“ဆြာဒင်၏မွေးဌာနီ၊အညာရပ်ဆီသို့”
(၁)
ဆြာဒင်ကား မွေးရပ်မြေရွှေပင်ရွာကို ခွဲခွာလာခဲ့သည်မှာ နှစ်အားဖြင့် သုံးဆယ်နီးပါးကြာညောင်းခဲ့လေပြီ။ “ပျော်ရာမှာ မနေရ တော်ရာမှာနေရ၊ ဒီဘဝဒီအဖြစ်မျိုးသည် လူတိုင်းကြုံဖူးကြလိမ့်မည်”ဟု အဆိုတော်သန်းထွန်းလေး၏ မမေ့သော အညာ သီချင်းတွင် ဆိုရိုးရှိလေသည်မဟုတ်တုံလော။ ငယ်စဉ်က အညာကို လွမ်းကြောင်း တခွန်းတပါဒပြောမိလျှင်ပင် အနန္တဂိုဏ်းဝင် ဖခင်ကြီးက“တောမှာပျော်ချင်တဲ့ တောနွားတွေ ”ဟူသော ကြိမ်းမောင်းသံကို အဖန်ဖန်ကြားရပြီးသည်၏ နောက်တွင် အညာအရပ်သည် ခြေဦးပြန်လှည့်သင့်သောအရပ်မဟုတ်ဟူသော အသိသည် ဆြာဒင်၏စိတ်ကို ကြိမ်တို့ သကဲ့သို့ရှိ လေသောကြောင့် ဤအချိန်ဤကာလအထိ ရွှေပင်ရွာနှင့် ကင်းကွာခဲ့ခြင်းဖြစ်တန်ရာသည်။
ယခုသော်ကား ဆြာဒင်မှာ ရုပ်ရည်အားဖြင့် တင့်တယ်ဆဲဖြစ်သော်ငြား အာယုအသက်အားဖြင့် တတိယအရွယ်သို့ ကောင်းစွာချဉ်းနင်း ဝင်ရောက်လာပြီဖြစ်၍ မွေးရပ်မြေရှိ မသေကြွင်းကျန် ကျောင်းနေဖော်သူငယ်ချင်းတို့ကို သတိရလွမ်း ဆွတ်မိသည်က တကြောင်း၊ အသွင်အပြင်မူပြောင်း ခေတ်ဟောင်းစံနစ်ကို ဖယ်ရှားကာ လူသစ်စံနစ်သစ်ဖြင့် ခေတ်သစ် ဆီသို့ ချီတက်နေကြသည့် ယခုကာလသမယ၌ ဆြာဒင်မွေးမြေသည် အသို့လျှင် ခရီးနှင်နေကြလေသနည်း ဟူသော အတွေးစိတ် ဆော်ဖန်သည် တကြောင်းတို့ကြောင်း ၊ဆြာဒင်တယောက် သေမြေကြီးရှင်ရွှေထီးသဘောပိုက်လျက် ယိုးဒယားပြည် ၊ ဖူးခက်မြို့မှသည် လေယာဉ်ရထား၊ကားနှင့်တသွယ် ရွှေပင်ရွာရှိရာသို့ မကြာမတင်ရက်ပိုင်းက အပြေးပြန် လာမိခြင်းခြင်း ဖြစ်လေသည်တမုံ့။
(၂)
“တမာတောမှာပျော်တယ်ဆိုတဲ့ မောင်ရေမောင်ရေ အညာမြေကို မေ့လို့လား၊အညာသူလေးကို မေ့လို့လား၊ ခွဲခွဲခြားခြား ပြောပါမောင်ရေ” ဟူသော ငယ်ချစ်ဦးရွှေညာသူ၏ သီချင်းသံကို ကြားယောင်ရင်း ဆြာဒင်တယောက် မွေးရပ်မြေသို့ တခေါက်ရောက်ခဲ့ချေပြီ။ စွန့်ခွာခဲ့တာ ကြာပြီမို့ ရထားပေါ်ကအဆင်းမှာ ကြိုသူမရှိ တဦးတည်းရပ်နေရင်း ငေးမောအား ငယ်မိသည်၏ နောက်တွင် နတ်မောက်အပိုင် သားမြားဘူတာမှသည် ဇာတိမြေရွှေပင်ရွာဆီသို့ ခြေကျင်တလှည့်၊ ကုန်းကြောင်းတလှည့် ကိုးခြောက် ကိုးသုံး စံနစ်ဖြင့် ထွက်ခွာလာခဲ့လေသည်။
