Quantcast
Channel: .
Viewing all 346 articles
Browse latest View live
↧

မင်းဒင်ရဲ့သက်ခိုင်

$
0
0

၀၂။၀၇။၂၀၁၄နေ့ထုတ် ဆဲဗင်းဒေးအပတ်စဉ်ဂျာနယ်။မင်းဒင်ရဲ့သက်ခိုင်(၂)

အခန်း(၄၁)

ကိုသက်ခိုင်ပြောသော ဘားလား၏ပုံပြင်များ။

“ဟိုတစ်ညက ပါတောင်ကမ်းခြေ၊ ကထိုးရဲစခန်းရှေ့မှာ နတ်မိမယ်တွေဆန္ဒပြကြတယ်ဆိုပဲ”
ဖူးခက်မြို့ကြီးကို ထလန်၊ကထိုး၊ဖူးခက်မြို့မနှင့်ဝီချစ်ဟူ၍နယ်မြေလေးပိုင်းခွဲခြားထားရာ ပါတောင်ကမ်းခြေသည်ကထိုးအပိုင်ဖြစ်၏။ ထိုကြောင့်ပါတောင်ကမ်းခြေတွင် ရုံးစိုက်သော ရဲစခန်းကို ကထိုးရဲစခန်းဟုပင်ခေါ်ဝေါ်သည်ကို ကျနော်သိသည်။ နတ်မိမယ်ဟူသော စကားရပ်ကိုအနည်းငယ်ရိပ်စားမိသော်ငြား သူ့စကားအဆက်အစပ်ကိုကျနော်နားမရှင်းလှချေ။

“ဘာတုန်းဗျ။နားရှင်းအောင်လုပ်စမ်းပါဗျာ”
“အော်၊ဆွိုင်ဘင်္ဂလာလမ်းက ယိုးဒယားအပျော်မယ်တွေဆန္ဒပြတာကိုပြောနေတာလေ”

သူဆိုလိုသော အပျော်မယ်ဆိုသည်မှာ ပါတောင်ကမ်းခြေဘင်္ဂလာလမ်းမှ ယိုးဒယားပြည့်တန်ဆာများကို ရည်ညွန်းလေရာ သူပြောကာမှ ကျနော့်ခေါင်းထဲသို့ဆွိုင်ဘင်္ဂလာ လမ်းအကြောင်းရောက်လာသည်။တိုတိုပြောရလျှင် ဘင်္ဂလာလမ်းသည်ကာမဂုဏ်လမ်းသွယ် တစ်ခုအဖြစ် နာမည်ကြီးလှ၏။ဖူးခက်ကမ်းခြေ နှင့်မျဉ်းပြိုင်ဖြစ်နေသော လမ်းမကြီးနှစ်ခုကို ဆက်သွယ်ထားသော လမ်းတိုလေးဖြစ်၍ မီတာတစ်ရာ့ငါးဆယ်မျှ သာရှိနိုင်သော်ငြား မွေ့ပျော်ဖွယ်ရာစုံလှသောကြောင့် ကမ္ဘာကျော်သည်။ နိုက်ကလပ်မျိုးစုံ၊အဖော်အချွတ်၊ စင်တင်ကာမဂုဏ်ရှိုးပွဲ၊ တိုင်ပတ်အက၊လက်ဝှေ့ရုံ၊မူးယစ်ဆေးဝါး၊လောင်းကစားဝိုင်း၊ကာမအားတိုးဆေးမျိုးစုံ၊ယမကာမျိုးစုံအပျော်မျိုးစုံ ရနိုင်လေရာ ဖူးခက် ရောက်ပုရိဿတို့ မလွတ်တမ်းသွားသင့်သည်နေရာအဖြစ် နာမည်ကြီးသည်။

ထူးခြားသည်ကား ဘင်္ဂလာလမ်းသည် နေ့လယ်ခင်း အချိန်တွင် ဘာမျှမထူးခြားသည့်လမ်းအသွင် သူမဟုတ်သလိုဟန်ဆောင် ကောင်းလှသည်။ ညခုနစ်နာရီမှသည် နောက်တစ် နေ့ နံနက်သုံးနာရီအချိန်အတွင်းတွင်မူ အသူရကယ်ဘုံအဖြစ်ပြောင်းလဲသွားပြန်သည်။ ညလုံးပေါက်နန့်ကြောဆွဲခဲ့သော ဆွိုင်ဘင်္ဂလာ သည်နောက်တစ်နေ့တွင်  ဣနြေ္ဒကြီးသော အပျိုစင်တစ်ဦးနှယ်ရှိနေပြန်သည်မှာ ကျနော့်ကိုယ်တွေ့ဖြစ်၏။

တစ်ခုသောနှစ်သစ်ကူးဒီဇင်ဘာ(၃၁)ရက်နေ့ညတွင် ဆွိုင်ဘင်္ဂလာလမ်း၌ ကျနော်ရှိနေခဲ့ရာ အဆိုပါလမ်းတိုလေးသည် ခြေချစရာနေရာ မရှိအောင်ပင် နိုင်ငံတကာဧည့်သည်တို့ဖြင့် တိုးမပေါက်အောင်စည်ကားပြည့်ကျပ်နေခဲ့သည်။နှစ်သစ်ကူးချိန်နောက်ဆုံးစက္ကန့်(Final count down) ရေတွက်ပြီးချိန်တွင် ဖောက်ခွဲလိုက်ကြသောဗျောက်အိုးသံတို့မှာ နားကန်းမတတ်ရှိခဲ့ပြီး ဗျောက်အိုးစက္ကူစုတ်များမှာ ခြေမျက်စိဖုံးလုနီး သည်အထိ ဖြစ်ခဲ့ဖူးသည်ကို ကျနော်ကြုံဖူးသည်။ထူးခြားစွာစည်ကားလှသဖြင့် နောင်သော်ဖူးခက်သို့ လာရောက် လည်ပတ်သည့်မိတ်ဆွေတို့အား စိတ်ပြေလက်ပျောက် ဗဟုသုတအလို့ငှာ အဆိုပါနိဗ္ဗာန်ဘုံလမ်းသွယ်သို့သွားသင့်ကြောင်း ကျနော် အကြံပြုမိသည်အထိဖြစ်ရ၏။

 အဆိုပါ ဆွိုင်ဘင်္ဂလာလမ်းသွယ်မှ ယိုးဒယားအပျော်မယ်တို့၊ ကထိုးရဲစခန်းရှေ့တွင် အဘယ် အတွက် စုရုံးဆန္ဒပြကြသည်ကို ကျနော်နားမရှင်း ပြန်ချေ။

“ဘာကိစ္စဆန္ဒပြကြတာတုန်းဗျာ။ထိုင်းစစ်တပ်က အာဏာသိမ်းထားတဲ့ အချိန်ကြီးမှာ ဖမ်းဟယ်ဆီးဟယ်တွေဖြစ်မကုန်ဘူးလား”
“အော်။အာဏာသိမ်းလို့ဆန္ဒပြကြတာတဲ့ဗျို့။ပြည့်တန်ဆာအခွင့်အရေးချက်ချင်းပေးဆိုပါတော့ကိုမင်းဒင်ရာ။ ညမထွက်ရအမိန့်ကာဖျူးမိန့် ထုတ်ထားလေတော့ ညမှောင်မှ အလုပ်ဖြစ်တဲ့ ညဥ့်ငှက်တွေ စားကျက်ပျောက်ကုန်ကြတာပေါ့။ဒီမှာတင် ကာဖျူးအမိန့်ချက်ခြင်း ရုပ်သိမ်း ပေးဖို့ ဆန္ဒထုတ်ဖော်ကြရောပေါ့။

တိုက်ဆိုင်တယ်ပဲဆိုရမလား။ထိုင်းစစ်အစိုးရကပဲနားလည်မှုရှိလေသလား မဆိုနိုင်ဘူး။အဲဒီဆန္ဒပြပွဲ အပြီး လေးဆယ့်ရှစ်နာရီအကြာ၊ ပတ္တယား၊ကော့စမွေနဲ့ ဖူးခက်မှာ ကာဖျူးအမိန့်ရုပ်သိမ်းသွားခဲ့ရောလားဗျာ။ ရွာတည်ရင် အဝှာသည်ရှိ ရတယ်လို့ အတည်လိုလို ရွှတ် နောက်နောက်လိုလိုကြားခဲ့ဖူးတာ။ဖူးခက်မှာတော့ ပြည့်တန်ဆာဟာ မရှိမဖြစ်ဗျ”

ကိုသက်ခိုင်စကားရွှင်နေသော်ငြား ကျနော့်စိတ်တွင်မူ ထိုင်းစစ်တပ်အာဏာသိမ်းကာလအတွင်း ကျနော်အပါအဝင်ဗမာအလုပ်သမားတို့ ရှေ့ဆက်ရမည့်ခရီးအတွက်ရင်လေးနေမိသောကြောင့် ကျနော်မျက်နှာထားတည်တည်ဖြင့် မေးခွန်းထုတ်လိုက်မိသည်။
“ဒီမိုကရေစီနိုင်ငံတွေမှာ ဆန္ဒပြတဲ့အလုပ်က တကယ်တမ်းအလုပ်ဖြစ်တယ်လို့ခင်ဗျားထင်သလားကိုသက်ခိုင်”

“ရော။ ဥာဏ်စမ်းပဟေဠိထုတ်နေပြန်ပါပြီကော။ခင်ဗျားကအတည်ပေါက်မေးတော့လဲဖြေရသေးတာပေါ့ဗျာ။ခင်ဗျားမေးတဲ့မေးခွန်းထဲက ဒီမိုကရေစီနိုင်ငံဆိုတာ ဘယ်နိုင်ငံတွေလဲ။အရှေ့လား၊အနောက်လား၊ဥရောပလား၊အာရှလား။ဒီမိုကရေစီရေး၊လူ့အခွင့်အရေးတွေမှာ သမိုင်းဖြစ်စဉ်တွေကိုဖြတ်သန်းမှု၊တစ်ဦးချင်းတာဝန်သိမှုအလေ့အကျင့်၊တွေးခေါ်မြော်မြင်ပုံတွေအရအရှေ့ဟာအနောက်ကိုမယှဉ်နိုင်တာတော့သေချာတယ်။ဒီတော့ခင်ဗျားမေးခွန်းမှာအာရှနဲ့ဥရောပဘယ်နိုင်ငံရဲ့ဒီမိုကရေစီကိုဆိုလိုသလဲဆိုတာကွဲပြားဖို့တော့လိုလိမ့်မယ်။
ကျနော့်စိတ်ထင်၊စကားလမ်းကြောင်းအရခင်ဗျားဟာ ထိုင်းနိုင်ငံကို ဒီမိုကရေစီနိုင်ငံလို့ရည်ညွန်းချင်ပုံရတယ်။ ခင်ဗျားလည်းထိုင်းမှာ အထိုက်အလျောက်အနေကြာခဲ့ပြီပဲ။

သိသင့် သလောက်သိပြီးသားဖြစ်မှာပါ၊ပြည်သူအများစုရိုသေလေးစားတဲ့ ထိုင်းဘုရင်ကြီးနဲ့ သူ့မိသားစု၊ဘုရင်စံနစ်ကို ဆုံးခန်းတိုင်စေချင်တဲ့ ခေတ် ပညာတတ်တချို့၊နိုင်ငံရေးကျား ကွက်ရွေ့ရာမှာ တဖက်ကမ်းခတ်ပြီး ဆင်းရဲသားတောင်သူလယ်သမားတွေကို ကျောထောက်နောက် ခံယူထားနိုင်တဲ့သက်ဆင်ရှင်နာဝပ်ရဲ့အနီအုပ်စု၊ထိုင်းနိုင်ငံရေးမှာ သန့်ရှင်းစေချင်တယ်လို့ကြွေးကြော်ပြီး လူလတ်တန်းစားအများစု အမာခံထားတဲ့အဝါအုပ်စု၊ ထိုင်းစစ်တပ်၊မာဖီးယားနဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ အားပြိုင်နေကြတဲ့နိုင်ငံပါဗျာ။ဒီမိုကရေစီအခွင့်အရေးအပြည့်အဝရှိနေတဲ့နိုင်ငံမဟုတ်ပါဘူး။ဒါကြောင့်ထိုင်းနိုင်ငံမှာ ဆန္ဒပြတဲ့ အလုပ်ဟာ ထင်သလောက်အလုပ်မဖြစ်ဘူးဆိုရမယ်။

အထူးသဖြင့် ခင်ဗျားစကားအရိပ်အကဲအရ၊ခင်ဗျားရည်ညွန်းချင်နေတဲ့ ဗမာအလုပ်သမားတွေဆန္ဒပြဖို့ကိစ္စကို  အိပ်မက်တောင်မမက်ပါလေနဲ့။ခင်ဗျားသိချင်သပဆိုရင် ဒီဖူးခက်မြို့မှာပဲ လူတွေသိပ်မသိလိုက်တဲ့ ဗမာအလုပ်သမားတွေရဲ့ဆန္ဒပြပွဲတစ် ခုကို ကျနော်ထဲထဲဝင်ဝင်ပတ်သက်ခဲ့ဖူးတဲ့အကြောင်းပြောပြချင်သေးတယ်။ ကိုယ့်ခွန်ကိုယ့်အားနဲ့ ရင်းပြီး ရိုးရိုးသားသားရှာဖွေ စားသောက်နေကြတာတောင် ဗမာအလုပ်သမားတွေဟာထိုင်းရဲနဲ့ထိုင်းအလုပ်ရှင်တွေကို မော်မကြည့်ရဲ တဲ့ဘဝမှာ ဒီဆန္ဒပြပွဲကတော့ ထူး ခြားတယ်လို့ဆိုနိုင်တယ်ဗျာ”

“အော်၊တယ်ဟုတ်ပါလား။ခင်ဗျားလည်းငယ်ငယ်က ဇ မကုန်သေးပဲကိုး”
“စွတ်မြောက်မနေနဲ့ကိုယ့်လူ။စကားကိုဆုံးအောင်နားထောင်ပါအုံး။ဒီဇာတ်လမ်းကို မပြောခင် ကျနော့်မိုက်ဖော်မိုက်ဖက်၊ ဟိန္ဒူကုလား လူမိုက် ဘားလားကြီးပြောဖူးတဲ့ပုံပြင်တစ်ပုဒ်၊ခင်ဗျားကိုပြောပြရအုံးမယ်။အရေးကိစ္စတစ်ခုအောင်မြင်ခြင်းရှုံးနိမ့်ခြင်းမှာ ကာလဒေသဟာ သိပ်အရေး ကြီးတဲ့အကြောင်းပေါ့ဗျာ”

“ခင်ဗျားပြောတော့ ဘားလားကြီးဟာလေးတန်းတောင်မအောင်ဖူးဆို။ဘယ့်နှယ်ခင်ဗျားလိုလူက ဘားလားကြီးပြောတဲ့စကားကို ရေးကြီး ခွင်ကျယ်လုပ်နေတာတုန်းဗျာ”

ထိုအချိန်တွင်ဂျိုးတစ်ယောက်စားသောက်ပြီးသည့်ပန်းကန်ခွက်ယောက်တို့ကို ဆေးကြောရန်သိမ်းဆည်းနေလေသဖြင့် စကားဝိုင်းမှာ ကိုသက်ခိုင်နှင့် ကျနော်နှစ်ဦးတည်းဖြစ်နေချေသည်။စင်စစ်ဂျိုးသည်ဖူးခက်တွင်နေထိုင်စဉ်ကာလအတွင်း ထိုင်းလုပ်ငန်းရှင်နှင့်နိုင်ငံ တကာဧည့်သည်တို့ ကိုသာ အကျွမ်းတဝင်ရှိခဲ့သူဖြစ်ရာ ဗမာရွေ့ပြောင်းအလုပ်သမားအရေးအရာများတွင်အလှမ်းဝေးနေသဖြင့် စကား ဝိုင်းကို စိတ်ဝင်တစားရှိပုံမရ။ထို့ပြင် ထမင်းဝိုင်းသိမ်းအပြီးတွင်စီးကရက်တလိပ်နှင့် အခန်းအပြင်မှာဇိမ်ကျနေချင်ပုံရပြီး ထမင်းစားခန်း အတွင်းသို့ပြန်ဝင်မလာခဲ့ချေ။

“မဟုတ်သေးဘူးဗျ။ ကျနော်လည်းအသက်နှစ်ဆယ်ကျော်ဝန်းကျင်တုန်းက ငါအကုန်သိတယ်လို့ထင်ခဲ့တာပါပဲ။လေးဆယ်ကျော် လောက်အရွယ်ရောက်လာတော့ ငါမသိတာတွေအများကြီးပါလားလို့တွေးလာတယ်။အခုငါးဆယ်ကျော်တဲ့အချိန် နိုင်ငံရပ်ခြားမှာ အနေကြာ ပြီးစဉ်းစားတွေးခေါ်တတ်တဲ့အချိန်ရောက်လာပြန်တော့ ငါဘာမှမသိသေးဘူးဖြစ်လာတယ်ဗျ။အမယ်၊ပြောနေရင်းတောင် ဘားလားကြီး ကျနော့်ကိုဆုံးမခဲ့ဖူးတဲ့စကားတစ်ခွန်းပြေးသတိရမိသေးတယ်။ဘာတဲ့။”ကျနော်တို့သိတဲ့အရာတွေဟာ လက်ဝါးပြင်ထဲက သဲတဆုပ်ပမာဏ သာရှိတာပါ၊ကျနော်တို့မသိသေးတဲ့အရာတွေက ဂဂါင်္မြစ်ကမ်းတစ်လျှောက်ကသဲထုပမာဏလောက်ရှိတယ်” ဆိုပဲ။ ဘားလားက ဟုတ်တိပတ်တိစာမတတ်လို့သာတော်တော့တယ်၊ သူပြောတာတွေက အလုံးကြီးတွေဗျ”

“ကဲပါဗျာ။ဘားလားပြောတဲ့ပုံပြင်ကိုဆက်စမ်းပါဗျာ။နားထောင်တဲ့သူမရိုးမရွဖြစ်အောင် အတော်လုပ်ချင်တဲ့သူပဲ”

“ခင်ဗျားလည်း ဗမာသိပ်ပီသတယ်ဆိုရမယ်။အလကားနေရင်းလောနေရမှ၊ပူပင်နေရမှ စားဝင်အိပ်ပျော်တဲ့လူစားမျိုးထင်ပါရဲ့။ ပြောနေပါ လျက်နဲ့ဇွတ်ကိုလောနေတော့တာပဲ။၁၉၉၅ခုနှစ်ဝန်းကျင် ကျနော်အသက်သုံးဆယ်ကျော်အရွယ်ကပေါ့ ။ သူနဲ့ကျနော် နှစ်ယောက်သား အရက်ဆိုင်မှာ အဖွဲ့ကျပြီး ဘူတာရုံလမ်းအတိုင်းမူးမူးနဲ့ ပြန်လာကြတော့ ဘူတာရုံလမ်းထိပ်ကနေ ဆိုက်ကားစီးပြန်ဖို့ သူကဆိုက်ကား ငှားတယ်။ ကျနော်က လမ်းလျှောက်ပြန်မယ်လို့ ဂျီကျပြီးရစ်တယ်။အမှန်က ဆိုက်ကားကိစ္စဟာ အဓိကမဟုတ်ဘူး။ဘူတာရုံလမ်းထိပ်က အောင်ဝင်းတို့အမျိုးတွေနဲ့ကျနော် ဒုတ်တပြက်ဓားတပြက်၊ငြိထားတာ မကြာသေးတာ ကြောင့်ဘားလားကြီးက စိတ်ပူပြီးမဖြစ်တန်တာ မဖြစ်အောင် ကြိုတင်တားဆီးတဲ့သဘောဗျ။

 ကျနော်ကလည်း တက်လူအရွယ် အရက်ရှိန်လေးနဲ့မို့ “ခင်ဗျားကြောက်နေရင် တစ်ယောက်တည်းဆိုက်ကားစီးပြန်ပေတော့။ကျုပ်ကတော့ ဘယ်သူမှ သောက်ဂရုမစိုက် ဘူး”ဆိုတဲ့အချိုးနဲ့ပေါ့ဗျာ။ ဒီမှာတင် ဘားလား ကြီးက ကျနော့်ကို လွှတ်ကနဲ စကားတစ်ခွန်းပြောလိုက်တယ်။ “ဆရာ၊မိုက်တာ ကျနော်သိ တယ်။ဒါပေမဲ့ အချိန်နဲ့နေရာ ဆိုတာအရေးကြီးတယ်ဆရာရဲ့။နေရာနဲ့အချိန်ကောင်းရင် ဘီလုံးငှက်ကလေးက တောင်သိန်းစွန် ငှက်ကြီးကိုအနိုင်ရဖူးတယ်ဆရာ။ ကျနော်ကြည့်ဖူးတဲ့ ရှေးဟောင်းအိန္ဒိယကားထဲက ပုံပြင်တစ်ပုဒ်၊ ဆရာကိုပြောပြရ အုံးမယ်”ဆိုပြီး နိဒါန်းချီလိုက်တာ ကျနော် တောင်အမူးနည်းနည်းပြေသလိုဖြစ်သွားတယ်”
“သူဆက်ပြောတာက…

“ဒီလိုဆရာရဲ့။ဟိုးရှေးရှေးတုန်းက ဘီလုံးငှက်ကလေးတစ်ကောင်ခြုံပုတ်ပေါ်မှာနားနေတုန်း သိန်းစွန်ငှက် တစ်ကောင် ကောင်းကင်ကနေ ရုတ်ကနဲထိုးဆင်းလာပြီး စွေ့ကနဲသုတ်ချီသွားပါလေရောတဲ့။ဒီမှာတင် သိန်းစွန်ငှက်ရဲ့ ခြေထောက်ကြားမှာ ရောက်နေ တဲ့ဘီလုံးငှက်ကလေးဟာ “နေရာနဲ့အချိန်မမှန်လို့ ငါခုလိုဒုက္ခရောက်တာပဲ”လို့ ငြီးတွားရေရွတ်တာကို သိန်းစွန်ငှက်ကြားတော့ ..

”အောင်မယ် လောက်စာလုံးသာသာရှိတဲ့ မင်းလိုဘီလုံးငှက်ပေါက်စနက ဘာနေရာနဲ့အချိန်မမှန်ရသတုန်း။ မင်းလိုကောင်မျိုးကို ဘယ်အချိန်ဘယ်နေရာ မှာဖြစ်ဖြစ် ငါလိုသိန်းစွန်က နိုင်ပြီးသားပါကွာ”လို့ စကားအချေအတင်ဖြစ်ကြရောပေါ့ဗျာ။ အဲဒီတော့ ဘီလုံးငှက်က “ခင်ဗျားမယုံဘူးဆိုရင် ကျုပ်ကိုအခုလွှတ်ပေးကြည့်ပါလား။ကျုပ်နေရာမှန်သာယူထားရင် ခင်ဗျားလိုသိန်းစွန်ကို ကြောက်စရာမလိုပါဘူး”လို့လည်း စိန်ခေါ်ရော မခံချင်စိတ် ဖြစ်နေတဲ့သိန်းစွန်ဟာ ဘီလုံးကို မြေပြင်ပေါ်ပြန်ချပေးပြီး ..”ကဲ ဒီလောက် အာကျယ်တဲ့ ငှက်ပေါက်စ။ မင်းကြိုက်တဲ့နေရာယူပေတော့။ ပြီး ရင်မင်းကြိုက်တဲ့အချိန်မှာ ငါ့ကိုလှမ်းပြီးအသံပြုလိုက်၊ နှစ်ထပ်ရှိမှ မှတ်မိမဲ့အကောင်ကို အကြောင်းပြ ရသေးတာပေါ့” တဲ့”

“ဒီမှာတင်ဘီလုံးငှက်ဟာမြေကြီးပေါ်ရောက်တာနဲ့တပြိုင်နက် လှည်းလမ်းကြောင်းထဲက နွားခြေရာခွက်တစ်ခုထဲကိုလှစ်ကနဲပြေးဝင် ခိုလှုံပြီး ကောင်းကင်က သိန်းစွန်ဆီကိုလှမ်းမော့ကြည့်ရင်း… “အကောင်ကြီးတိုင်းနိုင်မယ်ထင်နေတဲ့ ဆရာကြီး။ ကျုပ်ဟာနေရာမှန် ကိုယူထားပြီးပြီ ခင်ဗျားစွမ်းသပဆိုရင် ကျုပ်ကိုအခုပဲ လာသုတ်ချီတော့”လို့ ခပ်တင်းတင်းစိန်ခေါ်လိုက်သတဲ့ဗျ”

“တိုတိုဇာတ်လမ်းချုံ့ရရင် ကောင်းကင်ကသိန်းစွန်ဟာ ဒေါသတကြီးမြေပြင်ပေါ်ကို အရှိန်နဲ့ထိုးဆင်းပြီး ဘီလုံးငှက်ကိုသုတ်လိုက်တော့ ဘီလုံးငှက်ဟာ နွားခြေရာခွက်ထဲမှာ အတတ်နိုင်ဆုံးကိုယ်ကိုချုံ့ပြီးနေလိုက်တာမို့ သိန်းစွန်ငှက်ရဲ့ရင်အုံဟာ ဓားသွားနှစ်ဖက်လို ချွန်ထက် နေတဲ့ နွားခြေရာခွက်ရဲ့အစွန်းတွေနဲ့ ဒုန်းကနဲရိုက်မိပြီး မာလကီးယားရောပေါ့တဲ့ဗျာ”

“အဟား။အတော့်ကိုသဘာဝကျတဲ့ပုံပြင်ပဲဗျာ။ခင်ဗျားပြောမှ နွေရာသီအချိန်လှည်းလမ်းကြောင်းပေါ်ကခြောက်သွေ့ပြီးချွန်ထက်နေတဲ့ နွားခြေရာခွက်တွေကိုပြေးမြင်မိ သေးတယ်။ခင်ဗျားလူဘားလားက ဒီလိုဆိုတော့လည်းအဟုတ်ပဲဗျ”

“ဟုတ်ရုံတင်ဘယ်ကမလဲ။ဘားလားကြီးဟာ သူကြည့်ဖူးတဲ့အိန္ဒိယရုပ်ရှင်ဇာတ်ကားတစ်ခုထဲမှာပါတဲ့ ဇာတ်ဝင်ခန်းတစ်ခုအကြောင်း လည်း ပြောပြဖူးသေးတယ်ဗျ။သူပြောပုံက ဖိုးတွမ်တီးရိုက်ချက်သဘောမျိုးဆိုပေမဲ့ ကျနော့်စိတ်ထဲမှာတော့ သေနင်္ဂဗျူဟာတစ်ခု လိုတွေးမိတယ် ဗျ။အရေးကိစ္စတစ်ခုအောင်ရာအောင်ကြောင်း လူလည်တစ်ယောက် အကွက်ချဖန်တီးသွားတဲ့ အကြောင်းလေးဆိုပါ တော့။အတုယူဖို့ မဟုတ်ပေမဲ့ဗဟုသုတရတာတော့အမှန်ပဲဗျာ”

“ရှည်လိုက်တဲ့အညွန်း ပြောမှာသာပြောစမ်းပါ ကိုယ့်လူရယ်”
“ဆေးပုလင်းမှာအညွန်းမပါရင်ဘေးဖြစ်ကုန်တော့မပေါ့ဆရာရယ်။ဘားလားကြီးပြောတဲ့ ဇာတ်လမ်းလေးက တခါတုန်းက ရွာတ ရွာမှာ ရွာလုံးကျွတ်လျှပ်စစ်မီးလင်းဖို့ ရွာသားတွေကိုယ်တိုင်စီမံချက်ရေးဆွဲပြီး ကိုယ်ထူကိုယ်ထ၊ တစ်အိမ်ထောင်ဘယ်လောက်ဆိုတဲ့ သဘော မျိုးနဲ့ငွေတွေ လိုက်စုသတဲ့။အမှောင်ထဲမှာနေလာခဲ့ရတဲ့ ရွာသားတွေလည်း သတ်မှတ်ချက်ဝေပုံကျအတိုင်း အားတက်သရောထည့်ဝင် လိုက်ကြတာ မ ကြာခင်မှာ ငွေပမာဏပြည့်မှီသွားရောဆိုပါတော့။ဒီအခြေအနေမှာ အခက်ကြုံရတာက ရွာသားတွေရောရွာသူကြီးပါ၊ တောသူတောင်သား ခပ်ရိုးရိုးခပ်အအတွေမို့ အဲဒီငွေနဲ့ ရွာမီးလင်းအောင်ဘယ်လိုဆက်လုပ်ရမလဲ။ဘယ်ဌာနဘယ်လူကြီးကို ဆက်သွယ်ရမယ်ဆိုတာ မသိကြ တာမို့အတော်အကြပ်ရိုက်နေကြတုန်း ဗြုန်းဆို ရွာမှာရောက်နေတဲ့ဧည့်သည်လူလည်တစ်ယောက် ပေါ်လာပြီး ..

”ဘာမှ မပူကြနဲ့၊ခင်ဗျားတို့ကောက်ခံစုဆောင်းထားတဲ့ငွေနဲ့ဆို ရွာမှာကျိန်းသေပေါက်မီးလင်းဖို့ ကျုပ်တာဝန် ယူနိုင် တယ်။ဒီပြည်နယ်ဝန်ကြီးချုပ်ကို ကျုပ်ပိုင်တယ်“လို့ ဆိုလာသတဲ့ဗျ။ဒီမှာတင် ရွာလူကြီးက “မင်းပိုင်တာကို ငါတို့ကယုံပြီး ငွေတွေ အားလုံးမင်းလက်ထဲထည့်လိုက်ဖို့အထိ ငါတို့မတုံးသေးပါ ဘူးကွာ”လို့ထောက်လိုက်တော့ လူလည်ဟာရင်ကော့ပြီး “ခင်ဗျားတို့ ကျနော့်လက်ထဲကို လောလောဆယ်ချူးတစ်ပြားတောင်ထည့်စရာမ လိုသေးဘူး။အေး၊ ပြည်နယ်ဝန်ကြီးချုပ်ရဲ့နှုတ်ကနေ မင်းတို့ရွာကို လျှပ်စစ်မီးလင်းစေရမယ်လို့ ကတိစကားရရင်တော့ ကျုပ်လက်ထဲကို ကောက်ထားသမျှငွေအကုန်ထည့်ရမယ်”လို့ဆိုလိုက်တော့ နှစ်ဖက် သဘောတူသွားကြသတဲ့”

“ဒီလိုနဲ့မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ကိုလူလည်ဟာ ..”ခင်ဗျားတို့ခုရှုပ်မှ နောင်ရှင်း၊ပြည်နယ်ဝန်ကြီးချုပ်ကတိပေးတာကို တစ်ရွာ လုံးကြား ရအောင် ကျုပ်နဲ့အတူ လိုက်ခဲ့ကြပေရော့”ဆိုပြီး ရွာရှိလူကုန်မချသွားတာပေါ့ဗျာ။ပြည်နယ်ဝန်ကြီးချုပ်ရုံးရှေ့လည်းရောက်ရော ကျွက်စီ ကျွက်စီဖြစ်နေတဲ့ လူအုပ်ကြီးရဲ့ရှေ့မှာရွှေကိုယ်တော်က ..”ခင်ဗျားတို့ ဘာဖြစ်ချင်ကြတာတုန်း”လို့မေးတော့၊ ရွာသားတွေဟာ ..”လျှပ်စစ်မီး လိုချင်တယ်၊လျှပ်စစ်မီးလိုချင်တယ်”ဆိုပြီး အော်လိုက်ကြတာ “လျှပ်စစ်မီးရရှိရေးဒို့အရေး”ဖြစ်ကုန် တော့တာပေါ့။ ဆူဆူညံညံအသံတွေကြောင့် ဝန်ကြီးချုပ်ရုံးထဲက တာဝန်ရှိသူတစ်ယောက်ထွက်လာပြီး ..”မင်းတို့ထဲက ခေါင်းဆောင်တစ်ယောက် လိုက်ခဲ့ပါ” လို့ခေါ်တော့ လူအုပ်ကြီးရှေ့မှာ ရင်ကော့ပြီးအော်နေတဲ့ကိုလူလည်ဟာ ရွာရဲ့ကိုယ်စားလှယ်အဖြစ်ရုံးခန်းထဲကို ပါသွားလေရောပေါ့”

“ကိုလူလည်ဟာ ရုံးခန်းထဲလည်းရောက်ရော ဝန်ကြီးချုပ်ကိုတွေ့တာနဲ့တစ်ပြိုင်နက် ကြမ်းပြင်ပေါ်ရုတ်တရက်လှဲချလိုက်ရင်း ဝန်ကြီးချုပ်ရဲ့ ခြေအစုံကိုမလွတ်တမ်းဖက်ထားတော့တာပဲတဲ့ဗျာ။သူ့ပါးစပ်ကလည်း “ဝန်ကြီးချုပ်ခင်ဗျာ ရွာသားတွေကိုသနားပါ။ရွာသားတွေကို သနားပါ”ဆိုပြီး ခြေကိုင်တောင်းပန်သတဲ့။ဝန်ကြီးချုပ်က “ငါ့ခြေထောက်ကိုဖက်စရာမလိုပါဘူး။မင်းတို့ဖြစ်ချင်တာသာပြော” လို့ ဆိုပေမဲ့လည်း ကိုလူလည်ကတော့ ဇွတ်ဆက်ဖက်ထားရင်း ငိုသံပါကြီးနဲ့ ..”ဝန်ကြီးချုပ်ကိုယ်တိုင် ရွာသားတွေရှေ့မှာ လျှပ်စစ်မီးလင်းစေရမယ်”လို့ ကတိပေးမှ ခြေထောက်ကိုဖက်ထားတာ လွှတ်မဲ့အကြောင်း တိုးလျှိုးတောင်းပန်တာပေါ့။နောက်ဆုံးတော့ ဝန်ကြီးချုပ် လည်း ကြံရာမရ စိတ်အိုက်အိုက်နဲ့ ရုံးရှေ့ထွက်ပြီး ကိုလူလည်သင်ပေးတဲ့အတိုင်း ရွာလုံးကျွတ်မီးလင်းစေရမယ်ဆိုတဲ့ ကတိကိုပေး လိုက်ရရောပေါ့ဗျာ။အမှန်တော့ဝန်ကြီးချုပ်ကလည်း လာမဲ့ရွေးကောက်ပွဲအတွက် မဲရဖို့ အကြံအဖန်လုပ်ချင်နေတာလည်း ပါပေမပေါ့။နောက်ဆုံးဇာတ်သိမ်း တော့ကိုလူလည်ငွေထုတ်ပိုက်သွားရောပေါ့တဲ့ဗျာ”

“ခင်ဗျားနဲ့ဘားလားက  လိုက်လဲလိုက်တဲ့ ဆရာတပည့်။ဒါနဲ့ခင်ဗျားပြောမဲ့ ဖူးခက်က ဗမာအလုပ်သမားတွေဆန္ဒပြတဲ့အကြောင်းဟာ ဘားလားရဲ့ဇာတ်လမ်းတွေနဲ့ဘယ်လိုများဆက်စပ်နေလို့တုန်း”

“ဆိုင်ပါသော်ကော ကိုရင်ရယ်။ အဲဒီဆန္ဒပြပွဲဟာ ကာလဒေသလွဲနေတဲ့အတွက် ကျနော်လိုလူလည်စာရင်းဝင်တောင် ဘာသေနင်္ဂဗျူဟာ မှမချနိုင်ပဲ လက်မှိုင်ချပြီး ရင်တမမနဲ့ဘေးကနေ စောင့်ကြည့်နေခဲ့ရတဲ့အဖြစ်ပေါ့။အဲဒီဖြစ်ရပ်မှာ လူငယ်တယောက်အသက်မဆုံးရှုံးခဲ့တာ တောင် ကံကောင်းတယ်လို့ဆိုရမယ်။ပြန်ပြောရမှာတောင် စိတ်မကောင်းစရာ၊လန့်စရာကောင်းတာအမှန်ပဲ။တကယ်တော့ ထိုင်းအလုပ် ရှင်ဖက်က အဲဒီလူငယ်ကို အပျောက်ရှင်းဖို့ ဇယားခင်းခဲ့ကြတာဗျ”
……………………………
↧

