Quantcast
Channel: .
Viewing all 346 articles
Browse latest View live

မင်းကောင်းမင်းမြတ်သို့ကျွန်ုပ်ပို့သသောမေတ္တာ။

$
0
0
၂ဇန်နဝါရီ ၂၀၁၅နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ ။

မင်းကောင်းမင်းမြတ်သို့ကျွန်ုပ်ပို့သသောမေတ္တာ။

(မင်းဒင်)

(တစ်)

ငယ်သံပါအောင် အော်ဟစ် နေကြသံများနှင့် သေလုမြောပါး မချိမဆံ့ ညည်းညူနေသံတို့ကြောင့် ကျွန်ုပ်ဆတ်ခနဲသတိပြန် ကပ်လာနိုင်ခဲ့လေပြီ။ ဖျတ်ခနဲဖွင့်လိုက်သောမျက်လုံးတွင်းသို့စူးရှသောအလင်းတန်းတို့ ဝင်ရောက်လာလေရာကျိန်းစပ်သော ဒဏ်ကိုမခံနိုင်လွန်းသဖြင့် မျက်မှောင်ကို ရုတ်ခြည်းကြုတ်လိုက်ရ၏။ အလင်းရောင်တို့၏ အဆုံးတွင်အလျှံတ ညီးညီး၊ တဝင်းဝင်း၊ တပြောင်ပြောင်ဖြစ်နေသော မီးပုံကြီးတို့ကိုမြင်နေရသည်။ ထူးခြားသည်ကား ယင်းတို့၏အပူရှိန်ကြောင့် ပူလောင်သော ဝေဒနာကိုကားကျွန်ုပ်မခံစားရသေးချေ။

ကျွန်ုပ်ရောက်ရှိနေသော ခန်းမကျယ်ကြီး၏အဆင်အပြင် မှာ မြင်နေကျအခန်းဖွဲ့စည်းပုံတို့ နှင့် သိသာစွာခြားနားလွန်းလှ သည်။ ဤအခန်းဒီဇိုင်းနှင့်ဆင် ဆင်တူသည့်ပုံစံမျိုးကို ကျွန်ုပ်၏ တစ်သက် ဓာတ်ပုံနှင့်စိတ်ကူးပန်း ချီများတွင်မျှ မမြင်၊ မတွေ့ဖူးခဲ့ သည်မှာသေချာလှ၏။ ဤအရပ် သည်ကား အဘယ်အရပ်ပေနည်း။တစ်ရံတစ်ဆစ်မျှ မရောက်ဖူး၊ စိမ်းလွန်းလှသော အရပ်ဖြစ်၍ ကျွန်ုပ်သည် အလိုလိုနေရင်း အား ငယ်စိတ်ဝင်လာမိပြန်သည်။

 ကျွန်ုပ်မှတ်မိသမျှ လွန်ခဲ့ သောညက အိပ်ရာမဝင်မီ အ ချိန်အတန်လွန်မှ ရေချိုးမိခဲ့၏။ ပထမရေတစ်ခွက်စာ ကျွန်ုပ်၏ ခန္ဓာကိုယ်နှင့်ထိစဉ်မှာပင် ကြက် သီးဖြန်းခနဲထလာခဲ့ပြီး ဦးခေါင်း တွင်းမှ မိုက်ခနဲခံစားရသဖြင့် နောက်ထပ် ရေလေးငါးခွက် အ မြန်လောင်းလျက် ရေချိုးခြင်း ကို လက်စသတ်ကာ အိပ်ရာဝင် ခဲ့သည်။ စောင်ထူထူခြုံထားလျက် ကပင် တစ်ကိုယ်လုံးချမ်းစိမ့်စိမ့် ဖြစ်လာခဲ့ပြီး တဂတ်ဂတ်မေးချင်း ရိုက်သံကို ကျွန်ုပ်ကိုယ်တိုင်ပြန် ကြားနေရသည်။ ‘ငါအဖျားတက် နေပြီကော’ဟူသောအတွေးမဆုံး မီမှာပင် ကျွန်ုပ်သည် လောကကြီးနှင့်လုံးဝအဆက်အသွယ်ပြတ် သွားခဲ့လေ၏။

ထိုအခြေအနေမှသည် ဤ အရပ်ဒေသသို့  အဘယ်မည်သော အကြောင်းကြောင့် ကျွန်ုပ်ရောက် ရှိနေခဲ့ပါသနည်း။ လက်ရင်း တပည့်များဖြစ်ကြသည့် ကပ္ပလီ၊ ဖေကြည်နှင့်လေမင်းသားတို့ကို တွေ့လိုတွေ့ငြား ဘေးဘီဝဲယာ ကို တောင်တောင်အီအီလျှောက် ကြည့်မိပြန်သည်။ အရိပ်အယောင်မျှမမြင်လေ။

(နှစ်)

ကျွန်ုပ်ယောင်ချာချာရပ်နေ မိသည့်နေရာနှင့်မလှမ်းမကမ်း တွင် လူတန်းရှည်ကြီးကို မျက်စိ တစ်ဆုံးမြင်တွေ့နေရ၏။ ထိုလူ တန်းရှည်ကြီး၏ ထိပ်ဆုံးတွင် ကိုယ်ယောင်ကိုယ်ဝါ တောက် ပြောင်လှသည့် တာဝန်ရှိပုဂ္ဂိုလ် ကြီးတစ်ဦးသည် တန်းစီနေသူများ ကို တစ်ဦးချင်းရွေးထုတ်စိစစ် လျက်နေဟန်ရှိ၏။ သေချာစေ့ငု သည့်အခါ သူသည် လူတိုင်းကို စစ်ဆေးနေသည်မဟုတ်။ အချို့သောသူများကိုသာ မေးခွန်းပုစ္ဆာအချို့မေးမြန်း၏။ မေးခွန်းတို့ ကား ပုံစံတူဖြစ်၏။ အမေးအဖြေ တွင်အသုံးပြုသောဘာသာစကား မှာ အသစ်အဆန်းဖြစ်လင့်ကစား ထူးဆန်းစွာပင် ကျွန်ုပ်နားလည် သဘောပေါက်လျက်ရှိချေသည်။ ထိပ်ဆုံးတွင်မေးမြန်းစစ်ဆေးမှုခံ ယူနေသောပုဂ္ဂိုလ်ကြီးကို ကျွန်ုပ် ကောင်းစွာမှတ်မိလျက်ရှိသည်။ သူသည် မြန်မာ့တပ်မတော်မှ ထိပ်တန်းအရာရှိကြီးဖြစ်ခဲ့သည်။ ကျွန်ုပ်သည် ၎င်းတို့၏အမေး အဖြေကို ခပ်မဆိတ်နားစွင့်နေမိ၏။

‘‘လူ့ပြည်မှာနေတုန်း ကျင် ကြီးကျင်ငယ်ကိုပင်မသုတ်သင် နိုင်ဘဲ ကျင်ကြီးကျင်ငယ်ထဲတွင် လူးလှိမ့်နေရရှာသော ကလေး တွေကိုတွေ့ဖူးခဲ့သလား’’

‘‘ရက်စ်’’

‘‘အဲဒီကလေးတွေကိုကြည့် ပြီး ငါဟာ ဒီလိုကလေးဖြစ်ဖို့ရာ နောင်အခါ ပဋိသန္ဓေနေရဦးမယ်။ ထိုသဘောကို မလွန်မြောက်နိုင် သေးပါတကား။ ယခုအချိန်ကပင် ကိုယ်နှုတ်စိတ်တွေကိုစောင့်စည်း လျက် ကောင်းကောင်းကြီးနေမှ တော်ကာကျမယ်လို့အကြံအစည် မဖြစ်ခဲ့ဘူးလား’’

‘‘နိုး၊ ဟင့်အင်း’’

‘‘ဒါဖြင့် မင်းဘာသိတာရှိ သတုံး’’

‘‘ဒို့တာဝန်အရေးသုံးပါးကို သိပါတယ်။ တပ်မတော်သာအမိ၊ တပ်မတော်သာအဖပါ’’

‘‘ဒါဖြင့် ဟော ဟိုကလှေ ကားပေါ်တက်ပြီး အထက်ကိုကြွ ပေရော့’’

(သုံး)

နောက်ထပ်စစ်ဆေးခံရ သည့်ပုဂ္ဂိုလ်တစ်ဦးသည်လည်း ကျွန်ုပ်နှင့်မျက်နှာသိဖြစ်နေပြန် သည်။ သူကား အစိမ်းရောင်ပါတီ ကြီးမှ အမာခံတစ်ဦးအဖြစ် ထင် ရှားကျော်ကြားခဲ့သူဖြစ်၏။

‘‘လူ့ပြည်မှာနေတုန်း ကိုယ့် ခန္ဓာကိုယ်ကိုတောင် ကောင်း ကောင်းမသယ်နိုင်တော့တဲ့ တုန်ချည့်ချည့်လူအိုတွေကို တွေ့ခဲ့ဖူး သလား’’

‘‘ခဏခဏတွေ့ဖူးပါတယ် ခင်ဗျာ’’

‘‘ဒါဆို ငါလည်းတစ်ချိန်မှာ သူ့အလိုလို အိုရမယ်ဆိုတာ မ တွေးမိခဲ့ဘူးလား’’

‘‘အဲသလိုတော့မတွေးမိဘူး ခင်ဗျ။ ကျွန်တော့်အဘကြီးက တုန်ချည့်ချည့်သာဖြစ်နေတာ၊ စာဖတ်နေရင်း တန်ခိုးထွားနေဆဲမို့ တစ်ချိန်မှာ သူ့လိုဖြစ်အောင် ကြိုးစားမယ်လို့ သဘောပိုက်မိပါ တယ်’’

‘‘ဒါနဲ့ နေပါဦး၊ လူ့ပြည်မှာ နေခဲ့စဉ်တုန်းက ကျုပ်ကိုရည်စူး ပြီး အမျှအတန်းပေးဝေတာလေး များလုပ်ခဲ့ဖူးသေးလား’’

‘‘အမျှတော့မဝေဖူးဘူးခင်ဗျ။ ကျွန်တော့်အဘတွေနဲ့ ဝေစားမျှ စားတော့ အမြဲမပြတ်လုပ်ခဲ့ပါ တယ်’’

‘‘ဒါဖြင့် ဟောဟိုလှေကား ပေါ်တက်ပြီး အထက်ကိုကြွပေ ရော့’’

တာဝန်ရှိပုဂ္ဂိုလ်ကြီးညွှန်ပြ သည့်နေရာသို့ ကျွန်ုပ်လှမ်း၍ ကြည့်မိသည့်အခါ ကုန်တိုက်ကြီး များတွင်တပ်ဆင်အသုံးပြုသော ရွေ့လျားစက်လှေကား (Esca la-tor)နှင့်ဆင်တူသည့် စက်ယန္တရားကြီးတစ်ခုသည် ညင်သာလှသော အရှိန်ဖြင့် အထက်အရပ်ဆီသို့ တရွေ့ရွေ့တက်လျက်ရှိ၏။

ကျွန်ုပ်သည် အပြန်အလှန် အမေးအဖြေတို့ကိုနားစိုက်ထောင်နေရင်း ရုတ်တရက် ရင်ဘတ်ကို ယောင်ယမ်းဖိလိုက်မိကာ မိခင် နှင့်ဘုရားကိုတစ်ပြိုင်တည်း‘တ’ မိလေတော့သည်။

‘‘အမလေး ဘုရား၊ ဘုရား ငါရောက်နေတာ ငရဲပြည်ပါ က လား။ စစ်နေဆေးနေတဲ့အရာ ရှိဟာ မဟုတ်မှလွဲရော ယမမင်း ဆိုတာဖြစ်ရမယ်’’

ထိုခဏအတွင်းမှာပင် ကျွန်ုပ်၏ခေါင်းထဲသို့ ဗုဒ္ဓစာပေကျမ်းဂန် များတွင်ဖော်ပြသည့်ယမမင်း၊ ငရဲပြည်တို့နှင့် ပတ်သက်သော အကြောင်းခြင်းရာများ ဆက်တိုက် ဆိုသလို ဝင်ရောက်လာခဲ့ လေသည်။ ယမမင်းများ၏ဇာတိ မှာ စတုမဟာရာဇ်နတ်ဘုံမှဖြစ် သည်ဟုဆိုပါ၏။ ‘မဟိဒ္ဓိကပြိတ္တာ’ မျိုးဖြစ်သည်။ မသန့်စင်သည့် ကုသိုလ်ကံ(မိဿက ကုသိုလ်ကံ) ကြောင့် ငရဲမင်းကြီးဖြစ်လာရ၏။ ငရဲတစ်ထပ်စီတွင် ယမမင်းလေး ဦးစီရှိသည်။ ငရဲကြီးရှစ်ထပ်တွင် ငရဲမင်းကြီးစုစုပေါင်း ၃၂ ယောက်ရှိသည်။ ငရဲငယ် ၁၂၈ ခုတွင် ငရဲမင်းကြီး(ယမမင်း)များမရှိချေ။ ‘ဝေမာနိက ပြိတ္တာ’များကိုအုပ်ချုပ် ရသောမင်းဖြစ်သည်။ ငရဲမင်းကြီး က အပြစ်နည်းနည်းနှင့်ရောက် လာသောငရဲသားများကို စစ်ဆေး သောအခါ ဒေဝဒူတငါးပါးကိုပမာ ထားပြီး ငါးကြိမ်တိုင်စစ်မေးရ၏။ ဒေဝဒူတ(သေမင်းတမန်)ငါးပါး ဆိုသည်မှာ ကလေး၊ သူအို၊ သူနာ၊ သူသေ၊ အကျဉ်းသမား ထို ငါးဦးကိုပမာပြုခြင်း ဖြစ်သည်ဟု ဖော်ပြလေသည်တစ်မုံ့။

(လေး)

ယောင်တီးယောင်နဖြင့် ငရဲ ပြည်သို့ရောက်ရှိနေရသည့်ကျွန်ုပ် အဖို့ သည်းဆုတ်အေးမျှ ကြောက် ရွံ့တုန်လှုပ်လျက်ရှိသည်ကား အမှန်ပင်ဖြစ်ပါ၏။ သို့သော် ယမ မင်းကြီးမေးမြန်းပုံဆုံးဖြတ်ချက် ချပုံကိုမူ ကျွန်ုပ်အနေဖြင့် လုံးလုံး မကျေနပ်နိုင်သည်ဖြစ်ရာ မဟုတ် မခံလိုသောကျွန်ုပ်၏ ပင်ကိုစိတ် အခံသည် ရင်တွင်းမှာလူးလွန့် လာ၏။ သို့သော် နယ်စိမ်းပယ် စိမ်းတွင် ယမမင်းကဲ့သို့သော ပုဂ္ဂိုလ်ကြီးမျိုး၏လုပ်ရပ်အပေါ် မခံချင်စိတ်ကို ရှေ့တန်းတင်ဆုံး ဖြတ်လျှင် မသင့်လျော်ချေဟု နှလုံးသွင်းမိသဖြင့် အသာငြိမ် လျက် ၎င်း၏လုပ်ဟန်ကိုဆက် လက်လေ့လာနေမိ၏။ ထူးမခြား နားပါပေ။ ထိုမျှမက အချို့သော အစိမ်းဝတ်အဆင့်မြင့်အရာရှိများ၊အစိမ်းရောင်ပါတီ လူထုအော့ ကြောလန်များအား တစ်ခွန်းတစ် ပါဒမျှစစ်ဆေးခြင်းမရှိ။ ဖော်ပြခဲ့ သည့်နည်းလမ်းအတိုင်းပင် ရွေ့လျားစက်လှေကား သို့သာစေလွှတ်လျက် အထက်သို့တက်စေ၏။ လူ့ဗာလနံများကား ရွေ့လျားစက်လှေကားကို အငြိမ့်သားစီးနင်းကာ ဘဝင်လေဟပ်သောအမူ အရာကိုယ်စီဖြင့် ငရဲပြည်တွင်ပင် ဒင်းတို့ခေတ်မကုန်သေးဟူသော အချိုးမျိုး ချိုးနေသည်ဟုသာ ကျွန်ုပ်ထင်မြင်မိတော့သည်။ မတရားမှုကိုဆက်လက်၍ လက်ပိုက် ကြည့်နေခြင်းငှာ မစွမ်းသာတော့ချေ။ ကျွန်ုပ်သည် ယမမင်းကြီးရှိရာသို့ ခပ်သွက်သွက်လျှောက်သွားကာ ထီမထင်သော လေသံဖြင့် ရင်ဆိုင်လိုက်ရချေတော့သည်။

ကျွန်ုပ်။  ။ ‘‘နေပါဦးဗျ။ ခင်ဗျားဟာယမမင်းကြီးဆိုတာမလွဲလောက် ပါဘူး။ သို့ပေတည့် ခင်ဗျားလုပ်ပုံကိုင်ပုံဟာဖြင့် တရားနည်းလမ်းမကျဘူးထင်မိတယ်။ ဘယ်နှယ့်ဗျာ ယမမင်းဟာ မင်းကောင်းမင်းမြတ်တွေလို့ ကျုပ်ကြားနာဖူးပါတယ်။ ဒါပေမဲ့ အခုခင်ဗျားလုပ်နေပုံတော့တခြားစီပါကလား’’ယမမင်းသည် အံ့သြတွေ ဝေသည့်အမူအရာဖြင့် ကျွန်ုပ်ကို စူးစူးရဲရဲပြန်ကြည့်ရင်း တုံ့ပြန် စကားဆို၏။

ယမမင်း။  ။‘‘အောင်မာ ရာရာစစ ငရဲပြည်ကိုရောက်လာတဲ့ငမိုက် သားကများ ငါလိုယမမင်းကို ဝေဖန်ရတယ်လို့။ ဆိုပါဦးဟ၊ ငါ က ဘာများအမှားအယွင်း လုပ်မိသတုံး’’

ကျွန်ုပ်။  ။‘‘စိတ်တော့မရှိနဲ့ဗျာ။ အခု ခင်ဗျားစက်လှေကားပေါ်တင်ပြီး အထက်ဘဝဂ်ကိုပို့နေတဲ့သူတွေ ဟာ လူ့ပြည်မှာတုန်းက မြန်မာ တစ်ပြည်လုံးကို ဒုက္ခလှလှပေးခဲ့ တဲ့သူတွေချည်းပဲဗျ။ သူတို့ အကြောင်း ကျုပ်အကုန်သိတယ်’’

ယမမင်း။  ။‘‘သြော် . . . ဒါလား၊ ဒါဆိုရင်ဖြင့် ငါတုံးတာမဟုတ် ဘူး။ နင်တုံးတာဟကောင်ရ၊ အခု စက်လှေကားနဲ့တက်ခိုင်းတာဟာ အထက်ဘဝဂ်ဆီကိုပို့တယ်လို့ ထင်တာများ အံ့ပါဘိတော့။ ဒင်း တို့ကိုပို့နေတာ ဆီပူနဲ့ကြွပ်ကြွပ် နေအောင်ကြော်မယ့်ငရဲအိုးနှုတ် ခမ်းဝဆီကိုဟ၊ ဆီပူအိုးကကြီး လွန်း၊ မြင့်လွန်းလို့ စက်လှေကား တပ်ထားရတာ။ ငရဲရောက်နေ တာတောင် အသိဉာဏ်မရှိတဲ့ ကောင်’’

ကျွန်ုပ်။  ။‘‘ဗျာ...ဒါဖြင့် ဟို ဟို မစစ် ဆေး၊ မမေးမြန်းဘဲ စက်လှေကား ပေါ် တန်းတက်ခိုင်းနေတာက ကောဗျာ’’

ယမမင်း။  ။‘‘မသေမချင်းမှတ် ငတုံးရ၊ ပဉ္စာနန္တရိယကံကျူးလွန် တဲ့သူ၊ စေတီပုထိုးဖျက်သူ၊ မိစ္ဆာ ဒိဋ္ဌိအယူရှိသူတွေကို စစ်ဆေး စရာမလိုဘူးကွ။ အပြစ်ကြီးလွန်း လို့ ငရဲကိုတန်းချပစ်ရတယ်။ နင် တွေ့တဲ့အစိမ်းဝတ်တွေဟာ အဲဒီ စာရင်းမှာအကျုံးဝင်တယ်။ ရှင်း ရတာလက်ပေါက်ကတ်ချက်ကွာ’’

ကျွန်ုပ်။  ။ ‘‘သြော် . . . သြော်’’

ယမမင်း။  ။‘‘မသြော်နဲ့ နင်ဘာ ကောင်တုံး၊ မှန်းစမ်းနင့်ရုပ်နဲ့ငါ့ ကွန်ပျူတာထဲကငရဲသားစာရင်း လက်ခံဖိုင်နဲ့တိုက်ကြည့်လိုက် မယ်...မှန်း’’

(ငါး)

နတ်မောက်သွေးနီလှပြီဟူ ၍ လူစွာလုပ်မိသောကျွန်ုပ်သည် ယမမင်းရှေ့တွင်မှောက်လျက်လဲ ခဲ့ချေပြီတကား။ ယမမင်းသည် ကွန်ပျူတာနှင့်အတန်ကြာအလုပ် ရှုပ်လျက်ရှိ၏။ ခဏအကြာအံ့သြ စူးစမ်းသောအကြည့်ဖြင့်မေးလာ ၏။

‘‘အင်း မောင်ရင့်နာမည်ကို ဒီလက်ခံစာရင်းမှာ မတွေ့မိပါ ကလား။ နာမည်သေချာပြောပါ ဦးဟ’’

ကျွန်ုပ်လည်း အမည်ရင်းနှင့် တကွ မွေးရပ်ဇာတိ၊ မှတ်ပုံတင် အမှတ်နှင့် ငယ်စဉ်ကထားခဲ့ဖူး သောရည်းစားစာရင်းပါမကျန် ပြည့်စုံစွာတင်ပြပြီးသည်၏နောက်တွင်ကား ယမမင်း၏မျက်နှာဝယ် အပြုံးရိပ်သန်းလာ၏။ ခင်မင် လေးစားဟန်ဖြင့် ချိုသာစွာစကား ဆို၏။

‘‘သြော် . . လက်စသတ်တော့ ဖူးခက်ဆြာဒင်ဆိုတာ မောင်ရင် ကိုး။ မောင်ရင့်ကောင်းကြောင်း တွေကြားပါ့ဗျား။ အမှန်က မောင် ရင်ဟာ ဒီနေရာကိုမျက်စိလည် လမ်းမှားပြီးရောက်လာဟန်တူ သကွဲ့။ ကိုယ့်လက်အောက်က မန်နေဂျာတွေလည်း ပေါ့လျော့ တာဖြစ်နိုင်သေးသကွဲ့။ ကဲ ကဲ... ငရဲပြည်မှာကြာကြာမနေချင်ပါနဲ့ မောင်ရယ်။ ချက်ချင်းသာပြန်ပေ ရော့။ ကျုပ်ကို ညတိုင်းမေတ္တာပို့ ဖို့လည်းမမေ့လေနဲ့ဦးမောင်’’

ကျွန်ုပ်ကား ကြောက်လန့် ခြင်း၊ ဒေါသဖြစ်ခြင်း၊ အံ့သြဝမ်း သာခြင်း စသောပြင်းထန်လှသည့် ခံစားမှုပေါင်းစုံကို တစ်ချိန်တည်း ကြုံတွေ့ရသည်ဖြစ်ရာ စကြဝဠာ တစ်တိုက်လုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်ပြီဟုသာ ထင်မိတော့ သည်။ သက်ပြင်းကြီးတစ်ချက်ကို အသံကျယ်ကြီးထွက်အောင် လေးပင်စွာချလိုက်ရင်း ‘‘အမလေး ကံကြီးပေလို့တော်ပါသေးရဲ့ ဘုရား ဘုရား’’

‘‘ဟော . . . ငတို့ဆြာ၊ ဘုရား တရင်းသတိပြန်လည်လာပြီကွ ဆြာ ဆြာ ဆြာ’’

တပည့်ကျော်ဖေကြည်၏ ဝမ်းသာအားရအော်သံကိုကြားရ သည်နှင့်တစ်ချိန်တည်းမှာပင် ကျွန်ုပ်ကောင်းစွာသတိပြန်လည် လာခဲ့လေပြီ။ ကျွန်ုပ်လဲလျောင်း လျက်ရှိရာခုတင်ဘေးတွင် စိုးရိမ်တကြီးဖြစ်နေသည့်မျက်နှာကိုယ် စီဖြင့်ရှိနေသော တပည့်ကျော်တို့ကိုမြင်လိုက်ရ၏။ ကျွန်ုပ်သည် အပြင်းဖျားသည့်ဝေဒနာဖြင့်ဖူး ခက်မြို့မှ (Mission)အမည်ရှိ ဆေးရုံပေါ်တွင် နှစ်ရက်ခန့် သတိမေ့မြောနေခဲ့သည်ဟုဆိုပါ၏။ သတိပြန်လည်လာစဉ် တစ်ခဏ၌ ကျွန်ုပ်သည် လေဘာတီမမြရင် သီဆိုခဲ့သော ‘တုံးကျော်မ’သီချင်းကိုသာ ရုတ်ခြည်းသတိရမိတော့ သည်။

ထိုနေ့မှအစပြု၍ ကျွန်ုပ် သည် ညစဉ်အိပ်ရာဝင်ဘုရား ရှိခိုးချိန်တိုင်း၌ သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော သတ္တဝါ အပေါင်းအား သဗ္ဗေသတ္တာအဝေ ယျာဟောန္တုချီမေတ္တာပို့ရာတွင် ယမမင်းအား သြဒိဿရည်မှတ် လျက် မမေ့မလျော့စာရင်းသွင်း မေတ္တာပို့ခဲ့သည်မှာ ယနေ့ထက် တိုင်အောင်ဖြစ်ချေသည်။ မင်း ကောင်းမင်းမြတ်ဟုသမုတ်အပ် သည့် ယမမင်းကြီးချမ်းသာကိုယ် စိတ်မြဲပါစေသတည်း။



Article 16

$
0
0

၎။၁၂။၂၀၁၄ ထုတ် ဆဲဗင်းဒေးသတင်းစာမှ။ ။

ငါတို့တပ်မတော်အမှန်ဖြစ်သည်။ဒင်တို့တပ်မတော်အမှန်ဖြစ်သည်။

(မင်းဒင်)

(တစ်)
“စစ်ခွေးငဒင်အလိုမရှိ”
“စစ်ခွေးနောက်လိုက်ကို ဆန့်ကျင်ကြ”
“ဖက်ဆစ်တပ်မတော်ကျဆုံးပါစေ”

ခြံဝဆီမှ ဆူဆူညံညံအသံများက ကျွန်ုပ်၏လှပသောနံနက်ခင်းကိုဖျက်ဆီးလိုက်ချေပြီ။နိုးနေပြီဖြစ်သော်ငြား၊အိပ်ယာထဲတွင် ဆက်၍လဲလျောင်းနေရင်း ခြံနောက်တောအုပ်ဆီမှ ငှက်ငယ်တို့၏၊ချစ်ခင်နှစ်သက်ဖွယ်၊ကျီကျီအာအာအော်မြည်သံတို့ကို နားစွင့်မိန်းမောယစ်မူးနေမိသည့်နိဗ္ဗာန်ဘုံသည် ရုတ်ခြည်းပင်၊အကျည်းတန်သွားရချေ၏။ထို့ကြောင့် ကျွန်ုပ်သည်လျောင်း စက်ရာ ကုတင်ထက်ဆီမှာ အလန့်တကြား၊ကဗျာကယာထ၍ နေအိမ်အပေါ်ထပ်၊ပြူတင်းမှန်တံခါးကြားမှ၊ခြံတံခါးဝဆီသို့ အသာ ချောင်းကြည့်လိုက်ရာ၊ ဆိုင်းဘုတ်မျိုးစုံကိုင်ရင်း၊ကြွေးကြော်သံတို့ကိုတခဲနက်အော်ဟစ်နေသော မဲမဲလှုပ်နေ သည့် လူအုပ်ကြီး ကို အံ့သြဖွယ်မြင်တွေ့ရလေသည်။

ဆိုင်းဘုတ်ပါစာသားများနှင့်၎င်းတို့၏နှုတ်ထွက်ကြွေးကြော်သံတို့အရ၊ကျွန်ုပ်အားဦးတည်ရည်ညွန်းကာ ဆန္ဒပြနေကြခြင်း ဖြစ်ကြောင်းသိသာထင်ရှားလှ၏။နဝေတိမ်တောင်နိုင်လှသော ဖြစ်ရပ်ကြောင့်၊ဖြစ်ရပ်မှန်ကိုစူးစမ်းရန်အလို့ငှာ အောက်ထပ် သို့ ဆင်းမည်ဟူသောအကြံဖြင့် နောက်သို့အလှည့်တွင်၊ ညှိုးငယ်သော မျက်နှာကိုယ်စီဖြင့်ကြောက်ဒူးတုန်နေသည့်၊ အာဂ တပည့် ကျော်သုံးဦးကုတ်ချောင်းချောင်းပုံစံဖြင့် တွေ့မြင်လိုက်ရ၏။အောက်ထပ်တွင်အိပ်စက်သောဒင်းတို့ အဘယ်အချိန်က ကျွန်ုပ်၏နောက်တော်သို့ရောက်နေလေခဲ့သနည်း။မျက်နှာတို့တွင်ကား၊မျက်ချေးကိုယ်စီနှင့်ရှိ၏။

“ဆြာဒင်ရေ၊ဖူးခက်မှာရှိရှိသမျှ မြန်မာအလုပ်သမားတွေ၊အကုန်ရောက်လာလေရော့သလား”
“ဘာတွေဖြစ်ကုန်ပြီလဲဆြာ။နည်းနည်းနောနောလူအုပ်ကြီးမဟုတ်ပါကလား”
“ရှုပ်ကုန်ပြီထင်တယ်။ဆြာဒင်ဘာတွေလုပ်ထားပြန်ပြီတုန်း”

ညည်းညူသံတို့ကား၊ခိုဘိုးအေလက်မှိုင်ချလောက်ပါပေ၏။ကျွန်ုပ်ကိုယ်တိုင်ထိတ်ထိတ်ပျာပျာဖြစ်နေ ရချိန်တွင်၊ဒင်းတို့၏ ကြောင်စီစီမျက်နှာပေးဖြင့် မြှားပစ်သလိုဝင်လာသောမေးခွန်းတို့ကတစ်မှောင့်။နတ်မောက်သားပီပီ၊မရှိမဲ့ရှိမဲ့သတ္တိကို ရုတ်ခြည်းစုစည်းမွေးမြူရင်း လိုအပ်သည်ကို ချက်ချင်း အမိန့်ပေးညွန်ကြား ရချေသည်။
“ကျုပ်က၊မောင်တို့ကိုမေးရမဲ့ဥစ္စာလေ။အလွန်လည်းကြောက်အားမပိုပါလေနှင့်။အကြောင်းစုံကိုသိနိုင်ရန် စနည်းနာချေ လော့ အမောင်ကပ္ပလီငယ်”

(နှစ်)
ဆြာ့စကားနီးရာဓားကိုမပယ်လှန်ဝံ့လေသောကပ္ပလီကား တုန်ချိချိခြေလှမ်းများဖြင့် အောက်ထပ်သို့ဆင်းကာ၊ ခြံဝင်းတံခါး မကြီးဆီမှ လူအုပ်ကြီးကို ရင်ဆိုင်လိုက်သည်ကို အပေါ်ထပ်မှန်တံခါးကြားမှနေ၍၊ကျွန်ုပ်တို့တွေ့မြင်နေရ၏။လူအုပ် ကြီး သည်ကပ္ပလီငယ်ကို မြင်လိုက်သည့်အခါကြွေးကြော်သံတို့ပို၍ဆူညံလာပြန်သည်။ကပ္ပလီငယ်နှင့်ပရိသတ်တွင်းမှ ခေါင်း ဆောင်ဖြစ်ဟန်တူသူတို့၊ခေါင်းချင်းရိုက်လျက်၊အချီအချစကားနှစ်ခွန်းသုံးခွန်းပြောဆိုပြီးချိန်၊တစ်မိနစ်ပင်မကြာလှသောကာလ၌ ကပ္ပလီငယ် အပေါ်ထပ်သို့ပြန်ရောက်လာ၏။

“ဆြာရေ။ပြဿနာကတော့ စစ်တပ်ကိစ္စပဲဗျ”
“ဟ။ကျွန်ုပ်နဲ့စစ်တပ်ဘာဆိုင်သတုန်း”
“တပည့်လည်းသိပ်နားမရှင်းခဲ့ဘူးဆြာ။ဆြာဒင်ဟာ စစ်တပ်ကလာသလိုလို၊ဗိုလ်မှူးဗိုလ်ချုပ်လိုလိုဖြစ်ရမယ်ဆိုတာလည်း ပါ တယ်။နောက်တစ်ချက်က ဆြာဒင်သီချင်းဆိုလို့ဆိုလား”
“နင်ပြောကာမှပိုရှုပ်ကုန်ပြီ”

ဂဘောက်တိဂဘောက်ချာပြန်ဖြေနေသောတပည့်ကျော်ကို မြည်တွန်မောင်းမဲရင်း၊တစ်ပြိုင်တည်းမှာပင်၊ကျွန်ုပ်၏ ဦး နှောက်ကို အလုပ်ပေးလျက်၊ဖြစ်နိုင်ချေကို စဉ်းစားရပြန်သည်။ကျွန်ုပ်ကားစစ်တပ်နှင့်အလျဉ်းပတ်သက်ခြင်းရှိသူမဟုတ်။ သို့သော် အားအားရှိစစ်ချီတေးစစ်သည်တေးအစရှိသည် စစ်သွေးစစ်မာန်ပါသော တေးသီချင်းတို့ကိုမူ အခါအားလျော်စွာ ဆိုညည်းလေ့ရှိ၏။ထိုအရာနှစ်ခုသည်မည်သို့မည်ပုံဆက်စပ်ကာ၊ဖူးခက်ရှိမြန်မာအလုပ်သမားထုကြီး ကျွန်ုပ်၏ခြံဝသို့ ရောက်ရှိလာကြပါသနည်း။အဖြေရှာမရခင်မှာပင်၊ခြံတံခါးဝဆီမှ ဟစ်အော်သံတို့မှာ တမျိုးထူးခြားလာပြန်၏။

“ရွောင်မိုင်အောင်ဖိဒင်၊ရွောင်မိုင်းအောင်ဖိဒင်(ငဒင်အလိုမရှိ)”
“အော့်ပိုင်း၊အော့်ပိုင်း၊ဖိဒင်(ငဒင်ထွက်သွား၊ထွက်သွား)”

(သုံး)
မြန်မာလူအုပ်နှင့်ရှုပ်နေသောဇယားကိုမဖြေရှင်းနိုင်ခင်မှာပင်၊ထိုင်းလူမျိုးတစ်ချို့ပါ ဆန္ဒပြပွဲအတွင်းသို့ပါဝင်လာပြန်ချေပြီ တကား။သင်းတို့လည်း သင်းတို့စစ်တပ်ကို အစာကြေဟန်မတူလေ။အခွင့်ကြုံတုန်း ရောင်တော်ပြန်နှင့်ရောလွှတ်ကြဟန်ရှိ ၏။အချိန်ကြာလေ၊ဇာတ်ပိုရှုပ်လေဖြစ်တော့မည်မို့ ၊ကျွန်ုပ်ကိုယ်တိုင်ပင် မျက်နှာချင်းဆိုင်ရှင်းလင်းမှ တော်ပေတော့မည်ဟု ယတိပြတ်ဆုံးဖြတ်ချက်ချကာ ယင်းတို့ဆီသို့ကေသရာဇာခြင်္သေမင်းတို့၏ခြေလှမ်းများဖြင့် ၊ကြောက်ကြောက်နှင့်စစ်ဦးလျင် လျင်ဖွင့်လိုက်ရချေသည်။ှမရဲသော်လည်းပြေးခဲစေဆိုရိုးရှိသည်မဟုတ်တုံလော။ဆန္ဒပြလူအုပ်သည် ကျွန်ုပ်၏တည်ကြည် ခန့်ငြားလှသောဥပဓိရုပ်ကြောင့်လောမဆိုနိုင်။ကျွန်ုပ်ကို မြင်လေသော် ထိုင်းမြန်မာနှစ်ဖြာသောပရိသတ်ထံမှ အသံသည် ရုတ်ခြည်းဆိတ်သုဉ်းပျောက်ကွယ်သွားလေ၏။

အားတက်သွားသောကျွန်ုပ်သည်၊လူအုပ်ရှေ့သို့ထွက်လာသော ခေါင်းဆောင်ဟုထင်ရသူလူရွယ်တစ်ဦးနှင့် မျက်နှာချင်း ဆိုင်စကားဆိုရလေသည်။

“ခဏလေးငြိမ်ပေးကြပါဗျာ။ဆြာဒင်ဆိုတာ ကျုပ်ပါပဲ။အကြောင်းစုံကို ရှင်းရှင်းလင်းလင်းသိနိုင်ဖို့စကားပြောခွင့်ပေးပါခင်ဗျ”
“ကျုပ်ဟာစူပါချိကုန်တိုက်က ရွေ့ပြောင်းမြန်မာအလုပ်သား ဘာမထီဖိုးစီပါ”
“ဟုတ်ကဲ့၊မိန့်ပါကိုရင်ဘာမထီရယ်။ဘဇာကြောင့် အနှီဆန္ဒပြပွဲကို ဖန်တီးလေသနည်း”
“ဒီမယ်ဆြာဒင်၊ခင်ဗျားတို့စစ်တပ်ဟာ၊တွေ့ဆုံဆွေးနွေးကိုဘာကြောင့်ငြင်းပယ်သလဲ၊ စစ်တပ်ဟာ၊တိုင်းပြည်ကာကွယ်ရေး အတွက် ကိုယ့်နေရာကိုယ်မနေပဲ၊လွှတ်တော်ထဲမှာဘာကြောင့်အကြောင်းမဲ့ ဝင်ထိုင်နေရသလဲ။ဒီမိုကရေစီလမ်းကြောင်း ကိုဘာကြောင့်တားဆီးပိတ်ဆို့နေတာလဲ။ဒါကိုကျုပ်တို့မကျေနပ် ဘူး။ခင်ဗျားဟာစစ်တပ်ကလူမို့ ဖူးခက်ကနေထွက်သွားဖို့ ကျုပ်တို့တောင်းဆိုတယ်ဗျာ”

“အလိုလေး၊ကျုပ်ဟာစစ်မှုထမ်းတစ်ယောက်ဆိုတာ ကိုရင်တို့မှာ ဘာအထောက်အထားရှိသတုန်း”
“ဒါဆို၊ခင်ဗျားဆိုခဲ့တဲ့သီချင်းတွေမှတ်မိလား”
“မှတ်မိပါသော်ကောမောင်ရယ်။ကျုပ်အမြဲဆိုနေကျ တွံတေးသိန်းတန်ရဲ့အသီးတရာ၊အညှာတစ်ခု၊ပြေးကြိုတော့ထွေးညို၊ တင်တင်မြရဲ့ တောင်တန်းပြာနဲ့ကျောပိုးအိတ်၊တပ်ကြပ်ကြီးညွန့်ခင်၊ရဲဘော်ခင်မောင်လှ၊ပြည်လှဖေရဲ့နတ်သျှင်နောင်၊ အို၊ ပြောရရင်ဘယ်ကုန်နိုင်ပါ့မတုန်း”
“ဒီသီချင်းတွေဆိုနေတာကြောင့်ခင်ဗျားဟာ စစ်တပ်ဘက်ကလူဆိုတာသေချာပြီပေါ့ဗျာ”

“မြတ်စွာဘုရား”
သီချင်းဆိုမိ၍ငိုရမည့်ကိန်းပေတကား။လူကင်းပါးလှသောကျွန်ုပ်အနေဖြင့် ပြဿနာ၏ဇာစ်မြစ်ကိုကောင်းစွာခြေရာခံမိပေပြီ။ ကျွန်ုပ်ကား အညာသားလည်းဖြစ်၊ပုဂံသွေးပါသူပီပီ၊ဇာတိမာန်တက်ကြွစေသည့် စစ်ချီတေးမှန်လျှင် နှစ်သက်မိသည်ချည်း ဖြစ်၏။ထို့ပြင်တဝ ဖူးခက်တည်းဟူသော ရန်သူ့မြေတွင် တဝမ်းတခါးအလို့ငှာ၊တစ်ကိုယ်တည်းရောက်လာသူဖြစ်၍ ပျင်းရိ အားငယ်ချိန်များတွင် အထက်တွင်ဖော်ပြခဲ့သောတေးသီချင်းတို့ကို သီကျူးမိခြင်းသာဖြစ်လေသည်။အထူးသဖြင့် ကျွန်ုပ်၏ ဈေးဆိုင်ငယ်တွင်အရောင်းပါးသည့်အခါ သီချင်းညည်းနေလေ့ရှိသည်မှာ မြန်မာအလုပ်သမားဈေးဝယ်တို့ဝင်လာချိန် အထိ ဖြစ်လေရာ၊ဤသည်ပင်၊အမြင်မှားဖွယ်ဖြစ်ခဲ့ချေပြီတမုံ့။

(လေး)
လူအုပ်ကြီးကား ကျွန်ုပ်တို့နှစ်ဦးအပြန်အလှန်မေးဖြေနေသည်ကို စိတ်ဝင်တစားနားစိုက်လျက်ရှိ၏။အချို့ကမူဆန္ဒပြပွဲ အတွင်းသို့မအူမလည်ပူးပေါင်းလာကြသည့်ထိုင်းလူမျိုးအချို့ကို တီးတိုးလေသံဖြင့်ဘာသာပြန်ပေးလျက်ရှိ၏။ကျွန်ုပ်လည်း ကြောက်စိတ်ကြောင့် ခြောက်လာသောအာခေါင်ကို ဟက်ကနဲရှင်းလိုက်ရင်း စကားဆက်လိုက်ရပြန်သည်။
“နေပါဦးမောင်၊ကျုပ်ဆိုခဲ့တဲ့သီချင်းတွေထဲမှာ မောင်တို့မကျေနပ်စရာ၊ဘာအချက်တွေများပါနေလို့တုန်း”

“ဒါဆိုကျုပ်မေးမယ်။ခင်ဗျားဆိုတဲ့သီချင်းထဲမှာ ဗမာ့သွေးကိုနှမပေးလိုက်ချင်ပါတယ်၊ပေးမယ်၊ပေးမယ်၊ ကျုပ်ကြီးဒေါ်ကြီး ကိုပါ ပေးမယ်ဆိုတာ တရားသိပ်လွန်တယ်ဗျ။ ဒီလောက်ညံ့တဲ့စစ်တပ်ကို နှမနဲ့ကြီးဒေါ်ပေးစရာလိုသလား”
“အမယ်လေးမောင်ရယ်။ဒီသီချင်းက လွတ်လပ်ရေးကြိုးပမ်းတဲ့ကာလက စစ်သားတွေကိုရည်ညွန်းတာပါမောင်။အဲဒီတုန်းက စစ်တပ်ဟာ တကယ့်ကိုမျိုးချစ်တပ်မတော်ကိုရင်ရဲ့။သဟာကြောင့် ကျုပ်က နှမပေးချင်စိတ်ပေါ်တာပါမောင်ရယ်။ခုခေတ် စစ်တပ်ကြီးကို ကျုပ်ဆိုလိုတာမဟုတ်ရပါခင်ဗျာ”

“ဒါဖြင့်နေဦး၊ တမျိုးလုံးအတွက်ဆို အသက်နဲ့လဲမယ်အာဇာနည်ပီပီ။အရေးရှိခဲ့ရင် ရှေ့ကရပ်ကာ အသေခံမယ်ယုံကြည် ဆို တာကကော ဘာသဘောတုန်း။အခုလက်ရှိစစ်တပ်ဘာတွေလုပ်နေသလဲဆိုတာ ခင်ဗျားမှာမျက်စိနားမပါဘူးလား”
“အော်၊ဒါလား။ကျုပ်က တကဲ့တပ်မတော်သားစစ်စစ်ဆိုရင်ဖြင့် နိုင်ငံကာကွယ်ရေးအတွက်၊အာဇာနည်ပီပီအသက်ပေးတိုက် မယ်လို့ယုံကြည်တာမောင်ရဲ့။အဲသလိုမတိုက်တဲ့သူတွေဆိုရင် ကျုပ်မယုံဘူးလေ။အဓိပ္ပါယ်က ရှင်းနေတာပဲဥစ္စာ”
ကျွန်ုပ်၏ချက်ချလှသော ဖြေရှင်းချက်ကြောင့်၊စူပါချိကုန်တိုက်မှ၊ဘာမထီဖိုးစီသည်အတန်ငယ်နှုတ်ဆွံ့သွားသော်ငြား အလုံး စုံမူ၊ကျေနပ်ဟန်မပြပဲ၊ထပ်မံ၍ မေးခွန်းထုတ်ပြန်သည်။

“အင်း၊ထားပါတော့ဗျာ။မိုးတွေကလည်း မစဲပဲရွာသွန်းတယ်၊မြစ်ချောင်းအင်အိုင်ရေတွေပြည့်လို့ငါတို့တိုက်ရတယ်၊ ဘယ်မှာ လေအိပ်ရတယ်ရှိလိမ့်မယ်၊ကျည်ဆံများက တဖွဲဖွဲနဲ့ရွာသွန်းဖြိုးလို့ရယ် တဲ့။ခင်ဗျားဆိုတာအမှားကြီးလေ”
“ဟင်၊ကျုပ်ရည်ညွန်းတာက တိုင်းပြည်အချုပ်အချာတည်မြဲရေးအတွက်ရှေ့တန်းမှာ နေ့မအိပ်ညမအိပ်သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေကိုပြောတာလေ။လွှတ်တော်ထဲမှာ သွားပြီးအိပ်ငိုက်နေတဲ့ဖွတ်ကြားတွေ မပါဘူးမောင်ရဲ့”
“သြ။ဒါဆိုရင်လည်း ခေတ်မီအောင်သာ ကမ္ဘာမြေတဝှမ်းမှာ တို့အစွမ်းကိုပြမည်။တပ်မတော်ဂုဏ်ရောင်ထွန်းပြောင်ဖို့ရာ တို့တာဝန်ဖြစ်သည်ဆိုတဲ့ အပိုဒ်ကိုရှင်းပါဦးဗျ”

“ဒါလားကိုရင်။ကမ္ဘာပေါ်မှာခေတ်မီတဲ့မြန်မာ့တပ်မတော်ကြီးဖြစ်အောင် ကျုပ်တို့တတွေလည်း စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေအောက်မှာ တာဝန်ထမ်းပြီးအစွမ်းပြချင်လို့လေ။ဒါဟာ တပ်မတော်ဂုဏ်ရောင်ထွန်းပြောင်ဖို့ ကျုပ်တို့တမျိုးသားလုံး တာဝန် မဟုတ်ပေဘူးလားမောင်ရယ်”
“အေးဗျာ။ဆြာဒင်ခုလိုရှင်းပြမှ ကျုပ်လည်း အပြည့်အစုံသဘောပေါက်တော့တယ်။ကျေနပ်တယ်ဗျာ။ကျေနပ်တယ်”

(ငါး)
ပိုင်နိုင်လှသောကျွန်ုပ်၏ဖွင့်ဆိုရှင်းပြချက်များအောက်ဝယ် ကျေနပ်မှုအပြည့်အဝရသွားပြီဖြစ်ကြောင်း၊မောင်ဖိုးစီ၏ မျက်နှာ တွင်အထင်းသားပေါ်လွင်လျက်ရှိလေပြီ။ကြွက်စုတ်သည် လူအုပ်ကြီးဖက်သို့မျက်နှာမူကာ အခြေအနေအရပ်ရပ်ကို ပြန် လည်ရှင်းပြပြီးသည့်နောက်တွင်ကား ကျွန်ုပ်၏ခြံတံခါးရှေ့တွင် ဖူးခက်ရောက်မြန်မာလူထုသည်တစတစရှဲသွားကြကုန် ၏။

ထိုအချိန်တွင်မှ ကျွန်ုပ်လည်း သက်ပြင်းကိုဟင်းကနဲ့ချကာ အိမ်ဖက်သို့မျက်နှာမူရင်း ပြန်လျှောက်လာစဉ်တခဏ၌၊ စောစောက လဒဘိန်းကျွေးထားသည့်မျက်နှာပေးကိုယ်စီဖြင့်၊နောက်ဖေးက ခြံစည်းရိုးကိုကျော်ခွပြေးရန်ပြင်ဆင်နေကြ ဟန်တူသောတပည့်ကျော်သုံးဦ်းသည် ပြုံးဖြီးဖြီးမျက်နှာထားဖြင့် အောက်ပါစစ်ချီတေးအပိုင်းအစတို့ကို သံပြိုင်သီဆိုကာ ကျွန်ုပ်အား လှိုက်လှဲစွာကြိုဆိုလျက်ရှိချေ၏။
“တပ်မတော်ကြီးကိုအင်အားရှိဖို့အရာရာမှာကူညီ၊ရဲဘော်အပေါင်းကို ကိုယ့်သွေးသားမို့အစဉ်မမေ့အပ်ပေသည်။ငါတို့တပ် မတော်အမှန်ဖြစ်သည်။နိုင်ငံတပ်မတော်အမှန်ဖြစ်သည်။အင်အားကိုကြီးမားအောင်ကူညီ”

“ကျွန်ုပ်၊ဆင်ဖြူရှင်မင်းတရားကြီးနှင့်လက်ပံတောင်းတောင်အရေးတော်ပုံ”

$
0
0
၆ ဇန်နဝါရီ ၂၀၁၅ နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ။။

“ကျွန်ုပ်၊ဆင်ဖြူရှင်မင်းတရားကြီးနှင့်လက်ပံတောင်းတောင်အရေးတော်ပုံ”

(မင်းဒင်)

(တစ်)
“ဟ၊အကောင်၊ထစမ်းလဟဲ့”

“အင်း…….၊အီး…၊အင်း..၊အင်း”

“အံမာ၊တအင်းအင်းနဲ့ပျင်းကြောတောင်ဆွဲနေလိုက်သေးသကိုး
၊နိုးကြားထကြွမှုနည်းလှချည့်၊ငါကိုယ်တော်မြတ်ကိုယ်တိုင် နှိုးနေသကွဲ့၊
ထစမ်းမောင်မင်း”

“ဟမ်”

“မဟမ်နဲ့မောင်မင်း၊ဇက်ကောင်းလို့ဓားတောင်းသလား၊
ကိုယ်တော်ဒေါသမထွက်ခင်ထဆိုထစမ်း”

ဆောင်းပျောက်နေတတ်သည့်ဖူးခက်မှာ၊သည်ရက်ပိုင်းမိုးအေးအေးနှင့်
ဇိမ်ယစ်ကာကွေးနေသည့်၊ကျွန်ုပ်သည်အာဏာသံပါ
ပါ၊ဆက်တိုက်နှိုးနေသံကြောင့်၊တအင်းအင်းငြီးငြူရင်းနိုးလာရ၏၊
ကျွန်ုပ်၏နားရွက်သည်အတန်ငယ်နာကျင်သယောင် ခံစား ရ လေသဖြင့်၊ယောင်ယမ်း၍ကိုင်စမ်းကြည့်မိသည့်အခါ၊
တစ်စုံတစ်ဦး၏ခြေဖဝါးကိုစမ်းမိ၏။

“သြော်၊လက်စသတ်တော့ငါ့နားရွက်ကိုခြေမနဲ့ညှပ်ပြီးနှိုးနေတာကိုး၊
မိုက်ရိုင်းချက်ကွာ၊ဘယ်သူပါလိမ့်”ဟူသောအတွေးဖြင့်
အိပ်ယာမှလူးလဲထရင်း၊မျက်လုံးကိုစုံပွတ်လျက်ကြည့်မိလေရာ၊
ကျွန်ုပ်အားအပေါ်စီးမှနေ၍၊မိုးကြည့်နေသည့်ထူးဆန်းလှ
သောပုဂ္ဂိုလ်ကြီးတစ်ဦးကို၊အံ့သြဖွယ်တွေ့ရှိရလေ၏။

ယင်းပုဂ္ဂိုလ်ကြီးကား၊ကျွန်ုပ်ကဲ့သို့ပင်အရပ်အမောင်းမြင့်မားသူဖြစ်ပြီး
၊နှုတ်ခမ်းမွှေးရေးရေး၊ယောက်ျားကောင်းတစ်ယောက်၏ဇာတိသွေး
အပြည့်ပါသောဟန်ဖြင့်လက်အစုံကိုခန့်ခန့်ကြီးပိုက်လျက်ရှိ၏။
ဦးခေါင်းကိုအကောင်းစားပိုးပုဝါစဖြင့်စီးနှောင်ထားသည်။

၎င်းနှင့်ခပ်လှမ်းလှမ်းတွင်မူ၊ရှေးမြန်မာစစ်သူကြီးအဆောင်အယောင်ကိုယ်စီနှင့်
တုတ်တုတ်ခိုင်ခိုင်၊ပုဂ္ဂိုလ်သုံးဦးသည်၊ကျွန်ုပ်ကိုလှုပ်နိုးခဲ့သော
ပုဂ္ဂိုလ်ကြီးအား၊ရိုသေကြောက်ရွံ့ရသည့်ဟန်ဖြင့်၊မတ်တပ်ရပ်၊
ခပ်ယို့ယို့ခစားနေကြသည်ကိုတွေ့မြင်ရ၏။ညကြီးအချိန်မတော်ရောက်ချလာသော
ဧည့်သည်တို့ကား၊မည်သူတို့ပေနည်း။၎င်းတို့၏ဝတ်စားဆင်ယင်ပုံမှာလည်းထူး
ခြားလှ၏။ကျွန်ုပ်သည်စပ်ဖျင်းဖျင်းဖြစ်နေဆဲနားရွက်တစ်ဖက်ကိုပွတ်ကာ၊ဝတ်ကျေတန်းကျေစကားဆိုရင်းပြန်အိပ်ရန်ဟန်ပြင်သည်။

“ကျုပ်အိမ်မှာတည်းချင်သပဆိုရင်လဲ၊အောက်ထပ်မှာစောင်ခေါင်းအုံး
အစုံအလင်ရှိလေရဲ့၊ကိုယ့်ဖာသာကိုယ်ခင်းကျင်းပြီးအိပ် ကြပေတော့၊
အဲ၊မနက်မိုးလင်း ရင်တော့ အပြင်ကိုစွတ်မထွက်နဲ့နော်၊
ထိုင်းပုလိပ်နဲ့တွေ့ရင်၊ကျုပ်တာဝန်မယူနိုင်ဘူး”

ကျွန်ုပ်၏စကားအဆုံးတွင် “တောက်”ဟူသည့်ကျယ်လောင်သောတောက်ခေါက်သံကြီး ထွက်ပေါ်လာလေရာ၊ကျွန်ုပ်၏အိပ် ချင်စိတ်မှာကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရ သည်ခဏ၊အဆိုပါပုဂ္ဂိုလ်ကြီး၏ကြိမ်းမောင်းသံဆက်တိုက်ထွက်ပေါ်လာပြန် သည်။

(နှစ်)
“ရာရာစစကွာ၊ငါလိုဇမ္ဗူထိပ်အရှင်သခင်၊ မြန်မာဧကရာဇ်ဟာ၊
လက်အောက်ခံပဏ္ဍာဆက်နိုင်ငံက အုတ်ကြားမြက်ပေါက် ပုလိပ်ကိုကြောက်ရမယ်လို့ရာဇဝင်ရိုင်းလိုက်လေ၊
နင့်အသက်ချမ်းသာချင်တယ်ဆိုရင်ဖြင့်၊နှုတ်ထွက်စကားကိုအချိန်မီပြန်
လည်ရုပ်စမ်း မောင်မင်း”

အိပ်မှုန်စုံမွှားဖြစ်ရာမှသည်အလန့်တကြားဖြစ်ရ၏။ဘေးမှစစ်သူကြီးအဆောင်အယောင်နှင့်
ပုဂ္ဂိုလ်တစ်ဦးထံ၊စူးစမ်းသောအကြည့်ဖြင့်လှမ်း ကြည့် ရင်းအကူအညီတောင်းခံလိုက်ရသည်။
ထိုစစ်သူကြီးမှာမထင်မှတ်လောက်အောင်ပင်အကင်းပါးလှချေ၏။

“ဆင်ဖြူရှင်မင်းတရားကြီးကိုယ်တော်တိုင်ကြွချီလာတော်မူသကွဲ့၊
သင့်ရာကနေ၊အမိန့်တော်ကိုကျိုးနွံစွာနာခံလော့မောင်မင်း”

ဆင်ဖြူရှင်မင်းတရားကြီးဆိုပါကလား။မျက်နှာတော်ကိုသေချာစိုက်ကြည့်သော်ငြား
မည်သူမည်ဝါမကွဲပြားသေးချေ။

“ဟုတ်၊ဟုတ်၊ဟို၊ဟို၊မြန်မာ့သမိုင်းမှာဆင်ဖြူရှင်တွေကများလွန်းနေတော့၊
ကျုပ်လည်း၊ရုတ်တရက်မမှတ်မိ..”

