Quantcast
Channel: .
Viewing all 346 articles
Browse latest View live
↧

မင်းဒင်ရဲ့သက်ခိုင် (၂)

$
0
0



                                                                    မင်းဒင်ရဲ့သက်ခိုင်(၂)

သို့သော် ယုံကြည်ရာအလုပ်တခုကို မဆုတ်မနစ်၊ ဇွဲနပဲကြီးစွာလုံ့လပြုတတ်သော ကိုသက်ခိုင်၏စရိုက်၊ပြဿနာတရပ်ကို သူရှုမြင်သုံးသပ်ပုံနှင့် အခက်အခဲဒုက္ခမျိုးစုံကို သူရင်ဆိုင်ကျော်လွှား၊ကိုင်တွယ်ဖြေရှင်းပုံတို့မှာ စာဖတ်သူတို့အဖို့ ဗဟုသုတ ဖြစ်ဖွယ်၊ နည်းယူဖွယ် မဖြစ်သည့်တိုင် စိတ်ဝင်စားဖွယ်၊အပျင်းပြေဖွယ်အကြောင်းအရာများဖြစ်သည်ကား အလွန်သေချာ လှသော အချက်ဖြစ်၏။ဤသည်ပင် ကိုသက်ခိုင်၏ ဘဝဇာတ်ကြောင်းကို ကျနော်ရှေ့ဆက်နိုင်ရန် အဓိကတွန်းအားဖြစ် ခဲ့သည်။
အောက်ပါအခြင်းအရာအဖြစ်အပျက်တို့သည် သက်ခိုင်၏ “ဘဝခရီးစုံတောမြိုင်” ကိုဖော်ပြလျက်ရှိလေရာ သူ့ဇာတ်လမ်းကို ကျနော်ရှေ့ဆက်ရခြင်းအတွက် “အကြောင်းခိုင်လုံ၏မခိုင်လုံ၏” စာဖတ်သူများကိုယ်တိုင် ဝေဖန်ထောက်ရှုစေလိုပါသည်။
…………………………
အခန်း(၂)

ဝင်္ကပါခရီးသည် 

အချိန်ကား ၁၉၅၀ဝန်းကျင်တဝိုက်ဖြစ်လေသည်။လွတ်လပ်ရေးရပြီးစကာလဖြစ်၍ အုပ်ချုပ်ရေးယန္တရားပျက်စီးယိုယွင်းကာ တတိုင်းပြည်လုံးကသောင်းကနင်းဖြစ်နေခဲ့ချိန်တည်း။နတ်မောက်နယ်တဝိုက်တွင် ရဲဘော်ဖြူ၊ရဲဘော်နီ၊ရဲဘော်ဝါ စသည်ဖြင့် အဖွဲ့မျိုးစုံအမည်မျိုးစုံဖြင့် ထင်ရာစိုင်းနေကြချိန်ဖြစ်၏။တခုသော နွားရိုင်းသွင်းချိန်၊မှိုက်ပင်ရွာနှင့်တတိုင်(နှစ်မိုင်)ခန့်ရှိ သရက်ပင်အုပ်စုစုအောက်တွင် မြင်းစီးရဲဘော်ဖြူဗိုလ်တဦးသည် ဂဏှာမငြိမ်သောသူ့မြင်းအား ဇက်ကြိုးနှင့်ခြေနင်းဂွင်းကို အားပြုလျက် ထိန်းရင်း အင်အားငါးဆယ်ခန့်ရှိ သူ့အဖွဲ့ကို အမိန့်လှမ်းပေးနေသည်။
“အောင်မြတ်ဆိုတဲ့ကောင်ကို အပင်မှာ တုတ်လိုက်စမ်းကွာ”
အမိန့်ပေးသံနှင့်မရှေးမနှောင်းမှာပင် သေနတ်ကိုယ်စီလွယ်ထားသည့် ရဲဘော်ဖြူနှစ်ဦးသည် လက်နောက်ပြန်ကြိုးတုပ်ခံ ထားရသူ အသက်နှစ်ဆယ်ကျော်အရွယ် ရွာသားတဦးကို ခပ်ကြမ်းကြမ်းဒရွတ်တိုက်ဆွဲယူလာကာ နီးရာသရက်ပင်မှာ ကပ်ချည်လိုက်ကြ၏။
“အောင်မြတ်ရာ၊မင်းက လူစွမ်းကောင်းလုပ်ချင်တဲ့ကောင်ကိုး၊အကောင်တစ်ရာလောက်ရှိတဲ့ နွားအုပ်ကြီးကိုများ မင်းသ ဘောနဲ့မင်း ဝေခြမ်းရေးလုပ်လုပ်ရတယ်လို့၊ငတို့ကလည်း ကျောင်းမှန်းကန်မှန်းသိအောင် လက်စွမ်းပြရသေးတာပေါ့ကွာ”
အောင်မြတ်ကား မျက်ခုံးမွှေးထူထူ၊အရပ်ထောင်မောင်းမောင်းနှင့်လူပုံချော၊မျက်နှာပေးတည်သူဖြစ်၏။ အောင်မြတ်သည် လှုပ်မရအောင် တုပ်နှောင်ထားခြင်းခံရသည့် အနေအထားမှာပင် ခေါင်းကို ဆတ်ကနဲမော့ကာ ရဲဘော်ဖြူဗိုလ်ရှိရာသို့ ခပ်ပေပေ လှမ်းကြည့်လိုက်သည်။ထိုအကြည့်ကြောင့်ပင် ရဲဘော်ဖြူဗိုလ်သည် ဒေါသပိုထွက်သွားဟန်ရှိ၏။
“ကြာပါတယ်ကွာ၊ ဒီကောင့်လည်ပင်းကို ကြိုးတပ်လိုက်ကြ”
ထိုစဉ်မှာပင် ညောင်ကျပ်ပင်ရွာဖက်ဆီမှ လိမ့်တက်လာသော ဖုန်လုံးကြီးများနှင့်အတူ မြင်းခွာသံတဖြောင်းဖြောင်းကို ရဲဘော်ဖြူတသိုက် ကြားလိုက်ကြရသည်။အင်အားတရာခန့်ရှိ လက်နက်ကိုင်အခြားတဖွဲ့မှာ အခင်းဖြစ်ပွားရာ သရက်ပင် အုပ်ရှိရာသို့ ဒုန်းစိုင်းလာနေကြသည်။
“ဟေ့ကောင်တွေ၊ ရပ်၊ အောင်မြတ်ကိုလွှတ်”
ထိုအချိန်တွင် မှိုက်ပင်ရွာလယ်လမ်းမကြီး၏ဘေး ကြီးမားကျယ်ဝန်းလှသောခြံကြီးတခုအတွင်းမှ တခုသော မြေစိုက်အိမ် ရှေ့တွင် အောင်မြတ်၏ဇနီးဖြစ်သူ “ခင်သန်း”သည် အခါလည်ကျော်အရွယ်သမီးငယ်ကို ခါးထစ်ခွင်လျက် စိုးရိမ်ပူပန်သော မျက်လုံးအစုံဖြင့် ရွာလယ်လမ်းဆီသို့ ငေးကြည့်ရင်း သူ့ခင်ပွန်းပြန်အလာကို မျှော်နေလေသည်။
သက်ခိုင်လူ့ဘဝမရောက်မီငါးနှစ်ခန့်က ဖြစ်ပျက်ခဲ့သည့် အဖေ့ဘဝရင်ထိပ်သည်းဖိုဇာတ်လမ်းကြောင့် ရခဲလှသောလူ့ဘဝ ကို သူရခဲ့သည်ဟု သက်ခိုင်လေးလေးနက်နက်ယုံကြည်ခဲ့သည်။
………………………
၂၀၀၄ခုနှစ်၊စက်တင်ဘာ။
လှိုင်းအသင့်အတင့်ရှိနေသည့် ပါချောင်မြစ်ပြင်တွင် ကော့သောင်းရနောင်းခရီးသည်တင် ပဲ့ချိတ်တစီးပေါ်တွင်  လိုက်ပါလာ သော အသက်လေးဆယ်ကျော်အရွယ်အမျိုးသားတဦးသည်  မြစ်ပြင်ကျယ်ကြီး၏ ဟိုမှာဖက်ရနောင်းဆိပ်ကမ်းဆီသို့ ငေးမျှော်ကြည့်ရှုနေလေ၏။
သူနှင့်အတူလိုက်ပါလာသော အခြားခရီးသည်တို့ကိုလည်းကောင်း၊ တဒုတ်ဒုတ်မြည်နေသော ပဲ့ချိတ်စက်သံကိုလည်း ကောင်း သူဂရုပြုမိပုံမပေါ်ချေ။သူသည် မြစ်ပြင်ရှိလှေငယ်ပေါ်တွင်ရှိနေသော်ငြား သူ့စိတ်အစဉ်မှာမူ  အခြားတနေရာရာသို့ လွင့်ပါးနေဟန်ရှိလေသည်။
တနာရီနီးပါးခရီးနှင်ပြီးသည့်အခါ အဆိုပါပဲ့ချိတ်သည် ရနောင်းမြို့၊စဖန်ပလားဆိပ်ခံဘောတံတားရှိ အုံခဲနေသော အခြား ပဲ့ချိတ်တို့ အကြားသို့ တိုးဝင်လာရာ အခြားခရီးသည်တို့ လှေပေါ်မှဆင်းရန်၊ဆူဆူညံညံလှုပ်လှုပ်ရွရွဖြစ်ကြသော်ငြား သူကား ငူငူကြီးပင်ထိုင်လျက်သားရှိ၏။ထိုစဉ် ဆိပ်ခံဘောတံတားထက်ဆီမှ အော်သံတခု ထွက်ပေါ်လာသည်။
“ကိုသက်ခိုင်၊ကိုသက်ခိုင်၊ကျနော်တို့ဒီမှာ”
အဆိုပါအသံကြောင့် သူသည် အသံလာရာဆီသို့ လက်တဖက်ကို ခပ်ဖြေးဖြေးမြှောက်ပြလိုက်သော်ငြား သူ့မျက်နှာတွင် ဝမ်းသာဝမ်းနည်းခြင်း အရိပ်ယောင်ကင်းမဲ့လျက်ရှိ၏။
………………….
၂၀၀၄ခုနှစ်၊ဒီဇင်ဘာ။ ထိုင်းနိုင်ငံ၊ရနောင်းမြို့။
တခုသော စားသောက်ဆိုင်အတွင်းတွင် ထိုင်းရေတပ်ထောက်လှမ်းရေးမှ ဒုတိယဗိုလ်မှူးကြီးနလုန်၊ဗိုလ်ကြီးဝတ်ဆာဝပ်နှင့် အရာရှိငယ်သုံးဦးသည် မြန်မာအမျိုးသားနှစ်ဦးနှင့်အတူ ဝိုင်းဖွဲ့လျက်ရှိသည်။ထိုမြန်မာလူမျိုးနှစ်ဦးအနက် တဦးမှာ စကား ပြန်ဖြစ်ပြီး ကျန်တဦးမှာ ထိုင်းနိုင်ငံနှင့်အကျွမ်းတဝင်ရှိပုံမရသည့် အသားလတ်လတ်၊အရပ်မြင့်မြင့်နှင့်ဖြစ်၏။ သူကား သက်ခိုင်တည်း။သူသည် သူ့ရှေ့တည့်တည့်မှ ထိုင်းစစ်ဖက်အရာရှိတို့ကို တဦးချင်းစေ့စေ့စပ်စပ်ကြည့်ရင်း အကဲခတ်လျက် ရှိသည်။
ထိုခဏမှာပင် ဗိုလ်မှူးကြီးနာလုန်သည် သူ့ကိုပြန်စိုက်ကြည့်ရင်း စကားပြန်မှတဆင့်    အတည်လိုလို အပြောင်အပျက် လို လိုနှင့် မေးခွန်းတခုကို ကောက်ကာငင်ကာ မေးချလိုက်သည်။
“ထိုင်းနိုင်ငံဟာ ဗမာတွေအတွက် အန္တရာယ်သိပ်များတယ်၊အခုနေ ခင်ဗျားကို ထိုင်းရဲတယောက်ယောက်က သေနတ်နဲ့ ပစ်သတ်တော့မယ်ဆိုပါစို့၊ ခင်ဗျားဘာလုပ်မလဲ”
စကားပြန်ကိုစိုးတင့်သည် ထိုင်းစစ်ဖက်အရာရှိ၏ အဆီအငေါ်မတည့်သော မေးခွန်းကို အားတုန့်အားနာဟန်ဖြင့် ဘာသာ ပြန်ပြီးသည်၏ အဆုံးတွင်  သူ့ထံမှ အေးဆေးတည်ငြိမ်သောဖြေကြားသံထွက်လာသည်။
“ကျနော်က အရင်လက်ဦးအောင် ပြန်သတ်မှာပေါ့။သေနတ်မပါပဲ သတ်တဲ့နည်းတွေ အများကြီးပါ”
စကားပြန်ကိုစိုးတင့်သည် သူ့မျက်နှာကို ပြန်ကြည့်ရင်း နှုတ်ဆွံ့လျက်ရှိ၏။သူက နောက်တခွန်းထပ်ပြောလိုက်ပြန်သည်။
“ပြောလိုက်စမ်းပါကိုစိုးတင့်ရာ၊သူက အတည်ဆိုလည်း အတည်ပေါ့။ နောက်တယ်ဆိုရင်လည်း ပြန်နောက်တဲ့သဘောပေါ့”
ကိုစိုးတင့်မှတဆင့် ဘာသာပြန်ချက်ကို နာလုန်ကြားသည့်အခါ အသံထွက်အောင် ကျယ်လောင်စွာရယ်မောသည်။
“မင်းတို့ဗမာတွေက တကယ့်ကို တလေတည်းပါကလား”
နှစ်နိုင်ငံနယ်စပ်တွင် ကာလကြာမြင့်စွာ ထောက်လှမ်းရေးတာဝန်ယူခဲ့သော နာလုန်ကား အရေးအခင်းနောက်ပိုင်းကာလ အတွင်း ထိုင်းနိုင်ငံဖက်သို့ တိမ်းရှောင်လာခဲ့သည့် မြန်မာ့အတိုက်အခံများနှင့် ပွန်းပွန်းတီးတီးနေခဲ့သူဖြစ်၍ ဗမာလူမျိုးတို့၏ စရိုက်သဘောကိုစောကြောနိုင်ဟန်ရှိလေသည်။
………
အချိန်ကား ညဥ့်လည်တစ်နာရီခန့်ရှိပေရော့မည်။သူ့နားထဲမှာ တစုံတခုသော ချိုးချိုးချွတ်ချွတ်သံကို ကြားနေသယောင် ခံစားရသည်။ ထိုအသံသည်နားမှ ကြားလေသလော၊အခြားတပါးသောအာရုံတခုမှ ကြားလေသလော သူမဝေခွဲနိုင်ချေ။ထို့ ကြောင့် အသံထွက်ပေါ်လာရာ အခန်းပြင်ဆီသို့ ခပ်ဖွဖွခြေလှမ်းများဖြင့် တလှမ်းချင်းလှမ်းလာခဲ့သည်။
သူ့အိပ်ခန်းအပြင်ဖက်မှာ မှောင်ပိန်းလျက်ရှိသည်။ လရောင်သဲ့သဲ့ထိုးနေသည် ဘေးအခန်းဆီသို့ မျက်စိကစားမိသည့်အခါ တွင်ကား တအံ့တသြဖြစ်စရာမြင်ကွင်းကို သူမြင်ရသည်။ တစ္ဆေလိုလို ပြိတ္တာလိုလို သတ္တဝါလေးငါးကောင်သည် နေ့လည် က ပစ္စလက္ခတ်ထားခဲ့သည့် စားကြွင်းစားကျန်ပန်းကန်ခွက်ယောက်များကို လှန်လှောစားသောက်နေကြသည်။ထူးဆန်း လှသည့်မြင်ကွင်းကြောင့် ကြောက်စိတ်သည်ဘယ်ဆီသို့ ရောက်နေလေသည်မသိ၊ယင်းသတ္တဝါငယ်တို့ကိုသာ သူမျက် တောင်မခတ်ပဲကြည့်နေမိသည်။သတ္တဝါသုံးကောင်က ပန်းကန်တခုထဲမှ၊ဟင်းထမင်းအကျန်တို့ကို  ခေါင်းမဖော်တမ်း မြိန်ရည်ယှက်ရည်စားသောက် နေကြသည်။ပန်းကန်လုံးကို ဖုံးထားသော ပန်းကန်ပြားကို လှန်သူကလှန်၊ နောက်ပန်းကန် လုံးနှုတ်ခမ်းမှာ ဆောင့် ကြောင့်ထိုင်သူကထိုင်။ သူသတိထားမိသည်က ပန်းကန်ခွက်ယောက်တို့သည် မူလအနေအထား ထက် ပို၍ကြီးမား နေကြပြီး အဆိုပါသတ္တဝါတို့မှာ ကြက်ဥငယ်တို့တွင်ခြေလက်တပ်ထားသည်နှင့် ဆင်ဆင်တူလှသည်။ ကြက်ဥကဲ့သို့ စင်းလုံးချောကားမဟုတ်။သူတို့သည် မလှမ်းမကမ်းမှာသူတို့ကို တစုံတယောက်က အကဲခတ်နေသည် ကိုသတိပြုမိပုံမပေါ်။ သို့တည်းမဟုတ် ဂရုမစိုက်သည့်အမူအရာရှိ၏။
အတန်ကြာအောင် စိုက်ကြည့်နေရင်း “ဒီအိမ်မှာ တစ္တေသူရဲလိုလို ပြိတ္တာလိုလို မောင်မင်းကြီးသားတွေ တကယ်ပဲ နေကြ သလား”ဟု သူစဉ်းစားခန်းဝင်မိသည်။အတန်ငယ်ကြာသော် သူတို့အလုပ်သူတို့လုပ်ပါစေဟူသော အတွေးဖြင့် အိပ်ယာရှိ ရာ အခန်းဆီသို့ ပြန်ဝင်ကာ ကိုသက်ခိုင်တယောက် နှစ်နှစ် ခြိုက်ခြိုက်အိပ်ပျော်သွားပြန်သည်။

(ဆက်လက်ဖော်ပြပါမည်။)
…………………………..

↧

“ဆြာဒင်၏မွေးဌာနီ၊အညာရပ်ဆီသို့”

$
0
0



                                                          “ဆြာဒင်၏မွေးဌာနီ၊အညာရပ်ဆီသို့”
(၁)

ဆြာဒင်ကား မွေးရပ်မြေရွှေပင်ရွာကို ခွဲခွာလာခဲ့သည်မှာ နှစ်အားဖြင့် သုံးဆယ်နီးပါးကြာညောင်းခဲ့လေပြီ။ “ပျော်ရာမှာ မနေရ တော်ရာမှာနေရ၊ ဒီဘဝဒီအဖြစ်မျိုးသည် လူတိုင်းကြုံဖူးကြလိမ့်မည်”ဟု အဆိုတော်သန်းထွန်းလေး၏ မမေ့သော အညာ သီချင်းတွင် ဆိုရိုးရှိလေသည်မဟုတ်တုံလော။ ငယ်စဉ်က အညာကို လွမ်းကြောင်း တခွန်းတပါဒပြောမိလျှင်ပင် အနန္တဂိုဏ်းဝင် ဖခင်ကြီးက“တောမှာပျော်ချင်တဲ့ တောနွားတွေ ”ဟူသော ကြိမ်းမောင်းသံကို အဖန်ဖန်ကြားရပြီးသည်၏ နောက်တွင် အညာအရပ်သည် ခြေဦးပြန်လှည့်သင့်သောအရပ်မဟုတ်ဟူသော အသိသည် ဆြာဒင်၏စိတ်ကို ကြိမ်တို့ သကဲ့သို့ရှိ လေသောကြောင့် ဤအချိန်ဤကာလအထိ ရွှေပင်ရွာနှင့် ကင်းကွာခဲ့ခြင်းဖြစ်တန်ရာသည်။
ယခုသော်ကား ဆြာဒင်မှာ ရုပ်ရည်အားဖြင့် တင့်တယ်ဆဲဖြစ်သော်ငြား အာယုအသက်အားဖြင့် တတိယအရွယ်သို့ ကောင်းစွာချဉ်းနင်း ဝင်ရောက်လာပြီဖြစ်၍ မွေးရပ်မြေရှိ မသေကြွင်းကျန် ကျောင်းနေဖော်သူငယ်ချင်းတို့ကို သတိရလွမ်း ဆွတ်မိသည်က တကြောင်း၊ အသွင်အပြင်မူပြောင်း ခေတ်ဟောင်းစံနစ်ကို ဖယ်ရှားကာ လူသစ်စံနစ်သစ်ဖြင့် ခေတ်သစ် ဆီသို့ ချီတက်နေကြသည့် ယခုကာလသမယ၌ ဆြာဒင်မွေးမြေသည် အသို့လျှင် ခရီးနှင်နေကြလေသနည်း ဟူသော အတွေးစိတ် ဆော်ဖန်သည် တကြောင်းတို့ကြောင်း ၊ဆြာဒင်တယောက် သေမြေကြီးရှင်ရွှေထီးသဘောပိုက်လျက် ယိုးဒယားပြည် ၊ ဖူးခက်မြို့မှသည် လေယာဉ်ရထား၊ကားနှင့်တသွယ် ရွှေပင်ရွာရှိရာသို့ မကြာမတင်ရက်ပိုင်းက အပြေးပြန် လာမိခြင်းခြင်း ဖြစ်လေသည်တမုံ့။

(၂)

“တမာတောမှာပျော်တယ်ဆိုတဲ့ မောင်ရေမောင်ရေ အညာမြေကို မေ့လို့လား၊အညာသူလေးကို မေ့လို့လား၊ ခွဲခွဲခြားခြား ပြောပါမောင်ရေ” ဟူသော ငယ်ချစ်ဦးရွှေညာသူ၏ သီချင်းသံကို ကြားယောင်ရင်း ဆြာဒင်တယောက် မွေးရပ်မြေသို့ တခေါက်ရောက်ခဲ့ချေပြီ။ စွန့်ခွာခဲ့တာ ကြာပြီမို့ ရထားပေါ်ကအဆင်းမှာ ကြိုသူမရှိ တဦးတည်းရပ်နေရင်း ငေးမောအား ငယ်မိသည်၏ နောက်တွင် နတ်မောက်အပိုင် သားမြားဘူတာမှသည် ဇာတိမြေရွှေပင်ရွာဆီသို့ ခြေကျင်တလှည့်၊ ကုန်းကြောင်းတလှည့် ကိုးခြောက် ကိုးသုံး စံနစ်ဖြင့် ထွက်ခွာလာခဲ့လေသည်။
နွေအခါကြည့်လေရာသဲပြင်အတိဖြစ်လေ့ရှိသော်ငြား မိုးရိပ်ဆင်သည့်သမယမို့ မြေနီနီယာတောတို့ကို မျက်စိတဆုံးမြင်နေရ သည်။ ရွာရှိရာသို့ ဦးတည်နေသောလမ်း၏ဘေးဝဲယာ၌ ဇီး၊ဒဟတ်၊သြဇာနှင့်ထန်းပင်တို့ စီတန်းလျက်ရှိ၏။မကြာမကြာ ဘယ်ခြုံဖုတ်ဆီက ထွက်ပေါ်လာသည်မသိလေသော ဘုတ်အီသံကိုလည်း ကြားနေရသည်။ဟိုအဝေးတွင် ရွှေပင်ရွာ၏ အထင်ကရအထိမ်းအမှတ် ဖျောက်ဆိပ်ပင်ကြီးကိုလှမ်းမြင်နေရသော တခဏ၌ သီချင်းသံသဲ့သဲ့ကို ကြားရလေ၏။
“နှောင်းလေပြီ ညောင်းရွက်တွေ လေဗွေချီတော့ မြေမဟီကြွေကာကျသည့်နှယ်၊ မြေမဟီကြွေကာကျသည့်နှယ် ကြွေရက် ကယ်စော  နှမျောမိတယ်ထွေးညိုရယ် အကြောင်းဖန် နှောင်းကံမွဲ နန်းလယ်ဗွေ အခြေမကျခင်ဝယ် ပန်းစပယ်ကြွေ မြေခမရွှင်တယ်၊ မောင်ကြီးဆုတောင်းတယ် ကောင်းရာအခြေ ရောက်ရစေသားကွယ်”
သီချင်းလာရာအရပ်ကား ဆြာဒင်နှင့်မဝေးလှ။ တခေါ်သာသာ၊သာရှိအံ့ထင်၏။ အသေအချာစပ်စုသည့်အခါ ဆြာဒင်ခရီးနှင် နေသည့် ရွာဆီသွားရာလမ်းဘေးနှင့် မလှမ်းမကမ်း တခုသော ထန်းပင်ကို မှီရင်း အလွမ်းသယ်နေသော လူငယ်တဦးကို တွေ့ရပါလေ၏။
ဆြာဒင်ကား သီချင်းနှင့်ဇာတ်ပွဲဆိုလျှင် ထမင်းပါအငတ်ခံနိုင်သော လူစားဖြစ်လေရာ လွန်ခဲ့သောနှစ်ပေါင်းခြောက်ဆယ် ခန့်က နိုင်ငံကျော်အဆိုတော်ကြီးတွံတေးသိန်းတန်၏ ကျော်ကြားလှသောတေးကို တခေတ်ဆန်းသီဆိုနေလေသည့် အဆိုပါ လူငယ်ရှိရာသို့ ခပ်သုတ်သုတ် သွားတဲ့ကာ စပ်စုမိလေ၏။သူ့ထံမှ ချဉ်စုပ်စုပ်အနံ့ကြောင့် ထန်းရေမူးနေပုံရကြောင်း အကင်းပါးသော ဆြာဒင် ဒက်ကနဲသိလေ၏။
“ကျုပ်နာမည် ဆြာဒင်ပါမောင်၊မောင်ရင်က တယ်အဆိုပိုင်သကိုး၊မောင်ရင့်ကြည့်ရတာ ရွှေပင်ဇာတိပဲထင်ပါရဲ့”
အနီးကပ်ကြည့်မိသည့်အခါမှ အဆိုပါသူငယ်မှာ အသက်နှစ်ဆယ်ပင်ပြည့်ဟန်မတူသေးချေ။ အစိမ်းရောင်ခပ်မွဲမွဲ အကျီင်္နှင့် ဖြစ်၏။ဆံပင်ပုံစံကား ရှေ့တလက္မနောက်ပြောင်လျက်ရှိ၏။
“ဆြာဒင်ရေ၊ ကျနော်တော့ ရင်ကျိုးပါပြီဗျာ”
“တခုခုနဲ့များမောင်ရင့်ရင်ဘတ်ကိုဖိမိ၊ရိုက်မိလေသလား မောင်ရယ်”
“အာ၊ ဒုံးဝေးချက်ဗျာ၊ ကျနော်ရွာကို ပြန်လာတော့ ထွေးညိုမရှိတော့ဘူးတဲ့ဗျ၊ထွေးရဲ့အကြောင်း မောင်ကြီးသိလိုက်ဒီအခိုက် ဝယ်၊ထွေးညိုရေ လာမကြိုလေဇောနဲ့ အပြစ်မတင်ချင်တော့ပါဘူးဆြာဒင်ရယ်”
“ဟုတ်ပါပြီ မောင်သစ္စာရယ် ၊ ကိုရင့်ထွေးညိုက လူမိုက်သာဒင်လက်ချက်များ မိသွားလေရော့သလား၊ဒါနဲ့နေပါဦး၊ ကိုရင်က ထွေးညိုဇာတ်လမ်းထဲက ကိုသစ္စာလိုစစ်သားပဲထင်ပါ့”
“ဒါပေါ့ဗျာ သစ္စာလေးချက်ဦးထိပ်ရွက်လို့ ရင်ကိုမြေကတုတ်လုပ်ခဲ့တဲ့ စစ်သားဆိုပါတော့”
“အော်၊တိုက်ပွဲတွေကို ပစ်ပြီး ထွေးညိုကိုတွေ့ချင်ဇောနဲ့ ပြန်လာတယ်ဆိုပါတော့၊အဆွေးဆိုတာ ဖျောက်ဖျက်ပစ်ရတယ် မောင်ရဲ့၊သေသောသူကြာရင် မေ့သတဲ့မောင်ရယ်”
“အာ ၊ဆြာဒင် ကိုယ့်လမ်းကိုယ်သွားစမ်းပါဗျာ၊တိုက်ပွဲဆီက ပြန်လာတာ မဟုတ်ဘူး၊ ကလေးစစ်သားမို့ ရွာပြန်ပို့လိုက် တာ၊ထွေးညိုကလည်း သေသွားတာမဟုတ်ဘူးဗျ၊ ပွဲစားတကောင်လက်ချက်နဲ့ ယွမ်နှစ်သောင်းဆိုလားရလို့ နယ်စပ်မှာ မျက်ပေါက်ကျဉ်းတကောင်နဲ့ညားသွားတာ”
(၃)
ဆြာဒင်ကား အသာနှုတ်ဆိတ်လျက် ကိုသစ္စာထံပါးမှ ထွက်ခွာလာခဲ့ပြီးသည်တွင် ဘူတာနှင့်ရွာအကြားရှိ ငယ်ဆရာ တောကျောင်း ဘုန်းကြီးသီတင်းသုံးရာ ကျောင်းဝိဟာဆီသို့ ရောက်ခဲ့ပြန်ချေသည်။ငယ်ဆရာဘုန်းကြီး ဦးချစ်လှကား ပျံလွန်တော်မူခဲ့ပြီ။လက်ရှိကျောင်းထိုင်ကိုယ်တော်ကား ဆြာဒင့်အကိုရင်းနှင့် ဂွေလှိမ့်ဘက်ပေတည်း။ကျောင်းအဝင်ဝ မှာပင် ဆြာဒင့်စိတ်၌ တစုံတခုလိုနေသယောင်ခံစားလေရာ မှတ်ဥာဏ်ကို ပြန်လည်နှိုးဆွမိပြီးသကာလ အမှတ်ရမိသည်ကား ဆြာဒင်ငယ်စဉ်က ကျော်ချည်ခွချည်ပြုကာ ကစားခုန်စားခဲ့သည့် ကျောက်သားပကတိဖြစ်နေသည့် ဧရာမ အင်ကြင်းပင် ကျောက်တုံးကြီး ဖြစ်၏။ အရှည်အားဖြင့် ပေနှစ်ဆယ်ခန့် ရှိအံ့ထင်သည်။ယခုသော်မမြင်မိတော့ချေ။
ကျောင်းထိုင်ကိုယ်တော်အားသံဃာတည်းဟူသော အမှတ်ဖြင့် ဖူးမျှော်မာန်လျှော့ကန်တော့သည့်အခါ ကိုယ်တော်သည် လက်ဝယ်ရှိယူနန်နယ်ဖြစ် ပုတီးစိတ်စက်ကလေးကို တဂျောက်ဂျောက်နှိပ်ရင်း အမှတ်မပျက် အသက်ရှည်ရာ အနာမဲ့ ကြောင်း ဆုမွန်ခြွေလေသည်။
“ဒကာဒင်၊ ရွှေပင်ကိုမမေ့တာ ဝမ်းသာချက်”
“တင်ပါ့ စကားမစပ် အင်ကြင်းပင်ကျောက်တုံးကြီးဘယ်ရောက်သွားတုန်းဘုရာ့”
“အင်း ဒကာဒင်လည်း ခေတ်ကိုမျက်ခြေပြတ်နေတယ်ထင်ပါ့၊ အင်ကြင်းကျောက်တွေ ဈေးကောင်းနေပြီလေ”
“အရှင်ဘုရား၊ ဒီလောက်ရှည် ဒီလောက်ကြီးတဲ့ အင်ကြင်းကျောက်သစ်တုံးကြီးကို ဘယ်လိုများရောင်းသလဲ တပည့်တော် ငဒင် ဥာဏ်မမှီလို့ပါဘုရာ့”
“အော် ဒါများ ခက်တာလိုက်လို့ ဒကာဒင်ရယ်၊ နည်းနည်းချင်းပိုင်းရောင်းကြတာပေါ့”
“ ရွှေပင်လို မလွတ်သကောင်းချောက်နေရာမျိုးကို လာဝယ်ကြရအောင် ဘယ်များပို့ပါလိမ့်ဘုရား”
“ အင်း ၊ ဂန္ဓလရာဇ်ဆိုလား ဒကာ”

(၄)

ဆြာဒင်ကား ကျောင်းထိုင်ကိုယ်တော်ကို ဝတ်ဖြည့်ပြီးသကာလ ကျောင်းပြင်အရောက် တခုသော ထနောင်းပင်ရိပ် အရောက်တွင် အညာအလှ ထနောင်း ပေတကား၊နွေထနောင်းဆောင်းမကျည်း သဘာဝအရံအတားပေတကားဟု ရိုမန်တစ်ဆန်ဆန် စိတ်ကူးဖြင့် ထနောင်းပင်ကိုမှီရင်း တခဏမျှ မှေးစက်မိလေသည်။ နွေနှင့်မိုးမကွဲပြားသေးသည် လား၊မိုးအဝင် နောက်ကျသည်လား မဆိုနိုင်၊ ရွှေချိုးဖြူကူသံသည် ထနောင်းပင်ထက်မှ ထွက်ပေါ်လျက်ရှိလေ၏။ အိပ်မက်လော၊ အမှန်လော၊မဝေခွဲနိုင်သည့် တဒုတ်ဒုတ်သံကြောင့် ဆြာဒင့်ခမျာ နိုးထလာရပြန်၏။
ဆြာဒင့်ဝန်းကျင်တွင်ကားရွှေပင်သားတသိုက် ပေါက်တူးငန်းပြားကိုယ်စီဖြင့် ဆြာဒင်စက်ပျော်ရာ ထနောင်းပင်တဝိုက်ကို သုံးလေးပေအကွာမှ တူးဆွနေကြလေရာ အိပ်မှုံစုံမွှားဆြာဒင်မှာ “ငတို့ရွှေပင်ရွာသားတို့ကား “တနှစ်တကြိမ်ဇူလိုင်လ မြန်မာ့ သစ်ပင်စိုက်ပျိုးလ”ကိုနားလည်သိကျွမ်းကြလျက် သဘာဝပတ်ဝန်းကျင်းကို ထိန်းသိမ်းတတ်ကြလေ ယောင်တကား ဟု ဝမ်းမြောက်မိလေသည်။
“တို့ရွှေပင်သားတွေ တယ်ခေတ်မီသကိုး၊စိုက်ကြဟေ့ စိုက်ကြ၊ဥတုရာသီ တောကိုမှီသတဲ့ကွ၊ ကျုပ်အိပ်ရေးပျက်တာ အရေးမပါလှပါဘူး မောင်တို့ရယ်၊အားမနာတမ်းသာ စိုက်ကြပါ”
“ဒီလူကြည့်ရတာ ဧည့်သည်ထင်ပါရဲ့၊ဒီမယ်၊ အခု ဘကြီးအိပ်နေတဲ့ ထနောင်းပင်ကို တူးနေတာဗျ၊ ရေသောက်မြစ်ကို ဖြတ်ပြီး သုံးလေးရက်ထားလိုက်လို့ မသေရင်ဆယ်သိန်းဝန်းကျင်သေချာပြီ”
“ဟေ၊ ဆန်းလှချေကလား၊ထနောင်းပင်က အရောင်းအဝယ်ဖြစ်သတဲ့လား”
“သိပ်ကြီးနေတဲ့အပင်ဆိုရင်တော့ သုံးစားမရဘူးပေါ့ဗျာ၊ အနေတော်အရွယ်ဆိုရင်တော့ အံကိုက်ပဲဗျ”
“အော် အော်၊ ဟုတ်ပါပြီမောင်တို့ရယ်၊ ဘယ်ကများဝယ်ကြသတုန်း”
“ဘကြီးကြည့်ရတာ ခပ်နုံနုံတောသားထင်ပါရဲ့၊စိနတိုင်းက အဝယ်လိုက်နေတဲ့ နောက်ဆုံးပေါ် ရောင်းကုန်ဗျ”
“ဟုတ်ပါပြီမောင်ရယ်၊ ရေသောက်မြစ်ဖြတ်လိုက်လို့ မတော် သေသွားရင်ကိုရင်တို့ မောတာ အဖတ်မတင်ပေဘူးလား”
“မပူပါနဲ့ဘကြီးရယ်၊ အရက်ချက်တဲ့အခါ အသုံးတည့်ချက်”

(၅)

နှစ်ပေါင်းသုံးဆယ်ကျော်ကာမှ တခေါက်တကျင်းရောက်လာသော ဆြာဒင်အား ရွာအဝင်တွင် ဒင့်အပြန်ကို မျှော်လင့်နေ ဟန်ဖြင့် တရွာလုံးက “ဝှမ်းယင်”“ဝှမ်းယင်”ကြွေးကြော်လျက် လှိုက်လှဲပျူငှာကြိုဆိုကြသော်ငြား၊ ဆြာဒင်ကား သက်ကြီး ခေါင်းချ ချိန်တိုင်အောင် စက်လည်း ပျော်ပါနိုင်ချေ။
လက်ပံတောင်းတောင်သည် ဆြာဒင့်ကို အတွေးပွားစေ၏။ ကျောက်ဖြူကူမင်းဓာတ်ငွေ့လိုင်းသည် ဆြာဒင့်ကို အိပ်ပျက် အောင် နှိပ်စက်လျက်ရှိ၏။တမှေးမှမှေးစက်မရသည့်အဆုံး ဘုရားပုထိုး ရှိခိုးအိပ်လေမှ ဟူသော အတွေးဖြင့် သြကာသ ချိုးကို ရွတ်ဆိုနေရင်း  ဘုရားစင်ထက်သို့ မော်အကြည့်တွင်  ပြက္ခဒိန်ပုံတော်ကိုဖြတ်ညှပ်ကပ်လျက် ဓာတ်ခဲငယ်၏ စွမ်းပကားဖြင့် မော်တာအတပ်ခံရသော   နှုန်းတုမမြင် သုံးလူ့ရှင် ဗုဒ္ဓဘုရားရှင်သည်လည်း  နောက်ပါ သံဃာတို့ ခြံရံလျက် ဒေသစာရီကြွချီလျက်ရှိလေ၏။အော်၊သုံးလောက ထွဋ်ထားမြတ်ဘုရားသော်မှ တရုတ်တရက်တို့၏ သံသရာဝဋ်ကြွေးမှ ပြေးမလွတ်ယောင် တကား။သုံးဆယ့်တစ်ဘုံကို အမျှအတန်းဝေလျက် တရုတ်ပြည်ဖြစ် မီးဘုရားကို ဆြာဒင်ဦးသုံးကြိမ် ချလိုက်ရ၏။
ယင်းတခဏမှာပင် ရွာထိပ်ဆီမှ ကဘောက်တိကဘောက်ချာသီချင်းသံသည် တိတ်ဆိတ်သော ညဥ့်ယံကိုထွင်းဖောက်ကာ ဆြာဒင့်ထံသို့ ရောက်ရှိ လာပြန်ချေတော့သည်။ ရွာအဝင်မှာဆုံခဲ့သော ကိုရင်သစ္စာ၏ အသံဖြစ်တန်ရာသည်။ ဟုတ် သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ထိုသီချင်းသံကို ဆြာဒင်အံကိုကြိတ်ရင်း ခပ်တိုးတိုးလိုက်ဆိုမိသည်။
“ပန်းစပယ် သြော် … နန်းအလယ် မပေါ်ခိုက်ဟာမို့ အလိုက်တော်တန်သင့်ရုံပ ခံပွင့်ကို ကုံးရတယ်”
“ သေရင်သေ၊ သေရင်မြေကြီး ပါကွယ်၊ ရှင်ရင်လေ ရွှေထီးကိုလည်းမောင်မမျှော်မှန်းတယ်၊ထွေးရဲ့ကိုယ်စားပြုမယ်ကွယ်၊ ချစ်သူ့ကိုယ်စားပြုမယ်ကွယ်၊ ရောက်လေရာဘဝဆီက နာခံစမ်းကွယ်၊ မောင်ကြီးသစ္စာ ပြုပါ့မယ်၊ ဒီစံနစ်ဆိုးတွေကိုကွယ် ကျောမွဲများအတွက် တိုက် ဖျက်ပစ်ပါ့မယ်”

ဝှမ်းယင်(တရုတ်စကား)=ကြိုဆိုပါ၏
……..
↧
↧

မင်းဒင်ရဲ့သက်ခိုင် (၂)

$
0
0


 
                                                   မင်းဒင်ရဲ့သက်ခိုင် (၂)

၂၀၀၅ခုနှစ်၊ဖူးခက်မြို့။
ဒေါသအရှိန်ကြောင့် သူ့တကိုယ်လုံး နတ်ကျသလို တဆတ်ဆတ်တုန်လျက်ရှိ၏။ရန်သူ့နယ်မြေမှာ နောက်ကြောင်း မအေး စွာနေရသည့်ဘဝမို့ အရာရာကို အလျော့ပေးကာ သည်းခံစိတ်မွေးရန် ပိုင်းဖြတ်ထားပြီးကာမှ သည်အဖြစ်မျိုးနှင့်တိုးရ လေခြင်းဟု ကိုယ့်ဘဝကိုယ် နာကြည်းစိတ်ပေါ်လာသည်။ထိုင်းရဲတို့သည် ဗမာတို့ကို ခွေးတကောင်လောက်ပင် တန်ဖိုးမ ထားကြပါတကား။ ထိုခဏမှာပင် သူ့အစိတ်အစဉ်၌ ပြင်းထန်ရက်စက်သည့် အတွေးတို့သည် အစီအရီဝင်ရောက် လာလေ တော့၏။
သူ့အတွေးကား ဖူးခက်မြို့၏ အထင်ကရ စံမကောင်းရဲစခန်းကို မီးလောင်တိုက်သွင်းရန်တည်း။
ကားဟောင်းတစီးကို အခြားနံမည်တခုနှင့်ငှားမည်။လောင်စာဓာတ်ဆီပုံးအပြည့်တင်၊ ကိုယ်တိုင်မောင်းနှင်ကာ ကားအစီး ရေ ရာချီရပ်ထားသည့် စံမကောင်းရဲစခန်းရှေ့မှာရပ်မည်။ပေါက်ကွဲချိန်ကို လက်ကိုင်တယ်လီဖုန်းဖြင့် ဆက်စပ်ထိန်းချုပ် ထိန်းထားမည်။ သူစီးနင်းလိုက်ပါလာသည့် လေယာဉ်အခြားနိုင်ငံတခု၏လေဆိပ်သို့ရောက်ချိန်တွင် စံမကောင်းရဲစခန်း မီးလောင်ပြာကျ နေသည့်သတင်းကို စိမ်ပြေနပြေသူထိုင်ကြည့်မည်။သူ့အတွေးစဉ်ဝယ် အသေးစိတ်အစီအစဉ်တို့ ဆက် ကာဆက်ကာ ပေါ်လာနေလေရာ သူ့ကိုယ်သူမေးခွန်းတခု ပြန်လှန်မေးမိလျက်သား ဖြစ်နေ၏။
“သက်ခိုင်၊သေတဲ့အထိ ပူလောင်နေအောင် မင်းဘဝမှာ ဇာတာပါခဲ့လေသလား”
…………………………….
၂၀၀၆ခုနှစ်။ ဖူးခက်။
ကိုသက်ခိုင်တယောက် ဖူးခက်ရှိ ရခိုင်လူမျိုးအလုပ်သမားလေးငါးယောက်နှင့် တစုံတခုကို အလေးအနက်တိုင်ပင်လျက်ရှိ ချိန်ဖြစ်၏။ထိုစဉ် ကိုသက်ခိုင်ထံသို့ ဖုန်းဝင်လာသဖြင့် ဖုန်းကိုနားတွင်ကပ်ရင်း တလေးတစားပြန်ဖြေနေသည်။
“ဟုတ်ကဲ့၊ကျနော်သက်ခိုင်ပါခင်ဗျ”
ကိုသက်ခိုင်သည် တဖက်မှပြန်ပြောသံကို ဘေးလူများကြားနိုင်အောင် ခလုပ်တခုကို နှိပ်လိုက်ရာ ဖုန်းထဲမှ ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းသံ ထွက်ပေါ်လာသည်။
“ဟေ့ကောင်၊ သက်ခိုင်၊မင်းလုပ်နေတာတွေ ရပ်တန်းက ရပ်လိုက်”
“နေပါဦးဗျာ၊ခင်ဗျားဘယ်သူလဲဆိုတာ သိပါရစေအုံး”
“ဟေ့ကောင်၊ ငါ့နာမည်ကျော်သောင်း၊မင်းတို့ထိုင်းတောင်ပိုင်းမှာလုပ်စားနေတာ ငါအကုန်သိတယ်”
ကိုကျော်သောင်းဆိုသူမှာ ဘန်ကောက်မြို့မှာ အနေများသူဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားများအရေးကို ကူညီဆောင်ရွက် နေသော အန်ဂျီအိုအဖွဲ့တခု၏ တာဝန်ခံဖြစ်သည်။
“ခင်ဗျား သေချာမသိပဲ စွတ်မပြောရင်ကောင်းမယ်နော်”
“မင်းတို့ဆေးရုံမှာ လူနာကလေးမလေးကို ဓာတ်ပုံရိုက်တာ ငါသိတယ်။ မင်းတို့လုပ်စားမဲ့အကွက်ကိုလည်း ငါသိတယ်”
“ခင်ဗျားဖာသာ ဘာအကွက်သိသိ။ ကျနော့်အကြောင်းခင်ဗျား မသိတာသေချာတယ်။ လူချင်းဆုံချင်တယ်။ ကျနော်လာရ မလား၊ခင်ဗျားလာမလားသာပြော”
“ဟေ့ကောင်၊သက်ခိုင်၊မင်း ..ကျော်သောင်းအကြောင်းမကြားဖူးဘူးထင်တယ်။ မင်းကို ငါရှင်းပစ်လို့ရတယ်နော်”
“ခင်ဗျားတော်တော်ခက်နေပါလား၊ကြာတယ်ဗျာ၊ဖုန်းထဲကနေ ရှင်းလို့မပြီးနိုင်ဘူး၊ခင်ဗျားဘယ်မှာရှိသလဲပြော၊
ရခိုင်လူငယ်တယောက်ထံမှာ အားတုန့်အားနာ အသံထွက်လာသည်။
“ဆရာ၊ အဲဒါကိုကျော်သောင်းအသံမဟုတ်ဘူး။ သူဘယ်သူလဲဆိုတာ ကျနော်သိတယ်”
“ဟေ၊လုပ်ပါဦးဟ၊ဘယ်သူများပါလိမ့်”
ကိုသက်ခိုင်၏ တအံ့တသြမေးသံအဆုံးတွင် အဆိုပါရခိုင်လူငယ်သည် စိတ်ပျက်လက်ပျက်လေသံဖြင့် တိုးတိုးညှင်းညှင်း ပြန်ဖြေလိုက်သည်။
“အဲဒါ ဘုန်းကြီးဆရာ၊ ဦးကုမာရလို့ခေါ်တယ်၊သူ ဖူးခက်မှာနေတာကြာပြီ”
ကိုသက်ခိုင်နှုတ်မှ “ကောင်းကွာ”ဟူသော အာမေဋိတ်သံသာ ပေါ်ထွက်လာသည်။
………….