ဆြာဒင်၏တပ်ကုန်းတရားစီရင်ခန်း။

$
0
0

၆။၀၇။၂၀၁၄နေ့ထုတ် စောင့်ကြည့်ဂျာနယ်။

ဆြာဒင်၏တပ်ကုန်းတရားစီရင်ခန်း။
(မင်းဒင်)

(၁)
"အကြောင်းကား တစ်နေ့သ၌ရဟန်းတို့သည် တရားသဘင်အစည်းအဝေးဖြစ်သောအခါ မြတ်စွာဘုရား၏ပညာတော်ကို ဤသို့ချီးမွမ်းကြ ကုန်၏။အရှင်တို့၊လာခြင်းကောင်းသော မြတ်စွာဘုရားသည် ကြီးမြတ်သောမဟာပညာ၊မြေကြီးအထုနှင့် တူသောပုထုပညာ၊ရွှင်လန်း သော ဟာသပညာ၊လျင်မြန်သော ဇဝနပညာ၊ဝဇိရ စိန်လက်နက်ကဲ့သို့ထက်မြက်လှစွာသော တိက္ခပညာ၊ခဲခက်နက်နဲသောဂမ္ဘီရပညာ၊ယုံ မှားသင်္ကာမိစ္ဆာအထုံးအဖွဲ့ကို ဖြေနိုင်သော နိဗ္ဗေဋ္ဌိတပညာ၊သူတပါးတို့၏မိစ္ဆာအယူတို့ကိုနှိမ်နှင်းနိုင်သော ပရပ္ပဝါဒမဒ္ဒနပညာ၊ဤသို့သော ပညာတော်အပေါင်းနှင့်လည်း ပြည့်စုံတော်မူ၏။"

ပင်ကိုယ်မူလဝါသနာစရိုက်အားဖြင့် သီချင်းလေးတအေးအေး၊သီကျူးမွေ့လျော်နေတတ်သော ဆြာဒင်သည် အသက်အရွယ်နှင့်အခြေအ နေအရ နာယကဂုဏ်ဖြင့်လိုက်လျောညီထွေစွာ နေစိမ့်သောငှာ အဋ္ဌမတန်းကျောင်းသုံးဖတ်စာမှ မင်းပူးဆရာတော်ဦးသြဘာသ၏ မဟော်သဓာဇာတ်တော်ကြီးပထမတွဲကို ယိုးဒယားပြည်အမ်မခန်အရပ်မှ အိမ်အိုကြီးအတွင်း၊ စာဖတ်ခန်း၌ လေးလေးနက်နက် စိတ်ဝင် တစား ဖတ်ရှုနေချိန်ဖြစ်၏။

"ဟေ့ကောင်တွေ၊တော်ဆိုတော်ကြနော်၊ဒီကိစ္စကိုဆြာဒင်ရှင်းပေးလိမ့်မယ်"
"မင်းလည်းပါးစပ်ပိတ်ထား၊ဆြာဒင်ရှင်းနိုင် မရှင်းနိုင်၊ကြည့်ကြသေးတာပေါ့"
ခြံဝင်းတံခါးဝဆီမှ အုတ်အုတ်သဲသဲထွက်ပေါ်လာသော ဆူဆူညံညံအသံတို့ကြောင့် ဆြာဒင်တစ်ယောက် ဖတ်လက်စ ရှစ်တန်းစာအုပ်ကို ပိတ်ကာအိမ့်အပြင်ထွက်မိသည်တွင်ကား ဦးစွာသော် ရှူးရှူးရှားရှားဖြစ်နေကြသည့် ဖေကြည်နှင့်ဝင်းကျော်ခိုင်ကို မြင်၏။နောက် လေမင်း သားနှင့်ကပ္ပလီ။သူတို့၏နောက်တွင်ကား ငါးကျိပ်ခန့်ရှိသည့်လူအုပ်သည် လှုပ်လှုပ်ရွရွဖြစ်လျက်ရှိ၏။

ရန်သူ့ရွာတစ်ရပ်တစ်ကျေးတွင် ဆြာဒင်နှင့်ဇာတိမျိုးနွယ်တူသူတို့ ရုတ်ရုတ်သဲသဲဖြစ်ကြခြင်းမှာ မသင့်တော်ချေတကားဟု အတွေးပေါ်မိ သည့်ဆြာဒင်သည် ပြေရာကြေကြောင်း ကြားဝင်စေ့စပ်နိုင်ရန်အလို့ငှာ လူအုပ်ကြီးအား  ခြံဝင်းအတွင်းသို့ ဖိတ်မန္တကပြုပြီးသည်နောက် ဖြစ်ကြောင်းကုန်စင်ကို မေးမြန်းရချေတော့၏။

(၂)
"ပွက်လောရိုက်သံတို့သည် အဘယ်ကြောင့်ဖြစ်လေသနည်းတပည့်တို့"
"ငမိုက်သားနှစ်ကောင် အငြင်းအခုန်ကြောင့် ထိုးမည်ကြိတ်မည်  ဖြစ်ကြပါသည်ဆြာဒင်"
လေမင်းသား၏အဖြေအဆုံးတွင် နီမြန်းနေသော မျက်နှာကိုယ်စီရှိသည့် ဖေကြည်နှင့်ဝင်းကျော်ခိုင်ကို ဖျတ်ကနဲမြင်ရုံမျှဖြင့် အကင်းပါးလှ သောဆြာဒင်သည် ပြဿနာ၏ လက်သည်နှစ်ဦးကို ဒက်ကနဲသိလိုက်၏။ဗမာ့တပ်မတော်မျိုးဆက်သွေးပါသူ၊ ဖူးခက်ပါတောင်ကမ်းခြေမှ ဗမာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဝင်းကျော်ခိုင်ကား ဒီမိုကရေစီအရေးစိတ်ဝင်စားသူဖေကြည်ငယ်နှင့် ရံခါ အစေးမကပ်လှသည်ကို ဆြာဒင် တဆက်တည်းတွေးမိသည်။

"ညီအကိုရင်းတမျှခင်မင်ကြပါလျက် အဘယ်အကြောင်းကြောင့် ခိုက်ရန်ဖြစ်ကြလေသနည်း၊ဖေကြည်ငယ်နှင့်ဝင်းကျော်ခိုင်"
ဆြာဒင့်မေးခွန်းဆုံးသည်နှင့် အချင်းဖြစ်ပုဂ္ဂိုလ်တို့သည် ဒေါသအလျောက်၊မိမိတို့အားသန်ရာ ခံယူချက်များအတိုင်း ဆြာဒင့်ရှေ့မှောက် တွင်ပင် တင်းမာစွာ အသီးသီးဖြေကြားကြလေကုန်၏။ အဦးအစ ရုတ်ခြည်းတိုင်တန်းဆိုမြည်သူမှာ ဖေကြည်ဖြစ်သည်။

"ဒီကောင်၊အမေ့ကိုစော်ကားတာဆြာဒင်"
ဝင်းကျော်ခိုင်သည်လည်း အားကျမခံ မဆိုင်းမတွ ဖေကြည့်ကိုလှည့်၍ပက်ပြန်သည်။
"အေး အဲဒီအမေက အသက်ခုနစ်ဆယ်ကျော်အဘိုးကြီးနဲ့ ရန်ဖက်ဖြစ်တာကိုပြောနေတာကွ"
"အော်၊ဒါဆိုအဲဒီအဘိုးကြီးရဲ့အဖေကို ဗိုလ်ချုပ်အောင်ဆန်းသတ်တယ်ဆိုတာတော့ မင်းက လက်ခံတယ်ပေါ့"
"အံမယ်၊ဒါဆိုမင်းက ဗိုလ်ချုပ်နဲ့ သခင်သန်းထွန်း မယားညီအကိုမဟုတ်ဘူးလို့ငြင်းတယ်ပေါ့"

အချို့သောသူတို့သည် ဆြာဒင်အား ဒုံးဝေးသူဟုထင်မှတ်ကြလင့်ကစား ဤအရေးအရာတွင်မူ အားအားရှိ၊ဖေ့စ်ဘွတ်နှင့်အလုပ်ရှုပ်ကာ ကမ္ဘာကြီးနှင့်အဆက်မပြတ်လေသော ဆြာဒင်သည် ပြဿနာ၏မြစ်ဖျားခံရာကို မဆိုင်းမတွ တပ်အပ်သိလေသည်မှာ အမှန်ဖြစ်ချေ သည်။ပြဿနာအစ၊အခြေခံဥပဒေပုဒ်မ(၄၃၆)ကဟုဆိုရမည်ဖြစ်၏။လူထုခေါင်းဆောင်၏ ပုဒ်မ(၄၃၆)ပြင်ဆင်ရန်စည်းရုံးရေးခရီးစဉ်၊ တပ်ကုန်းမြို့ တစ်နေရာအရောက်၊

အယူဝါဒ၊သဘောမမျှသူ အဘိုးအိုတစ်ဦးနှင့် တွေ့ဆုံလက်ခံစကားပြောဆိုခဲ့ရာမှ နှစ်ဖက်အခြေ အတင်  ငြင်းခုန်ကာ ခွန်းတုန့်ကြီး ငယ်ဖြစ်ခဲ့ကြသည့်သတင်းမှာ အွန်လိုင်းတွင်အထူးရေပန်းစားလျက်ရှိချေသည်။ ပြည်တွင်းနှင့်ကမ္ဘာ အနှံ့အပြား ရှိမြန်မာတို့မှာ အဆိုပါကိစ္စ ရပ်အပေါ် မိမိတို့၏အမြင်အလျောက် အွန်လိုင်းတိုက်ပွဲဆင်နွှဲလျက်ရှိကြရာ ယင်းစစ်မီးသည် ဖူးခက်သို့ ကူးစက်လာဟန်ရှိလေ၏။ မြန်မာအလုပ်သမားတို့၏ဂုဏ်သိက္ခာ၊မြောင်းထဲမကျမီ လက်တစ်လုံးအလိုတွင် ပြန်လည်ဆယ် တင်ရန် တာဝန်သည် ဆြာဒင့်ပုခုံးထက်သို့ ကျရောက်လာလေရာ ဆြာဒင်သည် ကြီးစွာသောစေတနာတရား လက်ကိုင်ထားလျက် အချိန်မီထိန်းသိမ်းရန် အားထုတ်လိုက်ရလေသည်။

"တော်ကြစမ်းကွယ်ရို့၊ငြင်းခုန်ခြင်းကား ရန်မီးကိုသာ  ပွားစေတတ်သည်ကို သတိချပ်ကြလေလော့"
"သို့ဆိုလျှင် ဤပြဿနာကို နှစ်ဘက်ကြေလည်ရန်အလို့ငှာ ဆြာဒင်တရားမျှတစွာစီရင်ပါကုန်လော့"
ပိန္နဲပင်ဆြာဒင့်ကိုပါ ပြဿနာတွင်းသို့ဆွဲထည့်သူကား တပည့်ကျော်ကပ္ပလီဖြစ်၏။အခြေခံပညာနည်းပါးသူ ရွေ့ပြောင်းအလုပ်သမားတို့ အကြား ဟိတ်ဟန်တစ်လုံး ဖြင့် သုခမိန်စတိုင်ထုတ်နေသောဆြာဒင်မှာ နှဲကြီးနင်းမိသည့်ကိန်းကြုံလေ၏။

ဆြာဒင့်နှံပြည်စုတ် ဦးခေါင်းအတွင်းတွင် ရွှေစင် တစ်ကျပ်သား ရှိသည်ဟု အဘယ်ကြောင့်ယုံကြည်နေကြပါသနည်း။ ဆြာဒင်သည် ခေါင်းကိုဗျင်းဗျင်း မည်အောင်ကုတ်ကာ ဦးနှောက်အား  ဂျက်အင်ဂျင်ဖြင့် ပြောင်းလဲတပ်ဆင်လိုက်သည့်တခဏတွင်ပင် ဆြာဒင့်ခေါင်းထဲသို့ အတွေး တစ်ချက်လျှပ်ပြက်သကဲ့သို့ ဝင်ရောက် လာလေသည်။ လတ်တလော ဆြာဒင်ဖတ်နေသောဘုတ်အုပ်ကား မဟော်သဓာဇာတ်တော်ကြီး ဖြစ်၍ထိုဖတ်စာအုပ်ထဲတွင် ဆင်တူ ယိုးမှား အမှု၊ စီရင်ခန်း တစ်ပိုဒ်တစ်ပါဒပါလေသော် ယခုပြဿနာကို အလွယ်နည်းဖြင့်ရှင်းနိုင်ပေအံ့။

(၃)
ဖေကြည်ရောဝင်းကျော်ခိုင်ပါနှစ်ဦးစလုံး ဆြာဒင်၏တပည့်စာရင်းဝင်သည်ချည်းနှင်နှင်ဖြစ်၍ မည်သည့်ဘက်သို့မျှလိုက်ရန် အကြောင်းမရှိ သည့်အတွက်ဆြာဒင်သည် တွန့်ဆုတ်သောလုံ့လဖြင့် လေးနက်တည်ကြည်စွာဆို၏။

"ကောင်းလှပေပြီ။ဤပြဿနာကား အရှင်းမတော်လျှင် ငါးပါးသာမက၊သံဃာစင်ပါမှောက်လျက်၊အကျိုးနည်းမည်ကိုဆြာဒင်သိသော်ငြား ပညာရှိတို့မည်သည် အမှန်တရားကိုရှာဖွေရာ၌ ရဲဝံ့အပ်သည်ဖြစ်သောကြောင့် ရှင်းပေအံ့။ထိုလေးနက်လှသောပြဿနာကို အများ မြင်သာအောင်တော်တည့်မှန်ကန်စွာ၊ဖြေရှင်းနိုင်ရန်အလို့ငှာ၊ ရှေးထုံးကျမ်းဂန်၊ ဓမ္မသတ်တို့ကို လှန်လှောဖတ်ရှုရန်အတွက် အချိန် အားဖြင့် မိနစ်သုံးဆယ်နာရီဝက်ခန့်မျှဖြင့် လိုအပ်ချေသည်။ယင်းအချိန်ပိုင်းတွင် ဖေကြည်နှင့်ဝင်းကျော်ခိုင်တို့သည်မိမိတို့နှင့် ဆန္ဒအလို တူရာပရိသတ်ကို အုပ်စုနှစ်ခုခွဲလျက် ထိန်းသိမ်းထားကြပါလော့"

ဆြာဒင်သည် အခန်းတွင်းသို့ရုတ်ခြည်းပြန်ဝင်လျက် ဆိုခဲ့သော ရှစ်တန်းစာအုပ်ကို ကသုတ်ကယက်လှန်ကာ အိမ်ရှေ့တွင်ကျရောက်နေ သည့်အမှုနှင့် မယိုးရင်းစွဲ၊အနီးကပ်ဆုံးတရားစီရင်ခန်းကို ကမန်းကတန်းရှာရ၏။အမဲသားတစ်ချစေခန်းနှင့်ကားမဆိုင်၊နွားတရားစီရင်ခန်း နှင့်မူမပတ်သက်။လည်ရွဲတရားစီရင်ခန်းနှင့်ကား တစ်ဘာသာဖြစ်၏။ချည်ထွေးတရားစီရင်ခန်းမှာ တစ်မည်ဖြစ်၏။နွားတရားစီရင်ခန်းမှာ သီးခြားဖြစ်နေပြန်၏။သားတရားစီရင်ခန်းနှင့်လည်းဝေးပြန်သည်။မယားခိုးတရားစီရင်ခန်းကား...၊ထင်တိုင်းမပေါက်လေသည့် ဆြာဒင့်ခ မျာ နာရီဝက်ပြည့်မည့်အချိန်ကိုသာ ရင်ကိုမရင်းစောင့်မျှော်နေချိန်တွင် အခန်းအပြင်ဆီမှ နင်ပဲငဆဖြစ်သံတို့ကို ကြားရပြန်လေ၏။

"ငါ ပါးထရိုက်မိမယ်နော်။ငါက မှန်တယ်ဆိုရင် မှန်တယ်လို့သာမှတ်ကွာ။တော်တော်လျှာရှည်တဲ့ကောင်"
"မင်းကို ဒီအုပ်စုထဲလာပါလို့ငါခေါ်ထားတာမဟုတ်ဘူး။မင်းသဘောနဲ့မင်းလာပြီး အခုမှတောင်ပြောမြောက်ပြောလာပြောနေရင် သွားတွေပြုတ်ထွက်ကုန်အောင် ထထိုးမိ မယ်နော်"

ဆြာဒင်မှာ ဘုတ်အုပ်ကိုပစ်ချကာ အခန်းပြင်ထွက်၍စနည်းနာရပြန်သည်။တပည့်ကျော်ဖေကြည်ကြိမ်းမောင်းနေသည်ကား မိမိအုပ်စုထဲမှ တယောက်သောသူသို့ဖြစ်၏။ထို့အတူဝင်းကျော်ခိုင်သည်လည်း သူ့လူသူပြန်ကြိမ်းနေခြင်းဖြစ်လေရာ ဆြာဒင်သည်အကြောင်းရင်းကိုသိ လိုမိ၏။
"တပည့်တို့၊ရှေ့ပြဿနာပင် ဖြေရှင်း၍မပြီးသေး၊အဘယ်ကြောင့် ကိုယ့်တပ်ကိုယ်ပြန်နင်းနေကြပြန်သနည်း"
"စာမတတ်ပေမတတ်၊ဒီနလဗိန်းတုံးတွေ သိပ်နားဝေးတယ်ဆြာဒင်၊စေတနာကိုနားမလည်ကြဘူး"
"တပည့်အကျိုးတစ်ပြားသားမှမပါပဲ လုပ်နေတာဆြာဒင်၊သူ့ဖို့ကိုယ့်ဖို့မှန်းမသိ ၊သိပ်လက်ပေါက်ကပ်တဲ့ကောင်တွေ"

သင်းတို့နှစ်ဦး၏စကားအဆုံးတွင် ဥာဏ်ပညာကို စောင့်ရှောက်သော သူရဿတီနတ်သမီးသည်ဆြာဒင်ကို စောင်မခဲ့လေပြီတ ကား။ဆြာဒင့်ဦးနှောက်သည်ဝပ်အားတစ်ရာမီးသီးကဲ့သို့ ဖျတ်ကနဲလင်းလက်လာချေ၏။ပတ္တမြားမှန်လျှင်နွံမနစ်ဟုဆိုရိုးရှိသည် မဟုတ်တုံ လော။ရုတ်ခြည်းပင်တန်ပြန်မေးခွန်းထုတ်လိုက်ရ၏။
"မောင်တို့ဆိုသကဲ့သို့ စေတနာမှန်သည်၊ကိုယ်ကျိုးမပါဟူသော စကားတို့သည် ဧဝကန်အမှန်ပေလော"

"ဟာ၊ဆြာဒင်မေးစရာမှ မလိုတာ။စေတနာထားတာ အသိသာကြီးပဲလေ"
"သူတို့အမှန်သိစေချင်လို့ လူမုန်းခံနေတာဆြာဒင်ရ"
သင်းတို့အခက်သည်ဆြာဒင့်အချက်ပေတည်း။အကွက်ကောင်းကောင်းဝင်ခဲ့ပြီ။ဆြာဒင်သည် လည်ချောင်းကို တဟမ်းဟမ်းရှင်းရင်း ပညာ ရှိခုံသမာဓိ လေသံဖြင့် အန္တရာယ်ကြီးလှသော အငြင်းပုစ္ဆာ၏အဖြေကို အောက်ပါအတိုင်းထုတ်လိုက်ရချေတော့သည်။

(၄)
"အို အချင်းတို့၊ငြိမ်သက်စွာရှိကြကုန်လော့။သင်တို့နှစ်ဦးသည် သုံးကျိပ်မပြည့်သော ကိုယ့်လူအုပ်ကို၊မိနစ်သုံးဆယ်ပင်၊ပြည့်အောင် မထိန်းနိုင်။မိမိနှင့်အလိုမတူကာမျှဖြင့် ကိုယ်ထိလက်ရောက်ရိုက်မောင်းပုတ်မောင်းပြုရန်အားထုတ်ခဲ့ကုန်၏။ဤသို့ပြုမူသူနှစ်ဦးက တပ် ကုန်း အရေးကို မှားသည်မှန်သည် အခြေအတင်ခိုက်ရန်ပြုကြကုန်၏။တပ်ကုန်းအရေးသည် အုတ်အော်သရဲ ငြင်းခုန်ခြေကျောက်ရန် သင့်မသင့်စဉ်းစားကြပါကုန်အံ့။တစ်ဦးကားတိုင်းပြည်အနာဂတ်နှင့်လူအများကောင်းစားရေးအတွက် ဘဝတစ်ခုလုံးစွန့်လွှတ်ပေးအပ်ကာ အာဇာနည်တို့၏လမ်းအတိုင်း ခရီးရှည်ကြီးကို မရပ်မနားနှင်နေသူတည်း။တစ်ဦးကား မိမိ၏အတ္တနောမတိ၊မကျေနပ်ချက်တစ်ခုတည်းကို ဆွဲကိုင်လျက်  ငါ့စကားနွားရ၊ဖြတ်ပိုင်းလှီးချ၊စကားစစ်ထိုးရန် ရည်ရွယ်ချက်ရှိရှိ၊ပြင်ဆင်စောင့်ကြိုခဲ့ချေ၏"

ပရိသတ်တို့ကား မျက်တောင်နှင့်နားရွက်ကိုပင် မခတ်နိုင်လောက်အောင် ဆြာဒင့်အဆုံးအဖြတ်ကို ငြိမ်သက်စွာ နားစွင့်လျက်ရှိကြရာ ဆြာဒင်သည် နိဂုံးစကားကို ဆိုလိုက်ရတော့သည်။

"အို၊အချင်းတို့။သန်းချီသောလူထုကို ၎င်းတို့၏ အကျိုးငှာနှစ်ရှည်လများ ကြိုးကုပ်စွန့်စားအားထုတ်နေသူအား စကားအခြေအတင်ဖြစ် ကာမျှနှင့် အဘယ်မှာလျှင်အပြစ်ဆိုဖွယ်ရှိအံ့နည်း။အဘယ်သာမန်ပြည်သူတစ်ဦးသည် အာဏာရှင်အဆက်ဆက်ကို ဤသို့လျှင် နှုတ် လှန်ထိုးခွင့်ရခဲ့ပါသနည်း။လမ်းဘေးမှလူကိုပင် အရေးတယူစကားဆိုခြင်းမှာ အလေးမူထိုက်သည်မဟုတ်ချေလော။ နိုင်ငံ့အာဇာနည်ကို တရားခံစာရင်းသွင်းသူ၏စိတ်အခြေအနေကို ဆန်းစစ်သင့်လှ၏။ယခုကျရောက်သော ပြဿနာတွင် မှန်ခြင်းမှားခြင်းထက် စေတနာပါ၏၊ မပါ၏၊ကိုယ်ကျိုးစွန့်၏၊မစွန့်၏ဟူသော အချက်သည်သာ အခရာကျလှသည်။ စကြာ ဝဠာတိုက်တစ်သောင်းကိုထွန်းလင်းနိုင်သော်ငြား ဝါးလုံးခေါင်းတွင် မထွန်းလင်းသဖြင့် နေမင်းမမည်ဟုမဆိုသာ။ သူရိန်နေမင်းသော်မှ သုံးကျွန်းလင်း၍တကျွန်းမှောင်ချေ၏။ ဘုရား ရဟန္တာမဟုတ်မူ၍ လူသာမန်အဖို့ခြောက်ပစ်ကင်းရန်ကား မဖြစ်နိုင်၊ ကျောက်ကောင်းမှန်သမျှ အနာမကင်း။ကိုယ်ပိုင်ဥာဏ်ဖြင့် ချင့်ချိန် ကြကုန်လော့"

ဆြာဒင်၏အဆုံးအဖြတ်ကို ကြားကြကုန်သော ပရိသတ်အပေါင်းသည် ခေါင်းတဆတ်ဆတ်ငြိမ့်ကြရုံမျှမက ထောက်ခံစကားအသီးသီးဆို ကြလေကုန်၏။
"ဟုတ်သားပဲ။ကိုယ်ကျိုးစွန့်တဲ့နေရာမှာတော့ သူ့မှီတဲ့လူမရှိပါဘူး"
"အေးလေ၊စိတ်အလျောက်မာန်အလျောက်ပြောမိတယ်ဆိုအုံးတော့၊ အပြစ်ရယ်လို့မဆိုနိုင်ပါဘူး"
"ဗိုလ်ချုပ်ကပဲ တရားခံဖြစ်ရတယ်ရှိသေး၊သူ့အဖေက ဘာလုပ်ခဲ့လို့ အသတ်ခံရမှန်းမသိ၊အံ့ပါရဲ့"

"ဆြာဒင်ပြောသလိုစဉ်းစားကြည့်လိုက်တော့ အဖြေကရှင်းနေတာပဲ"
"တော်လိုက်တဲ့ဆြာဒင်"
ဤသို့လျှင်တပ်ကုန်းတရားစီရင်ပြီးချိန်တွင်ကား ဆြာဒင်သည် လူထုပရိသတ်၏ထောက်ခံမှုကိုကား အပြည့်အဝရခဲ့ပါ၏။

သို့သော် မည်သူ က ဘယ်ပုံ၊ချွန်တွန်းသတင်းပေးလိုက်သည်မသိ၊အိမ်ရှေ့သို့ရုတ်တရက်ထိုးဆိုက်လာသော ထိုင်းပတ္တရောင်ရဲကားမှ မည်သည့် အတွက် လူစုလူဝေး ဖြစ်လေသနည်းဟု ဆီလိုအပေါက်ရှာ၊ မေးမြန်းစစ်ဆေးလေတော့သည်။ အချင်းချင်းဖိုက်တင်ထပလေးမတတ်၊ အော်ကြီး ဟစ်ကျယ်ငြင်းခုံခဲ့ကြလေသည့် မဟာနွယ်မြန်မာပရိသတ်တို့ကား ထိတ်လန့်ကြောက်ရွံ့လွန်းသည်ဖြစ်၍ အမြီးကိုယ်စီကုပ်လျက်ရှိ လေပြီ။

မီးခိုးကြွက်လျှောက်ပြဿနာနောက်ဆက်တွဲတို့ကို မဖြေရှင်းတတ်လေသည့် ဆြာဒင်သည်လည်း၊အိမ်မှာအလှူလုပ်နေလေဟန် ငါးကျိပ် မျှရှိသော ပရိသတ်အား ရေခဲသေတ္တာတွင်းမှ ရေသန့်၊အအေး၊ ဘီယာပုလင်းပါမကျန်အကုန်ချတိုက်လျက် ထိုင်းရဲတို့ ကျေနပ်စေရန် အတွက် ရှိစုမဲ့ ခြစ်ခြစ်ကုတ်ကုတ်စုဆောင်းထားအပ်သည့် အသပြာဘတ်သုံးထောင်ကိုစိုက်ထုတ်၍ လာဘ်ထိုးပြေလည် ငြိမ်းအေး စေရပြန်၏။မည်သို့ပင်ဆိုစေကာမူ ဤတွင်လည်း ဆြာဒင်အား ကောင်းချီးမင်္ဂလာသည် တကြိမ်ကျရောက်ခဲ့ပြန်လေသည်ဟုဆိုသော် ရနိုင်ကောင်း ချေသည်တမုံ့။

(ရုပ်ပုံ။ ။ဂူဂဲလ်)

↧
↧

မင်းဒင်ရဲ့သက်ခိုင် (၂)

$
0
0

၀၉။၀၇။၂၀၁၄နေ့ထုတ် ဆဲဗင်းဒေးဂျာနယ်။ မင်းဒင်ရဲ့သက်ခိုင်(၂)

အခန်း(၄၂)
ပိုင်ပိုင်ဟုခေါ်သည်။

“နေပါအုံး။ခင်ဗျားစကားကိုကျနော်ဖြတ်ပြီးမေးပါအုံးမယ်။အလုပ်သမားအရေးကိစ္စတွေအတွက် ဘန်ကောက်ကဗမာသံရုံးကိုမဆက်သွယ် ဘူးလားဗျာ”
“အင်း၊ခက်တော့ခက်နေပါပြီ။ စကားလမ်းကြောင်းပြောင်းပြီးဗမာသံရုံးဋီကာဖြစ်အုံးတော့မယ်။ကျနော်ခင်ဗျားကိုပြန်မေးပါအုံးမယ်။သံရုံး တွေဟာ သံရုံးတာဝန်ဝတ္တရားတွေကို တကယ်ကျေပွန်အောင်ထမ်းဆောင်နေတယ်၊အဲသလိုကျေပွန်အောင် ထမ်းဆောင်နိုင်ခွင့်ရနေ တယ်လို့များခင်ဗျားထင်ရော့သလား”

“ရော၊မသိလို့မေးမိပါတယ်၊အဟောက်ခံနေရပါပေါ့လား။ပြောမှာသာပြောစမ်းပါဗျာ။အချိန်လည်းရနေတာပဲ။ ခင်ဗျားကြိုက်လှပါချည့်ရဲ့ဆို တဲ့ အက်စပရက်ဆို ကျနော်ဖျော်လိုက်ပါ့မယ်။ ကော်ဖီသောက်ရင်း လေကန်ကြတာပေါ့ဗျာ”

ပြောပြောဆိုဆို အနီးရှိစားပွဲပေါ်မှ  ကော်ဖီပုလင်း၊ရေနွေးဓာတ်ဗူးတို့ဖြင့် ကျနော်အလုပ်ရှုပ်နေချိန်တွင် ကိုသက်ခိုင်သည် ပြူတင်းပေါက် ဆီသို့လှမ်းမျှော်ငေးမောရင်း သူ့စကားကိုဆက်သည်။အိမ်အပြင်ဘက်တွင်မူ နေလည်းမထွက်၊မိုးလည်း မရွာ အမည်ဖော်ပြရန် ခက်ခဲသောရာသီဥတုအခြေအနေတစ်မျိုးဖြစ်ပေါ်နေသည်။အောက်ထပ်ဆီမှ ကိုကျော်ခိုင်ခေါ်ဂျိုး၏စီးကရက်အနံ့သည် ကျနော်တို့အခန်း တွင်းသို့ တိတ်တဆိတ်ကိုယ်ယောင်ဖျောက်ဝင်လာ၏။ကိုသက်ခိုင်သည် ခါတိုင်းကဲ့သို့ ကျနော့်မျက်နှာကို စေ့စေ့တည့်တည့် ကြည့်ရင်းပြောဆိုနေသည်မဟုတ်ပဲ ပြူတင်းတံခါးဝကိုငေးရင်း စကားဆက်နေသည်ဖြစ်ရာ သူ့အသံမှာ အခန်းတွင်းတွင် ရှေးခေတ်ရေဒီ ယိုဟောင်းကြီးတစ်လုံးဖွင့်ထားသည်နှင့်ပင် တူ၊တူချေသေးတော့သည်။

“အေးဗျာ။တကယ်တမ်းသာ နိုင်ငံတကာမှာရှိနေတဲ့မြန်မာသံရုံးတွေဟာ သူ့တာဝန်သူကျေပွန်နိုင်ကြမယ်ဆိုရင် သက်ဆိုင်ရာနိုင်ငံအသီး သီးကိုရောက်နေကြတဲ့ ကျနော်တို့နိုင်ငံသားတွေအတွက် အားကိုးအားထားရာ၊မှီခိုလဲလျောင်းရာပေါ့ဗျာ။တကယ့်လက်တွေ့မှာက သံအမတ်ကြီး ဆိုတဲ့ရာထူးကို အစိုးရအဖွဲ့ချိန်ခွင်ညှာကို ထိန်းညှိဖို့၊လက်ရှိရာထူးကြီးကနေမဖြုတ်ချင်တဲ့သူကိုပို့တဲ့မဲဇာ၊ချောင်ကပ်နေတဲ့ ကိုယ့်လူကို တွန်းတင်လိုက်တဲ့ ဌာနန္တရတစ်ခုပါပဲ။သံအမတ်အရည်အသွေးပြည့်စုံတဲ့သူကို ခန့်အပ်တာမျိုးမဟုတ်ပဲ စစ်ဗိုလ်ချုပ် အသစ်အဟောင်း တွေခွဲတမ်းချတဲ့ရာထူးမို့တမ္ဘာလုံးမှာရှိတဲ့ဘယ်မြန်မာသံအမတ်မှ အရည်အချင်းပြည့်ဝတဲ့ သံကြီးတမန်ကြီး အဆင့်အတန်းမမီဘူးဆိုရင် ကျနော့်စကားလွန်မယ်မထင်ဘူး။

တဆက်တည်းဆန့်တွေးရင် ဗမာပြည်မှာ အစိုးရဌာနတွေရဲ့အဆင့်မြင့် ဝန်ထမ်းတွေခန့်အပ်ရာမှာ လည်းဒီသဘောပါပဲ။တိုင်းပြည်အတွက်စွမ်းစွမ်းတမံဆောင်ရွက်နိုင်မဲ့ တကယ်အရည်အချင်းပြည့်ဝသူ ကိုခန့်ရမဲ့အစား စစ်ဗိုလ်အသစ်အဟောင်းတွေ မြှောက်စားဖို့အဓိကထားနေကြတာမို့ဘယ်မှာလာ လူမှန်နေရာမှန်ဖြစ်ပါ့မတုန်း။ အဲဒီရာထူးကို ထမ်းဆောင်ရမဲ့ ပုဂ္ဂိုလ် ကိုယ်တိုင်ကလည်း… “ငါဒီရာထူးမှာ ဘယ်နှစ်နှစ်တာဝန်ထမ်းဆောင်ရမလဲ။ဘယ်နေရာတွေကနေ ငါ့အတွက်ဘယ်လောက်ရမလဲ။ အဲဒီ ရတဲ့ငွေဟာ ဒီနေရာကိုရဖို့ တာဝန်ရှိလူကြီးမင်းကို ဂါရဝပြုခဲ့ရတဲ့ငွေကြေးပမာဏနဲ့ ကာမိရဲ့ လား”။ဒါပဲစဉ်းစားတယ်။နောက်တစ်ချက် က သံအမတ်ကြီးတာဝန်ထမ်းဆောင်နေတဲ့သူတွေဟာ စစ်ဗိုလ်ချုပ်ဟောင်းအများစုမို့ နိုင်ငံတကာကိုရောက်နေတာတောင် ဗမာပြည်က ပါသွားတဲ့ ဆရာကြီးလုပ်ချင်စိတ်၊ နယ်စားပယ်စားဘုရင်ငယ်စိတ်မပျောက်ကြဘူး။ ပြည်တွင်းက စစ်ဗိုလ်ချုပ်ဟောင်းတွေဆို ကိုသာဆိုး ပေါ့ဗျာ။

ကျနော်ဖတ်ဖူးတဲ့ဆောင်းပါးတစ်ပုဒ်မှာ မြန်မာစစ်ဗိုလ်ချုပ်ဝန်ကြီးတစ်ပါးကို ဥရောပနိုင်ငံကြီးတစ်ခုရဲ့ သံအမတ်ကြီးတစ်ယောက်ကနေ နိုင်ငံဖွံ့ဖြိုးရေးအတွက် လိုအပ်နေတဲ့ အကူအညီအတော်များများပေးဖို့ လာရောက်တွေ့ဆုံစဉ်မှာ သံကြီးတမန်ကြီးပီပီ ပဋိသန္ဓာရစကား အနေနဲ့ .. “ဝန်ကြီး ဘာတာဝန်တွေထမ်းဆောင်ခဲ့သလဲ။ဝန်ကြီးကတော်ကော ဘာတွေများလုပ်သလဲ”ဆိုပြီးမိသားစုအရေးကို စကားစ လိုက်တော့ ရွှေဥာဏ်တော်စူးရောက်လှတဲ့ ကိုရွှေဝန်မင်းက …၊

