ကျနော်သည် မိရိုးဖလာဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်၏။ ပို၍ရှင်းအောင်ဆိုရလျှင် ကျနော့်မိဘများသည် ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင် ကိုးကွယ်သောကြောင့် ကျနော်သည်လည်း ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခြင်း ပင်။လူမှန်းသိတတ်စ အရွယ်ကပင် ဘုရားပုထိုး၊ဘုန်းကြီးရဟန်းတို့ကိုမြင်လျှင် အမိအဖက“ဦးတော် လုပ်လိုက်” ဆိုသဖြင့် လုပ်ခဲ့သည်။နောင်တဖြည်းဖြည်း အရွယ်ရောက်လာသည့်အခါ “သြကာသဘုရားရှစ်ခိုး”နှင့် ခရီးဆက် ခဲ့သည်။အလှူအတန်း၊အခါကြီးရက်ကြီးများတွင်သီလပေးသည့်အခါများ၌ “အာမဘန္တေပါဘုရား” “တင်ပါ့ဘုရား” တို့ဖြင့်သာ ယဉ်ပါးနေခဲ့သည်။စာတတ၊်ပေတတ်၊ကျမ်းတတ်သည် ဟုကျော်ကြားသော ဆရာတော်များကို ဆည်း ကပ်ကိုးကွယ်ကာ ဥပုတ်သီလစောင့်တည်ခြင်း၊အလှူဒါနပြုခြင်းတို့ကိုလည်းစောင့်လေမျိုးနွယ်ဟူသောအဆုံးအမ နှင့်အညီ ပြုခဲ့သည်လည်း ရှိပါ၏။
ထို့ပြင်တဝ ဗုဒ္ဓဘာသာအများအပြားဖတ်လေ့ရှိသောစာအုပ၊်ကျမ်းဂန်အတော်များများကိုလည်း ဖတ်ရှုလေ့လာခဲ့ ဖူးပါသည်။အရိုးသားဆုံးဝန်ခံရလျှင် နာကြားခဲ့ဖူးသည့်တရားများ၊ဖတ်ရှုခဲ့ဖူးသည့် ဘာသာရေးစာအုပ်စာပေများ တွင် ကျနော်နားမရှင်းဆုံးအရာကား “ဖြစ်ပျက်” ဟူသော စကားလုံး ဖြစ်၏။
အဆိုပါ ဖြစ်ပျက်ဟူသော စကားလုံးသည် လူတိုင်းနီးပါး ပြောနေကျစကား ဖြစ်၏။ ဗုဒ္ဓဘာသာဝင်တိုင်းလိုလို နားယဉ်နေသော စကားလုံးဖြစ်၏။ ကျနော်သည်လည်း အများယောင်သကဲ့သို့ “ ဖြစ်ပျက်ပေါ့ကွာ”၊ “ဖြစ်ပြီးရင် ပျက်တာပါပဲ”ဟူ၍အကြိမ်ပေါင်းများစွာယောင်ဝါးဝါးပြောဆိုခဲ့ဖူးပါသည်။အမှန်ကိုဝန်ခံရလျှင်ထိုစကားကို ကျနော် ဘယ်သောအခါကမျှ နားမရှင်းခဲ့။ တိကျပြည့်စုံသော အနက်အဓိပ္ပါယ်ကို မသိခဲ့ချေ။နီးစပ်ရာ ပုဂ္ဂိုလ်အချို့ကို ဂဃ နဏမေးသည့်အခါများတွင်လည်း ထိုသူတို့က ဥပါဒ်၊ဌီ၊ဘင်ဟူသည် အနိစ္စ၊ ဒုက္ခ၊အနတ္တဟူ၍လည်းကောင်း၊အမျိုး မျိုးဖြေကြားကြလေရာ ယင်းအဖြေမျိုးကား ကျနော် လိုချင်သောအဖြေ မဟုတ်ပြန်ချေ။ထိုသို့လျှင် “ဖြစ်ပျက်” ဟူသော စကားလုံးပေါ် ကျနော် ရွာလည်နေခဲ့သည်။
မကြာသေးမီအချိန်က ဖိုးနီအမည်ရှိ ညီငယ်အရွယ် လူငယ်တစ်ယောက်က“အာစရိရာ၊ကျနော်ကတော့ စိတ်ညစ် စရာရှိလာရင်ဖြစ်ပျက် ဖြစ်ပျက်လို့မှတ်လိုက်တာပါပဲ”ဟုဆိုလာဖူးလေ၏။ကျနော်လည်း “သည်တခါ နေရာကျပြီ” ဟူသောအတွေးဖြင်“မင်းပြောတဲ့ဖြစ်ပျက်ဆိုတာငါ့ကိုသေချာရှင်းပြစမ်းပါ”ဟုမရှက်မကြောက်မေးမြန်းသည့်အခါ သူက “အာစရိရာ၊ နှာသီးဖျားက လေကို ဝင်လေ ထွက်လေဆိုပြီး မှတ်နေတာဟာ ဖြစ်ပျက်ပဲပေါ့” ဟူ၏။ ကျနော် စကားမဆက်နိုင်တော့။အချို့စကားဝိုင်းများတွင် ဖြစ်ပျက်အကြောင်း တစွန်းတစကြားမိသဖြင့် နားစွင့်မိသည့်အခါ “မွေးလာတာ ဖြစ်တာပေါ့၊သေသွားတာ ပျက်တာပေါ့”ဟု ဆိုကြပြန်လေသည်။ရှင်းလေမှ ပိုရှုပ်ပြန်တော့သည်။ မွေးခြင်းနှင့်သေခြင်းသည် ဖြစ်ပျက်ခြင်းဟူသော သဘောမျှကိုကား သူတို့ပြောမှမဟုတ်၊လူတိုင်းအသိ။ကျနော့် စိတ်တွင်ကားသည်လောက်နားလည်ရခက်တဲ့ဖြစ်ပျက်၊မသိ သိအောင်လုပ်လေမှဟု တေးမှတ်ထားရပြန်ပါသည်။
ဤသို့လျှင် ဖြစ်ပျက်ရှာပုံတော်ဖွင့်နေစဉ်၌ ဖတ်မိသောစာတအုပ်တွင် “အကြင်သူသည် ရုပ်နာမ်တို့၏ ဖြစ်ပုံ ပျက်ပုံကို အိပ်မက်တွင်မျှ မမြင်ရဖူးဘဲ၊ အနှစ်တရာပတ်လုံး အသက်ရှည်၏။ ထိုသူ၏အသက်ရှည်မှုထက် ဥဒယဗ္ဗယကို မြင်သောသူ၏တစ်ရက်မျှ အသက်ရှည်ခြင်းသည်၊မြတ်သေး၏။”ဟူ၍ တွေ့ရပြန်ရာ ကျနော်ဖြစ်ပျက် ကို သိချင်စိတ်မှာ ထိန်းမနိုင် သိမ်းမရ ဖြစ်လာပါတော့သည်။ အိပ်ယာဝင်သည့်အခါတွင်လည်း ဖြစ်ပျက်ကို သိချင် စိတ်၊ စားသောက်နေရင်းတွင်လည်း ဖြစ်ပျက်ကို သိလိုစိတ်များသာ ဖြစ်နေပါတော့သည်။ ဤတသက် ဖြစ်ပျက် ဟူသော အရာကို သိမှ သိနိုင်ပါတော့မည်လော ဟု ပူပန်စ ပြုလာပါသည်။
