Quantcast
Channel: .
Viewing all articles
Browse latest Browse all 346

သစ်သားယောက်မတစ်ချောင်းကြောင့် မိုးဥတုဖြစ်သွားသော ကျွန်ုပ်၏ပါးပြင်

$
0
0
 
၂၄ဇွန် ၂၀၁၆နေ့ထုတ် စောင့်ကြည့်အပတ်စဉ်ဂျာနယ်မှ။ ။

သစ်သားယောက်မတစ်ချောင်းကြောင့် မိုးဥတုဖြစ်သွားသော ကျွန်ုပ်၏ပါးပြင်

မင်းဒင်

(တစ်)
“ဖတ်၊ ဖတ်၊ ဖတ်”

“ဘတ်၊ ဘတ်၊ ဘတ်”

“ဘုတ်၊ ဘုတ်၊ ဘုတ်”

တဖတ်ဖတ်၊ တဘတ်ဘတ်၊ တဘုတ်ဘုတ် အသံတို့ကြောင့် ကျွန်ုပ် အိပ်ရာမှလန့်နိုးလာရ၏။ ပြတင်းပေါက်မှ တစ်ဆင့် ကျွန်ုပ်၏တင်ပါးပေါ်သို့ ထိုးကျလာနေသော နေရောင်ကြောင့် မိုးစင်စင်လင်းနေကြောင်း ကျွန်ုပ်သိလိုက်ပေပြီ။ ခုတင်ဘေးတွင် ပုံကျနေသော ဦးဂျမ်းတံဆိပ်လုံချည်ကို ကောက်စွပ်လိုက်ရင်း အသံလာရာ အောက်ထပ်ဆီသို့ ကျွန်ုပ်ဆင်းခဲ့၏။

ကျွန်ုပ်၏နေအိမ်သည် ဈေးဆိုင်ငယ်နှင့် တွဲလျက်ဖွင့်ထားသည်ဖြစ်ရာ အောက်ထပ်တွင် ကုန်ပစ္စည်းများ အစီအရီတင်ထားသည့်စင်များ ရှိကြ၏။ ဆိုခဲ့သောအသံသည် ထိုစင်များဆီမှ ထွက်ပေါ်လာနေခြင်း ဖြစ်လေသည်။ အောက်ဆုံးလှေကားထစ်ဆီမှ လှမ်း၍ကြည့်လိုက်သည်တွင် အသံဖန်တီးရှင်များကား ကျွန်ုပ်၏ လက်စွဲတော် တပည့်ကျော်များ ပေတည်း။ မြင်ကွင်းကား ထူးဆန်းလှချေသည်။ ဒင်းတို့သုံးယောက်သား စင်အသီးသီးပေါ်ရှိ ပစ္စည်းမျိုးစုံကို ပလတ်စတစ် ယောက်မတချောင်းဖြင့် တလှည့်စီ ရိုက်နေကြလေသည်တကား။

စင်များပေါ်ရှိပစ္စည်းတို့ကား မြန်မာပြည်မှလာသော ထွက်ကုန်မျိုးစုံဖြစ်၏။ ကိုးပါးဆေးအထုပ်တို့ကို ရိုက်လေသော် ဖတ်၊ ဖတ်ဟုအသံမည်၏။ ယုဇနလက်ဖက်ချဉ်ကို ရိုက်လတ်သော်..၊ ဘတ်၊ ဘတ်၊ ဘတ် အသံထွက်၏။ ရွှေပြည်နန်း သနပ်ခါးဘူးတို့ကို ရိုက်ခတ်သော် ဘုတ်၊ ဘုတ်၊ ဘုတ်ဟူသော မည်သံပေါ်ထွက်၏။ အံ့သြဖွယ်ပါတကား။ နံနက်စော စောတွင် တပည့်ကျော်များအနေဖြင့် အဘယ်မည်သော အကြောင်းကြောင့် ဤသို့ပြုမူလေသနည်း။

“ဟကောင်တွေ၊ မင်းရို့လုပ်နေပုံ ဆန်းလှချည်ရဲ့။ ဖုန်ခါတယ်ဆိုရင်ဖြင့် ကြက်မွေးလေးနဲ့ဆို ပိုပြီးအဆင်မပြေဘူးလား မောင်တို့ရာ။ တီးဝိုင်းထောင်ဖို့အတွက် ဒရမ်မာတွေဖြစ်အောင် ကြိုးစားနေကြတာများလား”