နွေအခါကြည့်လေရာသဲပြင်အတိဖြစ်လေ့ရှိသော်ငြား မိုးရိပ်ဆင်သည့်သမယမို့ မြေနီနီယာတောတို့ကို မျက်စိတဆုံးမြင်နေရ သည်။ ရွာရှိရာသို့ ဦးတည်နေသောလမ်း၏ဘေးဝဲယာ၌ ဇီး၊ဒဟတ်၊သြဇာနှင့်ထန်းပင်တို့ စီတန်းလျက်ရှိ၏။မကြာမကြာ ဘယ်ခြုံဖုတ်ဆီက ထွက်ပေါ်လာသည်မသိလေသော ဘုတ်အီသံကိုလည်း ကြားနေရသည်။ဟိုအဝေးတွင် ရွှေပင်ရွာ၏ အထင်ကရအထိမ်းအမှတ် ဖျောက်ဆိပ်ပင်ကြီးကိုလှမ်းမြင်နေရသော တခဏ၌ သီချင်းသံသဲ့သဲ့ကို ကြားရလေ၏။
“နှောင်းလေပြီ ညောင်းရွက်တွေ လေဗွေချီတော့ မြေမဟီကြွေကာကျသည့်နှယ်၊ မြေမဟီကြွေကာကျသည့်နှယ် ကြွေရက် ကယ်စော နှမျောမိတယ်ထွေးညိုရယ် အကြောင်းဖန် နှောင်းကံမွဲ နန်းလယ်ဗွေ အခြေမကျခင်ဝယ် ပန်းစပယ်ကြွေ မြေခမရွှင်တယ်၊ မောင်ကြီးဆုတောင်းတယ် ကောင်းရာအခြေ ရောက်ရစေသားကွယ်”
သီချင်းလာရာအရပ်ကား ဆြာဒင်နှင့်မဝေးလှ။ တခေါ်သာသာ၊သာရှိအံ့ထင်၏။ အသေအချာစပ်စုသည့်အခါ ဆြာဒင်ခရီးနှင် နေသည့် ရွာဆီသွားရာလမ်းဘေးနှင့် မလှမ်းမကမ်း တခုသော ထန်းပင်ကို မှီရင်း အလွမ်းသယ်နေသော လူငယ်တဦးကို တွေ့ရပါလေ၏။
ဆြာဒင်ကား သီချင်းနှင့်ဇာတ်ပွဲဆိုလျှင် ထမင်းပါအငတ်ခံနိုင်သော လူစားဖြစ်လေရာ လွန်ခဲ့သောနှစ်ပေါင်းခြောက်ဆယ် ခန့်က နိုင်ငံကျော်အဆိုတော်ကြီးတွံတေးသိန်းတန်၏ ကျော်ကြားလှသောတေးကို တခေတ်ဆန်းသီဆိုနေလေသည့် အဆိုပါ လူငယ်ရှိရာသို့ ခပ်သုတ်သုတ် သွားတဲ့ကာ စပ်စုမိလေ၏။သူ့ထံမှ ချဉ်စုပ်စုပ်အနံ့ကြောင့် ထန်းရေမူးနေပုံရကြောင်း အကင်းပါးသော ဆြာဒင် ဒက်ကနဲသိလေ၏။
“ကျုပ်နာမည် ဆြာဒင်ပါမောင်၊မောင်ရင်က တယ်အဆိုပိုင်သကိုး၊မောင်ရင့်ကြည့်ရတာ ရွှေပင်ဇာတိပဲထင်ပါရဲ့”
အနီးကပ်ကြည့်မိသည့်အခါမှ အဆိုပါသူငယ်မှာ အသက်နှစ်ဆယ်ပင်ပြည့်ဟန်မတူသေးချေ။ အစိမ်းရောင်ခပ်မွဲမွဲ အကျီင်္နှင့် ဖြစ်၏။ဆံပင်ပုံစံကား ရှေ့တလက္မနောက်ပြောင်လျက်ရှိ၏။
“ဆြာဒင်ရေ၊ ကျနော်တော့ ရင်ကျိုးပါပြီဗျာ”
“တခုခုနဲ့များမောင်ရင့်ရင်ဘတ်ကိုဖိမိ၊ရိုက်မိလေသလား မောင်ရယ်”
“အာ၊ ဒုံးဝေးချက်ဗျာ၊ ကျနော်ရွာကို ပြန်လာတော့ ထွေးညိုမရှိတော့ဘူးတဲ့ဗျ၊ထွေးရဲ့အကြောင်း မောင်ကြီးသိလိုက်ဒီအခိုက် ဝယ်၊ထွေးညိုရေ လာမကြိုလေဇောနဲ့ အပြစ်မတင်ချင်တော့ပါဘူးဆြာဒင်ရယ်”