၂၀၁၀ခုနှစ်၊ဖူးခက်ပါတောင်ကမ်းခြေ၊ဂျေဂျေပလာဇာ။
“မြန်မာအလုပ်သမားများအကူအညီပေးရေးစင်တာ” ဟူသော သစ်လွင်တောက်ပြောင်သည့် ဆိုင်းဘုတ်ကြီးကို ခန်းနားစွာ တင်ထားသည့် အဆောက်အဦတခုအတွင်းမှ စားပွဲဝိုင်းတစ်ခုတွင် အနောက်တိုင်းဝတ်စုံအပြည့်ဖြင့် ထိုင်နေသော ကိုသက် ခိုင်ဘေးမှာ အသက်သုံးဆယ်ကျော်အရွယ်လူငယ်ငါးဦးခန့် ဝိုင်းအုံလျက်ရှိ၏။အဆိုပါကုမ္ပဏီဖွင့်ပွဲသို့ ဖိတ်ကြားချက်ကြောင့် ကိုသက်ခိုင် ရောက်လာခြင်းဖြစ်သည်။မျိုးစုံအောင်တည်ခင်းဧည့်ခံထားသောစားသောက်ဖွယ်ရာတို့ကိုစိတ်ဝင်စားဟန် မရှိသော ကိုသက်ခိုင်သည် တယောက်သောသူကို မေးခွန်းထုတ်လိုက်သည်။
“ဝင်းကျော်ခိုင်၊ ဒီကုမ္ပဏီမှာ ဘယ်သူတွေပါကြတုန်းကွ”
“ ကျနော်ရယ်၊ ကိုညီညီနိုင်ရယ်၊ ဇူးလူးနဲ့ ခန့်ဇော်ဦး စုစုပေါင်းလေးယောက်အကိုကြီးရ”
“ ဟ၊ တယ်ဟုတ်ပါလား၊ ဗမာတွေချည်းပါလား”
“ကျနော်တို့ဗမာတွေဖွင့်တာဆိုတော့ ဗမာအလုပ်သမားတွေကို ထိထိရောက်ရောက်ကူညီနိုင်တာပေါ့အကိုကြီးရာ”
ကိုသက်ခိုင်သည် ခေါင်းတဆတ်ငြိမ့်ရင်း စကားတခွန်းကိုလေးလေးနက်နက်လေသံဖြင့်ပြောလိုက်၏။
“ညီညီညွတ်ညွတ်စုပြီးလုပ်ကြတာ ဝမ်းသာစရာပါပဲ၊ ရင်လေးတာက တို့ဗမာတွေဟာ စုမိရင် မကြာခင်ကွဲကြပြဲကြတာ ထုံးစံလိုဖြစ်နေပြီ”
“ကျနော်တို့ဘယ်တော့မှ မကွဲစေရဘူးစိတ်ချ အကိုကြီး”
သို့သော် ကိုသက်ခိုင်ကြိုတင်နိမိတ်ဖတ်ခဲ့သည့်အတိုင်း ပါတောင်ကမ်းခြေမှ “မြန်မာအလုပ်သမားများအကူအညီပေးရေး စင်တာ”အမည်ရှိ မြန်မာပတ်စပို့ ပွဲစားရုံးသည် ထို့နေ့မှ စတင်ရေတွက်သော် တနှစ်မပြည့်မီမှာပင် သုံးစုကွဲခဲ့လေသည်။
…………………………..
၂၀၁၀ ခုနှစ်၊ထိုင်းနိုင်ငံချင်းမိုင်မြို့။

ကမ္ဘာအနှံ့အပြားရှိ မြန်မာ့အတိုက်အခံအများစုကိုရှားရှားပါးပါး၊တစုတစည်းတည်းတွေ့ရလေ့ရှိသော သတင်းသမဂ္ဂညီလာခံ ကျင်းပသည့်အချိန်ဖြစ်၏။ တချိန်ချိန် တနည်းနည်းဖြင့် မြန်မာအစိုးရကို ဆန့်ကျင်ခဲ့ကြသူများမှာ ပြည်ပသတင်းဌာန များတွင် အဆင့်အသီးသီး၌ ဝင်ရောက်လုပ်ကိုင် နေခဲ့ကြပြီ။
ယင်းအခန်းအနား မကျင်းပမှီတရက်အလို ည(၇)နာရီခန့်မှာ“မွှေး”အမည်ရှိ မြန်မာထမင်းဆိုင်၌ တော်လှန်ရေးအင်အားစုတို့ ဝိုင်းဖွဲ့လျက်ရှိသည်။အဆိုပါဆိုင်မှာ ဖဆပလအစိုးရလက်ထက်က ပြည်ထဲရေးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သူ ဦးကျော်ငြိမ်း ၏သား ကိုဘိုဘိုကျော်ငြိမ်းနှင့် မကင်းရာမကင်းကြောင်းဖြစ်၍ ထိုနေရာတွင် စားကျက်ကျကြခြင်းဖြစ်ဟန်တူ သည်။
ဘလက်လေဘယ်ဝိုင်းဖြစ်သော်ငြား တဦးတည်းဒကာခံသည်တော့မဟုတ်ပဲ တတ်နိုင်သူတချို့ကတတ်နိုင်သလောက် ငွေထုတ် ဒကာခံကာ၊ သောက်ချင်သူဝင်သောက်စံနစ်ဖြစ်သည်။ကမကထပြုသူတို့မှာ ကဗျာဆရာကိုလွမ်းဏီနှင့် ကို ဇော်မင်း (လူ့ဘောင်သစ်)တို့ဖြစ်၏။ယမကာအရှိန်ရလာသည့်အမျှ နီးရာလူနှင့် ကိုယ်သန်ရာခေါင်းစဉ်အသီးသီးကို ဆွေး နွေးငြင်းခုန်လျက်ရှိသည်။
ဗဟုအဖွဲ့မှ ကိုအောင်သူငြိမ်းကား အသက်ခုနစ်ဆယ်နီးပါးအရွယ် တော်လှန်ရေးဘိုးအေကြီးတဦး၏တိရိစ္ဆာန်အရိုးများမှ ဈေးနှုန်းသက်သာသော ဇီဝဓာတ်မြေသြဇာထုတ်လုပ်ခြင်းအကြောင်းဆွေးနွေးချက်ကို စိတ်ဝင်တစားနားစိုက်လျက် ရှိသည်။ကိုဇော်မင်းကမူ ကိုလွဏ်းဏီဆီသို့ မျက်နှာမူရင်း မြန်မာတို့ဆင်းသက်လာရာ တိဗက်မြန်မာမျိုးနွယ်စုများအကြောင်းဆန်းစစ်ချက် ထုတ်လျက်ရှိ၏။
ဗီအိုအေမှ ကိုဝင်းမင်းနှင့်ဘန်ကောက်ဘိုးဘိုးကြီးကိုယဉ်မင်းတို့ကား နှုတ်နည်းကာ ငြိမ်သက်ရှိကြသည်။ထိုစဉ် ကိုသက်ခိုင် သည် သူ့ဘေးကပ်လျက် ထိုင်နေသော ရှစ်ဆယ့်ရှစ်ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်အား စကားလှမ်းပြော လိုက်သည်။
“ခင်ဗျားနဲ့ပတ်သက်ပြီး အကောင်းမြင်တာ၊အဆိုးမြင်တာ ဒွန်တွဲပြီးရှိကြမယ်ဗျ။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားဟာ “အထင်ကရ သမိုင်းထဲက အမှတ်တရလူ”ဆိုတာတော့ ငြင်းလို့မရဘူး၊ဒါနဲ့ မြောက်ပိုင်းလူသတ်မှုဆိုတာ အများပြောနေကြသလို တကယ်ပဲ ဖြစ်ခဲ့သလားဗျာ”
“ခက်တယ်ကိုသက်ခိုင်၊အများစုက သေချာမသိပဲ လျှောက်ဖွနေကြတာဗျ”
ထိုစဉ်မလှမ်းမကမ်းစားပွဲမှာပြည်တွင်းမှ ဖိတ်ကြားခံရသူ ကွန်ပြူတာနည်းပညာကျွမ်းကျင်သူ ဘလော့ဂါအကျော်အမော် ညီလင်းဆက်ကို ဖျတ်ကနဲတွေ့ လိုက်ရသည်။
……………………………
၂၀၁၀ခုနှစ် ဇူလိုင်လ၊ဖူးခက်မာရီယန်ဟိုတယ်။
ဖူးခက်ဒုတိယမြို့တော်ဝန်(နောင်သော်မြို့တော်ဝန်ဖြစ်လာသူ) မစ္စတာ ထရီးအက်ကာရပ်ဒေချားသည် ဧရာမစားပွဲရှည်ကြီး ၏ထိပ်မှာ ကိုသက်ခိုင်နှင့်စကားလက်ဆုံကျလျက်ရှိ၏။ ကိုသက်ခိုင်ပြောနေသော ထိုင်းစကားမှာ သာမန်အရပ်သုံး စကား မဟုတ်ပဲ ထိုင်းလူဂုဏ်တန်အသိုင်းအဝိုင်းတွင် ပြောလေ့ရှိသော ယဉ်ကျေးသော အဆင်မြင့်ထိုင်းစကား ဖြစ်၏။ မစ္စတာ ထရီးကား အမေရိကန်နိုင်ငံ မစ္စစ္စီပီတက္ကသိုလ်မှ ဘွဲ့ရခဲ့သူ ဖြစ်ပြီး ရည်မွန်သောရုပ်ရည်ရှိသည်။ စားပွဲဘေးတဖက် တချက် တွင် ပါတောင်ရဲစခန်းမှ ဗိုလ်မှူးကြီးနိကွန်၊ ဝပ်ချလောင်ရဲ စခန်းမှ ဒုတိယရဲမှူးကြီး ဆာထစ်၊စံမကောင်းရဲစခန်းမှ ဒုတိယ ရဲမှူးကြီး ကျန်မလောင်းနှင့် မြို့တော်ဝန်၏ရုံးအဖွဲ့ဝင်အားလုံး ဝိုင်းဖွဲ့ထိုင်လျက်ရှိသည်။
မြို့တော်ဝန်က ကိုသက်ခိုင်ကို တီးတိုးစကားဆိုသည်။
“ကျနော်စင်္ကာပူကို မရောက်တာကြာပြီ၊လာမဲ့ရုံးအားရက်မှာ စင်္ကာပူကို သွားလည်မယ်စိတ်ကူးတယ်”
“မြို့တော်ဝန်မိသားစုပဲ သွားမှာလား၊ရုံးအဖွဲ့တွေပါခေါ်သွားချင်တာလားခင်ဗျ”
“ကျနော့်ရုံးအဖွဲ့လည်း ပါလာရင် ပိုကောင်းတာပေါ့ဗျာ၊သူတို့လည်း လိုက်ချင်နေကြတာ၊ခက်တာက”
“မခက်ပါဘူး မြို့တော်ဝန်ကြီးရာ၊ လိုက်မဲ့သူစာရင်းသာပေးပါ၊ ကျနော်စီစဉ်လိုက်ပါ့မယ်”
နောက် ငါးရက်မျှအကြာ မြို့တော်ဝန်၊ သူ့ဇနီးနှင့်ရုံးအဖွဲ့၏ စင်္ကာပူခရီးစဉ်ကို ဖူးခက်လေဆိပ်သို့ ကိုသက်ခိုင်ကိုယ်တိုင် လိုက်ပါပို့ဆောင်သည်။ကိုသက်ခိုင်က မြို့တော်ဝန်ကို တတွတ်တွတ်မှာကြားနေသည်။
“ချန်ဂီလေဆိပ်ရောက်တာနဲ့ ကျနော့်မိတ်ဆွေ စင်္ကာပူသူဌေး Mr. Jeffe ကြိုနေပါလိမ့်မယ်။ လိုအပ်တာအားလုံး သူစီစဉ် ထားလေရဲ့။တခုခု အခက်အခဲရှိရင် ရုံးအဖွဲ့မှူးကို ကျနော့်ဆီချက်ချင်းဖုန်းဆက်ခိုင်းပါ”
………………………
ထိုညက ကိုသက်ခိုင်ညလုံးပေါက်မအိပ်။နံနက်လေးနာရီတွင် စတင်မည့် ဖူးခက်မြို့က စူပါချိ(Super cheap)အမည်ရှိ ဧရာမဈေးဆိုင်ကြီးမှ ထောင်ချီသော မြန်မာအလုပ်သမားများ၏ ဆန္ဒပြပွဲကို တချိန်လုံးနားစွင့်နေသည်။ သတင်းဌာနများသို့ အချိန်မီ သတင်းပေးပို့နိုင်ရန်၊ အမေရိကန်ပြည် ထောင်စုရှိ ရတနာပုံသတင်းစာ အယ်ဒီတာ မနီလာစိန်၊ အလုပ်သမား အရေးဆောင်ရွက်နေသူနေသူများဖြစ်သည့် ဖန်ငမှ ကိုထူးချစ်၊ဘန်ကောက်မှ ကိုကျော်သောင်းတို့နှင့် အဆက်မပြတ်ချိတ် ဆက်လျက်ရှိ၏။ ဆန္ဒပြပွဲအတွက် ကိုသက်ခိုင်ထံ အကြံဥာဏ်တောင်းခံခဲ့ကြစဉ်က နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အကျိုးဆက်များကို အလုပ်သမားခေါင်းဆောင် လူငယ်များအား ကိုသက်ခိုင် လေးလေးနက်နက် ရှင်းပြခဲ့သော်ငြား ပေါက်ကွဲနေသည့်ခံပြင်းစိတ်များကြောင့် နားမဝင် နိုင်ခဲ့ကြချေ။
နံနက်လေးနာရီမှ စတင်သော ဆန္ဒပြပွဲသည် နေ့လည်တနာရီခန့်တွင် အဖြေတခုထွက်လာသည်။
ပိုင်ပိုင်အမည်ရှိ အလုပ်သမားခေါင်းဆောင်လူငယ်မှ “တင်ပြချက်အားလုံးကို လက်ခံဆွေးနွေးဖို့ အလုပ်ရှင်ဖက်က သဘောတူလိုက်ပြီ အန်ကယ်၊ ကျနော်တို့အနိုင်ရပြီ”ဟု သတင်းပို့လာသည်။ ကိုသက်ခိုင်ကမူ သက်ပြင်းကို ခပ်လေးလေး ချကာ “စောင့်ကြည့်ဖို့လိုသေးတယ်။ဆုံးဖြတ်ချက်မစောစေချင်ဘူး”
ရက်သတ္တနှစ်ပတ်ခန့်အကြာတွင် ကိုသက်ခိုင်ထံသို့ တုန်လှုပ်ခြောက်ချားနေသော အသံဖြင့် ဖုန်းဝင်လာသည်။
“ကျနော်ဒုက္ခရောက်နေပြီအန်ကယ်။ကျနော့်ကို သတ်ပစ်ကြတော့မယ်ထင်တယ်”
အသံရှင်ကား ပိုင်ပိုင်ဖြစ်၏။
(ဆက်လက်ဖော်ပြပါမည်။)
↧

လူထုပုံရိပ် နှင့် အင်တာဗျူး

↧

မင်းဒင်ရဲ့သက်ခိုင် (၂)

$
0
0


အခန်း(၃)

ရန်သူ့မြေဝယ်။

၂၀၁၃ခုနှစ်၊သြဂုတ်လ(၄)ရက်၊ဖူးခက်
ဤရက်ပိုင်းများအတွင်းဖူးခက်မှာ မိုးရွာရက်စိတ်သည်။ ဖူးခက်တွင် နွေနှင့်မိုးသာရှိ၍ ဆောင်းမည်သော ဥတုသည် ကွယ် ပျောက်နေဟန်ရှိ၏။ ပင်လယ်ပြင်တွင်းက ကျွန်းဖြစ်၍ ရာသီမိုးအပြင် ပျံကျမိုးသာ တနှစ်ပတ်လုံး ပြောက်ကျားရွာသွန်း နေတတ်သည်။ဖူးခက်သည် လတ္တီတွဒ်အားဖြင့် မြန်မာပြည်တနင်္သာရီဒေသနှင့် တတန်းတည်းနီးပါးရှိမည်ဟုထင်မိသည်။ ရန်ကုန်နှင့်နှိုင်းယှဉ်လျှင်  ရက်ပေါင်းသုံးဆယ်ခန့်စော၍ မုတ်သုန်လေဝင်ရောက်သည်။ရန်ကုန်မှာ ဇွန်လတွင်မိုးဖြိုင်ဖြိုင် ရွာသော်ငြား ဖူးခက်တွင်မူ မေလတွင်မိုးစရွာ၏။
တောင်များဝန်းရံလျက်ရှိသည့် မြို့ဖြစ်၍ မိုးသည်းထန်သည့်အခါ တောင်ကျရေများကြောင့် အချို့နေရာများတွင် ရေလျှံ သည်။လမ်းမတွေ ရေမြှုပ်သည်။ သို့သော် ခေတ်မီနည်းပညာများဖြင့် အမြဲတစေ တည်ဆောက်မွမ်းမံနေသောကြောင့် နာရီ ပိုင်းအတွင်း ပုံမှန်အခြေအနေပြန်ရောက်သည်။ဆူနာမီကဲ့သို့ ကြီးမားပြင်းထန်လှသည့် သဘာဝဘေးကို ရင်ဆိုင်ခဲ့ရသော် ငြား ဖူးခက်သည်ပုံမှန်အရှိန်ဖြင့် ဖွံ့ဖြိုးစည်ပင်ကာ ပန်းပန်လျက်ပင်တည်း။
ပြီးခဲ့သည့် မိုးရွာသောတနေ့တွင် ကိုသက်ခိုင်တယောက် ကျနော့်အိမ်သို့ မမျှော်လင့်ပဲ ပေါက်ချလာသည်။
“မိုးရက်တွေမှာတော့ ခင်ဗျားအိမ်မှာပဲ စတည်းချုလိုက်အုံးမဗျာ”
ဟု သူ့သဘောနှင့်သူ ပြောဆိုအတည်ပြုပြီး ကျနော့်အိမ်တွင် သူရှိနေစဉ်ရက်များ၌ သူ့ဘဝသူ့အကြောင်းတရားရှည်ကြီး တို့ကို ကျနော်နာရလေ့ရှိသည်။ရံဖန်ရံခါ အခြေအတင်စကားလက်ဆုံကျလေ့ရှိသည်။
“ခင်ဗျားနဲ့ကျနော့် ရေစက်ကလည်း ဆန်းချက်ဗျာ၊ ဒီဘဝတင် မဟုတ်၊အရင်ဘဝကပါ ခင်ဗျားနဲ့ ကျနော်ဖူးခက်မှာ ဆုံခဲ့ကြ ဖူးလေရော့သလား”
“ဟ၊ ဖူးခက်ကမ်းခြေဆိုတာ ဒွေးနဲ့ထက်ထက်မိုးဦး စူပါကော်ဖီမစ်ကြော်ငြာရိုက်မှ ကျနော်အပါအဝင် ဗမာတပြည်လုံး သိကြတာလေ၊ ဘယ့်နှယ်၊ အရင်ဘဝက ကျနော်နဲ့ခင်ဗျား ဖူးခက်မှာ ဆုံနိုင်မတုန်း”
“အင်း၊ဟုတ်ပါပြီ၊ ကျနော်လည်း ဖူးခက်ဆိုတာ ဗမာပြည်နဲ့ အလှမ်းကွာပြီး ချောင်ကျသလိုဖြစ်နေတဲ့နေရာမို့ ခင်ဗျားတွေး သလို တွေးခဲ့ဖူးပါရဲ့၊သေချာလေ့လာမိတော့မှ လားလား၊ဖူးခက်ဟာ မြန်မာတွေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းပေါင်းထောင်ချီ ကတည်းက ဧရာမဇာတ်လမ်းတွေ ရှိခဲ့ကြတာကိုး”
“ဘယ်လို ဧရာမဇာတ်လမ်းလဲဗျာ၊ အများသိသလို ဗမာတပ်ဖွဲ့တခု ဖူးခက်မြို့ကို ရောက်လာဖူးတယ်၊ အခု အနုစာဝါရီ၊ ဗမာတွေ အရုပ်နှစ်ကောင်လို့ခေါ်ကြတဲ့ ထိုင်းညီအမက ခုခံတိုက်ထုတ်လိုက်လို့ ပြန်ဆုတ်သွားရတယ်၊ ဒီလောက်တော့ ကျနော်လည်း သိတယ်လေ၊သိပ်ကြီးကျယ်တာမှ မဟုတ်တာ”
“မဟုတ်ဘူး၊တကယ်ကို ကြီးကျယ်တဲ့ ဗမာ့သမိုင်းတခုဟာ ဖူးခက်မှာရှိခဲ့တယ်၊ ဒီအဖြစ်အသေးစိတ်ကို ခင်ဗျားမသိတာ အပြစ်မတင်ဘူး၊ဖူးခက်သားတွေ၊ အခုဖူးခက်မှာ လက်ရှိတာဝန်ထမ်းနေတဲ့ ထိုင်းလူမျိုးအဆင့်မြင့်အရာရှိတွေတောင် မသိ ကြဘူး၊”
“ခင်ဗျားကတော့လုပ်ပြီ၊ သေချာရဲ့လား”
“ခင်ဗျားတော်တော်ခက်ပါလား၊ သေချာတယ်မသေချာဘူးဆိုတာ ဆုံးဖြတ်ရမှာက ခင်ဗျားအလုပ် ၊ကျနော်မေးမြန်းဖတ်ရှု လေ့လာထားသမျှ ကိုးကားပြီး ပြောရမှာက ကျနော့်တာဝန်လေ၊ဒါနဲ့နေပါဦး၊ ဖူးခက်သမိုင်းကို ခင်ဗျားအသာထားလိုက်ပါ အုံး၊ပါတောင်က အာရှမှာအကြီးဆုံးကုန်တိုက်လိုလို ပြောနေကြတဲ့ ပါတောင်က(Jungceylon) ကုန်တိုက်နာမည်ရဲ့ အဓိပ္ပါယ်ကိုတောင် ခင်ဗျားသိရဲ့လားဗျ”
“အေးဗျ၊ ဒီကုန်တိုက်နာမည်က အဆန်းပဲ၊ကုန်တိုက်လိုဂိုကလည်း ရွက်လှေပုံ၊ ကုန်တိုက်ထဲမှာလည်း၊ရှေးလက်ရာအတိုင်း   ဧရာမလှေကြီးတစင်း မူလအရွယ်အတိုင်း ဆောက်ပြထားတာကြောင့်  ကျနော့်စိတ်ထင်၊ သမ္မာကျမ်းစာထဲမှာပါတဲ့ ကမ္ဘာ မပျက်ခင်၊ နောဧတည် ဆောက်ခဲ့တဲ့ လှေကြီးရဲ့ နာမည်များလား စဉ်းစားနေမိတာ”
“လွဲချက်ကတော့ ကမ်းကုန်ပဲဗျာ၊လာ၊ ကျနော်ပြမယ်၊ကိုယ်တိုင်ဖတ်ကြည့်ပေတော့၊တော်ကြာ ကျနော့်ပါးစပ်က ပြောသမျှ ကို ခင်ဗျားပြန်ပြန်ရေးနေတယ်ဆိုပြီး ကောင်းချီးအပေးခံရမယ်”
ပြောပြောဆိုဆို ကိုသက်ခိုင်သည် အနီးရှိ ကွန်ပြူတာကို ကျွမ်းကျင်လျင်မြန်စွာဖွင့်လိုက်ပြီး တခုသော ဖေ့စ်ဘွတ်စာမျက်နှာ အား ကျနော့်အား ဖတ်စေရာ အဆိုပါ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်မှာ ကိုတင်မောင်ညွန့် အမည်ရှိသူဖြစ်၍ သူ၏လင့်ခ်မှာ https://www.facebook.com/tinmaung.nyunt.71 ဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်းက သူရေးတင်ခဲ့သော စတေးတပ် မှာ အောက်ပါအတိုင်းဖြစ်၏။
“သလင်းကြေသို့တစ်ခေါက်..
သလင်းကြေဆိုတာက ပုဂံ ဓမ္မရာဇကကျောက်စာမှာပါတဲ့ ဒေသအမည်တစ်ခုပါ။ အဲဒီတုန်းက ဗမာတွေပိုင်ခဲ့တဲ့နယ်မြေရဲ့
တောင်ဘက်အစွန်ဆုံး မှာရှိပါတယ်။ အကြေအရပ်မှာရှိတဲ့“ သလင်း” ဒေသလို့ ဆိုလိုပါတယ်။ အင်္ဂလိပ်လိုတော့Cape Salang“ဆလင်းအငူ” လို့ခေါ်ပါတယ်။ Junk Ceylon လို့လည်းခေါ်တယ်။ အဲဒီကနေ အနောက်စူးစူးကို ရွက်လွှင့်လိုက်ရင်
သီဟို(Ceylon)ကိုတန်းရောက်တာကြောင့် ဒီလိုခေါ်တာလို့ဆိုတယ်။ အခုတော့အဲဒီဒေသကို ဗမာတွေမပိုင်တော့ပါဘူး။
မလေးလက်ကနေယိုးဒယားလက်ထဲရောက်နေတာ ၁၆ရာစုကတည်းကပါ။ မလေးနာမည်“ ဘုကစ်”ကနေ ယိုးဒယား နာမည်“ဖူးခက်”လို့တောင် ခေါ်နေကြပါပြီ။
ပုဂံမတိုင်မီက ပျူလို့လူတွေခေါ်နေကြတဲ့ရှေးဟောင်းဗမာကြီးတွေ လက်ထက်ကတည်းက ကုလားပြည်နဲ့ တရုတ်ပြည်ကို
ကူးတဲ့ကုန်သွယ်ရေးလမ်းမကြီးဟာ အဲဒီဒေသကိုဖြတ်သွားတာပါ။ ကုလားပြည် သီဟိုဠ်ကနေ အရှေ့စူးစူးရွက်လွှင့်လာ လိုက်၊ ဒီနေရာကိုဒုတ်ဒုတ်ထိရောက်ကရော။ ဒီမှာကုန်တွေချချင်ချမယ်။ ဖလှယ်တန်တာဖလှယ်မယ်။ ပြီးယင် အပြန်ကုန်တွေ တင်ပြီး။အနောက်စူးစူးကိုရွက်လွှင့် သီဟိုဠ်ကိုရောက်ကရောပေါ့။ ဒီမှာချတဲ့ ကုန်တွေကိုလည်း ကရာကျွန်းဆက် ကိုဖြတ် ပြီးကုန်းလမ်းကသယ်မယ်၊ ပြီးယင်ယိုးဒယားကွေ့ကိုကူးပြီး ကမ္ဘောဇတို့ အာနမ်(အခု ဗီယက်နမ်) တို့ကိုဆက် သယ်မယ်၊ အဲဒီကမှ တရုတ်ကို ဆက်သယ်မယ်ပေါ့။ မဟုတ်ရင်လည်း ကုန်းလမ်းကနေ ယိုးဒယားကိုဖြတ်ပြီး တရုတ်ကို ဆက်ပို့မယ်ပေါ့။ ဒီလိုအသွားအပြန် ပို့ကြရောင်းကြတာကိုရှေးဗမာကြီးတွေက ချုပ်ကိုင်ထားခဲ့ကြတယ်။ ဒါကြောင့် ဒီကုန်သွယ်ရေး လမ်းတလျှောက်မှာပျူဒင်္ဂါးလို့ခေါ်တဲ့ ငွေပြားတွေကိုတွေ့ရတယ်။ နောက်တော့ ပျူတွေလက်က ခမာတွေဆီ ဒီနယ်မြေ ရောက်သွားတယ်။ သိပ်မကြာပါဘူး လက်ကျန်ပျူတွေထူထောင်လိုက်တဲ့ “ပုဂံ” နိုင်ငံတော် ပြန်ပေါ်လာတော့ အနော်ရထာ မင်းစောကတနင်္သာရီတလျှောက် ဆင်းလာပြီး ပြန်သိမ်းတယ်။သူကတော့ သလင်းကြေ အထက်က “ကရာကျွန်းဆက် ”(Isthmus of Kra) ထိပဲရခဲ့တယ်။ သူ့နောက်က သူ့မြေးလို့ဆိုတဲ့ အလောင်းစည်သူတို့ လက်ထက်ကျမှပဲ သလင်းကြေ ကိုပြန်ရပါတယ်။ ရာဇဝင်မှာ အလောင်းစည်သူ မာလာယုကျွန်းကို သွားခဲ့ရောက်ခဲ့တယ် ဆိုတာ သက်သက်ကြွားထားတာ မဟုတ်ဘူး။တကယ့်ဖြစ်စဉ်ဖြစ်ရပ်ကို မှတ်တမ်းတင်ထားတာပါ။ မာလာယုကျွန်းကနေ သရက္ခန်နံ့သာတွေရလာ တယ်ဆိုတာကလည်းမလေးတို့ တနင်္သာရီတို့ကထွက်တဲ့ ကရမက်တို့၊ တောင်နံကြီး တို့ပဲဖြစ် မှာပါ။ အဲဒီနံ့သာတွေနဲ့ ထုထားတဲ့ ရုပ်ပွားတော်တွေကိုပခုက္ကူတရိုးမှာ ဖူးနိုင်ပါတယ်။ ပုဂံမှာ ဘုရားတွေ အများကြီး တည်နိုင်တာ ဒီကုန်သွယ်ရေး လမ်းမကြီးကို ဗမာတွေ ကိုင်ထားနိုင်လို့ပါပဲ။ခုတော့ကော...။ခုလည်း ဖူးခက်မှာ ဗမာတွေမှ ပြေးမလွတ် ရှောင်မလွတ် အောင်ရှိနေပါတယ်။ ဒါပေမယ့်ဖူးကက်ဟာ သလင်းကြေမဟုတ်တော့သလို ဒီမှာရှိနေတဲ့ ဗမာတွေကလည်း ပုဂံခေတ်က ဗမာကြီးတွေလို အကောက်ခွန် အရာရှိ တွေ၊နယ်ခြားစောင့်တပ်က စစ်သည်တွေ အရာရှိတွေ ။ ကုန်သည်ကြီးတွေ မဟုတ် ကြပါဘူး။ စားပွဲထိုးအလုပ်လောက်ကိုပဲ အမြင့်ဆုံးထားပြီး လုပ်နေကြတာ တွေ့ခဲ့ ရပါတယ်။
ကိုတင်မောင်ညွန့်၏ ပျူခေတ်မှ စတင်သော  ဖူးခက်သမိုင်းကောက်ကြောင်းကို ကျနော်ဖတ်ရှုပြီးသည့်အခါ အံသြ ခြင်းကြီး စွာဖြစ်ရသည်။ ကျနော့်အမူအယာကို ကိုသက်ခိုင်ရိပ်မိဟန်ရှိ၏။
“ကိုယ့်ဆရာ သိပ်အံ့သြမနေလေနဲ့၊ ဒိထက်ဆန်းတာတွေ အများကြီးရှိသေးဗျာ”
“လက်စသတ်တော့ ဖူးခက်ဟာ ပျူခေတ်ကတည်းက မြန်မာပိုင်ခဲ့တဲ့အရပ်ကိုး၊မြန်မာ့အင်ပါယာရဲ့တောင်ဖက်စွန်းတဲ့ဗျာ၊ နေပါဦးဗျ၊ ဒီသမိုင်းခြေရာကို ကိုတင်မောင်ညွန့် ဘယ်လိုများကောက်မိပါလိမ့်”
“အေးဗျ၊တော်တော်လေ့လာအားကောင်းတဲ့သူပဲ၊ ကျနော်သိသလောက်တော့ သူဟာ အစိုးရဝန်ထမ်းဟောင်းတဲ့ဗျ၊ သူရှင်းပြတာကတော့ ဗမာတွေ သလင်းကြေထိ အာဏာစက်သက်ရောက်ခဲ့တယ်ဆိုတာကို ဆရာကြီးဒေါက်တာ သန်းထွန်းရဲ့“ခေတ်ဟောင်းမြန်မာရာဇဝင်” ကနေရသတဲ့ဗျ၊ ဓမ္မရာဇက ကျောက်စာကောက်နှုတ်ချက်ကိုတော့ ဆရာ ဦးမွန်ဗိုကေရေးတဲ့ “ပုဂံသုတေသနလမ်းညွှန်” စာအုပ်မှာ တွေ့နိုင်ပါတယ်။ ပျူလို့ခေါ်တဲ့ရှေးဗမာကြီးတွေ အကြောင်းကို တော့ချင်ယီစိန် ခေါ် ဦးရည်စိန်ရဲ့သုတေသနဆောင်းပါးတွေမှာ ဖတ်ခဲ့ရတာ တော်တော်တောင်ကြာပြီလို့ ဆိုတယ်။သူဆက်ပြီးရှင်းပြထားတာတွေက …….
 `ပုဂံ ဆိုတာ“ ပုဂါမ=ပျူဂါမ = ပျူတို့ရဲ့ရွာ”လို့အဓိပ္ပါယ်ဖော်ခဲ့တာ ဒီသုတေသီကြီးပါ။ သီရိခေတြာ ပျက်တော့ ပျူတစ်စုက ပုဂံဖြစ်လာမယ့်နေရာကို ပြောင်းလာပြီးမြို့သစ်တည်တယ်။ပျူစစ်ရင် မြန်မာဆိုတဲ့ အယူအဆကိုတော့ ဆရာဘုန်းတင့် ကျော်ကစပြီး ကျယ်ကျယ်ပြန့်ပြန့်ပြောခဲ့တာလို့မှတ်မိပါတယ်။ ဝီကီပီးဒီးယား ကဆောင်းပါးတွေမှာလည်း နောက်ဆုံးတွေ့ရှိ ချက်တွေတော်တော်ပါပါတယ်။ပုဂံအကြောင်းဆောင်းပါးမှာဆိုယင် ပုဂံခေတ်မှာ ဘယ်နှစ်အပိုင်းအခြားတွေမှာ ဘုရား တည်၊ကျောင်းဆောက်၊မြေလှူကျွန်လှူတာအများဆုံးဆိုတာကို ဂရဖ်နဲ့ပြထားတာတွေ့ရမှာပါ။
အလောင်းစည်သူရဲ့ တိုင်းခန်းလှည့်တာတွေကတော့ မှန်နန်းရာဇဝင်မှာ အထင်အရှား ပါပါတယ်။ ရာဇဝင်ဆိုလို့ အရမ်း ပယ်လိုက်ဖို့ မသင့်သလိုအရမ်းတော့လည်း လက်ခံလို့ မဖြစ်တာ သိကြမှာပါ။ အနော်ရထာ သွားတိုက်တဲ့ သုဝဏ္ဏဘူမိ ဆိုတာ သထုံ မဟုတ်ဘူး။ဘန်ကောက်အနောက်က နခုံပထုံ ဖြစ်တယ် လို့ရေးထားတဲ့ရှေးယိုးဒယားရာဇဝင် တောင် ရှိတယ်လို့ဒေါက်တာထင်အောင် ရေးထားတာဖတ်ဖူးတယ်။ ဒါကြောင့် ပုဂံရာဇဝင်ကို တုတ်ထမ်းပြောရတယ်။ အယူအဆ အဆိုအမိန့်တွေက ထွေပြားလွန်းလို့ ငြင်းယင်းက ရန်ဖြစ်ယင်ကိုယ်ကဦးအောင်ဆော်ဖို့တဲ့။ ဒါကြောင့် ဆရာကြီးဦးဖေ မောင်တင်က“ တုတ်မထမ်းနဲ့ တူးရွင်းထမ်း ပြောကြ”လို့ပြောဖူးတယ်။ လက်တွေ့တူးဖော်ကြည့်ပြီးမှ ပြောလို့ ဆိုလို တာပါ။ဘာပြောပြော ၁၂ ရာစုလောက်မှာ ဗမာတွေဟာ အရှေ့တောင်အာရှမှာ အစွာဆုံးဖြစ်ခဲ့တာ အမှန်ပါ။ အဲဒါကို သက်သေခံနေတာက ယိုးဒယားတို့ လောတို့ ကမ္ဘောဇတို့မှာ နှစ်သစ်ကူးတဲ့အချိန်ဟာ ဗမာပြည်မှာ သင်္ကြန်ကျတာနဲ့ ထပ်တူကျနေတာကိုပဲ ကြည့်ပါတော့။ဗမာတွေ သလင်းကြေကိုပိုင်တုန်းက ဒီမြေမှာ ယိုးဒယားရှမ်းတွေမရောက်သေးပါ ဘူး။သူတို့ရဲ့ ပထမမြို့တော် သုခေါဒယ”(ဆူခိုးထိုင်)ကိုတောင် မတည်ရသေးဘူး လေ။ဒီတော့ သူတို့ပြောတာလည်း မမှားဘူးဆိုပါတော့ဗျာ´တဲ့။
“အင်း၊ဘိုးဘေးတွေသိမ်းပိုက်စိုးမိုးနိုင်ခဲ့တဲ့ အရပ်မှာ သားစဉ်မြေးဆက်ကျွန်လာဖြစ်နေကြတဲ့ခေတ်ကို သူလည်း ရင်ထုမနာ ဖြစ်ဟန်တူပါရဲ့၊အခုဖူးခက်မှာ သူတွေ့ခဲ့ရတဲ့မြန်မာတွေထဲမှာ အမြင့်ဆုံးက စားပွဲထိုးတဲ့ခင်ဗျ၊ဟိုးတုန်းကတော့ နယ်ခြား စောင့်စစ်သည်တွေ ၊အရာရှိတွေ ၊ကုန်သည်ကြီးတွေတဲ့”
“ဟုတ်ပါ့ဗျာ၊ဖူးခက်မှာရှိတဲ့ထိုင်းတချို့က ဗမာအလုပ်သမားတွေကို မင်းတို့နိုင်ငံမှာ လေယာဉ်ပျံရှိသလားလို့တောင်  အမေး ခံရဖူးသတဲ့၊ ကဲ ထားပါတော့ဗျာ၊ခင်ဗျားပြောမဲ့ ဖူးခက်သမိုင်းကကော ခင်ဗျား ဟိုလျှောက်ဖတ်ဒီလျှောက်ဖတ်နဲ့ ပြောမှာ ပဲလားဗျ”

