ယနေ့ထုတ် ဆဲဗင်းဒေးဂျာနယ်
မင်းဒင်ရဲ့သက်ခိုင်(၂)
ဖယ်အုံကန်လူသတ်ပွဲ
ဗိုလ်တိုးအကြောင်းပြောရမယ်ဆိုရင်တော့ သူပြောသမျှမဟာ့မဟာဇာတ်လမ်းတွေဟာဟုတ်မဟုတ်၊မှန်မမှန်၊ယုတ္တိတန်မတန် ဆင်ခြင် ဆုံးဖြတ်ရမဲ့ကိစ္စဟာ နားထောင်သူ အပေါ်လုံးလုံးလျားလျားကျလာတတ်တာကို သတိပေးထားပါရဲ့ဗျာ။ အလွန်ထူးဆန်း လှသောအချက်ကတော့ သူဟာ သူပြောသမျှ လေတလုံး မိုးတလုံး ကိုယ်ရည်သွေးမဟာဋီကာတွေကို တကယ့်လူထူထူ မင်းပရိသတ်များရှေ့မှာ တချက်မှ မျက်နှာမပျက်ပဲ ပြောနိုင်တဲ့ အလွန်ထူးခြားတဲ့မှင်မောင်းပါပဲဗျ။
တခါတလေများဗိုလ်တိုးဘယ်လောက်အပြောကောင်းလိုက်သလဲဆိုရင် နားထောင်နေတဲ့ပရိသတ်ဟာ ဗိုလ်တိုးမှန်တယ် ဗိုလ်တိုးမှား တယ် ဆိုပြီး ဗိုလ်တိုးထောက်ခံသူနှင့် ဗိုလ်တိုးဆန့်ကျင်သူ အုပ်စုကွဲကုန်ကြတဲ့အထိပါပဲ။ ဗိုလ်တိုးလုပ်ပုံကလည်း ကြည့်အုံးလေ။ ဖူးခက်မြို့ရဲ့အဓိကနေရာမှာ တလပ်စွပ်ဆိုတဲ့ အသီးအနှံမျိုးစုံရောင်းတဲ့ မြို့မဈေးကြီးရှိသဗျ။ ဗိုလ်တိုးဟာ သူ့ရွှေပွဲလာပရိသတ် တွေကြားမှာ ဖူးခက်စည်ပင်သာယာရေးကော်မီတီက သူ့ကို ဂုဏ်ထူးဆောင်ဥက္ကဋ္ဌခန့်ထားတဲ့အတွက် ဈေးတွေရဲ့အခြေအနေကို လိုက်ပြီးလေ့လာရမှာဖြစ်ကြောင်း ပြောရင်း၊ကောက်ကါငင်ခါထွက်သွားပါလေရောဗျ။ ဒီမှာတင် ဗိုလ်တိုးရဲ့ပရိသတ်မင်းများလည်း ပါစပ်အဟောင်း သားနဲ့ကျန်ရစ်ကြရော။သူပြောတာ ဖြစ်နိုင်တယ်ဆိုတဲ့ တီးတိုးသံတွေလည်း ဆူညံကျန်ရစ်ပေါ့။အမှန်တော့ ဗိုလ်တိုးဟာ အဲဒီတလပ်စွပ် ဈေးရဲ့ဈေးကောက်အဖြစ်လုပ်ကိုင်ခဲ့သူပါ။
ဗိုလ်တိုးဟာ ဖူးခက်မှာအခြေချခဲ့ဖူးတဲ့ နိုင်ငံခြားသားပညာရှင်တယောက်ရဲ့လက်တိုလက်တောင်းဝန်ထမ်းအဖြစ်လည်း လုပ်ခဲ့ဖူးသေးသတဲ့ဗျ။ အဲဒီနိုင်ငံခြားသားနဲ့အတူနေရင်း အင်္ဂလိပ်စာကျွမ်းကျင်လာခဲ့ပုံရသဗျ။နိုင်ငံတကာ စီမံကိန်းခေါင်းစဉ် တခုခုအကြောင်းများ ဗိုလ်တိုး လက်တန်းရှင်းပြရင် တော်ရုံပညာရှင် တထိုင်တည်းလေးစားသွားလောက်ပါရဲ့။