ကျွန်ုပ် အရေးတယူ မေးမြန်းလိုက်သော်ငြား ကျွန်ုပ်၏မေးခွန်းကို စိတ်ဝင်စားဟန်မပြသည့် တပည့်ကျော်တို့သည် လုပ်လက်စအလုပ်ဖြစ်သော ပလတ်စတစ် ယောက်မတစ်ချောင်းဖြင့်သာ အလုပ်ရှုပ်မြဲ ရှုပ်နေခဲ့ပြီး အတန်ကြာမှ ဖေကြည်တစ်ယောက် ကျွန်ုပ်ကိုကျောခိုင်းလျက် ပြန်ကြားလာချေသည်။

“ဈေးရောင်းကောင်းချင်ရင် ဆိုင်ပေါ်မှာခင်းကျင်းထားတဲ့ ပစ္စည်းတွေကို ယောက်မနဲ့ရိုက်ရတယ်လေ။ ဆြာကြီးလုပ်နေပြီး ဒါလောက်လေးတောင် မသိတာအံ့ပါရဲ့”

“ညတ်ချွာဖျား”

အဆန်းကြီးမက ဆန်းလှချေသောကြောင့် ကျွန်ုပ်၏နှုတ်မှနေ၍ ကာတွန်းမောင်လွင်၏ ဇာတ်ကောင် ငထက်ဖြား သုံးနေကျ အာမေဋိတ်သံ တစ်ခွန်း ကျယ်လောင်စွာ ထွက်ပေါ်သွားခဲ့လေသည်။ အမှန်စင်စစ် ဘာသာတရား၊ ယုံကြည်စွဲလမ်းမှု အစရှိသည်တို့တွင် လူတိုင်းလိုလို အနေဖြင့် မှန်သည်မှားသည်ကို အပင်ပန်းခံ မဆန်းစစ်လိုတော့ဘဲ ရိုးရာဓလေ့ဟောင်းများနှင့်သာ မွေ့ပျော် သာယာနေတတ်ကြသည်မှာ လူ့ဓမ္မတာပင် ဖြစ်သည်ကို ကျွန်ုပ်ကောင်းကောင်းကြီး နားလည် သဘောပေါက်ပါ၏။

(နှစ်)
“ငါ့တပည့်တွေလို့ မပြောရဘူး။ ရူးချက်ကတော့ ကမ်းကုန်ပါ့ကွာ”

ငေါက်သံစွက်သော ကျွန်ုပ်၏ ပြစ်တင်မောင်းမဲစကားကို လေအေးဖြင့် တုံ့ပြန်သူကား ကပ္ပလီပေတည်း။

“မသိရင် အသာငြိမ်နေတာ အကောင်းဆုံးပဲဆြာ။ အလွန်နက်နဲသိမ်မွေ့ပြီး ဆြာ့အသိဥာဏ်နဲ့ လက်လှမ်းမမီတဲ့ လောကီပညာရပ်တွေ အများကြီးရှိတယ်ဆြာရဲ့။ ဥပမာ- ကျောက်စရစ်ခဲ ကိုးလုံးကို အစိမ်းရောင် ဖန်ပုလင်းတလုံးမှာထည့်၊ နှင်းဆီပန်းအနီတစ်ပွင့် ထိုးလိုက်ရင် ဈေးရောင်းကောင်းတာ၊ လာဘ်ပွင့်တာ ဆြာမှမသိပဲကိုး။ မသေမချင်း မှတ်ထားပေတော့။ အဲဒီနည်းကို ဧကံသဗျာကရဏလို့ ခေါ်တယ်ဆြာရဲ့”

“ဟုတ်ပါပြီ မောင်ကပ္ပလီရယ်၊ သို့ပေတိ၊ မောင်တို့လို ခေတ်လူငယ်တွေအနေနဲ့ သိပ္ပံနည်းကျ မဆန်းစစ်ဘဲ ယုတ္တိသဘောမျှလောက်နဲ့သာ ဒါတွေကို တယူသန် ယုံကြည်လက်ခံနေမယ် ဆိုရင်ဖြင့်..၊ ဖြင့်….၊ ဖြင့်”