“ဥာဏ်တိမ်လှချည့်ငဒင်ငယ်၊ကျွန်ုပ်အမည်နာမဟာ၊မင်းကြီးမဟာသီဟသူရ
လို့ခေါ်သကွဲ့၊ဟောဟိုက၊နှစ်ယောက် ကတော့၊ စစ်သူရဲတိမ်ကြားမင်းခေါင်နဲ့မင်းကြီးမဟာစည်သူတို့လကွဲ့”

အလိုလေး။ဘုရားဘုရား၊ထူးဆန်းလှပေစွ၊တိုက်ဆိုင်လှပေစွ
။ပြီးခဲ့သောညကပင်၊ကုန်းဘောင်ရာဇဝင်ကိုလှန်လှောဖတ်ရှု ရင်း၊သင်းတို့အကြောင်းခေါင်းထဲသို့ရောက်လာခဲ့မိချေသေး၏။
ယခုမူကျွန်ုပ်အိပ်ခန်းတွင်းဆီသို့၊ဆင်ဖြူ့ရှင်မင်းတရားကြီးကိုယ်တော်တိုင် သူ၏လက်ရုံးတပ်မှူးကြီးများခြံရံလျက်ကြွချီတော်မူလာခဲ့လေပြီတကား။

တတိယမြန်မာနိုင်ငံတော်ကိုထူထောင်ခဲ့သူ၊အလောင်းမင်းတရားကြီး
ဦးအောင်ဇေယျ၏ဒုတိယသားတော်၊အင်းဝရွှေနန်းရှင်ဆင်ဖြူရှင်
မင်းတရားကြီး(အေဒီ၁၇၆၃-၁၇၇၆)ကား၊ကျွန်ုပ်အလွန်လေးစားကြည်ညိုအားကျ ရသော၊မြန်မာ့သမိုင်းထဲက၊ တတိယမြောက် ကုန်းဘောင်ဆက်ဧကရာဇ်ပေတည်း။

အင်းဝမြို့တော်ဟောင်းကိုတိုးချဲ့ခဲ့သူဖြစ်၏။မြန်မာ့သမိုင်းတွင်
တရုတ်ကျူးကျော်သူတို့၏ရန်ကိုလေးကြိမ်တိုင်တိုင်အောင် မြင်စွာတွန်းလှန်နိုင်ခဲ့သူဖြစ်၏။
တရုတ်နှင့်တတိယအကြိမ်တိုက်ပွဲတွင်၊တရုတ်ကျူးကျော်တပ်များ
အင်းဝနေပြည်တော်သို့ရောက်ရန်၊မေမြို့အထိကျော်လွန်နီး ကပ်နေကြောင်းကို ဆင်ဖြူရှင်မင်းကြားသိစဉ်က၊အောက်ပါအတိုင်းရဲရဲတောက်မြွက်ကြားခဲ့ဖူးသည်။

“ယခင်တရုတ်တို့ချီတက်လာစဉ်ကလည်းယင်းတို့လက်နက်ဗိုလ်ပါဆင်မြင်း
(၃)စု။တစ်ခုသာကျန်သည်မဟုတ်လော။ယခု တစ်ဖန်ချီလာပြန်သည်မှာ၊ငါတို့နိုင်ငံတော်သို့ပေါက်ရောက်သည်ဆိုသမျှ
တရုတ်အလုံးအရင်းသည် ကံကြမ္မာကုန်သည် ချည်း ဖြစ်လေပြီ။

နေပြည်တော်ပတ်လည်အိမ်ယာကျောင်းကန်များကိုမထိမပါး၊
မပျက်စီးစေနှင့်။တိုင်းနေပြည်ထူထောင်စားသောက်နေကြစေ။တရုတ်တပ်စုကိုလည်း မည်သူတစ်စုံတစ်ယောက်မျှမဆီးမတားစေနှင့်။ခြေတော်ရင်းသို့အရောက်လာကြစေ။

စကျင်-ရွှေ ကြက်ယက်လယ်ပြင်သို့ရောက်သည့်ကာလမှဘေးလောင်းတော်ပြူမင်းထီး ကဲ့သို့ငါ့ညီတော်လေးယောက်နှင့်မြစ်ငယ်ကို ဝမ်းဘဲအင်းမှကူးပြီးလျှင် တရုတ်တို့ကိုတောမှမြက်သစ်ရွက်နှင့်အတူမရေမတွက်နိုင်ချီလာသည်ဆိုသည်ကို၊ငါကိုယ်တော် တိုင်စစ်ထိုး၍ရွှေကြက်ယက်ကသည်ရွှေတောင်ဦးသို့ငါကူးတော်မူမည်”

ဆင်ဖြူရှင်သည်နိုင်ငံကိုထူထောင်ရာ၌လည်းကောင်း
 ၊ပြည်ပရန်စွယ်ကိုတွန်းလှန်ရာ၌လည်းကောင်း၊လိုအပ်သလိုသိက္ခာ အပြည့်နှင့်ဆောင်ရွက်နိုင်ခဲ့သူဖြစ်ကြောင်းအခြေပြမြန်မာ့နိုင်ငံရေးသမိုင်းတွင်အထင်အရှားဖော်ပြခြင်းခံခဲ့ရသူဖြစ်ချေသည် တစ်မုံ့။

(သုံး)
မင်းတရားကြီးကိုယ်တော်တိုင်ကြွရောက်လာခြင်းမှာ ကျွန်ုပ်အတွက်အလွန်တရာကံထူး လှချေသည်မို့ရွှင်မြူး အား ရသော အသံဖြင့်မော်ဖူးကြိုဆိုလိုက်ရချေသည်။

“မှန်လှပါ၊(Glad to see you all)အားလုံးကိုတွေ့ရတာဝမ်းသာချက်ဘုရာ့”

ကျွန်ုပ်၏စကားအဆုံးတွင်၊ဆင်ဖြူရှင်ကိုယ်တော်သည်မမျှော်လင့်ထားသည့်ခြင်းရာတစ်ရပ်ကိုရုတ်ြခည်းကောက်ကာငင်ကာ မိန့်ပါ၏။

“ငါကိုယ်တော်လက်ပံတောင်းတောင်သို့ကြွချီတော်မူလိုတယ်မောင်မင်း”

ကျွန်ုပ်၏ငယ်ထိပ်ကိုမြွေပေါက်သကဲ့သို့ခံစားရချေလေသဖြင့်၊
ကဗျာကယာသံတော်ဦးတင်လိုက်ရသည်။

“လောလောဆယ်မကြွချီသင့်သေးဘူးထင်ပါတယ်ဘုရာ့၊အခြေအနေတင်းမာနေတုန်းမို့၊မတော်တဆသေနတ်မှန်နေရင်ကျွန်တော်မျိုးခေါင်းပေါ်အပြစ်ပုံကျနေမှာစိုးလို့ပါဘုရာ့၊နောက်ပြီးတရုတ်၊တရုတ်…”
“သယ်၊တိတ်စမ်းမောင်မင်းငါလိုစကြာလက်နက်သခင်ဟာ
မီးပေါက်သေနတ်ကိုကြောက်စရာလား။ဘာကွ၊တရုတ်၊ဟုတ်စ”

ဆက်တိုက်ကြိမ်းမောင်းနေလေသောဆင်ဖြူရှင်မင်းတရားကို နားချသောငှာကျွန်ုပ်မစွမ်းသာတော့ချေ။ဆက်၍နှုတ်လှန်ထိုး ရန်မသင့်တော့သည်နှင့်၊နားအေးလျှင်ပြီးရောသဘောပိုက်ကာ၊
ဖူးခက်မြို့မှ၊ရော်ဘာလှေငယ်တစ်စီးအပူတပြင်းငှားရမ်းလျက်
လက်ပံတောင်းတောင်ရှိရာအရပ်သို့၊ရေလမ်းဖြင့်တစ်နည်း၊
ကုန်းလမ်းသွယ်ဖြင့်တစ်သွယ်ခရီးနှင်ခဲ့ရလေတော့သည်။

လမ်းခရီးတစ်လျှောက်တွင်ဆင်ဖြူရှင်မင်းတရားကြီးကား
ရာဇဣနြေ္ဒအပြည့်ဖြင့်လှေဦးထက်တွင်စံနေတော်မူ၏။
၎င်း၏နောက်တော်ပါစစ်မှူးစစ်ကဲကြီးများဖြစ်ကြသည့်မဟာသီဟသူရ၊
တိမ်ကြားမင်းခေါင်နှင့်မဟာစည်သူတို့ကမူ၊မြန်မာ့သွေးစွေးစွေးနီကြောင်းပြသနိုင်ခဲ့သော၊
တရုတ်မြန်မာစစ်ပွဲကြီးများအကြောင်း၊ရှေးဟောင်းနှောင်းဖြစ်တို့ကို
စကားဖောင်ဖွဲ့ရင်းလိုက်ပါလာခဲ့ ကြလေသည်။

“(၁၇၆၅)ခုနှစ်မတ်လအတွင်းမှာပေါ့ကွာ။ မင်းတရားကြီးက၊အယုဒ္ဓယကို တိုက်ခိုက်သိမ်းပိုက်နေတုန်း၊အခွင့်ကောင်း ယူပြီး တရုတ်စစ်သည်အင်အား (၃၅၀၀) က ကျိုင်းတုံမြို့ကို စတင်လုပ်ကြံလာကြသဟ။မင်းတရားကြီးကလက်ဝဲဝင်းမှူးနေမျိုး စည်သူကိုကျိုင်းတုံကိုလွှတ်သကွ။အဲဒီတုန်းကဗိုလ်ချုပ်နေမျိုးသီဟပတေ့ဟာ
စစ်သည်နှစ်သောင်းနဲ့ယိုးဒယားကိုစစ်ချီနေသ ကိုး။ဘယ်ရမလဲကွာ။တို့တပ်တွေလည်းကျိုင်းတုံမြို့တွင်းကနေထွက်တိုက်ရော၊
သဘောက်မသားတရုတ်တွေခြေကုန် သုတ် ရတော့တာပဲကွ။

ဒင်းတို့မှတ်လောက်အောင်၊မဲခေါင်မြစ်အထိခြေရာထပ်လိုက်တိုက်တော့
ဒီကောင်တွေရဲ့စစ်မှူးနဲ့တပ်သားတစ်သောင်းကျော်ကျတော့တာပဲ။
အဲဒီလို မရှုမလှ ဆုံးရှုံးခဲ့ရတဲ့အတွက် ယူနန်ဘုရင်ခံ လျူစောက်ဟာ
ကိုယ့်ကိုယ်ကို အဆုံးစီ ရင် သွားရပါ ရောလား”

“ဒုတိယမ္ပိပွဲကြီးပွဲကောင်းကတော့(၁၇၆၆)ခုနှစ်မှာဖြစ်တာကွ။
ယူနန်ဘုရင်ခံသစ်ဦးဆောင်ပြီးဗန်းမော်ကြောင်းကချီလာသကွဲ့။ အင်း၊အစအဦးမှာတော့၊တို့မြန်မာတပ်တွေဟာဗန်းမော်မြို့ကို
တင်းတင်းကြပ်ကြပ်မထိန်းနိုင်တဲ့အတွက်ဗန်းမော်ကျရတာ ပေါ့။

ဒါပေသည့်ထီးဘုရားကြီးအမြော်အမြင်ရှိပုံများ၊အဲဒီတရုတ်တပ်တွေပြိုဆင်း
လာမဲ့ကောင်းတုံကို ဗလမင်းထင်ဦးဆောင် တဲ့အင်အားတောင့်တင်းတဲ့တပ်ကြီးကြိုလွှတ်ထားသကိုး။
ဒါတင်ဘယ်ဟုတ်အုံးမလဲ။မဟာစည်သူကွပ်ကဲတဲ့၊ဧရာမမြန်မာစစ် တပ်ကြီးကို ဧရာဝတီမြစ်ကြောင်းအတိုင်းစေလွှတ်လိုက်သေးသဟ။
စစ်နှစ်ကြောင်းညှပ်တိုက်တော့ဒင်းတို့ဘာခံနိုင်မတုန်း။

တို့မြန်မာတပ်တွေဟာဧရာဝတီမြစ်ကိုဝိုင်းမော်အရပ်ကနေဖြတ်ကူးပြီး၊
ဆီမာမြောက်ဘက်ယောယင်တောင်တန်းတွေနား မှာ စခန်းချနေတဲ့ တရုတ်တပ်ကိုအပြုတ်တိုက်လိုက်တာ၊စန္ဒားကိုရောက်တဲ့အထိဆိုပါတော့။
နယ်စပ်မှာရှိတဲ့တရုတ်ခံတပ်တွေ ကို၊တို့မြန်မာတွေအကုန်သိမ်းနိုင်တဲ့အပြင်၊ ရှမ်းတရုတ်နယ်ရှစ်နယ်ကိုပါသိမ်းနိုင်ခဲ့သဟ။တရုတ်တွေကိုယ်တိုင်ရေးတဲ့ မှတ် တမ်း တွေမှာ၊ယူနန်ဘုရင်ခံများဆို၊ကျုပ်တို့မြန်မာ တပ်တွေရဲ့အရှိန်အဝါကြောင့်ကြောက်ဖျားတောင်ဖျားဆိုပဲကွာ။
အင်း၊ယူနန်ဘုရင်ခံခမျာ၊အဲဒီစစ်ပွဲမှာအသာစီးရနေပါတယ်ဆိုပြီး
၊တရုတ်ဧကရာဇ်ချင်းလုံကိုလိမ်ညာလှည့်ဖျားအစီရင်ခံလို့၊ချင်းလုံက ပီကင်းကိုဆင့်ခေါ်ပြီး၊ကိုယ့်ကိုယ်ကိုသတ်သေခိုင်းခဲ့သတဲ့ကွာ။
သင်းအတွက်စိတ်ထဲတော့မကောင်းလှပါဘူးလေ”

(လေး)
ဤသို့လျှင်၊မြန်မာစစ်ဗိုလ်ချုပ်သုံးဦးတို့သည်(၁၇၆၇)ခုနှစ်တွင်ဖြစ်ပွားခဲ့သည့်၊
တရုတ်စစ်သည်အင်အားငါးသောင်းပါဝင်သောတရုတ်ကျူးကျော်စစ်အား၊
ဆင်ဖြူရှင်မင်းတွန်းလှန်နိုင်ခဲ့ရာတွင်၊တရုတ်စစ်မှူးကြီးအာဆင်ဂါးနှင့်၊
ဧကရာဇ်ချင်းလုံ၏သားမက်တော်ဗိုလ်ချုပ်မင်ယွီတို့ကိုယ့်ကိုယ်ကိုသတ်သေရ
သည်အထိ၊အောင်ပွဲရခဲ့သောမြန်မာတို့၏စွမ်းရည်တို့ကိုလည်းကောင်း၊
(၁၇၆၉)ခုနှစ်တွင်၊ ကောင်း တုံအရပ်၌ဆင်နွှဲခဲ့သော၊မန်ချူး နယ်စားကြီးဖူဟင်းဦးဆောင်ပြီး အင်အားခြောက်သောင်း ကျော်ပါဝင်သည့်စတုတ္ထ မြောက် တရုတ်ကျူးကျော်စစ်ကိုအောင်နိုင် ခဲ့ပုံတို့ကိုလည်းကောင်း၊စမြုံ့ပြန်လျက်ရှိလေ၏။

မင်းတရားကြီးကားလှေဦးမှနေ၍ခေါင်း တငြိမ့်ငြိမ့်ဖြင့်နားစွင့်နေသော်ငြား ကျွန်ုပ်ကားရင်ပူလှချေသည်။ သို့နှင့်ကျွန်ုပ်တို့ တစ်သိုက်လက်ပံတောင်းတောင်ဒေသသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိခဲ့သည်၌၊အသစ်စက်စက်အုတ်ဂူတစ်ခု၏ ရှေ့ တွင်ပူဆွေးမြည်တမ်းနေကြသည့်၊ဒေသခံရွာသူ ရွာသားလူအုပ်ကြီးသည် ကျွန်ုပ်တို့ကိုစောင့်ကြိုလျက်ရှိ၏။ ဘဝရှင်မင်း တရားကြီးသည်သူသိလိုသမျှ အကြောင်းခြင်းရာတို့ကို နှိုက်နှိုက်ချွတ်မေးတော်မူ၏။

“ဘဇာပြဿနာပေနည်း။သည်ရွာသူရွာသားတို့အရေးအဘယ်သို့ပေနည်း။
ရှင်းလင်းအောင်လျှောက်တင်လော့ငဒင်ငယ်”

“မှန်လှပါ။တရုတ်စနက်ကြောင့်အသက်ဆုံးခဲ့ရတဲ့တောင်သူ
အမျိုးသမီးကြီးဒေါ်ခင်ဝင်းရဲ့အုတ်ဂူပါဘုရား၊ဒီတောင်သူတွေ ဟာတရုတ်သိမ်းတဲ့မြေယာတွေကိုပြန်ရဖို့ သပိတ်စခန်းဖွင့်နေကြရပါပြီဘုရာ့”

“သြ။တရုတ်ရန်စွယ်အခုထက်တိုင်မအေးသေးပါကလားဟရို့၊
ဤအရပ်ဒေသအေးချမ်းစေရန်အလို့ငှာ၊တရုတ်ရန်ကိုနှိမ်နှင်းဖို့၊ဒီလက်ပံတောင်းအရပ်က သူကြီးနယ်စားအစရှိသည့်လက်နက်ကိုင်တပ်ဖွဲ့တို့ကိုအခုချက်ချင်းဆင့်ခေါ်ပေတော့မောင်မင်း”

“မှန်လှပါ့၊ဤအမျိုးသမီးကြီးသေဆုံးခဲ့ရခြင်းမှာ၊တရုတ်သြဇာခံမြန်မာရဲတို့၏
လက်ချက်ဖြစ်ကြောင်းပါဘုရာ့”

“ဒီလိုလားမောင်မင်း၊ငါကိုယ်တော်အထောက်တော်များထံမှရသည့်သတင်း
ဧဝကန်အမှန်ပေပဲပေါ့၊သည်တပ်တွေကိုအုပ်ချုပ်တဲ့လက်ပံတောင်းထောင်စုဗိုလ်ကို အမြန်ရှေ့တော်သွင်းစေ”

“ထားရင်နေ၊သတ်လျှင်သေရမည်ပါဘုရား၊သူတို့လည်းကြံရာပါစာရင်းဝင်နေပါပြီဘုရား”

“အောင်မယ်၊အခုငါကိုယ်တော်သေချာရှုစားမိကာမှဟိုးမှာတလူလူလွှင့်နေတာ၊
စိနတံခွန်တွေပါလားကွယ်ရို့”

ဆင်ဖြူရှင်သည်ရင်ကိုထု၏။

“မှန်လှပါ။တရုတ်တို့နဲ့ဝေစားမျှစားဖြစ်ကုန်ကြပါပြီဘုရား”

ဆင်ဖြူရှင်မင်းတရားကြီးကားအမျက်ဒေါသကြီးစွာထွက်သည်ဖြစ်၍၊ကိုယ်တော်အလုံးနတ်ကျသကဲ့သို့ဆတ်ဆတ်တုန်လျက်၊တောက်သံပြင်းတစ်ချက်ခေါက်ကာမိန့်တော်မူပြန်သည်။

“သည်အတိုင်းမှန်လျှင်ဖြင့်၊သည်အရေးအလွယ်အေးမဲ့ပုံမပေါ်ပေဘူး။
နေပြည်တော်မှာရှိတဲ့အမြင့်ဆုံးတာဝန်ရှိသူတွေကိုအခု ချက်ချင်းဆင့်ခေါ်စမ်းငဒင်”

“မှန်လှပါ၊ခြင်းရာသနစ်အလုံးစုံကိုငမိုက်သားကျနော်မျိုးသံတော်ဦးတင်လျှင်လည်း၊
မင်းတရားကြီးနားလည်သဘောပေါက်တော်မူရန်အကြောင်းမမြင်ပါ၍
ခွင့်လွှတ်တော်မူပါဘုရာ့၊သည်းခံတော်မူပါဘုရာ့၊
ကျနော်မျိုးတို့ဟာတရုတ်ကြောက်ရတဲ့ဘဝကို တတိုင်းတပြည်လုံးစုံးစုံးမြှုပ်၊လုံးလုံးလျားလျားရောက်၊ ရောက် …….”

မင်းတရားကြီးသည်ဒေါသအရှိန်ဖြင့်ပေါက်ကွဲလေပြီ။ကျွန်ုပ်၏လျှောက်တင်
စကားဆုံးခန်းတိုင်အောင်နားတော်မညောင်းတော့ချေ။

“သယ်၊သဘောက်မသားလူဝါးဝလို့ငါကိုယ်တော်ရဲ့ရှေ့မှာတရုတ်ကြောက်တယ်
လို့လျှောက်တင်ရဲတဲ့တရုတ်ကျွန်သဘောက်၊မှတ်လောက်သားလောက်အောင်၊
အခုချက်ချင်းတံထောင်နဲ့ထောင်းကြစမ်းစစ်ကဲကြီးတို့”

အမိန့်တော်မြတ်ဆုံးသည်နှင့်တပြိုင်နက်ဝန်ကြီးမဟာသီဟသူရ၊
တိမ်ကြားမင်းခေါင်နှင့်မင်းကြီးမဟာစည်သူတို့သည်ကျွန်ုပ်၏
 ကျောပြင်နှင့်နံတောင်းကို၊တအုံးအုံးမြည်အောင်၊ပြိုင်တူထောင်းကြလေရာ
၊ပြင်းထန်လှသောတံတောင်ချက်တို့ကြောင့် နာကျင်လှသည်ဖြစ်ရာကျွန်ုပ်သည်အမလေး၊အဘလေးတရင်း၊မြေတွင်လူးလိမ့်၏။

“ဘုန်း”ကနဲအသံနှင့်အတူကုတင်ဘေးကြမ်းပြင်တွင်ခွေလျက်သားကျကာ၊
ကျွန်ုပ်လန့်နိုးရသောအဖြစ်သို့ရောက်လျက်၊
ကယောင်ကတမ်းနှင့်အထောင်းခံရသောကျောပြင်ကို၊
အလန့်တကြားစမ်းမိသော်စိုးစဉ်းမျှနာကျင်ခြင်းမရှိလေ။သို့သော် အသည်းထဲမှမူ၊တဆစ်ဆစ်နာကျင်လျက်ရှိလေသည်။ ။


ဝမ်းတွင်းနာ

$
0
0

၀၉ဇန်နဝါရီ ၂၀၁၄နေ့ထုတ် သည်လေးဒီးစ်ဂျာနယ်မှ။

ဝမ်းတွင်းနာ

(မင်းဒင်)

(တစ်)
ခုတစ်လော၊ကျုပ်သိပ်နေမကောင်းချင်ဘူးဗျာ။အလကားနေရင်း၊ရင်ထဲက
လှိုက်ကနဲ၊လှိုက်ကနဲဖြစ်ဖြစ်နေတတ်တယ်။တစ်စုံတစ်ခုကိုတွေးပူပြီး၊ဝမ်းနည်းသလိုလို၊ ငိုချင်သလိုလိုလည်းဖြစ်နေတတ်တယ်။အအိပ်အနေအစားအသောက်လည်းပုံမှန် ပါပဲ။ထူးထူးခြားခြားရောဂါလက္ခဏာရယ်လို့လည်း၊ကျုပ်တော့သတိမထားမိတာ
အမှန်ပဲဗျာ။ဘာဘဲဖြစ်ဖြစ်နေမထိထိုင်မသာ ဆိုတာမျိုးဟာလည်းရောဂါတစ်ခုခုစာရင်းဝင်လိမ့်မယ်ဆိုပြီးတွေးပူပြန်တာကြောင့်၊
ဖူးခက်မှာရှိတဲ့၊မစ်ရှင်ဆေးရုံကြီး(Mission Hospital)မှာ၊ဆီးစစ်သွေးစစ်၊ဓာတ်မှန်နဲ့အာထရာဆောင်းပါမကျန်၊(Medical check up)လုပ်ကြည့်မိတယ်ဆိုပါတော့။

တာဝန်ကျဆရာဝန်ကြီးဟာ၊ကျုပ်ကိုရိုက်ထားတဲ့ဖလင်ကော်ပြားတွေ၊
စစ်ဆေးချက်တွေကို ပြူးတူးပြဲတဲလျှောက်ကြည့်၊ကျုပ် ရင်ဘတ်နေရာအနှံ့နားကြပ်နဲ့လျှောက်ထောက်ပြီး သက်ပြင်းခပ်လေးလေးချလိုက်တော့ ကျုပ်စိတ်ထဲထိတ်ကနဲဖြစ်သွားတာ အမှန်ပဲ။ဒါပေမဲ့၊သူ့နှုတ်ဖျားကနေ၊စိတ်အိုက်တဲ့လေသံနဲ့ကျုပ်မှာထွေထွေ
ထူးထူးရောဂါတစုံတရာမရှိပါဘူးလို့ခပ်ညည်းညည်းပြောလိုက်မှ
ကျုပ်လည်းသက်ပြင်းချလိုက်နိုင်တော့တယ်။

။အဲ..နေဦးဗျ၊သူကတစ်ခုတော့လေးလေးနက်နက်သတိပေးလိုက်တာရှိတယ်။
ခင်ဗျားဖေ့စ်ဘွတ်သုံးတာလျှော့ပါတဲ့။အမှန် အတိုင်းပြောရရင်သူ့သတိပေးချက်ကိုကျုပ်လုံးလုံးသဘောမပေါက်တာဘူးဗျာ။
သူ့နှုတ်ကပြောတော့အလွယ်လေးပေါ့။ကျုပ် လိုဇာတိတိုင်းပြည်နဲ့ဝေးရာမဲဇာအရပ်ရောက်နေတဲ့သူအဖို့၊

ကိုယ့်မြေကိုယ့်ရေမှာဘာတွေဖြစ်ပျက်နေသလဲ။ဘာတွေများ ထူး ထူး ခြားခြားပြောင်းလဲမှုတွေဖြစ်ပေါ်နေသလဲဆိုတဲ့၊သိချင်စိတ်ကို
ချိုးနှိမ်ဖို့ဆိုတာအခက်သားကလား။ဒီတော့တစ် ကိုယ် တည်းအထီးကျန်အခန်းအောင်းနေရတဲ့ဘဝမှာ၊ဖေ့စ်ဘွတ်တစ်ခုသာမှီခိုအားထားရာ၊အလွမ်းဖြေစရာဖြစ်နေတော့သူ့ စကား ကိုလိုက်နာဖို့ရာ၊ကျုပ်မှာအတော်အကြပ်ရိုက်တာတော့အမှန်ပဲဗျ။

ဘယ်လိုပဲဖြစ်ဖြစ်ဆရာဝန်ဆိုတာ၊ကျုပ်ထက်စာရင်ခန္ဓာဗေဒဆေးပညာကို
တတ်ကျွမ်းနားလည်သူဖြစ်လေတော့သူ့စကားကို လုံးလုံးလျားလျားပယ်ရှားဖို့လည်းမသင့်ပြန်ဘူးပေါ့။ဒီတော့ကျုပ်ဟာ အတတ်နိုင်ဆုံးစိတ်ကိုထိန်းချုပ်ပြီးဖေ့စ်ဘွတ်မသုံးဖို့ ဆုံးဖြတ်လိုက်ရတယ်ဗျာ။

(နှစ်)
လူ့စိတ်ဆိုတာအတော်ခက်သကိုး။မသုံးတော့ပါဘူးဆုံးဖြတ်ကာမှကျုပ်စိတ်ဟာ၊
 ဖေ့စ်ဘွတ်ဆီကိုချည်းပဲရောက်ရောက်နေ တယ်။အထူးသဖြင့်ကိုယ့်တိုင်းကိုယ့်ပြည်ကရပ်ရေးရွာရေး
ဘယ်လိုများနေပါလိမ့်ဆိုတဲ့သိချင်စိတ်ကအတော့်ကိုထိန်းရသိမ်းရ
ခက်တယ်ဗျာ။နေမြင့်လေအရူးရင့်လေဆိုတဲ့စကားပုံကိုတောင်ပြေး
သတိရမိတဲ့အထိ။ဒီတော့ကျုပ်လည်း စိတ်ပြေရာ ပြေကြောင်းစာအုပ်စင်ပေါ်လျှောက်မွှေနေလိုက်တယ်။

အားအားရှိစုထားတဲ့စာအုပ်တွေကတော့စင်ပေါ်မှာအတော့်ကိုစုံပါ တယ်။ဒါပေမဲ့စာအုပ်ထူကြီးတွေ၊အတွေးအခေါ်တို့နည်းပညာတို့လို
ကျမ်းလေးတဲ့အကြောင်းအရာတွေကို ဘေးဖယ် ပြီး၊ပေါ့ ပေါ့ပါးပါး
သဘောမျိုးနဲ့ မောင်ကောင်းထိုက်ရဲ့ဟာသပဒေသာတစ်အုပ်ကိုရွေးပြီး၊ကြုံရာစာမျက်နှာတစ်ခု လှန်ဖတ် လိုက်မိ တယ်။ဘာတဲ့။

မြန်မြန်ရောက်မှဖြစ်မယ်။ ။
ပြေးလာသောချာတိတ်တစ်ယောက်သည်လမ်းသွားလမ်းလာတစ်ဦးကို အရှိန်နှင့်တိုက်မိသည်။အတိုက်ခံရသူက၊မေးသည်။
“ဟေ့၊ချာတိတ်၊မင်းဘာဖြစ်လို့အလျင်စလိုပြေးနေရတာလဲ”
“ကျနော့်အမေကျနော့်ကိုအချိန်မီရိုက်နိုင်အောင်အိမ်ပြန်ပြေးနေတာခင်ဗျ”
“ထူးဆန်းလှချည့်လား၊အရိုက်ခံချင်တဲ့ကလေးကိုဒီတစ်ခါပဲမြင်ဖူးသေးတယ်”
“ကျနော်ဘယ်အရိုက်ခံချင်ပါ့မလဲခင်ဗျာ၊ဒါပေမဲ့ကျနော့်အရင်
အဖေအိမ်ကိုရောက်နေရင်၊ကျနော်သက်သာမှမဟုတ်ဘူးခင်
ဗျ”  တဲ့။

အင်း၊သူကတော့ရယ်စရာရေးတာပါပဲ။ခက်နေတာက ကျုပ်မှာမရယ်နိုင်ဘူးဖြစ်နေတယ်။ဆိုင်မဆိုင်တော့မဆိုနိုင်ဘူးဗျာ။ ကျုပ်တို့နိုင်ငံမှာကြောက်စရာလူတွေများနေတဲ့အဖြစ်ကို
ကျုပ်ပြေးသတိရမိလို့ပေါ့။နောက်ထပ်လေးငါးရွက်လှန်ပြီးဟာသတ ချို့ကိုဖတ်မိပြန်တော့၊နုံလှအလှ၊အသိအမြင်ဗဟုသုတနည်းပါးလှတဲ့၊
ချူချာတွေရဲ့အတီးအတနိုင်ပုံတွေအကြောင်းရေးထား တာဖြစ်နေပြန်တယ်။ချူချာဆိုတာရုရှအင်ပါယာကချေချင်းညာလူမျိုးတွေကိုဆိုလိုတာမို့၊ကျုပ်စိတ်ထဲမှာ၊ကျုပ်ဇာတိနတ် မောက်ရွှေပင်ရွာက၊အမျိုးတွေဆီစိတ်ရောက်သွားပြန်ရောဗျာ။

ဟုတ်တယ်ဗျ။ပညာရေးလူမှုရေးကအစ၊အဖက်ဖက်ကနိမ့်ကျနေတဲ့
ကျုပ်တို့ရွာသားတွေလည်းချူချာတွေနဲ့နှိုင်းစာရင်အတီးအတနိုင်တဲ့နေရာမှာ
သူမသာကိုယ်အသုဘပေါ့။စိတ်ဆင်းရဲစရာပါပဲ။ထားလိုက်ပါတော့ဗျာ။
ဒါနဲ့ဟာသစာအုပ်ကိုဖျတ်ကနဲလည်းပိတ်လိုက်ရော၊
ကျုပ်ရဲ့ဖေ့စ်ဘွတ်ဖတ်ချင်စိတ်ဟာရေငတ်သလိုငတ်လာတော့တာပဲဗျို့။

စိတ်ဆိုတာထိန်းလေခက်လေဆိုတဲ့အမျိုးမို့၊သိပ်တင်းတင်းကြပ်ကြပ်ကြီးထိန်းချုပ်လို့
မသင့်ဘူးမဟုတ်လား။ဒီတော့ အကန့် အသတ်တစ်ခုနဲ့လွှတ်ပေးမှတော်ကာကျမယ်လို့ကျုပ်ဆုံးဖြတ်လိုက်ရတယ်။

(သုံး)
အေးလေ။ဖေ့စ်ဘွတ်မှာကာတွန်းတွေလျှောက်ဖတ်တာလောက်တော့ရောဂါ
အထွေအထူးတိုးစရာမရှိလောက်ဘူးမဟုတ်
လား။ကျုပ်ပဲကံဆိုးသလား၊တိုက်ဆိုင်မှုလားမပြောတတ်တော့
ပါဘူးဗျာ။ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာကာတွန်းတွေ လျှောက် ရှာရင်းကျုပ်ဖတ်မိတာက ကာတွန်းလိုင်လုဏ်ရဲ့လက်ရာဗျ။စစ်သားနှစ်ယောက်အမြောက်တင်
တင့်ကားပေါ်မှာထိုင်နေတယ်၊

တစ်ယောက်သောမောင်က အမြောက်ပြောင်းရှည်ကြီးကို အရင်းကနေငုံးတိတိဖြစ်အောင်ဖြတ်ချပစ်လိုက်တယ်။ရေးထား တဲ့စာက..။

“ဟဲ့အကောင်၊မင်းအဲဒီလိုအမြောက်ပြောင်းအရှည်ကြီးကိုဖြတ်လိုက်တော့၊
ကျည်ဆံကဝေးဝေးဘယ်ရောက်တော့မလဲ”တဲ့။

“သူများနိုင်ငံတွေကိုလှမ်းပစ်ရတာမှမဟုတ်တာဗိုလ်ကြီးရယ်”

ကျုပ်စိတ်ထဲမကောင်းလိုက်တာဗျာ။လက်စသတ်တော့ကျုပ်တို
့နိုင်ငံမှာပြည်သူလူထုထမင်းလုပ်တွေနဲ့လဲထားရတဲ့စစ်အသုံးစားရိတ်တွေဟာ ကိုယ့်နိုင်ငံသားအချင်းချင်းသတ်ဟဲ့ဖြတ်ဟဲ့ဆိုတဲ့နေရာမှာသုံးနေကြတာကိုး။

ကျုပ်ပြောရင်ကျုပ်လွန်ရာကျ မယ်။နောက်ထပ်ဖတ်မိတဲ့ကာတွန်းတစ်ကွက်ကိုကြည့်ပါဦးဗျာ။
ကာတွန်းကျော်သူရိန်ရဲ့လက်ရာပေါ့။သရုပ်ဖော်ထားတဲ့အရုပ် တွေအကြောင်း
ကျုပ်မပြောချင်တော့ပါဘူး။စာသားနဲ့တင်ကွင်းကနဲကွက်ကနဲမြင်သာပါတယ်ဗျာ။

“ကျောက်လား၊ကုမ္ပဏီကြီးတွေတောင်အရင်လိုမကိုက်တော့တာ ကျုပ်တို့လိုရေမဆေးသမားတွေကပိုဆိုးတာပေါ့”

“ကျွန်းလား၊ခုတ်တာများလို့ပြန်စိုက်လို့တောင်မနိုင်တော့ဘူး”

“စပါးလား၊ရာသီဥတုကမမှန်၊လယ်ကွက်တွေလည်းစီမံကိန်းမြေဖြစ်ကုန်လို့၊
အထွက်နည်းပြီးရင်း၊နည်းနေတာပါပဲကွယ်”

“ဓာတ်ငွေ့တို့ရေနံတို့တော့မသိဘူး၊ကျုပ်တို့တောမှာတော့၊ရေတောင်လက်ယက်တွင်းတွေရှိနေလို့”
“စင်္ကာပူလား၊နောက်လေးငါးနှစ်ဆိုမီမယ်ထင်ပါရဲ့”တဲ့။

ကဲ၊စိတ်ဆင်းရဲစရာကောင်းချက်ဗျာ။မြေပေါ်မြေအောက်၊ရေပေါ်ရေ
 အောက်သယံဇာတတွေအလျှံပယ်ရှိနေခဲ့တဲ့ကျုပ်တို့တိုင်းပြည်ကြီးဟာ၊
မကြာခင်စင်္ကာပူလိုဘာအရင်းအမြစ်မှမရှိတဲ့နိုင်ငံဘ ဝကိုရောက်ရတော့မှာ ပါကလား။ကျုပ်စိတ်ထဲမွန်းကြပ်လာတာတော့အမှန်ပဲဗျာ။ဒါကြောင့်ကျုပ်လည်း
ကာတွန်းတွေကိုဆက် မဖတ်ချင်တော့ပဲ၊ ဘာရယ်ညာရယ်မဟုတ်၊ဖေ့စ်ဘွတ်ကစတေးတပ်အတိုလေးတွေလျှောက်ဖတ်နေမိတယ်။
အမယ်၊

"စိတ်ရှည်ကြ စိတ်ရှည်ကြ စိတ်ရှည်ကြ စိတ်ရှည်ကြ"ဆိုပါကလား။

ကျုပ်အသိမိတ်ဆွေဦးတင်ဝင်းဆိုတဲ့အဘိုးကြီးရေးတင် ထားတာဗျ။အဟုတ်မှတ်လို့ဗျာ။သူရေးထားပုံကိုကြည့်ပါဦး။

“သည့်ထက်စိတ်ရှည်သည်းခံရရင်လဲလံကွတ်တီပဲဝတ်ရတော့မယ်။
စင်္ကာပူကသူ့နိုင်ငံကိုတည်ဆောက်ဘို့ရန်ကုန်ရဲ့မြို့ပြတည်ဆောက်ပုံကို လေ့လာပြီး (၁၉၆၅)လွတ်လပ်ရေးရမှစခဲ့တာ။အကြီးဆုံးလမ်းမကြီးကဆီးရန်ကုန်(Serangoon) တဲ့၊
 မော် လမြိုင် မြိတ်စတဲ့ မြန်မာ လမ်းနံမည်တွေအနည်းဆုံး ၁၄ခုရှိတယ်၊ခေါင်းဆောင်ကြီးလီကွမ်းယူက ရန်ကုန်တက္ကသိုလ် တက်ခွင့်မကြုံခဲ့လို့ စိတ်မကောင်း ဖြစ်ခဲ့တာကို ကိုယ်တိုင်ရေးစာအုပ်မှာဖေါ်ပြခဲ့တယ်။

အရင်မြန်မာပိုက်ဆံတန်ဖိုးရှိချက်က တစ်ကျပ်ကိုထိုင်း လေးဘတ်ပေးရသတဲ့ခုများတော့ သူ့တစ်ဘတ်ရဖို့အတွက်ပေးရမှာကမြန်မာ (၃၂) ကျပ်။စွန့်လွှတ်စွန့်စား အနစ်နာခံ တိုက်ပွဲ ဝင်သူများကြောင့်သည်နေ့အထိသည်အရွေ့ဖြစ်လာတာပါ။
သည့်ထက်စိတ်ရှည်သည်း ခံရရင်လဲ လံကွတ်တီပဲဝတ်ရတော့မယ်”

တော်တော်ဆိုးတဲ့အဘိုးကြီးဗျာ။လူတကာသိပြီးသားကိုလာလာဆွနေတယ်
၊နေမကောင်းချင်ပါဘူးဆိုကာမှ။

(လေး)
ကျုပ်လည်းစိတ်ရှပ်ရှုပ်ဖြစ်လာတာမို့ဆရာဝန်သတိပေးချက်တွေ၊ဘာတွေဂရုမစိုက်နိုင်တော့ပါဘူး။သတိလက်လွတ်သလိုဖြစ်ပြီး ဖေ့စ်ဘွတ်ပေါ်မှာတွေ့သမျှစာတွေလိုက်ဖတ်မိတော့တာပါပဲ။

"အသိဥာဏ်မဲ့သူတို့လက်ချက်မှကင်းဝေးပါစေ ပုဂံမြေ။"

(Archacologlcal Survey of India , ASI)ရဲ့ အကူအညီနဲ့ရှေးဟောင်းပုဂံမြို့တော်ရဲ့အကျော်ကြားဆုံး ဘုရားပုထိုးတော် တစ်ဆူဖြစ်တဲ့ အာနန္ဒာပုထိုးတော်ကြီးအတွင်းနံရံက မူလလက်ရာ နံရံဆေးပန်းချီလက်ရာတွေဟာပြန်လည်ပြီးရုပ်လုံးပေါ် လာပါပြီဆိုပဲ။

ဘုရားဘုရားတော်ပါသေးရဲ့။တချိန်ကလျှမ်းလျှမ်းတောက်ခဲ့တဲ့နလဗိန်းတုံး
ဗိုလ်ချုပ်ကြီးပြောသလို၊ “ငါက ထေရဝါဒစစ်စစ်၊ ဘုရားရှိရင်ရွှေရှိရမယ်၊ဘယ်ယူနစ်စကိုမှဂရုမစိုက်ဘူး”ဆိုတဲ့အသိဥာဏ်မျိုးနဲ့ဆိုရင်၊
အမျိုးဂုဏ်ဇာတိဂုဏ်ကိုသက်သေအခိုင် အမာပြနိုင်မဲ့ရှေးဟောင်းအမွေအနှစ်ဆိုတာ၊မူးလို့ရှူစရာကျန်ရင်ကံကောင်း၊
ဒီအကုသိုလ်ကောင်တွေဘယ်တော့များမှအ
မိုက်ဇာတ်သိမ်းကြပါ့မတုန်း။

ကျုပ်ခေါင်းထဲမှာမူးနောက်နောက်ဖြစ်လာတာအမှန်ပဲဗျာ။
ဟောလာပြန်ပြီ။ဓမ္မစေတီခေါင်းလောင်းကြီးကို ရန်ကုန်မြို့တောင်ဘက် (၁၀)မိုင်အကွာ သန်လျင် ရေနံချက်စက်ရုံဆိပ်ကမ်း နားမှာရှာဖွေဖို့ အစိုးရကခွင့်ပြုချက်ပေးလိုက်ပြီဖြစ်လို့ သဘောင်္အရာရှိဟောင်း ဦးကျော်ဝင်းက ရှာဖွေမှုကို စတင်ပါ တော့ မယ်တဲ့။ ကျိုက်ခေါက်ဘုရားသွားတော့ ၀တ်ဖြူစင်ကြယ်နဲ့ အဖိုးအို တစ်ဦးကိုတွေ့သတဲ့။

ဒုက္ခပါပဲဗျာ။တိုင်းပြည်ကအသက်ထွက်ခါနီးနေပြီ၊ဒီအရူးထတဲ့ဇာတ်လမ်းတွေက
မရပ်နိုင်ကြသေးဘူးလားဗျာ။စိတ်ကုန်ချက် ကတော့၊ကိုယ်ပါရူး ချင်စိတ်ပေါက်လာတဲ့အထိ။

တွေ့ပြန်ပါပြီဗျာ။ကချင်ပြည်နယ်မှာတရားမဝင်သစ်ခိုးနေတဲ့နိုင်ငံခြားသားတစ်ရာကျော်ကို သစ်တင်ယာဉ်တွေနဲ့ဖမ်းမိပြန်ပြီ တဲ့။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံးဒေသ အတွင်း…..၊ ဖမ်းဆီး ရမိသော တစ်ဖက်နိုင်ငံသားများထံမှ ကေအိုင်အေ (ကချင်) အဖွဲ့၊ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးချုပ် အဆင့်ရှိ ဇောဘုတ်ထန်း ခွင့်ပြုထားသော…၊မြေတူးစက်တစ်စီး၊ ပါဂျဲရိုးလေးစီး၊ ပီကင်းဂျစ်လေးစီး၊ ဝန်ဆွဲယာဉ်သုံးစီး၊ နှစ်ခန်းတွဲယာဉ်နှစ်စီး၊ အမျိုး အစား (စိစစ်ဆဲ) သစ်တင်ယာဉ် ၄၃၆ စီး (၁၄ စီး သစ်ပါရှိ)၊ ဒေါင်ဖန်းယာဉ်သုံးစီး၊ ကရိန်းနှစ်စီး၊ စုစုပေါင်း ယာဉ် (၄၅၅) စီး၊ ဆိုင်ကယ် (၉) စီး၊အချို့လွတ်မြောက်နေ..၊

ကျုပ်ရင်ထဲမှာတလှပ်လှပ်ဖြစ်လာပါပေါ့လား။ဒီလောက်များပြားတဲ့ယာဉ်ယန္တရားတွေဟာ၊
ဘယ်အပေါက်ကနေ၊ဘယ်သူ့ခွင့်ပြု ချက်နဲ့၊ဝင်လာကြသတုန်း။ အခုမှတစ်ကြိမ်မိသတဲ့။ဟိုတလောကသစ်ခိုးအုပ်စုကိုဖမ်းခဲ့တဲ့သစ်တောအရာရှိတွေ၊သေနတ် နဲ့ပစ်အသတ်ခံကြရသတဲ့။ဘယ်မတုန်း၊တရားဥပဒေစိုးမိုးရေး၊ဘယ်မလဲ၊အချုပ်အချာအာဏာဆိုတာ။ကျုပ်နားထင်နားရင်းတွေ ထူပူပြီးတစ်ကိုယ်လုံးချွေးစေးတွေလှိမ့်ထွက်လာပါပေါ့လား။

(ငါး)
ဟမ်၊တရုတ်တို့ဝှက်ဖဲထုတ်သုံးပြီလော။ဖုန်ကြားရှင်ပြန်လာပြီ။
နဂိုကမှရှင်းမရတဲ့အထဲဗျာ။သည့်ထက်ဇာတ်ရှုပ်လာရင်၊မြန် မာပြည်ကိုတရုတ်လက်အောက်ခံပြည်နယ်စာရင်းသွင်းဖို့ပဲကျန်ပါတော့တယ်။
ဒိန်းကနဲနေအောင်ခေါင်းထဲကိုသွေးဆောင့် တိုးသွားတာကြောင့်၊ကျုပ်ဟာကွန်ပြူတာစားပွဲကိုလက်နဲ့စုံကိုင်ပြီး၊မျက်စိမှိတ်ရင်း
အသက်မှန်အောင်ရှူနေရတယ်ဗျာ။ခဏ လောက်ကြာမှဖြည်းဖြည်းချင်းခေါင်းကိုပြန်ထူပြီး၊

ဖွင့်လက်စဖေ့စ်ဘွတ်စာမျက်နှာပေါ်ကသတင်းတစ်ပုဒ်ကိုမရဲတရဲလှမ်းဖတ်
လိုက်မိတဲ့အချိန်မှာတော့၊ကျုပ်ဟာထိုင်နေတဲ့ခုံပေါ်ကနေ၊အရုပ်ကြိုးပြတ်ဘုန်းကနဲလဲပြိုကျရင်းလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားပါတော့တယ်။

ကျုပ်ဟာဘယ်လောက်ကြာကြာသတိမေ့မျောနေခဲ့တယ်ဆိုတာမသိတော့ပါဘူး။
ကျုပ်သတိရရခြင်း၊မြင်လိုက်ရတာကတော့ ကျုပ်ကိုဆေးစစ်ခဲ့တဲ့ဆရာဝန်ကြီးရဲ့မျက်နှာပါပဲ။သူကကျုပ်ကို
ဘာစကားတစ်ခွန်းမှမပြောပေမဲ့သူ့မျက်နှာကိုသေချာအကဲခတ် ကြည့်ရင်တစ်စုံတစ်ခုကိုပြောနေသလိုပဲဗျ။ခင်ဗျားကို၊သေချာမှာထားပါလျက်ကယ်နဲ့
အခုတော့ အတွင်းလူနာဖြစ်ပြီ ဆိုတဲ့အဓိပ္ပါယ်ပဲဗျ။

ဒီထိုင်းဆရာဝန်ကြီးဟာဆေးပညာအပြင်၊ကျုပ်ရဲ့ရှေ့ဖြစ်ကိုများ
အကြားအမြင်ရနေလေရော့သလားဆိုတာခုထက်ထိစဉ်းစားလို့ မရသေးဘူးဗျာ။

သြော်၊ခင်ဗျားက ကျုပ်နောက်ဆုံးဖတ်မိတဲ့သတင်းကိုသိချင်နေသေး သကိုး။ကျုပ်လည်းနလန်ထစ၊ဆိုတော့လုံးစေ့ပတ်စေ့ တော့ရွတ်မပြတတ်တော့ပါဘူးဗျာ။
အတိုချုပ်ပြောရရင်တော့လက်ရှိအာဏာရပါတီကြီးဟာ၊တောင်သူလယ်သမား၊
ဆင်းရဲသား တွေရဲ့စားဝတ်နေမှုဖူလုံတဲ့၊တိုင်းပြည်မျိုးဖြစ်လာအောင်ပြန်လည်ထူထောင်ဖို့၊
သူတို့ကိုဆက်ပြီးကြိုးစားခွင့်ပြုပါတဲ့ခင်ဗျ။

ကျုပ်လား။ဆေးရုံပေါ်မှာသုံးရက်လောက်ကောင်းကောင်းအနားယူပြီးပြန်ဆင်းလာရတာပါပဲ။
ဘာရောဂါမှမရှိပါဘူးတဲ့။ အဲ၊ ဆရာဝန်ကြီးကတော့ ဖေ့စ်ဘွတ်ပေါ်မတက်ပါလေနဲ့လို့ အထပ်ထပ်မှာလိုက်ပြန်လေရဲ့။ ။
…………………………….

“ကျွန်ုပ်၊၀ိုင်းမော်ဒေသမှဧရာမသစ်ခိုးမှုကြီးနှင့်တရုတ်တို့၏ရာဇသံ”

$
0
0

၁၂ ဇန်နဝါရီ ၂၀၁၄ နေ့ထုတ်၊ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ။

“ကျွန်ုပ်၊၀ိုင်းမော်ဒေသမှဧရာမသစ်ခိုးမှုကြီးနှင့်တရုတ်တို့၏ရာဇသံ”

(မင်းဒင်)

(တစ်)
“ရဲရဲတင်းတင်းသာခိုးကြစမ်းကွယ်ရို့၊မင်းတို့နောက်မှာ၊မင်းတို့ဆြာ၊ငါတစ်ယောက်လုံးရှိနေ
ပါတယ်ဟ”

“ဟုတ်ပါ့မလားအဘ၊အဲ၊ဆြာ၊ဒါတရုတ်ပြည်နော်”

“ဆြာ့ကိုယုံကြည်လွန်းလို့သာအရဲစွန့်ပြီးခိုးရမှာ၊မျက်ခုံးကတော့ခပ်လှုပ်လှုပ်ပဲဆြာ”

“သေချာရဲ့လားဆြာရယ်၊တော်ကြာနေ၊တရုတ်ထောင်ထဲမှာနော်ခမ်းလို
ဇာတ်သိမ်းသွားရင်ဖြင့်ကိုယ်ကျိုးနည်းမှာနော်”

“ဆြာကောင်းတပည့်မပီသလိုက်ကြလေခြင်းကွယ်တို့၊ငါက ခိုးပါလို့ဆိုနေမှတော့၊နောက်ကြောင်းအေးလိုက်စမ်းပါ။ ခိုးမှာ သာခိုးကြစမ်းပါဟ”

ကျွန်ုပ်နှင့်လေမင်းသား၊ကပ္ပလီဖေကြည်တည်းဟူသော၊လက်ရင်း
တပည့်ကျော်သုံးယောက်၊အပြန်အလှန်စကားတီးတိုးဆို
နေကြရာနေရာကား၊တရုတ်ပြည်မြို့တော်ပီကင်းရှိ၊(China World Trade Centre)ဧရာမ ကုန်တိုက်ကြီးအတွင်းမှ၊ ရတနာ ဆိုင်ကြီးတစ်ခု၏ရှေ့တွင်ဖြစ်ချေ၏။

တပည့်တို့ကား၊ကျီးကန်းတောင်းမှောက်၊ထိတ်ထိတ်ပြာပြာအမူအယာကိုယ်စီဖြင့်
ဂဏှာမငြိမ်၊ချီတုံချတုံဖြစ်နေကြသော်ငြား၊ဆြာဖြစ်သူကျွန်ုပ်မူကားအေးဆေး
တည်ငြိမ်သောဣနြေ္ဒဖြင့်၊တိုးညှင်းစွာ၊လေချွန်မပျက် လျက်ရှိ၏။
ရတနာဆိုင်ကြီး၏ရှိုးကေ့စ်မှန်ဘောင်ကြီးများအတွင်းမှ၊တန်ဘိုးငွေ
အမေရိကန်သန်းနှင့်ချီ၍တန်ဘိုးရှိသည့်၊လက်ရာမြောက်လက်ဝတ်ရတနာတို့မှာ
၊နိုင်ငံတစ်ကာလူဂုဏ်ထံကမ္ဘာလှည့်ခရီးသည်တို့အား၊သွားရည်တမြားမြား
ကျအောင်၊ဖိတ်ခေါ်နေ သယောင်ရှိ၏။တပည့်တို့မှာအဘိုးတန်ရတနာပစ္စည်းတို့ကို တစ်လှည့်၊ဆြာသခင်ဖြစ်သူ၏မျက်နှာကိုတစ်လှည့်၊ကြည့်ရင်း၊ဆြာ့အမိန့်ကို
နာခံရန်တုံ့ဆိုင်းနေကြစဉ်မှာပင်၊ဦးစီးခေါင်းဆောင်ဖြစ်သူ
ကျွန်ုပ်အနေဖြင့်နောက်ဆုံးလမ်းညွန်ချက်အမိန့်ကိုအာဏာသံပါပါ ပေးလိုက်ရင်း
စစ်ဆင်ရေးကိုစတင်လိုက်ရချေတော့သည်။

“ကဲ၊ဟေ့ကောင်တွေ၊ဒါအချိန်ကောင်းပဲ၊တန်ဘိုးအကြီးဆုံးရတနာပစ္စည်းကို
 သေချာရွေးပြီးအလစ်သုတ်ကြပေရော့”

ကျွန်ုပ်၏အမိန့်သံနှင့်မရှေးမနှောင်းမှာပင်၊တပည့်ကျော်သုံးဦးသည်အဆိုပါရတနာ
ဆိုင်ကြီးအတွင်းသို့၊တုန်ရီသောခြေလှမ်း များဖြင့်ဝင်ရောက်သွားကြရင်း
၊ဈေးဝယ်ဟန်ပြုလျက်၊ တန်ဘိုးကြီးရတနာများကိုတစ်ခုချင်းထုတ်ပြစေပြီးနောက်၊
ဆြာ့ညွန်ကြားချက်အတိုင်းအဘိုးတန်ရတနာပစ္စည်းတို့ကို၎င်းတို့၏
အိပ်ထောင်အတွင်းသို့ထည့်ကာအလစ်သုတ်လိုက်ကြသည်၏တခဏမှာပင်
အချက်ပေး သံမျိုးစုံကျယ်လောင်စွာမြည်ဟီးထွက်ပေါ်လာတော့သည်။

ထို့နောက်တွင်ကား၊ခေတ်မီသေနတ်ကိုယ်စီကိုင်ဆောင်ထားကြသည့်၊
တရုတ်ရဲလုံခြုံရေးအမြောက်အများသည်ဘယ်အချိန်က ကြိုတင်စောင့်ဆိုင်းနေကြလေသည်မသိ၊ ချက်ချင်းဆိုသလိုဝိုင်းအုံရောက်ရှိလာကြကာ၊ကျွန်ုပ်၏တပည့်ကျော်သုံးဦးအား ဝင်ရောက်လုံးထွေးဖမ်းဆီးလျက်၊လက်ထိပ်ခတ်ခေါ်ဆောင်သွားကြလေတော့သည်။
တပည့်တို့ကားငိုမဲ့မဲ့မျက်နှာထားကိုယ် စီဖြင့်၊လူအုပ်ကြီးထဲတွင်
၊ခေတ္တကိုယ်ယောင်ဖျောက်နေ သည့်ကျွန်ုပ်ကိုအားကိုးတကြီးရှာဖွေနေကြဟန်ရှိ၏။
ကျွန်ုပ်သည်ကား၊မဟာစီမံချက်၏ပထမဆုံးအဆင့်၊ကောင်းစွာအောင်မြင်ခဲ့လေပြီ
ဟူသောအတွေးဖြင့်၊ကျွန်ုပ်တကိုယ်တည်းကျိတ်၍ ပြုံးလိုက်မိလေသည်။

(နှစ်)
ကျွန်ုပ်သည်ပီကင်းမြို့ရှိခေတ်မီဟိုတယ်ကြီးတစ်ခုတွင်တည်းခိုရင်း၊
အချုပ်နန်းစံနေကြရသောတပည့်ကျော်တို့၏သတင်းအ ပြည့်အစုံကို
(Reference News)နှင့်(People’s Daily)အစရှိသည့် တရုတ်နိုင်ငံထုတ်သတင်းစာများမှတစ်ဆင့် ဖတ်ရှု လေ့လာကာအခွင့်ကောင်း ကိုစောင့်ဆိုင်းလျက်ရှိလေ၏။ရက်သတ္တနှစ်ပတ်မျှကြာသော်၊တပည့်ကျော်တို့သည်၊
 ဒေါ်လာ သန်းချီတန်သော၊ရတနာပစ္စည်းများ ကိုခိုးယူရန်ကြံစည်မှုဖြင့်ပြစ်မှုဆိုင်ရာ တရားဥပဒေအရ၊ သက်ဆိုင်ရာတရားရုံးသို့ တရားစွဲဆိုတင်ပို့ခြင်းခံရလေတော့သည်။

အထက်ဖော်ပြပါထိုထိုသောဖြစ်ရပ်တို့ကိုဖြစ်ပေါ်စေခဲ့ခြင်း၏မူလအကြောင်းရင်းခံသည်ကား
၊ကျွန်ုပ်နေထိုင်ရာဖူးခက်မြို့၊အမ်မခန်အရပ်သို့လိပ်မူလျက်
၊နိုင်ငံတော်သမ္မတရုံးမှအမည်မဖော်လိုသူပုဂ္ဂိုလ်ကြီးတစ်ဦးပေးပို့လာခဲ့သော
စာတစ်စောင်မှမြစ် ဖျားခံခဲ့လေ၏။အဆိုပါစာကိုအပြည့်အစုံရေးပြရသော်၊ မသင့်တော်ဟုကျွန်ုပ်ထင်မြင်မိသဖြင့်အကျဉ်းချုပ်အနေဖြင့် ဖော် ပြရလျှင်
၊အောက်ပါအတိုင်းဖြစ်လေသည်။

ဆြာဒင်ခင်ဗျား။

မကြာသေးမီရက်ပိုင်းအတွင်းက၊တရုတ်နိုင်ငံနယ်စပ်အနီးဝိုင်းမော်ဒေသတဝိုက်တွင်၊
တရားမဝင်သစ်ခိုးထုတ်နေသည့် တ ရုတ်နိုင်ငံသားတစ်ရာကျော်ကို၊ သစ်ခုတ်သစ်ထုတ်ယန္တယားများအပါအဝင်၊သစ်တင်ကားအစီးလေးရာကျော်ခန့်နှင့်အတူ မိမိတို့ စစ်ကြောင်းများမှဝေဟင်စစ်ဆေးရေးပြုလုပ်စဉ်လက်ပူးလက်ကြပ်
ဖမ်းဆီးနိုင်ခဲ့ပါသည်။
ထိုဖြစ်ရပ်နှင့်မရှေးမနှောင်းမှာပင်၊အဆိုပါကိစ္စနှင့်စပ်လျဉ်း၍၊ တရုတ်အစိုးရမှ ၊မြန်မာအစိုးရထံဖိအားပေးလာခဲ့ရာ၊မည်သို့မည်ပုံကိုင်တွယ်ဖြေရှင်းရမည်မသိ၊
အကြပ်ရိုက်လျက်ရှိပါသည်။
သို့ပါ၍ဆြာဒင့်အနေဖြင့်ယင်းကိစ္စအပေါ်အကောင်းဆုံးလမ်းညွန်အကြံဥာဏ်ပြုပါရန် အကူအညီတောင်းခံအပ်ပါသည်။

ရိုသေလေးစားစွာဖြင့်
ထိပ်တန်းအရာရှိ
သမ္မတရုံး၊နေပြည်တော်၊
မြန်မာနိုင်ငံတော်အစိုးရ

ယင်းစာတွင်ရည်ညွန်းသည့်ဖြစ်စဉ်အသေးစိတ်ကိုကျွန်ုပ်အနေဖြင့်၊မီဒီယာ
စာမျက်နှာများတွင်ဖတ်ရှုသိရှိပြီးဖြစ်ပါ၏။ကျွန်ုပ်သည်လက်ရှိအာဏာရ အစိုးရအားနှစ်သက်ထောက်ခံခြင်းမရှိသော်ငြား၊ယခုကိစ္စရပ်မှာ အမျိုးသားရေးပြဿနာတစ်ရပ်ဟုခံယူမိသဖြင့်၊တာဝန်ယူဖြေရှင်းပေးရန်ဆုံးဖြတ်လျက်၊၎င်းပုဂ္ဂိုလ်အား၊
ဤကိစ္စနှင့်စပ်လျဉ်း၍ပူပင်ကြောင့်ကျမှုကင်းစွာနေထိုင်
ပါရန်ချက်ချင်းပင်အကြောင်းပြန်စာပေးပို့ပြီး၊ဆရာတပည့်လေးဦးသား၊ရရာလေယာဉ်ဖြင့်ဖူးခက်မှသည်
ပီကင်းဆီသို့အပူတပြင်းခရီးနှင်ကာ၊လိုအပ်သည်တို့ကိုစနစ်တကျအကွက်ချ
စီစဉ်ခဲ့ရချေသည်တစ်မုံ့။

(သုံး)
တပည့်ကျော်သုံးဦးအား၊ရုံးတင်စစ်ဆေးမည့်နေ့တွင်၊သက်ဆိုင်ရာ
တရားရုံးရှိရာသို့ကျွန်ုပ်ရောက်ရှိသွားချိန်၌၊တာဝန်ကျ တ ရားသူကြီးသည်အမှုတွဲကိုစတင်လက်ခံကြားနာရန်အသင့်အနေအထားရှိနေပြီဖြစ်၏။
ထို့ကြောင့်ကျွန်ုပ်သည်အနည်းငယ်မျှတွေဝေတုံ့ဆိုင်းနေခြင်းမရှိပဲ၊
တရားရုံးလုံခြုံရေးအရာရှိမှတစ်ဆင့်၊တရားသူကြီးအား၊အဆိုပါအမှုတွင်
တရားခံဟုစွပ်စွဲခံရသူများဖက်မှလိုက်ပါလျှောက်လဲခွင့်ပြုရန်၊ ကျွန်ုပ်၏ကိုယ်ရေးရာဇဝင်အကျဉ်းနှင့်အတူ၊ ရန်ကုန်တက္ကသိုလ်မှဥပဒေဘွဲ့လက် မှတ်၊
 နိုင်ငံ တစ်ကာရှေ့နေများကောင်စီ၏ အသိအမှတ်ပြုကဒ်ပြား၊တို့ကိုပူးတွဲတင်ပြလျက် အခွင့်တောင်းခံရာ၊တရားသူကြီး သည် ကျွန်ုပ်၏မျက်နှာကိုစေ့စေ့စပ်ကြည့်ရင်း၊ ချက်ချင်းဆိုသလိုလက်ခံအတည်ပြုလေသည်။
ကျွန်ုပ်ကားစစ်ဦးဘီလူးဆိုသကဲ့သို့၊ပွဲစသည်နှင့်ပင်တိုက်စစ်ကိုဟူးဟူးလျင်လျင်
ဖွင့်လိုက်ရချေတော့၏။

“တရားသူကြီးမင်းခင်ဗျာ။ကျနော်ဟာမြန်မာရှေ့နေရာဇဝင်မှာနေလိုလလိုထင်ရှားခဲ့တဲ့
၊ရေစကြိုသားအခုံတော်ဦးကျဘမ်းရဲ့ မျိုးနွယ်ဆက်ဖြစ်သလို၊တရားသူကြီးမင်းဟာလည်း၊ တရုတ်နိုင်ငံတရားစီရင်ရေးရာဇဝင်မှာ၊အလွန်သမာမတ်ကျ၊ဖြောင့်မတ် တည်ကြည်သူအဖြစ်ကမ္ဘာအနှံ့ဂုဏ်သတင်းမွှေးပျံ့ခဲ့တဲ့၊တရားသူကြီးပေါင်ချိန်နဲ့
တန်းတူဂုဏ်သိက္ခာရှိသူလို့ ကျွန်ုပ် အခိုင်အ မာယုံကြည်တဲ့အတွက်၊
ဤစာလွှာကိုရုံးတော်သို့ တင်သွင်းအပ်ပါတယ်ခင်ဗျာ"

တရားသူကြီး၏လက်ဝယ်သို့ ကျွန်ုပ်ပေးအပ်ခဲ့သော စာလွှာတွင်အောက်ပါအတိုင်းရေးသားပါရှိသည်။
“ရတနာပစ္စည်းများခိုးယူမှုဖြင့် ဖမ်းဆီးခံနေရသည့်မြန်မာလူငယ်သုံးဦးကိစ္စ မှန်မှန်ကန်ကန်ကိုင်တွယ်ရန် တရုတ်အစိုးရသို့ တိုက်တွန်းခြင်း”
၁။ မြန်မာတမျိုးသားလုံး၏ပြောရေးဆိုခွင့်ရှိသူ၊ကျွန်ုပ်ဆြာဒင်အနေဖြင့်၊
တရုတ်နိုင်ငံပီကင်းမြို့တွင်ဖြစ်ပွားခဲ့သော၊မြန်မာလူ ငယ်သုံးဦးအား၊ရတနာပစ္စည်းများခိုးယူမှုဖြင့်စွပ်စွဲထားခြင်းအပေါ်၊
တရားသဖြင့်မျှမျှတတကိုင်တွယ်ပေးစေလိုသည်။မြန်မာပြည်သူတစ်ရပ်လုံးနှ
င့်နိုင်ငံတစ်ကာအသိုင်းအဝိုင်းအနေဖြင့်၊အဆိုပါကိစ္စရပ်အပေါ်
အသေးစိတ်လေ့လာစောင့်ကြည့်လျက်ရှိသည်။

၂။ နိုင်ငံတစ်ကာရောက်မြန်မာလူမျိုးများ၏ဘေးကင်းလုံခြုံမှု၊တရားဥပဒေစိုးမိုးမှုရှိစွာ၊
မှန်မှန်ကန်ကန်ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးရန်၊ကျွန်ုပ်တို့အနေဖြင့်ဆန္ဒရှိသည်။
တချိန်တည်းတွင်ပင်အဖမ်းဆီးခံထားရသော၊မြန်မာလူငယ်သုံးဦး၏တ
ရားဥပဒေ ဆိုင်ရာအခွင့်အရေးနှင့်အကျိုးစီးပွားကိုအကာအကွယ်ရရန်သေချာစေချင်ပါသည်။

ပုံ
ဆြာဒင်
ခေတ္တ၊ဖူးခက်မြို့၊
ယိုးဒယားပြည်တောင်ပိုင်း။

(လေး)
မျက်ပေါက်ကျဉ်းသည့်တရားသူကြီးသည်၊ကျွန်ုပ်ပေးအပ်သည့်စာကိုဖင်လှန်ခေါင်းလှန်
အကြိမ်ကြိမ်ဖတ်ရှုပြီးသည့်အခါ၊မည်သို့နားလည်ဝေခွဲရမည်မသိသော၊
အူကြောင်ကြောင်မျက်နှာပေးနှင့်ရှိနေ၏။အတန်ကြာမှသူ့စကားသံထွက်ပေါ်လာသည်။

“ဘယ့်နှယ့်စာကြီးပါလိမ့်၊အသနားခံစာလည်းမဟုတ်၊အယူခံလွှာလည်းမမည်၊
ရာဇသံလိုလိုဘာလိုလိုနဲ့၊ဒါနဲ့နေပါဦးမောင်ရင်။ဒီအ မှုဟာကိုယ်ကျင့်တရားပျက်ပြားတဲ့ခိုးမှုဆိုတာတော့သိပါတယ်နော်”

“ဟုတ်ကဲ့၊သိပါသော်ကောဗျာ”

“နောက်တစ်ချက်က၊ဒီတရားခံတွေဟာ၊တရုတ်ပိုင်နက်နယ်မြေထဲမှာလက်ရဲဇက်ရဲ
လာပြီးကျူးလွန်တာကိုကော၊မောင်ရင် မသိတာလေရော့သလား”

“အရမ်းအရမ်းကိုသိပါတာပေါ့ခင်ဗျာ”
“ဒါဖြင့်ဒီစာဟာ၊တရုတ်နိုင်ငံရဲ့တရားဥပဒေစိုးမိုးမှုကိုသိသိကြီးနဲ့စော်ကားလိုက်ရာ
ကျနေတယ်ဆိုတာ၊မောင်ရင်နားမလည်ဘူး လား”

“ဒီလိုပြောကြကြေးဆိုရင်ဖြင့် တရားသူကြီးတို့ရဲ့တရုတ်အစိုးရဟာလည်း၊မြန်မာနိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးကို၊
သိသိကြီးနဲ့ ဝင်စွက်တဲ့သဘောမို့ဒီစာကိုထုတ်ပြန်တာလားခင်ဗျာ”

ကျွန်ုပ်သည်တရားသူကြီး၏လက်ဝယ်သို့ဒုတိယမြောက်စာတစ်စောင်ကိုပေးအပ်ရာ၊
ယင်းစာအပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်လေသည်။

“တရားမ၀င်သစ်ခုတ်မှုဖြင့် ဖမ်းဆီးခံနေရသူများကိစ္စ မှန်မှန်ကန်ကန်ကိုင်တွယ်ရန် တရုတ်အစိုးရ တိုက်တွန်း”

၁။တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဟောင်းလီက မြန်မာနိုင်ငံတွင်ရှိသော၊
တရုတ်သံရုံးအနေနှင့်အဆိုပါကိစ္စ အပေါ်အသေးစိတ်စိစစ်စုံစမ်းမှု
များပြုလုပ်နေပြီး၎င်းအမှု ကို တရားသဖြင့် မျှမျှတတ ကိုင်တွယ်ဆောင်ရွက်ပေးစေလိုသည်။

၂။တရုတ်-မြန်မာနယ်စပ်တလျောက် ဘေးကင်းလုံခြုံဥပဒေစိုးမိုးမှုရှိပြီး ယင်းကိစ္စကိုမြန်မာနှင့်အတူမှန်မှန်ကန်ကန်မျှမျှ တတဖြစ်အောင်ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရန်တရုတ်တို့ဘက်မှဆန္ဒရှိပါသည်။
တချိန်တည်းမှာပင်၊ဖမ်းဆီးခံထားရသော တရုတ်နိုင်ငံသားများအားလုံး၏ တရားဥပဒေဆိုင်ရာအခွင့်အရေးနှင့် အကျိုးစီးပွားကို အကာအကွယ်ရရန် သေချာစေချင်ပါ သည်။(တရုတ်နေ့စဉ်သတင်းစာ)

တရုတ်တရားသူကြီးသည်ကျွန်ုပ်၏စာကိုတက်သုတ်ရိုက်ဖတ်ရှုပြီးသည်တွင်၊
တအံ့တသြအမူအယာဖြင့်တလုံးတပါဒမျှခွန်းတုန့်မပြန်နိုင်ပဲရှိနေစဉ်၊
ကျွန်ုပ်သည်ထောက်လက်သီးနှင့်တူလှစွာသောနောက်ဆုံးလျှောက်လဲချက်ဖြင့်၊
ပွဲကိုအဆုံးသတ်ခဲ့လေ တော့သည်။

“တရားသူကြီးမင်းခင်ဗျား၊ဝိုင်းမော်သစ်ခိုးမှုမှာ၊တရားခံတရုတ်လူမျိုးတွေဟာ၊
ကိုယ်ကျင့်တရားဖောက်ဖျက်တဲ့ခိုးမှုကျူးလွန်သူတွေမဟုတ်ဘူးလား၊
သူတပါးနိုင်ငံပိုင်နက်နယ်မြေထဲကိုအတင့်ရဲစွာကျူးကျော်ဝင်ရောက်ပြီး
၊လောဘဇောတိုက်ခိုးခဲ့ကြတာမဟုတ်ဘူးလား။ဒါကိုသိပါလျက်နဲ့ဘာကြောင့် ရာဇသံပါတဲ့စာမျိုးကိုကျုပ်တို့အစိုးရအဖွဲ့ထံပေးပို့ခြိမ်းခြောက်ရပါသလဲ။
အခုရုံး ရှေ့မှာရောက်နေတဲ့လူငယ်တွေဟာသူခိုးအစစ်တွေမဟုတ်ပါဘူး။
အမှန်တရားကိုဆင်ခြင်သုံးသပ်နိုင်ဖို့ကျုပ်ကိုယ်တိုင် တမင်ကြိုတင်စီမံပြီး၊ဟန်ဆောင်ခိုးမှုကျူးလွန်စေခဲ့ခြင်းသာဖြစ်တယ်”

(ငါး)
တရားသူကြီးသည်အမွှန်ကိုအခွပ်ခံရသောကြက်ကဲ့သို့လည်လိမ်ကာ
ဇက်စောင်းလျက်ရှိလေပြီ။နောက်ဆုံးတွင်မူယခုကိစ္စ မှာတရုတ်ကွန်မြူနစ်ပါတီဗဟိုဦးစီးအဖွဲ့နှင့်တရုတ်အစိုးရတို့ထံတင်ပြရမည့်
အမှုဖြစ်ကြောင်းပြောကြားကာရုံးတော်ကိုရပ်နား ၏။နှစ်ရက်မျှကြာသော်၊ ကျွန်ုပ်၏တပည့်ကျော်သုံးဦးအား၊စွဲဆိုထားသောပြစ်မှုမှတရားသေလွှတ်မိန့်နှင့်အတူ၊
တရုတ်အစိုးရထံမှ၊ကျွန်ုပ်ထံလိပ်မူသည့်စာတစောင်ရောက်ရှိလာခဲ့လေသည်။

အဆိုပါစာတွင်၊တရုတ်နေ့စဉ်သတင်းစာ၌ဖော်ပြခဲ့သော၊တရုတ်နိုင်ငံခြားရေး
ဌာနပြောရေးဆိုခွင့်ရှိသူဟောင်းလီ၏ပြောကြားချက်ကိုမိမိတို့အနေဖြင့်
အလေးအနက်ပြန်လည်စဉ်းစားသုံးသပ် မည် ဖြစ်ပါကြောင်း၊ လက်ရှိမြန်မာအစိုးရ၏အရည်အသွေးညံ့ဖျင်းမှုနှင့်၊ကိုယ်ကျင့်တရား
ပျက်ပြားနေမှုများကို၊မိမိတို့ ကောင်းစွာသိရှိကြောင်းနှင့်နောက်တက်လာမည့်
အစိုးရသစ်လက်ထက်တွင်၊တရုတ်မြန်မာနှစ်နိုင်ငံ၏ရေရှည်ဆက်ဆံရေး
တည်တံ့နိုင်စေရန်၊ကိုယ်ကျင့်တရားကို အဓိကထားသည့်၊ မူဝါဒ ကိုပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်းဖော်ပြပါရှိသည်။

ယခုဤစာကိုရေးသားနေချိန်အထိ၊ကျွန်ုပ်ထံစာဖြင့်ရေးသား
အကူအညီတောင်းခံခဲ့သည့်သမ္မတရုံးထိပ်တန်းအရာရှိကြီးထံမှမူ၊ အကြောင်းတစုံတရာအသိပေးဆက်သွယ်လာခြင်းမရှိသေးချေ။
မည်သို့ပင်ဆိုစေကာမူ၊အချုပ်မှကျန်းမာရွှင်လန်းစွာပြန် လည်လွတ်မြောက်လာကြသော၊တပည့်ကျော်တို့၏ရင်တွင်းမှ၊တက်ကြွစွာ
ကျူးရင့်လိုက်သည့်စကားကြောင့်၊ကျွန်ုပ် ဝမ်း မြောက်ကျေနပ်ခြင်းဖြစ်ရသည်ကားအမှန်ဖြစ်ချေ၏။

“ဆြာရယ်၊နိုင်ငံနဲ့လူမျိုးသိက္ခာရှိမယ်ဆိုရင်၊ အချုပ်ကျရုံတင်မကပါဘူး။ကြိုးစင်တက်ပေါ်ဆိုရင်တောင် ရင်ကော့ပြီးတက် သွား ဖို့ဆရာ့တပည့်တို့အဆင်သင့်ရှိပါတယ်ဆြာ”

…………………………….