ကဲပါဗျာ။ ဗိုလ်တိုးအကြောင်းထားလိုက်ပါတော့။ စောစောက ကျနော်ပြောခဲ့တဲ့တလစွပ်ဆိုတဲ့ မြိ့မဈေးမှာ အလွန်ကြေကွဲစရာ ကောင်းတဲ့ မယုံနိုင်စရာဇာတ်လမ်းတခုဖြစ်ခဲ့ဖူးသဗျ။အမှန်တော့ ဒီဇာတ်လမ်းကို ကျနော်ပြန်မပြောချင်ဘူးဗျာ။ ဘာကြောင့် ပြောရတာတုန်းဆိုတော့ ထိုင်းရောက်မြန်မာတွေရဲ့ ပြောင်းလဲလာနေတဲ့ ယဉ်ကျေးမှုဆိုင်ရာ စရိုက်ကို မီးမောင်းထိုးပြချင်တာပါ။
တိုတိုပြောရင် အဲဒီအမှုဟာ မုဒိန်းလူသတ်မှုပါပဲ။ ထူးခြားတာက အဲဒီအမှုဟာ ဗမာလူမျိုးက ဗမာမိန်းကလေးကို ရက်ရက်စက်စက် ကျူးလွန်တဲ့အမှု။ ပိုဆန်းတာက အဲဒီ မုဒိန်းမှုကျူးလွန်မဲ့ အမျိုးသားကို ကာယကံရှင်မိန်းကလေးကိုယ်တိုင် ညအချိန် သုံးနာရီ လောက်မှာ ချိန်းဆိုခဲ့တယ်ဆိုပဲ။
ခင်ဗျားရှင်းအောင်ပြောရရင် အဲဒီကလေးမလေးဟာ ဖူးခက်ကို ရောက်တာ ရက်ပိုင်းပဲရှိသေးသဗျ။သူ့အသက်က ဆယ့်ရှစ်နှစ်ပဲ ရှိသေးဗျာ။ဖူးခက်ကို လွန်ခဲ့သောကာလများက ကြိုရောက်နေတဲ့ သူ့အမများအဆက်အသွယ်နဲ့ဆိုပါတော့။ အမှန်တော့ကလေးမလေးဟာ သူဗမာပြည်မှာ မကိုင်ဖူးမသုံးခဲ့ဖူးတဲ့ တယ်လီဖုန်းတလုံးနဲ့ ဟိုလူ့ဆက် ဒီလူ့ဆက် လုပ်ရာကနေ လူမသမာကို သွားဆက်မိတာပါပဲ။
ထိုင်းရောက်မြန်မာများရဲ့ ထူးဆန်းလှသော ဖုန်းချစ်သူသို့မဟုတ် လေလှိုင်းကနေ ချစ်သူထားကြတဲ့ ဓလေ့ဆိုပါတော့ဗျာ။ တနေကုန်မိုးလင်းမိုးချုပ် အလုပ်ကို ဇယ်စက်သလို လုပ်နေကြရတာာမို့ အချိန်အားရတုန်း တယ်လီဖုန်းတစ်လုံးနဲ့ ရင်ခုန်ကြတယ်ဆိုပါတော့။အပြစ်တော့မဆိုရက်ဘူးဗျ။အဲဒီမိန်းကလေးရဲ့ လေလှိုင်း ချစ်သူဟာ အချိန်မတော်မှာ နှစ်ယောက်ချင်းတွေ့ခွင့်တောင်းသတဲ့။ ကာမရောဂါဝမ်းတွင်းနာကား ကုရာနတ္ထဆေးမရှိဆိုသမို့လား။ ဒီကလေးမလေးမှာကံဆိုးမိုးမှောင်ကျဖို့ ကံဇာတာပါလာတယ်ထင်ပါရဲ့။
