၂၁၊၀၅၊၂၀၁၄ နေ့ထုတ် ဆဲဗင်းဒေးအပတ်စဉ်ဂျာနယ်။မင်းဒင်ရဲ့သက်ခိုင်(၂)
အခန်း(၃၅)
ထိုင်းဓားပြဇာတ်လမ်းထဲက သက်ခိုင်
ထိုင်းနိုင်ငံတွင်နေထိုင်စဉ်ကာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ပေါင်းမြောက်များစွာထဲတွင် ကျနော်အလွယ်တကူမေ့ဖျောက်မရနိုင် သည့်ဖြစ်ရပ်တစ်ခုရှိခဲ့၏။ထိုသို့မမေ့တဲ့နိုင်ဖြစ်ရခြင်းမှာ အတိတ်ရာဇဝင်ထဲကရန်ဘက်၊ယိုးဒယားမြန်မာတည်းဟူသော လူမျိုးစွဲ စိတ်ဓာတ် ကြောင့်ဖြစ်နိုင်သလို ထိုင်းလူမျိုးအချို့၏နိုင်ငံခြားသား(အထူးသဖြင့်မြန်မာလူမျိုး)များအပေါ်ထားရှိသည့် စိတ်နေစိတ်ထားတစ်ရပ် ကြောင့်လည်းဖြစ်နိုင်ပေသည်။မည်သို့ပင် ဆိုစေကာမူ ယင်းပြသနာတွင်ကိုသက်ခိုင်တစ်ယောက် ကျနော်နှင့်ကျောချင်းကပ်လျက်ရှိနေ ခဲ့ခြင်းကြောင့် အထိုက်အလျောက်တော့ဖြင့် ဖြေဆည်ရာရခဲ့သည်။ထိုဇာတ်လမ်းအပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်၏။
ကျနော်နှင့်ကိုသက်ခိုင်ဘန်ကောက်မြို့၌ပြန်လည်ဆုံတွေ့ခဲ့ကြသည်မှ၊မကြာမတင်ကာလ၂၀၁၀ခုနှစ်။နိုဝင်ဘာလတွင်ဖြစ်၏။ထိုနေ့သည် နေသာသောနေ့တစ်နေ့ဖြစ်သည်။ရနောင်းမှ ကုန်အပြည့်တင်ဆောင်လာသည့် ကုန်တင်ကား ရောက်မည့်နေ့ဖြစ်သောကြောင့် နံနက် ခုနစ်နာရီခန့်ကတည်းက ဝထစ်အရပ်ရှိကျနော့်ဈေးဆိုင်ငယ်သို့ကျနော်ရောက်နေခဲ့သည်။ကုန်ပစ္စည်းများဆိုင်အတွင်း နေရာချထားပြီးချိန် သည် နံနက်ကိုးနာရီခန့်ရှိခဲ့ပြီ။
ဖူးခက်သို့ရောက်နေသောဇနီးသည်၊တပည့်ကျော်၊ကျော်ဝင်းဌေးတို့နှင့်အတူ တိုယိုတာအေဗင်ဆာကားငယ်ကိုမောင်းနှင်လျက် အမ်မခန် အရပ်ရှိနေအိမ်သို့ ကျနော်ပြန်လာခဲ့ရာခြံဝသို့အရောက် ကျော်ဝင်းဌေးက ခြံတံခါးကိုဆင်းဖွင့်ပြီး ကျနော်က ခြံတွင်းသို့ ကားမောင်းဝင် လာခဲ့၏။ခြံဝင်းထဲသို့ကားအရောက်၊ မျက်နှာစိမ်းသုံးယောက်သည် ခြံတံခါးပိတ်မည့်ကျော်ဝင်းဌေး၏ ရင်ဘတ်ကို ခပ်ကြမ်းကြမ်းတွန်းဖယ် ရင်း ဝင်ရောက်လာသဖြင့် မလှမ်းမကမ်းရှိကျနော်က တတ်သမျှမှတ်သမျှထိုင်းစကားဖြင့်လှမ်းအော်လိုက်မိသည်။
"ဟေ့၊ဖိ။ထမ်အလိုင်ခပ် ထမ်အလိုင်ခပ်"
"ပူးလိ၊ပူးလိ။ပတ်စပို့။ပတ်စပို့"
အဆိုပါလူစိမ်းသုံးယောက်၏အဖြေကို ကျနော်ကောင်းစွာသဘောပေါက်သော်ငြား စိတ်ထဲတွင်မူမသင်္ကာလှချေ။မည်သည့်နိုင်ငံမှ ရဲဝန် ထမ်းမဆိုသီးခြားပိုင်နက်နယ်မြေတစ်ခုတွင်းသို့ဝင်ရောက်မည်ဆိုလျှင် သက်ဆိုင်ရာတရားရုံးတစ်ခုခု၏ခွင့်ပြုမိန့် (ဝါးရမ်း)ပါမှသာ ဝင်ခွင့်ရှိ ကြောင်း ကျနော်သိထားသည်။သို့သော်သူတစ်ပါးနိုင်ငံတွင်စကားနည်းရန်စဲလိုသည့် ကျနော်သည် ထိုလူစိမ်းသုံးယောက်အနက် တယောက်သောပုဂ္ဂိုလ်ထုတ်ပြနေသည့် ပလပ်စတစ်ကဒ်လောင်းထားသော