Quantcast
Channel: .
Viewing all 346 articles
Browse latest View live

Article 0

$
0
0

ယနေ့ထုတ်ဆဲဗင်းဒေးသတင်းစာ ။
၆ ၊ ၀၁ ၊ ၂၀၁၄ ။
မင်းဒင် ။

"သရေစည်သူဆြာဒင်နှင့်တခုသောလွတ်သဘင် "
(၁)
(ထွဋ်မြတ်တဲ့ စံဌာနီ လွတ်လပ်တဲ့ မြန်မာပြည်၊ မချွတ်အစဉ်လွတ်သဘင်၊ ဆင်နွှဲခဲ့ပြီ။ သဘင်ပွဲ သည်းညံစီ။ ဗမာ့ဟန်ရေး ရှေးထုံးမပျက်ပေါင် မရိုးစည်မောင်း ငြိမ့်ညောင်း ဝေေ၀စည်) ၂ ။
ဆြာဒင်နှင့်တပည့်ကျော်သုံးဦးကား လွတ်လပ်ရေးအောင်ပွဲကျင်းပရာ နေပြည်တော်ရှိ အမှတ်(၁)နေပြည်တော်အားကစား ကွင်းကြီးထဲတွင် ရောက်ရှိနေကြပြန်ချေပြီ။ အဆိုတော်ကြီးဒေါ်မြသက်မူ၏ လွတ်သဘင် တေးသံကား စတုဒီသာ အရပ် လေးမျက်နှာတွင် လွန်စွာစိတ်အားတက်ကြွဖွယ် ပျံလွင့်လျက်ရှိ၏။အဆိုပါဂန္ထဝင်သီချင်းကို ဂီတစာဆို ဂီတာတင်အုန်းက (၁၉၅၃)ခုနှစ်တွင် ရေးစပ်သီကုံးခဲ့သည်ဟု ဆြာဒင်မှတ်သားရဖူး၏။
မူလခရီးစဉ်အရသော် ဆြာဒင်နှင့်အပေါင်းအပါတို့သည် ရန်ကုန်လေဆိပ်မှသည်ဘန်ကောက်၊ ဘန်ကောက်မှသည် ဖူးခက် သို့ ပြန်ကြရန် ကနဦးအစီအစဉ်ရေးဆွဲထားသော်ငြား လေယာဉ်ပျံလက်မှတ်ဆုတ်မည့်နေ့တွင်မှ ကပ်၍ ကပ္ပလီငယ်က နားပူနားဆာ လုပ်လာခဲ့ပြန်ချေ၏။
"ဗျို့၊ဆြာဒင်၊နေပြည်တော်ရောက်ဖူးပြီလားဗျ"
"ရတနာပုံနေပြည်တော်ကို ဆိုလိုတယ်ထင်ပါ့။ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးတည်ခဲ့တဲ့ အုတ်ကျစ်ကျော်အေး မန္တလေး နေပြည်တော်ကို အခေါက်ပေါင်းမရေတွက်နိုင်အောင် ရောက်ဖူးပါသော်ကော မောင်ရယ်"
"အာ၊လွဲချက်ကတော့ ကမ်းကုန်ရောပဲဗျာ။ဟိုလူကြီးလျှို့ဝှက်တည်ခဲ့တာလေ။ ကြပ်ပြေး၊ အဲ၊ ပျဉ်းမနား နေပြည်တော်ကို ပြောနေတာဗျ။ညံ့ချက် "
"ဖြေးဖြေးချင်း ပြစ်တင်ရှုံ့ချလည်း ရပါတယ်မောင်ရယ်။ကျုပ်က ရှေးလူကြီးမို့ နေပြည်တော်ဆိုရင် မန္တလေးကိုသာ ပြေးပြေး မြင်နေလို့ပါမောင်"
"ဆြာဒင်ပြောတဲ့ မန္တလေးက နေပြည်တော်တော့ နေပြည်တော်ပါပဲ။ ဒါပေမဲ့ ဗမာ့နေပြည်တော်တော့ မဟုတ်တော့ဘူးတဲ့ ဗျ။လေးလေးနက်နက် မေတ္တာရပ်ပါတယ်ဆြာဒင်ရယ်။ နေပြည်တော်က လွတ်သဘင်ကို မြင်ချင်လွန်းလို့ပါ။ဒီမိုကရေစီ ခေတ်ကြီးမှာ လွတ်သဘင်ကို ဘယ်လိုများ ကျင်းပကြသလဲ ကြည့်ချင်စမ်းပါဘိဗျာ"
ကပ္ပလီငယ်၏ ညောင်နာနာ မေတ္တာရပ်ခံချက်မဆုံးမီမှာပင် ဘေးပရိသတ်အဖြစ် ငြိမ်သက်စွာနားစွင့်နေကြသော အာရုံခေါ် ဖေကြည်နှင့်လေမင်းသား တို့ထံမှ "ဟုတ်တယ်၊ဟုတ်တယ်။ဒီကိစ္စကို ဆြာဒင်လိုက်လျောသင့်တယ်"ဟူသော ထောက်ခံသံ များတခဲနက်စီစီညံညံထွက်ပေါ်လာလေရာ ဘယ်ခရီးကိုမျှ ခြေမရှည်ချင်တော့သော ဆြာဒင်တယောက် သုံးမဲတမဲဖြင့် ရှုံးနိမ့်ကာ၊ သံဃာအားဘုရားသော်မှ မဆန်သာ ဟူသည့်ဆိုရိုးနှင့်အညီ၊ ဒီမိုကရေစီကျင့်စဉ်အတိုင်း ပျဉ်းမနားနေပြည် တော် လွတ်သဘင်သို့ ရောက်ခဲ့ရပြန်ချေသည်တမုံ့။
(၂)
(မင်းပေါင်း စုံစုံညီညီ၊ ဗိုလ်ရှုခံလမ်း ခန်းမဆီ၊ လျှမ်းပ ကြိုင်လျှံကာအတည်၊ နိုင်ငံတော်သမ္မတကြွချီ။အောင်လံတော်ကို အလေးပြုရပြီ။ ဗိုလ်ရှုသဘင် ဆင်ယင်တဲ့အခါမီ၊ကြည်း ရေ လေ စစ်သမီးမကျန်ရ။ဗမာ့တပ်မတော် စုံစုံညီ၊ ချီတက်ကာ မနှေး အလေးပြုကြပြီ။လာ လာချေပြီ)
မြင်ကွင်းကား ဧကန်ပင်ရင်သတ်ရှုမောဖွယ်ပါတကား။ရှုပါလော့။ သိန်းဆယ်ဂဏန်းမျှ ရှိနိုင်သည့် ပရိသတ်သည် ကွင်းလုံး ပြည့်လျက်ရှိ၏။ လွတ်သဘင် ကျင်းပရာ ကွင်းပြင်ကြီး၏ အထက်ကောင်းကင်ယံတွင် ရာဂဏန်းမျှရှိနိုင်သည့် ဗမာ့တပ် မတော်၏ တိုက်လေယာဉ်တို့သည် အုပ်စုအလိုက် ဂျွမ်းထိုး၍တဖုံ၊ ပုံစံအမျိုးမျိုးဖော်၍တနည်း အံ့ဘနန်းပျံသန်း စစ်ရေးပြလျက်ရှိ၏။ တစင်းသော လေယာဉ်သည် လွတ်သဘင်ကွင်းကြီးထဲသို့ ပန်းမိုးရွာစေလျက်ရှိ၏။ ကွင်းအတွင်း တွင်ကား ကြည်းရေလေဗမာ့ တပ်မတော်စစ်ကြောင်းအသီးသီးသည် ဗိုလ်ရှုခံစင်မြင့်ပေါ်ရှိ နိုင်ငံတော်သမ္မတကြီးကို ချီတက် အလေးပြုလျက်ရှိ၏။ ထိုမြင်ကွင်းတို့ ထက်ထူးထွေသည့်အံ့ရာသော်ဖြစ်ရသည်ကား စစ်ကြောင်းကြီးများ၏ ရှေ့၊ထိပ်ဆုံးမှ လိုက်ပါလာသော ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်သမ္မတကြီးအား အလေးပြုနေခြင်းပေတည်း။
ထူးခြားလှသောမြင်ကွင်းအဖုံဖုံကြောင့် ဆြာဒင်သည် မှင်တက်မိနေမိ၏။ နေပြည်တော်ခရီးကိုလောဆော်ခဲ့လေသော နောက်တော်ပါကပ္ပလီနှင့်အဖွဲ့ကိုလည်း ကျိတ်၍ကျေးဇူးအတင်ကြီးတင်လျက်ရှိ၏။သမ္မတကြီးဗိုလ်ရှုခံနေစဉ်အချိန်အတွင်း လွတ်လပ်ရေးကြေညာစာတမ်းကို ထူးထူးခြားခြားအသံသြဇာကောင်းမွန်လှသော ပုဂ္ဂိလ်ကြီးတဦးက ဖတ်ကြားထုတ်လွှင့် နေသည်ကို ကွင်းပြင်လေးဖက်လေးတန်ရှိ လော်စပီကာများမှ ပီသစွာကြားနေရလေသည်။ ဆြာဒင့်စိတ်ထင် အဆိုပါ အသံ ရှင်သည် ခေတ်ဟောင်းရုပ်ရှင်မင်းသားကြီး ဗိုလ်ဗကိုဟုထင်မိ၏။တစ်စုံတစ်ခုမှားယွင်းနေလေသလော။


(၃)
လွတ်လပ်ရေးကြေညာစာတမ်း
-အောင်စေသတည်း
-ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝ လွတ်လပ်သော အချုပ်အချာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ပြီ။
- ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူးမြေမြတ် လည်းဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး တရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်း မှန်၏။ ဘူမိနက်သန် မှန်လှ ထူးချွန်၊ဤ မြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ စသည်ဖြင့်။
တညီတညွတ် တစုတရုံး လွတ်လပ်သော လူမျိုးအဖြစ် တည်ခဲ့ကြ၏။ တကောင်း၊သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊စစ်ကိုင်း၊ ပင်းယ၊အင်းဝ၊ကုန်းဘောင် ထို့နောက် မန္တလေးအထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင်လ၀ါပမာကဲ့သို့ တဖြာဖြာ တ၀င်းဝင်း ကမ္ဘာချဉ်းအောင် ထွန်းလင်းခဲ့ပေ၏။
ဤမြေထူးမြေမြတ်၌ နှစ်ပေါင်းထောင်ရာ စောင့်ထိန်း၍လာခဲ့ကြသော ငါတို့၏ လွတ်လပ်ရေးသည် ငါတို့လက်မှလွတ်၍ လက်အောက်ခံဘ၀သို့ လုံးဝရောက်ခဲ့ကြရသည်။
နေ၀ါလရောင်သည် ပကတိအရေကို ပြန်၍ဆောင်လေဘိသကဲ့သို့ ငါတို့အပေါ်၌ လွှမ်းဖုံးအုပ်သော နယ်ချဲ့ ၀ါဒသည် ငါတို့၏ ကမ္ဘာရှည်မြင့် ရင့်မာလှသော လွတ်လပ်ရေး စိတ်ဓါတ်၏ အရှိန်အတောက်ကိုမခံနိုင်ရာကား .....၊
ဤနေ့ ဤအခါမှစ၍ ငါတို့သည် အသူရိန် ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ်သော လပြည့်စန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့သာယာစွာဖြင့် လုံးဝလွတ်လပ်သော ဘ၀ထူး ဘ၀မြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ။
(၄)
စိတ်လှုပ်ရှားဖွယ်မြင်ကွင်းနှင့်အသံတို့တွင် နစ်မျောကာ မှင်တက်နေသာ ဆြာဒင်သည် တပည့်ကျော်ကပ္ပလီ၏အသံ ကြောင့် သတိပြန်ဝင်လာသည်။
"ဗျို့ဆြာဒင်။ ဒီအခန်းအနားပြီးရင် သမ္မတကြီးက ဘွဲ့ထူးဂုဏ်ထူးတွေပေးအုံးမှာတဲ့ဗျ။ကျုပ်တို့နာမည်တွေတော့ မပါ လောက်ဘူး။ ဒီကိစ္စ ဆြာဒင့်မှာတာဝန်ရှိတယ်"
"အာ၊မဆိုင်တဲ့အပေါက်ကိုဂလိုင်နဲ့လာခေါက်နေပါပကော။ ဘွဲ့ထူးဂုဏ်ထူးဆိုတာ တိုင်းပြည်အတွက် စွမ်းစွမ်းတမံအလုပ် လုပ်ခဲ့သူတွေကို ပေးတာလကွာ"
"ဟုတ်တယ်လေ။ ကျုပ်တို့လည်း ဒီမိုကရေစီရအောင် အန်ဂျီအိုဘဝနဲ့ စွမ်းစွမ်းတမံလုပ်ခဲ့ကြတာပဲ"
"မင်းကွာ၊ဓာတ်သိချင်းလာကြွားနေပြန်ပြီ။ မင်းတို့လုပ်တာက လစာကောင်းကောင်းရတယ်လေ။ နောက်တော့ အလှူရှင်အန်ဂျီအိုအဖွဲ့တွေကို တင်ပြတဲ့ ပရိုပိုဆယ်တွေကလည်း မင်းတို့သဘောနဲ့ မင်းတို့ ထင်ရာမြင်ရာ၊လက်သင့်ရာ ...."
"ဟာ၊ဆြာဒင် ဒီလိုပြောကြကြေးဆို သူတို့လည်း လစာကောင်းကောင်းရတာပဲ။နောက်ပြီး ...."
"ဟေ့ကောင် တော်တန်တိတ်။ ပုဂ္ဂိုလ်ရေးနိုင်ငံရေးတွေပါမလာနဲ့။ သည်လောက်တောင် ဘွဲ့ထူးလိုချင်ရင် နင့်ကို ဆြာဒင် ကိုယ်တော်တိုင် ဘွဲ့ပေးမယ်။ဒီနေ့ကစပြီး သီရိပျံချီကပ္ပလီလို့ခေါ်စေဗျာ။ ကဲ။ကျေနပ်တော့။ လွတ်လပ်ရေးကြေညာ စာတမ်းကို နားထောင်စမ်းပါဟ။ ကြားရခဲဘိချင်း"
(၅)
-ယခု ငါတို့ရရှိအပ်သော လွတ်လပ်ရေးသည် ရေတွင်ရုပ်ရေး မြသွေးကောင်းကင် တိမ်ရိပ်ထင်သကဲ့သို့သော လွတ်လပ် ရေး မဟုတ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အ၀၀သော ကူးတို့မှူး ခေါင်းဆောင်ကြီးတို့၏ မဆုတ်မနစ်သောလုံ့လ၊ မလျော့ သောဝိရိယ၊ ဆီမီးတန်ဆောင်ကဲ့သို့ ထွန်းပအပ်သော ဥာဏ်မျက်စိ၊ ၀ဇီရစိန်သွားကဲ့သို့ စူးရှသောသတ္တိတို့ကြောင့် တန်ခိုးရှိန်ဝါ တေဇာအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အချာတည်း ဟူသော အာဏာထူးအမြတ်ကို ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ။
-ငါတို့သည် တမျိုးဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား။ ကျောသားရင်သား သူကားငါကား ခွဲခြားခြင်းကို အလိုမရှိ။ မြစ်ချောင်းသီတာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝ အပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသား အပေါင်းတို့ ဇာတိချက်ကြွေ နေထိုင်ရာ မြန်မာနိုင်ငံတော်တ၀ှမ်းကို တသွေးတသားတည်းဟူသော ကြိုးထူး၊ တစိတ်တ၀မ်း တည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝ အထောက်အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာတည်း ဟူသော ကြိုးထူး၊ ဤကြိုးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင်မြဲခိုင် တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆိုက်လက်ကိုင် ငါတို့အပိုင်ရလေပြီ။
(၆)
"ဒါတော့ ဆြာဒင်မတရားဘူးဗျ။ ကပ္ပလီက သီရိပျံချီဖြစ်ပြီး ကျုပ်တို့ကတော့ အဖြူထည်ကြီးပေါ့"
တပည့်သားမြေးဟူသည် တခါတရံလွန်စွာစိတ်ပျက်ဖွယ်ကောင်းလေစွ။ လေမင်းသားနှင့်ဖေကြည်တို့ထံမှ မကျေမချမ်း ပေါက်ပေါက်ဖောက်သံတို့ထွက်ပေါ်လာပြန်ချေပြီ။
"မင်းတို့နှယ်ကွာ။ ဘုတ်ကျီးမြှောက်၊ကျီးဘုတ်မြှောက် လေထဲမှာပေးနေတဲ့ ဘွဲ့ကို အငမ်းမရလာဖြစ်နေကြတာ အံ့ချက်"
"ဟုတ်သေးဘူးဆြာဒင်။ ဆြာဒင်က လေနဲ့ဘွဲ့ပေးရမှာကို တွန့်တိုနေတာ ကျုပ်တို့အံ့ချက်"
"တော်တော်လက်ပေါက်ကပ်တဲ့ မောင်တွေပါကလား။ ကဲ သို့ကလိုဖြင့် မောင်မင်းတို့နှစ်ယောက်လည်း ဇေယျကျော်ထင် ဘွဲ့ရည်ကိုအသီးသီးယူကြစေဗျား။ဇေယျကျော်ထင်ဖေကြည်၊ဇေယျကျော်ထင်လေမင်းသားဖြစ်စေသတည်း။ကဲ။ကျေနပ်
လောက်ပြီထင်ပါရဲ့"
"နေဦးဆြာဒင်။ ကျုပ်တို့ချည်းမပြီးဘူးလေ။ ဆြာဒင်လည်း ဘွဲ့တခုခုတော့ ရသင့်တယ်လေ"
"ဟ။ ဆြာဒင်က မောင်တို့အထဲမှာ အကြီးဆုံးဆိုတော့ သရေစည်သူ ဆြာဒင်လို့သာ မှတ်ပေတော့ကွာ။ တကတည်းကွာ၊ လွတ်လပ်ရေးကြေညာစာတမ်းကို စိတ်ဖြောင့်ဖြောင့်နားထောင်ရတယ်ကိုမရှိဘူး"

(၇)
-ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ် မဟုတ်။ မည်သူ တဦး တယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိက အပိုင်ပစ္စည်းမဟုတ်။ မည်သူ တဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုး ခံစားအပ်သော နိုင်ငံ မဟုတ်။ ........။
မှီတင်းနေထိုင်ကြသော ......။လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအ၀ှမ်း၏ အကျိုးကို ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတတင်မြှောက်ကြသော .......။လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော၊ သမ္မတ မြန်မာ နိုင်ငံတော်တည်းဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။
-သိကြကုန်လော့။ ......။တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး၊ အဆင့်အတန်း တူညီသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။........။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည် နှင့်အညီ တပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့ လေးစားစောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိ သည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့် လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။
-ဤ ငါတို့ ကျေညာချက်ကို တကမ္ဘာလုံး တယောက်မကျန် ကြားသိစေသတည်း။
(၈)
လွတ်လပ်ရေးကြေညာစာတမ်းဖတ်ကြားပြီးဆုံးချိန်တွင်ကား လူထုပရိသတ်ကြီး၏ သြဘာသံသည် ဘဝဂ်တိုင်မည်ဟိန်းနေ ယောင်တကား။ထိုခဏတွင် မို့မို့မည်းမည်း သဲသဲလှုပ်နေသော လူအုပ်ကြီးအတွင်းမှ စကြာဝဠာမယ်တမျှချောမောလှပ သော မိန်းမပျိုတဦ်းသည် ဆြာဒင့်ကို အသည်းအသန်ရှာဖွေနေရာမှ ရုတ်ခြည်းတွေ့လိုက်ဟန်ဖြင့် ပုဝါဖြူငယ်ကို ဝှေ့ယမ်း ကာ အငမ်းမရနှုတ်ဆက်နေလေသည်။
"ဟေး။ အန်ကယ်ဒင်။ ရှာလိုက်ရတာ အန်ကယ်ရယ်။ ဝိုင်လည်း ဒီကိုရောက်နေတာအန်ကယ်ရဲ့"
အလိုလေး။ မိုးစက်ဝိုင်ပေတကား။
ဝမ်းသာလုံးအပျော်လုံးဆို့တက်သွားသောဆြာဒင်သည် ရုတ်တရက်ကျလာသော သွားရည်တို့ကို လက်ဖမိုးဖြင့်သုတ်ရင်း အပြေးတပိုင်းနှုတ်ဆက်လာသော ကလေးမအား အားပါးတရပျူငှာလှိုက်လှဲစွာ ခွန်းတုံ့ပြန်ရန် ပြင်ဆင်နေစဉ်ခဏ၌ အာရုံခေါ်ဖေကြည်၏ ငှက်ဆိုးထိုးသံကြောင့် ဆြာဒင်၏ အိပ်မက်ကမ္ဘာမှာ တစစီပြိုကွဲ သွားရလေတော့သည်။
"နေဖင်ထိုးနေပြီဆြာဒင်။ ထတော့။ အပြင်မှာလွတ်လပ်ရေးနေ့ချောတိုင်တက်ပွဲနဲ့ ဒီလောက်ဆူညံနေတာတောင် အိပ်မော ကျနေသေးတာ အံ့ရော။ပါးစပ်မှာလည်း သွားရည်တမြားမြားနဲ့ သွားရည်စည်သူဖြစ်နေပါပကော။ နေပြည်တော် သွားဖို့ အစီအစဉ်ဖျက်လိုက်တော့ဆြာဒင်။နေပြည်တော်မှာ လွတ်သဘင်အခန်းအနား မရှိဘူးတဲ့ဗျ"
မလိုသူတို့၊မည်သို့ဆိုစေ။ အိပ်ချင်မူးတူးဖြစ်နေသော ဆြာဒင်၏စိတ်တွင်မူ အဆိုတော်ကြီးမြသက်မူ၏ သီချင်းသံစာသားကို အောက်ပါ အတိုင်း ထင်မိထင်ရာကြားယောင်လျက်ရှိဆဲကား မှန်သောသစ္စာစကားဖြစ်ချေ၏။
(ပျို့ချစ်ဦးလည်း ထူးကဲဟန်ချီ၊ တပ်မတော် ရှေ့တန်းဆီ၊ မှန်းဆစရာ မြူမစဲ၊ လူလည်း မသည်းကွဲသည်။ မို့မို့မည်းမည်း သည်းသည်းညံစီ ကြွေးကြော်နေကြသည်။တိုးတိုးကာ လူတွေထဲ ဝိုင်လည်းပါနေသည်။ ပုဝါဖြူကလေး ရမ်းကာပဲ ဒင် ကလည်း ဝိုင့်ကိုတွေ့ပြီ ဝိုင်ကလည်း ဒင့်ကိုတွေ့ပြီ။ အားပေးကြွေးကြော်သံ ညံစီ လွတ်သဘင်ပွဲ ဆင်နွှဲခါတော်မီ)

Article 0

$
0
0

ယနေ့ထုတ်ဆဲဗင်းဒေးဂျာနယ်
၀၈ ၊ ၀၁ ၊ ၂၀၁၃



အခန်း(၁၁)
အတ္တခါးခါး၊ဘဝဟာ ကော်ဖီခါး။
"သေချာစဉ်းစားကြည့်တော့ ဒီလို ကမ်းမမြင်လမ်းမမြင်ပင်လယ်ကြီးထဲက ရုန်းရင်းဆန်ခတ်ကိစ္စကြီးမှာ ရာမန်လို ဆယ့် လေးနှစ်သား ကလေးငယ်က ဘာမှ ဝင်စွက်လို့မရနိုင်ပါဘူး။ အနေမတတ်၊အပြောအဆိုမတတ်ရင် ရေထဲကန်ချပြီး လက်စ ဖျောက်တာတောင် ခံရအုံးမယ်။လွိုင်ဆော့ဖ်ရဲ့ ပင်လယ်ဓားပြမှုဟာ ရာဇဝတ်ဘေးပြေးမလွတ်ဆိုတဲ့ ဆိုရိုးနဲ့တော့ အံဝင် နေတယ်ဗျ။ ဒီအမှုနဲ့ လွိုင်ဆော့ဖ် အပါအဝင် နဖူးစာစက်လှေရဲ့ လှေသားအားလုံးအဖမ်းခံရပြီး နှစ်ရှည် ထောင် နန်းစံကြ ရတယ်"
"တကယ်တော့ လွိုင်ဆော့ဖ် လက်စွမ်းပြလိုက်တဲ့ ကြယ်နီစက်လှေရဲ့ပိုင်ရှင်ဟာ ဦးကင်းတဲ့ဗျ။ ဦးကင်းကလည်း ခေသူမ ဟုတ်ဆိုတဲ့အထဲက လို့ဆိုရမယ်။သူ့နောက်မှာ ထိုင်းဖာဖီးယားတွေ ရှိနေသတဲ့။ သူ့လှေလက်စဖျောက်ခံရတဲ့ အမှုကို နှစ်နိုင်ငံ အာဏာပိုင်တွေနဲ့ကော၊ထိုင်းမာဖီးယားတွေနဲ့ပါ တောနင်းပြီး သတင်းအစအနရှာတယ်။ဖြစ်ချင်တော့ ကြယ်နီ စက်လှေရဲ့ ပဲ့နင်းဟာ ရေထဲကန်ချခံရရာကနေ ဘေးမသီရန်မခပဲ ဦးကင်းဆီ ပြန်ရောက်လာပြီး ဖြစ်ပျက်ပုံ အလုံးစုံကို ပြန်သံတော်ဦးတင်နိုင်တာကြောင့် လွိုင်ဆော့ဖ်တို့ တဖွဲ့လုံး ရုံးတင်ခံကြရရောပေါ့ဗျာ။ဦးကင်းဆိုတာ ထိုင်းလူမျိုးဗျ။ ထိုင်းတချို့ရဲ့နာမည်တွေရဲ့ ရှေ့မှာ ဗမာနာမည်တွေလိုပဲ "ဦး""ကို"တပ်ခေါ်လေ့ရှိကြတယ်။ထောင်နန်းစံရတဲ့ လွိုင်ဆော့ဖ်ရဲ့ တပည့်လက်သားအတော်များများဟာ ထောင်ထဲမှာ သေကုန်ကြသတဲ့။ အမယ်၊  လွိုင်ဆော့ဖ်ကတော့ ဆယ်နှစ်နီးပါး ထောင်ထဲမှာ နေခဲ့ရပြီး အခုအချိန်အထိ ရနောင်းမြို့မှာ ကျန်းမာပကတိ ချမ်းသာစွာရှိနေတုန်းဗျ။ အတော်တော့ အိုစာသွားပြီပေါ့ဗျာ"

"နေဦးဗျ။ရာမန်ပြောပြတဲ့ ထိုင်းမြန်မာနယ်စပ်က ငါးဖမ်းစက်လှေတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတချို့ဟာ စိတ်ဝင်စားစရာတော့အကောင်းသားဗျ။ဆိုနာဆိုတဲ့ ပင်လယ်ထဲက ငါးတွေကို ကြည့်နိုင်တဲ့ ကိရိယာဟာ ဝါးတန်းလှေတွေ မှာသာ အသုံးများသတဲ့။ အကြမ်းဖျဉ်းသဘောကတော့ ငါးအုပ်ရှိတဲ့ နေရာ၊ပင်လယ်ပြင်ရဲ့ကောင်းကင်မှာ ငှက်အုပ်တွေ ပျံဝဲနေတတ်သတဲ့။နောက်တော့ ငါးအုပ်တွေဟာ အထူးသဖြင့် ပင်လယ်ထဲက ကျွန်းတွေအနားတဝိုက်မှာ လှည့်ပြီး အုပ်စုဖွဲ့ ကျက်စားတတ်ကြတယ်။ ငါးတွေဟာ ကျွန်းခိုတတ်ကြတယ်ဆိုပါတော့။ မိုးရွာတဲ့အခါ ကျွန်းတွေပေါ်က စီးကျလာတဲ့ မြေဆီမြေနှစ်တွေ၊ ပိုးဖလံတွေ၊သစ်ရွက်ခြောက်တွေဟာ ငါးတွေသိပ်ကြိုက်တဲ့အစာပဲတဲ့ဗျ။အမယ်၊ငါးမှာလည်း အသိ ဥာဏ်ရှိတယ်ပြောရမလားပဲ။ငါးတွေဟာ ဗမာရေတပ်စစ်သင်္ဘောကြီးတွေနားမှာလည်း ခိုအောင်းနေတတ်ကြသတဲ့။ ဒီသင်္ဘောကြီးတွေဟာ သူတို့ကိုဖမ်းမဲ့ သင်္ဘောတွေမဟုတ်ဘူးဆိုတာ ငါးတွေအလိုလိုသိကြတယ်ထင်ပါ့။အေးပေါ့ဗျာ။ သဘာဝတရားကြီးက ငါးသတ္တဝါတွေကိုပေးအပ်ထားတဲ့အသိတရားပေါ့။ဗမာရေတပ်သင်္ဘောကြီးတွေဆီက စွန့်ပစ်လိုက်တဲ့ စားကြွင်းစားကျန်တွေကြောင့်လည်း တကြောင်းပါမယ်ထင်ပါရဲ့"
"စကားမစပ် ငချွတ်ကလေးရာမန်ဟာ ထိုင်းငါးဖမ်းစက်လှေလောကမှာ ဖုကျတ်ကန် ဖြစ်လာသေးသတဲ့ဗျ။ ဖုကျတ်ကန် ဆိုတာ အလုပ်ကြပ်၊မန်နေဂျာဆိုတဲ့အဓိပ္ပါယ်ပါပဲ။ ကျနော်တို့ နိုင်ငံသား မွန်ထားဝယ်တွေကတော့ ဖိုးကြက်ကန်းလို့ ခေါ်ကြ သဗျ။ရာမန် ဖိုးကြက်ကန်း ဖြစ်လာပုံကလည်း တမျိုးဆန်းတယ်ဆိုရမယ်။လွန်ခဲ့တဲ့နှစ်ဆယ့်ငါးနှစ်ဝန်းကျင်ကပေါ့။
ရာမန်ဟာ ငါးဖမ်းလှေတစီးနဲ့အတူ ဗမာ့ပင်လယ်ပြင်ထဲကနေ ငါးကဲ့ပြီး ထိုင်းဖက်ကိုပြန်အလာ၊ ကော့သောင်းနားက မပုတေးကျွန်း နားရောက်တော့ ထိုင်းငါးဖမ်းလှေ အစီးသုံးဆယ်လောက်ကို ဗမာရေတပ်သင်္ဘော (၄၀၂)က ဖမ်းထားတာ တွေ့ရသတဲ့ဗျ။ ရာမန်တို့လှေလည်း အဖမ်းခံရတာပါပဲ။ ဒါပေမဲ့ ပထမလှေအစီးသုံးဆယ်ကို မနက်အစောကြီးက ဖမ်းထားတာတဲ့ဗျ။ စက်လှေပိုင်ရှင်က ထိုင်းလူမျိုးဖြစ်ပေမဲ့ လှေပေါ်ပါလာတဲ့ လှေသားအားလုံးဟာ ထားဝယ်တွေချည်းပဲ ဖြစ်နေတာကြောင့် ဖမ်းထားတဲ့ ရေတပ်က ထားဝယ်စကားကို နားမလည်ကြဘူးတဲ့။ဒီအချက်ကလည်း တော်တော် သဘာဝကျတယ်ဆိုရမယ်။ ကျနော်ထိုင်းကိုရောက်စက ထားဝယ်တွေမွန်တွေပြောတဲ့ စကားကို လုံးလုံးကို နားမလည်ဘူး ဗျာ။ထားဝယ်လူမျိုးတွေဟာ အလန့်တကြားရေရွတ်တဲ့အခါ "မိဝေ၊ မိဝေ"လို့ ထ ထအော်တတ် သဗျ။ကျနော်ဆိုတဲ့ ခပ်တုံးတုံးကောင်ကလည်း "မိဝေ"ဆိုတဲ့အမျိုးသမီးဟာ ဘယ်က ပါလိမ့်။ သူတို့နဲ့ဘာတော်ပါလိမ့် ပေါ့။ အနေကြာလာလို့ စပ်စုပြီးသေချာမေးကြည့်မှ လက်စသတ်တော့ "မိဝေ"ဆိုတာ အမေကိုတ တာကိုး။ခလုပ်ထိမှ အမိတ ဆိုတဲ့စကားအတိုင်း အခက်အခဲကြုံတော့ အမေကို တတာပေါ့ဗျာ"
"ဗမာရေတပ်က မင်းတို့ဘယ်ကလာတာလဲ မေးလိုက်တိုင်း ထားဝယ်လှေသားတွေက "ခယန့် ခယန့်"လို့ချည်းဖြေသတဲ့။ အမှန်က "ခယန့်"ဆိုတာ "ခင်ဗျ ခင်ဗျ"လို့ပြောတာဗျ။ဗမာရေတပ်ကမေးတာကို ထားဝယ်သားတွေက နားမလည်၊ ထားဝယ်သားတွေပြောတာကို ဗမာရေတပ်သားတွေက နားမလည်၊ ဂျာအေးသူ့အမေရိုက်ပြီး ရေတပ်သားသားတွေဟာ အရက်သောက်လိုက်၊ ထားဝယ်လှေသားတွေကို ထ ရိုက်လိုက်၊ လုပ်နေလိုက်တာ ညနေစောင်းလည်းရောက်လာရော အဲဒီဇာတ်လမ်းထဲကို ရာမန်ဝင်လာရောဆိုပါတော့။
ဟုတ်တယ်လေ။ ရာမန်တို့ငါးဖမ်းလှေကို ဖမ်းမိလို့ ရာမန်ကို စစ်တဲ့အလှည့်လည်းရောက်ရော မန္တလေးသား ရာမန်ရဲ့ ဗမာ စကားကို ဗမာရေတပ်သားတွေအားလုံး နားလည်တော်မူကြသကိုး"
"ဒီမှာတင်ဗမာရေတပ်အရာရှိက ဟေ့ကောင်၊ကုလားလေး၊ ဒီကောင်တွေပြောတာကို မင်းဘာသာပြန်စမ်းကွာ ဆိုပြီး စကား ပြန်လုပ်ခိုင်းရာကနေ ဗမာအချင်းအချင်း ကြော(ဂျော)သိနေတဲ့ ရာမန်က အဲဒီပြဿနာကို ကြားဝင်ဖြေရှင်းပေးနိုင်ခဲ့ရော ဆိုပါတော့။ ရာမန်လူရည်လည်တာလည်း ပါသပေါ့။ ရှင်းနည်းကတော့ မခက်လှပါဘူး။ စက်လှေအစီးသုံးဆယ်မှာ ဘာတွေ ပါသလဲ၊ငွေဘယ်လောက်ပေးနိုင်သလဲဆိုတဲ့ ခေါင်းစဉ်ပါပဲ။ ရာမန်ရှင်းပုံရှင်းနည်းကတော့ သင်းတယ်ဆိုရမယ်။ ဗမာရေတပ် သင်္ဘောဆီက ပုဆိုးတထည်တောင်း၊ပုဆိုးရဲ့တဖက်ကို ကြိုးနဲ့စည်းပြီး အလှူခံခွက်လုပ်လိုက်ရောတဲ့။ နောက် စက်လှေ အစီးသုံးဆယ်ပေါ်က ထားဝယ်လှေသားတွေဆီမှာပါတဲ့ ထိုင်းဘတ်ငွေမှန်သမျှ အလှူခံထည့်ကြပေရော့ ပေါ့။ရေတပ်က လွှတ်ပေးမယ်ဆိုတာ နားလည်တဲ့ ကိုရွှေထားဝယ်သားများကလည်း ရှိသမျှငွေတွေ ပုံအောပြီးထည့် လိုက်ကြတာ ပုဆိုးတကွင်းစာ အပြည့်ရသတဲ့ဗျာ။ဒီမှာတင် စက်လှေအစီးသုံးဆယ်ဟာ ရနောင်းဖက်ကမ်းကို ဘေးမသီရန်မခ ပြန်ရောက်လာရောဆိုပါတော့"
"နောက်တနေ့မနက်လည်းကျရော ထိုင်းငါးဖမ်းစက်လှေ ပိုင်ရှင်တွေဟာ ရာမန်ကို အသည်းအသန်တောနင်းရှာကြပါတော့ တယ်။ ရာမန်ခမျာ "ငါလုပ်ပေးမိတာ ဒုက္ခရောက်ကိန်းတော့ ဆိုက်ပြီ"ဆိုပြီး စက်လှေပိုင်ရှင်တွေစုနေတဲ့ ရနောင်း စဖန်ဖလား ဆိပ်ကမ်းကို မျက်နှာငယ်လေးနဲ့လိုက်သွားရှာသတဲ့။ဆိပ်ကမ်းမှာ အဆင်သင့်ရှိနေတဲ့ ထားဝယ်လှေသားတွေ ဟာ ရာမန့်ကို လည်းမြင်ရော... ၊ "ဟာ ။ ဟုတ်တယ်၊ဟုတ်တယ် ။ သူပဲ ။ သူပဲ ။ ဗမာရေတပ်က ဖမ်းထားတဲ့ ကျနော်တို့ စက်လှေတွေကို လွတ်အောင် ဝင်ညှိပေးတာ သူပဲ။ဒီလူက ဗမာရေတပ်နဲ့ သိပ်ပိုင်တယ်"ဆိုပြီး ဝိုင်းအော်ကြမှ ရာမန် အသက်ရှူမှန်တော့ သတဲ့။နောက်ဆုံးတော့ ရနောင်းမြို့ခံငါးဖမ်းစက်လှေပိုင်ရှင်တွေဟာ ရာမန့်ကို ဧရာမကျေးဇူးရှင် စာရင်းသွင်းကြပြီး သူတို့ ငါးဖမ်းစက်လှေတွေ ဗမာရေတပ်အဖမ်းမခံရလေအောင် စောင့်ရှောက်ဖို့ လစာကောင်းကောင်းနဲ့ အလုပ်ခန့်လိုက်ရောပေါ့ ဗျာ။ဒီမှာတင် ရာမန်ဟာ ဖိုးကြက်ကန်းဘဝကို ကြက်ကန်းဆန်အိုးတိုးပြီး ရောက်လာတော့ တာပါပဲ"
"ဖိုးကြက်ကန်းဖြစ်လာတဲ့ ရာမန်ဟာ ထိုင်းမြန်မာနယ်စပ်ပင်လယ်ပြင်မှာ ငါးခိုးဖမ်းတာ၊ထိုင်းငါးဖမ်းစက်လှေပိုင်ရှင်တွေနဲ့ ဗမာရေတပ်အပေးအယူ လုပ်ကြတဲ့ဇာတ်လမ်းတော်တော်များများကို သိနေတယ်ဗျ။မှတ်သားစရာကောင်းတဲ့ အချက်က တော့ တကမ္ဘာလုံးမှာ ငါးအခိုးဆုံးနိုင်ငံဟာ ထိုင်းနိုင်ငံပါပဲလို့ ရာမန်က ဆိုလေရဲ့။သူ့အတွေ့အကြုံအရ ထိုင်းငါးခိုးစက်လှေ တွေဟာ တောင်ကိုးရီးယားရေပြင်ပိုင်နက်အထိ ဝင်ပြီး ငါးခိုးဖမ်းကြသတဲ့"
"ဗမာရေပိုင်နက်ထဲက မြောက်များလှစွာသော ကျွန်းတွေရဲ့အနီးတဝိုက် အုပ်စုဖွဲ့ရှိနေတဲ့ငါးတွေကို ဖမ်းခွင့်ရနိုင်ဖို့ ထိုင်း ငါးဖမ်း စက်လှေတွေဟာ ဗမာ့ရေတပ်နဲ့ အပေးအယူလုပ်တဲ့ကိစ္စဟာ ဘယ်လောက်ကြီးကျယ်သလဲ ဆိုရင် ဆာဒက်ကြီး ကျွန်းမှာ ခြောက်လလောက်တာဝန်ကျတဲ့ ဗမာရေတပ်သားတဦးဟာ ကုန်းပေါ်ပြန်တက်တဲ့အချိန်မှာ ထိုင်းရွှေဘတ်ကြိုး တွေ ဟိုခေတ်ကလက်တိုဂျင်နို့မုန့်ဗူးနဲ့ တဗူးအပြည့်ဝေစုရကြသတဲ့။ကျနော်တို့လူပျိုပေါက်တုန်းက ခေတ်စားခဲ့တဲ့ လေးထောင့် ရွှေတုံးလေးတွေနဲ့ ဒီဇိုင်းဖော်ထားတဲ့ ၊ဘတ်ကြိုးလို့ တပြည်လုံးလူသိများခဲ့တဲ့ ရွှေဆွဲကြိုးတွေပေါ့ဗျာ။ ဆိုလိုတာက ထိုင်းငါးဖမ်းစက်လှေတွေဟာ ဗမာရေတပ်ကို ထိုင်းဘတ်ကြိုးတွေ လာဘ်ထိုးပြီး ငါးခိုးခွင့် ရကြသပေါ့။ ဗမာရေတပ်ဟာ အပေးအယူ လုပ်ပြီးရင် စိတ်အေးချမ်းသာစွာငါးဖမ်းနိုင်ပြီဖြစ်ကြောင်း၊ ထိုင်းငါးဖမ်းစက်လှေတွေပေါ်မှာ အလံတင်ပြီး အချက်ပြဖို့ လိမ္မော်ရောင်အလံလေးတွေထုတ်ပေးထားသတဲ့"
အဲဒီလာဘ်ပေးလာဘ်ယူ အရှုပ်တော်ပုံတစ်ခုကြောင့် ၁၉၈၈ မတိုင်ခင်၊ဆာဒက်ကြီးကျွန်းမှာ တာဝန်ကျဖူးတဲ့ ဆာဒက်ကြီး ကျွန်းစီအို ဒုတိယ ဗိုလ်မှူးကြီး ဥာဏ်ထွန်းဟာ သူ့ကိုယ်သူ သတ်သေသွားဖူးသတဲ့ဗျ။ သူကတော့ လူရိုးလူကောင်းလို့ ဆိုပါတယ်။ သူ့တပည့်တွေ လုပ်တာကို သူခေါင်းခံသွားတဲ့သဘောတဲ့ဗျာ။သူ့တပည့် လက်ထောက်စီအို ဗိုလ်မှူးအောင်မြင့် ကတော့ ဝါသနာတမျိုးတဲ့။ဗိုလ်မှူးအောင်မြင့်ဟာ ထိုင်းငါးဖမ်းစက်လှေတွေပေးတဲ့ ဘတ်ကြိုးကုံး တွေမှာ ပါတဲ့ ချိတ်(ဂျိတ်) ကလေးတွေကို ချည်းရွေးပြီး စုဆောင်းသတဲ့။ သူတပည့်တွေ ဝေစုရတဲ့ ရွှေဆွဲကြိုးကုံးတွေတိုင်းရဲ့ ချိတ်(ဂျိတ်) တွေကို ဖြုတ်ဖြုတ်ပြီး အမှတ်တရ ယူထားလေ့ရှိသတဲ့ဗျ"
"နယ်စပ်ရေပိုင်နက်မှာ အနေကြာလာတဲ့ ဗမာရေတပ်ကလည်း တဖြည်းဖြည်းလူရည်လည်လာတယ်ဆိုရမယ်။ ဗမာဘက် ခြမ်းက ပုဇွန်ထုတ်တွေဟာ အရည်အသွေးလည်းမြင့်၊ဈေးနှုန်းလည်း ချိုတာကြောင့် တနသာင်္ရီတိုင်းထဲက ဘိတ်၊ ထားဝယ် အရပ်ဒေသတွေဆီကနေ ပုဇွန်တွေဝယ်ပြီး ထိုင်းဘက်ကို ခိုးသွင်းကြတဲ့ ကိစ္စမျိုးဆိုပါတော့။ ခိုးသွင်းတဲ့လှေတွေဟာ လှေဝမ်းထဲမှာ ပုဇွန်တွေထည့်၊အပေါ်ကနေ မီးသွေးတွေဖုံးပြီး မီးသွေးလှေယောင်ဆောင်ကြသတဲ့။ အစပိုင်းမှာတော့ မီးသွေးလှေလို့ပြောရင် လှေအပေါ်ပိုင်းကိုလှန်လှောကြည့်တယ်။ မီးသွေးတွေတွေ့တယ်။လွတ်စေပေါ့ဗျာ။ ဒါပေမဲ့ နောက်ပိုင်းမှာ မီးသွေးလှေပါလို့ပြောတဲ့ လှေရဲ့ ဝမ်းဗိုက်ထဲက ရေကို လက်နဲ့ဆင်းစမ်းလိုက်လို့ ရေခဲရေလိုအေးနေပြီဆိုရင် မီးသွေးလှေသမားကို နားရင်းရိုက်ပြီး "ပုဇွန်ကီလိုဘယ်လောက်ပါသလဲပြောစမ်း"ဆိုပြီး အမိဖမ်းနိုင်ကြသတဲ့။ အေးလေ။ လှေအောက်ပိုင်းမှာ ပုဇွန်တွေကို ရေခဲရိုက်ပြီးတင်လာတာမို့ ဘယ်ပြေးလွတ်ပါ့မလဲ။ခင်ဗျား တစ်ခုသတိပြုရမှာက ဗမာဘက်ခြမ်းကို ငါးလာခိုးတဲ့ လှေသားအားလုံးဟာ မွန်ဗမာထားဝယ်ဆိုတဲ့ မြန်မာနိုင်ငံသားချည်းပဲတဲ့ဗျာ။ဒါကြောင့် ဗမာ့ရေတပ်အနေနဲ့ ကိုင်တွယ်တဲ့ နေရာမှာ အတော်ကို ကသိကအောက်ဖြစ်မှာအမှန်ပဲ။ ထိုင်းငါးဖမ်းလှေပိုင်ရှင်တွေ ကလည်း ဒီအကွက်ကို အပိုင်နင်းပြီး အချီကြီးအပွကြံကြတာပါပဲ။တခါတလေ ပုံစံတူငါးဖမ်းလှေတွေလုပ်ထားပြီး စက်လှေတစီးတိုက်ငါးပြည့်ပြီဆိုရင် နောက်ထပ် အရောင်တူ ပုံစံတူ ငါးဖမ်းစက်လှေတစီးအစားထိုးပြီး ဝင်ဖမ်းတတ်ကြ သေးသတဲ့။ မအူမလည် ဗမာရေတပ်က နောက်ထပ်ဝင်လာတဲ့စက်လှေကိုလာကြည့်မိတဲ့အခါ  "သူတို့ခမျာ ခုထက်ထိ ငါးဖမ်းမရသေးပဲကိုး"ဆိုပြီး သူခိုးကိုပြန်သနားနေတတ်တာမျိုးလည်း ရှိသေးသတဲ့"
ကိုသက်ခိုင်၏ ထိုင်းမြန်မာနယ်စပ် ငါးခိုးဇာတ်လမ်း ဤနေရာသို့အရောက်တွင် ဆာရက်ဆင်တံတားကြီးရှိ ရဲဂိတ်ကို လှမ်း မြင်နေရချေပြီ။ဆာရက်စင်တံတားကြီးသည် ဖန်ငကုန်းမြေနှင့် ဖူးခက်ကျွန်းကို ဆက်သွယ်ထားသည့် တခုတည်းသော ကုန်းလမ်းဝင်ပေါက်ဖြစ်သည်။ဖူးခက်မြို့သို့ ဝင်ရောက်လာမည့် တရားမဝင်ရွေ့ပြောင်းလုပ်သားများနှင့် တရားမဝင် ကုန်ပစ္စည်းမျိုးစုံကို တင်းကြပ်စွာစစ်ဆေးသည့် ရဲဂိတ်သည် ဆာရက်ဆင်တံတားကြီးအဆင်း ဖူးခက်ကျွန်းဘက်မှာ တည်ရှိပြီး ခေတ်မီစစ်ဆေးရေးကိရိယာများ ပြည့်စုံစွာတပ်တင်ထားသည့်ဂိတ်ပေတည်း။
ကိုသက်ခိုင်သည် ဆာရက်ဆင်ရဲဂိတ်ရှိရာသို့ ဣနြေ္ဒရရပင် ကားကိုမောင်းဝင်သွားသည်။ထိုစဉ်မှာပင် တာဝန်ကျ ထိုင်းအရာ
ရှိတစ်ဦး ကျနော်တို့ကားရှိရာသို့ ခတ်သုတ်သုတ်လျှောက်လာပြီး ကိုသက်ခိုင်ကို လက်အုပ်ချီလျက် လှိုက်လှဲပျူငှာစွာ နှုတ်ဆက်သည်။
"ဟာ အကိုကြီး ဂျွန်၊ မတွေ့တာကြာပြီနော်"
"အေး၊ဟုတ်ပါ့ ထုံချိုင်းရေ။ ဘာလိုလိုနဲ့ တို့နှစ်ယောက်မတွေ့တာ နှစ်နှစ်ကျော်ရော့မယ်"
သူတို့နှစ်ဦးအပြန်အလှန်နှုတ်ဆက်နေကြသည်မှာ ထိုင်းဘာသာစကားဖြင့်ဖြစ်ပါသည်။ကိုသက်ခိုင်သည် အဆင့်မြင့်ထိုင်း စကားကို ရေလည်ရည်မွန်စွာ ပြောဆိုနိုင်ရုံမက ထိုင်းစာကိုပါကောင်းစွာဖတ်ရှုနိုင်သူဖြစ်၏။အဆိုပါနှုတ်ဆက်စကားအဆုံး တွင် ထိုင်းရဲအရာရှိထုံချိုင်းသည် ဖမ်းဆီးထားသော မြန်မာပစ္စည်းအိတ်များကို ကျနော်တို့ကားပေါ်သို့ သူကိုယ်တိုင်ဝိုင်း တင်ပေးနေလေသည်။တံတားဂိတ်က မြန်မာပစ္စည်း အဖမ်းခံရသည့် ပြဿနာသည် ငါးမိနစ်အတွင်း ပြီးဆုံးသွားသည့် အဖြစ်ကြောင့် အပြန်လမ်းမှာ ကိုသက်ခိုင်ကို ကျနော်စပ်စုမိပြန်သည်။
"ခင်ဗျား ဥစ္စာပိုင်လှချည့်လားဗျ။ ဘာတခွန်းမှတောင် ပြောစရာ မလိုပဲ ပြီးသွားတာ အတော့်ကို အံ့သြစရာပါပဲ"
"ဘာမှ ထွေထူးပြီး အထင်ကြီးစရာ မရှိပါဘူးဗျာ။ ဒီလိုအဖြစ်မျိုး အခက်အခဲမျိုးတွေကို ကြိမ်ဖန်များစွာ ကြုံခဲ့ရတဲ့ ကျနော်ဟာ ထွက်ပေါက်တစ်ခုကို အသည်းအသန်ရှာဖွေရာကနေ ခုလို ချိတ်ဆက်မိကြတာဆိုပါတော့"
"အင်း၊ ဒါဆို ခင်ဗျားရဲ့ ထွက်ပေါက်ရှာပုံလေးကို နောက်ကြောင်းပြန်ပါဦးဗျ။ပစ္စည်းတွေလည်း ပြန်ရနေပြီပဲ။ အေးအေး ဆေးဆေးပေါ့"
"အေးပေါ့ဗျာ။ အခုနေ ခင်ဗျားအမြင်မှာတော့ ကျနော်ဟာ လူစွမ်းကောင်းကြီးဖြစ်နေမှာပေါ့။ တကယ်တမ်းကျတော့ ဒီဘဝဒီအခြေအနေကို ရောက်ဖို့ ခါးသီးစပ်ဖျဉ်းတဲ့ အတွေ့အကြုံခပ်ကြမ်းကြမ်းတွေကို ဖြတ်ခဲ့ရတာပါပဲ။ခဏလေးဗျာ။ ရာမန်စိတ်ပူ နေမယ်။ သူ့ကို ဖုန်းဆက်လိုက်အုံးမယ်"
ဤသို့လျှင် ကိုသက်ခိုင်ထံမှ ရာမန့်ခေါ်ဘိုင်ကြီးထံသို့ "ဟေ့ကောင်၊ရာမန်။ မင်းချာတိတ်မပစ္စည်းတွေပြန်ရပြီ။ ငါ့အိမ်ကို လာယူခိုင်းလိုက်တော့ "ဟူသော ဖုန်းဆက်သည့်စကားအဆုံးတွင် သူ၏ထိုင်းနိုင်ငံသို့ အခြေချကာစ ခါးသီးလှသော အတွေ့ အကြုံတို့ကို ဇာတ်လမ်းဆက်ပြန်ပါသည်။
"ကျနော်ထိုင်းကို ရောက်ခါစမှာ ပထမဆုံးကြုံရတဲ့ ဧရာမအခက်အခဲကတော့ ဘာသာစကားပြဿနာပါပဲ။ထိုင်းလို တစ်နှစ် သုံးလေးတောင် ကျနော်မရေတတ်ပဲကိုး။ပိုဆိုးတာက ကျနော့်စိတ်ထဲမှာ ဘယ်ကာလက ခိုအောင်းနေမှန်းမသိတဲ့ လူမျိုးကြီး စိတ်အစွဲပဲဗျာ။ ကျနော့်ဘဝတလျှောက်လုံး ဖတ်ခဲ့မှတ်ခဲ့တဲ့ ထိုင်းမြန်မာရာဇဝင်ဇာတ်လမ်းတွေဟာ ထိုင်းလူမျိုး တွေကို ကျနော်အထင်မကြီးအောင် တားဆီးပိတ်ဆို့ထားခဲ့တယ်ထင်ပါရဲ့။ ဒါကြောင့် ထိုင်းစကားကို သင်စရာ မလိုတဲ့ ဘာသာစကားအဖြစ် ကျနော့်မသိစိတ်မှာ စွဲနေပုံရတယ်ဗျ။ငါမပြောတတ်လဲ စကားပြန်ရှိရင် ပြီးတာပဲ လို့တွေးခဲ့တာကိုး။ ဒါပေမဲ့ဗျာ။ တကယ်တမ်း ထိုင်းမှာ အခြေတကျနေပြီး စီးပွားရေးလုပ်တော့မယ်လည်း ဆိုရော ဘာသာပြန်ပြဿနာဟာ ဧရာမပြဿနာကြီင်္း တစ်ခုဖြစ် လာပါတော့တယ်"
စကားဖြတ်ပြောရရင် မွန်ထားဝယ်လူမျိုးတွေဟာ ဗမာဘုရင်တွေခေတ်ကတည်းက ယိုးဒယားနဲ့ကူးလူးဆက်ဆံမှုရှိခဲ့တာက တကြောင်း၊ မွန်စာဆိုရင် ထိုင်းစာနဲ့ အတော်နီးစပ်တာတကြောင်းတို့ကြောင့် မွန်ထားဝယ်တွေအတွက် ထိုင်းစကားကို တတ်လွယ်သိလွယ်နေကြတယ်ဗျ။ကျနော်လို အညာသားအတွက်ကတော့ အရမ်းစိမ်းလွန်းနေတယ်။တကယ်လို့များ ခင်ဗျား ကြီးကျယ်တဲ့ ကိစ္စရပ်ပြဿနာတစ်ခုခုမှာ ထိုင်းစကားပြောတတ်လှချည့်ရဲ့ ဆိုတဲ့ မွန်ထားဝယ်တစ်ယောက်ယောက် ကို စကားပြန်အဖြစ်မသုံးပါလေနဲ့။သူတို့ကို အထင်သေးလို့ပြောတာမဟုတ်ဘူး။အကြောင်းရှိတယ်ဗျ။လွန်ခဲ့တဲ့ ဆယ်နှစ် ဗမာပစ္စည်းတွေချည်းအပြည့်တင်ပြီး ကျနော်ကိုယ်တိုင်မောင်းလာတဲ့ ကုန်တင်ကားတစ်စီး ဒီတံတားကြီးဂိတ်မှာ အဖမ်းခံခဲ့ရ တုန်းကပေါ့ဗျာ"

ဒုံရင်း ။ ။

$
0
0


          ဒုံရင်း ။ ။

မျက်နှာချင်းဆိုင် တွန်း၊
လားရာမတူဘဲ စွတ်တွန်း၊
အောက်လူက အပေါ်လူကိုခံတွန်း
အပေါ်လူက အောက်လူကို ကန်တွန်း၊
တံတောင်ဆစ်ကလေးကိုယ်စီနဲ့ တွတ်ရင်တွန်း။
ငယ်သံပါအောင် အော်ရင်းတွန်း။
မျက်ဖြူဆိုက်အောင်တွန်း။
.......
.......
.......
သူ့ငါတွန်း၊ငါ့သူတွန်း။

ချောက်(ဂျောက်)မကျ ကျအောင်တွန်း၊
သြော်။ပြိုင်တူတော့ တွန်းကြပါရဲ့ ။ ။

(မင်းဒင်)

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0


အခန်း(၁၂)

ကျမ်းကြီးပေါက်သူများ

ကျနော်ထိုင်းနိုင်ငံကိုရောက်ကာစမှာ ကျော်ဖြတ်ခဲ့တဲ့ အတွေ့အကြုံတွေဟာ အခုနေပြန်စဉ်းစားကြည့်ရင် တကယ့်ကို ရင်ထိပ် သည်းဖိုဖြစ်စရာပဲဗျ။ သတ္တိခဲကြီးလို့တော့ မထင်လိုက်လေနဲ့ဗျာ။ကျနော်ဟာ ရဲဘက်စခန်းက ပြေးလာသူမို့ ကျနော့်ဘဝဟာ အရိပ်မည်းကြီးတစ်ခုအထိုးခံသလို မလုံမခြုံခံစားနေရတဲ့အချိန်ဆိုတော့ ပိုဆိုးတာပေါ့။ခင်ဗျား စဉ်းစား ကြည့်လေ။ဗမာပြည်မှာ ကျန်ရစ်ခဲ့တဲ့ ပြဿနာကနောက်ကြောင်းမအေးခင်၊ထိုင်းနိုင်ငံမှာများ ပြဿနာတစ်စုံတစ်ရာ ပေါ်ခဲ့ ရင် ငါ့ဘဝတော့ ရေစုန်မျောပြီဆိုတဲ့ အတွေးတွေသာ နေ့နေ့ညည ကျနော့်စိတ်မှာ ပူပန်နေမိတာပါပဲ။ဒါပေမဲ့ ရွေးစရာလမ်း မရှိတဲ့ ကျနော်ဟာ ကြောက်ကြောက်နဲ့ရှေ့တိုးခဲ့ရတာပါပဲ။
ဒီနေရာမှာ စကားစပ်လို့ ကျနော့်အတွေးနဲ့ တက်တက်စင်အောင်လွဲနေတဲ့ ထိုင်းနိုင်ငံအကြောင်း ပြောရအုံးမယ်ဗျ။ ထိုင်းနိုင် ငံကို ခြေချကာစတုန်းက ထိုင်းနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်တယ်။စည်းကမ်းနည်းလမ်းတကျဒီမိုကရေစီနည်းအတိုင်း အုပ်ချုပ် နေတယ်။ထို့အတူထိုင်းရဲတွေဟာလည်း ထိုင်းနိုင်ငံကြီးရဲ့ဥပဒေတွေကို တိတိကျကျကာကွယ်စောင့်ရှောက် နေတယ် ထင်မိတာပေါ့။တကယ်တမ်းထိုင်းနိုင်ငံမှာလည်း အနေကြာ၊ထိုင်းစစ်ဘက်နယ်ဘက်က အရာရှိတွေ၊အဆင့်ဆင့် သော ဌာနဆိုင်ရာအရာရှိတွေနဲ့ ရင်းနှီးကျွမ်းဝင်တော့မှ သူတို့လည်း ဒီမိုကရေစီသာဆိုတယ်။ လာဘ်ပေးလာဘ်ယူ ကိစ္စမှာတော့ ကျနော်တို့ ရွှေပြည်ကြီးနဲ့ နင်လားငါလားပါပဲဗျ။တိတိကျကျပြောရရင် ထိုင်းနိုင်ငံရဲ့ စီးပွားရေး လူမှုရေး  နိုင်ငံရေးကိစ္စရပ်အားလုံး လိုလိုမှာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ ထိုင်းမာဖီးယားတွေက လက်ဝါးကြီးအုပ် လွှမ်းမိုး ထားတာပါပဲ။သူတို့ဟာ ထိုင်းနိုင်ငံရဲ့အဆင့်ဆင့်သောဌာနဆိုင်ရာအရာရှိတွေ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးယန္တရား တွေကို နောက်ကွယ်ကနေ ကြိုးကိုင်နေတာပါပဲ။
သို့သော်ခြွင်းချက်တော့ရှိတယ်ဗျ။ထိုင်းဥပဒေကို အထိုက်အလျောက် နားလည် သဘောပေါက်တဲ့ထိုင်းလူမျိုးအချင်းချင်း ကြားမှာတော့ လူပါးဝလို့မရဘူး။အထူးသဖြင့် အသေးစားတနိုင်တပိုင်စီးပွားရေး လုပ်ငန်းတွေမှာ ထိုင်းလူမျိုးအချင်းချင်း ပစားပေးထားတာ အထင်အရှားတွေ့နေရတယ်။ဥပမာ အခုခင်ဗျား လုပ်နေတဲ့ ဗမာပစ္စည်းဖြန့်တဲ့အလုပ်မျိုးဆိုပါတော့။ တော်ရုံအတိုင်းအတာကို ထိုင်းလူမျိုးတစ်ယောက်အနေနဲ့ လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ရှိတယ်။ ပြည်ပရင်းနှီးမှုခွင့်ပြုရာ မှာလည်း ထိုင်းလူမျိုးတွေကို စာရင်းထည့်ထားပါမှ အလုပ်ဖြစ်တယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ရောက်လာကြတဲ့ နိုင်ငံခြားသားလုပ်ငန်းရှင်တွေဟာ ခင်မင်ရင်းနှီးပြီး ယုံကြည်စိတ်ချရမယ်ထင်ရတဲ့ ထိုင်းလူ မျိုးတွေ ကိုနာမည်ခံပြီးလုပ်ကြရတယ်။နာမည်ခံပေးပြီး နိုင်ငံသားခြားသားလုပ်ငန်းရှင်တွေရဲ့ စည်းစိမ်ပြုတ်အောင် အကွက်ကျကျ ဇယားချပြီးလိမ်နေကြတဲ့ ထိုင်းလူလည်အုပ်စုတွေလည်း ဒုနဲ့ဒေးဗျာ။မယုံမရှိနဲ့ကိုယ်တွေ့။ ကျနော့်မိတ်ဆွေ မစ္စတာဝူး မိတ်ဆက် ပေးဖူးတဲ့ စင်္ကာပူသင်္ဘောလုပ်ငန်းရှင်တစ်ယောက်ဟာ နာမည်ခံထိုင်းလူမျိုးတစ်ယောက်ကြောင့် ထိုင်းဘတ် သန်းသုံးရာ လောက်ဆုံးသွားဖူးသတဲ့ဗျ။
ကျနော့်စကားကို ပြန်ဆက်ရရင် ကျနော်လို မအူမလည်ကောင်မျိုးက ဖူးခက်မြို့ဝင်တံတားကြီးရဲဂိတ်ဆီကို တရားမဝင် ကုန်ပစ္စည်း လော်လီကားတစ်စီးတိုက် တင်ပြီးမောင်းဝင်လာဖို့လာဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပဲ။ဒါပေမဲ့ ကျနော်ဟာ အမွှန်ကို အခွပ်ခံထားရတဲ့ တိုက်ကြက်တစ်ကောင်နဲ့တူနေတယ်ထင်ပါရဲ့။ ကျနော့်ဘော်ဒါအရင်း ရာမန်ကတောင် "သက်ခိုင်၊ ဟုတ်မှလည်း လုပ်နော်။ မင်းအခုလုပ်မဲ့ကိစ္စကို ငါတောင်မလုပ်ရဲဘူး"ဆိုပဲ။ဒါပေမဲ့ မလုပ်မဖြစ်တဲ့အခြေအနေရောက်နေ တာမို့ ကျနော်လည်း ကြောက်စိတ်ကို ဘေးချိတ်ထားလိုက်ရတယ်ဆိုပါတော့။ဇာတ်လမ်းကဒီလိုဗျ။
ရန်ကုန်ကနေ တင်လိုက်တဲ့ ဗမာပစ္စည်း ထိုင်းဘတ် တစ်သန်းဖိုးနီးပါးဟာ ကော့သောင်းဖက်ကမ်းကနေ ရနောင်းဈေးနား မှာရှိတဲ့ ကျနော်ငှားထားတဲ့အိမ်ကို ပထမဆုံးအကြိမ်ရောက်လာတုန်းကပေါ့။ လက်လှမ်းမီရာပိုင်ရာဆိုင်ရာတွေနဲ့ ချိတ်နိုင် တာမို့ နယ်မြေခံရဲကို တစ်လဘတ်ငါးထောင်လိုင်းကြေးပေးထားတဲ့အချိန်ဗျ။အဲဒီပစ္စည်းတွေ ဖူးခက်ကိုသယ်ဖို့စီစဉ်နေတုန်း မှာပဲ ထိုင်းထောက်လှမ်းရေးရဲအဖွဲ့ရောက်လာပြီး ကျနော့်အိမ်မှာ ရှိတဲ့ပစ္စည်းတွေ အကုန်သိမ်းပြီး ထိုင်းအကောက်ခွန်ဌာန ကို ပို့လိုက်ပါလေရောဗျာ။ထူးဆန်းတာက လူကိုတော့မဖမ်းဘူးဗျ။လာဖမ်းတဲ့မောင်တွေက ကျနော်လိုင်းဝင်ထားတဲ့ အဖွဲ့ မဟုတ်လေတော့ ကျနော်လည်း ဘာမှမပြောသာဘူးဗျာ။ကျနော်သိသလောက်ထိုင်းနိုင်ငံတနံတလျားမှာ တစ်ပိုင်းတစ်စ သာတရားဝင်တဲ့လုပ်ငန်းရှင်တွေဆီကနေ လစဉ်ဆက်ကြေးတောင်းနေတဲ့ အဖွဲ့ပေါင်း နှစ်ဆယ်ကျော်လောက်ကို ရှိတယ် ဗျာ။
ကျနော်ဟာ ဒီပြဿနာကို ရှင်းနိုင်ဖို့ အပူတပြင်းအဆက်အသွယ်ရှာလိုက်တော့ ထိုင်းရေတပ်ထောက်လှမ်းရေး ဗိုလ်မှူးကြီး နလုန်နဲ့ ချိတ်ဆက်မိရောဆိုပါတော့ဗျာ။ထူးခြားချက်ကတော့ နလုန်ဟာ ၁၉၈၈ခုနှစ်ဝန်းကျင်က ထိုင်းနိုင်ငံဘက်ကို ရှောင် တိမ်းလာတဲ့ မြန်မာအတိုက်အခံအတော်များများနဲ့ အဆက်အဆံရှိနေတဲ့အချက်ဗျ။ နလုန်နဲ့ကျနော့်ကိုချိတ်ဆက်ပေးခဲ့သူ ကတော့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ဥက္ကဌကိုကျော်ထက်ပေါ့ဗျာ။ သူက ကွယ်လွန်သူဗိုလ်မှူးကြီးစိန်မြရဲ့လက်ရုံးမို့ ကျနော်နဲ့ မကင်းရာမကင်းကြောင်းဆိုပါတော့။
ဒီမှာတင် ဗိုလ်မှူးကြီးနလုန်ဟာ ကျနော်နဲ့တွေ့ဖို့ ရနောင်းက ကိုစိုးတင့်ဆိုတဲ့ပုဂ္ဂိုလ်ကို စကားပြန်အဖြစ်ခေါ်လာသဗျ။ ကျနော် အကဲခတ်မိသလောက် ကိုစိုးတင့်(ယခုကွယ်လွန်)ဟာ နှစ်ဘက်ချွန်ပဲဗျ။ သူဟာ ထိုင်းနယ်စပ်မှာရှိနေတဲ့ ဗမာရေ တပ်ရဲ့ ကြေးနန်းတွေ၊ဖုန်းအဆက်အသွယ်တွေကို ထိုင်းထောက်လှမ်းရေးအတွက် ကြားဖြတ်နားထောင်ပေးတယ်။ဘာသာ ပြန်ပေးတယ်။ ထိုင်းဘက်က လျှို့ဝှက်ချက်တစ်ချို့ကိုလည်း ဗမာဘက်ကို ပြန်ပို့တယ်။ထုံးစံအတိုင်းကိုစိုးတင့်နာမည်ခံထား တာကတော့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားတက်ကြွသူပေါ့ဗျာ။
လိုရင်းပြောရရင် ရနောင်းမြို့ရဲ့ အထင်ကရစားသောက်ဆိုင်ကြီးတစ်ခုမှာ ဗိုလ်မှူးကြီးနလုန်နဲ့တွေ့ကြရောဆိုပါတော့။နလုန် ဟာ ဆက်ဆံရေးဖော်ရွေသူမို့  အချိန်တိုတိုအတွင်းမှာ ကျနော်နဲ့ခင်မင်သွားရောပေါ့ဗျာ။ အော် ပြောဖို့မေ့နေတယ်။ ဗိုလ်မှူး ကြီးနလုန်နဲ့အတူ ထိုင်းရေတပ်ထောက်လှမ်းရေးဗိုလ်ကြီးလေးယောက်လည်း အတူပါလာသဗျ။နလုန်က စကားပြန် ကိုစိုးတင့် ဆီကနေတဆင့်ကျနော်ကြုံနေရတဲ့ ပြဿနာအသေးစိတ်ကိုလည်း သိရော၊ကိုသက်ခိုင် ဘာမှ မပူနဲ့။ ကျနော်ရ အောင် ရှင်း ပေးမယ်။ခင်ဗျား ပစ္စည်းအားလုံးပြန်ရမယ်ဆိုသဗျ။ဒီလိုနဲ့ ဗိုလ်မှူးကြီးနလုန်နဲ့အဖွဲ့ဟာ ကျနော်တည်ခင်းတဲ့ ညစာကို စားသောက်နေချိန်ကြချိန်မှာ တယောက်သော ထိုင်းထောက်လှမ်းရေးဗိုလ်ကြီးတစ်ယောက်ဟာ နည်းနည်းရေချိန် ကိုက်လာတယ်ထင်ပါရဲ့။ ကျနော့်ကို သိပ်သနားစရာကောင်းတဲ့သတ္တဝါတကောင်လိုလှမ်းကြည့်ရင်း၊စကားအဆက်အစပ် မရှိ ..."ခင်ဗျား မအူမလည်နဲ့ ထိုင်းဘက်မှာ လူတွင်ကျယ်လာလုပ်တာ အံ့ပါရဲ့။ထိုင်းမှာ သေနတ်သိပ်ပေါတယ်နော်။ ကျည်ဆံတစ်တောင့်ကို ဘတ်နှစ်ဆယ်ပဲရှိတယ်။အခုနေ ထိုင်းရဲတစ်ယောက်ယောက်က ခင်ဗျားကို သေနတ်နဲ့ပစ်သတ် မယ်ဆိုရင် ခင်ဗျား ဘာလုပ်နိုင်မတုန်း"ဆိုပြီး ချောင်ပိတ်မေးပါရောဗျာ။


