Quantcast
Channel: .
Viewing all 346 articles
Browse latest View live
↧

အမုန်းခံ၍ပြောချင်သည်

$
0
0



အမုန်းခံ၍ပြောချင်သည်။

(မင်းဒင်)

၁။ အိပ်၍မပျော်သောည

ချို့ယွင်းနေသောကျန်းမာရေးနှင့်အသက်အရွယ်ကြောင့် လွန်ခဲ့သောညက ကျနော်အိပ်မပျော်။ ထို့ကြောင့် အင်တာနက်စာမျက်နှာတွေကို လျှောက်ဖတ်မိရာမှ သတင်းဆန်းတစ်ခုကို ဖတ်မိ၍ တအံ့တသြဖြစ်ရသည်။ထိုသည်ကား ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သမတ ဦးသိန်း စိန်ထံ တိုက်ရိုက်တယ်လီဖုန်းဆက်သည့်သတင်းဖြစ်၏။ဖုန်းဆက်ရသည့် အဓိကအချက်နှစ်ရပ်မှာ နိုင်ငံတကာအန်ဂျီအိုများအပေါ်ဆက်ဆံရေးနှင့် လက်ရှိကောက်ယူနေသော သန်းခေါင်စာရင်းကိစ္စမှ ဘဂါင်္လီပြဿနာဖြစ်သည်။ဘာအရေးမှ ဟုတ်ဟုတ်ငြားငြားနားမလည်သော ကျနော့်ရင်မှာ ပူလောင် လာသည်။

၂။ကျနော့်ရခိုင်မိတ်ဆွေများ

ခင်ရာဆွေမျိုးစိတ်မွေးတတ်သော ကျနော့်ညာဉ်ကြောင့် ကျနော့်မှာ အသိအကျွမ်းအတန်ငယ်များသည် ဟုဆိုနိုင်သည်။ထိုအထဲတွင် ခေါင်းကျောမာသည်ဟု အများထင်မြင်ကြသည့် ရခိုင်လူမျိုးများပါဝင် သည်။ကျနော်ကိုယ်တိုင်လည်း အလားတူစိတ်ဓာတ်ရှိသဖြင့် သူတော်ချင်းချင်းသတင်းလွေ့ကာ အတော်အဖွဲ့ကျသည်ဟုဆိုနိုင်သည်။ရခိုင်နိုင်ငံရေးသမား၊အနုပညာသည်မှအစ သမိုင်းပညာရှင် ဒေါက်တာအေးချမ်းကဲ့သို့ပုဂ္ဂိုလ်ကြီးမျိုးအထိ ခင်မင်ရင်းနှီး၏။သဘောထားတူသည်လည်းရှိ မတူသည် လည်းရှိ။ငြင်းကြခုန်ကြ အမြင်ဖလှယ်ကြလေ့ရှိသည်။
လွန်ခဲ့သောရက်ပိုင်းများက ရခိုင်ဒေသမှမတည်ငြိမ်မှုများသည် အန်ဂျီအိုများကို ထွက်ခွာစေခဲ့သည်။ သန်းကောင်စာရင်း တွင်ရိုဟင်ဂျာဟူသော အမည်ကို ထည့်သွင်းမကောက်ရန် တွန်းအားပေး ဆုံးဖြတ် စေခဲ့သည်။အဆိုပါကိစ္စနှစ်ရပ်လုံး၏ဇစ်မြစ်မှာ နက်နဲရှုပ်ထွေးလှသည်ကိုလည်း ကျနော်သတိမူမိသည်။ ရခိုင်လူမျိုးတို့၏ဘဝနှင့်ခံစားမှုကို ကျနော်တထပ်တည်းနီးပါး ကိုယ်ချင်းစာနားလည်နိုင်ပါသည်။ ခိုင်ကျည်သောအမျိုးသားရေးစိတ်ဓာတ်မြင့် အနောက်ဘက်တံခါးကို ကြံ့ကြံခံပိတ်ဆို့ထားနိုင် သည့် ထူးခြားချက်ကိုလည်း ဦးညွတ်မိပါသည်။သို့သော်...

၃။ခုတ်သောနေရာကိုရှပါသလား

နိုင်ငံတကာအန်ဂျီအိုအဖွဲ့များကို ထွက်ခွာစေခြင်း၊သန်းခေါင်စာရင်းတွင်ရိုဟင်ဂျာ အမည်မထည့်သွင်း စေခြင်းတို့သည် ခိုးဝင်ဘဂါင်္အရေးအတွက် အမှန်တကယ်အကျိုးပါ၏လော။ အထက်ပါအချက်နှစ်ရပ် နှင့်စပ်လျဉ်း၍ရခိုင်အမျိုးသားတို့၏ အားထုတ်ရုန်းကန်မှုသည် ခုတ်ရာတခြား ရှရာတလွဲဖြစ်နေ လေရော့ သလား ကျနော်အတွေးပွားမိသည်။
ကျနော့်အလိုအရမူ နိုင်ငံတကာအန်ဂျီအိုအဖွဲ့အစည်းများ၏ခြေလှမ်းနှင့် လုပ်ရပ်ကို ဥာဏ်အမြှော် အမြင်ကြီးကြီးဖြင့် စောင့်ကြည့်ဖော်ထုတ်သင့်သည်။နှင်ထုတ်သောလုပ်ရပ်ကို အလျင်စလို မလုပ်စ ကောင်းဟု မြင်မိသည်။
ထို့အတူ သန်းကောင်စာရင်းကောက်ယူခြင်းဟူသည် စာရင်းတစ်ခုပြုစုခြင်းသာဖြစ်၍ လူမျိုး အမည် တစ်ခုခု ထည့်သွင်းရုံမျှဖြင့် ထိုလူမျိုးအမှန်တကယ်ရှိသည်ဟု မှတ်ယူအတည်ပြုရန်မဟုတ်ကြောင်း သတိချပ် စေလိုပါသည်။ ယခု ဘင်္ဂါလီတို့က ရိုဟင်ဂျာဟု အမည်မသွင်းရသဖြင့် စာရင်းကောက်ခြင်းကို မဖြေဆိုခဲ့သော် စာရင်းမရလိုက်ရုံသာရှိမည် ။ အကယ်၍ စာရင်းကောက်ခံရခဲ့သည်ရှိသော် နိုင်ငံတကာက ထင်မြင်နေကြသကဲ့သို့ လူနည်းစု မဟုတ်ကြောင်း စာရင်းနှင့် တကွ သက်သေပြနိုင်ပေလိမ့်မည် ။

၎။ရိုဟင်ဂျာသာမက အဂါင်္ဂြိုဟ်သားပင်ဖြစ်စေဦး

ရခိုင်ဒေသမှ ဘဂါင်္လီအများစုမှာ  တဖက်နိုင်ငံမှခိုးဝင်လာကြသည်ဟူသော အချက်ကို ကျနော်ရာနှုန်းပြည့် လက်ခံသည်။ယခုလို သန်ကောင်စာရင်းကောက်ယူချိန်တွင် အဆိုပါဘဂါင်္လီတို့သည် ရိုဟင်ဂျာအမည် ဖြည့်ရုံမျှဖြင့် တရားဝင်လူမျိုးစုတစု ဖြစ်လာနိုင်သည်ဟု တွေးထင်နေနိုင်ကောင်းသည်။ထို့ကြောင့် ရခိုင် လူမျိုးတို့သည် ရိုဟင်ဂျာဟူသော အမည်ကို အဖြည့်မခံရေးအတွက် အပြင်းအထန် တွန်းအားပေးခဲ့ကြ ဟန်ရှိ၏။သေချာသည်ကား ဆိုးရွားလှသောနောက်ခံသမိုင်းကြောင့် နှစ်ဖက်စလုံးအတွေးမှားနေကြ ခြင်းသာဖြစ် သည်။
ရိုဟင်ဂျာဟုအမည်စာရင်းသွင်းသည်ဖြစ်စေ၊အဂါင်္ဂြိုဟ်သားဟု ဖြေဆိုသည်ဖြစ်စေ တိကျစွာ မှတ်တမ်းယူ ထားခြင်းဖြင့် အဆိုပါ စာရင်းအချက်အလက်သည်သမိုင်းမှန်ကို ဖော်ထုတ်ရာတွင် လည်း ကောင်း၊တရားဝင်နိုင်ငံသားမဟုတ်သေးကြောင်း ကိုယ်တိုင်ဝန်ခံ ချက်သဘောဖြစ်လာနိုင်သည်ကိုလည်း ကောင်း သတိမူသင့်သည်။တိတိကျကျဆိုရပါမူ ရိုဟင်ဂျာဟုကိုယ်တိုင်ဝန်ခံမှုမှတ်တမ်းသည် ဗမာပြည်အနောက်ဘက်တံခါး ပြဿနာဖြေရှင်းရေးအတွက် များစွာအထောက်အကူဖြစ်လာ စေနိုင်သည်။

၅။အချိန်မီဖြည့်ခွင့်ပေးစေချင်သည်

ယခုကျနော်စာရေးနေချိန်သည် နောက်ကျကောင်းနောက်ကျနေနိုင်သည်။အကယ်၍ အချိန်မီသေး သည်ဆိုပါမူ ရခိုင်အမျိုးသားများ အနေဖြင့်ခိုးဝင်ဘဂါင်္လီတို့အား ကြိုက်ရာအမည်ကို ထည့်သွင်းခွင့်ပေး စေလိုပါသည်။နက်ပ်ကျွန်းဂြိုဟ်သား၊မာကြူရီဂြိုဟ်သား နှစ်သက်ရာသာထည့်ပါစေ ။ဤသည်ပင် မြန်မာနိုင်ငံသားမဟုတ်ကြောင်းထင်ရှားခိုင်မာသည့်သက်သေဖြစ်လာပါလိမ့်မည်။
ကျနော့်သဘော ပြောရပါမူ ရိုဟင်ဂျာ အရေးဆောင်ရွက်နေကြသော နိုင်ငံတကာမှ ဘင်္ဂါလီ ပညာတတ်လူလည်များက ဤကိစ္စကို ကောင်းကောင်း အသုံးချ၍ ကမ္ဘာ့ အလယ်မှာ မီးမောင်းထိုးပြကြပေလိမ့်ဦးမည် ။
ရခိုင့် ခေါင်းဆောင်များ အနေဖြင့် မိမိတို့ ရင်ဆိုင်နေရသော အကျပ်အတည်းမှာ လူအများစု၏ စိတ်ဆန္ဒ နောက်ကောက်ကောက်လိုက်၍ ဖြေရှင်းရနိုင်မည် မဟုတ်မှန်း သတိချပ်ကြစေလိုသည် ။လက်ပူတိုက် ဖြေရှင်းခဲ့သော် အကျိုးဆက်က မိမိတို့သာလျှင် နစ်နာခဲ့ရသည်ကို ၁၉၈၀ ခုနှစ်များဆီက မအောင်မြင်ခဲ့သည့် စစ်ဆင်ရေးများဖြင့် ဘင်္ဂါလီ နှစ်ဆတိုး၍သာ လက်ခံခဲ့ရသည်ကိုလည်းအများသိပင်ဖြစ်သည်။
ယခုဘင်္ဂါလီများသည် အမှန်တ၀က် အမှားတ၀က် ဇာတ်လမ်းများစနစ်တကျ ဖြန့်ဝေလျှက် နိုင်ငံတကာမှဂရုဏာနှင့်စာနာမှုကို ရအောင်ယူထားကြပြီးဖြစ်သည် ။ သူခိုးက လူပါ လူပါအော်ဟစ်သည်မှန်သော်လည်း အော်ပုံ ကောင်းလှသဖြင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးသည်ပင်လျှင် နိုင်ငံမဲ့ ရိုဟင်ဂျာများသည်ကား ကမ္ဘာ့ သနားစရာ အကောင်းဆုံး လူနည်းစု လူမျိုး အဖြစ်ခေါ်ဝေါ် ပြောဆို လျှက်ရှိပြီ။
အချိန်မနှောင်းသေးလျှင်ဖြင့် မိတ်ဆွေ ရခိုင်တို့ အမြင်ကျယ်ကျယ် ကမ္ဘာကြည့်ကြည့်၍ စိတ်သဘောထား ပြောင်းစေချင်လှသည် ။
↧

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0



အခန်း(၂၂)

အောင်ပွဲသို့ချီရာဝယ်

၂၀၁၂ခုနှစ်။နှစ်ဆန်းပိုင်း။
"ဟယ်လိုကိုသက်ခိုင်"
"ဗျား၊ပြော၊ကိုမင်းဒင်"
"အခုခင်ဗျားဘယ်မှာတုန်း"
"နိုင်ထောင်က အိမ်မှာပဲဗျ၊အိမ်ထဲမှာ ကုပ်နေတာ ဆယ်ရက်လောက်ရှိရော့မယ်"
"လုပ်စမ်းပါအုံးဗျာ၊ကိုယ်တော်တွေ ကျနော့်ဆိုင်ထဲမှာ ရောက်နေပြန်ပြီ"
"ရှင်းအောင်ပြောစမ်းပါဗျာ။ထိုင်းရဲတွေလား"
"ဟုတ်ပါ့ဗျာ။သူတို့ပြောတာလည်း ကျနော်နားမလည် ကျနော့်စကားကိုလည်း သူတို့နားမလည်။ ကားပေါ်တက်၊ရဲစခန်းလိုက်ခဲ့လို့ ပြောနေတယ် ထင်တာပါပဲ"
"ခဏလေး ခင်ဗျားစိတ်ကို အေးအေးထား။ရဲဆိုကာမှတော့ ခြောက်လုံးလှန့်လုံးနဲ့လုပ်စားရတာမို့ ခင်ဗျားကြောက်အောင် လုပ်နေတာ။ ခင်ဗျားဖုန်းကို မချနဲ့။ခဏလေးသာစောင့်"
နှစ်မိနစ်ခန့်အကြာတွင် ကိုသက်ခိုင်ထံမှ အသံထွက်လာသည်။
"ရပြီကိုမင်းဒင်။ ဒီကောင်တွေကို ကြည့်ရတာ အရာရှိအဆင့်တော့ မဟုတ်လောက်ဘူး။အရပ်ဝတ်တွေနဲ့ စုတ်တီးစုတ်ချာပုံတွေဗျ"
"ဆိုင်ထဲက ရဲတွေကို ခင်ဗျားဘယ်လိုမြင်နေရတုန်းဗျာ။ နတ်မျက်စိများရနေရော့သလား"
"ထပ်သရီ။ခင်ဗျားဆိုင်ကို စီစီတီဗီတပ်ခိုင်းတုန်းက ကျနော့်ကွန်ပြူတာနဲ့ချိတ်ခိုင်းထားတာဗျ။ခင်ဗျားလို မအူမလည်နဲ့ထိုင်းမှာ နေတဲ့ လူအဖို့ တစ်နေ့ဒီဇာတ်လမ်းမျိုးကြုံလာမယ်ဆိုတာ ကြိုသိနေလို့ လုပ်ထားတာ။စီစီတီဗီလာတပ်တဲ့ထိုင်းတွေက ကျနော့်ချာတိတ် တွေပဲလေ"
"အဲဒါ ခဏထားစမ်းပါဗျာ။ ခုကိစ္စကို အရင်ရှင်းပါအုံး"

"ဒီလိုလုပ် ကျနော်ခင်ဗျားကိုဖုန်းနံပတ်တစ်ခု ပေးမယ် ။ခင်ဗျားဆက်လိုက်။ ထိုင်းစကားနားမလည်ရင်လည်း ပြသနာမရှိဘူး။အခုမဆက်နဲ့အုံးနော်။ ငါးမိနစ်  စောင့်ပြီးမှဆက်။ဖုန်းသံမြည်တာနဲ့ ဆိုင်ထဲက ထိုင်းရဲကို တယ်လီဖုန်းပေးလိုက်ပေတော့"
ငါးမိနစ်ခန့်အကြာမှာကိုသက်ခိုင်ပေးသော ဖုန်းနံပတ်ကို ကျနော်ဆက်သည်။ဆဝါဒီခပ် ဟူသောအသံကိုကြားသည်နှင့် တယ်လီဖုန်းကို ဆိုင်ထဲမှာရောက်နေသောထိုင်းရဲဆီသို့လက်ဆင့်ကမ်းလိုက်သည်။အဆိုပါရဲသည် တယ်လီဖုန်းကို လှမ်းယူနားထောင်ရင်း ခပ်ပ် ခပ်ပ် နှင့် တခပ်ခပ်တုန့်ပြန်နေသည်။ကျနော့်စိတ်ထင်ဆယ်မိနစ်ခန့်ရှိမည်။ကျနော်အကဲခတ်မိသလောက် တခပ်တည်းခပ်နေသော ထိုင်းရဲ၏ မျက်နှာသည် တင်းမာနေရာမှ တဖြည်းဖြည်း လျော့လာသည်ဟုထင်ရသည်။စကားဆုံးသည့်အခါ ကျနော့်ဆီသို့ တယ်လီဖုန်း ကိုလက်နှစ်ဖက်ဖြင့် ရိုရိုသေသေလှမ်းပေးသည်။ချက်ခြင်းဆိုသလို ကိုသက်ခိုင်ဆီမှ ဖုန်းခေါ်လာပြန်သည်။
"ကိုမင်းဒင်။လက်ဘက်ရည်ဖိုးဘတ်ငါးထောင်ပေးလိုက်ဗျာ။အလှူလို့သာသဘောထားလိုက်ပေတော့"
ကိုသက်ခိုင်၏လမ်းညွန်ချက်အတိုင်း ကျနော့်အိပ်ကပ်တွင်းမှ ဘတ်တစ်ထောင်တန်ငါးရွက်ကို ဧည့်သည်တော်များဆီသို့ ကမ်းပေးပြီးချိန် တွင်ကား စောစောက ဟိန်းဟောက်နေသူတို့သည် သူတို့မှ ဟုတ်ပါလေစ ထင်ရလောက်အောင် ညင်သာပျော့ပြောင်းသော မျက်နှာများ အဖြစ်ပြောင်းလဲသွားကာ ဆဝါဒီခပ်လျက် ပြုံးရွှင်သော မျက်နှာပေးအသီးသီးဖြင့် ပြန်လည်ထွက်ခွာတော်မူကြလေကုန်၏။
ကျနော်သည် သက်ပြင်းရှည်ကြီးတစ်ချက်ကို ဟင်းကနဲနေအောင်ချရင်း ကိုသက်ခိုင်ဆီသို့ ဖုန်းပြန်ဆက်သည်။

"ဟေ့လူ။အဆင်ပြေသွားပြီဗျ။ ကျေးဇူးကြီးပါပေ့ဗျာ။ ဘယ်လိုများလုပ်လိုက်တာပါလိမ့်"
"သိပ်ဆန်းလှတယ်မဟုတ်ပါဘူးဗျာ။ကျနော့်မိတ်ဆွေထိုင်းရဲမှူးတစ်ယောက်က ကြားဝင်ညှိနှိုင်းလိုက်တာပါ။ အရေးဟယ်အကြောင်း ဟယ်ဆို အသုံးချနိုင်အောင် ထိုင်းရဲမှူးနှစ်ယောက်ကို ကြိုခွံ့ထားပြီး ဇယားချ ထားရတာပေါ့ဗျာ။ထိုင်းရဲကို ထိုင်းရဲနဲ့ပြန် ဆိုင်ပေးလိုက်တဲ့နည်းပါပဲ"
"အေးဗျာ စီစီတီဗီရဲ့ကျေးဇူးလည်း ကြီးပါရဲ့။ခင်ဗျားဇွတ်တပ်ခိုင်းလို့သာ တပ်ထားခဲ့ရတာ။ကျနော့်စိတ်ထဲ လိုတယ်လို့မထင်မိဘူး"
"လိုကိုလိုတယ်ဆရာ။ ဒီကောင်တွေဘက်က မတော်မတရားညစ်လာတဲ့တစ်နေ့ ငွေယူနေတဲ့စီစီတီဗီမှတ်တမ်းတွေကို ဖွင့်ချလိုက်ရုံ ပေါ့ဗျာ"
"ဒီကောင်တွေနဲ့ ဒီလိုသာအမြဲရင်ဆိုင်နေရရင် ကျနော်ထိုင်းမှာ မနေချင်တော့ဘူးကိုသက်ခိုင်"
"ဟုတ်ပါပြီကိုယ့်လူရာ။ မနေချင်လည်း ဒီနေ့ဆိုင်ပိတ်ပြီးထပြန်သွားလို့ ရတာမှ မဟုတ်တာ။ သိပ်လည်း စိတ်ဓာတ်မကျလေနဲ့။ ခင်ဗျား ဆိုင် ကို တူတော်မောင်နဲ့ ထားခဲ့ပြီး စင်ထရယ်ကိုလာခဲ့ဗျာ ကော်ဖီသောက်ရင်း စိတ်ပြေလက်ပျောက်စကားပြောကြတာပေါ့"
ဤသို့လျှင် ကျနော်နှင့်ကိုသက်ခိုင်သည် ဖူးခက်မြို့မလမ်းဆုံရှိ၊နာမည်ကျော် စင်ထရယ်(Centre festival) ကုန်တိုက်ဒုတိယထပ်ရှိ Black Canyon ကော်ဖီဆိုင်မှာ စကားလက်ဆုံကျဖြစ်ကြသည်။ ထိုနေ့က စိတ်ဓာတ်အကြီးအကျယ်ကျနေသော ကျနော်သည် စကားပြောချင်စိတ် ကုန်နေသည်ကို ရိပ်မိဟန်ရှိသည့် ကိုသက်ခိုင်သည် ကျနော့်တသက်မေ့နိုင်စရာမရှိသော "ထိုင်းမကြောက်တရား"ကို စိတ်အားထက်သန်စွာ ဟောပြောခဲ့လေရာ ကျနော်မှတ်မိသမျှမှာ အောက်ပါအတိုင်းဖြစ်လေ၏။
"ခင်ဗျားဗျာ။ ဒီအဖြစ်လောက်နဲ့ စိတ်ဓာတ်ကျရကြေးဆိုရင်ဖြင့် ကျနော်ကြုံရသလိုသာ ခင်ဗျားကြုံရရင် ကိုယ့်ကိုယ်ကို သတ်သေဖို့သာ ရှိတော့မပေါ့။ဒီလူမျိုးတွေကို ကျနော်တို့ဘိုးဘွားတွေအောင်နိုင်ခဲ့ပါလျက် ကျနော်တို့လက်ထက်ကျမှ အလျော့ပေးရရင် ညံ့ရာကျတော့ မပေါ့ဗျာ"
ကိုသက်ခိုင်သည် သူ့စိတ်ကြိုက်မှာယူထားသော  Espresso Coffee ကို တငုံချင်းမော့ရင်း သူ့ စကားကိုဆက်သည်။
"ကျနော်ဟာ ဖူးခက်ကို အိတ်တစ်လုံးဆွဲပြီးတစ်ကိုယ်တော် ရောက်ခဲ့တယ်။ ထိုင်းစကားဆိုလို့ တစ်နှစ်သုံးလေးတောင် ကျနော် မသိဘူး။ဒါပေမဲ့ထူးခြားချက်က ကျနော့်စိတ်ဓာတ်ပဲ။ ကျနော်ဟာ ဖူးခက်ကို ရောက်ပြီဆိုကတည်းက "ငါဟာ ဒီနေရာမှာ ငါ့ဘဝကို ပြန်လည်ထူထောင်မယ်။ဖူးခက်မြေဟာ ငါ့မြေ"ဆိုပြီး စိတ်ထဲမှာ ကျောက်တိုင်စိုက်သလို ဆုံးဖြတ်ချက်ချခဲ့တယ်။Robinson ကုန်တိုက်နားက အက်စ်ဘီဆိုတဲ့ဟိုတယ်ခပ်သေးသေးမှာ တနေ့ဘတ်နှစ်ရာ့ငါးဆယ်နဲ့ ဆယ်ရက်လောက်နေတယ်။နောက်တော့ ဝေလစံနားမှာ တစ်လငါးထောင်နဲ့အိမ်ငှားပြီးဆိုင်ဖွင့်တယ်။ အခု ခင်ဗျား ရောင်းနေတဲ့ ဗမာပစ္စည်းတွေပဲပေါ့။ကျနော်က ရန်ကုန်ကနေ တိုက်ရိုက်မှာတာမို့ ရောင်းလိုက်ရတဲ့ဖြစ်ခြင်းဗျာ။ မိုးလင်း မိုးချုပ်လက်ကို မလည်ဘူး။အဲဒီတုန်းက ကျနော့်မှာ အလုပ်သမားမရှိဘူး ။အားလုံးကို တစ်ကိုယ်တော်ဒိုင်ခံကြဲ တယ်။ပဲကြီးလှော် ကိုယ်တိုင်ထုတ်တယ်။ ထုံးထုပ်လေးတွေကိုယ်တိုင် ထုတ်တယ်။ ကိုယ်တိုင်ကားမောင်းကိုယ်တိုင်လိုက်ပို့တယ်။ဒီလိုနဲ့ ဆိုင်ဖွင့်ပြီး ရက်ပေါင်းနှစ်ဆယ်လောက် အကြာတစ်ခုသော ညမှာတော့ ဆိုင်ရှေ့ကို ထိုင်းရဲကားသုံးစီး ဥသြသံတဝီဝီဆွဲပြီး ရောက်လာတော့ တာပါပဲဗျာ။ကျနော့်စိတ်ထင် ကျနော့် ဆိုင်ကိုလာဝိုင်းတဲ့ ရဲအရေအတွက်ဟာ နှစ်ဆယ်ကျော်လောက်ကိုရှိမယ်ဗျာ။တောမောလို့ခေါ်တဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးက အရာရှိတွေလည်း ပါလေရဲ့။ဆိုင်ထဲက ပစ္စည်း တွေနဲ့ ကျနော့်ကို ဓာတ်ပုံတွေတဖျတ်ဖျတ်ရိုက်တယ်။ ကျနော့်ကို ခုံတစ်လုံးမှာထိုင်ခိုင်းထားတယ်။
ဟ။ လူပဲဗျ။သွေးနဲ့ကိုယ်သားနဲ့ကိုယ် မကြောက်ပဲ ဘယ်နေပါ့မလဲ။ပိုဆိုးတာက ကျနော်ဟာ ကျနော့်နိုင်ငံရဲ့ ရဲဘက်စခန်းက ထွက်ပြေး လာတဲ့သူ။ပြသနာဖြစ်လို့ မြန်မာပြည်ပြန်ပို့ခံရရင်တောင် ထောင်ထဲ ပြန်ဝင်ရမဲ့ကိန်းမို့ ပိုတောင်လန့်စရာကောင်းသေးဗျာ။
ကိုမင်းဒင်။ ကျနော့်မှာ နောက်ဆုတ်စရာလမ်းမရှိတော့ဘူး။ရှေ့တိုးရုံကလွဲလို့ တခြားလမ်းရွေးစရာမရှိဘူး။ပိုဆိုးချင်တော့ ကျနော့်ဆိုင်ကို ဝင်စီးတဲ့ ရဲတွေထဲမှာ အင်္ဂလိပ်စကားကိုလည်လည်ပတ်ပတ်ပြောနိုင်တဲ့သူမပါသလို ကျနော်ကလည်း ထိုင်းစကားတစ်လုံးမှ မတတ်ဘူး။ သူတို့မေးနေတဲ့မေးခွန်းတွေ၊ ပြောနေတဲ့စကားတွေကို တစ်လုံးမှကျနော်နားမလည်ဘူး။ရွေးလမ်းသိပ်ကျဉ်းနေပြီဆိုပါတော့။
ဒီအချိန်မှာ ကျနော့်ခေါင်းထဲကို ဖျတ်ကနဲရောက်လာတာက... မစ္စတာဒင်းန်။ ဟုတ်တယ်။ဒင်းန်ဟာ ကျနော့်ကို ထိုင်းမှာနှစ်ရှည်ဗီဇာ ရအောင် လုပ်ပေးခဲ့တဲ့ ထိုင်းရှေ့နေ။ကျနော်နဲ့အတော်ရင်းနှီးတယ်ဆိုပါတော့။ကျနော်ဒင်းန်ဆီကို ဖုန်းဆက်လိုက်တော့ ကံအားလျော်စွာ ဆယ်မိနစ်လောက်အတွင်းမှာ သူရောက်လာ တယ်။တိုတိုပြောကြပါစို့ဗျာ။ ဒင်းန်ရဲ့ညှိနှိုင်းချက်အရ ထိုင်းဘတ်ခြောက်သောင်းနဲ့ အပေးအယူတည့်သွားကြ ရောဆိုပါတော့။ဒီမှာတင် ကျနော်ဟာ ထိုင်းရဲတွေရဲ့ ဓလေ့စရိုက်ကို စပြီးအကဲခတ်မိတော့တာပါပဲ"
ကုန်တိုက်ကြီးကားလေအေးစက်ကြောင့်နေသာရုံ အေးမြလျက်ရှိ၏။ကိုသက်ခိုင်၏ တက်ကြွသောဟန်ပန်ကြောင့်လောမဆိုနိုင်။ နောက်ကျိနေသော ကျနော့် စိတ်အစဉ်သည် အတန်ငယ်တည်ငြိမ်စပြုလာ၏။သူ့စကားကို အာရုံစိုက်နိုင်လာသည်။ နောက်ကြောင်းပြန်၍ ဇာတ်ဟောင်းလှန်နေသော ကိုသက်ခိုင်၏မျက်နှာဝယ် လောကဓံကိုထီမထင်သော အရိပ်အယောင်သည် မြင်သာလျက်ရှိ၏။

"ဒီပြသနာအပြီးမှာ ကျနော်ဟာ ဗမာပစ္စည်းတွေကို တရားဝင်အခွန်ဆောင်ပြီးရောင်းခွင့်ရအောင် နည်းလမ်းမျိုးစုံရှာခဲ့တယ်။အကောက်ခွန် အရာရှိတွေ၊ရှေ့နေတွေနဲ့အကြိမ်ကြိမ်တိုင်ပင်ခဲ့တယ်။ဒီနည်းလမ်းဟာကောင်းတော့ကောင်းပါရဲ့။ အလုပ်မဖြစ်ဘူးဗျာ။ဘာကြောင့်လဲ ဆိုတော့ကျနော်တို့နိုင်ငံက ထုတ်တဲ့အစားအသောက်မှန်သမျှဟာ ထိုင်းနိုင်ငံကထုတ်ပေးမဲ့ စားသုံးရန်အန္တရာယ်ကင်းရှင်းကြောင်း  လိုင်စင်အတွက်မှတ်ချက်ပြုလို့မရဘူး။ရနောင်းမှာရှိတဲ့ ဓာတ်ခွဲခန်းမှာ ဗမာပစ္စည်းလေးငါးမျိုးကို ကျနော့်ထိုင်းမိတ်ဆွေတချို့အကူအညီနဲ့ စစ်ဆေးကြည့်ဖူးတယ်။ဥပမာငြုပ်ဆီတို့ ဗမာဘယဆေးမျိုးစုံတို့ပေါ့။ဝမ်းနည်းစရာကောင်းတာက တစ်ခုမှ အဆင်မပြေဘူးဗျာ။ဒါနဲ့ပဲ ဒီနည်းကို ကျနော်လက်လျော့လိုက်ရတယ်။ဆိုင်ကတော့ ဖွင့်မြဲဖွင့်လျက်ပါပဲ။
မကြာပါဘူးဗျာ။နောက်ထပ်တစ်လလောက်ကြာတော့ ထိုင်းရဲဗိုလ်ကြီးတစ်ယောက်နဲ့ နောက်တော်ပါထိုင်း ရဲသုံးယောက်ယူနီဖောင်း ကိုယ်စီနဲ့ မနက်ဆယ်နာရီလောက်မှာ ဆိုင်ကိုရောက်လာပြန်ပါရော။ဒီမောင်တွေကတော့ နည်းနည်းပိုကြမ်းတယ်ဆိုရမယ်။ ဆိုင်ထဲဝင် လာတာနဲ့ ကျနော့်တယ်လီဖုန်းကိုသိမ်းတယ်။ဆိုင်ထဲက ပစ္စည်းတွေကို တယ်လီဖုန်းနဲ့ဗီဒီယိုရိုက်ယူပြီး အခွန်ဆောင်ထားတဲ့ စာရွက်စာတမ်း အထောက်အထားတွေ တောင်းတယ်။ရှိမှ မရှိတာ ဘယ်မှာလာပြနိုင်ပါ့မတုန်းဗျာ။အော် တစ်ခုပြောဖို့မေ့နေတယ်။ ကျနော့်ကိုလာဖမ်းတဲ့ ထိုင်းရဲဗိုလ်ကြီးချပ်ချိုင်းဟာ ဘိုလိုနည်းနည်းပြောနိုင်တော့ အပြန်အလှန်စကားပေါက်တယ်ဆိုပါတော့။ စကား ကိုချုံ့ရရင် ဒီကောင်တွေ ကျနော့်ဆီက ဘတ်တစ်သိန်း တောင်းတယ်ဗျာ။ဖြစ်ချင်တော့ အဲဒီအချိန် ကျနော့်လက်ထဲမှာ ဘတ်တစ်သိန်း မရှိဘူး။နောက်ဆုံးတော့ တပတ်အချိန်ပေးမယ်ဆိုပြီး ကျနော့် ပတ်စပို့ကိုသိမ်းသွားလေရဲ့။ဒီမောင်တွေကို ကျနော် ဘတ်တစ်သိန်း လာပေးပြီး ကျနော့်ပတ်စပို့ကို ပြန်ယူခဲ့တဲ့နေရာဟာ အခု ခင်ဗျားနဲ့ ကျနော်ထိုင်နေတဲ့ ဆိုင်ပါပဲဗျာ။ နောက်ပိုင်းကြားရတဲ့သတင်းအရ ချပ်ချိုင်းနဲ့အဖွဲ့ဟာ ကျနော်ပေးတဲ့ ဘတ်တစ်သိန်းကို အဝေ မတည့်ရာက ချပ်ချိုင်းနယ်ပြောင်း ခံရတယ်။အခုလက်ရှိအချိန်မှာတော့ ချပ်ချိုင်းဟာ ဘန်ကောက်အထူးရဲတပ်ဖွဲ့ဒီအက်စ်အိုင်မှာ ဗိုလ်မှူး ကြီးဖြစ်နေလေရဲ့။ ဟုတ်ပါ့ဗျာ။ကျနော့်ကို မစ္စတာဂျွန် မစ္စတာဂျွန်ဆိုပြီး မစ္စတာချင်းမိုးမွှန်နေအောင် ခေါ်ရင်း ဘန်ကောက်ရောက်တိုင်း တလေးတစား လာလာနှုတ်ဆက်တဲ့ ဗိုလ်မှူးကြီးဟာ ကျနော့်ဆိုင် ကိုဝင်ဖမ်းခဲ့ဖူးတဲ့ ဗိုလ်ကြီးချပ်ချိုင်းပေါ့။

ဒီအလုပ်အပြင်တစ်ခြားအလုပ်မရှိဘူးလား ဟုတ်လား။မေးမှမေးရက်ပလေဗျာ။ ဒီလောက်စိတ်ပျက်ဖို့ကောင်းတဲ့အလုပ်ကို ဘယ်လိုသတ္တ ဝါကပျော်ပျော်ကြီးလုပ်နေချင်ပ့ါမလဲ။ကျနော်ထိုင်းမှာ အလုပ်မျိုးစုံလျှောက်လုပ်ကြည့်ဖူးတယ်။ကျနော်ဆိုတဲ့ကောင်က အချိန်တိုင်းမှာ ကျိတ် တွေးကျိတ်ကြံနေတဲ့ကောင်ကိုးဗျ။ပထမဆုံး ကျနော်ပြောင်းလုပ်တဲ့အလုပ်ကတော့ တပတ်ရစ်သင်္ဘောအင်ဂျင်တွေကို ဗမာပြည်ထဲ သွင်းတဲ့ အလုပ်ပဲဗျ။ဟုတ်တယ်။ရနောင်းမှာသိကျွမ်းခဲ့တဲ့  ဂျပန်တရုတ်ကပြားမစ္စတာဝူးရဲ့ အဆက်အသွယ်နဲ့ စင်္ကာပူက တပတ်ရစ်သင်္ဘောအင်ဂျင်တွေကို ထိုင်းဘက်ကိုတင်သွင်းပြီး ရောင်းခဲ့ဖူးသေးတယ်။စင်္ကာပူမှာရှိတဲ့ တပတ်ရစ် သင်္ဘောအင်ဂျင်တွေ ရောင်းတဲ့နေရာမှန်သမျှကျနော်အကုန်ရောက်ဖူးတယ်။မစ္စတာဝူးဟာ ကျနော့်အတွက် မိတ်ဆွေကောင်း လို့ဆိုရမယ်။သူက ကျနော်သာ ဗမာပြည်ထဲကို သင်္ဘောအင်ဂျင်တွေရောင်းနိုင်မယ်ဆိုရင် အကြွေးစံနစ်နဲ့ပေးမယ်ဆိုလို့ လုပ်ဖြစ်တယ် ဆိုပါတော့။
အမှန်တော့ လှေမျိုးစုံတည်ဆောက်ရေးလုပ်ငန်းတွေရှိတဲ့ ဖူးခက်လိုမြို့မျိုးမှာ သင်္ဘောအင်ဂျင်ဟောင်းတွေအရောင်းသွက်တာအမှန်ပဲဗျ။ ဒါပေမဲ့ ဗမာပြည်မှာ စက်လှေတွေသင်္ဘောအငယ်စားတွေ အသစ်တည်ဆောက်တဲ့ အလုပ်ဟာ တွင်တွင်ကျယ်ကျယ်ရှိဟန်မတူဘူးဗျာ။ လက်ရှိလှေက အင်ဂျင်သိပ်ဟောင်းနေလို့အသစ်လဲတာမျိုးလောက်သာရှိတယ်ထင်ပါရဲ့။ အင်ဂျင်ဟောင်းတစ်လုံးရောင်းအပြီးမှာ အဲဒီအလုပ်တစခန်းရပ်သွားတယ်။ကျနော်ဆိုတဲ့ကောင်ကလည်း ဘယ်အရာမဆိုလွယ်လွယ်နဲ့လက်လျော့တတ်တဲ့ကောင် မဟုတ်လေ တော့နောက်အလုပ်တမျိုးပြောင်းလုပ်ကြည့်ပြန်ရောပေါ့ဗျာ။
ယုံချင်ယုံ မယုံချင်နေပေရော့။ ဒုတိယမြောက်ကျနော်ပြောင်း လုပ်ခဲ့တဲ့ အလုပ်ကတော့ ထိုင်းကကွမ်းသီးတွေကို အင်္ဂလန်နိုင်ငံဆီ တင်ပို့တဲ့အလုပ်ပဲဗျာ။မရီနဲ့။တကယ်ပြောနေတာ။ထိုင်းက ကွမ်းသီးတွေကို အင်္ဂလန်အထိ ကျနော်ပို့ဖူးတယ်။ကွမ်းသီးအကြောင်းကို ကျနော်တော်တော်နားလည်တယ်ပြောရမယ်။ထိုင်းတောင်ပိုင်းဟာ ကွမ်းသီး အကြီးအကျယ်ထွက်တဲ့ဒေသပဲဗျ။ ရေးဘိတ်ထားဝယ်တို့လို ဗမာပြည်တောင်ဘက်ခြမ်းမြို့တွေမှာလည်း ကွမ်းသီးတွေထွက်တာပါပဲ။ ဒါကြောင့် ဈေးနှုန်းအတက်အကျကိုလိုက်ပြီး ထိုင်းကွမ်းသီးက ဗမာဘက်ရောက်၊ဗမာကွမ်းသီးက ထိုင်းဘက်ရောက် ဆိုတာမျိုးတွေရှိ တယ်။

ချွန်ဖွန်၊လန်ဆွမ်း၊ရနောင်းမြို့တွေမှာကွမ်းသီးထွက်ပေမဲ့ ထိုင်းတောင်ပိုင်းက ကွမ်းသီးဈေးကွက်အကြီးဆုံးကတော့ နခွန်စီထမရတ်မှာ ရှိလေရဲ့။ အင်္ဂလန်ကိုပို့မဲ့ကွမ်းသီးဟာ ပထမတန်းစားအဆင့်ဖြစ်ရမယ်ဗျ။အခြမ်းကြီးရမယ်။အတွင်းပိုင်းမှာ အဖြူသားများရမယ်။ဒီတော့ အင်္ဂလန်ပို့ နိုင်တဲ့အရည်အသွေးဖြစ်အောင် ကွမ်းသီးတွေကို ရွေးထုတ်ရတာပေါ့။ကီလိုနှစ်သောင်းလောက်ဝယ်ရင် တစ်သောင်းခွဲနီးပါး တော့ လက်ရွေးစဉ်ထွက်တယ်။ပယ်ထားတဲ့ရွေးကျကွမ်းသီးအခြမ်းသေးတွေကိုတော့ ဗမာဈေးကွက်ထဲ ပြန်ထည့်ရတာပေါ့။ ကွမ်းသီးတွေကို ကတ္ထူစက္ကူပုံးတွေထဲ မထည့်ခင် ပိုးသတ်ရတယ်။အော် ပိုးသတ်တယ်ဆိုလို့ ကွမ်းသီး တွေဟာ မှိုတို့ ပိုးတို့ အလွယ်တကူတက်တတ်တာကြောင့် ဧရာမကွမ်းသီးပုံကြီးတွေရဲ့အောက်မှာ ဖော့စဖရပ်(မီးစုံး)ခဲလေးတွေ အိတ်နဲ့ထည့်ပြီး ခံထား ရသဗျာ။နေဦး တစ်ခုပြောဖို့မေ့နေတယ်။ကွမ်းသီးတွေကို ပိုချောပိုခြောက်ပိုတောက်ပြောင်လာအောင် အခြောက် ခံစက်ထဲကို ထည့်ရသေး တယ်။
အေးဗျာ။အင်္ဂလန်မှာ ကွမ်းသီးကိုဘယ်လိုအသုံးပြုသလဲဆိုတာ ကျနော်မေးမြန်းတီးခေါက်ကြည့်ဖူးတယ်။အားလုံးနီးပါးယောင်ဝါးဝါးပဲဗျ။ တချို့ဖြေတာက ဆိုးဆေးအဖြစ်သုံးဖို့တဲ့။တချို့ဖြေတာက အဲဒီကွမ်းသီးကို အင်္ဂလန်ရောက်နေတဲ့အိန္ဒိယလူမျိုး(ကုလား)တွေစားကြတာ တဲ့။အမယ် အရှေ့အလယ်ပိုင်အာရပ်နိုင်ငံတွေကို ပို့တယ်ဆိုတာလည်းပါသေးဗျာ။ကွမ်းသီးဋီကာသာချဲ့ရရင် ကုန်တိုက်ပိတ်တဲ့ အထိ ဆုံးမှာမဟုတ်ဘူးဗျာ။လိုရင်းပြောရရင် ဖူးခက်ကနေ အင်္ဂလန်ကို သုံးခေါက်မြောက် ကွန်တိန်နာသုံးလုံးပို့အပြီးမှာတော့ ကျနော့်ရဲ့ အင်္ဂလန်ကွမ်းသီးအိပ်စပို့လုပ်ငန်းဟာ တစခန်းရပ်ပြန်ပါရော။ပိုးသတ်ဆေးပြသနာပေါ့ဗျာ။ထိုင်းမှာ သုံးလိုက်တဲ့ပိုးသတ်ဆေးဟာ အာနိ သင်ပြယ်ကုန်တာကြောင့် နောက်ဆုံးအခေါက်ပို့တဲ့ ကွမ်းသီးတွေ၊ သင်္ဘောပေါ်မှာတင် ပိုးကိုက်ပြီးမှိုတက်ကုန်ကြသတဲ့ဗျာ။
နင်လားဟဲ့လောကဓံ ဆိုပြီး ကျနော်လည်း ဗမာပစ္စည်းဆိုင်ဘက်ပြန်လှည့်ရပြန်ပါရော။ထိုင်းရဲလား။လာပါသော်ကောဗျာ။ အာရှမှာ လာဘ်အစားဆုံးရဲကိုပြပါဆိုရင် ထိုင်းရဲတွေဟာထိပ်ဆုံးမှာရှိမယ်ဗျ။ဒီမောင်တွေ ကျနော့်ကို နှစ်လတစ်ခါသုံးလတစ်ခါတော့ ပုံမှန်ဒုက္ခပေး မြဲပဲ။အထူးသဖြင့် ဗမာရွေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းရဲတွေအတွက် အလိုအလျောက်ငွေထုတ်စက်ပါပဲ။အလုပ်သမားမှတ်ပုံတင် ကဒ်မကလို့ ပတ်စပို့ကြီးကိုင်ထားလည်း ဗမာဆိုတာသေချာရင် မရ ရတဲ့နည်းနဲ့ငွေညှစ်တာပါပဲ။ကျနော့်စိတ်ထဲမှာတော့ ထိုင်းရဲတွေဟာ ဗမာတွေကို ရာဇဝင်ကြွေးပြန်ဆပ်နေသလိုခံစားရတာပါပဲ။
အမယ် နည်းနည်းတော့ထူးခြားချက်ရှိလာတယ်။အဲဒါကတော့ ဖူးခက်ဒုတိယမြို့တော်ဝန်ဟာ ကျနော်နဲ့ခင်မင်ရင်းနှီးတဲ့အဆင့် ရောက်လာတဲ့ကိစ္စဗျ။ဟုတ်တယ်။ရနောင်းမှာဆုံခဲ့တဲ့ ရေတပ်ထောက်လှမ်းရေးဗိုလ်မှူးကြီးနလုန်ရဲ့တပည့် ဗိုလ်ကြီးဝပ်ဆာဝပ်ဟာ ဖူးခက်ကို ထောက်လှမ်းရေးအရာရှိအဖြစ်ပြောင်းလာတော့ သူ့အဆက်အသွယ်နဲ့ ဖူးခက်မြို့တော်ဝန် မစ္စတာထရီးကို ချိတ်ဆက်မိတာ ပေါ့။ဒုတိယမြို့တော်ဝန်နဲ့ရင်းနှီးကျွမ်းဝင်နိုင်ဖို့ အရင်းအနှီးကလည်း မသေးလှဘူးခင်ဗျ။ သူနဲ့သူ့ရုံးအဖွဲ့သားခုနစ်ယောက်လောက်ကို စင်္ကာပူအသွားအပြန်စားရိတ်ခံလိုက်ရသေးသဗျာ။ 

မစ္စတာထရီးဟာ အမေရိကန်မစ္စစီပီတက္ကသိုလ်ကျောင်းဆင်းဆိုပဲ။သူ့ခမျာ အမေရိကန်မှာ သာပညာသင်ခဲ့တာ စင်္ကာပူတော့ မရောက်ဖူးရှာဘူးတဲ့ဗျာ။မစ္စတာထရီးဟာ ကျနော့်ဆိုင် ကျနော့်အိမ်ကို ဝင်ထွက် လည်ပတ်တဲ့အဆင့် ရောက်လာတာမို့ ပတ်ဝန်းကျင်ကရော၊ရဲတွေကပါ ကျနော့်ကိုနည်းနည်းတော့ ရှိန်လာတယ်ဆိုရမယ်။ဒါပေမဲ့ ဒါပေမဲ့ဗျာ။မြို့တော်ဝန်နဲ့ သိလည်း ထိုင်းရဲရန်ကတော့ မလွတ်သေးဘူးဗျ။နီကွန်းဆိုတဲ့ ထိုင်းဗိုလ်ကြီးတစ်ယောက်ရဲ့လက်ချက်နဲ့ ထိုင်းဘတ်နှစ်သိန်းလောက်အပြင် လူပါ အချုပ်ထဲ နှစ်ညအိပ်လောက်ရောက်သွားလိုက်သေးဗျာ။နောက်ဆုံးတော့ ဖူးခက်ဒေသခံ ရဲတွေဟာ ကျနော်ကို ကုတ်နဲ့ကော်ထုတ် ရင်တောင် ရွေ့မဲ့လူစားမဟုတ်ဘူးလို့ ထင်လာလေရော့သလားမဆိုနိုင်ဘူး။ "လစဉ်ကြေး သာပေး ခင်ဗျားကြိုက်တဲ့ပစ္စည်းကို အေးအေး ဆေးဆေးသာ ရောင်းပါတော့"လို့ ဗြောင်ဖွင့်ညှိလာကြသဗျာ။ဒီမှာတင် အထိုက် အလျောက် ထိုင်းရဲဒုက္ခငြိမ်းရောဆိုပါတော့။ အမယ်။နီကွန်းဆိုတဲ့ မောင်တောင် အခုလက်ရှိပါတောင်ကမ်းခြေရဲစခန်းမှာ ဗိုလ်မှူးကြီးဖြစ်နေလေရဲ့ဗျာ"
ကိုသက်ခိုင်၏မျက်နှာကို ကျနော်ငေးကြည့်နေမိသည်။ သူကြုံခဲ့သော ဒုက္ခနှင့်နှိုင်းစာလျှင် ကျနော့်အခက်အခဲမှာ စာမဖွဲ့လောက်တော့ သလိုခံစားလာရသည်။ကျနော်တို့နှစ်ယောက်သားနေရာယူထားသည့်နေရာမှာ ဆိုင်၏အတွင်းပိုင်းချောင်ကျကျနေရာဖြစ်၍ စကားစမြည် ပြောရသည်မှာ အဆင်ပြေလှသည်။ကုန်တိုက်တွင်း၌ကား ဂျပန်နှင့်တရုတ်မျက်နှာပေါက်အများစုပါသည့် ကမ္ဘာလှည့်ခရီးသည်များ အုပ်စုလိုက် ဈေးဝယ်ထွက်နေကြသည့်မြင်ကွင်းကိုတွေ့နေရသည်။
ထိုနေ့သည် ကျနော့်အတွက် အကျိုးထူးသောနေ့ဟု မှတ်မှတ်ထင်ထင်ဆိုရမည်။ယင်းဖြစ်ရပ်သည် ကိုသက်ခိုင်၏ ထူးခြားသော စွမ်းရည်ဟုလည်း ဆိုနိုင်မည်ထင်သည်။ကိုသက်ခိုင်၏စကားတခွန်းမှ အစပြုခဲ့၏။

"ခင်ဗျား ထိုင်းမှာမနေချင်တော့ဘူးပြန်မယ်ဆို"
"အေးလေဗျာ။ သူတို့ကိုပေးရတာနဲ့ ကျနော့်ဝင်ငွေနဲ့ ကာမှ မကာမိတော့တာ။ဘယ်နှယ့်လုပ်ဆက်နေမတုန်း"
"အင်း။လွယ်လွယ်နဲ့လက်လျော့ချင်တတ်တဲ့လူတွေဟာ ဆင်ခြေဆင်လက်အကြောင်းပြချက်များတယ်ဗျ။အခက်အခဲကိုကျော်လွှားဖို့၊ ရင်ဆိုင်ဖြတ်ကျော်ဖို့ စိတ်မကူးကြဘူး"
"အမယ်လေး မဟာပညာကျော်ရယ်။ ခင်ဗျားမှာသာနည်းလမ်းရှိရင် ကျနော်ကျော်ချင်ပါ့ဗျာ"
ကျနော်က ခပ်ပေါ့ပေါ့ရယ်သွမ်းသွေးလိုက်သော်ငြား ကိုသက်ခိုင်သည် တည်ကြည်စွာပင်သူ့စကားကိုဆက်သည်။
"ဒီမယ်ကိုမင်းဒင်။အခက်အခဲတိုင်းမှာထွက်ပေါက်ရှိတယ်ဗျ။ အခုခင်ဗျားဆိုင်ဟာ တစ်လကို ရောင်းကြေးဘယ်လောက်ရှိသတုန်း"
"ဘတ်သုံးလေးသိန်းဆိုပါတော့"
"ဒါဆို ခင်ဗျား ဘတ်တစ်သန်းဖိုးလောက်ရောင်းရရင် ရဲကြေးကာမိပြီး အမြတ်မကျန်နိုင်ဘူးလားဗျာ"
"ဟ။ဘတ်တစ်သန်းလောက်ရောင်းရမှာတော့ တစ်လဘတ်လေးငါးသောင်းရဲကြေးပေးနိုင်ပါသော်ကောဗျာ"
"ဒါဆို ခင်ဗျား ဘတ်တစ်သန်းဖိုးရောင်းရအောင်လုပ်ပေါ့"
"ဟာ ခင်ဗျား ပါးစပ်ကပြောတော့လွယ်လွယ်လေး။ဘတ်တစ်သန်းဖိုးရောင်းရဖို့ဆိုတာလွယ်မှတ်လို့"

