Quantcast
Channel: .
Viewing all articles
Browse latest Browse all 346

မင်းဒင်ရဲ့သက်ခိုင် (၂)

$
0
0



                                                                    မင်းဒင်ရဲ့သက်ခိုင်(၂)

သို့သော် ယုံကြည်ရာအလုပ်တခုကို မဆုတ်မနစ်၊ ဇွဲနပဲကြီးစွာလုံ့လပြုတတ်သော ကိုသက်ခိုင်၏စရိုက်၊ပြဿနာတရပ်ကို သူရှုမြင်သုံးသပ်ပုံနှင့် အခက်အခဲဒုက္ခမျိုးစုံကို သူရင်ဆိုင်ကျော်လွှား၊ကိုင်တွယ်ဖြေရှင်းပုံတို့မှာ စာဖတ်သူတို့အဖို့ ဗဟုသုတ ဖြစ်ဖွယ်၊ နည်းယူဖွယ် မဖြစ်သည့်တိုင် စိတ်ဝင်စားဖွယ်၊အပျင်းပြေဖွယ်အကြောင်းအရာများဖြစ်သည်ကား အလွန်သေချာ လှသော အချက်ဖြစ်၏။ဤသည်ပင် ကိုသက်ခိုင်၏ ဘဝဇာတ်ကြောင်းကို ကျနော်ရှေ့ဆက်နိုင်ရန် အဓိကတွန်းအားဖြစ် ခဲ့သည်။
အောက်ပါအခြင်းအရာအဖြစ်အပျက်တို့သည် သက်ခိုင်၏ “ဘဝခရီးစုံတောမြိုင်” ကိုဖော်ပြလျက်ရှိလေရာ သူ့ဇာတ်လမ်းကို ကျနော်ရှေ့ဆက်ရခြင်းအတွက် “အကြောင်းခိုင်လုံ၏မခိုင်လုံ၏” စာဖတ်သူများကိုယ်တိုင် ဝေဖန်ထောက်ရှုစေလိုပါသည်။
…………………………
အခန်း(၂)