ရဲဝန်ထမ်းကဒ်ကိုပင် မကြည့်တော့ပဲ ပတ်စပို့သုံးအုပ် ကိုအသာတကြည်ထုတ်ပေးလိုက်သည့်အခါ ဖွင့်၍ပင် မကြည့်ပဲ သူ့အိတ်ကပ်တွင်းသို့ထိုးထည့်လိုက်၏။တစ်စုံတစ်ခုတော့ဖြင့် မှားယွင်း နေလေပြီ။အန္တရာယ်၏အငွေ့အသက်ကို ကျနော်ရစပြုလာသည်။ထိုလူစိမ်းသုံးဦးကို တစ်ဦးချင်းစီ အသေးစိတ်ကျနော်အကဲခတ်မိ၏။
အရပ်ပုပျပ်ပျပ်နှင့်အသက်ငါးဆယ်ကျော်ခန့်ရှိပုဂ္ဂိုလ်မှာ နောက်လိုက်ဖြစ်ဟန်ရှိသည်။အသက်သုံးဆယ့်ငါးနှစ်ဝန်းကျင် အရပ်ငါးပေခုနစ် လက်မခန့်ရှိသူမှာ ခေါင်းဆောင်ဖြစ်ဟန်တူသည်။ကျန်တစ်ဦးကား အရပ်အမောင်းအနေတော်နှင့် ပိန်ပိန်ပါးပါးနှင့်ဖြစ်၏။သုံးယောက်စလုံး အတွင်းခံစပို့ရှပ်ပေါ်တွင်အနက်ရောင်ဂျာကင်အင်္ကျီကိုယ်စီထပ်၍ဝတ်ထားကြသည်။
"ခင်ဗျားတို့အင်္ဂလိပ်လိုပြောတတ်သလား"
ဟူသောကျနော့်အမေးကို သူတို့အဖြေမပေးချေ။ကျနော်တို့သုံးယောက်ကို ကားဂိုဒေါင်ကြမ်းပြင်မှာထိုင်ခိုင်းလေရာ ကျော်ဝင်း ဌေးမှာ ချက်ြခင်းထိုင်ချလိုက်သော်ငြား ကျနော်နှင့်ဇနီးသည်မူကား မာနကို ထိခိုက်သည်ဟုယူဆသဖြင့် မထိုင်သည့်အခါ ခေါင်းဆောင် ဖြစ်ဟန်ရှိသူက ခါးကြားမှသေနတ်ကိုထုတ်ချိန်ရင်း ကြမ်းပြင်ပေါ်သို့ဇွတ်ထိုင်ခိုင်းနေပြန်သည်။အနီးရှိ ပလပ်စတစ်ကုလားထိုင်များ ပေါ်တွင် ကျနော်နှင့်ဇနီးဖြစ်သူ အသာထိုင်လိုက်ရ၏။ခေါင်းဆောင်လုပ်သူသည်ကျေနပ်ပုံမရသည့်မျက်နှာပေးဖြင့်ပင် သူ့တပည့်ကျော် နှစ်ဦးကို ကျနော့်တအိမ်လုံးအား မွှေနှောက်စေတော့၏။နောက်ဆုံးကျနော်ပုခုံးမှာ လွယ်ထားသည့်ပိုက်ဆံအိတ်ဆီသို့ဦး တည်လာသည်။ ဖွင့်ကြည့်သော် ထိုင်းဘတ်နှစ်ထောင်ကျော်ခန့်နှင့်ဘဏ်ကဒ်သာတွေ့သည့်အခါ မကျေမချမ်းလေသံဖြင့်ထိုင်းဘတ်ငါးသိန်း ပေးရမည် ဟုသေနတ်ထောက်ကာအကြပ်ကိုင်တော့၏။
ထိုင်းရဲအယောင်ဆောင်ထိုင်းဓားပြအဖွဲ့နှင့်ကျနော်ထိပ်တိုက်တိုးလေပြီ။အမှားမခံသော အခြေအနေဖြစ်၍ အင်အားကိုချိန်ဆကြည့်သော်တုန့်ပြန်နိုင်သည့် အနေအထားမရှိသည့်အဆုံး ဘဏ်ကဒ်အတွင်းမှ ငွေအကုန်ထုတ် ပေးမည်ဟုခြေဟန်လက်ဟန်ဖြင့်ညှိနှိုင်းလိုက်ရသည်။
ပိန်ပိန်ပါးပါးလူနှင့်အတူကျနော်အေတီအမ်စက်ရှိရာသို့သွားနေချိန်တွင် ကျန်နှစ်ဦးကား ဇနီးနှင့် ကျော်ဝင်းဌေးတို့ကို သေနတ်ဖြင့်ချိန် ရင်းစောင့်ကျန်ရစ်သည်။ဤသို့လျှင်အိမ်နှင့်မလှမ်းမကမ်းရှိအေတီအမ်စက်မှဘဏ်လက်ကျန်ငွေထိုင်းဘတ်ခြောက်သောင်းကိုထုတ်ပေးလိုက်ရတော့၏။ ကျနော်တတ်နိုင်သည်မှာ သူတို့အသုံးပြုခဲ့သောကားနံပတ်ကိုအတိအကျမှတ်သားထားလိုက်နိုင်ရုံ သာဖြစ်သည်။ နာကျဉ်းခံပြင်းမှုနှင့်ရှက်စိတ်ကြောင့် ယင်းကိစ္စနှင့်ပတ်သက်၍ မည်သူ့ကိုမျှ အသိမပေးခဲ့ချေ။ယုတ်စွအဆုံးကိုသက်ခိုင်ဖူးခက်မှာရှိနေ သည်ကို သိလျက်နှင့်ဖုန်းမဆက်ဖြစ်ခဲ့။