"မလွယ်တာကိုလုပ်နိုင်မှ လူတော်စာရင်းဝင်တော့မပေါ့ကိုယ်တော်ရယ်။ ကဲပါဗျာ ကျနော်နည်းလမ်းပေးပါ့မယ်။ ခင်ဗျားရဲ့အားသာချက်ကို သိသလား။ဒီဖူးခက်မှာ ဗမာပစ္စည်းရောင်းနေတဲ့ ထိုင်းလူမျိုးတွေရဲ့ဆိုင်အားလုံးဟာ ဘယ်ဆိုင်မှ ရန်ကုန်ကို ဆင်းမဝယ်နိုင်ဘူး။ဘုရင့် နောင်ဈေး၊သိမ်ကြိးဈေးကနေ မဝယ်နိုင်ကြဘူး။ခင်ဗျားဝယ်နိုင်တယ်။အဲဒီအချက်ဟာ ခင်ဗျားရဲ့အားသာချက်ပဲ။ဒီလိုလုပ်ဗျာ"
ထိုနေ့က ကိုသက်ခိုင်၏အကြံပေးချက်အပြည့်အစုံကို ဖော်ပြရလျှင် စာရှည်အံ့ထင်၍ မဖော်ပြလိုတော့ပြီ။အဓိက အချက်မှာ များများ ရောင်းအမြတ်နည်းနည်းယူ၊Door to Door အရောက်ပို့စံနစ်ကို ကျင့်သုံးရန်ဖြစ်၏။ထိုအခါ သူ့လက္ကားဖောက်သည်ဟောင်းအတော်များ များ ကျနော်ဆိုင်သို့ရောက်လာသည်။ထို့နေ့မှစ၍ရေတွက်သော် နှစ်လပြည့်မြောက်ချိန်တွင် ကျနော့်ဆိုင်၏လစဉ်အရောင်းစာရင်းကို ချုပ်ကြည့်ရာ  ပျမ်းမျှတစ်လလျှင် ရောင်းကြေးဘတ်တသန်းခွဲခန့်ရှိနေခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်၏။
မကြာသေးမီအချိန် တစ်ခုသောနေ့ရက်တွင် ကိုသက်ခိုင်နှင့်ဆုံတွေ့စဉ် ကျနော့်ဆိုင်အခြေအနေကို ဝမ်းသာအားရရှင်းပြမိချိန်တွင်မူ ကိုသက်ခိုင်သည် ခပ်ငေးငေးအမူအယာရှိနေပြန်သည်။ခေါင်းကိုဖြေးညှင်းစွာငြိမ့်ရင်း ခပ်တိုးတိုးစကားဆိုသည်။
"သိပ်လည်း ဝမ်းသာမနေပါနဲ့ဗျာ။တောကြီးမြက်မည်းထဲက မထွက်နိုင်ခင် လွတ်ပြီလို့မအော်ပါနဲ့ ဆိုတဲ့ ဗိုလ်ချုပ်ရဲ့မိန့်ခွန်းကို သတိရ စမ်းပါ။တကယ်တော့ ခင်ဗျားဆိုင် ရောင်းအားတက်နေတာဟာ ကျနော်တို့ဗမာတွေ ကျွန်သံသရာလည်နေတာကို တနည်းအားဖြင့် ဖော်ပြနေတာ ပါပဲ။သူများ နိုင်ငံက ခြေတလှမ်းလှမ်းရင် ကိုယ့်နိုင်ငံက လေးငါးဆယ်လှမ်းမလှမ်းနိုင်တဲ့အပြင် နောက်တောင် ပြန်လှည့်နေ ခဲ့ကြတာကိုး"
"ဘာတုန်းဗျ ကျွန်သံသရာလည်တယ်ဆိုတာ"
"ခင်ဗျားသိချင်သပဆိုရင်လည်း ပြောရသေးတာပေါ့ဗျာ။ ကျွန်သံသရာလည်တယ်ဆိုတာ ဒီလိုပါဗျာ"
↧
↧

ချီးဗူးတမ်းချင်း။ ။

$
0
0

ချီးဗူးတမ်းချင်း။ ။

ခုတလော ဆြာဒင်စိတ်မှာ ချီးဗူးကို သတိတရရှိနေသည်။ခေတ်ကာလသားသမီးများကား ချီးဗူးကို မြင်ဖူးရန်ဝေးစွ ။ကြားဖူးမည်ဟုပင်မထင်ချေ။ ဆြာဒင်ဆယ်နှစ်သားအရွယ်ခန့်တွင် ကမာရွတ်ဘူတာရုံလမ်းထိပ်ရှိ မြနန်းသိင်္ဂီရုပ်ရှင်ရုံမှာက်ထားသည့် ရုပ်ရှင်ပိုစတာများကို အားအားရှိသွားကြည့်နေတတ်သည်။

ရွှေဘကား ဆြာဒင်၏ အသည်းစွဲဖြစ်၏။ ထို့ကြောင့် ရွှေဘပါဝင်သည့် ရုပ်ရှင်ပိုစတာများကို အကြာကြီးကြည့်ကြည့်နေလေ့ရှိသည်။ ဆြာဒင်သည် ရွှေဘနာမည်တွေ့ပြီးလျှင် သမတလူကြမ်း အဖွဲ့မှ ချီးဗူးနာမည်ကို လိုက်ရှာတတ်သည်။ကျနော်မှတ်မိသမျှ သမတလူကြမ်းအဖွဲ့တွင် ချီးဗူးနှင့် ကျော်ဇောကြီး တို့ပါဝင်သည်။ဆြာဒင့်စိတ်မှာ ရွှေဘနဲ့ချီးဗူးဖိုက်တင်ပလေးလျှင် အလွန်ကြည့်ကောင်းမည့်ဇ်ာကား ထင်မှတ်၏။အဖေ့ဆိုင်က ခိုးလာသည့် ပိုက်ဆံအကြွေများဖြင့် သုံးဆယ့်ငါးပြားတန်းက မလွတ်တမ်း ဝင်ကြည့်လေ့ရှိသည်။ ဝါးရမ်းပြေးဘိုးသိန်း၊တနေဝင်သော်၊တောက ဖိုးတုတ် စသောဇာတ်ကားများကို ယခုအထိ သတိတရရှိနေသည် ။ချီးဗူးက ရွှေဘကိုထိုးသည့်အခါ ဆြာဒင်သည် ရွှေဘကို သနား၏။ ချီးဗူးကိုမုန်းသည်။

ယခုသော် ရွှေဘနာမည်ကြီးဖို့ ချီးဗူးအနာခံရသည့် အဖြစ်မှန်ကို ဆင်ခြင်လာနိုင်သည်မို့ ချီးေူးတယောက်နေမှ ကောင်းပါလေစ။ ရွှေဘနည်းတူ ခေတ်ကုန်ခဲ့သော (ဦး)ချီးဗူးကြီးတစ်ယောက် ဘယ်သောင်ဘယ်စခန်းဆိုက်နေလေသည်ကို ကျနော်သိချင်စမ်းလှသည်။ ။

သက်ရှိထင်ရှားရှိနေသေးလျှင်ဖြင့် (ဦး)ချီးဗူး ရွှင်လန်းချမ်းမြေ့ပါစေ ။ ။
↧

ဆြာဒင်၏ ပိတောက်ပွင့်ချိန်စစ်တမ်း

$
0
0



ဆြာဒင်၏ ပိတောက်ပွင့်ချိန်စစ်တမ်း

၁။ တန်ခူးမည်မှတ်၊ဖက်ဆွတ်ရေတိုးသည့်သင်္ကြန်အခါသမယမို့ ပိတောက်တို့ပွင့်ကြသည်။ယင်းကာလတွင် မဟာဗမာအများစုသည် အားလပ်ရက်ရှည်ကြီးဖြင့် ဇရက်မင်း စည်းစိမ်၊စာကလေးမင်းစည်းစိမ်၊လဒမင်းစည်းစိမ်တို့ကို အသီးသီးအဿက အဿက ခံစားတော်မူလျက်ရှိကြကုန်၏။ ဘီယာရေချိုး၊ အရက်မီးလှုံ၊ အမြည်း တောင်လိုပုံလျက်ရှိကြ၏။နှစ်ခါနာသော မိအေးနှင့်တင်စားခဲ့လေသော ဗမာပြည်ကား လှည်းသားငါးရာနှင့် ပမာပြုအပ်သော စစ်ဝါဒီစံနစ်ဆိုးကြီးဖြင့် နောက်ထပ်နှစ်ကြိမ်ကြုံရဆဲ၊မကျော်မဖြတ်နိုင်သေးလင့်ကစား ပြည့်တန်ဆာမျက်နှာပေးဖြင့် ခေါင်းကလေး မော့နေဆဲပင်တည်း။

၂။ ဆြာဒင်သည် ပိတောက်ပွင့်တို့ကို မြင်လေတိုင်း မဆီမဆိုင် ကျဆုံးခဲ့လေပြီးသော အမျိုးသားခေါင်းဆောင်ကြီး၏ မိန့်ခွန်းတစ်ခုကို ငုတ်တုတ်ထိုင်ရင်း သတိရမိသည်။"သူများနိုင်ငံတွေက ခြေလှမ်းတလှမ်းလှမ်းနိုင်ရင် ကျုပ်တို့ဗမာပြည်က လေးငါးဆယ်လှမ်းတန်သည် လှမ်းနိုင်မှ"ဟူ၏။ယခုမူ အီဂျစ်၊အင်္ဂလန်နှင့် အမေရိကန်တို့ပင် ပျော်မြူးခြင်းအရာ၌ ဆြာဒင်တို့လူမျိုး၏ခြေလှမ်းကျဲကျဲတို့ကို  လိုက်မမှီကြ လေကုန်။

၃။ ဒီမိုကရေစီအငွေ့နှင့် ရင်ဆိုင်တွေ့ချိန်တွင် ဗမာတို့ဖင်ထိုင်မေ့နေပြီလော။ဆြာဒင်နေထိုင်သော ထိုင်းနိုင်ငံဖူးခက်ကျွန်းတွင်မူ သင်္ကြန် အခါပျော်မြူးခွင့် တစ်ရက်တည်းသာရှိလျက် စက်ရုံကြီးငယ်အရပ်ရပ်တွင် လုပ်ငန်းခွင်ကိုယ်စီဝင်လျက်ရှိကြ၏။ စည်ပင်ဖွံ့ဖြိုးနေသော ဥရောပနိုင်ငံများတွင်လည်း အားလပ်ရက်အရှည်ဆုံးကာလမှာ ရက်သတ္တတစ်ပါမျှသာ ဟုဆြာဒင်ကြားဖူးနား ဝရှိမိသည်။တစ်လကိုးသီတင်းနားရက်တို့ကား လုပ်သက်ခွင့်အားလပ်ရက်များဖြစ်၍ အလှည့်ကျအနားယူကြသည်ဟု ဆိုကြပါ၏

၎။ဗမာ့နှစ်ဦးကာလတွင် ဆြာဒင်တို့၏ခြေလှမ်းတို့ကို လေးလေးနက်နက် ပြန်လည်ဆန်းစစ်သင့်သည်။အခြားနိုင်ငံတို့ လေးငါးဆယ်လှမ်း လှမ်းနေကြချိန်တွင် ဆြာဒင်တို့ရှေ့ခရီးကို ခြေလှမ်းမည်မျှလှမ်းနေနိုင်ကြပါသနည်း။ အလှူအတန်းပြုလျက် တရား ရိပ်သာတို့တွင် အေးငြိမ်းမှုရှာဖွေနေ ကြသူများကိုကား ခြွင်းချက်စာရင်းတို့လျက် ဆြာဒင်သာဓုခေါ်ပါ၏။သို့သော် အပျော်လွန်နေသော ဗမာပြည်သူ မိအေး၏ခြေလှမ်းတို့သည်ကား အဝှာခန်းဆီသို့ ဦးတည်နေလေရာ ထည့်သွင်းရေတွက်စကောင်းမည်မဟုတ်ချေ။ ထန်းချက်ခဲခွေးလျက်သကဲ့သို့လုံးပါးပါးနေရသောဆြာဒင့်တို့၏ဘဝသည် ဤအားလပ်ရက်ရှည်ကြီးကို ခံစားသင့်ပါသလော။

၅။ သဗ္ဗေသတ္တာ၊ကမ္မသကာဆိုသော်ငြား လူမတန်ကံချလျက် သေသော်မှတည့် သြော် ..ကောင်း၏ ဟူသော ညည်းသံများကြားမှပင် နေညိုညိုမြနန္ဒာမှာ တူးပို့သံညံလျက်ရှိနေခြင်းကို ဆြာဒင်ရင်လေးလှ၏။ တခေတ်တခါကပဏ္ဍာဆက်တိုင်းပြည်အဆင့်သာရှိသည့် ယိုးဒယားတွင် မျက်နှာငယ်စွာရောက်ရှိနေသော အနုံညာတဆြာဒင်အနေဖြင့် နှစ်သစ်တွင် သတိတရားဖြင့် ပျော်ကြရန်အလို့ငှာ ဖူးခက်မြို့အန်မခန်အရပ်ရှိအခန်းငယ်အတွင်းမှနေ၍ ဤပိတောက်စစ်တမ်းကိုရေးမိချေ၏။ချမ်းသာကိုယ်စိတ်မြဲကြပါစေကုန်သတည်း။


↧

အလင်္ကာကျော်စွာ ဆြာဒင်၏ နှစ်သစ်ဦးဆုတောင်း။။

$
0
0

                                       
                                  အလင်္ကာကျော်စွာ ဆြာဒင်၏ နှစ်သစ်ဦးဆုတောင်း။။

ဆြာဒင့်အလိုအတိုင်းသာဆို လူနတ်ဗြဟ္မာသတ္တဝါအားလုံး လိုရာဆန္ဒတလုံးတဝတည်း ပြည့်စုံစေချင်လှပါတယ်။ ဆြာဒင်ဟာ တန်ခိုးရှင်မဟုတ်တဲ့ သာမျင်ညောင်ညမို့ ဆန္ဒသာပြုနိုင်ပါတယ်။

ငြိမ်းချမ်းသောဘဝကိုယ်စီမှာ လိုရာဆန္ဒပြည့်ဖို့ဘယ်လိုနေထိုင်ပြုမူရမယ်ဆိုတာ ဘာသာတရားအသီးသီးက ပြဌာန်းထားပြီးဖြစ်တာကြောင့် ကိုယ်စီကျင့်သုံးဆောက်တည်ဖို့သာ အခရာကျလှပါတယ် ။

ရိုးရာထုံးစံအတိုင်း ဆုတောင်းရရင်ဖြင့်

"မြန်မာနိုင်ငံတော်မလေ၊မင်းသူဌေး၊ကုန်သည်၊လယ်ပိုင့်ရှင်၊လယ်သမား၊ဆင်းရဲသား မကျန်စေ။လိုရာဆန္ဒပြည့်ဝစေ။ အောင်ပါစေ။စီးပွားရေးရယ်  ကြီးပွားရေးရယ်၊သမီးရည်းစားအရေးလည်းအောင်ပါစေ ။

ဇမ္ဗူတဝှမ်းမှာ လှူဒါန်းမဲ့သူတွေ အောင်ပါစေ။ မင်္ဂလာပါရက်မြတ်လက်ထပ်မဲ့သူတွေ အောင်ပါစေ။ မြန်ပြန်ပြည်တိုင်းဘောင် ကြံစည်တိုင်း အောင်ပါစေ ။

ဗမာပြည်အမှီပြုတဲ့လူထုအားလုံး ကျန်းမာချမ်းသာစေ၊အောင်ပါစေသား အောင်စေသားဟေ"

လို့သာ အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်အဟဲလေးနဲ့  အသံကုန်ဟစ်ပြီး တောင်းဆုခြွေရပါကြောင်း ခင်ဗျာ ။ ။

ခင်မင်လေးစားမှုများဖြင့်

မင်းဒင်
ဖူးခက်ကျွန်း
ထိုင်းနိုင်ငံတောင်ပိုင်း
မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊နှောင်းတန်ခူးလဆုတ်(၃)ရက်
မြန်မာနှစ်ဆန်းတစ်ရက်နေ့။

၂၀၁၄ခုနှစ် ဧပြီလ(၁၇) ရက်
↧
↧

မဟာလူသားတဦးသို့ အမူမော်ကွန်း။

$
0
0

                                           မဟာလူသားတဦးသို့ အမူမော်ကွန်း။

၁။ စစ်ဝါဒီတို့သည် ဒီမိုကရေစီဘက်တော်သားတို့၏ အမာဆုံးလူသားကို ပစ်မှတ်ထား၍ နည်းလမ်းမျိုးစုံဖြင့် ညှင်းပန်းနှိပ်စက်လျက် ဦးကျိုးအောင် ရိုက်ချိုးခဲ့ကြ၏။နောက်ဆုံးတွင် စစ်ဗိုလ်ချုပ်တို့သည် အဆိုပါသံမဏိလူသားကို ပြန်၍ဦးညွှတ်ကြရသည်။

၂။ မြန်မာ့သမိုင်း၏ အတုမရှိသူရဲကောင်းကြီးတစ်ဦးကို ကျနော်တို့ဆုံးရှုံးခဲ့ကြပြီ။ တချိန်တည်းတွင်ပင် လူမဆန်စွာ ရက်စက်ကြမ်းကြုတ်သည့် စစ်ဝါဒ၏လှိုင်းတံပိုးကြီးကို မတွန့်မဆုတ်သော အာဇာနည်တို့၏ စိတ်ထားဖြင့် ကြံကြံခံရင်ဆိုင်တွန်းလှန်ခဲ့သော ကျောက်ဆောင်ကြီးအဖြစ် သမိုင်းပင်လယ်ပြင်၌ ထင်ရှား ခန့်ထည်စွာ၊ ရာဇဝင်တွင်၊ တင်ကျန်နေရစ်လေပြီ။

၃။ သတင်းစာဆရာကြီးဦးဝင်းတင် ငြိမ်သက်အေးချမ်းသော ကောင်းမြတ်သည့် ဘုံဘဝသို့ ရောက်ရှိပါစေသတည်း။


(ဓာတ်ပုံ၊ ။ ဂူဂဲလ်)

↧

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0

၂၃ဧပြီလထုတ် ဆဲဗင်းဒေးဂျာနယ်။

မင်းဒင်ရဲ့သက်ခိုင်(၂) အခန်းဆက်ဝတ္ထုရှည်

အခန်း(၃၁)

ကျွန်သံသရာလည်နေကြရသူများ။

"စေတီပုထိုးဂူအမျိုးမျိုး၊တို့ဘိုးဘွားတည်ထားပါတယ်၊ရှေးအခါကကွယ်၊ရွှေအိုရွှေမှေး၊ရွှေကိုယ်လေး၊ရွှေသူဌေးတို့လှူခဲ့ပါတယ်၊ဝင်းဝါလို့ထယ်၊၊ဘယ်ဧည့်သည်ငေးမဆုံးတွေးမဆုံးဖွယ်၊ကုန်းကမူလေးထက်ဝယ်၊ထုံးဖြူလေးမပြယ့်တပြယ်၊တန်ဆောင်ပြဿဒ်ကျောင်းဇရပ်တွေနဲ့ ကောင်းမြတ်မနသီ၊ရွှင်ကြည်မနော၊ရေကြည်လျှံမြကန်အလှဝယ်၊ညနေညို၊နှမမေပျိုရေချိုခပ်တယ်၊အိုးစည်ဗုံမောင်းခြိမ့်ခြိမ့်ညောင်းလို့ရယ်။ဘယ်သူတွေဖျက် မပျက်ခဲ့ပါ၊ ကမ္ဘေ၊ကမ္ဘာဝယ် အလှူရေစက် လက်နဲ့မကွာ စေတနာကြွယ် သဒ္ဓါမချို့လေတယ် ၊မြန်မာတို့မြေနယ်၊ ပသာဒတွေမယွင်းမစောင်း၊သဘာဝအခြေ အတင်းမပြောင်း အသင်းအပေါင်းကြည့်လေကွယ်၊ကြည့်လေကွယ်၊သိစေမယ်။ ဟန်မတင်း၊ မာန်မပြင်း၊ ဖန်ဆင်းသည့်ပရိယာယ် မရှိတယ် လာလော့ဧည့်သည်ရှုလော့ဧည့်သည် ကမ္ဘာထုတွင်း ပမာပြုရင်း မြန်မာရှုခင်း မြန်မာ စိတ်ရင်းအစဉ်းသိရမယ်"

"ကိုမင်းဒင်ရယ်၊တော်ပါတော့ဗျာ။နားထောင်လို့တော့ ကောင်းပါရဲ့။ ကျနော်တို့ရောက်နေတဲ့နေရာ၊ဖြစ်နေတဲ့အခြေအနေတွေနဲ့ ဖီလာကန့် လန့်တိုက်နေလွန်းလို့ပါ"
"ခင်ဗျားဗျာ။ သီချင်းဆိုတယ်ဆိုတာ လူ့အခွင့်အရေးဗျ"
ကိုသက်ခိုင်မောင်းနေသော ကားပေါ်မှာ သူ့ဘေးက ထိုင်လိုက်ရင်း မွေးရပ်မြေအလွမ်းဖြေသီချင်းတပုဒ်ကို ကျနော်ခပ်တိုးတိုးညည်းဆို နေခြင်းအား ကိုသက်ခိုင် ရုတ်တရက်ဟန့်လိုက်သဖြင့် ကျနော့်သီချင်းမှာ ဆုံးခန်းမတိုင်လိုက်တော့ချေ။လူရင်းမို့ စိတ်ဆိုးရန် အကြောင်း မရှိသော်ငြား အနည်းငယ် အောင့်သည်းအောက်သက်ဖြစ်ရသည့်အတွက် ကျနော်သူ့ကို ခွန်းတုန့်ပြန်အငေါ်တူးလိုက်ခြင်းဖြစ်သည်။

"အေးပါဗျာ။လွန်တာရှိရင်၊ဝန္ဒာမိပါ။ ကျနော်တောင်းပန်ပါတယ်။ သို့ပေသည့် ကျနော်တို့ရောက်နေတဲ့နေရာဟာ ဗမာတွေအတွက် လူ့အရေး မပြောနဲ့။ ခွေးအခွင့်အရေးလောက်တောင် မရှိတာမို့ ခင်ဗျားဆက်ဆိုမဲ့ ရေကြည်လျှံမြကန်အလှဝယ်၊ညနေညို နှမမေပျို ရေချိုခပ်တယ်၊ အိုးစည်ဗုံမောင်းခြိမ့်ခြိမ့်ညောင်းလို့ ရယ်ဆိုတဲ့ စာသားကို ကျနော်ဆက်မကြားချင်တော့လို့ပါ"
"အော်၊ဒါဆို သီချင်းရေးတဲ့ စန္ဒယားဦးလှထွဋ်ဟာ အလွဲတွေများ ရေးထားခဲ့လို့လားဗျာ"
"ဒီသီချင်းမှာ တေးရေးဆရာရော မူရင်းအဆိုရှင် ကိုဝင်းဦးကော ဘာမှပြောစရာမရှိလောက်အောင် ပြီးပြည့်စုံနေတာမှန်ပါတယ်။ ခက်နေတာက ဒီသီချင်းဟာလက်ရှိတိုင်းပြည်မှာ ဖြစ်ပျက်နေတာတွေနဲ့တော့ တော်တော့်ကို အံချော်နေပြီလို့ပြောရမယ်ဗျ။ ဘာတဲ့၊ ပသာဒတွေမယွင်းမစောင်း၊သဘာဝအခြေ အတင်း မပြောင်းတဲ့ ဟုတ်လား။ပြောင်းလိုက်တဲ့ သဘာဝရေမြေတွေ တောင်တွေတောင် တွင်းဖြစ်ကုန်တဲ့အထိ။နောက်ရှိသေးတယ်။ အိုးစည်ဗုံ မောင်းခြိမ့်ခြိမ့် ညောင်းဖို့နေနေသာသာ၊ လယ်သိမ်းမြေသိမ်းနဲ့ ဒုက္ခတွေပင်လယ် ဝေနေတာ မမြင်ချင့်အဆုံး "

"အော်။ ကိုသက်ခိုင်ရယ် သီချင်းကို သီချင်းလိုသာ နားထောင်ကြ၊ဆိုကြညည်းကြတာ ဓမ္မတာပါဗျာ"
"အေးပေါ့ဗျ။ အဲဒီဓမ္မတာသဘောထဲမှာ ပျော်ပျော်ကြီးနစ်နေခဲ့ကြလို့ ကျုပ်တို့ဗမာတွေ ယိုးဒယားမှာလာပြီး ကျွန်သံသရာလည်နေကြတာ ပေါ့"
"အော် အော်။ဟုတ်ပြီ။ဟန်ကျလိုက်လေ။ စောစောက စကားပြတ်သွားတာမတဲ့ ကျွန်သံသရာဆိုတာ သေချာဆက်ရှင်းပါ အုံးဗျာ"
"ရှင်းပါ့မယ်ဗျာ ခဏစောင့်ပါအုံ။း ချက်ဖို့ပြုတ်ဖို့ ဟင်းစားလေး သွားဝယ်လိုက်ကြရအောင်။ပြီးမှ ကျွန်ဇာတ်ခင်းကြတာပေါ့"

ကိုသက်ခိုင်သည် ကားကို ဝထစ်အရပ်မှသည် စဖန်ဟင်းကမ်းခြေသို့ ဦးတည်မောင်းနှင်နေ၏။ညနေစောင်းအချိန်လမ်းမတွေပေါ်မှာ ကားတွေပြည့်ညပ်နေသောကြောင့် အရှိန်နှင့်မောင်း၍မရချေ။အချို့နေရာများတွင် တဘီးချင်းလှိမ့်နေရသည်မို့ စကားပြောချိန်ရသည်။

"ကိုသက်ခိုင် ဒီမြို့က ကားသစ်တွေတော်တော်ပေါတဲ့မြို့ဗျာ။ ကားအဟောင်းတွေမူးလို့တောင် ရှူစရာမရှိ။ မြင်ချင်လို့တောင် မမြင်ရတဲ့ မြို့ပဲဗျ။ဒီကြားထဲ ဆိုင်ကယ်တွေပေါချက်ကတော့ အိမ်ပေါက်စေ့အလကား လျှောက်ဝေထားရော့သလားအောက်မေ့ရတယ်"

"အေးလေ။ ဒီနိုင်ငံမှာ ကားတို့ဆိုင်ကယ်တို့ဝယ်စီးတယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာ။ကားအသစ်စီးချင်သလား ကား ဟောင်း စီးချင်သလား။ကားဟောင်းစီးချင်ရင် ဗမာငွေ ဆယ်သိန်းလောက်လက်ငင်းချေ၊ဗမာငွသုံးသိန်းဝန်းကျင် လစဉ်အရစ်ကျသွင်းနိုင် ရုံနဲ့ စီးနိုင်ပါ့ဗျာ။ ကားအသစ်စီးချင်ရင် ကားဟောင်းကို ပြန်ရောင်းလို့ရတဲ့ငွေနဲ့ ကားအသစ်အတွက် ပထမဆုံးအရစ်လက်ငင်း ငွေချေ လိုက်ရုံပဲ။ပရိုမိုးရှင်းအနေနဲ့ ဒစ်စကောင့်ချချိန်များဆို ဗမာငွေ ဆယ့်ငါးသိန်း၊ထိုင်းဘတ်ငါးသောင်းလောက်နဲ့တောင် စီးနိုင်ပါ့ဗျာ။ ဆိုင်ကယ်စီးချင်သပဆိုရင် ဗမာငွေသုံးသိန်းလောက်သာ လက်ငင်းချေလိုက်။ နောက်ဆုံးပေါ်မော်ဒယ် ဆိုင်ကယ်အသစ်စက်စက် ကိုလစဉ်အရစ်ကျငွေချေစံနစ်နဲ့ရနိုင်ပါ့ဗျာ။ဗမာပြည်မှာလိုအတိုးနှုန်းလည်းမကြီးဘူး။ရှုပ်ထွေးတဲ့ဘဏ်စံနစ်တွေလည်းမရှိဘူးဗျာ။ကျနော်လို ငပါမွှားတောင် တိုယိုတာကုမ္ပဏီကနေယုံကြည်စိတ်ချရတဲ့ဖောက်သည်စာရင်းသွင်းပြီး နောက်ထပ်ကားဝယ်ချင်သပဆိုရင် ဘတ်သန်းချီ တန်တဲ့နောက်ဆုံးပေါ်ကား ငါးစီးကို ဘာအာမခံချက်မှမပါပဲ၊ကျနော့်လက်မှတ်တချက်ထိုးရုံနဲ့တကြိမ်တည်း ရောင်းပေးနိုင် ပါတယ် လို့တောင် ကမ်းလှမ်းခံရဖူးသဗျ"
"ကျနော်တို့နိုင်ငံနဲ့များ ကွာချက်ကိုသက်ခိုင်ရာ"

"ကွာမှာပေါ့ဗျာ။ ကန်တော့ပါရဲ့။အနှစ်ငါးဆယ်ကျော် သောက်တလွဲစံနစ်ကြီးနဲ့ ပျော်ပျော်ကြီးစခန်းသွားခဲ့တာကိုး။ ခင်ဗျားမှတ်ထား ပေတော့။ လူတစ်ဦးချင်း၊ လူအဖွဲ့အစည်းနဲ့ နိုင်ငံအသီးသီးမှာ အောင်မြင်မှုရဲ့ အခရာအကျဆုံးအချက်ကို တခွန်းတည်းနဲ့ပြောပါဆိုရင် စံနစ် လို့ ပြောလို့ရတယ်ဗျာ"
"ခင်ဗျားဥစ္စာ လူမှာပါ စံနစ်လိုသတဲ့လား။ဘယ်လိုပါလိမ့်"
"ဒီလူ့နှယ်၊ရှင်းနေတာကို ရှုပ်အောင်ထပ်မေးနေပြန်ပါပြီ။လူမှာ လောကီလောကုတ္တရာ နှစ်ဖြာသောအကျိုးစီးပွားကို ရရှိခံစားနိုင်ဖို့ နေထိုင်ပြုမူစားသောက်တာတွေဟာ နည်းစံနစ်မကျပဲ ဘယ်မှာလာ ဖြစ်နိုင်ပါ့မတုန်း။အဖွဲ့အစည်းတစ်ခုအောင်မြင်ရာအောင်မြင်ကြောင်း တိုးတက်ကြီးပွားကြောင်းဟာလည်း နည်းစံနစ်မှန်မှသာ ဖြစ်နိုင်တာမျိုးပဲ။နိုင်ငံတခုအတွက်ဆို စံနစ်က ပိုတောင် အရေးကြီးသေးဗျာ။ မြန်မာ့နည်းမြန်မာဟန် ဆိုရှယ်လစ်စံနစ်တို့၊စည်းကမ်းပြည့်ဝသောဒီမိုကရေစီတို့ ဆိုတဲ့ စကားလုံးတွေတွင်တွင်သုံးပြီး တဖက်က ကိုယ်ကျိုးတွေ ကိုယ်စီရှာလိုက်ကြတာ ဗမာပြည်ကြီးရေစုန်မျောခဲ့ပါပေါ့လား။ဒီတော့ ခေတ်ပြောင်းနေပါပြီလို့ ခင်ဗျားက ဆိုအုံးမယ်။ ခေတ်ပြောင်းဖို့အဓိကအချက်ကလည်း စံနစ်မှန်တစ်ခုကို ပြောင်းနိုင်ပါမှ။ အဲဒီစံနစ်မှန်နဲ့သွားဖို့အဓိက အချက်ကလည်း အုပ်စိုးသူအလို ကျ စိတ်ထင်တိုင်း ရေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒေမျိုးနဲ့ ဘယ်မှာလာ အလုပ်ဖြစ်ပါ့မတုန်း။

တကယ်တော့ ကျနော်ဟာ နိုင်ငံအရေး ကိစ္စတွေမှာ သဘောထားတင်းမာလှသူမဟုတ်ပါဘူး။ကိုယ်ကိုယ်၌ကလည်း ဘာကောင်မှမဟုတ်တာမို့ တင်းမာစရာအကြောင်းလည်း မရှိပါဘူး။နဝတ အာဏာသိမ်းခါစမှာ စစ်ဗိုလ်ချုပ်တွေ လနဲ့ချီပြီး အိမ်တောင်ပြန်မအိပ်နိုင်ကြတာ၊အရေးပေါ်အစည်းအဝေးတွေ ဆက် တိုက်လုပ်နေခဲ့ကြတာကို ကျနော်ကိုယ်တိုင်မျက်မြင်ဖြစ်ခဲ့တာမို့ ..အော်၊ ဒီစစ်ဗိုလ်ချုပ်တွေဟာ သူတို့သိသလောက် မှတ်သလောက် နည်းလမ်းတွေနဲ့ ယိုယွင်းနေတဲ့တိုင်းပြည်ကို အဖတ်ဆယ်နေကြတာပဲ လို့တောင် တွေးတောလက်ခံခဲ့တဲ့သူပါ။ဒါပေမဲ့ ရွှေကိုယ်တော် တွေလုပ်နည်းလုပ်ဟန်နဲ့ခံယူချက်မှန်မမှန် အနှစ်သုံးဆယ်နီးပါးအကြာမှာ စာရင်းပြန်ချုပ်ကြည့်လိုက်တော့ စစ်ဗိုလ်ချုပ်မှန်သမျှ ဆယ်သက်စားမကုန်အောင် ချမ်းသာပြီး လူထုကတော့ တဲကုပ်ထဲက မထွက်နိုင်ရုံမက လယ်တွေယာတွေပါ အသိမ်းခံရတဲ့အထိ ဖြစ်ကုန်လေရဲ့ဗျာ။အဆိုးတကာ့အဆိုးဆုံးကတော့ မြစ်ဆုံစီမံကိန်းလို၊ကျောက်ဖြူကူမင်းရေနံပိုက်လိုင်းစီမံကိန်းတွေကို ကြည့်ဗျာ။ အာဏာမြဲရင် ဘာမဆိုအကုန်လုပ်၊မဲမဲမြင်ရာလက်ညှိုးထိုးရောင်းပြီး ဆင်ခြင်တုံးတရားမဲ့၊ကိုယ်ကျိုးရှာခဲ့တဲ့အခိုင်မာဆုံးသက်သေပါပဲ"

ထိုနေ့က ကိုသက်ခိုင်ကို ကျနော်အကဲခတ်ရသည်မှာ ဗမာပြည်ကြီး၏ ပစ္စက္ခဖြစ်ရပ်များအပေါ် ပြင်းထန်သောခံစားချက်များ ဖြစ်ပေါ် နေဟန်ရှိသည်။ သူ့ စကားတို့သည်တောင်စဉ်ရေမရဖြစ်နေသည်ဟုကျနော်ထင်သည်။ကျနော်ငြိမ်သက်စွာ နားစွင့်နေသည်ကို သတိပြုမိ သော ကိုသက်ခိုင်သည် သူ့စကားကို တွင်တွင်ကြီးရှေ့ဆက်နေပြန်၏။

"အခုလက်ရှိအခြေအနေကိုကြည့်ဗျာ။ စစ်ဗိုလ်တချို့လွှတ်တော်ထဲရောက်နေတာ၊ယူနီဖောင်းချွတ်ပြီး လွှတ်တော်အမတ်တွေ၊ဝန်ကြီးတွေ ဖြစ်နေတာကို အချိန်အတိုင်းအတာ တခုအထိ လက်ခံရမယ်ဆိုတာ ကျနော်နားလည်ပါတယ်။ဒါပေမဲ့ဗျာ။ လူထုအသိအမြင်မရှိသေးလို့ စစ်ဗိုလ်တွေအနေနဲ့ ပညာပေးသွန်သင်ဆုံးမနိုင်အောင် လွှတ်တော်ထဲရောက်နေကြရတယ်ဆိုတာမျိုး၊လွှတ်တော်ထဲက စစ်ဗိုလ်အမတ် တွေက ပြောသတဲ့ဗျာ။ပြည်ထောင်စု ဝန်ကြီး အဆင့်ရှိတဲ့သူ ကလည်း စစ်ဗိုလ်တွေရွှေထီးဆောင်းခဲ့တဲ့ခေတ်က အကျင့်အတိုင်း တွေ့တဲ့လူ ပါးရိုက်မယ်လုပ်တုန်း။အဆိုးဆုံးက ရန်ကုန်တိုင်း ဝန်ကြီးချုပ်လို ပုဂ္ဂိုလ်မျိုးကနေ တိုင်းပြည်ချွတ်ချုံကျရတာဟာ အစိုးရက လူထုကို အလိုလိုက်လွန်းခဲ့လို့ ဆိုတာမျိုး တွေဖတ်ရကြားရ ဖန်များတော့၊ ချက်ချင်းသာ လဲသေချင်စိတ်ပေါက်တော့ တာပဲဗျာ။ လိုရင်းအချက် ပြောရရင် ရှေ့ဆက်မဲ့ခရီးမှာ ဒီလိုလူမျိုးတွေနဲ့ တော့ အလုပ်မဖြစ်နိုင်ဘူး။ဘာကြောင့်လဲ။သူတို့ဟာ စံနစ်မှားကြီးရဲ့ အတွေးအခေါ် အမှားတွေကို ဆက်ပြီးဆုပ်ကိုင်ထားဆဲဖြစ်တယ်။ စံနစ် မှန်တခုရဲ့လမ်းကြောင်းမှန်အတိုင်း လိုက်ပြီးလျှောက်နိုင်တဲ့သူတွေ မဟုတ် ဘူး။ဗမာပြည် ကြီးပွားတိုးတက်လာစေမဲ့ စံနစ်ကောင်းတခုကို အကောင်အထည်ဖော်နိုင်မဲ့သူတွေမဟုတ်ဘူး။ စစ်ဗိုလ်ချုပ်အားလုံးကို မရည်ညွန်း ပေမဲ့ သေချာတဲ့အချက်ကတော့ ဗမာပြည်အခြေအနေမှန်ကိုသိပြီး ဗမာပြည်ကြီးလူရာဝင်ပြန်ဝင် စေချင်တဲ့ ယူနီဖောင်းချွတ် အရေအတွက် ဟာ အင်မတန်နည်းလွန်းလှတယ်"

ကိုသက်ခိုင်၏စကားစ ဤနေရာသို့အရောက်တွင် ကိုသက်ခိုင်သည် စဖန်ဟင်းကမ်းခြေနှင့် ချောင်းတစ်ခုခြားနေသည့် ကျနော်တကြိမ်မျှ မရောက်ဖူးသောလမ်းသွယ်တခုအတွင်းသို့ ကားကို ချိုးကွေ့ဝင်လိုက်သည်။ကိုသက်ခိုင် ဤနေရာနှင့်ရင်းနှီးကျွမ်းဝင်နေ ဟန်ရှိသော်ငြား ကျနော့်အတွက်မူနေရာအသစ်၊မြင်ကွင်းအသစ်ဖြစ်နေ၏။လမ်းငယ်နှင့်ကပ်လျက်ရှိသောချောင်းငယ်ထဲတွင် ငါးဖမ်းလှေ များဆိုက်ကပ်ထားပြီး အခြားတဖက်တွင်မူ ရင်စို့ခန့်မြင့်သော ကွန်ကရစ်ခုံများဖြင့်စံနစ်တကျတည်ဆောက်ထားသည့် ဈေးဆိုင်တန်းရှည် တစ်ခုကို တွေ့ရသည်။အအေးခန်းများကို ဖြတ်ကျော်ခြင်းမပြုရသေးသည့် လတ်ဆတ်သောငါးပုဇွန်နှင့်ပင်လယ်စာများ ရောင်းရာ ငါးစိမ်းတန်းပေတကား။ ကိုသက်ခိုင်သည် ကားပေါ်မှ ရုတ်တရက်ဆင်းကာ ထိုင်းစကားကို ထိုင်းလူမျိုးတစ်ဦး၏လေသံနှင့် ကျွမ်းကျင် စွာပြောဆိုလျက် ဈေးမေး ဈေးဆစ်ရင်း ပုဇွန်ထုတ်ကြီးတချို့၊ခတ်လတ်လတ်အရွယ်ငါးနှစ်ကောင်တို့ကို ဝယ်ကာ ကားပေါ်ပြန်တက် လာသည်။ထို့နောက်တွင်မှ ကားကို နောက်ကြောင်းပြန်လှည့်၍ ဆိုခဲ့သောချောင်းငယ်ကိုဖြတ်ကျော်ကာ ပင်လယ်ကဗွီးပင်တို့ဖြင့် သာယာရှုဖွယ်မောဖွယ်ဖြစ်နေ သည့် စဖန်ဟင်းကမ်းခြေသို့ရောက်လေ၏။ကိုသက်ခိုင်သည် ပင်လယ်ကမ်းစပ်တွင် အစီအရီချထားသော ကျောက်တုံးကြီးတစ်ခု ပေါ်တွင်ထိုင်ကာ ပင်လယ်ပြင်ဘက်သို့ ငေးမျှော်ကြည့်ရှုနေ၏။ကမ်းခြေမှ တဖာလုံခန့်အကွာအဝေးရှိ ပင်လယ်ပြင်တွင် လှေပျက်ကြီး တစ်စင်းနစ်မြှုပ်နေလေရာ ရေပြင်ကျယ်ကြီးတွင် အဆုံးသတ်သွားသောမိုးကုပ်စက်ဝိုင်းနှင့် တွဲဖက်လိုက်လျှင် လက်ရာမြောက်ပန်းချီ ကားတချပ်နှင့်တူဘိတော့သည်။မကြာမီမိနစ်ပိုင်းကပင် ကရားရေလွှတ်စကားတွင်တွင်ဆို နေခဲ့သော ကိုသက်ခိုင် သည်အတန်ကြာနှုတ်ဆိတ်နေ ပြန်လေရာ ကျနော့်မှာ စကားမရှိစကားရှာလျက် နှစ်ယောက်အကြားရှိ တိတ်ဆိတ်ခြင်းကို ဖြိုခွဲနိုင်ရန် အားထုတ်မိပြန်၏။

"ကိုသက်ခိုင် ဒီငါးနဲ့ပုဇွန်တွေ ဒီလိုနေရာမျိုးမှာ ရောင်းနေတာ ဘယ်လိုလုပ်ခင်ဗျားရှာတွေ့သလဲဗျာ။ကျနော်လည်း နောင်ဆို ဒီမှာ လာဝယ် ရမယ်။ စူပါမားကတ်တွေက အအေးခန်းတွေထဲမှာအချိန်အကြာကြီး သိုလှောင်ထားပြီးရောင်းနေကြတဲ့ အသားတွေ၊ရယ်ဒီမိတ် အထုတ်တွေကို ကျနော် စိတ်ကုန်လှပြီဗျာ။ကြာလေမသတီလေပဲ"
"ဒီနေရာသိတာ ဘာမှ မဆန်းပါဘူးဗျာ။ မျက်စိဖွင့်နားဖွင့်လေ့လာစူးစမ်းတဲ့အကျင့်ရှိရင် ခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး။ဖူးခက်က နိုင်ငံခြားဧ ည့် လမ်းညွှန်လိုက်ပြသမျှ နောက်ကနေ လျှောက်လိုက်နေရုံနဲ့တော့ ဘယ်သိနိုင်ပါ့မတုန်း။စောစောက စကားနဲ့ ပြန်ဆက်ရရင် ဗမာစစ်ခေါင်း ဆောင်တွေ နိုင်ငံတကာကို သွားလေ့လာရာမှာ ကော်ဇောနီပေါ်ဖြတ်လျှောက်ပြီး သူတို့ လိုက်ပြသမျှ ပါးစပ် အဟောင်း သားနဲ့ တအံ့ တသြဖြစ်၊တည်ခင်းတဲ့ညစာစားပြီးပြန်လာတာမျိုးနဲ့တော့ ဗမာပြည်နာလန်ပြန်ထူဖို့မလွယ်ပါဘူး"

"ကိုသက်ခိုင် ခင်ဗျား ဒီနေ့ နေလို့ကောင်းရဲ့လား။ ခင်ဗျား စကားတွေက တောရောက်တောင်ရောက်ဖြစ်နေသလိုပဲ။ ကျနော်ညည်းခဲ့တဲ့ သီချင်း၊ကားနဲ့ဆိုင်ကယ်၊ နိုင်ငံတခုရဲ့စံနစ် ၊လူတိုင်းမသိတဲ့ငါးစိမ်းတန်း ကျနော့်စိတ်ထဲတော့ အဆက်အစပ်မရှိ သလိုဖြစ်နေတယ်"
"ကျနော်နေကောင်းပါတယ်ကိုမင်းဒင်။ အဆက်အစပ်လည်းမမဲ့ပါဘူး။ ဒါတွေကိုနိဒါန်းဆင်နေရတာဟာ ခင်ဗျားသိချင်တဲ့ ဗမာတွေ ကျွန်သံသရာလည်နေရတာကို အလွယ်ဆုံးအတိုဆုံး အရိုးရှင်းဆုံး ခင်ဗျားနားလည်သဘောပေါက်အောင် အစပျိုးနေခဲ့တာပါ"

"အော် ဟုတ်ပြီ လုပ်ပါအုံးဗျ။ဘယ်လိုများ သံသရာလည်ကြသတုန်း"
ကျနော့်အမေးအဆုံး စဖန်ဟင်းကမ်းခြေတနေရာရှိ တခုသောကျောက်တုံးကြီးပေါ်တွင်ထိုင်ရင်း ကိုသက်ခိုင်တယောက် စိတ်ရှည် လက်ရှည်ဖြင့်ဖွင့်ဆိုရှင်းပြခဲ့လေသော ဗမာ့ကျွန်သံသရာဇာတ်လမ်းမှာ အောက်ပါအတိုင်းဖြစ်လေ၏။

"ကျနော်ပြောခဲ့သမျှ ပြန်ပြီးဆက်စပ်ရရင် ငါးပုဇွန်လတ်လတ်ဆတ်ဆတ်တောင် ဘယ်နေရာမှာ ရှာဝယ်ရမှန်းမသိတဲ့လူတွေ အုပ်ချုပ်နေတဲ့တိုင်းပြည်ဗျာ။ဟိုးတခေတ်တခါက အာရှတိုက်မှာ ကြွယ်ဝချမ်းသာပြီး အိုးစည်ဗုံမောင်းသံညံနေတဲ့ခေတ်ဟာ သီချင်းထဲမှာသာ ရှိပါတော့တယ်။ဗမာပြည်သူအများစုဟာ လက်ကိုင်ဖုံး၊ဆိုင်ကယ်၊မော်တော်ကား၊နေစရာအဆောက်အဦတွေ ပြည့်စုံဖို့ နေနေသာသာ၊ စားဖို့ဝတ်ဖို့ အလျဉ်မီအောင် နေ့ရောညပါ ယောင်မီးထွန်းရှာနေကြရတယ်။ဒါဟာ ဗမာပြည်မှာ စစ်ဝါဒစံနစ်ဆိုးကြီး ထွန်းကားခဲ့လို့ပေါ့။ စံနစ်မှား နေခဲ့လို့ပေါ့။ ဟော ၊ခေတ် ပြောင်းစံနစ်ပြောင်းတော့မယ်လည်းဆိုရော မတော်မတရားတဲ့ နည်းမျိုးစုံ နဲ့ရရှိ ခံစားနေကြတဲ့ အခြေအနေကို  လက်မလွတ်ချင်တာကြောင့် ခေတ်ဟောင်းကို ပြန်သွားချင်တဲ့ ရွှေအိုရွှေမှေး ရွှေကိုယ်လေး၊ရွှေသူဌေး စစ်ဗိုလ်ချုပ်တွေကလည်းဒုနဲ့ဒေး။အတိုက်အခံခေါင်းဆောင်အများစုကလည်း လူထုအသိအမြင်တိုးလာအောင် ဦးတည်ချက်ကောင်း တစ်ခုရှိရာကို တည့်တည့်မတ်မတ်လမ်းမညွန်နိုင်ကြပြန်ဘူး။အပြန်အလှန်အပုပ်ချ၊အပြောင်းအလဲကြားမှာရနေတဲ့ မည်ကာမတ္တ အခွင့် အရေးလေးကို အဟုတ်ထင်ဇိမ်ယစ်ပြီးအချိန်ကုန် နေကြပြန်ရော။

ဗမာပြည်ကြီးမှာ အခုလက်ရှိအချိန်အထိ အစိုးရကသခင်၊လူထုက ကျွန် ဖြစ်နေဆဲပါပဲ။ပြည်တွင်းမှာကျွန်သံသရာလည်တာတော့ ခင်ဗျား လည်းဗမာလူမျိုးတစ်ယောက်မို့ ကျနော်အကျယ်မရှင်းတော့ပါဘူး။ဗမာတပြည်လုံးတရုတ်လက်ထဲ ထိုးမအပ်ခဲ့ရတာကံကောင်း တယ်မှတ်ဗျာ။ယိုးဒယားလိုနေရာမျိုးမှာ ကျွန်သံသရာလည်တာကိုတော့ ခင်ဗျား သိစေချင်တယ်။ တကယ်တော့ ကျနော့်တို့လူမျိုးရဲ့ အမျိုးဂုဏ်ဇာတိဂုဏ်ဆိုတာ ဟိုးအဝေးကြီးမှာ ကျန်ရစ်ခဲ့ပါပြီ။ငါဟာ ဗမာပါလို့ ရင်ကော့ပြီးမပြောနိုင်ကြတော့ပါဘူး။ ဘယ်နိုင်ငံရောက် ရောက် ဗမာပါလို့ ဆိုလိုက်တာနဲ့ အထင်အမြင်သေးတဲ့မျက်နှာပေးတွေနဲ့ ၊သူတောင်းစား ကယ်ပါ တွေကိုကြည့်သလို နှစ်ပြားမတန် အောင် အကြည့်ခံရတာ ပြည်ပရောက်ဗမာတွေ အသိဆုံးပါဗျာ။အထူးသဖြင့် ထိုင်းနဲ့မလေးရှားပေါ့။

တကယ့်အားကောင်းမောင်းသန်အရွယ်ကောင်း၊ဗမာပြည်ကြီးကို စည်ပင်ဖွံ့ဖြိုးအောင်စွမ်းဆောင်နိုင်တဲ့ လူငယ်လူရွယ်တွေသန်းချီပြီး ထိုင်းနဲ့မလေးရှားမှာရောက်နေကြလေရဲ့။သွားလဲသွားနေကြတုန်း။ဗမာပညာတတ်လူငယ်တချို့က စင်္ကာပူဘက်ခြေဦးလှည့်ကြသလို၊ ဟောင်ကောင် လိုနိုင်ငံမျိုးဆို အိမ်ဖော်အလုပ်အတွက် ဘွဲ့ရဗမာအမျိုးသမီးတွေတောင် စေလွှတ်ကြသတဲ့။ဗမာဆိုရင် အိမ်ဖော်နဲ့ကူလီ ချည်းပဲလို့ မြင်ကုန်ကြပြီဗျာ။ဗမာပြည်မှာကျန်ရစ်ခဲ့တဲ့ အရွယ်မရောက်သေးတဲ့ခလေးတွေ ၊အိုကြီးအိုမတွေ၊အာဏာရူးတွေနဲ့ ဘယ်လိုလုပ် ပြန်လည်ထူထောင်ကြ မတုန်း။ကျနော်စကားဟာ အစွန်းရောက်တယ်လို့ခင်ဗျားမထင်ပါလေနဲ့။တိတိကျကျပြောရရင် မော်လမြိုင်နားက ကျောက်တန်းရွာရဲ့ လူဦးရေ ခုနစ်ဆယ်ရာခိုင်နှုံးဟာ ဖူးခက်မှာရောက်နေကြလေရဲ့။အဲဒီရွာရဲ့ကောင်စီဥက္ကဋ္ဌဟောင်းတောင် ဖူးခက်မှာ အလုပ်လာလုပ်ဖူးတာ မို့ ကျနော်စပ်စုပြီးမေးမိရာက သိတာပါပဲ။