ဝင်္ကပါခရီးသည် 

အချိန်ကား ၁၉၅၀ဝန်းကျင်တဝိုက်ဖြစ်လေသည်။လွတ်လပ်ရေးရပြီးစကာလဖြစ်၍ အုပ်ချုပ်ရေးယန္တရားပျက်စီးယိုယွင်းကာ တတိုင်းပြည်လုံးကသောင်းကနင်းဖြစ်နေခဲ့ချိန်တည်း။နတ်မောက်နယ်တဝိုက်တွင် ရဲဘော်ဖြူ၊ရဲဘော်နီ၊ရဲဘော်ဝါ စသည်ဖြင့် အဖွဲ့မျိုးစုံအမည်မျိုးစုံဖြင့် ထင်ရာစိုင်းနေကြချိန်ဖြစ်၏။တခုသော နွားရိုင်းသွင်းချိန်၊မှိုက်ပင်ရွာနှင့်တတိုင်(နှစ်မိုင်)ခန့်ရှိ သရက်ပင်အုပ်စုစုအောက်တွင် မြင်းစီးရဲဘော်ဖြူဗိုလ်တဦးသည် ဂဏှာမငြိမ်သောသူ့မြင်းအား ဇက်ကြိုးနှင့်ခြေနင်းဂွင်းကို အားပြုလျက် ထိန်းရင်း အင်အားငါးဆယ်ခန့်ရှိ သူ့အဖွဲ့ကို အမိန့်လှမ်းပေးနေသည်။
“အောင်မြတ်ဆိုတဲ့ကောင်ကို အပင်မှာ တုတ်လိုက်စမ်းကွာ”
အမိန့်ပေးသံနှင့်မရှေးမနှောင်းမှာပင် သေနတ်ကိုယ်စီလွယ်ထားသည့် ရဲဘော်ဖြူနှစ်ဦးသည် လက်နောက်ပြန်ကြိုးတုပ်ခံ ထားရသူ အသက်နှစ်ဆယ်ကျော်အရွယ် ရွာသားတဦးကို ခပ်ကြမ်းကြမ်းဒရွတ်တိုက်ဆွဲယူလာကာ နီးရာသရက်ပင်မှာ ကပ်ချည်လိုက်ကြ၏။
“အောင်မြတ်ရာ၊မင်းက လူစွမ်းကောင်းလုပ်ချင်တဲ့ကောင်ကိုး၊အကောင်တစ်ရာလောက်ရှိတဲ့ နွားအုပ်ကြီးကိုများ မင်းသ ဘောနဲ့မင်း ဝေခြမ်းရေးလုပ်လုပ်ရတယ်လို့၊ငတို့ကလည်း ကျောင်းမှန်းကန်မှန်းသိအောင် လက်စွမ်းပြရသေးတာပေါ့ကွာ”
အောင်မြတ်ကား မျက်ခုံးမွှေးထူထူ၊အရပ်ထောင်မောင်းမောင်းနှင့်လူပုံချော၊မျက်နှာပေးတည်သူဖြစ်၏။ အောင်မြတ်သည် လှုပ်မရအောင် တုပ်နှောင်ထားခြင်းခံရသည့် အနေအထားမှာပင် ခေါင်းကို ဆတ်ကနဲမော့ကာ ရဲဘော်ဖြူဗိုလ်ရှိရာသို့ ခပ်ပေပေ လှမ်းကြည့်လိုက်သည်။ထိုအကြည့်ကြောင့်ပင် ရဲဘော်ဖြူဗိုလ်သည် ဒေါသပိုထွက်သွားဟန်ရှိ၏။
“ကြာပါတယ်ကွာ၊ ဒီကောင့်လည်ပင်းကို ကြိုးတပ်လိုက်ကြ”
ထိုစဉ်မှာပင် ညောင်ကျပ်ပင်ရွာဖက်ဆီမှ လိမ့်တက်လာသော ဖုန်လုံးကြီးများနှင့်အတူ မြင်းခွာသံတဖြောင်းဖြောင်းကို ရဲဘော်ဖြူတသိုက် ကြားလိုက်ကြရသည်။အင်အားတရာခန့်ရှိ လက်နက်ကိုင်အခြားတဖွဲ့မှာ အခင်းဖြစ်ပွားရာ သရက်ပင် အုပ်ရှိရာသို့ ဒုန်းစိုင်းလာနေကြသည်။
“ဟေ့ကောင်တွေ၊ ရပ်၊ အောင်မြတ်ကိုလွှတ်”
ထိုအချိန်တွင် မှိုက်ပင်ရွာလယ်လမ်းမကြီး၏ဘေး ကြီးမားကျယ်ဝန်းလှသောခြံကြီးတခုအတွင်းမှ တခုသော မြေစိုက်အိမ် ရှေ့တွင် အောင်မြတ်၏ဇနီးဖြစ်သူ “ခင်သန်း”သည် အခါလည်ကျော်အရွယ်သမီးငယ်ကို ခါးထစ်ခွင်လျက် စိုးရိမ်ပူပန်သော မျက်လုံးအစုံဖြင့် ရွာလယ်လမ်းဆီသို့ ငေးကြည့်ရင်း သူ့ခင်ပွန်းပြန်အလာကို မျှော်နေလေသည်။
သက်ခိုင်လူ့ဘဝမရောက်မီငါးနှစ်ခန့်က ဖြစ်ပျက်ခဲ့သည့် အဖေ့ဘဝရင်ထိပ်သည်းဖိုဇာတ်လမ်းကြောင့် ရခဲလှသောလူ့ဘဝ ကို သူရခဲ့သည်ဟု သက်ခိုင်လေးလေးနက်နက်ယုံကြည်ခဲ့သည်။
………………………
၂၀၀၄ခုနှစ်၊စက်တင်ဘာ။