ဒီမှာတင် ကျနော့်ရိုးတွင်းချဉ်ဆီထဲက ဇာတိသွေးဟာ ငယ်ထိပ်တက်ပြီး ထကြွသောင်းကျန်းပါလေရောဗျ။ကျနော်ဟာ အဲဒီ ဗိုလ်ကြီးရဲ့မျက်နှာကို သေချာစိုက်ကြည့်ရင်း “ကျနော်က အရင်လက်ဦးအောင် ပြန်သတ်မှာပေါ့။သေနတ်မပါပဲ သတ်တဲ့ နည်းတွေ အများကြီးပါ။ယောက်ျားကောင်းတစ်ယောက်လို သတ္တိတကယ်ရှိတယ်ဆိုရင် သေနတ်ချင်းယှဉ်ပစ်တဲ့နည်းဟာ အကောင်းဆုံးပဲ” လို့ပြန်ပက်လိုက်ရောဗျာ။ အဲဒီအချိန်မှာ ကျနော်အရက်သောက်မထားပါဘူး။အရက်နဲ့ကျနော် လမ်းခွဲခဲ့ တာ အတော်ကြာခဲ့ပါပြီ။ ကျနော်ရုတ်တရက်ပြန်ခံတွန်းလိုက်တာကို စကားပြန်ကိုစိုးတင့်ဟာ ဘာသာမပြန်ရဲရှာပါ ဘူး။ မျက်စိမျက်နှာပျက်နေသဗျ။ ကျနော်လည်းခပ်အေးအေးပဲ"“ပြောလိုက်စမ်းပါကိုစိုးတင့်ရာ၊သူက အတည်ဆိုလည်း အတည်ပေါ့။ နောက်တယ်ဆိုရင်လည်း ပြန်နောက်တဲ့သဘောပေါ့”ဆိုတော့မှ ဘာသာပြန်ပေးရှာသဗျ။  ကျနော့်ချေပချက် ကို ကိုစိုးတင့်နှုတ်ဖျားကနေတဆင့် နားထောင်နေတဲ့ နလုန်ကတော့ အားရပါးရရီတာပါပဲ။ "မင်းတို့ဗမာတွေ တလေတည်း ပဲ"တဲ့။
ဇာတ်လမ်းကိုအတိုချုံးရရင် နလုန်ကျေးဇူးကြောင့် ပစ္စည်းတဝက်လောက်အကောက်ခွန်က ဖြတ်တဲ့ဈေးနဲ့ပြန်ရတယ်။ နလုန်ကိုလည်းထိုင်းဘတ်လေးသောင်းလောက်ကျေးဇူးဆပ်ရသပေါ့ဗျာ။ ကျနော်ပြောပါပြီကော။ ထိုင်းနဲ့ဗမာစစ်ဘက် အရာရှိ တွေလာဘ်စားပုံက မယိုးရင်းစွဲပါလို့။သို့သော်လာဘ်စားတာချင်းအတူထိုင်းအရာရှိတွေထိုင်းရဲတွေလာဘ်စားတာက တာဝန်ယူမှုပိုပြီးပီပြင်တယ်လို့ ကျနော်ထင်မိတယ်။
နောက်သုံးရက်လောက်လည်းကြာရော အကောက်ခွန်က ပြန်ရတဲ့တရားမဝင်ဗမာပစ္စည်းတွေအပါအဝင် နောက်ထပ် ရောက်လာတဲ့ ပစ္စည်းတွေပေါင်းပြီး ခြောက်ဘီးတပ်လော်လီကားတစီးတိုက်ဖူးခက်မြို့ထဲကို မောင်းဝင်လာရောပေါ့ဗျာ။ လမ်းတလျှောက်က ကြားမြို့တွေဖြစ်တဲ့ နန်းယွန်း၊ကပေး၊တကွယ်ပါ၊ဖန်ငစတဲ့မြို့တွေက စစ်တပ်ဂိတ်၊ရဲဂိတ်အသီးသီးကို မှင်သေသေနဲ့ကျော်ဖြတ်လာနိုင်ပေမဲ့ ဖူးခက်မြိ့ဝင်တံတားကြီးဂိတ်မှာ ကွိကနဲနေအောင် အဖမ်းခံရရောဆိုပါတော့။နေဦးဗျ။ ပြောဖို့ကျန်သေးတယ်။ရနောင်းကနေ ဖူးခက်ကို လော်လီကားပုတ်ပြတ်ငှားတော့ ကားပိုင်ရှင်က ကျနော့်ကို.. "ခင်ဗျား ကိုယ်တိုင် ကားခေါင်းပေါ်မှာလိုက်လာမှ ငှားမယ်"ဆိုလို့ ကျနော်ကိုယ်တိုင် ကားပေါ်ပါလာရသဗျ။ ဖူးခက်မြို့ဝင်ကာနီးမှ ကိုရွှေဒရိုင်ဘာက မမောင်းရဲပါဘူးဆိုလို့ ကျနော်ကိုယ်တိုင်မောင်းဝင်လာတာဗျ။
ကျနော့်ကားပေါ်က ပစ္စည်းတွေကို စစ်ဆေးပြီးတော့ ဆာရက်ဆင်ရဲစခန်းရှိရာကို မောင်းခိုင်းသဗျ။ စခန်းမှာ တာဝန်ကျနေ တဲ့ရဲဗိုလ်မှူးနာမည်က ချင်ချိုင်း(ယခု ဖူးခက်ရဲချုပ်)တဲ့ဗျ။ ထိုင်းစကားမပီတပီ၊အင်္ဂလိပ်စကားတစ်လုံးစနှစ်လုံးစညှပ်၊ခြေဟန် လက်ဟန်တွေနဲ့ အပြန်အလှန်ပြောနေကြရင်း ငါးမိနစ်လောက်အကြာမှာ ထိုင်းရဲမှူးဟာ ကျနော်ပစ္စည်းတွေကို သိမ်းဖို့အမှု ဖွင့်ဖို့ အစီအစဉ်မရှိပဲ ကျနော်ဘယ်လောက်ပေးနိုင်သလဲဆိုတာ တီးခေါက်နေမှန်း ကျနော်ရိပ်မိလာတယ်။ဒီမှာတင် ချင်ချိုင်း ဟာ စခန်း ထဲမှာ အဆင်သင့်ရှိနေတဲ့ မွန်လူမျိုးဗမာအလုပ်သမားတစ်ယောက်ကိုခေါ်ထုတ်လာပြီး သူပြောတာကို လုံးစေ့ ပတ်စေ့ ဘာသာပြန်ခိုင်းသဗျာ။ဒီတော့ ကျနော်က "ရဲမှူး၊ကျနော့်အခက်အခဲကို ကူညီစေချင်ပါတယ်။ ကျနော့်ဖက်ကလည်း အဆင်ပြေအောင် တတ်နိုင်တာဆောင်ရွက်ပေးပါ့မယ်"ဆိုတဲ့ စကားကို စကားပြန်မွန်အလုပ်သမားလေးကတဆင့် ဘာသာ ပြန်ခိုင်းလိုက်တော့ ရွှေကိုယ်တော်၊ ချက်ချင်းလက်တန်း ဘာသာပြန်လိုက်တာက "ထောက်လိုင်ခပ် (ဘယ်လောက် ပေးရမလဲခင်ဗျာ)"တဲ့။ ကောင်းကြရောပေါ့ဗျာ။ကျနော်က ချက်ချင်းဆိုသလို "ဟေ့ကောင်၊ထောက်လိုင်တော့ ငါလည်းသိ တယ်လေ။ ငါပြောချင်တာက သူကအရာရှိမို့ယဉ်ယဉ်ကျေးကျေးအသုံးအနှုန်း သုံးချင်တာ"လို့ပြောမိတော့ .. "အကိုပြောတာတွေကို အားလုံးပေါင်းလိုက်ရင် ဘယ်လောက်ပေးရမလဲ"လို့ အဓိပ္ပါယ်ထွက်တာပဲမဟုတ်လားတဲ့။
နောက်ဆုံးတော့ ရဲဟာရဲပါပဲဗျာ။ အဲဒီထောက်လိုင်ခပ်နဲ့ပဲ ဘတ်နှစ်သောင်းနဲ့ညှိနှိုင်းပြေလည်းလွတ်မြောက်လေသတည်း ဆိုပါစို့။ ကျနော့်ရဲ့ထီးဟန်နန်းဟန်ဆန်ချင်မှုကြောင့် ထော်လော်ကန့်လန့်ဖြစ်ရတဲ့ စကားပြန်အတွေ့အကြုံတစ်ခုလည်း ရှိသေးတယ်ဗျ။ ကျနော်ရဲ့ဆက်ဆံရေးအသိုင်းအဝန်းဟာ ဖူးခက်မှာ တစ်စတစ်စ ကျယ်ပြန့်လာလိုက်တာ ဖူးခက်ရဲ့ မြို့တော် ဝန် မစ္စတာ ထရီးဟာ ကျနော့်အိမ်ကိုလာလည်တဲ့အဆင့်ရောက်လာသဗျ။
မစ္စတာထရီးဟာ အမေရိကန်နိုင်ငံမစ္စစ္စီပီတက္ကသိုလ်ကနေ မဟာဘွဲ့ရလာပေမဲ့ အလေ့အကျင့်မရှိလို့လား မဆိုနိုင်ဘူး။ သိုး ဆောင်းဘာသာနဲ့ စကားပြောရမှာတော့ အတော့်ကိုညံ့တယ်ဗျာ။မြို့တော်ဝန်ကျနော့်အိမ်လာလည်တာက ဗမာပြည်မှာ ထုလုပ်တဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို သူ့အိမ်မှာ ကိုးကွယ်ချင်တဲ့ကိစ္စဗျ။ သူ့အပြောအရတော့ ဆင်းတုတော်ချင်းတူရင် တောင် ဗမာဘုရားက ရာထူးတိုးအောင်၊ကျန်းမာအောင်၊စီးပွားလာဘ်လာဘရွှင်အောင်ပိုစွမ်းနိုင်သတဲ့။ထိုင်းလူမျိုးအတော် များများဟာ ဂမ္ဘီရဆန်ဆန် အင်းအိုင်ခလှဲ့လက်ဖွဲ့အဆောင်တွေကို စိတ်ဝင်စားကြတတ်သဗျ။မြို့တော်ဝန်ဟာ သူရဲ့ အိမ်စီး ကားလေးနဲ့ ကျနော်အိမ်ကို မနက်ဆယ်နာရီလောက်မှာ မထင်မရှားပေါက်ချလာတာမို့ ကျနော်နဲ့ခင်မင်ရင်းနှီးနေတဲ့ ထားဝယ်အလုပ်သမားလေးတစ်ယောက်ကို စကားပြန် လုပ်ပေးဖို့ အကူအညီတောင်းရတာပေါ့။ထားဝယ်အလုပ်သမား လေးရဲ့ သူ့ကိုယ်သူ အမွှန်းတင်ချက်အရ သူဟာ ထိုင်းမှာ အနှစ်နှစ်ဆယ်နီးပါးနေခဲ့တာမို့ ထိုင်းစကားကို မွှတ်နေအောင် ပြောတတ်ဆိုပဲ။
ကျနော်က ထားဝယ်လေးကို သေချာမှာထားရတယ်။ "အခုရောက်နေတာ ဖူးခက်မြို့တော်ဝန်နော်။ရိုရိုသေသေလေးလေး စား ဆက်ဆံပါ။ဘာသာပြန်ပါ"ဆိုတော့ ရပါတယ်အန်ကယ်ရာတဲ့ဗျာ။ ဒါဆိုလည်း "မြို့တော်ဝန်ကြီး အထဲကို ကြွပါခင်ဗျာ။ တည်ခင်းထားတဲ့ အစားအသောက်တွေကို သုံးဆောင်ပါခင်ဗျာ"ဖိတ်မန္တက ပြုပေတော့ကွာလို့လည်း စကားပြန် လုပ်ခိုင်းလိုက်ရော မဟာပညာကျော် ဖိတ်ခေါ်လိုက်ပုံက .....
"ဖိခပ်။ မာ မာ မာ၊ ကင်ခပ် ၊ကင်ခပ်(အကို၊လာပါလာပါ။ စားပါစားပါ)"တဲ့ဗျား။ကျနော်ဘယ်လိုမှ ဘရိတ်အုပ်လို့မမီတော့ပါ ဘူး။ကျနော်သူ့ကို အထွန့်တက်ပြန်ရင်လည်း "ကြွပါ"ဆိုတာ ထိုင်းလို "မာ၊မာ(လာ၊လာ)"၊သုံးဆောင်ပါဆိုတာ "ကင်၊ကင် ဆိုတာ(စား ၊ စား)"ဆိုပြီး သူဖြေ ရှင်းတော်မူမှာကို ကျနော်သိလိုက်ပါပြီ။တကယ်တော့ ထိုင်းဘာသာမှာလည်း မြန်မာစကားလို ဒူးနေရာဒူး၊တော်နေရာတော် ခန့်ခန့်ငြားငြားယဉ်ယဉ်ကျေးကျေးသုံးတဲ့ အသုံးအနှုန်းတွေရှိပါတယ်။ဥပမာ ကြွပါဆိုပါတော့ ၊ထိုင်းအဆင့်မြင့်စကားနဲ့ "ချွန်ဝ်ခပ်"၊သုံးဆောင်ပါဆိုရင်လည်း "ရပ်ပထန်ခပ်"ဆိုတာမျိုးတွေပေါ့။
သေချာစဉ်းစားကြည့်မိပြန်တော့ ဒီကလေးတွေကိုလည်း အပြစ်တင်လို့မဖြစ်ပြန်ဘူးဗျ။ သူတို့အဖြစ်က လေးတန်းမအောင်ပဲ တက္ကသိုလ်ဝင်ခွင့်ဖြေခွင့်ရနေသူတွေနဲ့တူနေတယ်။ ဗမာရွေ့ပြောင်းအလုပ်သမားအများစုဟာ စားဝတ်နေရေးကျပ်တည်း လှတဲ့ မြို့ကြီးပြကြီးနဲ့ဝေးလံသီခေါင်လှတဲ့ အရပ်ဒေသကနေ ရောက်လာကြတာကိုး။အများစုဟာ ပညာရေးအခြေခံလည်း ဟုတ်ဟုတ်ငြားငြား မရှိရှာကြဘူး။ရန်ကုန်မြို့တောင်မရောက်ဖူးတဲ့ ရွှေကိုယ်တော်များဟာ ဖူးခက်လို ခေတ်မီခရီးသွား မြို့ကြီးမှာ အထိုက်အလျောက်လစာဝင်ငွေလေးနဲ့ ကိုယ့်ကိုယ်ကို ကျမ်းကြီးပေါက်လူလည်စာရင်းသွင်းလိုက်ကြပြီး မိုဘိုင်းဖုန်းကိုယ်စီနဲ့ ကိုဖိုးသိ၊ဒေါ်တတ်ပတွေဖြစ်ကုန်ပါရောဗျာ။သူတို့ဟာ သူတို့လုပ်ကိုင်နေတဲ့ ပတ်ဝန်းကျင်ကျဉ်းကျဉ်း လေးထဲမှာ အရာရောက်နေကြပြီး ကျယ်ဝန်းလှတဲ့လောကကြီးနဲ့ အဆက်ပြတ်နေကြဟန်တူပါရဲ့။ ဖူးခက်မှာ အနှစ်နှစ် ဆယ်နီးပါးနေသားကျပြီး ဟင်းသီးဟင်း ရွက်ဒိုင်တစ်ခုမှာသူဌေးလူယုံလိုဖြစ်နေတဲ့ ထားဝယ်မလေးတစ်ယောက် ဟာ ထိုင်းစကားကို ထိုင်းလူမျိုးလို့ ထင်ရအောင်တော့ ပြောတတ်ပါရဲ့။ဒါပေမဲ့ "စိန်နဲ့ပတ္တမြားကို ထိုင်းလို ဘယ်လိုခေါ်သတုန်း"လို့ စကား မစပ်မေးမိတော့ ခမျာ မသိရှာဘူးဗျာ။
ဗျာ။ ကျနော်ကြုံခဲ့ရတဲ့ဒုက္ခ ဒါတင်ပဲလား။ဟုတ်လား။ အမလေး၊ အခုမှနိဒါန်းချီတုန်းဗျ။ရုပ်ရှင်ဇာတ်ကားကြီးမပြခင် နမူနာ အနေနဲ့ ထွေလာထိုးပြတဲ့ အပိုင်းတိုလေးတပိုင်းဆိုပါတော့။ ပြောပါ့မယ်ဗျ။ ခင်ဗျားနှယ်လောချက်။

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0

အခန်း(၁၃)

သက်ခိုင်နှင့်ထူးဆန်းသောသူဌေးလင်မယား

ဤရက်ပိုင်းများအတွင်း ကိုသက်ခိုင်တစ်ယောက်ပျောက်ချက်သားကောင်းနေလေသည်။လူကိုယ်တိုင် မလာနိုင်သည့်တိုင် အနည်းဆုံးတပတ်တကြိမ်ခန့် ရောက်ရာအရပ်မှ ဖုန်းဖြင့်လှမ်း၍အသံပြုတတ်သော်လည်း ကိုသက်ခိုင်ဆီမှ ဖုန်းသံတိတ်နေ သည်မှာ တလဝန်းကျင်ရှိပေရော့မည်။ကျနော်ကိုယ်တိုင်လည်း ကိုယ့်ဆိုင်ဗာဟီရနှင့်ကိုယ် အမည်မယ်မယ်ရရတပ်စရာမရှိ ပါဘဲ အလုပ်များနေသောကြောင့် သူ့ ကိုမေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့သည်။ထိုကာလ၏တစ်ခုသော ညဥ့်နက်သန်းခေါင် အချိန် ကျနော်အိပ်မောကျနေစဉ် ဖုန်းခေါ်သံမြည်လာသဖြင့် အိပ်ချင်မူးတူးဖြင့် ဖုန်းကိုကောက်ကိုင်လိုက်ရာ ဆက်သွယ် လာသူ မှာ ကိုသက်ခိုင်ဖြစ်လေ၏။
"ဗျို့၊ကိုမင်းဒင်။ အိပ်နေရင် ဆောရီးဗျာ။ မနက်ဖန် မနက်ခုနစ်နာရီနှစ်ဆယ်မှာ ဖူးခက်လေဆိပ်ကို လာကြိုပါအုံးဗျ"
"ခင်ဗျားဗျာ။ လုပ်လိုက်မှဖြင့် အချိန်မတော်ရေးကြီးသုတ်ပျာကြီးပဲ။ အခုဘယ်ရောက်နေပြီတုန်း"
"ဘန်ကောက်ရောက်နေတာဗျ။ လာဖြစ်အောင်လာစမ်းပါဗျာ။ခင်ဗျားကို အထူးအဆန်းတွေပြောစရာတွေရှိတယ်"
"ထူးဆန်းတာဆိုရင်တော့ အခုပြောတာအကောင်းဆုံးပဲဗျာ။ ကျနော်လည်း ခင်ဗျားဇာတ်လမ်းကိုရှေ့ဆက်ဘို့ ကုန်ကြမ်း လိုနေတာနဲ့အတော်ပဲ"
"လူချင်းတွေ့ပြီးပြောရတာ ပိုပြီး အဆင်ပြေတယ်ဗျ။ကဲ အိပ်တော့။ ခင်ဗျားအကြောင်းကျနော်သိပါတယ်။ခင်ဗျားလာကြိုမှာ ပါ။ ကဲ ကဲ အိပ်တော့၊ဂွတ်နိုက်ဗျာ"
ကိုသက်ခိုင်ကား ထုံးစံအတိုင်း စကားကိုတုံးတိတိဖြတ်ကာ ဂွတ်ကနဲဖုန်းချသွားလေသည်။
ဖူးခက်လေဆိပ်မှာ ကျနော့်အိမ်နှင့် ကီလိုမီတာ ငါးဆယ်ကျော်မျှ ကွာဝေးသဖြင့် ကားမောင်းချိန် တနာရီခန့်ကြာသည်။ ထို့ကြောင့်  နံနက်စောစော ခြောက်နာရီခန့်တွင် ကျနော့်အိမ်မှ ဖူးခက်လေဆိပ်သို့ စထွက်လာရသည်။ လမ်းမကြီး တွေမှာ ကားအသွားအလာ မရှုပ်ထွေးလှသေးချေ။ဖြေးဖြေးမှန်မှန်ပင်မောင်းလာခဲ့ရာ ခုနစ်နာရီကျော်ခန့် အချိန်တွင် ဖူးခက် လေဆိပ်အနီးသို့ ရောက်လာသည်။ဖူးခက်မှာ ထိုင်းနိုင်ငံတောင်ပိုင်း၏ အထင်ကရခရီးသွားမြို့ ဖြစ်သောကြောင့် တိုးတက်လာသောခရီးသွားဦးရေနှင့် ကိုက်ညီစေရန် လေဆိပ်အသစ်တစ်ခု ထပ်မံတိုးချဲ့တည်ဆောက်လျက်၏။ စင်စစ် လက်ရှိအသုံးပြုနေသည့် ဖူးခက်လေယာဉ်ကွင်းဟောင်းသည်ပင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့်တန်းယှဉ်နိုင် လောက်သည်။
ကိုသက်ခိုင်ကို ဆိုက်ရောက်ခန်းမရှေ့မှာပင် အဆင်သင့်တွေ့ရသည်။အနောက်တိုင်းဝတ်စုံကို သေသပ်ကျနစွာ ဝတ်ဆင် ထားသော သူ့ပုံစံသည် တမူထူးခြားနေ၏။ကိုသက်ခိုင်သည် သူ့ခရီးဆောင်အိပ်ကို ကျနော့်ကားနောက်ခန်းသို့ ဝုန်းကနဲ နေ အောင်ပစ်တင်လိုက်ပြီး ကျနော်ဘေးမှာလာထိုင်သည်။
"ဟား၊ ရှိုးနဲ့မိုးနဲ့အတော်စမတ်ကျနေပါကလား။တကယ့်ယူရိုပီယမ်ကြီးကျနေတာပဲဗျာ"
"အော် ခင်ဗျားက ကျနော်ကို ရဲဘက်မှာ စပြီးသိကျွမ်းတာဆိုတော့ အခုပုံစံက အမြင်ဆန်းနေပေမပေါ့။ရွှေထီးဆောင်းစဉ် တုန်းကတော့ ဒီအဝတ်အစားမျိုးနေ့တိုင်းလိုဝတ်ခဲ့ရပါသော်ကောဗျာ"
"ကဲထားပါတော့ဗျာ။ ခုတစ်လောဖုန်းတောင်မဆက်နိုင်လောက်အောင် ဘာတွေများ အလုပ်ရှုပ်နေပြန်ပြီတုန်း"
"ကျနော်ဘန်ကောက်ကို သွားလိုက်လာလိုက်လုပ်နေရတာ တစ်လလောက်ရှိရော့မယ်ဗျ။အေးဗျာ။ ကျနော့်ဘဝကို သေချာပြန်စဉ်းစားလေ ကျနော်ဟာ ဇာတာသိပ်မြင့်တဲ့သူလား။ဝဋ်ကြွေးမကုန်တဲ့သူလား ဝေခွဲမရလေပဲဗျ"
"ရှင်းအောင်ပြောစမ်းပါဗျာ။ခင်ဗျား ဝတ်ပုံစားပုံကြည့်ရတာ ဝဋ်ကြွေးမကုန်တဲ့ ပုံတော့ မဟုတ်ဘူးဗျ။ ဇာတာတက်တာပဲ ဖြစ်ရမယ်။ဇာတာကျချိန်ဆိုတာ ခင်ဗျားနဲ့ကျနော် ပထမဆုံးအကြိမ်တွေ့ခဲ့တဲ့ ရဲဘက်မှာ ခြေကျင်းကိုယ်စီနဲ့ဘဝမျိုးလေ"
"ဟား၊ဒါလည်းဖြစ်နိုင်တယ်ဗျ။ဒီရက်ပိုင်းတွေမှာ နေ့လည်စာ ထမင်းတနပ်ကို ဗမာငွေခြောက်သိန်းလောက်တန်တဲ့ စား သောက်ဆိုင်မျိုးမှာ နေ့စဉ်ရက်ဆက်စားနေရတာကတော့ ဇာတာတက်တယ်ဆိုနိုင်ပါရဲ့"
"ဘာဗျ။ ထမင်းတနပ်ခြောက်သိန်း။ဟုတ်မှလည်း လုပ်ပါဗျာ။ကြီးကျယ်လှချည့်ရဲ့"
"'ခင်ဗျားပြောသလို ကြီးကျယ်လှချည့်ရဲ့လို့ ကျနော်လည်း ခံစားရတာပါပဲ"
"နေပါဦးဗျ။ ခြောက်သိန်းတန်ထမင်းကို စားဖူးတယ်ရှိအောင် ခင်ဗျားအိတ်ကပ်ထဲက ငွေနဲ့ တကူးတက သွားစားတာတော့ မဖြစ်နိုင်လောက်ဘူးထင်တယ်"
"သေချာတာပေါ့ဗျာ။ဘယ်နှယ့်၊ကျနော်လိုကောင်က ခြောက်သိန်းတန်ထမင်းသွားဝယ်စားစရာ အကြောင်းမှ မရှိတာ။ အဲသလို အကြောင်းမရှိပါပဲ ရောက်ခဲ့စားခဲ့ရတာကိုက ခင်ဗျားအတွက် ဇာတ်လမ်းတပုဒ်ပဲဗျ"

"ဟား လုပ်ပါအုံးဗျ။ နေရာကျလိုက်လေ"
"ကြားချင်နားဆင်ပေတော့ဗျာ။ ဟေ့လူ ကားတော့ဖြည်းဖြည်းမောင်းနော်"
ဤသို့လျှင် ကိုသက်ခိုင်သည် မကြာမတင်က သူကြုံတွေ့ခဲ့ရသော ခြောက်သိန်းတန်ထမင်းဝိုင်းအကြောင်းမှသည် သူ၏ ထူးခြားလှသော ဘဝကံကြမ္မာဖန်လာသည့် ဇာတ်ကြောင်းမှာ အောက်ပါအတိုင်းဖြစ်လေ၏။
"အေးဗျာ။ ကျနော်လည်း ဒီတစ်သက်တော့ ရှုပ်ရှုပ်ထွေးထွေးအလုပ်တွေကို လှည့်မကြည့်တော့ပါဘူးလို့ စိတ်ကူးမိခဲ့တာ အမှန်ပါပဲ။ လောဘမောဟကုန်ပြီလို့တော့ မဆိုချင်ဘူးဗျ။ ကြံစည်တိုင်းမဖြစ်တဲ့ဘဝသဘောကို အထိုက်အလျောက် နားလည်ခဲ့လို့ဆိုပါတော့။ကျနော်ဘဝရှေ့ရေးကြံရွယ်ချက်က စာဖတ်မယ်။ကမ္ဘာအနှံ့ခရီးသွားမယ်။ရောက်လေရာမှာ မရှိ နွမ်းပါးတဲ့သူတွေ၊ဆင်းရဲဒုက္ခရောက်နေတဲ့သူတွေကို ကျနော်တတ်နိုင်သလောက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ကူညီ မယ်။ အကြောင်းသင့်တဲ့အချိန် ကျနော့်ဇာတိနိုင်ငံကို ပြန်မယ်။ ခြံလေးတစ်ခုစိုက်မယ်။ စာရေးစာဖတ်လုပ်မယ်။ဒီလောက်ပဲဗျ။ တစ်ခါတစ်ခါ ကျနော့်ဘဝဟာ ရုပ်ရှင်ဆန်တာတော့ အမှန်ပဲဗျာ။ဖြစ်ပုံက ဗမာပြည်က လူချမ်းသာတစ်ယောက်ဟာ ကျနော်ရှိရာ ဖူးခက်အထိ တကူးတက လိုက်ရှာပြီး သူ့စီးပွားရေး လုပ်ငန်းတွေအတွက် အကြံပေးသဘောလုပ်စေချင် သတဲ့ဗျာ။ သူ့နာမည်က သိပ်အရေးမကြီးလှပါဘူးဗျာ။ ကျနော်က နာမည်အရင်းတွေအတိုင်း ပြော၊ခင်ဗျားက ခရေစေ့ တွင်းကျလိုက်ရေး။ လူမုန်းများလှပေါ့။လိုအပ်တဲ့အခါတော့ ကျနော် ထုတ်ပြောပါ့မယ်။"
 "အမှန်အတိုင်းပြောရရင် သူဘယ်လောက်ချမ်းသာတယ်။ ဘယ်ပုံဘယ်နည်းချမ်းသာလာတယ်ဆိုတာ ကျနော်လုံးလုံးစိတ် မဝင်စားတာတော့ သိပ်သေချာတယ်။လူချမ်းသာတော်တော်များများဟာ သူတို့စည်းစိမ်တွေကနေ ဘဝရဲ့ပျော်ရွှင်ချမ်းမြေ့ မှုအစစ်ကို မခံစားနိုင်ကြတာ ကျနော်သိနေတာပဲ။ကျနော်လိုကောင်ကို ငွေကုန်ကြေးကျပြီး ပင်ပန်းတကြီးလိုက်ရှာတယ် ဆိုတော့လည်း အားနာမိတာအမှန်ပဲ။သူက ကျနော်ပြည်တော်ပြန်ရေးအတွက် ငွေကြေးအဆက်အသွယ်ရှာပြီး ကြိုးစားပေး မယ်။ ဗမာပြည်ပြန်ပြီး သူ့လုပ်ငန်းတွေကို ဝိုင်းလုပ်ပေးပါ။အကြံပေးပါဆိုသဗျ။ ခက်တာက ပြည်တော်ပြန်ဘို့ ကိစ္စကိုလည်း ကျနော်တယ်စိတ်မဝင်စားလှဘူး။မပြန်ချင်တဲ့အဓိကအချက်ကလည်း ရှုပ်ရှုပ်ထွေးထွေးဇာတ်လမ်းတွေနဲ့ ခပ်ကင်းကင်းနေ ချင်လို့ပဲဗျ။ဒီတော့ကျနော်လည်း "သူစိတ်အားထက်သန်နေတုန်းမို့ ဖူးခက်အထိလိုက်လာတာပဲ။ အချိန်ကာလတစ်ခု ကျော်ဖြတ် ပြီးရင်မေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာပါပဲ"ဆိုတဲ့အတွေးနဲ့ .... "ခင်ဗျား လုပ်ငန်းမှာ လိုအပ်တာကို အဝေး ကနေ ကူညီပေး ပါ့မယ်။အခကြေးငွေတပြားတချပ်မှ ပေးစရာမလိုပါဘူး"လို့ ခေါင်းငြိမ့်လိုက်မိရောဆိုပါတော့။"
"ဒါပေမဲ့ဗျာ။ ကိုယ်တော်ချောဟာ ဖူးခက်က ပြန်သွားပြီး တရက်ခြားနှစ်ရက်ခြားဆိုသလို ညတိုင်းလို သူ့လုပ်ငန်းတွေ အကြောင်းလှမ်းလှမ်းတိုင်ပင်နေပါရောဗျာ။ကျနော့်မှာ ကတိပေးမိလျက်သား ဖြစ်နေတာကြောင့် သူ့အလုပ်ကိစ္စတွေအ ကြောင်းလန်ဘားကျောက်တံတားဇာတ်လမ်းတွေကို နာရီနဲ့ချီပြီး တမေ့တမောနားထောင်နေရတော့တာပါပဲ။ ဒီမှာတင် သူပြောတဲ့ စကားတွေထဲကနေ သူဘဝအကြောင်း သူချမ်းသာလာပုံအကြောင်း တစ်စတစ်စ သိလာရရောဆိုပါတော့။ သူက ပဲခူးဇာတိ။ကိုယ့်ဒူးကိုယ်ချွန်လုပ်ချင်ကိုင်စိတ်ရှိတဲ့သူ။ဘဝကိုအောက်ခြေကနေ တက်လာတဲ့သူ။အဲ၊ခြွင်းချက်အနေနဲ့ ကတော့ စိနသွေးပါတဲ့ကိုယ်တော်မို့ အလုပ်လုပ်ရာမှာ လောင်းကစားသမားဆန်ဆန် လုပ်တတ်ကိုင်တတ်တဲ့စရိုက်တော့ရှိ လေရဲ့။ လွန်ခဲ့တဲ့အနှစ်နှစ် ဆယ်ကျော်က ပဲခူးကနေ ရန်ကုန်ကိုတက်လာပြီး ဗီဒီယိုဖြန့်ချိတဲ့အလုပ်လေး စလုပ်တယ်။ ဖြန့်ချီရေးဆိုတာ သူများရိုက်ပြီး သားဗီဒီယိုခွေတွေကို ရန်ကုန်မြို့အနှံ့က အငှားဆိုင်တွေဆီ ဆိုင်ကယ်တစ်စီးနဲ့ လိုက်ဖြန့်တဲ့အလုပ်မျိုးပါပဲ။ နောက်ပိုင်းတော့ သူ့ကုသိုလ်ထင်ပါရဲ့။ နာမည်ကြီး ရုပ်ရှင်ဗီဒီယို ဖြန့်ချိရေးလုပ်ငန်းတစ်ခုကို ထူထောင်လာနိုင်တယ်။နောက်ပိုင်းတော့ ဗမာပြည်စီးပွားရေးထုံးစံအတိုင်း ချဲထီဒိုင်တို့၊ဘောလုံးဒိုင်တို့လို အလုပ်မျိုးတွေ လည်း ပတ်သက်လာခဲ့ဟန်တူပါရဲ့။ စီးပွားရေး တောင့်သထက်တောင့်လာရာက မြေတွေဝယ်စု။ နောက်ပိုင်းဒီမိုကရေစီ ခေတ်အပြောင်းမှာ မြေဈေးတွေ ခေါင်ခိုက်အောင်တက်လာတော့ ဧရာမသူဌေးစာရင်းဝင်ရောဆိုပါတော့။လက်ရှိအချိန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံတွေက မြန်မာနိုင်ငံရဲ့ စီးပွားရေးဈေးကွက်ကို စိတ်ဝင်စားတဲ့အချိန်ဖြစ်တာမို့ သူပိုင်ဆိုင်တဲ့မြေတွေကို စံနစ်တကျစီမံခန့်ခွဲရာမှာ နားလည်တတ် ကျွမ်းတဲ့ ယုံကြည်စိတ်ချရတဲ့လူရင်း အတိုင်ပင်ခံတစ်ယောက်သူလိုချင်တယ်။ ဒီမှာတင် ကျနော့် အကြောင်းကို ကျနော့် မိတ်ဟောင်းဆွေဟောင်းတွေဆီကနေ တစ်ဆင့်သိပြီး ကျနော့်ဆီရောက်လာ တာတဲ့ဗျာ"
"ကျနော်ဟာ ညတိုင်းနီးပါး သူ့လုပ်ငန်းအကြောင်းတွေကို နာရီနဲ့ချီနားထောင်ခဲ့ရတယ်။ သူပြောပြတဲ့ မြေကွက်ကြီး တစ်ကွက်ရဲ့တစ်ခုရဲ့ဇာတ်ရှုပ်ကို ကျနော့်စိတ်ထင်နှစ်လနီးပါးနားထောင်ခဲ့ရသဗျ။ကျနော်သိချင်တဲ့ အချက်အလက်တချို့ကို မေးရုံက လွဲလို့ ဘာမှတ်ချက်မှမပေးပဲ စိတ်ရှည်သည်းခံပြီးနားထောင်ရင်း "ငါဟာ ဒီဇာတ်ရှုပ်ကို ဘယ်လိုများရှင်းရပါ့ မတုန်း"လို့ ကျိတ်ပြီး အဖြေထုတ်နေခဲ့မိသဗျာ။ကျနော့်ပါရမီလား၊ဝဋ်ကြွေးလားမပြောတတ်တော့ပါဘူးဗျာ။ တစ်ခုသော ရက်မှာ အဲဒီမြေ ကွက်အတွက် အဆုံးအဖြတ်ပေးဖို့ အခြေဆိုက်လာပါလေရော။  ကျနော်ဟာ အချိန်ဆိုင်းမနေဘဲ အဲဒီဇာတ်ရှုပ်ထဲမှာ အဓိက အကျဆုံးလူဆီကို ဖုန်းဆက်ပြီး ပြဿနာရဲ့အတိမ်အနက်၊ရှေ့ရေးနောက်ရေးတွေကို ဆွေးနွေး လိုက်မိသဗျ။ ဖြစ်ပျက်နေပုံအလုံးကို နှစ်လနီးပါးအသေးစိတ်လေ့လာပြီးဖြစ်နေတဲ့ ကျနော်ဟာ အဲဒီပြဿနာကို အခြေခံ ကျကျ ဆွေးနွေးပြနိုင်ခဲ့ပါတယ်။ကျနော်နဲ့သူ စကားပြောချိန်ဟာ နာရီဝက်ထက် ပိုမကြာပါဘူး။ဒါပေမဲ့ ကျနော်ဟာ လူချင်း တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးတဲ့ ဇာတ်ရှုပ်ရဲ့ အခရာအကျဆုံးလူကို နားချနိုင်ခဲ့တယ်။ပြဿနာရဲ့ အညှာကို ကျနော်ကိုင် လှုပ်နိုင်ခဲ့ပါတယ်။ ယုံချင်ယုံမယုံချင်နေပေတော့ဗျာ။ ကျနော့်ဆွေးနွေးချက်ကြောင့် အဲဒီပုဂ္ဂိုလ် အလျော့ပေး လိုက်လျော ခဲ့တဲ့ ငွေကြေးပမာဏဟာ ကျပ်သိန်းပေါင်း ရှစ်သောင်း တောင်ရှိသဗျ။အဲဒီနေ့မှာတင် မြေကွက် အရောင်းအဝယ် ရဲ့ တစိတ်တဒေသဟာ အောင်မြင်စွာပြီးမြောက်ခဲ့ရော ဆိုပါတော့"
''အေးဗျာ။ တစိတ်တဒေသပြီးမြောက်တယ်ဆိုပေမဲ့ ဆုံးခန်းတော့မတိုင်ပြန်ဘူးဗျ။ ဒီအကြောင်းကို ကြုံတဲ့အခါ အသေးစိတ် ပြောပြပါအုံးမယ်။လူတွေရဲ့လောဘများ တယ်ကြောက်စရာကောင်းသကိုး။စရံငွေအဖြစ်နဲ့ သိန်းပေါင်းခုနှစ်သောင်းလောက် ရတဲ့ အချိန်မှာ သက်ဆိုင်သူတွေဟာ လောဘအတောမသတ်နိုင်ကြဘဲ ဇာတ်က ပြန်ရှုပ်ကုန်ပြန်ရောဗျာ။ ဒါပေမဲ့ ကျနော့် လူဟာ ကျနော့်လက်ရည်ကို သဘောအကျကြီးကျသွားတယ်ထင်ပါရဲ့။ဘန်ကောက်မှာ ဆုံချင်တဲ့အကြောင်း တဂျီဂျီ နားပူ ရာက ဒုတိယအကြိမ်ဆုံဖြစ်ကြပြန်ပါတယ်"
"တကယ်တော့ကျနော်ဟာ သူ့ဘဝသူ့အကြောင်းကို ဘန်ကောက်မှာရှိနေတဲ့ မျက်စိကြီးနားကြီးအသိုင်းအဝိုင်းကနေ သိထားနေခဲ့ပါပြီ။သူတို့ဇနီးမောင်နှံဟာ ဒိုးတူပေါင်ဖက်စီးပွားရှာခဲ့ကြတာမို့ တစ်ခါတစ်ရံ သူ့ဇနီး သြဇာကို မလွန်ဆန်တာ မျိုး၊ဇနီးလုပ်သူက မလိုအပ်ပဲအလွန်အကျွံစစ်စီတတ်တယ်ဆိုတဲ့ သတင်းတွေလည်း ကျနော်ရပြီးသားပါ။ ကျနော်ဆိုတဲ့ ကောင်ကလည်း စစ်ချီစစ်မောင်းသံကြားရင် ခါးတောင်းကျိုက်တပြင် ပြင်ဖြစ်တတ်တဲ့ကောင်မျိုးမို့ "အဆုံးမသတ်နိုင်တဲ့ ဇာတ်ရှုပ်ကို နိဂုံးချုပ်စေရမယ်ဟဲ့"ဆိုတဲ့ မာန်ကြောင့် ကျနော်သူနဲ့တွေ့ဖို့ ဆုံးဖြတ်ခဲ့တာဗျ။ ငွေကြေးနဲ့ပတ်သက်တဲ့ လောဘစိတ် မပါတာ တော့သေချာလှပါတယ်။တိုတိုပြောရရင် ကျနော်ရဲ့ လူစွမ်းလူ စထုတ်ပြချင်တဲ့စိတ်ဟာ ပုန်းလျှိုး နေရာကနေ ခေါင်းထောင် လာတယ်ဆိုရပါမယ်။သို့ပေမဲ့ ကျနော့်စိတ်ထဲမှာ ရည်ရွယ် ပိုင်းဖြတ်ထားတာက ကျနော်အကြံ ပေးဇယားချတဲ့လုပ်ငန်း မှန်သမျှ ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ကို မထိခိုက်မနစ်နာစေရဘူး၊ မူးယစ်ဆေးဝါးလောင်းကစား တွေနဲ့မပတ်သက်စေရဘူး ဆိုတဲ့ မူပဲ။နောက်တစ်ချက်က သူတို့ဇနီးမောင်နှံဟာ ငွေကြေးဥစ္စာကိုသာ ရှာနိုင်ကြပေမဲ့ ဘဝရဲ့ချမ်းသာ ခြင်းအစစ် အမှန်ကို နားလည်ဟန်မတူကြတာကြောင့် တစ်နည်းနည်းနဲ့ လမ်းမှန်ပေါ်ရောက်အောင် ကျနော်ဆွဲတင်နိုင်မယ်လို့ တစ်စိတ်တစ်ပိုင်းယုံကြည်ခဲ့လို့ပါပဲ။တကယ်လို့ အဲဒီလုပ်ငန်းက တစ်စုံတစ်ရာအကျိုးအမြတ် ရှိလာခဲ့ရင် အခုလို အချိန် ကာလမျိုးအထိ ချွတ်ခြုံကျနေတဲ့ ကျနော့်ဇာတိရွာအတွက် အကျိုးပြုလုပ်ငန်းတစ်ခုခု လုပ်ပေး နိုင် ကောင်းရဲ့လို့လည်း ကျိတ်ပြီးရည်ရွယ်ခဲ့ မိတာအမှန်ပဲဗျာ။အေးဗျာ လက်ရှိအခြေအနေမှာ ကျနော့်ပုံမှန်ဝင်ငွေ ဟာ လူတန်းစေ့နေနိုင်တဲ့ အဆင့် မို့ ထွေထူးပြီး ငွေကြေးမလိုအပ်တော့ပါဘူး"
"အတိုချုံ့ရရင် ကျနော်နဲ့သူတို့ဇနီးမောင်နှံဘန်ကောက်မှာ တတိယအကြိမ်မြောက်တွေ့ဆုံချိန်မှာတော့ အချိန်ကာလအကြာ ကြီး မေ့ဖျောက်ထားခဲ့တဲ့ ဘဝရဲ့ဝှက်ဖဲတွေကို ထုတ်သုံးလိုက်ရပါတော့တယ်။ကျနော်နဲ့ လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကတည်းက အဆက်အသွယ်ရှိနေခဲ့တဲ့ ဘန်ကောက်လူခံ ကိုအမ်စထရောင်းဆီကို ကျနော်လှမ်းချိတ်လိုက်တော့ သူကိုယ်တိုင် ကျနော့် ကိုလေယာဉ်ကွင်းမှာလာကြိုရှာပါတယ်။လေဆိပ်မှာတွေ့တွေ့ချင်းပဲ ကိုအမ်းစထရောင်းကို ကျနော်ဘန်ကောက်ရောက်လာ ရတဲ့အကြောင်းအတိုချုပ်ရှင်းပြလိုက်တော့ သူဟာချက်ချင်းဆိုသလို သူ့မိတ်ဆွေမစ္စတာ"လီ"ဆီကို ဖုန်းဆက်ပါတော့ တယ်။
ဒီမှာတင် မစ္စတာ"လီ"ဟာ ချက်ချင်းဆိုသလို ကျနော့်တို့အဖွဲ့ကို နေ့လည်စာစားဖို့ ဖိတ်ပါတော့တယ်။ ဒါကြောင့် ကျနော် ပြောမယ်ဆိုတဲ့ခြောက်သိန်းတန်ထမင်းတစ်နပ်ဟာ တကယ်တော့ ကျနော့်မိတ်ဆွေ ဇနီးမောင်နှံတည်ခင်းတဲ့ ဝိုင်း မဟုတ်ပါ ဘူး။ ကိုအမ်းစထရောင်းနဲ့ အဆမတန်ရင်းနှီးလှတဲ့ မစ္စ"လီ"ရဲ့သဒ္ဓါတရားပါပဲဗျာ"
"ဘယ်လိုကြောင့် အဲဒီထမင်းတနပ်ဟာခြောက်သိန်းတန်ရသတုန်းဟုတ်လား။ စိတ်ဝင်စားစရာကောင်းတာကတော့ အမှန်ပဲ ဗျာ။တကယ်တမ်းပြောရရင် အဲဒီထမင်းဝိုင်းထက် အဲဒီဆိုင်ပိုင်ရှင်မစ္စတာ"လီ"ရဲ့ ဘဝဇာတ်ကြောင်းက ပိုပြီးတောင် စိတ်ဝင် စားစရာ ကောင်းသေးထင်ပါရဲ့ဗျာ။ ဒီလိုဗျ"

အကူအညီတောင်းခံခြင်း

$
0
0



                                                
  အကူအညီတောင်းခံခြင်း

"မင်းဒင်ရဲ့သက်ခိုင်"ရသဝတ္ထုရှည်အား မိတ်ဆွေအချို့၏ကူညီပံ့ပိုးမှုဖြင့် အင်္ဂလိပ်ဘာသာသို့ပြန်ဆိုရန် စီစဉ်လျက်ရှိရာ ရသစာပေ အမျိုးအစားအား အင်္ဂလိပ်ဘာသာသို့ အဆင့်အတန်းမီ၊အကောင်းဆုံးပြန်ဆိုပေးနိုင်မည့် ဘာသာပြန်ဆရာ ရှာဖွေရာတွင် အခက်အခဲကြုံလျက် ရှိပါသဖြင့် ဝိုင်းဝန်းရှာဖွေလမ်းညွှန်ပေးပါရန်လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။

***ထိုက်တန်သောဥာဏ်ပူဇော်ခချီးမြှင့်ပါမည်။

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0


အခန်း(၁၄)

ခြောက်သိန်းတန်ထမင်းတနပ်။

ကိုအမ်းစထရောင်းမောင်းနေတဲ့ကားပေါ်မှာ အငြိမ့်သားလိုက်ပါနေတဲ့ ကျနော်ဟာ မမျှော်လင့်ပဲ သူ့အဖေ မစ္စတာဖီးလစ်(ရှမ်းနာမည် ဦးစိုင်းလတ်)အကြောင်းကိုလည်း နားထောင်ခဲ့ရသေးဗျ။ ကိုအမ်စထရောင်းရဲ့မျက်နှာရုပ်သွင်ကိုကြည့်ရင်း ကျနော့်စိတ်ထဲမှာ အတွေး တစ်ခု ပေါ်မိတယ်။သူ့မျက်နှာကျကိုကြည့်ရင်း ၁၉၅၀ ခုနှစ်ဝန်းကျင်တဝိုက်က မြန်မာပြည်ဘက်ကို ကျူးကျော်ဝင်ရောက်လာဖူးတဲ့ ကူမင်တန်စစ် သားဟောင်းတွေကို ပြေးသတိရမိတယ်။ အဲဒီတုန်းက ကူမင်တန် တပ်အပျက်မှာ ကူမင်တန်စစ်သားအတော်များများဟာ တရုတ်မြန်မာ နယ်စပ်ဒေသတွေမှာ အတော်များများကျန်ရစ်ခဲ့ဖူးတယ်။ ကူမင်တန် စစ်သားဟောင်းတွေဟာ တရုတ်ပြည်ဘက် ပြန်ထွက်ပြေးလို့ တရုတ်ကွန်မြူနစ်အစိုးရက ဖမ်းမိရင်သေဒဏ်၊ဗမာပြည်ထဲမှာ အဖမ်းခံရရင် မသကာကျလှထောင်ဒဏ်မို့ ပုန်းလျှိုး ကွယ်လျှိုး နေကြရာကနေ အနေကြာလာတော့ ဌာနေရှမ်းလူမျိုး၊တရုတ်လူမျိုး၊တွေနဲ့ ပြန်ပြီး အိမ်ထောင်ကျ၊နောက်ဆုံးတော့ နိုင်ငံသား လက်မှတ်ရကုန်ကြ ရောဆိုပါတော့ဗျာ။ရမ်းသန်းပြီးမှန်းကြည့်တာပါ။ဟုတ်မဟုတ် တိတိကျကျရေရေရာရာတော့ ကျနော်မသိပါဘူး။
ဦးစိုင်းလတ်ဟာ ကြံရည်ဖန်ရည်နဲ့ပြည့်စုံသူလို့ဆိုရမယ်။သူငယ်စဉ်သူ့အဖွားနဲ့ ကြီးပြင်းလာတာမို့ သူ့အဖွားကပဲပြုပ်ရောင်းခဲ့ဖူးသလို သူကိုယ်တိုင်လည်း ပဲပြုပ်ရောင်းခဲ့ဖူးသတဲ့။မောင်စိုင်းလတ်ဘဝတုန်းက သူ့ကျောင်းနေ ဘက်တွေရှေ့မှာ သူဟာတစ်နေ့ လေယာဉ်ပျံ မောင်းသူဖြစ်ရမယ်လို့လည်း ကြုံးဝါးဖူးသတဲ့။သူဘယ်လောက်ရုန်းကန်ကျိုးစားခဲ့သလဲ ဆိုတာ အခုဦးစိုင်းလတ်ရောက်နေတဲ့ဘဝကို ကြည့်ရင် ခင်ဗျား ခန့်မှန်းနိုင်ပါလိမ့်မယ်။ သူဟာရန်ကုန်တက္ကသိုလ်ကနေ ဥပဒေဘွဲ့ရခဲ့တယ်။ရှေ့နေလုပ်ခဲ့ဖူးတယ်။ စီးပွားရေး လောက မှာ လုပ်ငန်းမျိုးစုံနဲ့ကျင်လည်ခဲ့တယ်။လက်ရှိအခြေအနေမှာ သူဟာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေပြီး သူ့သား အမ်စထရောင်းတောင် သူ့အဖေခြေရာကို လိုက်နင်းနေပြီဗျာ။
မယုံမရှိပါလေနဲ့၊ ကျနော်တို့ဗမာပြည်ထဲမှာ လူသုံးများပြီး ပြည်ပဈေးကွက်မှာပါ တွင်ကျယ်နေတဲ့ တောင်ကြီးမောက်မယ်သနပ်ခါးဟာ ဦးစိုင်းလတ်ရဲ့ တီထွင်ကြံဆမှုတဲ့ဗျာ။ ဟုတ်ပါ့ဗျာ။ "တောင်ကြီးမောက်မယ် ရှာလာလာလာလာ၊အချိန်မှန်မှန်လိမ်းပါကွယ်"ဆိုတဲ့ ကြော်ငြာသီချင်းကိုတောင် ဦးစိုင်းလတ်ကိုယ်တိုင်ရေးစပ်သီဆိုခဲ့ပါသတဲ့။ အဲဒီ တောင်ကြီးမောက်မယ်စတင်ပေါ်ပေါက်လာပုံကလည်း စိတ်ဝင် စားစရာပဲဗျ။ တနေ့တော့ ဦးစိုင်းလတ်ရဲ့ ဇနီးသည်ဟာ သူ့ခေတ်သူ့အခါက နာမည်ကြီးလှတဲ့ ဝင်းဝင်းသနပ်ခါးကို လိမ်းချင် လွန်းလို့ နေ့တဝက်လောက်တန်းစီပြီးဝယ်ရတာကြောင့် အိမ်အပြန်မှာ စိတ်ပျက်ပျက်နဲ့ ညည်းရှာသတဲ့။ "ကိုစိုင်းလတ်ရယ်၊ ဝင်းဝင်း သနပ်ခါး ဝယ်ရဖို့အရေးတန်းစီလိုက်ရတာ ဖတ်ဖတ်ကိုမောလို့၊ဒီလိုသနပ်ခါးမျိုး ရှင်မလုပ်နိုင်ဘူးလား"ဆိုပြီးရေရွတ်သတဲ့။ ဗျစ်တောက်ဗျစ်တောက် လုပ်တာကို နားပူတယ်ထင်ပါရဲ့။ ဦးစိုင်းလတ်ဟာ "မင်းစိတ်အေးလက်အေးသာ နေပေတော့၊မင်းလိုချင်လှ ချည့်ရဲ့ဆိုရင် အဲဒီဝင်းဝင်း သနပ်ခါးထက် အဆပေါင်းများစွာသာတဲ့ သနပ်ခါးကို ငါဖန်တီးပေးပါ့မယ်"ဆိုပြီး အာမခံလိုက်ရာကနေ တောင်ကြီးမောက်မယ် ဖြစ်လာတော့တာပဲတဲ့။ဦးစိုင်းလတ်ရဲ့ဇနီးကိုတောင်ကြီးမောက်မယ်ရဲ့ မိခင်ကြီးလို့ဆိုရမယ်ဗျ။ အင်းလေ။ ကျနော်တို့ယောက်ျားတွေ ဆိုတာမျိုးကလည်း ချစ်ရသူအတွက်ဆို ဓူဝံကြယ်တောင်တက်ခြွေပြချင်ကြတဲ့အမျိုးထဲက ပေကိုး။
ကျနော်က စကားတခွန်းတည်းနဲ့ ဖြစ်လာရောဆိုတော့ ဦးစိုင်းလတ်ဟာ တကြိမ်တည်းအားထုတ်ရုံနဲ့ ဝုန်းဆို အောင်မြင်တယ် လို့တော့ ခင်ဗျားမထင်ပါလေနဲ့။ တောင်ကြီးမောက်မယ်မဖြစ်ခင် ဦးစိုင်းလတ်ကျိုးစားဖန်တီးခဲ့တဲ့ သနပ်ခါးလေးမျိုးဟာ တံဆိပ်သေသွားဖူးသတဲ့။ မအောင်မြင်ခဲ့ဘူးတဲ့ဗျ။ကိုအမ်စထရောင်းပြောပြချက်အရ သေသွားတဲ့တံဆိပ်တွေက မိုးမိတ်ရှမ်းသနပ်ခါး၊ နှင်းဆီ(Rose)သနပ်ခါး၊ ရွှေလီသနပ်ခါး၊ ရှင်မတောင် သနပ်ခါးတွေတဲ့ဗျ။ ပိုပြီးထူးဆန်းတာက သူကြီးပြင်းခဲ့တဲ့ ရှမ်းပြည်နယ်ကျောက်မဲဒေသဟာ သနပ်ခါး ထွက်တဲ့ သနပ်ခါးပင်တွေပေါက်တဲ့ အရပ်တော့မဟုတ်ဘူးဗျ။လေယာဉ်ပျံ မောင်းဖို့ ရည်ရွယ်ချက်ကိုလည်း သူမမေ့ဘူး။ ဦးစိုင်းလတ်ဟာ အခုလက်ရှိအချိန်မှာလေးယောက်စီးလေယာဉ် တမျိုး ကို ဆယ့်ခြောက်နာရီကျော် ကြာအောင် မောင်းဖူးခဲ့ပါပြီိတဲ့ခင်ဗျာ။
စကားကောင်းနေလိုက်တာ ပြောလက်စဇာတ်ကြောင်းဘက်ပြန်လှည့်အုံးမှပါ။ကျနော်တည်းမဲ့ဟိုတယ်ကိုရောက်တော့ အသင့်စောင့်နေ တဲ့ သူဌေးလင်မယားနဲ့ ကိုအမ်စထရောင်းကို မိတ်ဆက်ပေးလိုက်တဲ့အခါ ကိုအမ်စထရောင်းဟာ ကျနော်တို့သုံးယောက်ကို နေ့လည်စာကျွေးချင်သတဲ့ဗျာ။ ဒီမှာတင် ကျနော့်နားထဲမှာ ကြားလိုက်တာကတော့ အခုဧည့်ခံမဲ့စားသောက်ဆိုင်ဟာ တယောက်ကို ဒေါ်လာလေးရာကျ သင့်တယ်ဆိုပဲ။ ဒါတောင် တွဲဘက်ဧည့်ခံမဲ့ ဝိုင်ဖိုးမပါသေးဘူးတဲ့ခင်ဗျ။နောက်ဆုံးတော့ လေးယောက်သား ကိုအမ်းစထရောင်းရဲ့ကားနဲ့ပဲ ဘန်ကောက်မြို့(Yama-4)ရာမ(လေး)လမ်းမကြီးမှာရှိတဲ့  Water Library Restaurant ကိုရောက်ရော ဆိုပါတော့ ဗျာ။အဲဒီဆိုင်နာမည်အပြည့်အစုံက Water Library Chamchuriတဲ့ဗျ။ ချန်ချူရီစကွဲယားဒုတိယ ထပ်မှာ ရှိလေရဲ့။အဲဒီဆိုင်ထဲကနေ အပြင်ဘက်ကိုလှမ်းကြည့်လိုက်တော့ ဘန်ကောက်မြို့ကို အပေါ်စီးကနေ လှမ်းမြင်နေရလေရဲ့။အေးဗျာ။ ဘဝအတက်အကျတွေကို ကြိမ်ဖန်များစွာကြုံခဲ့ရလို့ထင်ပါရဲ့။ ပွဲကြီးလမ်းကြီး ကိန်းခန်းကြီးတဲ့နေရာတွေနဲ့ အချိန်အကြာကြီး အဆက်ပြတ်နေခဲ့ပေမဲ့ ဒီစားဝိုင်းသောက်ဝိုင်းအပေါ် ကျနော့်စိတ်မှာ ဘယ်လိုမှခံစားလို့မရဘူးဖြစ်နေတယ်ဗျ။ကျနော့် စိတ်ဟာ တုန်လှုပ်ခြင်းကင်းပြီး ထူးထူး ခြားခြားတည်ငြိမ်နေလေရဲ့။အဲ တစ်ခုတော့ ရှိတယ်။ ကျနော်ဟာ အစားကောင်းစား တော့မဲ့ ၊အချိန်တိုင်း လိုလို ကွယ်လွန်သူမိခင်ကြီးကို သွားသွား သတိရမိတတ်တယ်ဗျ။ ဒီလိုအစားအသောက်ကောင်းတွေကို ကျနော့်အမေတောသူမကြီး စားစေ ချင်စမ်းပါဘိဆိုတဲ့ အတွေးပေါ့။အော် အမေ၊အမေ၊ ကျနော်တို့အညာကနေ၊ ရန်ကုန် တက်လာခါစ၊နေခဲ့တဲ့လမ်းထဲမှာ တဲစုတ်ကလေးနဲ့နေတဲ့၊ဒေါ်မျှင်ဆိုတဲ့ တကောင်ကြွက်အသက်ရှစ်ဆယ်ကျော်အဖွားအိုကြီးကို ငါးနှစ်လောက်၊တစ်ရက်မှ မပျက်ပဲ နေ့စာညစာနေ့တိုင်းသွားသွား ပို့ခဲ့ဖူးတဲ့ အမေ၊ နှစ်စဉ်နှစ်တိုင်းသင်္ကြန်ရက်တွေမှာဆို လက်ထဲရှိသမျှငွေစလေးနဲ့ တလမ်းလုံးက ကလေးတွေကို ကိုယ်တိုင်ထမင်းချက်ကြွေးရတာကို အပျော်ကြီး ပျော်နေတတ်တဲ့အမေ..ပေါ့။
ကျနော်တောင်တွေးမြောက်တွေးလုပ်နေတုန်းကိုအမ်စထရောင်းဟာ ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေရင်း "အကိုဘာစားမလဲ၊မှာပါ"တဲ့။ တောချုံအုံကြားကတက်လာတဲ့၊ကျနော်ဟာ ရန်ကုန်နဲ့ဖူးခက်လိုနေရာမျိုးမှာရှိတဲ့ ဒိတ်တကာ့ဒိတ်ဆိုတဲ့ထိပ်တန်း စားသောက်ဆိုင်တွေကို ဝင်ထွက်ဖူးတာမှန်ပါတယ်။ဒါပေမဲ့ ထမင်းတနပ် ဒေါ်လာလေးရာတန်တဲ့ ဆိုင်မျိုးကိုတော့ မရောက်ဖူးတာမို့ "ခင်ဗျား ကောင်းမယ်ထင် တာသာ မှာပေတော့ဗျာ"လို့ ချော်လဲရောထိုင် ရသပေါ့ဗျာ။
စားစရာတွေမှာပြီးပြန်တော့ "ဘာရေသောက်မတုန်း"ဆိုပြီုးလုပ်ပြန်ရော။ ရေဆိုတာတယ်ပြီးကွဲပြားဆန်းကျယ်တဲ့အရာမဟုတ်ဘူးလို့ ယူဆနေတဲ့ ကျနော့် အထင်ဟာ မှားနေသဗျ။