“ဟုတ်ပါပြီ မောင်သစ္စာရယ် ၊ ကိုရင့်ထွေးညိုက လူမိုက်သာဒင်လက်ချက်များ မိသွားလေရော့သလား၊ဒါနဲ့နေပါဦး၊ ကိုရင်က ထွေးညိုဇာတ်လမ်းထဲက ကိုသစ္စာလိုစစ်သားပဲထင်ပါ့”
“ဒါပေါ့ဗျာ သစ္စာလေးချက်ဦးထိပ်ရွက်လို့ ရင်ကိုမြေကတုတ်လုပ်ခဲ့တဲ့ စစ်သားဆိုပါတော့”
“အော်၊တိုက်ပွဲတွေကို ပစ်ပြီး ထွေးညိုကိုတွေ့ချင်ဇောနဲ့ ပြန်လာတယ်ဆိုပါတော့၊အဆွေးဆိုတာ ဖျောက်ဖျက်ပစ်ရတယ် မောင်ရဲ့၊သေသောသူကြာရင် မေ့သတဲ့မောင်ရယ်”
“အာ ၊ဆြာဒင် ကိုယ့်လမ်းကိုယ်သွားစမ်းပါဗျာ၊တိုက်ပွဲဆီက ပြန်လာတာ မဟုတ်ဘူး၊ ကလေးစစ်သားမို့ ရွာပြန်ပို့လိုက် တာ၊ထွေးညိုကလည်း သေသွားတာမဟုတ်ဘူးဗျ၊ ပွဲစားတကောင်လက်ချက်နဲ့ ယွမ်နှစ်သောင်းဆိုလားရလို့ နယ်စပ်မှာ မျက်ပေါက်ကျဉ်းတကောင်နဲ့ညားသွားတာ”
(၃)
ဆြာဒင်ကား အသာနှုတ်ဆိတ်လျက် ကိုသစ္စာထံပါးမှ ထွက်ခွာလာခဲ့ပြီးသည်တွင် ဘူတာနှင့်ရွာအကြားရှိ ငယ်ဆရာ တောကျောင်း ဘုန်းကြီးသီတင်းသုံးရာ ကျောင်းဝိဟာဆီသို့ ရောက်ခဲ့ပြန်ချေသည်။ငယ်ဆရာဘုန်းကြီး ဦးချစ်လှကား ပျံလွန်တော်မူခဲ့ပြီ။လက်ရှိကျောင်းထိုင်ကိုယ်တော်ကား ဆြာဒင့်အကိုရင်းနှင့် ဂွေလှိမ့်ဘက်ပေတည်း။ကျောင်းအဝင်ဝ မှာပင် ဆြာဒင့်စိတ်၌ တစုံတခုလိုနေသယောင်ခံစားလေရာ မှတ်ဥာဏ်ကို ပြန်လည်နှိုးဆွမိပြီးသကာလ အမှတ်ရမိသည်ကား ဆြာဒင်ငယ်စဉ်က ကျော်ချည်ခွချည်ပြုကာ ကစားခုန်စားခဲ့သည့် ကျောက်သားပကတိဖြစ်နေသည့် ဧရာမ အင်ကြင်းပင် ကျောက်တုံးကြီး ဖြစ်၏။ အရှည်အားဖြင့် ပေနှစ်ဆယ်ခန့် ရှိအံ့ထင်သည်။ယခုသော်မမြင်မိတော့ချေ။
ကျောင်းထိုင်ကိုယ်တော်အားသံဃာတည်းဟူသော အမှတ်ဖြင့် ဖူးမျှော်မာန်လျှော့ကန်တော့သည့်အခါ ကိုယ်တော်သည် လက်ဝယ်ရှိယူနန်နယ်ဖြစ် ပုတီးစိတ်စက်ကလေးကို တဂျောက်ဂျောက်နှိပ်ရင်း အမှတ်မပျက် အသက်ရှည်ရာ အနာမဲ့ ကြောင်း ဆုမွန်ခြွေလေသည်။
“ဒကာဒင်၊ ရွှေပင်ကိုမမေ့တာ ဝမ်းသာချက်”
“တင်ပါ့ စကားမစပ် အင်ကြင်းပင်ကျောက်တုံးကြီးဘယ်ရောက်သွားတုန်းဘုရာ့”
“အင်း ဒကာဒင်လည်း ခေတ်ကိုမျက်ခြေပြတ်နေတယ်ထင်ပါ့၊ အင်ကြင်းကျောက်တွေ ဈေးကောင်းနေပြီလေ”