အဲဒီကလေးမလေးရဲ့ ညီအမများက ညဖက်နှစ်နာရီလောက်ဆို ဈေးဆင်းကြတာမို့ သူတယောက်တည်း ကျန်နေချိန်မှာ ချိန်းတွေ့ကြရောဆိုပါတော့။အသံနဲ့ရုပ်ဆိုတာ ထပ်တူကျတတ်တာမှ မဟုတ်တာ။ တကယ်တမ်းလည်း လူချင်းတွေ့ ရော တယ်လီဖုန်း ကတဆင့် ချိတ်ဆက်မိတဲ့အမျိုးကောင်းသားဟာ၊ မိန်းကလေး ဘယ်လိုမှ မျှော်မှန်းမထားတဲ့ ရုပ်ရည်နဲ့အသက်အရွယ်ဖြစ် နေပါရောတဲ့။
ဘယ်လိုဘယ်ပုံ အသေးစိတ်ဖြစ်ကြတယ်ဆိုတာတော့ ကာယကံရှင်နှစ်ဦးသာ သိကြပေလိမ့်မယ်။အမျိုးသားရဲ့အလိုကို ကောင်မလေးက မလိုက်ရောရာကနေ အတင်းအဓမ္မဇာတ်လမ်းတွေ ဖြစ်ကုန်တယ်လို့သာယူဆရပါတော့တယ်။ အချင်းဖြစ်နေရာကို ကျနော်ကိုယ်တိုင် ရောက်သွားတော့ ကလေးမလေးဟာ စောင်းကြမ်းတထည်ကို ပတ်ပြီးဘေးတစောင်းအနေအထားနဲ့အသက်ပျောက်နေလေရဲ့။
ကျနော်ဆိုတဲ့ကောင်ကလည်း စပ်စပ်စုစုကောင်ပဲဗျာ။ အဲဒီပြသနာမဖြစ်ခင် လွန်ခဲ့တဲ့နှစ်နှစ် မနက်ခြောက်နာရီလောက် မွန်မလေး တယောက် မုဒိန်းကျင့်အသတ်ခံရတဲ့အကြောင်း ဖုန်းဝင်လာဖူးလို့ တတ်နိုင်တာလုပ်ပေးရအောင် ထလိုက်သွားမိသေးတယ်ဗျ။ လမ်းတလျှောက်လုံးမှာတော့ မုဒိန်းတရားခံဟာ ဘယ်လူမျိုး၊ဘယ်လိုကောင်မျိုးပဲဖြစ်စေ။ ကျနော့်မှာရှိသမျှ အဆက်အသွယ်နဲ့ ပညာပေးလိုက် မဟဲ့ပေါ့ဗျ။အင်း။ ပြသနာဖြစ်နေတဲ့ ဝပ်ချလောင်ဖက်လည်းရောက်သွားရော ကိုရွှေတရားခံဟာ မွန်လူငယ်တယောက် ဖြစ်နေသဗျာ။ ကဲ ဘယ့်နှယ့်လုပ်ကြမတုန်း။
အင်း ဗမာအလုပ်သမားဦးရေ သိန်းချီရောက်နေတဲ့ ဖူးခက်မြို့ကြီးမှာ သောင်းပြောင်းထွေလာ မြန်မာ့ဇာတ်လမ်းပဒေသာများကတော့ တထောင့်တညနဲ့ ကာရစ်ဘီယံဇာတ်လမ်းတွဲတွေကတောင် အဘခေါ်လောက်ပါရဲ့။
နေဦးဗျ။ ဖူးခက်ဟာ ရေလုပ်ငန်းအကြီးအကျယ်ဖြစ်တာကြောင့် ရေလုပ်သားတွေဟာ ဗမာတွေများသဗျ။ တိတိကျကျဆိုရရင် ထားဝယ်လူမျိုးတွေများတယ်ဗျ။ နောက်ပိုင်း ရခိုင်လူမျိုးတချို့လည်း ရေလုပ်သားတွေဖြစ်လာတယ်။ကျနော်ကိုယ်တိုင်ကြုံခဲ့တဲ့ ဖယ်အုံကန်ဆိုတဲ့ဆိပ်ကမ်းတစ်ခုက ရေလုပ်သားချင်း အုပ်စုဖွဲ့ပြီး အသေအကြေတိုက်ကြတဲ့ အဓိကရုဏ်းအကြောင်း ပြောချင်သေးတယ်။