ဒီဆိုင်မှာတကမ္ဘာလုံးက ရေမျိုးစုံရနိုင်သတဲ့ဗျာ။စပ်စုချင်တဲ့ကျနော်လည်း ကြုံတုန်းအထူး အဆန်းလေးလုပ်ကြည့်အုံးမှဆိုပြီး "ဒိန်းမတ်က ရေပေးဗျာ"လို့ မှာလိုက်ပြီး၊သောက်ကြည့်တော့ အမယ်ဒိန်းမတ်ကရေဆိုတာ ကျနော့်လျှာဖျားပေါ်မှာ ဆော်ဒါလို ခပ်စူးစူးအရသာမျိုး ထွက်နေသဗျ။ မသိရင်မေး မစင်ရင် ဆေးဆိုသမို့လား၊ အမေးအမြန်း ထူလိုက်တော့ ဒိန်းမတ်က သဘာဝရေထဲမှာ  သဘာဝထုံးကျောက်ဓာတ်ငွေ့ထည့်ထား ဆိုပဲ။ထပ်ပြီး သိရတာကတော့ အဲဒီဆိုင်က ရေအမျိုးမျိုးထဲမှာ ဗမာပြည်ကထုတ်တဲ့ ရေတော့မပါဘူးဗျ။ အာရှနိုင်ငံတွေအနက်က ဂျပန်နဲ့ဟောင်ကောင်ထုတ် ရေတွေတော့ ရှိလေသတဲ့။
ကျနော်ဟာ တစ်ပုလင်းကို ဗမာငွေသောင်းချီတန်တဲ့ ဒိန်းမတ်ရေကို သောက်နေရင်း ကျနော့်စိတ်ဟာ မဆီမဆိုင်ဇာတိရွာက ရေပြဿ နာဆီ ရောက်သွားသေးဗျာ။ဟုတ်တယ်ဗျ။ ကျနော်ခုနစ်တန်းကျောင်းသားဘဝလောက်တုန်းက မှိုက်ပင်ကိုပြန်ရောက်တော့ ရေတစ်စည်ရဖို့ ရွာနဲ့သုံးလေးမိုင်ဝေးတဲ့နေရာကို နွားလှည်းတစီးနဲ့သွားတိုက်ရတာကလား။တိုက်လို့ရလာတဲ့ရေကလည်း အဝါအနီရောနေတဲ့ အရောင်၊လချေး ကျောက်စလေးတွေ တစ်ညအိပ်လောက်ထည့်ထားမှ သောက်လို့ရတာမျိုး။ ဖြစ်ပုံများ ကျနော်တို့ငမိုက်သား ညီအကိုဟာ တခါသား၊ရန်ကုန်က ဘုံဘိုင်တွေအောက်မှာ ဘုံဘိုင်ခေါင်းဖွင့်ပြီး ရေချိုးသလိုမျိုး ရေစည်လှည်းက အဆို့ကိုဖွင့်ပြီး ရေချိုးလိုက်တုန်းက ကျနော့် ကြီးဒေါ်မစန်း အလန့်တကြားထအော်လိုက်တဲ့ အသံကို အခုထက်ထိကြားနေသလိုပဲဗျာ။အေးလေ။ ကျနော်သာ ဒီလောက်တန်ဖိုးကြီးတဲ့ရေကို သောက်နေတာ တွေ့ရင် ကြီးဒေါ်မစန်းက "အမယ်လေး၊အံ့ရော၊အံ့ရော၊ဒီကလေးတွေလုပ်ပုံများ ရောက်ပတ်ချက်။ ဒီလောက်ဖြုန်းတီး ရသလား"ဆိုပြီးတရွာလုံးကြားအောင် ထအော် အုံးမှာသေချာတယ်ဗျာ။
စားဖွယ်သောက်ဖွယ်တွေကတော့ တမျိုးပြီးတမျိုးမရိုးရအောင် တပန်းကန်ချင်းရောက်ရောက်လာနေ တော့တာပါပဲ။ ကျနော်မှတ်မိ သလောက် ပထမဆုံးလာချတာက ဂျပန်နည်းနဲ့ကြော်ထားတဲ့ ဂျပန်ပုဇွန်ကြော်ဗျ။ အကောင်သိပ်ကြီးလှတယ် မဟုတ်ပါဘူး။ ဒါပေသည့် အရသာထူးခြားတာကတော့ အမှန်ပဲဗျ။အမှန်တော့ အဲဒီပုဇွန်ကြော်ဟာ ဝိုင်သောက်ရင်းတွဲဖက်စားသောက်ရမဲ့ အမြည်းဆို ပါတော့။ ကျနော်တို့ကို ချပေးတဲ့ဝိုင်ကလည်း တပုလင်းကို ဒေါ်လာနှစ်ရာ(ဗမာငွေနှစ်သိန်းနီးပါး)တန်သတဲ့။အေးလေ။ အဲဒီနေ့က ကျနော်တို့ လေးယောက်ဝိုင်းမှာ ဝိုင်လေးပုလင်းကုန်တာမို့ ဝိုင်ဖိုးပါထည့်တွက်ရင် တစ်ယောက်အတွက် ကျသင့်ငွေ ဒေါ်လာခြောက်ရာ ဗမာငွေ ခြောက်သိန်းပေါ့ဗျာ။ဝိုင်ဆိုတာကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမဲ့ ဝိုင်ကို ကျနော်သိပ်မကြိက်လှဘူး။မကြိုက်ဆို မိုက်လုံးကြီး ခဲ့တဲ့ကျနော်ဟာ မူးယစ်စေတဲ့ အရာတစ်ခုခုကို သုံးမယ်ဆိုရင် နားထင်ကို တူနဲ့နှက်လိုက်သလို ဒိန်းကနဲဆောင့်တက် တာမျိုးကိုမှ သဘောကျတာကလား။ ဝိုင်ကိုတစ်ငုံချင်းတကျိုက်ချင်း ဟန်ကြီးပန်ကြီး စတိုင်တခွဲသားနဲ့ သောက်နေရတာကိုက ကျနော့် အတွက်ဝဋ်တမျိုးပဲဗျာ။
အမယ်နေဦးဗျ။ ဒီဝိုင်းမှာ ကျနော်မစားတာကြာပြီဖြစ်တဲ့ အမဲသားနှပ်ကိုလည်း အထူးအဆန်းအဖြစ်စားခဲ့ရသေးတယ်။ အဲဒီအမဲသား ကလည်း ဂျာမဏီကလာတာတဲ့ဗျ။အမဲသားရှောင် ထားတာကို စားဖြစ်အောင် ကိုအမ်စထရောင်းမဲဆွယ်ပုံက "ဒီအမဲသားဟာ အကိုထင်နေသလို လယ်ထဲယာထဲမှာခိုင်းစားဖို့မွေးထားတဲ့နွားတွေရဲ့အသား မဟုတ်ဘူး။နဂိုကတည်းက အသားစားဖို့ရည်ရွယ်ချက်နဲ့ စံနစ်တကျ မွေးမြူထားတာမို့ ကျေးဇူးရှင်စာရင်းမှာ မပါဘူး"ဆိုပဲ။ဒီအသားကို ရှောင်ခဲ့တုန်းက ကိုယ့်ဖာသာစားချင်စိတ်မရှိလို့ရှောင်ခဲ့ တာကြောင့် ဗဟုသုတ အလို့ငှာစားဖြစ်ပြန်ရောဗျာ။အမယ်မင်း၊ တကယ့်ကို လျှာဖျားမှာ စွဲသွားစေတဲ့အမဲသားပါကလားဗျ။ အမဲသားဋီကာကို ဆက်ပြီးကြားနာရတာကတော့ အဲဒီအမဲသားထုတ်မဲ့နွားတွေကို သတ်ခါနီးဆဲဆဲမှာတောင် နွားတွေစိတ်ချမ်းသာ လက်ချမ်းသာ သေနိုင်အောင် သာယာနာပျော်ဖွယ်တီးလုံးလေးတွေဖွင့်ပြ၊ နွားတွေကို နားသောတဆင်ခိုင်းရင် သတ်ထားတာတဲ့ဗျ။ သူပြောခါမှ စိတ်ထဲမှာ စနိုးစနောင့်ဖြစ်လာပြီး အမဲသားပေါင်းကို အငမ်းမရကျိတ်နေတဲ့ ကျနော်ဟာ ဆက်ပြီးစားမဝင်တော့ပဲ လေးပုံတပုံ လောက်ချန်ထားခဲ့ရသဗျ။ ထားပါတော့ဗျာ။
ဒါတင်မဟုတ်သေးဘူး။ကျန်သေးတယ်။နောက်ဆုံးလာချပေးတာက ငှက်ပျောသီးပူတင်းလိုလိုဟာမျိုးဗျ။ ဝိုင်ကော အမြည်းတွေပါ စား သောက်ပြီးနေပြီမို့ ငှက်ပျောသီးပူတင်းလိုဟာမျိုးကိုတော့ စားချင်စိတ်မရှိလှတာကြောင့် ရှောင်ဖယ်ဖယ်လုပ်နေတုန်း "စားကြည့် ပါအုံးလေ။ အဲဒါ ပန်းသီးပူတင်းလို့ခေါ်တယ်။ဥရောပအစားအစာ"ဆိုပြန်တာကြောင့် ဇွန်းနဲ့ဖဲ့မြည်းလိုက်တော့ ကောင်းလိုက်တဲ့ အရသာ။ကျောက်ပန်းတောင်း ထန်းညက်ကို နတ်သုဒ္ဓါမှတ်ခဲ့တဲ့ အညာသားဟာ၊မှိုက်ပင်ရွာတောင်မေ့ချင်ချင်ဖြစ်သွားသဗျာ။
အဲဒီစားသောက်ဆိုင်မှာစားရင်း ရခဲ့တဲ့ဗဟုသုတ နောက်တစ်ခုကတော့ အစားအသောက်တွေချက်ပြုပ်စီမံရာမှာ ဘော်ဒီ(Body) မပျောက်ဖို့ သိပ်အရေးကြီးတယ်ဆိုပဲ။ ဘော်ဒီဆိုတာ ဗမာစကားနဲ့ဆိုရင်"မူလအရသာ"လို့ဆိုနိုင်မယ်ထင်တယ်။ ကျနော်ပြောနေတဲ့ အစား အသောက်တွေအားလုံးဟာ ဘော်ဒီမပျောက်ပျက်အောင်ချက်ပြုတ်ထားတာကြောင့် ထူးထူးခြားခြားအရသာရှိနေတာပေါ့ဗျာ။
ကျနော်ထပ်ပြီးသိရသလောက် ဒီဆိုင်ဟာ နိုင်ငံတကာသံတမန်တွေ၊ထိုင်းနိုင်ငံက ထိတ်ထိတ်ကြဲသူဌေး၊လုပ်ငန်းရှင်တွေ စားကျက်ကျတဲ့ နေရာတဲ့ဗျ။အွန်လိုင်းမှာတင်ထားတဲ့ဈေးနှုန်းက ဒေါ်လာတစ်ရာဝန်းကျင်သာရှိပေမဲ့ ကြိုတင်စာရင်းပေးတဲ့ ပုဂ္ဂိုလ်၊အဆင့်အတန်းအလိုက် တာဝန်ယူတဲ့စာဖိုမှူးတွေပေါ်မူတည်ပြီးဈေးကွာဟနေတာတဲ့ဗျာ။တချို့အထူးစပါယ်ရှယ်အော်ဒါဝိုင်းတွေအတွက် နိုင်ငံတကာ စာဖိုမှူး ခြောက်ယောက်ခုနစ်ယောက် လက်စွမ်း ပြကြသတဲ့။စာဖိုမှူးတွေကိုယ်တိုင် သူတို့လက်ရာတွေရဲ့ထူးခြားမှုတွေကို ရှင်းပြသတဲ့။အင်း၊ ကျနော်တို့တိုင်ပင်မဲ့လုပ်ငန်းပမာဏဟာ အမေရိကန်ဒေါ်လာသန်းရာချီတာမို့ တကယ်တမ်းတွက်ကြည့်ရင်ဒေါ်လာ လေးရာတန် ထမင်းဝိုင်းဆိုတာ များတယ်လို့မဆိုနိုင်ပြန်ဘူးဗျ။ဟား၊ကျနော်လည်း ဒေါ်လာသန်းရာချီတန်တဲ့လုပ်ငန်းရဲ့ အကြံပေးပုဂ္ဂိုလ်မို့ ဒီဝိုင်းနဲ့ မတန်မရာတော့မဖြစ်လောက်ဘူးထင်ပါရဲ့။
ပြောရင်ပိုတယ်ထင်မယ်။ ဒီဆိုင်မှာ ထိပ်တန်းအဆင့်အထူးအော်ဒါနဲ့ လူဆယ်ယောက်စာ၊စားဝိုင်းတစ်ဝိုင်းအတွက် ကျသင့်ငွေဟာ ထိုင်းဘတ် တစ်သန်းအထိတောင်ရှိသတဲ့ဗျ။ တသိန်းမဟုတ်ဘူးနော်။ဘတ်တစ်သန်း။ဗမာငွေနဲ့ဆိုအခုငွေလဲနှုန်းအရ ဗမာငွေသိန်းသုံးရာ ဝန်းကျင်ပေါ့ဗျာ။
ကျနော့် မိတ်ဆွေသူဌေးလင်မယားကတော့ ဗမာပြည်မှာ ဒီလောက်ဈေးကြီးတဲ့ဆိုင်မျိုးနဲ့၊ တွက်ခြေကိုက်မယ်မထင်တာကြောင့် (MK Restaurant)လို လူလတ်တန်းစား၊စားနိုင်မဲ့စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ဖို့ ကျိတ်တိုင်ပင်နေကြလေရဲ့။
အဲဒီအချိန်မှာပဲ ကျနော့်မိတ်ဆွေ ကိုယဉ်မင်းဆီကနေ ဖုန်းဝင်လာပြီး "အကိုဘယ်ရောက်နေသလဲ"မေးတော့ ကျနော်ရောက်နေ တဲ့စားသောက် ဆိုင်နာမည်လည်း ပြောလိုက်ရော သူကအံ့သြတကြီးနဲ့ "အကိုဘယ်လိုလုပ် အဲဒီဆိုင်ကိုရောက်နေတုန်း"ဆိုပဲ။ သူလည်း ဒီဆိုင်ကို ဗမာပြည်က ထိတ်ထိတ်ကြဲသူဌေးတွေရဲ့ ကျေးဇူးနဲ့ တခေါက်ရောက်ဖူးသတဲ့။မှတ်မှတ်ရရ ဆိုင်ပိုင်ရှင် မစ္စတာလီကနေ ဗမာသူဌေး တွေအတွက် ဝိုင်ပုလင်း တလုံးစီလည်း လက်ဆောင်ပေးဖူးသတဲ့။တိုက်တိုက်ဆိုင်ဆိုင် အဲဒီဝိုင်ရဲ့အမှတ်တံဆိပ်ဟာ ရှစ်လေး လုံးတဲ့ဗျာ။ တောင်တောင်အီအီ လျှောက်တွေးမနေနဲ့အုံး၊မစ္စတာလီက တရုပ်လူမျိုးမို့ တရုတ်ဘာသာနဲ့ ရှစ်ဂဏန်းကို ရွတ်ဆိုတဲ့ အသံထွက်ဟာ မင်္ဂလာရှိတယ်၊ ကြက်သရေတိုးတယ် ဆိုပြီး အယူရှိတာကြောင့် ဒီနာမည်ပေးထားတာဖြစ်နိုင်တယ်ဗျ။ ဟုတ်တယ်။ ဘန်ကောက်မှာ ရှစ်လေးလုံး နံပတ်ပါတဲ့ ကားနံပတ်ကို ဘတ်သန်းချီလေလံဝင်ဆွဲပြီးစီးတာ တရုတ်သူဌေးတဲ့ဗျ။အဲဒီဆိုင်ကနေ လက်ဆောင်ရတဲ့ ဝိုင်ပုလင်းကို ကိုယဉ်မင်းဟာ မသောက်ရက်ပဲ သိမ်းထားရာကနေ ရှစ်ဆယ့်ရှစ်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဘန်ကောက်ကိုရောက်တုန်းက အမှတ်တရ လက်ဆောင် ပေးလိုက်ဖူးသတဲ့။
စားသောက်ပြီးလို့ ဝိုင်လက်ကျန်လေးငုံရင်း အလုပ်အကိုင်အကြောင်း စကားစနေတုန်း၊ဗြုန်းဆို ကျနော်တို့စားပွဲဝိုင်းဆီကို အရပ်မြင့်မြင့်၊ အသားဖြူဖြူ၊ဗိုက်နည်းနည်းရွှဲပြီး၊ဆံပင်ဖြူတချို့ရောနေတဲ့ မသေမသပ်ဆံပင်ပုံစံနဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ဝင်လာပါလေရောဗျာ။ ထူးခြားတာ ကတော့ သူ့မျက်နှာပေါ်က ဟန်ဆောင်မှုကင်းလှတဲ့အပြုံးပဲဗျ။သူအပြုံးဟာ တကယ့်ကို အပြစ်ကင်းတယ်။သူ့အမူအယာဟာ ပွင့်လင်းဖော်ရွေချက်ဗျာ။  ကျနော်တို့ အားလုံးကို သူကဗမာလိုစပြီးနှုတ်ဆက်သဗျ။ "အားလုံးမင်္ဂလာပါ။စားလို့ကောင်းကြရဲ့လား။ လိုတာရှိ ပြောနော်။ အားမနာနဲ့။ကျနော် မစ္စတာလီ"ပါတဲ့။မစ္စတာလီဟာ အသက်ခြောက်ဆယ့်ငါးနှစ်ဝန်းကျင်ရှိမယ်လို့ခန့်မှန်းရပါတယ်။
လက်စသတ်တော့ စောစောက အမ်စထရောင်းတစ်ယောက် "အန်ကယ်အန်ကယ်"ဆိုပြီး ဖုန်းဆက်ခေါ်နေတာ မစ္စတာလီပေပဲကိုး။ ဟုတ်ပါတယ်။ သူဟာဗမာပြည်ဖွားတရုတ်လူမျိုးတဦးပါပဲ။ Water Library Restaurant ရဲ့ပိုင်ရှင် မစ္စတာလီပေါ့။ ကိုအမ်စထရောင်းက မစ္စတာလီနဲ့ တစ်ယောက်ချင်း မိတ်ဆက်ပေးအပြီးမှာတော့"အခု ကျနော့်သူငယ်ချင်းတွေလုပ်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အန်ကယ့်ဆီက အကြံဥာဏ်လိုချင်လို့ ပါလို့လည်း ကျနော်စကားစလိုက်ရော၊ မစ္စတာလီရဲ့တုန့်ပြန်ချက်ကတော့ "ကျနော်ဘာမှ မတတ်ပါ ဘူး။အခုကျနော်တနေကုန် ဝိုင်လျှောက်သောက်ပြီးမူးနေတာပါ"တဲ့။ကောင်းကြရော့ဗျာ။ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေကြတဲ့ တတ်ယောင် ကားတွေနဲ့ "ဘာမှမတတ်ပါဘူး"ဝန်ခံနေတဲ့ နာမည်ကျော်သူဌေးကြီးတွေ့နေကြပါပကော။မစ္စတာလီဟာ ဝိုင်ခွက်ကို နှာခေါင်းဝတေ့ပြီး မကြာခဏအနံခံရှူရှိုက်နေလေရဲ့။ အကြာကြီးနေမှ တစ်ငုံလောက်သောက်တာကိုလည်း ကျနော် သေချာသတိပြုမိတယ်ဗျ။ဝိုင်ကိုဒီပုံစံနဲ့သောက်နေမှတော့ ဘယ်မှာလာ မူးမတုန်းဗျာ။
ကိုမင်းဒင်ရေ။ ကျနော်ဆိုတဲ့ကောင်ကလည်း လူတမျိုးဗျ။ မစ္စတာလီကိုလည်းတွေ့ရော လာရင်းလုပ်ငန်းကိစ္စကြီးကြီးကျယ်ကျယ်တွေကို မေ့ပြီး မစ္စတာလီ့အကြောင်းကို အရမ်းစိတ်ဝင်စားသွားမိသဗျာ။သူဟာ ဘာကြောင့်ဗမာပြည်ကို စွန့်ခွာခဲ့သလဲ။ သူဟာ ထိုင်းနိုင်ငံမှာ ဘယ်လို ရုန်းကန်လှုပ်ရှားခဲ့သလဲ။အခုကျနော်ရောက်နေတဲ့ ခေါင်ခိုက်အောင်ဈေးကြီးလှတဲ့စားသောက်ဆိုင်ကို ဘယ်လိုစိတ်ကူး စိတ်သန်းနဲ့ ဖွင့်ခဲ့ သလဲ။ဒီဆိုင်အပြင်သူဘာလုပ်ငန်းတွေလုပ်နေသေးသလဲ၊ဆိုတဲ့မေးခွန်းတွေ ကျနော့်ခေါင်းထဲကို တန်းစီပြီး ဝင်လာပါလေရော။
အချိန်ရသေးတယ်ဗျာ။တစ်ဆိုင်ဆိုင်မှာ ဝင်ပြီး ကော်ဖီသောက်ကြရအောင်။ ကျနော်နိုင်ထောင်ကအိမ်ကိုမပြန်ဘူးဗျ။ ဖူးခက်တောင်း (Phuket Town)က ခင်ဗျားအိမ်ကိုလိုက်ခဲ့အုံးမယ်။ ကျနော်သိသမျှမစ္စတာလီအကြောင်းခင်ဗျားကိုပြောပြချင်သေးတယ်ဗျာ။

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0


မစ္စတာလီ

"ဒါဆိုလည်း ထလန်မီးပွိုင့်အလွန်က "Tessco Lotus"မှာကော်ဖီသောက်ကြရအောင်ဗျာ"
ကိုသက်ခိုင်တစ်ယောက်ကော်ဖီသောက်ချင်သည်ဆိုလေသဖြင့် အဆင်ပြေမည်ထင်သည့်တစ်နေရာကို ကျနော်ညွှန်းလိုက်သည့်အခါ သူက ချက်ချင်းပင်ငြင်းသည်။
"Tessco Lotus မှာ မသောက်ချင်ဘူးဗျာ။လူသိပ်များတော့ အသံတွေဆူညံလွန်းတယ်။ဆဲဗင်းအလဲဗင်း တစ်ခုခုမှာသာ ရပ်ဗျာ။ ဟေ့လူ၊ ဘိုင်ဖတ်မီးပွိုင့်မရောက်ခင်၊ ဓာတ်ဆီဆိုင်မှာရပ်ဗျာ။ အဲဒီမှာ ဆဲဗင်းအလဲဗင်းရှိတယ်"
သူပြောသည့် ဘိုင်ဖတ်ဟူသည့် အရပ်မှာ အမှန်အားဖြင့် ဖြတ်လမ်း(By pass) ကိုဆိုလိုရင်းဖြစ်၏။ထိုင်းနိုင်ငံမှာအနေကြာလေသဖြင့် သူလည်း အင်္ဂလိပ်စကားအသံထွက်ရာတွင် ရေမြေလိုက်နေဟန်ရှိသည်။ ထိုင်းတို့၏ အင်္ဂလိပ်စာအသံထွက်ကား ထူးခြားလှ၏။"Makro"ကို "မခို"ဟုဆိုကြသည်။"Grocery"ကို "ကော့စလီး"ဟူ၏။"Robinson"ကို "လော်ဘင်ဆန်"အသံထွက်၏။တခါသား ကျနော့်ကွန်ပြူ တာမှာ ဗိုင်းရပ်ဝင်လေသဖြင့် ကွန်ပြူတာပြင်သည့်ဆိုင်သည့် ဖုန်းဆက်ရာ ကျနော်ပြောပြသည့် ဗိုင်းရပ်(Virus) ဆိုသည့် အသံကို တဖက်မှ လုံးဝ နားလည်ဟန်မရှိချေ။ဆိုင်သို့အရောက်သွား၍ လူချင်းတွေ့၍ ပြောသည့်တိုင် သဘောမပေါက်။နောက်ဆုံး စားပွဲပေါ်မှ စာရွက် တရွက် ပေါ်မှာ "Virus"ဆိုသည့် စာလုံးကိုချရေးပြကာမှ သူက အလန့်တကြား ထ အော်သည်။ အော်.. ခေါက်ကျိုင် ခေါက်ကျိုင် (သိပြီ၊ သိပြီ) "ဝိုင်းလပ် ၊ဝိုင်းလပ်"ဟူသတည်း။
ကိုသက်ခိုင်ညွှန်းသည့် ဆဲဗင်းအလဲဗင်းကို ကျနော်သိသည်။ဆဲဗင်းအလဲဗင်းဟူသည့် နှစ်ဆယ့်လေးနာရီပတ်လုံးဖွင့်သည့် စုံစီနဖာဆိုင် များကား ထိုင်းနိုင်ငံတနံတလျား မှိုလိုပေါက်နေသည်။ဆိုင်တင်ရောင်းချသည့် ပစ္စည်းတို့ကား အမြန်ရနိုင်သည့် အဆာပြေ အစား အသောက်များ၊အရက်၊စီးကရက်၊စာရေးကိရိယာ၊အအေးမျိုးစုံ မုန့်ပဲသရေစာမျှသာဖြစ်၏။
"ဆဲဗင်းအလဲဗင်းမှာဆို ထိုင်စရာမရှိဘူးနော်၊မိုးတိုးမတ်တပ်နဲ့ ဖြစ်ပါ့မလား"
"တခါတခါ ဟိတ်ကြီးဟန်ကြီး စတိုင်တခွဲသားနဲ့ နေရထိုင်ရစားရသောက်ရတာ စိတ်ပျက်လွန်းလို့ဗျာ။ကျနော်ပြောတဲ့ဆိုင်ကိုသာမောင်း ဗျာ၊ ထိုင်စရာရှိတယ်။သစ်သားထိုင်ခုံတွေနဲ့ ဇရပ်လိုလို အဆောက်အဦးလေးတစ်ခုရှိတာ ခင်ဗျားသတိမထားမိလို့ပါ"
ဘိုင်ဖတ်ဓာတ်ဆီဆိုင်အရောက်တွင်မူ ကိုသက်ခိုင်သည် "ခင်ဗျားကောင်းမယ်ထင်တာသာ ဝယ်ခဲ့ပေတော့။ကော်ဖီပါရင် ရပြီ"တခွန်းသာ ပြောရင်း ဇရပ်ငယ်ဘက်ဆီသို့လျှောက်သွားသည်။ စားစရာတချို့ လက်မှာကိုင်စွဲလျက် ကျနော်ဆိုင်အတွင်းမှ ပြန်ထွက်လာသည့်အခါ ကိုသက်ခိုင်က ခေါင်းတငြိမ့်ငြိမ့်လုပ်နေလေသဖြင့်....."
"ဘာကိစ္စခေါင်းတငြိမ့်ငြိမ့်လုပ်နေရပြန်တာတုန်း၊ကျနော့်ပုံက ရယ်စရာများဖြစ်နေရော့သလား"
"မဟုတ်ဘူးဗျ။ ကော်ဖီခွက်ကိုထည့်လာတဲ့ ကျွတ်ကျွတ်အိတ်ဒီဇိုင်းကို သဘောကျလွန်းလို့"
သူပြောကာမှ ကော်ဖီခွက်ထည့်ထားသည့် ကျွတ်ကျွတ်အိတ်ကို ကျနော်ငုံကြည့်မိသည်။ မှန်၏။ အဆိုပါကျွတ်ကျွတ်အိတ်ငယ်သည် ရိုးလျက်နှင့်ဆန်းနေသည်။ကော်ဖီခွက်ကို အံကျထည့်နိုင်သည်။ လက်ကိုင်နေရာလည်း အဆင်သင့်။ထုတ်ပိုးကုန်ဈေးကွက်အတွင်း တွင် ကျွတ်ကျွတ်အိတ်သည် ထုတ်ပိုးမည့်ပစ္စည်းအပေါ်မူတည်၍ ဒီဇိုင်းပုံစံမျိုးစုံ တွင်ကျယ်ခေတ်စားနေလေပြီ။
"နည်းနည်း ရှင်းပါအုံး ဆရာရယ်"
"ဒီလိုဗျ။ ကျွတ်ကျွတ်အိတ်ကို တီထွင်ခဲ့တဲ့သူကို ကျနော်တော်တော်အထင်ကြီးတယ်။ခင်ဗျား စဉ်းစားကြည့်စမ်းဗျ။လူတွေမှာ နေ့စဉ်နဲ့ အမျှ ဝယ်ရေးခြမ်းရေးကိစ္စတွေမှာ မရှိမဖြစ်ပစ္စည်။၊ထုတ်လုပ်ရလွယ်တယ်။ဈေးသိပ်ပေါတယ်။နေရာမရွေးရနိုင်တယ်။ ကျွတ်ကျွတ်အိပ် အသစ်နဲ့ဆို ဘာပစ္စည်းထည့်လာလာ၊ကြည့်ရတာ အထိုက်အလျောက်အမြင်တင့်တယ်။အဲ ဟောင်းများသွားလို့ကတော့ ကိုင်တောင် မကြည့်ချင်တော့တဲ့ အဖြစ်။တကယ့်ကို တစ်ခါသုံးပစ္စည်း။ဒါကြောင့်လည်း ကျွတ်ကျွတ်အိတ်ရဲ့အခန်းကဏ္ဍဟာ အရမ်းကြီးမားနေတာ ဖြစ်မယ်ဗျ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ရှုဒေါင့်ကတော့ တမျိုးပေါ့ဗျာ။ ဟိုခေတ်ဟိုအခါကျနော်တို့ငယ်ငယ်တုန်းက ကမာရွတ် ဈေးကြီးမှာသုံးတဲ့ အဓိကထုတ်ပိုးစရာပစ္စည်းကတော့ အင်ဖက်၊သတင်းစာစက္ကူတွေပဲဗျ"
"ခင်ဗျားစဉ်းစားလိုက်ရင် ကြံကြံဖန်ဖန်ချည်းပဲဗျာ။ပေါက်ပေါက်ရှာရှာ ဒုံးပျံထွင်တဲ့သူဆိုထားပါတော့။ ကျွတ်ကျွတ်အိတ် ထွင်တဲ့သူကို အထင်ကြီးရသတဲ့။ခက်ပါ့"
"ခင်ဗျား အဲသလို တွေးတာကိုက မွဲတေပြာကျစေတဲ့အကြောင်းရင်းပဲကိုယ့်ဆရာ။ကျနော်တို့တိုင်းပြည် မွဲတေနေတာလည်း ဒီအချက် ကြောင့်ပဲ"
"ခင်ဗျားစွဲချက်က သိပ်ကြီးသွားပြီ။ခိုင်လုံအောင်သာ ရှင်းပေတော့။ ရော့၊ ကော်ဖီသောက်ရင်း ရှင်းဗျာ"
"ခင်ဗျားသေချာစဉ်းစားကြည့်လေ။လူတိုင်းလိုလို ကြီးပွားရာကြီးပွားကြောင်းတွေးတောကြံဆကြတာပါပဲ။ ဒါပေသည့် အသေးစိတ်မတွေး ချင်ကြဘူး။အဆုံးစွန်အထိ ရောက်အောင် ၊ပြည့်စုံတဲ့အခြေအနေတစ်ခုအထိ ရောက်အောင် ရဲရဲတင်းတင်းရှေ့ဆက်တွေးတဲ့သူကတော့ မရှိသလောက်ရှားတယ်ဗျာ။တိတိကျကျပြောရရင် အဲသလိုစေ့စေ့ပေါက်ပေါက်တွေးတဲ့အလုပ်ကို အရှေ့တိုင်းသားတွေထက် အနောက် တိုင်းသားတွေက ပိုပြီး အားသန်တယ်။ အရှေ့တိုင်းနဲ့အနောက်တိုင်းအဝတ်အစားတွေကို ယှဉ်ကြည့်စမ်းဗျာ။ လံကွတ်တီနဲ့တောင်ရှည် ပုဆိုးဆိုတာ နံငယ်ပိုင်းကနေ နည်းနည်းသာတဲ့အဆင့်ပဲရှိတယ်ဗျာ။ အနောက်တိုင်းသားတွေကတော့ ခြေထောက်နေရာမှာ ကွက်တိစွပ် လို့ရအောင်ဘောင်းဘီဖြစ်တဲ့အထိ ရှေ့ဆက်စဉ်းစားကြသဗျ။ အကျီတွေကိုလည်း လေ့လာကြည့်။ပိုတောင်ဆိုးသေး။ရွှေကိုယ်တော် အရှေ့တိုင်းသားတွေဟာ ကျောပြောင်နဲ့ ရင်လျားဘဝက တက်ခဲ့ရာအနှစ်နှစ်ရာလောက်ပဲရှိအုံးမယ်ထင်ပါရဲ့။
အခုလောလောဆယ်မှာပဲ ဆဲဗင်းအလဲဗင်းဆိုင်တွေကိုကြည့်စမ်းပါဗျာ။တင်ရောင်းနေတဲ့ ပစ္စည်းက ဘာမှ အဆန်းတကြယ် မဟုတ် ဘူး။ဒီပစ္စည်းမျိုး ရောင်းနေလို့ကတော့ ဘာမှထူးမှာ မဟုတ်ပါဘူး။ ဒါမျိုးရောင်းတဲ့ ဆိုင်တွေ ရပ်ကွက်ထဲမှာ ပွလို့ဆိုပြီး လူအများ ရှေ့ဆက် မစဉ်းစားရဲတဲ့ ကိစ္စမျိုးကို ရှေ့ဆက်စဉ်းစားတဲ့ သူက ဒီဆဲဗင်းအလဲဗင်း အုပ်စုကြီးကို ပိုင်သွားတာပေါ့ဗျာ။ သေချာစဉ်းစားကြည့်။ လူအများစုဟာ ဘယ်ပစ္စည်းတွေကို အမြဲတစေ လိုအပ်နေတတ်သလဲ။ဘယ်အချိန်မှာ လိုနေတတ်သလဲ။ ဘယ်နေရာမျိုးမှာ လိုတတ်သလဲ။ ဘယ်လိုဈေးနှုန်းရောင်းမလဲ။ အဲဒီအရောင်းဆိုင်တွေမှာ ဘယ်လို ခေတ်မီဝန်ဆောင်မှုတွေ ချိတ်ဆက်ပြီးပေးနိုင်သလဲ။ပြောရရင် အများကြီးပါဗျာ။လေယာဉ်လက်မှတ်ကို ဆဲဗင်းအလဲဗင်းမှာ ထုတ်လို့ရတယ်။အစိုးရရုံးတွေကို သွင်းရမဲ့ ရေမီတာခ၊လျှပ်စစ်မီတာခတွေကို သွင်းလို့ရတယ်။ အဲဒီအချက်တွေကို ဆဲဗင်းအလဲဗင်းရဲ့ဖခင်ကြီးက သေချာတွေးတော ခဲ့တယ်။ ဖြေရှင်းနည်းကို ရှာဖွေခဲ့တယ်။ ကျနော်တို့ခင်ဗျားတို့က ခက်တာလေး တစ်ချက်တွေ့ရင် ဖြစ်မှာမဟုတ်ပါဘူးဆိုတာက အရင် ။ဒါကြောင့်မကြီးပွားတာ။ ဒါကြောင့် ကျနော်တို့ ခင်ဗျားတို့လို လူမျိုးတွေ၊အများစုနေတဲ့ တိုင်းပြည်လည်း ဘယ်မှာလာ ကြီးပွားပါ တော့မတုန်း"
"ဒါတင်မကသေးဘူး။ တကမ္ဘာလုံးက လူတွေကြက်ကြော်စားကြတယ်။ကြက်သားကြော်တတ်ကြတယ်။"ကြက်သားကြော်၊ကြော်ရောင်း ကွာ"လို့များ ခင်ဗျား တစ်ယောက်ယောက်ကို အကြံပေးလိုက်မိရင် သေချာပေါက်ခင်ဗျားကို အရူးလို့ပြောမှာပဲ။ဒါပေမဲ့ ဆရာ၊ "KFC"ကြက်ကြော်ဆိုင်တွေဟာ ကမ္ဘာအနှံ့မှာ ဆိုင်ခွဲတွေသိန်းချီရှိနေတာကို ကြည့်လိုက်ပေတော့။"KFC"ကို စတင်ဖန်တီးခဲ့သူဟာ သူများတစ်ကာထက် ရှေ့ဆက်တွေးရဲတဲ့လူ၊အဲဒီအတွေးတွေထဲက အခက်အခဲမျိုးစုံဖြေရှင်းနည်းကို စတင်တွေ့ရှိသူပဲဗျ။ သူများထက် ပိုကောင်းတဲ့၊ပိုအရသာရှိတဲ့ ကြက်ကြော်ကို ငါဘယ်လိုဖန်တီးမလဲ။ဘယ်နည်းစံနစ်နဲ့ရောင်းမလဲ။ ဆိုင်တွေကို ဘယ်လိုပြင်ဆင် မလဲ။ဘယ်လိုအစားအစားတွေကို တွဲဘက်ရောင်း မလဲ။ စတာ စတာတွေကို သူသေချာပေါက်အဖြေရှာခဲ့ရမယ်။ချို့ယွင်းအားနည်း ချက်တွေကို နှစ်ပေါင်းများစွာ၊အကြိမ်ကြိမ်ပြင်ဆင်ဖြည့်စွက်ခဲ့ရမယ်။ဒါကြောင့်လည်း ပြိုင်ဘက်ကင်းအောင်မြင်ခဲ့တာပါပဲ။ ဒါကြောင့် အောင်မြင် နေသူတွေကိုလေ့လာအကဲခတ်ကြည့်ရင် ကျနော်ပြောခဲ့တဲ့အချက်တွေမှာ လူအများစုနဲ့ ကွဲထွက်နေတာကိုတွေ့ရတတ် တယ်။ ဥပမာ မစ္စတာလီဆိုပါတော့ "
"ခင်ဗျားတော်တော်လည်တဲ့လူပဲ။မစ္စတာလီအကြောင်း စကားဆက်ချင်တာများ ကျွတ်ကျွတ်အိတ်နဲ့ ကြက်ကြော်ကနေ နိဒါန်းပျိုးရတယ် လို့ဗျာ"
"ခင်ဗျားပျင်းနေမှာစိုးလို့ ခြေဆင်းလေးနဲ့ စလိုက်တာပါ။ကျနော်ဆုံခဲ့ရတဲ့ မစ္စတာလီအကြောင်းက ဒီလိုဗျ"
ဤသို့လျှင် အစချီကာ ကိုသက်ခိုင်သည် ကျနော့်မျက်နှာကို စေ့စေ့ကြည့်လျက် မစ္စတာလီ၏ဇာတ်ကြောင်းကို အောက်ပါအတိုင်း ခင်းပါ လေတော့သည်။
"ဘန်ကောက်လိုနေရာမျိုးမှာ ဗမာပြည်ပေါက်လူတန်းစားပေါင်းစုံကို ကျနော်အများကြီးတွေ့ဖူးပါတယ်။ အစိုးရအတိုက်အခံတွေ၊စီးပွား ရေးသမားတွေ၊သင်္ဘောသားတွေ၊စုံလို့ပါပဲ။ ဒီအထဲမှာ မစ္စတာလီကတော့ ထူးခြားတယ်ဆိုရမယ်။

မစ္စတာလီ့အကြောင်းပြောမယ်ဆိုတော့ သူဘဝအထုပ္ပတ္တိကြီးကို နှုတ်တိုက်ရွတ်ပြနိုင်တာမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ။ လုပ်ငန်းကိစ္စနဲ့ ဆယ်ရက်ဝန်းကျင်သူနဲ့ထိတွေ့ဆက်ဆံခဲ့ရတဲ့ အချိန်ကာလလေးမှာ ကျနော်သူ့အပေါ်အကဲဖြတ်ချက်ဆိုပါတော့။ သူ့နာမည်အပြည့် အစုံက "Pit Teong (Pote)Lee"တဲ့။သူဟာ ၁၉၇၀ ခုနှစ် ဝန်းကျင်မှာဗမာပြည်ကနေ ထွက်ခွာခဲ့တယ်လို့ ဆိုတယ်ဗျ။ လက်ရှိအသက်နဲ့ ဆက်စပ်ခန့်မှန်းကြည့်တော့ သူအသက်နှစ်ဆယ်ကျော် အရွယ်ပေါ့။ သူဟာ ရန်ကုန်တက္ကသိုလ်မှာ ရူပဗေဒအဓိကနဲ့ မာစတာရခဲ့ သတဲ့။ကျောင်းပြီးတဲ့အချိန်မှာ သူဟာ ဗိုလ်တထောင်လုပ်သား ကောလိပ်မှာ နည်းပြဆရာအဖြစ်ဝင်လုပ်နေရာကနေ ပညာရေးခရီး ဆက်ဖို့ ယိုးဒယားကိုထွက်ခဲ့တာတဲ့ဗျာ။နေဦးဗျ။ ရန်ကုန်တက္ကသိုလ် ရူပဗေဒကျောင်းသား အဖြစ်နဲ့နောက်ဆုံးနှစ် စာမေးပွဲမှာ ဘာသာ စုံဂုဏ်ထူးရဖူးသတဲ့။"
"ကျနော့်စိတ်ထင် မစ္စတာလီပြည်ပကိုထွက်ခွာလာတဲ့ ကိစ္စဟာ ၁၉၆၇ခုနှစ်ဝန်းကျင်မှာ ဖြစ်ခဲ့တဲ့ တရုတ်ဗမာအဓိကရုဏ်းရဲ့ နောက်ဆက် တွဲဂယက်များ ဖြစ်နေမလား စဉ်းစားမိတယ်ဗျ။ဘာဘဲဖြစ်ဖြစ်ဗျာ မစ္စတာလီဟာ ဘန်ကောက်အေအိုင်တီ(Asian Institute of Technology) တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ သူ့အစွမ်းအစပြနိုင်ခဲ့တယ်။အမှတ်ကောင်းကောင်းနဲ့ စကော်လာအဆင့်နဲ့ဝင်ခွင့်ရခဲ့တယ်။ မစ္စတာလီဟာ အေအိုင်တီတက္ကသိုလ်ရဲ့ ပထမဦးဆုံးသော မြန်မာကျောင်းသားတဲ့ဗျ။ပိုပြီးထူးခြားတာက ဗမာပြည်တုန်းက Physics နဲ့ ကျောင်းပြီးလာပီး ဒီ "AIT"မှာ "Civil"နဲ့ ၀င်ခွင့်ရသတဲ့ဗျာ ။
ဗဟုသုတအနေနဲ့ ကြားဖြတ်ပြီးပြောရအုံးမယ်။ အဲဒီ "AIT "တက္ကသိုလ်စီမံကိန်းဟာ အနောက်နိုင်ငံတွေက မြန်မာပြည်ဖွံ့ဖြိုးရေးအတွက် ကူညီဖို့ရည်ရွယ်ခဲ့တဲ့ စီမံကိန်းတဲ့ဗျာ။ ဘယ်ကနေ ဘယ်လိုထိုင်းနိုင်ငံဘန်ကောက်ဘက် ရွာလည်သွားသတုန်း၊မပြောတတ်တော့ပါဘူး။
"AIT"တက္ကသိုလ်ကနေ ဘွဲ့ရပြန်တော့ သူရတဲ့ဘွဲ့နဲ့ လခစားအလုပ်ဖို့ သူ့ဦးလေးက အကြံပေးပေမဲ့ သူက ကိုယ်ပိုင်စာအုပ်အရောင်း ဆိုင် ထောင်ခဲ့တယ်တဲ့။သူ့အကြောင်းပြချက်ကတော့ ဝန်ထမ်းလစာနဲ့ သူ့အိမ်ထောင်ကို တင့်တောင်တင့်တယ်ထားနိုင်မှာ မဟုတ်လို့ တဲ့ဗျာ။ဟုတ်တယ်။ အဲဒီအချိန်မှာ ထိုင်းအမျိုးသမီးတစ်ဦးနဲ့ သူအိမ်ထောင်ကျနေပြီ။၁၉၈၄ ခုနှစ်က ဘန်ကောက်မြို့မှာ သာမန် စာအုပ် ဆိုင်ကလေးနဲ့ အစပြုခဲ့တဲ့ မစ္စတာလီဟာ အခုလက်ရှိအချိန်မှာ (iGroup Asia Pacific)ဆိုတဲ့ နိုင်ငံတကာနည်းပညာ ကုမ္ပဏီကြီး တစ်ခုရဲ့ စီအီးအို(CEO) ဖြစ်နေပြီတဲ့ဗျာ။ဟုတ်တယ်၊အဲဒီ "iGroup"ရဲ့ "Founder"ဟာ မစ္စတာလီပါပဲ။ကျနော်လေ့လာမိသလောက် အဲဒီ i Group ဟာ တောင်ကိုးရီးယား၊သြစတေလျ၊ ဂျပန်၊ အိန္ဒိယ၊စင်္ကာပူ၊ရူမေးနီးယား၊ဟောင်ကောင်၊ထိုင်ဝမ်စတဲ့ နိုင်ငံပေါင်းဆယ့်လေး နိုင်ငံမှာ ကုမ္ပဏီခွဲတွေရှိသတဲ့။"iGroup"ဟာ စာအုပ်ထုတ်ဝေရေးလုပ်ငန်း၊အချက်အလက်နဲ့နည်းပညာအပါအဝင် ခေတ်မီအိုင်တီ လုပ်ငန်း ပေါင်းစုံလုပ်ကိုင်နေလေရဲ့။ လျှောက်ပြောနေရင် ဆုံးမှာမဟုတ်ဘူးဗျ။"iGroup"အကြောင်း ပြည့်ပြည့်စုံစုံ သိချင်သပဆိုရင် အင်တာနက် သုံးပြီးဂူဂဲလ်မှာဝင်ရှာကြည့်ပေတော့။
တစ်နေ့တော့ မစ္စတာလီဟာ ဘန်ကောက်မြို့မှာ နိုင်ငံတကာသံတမန်တွေ ၊ထိပ်တန်းစီးပွားသမားတွေကို အဆင့်မီမီဧည့်ခံနိုင်လောက် တဲ့ နိုင်ငံတကာအဆင့်စားသောက်ဆိုင်မျိုး ဘန်ကောက်မှာ မရှိသေးတာကို သတိပြုမိပြီး"Water Library Restaurant"ကို ၂၀၀၆ခုနှစ်မှာ စဖွင့်ဖြစ်သတဲ့ ။ ဒီဆိုင်ကိစ္စကို မစ္စတာလီရဲ့ ညာလက်ရုံး နိုင်ငံခြားသားတစ်ယောက်နဲ့ တွေ့တုန်းသေချာစပ်စုလိုက်မိတော့ ပထမနှစ်နှစ် အတွင်းမှာ စားသုံးသူအနည်းအကျဉ်းသာရှိပြီး အရှုံးပေါ်ခဲ့သတဲ့။သုံးနှစ်မြောက်မှာတော့ ဒီဆိုင်ရဲ့ဂုဏ်သတင်းဟာ တစတစလူသိများလာ ပြီး အခုအချိန်မှာ ဘန်ကောက်မြို့မှာ ရှိတဲ့ နာမည်ကြီးဟိုတယ်တွေက စားသောက်ဆိုင်ပေါင်းလေးထောင် ကျော်ထဲမှာ ထိပ်တန်းစာရင်း ဝင်လာရောတဲ့ဗျာ။ဒါတင်မကသေးဘူးကိုမင်းဒင်။ မစ္စတာလီဟာ ခေတ်ပြောင်းနေပါပြီဆိုတဲ့ ဗမာပြည်ဘက် ကိုလည်း မျက်ခြေမပြတ်ဘူးဗျ။ ပုဂံမှာ ဟိုတယ်ဆောက်နေသတဲ့။ ကရင်ပြည်နယ်ဖားအံမြို့မှာ "Wacoal"ဆိုတဲ့ အမျိုးသမီး အသုံးအဆောင်၊ဘော်လီ၊အတွင်းခံ ဘောင်းဘီစတာတွေ ထုတ်လုပ်တဲ့ ကမ္ဘာကျော် ဧရာမကုမ္ပဏီကြီးရဲ့ စက်ရုံခွဲတစ်ခုကိုလည်း ဆောက်နေပြီတဲ့ဗျာ။တကယ်တော့ ဒီလုပ် ငန်းစဉ်တွေဟာ "iGroup"ကနေ ဖြာထွက်လာတာတွေပါပဲ။လက်ရှိအချိန်မှာ မစ္စတာလီဟာ ထိုင်းနိုင်ငံရဲ့အကျော်ဇေယျစီးပွားရေးလုပ် ငန်းရှင်တွေတင်မက နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်တွေပါ လေးစားအားကျရတဲ့သူဖြစ်နေ ပါပြီ။တက်လာသမျှ ထိုင်းအစိုးရအဖွဲ့ဝင် တွေနဲ့လည်း ဝင်ဆန့်နေပြီဆိုပါတော့။
မစ္စတာလီဟာ ဗမာပြည်ဘက်ကို ဘယ်တော့မှခြေဦးမလှည့်တော့ပါဘူးလို့ ဆုံးဖြတ်ခဲ့ဖူးသတဲ့။ ဒါပေမဲ့ သူသိပ်အောင်မြင်လာတဲ့အခါ ဗမာပြည်မှာရှိနေတဲ့ကလေးတွေရဲ့ ပညာရေးကို ကူညီချင်စိတ်ပေါ်လာသတဲ့။ ကျနော့်စိတ်ထင်တော့ သူ့ရဲရင်ထဲမှာခိုအောင်းနေခဲ့တဲ့ ဘဝဟောင်းက ကျောင်းဆရာစိတ်ပြန်ပေါ်လာတယ်ထင်ပါရဲ့။ဗမာပြည်ပညာရေးအတွက်အထောက်အကူဖြစ်စေမဲ့ လှူဒါန်းမှုတွေ ကူညီ ပံ့ပိုးမှုတွေအကြီးအကျယ်လုပ်ပေးနေလေရဲ့ဗျာ။
မစ္စတာလီအကြောင်း ကျနော်နင်းကန်ညွန်းနေတယ်လို့တော့မထင်လေနဲ့ဗျာ။ ကျနော်နဲ့တွေ့တဲ့ရက်ပိုင်းမှာပဲ အာရှရဲ့နာမည်ကျော် မဂ္ဂဇင်း တစ်စောင်ဖြစ်တဲ့ "Robb report Magazine"ကနေ မစ္စတာလီရဲ့ဘဝဇာတ်ကြောင်းကို အပြည့်အစုံဖော်ပြဖို့ အင်တာဗျူးနေတာ တွေ့ခဲ့သေးဗျာ။မစ္စတာလီနဲ့စကားလက်ဆုံကျမိချိန်မှာ ကျနော်သူ့ကို သတိထားမိတဲ့အချက်တွေကတော့ သူဟာ ဘယ်အလုပ်ကိုမှ  လောဘဇော တိုက်ပြီးလုပ်တဲ့သူ မဟုတ်ဘူး။ သူ့ဝန်ထမ်းတွေအပေါ်မှာ အမိအဘသဖွယ်၊အကိုကြီးသဖွယ်ထားရှိတတ်တဲ့ စိတ်ထား ပါပဲ။သူ့လက်ရင်း တပည့်ဝန်ထမ်းတဦးရဲ့ လစာဟာ ဒေါ်လာနှစ်သောင်းငါးထောင်ကျော်ရှိသတဲ့။ ဒါတောင် မိသားစုကျန်းမာ ရေး၊ကလေးတွေရဲ့ ပညာရေး၊ အခြားလူမှုရေးအထောက်အပံ့တွေမပါသေးဘူးတဲ့ဗျ။ သူ့ဝန်ထမ်းတွေကို သူအမြဲပြောနေကျ စကား ကတော့"ခင်ဗျားတို့ ကျနော့်ထက် လစာပိုပေးနိုင်တဲ့သူတွေ့ကောင်းတွေ့နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်လောက် မေတ္တာဂရုဏာ ထားနိုင်သူမရှိနိုင်ပါဘူး"ဆိုတာ ရဲရဲကြီး ပြောနိုင်သတဲ့။ကျနော့်စိတ်ထဲမှာတော့ ကျနော့်ကိုအကြံပေးခန့်နေတဲ့ ပဲခူးသူဌေးလင်မယားသာ၊ မစ္စတာလီရဲ့ လုပ်ပုံကိုင်ပုံနဲ့ ဝန်ထမ်းတွေ အပေါ်ထားတဲ့သဘောထားမျိုးထားနိုင်ရင်ဘယ်လောက်ကောင်းလိုက်လေမလဲ လို့တွေးမိ တယ်ဗျ။
ကျနော်ဟာ ဘန်ကောက်မြို့"Swissotel"မှာကျင်းပတဲ့ "iGroup"ရဲ့နှစ်ပတ်လည်အခန်းအနားကိုလည်း မစ္စတာလီရဲ့ဖိတ်ကြားချက်နဲ့ တက်ခဲ့ရသေးဗျာ။iGroup ရဲ့နိုင်ငံတကာကိုယ်စားလှယ်သုံးရာနီးပါးတက်ရောက်တာတွေ့ခဲ့ရဗျ။အဲဒီနေ့အခန်းအနားမှာ "CEO"ဖြစ်တဲ့ မစ္စတာလီပြောခဲ့တဲ့ နှစ်သစ်ကူးမိန့်ခွန်းကတော့ ကျနော့်ဘဝမှာ နားထောင်ခဲ့ရတဲ့မိန့်ခွန်းတွေထဲမှာ အကောင်းဆုံးသောမိန့်ခွန်းလို့ ထင်မိ တာပါပဲ။အေးဗျ။မစ္စတာလီဟာဗမာလိုထက် အင်္ဂလိပ်လိုပြောတာ ပိုပြီးကောင်းနေတယ်။ မိန့်ခွန်းကို ဘာစာရွက်မှမကိုင်ဘဲ လက်တန်း ပြောတယ်။သူ့ဖြတ်ကျော်ခဲ့တဲ့ ရုန်းကန်မှုတွေ၊သူ့ရဲ့ကိုယ်ပိုင်ဘဝအဓိပ္ပါယ်ဖွင့်ဆိုချက်တွေ၊"iGroup"အတွက်ရှေ့ရေးစိန်ခေါ်မှု တွေကို အချိန်တိုတိုအတွင်းမှာ ချက်ကျလက်ကျ ရွှင်မြူးပေါ့ပါးတဲ့ဟန်နဲ့ လမ်းလျှောက်ရင်းဟောပြောနေတာကို ကျနော်ကြည့်နေရင်း "အိုဘားမား တောင်ဒီလောက်ကောင်းတဲ့မိန့်ခွန်းပြောနိုင်ပါ့မလား"လို့တွေးမိတဲ့အထိဗျာ။
သူခြွေနေတဲ့မိန့်ခွန်းထဲမှာ အမေရိကန်ထုတ်စာအုပ်တစ်အုပ်အကြောင်းလည်းပါလာတယ်ဗျ။ အဲဒီစာအုပ်နံမည်က "Bird"ဆိုပဲ။ အဲဒီငှက် တွေရဲ့ဓာတ်ပုံစာအုပ်မူရင်းဟာ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ခုနစ်သန်းနဲ့အရောင်းအဝယ်ြဖစ်ခဲ့သတဲ့။မစ္စတာလီဟာ အဲဒီမူရင်း စာအုပ်နဲ့ အရည်အသွေးတထပ်တည်းနီးပါးကျတဲ့ မိတ္တူစာအုပ်၊အုပ်ရေတစ်ရာရိုက်နေလေရဲ့။ အဲဒီမိတ္တူစာအုပ်ရဲ့တန်ဖိုးတောင် ဒေါ်လာငါးသောင်း တဲ့ဗျ။အာရှတိုက်မှာ ဖြန့်ချိမှာက အုပ်ရေငါးဆယ်မို့ဝယ်ချင်တိုင်း ဝယ်လို့မရဘူးတဲ့ဗျာ။ကျနော်ကတော့ မစ္စတာလီရဲ့ ငွေရှာနည်း ဒဿန တစ်ခုကို နားထဲမှာ ကြားနေလေရဲ့။ဘာတဲ့။ "ကိုသက်ခိုင်ရယ်။ သူဌေးတွေဆီက ငွေထွက်အောင်လုပ်တဲ့ ငွေရှာနည်းတွေ အများကြီးပါ ဗျာ"ဆိုတဲ့ စကားပေါ့။
လူ့စိတ်ဆိုတာ တယ်လည်းဆန်းကျယ်ပါလားကိုမင်းဒင်ရယ်။ အောင်မြင်နေတဲ့ သူဌေးကြီးမစ္စတာလီက တခြားသူဌေးကြီးတွေအကြောင်း ပြောနေချိန်မှာ ကျနော့်မွေးရပ်မြေမှာ ဆင်းရဲတွင်းထဲက ရုန်းမထွက်နိုင်သေးတဲ့၊ ကျောပြောင်တွေနဲ့၊ ပုဆိုးပိုင်းတထည် ပုခုံးပေါ်လွှားပြီး ဓားမတို တစ်ချောင်းကို ၊ကျောနောက်ပုဆိုးကြားမှာ ညှပ်ပြီး နေ့စာညစာ သျှောင်မီးထွန်းရှာနေရတဲ့ ဆွေမျိုးညာတကာ တွေအကြောင်း ခေါင်းထဲ ရောက်ရောက်လာတယ်ဗျ။
ဘာတဲ့၊ ဦးပုညရဲ့ရေသည်ပြဇာတ်ထဲက"သြော်၊လူ့ဘုံခန်းဝါ၊ လူ့ပြည်ရွာမှာ၊ ဝမ်းစာ ခဲခက်၊မုရင်းထမင်း၊ချဉ်ပေါင်ဟင်းနှင့်၊ ဆန်တွင်းက နက်လွန်းလို့၊အသက်ရှိစဉ်၊မသေခင်ကို၊ကောက်လျင်ကြီးဆန်၊နီတာလံနှင့်၊ငါးသန်သေးနှုတ်၊ရေလုံပြုပ်များကို၊တလုပ်ကယ်ဝဝ၊စားလိုက်ရလျှင်ဖြင့် ၊အာဂပါးစပ်၊လူဖြစ်ရကျိုးနပ်လေငဲ့"ဆိုတဲ့စာချိုးတောင် ပြေးသတိရမိသေးဗျာ။ စကားကြောရှည်လှချည့်ရဲ့လို့ ခင်ဗျားကျနော်ကို ပြောချင်ပြောပေရော့။မစ္စတာလီလို ရေခြားမြေခြားမှာအောင်မြင်နေသူတွေကိုမြင်ရတွေ့ရတော့၊ကြီးပွားချင်စိတ်ကြောင့် ကိုယ့်အရပ်ကိုယ့် ဒေသကိုစွန့်ခွာပြီး ရေကြည်ရာမြက်နုရာ ရှာကြတဲ့ ကျနော်တို့မှိုက်ပင်သားတွေ အကြောင်း ပြောလိုက်ချင်သေးဗျာ။


သက်ခိုင်ရှင်းတမ်း

$
0
0

                                                               
                                                                         သက်ခိုင်ရှင်းတမ်း

                                                                             (မင်းဒင်)

(၁)ငယ်စိတ်မှသည်

ငယ်စဉ်ကမူ ကျနော်သည်ထစ်ကနဲရှိ ဂျိုကြွတတ်သူဖြစ်ခဲ့၏။စကားအကြောတင်သည်ဟု ထင်မိလျှင် တဖက်သား လဲသေချင်စိတ် (သို့မဟုတ်)ထရိုက်ချင်စိတ်ပေါက်အောင် ဆတ်ဆတ်ထိမခံ ဖြတ်ပိုင်းလှီးချ ဒိုးကနဲ၊ဒေါက်ကနဲရုတ်ခြည်း တုန့်ပြန်တတ်သော ဉာဉ်ဆိုးရှိခဲ့ သည်။
မြန်မာရာဇဝင်တွင် အလောင်းမင်းတရားကြီး၏ ပြည်ထောင်ဘက် ဗိုလ်တွန်(မင်းခေါင်နော်ရထာ)ဟူသော လူစွမ်းကောင်းတစ်ဦးရှိခဲ့ဖူး သည်။အလောင်းမင်းတရားလွန်သော်သားတော်နောင်တော်ကြီးမင်းနှင့်စိတ်ဝမ်းမညီလေသဖြင့် ဗိုလ်တွန်သည်ဘုရင်ကို အာခံသူဖြစ်ခဲ့ သည်။တခါသော် ဘုရင့် သစ္စာခံဗိုလ်မှူး၊တပ်မှူးတို့သည် မင်းခေါင်နော်ရထာကို လက်ရဖမ်းရန်ကျိုးပမ်းကြ၏။
[ပန်းလောင်းမြစ်တစ်ဖက်ကမ်းသို့ရောက်သောအခါ မက္ခရာဗိုလ်သီရိရွှေတောင်၊စွန့်စွန့်စားစားအမီလိုက်လာသည်ကို မြင်လျှင် မင်းခေါင် နော်ရထာက "ဟယ်၊သီရိရွှေတောင်၊ပဇာမူ၍လိုက်လာသနည်း"ဟုမေးလေသည်။သီရိရွှေတောင်က "မင်းကိုဖမ်းမည် လိုက်လာသည်"ဟုပြန်ပြောရာ "သီရီရွှေတောင် နင်ထမင်းကိုမုန်းပြီလား"ဟုဆိုကာ မြင်းကိုပြန်လှည့်၍လှံမနှင့်လွှတ်လေသည်။](ကုန်းဘောင်ရှာပုံတော်)
 ဤနည်းနှင်နှင် ကျနော်သည်ရန်သူအတော်များများကို တိုက်ဘက်မတန်ဟူသော အယူရှိသည့် မင်းခေါင်နော်ရထာကိုအားကျခဲ့သူဖြစ်ပါ သည်။
သို့သော် အသက်အရွယ်နှင့် ဘဝအတွေ့အကြုံမျိုးစုံသည် ထောင်လွှားနေသော ကျနော့်မာနကို ခဝါချစေခဲ့သည်။  မာန်တည်းဟူသော ဂျိုကိုရိုက်ချိုးခဲ့သည်။ ဘဝ၏ သဘော၊လူ့မနောကို စောကြောနိုင်စပြုလာပြီဖြစ်၍ စိတ်ရှည်သည်းခံခြင်းဖြင့် အေးချမ်းသော လမ်းဆီ သို့သာ ဦးတည်ခဲ့သည်။ဆတ်ဆတ်ထိမခံသော ကိုယ့်စိတ်ကိုကိုယ်၊ကျုံးသွင်းခဲ့သည်။အသိတစ်စိတ်သားနှင့် ဥာဏ်တခွဲသားရှိ သယောင် အရေး အပြော၊ အပြုအမူမျိုးကို တတ်နိုင်သမျှ ရှောင်ရှားကာ ခတ်မဆိတ်နေခဲ့သည်မှာ ဆယ်စုနှစ်ဝန်းကျင်တစ်ခုကျော် ခဲ့ပြီ။

(၂)ကံတရား၏မျက်နှာသာ

ကျနော်သည် လွန်ခဲ့သောလေးနှစ်ဝန်းကျင်က "မင်းဒင်ရဲ့သက်ခိုင်"အမည်ရှိစာတစ်အုပ်ကိုရေးခဲ့ရာ ကံတရား၏မျက်နှာသာပေးမှုကြောင့် ဖတ်သူများခဲ့ဖူးလေ၏။ တရားဝင်၊တရားမဝင်အကြိမ်ပေါင်းများစွာ ရိုက်နှိပ်ခဲ့ရသည်။အမှန်စင်စစ် "မင်းဒင်ရဲ့သက်ခိုင်"စာအုပ်အဖြစ် ရောက်ရှိလာရခြင်း၊အထိုက်အလျောက်အောင်မြင်ခဲ့ခြင်းတို့သည် ကျနော်တော်လွန်းတတ်လွန်း၍ မဟုတ်ချေ။အံ့သြဖွယ်အကြောင်း တရားတိုက်ဆိုင်မှုများနှင့်စာဖတ်ပရိသတ်အချို့၏ စေတနာပြွမ်းသော အကြံပေး၊ဖေးမမှုများကြောင့်သာ ဖြစ်၏။၂၀၀၇ခုနှစ်ဝန်း ကျင် ဘလော့ဂ်စာမျက်နှာတွင်ဖော်ပြစဉ်ကပင် စာဖတ်သူအများစုက ထောက်မပြင်ဆင်ပေးကြသည်။ အပြုသဘော ဝေဖန်အကြံပေးခဲ့ ကြ သည်။သို့တစေ ကြီးမားလှသောဇာတ်အိမ်ကြီးဖြင့် ဆင်ခေါင်းခွေးချီသည့်ပမာ ၊မနိုင်ဝန်ထမ်းခဲ့ လေသောကြောင့် မင်းဒင်ရဲ့သက်ခိုင် သည် စာအုပ်အဖြစ်ထွက်ရှိလာသည့်တိုင် အမှားမကင်းခဲ့ပြန်ချေ။
စာဖတ်ပရိသတ်အချို့၏စေတနာကား အံ့သြလေးစားဖွယ်ကောင်းလေစွ၊ချင်းမိုင်မှ အေဘီရဲဘော်ကြီး ကဗျာဆရာကိုလွမ်းဏီသည် မမာမကျန်းသည့်ကြားထဲမှ မဲသဝေါနှင့်မာနယ်ပလော အလွဲကို ပြင်ဆင်ထောက်ပြပေးခဲ့၏။ဘန်ကောက်သို့မကြာခဏရောက်လေ့ ရှိသော ဗိုလ်မှူး(ငြိမ်း)ဦးသောင်းထိုက်သည်လည်း ပြည်ပြေးဗုံးခွဲမှုနှင့် ကိုးရီးယားဗုံးခွဲမှုအမှားကို မေတ္တာအပြည့်ဖြင့် ပြင်ဆင်ဖြည့်စွက်ပေး ခဲ့၏။ထူးခြားစွာ အမှတ်တရကျေးဇူးတင်ထိုက်သူတစ်ဦးကား အသက်ခုနစ်ဆယ့်ငါးနှစ်ကျော် ပင်စင်စား တရားသူကြီးဟောင်း တစ်ဦးဖြစ်၏။ သူသည်နှလုံးရောဂါကြောင့် သမားတော်ကြီးများနှင့် ကြပ်မတ်ကုသနေရချိန်တွင်ပင် စင်္ကာပူမှ သမီးဖြစ်သူမိသားစုကို နားပူကာ ကျနော် နေထိုင်ရာဖူးခက်မြို့အထိ ရောက်လာပြီး သက်ခိုင်၏အလွဲအမှားတချို့ကို ထောက်ပြပြင်ဆင် ပေးခဲ့ဖူး လေသည်။ကျနော်ကဲ့သို့အနုံညာ တလက်သင်စာရေးသူသည် စာဖတ်သူတို့၏ဖေးမကူညီမှုကင်းလျက် သက်ခိုင်ကဲ့သို့သမိုင်းနောက်ခံ စာအုပ်ထူကြီးကို အဘယ်မှာလျှင် ရေးနိုင်ပါအံ့နည်း။စာတစ်စောင်၊ပေတဖွဲ့ဖြစ်လာပါအံ့နည်း။ကျေးဇူးကြီးလေစွ။