(ဆက်လက်ဖော်ပြပါမည်။)
↧
↧

ရာဇ၀င်ထဲမှာ ဘူးသီးတွေကို ထားရစ်ခဲ့

$
0
0

 


မင်းဒင်၏ တတိယမြောက်ပုံနှိပ်စာအုပ်

စမ်းတ၀ါးထုဆစ် ရေးခြစ်ခဲ့ဖူးသည့် လက်စမ်းစာများစုစည်းတင်ဆက်မှု

စက်တင်ဘာလကုန်ပိုင်းတွင် ထွက်ရှိလာပါမည်။

သက်ခိုင်စာပေမှ ထုတ်ဝေ၍ မြန်မာတပြည်လုံးသို့ ဖြန့်ချိပါမည်။


↧

ဆြာဒင့်နှင့် သူ၏ရာဇ၀င်

$
0
0






ဆြာဒင်နှင့်သူ၏ရာဇ၀င်
        မင်းဒင်
(၁)
မွေးရပ်မြေထက် မိုးဦးစောလေသော ဖူးခက်မြို့ကား မှိန်ပြာပြာမြူအဆင်း၊ တိမ်တိုက်ကယ် ခြုံလွှာသိုင်းဖွဲ့ဆင် ၊ဆေးပန်းချီ ရေးမမှီနိုင်သော ဟန်ရေးပြင်သည့် မိန်ရာသီသို့မကြာမီ ရောက်ရှိပေတော့မည်။ ရွက်သိဂီင်္လေပြည်သုတ်ချီ ညှာညောင်း မပြုတ်မီ ဤမှာဖက်ဆီဟုဆိုနိုင်သော ကာလဖြစ်လေ၏။အသူရာတပ်တို့ နောက်ဆုတ်သွားကြလေသောကြောင့်ထင့်။ အငြိုးကြီးကြီးဖြင့် ရက်ပေါင်းများစွာဆက်တိုက်ရွာသွန်းခဲ့သောမိုးသည် ဖူးခက်ကို လက်ပြနှုတ်ဆက် သွားခဲ့လေပြီ။
ဤအခါသမယ၌  ဖူးခက်ကမ်းခြေ၏ သောင်ပြင်တွင် လွတ်လေသည့် ရွှေဟင်္သာနှင့်တူလှစွာသော ဆြာဒင်ကား တ၀မ်းတခါးအတွက် ထိုင်းမိတ်ဆွေတဦး၏အမည်ခံကာ ဖွင့်လှစ်ထားအပ်သော စုံစီနဖာဆိုင်ငယ် အတွင်းတွင် ငုတ်တုတ် ထိုင်ရင်း ၀င်လာလတ္တံ့သော ဖောက်သည်ဈေးဝယ်တို့ကို လည်ဆန့်ကာမျှော်နေချိန်ဖြစ်လေ၏။
မိုးရက်များကား ဖူးခက်ရောက်မြန်မာအလုပ်သမားတို့ကို စိုးနှောက်ဗျာပွေစေခဲ့ဟန်တကား။ ဆက်တိုက်ရွာခဲ့သော မိုးကြောင့် အလုပ်ဆင်းရက် မရှိသလောက်ဖြစ်ကာ ဘိုင်ပြတ်ကြကုန်၏။နောက်ဆက်တွဲအကျိုးရလာဒ်မှာ မြန်မာအလုပ် သမားတို့၏လုပ်ငန်းခွင်များသို့ ဟိုင်းလတ်ကားကိုယ်စီဖြင့် မြန်မာပစ္စည်းမျိုးစုံဖြန့်ဖြူးရောင်းချကြလေသော ဆြာဒင့်ဆိုင်သို့ ၀င်ထွက်နေကျ  ယိုးဒယားဖောက်သည်တို့မှာ ကြက်ပျောက်ငှက်ပျောက်၊ပျောက်လေ၏။ထို့အတူ ပျောက်ကြားပျောက်ကြား ပေါ်လာ တတ်သော ဆြာဒင်နှင့် မျိုးနွယ်တူ ဆွေသဟာရွှေမြန်မာဈေးဝယ်တို့သည်လည်း အသပြာမရွှင်သည့်ကာလမို့၊ ယာယီ ခဏအားဖြင့် ကိုယ်ပျောက်အတတ်ကျင့်ကာ ဆြာဒင့်ဆိုင်အား ဝေရာမဏိကြလေသည်။
(၂)
`ဟယ်လို ဆ၀ါဒီခပ် ဖိဒင်´
ထိုစဉ်တွင် ဆိုင်အတွင်းသို့ `မင်္ဂလာပါကိုကြီးဒင်´ဟူသော နှုတ်ဆက်သံဖြင့် ရဲယူနီဖောင်းအပြည့်ဝတ်ဆင်ကာ ကြွမြန်းလာသူကား ၀ထေ့အပိုင်ရဲစခန်းမှ တပ်ကြပ် အဒန်းဖြစ်၏။ကြွရောက်တော်မူလာခြင်းအကြောင်းရင်းကား လစဉ် ဆက်သနေကျ လိုင်းကြေးကို အမြိန့်သားလက်ခံရန်တည်း။အငြိမ်းစားပင်စင်ဗီဇာလေးဖြင့် ယိုးဒယားမြေတွင် ခိုလှုံရရှာ သော ဆြာဒင်အတွက် ဈေးရောင်းခြင်းသည် ရာဇ၀တ်မှုမြောက်လေရာ ပေးကမ်းခြင်းအောင်မြင်ရာဟူသည့် ဆိုရိုးနှင့်အညီ ဈေးဦး မပေါက်သေးသည်ကို အသာမေ့ထားလျက် ဘတ်တထောင်တန် ငါးရွက်ကို အဒန်းလက်သို့ မြန်မြန်ကြီး ဆက်သ ရလေ၏။
ထိုနေ့ကား ဆြာဒင်၏ကံဆိုးသောနေ့ရက်တည်း။ အဒန်းပြန်ထွက်ပြီး တခဏအကြာမှာပင် စံမကောင်းအပိုင်ရဲစခန်းမှ နီရန်းအမည်ရှိ ထိုင်းပုလိပ်၊ လိုင်းကြေးဆွမ်းရပ်ပြန်လေရာ သုံးထောင်သော အသပြာသည် ဆြာဒင့်အိပ်ကပ်တွင်းမှ ထွက်ပြန်လေ၏။နီရန်းသည် ဘတ်သုံးထောင်ကို ဘောင်းဘီအိပ်ကပ်တွင်ထိုးထည့်နေရင်း အဘထရှူဆေးနှစ်ဗူးကို ဒင်းအမေ့လင် အမွေမှတ်ထင်လျက် ပြုံးဖြဲဖြဲအမူအယာနှင့် အဆစ်ယူငင်ပြန်လေရာ  ဆြာဒင့်မှာ ရင်မှာမချိသော်ငြား  `ဒါလေးများ´ဟူသော မျက်နှာပေးဖြင့် သွားဖြဲပြလိုက်ရပြန်လေသည်။ ဈေးဝယ်သူကား တကောင်တမြီးမျှ အရိပ်အယောင် မမြင်သေး။
မကြာပါချေ။ ဒီအက်စ်အိုင်မည်သော ထိုင်းအထူးထောက်လှမ်းရေးမှ ကိုယ်စားလှယ်တော်၊ လစဉ်ကြေးအလှူခံကြွလာပြန် ရာ ခြေစောင့်လက်စောင့်အသပြာစာရင်းမှ ဘတ်ငါးထောင်လျှောကနဲထွက်ရပြန်၏။ကျေးတော်မျိုးကျွန်တော်မျိုး ဆြာဒင် လစဉ် ဘဏ္ဍာ တော်ဆက်ရသည့် ထိုင်းပုလိပ်တို့မှာ ခြောက်ဖွဲ့တိတိ ရှိလေသတတ်။
ကျွန်ုပ်အပါအ၀င် ဖူးခက်ရောက် မြန်မာတို့ကား ထိုင်းပုလိပ် ဂုဏံအဟံဝန္ဒာမိကြရသူများဖြစ်ကုန်၏။ပုလိပ်မင်းတို့သည် စစ်ပြီဟေ့ဆိုကတည်းက ရွှေစာရင်းဝင်တို့ကို လမ်းဘေးက ဓာတ်မီးတိုင်အောက်မှာဆောင့်ကြောင့်ထိုင်ခိုင်းသည်။ မြေပြင်၊ သမံသလင်း၊ ကြမ်းပြင် ပေါ်ထိုင်ခိုင်းသည်။ ပတ်စပို့မရှိလျှင် ပြေးမလွတ်။ ရှိပြန်သော်လည်း သူဌေးအမည်မတူသောကြောင့် ငွေကုန်ရ၏။ပတ်စပို့ရှိ၊ သူဌေးအမည်တူ ပြန်လျှင်လည်း ခွင့်ပြုချက်မရှိသော အလုပ်ကိုလုပ်သောကြောင့် ငွေကုန်ပြန်၏။ စစ်ရင်းဆေးရင်း အိတ်ကပ်ထဲမှ ရှိရှိသမျှ ငွေကို ငေါက်ငမ်းလျက် နှိုက်ယူ၏။ယုတ်စွအဆုံး ရွှေဆိုင်အပေါင်လက်မှတ်ကို ပင် သိမ်းတတ်၏။ ထို့ထက်ဆိုးသည်ကား စစ်ဆေးခြင်းအမှုကို ပြုသည်ဆိုကာ မြန်မာအလုပ်သမအရွယ်ကောင်းတို့၏ မတော်ရာကိုပင်၊ ကိုင်စမ်းကာ လက်သရမ်း တတ်ကြပြန်ချေသည်တမုံ့။
(၃)
ဤသို့လျှင် ဈေးဦးမပေါက်ရသည့်အထဲ တရက်တည်း ပုလိပ်သုံးကြိမ်နှိပ်စက်ခံရချိန်တွင် တေဇာညှိုးသော ရွှေမြန်မာတို့ ၏ဖြစ်အင်တို့ကို စဉ်းစားနေမိရင်း ဇာတိမာန်ချွတ်ခြုံကျနေသည့် ဆြာဒင်တယောက် မျက်နှာငယ်ဖြင့် လဒမှိုင်မှိုင်လျက်ရှိ သည့် သတင်းသည် သမာဒေ၀နတ်ကောင်းနတ်ကောင်းနတ်မြတ်များဆီသို့ မည်သို့လျှင် မက်ဆေ့ခ်ျရောက်လေသနည်း မဆိုနိုင်။ ၀ိသကြုံနတ်သားနှင့် ထင်မှတ်မှားလောက်သည့် အသက်ခြောက်ဆယ်အရွယ် `ကောလင်းမက်ကေ´ အမည်ရှိ စကော့ လူမျိုး တဦးသည် ကျွန်ုပ်၏ဆိုင်ဂေဟာသို့ မည်သို့မည်ပုံစုံစမ်းသိရှိခဲ့လေသည်မသိ၊ ဆိုက်ဆိုက်မြိုက်မြိုက်ပေါက်ချ လာလျက် ကျွန်ုပ်အား ၀မ်းသာအားရ ပွေ့ဖက်နှုတ်ဆက်လေသည်။
ရှေးမြန်မာကြီးအမျိုးအနွယ် ဆြာဒင်တယောက် ဖူးခက်တွင် ရောက်နေသောသတင်းကြောင့် ရှာဖွေစုံစမ်းကာ အရောက် လာခဲ့သည်ဆို၏။ကောလင်းကား ကျွန်ုပ်၏ ခြောက်ပေနီးပါးရှိသော အရပ်အမောင်းကို တအံ့တသြဖြစ်နေဟန်ရှိ၏။ သူနှင့် အသက်အရွယ်ချင်း မတိမ်းမယိမ်းဖြစ်သည့်တိုင် မာကျောကြံ့ခိုင်ဆဲဖြစ်သည့် ဆြာဒင့်၏ လက်ရုံးလက်မောင်းတို့ကိုပင် အထင်တကြီး၊အလေးတယူကိုင်တွယ်ကြည့်ရှုနေပြန်ရာ ဆြာဒင့်ခမျာ ဘုမသိဘမသိ အတော်ပင်အနေခက်ရချေ၏။
ကော်လင်းမက်ကေသည် ရာဇ၀င်ဆရာဟုဆို၏။ထိုင်းအမျိုးသမီးတဦးနှင့်လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်က အိမ်ထောင် ဖက်ကာ ဖူးခက်တွင်နေထိုင်ရင်း ဖူးခက်သမိုင်းကို ရေးခဲ့သူဟုဆို၏။ထိုသမိုင်းကြောင်းအရ ကျွန်ုပ်ကို လာရောက်တွေ့ဆုံ မိတ်ဆက်ရခြင်းဟု ဆိုလျက် သူရေးသားစီရင်အပ်သော `ဖူးခက်ရာဇ၀င်(A History of  Phuket)´ အမည်ရှိ ဘုတ်အုပ် ထူကြီးကို လက်ဆောင်ပေးလေသည်။

(၄)
ကျွန်ုပ်ကား ဆိုင်ပိတ်သည်နှင့်တပြိုင်နက် ညစာကိုပင်မေ့လျော့ကာ အင်္ဂလိပ်မြန်မာအဘိဓာန်၏ အကူအညီဖြင့် ထိုစာအုပ် ထူကြီးကိုအငမ်းမရ ဖွင့်လှန်ဖတ်ရှုကြည့်မိလေသည်တွင် ကိုယ်လုံးအနှံ့ကြက်သီးဖြန်းဖြန်းထရုံမျှမက၊ ဘ၀င်စိတ်သည် ငယ်ထိပ်သို့တက်ကပ်လျက်   `မျိုးရိုးနဲ့တန်ခိုးရှိခဲ့ပေ၊ ထီးနန်းနဲ့စံမြန်းလာတာတွေ ၊ကမ္ဘာမိုးမြေ တေဇာတော်ဖြိုးဝေ အစချီ သော  ဇာတိမာန်သီချင်းသံသည်ပင် ဆြာဒင့်နားဝယ် ကြားယောင်လာလေသည်။ရှေးမြန်မာနွယ်ဝင် ဆြာဒင့်အား အကြင် မောင်ကောလင်း အထင်ကြီးလေးစားရခြင်း၏အကြောင်းရင်းကို သိခဲ့ရပေပြီ။
ဖူးခက်မည်သော ဤသလင်းကြေအရပ်သည် ပျူခေတ်တည်းဟူသော ရှေးအတီအတေကာလမှ စ၍ ရှေးမြန်မာတို့ စိုးပိုင်ရာနယ်မြေပါတကား။သီဟိုဠ်ကျွန်းသို့စုန်ရာတွင် ရှေးမြန်မာတို့ ရေကြောင်းခွန်ကောက်ရာဌာနေပေတကား။
နှစ်ကာလအားဖြင့် နှစ်ရာခန့်သာကြာသေးသည့် ဆင်ဖြူရှင်လက်ထက်တွင်ပင် စစ်ကြောင်းကြီး ကိုးကြောင်း၊ စစ်သည် အင်အားတသိန်းလေးသောင်းလေးထောင်ပါဝင်သော ကိုးန၀င်းကြေ စစ်ကြောင်းကြီးသည် ယိုးဒယား တနိုင်ငံလုံးကို မွှေနှောက်ချောက်ခြားစေခဲ့ရာ တစ်ခုသောစစ်ကြောင်းသည် ဖူးခက်မြို့တိုင်အောင် ရောက်ခဲ့သည်ဆို၏။
ထို့ပြင်တ၀ ဘိုးတော်ဘုရားလက်ထက်တွင်လည်း မြန်မာတပ်တို့သည် ရနောင်း၊ချွန်ဖွန်၊ဖန်င၊ဖူးခက်တည်းဟူသော ကျွန်ုပ် ဖြတ်သန်းသွားလာနေကျ ယိုးဒယားမြို့တို့ကိုသာမက မာလာယုခေါ်မလေးနယ်တိုင်အောင် အာဏာစက်ဖြန့်ကျက်နိုင် ခဲ့လေသည်။
ဖူးခက်မြို့အ၀င်မှ ဓားလွတ်ကိုင်ညီအမရုပ်တုရှိရာ ထရူးဝါးနယ် ထလန်ခံတပ်ကို မြန်မာတို့အကြိမ်ကြိမ် စီးနင်းတိုက်ခိုက် အောင်မြင်ခဲ့၏။ယိုးဒယား မလေးရှား မဟာမိတ်တပ်ပေါင်းစုကို အနိုင်တိုက်နိုင်ခဲ့၏။ ကြီးမားကြံခိုင်သော ကိုယ်ခန္ဓာ၊ လေအဟုန်ကဲ့သို့ လျင်မြန်သောစွမ်းပကား၊အသက်ကို ဖက်ရွက်မျှပင် သဘောမထားသည့် မြန်မာတပ်တို့၏စစ်ချီ စစ်တက်၊စစ်ထိုးစစ်ခံ သေနင်္ဂဗျူဟာ၊အမြောက်ကြီးအမြောက်ငယ်နှင့် မီးပေါက်သေနတ်သံ တညံညံ၊ ဓားလွတ်လှံရှည် တဖွေးဖွေးဖြင့် `မြန်မာတွေလာပြီ ပြေးကြပေရော့´ဟူသောမော်ကွန်းကို ထိုးနိုင်ခဲ့ကြလေသည်တကား။
ဖူးခက်ထလန်ခံတပ်ကို မြန်မာတပ်တို့ အကြိမ်ကြိမ် စီးနင်းသိမ်းပိုက်ခဲ့သည့်ဖြစ်ရပ်အား မူလမှတ်တမ်းတင်ခဲ့သူမှာ ထိုတိုက် ပွဲတွင် ယိုးဒယားတို့ဘက်မှ စစ်ကူအဖြစ်ကိုယ်တိုင်ဝင်တိုက်ပေးခဲ့သည့် မလေးကဗျာစာဆိုဟုဖော်ပြထားသည်။ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ထလန်ခံတပ်နယ်မြေမှာ ကျွန်ုပ်နေ့စဉ်နီးပါးရောက်နေကျ ဒေသဖြစ်လေသောကြောင့် တိုက်ပွဲ၏ တကယ့် အသွင်သဏ္ဍာန်ကို မြင်ယောင်ကြားယောင်ဖြစ်ရသည်။
ယိုးဒယားတို့က ထလန်ခံတပ်တွင်းက ကြံ့ကြံ့ခံနေ၏။အမြောက်များဖြင့် ဆီးကြိုပစ်ခတ်လျက်ရှိကုန်၏။ မြန်မာတပ်တို့က မြေကတုတ်တူးကာ ခံတပ်အနီးသို့ ဖြည်းဖြည်းချင်းချည်းကပ်လာနေ၏။မြန်မာအမြောက်ကြီးများသည် ဖရာ့သီအိုတောင် ကုန်းပေါ်မှနေ၍ ခံတပ်ရှိရာသို့ ဗုံးမိုးရွာချလျက်ရှိ၏။ခံတပ်တွင်းမှ ပစ်အားစွမ်းရည်ကျဆင်းလာအောင် စစ်မြူခြင်း အတတ်ကို သုံး၏။ခံတပ်တွင်းသို့ မီးမြားတို့ ဒလစပ်ပစ်သွင်းနေ၏။ထလန်ခံတပ် ခံနိုင်ရိုးလား။မြန်မာ့ လက်သို့ ကျရပြီ။
ဆြာဒင့်ရင်ဝယ် ဇာတိမာန်ဟူသော အောင်လံတော်သည် မိုးယံဆီသို့တိုင် တလူလူလွှင့်လေပြီ။
 ဆြာဒင်ကား ညတွင်းချင်းပင် လက်လှမ်းမှီရာ ဖူးခက် နေမြန်မာလူထုထံသို့ ဖုန်းတဂွမ်ဂွမ်ဆက်ရင်း နက်ဖန်မိုးသောက်တွင် ဇာတိမာန်ဆိုင်ရာဟောပြောပွဲကြီး ၀ှဲချီးကျင်းပမည် ဖြစ်ပါသောကြောင့်  ဆြာဒင့်အိမ်ဂေဟာသို့ အဖန်ရည်သောက်ကြွ ရောက်ကြပါရန် ဖိတ်ကြားလေတော့၏။
(၅)
နံနက်မိုးသောက်အလင်းရောက်ခဲ့ချိန်တွင် အဆိုပါပွဲကြီးသို့ တက်ရောက်လာသော မင်းပရိသတ်ကား ကပ္ပလီ၊ဖေကြည်နှင့် လေမင်းသားအမည်ရှိ ဂေါ်ရခါးလူငယ်တယောက်၊စုစုပေါင်းသုံးဦးတိတိ ဖြစ်လေ၏။ အားလုံးလိုလို လူလုံးလူဖန်သေးညှပ် ကြ၏။ ကပ္ပလီတယောက်မှလွဲ၍ကျန်နှစ်ယောက်မှာ ခြောက်တန်းမအောင်ကြ။ လွန်ခဲ့သောညက အိုဗာတိုင်ဆင်းခဲ့ကြရ လေ၍ အိပ်မှုံစုံမွှားဖြစ်နေကြ၏။စင်စစ် ဇာတိမာန်ရေးရာဟောပြောချက်ကို စိတ်ဝင်စားကြ၍လာကြခြင်းကားမဟုတ်။ ကျွဲကူးရေပါ သူတို့ဆပ်ရန်ရှိသည့် ဈေးကြွေးကို ဆိုင်းငံပေးရန် တောင်းဆိုကြကုန်၏။ ဈေးကြွေးနှင့်ဇာတိမာန် ရောထွေး ကုန်လေပြီ။
ဆြာဒင့်ကား လွယ်လွယ်နှင့် လက်လျှော့တတ်သူမဟုတ်။
ရွှေမှန်ကင်းအဆင်း ၀င်းဝင်းတောက်ခဲ့ပေ၊နောင်လာနောက်သားတွေ သိအပ်ကြတဲ့အခြေ ဟုသာခံယူပေသည်။သို့နှင့် အထက်အပိုဒ်တွင် ဖော်ပြခဲ့သော စွေးစွေးနီလှသည့် မြန်မာ့ဇာတိမာန်သမိုင်းတို့ကို အာပေါင်အာရင်းသန်သန်ဖြင့် တံတွေး သီးအောင် တနာရီကျော်မျှဟောပြောပြီးသည့်အခါ အားနာပါးနာအောင့်အည်းသည်းခံနားထောင်နေကြသည့် မင်းပရိသတ် သုံးဦးသည် တည်ခင်း ဧည့်ခံအပ်သော အဖန်ရည်ခွက်ကို ကိုင်၍မျှပင်မကြည့်ကြပဲ အသင့်ပါလာသော ယိုးဒယားပြည်ဖြစ် အားဖြည့် အချိုရည် အမ်မလွိုင်းဟဆစ်ပုလင်းတို့ကိုသာ ဖွင့်ဖောက် မော့သောက်ကြရင်း ဆြာဒင်အား စိတ်ပေါ့သွပ်နေ လေဟန် အဓိပ္ပါယ်ဆောင်သည့် မျက်လုံးများဖြင့် ပေကလပ်ပေကလပ် ကြည့်လျက်…
`ပေါက်ကရရှစ်ဆယ်ပါတကား၊ဟုတ်မှလဲလုပ်ပါဆြာဒင်ရယ်၊ဖူးခက်ကို ဗမာတွေပိုင်မပိုင်တော့ မသိဘူးဆြာ၊လတ်တလော မှာတော့၊ဗမာပြည်ကို တရုတ်ပိုင်တာသေချာတယ်´
`ဦးဒင်ရဲ့ပုံပြင်က ထိုင်းဗီဒီယိုနဲ့လည်းမတူဘူး။ဗီဒီယိုတွေထဲမှာတော့ စစ်သားယူနီဖောင်းအပြည့်နဲ့ထိုင်းတွေက ခါးတောင်း ကျိုက်နဲ့ ကျောပြောင်နေတဲ့ ဗမာစစ်သားတွေကို အပြတ်နှိပ်ကွပ်တာခင်ဗျ´
`ကျနော်ကြားဖူးတာကတော့ ဖူးခက်အရုပ်နှစ်ကောင်ညီအမဟာ အလောင်းဘုရားကို ဓားနဲ့ခုတ်သတ်လိုက်တာတဲ့၊ထိုင်းနဲ့ ဘောလုံးတောင်နိုင်အောင် ကန်ပါအုံးဆြာဒင်´
`ဆဲဗင်းအလဲဗင်းဆိုင်တောင်မရှိတဲ့ ဗမာပြည်က ထိုင်းကို ဘယ်လိုနိုင်မှာတုန်း၊နိုင်ငံတကာကြွေးမြီတွေတောင် မဆပ်နိုင်လို့ လျှော်ပေးနေရတယ်ဆို´
ဟူ၍ လေးနက်သော ရွှေဥာဏ်တော်တို့ဖြင့် အသီးသီး၊အဿကအဿက မှတ်ချက်ပြုကြလေ၏။ဆြာဒင်ကား ပြောင်မြောက်လှသော မြန်မာ့ရာဇ၀င်နှင့် မသိဆိုးရွား နိုင်လှစွာ မျက်ခြေပြတ်ကြလေသည့် ဒင်းတို့ လူဖလံသုံးကောင်အား ကျွဲမြီးတိုလွန်းလှသည်ဖြစ်၍ နားရင်းထအုပ်ချင်စိတ်ကို အတန်တန် မျိုသိပ်ရင်း အနီးရှိ ကွန်ပြူတာခလုပ်ကို ဒုန်းကနဲ နေအောင် ဆောင့်ဖွင့်လိုက်သောအခါ   ပေါ်ထွက်လာသော ဇာတိမာန် ခေတ်ဟောင်းတေးသံ သည် ဆြာဒင့်ကို မခိုးမခန့် ဆက်လက် လှောင်ပြောင်နေသယောင် ရှိပြန်တော့သည်။
`အမျိုးသားတွေ နိုးကြားလာကြပြီ၊ ကြိုးစားရှာကြသည်။ကူညီညာဝိုင်းကာ တို့တိုင်းတို့ပြည်၊တို့တိုင်းတို့ပြည် သာယာစေဖို့ အတည်၊ အနစ်နာခံကာ ကမ္ဘာမြေအတွင်းတွင် မြန်မာတွေစာရင်းဝင် ဖြစ်စေမည်။ တို့မြန်မာတွေဇာတာစန်းလဂ် ပွင့်လန်း လာခဲ့ပြီ၊ ဘုန်းတေဇာ ကမ္ဘာလျှမ်းမည် စာဆိုတွေနဲ့ အညီ မမေ့နိုင်သည်၊ ခေတ်ဆန်းချိန်ရောက်လုနီးပါပြီ၊

အမ်မလွိုင်းဟဆစ်=M150
↧

ဆြာဒင်နှင့် ကွက်ကျော်မြင်သူများ

$
0
0



ဆြာဒင်နှင့် ကွက်ကျော်မြင်သူများ
  (မင်းဒင်)
(၁)
`မောင်တို့ရွာကို ယောင်လို့တောင် မလာချင်ဘူးတဲ့၊ကညာခင် ကညာခင် ဆိုတဲ့စကားရယ်ကွယ်၊မှား…. မှားလိမ့်မဗျာ၊ အရင်က ရောက်ပြီးမို့၊ဟိုအရင်တုန်းက ရောက်ပြီးမို့ နောက်ချေးနဲ့အိုင်ဗွက်အလယ်မှာ၊ နောက်ချေးနဲ့အိုင်ဗွက်အလယ်မှာ ကျမတို့ စတိုင်ပျက်ပါတယ်ဆိုလို့ ၊ငိုတော့မလို နေတာများ…ဟား ဟား၊တခေါက်လောက်ကြွခဲ့ကြစမ်းပါ၊ကျုပ်နှမများကို ဖိတ်ကြား ချင်ပါတယ်ခင်ဗျာ၊ထိန်ဝါရောင် တိမ်တောင်တွေ စိမ်းစိမ်းစို အကိုတို့ရွာ အခုများတော့ မြို့ကြီးလို ဓာတ်မီးရောင် ရှိန် ကုသိုလ်ဖြစ်ဆေးရုံ ပွဲနဲ့လမ်းနဲ့သာသာယာယာ´
ဇနပုဒ်သာသာအခြေမှသည် ခန့်ထည်ကြီးမားလှသော ဧရာမခေတ်မီအဆောက်အဦကြီးများ၊ ကျယ်ဝန်းလှသည့်လမ်းမကြီး များဖြင့် ပြောင်းလဲတန်ဆာဆင်အပ်သည့် ရာဇဌာနီဟု ခေါ်တွင်သမုဒ်အပ်သော နေပြည်တော်ကြီးရှိ ပြည်ထောင်စု လွှတ်တော် အဆောက်အဦးကြီးနှင့် မလှမ်းမကမ်းတွင် ဆြာဒင်သည် တစုံတခုကို စိတ်အားထက်သန်စွာ မျှော်လင့်စောင့် ကြိုရင်း ရှေးသီချင်းတပုဒ်ကို တိုးတိုးညည်းလျက်ရှိလေသည်။ ဆိုင်းမဆင့် ဗုံမဆင့် ဆြာဒင်၏ ဖူးခက်-နေပြည်တော်ခရီးစဉ် တွင် လိုက်ပါခဲ့ကြသော လက်စွဲတော် တပည့်ကျော် နှစ်ဦးဖြစ်သည့် ကပ္ပလီနှင့်အာရုံခေါ်ဖေကြည်တို့ကား ငေါင်ကြောင် ကြောင် မျက်နှာပေးတို့ဖြင့် ဆြာဒင့်နောက်တော်ပါးဝယ် ခပ်ငူငူရပ်လျက်ရှိကုန်၏။ဆြာဒင်မှာမူ တပည့်ကျော်နှစ်ဦးကို မေ့ လျော့နေဟန်ရှိကာ သီချင်းတအေးအေးဖြင့် တစုံတခုကိုသာ သဲကြီးမဲကြီး ၊ဇွဲကြီးကြီးဖြင့် စောင့်ကြိုလျက်နေလေသည်။
(၂)
မကြာပါချေ။အစည်းအဝေးပြီးဆုံးချိန်ဖြစ်၍ လွှတ်တော်အတွင်းမှ ကိုယ်စားလှယ်တော်အမတ်များ လမ်းမပေါ်သို့ စုပြုံဆင်း လာကြသောအခါ ထိုအထဲတွင် တစုံတယောက်ကို ရုတ်တရက်လှမ်း၍တွေ့မြင်လိုက်သောကြောင့် ဆြာဒင်သည် ထိုပုဂ္ဂိုလ်ကြီးရှိရာသို့ ခတ်သုတ်သုတ်လျှောက်သွားလေသည်။ခေါင်းပေါင်းစတလူလူနှင့် အဆိုပါအမတ်မင်းကား အရပ် အမောင်း ပုပျပ်လျက်ပါးစုန့်နှစ်ဖက်မှာ ဖောင်းလျက်ရှိ၏။သမ၀န်ကြီးပေတည်း။သူကား မကြာမတင်သော ကာလက လွှတ်တော်ရုပ်စုံ သဘင်အတွင်း ဆဒ္ဒန်ဆင်မင်းဇာတ်တော်ဖြင့် အလွမ်းသယ်ခဲ့ဖူးသောကြောင့် ဂုဏ်သတင်း မွှေးခဲ့သူ ဖြစ်၏။
တရုတ်နိုင်ငံမှ ငွေချေးသူသမ၀ါယမ ၀န်ကြီးသည် အတိတ်ကာလ၌ မအောင်မြင်ခဲ့သည့် အားနည်းချက်သည် အနာဂတ် ကာလ၏ အဖြေဖြစ်ကြောင်း၊ လက်ရှိတွင်လည်း ၎င်းဌာန၏ ၀န်ထမ်းများ၊ အသင်းသားများ၊ အမှုဆောင်များကို ၎င်းကိုယ် တိုင် ဦးဆောင်၍ လမ်းမှန်ပေါ်မှ သွားလာနိုင်ရန် ကြပ်မတ် ဆောင်ရွက်ပေးနေကြောင်း ကိုယ်စားလှယ်များ၏ ဆွေးနွေးမှု အပေါ် ပြန်လည်ရှင်းလင်း ပြောဆိုခဲ့ကြောင်း ယခုရက်ပိုင်းသတင်းများတွင်ဖော်ပြထားလေသည်။သူက `နိုင်ငံခြား တိုင်းပြည်တွေမှာ အံ့သြလောက်အောင်၊ အောင်မြင်နေတာပဲ၊ ဒါဟာ ကျနော်တို့အတွက် အဖြေပါပဲ၊ အဲဒီနိုင်ငံမှာ ရှိကြတာ လည်း လူတွေပါပဲ၊ ကျနော်တို့လည်း လူတွေပါပဲ´ဟုလည်း ဆိုသည်။
`၀န်ကြီးခင်ဗျာ၊၀န်ကြီးရဲ့အဆိုအောင်မြင်မှုအတွက် အပလီဆိတ် လုပ်ပါတယ်ခင်ဗျာ´
အမတ်မင်းသည် ကြောင်အမ်းအမ်းအမူအရာဖြင့် ဆြာဒင့်ကို အကဲခတ်နေ၏။
`ကျုပ်နာမည် ဆြာဒင်ပါဗျ၊ ဂန္ဓလရာဇ်ပြည်က ဒေါ်လာငွေသန်းတစ်ရာချေးပြီး တောင်သူလယ်သမားတွေ၊ ကျေးလက် ပြည်သူ တွေကို ပြန်ပြီး ငွေထုတ်ချေးမဲ့ ၀န်ကြီးရဲ့ အစီအစဉ်ကို ကျုပ် လွှတ်သဘောကျလွန်းလို့ပါ။လွှတ်တော်မှာ ဒီအဆို အောင်မြင်ခဲ့တဲ့အတွက် ၀န်ကြီးနဲ့အတူ ဂုဏ်ယူပါရစေခင်ဗျာ´
ဝန်ကြီးမှာ အတန်ငယ်ပြုံးယောင်သန်းလာလျက် ` ဒါပေါ့၊ဒါပေါ့´ဟု တည်တည်ကြီးမိန့်လေ၏။
ထိုမှတဖန် မလိုသူများက အနှိပ်တော်ဟု အမနာပပြောဆိုခြင်းခံရသည့် တောင်သာ၊၀ဲလောင်ဇာတိအမတ်မင်းကို တွေ့မြင် ပြန်သည့်အခါ ဆြာဒင်သည် ဖုံးမရဖိမရ ၀မ်းသာအယ်လဲအမူအရာဖြင့် တလေးတစားသွားရောက်နှုတ်ဆက်ပြန်လေ၏။
`အညာသားတွေထက်တယ်ဆိုတာ အညာသားချင်းမို့ ကျုပ်သိပြီးသားပါ၊အကိုကြီးလိုလူမျိုးက ၀င်ပြီးထောက်ခံလိုက်မှ ပွဲမြန် မြန်ပြတ်သွားတာနေမှာ၊နို့မဟုတ်ရင် အများစုကယောင်ဝါးဝါး ဖြစ်ကုန်ကြမှာ၊များများချေးနိုင်လေကောင်းလေပေါ့၊ ကွန်ဂက် ကျုလေးရှင်းအကိုကြီး´
မျက်နှာထားအတန်ငယ်တင်းသည့် အမတ်မင်းကား ကျေနပ်လှသည့်အမူအရာဖြင့် မျက်မှန်ထူကြီးကို ပင့်တင်ရင်း ခေါင်း တဆတ်ဆတ်ငြိမ့်ပြကာ ဆြာဒင့်ချီးမွမ်း စကားကို တုန့်ပြန်သမှုပြုလေသည်။
ထို့နောက် ဆြာဒင်သည် အစိမ်းရောင်ယူနီဖောင်းဝတ် အမတ်မင်းများရှိရာသို့ အပြေးတပိုင်းသွားတဲ့ကာ ယင်းတို့နှင့် မလှမ်းမကမ်းတွင် ခြေစုံရပ်လျက် တပ်ဓလေ့ထုံးစံအတိုင်း နဖူးနှင့်လက်ကိုထိကာ အချိန်အတန်ကြာမျှ အလေးပြုနေပြန် လေသည်။ရာခိုင်နှုန်းတမတ်အင်အားရှိသော အဆိုပါအမတ်မင်းများကား ချေးငွေအစီအစဉ်ကို ထိုင်ရာမထသော အားထုတ်မှုဖြင့်ထောက်ခံခဲ့ကြသူများပေတည်း။
(၃)
ထိုစဉ် အန်အယ်ဒီအမတ်မင်း ဦးဖြိုးမင်းသိန်းသည် ဆြာဒင့်အပါးမှ ဖြတ်လျှောက်သွားလေရာ ဆြာဒင်သည် ဖုတ်လေသည့် ငပိရှိသည့်ဟန်ပင်မပြချေ။ဦးဖြိုးမင်းသိန်းကား ….
တရုတ်နိုင်ငံမှ ချေးယူမည့် ငွေ၏ အတိုးနှုန်းသည် တခြားနိုင်ငံများ၏ အတိုးနှုန်းထက် များနေကြောင်း၊ ထို့အတူ ၀န်ဆောင် မှု စရိတ်လည်း ကြီးမြင့်ကြောင်း၊အများပြည်သူ၏ ဘ၀မြှင့်တင်ရမည်မှန်သော်လည်း ယခုကဲ့သို့ အချိန်မျိုးတွင် အမှားခံ၍ မရကြောင်း၊“သမ ၀န်ကြီးဌာန လက်အောက်မှာ စီမံကိန်းတရပ် ရရှိဖို့အတွက် ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ ဒီလို စွန့်စားမှု မျိုး မလုပ်သင့်ဘူး၊ ဘတ်ဂျက်လိုငွေပြနေတဲ့ တိုင်းပြည်မှာ နောက်ထပ် ပိုမိုကြီးလေးတဲ့ အခြေအနေမျိုး မဖြစ်ဖို့ ပြည်ထောင် စု ကိုယ်စားလှယ် အားလုံးက စနစ်တကျ စဉ်းစားဆောင် ရွက်သင့်တယ်”ဟုဆိုကာ ငွေချေးမည့်အစီအစဉ်ကို ကန့်ကွက် ဆွေးနွေးခဲ့သူတည်း။
အမတ်မင်းများကြားတွင် ရောက်နေသောဆြာဒင်မှာ တိုးရင်းဝှေ့ရင်း အမတ်မင်းဦးဖုန်းမြင့်အောင်နှင့် မထင်မှတ်ပဲ မျက်နှာ ချင်းဆိုင်ဆုံပြန်လေသည်။ဆြာဒင်သည် ရုတ်ခြည်းပင် ချာကနဲမျက်နှာလွှဲပြန်လေသည်။အဆိုပါအမတ်မင်းသည်လည်း ချေးငွေကိစ္စနှင့်စပ်လျဉ်း၍……
“ဒေါ်လာသန်း ၁၀၀ စချေးတာနဲ့ နေ့ပြန်တိုးချေးသလိုမျိုး တရုတ်ကို တသန်းပြန်ပေးခဲ့ရမယ်၊ ပြီးမှ ၄ ဒသမ ၅ ရာခိုင်နှုန်း ပုံမှန်ပေး ရဦးမယ်လေ၊ ဒါဟာ အလွန်များပြားတဲ့ အတိုးနှုန်းပါ၊ ဒီချေးငွေတွေနဲ့ လယ်သမားတွေရဲ့ ဘ၀ကို ဘာမှ ပြောင်းလဲ ပေးနိုင်မှာလည်း မဟုတ်ဘူး´ဟူသော မှတ်ချက်ကို ပြုခဲ့သူဖြစ်၏။
ထို့အတူ ချေးငွေအစီအစဉ်အပေါ် `မြန်မာနိုင်ငံသည် အကြွေးသံသရာ လည်နေသည့် နိုင်ငံဖြစ်၍ အတိုးနှုန်းကြီးမြင့်သည့် နှုန်း ထားဖြင့် ငွေမချေးသင့်ကြောင်း၊ ထိုချေးငွေကိုလည်း မည့်သည့်နေရာတွင် မည်သည့်လုပ်ငန်း လုပ်မည်၊ အကျိုးအမြတ် မည်ကဲ့သို့ရမည် ဆိုသည်ကို တိတိကျကျ ရှင်းပြနိုင်ခြင်း မရှိကြောင်း၊“၀န်ကြီး ဦးကျော်ဆန်းကတော့ ပြောတာပေါ့လေ၊ ၀ိုင်းကြီးချုပ် စနစ်နဲ့ချေးမယ်၊ ပုံမှန်ပြန်ဆပ်သူ ကို နောက်ထပ် ၂ ဆ၊ ၃ ဆ ထပ်ချေးမယ် ဆိုတာမျိုးတွေ ပြောတယ်၊ ပြောမယ်ဆိုရင် ကျမ တို့ဆီမှာ ဘယ်တုန်းကများ သမ၀ါယမ စနစ်က အောင်မြင်ခဲ့ဖူးလို့လဲ´စသည်ဖြင့် ကန့်ကွက်ဆွေးနွေး ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးကိုလည်း ဆြာဒင်မြင်ပါလျက်ကယ်နှင့် မသိကျိုးကျင်ပြုပြန်လေသည်။