“ဒီညကျနော်အိပ်မပျော်ပြန်ဘူးအမေ”

$
0
0
၁၆ဇန်နဝါရီ၂၀၁၅နေ့ထုတ်၊သည်လေးဒီးစ်အပတ်စဉ်ဂျာနယ်မှ။ ။

“ဒီညကျနော်အိပ်မပျော်ပြန်ဘူးအမေ”

(မင်းဒင်)

(တစ်)
ဒီရက်ပိုင်းမှာ၊အိပ်တော့မယ်ဆိုပြီးခေါင်းချလိုက်တိုင်း၊
အမေ့အကြောင်းတွေချည်းခေါင်းထဲရောက်နေတယ်အမေ။အမေ့အ
ပေါ်ကျနော့်ကောင်းကွက်က၊မရှိသလောက်ရှားခဲ့တော့၊ အမေ့အကြောင်းခေါင်းထဲရောက်လာမှာကိုတစ္ဆေခြောက်သလို ကြောက်၊ကြောက်နေတယ်အမေရဲ့။အသက်ကြီးလာလေအမေ့အပေါ်မိုက်လုံးကြီးခဲ့မိတာတွေ ပြန်၊ပြန်သတိရ မိလေပါပဲ။

မိုးကြိုးပစ်ရာထန်းလက်နဲ့ကာဆိုသလို၊အမေဆုံးခါနီးတစ်လကျော်လောက်သာ၊
အမေ့အပေါ်တာဝန်ကျေနိုင်ခဲ့တာတစ်ခုပဲ ကျနော့်မှာဖြေသိမ့်စရာရှိပါတယ်။ ကျနော်ကမ်းကုန်အောင်ဆိုးခဲ့ပါတယ်။

အမေနေပူစပ်ခါးထဲမှာသားသမီးတပြုံတမကြီးနဲ့ရုန်းကန်နေခဲ့ရတာကို
ဂရုမထားပဲ၊အမေ့ဈေးဆိုင်ကပိုက်ဆံတွေခိုးပြီး၊ ဘုံး ဘောလအောလျှောက်သုံးလျှောက်ဖြုန်းပစ်ခဲ့တာ၊
ဆယ်တန်းကျောင်းသားအရွယ်ရောက်တာတောင်၊ဟင်းမကောင်းတဲ့
အကြောင်းပြချက်နဲ့၊အမေကိုယ်တိုင်ပြင်ပေးတဲ့ထမင်းစားပွဲကိုမှောက်လှန်ပစ်ဖူးတာ၊
အိမ်ထောင်ကျတဲ့အထိဖဲဝိုင်းကိုရံဖန်ရံခါရောက်နေတတ်လို့အမေလိုက်လိုက်ခေါ်ရတာ
၊ပြောရရင်တော့အများကြီးပါပဲအမေ။ဒီလောက်အသုံးမကျခဲ့တဲ့သားကို
လူအများရှေ့မှာ ဒါကျုပ်သားပေါ့ဆိုပြီးအမေရင်ကော့ ကြွားခဲ့တာတွေပြန်တွေးမိရင်ကျနော့်လိပ်ပြာကျနော်မလုံပဲရှက်စရာလို့သာ ထင်ပါတော့တယ်။

နောင်တဆိုတာနောင်မှရသတဲ့အမေ၊အခုဆိုအမေ့မြေးကျနော့်သမီးလည်း
အရွယ်ရောက်ပြီးအိမ်ထောင်ကျ၊ကျနော်လည်းဖခင်ဘဝကိုပီပီပြင်ပြင်
ရပြီဆိုကာမှ၊အမေ့ကောင်းကွက်တွေချည်းပြေးသတိရနေတယ်။
ကောင်းပေ့ညွန့်ပေ့ဆိုတဲ့အစားအသောက်တွေစားနေရပေမဲ့၊
အမေ့လက်ရာမလွှပွင့်နဲ့ခရမ်းချဉ်သီးချက်ကိုပဲတမ်းတမိတယ်အမေ၊
ဘယ်အစာတွေဘယ်လောက် ကောင်းကောင်း၊မေတ္တာရနံ့မပါရင်အရသာကင်းမဲ့တာပါပဲ။

အခုကျနော်ရောက်နေတဲ့အရပ်ဒေသဟာ၊ကျနော့်ရေမြေ၊ကျနော့်နိုင်ငံမဟုတ်ဘူးအမေ၊
ကျနော်နေ့စဉ်နဲ့အမျှပြောဆိုဆက်ဆံနေရတဲ့သူတွေဟာလည်း၊
ကျနော်တို့လူမျိုးတွေမဟုတ်တဲ့မျက်နှာစိမ်းတွေမို့နေရထိုင်ရတာ
အတော့်ကိုစိတ်ကသိအောက်ဖြစ်စရာတွေများလှပါတယ်။
ဒါတောင်အမေ့သားကခေတ်ပညာအထိုက်အလျောက်တတ်ပြီး၊
မတောင့်မတမကြောင့်မကျနေနိုင်တဲ့ဘဝမို့သာ၊တော်သေးတော့တယ်။

အင်း၊လွန်ခဲ့တဲ့အနှစ်ငါးဆယ်ကျော်တုန်းက၊စာတလုံးမှမတတ်တဲ့အမေဟာ၊
လင့်မျက်နှာတရွာထင်ပြီး၊မှိုက်ပင်လိုတကဲ့တော
ကြိုအုံကြားကနေ၊ရန်ကုန်လိုမြို့ကြီးပေါ်တက်လာပြီး၊ကြုံလာသမျှလောကဓံခါးစည်းခံရင်း သားသမီးတွေရဲ့ရှေ့ရေး အတွက် အပြုံးမပျက်ခဲ့တာများ၊ အခုနေကိုယ်ချင်းစာစိတ်နဲ့ပြန်တွေးကြည့်ရင်ကြက်သီးတောင်ထမိတယ်အမေ။

(နှစ်)
စေ့စေ့တွေးရေးရေးပေါ်သတဲ့။အမေ့အကြောင်းသတိရစရာတွေကအများသားကလား။
လောကဓံတရားတွေနဲ့ကြုံရ လေ တိုင်း၊အမေစွဲကိုင်အသုံးပြုခဲ့ပြီး၊ကျနော်တို့ကိုပါတဆင့်သင်ကြားပေးခဲ့တဲ့အမေ့ရဲ့
ဘဝဒဿနတွေဟာ၊တော်ရုံပညာရှင်လိုက်မမီတာ အမှန်ပဲအမေ။
ကျနော်ငယ်ငယ်တုန်းကဆိုခါးတဲ့အရသာကိုလွှတ်မုန်းတယ်။
အထူးသဖြင့်ဆေးခါးခါးကြီးတွေသောက်ရမှာသိပ်ဝန်လေးတယ်။

အမေကတော့ခပ်အေးအေးပဲ။ထုတ်တန်းနဲ့လွတ်မလွတ်ခေါင်မိုးပေါ်
ဖျတ်ကနဲမော့ကြည့်ပြီး၊ “ထုတ်တန်းနဲ့ လွတ်တယ်၊ ရော့၊သောက်လိုက်လူလေး၊ဘုရားဆေးတရားဆေးသံဃာ့ဆေး” ဆိုပြီး၊ဇွတ်သောက်ခိုင်းတော့တာပဲ။ဘာတဲ့။ “ရေနဲ့မျှောချလိုက်ရင်၊မခါးတော့ပါဘူး၊လူလေးရောဂါပျောက်ဖို့ကအရေးကြီးတယ်”တဲ့။
ကြက်ဟင်းခါးသီးနဲ့ကြောင်လျှာသီးဟင်းတွေလိုခါးတဲ့ဟင်းတွေ
ကျနော်မစားချင်ပြန်တော့၊အခါးဆိုတာလူနဲ့တည့်သတဲ့။

အမေ့ပို့ချချက်အောင်မြင်လိုက်ပုံများ၊အခုဆိုကျနော်ဟာကြက်ဟင်းခါးသီးကြော်
တောင့်တနေတတ်တဲ့ဘဝကိုတောင်၊ရောက်နေပါပြီကော။နောက်တစ်ခုရှိသေးတယ်။
ကျနော်ငယ်ငယ်ကခေါင်းမှာဒက်တွေအနာစိုတွေခဏခဏပေါက်တတ်တယ်လေ၊
အမေကသင်တုန်းဓားတစ်ချောင်းနဲ့၊ဆံပင်ရိတ်ရင်း၊အနာတွေပါရောပြီး
လှီးချပစ်တော့၊ကျနော်ကငိုမယ်လို့ကြံကာရှိသေး။
”ယောက်ျားဆိုတာမငိုရဘူးလူလေးရဲ့။နာလည်းခဏပေါ့”တဲ့။
ခုနေပြန်စဉ်းစားကြည့်ရင်၊နာတယ်ဆိုတဲ့ဝေဒနာဟာ၊မမြဲဘူးဆိုတာ
သိပ်သေချာတာပေါ့အမေ။

ကျနော်တို့ရန်ကုန်ရောက်ကာစတုန်းက၊အတော်ဆင်းရဲချို့တဲ့တာမို့၊
မိုးသည်းတဲ့ညတွေဆိုအိမ်ခေါင်မိုးကရေယိုတော့၊အင် ဖက်တွေ၊ပလပ်စတစ်တွေနဲ့ဓနိပျစ်တွေမှာလျှောက်ထိုးပြီး၊
ဖာရထေးရတာသတိရမိသေးတယ်။ညဥ့်နက်သန်းကောင်အိပ်လို့ ကောင်းနေတုန်း
မိုးရွာရင်အမေကကျနော့်ကိုနှိုးပြီးအိမ်ခေါင်မိုးဖာခိုင်းရင်၊
ကျနော် သိပ်စိတ်ညစ်တယ်။ အမေနှိုးပုံကတော့ သင်းပါ့။

“မျက်စိအကျင့်ဝမ်းအချင့်တဲ့။ မျက် နှာသစ်လိုက်ရင်လန်းသွားမှာ၊ယောက်ျားကောင်းဆိုတာ၊ ဖျတ်ဖျတ်လတ်လတ် ရှိရတယ်။တစ်ညလုံးဒုက္ခခံမယ်အစား၊ ခဏလေးဇွဲခတ်လိုက်”တဲ့။အမေပြောခဲ့တဲ့မျက်စိနဲ့အစာအိမ်အကြောင်းဟာ၊
သိပ်မှန်တာပဲဆိုတာ၊အခုကျနော်ကောင်းကောင်းကြီး သဘောပေါက်နေပြီအမေ။

ဘာမဟုတ်တဲ့ပြဿနာနဲ့မျက်နှာရှုံ့တွပြီး၊ခိုညည်းသလိုညည်းနေတတ်တဲ့
သူတွေကိုတွေ့ရင်လည်းအမေ့စကားတွေချည်းပြေးပြေး သတိရမိတယ်။ “ပါးရာကပေါက်သွားပါလိမ့်မယ်လူလေးရယ်။စိတ်ဓာတ်ကျတယ်ဆိုတာ၊လူညံ့တွေရဲ့အလုပ်”

(သုံး)
အမေကတော့၊လောကဓံရဲ့ထုထောင်းရိုက်ပုတ်ကလူကျီစယ်တာခံရလေတိုင်း၊
သားသမီးတွေရဲ့ ရှေ့မှာမျက်နှာမညှိုးစေရပဲ၊ အားတင်းပြုံးတွေပြုံးနေတတ်တာကျနော်ခုမှသဘောပေါက်တော့တယ်အမေ။
မထင်မှတ်ပဲ၊အဖေရုတ်တရက်ဆုံးသွားတြဲ့ဖစ် ရပ်ဟာ၊အမေ့ဘဝအတွက် လောကဓံရဲ့ အပြင်းထန်ဆုံးစိန်ခေါ်မှုပေါ့။ လူပျိုပေါက်ဖြစ်နေတဲ့ကျနော်အပါအဝင်၊ ရှိရှိသမျှ ညီအကိုမောင်နှမအားလုံးကတော့၊ မသေချာလှတဲ့ဘဝရှေ့ရေးကိုတွေးပြီးကြူကြူပါအောင်ချုံးပွဲချငိုမိကြတာပါပဲ။ ဒါပေမဲ့ အမေဟာအော်ကြီးဟစ်ကျယ်မငိုခဲ့ဘူး။

ကျိတ်ပြီးလည်းမငိုခဲ့ဘူး။သုံးရက်တိတိငူငူတွေတွေကြီးသာဖြစ်နေခဲ့တယ်။

လောကဓံကိုအဲသလိုအတုမရှိကြံ့ကြံခံနိုင်ခဲ့တဲ့အမေဟာ၊
သားသမီးတွေလူလားမြောက်ပြီးအတောင်စုံချိန်၊ကျည်ကွယ်မျက် ကွယ်ဖြစ်လောက်တဲ့အချိန်မှာတော့၊ လေသံခပ်အေးအေးနဲ့၊
ပုထုဇဉ်ပီပီညည်းဖူးတာကိုလည်းကျနော်အမှတ်ရနေတယ် အမေ။

“မင်းတို့အဖေ၊ကလေးတပြုံကြီးနဲ့၊ရွာမှာအမေ့ကိုထားသွားခဲ့တုန်းက၊
အမေ့မှာအတော် ကသီခဲ့ရတယ်”

အဲသလိုအမေ့ညည်းသံကြားတော့၊ကျနော့်စိတ်ထဲမှာ “သြော်ငါ့အမေလည်းအသက်ထောက်လာတော့စိတ်ဓာတ်တွေ ကျလာ ပြီထင်ပါရဲ့”လို့တွေးမိပေမဲ့၊အဲဒီအတွေးဟာမမှန်ပြန်ဘူး။
(၁၉၈၈)တစ်တိုင်းပြည်လုံးအုံကြွခဲ့ကြစဉ်တုန်းက၊ ကျနော် တို့နေခဲ့တဲ့ရပ်ကွက်အပြင်၊ရန်ကုန်မြို့ရဲ့နေရာအတော်များများကို
၊ရေတပ်သင်္ဘောပေါ်ကနေအမြောက်နဲ့ပစ်မယ်ဆိုတဲ့၊ကောလဟလသတင်း
ထွက်လာတော့၊

“လူမိုက်တွေကိုပစ်တာ မှန်အောင်သာပစ်ပါစေ။ အမေ့ထိချင်ထိပေ့စေ၊ မရှောင်ဘူး” တဲ့။

အမေ့ အာဂ သတ္တိကိုကျနော်ဖြင့်သြချယူရတာပါပဲ။

အမေနဲ့ပတ်သက်ပြီးအမှတ်ရစရာပေါင်းသောင်းခြောက်ထောင်ထဲကနေ၊
ကျနော်သတိတရအရှိဆုံးအထူးခြားဆုံးဖြစ်ရပ်တစ်ခုကိုကျနော်မှတ်မိနေသေးတယ်။
အဲဒါကတော့ ကျနော်တို့လမ်းထိပ်မှာတဲအိုလေးနဲ့နေခဲ့တဲ့ အဖွားအိုဒေါ်မျှင်ရဲ့ကိစ္စပေါ့။

(လေး)
အခုလက်ရှိအချိန်၊လှိုင်မြို့နယ်၊ဘူတာရုံလမ်းထဲက၊(၁၂)လမ်းထိပ်တည့်တည့်
၊အေးရိပ်မွန်အိမ်ယာဟာ၊ကျနော်တို့နေခဲ့တဲ့ဓမ္မသုခလမ်းရှိတဲ့နေရာပေါ့။
(၁၉၇၆)ခုနှစ်၊လွန်ခဲ့တဲ့အနှစ်လေးဆယ်ဝန်းကျင်ဓမ္မသုခလမ်းထိပ်မှာ
ခပ်ကျဉ်းကျဉ်း ရေ မြောင်း လေးရှိတယ်။ ရေမြောင်းကိုဖြတ်ပြီး
အခိုင်အမာထိုးတာတဲ့၊သစ်သားတံတားငယ်တစ်ခုရဲ့ကပ်လျက်မှာ ခနော်နီ ခနော်နဲ့ ယိုင်ယဲ့ယဲ့တဲလေးတစ်လုံးရှိခဲ့လေရဲ့။

အဲဒီတဲပိုင်ရှင်ဟာဒေါ်မျှင်လို့ခေါ်တဲ့အသက်ခုနှစ်ဆယ်ကျော်မုဆိုးမအဖွားအို
တစ်ဦးပါပဲ။ဒေါ်မျှင်နဲ့အတူနေတဲ့တစ်ဦးတည်းသောသမီးမခင်တင့်ဟာလည်း
အသက်ငါးဆယ်ဝန်းကျင်၊ရှိလောက်မယ်ထင်မိတယ်၊
သူ့ခမျာ၊သိပ်ပြီးတော့စိတ်မူမမှန်ရှာပါဘူး။

အဲဒီတဲလေးဟာ၊ဘယ်ခေတ်ဘယ်ကာလကဆောက်ထားတယ်ဆိုတာ
ကျနော်မသိသလို၊သူတို့သားအမိရဲ့ဇာတိပဝတ္တိကိုလည်းကျနော်သေချာမသိပါဘူး။
ကျနော်သတိပြုမိသလောက်တော့သူတို့သားအမိဟာ၊ဆေးရိုးခေါက်
၊ဆေးရွက်ကြီးတချို့ အဲဒီ တဲဝမှာတင်ရောင်းဖူးတယ်လို့ခပ်ရေးရေးမှတ်မိနေတယ်။

အဖွားအိုဒေါ်မျှင်ဟာသူ့သမီးရဲ့ဘဝရှေ့ရေးကိုတွေးပူဟန်တူပါတယ်။
ရှိစုမဲ့စုလေးကိုခြစ်ကုပ်စုဆောင်းပြီးဓမ္မသုခလမ်းထဲက အိမ် လေးတစ်လုံးကိုဝယ်ခဲ့ရှာတယ်။အင်း၊ဖြစ်ချင်တော့ဒေါ်မျှင်ဟာ
အိမ်လေးဝယ်ပြီးတာတောင်သူ့တဲလေးကိုမစွန့်ခွာနိုင်ပဲ အဲဒီအိမ်ကိုအိမ်ငှားတင်သဗျ။အဲဒီအိမ်ငှားကတော့၊ကျနော်တို့ကကိုမုန့်လုံး
လို့ခေါ်တဲ့ကိုထွန်းအောင်တို့မိသားစုပါပဲ။

တိုတိုပြောရရင် ခေတ်တွေစနစ်တွေပြောင်းလာပြီးလမ်းဘေးတဲလေးကို
သက်ဆိုင်ရာက ဖယ်ရှားလိုက်လို့၊ဒေါ်မျှင်ဟာလမ်းထဲက
သူ့အိမ်ဆီမဖြစ်မနေပြောင်းရတော့မဲ့ အချိန်မှာ၊လူလည်ကိုမုန့်လုံးဟာ၊အသာတကြည်ဖယ်မပေးတော့ပါဘူး။

ခေတ်ကြီးကလည်းမဆလခေတ်၊ကိုမုန့်လုံးကလည်းရပ်ကွက်သမ
ခွဲတမ်းကိုယ်စားလှယ်လိုလိုရာထူးနဲ့ဆိုတော့အိမ်ရှင်အိမ်ငှားကိစ္စ
တရားတဘောင်ဆိုင်ဖို့ဆိုတာကလည်းဒေါ်မျှင့်ခမျာမတတ်ရှာနိုင်ဘူးထင်ပါရဲ့။
ဒီလိုနဲ့ဒေါ်မျှင်ဟာကြံရာမရတဲ့အဆုံး၊သူပိုင်ကိုမုန့်လုံးရဲ့အိမ်ရှေ့မှာ
တဲလေးတစ်လုံးဇွတ်ထိုးနေရတဲ့ဘဝရောက်ရရှာပါတယ်။
ထူးဆန်းတာတစ်ခုက ဒီမတရားမှုကို အရပ်ထဲလမ်းထဲမှာ သြဇာအာဏာရှိတဲ့၊ဘယ်လူကြီးတစ်စုံတစ်ယောက်ကမှ၊
ဝင်ရောက်စွက်ဖက်ခြင်းမရှိပဲရေငုံနှုတ်ပိတ် နေခဲ့ ကြတဲ့ကိစ္စပါပဲ။

ဒီလိုအခြေအနေမှာတင်ဒေါ်မျှင်ဟာအသက်ရှစ်ဆယ်ကျော်လာတယ်။
ပိုဆိုးချင်တော့သူ့သမီးဒေါ်ခင်တင့်ဟာ၊ဘာရောဂါနဲ့မှန်းမသိ၊တပိန်ပိန်တလိမ် လိမ်နဲ့ဆုံးသွားရှာပြန်တော့၊အဖွားအိုဒေါ်မျှင်ထမင်းနပ်မမှန်တဲ့
ဘဝရောက်ရောဆိုပါတော့။

တလမ်း လုံးလိုလိုဒေါ်မျှင့်ကိုဂရုဏာသက်ကြရှာပါတယ်။ ဒါပေမဲ့ကိုမုန့်လုံးအရှိန်အဝါနဲ့လူမုန်းမခံချင်ကြတာကြောင့်ထင်ပါရဲ့။
ဘယ်သူမှမကူညီရဲကြပါဘူး။ကိုမုန့်လုံးကတော့ဒေါ်မျှင်ကြီးမြန်မြန်သေပါစေလို့
ဆုတောင်းပေမပေါ့။

ဒီမှာတင်တကဲ့တောသူအနုံအအစာရင်းဝင်တဲ့အမေဟာ၊
ဘယ်ကဘယ်လိုသတ္တိတွေရသလဲတော့မဆိုနိုင်ဘူး။ဒေါ်မျှင်အတွက်နေ့စာရော
ညစာပါသူကိုယ်တိုင်၊တာဝန်ယူပြီးနေ့တိုင်းပို့ပါတော့တယ်။ပြန်နေကျဈေးကနေ
တစ်နာရီလောက်စောပြန်ပြီး၊ကိုယ်တိုင်ပို့တယ်။တချို့ရက်တွေမှာ
ကျနော်တို့ညီအကိုတွေကိုအလှည့်ကျပို့ခိုင်းတယ်။ထမင်းဟင်းထည့်တဲ့
ဇလုံပန်းကန်ကအစ၊သန့်ပြန့်နေမှအမေကြိုက်တယ်။

ကျနော်တို့မိသားစုစားတဲ့ထမင်းဟင်းတွေထဲကပဲခွဲပို့တယ်။အဖွားဒေါ်မျှင်
အသက်ကိုးဆယ်ကျော်မှာ ဆုံးပါးသွားတဲ့အထိ၊ အမေဟာ သူယုံကြည်ရာကို၊ဘယ်သူ့ကိုမှမကြောက်မရွံ့တစိုက်မတ်မတ်
လုပ်ဆောင်သွားခဲ့လေရဲ့။

(ငါး)
ဆင်းရဲသားအားနည်းသူတွေဘက်ကနေရဲရဲတင်းတင်းရပ်တည်ခဲ့တဲ့၊
အမေ့လုပ်ရပ်နမူနာကောင်းဟာ၊အမေ့ရဲ့အထူးခြားဆုံး၊အမြင့်မားဆုံးဂုဏ်ရည်လို့
ကျနော်တင်စားချင်ပါတယ်။အမေ့စိတ်ဓာတ်နဲ့လုပ်ရပ်တွေကို
ကျနော်သိပ်အားကျမိပါ တယ်။လက် ရှိ အခြေအနေမှာ၊လက်လုပ်လက်စား ဆင်းရဲသားတောင်သူလယ်သမားတွေ
ဘဝပျက်နေရတဲ့ကျနော်တို့တိုင်းပြည်ရဲ့ရှေ့ရေး ကတော့၊ရတက်မအေးစရာတွေကြီးပါပဲအမေရာ။

ကျနော်လက်ရှိဘဝဟာမတောင့်မတမကြောင့်မကျရတဲ့အခြေအနေမို့ပြည့်စုံတယ်
လို့ထင်ရပေမဲ့၊ကျနော့်ဇာတိတိုင်းပြည်က တောနေလူတန်းစားတွေ
ဒုက္ခပွေနေရတဲ့အဖြစ်ကိုအဝေးကနေကြားနေသိနေရတော့၊
ကျနော့်စိတ်ထဲမှာ၊မပျော်နိုင်တာ အမှန် ပဲ။

မကြာသေးခင်ရက်ပိုင်းတွေကလက်ပံတောင်းတောင်ဆိုတဲ့အညာဒေသ
ဘက်မှာသေနတ်ပေါက်တဲ့သတင်း၊တောသူတောင်သားတွေသေကြ
ဒဏ်ရာရကြတဲ့သတင်းတွေကို၊တမလွန်ဘဝကအမေသာသိခဲ့ရင်၊
ဘယ်လိုနေရှာမှာပါလိမ့်။မရှိနွမ်းပါးဆင်းရဲရှာကြတဲ့သူတွေရဲ့ အဖြစ်ဆိုးလှတဲ့ဘဝတွေကိုအမေဘယ်လိုကောက်ချက်ချမှာပါလိမ့်။

အစိုးရဘက်ကတော့၊ဒီဖြစ်ရပ်တွေဟာ၊နောက်ကွယ်ကနေသွေးထိုးလှုံ့ဆော်
သူတွေကြောင့်ဖြစ်ရတာမို့၊သူတို့လုပ်ရပ်ဟာတရားသတဲ့အမေ။
အင်း၊သူတို့ပြောတဲ့အတိုင်းသာဆိုရင်ဖြင့်
အမေတောင်သွေးထိုးလှုံ့ဆော်သူစာရင်းမှာ
ပါနေမယ်ထင်ပါရဲ့။

ဒါကြောင့်အမေ့အကြောင်းကျနော်မစဉ်းစားချင်ဘူးလို့ကျနော်ပြောခဲ့တာပေါ့။
ဒီညကျနော်အိပ်မပျော်ပြန်ဘူးအမေ။

ကျွန်ုပ်နှင့်ဖူးခက်မြို့လုံးကျွတ် ပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲကြီး။ .

$
0
0
၁၉ဇန်နဝါရီ၂၀၁၅နေ့ထုတ်ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ ။

ကျွန်ုပ်နှင့်ဖူးခက်မြို့လုံးကျွတ် ပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲကြီး။ .

(တစ်)
‘‘ဒီအတိုင်းဆိုရင်ဖြင့်ထိပ်သီးတွေသိပ်များလွန်းနေပြီဆြာရဲ့။ တော်ရုံခန်းမနဲ့တော့ဆံ့မယ်
မထင်ဘူးနော်’’

‘‘မပူပါနဲ့မောင်၊ ဘောလုံး ကွင်းခပ်ကြီးကြီးဆိုရင်တော့ အဆင်ပြေလောက်ပါတယ်လေ’’

 ‘‘တစ်ယောက်ကိုအနည်းဆုံးတစ်မိနစ်တော့ စကားပြောခွင့်ပေးမှဖြစ်မယ်ဆြာ’’

‘‘ဟကောင်၊ တက်ရောက် မယ့်ထိပ်သီးဦးရေက ငါးထောင် ဝန်းကျင်ဆိုတော့ နင့်အစီအစဉ် အတိုင်းဆိုရင် လနဲ့ချီပြီးကျင်းပရ မလိုဖြစ်နေပြီ’’

‘‘ဒါဆိုလည်း တစ်ယောက် စက္ကန့်သုံးဆယ်  ထားလိုက်ရင် ကောဆြာ’’

‘‘နေဦး၊ စက္ကန့်ခြောက်ဆယ်တစ်မိနစ်၊  မိနစ်ခြောက်ဆယ်တစ်နာရီဆိုတော့  တစ်မိနစ်နှစ်ယောက်၊ တစ်နာရီအယောက် တစ်ရာ့နှစ်ဆယ် ဒါလည်းဟန် မကျသေးဘူးမောင်’’

‘‘ဆယ့်ငါးစက္ကန့်ထက်တော့ပိုလို့မဖြစ်ဘူးထင်ပါရဲ့ဆြာ’’

‘‘ဒါတောင်နှစ်ဆယ့်လေး နာရီ မထစတမ်းထိုင်နိုင်ကြမှဖြစ်မှာ မဟုတ်သေးဘူးမောင်ရ’’

 ‘‘စင်ပေါ်မှာတန်းစီပြီးရယ်ပြခိုင်း၊ ချက်ချင်းဆင်းသွားခိုင်း လိုက်တာအေးပါတယ်ဆြာ’’

‘‘စင်ပေါ်တက်ခိုင်းပြီးမှ ဘာ တစ်ခွန်းမှမပြောရဘဲ ပြန်ဆင်းခိုင်းရင်ကော ကျေနပ်ကြပါ့မလားကွာ’’

ဤသို့လျှင် ကျွန်ုပ်၊ ဖေကြည်၊လေမင်းသားနှင့် ကပ္ပလီတည်းဟူသော ဆြာတပည့်တစ်သိုက်ခေါင်းချင်းဆိုင်၍ မီးတောက်မတတ် ခေါင်းခြောက်နေကြရခြင်း၏ အကြောင်းရင်း နောက်ခံမှာ အောက်ပါအတိုင်းဖြစ်လေသည်။

(နှစ်)

အကယ်၍ သင်သည် ကျွန်ုပ်တို့၏ ဇာတိနိုင်ငံနှင့်အလှမ်းမဝေး လှသော ယိုးဒယားပြည်တောင် ပိုင်း ဖူးခက်အမည်ရှိကျွန်းမြို့ငယ် သို့ အလည်အပတ်ဖြစ်စေ၊ အခြား တစ်စုံတစ်ရာသောအကြောင်းကိစ္စကြောင့်ဖြစ်စေ ရောက်ရှိခဲ့ပါ မူ ထိုကျွန်းမှမြန်မာသူကြီးမင်း၏ အိမ်ရှိရာသို့ လမ်းညွှန်ပါရန်လမ်း ၌တွေ့သူ  တစ်စုံတစ်ယောက်အား မေးမြန်းစုံစမ်းခဲ့သည်ရှိငြားအံ့။   ထိုသူသည် ကျွန်ုပ်နေထိုင်ရာ အိမ် ဂေဟာသို့ ဒက်ခနဲဒုတ်ဒုတ်ထိ အပ်ကျမပ်ကျ ညွှန်ပြပေလိမ့် မည်။ ဤသည်ပင် ကျွန်ုပ်သည် ဖူးခက်မှ မြန်မာရွှေ့ပြောင်းလုပ် သားတို့၏ ထိပ်သီး၊ သူကြီးစစ် စစ်ဖြစ်ကြောင်း ခိုင်လုံသည့် သက်သေသာဓကဖြစ်ချေမည်။

စင်စစ်ကျွန်ုပ်သည်အဆိုပါ သူကြီးရာထူးကို အော်တိုမစ်တစ် နည်းဖြင့် အလိုအလျောက်ရရှိခဲ့သည်ဟုဆိုနိုင်သည်။ ထိုသို့ဖြစ်ရန် အရေးပါလှသည့်အချက်မှာ ကျွန်ုပ်ကဲ့သို့    ပင်ကိုစိတ်ရင်း ကောင်းသူ၊ စေတနာကြီးသူ၊ ရုပ်ရည်လက္ခဏာအားဖြင့်တင့်တယ်ခံ့ညားသူတစ်ဦးအနေဖြင့် အဆိုပါသူကြီးရာထူးအတွက် အများ သဘောတူခြင်း၊ မတူခြင်းသည် ရေးကြီးခွင်ကျယ်သဘောထားရန်   ကိစ္စတစ်ရပ်မဟုတ်သော ကြောင့်ဖြစ်နိုင်လေ၏။ ထို့အပြင်ဖူးခက်ရောက်မြန်မာတို့သည် နေ့စာ၊ ညစာအလျဉ်မီရေးအတွက် ထိုင်းအလုပ်ရှင်တို့စေခိုင်းသမျှ နေ့ရော၊ ညပါ ဇောက်ချလုပ်ကိုင်နေရသဖြင့် ခန္တီတည်းဟူသောသည်းခံခြင်းတရားလွန်စွာလက်ကိုင်ထားကြလျက် ဘာ သိဘာသာ၊ရေလိုက်ငါးလိုက်နေတတ်ကြခြင်းသည်လည်း ကျွန်ုပ်ဖူးခက်သူကြီးဖြစ်ရခြင်း၏ အကြောင်းရင်းတစ်ရပ်  ဖြစ်နိုင်ချေသေးသည်။

ထို့အတူ ဖူးခက်မြို့ကြီးတွင် ထိုင်းပုလိပ်၊ ထိုင်းကလေး၊ ထိုင်းခွေးပါမကျန် မြင်မြင်သမျှ ကြောက်လန့်နေရသော မြန်မာတို့အဖို့သူကြီးရာထူးအတွက် ပွင့်လင်းမြင်သာ ရေရာသေချာသော  ရွေးကောက်တင်မြှောက်မှု တစ်စုံတစ်ရာလိုအပ်သည်ဟု မည်သူတစ်ဦးတစ်ယောက်ကမျှ စကားဟဟ မဆိုရဲကြလေ။ ထိုနည်းတူ ဖူးခက်မြို့တွင် နှစ်ပရိစ္ဆေဒကြာမြင့်စွာ ထိုင်းပုလိပ်တို့၏ အားကိုးဖြင့် လူတွင်ကျယ်လုပ်နိုင်ခဲ့သူ ကျွန်ုပ်၏အရှိန်အဝါ၊ ဩဇာကို ကြောက်ရွံ့ကြသည်လည်း ဖြစ်နိုင်ပြန်၏။

ထိုထိုသောအကြောင်းများ ကြောင့် ကျွန်ုပ်၏သူကြီးရာထူးနှင့် စပ်လျဉ်း၍ တရားမျှတထိုက်တန် ခြင်းရှိ၊ မရှိ အချေအတင်ဆွေးနွေးရန် အကြောင်းတစ်စုံတစ်ရာ မပေါ်ပေါက်လေရာ အများသဘောတူပြီးဖြစ်သည်ဟုယူဆရန်၊ အကြောင်းလုံလောက်ပြီဟု သာ ယူဆရန်ရှိပေတော့သည်။

(သုံး)

 ဤသို့လျှင် ထိုင်းပုလိပ်၊ထိုင်းသူဌေးတို့နှင့် ပလဲနံပသင့် ရုံမျှမက လက်ပါးစေအဖြစ် မြန်မာလူလည် အချို့ကိုပါ စည်းရုံးထားနိုင်သည့် ကျွန်ုပ်သည် ဖူးခက်ရောက်မြန်မာတို့အပေါ် ဩဇာညောင်းလာခဲ့သည်မှာ ငါးနှစ်ဝန်းကျင်မျှပင်ပြည့်ပေတော့မည်။ သို့သော် ယခုရက်ပိုင်းကာလများအတွင်း ကျွန်ုပ်စိတ်နှလုံးအားကြိမ်မီးအုံးသကဲ့သို့ ညှိုးချုံးစေလျက် နေမထိထိုင်မသာဖြစ်စေသည့် သတင်းစကားတစ်ရပ် ပေါ်ထွက်လာခဲ့လေသည်။ ယင်းကားဖူးခက်ရောက်မြန်မာတို့ရှေ့ရေးအတွက် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲကျင်းပရေးဟူသတည်း။

  ကျွန်ုပ်မူကား အဆိုပါ သတင်းစကားကိုကြားရပြီဆိုကာ မျှဖြင့် ငယ်ထိပ်မြွေပေါက်၊ ခေါင်းကိုဆင်နင်းသည့်ပမာ၊ ထိတ်ထိတ်ပျာပျာ အသည်းတုန်အူတုန်ဖြစ်ရ ချေသည်။ အဆိုပါထိပ်သီးဆွေး နွေးပွဲကျင်းပရေးသည် ကျွန်ုပ်ထံ တစ်စုံတစ်ဦးမှ ညွှန်ကြားလမ်း ညွှန်လာခြင်းမူကားမဟုတ်။ ပြားလာသော ကမ္ဘာကြီးတွင် ဖူးခက် ရောက်မြန်မာများအနေဖြင့် အထိုက်အလျောက်ပွင့်လင်းလာ သော အသိအမြင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အချို့၏ တွန်းအားပေးမှုများနှင့် ဖူးခက်မြန်မာ့အရေး၊  အလုပ်သမားအရေးလှုပ်ရှားတက်ကြွသူများ၏ ဆော်ဩလှုံ့ဆော်မှုများကြောင့် ဖြစ်တန်ရာ၏။

 တရားဥပဒေစိုးမိုးမှုကင်းမဲ့ လေသည့် သေနတ်သမားတို့ရမ်း ကားလှသော
ဤဖူးခက်အရပ် တွင် ကျွန်ုပ်ကိုယ်တိုင် ကိုယ်ထိ လက်ရောက်မပါဝင်ခဲ့သော်ငြား တိတ်တဆိတ်ရေငုံနေခဲ့ရသည့် မြန်မာအသိုင်းအဝိုင်းမှ သေမှုသေခင်း အမှုခြင်းရာတို့များပြားလှ၏။ မြန်မာလူထုငြိမ်ဝပ်ပိပြားရေးအလို့ငှာ ထိုင်းပုလိပ်၊ ထိုင်းမာဖီးယားတို့နှင့် ကျွန်ုပ်လက်ဝါးချင်းရိုက်ခဲ့ဖူးသော ခြေလွန် လက်လွန်ကိစ္စရပ်မြောက်မြားစွာရှိခဲ့၏။ အသို့လျှင် ကျွန်ုပ်၏နှလုံးစိတ်ဝမ်းချမ်းမြေ့နိုင်ပါအံ့နည်း။

ထိပ်သီးတွေ့ဆုံရေးသတင်း သည် ဟိုမှသည်မှ ထွက်ပေါ်လာ ပြီးသည်၏  နောက်ဆုံးတွင်မူ ကျွန်ုပ်၏  လက်ရင်းတပည့်များ နှုတ်ဖျားသို့တိုင်ရောက်ရှိလာခဲ့ချေသည်။

(လေး)

    ‘‘မြန်မြန်ဆိုင်လိုက်ရင် ကောင်းမယ်ဆြာ၊ နှစ်ပွင့်ဖြစ်ဖြစ်သုံးပွင့်ဖြစ်ဖြစ်ပေါ့’’

‘‘အမှန်က၊ ဘယ်ထိပ်သီး တွေမှဆုံစရာမလိုဘူးခင်ဗျ၊ ဆြာနဲ့ မြန်မာလူမျိုးထိုင်းကြမ်းပိုးမာဖီးယားတွေ  စေတနာမှန်မှန်နဲ့ ပွင့်လင်းမြင်သာလိုက်ရင်ကိစ္စ ပြတ်နေတာပဲဆြာ’’

  ‘‘ဖူးခက်မြန်မာအလုပ် သမားတွေဘက်ကပါချင်သပဆို ရင် သူတို့ဘက်က အရာရောက် တဲ့သူတစ်ယောက်ထွက်ပလေ့စေ ပေါ့ဆြာရယ်’’

သင်းတို့ဉာဏ်တစ်ထွာတစ် မိုက်မျှဖြင့် အရမ်းကာရော ထင် မြင်ချက်ပေးနေကြသည့် တပည့် တို့ကား ဆြာ့ရင်တွင်းမှ အပူကို မသိနားမလည်ကြရှာလေယောင် တကား။ ကျွန်ုပ်စိတ်အတွင်းမှာမူ မြန်မြန်ဆိုင်လိုက်ရင်၊ ငါကာလနာ မြန်မြန်တိုက်လေဖြစ်တော့မပေါ့ ဟ ငတုံးတွေရဟုသာ တိတ်တခိုး ရေရွတ်မိသော်ငြား  သင်းတို့အား တဲ့တိုးဖွင့်ဟပြောဆိုရန် မသင့် လျော်သောကြောင့် အလိမ္မာနည်းသုံးရ၏။ သို့မှသာ ကျွန်ုပ်၏လုပ် ဖော်ကိုင်ဖက်များဖြစ်သော ပတ်စ်ပို့ပွဲစား၊ ငွေလွှဲလုပ်စားသူ ခေါင်း ပုံဖြတ်အမြတ်ကြီးစားတို့ ဘဝ ရှေ့ရေးဖြောင့်ဖြူးသာယာပေလိမ့်မည်။ ထို့အတူ ကျွန်ုပ်၏ အားထုတ်မှုကြောင့် ဖူးခက်ရောက်မြန်မာတို့၏ ဘဝတိုးတက်မြင့်မားလာရလေဟန်
စတိုင်ဆက်၍ ထုတ်နိုင်ပေလိမ့်မည်။

   ‘‘မောင်တို့ဆြာအနေနဲ့ လည်း  အမြန်ဆုံးဖြစ်တဲ့နည်းနဲ့ ဆိုင်လိုက်ချင်ပါသော်ကော
အနို့ ပေသိ… ’’

‘‘ဘာနို့မှလုပ်မနေပါနဲ့ဆြာ ရယ် အများအတွက်ကောင်းမယ့် အလုပ်ပဲဥစ္စာ’’

‘‘ဒီလိုပါကွဲ့၊ ငတို့ဆွေးနွေး ရာမှာ ထိပ်သီးမှန်သမျှအကုန်ပါမှ သင့်လျော်မလားလို့ပါ။ မတော် တဆကျန်များနေခဲ့ရင် သူတို့ကိုစာရင်းမသွင်းသလိုဖြစ်နေမှာပေါ့’’

‘‘ဒါလည်းမခက်ပါဘူးဆြာ၊ လေး၊ ငါး၊ ခြောက်ပွင့်တန်သည်ဒင်ဆိုတဲ့သူတွေရွေးပြီး
ဆိုင်လိုက်ရုံပေါ့’’

‘‘လူစုံတက်စုံဆိုတော့ပိုများ ကောင်းမလားလို့ပါလေ’’

ဤတွင် တပည့်ကျော်တို့၏ မျက်နှာသည်ရုတ်ခြည်းပြိုင်တူ တွေခနဲဖြစ်သွားကြရင်း
တစ်စုံ တစ်ရာကိုအလေးအနက် သဘော ပေါက်နားလည်သွားကြဟန်ရှိ၏။

‘‘ဩော်.. ဆြာရယ် ဘာများလဲလို့ လက်စသတ်တော့.. ’’

‘‘ဆြာတပည့်ချင်း ရှင်းရှင်း ပြောလည်းရပါတယ်ဆြာရဲ့’’

‘‘ပေါက်ပါပြီဆြာ၊ ကောင်း ကောင်းကြီးပေါက်ပါပြီ’’

ကျွန်ုပ်ကား အထွေအထူး စကားမဆိုတော့ဘဲ ငါးသလောက် ပြုံးသာပြုံးလျက်နေလိုက်၏။

(ငါး)

ထို့နောက်တွင်ကား တပည့်ကျော်တို့သည် ဖူးခက်ရောက် မြန်မာတို့၏ရှေ့ရေးကို ဆယ့်သုံး ပွင့်ခန့်ဆိုင်မှကောင်းမည့်ဟန် အသံဟစ်ကြ၏။ ထိုအခါထိပ်သီး စာရင်းတွင်
မပါဝင်သူတို့၏ မကျေ မချမ်းအသံတို့ကို ကြားလာရ၏။ ထိုအချိန်တွင်
တပည့်ကျော်တို့ သည် ထိပ်သီးအပွင့် လေး၊ ငါး၊ ဆယ်တန်သည်ဆွေးနွေးရန်
အသံပြုကြပြန်သည်။

နောက်ဆုံးတွင်ကား ဖူးခက် ရောက်မြန်မာများအားလုံးလိုလို
ထိပ်သီးစာရင်းဝင်များဖြစ်ကြ လျက်  အထက်အစ ကနဦးတွင်
 ဖော်ပြခဲ့သည့်အတိုင်း ဆြာတပည့် တစ်သိုက်ခေါင်းချင်းရိုက်၍ ထိပ် သီးအစည်းအဝေးပွဲကြီးအောင် မြင်စွာ ကျင်းပနိုင်ရေးအတွက် စီမံစိုင်းပြင်းကြရခြင်းဖြစ်လေသတည်း။

ထိုသို့ဖြင့် ဖူးခက်မြို့လုံးကျွတ်အပွင့်ဆိုင်ထိပ်သီးအစည်း အဝေးကြီးကို
စဖန်ဟင်းအရပ်ပင် လယ်ကမ်းခြေရှိ ဧရာမဘောလုံး ကွင်းကြီးတွင်ကျင်းပရာ
ဖူးခက် မြို့ ရိုတီလှည်းများသမဂ္ဂ၊ တလ စွပ်ဈေးချယ်ဂါလီတွန်းသူများ အစည်းအရုံး၊ ထိုင်းရဲနှင့်ဝေစား မျှစား သတင်းပေးကြသူများ အစည်းအရုံး၊
ကွတ်တီရိုဆိုင်စားပွဲထိုးများ အင်အားစု၊ နိုက်ကလပ် လုံခြုံရေးမြန်မာညစောင့်များ အဖွဲ့၊ ပတ်စ်ပို့ပွဲစားများကော်မတီ ဖူးခက်ကူလီပေါင်းစုံအသင်းချုပ်၊ မြန်မာသံရုံးဆိုင်ရာ ဗာဟီရပွဲစားများကော်မတီ၊ မြန်မာကာကာဆိုင် များအသင်း(ဖူးခက်)၊ ငွေလွှဲငွေပို့ သူများညီညွတ်ရေးတပ်ပေါင်းစု၊အာစီယံ (ခေါ်)
အပန်းဖြေဆေး ဝါးသောက်သုံးသူများ(ယာယီ) အဖွဲ့ချုပ်၊
ညနေတိုင်းမူးသူများ အဖွဲ့ ဟိုတယ်တံမြက်စည်းလှည်း သူများတပ်ဦး၊  ဖူးခက်ရောက် မြန်မာတိုင်းရင်းသားများပါတီ၊
 ထိုင်းသူဌေးလက်ပါးစေမြန်မာ များအစည်းအရုံး၊
အဝေးရောက် ယမကာသမားများသမဂ္ဂ၊ ထိုင်း- မြန်မာမာဖီးယား ချစ်ကြည်ရေးအဖွဲ့အစရှိသည်တို့မှ ထိပ်သီးအင်အား
ငါးထောင်ကျော်ခန့် တစ်ခဲနက်တက်ရောက် ကြလေ၏။

အစည်းအဝေးစတင်သည် နှင့် တက်ရောက်လာသောထိပ်သီးခေါင်းဆောင်တို့သည်
စင်ပေါ်သို့ တန်းစီတက်ရောက်ကာ တစ်ဦးချင်းပြုံးပြ၊ သွားဖြဲကြလျက်
ဓာတ် ပုံအရိုက်ခံကြ၏။ ကျွန်ုပ်ကား သဘာပတိကြီးအနေဖြင့် ထိပ်သီး တစ်ဦးချင်းအား ပြုံးရွှင်သောမျက် နှာပေးဖြင့် လက်အန်သေမတတ် လက်ဆွဲနှုတ်ဆက်နေရ၏။
ထိပ် သီးစာရင်းဝင် လူတန်းရှည်ကြီးမှာ ဘောလုံးကွင်းဖုန်တစ်လုံးလုံး အကြားတွင်ရှုမျှော်မဆုံးရှိနေ၏။

စင်ပေါ်တက်တန်းစီသွားဖြဲ ပြန်ဆင်းလုပ်နေကြသူ ထိပ်သီးဦး ရေ ၂၀၀ မပြည့်မီမှာပင် မည်သည့် နေရာမှအသင့်စောင့်ဆိုင်းနေ သည်မသိရသော ထိုင်းရဲပတ္တ ရောင်ကားများအရေးပေါ်အချက် ပေးဥဩသံများနားကွဲမတတ်ဆူ ညံလျက်ရောက်ရှိလာကာ ထိပ်သီးတွေ့ဆုံပွဲကြီးကို လေးဖက် လေးတန်မှပိတ်ဆို့ဖမ်းဆီးလေ တော့သည်။

ဖူးခက်မြန်မာ့ထိပ်သီးတို့ ကား ထိုင်းပုလိပ်အဝိုင်းခံရသဖြင့်
ဖရိုဖရဲခြေဦးတည့်ရာသို့ ပြေးကြ ရ၏။ ထိုသို့ပြေးလွှားပုန်းရှောင် ရင်း
 ဟောဟဲလိုက်နေကြဆဲမှာ ပင် ကျွန်ုပ်နှင့်ပက်ပင်းတိုးမိသူ အချို့က
 နောက်တစ်ကြိမ်မည် သည့်ရက်တွင် ထိပ်သီးတွေ့ဆုံပွဲ ရှိသည်ကိုကြိုတင်အကြောင်း ကြားပါရန် မေတ္တာရပ်ခံနားပူကြ ပြန်လေသေး၏။

မည်သို့ပင်ဆိုစေကာမူ တစ် ပွင့်မှမဆိုင်ချင်သော ကျွန်ုပ်၏ ဆန္ဒပြည့်ဝခဲ့လေပြီ။
အကြံပိုင် အကွက်ရွှေ့ကောင်းလှသော တပည့်ကျော်တို့၏ အချိန်ဆွဲ ဇယားရှုပ်အောင်လုပ်သည့်မဟာ ဗျူဟာအောင်မြင်သည်ဟုဆိုရ မည်။ သို့သော် ဆန့်ကျင်ဘက်အင်အားစုတို့ကမူ အနှစ်သာရမရှိ သောဆွေးနွေးပွဲ ရလဒ်ကောင်း မထွက်သောထိပ်သီးတွေ့ဆုံမှု ဟူ၍ အမနာပ ပြောကြပေလိမ့်ဦး မည်ကို ကျွန်ုပ်ကောင်းစွာသဘော ပေါက်လျက်ရှိပါ၏။
ထိုင်းပုလိပ် တို့အနေဖြင့် ဖူးခက်ထိပ်သီးဆွေး နွေးပွဲကြီးအား အချိန်ကိုက်အင်အားသုံးဝင်ရောက်စီးနင်းပေးပါရန် ကျွန်ုပ်အနေဖြင့်
တပည့်ကျော်တို့မှတစ်ဆင့် စဖန်ဟင်းရဲစခန်း သို့ ထိုင်းဘတ်ငွေသုံးသောင်းတိတိ လက်ဖက်ရည်ဖိုးပေးခဲ့ရခြင်းကိုသင်းတို့မသိ၍သာ တော်ကာကျ ပေတော့သည်။  ။

နေမျိုးဇင်(သို့မဟုတ်)စနစ်ဆိုးကိုအံတုသူ ။

$
0
0

၁၉ဇန်နဝါရီ ၂၀၁၅ရက်နေ့။ဧရာဝတီသတင်းဌာနမှ ။ ။

နေမျိုးဇင်(သို့မဟုတ်)စနစ်ဆိုးကိုအံတုသူ ။ ။

(မင်းဒင်)

နိုင်ငံတကာဧည့်သည်တို့ ဥဒဟိုဝင်ထွက်ကြလျက် စည်ပင်ဖွံ့ဖြိုးနေသည့် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ကြီးတွင် ကျနော်သည် အချိန်ကာလအများစုကို အခန်းအောင်းရင်း ကုန်လွန်စေရသူဖြစ်ပါသည်။

စာဖတ်ခြင်း၊ စာတိုပေစရေးသားခြင်း အွန်လိုင်းမိတ်ဆွေတချို့နှင့် အွန်လိုင်းတွင်အချီအချ အပြန်အလှန် ဆွေးနွေးခြင်း စသည့် ပြုမြဲအလုပ်တို့ဖြင့်သာ ပျင်းရိငြီးငွေ့ဖွယ် ကာလများကို ဖြတ်ကျော်နေသူဖြစ်၏။

ဆိုလိုသည်မှာ ကမ္ဘာလှည့်ခရီးသည်များက နိဗ္ဗာန်ဘုံဟု တင်စားခေါ်ဝေါ်ကြသည့် ဖူးခက်တွင် နေထိုင်သော ကျနော်သည် အပြင်ထွက်ခဲသူဖြစ်၏။

သို့သော် ဧည့်သည်ငတ်နေသူပီပီ မြန်မာမိတ်ဆွေတချို့ ဖူးခက်မြို့ဆီသို့ အလည်အပတ် လာရောက်သည့် သတင်းကြားလျှင်မူ မည်သည့်နေရာတွင် တည်းခိုသည်ဖြစ်စေ တကူးတက သွားရောက်တွေ့ဆုံလေ့ရှိသည်။

ကျနော့်ဇာတိနိုင်ငံ၏ အခြေအနေအရပ်ရပ်ကို နားနှင့်ဆတ်ဆတ် ကြားလိုသည့်ဆန္ဒနှင့် မြို့ခံတယောက် အနေဖြင့် တတ်နိုင်သမျှ ဝတ္တရားကျေလိုသည့် စိတ်အခံကြောင့်ဖြစ်၏။

“ကိုနေမျိုးဇင် ဖူးခက်ကို ရောက်နေတယ် အစ်ကိုကြီး။ သူလည်း တွေ့ချင်တယ်ပြောနေတယ်၊ ဘယ်အချိန်အားတုန်း”

“အားပါတယ်။ ဒီညပဲတွေ့တာပေါ့ကွာ”

လွန်ခဲ့သော သုံးလခန့်ကမူ ပါတောင်ကမ်းခြေမှ ဟိုတယ်ဝန်ထမ်း မောင်နိုင်က ကျနော့်ထံ တယ်လီဖုန်းဆက်လာခဲ့ရာ အထက် ဖော်ပြပါအတိုင်း ဝမ်းမြောက်ဝမ်းသာ ကျနော် တုန့်ပြန်ခဲ့မိသည်။

ကျနော်သည် ကိုနေမျိုးဇင်နှင့် လူကိုယ်တိုင် မဆုံခဲ့ဖူးသော်ငြား အွန်လိုင်းတွင် ဆုံ၍မာကြောင်းသာကြောင်း
တခွန်းစနှစ်ခွန်းစ ပြောဆိုခဲ့ဖူးပါ၏။

သူ့ဘဝသူ့အကြောင်းနှင့် သူ့လုပ်ဆောင်ချက်များအပြင် သူ့ကို ထောက်ခံအားပေးသူများနှင့် သူ့ကိုဆန့်ကျင် အပုပ်ချ တိုက်ခိုက်နေကြသူများ၏ အသံဗလံမျိုးစုံကိုလည်း မီဒီယာများမှတဆင့် ကြားသိနေခဲ့၏။

မှန်ရာကိုဝန်ခံရလျှင် ထိုသို့ကြားသိနေခဲ့သမျှ အခြေအနေအပေါ် မူတည်၍ သူမည်သို့သော လူစားမျိုးဖြစ်သည်
ကျနော် ယတိပြတ်ကောက်ချက် မချနိုင်ခဲ့ချေ။

ထို့ကြောင့် သူနှင့်မျက်နှာချင်းဆိုင် စကားပြောရင်း သူ့စိတ်ဓာတ် သူ့စရိုက်ကို
ကောင်းလေစွဟု မျှော်လင့်ခဲ့ဖူးသည်။ ယခုမူ တိုက်တိုက်ဆိုင်ဆိုင်ပင် သူ ဖူးခက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့လေပြီ။

ထိုသို့လျှင် ကျနော်နှင့် ကိုနေမျိုးဇင် ဖူးခက်မြို့မှ နာမည်ကျော် စင်ထရယ်ကုန်တိုက်ကြီး Central Festival ၏ တတိယထပ်  Wine conection အနောက်တိုင်း စားသောက်ဆိုင်တခုမှာ ပထမဦးဆုံးအကြိမ် လူချင်းဆုံမိခဲ့ကြသည်။

အဖော်အဖြစ် ဟိုတယ်မန်နေဂျာ ကိုကျော်ကျော်ခိုင်နှင့်အတူ ချိန်းဆိုထားသည့် စင်ထရယ်ကုန်တိုက်၏
ပထမထပ်ရှိ ရွေ့လျားစက်လှေခါး ခြေရင်းတွင် လူချင်းဆုံမိသည်နှင့် ကျနော် ပထမဆုံး အကဲခတ်မိသည်မှာ
သူသည် တောသားမြို့ရောက်ဟူသော စကားကို သတိရစရာ ကောင်းပါသည်။ သူသည်အရပ် အမောင်း အတန်မြင့်၏။

အသက်လေးဆယ်ဝန်းကျင်ဟု ခန့်မှန်းနိုင်ပြီး စစ်ဗိုလ်လူထွက်ဖြစ်၍ထင့်၊ လှုပ်ရှားသွားလာမှု မြန်ဆန်သွက် လက်သည်။

ဘန်ကောက်နှင့် စင်ကာပူသို့ သူရောက်ဖူးသည်ကို ကျနော်သိနေသည့်တိုင် အတန်ငယ် ခန်းနားသော ဝန်းကျင်အခြေအနေကို သူစိတ်အိုက်လျက် ရှိပုံရသည်။

ကိန်းကြီးခန်းကြီး မနေတတ်သည့် ရိုးရှင်းသော သူ့စိတ်ဓာတ်ကို သူ့စကားများက သက်သေခံလျက်ရှိ၏။