”ခင်ဗျား ကျနော်ကို ဂါရဝပြုဖို့လာတာလား။ စစ်ဆေးမေးမြန်းဖို့လာ သလား” ဆိုပြီး ဒေါဖောင်းဖောင်းနဲ့ပြန်ငေါက်သတဲ့ဗျာ။နောက်ဆုံးစာရင်းချုပ်တော့ သူအရူးထတာနဲ့တိုင်းပြည်အတွက် တစ်ပြားတချပ်မှ အကူအညီ မရလိုက်တော့ဘူးပေါ့ဗျာ။ စစ်ဗိုလ်ချုပ်တွေစိတ်ထဲမှာ ဗမာပြည်ကြီးကို သူတို့ကယ်တင်ထားတာ၊ဗမာပြည်ကြီးဟာ ခေတ်ကောင်းဆိုက်နေပြီလို့ စိတ်စွဲနေကြတုန်းဗျ။ အမှန်က မတော်တရော်လောဘတွေ၊  မဟုတ်တမ်းတရားနည်းမျိုးစုံနဲ့  ရာထူးတွေ ကြီးလာ၊ စီးပွားနင်း ကန်ဖြစ်လာပြီး ကိုယ့်လိပ်ပြာကိုယ်မလုံ၊ အိုးမလုံအုံပွင့် ဖြစ်နေတာလည်းပါတယ်။
ကျနော့်မိတ်ဆွေတစ်ဦးရဲ့ကိုယ်တွေ့အရ (၂၀၀၈)ခုနှစ်ဝန်းကျင်၊ စင်္ကာပူမှာတာဝန်ထမ်းခဲ့တဲ့ ဗမာသံအမတ်ကြီးဟာ အာစီယံဆယ်နိုင်ငံ ညစာစားပွဲမှာ ဘေးက၊လူစုံတက်စုံရောက်နေကြတဲ့၊ကိုးနိုင်ငံသံအမတ်ကြီးတွေကို ဖုတ်လေတဲ့ငပိ၊ရှိတယ်လို့မမှတ်ပဲ  လက်ကိုင်ဖုန်း ဖွင့်ပြီး ပုဂ္ဂိုလ်ရေးကိစ္စတွေကိုချည်း အချိန်တော်တော်ကြာဗမာလိုလျှောက်ပြောနေသတဲ့ဗျ။ညစာစားပွဲမှာ မဖြစ်မနေစကားပြောရမဲ့ အလှည့်လည်းရောက်ရော ထုံးစံအတိုင်း အအလှည်းနင်း၊အဆင့်မရှိတဲ့ အင်္ဂလိပ်စကားတွေထွက်လာတာပါပဲတဲ့ဗျာ။

ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးတွေလည်း ဒီပုတ်ထဲက ဒီပဲတွေပါပဲ။ဘန်ကောက်ဗမာသံရုံးနဲ့ ကျနော်အဆက်အသွယ်ရှိနေတာမို့ ဘယ်ဗမာသံအမတ်ကြီးမှ ထိုင်းနိုင်ငံရောက်ဗမာရွေ့ပြောင်းအလုပ်သမားအရေးကိစ္စတွေကို ထဲထဲဝင်ဝင်မသိကြဘူးဆိုတာ သေချာ ပေါက် ကျနော်ပြောရဲတယ်။ဥပမာ ထိုင်းနိုင်ငံဖက်ကို လူမှောင်ခိုသွင်းတဲ့ကိစ္စမျိုးဆိုပါတော့။သူတို့ထင်နေတာက ဗမာပြည်ထဲက မလိမ်မိုးမလိမ်မာ အူကြောင်ကြောင်အလုပ်လက်မဲ့တွေကို ဖျားယောင်းသွေးဆောင်ခေါ်ယူပြီး ထိုင်းအလုပ်ရှင်တွေဆီ ကျွန်ရောင်းသလို ရောင်းစားကြတာလို့ ထင်နေကြတာ။

အဖြစ်မှန်က အဲသလိုမဟုတ်ဘူးဗျ။ဗမာပြည်ထဲမှာ နေရေးစားရေးခက်ခဲကြပ်တည်းလွန်းလို့ ဘယ် လိုမှ ထမင်းနပ်မမှန်ကြတဲ့အဆုံး ထိုင်းနိုင်ငံဖက်ကိုလာပြီး အလုပ်လုပ်ချင်ကြတော့ ထိုင်းဖက်ရောက်နေတဲ့ ဆွေမျိုးသားချင်း၊ရွာနီးချုပ် စပ်ကအသိမိတ်ဆွေတွေကို ဆက်သွယ်ပြီး မရောက်ရောက်အောင် သက်စွန့်ဆံဖျားလာကြတာ။အများစုက ထိုင်းနိုင်ငံဆိုတာ ဘယ်နား ရှိမှန်းတောင် သိကြတာမဟုတ်ဘူး။ဒီခရီးလမ်းကြောင်းတလျှောက်လုံးကို ထိန်းချုပ်ကြီးစိုးထားတာက နှစ်နိုင်ငံနယ်ခြား စစ်တပ်နဲ့ ရဲ တပ်ဖွဲ့ပဲ။ထိုင်းဘက်မှာ လူမှောင်ခိုသွင်းတဲ့အလုပ်ဟာ ဝင်ငွေသိပ်ဖြောင့်တဲ့လုပ်ငန်းကြီးမို့ ထိုင်းမာဖီးယားတွေထိန်းချုပ်ထားတာ။

အဲဒီ ထိုင်းမာဖီးယားတွေက ထိုင်းစစ်တပ်နဲ့ရဲကို လိုင်းကြေးပေးနေကြရတာ။ငါးဖမ်းလှေတွေဆီကိုရောင်းစားတယ်ဆိုတာ အမှန်တော့ ထိုင်းထဲကိုခိုးဝင်လာရင်း လမ်းခုလတ်မှာ အဆက်အသွယ်ပြတ်၊စားရိတ်ပြတ်ပြီး မသွားတတ်မလာတတ်ဖြစ်နေတဲ့ ဗမာအလုပ်သမား တွေကို သွားချင်တဲ့နေရာရောက်အောင်ပို့ပေးမယ်။အဲဒီမှာလှေလိုက်ရမဲ့အလုပ်ရှိတယ်ဆိုပြီး ဗမာအလုပ်သမားကို လှေရှိတဲ့မြို့ဆီပို့တယ်။ အဲဒီအလုပ်သမားရမဲ့ လစာလေးငါးလစာကို လူပွဲစားက ကြိုထုတ်ပြီး လူပို့ခအဖြစ်ဖြတ်စားလိုက်တာ။ဒီလိုကိစ္စမျိုးလောက်တောင် ဂဃနဏမသိတဲ့ သံအမတ်ကြီးတွေဟာ ထိုင်းကိုရောက်နေတဲ့ ဗမာအလုပ်သမားတွေအရေးကို ထိထိရောက်ရောက်လုပ်မပေးနိုင်တာ ဆန်းတော့မဆန်းလှဘူး။

ဒီတော့ခင်ဗျားအနေနဲ့ တရားမဝင်လူမှောင်ခိုလမ်းကြောင်းဟာ အခုမရှိတော့ပါဘူး။ ခေတ်ပြောင်းနေပါပြီ။ နှစ်နိုင်ငံတရားဝင်အလုပ်သမား စာချုပ်တွေနဲ့ပို့နေပါပြီလို့ ဆိုအုံးမယ်။အလုပ်သမားပို့နည်းသာ ပြောင်းတာပါဗျာ။ဟိုတုန်းက လူမှောင်ခိုဆီပေးရတဲ့ငွေကို ထိုင်းလူပွဲစား မာဖီးယားနဲ့ ဗမာသံရုံးဆီလွှဲပေးရတာပဲ ကွာပါတယ်။ထိုင်းနိုင်ငံဖက်ကိုလာပြီး အလုပ်လုပ်တဲ့ ဗမာအလုပ်သမား တစ်ယောက်အတွက် တရားဝင်ကုန်ကျငွေဟာ ထိုင်းဘတ်သုံးထောင်ဝန်းကျင်လို့ ဖော်ပြကြပေမဲ့ တကယ့်လက်တွေ့မှာ ထိုင်းဘတ်တစ်သောင်းခွဲ၊ဗမာငွေ လေးသိန်းခွဲအထိ ကုန်တယ်။ ခင်ဗျားတွက်ကြည့်စမ်းဗျာ။ တရားဝင်ပတ်စပို့နဲ့ဝါ့ပါမစ်ကိုင်ဆောင်သူ တစ်သန်းခွဲဆိုပါတော့။ ငွေကြေးပမာ ဏ ဘယ်လောက်ရှိမလဲ။ထိုင်းဘတ်သန်းပေါင်း နှစ်သောင်းခွဲနီးပါးရှိတယ်။ဗမာသံရုံးရဲ့ဝင်ငွေဟာ အလုပ်သမားတစ်ယောက် ဘတ်တစ် ထောင်နှုန်းနဲ့တွက်ရင်တောင် ထိုင်းဘတ် သန်းထောင့်ငါးရာရှိတယ်။ဒီငွေတွေ ဘယ်သူရသလဲ။ရှင်းနေတာပဲဗျာ။

လူပွဲစားတွေက တစ်ဆင့်မလုပ်ပဲ တရားဝင်ရုံးလုပ်ထုံး၊လုပ်နည်းအဆင့်ဆင့်နဲ့ ပါ့စ်ပို့၊ဝ့ါပါမစ်ရသွားတဲ့အလုပ်သမားဆိုလို့ ကျနော်ကြားဖူးသလောက် တစ်ယောက်မှမရှိဘူး။ထိုင်းရောက်ဗမာအလုပ်သမားတွေဆီက ထိုင်းအစိုးရ၊ရတဲ့ နှစ်စဉ်ဝင်ငွေဟာ တစ်ယောက်နှစ်ထောင်နှုန်းနဲ့ တွက် ရင် ထိုင်းဘတ်သန်းပေါင်းသုံးထောင်ရှိတယ်။ဒါပေမဲ့ ထိုင်းရောက် ဗမာအလုပ်သမားတွေဟာ ထိုင်းရဲ၊ ထိုင်းလူဝင်မှုကြီးကြပ်ရေး၊ ထိုင်းအလုပ်ရှင်တွေ စိတ်ထင်တိုင်းနှိပ်စက်တာ ခံနေကြရတုန်းပါပဲ။ဒါကြောင့်လည်း မခံမရပ်နိုင်ကြလွန်းလို့ သေမထူးနေမထူး ဖြစ်ချင်ရာဖြစ်ဆိုပြီး ဆန္ဒပြကြ တဲ့အဆင့်ရောက်ကုန်ကြ တာပေါ့ဗျာ”

ကျနော်က ကော်ဖီခွက်ကို ကိုသက်ခိုင်၏ရှေ့သို့တွန်းပေးလိုက်ရင်း သူနှင့်မျက်နှာချင်းဆိုင်စားပွဲ မှာပြန်ထိုင်လိုက်သည်။ ကိုသက်ခိုင် တွေးသကဲ့ ရှည်ရှည်ဝေးဝေးမတွေးမိသော်ငြား ဗမာရွေ့ပြောင်းအလုပ်သမားတို့အတွက် နှစ်နိုင်ငံညှိနိုင်းမှုဖြင့် ပါ့စ်ပို့၊ဝါ့ပါမစ်များ တရားဝင် ထုတ်သည့် ရုံးများ ထိုင်းနိုင်ငံမြို့ကြီးတချို့တွင်ဖွင့်လှစ်ခဲ့စဉ်က ထိုင်းပါ့စပို့ပွဲစားကုမ္ပဏီတို့ အကြီးအကျယ်ပွပေါက်တိုးခဲ့ကြသည်ကို ကျနော်မှတ်မိနေသည်။နောက်ဆက်တွဲအဖြစ် ပတ်စပို့သက်တမ်းတိုးလျှင်လည်း ပွဲစားနှင့်၊ဝါ့ပါမစ်သက်တမ်းတိုးလျှင်လည်း ပွဲစားမလွတ်၊ ဆေးရုံလက် မှတ်လုပ်ရာတွင်လည်း ပွဲစားလက်အပ်၊ပွဲစားအပ်ရသည့်အလုပ်မှန်သမျှသည် တရားဝင်ကုန်ကျငွေထက် တဆခွဲနှစ်ဆ ကုန်ကျသည်။ နဂိုကမှ လမ်းပေါ်ရဲရဲမထွက်ဝံ့ကြသည့် ဗမာတို့မှာ ဇကောထဲအလှိမ့်ခံရသော ဇီးဖြူသီးဘဝကို သတိရစရာကောင်း လှသည်။

“ခင်ဗျားအစဖော်ပေးမှ ကျနော်သတိရတယ်။ဆူရတ်မှာဖွင့်ခဲ့တဲ့ ပတ်စပို့ပွဲစားရုံးဟာ ထိုင်းအလုပ်သမားဝန်ကြီးရဲ့သမီးပိုင်တာတဲ့ဗျ။ ရှင်းအောင် ပြောရရင် ထိုင်းဝန်ကြီးသမီးနဲ့ ဗမာသံအမတ်ကြီးဝါးစေဝေစားကြတဲ့ဇာတ်လမ်းပေါ့ဗျာ။ အဆိုးဆုံးကတော့ ပတ်စပို့ဖြစ် ရင်ပြီးရောဆိုပြီး အလွယ်နည်းနဲ့ နီးစပ်ရာထိုင်းလူမျိုးလူနာမည်တစ်ခုကို အလုပ်ရှင်နာမည်တပ်လိုက်တာ၊ တကယ်တမ်း ဝါ့ပါမစ်လုပ် မယ်လည်းဆိုရော အဲဒီအလုပ်ရှင်ကို ဘယ်လိုက်ရှာရမှန်းမသိ။ပွဲစားကလည်း ဟိုရှောင်ဒီရှောင်၊ဟိုအကြောင်းပြ  ဒီအကြောင်း ပြ၊ ဆိုးလိုက်တဲ့အဖြစ်ဗျာ။ထိုင်းရဲက ယာယီဝါ့ပါမစ်ဆိုပြီး ရစ်၊အလုပ်ရှင်မတူဘူးဆိုပြီးရစ် ငွေကုန်မှအေးတဲ့ဇာတ်လမ်းတွေချည်းပဲဗျ။

အေးပေါ့ဗျာ။ အရစ်ခံရဖန်များတော့ ပေါက်ကွဲကုန်တာပေါ့။တကယ်တော့ ဖူးခက်စူပါချိကုန်တိုက်ကြီးက ဆန္ဒပြပွဲဟာလည်း ဒီကိစ္စတွေရဲ့ နောက်ဆက်တွဲပါပဲ။ဗမာသံရုံးဟာ ပတ်စပို့ကိစ္စလို ငွေဝင်မဲ့အပေါက်ကိုသာ အာရုံစိုက်ကြတာကလား။ရွေ့ပြောင်းအလုပ်သမားတွေရဲ့ အကြပ်အတည်းဒုက္ခကို ထိုင်းနိုင်ငံအစိုးရနဲ့ သူတင်ကိုယ်တင် အကြိတ်အနယ်အတိုက်အခံလုပ်တာ မရှိသလောက်ပဲ။ ဗမာသံရုံးက လုပ်သမျှ စားကောင်းသောက်ကောင်း လူကြားကောင်းရုံ မင်းတိုင်းကြေပါပဲ”
“ဒါနဲ့ ခင်ဗျားက စူပါချိဆန္ဒပြပွဲအတွက် ကိုယ်တိုင်ဇယားဝင်ချခဲ့တာလားကိုသက်ခိုင်”

“ကျားသားမိုးကြိုး။ ကျနော်လိုလူလည်က ဘယ်လိုမှနိုင်ချေမရှိတဲ့ ဒီပွဲမျိုးကို ဇယားချရဲပါ့မလား။ဒါပေမဲ့ ကျနော့်ထက်သတ္တိကောင်းတဲ့ လူငယ်လေးတစ်ယောက်ကဖြင့် ဒီပွဲကို ဇယားချရဲခဲ့တယ်ဗျာ”

“ဘယ်သူတုန်းဗျ။အခုအဲဒီကလေးက ဖူးခက်မှာရှိနေသေးသလား”
ကိုသက်ခိုင်လိုလူမျိုးက သူ့ထက်သတ္တိကောင်းသူဟုညွှန်းသဖြင့် ၎င်းလူငယ်ကို ကျနော်အတော်စိတ်ဝင်စားသွားသည်။ ထို့ကြောင့် ကိုသက်ခိုင်၏ ဇာတ်လမ်းကို ကျနော်အသာငြိမ်၍နားစိုက်နေလိုက်သည်။

“အဲဒီလူငယ်က ပိုင်ပိုင်လို့ခေါ်တဲ့ ဘိတ်သားလေးဗျ။သူ့အသက်ဟာ ရှိလှ(၂၂)နှစ်ပေါ့ဗျာ။ကျနော်မှတ်မိသလောက် အဲဒီဖြစ်ရပ်ဟာ (၂၀၁၂)ခုနှစ်၊နှစ်ဆန်းပိုင်းမှာ ဖြစ်ခဲ့တာပဲ။တစ်နေ့သား ကျနော်နိုင်ထောင်အိမ်မှာ ရှိနေတုန်း ဖုန်းတစ်လုံးဝင်လာပြီး … “ဆရာ၊ ကျနော်ထွန်းမင်းနိုင်ပါ။ကျနော်တို့အဖွဲ့ဆရာနဲ့တိုင်ပင်စရာရှိလို့ ဘယ်လိုလာတွေ့ရမလဲ”တဲ့။အေးဗျာ။သူကသာ ကျနော့်ကို ဆရာခေါ်ပြီး တွေ့ခွင့်တောင်းနေပေမဲ့ ဒီနာမည်ကို ကျနော်မရင်းနှီးပါဘူး။အဲဒီအချိန်က ကျနော်လည်း အလုပ်ပါးနေချိန်မို့ သူတို့လာတာထက် ကျနော်သွားလိုက်တာက ပိုပြီး သဘာဝကျမယ်လို့ယူဆတာကြောင့် တစ်နေရာမှာဆုံဖို့ချိန်းလိုက်တော့ စူပါချိနောက်ဖက်က အအေးဆိုင်တစ်ဆိုင်ကို ချိန်းတာနဲ့ ကျနော်လည်း ကိုယ့်ကားကိုယ်မောင်းပြီး ထွက်လာလိုက်တယ်။တကယ်တမ်းလူချင်းဆုံမိကြတော့ ကျနော်ကိုစောင့်နေကြတဲ့သူ စုစုပေါင်း ရှစ်ယောက်လောက်ရှိလေရဲ့။သူတို့အားလုံး စူပါချိကုန်တိုက်က အလုပ်သမားတွေချည်းပါပဲ။

စကားစပ်လို့စူပါချိအကြောင်းပြောရအုံးမယ်။စူပါချိကုန်တိုက်ပိုင်ရှင်အဘိုးကြီးဟာ ထိုင်းတရုပ်လူမျိုးဗျ။သူနဲ့ကျနော်ဆုံဖူးတယ်။သူ့အသက် က၊ခုနစ်ဆယ်ကျော်ရော့မယ်။ဒီဘိုးတော်ကတော့ အလုပ်နဲ့ပတ်သက်လို့ အတော်အောက်သက်ကြေတယ်ဆိုရမယ်။စူပါချိလို နံနံပင် ကနေ မော်တော်ကားအထိရနိုင်တဲ့ ဧရာမကုန်စုံဆိုင်ကြီးမှာ သူ့ကို ကျနော်ဆုံတော့ သူဟာဂေါ်ဖီထုပ်တစ်ထုပ်ကို အခွံနွာနေ လေရဲ့။ ကျနော်လေ့ လာမိသလောက် သူ့ရဲ့ဈေးရောင်းနည်းသေနင်္ဂဗျူဟာကတော့ ပစ္စည်းအစုံကို တစ်နေရာတည်းမှာ လိုသလောက်ရ စေရမယ်။အမြတ်နည်းနည်းနဲ့ ပစ္စည်းများများရောင်းထုတ်ဆိုတဲ့ နည်းလမ်းပါပဲ။သူဘယ်လောက်အောင်မြင်ခဲ့သလဲဆိုရင် အခုအချိန်မှာ ၊ဆဲဗင်းအလဲဗင်း၊(Tesco Lotus)၊(BigC)လို ထိပ်ထိပ်ကြဲနာမည်ရလက်လီဆိုင်တွေနဲ့အပြိုင် (၂၄)နာရီဖွင့်တဲ့ စူပါချိလက်လီ၊ လက္ကား ဆိုင်တွေဖူးခက်မြို့အနှံ့ဖွင့်လာနိုင်တာကိုသာကြည့်ပေတော့။အခုတော့ အဲဒီအဘိုးကြီးဟာ ဆိုင်အလုပ်ကိုသူ့သားဆရာဝန် လက်ထဲကို အပ်ထားခဲ့ပြီ ဆိုပါတော့။

စူပါချိမှာ ထိုင်းဗမာအလုပ်သမားစုစုပေါင်းခြောက်ထောင်ဝန်းကျင်လောက်ရှိရာမှာ ဗမာအလုပ်သမားက သုံးထောင်ကျော်ရှိနိုင်တယ်ဗျ။ ခင်ဗျားသိတဲ့အတိုင်းထိုင်းအလုပ်သမားတော်တော်များဟာ လက်ကြောမတင်းကြတဲ့အပြင် အလုပ်သမားအခွင့်အရေးမှန်သမျှ ဆီလို အပေါက်ရှာတောင်းနေကြတာကြောင့် ထိုင်းအလုပ်ရှင်တွေက မကြိုက်ကြဘူး။ထိုင်းအလုပ်သမားကို ထိုင်းအလုပ်ရှင်က ထင်တိုင်းကြဲလို့ မရဘူး။ဗမာအလုပ်သမားတွေကိုတော့ ဟိုဒင်းခွေးနိုင်သလို လုပ်နိုင်ကြတာမို့ ကြာလာတော့ ထိုင်းနဲ့ဗမာအလုပ်သမားကြားမှာ ကွာဟချက် များလာတာကို ဗမာတွေက ထင်ထင်ရှားရှားသိလာတယ်။ဒီမှာတင် ဆန္ဒပြဖို့လူစုကြရောပေါ့ဗျာ။

ကျနော်နဲ့ဆုံကြတော့ သူတို့ဟာ စူပါချိအလုပ်သမားတွေကို အဆင်သင့်ညှိနိုင်းစည်းရုံးထားနိုင်ခဲ့ပါပြီ။ ကျနော့်ကိုခေါ်တဲ့အကြောင်း ရင်းကတော့ ဒီဆန္ဒပြပွဲကို ဘယ်လိုအကြံဥာဏ်၊အကူအညီပေးနိုင်မလဲ ဆိုတဲ့အချက်ပါပဲ။ဒီဆန္ဒပြပွဲကို ဘာကြောင့်လုပ်ရတယ်။ဘယ်လို စီမံထားတယ်ဆိုတာ ချက်နဲ့လက်နဲ့အသေးစိတ်ရှင်းပြနိုင်တာကတော့ ပိုင်ပိုင်ပဲဗျ။ပိုင်ပိုင်ဟာ တက္ကသိုလ်ပညာကို ဒုတိယနှစ်အထိ တက်ဖူးပေမဲ့ မိသားစုစားဝတ်နေရေးကြောင့် ဖူးခက်ကိုရောက်လာတယ်လို့ဆိုတယ်။သူ့ကိုအကဲခတ်ရတာ စာလည်းအတော်ဖတ်ပုံရ တယ်။သူကိုးကားတဲ့အချက်တွေ၊သူထောက်ပြတဲ့အချက်တွေဟာ စူပါချိအလုပ်ရှင်အနေနဲ့ထိုင်းနဲ့ဗမာအလုပ်သမားတွေကြားမှာ ခွဲခြား ဆက်ဆံမှုရှိနေတယ်ဆိုတာ ထင်ရှားတယ်။

ဖူးခက်လူမှုရေးအသင်းမှာ အဓိကနေရာက တာဝန်ယူခဲ့ဖူးတဲ့ ကျနော်ဟာ ထိုင်းအလုပ်ရှင်တွေကို ဆန္ဒပြတဲ့နည်းနဲ့ ရင်ဆိုင်ဖို့ အကြိမ်ကြိမ်၊ နည်းလမ်းမျိုးစုံ ကြံဆခဲ့ဖူးပါတယ်။ဒါပေမဲ့ ကာလဒေသဟာ ကျနော်တို့ဖက်မှာမရှိပါဘူး။နယ်မြေမပိုင် စစ်မနိုင်ဘူး ဆိုတဲ့စကားရှိတယ် မဟုတ်လား။ သံခြေကျဉ်းတွေနဲ့ကျွန်ဘဝကိုတော်လှန်ခဲ့တဲ့ ရောမကျွန်သူရဲကောင်း စပါတာကတ်တို့ ခေတ်ကို သတိရစရာကောင်းပါတယ်ဗျာ။ကျနော်ဟာ အချိန်အတော်ကြာငေးငိုင်နေပြီးမှ စကားတစ်ခွန်း  ပြန်ပြောဖြစ်ခဲ့ပါတယ်။”နောက်ဆက်တွဲ တုန့်ပြန်မှုရလာဒ်ကို မင်းတို့ကြိုတင် တွက်ချက်ပြီးပြီလား”ဆိုတဲ့မေးခွန်းပေါ့။ဒီမှာတင် “ပိုင်ပိုင်”ချက်ချင်းဖြေလိုက်တာကတော့ “ကျနော့်အသက်သေမယ်ဆိုရင်တောင် စွန့်လွှတ်ဖို့ အဆင်သင့်ပါပဲ”တဲ့ဗျာ။ကျနော်ဘာဆက်ပြောစရာ ကျန်တော့မှာလဲ။တိုတိုပြောရရင် ကျနော်ဟာ ဒီသတင်းကို သတင်းဌာနတွေသိအောင် အတတ်နိုင်ဆုံး ကြိုးစားတာဝန်ယူပေးပါ့မယ်လို့ ကတိပေးပြီး နောက်နှစ်ရက်အကြာ နံနက်ငါးနာရီလောက်မှာတော့ စူပါချိဗမာအလုပ် သမားသုံးထောင်နီးပါးဟာ သူတို့ရဲ့ အလုပ်သမားတန်းလျားတွေရှေ့မှာ ထိုင်သပိတ် ဆင်နွဲပြီး ဆန္ဒပြပွဲကို စတင်လိုက်ပါတော့တယ်။

အဲဒီသပိတ်ကြောင့်ဖူးခက်မှာရှိတဲ့ စူပါချိပင်မကုန်တိုက်ကြီးအပါအဝင် ဆိုင်ခွဲတော် တော်များ ပိတ်လိုက်ရတယ်။သပိတ်တိုက်ပွဲစလို့ တစ်နာရီမပြည့်ခင်မှာပဲ အလုပ်ရှင်ရဲ့ထိုင်းအလုပ်သမားမန်နေဂျာတွေ ရောက်ချလာပြီး ခပ်မာမာခပ်တင်းတင်း လေသံနဲ့သွေးတိုးစမ်းကြပေမဲ့ ဟန်ပုံမပေါ်တာကြောင့် မကြာခင် သူဌေးကိုယ်တိုင် ပေါက်ချလာတယ်။ အဲဒီ သူဌေးနဲ့ ပိုင်ပိုင်တို့အဖွဲ့တစ်နာရီကျော်ဆွေးနွေးပြီး တဲ့အခါမှာတော့ အလုပ်သမားတွေဖက်က အောင်ပွဲခံနိုင်ခဲ့ပြီဆိုတဲ့သတင်းကို ပိုင်ပိုင် ကိုယ်တိုင်ကျနော့်ဆီ ပို့လာခဲ့လေရဲ့။ဒါပေမဲ့ ဒီကိစ္စဟာဘယ်နည်းနဲ့မှနောက်ကြောင်းမအေးနိုင်ဘူးဆိုတာ ရိပ်မိနေတဲ့ကျနော့်အတွက် တော့ ဝမ်းမသာနိုင်ပါဘူး။

ကျနော်ဟာ စူပါချိဗမာအလုပ်သမားတွေဆန္ဒပြမဲ့သတင်းကို ဖူးခက်ဂေဇက်သတင်းစာနဲ့ဆက်သွယ်ပြီး သတင်းယူပေးဖို့ လေးဆယ့်ရှစ် နာရီ ဆက်တိုက်ကြိုးပမ်းခဲ့ပေမဲ့ ဒီအဖြစ်မျိုး တစ်ခါမှ မကြားဖူး၊မကြုံဖူးလေရော့သလား၊အကြောင်းတစ်ခုခုရှိလေရော့သလား မဆိုနိုင် ဘူးဗျာ။အကြိမ်ကြိမ်ဆက်သွယ်ပေမဲ့ စိတ်ဝင်စားဟန်မပြပါဘူး။ဒီတော့ ကျနော်ချိတ်ဆက်ပေးနိုင်ခဲ့တာက ဘန်ကောက်က အလုပ်သမား အရေးဆောင်ရွက်နေတဲ့ ကိုကျော်သောင်း(ရွှေလုပ်သားသတင်းစာ)နဲ့ အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့ မနီလာ(ရတနာပုံသတင်းစာ) တို့လောက်ပါပဲ။ဒီကိစ္စကိုကျနော်အသေးစိတ်သိနေတာကတော့ စူပါချိဆန္ဒပြပွဲကနေပို့ပေးနေတဲ့ ဗီဒီယိုဖိုင်တွေကြောင့်ပါပဲ။
ကျနော်ကြိုတင်တွက်ဆထားတဲ့အတိုင်း ဆန္ဒပြပွဲအပြီးတစ်လကျော်အကြာမှာတော့ ပိုင်ပိုင်ဟာ စူပါချိကုန်တိုက်ကိုအသွား လမ်းခုလပ် မှာ ထိုင်းရဲကားတစ်စီးပေါ် တင်သွားခံရတော့တာပါပဲ။အဲဒီကားပေါ်မှာ ထိုင်းရဲယူနီဖောင်းနဲ့နှစ်ယောက်၊အရပ်ဝတ်နဲ့တစ်ယောက် စုစုပေါင်း သုံးယောက်ပါသတဲ့။

ပိုင်ပိုင်မှာပါသမျှငွေကြေး၊ပါ့စပို့၊ဝါ့ပါမစ်တွေသိမ်းပြီးလက်ထိပ်ခတ်တယ်။နောက်တော့ လှေပေါ်မှာလိုက်ပြီး အလုပ် လုပ်မလား။အသေခံမလား ဆိုတဲ့လမ်းနှစ်သွယ်ထဲက တလမ်းလမ်းကိုရွေးခိုင်းပါတော့တယ်။နှစ်ရက်အကြာမှာတော့ကံကြီးလှတဲ့ ပိုင်ပိုင်ဟာ ဖူးခက်ကော့စီလေအရပ်က လူပွဲစားဗမာအမျိုးသမီးကြီးတစ်ယောက်ရဲ့အကူအညီနဲ့ အဲဒီထိုင်းရဲတွေလက်ထဲကနေ လွတ်မြောက်လာခဲ့ပြီး ဖူးခက်မှာ ဘယ်လိုမှနေလို့မရတော့ပဲ ရနောင်းဖက်ကို ပြန်သွားခဲ့ရသတဲ့ဗျာ။ရနောင်းကနေ ပိုင်ပိုင်ကိုယ်တိုင် ကျနော့်ဆီ လှမ်းရေးခဲ့တဲ့ သူလက်ရေးစာလေးတစ်စောင်တောင် ကျနော့်လက်ထဲမှာ ခုချိန်ထိရှိနေသေးလေရဲ့။ဘန်ကောက်ဗမာသံရုံး ကတော့ ဒီကိစ္စကို သိဟန်ကြားဟန်မတူပါဘူး။သိလည်း ဘာမှလုပ်ပေးလိမ့်မယ်မထင်မိပါဘူးဗျာ”

“အော်၊မသေကောင်းမပျောက်ကောင်းဗျာ။ ဒီလိုအဖြစ်မျိုးတွေ ဆက်ပြီးမဖြစ်အောင် ဘန်ကောက်ဗမာသံရုံးမှာ ထိုင်းရောက်ဗမာအလုပ် သမားတွေရဲ့ဘဝကို စာနာနားလည်နိုင်တဲ့ သံအမတ်ကြီးတစ်ယောက်တစ်လေရောက်လာခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲဗျာ”
 “သံအမတ်ကြီးပြောင်းလဲရုံနဲ့ အဆင်ပြေသွားမဲ့ကိစ္စမဟုတ်ပါဘူးကိုမင်းဒင်။ တကယ်လို့များ သံအမတ်ကြီးတွေထဲမှာ ထူးချွန်ပြောင် မြောက်စွာ ဗမာအလုပ်သမားတွေဘက်က ရပ်တည်ချင်သူပေါ်လာရင်လည်း၊အဲဒီသံအမတ်ကြီးဟာ မကြာခင်ပြုတ်မှာပါပဲ။ လက်ရှိ အခြေအနေမှာ သူမလုပ်သာပါဘူး။မလုပ်နိုင်ပါဘူး။ ဒီအဖြစ်ဆိုးတွေရဲ့ မြစ်ဖျားခံရာအရပ်ဟာ စစ်ဝါဒစံနစ်ဆိုးကြီးပေါ့ဗျာ။ ခေတ်ဆိုး စံနစ်ဆိုးကြီးကို အမြစ်ပြုတ်အောင် မတွန်းလှန်နိုင်သရွေ့ ကျွန်သံသရာလှိုင်းတံပိုးကြားမှာ ဗမာအလုပ်သမားတွေ ပက်လက်ရော မှောက်ခုံပါဆက်မျောနေကြအုံးမှာပါပဲ”

သူ့စကားရှည်ကြီးအဆုံးတွင် ညည်းသံစွက်နေသော ကျနော့်တောင့်တချက်အပေါ်ကိုသက်ခိုင်တစ်ယောက် ခေါင်းကိုခပ်ဖြေးဖြေး ယမ်း ရင်း အထက်ပါအတိုင်းလေးလေးနက်နက်တုန့်ပြန်မှတ်ချက်ဆိုနေချိန်တွင်တိုက်တိုက်ဆိုင်ဆိုင်၊ဂျိုးတစ်ယောက်အခန်းတွင်းသို့ပြန် လည်ဝင်ရောက်လာရင်း ကျနော့်ထံ  “ဘာတွေပြောနေကြတာလဲ” ဟူသောအဓိပ္ပါယ် မျက်နှာရိပ်မျက်နှာ ကဲပြလိုက် သည်ကို ကျနော်မြင် ရသည်။အပြင်တွင်မိုးအုံ့နေ၏။

↧

ဆြာဒင်နှင့်(၂၀၁၅)ရွှေပင်ဖလားဘောလုံးပွဲ။

$
0
0

ယနေ့ထုတ်ဆဲဗင်းဒေးအပတ်စဉ်ဂျာနယ်။

ဆြာဒင်နှင့်(၂၀၁၅)ရွှေပင်ဖလားဘောလုံးပွဲ။
(မင်းဒင်)