ကမ္ဘာကျော် ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုက်တိုင်စန်၏လက်သီးနှင့် ပမာတူစွာ နွားရိုင်းဝှေ့လိုက်သကဲ့သို့ ပြင်းထန်သော ကပ္ပလီ၏ ဆင်ခြေလက်သီး ထိုးနှက်ချက်ကို ကာကွယ်ရန် ကျွန်ုပ်အစွမ်းကုန် ကြိုးစားခဲ့ပါ၏။ သို့သော် ကျန်တပည့်နှစ်ဦး၏ ထောက်ခံချေပချက် ထောက်လက်သီးများက မိုးသီးများပမာ ကျွန်ုပ်၏ အရှိုက်တည့်တည့်ကို ထိုးနှက်လေသောကြောင့် ကျွန်ုပ်၏စကားကို အဆုံးမသတ်နိုင်ခဲ့ချေ။

“ဒီပညာရပ်တွေက မယုံလို့ မရဘူးလေ။ နိုင်ငံကျော် ဂမ္ဘီရဆရာကြီး မင်းသိင်္ခရဲ့ တပည့် ဆရာမင်းသိမ်းခိုင်တို့ဆို ဒီပညာနဲ့လုပ်စား ..အဲ ကြီးပွားနေတာ ကြာကြာလှပေါ့။ စိတ်ပညာ သဘောတရားအရ ယုံကြည်မှုဟာ စွမ်းအင်ပဲဗျ။ နေရာတကာမှာ ငါသိငါတတ် ဆြာကြီးမလုပ်စမ်းပါနဲ့ဗျာ”

“အင်း..၊ လစ်တယ်နောလိပ်အစ် ဘာဆိုလား။ မပြည့်စုံတဲ့ အသိဟာ အန္တရာယ်များသတဲ့။ ကြက်ပေါ်ကို ကင်းကျော်ရင် ကြက်သေသတဲ့ဆြာ။ ဒါကြောင့် ကက်ကင်းရိုက်တယ်ဆိုတဲ့ လောကီပညာနည်းတွေ ခေတ်မတိမ်တာပေါ့။ ဒီလိုလေးနက်တဲ့ သဘောတရားတွေကို ဆြာလို ဥာဏ်တစ်ဖက်ကန်းနေတဲ့သူက ဘယ်သိပါ့မလဲ။ ကဲ..၊ ခုပဲကြည့်လေ။ ခုတလော ဆြာ့ဆိုင်မှာ ရောင်းအားတက်နေတာ ဒီပညာရဲ့အစွမ်း၊ တပည့်တွေရဲ့ ဥာဏ်ပညာအစွမ်းကြောင့်ပေါ့”

(သုံး)
စစ်စစ် ယခုရက်ပိုင်းများတွင် နယ်စပ်ရနောင်းမြို့မှသည် ဖူးခက်သို့ ကုန်ပစ္စည်းတင်ပို့ရာ လမ်းကြောင်းတစ်လျှောက် စစ်တပ်ဂိတ်များက အဖမ်းအဆီး ထူပြောနေချိန်တွင် စစ်တပ်ကိုပါ ပိုင်အောင် ပေါင်းသင်းဝင်ထွက်နိုင်သော ကျွန်ုပ်၏စွမ်းပကားကို မဖြစ်မနေ ထည့်သွင်းတွက်ချက်သင့်ပါ၏။ သို့သော်..။ လေမင်းသား၏ ထောက်လက်သီးက ကျွန်ုပ်၏ဒူးအစုံကို ကြိုးဝိုင်းကြမ်းပြင်နှင့် မိတ်ဆက်စေခဲ့သည်။

“ဆြာ့အနေနဲ့ ယုံတာမယုံတာ အပထား။ အခုလို ယောက်မလေးနဲ့ လိုက်ရိုက်ရတာ ဘာများ အပန်းကြီးသတုံးဆြာရယ်။ မှန်နေရင် ကိုယ့်အတွက်ချည်းပေါ့”