ထိုဇာတ်လမ်းသည်ဤတွင်နိဋ္ဌိတံခဲ့ပြီဟုသာ ကျနော်ထင်မှတ်ခဲ့သော်ငြား နောက်တနေ့ညနေတွင် ကျနော့်အိမ်နှင့်တကီလို မကွာဝေးသည့် လမ်းမပေါ်မှာ ထိုကားဟွန်ဒါစီဗစ်ကိုအမှတ်မထင်တွေ့လိုက်ရသည့်အခါ ကိုသက်ခိုင်ကို အကျိုးအကြောင်းဖုန်း ဆက်မိ သည်။ နာရီဝက်အတွင်း ကိုသက်ခိုင်တစ်ယောက်သူ့မိတ်ဆွေထိုင်းရဲဗိုလ်မှူးချင်ချိုင်းနှင့်အတူ ကျနော့်အိမ်သို့ပေါက်ချလာ လေတော့ သည်။
ချင်ချိုင်းနှင့်ကိုသက်ခိုင်သည် ကျနော်ခင်းပြသောနောက်ကြောင်းပြန်ဇာတ်လမ်းကို သေချာနားစိုက်ထောင်ကြရင်း ချက်ချင်းဆိုသလို အဆိုပါကားရှိရာသို့ ခေါ်ဆောင်သွားပြီး သေချာကြောင်းအတည်ပြုစေ၏။ကားခေါင်းခန်းဒက်ရှ်ဘုတ်ပေါ်မှ ကော်ရုပ်ကလေးသည် မနေ့ကကဲ့သို့ပင် ခေါင်းတငြိမ့်ငြိမ့်ဖြင့်နှုတ်ဆက်နေသောကြောင့် ကျနော်ခေါင်းငြိမ့်လိုက်မိသည်။ ဆက်တိုက်ဆိုသလို ကျနော်ငွေထုတ် ပေးခဲ့သည့် ဆဲဗင်းအလဲဗင်းအေတီအမ်ရှိရာသို့ချီတက်ကြပြန်၏။ဆဲဗင်းအလဲဗင်းငွေရှင်းကောင်တာမှ စီစီတီဗီကိုနောက်ပြန်ရစ်စေပြီး လိုအပ်သောအထောက်အထားတို့ကို အသင့်ပါလာသည့်ကွန်ပြူတာသုံးစတစ်(Stick) ဖြင့်ကူးယူသည်။ မကြာမီထိုင်းဝါယာလက် ကားတစ်စီးထိုးဆိုက်လာကာ ထိုကားကိုရှာဖွေပုံစံဖြင့် သိမ်းဆည်း၏။အဆိုပါကားပိုင်ရှင်မှာ ထိုင်းအမျိုးသမီးဖြစ်ပြီး ထိုကိစ္စနှင့် သူမ မပတ်သက်ကြောင်း ငြင်းဆိုနေသည်ဟု ကျနော်ခန့်မှန်းမိသည်။ ကိုသက်ခိုင်ကား အံ့မခန်းခြေလှမ်း ကျဲလှသည်။
ကားဘေးမှာရပ်နေသောကိုသက်ခိုင်သည် ရုတ်တရက်ချင်ချိုင်းအား တစ်စုံတစ်ရာလှမ်း ပြောလိုက်သည်။ထို့နောက်တွင်ကား ကျနော်နေထိုင်ရာ အမ်မခန်ရပ်ကွက်အတွင်းမှာ ခြေချုပ်ပုဒ်မခံဝန်ဖြင့်နေရသည့် လူဆိုးစာရင်းဝင် တို့၏အိမ်များသို့ ဝင်ရောက်မွှေနှောက်တော့သည်။ အချို့လူဆိုးစာရင်းဝင်တို့မှာ အိပ်ယာထဲမှအကြမ်းပတမ်းဆွဲထုတ်ခြင်းခံရသည်အထိဖြစ်၏။ တယောက်ချင်းကျနော့်ကို ပြသသော်ငြား ကျနာ့်အိမ်ကိုဝင်မွှေခဲ့သည့် ကိုယ်တော်တို့ကိုကား မတွေ့ရချေ။
ဤသို့လျှင် ရဲစခန်းမှ အမှုဖွင့်ခြင်း၊တရားလိုကျနော်၊သက်သေအဖြစ် ဇနီးသည်နှင့် ကျော်ဝင်းဌေးတို့ကို စစ်ဆေးပြီးသည့်အချိန်တွင်ကား ညဥ့်လည်တိုင်ခဲ့ပြီ။ရဲစခန်းမှအိမ်အပြန်တွင် ကားပေါ်မှာကိုသက်ခိုင်က ယတိပြတ်ကောက်ချက်တစ်ခုကိုချရာ ကျနော်အတော်အံ့အား သင့်သွားရသည်။