တကယ်ဆို ဖယ်အုံကန်အရပ်ဟာ ဟိုလွန်ခဲ့တဲ့လေးငါးခြောက်နှစ်က ဖူးခက်ရဲတွေတောင် မသွားရဲတဲ့နေရာလို့ဆိုသဗျ။ထိုင်းရဲဆိုတာ ခေတ်မီသေနတ်ကို ခါးကြားထိုးပြီး အသင့်ပစ်နိုင်တဲ့သူတွေနော်။ အထာမသိပဲ အချိန်မတော် ဖယ်အုံကန်ထဲကို ဝင်သွားမိတဲ့ရဲတွေ လက်စပျောက်တာ မနည်းလှဘူးတဲ့ဗျ။
အမှန်တော့ မြန်မာရေလုပ်သားတွေဟာ သေမထူးနေမထူးစိတ်မွေးကြဟန်တူပါတယ်။ ပိုဆိုးတာက ဗမာရေလုပ်သားတွေကို သေနတ်ဒုတ်ဓါးလက်နက်က အစ လိုလေသေးမရှိထုတ်ပေးပြီးမြှောက်ပေးနေတာ ထိုင်းငါးဖမ်းလှေပိုင်ရှင်တွေပါပဲ။ ဒီလိုဗျ။ ထိုင်းငါးဖမ်း လှေပိုင်အချင်းချင်းလည်း စီးပွားတူနေကြတော့ သိပ်အစည်းမကပ်ကြဘူးဆိုရမယ်။လှေတစ်စီးနဲ့တစ်စီး ခိုက်ရန်ဖြစ်လို့ကတော့ နှစ်ဘက် လူအုပ်ဟာ ရရာလက်နက်နဲ့ တဘက်နဲ့တဘက်အပျောက်ရှင်းကြတာပဲ။
ကျနော်က ဖယ်အုံကန်ကို ဘာသွားလုပ်သတုန်းဟုတ်လား။ ကျနော့်ဆီက ဗမာပစ္စည်းတွေဖောက်သည်ယူနေတဲ့ ထားဝယ်မလေး မခိုင်တို့ဆိုင်ဘက်ကို သွားရင်းနဲ့ ဖယ်အုံကန်လူသတ်ပွဲကို ကြုံရတာပါပဲ။
ဖယ်အုံကန်ရန်ပွဲအကြောင်းမပြောခင် အဲဒီဖယ်အုံကန်နေရာလေးအကြောင်းထည့်ပြောမှ ပြည်စုံမယ်ဗျ။ထိုင်းတွေပြောနေတဲ့ ဖယ်ဆိုတာ (pier) ဆိုတဲ့စကားကလာတယ်ဗျ။ငါးဖမ်းလှေတွေကပ် ငါးပိငါးခြောက်လုပ်ငန်းတွေအဓိကထားလုပ်ကြတဲ့ ရေလုပ်ငန်းရပ်ကွက်လေးပါပဲ။ ဒီနေရာနာမည်ကြီးလာတာကလည်း မြန်မာရေလုပ်သားတွေကြောင့်လို့ပဲဆိုရမယ်။ ဒီလိုဗျာ။ ကမ်းဝေးငါးဖမ်းလှေတွေဟာ ပင်လယ်ထဲကို တခေါက်ထွက်ရင် တလကျော်ကျော်ကြာသတဲ့။ကမ်းမမြင်လမ်းမမြင်ပင်လယ်ထဲမှာ တလကိုးသီတင်းနေခဲ့ကြရတဲ့ ရေလုပ်သားအများစုဟာ ငါးဖမ်းလှေကမ်းကပ်ပြီဟေ့ ဆိုတာနဲ့ ငရဲပြည်ကနေ တာဝတိံသာကို ချက်ချင်းရောက်ရတယ်လို့ ခံစားမိကြဟန် တူပါရဲ့။ပင်လယ်ထဲမှာ အထီးကျန်အနေစုတ်သမျှ ကမ်းပေါ်လည်း ရောက်ရော ယောက်ျားတို့တောင့်တအပ်သော အရာအားလုံးနဲ့ အပျော်ရှာကြတော့တာပါပဲ။