“ဟာ၊ ဟုတ်ပ င့ါတပည့်တို့ရာ။ မောင်တို့ပြောတာ အမှန်ပဲလဟ။ ဒီကိစ္စဟာ ဘာမှအပန်းကြီးတာမှ မဟုတ်တာ။ ရိုက်သင့်တာပေါ့။ နေ့တိုင်းရိုက်ရမယ်။ နာနာရိုက်ရမယ်။ တပည့်တို့ မရိုက်နိုင်ရင် ဆြာကိုယ်တိုင် ဝင်ရိုက်ပေးမယ်။ ကဲ၊ ကဲ၊ မနားတမ်း ဆက်ရိုက်ကြပါ မောင်တို့ရာ”

“အင်း..၊ ဒီလိုဆိုတော့ တို့ဆြာဟာ ထင်သလောက် ဒုံးမဝေးဘူးပဲ။ ဒါပေသိ တစ်ခုတော့ရှိတယ်ဆြာ။ အခု တပည့်တို့ ရိုက်နေတဲ့ ယောက်မဟာ ထမင်းပေါင်းအိုးထဲမှာ ပါလာတဲ့ ပလတ်စတစ် ယောက်မလေးနဲ့ ရိုက်နေတာမို့ တကယ်လို့များ အော်ရီဂျင်နယ် သစ်သားယောက်မနဲ့ ရိုက်နိုင်မယ်ဆိုရင်ဖြင့် အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကား ဆိုသလို ဆြာ့ဆိုင်မှာ ရောင်းအားတွေ တစ်ဟုန်ထိုးတက်ပြီး ဈေးဝယ်ဖောက်သည်တွေ ဝင်လာမစဲ တသဲသဲ ဖြစ်လာမှာ သေချာတယ်ဆြာ”

လူဆိုသည့်သတ္တဝါကား သူသူငါငါ လောဘသားချည်း မဟုတ်ပေလော။ ကျွန်ုပ်ကိုယ်တိုင် ဟုတ်လိုဟုတ်ငြား အတွေးပွားမိသည်ကိုလည်း ရိုးသားစွာဝန်ခံလိုပါ၏။ လစဉ်ရောင်းရငွေ ထိုင်းဘတ်သန်းချီ တိုးလျှင်ဖြင့် ယောက်မတစ်ချောင်းအတွက် ကုန်ကျမည့် အဖိုးစားနားကို ဘဇာကြောင့် ကျွန်ုပ်အမှုထားရပါမည်နည်း။ ထောင်မြင်ရာစွန့်ဟူသော စကားပုံပင်ရှိလေသည် မဟုတ်လော။

သို့လျှင် ကျွန်ုပ်သည် တပည့်ကျော်သုံးဦးခြံရံလျက် ဖူးခက်မြို့လယ်ကောင်မှ စင်ထန်း(Central Festival)အမည်ရှိ အထင်ကရ နာမည်ကျော် ကုန်တိုက်ကြီးဆီသို့ သစ်သားယောက်မတစ်ချောင်း ဝယ်ယူရန်အလို့ငှာ မော်တော်ကားဖြင့် ထွက်ခွာလာခဲ့ ကြရာ ကွမ်းတစ်ယာညက်ခန့် အကြာတွင်ပင် ဆိုက်မြိုက်စွာ ရောက်ရှိခဲ့ကြလေသည်တမုံ့။

(လေး)
စင်ထရယ်ကုန်တိုက်ကား၊ နိုင်ငံတကာ အဆင့်မီ ကုန်ပစ္စည်းများ စုံလင်လှသည့် ကုန်တိုက်ကြီးဖြစ်၏။ ကျွန်ုပ်တို့ ဆြာတပည့်တစ်သိုက် မီးဖိုချောင်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချရာ မြေအောက်ခန်းတွင်းသို့ အက်စကာလေတာခေါ် ရွေ့လျားစက်လှေကားဖြင့် ဆင်းခဲ့ကြပြီး ယောက်မရှာပုံတော် ဖွင့်ကြ၏။ ရုတ်တရက်အားဖြင့် ယောက်မတို့ကို ရှာမတွေ့။ တစ်ခုသောစင်ပေါ်တွင် ကျွန်ုပ်မြင်လိုက်ရသည့် အရာတို့မှာ ရာဘာသားဖြင့် ပြုလုပ်ထားသော ဓာတ်ပုံမှန်ဘောင်နှင့် ဓာတ်ပုံတင်သည့် သစ်သားစင်ကလေးများဖြစ်၏။ ရာဘာသား အတိုအစများနှင့် ဖန်တီးထားသော်ငြား လက်ရာမှာ သေသပ်လှသည်ဖြစ်၍ ဈေးကြီးလှသည်။ တစ်ပေမပြည့်သည့် သစ်သားအတိုအစလေးများဖြင့် ပြုလုပ်ထားလင့်ကစား ရောင်းဈေးကား ဘတ်တစ်ရာကျော်ချည်းဖြစ်၍ မြန်မာငွေအားဖြင့် ကျပ်ငါးထောင်ခန့်တန်၏။