သို့နှင့် ကျနော်သည် ရနိုင်သမျှ ဘာသာရေးဆိုင်ရာ စာအုပ်များကို ထပ်မံမွှေနှောက် ရှာဖွေဖတ်ရှုလျက် ဖြစ်ပျက်ကို ရှာပုံတော်ဖွင့်ခဲ့၏။ ဖြစ်ပျက်နှင့် ပတ်သက်၍ ရေးသားထားသော အကြောင်းအရာများကို ဘာသာ ရေးစာအုပ်တိုင်းလိုလိုတွင် တွေ့ရဖတ်ရသည်ချည်းဖြစ်သော်ငြား ကျနော်အနေဖြင့် နားလည် သဘော ပေါက်ခြင်း မရှိသည်ကို ဝန်ခံရပေမည်။ နာကြားခဲ့ရသော တရားခွေများ၊ စီဒီများတွင်လည်း ဤနည်း နှင်နှင်ပင်တည်း။ ဖတ်မိသောစာအုပ်နှင့် စီဒီစာရင်းကို ဖော်ပြရလျှင် ပိုမိုရှုပ်ထွေးရန်သာ ဖြစ်တော့မည်ဖြစ်၍ မရေးလို တော့ပြီ။ ထိုသို့လျှင် ကျနော်၏ ဖြစ်ပျက်ရှာပုံတော်သည် တဆယ့်ငါးနှစ်မျှ ကြာခဲ့ပါလေတော့သည်။
ကျနော် စိတ်ပျက် အားလျော့စပြုလာ၏။ ဤနေရာတွင် အနည်းငယ် ရှင်းပြရန် လိုလာပါသည်။ “ဖြစ်ပျက်ကို သိချင်တာများ တရားစခန်း တခုခုသွားလိုက်ရင် ပြီးနိုင်တာပဲ”ဟု အချို့လူများအနေဖြင့် ဆိုရန်အကြောင်း ရှိပါသည်။ကျနော် ဆိုလိုသည်မှာ ဖြစ်ပျက်ဟူသောအရာ၏ သဘောသဘာဝကို လူသာမန် နားလည်သလို နားလည်လိုခြင်း ဖြစ်ပါသည်။ လက်တွေ့ သိနိုင်ရန်အတွက် တရားစခန်းတခုခုတွင် သွားရောက် အားထုတ်ရန် လည်း ရည်ရွယ်ရင်းရှိပါ၏။
ဤနေရာတွင် ကျနော့်အကြောင်းကို အနည်းငယ် ရှင်းပြရန်လိုမည် ထင်ပါသည်။အမှန်တော့ ကျနော့်ဘဝသည် ထူးထူးခြားခြား စာဖွဲ့ပြနိုင်လောက်သော ဘဝမျိုးမဟုတ်ပါ။မြန်မာမိဘနှစ်ပါးက မွေးဖွားပြီး အရွယ်ရောက်သည့် အခါကျောင်းနေ၊ ထို့ထက် အရွယ်ရောက်လာသည့်အခါ အိမ်ထောင်ကျလျက် မိသားစု စားဝတ်နေရေးအတွက် အစိုးရဌာနတစ်ခုဖြစ်သော ကုန်သွယ်လယ်ယာတွင် အလုပ်ဝင်ခဲ့သည်။ ဤမျှသာ။ အနည်းငယ်ထူးသည်ကား ကျနော့်ဌာနတွင် စာရင်းစစ်ဝင်သည့်အခါ ငွေစာရင်းကွာဟမှုဖြင့် အမှုတွဲလေးယောက်နှင့်အတူ ထောင်ဒဏ်သုံး နှစ်ကျခံခဲ့ရခြင်းဖြစ်သည်။စင်စစ် ကုန်သွယ်လယ်ယာကဲ့သို့သော ဌာနမျိုးကား ငွေစာရင်းမှန်ကန်အောင် လုပ် ကိုင်ရနိုင်သောဌာနမျိုးမဟုတ်သည်မှာ ကျနော့်ကိုယ်တွေ့ဖြစ်သည်။ဆင်ခြေပေးသည်ဟု ထင်စရာရှိပေမည်။ယခု ကျနော်ထောင်ကျလာသောအမှုတွင် ကျနော့်ကိုယ်ကျိုးအလို့ငှာ မည်သည့်အလွဲသုံးစားမှုကိုမျှ ကျနော်မလုပ်ခဲ့ ချေ။အခွင့်သာစဉ် အချိန်များကမူ အပေါင်းအသင်းတရုန်းရုန်းဖြင့် သောက်စားပျော်ပါးခဲ့သည်များ ရှိသည်ကိုကား ကျနော် မငြင်းလိုပါ။မည်သို့ဆိုစေ ဤအချက်သည် အဓိကမကျလှ။ကျနော် ပြောလိုသည်မှာ ရဲဘက်စခန်းသို့ ရောက်နေသည့်ကာလများ၌ ပိုမိုအထီးကျန်ကာ စဉ်းစားတွေးတောချိန် များလာလေသောကြောင့် ဖြစ်ပျက် ဟူသောအရာကို သိလိုစိတ် ပိုကဲလာခြင်းဖြစ်ပါ သည်။
လောကကြီးကား ထူးဆန်း အံ့သြဖွယ်ရာများနှင့်အတိ ပြီးလျက်ရှိသည်ဟု ဆိုရပေတော့မည်။ ကျနော့်တသက် တွေ့ရန် မဖြစ်နိုင်တော့ဟု ထင်မြင်ခဲ့သော ဖြစ်ပျက်ဟူသည့် အရာကို ရှင်းရှင်းလင်းလင်း သိနိုင်ရန် အခြေအနေသည် ရုတ်ခြည်း ဖြစ်ပေါ်လာလေ၏။ ဖြစ်ပျက်ဟူသော အရာကို တိကျစွာ အဖြေပေးနိုင်မည့် သူကား ကျနော်နှင့် အနီးဆုံးနေရာသို့ ရောက်လာခဲ့လေပြီ။ တွေ့စကမူ ထိုသူသည် ကျနော်၏ ဖြစ်ပျက် ပုစ္ဆာကို ဖြေရှင်းနိုင်မည့်သူဟူ၍ တွေးထင် မထားခဲ့သည်ကား အမှန်။ သူကား ကျနော်နှင့် အသက် မတိမ်းမယိမ်းဖြစ်၏။ ဘဝတူချင်းဖြစ်၍ အချိန်တိုတိုအတွင်း အလွန် ခင်မင်ရင်းနှီးသူများ ဖြစ်လာကြပါသည်။ သူ့အမည်ကား ကိုသက်ခိုင် မည်၏။
ကိုသက်ခိုင်သည် အသက်လေးဆယ်ကျော်ခန့်ရှိပြီး ဥပဓိရုပ် ကောင်းသည်၊ အရပ်ငါးပေ ဆယ့်တစ်လက္မခန့်ရှိ၍ စကားပြောသည့်အခါ အားနှင့်မာန်နှင့် ပြောတတ်သူဖြစ်သည်။သူ့ကို ရဲဘက်စခန်း တစ်ခုလုံးက ဆရာကြီး ဟု ခေါ်ကြပြီး မည်သည့်အကြောင်းကြောင့် ဆရာကြီး ဟု ခေါ်ကြောင်း ရှင်းပြနိုင်သူကား မရှိချေ။
အဆိုပါ ရဲဘက်စခန်း၏ တခုသောနေ့တွင် ဖြစ်ပါသည်။
ရေပတ်လည် ဝိုင်းလျက်ရှိသော ကျနော်တို့ ရဲဘက်စခန်း၏အရှေ့၊ ကိုက်တရာခန့် အကွာတွင် ဓနိမိုး ဝါးထရံကာ တဲငယ်တလုံးရှိ၏။ အဆိုပါတဲငယ်ကား၊ ရဲဘက်စခန်းများတွင် ငွေကြေးတတ်နိုင်သူများအနေဖြင့် ထောင်အာဏာ ပိုင်များနှင့်ညှိနှိုင်းကာ ကိုယ်ပိုင်အိမ်များပင် ဆောက်လုပ်နေထိုင်နိုင်သော ဓလေ့ထုံးတမ်းအတိုင်း ကိုသက်ခိုင် ကိုယ်ပိုင်ငွေနှင့် ဆောက်လုပ်ထားခြင်း ဖြစ်လေ၏။လိုရင်းကို ဆက်ရလျှင် ထိုနေ့က အဆိုပါ တဲငယ်ပေါ်၌ ကိုသက်ခိုင်နှင့်ကျနော် ပထမဆုံးအကြိမ် စကားလက်ဆုံကျ ခဲ့ပါသည်။
ကျနော်။ ။ “ဆရာကြီးက ဘာမှုလဲ ဗျ”
ကိုသက်ခိုင်။ ။“လေယာဉ်ပျံပေါ်က ပြုတ်ကျတဲ့ အမှုပေါ့”
ကျနော်။ ။ “ကြံကြံဖန်ဖန်ဗျာ”