ဒီတော့ ဖယ်အုံကန်ဆိုတဲ့နေရာဟာ မြန်မာရေလုပ်သားတွေအတွက် လိုချင်တာမှန်သမျှ အားလုံးရတဲ့နေရာလို့ဆိုရမယ်။ နည်းနည်းသည်းခံပြီးနားထောင် ပါဗျာ။အရက်ဖဲဖာ မူးယစ်ဆေးအာစီယံ စတဲ့ အရာအားလုံးဖယ်အုံကန်မှာ အကုန်ရလေရဲ့။ ဒီတော့ ငါးဖမ်းလှေကပ်ပြီဆိုတာနဲ့ ဖယ်အုံ ကန်မှာ ပွဲတော်ကြီးလိုကို ဖြစ်လို့။ တချို့ခပ်အေးအေး မောင်တွေကတော့ အရက်ဘီယာလေးနဲ့ ကာရာအိုကေလောက်ဆိုပေမဲ့ တချို့ အပျော်လွန်တတ်တဲ့မောင်တွေကတော့ ထင်တိုင်းကြဲပြီး သုံးကြဖြုန်းကြတော့တာပါပဲ။ အမယ်စကားမစပ် ဖယ်အုံကန်မှာ ထူးထူးဆန်း ဆန်းစာပေစိတ်ဝင်စားတဲ့ ရေလုပ်သားတချို့က စာကြည့်တိုက်လေးထောင်ဖူးတယ်ဗျ။ ကျနော့်စိတ်ထင် တနှစ်လောက် သက်တမ်းတော့ ဖွင့်နိုင်ခဲ့ထင်ပါရဲ့။
ဖယ်အုံကန်မှာ ဖြစ်လိုက်တဲ့ပြသနာတိုင်းကတော့ အမူးသမားအချင်းချင်း၊ မူးယစ်ဆေးသမားအချင်းချင်း၊ လှေပေါ်မှာ ဖဲရိုက်လာပြီး ဖဲကြွေးမ ပေးတဲ့ ပြသနာမျိုးတွေပါပဲ။ ဟိုအတန်းက ဟိုဟာလေးတွေနဲ့ သူ့ဦးစားပေးရမလား ငါ့ကိုတော့ ငယ်စာရင်းဖျက်ရမလား စသည်ဖြင့် အပျော်အိမ်က ရည်းစားလုပွဲတွေလည်း ရှိသေးဗျာ။ထိုင်းရောက်ငါးဖမ်းလှေသမားတွေရဲ့ဘဝက ကျနော်မြင်မိတွေ့မိသလောက် တယ်ဇယားမကျလှဘူးဗျာ။ ဆိုလိုတာက ရှာလို့ဖွေလို့ ရတဲ့ဝင်ငွေကို ဇာတိမြေက မိသားစုဆီရောက်တယ်ဆိုတာ အတော်ကို ရှားမယ်။ ဘာကြောင့်ဆို ရက်ကာလကြာမြင့်စွာ ရေထဲမှာနေရတော့ ငါးဖမ်းလှေကမ်းကပ်ပြီဆိုတာနဲ့ လူ့သဘာဝ ပျော်ချင်ပါးချင်ကြတာ၊ စိတ်ထွက်ပေါက်ရှာကြတာ ထုံးစံလိုဖြစ်နေတာကြောင့် ရေထဲသွားလိုက် ကုန်းပေါ်တက်လာပြီး သောက်စားပျော်ပါးသုံးဖြုန်းလုပ်နေ ကြတာပါပဲ။