(တစ်)
“ရွှေပင်ရတယ်ခင်ဗျ၊ရွှေပင်ဆွဲလာတယ်၊အဲ..၊ရွှေပင်ဖျက်ထုတ်တယ်၊ ရွှေပင်ဆီပြန်ပါသွားပြန်ပြီခင်ဗျ၊ ရွှေပင်နဲ့ရွှေပင်တွေ့
တယ်၊ရွှေပင်ခြေထဲပါသွားပြီခင်ဗျာ၊ဆွဲတယ် ဆွဲတယ်၊လိမ်တယ်၊ခေါက်တယ်၊တစ်ယောက်လိမ်၊နှစ်ယောက်လိမ်၊ဆက်တိုက် လိမ်တယ်၊ရွှေပင်ပဲခင်ဗျ။ရွှေပင်ဝင်တာကြမ်းတယ်ခင်ဗျာ၊ရွှေပင်ဒဏ်ရာရသွားပါတယ်၊အခုပွဲစလို့ ငါးမိနစ်အကြာမှာတော့ ရွှေပင်နဲ့ရွှေပင်ဟာ စုစုပေါင်းဂိုး လေးဆယ့်ငါးဂိုးနဲ့ ဆက်လက်ယှဉ်ပြိုင်နေကြပါတယ်ခင်ဗျ”

အထက်ပါထူးခြားလှသော ဆြာဒင်၏ဘောလုံးပွဲတိုက်ရိုက်ကြေညာနေသံသည် ရွှေပင်တရွာလုံးကိုသာမက ရွာနီးချုပ်စပ် သို့တိုင်ဖြန့်ကျက်ဖုံးလွှမ်းလျက်ရှိ၏။
နေညိုချိန်ဆိုလင့်ကစား ကောင်းကင်ယံတွင်မြူတိမ်ဟူ၍ ကြက်မတဝပ်စာမျှပင်မရှိလေရာ၊ကန္တာရဖုန်းဆိုမြေနှင့် ပမာ တင်စားအပ်သည့်ရွှေပင်ရွာတဝိုက်တွင်မူ မာန်မလျော့သော“ကျနေ”ကြောင့်ခြစ်ခြစ်တောက် ပူပြင်းနေဆဲဖြစ်လေ၏။ ရွာ့အ နောက်တံခါးနှင့် တခေါ်သာသာအကွာအဝေးရှိ ယာခင်းပြင်ကြီးထဲတွင် ရွှေပင်သူရွှေပင်သား ဘောလုံးဝါသနာအိုးတို့သာ မက အနီးဝန်းကျင်ရှိ ရွာလေးနှင့်ညောင်ကျပ်ပင်စသော ရွာတို့မှ ဝါသနာရှင်တို့ပါ၊ တခဲနက်အင်အားဖြည့်ပါဝင် ဆင်နွှဲ လျက်ရှိရာ ကြက်ပျံမကျ အထူးစည်ကားသိုက်မြိုက်လျက်ရှိသည်မှာ အထွေအထူးစာဖွဲ့ရန်လိုမည်မထင်ချေ။

ဆြာဒင့်ဘေးတွင်ခပ်ငူငူရပ်လျက်ရှိလေသော တပည့်ကျော်ဖေကြည်၊လေမင်းသားနှင့်ကပ္ပလီတို့ကား ဆြာဒင့်ကြေညာသံကို စိတ်မသက်မသာဖြင့် နားထောင်နေကြရသော်ငြား နားကြားပြင်းကပ်နေကြသည့်အမူအယာကား သင်းရို့မျက်နှာတွင် ထင်ရှားစွာဖော်ပြလျက်ရှိလေ၏။ကြာရှည်အောင့်အည်းသည်းခံနိုင်စွမ်းမရှိရှာသည့်ဖေကြည့်ထံမှခပ်ညည်းညည်းအသံထွက် လာသည်။

“ဆြာဒင့်ဘောလုံးပွဲကြီးက ဘယ်လိုဟာကြီးတုန်းဗျ၊နှစ်ဖက်အသင်းရယ်လို့မယ်မယ်ရရမရှိ၊ဝင်ကစားနေတဲ့သူတွေကလည်း တကွင်းလုံးအပြည့်၊စိတ်ပျက်စရာကောင်းချက်၊ရွှေပင်တွေချည်းအပ်ကြောင်းထပ်ကုန်ပြီ၊ဂိုးအရေအတွက်လည်း သေချာ တာလီမှတ် ထားအုံးဆြာဒင်”
ဤသို့လျှင် အေးအတူပူအမျှဥမကွဲသိုက်မပျက်ကာလရှည်ကြာနေလာခဲ့လေသည့် ဆြာနှင့်တပည့်အကြားမှာပင် နားလည်ရခက်လှသော ဘောလုံးပွဲကြီး စတင်ဖြစ်ပေါ်လာပုံ၏နောက်ကြောင်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ချေ သည်တမုံ့။ ။

(နှစ်)
ယိုးဒယားပြည်ဖူးခက်မည်ရမြို့နဂရတွင် ဆယ်နှစ်ဆယ်မိုးခိုအောင်းနေခဲ့ရာမှ ပွင့်လင်းမြင်သာသောဒီမိုကရေစီ ခေတ်ဦးဆီ သို့ရောက်နေချိန်ကာလသမယ၌ ဆြာဒင့်နှင့်တပည့်ကျော်သုံးဦးသားတို့ နေပြည်တော်၊ရန်ကုန်အစရှိသည့်မြို့ကြီးများသို့ ခြေဦးနှင့်ဒူးတည့်ရာ ခြေသလုံးအိမ်တိုင်ဘဝဖြင့် ခရီးလှည့်လည်နေကြရာမှသည် မြန်မာမင်းတို့၏ထီးနန်းစိုက်ရာ ရတနာပုံ ရွှေမြို့တော်သို့အရောက် ဒေါသထွက်နေသောလူအုပ်ကြီးကိုအကြောင်းပြု၍ကာဖျူးအမိန့်နှင့် တည့်တည့်ကြီးတိုးလေသဖြင့် ကြံရာမရသည့်အဆုံး ရွှေပင်ရွာသို့ တပ်ခေါက်ကြရန်တပည့်ကျော်တို့အားတိုင်ပင်ခဲ့ရချေ၏။

“တပည့်တို့၊အေးချမ်းသာယာသောနိုင်ငံတော်ကြီးပင်ဖြစ်လင့်ကစား ဒေါသထွက်နေတဲ့လူအုပ်ကြီးနဲ့ဖြင့် ဝါဝါမြင်ရိုက်ချင်၊ မဲမဲမြင်ဆော်ချင်နေပြီမို့ ဆြာဒင်ကဲ့သို့ ဥပဓိခန့်ငြားရှေးဗမာအညာသားလည်း အန္တရာယ်မကင်း၊အညိုလွန်လေသည့် အသား မဲကပ္ပလီလည်း ဘေးဥပါဒ်ကျရောက်ပေတော့မည်၊ရခဲလှတဲ့လူဘဝမှာ ဆွမ်းခံရင်းငှက်မသင့်ရလေအောင် အနှီဘယာဘေး တွေနဲ့ဝေးရာ ရွှေပင်ရွာဆီသာ ပြေးကြစို့ရဲ့”
 “အသက်ကိုဖက်နဲ့ထုပ်ပြီး လမ်းဘေးပလက်ဖောင်းမှာအိပ်ရတာနဲ့စာရင်ရွှေပင်က၊သာပါတယ်ဆြာဒင်ရာ”
“စားတော့အဝစားဆိုင်၊သောက်တော့ရေအိုးစင်မဟုတ်တော့ဘူးပေါ့ဆြာ၊ဝမ်းဖိုးဖိုးနဲ့အဆွဲခံရမှ ဟုတ်ပေ့ဖြစ်နေမယ်”

“အင်း၊ကမ္ဘာ့ဖလားနဲ့တော့ဝေးပါပြီ၊ဆြာဒင်ကောင်းသလိုသာစီမံပါတော့။မက်ဆီနဲ့ဗွန်ပီးယားစ်ကိုတော့ အလွမ်းသား”
ဤတွင် တပည့်ကျော်ကပ္ပလီ၏နှုတ်မှ အမှတ်မထင်ညည်းတွားလိုက်သည့် ကမ္ဘာ့ဖလားဘောလုံးအကြောင်းစကားသံသည် ဆြာဒင်၏စိတ်အာရုံကို လှုပ်နိုးလိုက်လေသကဲ့သို့ရှိလေရာ ထူးခြားသောအကြံအစည်တစ်ခုသည် ဆြာဒင့်ခေါင်းထဲသို့ လှစ် ကနဲပြိုးပြက်လျှပ်စီးလက်သကဲ့သိုဝင်ရောက်လာချေတော့သည်။

“ဟုတ်လိုက်လေ၊ငါ့တပည့်ရာ၊ဒီတခေါက်ရွှေပင်ရောက်တုန်း အမှတ်တရဖြစ်မဲ့ ဘောလုံးပွဲတစ်ပွဲတော့ လုပ်ဖြစ်အောင် လုပ် ခဲ့အုံးမှလဟ”
ဆြာ့အစွမ်းအစကို မှန်ကန်စွာအကဲမဖြတ်နိုင်ကြရှာလေသည့်တပည့်ကျော်တို့ကား “ငတို့ဆြာ၊ဘာအရူးထအုံးမှာပါလိမ့်”ဟူ သောမျက်နှာပေးကိုယ်စီဖြင့် ရှိကြသော်ငြား “မပြီးခင်ဗမာမမြင်စေနှင့်”ဟူသောဆိုရိုးနှင့်အညီ ဆြာပီပီခပ်မဆိတ်သာ နေ လိုက်ရင်း ဆြာဒင့်စိတ်တွင်မူ “ရွှေပင်အားကစားကမ္ဘာကို လွှမ်းစေအံ့”ဟု အံကိုကြိတ်ကာ တိတ်တဆိတ်သံဓိဌာန်ချ လိုက်ရ လေ၏။

(သုံး)
ရွှေပင်ရွာအရေးတွင် တောကျောင်းဘုန်းကြီး၏အဆုံးအဖြတ်သည်လွန်စွာအရေးပါလှသည်ဖြစ်ရာ ဘောလုံးပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ခရီးရောက်မဆိုက်ပင် တော ကျောင်း၊ကျောင်းထိုင်ဘုန်းတော်ကြီးသို့ ဆြာဒင်ကိုယ်တိုင် လျှောက်ထားရှင်းလင်းရ၏။
“ဒကာ့ဘောပွဲကတော့ ဟုတ်ပါပြီ။ဘာအတွက်လုပ်ရတာတုန်းဒကာ”
“တင်ပါ့၊ရွှေပင်တရွာလုံးကျန်းမာကြံ့ခိုင်ရေးနဲ့ စည်းလုံးညီညွတ်ရေးပါဘုရား”
“အိမ်း၊အာရောဂျံပရမံလာဘံ ဆိုသကိုး၊ဘောပွဲနာမည်ကကော ဘာတဲ့တုန်းဒကာ”
“ခေတ်ရှေ့ပြေးတဲ့အနေနဲ့ (၂၀၁၅)ရွှေပင်ဖလားလို့အမည်ပေးထားပါတယ်ဘုရာ့”

“ဒါလည်းကောင်းသဟဒကာ။ဒါနဲ့ ဘယ်အသင်းတွေကန်ကြမှာတုန်း”
“ရွှေပင်ရွာတောင်ပိုင်းနဲ့မြောက်ပိုင်းနှစ်သင်းခွဲကန်ကြမှာပါဘုရာ့”
“ဟ၊ဒါတော့မဟုတ်သေးဘူးနဲ့တူတယ်ဒကာဒင်၊ရွှေပင်ဟာနဂိုကမှ ကိုးရီးယားလိုတောင်မြောက်နှစ်ခြမ်းကွဲနေတာ ဘောပွဲ လုပ်ကာမှ လေးခြမ်းကွဲသွားပါအုံးမယ်”
“တင်ပါ့။သည်လိုဆိုရင်ဖြင့် ရွှေပင်ကို အနီနဲ့အစိမ်းနှစ်သင်းခွဲပြီး ကန်ကြမယ်ဆိုရင်ကောဘုရား”
“ဘာထူးမှာတုန်းဒကာရယ်။ရွာတောင်ပိုင်းမြောက်ပိုင်းက အနီနဲ့အစိမ်းအသင်းတွေမှာ ခွဲပြီးနေရာယူလိုက်ကြမှ ကိုယ်ကျိုး နည်းကုန်မယ်။မထူးပါဘူးဒကာ၊ရွှေပင်စည်းလုံးညီညွတ်ရေးဆိုမှတော့ ဘောပွဲမှာ ရွှေပင်တစ်သင်းထဲ ကန်ခိုင်းလိုက်တာ အကောင်းဆုံးပါပဲ။ဘယ်လိုကန်ကန် ရွှေပင်နိုင်ဖို့သာအဓိက”

“ဒီလိုရှိပါတယ်အရှင်ဘုရား၊ဘောလုံးဆိုတာ အနည်းဆုံးနှစ်သင်းတော့ ရှိ ၊ရှိ …”
“ဘုန်းကြီးသိပါတယ်ဒကာရယ်၊ရွေးကောက်ပွဲမှာတောင် ပီအာစံနစ်ဆိုတာရှိသေးတာပဲ။ပီအာဘောလုံးပွဲပေါ့၊ဒကာဒင် လုပ် ရင် ဖြစ်ပါတယ်”
ငယ်ကြောက်ဆရာတော်မို့ ဆက်မလျှောက်ရဲလေသည့် ဆြာဒင်သည် တောကျောင်းမှအထွက် သူကြီးအိမ်သို့ခရီးဆက်ကာ တိုင်ပင်နှီးနှောသမှုပြုရပြန်ချေသည်။ရွှေပင်သူကြီးဘထွေးတော် ဦးချစ်ခိုင်ကား သာမန်အချိန်တွင် ဆြာဒင်နှင့် လက်ရည် တစ်ပြင်တည်းရှိသော်ငြား ယခုကဲ့သို့ ပွဲကြီးလမ်းကြီးကိစ္စတွင်မူ အိမ်ဦးခန်းတွင် တင်ပလ္လင်အမြိန့်သားခွေလျက် ကွမ်းတံ တွေးတပျစ်ပျစ်၊တည်တည်ခန့်ခန့်၊ကြီးစွာသောဣနြေ္ဒဖြင့် တိုင်ပင်မှုကို နားတော်ညောင်းလေ၏။

“သူကြီးအနေနဲ့ ဘောလုံးပွဲဖြစ်မြောက်ရေးနာယကကြီးပေါ့ဗျာ။ရပ်မိရပ်ဖလည်းဖြစ်၊ တယောက်အားဖြင့်ယူသော်မရဆိုတဲ့ စကားလည်းရှိမဟုတ်လားသူကြီးရာ”
“ရွှေပင်ဖလားဘောပွဲဆိုတော့ သဘောတော့အကျသားဆြာဒင်ရဲ့။နို့ပေသည့် ဘယ်သူတွေဝင်ကန်နိုင်သတုန်းဆိုတာလည်း ရှင်းအုံးလေ”
“ဟာ၊သူကြီးနှယ်ဘောလုံးပွဲဆိုမှတော့ အသက်ဆယ့်ခြောက်နှစ်အထက် ရွှေပင်သားမှန်ရင်ဝင်ကန်နိုင်တယ်လေ၊ရွှေပင်မှာ ဘောနှစ်သင်းစာထက် မပိုပါဘူး”

“ဒါပေမဲ့ ဒီလိုရှိတယ်မောင်ဒင်ရ၊အားကစားဆိုတာအသက်အရွယ်နဲ့မဆိုင်လှဘူး။ကျုပ်သဘောတော့ ခြောက်ဆယ့်သုံးနှစ် လောက်အထိ ဝင်ကန်ခိုင်းသင့်တယ်ထင်တာပဲ”
“ဒါက ဒီလိုရှိပါတယ်သူကြီးရာ၊ရွှေပင်ခြေတက်ကလေးတွေကို မြေတောင်မြှောက်ပေးခြင်းဖြင့် အနာဂတ်ဘောလုံးလောက မှာရွှေပင်ရဲ့ရွှေခေတ် ၊ခေတ် ခေတ်…”
ဆြာဒင်၏စကားကား ဆုံးခန်းမတိုင်ရှာချေ။ရွှေပင်သူကြီးသည် မျက်မှောင်ကြီးကျုံ့လျက် “ဒီရွာမှာငါသူကြီး၊ကိုရင့်ကို တူရင်း သားရင်းမို့ ဒီလောက်လက်ခံစကားပြောနေတာ”ဟူသော တချက်လွှတ်အာဏာဖြင့် ဆြာဒင့်ကို မျက်နှာလွှဲတော်မူပြန်၏။

(လေး)
ဤသို့ဖြင့် ရွှေပင်ဖလားဘောလုံးပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ရွှေပင်လက်ရှိအာဏာရလူကြီးမင်း၊ စာရင်းဝင်များ ဖြစ်ကြကုန်သည့် ဆယ်အိမ်ခေါင်း၊ကာလသားခေါင်း၊ရွာဆော်အစရှိသည့် သူမတူအောင်ဥာဏ်အမျှော် အမြင်ကြီးမားကြလေသည့် လူကြီးမင်းအသီးသီးနှင့်တင်ပြတိုင်ပင်ပြီးစီးချိန်တွင်ကား ရွှေပင်ဖလားဘောလုံးပွဲအထူး စည်းကမ်းချက်များ ပေါ်ထွက်လာခဲ့လေရာ အကျဉ်းမျှဖော်ပြရလျှင် ဤသို့ဖြစ်၏။

(၂၀၁၅)ရွှေပင်ဖလားဘောလုံးပွဲကြီးကို တပွဲတည်းသာကျင်းပမည်။ရွှေပင်ဖွားမှန်သမျှ ကျားမ၊မဟူ အသက်အရွယ်မရွေး၊ လူဦးရေအကန့်အသတ်မရှိ ဝင်ရောက်ယှဉ်ပြိုင်နိုင်၏။ဂိုးတိုင်နှစ်ခုရှိသော်ငြား နီးရာဂိုးတိုင် ကြိုက်ရာဂိုးတိုင်တွင်းသို့ ကန် သွင်းနိုင်သည်။မိမိတို့ကြိုက်နှစ်သက်ရာဝတ်စုံကိုဝတ်ဆင်နိုင်၏။မဝတ်လျှင်လည်းရ၏။ (မှတ်ချက်။ ။အမျိုးသမီးများကျော ပြောင်နှင့်မဖြစ်စေရ)။ အင်အားကြီးသူအနိုင်ယူစတမ်းဖြစ်၍ မည်သို့ပင်ကြမ်းကြမ်းတမ်းတမ်းကစားစေကာမူ ပြစ်ဒဏ် ဘောဟု မသတ်မှတ်စေရ။ ပွဲအစအဆုံးမိနစ်ကိုးဆယ်ဟု သတ်မှတ်သော်ငြား ပါဝင်ကစားသူများ၏ဆန္ဒအရ ကြိုက်သ လောက်အချိန် တိုးမြှင့်နိုင်သည်။ မည်သည့်ခိုက်ရန်ဖြစ်ပွားမှုမဆို၊သူကြီး၏ အဆုံးအဖြတ်သည်သာနောက်ဆုံး အတည် ဖြစ်၏။

စည်းကြပ်ဒိုင်မလိုအပ်သောအဆိုပါဘောလုံးပွဲ၏ကွင်းလယ်ဒိုင်အဖြစ် နိုင်ငံတစ်ကာအတွေ့အကြုံ ရင့်ကျက်သော ဆြာဒင်မှ တာဝန်ယူမည်ဖြစ်ပြီး ဘောကွင်းမှာ ကြီးမယ်သီ၏ယာခင်းဖြစ်သည်။အထူးသတိပြုရန်ကား ပြိုင်ပွဲ၏ နောက်ဆုံး ရလာဒ်သည် ရွှေပင်အနိုင်ဖြစ်စေရမည်။

ရွှေပင်သားတို့၏ အားကစားစိတ်ဓာတ်ကား ရာဇဝင်တွင် စာတင်လောက်အောင် အံ့မခန်း ကြီးကျယ်လှချေ၏။ ဒူလာ မီးယပ်စွဲကပ်နေသည့်ဂီလာနပုဂ္ဂိုလ်တို့မှတစ်ပါး၊ရွာရှိလူကုန် ဘောလုံးကွင်းတွင်းသို့ရောက်ရှိလာကြချေသည်။ခိုင်လုံသော သတင်းအရ အချို့သော ရွှေပင်သားတို့မှာ တစ်သက်နှင့်တစ်ကိုယ် ဘောလုံးကိုခြေနှင့်မထိဖူးကြလေသောကြောင့် မသေခင်ဘောလုံးကို ခြေနှင့် ထိခွင့်ရသွားရေးအတွက် အသက်ကိုပဓာနမထား၊စွန့်စွန့်စားစားဝင်ရောက်ကစားကြကုန်၏။
ထိုထိုသော အကြောင်းတို့ကြောင့် (၂၀၁၅)ရွှေပင်ဖလားပွဲကြီးမှာ ပွဲမစမှီကပင် ဘောပွဲနှင့်မတူ၊မဲမဲမြင်ရာ တွန်းထိုးကန် ကျောက်နေကြသည့် ရွာလုံးကျွတ်နပမ်းသတ်ပွဲကြီးနှင့်သာ တူပေတော့သည်။

(၅)
ကွင်းလယ်ဒိုင်ဆြာဒင်ကား ဘောလုံးပွဲကြီးနှင့်အတန်ငယ်အလှမ်းဝေးသည့် ခပ်ခွာခွာအရပ်မှ ကွင်းလယ်ဒိုင်အဖြစ်ရော၊ ဘောလုံးပွဲတိုက်ရိုက်ထုတ်လွှင့်သူအဖြစ်ပါ ပူးတွဲတာဝန်ယူလျက်ရှိနေ၏။
“ရွှေပင်က ရွှေပင်ကိုချတယ်ခင်ဗျ။ရွှေပင်က ရွှေပင်ကိုဖြတ်ရိုက်တယ်။ရွှေပင်က ရွှေပင်ကိုသွင်းတယ်၊အခုဆြာဒင်ကြေညာ နေချိန်မှာ စုစုပေါင်းဂိုး လေးရာ့နှစ်ဆယ်၊ကွင်းလည်က ထမ်းထုတ်သွားရတဲ့ ဒဏ်ရာရသူနှစ်ဒါဇင်ရှိပါပြီခင်ဗျာ။တကယ့်ကို ကြည့်ရခဲတဲ့ပွဲကြီးပွဲကောင်းပါပဲခင်ဗျာ၊ရွှေပင်အတွက်ကဖြင့် ဂုဏ်တက်စရာပဲခင်ဗျ”

အနှီသို့လျှင် ဤသို့လျှင် ဆြာဒင်တစ်ယောက်၊ရွှေပင်ဖလားဘောလုံးပွဲကြီးအတွက် နဖူးကချွေးခြေမကျအောင် အပန်း တကြီး ကျိုးပမ်းထမ်းဆောင်နေသော်ငြား အလိုက်ကန်းဆိုးမသိသော တပည့်ကျော်တို့၏ ဝေဖန်မှုမှမူ မလွတ်မြောက် နိုင်ချေ။
“ဆြာဒင်၊ဘာတွေလျှောက်အော်နေတာတုန်း၊ဘောလုံးက ဘယ်ပျောက်သွားမှန်းမသိ၊ရွှေပင်သားချင်းဆော်ကုန်ကြပြီ”

“ရဲခေါ်မှဖြစ်မယ်လေဆြာဒင်၊သူကြီးရောသူကြီးအမျိုးတွေပါ ကွင်းထဲဝင်ရိုက်ကုန်ကြပြီ”
“ဆြာဒင်ကြည့်ရှောင်နော်၊မြေကျစ်စာခဲတွေပလူပျံနေပြီ၊ပိုင်းတန်းရောခရိုးတွေပါဖျက်ပြီးဆော်ကုန်ကြပြီဆြာဒင်”
စင်စစ်သော်ကား အဆိုပါမြင်ကွင်းကို မျက်ဝါးထင်ထင်၊ဆြာဒင်မြင်ပါ၏။သို့တစေ ဤအဖြစ်အပျက်အမှန်ကို ဝန်းကျင်ရွာ တို့မှကြားလေသော် ရွှေပင်ရွာသားတို့ ဂုဏ်သိက္ခာညှိုးလေမည်ကို ပူပန်မိသဖြင့် ဆြာဒင်တစ်ယောက် သိသိကြီးနှင့်၊ အိုက်တင်ဖြင့် အသံ ကောင်းဟစ်နေခြင်းသာဖြစ်လေရာ တပည့်ကျော်တို့အား ရှင်းလင်းဖြေကြားရန် နောက်ဖက်သို့ လှည့်စဉ်တခဏ၌ ဒေါသထွက်နေသောလူအုပ်ကြီးဆီမှ “ဒိုင်ဆိုတဲ့ကောင်ကိုပါဆော်လဟ” ဟူသောညာသံ နှင့်မရှေးမနှောင်း၊ လေတွင်လွင့်ပျံလာသော သစ်သားထင်းပိုင်းတစ်စသည် ဆြာဒင့်နောက်စေ့ကို ဒိန်းကနဲနေအောင် တည့်တည့် မှန်လေ၏။

မိုက်ခနဲမူးဝေသည့်ဝေဒနာဆိုးနှင့်အတူ ဖုန်တောထဲသို စိုက်ကနဲထိုးကျသွားသော ခန္ဓာကိုယ်ကို သတိဖြင့်ထိန်းရင်း ရွှေပင် ဖလားဘောလုံးပွဲကြီးကျင်းပနေရာကွင်းပြင်ဆီသို့ ဆြာဒင်တစ်ယောက် အားယူလှမ်းကြည့်မိချိန်တွင်ကား ရွာလုံးကျွတ်ရိုက် ပွဲကြီးသည် တားဆီးသူမရှိ ထင်တိုင်းကြဲနေကြဆဲဖြစ်ပြီး မဝေးလှသောတမာပင်ထိပ်ဖျားရှိလော်စပီကာဆီမှ “တိုင်းပြည်နဲ့ လူမျိုးဂုဏ်ကို မြှင့်တင်ပေးခဲ့ပြီ၊ဗမာနိုင်ပြီ၊တို့ဗမာနိုင်ပြီ” ဟူသော နိုင်ငံ့ဂုဏ်ဆောင်သီချင်းသံသည် ကြယ်ရောင်လရောင်ပြိုး ပြက်နေသည့် ဆြာဒင့်ခေါင်းထဲက အမှောင်ကမ္ဘာထဲမှာပင်ဆက်လက်ကြားနေရဆဲဖြစ်လေသည်တကား။
↧

ဆြာဒင်၏မြန်မာ့ဘောလုံးရွှေခေတ်အလွမ်း

$
0
0

ယနေ့ထုတ် The Ladies Journal

ဆြာဒင်၏မြန်မာ့ဘောလုံးရွှေခေတ်အလွမ်း
(မင်းဒင်)

(၁)
အရပ်ရှစ်မျက်နှာတွင် ပြာရီရစ်ဝိုင်း၊ မှိုင်းလဲ့လဲ့ဆိုင်းနွဲ့နွဲ့ညိုမှောင်ကာ ဖြိုးဖြိုးလျလျစွေလှသောဝဿန်ကာလမိုးသမယ၌ အသူရာနှင့် သိကြားမင်း ဂျိုးဂျိမ့်သံမာန်တင်း၊စိတ်မကြေအနိုင်လုရင်းခင်းကြလေသည့် ကမ္ဘာဦးစစ်မီးသည် ဘရာဇီးနိုင်ငံတွင် ဘောလုံးပွဲအသွင် ဆောင်လျက်ကူးစက်ပျံ့နှံ့နေချိန်ဖြစ်လေသည်။ဆြာဒင်၏တပည့်ကျော်တသိုက်ကား ဤရက်ပိုင်းများအတွင်း သွား၊လာ၊နေ၊စားလေရာ တွင် ကမ္ဘာ့ဖလားဘောလုံးပွဲအပေါ်၌သာအာရုံကပ်ငြိလျက်ရှိကြလေရာ၊တီဗီဖန်သားပြင်ပေါ်က ကမ္ဘာ့ဖလားဘောလုံးပွဲကို ကြည့်ရှုနေတော်မူကြကုန်သော တပည့်အပေါင်းမှာ သူတို့ကိုယ်သူတို့ အဆိုပါပွဲကြီးဝှဲချီးကျင်းပရာဘရာဇီးနိုင်ငံမြို့တော် ရီအိုဒီဂျနီးရိုးမြို့သို့  လူကိုယ်တိုင်ရောက် နေသည့် နိုင်ငံကျော်ရုပ်ရှင်မင်းသား ပြေတီဦးအလားထင်မှတ်မှားနေကြရှာလေသည်။

“မက်ဆီဟာ မက်ဆီပါပဲဆြာဒင်ရာ၊မက်ဆီက တကယ့်လူချောဗျ။ဒီမာရီယာက ထင်တာထက်တောင် စွတ်ကောင်းနေတယ်။ ကျနော် ကတော့ အာဂျင်တီးနားပဲနော်”
“ဆွာယက်ဇ်ရဲ့ကိုက်ချက်က အပိုင်ဗျ၊အနှေးပြကွက်နဲ့ပြန်ကြည့်မှ ပေါ်သွားရှာတာ။ကျနော်သေချာကြည့်နေတာတောင်မမြင်လိုက်ဘူး”
“ဆီလီကာအိုအောက်လမ်းမှော်ပညာကိုမယုံမရှိလေနဲ့၊မှော်စွမ်းရောခြေစွမ်းပါပြပြီး ဘရာဇီးလ်ဟာ ဆရာကြီးပါပဲဆိုတာ မကြာခင်သိ ရစေ့ မယ်”
“နာဇီလို့ပဲ ပြောချင်ပြောကြပေတော့ ကျနော်ကတော့ ဂျာမဏီပဲခင်ဗျ။သောမတ်မူလာက၊ပြောစမှတ်တွင်အောင်ပူစရာတွေ လုပ်ပြပါလိမ့် မယ်ဗျာ”
“ဟာ၊အပိုင်အလုံးကြီးကွာ၊နာလိုက်တာ တောက်၊ဟင်း”

လူစုံမိလေတိုင်းလက်ပံပင်ဇရက်ကျသကဲ့သို့ ဆူညံစွာအာချောင်ကြလေသောတပည့်အပေါင်းမှာ တကမ္ဘာလုံးက စိတ်ဝင်စားကြသည့် အနှီဘောပွဲကို “ဟာ”၊”ဟင်”၊”တောက်”၊”ကျွတ်”တည်းဟူသော မကျေမချမ်းမည်သံမျိုးစုံဖြင့် ဟိုအတန်း၊ ပုလိပ်ဝင်ဖမ်းသလို ကယောင်ကတမ်း ဆူညံစွာ ရေရွတ်မြည်တမ်း၊ လေဖမ်းဝါးတန်းချည် မြိုင်မြိုင်ကြီးအားပေးနေကြချိန်တွင် ဆြာဒင်၏မျက်လုံးအစုံသည် တီဗီဖန်သားပြင်မှ ကမ္ဘာကျော် ဘောလုံးဝိဇ္ဇာတို့ကိုမြင်နေလျက်ကပင် ဆြာဒင့်အာရုံသည် လွန်ခဲ့သောအနှစ်လေးဆယ်၊ ကမာရွတ် ဘူတာရုံလမ်းရှိ၊ကိုငြိမ်းဆံသဆိုင်မှ ဆိုနီတံဆိပ်ရေဒီယိုဟောင်းကြီးဆီသို့ လွှင့်ပါးသွားခဲ့လေသည်။

“မြန်မာဂိုးသမားတင်အောင် ဘောလုံးကိုကွင်းတစ်ဝက်ကျော်အထိကန်တင်လိုက်တယ်ခင်ဗျ၊ အေးမောင်ကြီးခင်ဗျ၊ အေးမောင်ကြီး ကနေဗဟာဒူးကို ပေးတယ်၊ဗဟာဒူးရတယ် ၊မျိုးဝင်းညွန့် မျိုးဝင်းညွန့်၊အဲ ဘပုကနေ တင်အေးကိုပေးတယ်။တင်အေး စိန်ဝင်းလေးကို ပေးပြန်ပြီ။ စိန်ဝင်းကြီးဘယ်တောင်ပံကနေ ပြေးနေပြီခင်ဗျ။ပြေးတယ်ပြေးတယ်၊ရတယ်၊ ညာအစွန်ကိုထောင်တင်ထားပြီ။ ဂိုးရှေ့ကို ခုတ်တင်တယ်၊တင်အောင်မိုး အပိုင်ကန်သွင်းတယ် ၊ဂိုးပါတယ်ခင်ဗျာ။အခုအချိန်မှာပွဲစလို့ နှစ်မိနစ်မပြည့်ခင် အချိန်မှာပဲ ဗမာက ပွဲဦးထွက် ဗွေဆော်ဦးတစ်ဂိုး သွင်းယူပြီး ဦးဆောင်ယှဉ်ပြိုင်ကစားလျက်ရှိပါတယ်ခင်ဗျ”

(၂)
မိုင်ထောင်ချီဝေးသည့် ကမ္ဘာ့ဖလားဘောလုံးပွဲအား ဆင့်ဥစ္စာအောင်နက်မျှော်သလို ဘာမဆိုင်ညာဆိုင် အမေကျော်ဒွေးတော်လွမ်းနေကြ ရသည့် တပည့်တို့အား ရှေ့မှီနောက်မှီဆြာဒင်သနားလှချေ၏။ဆြာဒင်တို့ခေတ်ကမူ ယခုခေတ်ကာလကဲ့သို့ ရောင်စုံရုပ်မြင်သံကြား အလုံးအပြား ဘာတစ်ခုမှမပေါ်သေးသော်ငြား ကိုငြိမ်းဆံသဆိုင်ရေဒီယိုကြီးမှတစ်ဆင့် မြန်မာ့ဘောလုံးအသင်းအောင်ပွဲအလီလီရသည့် သတင်းကို မရိုးမအီအောင် နားထောင်ခံစားခဲ့ရလေသည့် ဆြာဒင်မှာ နေမထိထိုင်မသာဖြစ်လှသောကြောင့် ကမ္ဘာ့ဖလားဘောလုံးပွဲ နားရက်တစ်ရက်တွင် အန္တေဝါသိကတပည့်ရင်းချာတို့ကို အနီးအပါးသို့ခေါ်ယူလျက် ရှေးမြန်မာဘောလုံးရွှေခေတ်တရားကို စကားစ မိချေသည်။

“White Angles ခေတ်ကိုလွမ်းချက်ကွာ”
ဆြာဒင့်နှုတ်မှ ထွက်ပေါ်လာသောအမည်ဆန်းကြောင့် တပည့်ကျော်တို့၊ယောင်နနဖြစ်ကြရင်း နဝေတိမ် တောင်မျက်နှာပေးဖြင့် “White Angles”ဆိုတာ ဘာလဲဟင်”ဟု တအံ့တသြပြန်မေးကြမည်ဟု မျှော်လင့်မိသော ဆြာဒင်ခမျာ ကပ္ပလီငယ်၏ ဒက်ကနဲ ပြန်ပက်လိုက်သော အဖြေကြောင့် မျက်လုံးမျက်ဆံပြူးသွားရချေ၏။

“အဲဒါကျနော်တို့မြန်မာဘောလုံးအသင်းလျှမ်းလျှမ်းတောက်စဉ်အချိန်တုန်းက အသင်းဝတ်စုံအရောင်ကိုအစွဲပြုပြီး တကမ္ဘာလုံးကခေါ်ကြ တဲ့နာမည် ပေါ့ဆြာဒင်ရာ၊လွမ်းဖို့ကောင်းတာတော့အမှန်ပဲခင်ဗျ”
သက်ငယ်စကားသက်ကြီးကြားရချေပြီ။မြန်မာ့ဘောလုံးရွှေခေတ်ကို ဆြာဒင်သာသိသည်၊ဒင်းတို့မှာသူရဲနီတို့လောက်ကိုသာ သိကြ လေသည်ဟုထင်မိသည်မှာ၊အမှားကြီးမှားလေစွ။ဣနြေ္ဒမပျက် ဆက်၍တီးခေါက်ကြည့်မိကာမှ ပိဋကတ်အိုးကွဲနှင့်တိုးချေတော့သည်။ ဆြာထက်တပည့်လက်စောင်းထက်ဟူသော စကားကိုသတိရဖွယ်ကောင်းလှ ချေ၏။