ကိုသက်ခိုင်။ ။“လောကကြီးမှာ အမြင့်ဆုံးကို တက်ချင်သူတွေ ကြုံရတဲ့အမှုလို့  ပြောချင်တာပါ”
ကျနော်။ ။“ထားလိုက်ပါတော့ဗျာ။ဒါနဲ့ ခင်ဗျား စာအုပ်အညိုလေးတအုပ်နဲ့နေ့ရော ညပါ အလုပ်ရှုပ်နေရအောင် ဘာစာအုပ်လည်းဗျ”
ကိုသက်ခိုင်။ ။“အော်.. တရားစာအုပ် ဆိုပါတော့၊အဖြေတခု ရှာချင်လို့ အကြိမ်ကြိမ်ဖတ်ပြီး လေ့ကျင့်နေတာဗျ”
ကျနော်။ ။“ဘာလေ့ကျင့်တာလဲဗျ”
ကိုသက်ခိုင်။ ။“စိတ်”
ကျနော်။ ။“ဗျာ စိတ်ကို ဘယ်လို လေ့ကျင့်သတုန်းဗျာ”
ကိုသက်ခိုင်။ ။ “အဲဒီ စာအုပ်ထဲက အတိုင်း တသွေမတိမ်းပေါ့”
ကျနော်။ ။“ဘယ်လောက် ကြာပြီလဲဗျာ”
ကိုသက်ခိုင်။ ။“ခုနှစ်လ”
ကျနော်။ ။“ဘာတွေ တွေ့ ပြီး ဘာတွေ ထူးခြားသလဲဗျာ”
ကိုသက်ခိုင်။ ။(အတန်ကြာစဉ်းစားနေပြီးနောက်) “တိုတိုပြောရရင် ဖြစ်ပျက်ကို တွေ့တယ် ပေါ့ဗျာ”
ကိုသက်ခိုင်အမည်ရှိ ဤပုဂ္ဂိုလ်ကား ဖြစ်ပျက်ကို တွေ့သည်ဟု ဆိုလာပြန်ချေပြီ။ကျနော်လည်း ချက်ချင်းဆိုသလို သူ့ကို အလောတကြီး ဆက်မေးလိုက်မိသည်။
ကျနော်။ ။“အဲဒီ ဖြစ်ပျက်ဆိုတာ ကျုပ်ကို သေချာ ရှင်းပြစမ်းပါဗျာ”
ကိုသက်ခိုင်။ ။“ခုနှစ်လစာ လေ့ကျင့်ခန်းကို တထိုင်တည်း ရှင်းလို့ ဘယ်လိုဖြစ်နိုင်မလဲဗျ”
ကျနော်။ ။“ဘယ်လောက်ကြာကြာဗျာ။ကျုပ်တို့လည်း အချိန်တွေပိုနေတာပဲ။ဆရာကြီးသာ ရှင်းပါ။ ကျနော် နားထောင်ပါ့မယ်ဗျာ”
ကိုသက်ခိုင်။ ။“တခုရှိသေးတယ်ဗျာ။ ပုံမှန်မဟုတ်တဲ့ အကြောင်းအရာတွေ၊ ရူးကြောင်ကြောင်လို့ ထင်စရာ တွေပါလာရင် ခင်ဗျားလက်ခံဘို့ခဲယဉ်းတယ်။ အဲဒီအခါကျရင် လေ့ကျင့်ခန်းကို ပြုစုခဲ့သူကော။လေ့ကျင့်ခန်းပါ နာမည်ပျက်မယ် ။ဒါကြောင့် မပြောတာပိုကောင်းမယ် ထင်တယ်”
ကျနော်။ ။“ပြောမှာသာ ပြောစမ်းပါဗျာ။ကျနော် ဘာကိုမှ အထင်သေးတာ၊ ကြီးတာ မရှိစေရပါဘူး။ ကျနော် အဲဒီ ဖြစ်ပျက်ဆိုတာကို သိချင်လို့ မေးမြန်းစူးစမ်းနေခဲ့တာ ဆယ့်ငါးနှစ်ကျော်နေပြီ”
ကိုသက်ခိုင်။ ။“နောက်တခု ရှိသေးတယ်။ကျုပ်က ခင်ဗျားကို ပြောပြပြီးရင် ခင်ဗျားက ကျုပ်ကို လူလို့ မထင်တော့ မှာလည်း စိုးရိမ်တယ်”
ကျနော်။ ။“ဘယ်နှယ့် လူလို့ မထင်ရမှာလဲဗျာ”
ကိုသက်ခိုင်။ ။“ကျုပ်ပြောတာက ဖြစ်ပျက်ကိုတွေ့ပြီးတဲ့သူဟာ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတဲ့ သဘောတွေ ခင်ဗျား အများကြီး ဖတ်ဘူးမှာပါ။ကျုပ် အခုတွေ့တဲ့ ဖြစ်ပျက်ဆိုတာ အစသာရှိသေးတယ်။အဆုံးက ဟိုးအဝေး ကြီးမှာ ကျန်သေးတယ်။ဒါတွေ နဲ့ မရောထွေးစေချင်ဘူး”
ကျနော်။ ။“ကဲပါဗျာ ပြောမှာသာ ပြောပါ။ခင်ဗျား တောင်းမဲ့ ကတိအားလုံးကို ကျုပ်ပေးပါတယ်”
ကိုသက်ခိုင်။ ။“ခင်ဗျား သိပ်သိချင်နေရင်တော့ ခင်ဗျားလည်း ဖြစ်ပျက်ဆိုတာ သိချိန်တန်ပြီလို့ မှတ်ရတော့ မှာပဲ။သို့သော် ဖြစ်ပျက်တလုံးတည်းကို ကွက်ရှင်းလို့ကတော့ မပြည့်စုံနိုင်ဘူး။ ကျုပ်ရဲ့  လေ့ကျင့်ခန်း အစအဆုံးကို ပြောမှ ပြည့်စုံပေလိမ့်မယ်”
ထိုအချိန်တွင် အိပ်ဆောင်ဝဆီမှ “ထမင်းတန်းစီမယ်ဟေ့”ဟူသော အဆောင်မှူးတန်းစီး နိုင်ဝင်း၏အသံက ငှက်ဆိုးထိုးသကဲ့သို့ ပေါ်ထွက်လာရာ နှစ်ယောက်သား ပြောလက်စစကားကို ရပ်လိုက်ကြရသည်။
ညအချိန် ကိုသက်ခိုင် အိပ်ယာအနီးသို့ ကျနော် ရောက်သွားသည့်အခါ သူက လင်းကြည်အမည်ရှိ အကျဉ်းသား လူငယ်တဦးကို စာရေး စာဖတ် သင်လျက်ရှိသည်။လင်းကြည်ကား အသက်နှစ်ဆယ့်ငါးနှစ်အရွယ် ရောက်နေ သည့်တိုင် အရေးအဖတ်မျှပင် တတ်သူမဟုတ်ချေ။ စာသင်ချိန်ကား ညဖက် အိပ်ဆောင်မပိတ်မီ ဆယ်နာရီ အထိ ဖြစ်သည်။
ကျနော်ကား ကိုသက်ခိုင်ဘေးမှာ ကပ်လျက်ရှိသူ မဟာမေဒင်ဘာသာဝင် ကိုတင်ဝင်းကို လေးငါးညခန့် အိပ်ယာ ပြောင်းပေးပါရန် တောင်းပန်လျက် ကိုသက်ခိုင့်ဘေးမှာ အသင့်နေရာ ယူထားလိုက်သည်။ မကြာလှချေ။ ဆယ်နာရီထိုးသည်နှင့် လင်းကြည်တယောက် သူ့နေရာသူပြန်သွားချိန် “အိပ်ချိန်၊ အိပ်ချိန် ”ဟူသော နိုင်ဝင်း၏ အသံပြဲကြီးတိတ်သွားသည့်အခါ ကိုသက်ခိုင်နှင့်ကျနော် အိပ်ယာပေါ်တွင် ကိုယ်စီလှဲနေကြရင်း စကားဆက် ဖြစ်ကြ၏။ ကိုသက်ခိုင်ကမူ နဖူးပေါ်တွင် လက်တင်ရင်း ပက်လက်အနေအထားဖြင့် နှုတ်ဆိတ်လျက်ရှိ၏။
ကျနော်။ ။“ကဲ လုပ်ဗျာ ။ခင်ဗျားရဲ့ ဖြစ်ပျက်ဇာတ်လမ်း”
ကိုသက်ခိုင်က သက်ပြင်းကို ခပ်လေးလေးချလျက် လေသံတိုးတိုးဖြင့် …..