အော် ပြောနေရင်း ဖယ်အုံကန်မှာ ကျနော်ကြုံခဲ့ရတဲ့ ရန်ပွဲအကြောင်းမေ့နေပြန်ပြီ။ နေ့ရက်လတော့ မမှတ်မိတော့ဘူးဗျာ။ မမှတ်မိတာလည်း ဘာမှမဆန်းဘူးဗျာ။ ဒီလိုရန်ပွဲတွေဟာ ဖယ်အုံကန်မှာ ခဏခဏဖြစ်နေကျမို့ပေါ့။ ဒီတခါထူးဆန်းတာက ကျနော်ကိုယ်တိုင် မျက်ဝါးထင်ထင် ကြုံခဲ့ရတာမို့ ပါ။ကျနော် ဖူးခက်ကိုရောက်ပြီး နှစ်နှစ်လောက်အကြာ မနက်ဆယ်နာရီလောက် ကျနော် ဖယ်အုံကန်ဖက်ကိုရောက်သွားသဗျ။ ကျနော်နဲ့ မခိုင် ဈေးပစ္စည်းတွေအကြောင်းပြောနေတုန်း ဗြုန်းဆို ငါးဖမ်းလှေတွေဆီက ဆူဆူညံညံအသံတွေကြားလိုက်ရတယ်ဗျ။
အမှန်တော့ မခိုင်တို့ဆိုင်နဲ့ ငါးဖမ်းလှေတွေဆိုက်ကပ်တဲ့နေရာဟာ ကိုယ်တစ်ရာဝန်းကျင်လောက်ကွာမယ်ဗျ။ ငါးဖမ်းလှေတွေဆိုက်တဲ့ နေရာကို သံဇကာတွေနဲ့ ကာထားတယ်။ သံဇကာရဲ့တချို့နေရာမှာ စက္ကူပန်းရုံလေးတွေ ရှိနေပေမဲ့ ကျနော်ရပ်နေတဲ့ နေရာကနေ စောစော ဆူဆူညံညံအသံကြားတဲ့ နေရာက မြင်ကွင်းကို ထင်ထင်ရှားရှားမြင်နေရတယ်။ ကျနော့်စိတ်ထင် အဲဒီလှေဆိပ်မှာ ငါးဖမ်းလှေ လေးငါးစီးကပ်ထားတယ်ထင်မိတယ်။
ဆူညံတဲ့အသံဟာ ပထမတော့ လူလေးငါးယောက်လောက်ဆီကလာတာဗျ။ ဒါပေမဲ့ အသံဟာ ကျယ်သထက် ကျယ်လာတယ်။ ကျနော့် စိတ်ထင် အဲဒီအသံတွေဟာ ထိုင်းစကားသံတွေ ဖြစ်ပေမဲ့ ထိုင်းတွေပြောနေကြတာ မဟုတ်ပဲ ထားဝယ်လူမျိုးလှေသမားတွေ ပြောနေကြမှန်း ကျနော်ခန့်မှန်းနိုင်တယ်။
ဒီအဖြစ်မျိုးကို ကြုံရဖန်များနေတဲ့ မခိုင်ဟာ အကိုကြီးဆိုင်ထဲဝင်တော့ သူတို့အကြီးအကျယ်ရန်ဖြစ်ကြတော့မယ်။ ဆိုပြီး ကျနော့်ကို ဆိုင်ထဲဝင်ခိုင်းပြီး ဆိုင်တံခါးကို အသာစေ့ထားလိုက်ပါတယ်။တကယ်တော့ ထားဝယ်သူလေးမခိုင်ဟာ ဆိုင်ပိုင်ရှင်မဟုတ်ရှာပါဘူး။ ပေါင်းသင်းဆက်ဆံရေးနဲ့ အပြောအဆိုလိမ်မာရေးခြားရှိတာကြောင့် ထိုင်းဆိုင်ရှင်အမျိုးသမီးကြီးက သားသမီးလို မျက်နှာလွှဲထားခံ ရတဲ့ မိန်းကလေးပါ။မခိုင်ရဲ့ခင်ပွန်းဟာလည်း ရေလုပ်သားလို့ပဲဆိုပါတယ်။