“ဘာတွေများ လျှမ်းလျှမ်းတောက်သတုန်းမောင်ရာ”
“ထိုင်းနိုင်ငံ၊၁၉၆၁ အာရှလူငယ် ဘောလုံးပြိုင်ပွဲမှာ မြန်မာလူငယ် ဘောလုံးအသင်း အောင်ပွဲရခဲ့ရာကနေ မြန်မာ့ ဘောလုံးရွှေခေတ် အစပျိုးလာခဲ့တာပေါ့။အဲဒီ ပြိုင်ပွဲကစပြီး မြန်မာ လူငယ်ဘောလုံးအသင်းဟာ အာရှကို (၁၁) နှစ်ကြာ လွှမ်းမိုးထားနိုင်ခဲ့တယ်ဆြာဒင်။ (၁၁) နှစ် အတွင်းမှာ ခုနှစ်ကြိမ် ဗိုလ်စွဲပြီး၊ တတိယအောက်ကို တစ်ကြိမ်သာ ရောက်ခဲ့ဖူးတယ်။ မြန်မာ ဘောလုံးအသင်းဟာ ၁၉၆၅ ခုနှစ်ကနေ  ၁၉၇၃ ခုနှစ် အတွင်းမှာ အရှေ့တောင်အာရှ ဘောလုံး ချန်ပီယံဆု မှန်သမျှ၊အကုန်သိမ်းကျုံးယူနိုင်ခဲ့တဲ့ အသင်းခင်ဗျ”

ဆြာကျက်မှတ်ထားသမျှ တပည့်ကချည်းအာဂုံဆောင်နေလေရာ ဆြာဒင့်မှာ ကွက်ကနဲပျက်သွားသော မျက်နှာကိုဘရိတ်အုပ်လိုက်ရင်း အမေးအဖြေအခြေအနေမှသည် ဆွေးနွေးပွဲသဘောသက်ဝင်အောင် လေပြေလေးဖြင့် လမ်းကြောင်းပြောင်းလိုက်ရချေသော်ငြား တပည့် ကျော်တို့၏ မဟာပညာကျော်လေသံ၊အလုံးကြီးတို့မှာ ရပ်တန့်မသွားခဲ့ချေ။ဖေကြည်ရော၊လေမင်းသားပါ ဘယ်ဝင်းညာဝင်း အားဖြည့် လျက် ပွဲအရှိန်ကိုမြှင့်ကြလေသည်တမုံ့။

(၃)
“အေးကွာ။ဆြာဒင်တို့ငယ်ငယ်တုန်းက ရပ်ကွက်ပေါင်းစုံ၊မြို့နယ်ပေါင်းစုံ၊တိုင်းနဲ့ပြည်နယ်တွေနဲ့ တကယ့်ကို မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့သကိုး” “

၁၉၇၂ ခုနှစ် မြူးနစ် အိုလံပစ်မှာ မြန်မာဘောလုံးအသင်းဟာ အသန့်ရှင်းဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့တာမို့ မြန်မာ့ဘောလုံး “ရွှေခေတ်” ကို  အမှတ်ရစရာ ကောင်းပါဘိဆြာဒင်ရယ်“
“မြန်မာ ပီလီ”လို့ တင်စား ခဲ့ရတဲ့ တိုက်စစ်မှုး၊ အသင်းခေါင်းဆောင်  ဗဟာဒူး ခြေစွမ်းပြခဲ့တဲ့ခေတ်ပေါ့ဗျာ”
“၁၉၆၈ ခုနှစ်အီရန်နိုင်ငံ တီဟီရန်အာရှဖလားပွဲမှာ မြန်မာဘောလုံးအသင်းက  အုပ်စုအဆင့်ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲအထိ ရောက်ခဲ့ တာလေ”

“အာရှတိုက် အိုလံပစ်လို့ခေါ်ရမဲ့  ၁၉၆၆ ဘန်ကောက် အာရှ အားကစားပွဲတော်နဲ့ ၁၉၇၀ ဘန်ကောက် အာရှ အားကစားပွဲတော် တွေမှာ လည်း မြန်မာဘောလုံးအသင်းက ရွှေတံဆိပ်ရခဲ့တာပေါ့။မြန်မာ့ဘောလုံးရွှေခေတ်မှာ မြန်မာ ဘောလုံးအသင်းဟာ အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစား ပြိုင်ပွဲတွေမှာတောင် ဘောလုံး ချန်ပီယံဆုကို ငါးကြိမ် ဆက်တိုက် ဆွတ်ခူးခဲ့သတဲ့ဗျ။ တောင်ကိုရီးယားပတ်ချုံဟီး၊  မလေးရှားမာဒေးကားစတဲ့  ဖိတ်ခေါ်ဖလား ပြိုင်ပွဲတွေမှာလည်း မြန်မာကထိပ်တန်းကပေါ့ဆြာဒင်”

“၁၉၆၈ခုနှစ်နောက်ပိုင်းမှာတော့ မြန်မာဘောလုံးအသင်းဟာ အာရှဖလားခြေစစ်ပွဲကနေ စပြီးနှုတ်ထွက်ရတော့တာမို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲဆိုတာ၊ဝေလာဝေးပေါ့ဗျာ။၁၉၇၅ခုနှစ်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲ ကအစပြုပြီး မြန်မာ့အားကစားမြောင်းထဲ စရောက်ခဲ့တာပေါ့”

မီဒီယာခေတ်၏ကာလသားသမီးတို့ လက်ဖျားခါလောက်အောင်တော်ကြတတ်ကြသည်မို့ ပါးနပ်သောဥာဏ်ရည်ရှိသူဆြာပီပီ၊ တိတ် တိတ်နေ ထောင်တန်၏ဟူသည့် ပညာရှိဆိုရိုးနှင့်အညီ ဆြာဒင် အသာအမြီးကုပ်နေလိုက်ရင်း   ပါးစပ်အဟောင်းသားနှင့် ပုတ်သင်ညို အိုက်တင်၊ ခေါင်းတညိတ်ညိတ်ရှိနေစဉ်မှာပင်၊တပည့်ကျော်တို့၏မေးခွန်းတစ်ခုသည် အားပြင်းလှသည့်ဘောလုံးနှင့် အလားသဏ္ဍန်တူလှစွာ ဆြာဒင့်ဆီသို့ တန်းတန်းမတ်မတ်ပြေးဝင်လာပြန်ချေသည်။

“ဒါနဲ့ဆြာဒင်၊မြန်မာ့ဘောလုံး အမှိုက်ခေတ်ရောက်သွားတာ ဘာကြောင့်တုန်း၊ဘယ်သူတွေကြောင့်တုန်းဗျ”

(၄)
“အမေးနွားကျောင်းသားအဖြေဘုရားလောင်း”ဟုဆိုရိုးရှိသည်မဟုတ်တုံလော။အဆိုပါမေးခွန်း၏ အဖြေကို ဆြာဒင်သိပါသော်ငြား တိုင်းပြည်တွင်းဆုံးကျနေသည့်တိုင် အမှန်မမြင်မာန်မလျော့ကြလေသည့်ရွှေကိုယ်တော်တို့နှင့် အကျယ်အကျယ်မငြိမ်းဖွယ်မဖြစ်လိုသော ဆြာဒင်သည် ပါးစပ်ထဲတွေ့ရာအဖြေကို ရုတ်ခြည်းကောက်ကနဲပြောချလိုက်ရသည်။

“အင်း၊ဗမာပြည်မှာ ဘောလုံးကွင်းတွေ မရှိတော့လို့ထင်ပါရဲ့။ကန်ထရိုက်တိုက်တွေဆောက်ပစ်လိုက်ကြသကိုး”
ဤတွင်တပည့်ကျော်တို့ ဆြာကို တရားခံအကြည့်ကြည့်ကြလေရာ ဆင်ဝှေ့ရန်ရှောင်၊နောက်ထပ်အဖြေတစ်မျိုးထုတ်ရပြန်သည်။
“နောက်တစ်ချက်က ရပ်ကွက်၊မြို့နယ်၊ပြည်နယ်နဲ့တိုင်းပွဲတွေ မရှိတော့တာလည်း ဖြစ်နိုင်သဟ”
တပည့်တို့ကား ကျေနပ်ဟန်မတူ။သူတို့မျက်နှာပေးက ထိန်ချန်မှုဟု အဓိပ္ပါယ်သက်ရောက်နေပြန်သည်။

“ဆြာဒင့်ဘော်ဒါတွေကို အားနာပြီး သိသိကြီးနဲ့၊အိပ်ချင်ယောင်မဆောင်နဲ့နော်။မြန်မာပြည်ကိုဆိုမားလီးယားထက်ပိုဆင်းရဲအောင် လုပ်ပစ်ခဲ့ကြတဲ့ သူတွေလေ”

“ဘောလုံးသမားတွေဘဝ အာမခံချက်မရှိတာ၊ထိုင်းနိုင်ငံက ဘက်ကင်ဘောဝါ အကယ်ဒမီလို မြန်မာဘောလုံးအကယ်ဒမီတွေမထူ ထောင်နိုင်တာလည်းပါပေမပေါ့ကွာ”

“ဆြာဒင်နော်၊ရွှေခေတ်နဲ့ဒိုက်ခေတ်ခုနှစ်သက္ကရာဇ်တွေကိုသေချာကြည့်လိုက်ရင် အသိသာကြီးနော်။ မလိမ့်တပတ်အကျင့်တွေ ဖျောက်ပါ တော့ဗျာ”

ချစ်လှစွာသောတပည့်တို့ကား “ဆြာတပည့်ချင်းတွေတော်တော်နောက်” ဟူသော မျက်နှာပေးကိုယ်စီဖြင့် ဆြာဒင့်ကိုကလူကျီစယ်ကာ လမ်းကျဉ်းလမ်းကြပ်သို့တွန်းပို့ရန်အလို့ငှာ ကွန်ပြူတာကို  လက်ကမြင်းလိုက်ကြရာ တရားခံလက်သည်ကိုဖော်ကျူးလေသည့် သီချင်း တပိုဒ်သည် တိုက်ဆိုင်စွာပင် ပေါ်ထွက်လာသည်ဟုဆိုရချေတော့မည်။

ဆြာဒင်တစ်ယောက် တပည့်တသိုက်ကို ကွင်းလယ်မှာ အလိမ်အခေါက်မျိုးစုံဖြင့် ပညာစွမ်းပြနေဆဲမှာ မျှော်လင့်မထားသည့် အဝေး ကန်ချက်ကြောင့် ဂိုးအဝင်ခံရသကဲ့သို့ဖြစ်ရသည့်ဆြာဒင်သည်၊သူခိုးလူမိသည့်ရယ်ကျဲကျဲမျက်နှာပေးဖြင့် ဘောလုံးစကားဝိုင်းမှ ဝေးရာသို့ ဖယ်ကြဉ်သွားချိန်တွင် ဆြာဒင့်ခေါင်းထဲ၌ယူနီဖောင်းစိမ်းစိမ်းများနှင့်နားအူလောက်အောင်လွှင့်ထုတ်ခဲ့ဖူးသော စစ်ချီသီချင်းများကို ရှက်စနိုး မြင်ယောင်ကြားယောင်နေလေသည်။

“တို့မြန်မာဂုဏ်ဆောင်အားကစားသမားများသည် အမိနိုင်ငံတော်ကို ကျေးဇူးဆပ်ရမည်။မျိုးဆက်သစ်တို့အားမာန်ဝင့်ကာချီ။ အာရှမှာ မြန်မာကသာ အနိုင်ယူဗိုလ်စွဲပြမည်၊မျိုးချစ်စိတ်နဲ့ ဇာတိမာန်၊မြန်မာ၏အသံ ကမ္ဘာသိရန် အောင်လံတလူလူလွှင့်လိုက်ပြီ။ အားကစား မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ပါသည်”
အားကစားရည်မှန်းချက်သည် မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်။ပြည်သူတစ်ရပ်လုံးအားပေးတဲ့ချီးမြှောက်တဲ့ အားကစားမောင်မယ် များတို့သည် နိုင်ငံတကာမှာ အစွမ်းပြလို့ရခဲ့တဲ့ဆုလာဒ်တွေကြွားဝင့်သည်။ပြည်သူတွေတီးတဲ့လက်ခုပ်သံသည် ပြည်ထောင်စုကြီး တုန်ဟည်းသွားလိမ့်မည်”

↧
↧

ဆြာဒင်နှင့်မျဉ်းပြိုင်တို့၏ဆုံမှတ်

$
0
0

ဆဲဗင်းဒေးနေ့စဉ်သတင်းစာ။
 
ဆြာဒင်နှင့်မျဉ်းပြိုင်တို့၏ဆုံမှတ်
(မင်းဒင်)

ဖူးခက်မည်မှတ် ဤအရပ်သည် ပင်လယ်တွင်းမှာ တသီးတခြားတည်ရှိသည့်၊ကျွန်းဖြစ်လေသောကြောင့်  နွေနှင့်မိုးသာ တစ်လှည့်စီ ထင်တိုင်းကြဲနေကြလေရာ၊ဟေမန္တတည်းဟူသော ဆောင်းဥတုသည်  စာမလာသတင်းမကြား အမြဲလိုလို၊ပျောက်ချက်သား ကောင်းနေ တတ်ချေ၏။ လွန်ခဲ့သောသုံးနှစ်ဝန်းကျင် နွေတစ်နေ့၏ မွန်းတည့်ချိန်နေရှိန်အောက်တွင် သကောင့်သားကပ္ပလီတစ်ယောက် ဘွားကနဲပေါက်ချ လာသည်ကို ဆြာဒင်မှတ်မှတ်ရရ ရှိနေခဲ့သည်။ခါတိုင်းကဲ့သို့ ထိုင်းပုလိပ်ရန်ကို ကျီးလန့်စာစား ဗျာများသည့်ဟန် တစ်စက်မှမရှိပဲ ခြံဝမှာ ရင်ကော့ရင်း ရပ်နေသည့် သူ့ဟန်သည် ကုန်းဘောင်ခေတ် စစ်သူကြီးမဟာဗန္ဓုလကို သတိရစရာကောင်းလှပါ၏။အူမြူးနေသည့် ခပ်ရွှင်ရွှင်မျက်နှာပေးနှင့် အာကျယ်နေသော တပည့်ကျော်၏ရှေ့ရေး တွေးပူမိသော ကြောင့်ဆြာဒင်၊ ဒင်းကိုအလျင်အမြန် ခြံထဲဆွဲသွင်းလိုက်ရသည်။

“ဗျို့ဆြာဒင်၊တပည့်တို့တိုင်းပြည်ဟာ ဆြာဒင်ထင်သလောက်  မဆိုးသေးပါဘူးဗျာ”
“လူစွမ်းကောင်းလုပ်ပြီး  ခြံဝမှာ ကြာရှည်ရပ်မနေနဲ့မောင်၊ပတ်တယောင်ထိုင်းပုလိပ်နဲ့တိုးနေမှ ဟုတ်ပေ့ဖြစ်နေမယ်”
“ဒီမိုကရေစီခေတ်ရောက်ပြီမို့ မကြာခင် အကြောက်တရားတွေ ချုပ်ငြိမ်းပြီး လူ့အခွင့်အရေးတွေရတော့မှာခင်ဗျ”
“ဝေ့လည်ကြောင်ပတ် မလုပ်စမ်းပါနဲ့မောင်ရာ၊လိုတိုရှင်းသာမြွက်စမ်းပါ”
“နှစ်နိုင်ငံသဘောတူညီချက်အရ၊ဗမာအလုပ်သမားတွေကို အမ်အိုယူ(MOU)စံနစ်နဲ့ ထိုင်းထဲကို တရားဝင်သွင်းတော့မှာတဲ့ဗျ။ဒါဆိုရင် တော့ ရွာကဆွေမျိုးတွေ ဖူးခက်ကို အကုန် ခေါ်လို့ရပြီ ဆြာဒင်”
ကိုယ့်ရင်ဘတ်ကို စည်အမှတ်ဖြင့်နာနာတီးကာ ငိုချင်းရှည်ကြီးသာ ဆြာဒင်ချလိုက်ချင်တော့သည်။ဆွေစဉ်မျိုးဆက် ကျွန်သက်ရှည်မည့် ဇာတ်လမ်းကို သူ့ကြီးဒေါ်နောက်လင်ရသလို အပျော်လုံးဆို့နေသော တပည့်ကျော်ကို ဆြာဒင် ဂရုဏာသက်စွာကြည့်ရင်း သက်ပြင်းအကြိမ် ကြိမ်ချကာ မကျေမချမ်းငေါက်ငမ်းမိတော့သည်။
“ကောင်းတာပေါ့မောင်ရာ၊မင်းလည်းကျွန်၊မင်းအဘ၊မင်းအဖေ၊မင်းဦးလေး၊မင်းသားသမီး၊မြေး၊မြစ်တိုင်အောင် ကျွန်ဘဝရောက်မှာမို့ ပျော် မယ်ဆိုရင် ပျော်လောက်ပါပေရဲ့။လောလောဆယ် ထားဝယ်၊ဘိတ်၊မော်လမြိုင်ဘက်က ကျွန်တွေပဲရှိသေးတော့ အထက်ဗမာပြည် အညာ ဒေသကနေ ကချင်ပြည်နယ်အထိ ကျွန်ဖြစ်ချင်သူမှန်သမျှ လွတ်လပ်စွာကျွန်ခံခွင့်ရပြီပေါ့ကွာ၊အစိုးရမင်းများကလည်း ဥာဏ်အမျှော် အမြင်ကြီးကြီးနဲ့ ထိုင်းဘက်ကလိုသမျှ ကျွန်ဦးရေ ပြည့်မှီရေးအတွက် ရေတိုရေရှည်စီမံကိန်းတွေချပြီး အားကြိုးမာန်တက် ပံ့ပိုးပါ လိမ့်မယ်မောင်”
ကပ္ပလီငယ်ကား ဖရဲသီးကားကြိတ်ခံရသော မျက်နှာထားဖြင့် ဆြာရင်းမို့ ခွန်းတုန့်မပြန်ရဲသော်ငြား “ဆြာဒင်ဟာ အဆိုးမြင်သမား” ဟု အဓိပ္ပါယ်ပါသည့် မျက်စောင်းခဲကြီးဖြင့် ဆြာဒင့်ကို ပေစောင်းစောင်းကြည့်နေခဲ့လေသည်။

(၂)
ထိုနည်းနှင်နှင် လွန်ခဲ့သောတစ်နှစ်ကျော်၊ဝသန္တကာလမိုးရာသီသမယတစ်ခု၌ ဆြာဒင်တစ်ယောက် မိမိပိုင်ကျူလီယာဆိုင်ငယ်တွင် ဈေးဝယ်ပါးလေသဖြင့် တစ်ကိုယ်တည်း  ငူငူကြီးထိုင်နေစဉ် တပည့်ကျော်ဖေကြည်မှာ ကြွက်စုပ်ရေမွန်းပုံစံဖြင့် ပေါက်ချလာပြန်ကာ မဝံ့မရဲ နှစ်ကိုယ်ကြား တီးတိုးစကားဆိုခဲ့ဖူးလေသည်ကို ပြန်ပြောင်းသတိရအောက့်မေ့ဆဲဖြစ်ပါ၏။
“ဆြာ့ကိုတပည့်အကူအညီတစ်ခုလောက်တောင်းချင်လို့ဆြာ”
“ခြေဆင်းတွေ၊နိဒါန်းတွေ ပျိုးနေစရာလိုသလား မောင်ရာ၊တိုတိုပြတ်ပြတ်သာမိန့်စမ်းပါ”
“အော်၊ဆြာ့မှာ အကောင်ကြီးကြီးထဲက အကပ်လေးဘာလေးများ ရှိသလားသိချင်လို့ပါ”
“ဆင်၊ဝေလငါး၊ဒိုင်နိုဆောပါမကျန်  အကောင်ကြီးမှန်သမျှ ဆြာဒင်မသိတဲ့သူ မရှိပါဘူးမောင်ရာ၊ဘာကိစ္စများပါလိမ့်”
“ကျနော့်အမ ဘွဲ့ရတစ်ယောက် နိုင်ငံခြားသွားချင်လို့၊ဆြာဒင့်အသိ အရာရှိကြီးတစ်ယောက်ယောက်..”
ဤတွင်ချက်ဆိုနားခွက်က၊မီးတောက်သော ဆြာဒင်မှာ အားတုံ့အားနာအမူအယာဖြင့်ကတုန်ကယင်ဖြစ်နေသည့် တပည့်ကျော်ကို လွန်စွာကြင်နာ သနားစိတ်ဖြစ်ပေါ်လာသည်နှင့် ပြောလက်စ၊စကားကို ရှေ့မဆက်စေတော့ပဲ ခပ်မြန်မြန်ဘရိတ်နင်းလိုက်ရချေသည်။
“ဟိုး၊ရပြီ  ငါ့တပည့်၊မောင်ရင့်အမ အစိုးရဝန်ထမ်းက နိုင်ငံရပ်ခြားကို ပညာတော်သင်သွားချင်တယ်ဆိုတော့ ကူညီရပေမပေါ့”
“ဟုတ်ဘူး ဆြာရဲ့။ အိမ်ဖော်သွားလုပ်မှာ။ဗမာပြည်မှာ ဒီမိုကရေစီဆိုလား ရနေပြီဆိုတော့ လွတ်လပ်ခွင့်တွေရပြီး  ခေတ်မီလာပြီပေါ့ ဆြာ”

“ဟေ”
“မဟေနဲ့  ဆြာ၊စင်္ကာပူ၊ဟောင်ကောင်၊ထိုင်ဝမ်နိုင်ငံတွေဆီကို မြန်မာအမျိုးသမီး  အိမ်ဖော်တွေ ပို့မှာတဲ့”
“ကောင်းမှကောင်း၊အများကြီးကောင်း၊ အားကြီးကောင်း၊စိတ်ပျက်စရာ အလွန်ကောင်းကွာ”
“လစာကောင်းတယ်တဲ့  ဆြာ၊အမျိုးသမီးသီးသန့်ဆိုတော့  ရိုးရိုးဘွဲ့ရတွေတင်မကဘူး။ဘွဲ့လွန်တွေပါ  ဝင်တိုးနေကြသတဲ့”
ဆြာဒင်ခမျာ ရှက်ရှက်နှင့်ချက်ချင်းလဲသေရမည့်မသာစာရင်းတွင်၊ ပျော်ပျော်ကြီး ပါဝင်ရန်သာ မိမိသဘောအလျှောက်ဆန္ဒပြုလိုက် ချင်တော့ရာ တပည့်ကျော်ကိုညည်းကြိမ်း ကြိမ်းမိပြန်သည်။

“အေး၊တကယ်တမ်းသာ ကျေးဇူးသိတတ်မယ်ဆိုရင် တို့အစိုးရဟာ အိမ်ဖော်ကောင်းတွေကို မွေးထုတ်ပေးနေတဲ့ကျေးဇူးရှင်ကြီးတွေပေါ့။ နောင်လာမဲ့ အနာဂတ်မှာလည်း တိုးတက်ဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေအဖို့ အိမ်ဖော်လိုအပ်ချက်အတွက် ပူပန်စရာမလိုတော့ဘူးပေါ့။ အိမ်ဖော်တို့ ၏စွမ်းပကားဖြင့် ဗမာပြည်ကြီးရဲ့ဂုဏ်ကို မြှင့်တင်ကြပါစို့ရဲ့”
ဤတွင်လည်း ဖေကြည်ငယ်၏အစာမကြေ ရင်ပြည့်ရင်ခံသောအကြည့်သည် ဆြာဒင်ထံ ဆိုက်ရောက်လာခဲ့ပြန်ချေသည်တမုံ့။

(၃)
စိတ်လက်မအီမသာဖွယ်ရာတို့သည် မည်သည့်အခါမှ၊အထီးတည်း မလာရောက်တတ်၊ အဖော်အပေါင်းနှင့်တကွ၊ တပျော်တပါးအုပ်စုဖွဲ့ လာတတ်ကြသည်ဆိုခြင်းမှာ မှန်လေစွ။ဖေကြည်ငယ်နှင့် စကားစမပြတ်မီမှာပင် တပည့်ကျော်လေမင်းသားတစ်ယောက်၊ ထိုင်းအောင် ဘာလေ ထီနှစ်သန်းဆုပေါက်သည့်မျက်နှာထားဖြင့် ဆိုင်းမဆင့်ဗုံမဆင့် ပေါက်ချလာပြန်ခဲ့လေသဖြင့် အာရုံနောက်လျက်နှင့်ပင် ဒင်းကိုဆက်၍ဧည့်ထောက်ခံခဲ့ရပြန်၏။
“မင့်မျက်နှာက အောင်နက်ဟိုအပုံဟပ်မိတဲ့ ဒီဇိုင်းပါကလား၊ဝမ်းသာရမဲ့သတင်းဆိုရင်ဖြင့် အမြန်မျှပါလေလော့” 

“သတင်းထူးဆြာဒင်ရ။တပည့်တို့ရွာမှာ သမဝါယမစံနစ်နဲ့ဆိုလား၊နှစ်ကျပ်တိုးနဲ့ ငွေထုတ်ချေးတော့မယ်တဲ့ ဆြာ၊ ခေတ်ကောင်း ရောက်ခဲ့   ပြီပေါ့”
“အော်၊အတိုးနဲ့ငွေချေးတဲ့သူကိုသာ ကျေးဇူးတင်ရမယ်ဆိုရင်ဖြင့် ချစ်တီးရုပ်တုတွေ ဘုရားစင်ပေါ်သာ တင်ထားကြပေရော့၊ ဘယ့်နှယ့် ကွာ၊ စိနတိုင်းဆီက တစ်နှစ်လေးကျပ်တိုးနဲ့ ချေးလာတဲ့ငွေကို လူထုဆီ တစ်လနှစ်ကျပ်တိုးနဲ့  ပြန်ချေးသတဲ့။ငွေချေးချင်တဲ့သူကို  ပါတီထဲ၊အတင်းအဓမ္မနွားအုပ်မောင်းသွင်းသလိုဇွတ်ဝင်ခိုင်း၊တကမ္ဘာလုံးမှာ လှည့်ပတ် ချေးငှားထားသမျှ တစ်ခါမှ ပြန်မဆပ်တဲ့ အစိုးရကို ထပ်ချေးတဲ့တိုင်းပြည်ဟာ စေတနာအမှန်၊ သွေးရိုးသားရိုးကော  ဖြစ်နိုင်ပါ့မလား”
“ဆြာဒင်လည်း နေရာတကာ ဆီလိုအပေါက်ရှာနေပါပေါ့လား။နောင်ခါလာ နောင်ခါဈေးပဲဆြာဒင်၊လတ်တလောချေးငွေရဖို့သာအဓိက”
ငွေမျက်နှာကြီးလေသည်ကြောင့်ထင့်။သည်တစ်ကြိမ်တွင်တော့ တပည့်ကျော်သည် ဆြာကိုပင် ပြတ်ပြတ်သားသား တုန့်ပြန်နှုတ်လှန် ထိုးခဲ့ချေသည်။
ဤသို့အားဖြင့် အဆိုးမြင်ဝါဒီဆြာဒင်နှင့်ချစ်လှစွာသောတပည့်ကျော်များသည် ဒီမိုကရေစီရေးနှင့်ခေတ်ကြီးပြောင်း၏၊မပြောင်း၏ဟူသော ခေါင်းစဉ်အပေါ် အစဉ်အမြဲအမြင်ကွဲကာ မတည့်အတူနေရှိခဲ့ကြလေကုန်၏။

(၄)
သို့လျှင်နေလာကြရာမှ လွန်ခဲ့သော ရက်သတ္တတစ်ပါတ်ခန့်တွင်မူ သကောင့်သားသုံးယောက် မျက်နှာမသာမယာဖြင့် တစ်ချိန်တည်း ပေါက်ချ လာကြပြန်ရာ အကြောင်းစုံကို မေးမြန်းစေ့ငုမိသည်၏တစ်ခဏ၌ “စိတ်ထဲမကောင်းလို့ပါ ဆြာဒင်”ဟူသော ညောင်နာနာ အသံနှင့်အတူ ဂျာနယ်တစ်စောင်တွင်  ဖော်ပြထားသည့် သတင်းတစ်ပုဒ်ကို ပြသလေရာ ယင်းမှာအောက်ပါအတိုင်းဖြစ်လေ၏။
"အဆင်းရဲဆုံးနိုင်ငံဟု လူသိများသည့် အီသီယိုးပီးယားနိုင်ငံက မြန်မာထက် ပိုချမ်းသာနေ"
နိုင်ငံပေါင်း ၂၁၅ နိုင်ငံ ပါဝင်သော နိုင်ငံ၏ ဆင်းရဲ၊ချမ်းသာ စစ်တမ်းကို ကမ္ဘာ့ဘဏ်က ဖော်ပြခဲ့ရာတွင် မြန်မာကအဆင့် ၂ဝ၃ တွင် ရပ်တည်နိုင်ခဲ့သည်။ဆင်းရဲ၍ အိမ်နီးချင်းနိုင်ငံကို အမှီပြုနေရသော မြောက်ကိုရီးယား၊ ပင်လယ်ဓားပြပေါများရာ ဆိုမာလီယာနှင့် ငတ်မွတ်မှုရှိသော အီသီယိုးပီးယား တို့အောက်တွင် မြန်မာက ရှိနေသည်။နိုင်ငံ၏ လူဦးရေအချိုးကျနှင့် အသားတင်ထုတ်လုပ်မှု စသည် တို့နှင့် ကမ္ဘာ့ဘဏ်က တွက်ချက်ကာ ထိုစာရင်းကို ထုတ်ပြန်ခြင်းဖြစ်သည်။မြန်မာနှင့် အိမ်နီးချင်းဖြစ်သော ဘင်္ဂလားဒေ့ရှ်ကပင် မြန်မာ ထက် အဆင့်ငါးဆယ်ကျော် အထက်တွင် ရှိနေသေးသည်။

“နို့၊နေပါအုံး၊မောင်တို့ပဲ ခေတ်အပြောင်းမှာကောင်းလှပါချည့်ရဲ့ဆို”
“သူတို့အမြဲကြေညာနေခဲ့ဖူးတာက စီးပွားရေးပိတ်ဆို့တာ တို့မမှုပါဆိုတာကိုး  ဆြာဒင်ရဲ့”
“ဟ၊ထင်တိုင်းကြဲနိုင်နေတဲ့ စစ်အစိုးရအုပ်စုဇောတိကအမျိုးတွေအတွက် ဘာမှုစရာလိုမတုန်း။တကယ်တမ်း မှုရမဲ့သူတွေက ကုန်း ကောက်စရာမရှိအောင်ဖွတ်ကျောပြာစုနေတဲ့ ဗမာပြည်သူတွေဟ”
“ဟုတ်တယ်ဆြာဒင်၊တိုင်းပြည်သာဆင်းရဲတာ ဒင်းတို့ကတော့ ဆင်းရဲပုံမရဘူးဗျ”
“အေးလေ၊ရွေ့ပြောင်းအလုပ်သမားတွေ၊အိမ်ဖော်တွေတင်ပို့၊တရုတ်ဆီကချေးငွေကို လယ်သမားတွေဆီ အတိုးနဲ့ပြန်ချေး၊ တိုင်းပြည် သယံဇာတမှန်သမျှ ရရာသူခိုးဈေးနဲ့ ရောင်းထုတ်တဲ့နည်းသုံးပြီး  အာဏာရရင် ဘာမဆိုလုပ်မဲ့  အစိုးရအုပ်ချုပ်တဲ့ မောင်တို့တိုင်းပြည်က ချမ်းသာကြွယ်ဝတဲ့  တိုင်းပြည်စာရင်း၊ဘယ်အဆင့်မှာ  ချိတ်စေချင်ကြသတုန်း။စိတ်အပျက်ကြီး မပျက်ကြပါနဲ့။ဒီမင်း၊ဒီစိုး၊ဒီသူခိုး၊ မဟာ ပညာကျော်တွေနဲ့ ဒီအတိုင်း ရှေ့ခရီးဆက်ရင်ဖြင့် ဒိထက်စိတ်ပျက်စရာတွေ ထပ်လာအုံးမှာမို့ စိတ်ပျက်ဖို့  ချန်ထားကြအုံးလဟဲ့”
“ဟုတ်ပါ့ဆြာဒင်ရယ်”
“ဘာတဲ့။ကြက်မွေးမြူသည့်အိမ်သုံးအိမ် ရွေ့ပြောင်းပြီးဖြစ်ကြောင်း လွှတ်တော်တွင်တင်ပြတဲ့။ခရုခါးတောင်းကျိုက်ဖမ်းနေကြတာ အမွဲ ဆုံးစာရင်းဝင်တာတောင်နည်းသေး”

(၅)
အဘယ်ကာလတွင်မှ မဆုံစည်းနိုင်ဟုထင်ခဲ့သောမျဉ်းပြိုင်နှစ်ကြောင်းသည် မမျှော်လင့်ပဲ ဆုံမိကြသည်မှာ စစ်ဗိုလ်ချုပ်များနှင့်ခရိုနီတို့၏ ဘဝရေစက်ကိုသတိရစရာကောင်းလှပါ၏။ ဇာတိမာန်သီချင်း မျိုးစုံနှင့်ဝါဒဖြန့်ပေါ်လစီဇာတ်ကားတို့ကိုကြည့်ကာ ဇာတိမြန်မာပြည်ကြီး ရွှေရောင်အဆင်းတဝင်းဝင်း၊ ဖိတ်ဖိတ်တောက်လျက် ခေတ်မီဖွံ့ဖြိုး၊ပြောင်းလဲတိုးတက်နေလေပြီဟု ထင်နေကြရှာသည့် တပည့်ကျော် များနှင့် ပြည်ပအားကိုး၊အဆိုးမြင်ဝါဒီ  ဆြာဒင်တို့၊သည်တစ်ကြိမ်တွင်ဖြင့် အမြင်တစ်ထပ်တည်းကျလာခဲ့လေပြီဖြစ်ရာ  ရိုးနုံ၊အလှသည့်  သင်းတို့အား ဂရုဏာသက်၊ခွင့်လွှတ်သော မျက်ဝန်းအစုံဖြင့် ရွှန်းရွှန်းစားစား ပြန်ကြည့်လိုက်မိ၏။

ထို့နောက်တွင်ကား ဆြာတပည့်စည်းလုံးညီညွတ်ခြင်းအထိမ်းအမှတ်အလို့ငှာ ဆြာဒင်တစ်ယောက်၊အနီးရှိအိပ်ယာကုတင်ထက်ဆီမှ အနီအနက်ကြားအညာခြုံစောင်ရှည်ကြီးကို  ဇာတ်မင်းသားစတိုင်    တောင်ရှည်အမှတ်ဖြင့်ဝတ်ဆင်လျက်အလင်္ကာကျော်စွာ ဇာတ်မင်း သားကြီး ရွှေမန်းတင်မောင်၏အသံ၊ဟန်နှင့်ထပ်တူ ခေတ်ဟောင်းမြိုင်ထနှစ်ပါးသွားသီချင်း တစ်ပိုဒ်ကို ရုတ်ခြည်းကောက်ကာငင်ကာ ခုနှစ်အိမ်ကြား၊ရှစ်အိမ်ကြားအသံပြဲကြီးနှင့် ကွေးနေအောင်ကရင်းဟဲလိုက်မိသည်ကား……၊
“မောင်ဒင် မင်းတို့ကိုလည်း အပြစ်မတင်၊ ဒင့်ကိုယ်ဒင်ပင် သနားလှချည့်ရဲ့အစဉ်” ဟူသတည်း။
↧