"ခင်ဗျားအိမ်ကို ဝင်တိုက်တဲ့ဓားပြတွေကို ခင်ဗျားဆိုင်ဘေးက ဘလက်ဆိုတဲ့ နှုတ်ခမ်းမွှေးနဲ့ကောင် လက်ထောက်ချတာပဲကိုမင်းဒင်"
"သေချာမှလုပ်ပါဗျာ။ခင်ဗျားနောက်ကပါနေလို့သာ ကျနော်ရဲစခန်းကိုလိုက်လာခဲ့တာ။ကျနော်ကတော့ ပြီးတာပြီးပါစေတော့လို့သာ သဘော ထားလိုက်ချင်တော့တယ်။တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့တိုင်းပြည်ဗျာ"
"သိပ်လည်းစိတ်ဓာတ်မကျပါနဲ့လေ။ဒီဓားပြမှုကိုထောက်ချင့်ကြည့်ရင် ခင်ဗျား ဖူးခက်မှာသူဌေးစာရင်းဝင်ပြီဗျ။စူပါချိသူဌေးတောင် သူ့ဆိုင် ကြီးဖွင့်ခါစက ဘဏ်ကိုငွေသွင်းဖို့အသွားမှာ ရိုက်အလုခံရဖူးသတဲ့။ဒါထိုင်းလူမျိုးချင်းနော်"
"အော်။ စူပါချိဖ်ပိုင်ရှင်သူဌေးလည်း ဒီအဖြစ်မျိုးကြုံရသကိုး"
"ဟုတ်တယ်ကိုမင်းဒင်။တကယ်တော့ ဖူးခက်မြို့ကြီးမှာ ဖူးခက်ဒေသခံလူဦးရေဟာ ဆယ့်ငါးရာခိုင်နှုန်းထက်မပိုဘူးတဲ့ဗျာ။ဖူးခက်မှာ စီးပွားရှာရတာ အဆင်ပြေတယ်ဆိုပြီးတောကမြို့ကို ဝိုင်းတဲ့သဘောပေါ့။အနီးနားမြို့တွေဖြစ်တဲ့ ဖန်င၊ကဘိ၊စူရတ်ဌာနီ၊နခွန်စီထမရတ် စတဲ့မြို့တွေက လူတန်းစားပေါင်းစုံ ဖူးခက်ကို စုပြုံရောက်လာကြပြီး စရိုက်မျိုးစုံနဲ့ဒုစရိုက်မြို့တော်ကြီးဖြစ်နေတော့တာပေါ့။ခင်ဗျားတစ်ခု သတိထားရမှာက ဖူးခက်မှာ ငွေရွှင်မယ်ထင်ရတဲ့နိုင်ငံခြားတွေကို စံနစ်တကျဂိုဏ်းဖွဲ့ပြီးလိမ်နေတဲ့ အုပ်စုတွေရှိတယ်။ စင်္ကာပူက ကျနော့် မိတ်ဆွေသင်္ဘောသူဌေးတစ်ယောက်ဆို သင်္ဘောတစ်စီးအရောင်းအဝယ်လုပ်ရာမှာ ထိုင်းနိုင်ငံသားအမည်ခံမှဖြစ်မယ်ဆိုပြီး လူလည် ထိုင်းတစ်ကောင်ပညာပြလိုက်တာ ထိုင်းဘတ်သန်းသုံးဆယ်လောက်ဆုံးခဲ့ပါရောလား"
"မလွယ်ကြောပါလားကိုသက်ခိုင် ။ဒါနဲ့ခင်ဗျားစောစောက ပြောတဲ့ ဓားပြအဖွဲ့ကိုလက်ထောက်ချတာဟာ ဘလက်ဆိုတဲ့ နှုတ်ခမ်းမွှေးနဲ့ မောင် ဆိုတာ ဘယ်လိုကြောင့် မှတ်ချက်ချနိုင်တာတုန်းဗျာ"
"သေချာဆက်စပ်ပြီးတွေးနိုင်ရင်ရှင်းနေတာပဲကိုမင်းဒင်ရာ။ ခင်ဗျားခြံတံခါးအဖွင့်မှာ ဒီကောင်တွေဝင်လာနိုင်တယ်ဆိုတာ ခင်ဗျားဆိုင်က နေ၊ထွက်ကတည်းက စောင့်ကြည့်တဲ့သူရှိနေလို့ပေါ့။ခင်ဗျားဆိုင်ဘေးမှာ ဖိဝမ်ဆိုတဲ့ထိုင်းအမျိုးသမီးရဲ့ ကွေ့တီယိုဆိုင်ရှိတယ်။ ဖိဝမ်ဟာ လက်ရှိအချိန်မှာ ဘလက်ဆိုတဲ့မောင်နဲ့တွဲနေတယ်။နောက်တချက်က ခင်ဗျား တပည့် ကျော်ဝင်းဌေးကိုကျနော်သေချာမေးကြည့်တော့ ဘလက်ဟာ စောစောက ဓားပြမှုနဲ့သိမ်းသွားတဲ့ကားပိုင်ရှင်ရဲ့အိမ်ကို အဝင်အထွက်ရှိ သတဲ့ဗျ။အဲဒီအိမ်မှာ ဘလက်ကို သုံးလေးကြိမ်၊သူမြင်ခဲ့ရဖူး သတဲ့။နောက်ဆုံးအခိုင်မာဆုံးသက်သေကတော့ ဒီကောင်နဲ့ကျနော် နောက်ခံဇာတ်လမ်းဟောင်း ရှိတာမို့ခင်ဗျားအိမ်ကို ဓားပြတိုက်တာ ဟာ ကျနော်နဲ့ခင်ဗျား ပတ်သတ်နေလို့ဖြစ်နိုင်လေရဲ့"