“ကိုနေမျိုးဇင် ခင်ဗျားကြိုက်တာမှာနော်”

“ကျနော်ဘာမှ မမှာတတ်ပါဘူး၊ အဆင်ပြေမယ်ထင်တာသာ လုပ်ပါ”

“ဝိုင်တော့နည်းနည်း သောက်လို့ရမယ် ထင်ပါရဲ့”

“ကျနော်ဟိုတုန်းက အရက်နဲ့မကင်းခဲ့ပါဘူး၊ အခုကျနော်လုပ်နေတဲ့အလုပ်နဲ့ မကိုက်လှတာမို့ မသောက်ပါရစေနဲ့”

“ခင်ဗျားအတွက် ဥရောပအစားအစာတခုခု Set Menu နဲ့ မှာလိုက်မယ်”

“ဟာ … ကျနော် ဓား၊ ခရင်းနဲ့ ဇွန်းတွေ ကောင်းကောင်း မကိုင်တတ်ဘူးနော်”

သူဟန်ဆောင်နေခြင်း မဟုတ်ကြောင်း စားသောက်ဝိုင်းမှာ သူ့လှုပ်ရှားမှု မှန်သမျှ အသေးစိတ်လေ့လာ အကဲခတ်နေသည့် ကျနော်အနေဖြင့် အတန်ငယ် စိတ်မကောင်းဖြစ်မိသည်ကား အမှန်။

ထိုင်းနိုင်ငံ အနှံ့အပြားသို့ ပြဲပြဲစင်အောင် ရောက်ခဲ့သည့် ကျနော်သည် ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက်နှင့် ရနောင်း အပါအဝင် ထိုင်းနိုင်ငံ မြို့ကြီးအတော်များများတွင် ပြည်ပရောက် အတိုက်အခံ တော်လှန်ရေး ခေါင်းဆောင်ဆိုသူများ၊ အဝေးရောက် အဖွဲ့အစည်း အသီးသီးတို့မှ တာဝန်ရှိသူအများအပြားနှင့် ကျနော် ကြိမ်ဖန်များ စွာဆုံခဲ့ဖူးလေရာ အများစုမှာ ဟိတ်ကြီးဟန်ကြီးသည့် လူစားတို့များသာတည်း။

ကိုနေမျိုးဇင်ကား ထိုသူတို့နှင့် လုံးလုံးလျားလျား ကွဲပြားလျက်ရှိ၏။ ဖူးခက်တွင် သူရှိနေခဲ့သောရက်များအတွင်း သူသည် ဖူးခက်မြို့အနှံ့မှ မြန်မာရွေ့ပြောင်း အလုပ်သမားအကြားမှာ သူပျော်နေခဲ့သည်။

ရွေ့ပြောင်း အလုပ်သမားတို့ကလည်း သူ့ကို ဝမ်းသာအားရ နွေးထွေးစွာ ကြိုဆိုကြသည်။ ထိုရက်ပိုင်းများအတွင်း ဖေ့စ်ဘွတ်အွန်လိုင်း စာမျက်နှာတချို့တွင် နေမျိုးဇင် ဖူးခက်ကမ်းခြေမှာ အလှူငွေတွေနှင့် အပျော်လိုက်နေပြီဆိုသည့် အခြေအမြစ် မရှိသည့် အမနာပ သတင်းအချို့ကို လည်းဖတ်ရှုရသည်။

ရေးသားကြသူများ အများစုမှာ ကိုနေမျိုးဇင် ကျင်လည်ခဲ့သော တပ်မတော် အဝန်းအဝိုင်းမှပင် ဖြစ်ကြ၍  သူခိုးက လူပြန်ဟစ် ဟူသော စကားကို အမှတ်ရစရာ ကောင်းလှသည်။

မြန်မာပြည်၏ ခေတ်ဆိုးခေတ်ကြပ်ကြီးကို ဖန်တီးခဲ့ကြသော လက်သည်တရားခံတို့သည် ကိုနေမျိုးဇင်အား ယင်းတို့နှင့် ကြံရာပါ မဖြစ်ခြင်းအတွက် အမျက်ဒေါသ ချောင်းချောင်းထွက်ကြဟန် ရှိသည်။

သိက္ခာမဲ့စွာ အပုတ်ချခြင်းကို ထောက်ချင့်၍ သူ့အပေါ် ရန်ငြိုးသိုမှု ပြင်းထန်လှကြောင်း ထင်ရှားသည်။

သူ ဆန့်ကျင်ရုန်းထွက်ခဲ့သော ဝန်းကျင်သည် အမိန့်နာခံမှု အစဉ်အလာကြီးမားသော မြန်မာနိုင်ငံကို ဆင်းရဲတွင်း နက်စေခဲ့သော စစ်ဝါဒီတို့ ကြီးစိုးရာအရပ်ဖြစ်၏။

သူသည် အားပြိုင်မှု နှစ်ခုကြားက လူဖြစ်၏။ လူထု ရွံ့ရှာမုန်းတီးနေသည့် အုပ်စု၏ မျက်နှာစာဘက်မှသည်  လူထုဘက်တော်သား အဖြစ် ကူးပြောင်းခံယူခဲ့သူ ဖြစ်သည်။

ဤအတွက် သူ့အပေါ် တဖက်စောင်းနင်း ဝေဖန်တိုက်ခိုက်မှုများမှာ အလေးအနက် စေ့ငုလျှင် ထူးလျက်နှင့် ဆန်းသည်ဟု မဆိုသာလေ။

နေမျိုးဇင်ကို ဆင်းရဲနွမ်းပါးလှသော ရေနံဝန်ထမ်း အဘဦးငွေဇင်၊ မိခင်ဒေါ်ခင်သီတို့မှ ခရစ်သက္ကရာဇ် ၁၉၇၅ ခုနှစ် ဇွန်လ ၁၀ ရက်တွင် ရန်ကုန်မြို့၌ဖွားမြင်ခဲ့သည်။

သူသည် မြန်မာ့တပ်မတော်တွင် ဗိုလ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး မိမိ၏ သဘောဆန္ဒအလျောက် တပ်မှ နှုတ်ထွက်ခဲ့သူဖြစ်၏။

သူ ဖြတ်သန်းခဲ့သည့် သူ့ဘဝပုံရိပ်ကို သူကိုယ်တိုင် စာပန်းချီခြယ်ခဲ့ရာ သူ့စိတ်ဓာတ်သူ့စရိုက်ကို သူ့စာများမှတဆင့် အကဲဖြတ်နိုင်၊ လေ့လာနိုင်သည်။

“ကျနော်ဆိုသော လူသေးသေးလေးကို မွေးမွေးချင်းကပင် လောကဓံက ခပ်ကြမ်းကြမ်း ကြိုဆိုခဲ့ပါသည်။ မျက်စိကောင်းစွာ မမြင်သော အမေစုဆိုသည့် ၀မ်းဆွဲသည် အဖွားအိုက မိခင်ဝမ်းမှ ကျွတ်လွတ် မွေးဖွားလာသော သားကင်းငယ်လေးကို လက်ဖြင့် ဖမ်းမမိလိုက်၊ လွတ်ထွက်သွားသည်။ ဒုန်းကနဲ ကွပ်ပျစ်ပေါ် တစုံတခု ပြုတ်ကျသံနှင့်အတူ ကလေးတဦး၏ ၀ါးကနဲ စူးရဲစွာ အော်ငိုသံကြားမှ ကလေး မွေးသွားပြီကို သိလိုက်သည်”

“လူမှန်းသိတတ်စ ငါးတန်း ခြောက်တန်းအရွယ် ကလေးဘ၀ ကျနော့် ပုံရိပ်တွေကတော့ ချွေးနဲ့ မောပန်း နွမ်းနယ်မှုတွေနဲ့ အပြည့်နဲ့ပေါ့လေ။ မုန့်လုံးကြီး အကြော်သည် မိခင်ကြီးအတွက် မနက်သုံးနာရီဆို ဆယ့်တစ်နှစ်သားလေး ကျနော်လည်း အိပ်ရာကထနေရပါပြီ။ မုန့်လုံးကြီးကြော်၊ ပဲကပ်ကြော်၊ ဗယာကြော် စတာတွေကို လဘက်ရည်ဆိုင်တွေအတွက် ဖောက်သည်ပေးပို့ဖို့ အစောကြီး ထကြော်ခဲ့ရတဲ့ မိခင်အတွက် ကျနော်ဟာ နေ့စဉ်မီးမွှေး ဆီအိုးတည် မုန့်လုံးပေးခဲ့သူပါ။ ကျောင်းမသွားခင် အလုအယက် လမ်းတကာ့လမ်း လျှောက်သွား၊ ဗန်ဒါပင်လေးတွေက အရွက်လေးတွေကို လိုက်ခူး လွယ်အိတ်တလုံးနဲ့ ပုဇွန်စာရွက်တွေ လိုက်ရှာခူး၊ ဈေးစည်ကားချိန်ဆို မုန့်ဗန်းကို ခေါင်းမှာရွက် သုဝဏ္ဏဈေးထဲမှာ လှည့်ပတ်ပြီး မုန့်တွေမကုန်မချင်း မုန့်လုံးကြီးကြော်၊ ပဲကပ်ကြော်၊ ဗယာကြော်လို့ တကြော်ကြော်အော်၊ လိုက်ပတ်ရောင်း အမေကို အလုပ်ကူရင်း နေ့ခင်းဘက် ကျောင်းမသွားခင် ကသီလင်တ နေ့စဉ်ဘ၀ ရှုပ်ယှက်ခတ်စွာ ဖြတ်ခဲ့ရဖူးသူပါ”

“ခြောက်တန်းကျောင်းသား ဘ၀လည်းရောက်ရော ဆင်းရဲလွန်းတဲ့ မိဘတို့ဘ၀ ရပ်တည်မှုကို မကြည့်ရက်တော့တာနဲ့ ကျနော် ကျောင်းမတက်တော့ဘဲ ပန်းရံ မြေတူးကြုံရာကျပန်း လိုက်လုပ်ပြီး မိဘလုပ်ကျွေးမယ်လို့ ဆုံးဖြတ်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ကျောင်းမှာ မနေပျော်တော့ပဲ။ ဘ၀ကို လေဆန်လှန်ချင်တဲ့ ငယ်စိတ်ကြောင့်လည်းဖြစ်မယ်။ ကျနော် ကျောင်းတက်ဖို့ ငြင်းဆန်ပြီး ကျောင်းမသွား၊ အလုပ်တွေ လိုက်ရှာနေတာ တလကျော် ကျောင်းဖွင့်ရက်တွေ လွန်ကုန်ပါတယ်။ တေပေလေလွင့်ချင်တဲ့ လူငယ်မြီးကောင်ပေါက် တယောက်ရဲ့ဘ၀အပေါ် ထင်သလို ထွက်ပေါက်ရှာလိုခြင်းလုပ်ရပ် တခုပါပဲ။

“ကျောင်းခန်းထဲကိုလည်း လွယ်အိတ်အကြီးကြီး အလေးကြီးကိုလွယ်၊ ကားယားကားယားနဲ့ ကျောင်းတက်လာတဲ့ ကျနော့် လွယ်အိတ်ထဲမှာ ဇီးထုပ်တွေ၊ ဇီးပြားတွေ၊ မုန့်ပဲသားရည်စာတွေ ပါပါတယ်။ ကျောင်းသား အချင်းချင်း မုန့်ပြန်ရောင်းပြီး ရလာတဲ့ အမြတ်လေးကသာ ကျနော့် တနေ့စာ မုန့်ဖိုးဖြစ်လေတော့”

“ဒီလိုဘ၀သာ ခပ်ကြမ်းကြမ်း ဖြတ်သန်းခဲ့ဖူးပေမဲ့ မိခင်ဖြစ်သူဒေါ်ခင်သီရဲ့ တင်းကြပ်တဲ့ စာရိတ္တသွန်သင် ကြီးကြပ်မှုအောက်မှာ ကျနော်တို့ ညီအစ်ကို ငါးယောက်စလုံးဟာ ရိုးရိုးကျင့် မြင့်မြင့်ကြံ ရိုးသားဖြောင့်မတ်မှုကိုသာ အလေးထားကျင့်ကြံလိုတဲ့ စိတ်ထားတွေ ခိုင်ခိုင်ရရှိခဲ့ပါတယ်”

“ဒါကြောင့်မို့လည်း ထင်ပါတယ်။ ကျနော် ရိုးသားစွာ ၀မ်းစာရှာရတဲ့ ဘယ်အလုပ်ကို မဆို မရှက်မကြောက် လုပ်ရဲ လုပ်တတ်ခဲ့ပါတယ်။ ဘာကိုမှလည်း အားမနာတတ်တာ ဒါကြောင့်လည်းပါပါမယ်”

သူသည် “မြန်မာ့လူနေမှု ဘဝတိုးတက်မြင့်မားရေးကွန်ရက်” ကို ဦးဆောင်ကာ ကျေးလက်ဒေသ လျှပ်စစ်မီး
ရရှိရေး၊ သောက်သုံးရေဖူလုံရေး၊ မိဘမဲ့ကလေးငယ်များ ပြုစုစောင့်ရှောက်ရေးစသည့် တောနေလူတန်းစား ပြည်သူလူထု၏ ပညာရေး ကျန်းမာရေးလုပ်ငန်းများအား သူ့ကိုယုံကြည်ထောက်ခံသည့် ပြည်တွင်း ပြည်ပ အလှူရှင်များ၏ အကူအညီဖြင့် တတ်အားသမျှ ဆောင်ရွက်နေသော သတင်းများကိုလည်း အဆက်မပြတ် ကြားသိနေရသည်။

အများစွန့်ခွာနိုင်ရန် ခက်ခဲသည့် အခွင့်ထူးခံအများစု ပျော်မွေ့ရာအရပ်ကို သူကျောခိုင်းခဲ့ပုံကိုလည်း သူ ကိုယ်တိုင်အောက်ပါ အတိုင်းမှတ်တမ်းတင်ခဲ့သည်။

“စစ်အာဏာရှင်ခေတ် အရှိန်အမြင့်ဆုံး ၂၀၀၃ ခုနှစ် ကတည်းက ကျနော် တပ်မတော်ကနေ စစ်မှုထမ်းအဖြစ်မှ မိမိ သဘောအလျောက် နှုတ်ထွက်လိုပါကြောင်း နှုတ်ထွက်ခွင့် တင်ခဲ့ပါတယ်။ ခမရ (၁၉) ဆွာမြို့မှာ ခွဲ(၄) တပ်ခွဲမှူးအဖြစ် ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်ကို စစ်ဆင်ရေးတွေ မကြာခန ထွက်နေရတဲ့ အချိန်ဖြစ်ပါတယ်။ ကျနော့်ကို စစ်ဆင်ရေး မသွားဖူးတဲ့ တပ်ထိန်းလို့ ပြောနေတာ ကြားတော့ ရယ်ချင်မိတယ်။ ကျနော့်အရှေ့က တယောက်ကျော် စစ်သည် မိုင်းနင်းမိတယ်။ ကျနော့် အနောက်ကပ်လျက်က လိုက်လာတဲ့ အထမ်းသမား မိုင်းနင်းမိတယ်။ ကံသီလို့ စစ်အာဏာရှင် စနစ်ဆိုးအမွေအဖြစ် ကျနော့် ခြေနှစ်ဖက် အကောင်းကျန် နေသေးတာ”

“တိုင်းရင်းသားကျေးရွာလိုက် မီးရှို့မှုတွေ စစ်သည် အချင်းချင်းအကြား ပြောနေကြတဲ့ သတ်ကြဖြတ်ကြ မုဒိန်းကျင့်ကြတဲ့ အကြောင်းတွေ။ ကိုယ့်ဘက်ရော တိုင်းရင်းသားတွေဘက်ပါ သေကြကြေကြ၊ ပြတ်ကြ၊ ငိုကြ၊ ဆွေးကြ အံကြိတ်ကြနဲ့ လောကကြီးဟာ နာကျည်းမုန်းတီး ငိုညည်းရှိုက်သံတွေနဲ့ စိုပြေစိမ်းလန်းမှု ကင်းမဲ့လွန်းတဲ့ လူ့ဘုံခန်းနာ (ခန်းဝါမဟုတ်) ရပ်ဝန်းကို အတော်စိတ်ပျက်လွန်းလို့ ထွက်ခွင့်တင်ခဲ့တာ”

“တချို့ကပြောတယ်။ ရှေ့တန်းမှာ သေမှာကြောက်လို့ မင်းတပ်က ထွက်ခွင့်တင်တာ မဟုတ်လားတဲ့။ မှန်တယ်။ သေမှာကြောက်လို့  ဒါပေမယ့် တန်ဖိုးရှိတဲ့ သေခြင်းမဟုတ်ဘဲ ရှေ့တန်းမှာ တိုက်ပွဲကျလို့ ကိုယ်သေသွားတာတောင် သတင်းစာမှာ ကိုယ့်မိဘတွေက ထည့်သွင်းကြော်ငြာခွင့် မရခဲ့တဲ့ လူမသိသူမသိ သေသွားရတာမျိုး မလိုချင်ဘူး”

“စစ်ဗိုလ်ချုပ်တစု စစ်ဦးစီးဌာနက စစ်ဗိုလ်တစု စစ်သုံးမြေပုံကြည့်ပြီး သူတို့ စိတ်ထင်သလိုပေးတဲ့ ဟိုရွာဖျက် ဒီရွာကို မီးရှို့ခဲ့ဆိုတဲ့ အမိန့်တွေ တိုင်းရင်းသားဒေသ မြေပုံညွှန်း အမဲရောင်နယ်မြေအတွင်း အစိတ်သား အရွယ်ကလေးတောင် မချန်နဲ့ တခါတည်း သတ်ပစ်ခဲ့ မြေမြုပ်ပစ်ခဲ့လို့ နှုတ်မိန့်နဲ့ ပြောကြား ခိုင်းစေတဲ့ ရက်စက်တဲ့ အမိန့်တွေ ထင်သလို ခိုင်းတဲ့ သတ်ဖြတ်မှုအမိန့်တွေကို စိတ်ပျက်တယ်”

“ကိုယ့်တိုင်းရင်းသား ဆွေမျိုးအချင်းချင်း စစ်ခင်းသတ်ဖြတ်ပြီး သူပစ်ကိုယ်ပစ်နဲ့ အချည်းနှီး သေဆုံးရမှာမျိုးကိုကြောက်တယ်”

“တကယ်တော့ ကျနော်တပ်မတော်ထဲ ၀င်ခဲ့တာဟာ ပြည်ထောင်စုတရပ်လုံးကို ကာကွယ်စောင့်ရှောက်ချင် လို့ ၀င်တာ။ ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုလေးစား ချစ်ခင်စိတ်နဲ့ အသက် ၁၇နှစ် အရွယ်ဘာမှမသိ  နားမလည်ပဲ အာဏာရှင်တို့ ခါးပိုက်ဆောင်လုပ်ထားတဲ့ စစ်တပ်ထဲကို မျိုးချစ်စိတ်ဆိုတာ တခုထဲနဲ့ ၀င် ခဲ့မိတာ”

“ငွေကို ရေလိုသုံးနေတဲ့ စစ်ဗိုလ်ချုပ်တွေ အာဏာတန်ခိုးထွားနိုင်ဖို့ အောက်ခြေက ကျနော်တို့ စစ်သား စစ်ဗိုလ်တွေက အသက်နဲ့ရင်းပြီး တိုင်းရင်းသား အချင်းချင်း စစ်ခင်းသတ်ဖြတ် အနိုင်ယူတိုက်ခိုက်ချေမှုန်း ဟိုဘွဲ့ သည်ဘွဲ့ သူရဘွဲ့ လိုချင်လို့ တပ်ထဲဝင်တာမဟုတ်ဘူး”

“တိုင်းရင်းသား ပြည်ထောင်စုတရပ်လုံး အတွက် တန်ဖိုးရှိ အကျိုးရှိမဲ့လုပ်ရပ်မျိုး လုပ်ဆောင်ထမ်းရွက်ရင်း သေဆုံး ကျဆုံးရတာမျိုးကိုသာ အကျိုးရှိသော သေဆုံးခြင်းလို့ ခံယူတယ်၊ ဒါကြောင့် တပ်မတော်ကနေ နှုတ်ထွက်ခွင့်တင်ခဲ့တယ်။

လွန်ခဲ့သော၂၀၁၄ ခုနှစ် အောက်တိုဘာလဆန်းကလည်း ဖူးခက်စာပေဟောပွဲမှာ အော်ပီကျယ်၊ ဂျက် (ကွမ်းခြံကုန်း) တို့နှင့်အတူ သူ့ကို ဒုတိယအကြိမ် ဆုံရပြန်ပါသည်။

နောက်ဆုံး စာပေဟောပြောပွဲညက အခမ်းအနားပြီးဆုံးချိန်သည် ညဥ့်နက်လှပြီဖြစ်၍ အားလုံး ဝမ်းဟာနေကြချိန်တွင် သူသည် ပါတောင်ကမ်းခြေ၌ သဲထဲတွင် ဘီးနစ်နေသောကားတစီးကို မြန်မာရွေ့ပြောင်း အလုပ်သမားများနှင့်အတူ ကူတွန်းရင်း ချွေးသံတရွှဲရွှဲနှင့် ဖြစ်နေခဲ့သည်။

သူမပြန်မီ တရက်အလိုတွင် သူ့ကိုဆန့်ကျင်သူ လူငယ်တစ်ဦး၏ စော်ကားမော်ကား အပြုအမူကို ထုံးစံအတိုင်း ကြုံတွေ့ခဲ့ရသော်ငြား အေးဆေးတည်ငြိမ်စွာပင် သူရင်ဆိုင်ဖြတ်ကျော်ခဲ့သည်။

ဤစာရေးနေချိန်တွင် နေမျိုးဇင်သည် လက်ပံတောင်းတောင် အရေးအတွက် လူထုဘက်မှ ရပ်တည်မှုကြောင့် ထောင်နံရံအတွင်းသို့ ပဉ္စမအကြိမ်မြောက် အလည်ရောက်ရှိနေပြန်လေပြီ။

ခြောက်ပစ်ကင်းသည့် ပုထုဇဉ်ဟူသည် ဘယ်အချိန်ကမျှ လူ့သမိုင်းတွင် မပေါ်ပေါက်ခဲ့ဖူးချေ။

ဤဆောင်းပါးသည် နေမျိုးဇင်အား ဧရာမသူရဲကောင်းအဖြစ် ဈာန်းတင်ရန် ရည်ရွယ်သည် မဟုတ်ချေ။

သူ့လုပ်ရပ်များနှင့် လူထု၏ အဆုံးအဖြတ်သည်သာ အခရာဖြစ်လျက် သူ့သမိုင်းကို ပိုင်းဖြတ်ဖော်ကျူးပေလိမ့်မည်။

ကျနော်တဦးတည်း၏ သဘောဆန္ဒအရဆိုလျှင် သူသည် မြန်မာ့တောနေ ကျောမွဲတို့၏ မျှော်လင့်ချက် ရောင်ခြည် ကောက်ရိုးတမျှင်အဖြစ် လေးစားဂုဏ်ယူလိုပါသည်။

နေမျိုးဇင် သို့မဟုတ် နေကြီး သို့မဟုတ် လူထုက ရွှေဘဟု ချစ်စနိုး ကင်မွန်းတပ်ကြသည့် သူလိုလူမျိုးသည် စစ်ဝါဒီစနစ်ဆိုးကို ဖြိုဖျက်တွန်းလှန်နေချိန်၌ မရှိမဖြစ် လိုအပ်သည်ဟု ကျနော်အလေးအနက် ထင်မြင်ယုံ ကြည်သည်။

သူ့အကြောင်းကို စဉ်းစားမိလေတိုင်း ကျနော်အမြဲလိုလို ကြားယောင်နေသော သူ့စကားတခွန်းရှိ၏။

“ကျနော် ငွေကြေးအသပြာ ရတနာ ပိုင်ဆိုင်မှု စည်းစိမ်တွေဘာမှ မရှိပေမယ့် စိတ်လိပ်ပြာတော့ ရှင်းသဗျာ။ အအိပ်ဖြောင့်တယ်။ အိပ်မက်လှတယ်။ ငြိမ်းချမ်းတယ်။ နှစ်နှစ်ခြိုက်ခြိုက် ကိုယ့်ဘာသာ ပြုံးနေမိတဲ့ အချိန်တွေများတယ်။ ဒီလောက် ချမ်းသာတဲ့ ဘ၀ကိုပဲ ကျနော်ပျော်တယ်ဗျာ”

http://burma.irrawaddy.org/opinion/viewpoint/2015/01/19/70029.html


“မိုးမြေရေလှိုင်း၊ပန်းတိုင်းသက်သေထားပါ့မယ်”

$
0
0
၂၃ဇန်နဝါရီ၂၀၁၅နေ့ထုတ် သည်လေးဒီးစ်အပတ်စဉ်ဂျာနယ်မှ။ ။

“မိုးမြေရေလှိုင်း၊ပန်းတိုင်းသက်သေထားပါ့မယ်”

(မင်းဒင်)
(၁)
ဟိုးလွန်ခဲ့တဲ့အနှစ်သုံးဆယ်ကျော်ဝန်းကျင်ကပေါ့။တိတိကျကျပြောရရင် (၁၉၈၀)ခုနှစ်မှာပါ။
အသက်နှစ်ဆယ်ကျော်အရွယ်လူငယ်ကျောင်းဆရာလေးတစ်ယောက်ဟာ
သူ့ငယ်သူချင်းဆက်သွယ်ရေးတပ်ကနေခွင့်နဲ့ပြန်လာတဲ့၊တပ်ကြပ်ကြီးတို့ဟာ၊
အာမီရမ်တစ်ပုလင်းနဲ့၊ခရမ်းချဉ်သီးသုပ်ကိုအမြည်းလုပ်၊သောက်ရင်းစားရင်း
စကားလက်ဆုံကျနေခဲ့ကြပါတယ်။ကျောင်းဆရာလေးဟာသူ့သူငယ်ချင်း
တပ်ကြပ်ကြီးကိုအထင်ကြီးလေးစားဂုဏ်ယူတဲ့အကြည့်တွေနဲ့၊ကြည့်ရင်း၊
သက်စွန့်ဆံဖျားရင်ထိတ်သည်းဖိုရှေ့တန်းအတွေ့အကြုံတွေကို၊
ဂရုတစိုက်နားထောင်နေခဲ့လေရဲ့။

နှစ်ယောက်သားကွဲကွာသွားရတဲ့ကာလတွေအတွက်၊
အတိုးချအလွမ်းဖြေရင်း၊စကားတွေဖောင်ဖွဲ့နေ လိုက်ကြတာ၊ညဥ့်အတော်နက်လာတော့၊ဘယ်ကဘယ်လိုစကားစမိတယ်
မဆိုနိုင်တော့ပါဘူး။အဲဒီ အချိန်ကမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး
ရာထူးကိုရယူထားတဲ့၊
ဗိုလ်ချုပ်ကြီးနေဝင်းအကြောင်းရောက်သွားပါလေရော။

လူငယ်ကျောင်းဆရာလေးဟာဗိုလ်ချုပ်ကြီးနေဝင်းကိုမြင်ပျဉ်းကပ်နေပုံရပါ တယ်။
လုပ်ပုံကိုင်ပုံတွေ အချိုးမပြေတဲ့အကြောင်းစကားလည်းစလိုက်မိရော၊
သူငယ်ချင်းတပ်ကြပ်ကြီး ဟာ၊ချက်ချင်းဆိုသလိုမျက်ထောက်နီကြီးနဲ့ သူ့သူငယ်ချင်းကျောင်းဆရာကိုစူးစူးရဲရဲပြန်ကြည့် လိုက် ရင်း၊ခတ်ပြတ် ပြတ်စစ်သားလေသံနဲ့တုန့်ပြန်ပါတယ်။

“ငါတို့အဖေကြီးကိုတော့မပုတ်ခတ်ပါနဲ့ကွာ။တို့အပေါ်သိပ်ကောင်းတဲ့အဖေကြီးပါ”

“မင်းမို့လို့ဒီလိုလူကိုအဖေကြီးတပ်ခေါ်တယ်။အံ့ရောကွာ”

ကျောင်းဆရာဘက်ကလည်းအလျော့မပေးပြန်တာကြောင့်၊
ပုဆိုးကွင်းသိုင်းပြီးလည်ပင်းဖက်ကြီးလာခဲ့ ကြပြီး၊ခဏတဖြုတ်ပြန်တွေ့ကြတဲ့သူငယ်ချင်းနှစ်ယောက်ရဲ့အရက်ဝိုင်းဟာ၊
နပန်းထမသတ်ရုံတမယ်၊ ရန်ပွဲအသွင်ဆောင်ခဲ့ပါတော့တယ်။

ဒီဖြစ်ရပ်မတိုင်မီတစ်နှစ်တစ်ခေါက်၊နှစ်နှစ်တစ်ခေါက်တန်သည်၊
တပ်ကနေခွင့်ယူပြီးမိဘရပ်ထံပြန်လာ ရင်း၊သူငယ်ချင်းကျောင်းဆရာလေးဆီ၊တကူးတကလာလာတွေ့တတ်တဲ့
တပ်ကြပ်ကြီးဟာ၊အဲဒီနေ့ည မှာကတောက်ကဆဖြစ်ကြပြီးတဲ့နောက်မှာတော့၊
စာမလာသတင်းမကြား၊ကျောင်းဆရာလေးနဲ့အဆက်အသွယ်ဖြတ်သွားခဲ့ တာ၊
အခုအချိန်အထိဆိုပါတော့။

ကျောင်းဆရာလေးကတော့၊သူငယ်ချင်းတပ်ကြပ်ကြီးဟာ၊တိုက်ပွဲမှာများကျခဲ့လေသလား၊
သူ့အပေါ် သိပ်ပြီးနာကျည်းသွားလို့အဆက်အသွယ်မလုပ်လေတော့သလား။ အခုဆိုရင်၊တပ်ကနေပင်စင်ယူပြီး တဲ့အချိန်ပေါ့၊စားဝတ်နေရေးမှအဆင်ပြေပ့ါမလား။သားသမီးတွေအတော်ကြီးရော့မယ်
စတဲ့အတွေး တွေနဲ့စစ်သားတွေကိုမြင်တိုင်းသူ့သူငယ်ချင်းကိုသတိရနေလေရဲ့။

(၂)
အဲဒီကျောင်းဆရာလေးမှာပဲ၊ဆင်းရဲနွမ်းပါးတဲ့တပည့်တယောက်ရှိခဲ့ပါတယ်။
အဲဒီကလေးဟာ ဆင်းရဲချို့ တဲ့လွန်းတာကြောင့်ကျောင်းနေရင်း
တန်းလန်းဈေးဗန်းခေါင်းရွက်ပြီး၊
လှိုင်မြို့နယ်အမှတ် (၄) ရပ်ကွက် ရဲ့လမ်းကြိုလမ်းကြားမကျန်ခြေတိုအောင်လျှောက်ပြီး၊
မိသားစုဝမ်းစာရေးတာဝန်ကိုကျရာနေရာကနေ ထမ်းခဲ့ရလေရဲ့။
အတန်းပညာခြောက်တန်းအရောက်မှာတော့ကျောင်းထွက်ပြီး
ပန်းရံလိုလိုလက်သမားလိုလို၊ကြုံရာကျ ဘန်းအသက်မွေးရပြန်ပါတယ်။ဒီကလေးဟာ၊စားဝတ်နေရေးအတွက်
ရုန်းကန်နေရတဲ့ကြားထဲက သူ့ အတန်းပိုင်ဆရာစာသင်နေတဲ့စာသင်ခန်းဆီကိုတော့ တစ်လတစ်ခေါက်ဆိုသလိုပြုံးဖြီးဖြီးမျက်နှာပေးနဲ့၊ရောက်ရောက်လာတတ်ပါတယ်။

ဆရာကိုပဲသတိရလေသလား၊ကျောင်းစာသင်ခန်းကိုပဲလွမ်းလေသလား
၊ကျောင်းနေဖော်တွေရဲ့ဘဝကို ပဲအားကျလေသလားမဆိုနိုင်ပါဘူး။ဒီလိုနဲ့သူ့အသက်ဆယ့်ခြောက်နှစ်ကျော်ကျော်မှာ၊
စစ်ထဲဝင်သွားခဲ့ပြီး၊တပ်ကနေခွင့်နဲ့ပြန်လာချိန်တိုင်းမှာလည်း၊
သူ့ဆရာကိုယူနီဖောင်းအသစ်ဝတ်ပြီး၊လာလာနှုတ် ဆက်တတ်ပါတယ်။(၁၉၈၆)ခုနှစ်ဝန်းကျင်၊နောက်ဆုံးတွေ့လိုက်ရချိန်မှာ၊
သူဟာဒုတပ်ကြပ်ဖြစ်နေခဲ့ပါပြီ။သူ့အသက်ဟာ အဲဒီအချိန်မှာ၊မသကာရှိလှဆယ့်ကိုးနှစ်ပေါ့။ ဒီကလေးခုချိန်ဆိုအတော်အသက်ကြီး လှရော့မယ်။ဘေးအန္တရာယ်မှကင်းပါလေစ။

(၃)
(၁၉၉၇)ခုနှစ်ခုနှစ်ဝန်းကျင်ကပေါ့၊စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ၊ပဲခူးတိုင်းငြိမ်ဝပ်ပိပြားရေးရုံးမှာ၊တိုင်းဥက္ကဋ္ဌ(စစ်တိုင်းမှူး)ကိုတွေ့ဆုံဖို့၊ သူ့ကိုယ်ရေးအ ရာရှိဗိုလ်ကြီးကနေတစ်ဆင့်ဝင်ခွင့် တောင်းတဲ့ အခါ၊ဗိုလ်ကြီးရဲ့အဖြေကြောင့် လုပ်ငန်းရှင်ဟာ၊အတော်အံ့သြတကြီးသွားရပါတယ်။

“အဘကိုစာဖတ်ခိုင်းထားပါတယ်”

ထူးဆန်းလှတဲ့အဖြေစကားကြောင့်၊အဲဒီဗိုလ်ကြီးရဲ့စိတ်နေသဘောထားနဲ့ပတ်သက်ပြီး
၊နောင်ထိတွေ့ ဆက်ဆံရတဲ့ဖြစ်ရပ်တွေကိုအခြေခံပြီးလေ့လာကြည့်တဲ့အခါ၊ သူဟာတကယ့်ခေတ်အမြင်ခေတ်အတွေး ရှိတဲ့ဗိုလ်ကြီးတစ်ယောက်ဖြစ်နေလေရဲ့။သူဟာချမ်းသာကြွယ်ဝတဲ့အသိုင်းအဝိုင်းက မဟုတ်ရှာသလို၊ သူ့ဖခင်ဟာလည်း၊ရိုးရိုးကုပ်ကုပ် နေတတ်တဲ့၊ တပ်မတော်အရာရှိဟောင်းတစ်ယောက်ပါပဲ။

အဲဒီဗိုလ်ကြီးဟာစစ်တိုင်းမှူးကိုတံစိုးလက်ဆောင်တွေပေးကမ်းဝင်ထွက်နေတဲ့၊
လုပ်ငန်းရှင်တိုင်းကိုခပ်တည်တည်ခပ်တန်းတန်းသာဆက်ဆံပါတယ်။
သူ့ကိုပေးတဲ့လာဘ်လာဘကိုလည်းပြတ်ပြတ်သားသားငြင်းပယ်ခဲ့ပါ တယ်။နားထဲမှာအခုထက်ထိကြားယောင်နေဆဲသူ့စကားတခွန်းကတော့..၊

“ဒီလိုမတော်မတရားအပေးအယူကိစ္စတွေကြောင့်၊တိုင်းပြည်ပျက်စီးနေတာ”

သူနဲ့ဆက်ဆံဖူးတဲ့စီးပွားရေးလုပ်ငန်းရှင်အတော်များများကတော့သူ့ကို၊ကြည့်မရတာ
များပါတယ်။ဘာ အကြောင်းကြောင့်ရယ်လို့တိတိကျကျမဆိုနိုင်ပေမဲ့၊ သူဟာအဲဒီစစ်တိုင်းမှူးရဲ့ကိုယ်ရေးအရာရှိနေရာမှာ တာရှည်တာဝန်မထမ်းဆောင်ခဲ့ရပါဘူး။သေချာတာတစ်ခုကတော့တိုင်းမှူးကတော်(နောင်ဝန်ကြီး ကတော်)ရဲ့စိတ်နေသဘောထားဟာ၊အဲဒီဗိုလ်ကြီးရဲ့စိတ်ဓာတ်နဲ့ပြဒါးတစ်လမ်း၊သံတစ်လမ်းပါပဲ။အခု သူဘယ်ဆီမှာပါလိမ့်။

(၄)
မကြာသေးခင်ရက်ပိုင်းကမှဖေ့စ်ဘွတ်ပေါ်မှာဖတ်လိုက်ရတဲ့စတေးတပ်တစ်ခုအရ၊
ဒလမြို့ရဲ့ဈေးနားမှာ အသက်(၄၂)အရွယ်တပ်မတော်ယူနီဖောင်းနဲ့သူတစ်ဦးဟာ၊ မမာမကျန်းဖြစ်ပြီးလမ်းဘေးမှာလဲကျနေ တာကြောင့်၊ရှင်ရေးကူညီမှုအသင်းကနေသွားရောက်သယ်ဆောင်
၊ဖေးမစောင့်ရှောက်မှုပေးခဲ့ရသတဲ့။

ဒီလူဟာရခိုင်ပြည်နယ်မှာတာဝန်ကျခဲ့တဲ့တပ်ကြပ်အဆင့်ရှိပြီး၊
ဘယ်ဘက်ဒူးအောက်နားကနေဖြတ်ထားတာတွေ့ရတဲ့အပြင်၊
သူလမ်းဘေးမှာလဲကျနေတာသုံးရက်တောင်ရှိနေပြီဆိုပါတယ်။
သူဟာအားသိပ်နည်းနေပြီးအသားတွေတဆတ်ဆတ်တုန်နေပြီး၊
တစ်ကိုယ်လုံးချေးနံ့သေးနံ့တွေတောင် ထွက်နေတာကြောင့်သွားရောက်ကူညီကြသူတွေဟာအင်မတန်
စိတ်မချမ်းမမြေ့ဖြစ်ကြရတယ်လို့ ဆိုပါ တယ်။ဒီလိုသတင်းစကားတွေဟာကြားရတဲ့သူတိုင်းအတွက်ရင်နာကြေကွဲစရာပါပဲ။

(၅)
တပ်ကြပ်ကြီးကျော်ဝင်းရေ၊ခုချိန်လောက်ဆိုဆက်သွယ်ရေးတပ်ကနေ၊
မင်းပင်စင်ယူလောက်တဲ့အချိန်ပေါ့။မင်းတပ်ထဲဝင်ခဲ့တာဟာ၊
တိုင်းပြည်ချစ်စိတ်တစ်ခုတည်းကြောင့်ဆိုတာ၊ငါအသိဆုံးပါ။
တကယ်တော့မင်းနဲ့ငါအကြားမှာ၊ဘာကိုယ်ရေးကိုယ်တာပြဿနာမှမရှိခဲ့
ပါဘူး။ရောက်ရာအရပ်ကနေ အမြန်ဆုံးဆက် သွယ်စေချင်ပါတယ်။ဟိုးငယ်စဉ်တုန်းကလို၊လည်ပင်းဖက်ပြီး၊ရှေးဟောင်းနှောင်းဖြစ်တွေပြောချင်စမ်လှ ချည့်ရဲ့ သူငယ်ချင်း။

သန်းဌေးရေ၊ငါ့တပည့်ဟာ၊ဘဝကိုအလွယ်တကူအရှုံးမပေးပဲ၊
ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖြတ်တဲ့တပည့်မို့၊ဂုဏ်ယူမိပါတယ်။အရူးအပေါလို
ခပ်ပြောင်ပြောင်ခပ်နောက်နောက်နေတတ်တဲ့၊အမြဲပြုံးရယ်နေတတ်တဲ့မင်း မျက်နှာကိုအခုထက်တိုင်မြင်ယောင်နေဆဲပါ။မတောင့်မတမကြောင့်မကျရတဲ့
ဘဝမှာ၊ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ရှိနေပါစေလို့ဆုတောင်းလိုက်ပါတယ်။

ဗိုလ်ကြီးထွန်းအုံခင်ဗျား။ကျနော်ခင်ဗျားကို ထောင့်မကျိုးတဲ့ဗိုလ်ကြီး၊
ဆက်ဆံရေးသိပ်ကြဲတဲ့သူလို့ မျက် မုန်းကျိုးမိတာ၊အနူးအညွတ်တောင်းပန် အပ်ပါတယ်။ဗိုလ်ကြီးလိုလူမျိုးတပ်မတော်ရဲ့အမြင့်ဆုံးနေရာမှာ၊
တာဝန်ထမ်းဆောင်နိုင်ပါစေလို့၊မျှော်လင့်ယုံကြည်ပါတယ်။
အထက်အရာရှိစစ်ဗိုလ်ချုပ်တွေခေတ်မီမီ
ကမ္ဘာကြည့်ကြည့်မြင်တတ်ဖို့၊စာဖတ်ခိုင်းတဲ့၊ဗိုလ်ကြီးရဲ့လုပ်ရပ်ကို
ကျနော်အခုကောင်းကောင်းကြီး သဘောပေါက် နေပါပြီခင်ဗျာ။သူတို့စာမဖတ်ကြတာ၊
ဗဟုသုတနည်းကြတာကြာလေသိသာလာလေ ပါပဲဗိုလ်ကြီး။

အမည်မသိရဲဘော်ကြီးခင်ဗျာ။တိုင်းပြည်အတွက်တာဝန်ထမ်းရင်း၊
ဒုက္ခိတဘဝရောက်ရချိန်မှာတောင်၊ ဆေးဝါးမကုသနိုင်ခဲ့တဲ့၊
ခင်ဗျားတို့ဘဝတွေအတွက်၊ကိုယ်ချင်းစာမိပါတယ်။ယူကြုံးမရခံစားမိပါတယ်။

(၅)
လတ်တလောအချိန်တွေမှာ၊မြန်မာ့တပ်မတော်ဟာမြန်မာပြည်ကြီးရဲ့ရှေ့ရေးအတွက်၊
တာဝန်မကျေဘူးလို့ ယူဆမိတာကြောင့်၊ကျနော်ရေးနေတဲ့စာတွေထဲမှာ၊ စစ်ဗိုလ်စစ်သားမကောင်းကြောင်း၊တစ်ကြောင်း၊ တစ်လေပါခဲ့ရင်၊အထက်မှာဖော်ပြခဲ့တဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့သက်ဆိုင်ရည်ညွန်းခြင်းအလျဉ်းမရှိကြောင်း၊အလေးအနက်ပြောလိုပါတယ်။မြန်မာပြည်ကြီး၊စစ်ဝါဒ၊စစ်ဝါဒီတွေရဲ့လောင်းရိပ်အောက်ကနေလွတ်မြောက်စေလိုခြင်းသာ၊မူလဘူတရည်ရွယ်ချက်ပါပဲ။မြန်မာပြည်ကြီးမှာလူထုကရေးဆွဲပြဋ္ဌာန်းတဲ့ဥပဒေကိုနိုင်ငံသားတိုင်းတပြေးညီလိုက်နာကြပြီး၊တကယ့်ကိုသာယာဝပြောတဲ့လူ့ဘောင်သစ်ဆီရောက်စေချင်တာပါပဲ။

အဆိုတော်မောင်မောင်ကြီးရဲ့သီချင်းစာသားတချို့ကိုငှားသုံးရရင်၊ရေစက်ရယ်ဆုံ၊
ဘဝရယ်ဖီလာခြားကြရတဲ့၊ဘဝတွေမှာ၊ဒီအဖြစ်မျိုးတွေဆုံးခန်းတိုင်စေဖို့
မိုးမြေရေလှိုင်းပန်းတိုင်းကိုသက်သေထားပြီးအခိုင်အမာသစ္စာစကားဆိုချင်ပါရဲ့။
ဒါတောင်မှမယုံကြည်ခဲ့သေးရင်ဖြင့်ကြယ်စုံရံခ၊ဖိုးရွှေလကိုသာမေးပါလေတော့။ ။


"တပည့်ကျော်တို့၏ သမ္မတလောင်းများ ဒီဘိတ်နှင့် စာဖတ်နေသော ကျွန်ုပ်"

$
0
0
၂၄ဇန်နဝါရီ၂၀၁၅နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ။ ။

"တပည့်ကျော်တို့၏ သမ္မတလောင်းများ ဒီဘိတ်နှင့် စာဖတ်နေသော ကျွန်ုပ်"

(မင်းဒင်)
(တစ်)

‘‘ဒီမယ်.. ကိုကပ္ပလီစိန်၊ ခင်ဗျားနဲ့ကျုပ်ခဏခဏထိပ်တိုက် မတိုးချင်ဘူးနော်။ ဒါပဲပြောမယ်’’

‘‘ဩ.. ကိုဖေမန်းရာ ခင်ဗျားကလာလာချည်သေး။ ကျုပ်ဘာကောင်ဆိုတာမေ့များနေလေ ရော့သလား။ သမ္မတဆိုတာ ဗိုလ်တကာ့ဘုရင်နော်။ ကျုပ်ကိုမီဖို့ ခင်ဗျားထပ်ကြိုးစားလိုက်ဦး။ ဆယ်နှစ်၊ ဆယ်နှစ်’’

‘‘ဟား.. ဆယ်နှစ်က အသာ ထား။ နောက်ဆယ်လဆိုခင်ဗျား မြောင်းထဲရောက်တော့မှာ။ ဘယ် နိုင်ငံမှာမဆို လွှတ်တော်ဆိုတာ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဗျ။ လွှတ်တော်ဟာ အချိန်တိုင်းလိုလို မရှိနိုင်လို့သာ သမ္မတရာထူးက အရာရောက်တယ်လို့ထင်နေရတာ။ မသေမချင်းမှတ်’’

‘‘ဘာဗျ။ ကျုပ်သမ္မတရာထူး ကနေ ထွက်ပေးရရင်လည်း အခု ခင်ဗျားထိုင်နေတဲ့ ပါတီဥက္ကဋ္ဌ ကုလားထိုင်ဟာ ကျုပ်ကုလားထိုင်ကြီးဆိုတာလည်း သတိထားဦးနော်’’

 ‘‘ဟီဟိ၊ ရယ်ချင်ပါဘိဖတ် ဖတ်မော၊ ရင်ဘတ်နောက်က ကျော၊ ဆင်းပြီးသားကုလားထိုင် မှာ ပြန်ထိုင်ရရိုးထုံးစံမြန်မာပြည် မှာ မရှိသေးဘူးခင်ဗျ။ ကိုင်းကြီး ကြီးမှာနားလိုက်။ ဘယ့်နှယ့်ဗျာ အရေးထဲ  ကုလားထိုင်ရှိသူ ကုလားထိုင်ပိုင်တဲ့ခေတ်ကြီးမှာ လာပြီး လက်ငုတ်လက်ရင်းလာ တိုက်နေတယ်’’

နေအိမ်အောက်ထပ်ဆီမှ ဖေကြည်၊ ကပ္ပလီနှင့် လေမင်း သားတည်းဟူသော တပည့်ကျော် တို့၏ ထူးထူးဆန်းဆန်း၊ အပြန် အလှန်အချေအတင်ပြောဆိုသံ များကြောင့် ဒရင်းဘတ်ပေါ်တွင် လဲလျောင်းရင်း စာဖတ်နေသော ကျွန်ုပ်သည် ဖတ်လက်စဘုတ် အုပ်ကို အသာပိတ်ကာ နားစွင့် နေလိုက်မိ၏။

‘‘ဟုတ်ပါပြီ။ ကိုဖေမန်းရယ်။ ကျုပ်ပဲနားရမလား၊ ခင်ဗျားပဲနား ရမလား။ ငွေရောင်ပိတ်ကားပေါ် မှာ ဆက်ပြီးရှုစားလိုက်ပေါ့။ ကျုပ်သမ္မတရာထူးရခဲ့တာကို ခင်ဗျား အစာမကြေဖြစ်နေတာသိသာ လွန်းနေတယ်။ မနာလိုစိတ်မမွေး ပါနဲ့ဗျ။ ဒါမျိုးဆိုတာ ပါရမီနဲ့ဆိုင် တာလေ’’

  ‘‘တောမှာ သွားပြောပါ ကိုကပ္ပလီစိန်၊ အဘိုးကြီးကောင်း မှုနဲ့ ခင်ဗျားဒီရာထူးရတယ်ဆိုတာ ကလေးရောခွေးပါသိတယ်’’

‘‘ဩ.. အခုတော့ ခင်ဗျား ဒီစကားမျိုးပြောပြီပေါ့ဗျာ။  ပျို တိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးနဲ့ လက်ဝါးချင်းရိုက်ပြီး ကျုပ်တို့ ပါတီကို ခြေစုံကန်နေတာမသိဘူး များမှတ်နေသလား။ ဟုတ်တယ် နော် ကိုလေမင်းလှိုင်’’

 ဆက်၍နားထောင်လေ၊ ဆက်စပ်တွေးတော၍မရလေ။ပိုမိုရှုပ်ထွေးလာသော အကြောင်း အရာနှင့် စကားသံတို့ကြောင့် ရုတ်တရက်မတ်တတ်ထရပ်ကာ ဘုတ်အုပ်ကိုချိုင်းကြားညှပ်လျက် အောက်ထပ်သို့ တည်ငြိမ်သော ခြေလှမ်းများဖြင့် ဆင်းလာခဲ့ရချေ သည်။

(နှစ်)

ကျွန်ုပ်ကား မျက်စိရှုပ်၊ နား ရှုပ်သောကိစ္စရပ်တို့ကို စိတ်ကုန် ချင်ဟန်ဆောင်နေချင်သူပီပီ၊ တပည့်ကျော်များနှင့် ရံဖန်ရံခါ တွေ့ဆုံသည်မှအပ လူအများနှင့် ဝေးရာ၌ အခန်းအောင်းရင်း စာ ဖတ်နေခဲ့သည်မှာ လေးနှစ်စွန်း စွန်းတိုင်ခဲ့လေပြီ။ ကျွန်ုပ်သည် ငယ်စဉ်ကပင် စာဖတ်ဝါသနာထုံ ခဲ့သူဖြစ်၏။ မူလတန်းကျောင်း သားဘဝမှာပင် ဘားမားစတား၊ ရွှေသွေး၊ တေဇ၊ တို့ကျောင်းသား၊ ရွှင်ပြုံး၊ မိုးသောက်ပန်း၊ ရွှေဂေါင်းပြောင်၊ သိင်္ဂီရွှေစင်၊ ငတက်ဖြား စသည့်ရုပ်ပြကာတွန်းများကို စွဲလမ်းစွာဖတ်ရှုခဲ့၏။

ထိုမှတစ်ဆင့် အရွယ် ရောက်လာပြန်လာသော် အဟိ၊ သောင်းပြောင်းထွေလာရယ်စရာ၊ ဆွေလှိုင်ဦး၏ မချောဆယ်ယောက်ကိုယ်တစ်ယောက်၊ မအေးပွင့် မြင့်မြင့်စန်း လမ်းသုံး ဆယ်စသည့်ရင်သိမ့်တုန်ဝတ္ထုတို့ အပြင် ကာလသားများအကြိုက်  ရတနာဝင်းထိန်၏ အချစ်ဇာတ်လမ်းခပ်ကြမ်းကြမ်းများကိုပင် မလွတ်တမ်းဆက်တိုက်ဖတ်ရှုခဲ့ကြောင်း မရှက်မကြောက်ဝန်ခံရပေမည်။

သို့သော် နိုင်ငံတကာရေးရာ၊ အတွေးအမြင်၊   ကမ္ဘာ့အရေး၊မြန်မာ့အရေးနှင့်စပ်လျဉ်းသည့် ဘုတ်အုပ်တို့ကိုမူကား မာတိကာ ကိုဖတ်စဉ်တစ်ခဏမှာပင် ငိုက် မျဉ်းအိပ်ပျော်တတ်လေ့ရှိလေရာ ကျွန်ုပ်အနေဖြင့် ဝေးဝေးမှရှောင်ခဲ့ ရာ ယနေ့ထက်တိုင်ဖြစ်ချေသည်။

ယခုမူလည်း သမိန်ပေါသွပ် ပေါင်းချုပ် ကာတွန်းဟောင်းတစ် အုပ်နှင့် ဇိမ်ကျနေချိန်တွင် အလွန် တရာထူးဆန်းလှသော တပည့် ကျော်တို့၏အသံများကြောင့်သာ အောက်ထပ်သို့ဆင်းလာခဲ့ရခြင်း ဖြစ်ရာ ဆြာ့ကိုမြင်လိုက်ကြသည် နှင့် တပည့်ကျော်တို့သည် ရုတ် ခြည်း အသံတိတ်သွားကြလေ သည်။

ကျွန်ုပ်- နေပါဦးဟ၊ မောင်ရင်တို့ နာမည်တွေက အထူးအဆန်းတွေ ဖြစ်ကုန်ကြပါလား။ နို့ပြီးပြောနေ တဲ့ အကြောင်းအရာနဲ့ပြောပုံဆိုပုံ ကလည်း ရန်တွေ့နေကြသလိုပါ ကလား။

ဖေကြည်- ဒါက ဒီလိုပါဆြာ။ ဆြာ့တပည့်တွေပျင်းလွန်းလို့ အစမ်းသဘောဒီဘိတ်လုပ်ကြည့်နေကြတာလေ။ နောက်ပြီး ဒီမိုကရေစီခေတ်ကြီးမှာ လူတိုင်းလူတိုင်း နိုင်ငံရေးနဲ့ မျက်ခြည်မပြတ်သင့်တာမို့ အပျင်းလည်းပြေ၊ အမြင်ချင်း

လည်းဖလှယ်ဆိုပါတော့ဆြာ။

ကပ္ပလီ- ဟုတ်တယ်ဆြာရဲ့။ ၂၀၁၅ ရွေးကောက်ပွဲကလည်းနီး လာပြီဆိုတော့ လက်ရှိမြန်မာ့နိုင်ငံ ရေးအခင်းအကျင်းမှာ သမ္မတ လောင်းဖြစ်နိုင်ခြေရှိသူတွေရဲ့ အတွင်းသဘောဘယ်လိုရှိတယ် ဆိုတာသိရအောင် တပည့်တို့က ဦးနှောက်မုန်တိုင်းဆင်ကြည့်ကြရ မယ်လေ။

လေမင်းသား- ကျွန်တော်က ကာ ချုပ်ပေါ့ဆြာ။ သူတို့ကတော့ သမ္မတကြီးနဲ့ လွှတ်တော်ဥက္ကဋ္ဌ ကြီးဆိုပါတော့။

ကျွန်ုပ်- အိမ်း၊ အားအားရှိဖေ့စ် ဘွတ်ခ်ပေါ်မှာ ဖင်ဂျွတ်တက် အောင်ထိုင်ရင်း ဆဲဆိုနေကြမယ့် အစား နိုင်ငံ့အရေးအရာကို သို့က လို စိတ်ဝင်တစားဆွေးနွေးနေကြ တာဟာဖြင့် လှိုက်လှဲစွာအားပေး ထိုက်ပေတာပဲ  ဆက်ကြပါဦး၊ ဆင့်ဖင်တို့။

ကျွန်ုပ်ကား ဦးခေါင်းကို တဆတ်ဆတ်ညိတ်ရင်း တပည့် ကျော်တို့၏ ဒီဘိတ်ကိုလေ့လာသူ တစ်ဦးအနေဖြင့် အားဖြည့်တက် ရောက်ပေးရန် ဆုံးဖြတ်ကာ သင်း တို့၏ စကားဝိုင်းဘေးမှ မေး ထောက်နားထောင်နေလိုက်ရချေ ၏။ သို့သော် သဏ္ဌာန်လုပ်သရုပ် နှင့်တူအောင် အပြန်အလှန်ဆွေး နွေးငြင်းခုံသမှုပြုကြရင်း အချင်း ချင်း နပန်းထသတ်ပြီး ပါးကိုက်၊ နားကိုက်မဖြစ်ကြရန် စိတ်ထဲမှ ကျိတ်၍ ဆုတောင်းရသည်။ အဆိုပါ ဒီဘိတ်တွင် ယခင်နှင့် မတူထူးခြားစွာနှုတ်နည်းနေသူ ကား လေမင်းသား(ခေါ်) လေမင်း လှိုင်ဖြစ်ချေ၏။ ကျန်နှစ်ဦးက ဈာန်အပြည့်ဖြင့် ဒီဘိတ်ကိုရှေ့ ဆက်နေလေသည်တစ်မုံ့။

(သုံး)

ဖေကြည် - ရှင်းရှင်းမေးမယ် ကိုကပ္ပလီစိန် လွှတ်တော်ကိုယ် စားလှယ်တွေရဲ့ လစာကိစ္စနဲ့ ၂၀၀၈ ခြေဥပြင်ဆင်ရေးကိစ္စတွေ ကို ခင်ဗျားက ပယ်ချလိုက်ပြန်ပြီ ဆိုတော့ လွှတ်တော်က လက်နဲ့ ရေးတာကို ခင်ဗျားက ခြေနဲ့ဖျက် တာပဲဗျ။  ခင်ဗျားအကွက်တွေ ကျုပ်မသိရင်ခက်မယ်။ ဟေ့ လေ မင်းလှိုင်၊ မင့်ကောင်တွေအစိတ် သားပါနေတာနော်။

ကပ္ပလီ- အောင်မာ။ အုပ်စုနဲ့ ဂန်ကျယ်နေတဲ့လူကများ အခြေခံ ဥပဒေကိုပြင်ဖို့ဆိုတာ တိုင်းပြည် တည်ငြိမ်ဖို့လိုတယ်ဗျ။ တရား ဥပဒေစိုးမိုးရေး (Rule of Law)ကို ကျော်လွန်ပြီးလုပ်လို့မရဘူး လေ ကိုဖေမန်းရဲ့။ လွှတ်တော်ကိုယ် စားလှယ်တွေကို ငွေနဲ့မျှားပြီး မက် လုံးပေးနေတာကလေးကွက်ဗျ။

ဖေကြည်- သူတော်ကောင်း ယောင်ဆောင်မနေစမ်းပါနဲ့ ကပ္ပ လီစိန်ရယ်။ ခင်ဗျားဗိုက်ထဲမှာ အူ ဘယ်နှခွေရှိတယ်ဆိုတာ ပါးစပ် ဟလိုက်ရုံနဲ့သိပြီးသားဗျ။ ဖေမန်း တစ်မန်းတည်းရှိတယ်။

ကပ္ပလီ- အဟက်အဟက်၊ ငပြူး က ပြဲပြရတယ်ရှိသေး။ အပြော ကတော့ ဖေမန်း။ ခင်ဗျား သမ္မတ ရူးရူးနေတာ လူတိုင်းသိတယ်။ အမယ်၊  ဟိုဘွားတော်ကိုလွှတ် တော်ဥက္ကဋ္ဌပေးမယ်ပေါ့။ တွက် ရေးကတော့ စက်သူဌေး၊ အကြံ ပိုင်သောမောင်ခွေး။ အဲလေ.. ဖေမန်း။

ဖေကြည် - ဟေ့ကောင် စကား ပြောတာမိုက်ရိုင်းမလာနဲ့နော်။ မင်းရင်ဘတ်ထဲမှာထည့်ထားတဲ့ စက်ဟာ နှလုံးခုန်စက်လား။ ကလိမ်ကကျစ်လုပ်တဲ့စက်လား၊ သေချာပြန်စစ်။ သူခိုးကလူကို ပြန်ဟစ်မနေနဲ့။

ဒီဘိတ်ကားတစ်စတစ်စပွဲ ကြမ်းလာချေပြီ။ ကျွန်ုပ်လည်း အချေအတင်ဆွေးနွေးချက်များ ကို စိတ်ဝင်စားလှသည်ဖြစ်၍ နား ရွက်မျှပင် မခတ်နိုင်ဘဲ ငုတ်တုတ် မေ့ကာ နစ်မျောနေမိ၏။ လေမင်း လှိုင်အား တစေ့တစောင်းအကဲ ခတ်သည်တွင်မူ နှစ်ဖက်အခြေ အနေကို အလေးအနက်တွက်ဆ နေသည့် အမူအရာဖြင့် အသံ တိတ်လျက်ပင်ရှိ၏။ ဖေကြည်နှင့် ကပ္ပလီတို့ကား ကျရာဇာတ်ရုပ် တွင် လမိုင်းအကြီးအကျယ်ကပ် နေကြလေပြီ။

(လေး)

ကပ္ပလီ- ငါရှင်ဘုရင်၊ ငါ့တိုင်း ပြည်၊ ငါဘယ်နှပတ် ပတ်ပတ် ခင် ဗျားအပူတစ်ပြားသားမှမပါဘူး။ လူကိုအချဉ်မှတ်လို့ဗျာ။ လိုအပ်ရင် အရေးပေါ်အခြေအနေဟေ့လို့ ကြေညာနိုင်တာ ကျုပ်ဗျ။

ဖေကြည်- မင်းသားကြီးမလုပ်ရ ရင် ပတ်မကြီးထိုးဖောက်မယ့် မင်း သောက်ဉာဏ်တစ်ထွာတစ်မိုက် ကိုသိပြီးသားပါကွာ။  အစွယ် ထုတ်ပြမနေပါနဲ့။  တစ်ခုတော့ သတိပေးထားမယ်။ မင်းစိတ်ထဲ မှာ အရင်လိုထင်တိုင်းကြဲလို့ရဦး မယ်များမှတ်နေသလား။ လူထု က မင်းတို့ထင်သလောက်မညံ့ တော့ဘူးကွ။

ကပ္ပလီ- လာသေးတယ်သာအေး ရယ်။ ဟိုဘက်ခုန်ကူး၊ ဒီဘက်ခုန် ကူးနေတဲ့ မောင်သာကူးကများ။

ဖေကြည်- လျှာမရှည်နဲ့ကွာ။ ခြောက်ပွင့်ဆိုင်ဖို့ ထပ်တင်လိုက် ပြီနော်။ ဆိုင်မလား၊ မဆိုင်ဘူး လား၊  ယောက်ျားဆိုယောက်ျား စကားပြောကွ။   ညောင်ညည့် ညောင်ညည့်၊ ပျော့ပျော့လေးနဲ့နံ တဲ့ ကြောင်ချေးရ။

ကပ္ပလီ- လဲသေလိုက်ပါလား။ ဖြစ်နိုင်ရင် ကျုပ်က အပွင့်သန်းချီ ပြီး ဆိုင်လိုက်ချင်တာ။ များလေ ကောင်းလေ  ဆိုတာလောက် တောင် မသိတဲ့ငတုံး။

ဖေကြည်- မေးနေတာ တည့်တည့် ဖြေစမ်းကွာ။ ပြင်မှာလား၊ မပြင် ဘူးလား၊ ဆိုင်မှာလား၊ မဆိုင်ဘူး လား။

ကပ္ပလီ- မင်းမှာနားမပါဘူးလား။ ငါ့နည်းငါ့ဟန်နဲ့လုပ်သွားမယ်။ နကန်းတစ်လုံးမှနားမလည်တဲ့ ကောင်၊ မင်းခဏခဏစာပို့နေ တာ ငါအိပ်ရေးပျက်တယ်ကွာ။

ဖေကြည်- ဩ.. မင်းကငါ့ကို ခွေးနဲ့နှိုင်းတယ်ပေါ့လေ။ တောက် မင်းမိုက်ရိုင်းမလာနဲ့နော်။