(၃) စတုတ္ထဖျက်မျဉ်း

မကြာသေးမီက ကျနော့်ပွဲဦးထွက်လက်ရာ "မင်းဒင်ရဲ့သက်ခိုင်"ကို ဆန်းစစ်သောဝေဖန်ရေးအမည်ခံ  စာအုပ်တစ်အုပ်ထွက်ရှိ လာခဲ့ သည်။ အဆိုပါ ဝေဖန်စာကို ရေးသူ၏ကလောင်အမည်မှာ ယောက်ျားလော၊မိန်းမလောမကွဲပြားချေ။အချို့ကမူ တပ်မတော်ထွက်တစ်ဦး ဟုလည်းဆိုသည်။အဆိုပါစာမူသည် လျှပ်တစ်ပြက်ဂျာနယ်တွင် ရက်သတ္တပတ်အတော်များများဖော်ပြခဲ့ဖူးရာ အဦးပထမ၌ ကျနော် ဝမ်းမြောက်စိတ်ဖြင့်ဖတ်ခဲ့သည်။အကြောင်းမှာ စာရေးခြင်းအတတ်ပညာကို သမားအရာမြောက်အောင်မတတ်မြောက်သော ကျနော် သည်မှတ် ဥာဏ်ကို အားကိုးပြုလျက် ရေးသားဖန်တီးခဲ့သည့် စာအုပ်အတွက် အမှားအယွင်းအကျအပေါက်ကို စံနစ်တကျ အချိန်ယူ ဆန်းစစ်၊ ဖေးမထောက်ပြမည့်သူပေါ်လာချေပြီ ဟူသော အသိကြောင့်ဖြစ်၏။
သို့သော်ကံတရားသည် ကျနော့်ကို မျက်နှာသာမပေးခဲ့ချေ။ ဝေဖန်စာခေါင်းစဉ်ကို ရှုပါ။အောက်ကလိအာလေသံ "ဟုတ်ပါရဲ့လား ကိုမင်းဒင်"ဟူ၏။အဆိုပါ ဝေဖန်စာအတွက် အချို့ကျေနပ်အားရဖြစ်ကြသည်။ ကျနော့်စာအပေါ်သံယောဇဉ်ရှိသူ စာဖတ်ပရိသတ်အချို့ ဂရုဏာသက်သံကိုလည်း တချိန်တည်းတွင်ကြားရသည်။အချို့မူ "ဟုတ်လို့ငြိမ်နေသလား"ဟု စောဒနာတက်ကြသည်။ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းဆိုသည်မှာ လောကဓံ၏သဘောမျှသာဖြစ်၍ထူးဆန်းလှသော အရာကားမဟုတ်။ယင်းအတွက်ထူး၍ မတုန်လှုပ်မိချေ။
ထို့အတူ ဘက်လိုက်ခြင်းကင်းသော၊အမှန်တကယ်ပင် သက်ခိုင်ကျင်လည်ခဲ့ရာခေတ်ကာလကို မသိမမှီလေသော လူငယ်စာဖတ် ပရိသတ် အချို့ မှာမူ ဆင်ခြင်တုံတရားလက်လွှတ်သော ဝေဖန်စာကြောင့် နဝေတိမ်တောင် ဖြစ်ကြရရှာသည်။မည်သည်ဖက်က မှန် သည် မှားသည်ဟု မဝေခွဲနိုင်ကြချေ။လူမှုဘဝဟူသည် လောကကြောင်း ဓမ္မကြောင်း မျှတစွာဆင်ခြင်သုံးသပ်သင့်သည်ဖြစ်ရာ ရာမာ ခရစ်ရှနား၏ သုတ္တန်တစ်ပုဒ်ကိုကျနော်သတိရမိသည်။

(၄) အစွန်းရောက်သော ခန္တီတရား

တခါက တခုသောကျေးရွာဇနပုဒ်အနီးတွင် ကြီးမားလှသော ညောင်ပင်ကြီးတပင်သည်ရှိ၏။အဆိုပါညောင်ပင်ကြီး၏ အောက်ခြေသစ် ခေါင်းအတွင်းတွင် ဒေါသကြီး၍အဆိပ်ပြင်းလှသောမြွေဆိုးတစ်ကောင်ကြောင့် ခရီးသွားအချို့အသက်ဆုံးပါးကြရာ နောက်ဆုံး ညောင်ပင် ကြီးသို့ဖြတ်လျက် ဖြောင့်ဖြူးစွာတည်ရှိသောလမ်းသည် အပင်၏ဝေးရာမှ ကွေ့ကောက်လေ၏။အခါတပါး၌  ခန္တီတရားကို ရွာစဉ်လှည့် ဟောကြားသော ဆာဒူးတစ်ပါးသည် ကောက်ကွေ့သောလမ်းကိုမြင်ရာမှ အစပြု၍ မြွေဆိုးကို သည်းခံခြင်းတရားတွင် တည်စေရာ မြွေဆိုးသည်လည်း အာမဘန္တေပြု၏။ကာလအတန်ကြာလတ်သော် ခရီးတစ်ပါးလှည့်လာရာမှ လာရာလမ်းအတိုင်းအပြန်၊ ဆိုခဲ့သော ညောင်ပင်အောက်အရောက် ကလေးငယ်တသိုက် ခါးကျိုးနေသည့်မြွေကိုအမြီးမှကိုင်ယမ်းကာ ဆူညံစွာမြူးတူးနေသည်ကိုတွေ့လေရာ ဆာဒူးက "အသင်အဘယ်ကြောင့် ဤသို့ငြိမ်သက်စွာနေအံ့သနည်း"ဟုမြွေကို မေးလတ်သော် "အသင်ဟောအပ်သော ခန္တီတရားကြောင့် ပါတကား"ဟုဆို၏။ဆာဒူးသည် စိတ်မကောင်းခြင်းကြီးစွာဖြင့် ဤသို့မြည်တမ်း၏။"မှားလေစွ။နှာမှုတ်သံမျှပင် မပြုသော သင်၏သည်း ခံခြင်းကား အစွန်းတရားရောက်ချေပြီ"
အဆိုပါသုတ္တန်သည် ဤဆောင်းပါးကိုရေးဖြစ်စေခြင်း၏ တွန်းအားတစ်ခုဖြစ်လေသည်။ဤစာသည်ဝေဖန်စာရေးသူသို့တုန့်ပြန်စာ မဟုတ်။ သက်ခိုင်၏ပရိသတ်၊စာဖတ်သူအများစုသို့သာတိုင်တည်ရည်ညွန်းလိုရင်းဖြစ်၏။

 (၅) အမုန်းတရားလက်ကိုင်ထားသူ

ဝေဖန်စာသည် မည်သို့ပင်ခေါင်းစဉ်တပ်ထားစေကာမူ ကျနော်၏ဝမ်းမြောက်ဝမ်းသာကြိုဆိုလိုစိတ်သည်ခေါင်းပါးမသွားခဲ့ချေ။မကြာခဏ ရိုက်နှိပ်ထုတ်ဝေနေရသော စာအုပ်ဖြစ်၍ ကြုံကြိုက်သည့်ထပ်မံထုတ်ဝေချိန်တွင် ပြင်ဆင်ခွင့်ရရန်သာ ကျနော်အားသန်ခဲ့သည်။ ဝေဖန်သူသည် ဆောင်းပါး၏အစအဦးတွင်ပင် (ကို)မင်းကိုနိုင်၏စာရေးဟန်အား တစ်ခေတ်တွင်တစ်ယောက်ထွန်းပေါက် အောင်မြင် ခဲ့သည့် ကွယ်လွန်သူစာရေးဆရာနိုင်ဝင်းဆွေအရေးအသားနှင့်ဆင်တူလေဟန်၊(ကို)ဇာဂနာ၏ စာသည် မည်သို့ထူးခြားလေဟန် မဆီ မဆိုင်နိဒါန်းသွယ်၏။လက်စမ်းစာရေးနေသူတစ်ဦးကို ချေမှုန်းသုတ်သင်ရန် နာမည်ကြီး ပုဂ္ဂိုလ် အကျော်အမော်တို့၏ အမည်နာမကို ခြေကုပ်ကြိုယူထားသည်မှာ ကြည့်တတ်သူအဖို့အလွန် မြင်သာသည်။
သက်ခိုင်၏ထောင်ကျနှစ် အလွဲကို သူထောက်၏။ ဟယ်ရီတန်အုတ်ဂူနှင့်ဗိုလ်အောင်ကျော်အထိမ်းအမှတ်ကျောက်တိုင်အမှားကို ဝမ်းသာ အားရလေသံဖြင့်ပြစ်တင်၏။(အဆိုပါဆောင်းပါးမရေးသားမီကပင် ဒုတိယအကြိမ်ထုတ်စာအုပ်တွင်ပြင်ဆင်ပြီးဖြစ်သည့်) အလုံလူမိုက် စိုးမြတ်အား သတ်ခဲ့သည့်တရားခံ နဂါးလေးဝင်းအောင်အမည်မှန်ကို ရဲမှတ်တမ်းမိတ္တူပူးတွဲ ဖော်ပြလျက် ခြေကြောက်၏။ စာအုပ်ပါ သမိုင်း အမှားများကြောင့် ပြည်သူလူထုတစ်ရပ်လုံး နစ်နာဆုံးရှုံးရမည့်ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သူကြီး၏ လေသံဖမ်း သည်။
သက်ခိုင်သည်ဂေါက်သီးမရိုက်တတ်ကြောင်း၊မင်းဒင်သည်ဂေါက်ရိုက်နည်းကိုလေ့လာပြီးမှ ရေးသင့်ကြောင်း အငေါ်တူး၏။ သက်ခိုင် သည်ဆယ်တန်းမအောင်လေဟန်၊ဂျီတီအိုင်မတက်ဖူးလေဟန် ငေါ့တော့တော့လေသံပစ်၏။အလျော့ပေး၍ "အောင်မယ်လေး"အော်နေ သူကို "ကြောက်ပါပြီ"မအော်၍ထပ်နှိပ်စက်သည့်အဖြစ်ကိုသာ သတိရစရာကောင်းတော့သည်။
လိုရင်းပြောရလျှင် သက်ခိုင်ကိုရေးစဉ်က အားနည်းချို့ယွင်းချက်ရှိနိုင်ကြောင်း၊ကိုယ်ပိုင်ဆင်ခြင်တုံတရားဖြင့် ဖတ်ရှုကြပါမည့်အကြောင်း ကျနော်အကြိမ်ကြိမ်အပ်ကြောင်းထပ်ခဲ့ပြီးဖြစ်လေရာ အမှားအယွင်းထောက်ပြသူရှိခဲ့သော် ပြင်ဆင်ရုံသာရှိသည်။ ပြင်ခဲ့ပြီ။ ပြင်နေဆဲ။ သို့သော် ဝေဖန်ထောက်ပြသူ၏ စေတနာနှင့်ကိုယ်ကျင့်တရားကိုမူ ဖြူစင်စေချင့်သည်။ ကမ္ဘာမြေပြင်တွင်ထွက်ရှိပေါ်ပေါက် ခဲ့ဖူး သောမည်သည့် စာအုပ်မျှ ပြည်စုံတိကျသည်ဟု မဆိုနိုင်ချေ။ပိဋကတ်သုံးပုံ၊သမ္မာကျမ်းနှင့်ကိုရမ်တို့သည်ပင်လျှင် ဖွင့်ဆိုသူ၊ ဖတ်သူ အပေါ် မူတည်လျက် အဓိပ္ပါယ်ကွဲလွဲချက်ရှိနိုင်ကောင်းသည်။လက်သင်စာရေးသူတစ်ဦးအနေဖြင့် ရည်ရွယ်ကျူးလွန်သောအမှား မဟုတ် မူ၍ သက်သာခွင့်ကို သက်ခိုင်မရထိုက်ပြီလော။

(၆)နိုင်ချင်ကြက်

ဝေဖန်စာရေးသူသည်မြှောက်ပေး၍လော၊နိုင်ချင်ဇောကြီး၍လော၊မုဒိတာစိတ်ခေါင်းပါးလေသလော မဆိုနိုင်။သူ့စာများက သူသည် နိုင် ချင်ကြက်ဖြစ်ကြောင်းဖော်ပြလျက်ရှိသည်။ တဘက်လူကို ဒဏ်ရာအနာတရဖြစ်စေရန် ဂမူးရှူးထိုးနွားသိုးကြိုးပြတ် ထိုးသတ်နေသည့် လက်ဝှေ့သမားနှင့်တူနေ၏။ မူလတန်းကျောင်းအုပ်၏အမည်ကို ဆရာကြီးဦ်းမျိုးမြင့်ဟု  ရေးသားဖော်ပြထားပါလျက်၊ ဂျီတီအိုင် ကျောင်းအုပ်ကြီးသည် ဦးမြင့်ဆွေပါဟု ခါးတောင်းတလွဲကျိုက်သည်။ သက်ခိုင်၏အမည်ရင်းမည်သူမည်ဝါဖြစ်ကြောင်း သူခိုးရွှေရသည့် အူမြူးသောလေသံဖြင့် ဝမ်းသာအားရ ဖော်ပြ၏။သူနှင့်အလှမ်းဝေးလွန်းလှသော ဖြစ်ပျက်ရှာပုံတော်ကိုလည်း ယောင်ဝါးဝါးခံခွပ်ပြန်၏။ ထို့ပြင် စာရေးသူ၏ဂျာနယ်ပါဆောင်းပါးတချို့ကိုလည်း အလွတ်မပေး။ပုဂ္ဂိုလ်ရေးသက်သက်ဇောင်းပေးတိုက်ခိုက်နေလေသည်။
အဆိုးတကာ့အဆိုးဆုံးကား ၁၉၈၈ခုနှစ် သြဂုတ်လ(၁၉)ရက်နေ့တွင်ဖြစ်ပွားခဲ့သော စံရိပ်ငြိမ်ဘဏ်တိုက်ပွဲသည် စာရေးသူ၏ စိတ်ကူး ယဉ်မှုသက်သက်ဟူသတည်း။စံရိပ်ငြိမ်တိုက်ပွဲအမှန်တကယ်ဖြစ်ပွားခဲ့ခြင်းသည် လှည်းတန်း၊ကမာရွတ်၊စံရိပ်ငြိမ်တဝိုက်မှာ နေထိုင်သည့် ယခုအသက်လေးဆယ်ကျော်အရွယ်သိန်းချီသော လူထုသည်အခိုင်မာဆုံးသက်သေဖြစ်၏။အဆိုပါတိုက်ပွဲတွင် ဝင်နွှဲခဲ့ကြသည့် လူထု ဘက်တော်သား တပ်မတော်အငြိမ်းစားများသည်လည်း ပြည်တွင်းနှင့် ပြည်ပနိုင်ငံအသီးသီးတွင် သက်ရှိထင်ရှားဖြစ်၏။ တပ်ကြပ်ကြီင်္း လှရွှေ၏ မူရင်းရုပ်နှင့် အသံဖိုင်ကို ယူကျုတွင် အချိန်မရွေးကြည့်ရှုနိုင်၏။
ရှစ်လေးလုံးကာလ၏ အထင်ကရဖြစ်ရပ်၊စံရိပ်ငြိမ်တိုက်ပွဲအကြောင်းမျှကိုပင် နကန်းတစ်လုံးမသိပါဘဲလျက်၊မင်းဒင်ရဲ့သက်ခိုင်ကို တို့ထိခြင်းသည် မင်းနောင်နော်ရထာ၏နောက်မှ လှံတံကိုယောင်ဝါးဝါးကိုင်လိုက်လေသည့် မက္ခရာဗိုလ်သီရိရွှေတောင်ကို အမှတ်ရစရာ ကောင်းလှသည်။ သက်ခိုင်နှင့်တိုက်ဖက်တန်သူ မဟုတ်ကြောင်း ထင်ရှားစေသည်။
နာမည်ကြီးအောင်လုပ်နည်းအမြောက်အများရှိပါ၏။မည်သည့်ရည်ရွယ်ချက်ကြောင့်အမှန်ကို အမှားလုပ်လေသနည်း။ဤမျှဆင်ခြင်တုံ တရားကင်းသောစာစုသည် မည်သို့သောပုဂ္ဂိုလ်တို့၏မြှောက်ထိုးပင့်ကော်ကူညီစောင်မမှုဖြင့် ပုံနှိပ်စာအုပ်တစ်အုပ်ဖြစ်လာပါသနည်း။ ဥာဏ်တစ်ထွာတစ်မိုက်ဖြင့် စတုတ္ထမဏ္ဍိုင်၏ မှောင်ရိပ်ကိုခိုသောစတုတ္ထဖျက်မျဉ်းဟုသာ ဆိုခဲသောယတိပြတ်စကားကို ကျနော်ဆိုချင် သည်။

(၇)ကျေးဇူးတရားအတွက်အမှတ်တရ

စာရင်းချုပ်ရလျှင်အဆိုပါဝေဖန်စာသည် ဆယ်ရာခိုင်နှုန်းမှန်၍ ကိုးဆယ်ရာခိုင်နှုန်းမှာ အမုန်းတရားကို အခြေခံလျက် အမှန်ကို အမှား ဖြစ်အောင်မရိုးဖြောင့်သောစိတ်ဖြင့် စီစဉ်ဖန်တီးသည်ဟုသာ ဆိုရန်ရှိသည်။မည်သို့ဆိုစေ ဆယ်ရာနှုန်းသော မှန်ရာကိုထောက်ပြ ခဲ့ခြင်း၏ ကျေးဇူးတရားအတွက် ကျနော်ကိုယ်တိုင်ဆင်ခြင်မှတ်သားမိသည့်စကားတပိုဒ်ကို အဆိုပါဝေဖန်စာရေးသူသို့ အမှတ်တရ လက်ဆောင် ပါးလိုပါသည်။
"မိတ်ဆွေတစ်သောင်းသည်နည်း၏။ရန်သူတစ်ယောက်သည်များ၏။မုန်းရန်လွယ်ကူလျင်မြန်၏။ချစ်ရန်ကား ခက်ခဲကြာညောင်းတတ်၏။ သူတစ်ပါးပျက်စီးရာပျက်စီးကြောင်း အိပ်မက်တွင်မျှ မကြံစည်အပ်ချေ။မှန်လည်းမှန်၊အကျိုးလည်းရှိ၊နာလိုသောသဘောရှိသည်တို့ကို ရးသားပြောဆိုနိုင်သည့်တစ်နေ့တွင် မိတ်ဆွေဖြစ်ရန် ကျနော်မျှော်လင့်လျက်ရှိ ပါသည်။"
ဤဆောင်းပါးကဲ့သို့ဒေါသသင့်သော စာမျိုးကို နှာမှုတ်သံဖြင့်ရေးရသည်မှာ လွန်စွာစိတ်လက်မချမ်းမသာဖြစ်စရာကောင်းလှသည်။ သာမန်ပုထုဇဉ် တဦးမျှသာဖြစ်သော ကျနော်သည် မတတ်သာ၍အကြောင်းအားလျှော်စွာ ရေးရခြင်းအတွက် စာဖတ်သူများအား အနူး အညွှတ် တောင်း ပန်လိုပါသည်။

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0

 မင်းဒင်ရဲ့သက်ခိုင်(၂)
၁၂။၀၂။၂၀၁၄နေ့ထုတ်ဆဲဗင်းဒေးဂျာနယ်

ဘက်တူရင်လူမရွေးတဲ့ တက်လူကလေးသက်ခိုင်

သူကျင်လည်ခဲ့လေသော လူဂုဏ်တန်သူဌေးသူကြွယ်တို့၏ အကြောင်းမှသည် သူ့ဇာတိရပ်ရွာအကြောင်းဘက်သို့ စကားလမ်းကြောင်း ပြောင်းလိုက်ချိန်တွင် ကိုသက်ခိုင်၏ အသံသည် အတန်ငယ်တိမ်သွားဟန်ရှိသည်။သူ့မျက်လုံးအစုံသည် ကျနော့်မျက်နှာကို တည့်တည့် ကြည့်ရာမှသည် အဝေးဆီသို့ ရွေ့လျားသွား၏။ကျနော်တို့ထိုင်နေရာ ဇရပ်ငယ်မှာ ဓာတ်ဆီဆိုင်ဝင်းအတွင်းတွင်တည်ရှိသည်ဖြစ်၍ မလှမ်းမကမ်းရှိ ဓာတ်ဆီပန့်များတွင် ဆီဝင်ဖြည့်သည့် ကားကြီးကားငယ်တို့ ဥဒဟိုဝင်ထွက်နေကြသည်။
ထိုင်းနိုင်ငံတနံတလျားရှိ ဓာတ်ဆီဆိုင်တိုင်းလိုလိုသည် ကျယ်ဝန်းသောမြေကွက်လပ်များတွင် ဆောက်လုပ်ထားကြပြီး နားခိုရန်ဇရပ် ငယ်နှင့် သန့်ပြန့်သောကိုယ်လက်သန့်စင်ခန်းများလည်းရှိသည်။ကော်ဖီဆိုင်၊ မီနီမတ်ကက်နှင့် ဆဲဗင်းအလဲဗင်းကဲ့သို့ စုံစီနဖာ ရောင်း သည့် ဆိုင်များတွဲဘက်ဖွင့်လှစ်ထားကြသည်။
ထိုင်းနိုင်ငံက ဓာတ်ဆီဆိုင်များတွင် သတ်မှတ်ဈေးနှုန်းဖြင့် အချိန်မရွေးနေရာမရွေး လိုသလောက်ဝယ်ယူနိုင်သည်။ ကျနော်သိ သလောက် ထိုင်းနိုင်ငံတွင်ဖြန့်ဖြူးနေသော ဓာတ်ဆီများမှာ သဘာဝဓာတ်ငွေ့မှသည် Gasoline ခေါ်ဓာတ်ငွေ့ရည်ဖြစ်အောင် ဖန်တီး ထားခြင်းဖြစ်သည်ဟုဆို၏။ Gasoline ထုတ်လုပ်သည့် သဘာဝဓာတ်ငွေ့ရာခိုင်နှုန်းအများစုသည် မြန်မာပြည်မှ ဝယ်ယူတင်သွင်း ခြင်းဖြစ်လေသည်။လျှပ်စစ်ဓာတ်အားရာခိုင်နှုန်းအများစု ထုတ်လုပ်ရာတွင်လည်း သဘာဝဓာတ်ငွေ့ကိုသာ၊အဓိကထား၍သုံးလေရာ ထိုင်းနိုင်ငံတလွှား အသုံးပြုနေသော လျှပ်စစ်ဓာတ်အားပမာဏ၏ခြောက်ဆယ်ရာခိုင်နှုန်းခန့်သည် မြန်မာပြည်ထွက်သဘာဝဓာတ်ငွေ့ များမှ မြစ်ဖျားခံသည်ဟု ကျွမ်းကျင်သူတချို့က ဆိုသည်။ကိုသက်ခိုင်တစ်ယောက်အာရုံပြောင်းလိုပြောင်းငြား ကျနော်စကားမရှိ စကားရှာ လိုက်မိသည်။
"ဟေ့လူ ကိုသက်ခိုင်။ ထိုင်းက ဓာတ်ဆီတွေဟာ သဘာဝဓာတ်ငွေ့ကနေ လုပ်တာဆိုဗျ"
"ကျနော်လည်း အဲသလိုပဲကြားဖူးတယ်ဗျ။ အေးဗျာ။ မဆလခေတ်တုန်းက အမေရိကန်ရေနံကုမ္ပဏီတစ်ခုဟာ မြန်မာ့ပင်လယ်ပြင်မှာ ရေနံရှာတော့ ရေနံမတွေ့ပဲ သဘာဝဓာတ်ငွေ့တွေပဲ တွေ့ဖူးသတဲ့။နောက်ဆုံးတော့ မတော်တဆမှုပေပဲလား။သို့တည်းမဟုတ် အမေရိ ကန်ကုမ္ပ္ပဏီနဲ့ဗမာအစိုးရအကြား၊နားလည်မှုလွဲရာကနေ ပြဿနာတစုံတစ်ရာရဲ့နောက်ဆက်တွဲများဖြစ်လေသလားတော့မဆိုနိုင်ဘူး။ အဲဒီမြန်မာ့ကမ်း လွန်ရေနံအစမ်းတွင်းဟာ ရုတ်တရက်မီးလောင်ပေါက်ကွဲပြီး နိဂုံးချုပ်ခဲ့ဖူးတယ်ဗျ။အချက်အလက်အသေးစိတ်ကို ကျနော်မသိပေမဲ့ အဲဒီရေနံအစမ်း တွင်း မီးလောင်နေတဲ့ပုံကို အဲဒီကာလထုတ်တဲ့ သတင်းဂျာနယ်တွေမှာ ဖော်ပြခဲ့တာ အခုထက်ထိ ကျနော်မှတ်မိနေတယ်"
"ဘဘာဝဓာတ်ငွေ့တွေ တွေ့ပြီးသားဆိုတော့ အမေရိကန်တွေ နစ်နာကုန်တာပေါ့ ဒီလိုလား"
"ဘယ်သူနစ်နာသလဲဆိုတာယတိပြတ်တော့မဆိုနိုင်ဘူး။အဲဒီခေတ်ကာလက သဘာဝဓာတ်ငွေ့တွေဟာ ဈေးကွက်ရှိဟန်မတူဘူး။ သဘာဝဓာတ်ငွေတွေ့ကို နေရာတချို့မှာ ဒီအတိုင်းမီးရှို့ပြီး ထားတဲ့ မီးတောက်ကြီးတွေ ကျနော်မြင်ဖူးတယ်။ကျနော့်စိတ်ထင် ရန်ကုန် အင်းစိန်လမ်း၊အုတ်ကျင်းအလွန် သမိုင်းလမ်းဆုံမရောက်ခင် ရေမြောင်းကြီးနားမှာလို့ထင်မိတယ်။ခုတော့ သဘာဝဓာတ်ငွေ့ ကနေ နည်းပညာအသစ်တမျိုးနဲ့ Gasoline လို ဓာတ်ဆီတမျိုးဖြစ်အောင် လုပ်နိုင်ပြီမို့ သဘာဝဓာတ်ငွေ့ဟာ ရွှေဖြစ်လာတာ ပေါ့ဗျာ။ သဘာဝ ဓာတ်ငွေ့ရွှေလိုတန်ဖိုးရှိတဲ့အချိန် မြန်မာပြည်ထဲမှာ ဓာတ်ငွေ့သိုက်တွေ တစ်သီတစ်တန်းကြီးရှာတွေ့တော့ ရတနာပုံဆိုက်ကိန်း ဝင်ကုန်တာပေါ့ဗျာ။မြန်မာပြည်သူလူထုအတွက် ဟုတ်မဟုတ် တော့ မသေချာလှဘူး။ခင်ဗျားဘာသာဆက်တွေးပေတော့"
''နေပါဦးဗျ။ သဘာဝဓာတ်ငွေ့ကနေ ဓာတ်ဆီထုတ်နိုင်တာ မကြာလှသေးဘူးထင်မိတယ်"
"သေချာတာပေါ့ဗျာ။ ဒီနည်းပညာကို STG+(Syngas to Gasoline Plus)လို့ခေါ်သတဲ့ဗျ။ စတင်တွေ့ရှိတာကကတော့အမေရိကန်တွေပဲ။ တွေ့တာလည်း ဆယ်စုနှစ်ဝန်းကျင်လောက်ပဲရှိအုံးမယ်။အခု ကျနော်တို့မျက်စိရှေ့က ဓာတ်ဆီဆိုင်မှာရောင်းနေတဲ့ Gasoline 91တို့ 95 တို့ဆိုတာ ဗမာပြည်ကတင်သွင်း လာတဲ့ သဘာဝဓာတ်ငွေ့တွေကနေ ထုတ်တာပေါ့ဗျ။ ဒီနည်းပညာကိုအမှီပြုပြီး အဆမတန်ချမ်းသာ ကုန်ကြတာကတော့ အာရပ်အာဏာရှင်တွေပေါ့။ဒါတင်မကသေးဘူး ။ ဒီဓာတ်ဆီဆိုင်မှာ ဓာတ်ဆီရောင်း နေတဲ့ဝန်ထမ်းတွေလည်း ဗမာအလုပ် သမားတွေပါပဲဗျာ။ ဒီဆိုင်က ပန့်ကိုင်နေတဲ့ဝန်ထမ်းကလေးနှစ်ယောက်ဆို ကျနော့်တို့ရွာနဲ့သိပ်မဝေးတဲ့ ရွှေပန်းတောက ဆိုလား"
"အာ၊သေချာမှလည်း  လုပ်ပါဗျာ။ ဓာတ်ဆီပန့်ကိုင်တဲ့ ဝန်ထမ်းက ဗမာဖြစ်နိုင်ပါ့မလား။သူတို့ပြောနေပုံကတော့ တကယ့်ထိုင်းလူမျိုး စစ်စစ်တွေလိုပဲ"
"ဟုတ်သမှ ဟုတ်ဟုတ်၊ ဟုတ်ဟုတ်နဲ့တောင်နေသေးဗျာ။ ထိုင်းလဝက ရန်ကြောင့် "ထိုင်းယောင်ဆောင်သော အညာသား"တွေ ဖြစ်ကုန်ကြတာပေါ့။ ဓာတ်ဆီပန့်ကိုင်တဲ့ အဆင့်တောင်မဟုတ်ဘူး။တချို့ဆို နာမည်ကြီးဟိုတယ်တွေရဲ့ မန်နေဂျာအဆင့်မှာတောင် မြန်မာတွေရှိပါ့ဗျာ။ တိုင်းပြည်အတွက်ဆိုတဲ့ ခေါင်းစဉ်နဲ့အကျယ်ချဲ့တွေးမိလို့ကတော့ ညညတောင် အိပ်ပျော်နိုင်စရာ မရှိဘူး။ တကယ့်အရွယ် ကောင်းအား ကောင်းမောင်းသန်တွေ၊ထက်မြက်တဲ့သူတွေလည်း ပါပါ့ဗျာ။ဟိုးလွန်ခဲ့တဲ့ နှစ်အစိတ်ဝန်းကျင်ကတော့ ထိုင်းဘက် ကိုရောက်လာကြတဲ့ ဗမာအများစုဟာ ထိုင်းနယ်စပ်တဝိုက်က မွန်ထားဝယ်လိုဗမာတိုင်းရင်းသားတွေများ ပါတယ်။ ခုကာလမှာတော့ ကျနော့်ဇာတိရွာဘက်ဆီ ကတောင် ထိုင်းကို အိမ်ဦးနဲ့ကြမ်းပြင်လိုဖြစ်ပြီး  ရောက်လာကုန်ကြပြီဗျာ။အေးဗျာ ကျနော့် ဇာတိရွာနဲ့ ပတ်သက်လို့ ကျနော့်မှာ နာကျည်းစရာ အတိတ်ဆိုးတွေရှိသခဲ့သလို လွမ်းမောစရာတွေလည်းအများကြီးပါပဲ။ အထူးသဖြင့် ကျနော့်ရွာသားတွေ၊ ကျနော့်အမျိုးတွေ ထိုင်းနိုင်ငံအနှံ့မှာ ကျပန်းအလုပ်သမားတွေ အဖြစ်ရောက်လာကုန်ကြတဲ့အဖြစ်ဟာ ကျနော့်ကို အိပ်မက်ကနေ လှုပ်နှိုး လိုက်သလိုပါပဲ "
အလုပ်ပါးသောနေ့ဖြစ်သည့်အပြင် နံနက်ကိုးနာရီဝန်းကျင်ခန့်အချိန်သာရှိသေးသဖြင့် ကိုသက်ခိုင်၏ ဇာတိရွာဇာတ်ကြောင်း နားထောင် နိုင် ရန်အခွင့်သာလျက်ရှိလေရာ သူ့စကားစကို သူ့စိတ်ကြိုက်ရှေ့ဆက်နိုင်ရန် ကျနော်လမ်းဖွင့်ပေးလိုက်ပါသည်။
"အင်း၊ဒါဆိုလည်း စောစောက ခင်ဗျားပြောလက်စ ကိုသက်ခိုင့်ရွာအကြောင်း၊ ပြန်ဆက်ပါအုံးဗျ"
နတ်မောက်နယ်တဝိုက်က ရွာတွေဟာ ပုဂံအပျက်မှာ နတ်မောက်မိဘုရားက သူ့နောက်လိုက်တွေနဲ့အတူ ပြန်လာပြီး အခြေချရာကနေ အစပြုတယ်ဆိုတာကို ထည့်စဉ်းစားရင် ကျနော်ဇာတိရွာမှိုက်ပင်ဟာ ပုဂံအပျက်မှာစပေါ်လာသလားမဆိုနိုင်ဘူး။ဒါအပြင်နောက်ထပ် စဉ်းစားစရာတစ်ခုရှိနေတာက ရွာနဲ့မလှမ်းမကမ်းမှာ ရှိနေခဲ့တဲ့ အင်ကြင်းငုတ်တိုတွေကြောင့်ဗျ။ အင်ကြင်းကျောက်ဖြစ်ဖို့ဆိုတာ နှစ်ပေါင်း သန်းချီကြာရိုးသာမှန်ရင် ကျနော်တို့ရွှေပင်ရွာရဲ့သက်တမ်းဟာ နှစ်သန်းချီကြာပြီပြောရမှာပဲဗျ။ ဟုတ်တယ်လေ။ အဲဒီအင်ကြင်းငုတ်တွေ မှာ ထင်ထင်ရှားရှားမြင်နေရတဲ့ ပုဆိန်ရာလိုလို ဒါးရာလိုလို ခုတ်ထစ်ထားတာတွေဟာ လူတွေအခြေကျနေထိုင်ခဲ့လို့ပေါ့။ရွာက သက်ကြီး ရွယ်အိုတော်တော်များများကို ကျနော်စပ်စုကြည့်မိသလောက် ဒီရွာဘယ်ကာလက စတည်ဖြစ်ခဲ့တယ်ဆိုတာ ပြောနိုင်တဲ့သူ တစ်ယောက် မှ မရှိဘူးဗျ။ ဒါကြောင့် ပုံပြင်တွေထဲကလို ဟိုးရှေးရှေးတုန်းကလို့သာ ပြောရတော့မယ်ထင်ပါရဲ့။နေဦးဗျ။ ကျနော်ဖတ်ဖူးတဲ့ (ကင်္ခါဋီကာ သစ်)မှာ ဈေး၊တံတိုင်းနှစ်ပါးမရှိသော အရပ်သည် ဂါမမည်၏။ဈေးသာရှိ၍ တံတိုင်းမရှိသည်ကား နိဂမ မည်၏။တံတိုင်း၊ဈေးနှစ်ပါးရှိသည် ကား နဂရဖြစ်၏ တဲ့။ကျနော်တို့ရွာကတော့ ဈေးဆိုလို့ ကြီးဒွေးတို့ဈေးဆိုင်သာရှိပြီး ရွာပတ်ပတ်လည်ကို ဆူးခက်တွေ၊ပိုင်းတန်းတွေ ကာ ရံထားကြတာကြောင့် ဘယ်လိုခေါ်ရမှန်းတောင်မသိတော့ပါဘူးဗျာ။
ကျနော်သတိထားလေ့လာမိသလောက် ရွာတည်ခဲ့တဲ့ကာလရှည်လျားသလောက် ရွာသူရွာသားတွေဟာ ခေတ်အဆက်ဆက် ထီးရိပ် နန်းရိပ်နဲ့ ခပ်ကင်းကင်းနေခဲ့ကြပုံရတယ်။ အင်္ဂလိပ်ခေတ်မှာကော၊ဒီဘက်ခေတ်မှာကော ထို့နည်းလည်းကောင်းပါပဲ။မှိုက်ပင်ကော အနီးချုပ်စပ်ကရွာတွေထဲမှာပါ ဘုရင်ခေတ်မှာသူကောင်းပြုခံရဖူးတယ်။ နန်းသုံးတော်ကောက် အရာရောက်ဖူးတယ်ဆိုတဲ့ မှတ်တမ်း မျိုးကြားတောင်မကြားဖူးဘူးဗျာ။
ကျနော်တို့နယ်တရိုးက ရွာနာမည်တွေဟာရွာရဲ့သမိုင်းကြောင်းဘယ်လိုဆက်စပ်တယ်ဆိုတာ ခွဲခြားနိုင်တဲ့ အရပ်သီအိုရီတစ်ခုလည်း ရှိသေးတယ်ဗျ။ ရွာနာမည်မှာ တော၊တန်း၊စမ်း၊အိုင့် ဆိုတာတွေပါနေရင် ရွာအိုတဲ့။ မပါတဲ့ရွာဆိုရင် နေပြည်တော်နဲ့ အဆက်ရှိတဲ့ ရွာတဲ့ဗျ။ဆိုလိုရင်းကတော့ဗျာ။ ရွာနံမယ်က တောတွေ ၊ အပင်တွေ ၊ စမ်းတွေကို အစွဲပြုပြီး ဖြစ်နေရင် အဲဒီရွာကို သမိုင်း မတင်တဲ့ရွာ၊ ယာမြေ၊ တောမြေ ၊ စိမ့်စမ်းကောင်း လို့ စုဖွဲ့နေရင်း တဖြည်းဖြည်းအိမ်ခြေများလာတာလို့ ယူဆတယ်။ ရုံးတော၊ မှိုက်ပင်၊ ညောင်ကျပ်ပင်၊ ဖားငစမ်း၊ဝါးကြီးအိုင့်၊ဖန်းခါးပင်၊မကျည်းတန်းတို့လို ရွာမျိုးတွေပေါ့။ ထူးခြားတဲ့ နံမယ်ရှိနေရင်တော့ မင်းသားတွေ ၊ နယ်ပယ်စားတွေ ၊ မင်းနေပြည်တော်ကနေ ပုန်ကန်ဖို့ ထွက်လာတဲ့ မင်းဆွေ ၊မင်းမျိုးတွေတည်တဲ့ ရွာလို့ ယူဆကြတယ်။မင်းမနော်၊ငွေလေး၊နားကျ၊ သက်ဝင်၊နဂါးတို့လို ရွာနာမည်တွေပေါ့။
ရွာမှာ ထူးခြားချက်တွေ တော့ရှိလေရဲ့။နှစ်ဝမ်းကွဲသုံးဝမ်းကွဲအမျိုးချင်းပြန်ပေးစားတဲ့ ဓလေ့ထုံးစံတချို့ကို ကျနော်ငယ်ငယ်က ကြားခဲ့ဖူး တယ်။အခု ခင်ဗျားကို ကျနော်စကားပြောနေတဲ့အချိန်ထိ မှိုက်ပင်ဟာ ပြင်ပကမ္ဘာကြီးနဲ့ထင်သလောက် မချိတ်ဆက်မိ သေးဘူးဗျ။ အေးလေ၊ရွာလည်မှာ အသံချဲ့စက်တစ်လုံးချိတ်ပြီး သာမှုနာမှုနဲ့ ဆက်သွယ်ရေးကိစ္စတွေ ဒိုင်ခံလုပ်နေတဲ့ဓလေ့ထုံးစံ ပျောက်တာတောင် ငါးနှစ်မပြည့်သေးဘူးဗျ။ရွာသားတွေရဲ့ ပင်ကိုယ်စရိုက်ကိုကလည်း ကိုယ့်ယာကိုယ့်ချောင်းကိုယ် ဓားမဦးချလုပ်ပြီး အေးအေးလူလူ နေချင်ကြတဲ့ သူများတယ်။ရွာမှာ ဖြစ်တဲ့ အမှုအခင်းတော်တော်များများဟာ သူကြီးအဆုံးအဖြတ်နဲ့ ပြီးတတ်ကြချည်းပါပဲ။
ခုကာလအထိ ရွာကိုရဲ(ပုလိပ်)ဝင်တယ်ဆိုတာ တကယ့်ကိုကြုံတောင့်ကြုံခဲကိစ္စ။ ကြုံတုန်းမို့ ပြောရအုံးမယ်။မှိုက်ပင်ရွာကို ရဲ(ပုလိပ်) ဝင်အောင် လက်မွန်မဆွ ဦင်္းစွာပထမဖန်တီးခဲ့သူကတော့ ကျနော်ကိုယ်တိုင်ပဲဗျာ။
ဟုတ်တယ်။(၁၉၇၅)ဝန်းကျင်ကျနော်ဆယ့်ခုနစ်နှစ်သားလောက်ကပေါ့။ကျနော့်အကိုအကြီးဆုံးအရွာပြန်လည်တုန်း လမိုက်ညတစ်ရက် သား သံဒုတ်နဲ့ချောင်းရိုက်ခံရပြီး အသည်းအသန်လူနာအဖြစ်နဲ့နတ်မောက်ဆေးရုံတင်ရတုန်းပေါ့။အဖေဆုံးပါးသွားပြီးကတည်းက အကိုကြီးလုပ်သူဟာ ကျောင်းစာ ဘက်စိတ်ကုန်တယ်ထင်ပါရဲ့။ မှိုက်ပင်ချည်းစွပ်ကယ်စွပ်ကယ်ပြန်နေရာကနေ လက်သည်မပေါ်ပဲ ဘာကိစ္စကြောင့်မှန်းမသိ အရိုက်ခံရတာဗျ။ရွာထဲမှာပဲ ကျိတ်ပြီးကုနေရာကနေ မသက်သာပဲနတ်မောက်ဆေးရုံတင်ရတော့ အမေ့ညီမဒွေး လေးမစန်းဆီကနေ "ညည်းသား အသက်မီချင် အမြန်လာ"ဆိုတဲ့ ကြေးနန်းရောက်လာပါလေရော။ အမယ် ကြေးနန်းစာမှာ "သက်ခိုင်ကို ခေါ်မလာနဲ့"ဆိုတဲ့ စာသားလည်း ပါသေးဗျာ။ကျနော့်ဇနဲ့တဇွတ်ထိုးဉာဉ်အကြောင်း ပန်းသတင်းလေညှင်းဆောင်ပြီး ရွာအထိရောက်နေ ခဲ့ထင်ပါ့။
အမေကတော့ ကျနော်ဖတ်ပြတဲ့ကြေးနန်းစာလည်းဆုံးရော ငိုမဲ့မဲ့အသံနဲ့"ဟောတော်၊ဒါကဘာသဘောတုန်း။ငါ့မှာအားကိုးစရာဆိုလို့ သက်ခိုင်ပဲရှိတာ။ သူ့မခေါ်လို့ ရွာကို ငါဘယ်လို ရောက်ပါ့မတုန်း။ငါ့သားလိုက်မှကို ဖြစ်မှာ"ဆိုပြီး နီးရာရထားပေါ်တက်လာလိုက်တာ ဘယ်လိုရွာရောက် မှန်းတောင် ပြန်စဉ်းစားမရတော့ ပါဘူး။ သေချာပေါက်မှတ်မိနေတာကတော့ သားမြားဘူတာကနေ လှည်းနဲ့ကြိုလာ ပြီး ဒွေးလေးမစန်း အိမ်ဝင်ပြီး အထုတ်အပိုးမချရသေးခင် သူကြီးဦးချစ်စိန်အခေါ်တော်ရှိသမို့ သွားလိုက်ရသဗျာ။
သူကြီးဦးချစ်စိန်က အသံခပ်သြသြဗလုံးဗထွေး စကားတွေပြောနေရာကနေ အမေ့ဆီ ပိုက်ဆံတချို့လှမ်းပေးရင်း "ရော့၊ခင်သန်း ။ ပိုက်ဆပ်သုံးထောင်၊ညည်းသားဆေးကုဖို့ ၊ရိုက်တဲ့ဆိုတဲ့ကလေးတွေက ပေးတာ။အရှည်အရှည်မဖြစ်နဲ့တော့"ဆိုပဲ။သူကြီးရှေ့မှာ ခပ်ယို့ ယို့လေးထိုင်နေတဲ့အမေဟာ ဆတ်ကနဲ ဖြစ်သွားပြီး ကျနော်ဘက်ကိုလှည့်ကြည့်ရင်း "ကျုပ်လာတာ ကျုပ်သားလွှတ်သည်းနေလို့ လာတာ ဘချစ်စိန်ရဲ့။ကျုပ်ကလေးဘယ်လိုနေတယ်ဆိုတာတော့ စမပြောဘူး။ပိုက်ဆပ်ထိုးပေးတာတော့ ကျုပ်လက်မခံနိုင်ဘူး"ပြောရင်းငိုပါလေရောဗျာ။ အမေ့ငိုသံလည်းကြားရော ကျနော်လည်း မခံချင်စိတ်က ငယ်ထိပ်ထိုးတက်သွားတာမို့ ပါလာတဲ့ အိတ်ထဲက သောင်းချီတဲ့ငွေတွေကို သူကြီးရှေ့ပစ်ချပြီး "ကဲပါဘကြီးရာ ရိုက်တဲ့ကောင်တွေသာ ဘကြီးခေါ်လိုက်ပါ။ ငါးထောင်ဖိုးစီလောက် ကျနော် ပြန်ရိုက်မယ်ဆိုပြီး"စွတ်တွန်းလိုက်တာ သူကြီးတရားစီရင်ခန်းပျက်ပါလေရောဗျာ။ဟုတ်ပါတယ်။ အဲဒီပြသနာဖြစ်ချိန်မှာ အမေ့ရဲ့ မဆုတ်မနစ်တဲ့လုံ့လ၊အားမာန်၊အမေ့ကျေးဇူးကြောင့် ကျနော်တို့ မိသားစုဟာအထိုက်အလျောက်ချောင်လည်တဲ့ဘဝကိုရောက်နေပါပြီ။
နောက်ပိုင်းမှသိရတာက အကိုကြီးအရိုက်ခံရတဲ့ကိစ္စရဲ့ စနက်ဟာ အမေ့မောင်အရင်း ဦးလေးကိုသာဒွန်းလက်ချက်ပါပဲ။တိုတိုပြောရရင် အမွေကိစ္စဆိုပါတော့။အမေ့မှာ မောင်တစ်ယောက်၊ညီမတစ်ယောက်ရှိတယ်။အမေကအကြီးဆုံး။ အမေ့အဖေကျနော့်အဖိုးဆုံးတော့ ကျန်ခဲ့တဲ့ယာတွေချောင်းတွေမနည်းလှဘူး။အမွေခွဲတဲ့အခါ ဦးလေးကိုသာဒွန်းဟာ အပျိုကြီးဖြစ်တဲ့ဒွေးလေးမစန်းရဲ့ ဝေစုကို သူရမယ်လို့ မျှော်လင့် ထားတယ်။ ဒီအချိန်မျိုးမှာ ကျနော့်အကိုကြီးက ရွာပြန်ယာလုပ်မဲ့အပေါက်ချိုးတာမို့ ဒွေးလေးအမွေစု ကျနော့်အကိုကြောင့် လမ်းကြောင်း ပြောင်းသွားမှာကို စိုးရိမ်ပြီး တူအရင်းကို အပြတ်ရှင်းတဲ့ ဇာတ်လမ်းပေါ့ဗျာ။ ကျနော့်ဦးလေးကလည်း ဇတော့မသေးလှဘူး။ သူ့ခေတ်သူ့ အခါတုန်းက အမတော်ကြေးပြန်မဆပ်နိုင်တဲ့ကိစ္စကြောင့် ရွာအရှေ့တံခါးအနောက်တံခါး မင်းတုံး ဂလန့်ထိုး၊ ပိတ်ထား တာကို ဒါးမကြီး တစ်ချောင်းခါးကြားထိုးသွားတဲ့ပြီး ရိုက်ဖျက်ပစ်ဖူးသတဲ့။"သာဒွန်းဖျက်တယ် မိုက်တဲ့ကောင်ထွက်"ဆိုတဲ့ လူစားမျိုး။
ကျနော်ဆိုတဲ့ကောင်ကလည်း ငယ်ကလည်းငယ်၊ရန်ကုန်မက္ခရာနယ်မြေလိုနေရာမျိုးမှာ ကြီးပြင်းလာတာကြောင့်ထင်ပါရဲ့။ တက်လူ ကလေးမို့ဘက်တူရင်လူမရွေးဘူးဆိုတဲ့ စိတ်မျိုးဝင်နေချိန်ပေါ့ဗျာ။ဦးလေးသောဘာသော နားမလည်ဘူး။ မတရားရင် ခေါင်းငုံ့မခံနိုင် ဘူးပေါ့။ တိုတိုဇာတ်လမ်းချုံ့ရရင် "ကိုရင်သက်ခိုင်၊ကိုရင့်ဦးလေးက လူ့တစွတ်ထိုးနော်၊သူ့ပေးစာကမ်းစာစားနေတဲ့ လက်မရွံ့တွေ အများကြီးဆိုပြီး အမျိုးတွေတားနေတဲ့ကြားထဲက ကျနော့်အကိုကိုချောင်းရိုက်တဲ့ရွှေကြည် ဆိုတဲ့မောင်ကို အရီလေးမအေးသိန်း အိမ်ဆင် ဝင်ပေါ်ကနေလှမ်းမြင်တော့ ငှက်ကြီးတောင်တစ်ချောင်းဆွဲပြီး လိုက်ခုတ်မိတဲ့အထိပေါ့ဗျာ။ဒါတင်မဟုတ်သေးဘူးဗျာ။ တရားခံအမှုတွဲ စိန်ကျော်မောင်ကိုလည်း ရွာလုံးကျွတ်ခြိမ့်ခြိမ့်သဲသဲ ဝင်နွှဲနေတဲ့ ကြက်ဝိုင်းထဲ နီးရာဒါးမတိုနဲ့ ဝင်ပိုင်းတဲ့အဖြစ်လည်း ရှိသေး။ ကျနော့် အရိပ်အခြည်ကြည့်ပြီး သတိနဲ့နေကြတာကြောင့် ဆိုးဆိုးဝါးဝါးဒဏ်ရာမရပေမဲ့ တရွာလုံး အုတ်အော်သောင်းနင်းဖြစ်ကုန် ကြရောဗျာ။ အဖေ့အမျိုးအမေ့အမျိုးတွေ အချင်းချင်းရန်စောင်ကုန်ကြပါလေရော။ ဒီမှာတင် သူကြီးဦးချစ်စိန်ကိုယ်တိုင် "သက်ခိုင်၊ ကိုရင်ရမ်းတာ တော်ပါတော့။ရှစ်ကြီးခိုးပါရဲ့။မင်းအမှုဖွင့်ချင်သပဆိုရင်နတ်မောက်ကိုကြွပေတော့။ဘကြီးစာရေးပေးပါ့မယ်"ဆိုတဲ့ကိန်းဆိုက်ရော။ဒီတော့ကျနော်လည်း လက်စွဲတော်ငှက်ကြီးတစ်ချောင်းဆောင်ပြီး နတ်မောက်တက်အမှုဖွင့်ဖြစ်တော့တာပဲ။ အမယ်၊နတ်မောက်ဂါတ်က ဂတ်စာ ရေးကြီးကလည်း "ငါ့တူလုပ်ပုံက ဓလေ့ထုံးစံကိုကျော်သလိုဖြစ်နေတယ်။ကိုယ့်သားအရင်းအရိုက်ခံရဖူးတာ ငတို့အရပ်ထုံးစံအတိုင်း ကျေအေးခဲ့ရတာပါပဲ"ဆိုပြီးရွှေပြည်အေးတရားဟောရင်း အချိန်ဆွဲလို့ နှစ်ရက်ကြာသေးဗျာ။ကျနော်ကလည်း တင်းခံပြီးခေါင်းမာနေ တယ်။ အဲ၊နတ်မောက်ဂါတ်မှာ အမှုဖွင့်ဖို့စောင့်နေတုန်း တွံတေးသိန်းတန်ဇာတ်အဖွဲ့ နတ်မောက်မှာ ပွဲသွင်းချိန်နဲ့ကြုံနေတော့ ပွဲကြည့်ပြီး စောင့် နေလိုက်ရော။
နောက်ဆုံးတော့ ခေါင်းမာလှတဲ့ကျနော့်ကို အလျော့ပေးပြီး အမှုဖွင့်လက်ခံလိုက်တာ ရွာထဲ ပုလိပ်ဝင်ပြီး တရားခံတွေကို ဖမ်းတော့တာ ပဲဗျာ။ရဲကိုမမြင်ဖူးတဲ့ တရားခံရဲ့ဆွေမျိုးမိန်းမဒွေတသိုက် အမေ့ကို ဝိုင်းတောင်းပန်ကြတော့ အမေကတော့ "ညည်းတို့ငါလာတောင်းပန် မနေနဲ့၊ငါ့မောင်လက်ချက်ဆိုတာ ငါသိတယ်။ ငါ့သား ကျေနပ် အောင်သာပြော"တဲ့ဗျ။ကျနော့်ဦးလေးလူရည်လည်ချက်က၊ ကျနော့်တို့ သားအမိကို ဇွတ်ထမင်းဖိတ်ကျွေးပြီး"ဦးလေးကိုတော့ အထင် မလွဲပါနဲ့"လုပ်သေးဗျာ။အမေ့ကိုလည်း "အမ၊နင့်သားကြည့်ပြော ပါအုံး။ကလေးက ကျုပ်ကို တမျိုးထင်နေတယ်"တဲ့။ သတိဆိုတာ ပိုတယ်မရှိဘူးဆိုတယ်မဟုတ်လား။ ဥာဏ်ကိုလွှာပြီးသုံးလိုက်ရသေး တယ်။ ထမင်းစားပွဲပေါ်က ရှိသမျှ ဟင်းတွေ ဦးလေး ကိုသာဒွန်း ပန်းကန်ထဲ "ဦးချတာပါ"ဆိုပြီး ဇွတ်ထည့်ပြီး အရိပ်အခြည်အရင်ကြည့် ရတာပေါ့ဗျာ။
နိဂုံးမှာတော့ ရွှေကြည်နဲ့စိန်ကျော်မောင် အမေ့ကိုဦးချကန်တော့၊ဆေးဖိုးဝါးခကုန်သမျှပေးတာကြောင့် အမှုပြန်ပိတ်ခဲ့ရောဆိုပါတော့။အခု တော့ ဦးလေးကိုသာဒွန်းလည်း ကွယ်လွန်ရှာပါပြီ။ မသေခင်လည်း ကျနော်တတ်နိုင်သလောက် ထောက်ပံ့ခဲ့ပါသေးတယ်။
အေးဗျာ။ ကျနော်ဟာ အမေ့သွေးရောအဖေ့သွေးပါ ပါနေပုံရတယ်ဗျ။ ကြမ်းချင်ရမ်းချင်တဲ့စိတ်နဲ့ နူးညံ့တဲ့စိတ်နှစ်စိတ် ရောနေလေရဲ့။ အဲ စွန့်စွန့်စားစားလုပ်ချင်စိတ်ကတော့ ကျနော့်အဖေဘက်က ပါတာဖြစ်နိုင်တယ်။ ဘာလို့တုန်းဆိုတော့ မှိုက်ပင်မှာရွာကို စွန့်ခွာ၊ မြို့တက်ပြီး ပထမဆုံးပညာသင်ထွက်ခဲ့သူဟာ ကျနော့်ဘကြီး ဦးလှစိန်ပဲဗျ။ကျနော်လူမှန်းသိတဲ့အချိန်မှာ ဦးလှစိန်ဆုံးပါးသွားတာ ကြာပြီမို့ အဖေ့ညီအကိုမောင်နှမတွေထဲမှာ ကျနော့်အဖေက အကြီးဆုံးလို့ ကျနော်ထင်နေခဲ့ပေမဲ့ မဟုတ်ဘူးဗျာ။ ဆွေစဉ်မျိုးဆက်ကိစ္စတွေ တစ တစလေ့လာကြည့်မိတော့ အဖေ့အကိုကြီးဆုံး ဦးလှစိန်ဟာ အသက်ဆယ့်ငါးနှစ်သားလောက်မှာ ကိုရင်ဝတ်နဲ့ မြင်းခြံပခုက္ကူမြို့တွေ တက်ပြီး စာဝါလိုက်ဘူးသတဲ့။ကိုရင်ဘွဲ့အမည်က ရှင်ဝါသဝတဲ့။ ကိုရင်ဘဝနဲ့စာသင်ချင်တယ်ပူဆာလွန်းလို့ ကျနော့်အဖွားဒေါ်ရွှေဘွဲ့ရဲ့ မောင် သူကြီးဦးချစ်ခိုင်တို့ လင်မယားက သင်္ကန်းစည်းပေးခဲ့တာဆိုပဲ။ပခုက္ကူမှာ ပထမကြီးတန်းအောင်ပြန်တော့ ရန်ကုန်ကိုတက်လာ တယ်။ရဟန်းဘောင်တက်တယ်။အလုံက နတ်မောက် ကျောင်းမှာ ဓမ္မာစရိယတန်းစာသင်သားဘဝ၊ ဒူလာကိုင်သွေးဝမ်းသွားတဲ့ ရောဂါနဲ့ ရန်ကုန်ဆေးရုံကြီးမှာ ဆွေမရှိမျိုးမရှိ။ သဂြိုဟ်မဲ့သူ မရှိပဲ ပိုင်ရှင်မဲ့အလောင်းအဖြစ်စခန်းသိမ်းခဲ့ရသတဲ့ဗျာ။
အဲဒီသူ့အကိုကြီးဦးလှစိန်ရဲ့ခြေရာကို နင်းပြီး သားသမီးတွေပညာရေးအတွက် ကျနော်တို့တမိသားစုလုံးကို ရန်ကုန်လိုမြို့ကြီးဆီ ဇွတ်ခေါ် ချလာတဲ့ မှိုက်ပင်သားတွေထဲမှာ ဒုတိယမြောက်စွန့်စားသူကတော့ ကျနော့်အဖေ ဦးအောင်မြတ်ပေါ့ဗျာ။သူလည်းခေတ်သူမဟုတ်ဆိုတဲ့ အထဲကလို့ဆိုရမယ်ထင်ပါရဲ့"

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0





 ၁၉။၀၂။၂၀၁၄ ထုတ် ဆဲဗင်းဒေးဂျာနယ်။

မင်းဒင်ရဲ့သက်ခိုင်(၂)အခန်းဆက်ဝတ္ထုရှည်။


(မြန်မာအလုပ်သမား ငါးဆယ့်လေးဦးအအေးခန်းကားပေါ်တွင် အသက်ရှူမွန်းကြပ်သေဆုံးခဲ့ရသည့် ဖြစ်ရပ်)


 မဝသောဘဝများ။

အဲဒီခေတ်ကာလ(၁၉၆၀)ဝန်းကျင်တုန်းက ကျနော်တို့ရွာကနေ  စွန့်စွန့်စားစား၊ရန်ကုန်မြို့တက်ပြီးစီးပွားရှာတယ်ဆိုတာ အတော့်ကို ထူးဆန်းတဲ့ကိစ္စထင်ပါရဲ့။ကျနော်ငယ်ငယ်က ကြားဖူးနေကျစကားတခွန်းတောင်ရှိသေး။ ဘာတဲ့။"ရန်ကုန်မြို့ကြီးကိုများ ရောက်လို့ က တော့ ရွှေတိဂုံဘုရားကို ဖူးလိုက်ရရင်၊အမေ့နို့ တစ်လုံးဖိုးကြေပြီ"ဆိုပဲ။အေးလေ။ဟိုခေတ်ဟိုအခါတုန်းက သွားရေးလာရေးကလည်း ခက်ခဲပေသကိုး။မှိုက်ပင်ကနေ ရန်ကုန်ရောက်ဖို့တစ်ခုတည်းသော အားကိုးရာကတော့ မီးရထားပါပဲ။ တစ်ခါတစ်လေများ မီးရထားမှာ နေရာရအောင် ရန်ကုန်ဘက်သွားမဲ့ခရီးစဉ်မှာ ကျောက်ပန်းတောင်းကြီးနီလိုဆန့်ကျင်ဘက်ကို စီးလိုက်သွားရတာမျိုးရှိသေးတယ်ဗျ။ ရထား အချိန်ကလည်း မမှန်တလှည့်၊မလာတလှည့်မို့ ကျနော်တို့ရွာသားတွေဟာ မှိုက်ပင်ရန်ကုန်ခရီးကို အင်္ဂါဂြိုဟ်သွားဖို့လောက် ခက်တယ်လို့ စိတ်ထဲစွဲနေကြ ဟန်တူပါရဲ့။

ရွာမှာတော့ အဖေဟာ သူ့ဆွေဂုဏ်မျိုးဂုဏ်နဲ့ ခေသူမဟုတ်စာရင်းဝင်ပေါ့ဗျာ။အဘွားရဲ့တချက်လွှတ်အမိန့်နဲ့ အမေ့ကိုယူလိုက်ရတဲ့ အဖေဟာ သူ့ငယ်ရည်းစား"စမ်းမြ"ကို တမ်းတရင်း၊ အသောက်အစား၊လောင်းကစားလွန်ကဲရာက ရှိသမျှစည်းစိမ်ပြုတ်တဲ့အခါ  ညစ် ညစ်နဲ့ မန္တလေးကိုတက်သွားခဲ့တာတဲ့ဗျ။မန္တလေးကိုင်းတန်းဈေးမှာဆိုလား၊ ကြုံရာအလုပ်ဝင်လုပ်ရင်း မိုက်မြဲမိုက်နေတုန်း အရက်ဝိုင်း တစ်ခုမှာ လက်လွန်ခြေလွန်ဖြစ်ရာက ရန်ကုန်ဘက်ခြေဦးလှည့်ခဲ့တာဆိုပါတော့။အဖေရန်ကုန်ရောက်စက သုံးဘီးကားထောင်ပြီး ကိုယ်တိုင်မောင်း ခဲ့သေးတယ်ဆိုပဲ။ဒါလည်းသိပ်မကြာလိုက်ဘူးထင်ပါရဲ့။ အလုံမီးပွိုင့်မှာ မော်တော်ပီကယ်ကို ရိုက်မှုဖြစ်ပြန်တော့ ဆိုက်ကားထောင်၊နောက်-ဘဝမျိုးစုံကျင်လည်ပြီး နောက်ဆုံးကုန်စိမ်းထမ်းရောင်းတဲ့ဘဝအထိ ရုန်းကန်ခဲ့ရာကနေ ကမာရွတ်ဈေးကြီး ထဲမှာ ဆိုင်နဲ့ကန္နားနဲ့ဖြစ်လာခဲ့တာပါပဲ။နောက်ပိုင်း ရန်ကုန်မြို့ကြီးဟာ အဖေ့ကို ဘယ်လိုများပဲ့ပြင်ထိန်းကျောင်းလိုက်သလဲမဆိုနိုင်ဘူး။ စိတ်ကောင်းဝင်လာတဲ့၊တဇွတ်ထိုးသမားအဖေဟာ ရွာမှာကျန်ခဲ့တဲ့ ကျနော်တို့တမိသားစုလုံးကို လှမ်းခေါ်တော့တာပဲဗျာ။

ရန်ကုန်မြို့ကြီးရောက်တော့ ကျနော်မှတ်မိနေတဲ့ ထူးထူးဆန်းဆန်းအတွေ့အကြုံကတော့ ရေခဲရေပဲဗျ။ဟုတ်တယ်။ကျနော်တို့ရွာမှာ ရေခဲ ရေကို မမြင်ဘူးမသောက်ဘူးတဲ့သူတွေအခုအချိန်အထိ အများကြီးရှိအုန်းမယ်။ကမာရွတ်ဘူတာရုံလမ်းထဲက စတုဒီသာမဏ္ဍပ်တစ်ခု မှာ အလကားတိုက်နေတဲ့ ရေခဲရေကို အမေနဲ့အတူကျနော်ဝင်သောက်ဖူးတယ်။ ဟား၊သွားတွေ ကျင်စက်ပြီး ဆက်မသောက်နိုင်ဘူးဗျာ။ ဘယ်နှယ့် ဒီရေဟာ ထူးထူးခြားခြားအေးလှပါကလား၊ဘယ်လိုလုပ်ထားပါကလိမ့်ဆိုပြီး အမေ့ကိုမေးကြည့်တော့ ရေခဲတုံးထည့်ပြီး စိမ်ထားလို့ ဒီလောက်အေးနေတာ သားရဲ့ တဲ့။အမယ် ကျနော်ကိုတုံးလှချည့်ရဲ့လို့ စွတ်အထင်သေးမနေနဲ့အုံး။ ကျနော်တို့နယ်ဖက်က အညာ သားတစ်ယောက်နဲ့ မကြာသေးခင်ကပဲဆုံမိရင်း စကားလက်ဆုံကျရာက ရေခဲရေအကြောင်းရောက်သွားတော့ သူလည်း ရှစ်တန်း ကျောင်းသား ဘဝရောက်မှရေခဲရေသောက်ဖူးသတဲ့။ သူနဲ့စာရင်ကျနော်က လေးငါးနှစ်သားမှာ သောက်ဖူးတာဆိုတော့ တော်သေးတာ ပေါ့။
အေးဗျာ။ဘဝဆိုတာများဆန်းချက်။ဘကြီးနဲ့အဖေ့လို ရေခြားမြေခြားမှာ ခြေချဖို့ ကျနော့်မှာဇာတာပါလာဟန်တူပါရဲ့။ဘဝပေးကုသိုလ် ကြောင့်ခြေဦးနဲ့ဒူးတည့်ရာထွက်လာခဲ့တဲ့ ကျနော်ဟာ ထိုင်းတောင်ပိုင်းဖူးခက်ကို စွတ်ရွတ်ပြီးရောက်လာသဗျာ။ကျနော်ကပဲ တောင်တွေး မြောက်တွေး၊တွေးတတ်တဲ့သူ ဖြစ်နေရော့သလား မဆိုနိုင်ဘူး။ ကိုယ်တွေ့ကြုံခဲ့ရတဲ့ဖြစ်ရပ်တချို့ကတော့ ကျနော့်အတွက် အံ့သြ စရာဖြစ်နေတာအမှန်ပါပဲ။