ကိုသက်ခိုင်။ ။“ဖြစ်ပျက်ကို မစခင် ကျုပ်ဘဝအတိုချုပ်လေးတော့ ပြောပါရစေ။အော်.. ကျုပ် ကျုပ် ဆိုပြီးသုံးလို့ တမျိုးတော့မမြင်ပါနဲ့ဗျာ။ကျနော်ကအညာသားဆိုတော့ ရွာမှာနေခဲ့တုန်းက သုံးခဲ့တဲ့ ကျုပ်ဆိုတာကြီးကို တခါ တလေ သုံးလိုက်ရမှ အားရသလို ခံစားမိလို့ပါ။ကျုပ်ဘဝဟာ ထူးထူးထွေထွေတော့ မဟုတ်ပါဘူး။ လူလတ် တန်းစား မိသားစုကမွေးခဲ့တယ်။ ဘွဲ့ရခဲ့တယ်။ နောက် ကြီးပွားမယ်ထင်တဲ့ အလုပ်မျိုးစုံလုပ်ခဲ့တယ်။ တက်လိုက် ကျလိုက် ၊ အောင်မြင်လိုက် ကျဆုံးလိုက်နဲ့ လုံးချာလိုက် နေခဲ့တာပါပဲ။နောက်ဆုံးတော့ ဒီထောင်ထဲကိုရောက် လာခဲ့တယ်။ ဒါပေမဲ့ ထူးခြားတာက ကျုပ်ဟာ ထောင်ထဲကို ကိုယ့်သဘောနဲ့ ကိုယ် ဝင်လာခဲ့တာပဲ”
ကျနော်။ ။“ဘယ်လိုလဲ ဗျ။ ကိုယ့်သဘောနဲ့ကိုယ် ဝင်လာတယ် ဆိုတာ”
ကိုသက်ခိုင်။ ။“မူလရုံးက ကျုပ်အမှုကို အပြီးအပြတ် လွှတ်ပြီးသား၊တရားလိုက ပြင်ဆင်မိန့်တက်လို့ ကျုပ် မျက်ကွယ်မှာ ထပ်ပြီးအမိန့်ချတာ။ကျုပ်ကလည်း ငါမှန်နေတာပဲ။ ရှင်းမယ်ဆိုပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ကိုယ်တိုင် တရားရုံးရှေ့သွားပြီး ထောင်ထဲဝင်ခဲ့တာ၊ ကျုပ်က ရန်ကုန်မှာနေတော့ အင်းစိန်ထောင် ရောက်ရော ဆိုပါတော့”
ကျနော်။ ။ “ဟာ တော်တော် သတ္တိကောင်းတာပဲဗျ”
ကိုသက်ခိုင်။ ။“မှားတယ်ဗျ။ ထောင်ထဲကိုရောက်တော့ ကျုပ်ဟာ ကျုပ်ထင်သလောက် သတ္တိမကောင်း တော့ဘူး။ ထင်ရာစိုင်းခဲ့တဲ့ ဒါဏ်တွေက ဒုက္ခပေးလာတယ်”
ကျနော်။ ။“ဘာတွေ ထင်ရာစိုင်းခဲ့တာလဲဗျာ”
ကိုသက်ခိုင်။ ။“မြန်မာပြည်မှာ စီးပွားရေးသမားတိုင်း အမြဲတမ်းပူပင်နေရတဲ့သူတွေရဲ့ ထုံးစံအတိုင်းပေါ့။ နေ့တိုင်းနီးပါး အရက်သောက်ဖြစ်တယ်။ တခါတခါ စိတ်ငြိမ်မလားဆိုပြီး စိတ်ငြိမ်တယ်ဆိုတဲ့ ဆေးမျိုးစုံလဲ သုံးခဲ့တယ်”
ကျနော်။ ။“အော် ဆရာကြီးလည်း အရက်တွေ ၊ ဆေးတွေ သုံးခဲ့တာပဲလား”
ကိုသက်ခိုင်။ ။“သေချာတာပေါ့၊ အဲဒီ ဒါဏ်တွေရယ်။ ဒီပြဿနာကို မကြီးကြီးအောင် လုပ်ခဲ့တဲ့ တရားပြိုင်ကို သတ်ပစ်ချင်တဲ့ စိတ်ရယ်ကြောင့် လူဟာအရူးတပိုင်း ဖြစ်လာတယ်၊ညဖက်ဆို လုံးဝ အိပ်လို့မရတော့ဘူး။ ဆယ့်လေးငါးရက် ဖြစ်လာတော့ အိမ်ကအိပ်ဆေးတွေ သွင်းပေးတယ်။သောက်လည်း ခဏပဲအိပ်တယ်။ ဆရာဝန်ကတော့ အခုပေးလိုက်တဲ့ ဆေးတွေဟာ ဂိတ်ဆုံးပဲ တဲ့။ ဆင်ကို တိုက်ရင်တောင် တုန်းကနဲ အိပ်မယ်တဲ့။ သို့သော် ကျုပ်အတွက်တော့ မထူးခြားလှပါဘူး။ ဒါနဲ့အိပ်မရတဲ့ညတွေ များလာပြီး စိတ်ကလည်း ဂယောင်ချောက်ခြား ဖြစ်လာတော့ သေရင် အေးမယ်လို့ ထင်လာတယ်။နောက်ဆုံး ကျုပ်ဟာ ထောင်နံရံကို ခေါင်းနဲ့ ပြေးဆောင့်ပြီး ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားခဲ့တယ်”
ကျနော်။ ။“ဆိုးလှချည်လားဗျာ”
ကိုသက်ခိုင်။ ။“အဲဒီ ဆိုးလှတဲ့ အခြေအနေကပဲ ကျုပ်ကို ဖြစ်ပျက်ဆိုတာ တွေ့အောင် တွန်းပို့လိုက်တာပါပဲ”
ကျနော်။ ။“အော် ဒါနဲ့ ဖြစ်ပျက် တွေ့ရောလားဗျာ”