ကပ္ပလီ- (လေမင်းသားရှိရာသို့ ရုတ်ခြည်းလှမ်းကြည့်လျက်) ဇရှိ မှ ဇစ်ဖြုတ်ရတယ်ကွ။ စစ်တပ်ကို အမိန့်ပေးနိုင်တာငါကွ။

ဤတွင်လည်း ဖေကြည် သည် လေမင်းသားအားလှမ်း၍ အကဲခတ်ရင်းစိန်ခေါ်လေပြီ။

ဖေကြည်- သိမ်းရဲရင်သိမ်းကြည့် လိုက်လေ။ ကြာတယ်ကွ။ အကြောင်းသိချင်ရင် ခုချက်ချင်း သိမ်းကြည့်လိုက်။

ဂျပုကလေး လေမင်းသား ကား ကျီးကြည့်၊ ကြောင်ကြည့်ဖြစ်နေဆဲပင်တည်း။ ကျွန်ုပ်၏မျက် နှာကို အားကိုးတကြီးလှမ်း၍ကြည့် ကာမည် သို့တုံ့ပြန်ရမည်ကို လမ်း ညွှန်ချက်တောင်းနေဟန်ရှိ၏။ မြန်မာ့အရေးကို ဆရာတစ်ဆူ ဧတဒဂ်မြောက်အောင် အကုန်အစင်သိမြင်နေသည့် ကျွန်ုပ်ကားဟန်ပါ မာန်ပါလှသော  တပည့်ကျော်တို့၏ ဒီဘိတ်တွင်လုံးလုံးလျား လျားကြီး အာရုံကျဈာန်ဝင်နေခဲ့ပြီ ဖြစ်ရာ ကျွန်ုပ်၏နှုတ်မှ စကားတစ် ခွန်းသည် ထင်မှတ်မထားဘဲ ပွင့် အန်ထွက်ကျသွားခဲ့လေသည်။

‘‘အခုလို ပွဲကျပ်နေချိန်မှာ လိမ္မာရင် ကိုယ့်အတွက်ချည်းပဲလ ဟဲ့။ မောင်လေမင်းလှိုင်လေးရဲ့’’

အကင်းပါးလှသော တပည့် ကျော်လေမင်းသားသည် ကျွန်ုပ် ၏ စကားဆုံးသည်နှင့်တစ်ပြိုင် နက် မတ်တတ်ရပ်ကာ ဂျူနီယာ ဗိုလ်ချုပ်မှူးကြီး၏ အိုက်တင် အပြည့်ဖြင့် ဒီဘိတ်ကိုနိဂုံးတိုင်စေ ခဲ့လေတော့သည်။

‘‘ကျွန်တော့်အနေနဲ့ တစ်ဖက် သတ်အာဏာသိမ်းမှာမဟုတ်ပေ မယ့် အခုဆရာတို့ဖြစ်သလို တစ် ဖက်နဲ့တစ်ဖက် အပြန်အလှန် အပုပ်ချပြီး တိုင်းပြည်မှာ အရေး ပေါ်အခြေအနေကြေညာရပြီဆို ရင်တော့ ငြိမ်ဝပ်ပိပြားရေး အတွက် ဆောင်ရွက်ဖို့ တုံ့ဆိုင်း နေမှာမဟုတ်ဘူးနော်။ ဒါ့အပြင် ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့စီစဉ် ထားတဲ့အထွေထွေရွေးကောက်ပွဲ မတိုင်မီ အကြမ်းဖက်မှုတွေပေါ် ပေါက်လာအောင် ပြင်ပအဖွဲ့ အစည်းတွေက သွေးထိုးလှုံ့ဆော် လာနိုင်တာတွေလည်း ကျွန်တော် သိထားတယ်။ ဘာပဲဖြစ်ဖြစ် အာ ဏာသိမ်းရပြီဆိုမှတော့ ဘယ်သူ က တိုင်းပြည်ကို ခေါင်းဆောင်ရ မယ်ဆိုတာ ခင်ဗျားတို့သိပြီးသား ပါလေ’’

   တပည့်ကောင်းပီသလှ သည့် အာဂ လေမင်းသားပေ တကား။ အခွင့်အခါကောင်းကို အချိန်ကိုက်အသုံးချလျက် ချက် ကျလက်ကျပြောင်မြောက်သော စကားလုံးတို့ဖြင့် ဆုံးဖြတ်ချက်ကို ပိုင်နိုင်စွာ ချနိုင်သူပေတည်း။ ကျွန်ုပ်သည် ကျေနပ်ရွှင်လန်းအား ရစိတ်ဖြင့် လေမင်းသားရှိရာသို့ လျှောက်သွားတည့်ကာ သူ၏ ကျောပြင်ကို ညင်သာစွာပွတ် သပ်ရင်း တပည့်မွေးရကျိုးနပ်လေ စွ။ စာဖတ်နေရကျိုးနပ်ပါဘိဟု ရင်တွင်းမှ ဥဒါန်းကျူးရင့်မိလေ တော့သည်။

“အိယောင်ဝါးနှင့်ကပ်ရိုက်ကပ်ခွေ”

$
0
0
၃၀ ဇန်နဝါရီ ၂၀၁၅ နေ့ထုတ် သည်လေးဒီးစ်အပတ်စဉ်ဂျာနယ်မှ ။  ။

“အိယောင်ဝါးနှင့်ကပ်ရိုက်ကပ်ခွေ”

(မင်းဒင်)

(၁)
အသက်ဖင်ဆောင့်လာလို့များလားမပြောတတ်ဘူးဗျ။အိမ်အပြင်ထွက်ရမှာ၊
လူတွေသူတွေကြား၊ လတ် လျားလတ်လျားလုပ်ရမှာ၊အတော့်ကိုကြောက်လာတယ်။
ဒါကြောင့်ကျုပ်ဟာအခန်း အောင်းနေတာများ တယ်။လူတောမတိုးချင်တဲ့စိတ်ဟာ၊အစွန်းရောက်လွန်းရင်လဲ
မသင့်တော်ပြန်တာမို့တပတ်တစ်ခေါက်တန်သည်နှစ်ခေါက်တန်သည်
အပြင်တော့ထွက်ပါရဲ့။ကြာလှတစ်နာရီပဲ၊ငေးစရာမောစရာမြန်မြန်ငေးမော၊
ဝယ်စရာရှိတာတက်သုတ်ရိုက်ဝယ်ပြီး၊ဝပ်ကျင်းထဲပြန်အောင်းနေခဲ့တာ
မှတ်မှတ်ရရလေးငါးနှစ်တောင်ရှိရော့မယ်။

ဒါပေမဲ့ဗျာ။လာမဲ့လဆန်းပိုင်းမှာစင်္ကာပူကို၊မိသားစုအရေးကိစ္စနဲ့၊
မသွားမဖြစ်ခရီးယာယီထွက်ရမှာမို့၊ကျုပ်ဖြင့် ဒီရက်ပိုင်းမှာအပြင်ချည်းထွက်နေရတာသဗျာ။

မထွက်လို့လည်းမဖြစ်ဘူးလေ၊ဗီဇာကိစ္စ၊လေယာဉ် လက်မှတ်ကိစ္စ၊လိုအပ်မယ်ထင်တာလေးဝယ်ရခြမ်းရနဲ့တယ်စိတ်ရှုပ်စရာကောင်းသကိုး။
ဒီမနက်လည်း၊ဖေ့စ်ဘွတ်တက်နေရင်းဗြုန်းဆို၊အရေးကြီးကိစ္စတစ်ခုပြေးသတိရသွားမိတာကြောင့်၊ အပြင်ထွက်ဖို့ဖြစ်လာပြန်ရောဗျာ။ဘယ်ကိစ္စရှိရမတုန်း၊ဘိုသီဖတ်သီနဲ့အမြင်မတော်ဖြစ်နေတဲ့ကျုပ်ဆံပင်တွေကို သေသေသပ်သပ်ဖြစ်အောင်၊အနည်းအကျဉ်းညှပ်ရတိရ၊မဲ့အလုပ်ပေါ့ဗျာ။

တကယ်တော့ကျုပ်သဘောအတိုင်းသာဆို၊ဘာမှသိပ်ပြင်ပြင်ဆင်ဆင်
မလုပ်ချင်တော့ပါဘူး။အထူးသ ဖြင့်ဆံပင်ကိစ္စဆိုပိုဆိုးသေး။ဖြစ်နိုင်ရင်
ကတုံးပြောင်ကြီးနဲ့သာနေလိုက်ချင်တော့တာ။

ခက်တာက၊အသက်သာကြီးတာ၊ကံကောင်းထောက်မပြီးဥပဓိရုပ်က၊
ဇရာထောင်းနေတဲ့ပုံမပေါက်သေးတာမို့၊လူအများနဲ့ထိတွေ့ဆက်ဆံရမဲ့ပွဲမျိုးမှာ၊
ကတုံးကြီးနဲ့တော့မသင့်တော်လှဘူးလေ။ ဒါကြောင့်ဆံပင် ကိုတော့၊လူကြားထဲမသွားခင်၊အများအမြင် ကောင်းအောင်၊
သသင့်တယ်လို့ထင်တာပဲဗျာ။

(၂)
နေဦးဗျ။ဆံသဆိုင်သွားမယ်ဆိုကာမှဆံပင်ညှပ်ဆိုင်ဒီနေ့ဖွင့်မဖွင့်ဆိုတဲ့အတွေး
ကျုပ်ခေါင်းထဲဝင်ပြန် တယ်။မြန်မာပြည်မှာသာဆံသဆိုင်တိုင်းလိုလို တနင်္လာနေ့မှာတညီတညွတ်တည်းလိုလိုပိတ်ကြပေမဲ့၊ ကိုရွှေထိုင်းတွေက ဗုဒ္ဓဟူးနေ့ပိတ်လိုပိတ်၊သောကြာနေ့ပိတ်လိုပိတ်နဲ့မျက်စကိုလည်နေတော့တာပဲ။

 မွေးနေ့သောကြာတနင်္လာကေသာဆံဖြတ်မပြုအပ်တို့ဘာတို့ဆိုတာတော့
ကျုပ်အယုံအကြည်မရှိလှပါ ဘူး။
အင်း၊ဒီနေ့ကဗုဒ္ဓဟူးနေ့ဆိုတော့ညှပ်နေကျဆံပင်ညှပ်ဆိုင်ဖွင့်ချင်မှဖွင့်မှာပါလေဆိုပြီး၊အပြင်မထွက်ချင် တဲ့စိတ်ခံနဲ့ အီလေးဆွဲနေမိသေးသဗျ။ ဒါပေသည့်၊ခရီးထွက်ရမဲ့ရက်ကလည်းသိပ်နီးနေပြီဆိုတော့၊ထွက် မှဖြစ်မှာပါလေဆိုပြီး၊ပျင်းကြောဆွဲနေတဲ့ကိုယ့်စိတ်ကို၊ကိုယ့်ဖာသာတွန်းအားပေးပြီး၊ကိုယ့်ကားကိုယ် မောင်းထွက်ခဲ့ရောဆိုပါတော့။

ထင်တဲ့အတိုင်းပါပဲဗျာ။ကျုပ်အိမ်နဲ့တဖာလုံသာသာလောက်ဝေးတဲ့
ညှပ်နေကျဆံသဆိုင်ရှေ့ရောက် တော့၊ဆိုင်တံခါးဝမှာစက္ကူဖြူတစ်ရွက်နဲ့ရေးထားတာက၊ ယနေ့ဆိုင်တစ်ရက်ပိတ်သည်တဲ့။ ကဲ၊ကြည့်၊ ဗုဒ္ဓဟူးနေ့တိုင်းဆိုင်ပိတ်သည်လို့ ရေး ထားလိုက်ရင်ပြီးနေတဲ့ဥစ္စာ၊ဒီစာရွက်မှာပါတဲ့အတိုင်းဆိုနက်ဖန် လည်းဒီအတိုင်းတွေ့နေရင်ဘယ်နဲ့လုပ်ပါ့မတုန်း။မဖြစ်သေးပါဘူးလေ။
အများကြီးညှပ်မှာမှမဟုတ်တာ၊

တို့ရုံတိရုံဆိုတော့၊ဘယ်ဆိုင်ဝင်ညှပ်ညှပ်အဆင်ပြေလောက်ပါရဲ့၊
ဆိုပြီးမနီးမဝေးမှာရှိနိုင်မဲ့ဆံပင်ညှပ်ဆိုင်တွေကိုလိုက်ရှာရပြန်ရောဗျ။
နေဦး။ကျုပ်လည်းဖူးခက်မှာနေလာတာဆယ်နှစ်ဆယ်မိုးတောင်ကျော်လာပြီဆိုတော့၊
ထိုင်းစာလေး တခေါက်ရေးတတ်ဖတ်တတ်၊ထိုင်းစကားလေး ထမင်းစားရေသောက်လောက်တော့တတ်နေပြီဆိုပါ တော့။

ခက်နေတာကလုံးစေ့ပတ်စေ့၊ဂဃနဏပိုင်ပိုင်နိုင်နိုင်မတတ်တဲ့ကိစ္စ။ထားပါတော့လေ။

ကျုပ်ဟာကားကိုလမ်းဘေးကနေအရှိန်လျော့မောင်းနေရင်း၊
ဆံပင်ညှပ်ဆိုင်ဆိုင်းဘုတ်တွေ့လိုတွေ့ ငြားလိုက်ရှာလိုက်တော့၊
ညှပ်နေကျဆိုင်နဲ့မလှမ်းမကမ်းမှာ ကျားမဆံသဆိုင်ဆိုတဲ့ဆိုင်းဘုတ်တစ်ခု ကိုတွေ့သဗျ။ဒါနဲ့သေချာအောင်၊ကားရပ်ပြီးဆိုင်ပိတ်တဲ့ဆိုင်ဘုတ်များ
ချိတ်ထားလေသလား၊သေချာအောင်ထပ်ကြည့်တော့၊
ဘာစာမှရေးမထားတာနဲ့ကားကိုခပ်လှမ်းလှမ်းနေရာလွတ်မှာရပ်ပြီး၊
ဆိုင်ရှေ့မှန်တံခါးကနေတစ်ဆင့်ဆိုင်ထဲကိုလှမ်းကြည့်လိုက်ရောဆိုပါတော့။


(၃)
အမယ်၊ဆိုင်ထဲမှာအသက်ခပ်ကြီးကြီးအမျိုးသမီးကြီးတစ်ယောက်
တယ်လီဖုန်းပွတ်နေသဗျ။သူကကျုပ် ကိုမြင်တော့ဖုန်းအပွတ်ရပ်ပြီးတံခါးလာဖွင့်တယ်။ ကျုပ်လည်းဆဝါဒီခပ်၊ဝမ်နိလန်ပစ်မိုင်ခပ်၊(ဒီနေ့ဆိုင် ပိတ်ပါသလားခင်ဗျာ)လို့မေးလိုက်တော့သူက ပြုံးပြီး၊မိုက်ပစ်ခတဲ့။မပိတ်ပါဘူးရှင်ပေါ့ဗျာ။

အမျိုးသမီးကြီးကြည့်ရတာ၊အသားအရည်ကောကိုယ်လုံးကိုယ်ပေါက်ပါ
အသက်ကြီးပေမဲ့ကြည့်ပျော်ရှုပျော်ရှိတဲ့အထဲမှာပါတယ်
ဆိုရမယ်။ပြောပုံဆိုပုံကလည်းရည်ရည်မွန်မွန်ပါပဲ။

တိုတိုပြောရရင်၊ကျုပ်လည်း အဝတ်ပြာစကြီးအုပ်ပြီး
ဆံပင်ညှပ်ခုံပေါ်ရောက်ရောဆိုပါတော့။ သူကကျုပ် ကို ဘယ်လိုပုံမျိုးညှပ်မှာလဲလို့စမေးသဗျ။ဒီမှာတင် ဇာတ်လမ်းကစတော့တာပဲဗျို့။
ကျုပ်ပြောတတ်တဲ့ ထိုင်းစကားဆိုတာ၊တကယ့်ကိုထမင်းစားရေသောက်မို့၊ ကျုပ်ညှပ်ချင်တဲ့ပုံစံကိုတိတိကျကျကြီးမပြော တတ်ဘူးဖြစ်နေတယ်။

ကိုယ့်မြေကိုယ်ရေကိုယ့်တိုင်းပြည်မှာဆိုရင်တော့ဗျာ။ “အများကြီးမဟုတ်ဘူးနော်၊တိရုံပဲတိမှာ၊နည်းနည်းပါးပါးရှိတ်ကလေး
လိုက်ပေးပါ၊ဂွကပ်ကျေးတော့မသုံးနဲ့ဗျ..”၊အစရှိသည်ဖြင့် ဒက်ကနဲကွက်တိပြောတတ်ပါသော်ကောဗျာ။

ဒါနဲ့ပဲ လိုတိုရှင်းနစ်ဒီးယိုး၊ နစ်ဒီးယိုး (နည်းနည်းနည်းနည်း) ဆိုတဲ့ ထိုင်းစကားထော့ကျိုးနဲ့စခန်းသွားလိုက်ရတာပေါ့။
ဒီမှာတင်ဘွားတော်ဟာကျုပ်ထိုင်းစကားမရေလည်တဲ့တိုင်းတပါးသားဆိုတာ
ချက်ချင်းသဘောပေါက် သွားဟန်တူပါရဲ့။ရှင်ထိုင်းစကားပြောတာအရမ်းပီတာပဲဆိုပြီး အရူးဘုံမြောက်ပါလေရောဗျာ။ဒါတင်မက သေးဘူးဗျ။

သူက ကျမတွေ့ဖူးသမျှကိုးရီးယားလူမျိုးတွေဟာ၊ထိုင်းစကားရော၊
ထိုင်းစာပါမွှတ်နေအောင် တတ်ကြတယ်ဆိုပြီး၊စကားဆက်ပြန်ပါရော။
အရေးထဲသူက ကျုပ်ကိုကိုးရီးယားထင်နေပြန်သကိုး။
အမ်၊ကျုပ်ကဘယ်လိုနားလည်တုန်းဟုတ်လား၊သူပြောတဲ့စကားထဲမှာ
 ကောက်လီ၊ဖတ်စာထိုင်း၊ ခီယန် ထိုင်း၊မားမား၊ယဲ့ယဲ့ဆိုတာလောကို
ကျုပ်ကနားလည်နေတော့၊
အဓိပ္ပါယ်ပြည့်စုံအောင်၊ သူ့မျက်ရိပ် မျက် နှာကဲကြည့်ပြီးအကဲခတ်ရတာပေါ့ဗျ။

သူ့စကားဆုံးတော့ကျုပ်လည်းအလိုက်သင့်အလျားသင့်ချိုင်းခပ်၊ချိုင်းခပ်ပြန်လုပ်ရတာပေါ့။
ကျုပ်ရဲ့ချိုင်းခပ်ကိုလည်းကြားရောသူလည်းပိုပြီးအားတက်သွားပုံရပါရဲ့။

သူပြောချင်တာတွေတသီတတန်းကြီးဆက်ပြောတော့တာပဲဗျို့။
အမှန်ပြောရရင်သူပြောနေတဲ့စကားရဲ့ခုနစ်ဆယ်ရာခိုင်နှုန်းကို ကျုပ် နားမလည်တာမို့၊ကျုပ်မှာ၊စကားထားဖွက်တာကိုအဖြေပေါ်အောင်စဉ်းစားရသလို၊
စစ်မြေပြင်မှာ ရန်သူ့ စကားဝှက်ကိုဖော်ရသလို၊ဦးနှောက်ကိုမော်တာ တပ်ရတော့တာပေါ့။

“သြော်၊အချိန်တွေများကုန်လွယ်လိုက်တာနော်၊အခုဆိုကျမအသက်ငါးဆယ့်နှစ်နှစ်ရှိပြီ၊
အသက်နှစ်ဆယ်တုန်းကဘဝ၊အသက်သုံးဆယ်တုန်းကဘဝတွေဟာ၊ မနေ့တနေ့ကလိုပါပဲလား”တဲ့။

အဟဲ။သူ့ဖာသာဘာသဘောရှိရှိကျုပ်ဖက်ကသွေးရိုးသားရိုးပါဗျ။
ကျုပ်ကိုလွှတ်အထင်ကြီးမနေနဲ့အုံးနော်။သူပြောတဲ့ထဲမှာ၊တော်နိအာယုဟဆစ်၊
ဆမ်ဆစ်၊ရိဆစ်၊ဆိုတဲ့စကားလုံးတွေနဲ့ သူ့ရဲရှက်စနိုးအမူအယာ၊အတိတ်ကို လွမ်းနေတဲ့မျက်နှာပေးတွေကြောင့်၊ကျုပ်က ဒက်က နဲ နားလည်လိုက်တာ။

ကျုပ်လည်းသူအားရှိသွားအောင်၊ကျုပ်က “ငါ့ညီမထက်လေးငါးခြောက်နှစ်တောင်ကြီးပါသဗျား”ဆိုတဲ့ သဘော၊ဖုန်အာယုဟဆစ်ပက်ကွာလျောက်ဆိုပြီးနှစ်သိမ့်လိုက်တော့သူက

“ရှင်တော်တော်အရွယ်တင် တာပဲ”တဲ့။ဘုန်းကြီးရူးနဲ့လှေလူးတွေ့နေကြပြီပေါ့ဗျာ။

ဘယ်ကလာ၊ကျုပ်အကုန်နားလည်ပါ့မတုန်း၊သူပြောတဲ့ အထဲမှာ လော် (ချောတယ်)ဆိုတာတစ်လုံးပဲကျုပ်နားလည်တာ။ကျန်တာကတော့ အလင်္ကာ ဆန်တဲ့ အတွေးနဲ့ဖြည့်နားလည်ရတာပေါ့လေ။

(၄)
အရေးကြီးတဲ့တစ်ချက်ကျန်သေးတယ်ဗျ။ကျုပ်ဟာသူကပ်ကျေးကိုင်ပုံ၊
လှုပ်ရှားသွားလာပုံတွေကိုအနီးကပ်လေ့လာရင်းသိလိုက်တာက သူဟာ အမြဲဆံပင်ညှပ်နေတဲ့သူမဟုတ်လောက်ဘူးဗျ။ အမှန်တော့ သူဟာဆိုင်ပိုင်ရှင်ဖြစ်လောက်တယ်။ဘာ ကြောင့်တုန်းဆိုတော့
သူဆံပင်ညှပ်နေပုံဟာနည်းနည်း တော့ စမ်းတဝါးဝါးနိုင်နေတယ်။

ကျွမ်းကျင်သော်ငြားအလေ့အကျင့်ပြတ်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်လေ။
ဒီတော့ကျုပ်စိတ်ထဲမှာနည်းနည်းတော့စိုးရိမ်စိတ်ဝင်လာမိတယ်။
အမယ်လေး၊မယ်မင်းကြီးမရမ်းသမ်းပြီးလက်စွမ်းပြလိုက်လို့ ကတုံးတုံးရမဲ့ဘဝရောက်ရင်ဒုက္ခပေါ့။ဒါကြောင့်ကျုပ်လည်း သိပ်မဆိုးလှ ဘူးဆိုတဲ့အနေအထားတစ်ခု မှာတော်လောက်ပြီဗျ။ကောင်းနေပါပြီ
လို့ပြောလိုက်တော့၊

သူက မသေ မသပ်ဖြစ်နေတဲ့နေရာလေးတွေကိုလက်ညှိုးထိုးပြပြီး၊ ဒါလေးတွေတိလိုက်မှပိုကြည့်ကောင်းသွားမှာလေ
ဆိုပြီးစေတနာရေစီးကမ်းပြိုလိုက်နေပြန်ပါလေရော။
ဒါလဲမှန်းခြေသမ်းခြေ၊အရိပ်အခြည်ကြည့်ပြီး၊သူ့စကားရဲ့အနက်အဓိပ္ပါယ်ကို
ခန့်မှန်းနားလည် ရတာပေါ့ဗျာ။

ဒီလိုနဲ့ကျုပ်က၊ရင်မနေချိန်မှာသူကသဒ္ဓါတွေပိုနေလိုက်တာနာရီဝက်
သာသာလောက်မှာမှ၊ ဆံသခြင်း အလုပ်အောင်မြင်စွာပြီးဆုံးခဲ့သဗျ။ ဒီတော့မှကျုပ်လည်းဟင်းကနဲသက်ပြင်းချနိုင်ပြီးကျသင့်ငွေရှင်း၊
သူ့ကိုပြုံးပြီးနှုတ်ဆက်၊ကားမောင်းထွက်ရောဆိုပါတော့။

ကျုပ်လည်းကားမောင်းနေရင်းနဲ့၊ဆံပင်ညှပ်ဆိုင်မှာ၊
အခုပူပူနွေးနွေးလတ်တလောကြုံခဲ့တဲ့ကျုပ်တို့နှစ်ယောက်ရဲ့အဖြစ်ကိုတွေးပြီး၊
တစ်ယောက်တည်းကျိတ်ပြုံးပြုံးမိသဗျ။

အင်း၊သူကလည်းဆံပင်ညှပ်တာစမ်းတဝါးဝါး၊ငါကလည်း ထိုင်းစကားအိယောင်ဝါး၊စကားတွေဖောင်ဖွဲ့ လိုက်ကြတာများ၊
တယ်ဟုတ်နေခဲ့ကြတာပါကလား။
ကံကြီးလို့ကတုံးဘဝမရောက်တယ်။

ဒီမှာတင်၊ကျုပ်တဆက်တည်းတွေးမိတာကကျုပ်တို့ တိုင်းကားဌာနီမှာ၊ဒီမိုကရေစီစနစ်ဆီဦးတည်နေ ကြပြီ
ဆိုတာတော့ဟုတ်ပါရဲ့။

ဒါပေမဲ့ သမ္မတတို့၊လွှတ်တော်တို့၊စစ်တပ်ဆိုတာတွေဟာ၊ဆံသဆိုင်မှာ ကျုပ်တို့ဖြစ်ခဲ့သလိုအိယောင်ဝါးတွေဖြစ်နေကြရင်ဖြင့်၊
တိုင်းပြည်ရှေ့ရေး၊ဘယ်လိုဆက်တွေးရမှန်းတောင်
ကျုပ်မသိတော့ပါဘူး။အေးလေ။ဒီမိုကရေစီနိုင်ငံထူထောင်တယ်ဆိုတာ၊
ကပ်ရိုက်ကပ်ခွေအင်အားစုတွေသုံးပြီး၊
ကတုံးမဖြစ်ရင်တော်ပါသေးရဲ့လို့၊ကြံဖြေဆည်လို့ရတဲ့ကိစ္စမျိုးမှ မဟုတ်တာ။ ။


“ဘဝရှင်မင်းတရားကြီးကျွန်ုပ်နှင့် ဘိုးလောင်းတော်ဘေးလောင်းတော်တို့၏အရှုပ်တော်ပုံ”

$
0
0
၃၀ ဇန်နဝါရီ ၂၀၁၅ နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာ မှ။

“ဘဝရှင်မင်းတရားကြီးကျွန်ုပ်နှင့်
ဘိုးလောင်းတော်ဘေးလောင်းတော်တို့၏အရှုပ်တော်ပုံ”

(မင်းဒင်)

ကံထမ်းလာသည်ကိုကြိုတင်မမြင်နိုင်လေသည့်၊ဤဒွန္နယာကြီးတွင်၊
ကျွန်ုပ်သည်ကြံစည်မျှော်လင့်၊ စိတ် ကူးထားခြင်းအလျဉ်းမရှိပါပဲ၊မရွယ်ပဲစော်ကဲမင်းဖြစ်ဆိုဘိသကဲ့သို့၊
တိုင်းပြည်အုပ်ချုပ်မင်းလုပ်သည့်ဘဝ ရှင်မင်းတရားကြီး
အဖြစ်သို့ရောက်ခဲ့ရခဲ့ဖူးလေသည်။

ကျွန်ုပ်မင်းအဖြစ်ကိုရရှိသည့်တိုင်းပြည်ကြီး၏အမည်နာမနှင့်
အခြားဆက်စပ်အချက်အလက်များကိုအပြည့်အစုံ ဖော်ပြရသော်၊
လိုရင်းမှသွေဖီ၍စာလေးမည်ဖြစ်သောကြောင့်၊ တိုင်းမသိဗာရာဏသီ၊ မင်းမသိ ဗြဟ္မဒတ်ဟူသောဆိုရိုးအတိုင်း၊လိုတိုရှင်းသဘော
၊ရှေးသရောအခါက၊ဗာရာဏသီပြည်ဟုသာမှတ်ယူ
ကြကုန်စေလို၏။ကျွန်ုပ်၏မင်းကရာဇ်ဘွဲ့အမည်တော်မှာလည်း၊တြိလောကအစချီ၊ရှည်လျားလှသည်ဖြစ်၍၊သေချာစွာ မမှတ်မိချေ။

ထို့ပြင်တဝ၊နန်းတက်သြဘာရတုတွင်၊ထီးဆောင်းနန်းနေပဒေသရာဇ်။
ပတ္တမြားဖိုးကဲ၊ပုလဲသန္တာ၊နီလာ၊ စိန်ကျောက်စသောအနဂ္ဃဥစ္စာမင်းထိုက် ဘဏ္ဍာများသခင်။ပုလဲလရောင်ငွေတောင်နှင့်အတူကိုယ်လုံးဖွေးဖွေးဖြူသော
သဗ္ဗသေတ၊နာဂရာဇာ၊ဂဇိန္ဒာဓိပတိ၊သီရိမြုတေ၊ကျက်သရေအပေါင်းနှင့်ပြည့်စုံသော ဆဒ္ဒန်ဆင်မင်းသခင်၊အစရှိသည့်လန်ဘားကျောက်တံတားအသုံးအနှုံးများပါဝင်သည်ကို၊အစမှအဆုံးတိုင်အာဂုံလွတ်၊ရွတ်မပြနိုင်သော်ငြား၊ရေးတေးတေးကား မှတ်မိတော်မူ၏။

နန်းတက်သည့်နေ့ရက်လအတိအကျကိုမှတ်ဥာဏ်တွင်မထင်တော့လင့်ကစား
ကျွန်ုပ်၏တပည့်ကျော်လေမင်းသား၊ကပ္ပလီနှင့်ဖေကြည်တို့ကား၊
အိမ်တော်ပါငယ်ကျွန်ကြီးများဖြစ်ကြ၍ဘွဲ့မည်ရည်အသီးသီးနှင့်
အရေးပါသောဌာနများတွင်ဝန်ကြီးများအဖြစ်ခန့်အပ်ခံကြရသည်
ကိုမူကောင်းစွာမှတ်မိလျက်ပင်ရှိ၏။

ထို့အတူမင်းအဖြစ်ကိုရသည့်နေ့မှာပင်မိုးလင်းမိုးချုပ်၊များလိုက်သည့်အလုပ်၊ဖင်ယား၍ပင်မကုပ်အားခဲ့ခြင်း ကိုလည်း၊ယခုထက်တိုင်ပြက်ပြက်ထင်ထင်မြင်ယောင်လျက်ပင်ရှိနေချေသေး၏။

(နှစ်)
ရာဇမင်္ဂလာဘိသိက်ခံယူ၍ဥကင်ထက်တွင်စံနေတော်မူရသည်နှင့်
ဇယ်စက်သလို၊အလုပ်များခဲ့၏။ဘိသေ ကမင်္ဂလာအခမ်းအနားသို့ တက်ရောက်လာသော၊ခုနစ်ပြည်ထောင်မင်းတို့၏သံကြီးတမန်ကြီး များ ၏အဖူးအမြော်ခံရခြင်း၊နောက်တော်ပါတို့အား
ဘွဲ့မည်ရည်အသီးသီးချီးမြှင့်ရခြင်းအပြင်၊ပြည့်ရှင်မင်း တို့ သိအပ်သော၊မင်းတို့အင်အားငါးပါး၊မင်းတို့ကျင့်ရာသော
တရားဆယ်ပါး၊ရှစ်ပါးသရုပ်၊စကြဝတေးမင်းတို့ကျင့်ရာသော
ဝတ်တစ်ဆယ့်နှစ်ပါး၊အပရိဟာနိယတရားခုနစ်ပါးသရုပ်၊
မင်းတို့၏သင်္ဂဟတရားလေးပါးသရုပ်စသည်တို့ကို၊အချိန်တိုအတွင်းအာဂုံ ရအောင်၊မင်းဆရာဂုရုတို့ထံကျူရှင်ပါတက်ရပြန်သည် မှာ၊
 ညဥ့်ဦး ယံတိုင်အောင်ဖြစ်ချေသည်။

စားတော်ကဲကြီးပြင်ဆင်ပေးသည့်ညစာကို၊လေးငါးလုပ်စာမျှစိတ်မပါ့တပါ
ပွဲတော်တည်ပြီးနှင့်၊တချိုးတည်းထိုးအိပ်စက်တော်ခေါ်ရန်၊
သလွန်ထက်တွင်မှေးကနဲ၊အိပ်ပျော်မည်ကြံကာရှိသေး၊အိပ်ဖန်စောင့် ဆီ မှအသံထွက်လာသဖြင့်၊ငေါက်ကနဲထထိုင်တော်မူရပြန်သည်။

“မှန်လှပါ၊အိမ်တော်ဝန်မင်းကပ္ပလီအမတ်ကြီးအရေးတကြီး
သံတော်ဦးတင်ရန်ရှိ၍၊ဖူးမြော်ခွင့်တောင်းနေ ကြောင်းပါဖျာ့”

“ခေါ်လိုက်ကွာ၊စက်တော်ခေါ်မဲ့ကြံကာရှိသေး၊ဒင်းကတမှောင့်”

ဆက်သလာသောနန်းတက်လက်ဆောင်ပဏ္ဍာတို့ကို၊
ဖွင့်ဖောက်စစ်ဆေးရင်း၊မောမောနှင့်တခေါခေါအိပ်ပျော်နေသည့်
မိဖုရားခေါင်ကြီးအပါးမှထတဲ့ကာ၊အိပ်ဆောင်တင်းတိမ်ကိုအသာဖယ်၍၊
အထွက်၊ဒူးတုတ်ခစားနေသောကပ္ပလီငယ်သည်ရေးကြီးသုတ်ပျာ၊
ဗျာကရာပင်လျှောက်တင်လာ၏။

“မှန်လှပါ၊စက်ယာဆောင်အထိလာရောက်သံတော်ဦးတင်ရသည်မို့
ထားလျှင်လည်းနေ၊သတ်လျှင်လည်းသေရမည်ပါဘုရား”

“တိုတိုပြောစမ်းပါကပ္ပလီရာ၊ဆယ့်နှနာရီတောင်ထိုးတော့မယ်”

“မှန်လှပါ၊နောင်ချိုအေးရှားဝေါဂိတ်၌စိနတိုင်းဖက်တိုင်းမှ
တိတ်တဆိတ်ခိုးသွင်းလာသော၊ဖောက်ခွဲရေးပစ္စည်းများကားတဆယ့်ခုနစ်စီး တိုက်မိသည့်၊တယ်လီဖုန်းသတင်းဝင်လာကြောင်းပါဘုရာ့”

“ဟေ၊များလှချည့်လားမောင်မင်း”

“မှန်လှပါ၊ဘုရင့်သူလျှိုတပ်ဖွဲ့၏ရုံးစာအတုနှင့်ဖြစ်နေပါသည်ဘုရား”

“အလိုလေးလေး၊သောက်ကျိုးနည်းကုန်တော့မှာပါပဲ။
သည်လောက်များတဲ့ဒိုင်းနမိုက်တွေ၊ပြောင်ပြောင် တင်းတင်းကားအစီးပေါင်းမြောက်များစွာနဲ့ဝင်လာတာ။
ဟိုးအရင်ကနဲ့ဆိုဘယ်နှစ်ကြိမ်ရှိနေပြီပါလိမ့်၊အရပ်ထဲခွဲရုံတင်မက
နန်းတော်ကြီးတိုင်အောင်လာခွဲလျှင်ဖြင့်ဒုက္ခ၊တာဝန်အရှိဆုံးဖြစ်တဲ့စစ်သူကြီးကိုချက်ချင်းအရာမှချစေမောင်မင်း”

“ရွှေဥာဏ်ရှင်ဆင်ခြင်တော်မူပါဘုရား၊ထိပ်တန်းစစ်သူကြီးဟာ
အရှင့်ဘိုးလောင်းတော်ခန့်အပ်ခဲ့သူမို့၊လက်ဖျားနှင့် တို့၍မဖြစ်ကြောင်းပါ”

“အင်း…၊ဒါဆိုလည်းထုံးစံအတိုင်းကြည့်ကျက်ပြီးသာလုပ်လိုက်ပေတော့၊
ငါကိုယ်တော်အိပ်ချင်လှပြီ”

သက်ပြင်းကိုခပ်လေးလေးချတော်မူလျက်၊သလွန်တော်ရှိရာသို့ပြန်ကြွတော့မည့်၊တခဏမှာပင်၊ဝန်မင်းဖေကြည်ကုတ်ကုတ်၊ကုတ်ကုတ်နှင့်အခစားဝင်လာပြန်လေသည်။

(သုံး)
“ဟဲ့၊ငဖေကြည်၊ညကြီးအချိန်မတော်ဘာဖြစ်လာပြန်ပြီတုန်း”

“မှန်လှပါ၊ဒဂုံသို့ခြေလျင်ချီတက်နေသည့်၊တက္ကသီလာမှကျောင်းသား
သပိတ်တပ်ကြီးဝဲလောင်တောင်သာနယ်သို့ရောက်ရှိကာ၊
ရဲမက်တို့နှင့်ထိပ်တိုက်တိုးနေကြောင်းပါဘုရား”

ဗုဒ္ဓေါ၊ဝဲလောင်တောင်သာသက်တော်ရှည်အမတ်မင်းကား၊
ယမ်းဘီလူးဝန်ကြီးနာမည်ပျက်စာရင်းဝင်သူ ပေတည်း။
ဒင်းကိုလွှတ်ထား၍မဖြစ်၊သို့သော်ထိပါး၍လည်းမဖြစ်ပြန်ချေ။
ဒင်းသည်သွားလေသူဘိုးလောင်းတော်၏အနှိပ်တော်
လူယုံလက်ရင်းဖြစ်ပေသည်။ရွှေစိတ်တော်အိုက်လှပါဘိ။

“ပညာရေးကိစ္စပဲလကွယ်၊ပြေလည်အောင်ဆောင်ရွက်ပေးလိုက်ကြမှပေါ့”

“မှန်လှပါ၊တည်ဆဲပညာရေးဥပဒေဟာ၊အရှင့်ဘေးလောင်းတော်၊
ဘိုးလောင်းတော်တို့၊ပြဌာန်းခဲ့သည် ဖြစ် ၍၊လက်ရှိပွဲကျောင်းထွက်ဝန်မင်းများမတို့မထိရဲကြောင်းပါဘုရား”

“အင်း၊ဘိုးတော်တို့စကားပယ်ရှားရင်လည်းမသင့်တော်ပြန်ချေဘူးမောင်မင်း
၊မြွေမသေတုတ်မကျိုးတဲ့ နည်းလမ်းနဲ့သာဥပယ်တမျဉ်သုံးပြီးဖြေရှင်းကြပါစေမောင်မင်း ၊တော်တော့၊ငါအိပ်တော့မယ်”

“ဒါဆိုလေးပွင့်ဆိုင်ဖို့သဘောတူလိုက်ပါ့မယ်ဖျာ့”

“ဟ၊ မဆိုင်ချင်ပါဘူးဆိုမှကွာ”

“မှန်လှပါ၊ယခုအပွင့်ဟာဆိုရင်ဖြင့်ရွှေနန်းရှင်ဆိုင်ရန်မလိုသော
ပညာရေးအပွင့်ဆိုင်ဖြစ်ကြောင်းပါဖျာ့”

“ဂွတ်တယ်ထင်ဒူးသာဒူးကြပေတော့ဟေ့”

ပြည့်ရှင်မင်းတို့မည်သည်ညဥ့်သုံးယံတွင်
တယံသာအိပ်စက်ရသည့်စကားမှာသွေးထွက်အောင်မှန်လေ စွ။သလွန်တော်ညောင်စောင်းတွင်မှေးစက်သော်လည်းမပျော်နိုင်ပါလေ။

အိပ်မပျော်သည့်အတူတူ ဌာန ဆိုင်ရာဝန်မင်းများဖုတ်ပူမီးတိုက်တင်သွင်းသည့်၊ စာချွန်အတိုအရှည်တို့ကို၊ဖတ်ရှုမိပြန်ရာ၊
လေးပွင့်၊ခြောက်ပွင့်၊လေးဆယ့်ရှစ်ပွင့်၊(၂၀၁၅)အောင်နိုင်ရေး၊
ဆီးသီးဗန်းမှောက်ခြင်း၊တပ်မှူးအမတ်အစိတ်သား၊
နယ်စွန်နယ်ဖျားများမှပြဿနာများ၊ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊၊
လက်ပံတောင်းနယ်အရေး၊စိနတို့ ၏လက်ဝါးကြီးအုပ်စိုးမိုးလာမှု၊၊

အမတ်လစာတိုးရေး၊ဟစ်တိုင်မှ လူစုလူဝေးကြီး၊အမှုတော်ထမ်းများ ရိက္ခာတိုးမြှင့်ပေးရေး၊ဟိုအရေးသည်အရေး၊
အရေးပေါင်းသောင်းခြောက်ထောင်ကိုဖတ်တော်မူရင်း၊
မိုးစင်စင်လင်းလုခဲ့ပြီ။

။နောင်ဒိုင်းဟူသောဘယ်နှနာရီထိုးမှန်းမသိသည့်ဗဟိုရ်စည်သံကြားရသည်တွင်၊ဆက်ကပ်လာသောမျက်နှာသစ်တော်ရေဖြင့်ကဗျာကယာမျက်နှာသစ်လျက်၊စံနန်းတော်ဆောင်ဘုရားခန်းတွင်းမှ၊ရွှေစင်အတိသွန်းလောင်းထားသည့်ဘေးလောင်းတော်ဘိုးလောင်းတော်တို့၏ရွှေရုပ်တုတို့ကို၊ဦးနှိမ်မာန်လျော့ကန်တော့ရပြန်သည်။ခရစ်သက္ကရာဇ်(၁၉၆၂)ခုနှစ်မှယနေ့တိုင်အစဉ်အဆက်စိုးမိုးခဲ့သောဘိုးဘေးမင်းကောင်းမင်းမြတ်တို့ပေတည်း။

စံနန်းဆောင်ဘုရားခန်းမှအထွက်၊ဝန်ကြီးအဆောင်အယောင်နှင့်
လေမင်းသားတစ်ကောင်၊ဖဝါးခြေခိုက် ဦးတိုက်လာသည်ကိုတွေ့ရပြန်သည်။

(လေး)
ကျွန်ရင်းမို့ချက်ချင်းပင်မေးစေ့ကိုခြေမတော်ဖြင့်ကလော်၍မေးရပြန်ချေ၏။

“ဘာဖြစ်လာပြန်ပြီတုန်းဟ။စောစောစီးစီးကွာ”

“မှန်လှပါ၊ရွှေနားနှစ်ဆူပန်ဆင်တော်မူပါဖျာ့”

“ကြာရင်ငါကိုယ်တော်နင့်ကိုဆောင့်ကန်မိတော့မယ်၊မြန်မြန်ပြောစမ်းကွာ”

“မှန်လှပါ၊ကချင်နယ်မှကျောင်းဆရာမနှစ်ဦး၊အဓမ္မကျင့်အသတ်ခံရမှုကိစ္စ
ကုလသမဂ္ဂမှ၊အမြန်ဆုံးဖော်ထုတ်ပေးရန် အရေးတကြီးတောင်းဆိုလာကြောင်းပါဖျား”

“ပေါ်အောင်စစ်ကြလေကွာ၊မင်းတို့ပဲဥပဒေအထက်မှာဘယ်သူမှမရှိရဘူးဆို”

“မှန်ပါ၊ကချင်အရေးသည်ဘိုးလောင်းတော်ဘေးလောင်းတော်၏လက်ထက်မှအစပြု၍…”

“အာ၊တော်ပါတော့ကွာ၊ဒီပြဿနာဟာစစ်မက်ဖြစ်ပွားရာဒေသ မှာပေါ်ပေါက်ခဲ့တာမို့၊ဘိုးလောင်း တော် တွေခန့်ခဲ့တဲ့စစ်သူကြီးလက်ထဲသာ
ထိုးအပ်လိုက်ပေတော့။သူ့ဖာသာကြည့်ရှင်းပေ့စေ။နောက်ထပ်ဘာရှိသေးတုန်း”

“မှန်လှပါ၊ ဘုရင့်အမိန့်ဖြင့်မင်းဘဏ္ဍာအဖြစ်သိမ်းဆည်းထားသော၊
ဂန္ဓလရာဇ်ပြည်ပိုင်၊ စက်ယန္တယား များကိုပြန်လည်ရယူလိုကြောင်းစိနပြည်နယ်ဘုရင်ခံမှရာဇသံကြား
 ရောက်ကြောင်းပါဖျာ့”

“အောင်မာ၊သူခိုးတွေကများ၊ရာရာစစ၊ခိုးထုတ်ခိုးထည်တွေနဲ့
လက်ပူးလက်ကြပ်မိတာသေချာပါလျက်၊
ဘာကိစ္စပြန်ပေးရမတုန်း၊ခြေမမကောင်းခြေမလက်မမကောင်းလက်မ
၊ကျောသားရင်သားမခွဲခြားစကောင်းဘူးမဟုတ်လားမောင်မင်း”

“မှန်လှပါ။ကာလကြာမြင့်စွာကပင်၊ဘေးလောင်းတော်
ဘိုးလောင်းတော်တို့အကျိုးတူဖက်စပ်သဘော၊
ပုလင်းတူဗူးဆို့ပါဝင်ပတ် သက်၊ပတ်သက်..”

“လာပြန်ပဟ၊ဒီဘိုးလောင်းတော်ဘေးလောင်းတော်၊အေးပါကွာ၊အေးပါ၊အေးပါ၊
ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ၊ကြောက်ရတယ်ဆိုတာ လူမသိအောင်၊အချိန်လေးနည်းနည်းဆွဲပြီးပြန်ပေးလိုက်ကြ ပေရော့၊ရပြီနော်”

“မှန်လှပါ”

“နင့်အမေကလွှားမှန်လှပါလုပ်မနေနဲ့၊ညီလာခံတက်ရမဲ့၊အချိန်ရောက်နေပြီ၊တင်စရာရှိ၊ဟိုကျမှတင်စရာ ရှိတာ၊ တင်ပေတော့”

(ငါး)
ရွှေနန်းတော်ကြီး၏ညီလာခံခန်းမအရောက်သီဟသနပလ္လင်ပေါ်မှ
ရှုစားတော်မူသည့်အခါ၊သက်တော်ရှည် အမတ်ကြီးများ၊ပုဏ္ဏားဖြူ၊ပုဏ္ဏားညို၊မှူးကြီးမတ်ရာသေနာပတိတို့အပြင်
ခုနစ်ပြည်ထောင်မင်းတို့ ၏ သံတမန်များကိုပါ၊ညီလာခံခန်းမနှင့်မဆန့်အုံလိုက်ကျင်းလိုက်တွေ့မြင်ရပြန်လေသည်။

“အိမ်း၊မင်းကြီးများ”

“ဖျား၊ဖျား”

“သံတမန်များမပြန်ကြသေးဘူးလားကွယ်တို့”

“မှန်လှပါ၊ဘုန်းတော်ကြောင့်၊ကုန်သွယ်မှုစာချုပ်၊
သယံဇာတတူးဖော်ရေးစာချုပ်များချုပ်ဆိုရန်ပါဖျား”

“ကောင်းလှပေတယ်အမတ်မင်းတို့၊တိုင်းပြည်ဘဏ္ဍာတိုးပေသပေါ့”

“မှန်လှပါ၊ယခင်ကြွေးဟောင်းနှင့်နှိမ်ကြမည်ဖြစ်၍၊ဝင်ငွေရရန်မရှိပါဖျာ့”

“ဟ၊ငါက မနေ့ကမှနန်းတက်တာ၊ဘယ်ကကြွေးရှင်တွေတုန်း”

“မှန်လှပါ၊ဘိုးလောင်းတော်ဘေးလောင်းတော်တို့ကြိုတင်ချေးယူသုံးစွဲထားခြင်းပါဖျား”

လာလာသမျှပြဿနာဘေးလောင်းတော်၊ဘိုးလောင်းတော်တို့စနက်ချည်းဖြစ်နေလေပြီ။

“ကဲပါဗျာ။တိုးသာဆုတ်သာ၊တော်သလိုကြည့်ညှိကြပေတော့ဘိုးဘိုးတို့”
ပလ္လင်တော်ပေါ်မှမျှော်ကြည့်လေသော်၊ညီလာခံခန်းမအပြင်ဘက်မှာ၊
ရပ်ဝေးရပ်နီး၊မြို့စားနယ်စားများ၊
မြို့ဝန်အကြီးအအသေးမျိုးစုံတို့၊ပြဿနာလျှောက်တင်လွှာ ကိုယ်စီကိုင်လျက်သမဝါယမဆိုင်တန်းစီတိုးသလိုတသီတတန်းကြီး
ကျန်နေသေးသည်ကိုရှုစားတော်မူရ၏။

သည်ပုံအ တိုင်းဆိုရင်ဖြင့်၊ရာဇပလ္လင်ပေါ်မှာငုတ်တုတ်ထိုင်ရင်း
အသက်ပျောက်ပေတော့မည်။ မင်း မြောက်တန်ဆာငါးပါးမှချွေးဒီးဒီးကျလာ၏။

လမ်းဘေးမှာဆိုင်းထမ်းဖြင့်မုန့်ဟင်းခါးရောင်းရသည့်
ဘဝကမှတော်ကာကျပေဦးမည်။
မနက်စောဆီကနို့တစ်ခွက်သာသောက်လာရသည့်ဝမ်းကလည်းဟာလှပြီ။
စိတ်အိုက်လွန်းလှသည်နှင့်ရာဇဣနြေ္ဒကိုမငဲ့နိုင်တော့ပဲ
အသံထွက်ငြီးငြူမိလေတော့သည်။

“ကြီးလိုက်တဲ့ဒုက္ခ၊ငါတော့သေချင်စော်နံနေပြီဟေ့”

“မှန်လှပါ၊ဘုန်းတော်ကြောင့်၊ဗျာဒိတ်တော်မြတ်အတိုင်း၊
အရှင်မင်းတရားလူ့ပြည်ငြီး၍နတ်ထီးစံလျှင်လည်း
တဖက်လျှင်လေးငါးရားမျှသောနတ်သမီးတို့ဖြင့်၊
ဖလ်နန်းပြဿဒ်၊မှန်နန်းပြဿဒ်တို့ဖြင့်ဘေးလောင်း တော်ဘိုးလောင်းတော်တို့နည်းတူ စံ၊စံ၊…”

“တောက်၊လာပြန်ပြီ၊သေတာတောင်၊ဒီဘိုးလောင်းဘေးလောင်းတော်၊
ဒီသောက်ပြဿနာအမျှင်မပြတ်သေးဘူးလားဟဲ့”

“မှန်လှပါ၊အရှင့်အမျိုးအရင်းခေါက်ခေါက်များဖြစ်ကြ၍၊အရှင်ဤနန်းစည်းစိမ်ကိုရလာခြင်းမှ ဘိုးလောင်း တော်….”

“ဟာ၊လျှာရှည်လှတဲ့မိကျောင်းသား၊ကဲ၊မှတ်ရော့လဟ”

ပြင်းထန်သောအမျက်ဒေါသရာဇမာန်အရှိန်ကြောင့်၊အထွန့်တက်နေသည့်၊
သက်တော်ရှည်အမတ်မင်းအား၊လက်တွင်းရှိ
သံလျက်တော်ဖြင့်၊ကောက်ပေါက်လိုက်ချိန်တွင်
မင်းတရားကြီးကျွန်ုပ်လည်းအရှိန်လွန်၍ပလ္လင်ထက်မှဇောက်ထိုးကျကာ၊
လန့်နိုးတော်မူခဲ့ရာ၊ခါးဆစ်ရိုးနာသည့်အချိန်များတွင်မင်းဧကရာဇ်စည်းစိမ် ကိုယနေ့တိုင်အောင်ထိတ်လန့်နေဆဲဖြစ်လေသည်။
…………………………


“မဖြေသာသည်”

$
0
0
၆၊၀၂၊၂၀၁၅ နေ့ထုတ် သည်လေးဒီးစ်အပတ်စဉ်ဂျာနယ်မှ။  ။

“မဖြေသာသည်”

(မင်းဒင်)

(၁)
အင်း၊တကယ်တော့ဖူးခက်ဘန်ကောက်ခရီးဆိုတာကျုပ်အတွက်တော့
အိမ်ဦးနဲ့ကြမ်းပြင်လိုဖြစ်နေတာ ကြာပါပြီ။ဟိုးအရင်နှစ်တွေကဆို၊
တပတ်တခေါက်လောက်တောင်၊
ရွှတ်ခနဲရွှတ်ကနဲရောက်နေကျမို့၊ဘန် ကောက်ကိုသွားတဲ့အခါ၊လေယာဉ်ပျံရယ်၊
ဘတ်စ်ကားရယ်လို့၊စိတ်ထဲထွေထွေထူးထူးထားမနေတော့ပဲ၊ ကြုံရာနဲ့စခန်းသွားနေခဲ့တာကြာပါပြီလေ။
ဒါပေမဲ့၊အခုတစ်ခေါက်ဘန်ကောက်ခရီးကိုတော့၊ဟိုင်းဝေး
ဘတ်စ်ကားနဲ့သွားဖို့စိတ်ကူးခဲ့မိသဗျ။ဟုတ်ပါ့ဗျာ။

ခုတလော၊လေယာဉ်ခရီးစဉ်တချို့၊ပြေးလမ်းချော်တာ၊ကောင်းကင်ယံမှာ
ငှက်အုပ်နဲ့တိုက်မိတာ၊လေယာဉ်ကွင်းကနေပျံတက် သွားပြီးတစ်နာရီသာသာအကြာမှာ ဗြုန်းဆိုရေဒါမြင်ကွင်းကနေ ပျောက် သွားပြီး၊အခုအချိန်အထိတောင်သတင်းသဲ့သဲ့မကြားရသေးတာ၊
ဘယ်ကနေဘယ်လိုပျက်ကျသွားမှန်းမသိပဲ၊ခုနစ်ရက်တပါတ်
 လောက်ကြာပါမှ၊သမုဒ္ဒရာထဲထိုးကျသွားမှန်းသိခဲ့ရတာ၊စတဲ့စတဲ့
သတင်းတွေက ဆက် တိုက်ဆိုသလိုဖြစ်နေ
တာမို့၊လေယာဉ်နဲ့ခရီးသွားဖို့ရာ၊စိတ်ထဲမှာ၊သရိုးသရီဖြစ်မိတာအမှန်ပဲ။

အများသိတော်မူကြတဲ့အတိုင်း၊လေကြောင်းလိုင်းထဲမှာအဆိုးဆုံးကတော့အဲအေးရှားပေါ့ဗျာ။
ဒါကြောင့်၊သတ္တိကြောင်တယ်ပဲပြောပြော၊အစိုးရိမ်လွန်တယ်ပဲဆိုဆို၊ကျုပ်တော့၊ဒီတစ်ခေါက်ဘန်ကောက်ခရီးကိုဘတ်စ်ကားစီးဖို့သာဆုံးဖြတ်လိုက်ရတယ်။

(၂)
ခုနှစ်ပိုင်းတွေမှာ၊အိမ်တွင်းပုန်းတာများနေတော့၊
ခရီးထွက်ရမှာ၊အတော်ဝန်လေးသလိုဖြစ်နေတာ၊အမှန်ပဲဗျ။
ဒါပေမဲ့၊အခုသွားရမဲ့ဘန်ကောက်ခရီးစဉ်ဟာ၊
ထိုင်းမှာတစ်နှစ်နေခွင့်ဗီဇာလျှောက်ရမှာမို့မသွား လို့ လည်းမဖြစ်ပြန်ဘူးဗျာ။

ဒီတော့၊မသွားခင်တစ်ပတ်လောက်အလိုမှာ၊ဖူးခက်တမြို့တည်းသားလိုဖြစ်နေတဲ့
ဟိုတယ်မန်နေဂျာလေးကျော်ကျော်ခိုင့်ကို၊အွန်လိုင်းကနေ
ဖူးခက်ဘန်ကောက်ဟိုင်းဝေးဘတ်စ်ကားလက်မှတ်
တစ်စောင်လောက်ဖြတ်လိုက်စမ်းပါကွာဆိုပြီး၊
နားပူလိုက်ရောဆိုပါတော့။ဒီမှာတင်ကိုရွှေကျော်ကျော်ခိုင်က၊
ဘတ်စ်ကားလက်မှတ်ကိုအွန်လိုင်းကဝယ်စရာမလိုပဲ၊
သူ့အသိထိုင်းမလေးတစ်ယောက်ဖူးခက်ဘတ်စ်ကားဂိတ်၊လက်မှတ်ရောင်းတဲ့ဌာနမှာ မန်နေဂျာဖြစ်နေသမို့၊သွားမဲ့ရက်ကိုသာအတိအကျပြောပေတော့တဲ့ဗျ။

ဒီလိုနဲ့နဂိုကမှအီလေးဆွဲနေတဲ့ကျုပ်ဟာ၊ဘန်ကောက်သွားမဲ့ကိစ္စ
ကိုနှစ်ရက်လောက်မေ့မေ့ပျောက် ပျောက်ဖြစ်နေပြန်ပါရော
၊နောက်တစ်ချက်စဉ်းစားမိတာက၊ဖူးခက်ဘန်ကောက်ခရီးဟာ၊
ကီလိုမီတာ(၈၅၀)တောင်ရှိတာမို့ညလုံးပေါက်အညောင်းထိုင်ပြီးစီးရမှာ
ဝန်လေးသလိုလိုဖြစ်လာပြန်တယ်။နောက်တစ် ချက်က၊သေဘေးဆိုတာ
၊လေယာဉ်ပျံမစီးပဲ၊ဘတ်စ်ကားပြောင်းစီးရုံနဲ့ရှောင်လို့လွတ်သတဲ့လား၊
ဘတ်စ် ကားနဲ့သွားတော့ကော၊ ဘာအန္တရာယ်မှမဖြစ်ပါဘူးဆိုတာ၊
ဘယ်တန်ခိုးရှင်ကအာမခံချက်ပေးမလဲ။သေမဲ့ အတူတူ၊
ခါးညောင်းတာသာအဖတ်တင်တော့မပေါ့။

(၃)
အဲသလိုတောင်စဉ်းစားမြောက်စဉ်းစားလုပ်မိပြန်တော့
ကိုယ့်ကိုယ်ကိုတောင်ရယ်ချင်သလိုလိုဖြစ်လာတာနဲ့၊
မထူးပါဘူးလေဆိုပြီး၊ကျော်ကျော်ခိုင့်ကိုဘတ်စ်ကား
လက်မှတ်မဖြတ်နဲ့တော့လို့လှမ်းတားပြီး၊ဘန်ကောက်က၊မြန်မာထမင်း
ဆိုင်ပိုင်ရှင်လေး၊အောင်မြင့်မြတ်ဆီ၊လှမ်းဖုန်းဆက်ပြီး
၊လေယာဉ်လက်မှတ်တစ် စောင်အဖြတ်ခိုင်းလိုက်တော့၊နာရီပိုင်းအတွင်း၊ကျုပ်အီးမေးလ်ကိုလေယာဉ်လက်မှတ်ရောက်လာတော့ တာပါပဲဗျာ။

အဲဒီလေယာဉ်လက်မှတ်ကိုအီးမေးလ်မှာဖွင့်ကြည့်လိုက်တော့၊
အဲအေးရှားလေကြောင်းလိုင်းဖြစ်နေသဗျ။အင်းလေ၊
သွားမဲ့ရက်ကသိပ်ကပ်နေတော့၊သူ့ခမျာလည်း၊အကုန်အကျ
သက်သာမဲ့ရရာလေယာဉ်ကိုရွေးလိုက်ရတယ်ထင်ပါရဲ့။
ဒီကြားထဲမှာ၊ဟိုအလုပ်ဒီအလုပ်ဗာဟီရအလုပ်တွေများနေတာကြောင့်၊အဲအေး ရှားလေကြောင်းလိုင်းနဲ့ပတ်သတ်တဲ့စိုးရိမ်စိတ်တွေက
 ခေါင်းထဲဝင်မလာတော့ပဲ၊မေ့မေ့ပျောက်ပျောက် ဖြစ်နေလိုက်တာ၊
သွားမဲ့ရက်ကိုရောက်လာပါလေရော။

လေယာဉ်မထွက်ခင်၊လေဆိပ်ကိုတစ်နာရီလောက်ကြိုရောက်နေရင်တော်ပါပြီဆိုပြီး၊
အချိန်ကပ်ထွက်လာတာမို့၊အိမ်ကနေလေဆိပ်အသွား၊ကားပေါ်မှာလည်း၊
အိမ်မှာကျန်နေခဲ့မဲ့တူတော်မောင်ကို၊ဖုတ်ပူမီးတိုက်ဟိုဟာမှာ၊
ဒီဟာမှာနဲ့၊လေဆိပ်ရောက်တဲ့အထိပါပဲ။လေဆိပ်ရောက်တော့၊
(Check in)ကောင် တာတွေတစ်မျှော်တစ်ခေါ်ကြီး စီတန်းနေတာကိုကြည့်ပြီး၊သြော်၊ငါစီးရမဲ့လေယာဉ်ဟာ၊အဲအေးရှားပါ လားဆိုတဲ့အတွေးတော့ဝင်လာတော့၊စိတ်ထဲပူမိသလိုလိုတော့အဖြစ်သား။

ဒါပေမဲ့ဗျာ။အဲအေးရှားကောင်တာမှာ(Check in)ဝင်နေတဲ့၊ခရီးသည်လူတန်းရှည်ကြီးကိုမြင်ရပြန်တော့၊
 သြော်ငါ့နှယ်၊ခရီးသွားမဲ့သူချင်းအတူတူ၊ကိုယ့်အသက်ကျမှ
ပန်းရောင်လေးထင်နေတဲ့ငါပါကလားဆိုပြီး ကိုယ့်ကိုယ်ကိုကျိတ်တရားချရတာပေါ့။ဖြစ်ချင်တော့ကြာကြာ
တရားမချလိုက်ရပါဘူးဗျာ။

လူတန်းရှည်ကြီးထဲမှာတန်းဝင်စီနေရင်း၊လေယာဉ်ထွက်ချိန်သိပ်နီးနေတာမို့
စိတ်ထဲမသင်္ကာလှတာနဲ့၊အနားမှာတွေ့တဲ့အဲအေးရှားလိုင်းဝန်ထမ်း
အမျိုးသမီးတစ်ယောက်ကိုမေးကြည့်မိတော့၊
အမလေး၊ရှင့်လေယာဉ်ကထွက်တော့မှာ၊
ရှင်ကျမနောက်လိုက်ခဲ့ဆိုပြီး၊မေတ္တာရှေ့ထား၊
အကျိုးဆောင်ပေးလိုက်တာ၊တိုတိုပြောရရင်၊လေယာဉ်ပေါ်ကို ကျုပ်ရောက်ခဲ့ရောဆိုပါတော့။