လွန်ခဲ့တဲ့အနှစ်သုံးဆယ်လောက်တုန်းက တောကြီးမျက်မည်းသာသာရှိတဲ့ ဖူးခက်လိုမြို့မျိုးကို မွန်ပြည်နယ်လမိုင်းရွာသားတချို့ ရေကြည်ရာမြက်နုရာရှာရင်း၊စပြီးရောက်လာကြတယ်။အဲဒီအချိန်ဟာ ယိုးဒယားနိုင်ငံကြီး ဖွံ့ဖြိုးစည်ပင်ဖို့ အစပြုနေချိန်၊ဖူးခက်မြို့ကို ကမ္ဘာလှည့်ခရီးသည်တွေစပြီးဝင်လာတဲ့အချိန်မို့ ဖူးခက်ကို ရောက်လာခဲ့တဲ့ မွန်ဗမာတွေ အထိုက်အလျောက်စားဝတ်နေရး ဖူလုံကြ တယ်ဆိုပါတော့။အလုပ်သမားလိုအပ်ချက် မြင့်လာတဲ့အခါ မွန်ဗမာတွေဟာ ဖူးခက်မြို့ဆီကနေ နီးစပ်ရာဆွေမျိုးသားချင်းတွေကို လှမ်းပြီးသံချောင်းခေါက်လိုက်ကြတာ မဟာဗမာတွေအစုလိုက်အပြုံလိုက် ထပ်ပြီးရောက်လာကုန်ကြရော။ တကယ်တော့ ဗမာပြည်က နေ ဖူးခက်ကို အရောက်လာရတဲ့ခရီးဟာ ထင်သလောက် မလွယ်လှပါဘူး။အိမ်ပေါင်ယာပေါင်ပြီး ငွေကုန်ရတဲ့အပြင် ထိုင်းစစ်တပ်၊ ထိုင်းရဲ၊ထိုင်းလူပွဲစားတွေရဲ့ ဖိနှိပ်ညှင်းပန်းမှုမျိုးစုံကို ခံစားဖြတ် ကျော်ပြီးမှ ရောက်လာကြတာပါ။ ဖူးခက်ရောက်ဗမာအများစုဟာထိုင်း လူမျိုးတွေမလုပ်ချင်တဲ့ အိမ်ဖော်၊ ကူလီ နဲ့ပန်းရံတို့လို အလုပ်မျိုးတွေကိုလုပ်ကြရတာပါ။

လူငယ်လူရွယ်ဘဝနဲ့ရောက်လာကြပြီး အနေကြာလာတော့ လူ့သဘာဝ နီးစပ်ရာ မွန်ဗမာထားဝယ် ဖူးခက်မှာဘဲအချင်းချင်းအိမ်ထောင် ရက်သားကျကြ၊သားတွေသမီးတွေ ပွားစီးကြပေါ့ဗျာ။ ဒီတော့ ဒီကလေး ငယ်တွေ  လေးငါးနှစ် သားအရွယ်ရောက်တဲ့အခါ  ဗမာပြည် ဘက်ကို ဘဝရှေ့ရေး၊ပညာရေးအတွက် အဖိုးအဖွားတွေဆီပြန်တော့ ပို့ကြပါရဲ့။ဒါပေမဲ့ ကလေး ငယ်တိုင်းလိုလိုဟာ ထိုင်းမှာ အထိုက်အ လျောက်အနေအစားချောင်ခဲ့တဲ့ အခြေအနေ၊မိဘနဲ့အတူနေရတဲ့ဘဝကို ခုံမင်ကြတာကြောင့် အများစုဟာ ကျောင်းပညာရေးမှာ စိတ်မ ဝင်စားကြတော့ဘူး။ဒီကြားထဲ ကျောင်းပိတ်ရက်တွေမှာ မိဘတွေက အလည် အပတ်သဘော မျိုးခေါ်ကြပြန်တာကြောင့် ကလေးတိုင်း လိုလိုရဲ့စိတ်ထဲမှာ ငါကြီးလာရင် ဖူးခက်ကိုသွားပြီး အလုပ်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက် ကိုယ်စီဖြစ်ကုန်ကြရောပေါ့။ အဲဒီကလေးတွေဟာ ဆယ်သုံးလေးနှစ်အရွယ်ခြောက်တန်းခုနစ်တန်းရောက်လာတာနဲ့ စာသင်ကျောင်းကို ကျောခိုင်းပြီး ဖူးခက်မှာရှိတဲ့မိဘတွေ ရဲ့ကျွန်အမွေ ကို ပျော်ပျော်ကြီးဆက်ခံဖို့ ရောက်လာကြရောပေါ့။သူတို့မိဘတွေကလည်း အသက်ငါး ဆယ်ကျော် စိတ်ထင် သလောက်မလုပ်နိုင် မကိုင် နိုင်တဲ့အခြေအနေမို့ သူတို့ဗမာပြည်ကိုပြန်ချိန်မှာ ကျွန်အမွေကို သားသမီးတွေ လက်ထဲ ထည့်ခဲ့ကြတာပါပဲ။

ဒီကလေးတွေ နောက်ဆယ်နှစ် လောက်အနေကြာ၊အရွယ်ရောက်ပြန်တော့ စောစောက ဇာတ်လမ်းအတိုင်း တသွေမတိမ်း ကျွန်ဇာတ်ရှည်ကြီးကို ဆက်ခင်းပြီး ကျွန်သံသရာလည်ကုန်ကြတာပေါ့ဗျာ။ကျနော်လေ့လာမိသလောက်ဖူးခက်မှာ မွန်ဗမာထားဝယ် အလုပ်သမားဦးရေ သုံးသိန်းဝန်းကျင်ရှိသတဲ့ဗျာ။ဒီလူတွေဘယ်တော့များမှ ကျွန်သံသရာကနေလွတ်ကြပါ့မတုန်းဆိုတာ တွေးမိတိုင်းရင်လေးလှတယ်။ နေတောင်ဝင်တော့မယ် ကိုမင်းဒင်၊ ပြန်ကြစို့ရဲ့။ယိုးဒယားမြေမှာ ဗမာပြည်ဗမာလူမျိုးတွေ အတွက် နာကျည်း ကြေကွဲ စရာတွေ အများကြီးရှိ ပါသေးတယ်။အလျဉ်းသင့်တဲ့အခါ ရင်နာစရာဇာတ်လမ်းတွေကို ရင်နာနာ နဲ့ရှေ့ဆက်ကြ သေးတာပေါ့ဗျာ "

ပင်လယ်ရေလှိုင်းတို့သည် ကမ်းခြေကို တဖျတ်ဖျတ်ရိုက်ခတ်လျက်ရှိနေ၏။နေမင်းကြီးသည် အနောက်ဂေါယာကျွန်းဆီသို့မေးတင်နေရာ မှ ပင်လယ်ပြင်ထဲသို့ ငုတ်လျှိုးရန်ဟန်ပြင်နေချေပြီ။ကိုသက်ခိုင်၏ ရင်ထဲမှဝေဒနာသည် ကျနော့်ထံသို့ ကူးစက်လာဟန်ရှိသည်။ စကားဟ ဟပြောချင်စိတ်မရှိတော့ချေ။ကိုသက်ခိုင်သည် သူထိုင်နေရာ ကျောက်တုံးကြီးပေါ်မှ ခပ်လေးလေးထလိုက်ရင်း ကားရှိရာသို့ ခေါင်းငိုက် စိုက်ဖြင့် ထွက်ခွာသွားချိန်တွင် သူ့နောက်မလှမ်းကမ်းမှ ကျနော်သည်လည်းမဟာပထဝီမြေကြီးကို ကသိုဏ်းရှုလျက် ထပ်ချပ်မကွာ လိုက်ပါလာခဲ့မိ၏။ ဤအချိန်သည် ဗမာပြည်တွင် ညီအကိုမသိတသိ နွားရိုင်းသွင်းချိန်ဖြစ်ပေလိမ့်မည်။

(ဓာတ်ပုံ။ ။လင်းအောင်ဖြိုး)
↧

ဆြာဒင်နှင့်ရွှေပင်ရွာမှရှက်တတ်ကြသူများ

$
0
0



ဆြာဒင်နှင့်ရွှေပင်ရွာမှရှက်တတ်ကြသူများ

မင်းဒင်

(၁)
"တခေါက်လောက်ကြွခဲ့ကြစမ်းပါ။ ကျုပ်နှမများကိုဖိတ်ကြားချင်ပါတယ်ခင်ဗျာ။ ထိန်ဝါရောင်တိမ်တောင်တွေ စိမ်းစိမ်းစို ကိုယ်တို့ရွာ၊ ခုများတော့ မြို့ကြီးလို ဓာတ်မီးရောင်ရှိန်ကုသိုလ်ဖြစ်ဆေးရုံ၊ပွဲနဲ့လမ်းနဲ့သာသာယာယာ စာသင်ကျောင်းတွေနဲ့ရှေးကနဲ့မတူပါ ကျေးရွာ ဝါဒပြောင်းလဲလိုက်ကြပေါ့ခင်ဗျာ၊ ဟာ ဟာ ဟာ"
"ဗျို့ဆြာဒင်"
"ဘာတုန်းဟ၊ အလန့်တကြား ကပ္ပလီငယ်ရယ်"
အရေးကောင်း ဒိန်းဒေါင်းဖျက်ဟူသည့်စကားဥပမာသည် ဤနေရာတွင်ဧကန်မုချ၊မြေကြီးလက်ခတ်မလွဲ၊ဆတ်ဆတ်ကြီးမှန်လေပြီ။ နန်းတော်ရှေ့ဆရာတင်၏ ကျေးရွာဝါဒသီချင်းမှာ ဆြာဒင်၏အောင်မြင်ခန့်ငြားလှသောအသံဝါကြီးနှင့်လိုက်ဖက်လွန်းလှသဖြင့် နှုတ်မှ ဆိုညည်းအပ်သော တေးတံတျာသည် ဆြာဒင့်နားဝယ် ချိုမြိန်လျက်ရှိရကား  ဆိုမဝ၊နားထောင်မငြီးသုတိသြဘာမင်္ဂလာရှိနေချိန်တွင် ဆေးရိုးသည် ကပ္ပလီ၏ ခုနစ်အိမ်ကြားရှစ်အိမ်ကြားခေါ်သံကြောင့် ဆုံးခန်းမတိုင်လိုက်နိုင်တော့ပဲခုလတ်တွင်ရပ်တန့်သွားရချေ၏။
"ကဲ ဆြာဒင် အဝတ်အစားလဲပေတော့ ကြီးမယ်သီအိမ်မှာ ဆြာဒင့် သြဝါဒကို နာခံဖို့ လူစုံနေကြပြီဗျ"
နိုင်ငံတကာခရီးသွားတို့ဥဒဟိုဝင်ထွက်သွားလာလည်ပတ်ကြသော ယိုးဒယားပြည်ဖူးခက်ကျွန်းအရပ်နေဆြာဒင်သည် အသက်အရွယ် ထောက်လာသည်ကတကြောင်း၊ဖူးခက်မြေတွင် အနေကြာလာသည်နှင့်အမျှ မျက်စိရှုပ်နားရှုပ်သည့်ဒဏ်ကို မခံစားနိုင်တော့သည်က တကြောင်းတို့ကြောင့်၊ အခါအခွင့်သင့်သည်နှင့် လွန်စွာအလိုက်အကဲသိတတ်သည့် တပည့်ကျော်သုံးဦးခြံရံလျက် ဇာတိမြေရွှေပင်ရွာ ဆီသို့ အလွမ်းပြေခရီးအဖြစ်ဝှီးကနဲဝှစ်ကနဲ အလည်အပတ်ရောက်ရှိသွားတတ်ချေ၏။
ဆွေကြီးမျိုးကြီးဖြစ်လေသော ဆြာဒင်မှာ ရွာလုံးကျွတ်အမျိုးမတော်စပ်သူဟူ၍မရှိချေ။ဘကြီးဘဒွေးကအစ၊ဒွေးကြီးဒွေးလေးအဆုံး၊  မသေ ကြွင်းကျန် ကျောင်းနေဖော်သူငယ်ချင်းတသိုက်နှင့် ၎င်းတို့၏သားသမီးမြေးမြစ်တို့သည်လည်း ဆြာဒင်နှင့်အဖွဲ့အား ရောက်လေ သည့် အခေါက်တိုင်းတွင် မျက်ရည်တစမ်းစမ်းဖြင့် ဝမ်းသာရွှင်ပြကြိုဆိုတတ်ကြလေ၏။
(၂)
ရွှေပင်ရွာအား နှစ်ပရိစ္ဆေတကြာရှည်လေးမြင့်စွာ ခွဲခွာပြီးသကာလ ရန်ကုန်ရွှေမြို့တော်ကြီးတွင် တက္ကသိုလ်ပညာကို ဆည်းပူးခဲ့ရုံမျှမက ယိုးဒယားပြည်ဖူးခက်သို့တိုင်အောင် ရွှေပင်သားတို့၏အင်ပါယာကိုချဲ့ထွင်နိုင်လေသည့် ဆြာဒင်အား ရွာခံဆွေမျိုးညာတကာတို့စိတ်ဝယ် မာကိုပိုလို၊ကိုလံဘတ်နှင့်ဘတ်စကိုဒဂါးမားတို့နည်းတူ တတန်းတစားတည်းစာရင်းသွင်းကြဟန်ရှိလေသည်။စင်စစ်ထိုပုဂ္ဂိုလ်ကြီးတို့၏ ရာဇဝင်ကို ဂဃနဏသိကြသည်ကားမဟုတ်။ ရွှေပင်ပဏ္ဍိတ်ကျောင်းဆရာလေးကိုဘိုကိတ်၏ နှုတ်ထွက်စကားကို သံယောင်လိုက်ကာ မိုင်ထောင်ချီ ဝေးလံလှသည့် တနယ်တကျေးသို့ စွန့်စားထွက်ခွာကြသူများ ဟုသာ နားလည်ကြကုန်လေ၏။
သို့ကြောင့်ပင်ဖြစ်ပေမည်။ရွှေပင်မြေမှလွဲ၍ ရွာနှင့်နှစ်တိုင်ကွာ သားမြားဘူတာဆီသို့ တနှစ်တခေါက် မရောက်ဖူးကြသည့် ရွှေပင်သားတို့ သည် အိယောင်ဝါးဆြာဒင်အားပညာရှိကဝိတဆူ၊ဇမ္ဗူတလူဟု ထင်မှတ်ကြလျက် သည်တခေါက်ရွှေပင်ရွာအရောက်တွင်ပြင်ပ ကမ္ဘာကြီး ၏ခြင်းရာ၊နိုင်ငံရပ်ခြားတိုင်းတပါးသားတို့၏အကြောင်း၊ သောင်းပြောင်းထွေလာတို့ကို ဗဟု=များစွာသော၊ သုတ=အကြား အမြင်ရရှိ နိုင်ကြ စေရန်အလို့ငှာ သနားငဲ့ညှာသောအားဖြင့် ဟောပြောပေးပါမည့်အကြောင်း မျက်နှာ အောက်ချ၊ရိုသေခယစွာ တောင်းပန် ကြလေ၏။ရွှေပင်လူထု၏အားကို ဆြာဒင်မလွန်ဆန်သာချေ။
ဆြာဒင်သည် ကပ္ပလီ၏လာရောက်နှိုးဆော်မှုကြောင့် ကမန်းကတန်းဆိုလက်စသီချင်းကိုရပ်ကာ ကြီးမယ်သီအိမ်ရှိရာသို့ အသော့နှင် ရချေပြီ။ မင်းပရိသတ်ဗိုလ်ပုံအလယ်တွင် မဟာအရှက်တော် မကွဲစေရန်အလို့ငှာ ကမ္ဘာကြီး၏ပစ္စက္ခဖြစ်ရပ်တို့ကို မျက်ချေ မပြတ်အင်တာ နက်တည်းဟူသော ဗဟုဘဏ်တိုက်နှင့် အမြဲတစေ ထိတွေ့နေသော တပည့်ကျော်တို့ထံမှ .. "ဟကောင်တွေ ။ကနေ့ ဘာ သတင်းထူး သေးတုန်း ဆြာဒင့်ကိုကြိုပြောကြအုံးလဟ"ဟူသည့် အထက်စီးလေသံဖြင့် လမ်းခရီးတလျှောက် မသိမသာနည်းနာခံရင်း ခြေကုန်သုတ် ခဲ့ရာ ကြီးမယ်သီ့အိမ်ရှေ့သို့ ဒုတ်ဒုတ်ထိရောက်ခဲ့ရပြန်ချေသည်။
တောကျောင်းကျောင်းထိုင်ကိုယ်တော်တိုင်ပင်လျှင် ဆြာဒင်၏ဟောပြောပွဲရှိရာသို့ တခုတ်တရကြွရောက်ချီးမြှင့် တော်မူလေရာ လွန်စွာများပြားလှသောရွှေပင်ရွာလူအုပ်ကြီးသည် အိမ်ကြီးရခိုင်ပိုင်ရှင်၊လူကုံထံ စာရင်းဝင် ကြီးမယ်သီ၏ အိမ်ရှေ့ ကွက်လပ်တွင်  အုံးအုံးကျွက်ကျွက်စုရုံးရောက်ရှိကြကာ၊ကြက်ပျံမကျစည်ကားလျက်ရှိကြလေကုန်သည်တမုံ့။
(၃)
အခမ်းအနားမစတင်မီနှစ်နာရီခန့်ကပင် မင်းပေါင်းစုံညီလျက်၊လက်ပံပင်ဇရက်ကျသည့်နှယ် ဆူညံစွာရှိနေကြလေရာ ဆြာဒင်တစ်ယောက် ဗိုလ်ရှုခံသည့်အိုက်တင်တခွဲသားဖြင့်ရောက်ရှိလာချိန်တွင်မူ မီးကိုရေဖြင့်ငြိမ်းအပ်ဘိသကဲ့သို့ ပရိသတ်မင်းအပေါင်းသည်ငြိမ်သက်ခြင်း အတိသို့ရောက်လေ၏။ ရွှေပင်သား လူငယ်တချို့ကား တရုပ်ပြည်ဖြစ်စီးကရက်ကို ဟန်ပါပါခဲရင်း ဆြာဒင့်သြဝါဒကိုစောင့်မျှော်ကုန်၏။ သက်ကြီး ဝါကြီး တချို့ကား ပြောင်းဖူးဖက်ဆေးလိပ်ကို မီးတရဲရဲထအောင်ဖွာရင်း၊ဆြာဒင့်၏ ဟောပြောမှုကိုငံ့လင့်ကြကုန်၏။ ဆြာဒင်ကား ဟန်ကိုယ့် ဖို့ဟူသော ပညာရှိတို့၏လမ်းညွန်ချက်နှင့်အညီ ရွှေပင်ရွာလူစုံ၊ဗိုလ်ပုံအလယ်တွင် ခန့်ထည်စွာ မတ်မတ်ရပ်ရင်း၊ ကွပ်ပျစ်ပလ္လင်ထက်ဝယ် အမြိန့်သားစံနေတော်မူသည့် တောကျောင်းဘုန်းကြီးအားလက်အုပ်ချီဂါရဝပြုပြီးသကာလ ရွှေပင်ရွာသားတို့ ခေတ်မီမီ ကမ္ဘာ ကြည့်ကြည့်မြင်နိုင် စေရန် "အဟမ်း အဟမ်း"ဟူသော လည်ချောင်းရှင်းသံဖြင့် ဟောပြောမှုကိုနိဒါန်းပျိုးလိုက်ရချေ၏။
"ရွှေပင်ရွာမိဘပြည်သူအပေါင်းတို့ခင်ဗျား"
အချီးစကားမဆုံးမီမှာပင် ရွှေပင်ပရိသတ်ထံမှ တီးတိုးစကားသံတချို့ထွက်လာသည်ကား ..
"ဟာ ဆြာဒင်က အသက်ကြီးလှပြီဥစ္စာ၊ဘယ်နှယ့် ကျုပ်တို့ကို မိဘပြည်သူလုပ်နေရတာတုန်း"
"အေးလကွာ။ငါနဲ့ တောကျောင်းဘုန်းကြီးဆီမှာ စာအံဖက်၊ဂွေလှိမ့်ဖက်ဖြစ်ပါလျက်ကနဲ့ ငါ့ကို မိဘစာရင်းသွင်းတာတော့ တယ်ဟန်မကျ လှဘူး"
"ဟိုဘက်နိုင်ငံတွေမှာ ဒီလိုပဲ ခေါ်ကြတယ်ထင်ပါရဲ့"
"တိတ်တိတ်နေကြစမ်းပါဟ။ဆြာဒင်က နင်တို့ထက်တတ်တယ်။ဒီစကားမျိုးကို လောကွတ်လို့ခေါ်သဟ၊လောကွတ်။လောကွတ်"
ဆြာဒင်သည် ပရိသတ်ငြိမ်သက်သည်အထိအတန်ငယ်စောင့်ဆိုင်းပြီးမှ စကားကိုရှေ့ဆက်ရပြန်၏။
"ဆြာဒင်ဒီနေ့ဟောပြောမဲ့အကြောင်းအရာကတော့ "ရှက်တတ်ရင်လဲသေလို့ရတယ်"ဆိုတဲ့ခေါင်းစဉ်နဲ့ပါ။ ဆြာဒင်တို့မိဘဘိုးဘွား တွေရဲ့လက်သုံးစကားတစ်ခွန်း ကိုအားလုံးကြားဖူးကြမယ်ထင်ပါတယ်။ အသက်ထက်အရှက်က ပိုပြီးအရေးကြီးတယ်ဆိုတဲ့စကားပေါ့"
ဆြာဒင့်၏ စကားမဆုံးမီမှာပင် ရွှီ...ဖြောင်းဖြောင်းဟူသော လက်ခေါက်မှုတ်သံသြဘာသံတို့နှင့်အတူတခဲနက်ထောက်ခံသူများ ပေါ်ထွက် လာပြန်လေသည်။
"မှန်ချက်ကွာ။ဒဲ့ပဲ"
"ဟုတ်ပါ့ ဟုတ်ပါ့။လွှတ်မှန်ပေါ့"
"ဒါကြောင့်လည်း ဆြာဒင် ဆြာဒင် ဆိုပြီး နာမည်ကြီးပေသကိုး"
"ဟုတ်သာပေါ့။အသက်နဲ့လူလုပ်ရတာမှုတ်ဘူး၊အရှက်နဲ့"
"ရွှေပင်က ခုခေတ်ကာလသားသမီးတွေ ဆြာဒင့်စကားကိုမြေဝယ်မကျမှတ်ကြဟေ့"
(၄)
ဤသို့လျှင် ဆြာဒင်သည် ယနေ့ကြွလာ ရွှေပင်ရွာပရိသတ်တို့၏ အားပေးသံ တီးတိုးဝေဖန်သံနှင့်လက်ခုပ်သြဘာသံများကြားမှပင် အာရှတိုက်အတွင်း၊တောင်ကိုးရီးယားအမည်ရှိ ခေတ်မီနိုင်ငံကြီးတခုတွင် ပူပူနွေးနွေးယခုရက်ပိုင်းများတွင်ဖြစ်ပေါ်ခဲ့သော ဝမ်းနည်းကြေ ကွဲဖွယ် ဖြစ်ရပ်တခုကို အခြေခံလျက် ရွှေပင်သားတို့အရှက်တရားရှိကြစေရန် အာဝဇ္ဇန်း ရွှင်ရွှင်ဖြင့်ပိုင်ပိုင်နိုင်နိုင်ကြီး တံထွေးသီးအောင် ဟောပြောသမှုပြုခဲ့လေတော့သည်။
ဆြာဒင်၏ပိုင်နိုင်ကျွမ်းကျင်လှသောဟောပြောချက်ကြောင့် ရွှေပင်သားတို့၏ စိတ်အစဉ်ကား လွန်ခဲ့သော ၁၆၊၀၄၊၂၀၁၄နေ့က ဆိုးလ်မြို့ အင်ချွန်းအရပ်မှသည် ဂျယ်ဂျုကျွန်းဆီသို့ခုတ်မောင်းခဲ့သော ခရီးသည်လေးရာကျော်တင်ဆောင်ထားသည့် Sewol အပန်းဖြေ သင်္ဘောကြီးဆီသို့ ရောက်ရှိသွားကြလေကုန်ပြီတကား။မမျှော်လင့်ပဲ သင်္ဘောကြီးတိမ်းမှောက်သည့် အခန်း အရောက်တွင် ရွှေပင်လူထုသည်ထိတ်ထိတ်ပြာပြာ ဖြစ်ကြ၏။ ကျောင်းသားကျောင်းသူအများစုပါဝင်သည့် ခရီးသည်တို့ကို ထားရစ်ကာ ကိုယ်လွတ်ရုန်း ခဲ့သော သင်္ဘောမာလိန်မှူးကြီး၏ အကြောင်းကို ကြားကြရသည့်အခါ ဒေါသ အမျက်ချောင်းချောင်းထွက်ကြ ကုန်၏။ခရီးသည်သုံးရာ နီးပါးပျောက်ဆုံး ကွယ်လွန်ကြ ရခြင်းအတွက်လည်း များစွာပူဆွေးဟန်ရှိကြကုန်၏။
ထို့ပြင်တဝ အင်ချွန်းမြို့ဒေါင်ဝှမ်အထက်ကျောင်းမှ ဒုတိယကျောင်းအုပ်ကြီးသည် အဆိုပါခရီးစဉ်ကို စီစဉ်မိခဲ့ခြင်းအတွက်နောင်တ ကြီးစွာရလျက် မိမိကိုယ်မိမိ ဒုက္ခသည်စခန်းမှာပင် အဆုံးစီရင်သွားခြင်း၊နောက်ဆုံးအနေဖြင့် အဆိုပါသင်္ဘောနစ်မြှုပ်ရာတွင် ကယ်ဆယ် ရေးလုပ်ငန်းများ အချိန်မီမဆောင်ရွက်နိုင်ခြင်းကြောင့် တောင်ကိုးရီးယားဝန်ကြီးချုပ် Chung Hong Won ရာထူးမှနှုတ်ထွက်ခြင်း စသည့်နောက်ဆက်တွဲ ဖြစ်ရပ်တို့ကို ရွှေပင်သားတို့သည် နားရွက်မျှပင်မခတ်ကြပဲ နားစိုက်ကြကုန်၏။စုတ်တသတ်သတ်ဖြစ်ကြကုန်၏။
ဆြာဒင်ကား ဒုတိယကမ္ဘာစစ်ကြီးတွင် အရေးနိမ့်ခဲ့လေသော နေမျိုးနွယ်နိပွန်တို့ ဧကရာဇ် ၏အိမ်တော်ရှေ့တွင် ဆာမူရိုင်း စိတ်ဓာတ်ဖြင့် ဟာရာဂီရိပြုခဲ့ကြသည့်အကြောင်းခြင်းရာနှင့် ဟောပြောချက်ကိုနိဂုံးကမ္ပတ်အဆုံးသတ်လိုက်လေရာ ရွှေပင်လူထု၏လက်ခုပ်သြဘာသံ သည် အနီးနားရှိညောင်ကြတ်ပင်ရွာသို့တိုင်အောင်၊သောသောညံ မြည်းဟည်းလေတော့သတည်း။
(၅)
တပည့်ကျော်သာဝကသုံးဦးသည် ထင်မှတ်မထားလောက်အောင် ပွဲလည်တင့်ခဲ့လေသောဆြာဒင့်အား ချီးမွမ်းမကုန်ရှိကြလေရာ ဆြာဒင် မှာ နေမထိထိုင်မသာအိုးတို့အန်းတန်းပင်ဖြစ်ရလျက် ကြီးမယ်သီအိမ်မှ တည်ခင်းအပ်သော ရသာချိုချဥ၊်ခဲဘွယ်ဘောဇဉ်တို့ကို အားမနာတမ်းသုံး ဆောင်ပြီးသကာလ လေးဦးသားတည်းခိုရာနေအိမ်ဝပ်ကျင်းသို့အပြန်ခရီးတွင်ပင်မက၊ အိပ်ယာဝင်ချိန်အထိ ဘုတ်ကျီးမြှောက် ၊ကျီးဘုတ် မြှောက်နှင့်စကားအမျှင်မပြတ်နိုင်ကြပဲ သက်ကြီးခေါင်းချချိန်လွန်မှသာ အိပ်ပျော်ခြင်းသို့ရောက်ကြလေ၏။
မှေးကနဲပျော်မည်ရှိသည်ဟုသာ ထင်မှတ်မိတော့သည်။ဆြာဒင်တို့တည်းခိုရာအိမ်ရှေ့တွင် ကျွက်စီကျွတ်စီအသံများ ကြားနေရသည်ဟု သံသယဝင်မိသဖြင့် ကြက်အိပ်ကြက်နိုးသတိတရားမလွတ်လေသော ဆြာဒင်သည် ဖယောင်းတိုင်တတိုင်ကို ဖျတ်ကနဲမီးထွန်းညှိလျက် လက်ဖြင့်ကိုင်မြှောက်ရင်း အိမ်၏ အရှေ့ဖက်ကွက်လပ်ဆီသို့လှမ်းမျှော်ကြည့်လိုက်မိချိန်တွင်ကား မည်းမည်းလှုပ်နေသော ရွှေပင်လူထု သည် ကြည်လင်ရွှင်ပျခြင်းမရှိသည့် မျက်နှာထားကိုယ်စီဖြင့် စုရုံးရောက်ရှိနေကြလေရာ ဆြာဒင့်မှာ နဝေတိမ်တောင်မျက်နှာပေးဖြင့် စိစစ်မေးမြန်းသမှုပြုရပြန်လေ၏။
"ဘယ့်နှယ်။စောစောစီးစီ နံနက်မိုးသောက်အလင်းမရောက်မီ ရွာရှိလူကုန် ဆြာဒင့်အိမ်ရှေ့ကြွရောက်လာကြတာဖြင့် အဘယ်အရေး
ပေနည်း"
ဆြာဒင့်စကားအဆုံးမှာပင် လူအုပ်ရှေ့သို့ ရင်ကိုကော့လျက်ထွက်လာသူမှာ ရွှေပင်ပဏ္ဍိတ်ကျောင်းဆရာလေး ကိုဘိုကိတ်ဖြစ်၏။
"စောစောစီးစီး ဆြာဒင့်ကို ဒုက္ခလာပေးတယ်မထင်ပါနဲ့။ကျုပ်တော့ ရွှေပင်ကျောင်းဆရာအဖြစ်က နှုတ်ထွက်လိုက်ပါပြီဆြာဒင်။ ရွှေပင်ကျောင်းကနေ မက်ထရစ်မအောင်ခဲ့တာ ငါးနှစ်တောင်ရှိပြီ။ ဒီအတွက် ကျုပ်မှာ တာဝန်မကင်းသလိုခံစားရလို့ပါဗျာ"
ကိုဘိုကိတ်နောက်သို့အဆုတ်တွင် လူအုပ်ကြားမှ ရှေ့တလှမ်းတိုးလာသူကား ဆြာဒင့်ပထွေးလေး ဘပေါ်အေးပေတည်း။
"ဘထွေးလည်း အိမ်ထောင်ဦးစီးအဖြစ်ကနေ နှုတ်ထွက်လိုက်ပါပြီကိုရင်၊ကျုပ်ကလေးတွေကို ကွန်ပြူတာဆိုလား လက်ပတော့ဆိုလား တလုံးမှဝယ်မပေးနိုင်တာ ကျုပ်အပြစ်ပါပဲ။သူတို့မှာသာကွန်ပြူတာရှိနေရင် ဆြာဒင်တို့လို မျက်စိကြီးနားကြီးဖြစ်နေလောက်ပြီ။ ကျုပ်လည်း နေဝင်မိုးချုပ်တတ်နိုင်သလောက်တကုပ်ကုပ်လုပ်ခဲ့တာပါပဲ။ဒါပေသည့်ဘထွေးမှာ တာဝန်မကင်းလှပါဘူး"
ဆြာဒင်မည်သို့သော တုန့်ပြန်စကားကို ဆိုရမည်မသိသေးချိန်တွင် ကေသာဂျာရစ်ဒီဇိုင်းပုဆိုးကွင်းသိုင်းထားသော ကျောင်းတဖက်နှင့် နွားအုပ် ကျောင်းနေသည့် ရွှေပင်၏အနာဂတ်မျိုးဆက်သစ် ဆယ့်ခြောက်နှစ်မပြည့်သေးသည့် ဘိုစန်းကလည်း မြွေပူရာကင်းမှောင့်ပြန် ချေ၏။  
"ကျနော်လည်း နွားကျောင်းသားအဖြစ်က နှုတ်ထွက်လိုက်ပါပြီဆြာဒင်။တနေကုန်လှန်ထားတာတောင် နွားတွေမှာ အရိုးပေါ်အရေတင် ဘဝရောက်ရတာ ကျနော့်အပြစ်ပေါ့။စားကျက်မြေတွေအစိုးရသိမ်းပစ်တာက တပိုင်းပါဗျာ"
(၆)
ရုတ်ခြည်းဆိုသလို ထပ်၍ပေါ်လာပြန်သူကား ဘယ်ချိန်က တုံးလိုက်မှန်းမသိသော ဂဒိန်းတိုကြီးနှင့်ရွှေပင်သူကြီး ဘထွေးတော် ဘိုးချစ်ခိုင် ဖြစ်၏။သူသည်လည်း ဆို့နင့်ကြေကွဲနေယောင်တကား။ဘထွေး၏မျက်နှာပေးကား ပြိုမှာလေလားမိုးရဲ့ဟူသော သီချင်းစာသား ကို ချက် ချင်းပြေး၍သာသတိရစရာကောင်းတော့သည်။
"တကယ်တော့ ရွာလုံးကျွတ်နှုတ်ထွက်ချင်စိတ်ပေါက်အောင် ဖန်တီးခဲ့တဲ့ တရားခံအစစ်ဟာ ကျုပ်ပါပဲ ဆြာဒင်။သူကြီးတစ်ယောက် အနေနဲ့ ရွှေပင်ရွာကောင်းရာကောင်းကြောင်းဆိုလို့ ရွာမှာလျှပ်စစ်မီးလင်းဖို့မပြောနဲ့။စက်ရေတွင်းတတွင်းဖြစ်အောင်တောင်   မစွမ်း ဆောင်နိုင်ခဲ့ပါဘူး။ ကျုပ် လည်း သူကြီး ဘဝက နှုတ်ထွက်ပြီး သာသနာ့ဘောင်မှာ ရဟန်းဘဝနဲ့ အရိုးထုတ်ပါတော့မယ်"
ဆြာဒင့်မှာဘာတခွန်းမှ ပြန်ပြောချိန်မရ။ နှုတ်ဆွံ့မှင်တက်မိနေချိန်တွင် ရုတ်ကနဲ လူအုပ်ကြီးရှဲသွားလေရာ တောကျောင်းမှ ကျောင်းထိုင်ကိုယ်တော် ဘုန်းကြီးသန်းအောင် စက္ခုနြေ္ဒချလျက် ကြွချီတော်မူလာသည်ကိုမြင်ရပြန်လေ၏။ဆြာဒင့်ခမျာပျာပျာသလဲ မြတ်သော နေရာကို စီမံလျက် နိမ့်သောအရပ်မှနေ၍ ဆရာတော်၏ နှုတ်မြွက်သြဝါဒစကားကို ခံယူရပြန်၏။
"ဘုန်းကြီးလည်း တစ်ညလုံးတမှေးမှ မကျိန်းနိုင်ဘူးဒကာ၊ဒကာဒင်ပောာတာမှန်ချက်။ဒကာကြီးဟောသလိုဖြင့် ဘုန်းကြီးမှာလည်း တာဝန်မကင်းပေဘူး။ရွှေပင်သားတွေ ယောနိသောမနသီကာရ အသင့်အတင့် နှလုံးသွင်း တတ်အောင်ကျုပ် မဟောနိုင်ခဲ့ဘူးလေ။ ဒါဟာ ဘုန်းကြီးအပြစ်ပါပဲ။တောကျောင်း၊ကျောင်းထိုင်ဘဝကနေ ကျုပ်နှုတ်ထွက်တော့မယ်ဒကာဒင်"
သည်လိုပုံနှင့် မိုးကြီးချုပ်လျှင်ဖြင့် ရွှေပင်ရွာလုံးကျွတ်နှုတ်ထွက်ပွဲကြီးဖြစ်ပေတော့မည်။မဂျာအေးကို သူ့အမေရိုက်သဖြင့် ဆြာဒင်တစ် ယောက် မှောင်မိုက်တွင်ငိုရကိန်းဆိုက်လေပြီ။ကြံရာမရသည့်အဆုံး ဆြာဒင့်နှုတ်မှ တောင်စဉ်ရေမရ ယုတ္တိမတန်သော ဖြေသိမ့်စကား တချို့သည် ဗလုံးဗထွေးထွက်အံကျလာလေရာ ဆြာဒင်ကိုယ်တိုင်ပင် ဘရိတ်မအုပ်နိုင်တော့ချေ။
"ဟ ဟ။နေကြပါဦးဗျာ။အဲအဲ၊ ငံ့ပါဦးဘုရား။ ဘယ်နှယ့် ရွှေပင်တရွာလုံး ရွာလုံးကျွတ်နှုတ်ထွက်ပွဲကြီးလုပ်မှတော့ ဆြာဒင်လည်း ရွှေပင်ရွာအာဂန္တုအဖြစ်ကနေချက်ချင်း နှုတ်ထွက်ပြီး ဖူးခက်ကို ကုန်းကြောင်းလျှောက် ပြန်ရမဲ့ကိန်းဆိုက်တော့မပေါ့။ ဒီလိုလုပ် ပါဗျာ။ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဆရာတော်တို့၊ခင်ဗျားတို့တတွေမှာ တိုက်ရိုက်တာဝန်မရှိပါဘူး။ဒါကြောင့်ဆြာဒင်ကိုယ်တိုင် နတ်မောက်၊ မကွေးနဲ့ နေပြည်တော်အထိ တက်ပြီး တာဝန်ရှိတယ်လို့ထင်ရသူတွေ ရှက်တတ်လိုရှက်တတ်ငြား၊ နှုတ်ထွက်လိုနှုတ်ထွက်ငြား ပြောကြည့်ပေးပါ့မဗျာ။ လောလောဆယ်တော့ ကိုယ့်အိမ်ကိုယ်ပြန်ကြပါတော့။ဆရာတော်လည်းပြန်ကြွပါတော့ဘုရား။ရှစ်ကြီးခိုးပါရဲ့"
(၇)
ကိုယ့်ရှူးကိုယ်ပတ်သောဆြာဒင်ကား လင်းအားကြီးအချိန်၊မျက်နှာမသစ်ရသေးခင်တွင်ပင် ရွှေပင်လူထုအား မျက်နှာငယ်ဖြင့်လျှာထွက် မတတ် တိုးလျှိုး တောင်းပန်လူစုခွဲစေပြီးနောက် လူအုပ်စဲချိန်၊အိမ်တွင်းဘက်သို့ပြန်လှည့်အဝင်တွင် ကပ္ပလီ၊ဖေကြည်နှင့်လေမင်းသား၊ သကောင့် သားသုံးဦးသည် ပြီတီတီ မျက်နှာပေး ကိုယ်စီဖြင့် ဆြာဒင်ဆိုခဲ့သည့် တေးသီချင်းကို ခပ်ညည်းညည်းသံပြိုင် သီဆိုနေကြလေရာ စိတ်မဆိုး သော်ငြား ကျွဲမြီးတိုနေသော ဆြာဒင့်မှာ ဒင်းတို့အား ဖနောင့်ဖြင့်သုံးချက်စီနာနာပေါက်ချင် သည့်စိတ် ဆင်ရိုင်းကို သတိတည်း ဟူသော အသိတရားဖြင့် အချိန်မီချွန်းအုပ်လိုက်ရချေ၏။
"နိုင်ငံအကျိုးများကိုသာ အားလုံးရွက်ဆောင်ပါမယ်ခင်ဗျာ။ ပြုပြင်ရေးလုပ်တဲ့ရွာ အမျိုးသားအတွက်ဆို မငြိုငြင်ပါ။ ကောင်းချီးသခါင်္၊ ရွှေ တေဇာ၊ကောင်းချီးသခါင်္င်္မြန်မာတို့ရွှေတေဇာ၊ဘုန်းမိုးစွေကာ သွန်းဖြိုးရွာလေတာ။ ဦးအောင်ဇေယျ ယင်းပထမက နေတာ မုဆိုးဖိုခေါ် ရွာ ကလေးပါခင်ဗျာ။ အမျိုးသားများ တိုးပွားစရာ၊နိုးကြားကာ အောင်မြင်ဆောင်ရွက်လာ ဇာတိကမ္ဘာသိ ပါရမီ့ရှင်တောင် ထွက်ခဲ့ဖူးတဲ့ ရွာကလေးပါ။ (တို့လူလေးများ ဆိုသလေး)
အောင်မြန်မာ အောင်ဇာတာ အောင်ရာနိမိတ်ကယ် သွန်းဘိသိဘ်ဖြာ။အောင်ရပ်ကယ်သာသလေး၊ အောင်ရာတည့်မယွင်း ယိုင်းပင်း ကူညီပေး၊ ဆြာဒင် နန်းတော်ရှေ့ပါဗျာ သွင်းဆိုသည့်စာ"