(၄)
ဆြာဒင်နှင့်ထပ်ချပ်မကွာလိုက်ပါရင်း အူကြောင်ကြောင်လုပ်ရပ်တို့ကို မကြည့်ချင်မြင်လျက်သားဖြစ်နေသည့် နောက်ပါ တပည့်ကျော်တို့သည် ဆြာဒင့်ကို မြင်ပြင်းကပ်လာဟန်ရှိလေသည်။
`ဘာတွေ လျှောက်လုပ်နေတာတုန်းဆြာဒင်ရ၊ပြောင်းပြန်တွေ ဖြစ်ကုန်ပြီထင်တယ်နော်´
`ညံ့ကြပါ့ကွာ၊ တည့်လွန်းလို့ ပူဇာစပူဇနေယျာနံနေတာကွ´
`အံ့ပါ့ဗျာ၊ တရုပ်ဆီက ချေးစားမဲ့အစီအစဉ်ကို ဘာများအပလီဆိတ်လုပ်နေစရာရှိလဲဗျာ´
`ဒါဟာ ကွက်ကျော်မြင်တယ်လို့ ခေါ်တယ်ကွ၊မင်းတို့သာ သမိုင်း သင်ပြီး အ နေကြတာ´
ဟု အစချီကာ အရည်အချင်းညံ့ဖျင်းလှသော တပည့်ကျော်များအား အောက်ပါ အကြောင်းခြင်းရာ အထောက်အထားများ ကိုဖတ်စေလျက် စာအလွန်ဖတ်သူကြီး၏အိုက်တင်အပြည့်ဖြင့် ရှင်းလင်းလေ၏။
မြန်မာနိုင်ငံအပေါ် တင်ရှိနေသော အာရှဖွံ့ဖြိုးရေးဘဏ် (ADB)နှင့် ကမ္ဘာ့ဘဏ်တို့၏ ကြွေးမြီများ ရှင်းလင်းခဲ့ပြီးကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှသတင်းထုတ်ပြန်လိုက်သည်။
၁၉၇၃ခုနှစ်ခန့်က စ၍ အေဒီဘီနှင့်ကမ္ဘာ့ဘဏ်တို့ထံမှ ဖွံ့ဖြိုးမှုချေးငွေများ မြန်မာက ရယူပြီး ပြန်ဆပ်ရန် အချိန်စေ့ပြီးနောက် ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိခဲ့သည့် ကြွေးမြီလက်ကျန်များကို(ADB)၊ကမ္ဘာဘဏ်၊ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးဘဏ်(JBIC)တို့နှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ညှိနှိုင်း၍ စာရင်းရှင်းလင်းရေးလုပ်ဆောင်လာခဲ့ကြခြင်း ဖြစ်သည်။ ဇန်န၀ါရီလ (၁၇)ရက်နေ့တွင် (JBIC)ထံမှ အမေရိကန်ဒေါ်လာ ၅၁၂သန်းကို ပေါင်းကူးချေးငွေအဖြစ် ရယူ၍ (ADB)သို့ အကြွေးဆပ်ခဲ့ပြီး ထို (ADB)မှ နှစ်ပေါင်းသုံးဆယ်အတွင်း ပထမအများဆုံးချေးငွေအဖြစ် ပြန်လည်ရရှိသည့် အမေရိကန် ဒေါ်လာ ၅၁၂သန်းဖြင့် (JBIC)၏ပေါင်းကူးချေးငွေအားထိုနေ့တွင်ပင် ပြန်လည်ပေးဆပ်ခြင်းဖြင့် ကြွေးမြီလက်ကျန်စာရင်း ရှင်းခဲ့ကြခြင်းဖြစ်သည်။
ထို့အတူဇန်န၀ါရီလ ၂၅ရက်နေ့ကလည်း (JBIC)ထံမှ ဒေါ်လာသန်း ၄၃၀ကို ပေါင်းကူးချေးငွေအဖြစ် ရယူကာ ကမ္ဘာ့ဘဏ် သို့ ကြွေးဆပ်ခဲ့ကာ ကမ္ဘာဘဏ်မှ ပြန်လည်ရရှိသည့် ချေးငွေ ဒေါ်လာသန်း ၄၃၀ ဖြင့်ပင် (JBIC)၏ပေါင်းကူးချေးငွေကို ပေးဆပ်ရှင်းလင်းလိုက်ကြသည်။(Myanmardaily.net)
ဆြာ့ခြေရာမနင်းနိုင်ကြရှာသော တပည့်များကား ဒုံးဝေးလှချေ၏။
`ဆြာဒင့်သတင်းကလည်း ပေါင်းကူးတာတွေများနေတယ်၊နားမရှင်းလှဘူး´
`တုံးချက်ကတော့ ကမ်းကုန်ရော၊တိုတိုပြောရရင် ဆပ်စရာရှိတဲ့အကြွေးမဆပ်နိုင်လို့ များများထပ်ချေးပြီး သုံးပင်လိမ်လိုက် တဲ့သဘောပေါ့ကွာ၊နောက် သတင်းတပုဒ်ကတော့ နားရှင်းမယ်ထင်ပါရဲ့´
ဂျပန်ကြွေးမြီလျှော်ပစ်ကြောင်း တရားဝင်ကြေညာ(၂၀၁၂ ခုနှစ်၊ဧပြီလ ၂၁ရက်၊အာအက်ဖ်အေ)
ဂျပန်နိုင်ငံကို သမ္မတဦးသိန်းစိန်ရောက်ရှိပြီး ဂျပန်ဝန်ကြီးချုပ် ယိုရှိဟီကို နိုဒါ(Yoshihiko Noda)နှင့် ဆွေးနွေးမှုတွေ လုပ်ပြီးတဲ့နောက် ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အခုလိုကြေညာလိုက်တာပါ၊ဒီမိုကရေစီဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ဆောင်သွားကြဖို့ လိုကြောင်းလည်း ဂျပန်ဝန်ကြီးချုပ်က ပြောသွားပါတယ်။အရင်က ရပ်ဆိုင်းထားခဲ့တဲ့ ဂျပန်အစိုးရရဲ့ နိုင်ငံရပ်ခြားအကူအညီ အိုဒီအေပြန်ပေးနိုင်ဖို့အတွက်ပြင်ဆင်နေပြီလို့လည်း ပြောပါတယ်။အခုလို ကြွေးမြီ တွေ လျှော်လိုက်တဲ့အတွက် မြန်မာအစိုးရအနေနဲ့ ဂျပန်နိုင်ငံထံက နှစ်ပေါင်း၂၅နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ချေးငွေတွေ ရယူနိုင်တော့မှာဖြစ်ပါတယ်။
(၅)
ဆြာဒင့်တပည့်ကျော်ကပ္ပလီနှင့်ဖေကြည်ကား အူကြောင်ကျားမျက်နှာပေးဖြင့် ရှိနေဆဲပေတည်း။ဆြာဒင်သည် စိတ်ရှည် လက်ရှည်ဖြင့် ကျမ်းကိုးတခုကိုထုတ်ပြန်လေ၏။
နေပြည်တော် ဇူလိုင်လ(၃၁)ရက်။
ဝန်ကြီး  ဦးဝင်းရှိန်နှင့်  အမျိုးသား စီမံကိန်းနှင့်  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်တို့သည်    ပြင်သစ်နိုင်ငံ    နိုင်ငံခြား ကုန်သွယ်ရေး ဝန်ကြီး H.  E.  Mrs. Nicole BRICQ ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင်  ဘဏ္ဍာရေး ဝန်ကြီးဌာန  အစည်းအဝေး ခန်းမ၌ လက်ခံ တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များ၊    ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ဆိုင်ရာ ကိစ္စရပ်များ၊ပဲရစ်ကလပ် သဘောတူညီ ချက်အရ မြန်မာနှင့် ပြင်သစ် နှစ်နိုင်ငံအကြား ကြွေးမြီ ရှင်းလင်းရေး ဆိုင်ရာ  လက်မှတ် ရေးထိုးပွဲ ကျင်းပပြီး ကြွေးမြီဆိုင်ရာ ကိစ္စရပ်များ၊  နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ   ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲ တွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံ၏ ပဲရစ်ကလပ်နှင့် ကြွေးမြီ ရှင်းလင်းရေး ကိစ္စများတွင် ပြင်သစ် နိုင်ငံ၏  ဦးဆောင် ကူညီမှုကို အသိအမှတ်ပြု ကျေးဇူး တင်ရှိပါကြောင်း၊မကြာသေးမီက နိုင်ငံတော် သမ္မတကြီးနှင့် ပြင်သစ် သမ္မတတို့ တွေ့ဆုံစဉ် ပြင်သစ်နိုင်ငံသို့  မြန်မာနိုင်ငံက  ပေးဆပ်ရန် ကျန်ရှိသည့်  ကြွေးမြီများ ကိစ္စ ဖြေရှင်းပေး ရန်  လျှော့ပေါ့ပေးရန် ပြောကြားခဲ့သည့်အပေါ်  အကောင်းဆုံး အဖြေရှာနိုင်မည်ဟု ယုံကြည် မျှော်လင့်ပါကြောင်း၊ ပြင်သစ် နိုင်ငံ ကုမ္ပဏီများ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း၊  ဘဏ္ဍာရေး၊ ငွေရေးကြေးရေး နှင့်  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များတွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမည့် သူများအား ဥပဒေ လုပ်ထုံး လုပ်နည်းနှင့်အညီ  ကူညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။ပြင်သစ်နိုင်ငံ  နိုင်ငံခြားကုန်သွယ်မှု ဝန်ကြီးက  မိမိနှင့်အတူ ပြင်သစ် ကုမ္ပဏီ၂ဝ ခန့် လိုက်ပါ လာပါကြောင်း၊ မြန်မာနိုင်ငံတွင်    ရင်းနှီးမြှုပ်နှံမှု ပြုလိုသည့် ကုမ္ပဏီများစွာ ရှိပါကြောင်း၊ လက်ရှိတွင်လည်း TOTAL ရေနံ ကုမ္ပဏီကဲ့သို့ ကုမ္ပဏီကြီးများလည်း  လုပ်ကိုင် နေပါကြောင်း၊ ပြင်သစ် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များတွင်  လိုအပ်သည့် အကူအညီများ ပေးစေလိုပါ ကြောင်း၊ပြင်သစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်း ပံ့ပိုး ကူညီ ဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း ပြောကြားသည်။ ပြည်ထောင်စု ဝန်ကြီး    ဒေါက်တာ ကံဇော်က မြန်မာနိုင်ငံသို့ GSP အခွင့်အရေး ပေးသည့်အတွက်  ကျေးဇူး တင်ရှိပါကြောင်း၊   ပြင်သစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ နည်းပညာ ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု များအတွက် အကူအညီများပေးစေလိုပါကြောင်း  ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ၂ဝ၁၃ ခုနှစ်  ဇန်နဝါရီ  ၂၄  ရက်က ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ကြွေးမြီ ရှင်းလင်း နိုင်ရေးနှင့်စပ်လျဉ်းသောပဲရစ်ကလပ်အစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့သည့်  Agreed  Minutes  on the   Treatment  of  the  Republic of  the  Union  of  Myanmar အရ ပြင်သစ် နိုင်ငံနှင့် မြန်မာနိုင်ငံ တို့အကြား နှစ်နိုင်ငံ သဘောတူ စာချုပ်အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ ကိုယ်စား ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်နှင့် ပြင်သစ် နိုင်ငံကိုယ်စား နိုင်ငံခြား ကုန်သွယ်ရေးဝန်ကြီး H.E.  Mrs. NicoleBRICQတို့က  လက်မှတ်ရေးထိုးခဲ့ကြောင်းသတင်းရရှိသည်။ (မြ၀တီအွန်လိုင်း သတင်း)
သို့တစေ ဆြာဒင့်တပည့်များကား နားဝေးလှချေ၏။
`ဒဲ့ဒိုးသာရှင်းစမ်းပါဆြာဒင်ရာ´
`ဟ၊သမိုင်းတလျှောက်လုံး ယူခဲ့ဖူးသမျှအကြွေးမှန်သမျှ ပြန်ဆပ်ဖူးတဲ့ နိုင်ငံမှမဟုတ်တာ၊ကြွေးသိပ်များလာရင် ကြွေး ပြန်မဆပ်နိုင်တဲ့ အခြေအနေ ၊တိုင်းပြည်ဖြူကာပြာကာကျအောင်ဖန်တီးလိုက်၊နောက် လမ်းမှန်ပေါ်ခဏပြန်တက်ပြ လိုက်၊အသံကောင်းဟစ်ပြလိုက်၊ ကြွေးတွေပြန်လျှော်ပစ်လိုက်၊ ဒါမှမဟုတ်ကြွေးရှင် ကျေနပ်မဲ့ စီမံကိန်းတွေချပေး လိုက်၊ကြွေးပြန်ဆပ်မဲ့နည်းလမ်းကို စဉ်းစား စရာမှ မလိုတာ၊အဲဒီကြွေးသံသရာကြီးထဲမှာ ပျော်ပျော်ကြီးလည်လိုက်ကြရအောင် ပျော်ပျော်ကြီးချေးလိုက်ကြစို့၊ ပျော်ပျော် ကြီးစားလိုက်ကြစို့ရဲ့´
`ဟား၊ခုမှပဲ နားခွက်က မီးတောက်တော့တယ်၊တကယ့်ကို ကွက်ကျော်မြင်တဲ့ ဆြာဒင်ပါကလား၊အပလီဆိတ် ကွန်ဂက်ကျု လေးရှင်းပါဆြာဒင်´
ဆြာဒင်၏လိုတိုရှင်းသွန်သင်ချက်ကြောင့် ကပ္ပလီနှင့်ဖေကြည်တို့ ကိုယ့်နဖူးကိုယ်ရိုက်ကြရင်း မျက်နှာအသီးသီး ၀င်းပ ကြည်လင်သွားကြချိန်တွင် ဆြာဒင်သည် စိတ်လက် ပေါ့ပါးသွားဟန်ဖြင့် ရင်ကိုကော့လျက် တေးသွားအလိုက်တခုကို ရွှင်လန်း တက်ကြွစွာ လေချွန်သီကျူးနေလေသည်။
`သိဒ္ဓိအဖုံဖုံ ကုံလုံစေမည်၊နေ့စဉ်ညစဉ်ဖိုမထိုးပဲ အကျိုးထူးနိုင်မည်။ ဗမာပီပီနဂါးနီတန်ခိုးနဲ့မြေလျှိုးပါလို့ မိုးပျံနိုင်မည်။ မွဲတဲ့သူတွေငွေမရှားရအောင် ကြိုးပမ်းလို့ ဆောင်ရွက်ကာမှန်း ရှေ့ကလမ်းပြမည်။ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည်။ လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည်။


အပလီဆိတ်=Appreciate
ကွန်ဂက်ကျုလေးရှင်း=Congratulation
↧

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0




“ခင်ဗျားနဲ့တော့ ခက်နေပါပြီ၊ ဘယ်စာအုပ်ဘယ်အကိုးအကားမှ ပြီးပြည့်စုံတယ်ရယ်လို့မရှိနိုင်ဘူး၊ ယုတ်စွအဆုံး ပိဋကတ် သုံးပုံ၊သမ္မာကျမ်းစာနဲ့ ကိုရမ်ပါမကျန် အငြင်းပွားစရာရှိကြတာပါပဲ၊အခု ကျနော်မထင်မှတ်ပဲ ဖူးခက်သမိုင်းကြောင်းကို ရေးထားတဲ့ စာအုပ်တအုပ် ဖတ်မိနေတယ်၊ ရေးသူက ကော်လင်းမက်ကေတဲ့၊သူက စကော့လူမျိုး၊သူက တန်ဇန်နီးယား ကမ်းခြေမှာ ကြီးပြင်းခဲ့တယ်၊အဲဒီနေရာက ဖူးခက်နဲ့ ဆန့်ကျင်ဖက် အိန္ဒိယသမုဒ္ဒရာဘက်ခြမ်းမှာ ရှိတယ်ဆိုပဲ၊သူ့စာအုပ် နောက်ကျောဖုံးစာရေးသူရဲ့ကိုယ်ရေးမှတ်တမ်းအကျဉ်းမှာ ရေးထားတာက `On the opposite side of the indian ocean  from Phuket´လို့ဆိုတယ်ဗျ”
“ခင်ဗျားစာအုပ်က ဟိုးရှေးရှေးက စာအုပ်ဟောင်းကြီးများဖြစ်နေမလားဗျာ”
“တော်ပါကိုရင်ရယ်၊ ၂၀၁၂ထုတ်အသစ်စက်စက်ခင်ဗျ၊သူကအီဒင်ဘာရာတက္ကသိုလ်ကနေ သမိုင်းဘာသာရပ်အဓိကနဲ့ မဟာဘွဲ့ရခဲ့တယ်၊နောက်သူက သတင်းသမားအဖြစ် အာရှဖက်ကို ပြောင်းပြီးအခြေချခဲ့တယ်၊သူဟာ ဖူးခက်ကို ၁၉၈၅နှစ် မှာ ပထမဆုံးအကြိမ်မှာ ရောက်ခဲ့တာဆိုပဲ၊၁၉၉၈မှာတော့ ဖူးခက်ကိုရောက်လာတာ ဒီနေ့အထိ ဆိုပါတော့၊သူ့ဇနီးက ထိုင်း အမျိုးသမီး တဲ့ခင်ဗျ၊သူ့မှာ သမီးနှစ်ယောက်ရှိတယ်”
“ဟုတ်ပါပြီဗျာ၊သူက ဘာတွေများဖူးခက်သမိုင်းကို အထွေအထူးရေးထားသတုန်း”
“ကျနော်အခုပြောပြလိုက်ရင် ခင်ဗျားအံ့သြလွန်းလို့ ထိုင်ရာကနေ လဲသေသွားလောက်တယ်၊ဒီစာအုပ်မှာ ဖော်ပြထားတဲ့ ယိုးဒယားနဲ့မြန်မာ ဖူးခက်မှာ ဆင်နွဲခဲ့ကြတဲ့ တိုက်ပွဲတွေအကြောင်းဟာ အတော့်ကို အံ့သြစရာကောင်းတယ်၊ပိုပြီး အံ့သြဖို့ ကောင်းတာက အဲဒီတိုက်ပွဲတွေအကြောင်းကို ကိုယ်တိုင်ဝင်ပြီး စစ်တိုက်ခဲ့ဖူးတဲ့ မလေးစစ်သည်ကဗျာဆရာ တယောက်က ရေးခဲ့တာဆိုပဲ၊မလေးဘာသာကနေ အင်္ဂလိပ်ဘာသာကိုပြန်ဆိုခဲ့တာက သြစတေလျပါမောက္ခ စီရေးစကင်နာ၊အဲဒါကို ကိုးကားပြီိး အခုဒီစာအုပ်ကိုရေးတဲ့ ကောလင်းရောဘတ်မက်ကေက စကော့လူမျိုး၊ ထိုင်းအမျိုးသမီးနဲ့ အိမ်ထောင်ဖက် နေတဲ့သူ၊ အကြောင်းအရာက ယိုးဒယား မြန်မာစစ်သမိုင်း၊ဟော အခု ဒီစာအုပ်ကို ရှေးမြန်မာစစ်စစ် ကျနော်က ဖူးခက်မှာ လာသောင်တင်ပြီး ဖတ်မိရာကနေ ခင်ဗျားကို ပြန်ပြနေနိုင်တာကိုက ဆန်းချက်တစ်ခုလို့သာ မှတ်ပေတော့ဗျာ”
“ညွှန်းလှချည့်လား ၊စကားချီးတွေရပ်ပြီး လိုရင်းကိုသာ ပြောစမ်းပါလေ”
“သိချင်တော့လည်း ခင်ဗျားပဲ၊ သို့ပေမဲ့ ခင်ဗျားပြောသလောက်လွယ်လွယ်ပြောလို့ပြီးမဲ့ကိစ္စ မဟုတ်ပေဘူး၊ ဒါနဲ့ ညီလင်း ဆက် ဖူးခက်ကို ရောက်နေတယ်ဆို၊သူနဲ့မဆုံဖြစ်တာ သုံးနှစ်ကျော်ကြာခဲ့ပြီ၊ချင်းမိုင်မှာဆုံခဲ့ဖူးတာ  ခင်ဗျားမှတ်မိမယ်ထင် တယ်”
“အော်၊ဟုတ်တယ်ဗျ၊ သူဖူးခက်ကိုရောက်နေတယ်၊ကျနော့်ဆီကို မေးလ်ပို့ထားတယ်”
ကိုသက်ခိုင်၏လောဆော်မှုကြောင့် ညီလင်းဆက်ကို ကျနော်သတိရသည်။သူ့ကုမ္ပဏီ၏ စီစဉ်ဖေးမမှုဖြင့် ဖူးခက်ကို ရောက် နေသည်ဟုဆိုသည်။ခရီးသွားကုမ္ပဏီမှ အစီအစဉ်အတိုင်း သွားလာရသော ခရီးစဉ်ဖြစ်၍ သူနှင့်ချိန်းလိုက်လွဲလိုက်ဖြစ်နေ သည်ကများသည်။ကိုသက်ခိုင်သတိပေးသဖြင့် ကျနော်သူ့ထံဖုန်းဆက်ကြည့်ကာမှ ညရှစ်နာရီနောက်ပိုင်း သူတည်းရာ ဟိုတယ် ပါရာပါတောင်“ Para Patoong”မှာ ရှိနေပြီဆိုသည်။ သို့နှင့် ကိုသက်ခိုင်နှင့်ကျနော် ကားတစီးဖြင့် ပါတောင် ကမ်းခြေဖက်သို့ ထွက်ခဲ့ကြသည်။ကျနော်တို့ ပါတောင်ကမ်းခြေရောက်ချိန်တွင်ကား ညကိုးနာရီခန့်ရှိပေရော့မည်။
သူပြောသည့်ဟိုတယ်ကို ကျနော်တို့ချက်ချင်းရှာမတွေ့။ဖူးခက်မှာ ဟိုတယ်နှင့်တည်းခိုခန်းတွေ များပြားလွန်းလှသည်ဖြစ်ရာ ဟိုတယ်အမည်ပြောရုံဖြင့် တည်နေရာကို မသိနိုင်ချေ။ညီလင်းဆက်ကို ဖုန်းပြန်ဆက်သည့်အခါ သူတည်းခိုရာဟိုတယ်မှာ နိုဗိုတယ်ဟိုတယ်နှင့်နီးသည်ဆိုသဖြင့် ကလင်ဆွယ်ကျက်ဖက်သို့သွားရာ လမ်းဆုံရှိ နိုဗိုတယ်ဟိုတယ်ရှေ့ရောက်အောင် မောင်းကာ သူ့ကိုရှာသည်။မတွေ့။သူကမူ နိုဗိုတယ်ရှေ့ကားလမ်းမပေါ်မှာ သူရပ်နေသည်တဲ့။ကိုသက်ခိုင်စိတ်ရှည်ဟန် မတူ၊ကျနော့်လက်ထဲက ဖုန်းကို အသာဆွဲယူကာ ညီလင်းဆက်နှင့် စကားပြောအပြီး ကျနော့်ဘက်သို့လှည့်ကာ….
“ခင်ဗျားဗျာ၊ ဖူးခက်မှာနေတာ ကြာလှပြီ၊အခု သူပြောနေတဲ့ နိုဗိုတယ်ဆိုတာ အခု ပါတောင်ကမ်းခြေကိုလှမ်းမြင်နေရတဲ့ ဟိုတယ်မဟုတ်ဘူးဗျ၊ ဂျန်စီလွန်းကုန်တိုက်ကြီးရှိတဲ့ ရတ်ဦထေ့လမ်းမပေါ်က နိုဗိုတယ်အသစ်ကိုပြောနေတာ”
ချိန်းဆိုရာသို့ ရောက်သည့်အခါ ညီလင်းဆက်ကား ညဝတ်အကျီင်္ဖြင့်ပင် လမ်းမပေါ်မှာစောင့်နေရှာသည်။
စကားပြောဖော်ငတ်နေသော ကိုသက်ခိုင်မှာ ခေတ်မီမီကမ္ဘာကြည့် ကြည့်မြင်နိုင်သည့်လူငယ်တဦးနှင့် ဖူးခက်လိုနေရာ မှာမျိုးမှာ ဆုံရခြင်းအတွက် အတော်ပင် ဝမ်းမြောက်နေဟန် ရှိသည်။တိုက်ဆိုင်သည်ဟု ဆိုရပေမည်လော၊ ကျနော်တို့ သုံးဦးသား   ပုဂံဓမ္မရာဇက ကျောက်စာတွင်ပါရှိခဲ့သည့်သလင်းကြေ ခေါ်မလေးစကား အရ“ဘုကစ်”ဟုခေါ်သော၊ ယခု အခေါ်ဖူးခက်မြို့၏ ရှေးအမည်ဟောင်းကို အမည်တပ်ထားသည် ဂျန်စီလွန်း ကုန်တိုက်ကြီး၏အလယ် ဧရာမထီးကြီး တခု၏အမိုးအောက်ရှိ တစ်ခုသောကော်ဖီဘားမှာ စကားလက်ဆုံကျ ခဲ့ကြသည်။
ညီလင်းဆက်ကား 5 Network အမည်ရှိ ပြည်တွင်းရုပ်သံလိုင်းတခုတွင်  ထုတ်လုပ်ရေးမန်နေဂျာ အဖြစ်အလုပ်လုပ် နေသည်ဟုဆိုသည်။ ကျနော်နှင့် စကားလက်ဆုံကျလေတိုင်း ဦးဆောင်လေ့ရှိသော ကိုသက်ခိုင်သည် ညီလင်းဆက်၏ “ငါးဆားနယ်အမျိုးသမီးတယောက်” မှတ်တမ်းတင်ဇာတ်လမ်းအပိုင်းတိုလေးအကြောင်းကို ခေါင်းတငြိမ့်ငြိမ့်ဖြင့် စိတ်ဝင် တစားနားထောင်လျက်ရှိလေသည်။ ထို့နောက် မြန်မာပြည်တွင်း E-Gov စံနစ်ပြောင်းလဲရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကျင်းပပြုလုပ်ခဲ့သော အစည်းအဝေးတစ်မှာ ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများကို  အရီအမော များဖြင့် စကားဖောင်ဖွဲ့နေကြရာ ကျနော့်မှာ နားထောင်သူသက်သက်သာတည်း။
ကျနော်တို့နှင့်မလှမ်းမကမ်းတွင် ရေပန်းများဖြင့် အလှဆင်ထားသောဧရာမရှေးဟောင်းပုံစံ လှေကြီးတစင်းကို မြင်နေရ သည်။“Phuket  never sleep ”ဆိုရလောက်အောင် ခရီးသွား ဧည့်သည် များဖြင့်နေ့ညမဟူ စည်ကားနေတတ်သော ဖူးခက်မြို့၏ အဓိကရ ကုန်တိုက်ကြီးမှာ ဖွင့်လှစ်ထားသည့် ဆိုင်တချို့ ပိတ်စပြုနေချေပြီ။ မိုးရာသီမို့ ဖြစ်တန်ရာသည်။ ညီလင်းဆက်၏ တရားရှည်ကြီးအဆုံးတွင် ညီလင်းဆက်အား ကိုသက်ခိုင်မေးလိုက်သော မေးခွန်းမှာ စောစောက ကျနော်တို့ နှစ်ယောက် သား ပြောဖြစ်ခဲ့သည့် စကားလမ်းကြောင်းကို ပြန်ဆက်မိသလိုဖြစ်သွားစေပြန်သည်။
“လင်းဆက်ရေ၊ မင်းအခုရောက်နေတဲ့ နေရာဟာ တို့ဘိုးဘွားတွေ ပိုင်ခဲ့တဲ့နေရာဆိုရင် မင်းယုံမလား” ဟု စကားစ လိုက်သည်။
“ဖူးခက်ကို ဗမာတွေကျူးကျော်တုန်းက ရွတ်ရွတ်ချွံချွံခုခံခဲ့တဲ့ အနုစာဝါရီညီအမနှစ်ယောက်အကြောင်း အကိုကြီးပြောချင် တာထင်တယ်”
“အင်း၊ကိုယ်လည်း အရင်က နားစွန်နားဖျားနဲ့ အနုစာဝါရီညီအမဇာတ်လမ်းနောက်ခံဖူးခက်သမိုင်းကို သိခဲ့တာမို့ ဗမာဘုရင့် တပ်တွေ ဖူးခက်ကို ရောက်ရုံသာရောက်ခဲ့တာ ဘယ်တုန်းကမှ မသိမ်းနိုင်ဘူးထင်ခဲ့တာပါပဲ၊အခုမှ ဖူးခက်သမိုင်းစာအုပ် တအုပ်ဖတ်မိပြီး ဂဃနဏသိရတာပါပဲ၊ပြောရရင် နည်းနည်းတော့ရှည်မယ်ထင်ပါရဲ့၊အဲဒီ အနုစာဝါရီ ညီအမဟာ မွတ်ဆလင် အမျိုးသမီးတွေတဲ့ကွာ”
“ဗျာ”
“ညီလင်းဆက်ထံမှ ကျယ်လောင်သော အာမေဋိတ်သံထွက်ပေါ်လာသည်။
“မဗျာနဲ့ကိုရင်”
`မဗျာနဲ့ကိုရင်၊ အဲဒီအမျိုးသမီးနှစ်ယောက်ရဲ့နာမည်က လေဒီချန်း(Lady Chan)နဲ့ လေဒီမုက်(Lady Mook) တဲ့၊ အနုစာဝါရီ အ၀ိုင်းမှာ တွေ့နေရတဲ့ ရုပ်တုမှာ ဓားကိုင်ထားပေမဲ့ ထလန်ခံတပ်ဟောင်းလို့ ဖူးခက်သားတွေ လက်ခံထားတဲ့ ကွင်းပြင်ကြီး နားက နတ်စင်တခုမှာတော့ မွတ်ဆလင် အမျိုးသမီး အ၀တ်အစားနဲ့ခင်ဗျ၊လေဒီချန်းက အမအကြီးဆုံး၊သူတို့မှာ ယောက်ျား လေးနှစ်ယောက်၊မိန်းကလေးသုံးယောက် စုစုပေါင်းမွေးချင်း ငါးယောက်ရှိသတဲ့၊အဲဒီထလန်ရပ်ကွက်အနားမှာ ထိုင်းလူမျိုး ဖူးခက်သားအဘိုးကြီးတယောက်က ရှေးဟောင်း ပစ္စည်းတချို့စုဆောင်းပြီး ကိုယ်ပိုင်ပြတိုက်သေးသေးလေးတခု လုပ်ထား တဲ့နေရာကိုတောင် သေချာအောင် သွားကြည့် ဖူးသေးဗျာ´
`အခုကိုယ်ဖတ်နေတဲ့ ကော်လင်းရောဘတ်မက်ကေ(Calin Robert Mackay) ရဲ့ ဖူးခက်နဲ့သူ့ဝန်းကျင်သမိုင်း(A History of Phuket and the surrounding Region) ဆိုတဲ့ စာအုပ်မှာ ဖော်ပြထားတာက လေဒီချန်းဟာ ထလန်အုပ်ချုပ်ရေးမှူး မျိုးရိုးဖြစ်တဲ့ ဘန်တကီယန်(Ban Takien) မျိုးရိုး၊ Chom Rang နဲ့  Mah-sia တို့ကနေ  ၁၇၄ဝ ခုနှစ်မှာ သူ့ကိုမွေး တာတဲ့၊သူ့အမေ Mah-sia ဟာ  မုဆိုးမဖြစ်ပြီး၊ မောင်ဖြစ်သူက သူ့ပိုင်ဆိုင်မှုတွေကို မောင်ပိုင်စီးလိုက်တာကြောင့် မလေးရှားပိုင်ကဒက်ကျွန်းကနေ ဖူးခက်ကို ပြောင်းပြီး အခြေချခဲ့တာတဲ့ခင်ဗျ၊ Chom Rang နဲ့  Mah-sia ဟာ  ဖူးခက်မှာ  သားနှစ်ယောက် သမီင်္းသုံးယောက် ထပ်မံထွန်းကားခဲ့ပြီး အားလုံး မွတ်စလင်တွေဖြစ် ခဲ့ကြသတဲ့´
`ဟာ၊အကိုကြီးက အချက်အလက်တော်တော်များများကို မှတ်မိနေပါကလား၊ထလန်ခံတပ်ဟောင်းဆိုတာ ကျနော်တို့ မြန်မာတွေနဲ့ ထိုင်းတွေ ဖိုက်တင်ပလေးခဲ့တဲ့နေရာထင်ပါရဲ့၊တဖက်ကို အင်အားထောင်ချီတဲ့ တပ်တွေပါတဲ့ တိုက်ပွဲကြီး တွေထင်တယ်´
ညီလင်းဆက်ကား ကိုသက်ခိုင်ကို အံ့သြတကြီးကြည့်နေရင်း၊အနုစာဝါရီညီအမထက် စစ်ပွဲအကြောင်းကို ပိုမိုစိတ်ဝင်စား ဟန်ဖြင့်  မေးခွန်းထုတ်လိုက်သည်။
`အမယ်လေး၊ထောင်ချီတဲ့တပ်မဟုတ်ဘူးမောင်၊သောင်းချီတဲ့တပ်တွေ၊ အဲဒီထလန်ခံတပ်ဟောင်းရှိခဲ့တဲ့ နေရာကို ကိုယ် ရောက်ဖူးတယ်။ထလန်ခံတပ်ဟာ အလျားအနံမီတာလေးရာရှိတဲ့ လေးထောင့်စပ်စပ် သစ်ခံတပ်လို့စာအုပ်မှာ ဖော်ပြထား ပေမဲ့ လက်ရှိအခြေအနေမှာတော့ တောင်တန်းကြီးကိုနောက်ခံပြီး ကွင်းပြင်အတိဖြစ်နေတဲ့ နေရာကျယ်ကြီး အဖြစ်ပဲ တွေ့ရပါတော့တယ်၊အဲဒီခံတပ်နေရာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာဝန်းကျင် ဆင်ဖြူရှင်နဲ့ဘိုးတော်ဘုရားလက်ထက်တွေ တုန်းက ယိုးဒယားနဲ့ ဗမာတွေ အကြိမ်ကြိမ် စစ်ခင်းခဲ့တယ်ဆိုပါတော့၊ဆင်ဖြူရှင်ဟာ ယိုးဒယားတနိုင်ငံလုံးကို သိမ်းပိုက်ဖို့ စစ်သည်အင်အား တသိန်းလေးသောင်းလေးထောင်ပါတဲ့ ကိုးန၀င်တပ်ကြီးနဲ့ စစ်ချီခဲ့ဖူးတယ်။ တခုသောစစ်ကြောင်းဟာ ဖူးခက်ကို ရောက်ခဲ့တယ်။ဖူးခက်သူရဲကောင်းညီအမ ရင်ဆိုင်ခဲ့တဲ့ မြန်မာစစ်သည်တွေဟာ ဆင်ဖြူရှင့်တပ်ပါပဲ။
ဘိုးတော်ဘုရားဟာ ကုန်းဘောင်ခေတ်မင်းဆက်တွေ ထဲမှာ အကျယ် ၀န်းဆုံးသော မြန်မာ့အင်ပါယာကို ထူထောင်နိုင်ခဲ့လို့ ကုန်းဘောင်ပရမေလို့ အညွှန်းခံသူပေါ့။   တော်တော်များများကတော့ ထလန်ခံတပ်ဆိုတာ ရှိမှန်းတောင် သိဟန်မတူကြပါ ဘူး၊ ဖူးခက်ကို ရောက်နေတဲ့ မြန်မာတွေဆိုဝေလာဝေးပေါ့၊ဘိုးတော်ဘုရားလက်ထက် အဲဒီ ဖူးခက်ထလန်အရပ်မှာ ဆင်နွှဲခဲ့တဲ့ စစ်ပွဲကို ဗမာဘုရင့်ဘက်က ဦးဆောင်တိုက်ခိုက်ခဲ့သူက မြန်မာဗိုလ်ချုပ်ဟာ မင်းကြီး ငဦးတဲ့၊သူဟာ ဖူးခက် တိုက်ပွဲကို ကြီးကြပ်ကွပ်ကဲနေတုန်းမှာ  ဖျားနာပြီး ကွယ်လွန်ခဲ့တာ´
`မင်းကြီးငဦးတဲ့လား အကိုကြီးရ၊ တမျိုးကြီးဖြစ်နေသလားလို့´

(ဆက်လက်ဖော်ပြပါမည်။)
↧
↧

Article 0

$
0
0




ရာဇ၀င်ထဲမှာဘူးသီးတွေကို ထားရစ်ခဲ့နှင့် အခြားလက်စမ်းစာများ

စမ်းတ၀ါး ရေးခြစ်ထုဆစ်ခဲ့ဖူးသည့် လက်စမ်းစာများ စုစည်းတင်ဆက်မှု ။ ။

သက်ခိုင်စာပေမှထုတ်ဝေ၍ စက်တင်ဘာလကုန်တွင် မြန်မာတပြည်လုံးသို့ ဖြန့်ချိပါမည်။


မျက်နှာဖုံး သရုပ်ဖော်နှင့်လေးအောက်ဒီဇိုင်း ။ ။ သီဟမောင်မောင်
↧

ဆြာဒင်၏မြေရှာပုံတော်

$
0
0


              ဆြာဒင်၏မြေရှာပုံတော်

                        မင်းဒင်

(၁)