"သြ၊ခင်ဗျားနဲ့ ဘလက်ဟာ ဇာတ်လမ်းဟောင်းရှိခဲ့သေးသကိုး။ရှင်းစမ်းပါအုံးဗျ။စိတ်ဝင်စားစရာပဲ"
ကိုသက်ခိုင့်စကားကြောင့် ဘေးမှာငိုက်လျက်လိုက်ပါလာသော ကျနော့်ဇနီးသည်ပင်လျှင် မျက်လုံးပွင့်လာသည်။ ကိုသက်ခိုင်သည် ကားကို ခပ် ဖြေးဖြေးမောင်းရင်း သူနှင့် ဘလက်တို့၏ဇာတ်လမ်းကိုနောက်ကြောင်းပြန်သည်။
"ဒီမောင်ဖူးခက်ကိုရောက်လာတာ နှစ်နှစ်ထက်မပိုသေးဘူး။ကျနော်သိသလောက် ဘလက်ဟာ လိမ်လည်မှုဓားပြမှုတွေနဲ့ ဖူးခက် ထောင်က ထွက်လာတဲ့ ထောင်ထွက်တစ်ယောက်ပဲ။ထောင်ကထွက်လာပြီးဖူးခက်မှာရှိတဲ့ သူ့ညီပန်းရံခေါင်းဆောင်အိမ်မှာကပ်နေရင်း ခင်ဗျား ဆိုင်ဘေးက ထိုင်းမဖိဝမ်နဲ့ညိတာပေါ့ဗျာ။အစပိုင်းဖိဝမ်ကို လာပြီးပိုးပန်းချိန်မှာတော့ တကယ့်ဟိတ်ကြီးဟိန်ကြီးရှိုးစမိုးနဲ့ပေါ့ဗျာ။ မကြာပါဘူး။သူစီးနေတဲ့ တိုယိုတာအက်တလစ်(Altis) ကားကို လစဉ်ပုံမှန်ငွေဆက်မသွင်းနိုင်လို့ ဖိဝမ်အိမ်ရှေ့မှာတင် ကရိန်းနဲ့လာဆွဲ သွားပါရောလားဗျာ"
"ဖိဝမ်က သဘောကောင်းပါတယ်ဗျ။ကျနော်နဲ့လည်း အတော်ရင်းနှီးပါတယ်"
ဖိဝမ်၏ကွေ့တီယိုနှင့်ကော်ဖီတွဲလျက်ရောင်းချသော ဆိုင်ငယ်သည် ကျနော့်ဆိုင်နှင့်နှစ်ခန်းကျော်ဖြစ်၏။ ဖိဝမ်သည်အသာားဖြူဖြူနှင့် လုံးကြီးပေါက်လှ၊အသက်လေးဆယ်အရွယ်ထိုင်းအမျိုးသမီးဖြစ်သည်။နံနက်တိုင်းလိုလို သူ့ဆိုင်ရှေ့မှ .. "အောင်မာလေး၊အောင်မာလေး" (လာကြနော်။ဝယ်ကြနော်)ဟူသည့် ဘလက်၏အသံစာစာကို ကြားရလေ့ရှိသည်။
"ဟုတ်ပါ့ကိုမင်းဒင်ရာ။ဖိဝမ်ဟာ သဘောကောင်းတာအမှန်ပဲ။သူ့မှာပြောစရာရှိနေတာက ယောက်ျားမရှိရင် မနေတတ်တဲ့ပြသနာပဲဗျာ"
"ဟုတ်ရဲ့လားဗျ။ကျနော်မြင်မိသလောက်တော့ ဘလက်နဲ့တွဲနေတာခပ်အေးအေးပါပဲ"
"ဖိဝမ်ဟာ ဖူးခက်နဲ့မိုင်လေးရာကျော်လောက်ဝေးတဲ့လပ်ဘူရီမြို့ဇာတိဗျ။ဖိဝမ်က အငယ်ဆုံးသမီးမို့မိဘတွေက အလိုလိုက်ထားတော့ စာတောင်ဖြောင့်ဖြောင့် မဖတ်တတ် ရှာဘူး။သူ့ရဲ့ ပထမဆုံးယောက်ျားက သူအသက်သုံးဆယ်ဝန်းကျင်လောက်မှာ ဆုံးတယ်။ သားတစ်ယောက်ကျန်ခဲ့လေရဲ့။သူ့ယောက်ျားဆုံး ပါးသွားပြီးတဲ့နောက်ပိုင်း ဖိဝမ်တွဲခဲ့တဲ့ ယောက်ျားတွေ မနည်းလှဘူးဗျ။ ကျနော်သိသလောက်တောင် လေးငါးယောက်ရှိမယ်။ ကုန်ကုန်ပြောရရင်ဗျာ ၊ဖိဝမ်ဟာ ဝထစ်ဘုန်းကြီးကျောင်းက ကိုယ်တော်တစ်ပါးနဲ့ တောင် မကင်းဘူးလို့ အသံထွက်လာဖူးတယ်။ဖိဝမ်ဟာ ကျနော့်ကိုတောင်ရေလာမြောင်းပေးလုပ်ခဲ့သေးသဗျ။