ဓာတ်ပုံ။ ။ဂူဂဲလ်
↧

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0

အခန်း(၃၂)
မာဖီးယားဖူးခက်
၂၀၁၄ခုနှစ်၊ဧပြီလ(၂၃)ရက်
လွန်ခဲ့သော ရက်သတ္တပတ်များက ပူပြင်းခဲ့သော်ငြား၊ဤရက်ပိုင်းအတွင်း ဖူးခက်မှာ မိုးတပြိုက်နှစ်ပြိုက်ရွာသည်။ မုတ်သုန်၏ ရှေ့တော်ပြေးလော၊ ပျံကျမိုး လောမဝေခွဲနိုင်ချေ။ဖူးခက်သည် ပင်လယ်ပြင်ထဲက ကျွန်းငယ်ဖြစ်လေရာ အပူရှိန်ပြင်းသည့်နေ့ရက်များတွင် ပျံကျမိုးရွာလေ့ရှိသည်။ သေချာသည်ကား မကြာမတင်ရက်ပိုင်းကာလ မေလဆန်းလျှင်ဖြင့် ဖူးခက်သို့ မုတ်သုန်ဝင်တော့မည်။
သင်္ကြန်နေ့ရက်များ၏နောက်ဆက်တွဲပေလော၊မတည်ငြိမ်သောထိုင်းနိုင်ငံရေးအခြေအနေကြောင့်ပေလောမဆိုနိုင်။သည်ရက်ပိုင်းတွေမှာ ကျနော့်ဆိုင်တွင် အရောင်းအဝယ်ပါးလှသည်။ဆိုင်တွင်းမှခြေတဖဝါးမျှခွာရန်ပင်ဝန်လေးတတ်သော၊ ဆိုင်မန်နေဂျာ တူတော်မောင် ရဲအောင်ပင်လျှင် "ဈေးကွက်စနည်းနာချေဦးမည်"ဟုဆိုကာ ဆိုင်ကယ်တစီးဖြင့်ဆိုင်ကို ယာယီစွန့်ခွာသွားလေရာ တစ္တေခြောက်မတတ်၊ ဝယ်သူကင်း မဲ့နေသည့် ဆိုင်တွင်းမှာ ကျနော်တကိုယ်ထီးတည်း ငေါင်းစင်းစင်းကျန်ရစ်ခဲ့လေသည်။
ခြောက်ကပ်ကပ်နှင့် ပျင်းရိဖွယ်ကောင်းလှသည့် အချိန်မျိုးတွင် စကားပြောဖော်ရှိလျှင်ကောင်းလေစွဟူသော ကျနော့်အတွေးမဆုံး မီမှာပင်၊တိုက်တိုက်ဆိုင်ဆိုင် ကျနော့်ဆိုင်ရှေ့သို့ ကားနက်ကြီးတစီးထိုးရပ်လာပြီး ကားပေါ်မှာ အကြော့သားဆင်းလာသူမှာ ကိုသက်ခိုင်ဖြစ်လေ၏။အမြဲလိုလိုရွှင်လန်းတက်ကြွနေသည့် ကိုသက်ခိုင်ကား ဆိုင်ဝမှပင် အခြေအနေအရပ်ရပ်ကို အကဲခတ်မိဟန်ရှိ သည်။
"ကိုယ့်ဆရာ။ထူးထူးဆန်းဆန်း ဆိုင်မှာထိုင်လို့ပါကလား။အကဲခတ်ရသလောက် ခင်ဗျားနောက်မှာ ကပ်ထားတဲ့ ဝင်လာမစဲ၊တသဲသဲ ဆိုတဲ့ စာတန်းဟာ အာနိသင်ပြယ်နေပြီထင်ပါရဲ့"
"အေးဗျာ။ အရောင်းပါးပုံများ သူရဲခြောက်မှာတောင် ကြောက်ရတယ်။ ဗမာအလုပ်သမားတွေလည်း၊စုထားဆောင်းထားတာလေးတွေ သင်္ကြန်မှာ အပျော်လွန်ပြီး ပြောင်ကုန်ပြီထင်ပါရဲ့။ဒီကြားထဲ ထိုင်းနိုင်ငံရေးကလည်းမတည်ငြိမ်တော့ ထိုင်းနိုင်ငံစီးပွားရေးလည်း ထိခိုက် နေပြီ ထင်ပါရဲ့"
"သေချာတယ်ကိုမင်းဒင်ရ။ ဘန်ကောက်မြို့ကြီးမှာတောင် နိုင်ငံခြားဧည့်သည်တွေ အဝင်ကျဲလာသတဲ့။ပင်နာဇွန်လို ဖူးခက်မြို့ရဲ့အကြီး ဆုံး ဆောက်လုပ်ရေးကုမ္ပဏီမှာတောင် အလုပ်သမားတွေကို လုပ်ခမရှင်းပေးနိုင်တာ နှစ်လကျော်ပြီတဲ့။ ဒီတော့ ခင်ဗျားဆိုင်အရောင်းပါး တာသိပ်မဆန်းလှဘူး။ပိုဆိုးတာက အခုကျနော်လာရာလမ်းမှာလည်း ဖူးခက်လေဆိပ်ဆီသွားတဲ့၊မြို့ဝင်မြို့ထွက် အဓိကလမ်းမကြီးကို မဏ္ဍပ်စင် ထိုးပြီး ပိတ်ဆို့ ထားကြလေရဲ့"
"ဟ၊သတင်းထူးပါလား၊လုပ်ပါဦး။ လမ်းမကြီးကို ပိတ်ဆို့ထားတာ အနီတွေလား။အဝါတွေလား"
"အခုလမ်းပိတ်ဆန္ဒပြနေကြတာက အနီတွေအဝါတွေမဟုတ်ဘူးဗျာ။ရာဇဝတ်မှုတခုအပေါ် ဖူးခက်ရဲတွေကိုင်တွယ်ပုံကို မကျေနပ်လို့ ဆန္ဒ ပြနေကြတာတဲ့။အရပ်သတင်းအရတော့ ဒီအမှုဟာ မာဖီးယားဆန်ဆန်ပြစ်မှု ကျူးလွန်ခဲ့တယ် ဆိုပဲ။ဖူးခက်ပုလိပ်တွေ ဘယ်ကိုင် ရဲပါ့မတုန်း၊ ခေါင်းဆင်နင်းနေပြီ ထင်ပါရဲ့"
"အော် စိတ်ဝင်စားစရာပဲဗျာ။ ဆက်ပါအုံးဗျ"
"ဖြစ်ပုံက လွန်ခဲ့တဲ့နှစ်ရက်လောက်က ဖူးခက်မြို့အဝင်ဆာယက်ဆင်တံတားကြီးနားက အဝေးပြေးလမ်းမကြီးပေါ်မှာ မုဒိန်းမှု တစ်ခု ဖြစ်ခဲ့သတဲ့ဗျာ။ကျူးလွန်တယ်လို့ သံသယရှိရတဲ့ လူငယ်နှစ်ယောက်က အမွှာညီအကိုတဲ့။ဒီလူငယ်နှစ်ယောက်ကို ဆာယက်ဆင်ရဲစခန်း က ဖမ်းမိပေမဲ့ အသက်တွေက (၁၇)နှစ်စီပဲ ရှိကြသေးတာမို့ ဖူးခက်ပုလိပ်တွေက အမှုကိုထိထိရောက်ရောက် မကိုင်တွယ်ကြ ဖူးထင်ပါရဲ့။တချိန်တည်းမှာ ဒီအမွှာညီအကိုနှစ်ယောက်ရဲ့မိဘတွေဟာ ဖူးခက်မာဖီးယားတွေနဲ့ အချိတ်အဆက်ရှိသလိုလို လည်း သတင်းထွက်လာတယ်။ဒါပေသည့် မုဒိန်းအကျင့်ခံရတဲ့ မိန်းကလေးဟာ  ကိုယ်ဝန်ငါးလဆောင်ထားရတဲ့ နှစ်ဆယ့်ငါးနှစ်အရွယ် မွတ်ဆလင်အမျိုးသမီးဖြစ်နေလေရဲ့။ဒီမှာတင် ဘာသာရေးပါနွယ်သလိုဖြစ်လာပြီး လမ်းတွေ ပိတ်ဆန္ဒပြကြတဲ့အထိ ဖြစ်ကုန်ကြတာ ပေါ့ဗျာ။
ဖူးခက်ရဲတွေ ရှင်းပုံရှင်းနည်းကလည်း မှတ်သားစရာပါပဲ။ .....ဒီကလေးနှစ်ယောက်ဟာ မုဒိန်းကျင့်ဖို့အစီအစဉ်မရှိပါဘူး၊ ကိုယ်ဝန်ရှိနေတယ် ဆိုတာလည်း သူတို့မသိပါဘူး၊လက်ကိုင်ဖုန်းနဲ့ ဆိုင်ကယ်ကို လုယက်ဖို့ပဲ ကြိုးစားခဲ့တာပါတဲ့။အဲဒါ ကျနော်နား အကြားနဲ့ ပြောတာမဟုတ် ဘူးနော်။ဖူးခက်ဂေဇက်သတင်းစာမှာ သတင်းထောက်တွေရဲ့အမေးကို ဖူးခက်ပုလိပ်အရာရှိ မင်းဖြေထားတာဖတ်ပြီးပြောနေတာ။ဒီပွဲမှာ ထိုင်းရဲ၊ဖူးခက်မာဖီးယားနဲ့ နစ်နာရတဲ့ဘက်က အပြန်အလှန်ရွေ့ကွက်တွေဟာ အတော်တော့ စိတ်ဝင်စားစရာကောင်းတယ်ဆိုရမယ်။ ထိုင်းရဲကျင့်ထုံးအရ ရာဇဝတ်မှုတရားခံတွေကို ဖမ်းမိတဲ့အခါ သူတို့ဘယ်လိုကျူးလွန်ခဲ့တယ် ဆိုတာ ထင်ရှားခိုင်မာတဲ့ အထောက်အထား ရနိုင်အောင် ကျူးလွန်ခဲ့တဲ့ နေရာမှာ ကျူးလွန်ခဲ့တဲ့ လှုပ်ရှားမှုအတိုင်း ပြန်ပြီးသရုပ်ဆောင် ပြရ သတဲ့ဗျ။
အဲဒီလို တရားခံတွေကို လက်တွေ့သရုပ်ပြစေဖို့ခေါ်လာတဲ့အချိန်မှာ နစ်နာရတဲ့ဘက်က  ပြန်ပြီးကလဲ့စားချေတဲ့အနေနဲ့ လက်စတုံးစီရင် ဖို့ ဇယားချတယ်။ဒါဟာ သူတို့ပထမဆုံးရွေးချယ်တဲ့နည်းလမ်းဗျ။ဖူးခက်ပုလိပ်နဲ့ မာဖီးယားအုပ်စုကို အကောင်းဆုံးတုန့်ပြန်တဲ့ နည်းလမ်း လို့ ယူဆကြပုံပေါ်တယ်။ဒါပေမဲ့ ဒီသတင်းဟာ တရားခံတွေကို ပြစ်မှုကျူးလွန်တဲ့နေရာဆီ ခေါ်လာမဲ့ဆဲဆဲ နာရီပိုင်းအလိုမှာ ပေါက်ကြား သွားတာမို့ ဖူးခက်ရဲတွေက မူလအစီအစဉ်ကို ဖျက်လိုက်တော့ နစ်နာသူဘက်ကလူအုပ်စုဟာ ဒုတိယနည်းလမ်းအဖြစ် လေဆိပ်ကို သွားတဲ့ လမ်းမကြီးကို လူအင်အားရာချီပြီး ပိတ်ဆို့လိုက်ကြတာပေါ့ဗျာ"
ကိုသက်ခိုင့်ဇာတ်လမ်းကြောင့် ကျနော်သည် ဈေးရောင်းပါးသော အဖြစ်ကို မေ့လျော့နေသည်။ဆိုင်အတွင်းလူရှင်းရုံမက ဆိုင်အပြင် ဘက် လမ်းမပေါ်မှာပါ လူသွားလူလာရှင်းလျက်ရှိ၏။ပတ်ဝန်းကျင်အခြေအနေအရပ်ရပ်သည် ကျနော်တို့စကားဝိုင်းကို ရှေ့ဆက်နိုင်ရန် ကူညီ ပံ့ပိုး လျက်ရှိလေသည်။
"ဒါနဲ့ ခင်ဗျားပြောသလို ဖူးခက်မှာမာဖီးးယားတွေကြီးစိုးတယ်ဆိုတာ တကယ်ပဲလားဗျာ"
"အော်။ထိုင်းလေသံလေးနဲ့ပြောရရင်ဖြင့် လွိုင်ပါဆင့်(တစ်ရာရာခိုင်နှုန်း)သေချာပါသော်ကောဗျာ။ကျနော်အကဲခတ်ရသလောက် ထိုင်းလူ မျိုးအများစုဟာ ဘာသာရေးအပေါ်မှာတော့ သိပ်ပြီး အယူအစွဲမပြင်းထန်ကြဘူး။ယာလာတို့ပါတနီတို့လို မလေးနယ်စပ်နဲ့ထိစပ်နေတဲ့ မြို့တွေမှာတော့ တမျိုးပေါ့။ကျနော်ဆိုလိုတာက ထိုင်းတနိုင်ငံလုံးကို ခြုံငုံပြီးပြောတာ။ထိုင်းလူမျိုးတွေဟာ ငွေကြေးနဲ့ပတ်သက်လာရင် တခြားလူမျိုးထက်ပိုပြီး လောဘရမ္မက်ကြီးတယ်ဆိုရလေမလား။စောစောက ကျနော်ပြောခဲ့တဲ့ မုဒိန်းမှုမှာလည်း ငွေကြေးကြောင့် မာဖီးယား တွေဝင်ပတ်သက်လာတာ ဖြစ်ဖို့များတယ်။တကယ်တော့ဖူးခက်မြို့ကြီးဆိုတာကလည်း နိုင်ငံတစ်ကာဧည့်သည်တွေအတွက် လိုတရမြို့ကြီးပေါ့ဗျာ။ လောင်းကစားဝါသနာပါသလား။မူးယစ်စေတတ်တဲ့ အရာတွေနဲ့ နိဗ္ဗာန်ဘုံကို ဘယ်နှစ်ခေါက်သွားချင်သတုန်း။ ဆေးခြောက်လား၊အိုက်စ်လို့ခေါ်တဲ့ရေခဲလား။မူးယစ်ဆေးဝါးမှန်သမျှ အလုံးအပြားလေးထောင့်တြိဂံ၊ ပုံစံမျိုးစုံချက်ချင်းရစေရမယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် မိန်းမချင်း၊ယောက်ျားချင်း ချစ်ရည်တူနှစ်ကိုယ်မျှချင်ကြသလား။ အဆင်သင့်ပဲဟေ့ဆိုတဲ့ မြို့ကြီးပေါ့ ဗျာ။ဒီလိုမြို့ကြီးမှာ ဒုစရိုက် ဂိုဏ်းတွေရှိနေတာဆိုတာ အဆန်းတကြယ်တော့ မဟုတ်လှပါဘူး။
လွန်ခဲ့တဲ့ ခုနစ်နှစ်ဝန်းကျင် ၂၀၀၇ခုနှစ်လောက်တုန်းကပေါ့ဗျာ။ ဗမာအလုပ်သမားတွေကို ဖူးခက်မြို့ထဲအရောက် တရားမဝင်မှောင်ခို သွင်းကြရာကနေ မာဖီးယားအုပ်စုနှစ်ခု ဖူးခက်မြို့လည်ခေါင်မှာတင် အပြန်အလှန်လက်စားချေပွဲကြီးတစ်ခုဖြစ်ခဲ့ဖူးတယ်ဗျ။အမှန်တော့ ထိုင်းမှာလူမှောင်ခိုကူးကြတယ်ဆိုတာ ဗမာအစိုးရထင်နေသလို ဗမာလူပွဲစားတချို့က ကြိုးကိုင်နေတာမဟုတ်ဘူး။အဓိကနေရာကနေ ပါဝင်လှုပ်ရှားနေသူတွေဟာ ထိုင်းစစ်တပ်၊ထိုင်းရဲနဲ့ထိုင်းမာဖီးယားတွေပဲဗျာ။သူတို့အပိုင်စားရာနေမြေအလိုက် ကြီးစိုးပြီး လူမှောင်ခိုလမ်း ကြောင်းကြီးကို ချုပ်ကိုင်ထားကြလေရဲ့။ဗမာလူပွဲစားဆိုတာ တကယ်တော့ အိုးလူးခွက်လူးစားရတဲ့ အဆင့်ပါပဲ။ ကျနော်သိသလောက် ခိုးဝင်လာတဲ့ ဗမာအလုပ်သမားတစ်ယောက်အတွက် ဗမာလူပွဲစားတွေရလှ ထိုင်းဘတ်ငါးရာပေါ့ဗျာ။
လူပွဲစားလုပ်ငန်းဟာ တကယ့်ကို ဝင်ငွေကောင်းတဲ့အလုပ်ဗျ။ကျနော်ကောင်းကောင်းသိတယ်။သိဆို ဖူးခက်မှာ အနေကြာပြီး လူရာဝင် ဆန့်လာတော့ မာဖီးယားတွေ ကျနော့်ကို လူပွဲစားလုပ်ဖို့တင်မက၊မူးယစ်ဆေးဝါးရောင်းဝယ်ဖို့ပါ ကမ်းလှမ်းခဲ့ဖူးသေးတာကိုး။ ခင်ဗျား စဉ်းစားကြည့် ။အခုလို အခြေအနေတရားဝင်ပတ်စပို့တွေထုတ်ပေးနေချိန်မှာတောင် ခိုးဝင်လာမဲ့ဗမာအလုပ်သမားတစ်ယောက် အတွက် ထိုင်းဘတ် လေးထောင့်ငါးရာကျတယ်။တနေ့ကို အသွားအပြန်လုပ်နေတဲ့ဗမာအလုပ်သမားဦးရေ ငါးရာဝန်းကျင်ရှိတာကြောင့် ဖူးခက်တမြို့ထဲမှာတင် ဒီလုပ်ငန်းရဲ့တစ်နေ့ဝင်ငွေဟာ ထိုင်းဘတ် နှစ်သန်းကျော်ရှိတယ်ဗျ။ မက်မောလောက်စရာ၊ ဧရာမဂွင်ကြီးပေါ့။ ထိုင်းလူမျိုးတွေဟာ ထိုင်းဘတ်နှစ်ဆယ်လောက်ဆိုငွေလို့မှတ်ကြတာဗျ။ဒီငွေတွေကို ထိုင်းစစ်တပ်၊ထိုင်းရဲ၊ထိုင်းလူမှောင်ခိုတွေ ဝါးစေ ဝေစားကြလေသတည်းပေါ့။
အဝေမတည့်တဲ့အခါ ထိုင်းသောဗမာသော နားမလည်ဘူး။ တွေ့ရာသင်္ချိုင်းဒါးမဆိုင်းပဲ အပြတ်ရှင်းကြတာပေါ့။ကျနော်ပြောမဲ့ ဖူးခက်မာဖီး ယားအချင်းချင်းအပြတ်ရှင်းတဲ့ပွဲရဲ့ ပထမဆုံးအဓိက ပစ်မှတ်ဖြစ်သွားရသူကတော့ မွန်ဗမာလူငယ်တယောက်ဗျ။ သူ့နာမည်က ချမ်းမွန်တဲ့ ။မော်လမြိုင်ဘက်က ဇာတိပါပဲ။ဖူးခက်ကို ချုပ်ကိုင်ထားတဲ့ လူမှောင်ခိုအဖွဲ့ကြီးရဲ့အဓိကနေရာမှာ လှုပ်ရှားနေတဲ့ထိုင်းလူမျိုးရဲ့နာမည်က သာချိုတဲ့။ဗမာအများစုကတော့ သူ့ကို နှုတ်ခမ်းမွှေးလို့ပဲခေါ်ကြလေရဲ့။ထိုင်းရဲဝန်ထမ်းဟောင်းသာချိုခေါ် နှုတ်ခမ်းမွှေးဟာ ဖူးခက်လူ မှောင်ခိုဂိုဏ်းရဲ့ထိပ်သီး ဆိုပါတော့။နှုတ်ခမ်းမွှေးရဲ့မိန်းမကလည်း မွန်ဗမာပဲတဲ့ဗျ။
အစပိုင်းမှာတော့ ချမ်းမွန်ဟာ နှုတ်ခမ်းမွှေးရဲ့အုပ်စုထဲကပါပဲ။နောက်ပိုင်းမှာ ဖူးခက်လူဝင်မှုကြီးကြပ်ရေးက အရာရှိတစ်ဦးရဲ့ ကျော ထောက်နောက်ခံနဲ့ ချမ်းမွန်ဟာ လူမှောင်ခိုအုပ်စုတခုကို နှုတ်ခမ်းမွှေးနဲ့စင်ပြိုင်ထောင်လိုက်ရောဆိုပါတော့။အမှန်တော့ချမ်းမွန်ဟာ နယ်ရုပ်ပါဗျာ။နောက်ကွယ်ကနေ ချယ်လှယ်ကြိုးကိုင်နေသူတွေဟာ ထိုင်းရဲ၊ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ထိုင်းလူမိုက်တွေပါပဲ။
ချမ်းမွန်ဟာ မွန်ဗမာဖြစ်လေတော့ မွန်ဗမာအလုပ်သမား အများစုနဲ့ထိတွေ့ဆက်ဆံရာမှာ နှုတ်ခမ်းမွှေးတို့အဖွဲ့ထက် ခြေတစ်လှမ်းသာနေ ခဲ့တာပေါ့ဗျာ။ ဒါပေမဲ့ ချမ်းမွန်ဟာ တနှစ်ကျော်လောက်သာ လူတွင်ကျယ်လုပ်ခွင့်ရခဲ့လေရဲ့။ တခုသောနေ့ နေ့ခင်းကြောင်တောင်ကြီး ချမ်းမွန်ဟာသူ့အိမ်မှာ ထမင်းစားနေတုန်း ထိုင်းလက်မရွံ့သေနတ် သမားနှစ်ယောက်ရဲ့လက်ချက်နဲ့ သေနတ်ဒဏ်ရာလေးချက်ရပြီး နေရာမှာတင်ပွဲကြီးချင်းပြီး ပါလေရောလား။ချမ်းမွန်နေတဲ့အိမ်ဟာ ဖူးခက်မြို့မစံမကောင်းရဲစခန်းနဲ့ ခဲတပစ်သာဝေးတာဗျ။အမယ်။ ချမ်းမွန်လည်ပင်းမှာ ဆွဲထားတဲ့ အန္တရာယ်ကင်းအဆောင်ဟာ သေနတ်ပြီးတယ်လို့ ယုံကြည်ကြတဲ့ ထိုင်းသေနတ်သမားတွေဟာ ချမ်းမွန်ကို မပစ်ခင် လည်ပင်းက ဆွဲကြိုးကို အရင်ဆွဲဖြတ်တယ်ဆိုတဲ့ ခပ်ကြောင်ကြောင် သတင်းတောင်ထွက်လာသေးဗျာ။ချမ်းမွန်ကို ဘယ်သူသတ်သလဲ ဗေဒင်မေးစရာမလိုတော့ပါဘူး။
ချမ်းမွန်ရဲ့အုပ်စုကလည်း လျှော့တွက်လို့မရဘူးဗျ။ချမ်းမွန်အသတ်ခံရပြီးလို့ တပတ်လောက်အကြာမှာ နှုတ်ခမ်းမွှေးရဲ့အုပ်စုထဲက  ခပ်စွာစွာ နာမည်ကြီးလူမိုက်တယောက်ကို ပါတောင်ကမ်းခြေမှာလက်တုန့်ပြန် အပြတ်ရှင်းခဲ့ပြန်တယ်။ သေနတ်နဲ့ပဲပေါ့ဗျာ။ ထိုင်းနိုင်ငံမှာသေနတ်ကို တရားဝင် လွယ်လွယ်ကိုင်နိုင်နေကြတာကိုး။ဝင်ငွေသိပ်ကောင်းတဲ့အလုပ်မို့၊ပွဲက ပိုကြမ်းလာတယ် ဆိုရမယ်။
နောက်ဆယ့်ငါးရက်အကြာ နှုတ်ခမ်းမွှေးဟာ မနက်ငါးနာရီလောက်၊ ကထိုးအရပ်မှာရှိတဲ့သူ့နေအိမ်ကနေအထွက် ဦးထုတ်ခပ် ငိုက်ငိုက်ဆောင်းထားတဲ့သေနတ်သမားတဦးရဲ့လက်ချက်နဲ့ အသက်ပျောက်ခဲ့ပြန်ရောဗျာ။ဖူးခက်လူမှောင်ခိုထိပ်သီး သာချိုခေါ် နှုတ်ခမ်း မွှေး အသတ်ခံရတဲ့သတင်းဟာ ထိုင်းတောင်ပိုင်းတခွင်လုံးကို တောင်မီးလောင်သလို ပြန့်သွားခဲ့တယ်။ထိုင်းသတင်းစာတွေမှာ စာလုံးမည်း ကြီးတွေ၊ဧရာမဓာတ်ပုံကြီးတွေနဲ့ဖော်ပြခဲ့ကြတယ်။ထိုင်းရုပ်မြင်သံကြားသတင်းဌာနတွေကလည်း ဆက်တိုက်လွှင့်ခဲ့ကြတယ်။
အဲဒီကာလတွေတုန်းက လူပွဲစားလုပ်ငန်းမှာ လူတွင်ကျယ်လိုလို၊လူမိုက်လိုလိုလုပ်နေကြတဲ့ ဗမာလူလည်တချို့လည်း ဖူးခက်ကနေ ကြက်ပျောက်ငှက်ပျောက်၊ပျောက်ကုန်ကြလေရဲ့။
ဒီကြားထဲမှာ အောင်မုန်းဆိုတဲ့ လူပွဲစားလိုလို ငွေလွှဲလိုလို လူလည်တကောင်တောင် အဖျားရိုက်တာခံလိုက်ရသေးဗျာ။အောင်မုန်းက ကျနော်တို့လိုအညာဇာတိပါပဲ။ မော်လမြိုင်သူတစ်ယောက်နဲ့ ဖူးခက်မှာ အကြောင်း ပါပြီး လူပွဲစား၊ငွေလွှဲ၊ငွေတိုးပေးအလုပ်တွေကို မိန်းမဘက်က အမျိုးတွေအားကိုးနဲ့ လူစွာလုပ်နေတဲ့မောင်ပေါ့။အောင်မုန်းဟာ ချမ်းမွန်ရဲ့ လက်ခွဲ လူမှောင်ခိုဆိုတာ သိထားတဲ့ ပြိုင်ဘက်အုပ်စုဟာ အောင်မုန်းကို လမ်းပေါ်မှာတင်အနုကြမ်းစီးတယ်။ဆိုင်ကယ်ကို ခပ်ဖြေးဖြေး မောင်းလာတဲ့ အောင်မုန်းကို ထလန်းမီးပွိုင့်နားမှာ ရှေ့နောက်ဆိုင်ကယ် နှစ်စီးနဲ့ ညှပ်ပြီးအတင်းရပ်ခိုင်း၊နောက် သေနတ်ထုတ်ပြပြီး အနီးနားက  ရာဘာတောထဲ ခေါ်သွားတယ်။အောင်မုန်းတကိုယ်လုံးမှာ ရှိတဲ့ လက်ဝတ်လက်စားတွေ၊ငွေတွေကို အကုန်သိမ်းတဲ့အပြင် ဘဏ်စာအုပ်ထဲမှာ ရှိသမျှငွေကို ထုတ်နိုင်ဖို့ ပင်ကုဒ်နံပတ်ကိုတောင်းတယ်။ အောင်မုန်းလည်း ကြောက်ကြောက်နဲ့ ပြောပြလိုက်ရတော့ ဘဏ်ထဲရှိသမျှငွေပြောင်ရောဆိုပါတော့။မပြောလို့လည်း မရဘူးလေ။ အောင်မုန်းဘေးမှာသေနတ်ကိုင်ပြီး အဆင်သင့်စောင့်နေတဲ့ထိုင်း မာဖီးယားနဲ့ ဘဏ်တိုင်မှာ ငွေသွားထုတ်နေတဲ့ ထိုင်းလူမိုက်ဟာ ဖုန်းနဲ့အချိတ် အဆက်ရှိနေတာကိုး။ ဘဏ်နံပတ် မှန် မမှန်ချက်ချင်း သိနိုင်တယ်လေ။အောင်မုန်းအသက်မသေတာ ကံကောင်းလို့ ဆိုရ မယ်။အောင်မုန်းလည်း ဖူးခက်ကနေ တစ်နှစ်ကျော် လောက် ပျောက်သွားသေးတယ်။ အန္တရာယ်မကင်းလှဘူးထင်လို့ တနေရာမှာ တိမ်းရှောင်နေခဲ့တာပေါ့။အခုတော့ အောင်မုန်းလည်း ဖူးခက်ကို ပြန်ရောက်ပြီးလုပ်နေကျအလုပ်ကို ဆက်လုပ်နေလေရဲ့။
ဖူးခက်မှာတော့ မာဖီးယားနဲ့သာချိတ်ဆက်နေရင်၊ငွေကြေးနောက်ခံတောင့်ရင် ဗမာအချင်းချင်းသတ်လည်း ဘာပြသနာမှ မရှိပါဘူး။ ဗမာသေတဲ့လူသတ်မှုကို ထိုင်းရဲတွေကလည်း  ရေးကြီးခွင်ကျယ်စာရင်းမသွင်းပါဘူး။ကျနော်ထိုင်းရောက်ခါစ ၂၀၀၄ခုနှစ်တုန်းက ဖူးခက် မှာဗမာပစ္စည်းအကြီးအကျယ်ဖြန့်တဲ့ကျနော့်မိတ်ဆွေ ဦးသိန်းအောင်ပြောဖူး တာကတော့ ... ဆရာ။သတိနဲ့ နေပါဆရာ၊ ထိုင်းမှာ ဗမာတစ် ယောက်သေတာ ခွေးတကောင်သေသလောက်မဆန်းဘူး။ ဗမာတစ်ယောက်ကိုသတ်ရတာ ခွေးတစ်ကောင်ကို သတ်ရတာ ထက်ပိုလွယ် တယ်ဆိုပဲဗျ။အခုနေ ကျနော်စဉ်းစားကြည့်တော့ သူပြော တာ မမှားဘူးဗျာ။ ကျနော်နဲ့ညီလို ခင်နေတဲ့ ဗမာအလုပ်သမား ခေါင်းဆောင်နှစ်ယောက်တောင် ဗမာအချင်းချင်း သတ်ပစ်ခဲ့ကြဖူးတဲ့ လက်စလက်နရှိသတဲ့ဗျာ။
ပထမတစ်ယောက်က အောင်ပိုင်တဲ့။ အောင်ပိုင်က ပေါင်းတည်နတ္တလင်းဇာတိ။သူ့အဖေဟာ ကွန်မြူနစ်ရဲဘော်ဆိုပဲ။၁၉၇၀ဝန်းကျင် ပဲခူးရိုးမကွန်မြူနစ်ဖြုတ်ထုတ်သတ်ပွဲမှာ ကိုယ့်တွင်းကိုယ်တူးခိုင်းပြီး အသတ်ခံခဲ့ရသတဲ့။သူ့အဖေအသတ်ခံရတော့ အောင်ပိုင့်အမေဟာ အောင်ပိုင့်ကို ကိုယ်ဝန်ဆောင်ထားတုန်းတဲ့။
ကျနော်နဲ့တွေ့တော့ အောင်ပိုင်ဟာ ဖူးခက်ကို ရောက်နေတာ ဆယ့်ငါးနှစ်လောက်ရှိနေပြီ။ သူဟာသူ့အလုပ်မှာဖိုးကြက်ကန်းလို့ခေါ်တဲ့ အလုပ်သမားခေါင်းအဆင့်ဆိုပါတော့။ တနေ့တော့ သူ ဝယ်သိမ်းထားတဲ့ ထိုင်းရွှေသုံးဘတ်သားဆွဲကြိုးတစ်ကုံးဟာ ပျောက်ချင်းမလှပျောက်သွားတာကြောင့် မသင်္ကာတဲ့ အလုပ်သမားတွေကို ခေါ်စစ်သတဲ့ဗျာ။စစ်နေရင်းနဲ့ အသက်နှစ်ဆယ်ဝန်းကျင်မလည်မဝယ်မော်လမြိုင်သားလေးတစ်ယောက်ဟာ ကဘောက်တိက ဘောက်ချာ ဖြေမိတာကြောင့် အောင်ပိုင်ဒါးချက်နဲ့ နေရာမှာတင် အသက်ပျောက်ခဲ့ရသတဲ့။အဲဒီအလောင်းကို ထလန်ဘက်က ရာဘာတောတခုထဲမှာ ညတွင်းချင်းတွင်း တူးပြီး မြှုပ်လိုက်ကြသတဲ့။ကံဆိုးလိုက်တဲ့ကလေးဗျာ။ တကယ်တော့ အောင်ပိုင့်ဆွဲကြိုးကို သူမခိုးခဲ့ပါဘူး။နောက်ပိုင်းမှာ အောင်ပိုင် ကိုယ်တိုင် တရားခံအစစ်ကိုရှာနိုင်ခဲ့ပါတယ်။အောင်ပိုင့်သူဌေးရဲ့ အဆက်အသွယ်ငွေကြေး အကူအညီနဲ့ အောင်ပိုင်ဘာအမှုမှ မဖြစ်လိုက်ဘူးဆိုပါတော့။ကျနော့်ဇာတ်လမ်းက သိပ်သေချာပါတယ်။ဘာကြောင့်တုန်းဆိုတော့ ဒီအဖြစ်အပျက်ဟာ အောင်ပိုင်ကိုယ်တိုင် ကျနော့် ကိုပြန်ပြောပြတဲ့ဇာတ်လမ်းဖြစ်လို့ပေါ့။အောင်ပိုင်ဟာ ကျနော့်ကို အတော်ကိုခင်ရှာပါတယ်။ခက်နေတာက သူလူမှားသတ်ခဲ့တာကို သူ့မှာ ဘာအပြစ်မှမရှိဘူးလို့ သူထင်နေရှာတယ်ဗျာ။အခုတော့ ကိုယ်တော်ချောက ဘာစိတ်ကူးပေါက်တယ် မဆိုနိုင်ဘူး။ ဒီကေဘီအေငြိမ်းချမ်းရေးအဖွဲ့မှာ တပ်ကြပ် ကြီးအဆင့်နဲ့ မြဝတီဘက်ရောက်နေလေရဲ့။
နောက်တယောက်ကတော့ သိန်းတိုးတဲ့ဗျာ။သူလည်း ဗမာအလုပ်သမားခေါင်းပဲ။သူ့ဇာတိက မွန်ပြည်နယ်ရေးမြို့။ သူလည်း အရက်မူးပြီး စကားများရာကနေ ဗမာအလုပ်သမားတစ်ယောက်ကို ဒေါင်းရုန်းရေကန်ကြီးဘေးနားမှာတင် ရဲဒင်းနဲ့အချက်ပေါင်းများစွာထုပြီး သတ်ခဲ့ဖူး လေသတဲ့။သိန်းတိုးဟာ သူ့ကျောထောက်နောက်ခံ သူဌေးအားကိုးနဲ့ ဘာအမှုမှ မဖြစ်ခဲ့ဘူးဗျာ။ဒါလည်း သိန်းတိုးတို့အဖွဲ့ထဲက လူရင်း တစ်ယောက် ပြန်ပြောတဲ့ဇာတ်လမ်းတပုဒ်ပါပဲ။ကဲ။ဒီအမှုနှစ်မှုလုံးဟာ ကျနော်ဖူးခက်ကို စရောက်တဲ့ ၂၀၀၄ခုနှစ်နဲ့ မရှေးမနှောင်းအချိန် တွေမှာ ဖြစ်ခဲ့တာပေါ့။တခုတော့ သတိပေးထားလိုက်ပါရဲ့။ခင်ဗျားရောက်နေတဲ့ ယိုးဒယားမြေဟာ ဗမာလူမျိုးတွေ အတွက် အချိန်မရွေး ထိခိုက်ကျဆုံးနိုင်တဲ့ ရှေ့တန်းစစ်မြေပြင်တစ်ခုဆိုတာ ခင်ဗျား ဘယ်သောအခါမှ မမေ့ပါလေနဲ့။သတိတမံ၊ဥာဏ်မြေကတုတ် ချွန်းကဲ့သို့ အုပ်တဲ့ဗျ။ အမြဲသတိရှိပါစေကိုမင်းဒင်"
ဖူးခက်မာဖီးယားဇာတ်လမ်းရှည်ကြီး ဤနေရာအရောက်တွင် ကိုသက်ခိုင်သည် ရုတ်တရက် မတ်တတ်ထရပ်ရင်း ကျနော့်ဆိုင်အတွင်း ပိုင်းကို စူးစမ်းသော မျက်လုံးအစုံဖြင့် ဝေ့ဝိုက်အကဲခတ်ကြည့်ရှုပြီးနောက် နှုတ်ဆက်စကားဆိုရင်း သူ့ကားနက်ကြီးရှိရာသို့ ခြေလှမ်း ကျဲကြီးများဖြင့် ရုတ်ခြည်းထွက်ခွာသွားလေရာ သူ့စကားသံတို့သည် သူ့နောက်မှာ ကျန်ရစ်ခဲ့လေ၏။
"ဈေးအရောင်းပါးနေတာ သိပ်ပူပင်မနေလေနဲ့ကိုရင်။ ပါတောင်ကမ်းခြေက ဆိုင်တချို့တောင် ဈေးဦးမပေါက်တဲ့ရက်ရှိပါ့ဗျာ။ ဒီလို ရက်မျိုးတွေ တစ်လမှာ နှစ်ရက်တန်သည်သုံးရက်တန်သည်တော့ ရှိတတ်ပါတယ်။လစဉ် စာရင်းချုပ်လိုက်တော့လည်း ခါတိုင်းလ တွေလိုပ၊ဲ ရောင်းအားပုံမှန် ဖြစ်နေတာ ခင်ဗျားတွေ့ပါလိမ့်မယ်ဗျာ။ကဲ၊ကျနော်ပြန်လိုက်အုံးမယ်။အော်၊ တိုက်တိုက် ဆိုင်ဆိုင်ဗျာ ဟောဟိုမှာ ခင်ဗျား ဆိုင်ထဲကို ဝင်လာနေတဲ့ မွန်မလေးဟာ သွားလေသူချမ်းမွန်ရဲ့ ဇနီးပေါ့ဗျာ။ အခုတော့သူလည်း ဖူးခက်က ထိုင်းပုလိပ် တစ်ယောက်နဲ့ အိမ်ထောင်ကျနေလေရဲ့။အပြစ်ဆိုစရာတော့ မရှိပါဘူး။သူ့ဘဝကိုက ဒီကံကြမ္မာအတိုင်းဖန်လာတယ်လို့သာ အောက်မေ့ ကြစို့ရဲ့"
ကိုသက်ခိုင် စကားကြောင့် ဆိုင်ဝဆီသို့ ကျနော်လှမ်းကြည့်လိုက်ချိန်တွင် ပိန်ပိန်ပါးပါး အသားဖြူဖြူ အရပ်မနိမ့်မမြင့် အသက်သုံးဆယ် ဝန်းကျင် အမျိုးသမီးတစ်ဦးဝင်လာသည်ကို မြင်ရသည်။ ဆိုင်တွင်းမှကိုသက်ခိုင် ပြန်လည်ထွက်ခွာသွားချိန်တွင် ဆိုင်အပြင်မှာ မှောင်ရီ ပျိုးနေလေပြီ။ဆိုင်ပိတ်ချိန်နီးကာမှ ကျနော့်ဆိုင်မှာ ဈေးဝယ်တချို့ဖြင့် စည်ကားနေပြန်လေသည်။

↧
↧

ဆြာဒင်နှင့်လံကွတ်တီအရေးတော်ပုံ

$
0
0

                                          
                                                ဆြာဒင်နှင့်လံကွတ်တီအရေးတော်ပုံ

                                                                 (မင်းဒင်)
(၁)
"မြူမှုန်ဝေကင်းအောင်လို့၊နေမင်းရောင်ရှိန်ဖြာ၊နွေတပိုင်းမှာ ဝေမှိုင်းမှုန်ကုန်စင်ကွာခြား။မိုးခါဆီ ရာသီကူးပြန်တော့၊ တိမ်မိလ္လာထိန်ဝါ ကွန့်မြူးတာက၊လေရူးသုန်လို့ဆီးနှင့်မှုန်ဖြာ၊ဆောင်းဥတုကူးပြောင်းတဲ့ရာသီချိန်အခါ၊(နွေဂိမာန်အခါ လွမ်းအောင်ဖန်လာ၊မိုးတိမ်ရွက်ဝါ ကင်းစင်လေရှာ၊ကောင်းကင်ထက်ဝဠာ)၂။ရွက်ဟောင်းတွေရင့်ပါလို့၊ကြွေလွင့်နေရှာ။ရွက်ဟောင်းကလေးတွေလွင့်ပါလို့၊ကြွေလွင့်နေရှာ။ နေသူရိန်ပူရှိန်ပြင်းတာ၊တသင်းသင်းရယ်နဲ့ လေညှင်းလေပြေလာ၊ဒေါင်းဖလ်ဝါနေမင်းကသာ၊ကွေကွင်းရှာ၊ညိုမင်းလွင်မှုန်ရီပြာ"
နွေနှင့်မိုးသာရှိ၍ဆောင်းပျောက်နေသော ဖူးခက်မြေမှ ဆြာဒင်သည် ပျင်းပျင်းရှိလျှင် ခေတ်ဟောင်းတေးများနှင့်မွေ့လျှော်နေတတ်လေရာ သဟာယဆရာတင့်လက်ရာ၊တေးသံရှင်ဒေါ်တင်တင်မြ၏ သုံးရာသီ သီချင်းဖြင့် အမ်မခန်အရပ်ရှိ အိမ်အိုကြီးပေါ်တွင် ဇိမ်ယစ်လျက်ရှိ ချိန်တည်း။အိမ့်အပြင်ဖက်တွင်ကား မိုးစက်တို့တပေါက်နှစ်ပေါက် ဖြိုးဖြိုးဖျောက်ဖျောက်ကျရောက်လျက်ရှိ၏။
"တီ တီးတီ တီး တောင် တောင် တီတောင်တောင်"
ကြားစကသော် နားဆင်နေသော သီချင်း၏တီးလုံးဟုသာ မှတ်ထင်ခဲ့သော်ငြား ဆက်တိုက်ကြားနေရသည့်အခါ ဆြာဒင့်ခြံဝမှ လူခေါ်ခေါင်းလောင်းသံမှန်း သဲကွဲလာသဖြင့် အောက်ထပ်သို့ ကမန်းကတန်းပြေးဆင်းကာ သော့တွဲကိုယူလျက် ခြံဝဆီသို့ အသော့နှင်၊ ချက်ခြင်းဆိုသလို ရောက်ရှိသွားချိန်တွင်ကား မထင်မှတ်သော မြင်ကွင်းကို ရုတ်တရက်မြင်လိုက်ရသောကြောင့် ဆြာဒင့်ခမျာ မှင်တက်မိ သွားရလေသည်။ရှုပါလော့။
အသက်နှစ်ဆယ်ဝန်းကျင် မြန်မာလူငယ်လေးယောက်သည် မြန်မာဘာသာဖြင့် ရေးသားထားအပ်သည့် ဆိုင်းဘုတ်ငယ်ကိုယ်စီကိုင်ကာ မိုးတဖျောက်ဖျောက်အောက်တွင်ခြေစုံရပ်တန်းစီလျက်ရှိကြ၏။ပို၍ထူးသည်ကား အဆိုပါရွှေကိုယ်တော်လေးဦးမှာ ခါးထက်ဗလာကျင်း လျက် ခါးတွင်အရှက်လုံရုံမျှ လက်နှစ်လုံးသာသာာအောက်ခံဘောင်းဘီတိုနံ့နံ့ကိုယ်စီနှင့်ဖြစ်၏။လက်အစုံဖြင့်ကိုင်လျက် ရင်ဘတ်တွင် ကပ် ထား လေသည့် ဆိုင်းဘုတ်စာတန်းငယ်များကား ..
"ဗမာအလုပ်သမားအရေး၊ဆြာဒင်ချက်ချင်းဆောင်ရွက်ပေး"
"ဆြာဒင့်မှာ တာဝန်ရှိသည်"
"ဘဝမေ့သူဆြာဒင်ကို အလိုမရှိ"
"လူကိုလူလို ဆက်ဆံရေး၊တို့အရေး၊တို့အရေး"ဟူသတတ်။
(၂)
အရိပ်ပြလျှင်အကောင်မထင်တတ်သော ဆြာဒင်ကား ယောင်နနနှင့် ဖြစ်ရပ်၊အခြေအနေမှန်ကို တွေးတောအဖြေရှာမရသည့်အဆုံး ရွှေကိုယ်တော်တို့ကို အိမ်တွင်းသို့ကြွရောက်ပါရန် ဖိတ်မန္တကပြုပင့်ဆောင်ရချေတော့သည်။
"မောင်တို့ကြည့်ရတာ ဖင်တခြမ်းပြောင်တွေနဲ့ လူမြင်မတော်လှပေဘူး။အိမ်တွင်းကိုကြွပြီး ဖြစ်ကြောင်းကုန်စင်ကိုနတ်သံနှောကြပါလော့"
ကိုယ်တော်တို့ကား နှုတ်ဆိတ်လျက်ပင် ခြံဝမှသည် ဧည့်ခန်းဆီသို့ ရာဇဣနြေ္ဒအပြည့်ဖြင့် ကြွချီကြကုန်၏။နှုတ်မှမူ တခွန်းတပါဒမျှမဟ။ သို့တပြီးကား ဆြာဒင်ကမ်းလင့်အပ်သော အဆင့်မီဘရင်းဒက်အဝတ်အစားတို့ကို ဝမ်းသာအားရအမူအယာကိုယ်စီဖြင့် ဆင်မြန်းကြ၏ ဆြာဒင်တည်ခင်းဧည့်ခံအပ်သည့် ခဲဘွယ်ဘောဇဉ်တို့ကို အငမ်းမရပလုပ်ပလောင်း လွေးကြ၏။ နှုတ်ကားဆိတ်မြဲတည်း။ နားလည်ရ ခက်လှသော သင်းတို့ ၏ အပြုအမူကြောင့် ဆြာဒင့်မှာ မချင့်မရဲဖြင့် ခေါင်းကိုတဗျင်းဗျင်းကုတ်ရင်း စကားချူရလေတော့သည်။
"နေပါဦးမောင်တို့ရယ်။ မောင်တို့တခုခုကို မကျေမနပ်ဖြစ်နေတယ်ဆိုတာလောက်တော့ ကျုပ်လည်းရိပ်မိပါရဲ့။သို့ပေတည့် အကြောင်းစုံ ကို သေသေချာချာ ဂဃနဏသိရမှ ဖြေရှင်းနိုင်မဲ့နည်းလမ်းကို ရှာနိုင်မယ်မဟုတ်လား"
"ကိုရင်တို့နေရာများ လွဲနေလေရော့သလား။ ကျုပ်က ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးမဟုတ်ဘူးနော်။ကာဗူလီးဝါလား ကွမ်းယာ ဆိုင်သာသာ စုံစီနဖာရောင်းနေတဲ့သူမို့ ဒီအရေးကို မြန်မာသံရုံးရှေ့ ဆန္ဒသွားပြတာက ပိုမကောင်းပေဘူးလား"
"ဆြာဒင်လို အနုံညာတက ဘာများလုပ်ပေးနိုင်မယ်ထင်ကြသတုန်း"
မည်သို့ပင် ဆြာဒင်လျှာထွက်မတတ်မေးလျှောက်သြော်ငား  ခွန်းတုန့်မပြန်၊ဆိတ်ဆိတ်ချည်းသာနေကြရင်း တယောက်သောသူက သူ၏ အောက်ခံဘောင်းဘီကြားမှ ပလပ်စတစ်အိပ်ငယ်နှင့်တရိုတသေခေါက်လျက်သိမ်းဆည်းထားသည့် စာရွက်ငယ်တခုကိုထုတ်ယူ၍ဆြာဒင့် လက်သို့ ထည့်ကာ တုံဏိဘာဝေပင် ဆြာ့ဒင်အိမ်မှ ထွက်ခွာသွားကြကုန်၏။
(၃)
ဆြာဒင်လည်း သူတို့၏နောက်ကျောပြင်တို့ကို ငေးကြည့်ရင်းမှ သတိပြန်ဝင်လာကာ အဆိုပါ စာရွက်ခေါက်ငယ်ကို ဖြန့်လျက် ဖတ်ရှုမိ သည့်အခါ ကွန်ပြူတာမှ ပရင့်ထုတ်ထားသည့် တခုသော သတင်းဌာနမှ ထုတ်ပြန်ချက်သတင်းတစ်ပုဒ်ဖြစ်လေရာ အဆိုပါသတင်းကို အစအဆုံးဖော်ပြလျှင် စာလေးအံ့ထင်၍ လိုရင်းကိုသာကောက်နှုတ်ဖော်ပြရသော် အောက်ပါအတိုင်းဖြစ်၏။
၂၀၁၄ ခု ဧပြီလ ၂၆
တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုဖြင့်  ထောင်ဒဏ် ၄၉ ရက်ချမှတ် ခံခဲ့ရသည့် လူကုန်ကူးခံခဲ့ရသူ မြန်မာ အလုပ်သမား ၆ဦးတို့၏ ငွေကြေး၊ဖုန်းနှင့် အ၀တ်အထည်များ အားလုံးတို့အား ထိုင်းအကျဉ်းထောင်နှင့် ရဲစခန်းတို့မှ ယူဆောင် ထားလိုက်သောကြောင့် ကိုယ်လုံးတီး သဘော မျိုးဖြင့် လွတ်မြောက်လာ ခဲ့ကြောင်း အလုပ်သမားများ ကပြောသည်။
၂၀၁၄ ခု မတ်လ ၃ ရက်ညဥ့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၆၄ အကွာ၊ မလေးရှားနယ်စပ် ကတန်မြို့ ဝှေ့မင်းလှေဆိပ်လှေ အမှတ်(၁) (KTHAVEESIM)ပေါ်တွင်ရောင်း စားခံနေရသည့် ရခိုင်အလုပ် သမား၆ဦးအား MAT,FEDနှင့်နယ်မြေခံ ရဲတပ်ဖွဲ့တို့က ထိုင်းရေတပ်သင်္ဘော ဖြင့် သွားရောက် ကယ်ထုတ်ခဲ့သူများဖြစ်ကြသည်။
ယမန်နေ့က အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီး လက်ရှိ ကတန်ရဲစခန်းအချုပ်ခန်းထဲတွင်ရှိနေသော အလုပ်သမား ကို(……….)က “ပွဲစားနဲ့ သူဌေး ဘာပြစ်ဒဏ်မှမကျပါဘူး။  တရားရုံးကိုတောင်မရောက်ကြပါဘူး။ ကျနော်တို့ ၄၉ ရက် ထောင် ကျနေခဲ့ပါတယ်။ ထောင်ကိုဝင်တဲ့အခါ ကျနော်တို့  ခြောက်ယောက်လုပ်အားခ ပါလာငွေ ဘတ်(၂၁,၆၀၀) ကိုထောင်မှာ အပ်နှံပါတယ်။
ကျနော်တို့ထောင်ကျနေတဲ့ ကာလမှာ ယာစိမ်း(ပွတ်ချွန်း)ဆေးလိပ် စုစုပေါင်းနှစ် ရာကျော်ဖိုးလောက်သောက်ပါတယ်။ ထောင်ကထွက် လာတဲ့အခါ စုစုပေါင်း  ဘတ်ငွေ(၁,၁၅၀) သာထုတ်ပေးတယ်။ဒါကြောင့် ဘတ်နှစ်သောင်းလောက် ကျနော် တို့ဆီက ယူထား လိုက်ပါ တယ်။ အ၀တ်အစားထည့်တဲ့ အိပ်တွေကိုလည်းတောင်းလို့မရခဲ့ပါ။ ရဲစခန်းမှာအပ်ခဲ့တဲ့ကျနော့် လက်ကိုင်ဖုန်းကိုလည်းပြန်မပေးပါ။ ကျနော်တို့မှာ ရှိတာလေးတွေကို အကုန်ချွတ်ယူလိုက်ကြတဲ့သဘောပါပဲ၊ ကျနော်တို့အပေါ်မှာ ပွဲစားတွေ၊ ထိုင်းသူဌေးတွေ ကျွန်ပြုရုံ မကဘူး ထိုင်း အာဏာပိုင်တွေကပါ လုယက်ယူငင်ကြသူတွေပါလားလို့ပြောချင်ပါတယ်၊ သံသရာဆိုတာရှိခဲ့ရင် ထိုင်းတွေ ၀ဋ်မလည် ပါစေနဲ့” ဟုပြောသည်။
(၄)
"အရေးတော် ကြုံ ခုများပူလောင်ပုံက၊မာန်ဟုန်တော်ပျိုး မျက်မာန်တော်ငြိုးပါနဲ့၊ခိုကိုးသူပါ ။မိုးနတ်ဒေဝါ၊မိုး..မိုး..မိုးနတ်ဒေဝါ၊ ရွာတော်ရေး ကိုလေး တွေးချင့်လိုက်ပါ"
ရုတ်တရက်ဆိုသလိုပင် ဖူးခက်မိုးသည် အငြိုးတကြီးရွာချလာ၏။ မကြာခင်က ပြန်လည်ထွက်ခွာကြလေသည့် အာဂန္တုတေမိ ကိုယ် တော်များ၏ အပူကား ဆြာဒင့်ကိုကူးစက်လေပြီ။ ဖွင့်လက်စ သီချင်းသည် ဆြာဒင့်အား နှိပ်စက်ကလူပြု လျက်ရှိဟန်တကား။ စေ့စေ့တွေးသော် သူတို့၏ဆိုလိုရင်းသည် တရေးရေးပေါ်လာလေ၏။။လုံးတီးနီးပါး၊အရှက်လုံရုံအဝတ်အစားနွမ်းပါးစွာဖြင့် ဆြာဒင့် အိမ်ဂေဟာအရောက်ပေါက်ချလာခဲ့ကြသူများကား နူရာဝဲစွဲ၊လဲရာသူခိုးထောင်းခံကြရသူများပေတကား။ထိုင်းပုလိပ်တို့ကိုလည်းကောင်း၊ မြန်မာအာဏာပိုင်တို့ကိုလည်းကောင်း ရင်ဆိုင်ဖြေရှင်းရန် အကြောက်လွန်တွန့်ဆုတ်သောကြောင့် ဆြာဒင့်ထံ အားကိုးတကြီး ရောက်လာကြသူများပေတည်း။
အသို့လျှင်ဖြေသိမ့်ပေးနိုင်ပါအံ့နည်း။ဆြာဒင်သည် မေးစေ့ကိုလက်ဖြင့်ထောက်ရင်းစဉ်းစား၏။နဖူးပေါ်လက်တင်လျက် တွေးတော၏။ အိပ်ယာထက်ဝယ်လှဲလျက်တနည်း၊မှောက်လျက်တဖုံ၊စောင်း၍တမျိုး၊ကင်းမြီးကောက် ထောင်ရင်းတသွယ်၊ဂျွမ်းထိုး၍တစ်နည်း ၊အမျိုးမျိုး အဖုံဖုံ စဉ်းစားခန်းဝင်ပြီးသကာလ လွန်စွာထူးခြားလှသောာ နည်းလမ်းတစ်ရပ်သည် ဥာဏ်ပဋိဘန်ထက်သန်လှသော ဆြာဒင်၏ဦးခေါင်း အတွင်းသို့ လျှပ်တပြက်တိုးဝင်လာချေတော့သည်တမုံ့။
အစီအစဉ်ကို အလျင်အမြန်အကောင်အထည်ဖော်ပေတော့အံ့။ဆြာဒင်သည် လေမင်းသား၊ကပ္ပလီနှင့် အာရုံခေါ်ဖေကြည်တို့ကို အပူတ ပြင်းဆင့်ခေါ်ကာ၊ အဝတ်အစားအသုံးအဆောင်ပစ္စည်းတို့ကို အလျင်အမြန်ထုတ်ပိုးစေသည်။ဆြာဒင်၏ မဟာဗျူဟာမြောက်လှုပ်ရှားမည့် အစီအစဉ်ကို သကောင့်သားတို့အား အကြမ်းဖျဉ်းအားဖြင့် ရှင်းလင်းပြသည့်အခါ တပည့်ကျော်တို့သည် စိုးရိမ်ပူပန်သော မျက်နှာပေး အသီးသီးဖြင့် သတိပေးစကားဆိုကြပါသေး၏။
"စဉ်းစဉ်းစားစားလုပ်ပါဆြာဒင်ရယ်။ပြောင်းပြီဆိုပေမဲ့ နဂိုအတိုင်းတွေက အများသားကလား"
"ဆြာဒင့်အစီအစဉ်က ကောင်းတော့ကောင်းပါရဲ့။အရင်းအနှီးက ကြီးလှသလားလို့"
"ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ဒါပေမဲ့ ...."
ဆြာဒင်ကား မဟာပုရိသယောက်ျားကောင်း၊အလောင်းတော်တို့၏စိတ်ထားအတိုင်း မည်သို့သော စိတ်ပျက်အားလျော့ဖွယ် ဝေဖန်တီးတိုး စကားကိုမျှ နားမဝင်ပဲ နီမြန်းသော နတ်မောက်သွေးကိုပြရန် ခိုင်မာစွာသံဓိဌာန်ချပြီးဖြစ်လေရာ ဆုံးဖြတ်ချက်တည်းဟူသည့် ကျောက်သား ကျောက်ဆိုင်သည် နောက်လိုက်တို့၏တွန့်ဆုတ်သောဝေဖန်မှုလှိုင်းတံပိုးကို မမှုတော့ချေ။ကျော၌ဒဏ်ရာမရှိရာတည့်၊ ရင်မှာထိမှ မြတ်ရာ၏ဟု ဆိုထုံးရှိသည် မဟုတ်တုံလော။
ငယ်ကြောက်ဖြစ်လေသော တပည့်တို့ကား အာစရိယဂိုဏ်းဝင် ဆြာဒင်၏ပြည်တော်ဝင်ခရီးစဉ်ဝယ်၊မရဲသော်လည်း ပြေးခဲစေ ဟူသော စကားနှင့်အညီ ဖဝါးခြေထပ် နောက်တော်မှခပ်ရို့ရို့လိုက်ပါလာကြလေကုန်၏။
(၅)
မုတ်သုန်အဝင်နောက်ကျလေသောကြောင့် နေပြည်တော်ရပ်ဝန်း၏ အပူရှိန်သည်ငရဲပြည်နှင့်ပင်တင်စားရလောက်အောင် ပူပြင်းလှချေ ၏။ခြောက်သယောင်းနေသည့် ဝန်းကျင်တခိုတွင် ကြီးမားခန့်ထည်လှသော ရွှေကျောင်းပြောင်ပြောင်အဆောက်အဦးကြီးများမှာ အပူဒဏ်ကို ဒင်းတို့နှင့်မဆိုင်သယောင်ဖာသိဖာသာ မျက်နှာပေးဖြင့်ရင်ဆိုင်လျက်ရှိ၏။
ဆြာဒင်ကား ၎င်းနေပြည်တော်မှ သမ္မတကြီး၏နေအိမ်တော်ရှေ့တွင် ထိုအပူဒဏ်ကို ဂရုမမူပဲ ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်ဆောင်လျက်ရှိ၏။ နောက်တော်ပါးသုံးဦးဝန်းရံလျက်ရှိသောဆြာဒင်သည် အသင့်ယူဆောင်လာသော ဗီနိုင်းပိုစတာတို့ကို ရုတ်ခြည်း ထုတ်ကာဖြန့်လိုက်ရုံမက နှုတ်မှလည်း လိပ်ခေါင်းထွက်မတတ်အသံဖြင့် အိမ်တော်တွင်းမှ သမ္မတမင်းနားအုံကွဲလောက်အောင် အသံကုန်အော်ဟစ်လျက်ရှိသည်။ထူးခြားချက်သည်ကား ဆြာဒင်သည် အပေါ်ပိုင်းဗလာကျင်းလျက်အောက်တွင် တိုနံ့နံ့လံကွတ်တီ နှင့်ဖြစ်ချေ ၏။အမြဲတစေ ပြည်သူကိုကူညီလိုသည့် ရဲတပ်ဖွဲ့ ဝင်အချို့ကား ခပ်လှမ်းလှမ်းမှ မယောင်မလည်အကဲခတ်လျက်ရှိကြ၏။
"ယိုးဒယားကို ဓာတ်ငွေ့ရောင်းတာ ချက်ချင်းရပ်"
"ရွေ့ပြောင်းအလုပ်သမားများကိုကြင်နာပါ"
"ယိုးဒယားအစိုးရထံ ပြင်းထန်သော ရာဇသံပို့ပါ"
"ဘန်ကောက်က မြန်မာသံရုံးဘာလုပ်နေသလဲ"
"အရေးတော်ပုံအောင်ရမည်"
များပြားလှသော ပြည်တွင်းပြည်ပသတင်းထောက်တို့မှာ ဗီဒီယို၊ကင်မရာများတဖျတ်ဖျတ်နှင့် ဆြာဒင့်ကို အဆက်မပြတ်၊အလုအယက် မှတ်တမ်းတင် လျက်ရှိကြလေပြီ။ဆြာဒင့်ကြွေးကြော်သံ ခေတ္တအရပ်ကိုစောင့်၍  မိုက်ကရိုဖုန်းကြီးငယ်တို့ဖြင့် အင်တာဗျူးကြ၏။
"ဆြာဒင်၊ဘာကြောင့်လံကွတ်တီဝတ်ပြီး ဆန္ဒထုတ်ဖော်ရတယ်ဆိုတာသိပါရစေ"
"ဗမာရွေ့ပြောင်းအလုပ်သမားတွေကို ထောင်ကလွှတ်လိုက်တဲ့အချိန်မှာ ထိုင်းအာဏာပိုင်တွေက အပ်ထားတဲ့ငွေကို အနိုင်ကျင့်၊ အဓမ္မ သိမ်းယူပြီးလံကွတ်တီနဲ့ပြန်လွှတ်လိုက်တာကို ကိုယ်ချင်းစာလို့ပေါ့ဗျာ"
"ဒီကိစ္စကို ဆြာဒင်သာ သမ္မတကြီးနေရာမှာဆိုရင် ဘယ်လိုဆောင်ရွက်ဖို့စိတ်ကူးထားပါသလဲ"
"ယိုးဒယားရောက်ဗမာတွေကို ထိုင်းအလုပ်ရှင်တွေ၊ထိုင်းအာဏာပိုင်တွေ၊မတော်မတရားညှင်းပန်းတယ်အသံ ကြားတာနဲ့ ချက်ချင်း ထုချေလွှာတောင်းမယ်။ကျေနပ်ဖွယ်ရာ မရှိလို့ကတော့ ထိုင်းဘက်ပို့နေတဲ့ ဂက်စလိုင်းခလုပ်ကို ဒတ်ကနဲပိတ်ပစ်မှာ"
"ဟုတ်ကဲ့ အခုလို ဆြာဒင် ဆန္ဒပြဖို့အတွက် သက်ဆိုင်ရာကနေ ခွင့်ပြုမိန့်တောင်းခံထားပါသလား"
"ရော့၊ဒါ နေပြည်တော်ရဲစခန်းက ခွင့်ပြုမိန့်။ဖတ်ကြည့်ပေတော့"
(၆)
အိမ်တော်လုံခြုံရေးအရာရှိ၏ရှင်းလင်းပြောဆိုချက်အရ သမတကြီးသည် ၎င်းပိုင်ဧရာမနွားခြံကြီးထဲတွင် နွားနို့ညှစ်နေသည်ဟုဆိုပါ၏။ ဆြာဒင်မှာအော်ဟစ်နေရင်း အသံပြာလာသည်။မျက်နှာပြောင်တိုက်သော သူရိန်နေမင်းသည် ဆြာဒင့်ဇွဲကို အကဲစမ်းလေသည် ထင့်။ကျောပြောင်ကြီးကွဲထွက်မတတ်ပူပြင်းလှချေ၏။နဖူးမှချွေးသည် ရင်ဘတ်ဆီမှသည် ခြေမဆီသို့လည်းကောင်း၊ နောက်စေ့မှ ချွေးသည် ကျောတလျှောက်မှသည် ဖနော့င်ဆီသို့လည်းကောင်း သွင်သွင်ကြီးစီးဆင်းနေလေရာ ဖြတ်သန်းစီးဆင်းရာ နေရာတချို့မှ ယားယံလာလေသဖြင့် တပည့်ကျော်ဖေကြည်အား မျက်နှာပုဝါကြီးတထည်ကမ်းပေးရန် ညွှန်ကြားရာ ဖေကြည်သည် ပျာပျာသလဲ ပုဝါကြီးကို ဆက်၏။ထိုအဖြစ်ကိုခပ်လှမ်းလှမ်းမှမြင်ဟန်တူသည့် သတင်းထောက်လူငယ်တစ်ယောက်သည်ဆြာဒင့်ထံ အသော့နှင်လာ လျက် အမေးတော်ရှိပြန်၏။
"ဆြာဒင့်လံကွတ်တီကို မျက်နှာသုတ်ပုဝါနဲ့ စီးမယ်ဆိုတော့ ဆန္ဒပြပွဲပြီးဆုံးတဲ့သဘောပါလားခင်ဗျာ"
"မပြီးသေးဘူး။ပူလွန်းလို့ဗျ။ ပူလွန်းလို့ဖင်ကြားတောင် ချွေးနစ်နေပြီ။ ပူမှာပေါ့ဗျာ။ တတိုင်းတပြည်လုံး ဗုဒ္ဓံသရဏံပင်တောင် မချန်ပဲ အပြောင်ရှင်းခဲ့ကြတာကိုး။ တောခုတ်လို့တောပြောင်တော့မိုးခေါင်၊မိုးခေါင်တော့ပူပြင်း၊ပူပြင်းတော့အရှင်လတ်လတ် ငရဲခန်းရောက် ကုန်ကြရောပေါ့။ တောသူတောင်သားတွေတောင်ထင်းစားမရှိတော့တဲ့ဘဝ"
"နည်းနည်းလေး အကျယ်ချဲ့ပြီးရှင်းပါအုံးဆြာဒင်"
"ဒီကြပ်ပြေးတဝိုက်ဟာ လွန်ခဲ့တဲ့အနှစ်နှယ်ဆယ်ကျော်က ဆြာဒင်ခြေကြောင်းကျခဲ့တဲ့အရပ်ဗျ။လမ်းဘေးဝဲယာဟာ ကျားခြင်္သေ့တွေ တောင် ခိုအောင်းနိုင်တဲ့အရပ်။ခုများ တံမြည်းစည်းပင်တောင် မမြင်ရတော့ဘူး။ဘယ်မြင်ရမတုန်း၊လက်သင့်ရာစားတော်ခေါ်ပြီး မည်းမည်း မြင် ငါ့ယောက္ခမထန်းတောမှတ်၊ခုတ်လို့ရတာအကုန်ခုတ်၊တတိုင်းပြည်လုံး ငုတ်တုတ်မေ့ကုန်ကြပါရောလား"
ဆြာဒင့်စကားမဆုံးမီမှာပင် အနီးကပ်စောင့်ကြည့်လျက်ရှိသော ရဲတပ်ကြပ်တစ်ဦးသည် ဆြာဒင့်လက်နှစ်ဖက်ကိုချပ်ကနဲနေအောင် လက်ထိပ်ခပ်လိုက်လေရာ ရဲရဲနီစွေးသော နတ်မောက်သွေးသည် ရုတ်ခြည်းဖြူရော့ရော့ဖြစ်သွားဟန်ရှိသည်။ မျက်နှာငယ်ဖြင့် ရဲတပ်ကြပ်ကိုမေးခွန်းထုတ်မိလေ၏။
"ဘယ့်နှာကြောင့် ဆြာဒင့်ကိုလက်ထိပ်ခတ်လေသနည်း"
"ဆြာဒင့်ကို ရွေ့ပြောင်းအလုပ်သမားအရေးအတွက်သာ ဆန္ဒပြခွင့်ပြုတာ၊အခုဆြာဒင်က သစ်တောကိစ္စဘက်လှည့်သွားတာ ကြောင့် ပုဒ်မ(၁၈)နဲ့ ဆြာဒင့်ကိုအရေးယူလိုက်ပါပြီ"
"နေပါဦးမောင်။ပုဒ်မ(၁၈)ဆိုတာ ဘာများပါလိမ့်"
"ပုဒ်မ(၁၈)ဆိုတာ ပုဒ်မ(၁၇)နဲ့ပုဒ်မ(၁၉)ကြားကပါပဲဆြာဒင်။တနည်းနည်းနဲ့ဆြာဒင့်ကိုထိန်းသိမ်းဖို့ အထက်က ညွှန်ကြားထားပြီးသားပါ။ ဒါကြောင့်အကွက်ဝင်အောင်စောင့်နေတာပေါ့"
ဝိုင်းဝိုင်းလည်နေသော သတင်းထောက်တို့သည် ရုတ်ခြည်းအဝေးသို့ရှဲကုန်၏။ဖေကြည်၊ကပ္ပလီနှင့်ရွှေမင်းသားတို့ကား အမြီးနှင့်ဖုံလုံး ကိုမျှပင်မမြင်ရတော့ချေ။
(၇)
လံကွတ်တီနံငယ်ပိုင်းနှင့်ဆြာဒင်သည် ဘယ်အရပ်သို့ဦးတည်မောင်းနှင်မှန်းမသိသည့် ရဲအချုပ်ကားပေါ်တွင်ချွေးတလုံးလုံးဖြင့် အငြိမ့် သားလိုက်ပါလျက်ရှိ၏။ထိုစဉ် နေပြည်တော်၏တခုသောအလှူခံမဏ္ဍပ်ဆီမှ ဖြစ်ဟန်ရှိသည့်၊ခေတ်ဟောင်းအဆိုတော်ကြီးရွှေညာမောင်၏ ခေတ်ဆန်းချိန် တေးသံပြတ်တောင်းပြတ်တောင်းသည် ဆြာဒင့်ကို သယ်ဆောင်လာသည့် အချုပ်ကားနောက်သို့ အညာလေရူးနှင့်အတူ ထပ်ချပ် မကွာလိုက်ပါလာကာ ဆြာဒင့်သွေးကို ပြန်လည်၍ ရဲရဲနီလာစေရန်အလို့ငှာ မြှောက်ပင့်ပေးလျက်ရှိလေ၏။
(ဝေဝေစီစီ ရွှေငွေအလီလီ ဝေဝေစီစီ သာကီဇာနည် မင်းလုပ်ခဲ့တဲ့နေပြည်)၂ရွှေဘုံရွှေနန်းကရွှေဗဟိုရ်စည်သံများကို မကြားရတော့ သည်။......
(အမျိုးသားတွေနိုးကြားလာကြပြီ။ ကြိုးစားရှာကြသည်။ကူညီညာဝိုင်းကာတို့တိုင်းတို့ပြည်၊တို့တိုင်းတို့ပြည် သာယာစေဖို့အတည်)၂ အနစ်နာ ခံကာ ကမ္ဘာမြေအတွင်းတွင် ဗမာတွေစာရင်းဝင်ဖြစ်စေမည်။ တိုင်းပြည်အကျိုးနော် နှိုးဆော်လိုက်ပါသည်။ တို့ဗမာပြည်ဇာတာ ဆန်းမှာပွင့်လန်းလာခဲ့ပြီ။ဘုန်းတေဇာ သမ္ဘာလျှမ်းမည့် စာဆိုတွေနဲ့ အညီ မမေ့နိုင်သည် ခေတ်ဆန်းချိန်ရောက်လုနီးပါပြီ။