ကိုသက်ခိုင်။ ။“ထောင်နံရံကို ခေါင်းနဲ့တိုက်ရုံနဲ့ ဖြစ်ပျက် မြင်မလားဗျ။ကျုပ်စိတ်ထဲမှာ ဒီလို သေရရင်တော့ ရုပ်ပျက်ဆင်းပျက် နိုင်လှတယ်ဆိုပြီး တခုစဉ်းစားမိတယ်။အဲဒါကတော့ အသက်ရှူတဲ့လေ့ကျင့်ခန်းနဲ့ အသက် ဆက်နေဘို့ပဲ။လွယ်တော့ မလွယ်လှပါဘူး။ကျုပ်ဟာသေဘို့ အချိန်မကျသေးတာလည်း ပါပါလိမ့်မယ်။”
ကျနော်။ ။“အော် အသက်ရှူလေ့ကျင့်ခန်းကနေ ဖြစ်ပျက်ကို တွေ့တာပေါ့”
ကိုသက်ခိုင်။ ။“ခင်ဗျား တော်တော်လောတာပဲ။ အသက်ရှူတာကို ခဏလေးလေ့ကျင့်ရုံနဲ့တော့ ဘယ်မှာ ဖြစ်ပျက် တွေ့မလဲဗျာ။ ဒီလိုနဲ့ အသက်ရှူလေ့ကျင့်ခန်းလုပ်လို့ တပတ်လောက်ကြာတော့ ကျုပ် အင်းစိန်ထောင် ကနေ ဒီရဲဘက်ကို ထွက်လာရတယ်”
ကျနော်။ ။“အော် ဖြစ်ပျက်က ရဲဘက်စခန်းရောက်မှ တွေ့တာလား”
ကိုသက်ခိုင်။ ။“ဟုတ်တယ်။ သို့သော် ချက်ခြင်းတော့ မဟုတ်ဘူး။ရဲဘက်မှာ ဟိုလိုလို ဒီလိုလိုနဲ့ တလလောက် ထပ်ကြာသွားတယ်။ကျန်းမာရေးကတော့ နေ့သေမလား ညသေမလားပဲ။ နောက် ရဲဘက်မှာ အနေချောင်တော့ အရက်လေးဘာလေး ရရင်ရသလို ထပ်ချတော့ ပိုဆိုးလာတယ်။ ဒီတော့မှ ကိုယ့်ကိုကိုယ် သတ်သေစရာမလို တော့ပဲ လုံးပါးပါးတော့မဲ့ အခြေအနေ ရောက်လာတော့တယ်”
ကျနော်။ ။“ဆရာကြီးကလည်း အရက်ကို တော်တော်စွဲလမ်းပုံရတယ်”
ကိုသက်ခိုင်။ ။“ဘယ်အရာမှ အလွန်အကျွံစွဲလန်းရင် မကောင်းဘူးဆိုတာ သေခါနီးမှပဲ သေချာ သဘော ပေါက်တော့တယ် ပြောရမယ်။အရက်ဖြတ်ဘို့ ဆေးရုံသုံးကြိမ်တက်ခဲ့ဘူးတယ်။ နောက်ဆုံးတော့ အရက်မပြတ်ပဲ ဘဝပြတ်ဘို့ဖြစ်လာတော့တာပဲဗျာ။ပိုဆိုးတာက ရဲဘက်ပင်မစခန်းကနေ လူသတ်ကုန်းလို့ နာမည်ကျော်နေတဲ့ ဒီစခန်းခွဲကိုလည်း ပို့လိုက်ရော ငါဘယ်လို သေ မလဲဆို တဲ့မေးခွန်းကို ကိုယ့်ကိုကိုယ် မေးရတော့တာပဲ။ကျုပ်ဟာ အနှေးနဲ့အမြန် သေရဘို့ ကျိန်းသေတဲ့ဘဝကို ရောက်ခဲ့တော့တာပဲ”
ကျနော်။ ။“အော် သေရတော့မယ် ဆိုတော့  ဘယ်နှယ့်နေလဲဗျာ”
ကိုသက်ခိုင်။ ။“ဟ....... ကြောက်တာပေါ့ဗျ။ အဲဒီ ကြောက်ရာက လမ်းစရှာမိသွားတာပေါ့”
ကျနော်။ ။“ဘာကို လမ်းစ ရှာမိသွားတာလဲဗျာ”
ကိုသက်ခိုင်။ ။“ခင်ဗျားမေးနေတဲ့ ဖြစ်ပျက်ပေါ့ဗျာ။ကဲ နောက်နေ့မှ ဆက်ကြရအောင်ဗျာ။တခြားသူတွေ အားလုံး အိပ်ကုန်ကြပြီ
နောက်တနေ့ နံနက်ငါးနာရီတွင် ရဲဘက်စခန်းထုံးစံအတိုင်း အိပ်ယာထကြရပြီး ဘုရားဝတ်ပြု ကြရသည်။ အကျဉ်းသားအများစုက သြကာသ သြကာသ သြကာသ ဟူသောအသံကျယ်ကြီးများဖြင့် ရွတ်ဆိုနေကြချိန်တွင် ကိုသက်ခိုင်ကမူ တင်ပလ္လင်ခွေ အနေအထားဖြင့် ဒူးနှစ်လုံးကြားတွင် လက်နှစ်ဖက်မှ လက်ညိုးနှင့်လက်မကို ထိလျက် မျက်စိမှိတ်နေသည်ကို တွေ့ရသည်။
မနက်ခြောက်နာရီခန့်တွင် ရဲဘက်စခန်းမှ ခွဲဝေပေးသော ရောင်စုံထမင်းကို ကိုယ်စီသိမ်းဆည်းထားကြသည့် ငပိကြော်အစရှိသော ရိက္ခာခြောက်များနှင့် တွဲဖက်သုံးဆောင်ပြီးချိန်တွင်ကား ထောင်မှူး ဦးအေးနိုင်အိမ်ရှေ့တွင် ဘုတ်ဆင်းအလုပ်ခွဲရန် ငုတ်တုတ်တန်းစီကြရသည်။ ကိုသက်ခိုင်ကား အကျဉ်းသားများ ငုတ်တုတ်တန်းစီနေကြ သည့်နေရာအနီးရှိ သစ်ပင်တပင်အောက်တွင် မတ်တပ်ရပ်လျက်သာနေသည်။သူ့အနားမှာ ငုတ်တုတ်ရှိနေသော ကျနော်က နှစ်ကိုယ်ကြားလေသံဖြင့် ..