မှတ်မှတ်ရရ ဖူးခက်မြို့ကိုကျနော်ရောက်ခါစ တခုသောရက်မှာပေါ့။ မြို့မဈေးနောက်လမ်းထဲက မွတ်ဆလင်ဆိုင်တွေပြည့်နေတဲ့ လက်ဖက်ရည်ဆိုင်တန်းမှာ  ကြက်သားပလာတာစားပြီး ပလက်ဖောင်းအတိုင်းလျှောက်အပြန်အလာ ကျနော့်နားထဲမှာ ဗမာစကား သံလိုလို ကြားလိုက်မိတယ်ဗျ။ ဘေးဘီကို ကြည့်လိုက်တော့လည်း လမ်းဘေးမှာပလက်ဖောင်းပြင်နေတဲ့ အလုပ်သမားသုံးယောက် သာတွေ့တာမို့ ခဏရပ်ပြီး နားစွင့်လိုက်တော့ သေချာတယ်ဗျ။ ဗမာသံမပီင်္မသပြောနေတာ သူတို့ပဲ။အသက်နှစ်ဆယ်ကျော် လောက် ဝန်းကျင်တွေ။မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေးနှစ်ယောက် နေပူကျဲကျဲအောက်မှာ ပလက်ဖောင်းကျောက်ပြားတချို့ကို ဘိလပ်မြေ မဆလာနဲ့ ပြင်နေကြတာ။
မထင်မှတ်တဲ့နေရာနဲ့အချိန်မှာ ဗမာစကားသံကိုကြားလိုက်ရတဲ့ကျနော်ဟာ ရုတ်တရက် ဝမ်းသာသွားတဲ့စိတ်ကို မထိန်းနိုင်ပဲ အဲဒီကလေး တွေဆီ လျှောက်သွားပြီး "မင်းတို့က ဗမာတွေလား"လို့မေးလိုက်မိတဲ့အခါ၊ အဲဒီလူငယ်သုံးဦးစလုံးရဲ့နှုတ်က တပြိုင်နက်တည်း ထွက်လာ တဲ့ အသံကတော့ ....မဲ့ချိုင်း၊မဲ့ချိုင်း။ ခွန်မွန်၊ ခွန်မွန်(မဟုတ်ဘူး၊ မဟုတ်ဘူး မွန်လူမျိုး) တဲ့ ။
ခင်ဗျားလည်းဖူးခက်မှာနေတာမို့ သတိပေးလိုက်ပါရဲ့။ဒီမှာရောက်နေတဲ့ ဗမာတိုင်းရင်းသားတွေကို ယောင်လို့များ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးတရား သွားမဟောလိုက်ပါလေနဲ့။ဆိုလိုတာက ဒီအချက်ဟာ သူတို့လက်တွေ့ဘဝနဲ့အများကြီးအလှမ်းဝေးနေတယ်ဗျ။ဟုတ် တယ်။ဖူးခက်ကိုရောက်နေတဲ့ တိုင်းရင်းသား၊မွန်၊ထားဝယ်၊ကရင်၊ရခိုင်၊ဂေါ်ရခါး၊ဗမာ စတဲ့လူမျိုးတွေဟာ သူတို့အုပ်စုနဲ့ သူတို့နေတတ် ကြတာများတယ်။အထူးသဖြင့် ဖူးခက်ကို အလုပ်သမားအသစ်အဖြစ်ဆွေတော်မျိုးတော်တွေကို ခေါ်သွင်း၊ငွေလွှဲ၊ဖုန်းချိတ်တဲ့ကိစ္စတွေမှာ ကိုယ့်လူမျိုးကိုယ့်ရပ်ရွာကလူနဲ့ပဲ လုပ်နေကြတာများတယ်။ ဖူးခက်ကို အစောဆုံးရောက်လာသူတွေကတော့ မွန်ပြည်နယ်လမိုင်းရွာသား တွေလို့ဆိုတယ်။ဖြစ်နိုင်တယ်ဗျ။ဖူးခက်မှာ ရောက်နေတာ မွန်လူမျိုးအများစုပါပဲ။ဘေးလူမသိစေချင်တဲ့စကားဆို သူတို့ချင်းမွန်လိုပဲ ပြော ကြတယ်။လွန်ခဲ့တဲ့နှစ်ဆယ့်ငါးနှစ်ဝန်းကျင် လမိုင်းရွာသားတွေရောက်စကဆို ဖူးခက်လမ်းတွေမှာ မီးပွိုင့်တောင်မရှိသေးဘူးဆိုပဲ။ မွန်လူမျိုးတွေဟာ ကိုယ့်ထီးကိုယ့် နန်းကိုယ့်ကြငှန်းနဲ့နေလာကြရာကနေ ရှေးမြန်မာဘုရင်တွေကြောင့် ထီးသုဉ်းနန်းသုဉ်းဖြစ်ခဲ့ရ တာကို လူကြီးသူမစဉ်ဆက် ကြားနာ လာရတာကြောင့် လူမျိုးရေးရန်ငြိုးမပြေသေးဘူးဆိုတာ ထင်ထင်ရှားရှားတွေ့နေရတယ်ဗျ။ ရခိုင်လူမျိုး တွေလည်း ထို့နည်းလည်းကောင်း ပါပဲ။နာကျည်းဖွယ်အတိတ်ဆိုတာ အလွယ်တကူမေ့ပျောက်နိုင်ခဲတာမို့ ကျနော်ဘာမှ မပြောလို ပါဘူး။ခက်နေတာက သူတို့အချင်းချင်း ကြားမှာလည်း မညီညွတ်ပြန်ဘူးဗျ။ခင်ဗျားမြင်သာအောင် ကျနော့်ကိုယ်တွေ့ အဖြစ်အပျက် လေးတစ်ခုပြောပြပါ့မယ်။

လွန်ခဲ့တဲ့ရှစ်နှစ်ဝန်းကျင်လောက်တုန်းကပေါ့။ ဖူးခက်မှာ မွန်အမျိုးသားနေ့ကျင်းပရေးအတွက် World Vision ဆိုတဲ့ NGO အဖွဲ့တစ်ခုက ဖိတ်တာ နဲ့ ကျနော်လည်း အဲဒီအစည်းအဝေးကို သွားတက်လိုက်ရောဆိုပါတော့။အဲဒီင်္အစည်းအဝေးမှာ ဖူးခက်မြို့ရဲ့အလုပ်ခွင်သုံး နေရာက မွန်လူ ငယ်သုံးယောက်လည်း ရောက်လာသဗျ။World Vision ပေးမဲ့အကူအညီကတော့  ရွေ့ပြောင်းအလုပ် သမားတွေရဲ့ လူမျိုး အလိုက်အမှတ်တရနေ့တွေ ကျင်းပတာကို အားပေးလိုတဲ့အတွက် လိုအပ်တဲ့ငွေကြေး ထောက်ပံ့မဲ့အကြောင်းဗျ။ ကျနော်လည်း ဒီကိစ္စဟာ အားပေးထိုက်တဲ့အလုပ်ပဲဆိုပြီး ဘယ်ပုံဘယ်နည်းကျင်းပသင့်တယ်ဆိုတာ တက်တက်ကြွကြွဆွေးနွေးလိုက်မိတော့ မွန်လူငယ် သုံးယောက်ဟာ တုတ်တုတ်မှ မလှုပ်ပဲ အသံတိတ်ကန့်ကွက်နေကြသလိုပဲဗျာ။ ကျနော့်စိတ်ထဲ တစ်ခုခုတော့ မှားနေပြီ ထင်ပါရဲ့ဆိုပြီး အသာပြန် ငြိမ်၊အကြောင်းရင်းသိအောင် စနည်းနာလိုက်တော့ အဲဒီင်္မွန်အမျိုးသားနေ့ကို ကျနော်ဦ်းစီးကျင်းပမယ်လို့ အတွေးဝင် နေကြသကိုး။ အမှန်က သူတို့ဖာသာကျင်းပတာကို လိုအပ်ချက်မရှိအောင်ကျနော်က ဝိုင်းထောက်ခံပေးနေတာ သူတို့ သဘော မပေါက်ကြရှာဘူးဗျာ။
ဒီတော့ ကျနော်လည်း သူတို့နားရှင်းပါစေတော့ဆိုပြီး "မွန်အမျိုးသားနေ့ဘယ်နေ့ဆိုတာကိုယ်မသိဘူး။ကိုယ်ကအညာသား၊ငွေကြေးကိစ္စ ကိုလည်း ဘာမှဝင်မပတ်သက်ဘူး။အခုကိုရင်တို့အချင်းချင်းသာညှိနှိုင်းပြီး ကောင်းမယ်ထင်တဲ့နေရာတစ်ခုခုရွေး၊စိတ်တိုင်းကျ၊ ပွဲဖြစ် အောင်သာကျင်းပကြပါတော့"လို့ပြောပြန်တော့လည်း သူတို့ချင်းချင်း အခန်းအနားကျင်းပမဲ့နေရာလုနေကြတာ အစည်းအဝေးဟာ တော် တော်နဲ့မပြီးတော့ ဘူးဗျာ။မွန်တွေချည်းတော့ မဟုတ်ပါဘူး။ရခိုင်၊ထားဝယ်တွေလို ဒီအတိုင်းပါပဲ။အဆိုးဆုံးကတော့ ကျနော်တို့ဗမာတွေ ပေါ့။စွယ်စုံအနုပညာရှင်ဆရာဦးဝင်းဖေပြောဖူးတဲ့စကားတခွန်းတောင် သတိရမိသေး။ငါတို့ဗမာတွေက Aရယ်Bရယ်ရှိရင် A,B,AB ဆိုပြီး သုံးဖွဲ့ကွဲသတဲ့။
ပြည်တွင်းမှာ ဆင်းရဲကြပ်တည်းလွန်းတာကြောင့် ရေကြည်ရာမြက်နုရာအဖြစ် ဖူးခက်ကိုရောက်လာတဲ့ဗမာတိုင်းရင်းသားအများစုဟာ အခြေခံပညာအတော့်ကိုနည်းပါးကြရှာပါတယ်။နိုင်ငံတစ်ခုရဲ့အချုပ်အခြာအာဏာဆိုတာ ဘာကိုဆိုလိုမှန်းသူတို့နားမလည်ကြပါဘူး။ နိုင်ငံ သားဥပဒေ၊တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဆိုတာတွေကိုသိဖို့ဆိုတာဝေလာဝေးပေါ့။ဗမာပြည်ထဲကနေ ထိုင်းဘက်ကို နိုင်ငံကူးလက်မှတ်မပါပဲ၊တရား မဝင်၊ဝင်ရောက်လာတဲ့သူတို့ဟာ မြန်မာနိုင်ငံတည်ဆဲဥပဒေအရ ထောင်ဒဏ်ငါးနှစ်လောက်ထိုက်သင့် တဲ့ပြစ်မှုကို အလိုအလျောက်ကျူးလွန်လာကြသူတွေဆိုတာ သိတဲ့သူတစ်ယောက်တစ်လေတောင် ရှိပါလေစလို့တွေးမိတဲ့အထိဗျာ။
ထိုင်းလူမျိုးတွေမလုပ်ချင်ကြတဲ့ အန္တရာယ်များလွန်းလှတဲ့အလုပ်တွေဟာ မြန်မာအလုပ်သမားတွေအတွက် ဖူးခက်မှာ အဆင်သင့်ဖြစ် နေလေရဲ့။ အခြေခံပညာနည်းပါးပြီးတွေးခေါ်မျှော်မြင်မှုမရှိ၊အသိဥာဏ်ခေါင်းပါးလိုက်ပုံများဗျာ။အထပ်မြင့်အဆောက်အဦးတွေရဲ့လုပ်ငန်းခွင်တွေမှာ ပြုတ်မကျအောင် ခါးဆိုင်းကြိုးချည်ရတာကို ကျနော်တို့မြန်မာကိုယ်တော်တွေက အနေရကြပ်တယ်။ အလုပ်မတွင်ဘူးတဲ့။ ပိုးသတ်ဆေးဖျန်း တဲ့အလုပ် တွေမှာ အဆိပ်ငွေ့ တွေရှူမိလို့ လည်ပင်းမှာအကျိတ်တွေထွက်လာတာကို "ခဏနေပျောက်သွားမှာ၊ အကျင့်မရသေးလို့။ လုပ်သက်ရင့်တဲ့သူတွေဆို နှာခေါင်းမှာ အဝတ်စည်းစရာတောင်မလိုတော့ဘူး"တဲ့။ အမယ်၊ကျနော်ဂဟေဆော်တဲ့ အခါ မှန်ကာမပါပဲကို ဆော်နိုင်တယ်ဆိုတဲ့ သူတွေလည်း ဒုနဲ့ဒေးပါပဲ။ခင်ဗျားယုံချင်ယုံမယုံချင်နေပေတော့။ဖူးခက်မှာရှိတဲ့ မြန်မာ အလုပ်သမား ယောက်ျား ဦးရေတစ်ရာမှာ အယောက်ရှစ် ဆယ်ဝန်းကျင်ဟာ ဘိန်းစာရွက်ကိုကျိုထားတဲ့ အာစီယံကိုသောက်ကြ သဗျာ။အလှူမင်္ဂလာပွဲတိုင်းမှာ သူမပါရင်မပြီးဆိုတာ ဖူးခက်မှာတော့အာစီယံဗျ။အိုးကြီးအိုးငယ်နဲ့ကျိုချက်ပြီး သဒ္ဓါတရားကြီးကြီးနဲ့ကို ပွဲတိုင်းမှာ ဧည့်ခံတတ်ကြ တာ။ရဲဖမ်းမိတော့လည်း ဘတ်နှစ်သောင်း လောက်နဲ့ညှိရင်ပြီးသတဲ့။ချဲထီကိစ္စလား၊မပြောပါရစေနဲ့တော့။ အမေလုပ်သူက "ငါ့သား အာစီယံသောက်တာလျော့ပါ"လို့ဆုံးမတာကို "အမေကျတော့ ချဲချည်းဖိထိုးနေတာ ဘယ်လိုလုပ်မတုန်း"ပြန်ပက်တာတွေ နားနဲ့ ဆတ်ဆတ်ကြားဖူးခဲ့ပြီကော။
ထိုင်းရဲဆိုတာကလည်း ဗမာအလုပ်သမားတွေကို အလိုအလျောက်ငွေထုတ်စက်လိုသတ်မှတ်ကြတာကလား။ဗမာတယောက်ကို မသင်္ကာဘူးဆိုပြီး ဖမ်းစစ်လိုက်၊အနည်းဆုံးဘတ်နှစ်ထောင်လောက်တော့ တွက်ခြေကိုက်ပြီးသားပဲ။ ဘတ်(အလုပ်သမားလက်မှတ်)၊ ပတ်စ်ပို့တွေရှိလည်း အလုပ်ရှင်မတူဘူး။လိပ်စာမှားနေတယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုခုနဲ့ ငွေမရရအောင်ညှစ်တာပါပဲ။ အဆိုးဆုံးက တော့ ဗမာအလုပ်သမားတွေကို လမ်းဘေးငုတ်တုပ်ထိုင်ခိုင်းပြီး စစ်လားဆေးလားလုပ်တဲ့ကိစ္စပဲဗျာ။ဖူးခက်ဟာ နိုင်ငံတကာခရီးသွားတွေ ပြည့်နေတဲ့မြို့၊စီးပွားရေးအချက်အချာမြို့ဖြစ်တာကြောင့် ထိုင်းရဲတွေဟာ ဖူးခက်ကိုပြောင်းနိုင်ဖို့ ငွေပုံပေးလာဘ်ထိုးကြရသတဲ့ဗျ။ အဲဒီထိုင်း ရဲတွေအတွက် ဗမာရွေ့ပြောင်းအလုပ်သမားတွေဟာ ငွေတွင်းတွေပေါ့ဗျာ။ထိုင်းလူမျိုးတစ်ယောက်ယောက်နာမည်ခံပြီး ဖွင့်ထားတဲ့ ဆိုင်ကြီးဆိုင်ကြီးလုပ်ငန်းကြီးငယ် သိန်းချီပြီးရှိလောက်တယ်။အားလုံးလိုလို ထိုင်းရဲကို လစဉ်ဆက်ကြေးသဘော ဆက်ကြရတယ်။ ဘာအဖွဲ့ညာ အဖွဲ့၊ဘာရဲညာရဲဆိုပြီး အဖွဲ့ပေါင်းနှစ်ဆယ်နီးပါးရှိသဗျာ။ဗမာပြည်မှာ စည်ပင်ရဲ၊နယ်မြေခံရဲ၊ခရိုင်ရဲ၊ ပြည်နယ်နဲ့တိုင်း အဆင့်ရဲ၊စသုံးလုံး၊ မူးယစ်၊အကောက်ခွန်ဆိုတာမျိုးတွေပေါ့။အဖွဲ့အားလုံးလိုလိုဟာ ထိုင်းနိုင်ငံကြီးရဲ့တည်ဆဲဥပေဒ တွေကို ကာကွယ်စောင့်ရှောက်နေတယ် လို့တော့ ခင်ဗျားမယူဆလေနဲ့။ ထိုင်းတနိုင်ငံလုံးအဆင့်ဆင့်သော အမတ်တွေ၊ မာဖီးယား တွေလည်း ထိုင်းရဲ နဲ့ညှိပြီး လွှမ်းမိုးချုပ်ကိုင် ထားကြတာပါပဲ။ဒီကြားထဲ မှူးရိုးမတ်ရိုးသူကောင်းမျိုးတွေကလည်းတစ်မှောင့်။
အံ့သြဖို့ကောင်းတဲ့အချက်ကတော့ ဗမာရွေ့ပြောင်းအလုပ်သမားတစ်ယောက်တလေနဲ့များတွေ့မိလို့ သူ့အလုပ်အကိုင်အကြောင်း မေးမိရင်... "အားလုံးဆဗိုင်း ဆဗိုင်း၊(အလွန်ကောင်း၊လွှတ်ကောင်း)ပဲ။လစာဘတ်သောင်းချီရတယ်။ဘာမှမလုပ်ရဘူး။ ထိုင်းသူဌေးက သိပ်သဘောကောင်းတယ်။ ထိုင်းရဲတွေက ကောင်းပါတယ်"ဆိုပြီး တညီတညွတ်တည်းဖြေပါလိမ့်မဗျာ။တကယ်တော့ သူတို့အဖြေဟာ သူတို့လက်တွေ့ ဘဝနဲ့ ဆန့်ကျင်ဘက်ပါပဲ။လူသားတစ်ယောက်ရဲ့သိက္ခာ တစ်ပြားသားမှ မရှိတော့တဲ့အဖြစ်ကိုလည်း သူတို့ဝမ်းနည်း စရာလို့မမြင်ကြတော့ဘူး။ ဆိုးရွားလွန်းလှတဲ့ဘဝကို ဗမာအချင်းချင်းကြားမှာ လူသိ မခံချင်ပဲ ကိုယ့်ကိုယ်ကို မဲတင်းနေနည်းတမျိုးပါပဲ။
လွန်ခဲ့တဲ့လေးနှစ်မတိုင်မီ၊ယာယီနိုင်ငံကူးလက်မှတ်ဆိုတာဘယ်နေမှန်းမသိတဲ့ကာလတုန်းက ဗမာပြည်ထဲကနေ အလုပ်အကိုင်ရှာဖို့ ဖူးခက်ကိုအရောက်လာနိုင်ဖို့၊ကော့သောင်း၊မြဝတီ၊ဘုရားသုံးဆူ၊၊မဲဆိုင်စတဲ့ နယ်စပ်မြို့တွေကတစ် ဆင့်ဝင်လာကြရတဲ့ကိစ္စဟာ လွယ်တဲ့ အလုပ်တော့မဟုတ်ဘူးဗျ။ကော့သောင်းကလာတဲ့ခရီးစဉ်ဆိုပါတော့။လူဦးရေမချိမဆန့်တင်ထားတဲ့စက်လှေနဲ့ ပါချန်မြစ်ကို အသက်ရင်း ပြီးဖြတ်ကူးရတယ်။မကြာခဏလှေမှောက်ပြီး အလောင်းရှာမရတဲ့သတင်းတွေကလည်း မကြားချင်အဆုံး။ ထိုင်းဖက်ကမ်းကို ရောက်ပြန်တော့ စစ်တပ်ဂိတ်၊ရဲဂိတ်တွေကိုကျော်နိုင်အောင် ဘယ်ရောက်လို့ဘယ်ပေါက်မှန်း ကိုယ်တိုင်မသိတဲ့တောလမ်းတွေကို ဖြတ်ရတယ်။နောက်တဆင့် ဟိုင်းလပ်ပစ်ကပ်ကားရဲ့နောက်ခန်းကျဉ်းကျဉ်းလေးထဲမှာ လူအယောက် နှစ်ဆယ်လောက်ငါးပိသိပ်သလို တင်ပြီး ဂိတ်တွေကိုကျော်ရတယ်။ဂိတ်တွေနဲ့လည်းညှိထားပြီးသားပါဗျာ။အတင်းထိုးသိပ်ထည့်တာက တွက်ခြေကိုက်အောင်၊ ဘေးလူ မမြင်အောင်ဆိုတဲ့သဘောပါပဲ။
ရင်နာစရာအကောင်းဆုံးအဖြစ်အပျက်တစ်ခုကတော့ ၂၀၀၈ခုနှစ်မှာဖြစ်ခဲ့တဲ့ ခိုးဝင်ဗမာအလုပ်သမားတွေကို ရနောင်းကနေ ဖူးခက်မြို့ဆီ အအေးခန်းကားနဲ့ ခိုးသွင်းလာစဉ်မှာ အသက်ရှူကြပ်ပြီး မြန်မာလူမျိုးငါးဆယ့်လေးယောက်သေခဲ့ရတဲ့ဖြစ်ရပ်ပါပဲ။ထိုင်းတနိုင်ငံလုံးမှာရှိတဲ့ မြန်မာ အလုပ်သမားတွေတုန်လှုပ်ထိတ်လန့်ခဲ့ကြရတဲ့သတင်းပေါ့။အဲဒီနေ့ကို ကျနော် ကောင်းကောင်းမှတ်မိနေတယ်။ ပါတောင် ကမ်းခြေမှာ အလုပ်လုပ်နေတဲ့ မွန်မလေးတစ်ယောက်က မနက်စောငါးနာရီလောက်မှာ ဖုန်းဆက်ပြီး ငိုသံပါကြီးနဲ့ ဒီသတင်းကိုပြော တာဗျ။"ကျမတို့ ရွာဘက်ကလူတွေအများကြီးပါတယ်။မွန်လူမျိုးတွေတဲ့"။နောက်ပိုင်းကျနော်စနည်းနာကြည့်တော့ အဲဒီသားငါးတင်တဲ့ အအေးခန်းကား ဟာ ခိုးဝင်တဲ့ဗမာအလုပ်သမား တစ်ရာ့နှစ်ဆယ်ကျော်ကို မချိမဆန့်တင်လာသတဲ့။ရနောင်းကထွက်လာခါစတုန်းက လေအေးစက်ဖွင့် ထားပေမဲ့ လမ်းမှာရဲက မသင်္ကာလို့တားပြီးစစ်ဆေးတော့ ယာဉ်မောင်းကိုယ်တိုင်းဆင်းပြီး ရဲနဲ့ညှိနှိုင်းရတာမို့ လေအေးစက်ခလုပ်ကို ပိတ်ခဲ့သတဲ့။ယာဉ်မောင်းကားပေါ်ပြန်အတက်မှာလေအေးစက်ခလုပ်ကို ပြန်မဖွင့်မိတော့တာကြောင့် ကားနောက်အလုံပိတ်ခန်းထဲမှာ ပါလာတဲ့ဗမာအလုပ်သမားတွေအရှင်လတ်လတ် ငရဲပြည်ကျသလိုဖြစ်ကုန်ကြတာပေါ့။သေအံ့မူးမူး တဝုန်းဝုန်းဒိုင်းဒိုင်း ကားဘော်ဒီ အတွင်းပိုင်းကို ဝိုင်းထုကြပေမဲ့ လူမှောင်ခိုသွင်းလာတဲ့ယာဉ်မောင်းဟာ ရဲလွတ်ရာအရပ်၊ လူအများမမြင်နိုင်တဲ့အရပ်ကို ရွေးမောင်းနေ လိုက်တာ နောက်ဆုံးတော့ ငါးဆယ့်လေးယောက် အသက်ရှူမွန်းကျပ် ပြီးမရှုမလှ သေကုန်ကြရတာပါပဲ။ အဲဒီယာဉ်မောင်း ထွက်ပြေး လွတ်မြောက်မှုနဲ့ပတ်သက်ပြီး ထိုင်းရဲ ထောက်လှမ်းရေးတချို့တောင် ကျနော့် အိမ်ရောက်လာပြီး အကူအညီတောင်းကြပါသေးတယ်။ဆက်နွယ်ပုံကတော့ အဲဒီတရားခံယာဉ်မောင်းဟာ  ကျနော့်ဆိုင်မှာ ဈေးဝယ် နေကျဖောက်သည် ထိုင်းအမျိုးသမီး ကီးယက်ရဲ့ ပထမအိမ်ထောင်မို့ ပါပဲ။အဲဒီဖြစ်စဉ်မှာ ကံကြီးလွန်းလို့ အသက်မသေပဲကျန် ရစ်သူတွေဟာ တရားမဝင်ခိုးဝင်မှုနဲ့ ရုံးတင်အပြစ်ပေး ခံပြန်ပါတယ်။ မြန်မာအစိုးရမင်းများကတော့ ဒီတရားခံတွေကို မြန်မာပြည်ထဲကို ချက်ချင်းပြန်ပို့စေချင်သတဲ့။ဖေးမကူညီဖို့တော့ မဟုတ် လောက်ဘူး ထင်ပါရဲ့။
ဒီအဖြစ်အပျက်ဟာ ရင်နာစရာအဖြစ်ပေါင်းထောင်သောင်းထဲက တစ်ခုပါဗျာ။ဒိထက်နာကျည်းကြေကွဲစရာအဖြစ်တွေ အများကြီးရှိပါ သေးတယ်။ အကြောင်းသင့်တဲ့အခါ ဇာတ်လမ်းဆက်ကြသေးတာပေါ့။ခင်ဗျားကြည့်ရတာ ဆိုင်ကို စိတ်ပူနေတဲ့ပုံပဲ။ ကဲ သွားကြစို့ဗျာ။ "

(မှတ်ချက်။ ။ ဤနေရာ၌ အလျဉ်းသင့်သည်ဖြစ်၍ ကိုသက်ခိုင်ပြောပြခဲ့သော မြန်မာလူမျိုးငါးဆယ့်လေးဦးအသက်ရှူကျပ်သေဆုံးခဲ့ရ သည့်သတင်းကို စာဖတ်သူများ ပြည့်စုံစွာသိရှိနိုင်ရန် ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ကူးယူလျက်၊အောက်တွင် ဖော်ပြအပ် ပါသည်။)
"သေဘေးမှလွတ်မြောက်လာသူ မြန်မာပြည်သားများကို ဌာနေပြန်မပို့ဟု ထိုင်းအာဏာပိုင်များသဘောတူ"
ကျော်ထင် (ခေတ်ပြိုင်)
၂၀၀၈ခုနှစ်ဧပြီ(၉)ရက်နေ့က ထိုင်းနိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်စဉ် အအေးခန်းကားအတွင်း အသက်ရှူမွန်းကြပ်သေဆုံးမှုမှ လွတ်မြောက်လာသူများကို မြန်မာနိုင်ငံသို့ပြန်မပို့ရန် ထိုင်းအာဏာပိုင်များက ဆုံးဖြတ်လိုက်သည်။
စောစောပိုင်းက ထိုင်းအာဏာပိုင်များဘက်မှ လူဝင်မှုကြီးကြပ်ရေးအက်ဥပေဒဖြင့် ဖမ်းဆီးထောင်ချပြီး မြန်မာပြည်သို့ ပြန်ပို့မည့် အစီအစဉ်ကို ပြင်ဆင်လိုက်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ရနောင်းခရိုင်ရုံးတွင် ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ထိုင်းရှေ့နေများကောင်စီ၊ဒေသဆိုင်ရာ အာဏာ ပိုင်များ၊ရဲ၊စစ်တပ်၊တရားရေးဌာနတာဝန်ရှိသူများနှင့် မြန်မာရွေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေကြသည့် MAPဖောင်ဒေးရှင်း World Visionတို့မှ တာဝန်ရှိသူများကယနေ့နက်နက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးပြီးနောက် ယခုကဲ့သို့ပြင်ဆင်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ပါဝင်ဆွေးနွေးခဲ့သူ MAP ဖောင်ဒေးရှင်း၏ တောင်ပိုင်းဒေသတာဝန်ခံ ဆူထိဖုံ ခေါခန်းဖုံက "တရားသူကြီးပြောတာက သူတို့ကို အမိန့်ချ လိုက်ပြီပေါ့နော်။တရားမဝင်ခိုးဝင်မှုနဲ့ထောင်ဒဏ်ဆယ်ရက်၊မနက်ဖန်ပြန်ပို့မဲ့သဘောပေါ့။ကျနော်တို့တောင်းဆိုတာက ပြန်မပို့ဖို့ကိစ္စ၊ကို ဆွေးနွေးတယ်။သိပ်တော့သဘောမတူချင်ဘူး။ဒါပေမဲ့လည်း National Human Right commission ကလည်း တရားဥပဒေနဲ့ထောက်ပြ တော့ အဲဒါနဲ့ပြေလည်သွားတယ်။ဒီလူတွေအားလုံးကိုပြန်မပို့တော့ဘူး။ပြီးလို့ရှိရင်လျော်ကြေးပြန်ရဖို့ကိစ္စ သူတို့ဆက်လုပ်မယ်။နောက်လူ ကုန်ကူးမှုမှာပါဝင်ပတ်သက်နေသူတွေကို အရေးယူဖို့လုပ်သွားမယ်"ဟုပြောသည်။

လူပွဲစားများခေါ်ယူလာသည့် မြန်မာအလုပ်သမား(၁၂၁)ဦးတို့သည် ဧပြီ(၉)ရက်နေ့ည(၁၀)နာရီခွဲခန့်တွင် ထိုင်းနိုင်ငံတောင်ပိုင်းရနောင်း မြို့မှ ဖူးခက်မြို့သို့အသွား လမ်းတွင်အအေးခန်းအတွင်း ပိတ်မိကာ လူ(၅၄)ဦးသည် အသက်ရှူမွန်းကြပ်ပြီးသေဆုံးသွားခဲ့ကာ (၂၁)ဦးမှာ ဆေးရုံတွင်ဆေးကုသမှုခံယူခဲ့ရပြီး ကျန်(၄၆)ဦးကို တရားမဝင်ဝင်ရောက်မှုဖြင့် ရနောင်းခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးထားခဲ့သည်။
ကားပေါ်မွန်းကြပ်သေဆုံးသူ(၅၄)ဦးကို ဧပြီ(၁၂)ရက်နေ့က အကျဉ်းချုံးဂူသွင်းသဂြိုဟ်ခဲ့ပြီး အသက်ဘေးမှလွတ်မြောက်လာသူများကို နေရာနှစ်ခုခွဲပြီး ရနောင်းထောင်နှင့်ရနောင်လဝက အချုပ်ခန်းတို့တွင် ချုပ်နှောင်ထားဆဲဖြစ်သည်။
ယမန်နေ့က မြန်မာဘက်မှ ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူးလာရောက်ပြီး ဖမ်းဆီးခံထားရသူများ၏ ဓာတ်ပုံများကို ရနောင်းခရိုင်ရဲမှူးမှ တဆင့်ယူသွားကာ မြန်မာပြည်သို့ပြန်လည်ပို့ဆောင်ရန်တိုက်တွန်းခဲ့သည်ဟု ရနောင်းခရိုင်ရဲမှူးကပြောဆိုခဲ့ကြောင်း မစ္စတာ ဆူထိဖုံ ခေါခန်းဖုံကပြောသည်။

မွန်လူမျိုးအများစုပါဝင်သော ဖမ်းဆီးခံနေရသူများမှာ မြန်မာပြည်သို့ပြန်ပို့ခံရမည်ကို စိုးရိမ်လျက်ရှိကြောင်းသိရသည်။
၎င်းကိစ္စနှင့်ပတ်သက်ပြီးဖမ်းဆီးခံရသူများကို တွေ့ဆုံခဲ့သည့် ဆူထိဖုံ ခေါ်ခန်းဖုံက "တော်တော်များများ ကြောက်ကြတာပေါ့နော်။ အထူး သဖြင့် အမျိုးသမီးတွေပေါ့နော်။စိတ်ပိုင်းဆိုင်ရာအရမ်းထိခိုက်ကြတာပေါ့နော်။ငိုကြတာပေါ့။အိမ်ကိုပြန်ချင်ကြတာပေါ့"ဟုပြောသည်။
အအေးခန်းကားအတွင်းမှ အသက်မသေပဲလွတ်မြောက်လာကြသူ ဖမ်းဆီးခံနေရသည့် မြန်မာအလုပ်သမားများသည် မကြာသေးခင် ရက်ပိုင်းအတွင်းတွင် မော်လမြိုင်၊သထုံ၊ကျိုက်ထို၊ရေးစသည့်ဒေသများမှ ကော့သောင်းမြို့သို့ရောက်ရှိလာကြပြီး လူပွဲစားကိုငွေကျပ် သုံး သိန်းကျော်လေးသိန်းပေးကာ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ရန်လာရောက်ကြသူများဖြစ်သည်။

.......

(မှတ်ချက်။ ။ "မဝသော ဘဝများ "ဟူသောခေါင်းစဉ်မှာ လွန်ခဲ့သော အနှစ်လေးဆယ် ကျနော်ဆယ်တန်းကျောင်းသားဘဝက တခန်းတည်းနေသူငယ်ချင်း စာဂျပိုးသောင်းအေး၏ မူပိုင်စကားလုံးဖြစ်ပါသည်။နံရံကပ်စာစောင်တွင် အသုံးပြုခဲ့သည်ဟု ထင်ပါသည်။လူချမ်းသာစာရင်းဝင်နေပြီဖြစ်သော သောင်းအေးကား သူ့ကိုယ်ပိုင်စကားလုံးကိုသော်လည်းကောင်း၊ကျနော့်ကိုသော်လည်းကောင်း မေ့နေလောက်ပြီဟု ထင်ပါသည်။)

ဓာတ်ပုံ။ ။နေဇာလင်း


မင်းဒင်ရဲ့သက်ခိုင် (၂)

$
0
0






သက်ခိုင်နှင့်ထိုင်းနိုင်ငံ၏ပစ္စက္ခနေ့ရက်များ။

၂၀၁၄ဖေဖော်ဝါရီ။
"ကိုသက်ခိုင်၊ခင်ဗျားက ဒီရက်ပိုင်းတွေမှာ ဘန်ကောက်ကို ဂဒီးဂဒီးသွားနေလို့မေးရအုံးမယ်။ဘန်ကောက်မှာ ဘာထူးသေးတုန်းဗျ။ သတင်းပုလင်းလေးလုပ်ပါအုံး"
ကိုသက်ခိုင်သည် သောက်လက်စ ကော်ဖီခွက်ကိုစိုက်ကြည့်ရင်း တစုံတခုကိုစဉ်းစားနေဟန်ရှိသည်။ ကျနော့်အမေးကို စိတ်ပါဝင်စားပုံ မရချေ။ရံဖန်ရံခါ စိတ်နှင့်ကိုယ် မကပ်တတ်ခြင်းသည် သူ၏စရိုက်တမျိုးဖြစ်၏။ဒုတိယမ္ပိမေးသောအခါမှ ခပ်လေးလေးတုန့်ပြန်သံ ပေါ်ထွက်လာသည်။
"ဟေ့လူ။မေးနေတယ်လေဗျာ၊ဘန်ကောက်ရှေ့ဖြစ်နောက်ဖြစ်လေးဟောစမ်းပါအုံး"
"ခင်ဗျားက ကျနော့်ကို အကြားအမြင်ဆရာမ အီးတီလို့များထင်နေရော့သလား။အီးတီကိုသွားမေးတာ ပိုသေချာမယ်ထင်ပါရဲ့။ ထိုင်း ဝန်ကြီးချုပ်ဟောင်းသက်ဆင်တောင် ဒီရက်ပိုင်းမှာ အီးတီဆီဗေဒင်မေးရအောင် ရန်ကုန်ကိုရောက်ခဲ့သေးဆိုပဲ"
"ခင်ဗျားနောက်နေတာလား။အီးတီက ထိုင်းနိုင်ငံရေးမှာ ဘယ်လိုလုပ်ဝင်ပါနေပြန်တာတုန်း"
"ဒီလူမျိုးက အင်းအိုင်ခလှဲ့၊ဗေဒင်မန္တရား၊အကြားအမြင်တွေကို အတော်အစွဲအလန်းကြီးတဲ့လူမျိုးဗျ။အီးတီရဲ့ဟောကိန်းကတော့ ယင်လပ်ရှင်နာဝပ်ဟာ ဒီတပတ်အတွင်း ဘန်ကောက်ဝန်ကြီးချုပ်ရုံးမှာ ပြန်မထိုင်နိုင်ရင် တသက်လုံးအာဏာလက်လွတ်ရမယ်ဆိုပဲဗျ"
"အော်..၊ မှတ်သားစရာပါကလား။ဆရာသက်ကရော ဘယ်လိုဟောကိန်းထုတ်ချင်ပါလိမ့်ဗျာ။ခင်ဗျားက ဆန္ဒပြပွဲတွေထဲကို ကိုယ်တိုင် ရောက်ခဲ့တာဆိုတော့ ခင်ဗျားအမြင်လေးလုပ်ပါအုံး"
"ကျနော်ကိုယ်တိုင်မြင်ခဲ့တာကတော့ ရှုပ်ရှုပ်ထွေးထွေးတွေ ဆက်ဖြစ်နေတုန်း ဆိုပါတော့ဗျာ။ ဘာလိုလိုနဲ့ ထိုင်းနိုင်ငံရေး သောင်မတင် ရေမကျဖြစ်နေတာ လေးလတောင်ကျော် ရော့မယ်"
"ပြေလည်သွားနိုင်သလားဗျာ"
"ကျနော်ကတော့ မထင်မိဘူး။ ခင်ဗျားသိတဲ့အတိုင်း ဒီပြဿနာမြစ်ဖျားခံတာက လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေမူကြမ်းကို လွှတ်တော် မှာတင်ပြီး မဲခွဲဆုံးဖြတ်အတည်ပြုဖို့ကြိုးစားရာက စတာပဲဗျ။ ဒီဥပဒေအတည်ဖြစ်ရင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်လည်း ပြည်တော်ပြန်ဝင်နိုင်မယ်။ ထို့နည်းတူ ဆန္ဒပြပွဲတွေမှာ ရှပ်နီအုပ်စုကိုအကြမ်းဖက်နှိမ်နှင်းခဲ့တဲ့၊ ဝန်ကြီးချုပ်ဟောင်းအာဘီဆစ်လို သူတွေလည်း စွဲတင်ထားခံရတဲ့အမှုတွေကနေ လွတ်မယ်ပေါ့ဗျာ။ဒါပေမဲ့ အဝါတွေရဲ့ ဖိအားကြောင့် ဒီဥပေဒေလည်း ရှေ့ခရီး မဆက်နိုင်တော့ပဲ နိဌိတံသွားပြီဆိုပါတော့။ခက်တာက ဘန်ကောက်မြို့ရဲ့စီးပွားရေးအချက်အချာကျတဲ့ နေရာတွေကို ပိတ်ဆို့ထား နိုင်ခဲ့တဲ့ အဝါတွေဟာ အောင်ပွဲအရှိန်ကို ဇက်မထိန်းနိုင်တော့ပဲ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေရဲ့  မသမာမှုတွေ၊လက်ရှိအစိုးရအဖွဲ့ရဲ့ အဂတိ လိုက်စားမှုတွေကို ထောက်ပြပြီး ယင်လပ်အစိုးရနှုတ်ထွက်ပေးဖို့အထိ တောင်းဆိုလာကြရာက ထိုင်းနိုင်ငံရေးမှာ သပွတ်အူ လိုက်လာ တာပေါ့ဗျာ"
"အခုယင်လပ်အစိုးရက လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ်တောင်လုပ်ပြီးနေပြီပဲ"
"ဟုတ်ပါ့ဗျာ။ ဖေဖော်ဝါရီရွေးကောက်ပွဲဟာ ဆုံးခန်းမတိုင်သေးပေမဲ့ မဲအများစုကို ယင်လပ်ရဲ့အနီဘက်ကပဲ အသာစီးရခဲ့တယ်။အဝါတွေ ဟာ ဒီအချက်ကို ကြိုတင်သတိပြုမိတာကြောင့် လွှတ်တော်မှာ အမတ်အများစုနဲ့ ထင်တိုင်းမကြဲနိုင်အောင် ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ တာပါပဲ။ယင်လပ်အစိုးရအဖွဲ့ကို အိမ်စောင့်အစိုးရအဖြစ်ကနေ လုံးဝနှုတ်ထွက်ပေးပြီး နိုင်ငံရေးပြဿနာတွေကို အရင်ဖြေရှင်းဖို့ အဝါတွေ အော်ဟစ်နေကြတုန်းဗျ"
"အေးဗျာ အဝါတွေအော်ဟစ်နေတာထက် ထိုင်းမှာ စီးပွားရေးထိခိုက်နေတာတော့ ကျနော်လို ကွမ်းယာဆိုင်သာသာဖွင့်ထားတဲ့သူ တောင်စက်ကွင်းမလွတ်ဘူးဗျာ။အရောင်းအဝယ်ပါးနေပြီ"
"ကိုမင်းဒင်၊ထိုင်းနိုင်ငံအကြပ်အတည်းကြောင့် ထိုင်းနိုင်ငံဟာတစ်ရက်ကို အမေရိကန်ဒေါ်လာ သန်းသုံးဆယ်ထိခိုက်သတဲ့ဗျာ။ဒါကြောင့် ထိုင်းနိုင်ငံထဲကို အလုပ် လာလုပ်နေကြတဲ့ ကျနော်တို့ဗမာလူမျိုးတွေအပေါ်လည်း ရိုက်ခတ်မှုတွေရှိတာပေါ့။ဘန်ကောက်နဲ့အနီးအနားက မြို့ကြီးတချို့အတွက် ဇန်နဝါရီလထဲမှာ ထုတ်ပြန်ခဲ့တဲ့ ယင်လပ်အစိုးရရဲ့ အရေးပေါ်ကြေညာချက်ကလည်း သိပ်အရာထင်ပုံမရဘူးဗျ"
"ဒီတကြိမ်တော့ ထိုင်းစစ်တပ် ငြိမ်ချက်သားကောင်းလှချည့်လားဗျာ"
"အာဏာသိမ်းတဲ့နေရာမှာ ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ ထိုင်းစစ်တပ်လည်း ဒီတကြိမ်တော့ ရွှေပြည်အေးတရားဟောပြီး ငြိမ်နေလေရဲ့။ လက်တွေ့ကျကျ စဉ်းစားရင်လည်း စစ်တပ်က အာဏာသိမ်းရုံနဲ့ ပြဿနာမပြေလည်နိုင်ဘူးဆိုတာ သိသာတယ်ဗျ။ အနောက် နိုင်ငံသင်တန်းဆင်း ထိုင်းဗိုလ်ချုပ်တွေလည်း ဒီအချက်ကို သဘောပေါက်ပုံရတယ်။အမေရိက၊ဥရောပလို ထိုင်းရဲ့စီးပွားရေး ကျောထောက်နောက်ခံနိုင်ငံတွေကလည်း အာဏာသိမ်းတဲ့ ကိစ္စကို အားပေးချင်ပုံ မပေါ်ဘူး"
"ဒီရက်ပိုင်းမှာ ဘန်ကောက်ရဲ့မြောက်ဘက်အရပ်ကနေ လယ်ထွန်စက်၊ထော်လာဂျီတွေနဲ့ ထိုင်းလယ်သမားတပ်ကြီးချီင်္လာပြီဆိုဗျ"
"တကယ်တော့ ထိုင်းလယ်သမားအများစုဟာ သက်ဆင်ရဲ့ အနီရောင်ပါတီကို အူလှိုက်အသည်းလှိုက်ထောက်ခံခဲ့တဲ့သူတွေပေါ့ဗျာ။ အခုတော့ အစိုးရဆီကနေ ရစရာရှိတဲ့စပါးကြွေးမရတာကြောင့် တပ်ချီလာတာကြောင့် ယင်လပ်အတွက် မြွေပူရာကင်းမှောင့်ဖြစ်ရတာပဲ။  ယင်လပ်မျက်ဖြူဆိုက်လေ အဝါကြိုက်လေမို့ လယ်သမားခေါင်းဆောင်တွေတည်းခိုဖို့ဆိုပြီး ဟိုတယ်တချို့မှာ အဝါအဖွဲ့လူအုပ်ကြီးနဲ့ ကြိုတင် စာရင်းသွင်းတာမျိုးတွေလုပ်လာတော့ ဟိုတယ်ဝန်ထမ်းတွေတောင် ဟိုတယ်ကို စွန့်ခွာကြသတဲ့ဗျ။ဒီလုပ်ရပ်ဟာ ရှင်နာဝပ်စီးပွားရေးအုပ်စုကြီးကို ပစ်မှတ်ထားတာမို့ အစုရှယ်ယာဈေးတွေတောင်ကျကုန်ဆိုပဲ။ နောက်ဆုံးရ သတင်းက တော့ အဲဒီ လယ်သမားတွေကို တပတ်အတွင်း စပါးကြွေးပြန်ဆပ်ပါ့မယ်ဆိုတဲ့ ယင်လပ်အစိုးရရဲ့ ကတိစကားကြောင့် တပ်ပြန်ခေါက် သွားကြပြန်သတဲ့။ ယင်လပ်အစိုးရကလည်း စပါးဈေးကိုပေါက်ဈေးထက်နှစ်ဆတိုးပေးပြီးဝယ်ခဲ့သတဲ့ဗျ။ ဒါကြောင့်နှစ်နှစ်အတွင်း ထိုင်းဘတ်သန်း ပေါင်းလေးသန်းကျော်အရှုံးပေါ်ခဲ့ရောဆိုပါတော့။ဒီနည်းဟာ လယ်သမားတွေကို မက်လုံးနင်းကန်ပေးတဲ့နည်း၊ ရွေးကောက်ပွဲအောင်နိုင်နည်းတစ်ခုပါပဲ။ယင်လပ်အစိုးရနေမြဲအတိုင်းဆက်ရှိနေမယ်ဆိုရင်တော့ အခြားငွေစာရင်းခေါင်းစဉ်တွေ အောက်ကနေ လှည့်ပတ်သုံးစွဲနိုင် ပေမဲ့ အခုလိုဘဏ်တွေကနေ၊ငွေချေးခွင့်မရှိတဲ့အခြေအနေမှာ ယင်လပ်ခေါင်းကိုဆင်နင်းတာပေါ့"
ကိုသက်ခိုင်ကား ပြောနေရင်း ထိုင်းနိုင်ငံရေးကိုသူကိုယ်တိုင်စိတ်ဝင်စားလာဟန်ရှိလေရာ သူ့မျက်လုံးအစုံမှာ အရောင်တောက်လာ၏။သူ့ ကိုယ်ပိုင် ထင်မြင်ယူဆများကိုပါဖွင့်ဟလာချေပြီ။ သူပြောချင်သည့်အကြောင်းအရာခေါင်းစဉ်အောက်ရောက်လာလျှင် အမျှင်မပြတ်တတ် သော ကိုသက်ခိုင်၏အလေ့စရိုက်ကို နောကြေနေသည့်ကျနော်က စကားဆက်နိုင်ရန် လမ်းကြောင်းပေးလိုက်သည်။
"ခင်ဗျားပြောသလို ဆိုရင်ဖြင့် ထိုင်းနိုင်ငံရှေ့ရေးဟာ ဘယ်ဆီဘယ်ဝယ်ငွေပင်လယ်ဆိုပါတော့။ ဟုတ်လားဗျ"
"ကျနော်မြင်တွေ့လာရသမျှတော့ ဒီဇာတ်လမ်းက ရှေ့ဆက်မျောနေအုံးမယ်ထင်မိတယ်"
"ဆက်လုပ်ပါအုံးဗျ။ ခင်ဗျားလည်း ထိုင်းဂျပိုးဖြစ်နေပြီဆိုတော့ ထိုင်းနိုင်ငံရေးအပေါ်ခင်ဗျားရဲ့သုံးသပ်ချက်လေး"
"အေးဗျာ၊ထိုင်းမှာ အနေကြာလာလို့ထင်ပါရဲ့။ ထိုင်းနိုင်ငံရေးကို မကြည့်ချင်မြင်ရက်သား ဖြစ်နေလေရဲ့။ပြီးခဲ့တဲ့ တစ်ခေါက် ဘန်ကောက် ရောက်တုန်းကလည်း အတိုက်အခံအဝါခေါင်းဆောင် ဆူထေ့ပ် ကိုတောင်ခပ်လှမ်းလှမ်းကနေ မြင်ခဲ့ရသေးတယ်။ ဘန်ကောက် လမ်းမကြီးတွေ ပိတ်ဆို့ဖို့အားထုတ်တဲ့ (Bangkok Shutdown)မြင်ကွင်းတစ်ခုဆိုပါတော့"
"အော်၊ ခင်ဗျားက ဆန္ဒပြပွဲတွေကြားလျှောက်သွားနေရော့သလား"
"မဟုတ်ဘူး။ ကျနော်တည်းတဲ့ဟိုတယ်ကနေ ပန်ထစ်ပလာဇာဘက်ကို ဝယ်စရာခြမ်းစရာ ရှိလို့ ခဏသွားတာ။ဂုံးကျော်တံတားပေါ် အရောက် ဆန္ဒပြနေတဲ့အဝါအုပ်စုကြီး ဖက်ဖူရီလမ်းမကြီးအတိုင်း ချီတက်လာတာကို ပက်ပင်းကြုံလိုက်တာ၊ဆူထေ့ပ်ကတော့ အမိုးဖွင့်ဆယ့်နှစ်ဘီးကား ကြီးပေါ်က ကုလားထိုင်တလုံးမှာထိုင်လို့၊ဘေးက သူ့ပါတီဝင်တယောက်ကတော့ လက်ကိုင်စပီကာနဲ့ ကားပေါ်ကနေ လမ်းပေါ်က ပရိသတ်ကိုဟောပြောနေလေရဲ့။လမ်းမကြီးတလျှောက်သူတို့အဖွဲ့ကို ထောက်ခံကြိုဆိုကြတဲ့ ပရိသတ်တွေ လည်း မနည်းလှ ဘူးဗျ"
"ဒါနဲ့ ခင်ဗျားက အဝါကို ကြိုက်သလား အနီင်္ကိုကြိုက်သလားဗျာ"
"အမှန်ကတော့ နှစ်ဖွဲ့စလုံး အားနည်းချက်ကိုယ်စီနဲ့ပါပဲ။စေ့စေ့စပ်စပ်ကြည့်နိုင်ရင် သက်ဆင်အုပ်စုဟာ ပိုပြီး နိုင်ငံရေးအဝါးဝတယ်လို့ ဆိုနိုင် မယ်ထင်ပါရဲ့"
''ရှင်းစမ်းပါအုံးဗျ"
"၂၀၀၀ခုနှစ်နောက်ပိုင်း ကျင်းပသမျှ ရွေးကောက်ပွဲတိုင်းမှာ အနီအုပ်စုတွေ အကြိမ်ကြိမ်အောင်ပွဲဆင်နိုင်ခဲ့တာကို ကြည့်ရင်သိသာပါ တယ်။ သက်ဆင်ရှင်နာဝပ်ဟာ ဘုရင်စံနစ်ကို ဖျက်သိမ်းပြီး သမတနိုင်ငံထူထောင်ရေးအထိ မျှော်မှန်းခဲ့တယ်လို့ သတင်းတွေက ဆိုတယ်။သက်ဆင်ရှင်နာဝပ်ဟာ ရဲတက္ကသိုလ်ကျောင်းဆင်း၊စီးပွားရေးပညာပါရဂူဘွဲ့ရခဲ့သူမို့ သူရွှေ့ခဲ့တဲ့  နိုင်ငံရေးကျားကွက်တွေဟာ သိပ်မြင့်တယ်လို့ဆိုရမယ်။ ခင်ဗျားကြည့်လေ။ ပြည်ပြေးဘဝရောက်ခဲ့တာတောင် သူ့အုပ်စုသူ့သြဇာမကင်းတဲ့ ဝန်ကြီးချုပ်တွေ ဖြစ်လာ အောင် ဆက်တိုက်စွမ်းဆောင်နိုင်ခဲ့တာဟာ သူ့အရည်အချင်းပါပဲ။သူဟာ လူများစုဖြစ်တဲ့ တောင်သူလယ်သမားတွေရဲ့ သည်းခြေကြိုက် စီမံကိန်းတော်တော်များများကိုလည်း ဖန်တီးပေးခဲ့တယ်။ ဆင်းရဲသားအများစုအတွက် အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု၊အသေးစား အိမ်တွင်းမှုလုပ်ငန်းရှင်တွေ အတွက် တမြို့နယ်ထုတ်ကုန်တစ်ခု(One tambon one product)(OTOP) စီမံချက် စတာတွေဟာ ထိုင်း နိုင်ငံတနံတလျားမှာ အနီတွေအားကောင်းစေတဲ့အချက်တွေပါပဲ။ ကျနော်ဘန်ကောက်ကို ရောက်လေတိုင်း တွေ့မိတဲ့ တက္ကစီဒရိုင်ဘာ တိုင်းကို မေးကြည့်သလောက် သူတို့အားလုံးလိုလို သက်ဆင့်ဘက်တော်သားတွေချည်းပဲဗျာ။ တဆက်တည်းမှာ သူဟာ ဧရာမ လာဘ်ပေးလာဘ်ယူအရှုပ်တော်ပုံတွေကို ဖန်တီးသူဖြစ်နေပြန်တယ်။သက်ဆင်ပြည်ပြေးဖြစ်ရတဲ့ ကိစ္စကလည်း ဘန်ကောက်မြို့ရဲ့ အချက်အချာကျတဲ့ မြေနေရာတစ်ခုကို မတန်မရာဈေးနှုန်းနဲ့ အရောင်းအဝယ်ဖြစ်အောင် ဖန်တီးရာက စတဲ့ ပြဿနာလို့ဆိုတယ်"
"ဒါဆို အဝါတွေဟာ သက်ဆင်ရဲ့လာဘ်ပေးလာဘ်ယူအရှုပ်တော်ပုံတွေကို ထောက်ပြပြီး သန့်ရှင်းတဲ့အစိုးရတစ်ရပ်ဖြစ်လာအောင် လှုံ့ ဆော်တာမို့ တရားမျှတတယ်လို့ မဆိုနိုင်ဘူးလားဗျ"
"အဲဒီလိုလည်း မဆိုနိုင်ပြန်ဘူးဗျ။ လက်ရှိအတိုက်အခံခေါင်းဆောင် ဆူထေ့ပ်ကိုယ်တိုင် နောက်ကြောင်းရာဇဝင် ကောင်းလှတယ် မဟုတ်ဘူး။တကယ်တော့ ခင်ဗျားသိတဲ့အတိုင်းဖူးခက်ဟာ အဝါရောင်မြို့ပါပဲ။ဒါပေမဲ့ ကျနော်နဲ့ရင်းနှီးပြီး အထိုက်အလျောက် နိုင်ငံရေးအမြင်ရှိတဲ့ ထိုင်းရဲအရာရှိတချို့ရဲ့ ဆူထေ့ပ်အပေါ် ထင်မြင်ယူဆချက်ကို တီးခေါက်ကြည့်မိတော့... (ဒီလူလည်း မာဖီးယား ပါပဲ)လို့ ဖြေပုံချင်းတူနေကြတယ်ဗျာ။ ဘန်ကောက်ကိုရောက်တိုင်း တွေ့မိတဲ့ထိုင်းပညာတတ်တွေ ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လက်ရှိထိုင်းနိုင်ငံရေးအခြေအနေအပေါ် ထင်မြင်ချက်ကို အကြိမ်ပေါင်းများစွာ ကျနော်မေးကြည့်ခဲ့ဖူးတယ်။ အားလုံးလိုလို ယတိပြတ် အဖြေတစ်ခုကို မပေးနိုင်ကြဘူး။ အများစု ကတော့ ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ အခန်းကဏ္ဍဟာ ပိုပြီးအရေးပါ နေတဲ့အချိန်လို့ဆိုကြတယ်။ "
"ဒါဆို ခင်ဗျားကရော ဘယ်လိုမြင်တုန်းဗျာ"
"ကျနော့်အနေနဲ့ထိုင်းနိုင်ငံရေးကို တစိုက်မတ်မတ်လေ့လာနေသူမဟုတ်ပေမဲ့ မြင်ရတွေ့ရသမျှ အကဲဖြတ်ရရင် သက်ဆင်ရဲ့အနီအုပ်စုက ဖွဲ့စည်းပုံဥပဒေဘောင်ထဲက လူလည်ကျတယ်။ အဝါတွေက ဥပဒေမဲ့ ပြုပြင်ပြောင်းလဲဖို့အားထုတ်နေတယ်လို့ပဲမြင်မိတယ်။အားပြိုင်မှု သိပ်မြင့် လာတဲ့အတွက် တရားလက်လွတ် အပြုအမူတွေ တနေ့တခြားများလာတယ်။ ခင်ဗျားကြည့်လေ။ မနေ့က ညနေကတောင် ဘန်ကောက် ပသူနမ်လမ်းဆုံမှာ လက်ပစ်ဗုံးနဲ့ ပစ်သွင်းလို့ လူခြောက်ယောက်ဒဏ်ရာရခဲ့သတဲ့ဗျ။ဆန္ဒပြပွဲတွေ စခဲ့တာ လေးလ လောက်ရှိနေပြီ။ဆယ့် ခြောက်ယောက်သေပြီး လူခုနစ်ရာကျော် ဒဏ်ရာရခဲ့ပြီတဲ့ဗျာ"
အမ်မခန်အရပ်ရှိ ခြံဝန်းကျယ်ကြီင်္းထဲက ကျနော့်အိမ်မှာ ကိုသက်ခိုင်နှင့် စကားလက်ဆုံကျနေခြင်းဖြစ်ပါသည်။ကျနော်ငှားနေသော အိမ်ကားအိုမင်းရင့်ရော်လှပြီ။
အနည်းဆုံးသက်တမ်းနှစ်ငါးဆယ်ကျော်ရော့မည်။သို့သော် ဆိပ်ငြိမ်သောရပ်ကွက်မို့ ကျနော်သဘောကျသည်။ အိမ့်အနောက်ဖက်ကပ် ကပ်လျက်တွင် တောအုပ်ငယ်တစ်ခုရှိ၏။အပင်မြင့်ကြီးတချို့ရှိသော်ငြား၊ ခြုံနွယ်ပိတ်ပေါင်းထူလှသည်။အလေ့ကျအပင်မျိုးစုံတို့အနက် မှ ကျနော်သတိပြုမိသမျှမှာ ကွမ်းသီးပင်နှင့် ပိန္နဲပင်တချို့သာဖြစ်၏။ကျန်အပင်တို့၏အမည်ကိုကား ကျနော်မသိ။
တောအုပ်ငယ်သည် အလျားအနံ ပေတစ်ထောင်ပတ်လည်ထက်မပိုနိုင်သော်ငြား ဥသြတွန်သံကို ရံခါကြားနေရတတ်သည်။ကျနော်သည် ထိုဥ သြသံကြောင့် ဇာတိနိုင်ငံကိုလွမ်းသည်။ထိုဥသြတွန်သံသည်ပင် အလွမ်းကိုပြေစေပြန်လေသည်။ကိုသက်ခိုင်သည် အဆိုပါဥသြတွန် သံကို ကောင်းစွာသတိပြုမိဟန်ရှိသည်။
"အေးဗျာ။ ဥသြတွန်သံကြားရတာ အညာပြန်ရောက်နေသလို ခံစားရတယ်။ မနက်မိုးလင်းချိန် ငှက်မျိုးစုံတွန်သံ၊အော်သံတွေ အိမ့် အနောက်ဘက်တောအုပ်ထဲကနေ ကြားနေရတာကြောင့် ကျနော်ခင်ဗျားအိမ်ကနေ မပြန်ချင်တာဗျ။တကယ့်ကို သဘာဝရဲ့အနှစ်သာရ ပါပဲဗျာ။အမယ်၊ ဘာငှက်မှန်းမသိရတဲ့ ဝါးဝါးချင်း ပွတ်တိုက်သံမျိုးပေါ်လာတဲ့ ငှက်အော်သံက ရှိသေး"
"အေးဗျ။ကိုသက်ခိုင် ခင်ဗျားပြောကာမှ သတိရမိတယ်။ အိမ်အနောက်တောအုပ်ထဲမှာ တောကြက်တွေလည်း အတော်များများ ရှိပုံရတယ်ဗျာ။ တခါတလေ ထမင်းကျန်ဟင်းကျန်တွေစားဖို့ ရောက်ရောက်လာတဲ့တောကြက်တွေကို ကျနော့်အိမ်က ကြောင်သား အုပ်မတွေ လိုက်ခုတ်နေတာ တွေ့နေရတယ်ဗျ။တခါသားများ ကျနော်ကတ္တရာလမ်းပေါ်အထွက် ကံဆိုးရှာတဲ့တောကြက်တစ်ကောင် ကားတိုက်ခံရပြီး သေ နေတာတွေ့လို့ ကျနော့်တပည့်ကျော်တွေ ဟင်းတစ်နပ်စာရဖူးတယ်ဗျ"
"အေးဗျာ၊ခင်ဗျားပြောတဲ့ တောကြက် လမ်းပေါ်ထွက်မိလို့ ကံဆိုးရှာသလိုမျိုး ထိုင်းတွေကံဆိုးကိန်းကြုံမှာကို ကျနော်အရမ်းရင်လေးမိ တယ်"
"ဘာဆိုင်တုန်းဗျ။ လမ်းပေါ်ထွက်ဆန္ဒပြတယ်ဆိုတာ ဒီမိုကရေစီနိုင်ငံတွေမှာ အဆန်းတကြယ်မှ မဟုတ်တာ"
"အင်း။ခင်ဗျားပြောတာ မှန်သလိုလိုတော့ရှိပါရဲ့။ဒါပေမဲ့ လက်ရှိထိုင်းနိုင်ငံအကြပ်အတည်းဟာ လွယ်လွယ်နဲ့ ကိစ္စပြတ်မဲ့ အခြေအနေ မရှိဘူး။တဖက်နဲ့တဖက် သူသေကိုယ်သေ အပြတ်ဆော်ကြတဲ့ပွဲမျိုးဖြစ်နေတယ်။လမ်းမပေါ်ထွက်လာတဲ့ လူအုပ်ကြီးကို ကြည့်ပြီး ယင်လပ်အစိုးရကို ဆန့်ကျင်သူတွေများလှချည့်ရဲ့လို ယတိပြတ်မဆိုနိုင်ဘူးဗျ။အမြဲကြားနေရတဲ့သတင်းတွေအရ နေ့တွက်ကြေးယူပြီး ရောယောင်ပါနေတဲ့ သူတွေလည်းရှိသတဲ့။ တစ်ရက်ကို ဘတ်တထောင်ကျော်ရကြဆိုပဲ။ဒီရက်ပိုင်းတွေမှာ ဝန်ကြီးချုပ်ဟောင်း အာဘီဆစ်ရဲ့ အိမ်ကိုအပစ်ခံရတာ။လမ်းမတွေပေါ်မှာ တဖက်နဲ့တဖက် အပြန်အလှန်ပစ်ခတ်ကြတာတွေ၊ ဆန္ဒပြနေ တဲ့နေရာတွေကို ထိုင်းရဲတွေက ဝင်စီးတာတွေ ဖြစ်နေတာတွေ ခင်ဗျားလည်း မြင်နေကြားနေသားပဲ"
"ဘယ်နည်းနဲ့အေးချမ်းနိုင်သလဲဆိုတာ ခင်ဗျားတွေးမိတာများ ရှိလေရော့သလားဗျာ"
"သန့်ရှင်းတဲ့အစိုးရတစ်ရပ်ပေါ်ထွက်လာစေဖို့ လမ်းပေါ်ထွက်ဆန္ဒပြုကြတဲ့ အဝါရောင်အုပ်စုရဲ့ သဘောထားကို ကျနော်ယေဘုယျ ထောက်ခံပါတယ်။ခက်နေတာက သူတို့မှာ မှန်ကန်တဲ့နည်းဗျူဟာ မရှိဘူးထင်မိတယ်။လမ်းတွေရုံးတွေကို လူအုပ်ကြီးနဲ့ပိတ်ဆို့ တာမျိုး ဟာ တည်ဆဲဥပဒေနဲ့မညီဘူးဗျာ။ဆင်းရဲသားအများစုကို ဗဟိုပြုကျားကန်ထားတဲ့ အနီတွေရဲ့ ကစားကွက်ကို အဝါတွေမှီအောင် လိုက်မကစားနိုင်ကြဘူး။အဝါဖက်မှာ ထူးချွန်ထက်မြက်တဲ့ခေါင်းဆောင်လိုနေတယ်။ကျနော်သာ အဝါခေါင်းဆောင်ဖြစ်ခဲ့ရင် အချိန်ယူပြီး ဖြေရှင်းမဲ့နည်းလမ်းကိုရွေးမိမယ်ဗျ။ကိုယ်ချင်းစာမိတဲ့အချက်တစ်ခုကတော့ သွေးပူနေတဲ့ လူအုပ်ကြီးကို ရုတ်ချည်းလားရာတစ်ခု ဖက်ပြန်လှည့်ဖို့ဆိုတာလည်း ဧရာမပြဿနာကြီး။ အမှတ်ရမိတာက ကျနော်တို့ဗမာပြည် ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလတုန်းက နိုင်ငံတော်သမ္မတဒေါက်တာမောင်မောင်ပြောခဲ့ဖူးတဲ့ ... (ဘယ်အရာကိုတောင်းဆိုကြတာလဲ။ လွှတ်တော်ကိုဖျက်ပါဖျက်ပါ။ နိုင်ငံတော်ကောင်စီကိုဖျက်ပါဖျက်ပါဆိုတာတွေဟာ ဘာကိုရည်ရွယ်နေကြပါသလဲ)ဆိုတဲ့ စကားသံပဲဗျာ။ ဒေါက်တာမောင်မောင် ကောင်းလှချည့်ရဲ့ ကျနော်မဆိုလိုပေမဲ့ အဲဒီကာလမှာ သွေးပူနေတဲ့ လူထုကြီးကို ထိန်းသိမ်းနိုင်တဲ့သူမပေါ်ခဲ့တာ ကျနော့်ကိုယ်တွေ့မို့ လွှတ်သေချာတယ်ဗျာ။အဝါအဖွဲ့တောင်းဆိုနေတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေပါဝင်တဲ့ ယာယီအစိုးရတရပ် ဖွဲ့ဖို့ ဆိုတာ နားထဲမှာ သာကြားလို့ကောင်းတာ။ အခြေခံဥပဒေနဲ့ မညီဘူးဗျ။ဖြစ်နိုင်ချေသိပ်နည်းတယ်"
"ခင်ဗျားက ထိုင်းနိုင်ငံရှေ့ရေးအတွက် ဘာကြောင့်ရင်လေးနေရတာတုန်းဗျ"
"ဆင်ခြင်တုံတရားမဲ့ လမ်းပေါ်မှာသတ်တာဖြတ်တာတွေ ထပ်ဖြစ်လာမှာကို ကျနော်စိုးရိမ်တာပါပဲ။၂၀၀၉ခုနှစ်တုန်းကလည်း ဘန်ကောက် မြို့လယ်ခေါင်မှာ ဖြစ်ခဲ့ဖူးပြီဗျာ"
"ဘယ်လိုဖြစ်ခဲ့တာတုန်းဗျ"
"အဲဒီတုန်းက People's Alliance for Democracy (PAD)ပါတီ၊အဝါရောင်လှုပ်ရှားမှုခေါင်းဆောင် ဆွန်ထိ လင်သောင်ကူး ဘန်ကောက်မြို့လယ်ခေါင်မှာ သေနတ်ပစ်ခံရတဲ့ ကိစ္စလေ"
"အော်။ ကျနော်လည်း သတင်းထဲမှာ နားစွန်နားဖျားတော့ ကြားမိသလိုပဲ။ အသေးစိတ်သိရင် ပြောပါအုံးဗျ"
"တကယ်တော့ ဆွန်ထိဟာ အရင်တုန်းကသက်ဆင်ရှင်နာဝပ်ကို ထောက်ခံခဲ့သူပါပဲ။ နောက်ပိုင်းမှာ ၀န်ကြီးချုပ်ဟောင်းသက်ဆင် အစိုးရနဲ့ သက်ဆင် ကျောထောက် နောက်ခံပြုထားတဲ့ အစိုးရတွေကို ဖြုတ်ချဖို့ လူထုလှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့တယ်။ မစ္စတာ ဆွန်ထိဟာ ပီအေဒီ ပါတီကို၂၀၀၅ခုနှစ်မှာ စတင်ထူထောင်ခဲ့သတဲ့။ ရှပ်အင်္ကျီ အဝါရောင် လှုပ်ရှားမှုနဲ့ သက်ဆင် အစိုးရ အရိပ်အာဝါသ မကင်း၊ သြဇာ ညောင်းတယ်ဆိုတဲ့ဘန်ကောက်မြို့တော်ဝန်ဟောင်း စမတ်နဲ့ သက်ဆင်ရဲ့ မယားညီအကို အစိုးရနှစ်ဆက်ကို ဖြုတ်ချနိုင်ခဲ့တဲ့  ထိုင်းမီဒီယာ လုပ်ငန်းရှင် သူဋ္ဌေးကြီးပေါ့ဗျာ။ သူရဲ့ ၀န်ကြီးချုပ်ဟောင်းသက်ဆင် အစိုးရကို ဖြုတ်ချတဲ့ လူထုလှုပ်ရှားမှုကို ထိုင်းနိုင်ငံ လူလတ်တန်းစားတွေ၊ စစ်တပ်က အနားယူခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ ထိုင်း တော်ဝင်မိသားစုတွေက အပြည့်အ၀ ထောက်ခံခဲ့ကြတယ်။ ဘီလီယံသန်းကြွယ်ချမ်းသာတဲ့ ၀န်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ လူတွေကတော့ သူ့ကို နည်းအမျိုးမျိုးနဲ့ ဂလဲ့စားခြေ လုပ်ကြံဖို့ ကြိုးစားခဲ့ကြတယ်လို့ ဆိုတယ်။ မစ္စတာ ဆွန်ထိရဲ့ နောက်ကွယ်မှာ ထိုင်းတော်ဝင် မိသားစု၊ ထိုင်း တပ်မတော် အရာရှိ ဟောင်းကြီးတွေ၊ ထိုင်းပါလီမန် လွှတ်တော် အမတ်တချို့နဲ့ဘန်ကောက် ပညာတတ် လူလတ်တန်းစားတွေ အပြည့်အဝ ထောက်ခံထားကြသတဲ့။ ဝန်ကြီးချုပ်ဟောင်း တယ်လီကွန် မာလ်တီ ဘီလျံနာ သူဋ္ဌေးကြီး သက်ဆင်ရှင်နာဝပ်ကို   ပြည်ပြေး ဘဝရောက်အောင် တွန်းပို့ခဲ့တဲ့သူလို့၊ သက်ဆင်ကို လိုလားတဲ့ ရှပ်အင်္ကျီ အနီဝတ် တောနေလူတန်းစားတွေက  တထစ်ချ ယုံကြည်ထားကြ သတဲ့ဗျာ။ဒီတော့ ဆွန်ထိလုပ်ကြံခံရမှုမှာ သက်ဆင်ဟာ နောက်ကွယ်က ကြိုးကိုင်သူလို့ စွပ်စွဲကြလေရဲ့။ သူအပစ်ခံရ တာက ၂၀၀၉ခုနှစ် ဧပြီလ (၂၃) ရက်နေ့မှာ ဗျ။ထိုင်းစံတော်ချိန် မနက်ငါးနာရီလောက်မှာ သူပိုင်တဲ့ ရုပ်မြင်သံကြားအသံလွှင့် ဌာန(ASTV)ကို အသွား ဘန်ကောက် ဗဟိုဘဏ်နဲ့ ဆန်းစန်လမ်းမပေါ်က ဓာတ်ဆီဆိုင် တစ်ခုနားအရောက် သေနတ်သမားနှစ်ယောက် က အမ်ဆယ့်ခြောက်၊ အေကေ(၄၇) တွေနဲ့ ဝိုင်းညှပ်ပြီးအချက်ပေါင်း ရာချီပြီး ပစ်ခဲ့တာ။"
"ဒီပုဂ္ဂိုလ်ပွဲချင်းပီးသေရောပေါ့"
""ဆွန်ထိကံထူးချက်ကတော့ ကမ်းကုန်ပဲဗျာ။ ဒီလောက်စံနစ်တကျ အချက်ပေါင်းရာချီအပစ်ခံရတာတောင် ဒဏ်ရာအနည်းအကျဉ်းပဲ ရသတဲ့။ခေါင်းမှာဒဏ်ရာရတယ်။ခွဲစိတ်ကုသမှုခံရပေမဲ့ အသက်နဲ့အဝေးကြီးဆိုပဲ။သူ့ကိုယ်ရံတော်နဲ့ယာဉ်မောင်းတွေလည်း ဒဏ်ရာရကြ သတဲ့။ထူးခြားချက်ကတော့ ဆွန်ထိကို လုပ်ကြံရာမှာ သုံးတဲ့ ကျည်ဆံတွေဟာ ထိုင်းစစ်ဒေသတစ်ခုက ကျည်တွေဖြစ်နေသတဲ့ဗျ"
"အော်။ ကျည်ဆံဘယ်ကလာလာဗျာ။ ဒီလောက်အလစ်အငိုက်ဖမ်းပြီး အချက်ပေါင်းရာချီပစ်တာတောင် မသေဘူးဆိုတာ ဒီလူ သေနတ်များပြီးနေရော့သလား"
''နေရာကျလိုက်လေ။ခင်ဗျားယုံချင်ယုံမယုံချင်နေပေရော့။ ဆွန်ထိလုပ်ကြံခံရမှုကနေ လွတ်မြောက်ခဲ့တာဟာ သူအမြဲကိုယ်နဲ့မကွာ ဆောင်ထားတဲ့ အန္တရာယ်ကင်း၊ သိဒ္ဓိမှော်ဝင်ဝိညာဉ်အဆောင်တမျိုးကြောင့်လို့ ထိုင်းလူမျိုးတော်တော်များများက ယုံကြည်ကြသတဲ့ဗျ"
"ဘာဗျ။သိဒ္ဓိမှော်ဝင်ဝိညာဉ်အဆောင်။ ဟုတ်လား "
"ဟုတ်ပါ့ဗျာ။ထိုင်းလူမျိုးအများစုဟာတစ္ဆေသူရဲ၊ဝိညာဉ်နဲ့ဒုတ်ပီးဒါးပီးသေနတ်ပီးတဲ့အဆောင်လက်ဖွဲ့တွေကို ယုံကြည်စွဲလန်းကြလေရဲ့။ ဥပမာ "ကျထုခမ်း ရာမာထပ်"လို့ခေါ်တဲ့ ထိုင်းရှေးဟောင်းဒဏ္ဍာရီပုံပြင်တွေနဲ့ဆက်စပ်နေတဲ့ အဆောင်တမျိုးဆိုပါတော့"