↧

ဒီအတိုင်းပဲကောင်းပါတယ်

$
0
0

ဒီအတိုင်းပဲကောင်းပါတယ်။

 တခုသောလမ်းမကြီးပေါ်တွင် အထမ်းသမားတဦးသည် မြက်ထုံးနှစ်ထုံးနှင့် ကျောက်တုံးနှစ်တုံးကို ထမ်းပိုး၏ ရှေ့နောက် ချိတ်ဆွဲလျက် ချွေးတပြိုက်ပြိုက်ဖြင့်ခရီးနှင်နေချိန်၊ ယင်းမြင်ကွင်းကို လမ်းဘေးမှ သူတောင်းစားတဦးက လှမ်းမြင်သည့်အခါ ....

သူတောင်းစား။ ။ ဒီမယ် ဒီမယ် ခင်ဗျားကိုကြည့်ရတာ စိတ်မသက်သာလိုက်တာ။အတော်အိုင်ဒီယာအောက်တာပဲ ။

အထမ်းသမား။ ။ဘာ အိုက်ဒီယာအောက်တာတုန်းကွ။

သူတောင်းစား။ ။ ဟာ၊ခင်ဗျားနှယ် နောက်ဖက်က ကျောက်တုံးနှစ်တုံးဟာ မလိုဘူးဗျ။ မြက်ထုံးနှစ်ထုံးကို ရှေ့နောက်တထုံးစီ ထားလိုက်ရင် ပြီးနေတဲ့ဥစ္စာ။

အထမ်းသမား။ ။အင်း ဟုတ်သားပဲ။ဒါပေမဲ့ ...

သူတောင်းစား။ ။ဘာဒါပေမဲ့လဲဗျာ။ချက်ချင်းပြင်လိုက်ရင် ပြီးနေတဲ့ဥစ္စာ။

အထမ်းသမား။ ။ မင်းပေးတဲ့အကြံဥာဏ်ဟာ အင်မတန်ကောင်းတာ အမှန်ပဲကွာ။ ခက်တာက မင်းပြောသလို ငါလိုက်လုပ်ရင် ..သူတောင်းစားပေးတဲ့အကြံအတိုင်းလိုက်လုပ်တယ်လို့ ပြောကြအုံးမယ်။ အဲသလို လူကြားမကောင်းသူကြားမကောင်းတော့ အဖြစ်မခံနိုင်ဘူးကွာ။ဒီအတိုင်းပဲ ကောင်းပါတယ်လေ။

(အစိုးရမင်းတို့ကို ဆြာဒင်အကြံပေးလိုလှပါသည်။ သို့သော် ...)

↧

နွားရိုင်းသွင်းချိန်နှင့်ဂငယ်ကွေ့စစ်တမ်း

$
0
0

                                                         
                                                            နွားရိုင်းသွင်းချိန်နှင့်ဂငယ်ကွေ့စစ်တမ်း
                                                       
                                                                    (မင်းဒင် ရေးသည်။)
နိဒါန်း
ဤစစ်တမ်းသည် မြန်မာ့နိုင်ငံရေးအကူးအပြောင်းပေါ် စာရေးသူစဉ်းစားဆင်ခြင်ချက်တစ်ရပ်သာဖြစ်ပြီးအတ္တနောမတိကို အခြေခံသည် ဖြစ်သောကြောင့် ယုံကြည်လက်ခံရန်မဟုတ်။ ဆင်ခြင်တွေးတောရန် သာဖြစ်ကြောင်း ဦးစွာပြောလိုသည်။အထူးသဖြင့် မြန်မာ့နိုင်ငံရေး အကူးအပြောင်းသည်၊မည်သို့သောတွန်းအားကြောင့်ဖြစ်ပေါ်လာရကြောင်း မှန်ကန်စွာစေ့ငုနိုင်လျှင် လာလတ္တံ့သော နိုင်ငံရေးဖြစ်စဉ်များ တွင် မြန်မာလူထုတရပ်လုံး၏ ရှေ့ဆက်ရမည့်ခရီးအတွက် လှမ်းရမည့်ခြေလှမ်းအမှန်ကို တွက်ဆနိုင်ကောင်းသည်။တွက်ဆမှုလွဲမှားလျှင် (၂၀၁၅)ခုနှစ်မြန်မာ့နိုင်ငံရေးပင်လယ်ပြင်တွင် မိုးသက်မုန်တိုင်းကျရောက်နိုင်သည့်အလားအရှိနေသည်။

(၁)စစ်ခေါင်းဆောင်ဟောင်းကြီး၏ မဟာဂရုဏာတော်ပေလော။
(၂၀၁၀)ခုနှစ်တွင်မြန်မာ့နိုင်ငံရေးလမ်းကြောင်းသည် စစ်အစိုးရအာဏာရှင်စံနစ်မှသည်၊ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ဗြုန်းဒိုင်းကြီး ဦးတည်ချိုးကွေ့ လာခဲ့သည်။ဗမာ့စစ်တပ်အသိုင်းအဝိုင်းကမူ မြန်မာနိုင်ငံရေးအကူးအပြောင်းသည် ယခုအခါစာဖတ်နေသူကြီး၏ မဟာဂရု ဏာတော်ဟုဆိုကာ အမွှန်း သူ့ကိုတင်ကြသည်။ စစ်ခေါင်းဆောင်ဟောင်းကြီး၏အကြင်နာတရားဟု တိုက်ရိုက်တမျိုး၊သွယ်ဝိုက်၍ တသွယ် မီးမောင်းထိုးပြနေခဲ့ကြသည်။
သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လွှတ်တော်တွင်းသို့ဝင်ရောက်လာခြင်း၊မြစ်ဆုံစီမံကိန်းကို ရုတ်ခြည်း ရပ်ဆိုင်းခြင်း ၊မြောက်ကိုးရီးယားနှင့်စစ်ရေးကဏ္ဍ အဆက်အသွယ်ဖြတ်တောက်ခြင်းစသည့်ကိစ္စရပ်များအပါအဝင် နိုင်ငံရေးဖြစ်စဉ်အတော်များမျာ သည် မထင်မှတ်ပဲ အဆက်အစပ်မဲ့ဆင့်ကဲဆင့်ကဲဖြစ်ပေါ်လာခဲ့သည်။
တိတိကျကျဆိုရလျှင် အာဏာတည်မြဲရေးအတွက် တရုတ်ပြည်ကြီးကို အစွန်းတဖက်နင်းကာ အမှီသဟဲပြုခဲ့သော ဗိုလ်ချုပ်မှူးကြီး ဟောင်းသည် မြစ်ဆုံစီမံ ကိန်းရပ်နားမိန့်ကို မည်သည့်နည်းနှင့်မျှ ပေးဖွယ်ရာမရှိသလိုမြောက်ကိုးရီးယားနှင့်ညောင်ညိုပင်လမ်းခွဲသို့ ရောက်ရန် ခိုင်လုံသောအကြောင်းလည်းမရှိချေ။သေချာသော အချက်မှာမြစ်ဆုံကိုရပ်ဆိုင်းခြင်း၊မြောက်ကိုးရီးယားနှင့် လမ်းစဖြတ်ခြင်း၊ မီဒီယာကိုအထိုက် အလျောက်လွတ်လပ် ခွင့်ပေးခြင်းတို့သည် မြန်မာ့ဒီမိုကရေစီ အလှည့်အပြောင်း၏ထင်ရှားသော သင်္ကေတများ ဖြစ်လေရာ အဆိုပါတိုက်ပွဲခေါ်သံတံပိုးခရာအဖြစ် ဒီမိုကရေစီရှေ့ပြေးစည်တော်ကို ရွမ်းဝံ့သည်မှာ အလွန်တရာဆန်းပြားနေသည်။
စစ်အစိုးရသည်တရုတ်နိုင်ငံနှင့် စစ်ရေး၊စီးပွားရေးကဏ္ဍများတွင် အလွန်အကျွံခြေလှမ်းမှားများကို လှမ်းခဲ့သည်။မြစ်ဆုံဆည်စီမံကိန်း၊ ကျောက်ဖြူကူမင်းရေနံပိုက်လိုင်းတို့အပြင် များပြားလှစွာသော သယံဇာတများ၊တိုင်းပြည်၏ အဓိကရ စီမံကိန်းမှန်သမျှကို တရုတ် တို့လက်သို့ထိုးအပ်ထားခဲ့သည်။၂၀၀၁မှ ၂၀၀၅အထိ မြောက်ကိုးရီးယားနှင့်စစ်ရေးခြေလှမ်းကျဲခဲ့ကာ နျူကလီးယားအိပ်မက်ကို မက်ခဲ့ကြ သည်။ထိုသို့သောအခြေအနေတွင် မြစ်ဆုံကိုရပ်၊တူးလက်စဥမင်လိုဏ်ခေါင်းတို့ကိုဆိုင်းငံ့ကာ ကိုယ့်တံထွေးကို ပြန်မြိုလျက်၊ အနောက်သို့ မျက်နှာပြန်မူ၍ လက်နှစ်ဖက်ကိုဆန့်တန်းခဲ့ခြင်းသည် ဗိုလ်ချုပ်မှူးကြီးဟောင်း၏အစီအမံဖြစ်သည်ဆိုလျှင် ကျားဥပုပ်ဆောင် ဝင်၍သက်သတ်လွတ်စားသည့်နှယ် ယုတ္တိမတန်ကြောင်း ထင်ရှားသည်။
ကမ္ဘာကုန် ကျယ်သရွေ့အာဏာကိုဖက်တွယ်ထားမည့်အစီအမံများကို ရုတ်တရက်စွန့်လွှတ်လိုက်ခြင်းသည် ဂန္တဝင်လူမိုက်ကြီး နေ့ချင်းညချင်းအမြင်မှန်ရသွားသည့် စိတ်ကူးယဉ်ဇာတ်လမ်းသဖွယ်ဒဏ္ဍာရီဆန်လွန်းလှသည်။ထို့အတူ အမေရိကန်သမ္မတကြီးကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီး၏အစီအမံကိုနာခံယုံကြည်လျက် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမစင်မြင့်ဆီသို့ကြွရောက်တော်မူလာသည်၊ ဆိုပါ လျှင် အဆို ပါဆင်ခြင်ချက်မှာ စိတ်ပေါ့သွပ်သူ၏အတွေးသာဖြစ်ချိမ့်မည်။ထို့အတူကမ္ဘာနိုင်ငံအသီးသီးအနေဖြင့် ၎င်းတို့ရရန်ရှိသည့် ကြွေးမြီတို့ကို ရက်ရောစွာလျှော်ပစ်ကြခြင်းသည် ဗိုလ်ချုပ်မှူးကြီးဟောင်းကို ယုံကြည်၍တော့ မဖြစ်တန်ရာ။
ထိုသို့ဆိုလျှင် မြန်မာ့နိုင်ငံရေးအကူးအပြောင်းသည် အဘယ်ဆီမှ မြစ်ဖျားခံပါသနည်း။

(၂)ထူးဆန်းသောစာတစ်စောင်
စစ်တပ်အတွင်း၌ပင် စစ်ဗိုလ်ချုပ်ကြီးတို့၏ ညစ်နည်းတစ်ထောင်ကို စိတ်ပျက်လာနေသူအချို့အမှန်ပင်ရှိခဲ့လေသလော တွေးတော ဖွယ်ကိစ္စရပ်များရှိခဲ့သည်။ စာရေးသူထံသို့ပင် တပ်မတော်အရာရှိတစ်ဦးအမည်ခံကာ ၂၄၊အောက်တိုဘာ၂၀၀၈နေ့ရက်စွဲဖြင့် မေးလ်တစ်စောင်ရောက်လာဖူးသည်။ထိုစာ၏ဆိုလိုရင်းမှာ မြန်မာ့နိုင်ငံရေးအကူးအပြောင်းအတွက် စီမံချက်တစ်ရပ်ရေးဆွဲ တင်ပြခြင်း ဖြစ်၏။အဆိုပါရွှေပြည်တော်စီမံချက်ကို ထိုစဉ်က တာဝန်ထမ်းဆောင်ဆဲ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးက ဦးဆောင်သည်ဟု ဖော်ပြထား သည်။ ယင်းစီမံချက်ကိုအကောင်အထည်ဖော်ရန် နိုင်ငံ အလိုက် စစ်ဆင်ရေးတာဝန်ခံများ ပင်လျာထားသတ်မှတ်သည့် အဆင့်အထိ စာရေးသူပါဝင်ဆွေးနွေးခဲ့ဖူးသည်။ ဥမာ၊ စစ်ဆင်ရေး ဌာနချုပ်အမည်ဝှက် နောင်ရိုး။ထိုင်းနိုင်ငံ တာဝန်ခံ မိုးကြိုး။ မလေးရှား နိုင်ငံတာဝန် ခံပျံလွှား စသည်ဖြင့်...။ စာရေးသူ၏ပါဝင် သက်မှု ကာလသည် တလခွဲခန့်ကြာမြင့်ခဲ့သည်။
၎င်းစာပါစိတ်ဝင်စားဖွယ်။စဉ်းစားဆင်ခြင်ဖွယ်မြန်မာ့နိုင်ငံရေးအပေါ်သုံးသပ်ချက်ထားများမှာအောက်ပါအတိုင်းဖြစ်၍မူရင်းစာသားအတိုင်းဖော်ပြအပ်ပါသည်။ယင်းသုံးသပ်ချက်များမှာ ၂၀၀၈နှစ်ကုန်ပိုင်းဗမာပြည်အခြေအနေဖြစ်သည်ကိုသတိပြုစေလိုပါသည်။
- လက်ရှိအစိုးရအခြေအနေ
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သင်တန်း အမှတ်စဉ် (၉) သင်တန်း ၊ သင်တန်းဆင်းကာလ (၂၀၀၉ ခုနှစ် ၊ဒိုတယလေးလပတ် ကာလအတွင်း) အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းမှုအတွက် အထူးအားထည့်ဆောင်ရွက်နေခြင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းအား နိုင်ငံရေးပါတီတစ်ရပ်အသွင် ကူးပြောင်းရန်စုဖွဲ့ပြင်ဆင် ဆောင်ရွက်ခြင်း ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ ခေါင်းဆောင်ပိုင်းများကို ရွေးကောက်ပွဲဝင်ရန် စည်းရုံးပြီး လက်နက်ကိုင်တပ်များကို ထိန်းချုပ်ရန် ပြင်ဆင်ဆောင်ရွက်ခြင်း ပြည်တွင်း နိုင်ငံရေးလှုပ်ရှားမှုများကို အရှိန်အဟုန်ဖြင့် ဖြိုခွင်းတားဆီးခြင်း ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအပ အခြားမြေပေါ်နိုင်ငံရေးပါတီ များကို ရွေးကောက်ပွဲလမ်းကြောင်းပေါ်ဆွဲတင်ခြင်း ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်ဖျက်သိမ်းခြင်း အစရှိသော နိုင်ငံရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရမည့်ဖြစ်သည်အတွက် နိုင်ငံရေးအကျပ်အတည်း များရှိနေသည်။
- အတိုက်အခံများအခြေအနေ
တည်ဆဲအစိုးရဖြုတ်ချရေးဘုံလုပ်ငန်းစဉ်အားလက်တွေ့ကျကျပူးပေါင်းအကောင်အထည်ဖော်ရန် တူညီသောမဟာဗျူဟာအခင်းအကျင်း များမရှိခြင်း ၊ ညီညွတ်သောအင်အားစုအဖြစ် ဦးဆောင်မည့်လူ။ အဖွဲ့အစည်းတစ်ရပ် မရှိခြင်း လက်ကျန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း နယ်မြေအလိုက်ဟန်ချက်ညီစစ်ရေး အရထိုးဖောက်တိုက်ကွက်ဖော်ရန် အင်အားမရှိခြင်း ။ ပြည်သူလူထုနှင့် တပ်မတော်က ယုံကြည်အားကိုးရ လောက်သောနိုင်ငံတကာထောက်ခံမှုရရှိသည့် စင်ပြိုင်အစိုးရ တစ်ရပ်အသင့်မရှိခြင်း။
- ဒေါ်အောင်ဆန်းစုကြည်အခြေအနေ
နိုင်ငံတကာဖိအားပေါ်မူတည်၍ အလျော့အတင်းလုပ် နိုင်ငံရေးကစားကွက်ပုံဖော်ခြင်း ယာယီအားဖြင့် တားဆီးမိန့်ရုပ်သိမ်းပေးပြီး လူထုနှင့်ထိစပ်မှုပေးကာလူထုအတွင်းမှ လုပ်ကြံမှု (ဖန်တီးချက်) ဖြင့် အဆုံးသတ်စေခြင်း ။

(၃)အံဝင်ဂွင်ကျထူးဆန်းစွာတိုက်ဆိုင်နေမှု
စာရေးသူမှတ်မိသမျှ ၎င်းအီးမေးလ်စာပါစီမံချက်၏အဓိက ရည်ရွယ်ချက်များမှာ အတိုချုံးအားဖြင့်အောက်ပါအတိုင်းဖြစ်၏။
၁။အမေရိကန်အပါအဝင် အနောက်အုပ်စုနှင့်ချိတ်ဆက်ပေးရန်
၂။ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်တင်မြှောက်ရန်
၃။ တိုင်းရင်းသားအဖွဲ့များနှင့် အပြေလည်ဆုံးညှိနှိုင်းဆွေးနွေးရန်
၎။ ပြည်ပရောက်မြန်မာ့အတိုက်အခံများနှင့် ပြေလည်မှုရရှိစေရေးအတွက် ညှိနှိုင်းခွင့်ရနိုင်ရေး ချိတ်ဆက်ပေးရန်
အဆက်အသွယ် မျိုးစုံဖြင့် ချိတ်ဆက်စုံစမ်းသည့်အခါ စာရေးသူထံမေးလ်ပို့သူမှာ မြန်မာစစ်တပ်အသိုင်းအဝိုင်းကြားတွင် နည်းမျိုးစုံဖြင့် ဒိုးလိုမွှေရေလိုနှောက်ကျင်လည်ခဲ့သူဖြစ် ကြောင်းခိုင်မာစွာသိရသည်။ထိုထူးဆန်းသောမေးလ်သည် အတိုက်အခံခေါင်းဆောင်တချို့ ထံသို့လည်း ရောက်ရှိခဲ့ဟန်ရှိသော်ငြား အဆိုပါစာအပေါ်တစ်စုံတစ်ရာ မှတ်ချက်ပြုသံကိုမူ ထူးဆန်းစွာ၊တစ်လုံးတစ်ပါဒမျှ စာရေးသူ မကြားမိချေ။ မကြာမီစာရေးသူ၏မေးလ်အကောင့်သည် ထူးဆန်းစွာ အဟက်ခံခဲ့ရသည်။
မည်သို့ဆိုစေ စာရေးသူအနေဖြင့်ဗမာ့စစ်ထောက်လှမ်းရေး၏တန်ပြန်နည်းဗျူဟာအချို့ကို စောင်းပါးရိပ်ခြည်နားလည်နေသည့်အတွက် အဆိုပါအီးမေးလ်ပါစီမံချက် အပြည့်အစုံကို  ယုံကြည်လက်ခံရန်အကြောင်းမရှိချေ။သို့သော်ယခုစာရေးနေချိန်တွင် ဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွင် အထက်ဖော်ပြပါလေးချက်အနက်မှ သုံးချက်သည် ထူးဆန်းစွာ အံဝင်ဂွင်ကျဖြစ်၊တိုက်ဆိုင်နေသည်ကို အံ့သြဖွယ်တွေ့မြင်နေရသည်။


စိတ်ကူးယဉ်ဆန်ဆန်အရူးအနှမ်းသဖွယ် စီမံထားလေသည့် အဆိုပါ ရွှေပြည်တော်စစ်ဆင်ရေးသည် အဘယ်ကြောင့် လက်ရှိမြန်မာ့ နိုင်ငံရေးအခြေအနေနှင့် ထူးဆန်းစွာ တိုက်ဆိုင်နေပါသနည်း။ အမေရိကန်နှင့်အနောက်အုပ်စုသည်အရူး အိပ်မက်ကို အကောင် အထည် ဖော်လောက်အောင် အတွေးအခေါ်မညံ့ ဖျင်းတန်ရာ။ နိုင်ငံတော်သမ္မတရုံး စာအမှတ် ၁၅၁(၂)/၈/၃ဖြင့် လွှတ်တော်သို့ ပေးပို့ခဲ့သည့် (၂၉-၉-၂ဝ၁၁) နေ့စွဲပါ သဝဏ်လွှာဖြင့် မြစ်ဆုံစီမံကိန်းကို ရပ်တန့်စေခဲ့သည်။တရုပ်ကိုအာခံသည့် ခြေလှမ်းသည် ကမ္ဘာ့အင်အားကြီးနိုင်ငံ တခု၏ကျောထောက်နောက်ခံရှိပါမှသာ ဖြစ်နိုင်ကောင်းသည့် ကိစ္စဖြစ်၍ယင်းမြစ်ဆုံရပ်ဆိုင်းခြင်းသည် ဗိုလ်ချုပ်မှူးကြီး၏ အစီအမံမဟုတ် တန်ရာချေ။
ဤဆောင်းပါးကိုရေးရခြင်းမှာ မြန်မာ့နိုင်ငံရေး အကူးအပြောင်းသည် မြန်မာစစ် ဗိုလ်ချုပ်တို့၏ တွေးခေါ်မြှော်မြင်မှုကြောင့် မဟုတ်ပဲ တစ်စုံတစ်ခုသော မဟာဗျူဟာလှိုင်းတံပိုးကြီးကြောင့် ဖြစ်ပေါ်လာခဲ့ဟန်ရှိကြာင်း ဆင်ခြင်ယုတ္တိတစ်ရပ်ထုတ်ယူရန်သာဖြစ်၏။

(ဆက်လက်ဖော်ပြပါမည်)
↧

နွားရိုင်းသွင်းချိန်နှင့်ဂငယ်ကွေ့စစ်တမ်း

$
0
0



                                             နွားရိုင်းသွင်းချိန်နှင့်ဂငယ်ကွေ့စစ်တမ်း(အပိုင်း၂)


                                                   မင်းဒင်ရေးသည်။


(၄) အမေရိကန်၏မဟာဗျူဟာအရ အနောက်အုပ်စုဝင်နိုင်ငံများမြန်မာနိုင်ငံအတွင်းသို့ အဆောတလျင်ခြေဦးလှည့်ခဲ့လေသလော။
အမေရိကန်ရုရှစစ်အေးကာလအပြီးတွင် အမေရိကန်သည် စိန်ခေါ်သူမဲ့နေသော ချန်ပီယံနှင့်တူနေခဲ့သည်။စင်စစ် စီးပွားရေး၊စစ်ရေး၊ နိုင်ငံရေးနယ်ပယ်များတွင် ပြည့်စုံကြွယ်ဝနေသော အင်အားကြီးနိုင်ငံတခုအဖို့ မိမိ၏အစွမ်းအစ လက်ရည်ကို အမြဲတစေ တက်နေစေရန် ယှဉ်ပြိုင်ထိုးသတ်ဖက် မရှိမဖြစ်လိုအပ်သည်။နှိုင်းရဓမ္မတရားအတိုင်း မိမိအဆင့်အခြေမည်သည့်အနေအထားကို ရောက်ရှိနေကြောင်း မသိခြင်းပင်လျှင် ထိုအင်အားကြီးနိုင်ငံအတွက် အန္တရာယ်များလှသည်။ထို့ကြောင့် မိမိအားယှဉ်ပြိုင်ထိုးသတ်လေ့ကျင့်ဖက်ဖြစ်နိုင် လောက်သည့် တရုတ်နိုင်ငံကို ကမ္ဘာ့စီးပွားရေးအဖွဲ့(WTO)သို့ ဝင်ရောက်ခွင့်ပြုနိုင်ရေးအတွက် ဦးဆောင်လုံးပန်းခဲ့သည်။
သို့နှင့်ဆယ်စုနှစ်တခုကျော်သည့်အခါ တရုတ်၏ ခြေလှမ်းကျဲကြီးများကြောင့် ကမ္ဘာ့စီးပွားရေးအဝန်းအဝိုင်းတွင် တရုတ်တို့တမဟုတ်ချင်း နေရာရလာခဲ့သည်။တပြိုင်တည်းလိုလိုပင် အာရှပစိဖိတ်ဒေသ၏ စီးပွားရေးစစ်ရေး၊ပုလဲကိုးသွယ်စီမံကိန်းကဲ့သို့ ဒေသတွင်းစိုးမိုးရေး အစီအစဉ်များ ဖြင့်မဟာဗျူဟာမြောက်ဖြန့်ကျက်ရန် စိုင်းပြင်းလာခဲ့ကြသည်။
တိုက်ဆိုင်စွာပင် ယင်းကာလသည် အနောက်နိုင်ငံများအဖို့ စီးပွားရေးကသောင်းကနင်းဖြစ်ကာ အနောက်၏အနာဂါတ်သည့် အရှေ့ဖြစ် လာပြီး အာရှပစိဖိတ်ဒေသသည် ကမ္ဘာနိုင်ငံရေးပထဝီတွင် အချက်အချာကျလာသည်။၂၀၀၉ခုနှစ်ကမ္ဘာ့စီးပွားရေး အကြပ်အတည်း ကြောင့်အနောက်အုပ်စုတို့ အရှေ့ဖက်သို့ ဦးတည်သည့် မဟာဗျူဟာတွင် တရုတ်သည် အကြီးအကျယ်စိန်ခေါ်မှုအဖြစ် ပေါ်လွင် လာသည်။ထို့ကြောင့် လွန်ခဲ့သောလေးနှစ်ဝန်းကျင်မှ အစပြု၍ သြစတေလျမှာ အမေရိကန်ရေတပ်ကို အခြေစိုက်လာသည်။
ကျောက်ဖြူကူမင်းရေနံပိုက်လိုင်းစီမံကိန်းမှသည် မြန်မာနိုင်ငံကို တရုတ်ပြည်မြောက်ပိုင်း၏ ပင်လယ်ထွက်ပေါက်အဖြစ် စစ်ရေးစီးပွားရေး အမြင်နှစ်ဘက်ဖြင့် မဟာဗျူဟာမြောက်ခြေလှမ်းများကို အနောက်အုပ်စုက ကြီးစွာသောသတိဖြင့် စောင့်ကြည့်နေခဲ့ဟန်ရှိသည်။
ယင်းအချိန်က မြန်မာ့ပြည်တွင်းရေးကို ပြန်လည်သုံးသပ်ကြည့်လျှင်ညောင်နှစ်ပင်ညီလာခံမှသည် လွှတ်တော်ဖွဲ့စည်းနိုင်သည့် ကာလအထိသို့ ရောက်ရှိလာသည့်အခါ များပြားလှသော နိုင်ငံတကာကြွေးမြီ များ၊ဘက်ပေါင်းစုံမှ ယိုယွင်းမှုများကြောင့် လှေခွက်ချည်း ကျန်နေသော အချိန်တွင် လွှတ်တော်သည် မည်သည့်အလုပ်မျှ လုပ်ရန်မရှိတော့ပဲ ၁၀၉/၁၁၀ အမည်ခံလွှတ်တော်အဆင့် ဖြစ်တော့ မည့်ဆဲဆဲအခြေအနေသို့ဆိုက်ရောက်နေခဲ့သည်။
၂၀၀၉ခုနှစ်ဧပြီလကဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့ ယက်တောအမည်ရှိ အမေရိကန်နိုင်ငံသားတစ်ဦး ရေကူးဝင်ရောက်ခဲ့သည်ကို မှတ်မိကြမည် ထင်ပါသည်။ဂျွန်ယက်တောပြစ်ဒဏ်ချမှတ်ခံပြီးသည့်အချိန်၁၈။သြဂုတ်၂၀၀၉ရက်နေ့တွင် အမေရိကန်အထက်လွှတ်တော် အမတ် ဂျင်မ်ဝက်လာရောက်၍ ဗိုလ်ချုပ်မှူးကြီး ဟောင်းနှင့်နှစ်ကြိမ်တိုင်တိုင်တွေ့ဆုံညှိနှိုင်းကာ ယက်တောကို ခေါ်ထုတ်သွားခဲ့သည်။ ယက်တောကို လွှတ်ပေးခဲ့ခြင်းအတွက် အမေရိကန်သမ္မတအနေဖြင့် မြန်မာအစိုးရ၏လုပ်ရပ်ကို ကြိုဆိုခဲ့သည်။မြန်မာ့နိုင်ငံရေးအလှည့် အပြောင်းသည် မြန်မာ့နိုင်ငံရေးအရှုပ်ထွေးဆုးံကာလဖြစ်သည့်ဂျင်မ်ဝက် ယက်တောဇာတ်လမ်းဖြစ်ပေါ်ချိန်ဝန်းကျင်တွင် စတင်ခဲ့သည်ဟု တွေးတောနိုင်ဖွယ်ရှိသည်။

(၅) ဗိုလ်ချုပ်မှူးကြီးဟောင်းကျောချမ်းလောက်သည့် အာဏာရှင်တို့၏ဇာတ်သိမ်းများ
သူ့သဘောသူ့ဆောင်နေသော ကမ္ဘာ့သမိုင်းဇာတ်ခုံပေါ်ဝယ် အာဏာရှင်တို့သည် မရှုမလှနိဂုံးချုပ်ခဲ့ကြောင်း သမိုင်းမှတ်တိုင်များက သက်သေခံလျက်ရှိနေသည်။၂၀၀၆ခုနှစ်မှာ အီရတ်သမ္မတဆက်ဒမ်ဟူစိန် ကြိုးစင်ပေါ်မှာ နေဝင်ခဲ့သည်။ ၂၀၀၈နာဂစ်ဖြစ်ရပ်ဆိုး သည်လည်း အဓိကတာဝန်ရှိသူဗိုလ်ချုပ်မှူးကြီးကိုခြောက်လှန့်နေသည် အိပ်မက်တစ္ဆေ ဖြစ်နေချိမ့်မည်။
၂၀၁၁ဇန်နဝါရီလတွင် တူနီးရှားနိုင်ငံသား သာမန်ဈေးသည် အဘူအာဇီဇီအသက်နှင့်ရင်းနှီးခဲ့သော အာရပ်နွေဦးသည် အီဂျစ်သမ္မတ မူဘာရက်ကို ရာထူးမှပြုတ်ကျစေခဲ့သည်။ထိုမှသည် လစ်ဗျားနိုင်ငံကို အာဏာရှင်စံနစ်ဖြင့်ဆယ်စုနှစ်ပေါင်းများစွာ ထင်တိုင်းကြဲခဲ့သော
လစ်ဗျားခေါင်းဆောင် ကဒါဖီသည်လည်း မမြင်ရက်မရှုရက် အသေဆိုးဖြင့် အမိုက်ဇာတ်သိမ်းခဲ့ပြန်သည်။အဆိုပါ အိပ်မက်ဆိုးများ ကြောင့် ဗိုလ်ချုပ်မှူးကြီးဟောင်းအနေဖြင့် သူ့ဘဝကူးကောင်းစေမည့် အစီအမံတရပ်ကို တွေးတောကြံဆခဲ့မည်မှာသေချာလှသော အချက်တစ်ရပ်ဖြစ်၏။
ဤနေရာတွင်သတိချပ်ရန်မှာ အဆိုပါကာလသည် အမေရိကန်နှင့် အနောက်အုပ်စုများ အာရှပစိဖတ်ဒေသသို့ စစ်ရေးစီးပွားရေး အခန်း ကဏ္ဍများတွင် တဆင့်ချင်းလှမ်းနေရာမှ အရှိန်မြင့်ခြေလှမ်းကျဲလာချိန်နှင့် တိုက်ဆိုင်နေသည်။

(၅)စာရေးသူသာ ဗိုလ်ချုပ်မှူးကြီးဟောင်းဖြစ်ခဲ့သော်
အကယ်၍စာရေးသူသည် ဗိုလ်ချုပ်မှူးကြီးဟောင်းဖြစ်သည်ဆိုငြားအံ့။အတ္တကိုရှေ့တန်းတင်ခဲ့သော သမိုင်းကြောင်းမကောင်းသည့် ပုဂ္ဂိလ် တစ်ဦးအနေဖြင့် အောက်ပါအတိုင်း စဉ်းစားတွေးတောမိမည်ဖြစ်၏။
"မြန်မာပြည်ဒီမိုကရေစီရခြင်းမရခြင်းသည်ပဓာနမဟုတ်။ကိုယ်လွတ်ရုန်းနိုင်သည်အဓိကဖြစ်၏။သိက္ခာတရားကို မည်သို့မျှ အဖတ်ဆယ် နိုင်တော့မည့် အခြေအနေမဟုတ်။ဘဝကူးကောင်းရန်လိုသည်။မြန်မာတပြည်လုံးကို တရုတ်လက်တွင်းသို့ သိသိသာသာ လုံးလုံးလျား လျားထိုးအပ်ခဲ့ ပြန်ရင်လည်း အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်သည့် မြန်မာပြည်သူအများစု၏ အုံကြွဆူပူမှုကြောင့် တိုင်းပြည်ပျက် ကိန်းဖြစ်မည်။ တိုင်းပြည်ပျက်သည်မှာ အရေးမကြီးလှသော်ငြား ထိုမတည်ငြိမ်သောအခြေအနေတွင် မိမိနှင့်ဆွေတော်ရှစ် သောာင်းမျိုး တော်ပေါင်းမှာ မျက်နှာငယ်စွာဖြင့်တရုတ်ပြည်သို့ခိုလှုံရမည်"
"ဇွတ်အတင်းအဓမ္မအတည်ပြုခဲ့သည့်နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ မသမာနည်းမျိုးစုံဖြင့် ကြံ့ဖွံ့ကိုအနိုင်ရစေကာ ပေါ်ပေါက်လာ သော  လွှတ်တော်သည်လည်း လည်မျိုအထိနစ်နေသော နိုင်ငံတစ်ကာကြွေးမြီများကြောင့် ၁၀၉/၁၁၀လွှတ်တော်ဖြစ်နေမည်။ထိုအတိုင်း ရှေ့ခရီးဆက်လျှင် ရွှေဝါရောင်တော်လှန်ရေးတွင် အစိုးရဖိနှိပ်များအပေါ်ဂိတ်ဆုံးစိတ်ကုန်နေသည့်လူထုအနေဖြင့် သေမထူးနေမထူး ဇာတ်ခင်းလာနိုင်သည်။ထို့ကြောင့်မိမိအား အဆိုပါအကြပ်အတည်းများကို ထွက်ပေါက်ပေးနိုင်မည့် အင်အားကြီးဒီမိုကရေစီနိုင်ငံတစ်ခုခု ၏ ကျောထောက်နောက်ခံရခဲ့သော် ကောင်းလေစွ"
ဗိုလ်ချုပ်မှူးကြီးဟောင်း ထိုသို့စိတ်ကူးဖဲရိုက်နေစဉ်မှာပင် အထက်တွင်ဆိုခဲ့သော အမေရိကန်နှင့်အနောက်အုပ်စုတို့၏ အာရှပစိဖိတ်ဆိုင် ရာစစ်ရေးစီးပွားရေးမဟာဗျူဟာတစ်ရပ် ပေါ်ထွက်ခဲ့ရာ ယင်းအခြေအနေသည်ပင် ဗိုလ်ချုပ်မှူးကြီး၏ထိပ်တန်းလျှို့ဝှက်ကိုယ်စားလှယ် တော်အချို့နှင့် အနောက်အုပ်စုတို့ အမေရိကန်(သို့မဟုတ်)ကြားနိုင်ငံတစ်ခုခုတွင်နိုင်ငံရေးအပေးအယူဇာတ်လမ်းတစ်ခုကို ဖြစ်ပေါ် စေခဲ့သည်ဟု စာရေးသူ၏ စိတ်ကူးကိုရှေ့ဆက်မိသည်။

(၆) ဖြစ်နိုင်ချေရှိသော အပြန်အလှန်အပေးအယူများ
ဗိုလ်ချုပ်မှူးကြီးဟောင်း၏ အဓိကတောင်းဆိုချက်မှာ ဆယ်သက်စားမကုန်ဖြုန်းမကုန်သော စည်းစိမ်များဖြင့် နောက်ကြောင်းအေးစွာ အနားယူနိုင်ရန်ဖြစ်၏။နောက်ကြောင်းပြန်အာဏာသက်ရောက်၍ ကြိုးစင်မတက်ရရေးဖြစ်၏။ဒီမိုကရေစီပါးဝသော အနောက်အုပ်စုကား မီဒီယာလွတ်လပ်ခွင့်ကိုအခြေတည်ကာတဆင့်ချင်းပြောင်းလဲယူရမည့်လမ်းကြောင်းကိုသာရွေးချယ်ခဲ့၏။"လွတ်လပ်စွာပြောဆိုရေးသားထုတ်ဝေခွင့် ရှိသောနိုင်ငံတစ်ခုတွင် မည်သူပင်အုပ်စိုးပါစေ စိုးရိမ်ရန်အကြောင်းမရှိ"ဟူသောာအချက်ကို ကောင်းစွာ ကျေညက်နားလည် သည့် အနောက်အုပ်စုသည် မြန်မာပြည်၏မီဒီယာလွတ်လပ်ခွင့်ကိုဇောင်းပေးတောင်းဆိုခဲ့ဟန်ရှိသည်။ မီဒီယာကို ဝါဒဖြန့်ချိရေး သက်သက်သာ နားလည်အသုံးပြုခဲ့သော စစ်ဗိုလ်ချုပ်တို့ကလည်း ဤအချက်ကို လွယ်လွယ်ပင် သဘောတူ လိုက်လျောခဲ့ကြဟန်ရှိ သည်။
အဆိုပါဆွေးနွေးပွဲသည် နှစ်ဖက် အကြပ်အတည်းဖြစ်၍ အနောက်အုပ်စုဘက်မှ အတတ်နိုင်ဆုံးလိုက်လျောသလို ကိုယ့်ဝမ်းနာကိုယ် သာသိသော ဗိုလ်ချုပ်မှူးကြီးဟောင်းသည်လည်း မဆွတ်ခင်က ညွှတ်နေသည်ဟုခန့်မှန်းနိုင်သည်။
အမေရိကန်စီအိုင်အေအနေဖြင့် ဗိုလ်ချုပ်မှူးကြီးကို တရုတ်တို့၏ဗမာပြည်ကိုဝါးမျိုမည့်အကြံ တိကျခိုင်လုံသော ထိပ်တန်းလျှို့ဝှက်ဖဲ တစ်ချပ်ကိုလည်း ထုတ်ပြခဲ့ဟန်ရှိ၏။ကြက်ကိုလည်လိမ်သည်သို့ဗိုလ်ချုပ်မှူးကြီးအထွန့်မတက်နိုင်၊မငြင်းနိုင်သော တုပ်နှောင်မှု တစ်ရပ်ကို  အသုံးပြုခဲ့ဖွယ်ရှိ ကြောင်း ထည့်သွင်းစဉ်းစားသင့်သည်။
တိုတိုဇာတ်ပေါင်းခဲ့သော် အဆိုပါဆွေးနွေးပွဲသည် နှစ်ဖက်စလုံးအတွက်အောင်မြင်သောဆွေးနွေးပွဲဖြစ်ခဲ့သည်။ဤသို့လျှင် စစ်အုပ်စုတွင်း မှ အလယ်အလတ်လမ်းစဉ်ရှိပြီး နိုင်ငံအရေးကို ကျွမ်းကျင်သောရုံးအုပ်ကြီးကဲ့သို့ ပျော့ပျောင်းညင်သာစွာ ကိုယ်တွယ်နိုင် မည်ဟု နှစ်ဖက် စလုံးမှလက်ခံသည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်သည် သမ္မတဖြစ်လာသည်။ထိုမှသည် သမ္မတကြီး ဦးသိန်းစိန်သည် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ဓာတ်ပုံချိတ်ဆွဲထားသည့် သမ္မတရုံးခန်းသို့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်ကို ထူးခြားစွာဖိတ်ခေါ်ကာ သတင်းအတိအကျမထုတ်ပြန်နိုင်သော နှစ်ကိုယ်ကြား ဆွေးနွေးညှိနှိုင်း သဘောတူညီ ချက်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့သည်။နေရာအားလုံးနီးပါး အနိုင်ရခဲ့သည်။ထိုမျှမက လက်ရှိကာလ မှာပင်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးဦးသိန်းစိန်တို့ ရံဖန်ရံခါ နှစ်ဦးတည်းသီးသန့်ဆွေးနွေးမှုများရှိသော်ငြား အသေးစိတ်ကိုမူ နှစ်ဖက်စလုံးမှထုတ်ပြန်ခြင်းမရှိချေ။ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာခဲ့ခြင်းဖြင့် ၈၈မျိုးဆက်အပါအဝင် အခြားအတိုက်အခံအင်အားစုများ၊လမ်းမများပေါ်တက်၍ဆူပူအုံကြွမည့် အခြေအနေကိုရှောင်ကွင်းနိုင်ခဲ့သည်။အဆိုပါ ဖြစ်ရပ်တို့သည်ပင် မြန်မာ့နိုင်ငံရေးအကူးအပြောင်းသည် လျှို့ဝှက်နက်နဲလှသည့် မဟာဗျူဟာမြောက်အစီအမံကြီးတစ်ခု၏လမ်းညွှန်မြေပုံအတိုင်း ခရီးနှင် နေသည်ဟူသော အယူအဆကိုပံ့ပိုးလျက်ရှိသည်။

(ဆက်လက်ဖော်ပြပါမည်)

↧
↧

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0


မင်းဒင်ရဲ့သက်ခိုင်(၂)။ အခန်း(၃၃)

သက်ခိုင်၏လင်းယုန်ငှက်ပုံပြင်

၂၀၁၄ခုနှစ်၊မေလ။
မကြာမတင်ရက်ပိုင်းက ကျနော့်ဈေးဆိုင်မှာ ကိုသက်ခိုင်ရှိနေစဉ် ထိုင်းရဲအယောင်ဆောင်နှစ်ဦးရောက်လာကာ ထုံးစံအတိုင်း၊ ငွေညှစ် လေရာ ကိုသက်ခိုင်နှင့် ထိပ်တိုက်တိုးလေသည်။အဆိုပါ လူလတ်ပိုင်းထိုင်းနှစ်ဦးကို ကိုသက်ခိုင်က ပုလိပ်စစ်ပြန်စစ်နေ၏။ကျနော်ကား သူတို့အပြန်အလှန်ပြောဆိုနေကြသည်ကို ယောင်နနနှင့်ဘေးမှ ငေးကြည့်နေသည့် ပွဲကြည့်ပရိသတ်သာဖြစ်သည်။
 ဝီစကီနှစ်လုံးဖြင့် ပြသနာပြေလည်သွားခဲ့သော်ငြား ကိုသက်ခိုင်သည် မျက်မှောင်ကြုံ့လျက် တစ်စုံတခုကို မကျေမချမ်းဖြစ်နေဟန် ရှိလေ သည်။
"တော်တော်တရားကျဖို့ကောင်းတဲ့ လူဗျာ"
"ဘယ်သူတုန်းဗျ"

"ဒီမောင်တွေကို ရဲယောင်ဆောင်ခိုင်းပြီးလွှတ်လိုက်တဲ့ ထိုင်းရဲဗိုလ်မှူး"ချိုင်း"ပေါ့"
"သူတို့ကို ချိုင်းလွှတ်လိုက်တာ သေချာရဲ့လားဗျာ။ခင်ဗျားနဲ့ချိုင်းဒီလောက်ခင်မင်နေတာ။လွဲနေရင် မျက်နှာပူစရာဖြစ်နေပါ့မယ်"
"ရမ်းသမ်းစွပ်စွဲနေတာမဟုတ်ဘူးကိုယ့်ဆရာ။မနေ့ညက ချိုင်း ကျနော့်ဆီ၊ထူးထူးခြားခြားဖုန်းဆက်တယ်။ခင်ဗျားသူငယ်ချင်းဆိုင် ဘယ်ချိန်ပိတ်သတုန်း တဲ့။ဖြစ်ချင်တော့ အခုသူလွှတ်လိုက်တဲ့ တစ်ကောင်ဟာ ဆူရတ်ဌာနီက ကျနော်မိတ်ဆွေ ထိုင်းထောက်လှမ်း ရေးဗိုလ်မှူးကြီး ဝပ်ဆာဝပ်ရဲ့တပည့် ဖြစ်နေတယ်။ခင်ဗျား သတိထားမိလား။ နေကာမျက်မှန်တပ်ထားတဲ့ ကောင်ပေါ့။ သူက ကျနော့်ကို မှတ်မိနေတော့ အိုးတိုးအမ်းတန်းဖြစ်နေတယ်။ ဖြစ်မှာပေါ့။ညစာစားပွဲတစ်ခုမှာ ဆုံခဲ့ဖူးတာကိုး။လက်စသတ်တော့ ချိုင်းဟာ ထိုင်းရဲ ဗိုလ်မှူးကလိန်ကကျစ်ပဲ။"
"ဒါဆိုရဲအယောင်ဆောင်မှန်း သိသိကြီးနဲ့ ခင်ဗျားက အကောင်းစားဝီစကီနှစ်လုံး ဘာကြောင့် အဆုံးခံလိုက်ရတာတုန်း"