ကျနော်ရှောင်နိုင်ခဲ့ပေမဲ့ ကျနော့်တပည့်ကျော် ဖေကြည်ကတော့ မရှောင်နိုင်ရှာခဲ့ဘူး ဆိုပါတော့။နောက်ပိုင်းမှာ မော်လမြိုင်သား ဖေကြည်ဟာ ဖိဝမ်နဲ့ ဇာတ်လမ်းဖြစ်ရောပေါ့ဗျာ။ ခက်တာက ဖေကြည်နဲ့ဖိဝမ်ညိကြတဲ့အချိန်မှာ ဖိဝမ်ဟာ ဆူရတ်ဌာနီက သင်္ဘောဆလင်ထိုင်းတစ်ကောင်နဲ့ တပွင့်နှစ်ခိုင်ဇာတ်လမ်းကလည်းရှိနေသေးသဗျ။အဲဒီထိုင်းက ဖူးခက်ကို တပတ်တကြိမ် လောက်သာလာတာမို့ အစပိုင်းမှာ မရိပ်မိပေမဲ့ ဖေကြည်ရဲ့ အနေအထိုင်မတတ်မှုကြောင့် ပြသနာတက်ကြလေ သတည်းပေါ့။ သေနတ်သမားငှားပြီး ဖေကြည့်ကို အပြတ်ရှင်းမဲ့အထိ ဇာတ်လမ်းတွေဖြစ်ခဲ့ပေမဲ့ ကျနော့် အရှိန်အဝါ ကြောင့် ဘာမှတော့ ဆိုးဆိုးဝါးဝါးဆက်မဖြစ်ခဲ့ပါဘူး။ဖေ ကြည့်ဇာတ်လမ်းပြီးတဲ့နောက် ပေါ်လာတဲ့မင်းသားသစ်ကတော့ ဘလက်ပေါ့ဗျာ။ဘလက်အလုပ်လက်မဲ့ဖြစ်နေချိန်တုန်းက ဖိဝမ်ကိုယ်တိုင်ကျနော့်ကို လာပြီးအကူအညီ တောင်းလို့ ကျနော့်ဒရိုင်ဘာအဖြစ် နှစ်လလောက်ခန့်ဖူးသေးဗျာ။နောက်ပိုင်းဒီမောင် ကျနော့်ကားပေါ်ကို ဘိန်းစားရွက်တွေတင်ပြီး လျှောက်ရောင်းနေလို့ အလုပ်ကထုတ်ပစ်လိုက်တာ ။ဒီမှာတင် ကျနော့်ကို ရန်ငြိုးဖွဲ့ခဲ့ထင်ပါရဲ့။ဒါပေမဲ့ ဒီမောင် ကျနော့်ကိုတော့မလုပ်ရဲခဲ့ ဘူး။
ကျနော်နဲ့အလားတူအလုပ်မျိုးလုပ်တဲ့ ခင်ဗျားဟာ ကျနော်လို အထိုက်အလျောက်ချောင်လည်တဲ့သူဖြစ်မယ်ဆိုပြီး ဒီဇာတ်လမ်းကို ဖန်တီးခဲ့တာဖြစ်နိုင်လောက်တယ်"
"အော်။ တကယ့်ဇာတ်ရှုပ်ကြီးပါလားဗျာ။ ခင်ဗျားပြောတော့လဲ အချိတ်အဆက်က မိနေသားပဲ။ဘာဘဲဖြစ်ဖြစ် အမှုဖွင့်ပြီးနောက်ဆက်တွဲ ကိစ္စတွေ ကျနော်ရင်မဆိုင်ချင်ဘူးကိုသက်ခိုင်"
"အန္တရာယ်များတာတော့အမှန်ပဲကိုမင်းဒင်။ ဒီဇာတ်ကိုဒီမှာရပ်လို့တော့ မဖြစ်ချေသေးဘူး။ ရပ်ရမဲ့အချိန်ကိုကျနော်ပြောပါ့မယ်။ အဆိပ် ပြင်းတဲ့အကြောင်းနှာမှုတ်သံလောက်တော့ပေးမှဖြစ်မယ်။ကျနော်တစ်ယောက်လုံးရှိပါသေးတယ်။သိပ်လည်းမပူပါလေနဲ့ဗျာ"
နောက်ပိုင်းတွင် ဖူးခက်စံမကောင်းရဲစခန်းမှ ကျနော့်အားသုံးလေးကြိမ်ခန့်ခေါ်ယူစစ်ဆေးခဲ့ပြီး ကျနော်ရဲစခန်းသို့ရောက်လေတိုင်း ဓားပြမှုတွင်သက်သေခံအဖြစ်သိမ်းဆည်းထားသည့်ကား ကို ကျနော်တွေ့မြင်နေရသည်။လေးလကျော်ခန့် မိုးရေထဲတွင် ရှိနေသဖြင့် ကားဘီးဂွေတို့မှာ သံချေးပင် တက်စ ပြုနေချေပြီ။ထူးခြားသည်ကား ဘလက်တစ်ယောက် သိသိသာသာမျက်နှာပျက်နေခြင်းဖြစ်၏။ ဖိဝမ်သည်လည်း သတင်းအတိအကျအပြည့်အစုံ မဟုတ်သည့်တိုင် ဘလက်၏ခြေရာလက်ရာကို အနည်းငယ်ရိပ်စားမိဟန်တူ၏။ မျက်နှာမကောင်းလှချေ။