သည့်ထက်အဆများစွာ သာလွန်ကောင်းမွန်သည့် သစ်သားများကို မြန်မာပြည်တွင် ငြုပ်ဆီနှင့်ထုံး စသည်တို့ ထည့်သွင်းသယ်ဆောင်နိုင်ရန် သေတ္တာပုံးခွံအဖြစ် အသုံးပြုကြသည်ဖြစ်၍ ဖူးခက်ရှိ ကျွန်ုပ်၏နေအိမ်မှာပင် နေ့စဉ် အပင်ပန်းခံလျက် မီးရှို့ပစ်နေရ၏။ ကျွန်ုပ်သက်ပြင်းကို မသိမသာ ခိုး၍ချမိသည်။

သစ်ပင်သစ်တော သဘာဝတောတောင် ရေမြေတို့သည် လူတို့၏ ဆင်ခြင်တုံတရား ခေါင်းပါးမှုကြောင့် အရှိန်အဟုန်ကြီးစွာ ပျက်ယွင်းနေခဲ့သည်ကို သတိမူမိကြသော တိုင်းနိုင်ငံတို့ကား မြေကမ္ဘာကြီး၏ အနာဂတ်အရေးကို မျှော်တွေးလျက် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေသော အခါသမယဖြစ်လေရာ သစ်တောထွက်ပစ္စည်းတို့ကား ယုန်ချိုလိပ်မွှေးပမာ ရှားပါးပစ္စည်းစာရင်း ဝင်ကြလေပြီ။ ထိုင်းနိုင်ငံ ဖူးခက်ရှိ ကျွန်းပရိဘောဂမျိုးစုံ ရောင်းချသည့် ဆိုင်ကြီးများတွင် တော်ရုံမီလီယံနာ အနားမသီနိုင်သည်အထိ ဈေးနှုန်းကြီးမြင့်ကြ၏။ ပလတ်စတစ်၊ ကော်၊ ကြိတ်သား၊ ပေါင်းသား အစရှိသည့် သစ်အစားထိုး အသုံးအဆောင်များ တီထွင်ဖန်တီး အသုံးပြုနေကြရလေပြီ။ ထိုစဉ် ဖေကြည်၏ ခုနစ်သံချီသည့် အော်သံကြောင့် ကျွန်ုပ်၏အတွေးများ ဘရိတ်ဆောင့်နင်းသလို ရပ်တန့်သွားရသည်။

“တွေ့ပြီဆြာရေ။ တွေ့ပြီခင်ဗျ။ ရေမရောတဲ့ အော်ရီဂျင်နယ် သစ်သားယောက်မအစစ် တွေ့ပါပြီဗျာ”

“သြော်။ တွေ့ရင် ဝယ်လိုက်လေလကွယ်”

“နေဦးဆြာရဲ့။ ဒီယောက်မလေး တစ်ချောင်းက ဘတ် ၃၅၀ တဲ့ဆြာ။ တစ်ဒါဇင်ဈေးများ ဖြစ်နေမလားလို့”

(ငါး)

ဘတ် ၃၅၀ သည် မြန်မာငွေကျပ် ၁၂,၀၀၀ နှင့် ညီမျှသည်ဖြစ်ရာ မိုးပေါ်မှကျလာသည့် ယောက်မပေလော ဟူသော အတွေးဖြင့် ကျွန်ုပ်ကိုယ်တိုင် အသေအချာ ကြည့်ရှုလေ့လာသည့်အခါ တစ်ဒါဇင်ဈေး မဟုတ်။ တစ်ချောင်းဈေး သေချာ၏။ ဒုတိယအကြိမ် ညတ်ချွာဖျား တချင်စိတ်ကို ကျွန်ုပ် အတော်ပင် မျိုသိပ်ရ၏။ ထုငါးမူး၊ အလျားကိုးလက်မ၊ အနံလေးလက်မထက် မပိုသည့် အဆိုပါသစ်သားယောက်မမှာ (Made in Japan) ဖြစ်၍ (Plantation wood, Fine Craft , Oil Finish) ဟူသော စာတန်းပါရှိ၏။ ကျွန်ုပ်၏ ရင်ဘတ်ကို ကျွန်ုပ်လက်ဖြင့် အသာဖိမိသည်။