"တုန်းချက်ဗျာ။ကိစ္စတစ်ခုကိုဖြေရှင်းရာမှာ ဂယ်ပေါက်ထားရတယ်ဗျ။မင်းတို့လူလိမ်တွေပဲဆိုပြီး ခံတွန်းပစ်လိုက်ရင် နောက်ဆက်တွဲအဖြစ် ခင်ဗျားဟာ သူတို့ရဲ့ရန်သူစာရင်းဝင်သွားမယ်။နယ်မြေမပိုင် စစ်မနိုင်ဘူးတဲ့ဗျာ။ဖူးခက်မြေနဲ့ မကင်းနိုင်သေးသရွေ့ ဒါမျိုးတွေ ကြုံနေရအုံး မှာပါပဲ"
"ကဲပါဗျာ။ဝီစကီနှစ်လုံးနဲ့ ကျနော်လည်းမွဲမသွားပါဘူး။တရားသဘောအတိုင်းသာ ရှိပါစေတော့"
"အရေးထဲ အရိယာလောင်းကြီးက  တရားပြန်ဟောနေပါရောလား။ကိစ္စတစ်ခုကို ဆင်ခြင်သုံးသပ်ရာမှာ ဓမ္မကြောင်းအမြင်တစ်ခု တည်းနဲ့ မပြည့်စုံပြန်ပါဘူး။ လောကကြောင်း ဓမ္မကြောင်းဆက်စပ်ဆင်ခြင်နိုင်ရင် အကောင်းဆုံးပေါ့ဗျာ။ဒီလူဟာ ဒီအလုပ်မျိုး မလုပ်သင့် တာအမှန်ပဲဗျာ။ကျနော်နဲ့ဆို မိသားစုချင်းပါ အဆမတန်ရင်းနှီးတယ်။သူအခက်အခဲကြုံတိုင်း ကျနော်ထောက်ပံ့နေခဲ့တာ ခုနစ်နှစ်လောက်ရှိပြီ။ ဒီကိစ္စကို သူ့မိန်းမသိရင်တောင် လင်မယားနောင်ဂျိန်ပလေးလောက်တယ်။ကျနော်အမုန်းဆုံးက သူတို့နိုင်မယ်ထင်တဲ့သူကို မတော်မတရားနိုင်ရာစားလုပ်ချင်တဲ့ စိတ်ဓာတ်ပဲ။ လူ့သိက္ခာဆိုတာ ဘာမှန်းမသိတဲ့လူနဲ့ ငါပေါင်းသင်းမိပါပကောလားလို့တောင် ကိုယ့်ကိုယ်ကို ပြန်အပြစ်တင်မိတယ်။တကယ်တော့ ကျနော်ဒီကနေလှမ်းပြီးစီမံခန့်ခွဲနေတဲ့ ဗမာပြည်ထဲကဧရာမစီမံကိန်းတွေမှာ ချိုင်းကို ထည့်သုံး ဖို့အထိရည်ရွယ်ထားခဲ့တာဗျာ။ဒါကြောင့်လည်း လောကနီတိမှာ ... သူယုတ်မာကို အချစ်မလွန်ရာသူယုတ်မာသည် ထိပ်တင်ခေါင်းရွက် မြှောက်စား ခံရသော်လည်း မချေမငံ ဆူဆူညံညံ ပြုတတ်၏။ မြွေသည် အမျက်လွန်၏။မြွေထက်သူယုတ်မာသည်ပို၍ အမျက်လွန်၏။မြွေကို မန္တာန်ဆေးဝါးဖြင့် ငြိမ်းစေနိုင်သော်လည်း သူယုတ်မာကို ငြိမ်းစေနိုင်သည့်ဆေး မရှိချေလို့ ဆိုခဲ့တာကလား။တကယ်တော့ သူယုတ်မာ ဆိုတာ လောကကြီးမှာ မရှိအပ်ဘူးဗျ။စကားမစပ် ကျနော်ကြား ဖူးတဲ့ဇာတ်လမ်းလေးတစ်ပုဒ် ပြောပြချင်သေးတယ်။ သမရိုးကျဇာတ်လမ်းတွေနဲ့ ကွဲထွက်နေတာတော့ အမှန်ပဲဗျာ"

"ဘယ်လိုဇာတ်လမ်းပါလိမ့် ။လုပ်ပါအုံးဗျ"
ကျနော့်ဆိုင်တွင်းမှာ ဈေးဝယ်လေးငါးဦးခန့်ရှိနေ၏။အချို့ကား တောင်လျှောက်မြောက်လျှောက်ဖြင့် အလိုရှိသည့်ပစ္စည်းကို ရှာဖွေနေကြသည်။ကျန်သူတို့ကား မြန်မာစာတန်းထိုးဗီဒီယိုခွေတို့ကို လှန်လှောနေကြ၏။ကျနော်သာမက အဆိုပါဈေးဝယ်တို့ပါ ကိုသက်ခိုင်၏ ဇာတ်လမ်းကို မသိမသာနားစွင့်လျက်ရှိကြသည်။
"တခါတုန်းက ဘုရင့်အာဏာရှင်ပါးကွက်သား အဘိုးအိုတယောက်ရှိသတဲ့ဗျာ။တနေ့တော့ ပြည့်ရှင်ဘုရင်ဟာ အသက်နှစ်ဆယ်အရွယ် လူငယ်တဦးကို လူသတ်မှု၊မုဒိန်းမှု၊ဓားပြမှုစတဲ့ ပြစ်မှုတပြုံတမကြီးကျူးလွန်တာကြောင့် တောင်စွယ်နေကွယ်ရင် သတ်စေလို့ အမိန့်ချပြီး အာဏာပါးကွက်သား အဲဒီအဘိုးအိုဆီကို အပ်သတဲ့။ဖြစ်ချင်တော့ အဲဒီပြစ်ဒဏ်ကျလူငယ်ကို သတ်ရမဲ့နေ့ရက်ဟာ အာဏာပါးကွက်သား အဘိုးအိုရဲ့ အသက်ခြောက်ဆယ်ပြည့်တဲ့နေ့နဲ့ထူးထူးခြားခြားတိုက်ဆိုင်နေတယ်။ဒီတော့အဘိုးကြီး စဉ်းစားခန်းဝင်မိရောဆိုပါတော့။
"အင်း။ ငါဟာလူမှန်းသိကတည်းက အာဏာပါးကွက်သားအဖြစ် ပြစ်ဒဏ်ကျတရားခံတွေကို သတ်ခဲ့ရတာ မနည်းလှတော့ဘူး။ ငါ့အကုသိုလ်နှယ်ကြီးလိုက်တာ။ငါသေရင် ဒီအကုသိုလ်တွေနဲ့ အပါယ်ငရဲကိုကျမှာ မလွဲဘူး။ဒီတော့ မသေခင် ပြုခဲ့တဲ့အကုသိုလ်တွေ အတွက် ပြေရာပြေကြောင်း ကောင်းမှုတစ်ခုခုတော့ လုပ်ဦးလေမှ"လို့တွေးမိတယ်။

ဒီလိုစဉ်းစားခန်းဝင်နေတုန်း တောင်စွယ်နေကွယ်ဖို့ အချိန်နီးလာတာကြောင့် သူလက်စတုံးရမဲ့ အကျဉ်းသားလူငယ်ကို အချုပ်ခန်းထဲ ကနေထုတ်လာတဲ့အခါ အဲဒီလူငယ်ရဲ့ မျက်နှာကို သေချာကြည့်မိရင်း "အော် တကယ့်ကလေးအရွယ်ပါလား။ဒီအရွယ်ဟာ လည်ဖို့ပတ်ဖို့ ပျော်ပါးဖို့လောက်သာ နားလည်သေးတဲ့အရွယ်။ဘယ်လိုအတိတ်ကံကြောင့်များ သုဿန်ထုတ်ဒါးခုတ်သတ်စေအမိန့်ချခံရ တာပါ လိမ့်။တကယ်ဆို သူ့ အရွယ်ဟာ လောကကြီးမှာ ကောင်းရာကောင်းကြောင်းတွေ၊ပျော်ရွှင်စရာတွေ အများကြီးလုပ်နိုင်၊ ခံစားနိုင် သေးတဲ့အရွယ်ကောင်းပဲ။ငါ ဘယ်လိုများကူညီနိုင်ပါ့မလဲ"ဆိုပြီး သက်ပြင်းအကြိမ်ကြိမ်ချရင်း အတွေးရှည်ကြီးတွေးနေမိရာကနေ နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်သတဲ့။
အာဏာပါးကွက်သားအဘိုးအိုရဲ့ဆုံးဖြတ်ချက်ကတော့ ရာဇဝတ်သားတရားခံကို သူ့သဘောနဲ့သူ သေဒဏ်ကလွှတ်ပေးဖို့၊ မင်းနေပြည် တော်နဲ့ဝေးရာမှာ ထွက်ပြေးခိုအောင်းတိမ်းရှောင်ခိုင်းဖို့ပါပဲ။တရားခံကိုလွှတ်ပေးမှုနဲ့ ကျခံရမဲ့သေဒဏ်ကိုလည်း သူမျှော်လင့်ထားပြီးပါပြီ။ ဒါနဲ့ အဘိုးအိုဟာ လူငယ်ကို ကြေးတိုက်ကနေထုတ်ပြီး ကိုယ်လက်သန့်စင်စေတယ်။ရာဇဝတ်မှုတရားခံအနေနဲ့ ဝေးရာကို ဒရောသောပါးပြေးရ လွှားရမှာမို့ အားအင်ရှိအောင် အိမ်က အဘွားအို ထုတ်ပေးလိုက်တဲ့ ထမင်းထုပ်ကိုလည်း တဝက်ခွဲ၊နှစ်ပုံပုံပြီး စားစေဖို့ ပြင်ဆင်ပေးသတဲ့ဗျာ။ ထမင်းထုတ်ထဲက ထမင်းတဝက်စီနဲ့ ပါလာတဲ့အသားတုံးနှစ်တုံး တစ်ယောက်တစ်တုံးစီဆိုပါတော့။

ရာဇဝတ်သားလူငယ်ဟာ မင်းမိန့်သေဒဏ်ကနေလွတ်မယ်လို့လည်းဆိုရော ဝမ်းအသာကြီးသာနေရင်း အဘိုးအိုချကျွေးတဲ့ သူ့ဝေစု ထမင်းတဝက်နဲ့အသားတုံးတစ်တုံးကို အရင်ဆုံးအငမ်းမရစားပစ်လိုက်တယ်။ အဘိုးအိုကတော့ သူပြုဆဲဒါနကုသိုလ်အတွက် တစိမ့်စိမ့် ပီတိဖြစ်ရင်း ထမင်းတောင်မစား နိုင်သေးပဲတရားခံလူရွယ်ရဲ့ အပြုအမူကို ရှေ့တည့်တည့်ကထိုင်ပြီး အသေးစိတ်ကြည့်ရှုနေမိသတဲ့။
ဒီအချိန်မှာပဲ လူရွယ်ဟာ သူ့ဝေစုအသားတစ်တုံးလည်းကုန်ရော အဘိုးအိုရဲ့ ဝေစု အသားတစ်တုံးကိုပါ ဇာတ်ကနဲလှမ်းယူ၊ ပါးစပ်ထဲ ထိုးသွင်းပြီးအပြောင်ရှင်းလိုက်ရောတဲ့ဗျ။ဒီအခါ အဘိုးအိုဟာ ရုတ်ခြည်းမှင်တက်မိသွားရာကနေ တခဏတာတွေကနဲ စဉ်းစားလိုက်ပြီး လူငယ်ကို ချက်ချင်းဖမ်းချုပ်၊ ကြေးတိုက်ထဲ ပြန်သွင်းလိုက်ရောတဲ့။ပြီးတော့ အဘိုးအိုက စကားတခွန်းဆိုတယ်။

"မင်းဟာ ငါ့အမြေးအရွယ်ပဲ။ မင်းဘယ်လောက်ဆိုးသွမ်းခဲ့သလဲ။အပြစ်မဲ့တဲ့သူတွေကို ဘယ်လောက်ဒုက္ခပေးခဲ့သလဲ၊အသေးစိတ် ငါမသိ ပေမဲ့ မင်းရဲ့အသိဥာဏ်ဟာ အသားတစ်တုံးနဲ့အသက်တစ်ချောင်းဘယ်ရာတန်ဖိုးပိုရှိမှန်းမသိလောက်အောင် နုံချာညံ့ဖျင်းလှတယ်။ဒါ ကြောင့်မင်းလိုလူစားမျိုးတွေ လောကကြီးမှာ အသက်ဆက်ရှင်နေခဲ့မယ်ဆိုရင် လောကကြီး ဘယ်နည်းနဲ့မှ မအေးချမ်းနိုင်ဘူး။မင်းဟာ သေဒဏ်နဲ့တကယ့်ကိုထိုက်တန်တဲ့ ရာဇဝတ်သားမို့ မင်းကို ငါကိုယ်တိုင် တောင်စွယ်နေအကွယ်မှာ မြို့ပြင်ထုတ်ဒါးနဲ့မသေမချင်း ခုတ်သတ်မှသာ လောကကောင်းကျိုးဆောင်ရွက်ရာကျပေတော့မယ်။ဒါဟာ လူအများအတွက် ငါရဲ့အသက်ခြောက်ဆယ်ပြည့်တဲ့နေ့မှာ အပြုသင့်ဆုံးဒါနပါပဲ.. တဲ့ဗျ"နောက်ဆုံးဇာတ်လမ်းချုပ်ရရင် လူရွယ်လည်း နေကွယ်ချိန်မှာအသက်နဲ့ကိုယ်အိုးစားကွဲရောဆိုပါတော့ဗျာ"
"အေးဗျာ။ ဇာတ်လမ်းကတော့အဆန်းပဲ။ခင်ဗျားပြောမှသတိရမိသေးတယ်။ မကြာခင်က နစ်မြုပ်သွားတဲ့ကိုးရီးယားအပန်းဖြေသင်္ဘောရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်သင်္ဘော ကပ္ပတိန်ဟာ ကျောင်းသားတွေကို နစ်လုဆဲဆဲ သင်္ဘောပေါ်မှာ ငြိမ်ငြိမ်ဆိမ်ဆိမ်နေခဲ့ကြဖို့မှာပြီး သူကတော့ ကိုယ်လွတ်ရုန်းသွားခဲ့တာ အင်တာနက် သတင်းတွေမှာ ဖတ်လိုက်မိသေးတယ်ဗျ။ဒီလူကိုလည်း လူယုတ်မာစာရင်း မှာထည့်ရမယ်ထင်ပါရဲ့"
"အင်း သူ့ထက်အဆပေါင်းများစွာ ယုတ်မာတဲ့သူတွေရှိခဲ့ပါသေးတယ်ဗျာ။ ဟိုးအဝေးကြီးမှာ မဟုတ်ပါဘူး"

"ဘယ်သူတုန်းဗျ။ကျနော်တို့နဲ့နီးစပ်တဲ့ သူတွေများဖြစ်နေသလား"
"သေချာတာပေါ့ဗျာ။ဘာကြာသေးလို့လဲ။လွန်ခဲ့တဲ့ခြောက်နှစ် ဒီလိုနေ့ရက်မှာ ဗမာပြည်ကို ဝင်မွှေခဲ့တဲ့ နာဂစ်မုန်တိုင်းကို ခင်ဗျား မှတ်မိအုံးမယ်ထင်ပါရဲ့"
"မှတ်မိပါသော်ကောဗျာ။လူတွေသေလိုက်တာမှ သောက်သောက်လဲ။တစ်သိန်းကျော်ဆိုလား"
"အမှန်တော့ နာဂစ်မှာ ဘယ်လောက်အသေအပျောက်ရှိတယ်ဆိုတာ ဘယ်သူမှ အတိအကျမသိနိုင်ပါဘူးဗျာ။ တစ်သိန်းခွဲလောက် သေပြီး၊ ငါးသောင်းကျော်ပျောက်ဆုံးခဲ့တယ်ဆိုတာလည်း ဗမာအစိုးရအာဘော်ပါ။ပြန်တွေးလေ စိတ်ထိခိုက်စရာကောင်းလေပဲဗျာ။ တကယ့်ကို လူစိတ်မရှိတဲ့သူတွေပဲ။ကျနော်ဗျာ နာဂစ်သတင်းတွေနားထောင်ပြီး မျက်ရည်ကျခဲ့ဖူးပါရဲ့"
ကိုသက်ခိုင်၏မျက်နှာသည် ညို့မှိုင်းနေလေ၏။နာဂစ်တစ္ဆေသည် ကိုသက်ခိုင်ကို ခြောက်လှန့်နေဆဲဖြစ်ဟန်ရှိသည်။ ကျနော်က အလိုက် တသိဖြင့် ဘာတခွန်းမှမပြောပဲ ငြိမ်သက်စွာရှိနေသည့်အခါ ကိုသက်ခိုင်သည် သူ့ရှေ့တည့်တည့်မှ နံရံဆီသို့ငေးကြည့်ရင်း သူ့နှုတ် မှ နာဂစ်ကာလ ရင်နာဖွယ်ဇာတ်လမ်းကို ဆက်လျက်ရှိလေသည်။

နာဂစ်ဝင်တိုက်တာ (၂၀၀၈)မေလ (၂)ရက်နေ့ဗျ။အဲဒီနာဂစ်ဖြစ်လာမဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော်မှာ ဧပြီလ(၂၇) ရက်နေ့ကတည်းက စဖြစ်နေတာတဲ့။ဒီမုန်တိုင်းဗမာပြည်ကုန်းတွင်းပိုင်းကို ဝင်ရောက်တဲ့အခါ တနာရီမိုင်တရာ့ငါးဆယ်ဝန်းကျင်အထိ ဖြစ်နိုင်ပြီး အသေအပျောက်ဆုံးရှုံးမှများနိုင်တဲ့သတင်းကို နိုင်ငံတကာမိုးလေဝသ သတင်းဌာနတွေက ဗမာအစိုးရကို ကြိုပြီးအသိပေး ထားပြီးသား တဲ့။ဒါကို ရွှေကိုယ်တော်စစ်ဗိုလ်ချုပ်တွေက သူတို့အာဏာဆက်တည်မြဲနေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုမဲ့အချိန်နဲ့ တိုက်ဆိုင်နေ တာမို့ သိသိကြီးနဲ့လျစ်လျူရှုခဲ့ကြတယ်။အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီးဟာ ဦးဥာဏ်ဝင်းပဲဗျာ။နာဂစ်ဖြစ်ဖြစ်ချင်း သူ့ပြောပေါက်က လူနှစ်ရာ လောက်တော့ သေဆုံးနိုင်သတဲ့။တော်တော့်ကိုတော်တဲ့ဝန်ကြီးပါပဲ။နောက်ပိုင်း အခြေအနေဆိုးမှန်းရိပ်မိ တော့ ငါးထောင် လောက်တော့ သေကျေပျောက်ဆုံးနိုင်တယ်လုပ်ပြန်ရော။

နာဂစ်ဖွဲ့စည်းပုံအတည်ဖြစ်ခဲ့ပေမဲ့ နာဂစ်မုန်တိုင်းကြောင့် အသေအပျောက်စာရင်းကတော့လူဦးရေသုံးသိန်းအထိ ရှိနိုင်လေရဲ့။ နိုင်ငံတစ်ကာက အကူအညီပေးဖို့နည်းမျိုးစုံနဲ့ ကမ်းလှမ်း ခဲ့ကြပေမဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စစ်ဗိုလ်ချုပ်တွေဟာ စားနပ်ရိက္ခာ အပြည့် တင်ထားတဲ့အမေရိကန်  ကယ်ဆယ် ရေးသင်္ဘောကြီးတွေ ရန်ကုန်မြစ်ဝအထိ ရောက်လာခဲ့တာတောင် ဝင်ခွင့်မပေးခဲ့ဘူးဗျာ။ဒီလုပ်ရပ်ကြောင့် တကမ္ဘာလုံးပွက်လောရိုက်ကုန် တယ်။ဆိုးချက်ကမ်းကုန်ပုံက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို ဖြောင့်ဖျနားချနိုင်ဖို့ဖုန်းဆက်တာ ကိုယ်တော်ချောက ဖုန်းမကိုင်ဘူးတဲ့။ ဒီသတင်းဟာ ဒဏ္ဍာရီမဟုတ်ဘူးဗျ။အဲဒီအချိန်တုန်းက ချင်းမိုင်မှာရှိနေတဲ့ ဗမာ့အတိုက်အခံတချို့ ကတောင် ဗိုလ်ချုပ်မှူးကြီး ဖုန်းကိုင် အောင် ဖြောင့်ဖျပေးနိုင်တဲ့သူကို ရှာဖွေပေးဖို့ကျနော့်ဆီဆက်သွယ်ပြီး အကူအညီတောင်းခဲ့ဖူးတယ်။ ကျနော်အတတ်နိုင်ဆုံးကြိုးစား ခဲ့ပါသေးတယ်။အဆင်မပြေခဲ့ပါဘူးဗျာ။ 

နာဂစ်နောက်ပိုင်းမှာ ဖူးခက်မှာရှိနေတဲ့ ဗမာအလုပ်သမားတွေဆီကနေ အစားအသောက်နဲ့ အဝတ်အစားတွေ ဟိုင်းလတ်ကား လေးစီးတိုက်လောက် လိုက်အလှူခံပြီး ပို့ပေးခဲ့သေးတယ်။ကြုံရပုံများဗျာ။ထိုင်းလူမျိုးတစ်ယောက်အိမ်မှာ အိမ်ဖော်လုပ်နေတဲ့ အသက်ငါး ဆယ်ကျော်အရွယ် ရုပ်ရည်သန့်သန့်ပြန့်ပြန့် မွန်အမျိုးသမီးကြီးတစ်ယောက်ဟာ ဗမာပြည်ပြန်တဲ့အခါ ရွာမှာကျန်ရစ်ခဲ့တဲ့ သူ့ယောက်ျား အတွက်တရိုတသေဝယ်ပြီးစုဆောင်းထားတဲ့ အဖိုးတန်အဝတ်အစားလေးငါးစုံကို ကျနော့်လက်ထဲလာထည့်ဖူးတယ်ဗျာ။ ကျနော်မျက် ရည်ကျမိတယ်"
ကိုသက်ခိုင်သည် အမှန်ပင် ဘဝစုံသူ၊တွေးတောခံစားတတ်သူပေတကား။ကျနော်သူ့မျက်နှာကို စေ့စေ့လှမ်းကြည့်ရင်း စိတ်ပျက်အား လျှော့သောလေသံဖြင့် မေးခွန်းထုတ်လိုက်မိပြန်သည်။
"ထိုင်းမှာနေတော့ ချိုင်းလိုလူတွေ၊ဗမာပြည်မှာတော့ ကိုယ်ချင်းစာတရားခေါင်းပါးတဲ့ စစ်ဗိုလ်ချုပ်တွေ ၊ဒီလိုလူတွေနဲ့ ဘယ်လိုလုပ် ဆက်ပြီး စခန်းသွားကြပါ့မတုန်းဗျာ"

"ဒီလိုတော့လည်း မဟုတ်သေးဘူးဗျာ။ကြုံတွေ့နေရတဲ့အခက်အခဲတွေဟာလောကကြီး ရဲ့ဒုက္ခသစ္စာကိုဖော်ပြနေတာပါပဲ။ဒုက္ခဆင်းရဲ အကြပ်အတည်းဆိုတာနေရာတကာမှာရှိနေတတ်တဲ့အရာပါ။ ကျနော်တို့ ဒီအခြေအနေတွေကို ကြံ့ကြံ့ခံနိုင်ရမယ်။ လွတ်မြောက်သည် အထိ ဆက်ပြီးရုန်းကန်ကြရမယ်။ကျနော်ဖတ်ဖူးတဲ့ အမေရိကန်လင်းယုန် ငှက်တမျိုးရဲ့အားမာန်ကို အတုယူလို့ပေါ့"
ဤနေရာတွင် ကိုသက်ခိုင်ရှေ့ဆက်လေသော လင်းယုန်ငှက်ပုံပြင်မှာအောက်ပါအတိုင်းဖြစ်လေ၏။

"အမေရိကန် ကယ်ရီဖိုးနီးယားက ကျွန်းမှာ American Eagle လို့ခေါ်တဲ့ လင်းယုန်ငှက်တစ်မျိုး ရှိခဲ့သတဲ့ဗျ။ အဲဒီငှက်ကို လူတစ်ချို့က ဈေးကြီးပေးပြီး ဝယ်ယူကြတဲ့အတွက် ဒေသခံတွေ အလုအယက် ဖမ်းဆီးခဲ့ကြတာကြောင့်တဖြေးဖြေး ကျွန်းပေါ်က လင်းယုန်ငှက်တွေ မျိုးတုံးလာခဲ့ပြီး နောက်ဆုံး ငှက်တွေရဲ့ အရိပ်အယောင်တောင် မတွေ့တော့တဲ့အတွက် လူတွေက ဒီလင်းယုန်ငှက်တွေ ကမ္ဘာပေါ်မှာ လုံးဝမရှိတော့ဘူးလို့ ထင်ခဲ့ကြတဲ့အထိပေါ့ဗျာ။အရွယ်ရောက်ပြီး လင်းယုန်ငှက်တစ်ကောင်ရဲ့ ကိုယ်အလေးချိန်ဟာ ကီလိုနှစ်ဆယ်အထိ ရှိနိုင်ပြီးဖြန့်ထားတဲ့အတောင်ပံက သုံးမီတာအထိရှိသတဲ့။ အဲဒီအမေရိကန် လင်းယုန်ဟာ ရေပြင်ပေါ်ပျံဝဲရင်း ရုတ်တရက် ထိုးဆင်းပြီး ပင်လယ်ဖျံတစ်ကောင်ကို အလွယ်တကူ ကုတ်ယူနိုင်တဲ့ ငှက်မျိုးဖြစ်တာမို့ ဒီလိုငှက်မျိုး မျိုးတုံးသွားတဲ့အတွက် လူတွေနှမြောနောင်တ ရခဲ့ကြတယ်။

အမေရိကန် လင်းယုန်ငှက်တွေကို ကမ္ဘာပေါ်မှာ ဘယ်တော့မှ မတွေ့နိုင်တော့ဘူးလို့ လူတွေထင်နေချိန်မှာဒီငှက်မျိုးကို အထူးလေ့လာ သုတေသနပြုနေတဲ့ အမေရိကန်လူမျိုး (Ah. Steven) ဆိုတဲ့ပုဂ္ဂိုလ်က တောင်အမေရိကားမှာရှိတဲ့ (Andes) တောင်တန်းရဲ့ ဂူတစ်ခုမှာ ဒီငှက်တွေကို ရှာဖွေတွေ့ရှိခဲ့တယ်။ ကျယ်ပြန့်တဲ့နေရာ၊ ပင်လယ်ရေပြင်တွေပေါ်မှာ ကျက်စားတတ်တဲ့ လင်းယုန်ငှက်ဟာ ဒီလိုကျဉ်း မြောင်းသေးငယ်တဲ့ ဂူထဲမှာ ရှင်သန်နိုင်ခဲ့မယ်လို့ လူတွေတစ်ခါမှ တွေးထင်မထားခဲ့မိကြဘူး။
ဂူထဲမှာ ထိုးထိုးထောင်ထောင် ထိုးထွက်နေတဲ့ ကျောက်ချွန်းတွေရှိတာကို (Ah. Steven) သတိထားခဲ့မိတယ်။ အဲဒီအပြင် ဂူနံရံတစ်ခုနဲ့ တစ်ခုကြား အကွာအဝေးဟာလည်းခြောက်လက်မပဲရှိခဲ့တယ်။ အကျဉ်းဆုံးနေရာက နံရံနှစ်ခု ထပ်လုနီးနီးပါပဲ။ တစ်ချို့ကျောက်တွေက ဓါးသွားလို ထက်မြက်ပါးလွှာပြီး တစ်ချို့က သံချောင်းလို ချွန်ထက်နေခဲ့တယ်။ ဒီလိုနေရာမျိုးမှာ ကိုယ်ထည်ကြီးမားတဲ့ လင်းယုန်ငှက် မဆိုထားနဲ့ စာကလေးတောင် ရှင်သန်ဖို့ရာ မလွယ်ကူလှဘူး။ပညာရှင်တွေတောင် ဥာဏ်မီအောင် မတွေးတောနိုင်ခဲ့ကြဘူး။

Steven က အဆင့်မြင့်နည်းပညာနဲ့ ဂူထဲက လင်းယုန်ငှက်တစ်ကောင်ကို ဖမ်းဆီးခဲ့တယ်။ အဲဒီနောက် ငှက်ကို သစ်ဆူးသစ်ခက်တွေနဲ့ ပတ်လည်ဝိုင်းလှောင်ထားပြီး သံဆူးကြိုးနဲ့ ခြောက်လက်မသာသာ ကျယ်ဝန်းတဲ့ ထွက်ပေါက်တစ်ခု လုပ်ပေးထားခဲ့တယ်။ အပေါက်ကနေ လင်းယုန်ငှက် ဘယ်လိုပျံထွက်မလဲ ဆိုတာကို စူးစမ်းခဲ့တယ်။
လှောင်အိမ်ထဲကနေ လွတ်လိုက်တယ်ဆိုရင်ပဲ လင်းယုန်ငှက်ဟာ လျှပ်တစ်ပြက်အတွင်းမှာ အချင်းခြောက်လက္မအရွယ် အပေါက်ကနေ ဖျတ်ကနဲပျံထွက်သွားခဲ့တယ်။ မြန်လွန်းလို့ ဘယ်လိုပျံထွက်သွားမှန်းတောင် မသိလိုက်ရဘူး။ ဒါပေမယ့် Steven က သွင်းထားတဲ့ ဗီဒီယိုအခွေကတစ်ဆင့် အနှေးပြကွက်နဲ့ အဖြေကိုရှာခဲ့ပါတယ်။

အပေါက်သေးသေးကနေ ပျံထွက်ချိန် တခဏအတွင်းမှာ လင်းယုန်ငှက်ဟာ သူ့အတောင်နှစ်ဖက်ကို ဗိုက်နားကပ်ထားပြီး ခြေနှစ် ချောင်းကို အမြီးနဲ့တစ်ဖြောင့်ထဲ ကပ်ထားလိုက်တယ်။ ခေါင်းနဲ့လည်ပင်းကို မျဉ်းဖြောင့်လို အနေအထားမှာထားပြီး ကြီးမားတဲ့ ခန္ဓာ ကိုယ်ကို ကြိုးတစ်ချောင်းလို ပျော့ပျောင်းပစ်လိုက်တယ်။ လူတွေ မတွေးတောမိအောင်ကို သူ့ရဲ့ လှုပ်ရှားပြောင်းလဲမှုက လွယ်ကူ မြန်ဆန်နေသတဲ့ဗျ။
လင်းယုန်ငှက်ကို Steven လေ့လာစူးစမ်းနေတုန်း၊ သူ့ကိုယ်ပေါ်မှာ ကျောက်တုံးတွေနဲ့ ပွတ်တိုက်သွားနိုင်လောက်တဲ့အထိ မာကျော တဲ့အဖုအပိန့် အသားမာတွေလည်းတွေ့ရသတဲ့။လူတွေရဲ့ ဖမ်းဆီးမဲ့ရန်က ရှောင်နိုင်ဖို့၊ လင်းယုန်ငှက်တွေဟာ ဂူထဲမှာပုန်းအောင်းနေရင်း  အသက်ဆက်နိုင်ဖို့၊ သေးငယ်တဲ့ ဂူနံရံကြားမှာ ပျံသန်းနိုင်ဖို့ ကြီးမားတဲ့ ခန္ဓာကိုယ်ကို အပွန်းပဲ့ခံ၊ အပွတ်တိုက်ခံပြီး ပြောင်းလဲခဲ့တာပေါ့။ ကိုယ်ပေါ်က အသားမာတွေနဲ့ ကျောက်နံရံရဲ့ ပွတ်တိုက် ဒဏ်ကို ကာကွယ်ပြီး မျဉ်းတစ်ကြောင်းလို ပျော့ပျောင်းအောင် ကျင့်ခဲ့လို့ပါပဲ။အဲ
ဒီလင်းယုန်ငှက်တွေရဲ့အားမာန်ဟာ ကျနော်၊ခင်ဗျားနဲ့ဗမာပြည်ကြီး ရှေ့ဆက်ရမဲ့ခရီးအတွက် အကောင်းဆုံးနမူနာဆိုပါတော့ဗျာ"

ကိုသက်ခိုင်၏စကားအဆုံး၌ မသိမသာနားစွင့်နေကြသော ဈေးဝယ်တို့၏မျက်နှာပြင်တွင် စိတ်သက်သာရာရသည့် အမူအယာတို့ကို မြင်နေရ၏။ကျနော်ကိုယ်တိုင်လည်း စိတ်ထွက်ပေါက်တစ်ခုရသလိုခံစားရသည်။အခွင့်အခါသင့်လျှင်ဖြင့် ကိုသက်ခိုင်ရှေ့ဆက်မည့် သူ့ဘဝ သူ့အတွေးအမြင်ကို ကျနော်ဆက်၍နားထောင်ချင်၊ရေးပြချင်ပါသေးသည်။


↧

နွားရိုင်းသွင်းချိန်နှင့် ဂငယ်ကွေ့စစ်တမ်း။အပိုင်း(၃)

$
0
0

နွားရိုင်းသွင်းချိန်နှင့် ဂငယ်ကွေ့စစ်တမ်း။အပိုင်း(၃)

မင်းဒင် ရေးသည်။

(၇) မြန်မာ့နိုင်ငံရေးအကူးအပြောင်းမှ မဟာဗျူဟာမြောက် ကွင်းလည်ကစားကွက်။

အမေရိကန်နှင့်အနောက်အုပ်စုသည် မြန်မာ့နိုင်ငံရေးအကူးအပြောင်း၏ အဆင့်တိုင်းကို အပေးအယူစံနစ်ဖြင့် တဆင့်ချင်းလှမ်းနေသည် ကို တွေ့မြင်နိုင်သည်။ပိတ်ဆို့မှုများရုတ်သိမ်းခြင်း၊နည်းပညာအကူအညီများ၊ကြွေးမြီလျှော်ပေးမှုများ၊တရုတ်၏လက်တုန့်ပြန်မှုများမှ ကာကွယ်ပေးမှု၊စစ်ရေးစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ၊နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ..စသည်တို့ကို မက်လုံးအဖြစ်အသုံးပြုလျက် မြန်မာနိုင်ငံရေးကိုထိန်းကျောင်း လျက်ရှိကြောင်းသတိမူနိုင်လျှင်မြင်သာသည်။

အမေရိကန်နိုင်ငံအနေဖြင့် စီးပွားရေးအခြေချရန် ရည်ရွယ်သည့် နိုင်ငံတစ်ခုအတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေးသည်မရှိမဖြစ်လိုအပ် ၏။ထို့အတွက် မြန်မာအစိုးရအနေဖြင့် ပြည်ပအတိုက်အခံများ၊ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြေလည်မှုရစေရန် တွန်းအား ပေးနေဟန်ရှိသည်။ပြည်ပရောက်မြန်မာအတိုက်အခံအများစုမှာ ဒီမိုကရေစီရေးကို ဗန်းပြလျက် ကိုယ်ကျိုးစီးပွားအလို့ငှာ အနောက်နိုင်ငံ တို့၏အထောက်အပံ့ဖြင့်လှုပ်ရှားရပ်တည်နေကြခြင်းဖြစ်ရာ နိုင်ငံတကာအကူအညီများကို ပြည်တွင်းသို့လမ်းကြောင်းပြောင်းလဲ စီးဆင်း စေခြင်းဖြင့် အတိုက်အခံအထုပ်ရှုပ်ကိုတချက်ခုတ်နှစ်ချက်ပြတ်နည်းဖြင့်ဖြေရှင်းပြီးဖြစ်သွားခဲ့သည်။

ယင်းအခြေအနေသည် မဟာဗျူဟာ တွင် အသုံးတည့် မည်ဟုထင်ရ သည့် ပညာတတ်အတိုက်အခံအချို့အား အစိုးရအကြံပေးများအဖြစ်တွန်းပို့ပေးသည်။
ထို့အတူပြည်တွင်းလက်နက်ကိုင်အင်အားစုများနှင့်ပြေလည်မှုရစေရေးအတွက် ဖိအားမျိုးစုံပေးခဲ့ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အရှိန်အ ဟုန်မြင့်လာသည်။တရုတ်လက်ချက်စွက်ဖက်မှုမကင်းသော ဝဒဗလျူအက်အေ၊အက်အက်အေ၊ကချင်လက်နက်ကိုင်အဖွဲ့တို့မှ အပ ကျန် အဖွဲ့များနှင့်တစ်စုံတစ်ရာသော အတိုင်းအတာအထိ ပြေလည်အောင်စေ့စပ်ဆွေးနွေးနိုင်ခဲ့ကြသည်။တချိန်တည်းမှာပင်အနောက်အုပ်စု၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများအတွက် မျှော်လင့်ချက်အသစ်များ ပေါ်ထွက်လာစေသည်။

(၈) တဆစ်ချိုးကွေ့သည် ကသောင်းကနင်းဖြစ်ရပ်များကိုဖြစ်ပေါ်စေ၏။

မြန်မာ့နိုင်ငံရေးတဆစ်ချိုးအကွေ့သည်မြန်မာခရိုနီတို့၏အတွေးအမြင်ကို ဝေဝါးသွားစေသည်။တချိန်တည်းတွင် စစ်အစိုးရသည်မဆို စလောက်အာဏာ တစ်ပိုင်း တစ်စကိုစွန့်လွှတ်ချိန်တွင် တတိုင်းတပြည်လုံး၏ ဥစ္စာဓနကို သိမ်းယူထားခြင်းဖြင့် ဗမာ့ဒီမိုကရေစီရေးကို လမ်းကျဉ်းသို့ ရောက်အောင် ဖန်တီးထားသည်။ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ချင်သလို ဝင်မရ အောင်တားဆီး ဟန့်တားလျက်ရှိသည်။

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများသည် အာဏာရှင်အစိုးရနှင့်လက်ဝါးရိုက်ကာ အဆမတန်ကြီးပွားလာခဲ့ကြသည့် မြန်မာခရိုနီများအတွက် ယှဉ်ပြိုင်ဖက်များအဖြစ် စိုးရိမ်ပူပင်ဖွယ်ရာဖြစ်လာသည်။ထို့ကြောင့်ပင် ယင်းတို့တရားနည်းလမ်းမကျစွာပိုင်ဆိုင်ထားခဲ့သည့် ဥစ္စာဓနများ ဖြင့်ခံစစ်စည်းကိုတည်ဆောက်ကြသည်။အမြင်သာဆုံးမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် အခရာကျလှသော မြေဈေးကို ထိန်းချုပ်ထား လိုက်ခြင်းဖြစ်သည်။
ဤသို့သောအခြေအနေတွင် နိုင်ငံ၏ဥစ္စာဓနကိုလွှဲပြောင်းချုပ်ကိုင် အသွင်ပြောင်းစစ်ဗိုလ်ချုပ်များသည်မြောက်များစွာသောမြေကွက်များ၊ လယ်ယာမြေများကို ခေတ်ဆိုး၏အရှိန်ဖြင့် ပိုင်ဆိုင်ထားကြသည်ဖြစ်ရာ ခရိုနီများနှင့် ဘုံရည်မှန်းချက်တူညီနေပြန်သည်။ဦးပိုင်ကဲ့သို့ စစ်တပ်ကျောထောက်နောက်ခံစီးပွားရေး အဖွဲ့အစည်း တို့ကလည်း ဥပဒေကိုလက်တစ်လုံးခြားပြုကာ တစ်ဦးတစ်ဖွဲ့ကောင်းစားရေး အတွက် တဗိုလ်တမင်းထင်ရာစိုင်းလာကြ ပြန်သည်။

ထိုမှ သည်နောက်ဆက်တွဲအဖြစ် အဓမ္မမြေယာသိမ်းမှုများ၊လက်ပံတောင်းတောင်စီမံကိန်းကဲ့သို့သောစီမံကိန်းများတွင် အကြမ်းဖက် နှိမ်နှင်းမှု များဆက်တိုက်ဖြစ်ပေါ်လာသည်။ လူထုအပေါ်ထင်တိုင်းကြဲနေသည့် အာဏာရှင်မျိုးဆက်များများအနေဖြင့်၎င်းတို့၏ မတော် မတရားထင်တိုင်းကြဲလုပ်ရပ်များကို အာရုံပြောင်းလိုသည်ဖြစ်ရာ မြန်မာ့အသွင်ကူးပြောင်းရေးကို ခေတ်မီမီကမ္ဘာကြည့် မကြည့်မြင်နိုင် သော မြန်မာ အမျိုးသားရေး ဘာသာရေးအစွန်းရောက်များ၏လှုပ်ရှားမှုများနှင့် မထင်မှတ်ပဲ သမူဟဖြစ်သွားခဲ့ရာ လူမျိုးရေးဘာသာရေး အဓိကရုဏ်းများ နိုင်ငံအနှံ့ ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။ဤစာတမ်းကိုရေးနေဆဲမှာပင် ၅၉(စ)မပြင်ဆင်ရေး၊အမျိုးဘာသာသာသနာ စောင့်ရှောက် ရေး၊တည်ငြိမ်းအေးချမ်းဖွံ့ဖြိုးတိုးတက်ရေးစသည့် ရှေ့နောက်မဆီလျော်သော ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲတချို့ ကြံ့ဖွံ့၏ဦးဆောင် မှုဖြင့်ပေါ်ပေါက်လာနေသည်။

မြန်မာ့နိုင်ငံရေးဂငယ်ကွေ့ကြောင့်လက်ရှိပစ္စက္ခအချိန်၌ယူနီဖောင်းချွတ်စစ်ဗိုလ်ချုပ်များထဲတွင် အနည်းစုအုပ်စုနှစ်စု သိသိသာသာကွဲပြား သွားသည်ကိုတွေ့ရ၏။ ဦးရွှေမန်း၊ ဦးစိုးသိန်း၊ဦးအောင်မင်း သူရဦးအောင်ကို ၊ဦးအောင်ကြည်၊ဦးရဲထွဋ်စသူတို့သည် အပြောင်းအလဲ၏ သဘောကို အကင်းပါးစွာနားလည်ကြ ဟန်ရှိသည်။ သို့တည်းမဟုတ် အမေရိကန်၏ မဟာဗျူဟာမြောက်အစီအစဉ်ကို အတွင်းကျကျ သိရှိနေကြသူများဖြစ်နိုင်ချေရှိသည်။
ဦးမြင့်ဆွေ၊ဦးအောင်သိန်းလင်း၊ဦးမြင့်လှိုင်၊ဦးလှဆွေ၊ဦးအုန်းမြင့်တို့ကဲ့သို့ ဒီမိုကရေစီစံနစ်နှင့်အလာဂျီဖြစ်နေသည့်၊အာဏာရှင်စံနစ်ကို ဖက်တွယ်ထားလိုသော၊စံနစ်မှားကြီးကို ယခုထက်တိုင်အမှန်ဟုထင်နေကြသူအုပ်စုသည် အမေရိကန်၏မဟာဗျူဟာကို မျက်ခြေပြတ် ကာနောက်ကြောင်းပြန်လှည့်၍ရလိမ့်နိုး ခြေကန်နေကြသူများဖြစ်သည်ကိုလည်းတွေ့ရသည်။

(၉) အနာဂတ်ကိုလှမ်းမျှော်ကြည့်နိုင်သူဒေါ်အောင်ဆန်းစုကြည်၏အကြပ်အတည်း။

စင်စစ်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါမဟာဗျူဟာ၏ရွေ့လျားရာလမ်းကြောင်းကိုကောင်းစွာသိရှိနေသူဖြစ်ပေလိမ့်မည်။ သူ၏ ဝေဖန်ထောက်ပြမှု၊ပြုမူဆောင်ရွက်ချက်တို့သည် အဘက်ဘက်မှထောင့်စေ့အောင်တွေးခေါ်မြှော်မြင်လျက် နိုင်ငံရေးလမ်းကျဉ်း တစ်ခုတွင် ခရီးနှင်နေရသူဖြစ်ကြောင်းပြသလျက်ရှိသည်။စိတ်ခံစားမှုကို ရှေ့တန်းတင်သည့် အင်အားစုများနှင့် အမြင်ချင်းတူ သည်တိုင်၊ သူမအနေဖြင့် ပူးပေါင်းပါ ဝင်ရန်မဖြစ်နိုင်ချေ။သူမသည် ကမ္ဘာက အသိအမှတ်ပြုခံထားရသည့် အဖိနှိပ်ခံလူထုလွတ်မြောက်ရေး၊ ဒီမို ကရေစီရေးတို့အတွက် သင်္ကေတတစ်ရပ်ဖြစ်နေသည့်အတွက် ပို၍လှုပ်ရှားရခက်သည်။ပြည်တွင်းရေးတစ်ခုတည်းကိုသာ ကွက်ကြည့်၍ မရသော တကမ္ဘာလုံးအမြင် လွဲစေမည့် ကိစ္စရပ်တချို့(အထူးသဖြင့် ဘာသာရေးပြဿနာ)ကို နှုတ်မလွန်မိစေရန် ကြီးစွာသောသတိဖြင့် ဆင်ခြင်နေရသည်။နိုင်ငံရှေ့ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အမြှော်အမြင်ရှိစွာ ဦးစားပေးရုန်းကန် အားထုတ်နေ ရသည်။

ခေတ်ဆိုးခေတ်ပျက်ကြီးဆီမှအင်အားအလုံးအရင်းနှင့်ကျန်ရှိနေသော စစ်အာဏာရှင်ဒေါက်တိုင်များကို အားလျော့ချိနဲ့စေလျက် တချိန် တည်းမှာပင် ဒီမိုကရေစီအင် အားစုများကို စုစည်းသိမ်းသွင်းနေရချိန်နှင့်တချိန်တည်းမှာပင် စစ်ဝါဒီစံနစ်ဆီသို့ ခြေဦးပြန်လှည့်လိုသူ များနှင့် ဒီမိုကရေစီဘက်တော်သားအမည်ခံ ပုဂ္ဂိုလ်တချို့၏ ကသောင်းကနင်းလုပ်ရပ် ဆူးညှောင့်တို့ကို ကြီးစွာသော သတိတရားဖြင့် ရှောင်ကွင်းခရီးနှင် နေရပြန်သည်။
အမေရိကန်အပါအဝင်အနောက်နိုင်ငံများ၏ မည်သို့သော မဟာဗျူဟာချမှတ်ဆောင်ရွက်နေသည် ဖြစ်စေ၊မြန်မာနိုင်ငံမြန်မာလူထုနစ်နာ စေမည့် လုပ်ရပ်အစီအမံကို သူမ လုပ်ကိုင်မည်မဟုတ်ကြောင်း သူမ၏ သူမတူသောစွန့်လွှတ်ရုန်းကန်မှုများနှင့် သူမ၏ ပုဂ္ဂိလ်ရေး နောက်ခံသမိုင်း က အထင်အရှားပြသက်သေပြလျက် ရှိသည်။

အမေရိကန်၏မဟာဗျူဟာကို ကျေညက်ရှင်းလင်းစွာသဘောပေါက်နေသူတစ်ဦးအနေဖြင့် မြန်မာနိုင်ငံဒီမိုကရေစီအကူးအပြောင်း ကို အောင်ပွဲဆီသို့ဦးတည်နိုင်ရန် သူမ၏ပါတီတွင်းပြောင်းလဲရေးလုပ်ငန်းအချို့ဆောင်ရွက်နေသည့်နည်းတူ ၈၈မျိုးဆက်အား အနောက် အုပ်စု၏မဟာဗျူဟာလှိုင်းကိုစီးလျက် လွှတ်တော်တွင်း သို့ဝင်ရောက်နိုင်ရေး အတွက် စည်းရုံနားချနေဟန်ရှိသည်။၈၈မျိုးဆက်တို့ကား စွန့်လွှတ်အနစ်နာခံခဲ့သော သမိုင်းကြောင်းကောင်းစွာရှိခဲ့သော်ငြား ယခုကာလတွင်မူ ဦးတည်ချက်လားရာ မှုန်ဝါးလျက်ရှိသည်။ "တို့ဘုရားတွေက ရွာစဉ်လှည့်၊ကွက်စိတ်ဟောနေတယ်"ဟူသော မိတ်ဆွေတစ်ဦး၏ မချင့်မရဲ၊အားမလိုအားမရမှတ်ချက်ချသံကို သတိရမိသည်။
လက်ရှိနိုင်ငံရေးဖြစ်စဉ်များတွင်ဒေါ်အောင်ဆန်းစုကြည်၊ဦင်္းသိန်းစိန်၊၈၈မျိုးဆက်နှင့်နိုင်ငံရေးအင်အားစုအသီးသီးတို့သည် ဆိုခဲ့သော မဟာဗျူဟာကြီးမှ ဖယ်သွေ၍ ပြုမူလှုပ်ရှား၍မရနိုင်ကြောင်း စေ့စေ့စပ်စပ်ကြည့်နိုင်လျှင်မြင်သာလျက်ရှိသည်။၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်လာရေးမှာ အမြင်နီးလျက်ခရီးဝေးလျက်ရှိနေဆဲဟုထင်မိ၏။သမ္မတဖြစ်ထိုက်သည်ဟုကား စာရေးသူ အလေးအနက်ယုံကြည်သည်။

(၁၀) အမုန်းတရားအားလုံး၏ဆုံမှတ်။

တိုင်းပြည်လွတ်မြောက်ရေး၊အချုပ်အခြာအာဏာတည်မြဲရေး၊နိုင်ငံအေးချမ်းရေးတို့အတွက် ရင်ကိုမြေကတုတ်လုပ်ကာ ရှေ့တန်းပျော်ခဲ့ ကြသည့်စစ်သားကောင်းတို့သည် တခေတ်တခါကမူ အမှန်ပင်ရှိခဲ့ပါ၏။တရုတ်ဖြူကျူးကျော်စစ်ပွဲကာလများ၏နောက်ပိုင်းတွင် ဗမာ့ တပ်မတော်၏ထွန်းပြောင်ခဲ့သောဂုဏ်ရောင်သည် စတင်မှေးမှိန်စပြုလာသည်။ အာဏာရှင်ဦးနေဝင်းလက်ထက်၏အစပိုင်းတွင်ပင် တပ်မတော် သားကောင်းတို့ကျန်ရှိနေသေးသည်။သို့သော်နဝတ၊နအဖခေတ်တလျှောက်လုံးတွင် ပြည်သူလူထုတရပ်လုံး၏အမုန်းတရား ဆုံမှတ်သည် ဗမာစစ်တပ်ဖြစ်ခဲ့သည်။ကာကွယ်ရေးထက် လူထုကိုဖိနှိပ်ရာတွင် သူမတူအောင်လက်ဇောင်းထက်ခဲ့သည်။ မိုးပေါ်ထောင် မပစ်။ တည့်တည့်ပစ်ခဲ့ကြသည်။နိုင်ငံကာကွယ်ရေးမှသည် အုပ်ချုပ်ရေးပိုင်းသို့ဝင်ရောက်ချယ်လှယ်ပြီး ပြောင်မြောက်စွာကိုယ်ကျိုးရှာခဲ့ ကြခြင်းဖြင့် တပ်မတော်၏သိက္ခာကို တစ်ပြားသားမှ မကျန်အောင် ရိုက်ချိုးခဲ့ကြသည်။