`(မြေ-ရေ-လေ-မီး ဓာတ်ကြီးအစုပါ၊ လွန်တရာမမြတ်သော အတ္တဘောခန္ဓာ၊)၂၊ (မုန်းဖွဲ့မလွတ်ပါ၊ သုံးဆယ့်နှစ် ကောဋ္ဌာ၊)၂၊ (မိုက်မဲအ၀ိဇ္ဖာ၊ စိတ်တဏှာ အနိဋ္ဌာ-ဣဋ္ဌာရုံထင်မိမှား၊ ကာယအပုပ်ကောင်ဟာ ဟုတ်ယောင်သာ ရုပ်ဆောင်စွာ ချူပ်နှောင် ကာ သူလှည့်စား၊ )၂၊ (တရားကွာမှားရှာ များသတ္တ၀ါ ဘ၀အနေကာ ဖြစ်ပျက်သံသရာ )၂၊ ရာ အာ အာ အ´
`ဗျို့ဆြာဒင်´
ကြည်နူးဖွယ်နံနက်ခင်းတွင် အနှစ်သာရရှိလှသည့် တေးသံကား ငှက်ဆိုးထိုးသံနှင့်လွန်စွာတူလှသော  တပည့်ကျော် ကပ္ပလီ၏အသံကြောင့် အရေးကောင်းဒိန်းဒေါင်းဖျက်၊ပျက်ရချေပြီ။ အဆိုပညာတွင် ၀ါသနာဘာဂီပါရမီအဟုန်ကြီး လှသော ဆြာဒင်တယောက် ကျိုက်လတ်ဦးပြုံးချို ရေးသားစီရင်အပ်သည့် တေဘုမ္မာသီချင်းကို အောင်မြင်ခံငြားလှသည့် အသံဝါ ကြီးဖြင့် ဌာန်ကရိုဏ်းကျကျ၊တရားသဘောပါပါ သီဆိုကျူးရင့်နေချိန်တွင်မှ အထစ်ထစ်အငေါ့ငေါ့ဖြင့် ရပ်လိုက်ရလေ၏။ ဆြာဒင်နှင့် အဖွဲ့ ရန်ကုန်တွင်သောင်တင်နေခဲ့သည်မှာ ရက်သတ္တပတ်အားဖြင့် အတန်ကြာညောင်းခဲ့ပြီ။
`ဆြာဒင့်သီချင်းက ဓမ္မဟစ်ဟော့ပါကလား၊ဧကန္တတရားရနေပြီထင်ပါရဲ့၊ဖူးခက်ကိုပြန်ကြစို့လေဆြာဒင်၊ အမေရိကန်တွေ ဆီးရီးယားကိုဝင်တိုက်တော့မယ်ဗျ´
`အရေးထဲသံတိုသံစကောက်ဖို့ချောင်းနေတဲ့သူက တမှောင့်ပါကလား၊နေဦးမောင်၊ဇာတိမြေရောက်တုန်းရောက်ခိုက် အရေး တကြီး ကိစ္စလေးတစ်ခု မဖြစ်မနေလုပ်ခဲ့ရအုံးမယ်´
`ဆြာဒင့်အဆင်ရှယ်ဘိဇနက်က ဘာများပါလိမ့်´
`မြေ၀ယ်မလို့ဟေ့၊မြေ၀ယ်မလို့ဟ၊ဘုံသုံးပါးအကြောင်းသီချင်းညည်းနေရင်း မြေ၀ယ်ဖို့ သတိရသဟ´
`တေဘုမ္မာနဲ့မြေ၀ယ်မဲ့ဘိဇနက် အဝေးကြီးပါလားဆြာဒင်ရယ်´
`နင့်ပါးစပ်ကိုပိတ် ၊မြေပွဲစားတွေဆီသာ ဖုန်းဆက်´
ငေါက်ငမ်းသံကြောင့် ကပ္ပလီငယ်ခမျာနှုတ်ဆိတ်သွားချိန်တွင် ဆြာဒင်တယောက် သတင်းစာဖြတ်ပိုင်းများ၊ဂျာနယ် အပိုင်း အစများ၊ ဈေးကွက်သတင်းများဖြင့်တမျိုး၊ ဖုန်းတဂွမ်ဂွမ်ဆက်ခြင်းဖြင့်တသွယ်၊လူကိုယ်တိုင် သွားရောက်ဆက်သွယ် ခြင်းဖြင့်တဖုံ၊အစွမ်းကုန် မြေကွက်ရှာပုံတော်ဖွင့်လေတော့သည်။မြေတကွက်တော့ရှိမှဖြစ်ချေမည်။
(၂)
ဆြာဒင်တယောက်ဇာတိနန်းဘုံမြေနှင့် အလှမ်းကွာဝေးခဲ့သည်မှာ ဆယ်နှစ်ဝန်းကျင်ခန့်သာရှိသေးသော်ငြား အချို့သော ကိစ္စရပ်များတွင် ဆြာဒင့်၏နုံနဲ့လှသောအသိဥာဏ်ဖြင့်လိုက်၍ မမီနိုင်အောင်ဖြစ်ရလေရာ မိုးဝဠာထက်က ဒုံးပျံပျံသန်း လေရာ နောက်သို့ မြေပြင်မှခြေလျင်တကောက်ကောက်လိုက်သူ၏ ဖြစ်အင်နှင့်ခိုင်းနှိုင်းသင့်တော့သည်တကား။ရှုလော့။
အိမ်မြေရောင်းရန် ။ပေတစ်ရာပတ်လည် ဆိတ်ငြိမ်ရပ်ကွက်၊အကွက်အကွင်းကျသည်။ ဈေးကျောင်းနီးသည်။ သိန်းသုံး သိန်း၊ကမ္ဘာအေးဘုရား လမ်းသွယ်၊ပေရှစ်ဆယ်ပေခြောက်ဆယ်၊အာစီနှစ်ထပ် သိန်းသုံးသောင်းခြောက်ထောင်။အနောက် ရွှေဂုံတိုင်လမ်းသုံညဒဿမနှစ်လေးဧက၊အုတ်ညှပ်၊သိန်းနှစ်သောင်းငါးထောင်။ခုနစ်မိုင်မလိခလမ်း ၅၅၀၀စတုရန်းပေ၊ ဘိုး ဘွားပိုင်၊သိန်းနှစ်သောင်းလေးထောင်။သုဝဏ္ဏဗီအိုင်ပီ၊ပေရှစ်ဆယ်ပတ်လည်၊အာစီ၊သိန်းနှစ်သောင်း။
`ဆြာဒင်ကြိုက်တဲ့နေရာပြောလိုက်လေ၊ဘယ်လောက်သုံးမလဲသာ ပြောလိုက်၊ဧကလိုက်လား၊ပါမစ်မြေလား၊ဂရန်မြေလား၊ ဘိုးဘွားလား၊ဈေးကတော့အမျိုးမျိုးပေါ့။ဆြာဒင် ဘယ်လိုလုပ်ငန်းမျိုးလုပ်မယ်စိတ်ကူးသလဲ၊ငွေဘယ်လောက်သုံးမယ် စိတ်ကူးသလဲ၊သိန်းပေါင်းခြောက်သောင်းသိန်းလား၊သိန်းကိုးသောင်းသိန်းလား၊မြေတွေပေါပါတယ်´
`ရတယ်လေဆြာဒင်၊ ဆင်ခြေဖုံးလား၊မြို့ပြင်လားသာပြောလိုက်၊စက်ရုံဆောက်မယ်ဆိုရင် သိန်းဘယ်နှစ်သောင်းသိန်း သုံး မယ်သာပြောလိုက်၊မြေကွက်က လွယ်ပါတယ်´
ဘုရား၊ဘုရား။ဆြာဒင်ခမျာ တရံတဆစ်ကမှ မကြားဖူးလေသည့်ကိန်းဂဏန်းများကြောင့် ကိုယ့်နားကိုယ်ပင် မယုံချင်ပဲ ယောင်ယမ်းပြန်စမ်းကာ ခေါင်းမူးချင်သလိုလို၊အဖျား ၀င်ချင်သလိုလို ဖြစ်လာသောကြောင့် မျက်စိကို အနားပေးမှေးလျက် နားမည်ကြံကာရှိသေး၊ ဘယ်ဆီသဝေထိုးရာက ပြန်လာမှန်းမသိသည့် တပည့်ကျော်ဖေကြည်ကလည်း မြွေပူရာကင်းမှောင့် ပြန်ချေ၏။
`ဗျို့ဆြာဒင်၊ မြေကွက်ဝယ်မလို့ဆို၊ လက်စသတ်တော့ ဆြာဒင်က ပြည်ပရင်းနှီးမြှုပ်နှံမှုတွေခေါ်လာပြီး စက်ရုံတွေဘာတွေ ဆောက်ဖို့ကြိတ်ကြံနေသကိုး´
`တော်စမ်းပါကွာ၊ဇောတိကအဖေတောင်အိမ်မ၀ယ်နိုင်တဲ့ကာလကြီးမှာ နဖာကလော်စက်ရုံထောင်နိုင်ရင်ကံကောင်း၊ အခု ကိစ္စက သေရေးရှင်ရေးမို့ပါ´
ဆြာဒင်ကား စကားစကိုမြန်မြန်ကာ ခေါင်းတယမ်းယမ်းဖြင့်၊ဂဏန်းပေါင်းစက်ကို တဂျောက်ဂျောက်အဆက်မပြတ်နှိပ်ရင်း ဆယ့်နှစ်လက်မတပေ၊ သုံးပေတကိုက် ကိုးစတုရန်းပေ တစ်စတုရန်းကိုက်၊စသည့်လင်္ကာတိုတို့ကို ပါးစပ်မှ တတွတ်တွတ် ရွတ်ဆိုလျက် အလုပ်ရှုပ် နေပြန်လေသည်။
(၃)
နေရေးထက်သေရေးခက်သမို့ လတ်တလောမြေကွက်မရသေးလျှင်ထားဘိဦး၊နောင်ကာလများတွင် အဆင်ပြေနိုင်ချေရှိ မရှိ သိလိုပြန်ပေရာ၊လွယ်လွယ်လက်မလျှော့ချင်သော ဆြာဒင်ကား မြေဈေးနှုန်းနှင့်ပတ်သက်၍ တာဝန်ရှိသူ တဦးဦးကို ချဉ်းကပ်စုံစမ်းရန် အကြံဖြစ်ပြန်လေ၏။တပည့်ကျော်ကပ္ပလီနှင့်အတူ ဆြာဒင်သွားရောက်ဆက်သွယ်တွေ့ဆုံခဲ့သူကား သမ္မတရုံး ၀န်ကြီးဖြစ်ပြီး အဆိုပါဝန်ကြီး နှင့်ပတ်သက်၍အောက်ပါသတင်းတပုဒ်ကို ဆြာဒင်ဖတ်ခဲ့ရသောကြောင့်ဖြစ်၏။
သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ''ကျွန်တော်တို့ ဒလဘက်မှာ လုပ်စရာ အကြောင်းမရှိဘူး။ တစ်ချိန်တော့ ရန်ကုန်မြို့ကြီးက ဒလဘက်ကို ချဲ့ဖို့အကြောင်းရှိတယ်။ အခုမဟုတ်ဘူး။ ကျွန်တော်တို့ မလုပ်ပေမယ့် ကြားကလူတွေက ဒလကိုလုပ်မယ် ဆိုတာနဲ့ မြေတွေအားလုံးက ဈေးတွေတက်သွားတယ်။ ကျွန်တော်တို့ ဒလကို လုံးဝ မလုပ်ဘူး။ ဒီအစိုးရ လက်ထက်မှာ ဒလမလုပ်ဘူး။ လူတွေက လုပ်ပစ်လိုက်တော့ လူတွေပဲ ဒုက္ခရောက်ပြီး ဘယ်နေရာ မှန်းမသိ၊ ညာနေရာမှန်းမသိ ဖြစ်သွားတယ်´စသည်ဖြင့် မိန့်ကြားခဲ့သော ဟူ၏။
ဒီမိုကရေစီခေတ်မို့ထင့်၊၀န်ကြီးကား ပြုံးရယ်ရွှင်ပြသောအမူအယာဖြင့် ဆြာဒင့်အား အလေးတယူလက်ခံတွေ့ဆုံ လေရာ ဆြာဒင်သည်လည်း မရဲသော်လည်းပြေးခဲစေဆိုသောစကားနှင့်အညီ ထင်ရာမြင်ရာ ရမ်းသမ်းသံတော်ဦးတင်လေမိသည် ကား..
`၀န်ကြီးရယ်၊ ရောင်းလိုအားများလာရင် ၀ယ်လိုအားကိုထိန်းနိုင်တာ ဈေးကွက်သဘာဝမဟုတ်ပေလားခင်ဗျာ။ ရန်ကုန်မြို့ ကြီးကိုသာမက မြို့ကြီးမှန်သမျှ ချဲ့လို့ရတာအကုန်ချဲ့ရင်မကောင်းပေဘူးလား၊ဒလတင်မက တွံတေးကော့မှူးကွမ်းခြံကုန်း၊ လှည်းကူးမှော် ဘီနဲ့မလုံလောက်ရင် ဒိုက်ဦးပြွန်တံဆာ၊ညောင်လေးပင်အထိချဲ့လို့မရဘူးလားဝန်ကြီးရယ်။ အခုဒလဘက် မချဲ့ဘူး ပြောလိုက်တော့ ရှိနေသမျှ နေရာလေးတွေ ပိုပြီး ဈေးတက်မကုန်နိုင်ဘူးလားခင်ဗျ´
ဝန်မင်းကား ခေါင်းတငြိမ့်ငြိမ့်ဖြင့် ငြိမ်သက်နားထောင်နေသော်ငြား နောက်တော်ပါးက ကိုရွှေကပ္ပလီမှာ ကြောက်ဒူးတုန် လှပြီ။
`ဆြာဒင်၊ရမ်းသမ်းမတွန်းနဲ့လေ၊အဲဒါဝန်ကြီးနော်´
`ဟ၊ ငါလိုငတုံး ဘာမှန်းမသိညာမှန်းမသိ စွတ်ပြောတာ ပြည့်စုံပါ့မလား။ဒိထက်ပြည့်စုံချင်ရင် ရန်ကုန်မြို့တော်ကြီးတိုးချဲ့ နိုင်ဖို့ ၊ပညာရှင်တွေဆီကနေ၊ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံ ချင်သူတွေဆီကနေ `ဘယ်ပုံဘယ်နည်းအကောင်းဆုံး ဆောင် ရွက်သင့်တယ်´ ဆိုတဲ့အဆိုပြုလွှာ တွေတောင်းပေါ့၊အဲဒီအထဲက အကောင်းဆုံးကိုရွေးပေါ့လဟ၊အဂါင်္ဂြိုဟ်ပေါ် အိမ်တက် ဆောက်သလို လွှတ်ခက်တဲ့ အလုပ်တော့ မဟုတ်လောက်ပါဘူး´
ကပ္ပလီ၏စိုးရိမ်တကြီးအာချောင်မှုကြောင့် ဆြာဒင့်တယောက်`ကျနော်တို့အကောင်းဆုံးဖြစ်အောင်စီစဉ်နေပါတယ်´ဟူ
သော ၀န်ကြီး၏ ချွေးသိပ်မိန့်ကြားချက်မျှနှင့်သာ ကျေနပ်လျက်တပ်ခေါက်ပြန်ခဲ့သည်၏တခဏတွင် ဆြာဒင့်ခေါင်းထဲတွင် လျှပ်ပြက်သကဲ့သို့ အတွေးတစ်ခု ၀င်လာပြန်လေရာ တနေရာသို့ ဦးတည်ချီတက်ပြန်လေသည်။လားရားမှာ ဘဏ္ဍာရေး ဒုတိယ၀န်ကြီး ထံသို့တည်း။

(၄)

ဆြာဒင်၏လျှပ်တပြက်အတွေးကား အောက်ပါသတင်းကို သတိရမိသောကြောင့်ဖြစ်၏။
အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အဆမတန်ကြီး မြင့်နေမှုနှင့် အခွန်အကောက်များ ဆုံးရှုံးခြင်းမှ ကာကွယ်ရန် ရန်ကုန်တိုင်း ဒေသ ကြီးအတွင်း နေရာဒေသအလိုက် တစ်ပေပတ်လည် မြေဈေးနှုန်းများကို တရားဝင် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
ယင်းသို့ တစ်ပေပတ်လည်မြေ ပေါက်ဈေးနှုန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးကို ကာလပေါက်ဈေးနှင့်အညီ သတ်မှတ်ပေးရန် သက်ဆိုင်ရာဒေသ အစိုးရတာဝန်ရှိသူများ ပါသည့် ဈေးနှုန်းတွက်ချက်သည့် အဖွဲ့ထံမှ တောင်းခံထား ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွက် နေရာအလိုက် မြေဈေးနှုန်းများကို တွက်ချက်သတ်မှတ်ပြီး ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။“နေရာအလိုက် ဝင်ဒါမီယာဆို ဘယ်ဈေး၊ မြောက်ဒဂုံဆို ဘယ်ဈေး၊ တစ်ပေပတ်လည်နှုန်းနဲ့ တွက်ချက်ထားပါ တယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။
ဒဗျူတီဝန်မင်းသည်လည်း ဆြာဒင့်ကိုကောင်းစွာပင်လက်ခံတွေ့ဆုံလေရာ ဆြာဒင်လည်း ရသမျှအချိန်ကိုလုလျက် တက် သုတ်ရိုက်လျှောက်တင်ရပြန်သည်။
`ကျနော်မျိုးငဒင်နားမရှင်းလို့ပါခင်ဗျာ၊အခုဝန်မင်းတို့က မြေပိုင်ရှင်တွေ သူ့မြေသူရောင်းရာမှာ မြေဈေးကို ဒီဈေးဒီဈေးနဲ့ ရောင်းရမယ်လို့ ဆိုလိုပါသလား။တမျိုးကြီးပဲနော်´
`ဟာ၊ ဟုတ်သေးဘူး၊ ဒီမိုကရေစီခေတ်လေ၊ဗဟိုက ချုပ်ကိုင်လို့မရဘူး။မြေဈေးကတော့ ကြိုက်ရောင်းကြိုက်ဝယ်ပဲ ၊အခု ကိစ္စက အခွန်တိုးရအောင်လုပ်လိုက်တဲ့သဘော၊ အခွန်တိုးဆောင်ရတော့မြေဈေးက ကျချင်ကျမယ် မကျချင်မကျဘူးပေါ့´
မှတ်သားထိုက်လှသော ၀န်မင်း၏ အဆိုအမိန့်ကြောင့် ဆြာဒင့်ခမျာ `အန်´တည်းဟူသော အာမေဋိတ်ဖြင့် မဟာပထ၀ီ မြေပြင်သို့ ဘိုင်းကနဲ ပက်လက်လန်လဲပြိုမသွားအောင်ကိုယ့်ကိုယ်ကို အတန်တန်ထိန်းရင်း တပ်ဆုတ်ခဲ့ရပြန်လေ၏။
(၅)
ဆြာဒင်၏ပူပုံငယ်ပန်းဟန်ကား လည်လိမ်ခံရသောကြက်ကိုသာ သတိရစရာကောင်းတော့သည်။ မဟာဇနက္ကမင်းထုံးနှလုံး မူခဲ့သော ဆြာဒင်၏ နွမ်းလျအိမ်အပြန်လမ်းတွင် တနေကုန် ခြေတိုအောင်နောက်တော်ပါးမှ ဖ၀ါးခြေအပ်၊ထပ်ချပ်မခွာ လိုက်ပါခဲ့ရရှာသည့် တပည့်ကျော်ကပ္ပလီသည်  သနားစရာသတ္တ၀ါ၊သူ့အာစရိအား လွန်စွာ ဂရုဏာသက်နေဟန်ရှိလေ၏။
`ဆြာဒင့်ရယ်၊ အားမလျော့ပါနဲ့၊ဆြာဒင်လိုချင်တဲ့မြေကွက်မျိုး ဖူးခက်လို နိုင်ငံတကာသိမြို့ကြီးမှာတောင် အရှာရမခက်လှ ပါဘူး၊ဘဇာအတွက် မြေ၀ယ်ချင်သတုန်းဆိုတာသာ လင်းစမ်းပါဆြာ´
စိတ်ကိုဒုံးဒုံးချလိုက်ဟန်ရှိသည့် ဆြာဒင်ကား သတိတရားပြန်ဝင်လာခဲ့ပြီဖြစ်၍ တည်ငြိမ်ညှင်းသက်သောလေသံဖြင့် တုန့်ပြန်နိုင်လေပြီ။
`အင်း အရွယ်ထောက်လာပြီဆိုတော့ သေမဲ့သေဇာတိမြေမှာ သေချင်တယ်မောင်၊တရားကလည်း မရသေးသမို့ မီးသဂြိုဟ် စက်ထဲဝင်ရမှာ တွေးကြောက်ပြီး သေတဲ့အခါအလောင်းမြေမြှုပ်ဖို့ ခြောက်ပေလေးပေအကျယ်မြေတကွက် အရဲစွန့်ပြီး ၀ယ်ချင်မိတာ မောင်၊ခုတော့သိပါပြီ၊ ဟိုအုပ်စုကလည်း ရန်ကုန်တမြို့လုံးထက်ကျယ်တဲ့မြေတွေကို သိမ်းပြီးကြပြီ။ ဟိုလူ တွေနဲ့သူ့ လက်ဝေခံတွေမို့သာ ဒီလောက်ကြီးမားတဲ့ကိန်းဂဏန်းပမာဏတွေကို ပိုင်ဆိုင်ချယ်လှယ်နိုင် ကြတာထင်ပါရဲ့၊ ပွင့်လင်းခေတ်လို့သာဆိုတယ်၊ အ၀ှာတွေ ဆက်ဖြစ်နေတုန်းပါကလား၊လယ်သမားတောင်လယ်မပိုင်တော့တဲ့ခေတ်ကြီးမှာ ငါကိုယ်၌က အလိုကြီးခဲ့မိတာပါ´
အနှီအဖြေစကားအဆုံးတွင် ဆြာဒင်သည် နံနက်ခင်းဆီက ဆုံးခန်းတိုင်မသီဆိုနိုင်ခဲ့သည့် တေဘုမ္မာသီချင်းကို သံဝေဂရနေ လေဟန်မျက်နှာပေးဖြင့် ခပ်တိုးတိုးဆက်ညည်းနေပြန်လေတော့၏။
`အတီတာ မိုက်စ မိုက်ပင်ပျိုးလို့မိုက်ဆိုးခဲ့တာ၊ ယခုလဲမိုက်ဆဲမှန်စွာ၊ ရှေ့ကိုတိုးလို့တံပိုးမိုက်အုံးမှာ၊ အဆုံးသတ်သင့်တာ။ (ကိုယ့်ကိုယ်ကို သနားပါ များသတ္တ၀ါ)၂၊ (လောဘ ဒေါသ မောဟ လောင်မီးကိလေသာ၊) ၂၊ (တဟုန်းဟုန်းတောက်လို့သာ၊ တဖြုန်းဖြုန်း မောက်မို့စွာ)၂ (အကုသိုလ် စရိုက်ဆိုးတွေဟာ ပြုလွယ်ဖြစ်လွယ် စိတ်အားထက်သန်စွာ)၂၊´
↧

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0

မင်းဒင်ရဲ့သက်ခိုင်(၂)

`အမှန်ပေါ့၊ မြန်မာဗိုလ်ချုပ်ရဲ့ မူလဘွဲ့အမည်ဟာ မဟာမင်းလှမင်းခေါင်တို့ ၊ဘယဂါမဏိတို့လို နာမည်မျိုးဖြစ်ပါလိမ့်မယ်၊ မုန်းသူဘက်ကရေးတဲ့ မှတ်တမ်းဆိုတာ သတိပြုပါ၊ အခုပြောပြချင်တဲ့ စစ်ပွဲစီးရီးဟာ အနုစာဝါရီညီအမနဲ့တိုက်တဲ့စစ်ပွဲ မဟုတ်ဘူး၊အနုစာဝါရီညီအမခုခံတိုက်ခိုက်ခဲ့တဲ့ စစ်ပွဲဟာ ဒီစစ်ပွဲမတိုင်ခင် ၂၄နှစ် ၊မြန်မာဘုရင်ဆင်ဖြူရှင်လက်ထက်က ဖြစ်ခဲ့တာ၊လင်းဆက်ရေ၊ မြန်မာ့သမိုင်းမှတ်တမ်းတွေမှာတော့ ဖူးခက်တိုက်ပွဲဆိုတာ ဒီနေ့ထက်ထိ ကိုယ်မဖတ်ဖူး၊ မကြားဖူး သေးဘူး။ မှတ်တမ်းတင်ထားတာ မရှိသလောက်ပါပဲ။တို့နိုင်ငံဟာ အမှတ်အသားအားနည်းတဲ့ တိုင်းပြည်ဆိုတာ ၀န်ခံရ လိမ့်မယ်။လွန်ခဲ့တဲ့ခေတ်တွေမှာ တို့မြန်မာသမိုင်းကို အဂတိတရားကင်းကင်းနဲ့ မရေးနိုင်ခဲ့ကြဘဲ ဘောင်းတော်ညိမ့်စိတ် တော်သိတဲ့၊အရှင်သခင့်ဘုန်းတော်ဘွဲ့ကို ဖော်ကျူးတဲ့၊ အာဏာလက်ကိုင်ရှိသူက သူ့နေရာတည်မြဲရေးအတွက် ဖန်တီးခဲ့တဲ့ မှတ်တမ်းတွေသာ တမိုးလုံးဖျောက်ဆိပ် ဖြစ်နေခဲ့တာကလား။ ဖူးခက်သမိုင်းကိုရေးတဲ့သူက စကော့လူမျိုးကွ။ သမိုင်း မှတ်တမ်းတိုင်းလိုလို မှတ်တမ်းပြုသူရဲ့ အတ္တနောမတိ မကင်းကြတာကြောင့် မြန်မာပညာရှင်တွေ သေချာလေ့လာ ပြုစုတဲ့ မှတ်တမ်းတွေနဲ့ တိုက်ဆိုင်ပြီး သမိုင်းသင်္ခန်းစာ ထုတ်ယူနိုင်ရင် ဘယ်လောက်ကောင်းလိမ့်မလဲ၊ သမိုင်းကို လေ့လာရင်း လူမျိုးတမျိုးစီရဲ့ မတူညီတဲ့စရိုက်တွေကိုပါ သတိပြု လာနိုင်တယ်။ ထိုင်းနဲ့မြန်မာဟာ စိတ်ဓာတ်ခံစား ချက်ချင်းမတူကြဘူး ထိုင်းတွေ အေးအေးနေချင်ကြတဲ့လူမျိုး၊ ဗမာတွေက ဇာတိပုညဂုဏ်မာနကို မက်မောတဲ့လူမျိုးလို့ ကိုယ်ကောက်ချက် ချမိတယ်။  မင်းလို ခေတ်လူငယ်တယောက်ဟာ ယိုးဒယားမြန်မာ ဖူးခက်တိုက်ပွဲ သမိုင်းကို သိသင့်တယ် ထင်ပါရဲ့´
ရွှေထီးဆောင်းခဲ့တဲ့ခေတ်ကို အလွမ်းသည်နေတာတော့ မဟုတ်ပါဘူး။ ကိုတင်မောင်ညွန့်ရဲ့ ဖေ့စ်ဘွတ်က စာသားကို ကိုးကားပြီးပြောရရင် ၊ အတက်အကျဆိုတာ လူမျိုးတိုင်းနိုင်ငံတိုင်းမှာ ရှိကြပါတယ်။ တက်ရင်လည်း ဘာကြောင့်၊ ကျရင် လည်း ဘာကြောင့်ဆိုတာကိုလေ့လာပြီး သင်ခန်းစာယူပြီး မျက်မှောက်ခေတ်မှာအကျိုးရှိအောင် အသုံးချရပါမယ်။ ဂျူးတွေကိုကြည့်ပါ။ ဂျေရုဆလင်မှာ ဘုရင်စောလမုန်ခေတ်က တည်ထားခဲ့တဲ့ ဘုရားကျောင်းကြီး ရှိခဲ့တယ်။ ဘယ်လောက် ခမ်းနားသလဲဆိုအမိုးလုပ်ဖို့အတွက် လက်ဘနွန်တောင်ပေါ်က စီဒါထင်းရှူးပင်တွေကိုလူတစ်သိန်းအင်အားနဲ့ အနှစ်နှစ် ဆယ်တောင် ခုတ်ခဲ့ရတယ်လို့ စာထဲမှာပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာရောမတွေ လက်ချက်နဲ့ ပျက်စီး သွားတာကြောင့် အနောက်ဘက်နံရံ တစ်ချပ် ပဲကျန်တော့တယ်။ ဒီနံရံကြီးဆီကို ဂျူးတွေလာလာပြီး ငိုကြလို့ “ငိုကြွေးရာ နံရံ” ( Wailing Wall)လို့တောင်ခေါ်ကြတယ်။ ဂျူးတွေက သူတို့ဟာ ဘုရားသခင်ရဲ့အရွေးကောက်ခံလူမျိုး၊ ပါလက်စတိုင်းနယ်ဟာ သူတို့ကိုဘုရားသခင်က ပေးခဲ့တဲ့ “ပျားရည်နဲ့နို့စီးဆင်းရာမြေ”လို့ ယုံကြည်ကြတယ်။ ဒီနံရံကြီးဟာ ဒီမြေမှာ သူတို့ ထွန်းကားခဲ့တဲ့ သက်သေပဲလေ။သူတို့ရဲ့ ဘာသာရေး လူမျိုးရေးကို မီးထိုးပေးနေတာပါပဲ။ ဒီစိတ်ဓာတ်နဲ့ပဲ စစ်ကြီးပြီးတော့ အာရပ်တွေ ပတ်လည်ဝိုင်းနေတဲ့ကြားမှာစွာနေနိုင်၊ စစ်ပွဲတိုင်းမှာနိုင်နေတာ အားလုံး အသိပါပဲ´
ဟု အစချီကာ ဖူးခက်မြို့တွင် ဆင်နွှဲခဲ့သည့် ဗမာဗိုလ်ချုပ်မင်းကြီးငဦး၏ ယိုးဒယားဗမာစစ်ပွဲအကြောင်းကို ရှေးခေတ် ဟောင်း၊ အောက်မေ့ဟန်ဖြင့် ဖူးခက်ရောက်မြန်မာဧည့်သည်လူငယ် ညီလင်းဆက်အား ပြောပြနေရာ ကျနော့်မှာ ကိုသက်ခိုင်၏ဇာတ်လမ်းကို နားထောင်သူပရိသတ်ဖြစ်ရပြန်လေသည်။


အခန်း(၄) 

ဖူးခက်ရောက် မြန်မာ့ထိုးစစ်

`အဲဒီစစ်ပွဲသမိုင်းကြောင်းကို မူလရေးသူဟာ မလေးကဗျာဆရာတဲ့၊ သူဟာ အဲဒီစစ်ပွဲတွေမှာ ကိုယ်တိုက်ဝင်တိုက်ခဲ့ဖူး တဲ့သူ၊ သူရေးခဲ့ကဗျာကို သြစတြေးလျပါမောက္ခက စီရေးစကင်နာက အင်္ဂလိပ်ဘာသာကို ပြန်ဆိုသတဲ့၊
တခုသတိပြုရမှာက သူမှတ်တမ်းတင်ပုံကို ဖတ်မိတဲ့အခါ မလေးကဗျာဆရာဟာ ထိုင်းလူမျိုးတွေကို မုန်းတီးတဲ့လေသံ ပေါက် နေတယ်၊ မလေးစစ်သားတွေကို ကျပြန်တော့ အလွန်အကျူးချီးကျူးထားပြန်ရော၊ပိုဆိုးတာက တို့မြန်မာတွေကို နယ်ချဲ့ ကျူးကျော်သူတွေ အဖြစ်ပုံဖော်ထားပြန်တာကြောင့် ဖတ်ရတာ ၊နားထောင်ရတာ အတော်ဂွတီးဂွကျဖြစ်နေတာ တော့ အမှန်ပဲကွ၊ ဒါကြောင့် ဒီသမိုင်းကို နားထောင်ပြီး တကယ့်ဖြစ်ရပ်၊သမိုင်းအမှန်ဟာ ဘယ်လိုဘယ်ပုံဆိုတာ မိမိကိုယ်ပိုင် ဆင်ခြင်ဥာဏ်နဲ့သာ ဆုံးဖြတ်ဖို့လိုလိမ့်မယ်၊ထူးခြားချက်က` ဗမာစစ်သည်တွေဟာ အရပ်အမောင်းလူလုံး လူဖန် ကောင်းပြီး ၊ဒါးလွတ် လှံရှည်တွေ တဖွေးဖွေးနဲ့ လေကဲ့သို့သော အဟုန်ဖြင့် ထိုးစစ်ဆင်လေ့ရှိကြသည်´ ဆိုတာ ကိုတော့ မူလမှတ်တမ်း တင်သူ မလေးကဗျာဆရာကိုယ်တိုင်ဝန်ခံထားလေရဲ့၊
တို့ဗမာဘုရင် ကုန်းဘောင်ဆက် ဘိုးတော်ဘုရားဟာ ၁၈၀၆ ခုနှစ် တခုသောညီလာခံမှာ စစ်ရေးစီမံချက်တခုကို ထုတ်ပြန် ကြေညာခဲ့သတဲ့၊ ဘိုးတော်ဘုရားဟာ သူ့ဘေးလောင်းတော်ဘိုးလောင်းတော်တွေရဲ့ ခြေရာကို ကောက်ကောက်ပါအောင် နင်းပြီး သူ့ကိုယ်သူ စင်္ကြ၀တေးမင်းလို့ အထင်ရောက်ပြီး ကြေညာတာလို့ အဲဒီစာအုပ်မှာ ရေးလေရဲ့၊
ဘိုးတော်ဘုရားရဲ့အမိန့်တော်ကတော့ `လောကအလုံးကို ပိုင်စိုးတော်မူမည့် စင်္ကြာဝတေးမင်းအလောင်းအလျာ ရေမြေ့ သနင်း ပြည့်ရှင်မင်းတရားသည် လက်အောက်ခံယိုးဒယားများကို နှိမ်နှင်းချေချွတ်တော်မူပြီးလျှင် ဂန္ဓလရာဇ်ပြည်ကြီးကို ခြေဆန့်၍ စစ်မက်ပြုပြီး ငါ့လက်အောက်သို့ သွတ်သွင်းတော်မူအံ့၊ထို့ပြင်တ၀ အနောက်ဖက်သို့ ဦးတည်စစ်ချီ၍ ဗြိတိသျှ ကုလားဖြူတို့၏ လက်အောက်ခံဖြစ်နေရှာသည့် မဂိုအင်ပါယာ(အိန္ဒိယ)ကို တိုက်ခိုက်သိမ်းသွင်းပြီး လောကလုံးသခင် စင်္ကြ၀တေးမင်းအဖြစ် ဘိသိက်သွန်းတော်မူရန် အလိုရှိတော်မူသည် ဆိုပဲ။
ဘိုးတော်ဘုရားရဲ့ မစားရ၀ခမန်းစိတ်ကူးယဉ်စီမံချက်ဟာ ကံအကြောင်းမလှရှာတဲ့ ဖူးခက်ကျွန်းသူကျွန်းသားတွေကို ကံဆိုး မိုးမှောင်ကျစေခဲ့ပါရောတဲ့။
ဘိုးတော်ဘုရားဟာ ယိုးဒယားကို ပထမနှစ်ကြိမ် ကျူးကျော်စစ်ဆင်ခဲ့ဖူးတဲ့ ရလာဒ်ကို သင်ခန်းစာယူရင်း ခဲတလုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်မဲ့ မဟာဗျူဟာ အသစ်ကိုချသတဲ့။ `ယခုတကြိမ်စစ်ချီရာတွင် မလေးပင်နီဆူလာကို အရင်တိုက်မည်။ ယိုးဒယားလက်အောက်ကျရောက်နေသော ကဒက်၊ပါတာနီဒေသက စူလတန်တွေကို ယိုးဒယားအား ပုန်ကန်ထကြွရန် စည်းရုံးမည်။ မလေးစူလတန်များနှင့်တပ်ပေါင်းစုမဟာမိတ်ဖွဲ့ပြီး မြောက်ဘက် ဘန်ကောက်အထိ စစ်ချီမည်။ အကြောင်းပြ ချက်ကား မြန်မာ့ကုန်သွယ်ရေးကို ပျက်စီးရာပျက်စီးကြောင်း ကြံနေသည့် တူလီဘွန်း၊ပူလိုဆူမ၀ါနှင့် တွန်လန်တာ ဒေသ များမှ ပင်လယ်ဓားပြများကို မလွှဲသာမရှောင်သာသဖြင့် တိုက်ရသည်။ထိုဒေသများရှိ တရုတ်နှင့်မလေးဓားပြများကို သွေးထိုးလှုံဆော်နေသူမှာ ယိုးဒယားဂျန်စီလုံအကြီးအကဲဖြစ်သည်သောကြောင့် မသိသားဆိုးရွား ထောင်ထားခြားနား မောက်မာလှသည့် ဤအရိုင်းအစိုင်းများကို ကိုယ်တော်တိုင်နှိမ်နှင်းတော်မူမည်´ဆိုပြီး ပြန်တမ်းထုတ်ခဲ့သတဲ့မောင်၊
ဘိုးတော်ဘုရားဟာ သူလျှိုတွေရဲ့ သတင်းစကားကနေတဆင့် စစ်ရေးကျွမ်းကျင်လှတဲ့ ယိုးဒယားပထမရာမဘုရင် မမာမကျန်းဖြစ်နေတာကို ကြိုသိနေတာကြောင့် ထိုးစစ်ကို မြန်မြန်ပြင်ခဲ့တယ်။စစ်သေနာပတိမင်းကြီး ငဦး၊ ဦးဆောင်တဲ့ တပ်သားတသောင်းကျော်ပါတဲ့ တပ်တော်ကြီးဟာ တိုက်လှေ (၂၃၇)စီးနဲ့ အလံတော်တလူလူလွှင့်ရင်း တနင်္သာရီကို ချီတက်ခဲ့တယ်။ တိုက်လှေတစင်းမှာ စစ်သည်ငါးဆယ်ကနေ ခုနှစ်အထိဆန့်ပြီး အမြောက်၊သေနတ်တွေတပ်ဆင်ထား သတဲ့။ တိုက်လှေတွေဟာ ရောက်တဲ့အရပ်မှာ အခွန်ကောက်ပြီး နောက်ထပ်တပ်သား နှစ်သောင်းရအောင်စုဆောင်းတယ်။ ဘိုးတော်ဘုရားအမိန့်တော်ကတော့ `ယိုးဒယားကို စစ်အောင်ရင်အောင်-မအောင်ရင်နင့်အသက်ကို ထားရစ်ခဲ့´ လို့ဆို တယ်။
ဘိုးတော်ဘုရားဟာ ပထမရာမဘုရင် (၁၈၀၉)မှာ ကံတော်ကုန်တဲ့သတင်းကိုလည်း ကြားရော တပ်သားနှစ်သောင်းရှစ် ထောင်ပါဝင်တဲ့ မြန်မာ့တပ်တော်ကို အရှေ့အနောက်စစ်တောင်ပံဖြန့်ရင်း ဒရမန်းကြမ်း ချီတက်စေပြီး အရှေ့ဖက် စစ်တောင်ပံတပ်ဟာ ရနောင်းကိုသိမ်းတယ်။မလေးပင်နီဆူလာကိုသိမ်းတယ်။ ချွန်ဖွန်ကို သိမ်းတယ်။
မြန်မာမှတ်တမ်းတွေအရ တိုက်လှေ အစင်းသုံးရာပါတဲ့ အနောက်ဘက် စစ်တောင်ပံဟာ အမြောက်ကြီးနှစ်ဆယ်၊ စက်အမြောက် နှစ်ရာ၊ လှံစွပ်တပ်သေနတ် သုံးထောင့်ငါးရာနဲ့အတူ အနောက်ဘက်ကမ်းရိုးတန်းအတိုင်း စုန်ဆင်းရင်း ဖူးခက်အပါအ၀င် ယိုးဒယားအနောက်ဖက် ဆိပ်ကမ်းတွေကို သိမ်းယူဖို့ တင်ကြိုရည်ရွယ်ရင်း ဓားလှံတ၀င့်ဝင့်နဲ့ချီတက်ခဲ့ကြ သတဲ့။ အောက်တိုဘာလဆန်းမှာ တိုက်လှေအစင်းခုနစ်ဆယ်နဲ့တပ်သားသုံးထောင်ဟာ `တကွယ်ပါမြို့´ကို ၀င်စီးတယ်။ ယိုးဒယားတွေဟာ  ခုခံတွန်းလှန်ခြင်း အလျဉ်းမရှိပဲ ဖနောင့်နဲ့တင်ပါးတသားတည်းကျအောင် ပြေးခဲ့တာကြောင့် မြို့စောင့် တပ်ရဲ့ လေးလက်မကယ်လီဘာအမြောက်ဆယ့်သုံးလက်၊စက်အမြောက်နှစ်လက် ၊တူမီးကိုးလက်၊ဆန်အိတ် နှစ်ထောင်နဲ့ အဘွားအိုနှစ်ဦးကိုဓားစာခံအဖြစ် ခေါ်ခဲ့ကြသတဲ့။နောက်တနေ့မှာ ဗမာဘက်က တိုက်လှေတရာနဲ့ တပ်သားလေးထောင် ထပ်ရောက်လာပြီး ခုခံခြင်းအလျဉ်းမရှိတဲ့ ထိုင်းမူအန်းနဲ့ ဘန်ကလီနားက နာတွန်းမှာ ကမ်းကပ်တယ်။ အမြောက်နှစ်ဆယ်၊ စက်အမြောက်ငါးလက်၊တူမီးဆယ့်သုံးလက်နဲ့ ဆန်အိတ်သုံးထောင်ထပ်ရသတဲ့´
၊နတ်ရွာစံသွားတဲ့ ပထမရာမဘုရင်ရဲ့ထီးနန်းကို စစ်ရေးအတွေ့အကြုံရှိတဲ့ အသက်လေးဆယ့်ရှစ်နှစ်အရွယ် သားတော် ဒုတိယရာမက ဆက်ခံပြီး ဗမာ့ထိုးစစ် ဘန်ကောက်ကို ရောက်မလာအောင် ကန်ချနပူရီမှာ တပ်မကြီတခု အရန်သင့် ချထားခဲ့ရတယ်။ ဒါကြောင့်  ယိုးဒယားစစ်သူကြီး ဖရာချာစန်ကွန်ဦးစီးတဲ့ တပ်သားငါးထောင်ပါတပ်မကိုပဲ စေလွှတ်နိုင်တာ မို့  လမ်းတလျှောက်စစ်သားတွေ စုဆောင်းခဲ့ရတယ်။အဲဒီခုခံကာကွယ်ရေးတပ်ဟာ ဖူးခက်ကို  ရေကြောင်းချီလာတဲ့ ၊အနောက်ဖက်စစ်တောင်ပံတပ်မနဲ့ ပူးပေါင်းဖို့ တောင်ပိုင်းကိုချီလာတဲ့ ဗမာအရှေ့ဘက်စစ်တောင်ပံတပ်နဲ့ ချွန်ဖွန်မှာ ပြင်းထန်တဲ့တိုက်ပွဲတွေကို ဆင်နွှဲပြီး ဗမာတပ်တွေ နောက်ဆုတ်ပေးရတယ်လို့ဆိုတယ်´
`အော်၊ ဒါဆို ဒီတိုက်ပွဲမှာ ဗမာတပ်တွေက ဖူးခက်ကိုမသိမ်းနိုင်ဘူးပေါ့´
ညီလင်းဆက်အမေးကို ကိုသက်ခိုင်က လက်ကာတားလိုက်ရင်း ..
`မလောပါနဲ့ကိုရင်၊ ကိုယ်က အဲဒီစာအုပ်မှာ ရေးထားတဲ့အတိုင်းပြောနေတာပါ။ နောက်စာကြောင်းမှာပဲ တဆက်တည်း ရေးထားတာက ….`ထရူးဝါးဆိပ်ကမ်းကို ခုခံကာကွယ်ရန်အတွက် ဖူးခက်မြို့တော်ဝန်က အရေးပေါ်စီမံခဲ့သော်လည်း အချိန်နှောင်းခဲ့လေပြီ၊ မြန်မာ့အနောက်ဘက်စစ်တောင်ပံတပ်သည် ရနောင်းမှထွက်လာပြီး သုံးရက်အတွင်း ဘန်ဆာကူ (ဖူးခက်လေဆိပ်အနီး နိုင်ယန်ကမ်းခြေ)မှတဆင့် ဖူးခက်တွင်ကမ်းကပ်ခဲ့ပြီလို့ ဆိုပြန်တယ်။ဒါကြောင့်ပြောတာပေါ့၊ မှတ်တမ်းတင်သူဟာ သူတို့ခဏတာအသာစီးရလိုက်တာလေးကို တခန်းတနားရေးတယ်။ မြန်မာဘက်က စွမ်းရည်ကိုတော့ ခပ်မှိန်မှိန်ဖော်ပြတယ်။ဆက်ပြောပါရစေအုံး´
↧