“ ကိုယ့်ဆရာ၊ ကျနော့်ကို အဆောင်သန့်ရှင်းရေး ကျန်နေခဲ့အောင် ပြောပါအုံး”
ဟု ပြောလိုက်ရာ ကိုသက်ခိုင်က အသာနေဟူသော အမူအယာဖြင့် လက်ကာပြသည်။နောက်ဆုံးတွင်မူ ကိုသက်ခိုင်ကောင်းမှုဖြင့် သူနှင့်ကျနော် အဆောင်ပေါ်တွင် နှစ်ယောက်တည်း ကျန်ရစ်ကြလေရာ ဖြစ်ပျက်ကို ရှေ့ဆက်ဖြစ်ကြပြန်ပါသည်။ဤတကြိမ်တွင်မူ ကျနော်သည် ကိုသက်ခိုင်ပြောနေသောစကားကို ဝင်ဖြတ်ရန် မကြိုးစားတော့ပဲ သူ့ဘာသာအရှိန်နှင့် တဆက်တည်းပြောနေသည်ကိုသာ အသာငြိမ်လျက် နားထောင်ရန် ဆုံးဖြတ်ထားလိုက်ပါသည်။ကိုသက်ခိုင် ရှေ့ဆက်သော သူ့ ဇာတ်လမ်းမှာ ဤသို့ဖြစ်လေ၏။
“လူတယောက်သေခါနီးပြီ၊သေရတော့မယ်ဆိုရင် ဘယ်လိုခံစားရတယ်ဆိုတာ ပြောပြစရာတွေ အများကြီးပါပဲ။ ငါသေတော့မယ်။ ငါကြိုးစားမျှော်မှန်းခဲ့တာတွေ အားလုံးရေစုန်မျောပြီ၊ ငါဘာတွေ ကောင်းတာလုပ်ခဲ့ သလဲ၊ငါသေရင် ဘယ်နေရာကို ရောက်သွားမှာလဲ၊ဒီလို ဝေးလံခေါင်သီတဲ့အရပ်မှာ ငါ့အလောင်းကို ဘယ်လို လုပ်ကြမလဲ၊ ငါ့ဘဝဟာ ဒီလို ငရဲခန်းမှာ အသေဆိုးနဲ့ သေရမယ်ဆိုတာ ငါကြိုမသိခဲ့ပါလား။ဒါတွေပဲ ထပ်ချည်း တလဲလဲ ကျုပ်ခေါင်းထဲကို ရောက်ရောက်လာတော့တာပဲဗျာ။
ကျုပ်ကြောက်မယ်ဆိုလည်း ကြောက်လောက်စရာတွေက တပုံကြီးပါ။ ရဲဘက်မှာ အမောဆို့ ပြီးသေတဲ့မသာ။ နေပူပူမှာ မတရားခိုင်းစေတာတွေကြောင့် ဦးနှောက်သွေးကြောပြတ်ပြီး သေတဲ့မသာ။တပိန်ပိန် တလိန်လိန်နဲ့ အဟာရပြတ်ပြီး သေတဲ့မသာ၊ မြွေကိုက်ပြီး သေတဲ့မသာ၊ တီဘီလိုရောဂါနဲ့ဆေးမကုရဘဲ သွေးအန်ပြီးသေတဲ့ မသာ။ဘာရောဂါမှန်းကိုမသိရပဲ ရုတ်တရက် သေသွားတဲ့မသာ၊ဖျားနာပြီး သေသွားတဲ့မသာ၊ရေနစ်ပြီး သေရတဲ့ မသာ၊ အိုး… မသာမျိုးကတော့ စုံလို့ ပါပဲဗျာ။
ဒါကြောင့်လည်း ဒီစခန်းခွဲကို လူသတ်ကုန်းလို့နာမည်ကျော်တာ ထင်ပါရဲ့။အဖြစ်ဆိုးနဲ့ သေရတဲ့မသာတွေကို မြင်လေ၊ကျုပ်ရဲ့သေမှာ ကြောက်တဲ့ရောဂါက ပိုဆိုးလာလေပဲ ပေါ့ဗျာ။ဒီလိုနဲ့ ကျုပ်လည်းအကောင်းဆုံး သေဘို့ နည်းလမ်းတခုကို ရှာရပါတော့တယ်။
ကိုယ့်ကိုကိုယ်သတ်သေလို့ကတော့ မတော်ချေဘူး၊သေသွားရင်တောင် နောက်မှုထပ်တိုးအုံးမယ်။ကျန်ရစ်တဲ့ မိသားစုရော၊သေသွားတဲ့ ငါပါနာမည်ပျက်ပြီး ကျန်ခဲ့မယ်။ဘာဘဲဖြစ်ဖြစ် ရနိုင်သမျှအရက်ကို ခိုးကြောင် ခိုးဝှက်သွင်းပြီး သောက်ရင်း အသေခံသွားမလားဆိုတဲ့ အတွေးမျိုးလည်း ပေါ်သေးသဗျာ။တော်တော့်ကို အခံစား ရခက်တဲ့ ဝေဒနာတွေဗျ။ ကျုပ်အရင်ကကြားဘူးတဲ့ သေခါနီးရင် ဇောငါးတန်ပြန်တယ် ဘာညာဆိုတာ အချိန် ဘယ်လောက်ကြာသလဲတော့မသိဘူး။ အခု ကျုပ် ဇောပြန်နေတာက အရှင်လတ်လတ် ငရဲပြည်ရောက်တာကမှ ခံသာလိမ့်အုံးမယ် လို့  ထင်တော့တာပဲ။
သို့သော် သေခြင်းတရားဟာ ကျုပ်ဆီကို အရှိန်ပြင်းပြင်းနဲ့ ဝင်လာနေတာမို့ အကောင်းဆုံးထင်ရမဲ့ နည်းလမ်း တခုကို ရွေးချယ်ခဲ့ရပါတော့တယ်။
“ငါ ဘာသာရေးလုပ်ရင်း အသေခံတော့မယ်”
ဒီနေရာမှာ ပြဿနာကပိုကြီးလာတော့တယ်။ ဘာသာရေး လုပ်မယ်သာဆိုတယ်။ ဘာသာရေးနဲ့ ပါတ်သက်လို့ ကျုပ်တခုမှ ရေရေရာရာမသိဘူး။ သူလိုငါလို လှူတာတန်းတာ၊ ဥပုတ်စောင့်တာလောက်တော့ လုပ်ဘူးတာပေါ့။ ဒါပေမဲ့ သေခြင်းကိုရင်ဆိုင်ဘို့ ဘာသာရေးလုပ်နိုင်တဲ့ အတွေ့ အကြုံ ၊ ဗဟုသုတ ကျုပ်မှာ ဘာမှမရှိဘူးဗျာ။
အော် ကျုပ်ကို အများက ခေါ်ကြတာတော့ ဆရာကြီးတဲ့ဗျာ။ တကယ်တော့ ကျုပ်ကို ဒီလိုခေါ်နေကြတာဟာ ကျုပ်ဘဝမှာ ဟိုစပ်စပ်၊ ဒီစပ်စပ်တွေများနေလို့ အားလုံးက တကယ့်လူတတ်ကြီးလို့ထင်ပြီး ခေါ်နေကြတာပဲ။ အခုလို သေပေါက်သေဝ ရောက်လာတော့မှ ကျုပ်ဟာ ဘာမှမတတ်တဲ့သူမှန်း သေချာလာတော့တယ်။
ဘာဘဲဖြစ်ဖြစ် ကျုပ်လက်မလျော့ခဲ့ဘူး၊ထောင်ထဲအဝင်တုန်းက ဇနီးဖြစ်သူထည့်ပေးလိုက်တဲ့ တရုတ်ပြည်လုပ် ပုတီးနှိပ်စက်ကို ထုတ်ပြီး ဘာသာရေးဆိုတဲ့အလုပ်ကို အပြင်းအထန် စလုပ်ပါ တော့တယ်။
ပုတီးစိတ်တယ်ဆိုတာလည်း အားလုံးသိကြသလိုပါပဲ။ အနိစ္စလို့ တစ်လုံးရွတ်လိုက်၊ စက်ကို တချက်နှိပ်လိုက်ပေါ့ ဗျာ။တနေ့ကို အကြိမ်နှစ်ထောင် သုံးထောင်ကနေ၊ တနေ့ အကြိမ်သုံးသောင်းအထိ ဇွဲနဘဲနဲ့ စိတ်ပါတယ်။ ဘယ်လောက်စိတ်သလဲဆိုရင် နှိပ်နေတာ များလွန်းတာကြောင့် စက်ပျက်သွားပြီး နောက်တလုံး ထပ်မှာရတဲ့ အထိပါပဲ။ တလလောက် ကြာခဲ့ပြန်ပါပြီ။ စက်သာ အသစ်ထပ်ဝယ်ရတယ်၊ ကျုပ်ခံစားနေရတဲ့ သောက ဝေဒနာ ဟာ လျော့ပါးမသွားခဲ့ပါဘူး။ ဒီနည်းလည်း မဟန်သေးပါဘူးလို့ စိတ်ပျက်စ ပြုလာပြန်ပါတယ်။
ဒီလိုနဲ့ တစ်ရက်ပေါ့ဗျာ။ အကျဉ်းသားတွေအားလုံး ဘုတ်ဆင်း (အလုပ်ဆင်းကြခြင်းကို ထောင်အခေါ် ဘုတ်ဆင်း သည်ဟု ပြောကြသည်) သွားကြလို့ ကျုပ်တယောက်တည်း အဆောင်ပေါ်မှာ ကျန်နေပြီး ပက်လက်လှန် စဉ်းစားနေရာကနေ ကျုပ်ဟာ ကိုယ့်ကိုကိုယ် စိတ်ထဲမှာ နှစ်ကိုယ်ခွဲလိုက်သလို ခံစားရပြီး တစ်ကိုယ်ကို ဘာသာရေး ခုံရုံးကို တင်လိုက်မိပါတော့တယ်။
သက်ခိုင်(၁)။ ။“မင်း ဘယ်ဘာသာ ကိုးကွယ်သလဲကွ”
သက်ခိုင် (၂)။ ။“ဗုဒ္ဓဘာသာပေါ့ဗျာ”
သက်ခိုင် (၁)။ ။“ဒါဆို ဗုဒ္ဓဘာသာအကြောင်း မင်းဘာသိလဲ”
သက်ခိုင် (၂)။ ။ (ဘာမှ ပြန်မဖြေနိုင်ဘူး။စိတ်ထဲမှာ ဖြီးဖြန်းဘို့၊ နည်းနည်း လိမ်လိုက်ဘို့ ကြံလိုက်ခါရှိသေး ….)