ပညာတတ်လူငယ်အချို့က စစ်တက္ကသိုလ်၊ဗိုလ်လောင်းသင်တန်းတို့မှသည် ပြည့်စုံကြွယ်ဝသောဘဝတစ်ခုဖန်တီးနိုင်ရန် ဖြတ်လမ်းနည်း လိုက်ကြသည်။အာဏာကိုအလွဲသုံးစားလုပ်ကြသည်။ထိုအရာရှိများ၏နောက်တော်ပါ အကြပ်တပ်သားများကပါ အမြီးကျက် အမြီးစား ၊သက်ဆိုင်ရာနေရာအသီးသီး၏ အပိုင်စားများဖြစ်ကုန်ကြလေရာ တပ်မတော်တစ်ခုလုံး ပျက်စီးခြင်းငါးပါးဆိုက်တော့သည်။အာဏာနှင့် လုပ်ပိုင်ခွင့်ရှိသောနေရာဌာန၊ဒေသများမှ အရာရှိများနှင့် နောက်တော်ပါတို့သာကြီးပွားကြခြင်းဖြစ်၍ တပ်မတော်သားအများစုမှာ ဖွတ်ကျောပြာစုလျက်ပင်ရှိနေကြသေးသည်။သိသာထင်ရှားသည်မှာ မြန်မာလူထုသည် မြန်မာ့တပ်မတော်ကို အယုံအကြည်မရှိတော့ခြင်း ဖြစ်၏။အရွယ်လွန်ဇရာထောင်းနေသော ဗိုလ်ချုပ်ကြီးအများအပြားမှာ တိုင်းပြည်လိုအပ်ချက်ဟု ရမယ်ရှာလျက် ရာထူးမှ အနားမယူနိုင် ခဲ့ကြသည်မှာလည်း လွန်စွာအရုပ်ဆိုးအကျည်းတန်လှသည်။

ဗမာလူထုသည်လည်း စစ်တပ်ကိုအားကိုးလွန်ခဲ့ကြသည်။တိုင်းတပါးကျူးကျော်မှုတွင် အင်အားပြည့်ပါဝင်ခဲ့သော လူထုသည် လွတ်လပ် ရေးရပြီးကာလနောက်ပိုင်းတွင် တိုင်းပြည်ကို စစ်တပ်လက်သို့သာ ဝကွက် အပ်ထားခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းအမျှော် အမြင်ကြီး စွာရည်မှန်းခဲ့သည့်စစ်မှုမထမ်းမနေရ ဥပဒေမရှိ ခဲ့သည်မှာတိုင်းပြည်အတွက်ကြီးစွာသောနစ်နာမှုကိုဖြစ်စေခဲ့သည်။စစ်ဗိုလ်ချုပ်တို့သည် အရှင်လတ်လတ် နိုင်ငံကျေးဇူးရှင်များဖြစ်ကုန်၏။ ပြည့်ရှင်မင်းတရားကြီးစိတ်ဝင်ကုန်ကြ၏။
လူတိုင်းစစ်သား ဖြစ်ဖူးလျှင် စစ်သားသည် တဆင့်မြင့်အခွင့်အရေးရရန်အကြောင်းမရှိချေ။ဗမာလူထုအများစုကလည်း စစ်မှုမထမ်း မနေရဥပဒေကို မသိစိတ်တွင်ကြောက်ရွံ့ နေကြဟန်ရှိသည်။ ကိုယ်ကျင့်တရားမဲ့ အသိဥာဏ်ချွတ်ခြုံကျနေသော ဗမာစစ်ခေါင်းဆောင် များသည် တိုင်းပြည်ကို ရေစုန်မျောစေခဲ့သည်။ "စစ်သားဆိုတာဘာမဆိုလုပ်တတ်တယ်"ဟူသော အတွေးအမြင်မှားကြီးကို နောင်တခေတ်၏ စစ်ခေါင်း ဆောင်လူငယ်များ၏ အသိဥာဏ်တွင် ရိုက်သွင်းပေး ခဲ့ကြသည်။

 အချိန်မရွေးစစ်တပ်နှစ်ခြမ်းသုံးခြမ်း ကွဲသွားနိုင်သော ဤကာလမျိုးတွင် ပြည်သူလူထုယုံကြည် ကိုးစားသော၊ စွမ်းရည်ထက်မြက်သော တပ်မတော်ပြန်လည်ဖြစ်ပေါ် လာစေ ရန်၊ တပ်မတော်သားကောင်း တို့၏စိတ်ဓာတ်ကိုပြန်လည် လေ့ကျင့်ပျိုး ထောင်ရန်၊အချိန်အတော်ကြာယူရပေဦ်းမည်ဟု သုံးသပ်သည်။
နိုင်ငံတစ်ခု၏အချုပ်အခြာအာဏာကို ကာကွယ်နိုင်ရန်၊တိုက်လေယာဉ်များ၊တင့်ကားများ၊တိုက်ချင်းပစ်ဒုံးကျည်များ၊စသည့်ခေတ်မီ လက်နက်များလိုအပ်သည့်နည်းတူ စိတ်ဓာတ်နှင့် အကျင့်စာ ရိတ္တမြင့်မားသော၊ပြည်သူလူထုကိုအလုပ်အကျွေးပြုသည့် တပ်မတော်သား ကောင်းများဖြစ်နေစေရန်လည်း ကြီးစွာသတိမူသင့်သည်။

(ဆက်လက်ဖော်ပြပါမည်)

ဓာတ်ပုံ။ ။ခန့်သူရ

အပိုင်း(၁)

https://www.facebook.com/photo.php?fbid=10203220939982222&set=a.4516913998835.2175087.1170286543&type=1&theater

အပိုင်း(၂)

https://www.facebook.com/photo.php?fbid=10203221503556311&set=a.4516913998835.2175087.1170286543&type=1&theater
↧

နွားရိုင်းသွင်းချိန်နှင့် ဂငယ်ကွေ့စစ်တမ်း၊

$
0
0

နွားရိုင်းသွင်းချိန်နှင့် ဂငယ်ကွေ့စစ်တမ်း၊ နောက်ဆုံးအပိုင်း။

(မင်းဒင်ရေးသည်)

(၁၁) မြန်မာ့မီဒီယာများ၏အခန်းကဏ္ဍ

မီဒီယာများသည် မျက်မှောက်ကာလခေတ်စံနစ်အကူးအပြောင်းတွင် အထူးအရေးပါသော နေရာမှ ပါဝင်လျက်ရှိသည်။အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ၏ ဆင်ခြင်တုံတရားမဲ့ ပြောဆိုပြုမူမှုများကို လူထုအနေဖြင့် လျင်မြန်စွာကြားသိခွင့်ရလာသည်။ ၁၉၆၂ ခုနှစ်မှသည် မျက်မှောက်လာအထိ မြန်မာပြည်ဖွတ်ကျောပြာစုရခြင်း၏ အဓိကအကြောင်းရင်းသည် လူထုကို အလိုလိုက်မိ သောကြောင့်ဟူသည့် ယခုလက်ရှိရန်ကုန်တိုင်းဝန်ကြီးချုပ်က ခံယူချက်၊ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးကား နယ်လှည့်ပါးရိုက်သော အကျင့်ဟောင်း၊ လျှပ်စစ် ဝန်ကြီးဦးဇော်မင်းက မြန်မာပြည်တွင်လျှပ်စစ်ဓာတ်အားပိုလျှံနေပြီဟူသောဆင်ခြင်တုံတရား၊ ဗိုက်ကိုလှန်ပြသော စစ်ဗိုလ်ချုပ် ၊ထမင်း တနပ်လျှော့စားခိုင်းသော ဝန်ကြီးတို့၏ ခေတ်စံနစ်အကူးအပြောင်းအပေါ်လိုက်မမီ၊တလွဲဆံပင်ကောင်းနေသည့် အပြောအဆိုအပြုအမူ တို့ကိုလည်း သတင်း ကွန်ယက်များ၊ မီဒီယာများကျေးဇူးဖြင့် မြင်ခွင့်သိခွင့်ရခဲ့သည်။

 သို့သော်လက်ရှိသတင်းမီဒီယာများအနေဖြင့် မျှော်မှန်းသလောက်မလွတ်လပ်သေးသည့် အခြေအနေကို ရန်ကုန်သတင်းစာပညာ ကျောင်းမှ သင်တန်းမှူးချုပ်နှင့် ဒါရိုက်တာဖြစ်သူ ဦးရဲနိုင်မိုးက အောက်ပါအတိုင်း မှတ်ချက်ပြုခဲ့သည်။

"မြန်မာ့သတင်းလွတ်လပ်ခွင့်အခြေအနေသည် ယခင်ကကဲ့သို့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အဆိုးရွားဆုံး ရှစ်နိုင်ငံစာရင်းတွင် မပါဝင်ခဲ့ဘဲ အဆင့်မြင့်တက်ခဲ့သည်။ ဆယ်စုနှစ်ငါးစုကြာမျှ မြန်မာ့သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ခဲ့သော စာပေကင်ပေတိုင်စခန်းဟု နာမည်ကြီးသည့် စာပေစိစစ်ရေးကို ဖျက်သိမ်းခဲ့သဖြင့် အဆင့်မြင့်တက်ခဲ့ခြင်းလည်းဖြစ်သည်။ သို့သော်စာပေစိစစ်ရေးရုတ်သိမ်းလိုက်၍ သတင်းသမားများ လွတ်လပ်စွာ ရေးသားခွင့် ရရှိလာခဲ့သော်လည်း  စာပေစိစစ်ရေးအလွန် မြန်မာ့သတင်းလွတ်လပ်ခွင့်အတွက် ခြိမ်း ခြောက်မှုများ ရှိနေဆဲဟု မြန်မာ့မီဒီယာသမားများက ရှုမြင်ကြသည်။

တစ်နှစ်အတွင်း မြန်မာ့သတင်းလွတ်လပ်ခွင့်ကို အဟန့် အတားဖြစ်စေ သည့်အရာများကို ကောက်ကာငင်ကာ လက်ညှိုးညွှန်ပြရလျှင်  ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေ၊ မီဒီယာသမားများကို ပြင်းထန်သော ပြစ်ဒဏ်များနှင့် ဆက်ဆံနေသည့် တရားစီရင်ရေးစနစ်၊ ပြည်သူများ၏ သိပိုင်ခွင့်ကို လျှစ်လျှူရှုဆဲဖြစ်သော အစိုးရဌာနများ မှာ ရှေ့ဆုံးမှပါဝင်နေသည်။ သို့ဖြစ်ရာ ကမ္ဘာ့နိုင်ငံများ၏ သတင်းလွတ်လပ်ခွင့် တန်းစီဇ ယားတွင် မြန်မာနိုင်ငံအနေဖြင့် အဆင့်တိုးတက်လာစေကာမူ လက်တွေ့တွင်  မြန်မာ့သတင်းလွတ်လပ်ခွင့်မှာ ထိန်းချုပ်ခံရဆဲ သတင်းသမားများ အနေဖြင့်လည်း  ရုန်းကန်နေရဆဲဆိုသည်မှာ ထင်ရှားသည်။ "

ထို့အတူ မထင်မှတ်သော နိုင်ငံရေးအကူးအပြောင်းကြောင့် သတင်းမီဒီယာသမားများအပူတပြင်းလိုအပ်လာခဲ့သဖြင့်  အရည်အချင်း မပြည့်မီသော  သတင်းမီဒီယာသမားများသတင်းလောကသို့ စုပြုံဝင်ရောက်လာလေရာ လုပ်ထုံးလုပ်နည်း၊စာနယ်ဇင်းကျင့်ဝတ်တို့ကို နားလည်ကျွမ်းကျင်သူရှားပါးနေဆဲဖြစ်၏။ထို့အပြင် သတင်းမီဒီယာလုပ်ငန်းကြီးများတွင် ခေတ်ဟောင်းအာဏာရှင်တို့၏မဟာမိတ် မြန်မာ
ခရိုနီများကြီးစိုးလာနေခြင်းမှာလည်း ရင်မောဖွယ်အခြေအနေတစ်ရပ်ဖြစ်ချေ၏။

(၁၂) ၂၀၁၅ မြန်မာ့နိုင်ငံရေးပင်လယ်ပြင်တွင် မုန်တိုင်းများ ကျရောက်နိုင်ပါသည်။
၂၀၁၀ တွင်အစပြုခဲ့လေသော မြန်မာပြည်နိုင်ငံဒီမိုကရေစီရေးခရီးလမ်းတွင် ဖွဲ့စည်းပုံဥပဒေအရ လာမည့်၂၀၁၅ခုနှစ်၌ ဒုတိယအကြိမ် ရွေးကောက်ပွဲကို ကျင်းပရန်ရှိနေသည်။ယခုမျက်မှောက်အခြေအနေသည် စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဖွင့်ပြောလာသည်။၊သမ္မတနှင့်လွှတ်တော်အားပြိုင်မှုလွှတ်တော်တွင်းအားပြိုင်မှုပြင်းထန်လာသည်။လာဘ်မစားသောဝန်ထမ်း ဟူသည် ဒဏ္ဍာရီထဲတွင်သာရှိနေဆဲဖြစ်သည်။ကျန်းမာရေး၊စီးပွားရေး၊တရားဥပဒေစိုးမိုးရေး အားနည်းချက်များဒင်းကြမ်းပြည့်နေဆဲ ဖြစ်သည်။ဘဂါင်္လီအရေးအပါအဝင် ဘာသာဆက်နွယ်သောပဋိပက္ခများ နိုင်ငံအနှံ့ကြိုကြားပျောက်ကြား ဖြစ်ပေါ်နေသည်။အာဏာရှင် စံနစ်ဆီသို့နောက်ကြောင်းပြန်လှည့်သူတို့ နည်းမျိုးစုံဖြင့် ကုလားဖန်ထိုးလျက်ရှိကြသည်။

သမ္မတဦးသိန်းစိန်အနေဖြင့် အမေရိကန်၏မဟာဗျူဟာအရ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံတို့နှင့် အတတ်နိုင်ဆုံး ပြေလည်စေမည့်နည်းလမ်းကို ကျင့်သုံးလျက်ရှိသည်မှာ အငြင်းပွားဖွယ်ရာမရှိ။ အမေရိကန်နှင့်အနောက်အုပ်စု မည်သို့ပင် အားစိုက် တွန်းအားပေးသည်ဖြစ်စေ အနှစ်ငါးဆယ်ကျော် ယိုယွင်းပျက်စီးနေခဲ့သော ဗမာပြည်အခြေအနေအရပ်ရပ်ကို သမ္မတသက်တမ်းကာလ ငါးနှစ်အတွင်း ပြေလည်ရန်အကြောင်းမမြင်ချေ။

စစ်ဝါဒဆိုးကြီးမှ ကိုယ်ကျိုးဖြစ်ထွန်းမှုကို မက်မောနေဆဲစစ်ဗိုလ်များ၊၎င်းတို့၏နောက်တော်ပါအင်အားစုများ နေရာအနှံ့ရှိနေဆဲဖြစ်ရာ
၂၀၁၅ခုနှစ်ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံဆီသို့ခရီးဆက်လိုကြသူများနှင့် နောက်ကြောင်းပြန်လိုသူများ၏ ပြင်းထန်သောအားစမ်းပွဲ တစ်ခုဖြစ်လာပေလိမ့်မည်။

(၁၃) အနာဂတ်ဟောကိန်းနှင့် ဖြစ်သင့်သည့် ၂၀၁၅ ရွေးကောက်ပွဲမဟာဗျူဟာ
လက်ရှိပြုပြင်းပြောင်းလဲရေးအခြေအနေကို အားမလိုအားမရဖြစ်ကာ လူထုတိုက်ပွဲဖော်ဆောင်လိုသော အင်အားစုများ၏အမျှော်အမြင် သည် ကာလဒေသပယောဂနှင့်ကင်းကွာလျက်ရှိသည်။  ဗိုလ်ချုပ်မှူးကြီးဟောင်းတစ်ဦးတည်းသို့ပစ်မှတ်ထား ဦးတည်တိုက်ခိုက်နေခြင်း သည် အမြင်ကျဉ်းမြောင်းရာ၊ အထင်ကြီးလွန်းရာကျနေသည်ဟု စာရေးသူမြင်သည်။ကမ္ဘာ့နိုင်ငံရေးနှင့်ယှဉ်တွဲသုံးသပ်ချက် ရှေ့ဆက်ရ မည့်ခရီးလမ်းကြောင်းမှန်ကို ရွေးချယ်နိုင်မှသာ စံနစ်ဆိုးကြီးကို မြေမြှုပ်သဂြိုဟ်နိုင်မည်ဖြစ်သည်။
အမေရိကန်၏အာရှပစိဖိတ်မဟာဗျူဟာကြောင့် မြန်မာနိုင်ငံရေးသည် နောက်ကြောင်းသို့အလွယ်တကူပြန်လှည့်ရန် ဖြစ်နိုင်ချေအလွန် နည်းသည်။

၁၉၈၈ကာလနဝတအာဏာသိမ်းမှု၊၁၉၉၄ခုနှစ်နအဖအာဏာသိမ်းမှုတို့ကိုနမူနာယူသုံးသပ်ခြင်းဖြင့် နောက်ကြောင်း ပြန်လှည့်၊အာဏာသိမ်းတမ်းကစားရန် မဖြစ်နိုင်ကြောင်း ထင်ရှားသည်။ဒဲ့ဒိုးပြောရလျှင် အာဏာသိမ်းစစ်ဗိုလ်ချုပ်တို့သည် ယခင်ခေတ် ဟောင်းလက်ကျန် ဗိုလ်ချုပ်ကြီးဟောင်းတို့ကို ချမ်းသာခွင့်၊သက်သာခွင့် ပေးရိုးထုံးစံမရှိချေ။
အာဏာရှင်ခေတ်ဆီသို့နောက်ကြောင်းပြန်လိုကြသော အင်အားစုများကို မဟာဗျူဟာမြောက်လှိုင်းတံပိုးကြီးဖြင့် ရှင်းလင်း သုတ်သင်ရန် အချိန်ကိုက်လုံ့လထုတ်သင့်သည်။ထို့နောက်ကျွဲကူးရေပါဖြစ်နေသည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများသည် မြန်မာခရိုနီများကို လမ်းဆုံးပို့နိုင်ရန် အခွင့်ကောင်းကိုဖြစ်လာနိုင်သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်း အားနည်းချက်အချို့ရှိသော်ငြား၊ ဒေါ်အောင် ဆန်းစုကြည်၏ ကမ္ဘာနှင့်ချိတ်ဆက်ထားနိုင်သောအတွေးအမြင်အခြခံသည့် လုပ်ဆောင်ချက်များကြောင့် ၂၀၁၅ တွင် အကြီးအကျယ် အောင်ပွဲခံနိုင် ချေရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်များသည်လည်း မိမိတို့ကိုယ်စီအခွင့်အရေးကို ကမ္ဘာကြည့်ကြည့်မြင်တတ်ရန်လိုကာ တိုင်းရင်းသားပါတီ အသီးသီးအနေဖြင့် မိမိတို့၏ဆိုင်ရာမဲဆန္ဒနယ်များကို စိုးမိုးထားနိုင်ခြင်း၊ပြည်မတွင်အန်အယ်ဒီကို တခဲနက်ဝန်းရံခြင်းဖြင့် ဒီမိုကရေစီင်္ မဟာမိတ်တို့သည် ကြံ့ဖွံ့ကို အပြတ်အသတ်အနိုင်ရနိုင်သည်။

(၁၄)နိဂုံးသက်သေ
အနောက်အုပ်စုကျောထောက်နောက်ခံရှိပြီဆိုကာမျှနှင့် ဗမာ့ဒီမိုကရေစီအရေးဆုံးခန်းတိုင်မရောက်သေးချေ။ ကောင်းသောလက္ခဏာ တရပ်မူဖြစ်ပါ၏။ယင်းတို့၏အကျိုးစီးပွားသာရှေ့တန်းတင်မည်မှာ ဓမ္မတာသဘောဖြစ်၏။ဗမာ့အရေးသည် အနောက်အုပ်စု၏အကျိုးစီးပွား နှင့်အတူ ကျွဲကူးရေပါသဘော၊စီးမျောလိုက်ပါနိုင်မှသာ ဒီမိုကရေစီအောင်စည်ကိုရွမ်းနိုင်ပေလိမ့်မည်။ဒီမိုကရေစီအင်အားစုအတွင်း သူတလူငါတ မင်း ငါ့လှေငါထိုးကြပါမူ စစ်မှန်သောကူးပြောင်းရေးမမည်ပဲ ဗီယက်နမ် ကမ္ဘောဒီးယားတို့ကဲ့သို့ တခြမ်းပဲ့ဒီမိုကရေစီ ကွက်ကြား ဒီမိုကရေစီဖြစ် သွားနိုင်သည်ကို သတိကြီးစွာချပ်ထိုက်သည်။

မဟာဗျူမြောက်လိုင်းလုံးကြီးနှင့်အတူ တွန်းအားစိုက်ရန်လို၏။
စာရေးသူအနေဖြင့်အမေရိကန်ဦးဆောင်သော အာရှပစိဖိတ်ဆိုင်ရာ စစ်ရေးစီးပွားရေးမဟာဗျူဟာသည် မြန်မာနိုင်ငံတွင်ခေတ်ဟောင်း ကို တွယ်ကပ်နေသူများ ကျဆုံးနိုင်သည့်မဟာဗျူဟာမြောက်အခင်းအကျင်းအဖြစ် တွေးတောဆင်ခြင်မိကြောင်းအထက်တွင် ဆိုခဲ့ပြီ။ အဆိုပါတွေးတောယူဆချက်ကိုနှစ်သက်လက်ခံသူရှိနိုင်သလို သဘောမတူသူများလည်းရှိနိုင်သည်။
မြန်မာ့နိုင်ငံရေးဖြစ်စဉ်သည် စည်းမဲ့ကမ်းမဲ့ဖြစ်ချင်တိုင်းဖြစ်နေသည့် ဝရုန်းသုဉ်းကားဖြစ်စဉ်မျှသာ ဖြစ်သည်ဟု ယူဆနေကြသူများအား အမေရိကန်၏မဟာဗျူမြောက်ခြေလှမ်းများကို ချင့်ချိန် တွက်ဆနိုင်ရန်အလို့ငှာအောက်ဖော်ပြပါ နိုင်ငံတကာ သတင်းတပုဒ် လက်ဆောင် ပါးလိုပါသည်။

                           အမေရိကန်သမ္မတ မြန်မာနိုင်ငံသို့ နောက်တကြိမ်လာအုံးမည်။

အမေရိကန်နိုင်ငံသည်အာရှပစိဖိတ်ဒေသစီးပွါးရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် မူဝါဒချမှတ်  လုပ်ဆောင်နေခဲ့ရာ သမ္မတ အိုဘားမားသည်  မြန်မာနိုင်ငံသို့ ၂၀၁၄ခုနှစ်နိုဝင်ဘာလထဲတွင် လာရောက်မည်ဖြစ်သည်။  ဝန်ကြီး Pritzker မှာမူ  ဇွန်လထဲတွင် သွားရောက်မည်ဖြစ်ပြီး  ယင်းသို့ သွားရောက်ရာတွင် CEO ခေါ် အမေရိကန်စီးပွါးရေး လုပ်ငန်း အကြီးအကဲများနှင့်အတူ လာရောက် မည်ဖြစ်သည်။

ကမ္ဘာ့လူဦးရေ ထက်ထက်ခန့် နေထိုင်သော  အရှေ့တောင်အာရှဒေသသည် ကမ္ဘာပေါ်၌စီးပွါးရေးဖွံ့ဖြိုးမှု အလျင်မြန်ဆုံးဖြစ်သည့်အပြင်
အမေရိကန်ထုတ်ကုန်နှင့် ဝန်ဆောင်မှုလိုလားသူ  လူလတ်တန်းစားအများစုပါ ဤဒေသတွင်  ရှိနေသည့်အတွက်  အမေရိကန်က စီးပွါးရေးမှာ တိုက်ရိုက်ရင်းနှီးမြှပ်နှံမှုများကို တိုးမြှင့်နိုင်ဖို့ ကြိုးစားနေခြင်းဖြစ်ကြောင်းဖော်ပြသည်။

အမေရိကန်ကုမ္ပဏီတွေ ရင်းနှီးမြှပ်နှံရာတွင် အဆင်ပြေစေရန်အတွက်  အရှေ့တောင်အာရှဒေသအတွင်းတွင် ဒီမိုကရေစီလမ်းပေါ်သို့ ယခုမှ ပြန်လည်လျှောက်လှမ်းနေသော  မြန်မာနိုင်ငံတွင် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏  စီမံခန့်ခွဲရေးရုံးများ ကို  ပထမဆုံးဖွင့်လှစ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။အမေရိကန်၏ နိုင်ငံရပ်ခြား ကူးသန်းရောင်းဝယ်ရေး ဝန်ဆောင်မှု ရုံးအသစ်များကို တရုတ်နိုင်ငံ Wuhan မြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ များတွင် ဖွင့်လှစ်မည်ဖြစ်သည်။ထို့အပြင် အာရှပစိဖိတ်ဒေသတလွှား နောက်ထပ်ဆယ်နေရာတွင်လည်း ဖွင့်လှစ် ရန် စီစဉ်ထားသည်။
အထက်ပါအထောက်အထားသည့် အားပျော့နေသေးသည်ဆိုငြားအံ့။၂၀၁၄ဧပြီလတွင် အမေရိကန်အစိုးရသည် ကေအိုင်အေခေါင်း ဆောင် ဗိုလ်ချုပ်ဂွမ်မော်ကို တရားဝင်ဖိတ်ခေါ်ဆွေးနွေးခဲ့သည်။

ထို့အပြင်နောက်ဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ် ချုပ်မှ လွတ်မြောက်စ အချိန်ကာလ၌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်၏လက်အစုံကို ဝန်ကြီးက မလွတ် တမ်းအချိန်အတန်ကြာ ဆုပ်ကိုင်ထားသည့်ဓာတ်ပုံကို စင်္ကာပူနိုင်ငံသတင်းစာများတွင်အထင်အရှားဖော်ပြလျက် အောက်ပါ အတိုင်း မြန်မာနိုင်ငံ၏အခြေအနေကိုစောကြောခဲ့သည်ကို အမှတ်ရစေလိုပါသည်။
"ဒေသတွင်းမှာအနောက်မဟာမိတ်တို့ထက် မိမိတို့နောက်ကျပေတော့မည်"

ဓာတ်ပုံ။ ။ချော(အစိမ်းရောင်လွင်ပြင်)
↧

နွားရိုင်းသွင်းချိန်ဂငယ်ကွေ့စစ်တမ်း။

$
0
0


ယနေ့ထုတ် မက်ဆင်ဂျာ ဂျာနယ်။

နွားရိုင်းသွင်းချိန်ဂငယ်ကွေ့စစ်တမ်း။

မင်းဒင်ရေးသည်။

အပိုင်း(၁)

https://www.facebook.com/photo.php?fbid=10203220939982222&set=a.4516913998835.2175087.1170286543&type=1&theater

အပိုင်း(၂)

https://www.facebook.com/photo.php?fbid=10203221503556311&set=a.4516913998835.2175087.1170286543&type=1&theater

အပိုင်း(၃)
https://www.facebook.com/photo.php?fbid=10203242597523647&set=a.4516913998835.2175087.1170286543&type=1&theater

နောက်ဆုံးအပိုင်း(၄)

https://www.facebook.com/photo.php?fbid=10203249815064081&set=a.4516913998835.2175087.1170286543&type=1&theater

↧
↧

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0

ယနေ့ထုတ် ဆဲဗင်းဒေးအပတ်စဉ်ဂျာနယ်။မင်းဒင်ရဲ့သက်ခိုင် အခန်းဆက်ဝတ္ထုရှည်။

"ဂျိုး"နှင့်လူမိုက်အဂါင်္လေးပါးပြည့်စုံကြသူများ

"ဒီအခန်းနံပတ် (၂၀၄)ဟာ လီယိုနာဒိုဒီကာပရီယို တည်းခဲ့တဲ့အခန်းပေါ့ ကိုသက်ခိုင်"
"အော် ၊ကမ္ဘာကျော်ဟောလီးဝုဒ်မင်းသား တည်းသွားခဲ့တာဒီအခန်းကိုး"

"ဟုတ်တယ်ဗျ။ The Beach ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတချို့ကို ဒီဟိုတယ်မှာရိုက်ခဲ့ကြတာလေ။အဲဒီဇာတ်ကားရိုက်တုန်းက ဟိုတယ် အဟောင်းဗျ။အခုရှေးမူမပျက်ပြန်ပြီးမွန်းမံလိုက်တော့ အခန်းနံပတ်တွေ ပြောင်းသွားတယ်။ အဲဒီရုပ်ရှင်ထဲမှာတော့ ဒီအခန်းနံပတ်က (၁၁-အေ)။ကမ္ဘာလှည့်ခရီးသည်တွေကတော့ ဒီအခန်းကိုအလုအယက် ကြိုတင်စာရင်းသွင်းကြတာကြောင့်တနှစ်လုံးဘွတ်ကင်အပြည့် ဘဲဗျ"
"အဲဒီရုပ်ရှင် ရိုက်ခဲ့တာ သိပ်မကြာလှသေးဘူးထင်မိတယ်"

"ဟုတ်တယ် ကိုသက်ခိုင်။၂၀၀၀ခုနှစ်ကမှ ရိုက်ခဲ့တာ"
"ကိုယ်ကတော့ The Beach ကို ကြည့်ဖူးပေမဲ့ တိုက်တန်းနစ်ကိုပဲ စိတ်ထဲမှာ စွဲနေတယ်။လွန်ခဲ့တဲ့ဆယ်ငါးနှစ်ဝန်းကျင်က ရိုက်ခဲ့တဲ့ ရုပ်ရှင်တစ်ကားကို အကြောင်းပြုပြီး နိုင်ငံတစ်ကာဧည့်သည်တွေက ဒီလောက်တောင်စိတ်ဝင်စားကြသတဲ့လား"

ကိုသက်ခိုင်မေးမြန်းစပ်စုသမျှ စိတ်ရှည်လက်ရှည်ရှင်းပြနေသူမှာ"ဂျိုး"အမည်ရှိမြန်မာလူငယ်တစ်ဦးဖြစ်ပြီး ဇာတ်လမ်းအစမှာဤသို့ ဖြစ်၏။
"သပြေကသီးသနှင့်၊ရေကြီးငယ်ဘောင်ဘင်၊ထွန်ရေးငယ်ငင်သည်၊ပျို့ဦးရင် အပြန်ခက်ရှာလိမ့်၊တဖက်က ချောင်းကာသည်။ ရွှေညာမှာ ညိုတဲ့မိုးငယ်မို့ ပျိုစိုးတယ်လေး"ဟူသော စာဆိုဦးကြီး၏ လွမ်းချင်းကို အမှတ်ရစရာကောင်းပါသည်။မေလဆန်းမို့ ဖူးခက်မှာ မုတ်သုန် ဝင်ခဲ့ပြီ။

သည်မနက်ပိုင်းကောင်းကင်တပြင်လုံးအုံ့မှိုင်းညိုမှောင်နေချိန်တွင် ကျနော်နှင့်ဧည့်သည်တော်တစ်ဦး ထမင်းစားခန်းအတွင်းမှာ နံနက် စာစားရင်း စကား လက်ဆုံကျလျက်ရှိခဲ့သည်။အဆိုပါဧည့်သည်မှာ ကိုဇော်ခိုင်ခေါ် ဂျိုးဖြစ်၏။ဂျိုးသည် ပုသိမ်ဇာတိ၊ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင် ဖြစ်သည်။ အသက် အားဖြင့် လေးဆယ် ကျော်၊လူပုံနွဲ့နွဲ့နှင့် ဂျိုးသည် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရကာ မြန်မာနိုင်ငံ၏ ဟိုတယ် ခရီးသွားလုပ်ငန်းများတွင်ကျင်လည်ခဲ့ပြီးနောက် ယခုအခါ ဟိုတယ်အထွေထွေမန်နေဂျာရာထူးဖြင့် ဖူးခက်မြို့မရှိ On On Hotel အပါအဝင်၊ The Memory Hotelနှင့် Nasara House Panwa တို့ကိုပါ ပူးတွဲအုပ် ချုပ်နေသူဖြစ်၏။သူဖူးခက်မြေသို့ ခြေချခဲ့သည်မှာ ၁၈နှစ်ဝန်းကျင် ပင်ရှိ ခဲ့ပြီဟုဆိုပါ၏။ အိမ်ဖော်နှင့် အလုပ်ကြမ်းသမားများသာ အများစုဖြစ် နေသည့် ဖူးခက်ရောက်မြန်မာရွေ့ပြောင်း အလုပ်သမား များကြားတွင် ဂျိုးသည်ထူးခြားသူ ဟုဆိုနိုင်သည်။ဂျိုး၏ ဟိုတယ်လုပ်ငန်းစီမံခန့်ခွဲမှုနာမည်ဂုဏ်သတင်းကြောင့် ဖူးခက်ဂေဇက် သတင်းစာမျက်နှာဖုံးတွင် စာလုံးမဲကြီးများဖြင့်ဖော်ပြခြင်းခံခဲ့ရဖူး၏။ဂျိုးနှင့်ကျနော်ခင်မင်ရင်းနှီးခဲ့သည်မှာ သုံးနှစ် ဝန်းကျင်ရှိပေရော့မည်။

လွန်ခဲ့သောနှစ်ရက်ခန့်က ကျနော့်ထံ ဂျိုးဖုန်းဆက်ကာ စားတော်ပဲပြုပ်နှင့် နံပြားကိုချဉ်ခြင်းတပ်လေသောကြောင့် တတ်သည့်ပညာ မနေသာသည့် ကျနော့်မှာ ကိုယ်တိုင်ပဲပြုပ်လျက် ဂျိုးကို ဖိတ်ကြားဧည့်ခံခြင်းဖြစ်၏။နံပြားဖြင့်မူမဟုတ်။အီကြာကွေးပဲပြုပ်ဖြစ်၏။
ထိုအချိန်၌ပင် အိမ်ရှေ့တွင် ကားရပ်သံကြားသောကြောင့် ထမင်းစားခန်းဆီမှ ခြံဝသို့ ကြည့်မိသည့်အခါတွင်ကား ဆိုင်းမဆင့်ဗုံမဆင့် ပေါက်ချလာသူမှာ ကျနော့်ဇာတ်လိုက်ကျော်ကိုသက်ခိုင်ဖြစ်နေလေသည်။ကျနော်မိတ်ဆက်မပေးမီမှာပင် ကိုသက်ခိုင်သည် ဂျိုးကို ဝမ်းသာအားရအမူ အယာဖြင့်စတင်နှုတ်ဆက်လေရာ ဂျိုး၏မျက်နှာသည် ရွှင်မြူးသွားဟန်ရှိ၏။

"ကျနော်သက်ခိုင်ပါဗျာ"
"ဟုတ်ကဲ့ဗျ။ကျနော်က ကိုသက်ခိုင်အကြောင်း ကိုမင်းဒင်ရေးတာတွေ ဖတ်ပြီး လူချင်းတွေ့ချင်နေတာနဲ့ အတော်ပဲ။ တိုက်တိုက်ဆိုင်ဆိုင် ကျနော့်အဖေနာမည်ကလည်း ဦင်္းသက်ခိုင်ပဲဗျ"
"ဟုတ်ပါပြီဂျိုးရာ။ ဒါနဲ့ကိုရင်က ဖူးခက်မှာ ဘာတွေလုပ်သတုန်း"
ဤသို့လျှင် နှိုက်နှိုက်ချွတ်ချွတ်နိုင်လှသော ကိုသက်ခိုင်၏ဝသီအတိုင်း မေးမြန်းစပ်စုပြန်လေရာ ဂျိုးနှင့်ကိုသက်ခိုင်တို့စကားဝိုင်းမှ အကြောင်းအရာအချို့မှာ လွန်စွာစိတ်ဝင်စားဖွယ်ဖြစ်၏။
"ကျနော် Phi Phi Island Village Beach resort & Spaမှာလုပ်ခဲ့တုန်း ဦးတေဇလာတည်းသွားဖူးတယ်ဗျ။သူ့ရဲ့စီးပွားရေးတာဝန်ခံနဲ့ ကျနော်က ကျောင်းနေဖက်သူငယ်ချင်း။ဖူးခက်ကနေ အပျော်စီးသင်္ဘောတစ်စီးပေါင်သန်းဘယ်နှစ်ရာ နဲ့ဝယ်ဖို့ဆိုလား၊ နားစွန်နား ဖျားကြားမိတယ်။နောက်ပိုင်းကျနော်သိရသလောက် အဲဒီသင်္ဘောကို ဖူးခက်ကနေ ဝယ်တယ်။မြန်မာသင်္ဘောအရာရှိလေးငါးယောက်ပါ တဲ့အဖွဲ့တဖွဲ့ဟာ ဖူးခက်ပါတောင်ကမ်းခြေမှာ တစ်လလောက်အခန်းငှားနေပြီး အဲဒီသင်္ဘောကို အမောင်းသင်ကြတယ်။ ရန်ကုန်ဆိပ်ကမ်းကို မောင်းယူသွားတော့   ဦးတေဇရဲ့အပျော်စီးသင်္ဘောကို မြန်မာပြည်ကလူတွေ အထူးအဆန်းဖြစ်ပြီး တအံ့တသြ လာကြည့်ကြတယ်လို့ သတင်းကြားတာပဲဗျ"
"အော်။တို့ဗမာသူဌေးတွေလည်း အပျော်စီးသင်္ဘောတောင် ဝယ်စီးနိုင်ကြသကိုး"
"နေဦးကိုသက်ခိုင်။ အဲဒီအပျော်စီးသင်္ဘောဟာ အမြဲတမ်းလိုလို ကြံ့ခိုင်ရေး၊သန့်ရှင်းရေးလုပ်ရတဲ့ အမျိုးအစားတဲ့ဗျ။ရန်ကုန်မြစ်တွင်းက ရေဟာ မသန့်တာကြောင့် မကြာခင်မှာ ပြန်ရောင်းထုတ်ရလိုက်သတဲ့"

"အင်း၊ရှုံးလိုက်မဲ့ဖြစ်ခြင်း ဂျိုးရေ။ ဖူးခက်မှာ သင်္ဘောတည်ဆောက်တဲ့လုပ်ငန်းတွေအရမ်းများတယ်။ အမြတ်လည်းသိပ်ကြမ်းတယ်။ ကိုယ့်ကိုတောင် ဗမာပြည်ကနေ သင်္ဘောဝယ်ချင်တဲ့သူရှိလို့ အရောင်းအဝယ်တည့်အောင် စပ်ဟပ်ပေးနိုင်ရင် ပွဲစားခသုံးဆယ်ရာခိုင်နှုန်း အထိပေးမယ်လို့ စင်္ကာပူကုမ္ပဏီတွေက ကမ်းလှမ်းခဲ့ဖူးသဟ"
"နောက်တခုရှိသေးတယ်။ ဦးတေဇက ဗမာပြည်မှာ ဟိုတယ်လုပ်ငန်းတွေ အကြီးအကျယ်လုပ်ကိုင်နေတယ်သာဆိုတယ်။ ဒီလုပ်ငန်းကို ထဲထဲဝင်ဝင် စိတ်ဝင်စားပုံမရဘူး။နားလည်ကျွမ်းကျင်ပုံလည်းမရဘူး"

"ဟ။ ကိုရင့်အမြင်က အဆန်းပါကလား။ဘာကြောင့်များပါလိမ့်။ရှင်းပါအုံး ဂျိုးရ"
"ဖြစ်ပုံက ဒီလိုကိုသက်ခိုင်။ ဖီင်္ဖီကျွန်းရဲ့ကြယ်ငါးပွင့်အဆင့်ဟိုတယ်တစ်ခုမှာ ကျနော်လို ဗမာမန်နေဂျာတစ်ယောက် တွေ့လိုက်တော့ ဦးတေဇနည်းနည်းတော့ အံ့သြသွားပုံရတယ်။ သူ ကျနော့်ကို မေးတာက ..ခင်ဗျားတို့ဟိုတယ်မှာ အခန်းရောင်းအားoccupancy ဘယ်လောက်ရှိတုန်းတဲ့။ ကျနော်ကနေ ၈၀%လောက်ရှိတယ်လို့လည်း ပြန်ဖြေလိုက်ရော ဦးတေဇဟာ ရုတ်တရက် သူ့ဟိုတယ် မန်နေ ဂျာ အမျိုးသမီးတွေဘက်လှည့်ပြီး နင်တို့ဟိုတယ်တွေကော ဘယ်လောက်ရှိတုန်းဆိုတော့ ..ဆယ့်ငါးရာခိုင်နှုန်းလို့ ပြန်ဖြေတာကြား လိုက်ရတယ်။လက်တွေ့ဟိုတယ်လောကမှာ အနည်းဆုံး ၃၅%Occupancy ရှိမှ အရင်းကိုက်ရုံ ရှိတာမို့ ၄၀% မရောင်းရရင် လုပ်ငန်းမလည်ပတ်နိုင်ဘူး။ဘယ်လိုကမ္ဘာကျော်သူဌေးမဆိုစားရိတ်ထောင်းတာနဲ့ ရှုံးမှာပဲ။အမယ်။ သူက လက်ရှိသမ္မတကြီးနဲ့ လည်းတော်တော်ရင်းနှီးပုံရတယ်။ အဲဒီအချိန်တုန်းက ၂၀၀၈ဝန်းကျင်မို့သမ္မတကြီးဟာ ဝန်ကြီးချုပ်ဘဝပေါ့။ ဦးတေဇတည်းတဲ့ တနေ့ဘတ်နှစ်သောင်း ခွဲတန်အခန်းကို ကျနော်ကိုယ်တိုင်လိုက်ပို့နေရာချနေတုန်း တယ်လီဖုန်းတစ်လုံးဝင်လာတယ်။ နောက်တော့ ကျနော့်ကိုသူပြောပြတာက ဝန်ကြီးချုပ်ဆီကဖုန်းဆိုပဲ။ ကိုးရီးယားကိုလိုက်ခဲ့ဖို့လှမ်းခေါ်လို့တဲ့ဗျာ။ငွေချေပြီးသား ကရာဘီကမ်းခြေက ကြယ်ငါးပွင့်ဟိုတယ် ဘွတ်ကင် တွေကို အကုန်ဖျက်ပြီး လိုက်သွားလေရဲ့"

"ဘုန်းကံတော့ အတော်ကြီးတယ်ဆိုရမယ် ဂျိုးရာ။ သူ့ခေတ်နဲ့တော့ သူတွင်ကျယ်လို့သာဆိုရမယ်ထင်ပါရဲ့"
"ဒါတင်မကသေးဘူး ကိုသက်ခိုင်ရ။ ကိုတေဇရဲ့မန်နေဂျာအမျိုးသမီးတွေအပြောအရတော့ သူတို့ ကိုးရီးယားကိုဈေးဝယ်ထွက်ကြအုံးမယ် ဆိုပဲ။ မထွက်ခင်ညစာစားပွဲမှာ ဝိုင်မှာသောက်တော့ ကျနော်က ဘတ်သုံးထောင့်ငါးရာတန်ဝိုင်ပုလင်းကို ထုတ်ပေးတယ်။ဒီတော့ သူတို့က ကြယ်ငါးပွင့်ဖြစ်ပြီး ဒီလောက်ဈေးပေါတဲ့ဝိုင်ကိုတင်ထားရသလားတဲ့ဗျာ။သူတို့ကြည့်ရတာ product နဲ့ Demand ကို ကွဲကွဲပြားပြား နားလည်ကြပုံမရဘူး။ဒါကြောင့် ကျနော်ကDemand မရှိပဲ Product ကို မရင်းနှီးထားနိုင်ဘူးလို့ ရှင်းပြလိုက်ရသေးတယ်။ဒါနဲ့စကားမစပ် အခု ကျနော်တာဝန်ကျနေတဲ့ အွန်အွန်ဟိုတယ်ဟာ ကမ္ဘာကျော်ဟောလီးဝုဒ်မင်းသားတည်းသွားခဲ့ဖူးတဲ့ဟိုတယ်ဗျ"
"အမယ်။တယ်ဟုတ်ပါလား။ ကိုရင့်ဟိုတယ်က ဘာတွေများကြီးကျယ်ခမ်းနားနေလို့တုန်း"
ဤသို့လျှင် စိတ်မြန်လက်မြန်နိုင်လှသော ကိုသက်ခိုင်၏ စရိုက်အတိုင်း ဂျိုးတာဝန်ထမ်းဆောင်ရာဟိုတယ်သို့ လိုက်ပါကြည့်ရှုလို သည်ဆိုပြန်သဖြင့် ဂျိုးခေါ်ဆောင်ရာသို့ လိုက်ပါခဲ့ရာမှ ဖူးခက်မြို့မ၊ဖန်ငလမ်းရှိ အွန်အွန်ဟိုတယ်သို့ ရောက်ရှိခဲ့ကာ အစတွင်ဖော်ပြခဲ့ သည့်အတိုင်းဟိုတယ်တစ်ခုလုံးအား ကိုသက်ခိုင် စေ့စေ့ပေါက်ပေါက်စူးစမ်းနေခြင်းဖြစ်လေ၏။ အွန်အွန်ဟိုတယ်ရှေ့၊ကားလမ်း၏ တဖက်တွင် ဘန်ကောက်ဘဏ်နှင့်ကာစီကွန်(တောင်သူလယ်သမား)ဘဏ်အဆောက်အဦတို့ကို ခန့်ငြားစွာလှမ်းမြင်နေရသည်။ အွန်အွန်ဟိုတယ်သည် အခန်းပေါင်းလေးဆယ်ကျော်မျှသာရှိသည့်ဟိုတယ်အလတ်စားဖြစ်၏။၁၉၂၉ခုနှစ်တွင် စတင်တည်ဆောက် ခဲ့ကြောင်းသိရသည်။အွန်အွန်ဟူသည် တရုတ်ဘာသာစကား အန်အန် မှလာသည်ဟုဆိုပြီး အဓိပ္ပါယ်မှာ ပျော်ရွှင်ခြင်း(Happiness) ဟု ဆိုပါ၏။

ကျနော်ကားဟိုတယ်တစ်ခု၏ကြီးကျယ်ခမ်းနားမှုကို နောက်ဆုံးပေါ် ခေတ်မီအသုံးအဆောင်များပေါ်မူတည်၍လေ့လာနေသော်ငြား ကိုသက်ခိုင်နှင့်ဂျိုးတို့မှာ တစ်မျိုးတစ်ဘာသာဖြစ်နေပြန်သည်။ကိုသက်ခိုင်သည် ဂျိုးလိုက်လံရှင်းလင်းပြသည့် အကြောင်း ခြင်းရာအားလုံး ကိုစိတ်ဝင်တစားလိုက်လံကြည့်ရှုရင်း ခေါင်းတငြိမ့်ငြိမ့်လုပ်နေလေသည်။
ဟိုတယ်အဝင်ဧည့်ခန်းသည် ကျနော့်အမြင်တွင်မထူးခြားလှ။ရှေးအိမ်ကြီးတစ်ခုအတွင်းသို့ ရောက်နေသည့် အငွေ့အသက်ကို ခံစား ရသည်။ ဧည့်ခန်းက ဘေးနံရံကြီးတချပ်မှာ အင်္ဂတေသားများကွာကျလျက်ရှိရာ အတွင်းမှ အုတ်ချပ်များကိုလှမ်းမြင်နေရသည်။ ဧည့်ခန်း အလယ် တွင် စန္ဒယားဟောင်းကြီးတလုံးရှိ၏။အဆိုပါစန္ဒယားအိုကြီးနှင့်မလှမ်းမကမ်းတွင် မီးခံသေတ္တာဟောင်း ခပ်စုပ်စုပ်တစ်လုံး နှင့် ဆိုနီ တံဆိပ်ရေဒီယိုဟောင်းကြီးတို့ကိုတွေ့နေရပြန်သည်။
အခြားနံရံတစ်ခုပေါ်တွင်မူလွန်ခဲ့သော အနှစ်သုံးဆယ်ခန့်က ဖူးခက်မြို့ထုတ်ဝါကျင့်ကျင့် နေ့စဉ်သတင်းစာအစုတ် အပြဲလေးငါးရွက်ကို မှန်ဘောင်သွင်း၍တရိုတသေချိတ်ဆွဲပြသထားပြန်သည်။ဂျိုး၏ရှင်းလင်းချက်မှာ စိတ်ဝင်စားဖွယ်ဖြစ်၏။

"ဒီနံရံဟောင်းကြီးကို မျက်နှာဖြူတွေသိပ်သဘောကျကြတယ်ကိုသက်ခိုင်။ ဒီနံရံကြီးကို မှီပြီး ဓာတ်ပုံတွေ စွတ်ရိုက်ကြ တော့တာပဲ။ ရေဒီယို အဟောင်း၊မီးခံသေတ္တာအဟောင်းတွေကိုလည်း အထူးအဆန်းအဖြစ် တအံ့တသြကြည့်ကြ၊ ဓာတ်ပုံရိုက်ယူကြတယ်ဗျ။ ဒီဟိုတယ်ရဲ့ အပေါ်ထပ်ကြမ်းခင်းတွေကို ကျနော်ပြင်ဆင်အစားထိုးဖို့ တာဝန်ယူရတုန်းက သက်တမ်းအနီးစပ်ဆုံးဖြစ်တဲ့ သစ်သားချောင်း တွေ ပင်ပင်ပန်းပန်းလိုက်ရှာရသေးတယ်။သစ်အဟောင်းဈေးက အသစ်ထက်အများကြီးဈေးပို ပေးရတယ်။အဲဒီလို ရှေးလက်ရာမပျက် ပြင်ဆင် ထားတာကြောင့် ဒီဟိုတယ်ရဲ့အကြီးစားမွမ်းမံစားရိတ်ဟာ ဘတ်သန်းငါးဆယ်ကျော်ကုန်တယ်ဆိုရင် ယုံနိုင်စရာတောင် မရှိဘူး ကိုသက်ခိုင်"

ကျနော်နှင့်တွေ့လေတိုင်း သူကချည်းဦးဆောင်ကာ စကားဖောင်ဖွဲ့နေတတ်သော ကိုသက်ခိုင်သည် သည်တကြိမ်တွင်နားထောင်သူသက် သက်ဖြစ်နေပြန်လေ၏။ဂျိုးက ကျနော်တို့ကို ဟိုတယ်အပေါ်ထပ်ဆီသို့ ခေါ်ဆောင်သွားချိန်တွင် အတက်လှေခါးအနီးမှ ဧည့်ကြိုကောင် တာ၏ရှေ့၊အောက်ဖက်ကြမ်းပြင်တွင် ခရီးဆောင်လက်ဆွဲအိပ်ဟောင်းနှစ်လုံးကို တွေ့ရပြန်သည်။အိတ်နှစ်လုံးကား တချို့နေရာများတွင် သံချေးပင်တက်စပြုနေချေပြီ။အဆိုပါအိပ်နှစ်လုံး၏လက်ကိုင်တွင် အဖြူရောင်စက္ကူကဒ်ပြားနှစ်ချပ်ကိုတွေ့ရှိသဖြင့် ကျနော်ဖတ်ရှုမိရာ Phuket AirPort 23Oct; 1942 Phuket Airport Dec;12,1944 ဟူသောစာတမ်းတို့ကိုရေးထိုးထား၏။ ကျနော်က အံ့သြသည့်လေသံဖြင့် ဂျိုးကို လှမ်းမေးမိသည်။သူ့အဖြေကြောင့် ကျနော်ဆတ်ကနဲ တွန့်သွားမိသည်။

"ဒီခရီးဆောင်အိပ်တွေက ဧည့်သည်တွေမေ့ကျန်ခဲ့တာ ထင်ပါရဲ့"
"ဟာ ပေါက်ပေါက်ရှာရှာကိုမင်းဒင်ရာ။ဈေးကြီးပေးပြီး ရှာဝယ်ထားတာခင်ဗျ။ တလုံးကို ဗမာငွေဆယ့်ငါးသိန်းလောက်တန်တယ်"
အွန်အွန်ဟိုတယ်၏ အပေါ်ထပ်သည်လည်း ကျနော်မျှော်လင့်ထားသလို ကြီးကျယ်ခန်းနားသည့်ခေတ်မီသစ်လွင်မှုကို မတွေ့ရချေ။ ဂျိုးနှင့်ကိုသက်ခိုင်ကား လီယိုနာဒိုဒီကာပရီယိုတည်းခိုခဲ့ရာ အခန်းနံပတ် (၂၀၄)ရှေ့တွင် အမှတ်တရဓာတ်ပုံရိုက်နေကြသည်။ အပေါ်ထပ် စင်္ကြန် လမ်းတခု၏ဘေးနေရာကျယ်သောကွက်လပ်တစ်ခုတွင် မျက်နှာပြင်ကို သားရေဖြင့်ကျက်ထားသည့် အချင်းငါးပေခန့်ရှိသော ဧရာမစည်ကြီးတစ်လုံးကိုတွေ့ရသည်။ဟိုဟိုသည်သည် လျှောက်ကြည့်နေရင်း လွန်ခဲ့သောနှစ်လခန့်က ဂျိုးတစ်ယောက် ကျနော့်ထံမှ  အထူးအဆန်းပစ္စည်းတမျိုး၊ရန်ကုန်မှဝယ်ယူပေးရန်မှာယူခဲ့ဖူးသည်ကို ကျနော်ပြေးသတိရမိပြန်သည်။