“အရှင်ဘုရား၊ ဒီလောက်ရှည် ဒီလောက်ကြီးတဲ့ အင်ကြင်းကျောက်သစ်တုံးကြီးကို ဘယ်လိုများရောင်းသလဲ တပည့်တော် ငဒင် ဥာဏ်မမှီလို့ပါဘုရာ့”
“အော် ဒါများ ခက်တာလိုက်လို့ ဒကာဒင်ရယ်၊ နည်းနည်းချင်းပိုင်းရောင်းကြတာပေါ့”
“ ရွှေပင်လို မလွတ်သကောင်းချောက်နေရာမျိုးကို လာဝယ်ကြရအောင် ဘယ်များပို့ပါလိမ့်ဘုရား”
“ အင်း ၊ ဂန္ဓလရာဇ်ဆိုလား ဒကာ”
(၄)
ဆြာဒင်ကား ကျောင်းထိုင်ကိုယ်တော်ကို ဝတ်ဖြည့်ပြီးသကာလ ကျောင်းပြင်အရောက် တခုသော ထနောင်းပင်ရိပ် အရောက်တွင် အညာအလှ ထနောင်း ပေတကား၊နွေထနောင်းဆောင်းမကျည်း သဘာဝအရံအတားပေတကားဟု ရိုမန်တစ်ဆန်ဆန် စိတ်ကူးဖြင့် ထနောင်းပင်ကိုမှီရင်း တခဏမျှ မှေးစက်မိလေသည်။ နွေနှင့်မိုးမကွဲပြားသေးသည် လား၊မိုးအဝင် နောက်ကျသည်လား မဆိုနိုင်၊ ရွှေချိုးဖြူကူသံသည် ထနောင်းပင်ထက်မှ ထွက်ပေါ်လျက်ရှိလေ၏။ အိပ်မက်လော၊ အမှန်လော၊မဝေခွဲနိုင်သည့် တဒုတ်ဒုတ်သံကြောင့် ဆြာဒင့်ခမျာ နိုးထလာရပြန်၏။
ဆြာဒင့်ဝန်းကျင်တွင်ကားရွှေပင်သားတသိုက် ပေါက်တူးငန်းပြားကိုယ်စီဖြင့် ဆြာဒင်စက်ပျော်ရာ ထနောင်းပင်တဝိုက်ကို သုံးလေးပေအကွာမှ တူးဆွနေကြလေရာ အိပ်မှုံစုံမွှားဆြာဒင်မှာ “ငတို့ရွှေပင်ရွာသားတို့ကား “တနှစ်တကြိမ်ဇူလိုင်လ မြန်မာ့ သစ်ပင်စိုက်ပျိုးလ”ကိုနားလည်သိကျွမ်းကြလျက် သဘာဝပတ်ဝန်းကျင်းကို ထိန်းသိမ်းတတ်ကြလေ ယောင်တကား ဟု ဝမ်းမြောက်မိလေသည်။
“တို့ရွှေပင်သားတွေ တယ်ခေတ်မီသကိုး၊စိုက်ကြဟေ့ စိုက်ကြ၊ဥတုရာသီ တောကိုမှီသတဲ့ကွ၊ ကျုပ်အိပ်ရေးပျက်တာ အရေးမပါလှပါဘူး မောင်တို့ရယ်၊အားမနာတမ်းသာ စိုက်ကြပါ”
“ဒီလူကြည့်ရတာ ဧည့်သည်ထင်ပါရဲ့၊ဒီမယ်၊ အခု ဘကြီးအိပ်နေတဲ့ ထနောင်းပင်ကို တူးနေတာဗျ၊ ရေသောက်မြစ်ကို ဖြတ်ပြီး သုံးလေးရက်ထားလိုက်လို့ မသေရင်ဆယ်သိန်းဝန်းကျင်သေချာပြီ”
“ဟေ၊ ဆန်းလှချေကလား၊ထနောင်းပင်က အရောင်းအဝယ်ဖြစ်သတဲ့လား”
“သိပ်ကြီးနေတဲ့အပင်ဆိုရင်တော့ သုံးစားမရဘူးပေါ့ဗျာ၊ အနေတော်အရွယ်ဆိုရင်တော့ အံကိုက်ပဲဗျ”
“အော် အော်၊ ဟုတ်ပါပြီမောင်တို့ရယ်၊ ဘယ်ကများဝယ်ကြသတုန်း”
“ဘကြီးကြည့်ရတာ ခပ်နုံနုံတောသားထင်ပါရဲ့၊စိနတိုင်းက အဝယ်လိုက်နေတဲ့ နောက်ဆုံးပေါ် ရောင်းကုန်ဗျ”