လူမိုက်လက္ခဏာ ၄ ပါး

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0



                                                              (ကျထုခမ်းဆရာကြီး ရဲဗိုလ်ချုပ်ခွန်ဖန်)

မင်းဒင်ရဲ့သက်ခိုင်(၂)

"ကျထုခမ်းရာမာထပ်(သိဒ္ဓိမှော်ဝင်ဝိညာဉ်အဆောင်)"

"ဟန်ကျလိုက်လေဗျာ။သိဒ္ဓိမှော်ဝင်ဝိညာဉ်အဆောင်အကြောင်းလေး လင်းစမ်းပါအုံးဗျ။အတော် စိတ်ဝင်စားစရာကောင်းမယ်ထင်ပါရဲ့"

"နေအုံးဗျာ။ ကော်ဖီပန်းကန်တွေ ဆေးလိုက်ပါရစေအုံး"

စိတ်လေ့ကျင့်ခန်းများကို အခါမလပ်ပြုလေ့ရှိသည်ဆိုသော ကိုသက်ခိုင်သည် တစ်ခါတစ်ရံ အာရုံထွေပြားနေတတ်သူဟု ကျနော် ထင်သည်။ရုတ်ခြည်းဆိုသလို ပြောလက်စအကြောင်းအရာ စကားစကိုဖြတ်ကာ ရေချိုးခန်းအတွင်းက လက်ဆေးစင်မှာ ကော်ဖီပန်းကန် များကို ဆေးကြောနေရင်း ခေါင်းစဉ်အသစ်တခုဆီသို့ဦးတည်နေပြန်တော့သည်။

"ကျနော်သတိပြုမိသလောက် ထိုင်းလူမျိုးအများစုဟာ သန့်ရှင်းရေးကိစ္စတွေမှာ အတော်အမြင်ကျယ်လာပြီဆိုရမယ်ဗျ။ ကျနော်ရောက်ဖူး သမျှထိုင်းမိတ်ဆွေအများစုရဲ့မီးဖိုချောင်တွေမှာ အတော့်ကို သန့်ပြီးတောက်ပြောင်နေကြလေရဲ့"

မှော်ဝင်ဝိညာဉ်အဆောင်မှသည် မီးဖိုချောင်ဆီသို့ ဦးတည်နေပြန်သော ကိုသက်ခိုင့်စကားကြောင့် ကျနော်ကျွဲမြီးတိုလာသည်။

"ခင်ဗျားနဲ့စကားပြောရတာ တခါတခါ အရူးလင်လုပ်ရသလိုပဲဗျာ။တောရောက်လိုက်၊တောင်ရောက်လိုက်နဲ့"

"အဟား၊ ခင်ဗျားကပဲ စိတ်တိုရတယ်ရှိသေး။ ခင်ဗျားကိုအကဲခတ်ကြည့်ရသလောက်၊ "အရူးလင်လုပ်"ဆိုတဲ့မြန်မာဆိုရိုးစကား ရဲ့ ရင်းမြစ်အနက် အဓိပ္ပါယ်ကိုလည်း သိပုံမရဘူး။တကယ်တမ်းသိခဲ့ရင် ခင်ဗျားပြောလို့ထွက်မှာမဟုတ်ဘူးဗျ။စာဏကျအမတ်ကြီးကို တောင်ပြေးသတိရမိသေးဗျာ"

"တော်ပါတော့ဗျာ။ မီးဖိုချောင်ကနေ စာဏကျအမတ်ကြီးဆီ ရောက်ပြန်ပါပေါ့လား"

"ဒီမယ်ကိုယ့်ဆရာ။ စိတ်ကိုလျှော့။ စာဏကျအမတ်ကြီးဆိုတဲာ့ စာဏကျနီတိကျမ်း ကိုပြုစုခဲ့တဲ့ဆရာကြီးဗျ။သူ့အရှင်ဘုရင်စန္ဒဂုတ်က "လောကကြီးမှာ လူအများဆောင်ရန်ရှောင်ရန်ဆုံးမစာရေးစမ်းပါ"လို့ အမိန့်တော် ချမှတ်တော့ စာဏကျအမတ်ကြီးက "ခံတွင်းပျက် နေတဲ့သူကို အစာကောင်းကျွေးခိုင်းတဲ့အလုပ် မလုပ်ပါရစေနဲ့"ဆိုပြီးငြင်းဖူးသတဲ့ဗျ"

"ဘာဆိုင်လို့တုန်းဗျာ"

"ဆိုင်ပါသော်ကောကိုရင်ရယ်။စာဏကျအမတ်ကြီးရဲ့အဖြေက "လောကမှာ လူအများစုဟာ အရသာအမှန်ကို မသိနိုင်တဲ့ အသိဥာဏ် ခံတွင်း ပျက်နေတဲ့သူတွေများသတဲ့။ဒါကြောင့် ဘယ်လောက်ကောင်းတဲ့အစာကိုကျွေးကျွေးကောင်းတယ်လို့ကို မမှတ်ယူမခံစားနိုင်ကြ ဘူး"တဲ့ဗျ။အခုလည်း ခွဲခြမ်းစိတ်ဖြာရမဲ့ကိစ္စမို့ ခင်ဗျားကို ပြောသင့်မပြောသင့် ချိန်ဆနေတာ"

"အော် ခင်ဗျားက ကျနော့်ကို အသိဥာဏ်ခံတွင်းပျက်နေတဲ့သူလို့ ဆိုချင်ဟန်တူပါရဲ့"

"ကိုယ့်ဆရာ သိပ်တော့ဒုံးမဝေးဘူးပဲ"

"တော်ပါဗျာ။ ခင်ဗျားစကားကိုသာ ရိတ်ပတ်လည်အောင်ရှင်းစမ်းပါ"

"ခက်နေတာက ခင်ဗျားရဲ့လောကြီးနေတဲ့စိတ်ပဲဗျ။ခင်ဗျားကြည့်ရတာ ကျထုခမ်းအကြောင်း အလွန်အမင်းစိတ်ရောက်နေပုံရတယ်"

"လိုတိုရှင်းသာ မိန့်ပါတော့ကိုယ်တော်ရယ်"

"ဒီလိုဗျ။ ထိုင်းလူမျိုးအများစု သန့်ရှင်းရေးဘက်ကို ဇောင်းပေးလာကြတာဟာ နိုင်ငံတကာနဲ့ဆက်ဆံမှုများလာတာကြောင့် ဖြစ်ဟန်ရှိ တယ် ။ထိုင်းနိုင်ငံကျင့်သုံးနေတဲ့နိုင်ငံရေးစီးပွားရေးစံနစ်ကို ကမ္ဘာကြီးနဲ့ချိတ်ဆက်ထားနိုင်တာကိုး။ဒီအမူအကျင့်တွေဟာ တိုးတက်တဲ့ အနောက် နိုင်ငံတွေဆီကနေ အတုခိုးထားတာ ဖြစ်တယ်။ တိုတိုရှင်းရှင်းပြောရရင် သန့်ရှင်းရေးကိစ္စမျိုးသာ အတုခိုးနိုင်ပြီး သဘာဝ ကျကျဆန်းစစ်နိုင်တဲ့အလေ့အကျင့်ကိုတော့ ထိုင်းလူမျိုးတွေ အတုမခိုးနိုင်ကြသေးဘူးဆိုရမယ်။ အချို့သော ရိုးရာအစွဲအလန်း တွေဟာ ထိုင်းလူမျိုးတွေရဲ့ ဓလေ့စရိုက်ကို ဖော်ပြနေတယ်ဗျ။ ကောက်ချက်ဆွဲရရင် လူမျိုးတစ်မျိုးဟာ သူတို့သားစဉ်မြေးဆက် ယုံကြည်လက်ခံခဲ့တဲ့ ရိုးရာအစွဲအလန်းကို ဖျောက်နိုင်ခဲတယ်ဆိုပါတော့။ ဥပမာ၊ကျနော်ပြော လက်စစကားထဲက အဝါခေါင်းဆောင် ဆွန်ထိ လုပ်ကြံခံရမှုကနေ လွတ်မြောက်လာရခြင်းဟာ သူကိုယ်နဲ့ မကွာဆောင်ထားတဲ့ ကျထုခမ်းကြောင့်လို့ထိုင်းလူမျိုးအများစုက ယုံကြည်ကြသဗျ"

"အော်၊လိုသလိုဆွဲတွေးရင်လည်း ယုံစရာကောင်းနေသကိုး"

"အေးဗျ။ နဂိုကမှထိုင်းလူမျိုးအများစုဟာ ဒုတ်ပီးဒါးပီးသေနတ်ပီးတဲ့ အဆောင်လက်ဖွဲ့တွေကိုယုံကြည်စွဲလန်းနေကြတာဆိုတော့ သေနတ်နဲ့အချက်ပေါင်းရာချီပြီးအပစ်ခံရတာတောင် မဖြစ်စလောက်ဒဏ်ရာလောက်ပဲရခဲ့တဲ့ ဆွန်ထိရဲ့ဖြစ်ရပ်ဟာထူးဆန်းတာတော့ အမှန်ပဲဗျ။ ယုံကြည်သူတွေကိုးကားတဲ့ အခိုင်မာဆုံးသက်သေကတော့ လွန်ခဲ့သောမကြာမတင် နှစ်များဆီတုန်းက နတ်ရွာစံတော့ မလိုဖြစ်တဲ့အထိ ဆေးရုံပေါ်မှာ အသည်းအသန်ဖြစ်နေခဲ့တဲ့ ထိုင်းဘုရင်မင်းမြတ်ဟာ ကျထုခမ်း အဆောင်တစ်ခုကို လည်မှာ ဆွဲပြီး၊ထိုင်းရုပ်သံတွေမှာ ပြုံးပြုံးကြီး ပြန်ပေါ်လာဖူးသတဲ့ဗျ။ လူအများပိုပြီးစိတ်ဝင်စားစရာဖြစ်စေတဲ့အချက် ကတော့ ထိုင်းဘုရင်ကြီးရဲ့ အဆောင်ကျထုခမ်းဟာ ကျထုခမ်းဆရာကြီး ရဲဗိုလ်ချုပ်ဆွန်ဖန် ကိုယ်တိုင် ဆက်သထားတာမို့ ထိုင်းနိုင်ငံ တလွှားမှာ ကျထုခမ်းရဲ့ ဂုဏ် သတင်း၊ ဟိုးဟိုးကျော်ခဲ့ပါရောလားဗျာ"

"ဟ။ ကျထုခမ်းဟာ ဒီလောက်ပဲ စွမ်းသလားဗျာ"

"ဟိုးဆရာ၊ ဟိုး။ ဆုံးဖြတ်ချက်မလောနဲ့ဗျ။ကျထုခမ်းစွမ်းမစွမ်း ။ ရာဇဝင်နဲ့ချီပြီး ကျနော်ပြောပါ့မဗျာ။ဒါပေမဲ့အဖြေကိုတော့ ခင်ဗျားကိုယ် တိုင်ထုတ်ပေတော့ဗျာ။တကယ်တော့ ကျထုခမ်းရဲ့အမည်အပြည့်အစုံဟာ "ကျထုခမ်းရာမာထပ်"တဲ့။"ကျထုခမ်း"နဲ့"ရာမာထပ်"ဆိုတဲ့ မင်းသားနှစ်ပါးရဲ့ အမည်ကိုပေါင်းထားတာ"

"ကျနော့်ကိုဒုံးဝေးတယ်လို့ဆိုချင်ဆိုတော့ဗျာ။ ခင်ဗျားစပြောတုန်းက ကျထုခမ်းဆိုတာ "သိဒ္ဓိမှော်ဝင်ဝိညာဉ်အဆောင်"ဆို။အခုတော့ မင်းသား နှစ်ပါးအမည်ဖြစ်ရပြန်ပြီ။သေချာရှင်းစမ်းပါဗျ"

"အိုကေ။ခင်ဗျားဖက်ကသာ စိတ်ရှည်ရှည်ထားပေတော့။နားသယ်ကိုတူနဲ့နှက်သလို ရှင်းသွားအောင် ကျနော်ပြောမယ်။ဒီလိုဗျ။ ကျထုခမ်း ရာမာထပ်အဆောင်လက်ဖွဲ့ဆိုတာ တကယ်တော့ ဒူးတဖက်ထောက်ပြီးထိုင်နေတဲ့ မင်းသားရုပ်ထု လေးတစ်ခုပဲ။အမှန်က ဓာတ်တော် တိုက်ကိုစောင့်ရှောက်နေတဲ့ မင်းသားတစ်ပါးရဲ့ပုံစံဗျ။အမယ်၊ဗိသျှနိုး၊မဟာသွံဿာရ၊မင်းညီမင်းသား၊နတ်သားစတဲ့မူကွဲပုံစံတွေလည်း ဒုနဲ့ဒေးရှိသေးတယ်ဆိုသဗျ။ပထမဆုံးစပြီးထုလုပ်တဲ့ရုပ်တုရဲ့အရွယ်ဟာ  ငါးစင်တီ မီတာလောက်ရှိသတဲ့။ ဒါလည်းပုံသေလို့ မမှတ်လေနဲ့။ရုပ်တုဦးဆောင်ထုလုပ်တဲ့ ပုဂ္ဂိုလ်နဲ့နေရာဌာနကိုလိုက်ပြီး အရွယ်အမျိုးမျိုး ရှိလေရဲ့။အဲဒီရုပ်ထုလေးတွေကို စက်ဝိုင်းပုံကြုပ်မှာထည့်၊လည်မှာဆွဲပြီး အဆောင်လက်ဖွဲ့အဖြစ်ယုံယုံကြည်ကြည်သုံးကြတယ်ဆိုပါ တော့။နေဦး။အဆောင်ထည့်တဲ့ ကြုပ်ဒီဇိုင်းကလည်း အဝိုင်း၊လေးထောင့်၊သုံးထောင့်၊ထိပ်တဘက်ချွန်တွေလည်း ရှိသေးတယ်။ အဲဒီ ဒီဇိုင်းမျိုးစုံလှတဲ့ လည်ဆွဲ အဆောင်ကြုပ်တွေကို  ထိုင်းလူမျိုးတော်တော်များများရဲ့  လည်ပင်းမှာတွေ့ရတတ်တယ်။တချို့ယုံကြည်မှုလွန်ကဲတဲ့ ထိုင်းတွေဆို လည်ဆွဲကြုပ်ဆယ့်လေးငါးခုလောက်ကို လည်ပင်းညွတ်မတတ် ဆွဲထားကြလေရဲ့။ အဲဒီကြုပ်တွေထဲမှာ ကျထုခမ်း ရာမာထပ် ရုပ်တုထည့်သူထည့်။ဗုဒ္ဓဆင်းတုအငယ်စားလေးတွေထည့်သူထည့်၊နောက်ပြီး ရဟန္တာလို့ အများယုံကြည်ကြတဲ့ ဘုန်း တော်ကြီးတွေ၊ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်တွေရဲ့ ရုပ်တုလေးတွေကိုပါ ထည့်လေ့ရှိကြသဗျ။ ကျထုခမ်းရာမာထပ်အပါအဝင် အဲဒီရုပ်တုတွေ ကိုယ်နဲ့မကွာဆောင်ထားရင် ချက်ချင်းစီးပွားလာဘ်လာဘတက်မယ်။ဘေးရန်ကင်း မယ်လို့ ယုံကြည်ကြ လို့ပေါ့"

"အင်း အခုမှ ဇာတ်ရည်လည်စပြုတယ်ဗျာ။ မင်းသားနှစ်ပါးရဲ့ရာဇဝင်နောက်ခံလေးလုပ်ပါအုံးဆရာ"

အဲဒီမင်းသားနှစ်ပါးရဲ့ရာဇဝင်ကလည်း တကျောင်းတဂါထာဗျ။သို့သော်တူညီနေတဲ့ အချက်တော့ အဲဒီမင်းသားနှစ်ပါးရဲ့ဇာတ်လမ်းဟာ ထိုင်းတောင်ပိုင်းမြို့ကြီးတမြို့ (နခွန်ဆီထမရတ်)မှာရှိတဲ့ ဝပ်ဖရာမဟာထပ်ပုထိုးသမိုင်းနဲ့ဆက်စပ်နေလေရဲ့။သီဟိုဠ်လက်ရာ၊ အဲဒီ ဓာတ်တော်တိုက် ပုထိုးသမိုင်းမှာ ကျောက်ထက်အက္ခရာတင်ထားပုံက လွန်ခဲ့တဲ့နှစ်ပေါင်း (၁၇၀၀) လောက်တုန်းက ထိုင်းအလယ် ပိုင်းက ဘုရင်ကြီး တပါးဟာ နယ်မြေချဲ့ ထွင်ရင်း သီဟိုဠ်ကို သိမ်းနိုင်ခဲ့သတဲ့။သီဟိုဠ်မှာရှိတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ဓာတ်တော် မွေတော်တွေကို သားတော်နှစ်ပါး၊ ကျထုခမ်းနဲ့ရာမာထပ်ကို သွားပြီး ပင့်ခိုင်းသတဲ့။ဒီမှာတင် မင်းသား နှစ်ပါးဟာ သီဟိုဠ်က ဓာတ်တော်မွေတော်တွေကို ပင့်ပြီးအပြန် မိုးကြိုးမုန်တိုင်းမိတာကြောင့် ဓာတ်တော်တွေကိုတိုင်တည်ပြီးဆုတောင်းကြတဲ့အခါ အားလုံးသောရဲမက်တွေ သေကြေ ပျောက်ဆုံးကြပေမဲ့ မင်းသား နှစ်ပါးကတော့ ထူးဆန်းစွာအသက်ရှင်ကျန်ရစ်သတဲ့။ နောက်တော့ အဲဒီဓာတ်တော်တွေကို ဌာပနာပြီး စေတီတစ်ဆူတည်ထား ကိုးကွယ်ကြရာကနေ ဝပ်ဖရာမဟာထပ်ပုထိုးတော်ကြီးဖြစ်လာ ရောပေါ့ဗျာ။ဝပ်ဖရာမဟာထပ်ဓာတ် တော်တိုက် ပုထိုးတော်ကြီးဟာ ဥာဏ်တော်အမြင့် ငါးဆယ့်ငါးမီတာကျော်ကျော်ရှိပြီး သီဟိုဠ်ခေတ်လက်ရာတဲ့ဗျ။ ဘုရားပရဝုဏ် အတွင်းမှာရှိတဲ့ အဆောက်အဦးတွေကတော့ အယုဒ္ဓယခေတ်လက်ရာတွေနဲ့မွမ်းမံထားသတဲ့"

""ဘယ့်နှယ်။ခင်ဗျားပြောတဲ့ ဘုရားသမိုင်းမှာ ထိုင်းဘုရင်ကြီးက သီရိလင်္ကာကိုသိမ်းခဲ့တယ်ဆိုတာကြီးက ရာဇဝင်အူပေါက်ဇာတ်လမ်း ကြီးပါလားဗျာ။ထိုင်းတွေသီရိလင်္ကာကို သိမ်းနိုင်ခဲ့တယ်ဆိုတာ နားစွန်နားဖျားတောင်မကြားမိတာ အမှန်ပဲ"

"အေးလေ၊အဲဒီလို ကမောက်ကမနောက်ခံဇာတ်လမ်းတွေကြောင့် ခင်ဗျားရဲ့ပင်ကိုယ်ဥာဏ်ကိုသုံးရမယ်လို့ နိဒါန်းချီခဲ့တာပေါ့။ကျနော်လေ့ လာဖတ်ရှုမိသလောက် မင်းသားနှစ်ပါးဟာ လိုရာအရပ်ကိုမရောက်ပဲ လမ်းခုလတ်မှာတင်မြို့သစ်ကြီးတမြို့တည်ပြီး ဓာတ်တော်တွေကို ဌာပနာပြီးစေတီတည်ခဲ့ တယ်လို့လည်း ဆိုပြန်တယ်။မင်းသား နှစ်ပါးနဲ့ဟိန္ဒူ ဘုရားနှစ်ပါးရဲ့အမည်တွေဟာ ရောထွေး သတ်မှတ် ခံထား ရလေရဲ့။ သီရိလင်္ကာမှာ ဒီနေ့အထိ ရိုးရာအတိုင်းယုံကြည်နေကြတဲ့ သီဟိုဠ်ကျွန်း ကို နတ်မင်းကြီး လေးပါးက စောင့်ရှောက်တယ်ဆိုတဲ့ အယူရှိတယ် ။ပါဠိလို ခတ္တုဂါမ ( ခပ်တုခန် ) နဲ့ ရာမ ခေါ် ဗိသျှနု ရဲ့ အမည်တွေ ဟာ ဟိန္ဒူဘုရားတွေရဲ့ ဘွဲ့တွေ ဖြစ်နေတယ် ။ ဖခင် ဘုရင်ကြီးကလဲ သီဟိုဠ် မှာ စိုးစံတယ်လို့ ဆိုပြန်သေးဗျာ။
နေရှင်းသတင်းစာရဲ့ အာဘော်အရ ဒီ ကျထုခန်းအပေါ် ထိုင်းလူမျိုးတို့ရဲ့ အယူသည်းမှုကြောင့် ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ ပျောက်ဆုံးမှု တွေ ဖြစ်ခဲ့ရတယ် လို့ ထိုင်းပညာတတ် သုတေသနပညာရှင်တွေက ၀န်ခံထားကြပါသတဲ့ ။ အဓိက ကတော့ မသေချာ မရေရာတဲ့ ရောပြွမ်းသမိုင်းတွေ နဲ့ ချဲ့ကားပါးစပ်ရာဇ၀င်တွေဟာ ကျထုခန်း ရဲ့ မူလဘူတကို ပျောက်ဆုံးစေခဲ့ရပြီး သမိုင်းတန်ဖိုးတွေ ကျဆင်းခဲ့ရ တယ်လို့ အပြစ်ဖို့ ထားကြတယ် ။ ( Rather, societies fail to remember and live up to the admirable principles of their religions. ) ဒါလဲ မှတ်စရာပါပဲ။တကယ်တော့ကျထုခမ်းရာမာထပ်ရာဇဝင်ဟာ ဗုဒ္ဓ ၊ဟိန္ဒူ ဘာသာကျမ်းဂန်တွေမှာ မရှိဘူး။အယူသည်း ထိုင်းလူမျိုး တွေရဲ့ ပါးစပ်ရာဇ၀င် မှာသာရှိနေတာ။ နံမယ်တွေကိုသေချာလေ့လာဆန်းစစ်ကြည့်ရင် "ကျထုခန် ရာမာထက်"ဆိုတာ ပါဠိလို  "စတုဂါမာ၊ရာမာ၊ဒေ၀"ကိုထိုင်းသံထွက်ထားတာဖြစ် နိုင်တယ်။ အဓိပ္ပါယ်က လေးရွာပိုင်နတ် (လေးမြို့ရှင်) ရာမ နတ်ဘုရားပဲ။ ဒီလက်ဖွဲ့တွေဟာ နခွန်ဆီ သာမာရတ် ဂူဘုရားရဲ့ ဒဏ္ဍာရီနဲ့ ဆက်စပ်နေလေရဲ့။နာဂသီရိ ဓမ္မရာဇာ ရဲ့ "The Crystal Sands"စာတမ်းအရဆိုရင် ဒီဘုရားမှာ သီဟိုဠ် ကနေပင့်လာတဲ့ ဓာတ်တော် မွေတော်တွေ ကိန်းနေတယ်လို့ဆိုတယ်။သီဟိုဠ် - ဗုဒ္ဓဘာသာ - ဟိန္ဒူ နတ်ဘုရားတွေ ဆက်စပ်မှု ကို မဟာဝံသ ကျမ်းကိုကြည့်ရင်တွေ့နိုင်တယ်ဗျ"

ကိုသက်ခိုင်၏မှတ်ဥာဏ်ကား အံ့သြဖွယ်ကောင်းလေစွ။သူသည်စပ်စုသူဖြစ်၏။အကြောင်းခြင်းရာတစ်ခုကို ခြေခြေမြစ်မြစ်လိုက်စားတတ် သူတည်း။ဖြစ်တန်ချေတစ်ခုကို သဘာဝယုတ္တိအာဂမယုတ္တိ နှစ်တန်သောနည်းဖြင့် ပိုင်းခြားဝေဖန်လေ့ရှိ၏။ထို့ကြောင့်ပင် ဆရာကြီးဂိုက် ဖမ်းနိုင်ဟန်ရှိ၏။ထို့ကြောင်ပင် ကျနော်သူ့ကို တခါတရံမြင်ပြင်းကပ်မိသည်။

"ဒါနဲ့ ခင်ဗျားမင်းသားနှစ်ပါးက ဘယ်ကနေဘယ်လို ရာဇဝင်ထဲကနေ ခုန်ထွက်လာရသတုန်း၊ရှင်းပါအုံးဗျ"

"အမယ် ဒီအကြောင်းခြင်းရာကလည်း ဒဏ္ဍာရီလိုလို ပုံပြင်လိုလိုဇာတ်လမ်းပဲဗျ။ ဖြစ်ခဲ့တာတော့ သိပ်မကြာလှသေးဘူးဆိုရမယ်။ ၁၉၈၀ ဝန်းကျင်ကပေါ့။နခွန်စီထမရတ်ခရိုင် ရဲဗိုလ်ချုပ်ခွန်ဖန်ဟာ ဝပ်နန်ဖရာ့ဆိုတဲ့ ဘုရားကို ဝတ်ပြုဖို့သွားတော့ နတ်ဝင်သည် အမျိုးသမီး တစ်ယောက်နဲ့တွေ့သတဲ့ဗျာ။အဲဒီနတ်ဝင်သည်ရဲ့ခန္ဓာကိုယ်ထဲကို ကျထုခမ်းနဲ့မဟာထပ်မင်းသားနှစ်ပါးရဲ့ စစ်သေနာပတိ့ ဝိညာဉ်ဝင်ပူးပြီး ဘာသာရေးအတွက် အရေးကြီးတာဝန်တွေပေးအပ်စရာရှိတာကြောင့် နောက်တစ်ကြိမ်ထပ်လာဖို့ ပြောသတဲ့ဗျ။နောက် အကြိမ်တွေ မှာတော့ အဲဒီနတ်ဝင်သည်ကို ကျထုခမ်းမင်းသားရဲ့ဝိညာဉ်ကိုယ်တိုင် ဝင်ပူးပြီး နာခွန်စီထမရတ်မှာ (၁၈၇၂)ခုနှစ်တုန်းက တည်ဆောက်ခဲ့တဲ့ မြို့တည်မော်ကွန်း ကျောက်တိုင်ကို ပြုပြင်မွမ်းမံဖို့ တာဝန်ပေးသတဲ့ဗျ။ အဲဒီလုပ်ငန်းကုန်ကျ စားရိတ်တွေအတွက် ကျထုခမ်းရုပ်ထုအဆောင်တွေကို ထုလုပ်ဖန်တီးပြီး ရံပုံငွေရှာဖွေဖို့လည်း ၊ဝိညာဉ်အဆင့်ဆင့်ဝင်ပူးပြီး ရဲဗိုလ်ချုပ်ကြီး ခွန်ဖန်ကို လမ်းညွန်သတဲ့။ ဒီမှာတင် ကျထုခမ်းရာမာထပ် အဆောင်တွေရဲ့ဇာတ်လမ်းတစခန်းထလာတော့တာပေါ့ဗျာ။ ရဲဗိုလ်ချုပ်ခွန်ဖန်ကိုယ်တိုင် ဦးဆောင်ဖန်တီး ခဲ့တဲ့ ကျထုခမ်းရာမာထပ်အဆောင်တွေဟာ စက်ဝိုင်းပုံကြုပ်တွေဖြစ်ပြီး အဆောင်တစ်ခုကို လေးဆယ့်ကိုးဘတ် နဲ့ စရောင်းသတဲ့။ မြို့တည် မော်ကွန်းကျောက်တိုင်ကိုလည်း ၁၉၈၇ခုနှစ်မှာ တည်နိုင်ခဲ့သတဲ့။အဲဒီဆရာကြီးခွန်ဖန်ရဲ့ ကျထုခမ်းရာမာထပ် အဆောင်တွေဟာ အခုကာလမှာ ဘတ်သိန်းချီဈေးပေါက်ပြီးဝယ်ချင်တိုင်းဝယ်လို့မရတော့ဘူးတဲ့ဗျ"

"အော် ဒါဆို ကျထုခမ်းဆိုတာ ရဲဗိုလ်ချုပ်တဖြစ်လဲ ကျထုခမ်းဆရာကြီး ခွန်ဖန်ရဲ့မူပိုင်ပေါ့"

"ဒီလိုလည်း မဟုတ်သေးဘူး။နာမည်ကြီးလာရင် ဆင်တူယိုးမှားတွေပေါ်လာတတ်တာ သဘာဝပဲမဟုတ်လား။ကျထုခမ်းမူကွဲ၊ဆင့်ပွား ကျထုခမ်းတွေ ရှိသေးဗျာ။တကယ်တော့ ပထမဆုံးကျထုခမ်းရုပ်ထုသွန်းရာမှာ၊ ဝပ်ဖရာ မဟာထပ်ပုထိုး တော်ဓာတ်တော်တိုက်မှာရှိတဲ့ ဘာသာရေးအရတန်ခိုးကြီးတယ်လို့ယုံကြည်ကြတဲ့ အသုံးအဆောင်တွေ ပါဝင်သတဲ့ဗျာ။ နောက်ပိုင်း ဘုန်းတော်ကြီးတွေ နာမည်ကြီး ဗေဒင်ဆရာ၊အကြားအမြင်ဆရာတွေ ထုလုပ်တဲ့ ကျထုခမ်းတွေမှာ ကျနော်တို့ဗမာပြည်က ဘာသာရေး အသုံးအဆောင်၊ ရှေးသမိုင်းဝင် ပစ္စည်းတွေတောင်ပါသေးဆိုပဲ။ ဒီအချက်ကို ကျနော်ပြောနိုင်တာက ၂၀၀၅ခုနှစ်ဝန်းကျင် ကျနော်ရနောင်းကို ရောက်စတုန်းက ကော့သောင်းဇာတိရနောင်းမြို့ခံ ကိုထိန်လင်းရွှေဆိုတဲ့ လူတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့ဖူးတယ်။သူနဲ့ပြောခဲ့ဖူးတဲ့ စကားတွေထဲမှာ သူဟာ နာမည်ကြီးထိုင်းဆရာတော်ကြီးတစ်ပါး ကျထုခမ်းထုလုပ်ဖို့အတွက် ရွှေတိဂုံစေတီပေါ်က ပန်းခြောက်တွေ၊ ဘုရင့်နောင် မင်းတရားကြီးရဲ့ ကမ္ဘောဇသာဒီနန်းတော်တည်ရှိခဲ့တဲ့နေရာကမြေကြီး၊ရွှေမော်ဓောဘုရားက ဘာညာ၊အာနန္ဒာဘုရားက အုတ်ခဲ ဆိုလား အတော်များများကို ရှာဖွေပေးခဲ့ရတယ်ဆိုသဗျ။ကျထုခမ်းခေတ်အစားဆုံးကာလကတော့ ၂၀၀၆ခုနှစ်ဝန်းကျင် တဝိုက်ပါပဲ။အခုထက်တိုင် လည်း ယုံကြည်စွဲလန်းနေသူတွေ အုံနဲ့ကျင်းနဲ့ရှိနေတုန်းပဲဗျ။ ဖူးခက်မြို့က တရုတ်လင်မယားဟာ ကျထုခမ်း ကြောင့်ကျိကျိ တက်ချမ်း သာလာတယ်လို့ယုံကြည်တယ်။အတိုက်အခံခေါင်းဆောင်ဆွန်ထိ သေဘေးကလွတ်တာဟာ ကျထုခန်း ကြောင့်လို့ ယုံကြတယ်။ ထိုင်းဘုရင်ကြီးသက်တော်ရှည်နေတာလည်းကျထုခမ်းရဲ့အစွမ်းကြောင့်လို့ ယူဆနေကြ လေရဲ့"

"ဆရာကြီးခွန်ဖန်ရဲ့ ဇာတ်လမ်းလေးဆက်ပါအုံးဗျ"

ဆရာကြီးခွန်ဖန်ဟာ ၂၀၀၆ခုနှစ် စက်တင်ဘာလ၊ အသက် တစ်ရာ့သုံးနှစ်မှာသေသတဲ့ဗျ။တချို့ကလည်းတစ်ရာ့ရှစ်နှစ်လို့ဆိုတယ်။ သူ့နာရေးအခမ်းအနားကိုတော်ဝင်ဈာပနအခန်းအနားနဲ့ကျင်းပခဲ့ပြီး ပရိသတ်ပေါင်း နှစ်သိန်းခွဲကျော်လိုက်ပါပို့ဆောင်ကြသတဲ့။အဲဒီနေ့ကို ကျနော်မှတ်မိနေတာက ကျနော့်ဗမာ ပစ္စည်းတွေကို ရနောင်းကနေ ဖူးခက်အရောက် ကားစီးလုံးတိုက်ပေးတဲ့ ဦးလွယ်ဆိုတဲ့ သူဌေးလင်မယားတောင် ဆရာကြီး ခွန်ဖန်ရဲ့ ဈာပနကိုလိုက်ပါပို့ဆောင်ဖို့ တစ်ပတ်လောက်နခွန်စီထမရတ်ကိုရောက်နေ ခဲ့ကြလို့ပါပဲ"

"ဒါနဲ့ ကိုသက်ခိုင်၊ ခင်ဗျားအနေနဲ့ကော ဒီလိုအဆောင်လက်ဖွဲ့ဆိုတာတွေကို ယုံကြည်သလားဗျာ"

စကြာဝဠာအနှံ့မှာ ထောက်လှမ်းလို့မလွယ်တဲ့ တန်ခိုးစွမ်းအားတွေ ရှိနေတယ်ဆိုတာ ကျနော်လက်ခံယုံကြည်ပါတယ်။ဒါပေသည့် ထိုင်းလူမျိုးတွေကတော့ အစွန်းရောက်လွန်းတယ်လို့ထင်မိတယ်။ပြောနေရင်းနဲ့ ထိုင်းလူမျိုးတချို့ ယောက်ျားတန်ဆာကို ကြံကြံဖန်ဖန်၊ ယုံကြည်ကိုး ကွယ်တာလည်း မြင်ဖူးတွေ့ဖူးသေးတယ်ဗျာ။ဘာတဲ့။ ကျနော်တို့မဟာမြန်မာများကတော့ အဲဒီအရာဟာ ဘုရင့်နောင် မင်းတရားကြီး ရဲ့ပစ္စည်းလိုလို၊အလောင်းမင်းတရားကြီးပေးတဲ့ဆေးနည်းလိုလို ကြံဖန်ဂုဏ်ယူပြီး ထင်ရာပြောနေကြ လေရဲ့။ ပြောစရာ တွေက အများ သားကလား။ အားလပ်တဲ့အခါ ဆက်ပြောကြ တာပေါ့။ခုတော့ နားကြအုံးစို့ရဲ့။

ရုပ်ပုံ။ ။ဂူဂဲလ်

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0


အခန်း(၁၂)

ကျမ်းကြီးပေါက်သူများ

ကျနော်ထိုင်းနိုင်ငံကိုရောက်ကာစမှာ ကျော်ဖြတ်ခဲ့တဲ့ အတွေ့အကြုံတွေဟာ အခုနေပြန်စဉ်းစားကြည့်ရင် တကယ့်ကို ရင်ထိပ် သည်းဖိုဖြစ်စရာပဲဗျ။ သတ္တိခဲကြီးလို့တော့ မထင်လိုက်လေနဲ့ဗျာ။ကျနော်ဟာ ရဲဘက်စခန်းက ပြေးလာသူမို့ ကျနော့်ဘဝဟာ အရိပ်မည်းကြီးတစ်ခုအထိုးခံသလို မလုံမခြုံခံစားနေရတဲ့အချိန်ဆိုတော့ ပိုဆိုးတာပေါ့။ခင်ဗျား စဉ်းစား ကြည့်လေ။ဗမာပြည်မှာ ကျန်ရစ်ခဲ့တဲ့ ပြဿနာကနောက်ကြောင်းမအေးခင်၊ထိုင်းနိုင်ငံမှာများ ပြဿနာတစ်စုံတစ်ရာ ပေါ်ခဲ့ ရင် ငါ့ဘဝတော့ ရေစုန်မျောပြီဆိုတဲ့ အတွေးတွေသာ နေ့နေ့ညည ကျနော့်စိတ်မှာ ပူပန်နေမိတာပါပဲ။ဒါပေမဲ့ ရွေးစရာလမ်း မရှိတဲ့ ကျနော်ဟာ ကြောက်ကြောက်နဲ့ရှေ့တိုးခဲ့ရတာပါပဲ။
ဒီနေရာမှာ စကားစပ်လို့ ကျနော့်အတွေးနဲ့ တက်တက်စင်အောင်လွဲနေတဲ့ ထိုင်းနိုင်ငံအကြောင်း ပြောရအုံးမယ်ဗျ။ ထိုင်းနိုင် ငံကို ခြေချကာစတုန်းက ထိုင်းနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်တယ်။စည်းကမ်းနည်းလမ်းတကျဒီမိုကရေစီနည်းအတိုင်း အုပ်ချုပ် နေတယ်။ထို့အတူထိုင်းရဲတွေဟာလည်း ထိုင်းနိုင်ငံကြီးရဲ့ဥပဒေတွေကို တိတိကျကျကာကွယ်စောင့်ရှောက် နေတယ် ထင်မိတာပေါ့။တကယ်တမ်းထိုင်းနိုင်ငံမှာလည်း အနေကြာ၊ထိုင်းစစ်ဘက်နယ်ဘက်က အရာရှိတွေ၊အဆင့်ဆင့် သော ဌာနဆိုင်ရာအရာရှိတွေနဲ့ ရင်းနှီးကျွမ်းဝင်တော့မှ သူတို့လည်း ဒီမိုကရေစီသာဆိုတယ်။ လာဘ်ပေးလာဘ်ယူ ကိစ္စမှာတော့ ကျနော်တို့ ရွှေပြည်ကြီးနဲ့ နင်လားငါလားပါပဲဗျ။တိတိကျကျပြောရရင် ထိုင်းနိုင်ငံရဲ့ စီးပွားရေး လူမှုရေး  နိုင်ငံရေးကိစ္စရပ်အားလုံး လိုလိုမှာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ ထိုင်းမာဖီးယားတွေက လက်ဝါးကြီးအုပ် လွှမ်းမိုး ထားတာပါပဲ။သူတို့ဟာ ထိုင်းနိုင်ငံရဲ့အဆင့်ဆင့်သောဌာနဆိုင်ရာအရာရှိတွေ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးယန္တရား တွေကို နောက်ကွယ်ကနေ ကြိုးကိုင်နေတာပါပဲ။
သို့သော်ခြွင်းချက်တော့ရှိတယ်ဗျ။ထိုင်းဥပဒေကို အထိုက်အလျောက် နားလည် သဘောပေါက်တဲ့ထိုင်းလူမျိုးအချင်းချင်း ကြားမှာတော့ လူပါးဝလို့မရဘူး။အထူးသဖြင့် အသေးစားတနိုင်တပိုင်စီးပွားရေး လုပ်ငန်းတွေမှာ ထိုင်းလူမျိုးအချင်းချင်း ပစားပေးထားတာ အထင်အရှားတွေ့နေရတယ်။ဥပမာ အခုခင်ဗျား လုပ်နေတဲ့ ဗမာပစ္စည်းဖြန့်တဲ့အလုပ်မျိုးဆိုပါတော့။ တော်ရုံအတိုင်းအတာကို ထိုင်းလူမျိုးတစ်ယောက်အနေနဲ့ လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ရှိတယ်။ ပြည်ပရင်းနှီးမှုခွင့်ပြုရာ မှာလည်း ထိုင်းလူမျိုးတွေကို စာရင်းထည့်ထားပါမှ အလုပ်ဖြစ်တယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ရောက်လာကြတဲ့ နိုင်ငံခြားသားလုပ်ငန်းရှင်တွေဟာ ခင်မင်ရင်းနှီးပြီး ယုံကြည်စိတ်ချရမယ်ထင်ရတဲ့ ထိုင်းလူ မျိုးတွေ ကိုနာမည်ခံပြီးလုပ်ကြရတယ်။နာမည်ခံပေးပြီး နိုင်ငံသားခြားသားလုပ်ငန်းရှင်တွေရဲ့ စည်းစိမ်ပြုတ်အောင် အကွက်ကျကျ ဇယားချပြီးလိမ်နေကြတဲ့ ထိုင်းလူလည်အုပ်စုတွေလည်း ဒုနဲ့ဒေးဗျာ။မယုံမရှိနဲ့ကိုယ်တွေ့။ ကျနော့်မိတ်ဆွေ မစ္စတာဝူး မိတ်ဆက် ပေးဖူးတဲ့ စင်္ကာပူသင်္ဘောလုပ်ငန်းရှင်တစ်ယောက်ဟာ နာမည်ခံထိုင်းလူမျိုးတစ်ယောက်ကြောင့် ထိုင်းဘတ် သန်းသုံးရာ လောက်ဆုံးသွားဖူးသတဲ့ဗျ။
ကျနော့်စကားကို ပြန်ဆက်ရရင် ကျနော်လို မအူမလည်ကောင်မျိုးက ဖူးခက်မြို့ဝင်တံတားကြီးရဲဂိတ်ဆီကို တရားမဝင် ကုန်ပစ္စည်း လော်လီကားတစ်စီးတိုက် တင်ပြီးမောင်းဝင်လာဖို့လာဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပဲ။ဒါပေမဲ့ ကျနော်ဟာ အမွှန်ကို အခွပ်ခံထားရတဲ့ တိုက်ကြက်တစ်ကောင်နဲ့တူနေတယ်ထင်ပါရဲ့။ ကျနော့်ဘော်ဒါအရင်း ရာမန်ကတောင် "သက်ခိုင်၊ ဟုတ်မှလည်း လုပ်နော်။ မင်းအခုလုပ်မဲ့ကိစ္စကို ငါတောင်မလုပ်ရဲဘူး"ဆိုပဲ။ဒါပေမဲ့ မလုပ်မဖြစ်တဲ့အခြေအနေရောက်နေ တာမို့ ကျနော်လည်း ကြောက်စိတ်ကို ဘေးချိတ်ထားလိုက်ရတယ်ဆိုပါတော့။ဇာတ်လမ်းကဒီလိုဗျ။
ရန်ကုန်ကနေ တင်လိုက်တဲ့ ဗမာပစ္စည်း ထိုင်းဘတ် တစ်သန်းဖိုးနီးပါးဟာ ကော့သောင်းဖက်ကမ်းကနေ ရနောင်းဈေးနား မှာရှိတဲ့ ကျနော်ငှားထားတဲ့အိမ်ကို ပထမဆုံးအကြိမ်ရောက်လာတုန်းကပေါ့။ လက်လှမ်းမီရာပိုင်ရာဆိုင်ရာတွေနဲ့ ချိတ်နိုင် တာမို့ နယ်မြေခံရဲကို တစ်လဘတ်ငါးထောင်လိုင်းကြေးပေးထားတဲ့အချိန်ဗျ။အဲဒီပစ္စည်းတွေ ဖူးခက်ကိုသယ်ဖို့စီစဉ်နေတုန်း မှာပဲ ထိုင်းထောက်လှမ်းရေးရဲအဖွဲ့ရောက်လာပြီး ကျနော့်အိမ်မှာ ရှိတဲ့ပစ္စည်းတွေ အကုန်သိမ်းပြီး ထိုင်းအကောက်ခွန်ဌာန ကို ပို့လိုက်ပါလေရောဗျာ။ထူးဆန်းတာက လူကိုတော့မဖမ်းဘူးဗျ။လာဖမ်းတဲ့မောင်တွေက ကျနော်လိုင်းဝင်ထားတဲ့ အဖွဲ့ မဟုတ်လေတော့ ကျနော်လည်း ဘာမှမပြောသာဘူးဗျာ။ကျနော်သိသလောက်ထိုင်းနိုင်ငံတနံတလျားမှာ တစ်ပိုင်းတစ်စ သာတရားဝင်တဲ့လုပ်ငန်းရှင်တွေဆီကနေ လစဉ်ဆက်ကြေးတောင်းနေတဲ့ အဖွဲ့ပေါင်း နှစ်ဆယ်ကျော်လောက်ကို ရှိတယ် ဗျာ။
ကျနော်ဟာ ဒီပြဿနာကို ရှင်းနိုင်ဖို့ အပူတပြင်းအဆက်အသွယ်ရှာလိုက်တော့ ထိုင်းရေတပ်ထောက်လှမ်းရေး ဗိုလ်မှူးကြီး နလုန်နဲ့ ချိတ်ဆက်မိရောဆိုပါတော့ဗျာ။ထူးခြားချက်ကတော့ နလုန်ဟာ ၁၉၈၈ခုနှစ်ဝန်းကျင်က ထိုင်းနိုင်ငံဘက်ကို ရှောင် တိမ်းလာတဲ့ မြန်မာအတိုက်အခံအတော်များများနဲ့ အဆက်အဆံရှိနေတဲ့အချက်ဗျ။ နလုန်နဲ့ကျနော့်ကိုချိတ်ဆက်ပေးခဲ့သူ ကတော့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ဥက္ကဌကိုကျော်ထက်ပေါ့ဗျာ။ သူက ကွယ်လွန်သူဗိုလ်မှူးကြီးစိန်မြရဲ့လက်ရုံးမို့ ကျနော်နဲ့ မကင်းရာမကင်းကြောင်းဆိုပါတော့။
ဒီမှာတင် ဗိုလ်မှူးကြီးနလုန်ဟာ ကျနော်နဲ့တွေ့ဖို့ ရနောင်းက ကိုစိုးတင့်ဆိုတဲ့ပုဂ္ဂိုလ်ကို စကားပြန်အဖြစ်ခေါ်လာသဗျ။ ကျနော် အကဲခတ်မိသလောက် ကိုစိုးတင့်(ယခုကွယ်လွန်)ဟာ နှစ်ဘက်ချွန်ပဲဗျ။ သူဟာ ထိုင်းနယ်စပ်မှာရှိနေတဲ့ ဗမာရေ တပ်ရဲ့ ကြေးနန်းတွေ၊ဖုန်းအဆက်အသွယ်တွေကို ထိုင်းထောက်လှမ်းရေးအတွက် ကြားဖြတ်နားထောင်ပေးတယ်။ဘာသာ ပြန်ပေးတယ်။ ထိုင်းဘက်က လျှို့ဝှက်ချက်တစ်ချို့ကိုလည်း ဗမာဘက်ကို ပြန်ပို့တယ်။ထုံးစံအတိုင်းကိုစိုးတင့်နာမည်ခံထား တာကတော့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားတက်ကြွသူပေါ့ဗျာ။
လိုရင်းပြောရရင် ရနောင်းမြို့ရဲ့ အထင်ကရစားသောက်ဆိုင်ကြီးတစ်ခုမှာ ဗိုလ်မှူးကြီးနလုန်နဲ့တွေ့ကြရောဆိုပါတော့။နလုန် ဟာ ဆက်ဆံရေးဖော်ရွေသူမို့  အချိန်တိုတိုအတွင်းမှာ ကျနော်နဲ့ခင်မင်သွားရောပေါ့ဗျာ။ အော် ပြောဖို့မေ့နေတယ်။ ဗိုလ်မှူး ကြီးနလုန်နဲ့အတူ ထိုင်းရေတပ်ထောက်လှမ်းရေးဗိုလ်ကြီးလေးယောက်လည်း အတူပါလာသဗျ။နလုန်က စကားပြန် ကိုစိုးတင့် ဆီကနေတဆင့်ကျနော်ကြုံနေရတဲ့ ပြဿနာအသေးစိတ်ကိုလည်း သိရော၊ကိုသက်ခိုင် ဘာမှ မပူနဲ့။ ကျနော်ရ အောင် ရှင်း ပေးမယ်။ခင်ဗျား ပစ္စည်းအားလုံးပြန်ရမယ်ဆိုသဗျ။ဒီလိုနဲ့ ဗိုလ်မှူးကြီးနလုန်နဲ့အဖွဲ့ဟာ ကျနော်တည်ခင်းတဲ့ ညစာကို စားသောက်နေချိန်ကြချိန်မှာ တယောက်သော ထိုင်းထောက်လှမ်းရေးဗိုလ်ကြီးတစ်ယောက်ဟာ နည်းနည်းရေချိန် ကိုက်လာတယ်ထင်ပါရဲ့။ ကျနော့်ကို သိပ်သနားစရာကောင်းတဲ့သတ္တဝါတကောင်လိုလှမ်းကြည့်ရင်း၊စကားအဆက်အစပ် မရှိ ..."ခင်ဗျား မအူမလည်နဲ့ ထိုင်းဘက်မှာ လူတွင်ကျယ်လာလုပ်တာ အံ့ပါရဲ့။ထိုင်းမှာ သေနတ်သိပ်ပေါတယ်နော်။ ကျည်ဆံတစ်တောင့်ကို ဘတ်နှစ်ဆယ်ပဲရှိတယ်။အခုနေ ထိုင်းရဲတစ်ယောက်ယောက်က ခင်ဗျားကို သေနတ်နဲ့ပစ်သတ် မယ်ဆိုရင် ခင်ဗျား ဘာလုပ်နိုင်မတုန်း"ဆိုပြီး ချောင်ပိတ်မေးပါရောဗျာ။


ဒီမှာတင် ကျနော့်ရိုးတွင်းချဉ်ဆီထဲက ဇာတိသွေးဟာ ငယ်ထိပ်တက်ပြီး ထကြွသောင်းကျန်းပါလေရောဗျ။ကျနော်ဟာ အဲဒီ ဗိုလ်ကြီးရဲ့မျက်နှာကို သေချာစိုက်ကြည့်ရင်း “ကျနော်က အရင်လက်ဦးအောင် ပြန်သတ်မှာပေါ့။သေနတ်မပါပဲ သတ်တဲ့ နည်းတွေ အများကြီးပါ။ယောက်ျားကောင်းတစ်ယောက်လို သတ္တိတကယ်ရှိတယ်ဆိုရင် သေနတ်ချင်းယှဉ်ပစ်တဲ့နည်းဟာ အကောင်းဆုံးပဲ” လို့ပြန်ပက်လိုက်ရောဗျာ။ အဲဒီအချိန်မှာ ကျနော်အရက်သောက်မထားပါဘူး။အရက်နဲ့ကျနော် လမ်းခွဲခဲ့ တာ အတော်ကြာခဲ့ပါပြီ။ ကျနော်ရုတ်တရက်ပြန်ခံတွန်းလိုက်တာကို စကားပြန်ကိုစိုးတင့်ဟာ ဘာသာမပြန်ရဲရှာပါ ဘူး။ မျက်စိမျက်နှာပျက်နေသဗျ။ ကျနော်လည်းခပ်အေးအေးပဲ"“ပြောလိုက်စမ်းပါကိုစိုးတင့်ရာ၊သူက အတည်ဆိုလည်း အတည်ပေါ့။ နောက်တယ်ဆိုရင်လည်း ပြန်နောက်တဲ့သဘောပေါ့”ဆိုတော့မှ ဘာသာပြန်ပေးရှာသဗျ။  ကျနော့်ချေပချက် ကို ကိုစိုးတင့်နှုတ်ဖျားကနေတဆင့် နားထောင်နေတဲ့ နလုန်ကတော့ အားရပါးရရီတာပါပဲ။ "မင်းတို့ဗမာတွေ တလေတည်း ပဲ"တဲ့။
ဇာတ်လမ်းကိုအတိုချုံးရရင် နလုန်ကျေးဇူးကြောင့် ပစ္စည်းတဝက်လောက်အကောက်ခွန်က ဖြတ်တဲ့ဈေးနဲ့ပြန်ရတယ်။ နလုန်ကိုလည်းထိုင်းဘတ်လေးသောင်းလောက်ကျေးဇူးဆပ်ရသပေါ့ဗျာ။ ကျနော်ပြောပါပြီကော။ ထိုင်းနဲ့ဗမာစစ်ဘက် အရာရှိ တွေလာဘ်စားပုံက မယိုးရင်းစွဲပါလို့။သို့သော်လာဘ်စားတာချင်းအတူထိုင်းအရာရှိတွေထိုင်းရဲတွေလာဘ်စားတာက တာဝန်ယူမှုပိုပြီးပီပြင်တယ်လို့ ကျနော်ထင်မိတယ်။
နောက်သုံးရက်လောက်လည်းကြာရော အကောက်ခွန်က ပြန်ရတဲ့တရားမဝင်ဗမာပစ္စည်းတွေအပါအဝင် နောက်ထပ် ရောက်လာတဲ့ ပစ္စည်းတွေပေါင်းပြီး ခြောက်ဘီးတပ်လော်လီကားတစီးတိုက်ဖူးခက်မြို့ထဲကို မောင်းဝင်လာရောပေါ့ဗျာ။ လမ်းတလျှောက်က ကြားမြို့တွေဖြစ်တဲ့ နန်းယွန်း၊ကပေး၊တကွယ်ပါ၊ဖန်ငစတဲ့မြို့တွေက စစ်တပ်ဂိတ်၊ရဲဂိတ်အသီးသီးကို မှင်သေသေနဲ့ကျော်ဖြတ်လာနိုင်ပေမဲ့ ဖူးခက်မြိ့ဝင်တံတားကြီးဂိတ်မှာ ကွိကနဲနေအောင် အဖမ်းခံရရောဆိုပါတော့။နေဦးဗျ။ ပြောဖို့ကျန်သေးတယ်။ရနောင်းကနေ ဖူးခက်ကို လော်လီကားပုတ်ပြတ်ငှားတော့ ကားပိုင်ရှင်က ကျနော့်ကို.. "ခင်ဗျား ကိုယ်တိုင် ကားခေါင်းပေါ်မှာလိုက်လာမှ ငှားမယ်"ဆိုလို့ ကျနော်ကိုယ်တိုင် ကားပေါ်ပါလာရသဗျ။ ဖူးခက်မြို့ဝင်ကာနီးမှ ကိုရွှေဒရိုင်ဘာက မမောင်းရဲပါဘူးဆိုလို့ ကျနော်ကိုယ်တိုင်မောင်းဝင်လာတာဗျ။
ကျနော့်ကားပေါ်က ပစ္စည်းတွေကို စစ်ဆေးပြီးတော့ ဆာရက်ဆင်ရဲစခန်းရှိရာကို မောင်းခိုင်းသဗျ။ စခန်းမှာ တာဝန်ကျနေ တဲ့ရဲဗိုလ်မှူးနာမည်က ချင်ချိုင်း(ယခု ဖူးခက်ရဲချုပ်)တဲ့ဗျ။ ထိုင်းစကားမပီတပီ၊အင်္ဂလိပ်စကားတစ်လုံးစနှစ်လုံးစညှပ်၊ခြေဟန် လက်ဟန်တွေနဲ့ အပြန်အလှန်ပြောနေကြရင်း ငါးမိနစ်လောက်အကြာမှာ ထိုင်းရဲမှူးဟာ ကျနော်ပစ္စည်းတွေကို သိမ်းဖို့အမှု ဖွင့်ဖို့ အစီအစဉ်မရှိပဲ ကျနော်ဘယ်လောက်ပေးနိုင်သလဲဆိုတာ တီးခေါက်နေမှန်း ကျနော်ရိပ်မိလာတယ်။ဒီမှာတင် ချင်ချိုင်း ဟာ စခန်း ထဲမှာ အဆင်သင့်ရှိနေတဲ့ မွန်လူမျိုးဗမာအလုပ်သမားတစ်ယောက်ကိုခေါ်ထုတ်လာပြီး သူပြောတာကို လုံးစေ့ ပတ်စေ့ ဘာသာပြန်ခိုင်းသဗျာ။ဒီတော့ ကျနော်က "ရဲမှူး၊ကျနော့်အခက်အခဲကို ကူညီစေချင်ပါတယ်။ ကျနော့်ဖက်ကလည်း အဆင်ပြေအောင် တတ်နိုင်တာဆောင်ရွက်ပေးပါ့မယ်"ဆိုတဲ့ စကားကို စကားပြန်မွန်အလုပ်သမားလေးကတဆင့် ဘာသာ ပြန်ခိုင်းလိုက်တော့ ရွှေကိုယ်တော်၊ ချက်ချင်းလက်တန်း ဘာသာပြန်လိုက်တာက "ထောက်လိုင်ခပ် (ဘယ်လောက် ပေးရမလဲခင်ဗျာ)"တဲ့။ ကောင်းကြရောပေါ့ဗျာ။ကျနော်က ချက်ချင်းဆိုသလို "ဟေ့ကောင်၊ထောက်လိုင်တော့ ငါလည်းသိ တယ်လေ။ ငါပြောချင်တာက သူကအရာရှိမို့ယဉ်ယဉ်ကျေးကျေးအသုံးအနှုန်း သုံးချင်တာ"လို့ပြောမိတော့ .. "အကိုပြောတာတွေကို အားလုံးပေါင်းလိုက်ရင် ဘယ်လောက်ပေးရမလဲ"လို့ အဓိပ္ပါယ်ထွက်တာပဲမဟုတ်လားတဲ့။
နောက်ဆုံးတော့ ရဲဟာရဲပါပဲဗျာ။ အဲဒီထောက်လိုင်ခပ်နဲ့ပဲ ဘတ်နှစ်သောင်းနဲ့ညှိနှိုင်းပြေလည်းလွတ်မြောက်လေသတည်း ဆိုပါစို့။ ကျနော့်ရဲ့ထီးဟန်နန်းဟန်ဆန်ချင်မှုကြောင့် ထော်လော်ကန့်လန့်ဖြစ်ရတဲ့ စကားပြန်အတွေ့အကြုံတစ်ခုလည်း ရှိသေးတယ်ဗျ။ ကျနော်ရဲ့ဆက်ဆံရေးအသိုင်းအဝန်းဟာ ဖူးခက်မှာ တစ်စတစ်စ ကျယ်ပြန့်လာလိုက်တာ ဖူးခက်ရဲ့ မြို့တော် ဝန် မစ္စတာ ထရီးဟာ ကျနော့်အိမ်ကိုလာလည်တဲ့အဆင့်ရောက်လာသဗျ။
မစ္စတာထရီးဟာ အမေရိကန်နိုင်ငံမစ္စစ္စီပီတက္ကသိုလ်ကနေ မဟာဘွဲ့ရလာပေမဲ့ အလေ့အကျင့်မရှိလို့လား မဆိုနိုင်ဘူး။ သိုး ဆောင်းဘာသာနဲ့ စကားပြောရမှာတော့ အတော့်ကိုညံ့တယ်ဗျာ။မြို့တော်ဝန်ကျနော့်အိမ်လာလည်တာက ဗမာပြည်မှာ ထုလုပ်တဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို သူ့အိမ်မှာ ကိုးကွယ်ချင်တဲ့ကိစ္စဗျ။ သူ့အပြောအရတော့ ဆင်းတုတော်ချင်းတူရင် တောင် ဗမာဘုရားက ရာထူးတိုးအောင်၊ကျန်းမာအောင်၊စီးပွားလာဘ်လာဘရွှင်အောင်ပိုစွမ်းနိုင်သတဲ့။ထိုင်းလူမျိုးအတော် များများဟာ ဂမ္ဘီရဆန်ဆန် အင်းအိုင်ခလှဲ့လက်ဖွဲ့အဆောင်တွေကို စိတ်ဝင်စားကြတတ်သဗျ။မြို့တော်ဝန်ဟာ သူရဲ့ အိမ်စီး ကားလေးနဲ့ ကျနော်အိမ်ကို မနက်ဆယ်နာရီလောက်မှာ မထင်မရှားပေါက်ချလာတာမို့ ကျနော်နဲ့ခင်မင်ရင်းနှီးနေတဲ့ ထားဝယ်အလုပ်သမားလေးတစ်ယောက်ကို စကားပြန် လုပ်ပေးဖို့ အကူအညီတောင်းရတာပေါ့။ထားဝယ်အလုပ်သမား လေးရဲ့ သူ့ကိုယ်သူ အမွှန်းတင်ချက်အရ သူဟာ ထိုင်းမှာ အနှစ်နှစ်ဆယ်နီးပါးနေခဲ့တာမို့ ထိုင်းစကားကို မွှတ်နေအောင် ပြောတတ်ဆိုပဲ။
ကျနော်က ထားဝယ်လေးကို သေချာမှာထားရတယ်။ "အခုရောက်နေတာ ဖူးခက်မြို့တော်ဝန်နော်။ရိုရိုသေသေလေးလေး စား ဆက်ဆံပါ။ဘာသာပြန်ပါ"ဆိုတော့ ရပါတယ်အန်ကယ်ရာတဲ့ဗျာ။ ဒါဆိုလည်း "မြို့တော်ဝန်ကြီး အထဲကို ကြွပါခင်ဗျာ။ တည်ခင်းထားတဲ့ အစားအသောက်တွေကို သုံးဆောင်ပါခင်ဗျာ"ဖိတ်မန္တက ပြုပေတော့ကွာလို့လည်း စကားပြန် လုပ်ခိုင်းလိုက်ရော မဟာပညာကျော် ဖိတ်ခေါ်လိုက်ပုံက .....
"ဖိခပ်။ မာ မာ မာ၊ ကင်ခပ် ၊ကင်ခပ်(အကို၊လာပါလာပါ။ စားပါစားပါ)"တဲ့ဗျား။ကျနော်ဘယ်လိုမှ ဘရိတ်အုပ်လို့မမီတော့ပါ ဘူး။ကျနော်သူ့ကို အထွန့်တက်ပြန်ရင်လည်း "ကြွပါ"ဆိုတာ ထိုင်းလို "မာ၊မာ(လာ၊လာ)"၊သုံးဆောင်ပါဆိုတာ "ကင်၊ကင် ဆိုတာ(စား ၊ စား)"ဆိုပြီး သူဖြေ ရှင်းတော်မူမှာကို ကျနော်သိလိုက်ပါပြီ။တကယ်တော့ ထိုင်းဘာသာမှာလည်း မြန်မာစကားလို ဒူးနေရာဒူး၊တော်နေရာတော် ခန့်ခန့်ငြားငြားယဉ်ယဉ်ကျေးကျေးသုံးတဲ့ အသုံးအနှုန်းတွေရှိပါတယ်။ဥပမာ ကြွပါဆိုပါတော့ ၊ထိုင်းအဆင့်မြင့်စကားနဲ့ "ချွန်ဝ်ခပ်"၊သုံးဆောင်ပါဆိုရင်လည်း "ရပ်ပထန်ခပ်"ဆိုတာမျိုးတွေပေါ့။
သေချာစဉ်းစားကြည့်မိပြန်တော့ ဒီကလေးတွေကိုလည်း အပြစ်တင်လို့မဖြစ်ပြန်ဘူးဗျ။ သူတို့အဖြစ်က လေးတန်းမအောင်ပဲ တက္ကသိုလ်ဝင်ခွင့်ဖြေခွင့်ရနေသူတွေနဲ့တူနေတယ်။ ဗမာရွေ့ပြောင်းအလုပ်သမားအများစုဟာ စားဝတ်နေရေးကျပ်တည်း လှတဲ့ မြို့ကြီးပြကြီးနဲ့ဝေးလံသီခေါင်လှတဲ့ အရပ်ဒေသကနေ ရောက်လာကြတာကိုး။အများစုဟာ ပညာရေးအခြေခံလည်း ဟုတ်ဟုတ်ငြားငြား မရှိရှာကြဘူး။ရန်ကုန်မြို့တောင်မရောက်ဖူးတဲ့ ရွှေကိုယ်တော်များဟာ ဖူးခက်လို ခေတ်မီခရီးသွား မြို့ကြီးမှာ အထိုက်အလျောက်လစာဝင်ငွေလေးနဲ့ ကိုယ့်ကိုယ်ကို ကျမ်းကြီးပေါက်လူလည်စာရင်းသွင်းလိုက်ကြပြီး မိုဘိုင်းဖုန်းကိုယ်စီနဲ့ ကိုဖိုးသိ၊ဒေါ်တတ်ပတွေဖြစ်ကုန်ပါရောဗျာ။သူတို့ဟာ သူတို့လုပ်ကိုင်နေတဲ့ ပတ်ဝန်းကျင်ကျဉ်းကျဉ်း လေးထဲမှာ အရာရောက်နေကြပြီး ကျယ်ဝန်းလှတဲ့လောကကြီးနဲ့ အဆက်ပြတ်နေကြဟန်တူပါရဲ့။ ဖူးခက်မှာ အနှစ်နှစ် ဆယ်နီးပါးနေသားကျပြီး ဟင်းသီးဟင်း ရွက်ဒိုင်တစ်ခုမှာသူဌေးလူယုံလိုဖြစ်နေတဲ့ ထားဝယ်မလေးတစ်ယောက် ဟာ ထိုင်းစကားကို ထိုင်းလူမျိုးလို့ ထင်ရအောင်တော့ ပြောတတ်ပါရဲ့။ဒါပေမဲ့ "စိန်နဲ့ပတ္တမြားကို ထိုင်းလို ဘယ်လိုခေါ်သတုန်း"လို့ စကား မစပ်မေးမိတော့ ခမျာ မသိရှာဘူးဗျာ။
ဗျာ။ ကျနော်ကြုံခဲ့ရတဲ့ဒုက္ခ ဒါတင်ပဲလား။ဟုတ်လား။ အမလေး၊ အခုမှနိဒါန်းချီတုန်းဗျ။ရုပ်ရှင်ဇာတ်ကားကြီးမပြခင် နမူနာ အနေနဲ့ ထွေလာထိုးပြတဲ့ အပိုင်းတိုလေးတပိုင်းဆိုပါတော့။ ပြောပါ့မယ်ဗျ။ ခင်ဗျားနှယ်လောချက်။