လှိုင်းအသင့်အတင့်ရှိနေသည့် ပါချောင်မြစ်ပြင်တွင် ကော့သောင်းရနောင်းခရီးသည်တင် ပဲ့ချိတ်တစီးပေါ်တွင်  လိုက်ပါလာ သော အသက်လေးဆယ်ကျော်အရွယ်အမျိုးသားတဦးသည်  မြစ်ပြင်ကျယ်ကြီး၏ ဟိုမှာဖက်ရနောင်းဆိပ်ကမ်းဆီသို့ ငေးမျှော်ကြည့်ရှုနေလေ၏။
သူနှင့်အတူလိုက်ပါလာသော အခြားခရီးသည်တို့ကိုလည်းကောင်း၊ တဒုတ်ဒုတ်မြည်နေသော ပဲ့ချိတ်စက်သံကိုလည်း ကောင်း သူဂရုပြုမိပုံမပေါ်ချေ။သူသည် မြစ်ပြင်ရှိလှေငယ်ပေါ်တွင်ရှိနေသော်ငြား သူ့စိတ်အစဉ်မှာမူ  အခြားတနေရာရာသို့ လွင့်ပါးနေဟန်ရှိလေသည်။
တနာရီနီးပါးခရီးနှင်ပြီးသည့်အခါ အဆိုပါပဲ့ချိတ်သည် ရနောင်းမြို့၊စဖန်ပလားဆိပ်ခံဘောတံတားရှိ အုံခဲနေသော အခြား ပဲ့ချိတ်တို့ အကြားသို့ တိုးဝင်လာရာ အခြားခရီးသည်တို့ လှေပေါ်မှဆင်းရန်၊ဆူဆူညံညံလှုပ်လှုပ်ရွရွဖြစ်ကြသော်ငြား သူကား ငူငူကြီးပင်ထိုင်လျက်သားရှိ၏။ထိုစဉ် ဆိပ်ခံဘောတံတားထက်ဆီမှ အော်သံတခု ထွက်ပေါ်လာသည်။
“ကိုသက်ခိုင်၊ကိုသက်ခိုင်၊ကျနော်တို့ဒီမှာ”
အဆိုပါအသံကြောင့် သူသည် အသံလာရာဆီသို့ လက်တဖက်ကို ခပ်ဖြေးဖြေးမြှောက်ပြလိုက်သော်ငြား သူ့မျက်နှာတွင် ဝမ်းသာဝမ်းနည်းခြင်း အရိပ်ယောင်ကင်းမဲ့လျက်ရှိ၏။
………………….
၂၀၀၄ခုနှစ်၊ဒီဇင်ဘာ။ ထိုင်းနိုင်ငံ၊ရနောင်းမြို့။
တခုသော စားသောက်ဆိုင်အတွင်းတွင် ထိုင်းရေတပ်ထောက်လှမ်းရေးမှ ဒုတိယဗိုလ်မှူးကြီးနလုန်၊ဗိုလ်ကြီးဝတ်ဆာဝပ်နှင့် အရာရှိငယ်သုံးဦးသည် မြန်မာအမျိုးသားနှစ်ဦးနှင့်အတူ ဝိုင်းဖွဲ့လျက်ရှိသည်။ထိုမြန်မာလူမျိုးနှစ်ဦးအနက် တဦးမှာ စကား ပြန်ဖြစ်ပြီး ကျန်တဦးမှာ ထိုင်းနိုင်ငံနှင့်အကျွမ်းတဝင်ရှိပုံမရသည့် အသားလတ်လတ်၊အရပ်မြင့်မြင့်နှင့်ဖြစ်၏။ သူကား သက်ခိုင်တည်း။သူသည် သူ့ရှေ့တည့်တည့်မှ ထိုင်းစစ်ဖက်အရာရှိတို့ကို တဦးချင်းစေ့စေ့စပ်စပ်ကြည့်ရင်း အကဲခတ်လျက် ရှိသည်။
ထိုခဏမှာပင် ဗိုလ်မှူးကြီးနာလုန်သည် သူ့ကိုပြန်စိုက်ကြည့်ရင်း စကားပြန်မှတဆင့်    အတည်လိုလို အပြောင်အပျက် လို လိုနှင့် မေးခွန်းတခုကို ကောက်ကာငင်ကာ မေးချလိုက်သည်။
“ထိုင်းနိုင်ငံဟာ ဗမာတွေအတွက် အန္တရာယ်သိပ်များတယ်၊အခုနေ ခင်ဗျားကို ထိုင်းရဲတယောက်ယောက်က သေနတ်နဲ့ ပစ်သတ်တော့မယ်ဆိုပါစို့၊ ခင်ဗျားဘာလုပ်မလဲ”
စကားပြန်ကိုစိုးတင့်သည် ထိုင်းစစ်ဖက်အရာရှိ၏ အဆီအငေါ်မတည့်သော မေးခွန်းကို အားတုန့်အားနာဟန်ဖြင့် ဘာသာ ပြန်ပြီးသည်၏ အဆုံးတွင်  သူ့ထံမှ အေးဆေးတည်ငြိမ်သောဖြေကြားသံထွက်လာသည်။
“ကျနော်က အရင်လက်ဦးအောင် ပြန်သတ်မှာပေါ့။သေနတ်မပါပဲ သတ်တဲ့နည်းတွေ အများကြီးပါ”
စကားပြန်ကိုစိုးတင့်သည် သူ့မျက်နှာကို ပြန်ကြည့်ရင်း နှုတ်ဆွံ့လျက်ရှိ၏။သူက နောက်တခွန်းထပ်ပြောလိုက်ပြန်သည်။