"ဟေ့၊ဂျိုး ကိုယ်အခုမှ တွေးမိတယ်။ ဟိုတလောက မှာတဲ့ ကျောက်သင်ပုန်းနဲ့ကျောက်တံဟာ ဒီဟိုတယ်မှာ သုံးဖို့ထင်ပါရဲ့"
"ဟုတ်တယ်ကိုမင်းဒင်။ စားသောက်ခန်းတွေ၊ ဧည့်ခန်းတွေမှာသူတို့မှာချင်တဲ့စားသောက်ဖွယ်ရာတွေရဲ့ နာမည်တွေကို ကျောက်သင် ပုန်းနဲ့ကျောက်တံသုံးပြီးရေးခိုင်းမယ်လို့စိတ်ကူးခဲ့တာ။ဘားမားအိုင်ပက်ဆိုပါတော့။အဆင်မပြေပါဘူးဗျာ။ သစ်သားဘောင်တွေက လက်ရာ အရမ်းညံ့တယ်။ဘောင်တွေမှာ မညီမညာဖြစ်နေတဲ့သစ်သားစတွေစူးမိရင် လျော်လို့ဆုံးမှာ မဟုတ်ဘူး။ဗမာပြည်က ကျောက် သင်ပုန်းတွေမှာယူပြီး ဘောင်တွေဖြုတ်၊လွှင့်ပစ်၊နောက် ထိုင်းလုပ်ဘောင်လှလှလေးတွေတပ်ထားတဲ့ ကျောက်သင်ပုန်းတွေဘန်ကောက် မှာရောင်းတယ်ဗျ။ဈေးကတော့ အော်ပျံနေတာပေါ့"
ကိုဇော်ခိုင်ခေါ်ဂျိုးတာဝန်ယူစီမံခန့်ခွဲလျက်ရှိသည့် အွန်အွန်ဟိုတယ်၏ အခန်းအားလုံးနီးပါး ဧည့်သည်များဖြင့် ပြည့်လျက်ရှိရာ အတွင်း ခန်းတော်တော်များကိုဝင်ရောက်ကြည့်ရှုရန်အခွင့်မသာချေ။နမူနာအဖြစ် ကျနော်တို့ဝင်ရောက်ကြည့်ရှုခဲ့ရသည့် အခန်းအတွင်းပိုင်း ဖွဲ့စည်းပုံမှာလည်း ခေတ်မီအသုံးအဆောင်များထက် လွန်ခဲ့သောနှစ်ကိုးဆယ်ဝန်းကျင်က ရှေးဟောင်းအသုံးအဆောင်များသာဖြစ်၍ ထိုသည်ပင် ဧည့်သည်တို့ကို ဆွဲဆောင်လျက်ရှိဟန်တူ၏။လူ့သဘာဝသည် ထူးဆန်းပေစွ။  အတိတ်ခြေရာတို့ကို ပြန်လည် တမ်းတလို သော ခုံမင်သောသဘောရှိလေသည်တကား။ကိုသက်ခိုင်ကား ထူးထူးခြားခြား နှုတ်ဆိတ်ကာ သူသိလိုသမျှ ဂျိုးကို မေးခွန်း ဆက်တိုက် ထုတ်လျက်ရှိ၏။

"ကိုယ့်လူဟိုတယ်က ရိုးရိုးလေးနဲ့ ဆန်းနေတဲ့ဟိုတယ်ပါကလား။တို့နိုင်ငံက ဟိုတယ်ပိုင်ရှင်တွေကိုခေါ်ပြချင်ပါရဲ့"
"အာ။ ဟိုတယ်ပိုင်ရှင်တွေကိုတင်ခေါ်ပြရမှာမဟုတ်ဘူး ကိုသက်ခိုင်။ ကျနော်က အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေကိုပါ ခေါ်ပြချင်တာ။ တကယ်တော့ ဟိုတယ်ခရီးသွားလုပ်ငန်းဆိုတာ ကိုယ့်နိုင်ငံကိုယ့်ဒေသမှာရှိတာလေးနဲ့ အံဝင်အောင်စဉ်းစားပြီး နိုင်ငံတကာဧည့်သည် တွေလာချင်အောင် ဆွယ်ရတာမျိုးဗျ။ ထင်ရှားတဲ့ ဥပမာပေးရရင် အင်တာနက်လိုင်းမရတဲ့နယ်မြေဆိုပါတော့။ အင်တာနက်ကင်းမဲ့ ဇုံအဖြစ်သတ်မှတ်ပြီး အင်တာနက်ဒုက္ခကနေ ဝေးဝေးနေချင်တဲ့သူတွေကို မြူဆွယ်ရမှာ။ခုတော့ဗျာ တန်ဖိုးကြီးရှေးဟောင်းအမွေတွေ တပြုံကြီးရှိနေတာတောင် စီးပွားဖြစ်အောင် မဖန်တီးနိုင်ရုံတင်မက၊ လျှောက်ဖျက်ဆီးနေကြသလိုပဲ။စဉ်းစား ကြည့်လေ။ နဝတ၊နအဖ ခေတ်တွေတုန်းက၊နှစ်ပေါင်း ထောင်ချီပြီး အထင်ကရသမိုင်းဝင်ခဲ့တဲ့ ပုဂံဘုရားတွေကို၊ဝန်ကြီးတွေ၊ စစ်တပ် အရာကြီးတွေ၊ တယောက် စေတီ ဘယ်နှစ်ဆူ မွမ်းမံကြဆိုပြီး သမဝါယမအသင်းခွဲတမ်းချသလိုချတယ်ဗျာ။စေတီမှန်သမျှ ထုံးသင်္ကန်းတွေကပ်၊ ပုထိုးနံရံတွေမှာ တန်ဖိုး မဖြတ်နိုင်တဲ့ ရှေးပန်းချီလက်ရာတွေကို အင်္ဂတေနဲ့အပေါ်ကနေ အချောကိုင်ကြတယ်တဲ့ဗျာ။အံ့သြစရာအကောင်း ဆုံးကတော့ သူဌေးမင်းဦးတေဇဟာ ပုဂံရှေးဟောင်းနယ်မြေမှာ မျှော်စင်အသစ်ကြီးဆောက်သတဲ့။ ကိုသက်ခိုင်ရယ်။ ပုဂံနယ်မြေမှာ သူ့တန်ဖိုးနဲ့ သူကြီးကျယ်တဲ့ သမိုင်း ကြောင်း ရှိပြီးသားပါ။ပုဂံကို ပဲရစ်က အီဖယ်မျှော်စင်ကြီးရွေ့လာရင်တောင် မူလသမိုင်းတန်ဖိုး ထက်၊တက်လာ မှာ မဟုတ်ပါဘူး။ နောက်တစ်ခုရှိသေးတယ်ဗျာ။ ဦးပိန်တံတားရဲ့အောက်ခြေကို သစ်သားတိုင်တွေကိုဖြတ်ထုတ်ပြီး ကွန်ကရစ်တိုင်တွေနဲ့ အစားထိုးသတဲ့။ သီတဂူဆရာတော်ကြီးဟောတဲ့ လူမိုက်အဂါင်္လေးပါးနဲ့တော့ အံကိုက်ပဲဗျာ"

"လူမိုက်အဂါင်္လေးပါးတဲ့လား လုပ်စမ်းပါအုံးဂျိုးရာ"
"ကိုသက်ခိုင်ကတော့ သိသိကြီးနဲ့ လုပ်ပြီ။ နည်းမှားတွေကိုလုပ်တယ်။ သူတစ်ပါးကိုလည်း အဲဒီနည်းမှားတွေကို လုပ်ခိုင်းတယ်။အဲဒီနည်း အမှားကြီးကိုလည်း သိပ်တန်ဖိုးထားတယ်။မှားနေပြီလို့ ပြောရင် ပြောတဲ့သူကို ရန်ရှာတယ်တဲ့ဗျ။ ဆရာတော်ကြီးရဲ့နောက်ဆုံးမှတ်ချက် ကတော့ .. အဲဒီ လေးချက်မှာ အဆိုးတကာ့အဆိုးဆုံးကတော့ ကိုယ်လုပ်နေတဲ့အမှားတွေကို သိပ်တန်ဖိုးထားတယ်ဆိုတာပဲ။ အမှားကိုတန်ဖိုးသိပ်ထားတယ်ဆိုမှတော့ အမှန်ကိုတန်ဖိုးရှိတယ်လို့ဘယ်ထင်တော့မလဲ။ သိပ်ကြောက်ဖို့ကောင်းတယ်။  တစ်ဘဝလုံး သွားရောတဲ့"

ဂျိုးကား ဟိုတယ်အပေါ်ထပ်စင်္ကြန်လမ်းတလျှောက် ခပ်ဖြေးဖြေးလျှောက်နေရင်း ကိုသက်ခိုင်ကို လက်ချာပေးလျက်ရှိ၏။ ဟိုတယ်ကြမ်း ခင်းမှာ သစ်သားကြမ်းခင်းဖြစ်သော်ငြားထိန်းသိမ်းမှုနည်းစံနစ်ကောင်းမွန်သောကြောင့် သေသပ်ခိုင်ခန့်လှသည်။ ကျနော်ကမူ  သစ်သား ဘီဒိုတစ်ခုမှ ဘူးသီးနှင့်ခရမ်းသီးပုံ လက်ကိုင်ဘုကလေးနှစ်ခုကို ကိုင်ကြည့်ရင်း သဘောကျနေမိသည်။ဟိုတယ်နေရာ အနှံ့ တွင် အိုးကြီးအိုးငယ်တို့ဖြင့် စံနစ်တကျပြုစုပျိုးထောင်ထားသော ပန်းမာလ်မျိုးစုံမှာ မျက်စိပသာဒဖြစ်စေသည်မက စိတ်ကိုပါ ကြည်နူးစေသည်ကား အမှန်ဖြစ်၏။တစ်ခုသော နေရာတွင်ကား ဈေးနှုန်းချိုသာစွာတည်းခိုသူတို့အတွက် စုပေါင်းစပ်ပေါင်း တည်းခိုနိုင်သည့် အခန်းများကို မီးဖိုချောင်နှင့်တွဲလျက်တွေ့ရပြန်သည်။ဂျိုး၏အဆိုအရ ဤအခန်းတို့သည် ဆင်းရဲသားငွေကြေး ချို့တဲ့သူတို့ချည်း လာရောက် တည်းခိုကြသည်မဟုတ်ပဲ သာမန်လူမှုပတ်ဝန်းကျင်တွင် စိတ်အပန်းဖြေလိုသည့်၊ ဂုဏ်သရေရှိ ကျိကျိတက်ချမ်းသာကြသူများနှင့် လူမှု ဘဝမျိုးစုံကိုလေ့လာလိုသော ကမ္ဘာ့နာမည်ကျော်စာရေးဆရာ များ၊ကဗျာဆရာများ ပါဝင်နေသည် ဟူသတတ်။ကိုသက်ခိုင်ကား ဂျိုး၏ တရားကို ဆက်နာလိုဟန်ဖြင့် တွန်းအားပေးနေပြန်သည်။

"ကိုရင့်သုံးသပ်ချက်တွေတယ်ကောင်းကွာ ။ ကိုယ်သာ အာဏာရရင် ဂျိုးကို ဟိုတယ်ခရီးဝန်ကြီးခန့်ရမယ်ထင်ပါရဲ့"
"မဟုတ်သေးဘူး ကိုသက်ခိုင်။ဗမာပြည်မှာ ဟိုတယ်ခရီးသွားလုပ်ငန်းကို ကျနော့်ထက် အပြန်တစ်ရာတတ်တဲ့သူတွေ တပြုံကြီးပါ။ ခက်နေတာက အစိုးရမင်းများဟာ တတ်သိနားလည်သူတွေကနေ.. စောစောကပြောတဲ့ လူမိုက်အဂါင်္လေးပါးထဲကလို အမှားကိုထောက်ပြရင် ဒေါကန်ကြတာဗျ။ပြောလက်စနဲ့မထူးပါဘူးဗျာ။လွန်ခဲ့တဲ့ရက်ပိုင်းကဖတ်ရတဲ့သတင်းတပုဒ်မှာ ပုဂံရွှေစည်းခုံနဲ့ အာနန္ဒာဘုရားမှာ ရှိနေတဲ့ ရှေးမူလက် ရာပန်းချီတွေကို နေပြည်တော်အမျိုးသားပြတိုက်မှာ ထားဖို့ ယဉ်ကျေးမှုဝန်ကြီး ကတောင်းတာ ကြောင့် ဘယ်နှစ်ချပ်ဆိုလား ဖြုတ်ပေး လိုက်ရသတဲ့။တန်ဖိုးမဖြတ်နိုင်တဲ့ ပုဂံဒေသကို ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာတော့ မစဉ်းစား ဘူး။သူ့ဖာသာနေရာမှန်မှာ ရှိနေ တဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ဖြုတ်ပြီးနေရာရွေ့မတဲ့။ ဒီကိစ္စအပေါ်ရှေးဟောင်း သုတေသနပညာရှင် ဒေါက်တာဖြိုးကျော်ရဲ့ မှတ်ချက်ဟာ မှတ်သားစရာပဲဗျ။ ရှေးဟောင်းပစ္စည်းဆိုတာ နေရာမရွေ့ရဘူး။ သူ့နေရာနဲ့သူထားရမယ်။ဥပဒေအရမရွေ့ရဘူး။နိုင်ငံ တကာမှာလည်း လက်မှတ်ထိုးထားရတယ်။ရွှေ့မယ်ပြောင်းမယ်ဆိုရင် အထောက် အထား ခိုင်ခိုင်လုံလုံ ရှိရမယ်။ ပုဂံက အမွေအနှစ် လက်ရာတွေ ကို ယူဆောင်တာဟာ အာဏာရှင်ဆန်တယ်တဲ့။မကြာခင်ကမှ နေအိမ်အကျယ်ချုပ်ဘဝကလွတ်လာတဲ့ ဗိုလ်ချုပ်ခင်ညွန့် လည်း ရှေးဟောင်းအမွေအနှစ်တွေနဲ့ ပတ်သက်ပြီး အခုထက်ထိ၊ ဘာဗဟုသုတမှ ရှိသေးပုံမရဘူး။ ဟိုတစ်လောက သတင်းထောက် ကလေးမလေးတစ်ယောက်ကနေ ရှေးဟောင်းစေတီတွေ ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အင်တာဗျူးတော့.. အန်ကယ်တို့က ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေလေ။ ဘုရားတွေဟောင်းနေရင်ပြင်ရ မယ်တဲ့။ ရွှေတိဂုံအနောက်ဖက်မုဒ်စောင်းတန်းကြီးကို ရွှေဥာဏ်တော်စူးရောက်ပြီးပြုပြင်ခဲ့တာကို ဂုဏ်ယူစရာလို့ မှတ်နေ တုန်း ကိုသက်ခိုင်ရေ''

"ဂျိုးပြောကာမှ နားထဲမှာ မဟာဂီတ ဦးပြုံးချိုရဲ့သီချင်းတောင် ကြားယောင်မိသလိုပဲ။ ဘာတဲ့ ယခုလည်း မိုက်ဆဲမှန်စွာ ရှေ့ကိုတိုးလို့ တပိုးမိုက်အုံးမှာ ဆိုလား။တို့တိုင်းတို့ပြည်မှာဘယ်ကိစ္စမဆို ရှေ့နောက်မျှော်ခေါ်စဉ်းစားပြီး လုပ်တတ်တဲ့ဓလေ့ခေါင်းပါးနေသေးတာ တော့ အမှန်ပဲကွာ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အဲယားပုဂံလေကြောင်းလိုင်းကနေ ဖူးခက်ရန်ကုန်တိုက်ရိုက်လေယာဉ်ခရီးစဉ်ပျံသန်း ခဲ့ဖူးတာသွားသတိရမိတယ်။ လေကြောင်းလိုင်းမပြေးဆွဲခင် ထူးကုမ္ပဏီပိုင်ဆိုင်လုပ်ကိုင်နေတဲ့ ဟိုတယ်ပေါင်းမြောက်များစွာကို ဧရာမနံရံကြီးပေါ်မှာ ပရိုဂျက်တာနဲ့ ထိုးပြီးပြလိုက်တာ ဖူးခက်က ထိပ်ဆိုတဲ့ ဟိုတယ်သူဌေးတွေတောင် ပါးစပ်အဟောင်းသားနဲ့ တအံ့တသြဖြစ်ကြရတယ်ဂျိုးရေ။ ဒါပေမဲ့ကွာ ။ဗမာပြည်ဝင်ခွင့် ဗီဇာအတွက်ဘန်ကောက်ကိုတကူးတကသွားရတာမို့ တလကျော် လောက်နဲ့ပဲ ဖူးခက်ရန်ကုန်လေကြောင်းလိုင်းဟာ တစခန်းရပ်သွားရပါရောလား။ ဒီခရီးစဉ်မပြေးဆွဲခင်ကတည်းက ဖူးခက်မှာ ဗမာကောင်စစ်ဝန်ရုံးထားမှ ဖြစ်မယ်ဆိုတာလောက်တောင် မတွေးတော၊မစဉ်းစားခဲ့ကြတာအံ့ပါရဲ့  "
စင်စစ် ဂျိုးနှင့်ကိုသက်ခိုင်တို့၏ စကားသံများကို ကျနော့်နားမှ ကြားနေရသော်လည်း ကျနော့်စိတ်ကား ကမ္ဘာကျော်ဟောလီးဝုဒ်မင်းသား လီယိုနာဒိုဒီကာပရီယို သရုပ်ဆောင်ခဲ့သည့် တိုင်တန်းနစ်ရုပ်ရှင်ဇာတ်ကားကြီးဆီသို့ ရောက်ရှိနေလေ၏။ဘယ်သောအခါမှ မနစ်မြှုပ်နိုင် ဟုကြွေးကြော်ခဲ့သော ဂုဏ်သရေရှိကြေးရည်တတ်ခရီးသည်အများစုကိုတင်ဆောင်ခုတ်မောင်းခဲ့သည့် တိုက်တန်းနစ်သင်္ဘောကြီးကား ညဥ့်အချိန်မတော် ဘွားကနဲပေါ်လာသောရေခဲတောင်ကြီးကြောင့် နှစ်ပိုင်းကျိုးလျက်နစ်မြှုပ်ခဲ့ရသည်။ခရီးသည်အချို့ကံကောင်းထောက် မစွာအသက်ရှင်ခွင့်ရကြ၏။အချို့ကား ရေအောက်တွင် ထာဝရလဲလျောင်းကြ၏။

ချစ်ခြင်း၊မုန်းခြင်း၊လောကဓံတရား၏ပြက်ရယ်ပြုမှု၊ သခါင်္ရ၏သဘောတို့ကို ကျနော်တွေးတောစောကြောနေဆဲမှာပင် ကိုသက်ခိုင်တစ်ယောက် အဆင်းလှေခါးဆီသို့ ဦးတည်နေသည်ကို ဖျတ်ကနဲ သတိပြုမိသည်။
ဟိုတယ်အောက်ထပ်သို့ပြန်ဆင်းလာကြရင်း အပြင်ဘက်သို့ ကျနော်လှမ်းကြည့်လိုက်သည့်အခါ တောင်ဆီမှာ မိုးတွေညို့နေလေပြီ။ ဖူးခက်မှာ ညိုသည့်မိုးကြောင့် ပျို့ဦးရင် ကျနော်တို့တသိုက် အပြန်ခက်ပြန်ချေဦးတော့မည်။

ဓာတ်ပုံ။ ။ဂူဂဲလ်
↧

နွားရိုင်းသွင်းချိန် ဂငယ်ကွေ့စစ်တမ်း

$
0
0

ယနေ့ ၁၈။၀၅။၂၀၁၄ ထုတ် မက်ဆင်ဂျာ ဂျာနယ်။




                                     နွားရိုင်းသွင်းချိန် ဂငယ်ကွေ့စစ်တမ်း ။(မင်းဒင်)

အပိုင်း(၁)
↧

ဆြာဒင်၏ပြောင်းလဲခြင်းရှာပုံတော်

$
0
0

ဆြာဒင်၏ပြောင်းလဲခြင်းရှာပုံတော်

မင်းဒင်

(တစ်)
"ခရီးသွားရင်းသီချင်းဆိုမယ် ငှက်ကလေးများလိုကွယ်။တောင်ပံခတ်သံစည်းဝါးသဖွယ် ။လေဟုန်စီးသံ သာယာတယ် တွန်ကျူးသံက သီချင်းလားကွယ်။ ခရီးသွားရင်းသီချင်းဆိုမယ်။ ခရီးသွားရင်းသီချင်းဆိုမယ် လေပြေလေးလိုကွယ် ပုရစ်ဖူးတွေကြားတိုးဝေ့သွားတော့ တေးသွားလေးပေါ်လာတယ်။ထင်းရူးရွက်များချွန်ချွန်သွယ် အနမ်းလွန်ရင်းလေချွန်မယ်။( ဝင်းမှည့်နေတဲ့စပါးကွင်းအလယ်)၂"
"အလိုလေး ဆြာဒင်တစ်ယောက်အူမြူးနေပြန်ပါရောလား။ဆြာဒင်ဟာ အသက်သာကြီးတာ အသံကျတော့ တယ်မနိပ်လှဘူး"
"ဟ။ ဘာကောင်းတာရှိသေးတုန်း၊ ငဖေကြည်ရ"
ယိုးဒယားပြည်ဖူးခက်မြို့ အမ်မခန်အရပ်ရှိ ကျယ်ဝန်းလှသော ခြံကြီးအတွင်းမှ အိမ်အိုကြီးတွင် ဧကစာရီအကျင့်ကြောင့် ရရှိအပ်သော ဆြာဒင်၏သန္တိသုခသည် အဖျက်ရန်ကြောင့် ရုတ်ခြည်းမှေးမှိန်ကွယ်ပျောက်ရချေပြီ။
အလိုက်ကန်းဆိုးမသိ၊ဆြာဒင်၏ အရည်အသွေးအစစ်အမှန်ကိုလည်းခန့်မှန်းနိုင်စွမ်းမရှိရှာလေသည့် တပည့်ကျော်ဖေကြည်ကား အာရုံဟူ သော နာမည်ပြောင်ကိုဧကန်ပင်ရထိုက်သူဖြစ်လေ၏။သူ၏အလိုက်ဆိုးရွားမသိလွန်းစွာ ကြားဖြတ်နှောင့်ယှက်မှုကြောင့်လွန်စွာချိုမြသော ပင်ကိုယ်သံဖြင့် နရီစည်းဝါးကိုက် ရွှင်မြူးစွာ တေးတံတျာ သီဆို ဟစ်ကြွေးနေသော ဆြာဒင်ခမျာ အအလှည်းနင်းဘိသကဲ့သို့ ဆိုလက်စ သီချင်းကို ဆုံးခန်းတိုင်မဆက်နိုင်တော့ပဲဆန့်တငင်ငင်ဖြစ်သွားရချေ၏။ သို့သော်၊ဖေကြည်ခေါ်အာရုံကား ရံဖန်ရံခါ  စံနစ်တကျ တွေးတော ဆင်ခြင် တတ်သူဖြစ်သည်ကိုမူဆြာဒင့်အနေဖြင့်မရှက်မကြောက်ဝန်ခံရပေမည်။
"ဒီလိုရှိတယ်ဆြာဒင်ရ။ တစ်နေ့တစ်နေ့ အိမ်ထဲမှာချည်းကုတ်နေတာ မျက်စိပိတ်နားပိတ်မို့လူဖြစ်ရကျိုးမနပ်ဘူးထင်မိတယ်"
"ဟ။ကြီးကျယ်လှချည့်လားဆင့်ဖင်ရယ်။ဟိုတလောကမှ ရွှေပင်ဆီက ပြန်လာတာ။ဖင်တောင်မနွေးသေးဘူးထင်ပါ့"
"မဟုတ်သေးဘူးဆြာဒင်။ ဖူးခက်နဲ့ရွှေပင် ဥဒဟိုသွားနေလင့်ကစား ကျက်စားရာနယ်ပယ်ကား ကျဉ်းလှချေသေး၏။ပြောင်းလဲခြင်းနဲ့ လိုက်ရွေ့ရမယ် ပုံသေဆိုရင်နောက်ကျသွားပြီတဲ့ဆြာဒင်။ဆြာဒင်တို့ရွှေပင်က ကုန်းဘောင်ခေတ်နှောင်းပိုင်း ဒီဇိုင်းသာသာ ရှိသေးတာ အခေါက်တစ်ထောင်ရောက်တော့ကော ဘာထူးမှာမို့တုန်း"
မှန်ရာဆို နာလိုခံခက် အမျက်ထွက်ဟူသော စကားဆိုရိုးစကားသည် ဤနေရာနှင့် အံဝင်ဂွင်ကျလှချေ၏။နံဘေးကို ဖြတ်အကန်ခံလိုက်ရ သကဲ့သို့ရှိသော ဆြာဒင်သည် အောင့်သက်သက်နှင့်ပင်၊ထောင်းကနဲထွက်လာသည့်အမျက်ဒေါသကို အချိန်မီဘရိတ်အုပ်လိုက်ရ ချေသည်။
"လျှာရှည်ချက်ကိုရင်။ ထမရိုက်မိခင် လိုရင်းကိုသာ မိန့်ပါတော့ "
"ကျနော်တို့ဆရာတပည့်တသိုက် နောက်တခေါက်များ ပြည်တော်ဝင်လျှင်ဖြင့် ဗမာပြည်တနံတလျားသို့ ဒေသန္တရဗဟုသုတအလို့ငှာ ခရီး ရှည်ကြီးတကြောင်း သွားရသော် ကောင်းလေစွဆြာဒင်။ဆြာဒင်မကြာခဏမိန့်မြွက်လေ့ရှိသည့် ဗမာပြည်ကြီး၏အပြောင်းအလဲတို့ကို မျက်ဝါးထင်ထင်မြင်ရပေအံ့"
ပညာရှိတို့မည်သည် မိမိ၏ဥာဏ်ရည်ဥာဏ်သွေးကို ခြေဖျားသော်မှမမှီလေသည့် တပည့်သားမြေးတို့၏ အကြံဥာဏ်ကိုလည်း ရံခါ၌ ယူအပ်သည်မဟုတ်တုံလော။အာရုံခေါ်ဖေကြည်ကား ဆရာကောင်းတပည့်ပီသပေစွ။အရာရာကိုတတ်ယောင်ကား ဖြစ်နေသည့် ဆြာဒင် ၏ဗဟုသုတလစ်ဟာချက်ကို ဖြည့်ဆည်းရင်း ဗမာပြည်တွင်းသို့ခရီးလှည့်လည်ခြင်းဖြင့်၊ဇာတိရွှေပြည်ကြီး၏ အပြောင်းအလဲတို့ကို သင်းတို့တသိုက်မျက်ဝါးထင်ထင်မြင်နိုင်စေရန်အလို့ငှာဖေကြည်ငယ်၏ အကြံပြုချက် အတိုင်း ဆရာတပည့်လေးဦးသား အထုတ်အပိုး ကိုယ်စီဖြင့် "ခရီးသွားရင်းသီရင်းသီချင်းဆိုမယ်"အမည်ရှိ ခေတ်ဟောင်း တေးတစ်ပုဒ်ကို သံပြိုင်သီဆိုကြလျက် ဇာတိနိုင်ငံတော် အတွင်း သို့တပ်တော်ဦးကိုလှည့်ခဲ့ရပြန်ချေသည်တမုံ့။
(နှစ်)
ရန်ကုန်ရွှေမြို့တော်ကြီး၏ ဂုဏ်ကျက်သရေဆောင်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးမှသည် ဆြာဒင်တို့တည်းခိုမည့် ဆူးလေရှန်ဂရီလာ ဟိုတယ်သို့လာရာလမ်းတလျှောက်ရှိမြင်ကွင်းတို့ကား ပြည်တော်ပြန်ဆြာဒင်တို့၏ ဇာတိမြေအလွမ်းကို အထိုက်အလျောက်ပြေစေသည် ကားအမှန်ပင်ဖြစ်ချေ၏။သို့သော် အချို့သောနေရာတို့၌မူ လမ်းနှင့်ကား မညီမျှလေသလော၊ကားနှင့်မော်တော်ပီကယ် အချိုးအဆကွာ ခြားလေသလောမဆိုနိုင်။လမ်းတို့ဂျမ်းဖြစ်ကာ ပိတ်ဆို့လျက်ရှိကြကုန်၏။ခန္တီတရားကို လက်ကိုင်မထားနိုင်လေသည့် ယာဉ်မောင်းသူ အချို့ကား ကျော် တက်သွားသမျှ ကားကြီးကားငယ်တို့ကို ကရားရေလွှတ်တတွတ်တွတ်ဆဲဆိုနေလေရာ ဝန်းကျင်၌ဆဲသံတို့ဝေဆာ စီလွင်လျက် ရှိ၏။ အသွယ်သွယ်သော ကားကြီးကားငယ်တို့သည် စည်ပင်နယ်နိမိတ်အတွင်းဟွန်းမတီးရဟူသော တားမြစ်ချက်ကို အာခံကြလျက်၊ဟွန်းသံရှည်ကိုယ်စီပေးရင်း တစ်စီးကိုတစ်စီး အလုအယက် ကျော်တက်ရန် အားထုတ်လျက်ရှိကြကုန်၏။ အဆိုပါမြင် ကွင်းကို စိတ်အပျက်ကြီးပျက်ဟန်တူသည့် တပည့်ကျော်လေမင်းသားမူကား "တော်တော် တရားလွန်တဲ့ လူတွေပါလားဆြာဒင်။ ဒီပုံအတိုင်းဆို လစ်သူရေးနီးယား၊ Vilniusမြို့ တော်ဝန်လုပ်သလို စည်းကမ်းမဲ့ တဲ့ကားတွေကို ရုရှလုပ်တင့်ကားတွေနဲ့ ကြိတ်ပစ်မှ တန်ကာကျရော့မယ်"ဟု လေးလေး နက်နက်မှတ်ချက်ပြု၏။ထိုစဉ်ခဏ၌ ဇာတိနိုင်ငံကို နှစ်ပရိစ္ဆေဒ ကြာမြင့်စွာခွဲခွာထားရစ်သော ဆြာဒင်နှင့်အဖွဲ့အား မကျေမချမ်းဖြစ် ဟန်ရှိသော ရန်ကုန်မိုးသည် ရုတ်ခြည်းဆိုသလို ဝုန်းဒိုင်းကြဲဖြိုးဖြိုး စွေရွာပါလေတော့၏။
လောကဓံတရားနှင့်ယဉ်ပါးနေခဲ့ပြီးဖြစ်သောဆြာဒင်ကား လေးဆူပင်ဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးကို အဝေးမှလှမ်း၍ဖူးမြှော်ရင်း ဗုဒ္ဓါနုဿတိကမ္မဌာန်းစီးဖြန်းလျက်လိုက်ပါလာချိန်တွင် ဖေကြည်ခေါ်အာရုံ၏ အလန့်တကြားအော်သံကြောင့် ထိတ်ထိပ်ပြာပြာဖြစ်သွားရ ပြန်ချေသည်။
"ဗျို့၊ဆြာဒင် ရန်ကုန်ဆိပ်ကမ်းကို ဆူးလေဘုရားအနီးအထိ တိုးချဲ့လိုက်ပြီဆြာဒင်ရေ။တကယ့်ကို အပြောင်းအလဲကြီးပြောင်းသွားပါ ပေါ့လား။ဒီလိုမှန်းသိရင် ဆူးလေရှန်ဂရီလာဟိုတယ်ဆီကို ဖူးခက်ကနေ အပျော်စီးလှေနဲ့ လာလိုက်ကြရင် အကောင်းသားဆြာဒင်ရ"
အနာဂတ်ဆီသို့အလောသုံးဆယ်၊အဆောတလျင်လှမ်းမျှော်တတ်သည့် အကျင့်စရိုက်သည် ကောင်းလှသည်မဟုတ်ရကား ဆြာဒင်သည် ကပ်ဖဲ့တိုက်စကားဆိုနေသာတပည့်ကျော်ဖေကြည့်ကို ခပ်ဆတ်ဆတ်ငေါက်ငန်းလိုက်ရသည်။
"အတို့ကျွန်ငဖေကြည် ။သင့်နှုတ်ကိုစောင့်စည်းပါလော့။ဆိပ်ကမ်းတိုးချဲ့ခြင်းမဟုတ်။မိုးကာလအခါသမယမို့ ခေတ္တခဏအားဖြင့် လမ်းမ ပေါ် ရေလျှံခြင်းသာဖြစ်ချေ၏။ရှေ့ဆက်မည့်ခရီးတွင် သိသာထင်ရှားသည့် အပြောင်းအလဲတို့ကို မျက်ဝါးထင်ထင်မြင်ရပေအံ့"
(သုံး)
အဆိုပါတခဏ၌ပင် ဆြာဒင်တို့တည်းခိုမည့်ဆူးလေရှန်ဂရီလာဟိုတယ်သို့ရောက်ရှိလာလေရာ လွန်စွာချောမောလှသည့် ဧည့်ကြိုဝန် ထမ်း အမျိုးသမီးငယ်များ၏ ကြည်သာခွန်းချို နှစ်လိုဖွယ်ဆက်ဆံရေးကြောင့် အမောပြေရချေ၏။ကြီးမားကျယ်ဝန်းလှသော ပင်မ ဧည့်ခန်းဆောင်(Main Lobby) အတွင်း အမြိန့်သားထိုင်လျက် ခြေပစ်လက်ပစ်ခေတ္တအနားယူနေချိန်တွင် နောက်တော်ပါတပည့် ကျော် လေမင်းသားက ဆြာဒင်အား အသာ လက်ကုပ်ပြီး တစ်စုံတစ်ခုကိုကြည့်စေလိုဟန်မေးငေါ့ပြလေရာ ဆြာဒင်၏မျက်ဝန်းအစုံသည် အနီးရှိ ကပ်လျက်ဆိုဖာဆက်တီပေါ်သို့ရောက် ရှိသွားရချေ၏။ရှုလော့။
ရွှေပင်သားမျက်နှာပေါက်နှင့် သူဌေးဂိုက်မြန်မာအမျိုးကောင်းသားဇနီးမောင်နှံဖြစ်ဟန်ရှိ၏။ ဝဖိုင့်ဖိုင့်ဇနီးသည်၊သည် နေကြာစေ့ထုတ်ကို ဖွင့် ဖောက်သုံးဆောင်လျက်ရှိသည်။ခင်ပွန်ဖြစ်သူကား ပဲကြီးလှော်တထုတ်ကို အားပါးတရစားသုံးလျက်ရှိ၏။ ဟိုတယ်ဧည့်ခန်းကြမ်းပြင် ကော် ဇောပေါ်တွင် ကားနေကြာစေ့နှင့်ပဲကြီးလှော်အခွံတို့ပြန့်ကျဲနေဟန်မှာ လက်ရာမြောက်ပါဖောင်းမင့်အတ်ပန်းချီကား တချပ်နှယ်ရှိ ချေ၏။ တပည့်ကျော်တို့ နှာခေါင်းအသီးသီး ရှုံ့ချည်ပွချည်ဖြစ်ကြလေပြီ။
"ဒီလင်မယားဟာ ရွှေပင်ဇာတိတွေများဖြစ်နေလေမလားဆြာဒင်"
"ဟ။ ခက်ခက်ရချည့်ရဲ့ဖေကြည်ငယ်။နေရာတကာ ရွှေပင်ဆွဲမထည့်နဲ့လေ။မဆီမဆိုင်လက်ပံသားဒါးနဲ့ချိုင်နေပါရော့လား"
"ဟုတ်ဘူးလေ။ ဒီလိုမျိုးမြင်ကွင်းတွေက လွန်ခဲ့တဲ့နှစ်ငါးဆယ်လောက်က အမူအကျင့်တွေပဲကိုး"
ဆင်ခြေရာနှင့်ပြောင်းခင်းတပ်အပ်ဖြစ်နေလေသောကြောင့် ဆြာဒင်မှာ နှုတ်ဆိတ်လျက်သာနေရချေ၏။ မိမိတို့ဆိုင်ရာအခန်း အသီးသီး တွင် ဝန်စည်စလှယ်များ နေရာချထားပြီးသည်နှင့် ရွှေမြို့တော်အတွင်း လှည့်လည်ကြည့်ရှုရန် ဆြာဒင်နှင့်အဖွဲ့သည် ခြေလျင် စစ်ကြောင်းချီကြ ပြန်လေရာ မြို့တော်၏လမ်းကြိုလမ်းကြား နေရာအနှံ့အား အမှိုက်ပုံကြီးငယ်တို့ဖြင့် တန်ဆာဆင်လျက်ရှိလေ၏။ ရွှေမြို့တော်ကြီး၏ တစ်ခု သောလမ်းချိုးကွေ့သို့အရောက် ရုတ်ခြည်းအရှိန်ဖြင့်မောင်းနှင့်လာသည့် ကားတစ်စီးမှာ ရေတင်နေ သောချိုင့်ခွက်ငယ်တစ်ခုကို ဖြတ်သန်း မောင်းနှင်လေသည်တွင် လွှင့်စင်အပ်သောဗွက်ရည်တို့သည် ဆြာဒင့်နှင့်အဖွဲ့ကို ချစ်စနိုးပက်ဖြန်း လေ၏။တစ်ခုသောကားမှတ်တိုင်နှင့် မလှမ်းမကမ်းတွင်ရှိနေကြစဉ် လိုင်းကားတစ်စီးပေါ်မှာ လွတ်လပ်ခြင်းနှင့်ဒီမိုကရေစီအရေးကို အပြည့်အဝအသုံးချလေသော ကွမ်းသမား တစ်ဦး၏ပယောဂကြောင့် ဆြာဒင့်တို့ဆင်မြန်းအပ်သော ဝတ်စုံအသီးသီးမှာ အနီကွက်ငယ် ကိုယ်စီဖြင့် ပနံတင့်ပြန်တော့သည်။လူသူ အနည်းငယ်ကင်းပြတ်သော နေရာတချို့တွင်ကား အန္တရာယ်ကိုလွယ်မထားနိုင်ကြသည့် အမျိုးသားကောင်းအချို့မှာ အန္တရာယ်ကိုသယ်ပိုးမထားစကောင်းဟူသည့်ဆိုရိုးအတိုင်း၊လမ်းဘေးရှိနံရံတို့ကို ရှူရှူကော့ပန်းကြရင်း ကျန်းမာခြင်းသည်လာဘ်တပါးဟူသော ခံယူချက်ဖြင့် ကိုယ်စီဒုက္ခကို အလွယ်နည်းဖြင့်ဖြေရှင်းတော်မူကြကုန်၏။ တပည့်ကျော်တို့ထံမှ "ကျွတ်""ကျွတ်""ကတောက်""ကတောက်"စသော မကျေမချမ်းသံတို့ထွက်ပေါ်လာချေပြီ။
"ကျွတ်။ တော်ပါပြီဆြာဒင်ရယ်။ ဖူးခက်ကိုသာပြန်ကြပါစို့ရဲ့"
"ကတောက် ။အကျင့်တွေကတော့ အရင်းထက်တောင်ပိုဆိုးနေပါရောလားဆြာဒင့်။ဘယ်မှာတုန်းဆြာဒင့်ပြောတဲ့အပြောင်းအလဲ"
"ခရီးထွက်ဖို့စကားစမိတဲ့ ကျနော့်အမှားပါ ဆြာဒင်။တောက်"
အရေးတော်ဖြင့်ကြုံလေပြီ။မာနတည်းဟူသော ဆြာဒင်၏ငယ်ထိပ်ကို ဖနောင့်နှင့်တူလှစွာသော တပည့်တပန်းတို့ ၏အမနာပ ခြေကျောက်စကားတို့ဖြင့် အချက်ပေါင်းများစွာ ပေါက်နေယောင်တကား။ချေပဂိုးကိုမသွင်းနိုင်သူကား လူနုံလူချာတည်း။ အိုင်ကျူမြင့် လှသော ဆြာဒင့်၏ဦးနှောက်အတွင်းဝယ် ခေတ္တမျှမုန်တိုင်းဆင်လိုက်ပြီးနောက် ရုတ်ခြည်းဆိုသလိုပင် တန်ပြန်တိုက်စစ် ဆင်လိုက်ရ ချေတော့ သည်။
"ကဲ။တပည့်သာဝကတို့။သည်လောက်တောင် အပြောင်းအလဲကို မြင်လိုကြရင်ဖြင့် ခုမကြာဆောင်ကြဉ်းမယ် နောက်တော်က လိုက်ပါကြ စေဗျား"
(လေး)
"အို။ချစ်လှစွာသောတပည့်တို့"
"ဤလမ်းကြီးကား ရာဇဌာနီလမ်းမကြီးမည်သတည်း။ထိုသည်ကား ရာဇသင်္ဂဟအဝိုင်းကြီးပေတည်း"
"ဤမင်းနေပြည်တော်အား ဇေယျာသီရိ၊ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ နှင့် ဒက္ခိဏသီရိတည်းဟူသောအရပ်တို့ဖြင့် ဖွဲ့စည်းအပ် သတည်း"
"ရွှေရောင်တဝင်းဝင်း မောင်မင်းတို့ ဖူးမျှော်နေအပ်သည့် စေတီတော်ကား ဘွဲ့တော်အားဖြင့် ဥပ္ပါတသန္တိမည်သတည်း"
"စုလစ်မွန်းချွန်များဖြင့်တန်ဆာဆင်လျက်ရှိသည်ကား ပြည်သူ့လွှတ်တော်ဟုခေါ်ဆိုပေ၏"
ကပ္ပလီ၊ဖေကြည်နှင့် လေမင်းသားတည်းဟူသော တပည့်ကျော်လေးဦးကို ဆြာဒင်ခေါ်ဆောင်လာသည့်အရပ်ဒေသကား ပျဉ်းမနားနေ ပြည်တော်ဖြစ်၏။အဆိုပါအရပ်တွင် ကမ္ဘာ့အကျယ်ဆုံးလမ်းတို့တည်ရှိ၏။လျှပ်စစ်မီးတို့သည် ညဥ့်အခါ၌သာမက နေ့ခင်းကြောင်တောင် တွင်ပင် ထိန်ထိန်ညီးကြကုန်၏။
ခရီးလမ်းကြောင်းတလျှောက်လုံး ရေပက်မဝင်အောင် တိုင်းပြည်စုတ်ချာခန်းကို ဖွင့်ဆိုခဲ့ကြလေသော တပည့်တို့ကား အံ့သြတွေဝေလျက် ခပ်မဆိတ်ရှိကြကုန်ပြီ။မျက်လုံးအဝိုင်းသားကိုယ်စီဖြင့် မှင်တက်မိနေကြဟန်ရှိ၏။ခေါင်းတငြိမ့်ငြိမ့်နှင့်ဆြာဒင်၏ပြောင်းလဲခြင်းအယူအဆ ကိုလက်ခံကြလေပြီ။အောင်နိုင်သူစစ်သူကြီးပွဲပေတကား။
 မိနစ်ကိုးဆယ်မပြည့်မှီ ချေပဂိုးတို့ကို ဆက်တိုက်သွင်းယူနိုင်ရန်လုံးပန်းနေသောဆြာဒင်သည် နေပြည်တော်၏တစ်ခုသော လမ်းမကြီး သို့အရောက်နန်းစိန်အမည်ရှိခေတ်မီလက်ဖက်ရည်ဆိုင်ကြီးအတွင်းမှ ဆြာဒင်၏အမည်ကို ခင်မင်ရင်းနှီးစွာလှမ်း၍နှုတ်ဆက်သံကို ကြားလိုက်ရချေသည်။
"ဟယ်လို ဆြာဒင် ၊I'm Lee Hsien Loong ကျနော်လီရှင်လွန်းပါဗျ။(Long time no see) မဆုံတာကြာပါပေါ့"
အလိုလေး ဆြာဒင့်အား တရေးတယူနှုတ်ဆက်လာသူကား စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်းပေတကား။ဆြာဒင်၏ကြီးမားလှသောသတင်း ဂုဏ်ဒြပ်နှင့်သြဇာတိက္ကမကြောင့်  ဆြာဒင်က ပရိသတ်ကိုမသိသော်ငြား ပရိသတ်ကား ဆြာဒင်ကိုသိနေယောင်တကား။သို့ကမို့ကြောင့် ဆြာဒင်လည်း နိုင်ငံကြီးသားပီသစွာ ပြန်လည်၍အရေးတယူနှုတ်ဆက်ရပြန်ချေရာနောက်တော်ပါ တပည့်ကျော်တို့ကား ဆရာသခင်၏ လူရာဝင်မှုကို အံသြခြင်းကြီးစွာဖြစ်နေကြဟန်ရှိ၏။
(ငါး)
"ဟိုင်း လီရှန်လွန်း၊ Hi Lee Hsien loong.How are you? ကျန်းခန့်သာလို့မာပါစ"
"Fine , Thanks and you?မာပေ၏။အနို့ကိုရင်ကော ..."
"I'm fine. very very fine. ကောင်းလှပေသည်။ဒေါင်ဒေါင်မြည်၏"
အထက်ပါအတိုင်း အပြန်အလှန် ပဋိသန္ဓာရစကားဆိုကြပြီးသည့်နောက် ဆြာဒင်သည် လီရှန်လွန်း၏အနီးရှိ ထိုင်ခုံငယ်တစ်ခုပေါ်သို့ စွေ့ကနဲနေအောင် ဝင်ထိုင်လိုက်ရာ နောက်တော်ပါတို့လည်း မလှမ်းမကမ်းတွင်အသီးသီးနေရာယူကြပြီး ဆြာဒင့်တို့စကားဝိုင်းဆီသို့ နား စွင့်လျက်ရှိကုန်၏။ဆြာဒင်ကား ရင်ကိုစဉ်းငယ်ကော့ထားရင်း လီရှန်လွန်းနားလည်လောက်မည်ဟုထင်ရသည် စင်ဂလစ်အသံထွက် သိုးဆောင်းဘာသာဖြင့် ဗမာမင်းနေပြည်တော်ကြီး၏မဟာဂုဏ်ပုဒ်ကို ဖွင့်ထုတ်မိချေတော့သည်။
"By the way Lee,စကားမစပ်ကိုလွန်းရေ။ကိုရင်အနေနဲ့ ဒီလိုလက်ဖက်ရည်ဆိုင်မျိုးမှာလာထိုင်ပြီး ဆြာဒင်တို့ဗမာ့နေပြည်တော်ကြီးရဲ့ အံ့မခန်းစည်ပင်ဖွံ့ဖြိုးမှုအပေါ် အားကျနေဟန်ရှိကမင့်ကိုး"
လီရှန်လွန်း၏နှုတ်ခမ်းသည် ပြုံးသယောင်မဲ့သယောင်ဝေခွဲရခက်လှချေ၏။
"ဟုတ်ပါတယ်လေ။ စင်္ကာပူတိုးတက်သလောက်တော့ နေပြည်တော်အိပ်နေသ လောက်ရှိပေမပေါ့။ဗမာ့နေပြည်တော်ကြီးကို မှီဖို့ဆို ရင်ဖြင့် ကိုရင့်အဖေ လုပ်ခဲ့သလို နှစ်ပေါင်းငါးဆယ်လောက် ကျိုးစားချေအုံးတော့ကိုရင်လွန်းရေ"
လီရှန်းလွန်းသည် ဆြာဒင့်စကားကို မျက်စိမှေးလျက်နားစွင့်၏။မျက်မှောင်ကိုကြုံ့၏။သက်ပြင်းတချက်မှုတ်ထုတ်လိုက်ရင်း အားတုံ့အားနာ ဟန်ဖြင့် စကားဆိုသည်ကား ...
"ဒီမယ်ဆြာဒင်ရဲ့။ နေပြည်တော်ကွက်ကွက်လေးကိုတော့ ထားပါတော့။ ဒါပေသည့် နေပြည်တော်နဲ့ကပ်လျက် ပျဉ်းမနားမြို့ရဲ့ လူနေမှုပုံစံ ကဖြင့် ၁၉၅၀ ၊၁၉၆၀ဝန်းကျင်းက ကျုပ်တို့စင်္ကာပူနဲ့ မလေးရှားပီနန်းလိုပဲရှိသေးတယ်ဗျ"
ဆြာဒင်၏ကိုယ်သည် ဆတ်ကနဲတွန့်သွားရ၏။
"ဟုတ်တယ်ဆြာဒင်။မနေ့က ညနေခင်းမှာတော့ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အဓိက ရုံးစိုက်ရာမြို့နေပြည် တော် ကိုရောက်ခဲ့တယ်လေ။ အဲထိမှာ ကားပေါ်ကနေ ကြည့်နေရင်း လူဦးရေ တစ်သိန်းလောက်ရှိတဲ့ ပျဉ်းမနားမြို့ ကိုလည်းဖြတ်ခဲ့ တယ်၊ အဲထိမှာသွားတွေ့တာကတော့ ပျဉ်းမနားမြို့ရဲ့ပုံစံက လမ်းဘေးတဖက်တချက်မှာ ဈေးနဲ့အိမ်တွဲထားတာတွေ လူတွေပြည့် ကျပ် နေတာတွေဟာ ကျန်တော်တို့ နိုင်ငံရဲ့ ၁၉၅၀ ၊ ၁၉၆၀ ပြည့်နှစ်တွေက ပုံစံတွေနဲ့သွားတူနေတယ်ဗျ။ ( Smarts phone)တွေနဲ့ ကျွန်တော် တို့ကို ဓာတ်ပုံလှမ်းရိုက်နေတဲ့သူတွေကလွဲရင်ပေါ့ဆြာဒင်ရယ်" 
အမွှန်ကိုအခွပ်ခံရလေသည့်ဆြာဒင်ကား လည်လိမ်ခံထားရသောကြက်၏မျက်နှာပေးဖြင့် လီရှန်လွန်းကို ခပ်ငေးငေးကြည့်နေမိတော့ သည်။ တပည့်ကျော်တို့ကား ဆြာဒင့်ကို သနားစရာသတ္တဝါနှယ်ဂရုဏာသက်သည့်အမူအရာကိုယ်စီဖြင့် ရှိကြချိန်တွင် နန်းစိန်လက်ဖက် ရည်ဆိုင်၏ ဆောင်းဘောက်တွင်းမှ တေးရေးကိုရဲလွင်(မဇ္ဈိမလှိုင်း)အဆိုတော်ခင်မောင်တိုး၏ လင်းပါလေရှင်နေမင်းအမည်ရှိ သီချင်းသံ သည် နိုင်ချင်ကြက်ဆြာဒင်ကို အားတင်းနိုင်စေရန် ကျားကန်ပေးလျက်ရှိသယောင်တကား။
"လမိုက်တဲ့ညတွေ လွန်ခဲလှတယ်၊မိုးသည်းတဲ့နေ့တွေရှည်လျားလွန်းတယ်၊ရှင်နေမင်းမလင်းသာပေ၊တိမ်စိုင်များမဲမှောင်နေ။စီးဆင်းတဲ့ မျက်ရည်ညစ်ထေးလှတယ်၊သွန်းဖြိုးတဲ့မျက်ရည်ပူဆွေးမှုကြွယ်၊ရှင်နေမင်းမလင်းသာပေ။မှောင်ရိပ်များမင်းမူနေ။(သို့ပေမဲ့လေ လောက ဓမ္မရှိသေးတယ်။အဆိုးပေမဲ့လည်း အကောင်းဆုံးကိုကြုံနိုင်တယ်။ သွားလွန်းတော့ရောက်ရင်ရပ်နားရမယ်။ လမ်းဆုံးတော့ပန်းတိုင် ဆွတ်ခူးရမယ်။ရှင်နေမင်းလင်းပါလေ။ရောင်ခြည်ထွေးနွေးပါစေ)၂"
↧
Viewing all 346 articles
Browse latest View live