“ဘုရား၊ ဘုရား။ ကျုပ်အိပ်မက်များ မက်နေလေရော့သလား မောင်တို့ရာ”

“ဟင်း..၊ ဟုတ်ပါ့ဆြာရယ်”
ခါတိုင်းဆိုလျှင်ဖြင့် ဆြာပြောသမျှ တစ်ခွန်းမခံ နှုတ်သီးခေါင်းလျှာပါး ချက်ချင်းပြန်ပက်လေ့ရှိသော တပည့်ကျော်တို့သည်လည်း သက်ပြင်းကိုယ်စီချရင်း ငူငူကြီး မှင်တက်မိနေကြ၏။ သို့သော် ကျွန်ုပ်တို့တွင် အခြားနည်းလမ်း တစ်စုံတစ်ရာ ရွေးရန်မရှိလေ။ ထိုသို့နှင့် ဈေးခေါ်ကောင်းရန် မရှိမဖြစ် လိုအပ်လေသည့် ဂျပန်ဖြစ် သစ်သားယောက်မတစ်ချောင်းကို တန်ဖိုးငွေဘတ် ၃၅၀ ဖြင့် ရင်နင့်နင့်နှင့် ဝယ်ယူပြီးနောက် ကျွန်ုပ်တို့အိမ်သို့ ပြန်ခဲ့ကြပါ၏။

ကားနောက်ခန်းမှ တပည့်ကျော်တို့ကား ဘတ် ၃၅၀ တန် သစ်သားယောက်မကို၊ အထူးအဆန်းသဖွယ် တစ်ယောက်တစ်လှည့် အကြိမ်ကြိမ် ပွတ်သပ်ကြည့်ရှုနေကြကုန်၏။ ကျွန်ုပ်မှာမူ ကားကို တစ်ဘီးချင်းလှိမ့်၍ မောင်းရင်း၊ အဆိုပါယောက်မနှင့် စပ်လျဉ်း၍ ဈေးသည်ပီပီ ဈေးတွက်တွက်ရင်း ရှည်လျားစွာ အတွေးပွားလျက်ရှိ၏။

(ခြောက်)

“အင်း..၊ ဒီယောက်မလုပ်တဲ့ သစ်သားဟာ ကျွန်းသားတော့ မဟုတ်လောက်ဘူး။ တမလန်း၊ ပိတောက်၊ ပျဉ်းကတိုးလည်း မဟုတ်လောက်ဘူး။ ဒုတိယတန်းစား သစ် အင်ကညင်လောက်ပဲ ဖြစ်ရမယ်။ ထုငါးမူးပဲရှိတဲ့၊ ကိုးလက်မ၊ လေးလက်မဆိုက် တစ်ချောင်းကို မြန်မာငွေ ၁၂,၀၀၀ တန်သတဲ့။ လက်ခတစ်ဝက်ဖယ်ပြီး ခြောက်ထောင်ပဲ ထားပါတော့လေ။ တစ်တန်ကို အချောင်း ၄,၈၀၀ ထွက်မယ်။ အပျက်အစီးနဲ့ တစ်ဝက်ပဲ ပစ္စည်းကောင်း တင်တယ်ထား။ အချောင်း ၂,၄၀၀ ။ တစ်ချောင်း ခြောက်ထောင်ဆိုတော့ သိန်း ၁၄၀ ကျော်..။