“ပြောလိုက်စမ်းပါကိုစိုးတင့်ရာ၊သူက အတည်ဆိုလည်း အတည်ပေါ့။ နောက်တယ်ဆိုရင်လည်း ပြန်နောက်တဲ့သဘောပေါ့”
ကိုစိုးတင့်မှတဆင့် ဘာသာပြန်ချက်ကို နာလုန်ကြားသည့်အခါ အသံထွက်အောင် ကျယ်လောင်စွာရယ်မောသည်။
“မင်းတို့ဗမာတွေက တကယ့်ကို တလေတည်းပါကလား”
နှစ်နိုင်ငံနယ်စပ်တွင် ကာလကြာမြင့်စွာ ထောက်လှမ်းရေးတာဝန်ယူခဲ့သော နာလုန်ကား အရေးအခင်းနောက်ပိုင်းကာလ အတွင်း ထိုင်းနိုင်ငံဖက်သို့ တိမ်းရှောင်လာခဲ့သည့် မြန်မာ့အတိုက်အခံများနှင့် ပွန်းပွန်းတီးတီးနေခဲ့သူဖြစ်၍ ဗမာလူမျိုးတို့၏ စရိုက်သဘောကိုစောကြောနိုင်ဟန်ရှိလေသည်။
………
အချိန်ကား ညဥ့်လည်တစ်နာရီခန့်ရှိပေရော့မည်။သူ့နားထဲမှာ တစုံတခုသော ချိုးချိုးချွတ်ချွတ်သံကို ကြားနေသယောင် ခံစားရသည်။ ထိုအသံသည်နားမှ ကြားလေသလော၊အခြားတပါးသောအာရုံတခုမှ ကြားလေသလော သူမဝေခွဲနိုင်ချေ။ထို့ ကြောင့် အသံထွက်ပေါ်လာရာ အခန်းပြင်ဆီသို့ ခပ်ဖွဖွခြေလှမ်းများဖြင့် တလှမ်းချင်းလှမ်းလာခဲ့သည်။
သူ့အိပ်ခန်းအပြင်ဖက်မှာ မှောင်ပိန်းလျက်ရှိသည်။ လရောင်သဲ့သဲ့ထိုးနေသည် ဘေးအခန်းဆီသို့ မျက်စိကစားမိသည့်အခါ တွင်ကား တအံ့တသြဖြစ်စရာမြင်ကွင်းကို သူမြင်ရသည်။ တစ္ဆေလိုလို ပြိတ္တာလိုလို သတ္တဝါလေးငါးကောင်သည် နေ့လည် က ပစ္စလက္ခတ်ထားခဲ့သည့် စားကြွင်းစားကျန်ပန်းကန်ခွက်ယောက်များကို လှန်လှောစားသောက်နေကြသည်။ထူးဆန်း လှသည့်မြင်ကွင်းကြောင့် ကြောက်စိတ်သည်ဘယ်ဆီသို့ ရောက်နေလေသည်မသိ၊ယင်းသတ္တဝါငယ်တို့ကိုသာ သူမျက် တောင်မခတ်ပဲကြည့်နေမိသည်။သတ္တဝါသုံးကောင်က ပန်းကန်တခုထဲမှ၊ဟင်းထမင်းအကျန်တို့ကို  ခေါင်းမဖော်တမ်း မြိန်ရည်ယှက်ရည်စားသောက် နေကြသည်။ပန်းကန်လုံးကို ဖုံးထားသော ပန်းကန်ပြားကို လှန်သူကလှန်၊ နောက်ပန်းကန် လုံးနှုတ်ခမ်းမှာ ဆောင့် ကြောင့်ထိုင်သူကထိုင်။ သူသတိထားမိသည်က ပန်းကန်ခွက်ယောက်တို့သည် မူလအနေအထား ထက် ပို၍ကြီးမား နေကြပြီး အဆိုပါသတ္တဝါတို့မှာ ကြက်ဥငယ်တို့တွင်ခြေလက်တပ်ထားသည်နှင့် ဆင်ဆင်တူလှသည်။ ကြက်ဥကဲ့သို့ စင်းလုံးချောကားမဟုတ်။သူတို့သည် မလှမ်းမကမ်းမှာသူတို့ကို တစုံတယောက်က အကဲခတ်နေသည် ကိုသတိပြုမိပုံမပေါ်။ သို့တည်းမဟုတ် ဂရုမစိုက်သည့်အမူအရာရှိ၏။
အတန်ကြာအောင် စိုက်ကြည့်နေရင်း “ဒီအိမ်မှာ တစ္တေသူရဲလိုလို ပြိတ္တာလိုလို မောင်မင်းကြီးသားတွေ တကယ်ပဲ နေကြ သလား”ဟု သူစဉ်းစားခန်းဝင်မိသည်။အတန်ငယ်ကြာသော် သူတို့အလုပ်သူတို့လုပ်ပါစေဟူသော အတွေးဖြင့် အိပ်ယာရှိ ရာ အခန်းဆီသို့ ပြန်ဝင်ကာ ကိုသက်ခိုင်တယောက် နှစ်နှစ် ခြိုက်ခြိုက်အိပ်ပျော်သွားပြန်သည်။

(ဆက်လက်ဖော်ပြပါမည်။)
…………………………..


Viewing all articles
Browse latest Browse all 346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...