သက်ခိုင် (၁)။ ။“ဟေ့ကောင် လိမ်ဘို့ စိတ်မကူးနဲ့လေ။ မင်းဟာ ငါပဲ။ မင်းအကြောင်း ငါအားလုံးသိပြီးသား။ မင်းက သေခါနီးနေတာတောင် လိမ်ဘို့၊ ပါတ်ဘို့ စဉ်းစားတုန်း၊ ဒါတွေ မေ့လိုက်တော့”
သက်ခိုင်(၂)၊ ။(ဘာမှပြန်မဖြေပဲ ဆက်စဉ်းစားနေတယ်။ နေအုံး အနိစ္စတို့၊ ဒုက္ခတို့၊ အနတ္တတို့ ဆိုတာများ ငါ သိသလား။ နောက် သစ္စာလေးပါးဆိုတာလည်း ကြားဘူးတယ်။ နောက် ဘာတဲ့ သင်္ခါရဆိုလား။အသုဘ ယပ်တောင်တို့ ဖိတ်စာတို့။ တချို့တရားစာအုပ်တွေမှာ တွေ့တော့ တွေ့ဘူးတာပဲ။သို့သော် မရေရာဘူး။လိမ်လည်း အလကားပဲ။ အချိန်က မရှိတော့ဘူး။ သူကလည်း ငါဖြစ်နေတော့ လိမ်လည်း အလကားပဲ။ အတွင်းသိတွေ။ ကဲပါ ဒီတခါ ရိုးသားလိုက်တော့မယ်။)
“အေးဗျာ။ သေချာ စဉ်းစားလိုက်တော့ ကျုပ် ဗုဒ္ဓဘာသာနဲ့ပါတ်သက်လို့ ဘာမှမသိဘူးဗျ”
သက်ခိုင် (၁)။ ။“ဒါနဲ့ မင်းကိုးကွယ်တာ တိပိဋ္ဋကဓရဆရာတော် ဆို ၊ မင်းဖတ်လိုက်တာလည်း ဘာတဲ့၊ စွယ်စုံကျော်ထင် ဆိုလား။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်ဆိုလား။ အများကြီးပါကွာ။ ပြန်စဉ်းစားပါအုံး”
သက်ခိုင်(၂)။ ။(သူပြောကာမှ ပိုဆိုးသွားပါတယ်။ ကျုပ်ဖတ်ခဲ့တာတွေ၊ ပြန်စဉ်းစားတော့ တခြားသူတွေနဲ့ ငြင်းခုန်ကောင်းအောင်၊သူများ အထင်ကြီး လေးစားအောင် ဖတ်ခဲ့တာတွေချည်းပါလား။ ရေကူးနည်းစာအုပ် ဖတ်ဘူးသလိုပါပဲ။ တကယ်နစ်တော့ သေဘို့ပဲ ရှိတော့တာပါကလား။နောက်ဆုံးအချိန်မှာ ငါရိုးသားမှ။ မသေခင် လေး မှန်တာကိုပဲ ဝန်ခံတာ ကောင်းပါတယ်လေ။)
“ကဲပါဗျာ။ ကျုပ် ဝန်ခံပါတယ်။ ဘာသာတရားနဲ့ပါတ်သက်ပြီး ကျုပ် ဘာမှမသိပါဘူး။ ဒါပေမဲ့ အခုအချိန်ဟာ ငြင်းခုံ ဝေဖန်နေရမဲ့ အချိန်မဟုတ်ပါဘူး။ ကျုပ် သေခါနီးမှာ အသေဆိုး မဖြစ်အောင် ဘာသာရေး လုပ်သွား ချင်တယ်။ ဘာသာရေးလုပ်ရင်း သေသွားတယ်ဆိုလည်း နည်းနည်းကြောင်သလို ထင်ရပေမဲ့ ဆွဲကြိုးချသေသလောက် တော့ မဆိုးဘူး မှတ်ရမှာပဲ။ ကျုပ် ဘာလုပ်ရမလဲဗျာ”
သက်ခိုင် (၁)။ ။“ဟ မင်းကလည်း နောက်နေပြန်ပြီ။ ငါကလည်း မင်းပဲ။ မင်းမသိတာနဲ့ ငါ မသိတာ အတူတူပဲပေါ့။ဒါပေမဲ့ နေအုံးကွ။ မသိပဲ မတတ်ပဲ လုပ်နိုင်တဲ့နည်းရှိသလား ဝိုင်းစဉ်းစားရအောင်။ မင်းလည်း စာရေး၊ စာဖတ်လောက်တော့ တတ်တာပဲ ။ အဲဒီ အခြေအနေကနေစပြီး စဉ်းစားကွာ”
သက်ခိုင် (၂)။ ။ (ဒီမှာတင် ကျုပ်ခေါင်းထဲကို ဝင်းကနဲ အလင်းရောင်တချက် ဝင်လာပါတော့တယ်။ ဟုတ်တယ်။ ကျမ်းဂန်မတတ်ပဲ တကယ်တမ်း လက်တွေ့ကျင့်ကြံ အောင်မြင်သွားတဲ့သူတွေ ရှိတယ်။ငါ ဖတ်ဘူးတယ်။ ငါ ဖတ်ဘူးတယ်။ ငါ သိပါတယ်။ ငါ ရင်းရင်းနှီးနှီးကို သိတယ်။ သူ ဘယ်သူလဲ ။ ဘယ်ပုဂ္ဂိုလ်လဲ။)
“ဟေ့ကောင် မင်းလည်းသိတယ်။ ပြော ဘယ်သူလဲ။ ဘယ်ပုဂ္ဂိုလ်လည်း စာမတတ်ဘူးကွာ။ဒါပေမဲ့ သူအောင်မြင် သွားတယ်”
သက်ခိုင်(၁)။ ။ (သူက ပြုံးပြီး တခွန်းချင်းပြောလိုက်တယ်ဗျာ)
“ဦးကျော်ဒင် လေကွာ။ မြင်းခြံက။ သူ စာမှ ကောင်းကောင်း မတတ်တာ”
သက်ခိုင် (၂)။ ။“ဟုတ်ပြီ ။ ငါ ကောင်းကောင်း မှတ်မိပြီ။”
“စွန်းလွန်းဆရာတော်ကြီး ပေါ့ကွာ။”
(ဤနေရာ၌ အလျဉ်းသင့်သည်ဖြစ်၍ ကိုသက်ခိုင်ဖတ်ရှုခဲ့သော စွန်းလွန်းဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်း ကို ဓမ္မာစရိယဦးဌေးလှိုင်၏ “ ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ ” စာအုပ်မှ ကောက်နှုတ် ဖော်ပြအပ်ပါသည်။ )
စွန်းလွန်းဆရာတော် ဦးကဝိ
(၁၂၃၉-၁၃၁၄)
“၁၂၈၂ - ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃-ရက် အဂါင်္နေ့ညဥ့် ၁၀-နာရီအချိန်ခန့်။”
ကိုရင်ကြီးဦးကဝိသည် စွန်းလွန်းတောင်ဖက်ရှိ မောင်ရင်ပေါ်ချောက်၌ တစ်ကိုယ်တည်း တရားရှုမှတ်နေ၏။ ကောင်းကင်မှ တဝီဝီ အသံကြီးမှာ ကြက်သီး ထလောက်အောင် မြည်ဟည်းနေ၏။ သတိ သမာဓိ ပညာ ထက်သန်ညီမျှစွာ ရှုမှတ်နေရာမှ အသံကြားရာအထက်သို့ မော့ကြည့်လိုက်ရာ ငွေစောင်းတန်းကြီးမှ နတ်ရထား ပျံကြီးတစ်စင်း အရှိန်ပြင်းစွာဖြင့် မိမိထံသို့ တည့်တည့်ကြီးဦးတည် ဆင်းလာနေသည်ကို တွေ့ရ၏။ ဦးကဝိကား နတ်ရထားပျံကြီးကို ဆက်၍မကြည့်တော့ဘဲ မိမိတရားကိုပင် ရှုမှတ်မြဲ ရှုမှတ်နေလိုက်သည်။