ထို့ကြောင့်ဆြာဒင်ဟုခေါ်သည်။

$
0
0

အမည်သညာခေါ်စရာကား ဆြာဒင်။

ကျွန်ုပ်စာတိုပေစရေးသည့်အခါ သုံးစွဲသည့် အတည်ပေါက်အမည်မှာ "မင်းဒင်"ဖြစ်သော်ငြား သရော်စာများရေးရာတွင်လည်းကောင်း၊ ဖေ့စ်ဘွတ်တွင်စတေးတပ်တိုနံ့နံ့များရေးသည့်အခါတွင်လည်းကောင်း၊"ဆြာဒင်"ဟူသောအမည်နာမဖြင့် ရံခါမိမိကိုယ်မိမိဝိဂြိုဟ်ပြု လေ့ရှိ ၏။ အချို့ကား ကျွန်ုပ်နှင့်သံယောင်လိုက်ကာ ဆြာဒင် ဟုတုန့်ပြန်သမှုပြုကြသော်ငြား အချို့ကား မအပ်မရာကိုယ့်ကိုယ်ကို ဆြာဘွဲ့နှင်း သည့် အတွက် မြင်ပြင်းကပ်ကြဖွယ်ရှိ၏။ သို့ဖြစ်ပေရာ ဆြာဒင်ဟူသောအမည်နာမ၏ နောက်ခံဇာတ်ကြောင်းကို ရဟန်းရှင်လူပြည်သူ အများထင်လင်းစွာသိစေရန်အလို့ငှာ ဤရှင်းတမ်းကိုထုတ်ပြန်အပ်ပေသတည်း။
(၁)
ကျွန်ုပ်၏ငယ်ဘဝအချိန်ကာလအတော်များများမှာ ကျူးကျော်ရပ်ကွက်တွင် ကုန်လွန်ခဲ့လေရာ အောက်ပါအသံများသည် ကျက်မှတ် ထားခြင်းမရှိပါဘဲလျက် နားဝယ်စွဲလျက်ရှိလေ၏။ယင်းအသံတို့မှ လမ်းကြိုးလမ်းကြား အိမ်ကြိုအိမ်ကြားမှ ထွက်ပေါ်လာတတ်လေသည်။

"ခုနစ်ရက်သားခုနှစ်သမီးအပေါင်းတို့၏ အသွားအလာအနေအထိုင် အလုပ်အကိုင်၊အကြံအစည်မှစ၍ တိကျသေချာစွာသော ဟောထုတ် လိုက်တဲ့ မန္တလေးနေပြည်တော် ပုဏ္ဏားတော်ဆရာလှရဲ့ ဟောစာတန်းတွေခင်ဗျ။ သောကြာသားတွေ ဂြိုဟ်စီးဂြိုဟ်နင်း လွတ်ပြီလား။ တနင်္လာသမီးတွေ အိမ်ထောင်ကျကိန်းကြုံပြီလား။အပျိုကြီးတွေ ဝဋ်ကျွတ်ချိန်နီးပြီလား။ လူပျိုကြီးတွေ မင်္ဂဆောင်ဖို့ပြင်ကြပေတော့။ဗေဒင် ဆရာဗျို့၊ဗေဒင်ဆရာ"
(၂)
ထိုအသံကိုကြားရလေတိုင်း ကျွန်ုပ်မှာ အဆိုပါပုဂ္ဂိုလ်တို့၏ရုပ်သွင်ကိုမြင်နိုင်ရန်အလို့ငှာ အိမ်ဝမှလမ်းဆီသို့ လှမ်းမျှော်ကြည့်လေ့ရှိ၏။ အကြင်သူတို့၏ တူညီသောအချက်ကား တိုက်ပုံအကျီနှင့်ချည်းဖြစ်၏။ နေပူသည်ဖြစ်စေ၊မပူသည်ဖြစ်စေ၊ မိုးရွာသည်ဖြစ်စေ၊ မရွာသည်ဖြစ်စေ ကြက်ဆင် တံဆိပ်ဖဲထီးကြီးကိုဆောင်းလေ့ရှိကြ၏။ထိုကြက်ဆင်တံဆိပ်ဖဲထီး၏ အနက်ရောင်ပိတ်သားထီးရွက်ပေါ်တွင် ကား...
ဗေဒကဝိန်ဆြာစိန်
နေပြည်တော်ဆြာသိန်း
ဗေဒဝိဇ္ဇာဆြာညာ  
ဟူသော အမည်ဘွဲ့ရည်အသီးသီးအား ထုံးကိုလက်ဖြင့် တို့လျက်ရေးသားထားကြလေ၏။ စာလုံးတို့ကား မညီညာချေ။
ကျွန်ုပ်မှာ ကလေးအသိဥာဏ် တထွာတမိုက်ဖြင့် "အနှီပုဂ္ဂိုလ်တို့သည် လူအများ၏ရှေ့ဖြစ်နောက်ဖြစ်ကို သိနိုင်စွမ်းပေစွ တကား"ဟူသောအတွေးဖြင့် အဆိုပါဆြာမျိုးစုံကို အထင်ကြီးအားကျခဲ့လေ၏။နောင်လူလားမြောက်လာသည့်အခါ သူတို့ခမျာ တဝမ်းတခါး အတွက် ဆြာဘွဲ့တပ်ကာ လမ်းသလားနေကြရ ကြောင်း ရိပ်စားနားလည်ခဲ့လေသည်။
(၃)
ဤသည်ကိုအကြောင်းပြု၍ ပညာတစ်ရပ်ကို ပြည့်စုံကုံလုံစွာတတ်မြောက်ခြင်းမရှိပါပဲ လူရာဝင်ချင်လှသည့် ကျွန်ုပ်၏စိတ်ကို ရယ်သွမ်း သွေးလိုလှသည်ဖြစ်ရာ စာတိုပေစရေးသည့်အခါများတွင် (ဆရာ၊Sir)တို့နှင့်အဓိပ္ပါယ်ခြားနားလှသော ၊ဖဲထီးတွင်မညီမညာရေးသား အပ်သောဆြာဘွဲ့ကို အားကျလျက် "ဆြာဒင်"ဟူသော အမည်ကို တွင်စေခဲ့ပေသတည်း။

သဗ္ဗေသတ္တာ၊အဝေယျာဟွန္တု

ပုံ
ဆြာဒင်
မဟာသက္ကရာဇ် ၁၃၇၅ခုနှစ်
တပေါင်းလဆန်း(၁၃)ရက်။ကြာသပတေးနေ့။နေ့လေးချက်တီးအချိန်။
ယိုးဒယားပြည်။ဘန်ကောက်မြို့တော်

ဘိုးရင်းပဟေဠိ

$
0
0






ကမ္ဘာကြီးဟာ ရွာဖြစ်သွားပါပြီလို့ အသံကုန်ဟစ်ပြီး ခေတ်မီနည်းပညာတွေ အစွမ်းထက်လှပါတယ်ဆိုတဲ့၊အခုလို ခေတ်ကာလကြီးမှာ လူနှစ်ရာကျော်တင်လာတဲ့ ဧရာမလေယာဉ်ပျံကြီးဟာ အာရှတိုက်မြေပြင်ကနေ ကြွတက်သွားလို့ နှစ်နာရီအကြာ၊ ဘယ်ရောက်လို့ ဘယ်ပျောက်မှန်း အစရှာမရတော့ဘူးတဲ့ဗျာ။ 

ဆြာဒင့်မဟာ"ဖြုတ်"ဦးနှောက်နဲ့စဉ်းစားကြည့်လိုက်တော့ ..

- ခေတ်မီနည်းပညာတွေဟာကြော်ငြာသာ၊ကောင်းပြီး လက်တွေ့မှာ ထင်သလောက် အသုံးမကျသေးတာကြောင့် ဆြာဒင်တို့အလိမ်များ ခံနေကြရလေရော့သလား။

- လက်ရှိနည်းပညာတွေကို မွှေနှောက်ချေဖျက်နိုင်တဲ့ သူ့ထက်ကဲ နည်းပညာတွေ ဖြစ်ထွန်းပေါ်ပေါက်လာပြီလား။

တစ်ခုခုတော့ တစ်ခုခုပဲ။
ဘာဘဲဖြစ်ဖြစ် ကံကောင်းကြပါစေဗျား။

(ဓာတ်ပုံ။ ။ငြိမ်းအေးအိမ်)

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0

အခန်း(၂၀)

ဖူးခက်သားမှန်လျှင် ပါးပြင်တွင်အမာရွတ်ရှိ၏။

ကိုသက်ခိုင်နှင့်ကျနော် ဖူးခက်တွင်အတူရှိနေခဲ့သည့်ကာလများကား ရှည်လျားလှသည်ဟုဆိုရမည်။သူ၏ပြည်တော်ပြန်ရေးမှာ မရေရာ သည့် နည်းတူ၊ကျနော်သည်လည်းဈေးဆိုင်သံယောဇဉ်ဖြင့် ဖူးခက်နှင့်ခွဲခွာခဲသည်ဖြစ်၍ ကံတူအကျိုးပေးခြင်းထပ်တူကျနေသည်ဟု ဆိုနိုင်သည်။
သူနှင့်ကျနော် တွေ့ဆုံခဲ့ကြလေသည့် နေရာမျိုးစုံတွင် ထွေရာလေးပါးအကြောင်းအရာမျိုးစုံကို တောင်စဉ်ရေမရပြောဖြစ်ကြ သည်ချည်းဖြစ်၏။ထို့ကြောင့် မည်သည့်အကြောင်းအရာကို မည်သည့်နေရက်တွင်ပြောဆိုခဲ့ကြောင်းမှတ်သားမိရန်လွယ်ကူလှသည် မဟုတ်လေရာ အောက်ပါအကြောင်းအရာမှာ သူနှင့်ကျနော် ဖူးခက်တွင်အတူရှိနေစဉ် စကားလက်ဆုံကျခဲ့ခြင်းဟုသာ ဖော်ပြနိုင်တော့ သည်။
အမှတ်ရနေသည်ကား ထိုရက်များသည် ဖူးခက်ကျွန်း၏ အမှတ်သင်္ကေတဖြစ်သော သက်သတ်လွတ်ပွဲတော်ကျင်းပသည့် နေ့ရက် များဖြစ်၏။ နေရာကား ဖူးခက်မြို့မ၊စဖန်ဟင်းကမ်းခြေရှိ တရုတ်ဘုံကျောင်းတွင်ဖြစ်ပြီး၊စပ်စပ်စုစုနိုင်လှသော ကိုသက်ခိုင်၏ စရိုက် အမူအကျင့် ကြောင့်ပင် ထိုနေရာသို့ရောက်ခဲ့ရခြင်းဖြစ်၏။

ဖူးခက်သက်သတ်လွတ်ပွဲတော်အားထိုင်းပြက္ခဒိန်ကိုအခြေခံလျက်နေ့ရက်ကို သတ်မှတ် ရွေးချယ်ပြီး နှစ်စဉ်အောက်တိုဘာ၊ နိုဝင်ဘာ လများတွင် ကိုးရက်တိုင်တိုင်ကျင်းပလေ့ရှိသည်။ထိုရက်များ တွင်ဖူးခက်မြို့သူမြို့သား အများစုသည် အထက်အောက်အဖြူရောင် အဝတ် များကိုသာဝတ်ဆင်ကြသည်။ထိုင်းဘာသာစကားဖြင့် ကင်ဂျေး ပွဲတော်ဟုဆိုသည်။သက်သတ်လွတ်အစားအစာများကို မြို့အနှံ့ဖွင့်လှစ် ရောင်းချကြသည်။ယုံကြည်စွဲလန်းမှုပြင်းထန်သော ထိုင်းလူငယ် တချို့၏ ပါးပြင်အသီးသီးတွင် ချွန်ထက်သော ဓား၊စူးချွန်၊ သံပိုက်ချွန် စသည့်အချွန်မျိုးစုံဖြင့် ထိုးဖောက်ကာ တရုတ်ရိုးရာဆိုင်းဗုံများတီးမှုတ်ကာ၊ မြို့တွင်းလမ်းများအနှံ့ လှည့်ပတ်ကြသည်။
ဖူးခက်သားတို့သည်မိမိတို့နေအိမ်အသီးအသီးရှေ့မှ စောင့်ကြိုလျက် ၊ပန်းမာလ်၊သစ်သီးမျိုးစုံ၊နံသာ အမွှေးတိုင် တိုင်တို့ဖြင့် ပါးတွင်ဓားချွန်၊ စူးချွန်များထိုးထားသည့် နတ်ဝင်သည်များကို ကန်တော့လေ့ရှိကြသည်။ အဆိုပါပွဲတော်နေ့ ရက်များတွင် နိုင်ငံတကာ ဧည့်သည်များ ပိုမိုများပြားလေ့ရှိ၏။သူတို့သည် ထိုပွဲတော်ကို အံ့ဘနန်းဖြစ် ရပ်အဖြစ် ဓာတ်ပုံဗီဒီယိုမှတ်တမ်းမျိုးစုံ တင်လေ့ရှိကြ၏။

"လိုက်သာလိုက်ခဲ့စမ်းပါဗျာ။ထူးဆန်းတာတော့အမှန်ပဲ။ဖူးခက်မှာနေခဲ့ဖူးတယ်ဆိုရင် ဒီအကြောင်းတော့ သိထားသင့်တယ်"

ဟူသောသူ၏ဆွယ်တရားကို ကျနော်ကိုယ်တိုင်လည်း ငြင်းဆန်လိုသောဆန္ဒမရှိခြင်းကြောင့် အဆိုပါတရုပ်ဘုံကျောင်းသို့ ဒုတ်ဒုတ်ထိ ရောက်ခဲ့ရခြင်း ပေတည်း။ကိုသက်ခိုင်သည် အပိုစကားကို၊ဆိုခဲ့ခြင်းမဟုတ်ကြောင်း ထိုနေ့က ကျနော်မျက်မြင်ကြုံတွေ့ခဲ့ရသည့် အဖြစ် အပျက်က သက်သေခံလျက်ရှိသည်။ရှေးခေတ်တရုတ်ရိုးရာအဝါရောင်အနီရောင် ဝတ်စုံဝတ်ဆင်ထားကြသူများကို ကျော်လွှားတိုးဝှေ့ လျက် ဘုံကျောင်းအတွင်းရောက်ရှိချိန်တွင် တွေ့မြင်ရသည့်မြင်ကွင်းကား တရုတ်နတ်ဆရာတစ်ယောက်သည် ထိုင်းလူငယ် တစ်ယောက်၏ ပါးပြင်ကို အရှည်တပေခွဲ၊အပြားသုံးလက်မခန့်ရှိသော ဓားဖြင့် ထိုးဖောက်နေခြင်းပေတည်း။
နတ်ဆရာသည် တစုံတခုသောဂါထာကို မန်းမှုတ်လျက်ရှိချိန်တွင် လူငယ်၏ကိုယ်ခန္ဓာသည် တဆတ်ဆတ်တုန်လျက်ရှိ၏။ နတ်ဆရာသည် လူငယ်ပါးစပ်ဘေးမှ ပါးပြင်ကို လက်တစ်ဘက်ဖြင့် ညင်သာစွာပွတ်သပ်ရင်း အခြားတဘက်တွင် အရှည်တစ်ပေ ခွဲခန့်ရှိသော၊ဓားကိုကိုင်ထားသည်။ ဘေးလူများမကြားနိုင်သည့်ဂါထာမျိုးစုံကို နှုတ်မှတဖွဖွရေရွတ်ရင်း ရုတ်ခြည်းဆိုသလို လူငယ်၏ ပါးပြင်ကို ဓားဖြင့်ညင်သာစွာ ဖိသွင်းလိုက် သည်။ဓားဦးသည် လူငယ်၏ပါးစပ်မှထွက်လာ၏။သွေးအနည်းငယ်စို့လာသည်ကို နတ်ဆရာ ကို လက်ဖြင့် အသာသပ်ချ လိုက်သည့် အခါ ချက်ချင်းဆိုသလိုပင်သွေးတိတ်သွားသည်။အဆိုပါနည်းအတိုင်းပင် နောက်လူငယ် လေးငါးယောက်ကို တလက်မ ခွဲခန့်အချင်း ရှိသည့် သံပိုက်လုံးချွန်၊လက်သမားသုံးလွန်ပူအပါအဝင်အချွန်မျိုးစုံတို့ဖြင့် ပါးပြင်တို့ကို ဆက်တိုက်ထိုး ဖောက်ပေး နေလေ သည်။ ရှေ့တွင်ဆိုခဲ့ သည့်အတိုင်း ပါးပြင်မှဝင် အပ်သောစူးချွန်တို့သည် ပါးစပ်မှ ပြန်ထွက်လာ သည်။ ကာယကံရှင် လူငယ်တို့၏ မျက်နှာတွင် နာကျင်မှုအရိပ် အယောင်ကိုမူမမြင်ရချေ။

အဆိုပါဖူးခက်သက်သတ်လွတ်ပွဲတော်ကို ဖူးခက်လမ်းမများပေါ်တွင် အကြိမ်များစွာ အဝေးအနီးမှ မြင်တွေ့ဖူးသော်ငြား ယခုကဲ့သို့ အနီးကပ်မမြင်ဖူးလေသည့် ကျနော့်မှာ အံ့သြလွန်းသောကြောင့်၊ဘေး မှာရပ်နေသည့် ကိုသက်ခိုင်ကိုပင်မေ့လျော့နေမိသည်။
နတ်ဆရာသည် မည်သို့သောဂါထာကို မန်းမှုတ်လေသနည်း။တစ်စုံတစ်ခုပူးဝင်နေဟန်ရှိသည့် ထိုင်းလူငယ်တို့သည် မည်သည့်အတွက် ကြောင့်နာကျင်ခြင်းဝေဒနာကို မခံစားရသနည်း။အထက်အောက်ဝတ်စုံအဖြူကို ဝတ်ဆင်ကာ၊သက်သတ်လွတ်ကိုးရက်စားရသည့် အဓိဌာန်ဝင်ရုံမျှဖြင့် ဤသို့မယုံကြည်နိုင်ဖွယ်ရာစွမ်းအားတို့ အမှန်ပင်ပေါ်ထွက်လာလေသလော။အတွေးမျိုးစုံ၏အဖြေကို သိလိုစိတ် ကြောင့်  ကိုသက်ခိုင်ဆီသို့ ဦးတည်မိပြန်သည်။

"ဟေ့လူ။ ထူးဆန်းတာတော့ အမှန်ပဲဗျ။ဘေးက ကြည့်နေတဲ့သူတောင် ကြက်သီးထတယ်။ ခင်ဗျားသိသလောက်ရှင်းစမ်းပါအုံး"
"ရော။ခရေစေ့တွင်းကျတော့ ဘယ်သိပါ့မတုန်းဗျ။ခင်ဗျားသာမန်ကာလျှံကာမြင်တွေ့ဖူးနေတာကို လက်တွေ့အတွင်းကျကျသိရအောင် ကျနော်ခေါ်လာတာ"

"အခုဝင်နေတာ ကုလားနတ်လား။တရုပ်နတ်လားဗျ။ဗမာပြည်မှာ ကျနော်မြင်ဖူးတွေ့ဖူးသလောက် ဟိန္ဒူကုလားမီးနင်းပွဲတော်တွေမှာ စူးတွေ သံချိတ်တွေနဲ့ ခန္ဓာကိုယ်ကို ဖောက်ကြ၊ချိတ်ကြတာတော့မြင်ဖူးတယ်"

"ဟုတ်တယ်ဗျ။ ကျနော်ငယ်ငယ်ကနေခဲ့တဲ့ ကမာရွတ်ချစ်တီးဘုရားကျောင်းမီးနင်းပွဲတွေမှာလည်း ကိုယ်ခန္ဓာကို ဖဲထီးသံချောင်းလို စူးချွန်တွေ ငါးမျှားချိတ်အကြီးစားလို သံချိတ်တွေနဲ့ ထိုးကြဖောက်ကြတာမြင်ဖူးပေမဲ့ ဒီလို ပါးကနေပါးစပ်အထိပေါက်အောင် ဒီလောက်ကြီးတဲ့ ဓားတွေ၊သံပိုက်လုံးတွေ၊လွန်ပူတွေနဲ့ ထိုးဖောက်ကြတာတော့ ထူးဆန်းလွန်းတယ်။ထိုင်းလူငယ်တချို့ဆိုရင် ပါးပြင်ကို လှံတိုလှံရှည်တွေနဲ့တင်မက ခြောက်လုံးပြူးသေနတ်တွေနဲ့တောင် ထိုးဖောက်ထားကြတာမြင်ဖူးတယ်ဗျ။လျှာတွေကိုလည်း စူးချွန်မျိုးစုံနဲ့ ဖောက်ကြလေရဲ့။ကျနော်ဒီအကြောင်းကို စပ်စုနေ တာ ကြာပြီဗျ"

"ဒါဆိုလည်း ခင်ဗျားသိသလောက် ဇာတ်စုံခင်းပါအုံးဗျာ'

"ဖူးခက်သားတွေ အစဉ်အဆက်ယုံကြည်ကျင်းပလာကြတဲ့ ဒီသက်သတ်လွတ်ပွဲတော်ရဲ့ မြစ်ဖျားခံရာ ဒဏ္ဍာရီဟာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ရာ့ငါးဆယ်လောက်က ဖူးခက်ကိုရောက်လာခဲ့တဲ့ တရုပ်ဇာတ်အဖွဲ့တစ်ခုကနေ စတင်ခဲ့တာတဲ့ဗျာ"

"ဟ။ ဘယ်နှယ့် တရုပ်ဇာတ်အဖွဲ့က ပါလာရပြန်တာတုန်း"

"ဟုတ်တယ်။ဖူးခက်ကျွန်းကြီးဟာ ငွေဖြူထွက်တဲ့အရပ်မို့ ရှေးပဝေသဏီကတည်းက တရုပ်လူမျိုးတွေ ရွက်လှေကြီးတွေနဲ့ရောက် လာပြီးအခြေချ၊စီးပွားလာရှာကြ တယ်။ထူးခြားတာက ထိုင်းယဉ်ကျေးမှု၊ကိုးကွယ်ယုံကြည်မှုတွေဟာ ဗုဒ္ဓဘာသာကို အခြေခံတာကြောင့် ဟိန္ဒူဗြဟ္မဏအငွေ့အသက်တွေလည်း ရောနေဟန်ရှိတယ်။ကျနော်ပဲမနှံ့စပ်လို့လားမဆိုနိုင်ဘူး။ ဖူးခက်မှာဟိန္ဒူဘုရားကျောင်းတော့ မတွေ့မိသေးဘူးဗျ။ဗမာဂေါ်ရခါး၊ထိုင်းဂေါ်ရခါးတွေအများကြီးတွေ့ရပေမဲ့ ဟိန္ဒူဘာသာဝင်တွေ မရှိသလောက်ရှားတယ်။ သေချာတာ ကတော့ ဖူးခက်မြို့တင်မက ထိုင်းနိုင်ငံတလွှားမှာ စီးပွားရေးအချက်အခြာကျတဲ့ လုပ်ငန်းကြီးတွေကို တရုပ်လူမျိုးတွေ ပိုင်ကြတာ များတယ်"
"ကဲပါဗျာ။ ပါးထဲကို ဒါးထိုးထည့်နေကြတဲ့ ဇာတ်လမ်းအစ တရုပ်ဇာတ်အဖွဲ့အကြောင်းသာ ဆက်စမ်းပါဗျ"
"အလွယ်ပြောရရင် ဟိုးရှေးရှေးတုန်းကပေါ့ဗျာ။ တရုတ်ဇာတ်အဖွဲ့တဖွဲ့ဟာ ဖူးခက်မြို့ခံတရုပ်လူမျိုးတွေရဲ့ ဆက်သွယ်ဖိတ်ခေါ်မှုကြောင့် ဖူးခက်မြို့ကို ရောက်လာကြသတဲ့။ရှေးခေတ်က တရုပ်ဇာတ်အဖွဲ့ဆိုတော့ နန်းတွင်းအဝတ်အစားတွေဝတ်၊ မျက်နှာဖုံးတွေတပ်၊ မိတ်ကပ်ထူထူကြီးတွေချယ်ပြီးကကြတာမျိုးဖြစ်မယ်ဗျ။သတိပြုစရာအချက်ကတော့ အဲဒီအချိန်ကာလတုန်းက ဖူးခက်ကျွန်းကြီးဟာ တကျွန်းလုံးနီးပါးတောကြီးမြက်မဲလိုသာ ရှိနေသေးဟန်တူပါရဲ့။ရောက်လာတဲ့ဇာတ်အဖွဲ့ဟာ တရုပ်ပြည်မကြီးကလား၊ စင်္ကာပူလို နေရာက လားတော့ ကျနော်လည်း အတိအကျမဆိုနိုင်ဘူး။အဲဒီဇာတ်အဖွဲ့ဖူးခက်ကျွန်းပေါ်လည်းရောက်ရော ဇာတ်အဖွဲ့တဖွဲ့ လုံးဟာ ရောဂါ အမည်ရှာမရတဲ့ မူးဝေအော့အန်၊ ကိုယ်လက်မအီမသာ ဝေဒနာမျိုးစုံခံစားကြရသတဲ့ဗျ။ နောက်ဆက်တွဲ အနေနဲ့ဖူးခက် ကျွန်းသားတွေပါ ကပ်ဆိုက်သလိုဖြစ်ပြီး အလားတူဝေဒနာတွေခံစားကြရသတဲ့။

တတ်ကျွမ်းနားလည်သမျှ ဆေးနည်းပေါင်းစုံနဲ့ ကုပေမဲ့ မပျောက်ကြဘူး တဲ့။ နောက်ဆုံးတော့ ဘုရားကုကုတယ်ဆိုမလား။ တရုပ်ရိုးရာနတ်ဝင်သည်နဲ့ကုတယ်ပြောရ မလားပဲ။ ဖူးခက်ကျွန်း ပိုင်ကြီးနဲ့ နတ်ဒေဝတာ ၊တရုပ်ရိုးရာနတ်တွေကို တိုင်တည်ပြီးဆုတောင်းကြသတဲ့။အမိုက်အမဲတွေမို့ ရှင်ကြီးရှင်ကောင်းတို့မနှစ်မြို့တဲ့ အပြုအမူ အနေအထိုင်၊ အပြောအဆိုတွေ ရှိခဲ့ရင် ဗွေမယူပဲခွင့်လွှတ်ဖို့၊ သစ်သီးမျိုးစုံ၊ပန်းမာလ်၊ အမွှေးနံသာတိုင်တွေနဲ့၊ တောင်းပန်ကြ တယ်။ အပြစ်ကိုပေး ဆပ်တဲ့အနေနဲ့ အကျင့်သီလဖြူစင်စွာဆောက်တည်ကြောင်းသက်သေအဖြစ် အဝတ်ဖြူတွေကို ကိုးရက် တိတိဝတ်ပါ့မယ်။ သူတစ်ပါး အသက်မပါတဲ့ သက်သတ်လွတ်အစားအစာတွေကို ကိုးရက်တိုင်တိုင် အဓိဌာန်နဲ့စားပါ့မယ်ဆိုတဲ့ တိုင်တည် စကားလည်း ဆိုကြသတဲ့ဗျ။

တိုက်ဆိုင်လေသလား။ကျွန်းပိုင်ကြီး၊နတ်ဒေဝတာတွေနဲ့ရိုးရာနတ်တွေကပဲ အစွမ်းထက်လေ သလား မဆိုနိုင် ဘူးဗျာ။ အဓိဌာန်ကိုး ရက်မပြည့်ခင်မှာ ဇာတ်တဖွဲ့လုံးဟာ ယူပစ်သလို ရောဂါတွေ ပျောက်ကင်းကြကုန်လေ၏တဲ့။ အဲဒီအချိန်၊ အဲဒီအကြောင်း ကနေ အစပြုပြီး ဖူးခက်ကျွန်းမှာ သက်သတ်လွတ်ပွဲတော်ကို နှစ်စဉ်ကျင်းပလာခဲ့ကြတာ ဒီနေ့ ထက်ထိတိုင် ဆိုပါတော့။ ခက်တာက အဲဒီဒဏ္ဍာရီထဲမှာ ပါးကိုဓားတွေစူးချွန်တွေနဲ့ ဘာကြောင့်ဖောက်ကြရတယ်ဆိုတာ ပါမလာပြန်ဘူး။ဒီတော့ ရိုးရာနတ် ကိုးကွယ်မှုကနေ အံ့မခန်းအစွမ်းပြခန်းတွေ နောက်ဆက်တွဲအဖြစ်တိုးလာတယ်လို့သာ မှတ်ပေတော့ဗျာ။ ခုချိန်မှာတော့ ဖူးခက် ကျွန်းသား စစ်စစ်မှန်ရင် ပါးမှာဓားဒဏ်ရာအမာရွတ်ရှိရမယ်ဆိုတဲ့အထိ ယုံကြည်မှုပြင်းထန်နေကြလေရဲ့။

တဆက်တည်း မှတ်သားစရာ ကောင်းတာကတော့ ဖူးခက်ကျွန်းရဲ့ အဲဒီထူးခြားတဲ့အလေ့အထကို ထိုင်းခရီးသွားလုပ်ငန်း အာဏာ ပိုင်တွေက အကွက် ကျကျစီမံခန့်ခွဲပြီး ခရီးသွားမြှင့်တင်ရေး ကြော်ငြာအနေနဲ့ တကမ္ဘာလုံးကို ဖြန့်လိုက်တဲ့အခါမှာတော့ ဒီပွဲတော်ဟာ ခရီးသွားလုပ်ငန်းကို အကြီးအကျယ် အထောက်အကူပြုလေရောပေါ့ဗျာ။အဲဒီင်္ပွဲတော်ရက်တွေမှာ ဖူးခက်တမြို့လုံးမှာရှိတဲ့ ဟိုတယ် အားလုံး ပြည့်လျှံနေ အောင် ကြိုတင်စာရင်းသွင်းထားကြလေသတဲ့။ကြော်ငြာကောင်းလွန်းလို့ထင်ပါရဲ့။ဒီပွဲကို တရုတ်လူမျိုးတွေ သာမက ထိုင်းလူမျိုးအခြား ဘာသာ ဝင်မျိုးစုံလည်း အနည်းဆုံးသက်သတ်လွတ်အဓိဌာန်နဲ့စားကြ၊နိုင်ငံခြားသားတွေလည်း ဝင်နွှဲနေကြသဗျ။ ဗျောက်အိုးတစ်ခု တည်းတင် အဲဒီရက်ပိုင်းမှာရောင်းရငွေဟာ ထိုင်းဘတ်သန်းသုံးဆယ်ကျော်ရှိသတဲ့။ တမျှော်တခေါ်ဖြစ်နေတဲ့ သက်သတ်လွတ် ဈေးဆိုင်တန်း ရှည်ကြီးတွေကလည်း ကမ္ဘာလှည့်ခရီးသည်တွေကို စွဲဆောင်နေကြလေရဲ့"

"ခင်ဗျား စကားပြောလိုက်ရင် ဆန်းတော့ဆန်းပါရဲ့။ဒါပေမဲ့ တခြားအကြောင်းဘက်ကိုချည်းလှည့်လှည့်သွားတော့ နားထောင်ရတဲ့သူ အတွက် ၊ဒုက္ခတမျိုးဗျ"

"ဘယ်ဘက်မှ မလှည့်ရပေါင်ဗျာ။ ကျနော့်ဇာတ်လမ်းကို အဆုံးသတ်ရရင် အဲဒီရှေးဟောင်းတရုတ်ဇာတ်အဖွဲ့ ပထမဆုံးအဓိဌာန်ပြုခဲ့တဲ့ ဘုံကျောင်းဟာ အခု ခင်ဗျားနဲ့ ကျနော်ရောက်နေတဲ့ စဖန်ဟင်းဘုံကျောင်းပဲတဲ့ခင်ဗျ"

"အော်၊ဒီလိုလား။ ကျနော်က အခုမြင်နေရတဲ့ ဖူးခက်သားတွေဓားပီးနေကြတဲ့ အကြောင်းရင်းကို သိချင်နေတာဗျ"

"အမယ်လေးဗျာ။ ကျနော့်ကိုများ မဟာပညာကျော်ထင်နေလေရော့သလား။ဒီလျှို့ဝှက်ချက်ကိုများ ကျနော်သိနေရင် အခုလို ခင်ဗျား ဘေးမှာ မတ်တတ်ရပ်ပြီး ဘယ်စကားပြောနေပါတော့မတုန်း။ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးအဖြစ် အလုပ်များနေလောက်ရော့ပေါ့။ နေဦးဗျ။ ထူးဆန်းတဲ့ကိုးကွယ်ယုံကြည်မှုတွေနဲ့ပတ်သက်လို့ ကျနော် သိသလောက်တော့ ပြောပြချင်သေးတယ်။ကျနော်ငယ်စဉ်ကတည်းက ချစ်တီးဘုရားမီးနင်းပွဲပေါင်းများစွာကို မလွတ်တမ်းကြည့် ခဲ့ဖူးတာမို့ ဒီလိုအံ့မခန်းစွမ်းရည်တွေ ဖြစ်ပေါ်လာအောင် ဘယ်လိုစီမံဖန်တီးကြ တယ်ဆိုတာ အသေးစိတ်လိုက်စုံစမ်းခဲ့ဖူးတယ်။ စပ်စုဖူးတယ်။ အမယ်။နာမည်ကျော်ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းရဲ့ ညီအရင်း၊ နှုတ်ခမ်းမွှေးကားကားနဲ့ ကိုဇော်ထူးတောင်  ကမာရွတ်ဘူတာရုံလမ်းထိပ်က ချစ်တီးဘုရားမီးနင်းပွဲမှာ နှစ်တိုင်းလိုလို ဝင်နင်းတာ ကိုယ်တိုင်မြင်ဖူးတယ်ဗျ။မီးနင်းမဲ့ကွင်းကြီးထဲမှာ နှစ်ရက်လောက်ကြိုပြီး မီးနင်းမြောင်းတစ်ခုတူးကြတယ်။

လက်မောင်းလုံးလောက် အရွယ်သစ်မာထင်းတုံးတွေကို တညနေ လောက်ကြိုပြီးမီးရှို့ထားကြတာ။ မီးနင်းမြောင်းနဲ့ အပြည့် မီးခဲတွေတရဲရဲနဲ့ပေါ့ဗျာ။ မီးနင်းတဲ့သူဟာ မီးနင်းမြောင်းကိုကျော်ဖြတ်ပြီးရင် အုန်းရည်တွေ ဖြည့်ထားတဲ့ ကန်ခပ်သေးသေးမှာ ခဏရပ်ပြီး ခြေထောက်ကို အုန်းရည်စိမ်ရတယ်။နေဦးဗျ။
မီးနင်းပွဲမဝင်ခင် မီးနင်းမဲ့သူတွေဟာ မလှမ်းမကမ်းက ချစ်တီးဘုရားရေကန်မှာ ရေဆင်းချိုးပြီး နတ်သွင်းကြရသေးတာလည်း ကျနော်မှတ်မိနေတယ်။ မီးနင်းမြောင်းထဲကို စပြီးဆင်းမဲ့ မြောင်းထိပ်မှာ ချစ်တီးဘုရားကျောင်းက နတ်ဆရာတစ်ယောက်ရှိနေသလို အုန်းရည်ကန်မှာ အသင့် စောင့်နေတဲ့ နတ်ဆရာတစ်ယောက်လည်းတွေ့နေရသဗျ။ မီးနင်းတဲ့အခါ ချစ်တီးဗုံသံတွေကို ဆူညံနေအောင် တီးမှုတ်နေကြ လေရဲ့။အဲဒီဗုံသံတွေကို ချစ်တီးနတ်တွေက လွှတ်ကြိုက်ထင်ပါရဲ့ဗျာ။

လူအတော်များများကတော့ မီးပုံကြီးပေါ်ခြေဗလာနဲ့နင်းတာကို မြင်တယ်။ နင်းတဲ့သူဟာ အင်မတန်အပူရှိန်မြင့်တဲ့ မီးပုံကြီးကို၊ မပူမလောင်ပဲ ဖြတ်ကျော် နိုင်တယ်။အဓိဌာန်နဲ့မီးနင်းတဲ့အခါ ကိုးဆယ့်ခြောက်ပါး ရောဂါပျောက်ကင်းတယ်။ အခက်အခဲမျိုးစုံက လွန်မြောက်တယ်လို့ ယုံကြည်ကြ တယ်။ ဒီလောက်ပဲဗျ။ အတွင်းကျကျသိချင်တဲ့ ကျနော်ကတော့ ကျနော့်ဘော်ဒါအရင်းကြီး လူမိုက်ဘာလားကို အစ်အောက်ပြီး မေးမြန်းကြည့်ခဲ့ဖူးတယ်။ ဟုတ်တယ်လေ။ဘားလားက ဟိန္ဒူကုလား လူမိုက်ဆိုတော့ ချစ်တီးဘုရားဂေါပကရွေးပွဲတွေမှာ သြဇာရှိတယ်။ ချစ်တီးဘုရား ကျောင်းက ပုဏ္ဏားတွေနဲ့လည်း အချိတ်အဆက်ရှိတယ် မဟုတ်လား။ သူပြောပြသမျှကတော့ မီးနင်းပွဲမကျင်းပခင် ရက်တွေမှာ ချစ်တီး ဘုရားကျောင်းက နတ်ဆရာလိုပုဂ္ဂိုလ်ဟာ ချစ်တီးသချိုင်း ကိုသွားပြီး ရွတ်ရဖတ်ရတိုင်တည်ရတာတွေရှိသတဲ့ဗျ။ အဲဒီရက်ပိုင်းတွေမှာ မီးနင်းမဲ့သူတွေဟာ အိပ်ယာထူထူမှာ မအိပ်ရဘူး။ ကြမ်းပြင်ပေါ်မှာ သာအိပ်ရတယ်။ မိန်းမကိစ္စကင်းအောင် နေရသတဲ့ဗျ။ အဲဒီအဓိဌာန် ရက်ကလည်း အတိအကျသတ်မှတ်ထားတာတော့ မဟုတ်ပြန်ဘူး။ တချို့တစ်လ။ တချို့တစ်ပတ် လောက်ပဲတဲ့။ အကြိမ်ပေါင်းများစွာ မီးနင်းဖူးတဲ့ဘားလားကြီးရဲ့ ကိုယ်တွေ့အရ၊ တကြိမ်မှာတော့ သူမီးနင်းဖို့ အဓိဌာန်ဝင်နေ တုန်းတစ်ရက်မှာ သူ့မိန်းမတင်ပါးကို နောက်ရင်းပြောင်ရင်း ပုတ်မိလို့ မီးနင်းပွဲမှာ သူ့ခြေထောက်ကို  မီးစွဲလောင်ဖူးလေ သတဲ့။ချစ်တီးသချိုင်းမှာ ဘာဂါထာ တွေရွတ်တယ် ဖတ်တယ်ဆိုတာ သိရအောင် ကြိုးစားကြည့်ခဲ့ပေမဲ့ ထိပ်တန်းလျှို့ ဝှက်ဖြစ်နေလို့ ခေါ်ခွင့်မရှိဘူးတဲ့ဗျာ။တိုတိုနိဂုံးချုပ်ရရင် အဲဒီထူးဆန်းတဲ့ဖြစ်ရပ်တွေရဲ့ ဇာတ်သိမ်းခန်းဟာ အဓိဌာန်အမျိုးမျိုးနဲ့ ဂါထာမန္တရား တွေမှာချည်းအဆုံးသတ်နေတယ်ဗျ။

ကျနော့်ထက်  လက်တွေ့ကျတဲ့ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်တချို့ကတော့ မီးနင်းတဲ့ပုဂ္ဂိလ် တွေရဲ့ ခြေဖဝါးမှာ အပူချိန်တိုင်းကိရိယာတွေ တပ်ဆင်ပြီးစုံစမ်းထောက်လှမ်းကြတာလည်း ရှိသေးရဲ့။ ဘယ်လိုအချက်အလက်ကို ရှာဖွေတွေ့ရှိခဲ့ကြသလဲ ကျနော်မပြောနိုင်ပေမဲ့ အမေရိကန်လိုနိုင်ငံမှာ မီးနင်းသင်တန်းရှိတယ်လို့တောင် ကြားဖူးနေတယ်ဗျာ။

"နေပါဦးဗျ။ ခင်ဗျားကကော ဒီလို မီးပုံပေါ်ခြေဗလာနဲ့နင်းတာ၊ ဓားတွေနဲ့ ထိုးကြဖောက်ကြတာတွေကို ယုံကြည်သလား။ အကြံအဖန်လုပ်တယ်လို့ကော မစဉ်းစားမိ ဘူးလားဗျာ"

"ဘယ့်နှယ်ပြောပါလိမ့်။မြင်သမျှယုံရရင် ဒေးဗစ်ကော့ပါးဖီးလ်ကို ကိုးကွယ်ရမဲ့ကိန်းပဲ။သို့ပေမဲ့ ကျနော်လေ့လာမိသလောက် ဒီကိစ္စရပ် တွေဟာ ထူးခြားဆန်းကျယ်တာတော့အမှန်ပဲဗျာ။ကမ္ဘာကြီးပေါ်မှာ မယုံနိုင်စရာအဖြစ်တွေအများကြီးရှိလေရဲ့။ ပျောက်စေဆရာတစ် ယောက်ဟာ ခွဲစိတ်ကိရိယာ၊ဘာဓားဘာလက်နက်မှ မပါပဲ ဗိုက်ထဲကိုလက်ထိုးနှိုက်ပြီး ဆေးကုသနိုင်တဲ့ဖြစ်ရပ်မျိုးကိုလည်း ကျနော် ဖတ်ဖူးတယ်။ ခင်ဗျားဆက်ပြီး စဉ်းစားကြည့်လေ။ကမာရွတ်ချစ်တီးဘုရားမီးနင်းပွဲတို့ ဖူးခက်မှာ ပါးကိုဓားနဲ့ထိုးဖောက်တဲ့အဖြစ် တွေရဲ့ နောက်ကွယ်မှာ မသမာမှု၊ လှည့်ဖျားမှု တစ်စုံတစ်ရာရှိနေရင် ဖော်ထုတ်နိုင်အောင် ပညာရှင်မျိုးစုံ၊လေ့လာသူမျိုးစုံက နှစ်တိုင်း လာပြီး စူးစမ်းထောက်လှမ်း နေကြတာမို့ ၊အဖြေမှန်ပေါ်မယ်ဆိုရင် ဒီလောက်နှစ်ပေါင်းရာချီပြီး ဘယ်လိုလုပ်ဒီပွဲတော် တည်တံ့ပါ့မလဲ။ ကျနော်တွေးမိတာတော့ ဒီကိစ္စ ရပ်တွေဟာ စိတ်စွမ်းအင်ရဲ့လျှို့ဝှက်ချက်တွေထင်ပါရဲ့။အထူးသဖြင့် အနောက်တိုင်းသားတွေဟာ အရှေ့တိုင်း သားတွေလောက် စိတ်ရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ခဲ့ဟန်မတူဘူး။

ဂါထာမန္တရားဆိုလို့ ကျနော်အလယ်တန်းကျောင်းသား ဘဝ၊အလက(၁)လှိုင်မှာတက်နေတုန်း ဆုံခဲ့ရတဲ့ ကျနော့်ဆရာတစ်ယောက်အကြောင်းသတိရမိသေးတယ်ဗျ။
သူ့နာမည်က ဆရာ ဦးစိုးမြင့်တဲ့။အခုထက်ထိ သက်ရှိထင်ရှားရှိနေတုန်းပါပဲ။ ဆရာကဆွေကြီးမျိုးကြီးခေတ်ပညာတတ် အသိုင်းအဝိုင်း ကဗျ။ ဝါသနာပါလို့သာ ကျောင်းဆရာဝင်လုပ်နေတာ။ဆရာဦးစိုးမြင့်ဟာ အားလပ်ချိန်တိုင်းလိုလိုမှာ အနက်ရောင်စိတ်ပုတီးကြီးတစ်ကုံးနဲ့ ပါးစပ်က အမြဲတမ်း လိုလို တဖွဖွရွတ်နေတတ်လို့ ကျနော်မဝံ့မရဲစပ်စုကြည့်တော့ ဆရာက လက်ထိပ်တွေ၊ချည်နှောင်ထားတဲ့ကြိုးတွေကို ချက်ခြင်းဖြည်နိုင်လွတ်နိုင်တဲ့ဂါထာကိုရွတ်နေဆိုပဲ။ကျနော်လည်း "ဓာရဏပရိတ်များလားဆရာ"လို့မေးမိတော့ "မဟုတ်ဘူးကွ၊ အခုရွတ်နေတဲ့ ဂါထာက အထက်လမ်းဆရာတွေသုံးတဲ့ ဂါထာ"ဆိုပဲ။ဆရာကတောင်"ဟေ့ကောင် သက်ခိုင် မင်းလက်တွေ့စမ်းမလား၊ငါ ဂါထာရွတ်ပြီး လက်တွေ့ပြ မယ်"လို့လည်း ဆိုဖူးလေရဲ့။ကျနော်လည်း ဆရာ့ကိုငယ်ကြောက်ဆိုတော့ သူ့ကိုမယုံရာကျလေမလားဆိုပြီး အသာ နောက်ဆုတ်နေ လိုက်ရတယ်ဗျာ။ကြားဖူးနားဝတွေတော့ အများကြီးပါဗျာ။

ကျနော့်ဇာတိ မှိုက်ပင်ရွာ တောကျောင်းမှာ ကျောင်းထိုင်ဆရာတော်အဖြစ်သီတင်းသုံးခဲ့တဲ့ ဘုန်းကြီးဦးချစ်လှဆိုတာလည်း နတ်မောက်နယ်တဝိုက်မှာတော့၊လောကီအစီအရင် အတော်ကျွမ်းဆိုပဲဗျ။ ရွှံ့နဲ့လုပ်ထားတဲ့ နွားရုပ်တွေကို ဂါထာမန္တရား အစီအရင်နဲ့ သက်ရှိနွားတွေလို ထဝှေ့နိုင်အောင်တောင် စွမ်းဆိုပဲ။အဲသလောက်တောင်စွမ်းတဲ့ ဘုန်းကြီးဦးချစ်လှ အခုတော့ ပျံလွန်တော်မူသွားရှာပါပြီ။

မှိုက်ပင်နဲ့တနယ်တည်း ရုံးတောဆိုတဲ့ရွာက ကျောင်းထိုင်ကိုယ်တော်တစ်ပါးဟာလည်း တရပ်တကျေးမှာရှိနေတဲ့ ဆွေမျိုးရင်းချာ တွေ နာမကျန်းတဲ့အခါ ဘယ်သို့ဘယ်ပုံရှိ နေတယ်ဆိုတာ သိချင်ရင် မျက်စိကို မှိတ်ထားခိုင်းပြီး ၊သူစီရင်ထားတဲ့ ဆေးမြစ်ကို မျက်ခွံပေါ်မှာ တင်လိုက်ရုံနဲ့ တကယ့်အပြင်မှာ မြင်ရတဲ့မြင်ကွင်းလိုမြင်နိုင်အောင် စွမ်းနိုင်ပြန်သတဲ့။
ဒီလို ဂါထာမန္တရား၊ပျောက်စေဆရာ၊ တစ္တေသူရဲလိုဖြစ်ရပ်ဆန်းတွေ၊ ဒဏ္ဍာရီဆန်ဆန်စကားတွေကို အမြဲလိုလိုကြားနေရတော့ အရှေ့တိုင်းနိုင်ငံတွေက၊လူအများစုအသည်းအသန်၊စိတ်ဝင်စားကြတာ ဆန်းတော့မဆန်း လှပေဘူး။ထိုင်းလူမျိုး တွေကတော့ အဲဒီလို ကိစ္စမျိုးတွေမှာ တော်တော့်ကို အစွဲအလန်း ကြီးကြလေရဲ့"

"ခင်ဗျားက ဘာတွေကြုံဖူးလို့ပြောနိုင်တာတုန်း ၊ရှေ့ဆက်ပါအုံးဗျ"

"ကျနော် ကြုံဖူးကြားဖူးထားတာတွေသာ အကုန်လျှောက်ပြောရရင် ခင်ဗျားနဲ့ ကျနော် လေတဖြူးဖြူးနဲ့ဒီစဖန်ဟင်းကမ်းခြေမှာပဲ စောင်ကလေးခြုံပြီး ကွေးကြရလိမ့်မယ်ထင်ပါရဲ့။ ကဲ။ မြို့ထဲလှည့်မဲ့ တရုပ်နတ်ဝင်သည်အဖွဲ့နဲ့ မြို့ထဲ လိုက်လျှောက်ကြည့်ကြအုံးစို့။ တရုပ်ဗုံတွေလင်းကွင်းသံတွေနဲ့လိုက်ရောညီထွေဖြစ်သွားအောင်"ရန်ကနာဘာဘူ၊ကန့်ကူရန်ခြောက် ဗေးလေးဆပ်၊ ဗေးလေးဆပ်"လို့သာ နောက်ကနေလိုက်အော်ကြစို့ဗျာ"

မင်းဒင်ရဲ့သက်ခိုင် (၂)

$
0
0
ဆဲဗင်းဒေးဂျာနယ်

အခန်း(၂၁)

ဗမာပီပီနဂါးနီတန်ခိုးနဲ့မြေလျှိုးပါလို့ မိုးပျံချင်သည်။

၂၀၁၄ခုနှစ် မတ်လ။ ။
ဤရက်ပိုင်းများသည် ဖူးခက်ဒေသခံထိုင်းလူမျိုးတို့အတွက်၊သူတို့အရပ်၊သူတို့တိုင်းဌာနီမို့ သာမန်နေ့ရက်များဖြစ်လင့်ကစား ကျနော်နှင့် ကိုသက်ခိုင်တို့အတွက်ကား ပျင်းရိဖွယ်ခြောက်ကပ်ကပ်နိုင်လှသောကာလများပေတည်း။ထို့ပြင်တဝ ပြဿနာပေါင်းသောင်းခြောက် ထောင်သည် မဟာမိတ်တပ်ချီကာ ရောက်လာသောနေ့ရက်များဟုလည်း ဆိုနိုင်သည်။စင်စစ်ကိုသက်ခိုင်သည် အရှုပ်အထွေးများနှင့် ပျော်မွေ့ခဲ့သူဖြစ်၍ ပြဿနာအတော်များများမှာ ကိုသက်ခိုင်၏စိတ်အားညစ်ညူးအောင် မစွမ်းနိုင်သော်ငြား ဤရက်များကိုမူ ခြွင်းချက် အဖြစ် ထားသင့်သည်ဟု ကျနော်ထင်မိသည်။

လွန်ခဲ့သောငါးရက်ခန့်က ကိုသက်ခိုင်၏မိတ်ဆွေရင်းချာတစ်ဦး ရန်ကုန်မှရေးကြီးသုတ်ပျာဖုန်းဆက်လာသည်။သူ့ညီအကိုတော် တစ်ယောက် ဘန်ကောက်လေဆိပ်မှာ ရဲနှင့်ပြဿနာတက်နေသောကြောင့် ကူညီဖြေရှင်းပေးရန်ဖြစ်၏။ဘေးမှာနားထောင်ရသော ကျနော့်အဖို့ ရင်ထိပ်စရာဖြစ်သော်ငြား ကိုသက်ခိုင်ကမူ လေသံခပ်အေးအေးဖြင့်သာ အောက်ပါမှတ်ချက်ကိုပြုသည်။

"သူ့အလိုလို ပြီးသွားမဲ့ကိစ္စပါဗျာ။ဗမာလူမျိုးထုံးစံ ပူပင်နေရမှ ကျေနပ်နေတတ်တဲ့ အကျင့်ထင်ပါရဲ့"

"ခင်ဗျားအထင်က သိပ်ပြီးစလွယ်နိုင်မနေဘူးလားဗျာ။လေဆိပ်မှာ ပြဿနာတက်တာမို့ ပေါ့သေးသေးတော့ ဟုတ်ဟန်မတူဘူး"

"မဟုတ်ဘူးကိုမင်းဒင်။ လေဆိပ်မှာမို့ ဒီပြဿနာက ဘာမှ စိုးရိမ်စရာမရှိတာ"
"အသေးစိတ်ရှင်းစမ်းပါဗျာ။ဘေးကနေ ကြားရတဲ့လူတောင် ရင်ပူတယ်။ဘယ်လိုပြဿနာများပါလိမ့်"
"ပြဿနာအစက (MAI Airline)မှာ (Check in)လုပ်တုန်း အဝတ်သေတ္တာပေါင်ပိုတဲ့ ကိစ္စက အစပြုတယ်ဆိုပါတော့။ကျနော်တို့ ရွှေဗမာက ထုံးစံအတိုင်း ဒေါသအလျောက် ကောင်တာပေါ်က ကတ်ကျေးကိုကောက်ကိုင်ပြီး အပြောအဆိုမချေငံတဲ့ အဲဒီလေကြောင်း လိုင်း အရာရှိကို ချဲလင့်တောင်းရာက လေဆိပ်ရဲကိုခေါ်ရတဲ့အထိ ကြီးသွားတဲ့ပြဿနာပါပဲ။အမှန်တော့ဗျာ။ ဒီလိုကိစ္စမျိုးဟာ သုဝဏ္ဏဘူမိလို နိုင်ငံတကာလေဆိပ်မှာ တယ်ပြီးဆန်းလှတာမဟုတ်ပေမဲ့ ခရီးသည်ဟာ ဗမာဖြစ်နေတာကြောင့် ပြဿနာက ပိုကြီး သွား တယ်ထင်ပါရဲ့"

"ဗမာဖြစ်နေတာနဲ့ အပြစ်က ပိုကြီးသွားသတဲ့လား"

"အကျယ်သာချဲ့ရရင် ပြောမဆုံးပေါင်တောသုံးထောင်ပဲဗျာ။အခုပြဿနာဖြစ်တဲ့မောင်နဲ့ ကျနော်ရင်းရင်းနှီးနှီးသိပါတယ်။ သူ့ဖက်က မှန်တယ်လို့လည်း ကျနော်ဇွတ်မပြောချင်ဘူး။တခုသေချာတာက ဘယ်လောက်ယဉ်ကျေးပါတယ်။ပညာတတ်ပါတယ်ဆိုတဲ့ ထိုင်းအရာရှိ ဖြစ်ပါစေ ဗမာဆိုရင် ပန်းရံ၊အိမ်ဖော်တွေလို့သာ အရိုးစွဲထင်မြင်နေကြတုန်းကိုး။ရာဇဝင်ထဲက ရန်ကြွေးဟာ ထိုင်းလူမျိုးတွေရဲ့ အတွင်း စိတ်မှာ အခုထက်ထိ ပြေပျောက်ဟန်မတူသေးဘူး။ဗမာလူမျိုးနဲ့ပတ်သတ်တဲ့ပြစ်မှုတစ်စုံတစ်ရာကို ကောက်ချက်ဆွဲရာမှာ နင်မဟုတ်ရင်နင့် အဖေဆိုတဲ့ ယုတ္တိနည်းကိုသုံးနေကြတုန်းဗျ။သက်သေအခိုင်အမာပြရရင် တော်ဝင်ထိုင်းဘုရင်ကြီးနရစွမ်အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်မှာ စပွန်ဆာပေးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ကုမ္ပဏီအမည်စာရင်းတွေကိုသာ ကြည့်ပေတော့ဗျာ။ ပြဿနာ ဖြစ်ချင်တော့ အခု လေဆိပ်က ထိုင်းတွေ ပြဿနာရှာလိုက်တဲ့ ဗမာဟာ နိုင်ငံတစ်ကာအတွေ့ အကြုံရှိတဲ့ဗမာလူ လည်၊ လူချမ်းသာ ဖြစ်နေတာကြောင့်ပဲ"

"ကိုယ့်ဆရာ၊ကိုယ့်အတွေးနဲ့ ကိုယ်တော့ ဟုတ်ပါပြီ။ လွယ်လွယ်မပြီးရင် ဘယ့်နှယ်လုပ်ပါ့မလဲဗျာ"

"အဲဒါ ဘာခက်သတုန်းဗျာ။ဘန်ကောက်လေဆိပ် လူဝင်မှုကြီးကြပ်ရေးမှာကျနော့်လူရင်းထိုင်းရဲဗိုလ်ချုပ်တစ်ယောက်ရှိလေရဲ့။ ဖုန်းတစ် ချက်ဆက်လိုက်ရုံပါပဲ။ဒီဗိုလ်ချုပ်နဲ့ကျနော်ဟာရိုးရိုးသာမန်မျက်မှန်းတန်းမိတဲ့အဆင့် မဟုတ်ဘူး။ဗမာပြည်ထွက်ကျောက်မျက်တွေ လက်ဆောင်ပေး ထားဖူးတဲ့အထိ ရင်းနှီးနေတာ။ထိုင်းနိုင်ငံဘယ်ဒေသမှာမဆို ပြဿနာကြုံရင် အချိန်မရွေးဖုန်းလှမ်းဆက်လှည့်ပါဆိုပြီး ကတိပေးထားဖူးတဲ့သူ။ကျနော်တစ်ခါမှ အကူအညီမတောင်းဖူးသေးဘူး။ ကြံဖန်မပူပါလေနဲ့။ခင်ဗျား တစ်ခုသတိပြုဖို့က ဘယ်ပြဿနာ မဆို ၊အထူးသဖြင့် ထိုင်းမှာ ပြဿနာ တစ်စုံတစ်ရာကြုံရင် အပူလွန်ပြီး ဗျာမများလေနဲ့ ။ဗျာများလေ ငွေကုန်လေ့။ခင်ဗျားစောင့်သာကြည့် အလိုလိုပြီး သွားပါမှာ သေချာ သလောက်ရှိတယ်။ ဘယ့်နှယ်။ လူကို အန္တရာယ် ပြုနိုင်တဲ့ ကတ်ကျေးက ကောင်တာပေါ်ရောက်နေ ရသတုန်း။ ဒီသတင်းမျိုးသာ မီဒီယာ ပေါ်တက်သွားရင် လေကြောင်းလိုင်းပါ နာမည်ပျက်မဲ့ကိန်းပါဗျာ"

ပြဿနာတို့သည်အဖော်အပေါင်းနှင့်လာတတ်၏ဟူသောဆိုရိုးသည်မှန်ဖွယ်ရှိသည်။ဆက်တိုက်ကြုံရသော အခြင်းအရာမှာ ကျနော့် ဈေးဆိုင်ကို ထိုင်းရဲဝင်ဖမ်းသည့် ပြဿနာပေတည်း။ထုံးစံအတိုင်း အဆိုပါပြဿနာကို ကိုသက်ခိုင်ကပင် သူ့အသိထိုင်းရဲဗိုလ်မှူး တစ်ဦးနှင့်ချိတ်ဆက်လျက်ဝင်ရောက်ရှင်းလင်းပေး ခဲ့သော်ငြား သူ့မျက် နှာသွင်ပြင်သည် တစ်စုံတစ်
ခုကို မကျေမချမ်းဖြစ်နေမှန်း သိသာ လှသောကြောင့် ကျနော်ကပင် လေပြေထိုးလိုက်ရ သည်။

"ထိုင်းဘတ်တစ်သောင်းခွဲလောက်ကုန်တာ ကျနော့်အတွက် မထောင်းတာလှပါဘူး။ခင်ဗျားမျက်နှာကြည့်ရတာ ကျနော့်စိတ်မှာ မသက် သာလှတာတော့ အမှန်ပဲဗျ"

"နေဦးဗျာ။ အခုကြားဝင်ဖြေရှင်းပေးတဲ့ ထိုင်းရဲဗိုလ်မှူးကို ကျနော်သိပ်မသင်္ကာလှဘူး။ဖူးခက်မှာ ကျနော့်အသိရဲတွေ မှိုလိုပေါက်နေတဲ့ ကြားက ခင်ဗျားဆိုင်ကို ဝင်ဖမ်းတယ်။ခင်ဗျားနဲ့ကျနော်မိတ်ဆွေရင်းတွေဆိုတာ ဒီကောင်တွေသိပြီးသား။အခုလာဖမ်းတာ ဖူးခက်နယ်ခံရဲ မဟုတ်တဲ့ ဆူရတ်ဌာနီက ရဲတဲ့။လက်ရှိထိုင်းနိုင်ငံရေးအကြပ်အတည်းကြောင့် ဒီကောင်တွေ အနေအစားကြပ်နေပုံရတယ်။ခင်ဗျား ကြားမိလား။ ဆူရတ်ဌာနီက ရဲဆိုတဲ့မောင်က ကျနော့်ကိုတွေ့တွေ့ချင်း .."အော် အကိုကြီး ဂျွန်ပါလား"တဲ့။ဒီကောင်ကျနော့်ကို သိနေ တယ်။ သိမှာပေါ့။သူဟာအခုပြဿနာကိုကြားဝင်ရှင်းပေးတဲ့ ရဲဗိုလ်မှူးရဲ့ တပည့်အရင်းပဲ။ကျနော်အမှတ်မမှားဘူးဆိုရင် ဒီလူဟာ ပါတောင်ကုန်း အတက် သေနတ်ပစ်ကွင်းမှာ လေ့ကျင့်ရေးတာဝန်ယူထားတဲ့ရဲတပ်ကြပ်ပါပဲ။ကျနော်လိုလူလည်နဲ့ပတ်သက်တဲ့ဆိုင်ကို ဂွင်ဆင်ပြီး ငွေဖန်တာ အံ့သြလွန်းလို့ ပါဗျာ။ဗမာမှန်ရင်ငတုံးတွေချည်းထင်နေလေရော့သလား"