(၄)
လေယာဉ်ပေါ်ရောက်တော့လည်း၊ထိုင်ခုံနေရာရှာတာ၊
ပါလာတဲ့ပစ္စည်းတွေမပျောက်မရှရအောင် လေ ယာဉ်အံဆွဲထဲကိုထည့်နေရတာတွေဆီအာရုံများနေတာမို့၊
ဘာစိုးရိမ်စိတ်မှပေါ်လာချိန်မရလိုက်တာ လေယာဉ်ထွက်တဲ့အချိန်အထိပါပဲ။

ကံကောင်းပြောရမလား၊ကံဆိုးတယ်ပြောရမလားမသိတော့ပါဘူးဗျာ။
ကျုပ်ထိုင်ခုံဟာပြူတင်းပေါက်နဲ့ကပ်လျက်ခုံဖြစ်နေလေတော့
၊လေယာဉ်တောင်ပျံကိုအနီးကပ်လှမ်းမြင်နေရသဗျ။ဒီမှာတင်ကျုပ်ရဲ့ အဲ အေးရှားစိတ္တဇဟာ၊ချိုကြွလာပြန်တော့တာပဲဗျို့။

မြေပြင်ကနေဝေဟင်ကိုလေယာဉ်ပျံဝေါကနဲထိုးအတက်မှာ၊
အဲဒီလေယာဉ်တောင်ပံကြီးဟာ၊ညွတ်ပဲ့ညွှတ်ပဲ့နဲ့ဖြစ်နေလိုက် တာများ၊
ကျုပ်နားထဲမှာ ဂျွတ်ဂျွတ်၊ဂျွတ်ဂျွတ်နဲ့အသံတွေတောင်ကြား နေရသလို ပါပဲဗျာ။အမလေးလေး၊ သေချာစဉ်းစားကြည့်ရင်၊
ဒီအဲအေးရှားလေယာဉ်ပျံလက်မှတ်တွေဟာ၊ပေါချောင်ကောင်းဈေးနဲ့ရောင်း တာမို့၊လေယာဉ်ပျံတွေဟာ၊လေယာဉ်ပျံတစ်စင်းရဲ့ဒေါင်ဒေါင်မြည်အရည်အသွေး
ရှိမှရှိပါ့မလား၊လေယာဉ်တွေကြည့်ရတာနည်းနည်းတော့အိုစာနေပြီထင်ပါရဲ့။

ကျုပ်စိတ်ထဲတော့။လေယာဉ်ဟာလိုအပ်တဲ့အမြင့်ပေကိုရောက်အောင်
ပျံတက်နေတုန်းမှာလည်း၊ သိမ့် ကနဲ၊သိမ့်ကနဲတုန်တုန်နေတယ်လို့ထင်တာပါပဲဗျာ။
ဒါနဲ့ဘေးဘီကခရီးသည်တွေကိုမသိမသာလှမ်း
အကဲခတ်ကြည့်လိုက်တော့၊ဘာမှထူးထူးခြားခြားဖြစ်နေတာ
မတွေ့ရပါဘူး။သူတို့အာရုံနဲ့သူတို့အေးအေးလူလူပါပဲ။

သြော်၊တရားလက်လွတ်ငှက်တောင် ကျွတ်ဆိုတာ
ငါပါကလား။သေတစ်နေ့မွေး တစ်နေ့ဘာ ဆန်းသတုန်း၊
မိမိပြုခဲ့တဲ့ဒါနသီလသာ၊သံသရာရဲ့ အဖော်မဟုတ်လား။
စိုးရိမ်ကြောက် လန့်ရင်၊ အဲဒီ စိုးရိမ်နေတဲ့စိတ်၊ကြောက်နေတဲ့
စိတ်ကိုမြင်အောင်ရှုပေါ့။
ဒါနဲ့ကျုပ်လည်းမျက်စိကိုစုံမှိတ်၊နှာသီးဝမှာ သတိကပ်၊ဝင်လေ၊ထွက်လေ၊ဝင်လေထွက်လေဆိုပြီးမှတ်နေ လိုက်ရတာပေါ့ဗျာ။

အမယ်၊ကြားဖူးနားဝသာရှိတဲ့ဒီနည်းနဲ့ရှုမှတ်လိုက်တော့လည်း
အဟုတ်သားကပဲ။ဆယ့်ငါးမိနစ်သာသာလောက် မှာ၊ကျုပ်စိတ်ဟာသိသာသာတည်ငြိမ်လာလေရဲ့။တကယ်တော့ကျုပ်တို့ဟာ လူ့ဘဝကို ရောက်လာ၊ရ လာပြီဆိုကတည်းကတည်းက
 သေမျိုးမို့၊တစ်နေ့နေ့တချိန်ချိန်မှာ သေနည်းတမျိုးမျိုးနဲ့
 သေကြရမှာပါပဲ။ ဝဋ်ကြွေးဆိုတာမျိုးက ဘုရားရဟန္တာတောင်ရှောင်လို့
မလွတ်နိုင်တာကလား။

ဒီတော့ အသက်ရှင်နေ ထိုင်ခဲ့ရစဉ်ကာလတွေမှာ၊ သတိလက်မလွတ်ပဲနေနိုင်ခဲ့ရင်၊သေခြင်းတရားဆိုတာ မဖြေ ဆည်နိုင်တဲ့
 အရာမဟုတ်ပါဘူး။

(၅)
ဟုတ်ပါ့ဗျာ။တည်ငြိမ်နေတဲ့စိတ်နဲ့သေချာပြန်စဉ်းစားကြည့်မိတော့၊
ကျုပ်ဘဝဟာအများကြီးဖြေသာခဲ့ပါတယ်။ လူ တကာမခံစားဖူးတဲ့
စည်းစိမ်၊ကောင်းပေ့ညွန့်ပေ့ဆိုတဲ့
ရသာတဏှာပေမ၊ ဆိုတာတွေ၊ မနည်းမနော၊ကျုပ်ဖြတ်ကျော်ခံစားခဲ့ပြီးပြီ။
မိုက်လုံးကြီးပြီးမိုက်ခဲ့သမျှ၊
ကံကောင်းထောက်စွာခုချိန်အထိအသက်နဲ့ခန္ဓာမြဲလျက်၊ကျန်းမာပကတိချမ်းသာ စွာရှိနေသေးတယ်။နောင်တတရားတွေနဲ့ လိမ်မာ တော့မဲ့လမ်းစပေါ်ကိုလည်း စတင်လျှောက်လှမ်းနေ နိုင်ခဲ့ပြီ။ မသေခင်စပ်ကြား၊ အိုမင်းမစွမ်းတဲ့ အခါလူတန်းစေ့နေနိုင်တဲ့၊ဥစ္စာဓန၊အကြွယ်ဝကြီးကြွယ်ဝတယ်မဆိုနိုင်ပေမဲ့၊ အထိုက်အလျောက်ရှိ နေ ခဲ့ပြီ။ဘာပူစရာရှိလို့တုန်း။

သားသမီးရဲ့နောင်ရေးနဲ့ပတ်သက်လို့လည်းမိဘတစ်ယောက်အနေနဲ့
၊ကျေပွန်သင့်သလောက်ကျေပွန်ပြီး ၊အိမ်ထောင်လျက်သားကျ၊
အခြေတကျဖြစ်နေပြီခဲ့ပြီမို့၊နောင်တတဖန်ပူပင်စရာမရှိပါဘူး။ လက်ရှိအခြေ အနေမှာလည်းရှာလို့ဖွေလို့ရသမျှထဲက၊ဆင်းရဲချို့ငဲ့နွမ်းပါးသူတွေကို၊
တတ်နိုင်သလောက်ကူညီထောက်ပံ့နေတာမို့သေချာတွေးလေ
၊သေရမှာကြောက်စရာမကောင်းလေပါပဲဗျာ။

ဒီလိုနဲ့ကျုပ်ဟာအဲအေးရှားလေယာဉ်ကြီးကိုနှလုံးစိတ်ဝမ်းအေးချမ်းစွာ
၊စီနင်းလိုက်ပါလာခဲ့တာ ဘန် ကောက်မြို့ကိုအပေါ်စီးကနေမြင်လိုက်ရတဲ့
အခါမှာတော့၊မထင်မှတ်ထားတဲ့သောက အပူလုံးကြီးတစ်ခု ဟာ၊ကျုပ်ရင်ဘတ်ကိုအုန်းကနဲနေအောင်ဝင်ဆောင့်ပါတော့တယ်။

ဟုတ်ပါတယ်။ကျုပ်မြင်နေရတဲ့ ဘန် ကောက်မြို့ကြီးဟာ
၊နေရာအနှံ့လျှပ်စစ်မီးရောင်ရှိန်တွေနဲ့
နတ်ဘုံနတ်နန်းတစ်မျှ၊တင့်တယ်ခန့်ငြား နေ လေရဲ့။
တကယ်ဆိုဘန်ကောက်မြို့ဟာ၊အခြားအခြားသောကမ္ဘာ့အဆင့်မီမြို့ကြီးတွေနဲ
့နှိုင်းစာရင်၊ဘာမှ ပြောပလောက်စရာမရှိပါဘူး။

ဒါပေမဲ့ဗျာ။ ကျုပ်တို့ဇာတိတိုင်းပြည်မှာတော့၊
တနိုင်ငံလုံးလျှပ်စစ်မီးလင်းဖို့နေသာသာ၊အိမ်ပေါက်စေ့၊ ဖယောင်းတိုင်ထွန်းနိုင်ဖို့လုံးပန်းနေကြရတုန်း၊မနက်စာညစာ ထမင်းနပ်မှန်အောင်၊ရုန်းကန်နေကြရတဲ့ သူတွေကအများစု၊ပညာသင်ချိန်မသင်နိုင်ကြ၊တရားဘာဝနာမပွားများနိုင်ကြ။
စီးပွားရေးမှာဖွတ်ကျော ပြာစုဘဝ၊ဘယ်နေရာကြည့်ကြည့်ကိုးဆယ်ရာခိုင်နှုန်းသော
လူထုဟာ၊အမွဲတကာ့ထိပ်ခေါင်ဖွတ်မင်း နောင်၊တိုင်းပြည်အနာဂတ်ကလည်း
ဖွတ်ဘိုးအေ၊ထိုင်ငိုလောက်တဲ့ဘဝ၊ပညာရေးမှာဖွတ်၊စီးပွားရေး မှာဖွတ်၊နိုင်ငံရေးမှာဖွတ်၊ဘယ်နေရာကြည့်ကြည့်ဖွတ်စာရင်းဝင်နေ
တာတွေကိုတွေးတွေးပြီး၊ ငါ့တိုင်း ပြည်ငါ့လူမျိုးဖွတ်ဘဝကနေ လွတ်မြောက်အောင်ငါဘာတစ်ခုမှမလုပ်နိုင်ခဲ့သေးပါကလားဆိုတဲ့၊
ခံစားချက်ပေါ်လာတော့၊ကျုပ်ဟာ၊စောစောလေးကတင်
၊ဖြေသာခဲ့တဲ့သေခြင်းတရားအပေါ်၊ကျေနပ်လက်ခံတဲ့ စိတ်ဟာကြက်ပျောက်ငှက်ပျောက်၊ပျောက်သွားတော့တာပါပဲ။
ဘာကောင်မှမဟုတ်တဲ့ကျုပ်ဟာ၊
လတ် တလောသေရမှာကို စိတ်မဖြောင့်သလိုဖြစ်လာတယ်။
သေချာတွေးလေ၊နက်နက်နဲနဲတွေးလေ။ဖြေမဆည်နိုင်လေဖြစ်လာတာမို့၊
အတော့်ကို၊ဆိုးဝါးတဲ့ခံစား ချက်ပါပဲ။

(၆)
ကျုပ်ဟာကံကောင်းထောက်မစွာနဲ့ဘန်ကောက်မြို့ကိုဘေးမသီ
ရန်မခရောက်ခဲ့ပါတယ်။အေးဗျာ။ကျုပ်လေယာဉ်ပေါ်မှာဖြစ်ပေါ်ခဲ့တဲ့
ခံစားမှုမျိုးနဲ့၊နောက်ကျတဲ့နောင်တမဖြစ်ရလေအောင်၊မသေခင်အချိန်
လေးမှာတိုင်းပြည်နဲ့လူမျိုးအပေါ်၊တတ်နိုင်သမျှတာဝန်ကျေခဲ့မှ
၊ဖြစ်တော့မယ်လို့၊လေးလေးနက်နက်တွေးမိပါတယ်။ အရေး ဟယ်အကြောင်းဟယ်ဖြစ်လာရင်၊နောင်တတရားတွေနဲ့ပူပင်ရတဲ့ ဘဝမျိုး၊ ဘယ်သူ့ကိုမှမကြုံစေချင်ပါဘူး။

ဟုတ်ပါတယ်။ကျုပ်ဟာ၊ဘာမှမည်မည်ရရကြီးကြီးကျယ်ကျယ်လုပ်နိုင်တဲ့၊
လူတစ်ယောက်တော့ မ ဟုတ်ပါဘူး။ဒါကြောင့်၊အခုခင်ဗျားဖတ်နေတဲ့၊ ဒီစာကြောင့်၊ခင်ဗျားစိတ်ထဲမှာကျုပ်နဲ့အလားတူအတွေးမျိုး၊
တစွန်းတစပေါ်လာခဲ့ရင်၊ကျုပ်ရဲ့ပွဲဦးထွက်တောက်တိုမယ်ရ
တာဝန်ကျေပွန်မှုတစ်ခုလို့သာ၊သဘောပိုက်စေ့ချင်ပါ တယ်။ ။
……………………………………………..

လောက်ကိုင်စစ်မြေပြင်နှင့်အမျိုးကိုအလွန်ချစ်တတ်သောကျွန်ုပ်။ ။

$
0
0

၁၇။၀၂။၂၀၁၅နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ ။

လောက်ကိုင်စစ်မြေပြင်နှင့်အမျိုးကိုအလွန်ချစ်တတ်သောကျွန်ုပ်။ ။

(မင်းဒင်)

 (တစ်)

‘ဒိုင်း၊ ဒိုင်း၊ ဒိုင်း’‘ဒက်၊ ဒက်၊ ဒက်’

‘ရွှီ ဝုန်း၊ ဝုန်း၊ ဒုန်း၊ ဒုန်း’

   ‘‘ဆော်ကုန်ပြီဆြာရေ့။ လယ်ဒီ ဝမ်း တူး သရီး’’

နားကွဲလုမတတ်ဆူညံသော သေနတ်သံ၊ အမြောက်သံ၊ ဗုံး သံတို့ကြောင့် ကျွန်ုပ်နှင့်တပည့် ကျော်သုံးဦးသား နီးရာလမ်းဘေး ချုံပုတ်ထဲသို့ အုန်းခနဲနေအောင် တညီတညာတည်း ဒိုင်ဗင်ထိုး လိုက်ကြသည်မှာ ယိမ်းတိုက်ထား သည်နှင့်ပင်တူသေးတော့သည်။ သတ္တိခဲတပည့်တစ်သိုက် ချုံပုတ် အတွင်းမှာ ဒူးတဆတ်ဆတ်တုန် ကာ ကြောက်ရွံ့လျက်ရှိနေရှာကြ ဟန်ကား  ကျွန်ုပ်၏စိတ်ကို အတော်ပင်ကသိကအောက်ဖြစ် စေသည်မှာအမှန်။ ကျွန်ုပ်တို့၏ ဘိုးဘေးများဖြစ်ကြကုန်သော ဘုရင့်နောင်၊ အလောင်းဘုရားနှင့် ဗန္ဓုလတို့သာ ဤအဖြစ်ကို မြင်လေသော် ရှက်နိုးဖွယ်ရာတည်း။

ကျွန်ုပ်သည် ပက်လက်လန် နေသည့်  အနေအထားမှပင် ကောင်းကင်ယံဝယ် ဝေါခနဲထိုးပျံ သွားသည့်တိုက်လေယာဉ်ကို လက်ကိုင်ဖုန်းဖြင့် အမိအရဓာတ် ပုံလှမ်းရိုက်နေမိ၏။ ကျွန်ုပ်တို့ သည် မမျှော်လင့်ဘဲ အန္တရာယ် စက်ကွင်း၏  ဗဟိုချက်မတွင် ရောက်ရှိနေကြချေပြီ။ သေပေါက်သေဝ အရေးဟယ်အကြောင်း ဟယ်အဖြစ်မျိုးကြုံလာချိန်တွင် မည်းမည်းမြင်ရာအပြစ်ရှာတတ်သည့် တပည့်ကျော်တို့၏ မကျေမချမ်းညည်းတွားရေရွတ်သံတို့မှာ အလွန်ပင်နားကြားပြင်းကပ်စရာကောင်းလှ၏။

‘‘သည်တစ်ခါတော့ ကိုယ် ကျိုးနည်းပါပေါ့ဆြာရယ်၊ တပည့် တို့အသက်  ဘယ်ကထွက်ရ မတုံးဆြာ။  ခြေရှည်ချင်ဦးလေ’’

‘‘အမှန်တော့ ဆြာတရားခံ ပဲ။ အခုလိုတပည့်တွေကို မြောင်း ထဲရောက်အောင်ပို့တာ ဆြာမှ ဆြာပဲ’’

‘‘အသက်သာဖင်ဆောင့်နေ တာ၊ ဇွတ်တရွတ်လုပ်တတ်တဲ့ စိတ်က သေမှပဲပျောက်မှာထင်ပါ ရဲ့။ ကဲ...အခုတော့မှတ်ပြီလား ဂုရုကြီး’’


 သင်းတို့ ငိုသံပါအောင် ညည်းနေကြလေသည်တွင် ကျွန်ုပ်လည်း ခပ်တည်တည်ဘာမထီ အိုက်တင်ဖြင့် လေသံတင်းတင်း တုံ့ပြန်စကားဆိုလိုက်ရသည်။

‘‘သေတစ်နေ့ မွေးတစ်နေ့ပါ ကွာ။ လှမုန်းတို့မိသားစုကိုသာ တွေ့အောင်ရှာကြစို့ကွယ်။ငါ့နှမလေးကို တွေ့တာနဲ့ ရွာပြန်ကြတာပေါ့ကွာ’’

(နှစ်)

ကျွန်ုပ်တို့ရောက်ရှိနေသည့် နေရာကား ရှမ်းပြည်မြောက်ပိုင်း နမ့်စမ်လပ်ရွာနှင့်လောက်ကိုင်မြို့အကြား ဗျူဟာကုန်းအနီးတွင်ဖြစ် ၏။ အန္တရာယ်၏အငွေ့အသက် ကိုရိပ်စားမိဟန်ရှိသည့် နယ်ခံ ယာဉ်မောင်းမှာ လောက်ကိုင်မြို့ အရောက် ခရီးရှေ့မဆက်ရဲတော့ လေသဖြင့် ကျွန်ုပ်တို့အား နမ့်စမ် လပ်ရွာမှာပင် ချထားရစ်ကာ လားရှိုးမြို့ဆီသို့ ပြန်လည်တပ် ခေါက်သွားခဲ့လေပြီ။ ဆြာတပည့် လေးဦးသား ခြေလျင်တစ်လှည့်၊ ကုန်းကြောင်းတစ်နည်း လောက် ကိုင်သို့ စိုးရွံ့စိတ်ကိုယ်စီဖြင့် ခရီး ဆက်နေကြစဉ် မမျှော်လင့်ဘဲ အထက်ပါအတိုင်း အမြောက်သံ၊ စိန်သံ၊ ဗုံးဆန်တို့ကြားတွင် ပိတ်မိ နေခဲ့ခြင်းဖြစ်လေသည်။

 စင်စစ် ထိုအဖြစ်အပျက် သည် ကျွန်ုပ်၏မွေးရပ်မြေဖြစ် သောနတ်မောက်နယ်ရွှေပင်ရွာ သို့ လွန်ခဲ့သောရက်သတ္တပတ်ခန့် က အလည်ရောက်ခဲ့စဉ်တွင် မြစ်ဖျားခံအစပြုခဲ့ခြင်းဖြစ်လေ ၏။  ထိုရက်များ၏တစ်ခုသော နံနက်ခင်းဝယ်  ကျွန်ုပ်၏မိခင် ဘက်မှ တော်စပ်သောဦးကြီးတစ် ယောက် ကျွန်ုပ်တည်းခိုရာအိမ်သို့ ပေါက်ချလာကာ  မျက်နှာကို အောက်ကျို့ရင်း မျက်ရည်တစမ်း စမ်းနှင့်စကားဆိုခဲ့သည်။

‘‘ကျုပ်တို့တစ်ဆွေလုံးတစ် မျိုးလုံးမှာ လောက်လောက်လား လားအားထားစရာဆိုလို့ ကိုရင် ငဒင်တစ်ယောက်သာရှိတာကလား။ ကိုရင့်နှမလေး ကလေး တစ်ပြုံတစ်မကြီးနဲ့ ကိုရင်မကယ်ရင် သေဖွယ်သာရှိပါတော့တယ်’’

ဦးကြီးတင် တောင်းခံသော အကူအညီက ရွှေပင်တွင်စားရေး ဝတ်ရေးမသောင်သာသည်ဖြစ်၍ ရှမ်းပြည်နယ် လောက်ကိုင်မြို့သို့ မိသားစုလိုက်သွားရောက်ကာ ကြံစိုက်နေကြရသော သူ၏သမီး ထွေး၊ ကျွန်ုပ်၏နှမဝမ်းကွဲလှမုန်း တို့မိသားစုကို ရွာအရောက်ပြန် လည်ခေါ်ဆောင်လာရန်ဖြစ်ချေ သည်။ ဦးကြီးတင်ပူပန်မည်ဆိုက ပူထိုက်လှ၏။ လှမုန်း၏လင်သား လူနုံလူအစာရင်းဝင် ကိုရင်ငပြား မှာလည်း မမာမကျန်းဖြစ်နေသည့် အပြင် လှမုန်းထံမှ တယ်လီဖုန်း သတင်းစကားအရ လောက်ကိုင် မြို့ကို ဖုန်ကြားရှင်နှင့်အဖွဲ့မှ ပြန် လည်သိမ်းပိုက်ရန် လူသူလက် နက်များ တစ်စတစ်စစိမ့်ဝင်လာ နေပြီဟုလည်းဆိုပါ၏။

အမျိုးအတွက် အရေးတော် ပုံကြုံလာသည်မို့ အမျိုးကိုချစ် တတ်သောကျွန်ုပ်၏ဂုဏ်ပုဒ်ကို ထုတ်ဖော်ကာ အကူအညီတောင်း ခံလာသည့်ဦးကြီးတင်၏ မေတ္တာ ရပ်ခံချက်ကိုကျွန်ုပ်တွန်းလှန်ရန် အကြောင်းမရှိချေ။  ထို့ကြောင့် ဖူးခက်သို့ပြန်ချင်ဇောကပ်နေသည့် တပည့်ကျော်တို့ကို ဇွတ်အတင်းအပါခေါ်ကာ ရွှေပင်၊ မန္တလေး၊ လားရှိုးမှသည် စစ်ရိပ်စစ်ငွေ့သန်းနေသော လောက်ကိုင်မြို့ထိတိုင် မဟာခရီးရှည်ကြီးကို ရင်ကော့ချီတက်ခဲ့ကြရာမှ လောက်ကိုင်မြို့အနီး အနှီချုံပုတ်အတွင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိနေခဲ့ကြခြင်းဖြစ်လေသည်တမုံ့။

(သုံး)

ကြိုတင်ရရှိထားသော သတင်းများနှင့် ပစ္စက္ခပကတိ အခြေအနေတို့ကို   ပေါင်းစပ်လျက် ချုံပုတ်အတွင်းမှနေ၍  ကျွန်ုပ် လေ့လာ သုံးသပ်မိသလောက် ဤတိုက်ပွဲသည် ဖုန်ကြားရှင်ဦး ဆောင်သော ဘိန်းမှောင်ခိုစာရင်း ဝင်သောင်းကျန်းသူတို့နှင့်ထိတွေ့ တိုက်ပွဲဖြစ်ပေလိမ့်မည်။ မြန်မာ့ တပ်မတော်အနေဖြင့် နယ်မြေရှင်းလင်းရေးသဘော ချေမှုန်းနေခြင်းဖြစ်ဟန်ရှိ၏။ ရာဇဝင်ပြောင်လှ သော  မြန်မာ့တပ်မတော်ကြီး အနေဖြင့် သင်းတို့လက်တစ်ဆုပ် စာကိုအမြစ်ပါမကျန်တွန်းလှန်ဖြို ဖျက်နိုင်မည်မှာသေချာလှပေ၏။ ကျွန်ုပ်တို့ကား ချုံပုတ်အတွင်းမှာ ပြားပြားဝပ်ရင်း တပ်မတော်၏ ပြောင်မြောက်လှသောလက်သံ ကို နာခံနားစွင့်နေခဲ့ကြ၏။

နာရီအတန်ကြာတွင် သေ နတ်သံတို့စဲလေသဖြင့်  ဆြာ တပည့်တစ်သိုက် ယမ်းငွေ့မစဲ သေးသည့်   စစ်မြေပြင်ကိုဖြတ် သန်း  ခရီးဆက်နေရင်း  မြင် မကောင်းရှုမကောင်းပြန့်ကျဲနေ သည့် စစ်သည်ရုပ်အလောင်းတို့ ကိုမကြည့်ချင်မြင်ချင်လျက်သား ဖြစ်နေ၏။ အတုံးအရုံးဖြစ်နေ သော ရုပ်အလောင်းတို့ကိုသေချာ စွာကြည့်မိသည်၏တစ်ခဏတွင် မူ ကျွန်ုပ်၏နှုတ်မှ အလန့်တကြား ရေရွတ်မိသည်အထိ တုန်လှုပ် ခြင်းကြီးစွာဖြစ်ရလေတော့သည်။

‘‘အလိုလေး ကျဆုံးနေတာ ငတို့တပ်မတော်သားတွေပါကလားဟရို့’’

  ‘‘ဟုတ်တယ်ဆြာဒင်၊ ဒီ ကောင်တွေစနစ်တကျပြင်ဆင် အလစ်ငိုက်ဖမ်းပြီး အကွက်ကျကျ ဝင်ဆော်သွားတာဗျ’’

‘‘ဒီကောင်တွေပေါ့ပေါ့သေး သေးမဟုတ်ဘူး။ တိုက်လေယာဉ် ကိုတောင် အောက်ကနေဒုံးကျည် နဲ့လှမ်းပစ်တာတွေ့လိုက်မိတယ် ဆြာ’’

  ‘‘မြန်မာ့တပ်မတော်သား တွေအဖြစ်ဆိုးချက်ဆြာရယ်။ ရာဇဝင်ရိုင်းလိုက်တာ’’

လောက်ကိုင်မြို့ဆီသို့ ခရီး ဆက်ရာလမ်းတစ်လျှောက် ကြား သိရသမျှသတင်းစကားတို့အရ ကိုးကန့်တိမ်းရှောင်အဖွဲ့ဝင်တို့ သည်  သစ်လွင်သောယူနီဖောင်း များဝတ်ဆင်ထားပြီး  အသွင် သဏ္ဌာန်အရ  ခရီးဝေးမှလာ ရောက်ခဲ့ဟန်မရှိဘဲ  လန်းဆန်း သည့်အနေအထားရှိကြောင်း၊ ၎င်းတို့လှုပ်ရှားရာတွင် လျင်မြန် လွယ်ကူစွာရွှေ့ပြောင်းနိုင်ရေးအတွက် နယ်စပ်ဒေသကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုပြုလုပ်ရန် ဖောက်လုပ်ထားသောလမ်းများ ကိုအသုံးပြု၍  အမျိုးအစားကောင်းမွန်သောယာဉ်ငယ်များဖြင့် ရွှေ့ပြောင်းမှုများဆောင်ရွက်ကြကြောင်း တိုက်ပွဲဖြစ်ပွားရာတွင် ဒုံးပစ်လောင်ချာနှင့် လက်ပစ်ဗုံးအရေအတွက်များပြားစွာ သုံးစွဲနိုင်ပြီး  လေယာဉ်ပစ်စက်သေနတ်ကြီးများကိုလည်း အဖွဲ့အားလုံးတွင်ဖြန့်ခွဲအသုံးပြုနိုင်ကြောင်းနှင့် ၎င်းတို့လှုပ်ရှားတိုက်ပွဲဝင်သည့်အနေအထားမှာ စနစ်တကျပြင်ဆင်လေ့ကျင့်ထားသူများ  ဖြစ်နိုင်ကြောင်း  သိရှိရလေသေးသည်။

  အကွက်ဆန်းလှချေ၏။ ရိုးပုံမရချေ။ ကျွန်ုပ်၏မျိုးချစ်စိတ် သည်  ငယ်ထိပ်သို့ရုတ်ခြည်း ဆောင့်တက်လာလေသည်။

(လေး)

ကျွန်ုပ်တို့ လောက်ကိုင်မြို့ သို့ရောက်ရှိသည့်အခါ ယင်းမြို့ တွင်အသုံးပြုသည့် တယ်လီဖုန်း များဖြတ်တောက်ထားသည်ဖြစ်၍ နှမကလေးလှမုန်း၏သတင်းအစ အနကိုမရနိုင်တော့ချေ။ လောက် ကိုင်မြို့ကြီးကား တစပြင်ကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်လျက်ရှိ နေ၏။ တီးတိုးအရပ်သတင်းများ အရ ဖြစ်ပွားနေဆဲတိုက်ပွဲများတွင် ကြေးစားစိနစစ်သားအချို့ပါဝင် နေသည့်အပြင် မြန်မာ-တရုတ် နယ်စပ်တွင် တရုတ်စစ်အင်အား နှစ်သောင်းကျော် တိုက်ပွဲဝင်ရန် အသင့်အနေအထားဖြင့်ရှိနေ ကြောင်း   သိလာရသည့်အခါ ကျွန်ုပ်သည်   လာရင်းကိစ္စကို မေ့လျော့လေပြီတကား။ အမျိုးသားရေးမို့ သွေးအေး၍ဖြင့်မနေသင့်လေပြီ။ ကျွန်ုပ်သည်ခိုင်မာပြတ်သားသောဆုံးဖြတ်ချက်တစ်ခုကို လျင်လျင်မြန်မြန် ပိုင်ပိုင်နိုင်နိုင်ကြီးချလိုက်ရပေတော့သည်။

‘‘ဟကောင်တွေ ဆိုင်းဘုတ် တွေလိုက်ဖတ်ကြစမ်းလေကွာ’’

‘‘တရုတ်လိုချည်းပဲမို့ ဘယ်လိုလုပ်ဖတ်မတုံးဆြာရဲ့။ ဘာများဝယ်ချင်လို့ပါလိမ့်’’

‘‘ဆြာဗိုက်နာရင်ဖြင့် နီးရာ ချုံသာတိုးပေတော့ဆြာ။ ဒီအချိန် မှာရွေးလမ်းမရှိတော့ဘူး’’

‘‘အာ..တကယ့်ငတုံးတွေပါ ကလား။ စစ်သားစုဆောင်းရေး ဌာနဆိုင်းဘုတ်ကိုရှာခိုင်းနေတာ လကွ။ တကတည်းကွာ သောက် စကားများချက်’’

‘‘ဟမ်..ဆြာ့ဥစ္စာအဆန်းပါ ကလား’’

‘‘ဘာဆန်းရမတုံး၊ ဒါဟာ တိုင်းတစ်ပါးရဲ့စနစ်တကျသွေး ထိုးလှုံ့ဆော်မှုနဲ့ အချုပ်အခြာ အာဏာကိုထိပါးစော်ကားလာ တာကွ။ နိုင်ငံသားတိုင်းမှာတာဝန် ရှိသလို ငါတို့မှာလည်းတာဝန်ရှိ တယ်။ ငါတို့ဆြာတပည့်တစ် သိုက် စစ်မှုထမ်းဖို့စာရင်းသွင်းပြီး အမိမြေကိုကာကွယ်ကြစို့ရဲ့’’

ကျွန်ုပ်၏ဇာတိမာန်ထက် သန်လှသောစကားအဆုံးတွင် တပည့်တို့သည် တီကောင်ကို ဆားနှင့်တို့သကဲ့သို့ ဆတ်ခနဲတွန့် သွားကြ၏။

‘‘ဟုတ်တော့ဟုတ်ပါတယ် ဆြာ။ ဒါပေမဲ့ လှမုန်းတို့ကိစ္စ ဘယ်လိုလုပ်ကြမတုံးဆြာ’’

            ‘‘ခရီးမတ်တတ်၊လမ်းခုလတ်တွင်၊ ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ ၍၊ အားနာခဲ့ကြောင်းပြောကြတာ ပေါ့ကွာ’’

‘‘ဟုတ်ဆြာ ဒါပေသိ’’

‘‘ဟိတ်ကောင်တွေ ဘာမှ ဒါပေသိ လုပ်မနေနဲ့။ အခုလို နိုင်ငံတော်ရဲ့အစိတ်အပိုင်းတစ်ခု ကိုထိပါးနှောင့်ယှက်လာတာဟာ ဖြင့် လုံးဝအလျှော့ပေးသည်းခံလို့ မရဘူးကွ။ ဒူးမထောက်လက် မမြှောက်၊ ဓားကိုဓားချင်း၊ လှံကို လှံချင်းရင်ဆိုင်ပြီး လာမယ့်ဘေးပြေးတွေ့ဖို့ပဲရှိတယ်’’

‘‘ဒီ . . . ဒီ . . .ဒီလိုပါဆြာ’’

‘‘ဒီတွေ ဟိုတွေလုပ်မနေကြ နဲ့။ ကြောက်တတ်ရင် နင်တို့ချည်း နေခဲ့ကြပေရော့’’

‘‘ငတို့ဆြာနဲ့တော့ခက်နေပါ ပြီ။ အခု လောက်ကိုင်ကိုဝင်ပြီး ထင်တိုင်းကြဲနေတဲ့  မောင်တွေ ဟာ တပည့်တို့တပ်မတော်ခေါင်း ဆောင်ကြီးတွေရဲ့ဘော်ဒါအရင်း တွေခင်ဗျ။  ဖုန်ကြားရှင်ကိုသူ ကောင်းပြုအရာသွင်းခဲ့တာလည်း အစဉ်အလာကြီးမားတဲ့ မြန်မာ့ တပ်မတော်ခေါင်းဆောင်ကြီး တွေပဲခင်ဗျ’’

‘‘အင်း . . . ’’

အင်း..သံကျယ်ကြီးဖြင့်ကျွန်ုပ်အငိုက်မိတွေဝေသွားချိန်တွင် တပည့်တို့သည် ဆြာ့အား စက်သေနတ်ပစ်သကဲ့သို့ တရစပ် ဝေဖန်ဆန့်ကျင်စောကြောတိုက် ခိုက်ကြကုန်၏။

(ငါး)

‘‘မဟေနဲ့ဆြာ၊ လောက်ကိုင် ကို ဖုန်ကြားရှင်တိုက်မယ်လို့ သတင်းထွက်နေတာ သုံးလ လောက်ရှိနေပြီတဲ့။ လောက်ကိုင် မြို့တောင်ခြမ်း၊ မြောက်ခြမ်းတွေ မှာ ကြေးစားစစ်သားတွေ၊ လက် နက်ကြီးတွေ တစ်စတစ်စ ခိုးသွင်း နေတာကို ဈေးနေ့လာတဲ့အရပ် သားတွေတောင် ကြိုသိနေကြသတဲ့။ ဆြာ့စစ်တပ်က တရုတ်လုပ်သမျှငြိမ်ခံဖို့ နဂိုကတည်းက ဆုံးဖြတ်ထားပုံရသဗျ’’

‘‘သြော်...သြော်’’

‘‘မသြော်နဲ့ဆြာ။ ဆြာက လောက်ကိုင်ကိစ္စကျမှ မိအေး ဂဏန်းညှပ်သလို  ထအော်နေ။မြန်မာတစ်ပြည်လုံးမှာ တရုတ် တွေထင်တိုင်းကြဲနေနိုင်တာကြာ လှပေါ့။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ လုံခြုံရေး အသွင်ယူထားတဲ့ တရုတ်ရဲတွေ ဝင်စွက်နေတာကို ဆြာ့ရဲ့ဦးမျိုး ချစ်တွေ မမြင်ချင်၊ မကြားချင် ယောင်ဆောင်နေကြတာပဲ။ မြန်မာပြည်ကို ခါးလယ်ကဖြတ်ပြီး ဓာတ်ငွေ့ပို့လွှတ်မယ့်ကျောက်ဖြူ ကူမင်းဓာတ်ငွေ့လိုင်းကြီးတောင် လုပ်ငန်းစနေပါပြီဆြာ။ မန္တလေး လည်း တရုတ်မြို့လုံးလုံးဖြစ်၊ မြစ် ဆုံမီးကမငြိမ်းသေးခင် သံလွင်မြစ်ကိုပိတ်ပြီး ရေကာတာဆောက်ကြဦးမတဲ့။ လောက်ကိုင် ကိစ္စလောက်ကို ဟိုဒင်းဥစ္စာအနာလုပ်နေတာဟာဖြင့် သင်္ဘောကြီးတစ်စီးလုံးနစ်နေတာကို ဆန်ဆေး တောင်းနဲ့လိုက်ဆယ်နေသလို ဖြစ်မနေဘူးလားဆြာရယ်’’

တပည့်တို့၏ ထောက်လက် သီးဆင်ခြေများကြောင့် ကျွန်ုပ်၏ အမျိုးချစ်စိတ်သည် ဘယ်ဆီသို့ ရုတ်ခြည်းခိုဝင်ပျောက်ကွယ်သွား လေသည်မသိ။ အာစေးမိသကဲ့သို့ ဖြစ်ကာ ယမ်းငွေ့အူအူလောက် ကိုင်မြို့လယ်ကောင်တွင် ငူငူကြီး သာခြေစုံရပ်နေမိတော့သည်။ ထိုစဉ် လှမုန်းတို့မိသားစုကို ရုတ် တရက်သတိရလာမိပြန်သည်။ တယ်လီဖုန်းလိုင်းများကောင်း လာချိန်တွင် ဆက်သွယ်လာမည့် ‘‘မောင်ကြီး ကျုပ်လှမုန်းပါတော့၊ ကျုပ်တို့ကိုကယ်ပါဦး’’ဟူသော လှမုန်း၏ အသံစာစာကိုကြား ယောင်လာသည်။

လောက်ကိုင်၏မြောက်ဘက်အရပ်ဆီမှ အမြောက်သံတို့ကို ကြိုးကြားစိပ်စိပ် ကြားနေရသည်။ တာရွှေထန်အရပ်တွင် ဆက် လက်ဖြစ်ပွားနေသောတိုက်ပွဲများ ဆီမှဟုဆိုကြပါ၏။ ကျွန်ုပ်၏စိတ် တွင်မူ ယင်းအမြောက်စိန်ပြောင်း သံတို့သည် တစ်ဖက်နိုင်ငံမှ ကျွန်ုပ်တို့ပြည်ထောင်စုကြီးပြိုကွဲစိမ့် သောငှာ ရည်ရွယ်ချက်ရှိရှိ ပစ် ခွင်းတိုက်ခိုက်သည်ဟုသာထင်မိ တော့သည်။ လောက်ကိုင်မြို့ အနောက်ကုန်းဝယ် နေလုံးကွယ် ချိန်နီးလေပြီ။ ကျွန်ုပ်အနေဖြင့် လှမုန်းတို့မိသားစုကို အချိန်မီ ကယ်တင်နိုင်မည့်အရေးမှာ မသေချာလှတော့ချေ။      ။


“ကျွန်ုပ်နှင့်ပုဂံမြေချစ်သူ”

$
0
0

၂၆။၀၂။၂၀၁၅နေ့ထုတ် သည်လေးဒီးစ်အပတ်စဉ်ဂျာနယ်မှ။ ။

“ကျွန်ုပ်နှင့်ပုဂံမြေချစ်သူ”

(မင်းဒင်)

(တစ်)
သာယာလှသောဖူးခက်မြို့၏၊ခြောက်ကပ်ကပ်နိုင်လှသည့်ညနေခင်းတစ်ခုတွင်ဖြစ်လေသည်။

“ကဲ၊ဆြာ၊အထုတ်အပိုးသာပြင်ပေတော့၊ကျနော်တို့စပွန်ဆာကောင်းကောင်းရခဲ့ပြီမို့၊ခရီးယာယီထွက်ကြစို့ရဲ့”

“တကယ်ပဲဆြာ၊ဆြာတပည့်တွေကံကောင်းချက်ကတော့
အိပ်မက်များလားလို့တောင်ရင်ဖိုစိုးထိတ်ရ တဲ့ အထိ”

“ဆြာတပည့်တွေကို၊တစ်ယောက်ဒေါ်လာတစ်ထောင်စီဘောက်ဆူးပေး
တာသာကြည့်ပေတော့ဆြာ”

နိုင်ငံတစ်ကာခရီးသွားတို့ဖြင့်အမြဲတစေစည်ကားနေလေ့ရှိသော
ဖူးခက်မြို့သည်၊(Height Season)ဟု ခေါ်တွင် သည့်၊ခရီးသည်အဝင်
များသည့်ကာလများမှာပင်၊
သိသိသာသာခြောက်ကပ်လျက်ရှိ၏။နိုင်ငံရေးကျွမ်းကျင်သူအချို့ကမူ၊
ဤသို့ဖြစ်ရခြင်းသည်၊ထိုင်းဗိုလ်ချုပ်ကြီးအစိုးရ၏စီမံခန့်ခွဲမှုအမှားကြောင့်ဟုဆိုကြသည်။
မည်သို့ပင်ဆိုစေ၊နောက်ဆက်တွဲရလာဒ်အဖြစ်၊မြန်မာအလုပ်သမားတို့
အလုပ်ပါးလျားကြလျက်၊ယင်းတို့ကိုမှီခိုရပ်တည်နေရသော၊ကျွန်ုပ်၏ စုံစီနဖာမဟာအရောင်းဆိုင်ကြီးမှာကျီးနှင့်ဖုတ်ဖုတ်ဖြစ်နေလေ၏။

မိုးသောက်မှသည် နေဝင်သည်အထိဈေးဦးမပေါက်သောနေ့ရက်များကြောင့်၊
ဆိုင်ကိုယာယီပိတ်ထားကာ၊အခန်းအောင်းပြီး
အိမ်နောက်ဖေးတောအုပ်ငယ်ဆီမှတောကြက်တွန်သံကိုနာခံရင်း၊
လဒမှိုင်မှိုင်နေမိချိန်တွင်၊တပည့်ကျော်ဖေကြည်၊
ကပ္ပလီနှင့်လေမင်းသားတို့ရွှင်မြူးအားရသောလေသံတို့ဖြင့်ဆြာ့ထံ
အူယားဖားယားဝင်လာကြသောကြောင့်၊ကျွန်ုပ်သတိ ပြန်ဝင်လာခဲ့၏။

“ဘာတွေတုန်းကွာ၊ဈေးရောင်းမကောင်းလို့စိတ်ညစ်ရတဲ့ကြားထဲ၊နင်တို့ကတစ်မှောင့်”

“ကဲပါဆြာ၊မှောင့်ချင်ရင်နောက်မှမှောင့်ပေတော့၊အဝတ်ထုတ်ကို
တပည့်တို့ပြင်လိုက်မယ်၊ဖလိုက်တိကက်တောင်ဖြတ်ပြီးနေပြီ၊ခုပဲလေဆိပ်ဆင်းရတော့မှာ”

“နေကြပါဦး၊လားရာအရပ်လေးတော့ပြောကြပါဦးလဟ”

“ပုဂံကိုဆြာရဲ့ပုဂံ၊ပုဂံ၊ဆြာ့ရွာနားကပုဂံကိုခင်ဗျ”

“ဘယ်သူက၊ဘာအတွက်၊ငတို့တအုံတမကြီးကိုစပွန်ဆာပေးသတဲ့တုန်း”

“မေးမနေပါနဲ့ဆြာရယ်၊တပည့်နားလည်သလောက်တော့
သူဟာရှေးဟောင်းသမိုင်းပညာရှင်ထင်ပါရဲ့၊
ပုဂံကဘားမားကိုရင်ညွန့်ကိုတွေ့ချင်လို့တဲ့ဆြာ”

နောက်မှကျားလိုက်သလို၊ဝူးဝူးဝါးဝါးရှင်းပြနေသည့်၊
တပည့်ကျော်တို့၏စကားကိုကျွန်ုပ်နားမရှင်းသည်ကား၊အမှန် ပင်ဖြစ်ချေသည်။သို့သော်လေယာဉ်ချိန်အလွန်နီးနေပြီဖြစ်သည်ကတကြောင်း၊
ဇာတိရွာနှင့်မဝေးလှသော၊ မြန်မာ့ ရှေးဟောင်းနယ်မြေသို့မရောက်သည်မှာ
အနှစ်သုံးဆယ်ခန့်ကြာပြီဖြစ်သည်ကတကြောင်းတို့ကြောင့်၊ ခရီးဆောင် အိတ်တို့ကို၊ကသုတ်ကရက်ယူဆောင်လျက်၊ဆြာတပည့်တသိုက်၊
ဖူးခက်လေဆိပ်ဆီသို့တက်သုတ်နှင်ခဲ့ကြလေ သည်တမုံ့။

(နှစ်)
တပည့်ကျော်တို့ကား၊ဘယ်ကဘယ်လိုအချဉ်မိလာလေသည်တော့မသိ။
သို့သော်ကျွန်ုပ်၏လက်ရင်းတပည့်ကျော်တို့သည်၊ညာတာပါတေးမြှောက်ပင့်
ချူစားတတ်သည့်ဥာည်ကလေးရှိကြသော်ငြား၊
မလိမ့်တပတ်အကောက်ကြံခြင်းမျိုးကိုမူ၊လုပ်လေ့မရှိကြောင်း၊
ယုံကြည်ပြီးသည့်အလျောက်၊လေဆိပ်သို့သွားရာလမ်းတစ်လျှောက်ခပ်မဆိတ်ပင် လိုက်ပါလာခဲ့လေသည်။

ဖူးခက်လေဆိပ်အရောက်တွင်လည်း၊လေယာဉ်ထွက်ချိန်နီးကပ်နေပြီဖြစ်၍၊
တပည့်ကျော်တို့ညွန်းလေသော၊ရှေးဟောင်းသမိုင်းပညာရှင်ဆိုသူကြီးနှင့်၊“ဟိုင်း” “ဟိုင်း”ဟူ၍သူဟိုင်းကိုယ်ဟိုင်း၊နှစ်ယောက်ဟိုင်း၊ ဟိုင်းသံပြိုင်သာ ပြုခဲ့ကြရပြီး၊ လေယာဉ်ပေါ်ရောက်သည်တွင်မှ၊ အနှီပုဂ္ဂိုလ်နှင့် ခုံဘေးချင်းယှဉ်လျက် တွဲကျကာ၊
 အေး အေးလူလူစကားစမြည်ပြောဖြစ်ကြလေတော့၏။

သူထုတ်ပေးသောလိပ်စာကဒ်ပါအမည်ကိုဖတ်မိသည်တွင်၊
(ရောဘတ်ဘဲလာ့ဒ်-ရှေးဟောင်းသုတေ သနကျွမ်း ကျင်သူ၊ရေတပ်အရာရှိဟောင်း)ဟု ရေးသားထားလေရာ၊ ကျွန်ုပ်၏စိတ်ထဲတွင်၊
ရုတ်တရက် ထိတ်ကနဲဖြစ် သွား ရလေသည်။
ဗဟုသုတဥာဏ်ပညာကြီးမားလှသော၊ကျွန်ုပ်သည် လက်ကိုင်ဖုန်းဖြင့်၊မသိမသာ
 ဂူးဂလင်းလုပ် လိုက်မိသည်တွင်၊ကျွန်ုပ်ကားမထင်မှတ်ပဲ၊
ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတစ်ဦးနှင့်နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ် ကြောင်း၊
သည်းထိတ်ရင်ဖိုသိလိုက်ရချေသည်။

ရောဘတ် ဘဲလာ့ဒ်(RobertBallard)သည်၊ရေအောက်တွင်နစ်မြှုပ်နေခဲ့သော၊ ဧရာမသင်္ဘောပျက်များ ကိုရှာ ဖွေရာ၌ကမ္ဘာ့ အတော်ဆုံးနံပါတ်တစ်အဖြစ်သတ်မှတ်ထားခံရ၊သူမတူအောင်ပြိုင်စံရှားသူကြီး ပေ တည်း။

တိုက်တန်းနစ်သင်္ဘော၊ဘစ်စမာ့ခ်စစ်သင်္ဘောကြီး၊
(USS)ယူအက်စ်စ်ယော့ခ်တောင်းလေယာဉ်တင်သင်္ဘော၊
ဂျွန်အက်ဖ်ကနေဒီသဘောင်္ကြီးတို့ကိုသူရှာဖွေနိုင်ခဲ့သည်။
ထို့ထက်ပို၍ကြီးကျယ်သည်ကား၊တူရကီဆိပ်ကမ်းအနီး၊
ပင်လယ်နက်အောက်ကြမ်းပြင်တွင်လွန်ခဲ့သော၊
နှစ်ပေါင်းတစ်သောင်းခန့်ကတည်ရှိခဲ့သည့်မြို့ပျက်ကြီးတစ်မြိ့ ကိုရှာ ဖွေတွေ့ရှိခဲ့ခြင်းဖြစ်လေသည်။

တန်ဖိုးမဖြတ်နိုင်အောင်၊ကြီးကျယ်ခန်းနားသည့်ရှာဖွေတွေ့မှုများကို
စွမ်းဆောင်နိုင်ခဲ့သူပီပီ၊ကမ္ဘာပတ်၍ငွေကိုလေလိုသုံးနိုင်သူဖြစ်သောကြောင့်၊
ကျွန်ုပ်၏တပည့်ကျော်တို့အားဘောက်ဆူးကောင်းကောင်းနှင့် စပွန်ဆာပေးကာ၊ ပုဂံမြေဆီသို့ခေါ်ခဲ့ခြင်းဖြစ်ပေမည်။

သို့သော်ကျွန်ုပ်နားမရှင်းနိုင်သည့်အချက်တို့ကား၊မစ္စဘဲလာ့ဒ်ကဲ့သို့သော
ကမ္ဘာကျော်အဏ္ဏဝါမုဆိုးသည်၊အဘယ်ကြောင့်ကုန်းခေါင်ခေါင်
ပုဂံမြေကိုစိတ်ဝင်စားပေသနည်း။သူတွေ့ဆုံလိုသောကိုရင်ညွန့်ဟူသည် မည်သူနည်း။

(သုံး)
အဘိုးကြီးဘဲလာ့ဒ်သည်၊ကျွန်ုပ်၏ဥပဓိရုပ်နှင့်ဥာဏ်ရည်ဥာဏ်သွေးကို
အတော်ပင်လေးစားဟန်ရှိလေ ရာ၊ဘန် ကောက်ရန်ကုန်ခရီးစဉ်တွင်လည်း ခုံချင်းဘေးချင်းကပ်ထိုင်ခွင့်ပြုရန်တောင်းပန်သဖြင့်၊ကျွန်ုပ်လည်းစိတ်လိုလက်ရ ပင်ခွင့်ပြုရချေသည်။လေယာဉ်မြေပြင်မှကြွသည်နှင့်သူကပင်စတင်၍
စကား ဖောင်ဖွဲ့လာခဲ့ပြန်၏။

ဘဲလာ့ဒ်။ ။ဒါနဲ့မစ္စတာဒင်၊ကက်သလင်းကင်ညွန် (Kathleen Kenyon)ဆိုတဲ့
အမျိုးသမီးကြီးကိုသိ သလားဗျ

ဒင်။ ။(ဗုဒ္ဓေါတလျက်၊ဣနြေ္ဒမပျက်)။အင်း၊ကြားတော့ကြားဖူးသလိုပဲဗျ၊ဒါပေသည့် ပိုပြည့်စုံအောင် နည်းနည်း ရှင်းပြပါဦးခင်ဗျ

ဘဲလာ့ဒ်။ ။သူက(၁၉၀၆)မှာမွေးတာဗျ။(၁၉၇၈)ခုနှစ်မှာဆုံးပါးသွားရှာတယ် ။ဗြိတိသျှပြတိုက်ညွှန်ကြား ရေးမှူး လုပ်ခဲ့တာလေ။သူလက်တွဲခဲ့တာက ၀ှီးလားစ်ဖောင်ဒေရှင်း
(wheelers foundation Institute of Archaeology of the University of London)ပေါ့ဗျာ၊

ကျွန်ုပ်လည်းဟန်မပျက်၊မှင်မှောင်းအပြည့်ဖြင့်၊
သူ့စကားကိုနင်းကာ၊ချော်လဲရောထိုင်လိုက်ရပြန်၏။

ဒင်။ ။ဟုတ်ပါ့ဗျာ။ဟုတ်ပါ့၊သိပ်တော်တဲ့အမျိုးသမီးကြီးပေါ့။ဒါနဲ့ဆက်ပါဦးဗျ

ဒဲလော့ဒ်။ ။သူကအဟောင်းအမြင်းတွေကိုစိတ်ဝင်စားခဲ့ရာက
၊ရှေးဟောင်းပစ္စည်းတူးဖော်နည်း အသစ်တွေ ခေတ်မီအောင်
တီထွင်ခဲ့တယ်ဆိုပါတော့၊အရှေ့ အလယ်ပိုင်းက၊သေနတ်တွေကြားထဲဝင်ပြီး
 ရှေးဟောင်း အဆောက်အဦတွေထုံးမသုတ်အောင် ၊လက်ကလေးနဲ့ယက်ပြီးတူးတတ်အောင်၊ပညာပေး ဟောပြောခဲ့တဲ့ အမျိုး သမီးကြီးဗျ။
အကွက်ချပြီး စနစ်တကျ ဖော်ခဲ့တဲ့သူ့ကြောင့် ဂျေရုဆလင်ကို၊အာရပ် မွတ်ဆလင်ကမ္ဘာ၊ ဂျူးကမ္ဘာနဲ့ ခရစ်ယန်တွေကြားထဲ အကောင်း အတိုင်း ရှင်းရှင်းမြင်ခွင့်ရတာ၊

အနောက်ကမ္ဘာအတွက် ဂျေရုဆလင်ကို ဗဟိုပြုနေတဲ့ အာရပ် မွတ်ဆလင်-ဂျူး ခရစ်တော်သမိုင်းတွေကိုအမှန်အတိုင်းသိနားလည်နိုင်ခဲ့ရခြင်းဟာ ကမ္ဘာ့သမိုင်းအတွက် အင်မတန် အရေး ပါခဲ့တယ်။အာရပ်ကမ္ဘာအတွက် သူတို့သမိုင်းကို ကမ္ဘာက အမှန်အတိုင်း သိနားလည်လက်ခံ ခြင်းဟာကမ္ဘာ့သမိုင်းအတွက်အင်မတန်တန်ဖိုးကြီးလှတယ်။အခုအဲဒီမစ္စကင်ညွန်နဲ့နာမည်တူ၊ရှေးဟောင်းပစ္စည်း မြတ်နိုးထိန်းသိမ်းသူ မြန်မာပြည်မှာရှိနေတယ်ဆိုတော့၊ကျနော်အရမ်းရမ်းကိုစိတ်ဝင်စား တယ်ဗျာ။ သူ့ကိုကျနော် တွေ့ချင်စမ်းလှပါဘိ”

ကျွန်ုပ်ကားနဖူးကိုလက်ဝါးနှင့်ယောင်ယမ်း၍မရိုက်မိလေအောင်
အတန်ပင်ထိန်းလိုက်ရ၏။တစ်စုံတစ်ခုဖြင့်၊အကြီး အကျယ်လွဲမှားနေခဲ့လေပြီ။

အဘိုးကြီးဒဲလော့ဒ်သည်မစ္စကင်ညွန်ကိုလေးစားအားကျကာ၊
ပင်လယ်ပြင်အဏ္ဏဝါမှသည်၊ပုံဂံမြေကုန်းခေါင်ခေါင်ကိုစိတ်ဝင် စားနေသူပေတကား။သူပြောသည့်နာမည်နှင့်ခပ်ဆင်ဆင်၊
အရာကျ ဝန်ကြီးချုပ် ဟောင်း တစ်ဦးရှိ ခဲ့သည် ကိုကျွန်ုပ်သိပါ၏။
သူ၏ရှေးဟောင်းပစ္စည်းဆိုင်ရာ ဒဿနကိုလည်း ကျွန်ုပ်ကြား နာဖူးပါ၏။

 ဖူးခက်တွင်နေသောတပည့်ကျော်တို့သည်အဆိုပါဝန်ကြီးချုပ် ဟောင်း၊ပင်စင်ပင်
မစားရ သည့်ဗိုလ်ချုပ်ကြီး နှင့် မည်သည့်အခါက မည်သို့မည်ပုံအဆက်အသွယ်ရကာ ပတ်သက်ဆက် နွယ်ခဲ့ လေသနည်း။

(လေး)
ကျွန်ုပ်သည်အဖြေရှာမရသောပုစ္ဆာများကိုရင်ဝယ်ပိုက်လျက်ပင်၊
ပုဂံမြေသို့ချောမောစွာရောက်ခဲ့ပါ၏။ပုဂံမြေကား၊ သက်ဆိုင်ရာတို့၏ဥာဏ်အမြော်အမြင်နည်းပါးမှုကြောင့်၊မြင်ရတွေ့ရသည်မှာ
စိတ်မသက်မသာစရာ၊မြင်ကွင်းတို့ရှိနေသော်ငြား
ဘုရားရိပ်တို့ကြောင့်အေးချမ်းသာယာလျက်ရှိလေသည်။တပည့်ကျော်တို့မှာ ကိုရင်ညွန့်အားဆက် သွယ်စုံစမ်း ရှာဖွေရန်နံနက်စောစောကပင်၊ တည်းခိုရာဟိုတယ် မှာထွက်ခွာသွားခဲ့ ကြပြီးကျွန်ုပ်နှင့် မစ္စတာ ဒဲလော့ဒ်အား၊သရပါတံခါးဝတွင်စောင့်ဆိုင်းရန်ချိန်းဆိုခဲ့၏။

ကျွန်ုပ်နှင့်မစ္စတာဒဲလာ့ဒ်တို့နှစ်ယောက်သား၊သရပါတံခါးဝရှိ
တမာပင်ရိပ်အောက်တွင်၊ခမာအင်ပါယာထက်စော၍ တန်ခိုးထွားခဲ့လေသော၊ပျူအင်ပါယာ၊
ခမာအင်ပါယာနှင့်ခေတ်ပြိုင်ကြီးကျယ်ခန်းနားခဲ့ သောပုဂံအင်ပါယာတို့၏ လွမ်းမောဖွယ်သမိုင်းကြောင်းကိုတံထွေးစင်အောင်အာချောင်နေကြစဉ်၊ တပည့်ကျော်သုံးဦးသည်၊မျက်နှာစိမ်းပုဂ္ဂိုလ်တစ်ဦးနှင့်အတူပေါက်ချလာကြ၏။

အဆိုပါပုဂ္ဂိုလ်ကား၊ဖျင်ကြမ်းပုဆိုးကိုတိုတိုဝတ်လျက်၊ကျောပြောင်ကြီးနှင့်ဖြစ်၏။
ရင့်ရော်လှသောရုပ်ရည်ကြောင့်အသက်ကိုမခန့်မှန်းနိုင်လေ၊
ထူးခြားသည်ကားနောက်စေ့ထက်တွင်ယပ်တောင်ဟောင်း
တချောင်းကိုကြိုးဖြင့်ချည်နှောင်ထား၏။

လက်တဖက်တွင်ထုံးပုံး၊အခြားတဖက်တွင်၊တံမြက်စည်းတစ်ချောင်း
 ကိုင်ဆောင်ထားသည်။ တပည့် ကျော် ဖေကြည်သည်မျက်နှာလိုမျက်နှာရလေသံဖြင့်၊
သွက်လက်ချက်ချာစွာမိတ်ဆက်ပေး၏။

“ဟယ်လို၊မစ္စတာဒဲလော့ဒ်၊ဒီလူဟာ မစ္စတာတွေ့ချင်တဲ့ကိုရင်ညွန့်ပဲခင်ဗျ၊"

အဘိုးကြီးဒဲလော့ဒ်သည်၊စကောနီးပါးဝိုင်းစက်ပြူးကျယ်သောမျက်လုံးများဖြင့်
ကိုရင်ညွန့်ကိုသေချာစွာစိုက်ကြည့် လိုက်ရင်း၊(Oh, My God)ဟုရေရွတ်လျက်သူ့နဖူးသူ ဖြန်းကနဲနေအောင်၊ ယောင်ယမ်း၍ ရိုက် လိုက်လေသည်။

နေပူရှိန်ကြောင့်လော၊ပြင်းထန်သောစိတ်ခံစားချက်ကြောင့်လောမဆိုနိုင်၊
မစ္စတာဒဲလော့ဒ်သည် ရုတ် ခြည်းပင် အရုပ်ကြိုးပြတ်မြေတွင်လဲလေ၏။

ကျွန်ုပ်လည်းကိုရင်ညွန့်၏နောက်စေ့ဆီမှ၊ယပ်တောင်ကိုနှုတ်ယူလျက်၊ မစ္စတာ ဒဲလော့ကိုနှာနှပ်နေရချိန်တွင်၊ကိုရင်ညွန့်သည် အသင့်ပါလာသောထုံးပုံးနှင့် တံမြက်စည်းတစ်ချောင်း ကိုကိုင်ဆွဲ ကာ၊သရပါတံခါး၏အုတ်နံရံကြီးကို၊ စိမ်ပြေနပြေထုံးသုတ်နေလေသည်။

“မင်းတို့နဲ့တော့ခက်ပါဘိကွာ”

ခြေမကိုင်မိလက်မကိုင်မိဗျာများနေသောကျွန်ုပ်သည်၊တပည့်ကျော်တို့အားတော်တော်ရှုပ်တဲ့ကောင်တွေဟူသောအဓိပ္ပါယ်ပါသည့်မျက်ထောက်နီကြီးဖြင့်၊လှမ်းကြည့်ရင်းပြစ်တင်မောင်းမဲလိုက်ချိန်တွင်ကား၊သင်းတို့သည်ဣနြေ္ဒမပျက်အေးဆေးတည်ငြိမ်သည့် မျက်နှာထားကိုယ်စီ နှင့်ရှိနေကြ၏။

“တပည့်တို့ဘာများအမှားလုပ်မိပါလိမ့်ဆြာရယ်”

“ငါ့နှယ်လဲသာသေလိုက်ချင်ပါဘိတော့၊သူတွေ့ဖို့မျှော်လင့်ထားတာက
၊ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်တွေ ကိုအမြတ်တနိုးတန်ဖိုးထားတတ်တဲ့၊လူကြီးလူကောင်းကွ၊
ကိုရင်ညွန့်နဲ့နာမည်ချင်းတော့၊ခပ်ဆင်ဆင် တူတာ ပေါ့ ကွာ”

အကင်းပါးလှသောတပည့်တို့ကား၊ကျွန်ုပ်၏ဆိုလိုချက်ကိုဒက်ကနဲ သဘောပေါက်ဟန်ရှိ၏။

“သြော်သိပြီဆြာ၊တပည့်တို့လိုမိုက်ဂရင့်ဝါးကားက အဲသလောက်ကြီးကျယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကြီးမျိုးနဲ့ ဘယ်မှာ လာအဆက်အသွယ်ရှိပါ့မတုန်း။ဒါပေသိ၊သေချာပြန်စဉ်းစားရင်၊
တပည့်တို့ရဲ့ ကိုရင်ညွန့်နဲ့ ဆြာ့ ကိုခင်…၊ အဲဆြာ့လူကြီးဟာရှေးဟောင်းပစ္စည်းတွေကိုမြတ်နိုးထိန်းသိမ်းတဲ့နေရာမှာတော့
နည်းလမ်းချင်း အတူတူပါပဲဆြာ”