ဦးကဝိသည် တရားကိုသာ ဖိ၍ မိမိရရ ရှုမှတ်နေစဉ် ခန္ဓာကိုယ်ကြီးမှာ သိသိသာသာ ပေါ့၍ပေါ့၍ လာ၏။ အိကနဲ ငြိမ့်ကနဲ သိမ့်ကနဲ ဖြစ်ကာ အပေါ်သို့ မြောက်တက်သွားသည်ဟုထင်၍ မျက်စိကို ဖွင့်ကြည့်လိုက်ရာ စောစောက တွေ့လိုက်ရသော ရထားပျံကြီးမှာ မိမိအောက်သို့ ရောက်နေသည် ကို တွေ့ရပြန်သည်။
ထိုရထားပျံကြီး၏ ထောင့်လေးထောင့်တွင် နတ်မင်းကြီးလေးယောက်နှင့် လက်ယာဘက်တွင် သိကြားမင်းကို တွေ့ရ၏။ အားလုံးအရိုအသေပြု နေကြသည်။
တနေ့ကပင် ကျောင်းအနီး၌ မှိုပွင့်ကြီးတပွင့်တွေ့၍ နှုတ်လိုက်ရာ မှိုငုံမှိုမြစ်ပါမကျန် တစ်အုံလုံး ကျွတ်ထွက်လာ သည်ကို တွေ့ရကတည်းက “အမြစ်ပြတ် လုံးဝ အကျွတ်တရားရတော့မည်”ဟုယူဆကာ အရိုးကြေကြေ အရည် ခန်းခန်း မထတမ်း ကြိုးစားခဲ့ရာ ယခု နတ်သိကြားများကို တပ်အပ်သေချာ တွေ့မြင်ရ ပြန်သောအခါ -
“ငါ့အား တရားထူး ရတော့မည်ဖြစ်၍ လာရောက်စောင့်ကြသည်”ဟု မှတ်ထင်လိုက်၏။
နတ်ရထားနှင့် နတ်သိကြားတို့ကို ဂရုမမူဘဲ “ဣရိယာပုထ် တစ်ခုတည်းဖြင့် တစ်ရှိန်တည်း တစ်သံတည်း ခန္ဓာကိုယ်နှင့် အသက်ကိုပင် စွန့်လွှတ်၍ အားထုတ်ရာ ထိုနေရာ၌ပင် “ရဟန္တာ ” ဖြစ်တော်မူလေ၏။
ဘဝများစွာ ကမ္ဘာထုတ်ချင်း မြင်တော်မူပုံ
အတန်ကြာသောအခါ သတိရလာ၍ စောစောက နတ်ရထားကြီးကို ကြည့်လိုက်ရာ မရှိတော့ပေ၊ အထက်သို့ မော့ကြည့်လိုက်ရာ သိကြားမင်းနှင့် နတ်မင်းကြီးလေးယောက်တို့သည် “အချင်းတို့၊ လူ့ပြည်၌ ရဟန္တာတစ်ပါး ပေါ်ထွန်းနေပြီ။ သွားရောက် ဖူးမျှော်ကြကုန်လော့”ဟု ကြွေးကြော်နေသည်ကို တွေ့မြင်တော်မူ၏။
ထို့နောက် အနီးအပါးရှိ ဘုမ္မစိုး၊ ရုက္ခစိုးနတ်များနှင့်တကွ နတ်ဗြဟ္မာများ တစ်သုတ်ပြီး တစ်သုတ် လာရောက် ဖူးမျှော်ကြသည်မှာ ကြည့်၍ မဆုံးနိုင်အောင် ရှိတော့သည်။
ကိုယ်စိတ်နှစ်ပါးလုံး ထူးထူးခြားခြား ငြိမ်းချမ်း၍ လန်းဆန်း ကြည်လင်စွာဖြင့် စကြာဝဠာ ကမ္ဘာ လောက ဓာတ်ကြီးကို လှမ်းမျှော်၍ ကြည့်တော်မူရာ အထက်ဘဝဂ် အောက်အဝီစိ ရှိရှိသမျှ ငရဲပြည် လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည် အားလုံးကို ဒိုးယိုထုတ်ချင်း ဟင်းလင်းအပြင် အကုန်စင်ကြီး တွေ့မြင်တော်မူရလေ၏။ သတ္တလောက သခါင်္ရလောက သြကာသလောက လောကကြီး သုံးပါးလုံးကိုလည်း အနုစိတ် ဝင်စား သုံးသပ်တော်မူနိုင် လေသည်။
ထို့နောက် မိမိဘဝကို ဆင်ခြင် စဉ်းစားနေမိ၏။
မြင်းခြံမြို့ တောင်လက် စွန်းလွန်းရွာ ဦးသန့်- ဒေါ်တုတ်တို့မှ ၁၂၃၉ - ခုနှစ် တပေါင်းလဆန်း နှစ်ရက် တနင်္လာနေ့ နံနက် လေးချက် မတီးမီ ဖွားမြင်။
မြင်းခြံမင်းကျောင်း ဆရာတော်ထံ စာသင်သော်လည်း စာမတတ်သဖြင့် ၁၅-နှစ်သားတွင် ကျောင်းမှ ထွက်၊ဖခင်နှင့်အတူ အရေုးပိုင်ရုံးတွင် ယပ် လေကြိုး ဆွဲရသော မင်းစေအလုပ်။ အသက် သုံးဆယ်တွင် အလုပ်မှထွက်၍ တောင်ယာလုပ်ကိုင်စား၊အသိဥာဏ်လွန်စွာ ချို့ငဲ့လှသော မိမိ၏ လက်ရှိဘဝနှင့် အတုမရှိ မြင့်မြတ်လှသော အရဟတ္တဖိုလ်ဆုကြီးကို အပြီးတိုင် ရတော်မူခြင်း၏ ရှေ့ဖြစ်နောက်ဟောင်း အကြောင်းများကို ဆက်လက် ဝင်စားကာ ကြည့်ရှုတော်မူ၏။
ဦးကဝိအရှင်မြတ်ကြီး ရရှိတော်မူသော အရဟတ္တဖလ အာသဝက္ခယ ဥာဏ်တော်သည်ပုဗ္ဗေနိဝါ သာနုဿတိ ဥာဏ်၊ ဒိဗ္ဗစက္ခုဥာဏ်နှစ်ပါးနှင့်အတူ ပု-ဒိ-အာ ဟူသော ဝိဇ္ဇာသုံးပါးလုံး ရတော်မူသဖြင့် “တေဝိဇ္ဇ ရဟန္တာ” ဟုပင် ဆိုရပေမည်။
“အဘယ်ကဲ့သို့သော ကုသိုလ်ကောင်းမှုများကို လုပ်ခဲ့၍ ဤသို့ တရားထူး ရလေသနည်း”ဟု ဆင်ခြင်တော် မူ သောအခါ ကဿပဘုရားရှင် လက်ထက်တော်က မိမိပြုခဲ့ဖူးသော ကောင်းမှုကို ဤသို့ မြင်တော်မူလေ၏။
(ဆက်လက်ဖော်ပြပါမည်။)
မင်းဒင်ရေးသည်။