ကိုသက်ခိုင်ကား ကျနော့်အမှု၏နောက်ကွယ်တွင် ထိုင်းဓားပြတို့နှင့် သူတပြန်ကိုယ်တပြန်အားစမ်းနေကြဟန်ရှိ၏။အဆိုပါအမှု ဖြစ်ပွားပြီးလေးလခွဲခန့်အကြာတွင် ဓားပြအုပ်စုသည်သက်သေခံကားကို အာမခံဖြင့် ထုတ်သွားနိုင်ခဲ့သည်။ကိုသက်ခိုင့်နားသို့ ထိုသတင်း ရောက်သွားသည့်အခါ မည်သို့အကွက်ရွေ့လိုက်ပြန်သည်မသိ။ အာမခံဖြင့်ထုတ်သွားပြီးသောကားမှာနှစ်ရက်အကြာတွင် စံမကောင်းရဲ စခန်းသို့ ပြန်ရောက်နေပြန်သည်။မကြာမီ တရားလိုကျနော့်အား ရဲစခန်းမှဆင့်ခေါ်ပြန်ကာ တရားခံများ၏အနီးစပ်ဆုံးပုံတူကိုရနိုင်ရေး အတွက် ထိုင်းပန်းချီဆရာတစ်ယောက်နှင့်အလုပ်ရှုပ်ရပြန်သည်။အကြောင်းစုံအား ကိုသက်ခိုင်ကို ပြောပြသည့်အခါ သူက ခပ်အေးအေး လေသံဖြင့် ကျနော့်ကိုတရားချသည်။
"ထိုင်းပန်းချီဆရာခေါ်ပြီး ခင်ဗျားရဲ့ထွက်ချက်အရ တရားခံရဲ့ပုံတူကိုဆွဲတယ်ဆိုတာ ရဲကိစ္စကုန်အောင်လုပ်တဲ့သဘောပဲကိုမင်းဒင်။အမှန်ဆိုစီစီတီဗီကရတဲ့အထောက်အထားနဲ့တင်ပြီးရမဲ့ကိစ္စဗျ။ဓားပြ တွေကို ဖမ်းမိစရာအကြောင်းမရှိတော့ဘူး။နောက်ဆုံးမှာတော့ သူတို့ကားကိုဖြစ်တဲ့နည်းနဲ့ ပြန်ထုတ်သွားကြလိမ့်မယ်။ထိုင်းတရားခံက ထိုင်းရဲကို လာဘ်ထိုးတဲ့နည်းနဲ့ပေါ့။ဘယ်ထိုင်းရဲမှ ဗမာအိမ်ဝင်တိုက်တဲ့ထိုင်းဓားပြကို မိအောင်မဖမ်းချင်ကြပါဘူး။တကယ်တော့ ဖူးခက်ဟာ ထိုင်းက ဗမာကိုသတ်ရင်တောင် ကြီးကြီးကျယ်ကျယ်အမှုအခင်းမဖြစ်တဲ့မြို့ကြီးပါဗျာ။အရှုံးအမြတ်တွက်ကြည့်ရင် ခင်ဗျားဆုံးရှုံးခဲ့တာ ဘတ်ငွေခြောက်သောင်း။ ဓားပြတွေအမှုလိုက်ပိတ်ရတာ ဘတ်သိန်းချီကုန်နေလောက်ပြီ။ဒီနေရာမှာမှ ဒီဇာတ်လမ်းကို မရပ်ရင် ဒီမောင် တွေနဲ့ ကျနော့်ကြားမှာ ပွဲပိုကြမ်းပြီးမလိုလားအပ်တဲ့ နောက်ဆက်တွဲဖြစ်ရပ်ဆိုးတွေ ပါလာတော့မယ်။ဒီတော့ အဆိပ်ရှိမှန်းသိအောင် နှာမှုတ်ပြတာ လုံလောက်ပြီလို့ယူဆတယ်ဗျာ။အရေးကြီးဆုံးအချက်က သတ်ကွင်းဟာ သူတစ်ပါးတိုင်းပြည်ဖြစ်နေတဲ့ကိစ္စပါပဲ"
"ခင်ဗျားသဘောပါပဲကိုသက်ခိုင်ရာ။ ဘလက်ဆိုတဲ့ကောင်လည်း အခုတော့ အမြီးကုတ်နေလေရဲ့။ဓားပြတွေဆီက ဝေစုမရတဲ့အပြင် မီးမသေပဲ လက်ထောက်ချရသလားဆိုပြီးတောင် ပြန်အကြိမ်းခံနေရမဲ့အဖြစ်ကို ကျနော်ရိပ်မိပါတယ်"
"ဘလက်ရဲ့အကုသိုလ်က ဆုံးခန်းမတိုင်သေးဘူးဆိုရမယ်ကိုမင်းဒင်"
"ဟ။ခင်ဗျားက ဘလက်ကိုဘာလုပ်ထားပြန်ပြီတုန်း"
"ကျနော်ဘာမှမလုပ်ပါဘူး။သူ့အကုသိုလ်နဲ့သူပါဗျာ။ဖေကြည်နဲ့ ဖိဝမ်ဇာတ်လမ်းပြတ်သွားတာဟာ ဖေကြည့်မှာ အိပ်ခ်ျအိုင်ဗီပိုးပေါ့စတစ် တွေ့လို့ဗျ"
"ဗျာ"