ဆြာဒင်၏ကျမျက်ရည်မကြေညာစတမ်း

$
0
0

ယနေ့ထုတ်ဆဲဗင်းဒေးနေ့စဉ်သတင်းစာ

ဆြာဒင်၏ကျမျက်ရည်မကြေညာစတမ်း
(မင်းဒင်)

(တစ်)
မပွင့်တပွင့်၊နံနက်ခင်းနေရောင်ခြည်အောက်တွင် ကြပ်ပြေးနေပြည်တော်လေဆိပ်သို့ငြိမ့်ကနဲထိုးဆင်းလာသော စင်းလုံးငှားဂျက် လေယာဉ်ပေါ်မှ ရှိုးစမိုးစတိုင်အပြည့်နှင့် ဆင်းလာသည့် ဆြာဒင်၏ရုပ်သွင်သည် “ခွေးသော်မှနေ့ကောင်းရက်သာတစ်နေ့ရှိစမြဲ” (Even dog has a day)ဟူသော စကားပုံကိုမှန်ကန်ကြောင်းသက်သေခံလျက်ရှိ၏။ဂျိုင်းနှစ်ဘက်ကိုအနည်းငယ်စီဟလျက် မြောက်ကြွားကြွား ခြေလှမ်းများဖြင့်တစ်လှမ်းချင်း လှမ်းလာနေသည့် ဆြာဒင်၏ဝဲယာနှစ်ဘက်တွင် နိုင်ငံခြားသား မျက်နှာဖြူလေးဦး တစ်ဘက်နှစ်ဦးဆီ ခြံရံလိုက်ပါလာလျက် ရှိရာ ယင်းကြောင့်ပင် ဆြာဒင်တစ်ယောက် သွေးနားထင်ရောက်နေဟန်ရှိလေသည်။

အဆိုပါဧည့်သည်တော်လေးဦးကား နေမဝင်အင်ပါယာပြည့်ရှင်ဘုရင်မကြီးအယ်လိဇဘတ်၊အမေရိကန်ပြည်ထောင်စုသမ္မတကြီး အိုဘား မား၊မိုက်ခရိုဆော့ဖ်သူဌေးကြီးဘီလ်ဂိတ်နှင့် ကျန်တစ်ဦးကား နေတိုးမဟာမိတ်များစစ်စာချုပ်အဖွဲ့(NATO)၏ အထွေထွေအတွင်းရေးမှူး ချုပ်ဆွီဒင်နိုင်ငံသား ဖီးလ်မာရှယ် ဂျင်းစ် စတိုတင်ဘတ်ဂ်(Jens_Stoltenberg )တို့ဖြစ်ကြ၏။

အဆိုပါ ကမ္ဘာကျော်မဟာပုဂ္ဂိုလ်များနှင့် ဆြာဒင်မည်သို့မည်ပုံ ရင်းနှီးကျွမ်းဝင်ခဲ့ကြပုံကို အသေးစိတ်ရေးသားဖော်ပြရမည်ဆိုပါက ဆြာဒင် ၏ကျော်ကြားလှသောဂုဏ်သတင်း၊ဖွံ့ဖြိုးစည်ပင်လှသော ဖူးခက်မြို့ကြီးသို့ နိုင်ငံတစ်ကာလူ့အလွှာမျိုးစုံတို့  ကမ္ဘာလှည့်ခရီးသည်အဖြစ် လာရောက်လေ့ရှိကြသည့် အကြောင်းတို့ကိုပါ ရှည်လျားစွာထည့်သွင်းရေးဖွဲ့ရမည်ဖြစ်လေရာ လူဂုဏ်မြို့ဂုဏ်တို့ကို ဖော်ကျူးရာရောက်မည်ဖြစ်၍ အကျယ်မရေးလိုတော့ပြီ။အတိုချုပ်အားဖြင့်မူ အဆိုပါပုဂ္ဂိုလ်များနှင့် ဆြာဒင်သည် ဖူးခက်မြို့ကမ်မလာအမည်ရှိကမ်းခြေတွင် မမျှော်လင့်ပဲ ဆုံတွေ့ ရင်းနှီးမိကြရာမှ ဆြာဒင်၏ဇာတိ၊ဗမာပြည်ကြီးကို ရောက်လိုလှပါသည်ဟု နားပူကြလေသဖြင့် မလွှဲသာမရှောင်သာ ဆြာဒင်လိုက်ပါပို့ဆောင်ရ ခြင်းဖြစ်ချေသည်။

သည်တစ်ခေါက်တွင်တော့ စင်းလုံးငှားဂျက်လေယာဉ်တွင် ထိုင်ခုံအလုံအလောက်မပါရှိသည့်အပြင်၊ဒူးနေရာဒူး၊တော်နေရာတော် ဟူသော ဆိုရိုးနှင့်အညီ ဆြာဒင်၏လက်ကတုံးတောင်ဝှေးတပည့်ကျော်သုံးဦးအား ဖူးခက်မြို့မှာပင်နောက်ချန်နေရစ်စေကာ ချစ်လျက်နှင့်ခွဲခွာ၊ထားရစ်ခဲ့ရချေ၏။သို့ကြောင့်ပင် ဆြာဒင်တစ်ယောက် ယခင်အခေါက်များကကဲ့သို့ ဆြာကြီးဟန်ပန်ဖြင့် စတိုင်မထုတ်နိုင်တော့ပဲ ကိုယ့်ကိုယ်ကို ဧည့်လမ်းညွန်အဖြစ်သာ သဘောပိုက်လျက် ဧည့်သည်တော်ဂုဏ်သရေရှိ လူကြီးမင်းတို့ကို ဦးဆောင်လမ်းပြနေရပြန်ချေ သည်တမုံ့။ ။

(နှစ်)
ထူးထူးခြားခြားသာယာလှပသည့် တိုင်းပြည်ဖြစ်လေသည်မို့ ဧည့်သည်တော်လေးဦးမှာ လေယာဉ်ပေါ်မှ မြေပြင်ပေါ်သို့ခြေချမိပြီ ဆိုကတည်းကပင် So nice, Very beautiful, So wonderful, Ohh; great land အစရှိသည်ဖြင့် သာယာပါဘိတောင်း ဟု အသီးသီး ဝမ်းမြောက်ဝမ်းသာရေရွတ်ထောမနာပြုကြသော်ငြား ဆြာဒင်မှာ လေဆိပ်မှအထွက်တွင် “ဘယ်သကောင့်သား ဆီလိုအပေါက်ရှာ ငွေရ အောင်ညစ်နည်းမျိုးစုံနဲ့ ခွင်ဖန်အုံးမှာပါလိမ့်”ဟူသော အတွေးဖြင့် တစ်စက်ကလေးမျှရတက်မအေးနိုင်ချေ။

သို့သော် သည်တစ်ကြိမ်တွင် ကံတရားက မျက်နှာသာပေးလေသဖြင့် ပြဿနာတစ်စုံတစ်ရာ မကြုံခဲ့ရပဲ၊နေပြည်တော်၏ ကျက်သရေ ဆောင် ရွှေတိဂုံပုံတူ၊ဥပတ္တသန္တိစေတီတော်ကြီးကို ဖူးမျှော်ကြည်ညိုကြပြီးနောက် (Ocean)ကုန်တိုက်ကြီးအတွင်းရှိ ရွှေပလ္လင်(Key Stone) စားမြိန်ဆိုင်ကြီးတွင် တစ်ယောက်လျှင် မုန့်ဟင်းခါးအကြော်နှင့်နှစ်ပွဲနှုန်းဖြင့် ဟာနေသောဝမ်းမီးပါစကကိုငြိမ်းစေရင်း ၎င်းတို့ကြွမြန်းလိုသော ခရီးစဉ် တိုးပလန် (Tour plan)ကို မေးမြန်းသမှုပြုရလေ၏။

အဆိုပါဧည့်သည်တော်များနှင့်ဆြာဒင်တို့အပြန်အလှန်အချီအချ ပြောဆိုကြ သောဘာသာ စကားမှာ သိုးဆောင်းဘာသာဖြစ်သော်ငြား စာဖတ်သူတို့ ရှင်းလင်းစွာနားလည်သဘောပေါက်ကြစေရန်အလို့ငှာ ဆြာဒင့်အနေဖြင့် ဗမာသံ ဗမာစကားပြေဖြင့်သာ ပြေပြစ်စွာပြန်ဆိုရေးသားလိုက်ရပေ၏။(ဤကားစကားချပ်)။

“ကျမကတော့ အငြိမ့်သား စာထိုင်ဖတ်နေတဲ့ ဟိုတစ်ယောက်ကိုပဲ စိတ်ဝင်စားမိတယ်၊ဖြစ်နိုင်ရင်တွေ့ချင်စမ်းပါဘိ”

ငြုပ်သီးရှိန်ကြောင့် နှာရည်တရွှဲရွှဲဖြစ်နေတော်မူသည့် အင်္ဂလန်ဘုရင်မကြီး၏မိန့်တော်မူသောစကားကြောင့် ဆြာဒင်တစ်ယောက်နားရွက်
ထောင်သွားသည်ကို ဟန်မပျက်အသာ ဣနြေ္ဒဆည်ရင်း ဗမာ့နည်းဗမာ့ဟန်အတိုင်းအနှိပ်တော်၊ကွမ်းရည်တော်ကိုင်၊မျက်နှာသစ်တော်
ရေဆက်သူတို့နှင့် ချိတ်ဆက်လိုင်းဝင်လိုက်သည့်အခါ ချက်ချင်းဆိုသလို အဆင်ချောလေ၏။

စာဖတ်နေသူကိုယ်တော်ကြီးသည် မဟာဿနပလ္လင်အရွယ်အစား၊ ကြီးမားလှသည့်ဆိုဖာဆက်တီကြီးပေါ်တွင် ခန့်ခန့်ကြီးစံတော်မူ၍
၎င်း၏မိသားစုနှင့်အတူအယ်လိဇဘတ်ဘုရင်မကြီးကိုတွေ့ဆုံတော်မူ၏။ဘုရင်မကြီးကား ဝမ်းမြောက်၍မဆုံးပြီ။ဦးခေါင်းထက်က ဦးထုပ်
ဝိုင်းကိုချွတ်ရင်း ခါးကိုအကြိမ်ကြိမ်ညွတ်ကာ အလေးအမြတ်ပြုရှာ၏။ထူးခြားလှသောမြင်ကွင်းကြောင့် သိချင်စိတ်ကိုမျိုသိပ်မရသည့်
အဆုံးအိမ်တော်မှအထွက် ယဉ်ကျေးစွာခွင့်တောင်း၍စပ်စုရသည်။

“ယော်မာဂျစ်စတီ၊မသိလို့မေးပါရစေ။ဘုရင်မကြီးလိုနေမဝင်အင်ပါယာအရှင်သခင်က ဘယ်လိုကြောင့်များ အနှီပုဂ္ဂိုလ်ကြီးကို
သို့ကလိုအရေးတယူရှိရသတုန်း”
“သြော်၊ဆြာဒင်ရယ်၊ပင်စင်သွားတာတောင် ဂရက်ဂျူတီငွေတွေသုံးမကုန်အောင်ရ၊ပင်စင်လစာတောင် လက်ရှိသမ္မတထက်များတဲ့သူ၊
ဘယ်သူသေသေငတေမာအောင်ဇယားဆွဲနိုင်တဲ့သူလိုလူမျိုးကမ္ဘာမှာရှားလွန်းလို့တော်ရေ့၊စကြာဝတေးမင်းသေလို့ဝင်စားတဲ့သူကို
ဖူးမြော်ရခဲပါဘိခြင်း”

(သုံး)
ထို့နောက်လူငယ်ပီပီလမ်းတစ်လျှောက်လုံး ရွှတ်နောက်နောက်စကားတွေချည်း တံတွေးသီးအောင်ပြောဆိုနေလေသည့် အမေရိကန် သမ္မတလူမည်းကလေး အိုဘားမား၏ရင်တွင်းဆန္ဒ၊တောင်းဆိုချက်ကား ထူးထွေဆန်းပြားသည်မဆိုသာချေ။
“ဖြစ်နိုင်ရင် ကျုပ်ကဖြင့် ဆြာဒင်တို့သမ္မတကြီးကို အလွတ်သဘောနှစ်ကိုယ်ကြား တွေ့ချင်ပါရဲ့ဗျာ”
ဤသို့လျှင် ဆြာဒင်သည် သမ္မတကြီးနှစ်ဦးအလွတ်သဘောတွေ့ဆုံနိုင်ရေးအတွက် ဗမာ့နည်းဗမာဟန်ဖြင့်ပင် ထုံးစံအတိုင်း လုံးပန်းရပြန် ပေရာ ဒီမိုကရေစီခေတ်တွင် ယခင်ကလောက်ကြေးမမြင့်တော့ပဲ ထိပ်သီးနှစ်ဦးတွေ့ဆုံခွင့်ကို ဖန်တီးပေးနိုင်ခဲ့ချေ၏။
မာန်မာနထောင်လွှားမှုရှိဟန်မတူသော သမ္မတကြီးသည် အိုဘားမားအား ဝမ်းသာအားရဖက်လှဲတကင်းတွေ့ဆုံပါ၏။နှစ်ဦးသား အပြန် အလှန် ပွေ့ကြဖက်ကြရင်း နှစ်ကိုယ်ကြားတီးတိုးစကားတချို့လည်းဆိုကြပြန်ချေသည်။

နုံချာချာဆြာဒင်လည်း သမ္မတအိမ်တော်မှအတန်ငယ်အလှမ်းဝေးသည့်နေရာသို့အရောက် မမြိုမသိပ်နိုင် နှစ်ကိုယ်ကြားတီးခေါက်ကြည့် မေးမြန်းမိပြန်လေ၏။
“နေပါဦးမောင်ဘားမားရဲ့။ကိုရင့်လို ဇမ္ဗူထိပ်ဒိတ်ဆိုတဲ့လူက ဘယ့်နှာကြောင့် ငတို့သမ္မတကြီးကို ရေးကြီးခွင်ကျယ်လုပ်ပြီးတွေ့နေရ ပြန်သတုန်း”

“ကျနော့်မှာအကြောင်းရှိတယ်ဗျ။ကာချုပ်ကသူ့စကားနားမထောင်၊လွှတ်တော်က ကြံ့ဖွံ့အမတ်အင်အားနဲ့ပေါက်ကရတွေလုပ်၊ သွားလေ သူကြီးကတစ်မှောင့်၊တကယ်ခေတ်ပြောင်းချင်သူတွေက နေရာအနှံ့ဆူညံပွက်လောရိုက်၊ဒီကြားထဲက နှလုံးစက်နဲ့ အသက်ရှင်ပြီး မိဘပြည်သူများခင်ဗျာဆိုတဲ့လေသံလေးနဲ့ ခပ်ပြုံးပြုံးလေးနေနိုင်တာမို့ လာမဲ့(၂၀၁၅)ရွေးကောက်ပွဲမှာ ဘယ်လိုလှိမ့်လုံးထွင်လုံးသုံးမလဲ သိချင်လွန်းလို့ အနားကပ်မေးခဲ့တာဗျို့”

နောက်တစ်ယောက်နောက်တစ်မျိုးမရိုးနိုင်အောင်အလှည့်ကျတောင်းဆိုလာသူကားနေတိုးစစ်ဦးစီးချုပ် ဖီးလ်မာရှယ် ဂျင်းစ် စတိုတင် ဘတ်ဂ်ပေတည်း။သူသည် မြန်မာ့ကာကွယ်ရေးဦးစီးချုပ်ကြီးကိုတွေ့ဆုံလိုသည်ဆိုလေသဖြင့် ရှေးမဆွကဖော်ပြခဲ့သည့်နည်းအတိုင်းပင် ဆြာဒင်ခွင်ချနိုင်ပြန်ပါ၏။နေတိုးဗိုလ်ချုပ်ကြီးသည် ဗမာကာချုပ်ကို စစ်ဦးထုပ်ချွတ်လျက် စစ်တပ်ပုံစံ နဖူးနှင့်လက်ကိုရိုက်၍ လေးငါး ဆယ်ကြိမ်မက အလေးပြုရှာ၏။ရောမဒဏ္ဍာရီထဲက ဂန္တဝင်လူစွမ်းကောင်းကြီးကို အရှင်လတ်လတ်တွေ့ရသည့်အလား ခြေဆုံးခေါင်းဆုံး အဖန်ဖန်တလဲလဲစေ့ငုသည်။မနေနိုင်မထိုင်နိုင် ဆြာဒင်တစ်ယောက် မေးမိပြန်သည်တွင် သူ့အဖြေကား …။

“တစ်ပြည်လုံးပေါင်းလို့မှ နှစ်သောင်းမပြည့်တဲ့ လက်နက်ကိုင်တွေကို အင်အားငါးသိန်းရှိတဲ့တပ်ကြီးနဲ့ ဟန်ရေးပြဗျူဟာခင်းထားနိုင်တဲ့သူ၊ အနောက်ဖက်တံခါးအရေးမှာ မြွေမသေတုတ်မကျိုးလုပ်နိုင်တဲ့သူ၊သွားလေသူရဲ့အရှိန်အစော်နဲ့ သမ္မတကိုအာခံရဲတဲ့ ဒီမိုကရေစီနိုင်ငံ ခေါင်းစဉ်အောက်က ဗိုလ်ချုပ်ကြီးမျိုးကို ဘယ်မှာမြေလှန်ရှာလို့တွေ့နိုင်ပါ့မလဲ။ဆြာဒင့်ကျေးဇူးကြီးပါပေတယ်ဗျာ”

(လေး)
နောက်ဆုံးအလှည့်ကျသူကား လမ်းတစ်လျှောက်လုံး နှုတ်နည်းစွာ လိုက်ပါလာသည့် မိုက်ခရိုဆော့ဖ်သူဌေးမင်း ဘီလ်ဂိတ်၏ စိတ်သန် ရာမှာ တစ်မျိုးတစ်ဘာသာဖြစ်ချေ၏။သူကမူ မြန်မာ့ခရိုနီများကို ဗဟုသုတရစေရန်အလို့ငှာဟောပြောပွဲတစ်ရပ်ကျင်းပလိုသည်ဟု ဆိုသည်။သို့နှင့်ပင် ဆြာဒင်ခမျာ လက်လှမ်းမီရာ ဗမာသူဌေးတို့ကို အပူတပြင်းဆက်သွယ်လျက် ဘီလ်ဂိတ်၏ဟောပြောပွဲသို့တက် ရောက်ကြပါမည့်အကြောင်း ဖုန်းတဂွမ်ဂွမ်ဆက်ကာမောင်းထုရပြန်ချေသည်။အများစုကား စိတ်ဝင်စားကြဟန်မပြ။ဆြာဒင့်မှာ အကင်းပါး စွာတစ်ဖက်လှည့်နည်းကိုသုံးရပြန်၏။

“ဦးဖေမြရယ်၊တက်ဖြစ်အောင်တက်ပါဗျာ။ဘီလ်ဂိတ်ကိုယ်တိုင်ဟောမှာဗျ”
“ဘယ်က ဘီလ်ဂိတ်တုန်း”
“ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်ခဲ့တဲ့လူဗျ။သူတို့အဖွဲ့က တပ်ချုပ်ဟောင်းကြီးနဲ့သာမက၊သမ္မတကြီးရော၊ကာချုပ်နဲ့ပါတွေ့ပြီးကြပြီမို့ ဆရာတို့ အတွက် ခွင်ကောင်းတစ်ခုခုမိနိုင်တယ်နော်”
အတိုချုံ့ရလျှင်ခွင်ဟူသောအသံကြားသည်နှင့် နောက်ထပ်တစ်ခွန်းဆက်စရာမလိုတော့ပဲဟောပြောပွဲသို့လူစုံတက်စုံရုံမက ခန်းမပြည့်လျှံ အောင် တက်ရောက်တော်မူကြကုန်၏။

ထိုနေ့က ဘီလ်ဂိတ်ဟောပြောသောအကြောင်းအရာမှာ “ငတေတွေပျော်စေဖို့”ဟူသော ခေါင်းစဉ်ဖြစ်၍ စီးပွားရှာရာတွင် ကိုယ်ကျင့်တရားမြင့်မားရေး၊လူအခွင့်အရေးမထိပါးစေရေး၊သဘာဝပတ်ဝန်းကျင်ရင်းမြစ်များ မပြုန်းတီး စေရေး တို့ကို ဇောင်းပေးဟောပြောလေရာ လက်ခုပ်သံတစ်ဖြောင်းဖြောင်းဖြင့်အားရစရာကောင်းလှချေသည်။သို့သော် တစ်စုံတစ်ရာကို သံသယဖြစ်မိသည့် ဆြာဒင်မှာ ဟောပြောပွဲတက်ရောက်သူခရိုနီကြီးတစ်ဦးအားတီးခေါက်ကြည့်မိရာ သူ့အဖြေစကားကြောင့်ရင်ဘတ်ကို ယောင်ရမ်းထုမိလေ ၏။

“လက်ခုပ်သံတွေနဲ့ ပွဲကတော့မြိုင်ချက်ဗျာ။ဒါနဲ့သူဟောတာပြောတာတွေကော သဘောပေါက်ရဲ့လားဗျာ”
“ဟာ၊သဘောပေါက်စရာမလိုဘူးလေ။ခေါင်းစဉ်ကို ဖတ်လိုက်ရင် ကျုပ်တို့ကိုပျော်ရွှင်အောင်လာဟောနေမှန်းတန်းသိနေတာပဲ”

(ငါး)
ဂျက်လေယာဉ်အင်ဂျင်စက်နှိုးသံကြားနေရသည်မို့ခွဲခွာချိန်တန်ခဲ့လေပြီ။ဆြာဒင်မှာ ဇာတိရွှေပင်ရွာရေစက်ဟောင်းပျက်၍စက်ရေတွင်း အသစ်တူးရန် ရောက်တုန်းရောက်ခိုက်လုံးပန်းရဦးမည်ဖြစ်၍ ဇာတိမြေတွင်ကျန်ရစ်နေခဲ့ရပေသည်။ဧည့်သည်တော်ကြီးတို့ကား အိမ့်ရှင် ဝတ္တရားကျေပွန်လှသောဆြာဒင့်ကို မသာမယာသောမျက်နှာကိုယ်စီဖြင့် လှိုက်လှဲစွာလမ်းခွဲနှုတ်ဆက်ကြရင်း မျှော်လင့်မထားသော စကားတစ်ခွန်းကို ဆိုလာလေသည်။

“နောက်ဆုံးအနေနဲ့ ဆြာဒင့်ကို ကျုပ်တို့လေးယောက်စလုံး ဂါရဝပြုနှုတ်ဆက်ပါရစေ”
အံ့သြမှင်တက်မိနေသော ဆြာဒင်ဘာတစ်ခွန်းမှ ပြန်မပြောနိုင်ပဲ ဆွံ့အနေစဉ်မှာပင် ဧည်သည်တော်တို့သည် ပုံစံအသီးသီးဖြင့် ဆြာဒင့်ကို တရိုတသေ၊အလေးပြုကြရင်း ကရုဏာစကားဆိုနေကြပြန်လေသည်။

“တကယ်တော့ ဆြာဒင်တစ်ယောက်တည်းကိုအလေးပြုတာမဟုတ်ပါဘူး။ဗမာပြည်သူတစ်ရပ်လုံးကိုယ်စား ဆြာဒင့်ကိုအလေးပြု တာပါ။ဒီလောက်မျက်နှာပြောင်တိုက်နိုင်တဲ့ လက်တစ်ဆုပ်စာလူတစ်စု၊ ထင်တိုင်းကြဲနေတာကို နှစ်ပေါင်းလေးငါးခြောက်ဆယ် ဒုက္ခအဖုံဖုံ ခါးစည်းခံပြီးထမင်းနပ်မမှန်တာတောင် ခန္တီတရားလက်ကိုင်ထားပြီး နေနိုင်တဲ့ဆြာဒင်တို့တစ်မျိုးသားလုံးကို လေးစားလွန်းလို့ပါ။ အဆင်းရဲ ဆုံးနိုင်ငံစာရင်းကနေ အမြန်ဆုံးလွတ်မြောက်ဖို့ဆုတောင်းလိုက်ပါရဲ့။ ဗမာပြည်ကို ဘုရားသခင်စောင့်ရှောက်ပါစေ”

သူတို့စကားသံအဆုံးတွင်ကား ကိုယ့်ကိုယ်ကိုဧရာမသတ္တိခဲဘာမထီအာဇာနည်ဟု ထင်မှတ်ခဲ့မိလေသော ဆြာဒင်၏မျက်လုံးအိမ်မှ မျက်ရည်ပေါက်ကြီးငယ်တို့သည် တာကျိုးသည့်အလားပြိုဆင်းလာလေရာ ဆြာဒင်တစ်ယောက်စိတ်ကို အတန်တန်ထိန်းလျက် မျက်ရည်ကို လက်ဖမိုးဖြင့်သိမ်းဆည်းစဉ်တစ်ခဏ၌ လေယာဉ်ကွင်းအတွင်းရှိတစ်ခုသောစားသောက်ဆိုင်တွင်းမှ ထွက်ပေါ်လာသော နိုင်ငံတော်သီချင်းသည် ဆြာဒင့်ကို သည်းထန်စွာငိုကြွေးစေယောင်တကား။

“အမျိုးသားရေး ကြိုးပမ်းကြပါတို့ဗမာ၊များလူခပ်သိမ်းငြိမ်းချမ်းငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ၊တို့မြေ၊တို့ပြေ”
↧

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0

၁၆။၀၇။၂၀၁၄နေ့ထုတ် ဆဲဗင်းဒေးအပတ်စဉ်ဂျာနယ်။ ။မင်းဒင်ရဲ့သက်ခိုင်(၂)

အခန်း(၄၃)
ပြန်မပြောချင်သော၊ဇာတ်လမ်းရှည်တစ်ပုဒ်။။

၂၀၁၄၊ဇူလိုင်လဆန်း၊ထိုင်းနိုင်ငံ၊ဖူးခက်မြို့။
“ခင်ဗျားမေးလို့သာ ဖြေရမှာ ဒီခေါင်းစဉ်ဟာ ကျနော်မပြောချင်ဆုံးအကြောင်းပဲဗျာ”
“ပြည်ပရောက်အတိုက်အခံတွေအကြောင်း ခင်ဗျားသိသလောက်လုပ်စမ်းပါအုံးဗျာ” ဟူသောကျနော့်မေးခွန်းအဆုံးတွင် ကိုသက်ခိုင် တုန့်ပြန် လိုက်သောစကားသံဖြစ်၏။
ထိုနေ့က ကိုသက်ခိုင်တစ်ယောက် ကျနော့်အိမ်သို့စောစောစီးစီးပေါက်ချလာပြီး ဈေးဝယ်ထွက်ချင်သည်ဆိုလေသဖြင့် သူခေါ်ရာလိုက်ပါ လာခဲ့ခြင်းဖြစ်၏။ကားကိုမြို့ပြင်ဆီသို့ ဦးတည်မောင်းနှင်နေလေရာ ကိုသက်ခိုင်တွင်အခြားရည်ရွယ်ချက်တစ်ခုခု ရှိနေလေရော့သလား၊ အတွေးပွားမိသဖြင့် သေချာအောင်မေးမြန်းမိသည်။

“ခင်ဗျား၊အဝတ်အစားဝယ်မဲ့ဥစ္စာ ဘန်ကောက်အထိ တက်ဝယ်မှာတော့ မဟုတ်လောက်ဘူးထင်ပါရဲ့”

“အော်၊ဘိုင်ဖတ်(By Pass)လမ်းဆုံနားက (Outlet)ကို သွားမှာပါဗျာ၊စင်ထန်း(Central)နဲ့ ရိုဘင်ဆင်(Robinson)မှာ ဒီဇိုင်းအသစ် မှန်းမသိ အဟောင်းမှန်းမသိရွေးရခက်လွန်းလို့ဗျ”
ဘိုင်ဖတ်အောက်လက်(Outlet)သို့သွားရာလမ်းသည် ဖူးခက်၏အစည်ကားဆုံးနေရာဖြစ်သည့် စင်ထန်းလမ်းဆုံကို ကျော်ရသည်။ ခဏကြာ မောင်းမိလျှင် ကားလမ်းသည် တောင်ခါးပန်းဘေးမှာတစ်လမ်း၊တောင်အောက်ခြေမှာတစ်လမ်း၊နှစ်လမ်းကွဲထွက်သွားသည်။ ကျနော် ဖူးခက်သို့ရောက်စက တောင်အောက်ခြေလမ်း တစ်လမ်းတည်းသာရှိ၏။သို့သော် နိုင်ငံတကာခရီးသွားများလှသည့် ဖူးခက်မြို့အဖို့ မြို့ဝင်လမ်းများ ကျယ်ပြန့်ကောင်းမွန်နေရေးသည် အသက်တမျှအရေးကြီးလှသည်ဖြစ်ရာ ဆိုခဲ့သောတောင်ခါးပန်း ဘေးကလမ်းကို နေ့မအားညမအား နိုင်ငံတစ်ကာပညာရှင်များ၏အကူအညီဖြင့် ဖောက်လုပ်ခဲ့သည်မှာ “တောင်ကြီး၊ကားအောက်”ဟုပင် စာချိုးကိုပြင်ရ လောက်သည်။

ဧရာမ ကျောက်ဆောင်ကြီးတွေကိုဖြိုသည်။အဓိကရအဆောက်အဦးအသစ်အချို့ကိုလျော်ကြေးပေးကာ ဖယ်ရှားသည်။ ယခုတော့ သည်လမ်းမကြီးနေရာတွင် တစ်ချိန်က ကျောက်တောင်ကမ္ဘားယံကြီးရှိခဲ့သည်မှာပင် ယုံတမ်းစကားဖြစ်ချေ တော့မည်။ လိုတပ်(Tesco Lotus) အနီးသို့ ရောက်သည့်အခါ မြေအောက်ကားလမ်းအသစ်တစ်ခုကို အပူတပြင်းဆောက်လုပ်နေ သည့်မြင်ကွင်း ကိုတွေ့ရသည်။စောစောက ဖြတ်ကျော်ခဲ့သည့်စင်ထန်းမီးပွိုင့်တွင်လည်း အလားတူစီမံကိန်းတစ်ခုတည်ဆောက်ဆဲ တန်းလန်းဖြစ် လေသဖြင့် ကျနော်ကိုသက်ခိုင်ကို စပ်စုမိသည်။

“ငွေတော်တော်ပေါတဲ့တိုင်းပြည်မို့ထင်ပါရဲ့ကိုသက်ခိုင်၊မိုင်ဝက်တောင်မလှမ်းတဲ့နေရာတွေမှာ၊မြေအောက်ကားလမ်းနှစ်ခုတပြိုင်တည်း
ဆောက်နေတာ”

“တိတိကျကျပြောရရင် တိုင်းပြည်ကငွေပေါတာမဟုတ်ဘူးဗျ။မြို့က ငွေပေါတယ်လို့ဆိုရင်ပိုမှန်မယ်။နှစ်စဉ်ကမ္ဘာလှည့်ဦးရေလေးသန်း လောက်လာနေတဲ့မြို့မို့ ဒီမြို့နဲ့ပတ်သက်ပြီး ရသမျှ အခွန်အခမှန်သမျှ ဒီမြို့ဖွံ့ဖြိုးရေးမှာပဲ သုံးနိုင်တဲ့ ဥပဒေပြဌာန်းထားတယ်လို့ ကျနော်ကြားဖူးတယ်။ကြုံတုန်းပြောရရင် စင်ထန်းမီးပွိုင့်က စီမံကိန်းကို တာဝန်ယူဆောက်လုပ်နေတာက အီတာလျံထိုင်းကုမ္ပဏီ၊ လိုတပ် မီးပွိုင့်မှာ တာဝန်ယူဆောက်လုပ်နေတာက တီကေ(TTK Construction)ဗျ။ တီတီကေဥက္ကဋ္ဌနဲ့ကျနော်အတော့်ကို ရင်းနှီးတယ်။သူပြောဖူးတာ က ဒီမြေအောက်ကားလမ်းတွေဟာ သာမန်ဂုံးကျော်တံတားတွေထက် နှစ်ဆကျော်ကျော် အကုန်အကျပိုများ သတဲ့။ဘာကြောင့် များမြေအောက်မှာ ဖောက်တဲ့နည်းလမ်းကိုရွေးရသတုန်းဆိုတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့မြို့ပြတည်ဆောက်ရေး ပညာရှင် တွေရဲ့ အကြံပြုချက်ကြောင့်လို့ဆိုတယ်”

ကိုသက်ခိုင်၏စကားအဆုံးမှာပင် ကျနော်တို့(Outlet)ကုန်တိုက်ကြီးရှိရာသို့ရောက်လာသည်။ကားရပ်နားရန်နေရာမှာကျယ်ဝန်းလှ၏။ ကုန်တိုက်ဟုအလွယ်ဆိုရသော်ငြား စင်စစ် ကုန်တိုက်မဟုတ်ချေ။ကမ္ဘာကျော်နာမည်ကြီး အဝတ်အစားနှင့်အသုံးအဆောင်ကုမ္ပဏီများက သီးခြားတစ်ထပ်အဆောက်အဦးကြီးငယ်များ စုပေါင်းထားခြင်းသာဖြစ်၏။အဆောက်အဦးဒီဇိုင်းမျိုးစုံသကဲ့သို့ ခင်းကျင်းရောင်းချနေသည့် ကမ္ဘာကျော်အဝတ်အစားအသုံးအဆောင်ပစ္စည်းတို့လည်း အမျိုးအမည်မရေတွက်နိုင်ချေ။အဆိုပါနေရာ၌ တွေ့မြင်ရသည့် ဈေးဝယ် အများစုမှာ ဥရောပ၊အာဖရိက၊ဂျပန်၊တရုတ်၊အရှေ့အလယ်ပိုင်းမျက်နှာသွင်ပြင်နိုင်ငံခြားသားအများစုဖြစ်၍ ထိုင်းလူမျိုးဟူ၍ မမြင်မိ သလောက်ပင်ရှားပါးလှသည်မှာ ထူးခြားချက်ဖြစ်၏။ဈေးနှုန်းကြီးမြင့်သည့် အဝတ်အစားအသုံးအဆောင်တို့ကို ဖူးခက်ဝန်းကျင်တစ်ဝိုက်ရှိ ဌာနေတိုင်းရင်းသားတို့လက်လှမ်းမီဟန်မတူချေ။

ကျနော့်စိတ်ထင် ဘယ်အရာမှ ဇီဇာမကြောင်တတ်သော ကိုသက်ခိုင်တစ်ယောက် အဝတ်အစားဘက်တွင်မူ အတော်ဝါသနာကြီးပုံရသည်။ကျနော်မှတ်မိသလောက် Addidas,Nike, Puma, Callway ,Woodland, daks,AllZ,စသည့် ကမ္ဘာကျော်အဝတ်အထည်နှင့် ဖိနပ်ဆိုင်တွေမှာ ရွေးလိုက်ဝယ်လိုက် အချိန်အကြာကြီးဖြုန်းနေသဖြင့် အဆိုပါ ကိစ္စတွင်အထိုက်အလျောက်ဝါသနာပါသော်ငြား စိတ်မရှည်နိုင်သောကြောင့် ဖွင့်မေးမိသည့်အခါ သူက ရယ်ရယ်မောမောပင် တုန့်ပြန် သည်။

“ကိုသက်ခိုင်ကြည့်ရတာ အဝတ်အစားကိုတော့ အတော်ဝါသနာကြီးပုံရတယ်”