မခိုင်ရလိုက်တဲ့ အန္တရာယ်ရဲ့အငွေ့အသက်ဟာ မမှားဘူးဆိုနိုင်ပါတယ်။ဆိုင်တံခါးကြားကနေ လှမ်းမြင်နေရတာတော့ ငါးဖမ်းလှေနှစ်စီး ဆီက လူနှစ်ဆယ်ကျော်စီရှိနိုင်တဲ့ လူအုပ်ကြီးနှစ်ခုဟာ လက်ထဲမှာ ဒုတ်၊ဓား၊ ဂျင်ကလိ၊သုံးခွလှံချွန်စတာတွေကိုယ်စီကိုင်ပြီး ညာသံပေး ဆင်းလာကြပါတော့တယ်။သူတို့နှစ်ဖက်ရင်ဆိုင်လိုက်ကြတဲ့ အကွာအဝေးဟာ ပေလေးဆယ်လောက်ကွာမယ်ထင်ပါရဲ့။ အုပ်စုကြီးနှစ်ခု ဟာ ချက်ချင်းမတိုက်ခိုက်သေးပဲ အပြန်အလှန်အချည်အချ ဒေါသတကြီး စကားဆိုကြပါသေးတယ်။ ဒီအချိန်မှာ မခိုင်က အကိုကြီး အခုအုပ်စုနှစ်ခုလုံးဟာ ဗမာတွေချည်းပဲတဲ့။
သူတို့လှေပိုင်ရှင်ထိုင်းသူဌေး ဘာအမိန့်ပေးမယ်ဆိုတာကို စောင့်နေကြတာထင်တယ်တဲ့ ။ကျနော်တွေးလိုက်မိပါပြီ။ လက်စသတ်တော့ ထိုင်းလူမျိုးငါးဖမ်းလှေပိုင်ရှင်အချင်းချင်းဖြစ်တဲ့ ပြသနာကို ဗမာတွေ ထားဝယ်တွေ ရခိုင်တွေက လူမိုက်အဖြစ်ဝင်ရှင်းပေးကြတာကိုး။ ကျနော့်စိတ်ထဲထူးခြားနေတာက ဒီလောက်ကြီးမားတဲ့လူအုပ်ကြီးနှစ်စု လက်နက်ကိုယ်စီနဲ့ သတ်မယ်ဖြတ်မယ် ရင်ဆိုင်မိနေကြတာာကို ဘယ်ထိုင်းလုံခြုံရေး ဘယ်ထိုင်းရဲမှ ရောက်မလာတာပါပဲ။ တကယ်တော့ ဒီလောက်ဆက်သွယ်ရေးကောင်းတဲ့ထိုင်းလိုနိုင်ငံမှာ ဖုန်းတချက်နှိပ်တာနဲ့ ထိုင်းရဲရာချီပြီးရောက်လာနိုင်ပါတယ်။
တမျိုးစဉ်းစားဖို့ကောင်းတာက ထိုင်းငါးဖမ်းစက်လှေပိုင်ရှင်တွေဟာ သူတို့ငါးဖမ်းလှေနှစ်စင်းပြသနာကို သူတို့ကိုယ်တိုင် ဗမာရေလုပ်သား တွေကို သုံးပြီး သူတို့နည်းသူတို့ဟန်နဲ့ရှင်းမှာမို့ ထိုင်းရဲတွေ ရောက်မလာအောင် တားဆီးထားတာလည်း ဖြစ်နိုင်ချေတခုပါပဲ။
ရန်စောင်နေတဲ့ ရေလုပ်သားအုပ်စုနှစ်ခုကို ကြည့်ရင်း တောင်တွေးမြောက်တွေးလုပ်နေတဲ့ ကျနော်ဟာ ဒိုင်း ဒိုင်းဆိုတဲ့ သေနတ်သံနှစ်ချက်ကြောင့် ရုတ်တရက်အလန့်တကြားဖြစ်သွားပါတယ်။ အမှန်တော့ အဲဒီသေနတ်သံဟာ တိုက်ပွဲစဖို့ အမိန့်ပေးလိုက်တဲ့ ထိုင်းငါးဖမ်းလှေပိုင်ရှင်ရဲ့ စစ်ခရာတံပိုးမှုတ်သံပါပဲဗျာ။