မင်ဒင်ရဲ့သက်ခိုင် (၂)

$
0
0



မင်းဒင်ရဲ့သက်ခိုင်(၂)

ထလန်ခံတပ်ဟာ အမြောက်ကြီး ရှစ်ဆယ့်ငါးလက်၊စက်အမြောက်အလက်နှစ်ဆယ်၊တူမီးသေနတ်ပေါင်းမြောက်များစွာနဲ့ အမြောက်ဆံအလုံအလောက်ရှိတဲ့၊ တဘက်မီတာလေးရာအရှည် လေးထောင့်စပ်စပ် သစ်ခံတပ်ကြီးဖြစ်ပေမဲ့ တပ်သား အင်အားနည်းပါးနေပြီး ခံတပ်ထဲကို ဖူးခက်သူဖူးခက်သား နှစ်ထောင်လောက်  တဖွဲဖွဲဝင်ပြေးလာနေကြတယ်။
ဗမာ့ရေတပ်ဟာ ဖူးခက်ကမ်းခြေကို ထပ်ရောက်လာပြီး စစ်ဦးဘီလူးပီပီ မဲမဲမြင်ရာ ထောင်းလမောင်းထအောင် စိစိ ညက် ညက်  ချေပစ်တယ်။ မီးခိုးတလူလူနဲ့ဖုန်းဆိုးမြေဖြစ်အောင် ဖန်တီးပစ်လိုက်ကြတယ်။ မြန်မာရေတပ်ဟာ ထ ရူးဝါးဆိပ် ကမ်းကို တဖြည်းဖြည်း နီးလာချိန်မှာ ဒေသခံဖူးခက်မျိုးချစ်တွေကလည်း ရတတ်သမျှနည်းလမ်းတွေသုံးပြီး ပြောက်ကျား စစ်ဆင်နွှဲရင်း၊ ထ ရူးဝါး ဆိပ်ကမ်းဆီ မြန်မာတပ်တွေချီရာလမ်းတလျှောက် နှောင့်နှေးအောင် ကြိုးစားကြတယ်၊သူတို့ဟာ ယာမူးအငူမှာ သစ်တပ်တည်ပြီး အမြောက်တွေချထားရင်း မြန်မာ့ကျူးကျော်စစ်ကို စောင့်ကြိုနေခဲ့ကြ တယ်။
အဲဒီညမှာပဲ ထ ရူးဝါးတောင်ဘက်က သစ်တောနဲ့နွံအိုင်တွေကြားကို မြန်မာတပ်တွေ အလုံးအရင်းနဲ့ရောက်လာတယ်၊ ထလန်မှာ တပ်စွဲထားတဲ့ ဗမာတပ်ဆီကိုလည်း မြန်မာတပ်သားသောင်းချီပြီး ထပ်ရောက်လာတယ်။ နောက်တနေ့ အာရုံတက်မှာ စစ်နွှဲတဲ့ ထိုးစစ်ဟာ နာရီပိုင်းသာကြာမြင့်ပြီး မြန်မာတပ်တွေဟာ ယာမူးအငူက သစ်ခံတပ်ကိုရော၊ထ ရူးဝါး ဆိပ်ကမ်းကိုပါ သိမ်းလိုက်တယ်။မြန်မာတပ်တွေဟာ အဖိုးတန်ပစ္စည်းလုပွဲကြီးကို ခြိမ့်ခြိမ့်သဲသဲကျင်းပ၊ နောက် ထုံးစံ အတိုင်း တမြို့လုံးမီးတင် ရှို့ပြီး သုံ့ပန်းအမြောက်အများကို ဖမ်းခေါ်သွားကြတယ်။
ဖူးခက်မှာ ရှိနေတဲ့ မြန်မာတပ်သားသုံးထောင်အပြင် ဖန်ငပြည်နယ်ဘက်က နောက်ထပ်မြန်မာစစ်သည် တစ်ထောင်ထပ် ရောက်လာပြီး ဆယ်ရက်မြောက်နေ့ နိုဝင်ဘာ (၁၈)ရက်ညမှာတော့ ထလန်ခံတပ်ကို ပထမဆုံးအကြိမ်အနေနဲ့ မြန်မာတပ် တွေ အလုံးအရင်းဝင်တိုက်တယ်။ ခံတပ်အမြောက်တွေကြောင့် မြန်မာတွေ အတုံးအရုံးကျဆုံးကြတယ်။အဖမ်းခံရတဲ့ မြန်မာစစ်ဗိုလ်တဦးပြောတာကတော့ ……
`ထလန်ခံတပ်ကို ကျုပ်တို့ ညတိုက်ပွဲဆင်ခဲ့ကြတယ်၊ယိုးဒယားအမြောက်စာမိပြီး ကျုပ်တို့လူငါးရာကျော်ကျော်ကျခဲ့တယ် ။ ဒဏ်ရာရတာတွေ အများကြီးမို့နောက်ဆုံးမှာ သစ်ချွန်တပ်လှည်းတွေကို စွန့်ပစ်ပြီး ဆုတ်ခဲ့ရတယ်၊သေနာပတိမင်းကြီး ငဦးဖျားနာပြီး ကံကုန်တယ်ဆိုတယ်၊တပ်ဆုတ်ဖို့အမိန့်ရလာတယ်´ လို့ ရေးထားပြန်တယ်။
မြန်မာတပ်တွေဟာ လုပ်နေကျနည်းအတိုင်း မြို့ရွာတွေကို မြေလှန်မီးရှို့၊ရသမျှအကုန်ခိုး၊သုံ့ပန်းတွေကို ဖမ်းဆီးပြီး တိုက်လှေတွေနဲ့ ပါချန်ကျွန်းဆီပြန်ဆုတ်ခဲ့တယ်။ ပါချန်ကျွန်းဆိုတာ ၀ိတိုရိယအငူနဲ့ရနောင်းကြား လက်ရှိထိုင်းမြန်မာ နယ်စပ်အဖြစ်သတ်မှတ်ထားတဲ့နေရာက ကျွန်းပဲ။(စာရေးသူ၏ ကော့သောင်းဒေသခံများအား မေးမြန်းစုံစမ်းချက်အရ ယခုလက်ရှိအချိန်တွင် ပါချန်ကျွန်း ဟူ၍ မကြားဖူးကြောင်း ဆိုကြသည်။)
ဖူးခက်ကနေအလဲလဲအပြိုပြိုဆုတ်လာတဲ့ မြန်မာအနောက်ဘက်စစ်တောင်ပံတပ်ဟာ  ပါချန်မှာနားရင်း ဒဏ်ရာကုစားနေ ခဲ့တယ်။မလေးဘက်ကိုချီတဲ့ အရှေ့ဘက် စစ်တောင်ပံ မြန်မာတပ်ဟာ မလေးပင်နီဆူလာကို  ဖြတ်ကျော်ရင်း ဖူးခက်မှာ ရှိတဲ့ အနောက်ဘက် စစ်တောင်ပံမြန်မာတပ်နဲ့ ပူးပေါင်းနိုင်ဖို့ အားထုတ်တယ်။ ဒီအချိန်မှာပဲ မြန်မာစစ်တောင်ပံနှစ်ဘက် ဟာ ပါချန်မှာပူးပေါင်းပြီး ထလန်ခံတပ်ကိုတိုက်ဖို့၊ဖူးခက်ကို သိမ်းဖို့ အမိန့်ရောက်လာတယ်´
ညီလင်းဆက်သည် ကျနော်အမည်မခေါ်တတ်သည့် ၀ိုင်နှင့်ကော်ဖီရောထားသောဖျော်ရည်ကို တငုံသောက်လိုက်ရင်း မေးခွန်း တစ်ခုကို ညည်းသံဖြင့် ၀င်ထောက်လိုက်သည်။



`အော်၊အကိုကြီးပြောတဲ့ ပထမဖူးခက်ထိုးစစ်မှာ ထလန်ခံတပ်ကို မြန်မာတွေ မရလိုက်ပဲကိုး´
`နေဦးဟ၊သေချာဖတ်ကြည့်ရင် မြန်မာတွေရဲ့စေ့စပ်သေချာတဲ့ သေနင်္ဂဗျူဟာကို မြင်နိုင်တယ်။တကယ်တော့ မြန်မာတွေ ဟာ ဒဏ်ရာရနေတဲ့တပ်ကို ရနောင်းအထိဆုတ်တယ်။ မလေးပင်နီဆူလာကတပ်နဲ့ ရနောင်းနားမှာ ပူးပေါင်းပြီး အင်အား ဖြည့်တင်းတယ်။ ဆုတ်ခဲ့တဲ့အကြောင်းရင်းထဲမှာ ထလန်ခံတပ်က ယိုးဒယားတွေ လက်သံပြောင်လို့ မဟုတ်ပဲ စစ်ဆင်ရေး ကြီးတစ်ခုလုံးကို ဦးဆောင်တဲ့ သေနာပတိကံကုန်သွားတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါကြောင့် နောက်တစ်လ တိတိအကြာမှာ မြန်မာတွေ ထလန်ကို သိမ်းနိုင်တယ်။ မင်းကြီးငဦးဟာ ဘယ်မြို့ဘယ်နေရာမှာ ကွယ်လွန်ခဲ့တယ်ဆိုတာ တော့အတိအကျဖော်ပြမထားဘူး။ခန့်မှန်းချက်အရ ရနောင်းမြို့နားမှာရှိတဲ့ ပါချန်စစ်ဆင်ရေးဋ္ဌာနချုပ်မှာ ကွယ်လွန်ခဲ့ဟန် ရှိတယ်။ အဲဒီစာအုပ်မှာ ဆက်ပြီးရေးထားတာက ….
မြန်မာတွေဟာ အရေးတော်ပုံမလှရင် အကုန်သေရမယ်ဆိုတာ သဘောပေါက်ကြတယ်။ အင်အားသုံးသောင်းနီးပါးရှိတဲ့ မြန်မာတပ်မကြီးဟာ အင်အားခြောက်ထောင်ပျော့ပျော့ပဲ ကျန်တော့တယ်။ဖူးခက်သားတွေကတော့ ၁၇၈၆ခုနှစ်၊လေဒီချန်း လက် ထက်ကလိုပဲ အောင်မြင်စွာတွန်းလှန်နိုင်ခဲ့ကြပြီဆိုပြီး တက်ထောင်နေကြတယ်။ လူသေတွေကိုမီးရှို့ ၊ရိက္ခာ ဖြည့်တင်း၊ အိမ်တွေပြန်ပြင်နေချိန် ဒီဇင်ဘာ (၁၇)ညမှာ ဖူးခက်မြောက်ပိုင်းနန်ယန်ကမ်းခြေကို အလျှင်အမြန် ကမ်းကပ်လာတဲ့ မြန်မာတပ်သားတွေကို ဘွားကနဲတွေ့လိုက်ရတဲ့အခါ ဘာလုပ်ရဘာကိုင်ရမှန်းမသိဖြစ်ကုန်ကြသတဲ့။ 
ဒါဟာ ဖူးခက်ထလန်ခံတပ်ကို မြန်မာတပ်က ဒုတိယအကြိမ်ထိုးစစ်ဆင်ခြင်းပါပဲ။မြန်မာတပ်ဟာ အစောင့်တပ်သားတစ် ထောင်သာချန်ပြီး အင်အားငါးထောင်ရှိတဲ့တပ်ကြီးနဲ့ ထလန်ကို အလုံးအရင်းချီတက်လာချိန်မှာ ဖူးခက်မျိုးချစ်တွေဟာ ခုခံတွန်းလှန်ဖို့ အစီအမံတွေ ဘာတခုမှမလုပ်နိုင်တော့တဲ့အပြင် ထလန်ခံတပ်ထဲကိုတောင်ဝင်ပြေးဖို့အချိန်မရတော့ပဲ ဖန်င ပင်မကုန်းမြေဆီကိုသာ အသက်လုပြီးပြေးရပါတော့တယ်။
ပီနန်မှာရှိတဲ့ ပြင်သစ်သာသနာပြုအဖွဲ့ကနေ ဖူးခက်ကို စေလွှတ်ခံရတဲ့ မက်ရှားရာဘူးက သာသနာပြုအဖွဲ့ခေါင်းဆောင် ပြင်သစ်ဘုန်းတော်ကြီး ပါလီဂွဂ်စ် ဆီ ရေးသားခဲ့တဲ့ စာမှာ ဖော်ပြထားတာကတော့ ….
`မြန်မာတွေဟာ လေလိုအလျှင်မျိုးနဲ့ ထလန်ခံတပ်ဆီ အပြင်းချီတက်လာကြလို့ ခံတပ်ထဲဝင်ပြေးနိုင်တာ ခြောက်ရာကျော် လောက်ပဲရှိမယ်။ ကျန်တဲ့ထောင်ချီတဲ့သူတွေဟာ မြန်မာစစ်တပ်ချေမှုန်းတာကို ခံလိုက်ရတယ်။ကျနော်က စနေနေ့ကမှ ဂျန်စီလုံ(ဖူးခက်)ကိုရောက်တယ်။ နောက်နေ့မှာ မြန်မာတပ်တွေချီလာပြီဆိုလို့ ရဲတိုက်ထဲကို ၀င်ပြေးရပြီး ကျွန်းသူ ကျွန်းသားတွေ ဘေးမသီရန်မခစေဖို့ ဆုတောင်းနေရုံပဲရှိတယ်´လို့ ဖော်ပြထားတယ်။
အချိန်ကား ညဆယ့်တစ်နာရီထိုးလုပြီ။ကျနော်တို့ထိုင်နေသည့် ဆိုင်ရှိ စားပွဲကုလားထိုင်တို့ကို သိမ်းစပြုနေပြီ။ကျနော်သည် နာနတ်သီးဖျော်ရည်ကို တငုံချင်းသောက်ရင်း ကိုသက်ခိုင်ပြောပြနေသည့်  ဖူးခက်ထလန်ခံတပ်သို့ မြန်မာထိုးစစ် ဇာတ်ကြောင်းမှာ နစ်မြောနေသည်။ကိုသက်ခိုင်သည်  ရုတ်တရက် စကားစဖြတ်လိုက်ရင်း လက်ညှိုးနှင့်လက်မကို ၀ိုင်းပြ လျက် ကောင်တာဆီသို့ မေးငေါ့ကာ ငွေရှင်းရန် ကျနော့်ကိုအချက်ပြသည်။
ကားရပ်ထားခဲ့သည့် ပါကင်ရှိရာ ဂျန်စီလွန်းကုန်တိုက်မြေအောက်ခန်းဆီသို့ သုံးဦးသား လမ်းလျှောက်နေစဉ်တွင်လည်း ကောင်း၊သူကိုယ်တိုင်ကားမောင်းနေစဉ်တွင်လည်းကောင်း ကိုသက်ခိုင်သည် မြန်မာ့ဖူးခက်ထိုးစစ်အကြောင်းကို စကားမျှင် မပြတ်နိုင်ပဲရှိ၏။ကိုသက်ခိုင်သည် သူ့ဇာတ်လမ်းကို အဆုံးသတ်နိုင်ရန် ပါတောင်ဂျေဂျေပလာဇာရှိ ညပိုင်းမှာဖွင့်သည့် မြန်မာ လက်ဖက်ရည်ဆိုင်ရှိရာသို့ မောင်းနေပြန်ရာ ကျနော်နှင့်ညီလင်းဆက်မှာ ငြိမ်လျက်လိုက်ပါလာခဲ့သည်။ ကိုသက်ခိုင် ကား ညီလင်းဆက်ခရီးပန်းနေမည့်အရေးကို တွေးမိဟန်မပူပဲ သူ့ဇာတ်ကြောင်းတွင် သူကိုယ်တိုင်မျောနေသကဲ့သို့ရှိသည်။ ဤသို့လျှင် ကိုသက်ခိုင်သည် ရံဖန်ရံခါသူ စိတ်အားထက်သန်သည့် အခြေအနေကိစ္စရပ်များတွင် ပတ်ဝန်းကျင်ကို မေ့လျော့ နေတတ်သည်။ဂျေဂျေပလာဇာသို့ ကျနော်တို့ရောက်ချိန်တွင် ရန်ကုန်သား ၀င်းကျော်ခိုင်၏ လက်ဖက်ရည်ဆိုင်လည်း ပိတ်နေခဲ့ပြီ။နောက်ဆုံးတွင် ကိုသက်ခိုင်သည် ညီလင်းဆက်တည်းခိုရာ ပါရာပါတောင်းဟိုတယ် ရှိရာသို့ ကြာကြာ မောင်းနှင်ရမည့် လမ်းရှည်ကြီးတစ်ခုကို ရွေးမောင်းကာ သူ့ဇာတ်လမ်းကို ဆက်ပြန်၏။
ထိုနေ့ညက ကိုသက်ခိုင် စကားဆက်ခဲ့သည့် ဖူးခက်မြန်မာတိုက်ပွဲမှာ အောက်ပါအတိုင်းဖြစ်သည်။
`ဒီတကြိမ်မှာ မြန်မာတပ်တွေဟာ အမြောက်ဆံအလှမ်းမမှီတဲ့ နေရာတွေမှာ စခန်းချပြီး ထလန်ခံတပ်ကို ဖြိုဖို့ သစ်ချွန်တပ် တဘက်ငါးခုစီ တည်ဆောက်ကြတယ်။မြန်မာတပ်တွေဟာ ထလန်ခံတပ်ကို ချေမှုန်းနိုင်ဖို့  ကျောက်ဖရာသီအိုတောင် (တုန်ဆိုင်းရေတံခွန်)ပေါ်ကို အကြီးဆုံး အမြောက်တွေ ကျားကုပ်ကျားခဲဆွဲတင်ကြတယ်။ သစ်ချွန်ခံတပ်ထိုးနေတုန်းမှာ လည်း မြန်မာတွေဟာ ထလန်ခံတပ်ထဲကို မီးမြားတွေရာချီပစ်သွင်းပြီး အဆောက်အဦတွေကို မီးလောက်တိုက်သွင်းတာ ကြောင့် ဒေသခံတွေ တုန်လှုပ်ခြောက်ချားကုန်တယ်။ညတိုက်ပွဲတွေမှာ အမြောက်သံ၊တူမီးသံတွေ စီစီညံနေခဲ့တယ်။
နေ့ပိုင်းမှာလည်း မြန်မာတွေဟာ ထလန်ခံတပ်ထဲက ရှိစုမဲ့စု အမြောက်ဆံတွေ ယမ်းတွေ တစတစအားနည်းပြုန်းတီးသွား အောင်၊ခံတပ်ထဲကနေ ပြန်ပစ်နေအောင် စစ်မြှူဆွယ်တဲ့ သေနင်္ဂဗျူဟာကို သုံးတယ်။တချိန်တည်းမှာ ခံတပ်နားထိ ကတုတ်ကျင်းတွေတူးပြီး တဖြေးဖြေးချဉ်းကပ်လာတာမို့ ပြင်သစ်ဘုန်းကြီး ရာဘူးတောင် ဘုရားတနေရတယ်။
မြန်မာ့စစ်ဦးထုံးစံအတိုင်း ထလန်ခံတပ်အပြင်ဘက်က အရာအားလုံးကို မြေလှန်ပစ်လိုက်ကြတယ်။ အနီးနားမှာ ပုန်းအောင်းနေတဲ့ ကျွန်းသူကျွန်းသားတွေကို လိုက်ဖမ်း၊လှောင်အိမ်ထဲထည့်ပြီး မြန်မာပြည်ကို ကျွန်အဖြစ် ပို့ပစ်လိုက်ကြ တယ်။မြန်မာ့ တိုက်လှေတွေကလည်း မြောက်ဘက်နဲ့အရှေ့ဘက်ကမ်းရိုးတန်းတလျှောက် မပြတ်ကင်းလှည့်ရင်း တွေ့သမျှ လှေဖောင်တွေကို ဖျက်ဆီးတိုက်ခိုက်ရင်း ဖူးခက်ကျွန်းကို ပင်မဖန်ငကုန်းမြေနဲ့ အဆက်ပြတ်အောင် ဖြတ်တောက်နေကြ တယ်။ မြန်မာ့ တိုက်လှေအများစုဟာ ပက်ပရာတူးမြောင်းမှာတပ်စွဲရင်း ဖန်ငဘက်က ယိုးဒယားခံစစ်ကို မပြတ်စောင့်ကြည့် နေကြတယ်။
ဝါးချွန်တွေနဲ့ကတုတ်တွေတည်ရင်း အခိုင်အမာတပ်စွဲထားပြီး အဲဒီဝါးချွန်ကတုတ်တွေဟာ လေးပေကနေ ခြောက်ပေအထိ မြင့်တဲ့အပြင် တူမီးပစ်ဖို့ နေရာတွေပါ စီမံဖန်တီးထားတာကြောင့် အံ့သြစရာကောင်းလောက်အောင် ခိုင်မာသတဲ့။
နောက်ဆယ့်လေးနှစ်အကြာမှာဖြစ်ခဲ့တဲ့ အင်္ဂလိပ်မြန်မာပထမစစ်ပွဲအတွင်းမှာ ဗြိတိသျှသေနတ်သမားတွေရဲ့ အဆိုအရ ခြောက်လက်မအမြောက်ဆံကိုတောင် ၀ါးချွန်ကတုတ်က မဖြုံဘဲ ယိမ်းကာနွဲ့ကာနဲ့ အမြောက်ဒဏ်ကို ကြံ့ကြံ့ခံနိုင်တယ် လို့ အဆိုရှိတယ်။အမြောက်ဒဏ်ကြောင့် ကတုတ်ကျင်းနားမှာ ရှိရှိသမျှ ပြုတ်ပြုတ်ပြုန်းတာတောင် ၀ါးချွန်ကတုတ်ကတော့ ပန်းပန်လျက်ပဲတဲ့။ဒီအဖြစ်ကို စိတ်မရှည်တဲ့ ဗြိတိသျှစစ်သားတယောက်က `အမြောက်အမြောက် အားလုံးကိုဖောက်- ၀ါးချွန်ကတုတ်ကဖြင့် မကြောက်ရေးချမကြောက်´လို့တောင် စာချိုးဖူးတယ်။နောက်ဆုံး အမြောက်ဆံထဲမှာ ယမ်းမှုန့် တ၀က် လျှော့ထည့်လိုက်တော့မှ ဒုက္ခအကြီးအကျယ်ပေးနေတဲ့ ၀ါးချွန်ကတုတ်ကို မျိုးဖြုတ်နိုင်သတဲ့။ မလေးရှားနဲ့ ယိုးဒယားတွေလည်း မြန်မာတွေရဲ့ လက်စောင်းထက်လှတဲ့ အဲဒီဝါးချွန်ကတုတ်တွေရဲ့ဒဏ်ကို ပက်ပက်စက်စက်ခံရပြီး ဒုက္ခများခဲ့ကြတယ်။
ထလန်ခံတပ်နောက်ဘက်မှာတော့ မြန်မာကတုတ်ကျင်းတွေဟာ ခံတပ်နားတဖြည်းဖြည်းနီးလာခဲ့ကြပြီ။ မလေးဘက်ကနေ တပ်ဆုတ်လာတဲ့ မြန်မာ့အရှေ့စစ်တောင်ပံတပ်ဟာ တပ်သားရှစ်ထောင်နဲ့အတူ ထပ်ရောက်လာတဲ့အတွက် ထလန်ခံတပ် ကို ထိုးစစ်ဆင်နေတဲ့ မြန်မာတပ်ဟာ သုံးပတ်အတွင်း အင်အားတသောင်းသုံးထောင်ရှိတဲ့ တပ်မဟာကြီး ဖြစ်လာတယ်။ အဲဒီတပ်မဟာကြီးဟာ လက်နက်အင်အားမရှိတော့သလောက်အခြေအနေနဲ့ ကူကယ်ရာမဲ့နေတဲ့ ဖူးခက်သား အင်အား ခြောက်ရာသာရှိတဲ့ ထလန်ခံတပ်ဆီကို တရွေ့ရွေ့ ချီတက်လာချိန်မှာ ဖူးခက်သားတွေဟာ ဘယ်အချိန်ဘယ် နေရာက ပေါ်လာမယ်မသိတဲ့ စစ်ကူကို စောင့်ရင်း တစိမ့်စိမ့်တွေးကြောက်နေဖို့သာ တတ်နိုင်ကြပါတော့တယ်´
သူ့ဇာတ်လမ်း ဤနေရာအရောက်တွင် ညီလင်းဆက်တည်းခိုရာဟိုတယ်သို့ ကျနော်တို့ရောက်ခဲ့ကြပြီ။ညီလင်းဆက်ကို  ပို့အပြီး ကျနော်တို့အိမ်ပြန်သည့်အချိန်ကား ညသန်းခေါင်ယံတိုင်ခဲ့ပြီ။ ကိုသက်ခိုင်သည် သူ့ဇာတ်လမ်းရှည်ကြီးကို ခင်းခဲ့ ရသောကြောင့်ဖြစ်ပေမည်။ နှုတ်ဆိတ်ရင်း ကားကို ပုံမှန်မောင်းနှင်လျက် ရှိ၏။ ပါတောင်ကမ်းခြေနှင့် ဖူးခက်မြို့မဆီ လမ်းတလျှောက် ကားအသွားအလာမှာ နေ့လည်ခင်းအချိန်အခြေအနေနှင့် မထူးခြားလှ။ စည်ကားနေမြဲပင်။ထိုအချိန်တွင် ကျနော့်ခေါင်းထဲသို့ မေးခွန်းတချို့ဝင်ရောက်လာပြန်သည်။
`ကိုသက်ခိုင်၊ ခင်ဗျားပြောတဲ့ တိုက်ပွဲနောက်ဆုံးအခန်းမှာ မြန်မာတပ်တွေဟာ ထလန်ခံတပ်ကိုသိမ်းလိုက်ရောလားဗျာ´
(ဆက်လက်ဖော်ပြပါမည်။)
↧
↧

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0



အခန်း(၅)
        လေထန်လျှင်ရေဆန်ကိုဖြတ်မည်

`ကောလင်းမက်ကေဟာ ဒီနေရာမှာ မြန်မာ့အောင်ပွဲကို ချက်ချင်းရေးမပြပဲ ယိုးဒယားဘက်က ခံစစ်ပြင်ဆင်ပုံကို ရေးပြ ထားတယ်။ ကျနော်ဖတ်နေတုန်းပဲဗျ၊မလောပါနဲ့။ ပြောဖြစ်အုံးမှာပါလေ´
`ဒါနဲ့ အဲဒီခေတ်က မြန်မာ့ရေတပ်ဟာ တော်တော်အင်အားကြီးပုံပေါ်တယ်ဗျာ။မြန်မာ့ရေတပ်ရဲ့ တိုက်လှေတွေ ဘယ်လိုဟာ တုန်းဆိုတာ အခုခေတ်မှာ လက်ဆုပ်လက်ကိုင် ပြစရာတောင်မရှိလောက်တော့ဘူးထင်ပါရဲ့´
`အင်္ဂလိပ်ဘာသာနဲ့ကတော့ War Boat လို့ ရေးထားတယ်ဗျ။ တစ်စီးကိုတပ်သားသုံးဆယ်ကနေ ခုနှစ်ဆယ်အထိ ဆန့်တယ်လို့ဆိုတယ်။ ကျနော်ပဲ ညံ့လို့လား မဆိုနိုင်ဘူး။ မြန်မာတိုက်လှေတွေကို ဆရာညိုမြရဲ့ ကုန်းဘောင်ရှာပုံတော် စာအုပ်ထဲမှာ ပန်းချီလိုလို ဓာတ်ပုံလိုလို မှုန်ဝါးဝါးသာ မြင်ခဲ့ရဖူးတယ်´
`နေပါဦးဗျ။ အဲဒီတိုက်ပွဲမှာ ဖူးခက်သားတွေကို မြန်မာတပ်က လိုက်ဖမ်းပြီး ကျွန်အဖြစ် မြန်မာပြည်ကို ပို့တယ်ဆိုတာ ဘယ်လိုဟာကြီးတုန်း။မြန်မာပြည်မှာ ထိုင်းလူမျိုးကျွန်တွေ ရှိခဲ့တယ်လို့ ကျနော်တော့ မကြားမိဘူး´
`စစ်ပွဲမှာ သုံ့ပန်းအဖြစ်ဖမ်းခေါ်လာတာကို သမိုင်းဆရာက ချဲ့ကားတယ်လို့သာ ကျနော်ယူဆတယ်။ မြန်မာတပ်သားကို ယိုးဒယားက ဖမ်းမိရင်လည်း သုံ့ပန်းဖြစ်တာပါပဲ။နောက်တချက် အင်အားတစ်သောင်းသုံးထောင်ကျော်ရှိတဲ့ မြန်မာ တပ်မဟာကြီးဟာ ခံတပ်ထဲက ဖူးခက်သားခြောက်ရာကို ခရုခါးတောင်းကျိုက်ဖမ်းနေပုံမျိုး ရေးထားတာကလည်း သဘာဝ တော့ မကျလှဘူး။  ဒါကြောင့် သမိုင်းကိုဖတ်ရာမှာ ဆင်ခြင်တုံ တရားလိုတယ်လို့ ကျနော်ပြောခဲ့တာပေါ့´
`ခင်ဗျားက ရှေးဘ၀နောက်ဘ၀တွေအကြောင်း ပြောပြောနေတော့ ဖူးခက်မြို့ကို မြေလှန်၊ မီးတိုက်ပြီးသုံ့ပန်းတွေ ဖမ်းခေါ် လာဖူးတဲ့ ကျနော်တို့ မြန်မာတွေ ဒီခေတ်မှာ ဖူးခက်က အဆောက်အဦးတွေကို ပန်းရံကူလီဘ၀နဲ့ ၀ဋ်ကြွေးပြန်ဆပ် နေရ တယ်လို့ ကော ခင်ဗျား မတွေးမိဘူးလားဗျာ´
`အင်း တွေးမယ်ဆို တွေးချင်စရာပါပဲ။စစ်တပ်ကြီးကို အလွန်အမင်းအားကိုးချင်ကြတဲ့ မြန်မာလူမျိုးတွေရဲ့ညံ့ချက်လည်း ပါသပေါ့ဗျာ၊ဘာတဲ့ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖဆိုလားဗျာ´
`ဒါနဲ့ ခင်ဗျားဥစ္စာ ဖူးခက်သမိုင်းကို ခရေစေ့တွင်းကျပြောနိုင်လှချည့်လား။ အလွတ်ကျက်ထားတယ်လို့တောင် ထင်ရတယ်။ ရှင်းစမ်းပါအုံးဗျာ´
`အရေးထဲ စွတ်အထင်ကြီးနေပြန်ပါပြီ။ ဖတ်ထားတာ ပူပူနွေးနွေး ၊ ရေးထားတာက ဖူးခက်အကြောင်း၊ စာအုပ်ထဲမှာပါတဲ့ မြို့တွေရွာတွေကို ကျနော်မကြာခဏရောက်ပြီး အကျွမ်းဝင်နေတာကြောင့်မှတ်မိနေတာဗျ။ ကိန်းဂဏန်းတချို့ခေါင်းထဲ ရောက်အောင်တော့ လုံ့လပြုရတာပေါ့။ ဒါကလည်း ကျနော်စိတ်ဝင်စားလွန်းတဲ့အကြောင်းမို့ထင်ပါရဲ့။ ကဲ၊ ခြံဝ ရောက်ပြီ တံခါးဆင်းဖွင့်တော့ ဆရာ´
ကိုသက်ခိုင်သတိပေး စကားသံကြောင့် ကျနော်ကားပေါ်မှဆင်းကာ ခြံတံခါးကိုဖွင့်နေရင်း ကောင်းကင်ပြင်ကို မော့ကြည့် မိသည်။ တိမ်မဲညိုတို့ဖြင့် အုံ့မှိုင်းနေ၏။ ထို့ကြောင့် လသာရက်လော၊ လမိုက်ရက်လော ကျနော်မဝေခွဲနိုင်ချေ။
အခန်း(..)
ကိုသက်ခိုင်ကား အိပ်ယာထစောသူဖြစ်၏။ ရဲဘက်စခန်းတွင်လည်းကောင်း၊ဖူးခက်မြို့တွင်လည်းကောင်း သူနှင့်ကျနော် အတူနေဖူးခဲ့သမျှ ကာလများတွင် ပုံမှန်အားဖြင့် နံနက်ငါးနာရီခွဲသာသာတွင် သူအိပ်ယာထလေ့ရှိသည်။ကျနော်ကား အအိပ်မက်သူဖြစ်၏။လွန်ခဲ့သောညက အိပ်ယာဝင်ချိန်နောက်ကျခဲ့သော်ငြား ထုံးစံအတိုင်း သူအိပ်ယာမှထကာ လမ်း လျှောက်ဖို့ ကျနော့်ကို အဖော်စပ်လေရာ ကျနော့်မှာ သူ့နောက်သို့ တကောက်ကောက်ပါရပြန်သည်။
သူလမ်းလျှောက်ရန် ရွေးချယ်သည့်နေရာမှာ စူဝမ်လူဝမ်(တော်ဝင်)ပန်းခြံဖြစ်၏။ကျောက်ဖားလမ်းမကြီးဘေးမှာရှိသော အလွန်ကျယ်ဝန်းသည့် နေရာဖြစ်၏။ပန်းခြံအ၀င်ဝရှိ ကားရပ်နားသည့်နေရာတွင် နံနက်ခင်းမို့ ကားနှင့်ဆိုင်ကယ် အစီးရေ အနည်းငယ်သာရှိသော်ငြား ညနေပိုင်းအချိန်တွင်ကား ကားနှင့်ဆိုင်ကယ်စီးရေ ရာချီလျက်ရှိနေတတ်သည်။စင်စစ် ဖူးခက် သည် အိပ်ချိန် နောက်ကျသောမြို့။ပန်းခြံအတွင်းမလှမ်းမကမ်းမှ အေရိုးဗစ်သီချင်းသံကို ကြားနေရပြီ။ထိုစဉ် ကိုသက်ခိုင် ထံမှ မထင်မှတ်သော မှတ်ချက်စကားသံထွက်ပေါ်လာသည်။
`ဒီပန်းခြံကို ရောက်လေတိုင်း  ကျနော့်တိုင်းပြည်အတွက် ကျနော်စိတ်မကောင်းဖြစ်ရတယ်ဗျာ´
`ထိုင်းလူမျိုးတွေ အားကစားလိုက်စားနိုင်ကြတာကို ခင်ဗျားဆိုလိုချင်တာလား၊ခင်ဗျားကိုကြည့်ရတာ ဒီပန်းခြံနဲ့ မစိမ်းသ လိုပဲ´
`မစိမ်းဆို အခုခင်ဗျားဖွင့်ထားတဲ့ ဆိုင်နဲ့မလှမ်းမကမ်းမှာ ကျနော်အကြာကြီးနေခဲ့ဖူးတယ်။ ဒီပန်းခြံကို ကျနော်ရင်းနှီးနေ ခဲ့တာ ကြာပေါ့။ ခင်ဗျားပြောသလို ထိုင်းတွေ ကျန်းမာရေးလိုက်စားနိုင်ကြတဲ့အခြေအနေတင်မကဘူး။ ဒီပန်းခြံကြီး တစ တစ စည်ပင်လာတာကို ကျနော်အသေးစိတ်မှတ်မိနေတယ်။ကျနော်တို့တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာ အတုယူသင့် တဲ့ အချက်တွေအများကြီးရှိတယ်´
`ခင်ဗျားတွေးတဲ့ အကြောင်းအရာက အဆက်အစပ်နည်းနည်းဝေးနေသလိုပဲ´
`ဝေးတယ်လို့ ခင်ဗျားထင်နေတာပါ။တကယ်တော့ ဒီပန်းခြံကြီးဟာ ဖူးခက်မြို့ကြီးတည်နေပုံနဲ့ ဆင်တူယိုးမှား တည် ဆောက်ထားတာ ခင်ဗျားသတိမပြုမိဘူးထင်တယ်´
`အဆန်းပါကလား၊ရှင်းစမ်းပါအုံးဗျ´
`ဟုတ်တယ်၊ဒီပန်းခြံကို ဖူးခက်မြို့နဲ့ပုံစံတူနီးနီးတည်ဆောက်ထားတာသေချာတယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က ဒီပန်းခြံထဲမှာ Small Phuket ဆိုပြီး နှိုင်းယှဉ်ကြည့်လို့ရအောင် ပုံစံတူလေးတစ်ခုတောင် လုပ်ထားသေးတယ်။ ဒီပန်းခြံဟာ ရေပတ်လည်ဝိုင်းနေတာကို ခင်ဗျားသတိပြုမိသလား။အမှန်တော့ မူလပန်းခြံအနေအထားကို ရေပတ်လည်ဝိုင်းနေသလိုဖြစ် အောင် တမင်ဖန်တီးထားတာပဲ။အခုခင်ဗျားနဲ့ ကျနော်ဖြတ်လျှောက်နေတဲ့ ရေကန်ဂုံးကျော်တံတားကြီးဟာ ဖူးခက်မြို့အ၀င် ဆာရက်ဆင်တံတားကြီးကို ကိုယ်စားပြု တည်ဆောက်ထားတာပေါ့။
တကယ်တော့ဖူးခက်မြို့ကြီးစည်ပင်လာတာဟာ ၂၅နှစ်ဝန်းကျင်ပဲ ရှိပါအုံးမယ်။တိတိကျကျပြောရရင် ၁၉၈၈ ၀န်းကျင်ပေါ့။ မြို့တည်ဆောက်ပုံကိုက သေချာစံနစ်တကျ အကွက်ရိုက်ပြီး တည်ဆောက်ထားတာ မဟုတ်ဘူး။ရွာခပ်ကြီးကြီးတစ်ရွာမှာ  အိမ်ကြို၊အိမ်ကြားတွေကနေ ကြုံရင်ကြုံသလို လမ်းတွေလျှောက်ဖောက်ထားတဲ့ပုံစံမျိုး၊ဒါကြောင့် လမ်းတွေကို မှတ်ရ အတော်ခက်တယ်ဗျာ။ တောင်ရောက်လိုက် မြောက်ရောက်လိုက်ပါပဲ။ဒါပေမဲ့ ခေတ်မီမီပြုပြင် မွမ်းမံနိုင်တာကြောင့် နေချင် စဖွယ် အဆင်ပြေသလိုဖြစ်နေတာ၊
ဒီပန်းခြံကြီးကိုကြည့်၊ စိုက်ထားတဲ့အပင်တွေဟာ ထန်းပင်၊အုန်းပင်၊ မလေးရှားပိတောက်၊ကုက္ကိုတွေလို မြန်မာပြည်မှာ ဘာမှသုံးစားလို့မရတဲ့ အပင်တွေပါပဲ။ ကျနော်ရောက်စကဆို အဲဒီအပင်တွေ ကျိုးတိုးကျဲတဲနဲ့ ပန်းခြံကြီးရဲ့ ဟိုဘက် ဒီဘက် ဒိုးယိုပေါက် မြင်နေရတယ်။ အခုကြည့်၊ သစ်ပင်တွေထူထပ်ပြီး အုံ့ဆိုင်းနေပြီ။ကျနော်ရောက်ဖူးကာစက ပန်းခြံထဲက  လမ်း တွေဟာ ကတ္တရာလမ်း တ၀က်တပျက်နဲ့ မြေနီလမ်းသာသာပါပဲ။ မှတ်မှတ်ရရတခါတခါ ပန်းခြံထဲမှာ ခွေးချေးနံ့တွေ လှိုင်လို့။ပန်းခြံဘေး ပတ်လည်က ရေကန်ကြီးကလည်း လေသင့်ရင် ညှီစော်နံသလိုပါပဲ။အခုတော့ တကွင်းလုံး ကတ္တရာ လမ်းတွေချောလို့။ လမ်းလျှောက်ရင် ခွေးခေါ်မလာရ(No pet) ဆိုတဲ့ဆိုင်းဘုတ်တွေနဲ့ပေါ့ဗျာ။ဟိုတုန်းဆို ပန်းခြံထဲက သစ်ရွက်ခြောက်တွေကို ပီနန်အိတ်တွေနဲ့ထည့်ပြီး တကူးတကမီးရှို့ပစ်ကြပေမဲ့ အခုတော့ သစ်ရွက်ခြောက်တွေကို စံနစ်တကျစုပြီး သဘာဝမြေသြဇာလုပ်ရောင်းနေကြလေရဲ့။ရေကန်ကြီးကို စီမံကိန်းချပြီး ပြန်ဆယ်ထားကြတာ၊ ဒေါင်လုန်း ဘက်ရေကန်ကိုလည်း လေးဘက်လေးတန် ကန်ဘောင်အသစ်ပြန်လုပ်ထားကြတော့ အတော့်ကို ပြောင်းလဲနေခဲ့ပါပြီ။
ဖူးခက်မြို့ စည်ပင်ဖွံ့ဖြိုးလာတာနဲ့အမျှ အနီးနား မြို့ရွာတွေက တောနေလူတန်းစားတွေ အများကြီး ရောက်လာကြတယ်။ အလုပ်မျိုးစုံကို ထိုက်သင့်တဲ့ဝင်ငွေနဲ့ လုပ်နိုင်ကြတယ်။ ဒီဝင်ငွေကြောင့်ပဲ ကျန်းမာရေးလိုက်စားနိုင်ကြတယ်။ ခင်ဗျား ကြည့်လေ၊ရေကန်ဘေးတလျှောက်မှာ အားကစားလေ့ကျင့်တဲ့ ကိရိယာတွေ အစုံအလင်နေရာချထားတယ်။ အခမဲ့ပဲ။ အလေးမချင်ရင်တော့ ငါးဘတ်ပေးရမယ်။ အေရိုးဗစ်လေ့ကျင့်ခန်းအတွက် နည်းပြဆရာမကို ဆယ်ဘတ် ပေးရတယ်တဲ့။ အတော်ဟန်ကျတဲ့အစီအစဉ်ပဲ။ရန်ကုန်မြို့ကြီးမှာ ကန်တော်ကြီးနဲ့ မြင်းပြိုင်ကွင်းလိုနေရာမှာတောင် အားကစားလိုက်စားသူ အတော်နည်းနေပြီ ကြားမိတယ်´
လမ်းလျှောက်နေရင်း စကားမျှင်တန်းနေသော ကိုသက်ခိုင်ကို ကျနော်စောင်းငဲ့ကြည့်မိသည်။ သူကား ဇာတိမြေနှင့် အလှမ်း ဝေးသောနေရာတွင် မပူမပင် မကြောင့်မကျဘ၀ကို ရနေပါလျက် ဤအတွေးမျိုးတွေးနေသည်ကို ကျနော်အံ့သြသည်။
`ဒါနဲ့ စကားမစပ် ခင်ဗျားက ဖူးခက်သာယာတဲ့သတင်းကြောင့် ဒီမှာ အခြေချဖို့ စိတ်ကူးပေါ်ခဲ့တာလားဗျာ´
`ပြောရရင် နည်းနည်းတော့ရှည်မယ်။ဖူးခက်နဲ့ကျနော်ဟာ တစ်စုံတစ်ခုသောအကြောင်းကြောင့် ကျနော့်ဘ၀နဲ့လာပြီး ဆက်စပ်နေတယ်ထင်ပါရဲ့´
`လုပ်ပါဦးဗျ´
ကျနော်တောက်လိုက်သော စကားကြောင့်  ကိုသက်ခိုင်ရှေ့ဆက်လေသော သူ့ဘ၀ဇာတ်ကြောင်းမှာ အောက်ပါအတိုင်း ဖြစ်လေ၏။
`ရဲဘက်ကနေ ကျနော်ထွက်လာတော့ အိမ်မှာကြာကြာနေလို့ မဖြစ်တာကြောင့် ယာယီတည်းခိုဖို့နေရာရှာရတယ်။ ကျနော် ထွက်လာတာကို ကျနော့်ဇနီးအပါအ၀င် မိတ်ဆွေအားလုံးလိုလို စိုးရိမ်သောက ရောက်နေကြတဲ့ အမူအယာတွေပြနေကြ ပေမဲ့ ကျနော့်စိတ်ထဲမှာတော့ ဘာမှမထူးလှဘူးဗျ။ကံကောင်းတာက ကျနော်အိမ်က ထွက်သွားပြီး တစ်နာရီလောက်အကြာ မှာ ရဲဘက်စခန်းက အရာရှိတစ်ယောက် အိမ်ကိုပေါက်ချလာတယ်။ထောင်ပိုင်ကြီး စိတ်ပူနေလို့၊လိုက်ခေါ်တာပါဆိုပြီး ယဉ် ယဉ်ကျေးကျေး ပြောရှာသတဲ့။ကျနော့်ဇနီးကလည်း သူမြို့ထဲရောက်နေတုန်း ကျနော်အိမ်ကနေဖုန်းဆက်တာကြောင့် သူ ပြန်လာတာ သိတဲ့အကြောင်း၊သူအိမ်ပြန်ရောက်တော့ ကျနော်အိမ်မှာ မရှိတော့တဲ့အကြောင်း ဖြောင့်ကွယ်ကွယ်သတဲ့။
အမှန်တော့ ရဲဘက်စခန်းက အရာရှိ ကျနော့်အိမ်ရောက်နေချိန်မှာ ကျနော်ဟာ အိမ်နဲ့မလှမ်းမကမ်းက ဆံပင်ညှပ်ဆိုင်မှာ လူရုပ်ပေါက်အောင် ဆံပင်ညှပ်နေချိန်ပေါ့။
နောက်တော့ ကိုသက်တင်ရဲ့အကူအညီနဲ့ သာကေတတံတားနားက အိမ်လွတ်တလုံးမှာ ခိုနေလိုက်ရောဆိုပါတော့။ ထုံးစံ အတိုင်း မနက်အာနာပါန ညအာပါန ၊အိပ်လည်းအာနာပါန စားလည်းအာနာပါနဆိုပါတော့။ထူးဆန်းတာက တစ်ခုသော ညမှာ ကျနော့်စိတ်ထဲ ..သြော် ငါ့ဘ၀ ရှေ့လျှောက်ဘယ်ဆီပေါက်လို့ ဘယ်ဆီများရောက်အုံးမှာပါလိမ့်ဆိုတဲ့ ပူပန်စိတ်နဲ့ တွေးတောရင်း အိပ်ယာဝင်ပြီး အိပ်မပျော့်တပျော်မှာ ကျနော်ဟာ ဂျပန်နိုင်ငံက ကာမာကူရဘုရားကြီးရှေ့ကို ရောက်နေ သဗျာ။နောက်ခဏကြာတော့ ကျနော်ဟာ တောင်ကုန်းမြင့်ကြီးတစ်ခုပေါ်မှာ ရပ်နေရင်း အဝေးကို လှမ်းကြည့်နေတဲ့ပုံမျိုး ပေါ်လာပြန်တယ်။ ကျနော်သေချာပေါက် မှတ်မိနေတာကတော့ ပင်လယ်ပြင်ကြီးနဲ့ တောင်ကုန်းအောက်မှာ ရှိနေတဲ့ အိမ်ကလေးတွေရဲ့ ခေါင်မိုးနီနီတွေပါပဲ။ကျနော်ဟာ အညာသားမို့ ပင်လယ်ဆိုတဲ့အရာကို စာထဲမှာသာ ဖတ်ခဲ့ဖူးတာ၊ တစ် ကြိမ်တစ်ခါမှ ပင်လယ်ပြင်ကို မမြင်ဖူးခဲ့တာကြောင့် မှတ်မိနေဟန်ရှိပါတယ်။