“အေးဗျ။ပုဆိုးပိုင်းပုခုံးပေါ်တင်ပြီး ကျောပြောင်ကြီးတွေနဲ့နေတတ်တဲ့ အညာအရပ်ဇာတိမို့ ထင်ပါရဲ့။အဝတ်အစားကိုတော့ ကျနော် အတော်မက်တာအမှန်ပဲ။မှတ်မိသေးတယ်ဗျာ။ငယ်ငယ်ကဆို အဝတ်အစားဝယ်ပေးထားရင် ဒါချည်းထပ်တလဲလဲဝတ်နေလို့ ကျောင်းနေ ဖက်သူငယ်ချင်းတွေက”ဒါဝတ်ဘိုင်”လို့တောင်ခေါ်ကြသေး။ကိုယ်က ပုဆိုးအသစ်လေးကိုရက်ဆက်ဝတ်ချင်လို့ နေ့ဖက်ဝတ်၊ ညဖက်ပြန်လျှော်၊ နောက်တစ်နေ့ပြန်ဝတ်၊တစ်ခါတစ်ခါ မိုးတွင်းဖက်များဆို ကျောင်းသွားချိန်တိုင်အောင် ပုဆိုးကမခြောက်တော့ မီးကင်၊မီးကင်တော့ မီး ပေါက်တွေဖြစ်ကုန်၊တစ်ခါတစ်လေ ကိုယ်က အပျံစားမီးပူကော့နေအောင်တိုက်ထားတာ ညီတွေအကိုတွေက အလစ်မှာ အခန့်သင့် ကောက်စွပ်သွားကြတော့ ကျနော့်မှာဒေါကန်ပြီးကျန်ရစ်ခဲ့တာလည်း ရှိသေးတယ်။နေဦးဗျ။ ကျနော်ဒီကို လာလာ နေတာ ဒီအဝတ်အစား တွေရဲ့ဈေးကွက်အကြောင်းကို စိတ်ဝင်စားလို့လာနေတာလည်းပါတယ်”

“လုပ်စမ်းပါအုံးကိုရင်ရယ်။ဘာတွေများ စိတ်ဝင်စားစရာကောင်းလို့တုန်း။အဝတ်အစားနဲ့ကြွားချင်တဲ့သူတွေ ငွေလာဖြုန်းတာထက် ဘာများ ပိုထူးလို့တုန်းဗျာ”

ကျနော်က သူ့စကားကိုအငေါ်တူးလိုက်ရင်း သူဝယ်ထားသည့် အဝတ်အစားတစ်ပွေ့တစ်ပိုက်ကြီးထဲမှ တချို့ကို မျှဝေကိုင်ဆွဲပေးရန် လက်လှမ်းလိုက်သည်။သူက “ကျေးဇူးပဲဗျ” ဟုဆိုရင်း သူ့စကားကိုဆက်ပြန်သည်။

“တကယ်တော့ အဝတ်အစားဟာ လူမှာစားဝတ်နေရေးဆိုတဲ့ အခြေခံလိုအပ်ချက်သုံးခုအနက်မှာ ဒုတိယနေရာက လိုက်တယ်ဗျ။ တစ်ဆက်တည်းပြောရရင် အဝတ်အထည်ဈေးကွက်ဟာ ကမ္ဘာမှာတော်တော့်ကို ကြီးမားတဲ့ဈေးကွက်ကြီးဖြစ်ပုံရတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံနဲ့ ဆင်းရဲမွဲတေနေတဲ့ နိုင်ငံတွေကြားမှာ အဝတ်အထည်တွေအပေါ်ထားတဲ့သဘောထားကလည်း မတူပြန်ဘူး။ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ အဝတ်အစားကို ပွဲလမ်းသဘင်၊ရာသီဥတုဒဏ်နဲ့အရှက်လုံဖို့လောက်သာ ရည်ရွယ်ကြပေမဲ့ ချမ်းသာတဲ့နိုင်ငံတွေမှာရှိတဲ့ လူတွေကတော့ နာမည်ကြီးတံဆိပ်တို့ နောက်ဆုံးပေါ်ဒီဇိုင်းတို့ကိုသာ စိတ်ဝင်စားတတ်ကြတာကလား”

“ဒါဆို အခုဒီဆိုင်တွေပေါ်က ပစ္စည်းတွေက နောက်ဆုံးပေါ်မော်ဒယ်ဒီဇိုင်းတွေထင်ပါရဲ့”
“မဟုတ်ဘူးဟုတ်တယ်လို့ဖြေရမဲ့ပုံပဲဗျာ။အခုမြင်နေရတဲ့အဝတ်အစားအတော်များများဟာ ထိုင်းနိုင်ငံအတွက် အသစ်ဖြစ်နေပေမဲ့ ဥရောပ အမေရိကလိုနိုင်ငံတွေအတွက်တော့ အသစ်မဟုတ်တော့ပြန်ဘူး”
“ဒါဆို သူတို့နိုင်ငံမှာ မဝယ်ပဲဘာကြောင့် ဒီမှာလာဝယ်ကြသတုန်းဗျာ”
“အဲဒါဈေးကွက်သဘောတရားပဲဗျ။သူတို့နိုင်ငံတွေမှာ မော်ဒန်အသစ်အဆန်းတွေရဲ့သက်တမ်းဟာ ခြောက်လထက်မပိုဘူး။နောက်လာတဲ့ မော်ဒန်က နေရာဝင်ယူသွားပြီ။ဒီတော့ မော်ဒန်ဟောင်းတွေဟာ အာရှဈေးကွက်ထဲကို ဈေးပေါပေါနဲ့ ရောက်လာတယ်။အထူးလျော့ဈေး ဒစ်စကောင့်နဲ့ရောင်းကြတယ်။ဒီမှာတင် ပေါချောင်ကောင်းကြိုက်တဲ့ အနောက်တိုင်းသားတွေလည်း ကြုံတုန်းကြုံခိုက် အထည်ပုံဝင်မွှေ ကုန်ကြရောပေါ့ဗျာ။နောက်တစ်ချက်က ကမ္ဘာကျော်နာမည်ကြီးအဝတ်အစားအသုံးအဆောင်တံဆိပ်မှန်သမျှ မူရင်းနိုင်ငံက လာတာ မရှိ သလောက်ပဲဗျ။ လုပ်အားခသက်သာတဲ့ လူမွဲနိုင်ငံတွေမှာ စက်ရုံခွဲတွေ ဖွင့်ပြီးထုတ်လုပ်ကြတာ”

“ဒီလိုဆိုတော့လည်း ခင်ဗျားရဲ့အဝတ်အစားဋီကာက စာအုပ်ထုတ်ရင် အတော်ထူမဲ့ကျမ်းပါကလား။ကဲပါဗျာ၊ဗိုက်ဆာပြီ၊တစ်ခုခုဝင်စားကြ ရအောင်၊ရောင်းသမျှ ပစ္စည်းဈေးကြီးတဲ့ နေရာမှာ အစားအသောက်လည်း ဈေးသက်သာမဲ့ပုံမပေါက်ပေမဲ့၊ဒီလောက်မြို့နဲ့အလှမ်းဝေး တဲ့နေရာမှာ ရွေးစရာဆိုင်မှမရှိတာ၊နိဗ္ဗာန္နဿပစ္စယောဟောတုပေါ့”

“အဟား၊ဒါလည်းဈေးကွက်စီးပွားရေးရဲ့အခန်းခွဲလေးတစ်ခုပေါ့ဗျာ၊ကျနော်လည်းဗိုက်ဆာနေပြီ။ ကော်ဖီနဲ့ဟမ်ဘာကာလေးကြိတ် လိုက်ကြအုံးစို့ရဲ့။ ခင်ဗျားခြေညောင်းတာကိုကျေးဇူးဆပ်တဲ့အနေနဲ့ ကျနော်ဒကာခံမှာပါဗျ”

နှစ်ယောက်သားပြောပြောဆိုဆို အဆောက်အဦးနှစ်ခုကြားကွက်လပ်က ဟမ်ဘာကာဆိုင်မှာထိုင်ဖြစ်ကြသည်။ကိုသက်ခိုင် ကောင်တာ သို့ကိုယ်တိုင်သွားကာ စားစရာမှာယူနေချိန်တွင် ကျနော်ဟိုဟိုဒီဒီငေးကြည့်နေမိသည်။ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်များအား ဝယ်ယူသောပစ္စည်းတန်ဖိုး၏ (VAT)ခုနစ်ရာခိုင်နှုန်းပြန်အမ်းသည့်ကောင်တာမှာ ဂျပန်တစ်အုပ် အလုပ်ရှုပ် နေသည်ကို လှမ်းမြင်နေရ၏။ ကိုယ်တိုင်ဈေးဆိုင်ငယ်တစ်ခုဖွင့်လှစ်ထားသူဖြစ်၍ ကိုသက်ခိုင်ပြောသော နိုင်ငံတစ်ကာကူးသန်းရောင်း ဝယ်ဖောက်ကားသည့် စံနစ်တို့ကို စိတ်ဝင်စားမိလေရာ ကျနော့်မှာတွေးစရာတွေအများကြီးဖြစ်လာပြန်သည်။ ကိုသက်ခိုင်တစ်ယောက်စားစရာဗန်းကိုင်ကာ ပြန်ရောက်လာ၏။

“ခင်ဗျားပြောမှစဉ်းစားမိတယ်။အချိန်အကြာကြီးတံခါးပိတ်ထားခဲ့တဲ့ ကျနော်တို့တိုင်းပြည်နဲ့ ဒီဖက်နိုင်ငံတွေ ရောင်းပုံဝယ်ပုံ၊ဈေးကွက်ရှာပုံ၊ တွေးတောဆင်ခြင်ပုံတွေအတော်ကွာတာ ကျနော်လည်းသတိပြုမိတယ်ဗျ။ကုန်တိုက်အရောင်းကောင်တာတွေမှာထိုင်တဲ့ အရောင်းစာ ရေး ဝန်ထမ်းတွေရဲ့ ဆက်ဆံပုံတွေ၊ကီလိုနဲ့ပိသာကွာခြားတာတွေကိုလည်း သတိထားမိတယ်။ဒီဖက်က ပိုပြီးစံနစ်ကျတယ်ထင်မိ တယ်။သင် ယူစရာ၊အတုယူစရာတွေ အများကြီးရှိနေသေးတာပဲ”

“ဟုတ်တယ်ဗျ။ဒီလိုခေတ်အကူးအပြောင်းမှာ ကမ္ဘာကြီးနဲ့ ပေါင်းကူးပေးမဲ့ ပြည်ပရောက်ဗမာတွေရဲ့အကူအညီတွေအများကြီးလိုတာ အမှန် ပဲဗျ”
“အော်၊ဒါနဲ့ခင်ဗျားရဲ့မိတ်ရင်းဆွေရင်းတွေတောင် နိုင်ငံတော်အကြံပေးဆိုပြီး ပြန်ကုန်ကြတာ ဒီအချက်ကြောင့်ဖြစ်မယ်ထင်ပါရဲ့”

ကိုသက်ခိုင်သည် ကျနော့်ထင်မြင်ချက်ကို မည်သို့မျှတုန့်ပြန်စကားမဆိုပဲ ဟမ်ဘာကာတစ်ကိုက်၊ကော်ဖီတစ်ကျိုက် လုပ်နေလေသဖြင့် ကျနော်ကပင် စကားရှေ့ဆက်ရပြန်သည်။
“တကယ်တမ်းအတိုက်အခံအင်အားစုတွေက ပြည်တွင်းပြန်ပြီး တိုင်းပြည်အကျိုးပြုနိုင်ရင်တော့ အကောင်းဆုံးပဲဗျာ”

ဤတွင် ကိုသက်ခိုင်သည် သက်ပြင်းရှည်ကြီးတစ်ချက်မှုတ်ထုတ်လိုက်ရင်း လေသံခပ်လေးလေးဖြင့် ဤအခန်းအစတွင်ဖော်ပြခဲ့သော မှတ်ချက် ကိုပြုခဲ့ခြင်းဖြစ်လေ၏။

“ခင်ဗျားမေးလို့သာ ဖြေရမှာ ဒီခေါင်းစဉ်ဟာ ကျနော်မပြောချင်ဆုံးအကြောင်းပဲဗျာ”
ကျနော်သူ့မျက်နှာကိုလှမ်းကြည့်လိုက်ရင်း  လွန်ခဲ့သောလေးနှစ်ဝန်းကျင်၊သူနှင့်ကျနော် ချင်းမိုင်မြို့တွင်ကျင်းပသော သတင်းသမဂ္ဂ ညီလာခံသို့အတူရောက်ခဲ့စဉ်က မြင်ကွင်းတချို့ကို ပြန်မြင်ယောင်နေမိသည်။ စင်စစ်မြန်မာနိုင်ငံသတင်းသမဂ္ဂနှစ်ပတ်လည် ညီလာခံ သို့ဖိတ်ကြားခြင်းခံရသည့်ကျနော်နှင့်အတူ ကိုသက်ခိုင် အဖော်အဖြစ်လိုက်လာခဲ့ခြင်းဖြစ်လေ၏။အစည်းအဝေးမစခင်တစ်ည၊ ချင်းမိုင်မြို့ မှ”မွှေး”အမည်ရှိ မြန်မာထမင်းဆိုင်တစ်ဆိုင်၏သောက်ဝိုင်းစားဝိုင်းမှာ အတိုက် အခံခေါင်းဆောင်တချို့နှင့် ကျနော်တို့ဆုံဖြစ်ခဲ့ကြသည်။ စင်စစ် သတင်းသမဂ္ဂညီလာခံသည် အတိုက်အခံတောင်ပြုံးဟုဆိုသော်ရနိုင်၏။ အကြောင်းမှာ သတင်းသမဂ္ဂအစည်းအဝေးကို အကြောင်းပြု၍ တကမ္ဘာလုံးအနှံ့ဘဝမျိုးစုံဖြင့် ကျင်လည်နေကြရသည့် တော်လှန်ရေး ရဲဘော်ဟောင်း၊မိတ်ဆွေသူငယ်ချင်းများ တစ်စုတစ်ဝေးတည်း၊ပျော်ပျော်ပါးပါးပြန်လည်ဆုံနိုင်ကြသောကြောင့်ဖြစ်၏။

ထိုနေ့ကဝိုင်းတွင် ၈၈ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်၊ကဗျာဆရာကိုလွမ်းဏီ၊ ကိုအောင်သူငြိမ်း၊ကိုဇော်မင်း (လူ့ဘောင်သစ်)၊ ကိုဝင်းမင်းတို့နှင့်အတူအရက်ဝိုင်းမှာအဖွဲ့ကျနေခဲ့လေရာ ကျနော့်အဖို့အတန်ငယ်ထူးဆန်းနေသည်ကားအမှန်ဖြစ်၏။ထို့ထက်ပို၍ထူးခြား သည်ကား ကိုမိုးသီးဇွန်နှင့်ကိုသက်ခိုင်အပြန်အလှန်ပြောဆိုခဲ့သောစကားတစ်ခွန်းဖြစ်လေ၏။သတိပြုရန်အချက်မှာ ထိုကာလက ကျောင်းသားတပ်ဖွဲ့ဝင်တို့အကြား အထင်အမြင်လွဲမှားသတ်ဖြတ်မှုများနှင့်ပတ်သက်၍ ယခုအချိန်လောက်ပွင့်လင်းမြင်သာမှုမရှိသေး ချေ။

“ကိုမိုးသီးဇွန်၊ပွင့်ပွင့်လင်းလင်းတစ်ခုမေးချင်တယ်။မြောက်ပိုင်းလူသတ်မှုအပါအဝင် ကျောင်းသားရဲဘော်တွေကြားမှာ အပြန်အလှန် သတ်ဖြတ်မှုတွေရှိခဲ့တယ်ဆိုတာ အများပြောနေကြ သလို တကယ်ပဲ ဖြစ်ခဲ့သလားဗျာ”

“ခက်တယ်ကိုသက်ခိုင်၊အများစုက သေချာမသိပဲ လျှောက်ဖွနေကြတာဗျ”
“ကိုမိုးသီးဇွန်၊ခင်ဗျားနဲ့ပတ်သက်ပြီး အကောင်းမြင်တာ၊အဆိုးမြင်တာ ဒွန်တွဲပြီးရှိကြမယ်ဗျ။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားဟာ “အထင်ကရ သမိုင်းထဲက အမှတ်တရလူ”ဆိုတာတော့ ငြင်းလို့မရဘူး”ဟူ၏။

ထိုအကြောင်းအရာတို့ ကျနော့်အတွေးစဉ်မှာသိလိုသောအချက်များဆင့်ကဲပေါ်လာသည်။
“ဒါနဲ့၊ခင်ဗျားက ကျောင်းသားခေါင်းဆောင်တွေနဲ့ ဘယ်လိုဘယ်ပုံ တရင်းတနှီးပတ်သက်နေရပြန်တာတုန်းဗျာ။အံ့သြမိတာတော့အမှန်ပဲ။ ကျနော်မေးမယ်လို့ စိတ်ကူးခဲ့တာတော့ကြာပါပြီ”

“သြော်၊ဘာမှအဆန်းတကြယ်မဟုတ်ပါဘူး။ကျောင်းသားခေါင်းဆောင်တွေအပါအဝင် အတိုက်အခံခေါင်းဆောင်အများစုဟာ ပြည်ပနိုင်ငံ တွေမှာ ဘဝမျိုးစုံနဲ့ ကျင်လည်နေခဲ့ကြတာမို့ ကျနော်လို နေရာအနှံ့ရောက်နေတဲ့သူတစ်ယောက်နဲ့ တစ်ကွေ့မဟုတ်တစ်ကွေ့တွေ့ကြုံနေခဲ့ တာအဆန်းမှမဟုတ်ပဲ။ပြည်သစ်ညွန့်ဝေခေါ်ဦးမောင်မောင်အထွေထွေအတွင်းမှူးအဖြစ်ခေါင်းဆောင်တဲ့ (FTUB)အလုပ်သမားသမဂ္ဂမှာ ဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ကုလသမဂ္ဂညီလာခံအစည်းအဝေးခန်းမထဲမှာ အငြိမ့်သားထိုင်နေခဲ့တဲ့ ဦးသန်းလွင်တောင် ကျနော်နဲ့ဘန်ကောက်မှာဆုံခဲ့ကြတုန်းက အိန္ဒိယမြန်မာနယ်စပ်က ကျွန်းသစ်ခွဲသားတွေကို နိုင်ငံတစ်ကာဈေးကွက်မှာ ရောင်းချင်လို့ ကျနော်နဲ့လာချိတ်ဆက်ခဲ့ဖူးသေးတာပဲ။ ဒီလာက်ဆို ခင်ဗျား ရိပ်စားမိလောက်ပါရဲ့”

“တိုတိုချုံ့ပြီးပြောရရင် ဗမာ့တော်လှန်ရေးအတိုက်အခံတွေအကြောင်းကို ပြည်ပသတင်းဌာနတွေကနေ၊ကျီးဘုတ်မြှောက်၊ ဘုတ်ကျီး မြှောက် လုပ်နေခဲ့ကြတာမို့  ပြည်တွင်းနေလူထုကတော့ ဧရာမသူရဲကောင်းကြီးတွေ အဖြစ်မြင်ယောင်ပုံဖော်နေခဲ့ကြမှာပါပဲ။ တကယ့် လက်တွေ့ဘဝတွေကတော့ အဖြူနဲ့အမဲလို့ဆိုရမယ်။ခင်ဗျားမြင်သာအောင်ပြောရရင် ဗမာပြည်ကလက်ဖက်ရည်ဆိုင်တွေမှာ အစိုးရ မကောင်းကြောင်း လေသံကျယ်ကျယ်တောင်မပြောရဲတဲ့ကာလတွေမှာ ပြည်ပအတိုက်အခံတွေက ဒီမိုကရေစီနိုင်ငံတွေရဲ့သံရုံးတွေ ရှေ့သွားပြီး ကြွေးကြော်သံမျိုးစုံနဲ့ ဆန္ဒပြတဲ့ သတင်းတွေကို အဟုတ်ကြီးမှတ်နေခဲ့ကြတာပေါ့ဗျာ”

“ကျနော်လည်း ခင်ဗျားပြောတဲ့အချက်တွေကို တစ်စွန်းတစ်စတွေးမိကြားမိပေမဲ့ ဇာတ်လမ်းကိုအရည်မလည်တာတော့ အမှန်ပဲဗျာ။ဒီအချိန် ရောက်မှတော့ ဘာမှဖုံးကွယ်စရာလိုတော့မယ်မထင်ဘူးဗျ။ခင်ဗျားသိသလောက်တော့ပြောသင့်ပြီလို့ထင်မိတယ်။ ကျနော်အသိချင်ဆုံး အချက်ကတော့ ဒီလူတွေဟာ ဘယ်လိုလုပ် နိုင်ငံတစ်ကာအန်ဂျီအိုအဖွဲ့တွေနဲ့ချိတ်ဆက်မိပြီး ထောက်ပံ့ကြေးတွေဘယ်လိုရခဲ့ကြသလဲ။ ဘယ်ပုံစခန်းသွားနေခဲ့ကြတယ် ဆိုတာ ရှင်းရှင်းလင်းလင်း သိချင်စမ်းပါဘိ”

“အေးလေ။ ခင်ဗျားဒီလောက်တောင်သိချင်လှချည်ရဲ့ဆိုရင်ဖြင့်ပြောရသေးတာပေါ့ဗျာ။တစ်ခုတော့ရှိလေရဲ့။ ကျနော်ဟာ ကျောင်းသား တော်လှန်ရေးသမားတွေကို သိက္ခာကျရာကျကြောင်းရည်ရွယ်ပြီး ပုဂ္ဂိုလ်ရေးအားနည်းချွတ်ချော်မှုတွေ နဲ့ပတ်သက်ပြီး ပုဂ္ဂလဓိဌာန်တစ်စုံတစ်ယောက်ကိုဦးတည်မရည်ရွယ်ပဲ၊ ဖြစ်စဉ်တစ်ရပ်လုံးကို ယေဘုကျအမြင်နဲ့သာ နှောင်းလူတွေသိပါစေတော့ ဆိုတဲ့ စိတ်နဲ့ပြောပြချင်တယ်။ဘာကြောင့်တုန်းဆိုတော့ ၈၈ကာလမှာ ပြည်ပကိုတိမ်းရှောင်လာပြီး တကယ့်ကိုဗမာပြည်ကြီးပြောင်းလဲတိုး တက်စေချင်တဲ့ရည်ရွယ်ချက်နဲ့ အသက်တွေဘဝတွေစွန့်ပြီးလုပ်ဆောင်ခဲ့ကြတဲ့ အလွန်ဦးရေနည်း လှတဲ့တော်လှန်ရေးရဲဘော်တချို့ကို ထိခိုက်မှာစိုးလို့ပါပဲ”

ဤသိုလျှင် ကျနော့်တိုက်တွန်းမှုကြောင့် ကိုသက်ခိုင်ပြောပြလေသည့် ပြည်ပရောက်အတိုက်အခံတို့၏ အဖြစ်စုံ အကြောင်းအရာ တို့မှာအောက်ပါအတိုင်းဖြစ်လေသည်။

“ဒီဇာတ်လမ်းရှည်ကြီးဟာ ၁၉၈၈ခုနှစ်လူထုအရေးတော်ပုံကြီးကနေ စစ်အစိုးရကို လက်နက်စွဲကိုင်ရင်ဆိုင်တိုက်ခိုက်မယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ထိုင်းမြန်မာနယ်စပ်ကို တိမ်းရှောင်ခဲ့ကြတဲ့ သောင်းချီတဲ့ကျောင်းသားလူငယ်တွေအကြောင်းကနေ အစပြုရမယ်ထင်ပါရဲ့။ ကျောင်းသား တွေအပြင် စစ်အစိုးရကိုဖြုတ်ချချင်တဲ့ အလွှာအသီးသီးက တော်လှန်ရေးရဲဘော်တွေလည်းပါတယ် ဆိုပါတော့။ သူတို့ဟာ ဘုံရည်မှန်းချက်ချင်းတူနေတဲ့ နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မျိုးစုံနဲ့ ချိတ်ဆက်မိခဲ့ကြတယ်။

တကယ့်လက်တွေ့မှာလည်း အဲဒီကာလမှာ ကျောင်းသားတပ်ဖွဲ့ တွေဟာ တတ်သမျှမှတ်သမျှစစ်ပညာနဲ့ စစ်အစိုးရတပ်တွေကို ရင်ဆိုင်ပြီး ပြင်းထန်တဲ့စစ်ပွဲကြီးတွေကို အငတ်ငတ် အပြတ်ပြတ်ဘဝနဲ့ တိုက်ခိုက်ခဲ့ကြရတယ်။ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဆိုတဲ့ ရည်မှန်းချက်နဲ့ နှစ်ပေါင်းနှစ်ဆယ် ကျော် စစ်အစိုးရကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ကာလမှာ ကျဆုံး၊ပျောက်ဆုံး၊ဒဏ်ရာရ၊ကွယ်လွန်သူအရေအတွက် သောင်းဂဏန်း ကျော်နေခဲ့ပါပြီ။

မာနယ်ပလော၊မဲသဝေါ၊၊မဲလစတဲ့ ပြင်းထန်တဲ့တိုက်ပွဲကြီးတွေအပြီးမှာတော့ စစ်အစိုးရတပ်တွေရဲ့ အင်အားကိုမယှဉ်နိုင် တဲ့အဆုံး ကျောင်းသားတပ်မတော်ဟာ တောင်ပိုင်းနဲ့မြောက်ပိုင်းနှစ်ခြမ်းကွဲခဲ့တဲ့အပြင်၊တောထဲကနေ ဘန်ကောက်၊မဲဆောက်၊ ချင်းမိုင်စတဲ့ ထိုင်းနိုင်ငံမြို့ကြီးတွေဆီ ရွေ့လျောလာခဲ့ကြတာပေါ့ဗျာ။ ဒီမှာတင် ဘဝရပ်တည်မှု၊ စားဝတ်နေမှု ဘဝရှေ့ရေး အကြပ် အတည်းတွေကြောင့် အန်ဂျီအိုတွေနဲ့ ပတ်သက်တဲ့ ရှုပ်ရှုပ်ထွေးထွေးဇာတ်လမ်းတွေ အစပြုခဲ့တော့တာပါပဲ”

↧

သရေစည်သူဆြာဒင်နှင့် ရွှေပင်ရွာတမ်းချင်းများစုစည်းမှု

$
0
0

သရေစည်သူဆြာဒင်နှင့် ရွှေပင်ရွာတမ်းချင်းများစုစည်းမှု

၂၅၊၀၇၊၂၀၁၄ နေ့တွင် ဗမာတပြည်လုံးသို့ သက်ခိုင်စာပေမှ တပြိုင်တည်းဖြန့်ချိပါမည်။

အထက်ဗမာပြည်။ ။ ထွန်းဦးစာပေ
အောက်မြန်မာပြည်။ ။ လွင်ဦးစာပေ(လှည်းတန်း)

တန်ဖိုး။ ။လေးထောင်ကျပ် ။ ။

ဂျက်(ကွမ်းခြံကုန်း)အမှာစာ။

ဖူးခက်ကမ်းခြေက ရယ်ပြီးတော့မောအောင်လုပ်တဲ့ လူတစ်ယောက်
၁။
မြန်မာစာပေလောကမှာ သရော်စာရေးသောသူက တော်တော့ကိုပဲ ရှားပါသည်။ အခု (မင်းဒင်)ဆိုသော စာရေးဆရာတစ်ယောက် သရော်စာလောက၌ ပေါက်နေပုံကိုကြည့်ကာ ဟာသစာပေ၏ ဧရာမခေါင်းစဉ်အကွဲတစ်ခုအောက်၌ လူသစ်တစ်ယောက်ထပ်ရောက်လာခြင်းအတွက် ၀မ်းမြောက်ဝမ်း သာဖြစ်ရပါသည်။

၂။
(မင်းဒင်)ကို ဟာသနယ်ပယ်ထဲမှာ စာရေးဆရာဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ ကျွန်တော် မမျှော်မှန်းခဲ့ပါ။ သူ ပထမရောက်ရှိခဲ့ပုံက ဟာသနှင့်မှမဟုတ်တာ။ အကြမ်းအရမ်းအလွမ်း။ စွန့်ပြီးတော့ စားတဲ့ အခန်းတွေ။ တစ်ကောင်ကျွေးပြီး နှစ်ကောင်စားတာတွေ။ လူစွာလူနပ်တို့၏ မျက်ခုံးမွှေးပေါ်မှာ ဂျိမ်းစဘွန်းဆန်ဆန် လျှောက်လှမ်းသွားခဲ့တာတွေ။ သူ့ (မင်းဒင်ရဲ့ သက်ခိုင်)ထဲမှာ သူ့ပုံရိပ် အစအန တွေအကုန်ပါပြီးသား။

၃။
ယခုအခါ စာအုပ်ဈေးကွက်အတွင်း၌ တရားဝင်နေရာယူထားပြီးဖြစ်သော (မင်းဒင်ရဲ့ သက်ခိုင်)က ပထမ ဥညူငညန စာမူဖြစ်ပါသည်။ နောက်တော့ စာအုပ်အဖြစ် မြန်မာနိုင်ငံပြင်ပမှာ ထွက်ရှိရာ နည်း အမျိုးမျိုးဖြင့် ပြည်တွင်းကိုရောက်လာပါသည်။
ကာတွန်း ကိုအော်ပီကျယ် ပြည်ပနိုင်ငံတစ်ခုက ပြန်အလာမှာ (မင်းဒင်ရဲ့သက်ခိုင်)ပါလာကြောင်း သတင်းသဲ့သဲ့ကြားပါသည်။ ဆရာခင်မောင်ညို (ဘောဂဗေဒ)က On Line မှတစ်ဆင့်DownLoad လုပ်ကာ Print Out ထုတ်ပြီး စာအုပ်ချုပ်လျက် ကျွန်တော့်ကိုလက်ဆောင်ပေးပါသည်။

မဆလ၊ န၀တ၊ နအဖ အကာလအခါသမယကြီးကို နောက်ခံကားအဖြစ် ဆေးကြမ်းကြမ်းလှမ်းပက်ကာ နိုင်ငံသားတို့ လှုပ်ရှားရုန်းကန်ကြရပုံများ။ တစ်ပြည်လုံးက စာအုပ်ဈေးကွက်ထဲမှာ တစ်ယောက်နှင့်တစ်ယောက်လက် ဆင့်ကမ်းကြရင်းက မြစ်ကြီးနားမှသည် ကော့သောင်းအထိ သည်စာအုပ်ကို မသိသူမရှိတော့။ ဘယ်သူ လဲ မင်းဒင်။ ဘယ်သူလဲ သက်ခိုင်။ တစ်ယောက်စီလား။ တစ်ယောက်တည်းလား။ လူနှစ်ယောက်တွေ့ သောအခါ ပြောဖြစ်လေ့ရှိသည်က “မင်းဒင်ရဲ့ သက်ခိုင်ဖတ်ပြီးပလား”။
နောက်တော့ သည်စာအုပ်က မြန်မာ့နိုင်ငံရေးအရွေ့နှင့်အတူ ဆိုင်တွေပေါ်မှာ ပေါ်ပေါ်ထင်ထင်ဖြစ် သွားပါသည်။

၎။
သက်ခိုင်ဆိုသည့် ဇာတ်ဆောင်ကို မိမိအစား ကိုယ်ပွားထားကာ ရေးခြစ်သူ စာရေးဆရာ မင်းဒင် က အမည်ရင်းသက်ခိုင်လည်း မဟုတ်၊ မင်းဒင်လည်းမဟုတ်ပါ။ သို့သော် ကျွန်တော်ကတော့ သူ့ကို ကိုမင်းဒင်လို့ပဲ ခေါ်ပါသည်။
အရပ်မြင့်မြင့်၊ တောင့်တောင့်ဖြောင့်ဖြောင့်၊ ကွာတားဘောင်းဘီနှင့်၊ တီရှပ်နှင့်၊ လမ်းလျှောက်ဖိနပ် နှင့်၊ ဘောလုံးသမားဆံပင်နှင့် ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေ၌ ဘ၀ကိုအခြေစိုက်ထားသော ကိုမင်းဒင်ကို ဆိတ်ငြိမ်ရပ်ကွက်ကလေးထဲက ခြံနှင့်ဝင်းနှင့်လုံးချင်းတိုက်ကလေးထဲမှာ တွေ့ဆုံရင်းနှီးခဲ့ရခြင်းဖြစ်ပါသည်။
“နေပါဦး...မင်းဒင်ရဲ့ သက်ခိုင်က အကုန်အမှန်လား”

“အမှန်တော်တော်များများကို စိတ်ကူးစွက်ထားတာ”
အမှန်အတိုင်းဝန်ခံရလျှင် စာပေအရ တန်ဖိုးဖြတ်ရသော် မင်းဒင်ရဲ့သက်ခိုင်၌ စာရေးသူ၏ ဘာသာ စကားနှင့်စာပေစွမ်းရည်ကို ကျွန်တော် ငြိတွယ်ခဲ့သည်မဟုတ်ပါ။ အဖြစ်အပျက်တွေ အချက်အလက်တွေ အပေါ်တွင် သိလိုစိတ်များဖြင့် ချိတ်ငြိကာ လိုက်ပါသွားမိခဲ့ခြင်းဖြစ်ပါသည်။
နောက်တော့ သရော်စာ နယ်ပယ်၌ပါ မင်းဒင်အမည်ကို တွေ့လိုက်ရတော့ ကျွန်တော် နည်းနည်း ကလေး ခေါင်းထောင်သွားပါသည်။

၅။
Humour ဟူသော ဟာသစာပေ၏ အောက်၌ Wit  ခေါ် အာဝဇ္ဇန်းနှင့်Satire ခေါ် သရော်စာဟူ၍ ရှိပါသည်။
လောကကြီး၏ အမြီးအမောက်မတည့်ပုံများကို ထေ့ငေါ့ရိကာကလိကာရေးရသော သရော်စာက စိတ်ကူးယဉ်မဟုတ်ပါ။ တကယ့်ဖြစ်ရပ်များ၌ အမြဲတမ်း အခြေခံထားလေ့ရှိပါသည်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနယ်ပယ်အစုံ၌ လက်ကုန်နှိုက်ကာ ထေ့ရ ငေါ့ရသောအလုပ်ဖြစ်သဖြင့် သရော်စာရေးသူအဖို့ ဘာသာစကား၏ ခွန်အားကို စနစ်တကျအသုံးချရပါသည်။

စကားလုံးတွေ၊ ၀ါကျ တွေ၊ သဒ္ဒါတွေကို အံဝင်ခွင်ကျကိုင်တွယ်ကာ ဖတ်အားမှတ်အား တို့ထားထိထားသည့် ဝဏ္ဏအရင်းအ မြစ်တို့ကို အသုံးချလျက် စာဖတ်သူရယ်ရွှင်ပြုံးတုံ့၊ မပြုံးတုံ့ဖြစ်အောင် ကြိုးပမ်းရသော အလုပ်ဖြစ်ပါသည်။
“ကိုမင်းဒင်...ခင်ဗျားရဲ့ စာရေးသားခြင်းအတတ်ကို တကယ်တွေ့ရတာက သရော်စာမှာဗျ.. မင်းဒင်ရဲ့သက်ခိုင်မှာ မဟုတ်ဘူး”
ကျွန်တော့်စကားကို သူလက်ခံပါသည်။

အော်..ဦးပုည၊ မောင်ထင်၊ မောင်သော်က၊ မောင်သစ်(မောင်ကိုယု)၊ မြင့်သန်း၊ မာန်မြင့်စသည်ဖြင့် သရော်စာ စာသဘင်မှာ ဆြာဒင်အရာထင်မည်ဟု ယုံကြည်မိပါကြောင်း။

ဂျက်ကွမ်းခြံကုန်း
↧
↧

“ဆြာဒင်နှင့် ဆားပက်မခံနိုင်ကြသူများ”