ကျွန်ုပ်သည်အာစေးမိသကဲ့ရှိလေ၏။ဆင်ခြေများလှသော၊
မိကျောင်းသားတို့နှင့်စကားဆက်ရန်၊ကျွန်ုပ်တွင်အင်အားမရှိတော့ချေ။
အဘိုးကြီးဒဲလော့ဒ်ကားတအင်းအင်းငြီးငြူရင်း၊
သတိပြန်လည်လာခဲ့ပြီ။ယင်းတခဏ၌ သရပါ တံခါးနှင့်မနီးမဝေးရှိထနောင်းပင်အုပ်ဆီမှဂျိုးငှက်ကူသံသည်အညာလေပူပူ၊နေပူပူတွင်၊တကူကူး၊ကူ၊ချင်းထပ်အောင်၊ပေါ်ထွက်လာလျက်ရှိ၏။
အဘယ်အရာကိုကူခိုင်းလေပါသနည်း။မြန်မာ့အတိတ်သမိုင်းလက်ရာပုဂံမြေကိုလော၊ကျွန်ုတို့နိုင်ငံသားများ၏အနာဂတ်ကိုလော။ ။



ကျွန်ုပ်၊ကိုးကန့်စစ်ပွဲနှင့်နေဝန်းနီချစ်သူများ။

$
0
0

၂။၀၃။၂၀၁၅နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ။  ။

ကျွန်ုပ်၊ကိုးကန့်စစ်ပွဲနှင့်နေဝန်းနီချစ်သူများ။

(မင်းဒင်)
(တစ်)
နေ့ခင်းကြောင်တောင်၌ပင် တစ္ဆေခြောက်မှာ ကြောက်ရသည့် လောက်ကိုင်တွင် ကျွန်ပ်တို့ သောင်တင်နေခဲ့သည်မှာ ရက် သတ္တတစ်ပတ်ကျော်ခဲ့ပေပြီ။  လမ်းမများပေါ်တွင် ကျီးနှင့် ဖုတ် ဖုတ်ဖြစ်ကာ ခွေးတစ်ကောင်၊ ကြောင်တစ်မြီးကိုမျှ မမြင်ရချေ။ တစ်မြို့လုံးတစပြင်ကဲ့သို့ ငြိမ် သက်ခြောက်ကပ်လျက်ရှိလေ သည်တကား။ လွန်ခဲ့သော ရက် များက ကျွန်ုပ်နှင့် တပည့်ကျော် တစ်သိုက် လောက်ကိုင်စစ်ပွဲ ကြားတွင် ပိတ်မိနေခဲ့သည့် နှမ တစ်ဝမ်းကွဲကလေး  လှမုန်းတို့ မိသားစုအား ရှာဖွေလျက် ဇာတိ ရွာအရောက်ပြန်လည်ခေါ်ဆောင် ရန် ကိုးကန့်နယ်သို့ ရောက်ရှိနေခဲ့ ကြသည်ကို စာဖတ်သူတို့ မှတ်မိ ကြလိမ့်မည်ဟု ထင်ပါ၏။

ပြင်းထန်လှသော တိုက်ပွဲနေ့ရက်များအတွင်း ပွင့်လိုက်ပိတ် လိုက်ဖြစ်နေသော ဖုန်းလိုင်းများ ကြားမှပင် နှမကလေးလှမုန်းတို့ မိသားစုကို ကံအားလျော်စွာ ကျွန်ုပ်ပြန်လည်ရှာဖွေနိုင်ခဲ့ပါ၏။  သေမင်း၏ ခံတွင်းဝတွင် မမျှော် လင့်ဘဲ ပြန်လည်ဆုံတွေ့ကြရ သည်မို့ လှမုန်းကား ငိုမဆုံးပြီ။ လှမုန်း၏ လင်သား ငပြားကား ငေါင်စီစီနှင့် ရှိ၏။ ကျွန်ပ်လည်း  နှမငယ်၏ သောကပရိဒေ၀ကို တတ်အားသမျှအားပေးနှစ်သိမ့်ရ ချေသည်။

‘‘ညည်းတို့နှယ် မသေ ကောင်း၊ မပျောက်ကောင်း ဒီ လောက်ဝေးဝေးလံလံကြီးမှာလာ ပြီး ရှာဖွေစားသောက်ရတယ်လို့’’

‘‘ရွာမှာက တစ်လလုံးနေပူ စပ်ခါးလုပ်တာတောင် လေး၊ ငါး သောင်းရဖို့လွယ်တာ မဟုတ်ဘူး မောင်ကြီးရဲ့။ ဒီမှာ ကြံခုတ်တာက  တစ်စည်းကို တစ်ယွမ်ရတယ် လေ။ လင်ကိုယ်မယား၊ ဒိုးတူ ပေါင်ဖက်လုပ်လိုက်ရင် စားပြီး သောက်ပြီး တစ်လ၊ဆယ်သိန်းကျော် တော့ ကျန်တယ်မောင်ကြီးရဲ့။ ဒါ မှ ယာလေး၊ နွားလေးနဲ့ ရွာမှာ ပြန်နေနိုင်မှာလေ’’


  မျက်ရည်မခြောက်သေး သည့် နှမကလေး၏ မျက်နှာကို ကြည့်ရင်း ‘‘ညည်းအမွေရတဲ့ ယာ တွေ၊ မြေတွေဘယ်ရောက်ကုန်ပြီ တုံး လှမုန်းရာ’’ဟူသော မေးခွန်း သည် ကျွန်ုပ်၏ လည်ချောင်းဝ၌ ပင် ရပ်တန့်သွားခဲ့လေ၏။
‘‘အေးပါလေ၊ သည်လိုဆို တော့လည်း ဟုတ်ပြန်ပေတာပဲ။ ဖြစ်သမျှအကြောင်းအကောင်း ပေါ့ လှမုန်းရာ။ ဘာမှအားငယ် မနေနဲ့ ရွာရောက်အောင်သာပြန် ကြစို့။ ညည့်အဖေ ဦးကြီးတင် လည်း စိတ်ပူလှရော့မယ်’’

အဆိုးထဲက အကောင်းဟု ပင် မှတ်ယူကာ ကျွန်ုပ်စိတ်တုံးတုံး ချလိုက်မိချိန်တွင် မမျှော်လင့်ဘဲ တစ်စခန်းထလာကြသူများကား တပည့်ကျော်ဖေကြည်၊ ကပ္ပလီ နှင့် လေမင်းသားတို့ပေတည်း။

‘‘ဒါပြည်ပကျူးကျော်မှု ဆြာ ရဲ့။ တပည့်တို့တော့ ဒီအတိုင်း မျက်နှာလွှဲမနေနိုင်ဘူး’’

‘‘အမျိုးသားရေးရန်စွယ်ကို ခုခံကာကွယ်တွန်းလှန်မှဖြစ်မယ် ဆြာ’’

‘‘အင်အားကြီးတယ်ဆိုပြီး ဒီလိုလူပါးဝတာကိုတော့ မခံနိုင် ဘူး ဆြာ။ ရာဇ၀င်ရိုင်းလိုက်လေ’’

(နှစ်)
အပြောင်းအလဲမြန်လှသော တပည့်ကျော်တို့၏ စိတ်ဓာတ်ကို ကျွန်ုပ်နားမလည်နိုင်သည်ကား အမှန်။

‘‘ဘယ်နှယ့်ဖြစ်ရပြန်တာ တုံး မောင်တို့ရာ။ ဟိုရက်ပိုင်း တွေတုန်းက ကျုပ်ကိုယ်တိုင်စစ် သားစုဆောင်းရေးတပ်ထဲဝင်ပါ တော့မယ်ဆိုတုန်းက တောင် ပြော၊ မြောက်ပြော ကတ်ဖဲ့တိုက်ခဲ့ကြတာ မေ့များနေကြလေရော့ သလား’’

လေပြည်အေးဖြင့် ကျွန်ုပ်ချွေးသိပ်သော်ငြား တပည့်ကျော်ကပ္ပလီမှာ ဇာတိမာန်ဇောင်းကြွ လျက်ရှိ၏။

‘‘ဒါကတော့ ဒီလိုရှိပါတယ် ဆြာ။ ဒီစစ်ပွဲမှာ မြန်မာစစ်သည် တွေ အတုံးအရုံးကျဆုံးကုန် အောင် ဘိန်းဓားပြတွေဘက်က တရုတ်ကြေးစား စစ်သားတွေခေါ် သုံးပြီး အကွက်ကျကျဝင်တိုက်နေ တာလေ။ ဓားကို ဓားချင်း၊ လှံကို လှံချင်းရင်ဆိုင်မှဖြစ်မှာပေါ့ ဆြာ’’

အမြဲလိုလိုကုပ်ချောင်းချောင်းနေလေ့ရှိသော ဖေကြည်ငယ်သည်လည်း အမျိုးချစ်စိတ်၌ ခေသူမဟုတ်ကြောင်း သူ့စကား အသွားအလာအရ ခန့်မှန်းနိုင်လေ၏။

‘‘ဟုတ်တယ် ဆြာ။ ဒုတိယ ဗိုလ်ချုပ်ကြီးမြထွန်းဦးကိုယ်တိုင်သတင်းစာ ရှင်းလင်းပွဲမှာ အ ထောက်အထားအပြည့်အစုံနဲ့ ဗြောင်ချရှင်းလိုက်ပြီလေ။ အမျိုး ကို ထိလာတာမို့ တပည့်တော့ မချိအောင် နာတယ်ဆြာရယ်’’

လေမင်းသားသည်ကား သူ ၏ အမျိုးသားရေးဇာတိမာန်ကို သူ့နည်းသူ့ဟန်ဖြင့် အထင်အရှား ပြရန် ဆုံးဖြတ်၏။

‘‘ဆြာ့တပည့်ရဲ့ ဖေ့စ်ဘွတ်ခ် ပရိုဖိုင်းကိုတောင် တိုက်ပွဲဝင်စစ် ဌာနချုပ်ရဲ့ နေ၀န်းနီတံဆိပ် အမှတ်အသားပြောင်းတင်လိုက် ပြီ ဆြာ’’

တပည့်ကျော်တို့၏ တုံ့ပြန် စကားတို့မှာ စစ်သူကြီးမဟာဗန္ဓု လကပင် တစ်ဖန်ပြန်၍ အလေးပြု ရလောက်အောင် စွေးစွေးနီသည့် သတ္တိသွေးကို ဖော်ပြလျက်ရှိကုန် ၏။ 

ဤသို့လျှင် လောက်ကိုင်မြို့ ၏ တစ်ခုသော တရုတ်ဘုံကျောင်း အတွင်း ကျွန်ုပ်နှင့်အတူ အသက် ပင် ရဲရဲမရှူရဲလောက်အောင် ကုပ် ချောင်းချောင်းပုန်းအောင်းနေရ သည့် တပည့်ကျော်တို့မှာ လက် ကိုင်ဖုန်းကိုယ်စီပွတ်လျက် ဖေ့စ် ဘွတ်ခ်တက်ကြရင်း အမျိုးသား ရေး ဇာတိမာန်ကို မိုးယံသို့တိုင် လွှင့်ထူလျက်ရှိကြလေ၏။

ကျွန်ုပ်မူကား လှမုန်းတို့ လင်မယား၊ လူမမည်ကလေးငါး ယောက်နှင့် ကျွန်ုပ်တို့ ဆြာတပည့် လေးဦး၊ စုစုပေါင်းတစ်ကျိပ်ကျော်၏ နံနက်စာ၊ ညစာအလျဉ်မီရေး အတွက်လည်းကောင်း၊ လောက် ကိုင်မှ အောင်မြင်စွာ ဆုတ်ခွာနိုင် ရေးအတွက်လည်းကောင်း ပူပန် နေရလေသဖြင့် ယင်းတို့ကဲ့သို့ တိုင်းပြည်နှင့် လူမျိုးကို မချစ်နိုင် အားလေရာ ဆက်လက်၍ ဖက် ပြိုင်ငြင်းခုံခြင်းမပြုတော့ဘဲ ခပ် မဆိတ် အသံတိတ်သာနေခဲ့ရချေသည်တမုံ့။

(သုံး)
ကျွန်ပ်တို့ ပုန်းအောင်းနေ သည့်နေရာမှ အသာချောင်း၍ ကြည့်လတ်သော် ပိတ်ထားသော ဈေးဆိုင်တစ်ခု၏ တံခါးရှေ့တွင် ဆံပင်စုတ်ဖွားနှင့် စိတ်မနှံ့သူ ဘိန်းစားတစ်ယောက်ကို လှမ်းမြင်နေရ၏။ ရံဖန်ရံခါကြားနေရသော အဝေးဆီမှ သေနတ်သံတဒိုင်း ဒိုင်းတဒက်ဒက်ကို သူဂရုထားမိ ဟန်မတူ။ စိတ်အေးလက်အေး အမူအရာဖြင့် လောကကမ္ဘာကြီးကို မေ့လျော့နေဟန်ရှိလေသည်။ သေနတ်သံတို့ကား ဖုန်းချွေးထန်း၊ ကုန်းကြမ်းနှင့် ညံခွမ်းတစ်ဝိုက်တွင် အဆက်မပြတ်ဖြစ်ပွားနေ သော တိုက်ပွဲများဆီမှဟုဆိုကြပါ ၏။

ကျွန်ုပ်ကားလှမုန်းတို့ မိသား စုအား ဇာတိရွာအရောက်ပြန်ပို့ နိုင်ရေးကိုသာ စိတ်ဇောကပ်နေမိ သောကြောင့် လမ်းခရီးအခြေအ နေကို လက်လှမ်းမီသမျှ စုံစမ်း မေးမြန်းရပေရာ ကြက်ခြေနီ အလံလွှင့်ထူထားသော စစ်ရှောင်ဒုက္ခ သည်ကားများပါ ပစ်ခတ်ခံရသည့် သတင်းများလည်း တောမီးပမာ ပျံ့နှံ့လျက်ရှိ၏။ နှစ်ဖက်အပြန် အလှန်စွပ်စွဲနေကြသည်ဖြစ်၍ မည်သည့်ဘက်က ပစ်သည်ကို ကား တိကျစွာ မဝေခွဲနိုင်ချေ။ ထို မှောင်လွန်းသော ရက်များတွင် လှမုန်း၏ လင်သား၊ ယောက်ဖ တော် ငပြားနှင့် စကားပြောဖြစ် သည်လည်းရှိ၏။

‘‘နေပါဦး ကိုရင်ငပြားရ ဒီ ဘက်ရောက်နေကြတာ ငတို့ နတ် မောက်သားတွေ အတော်များ သလား’’

‘‘ဟာ... နတ်မောက်တင် ဘယ်ကပါမတုံး နောင်ကြီးရာ။ ပျော်ဘွယ်၊ အောင်လံ၊ သာစည်၊ ရမည်းသင်းတွေဘက်ကပါ ပါသေးသဗျ’’

‘‘အင်း၊ လူစုံနယ်စုံပါကလား ငပြားရာ’’

‘‘များဆို ကွမ်းလုံကနေ ထွက်ပြီဆိုကတည်း လမ်းတောက် လျှောက် မြေပြန့်၊ ချိုင့်ဝှမ်းတောင် စောင်း၊ နေရာတိုင်းမှာ ကြံခင်း တွေချည်းပဲလေ’’

‘‘သြော်...ဒီဘက်က တိုင်း ရင်းသားတွေလည်း စိုက်ပျိုးရေး ဘက်မှာ အတော်အားစိုက်နိုင်ကြ သကိုး’’

‘‘ဟုတ်သေးဘူး နောင်ကြီး ရ။ ဒီဘက်က ကြံစိုက်ခင်းပိုင်ရှင် မှန်သမျှ ယူနန်ဘက်က တရုတ် တွေချည်းပဲခင်ဗျ’’

‘‘သဟာဖြင့် တို့နယ်ဘက်မှာ ကော ကြံမစိုက်ကြဘူးလားလ ကွဲ့’’

‘‘စိုက်ခဲ့ပါသော်ကောဗျာ။ ဒါပေသိ နောက်ပိုင်းမှာ တပ်မြေ ဆိုပြီး သိမ်းကုန်ကြလို့ နွားစား ကျက်တောင် အနိုင်နိုင်’’

စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ် မိသော်ငြား တပ်ပိုင်မြေဟူသည် တစ်လက်မမျှ ကျူးကျော်၍ မရစ ကောင်းလေသည်မို့ ကျွန်ုပ်အဖို့ သက်ပြင်းရှည်ကြီးချရုံမှ အခြား မရှိလေ။ တပည့်ကျော်တို့ကား ဇာတိမာန်စိတ်အထွတ်အထိပ်သို့ တက်ကောင်းတိုင်းတက်နေကြ ဆဲဖြစ်လေသည်။

(လေး)
‘‘ဗျို့ ဆြာ၊ ဘောပင်နဲ့ စာ ရွက်ဖြူလေးရှိရင် မျှပါဦးဗျ။ ဓာတ်ရှင်မင်းသား၊ မင်းသမီးတွေလို လောက်ကိုင်ကျူးကျော်စစ်ကို ထောက်ခံတဲ့အနေနဲ့ ဂုဏ်ပြုစာ လေးရေးပို့ချင်လို့ပါ’’

‘‘တွေ့သမျှ လူမည်းမည်းမြင် ရာစွတ်ပစ်နေကြတာ။  မောင်ရင် ကိုယ်တိုင်သွားပို့ရင်ဖြင့် လမ်းမှာ တင်နင်မာလကီးယားသွားမှာပေါ့ မောင်ကပ္ပလီရယ်’’

‘‘ဖေ့စ်ဘွတ်ခ်ပေါ်တင်မှာပါ ဆြာရဲ့’’

လူကြောက်စာရင်းဝင် ဖေ ကြည်သည်လည်း ဤအရေးတွင် ဖြင့် သွေးနီလှချေ၏။

‘‘အမေရိကန်လေတပ်က နောက်ဆုံးပေါ်တိုက်လေယာဉ် တွေ မြန်မာ့တပ်မတော်ကို  ထောက်ပံ့တော့မတဲ့။ ကိုးကန့် တွေကို တိုက်ဖို့ လားရှိုးမှာ ပင်မ လေတပ်အခြေစိုက်စခန်းဖွင့်မှာ တဲ့ ခင်ဗျ။ တပည့်တော့ ဖူးခက် ကို မပြန်တော့ဘဲ လေသူရဲအဖြစ် နဲ့ တိုင်းပြည်ရန်စွယ်ကို ကာကွယ် တော့မယ် ဆြာ’’

‘‘အလိုလေး၊ ထော်လာဂျီ တောင်ဖြောင့်အောင် မမောင်း တတ်တဲ့ နင်က လေယာဉ်ပျံ ဒရိုင် ဘာလုပ်ဦးမတဲ့လား ငဖေကြည် ရယ်။ မြန်မာစစ်တပ်က ကမ္ဘာပေါ် မှာ စစ်ဘက်ဆိုင်ရာ စွမ်းအားမြင့် ပြီး စစ်သည်အင်အားတောင့် တင်းတဲ့ တပ်ကြီးပါကွယ်။ နင်ဝင် ပါဖို့ မလိုလောက်သေးပါဘူးလေ။

ရှေ့လူနှစ်ယောက်ကို ကျွန်ုပ်ဖျောင်းဖျနေဆဲမှာပင် နောက် ကွယ်မှ လေမင်းသားသည်လည်း သခွတ်ပင်က မီးတကျည်ကျည် တစ်စင်ထောင်ပြန်လေပြီ။

‘‘တရုတ်တွေ မြှောက်ပေး တာကြောင့် ‘၀’၊ ကချင်၊ မိုင်းလား၊ရှမ်း၊ ပလောင်တွေပါအကုန်ဝင် တိုက်နေပြီတဲ့ ဆြာ။ ဒါဟာ ပြည်ထောင်စုကြီးပြိုကွဲမယ့်အရေးခင်ဗျ။သွေးအေးနေလို့ မဖြစ်ဘူးလေ’’

‘‘ခက်ပါ့ ငါ့လူရာ၊ တခြား တိုင်းရင်းသားအဖွဲ့တွေလည်း သူ တို့မပါကြောင်း ငြင်းဆိုနေကြ တယ်လေကွယ်။ အင်အားတစ် ထောင်ကျော်လောက်ကိုတောင် မျက်ကလဲ ဆန်ပျာတိုက်နေကြရ တာ။ မောင်ပြောသလို တကယ် တမ်းမဟာမိတ်ဖွဲ့တိုက်ကြတယ် ဆိုရင်ဖြင့် တွေးတောင် မတွေးဝံ့ ပါဘူး မောင်’’

မည်သို့ပင် လေပြည်ထိုးစေ ကာမူ  တပည့်ကျော်တို့ကား ကျွန်ုပ်၏ ရွှေပြည်အေးတရားကို စိုးစဉ်းမျှ နားဝင်ကြဟန်မတူဘဲ ဖေ့စ်ဘွတ်ခ်စာမျက်နှာတို့တွင် နေ၀န်းနီပရိုဖိုင်ကိုယ်စီနှင့် တိုက်ပွဲဝင်စစ်သည်တော်များအဖြစ် စိတ်ကူးဖဲရိုက်နေကြလေတော့သည်။

(ငါး)
နောက်ဆုံးတွင်မူ လောက် ကိုင်မြို့နှင့် ၂၅ မိုင်ခန့်ဝေးသော လူဦးရေငါးသောင်းခန့်နေထိုင် သည့်  ကွမ်းလုံမြို့ကို ကိုးကန့် ဘက်မှ  ပစ်ခတ်တိုက်ခိုက်တော့ မည့် သတင်းများ ထွက်ပေါ်လာခဲ့ ရာ ကျွန်ုပ်သည်လည်း ဖြစ်သည့် နည်းနှင့် လောက်ကိုင်ကို စွန့်ခွာ ရန် ဆုံးဖြတ်ရလေတော့သည်။

‘‘ကဲ၊ တိုက်ပွဲထဲမှာ ကြား ညပ်ပြီး အသေခံမယ့်အစား ဖြစ်တဲ့ နည်းနဲ့ ပြန်ကြစို့ရဲ့။ အထုပ်အပိုးသာ ပြင်ကြပေတော့ကွယ်တို့’’

‘‘တပည့်တို့ လောက်ကိုင်မှာ ပဲ နေရစ်ခဲ့ပြီး ကျူးကျော်စစ်ကို တားဆီးတော့မယ် ဆြာ’’

ကျွန်ုပ်၏ စကားသံအဆုံး တွင် ထွက်ပေါ်လာသော တပည့် ကျော်သုံးဦး၏ မထင်မှတ်သော နှုတ်ထွက်စကားကြောင့် ကျွန်ုပ် ခေါင်းနားပန်းကြီးသည်အထိ အံ့  သြထိတ်လန့်တုန်လှုပ်ခြင်းကြီးစွာ ဖြစ်ရချေသည်။

‘‘ဟ၊ လောက်ကိုင်မှာ နင်တို့ နေခဲ့တော့ ဒီကလေးတစ်ပြုံတစ်မ ကြီးနဲ့ ဒီလောက်အန္တရာယ်များလှ တဲ့ အပြန်ခရီးကို ဘယ်လိုလုပ် ခရီးနှင်ရပါမတုံး။ မောင်တို့ စိတ်အားထက်သန်လှတယ်ဆိုရင် လည်း လားရှိုးအထိတော့ လိုက်ခဲ့ ကြပါဦးလဟ’’

‘‘ဆြာ့တပည့်တွေ ဘူးဆိုရင် ဖရုံမသီးတာ ဆြာသိပါတယ် ဆြာ ရယ်’’

အပျက်အပျက်နှင့် နှာခေါင်း သွေးထွက်ရတော့မည်မို့ သင်းတို့ အား ပိုင်ပိုင်နိုင်နိုင်တရားချဖြေ သိမ့်နိုင်ရန် နည်းလမ်းကောင်းကို ဦးခေါင်းမှ မီးပွင့်ထွက်မတတ်ကြံ ဆရလေတော့သည်။

‘‘သမ္မတရုံးဝန်ကြီးကိုယ်တိုင် တရုတ်လက်ချက်မဟုတ်ပါဘူး လို့ အတိအလင်းပြောလိုက်ပြီကွ။ တပည့်တို့ရ။ တရုတ်နိုင်ငံက လည်း သူတို့မြေပေါ်မှာ ကိုးကန့် တပ်ဖွဲ့တွေကို ခြေချခွင့်မပေးပါ ဘူးလို့ အာမခံပါသကွာ’’

တပည့်ကျော်တို့မှာ အတန် ငယ်တွေဝေသွားကြသော်ငြား နောက်ဆုတ်မည့်ဟန်မပြသည့် တွင် ကျွန်ုပ်လည်း နောက်ဆုံး လက်နက်ကို ထုတ်သုံးလိုက်ရ လေသည်။

‘‘ဒါနဲ့ မောင်တို့ကို သတင်း ထူးတစ်ခုပြောရဦးမယ်။ သမ၀ါယမ၀န်ကြီးဌာနကို တရုတ်ပို့ကုန် သွင်းကုန်ဘဏ်ကနေ အမေရိ ကန်ဒေါ်လာသန်းသုံးရာတိတိကြီး များတောင် ထပ်ပြီး ထုတ်ချေး လိုက်ပြီလကွဲ့။ သည်အချက်ကို ကြည့်ရင် ကိုးကန့်စစ်ပွဲဟာ ကျူး ကျော်စစ်ပွဲပါလို့ မောင်တို့ ဘယ် လိုဆိုဆို ငတို့အစိုးရမင်းများနဲ့ တရုတ်အစိုးရတို့ဟာ ဆွေမျိုး ပေါက်ဖော်မိတ်ဝတ်အစဉ်အလာ မပျက်ချစ်ခင်နေကြဆဲပဲဆိုတာ ထင်ရှားနေတယ်လေ’’

ကျွန်ုပ်၏ ပွဲသိမ်းဝိုက်လက် သီးသည် တပည့်ကျော်တို့၏ ရင်ဝသို့ ဒိုင်းခနဲနေအောင် ချက် ကောင်းထိသွားခဲ့လေပြီ။ တပည့် ကျော်တို့၏ မျက်နှာထားမှာ ပါး ချပ်ကြိုးအား တုံ့ခနဲအဆွဲခံ လိုက်ရသည့် မြင်းကိုပင် သတိရ စရာကောင်းပါ၏။ ဘိန်းကျွေး ထားသည့် လင်းတ၏ မျက်နှာထားသို့ ချက်ချင်းပြောင်းလဲသွားလေ တော့သည်။

‘‘ဟုတ်လို့လား ဆြာရယ်’’

‘‘သြော် ဟုတ်သမှ ဟုတ် ဟုတ်၊ ဟုတ်ဟုတ်နဲ့တောင်နေ သေးသဗျာ။ ပြည်ထောင်စုလွှတ် တော်ကနေ ထောက်ခံမဲလေးရာ ကျော်နဲ့ တစ်ခဲနက်အတည်ပြု လိုက်ကြတာ သေချာသဗျ’’

တပည့်တို့ကား လည်လိမ်ခံ ရသော တိုက်ကြက်ပေါက်စများ ကဲ့သို့ ဦးခေါင်းငိုက်စိုက်ဖြင့် ပတ် တောပိတ်ကာ နှုတ်ဆိတ်ကုန်ကြ ၏။ ဤစာကို ရေးနေချိန်၌ ကျွန်ုပ် တို့အဖွဲ့သည် ကွမ်းလုံနှင့် လားရှိုး အကြား တောလမ်းတစ်နေရာသို့ ရောက်ရှိနေပြီဖြစ်ပါ၏။ လက် ရင်းတပည့်များနှင့် မကွဲမကွာ ခရီးနှင်နေကြရသည်မို့ ကျွန်ုပ် ကား သောင်ပြင်တွင် လွတ်၍ အထီးကျန်မည့်အရေးမှ ကင်းဝေး ခဲ့လေပြီ။ ပေါက်ဖော်ကြီး၏ မဟာကရုဏာတော်နှင့် သမ၀ါမယ၀န် ကြီး၏ ကျေးဇူးတရားကားကြီးမား လှချေသည်တကား။

တရုတ်ဘဏ်များမှ သမ၀ါမ ၀န်ကြီးဌာနသို့ ထုတ်ချေးခဲ့လေ သော ငွေတို့မှာ သွားလေသူ၊ ကျန်နေသူ စစ်ဗိုလ်ချုပ်ကြီးများ အပ်နှံထားသည့် ငွေများဖြစ်နိုင် ကောင်းသည်ကိုလည်း ကျွန်ုပ် တွေးမိပါ၏။ မည်သို့ပင်ဆိုစေကာ မူ သမချေးငွေများဖြင့် မြေယာမဲ့ လှမုန်းတို့ လူတန်းစား ကောင်းစားတော့မည့်အရေးကိုသာ ဇောင်း ပေး၍ တွေးရင်း ကျွန်ုပ်၏ စိတ်ကို ဖြေသိမ့်ရချေတော့သည်တကား။

တံလျှပ်ကိုရေထင်မှားသည့်၊ရွှေသမင်ငမိုက်သားကျွန်ုပ်

$
0
0

၀၆။၀၃။၂၀၁၅ နေ့ထုတ်ဆဲဗင်းဒေးနေ့စဉ်သတင်းစာ။ ။

တံလျှပ်ကိုရေထင်မှားသည့်၊ရွှေသမင်ငမိုက်သားကျွန်ုပ်

(မင်းဒင်)

(တစ်)

‘‘ဒီမယ်မောင်တို့ရဲ့ အမေရိကန် အစိုးရတော်တယ်၊ ကောင်းတယ်ဆိုတာ ငတို့အစိုးရရဲ့ ဖင် ဖျားတောင် မမီပါဘူးကွာ။ အတီ တေကမ္ဘာဦးအစ မဟာသမ္မတ မင်းများကနေ ဒီနေ့အချိန်အထိ ပေါ်ခဲ့ဖူးလေသမျှ အစိုးရမင်းများ ထဲမှာ ငတို့အစိုးရသာ ကြည်ညို စရာအကောင်းဆုံးလဟ။

အင်း ..၊ ဒီလိုအကြည်ညိုခံ ရဖို့ ဖြည့်ကျင့်ခဲ့ရတဲ့ ပါရမီတွေက လည်း လေးသင်္ချေနဲ့ ကမ္ဘာတစ် သိန်းမို့ မနည်းလှပေပဲကိုး ဖြစ်နိုင်ရင် ရတနာသုံးပါးအစား၊ ရတနာလေးပါးဆိုပြီး တစ်ပါးတောင်ထပ်ဖြည့်လိုက်ချင်ပါရဲ့’’

အသံသြဇာကြီးမား၍ အဓိပ္ပာယ်လေးနက်လှသော ကျွန်ုပ်၏ ဥဒါန်းမှတ်ချက်စကားကို နားနှင့်ဆတ်ဆတ် ကြားလိုက်ရသူ ဘေးဘီဝဲယာမှ လူအပေါင်းသည် ရုတ်ခြည်းမှင်တက်မိသွားကြလေ၏။ တစ်ဆိုင်လုံး  မီးကိုရေဖြင့် ငြှိမ်းလိုက်သည့်အလား အပ်ကျသံမျှပင်မကြားရလောက်အောင် တိတ်ဆိတ်သွားချေသည်။

ကျွန်ုပ်နှင့် တပည့်ကျော်သုံး ဦးရောက်ရှိနေရာ အရပ်ကား မဟာရန်ကုန်မြို့ မြေနီကုန်းမီးပွိုင့်ပဒုမ္မာပန်းခြံအနီးမှ တင်တင်အေး မုန့်ဟင်းခါးဆိုင် ဖြစ်၏။ ရန်ကုန် မြို့ကြီးနှင့် အဆက်ပြတ်နေခဲ့ သည်မှာ  ကာလအားဖြင့်  အ တန်ကြာပြီမို့ရောက်တုန်းရောက် ခိုက် မုန့်ဟင်းခါးစားလိုသည့် ချင်ခြင်းအာလျကို ဖြည့်ဆည်းရန် အလို့ငှာ ရောက်ရှိနေခဲ့ကြခြင်း ဖြစ်လေသည်။

ဟင်းရည်ကို တစ်ဇွန်းချင်း ဇိမ်ခံသောက်နေရင်း ရုတ်တရက် မြွက်ကြားလိုက်သည့် ကျွန်ုပ်၏ နှုတ်ထွက်စကားကြောင့် ငွေသိမ်း ကောင်တာမှ ခပ်ရွယ်ရွယ်အမျိုး သမီးမှာ ပါးစပ်အဟောင်းသား ဖြင့် ငါးထောင်တန် ငွေစက္ကူကို သတိလက်လွတ် တစ်စစီဆုတ်ဖြဲ ရင်း ကြက်သေသေလျက်ရှိ၏။ နံနံပင် ညှပ်နေသော ဈေးရောင်း အကူမိန်းမငယ်သည် သူ၏လက် ကိုကတ်ကြေးနှင့် ညှပ်မိသွား သဖြင့် မျက်နှာရှုံ့မဲ့လျက်ရှိ၏။

ကျွန်ုပ်တို့၏ စားဝိုင်းဘေးမှ လူငယ်မှာမူ သူအငမ်းမရ လွေး နေသော မုန့်ဟင်းခါးဖတ်ပါးစပ်ဝ မှ ဖြုတ်ခနဲ ပြုတ်ကျသည်အထိ သတိလက်လွတ် ဖြစ်သွားခဲ့၏။ သူနှင့်ကပ်လျက် မိန်းမပျိုကား၊ မုန့်ပန်းကန်ထဲသို့ ထည့်ရမည့် ငရုတ်သီးမှုန့် တစ်ဇွန်းစာကို ပါးစပ် ထဲ ယောင်ယမ်းထိုးသွင်းလိုက်မိ သဖြင့် ဖွီးခနဲနေအောင် ထွေး ထုတ်လိုက်ရင်း တရှူးရှူးတရှဲရှဲ ပင် ဖြစ်သွားရချေ၏။

အများစိတ်ဝင်တစားရှိနေ ကြသည်မို့ ပိုမိုပြည့်စုံရှင်းလင်းစေ ရန် အလို့ငှာ ကျွန်ုပ်၏ ဆိုလက်စ စကားကို ဆက်လိုက်ရပြန်သည်။

(နှစ်)

 ‘‘လက်ရှိအစိုးရလို လူသူ တော်ကောင်းကြီးများနဲ့   ကြုံ ကြိုက်ရတဲ့ မောင်တို့ကျုပ်တို့ဟာ အင်မတန်ကုသိုလ်ကံကြီးမား တယ်လို့ မှတ်ကြရမကွဲ့။ ပါရမီရှင်ကြီးများ အသက်ရှည်ရာ အနာမဲ့ ကြောင်းကိုလည်း မေတ္တာမပြတ် ပို့သအပ်သကွဲ့။ ဒီပုဂ္ဂိုလ်ကြီးများ ဟာ ပစ္စေကဗုဒ္ဓါများလောက် နီး နီး ကြည်ညိုစရာကောင်းတာမို့ စိတ်နဲ့တောင် မပြစ်မှားကြပါ လေနဲ့’’။ ပရိသတ်၏ အာရုံစိုက်မှု ကား စိုးစဉ်းမျှမလျော့။ ကျွန်ုပ်၏ စကားကို အာရုံစိုက်မိသည့် စားပွဲ ထိုးလူငယ်မှာ လက်တွင်းမှ မုန့် ဟင်းခါးပန်းကန်အား မှာကြားသူ ၏ ခေါင်းပေါ်တည့်တည့်မှာ ထား ရင်း ကျွန်ုပ်ရှိရာသို့ စိတ်ဝင်တစား အမူအရာဖြင့် ငေးမျှော်လျက်ရှိ လေသည်။ မလှမ်းမကမ်းရှိ မုန့် ဟင်းခါးစားသုံးသူတစ်ယောက် ကား မုန့်ဟင်းခါးခပ်ထားသည့် ဇွန်းကို ပါးစပ်ဝဆီသို့ တည့်တည့် မသွင်းနိုင်ဘဲ ပါးစောင်ကို ချော်ထိုး နေလေ၏။ ဆိုင်အတွင်းခန်းဆီမှ ဟင်းရည်ထည့်နေသော ခပ်၀၀ အမျိုးသမီးကြီးမှာ ယောက်ချိုနှင့် မုန့်ပန်းကန်လွဲကာ လက်ပေါ်သို့ လောင်းချမိသဖြင့် မျက်နှာရှုံ့မဲ့ ရင်း ဆတ်ခနဲတွန့်သွားသည်ကို ကျွန်ုပ်လှမ်းမြင်နေရ၏။

သို့ရှိကြစဉ် ငယ်ရွယ်သူများ ပီပီ ရှေ့နောက်မတိုင်းတာတတ် ကြသော တပည့်တို့ကား ဆင်ခြင် တုံတရားကြီးမားလှသည့် ဆြာ့ စကားကို  နားလည်သဘော ပေါက်ကြဟန်  မတူလေ။ ပြူး ကျယ်ဝိုင်းစက်သော မျက်လုံးများ ဖြင့် အံ့သြခြင်းကြီးစွာ ကျွန်ုပ်အား ၀ိုင်း၍ကြည့်နေကြပုံမှာ နေ့ဘက် တွင် တစ္ဆေတစ်ကောင်ကို မျက် ၀ါးထင်ထင်မြင်လိုက်ရသည်နှင့် တူလေသည်။

ကျွန်ုပ်၏ စကားကိုနှစ်လို လက်ခံဟန် မရှိသည့် အစွာဆုံး တပည့်ကပ္ပလီကား ကျွန်ုပ်အား လေသံတိုးတိုးဖြင့် ဟန့်၏။ ‘‘လူ တွေကြားထဲမှာ ဘာတွေလျှောက် ပြောနေတာတုံး ဆြာရယ်။ သတိလေးဘာလေး ကပ်မှပေါ့’’။ ကပ္ပလီငယ်၏  စကားစကို  နင်းလျက်သံယောင်လိုက်၍ ညည်းတွားရေရွတ်သူကား ဖေကြည်တည်း။

‘‘ဟုတ်ပါ့ဆြာရယ်။ တပည့် တို့ မျက်နှာတွေကို ဘယ်မှာသွား ထားရပါ့မတုံး’’ သဘောထား တင်းမာဟန်ရှိသည့် လေမင်းသား ၏ ငေါ့တော့တော့  လေသံကား အတန်ငယ်ခက်ထန်လေသည်။

 ‘‘ဆြာတပည့်ချင်းမို့ အား တော့ နာပါရဲ့။ ဒီစကားမျိုးက တောမှာ သွားပြောရမှာဆြာ’’

တပည့်ကျော်လေမင်းသား  ၏ ကတ်ဖဲ့တိုက်အငေါ့တူးစကား သည် ကျွန်ုပ်၏ ဦးခေါင်းတွင်းမှ အသိဉာဏ်စက်ခလုတ်ကို ထပ် ခနဲဖွင့်လိုက်သကဲ့သို့ ရှိ၏။ မှန် လိုက်လေစွ။ ပညာရှိ သုခမိန်တို့ မည်သည်၊ သံပရာသီးကိုပင်လျှင် သံပရာရည်ဖြစ်အောင် ကြံဆောင်နိုင်ရပေမည်။

ရန်ကုန်ကဲ့သို့ မြို့ကြီးပြကြီး ကား အတ္တကြီးမားသော ကြေး ရတတ် လူလည်ပညာတတ်တို့ မင်းမူကြီးစိုးရာ အရပ်ဒေသဖြစ်၍ ကျွန်ုပ်၏ အကောင်းမြင်ဝါဒကို ရုတ်တရက်လက်ခံနိုင်ကြဟန် မတူချေ။ ကျွန်ုပ်သည် တပည့် ကျော်လေ မင်းသားအား ပြုံးရွှင် သော မျက်နှာပေးဖြင့် ကြည့်ရင်း လက်ခမောင်းကို ဖြောင်းခနဲနေ အောင် ခတ်လိုက်မိလေ၏။

‘‘မှန်လိုက်လေ ငါ့တပည့်ရာ ဆြာ့ရဲ့ ခေတ်မီတိုးတက်သော သဘောထားအမြင်ကို တောမှာ သွားပြောမှသာ နေရာကျမှာမို့ ဇာတိရွှေပင်ရွာကို ရက်မဆိုင်းဘဲ ခပ်သုတ်သုတ်ခရီးနှင်ကြစို့ရဲ့’’

(သုံး)

စိတ်မြန်လက်မြန် ရှိလှသောကျွန်ုပ်ကား မဆိုင်းမတွပင် ကွမ်းခြံဘူတာရုံတွင် လက်မှတ်ဖြတ် လျက် အညာအဆန်လော်ကယ် ရထားဖြင့် ဇာတိနတ်မောက်သို့ ခရီးနှင်ခဲ့လေရာ မီးရထားလမ်းဝဲ ယာ  တစ်လျှောက်  ရှုခင်းတို့မှာ အစိုးရမင်းတို့၏ မေတ္တာဓာတ် အဟုန်ကြောင့်  မြင်မြင်ရသမျှ သွေ့ခြောက်ကာ ရွှေအိုရောင် တောက်လျက် ရှိချေ၏။ ရန်ကုန်တွင် ဇွတ်ပေကျန်နေခဲ့လျှင် ခိုကိုးရာမဲ့မည့်အရေးကို တွေးပူဟန်ရှိသော တပည့်တို့ကား ဆြာ့အလိုကို မဆန့်ကျင်ရဲလေသဖြင့် အောင့်အည်းအောင့်သက် တရွတ်တိုက်လိုက်ပါလာခဲ့ကြသည်မှာ လော်ကယ်ရထား သားမြားဘူတာသို့ ဆိုက်ရောက်သည်အထိ ဖြစ်ချေသည်။

 တစ်ရွာလုံး အမျိုးမကင်း သည်ကတစ်ကြောင်း၊ ကျွန်ုပ်၏ ဉာဏ်ပညာနှင့် ဂုဏ်ရှိန်ကြီးလွန်း လှသည်က တစ်ကြောင်းတို့ ကြောင့် ရွာလုံးကျွတ်အုတ်အုတ် သဲသဲ   ကြိုဆိုကြလေသဖြင့် ကျွန်ုပ်လည်း ရွာသို့အရောက် အကြိုထောက်သော လှည်းပေါ်မှ မဆင်းမီခရီးရောက်မဆိုက်မှာပင် ကျွန်ုပ်၏အစိုးရအပေါ်ထားရှိသည့် သဘောထားကို ဟောရပြောရချေ၏။

 ‘‘ရွှေပင်သားတို့ ခင်ဗျာ။ အခုကာလသမယမှာဆိုရင်ဖြင့် အစိုးရမင်းများဟာ အဘက်ဘက် က ပြောစရာမရှိအောင် ကောင်း လွန်းကြီးမက ကောင်းနေကြပါ ပြီ။ ဒီလောက်ကောင်းတဲ့ အစိုးရ မျိုးကို စကြ၀ဠာကမ္ဘာတစ်ခွင် လုံးမှာ မဟာပထဝီမြေကြီးကို လှန်လှောရှာဖွေရင်တောင် အရိမေတ္တယျဘုရားရှင် ပွင့်တော်မူတဲ့တိုင် တွေ့နိုင်ခဲတာမို့ အစိုးရဂုဏောအနန္တောလို့ မှတ်ယူသင့်ကြပါတယ်။ ရွှေပင်သူရွှေပင်သားများဟာ အစိုးရမင်းများရဲ့ တုနှိုင်းမမီတဲ့ ကျေးဇူးတော်အနန္တကြောင့် ထမင်းနပ်မှန်နေကြရတာမို့ အစိုးရသရဏံဂစ္ဆာမိလို့သာ နှလုံးသွင်းကြစေလိုပါတယ်ခင်ဗျာ’’။ တရုန်းရုန်းဖြစ်နေကြသော ရွှေပင်ရွာလူထုကား  ကျွန်ုပ်၏ပြောင်မြောက်လှသောဩဝါဒအဆုံးတွင်  ရုတ်ခြည်းအသံတိတ်သွားကြကုန်၏။

ဤတွင် ချင့်ချင့်ချိန်ချိန်တွေး ဆတတ်ဟန်ရှိသော  ရွှေပင် ပဏ္ဍိတ်ကျောင်းဆရာလေးကိုဘိုကိတ်၏ စောဒကတက်လာသည့် မေးခွန်းတချို့ကိုမူ ကျွန်ုပ်အနေဖြင့် ချက်ကျလက်ကျပြန်လည် ဖြေကြားရပြန်သည်။

‘‘ဒီလောက်ကောင်းတဲ့အစိုး ရဟာ မြင်မြင်သမျှ ထန်းတောငါ့ ယောက္ခမထန်းတောဆိုပြီး တစ် နိုင်ငံလုံးက ယာမြေလယ်မြေတွေ လျှောက်သိမ်းနေတာက ဘာ သဘောလဲဗျာ’’

 ‘‘ဩ.. ဒါလားမောင်ဘို ကိတ်ရဲ့ တည်ဆဲဥပဒေတွေအရ မြေပေါ်မြေအောက်၊ ရေပေါ်ရေ အောက်သယံဇာတတွေအပြင် မောင်ရင့်ခါးမှာဝတ်ထားတဲ့ ပုဆိုး ကြမ်းကိုပါ နိုင်ငံတော်က ပိုင်ပါ သကွယ်။ တကယ်တော့ နိုင်ငံ တော်ဆိုတာ အစိုးရပဲလေ။ တစ် နိုင်ငံလုံးပြောင်အောင်သိမ်းပြီးရင် နီးစပ်ရာလူတွေကို ပြန်ဝေပေးမှာ ပါကွဲ့’’

  ‘‘ဩော် .. ဩော် .. ဒါဆို အခြေခံလုပ်အားခတိုးတောင်းတဲ့ အလုပ်သမားတွေကို ရက်ရက် စက်စက်ရိုက်နှက်နေတဲ့ကိစ္စတွေ ကကောဗျာ’’

  ‘‘မရှိဆင်းရဲသားဆိုတာ ရတာလေးနဲ့ ဝအောင်စား၊ ရှိတာ လေးနဲ့ လှအောင်ဝတ်ကြရမှာ လေ။ ကွန်မြူနစ်တွေနောက်ကွယ် က မြှောက်ပင့်ပေးတိုင်း လျှောက် လုပ်နေကြတော့ အစိုးရခမျာ တရားဥပဒေစိုးမိုးရေးအတွက် လုပ်သင့်တဲ့အလုပ်ကို လုပ်ကြရ ပေတာပေါ့’’

(လေး)

  ဤတွင် ဆရာလေးကိုဘို ကိတ်သည် ရွံရှာစက်ဆုပ်သော အမူအရာဖြင့် ကျွန်ုပ်အားစူးစူးရဲ ရဲ့ကြည့်လျက် ချာခနဲလှည့်ထွက်သွားသည်၌ ရွှေပင်ရွာလူ အုပ်ကြီးသည်လည်း ၎င်း၏နောက်မှာတ ညီတညာတည်း စီတန်းလိုက်ပါ သွားကြလေရာ  နွားဖြုတ်ထား သည့်လှည်းပေါ်တွင်  ငုတ်တုတ်ကျန်ရစ်ခဲ့သည့် ကျွန်ုပ်တို့ဆြာ တပည့်လေးဦးအား ရွှေ ပင်ပေါက် ခွေးဝဲစား တစ်ကောင်ကပင် စောင်းကန်းကန်းမျက်နှာပေးနှင့် မကျေမချမ်းကြည့်နေလေသည်။ သဘောမနောကောင်းလှပါသည် ဆိုသော ရွှေပင်သားများသော်မှ အစိုးရမင်းများအပေါ် အာဃာ တမစင်၊ အမြင်မကြည်လင်ကြ သည်မှာ လွန်စွာသိသာ ထင်ရှား လှချေသည်။

ဆွေရင်းမျိုးချာ ရွာခံလူထု ကြီးကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ချိန်တွင် တပည့် ကျော်တို့မှာ အတန်ငယ်စိုးရိမ်စိတ်ဝင်တုန်လှုပ်သွားကြသည် ထင့်။ တစ်စခန်းထလာကြပြန်ချေသည်။

‘‘ကဲ.. တည်းအိမ်စားအိမ် တောင် ပျောက်ပါပေါ့လားဆြာ ရယ်’’

‘‘တစ်ရွာလုံးနဲ့ တစ်ယောက် ဆိုတော့ တစ်ရွာလုံးအလွန်ပေါ့ ဆြာ’’

‘‘စားတော့ဇရပ်၊ သောက် တော့ရေအိုးစင်ဆိုတဲ့ ဘဝရောက် တော့မယ်ထင်ပါရဲ့’’

‘‘နင်တို့ပါးစပ်ပေါက်တွေ ပိတ်ထားကြစမ်းလဟ၊ ရွာထဲမှာ မတည်းရတော့လည်း ဘုန်းကြီး ကျောင်းပေါ့ကွာ။ တောကျောင်း ဘုန်းကြီးဟာ ဆြာ့နောင်တော်နဲ့ ကျောင်းနေဖက်ပါလေ’’

မှန်ရာကို ဆိုမိသော ကျွန်ုပ် ကား ခေတ်အတွေးခေတ်အမြင် အတန်ငယ်ရှိသည့် တောကျောင်း ကျောင်းထိုင်ဘုန်းကြီး၏ မျက်နှာ တော်ကို အားကိုးတကြီးပြေးမြင် လျက် တောကျောင်းဆီသို့ တပည့်တို့နှင့်အတူ အပြေးချီကြရပြန် သည်။ ကျောင်းထိုင်ဆရာတော် ကား ကျွန်ုပ်တို့ဆြာတပည့်တစ် သိုက်အား အေးဆေးတည်ငြိမ် သော ဣနြေ္ဒတော်ဖြင့် လှိုက်လှဲ ပျူငှာခွန်းဆက်ကြိုဆိုရင်း သိလို သည်ကို မိန့်မြွက်ပါ၏။

‘‘ဒါနဲ့ ဒကာဒင်ရေ ပညာရေး စနစ်ပြင်ဖို့ဆိုလား ကျောင်းသား တွေဆန္ဒပြကြတယ်ဆို’’

‘‘တင်ပါ့ဖျာ့။ ပြင်စရာမလို အောင် ဒေါင်ဒေါင်မြည်ကောင်း နေတဲ့ ပညာရေးစနစ်ရှိနေပါ လျက် ဒီမိုကရေစီပညာရေးဆို လား ပြုပြင်ဖို့တဲ့ဖျာ့။ အမှန်တော့ ရွှေပင်မှာ ပညာတတ်ဖြစ်ဖို့မလို အပ်ပါဘူး။ အချိန်တန်ယာထွန်၊ နွားကျောင်း၊ ပဲနုတ် သူ့အရပ်နဲ့သူ့ ဇာတ်၊ ဟုတ်နေတာပဲဥစ္စာ’’

‘‘အိမ်း.. သည်လိုဆိုရင်ဖြင့် ဘွဲ့ရပညာမတတ်တွေ တောင်လို ပုံနေတာကိုကော ဒကာကြီးဘယ် လိုမြင်တုံး’’

‘‘မှန်ပါ့။ တကယ်တော့ ဘွဲ့ ရဖို့က လိုကိုမလိုတာဖျာ့။ အရွယ် ရောက်လို့ ရွှေပင်မှာ ဝင်ငွေနည်း တယ်ထင်ရင် မလေးရှားနဲ့ ထိုင်း ဘက်ကူးသွားပြီး စားပွဲထိုး၊ ပန်းရန် စသည်ဖြင့် လုပ်လိုက်ရင် တစ်လ သုံး၊ လေးသိန်းတော့ တန်းနေတာ ဖျာ့။ နောက်ပြီး စင်ကာပူနဲ့ ထိုင်ဝမ်မှာလည်း ရွှေပင်သူတွေ အတွက် အိမ်ဖော်အလုပ်တွေပေါ ချက်ဖျာ့’’

‘‘တော်.. တော်.. ဒကာကြီး တော်တော့။ ဘုန်းကြီးဒေါသ မထွက်ပါရစေနဲ့။ ကြာရင်လက်ပါ မိလိမ့်မယ်။ ရော့.. ရော့.. စားပြီး ပြန်တော့။ ကျုပ်ကျောင်းမှာလည်း ဧည့်သည်တွေပြည့်နေပြီ’’

ဘုန်းတော်ကြီးကား စွန့်ထား သောငှက်ပျောဖီးနှင့် ဆီးထန်းလျက် ပန်းကန်ကို ကျွန်ုပ်တို့ရှေ့သို့ ဆောင့်ကြီးအောင့်ကြီး ထိုးပေး ကာ သင်းပိုင်ကိုလက်ဖြင့်ခပ်ကျစ် ကျစ်ဆုပ်ကိုင်ရင်း ကျက်သရေ ခန်းတွင်းသို့ကြွတော်မူလေ၏။

(ငါး)

တပည့်ကျော်တို့ကား စိတ် ဓာတ်အကျကြီးကျကာ ချူသံပါ အောင် ခိုညည်းညည်းကြလေပြီ။

‘‘ဒုက္ခနဲ့လှလှတော့တွေ့ကြ ပြီးပေါ့ဆြာ’’

‘‘ကဲ့.. ကြည်ညိုတတ်လွန်း တဲ့ ဆြာကြီးခင်ဗျာ လှည်းလမ်း ကြောင်း   ဘေးအိပ်ရမယ့်ဘဝ ရောက်ပြီဗျ’’

‘‘အင်း.. အခုတော့ သောင် ပြင်မှာလွတ်ကြပါပေါ့လားဆြာ’’

အချိန်ကား ညနေစောင်းခဲ့ ပြီ။ ဘုတ်အီသံလွင့်ပျံ့နေသည့် တောလမ်းကလေးအတိုင်း ကျွန်ုပ်တို့ဆြာတပည့်တစ်သိုက် ခေါင်း ငိုက်စိုက်ချကာ ရွှေပင်တော ကျောင်းဘုန်းကြီး၏ ဝိဟာရမှ သည် သားမြားဘူတာရုံဆီသို့ လေးလံသောခြေလှမ်းများဖြင့် ခရီးနှင်လျက်ရှိပါ၏။ ကြုံတွေ့နေ ရသည့် လက်ရှိပကတိအခြေ အနေအရပ်ရပ်အရမူ ဘယ်မြို့ ဘယ်နယ်၊ ဘယ်ရွာသွားသွား ဟန်ကျမည့်ပုံမပေါ်ချေ။ နောက်ဆုံး လော်ကယ်မမီတော့သည်ဖြစ်၍ သားမြားဘူတာရုံမှာပင် တစ်ည တာကိုဖြစ်သလိုကုန်ဆုံးစေရပေ တော့မည်။

တပည့်ကျော် ကပ္ပလီသည် ကျွန်ုပ်အားသနားကြင်နာသော  မျက်ဝန်းအစုံဖြင့်ကြည့်လျက် သူ သိလိုသောပုစ္ဆာ၏အဖြေကို တိုး ညင်းစွာမေးလာပါ၏။

‘‘ဆြာရယ် ဘယ်လိုကြောင့် များ အစိုးရမင်းများကို ဒီလောက် ကြည်ညိုနေရတာပါလိမ့်’’

‘‘အင်း.. အဲဒီလိုရှိတယ်ကွ။ တပည့်ရ  ဘုရားဟောကျမ်းဂန် တွေအလိုအရ  ရာဇတောဝါ၊ ရာဇာ၊ မင်းအစိုးရတို့မည်သည် တောဝါ ရန်သူမျိုးငါးပါးထဲမှာ တစ်ပါးပါဝင်သတဲ့ဟ။ အစိုးရကို မကြည်ညိုတဲ့သူများဟာ ဖေ့စ် ဘွတ်ခ်မှာ ဓာတ်ပုံလေးတစ်ပုံတင် မိ၊ မျှဝေမိရုံနဲ့ ဖမ်းလားဆီးလား၊ စစ်လားဆေးလားအလုပ်ခံရသတဲ့ကွာ။ ဒီလိုခေတ်ကြီးမှာ အစိုးရမင်းများကို မကြည်ညိုတဲ့ သူတွေဟာ ကြက်ကလေး၊ ငှက်ကလေးတွေလို ကွိခနဲနေအောင် ညအဖမ်းခံရမလား၊ နေ့အဖမ်းခံရမလား စိုးရိမ်သောက ဗျာပါဒနဲ့ ကြက်အိပ်ကြက်နိုး၊ ဘယ်မှာလာ အိပ်ကောင်းခြင်း၊ စားကောင်းခြင်း ရှိပါတော့မတုံး။ ဒါကြောင့် မင်းရို့ဆြာလည်း ရာဇတောဝါ မင်းဘေးက နေ  ရတက် အေးပြီး အိပ်ကောင်းခြင်း အိပ်ချင်တဲ့ဆန္ဒနဲ့ မောင်တို့တွေ့တဲ့အတိုင်း ဇွတ်အတင်းဒိုင်ဗင်ထိုးပြီး ကြည်ညိုမိခဲ့တာပါပဲ’’

  စပ်ဖြဲဖြဲအမူအရာရှိသည့် ကပ္ပလီငယ်၏ ကောက်ချက်ကို အတည်လော၊ အရွဲ့တိုက်သည် လော ကျွန်ုပ်မဝေခွဲနိုင်ချေ။

 ‘‘ဒီအတိုင်းသာမှန်ရင်ဖြင့် ဆြာ့ရည်ရွယ်ချက်ပြည့်တယ်လို့ ဆိုနိုင်ပါတယ်ဆြာ’’

(ခြောက်)

အို.. ချစ်သာစာရှုသူ အကယ်၍ သင်သည် လွန်ခဲ့သောသုံးရက် ခန့်က ရန်ကုန်၊ ကျောက်ပန်း တောင်း၊ ကြီးနီမီးရထားလမ်း၏ ခုလတ် သားမြားအမည်ရှိ ဘူတာရုံပလက်ဖောင်းပေါ်တွင် အကာ လညအခါ၌ အေးချမ်းလှသော ဟေမန္တဆောင်းရာသီ၏ဒဏ်ကို ပုဆိုးခြုံကာအန်တုရင်း၊ ညစာငတ် လျက် တခူးခူးတခေါခေါနှစ်နှစ် ခြိုက်ခြိုက်အိပ်မောကျနေသည့် ပုဂ္ဂိုလ်လေးဦးကို တွေ့ရှိခဲ့ငြားအံ့။ ထိုသူတို့သည် အိပ်ကောင်းခြင်း အိပ်လိုသောဆန္ဒဖြင့် တံလျှပ်ကို ရေထင်ခဲ့မိသည့် ကျွန်ုပ်နှင့် ဆရာ တင်မှားခဲ့လေသော နောက်တော် ပါတပည့်လေးဦးဖြစ်ကြောင်း မုချ ဆတ်ဆတ် ယုံကြည်မှတ်ယူကြ စေလိုပါသည်။။

မင်းကောင်းမင်းမြတ်သို့ကျွန်ုပ်ပို့သသောမေတ္တာ။

$
0
0
၂ဇန်နဝါရီ ၂၀၁၅နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ ။

မင်းကောင်းမင်းမြတ်သို့ကျွန်ုပ်ပို့သသောမေတ္တာ။

(မင်းဒင်)

(တစ်)

ငယ်သံပါအောင် အော်ဟစ် နေကြသံများနှင့် သေလုမြောပါး မချိမဆံ့ ညည်းညူနေသံတို့ကြောင့် ကျွန်ုပ်ဆတ်ခနဲသတိပြန် ကပ်လာနိုင်ခဲ့လေပြီ။ ဖျတ်ခနဲဖွင့်လိုက်သောမျက်လုံးတွင်းသို့စူးရှသောအလင်းတန်းတို့ ဝင်ရောက်လာလေရာကျိန်းစပ်သော ဒဏ်ကိုမခံနိုင်လွန်းသဖြင့် မျက်မှောင်ကို ရုတ်ခြည်းကြုတ်လိုက်ရ၏။ အလင်းရောင်တို့၏ အဆုံးတွင်အလျှံတ ညီးညီး၊ တဝင်းဝင်း၊ တပြောင်ပြောင်ဖြစ်နေသော မီးပုံကြီးတို့ကိုမြင်နေရသည်။ ထူးခြားသည်ကား ယင်းတို့၏အပူရှိန်ကြောင့် ပူလောင်သော ဝေဒနာကိုကားကျွန်ုပ်မခံစားရသေးချေ။

ကျွန်ုပ်ရောက်ရှိနေသော ခန်းမကျယ်ကြီး၏အဆင်အပြင် မှာ မြင်နေကျအခန်းဖွဲ့စည်းပုံတို့ နှင့် သိသာစွာခြားနားလွန်းလှ သည်။ ဤအခန်းဒီဇိုင်းနှင့်ဆင် ဆင်တူသည့်ပုံစံမျိုးကို ကျွန်ုပ်၏ တစ်သက် ဓာတ်ပုံနှင့်စိတ်ကူးပန်း ချီများတွင်မျှ မမြင်၊ မတွေ့ဖူးခဲ့ သည်မှာသေချာလှ၏။ ဤအရပ် သည်ကား အဘယ်အရပ်ပေနည်း။တစ်ရံတစ်ဆစ်မျှ မရောက်ဖူး၊ စိမ်းလွန်းလှသော အရပ်ဖြစ်၍ ကျွန်ုပ်သည် အလိုလိုနေရင်း အား ငယ်စိတ်ဝင်လာမိပြန်သည်။

 ကျွန်ုပ်မှတ်မိသမျှ လွန်ခဲ့ သောညက အိပ်ရာမဝင်မီ အ ချိန်အတန်လွန်မှ ရေချိုးမိခဲ့၏။ ပထမရေတစ်ခွက်စာ ကျွန်ုပ်၏ ခန္ဓာကိုယ်နှင့်ထိစဉ်မှာပင် ကြက် သီးဖြန်းခနဲထလာခဲ့ပြီး ဦးခေါင်း တွင်းမှ မိုက်ခနဲခံစားရသဖြင့် နောက်ထပ် ရေလေးငါးခွက် အ မြန်လောင်းလျက် ရေချိုးခြင်း ကို လက်စသတ်ကာ အိပ်ရာဝင် ခဲ့သည်။ စောင်ထူထူခြုံထားလျက် ကပင် တစ်ကိုယ်လုံးချမ်းစိမ့်စိမ့် ဖြစ်လာခဲ့ပြီး တဂတ်ဂတ်မေးချင်း ရိုက်သံကို ကျွန်ုပ်ကိုယ်တိုင်ပြန် ကြားနေရသည်။ ‘ငါအဖျားတက် နေပြီကော’ဟူသောအတွေးမဆုံး မီမှာပင် ကျွန်ုပ်သည် လောကကြီးနှင့်လုံးဝအဆက်အသွယ်ပြတ် သွားခဲ့လေ၏။

ထိုအခြေအနေမှသည် ဤ အရပ်ဒေသသို့  အဘယ်မည်သော အကြောင်းကြောင့် ကျွန်ုပ်ရောက် ရှိနေခဲ့ပါသနည်း။ လက်ရင်း တပည့်များဖြစ်ကြသည့် ကပ္ပလီ၊ ဖေကြည်နှင့်လေမင်းသားတို့ကို တွေ့လိုတွေ့ငြား ဘေးဘီဝဲယာ ကို တောင်တောင်အီအီလျှောက် ကြည့်မိပြန်သည်။ အရိပ်အယောင်မျှမမြင်လေ။

(နှစ်)