“ဟုတ်ပါပြီမောင်ရယ်၊ ရေသောက်မြစ်ဖြတ်လိုက်လို့ မတော် သေသွားရင်ကိုရင်တို့ မောတာ အဖတ်မတင်ပေဘူးလား”
“မပူပါနဲ့ဘကြီးရယ်၊ အရက်ချက်တဲ့အခါ အသုံးတည့်ချက်”
(၅)
နှစ်ပေါင်းသုံးဆယ်ကျော်ကာမှ တခေါက်တကျင်းရောက်လာသော ဆြာဒင်အား ရွာအဝင်တွင် ဒင့်အပြန်ကို မျှော်လင့်နေ ဟန်ဖြင့် တရွာလုံးက “ဝှမ်းယင်”“ဝှမ်းယင်”ကြွေးကြော်လျက် လှိုက်လှဲပျူငှာကြိုဆိုကြသော်ငြား၊ ဆြာဒင်ကား သက်ကြီး ခေါင်းချ ချိန်တိုင်အောင် စက်လည်း ပျော်ပါနိုင်ချေ။
လက်ပံတောင်းတောင်သည် ဆြာဒင့်ကို အတွေးပွားစေ၏။ ကျောက်ဖြူကူမင်းဓာတ်ငွေ့လိုင်းသည် ဆြာဒင့်ကို အိပ်ပျက် အောင် နှိပ်စက်လျက်ရှိ၏။တမှေးမှမှေးစက်မရသည့်အဆုံး ဘုရားပုထိုး ရှိခိုးအိပ်လေမှ ဟူသော အတွေးဖြင့် သြကာသ ချိုးကို ရွတ်ဆိုနေရင်း ဘုရားစင်ထက်သို့ မော်အကြည့်တွင် ပြက္ခဒိန်ပုံတော်ကိုဖြတ်ညှပ်ကပ်လျက် ဓာတ်ခဲငယ်၏ စွမ်းပကားဖြင့် မော်တာအတပ်ခံရသော နှုန်းတုမမြင် သုံးလူ့ရှင် ဗုဒ္ဓဘုရားရှင်သည်လည်း နောက်ပါ သံဃာတို့ ခြံရံလျက် ဒေသစာရီကြွချီလျက်ရှိလေ၏။အော်၊သုံးလောက ထွဋ်ထားမြတ်ဘုရားသော်မှ တရုတ်တရက်တို့၏ သံသရာဝဋ်ကြွေးမှ ပြေးမလွတ်ယောင် တကား။သုံးဆယ့်တစ်ဘုံကို အမျှအတန်းဝေလျက် တရုတ်ပြည်ဖြစ် မီးဘုရားကို ဆြာဒင်ဦးသုံးကြိမ် ချလိုက်ရ၏။
ယင်းတခဏမှာပင် ရွာထိပ်ဆီမှ ကဘောက်တိကဘောက်ချာသီချင်းသံသည် တိတ်ဆိတ်သော ညဥ့်ယံကိုထွင်းဖောက်ကာ ဆြာဒင့်ထံသို့ ရောက်ရှိ လာပြန်ချေတော့သည်။ ရွာအဝင်မှာဆုံခဲ့သော ကိုရင်သစ္စာ၏ အသံဖြစ်တန်ရာသည်။ ဟုတ် သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ထိုသီချင်းသံကို ဆြာဒင်အံကိုကြိတ်ရင်း ခပ်တိုးတိုးလိုက်ဆိုမိသည်။
“ပန်းစပယ် သြော် … နန်းအလယ် မပေါ်ခိုက်ဟာမို့ အလိုက်တော်တန်သင့်ရုံပ ခံပွင့်ကို ကုံးရတယ်”
“ သေရင်သေ၊ သေရင်မြေကြီး ပါကွယ်၊ ရှင်ရင်လေ ရွှေထီးကိုလည်းမောင်မမျှော်မှန်းတယ်၊ထွေးရဲ့ကိုယ်စားပြုမယ်ကွယ်၊ ချစ်သူ့ကိုယ်စားပြုမယ်ကွယ်၊ ရောက်လေရာဘဝဆီက နာခံစမ်းကွယ်၊ မောင်ကြီးသစ္စာ ပြုပါ့မယ်၊ ဒီစံနစ်ဆိုးတွေကိုကွယ် ကျောမွဲများအတွက် တိုက် ဖျက်ပစ်ပါ့မယ်”
ဝှမ်းယင်(တရုတ်စကား)=ကြိုဆိုပါ၏
……..