"မဗျာနဲ့။ ဖေကြည်ဟာ ကျနော့်ကားကိုမောင်းနေရင်း ရုတ်တရက်နာမကျန်းဖြစ်တယ်။သူ့အခြေအနေကို ကျနော်အကဲခတ်ရတာ မဟန် တာကြောင့် ကျနော်ကိုယ်တိုင် ဝေါဗီးရှင်းမှာသွေးစစ်ဖို့တိုက်တွန်းခဲ့ရတယ်။ဖေကြည့်ခမျာ အကြောက်လွန်ပြီး အစစ်မခံရဲလို့ ကျနော်ကိုယ် တိုင်အဖော်အဖြစ်အစစ်ခံခဲ့ရသေးဗျာ။ကျနော်ထင်တဲ့အတိုင်းပါပဲ။ နောက်ပိုင်းတော့ဖေကြည်လည်း မော်လမြိုင်ကိုပြန်သွားရှာတယ်။ ဖိဝမ်ကတော့ အဖြစ်စုံကိုသိဟန်မတူသလို ကျနော်လည်း ဘာမှ ရှင်းမပြနိုင်ခဲ့ပါဘူး။ဖိဝမ်ခမျာ ဖေကြည့်ရောဂါကို သွေးရိုးသားရိုးရောဂါ ထင်ပြီး တရုတ်ဘုံကျောင်းက နတ်ဆရာတွေနဲ့တောင် ကုပေးခဲ့လေရဲ့။ အခုတော့ ဖေကြည်လည်း မော်လမြိုင်မှာကျန်းမာပကတိ ချမ်းသာစွာ ရှိနေသတဲ့ဗျ။ဖေကြည်ရဲ့စားတော်ကျ ဖိဝမ်နဲ့ဆက်တွဲနေတဲ့ ဘလက်ရဲ့အနာဂတ်ဟာ ဘယ်သို့ဘယ်ပုံရှိ မယ်ဆိုတာ ခင်ဗျား စဉ်းစား ကြည့်ပေတော့။တစ်ခုတော့ လေးလေးနက်နက်သတိပေးထားပါရစေကိုမင်းဒင်။
ဥရောပတိုက်သားမျက်နှာဖြူကို သခင်၊ ဗမာကိုကျွန်လို့ အရိုးစွဲထင် မြင်နေကြတဲ့ ယိုးဒယားမြေမှာ ဗမာတစ်ယောက်အတွက် တရားမျှတမှုဆိုတာ အိပ်မက်ထဲမှာတောင် မမက် ပါလေနဲ့"
နံဘေးမှဇနီးသည်ကား အိပ်ပျော်နေလေပြီ။အာစေးမိသလိုဖြစ်သွားသည့်ကျနော်သည် တခွန်းတပါဒမျှတုန့်ပြန်စကားမဆိုနိုင်တော့ပဲ ကိုသက်ခိုင့်မျက်နှာကိုသာခပ်ငေးငေး ကြည့် နေရင်း ဆင့်ကဲအတွေးပွားမိပြန်သည်။ မကောင်းမှုဟူသည်ဆိတ်ကွယ်ရာမရှိဆိုသော်ငြား မသမာမှုများဖြင့် စီမံဖန်တီးထားလေသည့် စစ်ဝါဒစံနစ်ဆိုးကြီးကား ဗမာပြည်တွင်ပန်းပန်လျက်ရှိ နေဆဲ။စစ်ဝါဒဟူသော ရေခံမြေခံ စံနစ်ဆိုးကြီးကြောင့် လူရည်လူသွေးမညံ့လှသော သာကီနွယ်တို့သည် ရာဇဝင်ထဲက လက်အောက်ခံပဏ္ဏာဆက်နိုင်ငံသို့ ပြေးဝင်ခိုလှုံ နေကြရ၏။ရေခံမြေခံစံနစ်ကောင်းတစ်ခု၏ အကျိုးဆက်ကြောင့် ဇာတာတက်ကာစင်ပေါ်ရောက် နေကြသည့် လူစွမ်းလူစကင်းမဲ့သော ထိုင်းလူမျိုးတို့၏ လက်အောက်ဝယ် ဆီးဖြူသီးကို ဆန်ကောထဲ လှိမ့်သလို မတရားမှု မျိုးစုံကို ခါးစည်းခံရင်း မျက်နှာငယ်နေကြရသော ထမင်းတစ်လုပ်၊ တုတ်တစ်ချက်အဖြစ်သနစ် များကား၊ ဖူးခက်မြို့ကြီးတွင်သာမက ယိုးဒယားပြည်တဝှမ်းတွင် ရေးဖွဲ့မကုန်နိုင် လောက်အောင်ရှိမည်မှာ ဧကန်တရားပေတည်း။ ဗမာပြည်ကြီး၏ နေသာသော နေ့များဆီ သို့မရောက်မီ ကျနော်နှင့်ကျနော့်လက် တကမ်းမှ အညတြတို့ ၏ရင်နာ ဖွယ်အဖြစ်အပျက်တို့ကို သမိုင်းမှတ်တမ်း ဝင်သည်ဖြစ်စေ၊ မဝင်ဖြစ်စေ၊ နောင်တချိန်ချိန်တွင် နောင်လာနောက်သားတို့ သတိချပ် အမှတ် ရနိုင်ကြစေရန်အလို့ငှာ ရေးချင်သည်ဖြစ်စေ၊ မရေးချင်သည်ဖြစ်စေ၊ ကျနော်ရေးနေ ရပေ ဦးမည်။
ဓာတ်ပုံ။ ။ဂူဂဲလ်