ကျွန်ုပ်ယောင်ချာချာရပ်နေ မိသည့်နေရာနှင့်မလှမ်းမကမ်း တွင် လူတန်းရှည်ကြီးကို မျက်စိ တစ်ဆုံးမြင်တွေ့နေရ၏။ ထိုလူ တန်းရှည်ကြီး၏ ထိပ်ဆုံးတွင် ကိုယ်ယောင်ကိုယ်ဝါ တောက် ပြောင်လှသည့် တာဝန်ရှိပုဂ္ဂိုလ် ကြီးတစ်ဦးသည် တန်းစီနေသူများ ကို တစ်ဦးချင်းရွေးထုတ်စိစစ် လျက်နေဟန်ရှိ၏။ သေချာစေ့ငု သည့်အခါ သူသည် လူတိုင်းကို စစ်ဆေးနေသည်မဟုတ်။ အချို့သောသူများကိုသာ မေးခွန်းပုစ္ဆာအချို့မေးမြန်း၏။ မေးခွန်းတို့ ကား ပုံစံတူဖြစ်၏။ အမေးအဖြေ တွင်အသုံးပြုသောဘာသာစကား မှာ အသစ်အဆန်းဖြစ်လင့်ကစား ထူးဆန်းစွာပင် ကျွန်ုပ်နားလည် သဘောပေါက်လျက်ရှိချေသည်။ ထိပ်ဆုံးတွင်မေးမြန်းစစ်ဆေးမှုခံ ယူနေသောပုဂ္ဂိုလ်ကြီးကို ကျွန်ုပ် ကောင်းစွာမှတ်မိလျက်ရှိသည်။ သူသည် မြန်မာ့တပ်မတော်မှ ထိပ်တန်းအရာရှိကြီးဖြစ်ခဲ့သည်။ ကျွန်ုပ်သည် ၎င်းတို့၏အမေး အဖြေကို ခပ်မဆိတ်နားစွင့်နေမိ၏။

‘‘လူ့ပြည်မှာနေတုန်း ကျင် ကြီးကျင်ငယ်ကိုပင်မသုတ်သင် နိုင်ဘဲ ကျင်ကြီးကျင်ငယ်ထဲတွင် လူးလှိမ့်နေရရှာသော ကလေး တွေကိုတွေ့ဖူးခဲ့သလား’’

‘‘ရက်စ်’’

‘‘အဲဒီကလေးတွေကိုကြည့် ပြီး ငါဟာ ဒီလိုကလေးဖြစ်ဖို့ရာ နောင်အခါ ပဋိသန္ဓေနေရဦးမယ်။ ထိုသဘောကို မလွန်မြောက်နိုင် သေးပါတကား။ ယခုအချိန်ကပင် ကိုယ်နှုတ်စိတ်တွေကိုစောင့်စည်း လျက် ကောင်းကောင်းကြီးနေမှ တော်ကာကျမယ်လို့အကြံအစည် မဖြစ်ခဲ့ဘူးလား’’

‘‘နိုး၊ ဟင့်အင်း’’

‘‘ဒါဖြင့် မင်းဘာသိတာရှိ သတုံး’’

‘‘ဒို့တာဝန်အရေးသုံးပါးကို သိပါတယ်။ တပ်မတော်သာအမိ၊ တပ်မတော်သာအဖပါ’’

‘‘ဒါဖြင့် ဟော ဟိုကလှေ ကားပေါ်တက်ပြီး အထက်ကိုကြွ ပေရော့’’

(သုံး)

နောက်ထပ်စစ်ဆေးခံရ သည့်ပုဂ္ဂိုလ်တစ်ဦးသည်လည်း ကျွန်ုပ်နှင့်မျက်နှာသိဖြစ်နေပြန် သည်။ သူကား အစိမ်းရောင်ပါတီ ကြီးမှ အမာခံတစ်ဦးအဖြစ် ထင် ရှားကျော်ကြားခဲ့သူဖြစ်၏။

‘‘လူ့ပြည်မှာနေတုန်း ကိုယ့် ခန္ဓာကိုယ်ကိုတောင် ကောင်း ကောင်းမသယ်နိုင်တော့တဲ့ တုန်ချည့်ချည့်လူအိုတွေကို တွေ့ခဲ့ဖူး သလား’’

‘‘ခဏခဏတွေ့ဖူးပါတယ် ခင်ဗျာ’’

‘‘ဒါဆို ငါလည်းတစ်ချိန်မှာ သူ့အလိုလို အိုရမယ်ဆိုတာ မ တွေးမိခဲ့ဘူးလား’’

‘‘အဲသလိုတော့မတွေးမိဘူး ခင်ဗျ။ ကျွန်တော့်အဘကြီးက တုန်ချည့်ချည့်သာဖြစ်နေတာ၊ စာဖတ်နေရင်း တန်ခိုးထွားနေဆဲမို့ တစ်ချိန်မှာ သူ့လိုဖြစ်အောင် ကြိုးစားမယ်လို့ သဘောပိုက်မိပါ တယ်’’

‘‘ဒါနဲ့ နေပါဦး၊ လူ့ပြည်မှာ နေခဲ့စဉ်တုန်းက ကျုပ်ကိုရည်စူး ပြီး အမျှအတန်းပေးဝေတာလေး များလုပ်ခဲ့ဖူးသေးလား’’

‘‘အမျှတော့မဝေဖူးဘူးခင်ဗျ။ ကျွန်တော့်အဘတွေနဲ့ ဝေစားမျှ စားတော့ အမြဲမပြတ်လုပ်ခဲ့ပါ တယ်’’

‘‘ဒါဖြင့် ဟောဟိုလှေကား ပေါ်တက်ပြီး အထက်ကိုကြွပေ ရော့’’

တာဝန်ရှိပုဂ္ဂိုလ်ကြီးညွှန်ပြ သည့်နေရာသို့ ကျွန်ုပ်လှမ်း၍ ကြည့်မိသည့်အခါ ကုန်တိုက်ကြီး များတွင်တပ်ဆင်အသုံးပြုသော ရွေ့လျားစက်လှေကား (Esca la-tor)နှင့်ဆင်တူသည့် စက်ယန္တရားကြီးတစ်ခုသည် ညင်သာလှသော အရှိန်ဖြင့် အထက်အရပ်ဆီသို့ တရွေ့ရွေ့တက်လျက်ရှိ၏။

ကျွန်ုပ်သည် အပြန်အလှန် အမေးအဖြေတို့ကိုနားစိုက်ထောင်နေရင်း ရုတ်တရက် ရင်ဘတ်ကို ယောင်ယမ်းဖိလိုက်မိကာ မိခင် နှင့်ဘုရားကိုတစ်ပြိုင်တည်း‘တ’ မိလေတော့သည်။

‘‘အမလေး ဘုရား၊ ဘုရား ငါရောက်နေတာ ငရဲပြည်ပါ က လား။ စစ်နေဆေးနေတဲ့အရာ ရှိဟာ မဟုတ်မှလွဲရော ယမမင်း ဆိုတာဖြစ်ရမယ်’’

ထိုခဏအတွင်းမှာပင် ကျွန်ုပ်၏ခေါင်းထဲသို့ ဗုဒ္ဓစာပေကျမ်းဂန် များတွင်ဖော်ပြသည့်ယမမင်း၊ ငရဲပြည်တို့နှင့် ပတ်သက်သော အကြောင်းခြင်းရာများ ဆက်တိုက် ဆိုသလို ဝင်ရောက်လာခဲ့ လေသည်။ ယမမင်းများ၏ဇာတိ မှာ စတုမဟာရာဇ်နတ်ဘုံမှဖြစ် သည်ဟုဆိုပါ၏။ ‘မဟိဒ္ဓိကပြိတ္တာ’ မျိုးဖြစ်သည်။ မသန့်စင်သည့် ကုသိုလ်ကံ(မိဿက ကုသိုလ်ကံ) ကြောင့် ငရဲမင်းကြီးဖြစ်လာရ၏။ ငရဲတစ်ထပ်စီတွင် ယမမင်းလေး ဦးစီရှိသည်။ ငရဲကြီးရှစ်ထပ်တွင် ငရဲမင်းကြီးစုစုပေါင်း ၃၂ ယောက်ရှိသည်။ ငရဲငယ် ၁၂၈ ခုတွင် ငရဲမင်းကြီး(ယမမင်း)များမရှိချေ။ ‘ဝေမာနိက ပြိတ္တာ’များကိုအုပ်ချုပ် ရသောမင်းဖြစ်သည်။ ငရဲမင်းကြီး က အပြစ်နည်းနည်းနှင့်ရောက် လာသောငရဲသားများကို စစ်ဆေး သောအခါ ဒေဝဒူတငါးပါးကိုပမာ ထားပြီး ငါးကြိမ်တိုင်စစ်မေးရ၏။ ဒေဝဒူတ(သေမင်းတမန်)ငါးပါး ဆိုသည်မှာ ကလေး၊ သူအို၊ သူနာ၊ သူသေ၊ အကျဉ်းသမား ထို ငါးဦးကိုပမာပြုခြင်း ဖြစ်သည်ဟု ဖော်ပြလေသည်တစ်မုံ့။

(လေး)

ယောင်တီးယောင်နဖြင့် ငရဲ ပြည်သို့ရောက်ရှိနေရသည့်ကျွန်ုပ် အဖို့ သည်းဆုတ်အေးမျှ ကြောက် ရွံ့တုန်လှုပ်လျက်ရှိသည်ကား အမှန်ပင်ဖြစ်ပါ၏။ သို့သော် ယမ မင်းကြီးမေးမြန်းပုံဆုံးဖြတ်ချက် ချပုံကိုမူ ကျွန်ုပ်အနေဖြင့် လုံးလုံး မကျေနပ်နိုင်သည်ဖြစ်ရာ မဟုတ် မခံလိုသောကျွန်ုပ်၏ ပင်ကိုစိတ် အခံသည် ရင်တွင်းမှာလူးလွန့် လာ၏။ သို့သော် နယ်စိမ်းပယ် စိမ်းတွင် ယမမင်းကဲ့သို့သော ပုဂ္ဂိုလ်ကြီးမျိုး၏လုပ်ရပ်အပေါ် မခံချင်စိတ်ကို ရှေ့တန်းတင်ဆုံး ဖြတ်လျှင် မသင့်လျော်ချေဟု နှလုံးသွင်းမိသဖြင့် အသာငြိမ် လျက် ၎င်း၏လုပ်ဟန်ကိုဆက် လက်လေ့လာနေမိ၏။ ထူးမခြား နားပါပေ။ ထိုမျှမက အချို့သော အစိမ်းဝတ်အဆင့်မြင့်အရာရှိများ၊အစိမ်းရောင်ပါတီ လူထုအော့ ကြောလန်များအား တစ်ခွန်းတစ် ပါဒမျှစစ်ဆေးခြင်းမရှိ။ ဖော်ပြခဲ့ သည့်နည်းလမ်းအတိုင်းပင် ရွေ့လျားစက်လှေကား သို့သာစေလွှတ်လျက် အထက်သို့တက်စေ၏။ လူ့ဗာလနံများကား ရွေ့လျားစက်လှေကားကို အငြိမ့်သားစီးနင်းကာ ဘဝင်လေဟပ်သောအမူ အရာကိုယ်စီဖြင့် ငရဲပြည်တွင်ပင် ဒင်းတို့ခေတ်မကုန်သေးဟူသော အချိုးမျိုး ချိုးနေသည်ဟုသာ ကျွန်ုပ်ထင်မြင်မိတော့သည်။ မတရားမှုကိုဆက်လက်၍ လက်ပိုက် ကြည့်နေခြင်းငှာ မစွမ်းသာတော့ချေ။ ကျွန်ုပ်သည် ယမမင်းကြီးရှိရာသို့ ခပ်သွက်သွက်လျှောက်သွားကာ ထီမထင်သော လေသံဖြင့် ရင်ဆိုင်လိုက်ရချေတော့သည်။

ကျွန်ုပ်။  ။ ‘‘နေပါဦးဗျ။ ခင်ဗျားဟာယမမင်းကြီးဆိုတာမလွဲလောက် ပါဘူး။ သို့ပေတည့် ခင်ဗျားလုပ်ပုံကိုင်ပုံဟာဖြင့် တရားနည်းလမ်းမကျဘူးထင်မိတယ်။ ဘယ်နှယ့်ဗျာ ယမမင်းဟာ မင်းကောင်းမင်းမြတ်တွေလို့ ကျုပ်ကြားနာဖူးပါတယ်။ ဒါပေမဲ့ အခုခင်ဗျားလုပ်နေပုံတော့တခြားစီပါကလား’’ယမမင်းသည် အံ့သြတွေ ဝေသည့်အမူအရာဖြင့် ကျွန်ုပ်ကို စူးစူးရဲရဲပြန်ကြည့်ရင်း တုံ့ပြန် စကားဆို၏။

ယမမင်း။  ။‘‘အောင်မာ ရာရာစစ ငရဲပြည်ကိုရောက်လာတဲ့ငမိုက် သားကများ ငါလိုယမမင်းကို ဝေဖန်ရတယ်လို့။ ဆိုပါဦးဟ၊ ငါ က ဘာများအမှားအယွင်း လုပ်မိသတုံး’’

ကျွန်ုပ်။  ။‘‘စိတ်တော့မရှိနဲ့ဗျာ။ အခု ခင်ဗျားစက်လှေကားပေါ်တင်ပြီး အထက်ဘဝဂ်ကိုပို့နေတဲ့သူတွေ ဟာ လူ့ပြည်မှာတုန်းက မြန်မာ တစ်ပြည်လုံးကို ဒုက္ခလှလှပေးခဲ့ တဲ့သူတွေချည်းပဲဗျ။ သူတို့ အကြောင်း ကျုပ်အကုန်သိတယ်’’

ယမမင်း။  ။‘‘သြော် . . . ဒါလား၊ ဒါဆိုရင်ဖြင့် ငါတုံးတာမဟုတ် ဘူး။ နင်တုံးတာဟကောင်ရ၊ အခု စက်လှေကားနဲ့တက်ခိုင်းတာဟာ အထက်ဘဝဂ်ဆီကိုပို့တယ်လို့ ထင်တာများ အံ့ပါဘိတော့။ ဒင်း တို့ကိုပို့နေတာ ဆီပူနဲ့ကြွပ်ကြွပ် နေအောင်ကြော်မယ့်ငရဲအိုးနှုတ် ခမ်းဝဆီကိုဟ၊ ဆီပူအိုးကကြီး လွန်း၊ မြင့်လွန်းလို့ စက်လှေကား တပ်ထားရတာ။ ငရဲရောက်နေ တာတောင် အသိဉာဏ်မရှိတဲ့ ကောင်’’

ကျွန်ုပ်။  ။‘‘ဗျာ...ဒါဖြင့် ဟို ဟို မစစ် ဆေး၊ မမေးမြန်းဘဲ စက်လှေကား ပေါ် တန်းတက်ခိုင်းနေတာက ကောဗျာ’’

ယမမင်း။  ။‘‘မသေမချင်းမှတ် ငတုံးရ၊ ပဉ္စာနန္တရိယကံကျူးလွန် တဲ့သူ၊ စေတီပုထိုးဖျက်သူ၊ မိစ္ဆာ ဒိဋ္ဌိအယူရှိသူတွေကို စစ်ဆေး စရာမလိုဘူးကွ။ အပြစ်ကြီးလွန်း လို့ ငရဲကိုတန်းချပစ်ရတယ်။ နင် တွေ့တဲ့အစိမ်းဝတ်တွေဟာ အဲဒီ စာရင်းမှာအကျုံးဝင်တယ်။ ရှင်း ရတာလက်ပေါက်ကတ်ချက်ကွာ’’

ကျွန်ုပ်။  ။ ‘‘သြော် . . . သြော်’’

ယမမင်း။  ။‘‘မသြော်နဲ့ နင်ဘာ ကောင်တုံး၊ မှန်းစမ်းနင့်ရုပ်နဲ့ငါ့ ကွန်ပျူတာထဲကငရဲသားစာရင်း လက်ခံဖိုင်နဲ့တိုက်ကြည့်လိုက် မယ်...မှန်း’’

(ငါး)

နတ်မောက်သွေးနီလှပြီဟူ ၍ လူစွာလုပ်မိသောကျွန်ုပ်သည် ယမမင်းရှေ့တွင်မှောက်လျက်လဲ ခဲ့ချေပြီတကား။ ယမမင်းသည် ကွန်ပျူတာနှင့်အတန်ကြာအလုပ် ရှုပ်လျက်ရှိ၏။ ခဏအကြာအံ့သြ စူးစမ်းသောအကြည့်ဖြင့်မေးလာ ၏။

‘‘အင်း မောင်ရင့်နာမည်ကို ဒီလက်ခံစာရင်းမှာ မတွေ့မိပါ ကလား။ နာမည်သေချာပြောပါ ဦးဟ’’

ကျွန်ုပ်လည်း အမည်ရင်းနှင့် တကွ မွေးရပ်ဇာတိ၊ မှတ်ပုံတင် အမှတ်နှင့် ငယ်စဉ်ကထားခဲ့ဖူး သောရည်းစားစာရင်းပါမကျန် ပြည့်စုံစွာတင်ပြပြီးသည်၏နောက်တွင်ကား ယမမင်း၏မျက်နှာဝယ် အပြုံးရိပ်သန်းလာ၏။ ခင်မင် လေးစားဟန်ဖြင့် ချိုသာစွာစကား ဆို၏။

‘‘သြော် . . လက်စသတ်တော့ ဖူးခက်ဆြာဒင်ဆိုတာ မောင်ရင် ကိုး။ မောင်ရင့်ကောင်းကြောင်း တွေကြားပါ့ဗျား။ အမှန်က မောင် ရင်ဟာ ဒီနေရာကိုမျက်စိလည် လမ်းမှားပြီးရောက်လာဟန်တူ သကွဲ့။ ကိုယ့်လက်အောက်က မန်နေဂျာတွေလည်း ပေါ့လျော့ တာဖြစ်နိုင်သေးသကွဲ့။ ကဲ ကဲ... ငရဲပြည်မှာကြာကြာမနေချင်ပါနဲ့ မောင်ရယ်။ ချက်ချင်းသာပြန်ပေ ရော့။ ကျုပ်ကို ညတိုင်းမေတ္တာပို့ ဖို့လည်းမမေ့လေနဲ့ဦးမောင်’’

ကျွန်ုပ်ကား ကြောက်လန့် ခြင်း၊ ဒေါသဖြစ်ခြင်း၊ အံ့သြဝမ်း သာခြင်း စသောပြင်းထန်လှသည့် ခံစားမှုပေါင်းစုံကို တစ်ချိန်တည်း ကြုံတွေ့ရသည်ဖြစ်ရာ စကြဝဠာ တစ်တိုက်လုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်ပြီဟုသာ ထင်မိတော့ သည်။ သက်ပြင်းကြီးတစ်ချက်ကို အသံကျယ်ကြီးထွက်အောင် လေးပင်စွာချလိုက်ရင်း ‘‘အမလေး ကံကြီးပေလို့တော်ပါသေးရဲ့ ဘုရား ဘုရား’’

‘‘ဟော . . . ငတို့ဆြာ၊ ဘုရား တရင်းသတိပြန်လည်လာပြီကွ ဆြာ ဆြာ ဆြာ’’

တပည့်ကျော်ဖေကြည်၏ ဝမ်းသာအားရအော်သံကိုကြားရ သည်နှင့်တစ်ချိန်တည်းမှာပင် ကျွန်ုပ်ကောင်းစွာသတိပြန်လည် လာခဲ့လေပြီ။ ကျွန်ုပ်လဲလျောင်း လျက်ရှိရာခုတင်ဘေးတွင် စိုးရိမ်တကြီးဖြစ်နေသည့်မျက်နှာကိုယ် စီဖြင့်ရှိနေသော တပည့်ကျော်တို့ကိုမြင်လိုက်ရ၏။ ကျွန်ုပ်သည် အပြင်းဖျားသည့်ဝေဒနာဖြင့်ဖူး ခက်မြို့မှ (Mission)အမည်ရှိ ဆေးရုံပေါ်တွင် နှစ်ရက်ခန့် သတိမေ့မြောနေခဲ့သည်ဟုဆိုပါ၏။ သတိပြန်လည်လာစဉ် တစ်ခဏ၌ ကျွန်ုပ်သည် လေဘာတီမမြရင် သီဆိုခဲ့သော ‘တုံးကျော်မ’သီချင်းကိုသာ ရုတ်ခြည်းသတိရမိတော့ သည်။

ထိုနေ့မှအစပြု၍ ကျွန်ုပ် သည် ညစဉ်အိပ်ရာဝင်ဘုရား ရှိခိုးချိန်တိုင်း၌ သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော သတ္တဝါ အပေါင်းအား သဗ္ဗေသတ္တာအဝေ ယျာဟောန္တုချီမေတ္တာပို့ရာတွင် ယမမင်းအား သြဒိဿရည်မှတ် လျက် မမေ့မလျော့စာရင်းသွင်း မေတ္တာပို့ခဲ့သည်မှာ ယနေ့ထက် တိုင်အောင်ဖြစ်ချေသည်။ မင်း ကောင်းမင်းမြတ်ဟုသမုတ်အပ် သည့် ယမမင်းကြီးချမ်းသာကိုယ် စိတ်မြဲပါစေသတည်း။


လွှတ်တော်ကြားနာပွဲရောက်၊တဇောက်ကန်းပါတီဥက္ကဋ္ဌကြီးကျွန်ုပ်။

$
0
0
၁၀။၀၃။၂၀၁၅ နေ့ထုတ်ဆဲဗင်းဒေးသတင်းစာ။ ။

လွှတ်တော်ကြားနာပွဲရောက်၊တဇောက်ကန်းပါတီဥက္ကဋ္ဌကြီးကျွန်ုပ်။

(မင်းဒင်)

(တစ်)

ကြေးမုံပြင်တွင် ထပ်ဟပ် လျက်ရှိသော ခံ့ညားလှသည့် ကျွန်ုပ်၏ ဥပဓိရုပ်သွင်ကား ရှုလေလေတိုင်း ရှုလိုက်တိုင်းပင် ပြစ်မျိုးမှဲ့မထင် တင့်တယ်လှပေစွ။ မီးကြွေတိုက်ထားသည့် နံ့သာရောင်ပိုးသားတိုက်ပုံမှာ ကျွန်ုပ်၏ ပြာနှမ်းနှမ်း အသားအရေနှင့် လွန်စွာ လိုက်ဖက်ရုံမျှမက၊ကျွန်ုပ်၏ဖြူစင်သော  အဇ္ဈိတ္တအတွင်းစိတ်သဏ္ဌာန်ကို ပို၍ပီပြင်အောင် ထင်ဟပ်   ဖော်ပြလျက်ရှိလေ သည်။ ကျွန်ုပ်၏ခါးတွင် ဝတ်ဆင်ထားသည့်  အရောင်လက်၍ခေါက်ရိုးမကျိုးသေးသော အမျိုး သမီးဝတ် ချိတ်ထဘီနှင့် ဆင်တူ ယိုးမှား အသစ်စက်စက်ပိုးပုဆိုးသည်လည်းကျွန်ုပ်၏အရွယ်တင်နုပျိုမှုကို အထောက်အပံ့ပြုလျက် ရှိပြန်၏။

ပုဆိုးနှင့် တိုက်ပုံဝတ်ဆင်ပြီး နောက်စက္ကူဘူးငယ်အတွင်းမှ မောင့်ကျက်သရေခေါင်းပေါင်းကိုထုတ်လျက် ကျွန်ုပ်၏ ဦးခေါင်း ထက်ဝယ် အသာအယာဆောင်း လိုက်ပြီးသည့်အချိန်တွင်ကား တည်ကြည်ပြတ်သားမှုကို အစွမ်း ကုန်ပံ့ပိုးလိုက်သကဲ့သို့ရှိလေသ ဖြင့် ကျွန်ုပ်၏ ဂုဏ်သရေသည် ပြည့်စုံခြင်းသို့ ရောက်ခဲ့လေပြီ။မှန်သားပြင်ထက်ဝယ် လူကြီး၊လူ ကောင်း ကြန်အင်လက္ခဏာအပြည့်ဖြင့် တင့်တယ်ချင်တိုင်း တင့်တယ်နေသည့် ကျွန်ုပ်ကိုယ် ကျွန်ုပ်ရှုမဝ၊ ကြည့်မဆုံး အကျေနပ်ကြီး ကျေနပ်နေရင်း တစ်ကိုယ်တည်းကျိတ်ပြုံးပြုံးမိနေသောကြောင့် လက်စွဲတော်တပည့်ကျော်များ အခန်းတွင်းသို့ ဝင်လာသည်ကိုပင် ရုတ်ခြည်းသတိမမူခဲ့ချေ။

‘‘ဟာ . . . ဒီလိုဆိုတော့ ဆြာ့ဥပဓိရုပ်ဟာ တောအရက်ကို ကန် သင်းရိုးမှာ ထိုင်သောက်နေတဲ့ပုံနဲ့ လုံးလုံးမတူတော့ပါကလား။ ခံ့ ချက်ဗျာ၊ ခံ့ချက်’’

‘‘တောင်းမှာအကွပ်၊ လူမှာ အဝတ်ဆိုတာ သိပ်မှန်တယ်ဆြာ၊ဒီပုံနဲ့ဆိုဆြာ့ကို  ဘယ်သူကမှ ကလေကချေလို့  မပြောနိုင်ကြတော့ဘူးပေါ့’’

 ‘‘ငတို့ဆြာကို သည်လိုပုံနဲ့ ရုတ်တရက်  မြင်လိုက်ရတော့ ဒေါင်းယောင်ဆောင်သော ကျီး ဆိုတဲ့စကားပုံကိုတောင် ပြေးသတိရ မိတဲ့အထိ’’

(နှစ်)

မကြုံစဖူး ထူးခြားစွာ ကျွန်ုပ် ဝတ်ဆင်ထားသည့် မြန်မာလူကြီး လူကောင်း အဝတ်အစားတို့ ကြောင့် တပည့်ကျော်တို့ အနေဖြင့်အလွန်အမင်းအံ့အားသင့်သွား ကြဟန်ရှိ၏။ သင်းတို့၏အောက်ကလိအာမှတ်ချက်စကားတို့မှာမနာလို  မရှုစိမ့်သည့် လေသံအနည်းငယ်  စွက်နေသည်ကို သတိပြုမိသော်ငြား  သစ်ပင်ကြီးလျှင်  လေညှင်းသည်ဟူသောဆိုရိုးစကားကို နှလုံးသွင်းလျက်မသိကျိုးကျွန်ပြုရင်း ရယ်ကျဲကျဲမျက်နှာပေးဖြင့်သာ တုံ့ပြန်လိုက် ရချေသည်။

‘‘နဂိုရှိတော့လည်း နဂိုင်း ထွက်ပေသပေါ့ မောင်တို့ရာ။ ကဲ မောင်တို့လည်း တစ်ပါတည်းလိုက်ကြရမှာမို့ အထုပ်အပိုးပြင်ကြလကွဲ့’’

လေမင်းသားနှင့် ဖေကြည်ကား ဆြာ့စကားကိုမြေဝယ်မကျနားထောင်ရင်း အဝတ်အစား အိတ်ကိုယ်စီ တက်သုတ်ရိုက်ပြင် ဆင်နေကြချိန်တွင် အမြဲတစေ အတွန့်တက်ရမှ စားဝင်အိပ်ပျော် လေ့ရှိသည့်  ကပ္ပလီငယ်ကား အလွန်မြင်ပြင်းကတ်ဖွယ်ကောင်း လှ၏။

‘‘ဟမ်၊ ဆြာ့ဥစ္စာဖုတ်ပူမီးတိုက်ကြီးပါကလား။ ဘယ်အရပ် ဒေသကိုများကြွချီတော်မူမှာပါ လိမ့်ဆြာ’’

‘‘နေပြည်တော်၊ ပြည်ထောင်စု လွှတ်တော်မှာကျင်းပမယ့် ပညာ ရေး ဥပဒေကြားနာပွဲကိုဆိုပါ တော့ မောင်ကပ္ပလီရယ်’’

‘‘ဗျာ၊ ဆြာ့လိုဂျာဒူးဝါလား က လွှတ်တော်ကြားနာပွဲနဲ့ ဘယ်လိုများပတ်သက်ရပြန်တာပါ လိမ့်’’

‘‘မဗျာနဲ့ မောင်။ မင်းတို့ဆြာ လည်း အထူးဖိတ်ကြားခြင်းခံရတဲ့ ပါတီကိုယ်စားလှယ်အဖြစ် တက် ရောက်ရမှာကွဲ့’’

‘‘အာဝါလားကို အထူးဖိတ်ကြားတဲ့ လွှတ်တော်လည်းရှိသေး တာကိုး။ ဘယ့်နှယ့်လုပ် အထူး ဖိတ်ကြားခြင်းခံရတာပါလိမ့်’’

  ‘‘မိကျောင်းသားနှယ်၊ လျှာရှည်ချက်ကွာ။ လေယာဉ်ချိန် သိပ်နီးနေပြီ။ နင့်အထုပ် နင်ပြင် ချေတော့’’

သူတစ်ထူး၏ အောင်မြင်မှုကို   ပြက်ရယ်ပြုလိုကြသည့် လောကတံထွာ လူ့ဓမ္မတာအတိုင်း ပုဂ္ဂိုလ်ရေးထိုးနှက်တိုက်ခိုက်ရာ ရောက်သည့် ပေါက်ပေါက်ရှာရှာ မထော်မနှမ်း မေးခွန်းများဖြင့် အချိန်ဖြုန်းနေသော တပည့်ကို ကျွန်ုပ်ခပ်ငေါက်ငေါက်လေသံ ဖြင့် စကားဖြတ်လိုက်ရ၏။

 ဤသို့လျှင် မြန်မာဝတ်စုံ အခံ့သားအဆင်သင့်ဝတ်ဆင် ထားသည့် ကျွန်ုပ်သည် တပည့်သုံးဦးနှင့်အတူ ဖူးခက်မှသည်ဘန် ကောက်၊ ဘန်ကောက်မှသည် ရန် ကုန်၊ ရန်ကုန်မှသည် နေပြည် တော်သို့ နောက်ဆုံးပေါ် အကောင်းဆုံး လေယာဉ်အမျိုးအ စား ဘိုးရင်းဂျက်လေယာဉ်ပျံကြီး များဖြင့် အဆင့်ဆင့်ခရီးနှင်လာ ကြသည်၌ နောက်ဆုံးတွင်ကား ကြားနာပွဲကျင်းပရာ လွှတ်တော်အစည်းအဝေးခန်းမဆောင်ကြီးအတွင်းသို့ ဒုတ်ဒုတ်ထိရောက်ရှိခဲ့ကြလေသည်တမုံ့။

(သုံး)

အစည်းအဝေးခန်းမတွင်းသို့ ရောက်ရှိနေကြသည့် အတိုက်အခံကိုယ်စားလှယ်အချို့အနေဖြင့် ကျွန်ုပ်အား အဖက်မတန်လေဟန် စကားဟဟ မဆို ကြသော်ငြား အာဏာရပါတီမှ သူဌေးမင်းတစ်ဖြစ်လဲ လွှတ်တော် အမတ်များနှင့် စစ်ဗိုလ်အမတ် များမှာမူ ဝမ်းသာအယ်လဲ ဖက်လဲပျူငှာကြိုဆိုကြပါ၏။

အခမ်းအနားအစီအစဉ်အရ ကျွန်ုပ်ဆွေးနွေးရမည့်အလှည့်သို့ကျရောက်သည်နှင့် အသင့်ယူဆောင်လာသော မှတ်တမ်းဖိုင် အတွင်းမှ ကျွန်ုပ်ကြိုတင်ရေးသား ထားသည့် ပညာရေးစနစ်ပြုပြင် ပြောင်းလဲခြင်းနှင့် စပ်လျဉ်းသည် များကို အားတက်သရောတည် ငြိမ်လေးနက်စွာ  တင်ပြရလေ သည်။

  ‘‘လူကြီးမင်းများခင်ဗျာ၊ ကျွန်ုပ်ဟာ တဇောက်ကန်းပါတီ ရဲ့ ပဓာနနာယကဥက္ကဋ္ဌကြီး နေမျိုးဒင်ဖြစ်ပါတယ်။ ကျွန်ုပ်အနေနဲ့ ဆန္ဒပြကျောင်းသား‌တွေ‌တောင်း ဆိုတဲ့အချက် (၁၁) ချက်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ဦးစွာပထမအတိအလင်း ပြောကြားလိုပါတယ်။ ဒီကျောင်းနွား၊ အဲ . .  အဲ. . .အဲဒီကျောင်း သားတွေကို ဥပ‌ဒေနဲ့အညီ ထိထိရောက်ရောက်အမြန်ဆုံးအရေးယူဖို့ကိုလည်း မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။

‘‘နောက်တစ်ချက်က ဥပဒေမဲ့ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို ထောက်ခံစုဝေးနေကြတဲ့ လူစုလူဝေးကြီးကိုလည်း မိမိတို့ ကျေးရွာရပ်ကွက်အသီးသီးမှာ ရှိနေကြတဲ့ ကလေကဝများကို စုစည်းပြီး မှတ်လောက်သားလောက်ရှိအောင် ကျောင်းမှန်းကန်မှန်းသိအောင် ကြုံရာလက်နက်ကိုင် စွဲပြီး ရိုက်နှက်နှိမ်နင်းသင့်ပါတယ်ခင်ဗျာ။ ကိုလိုနီခေတ်တုန်းကဆို ရင်လည်း တက္ကသိုလ်ပညာရေးဥပဒေကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့သူ တွေကို လုပ်ထုံးလုပ်နည်းများ နှင့် အညီနံပါတ်တုတ်နဲ့ မသေမချင်းရိုက်သတ်နိုင်တဲ့ နမူနာတွေအခိုင် အမာတွေ ရှိထားပါတယ်။

‘‘တကယ်လို့များ အဲသလိုဖြို ခွင်းရာမှာ လူအင်အားလိုတယ်ဆို ရင် တိုင်းပြည်ကောင်းစားရေးကို ရှေးရှုပြီး ကျွန်ုပ်ကိုယ်တိုင် ရပ်မိရပ်ဖတစ်ဦးအနေနဲ့ နေရာဒေသ မရွေး စွမ်းစွမ်းတမံပါဝင်ရိုက်နှက် နှိမ်နင်းရန် အသင့်ရှိပါကြောင်း ပြောကြားရင်း  နိဂုံးချုပ်အပ်ပါ တယ်ခင်ဗျား’’

(လေး)

ကျွန်ုပ်၏ ဆွေးနွေးချက် အဆုံးတွင် အစိုးရအဖွဲ့ဝင်ကိုယ်စားလှယ်အများစုသည် လက်ခုပ် သံ  တဖြောင်းဖြောင်းသာမက လက်ခေါက်မှုတ်သံတရွှီရွှီဖြင့် ဝမ်းစမိုးရောသောသောညံလျက်အခိုင်အမာထောက်ခံအားပေးကြသည်၏ နောက်အစည်းအဝေးပြီး ဆုံးချိန်တွင် ခန်းမထောင့်တစ်နေ ရာ၌ မျက်စိပျက်မျက်နှာပျက်ရှိနေကြသော တပည့်ကျော်တို့ကို ကျွန်ုပ်တွေ့မြင်ရသဖြင့် အကျိုး အကြောင်းမေးမြန်းရပြန်သည်။

‘‘ဟဲ့ . . . ငဖေကြည်၊မျက် နှာမကောင်းလှပါကလား။ ဘာ များဖြစ်ကြပြန်သတုံး’’

‘‘ဘာတွေလျှောက်ပြောနေ တာတုံးဆြာရယ်။ ဆြာ့အနေနဲ့သားသမီးချင်းကိုယ်ချင်းစာစိတ် တော့ထားသင့်ပါတယ်’’

‘‘ဟေ့ကောင် လေမင်းသားနင်ကကောမအီမသာမျက်နှာပေးနဲ့ဘာသဘောလဲဟ’’

  ‘‘ဘာမှပြောချင်စိတ်မရှိတော့ပါဘူး။  ဆြာ့တပည့်လို့ အပြောခံရမယ့်အစား  ဒီလွှတ် တော်ထဲမှာတင်  လဲသေသွားတာက ကောင်းပါလိမ့်မယ်ဆြာ’’

 ‘‘ကဲပါလေ... ဟိုကောင်ကပ္ပလီ၊ မင်းကကော ဘာဝေဖန် ချင်သေးတုံး။ ပြောစရာရှိဗြောင် ပြောနော်’’

‘‘မပြောရဲပါဘူး ဆြာရယ်။ ဆြာ့ပါတီနာမည်ကို ကြားက တည်းက ဆြာလက်စောင်းထက် မှန်းရိပ်မိနေပါပြီ။ ဒါပေမဲ့ ဆြာ၊ဆြာပါတီထောင်လိုက်တာကို အန္တေဝါသိကတပည့်စာရင်းဝင် တွေတောင် မသိလိုက်တာကို တော့ ရှင်းပြစေချင်ပါတယ်’’

‘‘သြော် . . . ဒါလား။ တကယ်တော့ ဒီပါတီဖွဲ့စည်းထားတာဟာ အတော့်ကို ကြာပြီကွဲ့။ နိုင်ငံရေး ပါတီတွေ စဖွဲ့ခွင့်ပြုကတည်းကဆိုပါတော့ကွယ်’’

‘‘ဟုတ်ကဲ့။ ဒါနဲ့ဆြာ၊ တဇောက်ကန်းပါတီဆိုတော့ စိတ် ဝင်စားတဲ့ သူရှိပါ့မလားခင်ဗျာ’’

‘‘တုံးပါဘိ ငါ့တပည့်ရယ်၊ နားမလည်ရင် နားမလည်သလို အသာနေစမ်းပါလဟ။ လောကကြီးမှာလူတော်များသလား၊လူညံ့များသလား ဖြေကြည့်လေ။ လူ့အန္ဓ၊ ဗာလနံတွေပေါလှတဲ့တို့တိုင်းပြည်ကြီးမှာ ပါတီဝင်ဦးရေများဖို့ တယ်ပြီးမခဲယဉ်းလှပါ ဘူး။ အရိုးအရင်းလေးပစ်ပေးလိုက်ရုံပါပဲလေ။ ဒေဝဒတ်တောင်နောက်လိုက်ရှိသေးတာ။ လူနပ် ချမ်းသာသတဲ့ဟ’’

ကျွန်ုပ်၏ ချက်ကျပိုင်နိုင်လှ သော အဖြေကြောင့် ကပ္ပလီငယ်မှိုင်တွေတွေခပ်ငေးငေးဖြစ်သွား ချိန်တွင် လေမင်းသား၏ မဝံ့မရဲ လေသံထွက်ပေါ်လာပြန်သည်။

‘‘ဆြာလို မဟာပညာကျော် ဂုရုစာရင်းဝင် ခေတ်ပညာတတ် တစ်ယောက်က သည်လိုမျိုးပါတီထောင်တာကတော့ အကြောင်း တစ်ခုခုရှိကိုရှိရမယ်။ ဟိုးလွန်ခဲ့တဲ့နှစ်တုန်းက ဆြာသမားနဲ့ တေကမ္ဘာကုမ္ပဏီဆိုလား၊ အပြန်အလှန်နပန်းချတော့မလို လေသံတွေ ပျောက်သွားပြီး ဆြာလည်း ဟန်ကျပန်ကျလူတစ်လုံး၊ သူတစ်လုံးဖြစ်လာသလိုထင်မိတယ်’’

(ငါး)

ဖျင်းလှ၊ အလှသော တပည့် လေမင်းသား၏ နားရွက်ကိုခပ်နာ နာလိမ်ဆွဲလိုက်ရင်း ကျွန်ုပ်စိတ် ရှည်ရှည်ထားကာ ရှင်းပြရပြန်ချေ သည်။

‘‘ရန်သူကို မိတ်ဆွေဖြစ် အောင်လုပ်နိုင်တာ ပညာရှိကွ တပည့်ရ။ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုသလို သူတို့ဘက်ကသိတတ် ဖို့လည်း လိုတာပေါ့လေ။ ခွင်လို့ ခေါ်သဟ၊ခွင်၊ခွင်၊ခွင်’’

‘‘အလိုလေး၊ လေးစားစရာ ကောင်းလိုက်ပါဘိတော့  တဇောက်ကန်း  ပါတီဥက္ကဋ္ဌကြီးရယ်။ ဒါနဲ့ပါတီရဲ့ရှေ့လုပ်ငန်းစဉ်လေးတွေက   ဘာများပါလိမ့်ဆြာရယ်’’

‘‘ဟိုးခေတ်ဟိုးတစ်ခါတုန်းက ငတို့နိုင်ငံမှာ မြင်းပြိုင်ပွဲတွေ လုပ်ခဲ့ဖူးတာ မောင်ရင်ကြားဖူးမှာပါ။ ကျိုက္ကဆံကွင်းကြီးဟာ တရား ဝင်မြင်းပွဲတွေ ကျင်းပခဲ့တဲ့နေရာ ပေါ့။ အဲဒီမြင်းပြိုင်ပွဲမှာ ပထမဆု သေချာပေါက်ရနိုင်တဲ့မြင်းကို နည်းလမ်းမျိုးစုံ၊ မရရတဲ့နည်းနဲ့ဝင်ဖျက်ရတဲ့မြင်းကို ဖျက်မြင်းလို့ ခေါ်သဟ။ အခုငတို့တဇောက်ကန်းပါတီဟာလည်း  လာမယ့် ရွေးကောက်ပွဲမှာ   ဘာဆုမှမချိတ်နိုင်ပေမဲ့ အနိုင်ရမယ့်ပါတီကို မဖြစ် ဖြစ်တဲ့နည်းနဲ့ နှောင့်ယှက်ဖျက်ဆီး ဖို့ ရည်ရွယ်တာပေါ့လဟ။ ဒါတင် ဘယ်ကဦးမလဲ။ ရွေးကောက်ပွဲ မတိုင်မီ အစိုးရကိုမကျေနပ်လို့အခါအားလျော်စွာပေါ်လာတတ်တဲ့ လူထုဆန္ဒပြပွဲတွေကိုနှိမ်နင်း ရာမှာ တို့ပါတီအနေနဲ့အာဏာရှင် လက်ကိုင်တုတ်ပါတီအနေနဲ့ အရန်အင်အားအဖြစ် တစ်တပ် တစ်အားပါဝင်နိုင်တယ်လေ။ဒီခေတ်ဒီကာလကြီးမှာ ဖြတ်လမ်းကနေ ချမ်းသာချင်ရင် ထင်တိုင်း ကြဲနိုင်တဲ့အစိုးရနဲ့ ငွေရှင်ကြေးရှင် တွေဘက်ကနေ ခပ်တည်တည် နေရတယ်ဟငမိုက်သားတွေရ’’

‘‘သြော် . . .သြော် . . . တယ် လည်း ရည်ရွယ်ချက်ကြီးတဲ့ ဖျက် မြင်းဥက္ကဋ္ဌကြီးပေပဲကိုး’’

တအံ့တသြရေရွတ်သံနှင့် အတူ လေမင်းသားတစ်ကောင် အသံတိတ်နှုတ်ဆိတ်သွားချိန်တွင်နောက်ဆုံးမေးခွန်းထုတ်လာသူကား မအူမလည်တပည့်ဖေ ကြည်တည်း။

‘‘ဒါနဲ့ ဆြာ့တဇောက်ကန်း ပါတီကြီးရဲ့ ဖွဲ့စည်းပုံအရ အမာခံအီးစီအမှုဆောင်တွေက ဘယ်သူတွေများပါလိမ့်ဆြာ’’

‘‘မောင်ရင်တို့ဟာ ငတုံးစာရင်းဝင်မယ်ဆိုရင်လည်း ပျော် ပျော်ကြီးဝင်ထိုက်ပါပေရဲ့။ ပါတီအမာခံတွေဟာ ဘယ်သူတွေရှိရ မတုံး။ နင်က ဒုဥက္ကဋ္ဌ၊ကပ္ပလီက အထွေထွေအတွင်းရေးမှူး၊ လေမင်းသားက စည်းရုံးရေးမှူးပေါ့လဟ’’

‘‘ဗျာ’’

တပည့်ကျော်တစ်သိုက်ဗျာသံပြိုင်တူပြုလျက် ပြူးကြောင် ကြောင်မျက်နှာများဖြင့် မှင်တက် မိသွားကြချိန်တွင် နာမည်ကျော်လုပ်ငန်းရှင်  သူဌေးကြီးတစ်ဦးက လက်ဆောင်ပေးထားသည့်မိကျောင်းသားရေအစစ်လက် ကိုင်အိတ်ကြီးကို ပွေ့ထားသည့် ကျွန်ုပ်သည် သင်းတို့အား သနား ကရုဏာသက်စွာ ကြည့်နေမိရင်းတဟဲဟဲသာ ရယ်သွမ်းသွေးနေမိ တော့သည်။

နေမဝင်မှတ်ကြီးနှင့်သူ၏မျိုးဆက်

$
0
0

၁၃။မတ်။၂၀၁၅နေ့ထုတ်သည်လေးဒီးစ်အပတ်စဉ်ဂျာနယ်။ ။

နေမဝင်မှတ်ကြီးနှင့်သူ၏မျိုးဆက်

(မင်းဒင်)
(၁)
သည်ရက်ပိုင်းများတွင်ကျနော်သည်မှတ်ကြီးကိုထူးထူးခြားခြားသတိရနေလေသည်။

မှတ်ကြီးသည်ကျနော်နှင့် သက်တူရွယ်တူနေကျောင်းနေဖက်ဖြစ်ခဲ့၏။သူငယ်ချင်းကားမဟုတ်လေ။အဘယ်ကြောင့်မူလူမိုက်စာရင်းဝင်မှတ်ကြီးသည်ကျနော့်လိုငကြောက်စာရင်းဝင်အညာသားအနုံညာတအား၊သူငယ်ချင်း၊ ဘော်ဒါစာရင်းသွင်းရန် စိတ် ကူးမျှပင်ပေါ်ဟန်မတူသည့်အပြင်ကျနော်ကလည်းသူ့ကိုရှိန်မိသောကြောင့်ဖြစ်၏။ရိုးသားစွာဝန်ခံရလျှင်တတန်းတည်းသားသူနှင့်သူငယ်ချင်း ဖြစ်လိုစိတ်ရှိခဲ့သည်ကား အမှန်ဖြစ်သည်။

လူမိုက်နှင့်ခင်မင်နေလျှင် အန္တရာယ်ကင်းနိုင်သည်ဟုကလေးအတွေးဖြင့်တွေးခဲ့လေသလော။သူ့မိုက်ဂုဏ်ကိုကျနော်အထင်ကြီး လေး စားအားကျခဲ့ လေသလော၊ယခုတိုင်မဝေခွဲနိုင်သေးချေ။


မှတ်ကြီးသည်အသားညိုညိုပိန်ရှည်ရှည်နှင့်ဖြစ်၏။သူ့ဘယ်ဖက်ပါးပြင်တွင်၊ထင်းနေသည့်ကျပ်ပြားဝိုင်းအရွယ်၊မှဲ့ ကြီးတလုံးကြောင့်သူ့အမည်သည်မှတ်ကြီးဖြစ်လာပုံရ၏။ အမြဲတစေညှင်းသိုးသိုးပုံစံနှင့်ဖြစ်၍ တဇောက်ကန်း စရိုက်သည် သူ့မျက်နှာတွင်ပေါ်လွင်နေသည်။
 
မှတ်ကြီးအကြောင်းတွေးမိလေတိုင်း၊သူ့မိဘ၊သူ့ဆွေမျိုးအသိုင်းအဝိုင်းများပါကျနော့်စိတ်အစဉ်တွင် တသီတတန်း ကြီးပေါ်လာတတ်သည်ဖြစ်ရာ၊  ကြောင်းရာထုပ္ပတ်အပြည့်အစုံအား နောက်ခံကာလနေရာဒေသ တိကျစွာဖြင့် ရေးသားဖော်ပြရသော် အောက်ပါအတိုင်းဖြစ်၏။

(၂)
လွန်ခဲ့သောအနှစ်ငါးဆယ်ဝန်းကျင်(၁၉၆၂)ခုနှစ်ခန့်ကကျနော်တို့မိသားစုရန်ကုန်သို့ပြောင်းရွေ့လာခဲ့ကြသည်။ အညာသားကျောမွဲမိသားစုအခြေချခဲ့ရာနေရာကား၊လူဆိုးလူမိုက်တို့ကြီးစိုး၍မက္ခရာနယ်မြေဟုထင်ရှားခဲ့သော အရပ်ဒေသဖြစ်၏။ကမာရွတ်ဘူတာရုံ၏အရှေ့ဖက်ခြမ်းကိုအရှေ့ကမာရွတ်ဟုမခေါ်ဝေါ်ကြသော်ငြား၊အနောက်ဖက်ခြမ်းကိုမူအနောက်ကမာရွတ်ဟုလူသိများသည်။ယင်းအနောက်ကမာရွတ်သည်၊တော်လှန်ရေးအစိုးရ တက် လာချိန်တွင်အနယ်နယ်အရပ်ရပ်မှ ရန်ကုန်မြို့ကြီးဆီသို့စုပြုံတိုးဝင်လာကြသူများခိုလှုံရာဖြစ်ခဲ့၏။

လှိုင်မြစ်ကမ်းဆီသို့ဦးတည်ရာလမ်းတလျှောက်တွင်၊ဘူတာရုံနှင့်ဝေး၍၊လှိုင်မြစ်ကမ်းနှင့်နီးလေ၊လူဆိုးလူမိုက်ပေါ လေလေဖြစ်နေသည်ကိုငယ်စဉ်ကပင်ကျနော်သတိပြုမိခဲ့သည်။ကမာရွတ်ရဲစခန်းသည် ဘူတာနှင့် မဝေးလှ သော၊ကမာရွတ်ဈေးကလေး၏မျက်နှာချင်းဆိုင်တည့်တည့်တွင်၊တည်ရှိခဲ့ဖူးရာ၊ရဲစခန်းနှင့်ဝေးလေ၊လူ မိုက်များ လေဖြစ်ဟန်တူ၏။

လူဆိုးလူမိုက်အပေါဆုံး၊နေရာတို့ကား၊သံကြိုးတိုင်၊ချောင်းဝစက်တွင်းနှင့် အေးရပ်ကွက် ဖြစ်၏။ အေးရပ်ကွက် ဟူသည်၊ ရပ်ကွက်နံပတ်အားဖြင့်ဆိုသော်(၄)ရပ်ကွက်ဖြစ်၏။ကျနော်တို့မိသားစု ပြောင်းရွေ့ခိုလှုံခဲ့ရာနေရာမှာအမှတ်ငါးရပ်ကွက်ဓမ္မသုခလမ်းဖြစ်၍၊(၁၂)လမ်းဗလီနှင့်တည့်တည့်၊ ယခုအေးရိပ် မွန်အိမ်ယာ တည်ရှိရာအရပ်ဖြစ်သည်။

ယခုမရှိတော့ပြီဖြစ်သောဓမ္မသုခလမ်းသည်လမ်းအဝမှပေတစ်ရာခန့်အကွာတွင်(၁)လမ်းနှင့်(၂)လမ်းဟူ၍လမ်းနှစ်သွယ်ကွဲထွက်သွားလေရာ၊ကျနော်တို့အိမ်သည်(၂)လမ်းတွင်ရှိ၍မှတ်ကြီးတို့အိမ်ကား၊(၁)လမ်းတွင်ဖြစ်၏။ သို့သော် (၁)လမ်းနှင့်(၂)လမ်းသည်မျဉ်းပြိုင်အဖြစ်တည်ရှိလေရာ၊ကျနော်တို့အိမ်နှင့်မှတ်ကြီးတို့အိမ်သည် ကံဆိုး စွာပင်၊နောက်ကျောချင်းကပ်လျက်ကျနေခဲ့လေသည်။

(၃)
မှတ်ကြီး၏အဖေဦးလှရွှေကားဓမ္မသုခနှစ်လမ်းစလုံးမော်ကြည့်ဝံ့သူမရှိသည့်လူမိုက်တည်း။နေ့ရောညပါ (၂၄)နာ ရီပတ်လုံးမူးနေသောအရက်သမားဖြစ်ရုံမက၊ကြက်ဝိုင်းဒိုင်ခံသူလည်းဖြစ်သည်။တရားဝင်အရွေးမခံရပါပဲအလိုအလျောက်ဗိုလ်ဖြစ်ကာ၊ဓမ္မသုခလမ်းကိုအပိုင်စားရ၊ထင်တိုင်းကြဲနိုင်သည့်ဦးလှရွှေ မူးလေတိုင်းသူ့မိန်းမ ဒေါ်တင်ရွှေ၏ကျောပြင်ကိုဗျောထင်လျက်၊တအုံးအုံးထု၍လက်စွမ်းပြတတ်လေသဖြင့်၊ဦးလှရွှေ၏ဗျော လက်သံ တညံညံကို ကျနော်တို့အိမ်မှ နေ့ညမဟူ၊အဆက်မပြတ်အတိုင်းသားကြား နေရလေသည်။

ထစ်ကနဲရှိ ဓား တစ်ချောင်းဆွဲကာ၊တလမ်းလုံးကို စိန်ခေါ်တတ်ပြန် ရာ၊နယ်ခံပုလိပ်ဦးထွန်းကြည်ပင်သူ့ကိုမော် မကြည့်ရဲသဖြင့် မူလတန်းကျောင်းသားအရွယ် ကျနော့်မှာဦး လှရွှေ၏မျက်နှာတော်ကိုမျက်နှာချင်းဆိုင်ကြည့်ရဲဖို့ဝေးစွ။ ထရံ ပေါက်မှချောင်းကြည့်ရာတွင်ပင်၊ရင်တထိတ်ထိတ် နှင့်ရှိခဲ့သည်။

ကျနော့်စိတ်အမှတ်မမှားလျှင်၊ကျောင်း၌အတန်းဖော်များကိုအနိုင်ကျင့်လွန်းသော၊တကျောင်းလုံး၏အော့ကြောလန်မှတ်ကြီးသည်၊တတိယတန်းအရောက်တွင်ကျောင်းထုတ်ခံရလေရာ၊မှတ်ကြီး၏လူမိုက်စားကျက်သည်စာသင်ကျောင်းအစား၊ဓမ္မသုခလမ်းဖြစ်လာခဲ့၏။တလမ်းလုံးတွင်မှတ်ကြီးတက်၍မခိုးဖူးသောအိမ်ဟူ၍မရှိ။သူနှင့်အိမ်နောက်ကျောချင်းကပ်ရှိနေသောကျနော်တို့အိမ်မှာမှတ်ကြီးစိတ်တိုင်းကျမွှေနှောက်ရာရိက္ခာဂိုဒေါင်ဖြစ်လေ၏။

ကျနော့်အကိုမွေးထားသောတိုက်ကြက်ကိုခိုးသည်။ပုဆိုးလုံချည်အဝတ်အစားတို့ကို
အလွတ်မပေး၊အမေခြစ်ခြုပ် စုဆောင်းထားသောစုဗူးသည်လည်းမှတ်ကြီးလက်ချက်မိ၏။
ချက်ထားပြီးသားဟင်းခွက်တို့ကိုပင်၊အိမ်ပေါ်တက် ကာခိုးစားတတ်ရုံမက၊ဖွင့်လက်စနို့ဆီဗူးကိုပင်၊တစက်မကျန်အောင်
၊ဖောက်စုတ်သွားဖူးသည်အထိ။
မှတ်ကြီးနည်းမျိုးစုံဖြင့်နှိပ်စက်သမျှကျောကော့နေအောင်ခံကြရသည်မို့၊

ကျနော့်အမေသည်၊မှတ်ကြီး၏အမေအား မျက်နှာအောက်ကျို့လျက်၊ခိုးထုတ်ခိုးထည်နှင့်တကွသတင်းပို့တိုင်ကြားဖူးသော်ငြား၊ဒေါ်တင်ရွှေ၏အာပြဲလျှာပြဲ၊ကက်ကက်လန်တုန့်ပြန်မှုကြောင့်၊ အောင် မြင်စွာခပ်ရို့ရို့တပ်ဆုတ်လာရဖူးသည်မှာ၊ကျနော့်မျက်မြင်ကိုယ်တွေ့။
အမေ့မှာလင်သားမသိအောင်ဖုံးကွယ်ရ။ကျနော့်အကိုအရဲစွန့်လက်တုံ့ပြန်မည်ကိုထိန်းရနှင့်အတော်ဗျာများခဲ့ရရှာ၏။

တလမ်းလုံးရှိသက်တူရွယ်တူကလေးမှန်သမျှမှတ်ကြီး၏လက်သီးကိုမြည်းစမ်းဖူးကြသည်။
မှတ်ကြီး၏ဒုတ်စာကိုခံခဲ့ကြဖူးသည်။ကံကြီးသောကျနော်ကား၊ကျနော့်ကိုခင်ရှာသောမှတ်ကြီး၏လူရမ်းကားလက်တက်ကလေးညီဗိုက်ပူ၏မျက်နှာကြောင့်ကံအားလျော်စွာထိုအဖြစ်ဆိုးမှ လွတ်ခဲ့ရသည်။

(၄)
မှတ်ကြီးခိုးဆိုးအနိုင်ကျင့်လေသမျှ၊မှတ်ကြီးဖက်မှ၊မားမားမတ်မတ်ရပ်ကာဒိုင်ခံကာကွယ်ပေးခဲ့ကြသူတို့မှာသူ၏ပပုဗ္ဗာစရိယ၊လက်ဦးဆရာစာရင်းဝင်မိဘနှစ်ပါးဖြစ်၏။ပို၍ဆိုးရွားသည်ကား၊မှတ်ကြီးအဖေဦးလှရွှေသည်၊ဘူတာရုံလမ်းလူမိုက်စာရင်း ဝင်ဦးထွန်းစိန်၏ညီဝမ်းကွဲဖြစ်နေခြင်းပေတည်း။

ခွေးနီနှင့်ခွေးဖြူဟုအမည်ရသည့် ဦးထွန်းစိန်၏ရင်နှစ်သည်းချာသားလှရတနာနှစ်ပါးမှာလည်းမိုက်ဇမသေးလှပြန် ချေ ။မှတ်ကြီးကို အားဖြည့်ဝန်းရံရန်အစဉ်သဖြင့်တက်ကြွနေသူများဖြစ်၏။ကျနော့်ငယ်ဘဝတလျှောက်လုံးလိုလို တွင်မှတ်ကြီးနှင့်သူ၏ဆွေမျိုးတသိုက်မှာမိုးကောင်းချင်တိုင်းကောင်းလျက်ထင်ရာစိုင်းနေနိုင်ခဲ့ကြလေသည်။သူတို့လုပ်ရပ်မှန်သမျှတရားသည်ချည်းဟုသာတရပ်ကွက်လုံးကိုအတင်းအကြပ်ခံယူစေခဲ့ကြ၏။

ကျနော်အလယ်တန်းကျောင်းသားဘဝအရောက် တိုင်းပြည်၏အခြေအနေအရပ်ရပ်ပြောင်းလဲလာချိန်တွင် မှတ်ကြီးတို့မိသားစုကြည့်မြင်တိုင်တဖက်ကမ်းအေးရွာဖက်သို့ရွေ့ပြောင်းသွားကြသည်ဟုဆိုသည်။ ကျနော်အထက်တန်းကျောင်းတက်နေချိန်တွင်၊အိမ်ထောင်ကျနေသော
မှတ်ကြီးကို၊လမ်းထဲတွင်ဖျတ်ကနဲတစ်
ကြိမ်တွေ့လိုက်ပြီးသည်နောက် ကျနော်နှင့်မှတ်ကြီးမဆုံစည်းဖြစ်ခဲ့ကြတော့သည်မှာယနေ့ထက်တိုင်ဖြစ်၏။

 တခါ တရံ၌အကြောင်းတိုက်ဆိုင်၍ကျနော်ငယ်စဉ်ကနေထိုင်ကြီးပြင်းခဲ့ရာ၊
အရပ်ဒေသကိုပြန်လည်သတိရမိသည့်အခါမှတ်ကြီးနှင့်
သူ့ဆွေမျိုးတသိုက်အကြောင်းခေါင်းထဲသို့ရောက်လာတတ်ပါ၏။
သို့သော်မှတ်ကြီး နှင့်သူ့ဆွေတမျိုး တသိုက် သည်လူ့လောကလူ့အသိုင်းအဝိုင်းနှင့်ကင်းကွာနေကြသူများဟုသာကျနော်မှတ်ယူခဲ့သည်။

မှတ်ကြီးလိုလူမျိုးဘယ်ခေတ်ဘယ်စနစ်တွင်မျှ၊လူရာဝင်လိမ့်မည်ဟုကျနော်မယူဆခဲ့သလိုသူ၏မျိုးဆက်များသည် လည်း၊မြန်မာပြည်လူ့ဝန်းကျင်မှာတစတစလွှင့်ပါးပျောက်ကွယ်သွားကြလိမ့်မည်ဟုကျနော်ယုံကြည်နေခဲ့ သည်။အထူးသဖြင့် ယခုအချိန်ကာလကဲ့သို့ ဒီမိုကရေစီစနစ်ဆီသို့ဦးတည်ကူးပြောင်းနေချိန်တွင် လုံးလုံးလျား လျားမရှိထိုက်၊မရှိနိုင်တော့ပြီဟုခံယူနေခဲ့သည်။
(၅)
သို့သော်လွန်ခဲ့သည့်ရက်ပိုင်းများက ရန်ကုန်မြို့တော်ခန်းမရှေ့တွင်ဆန္ဒထုတ်ဖော်ခဲ့ကြသူများအား၊လက်ပတ်နီ တသိုက်ကိုရပ်မိရပ်ဖအမည်ခံစေကာ၊ဝင်ရောက်ရိုက်နှက်ရန်စေခိုင်းသည့်သတင်းကိုကြားမိသောအခါ၊ကျနော့်စိတ်အစဉ် တွင်မှတ်ကြီး၏မျက်နှာကိုပြေးမြင်မိလေသည်။

သူ့အဖေဦးလှရွှေနှင့်သူ့ဆွေမျိုးလူဆိုးတသိုက်၏ပုံရိပ်သည်လည်း ကျနော့်မှတ်ဥာဏ်မှာ၊အထင်အရှား ပြန်ပေါ် လာခဲ့သည်။မှတ်ကြီးတို့ခေတ်မကုန်ဆုံးသေးချေတကား။မှတ်ကြီးမျိုးဆက်သစ်တို့အားအခိုင်အမာကျောထောက် နောက်ခံပြုမည့်သူတို့အင်အားအလုံးအရင်းဖြင့်ရှိနေဆဲပေတည်း။

ထို့ထက်လွန်၍မှတ်ကြီးတို့အောင်လံထူ၊မိုက်တွင်းနက်၊ထင်ရာစိုင်းနိုင်ရန်၊တာဝန်အရှိဆုံးအဖွဲ့အစည်းတို့ကပါ၊တည်ဆဲဥပဒေဟူသောစကားရပ်ဖြင့်အကာအကွယ်ပေးလာသည်ကိုမြင်နေကြားနေရသောအခါခေတ်ကြီးပြောင်းပြီဆိုသည်မှာဟုတ်မှ ဟုတ်ပါလေစဟု သံသယ ကြီးစွာပွားရ၏။


ထိုမှဆက်၍(၁၉၆၂)ခုနှစ်ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးကြီးတရပ်ကိုဦးဆောင်ဆင်နွှဲခဲ့လေသည့်ခေါင်းဆောင်ကြီး၏ပြုံးရွှင်သောရုပ်သွင်ကို၊မှတ်ကြီး၏အဖေရုပ်ရည်နှင့်ယှဉ်တွဲမြင်ယောင်လာသောအခါတွင်ကား၊ကျနော်သည်မက္ခရာနယ်မြေသို့ ပြန်လည်ရောက်ရှိသွားသလိုခံစားရလေသည်။ ။

Viewing all 346 articles
Browse latest View live