"ခင်ဗျားပြောကာမှ ကျနော်လည်း သံသယဝင်လာတယ်။ဒီလူတွေ ခင်ဗျားကို ဆက်ဆံတာ ရိုကျိုးလွန်းနေတာကို သတိတော့ ပြုမိသလို ပဲဗျာ"
"ထားလိုက်ပါဗျာ။ထိုင်းဟာ ထိုင်းပါပဲ။ရဲဟာရဲပါပဲ"

တချိန်တည်းတွင်ကိုသက်ခိုင်သည် အကြံပေးအဖြစ်၊သူလုပ်ကိုင်နေသော ရန်ကုန်မြို့၏ဧရာမစီမံကိန်းကြီးတစ်ခုအတွက်လည်း အာရုံ ထွေပြားနေဟန်ရှိသည်။သူအာရုံများလာသည့်အခါ ..
"လာဗျာ၊ ပန်းခြံထဲမှာ ကိုယ်လက်လှုပ်ရှား၊လမ်းလျှောက်ရင်း အာချောင်ကြတာပေါ့"ဟု အဖော်စပ်လေ့ရှိသည်။နုစဉ်အခါကမူ ယခုကဲ့သို့ စိတ်လက်မအီမသာသည့်အချိန်များတွင် ချောင်ကျသောစားသောက်ဆိုင်တစ်ခုခုမှာ သူ့နောက်တော်ပါများနှင့် အရက်ဝိုင်းဖွဲ့ကာ အချိန် ကုန်လေ့ရှိသည်ဟု ဆိုပါ၏။ယခုသော် အချိန်ကာလများနှင့် အတွေ့အကြုံ၊ အသက်အရွယ်တို့သည် သူ့ကိုပဲ့ပြင်လိုက် ဟန်ရှိ၏။ ဖူးခက်မြို့၏အထင်ကရ ထိုင်းဘုရင့်တော်ဝင်ပန်းခြံအဝင်ဝသို့ ကျနော်တို့ရောက်ချိန်တွင် နေအတော်စောင်းခဲ့ပြီ။ပန်းခြံတွင်းသို့ ရောက်ရန် အတန်ငယ်ရှည်လျားသော ကွန်ကရစ်ချောင်းကူးတံတားကြီးတစ်ခုကို ဖြတ်ကျော်ကြ ရသည်။ထိုတံတားကြီး၏အလယ်သို့အရောက် ကိုသက်ခိုင့်နှုတ်မှ အသံထွက်လာသည်။

"တော်တော်ကိုစိတ်ပျက်စရာကောင်းတယ်ဗျာ"

အရင်းမရှိအဖျားမရှိ ကောက်ကာငင်ကာ ညည်းညူလိုက်သောကိုသက်ခိုင့်အသံကြောင့် ၊စူးစမ်းသောအဓိပ္ပါယ်ပါသည့် ကျနော့်မျက်လုံး အစုံ သည် သူ့မျက်နှာဆီသို့ ဖျတ်ကနဲရောက်သွား၏။

"ဘာဖြစ်ရပြန်တာတုန်းကိုယ့်ဆရာ။ခင်ဗျားလို အတွေ့အကြုံစုံလှချည်ရဲ့ဆိုတဲ့လူက ညည်းနေတော့ ကျနော်တို့လိုလူက ဘယ်သွားနေ ရမတုန်း"

"ညည်းတာဆန်းသလားဗျာ။ကျနော်ကြားဖူးတဲ့ ဓမ္မတေးတစ်ပုဒ်မှာဆို သုံးလောကထွဋ်ထား၊ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်တောင် စိတ်ပျက်ဖူး သတဲ့"

"လာပြန်ပြီ။ပေါက်ပေါက်ရှာရှာ။ဘယ်သီချင်းပါလိမ့်။လုပ်စမ်းပါအုံး"

"အော်။ ကျနော်မှတ်မိသလောက်တော့ "မဟာဗောဓိပင်နဲ့တလံကွာပါသည်။စကြာဝဠာငြိမ်သက်၍ လုံ့လဥဿဟအစုံအညီ ဗောဓိပင်ရွှေပလ္လင်ထက်မှာ ထက်ဝယ်ဖွဲ့ခွေနေတော်မူလေသည်။ဗောဓိပင်ရွှေပလ္လင်ကြီးကိုအောင်သော် သတ္တဝါအများ ချွတ်လို့ကျွတ်နိုင် ပါ့မလားရယ်လို့ အားတော်ငယ်ရှာသော်.."တဲ့ဗျာ။ကျနော်လိုဖွတ်ကြား စိတ်များတာ ဘာဆန်းသတုန်း"

"ကဲပါဗျာ ခင်ဗျားကို ကျနော်စကားနိုင်မလုတော့ပါဘူး။ ခင်ဗျားစိတ်ပျက်တာက ထိုင်းရဲတွေကိစ္စများလား"

"အေးဗျာ။ထိုင်းပုလိပ်တွေကိစ္စကနေ ကျနော်တို့ဗမာပြည်ဒီမိုကရေစီခေတ်မှာပြောင်းနေကြတဲ့လုပ်နည်းလုပ်ဟန်ကို ချိတ်ဆက်စဉ်းစား မိလို့ဗျ။ကျနော်အခုအကြံပေးလုပ်နေတဲ့ မဟာစီမံကိန်းကြီးမှာပေါ့။ဗမာပြည်က လုပ်ငန်းရှင်တွေကလည်း ငွေရှိရင် ဘယ်အရာမဆိုပြီး တယ်ထင်နေကြတုန်း၊ဗမာပြည်ဘဏ်တွေကလည်း အမိန့်ရ အပေါင် ဆိုင်သာသာလောက်ပဲ ရှိကြသေးထင်ပါ့ဗျာ"

ဤသည်ပင် ကိုသက်ခိုင်၏ပင်ကိုယ်စရိုက်တည်း။သူသည် အမြဲလိုလို ကိစ္စတစ်ခုခုအတွက် တွေးတောနေတတ်သူဖြစ်၏။သူ့အတွေးစဉ် တစ်နေရာ အရောက်၊ထွက်ပေါက်မရှိချိန်တွင် သူ့နှုတ်မှ ယခုကဲ့သို့ပင်၊အသံထွက်လာလေ့ရှိသည်။
"ခင်ဗျားဘာတွေတွေးနေမှန်းမှ မသိတာ။ကျနော်က ဘာပြန်ပြောရမှာတုန်းဗျာ"
"ဘာမှပြန်မပြောနဲ့ဗျာ။ အသာငြိမ်ပြီးသာနားထောင်ပေတော့။တကယ်တော့ အခုလိုခေတ်ပြောင်းနေချိန်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ခေါ်ကြ၊ခေတ်မီအဆောက်အဦတွေ ဆောက်ကြ၊ စီမံကိန်းတွေလုပ်နေကြတာတော့ မှန်ပါရဲ့။ ဗမာလုပ်ငန်းရှင်သူဌေးတွေဟာ သူတို့ပိုင်တဲ့ဥစ္စာဓနကို ဗမာဘဏ်တွေမှာ အပေါင်ထားပြီး ချေးလို့ရတဲ့ငွေနဲ့ ဧရာမစီမံကိန်းတွေကို လုပ်ကြသတဲ့။ဗမာဘဏ်တွေကလည်း သူတို့ငွေမဆုံးရေးလောက်သာ အာရုံစိုက်ကြတယ်ထင်ပါရဲ့။ ဒီပုံဒီနည်းနဲ့ဖြင့် ပြာပုံထဲက ထွက်နိုင်ဖို့ လမ်းမမြင်ဘူး။ အပေါင်ခံ ပစ္စည်းမလိုပဲ၊ဗမာပြည်ထဲကိုလာပြီး ရင်းနှီးမြှုပ်နှံနေတဲ့ပြည်ပရင်းနှီးမြှုပ်နှံသူတွေ အတွက်တော့ ရတနာပုံဆိုက်ကိန်း ပေါ့ဗျာ။ လေယာဉ်ပျံနဲ့သွားနေတာကို ကုန်းကြောင်း လမ်းလျှောက်ပြီး အမှီ လိုက်နေတာ မြင်၊မြင်ယောင်သေးတော့တယ်"

"အနည်းအကျဉ်းတော့ ရိပ်မိသလိုပဲဗျာ။ခင်ဗျားစကားကို ဆက်ပါအုံး"

"လူတစ်ယောက်လူတစ်စုပိုင်တဲ့ ဥစ္စာဓနကို အာမခံထားနိုင်ရုံနဲ့တိုင်းပြည်ကြီးကို အချိန်တိုတိုအတွင်းပြောင်းလဲအောင် ဘယ်မှာလာ ဖြစ်နိုင်ပါ့မ တုန်း၊ခင်ဗျားမြင်သာတဲ့ ဥပမာတစ်ခု ကျနော်ပေးမယ်။အခုထိုင်းနိုင်ငံမှာ လူတစ်ယောက်ဟာ ကားဝယ်ချင်တယ်ဆိုပါစို့။ ကားဝယ်မဲ့သူရဲ့ အခြေအနေနဲ့ ဒီကားကိုသူဘယ်လိုဘယ်ပုံအသုံးပြုမယ်ဆိုတာ သိရင် ဘဏ်က ငွေထုတ်ချေးတယ်။ဆိုလိုတာက ဒီကားဝယ်ဖို့ ကားဝယ် တဲ့သူက သူ့အိမ်ကိုအပေါင်ပစ္စည်းအဖြစ် ထားစရာမလိုဘူး။အခုဗမာပြည်ရဲ့မြောက်များလှစွာသော စီမံကိန်းတွေမှာ ဒီစီမံကိန်းရဲ့အနာဂတ်ကို ဘဏ်တွေက အမြှော်အမြင်ရှိရှိသုံးသပ်ပြီး ပူးပေါင်းဆောင်ရွက်သင့်တာပေါ့။နိုင်ငံတကာက လာပြီး ရင်းနှီးမြှုပ်နှံသူတွေက သူတို့နိုင်ငံတွေရဲ့ ကျောထောက်နောက်ခံဘဏ်တွေနဲ့ ဗမာပြည်ထဲလာပြီး လူတွင်ကျယ်လုပ် နေကြတာ။ငွေထုတ်ကြီးပိုက်လာပြီး လုပ်ကြတာမှ မဟုတ် တာ။အဲဒီခြားနားချက်ကြောင့် ဗမာလုပ်ငန်းရှင်တွေဟာ ပြည်ပရင်းနှီးမြှုပ်နှံ သူတွေကို တန်းတူယှဉ်မလိုက်နိုင်တော့ပဲ၊ နောက်ကောက်ကျ ကျန်ကုန်တော့တာပါပဲ။ ကျောထောက်နောက်ခံဘဏ်တွေရဲ့အားကိုးနဲ့ ဗမာပြည်စီမံကိန်းတစ်ခုခုအတွက် တိကျရေရာတဲ့ အကျိုးအမြတ် ကို ခန့်မှန်းတွက်ချက်နိုင်တာကြောင့် သူတို့အသာစီးရတယ်။ ဗမာဘဏ်တွေကတော့ အကဲဖြတ်နိုင် ပုံမရဘူး။အစိုးရကိုယ်တိုင်ကလည်း ဒီအချက်ကို ပံ့ပိုးနိုင်ပုံမရဘူး။ဒီတော့ ဗမာလုပ်ငန်းရှင်တွေဟာ ဗမာအစိုးရဆီက စီမံကိန်းတွေကို နာမည်ခံလျှောက်ပြီး လုပ်ပိုင်ခွင့်ရတဲ့အခါ နိုင်ငံခြားသား တွေလက်ထဲ ဝကွက်အပ်လိုက်ကြ၊ရောင်းစား လိုက်ကြတဲ့ အခြေဆိုက်ကုန်ကြရောပေါ့ဗျာ။ဒီတော့ ချမ်းသာတဲ့သူက ပိုချမ်းသာ၊ဆင်းရဲတဲ့သူက ဒုံရင်း ဘယ်မှာလာ ဒုက္ခတွင်းထဲက လွတ်နိုင်ကြပါ့မတုန်း။
ထိုင်းလိုနိုင်ငံမှာတောင် အသေးစားအိမ်တွင်း မှုလုပ်ငန်းတွေအတွက် ဘဏ်တွေဟာလုပ်ငန်း အလားအလာ ကိုကြည့်ပြီး လွယ်လွယ်ငွေချေး လိုက်ကြတာပဲ။ချေးငွေယူထားတဲ့ သူတွေ လုပ်ငန်းကောင်းကောင်းလည်ပတ်နိုင်အောင်လိုအပ် ချက်တွေကို အစိုးရက ဖြည့်ဆည်းပေးတာလည်း နည်းယူစရာပါပဲ။ယုတ်စွအဆုံး ထိုင်းလူမျိုးတစ်ယောက်ဗမာပစ္စည်းဆိုင်ဖွင့်ရင် အခွန်မဆောင်တဲ့ ပစ္စည်း တွေဖြစ်အုံးတော့။ တနိုင်တပိုင်လုပ်ငန်းဆိုရင် နားလည်မှုပေးထားတယ်။ထိုင်းလူမျိုးကောင်းစားဖို့ ထိုင်းရဲတွေ၊ ထိုင်းအာဏာ ပိုင်တွေ နားလည်မှုရှိပုံကတော့ အတုယူလောက်ပါပေရဲ့။ထိုင်းဘဏ်တွေမှာ အလုပ်လုပ်ချင်တဲ့သူတွေအတွက် ချိတ်ဆက်ပြင်ဆင် ထားတာတွေအများကြီးဗျ။ကြက်ကြော်ရောင်းချင်သလား။လမ်းဘေးကော်ဖီဆိုင်ဖွင့်ချင်သလား။ကြက်မွေးတဲ့စီပီကုမ္ပဏီ၊ကော်ဖီတံဆိပ်အမျိုးမျိုးရဲ့မူရင်း ကုမ္ပဏီတွေနဲ့ ချက်ချင်းချိတ်ဆက်ပေးနိုင်တယ်ဗျ"

"ခင်ဗျားပြောနေတဲ့စကားနဲ့ ဆိုင်မဆိုင်တော့ မသိဘူးဗျာ။ ကျနော့်အိမ်ရှေ့မှာ စွန့်ပစ်စရာအမှိုက်ရှိမရှိ ဟွန်းသံလေးပေးပြီး အမှိုက် ကောက်တဲ့သူတောင် စံပလောလို့ခေါ်တဲ့ဆိုင်ကယ်ဘေးတွဲနဲ့ဗျာ"

"အေးဗျာ။ထိုင်းတွေဆိုင်ကယ်တစ်စီးဝယ်ချင်ရင် တလထိုင်းဘတ် တစ်ထောင်၊ဗမာငွေသုံးသောင်းလောက်သွင်းနိုင်ရင် ရနေတာမို့ လူတိုင်း ဆိုင်ကယ်စီးနိုင်ကြတာ အဆန်းတော့မဟုတ်ပြန်ဘူး။ခင်ဗျားသေချာစဉ်းစားကြည့်။ကော့သောင်းလိုမြို့မျိုးမှာ ဆိုင်ကယ်တစီး တစ်လငှား စီးရင် ငါးသောင်းပေးရသတဲ့ဗျာ။ဒီငွေနဲ့ထိုင်းမှာ ဆိုင်ကယ်အပိုင်ဝယ်စီးနိုင်တယ်ဗျာ။ထိုင်းမှာ ကုန်စိမ်းရောင်းတဲ့သူတိုင်းလိုလို တိုယိုတာ ဟိုင်းလပ်ကား တစ်စီးတော့ပိုင်ကြလေရဲ့။ပိုင်မှာပေါ့ဗျ။ နှစ်ကုန်တိုင်း(Discount)ဒစ်စကောင့်ချပေးတဲ့ကာလမျိုးမှာ ထိုင်းဘတ်ငါးသောင်း (ဗမာငွေဆယ့်ငါးသိန်း) လောက်သွင်း နိုင်ရင် ကားကို အရစ်ကျစံနစ်နဲ့အပိုင် ဝယ်စီးနိုင်ကြတာပဲ။ ခင်ဗျားအနေနဲ့တစ်ခုစောဒက တက်စရာ ရှိမယ်။ ငွေလွယ်လွယ်ချေးပြီး ပြန်မဆပ်ကြတော့ ဘယ့်နှယ့်လုပ်မတုန်းလို့။ ကျနော့်အယူအဆကတော့ တိုတိုပြတ်ပြတ်ပဲဗျာ။ လိမ်စားမဲ့သူတစ်စုကိုစိုး
ရိမ်ကြောက်လန့်ပြီး သမာအာဇီဝတိုးတက်ကြီးပွားချင်တဲ့ လူအများစုကို မနစ်နာစေသင့်ဘူး"

"ခင်ဗျားက ထိုင်းနိုင်ငံကြီးဟာ သိပ်တိုးတက်အောင်မြင်နေပြီလို့ဆိုချင်ရော့သလား"

"တော်စမ်းပါဗျာ။ ကျနော့်အနေနဲ့တော့ ထိုင်းလူမျိုးတွေဟာ ဘာမှ အထင်ကြီးစရာမဟုတ်ဘူး။ဗမာလူမျိုးတွေနဲ့ တစ်ဦးချင်းစွမ်းရည် ယှဉ် လိုက်ရင် ထိုင်းတွေမယှဉ်နိုင်တာသေချာတယ်။ထိုင်းလူမျိုးတွေမှာ ကြီးကျယ်ပြောင်မြောက်တဲ့အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမရှိဘူး။ ဘယ်လူမျိုးက ကျူးကျော်လာလာ စေ့စပ်ညှိနှိုင်းတဲ့နည်းနဲ့ လမ်းဆုံးခဲ့ကြတာချည်းပဲ။လွတ်မြောက်ရေးတိုက်ပွဲအတွေ့အကြုံ ရှားလွန်းလို့ ခေတ်သစ်ထိုင်းရုပ်ရှင်တော်တော်များများမှာ ဂျပန်ကိုခုခံတဲ့ တိုနန့်နန့်အခန်းတွေချည်းများနေလေရဲ့။အဓိကအချက်ကတော့ တိုင်းပြည် တစ်ခုကြီးပွားရာ ကြီးပွားကြောင်းဟာ အဲဒီနိုင်ငံကျင့်သုံးနေတဲ့ စံနစ်ပါပဲ။အစိုးရရဲ့စီမံခန့်ခွဲမှုဟာ အခရာပါပဲ။ ကိုယ့်လူမျိုးရဲ့ လူနေမှု ဘဝ၊စားဝတ်နေမှုဘဝ၊ ပြည့်စုံချောင်လည်ရေးကို ဦးတည်ဖို့ပါပဲ။ဗမာပြည်မှာ အနိမ့်ဆုံးအဆင့် အဝှာခံစားတာတောင် ရဲရန်က မလွတ်ဘူး။ ခင်ဗျားမြင် အောင်ကြည့်စမ်းပါဗျာ။ ဖူးခက်တမြို့လုံးမှာ ဇိမ်ခန်းတွေမှိုလိုပေါက်နေပါလျက် ဘယ်ဇိမ်ခန်းကိုမှ ထိုင်းရဲဝင်စီးတယ် ဆိုတဲ့သတင်းမကြားမိ သလောက်ပဲ။အမယ်၊ထိုင်းဥပဒေမှာလွတ်လပ်စွာ ပြည့်တန်ဆာလုပ်ကြလို့တော့ ပြဌာန်းမထား ပေမဲ့ "ခန္ဓာကိုယ်ဖြင့် ရင်းနှီး ရှာဖွေလျက် အမိအဘကို ကျွေးမွေးစောင့်ရှောက်ခြင်းကား အမြတ်ဆုံး ကုသိုလ်ပေတည်း"ဆိုတဲ့ ဓလေ့ထုံးစံအကြောင်းပြချက်တောင်ရှိ သေးဗျာ။

"ခင်ဗျားက ဒီအကြောင်းတွေလည်း သိနေသကိုး"

"ခင်ဗျားပြောတဲ့လေသံက ကျနော်ဟာ ဇိမ်ခန်းတွေဘက်ခြေစင်္ကြာလှည့်နေတယ်လို့ဆိုလိုရာရောက်နေတယ်။ခက်၊ခက်ရချည့်ရဲ့။ ဒါမျိုးက မျက်စိဖွင့်နားစွင့်နေရင် မြင်နိုင်သိနိုင်နေတာပဲ။ဘန်ကောက်မှာ ရေချိုးခန်းနာမည်ခံပြီးဖွင့်ထားတဲ့ သလ္လာဝတီ၊ပိုစီတန်(Posidone) အမ်စတာဒမ်၊ပလာဇာဆိုတဲ့နာမည်ကြီး ဇိမ်ခန်းတွေရှိသလို ဖူးခက်မှာလည်း ဆွိုင်ဆစ်ပ်အက်၊ဆွိုင်ဘင်္ဂလာလမ်းတွေထဲမှာ ဇိမ်ခန်း တွေနဲ့ပြည့်နေလေရဲ့။ပါတောင်ဂျေဂျေပလာဇာမှာ ထိုင်းလူမျိုးမဝင်ရတဲ့ Sexy Showတောင်ရှိသေးဗျာ။ခင်ဗျားသွားချင်ရင် ကျနော်လိုက်ပို့ ပါ့မယ်။ဝင်ကြေးထိုင်းဘတ်နှစ်ထောင်လောက်တော့ရှိလေရဲ့ ဖူးခက်ဆိပ်ကမ်းမှာ အမေရိကန်ရေတပ်သင်္ဘောတွေ ဆိုက်ချိန်ဆို ဖူးခက်က ဇိမ်မယ်တွေ နဲ့ မလုံလောက်လို့ ဆူရတ်တို့၊ကရာဗီတို့လိုအနီးအနားမြို့တွေကနေ ပြည့်တန်ဆာအင်အားအလုံးအရင်းဖြည့်ရ တာတွေ တောင် ရှိသတဲ့ဗျ"
"နေပါဦးဗျ။အခုဗမာအစိုးရက ပြည်တွင်းအသေးစားလုပ်ငန်းတွေကို အားမပေးလို့လား"
"ပေးတော့ပေးဖူးပါရဲ့။ခါးတောင်းကျိုက်တစ်ခြားဖင်တခြားဗျ။ဘဏ်ချေးငွေကိုအသုံးပြုပြီး ကြီးပွားရာကြီးပွာကြောင်း အစိုးရမင်းများရဲ့ အစီအမံတွေက ပံ့ပိုးနိုင်မှ လမ်းဆုံးရောက်တော့မပေါ့။တလွဲဆံပင်ကောင်းဆိုတဲ့စကားပုံခပ်ရိုင်းရိုင်းသုံးရမယ်ထင်ပါရဲ့"

"တလွဲဆံပင်ကောင်းဆိုတဲ့ စကားပုံက ဗိုလ်ချုပ်အောင်ဆန်းတောင်သုံးခဲ့သေးတာ တော်တော်ရိုင်းသတဲ့လား"

"ဗိုလ်ချုပ်က စေတနာအရင်းခံနဲ့သုံးခဲ့တာမို့ စကားကရိုင်းပေမဲ့ အတော့်ကို အံကျတဲ့စကားဗျ။ဆံပင်လိုအမွှေးက ရှည်ရမဲ့နေရာမရှည်ပဲ မရှည်သင့်တဲ့နေရာမှာ ရှည်နေတာကိုရည်ညွှန်းတာ။ကျနော့်မိတ်ဆွေတစ်ယောက်ပြောဖူးတဲ့ ဗမာဘဏ်တွေအကြောင်း ပြေးသတိရမိ သေးတော့တယ်။ ဗမာပြည်မှာ တပိုင်တနိုင် စက်မှု လုပ်ငန်းလေးတွေ အထွန်းကားဆုံးနေရာဟာ ပုဆိုးတွေယက်နေတဲ့ ၀မ်းတွင်းမြို့လေးတဲ့ဗျ ။ စစ်ကြိုခေတ်ကတည်းက မလှိုင် ၊ သာစည် ၊ ကျောက်ဆည် ၊ ကူမဲ ပတ်ဝန်းကျင်က ၀ါထွက်တာ အကြောင်းပြုပြီး ပေါ်လာတဲ့ အင်္ဂလန်ချည်စက်ကလေးတွေပေါ့ဗျာ။ အရည်အသွေးကောင်းမှကောင်း ၊ ခုနောက်ပိုင်းတော့ မြင်းခြံက နေပြီး အဲဒီ ယက္ကန်းစက် ပုံတူမိုလေးတွေနဲ့ ဆက်ပြီးသွန်းလောင်းနေတာပေါ့ ။ သူဟာနဲ့သူ သုံးပျော်ပါတယ် ။ ၀မ်းတွင်း ချည်မျှင် နဲ့ အထည်စက် ကလေးတွေ လုပ်ငန်းထိုး ဆင်းသွားတာကတော့ ပြည်သူပိုင် သိမ်းပြီးနောက်ပိုင်းပေါ့ဗျာ ..။ ကမ္ဘာ့ စက်မှု လုပ်ငန်းမပြောနဲ့ ဒေသတွင်း အဆင့်နဲ့ တောင် ပြတ်ကျန်နေရစ်ခဲ့တဲ့ ဒီ စစ်ကြိုခေတ် မိုဒယ်လေးတွေ နဲ့ ယက်ကန်းခတ်စားဖို့ရာလည်း ခမျာများမှာ ပိုက်ဆံမရှိရှာကြပါ ဘူး ။ သူဌေးကြီးတချို့တလေပဲ ယက္ကန်းစင်တွေ တစင်ပြီး တစင်ထောင်ရင်း ကြီးပွားကြတာပါ ။ အစိုးရ တို့ ဘဏ်တို့ ဆိုတာလဲ၊ဒီလို macro industries လေးတွေကို အားမပေးထိုက်ပေဘူးလားဗျာ။ ဒါပေမဲ့ အားမပေးတဲ့ အပြင် နှိပ်ကွပ်ထားသလိုပဲဗျို့။၉၀ ခုနှစ်ကျော်ကာလများဆီက ထွန်းဖောင်ဒေးရှင်း ဘဏ်ဆို ထင်ပါရဲ့ ၊ ၀မ်းတွင်းက အသေးစား စက်မှု လုပ်ငန်းလေးတွေ ငွေ ချေးမယ် ဆိုပြီး ဖြစ်ကရော။ဒါပေသိ ချေးငှားမဲ့လူမှာ မရွေ့မပြောင်းနိုင်သော ပိုင်ဆိုင်မှု အပေါင်ခံထားရမယ် ဆိုတော့ ဘယ်လိုလူတွေကို ချေးသတုံး။တိုက်ပိုင် ၊ ခြံပိုင် တွေကို ချေးတယ် ။ အဲဒါနဲ့ပဲ သူ့ထက်ငါဦးအောင် တိုက် မျက်နှာစာ တွေ ဆောက်ကြတော့သတဲ့ဗျာ.. ။ ၊သတိထား ၊ကျနော်ပြောတာ တိုက်မျက်နှာစာနော် ၊ တိုက်ဆောက်တယ်လို့ မပြောဘူး။ အဲသလို မျက်နှာစာတွေ ဆောက် နောက်ဖေးဟောင်းလောင်း ကိုယ်ထည်မပါတဲ့ တိုက်ကြီးတွေကို ဓာတ်ပုံရိုက် ၊ ဘဏ်ပေါင် ၊ ချေးငွေတင် ။ စက်ဝယ် ၊ ယက္ကန်းခတ် သူဌေးစီမံကိန်းဟာ ဖြူးလို့ပဲ ..။ သို့သော်တဲ့။ဒီမှာ အစိုးရ စီမံခန့်ခွဲမှုက စကားပြောလာရော။ မြင်းခြံက ယက်ကန်းစက်တွေ အပူတပြင်းသွန်းလောင်းပြီး "ခတ်လိုက်မယ်ဟဲ့ ယက္ကန်း"လို့လဲ ပြင်ရော လျှပ်စစ်မီး က မမှန်တော့ ခမျာများမှာ မှိုင်တွေကျရတော့တာပဲ ။ နှစ်ချုပ်လို့ ဘဏ်တိုး မဆပ်တော့ ကွင်းဆင်းစစ် ။ အလိမ်အညာတွေတွေ့ ။ တရားစွဲကြ ၊ ဖမ်းကြ၊ ပြေးကြ ၊ ထောင်တန်းကျကြ၊ ကမ္ဘာ ပျက်တာပါပဲဗျာ ။ကျနော်တို့ဗမာပြည်မှာဒီလိုပုံနဲ့မိုးကြီးချုပ်လို့ကတော့ဗျာ။ဘန်ကောက်လေဆိပ်က ဇာတ်လမ်းတွေ၊ခင်ဗျားဆိုင် ထိုင်းရဲဝင်ဖမ်းတာတွေ၊အရွယ်ကောင်းဗမာလူမျိုးသန်းချီပြီးထိုင်းမှာ ကျွန်ဇာတ်လာခင်းနေတာတွေ ဆက်ရှိနေအုံးမှာပါဘဲ"

ကိုသက်ခိုင်သည် သူ့စကားစကိုဖြတ်ကာ ပန်းခြံအတွင်းမှ သစ်ပင်များအုပ်ဆိုင်းဆိုင်းရှိနေသည့် ကတ္တရာလမ်းအတိုင်း ခပ်ဖွဖွပြေးထွက် သွားချိန်တွင် နေဝင်ချိန်လေနုအေးသည် နော့နေဆဲ။ကျနော်ကား နောက်ဆက်တွဲအတွေးမျိုးစုံဖြင့်ကိုသက်ခိုင်နှင့်လားရာတူအရပ်သို့ တလှမ်းချင်းလျှောက်လျက်ရှိလေ၏။

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0


မစ္စတာလီ

"ဒါဆိုလည်း ထလန်မီးပွိုင့်အလွန်က "Tessco Lotus"မှာကော်ဖီသောက်ကြရအောင်ဗျာ"
ကိုသက်ခိုင်တစ်ယောက်ကော်ဖီသောက်ချင်သည်ဆိုလေသဖြင့် အဆင်ပြေမည်ထင်သည့်တစ်နေရာကို ကျနော်ညွှန်းလိုက်သည့်အခါ သူက ချက်ချင်းပင်ငြင်းသည်။
"Tessco Lotus မှာ မသောက်ချင်ဘူးဗျာ။လူသိပ်များတော့ အသံတွေဆူညံလွန်းတယ်။ဆဲဗင်းအလဲဗင်း တစ်ခုခုမှာသာ ရပ်ဗျာ။ ဟေ့လူ၊ ဘိုင်ဖတ်မီးပွိုင့်မရောက်ခင်၊ ဓာတ်ဆီဆိုင်မှာရပ်ဗျာ။ အဲဒီမှာ ဆဲဗင်းအလဲဗင်းရှိတယ်"
သူပြောသည့် ဘိုင်ဖတ်ဟူသည့် အရပ်မှာ အမှန်အားဖြင့် ဖြတ်လမ်း(By pass) ကိုဆိုလိုရင်းဖြစ်၏။ထိုင်းနိုင်ငံမှာအနေကြာလေသဖြင့် သူလည်း အင်္ဂလိပ်စကားအသံထွက်ရာတွင် ရေမြေလိုက်နေဟန်ရှိသည်။ ထိုင်းတို့၏ အင်္ဂလိပ်စာအသံထွက်ကား ထူးခြားလှ၏။"Makro"ကို "မခို"ဟုဆိုကြသည်။"Grocery"ကို "ကော့စလီး"ဟူ၏။"Robinson"ကို "လော်ဘင်ဆန်"အသံထွက်၏။တခါသား ကျနော့်ကွန်ပြူ တာမှာ ဗိုင်းရပ်ဝင်လေသဖြင့် ကွန်ပြူတာပြင်သည့်ဆိုင်သည့် ဖုန်းဆက်ရာ ကျနော်ပြောပြသည့် ဗိုင်းရပ်(Virus) ဆိုသည့် အသံကို တဖက်မှ လုံးဝ နားလည်ဟန်မရှိချေ။ဆိုင်သို့အရောက်သွား၍ လူချင်းတွေ့၍ ပြောသည့်တိုင် သဘောမပေါက်။နောက်ဆုံး စားပွဲပေါ်မှ စာရွက် တရွက် ပေါ်မှာ "Virus"ဆိုသည့် စာလုံးကိုချရေးပြကာမှ သူက အလန့်တကြား ထ အော်သည်။ အော်.. ခေါက်ကျိုင် ခေါက်ကျိုင် (သိပြီ၊ သိပြီ) "ဝိုင်းလပ် ၊ဝိုင်းလပ်"ဟူသတည်း။
ကိုသက်ခိုင်ညွှန်းသည့် ဆဲဗင်းအလဲဗင်းကို ကျနော်သိသည်။ဆဲဗင်းအလဲဗင်းဟူသည့် နှစ်ဆယ့်လေးနာရီပတ်လုံးဖွင့်သည့် စုံစီနဖာဆိုင် များကား ထိုင်းနိုင်ငံတနံတလျား မှိုလိုပေါက်နေသည်။ဆိုင်တင်ရောင်းချသည့် ပစ္စည်းတို့ကား အမြန်ရနိုင်သည့် အဆာပြေ အစား အသောက်များ၊အရက်၊စီးကရက်၊စာရေးကိရိယာ၊အအေးမျိုးစုံ မုန့်ပဲသရေစာမျှသာဖြစ်၏။
"ဆဲဗင်းအလဲဗင်းမှာဆို ထိုင်စရာမရှိဘူးနော်၊မိုးတိုးမတ်တပ်နဲ့ ဖြစ်ပါ့မလား"
"တခါတခါ ဟိတ်ကြီးဟန်ကြီး စတိုင်တခွဲသားနဲ့ နေရထိုင်ရစားရသောက်ရတာ စိတ်ပျက်လွန်းလို့ဗျာ။ကျနော်ပြောတဲ့ဆိုင်ကိုသာမောင်း ဗျာ၊ ထိုင်စရာရှိတယ်။သစ်သားထိုင်ခုံတွေနဲ့ ဇရပ်လိုလို အဆောက်အဦးလေးတစ်ခုရှိတာ ခင်ဗျားသတိမထားမိလို့ပါ"
ဘိုင်ဖတ်ဓာတ်ဆီဆိုင်အရောက်တွင်မူ ကိုသက်ခိုင်သည် "ခင်ဗျားကောင်းမယ်ထင်တာသာ ဝယ်ခဲ့ပေတော့။ကော်ဖီပါရင် ရပြီ"တခွန်းသာ ပြောရင်း ဇရပ်ငယ်ဘက်ဆီသို့လျှောက်သွားသည်။ စားစရာတချို့ လက်မှာကိုင်စွဲလျက် ကျနော်ဆိုင်အတွင်းမှ ပြန်ထွက်လာသည့်အခါ ကိုသက်ခိုင်က ခေါင်းတငြိမ့်ငြိမ့်လုပ်နေလေသဖြင့်....."
"ဘာကိစ္စခေါင်းတငြိမ့်ငြိမ့်လုပ်နေရပြန်တာတုန်း၊ကျနော့်ပုံက ရယ်စရာများဖြစ်နေရော့သလား"
"မဟုတ်ဘူးဗျ။ ကော်ဖီခွက်ကိုထည့်လာတဲ့ ကျွတ်ကျွတ်အိတ်ဒီဇိုင်းကို သဘောကျလွန်းလို့"
သူပြောကာမှ ကော်ဖီခွက်ထည့်ထားသည့် ကျွတ်ကျွတ်အိတ်ကို ကျနော်ငုံကြည့်မိသည်။ မှန်၏။ အဆိုပါကျွတ်ကျွတ်အိတ်ငယ်သည် ရိုးလျက်နှင့်ဆန်းနေသည်။ကော်ဖီခွက်ကို အံကျထည့်နိုင်သည်။ လက်ကိုင်နေရာလည်း အဆင်သင့်။ထုတ်ပိုးကုန်ဈေးကွက်အတွင်း တွင် ကျွတ်ကျွတ်အိတ်သည် ထုတ်ပိုးမည့်ပစ္စည်းအပေါ်မူတည်၍ ဒီဇိုင်းပုံစံမျိုးစုံ တွင်ကျယ်ခေတ်စားနေလေပြီ။
"နည်းနည်း ရှင်းပါအုံး ဆရာရယ်"
"ဒီလိုဗျ။ ကျွတ်ကျွတ်အိတ်ကို တီထွင်ခဲ့တဲ့သူကို ကျနော်တော်တော်အထင်ကြီးတယ်။ခင်ဗျား စဉ်းစားကြည့်စမ်းဗျ။လူတွေမှာ နေ့စဉ်နဲ့ အမျှ ဝယ်ရေးခြမ်းရေးကိစ္စတွေမှာ မရှိမဖြစ်ပစ္စည်။၊ထုတ်လုပ်ရလွယ်တယ်။ဈေးသိပ်ပေါတယ်။နေရာမရွေးရနိုင်တယ်။ ကျွတ်ကျွတ်အိပ် အသစ်နဲ့ဆို ဘာပစ္စည်းထည့်လာလာ၊ကြည့်ရတာ အထိုက်အလျောက်အမြင်တင့်တယ်။အဲ ဟောင်းများသွားလို့ကတော့ ကိုင်တောင် မကြည့်ချင်တော့တဲ့ အဖြစ်။တကယ့်ကို တစ်ခါသုံးပစ္စည်း။ဒါကြောင့်လည်း ကျွတ်ကျွတ်အိတ်ရဲ့အခန်းကဏ္ဍဟာ အရမ်းကြီးမားနေတာ ဖြစ်မယ်ဗျ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ရှုဒေါင့်ကတော့ တမျိုးပေါ့ဗျာ။ ဟိုခေတ်ဟိုအခါကျနော်တို့ငယ်ငယ်တုန်းက ကမာရွတ် ဈေးကြီးမှာသုံးတဲ့ အဓိကထုတ်ပိုးစရာပစ္စည်းကတော့ အင်ဖက်၊သတင်းစာစက္ကူတွေပဲဗျ"
"ခင်ဗျားစဉ်းစားလိုက်ရင် ကြံကြံဖန်ဖန်ချည်းပဲဗျာ။ပေါက်ပေါက်ရှာရှာ ဒုံးပျံထွင်တဲ့သူဆိုထားပါတော့။ ကျွတ်ကျွတ်အိတ် ထွင်တဲ့သူကို အထင်ကြီးရသတဲ့။ခက်ပါ့"
"ခင်ဗျား အဲသလို တွေးတာကိုက မွဲတေပြာကျစေတဲ့အကြောင်းရင်းပဲကိုယ့်ဆရာ။ကျနော်တို့တိုင်းပြည် မွဲတေနေတာလည်း ဒီအချက် ကြောင့်ပဲ"
"ခင်ဗျားစွဲချက်က သိပ်ကြီးသွားပြီ။ခိုင်လုံအောင်သာ ရှင်းပေတော့။ ရော့၊ ကော်ဖီသောက်ရင်း ရှင်းဗျာ"
"ခင်ဗျားသေချာစဉ်းစားကြည့်လေ။လူတိုင်းလိုလို ကြီးပွားရာကြီးပွားကြောင်းတွေးတောကြံဆကြတာပါပဲ။ ဒါပေသည့် အသေးစိတ်မတွေး ချင်ကြဘူး။အဆုံးစွန်အထိ ရောက်အောင် ၊ပြည့်စုံတဲ့အခြေအနေတစ်ခုအထိ ရောက်အောင် ရဲရဲတင်းတင်းရှေ့ဆက်တွေးတဲ့သူကတော့ မရှိသလောက်ရှားတယ်ဗျာ။တိတိကျကျပြောရရင် အဲသလိုစေ့စေ့ပေါက်ပေါက်တွေးတဲ့အလုပ်ကို အရှေ့တိုင်းသားတွေထက် အနောက် တိုင်းသားတွေက ပိုပြီး အားသန်တယ်။ အရှေ့တိုင်းနဲ့အနောက်တိုင်းအဝတ်အစားတွေကို ယှဉ်ကြည့်စမ်းဗျာ။ လံကွတ်တီနဲ့တောင်ရှည် ပုဆိုးဆိုတာ နံငယ်ပိုင်းကနေ နည်းနည်းသာတဲ့အဆင့်ပဲရှိတယ်ဗျာ။ အနောက်တိုင်းသားတွေကတော့ ခြေထောက်နေရာမှာ ကွက်တိစွပ် လို့ရအောင်ဘောင်းဘီဖြစ်တဲ့အထိ ရှေ့ဆက်စဉ်းစားကြသဗျ။ အကျီတွေကိုလည်း လေ့လာကြည့်။ပိုတောင်ဆိုးသေး။ရွှေကိုယ်တော် အရှေ့တိုင်းသားတွေဟာ ကျောပြောင်နဲ့ ရင်လျားဘဝက တက်ခဲ့ရာအနှစ်နှစ်ရာလောက်ပဲရှိအုံးမယ်ထင်ပါရဲ့။
အခုလောလောဆယ်မှာပဲ ဆဲဗင်းအလဲဗင်းဆိုင်တွေကိုကြည့်စမ်းပါဗျာ။တင်ရောင်းနေတဲ့ ပစ္စည်းက ဘာမှ အဆန်းတကြယ် မဟုတ် ဘူး။ဒီပစ္စည်းမျိုး ရောင်းနေလို့ကတော့ ဘာမှထူးမှာ မဟုတ်ပါဘူး။ ဒါမျိုးရောင်းတဲ့ ဆိုင်တွေ ရပ်ကွက်ထဲမှာ ပွလို့ဆိုပြီး လူအများ ရှေ့ဆက် မစဉ်းစားရဲတဲ့ ကိစ္စမျိုးကို ရှေ့ဆက်စဉ်းစားတဲ့ သူက ဒီဆဲဗင်းအလဲဗင်း အုပ်စုကြီးကို ပိုင်သွားတာပေါ့ဗျာ။ သေချာစဉ်းစားကြည့်။ လူအများစုဟာ ဘယ်ပစ္စည်းတွေကို အမြဲတစေ လိုအပ်နေတတ်သလဲ။ဘယ်အချိန်မှာ လိုနေတတ်သလဲ။ ဘယ်နေရာမျိုးမှာ လိုတတ်သလဲ။ ဘယ်လိုဈေးနှုန်းရောင်းမလဲ။ အဲဒီအရောင်းဆိုင်တွေမှာ ဘယ်လို ခေတ်မီဝန်ဆောင်မှုတွေ ချိတ်ဆက်ပြီးပေးနိုင်သလဲ။ပြောရရင် အများကြီးပါဗျာ။လေယာဉ်လက်မှတ်ကို ဆဲဗင်းအလဲဗင်းမှာ ထုတ်လို့ရတယ်။အစိုးရရုံးတွေကို သွင်းရမဲ့ ရေမီတာခ၊လျှပ်စစ်မီတာခတွေကို သွင်းလို့ရတယ်။ အဲဒီအချက်တွေကို ဆဲဗင်းအလဲဗင်းရဲ့ဖခင်ကြီးက သေချာတွေးတော ခဲ့တယ်။ ဖြေရှင်းနည်းကို ရှာဖွေခဲ့တယ်။ ကျနော်တို့ခင်ဗျားတို့က ခက်တာလေး တစ်ချက်တွေ့ရင် ဖြစ်မှာမဟုတ်ပါဘူးဆိုတာက အရင် ။ဒါကြောင့်မကြီးပွားတာ။ ဒါကြောင့် ကျနော်တို့ ခင်ဗျားတို့လို လူမျိုးတွေ၊အများစုနေတဲ့ တိုင်းပြည်လည်း ဘယ်မှာလာ ကြီးပွားပါ တော့မတုန်း"
"ဒါတင်မကသေးဘူး။ တကမ္ဘာလုံးက လူတွေကြက်ကြော်စားကြတယ်။ကြက်သားကြော်တတ်ကြတယ်။"ကြက်သားကြော်၊ကြော်ရောင်း ကွာ"လို့များ ခင်ဗျား တစ်ယောက်ယောက်ကို အကြံပေးလိုက်မိရင် သေချာပေါက်ခင်ဗျားကို အရူးလို့ပြောမှာပဲ။ဒါပေမဲ့ ဆရာ၊ "KFC"ကြက်ကြော်ဆိုင်တွေဟာ ကမ္ဘာအနှံ့မှာ ဆိုင်ခွဲတွေသိန်းချီရှိနေတာကို ကြည့်လိုက်ပေတော့။"KFC"ကို စတင်ဖန်တီးခဲ့သူဟာ သူများတစ်ကာထက် ရှေ့ဆက်တွေးရဲတဲ့လူ၊အဲဒီအတွေးတွေထဲက အခက်အခဲမျိုးစုံဖြေရှင်းနည်းကို စတင်တွေ့ရှိသူပဲဗျ။ သူများထက် ပိုကောင်းတဲ့၊ပိုအရသာရှိတဲ့ ကြက်ကြော်ကို ငါဘယ်လိုဖန်တီးမလဲ။ဘယ်နည်းစံနစ်နဲ့ရောင်းမလဲ။ ဆိုင်တွေကို ဘယ်လိုပြင်ဆင် မလဲ။ဘယ်လိုအစားအစားတွေကို တွဲဘက်ရောင်း မလဲ။ စတာ စတာတွေကို သူသေချာပေါက်အဖြေရှာခဲ့ရမယ်။ချို့ယွင်းအားနည်း ချက်တွေကို နှစ်ပေါင်းများစွာ၊အကြိမ်ကြိမ်ပြင်ဆင်ဖြည့်စွက်ခဲ့ရမယ်။ဒါကြောင့်လည်း ပြိုင်ဘက်ကင်းအောင်မြင်ခဲ့တာပါပဲ။ ဒါကြောင့် အောင်မြင် နေသူတွေကိုလေ့လာအကဲခတ်ကြည့်ရင် ကျနော်ပြောခဲ့တဲ့အချက်တွေမှာ လူအများစုနဲ့ ကွဲထွက်နေတာကိုတွေ့ရတတ် တယ်။ ဥပမာ မစ္စတာလီဆိုပါတော့ "
"ခင်ဗျားတော်တော်လည်တဲ့လူပဲ။မစ္စတာလီအကြောင်း စကားဆက်ချင်တာများ ကျွတ်ကျွတ်အိတ်နဲ့ ကြက်ကြော်ကနေ နိဒါန်းပျိုးရတယ် လို့ဗျာ"
"ခင်ဗျားပျင်းနေမှာစိုးလို့ ခြေဆင်းလေးနဲ့ စလိုက်တာပါ။ကျနော်ဆုံခဲ့ရတဲ့ မစ္စတာလီအကြောင်းက ဒီလိုဗျ"
ဤသို့လျှင် အစချီကာ ကိုသက်ခိုင်သည် ကျနော့်မျက်နှာကို စေ့စေ့ကြည့်လျက် မစ္စတာလီ၏ဇာတ်ကြောင်းကို အောက်ပါအတိုင်း ခင်းပါ လေတော့သည်။
"ဘန်ကောက်လိုနေရာမျိုးမှာ ဗမာပြည်ပေါက်လူတန်းစားပေါင်းစုံကို ကျနော်အများကြီးတွေ့ဖူးပါတယ်။ အစိုးရအတိုက်အခံတွေ၊စီးပွား ရေးသမားတွေ၊သင်္ဘောသားတွေ၊စုံလို့ပါပဲ။ ဒီအထဲမှာ မစ္စတာလီကတော့ ထူးခြားတယ်ဆိုရမယ်။

မစ္စတာလီ့အကြောင်းပြောမယ်ဆိုတော့ သူဘဝအထုပ္ပတ္တိကြီးကို နှုတ်တိုက်ရွတ်ပြနိုင်တာမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ။ လုပ်ငန်းကိစ္စနဲ့ ဆယ်ရက်ဝန်းကျင်သူနဲ့ထိတွေ့ဆက်ဆံခဲ့ရတဲ့ အချိန်ကာလလေးမှာ ကျနော်သူ့အပေါ်အကဲဖြတ်ချက်ဆိုပါတော့။ သူ့နာမည်အပြည့် အစုံက "Pit Teong (Pote)Lee"တဲ့။သူဟာ ၁၉၇၀ ခုနှစ် ဝန်းကျင်မှာဗမာပြည်ကနေ ထွက်ခွာခဲ့တယ်လို့ ဆိုတယ်ဗျ။ လက်ရှိအသက်နဲ့ ဆက်စပ်ခန့်မှန်းကြည့်တော့ သူအသက်နှစ်ဆယ်ကျော် အရွယ်ပေါ့။ သူဟာ ရန်ကုန်တက္ကသိုလ်မှာ ရူပဗေဒအဓိကနဲ့ မာစတာရခဲ့ သတဲ့။ကျောင်းပြီးတဲ့အချိန်မှာ သူဟာ ဗိုလ်တထောင်လုပ်သား ကောလိပ်မှာ နည်းပြဆရာအဖြစ်ဝင်လုပ်နေရာကနေ ပညာရေးခရီး ဆက်ဖို့ ယိုးဒယားကိုထွက်ခဲ့တာတဲ့ဗျာ။နေဦးဗျ။ ရန်ကုန်တက္ကသိုလ် ရူပဗေဒကျောင်းသား အဖြစ်နဲ့နောက်ဆုံးနှစ် စာမေးပွဲမှာ ဘာသာ စုံဂုဏ်ထူးရဖူးသတဲ့။"
"ကျနော့်စိတ်ထင် မစ္စတာလီပြည်ပကိုထွက်ခွာလာတဲ့ ကိစ္စဟာ ၁၉၆၇ခုနှစ်ဝန်းကျင်မှာ ဖြစ်ခဲ့တဲ့ တရုတ်ဗမာအဓိကရုဏ်းရဲ့ နောက်ဆက် တွဲဂယက်များ ဖြစ်နေမလား စဉ်းစားမိတယ်ဗျ။ဘာဘဲဖြစ်ဖြစ်ဗျာ မစ္စတာလီဟာ ဘန်ကောက်အေအိုင်တီ(Asian Institute of Technology) တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ သူ့အစွမ်းအစပြနိုင်ခဲ့တယ်။အမှတ်ကောင်းကောင်းနဲ့ စကော်လာအဆင့်နဲ့ဝင်ခွင့်ရခဲ့တယ်။ မစ္စတာလီဟာ အေအိုင်တီတက္ကသိုလ်ရဲ့ ပထမဦးဆုံးသော မြန်မာကျောင်းသားတဲ့ဗျ။ပိုပြီးထူးခြားတာက ဗမာပြည်တုန်းက Physics နဲ့ ကျောင်းပြီးလာပီး ဒီ "AIT"မှာ "Civil"နဲ့ ၀င်ခွင့်ရသတဲ့ဗျာ ။
ဗဟုသုတအနေနဲ့ ကြားဖြတ်ပြီးပြောရအုံးမယ်။ အဲဒီ "AIT "တက္ကသိုလ်စီမံကိန်းဟာ အနောက်နိုင်ငံတွေက မြန်မာပြည်ဖွံ့ဖြိုးရေးအတွက် ကူညီဖို့ရည်ရွယ်ခဲ့တဲ့ စီမံကိန်းတဲ့ဗျာ။ ဘယ်ကနေ ဘယ်လိုထိုင်းနိုင်ငံဘန်ကောက်ဘက် ရွာလည်သွားသတုန်း၊မပြောတတ်တော့ပါဘူး။
"AIT"တက္ကသိုလ်ကနေ ဘွဲ့ရပြန်တော့ သူရတဲ့ဘွဲ့နဲ့ လခစားအလုပ်ဖို့ သူ့ဦးလေးက အကြံပေးပေမဲ့ သူက ကိုယ်ပိုင်စာအုပ်အရောင်း ဆိုင် ထောင်ခဲ့တယ်တဲ့။သူ့အကြောင်းပြချက်ကတော့ ဝန်ထမ်းလစာနဲ့ သူ့အိမ်ထောင်ကို တင့်တောင်တင့်တယ်ထားနိုင်မှာ မဟုတ်လို့ တဲ့ဗျာ။ဟုတ်တယ်။ အဲဒီအချိန်မှာ ထိုင်းအမျိုးသမီးတစ်ဦးနဲ့ သူအိမ်ထောင်ကျနေပြီ။၁၉၈၄ ခုနှစ်က ဘန်ကောက်မြို့မှာ သာမန် စာအုပ် ဆိုင်ကလေးနဲ့ အစပြုခဲ့တဲ့ မစ္စတာလီဟာ အခုလက်ရှိအချိန်မှာ (iGroup Asia Pacific)ဆိုတဲ့ နိုင်ငံတကာနည်းပညာ ကုမ္ပဏီကြီး တစ်ခုရဲ့ စီအီးအို(CEO) ဖြစ်နေပြီတဲ့ဗျာ။ဟုတ်တယ်၊အဲဒီ "iGroup"ရဲ့ "Founder"ဟာ မစ္စတာလီပါပဲ။ကျနော်လေ့လာမိသလောက် အဲဒီ i Group ဟာ တောင်ကိုးရီးယား၊သြစတေလျ၊ ဂျပန်၊ အိန္ဒိယ၊စင်္ကာပူ၊ရူမေးနီးယား၊ဟောင်ကောင်၊ထိုင်ဝမ်စတဲ့ နိုင်ငံပေါင်းဆယ့်လေး နိုင်ငံမှာ ကုမ္ပဏီခွဲတွေရှိသတဲ့။"iGroup"ဟာ စာအုပ်ထုတ်ဝေရေးလုပ်ငန်း၊အချက်အလက်နဲ့နည်းပညာအပါအဝင် ခေတ်မီအိုင်တီ လုပ်ငန်း ပေါင်းစုံလုပ်ကိုင်နေလေရဲ့။ လျှောက်ပြောနေရင် ဆုံးမှာမဟုတ်ဘူးဗျ။"iGroup"အကြောင်း ပြည့်ပြည့်စုံစုံ သိချင်သပဆိုရင် အင်တာနက် သုံးပြီးဂူဂဲလ်မှာဝင်ရှာကြည့်ပေတော့။
တစ်နေ့တော့ မစ္စတာလီဟာ ဘန်ကောက်မြို့မှာ နိုင်ငံတကာသံတမန်တွေ ၊ထိပ်တန်းစီးပွားသမားတွေကို အဆင့်မီမီဧည့်ခံနိုင်လောက် တဲ့ နိုင်ငံတကာအဆင့်စားသောက်ဆိုင်မျိုး ဘန်ကောက်မှာ မရှိသေးတာကို သတိပြုမိပြီး"Water Library Restaurant"ကို ၂၀၀၆ခုနှစ်မှာ စဖွင့်ဖြစ်သတဲ့ ။ ဒီဆိုင်ကိစ္စကို မစ္စတာလီရဲ့ ညာလက်ရုံး နိုင်ငံခြားသားတစ်ယောက်နဲ့ တွေ့တုန်းသေချာစပ်စုလိုက်မိတော့ ပထမနှစ်နှစ် အတွင်းမှာ စားသုံးသူအနည်းအကျဉ်းသာရှိပြီး အရှုံးပေါ်ခဲ့သတဲ့။သုံးနှစ်မြောက်မှာတော့ ဒီဆိုင်ရဲ့ဂုဏ်သတင်းဟာ တစတစလူသိများလာ ပြီး အခုအချိန်မှာ ဘန်ကောက်မြို့မှာ ရှိတဲ့ နာမည်ကြီးဟိုတယ်တွေက စားသောက်ဆိုင်ပေါင်းလေးထောင် ကျော်ထဲမှာ ထိပ်တန်းစာရင်း ဝင်လာရောတဲ့ဗျာ။ဒါတင်မကသေးဘူးကိုမင်းဒင်။ မစ္စတာလီဟာ ခေတ်ပြောင်းနေပါပြီဆိုတဲ့ ဗမာပြည်ဘက် ကိုလည်း မျက်ခြေမပြတ်ဘူးဗျ။ ပုဂံမှာ ဟိုတယ်ဆောက်နေသတဲ့။ ကရင်ပြည်နယ်ဖားအံမြို့မှာ "Wacoal"ဆိုတဲ့ အမျိုးသမီး အသုံးအဆောင်၊ဘော်လီ၊အတွင်းခံ ဘောင်းဘီစတာတွေ ထုတ်လုပ်တဲ့ ကမ္ဘာကျော် ဧရာမကုမ္ပဏီကြီးရဲ့ စက်ရုံခွဲတစ်ခုကိုလည်း ဆောက်နေပြီတဲ့ဗျာ။တကယ်တော့ ဒီလုပ် ငန်းစဉ်တွေဟာ "iGroup"ကနေ ဖြာထွက်လာတာတွေပါပဲ။လက်ရှိအချိန်မှာ မစ္စတာလီဟာ ထိုင်းနိုင်ငံရဲ့အကျော်ဇေယျစီးပွားရေးလုပ် ငန်းရှင်တွေတင်မက နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်တွေပါ လေးစားအားကျရတဲ့သူဖြစ်နေ ပါပြီ။တက်လာသမျှ ထိုင်းအစိုးရအဖွဲ့ဝင် တွေနဲ့လည်း ဝင်ဆန့်နေပြီဆိုပါတော့။
မစ္စတာလီဟာ ဗမာပြည်ဘက်ကို ဘယ်တော့မှခြေဦးမလှည့်တော့ပါဘူးလို့ ဆုံးဖြတ်ခဲ့ဖူးသတဲ့။ ဒါပေမဲ့ သူသိပ်အောင်မြင်လာတဲ့အခါ ဗမာပြည်မှာရှိနေတဲ့ကလေးတွေရဲ့ ပညာရေးကို ကူညီချင်စိတ်ပေါ်လာသတဲ့။ ကျနော့်စိတ်ထင်တော့ သူ့ရဲရင်ထဲမှာခိုအောင်းနေခဲ့တဲ့ ဘဝဟောင်းက ကျောင်းဆရာစိတ်ပြန်ပေါ်လာတယ်ထင်ပါရဲ့။ဗမာပြည်ပညာရေးအတွက်အထောက်အကူဖြစ်စေမဲ့ လှူဒါန်းမှုတွေ ကူညီ ပံ့ပိုးမှုတွေအကြီးအကျယ်လုပ်ပေးနေလေရဲ့ဗျာ။
မစ္စတာလီအကြောင်း ကျနော်နင်းကန်ညွန်းနေတယ်လို့တော့မထင်လေနဲ့ဗျာ။ ကျနော်နဲ့တွေ့တဲ့ရက်ပိုင်းမှာပဲ အာရှရဲ့နာမည်ကျော် မဂ္ဂဇင်း တစ်စောင်ဖြစ်တဲ့ "Robb report Magazine"ကနေ မစ္စတာလီရဲ့ဘဝဇာတ်ကြောင်းကို အပြည့်အစုံဖော်ပြဖို့ အင်တာဗျူးနေတာ တွေ့ခဲ့သေးဗျာ။မစ္စတာလီနဲ့စကားလက်ဆုံကျမိချိန်မှာ ကျနော်သူ့ကို သတိထားမိတဲ့အချက်တွေကတော့ သူဟာ ဘယ်အလုပ်ကိုမှ  လောဘဇော တိုက်ပြီးလုပ်တဲ့သူ မဟုတ်ဘူး။ သူ့ဝန်ထမ်းတွေအပေါ်မှာ အမိအဘသဖွယ်၊အကိုကြီးသဖွယ်ထားရှိတတ်တဲ့ စိတ်ထား ပါပဲ။သူ့လက်ရင်း တပည့်ဝန်ထမ်းတဦးရဲ့ လစာဟာ ဒေါ်လာနှစ်သောင်းငါးထောင်ကျော်ရှိသတဲ့။ ဒါတောင် မိသားစုကျန်းမာ ရေး၊ကလေးတွေရဲ့ ပညာရေး၊ အခြားလူမှုရေးအထောက်အပံ့တွေမပါသေးဘူးတဲ့ဗျ။ သူ့ဝန်ထမ်းတွေကို သူအမြဲပြောနေကျ စကား ကတော့"ခင်ဗျားတို့ ကျနော့်ထက် လစာပိုပေးနိုင်တဲ့သူတွေ့ကောင်းတွေ့နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်လောက် မေတ္တာဂရုဏာ ထားနိုင်သူမရှိနိုင်ပါဘူး"ဆိုတာ ရဲရဲကြီး ပြောနိုင်သတဲ့။ကျနော့်စိတ်ထဲမှာတော့ ကျနော့်ကိုအကြံပေးခန့်နေတဲ့ ပဲခူးသူဌေးလင်မယားသာ၊ မစ္စတာလီရဲ့ လုပ်ပုံကိုင်ပုံနဲ့ ဝန်ထမ်းတွေ အပေါ်ထားတဲ့သဘောထားမျိုးထားနိုင်ရင်ဘယ်လောက်ကောင်းလိုက်လေမလဲ လို့တွေးမိ တယ်ဗျ။
ကျနော်ဟာ ဘန်ကောက်မြို့"Swissotel"မှာကျင်းပတဲ့ "iGroup"ရဲ့နှစ်ပတ်လည်အခန်းအနားကိုလည်း မစ္စတာလီရဲ့ဖိတ်ကြားချက်နဲ့ တက်ခဲ့ရသေးဗျာ။iGroup ရဲ့နိုင်ငံတကာကိုယ်စားလှယ်သုံးရာနီးပါးတက်ရောက်တာတွေ့ခဲ့ရဗျ။အဲဒီနေ့အခန်းအနားမှာ "CEO"ဖြစ်တဲ့ မစ္စတာလီပြောခဲ့တဲ့ နှစ်သစ်ကူးမိန့်ခွန်းကတော့ ကျနော့်ဘဝမှာ နားထောင်ခဲ့ရတဲ့မိန့်ခွန်းတွေထဲမှာ အကောင်းဆုံးသောမိန့်ခွန်းလို့ ထင်မိ တာပါပဲ။အေးဗျ။မစ္စတာလီဟာဗမာလိုထက် အင်္ဂလိပ်လိုပြောတာ ပိုပြီးကောင်းနေတယ်။ မိန့်ခွန်းကို ဘာစာရွက်မှမကိုင်ဘဲ လက်တန်း ပြောတယ်။သူ့ဖြတ်ကျော်ခဲ့တဲ့ ရုန်းကန်မှုတွေ၊သူ့ရဲ့ကိုယ်ပိုင်ဘဝအဓိပ္ပါယ်ဖွင့်ဆိုချက်တွေ၊"iGroup"အတွက်ရှေ့ရေးစိန်ခေါ်မှု တွေကို အချိန်တိုတိုအတွင်းမှာ ချက်ကျလက်ကျ ရွှင်မြူးပေါ့ပါးတဲ့ဟန်နဲ့ လမ်းလျှောက်ရင်းဟောပြောနေတာကို ကျနော်ကြည့်နေရင်း "အိုဘားမား တောင်ဒီလောက်ကောင်းတဲ့မိန့်ခွန်းပြောနိုင်ပါ့မလား"လို့တွေးမိတဲ့အထိဗျာ။
သူခြွေနေတဲ့မိန့်ခွန်းထဲမှာ အမေရိကန်ထုတ်စာအုပ်တစ်အုပ်အကြောင်းလည်းပါလာတယ်ဗျ။ အဲဒီစာအုပ်နံမည်က "Bird"ဆိုပဲ။ အဲဒီငှက် တွေရဲ့ဓာတ်ပုံစာအုပ်မူရင်းဟာ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ခုနစ်သန်းနဲ့အရောင်းအဝယ်ြဖစ်ခဲ့သတဲ့။မစ္စတာလီဟာ အဲဒီမူရင်း စာအုပ်နဲ့ အရည်အသွေးတထပ်တည်းနီးပါးကျတဲ့ မိတ္တူစာအုပ်၊အုပ်ရေတစ်ရာရိုက်နေလေရဲ့။ အဲဒီမိတ္တူစာအုပ်ရဲ့တန်ဖိုးတောင် ဒေါ်လာငါးသောင်း တဲ့ဗျ။အာရှတိုက်မှာ ဖြန့်ချိမှာက အုပ်ရေငါးဆယ်မို့ဝယ်ချင်တိုင်း ဝယ်လို့မရဘူးတဲ့ဗျာ။ကျနော်ကတော့ မစ္စတာလီရဲ့ ငွေရှာနည်း ဒဿန တစ်ခုကို နားထဲမှာ ကြားနေလေရဲ့။ဘာတဲ့။ "ကိုသက်ခိုင်ရယ်။ သူဌေးတွေဆီက ငွေထွက်အောင်လုပ်တဲ့ ငွေရှာနည်းတွေ အများကြီးပါ ဗျာ"ဆိုတဲ့ စကားပေါ့။
လူ့စိတ်ဆိုတာ တယ်လည်းဆန်းကျယ်ပါလားကိုမင်းဒင်ရယ်။ အောင်မြင်နေတဲ့ သူဌေးကြီးမစ္စတာလီက တခြားသူဌေးကြီးတွေအကြောင်း ပြောနေချိန်မှာ ကျနော့်မွေးရပ်မြေမှာ ဆင်းရဲတွင်းထဲက ရုန်းမထွက်နိုင်သေးတဲ့၊ ကျောပြောင်တွေနဲ့၊ ပုဆိုးပိုင်းတထည် ပုခုံးပေါ်လွှားပြီး ဓားမတို တစ်ချောင်းကို ၊ကျောနောက်ပုဆိုးကြားမှာ ညှပ်ပြီး နေ့စာညစာ သျှောင်မီးထွန်းရှာနေရတဲ့ ဆွေမျိုးညာတကာ တွေအကြောင်း ခေါင်းထဲ ရောက်ရောက်လာတယ်ဗျ။
ဘာတဲ့၊ ဦးပုညရဲ့ရေသည်ပြဇာတ်ထဲက"သြော်၊လူ့ဘုံခန်းဝါ၊ လူ့ပြည်ရွာမှာ၊ ဝမ်းစာ ခဲခက်၊မုရင်းထမင်း၊ချဉ်ပေါင်ဟင်းနှင့်၊ ဆန်တွင်းက နက်လွန်းလို့၊အသက်ရှိစဉ်၊မသေခင်ကို၊ကောက်လျင်ကြီးဆန်၊နီတာလံနှင့်၊ငါးသန်သေးနှုတ်၊ရေလုံပြုပ်များကို၊တလုပ်ကယ်ဝဝ၊စားလိုက်ရလျှင်ဖြင့် ၊အာဂပါးစပ်၊လူဖြစ်ရကျိုးနပ်လေငဲ့"ဆိုတဲ့စာချိုးတောင် ပြေးသတိရမိသေးဗျာ။ စကားကြောရှည်လှချည့်ရဲ့လို့ ခင်ဗျားကျနော်ကို ပြောချင်ပြောပေရော့။မစ္စတာလီလို ရေခြားမြေခြားမှာအောင်မြင်နေသူတွေကိုမြင်ရတွေ့ရတော့၊ကြီးပွားချင်စိတ်ကြောင့် ကိုယ့်အရပ်ကိုယ့် ဒေသကိုစွန့်ခွာပြီး ရေကြည်ရာမြက်နုရာ ရှာကြတဲ့ ကျနော်တို့မှိုက်ပင်သားတွေ အကြောင်း ပြောလိုက်ချင်သေးဗျာ။

Viewing all 346 articles
Browse latest View live