကနေ ထောက်ခံမဲလေးရာ ကျော်နဲ့ တစ်ခဲနက်အတည်ပြု လိုက်ကြတာ သေချာသဗျ’’
တပည့်တို့ကား လည်လိမ်ခံ ရသော တိုက်ကြက်ပေါက်စများ ကဲ့သို့ ဦးခေါင်းငိုက်စိုက်ဖြင့် ပတ် တောပိတ်ကာ နှုတ်ဆိတ်ကုန်ကြ ၏။ ဤစာကို ရေးနေချိန်၌ ကျွန်ုပ် တို့အဖွဲ့သည် ကွမ်းလုံနှင့် လားရှိုး အကြား တောလမ်းတစ်နေရာသို့ ရောက်ရှိနေပြီဖြစ်ပါ၏။ လက် ရင်းတပည့်များနှင့် မကွဲမကွာ ခရီးနှင်နေကြရသည်မို့ ကျွန်ုပ် ကား သောင်ပြင်တွင် လွတ်၍ အထီးကျန်မည့်အရေးမှ ကင်းဝေး ခဲ့လေပြီ။ ပေါက်ဖော်ကြီး၏ မဟာကရုဏာတော်နှင့် သမ၀ါမယ၀န် ကြီး၏ ကျေးဇူးတရားကားကြီးမား လှချေသည်တကား။
တရုတ်ဘဏ်များမှ သမ၀ါမ ၀န်ကြီးဌာနသို့ ထုတ်ချေးခဲ့လေ သော ငွေတို့မှာ သွားလေသူ၊ ကျန်နေသူ စစ်ဗိုလ်ချုပ်ကြီးများ အပ်နှံထားသည့် ငွေများဖြစ်နိုင် ကောင်းသည်ကိုလည်း ကျွန်ုပ် တွေးမိပါ၏။ မည်သို့ပင်ဆိုစေကာ မူ သမချေးငွေများဖြင့် မြေယာမဲ့ လှမုန်းတို့ လူတန်းစား ကောင်းစားတော့မည့်အရေးကိုသာ ဇောင်း ပေး၍ တွေးရင်း ကျွန်ုပ်၏ စိတ်ကို ဖြေသိမ့်ရချေတော့သည်တကား။