(ဆက်လက်ဖော်ပြပါမည်။)
↧

ရာဇဝင်ထဲမှာ ဘူးသီးတွေကိုထားရစ်ခဲ့ နှင့် အခြားလက်စမ်းစာများစုစည်းမှု

$
0
0


တတိယမြောက်စာအုပ်ထွက်လာပါတော့မယ်။
ကျနော်ကတော့ စာရေးဆရာလို့ မခံယူရဲသေးတာ အမှန်ပါ။

ချမ်းသာကိုယ်စိတ်မြဲပါစေ

လေးစားစွာဖြင့်

မင်းဒင်
↧

ရာဇဝင်ထဲမှာဘူးသီးတွေကိုထားရစ်ခဲ့

$
0
0




                                          တပြည်လုံးသို့ဖြန့်ချိရန် အဆင်သင့် ဖြစ်နေပါပြီ။

.......

.....

.....

......


↧

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0

               
                                           
                                                                 မင်းဒင်ရဲ့သက်ခိုင်(၂)

နောင် ကျနော်ဖူးခက်ရောက်ပြီး တစ်နှစ်လောက်အကြာမှာ ပါတောင်ဘက်ကနေ ဖူးခက်မြို့မဖက် အပြန် စံကျောက် စူရာတောင်ကို ကျော်နေတုန်း တောင်အောက်ကို အမှတ်မထင်လှမ်းကြည့်လိုက်မိတော့ .. ငါ ဒီရှုခင်းကိုမြင်ဖူးနေပါတယ် လို့ ခံစားမိရာက သေချာတွေးကြည့်လိုက်တော့ ကျနော့်အာရုံထဲမှာပေါ်လာခဲ့ဖူးတဲ့မြင်ကွင်းဆိုတာ အမှတ်ရလာတယ်ဗျ။ ယုံချင်ယုံ၊မယုံချင်လည်းနေပေတော့ဗျာ။ ကျနော်ဟာ ကာမာကူရဘုရားကြီးကိုလည်း ရောက်ခဲ့တယ်။ဖူးခက်မှာလည်း အခြေချဖြစ်ခဲ့တယ်။ဂျပန်ခရီးစဉ်ကို ခဏထားလိုက်အုံးဗျာ။ဖူးခက်အကြောင်း ရှေ့ဆက်ရအောင်။
ကိုသက်တင်နေရာချပေးတဲ့ သာကေတဘက်က အိမ်မှာ ကျနော်ဆယ့်ငါးရက်လောက်တည်းပြီးတဲ့နောက် ကားလမ်းခရီးနဲ့ မော်လမြိုင်၊အဲဒီကနေတဆင့် ထားဝယ်ကိုရောက်လာတယ်။ဦးတည်ရာက ရနောင်းပေါ့။ရနောင်းရောက်မှ ယိုးဒယားရောက် မှာ မဟုတ်လား။မော်လမြိုင် ထားဝယ်ကားလမ်းမှာ စစ်ဆေးရေးဂိတ်တွေ အတော်ပေါတယ်။ ကားပေါ်က လူကုန်ဆင်းခိုင်း မှတ်ပုံတင်စစ်၊မသင်္ကာရင် တစ်ယောက်ချင်းခေါ်မေး၊ကြောက်တတ်ရင် အတော်စိုးရိမ်စရာပါပဲ။ ကျနော်ကို လိုက်ပို့တဲ့သူက ကိုသက်တင်တပည့် ကိုသန်းလင်းဗျ။သူက တပ်ကြပ်ကြီးစာရေးဘ၀ကနေ ပင်စင်ယူထားတာဆိုပေမဲ့ အသက်က သုံး ဆယ်ကျော်သာရှိပါသေးတယ်။မှတ်မှတ်ရရ မြို့နာမည်၊ရွာနာမည် ကျနော်မမှတ်မိတဲ့ ကားလမ်းဘေး ထမင်းဆိုင်ကြီးတစ် ဆိုင်မှာ ကားရပ်ပြီး ထမင်းစားနေကြတုန်း ဗြုန်းဆို စစ်ကားတစ်စီးထိုးဆိုက်လာပြီး လက်နက်အပြည့်နဲ့ စစ်သားတွေ ဆင်း လာပါလေရော။ ကိုသန်းလင်းကတော့ အတော်စိုးရိမ်ထိတ်လန့်တဲ့ပုံပဲ။ မျက်နှာအတော်ပျက်နေပြီ။ ကျနော်ကတော့ စစ်သားဆိုတာ နေရာတကာတွေ့နိုင်တယ်လို့သာ စိတ်ထဲမှာမှတ်ထားတာကြောင့် ဘာမှ မပူပင်တာအမှန်ပဲ။ ခင်ဗျား စဉ်းစား ကြည့်လေ။ ကျနော့်လို ဖွတ်ကြား၊ရဲဘက်ပြေးကို စစ်သားသုံးဆယ်လောက် ၀ိုင်းဖမ်းစရာမှမလိုတာ။
နောက်မကြာပါဘူး။ ဆလွန်းကားအဖြူတစ်စီးနဲ့ ဗိုလ်မှူးကြီးအဆင့် အရာရှိတစ်ယောက်ရောက်လာတယ်။ အမှန်က အဲဒီ အရာရှိ ထမင်းစားဖို့ တပ်သားတွေက လုံခြုံရေးယူဟန်တူပါတယ်။ကိုသန်းလင်းကို လှည့်ကြည့်လိုက်တော့ တိုက်ဆိုင်တယ် ဆိုရမလား၊အိမ်သာဘက်ဆီသွားနေလေရဲ့ဗျာ။
ကျနော်တို့ထားဝယ်ကိုရောက်တော့ ညနေခြောက်နာရီလောက်ရှိပြီ။ ကိုသက်တင်က ထားဝယ်သားဗျ။ဒါကြောင့် ဒီလမ်းကို ရွေးတယ်ထင်ပါရဲ့။ထားဝယ်ကနေ ကော့သောင်းကို ညဆယ်နာရီမှာ ထွက်မဲ့လျှပ်ပြေးယာဉ်ရှိသတဲ့။ တည်းခိုခန်းခပ်သေး သေးတစ်ခုမှာ ကျနော်တို့ခဏတည်းပြီး ကိုးနာရီလောက်မှာ လျှပ်ပြေးယာဉ်ပေါ် ရောက်တယ်ဆိုပါတော့။ကော့သောင်းမှာ ကျနော် လေးရက်လောက်နေပြန်တယ်။ မနက်တိုင်း စောစောထ မိုးကျော်ဆိုတဲ့နယ်ခံလူငယ်တစ်ယောက်နဲ့ လက်ဖက်ရည် ဆိုင်ထိုင် ကျနော့်အမူအကျင့်ကတော့ ဘာမှ သိပ်မထူးခြားသလိုပါပဲ။မိုးကျော်ဆိုတဲ့မောင်က ကော့သောင်းမှာ အတော် လူရာဝင်တယ်ဆိုရမယ်။ ကမ်းနီးငါးဖမ်းရှင်များအသင်းဥက္ကဋ္ဌဆိုလား၊ဘာဆိုလား။အမှန်တော့ မိုးကျော်ဟာ ကမ်းအဝေးမှာ ကော ကမ်းအနီးမှာပါ ငါးဖမ်းစရာ ၀ါးလတ်လှေရှိဖို့ နေနေသာသာ ကူးတို့သမ္ဗာန်လှေတောင် မပိုင်ရှာပါဘူး။ ငါးဖမ်း ထွက်မဲ့လှေတွေလိုအပ်တဲ့ငွေ ကြိုထုတ်ပေးတဲ့ ပွဲစားသဘော လုပ်နေပုံရပါတယ်။သူနေရာရနေတာက ကော့သောင်းနယ်ခံ စစ်ဘက်အရာရှိတွေနဲ့ ဂေါက်ရိုက်ဖက်ဆိုလား။ဒါကြောင့်ပါ။သူ့မိန်းမနာမည်က အေးအေးဟန်တဲ့။ တမင်မှတ်ထားတာ တော့ မဟုတ်ပါဘူး၊သွားလေသူကျနော့်ယောက်ဖ အေးဟန်နာမည်နဲ့တူနေလို့၊မိုးကျော်ကို ကျနော် စတွေ့ကတည်းက သူ့ပြောပေါက် ဆိုပေါက်တွေဟာ နည်းနည်း လူရည် လည်လွန်းသလား ထင်မိတယ်။ ကျနော်ထင်တာ မမှားပါဘူး။မကြာခင်မှာ မိုးကျော်ဟာ ကျနော့်ဆီက ဘတ်သုံးသိန်းကိုအတိုးနဲ့ချေးသလိုလို အကူအညီတောင်းသလိုလိုနဲ့ အပျောက်ရိုက်သွားခဲ့ပါတယ်။ နောက်ဆက်တွဲသတင်းကတော့ မိုးကျော်ဟာ ကော့သောင်းကအိမ်ကိုပါ အကြွေးနဲ့ ထိုးဆပ်လိုက်ရသတဲ့။မိုးကျော်ဟာ ကျနော့်ငွေကို တပတ်ရိုက်နိုင်လိုက်လို့ ဂုဏ်ယူနေကောင်းနေလိမ့်မယ်။ အမှန်တော့ ကျနော်သူ့လုပ်ရပ်ကို ရိပ်မိလို့ ကြိုတင် အကွက်ချထားတာကိုများ သူသိရင် လန့်ဖျားဖျားသွားလောက်တယ်။ ဟုတ်တယ်။ကျနော် သူ့ခြေလှမ်းတွေကို ကျနော် ကြိုသိနေတယ်။သူက နယ်စပ်မြို့က လူလည်ချာတိတ်အဆင့်ပါ။ ကျနော့်ငွေကိုပြန်မပေးတော့ဘူးဆိုတာ ရိပ်မိကတည်းက သူ့ကို ရနောင်းဘက်ချော့ခေါ်ပြီး အိမ်မှာတစ်ညသိပ်လိုက်တယ်။ စားသောက်ဆိုင်ချော့ခေါ်သွားပြီး ရနောင်းနယ်ခံ လူမိုက်တစ်ယောက်နဲ့ မှတ်လောက်သားလောက်အောင် ဆုံးမ မလို့။ သူ့ဆီမှာပါလာတဲ့ ကော့သောင်းအိမ်ဂရန်ကိုပါ သိမ်းမလို့ပဲဗျ။
အေးဗျာ၊ကျနော်ကျိတ်ကြံနေသမျှ ဘာမှမသိရှာတဲ့ မိုးကျော်ကိုကြည့်ပြီး သူ့ကို ကျနော်သနားလာတယ်။ကျနော့်ဘေးက ကျနော်အချက်ပြမှာကို စောင့်နေတဲ့ ရာမန်ကလည်း ကျနော့်မျက်နှာကိုပဲ ခဏခဏ လှမ်းလှမ်းကြည့်နေတယ်။ နောက်ဆုံး တော့ ငါလည်းသူတပါးငွေကြေးဥစ္စာ မတော်မတရားလုပ်မိတာတွေရှိကောင်းရှိမယ်။ ၀ဋ်ကြွေးရှိရင်ကျေပါစေတော့ဆိုတဲ့ စိတ်သာမွေးလိုက်ရတော့တယ်။နောက်တစ်ချက်က ကော့သောင်းကနေ ရနောင်းကိုကူးဘို့ပြင်ဆင်ကူညီပေးခဲ့တာ သူ့ ကျေးဇူးလည်းပါပါတယ်။
ကော့သောင်းမြို့ဟာနယ်စပ်မြို့ဖြစ်နေတာကြောင့် မြန်မာ့ရိုးရာဓလေ့ထုံးထမ်းတချို့တော့ ပျောက်နေပြီ ဆိုနိုင်တယ်။ နယ်ခံအများစုဟာ ဘယ်ဧည့်သည်ကိုမှ ထမင်းဖိတ်မကြွေးဘူး၊ အိမ်မှာခေါ်မသိပ်ဘူးလို့ဆိုတယ်ဗျ။ နယ်စပ်လိုနေရာမျိုး ဆိုတော့ ဘယ်ကလာမှန်းမသိ၊ဘယ်ကိုသွားမှန်းမသိတဲ့ဧည့်သည်တွေများတာကြောင့် ထင်ပါရဲ့။ အဆိုးလို့လည်း ပြောမရ ပြန်ဘူး။
ကော့သောင်းကနေ ရနောင်းဖက်ကို ကျနော်စက်လှေနဲ့ကူးလာတော့ ပါချန်မြစ်ကိုဖြတ်ရတယ်။အဲဒီဒေသဟာ ရှေးမြန်မာ တပ်တွေ ယိုးဒယားတောင်ပိုင်းကိုသိမ်းဖို့ စစ်လမ်းကြောင်းကျခဲ့တဲ့နေရာပေါ့။ပါချန်ကျွန်းဆိုတာ သမိုင်းစာအုပ်မှာ ဖတ်ရပေ မဲ့လက်ရှိတော့ ပါချန်ကျွန်းဆိုတာ ဘယ်နေရာကို ခေါ်သလဲမသိကြတော့ဘူးတဲ့။ပါချန်မြစ်ကိုဖြတ်နေတဲ့အချိန်လေးကို ကျနော့်တသက်မှာဘယ်တော့မှ မမေ့နိုင်ဘူး။ငါဟာ ရေမြေခြားကို အချိန်အကြာကြီးသွားရောက်ခိုလှုံဖို့ တရားမ၀င်လမ်း ကြောင်းတစ်ခုကနေ ဖြတ်ကျော်နေပြီဆိုတဲ့အတွေးက ခေါင်းထဲကို အဆက်မပြတ်ဝင်နေတယ်။မြစ်ပြင်ကလှိုင်းတွေ၊ လှေပေါ်ကလူတွေဟာ ကျနော်နဲ့ဘာမှမဆိုင်သလို ခံစားရတယ်။ရနောင်းဆိပ်ကမ်းကို လှေကပ်တော့ ပဲ့ချိတ်တွေ ရာချီကပ် ထားတဲ့ ဆိပ်ခံဘောတံတားဆီကနေ ကျနော့်နာမည်ကိုအော်ခေါ်နေသံကြားရပါတော့တယ်။ကိုသက်တင် အသံပေါ့။
ဖန်ဖလားဆိပ်ကမ်းကနေ ကားတစ်စီးနဲ့ ကျနော်တည်းခိုရမဲ့ အန်တီအုန်းတို့အိမ်အသွားလမ်းတလျှောက်မှာ တလမ်းလုံး အတွေးမျိုးစုံနဲ့ ငြိမ်ပြီးလိုက်လာခဲ့တာမို့ ကျနော်မှတ်မိတာကတော့ ရနောင်းမြို့ရဲ့ လမ်းမကျယ်ကြီးတစ်ခုပါပဲ။အန်တီအုန်းရဲ့ ခင်ပွန်းဟာ မကြာခင်ကမှ ဆုံးပါးသွားခဲ့ပြီး၊ အဲဒီတုန်းက အန်တီအုန်းအသက်ဟာ ငါးဆယ်မကျော်လောက်သေးပါဘူး။ သူ့ခင်ပွန်းနဲ့ကိုသက်တင်တို့ အမျိုးနီးစပ်တော်တယ်လို့ဆိုပါတယ်။Ranoung Pearl Queen ဆိုတဲ့ ရနောင်းဈေးရှေ့နဲ့မလှမ်း မကမ်း လမ်းသွယ်လေးထဲက ဆိုင်ဟာအန်တီအုန်းဆိုင်ပါပဲ။အန်တီအုန်းဟာ န၀တ၊နအဖခေတ်အဆက်ဆက်က ထိပ်တန်း အရာရှိတချို့နဲ့ အဆက်အသွယ်ရှိတာကြောင့် မြန်မာ့ကျောက်မျက်ရတနာတွေကို နိုင်ငံတကာပြပွဲတွေမှာ တည်ခင်းရောင်း နိုင်တဲ့အထိ လက်တံရှည်တယ်လို့လည်း ကျနော်တစွန်းတစသိခဲ့ရတယ်။ အန်တီအုန်းနဲ့အတူနေတာက သူ့ညီမ၊မထား။ မထားရဲ့ခင်ပွန်းကိုမျိုးဝေက ထားဝယ်လေသံနဲ့စကားပြောပေမဲ့ မွတ်ဆလင်ဘာသာကိုးကွယ်တယ်။ အန်တီအုန်းကော၊ မထားတို့ လင်မယားပါ ဧည့်ဝတ် အတော့်ကို ကျေတယ်ဗျ။ထူးခြားတာက မထားဟာ မွတ်ဆလင်ဖြစ်မသွားဘူး။ မိုးကုတ် ဆရာတော်ကြီးရဲ့ တရားခွေတွေ၊ စာအုပ်တွေ နာနေ၊ဖတ်နေတာ ကျနော်တွေ့မိတယ်။ကိုမျိုးဝေကလည်း အချိန်မှန်၊ ဗလီတက်နေတာ တွေ့ရလေရဲ့။

ရနောင်းကို ကျနော်ရောက်ပြီး တစ်ပတ်လောက်အကြာမှာ ကျနော့်လိပ်စာနဲ့ ကျနော့်ပတ်စပို့ရောက်လာတယ်။ စီစဉ်သူက ကိုသက်တင်ပါပဲ။အမှန်က လူကသာရေလမ်းက တရားမ၀င်ရောက်လာတာ။ကျနော့်စာအုပ်က လေယာဉ်ပျံစီးပြီး လေဆိပ် မှာဗီဇာအ၀င်တံဆိပ်တုံးနဲ့ပေါ့။အလကားတော့ဘယ်ရပါ့မလဲ။ ကျနော့်အိပ်ကပ်ထဲက ဗမာငွေသိန်းအစိတ်ထွက်သွားလေရဲ့။ စာအုပ်မှာ အ၀င်တုံးထုတဲ့ကိစ္စဟာ ပေါက်ဈေးဘတ်လေးငါးထောင်သာပေါက်တာ ကျနော်သိနေပါတယ်။ သက်တင်ဂွင် ရိုက်လိုက်တဲ့အကွက်ကိုလည်း ကျနော်သိနေတယ်။ ကျနော်ဘာမှ မပြောသာဘူး။ပြောချင်စိတ်လည်းမရှိလှဘူး။ နောင်ကာလတွေမှာ ပတ်စပို့နဲ့ ပတ်သက်တဲ့ အကြံအဖန်မှန်သမျှ ကျနော်မသိတာ မရှိလောက်အောင် ကျွမ်းကျင်လာပါ တယ်။စွတ်အထင်မကြီးလေနဲ့၊ကျနော့်ဘ၀ပေး အခြေအနေကိုက မကျွမ်းကျင်ရင် လမ်းပေါ်မှာ လမ်းပျောက်သွားနိုင်တယ် လေ။
ဒီလိုနဲ့အန်တီအုန်းတို့အိမ်မှာသောင်တင်အပြီး ရက်နှစ်ဆယ်လောက်ကြာတော့ ကျနော့်ဘ၀ရှေ့ရေး၊ခရီးဆက်နိုင်ဖို့အတွက် အကွက်ချစီစဉ်ရပါတော့တယ်။ကျနော့်ဗီဇာသက်တမ်းဟာသုံးလသာရှိတာမို့ တပြည်တရွာမှာအခြေကျဖို့ ကျနော်လုံးပန်းမှ ဖြစ်တော့မှာ မဟုတ်လား။သက်တင်ပြန်သွားတဲ့အချိန်မှာတော့ ကျနော်ရနောင်းဈေးနားက ဆင်းထ၀ီးဟိုတယ်ကို ပြောင်း နေလိုက်ပါတယ်။ကိုမျိုးဝေဟာ ကျနော့်ကို စိတ်ပူတယ်ထင်ပါရဲ့။ မြို့ပြင်ကို မသွားဖို့၊တတ်နိုင်ရင် ဟိုတယ်ထဲမှာပဲနေဖို့ မှာ ရှာတယ်။ဒါပေမဲ့ ကျနော်လိုခြေထောက်ဗွေပါပြီး နေရာတကာစပ်စပ်စုစုနိုင်တဲ့ကောင်က ဘယ်မှာ အငြိမ်နေနိုင်ပါ့မလဲ။ ကျနော့်စိတ်ထဲ၊ရနောင်းမြို့မှာ ထိုင်းလူမျိုးအများစုသာ ရှိနေကြမယ်လို့ တွေးခဲ့မိတာ တက်တက်စင်အောင် လွဲနေ သဗျ။တဖြည်းဖြည်းတောင်သွား၊မြောက်သွားလုပ်ကြည့်လိုက်တော့မှ လားလား ဈေးထဲမှာလည်းဗမာ၊ ဖန်ဖလား ဆိပ်ကမ်းမှာလည်းဗမာ၊ နေရာတကာမှာ ဗမာတွေချည်းပဲဗျာ။ ဗမာလို့သာ အားလုံးကို ခြုံပြောရတာ အမှန်တော့ မွန်ထားဝယ်တွေ များတယ်ဗျ။ ဘိတ်သားတွေလည်း ရှိလေရဲ့။နောက်ဆုံး ကုန်ကုန်ပြောရရင် ဇိမ်ခန်းတွေမှိုလိုပေါက်နေတဲ့ ဆွယ်ဆောင်(လမ်းသွယ်၂)၊ ဆွယ်စံ(လမ်းသွယ်၃)တွေဘက်ကို အဖော်ကောင်းလို့ ရောက်ပြန်တော့ မြန်မာဇိမ်မယ်တွေ မှိုလိုပေါက်နေသဗျာ။ဘယ်လို ရောက်သွားတာလဲ၊ဘာတွေလုပ်ခဲ့သလဲဆိုတာတော့ မမေးပါနဲ့တော့။
ဆင်းထ၀ီးဟိုတယ်မှာတစ်ပတ်လောက်လည်းကြာရော၊ ကျနော်ဘန်ကောက်ကို ဘတ်စ်စကားနဲ့တက်ခဲ့တယ်။ကျနော့်ကို၊ ကိုမျိုးဝေ့ဇနီး မထားသင်ပေးလိုက်တဲ့ စကားနှစ်လုံးကတော့ `ဘော်ကစော်´နဲ့`စိုင်တိုင်းမိုင်´တဲ့။ကျနော်ကသာ နှစ်လုံးထင် နေတာ အမှန်က စကားလုံးတစ်လုံး၊တစ်လုံးတည်းလို့ ပြောလို့ရပါတယ်။ကျနော်ဆင်းရမဲ့ နေရာကို ပြောပြနိုင်ဖို့ သင်ပေးလိုက်တာပေါ့ဗျာ။နောက်ဆုံးတော့ ထိုင်းလိုတစ်နှစ်သုံးလေးတောင် မရေတွက်တတ်တဲ့ ကျနော်ဟာ ဘော်ကစော် စိုင်းတိုင်းမိုင် စကားနှစ်လုံးနဲ့တင် ဘန်ကောက် စူခုန်ဗစ်၄၉လမ်းက ကိုကျော်စိုးပိုင်တဲ့ တည်းခိုခန်းအသေးစားလေးကို ဒုတ်ဒုတ်ထိ ရောက်ရောဆိုပါတော့။ကိုကျော်စိုးက သင်္ဘောသားဟောင်းမို့ သူ့တည်းခိုခန်းမှာ သင်္ဘောပေါ် အဆင်းအတက် မြန်မာတွေ စုပုံနေတတ်တယ်။ဇနီးက ထိုင်းအမျိုးသမီး၊တည်းခိုခန်းဘေးနားက ဆဲဗင်းအလဲဗင်းဆိုင်လေးကလည်း သူတို့ပိုင်တယ်ဆိုပဲ။ ပိုင်တယ်ဆိုတာ ကန်ထရိုက်သဘောလုပ်ပိုင်ခွင့်ရတာပေါ့ဗျာ။
ဘန်ကောက်ကို ကျနော်လာတဲ့ ရည်ရွယ်ချက်က စင်္ကာပူကို ခရီးဆက်ဖို့ပါပဲ။ကိုကျော်စိုးဟာ ကျနော့်အနေအထားကို အကဲခတ်မိဟန်တူပါရဲ့။ကျနော့်အပေါ်အတော်ကောင်းရှာတယ်။အခုတော့ သူကွယ်လွန်သွားရှာပြီ။ ကိုကျော်စိုးနဲ့ ကျနော် သွားသွားလာလာ၊အတော်ကြာနေခဲ့ဖူးတယ်။ကိုကျော်စိုးဟာ ထိုင်းအမျိုးသမီးနဲ့သာ ညားနေတာ ထိုင်းစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ဘူးဗျ။ကျနော်ဈေးဝယ်ချင်လို့ ကုန်တိုက်တွေဆီခေါ်သွားရင်  ဘိုစကားညှပ်၊ထိုင်းစကား နည်းနည်းညှပ်ပြီးသာ ပြောလေ့ရှိတယ်။သူပြောပြတဲ့ သူ့ဘ၀အကြောင်းတွေထဲမှာ ကျနော်တစ်သက်လုံး မမေ့နိုင်တဲ့ အကြောင်းအရာတစ်ခုရှိတယ်ဗျ။ဒီနေ့တော့ ဒီလောက်နဲ့ ရပ်ကြအုံးစို့။အေရိုးဗစ်သီချင်းသံကော၊တရုတ်ထိုက်ကျိသီချင်းသံ တွေရော ဆူညံနေပြီ။စကားပြောလို့ မကောင်းတော့ဘူး´
↧
↧

တချက်လောက်တော့ လှည့်ကြည့်စေချင်သည်။

$
0
0

                                         
 
                                                       တချက်လောက်တော့ လှည့်ကြည့်စေချင်သည်။
                                                        
                                                                         (မင်းဒင်)

၁။ ဗမာဖြစ်ရတဲ့ဒုက္ခ

ထိုင်းနိုင်ငံရောက်မြန်မာရွေ့ပြောင်းအလုပ်သမားတို့၏ ဘ၀ပုံရိပ်အချို့ကို ရံဖန်ရံခါ ကျနော်ရေးလေ့ရှိသည်။ စာဖတ်ပရိသတ်အချို့က  `ဆောင်းပါးတွေထဲမှာ ရေးထားသလို ထိုင်းရောက်မြန်မာတွေရဲ့ ဘ၀ဟာ တကယ်ပဲဆိုးသလား´ဟု မေးမြန်းလာပါသည်။ လွန်ခဲ့ သောလက ရွှေလုပ်သားဂျာနယ်မှ အောက်ဖော်ပြပါ သတင်းသည် အထက်ပါမေးခွန်းအတွက်အကောင်းဆုံးသက်သေ ဖြစ်မည် ဟု ကျနော်မျှော်လင့်ပါသည်။

စက်တင်ဘာ၆   မြတ်ညို(အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ ဘန်ချန်ရပ်ကွက်တွင်နေထိုင်သည့်ရာဘာခြံအလုပ်သမားတစ်ဦးအား ခွေးကိုဆဲဆိုသဖြင့် ထိုင်း လူမျိုးတစ်ဦးက သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သိရှိရသည်။
ယမန်နေ့ ညနေ ၆နာရီကျော်ခန့်က အသက် ၂၁ နှစ်အရွယ် သိန်းမင်းစံ ဆိုသူ ရာဘာခြံ အလုပ်သမားတစ်ဦးသည် အချိုရည်နှင့် မုန့်များ ၀ယ်ရန်သွားစဉ် ခွေးတစ်ကောင် လိုက်ကိုက်သဖြင့် ထိုင်းဘာသာစကားဖြင့်ဆဲဆိုခဲ့သည်။ စားစရာများ ၀ယ်ပြီးပြန်လာသည့်အခါ ခွေပိုင်ရှင်က အိမ်ရှေ့မှစောင့်နေပြီး ညာဘက်ရင်အုံနှင့်ညာဘက် မျက်ခုံးအပေါ်နဖူးစောင်းတို့ကို သေနတ်ဖြင့်နှစ်ချက် ပစ်ခတ် လိုက်ခြင်းဖြစ်သည်။
 ဦးလေး တော်စပ်သူ ကိုဇော်ဇော် က “ ခွေးလိုက်ကိုက်လို့ ဆဲမိတာကို သေနတ်နဲ့ပစ်သတ်ရတယ်လို့ဗျာ။ အချိုရည်ဗူးနဲ့ မုန့်ကိုကိုင်ပြီး နေရာမှာ ပွဲချင်းပြီးသေရတယ်။ ခွေးကို ကျနော့်တူက တစ်ခုခုနဲ့ လုပ်မိတယ်ဆိုလည်းတစ်မျိုး။ ကျနော်တို့ မြန်မာတွေဟာ ခွေးတစ်ကောင် လောက်တောင် တန်ဘိုးမရှိဘူးလား။ အသက်တစ်ချောင်း။ ဘ၀တစ်ခု ဒီလို လုပ်ချင်တိုင်း လုပ်လို့ ရစတမ်းလားဗျာ” ဟု ထိခိုက်ကြေကွဲ စွာဆိုသည်။
ကိုသိန်းမင်းစံသည် ထားဝယ်ခရိုင် ပုလောမြို့နယ်၊ ပလရွာ မှ ဦးကျော်မင်း၊ ဒေါ်ထွေးရီ တို့၏ သား လူပျိုလူလွတ်ဖြစ်ကြောင်း  သိရသည်။  ယခု လုပ်ကိုင်နေသည့် ရာဘာခြံတွင် ၄နှစ်တိုင်တိုင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦးဖြစ်သည်။ အလောင်းအား စက်တင် ဘာလ ၇ ရက်နေ့တွင် သဂြိုဟ်မည်ဖြစ် သည်။

၂။ ထမင်းတစ်လုတ်  တုတ်တစ်ချက်

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတို့၏ ဘ၀ကို အတိုဆုံးအရှင်းဆုံး  ဥပမာပေးရလျှင် ထမင်းတစ်လုတ်၊တုတ်တစ်ချက်ဟူသော ဆိုရိုး သည် အံအ၀င်ဆုံးဖြစ်တန်ရာသည်။ကာလကြာညောင်းခဲ့သော စစ်သားအုပ်ချုပ်ရေးစံနစ်ကြောင့် ထမင်းနပ်မမှန်ကြသော တောနေ လူ တန်းစားအများအပြားမှာ ရေကြည်ရာမြက်နုရာရှာရင်း ထိုင်းဘက်ခြမ်းသို့ရောက်လာကြသည်။အစအဦးကသော် ကော့သောင်း၊ဘိတ်၊ ထားဝယ်၊မော်လမြိုင်၊ကရင်ပြည်နယ်ဘက်တို့မှ ကျေးလက်နေလူထုအများစုဖြစ်သော်ငြား နောင်သော် ရန်ကုန်မန္တလေးကဲ့သို့ မြို့ကြီး ပြကြီးမှ လူများပါ ထိုင်းနိုင်ငံတနံတလျားသို့ ပြိုဆင်းလာကြသည်။အဆိုပါ မြန်မာအားလုံးလိုလို ထိုင်းဥပဒေအရ၊ထိုင်းလူမျိုးတို့ လက်ရှောင်ကြသည့် ညစ်ပတ်ပေရေ၊ ကျန်းမာရေးထိခိုက်သော၊ ကြမ်းတမ်းပင်ပန်းသော အလုပ်များကိုသာ လုပ်ခွင့်ရကြသည်။
မြန်မာရွေ့ပြောင်းလုပ်သားတို့ကား ခေတ်မီတိုက်တာ အဆောက်အဦးများ အကြိုအကြားတွင် ၊ ပန်ကာတစ်လုံး၊ထမင်းပေါင်းအိုး တစ်လုံးဖြင့် ယိုင်နဲ့နဲ့အလုပ်သမားတန်းလျားများတွင်နေရကာမျှဖြင့် နတ်ဘုံနတ်နန်း ထင်မှတ်ကြရှာသည်။ဇာတိမြေကို စွန့်ရခြင်း ၏ဒုက္ခ၊လူလိုမနေရသည့်ဒုက္ခတို့ကို ထမင်းနပ်မှန်ခြင်းဖြင့် အလဲအထပ်ပြုကြရသည်။
နွားသတ်ရုံပို့မည့်နွားများကို တံဆိပ်တုံးရိုက်ပေးသည်နှင့် ဥပမာပြုအပ်သော အလုပ်သမားကဒ်(ဘတ်)များကိုင်ဆောင်ရသည့် ဘ၀မှ ယာယီနိုင်ငံကူးလက်မှတ်ပေးခြင်းကား အမြင်ကောင်းလှပါ၏။နားဝင်ချိုလှပါ၏။ နောက်ဆက်တွဲအနေဖြင့် နိုင်ငံတကာသွားလာနိုင် သည့် အနီရောင်နိုင်ငံကူးလက်မှတ်များအတွက်လည်း သာဓုဖြောင့်ဖြောင့် ခေါ်လိုလှပါ၏။ သို့သော် …..။
ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးခြင်းအတွက် အကြီးအကျယ် အကျိုးဖြစ်ထွန်းသူတို့မှာ ထိုင်းလူမျိုးပိုင် အလုပ်သမားကုမ္ပဏီများ မြန်မာသံရုံးနှင့် မြန်မာပတ်စပို့ပွဲစားတချို့သာဖြစ်သည်။


မြန်မာရွေ့ပြောင်းအလုပ်သမားတို့သည်ထိုင်းအာဏာပိုင်တို့၏ အလိုအလျောက်ငွေထုတ်စက်(ATM)များဟု ဆိုနိုင်သည်။ဘတ်ရှိရှိ၊ မရှိရှိ၊ ပတ်စ်ပို့ရှိရှိ၊မရှိရှိ ဖမ်းသည်။ငွေညှစ်သည်။ မရရရာ ပုဒ်မတစ်ခုခု ပြောင်းတပ်သည်။ရွှေပေါင်လက်မှတ်ကိုပင် အလွတ်မပေး။ ရွေ့ပြောင်း အလုပ်သမားတွေမှာ ခေါ်စရာအဖေမရှိ။