အင်ကညင်တောင် သိန်း ၁၄၀ ဆိုရင်၊ ကျွန်း၊ တမလန်း၊ ပိတောက်၊ ပျဉ်းကတိုးတွေဆိုရင် အနည်းဆုံးသူ့ နှစ်ဆ၊ သိန်းသုံးရာနီးပါးရမှာ။ နှစ်ပေါင်းသုံးဆယ်နီးပါး နေ့တိုင်းလိုလို တရုတ်ပြည်ကို ခိုးထုတ်တာတွေ စုစုပေါင်းကြည့်လိုက်ရင် တန်ချိန်သန်းချီ ရှိလောက်တယ်။ ခိုးထုတ်ပါတယ်ဆိုမှတော့ ဘယ်မှာလာ တန်ရာတန်ကြေး ရပါတော့မလဲ ၊ ဒါတောင် ယိုးဒယားဘက် ခိုးထုတ်တာတွေ မပါသေးဘူး။ တို့တိုင်းပြည် ရွှေချလို့ရနိုင်လောက်တဲ့ ဘဏ္ဍာငွေတွေ။ သတင်းမီဒီယာတွေမှာ မြင်ရတွေ့ရသလောက် ဧရာမ မြန်မာ့ကျွန်းပြားကြီးတွေ၊ တမလန်းပြားကြီးတွေကို ပေါ်လစ်ရှ်တင်ပြီး တရုတ်ပြည် ကုန်စည်ပြပွဲတွေမှာ ဈေးနှုန်းကပ်ထားတာများ တစ်ချပ်တည်းကို ယွမ်သန်းချီတန်သတဲ့။

သစ်မျိုးစုံတင် ဘယ်ကပါ့မလဲ။ ကမ္ဘာပေါ်မှာ နာမည်ကျော်လှချည့်ဆိုတဲ့ မြန်မာ့ကျောက်စိမ်းတွေလည်း အရိုင်းတုံးတွေအတိုင်း ဆယ်ဘီးကားကြီးတွေနဲ့ တရုတ်ပြည်ဘက် ခိုးထုတ်။ လက်ဝတ်ရတနာနဲ့ လက်ရာမြောက်တဲ့ ပန်းပုတွေဆို အယ်လီဇဘတ်ဘုရင်မကြီးတောင်..၊ အမလေးတရမယ့် ဝီခေါ်နေတဲ့ ဈေးတွေနဲ့ တင်ရောင်း…။

ရေနံ၊ သဘာဝဓာတ်ငွေ့တွေပါ မကျန် ရှိရှိသမျှ ဖြူကာပြာကာကျအောင် ကိုယ်ကျိုးအတွက် နှစ်ရှည်လများ သူခိုးဈေးနဲ့ ရောင်းထုတ်ခဲ့ကြ..။

ဒါ့အပြင် မြန်မာသစ်တောတွေထဲက တိရစ္ဆာန်မျိုးစုံ၊ မြွေ၊ ဖွတ်၊ ပဒတ်၊ ပုတ်သင်ညို၊ ငါးမျိုးစုံ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေဆီ အကုန်ထွက်။ တို့တိုင်းပြည် မမွဲဘဲခံနိုင်ပါရိုးလား။ အခွံချည်းကျန်ခဲ့တဲ့ တိုင်းပြည်။ ကျွန်ုပ်မည်မျှကြာအောင် အတွေးပွားနေမိသည်မသိ။ ကျွန်ုပ်၏မျက်လုံးအစုံသည် ကတ္တရာလမ်းမကို သဲသဲကွဲကွဲ မမြင်ရလောက်အောင် မှုန်ဝါးလာသဖြင့် ကားကိုလမ်းဘေးသို့ ထိုးရပ်လိုက်ရသည်။ စင်စစ် ကျွန်ုပ်၏ မျက်ဝန်းအစုံမှ တလိမ့်လိမ့်ကျဆင်းနေသည့် မျက်ရည်တို့ကြောင့်ဖြစ်၏။

မိခင်တိုင်းပြည်အတွက် ကြေကွဲဝမ်းနည်းရသမျှ စိတ်ရှိလက်ရှိသာ ငိုကြွေးရပါမူ ကျွန်ုပ်၏ပါးပြင်တွင် ဒလဟော စီးကျနေမည့် မျက်ရည်ထုသည် သည်းထန်စွာ ရွာလှပါသည်ဆိုသော မိုးဥတုကို ကောင်းကောင်းကြီး ယှဉ်နိုင်မည်မှာ
မြေကြီးလက်ခတ်မလွဲပေတည်း။ ကားအပြင်ဘက်မှာ မိုးရွာလာသည်။
ထို့အတူ ကျွန်ုပ်ရင်တွင်း၌လည်း မိုးသည်းနေလေသည်။


Viewing all articles
Browse latest Browse all 346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...