၎။ မြန်မာကျွန်မျိုးဆက်သစ်

အစအဦးမှာ ပြည်တွင်းဇနပုဒ်တစ်ခုမှ မြန်မာအလုပ်သမားတစ်ဦး ဖူးခက်သို့လာရောက် အလုပ်လုပ်ကိုင်သည်။ စားဝတ်နေရေး ပြေလည်ရုံရှိသည်ကို ရွာမှာရှိနေသည့် အလုပ်လက်မဲ့တို့က အားကျသည်။နီးစပ်ရာဆွေနီးမျိုးစပ်တွေ အကုန်နီးပါး ဖူးခက်ကို ရောက်လာကြသည်။ မွန်ပြည်နယ်မော်လမြိုင်မြို့အနီးရှိ ကျောက်တန်းကျေးရွာကဲ့သို့ ရွာများမှဆိုလျှင် ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် ကျေးရွာကောင်စီဥက္ကဋ္ဌ တွေပါ ဖူးခက်ကိုရောက်လာ၊ကြွလာကုန်ကြသည်။
ဖူးခက်မှာပင် နဖူးစာရွာလည်ကြသည်။ အိမ်ထောင်ဖက်ကာ သားသမီးပွားစီးကြသည်။ လေးငါးနှစ်အရွယ်တွင် ဇာတိရပ်ရွာသို့ ပြန်ပို့ ကာ မူလတန်းပညာအဆင့် သင်ယူနေကြသော်ငြား၊ကျောင်းစာကို စိတ်မ၀င်စား။ ဖူးခက်မှာနေထိုင်ကြီးပြင်းခဲ့ရစဉ်က နေ့စဉ်မှီဝဲရသည့် အားဖြည့်အချိုရည်နှင့် ကော်ဖီဗူးမျိုးစုံကိုသာ အထင်တကြီးတောင့်တသည်။အဆိုးတော့မဆိုသာပြန်ချေ။ ထိုထိုသော ဗူးမျိုးစုံသည် ရွာမှာ သူဌေးနှင့်ဘုန်းတော်ကြီးများသာမှီဝဲနိုင်သောအရာမဟုတ်လော။ ကြီးပြင်းလာသည့်တစ်နေ့ ဖူးခက်မှာအလုပ် သွားလုပ်မည်ဟူသော ကျွန်ခံရေး မျှော်မှန်းချက်သည် ကလေးတိုင်းလိုလို၏ စိတ်ဝယ်စွဲထင်နေခဲ့ကြပြီ။ထိုင်းနိုင်ငံသားတို့တစ်နေ့အလုပ်ချိန် ရှစ်နာရီဖြစ်သော်ငြား မြန်မာအလုပ်သမားအများစုမှာ တစ်နေ့လျှင် ဆယ့်နှစ်နာရီမျှ အလုပ်လုပ်ကြရသည်။လစာကား အတူတူ။
ထို့ကြောင့် အရွယ်မတိုင်မီ အိုမင်းမစွမ်းဖြစ်ကုန်ကြပြီး အသက်ငါးဆယ်ကျော်ခန့်တွင် လူမမာဘ၀ဖြင့် ဇာတိရွာမှာ ခေါင်းချကြသည်။ ထိုကွက်လပ်ကို သားသမီးမြေးမြစ်များက ကျွန်ကမွေးသည့်သဘောက်များအဖြစ် ၀င်ရောက်ဖြည့်ဆည်းရန် အသင့်ရှိနေကြသည်။ အကောင်းဆုံး လုပ်အားစိုက်ထုတ်နိုင်သည့် အရွယ်ကောင်း၊အားကောင်းမောင်းသန်မြန်မာအလုပ်သမား အလုပ်သမားများကို ဈေးပေါပေါနှင့် သန်းချီစေခိုင်းနိုင်သည့် ထိုင်းနိုင်ငံ တဟုန်ထိုး စည်ပင်နေသည်မှာ ထူးဆန်းလှသည်မဟုတ်။

၎။ သံရုံးသည်မျက်စိနားမရှိလေသလော။

ယခုဤစာကိုရေးနေချိန်တွင် ဖူးခက်မြို့ရှိ အကြီးဆုံးဈေးဆိုင်ကြီး စူပါချိ(Super Cheap) မီးလောင်နေဆဲဖြစ်ပါသည်။ အောက်တိုဘာ (၁၆) ရက်နေ့ည ကိုးနာရီခန့်က လောင်ကျွမ်းခဲ့သည့်မီးမှာ ယခုအချိန်အထိ အငွေ့မသေသေး။၄၈နာရီကျော်ခဲ့ပြီ။ဝါယာကြိုးရှော့ဖြစ်ရာ က စတင်သောမီးသည် အနီးအနားရှိမြို့နယ်မှ မီးသတ်ကားပေါင်းမြောက်များစွာဖြင့်ငြိမ်းသတ်သည့်တိုင် မီးစွယ်ကျိုးရုံသာရှိပြီး မီးလောင်ပြင်ထဲသို့ ယခုတိုင် ကယ်ဆယ်ရေးအဖွဲ့များ မ၀င်နိုင်ကြသေးချေ။အဆိုပါဈေးဆိုင်ကြီးတွင် မြန်မာအလုပ်သမား(၃၀၀၀)နီးပါး ရှိသည်။မီးလောင်သည့်အချိန်တွင် အလုပ်သမားနှင့်ဈေးဝယ် ထောင်ချီရှိနေသည်ဟု ဖူးခက်သတင်းစာများတွင်ဖော်ပြသည်။ဆယ်ဧက ခန့်အကျယ်အ၀န်းရှိသည့် ဧရာမဈေးဆိုင်းဝင်းကြီးပြာအတိကျသွားသည့် မီးလောင်မှုဖြစ်၍ ဖူးခက်သမိုင်းတွင် အကြီးကျယ်ဆုံးမီးဟု ဆိုနိုင် သည်။
`လူသုံးဆယ်လောက်သေတယ်´၊`အနည်းဆုံးတစ်ရာလောက်တော့ သေတယ်´၊`နှစ်ရာအထိအသေအပျောက်ရှိနိုင်တယ်´၊ သေမှာပေါ့၊ မီးလောင်တယ်ဆိုတာနဲ့ လုမဲ့ယက်မဲ့လူတွေဝင်မလာအောင်ဆိုပြီး ပင်မတံခါးကြီးတွေ အကုန်ပိတ်လိုက်တာကိုး´၊`တစ်ယောက်မှ မသေပါဘူး´၊`အသေအပျောက်စာရင်းအတိအကျမကောက်နိုင်သေးဘူး၊မီးလောင်ပြင်ထဲကို ၀င်ကြည့်မှ အတိအကျသိရမှာ´
လတ်တလောဖူးခက်မှာထွက်ပေါ်နေသည့်အရပ်သတင်းများကား စုံလှသည်။နှစ်စဉ်နိုင်ငံခြားဧည့်သည် လေးငါးသန်းလာရောက်နေသော ငွေတွင်း မြို့ကြီးဖြစ်၍ ထိုင်းမီဒီယာများအနေဖြင့် သတင်းအမှန်ကို ထုတ်ပြန်ရန် အခက်အခဲရှိနေနိုင်သည်။သေချာသည့်အချက်မှာ ထိုင်းသတင်း များတွင် စူပါချိရှိ အလုပ်သမားဦးရေကို ခုနစ်ရာဟုသာ ဖော်ပြသည်။ပျက်စီးဆုံးရှုံးမှုတန်ဖိုးအရပ်ရပ်မှာ ထိုင်းဘတ် သန်းထောင်ချီသည် ဟု ထိုင်းအာဏာပိုင်ရပ်ကွက်မှဆိုသည်။
မြန်မာသံရုံးသည် မျက်စိမှိတ်နားပိတ်ကာ အိပ်ပျော်နေလေသလော။ `အမေရိကန်နိုင်ငံသားတစ်ယောက်ကို ထိပါးတာဟာ အမေရိကန် ပြည်ထောင်စုကို ထိပါးတာပါပဲ´ဟူသော စကားသံကိုနားမှာကြားယောင်သည်။ `တို့မြန်မာနိုင်ငံတာဝန်ရှိသူတွေက သုံးထောင်ဒုက္ခ ရောက်တာနည်းနေလို့ သုံးသောင်းပြည့်အောင် ၊သုံးသိန်းပြည့်အောင်စောင့်နေလေသလား´ အတွေးပွားရသည်။မီးလောင်မှုကြောင့် ထိုင်းနိုင်ငံသားအလုပ်သမားများ အလုပ်လက်မဲ့မဖြစ်စေရန် စီမံဆောင်ရွက်ထားပြီးဖြစ်သည်ဟု ထိုင်းအာဏာပိုင်များက ဆိုသော်ငြား မြန်မာအလုပ်သမားတို့အရေးအရာအတွက် တခွန်းတပါဒ ပြောဆိုမည့်သူ ယခုတိုင်မရှိသေး။
အချို့အန်ဂျီအိုအမည်ခံအဖွဲ့တဖွဲ့တလေရှိကောင်းရှိနိုင်သော်ငြား မြန်မာ့အရေး အန်ဂျီအိုဟူသည် မည်သို့သောလူများဖြစ်သည်ကို အများသိပြီးဖြစ်၍ အကျယ်မရေ့းလိုချေ။လိုတိုရှင်းဆိုရလျှင် မျောက်ပြဆန်တောင်း ဟူသောစကားကိုသာ အမှတ်ရကြစေလိုသည်။


၅။ ကောင်စစ်ဝန်ရုံးအမြန်ဖွင့်ပါ။

ဖူးခက်မြို့တွင် နိုင်ငံခြားသားမျိုးစုံရှိသည်။ ဆွီဒင်၊တောင်ကိုးရီးယား၊ဗီယက်နမ်၊လာအို၊ ဂျပန်စသည်ဖြင့် နိုင်ငံအသီးသီး၏ ကောင်စစ်ဝန် ရုံးအမြောက်အမြားရှိသည်။ဖူးခက်တွင် မြန်မာလူမျိုးသိန်းချီရှိသော်ငြား မြန်မာလူမျိုးတို့၏ အရေးအရာကို ဂရုတစိုက်ကိုင်တွယ်ဖြေရှင်း ပေးမည့် ကောင်စစ်ဝန်ရုံး(သို့မဟုတ်) အလုပ်သမားကိုယ်စားလှယ်ရုံးကား မရှိ။ခေတ်ကြီးပြောင်းပြီဆိုပါလျှင် မြန်မာအလုပ်သမားအရေး ကိုထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းပေးမည့် အလုပ်သမားကိုယ်စားလှယ်ရုံးများကို မြန်မာရွေ့ပြောင်းအလုပ်သမားဦးရေထူထပ် သည့် ထိုင်းနိုင်ငံတလွှားရှိ မြို့ကြီးအသီးသီးတွင် အမြန်ဆုံးဖွင့်သင့်သည်။
အဆိုပါရုံးများတွင် ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေ၊အလုပ်သမားဥပဒေတို့ကို အကျွမ်းတ၀င်ရှိသည့် မြန်မာအရာရှိများ စေလွှတ် သင့်သည်။ယာယီနိုင်ငံကူးလက်မှတ်လုပ်စဉ်ကကဲ့သို့ အကြံအဖန်ပေါင်းစုံလုပ်၊ရသမျှ ပိုက်ဆံ၊အိပ်ကပ်ထဲထည့်ပြန်သည့် ၀န်ထမ်းများ စေလွှတ်လျှင်ကား နူရာဝဲစွဲ၊လဲရာသူခိုးထောင်းသကဲ့သို့ဖြစ်နေပေဦးမည်။
ကိုယ့်အထုတ်ကိုယ်ဖြည်၊ ကိုယ်ပေါင်းကိုယ်လှန်ထောင်းသည့် ဤစာမျိုးကို ရေးရသည်မှာ နှလုံးစိတ်ဝမ်းမချမ်းမြေ့ဖွယ်ဖြစ်သော်ငြား ၊ မီးလောင်ပြင်မှ မြန်မာရွေ့ပြောင်းအလုပ်သမားသုံးထောင်ကျော်အား မြန်မာတာဝန်ရှိသူတို့အနေဖြင့် တချက်မျှ ငဲ့ကွက်ကြည့်သည် ဆိုလျှင်ရေးရကျိုးနပ်သည်ဟု နှလုံးပိုက်မိသည်။

↧

ထိုင်းနိုင်ငံ ဖူးခက်မီးလောင်မှု နောက်ဆက်တွဲသတင်း

$
0
0


                                
 
 ဖူးခက်မီး၊လူအသေအပျောက် နောက်ဆက်တွဲသတင်း။

၁။ ထိုင်းဘတ် သန်းထောင်ချီဆုံးရှုံးခဲ့သည့် ဖူးခက်မြို့ စူပါချိ(Super Cheap) ဈေးရုံကြီး မီးလောင်ပြင်ကို သွပ်ပြားများ ကာရံပြီး ရှင်းလင်းရေးအဖွဲ့များ ၀င်ရောက်လျက်ရှိသည်။မီးရှိန်ပြင်းထန်သောကြောင့် သေဆုံးသူတို့၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပဲ ပြာကျနေသည့် အနေအထားကိုသာတွေ့နိုင်မည်ဖြစ်သည်ဟုဆိုသည်။လူသေပြာပုံအချို့တွေ့ ရှိရပြီဟုဆိုသည်။

၂။ လူအသေအပျောက်စာရင်းနှင့်ပတ်သက်၍ တိကျသောစာရင်း တစုံတရာထွက်မလာသေးသော်လည်း ရာချီသေဆုံးနိုင် သည်ဟု  အရပ်ဘက်သတင်းများကဆိုသည်။

၃။ စူပါချိမှ ၀န်ထမ်းတဦး၏ ပြောကြားချက်အရ မီးသည်ဝါယာရှော့ ဖြစ်ရာမှ စတင်သည်။ ဖော့ဗူးများသိုလှောင်ထားရာ အခန်းကို စတင်လောင်ကျွမ်းသည်။ထိုမှတဆင့် ဓာတ်ငွေ့ဗူးများ သိုလှောင်ရောင်းချသည့် နေရာသို့ ကူးစက်ပြီး ဓာတ်ငွေ့ ဗူးများ ပေါက်ကွဲကာ ငြိမ်းသတ်၍ မနိုင်သောအဆင့်သို့ရောက်လာသည်။ အဆိုပါ ဓာတ်ငွေ့ဗူးများ ပေါက်ကွဲသည့် အရှိန်ကြောင့် မလွဲမသွေ လူအသေအပျောက်ရှိမည်ဟုဆိုသည်။

၎။ သေဆုံးသူများတွင်
(က) စူပါချိဈေးရုံတွင် အလုပ်လုပ်ကိုင်နေသော ထိုင်းမြန်မာ ၀န်ထမ်းများ၊
(ခ) ထိုင်းလူမျိုး၊မြန်မာလူမျိုးဈေးဝယ်သူများ၊ပါဝင်နိုင်သည်။

၅။ စိတ်ဝင်စားဖွယ်အချက်တစ်ခုမှာ မီးလောင်ပြင်အတွင်းမှ ရရာပစ္စည်းအချို့ကို သယ်ယူတိမ်းရှောင်သူအချို့ ရှိနိုင်ခြင်း၊ မြန်မာရွေ့ပြောင်းအလုပ်သမားအများစုမှာ ထိုင်းအာဏာပိုင်များအား မူလကပင် ကြောက်ရွံ့နေကြရသူများဖြစ်၍ ၊လူပျောက်စာရင်းကို တရားဝင်  ဆက်သွယ်သတင်းမပို့ရဲခြင်း၊တို့ကြောင့် လူအသေအပျောက်စာရင်းအတိအကျရရန် အလှမ်းဝေးလျက်ရှိသည်။
↧

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0






အမှန်တော့ ကိုငွေစံရဲ့ဝါသနာဟာ အနုပညာအလုပ်ဗျ။ ကိုငွေစံဟာ သီချင်းဆိုတာ၊သီချင်းစပ်တာတွေလည်း လုပ်ခဲ့သေး တယ်။ ခက်တာက သူဟာဘယ်တူရိယာကိုမှ ဖြစ်ဖြစ်မြောက်မြောက်တော့ မတီးတတ်ရှာဘူး။ ကျနော်တို့ခေတ်(၁၉၇၆) ၀န်းကျင် ဟိုးလေးတကျော်နာမည်ကြီးခဲ့တဲ့ `ဇေခုနစ်လီ´ အရပ်စင်တင်ဇာတ်ပွဲဟာ ဒီခေတ် သီးလေးသီးထက် သာတယ် လို့ဆိုချင်တယ်။အဲဒီအချိန်တုန်းက ရန်ကုန်မြို့ရဲ့ မြို့နယ်တချို့မှာ တန်ဆောင်တိုင်ပွဲတော်ရက်ဆိုရင် အရပ်အငြိမ့်၊ အရပ် ထိုးဇာတ်နဲ့တေးသရုပ်ဖော်ဇာတ်စင်တွေ ခေတ်စားခဲ့တာပေါ့။လှည်းတန်းနဲ့ကြည့်မြင်တိုင်ဘက်က အစည်ကားဆုံး ဆိုရ မယ်။

ဇေခုနစ်လီစင်က လှိုင်တစ်ရပ်ကွက်၊ချစ်တီးဘုရားကန်ဘေးမှာ တိုင်ကီတွေပေါ်မှာပျဉ်ပြားတွေခင်းပြီး ဖြစ်ကတတ်ဆန်း ထိုးတာတဲ့ အရပ်စင်မှာတောင် ပရိသတ်သောင်းချီ အားပေးကြတာကိုကြည့်ရင် ကိုငွေစံ့အနုပညာပါရမီမြောက်တယ်ဆို တာ တွေ့နိုင်တယ်ဗျ။
အေးပေါ့ဗျာ။ မဆလခေတ်လို ခေတ်ပျက်ကြီးထဲမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ဗရမ်းဗတာလုပ်ရပ်တွေကို သဘာဝကျကျ လှောင်ပြောင်သရော်နိုင်တာကြောင့် ပရိသတ်တွေဟာ တ၀ါးဝါးတဟားဟားနဲ့ ပါးစပ်မပိတ်နိုင်အောင် ရယ်မောကြရင်း ဘ၀အမောကို ဖြေနိုင်ခဲ့ကြတယ်ထင်ပါရဲ့။စင်နောက်ခံမှာ ရေးထားတဲ့ စာသားက `ဇေခုနစ်လီရဲ့ ဟိချက်နဲ့ ကလိကွက်များ´တဲ့။ အဲဒီတစ်ခန်းရပ် ဟာသဇာတ်လမ်းတွေကို ကိုငွေစံဒိုင်ခံ ရေးခဲ့တာပဲဗျ။ ထူးခြားတာက အဲဒီသဘာဝ ကျလှတဲ့ပြက်လုံးတွေကို ကိုငွေစံဟာ စာအုပ်တွေကနေ ဖတ်ခဲ့တာ မဟုတ်ဘူး။ သူနေ့စဉ် သွားလာနေကျ၊ မြင်နေ၊ ကြားနေကျ ဖြစ်ရပ်တွေကနေ ထုတ်ယူဖန်တီးခဲ့တာပါပဲ။ ဇေခုနစ်လီမှာ ပါဝင်ခဲ့ကြသူတွေက ကိုငွေစံ၊ကိုသံလုံး၊ ကိုခွေးသိုး၊ ကိုခင်မောင်ဝင်း၊ကိုကျော်ဦး၊ကိုတင်ထွဋ်တို့ဗျ။ အခုတော့ အားလုံးလိုလို အသက်ခြောက်ဆယ်ကျော်၊ခုနစ်ဆယ် ၀န်းကျင် ဖြစ်ကုန်ပါပြီ။သူတို့ပြက်လုံးတွေထဲက`ညီညွတ်ခြင်းသည် အင်အား´ဆိုတဲ့ ဟာသတစ်ခန်းရပ်ပြဇာတ်လေးကို အခုထက်ထိ သတိရနေတုန်းဗျာ။ သမ၀ါယမခေတ်မှာ သမ၀ါယမလူကြီးတွေရဲ့လုပ်ပုံ၊ကိုင်ပုံတွေကို ကလိတဲ့ပြဇာတ်လေးပေါ့။
တခါသားတော့ ရပ်ကွက်ထဲက စားသုံးသူတွေကို ခွဲဝေဖြန့်ဖြူးပေးရမဲ့ ခွဲတမ်းပစ္စည်းစာရင်းမှာ ကက်ဆက်နှစ်လုံး ပါလာပါ ရော။အဲဒီခေတ်က ကက်ဆက်ဆိုတာ အထူးအဆန်းမို့ တစ်ရပ်ကွက်လုံးက စိတ်ဝင်စားကြသလို သမ၀ါယမလူကြီးကတော် တွေ ကိုယ်တိုင်လည်း ကက်ဆက်အိပ်မက် မက်ကြတာပေါ့။ဒီတော့ သူတို့အိမ်ဦးနတ်အသီးသီးကို ဒီတစ်ပတ်ခွဲတမ်းထဲက `ကက်ဆက်တစ်လုံးတော့ ရအောင်ကြံခဲ့၊ဖန်ခဲ့ကြ။ကက်ဆက်ရမလာရင် ရှင်နဲ့သေခန်းပြတ်´ ဆိုပြီး မှာလိုက်ကြသတဲ့။
ဒီမှာတင် သမ၀ါယမဥက္ကဋ္ဌ၊အတွင်းရေးမှူးနဲ့ အမှုဆောင်တစ်ဦး၊စုစုပေါင်းသုံးဦးသား ခွဲတမ်းအစည်းအဝေး ထိုင်ကြရော ဆိုပါတော့။ ပထမဆုံးတော့ ဆပ်ပြာ၊မဉ္ဖူရေမွှေး၊သကြား စတာတွေကို ထုံးစံအတိုင်း သူတို့ချည်း ခွဲဝေယူလိုက်ကြတာ ဘာပြဿနာမှ မရှိပေမဲ့ ကက်ဆက်ခေါင်းစဉ်လည်းရောက်ရော သူလိုချင်ကိုယ်လိုချင်နဲ့ စိတ်ဝမ်းကွဲကုန်ကြရောဗျ။ အေးလေ။ ခွဲတမ်းစာရင်းမှာ ပါတာက နှစ်လုံး၊တာဝန်ရှိသူက သုံးယောက်ဆိုတော့ အဝေမတည့်ကြဘူးပေါ့။
အတွင်းရေးမှူးရော၊အမှုဆောင်ပါ အိမ်က မိန်းမတွေမှာကြားချက်ကို ကြားယောင်ပြီး ဥက္ကဋ္ဌကို ပြင်းပြင်ထန်ထန် ထိုးနှက် ကုန်ကြရော။ `ဥက္ကဋ္ဌ၊ကျနော်မပြောချင်လို့ ကြည့်နေတာကြာပြီ၊ ဥက္ကဋ္ဌ၊သမခွဲတမ်းထဲက ရေနံဆီတွေထုတ်ရောင်းတာ ဘယ်နှစ်ကြိမ်ရှိနေပြီလဲ။နောက်သကြားဆိုလည်း ထုတ်ရောင်းခဲ့တာ အိတ်ပေါင်းမနည်းလှတော့ဘူး။နို့ဆီနဲ့ ဆပ်ပြာဆို လည်း တစ်ရပ်ကွက်လုံးစာ ဥက္ကဋ္ဌချည်းပဲ ထုတ်ရောင်းခဲ့တာ။ဒီလို စားသုံးသူလုပ်သားပြည်သူတွေအပေါ် သစ္စာဖောက် တဲ့လုပ်ရပ်ကို ကျနော်တို့လက်မခံဘူး´၊ဘာညာဆိုပြီး ပွက်လောရိုက်ကုန်တာပေါ့။ဒီတော့မှ ဥက္ကဋ္ဌကြီးဟာ စည်းလုံးခြင်းသည်အင်အား ဆိုတဲ့ ဆောင်ပုဒ်စကားလေးကိုပြောရင်း အတွင်းရေးမှူးနဲ့ အမှုဆောင်ကို ကက်ဆက်တစ်လုံးစီနဲ့ ချွေးသိပ်လိုက်တော့ ဥက္ကဋ္ဌကြီးဟာ `လူကောင်းပါ၊ဥက္ကဋ္ဌကြီးကို ကျနော်တို့ယုံပါတယ်´ ဖြစ်ကုန်ကြရောတဲ့။ ဥက္ကဋ္ဌကြီးလည်း မိန်းမအဆူမခံ ရဘူးတဲ့ဗျ။ သူလည်း ကက်ဆက်ရသွားတယ်။အေးလေ၊အဲဒီတစ်ပတ်ခွဲတမ်းထဲက ဈေးကောင်းတဲ့ ပစ္စည်းတွေထုတ်ရောင်း ပြီး ဥက္ကဋ္ဌကြီးအတွက် ကက်ဆက်ကို အပြင်ဈေးနဲ့ဝယ်ပေးလိုက်ကြတာပေါ့။
အင်း၊ ကိုငွေစံ့ကို ထူတယ်၊တုံးတယ်ပြောတဲ့သူကိုလည်း အပြစ်ဆိုလို့မရပြန်ဘူးဗျ။ သောင်းချီတဲ့ပရိသတ်ကြီးကို တ၀ါးဝါးပွဲ ကျအောင်ထိန်းထားနိုင်ခဲ့တဲ့ ကိုငွေစံဟာ အလစ်သုတ်သမားလူလိမ်တစ်ယောက်ရဲ့ ရိုးစင်းလှတဲ့ လှည့်ကွက်ကိုတော့ မကျော်နိုင်ပြန်ဘူး။ ရန်ကုန်ဘူတာကြီးမှာ မှင်သေသေ လူလိမ်တစ်ယောက်လက်ထဲကို ခရီးဆောင်အိတ်ကြီးပါသွားဖူးလေရဲ့။
ကိုငွေစံအိမ်ထောင်ကျပြီး နှစ်နှစ်လောက်ကြာတော့ မန္တလေးကိုခရီးထွက်ဖို့ အကြောင်းတစ်ခုပေါ်လာတာနဲ့ ၊မိန်းမလုပ်သူ ပြင်ဆင်ပေးလိုက်တဲ့ အိတ်ကြီးတစ်လုံးနဲ့အတူ ရန်ကုန်ဘူတာကြီးကို ရောက်သွားတယ်။အဲဒီခေတ်ထုံးစံအတိုင်း ရန်ကုန် မန္တလေးမီးရထားလက်မှတ်ဟာ ညအိပ်တန်းစီရတဲ့အထိ ခက်ခက်ခဲခဲ ၀ယ်ရတာကြောင့်၊ ရန်ကုန်ဘူတာကြီးကို ကိုငွေစံ ရောက်ချိန်မှာ ရထားလက်မှတ်တန်းစီနေတဲ့  လူတန်းကြီးဟာ သူစီးမဲ့ မီးရထားတွဲထက်ရှည်နေပြီတဲ့ဗျ။
ဒါနဲ့ ကိုငွေစံလည်း လက်မှတ်ရနိုင်မဲ့နည်းလမ်းကိုဥာဏ်နီဥာဏ်နက်လေးထုတ်နေရင်း တန်းစီနေတဲ့လူတွေထဲမှာ လူရည် ခပ်သန့်သန့်တစ်ယောက်ကိုလည်းတွေ့ရော ၊ အနားကပ်ပြီး….၊ `အကိုကြီးရာ ကျနော့်တစ်ယောက်စာ လက်မှတ်တစ်စောင် အတွက် ကျနော့်ကို အကို့ဘေးမှာ နေရာလေးတစ်ခုပေးပါ။ ကျနော်နဲ့အကို တဖွဲ့တည်းပုံစံဖမ်းလိုက်ရင် အဆင်ပြေ လောက် ပါတယ်၊´ ဘာညာဆိုပြီး ဇာတ်စင်ပေါ်က တော်ကီမျိုးနဲ့ ချုပ်လိုက်တာ အဆင်ပြေသွားသတဲ့။ 
တကယ်တော့ လက်မှတ်တန်းစီတဲ့ လူတန်းကြီးကသာ တမျှော်တခေါ်ဖြစ်နေတာ လက်မှတ်ရောင်းချိန်က အကြာကြီးလို နေသေးသတဲ့။ဒီလိုနဲ့ ကိုငွေစံဟာ သူ့ကျေးဇူးရှင်နဲ့ နာရီဝက်လောက် စကားတွေဖောင်ဖွဲ့လည်းပြီးရော၊ ကျေးဇူးရှင်ဟာ ဗိုက်ဆာလှချည့်ရဲ့လို့ ညည်းညူရင် သူ့ခရီးဆောင်အိတ်ကို ကိုငွေစံ့ လက်ထဲအပ်ပြီး ထမင်းစားထွက်သွားရောတဲ့ဗျ။ကိုငွေစံ လည်း လူစိမ်းတစ်ယောက်က သူ့ကို ခရီးဆောင်အိတ်ကြီးတစ်လုံး  ယုံယုံကြည်ကြည် အပ်သွားတာကို အတော်အံ့သြနေ သပေါ့။`ဒီလူဟာ ငါ့ကို တန်းစီဖို့နေရာလည်း ပေးတယ်၊သူ့အိတ်ကြီးတောင် ငါ့အပ်သွားသေး´ဆိုပြီး ဒီလူရဲ့ရိုးပုံ၊အပုံ၊ သဘောကောင်းပုံကို အကျေနပ်ကြီး  ကျေနပ်နေတာပေါ့။
သိပ်မကြာလှပါဘူး။ သွားကြားထိုးတံလေးတစ်ချောင်းနဲ့ ကော့ကော့၊ကော့ကော့ ပြန်လာတဲ့ ကျေးဇူးရှင်ကိုလည်း မြင်ရော၊ ကိုငွေစံဟာ `ဒီတစ်ခါ အကိုကြီး အလှည့်၊ကျနော့်အိတ်ကို အကိုကြီးလက်ထဲ အပ်ခဲ့အုံးမယ်။ ကျနော်လည်း ဗိုက်ဆာလှပြီ´ ဆိုပြီး  ထမင်းဆိုင်ဘက် သုတ်ခြေတင်တာပေါ့။အမယ်၊ကိုငွေစံဟာ ထမင်းစားနေရင်း `ငါတစ်ခုခု မှားနေပြီထင်တယ်´လို့ ခံစားရတာကြောင့် ထမင်းပန်းကန်တစ်ဝက်လောက်နဲ့ လက်စဖြတ်ပြီး ရထားလက်မှတ်တန်းစီတဲ့နေရာလည်း ပြန်ပြေးရော ကျေးဇူးရှင်ကို အမြီးနဲ့ဖုန်လုံးတောင် မမြင်ရတော့ဘူးတဲ့ဗျာ။စိတ်ပျက်လက်ပျက်နဲ့ မန္တလေးခရီးစဉ်ဖျက်ပြီး ခေါင်းငိုက်စိုက်ချ ပြန်လာတဲ့ ကိုငွေစံကို သူ့မိန်းမက အိမ်ဝက ဆီးကြိုရင်း၊ဘာဖြစ်လာသတုန်းမမေးပဲ၊အိတ်ကြီးဘယ်ကျန်ခဲ့သတုန်း ဆက်တိုက် တလစပ်မေးနေလို့တောင် သူကဒေါကန်သေးသတဲ့။ သူတုန့်ပြန်ချက်ကတော့ သူ့လက်သုံးစကား…၊ နင့်အမေ၊ ခြောက်ကျပ်ပါပဲဗျာ။
တကယ်တော့၊လှိုင်တစ်ရပ်ကွက်ကမာရွတ်ဈေးကြီးဟာ ကျနော့်ဘ၀ရဲ့ တက္ကသိုလ်ပါပဲ။ကျားကျောင်းထဲမှာ နေရာအနှံ့ စိုက်ထူထားတဲ့ ၊ `မဲ့နေသူကို ပြုံးအောင်လုပ်ပါ´၊`သူတပါးဒုက္ခကို သုခဖြင့်အစားထိုးပါ´ဆိုတဲ့စာသားတွေကို ကျနော် အခုထက်ထိမှတ်မိနေတုန်း။ လှိုင်အထက(၁)ရှေ့၊ကုက္ကိုပင်ကြီးတွေအောက်မှာ ခြိမ့်ခြိမ့်သဲသဲဖြစ်ခဲ့ဖူးတဲ့ လူလိမ်တွေရဲ့ ဖဲသုံးချပ်ဝိုင်းတွေမှာ ကျနော် မလိမ်မိုး၊မလိမ်မာ ရှိစုမဲ့စု၊အဖေ့ဆိုင်ကဘုန်းလာတဲ့ ငွေစကြေးစလေးတွေနဲ့ ဘ၀ကိုစူးစမ်း ခဲ့တာတွေလည်း သတိရနေတုန်း။ ချစ်တီးဘုရား မီးနင်း ကွင်းကြီးထဲမှာ မီးနင်းရာသီရောက်တဲ့အချိန် ဒိုးဝိုင်းတစ်ဝိုင်းနဲ့ ချစ်တီးဘုရားလှည့်လေရာ နောက်က တကောက်ကောက်လိုက်ပါခဲ့ဖူးတာ၊ မီးနင်းပြီးတဲ့အခါ မီးခဲတရဲရဲကြားမှာ အစွမ်း ထက်လှပါတယ်ဆိုတဲ့ သံပုရာသီးမီးကျွမ်းတွေကို မီးနင်းတဲ့မြေကျင်းရှည် တွေထဲ ကနေ၊ပူရလောင်ရမှန်းမသိ လိုက်ကောက် ခဲ့ဖူးတာ။ အိုဗျာ။ ပြောရရင် ကုန်နိုင်စရာမရှိဘူး။
သမိုင်းခ၀ဲခြံ၊ကရင်ရပ်ကွက်က ကရင်လူမျိုးတော်တော်များများလည်း ကမာရွတ်ဈေးကြီးမှာ ကုန်တင်ကုန်ချလာ လုပ်ကြ သေးတယ်ဗျ။ ဟိုတုန်းကအခေါ် ကူလီပေါ့ဗျာ။ အဲဒီကရင်ကူလီအုပ်စုနဲ့ ကျနော်အရမ်းအဖွဲ့ကျတယ်။ သေချာမှတ်မိ နေတာကတော့ `ဗိုလ်တို´လို့ အများဝိုင်းခေါ်နေတဲ့ လက်နှစ်ဖက်လုံးမွေးရာပါ မပါတဲ့ လူကြီးပဲဗျာ။လူမစွမ်းနတ်မဆိုတာ ဟုတ်များနေရော့သလား မဆိုနိုင်ဘူး။ ဗိုလ်တိုဟာ အုန်းသီးအစိမ်းကို ခြေထောက်နှစ်ချောင်းတည်းနဲ့ အခွံနွာနိုင်သဗျ။ သူတို့အုပ်စု အလုပ်နားချိန်နေ့လည်ပိုင်းမှာ အလောင်းအစားထပ်ကြပြီး ဗိုလ်တိုခြေထောက်နဲ့အုန်းသီးအခွံခွာပြတာ ကျနော်ကိုယ်တိုင် မြင်ဖူးတယ်။ နောက်ပိုင်း ကရင်နှစ်သစ်ကူးနေ့တွေမှာ ကရင်ခြံထဲရောက်တော့မှ၊လား၊လား၊ ကမာရွတ်ဈေးကြီးမှာ ကူလီထမ်းနေတဲ့ကရင်အားလုံလိုလိုဟာ နာမည်ကျော်လက်ဝှေ့သမားတွေဖြစ်နေသဗျာ။ ဟုတ်တယ်။ ညောင်ခါးရှည်တို့ မြင့်အောင်တို့ဆိုတာ အဲဒီခေတ်က တကယ့်ကရင်နာမည်ကျော်လက်ဝှေ့သမားတွေ ပဲလေ။


ဘာတဲ့။ တခါသားတော့ ကမာရွတ်ဈေးဘေးက ချစ်တီးဘုရားကန်ထဲမှာ နဂါးပေါ်တယ်ဆိုပဲ။ အဲဒီချစ်တီးဘုရားကန်ဟာ ချစ်တီးဘုရားပွဲကာလ ကုလားနတ်ဝင်တဲ့အခါ ကုလားနတ်တွေရေချိုးဆင်းတဲ့၊ကုလားဘုရားကိုရေချတဲ့ကန်ဗျ။ နဂါးပေါ်တဲ့ သတင်းကြောင့် လာပြီးစပ်စုလိုက်တဲ့ ပရိသတ် ရေကန်ပတ်ပတ်လည်မှာ လူတွေနဲ့ပြည့်နေရောဗျ။ ကျနော်လည်း ဘာသားနဲ့ထုထားတာ မှတ်လို့၊၀င်ငေးတာပေါ့။ ကန်ရေပြင်ကျယ်ထဲမှာ အရွယ်အစားသိပ်မကြီးလှတဲ့ မြွေလိုလို ဘာလိုလိုသတ္တ၀ါတစ်ကောင် ဟိုးနားပေါ်လိုက် ၊ဒီနားပေါ် လိုက်တွေ့မိတာတော့အမှန်ပဲဗျာ။ ခက်တာက ကျနော်မြင်ဖူးတဲ့ ဘုရားတန်ဆောင်းက နဂါး၊တရုတ်နဂါး၊ကာတွန်းထဲကနဂါး၊  ပန်းချီထဲကနဂါးတွေလို လည်ပင်းမှာ ကနုတ်ပန်းတွေလို အရစ်တွေနဲ့ ထင်ထင်ရှားရှားမြင်ရတာ မဟုတ်လေတော့ ကျနော်လည်းတနေကုန်ငေးတာပေါ့။ပရိသတ်ထဲက လူတချို့ ကလည်း ..၊ ဟုတ်တယ်၊ဟုတ်တယ်၊ နဂါးသေချာတယ်။ နဂါးမှ နဂါးအစစ်။ ဟိုမှာပေါ်လာပြီ သေချာကြည့်ဆိုပြီး ကန်ဘေးမှာရပ်ကြည့်နေသူချင်းအတူတူ တမူးပိုရှူတဲ့ကောင်တွေလည်း ရှိသေး။
နောက်ဆုံးတော့ ခပ်ရွတ်ရွတ်အမူးသမားနှစ်ယောက်က ဒီလောက် ဖြစ်လှတဲ့နဂါး အမိဖမ်းမယ်ဆိုပြီး ကန်ထဲကို လှေတစ်စီး သယ်ချလာပြီး ပိုက်ကွန်တစ်လုံးနဲ့ နဂါးပေါ်ရာနေရာတွေကိုကွန်လိုက်ပစ်ပြီး နဂါးဖမ်းပွဲလုပ်ပြန်တော့ ကန်ပတ်လည်မှာ ပွဲဈေး တောင် ဖြစ်လို့။
ဘယ်မိမလဲဗျာ။ ဒီလောက်ကန်အကျယ်ကြီးထဲမှာ လက်ဖျံလောက်ရှိတဲ့ ကိုရွှေနဂါးက လွယ်လွယ်ကူကူပဲ ရှောင်နိုင် တိမ်းနိုင်တယ်ထင်ပါရဲ့။တဖြည်းဖြည်းရက်ညောင်းလာတော့ လူတွေလည်း သိပ်စိတ်မ၀င်စားကြတော့ပါဘူး။ ဒီဖြစ်ရပ်နဲ့ မရှေးမနှောင်းမှာပဲ ကမာရွတ်ဈေးကြီး မီးအကြီးအကျယ်လောင်ပါတော့တယ်။အမယ်။ ချစ်တီးဘုရားမြွေကြီးကို ရိုက်သတ် လိုက်လို့ ကာလီမန်မယ်တော် ကျိန်စာတိုက်တယ်ဆိုပဲ။ဘာဘဲဖြစ်ဖြစ် အဲဒီအချိန်ကစပြီး ကမာရွတ်ဈေးကြီးတ၀ိုက်မှာ ကျင်လည်ခဲ့တဲ့ ကျနော့်ဘ၀လည်း တစခန်းရပ်သွားတယ်ဆိုရမယ်။ ကျနော်ဆရာအတတ်သင်ရောက်သွားခဲ့ပြီ။
ဘ၀ဆိုတာ  ဒီလိုပဲထင်ပါရဲ့ဗျာ။မျှော်လင့်မထားတာတွေ ဖြစ်လာတတ်တာ မဆန်းလှပါဘူး။
ကိုလှမောင်ရွှေတစ်ယောက် သမ္မတအကြံပေး  ဖြစ်လာလိမ့်မယ်လို့ ကျနော် မမျှော်လင့်ခဲ့သလို၊ ကျနော့် အကြောင်းတွေကို ခင်ဗျားက ရေးကြီးခွင်ကျယ်လုပ်ရေးနေတဲ့ အခြေအနေမျိုးကိုလည်း သူ  မျှော်လင့်ခဲ့မှာ မဟုတ်ပါဘူး။ ကဲ၊နားကြအုံးစို့ဗျာ။ ခင်ဗျား စိတ်ဝင်စားတယ်ဆိုရင် ကျနော်တိုင်းပြည် အပြင်ဘက်ထွက်လာတော့ ကြုံရ ကြားရတဲ့ ဇာတ်ရှုပ်တွေ တပြုံကြီး ရှိသေးတယ်ဗျ။ အခွင့်သင့်ရင် ပြောပြရသေးတာပေါ့။ လောလောဆယ်တော့ ခင်ဗျား စာအုပ်စင်ပေါ်က သင့်လူရဲ့ ဝေးလွင့်ကင်းကွာ နှစ်တရာဆိုတဲ့ စာအုပ်လေး မြည်းစမ်းကြည့်တာ သဘောကျလွန်းလို့ ထမင်းလုံးစီရင်း နှပ်လိုက်ပါရ စေအုံး´
ကိုသက်ခိုင်ကား စကားလမ်းကြောင်းတည့်ပြီဆိုလျှင် နတ်ဝင်သည်တစ်ယောက်လို တောင်စဉ်ရေမရလျှောက်ပြောနေရင်း သူရပ်ချင်သည့်နေရာတွင် တုံးတိတိကြီးရပ်ပစ်လိုက်သည့် စရိုက်အတိုင်းကောက်ကာငင်ကာ  သူ ထအသွား၊ ကျနော်က စားသောက်ပြီးသည့် ပန်းကန်ခွက်ယောက်များကို ဆေးကြောရန် အောက်ထပ်သို့ ကျနော်ဆင်းလာချိန်တွင် ကောင်းကင် မှာ အုံ့မှိုင်းလျက်ရှိသည်။အိမ်အနောက်ဘက်က တောအုပ်ငယ်မှာ လေပြင်းကြောင့်ယိမ်းထိုးလှုပ်ရှား နေလေ၏။
↧
Viewing all 346 articles
Browse latest View live