$
0
0

ယနေ့ထုတ်ဆဲဗင်းဒေး နေ့စဉ်သတင်းစာ ။ ။
http://www.7daydaily.com/story/16048#.U8ch5rFhs9s

“ဆြာဒင်နှင့် ဆားပက်မခံနိုင်ကြသူများ”
(မင်းဒင်)

(တစ်)
“လှေကလေးကိုလှော်မည်။ဘေးမသန်းပဲအေးချမ်းတော့သည်။ မြစ်ကမ်းခြေနဒီ စိမ်းလဲ့လဲ့ကြည်၊လေပြေလေညှင်းကလေးကသွေးသည်” စစ်ကြိုခေတ်က ကျော်ကြားခဲ့လေသော ခေတ်ဟောင်းအဆိုတော်ကြီး ဘိလပ်ပြန်သန်းခေါ်ဒိုရာသန်းအေး၏ “လှေကလေးကိုလှော်မည်” သီချင်းကို သံပြိုင်သီဆိုကျူးရင့်နေသံသည် အက်ဒမန်ပင်လယ်ပြင်တွင်းဝယ် လွင့်ပျံလျက်ရှိပါ၏။

အဆိုပါတေးသံရှင်ကား ကျဆုံး လေခဲ့သောအာဇာနည်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်နှစ်သက်စွဲလန်းခဲ့သူဖြစ်ကြောင်း၊ဘိလပ်ပြန်သန်း၏ “လှေကလေးကိုလှော်မည်”သီချင်းကို ဗိုလ်ချုပ်ကိုယ်တိုင်  အသံဝါကြီးဖြင့်သီဆိုဖူးကြောင်း  မှတ်တမ်းတစ်ခု တွင်ဖတ်ရှုခဲ့ရဖူးလေသည်။
ယခင့်ယခင်အခါများဆီက ဆြာဒင်သီချင်းညည်းလျှင် နားကလောသည်ဟု ဆိုကြလေသော တပည့်ကျော်တစ်သိုက်ပါ အဆိုပါသီချင်း ကိုသံပြိုင်သီဆိုနေကြလေသဖြင့် သည်တစ်ခေါက်ဆြာဒင်နှင့်တပည့်ကျော်တစ်သိုက်၏ခရီးစဉ်သည် အထူးကြီးထူးသည်ဟုဆိုသော် ရနိုင် ကောင်းပေ၏။ဤခရီးစဉ်ကား လဇူလိုင်မိုးဖွဲဖွဲရွာသည့်နေ့တစ်နေ့တွင် ဆြာဒင်၏အမှတ်မထင်ညည်းညူသံတစ်ခုမှနေ၍ အစ ပြုခဲ့လေ သည်။

“အော်၊ရက်လနာရီ၊၊ခါရာသီအလီလီရွေ့ပေမဲ့ မမေ့နိုင်စရာပါကလားတပည့်တို့”
“ဒီလောက်အသက်ကြီးနေပြီဥစ္စာ ရည်စားသနာကိစ္စတော့မဟုတ်လောက်ဘူးထင်ပါရဲ့”
“ဧကန္တအကြွေးရှင်တွေနဲ့များ တစ်စုံတစ်ရာပတ်သက်နေလေရော့သလားဆြာဒင်”
“ရမ်းသမ်းတုတ်နေတဲ့ ပါးစပ်ပုပ်တွေကို ပိတ်ကြစမ်းကွယ်ရို့။လာမဲ့ဇူလိုင်လ(၁၉)ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်စတေးခဲ့ရတာ (၆၇)နှစ်တောင်တင်းတင်းပြည့်တော့မကွဲ့”

ငယ်သူတို့ဖြစ်သည့်အားလျော်စွာ ရွှတ်နောက်နောက်စကား၊ဆိုခဲ့ကြသော်ငြား ဆြာ့ဟန့်သံတင်းတင်းကိုကြားရသည့်အခါ တပည့်ကျော် တို့မှာ ဆြာကောင်းတပည့်ပီသလှကြောင်း ရုတ်ခြည်းညှိုးလျော်သွားသည့် ဒင်းတို့ မျက်နှာများကသက်သေခံနေပြန်သည်။

“ဟုတ်ပါ့ဆြာဒင်ရယ်။လွမ်းမျက်ရေမြေခ၊ဖြေမရတဲ့ ဇူလိုင်လပါပဲ”
“သြော်၊ဆြာဒင်ပြောမှ သတိရတော့တယ်၊ဘဝင်ဆူကဲ ကြေကွဲဝမ်းနည်းစရာအချိန်ပါကလား”
ဤတွင် ဆြာဒင်သည် ကာလအတန်ကြာမျိုသိပ်ထားရလေသည့် ရင်တွင်းဆန္ဒကို ဖွင့်ဟတိုင်ပင်မိလေရာ တပည့်ကျော်တစ်သိုက် ဝမ်း မြောက်လှိုက်လှဲစွာထောက်ခံကြလေ၏။
“ဒီနှစ်အာဇာနည်နေ့ကိုဖြင့် တို့ဆြာတပည့်တစ်တွေ အာဇာနည်ကုန်းအရောက်သွားပြီး မနှေးယခုအလေးပြုရင်ဖြင့်သင့်လျော်မည်ထင်၏။ ရွှေပြည်ဌာနနှင့်ဝေးခဲ့သည်မှာ ဆယ်နှစ်ပင်စွန်းခဲ့ပြီမဟုတ်ချေလော”

“ကောင်းချက်ဆြာဒင်ရာ။ဒီတစ်ခေါက်တော့ ထူးထူးခြားခြားလေးဖြစ်အောင် ဖူးခက်ကနေ ရန်ကုန်ကို လှေနဲ့သွားကြရအောင်ဆြာ၊ သတင်း ဓာတ်ပုံတွေမှာကြည့်ရ၊ဖတ်ရတာ မိုးတွင်း ဆို ရန်ကုန်မှာ လှေလှော်လို့ကောင်းကောင်းရနေပြီဗျ”
“အေး၊ဟုတ်သဟ၊တပည့်ရ။အာဇာနည်နေ့ရောက်ဖို့က ရက်နည်းနည်းလိုသေးတော့ လမ်းခရီးမှာကြာချိန်နဲ့ဆို အနေတော်လောက်ကျနိုင် သဟေ့”

(နှစ်)
ထိုသို့ဖြင့် စူးရောက်လှသော ဖေကြည်ငယ်၏ ရွှေဥာဏ်တော်မဟာအကြံကို ဆြာဒင်လက်ခံကာ ဖူးခက်ရှိ ထိုင်းလူမျိုးမိတ်ဆွေတစ်ဦးထံ မှအပျော်စီးရာဘာလှေငယ်တစ်စီးကို ငှားရမ်းလျက် ပင်လယ်ပြင်ကိုဖြတ်ကာ ခရီးကြမ်းကြီးကို သက်စွန့်ဆံဖျားခရီးနှင်လာကြခြင်းဖြစ်ချေ သည်။နေ့ပေါင်းညပေါင်းများစွာ နှင်ရလေသည့်ခရီးပေမို့ ဆြာတပည့်တစ်သိုက်ရောက်တတ်ရာရာ စကားတွေဖောင်ဖွဲ့ဖြစ်ကြသည်။

“ဆြာဒင်ရယ်၊ကျုပ်တို့က အာဇာနည်နေ့အမီနှင်နေတဲ့ခရီးမှာ သီချင်းတကြော်ကြော်နဲ့ ဗိုလ်ချုပ်သိရင် ဒေါများကန်နေမလားဗျာ”
“ပေါက်ပေါက်ရှာရှာ တပည့်တို့ရာ၊ဒို့ဗိုလ်ချုပ်လည်း နှလုံးသားနဲ့ပါကွ၊အနုပညာမြတ်နိုးသူကြီးဆိုပါတော့ကွာ”

ထို့သို့လျှင်နိဒါန်းချီ၍ အမျိုးသားခေါင်းဆောင်ကြီး၏ အနုပညာစိတ်ဓာတ်ကိုဖော်ကျူးသည့် ဆြာဒင်ဖတ်ခဲ့ဖူးသော ဆရာတင်နိုင်တိုး၏ ဗိုလ်ချုပ်အောင်ဆန်းနှင့်အနုပညာရှင်များစာအုပ်မှ အောက်ပါစာတစ်ပိုဒ်ကို တပည့်ကျော်တို့ဗဟုသုတရစေရန်အလို့ငှာ ဆြာကြီးဟန်ဖြင့် ဆြာဒင်တစ်ယောက်၊ရှင်းလင်းဟောပြောခဲ့ရပြန်ချေသေးသည်တမုံ့။

“ခေတ်ဟောင်းအဆိုတော် တစ်ဦးဖြစ်သူဒိုရာသန်းအေး(ခ)ဘိလပ်ပြန်သန်းသည် ဗိုလ်ချုပ်အောင်ဆန်းအလွန်နှစ်သက်သော အဆို တော်ဖြစ်သည်။’ဒိုရာသန်းအေး အသံကတော့ အတော်ကောင်းတယ်ကွ၊ ငါကတော့သူ့အသံရယ်၊မေရှင့် အသံရယ် အကြိုက် ဆုံးပဲ’ဟု ပြောခဲ့ဖူးသည်။၁၉၄၇၊ ဇန်နဝါရီ ၃ဝ ရက် ညနေ၆နာရီက အင်္ဂလန်နိုင်ငံရှိဒေါ်ချက်စတာဟိုတယ်၌ကျင်းပသည့် မိတ်ဆက် ဧည့်ခံပွဲတွင် ဒိုရာသန်းအေးက လှိုင်ထိပ်ခေါင်တင်၏ စိန့်ခြူးကြာညောင်ဘောလယ်ကို သီဆိုခဲ့ရာ BBC  အသံလွှင့်ဌာနမှဆရာဦးတင်မောင် ကအင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရှင်းပြခဲ့ပြီးနောက်     ဗိုလ်ချုပ်အောင်ဆန်းက ဒိုရာသန်းအေးအား ခေတ်ဟောင်းတေးသီချင်းများသီ ဆိုဖျော်ဖြေရန်တောင်းဆိုခဲ့သည်။ထို့ကြောင့် မြပန်းခွေ၊မိဖုရားစော၊ ဟော်နန်း၊ မိန်းမမြတ် စသည့် တေးသီချင်းများကိုသီဆိုခဲ့ရာ ဗိုလ်ချုပ် အောင်ဆန်းက‘ဒိုရာ ဟိုသီချင်းဟာလေ၊ဓူဝံကြယ် မြေမှာခကြွေ၊ အဲဒီသက်ဝေသီချင်းဆိုစမ်းပါ’ဟုတောင်းဆိုဖူးသည်။

သက်ဝေသီချင်းသီဆိုနေစဉ် ‘ဓူဝံကြယ်မြေမှာခကြွေ၊ကောင်းကင်မှာနေလတွေ ကွယ်စေ’ ဟူသော စာသားအရောက်တွင် ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင်သီဆိုခဲ့သည်။၁၉၄၇ခုနှစ် ရွေးကောက်ပွဲအတွက်မဲဆွယ် စည်းရုံးနေစဉ် ဗန်းမော်မြို့မှ ကသာမြို့သို့သွားရောက် သည့် ဧရာဝတီမြစ်ကြောင်းတစ် လျှောက်တွင်’လှေကလေးကိုလှော်မည်၊ ဘေးမသန်းဘဲအေးချမ်းတော့မည်’စသည့် အဆိုတော် ဒိုရာ သန်းအေး၏ လှေကလေးသီချင်းကိုသီဆိုခဲ့ပြီး တစ်ခါတစ်ရံ စိတ်လိုလက်ရ သက်ဝေသီချင်းကိုလည်း သီဆိုတတ်သေးသည်။ တေးသံရှင် ပြည်လှဖေနှင့်မေရှင်တို့ တွဲဖက်သီဆိုထားသည့် သက်ဝေသီချင်းကိုအလွန်နှစ်ခြိုက်ခဲ့ပြီးဗိုလ်ချုပ်အောင်ဆန်းအိမ်တွင် ရှိသည့် အခိုက် ရေဒီယိုမှအဆိုပါ သီချင်းထုတ်လွှင့်သည့်အခါနှင့် ကြုံကြိုက်လျှင် အိပ်ရာထက် ဇိမ်ဖြင့်မှေးကာ နားထောင်တတ်သည်။”

(သုံး)
ခရီးရှည်ကြီးမို့ ပြောစရာစကားတို့မကုန်သကဲ့သို့ ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်တို့လည်း ပါဝင်ချေ၏။
“တို့ငယ်ငယ်တုန်းက အာဇာနည်နေ့ဆို လွမ်းဖို့ကောင်းချက်ကွာ၊စက်ရုံတွေမော်တော်ကားတွေက ဥသြသံရှည်ကြီးတွေဆွဲကြ၊ရောက်ရာ အရပ်မှာ ခြေစုံရပ်ပြီး ကျဆုံးလေပြီးတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဦးညွတ်အလေးပြုကြနဲ့ အမှတ်ရစရာကောင်းပါဘိ၊ ဒေါ်မေလှ မြိုင်ရဲ့ ရက်လနာရီခါရာသီရွေ့ပေမဲ့ဆိုတဲ့ သီချင်းသံကြားရင်မျက်ရည်စို့ရတာပါပဲကွာ”

“အင်း ခေတ်တွေပြောင်းကုန်ပြီဆြာဒင်၊တရားနဲ့သာဖြေပါတော့”
“အေးကွာ၊တစ်နိုင်ငံလုံးဝမ်းနည်းခြင်းအထိမ်းအမှတ် ဥသြဆွဲသံလေးတော့ ကြားချင်မိတာအမှန်ပါပဲ”
“လွှတ်တော်မှာတောင် တင်ပြပြီးခဲ့ပါပြီဆြာဒင်၊ပြီးခဲ့တဲ့နှစ်က ဥသြဆွဲမဆွဲ တာဝန်ရှိသူတွေကိုမေးတော့ ဟိုလူ့လွှဲချဒီလူ့လွှဲချနဲ့ ဂျက်ဆီ ဂျိန်း ကြတာ ဆြာဒင်သိပြီးသားပဲ။ဒီနှစ်ပိုဆိုးတယ်ဆြာ”

“ဟေ၊ဘာတွေများပိုဆိုးသတုန်းဟ”
“အာဇာနည်ကြီးတွေ ကျဆုံးတဲ့ ဆယ်နာရီသုံးဆယ့်ခုနစ်မိနစ်မှာ ကားဟွန်းသံအရှည်ကြီးဆွဲရင် ယာဉ်မောင်းလိုင်စင်ပိတ်သိမ်းတဲ့အထိ တောင်အရေးးယူတော့မတဲ့”
“နေပါအုံးဆြာဒင်ရယ်၊ဒီဥသြသံလေးဆွဲဖို့အရေး ဘယ်သူတွေက ဘာတွေတွေးကြောက်ပြီး ဒီလောက်ရုပ်ပျက်ဆင်းပျက် တားမြစ်ပိတ်ပင် နေကြပါလိမ့်”
“လိပ်ပြာမသန့်တဲ့ကောင်တွေများနေလို့ဖြစ်မယ်ကွ၊ဥသြသံကြားရင် သူတို့ကိုယ်တိုင်ကြိုးစင်တက်ရမလိုလို သေနတ်နဲ့ အပစ်ခံရမလိုလို မလုံမလဲ အကြောက်လွန်ပြီး တစ္ဆေအခြောက်ခံရသလို ဖြစ်နေကြတာ၊နိုင်ငံတစ်ကာမှာ တိုင်းပြည်ခေါင်းဆောင်ကြီးတွေကို လေးစားတဲ့ အနေနဲ့ ဥသြဆွဲတာ အဆန်းမဟုတ်ပါဘူးမောင်တို့ရာ”

“ကျုပ်တို့က ဖူးခက်လိုမိုင်ထောင်ချီဝေးတဲ့အရပ်ကနေ သက်စွန့်ဆံဖျားခရီးကြမ်းနှင်လာရတာမို့ ဥသြသံလေးတော့ ကြားချင်မိသား ဆြာ ဒင်ရယ်”
“ဟုတ်တယ်ဆြာဒင်၊ဥသြဆွဲနိုင်မဲ့နည်းလမ်းလေးဘာလေးရှာစမ်းပါအုံးဆြာ”
ဤသို့ဖြင့် ဥာဏ်ပညာကြီးလှသော ဆြာဒင်သည် တပည့်ကျော်တို့တညီတညွတ်တည်းတောင်းဆိုမှုကြောင့် အာဇာနည်နေ့တွင် ဝမ်းနည်း ခြင်း အချက်ပေးသံတစ်စုံတစ်ရာပြုနိုင်ရန်အတွက် တမူထူးခြားသောအစီအမံတစ်ခုကို ရာဘာလှေငယ်ပေါ်မှာပင် စဉ်းစားတွေးခေါ်မိ လေရာလိုအပ်သည်တို့ကို ကြိုတင်ပြင်ဆင်ထားရန် တပည့်ကျော်တို့ကိုမှာကြားလမ်းညွှန်လိုက်ရချေ၏။

(လေး)
ဆြာဒင်နှင့်အဖွဲ့ကား ဇူလိုင်လ(၁၉)ရက်အာဇာနည်နေ့နံနက်စောစောမှာပင် ရန်ကုန်မြို့ဆိပ်ကမ်းသို့ဘေးမသီရန်မခဆိုက်ရောက်ခဲ့ကြ၏။ ထိုမှသည် လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူးလျက် ပန်းရေ ချမ်းတို့ ကပ်လှူကာ လိုအပ်မည်ထင်သည်တို့ကို ဝယ်ခြမ်း၍ မြောက်ဖက်မုဒ်စောင်းတန်းခြေရင်းမှတစ်ဆင့် ခရီးဆက်ကြရာ အာဇာနည်ဗိမာန် ရှိရာသို့ဗိုလ် ချုပ်တို့ကျဆုံးသည့်အချိန်(၁၀း၃၇) အမီအချိန်ကိုက်ရောက်ရှိကြလေ၏။

ဆြာဒင်သည် ခေါင်းဆောင်ကြီးတို့၏အုတ်ဂူရှေ့တွင်အသင့်နေရာယူ၏။တပည့်ကျော်သုံးဦးကား ဆြာဒင်၏ နောက်မှကပ်လျက် တန်း စီနေရာယူကြ၏။သတ်မှတ်ချိန်ရောက်၍ ဆြာဒင်တစ်ယောက် အာဇာနည်ခေါင်းဆောင်ကြီးများအား တရိုတသေဦးညွတ်အလေးပြုလိုက် ချိန်တွင် တပည့်ကျော်သုံးဦးသည် ရွှေတိဂုံစောင်းတန်းမှ အသင့်ဝယ်ယူလာသော နှဲကြီးသုံးလက်ကို ပါးတွေဖောင်းလာသည့်အထိ အသားကုန်နင်းကန်မှုတ်လိုက်ကြလေရာ အာဇာနည်ကုန်းတခွင် နှဲသံတဂေါ်ဂေါ်၊ဆူဆူညံသွားလေတော့သည်။
အနီးဝန်းကျင်ရှိ လူထုပရိသတ်အချို့ကား တအံ့တသြဖြစ်ကြရှာ၏။လေးစားကြည်ညိုစိတ်သာလိုရင်းမို့ ဆြာဒင်တို့တစ်သိုက် ခပ်တည် တည်အိုက်တင်ဖြင့်ပင် အာဇာနည်ကုန်းမှဆင်းလာကြရာ ဘယ်အချိန်ကစောင့်ကြည့်နေသည်မသိလေသည့် အရပ်ဝတ်လေးငါးဦးသည် ဆြာဒင်တို့ထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာကြကုန်၏။

“ဒီမယ်၊ခင်ဗျားတို့ကိုဥပဒေနဲ့အညီအရေးယူရမယ်။စခန်းကိုခဏလိုက်ခဲ့ပါ”
တပည့်ကျော်တို့မျက်ကလဲဆန်ပြာဖြစ်ကြသော်ငြား ဆြာဒင်ကား ခပ်အေးအေးပင် တည်ငြိမ်စွာတုန့်ပြန်၏။
“နေပါဦး၊မောင်တို့က ဘာဥပဒေနဲ့ဖမ်းမှာတုန်း”
“အာဇာနည်နေ့မှာ ကားဟွန်းသံတောင် ရှည်ရှည်မဆွဲရဘူးလေ”
“အေးလေ၊အခုကားဟွန်းတီးတာမှ မဟုတ်တာ၊ဗမာ့တူရိယာ နှဲကြီးတွေမှုတ်တာ မောင်ရင်တို့မကြားမိဘူးလား”
“နှဲမှုတ်တာလည်းအသံရှည်တာပဲဗျ။စခန်းကိုသာလိုက်ခဲ့ပါ။ဟိုကျမှရှင်းကြဗျာ။လူကြီးတွေမှာထားလို့ပါ”

“အော်၊လူကြီးတွေမှာထားသကိုး။ဒီလိုဆို ကျုပ်လည်း လူကြီးဆီဖုန်းဆက်ရသေးတာပေါ့၊”
ပြောပြောဆိုဆိုဆြာဒင်သည် ဖုန်းနံပါတ်တစ်ခုကို ကောက်ကာငင်ကာနှိပ်လျက် တစ်စုံတစ်ယောက်ဆီသို့ ဆက်သွယ်လေတော့၏။

“ဟယ်လို ဗိုလ်ချုပ် ၊ကျနော်ဆြာဒင်ပါ၊ဒီမှာဗိုလ်ချုပ်မြေးမြစ်တွေ အာဇာနည်နေ့၊ ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ နှဲမှုတ်မိတာကို လာရစ်နေတယ်ဗိုလ်ချုပ်ရာ၊ဗိုလ်ချုပ်နည်းနည်းကြည့်ပြောပါအုံး၊(ထို့နောက် အရပ်ဝတ်ပုဂ္ဂိုလ်တို့ဖက်သို့လှည့်လျက်) ရော့၊ခင်ဗျားတို့ ကိုယ်တိုင် ဗိုလ်ချုပ်နဲ့ပြောပေတော့”
ရုတ်တရက် ဆြာဒင့်လက်မှ တယ်လီဖုန်းကို တာဝန်အရှိဆုံးဟုထင်ရသူထံလွှဲပေးလိုက်သည့်အခါ ထိုသူသည် တယ်လီဖုန်းကိုပင်လှမ်း မယူရဲတော့ပဲသွေးဆုတ်နေသည့်မျက်နှာဖြင့် ဆြာဒင်တို့ကိုတောင်းပန်သမှုပြုလေသည်။

“သွားကြပါတော့ဗျာ။ကျနော်တို့က၊ဆရာတို့ဟာ ဗိုလ်ချုပ်နဲ့ပတ်သက်နေတဲ့သူတွေမှန်းမသိလို့ပါ။စိတ်မရှိပါနဲ့ဗျာ၊တောင်းပန်ပါတယ်”

(ငါး)
“ပိုင်လှချည့်လားဆြာဒင်ရာ၊ဆြာဒင့်မှာလည်း ဘော်ဒါရင်းဗိုလ်ချုပ်တွေရှိသကိုး၊တော်ပါသေးရဲ့၊လက်မတင်လေး၊ဒါနဲ့ဘယ်က ဗိုလ်ချုပ် တုန်း ဆြာဒင်ရ”

ခပ်လှမ်းလှမ်းနေရာအရောက်တွင်မူ ဆြာဒင့်စွမ်းဆောင်ချက်ကို တအံ့တသြဖြစ်နေကြသည့် တပည့်ကျော်သုံးဦးသည်နှဲသုံးလက်ကို လွယ်အိတ်များအတွင်းသို့ပြန်ထည့်နေရင်း စိတ်ဝင်တစားမေးမြန်းကြရှာသည်တွင် ဆြာဒင့်အဖြေကြောင့် မျက်လုံးတို့စကောလောက် ပြူးကုန်ကြတော့သည်။

“ဘယ်ဗိုလ်ချုပ်မှ မဟုတ်ဘူးဟေ့၊တကယ်တမ်းဆက်ချင်တာက ဗိုလ်ချုပ်အောင်ဆန်းဆီဟ၊ဒေါကန်လွန်းလို့ တွေ့ရာနံပါတ်ကောက်နှိပ် လိုက်ပြီး ပြောချင်ရာပြောပစ်လိုက်တာ၊ဒီအထာတွေရိုးနေပါပြီကွာ”

“ဗျာ၊မထိတ်သာမလန့်သာဆြာဒင်ရယ်။ဒါကြောင့်လည်းဆြာဒင်က ဆြာဖြစ်နေပေသကိုး”
“အေးကွာ၊အမှန်တော့ ဥသြဆွဲတယ်ဆိုတာ ဆားနဲ့ပက်သလောက်ပဲရှိတာပါ။ကိုယ့်လိပ်ပြာကိုယ်မလုံ၊အနာရှိတဲ့သူတွေကတော့ စွေ့စွေ့ ခုန်ကြတာပေါ့ကွာ၊ အခုလည်း ဘာဗိုလ်ချုပ်မှန်းမသိ ထခုန်တာကအရင်၊ခက်ချက်”

ဆြာဒင့်စကားအဆုံးတွင်မူ အာဇာနည်ကုန်းနှင့်မလှမ်းမကမ်း၊ဗိုလ်ချုပ်၏ရင်သွေးဦးဆောင်သည့်၊တစ်ခုသော ပါတီကြီး၏အသံချဲ့စက် ဆီမှ  ဗိုလ်ချုပ်အောင်ဆန်းသီချင်းသံ တစ်ပိုဒ်လွင့်ပျံလာသဖြင့် ဆြာဒင်နှင့်တပည့်တစ်သိုက် ခုနစ်သံချီသံပြိုင်လိုက်ဆိုမိကြရာ အနီးရှိ သွေးဆေးကန်ရေပြင်ပင် ရုတ်ခြည်းလှိုင်းဂယက်ထသွားဟန်ရှိလေတော့သည်။

“မြန်မာနိုင်ငံထူထောင်ရန်တဲ့၊မျိုးရိုးမတိမ်အောင်ကြံဆောင်လေတယ်။တကယ်ပင်သတိုးမဟာဗန္ဓုလရဲ့ အစွမ်းသတ္တိရာဇဝင်ပြောင်တယ်၊ သားကောင်းများလို့ခေါ်ရလောက်ပေတယ်၊ဥဒါန်းတွင်စေဖွယ်၊မြန်မာ့သူရဲကောင်းအပေါင်းတွေရယ်”

↧

“ဆြာဒင်၏ကာချုပ်ကြီးသို့သတင်းစကား”

$
0
0

ယနေ့ထုတ် The Ladies Journal

“ဆြာဒင်၏ကာချုပ်ကြီးသို့သတင်းစကား”
(မင်းဒင်)

(တစ်)
“ဆြာဒင်၊သတိတော့ ထားနော်၊ဗိုလ်ချုပ်မှူးကြီးဗျ။ဗလွတ်ရွှတ်တတွေ လျှောက်ပြောလို့တော့ မရဘူးနော်”

“လက်ကြောင့်ကျေ၊နှုတ်ကြောင့်သေသတဲ့ဆြာ”
“ထောင်တန်တဲ့စကား၊ရယ်ပေါ့တဲ့။တည်တည်တန့်တန့်လုပ်ပါဆြာရယ်”

“အေးပါကွာ၊စိတ်လှုပ်ရှားနေရတဲ့ကြားထဲ မင်းတို့က တစ်မှောင့်”

တပည့်ကျော်တို့ စိုးရိမ်မည်ဆိုပါက စိုးရိမ်ဖွယ်ပေတည်း။ဆြာဒင်ကိုယ်တိုင် ကြီးမားခန့်ထည်လှသော စစ်ရုံးချုပ်ကြီး၏ရှေ့တွင် ခြေစုံရပ်ရင်း တဆတ်ဆတ်တုန်နေသော ဒူးအစုံဖြင့် ချီတုံချတုံဖြစ်လျက်ရှိဆဲဖြစ်လေသည်။စင်စစ်  သေပေါက်သေဝသို့ ဒုတ်ဒုတ်ထိ၊ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာပြီးကာမှ အပူပန်ကြီးပူပန်နေကြလေသည့် တပည့်ကျော်တို့၏စံနက်ကြောင့်ပင် ဆြာဒင်တစ် ယောက်မိုးထဲ ရေထဲတွင် ဗမာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကြီးရုံးရှေ့သို့ ရောက်လာရခြင်းဖြစ်ချေ၏။

ဆြာဒင်ကား ဗမာ့သွေးပီပီ စစ်သားဆို လျှင်ကျောထဲက စိမ့်လောက်အောင်ကြောက်လှသော်ငြား ယခုအချိန်ကျမှနောက်ကြောင်းပြန်လှည့်ရလေသော် ရွှေပင်သား တို့၏ထွန်း ပြောင်လှသော ရာဇဝင်နှင့်သတ္တိသွေးကို ထိပါးလေတော့မည်ဖြစ်၍ ရင်တဒိန်းဒိန်းခုန်နေသည့်ကြားမှပင် ရှေ့ တစ်လှမ်း တိုးရန်ဆုံးဖြတ်ကာ အရဲကိုးလျက် တာဝန်ရှိ ဗိုလ်မှူးတစ်ဦးကို ရင်ကိုစဉ်းငယ်ရှေ့သို့ကော့ရင်း ခွင့်ပန်သမှုပြုလိုက်ရချေသည်။

“ဒီ ဒီ ဒီမှာ တဆိတ်။ မောင်တို့ကာချုပ်ကြီးနဲ့ တွေ့ပါရစေမောင်”
ဗိုလ်မင်းသည် ကြွက်စုပ်ရေမွန်းနေသည့်ပုံပေါက်နေသော ဆြာဒင့်ကို ခြေဆုံးခေါင်းဆုံးတရားခံကြည့်ကြည့်ရင်း စစ်ဆေးမေးမြန်းချေ၏။

“ခင်ဗျားဘယ်သူတုန်း၊ဘာကိစ္စတွေ့ချင်ရသလဲ။ခင်ဗျားက ဘယ်ကတုန်း”

“ဟုတ်၊ ဟုတ် ဟုတ်ကဲ့ ကျနော်ဖူးခက်က ဆြာဒင်ပါဗျာ။ကာချုပ်ကြီးနဲ့ စကားတစ်ခွန်းစနှစ်ခွန်းစ ပြောချင်လို့ပါ။ ကျနော်က ဗိုလ်ချုပ်နဲ့ တနယ်တည်းသား ရွှေပင်ဇာတိပါခင်ဗျာ”

နတ်မောက်နယ်သား ရွှေပင်ဇာတိဖြစ်လေသည့်မို့ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်တစ်နယ်တည်းသားဟု ဆြာဒင် ဆိုလိုရင်းဖြစ်သော်ငြား သူကောင့်သားသည် ဘယ်သို့သဘောပေါက်လေသည့်မသိ၊သြော်၊”ဗိုလ်ချုပ်နဲ့တစ်နယ်တည်းသားကိုး” ဟူသော တအံ့တသြ ရေရွတ်သံအဆုံးတွင် ဆင်နားရွက်အဝင်တံခါးငယ်ကိုအသာတွန်းဖွင့်ခွင့်ပြုလေသည်။

(နှစ်)
တံခါးဝမှသည် ကာချုပ်ကြီးခန့်ထည်သော ဣနြေ္ဒဖြင့် ထိုင်လျက်ရှိသော ဧရာမဘဲဥပုံစားပွဲကြီးဆီသို့လျှောက်လှမ်းနေဆဲမှာပင် ဆြာဒင့် စိတ်အတွေးစဉ်သည် ဤကြီးကျယ်ခမ်းနားလှသော ခန်းမကြီးတွင်းသို့ရောက်လာခဲ့ရခြင်း၏ မြစ်ဖျားခံရာ လွန်ခဲ့သော သုံးရက်ဆီက ဖြစ်ရပ်များဆီသို့နောက်ကြောင်းပြန်လျက်ရှိ၏။ထိုနေ့က ဖူးခက်မြို့အမ်မခန်အရပ်ရှိ ဆြာဒင့်အိမ်ကြီးသို့ တပည့်ကျော်တစ်သိုက် အူးယား ဖားယားအပြေးအလွှားပေါက်ချလာခဲ့ကြသည်။

“ဟန်ကျပြီဆြာဒင်၊ထိုင်းရောက်ဗမာတွေအတွက် ကံကောင်းတဲ့နေ့ရက်တွေရောက်လာပြီဗျ”
“သူ့ထက်ကောင်းတဲ့သတင်းတောင် သူ့လောက်မကောင်းဘူးဆရာ”

“တကယ့်ကို အောင်ဘာလေသိန်းထီမင်္ဂလာစုံတွဲပေါက်တဲ့သတင်းပါပဲဆြာဒင်”

”အသက်မှန်မှန်ရှူပြီးခပ်ဖြေးဖြေးပြောကြစမ်းပါမောင်တို့ရာ။မောင်တို့ကြီးတော်အပျိုဟိုင်းကြီးတွေ ခွင်ကျပြီးလင်ရကုန်တာလား”

“ဟာ၊ဆြာဒင်ကလည်း တစ်ဆိတ်ရှိ ထော်လော်ကန့်လန့်ပြောဖို့ပဲ စိတ်ကူးနေတော့တာကိုး၊ဗမာတပ်ချုပ်ကြီးနဲ့ ထိုင်းအာဏာသိမ်းတပ်ချုပ် ကြီးတို့ ရင်ချင်းကပ်ပြီးဖက်လှဲတစ်ကင်းနှုတ်ဆက်နေကြပြီဗျ။ဒါ့အပြင် ထိုင်းရောက်ဗမာရွေ့ပြောင်းအလုပ်သမား တွေရဲ့အခွင့်အရေး အတွက် တောင်းဆိုချက်တွေလည်း အများကြီးတောင်းခဲ့သတဲ့။ထိုင်းရဲတွေရန်ကနေ ခွေးပြေးဝက်ပြေးပြေးနေရတဲ့ ကျနော်တို့ ရွေ့ပြောင်း လုပ်သားတွေအတွက် နေ့ကောင်းရက်သာကာလတွေ ဆိုက်ရောက်လာခဲ့ပြီဆြာဒင်”

“ဟ၊ကောင်တွေရ၊ လူဦးရေသန်းချီရှိနေပြီး ရှပ်ထွေးနက်နဲလှတဲ့ လုပ်ထုံးလုပ်နည်းတွေဒင်းကြမ်းဖြစ်နေတဲ့ ကိစ္စရပ်ကြီးကို သိကြားမင်း တောင်တစ်ထိုင်တည်း မရှင်းနိုင်ပါဘူးကွာ၊သိပ်လည်းဝမ်းသာလုံးဆို့မနေကြပါနဲ့”

ချစ်လှစွာသော တပည့်ကျော်တို့အား ဆြာဒင်ကိုယ်ချင်းစာသော်ငြား ဤရက်ပိုင်းအတွင်းမှာပင် အွန်လိုင်းပေါ်တွင်ဖတ်ရသည့် သတင်းတစ်ပုဒ်ကြောင့် တပည့်တို့ဝမ်းမြောက်ပီတိစိတ်ကို ရင်နာနာနှင့်ဘရိတ်အုပ်လိုက်ရခြင်းဖြစ်ရာ အဆိုပါသတင်းမှာအောက်ပါ အတိုင်းဖြစ်၏။
(သုံး)
“ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့ ရင်ထဲကို အပျော်တွေ ရောက်ရှိစေခဲ့သူ”

“ကျွန်တော်တို့ တတွေ တစ်သက်လုံး ခွေးလို ၀က်လို ဆက်ဆံခဲ့ရတဲ့ အဖြစ်က လွတ်မြောက်လာပြီလို့ ခံစားမိတယ်”
အထက်ပါစကားကို မယုံကြည်ဟန် ဖြစ်နေသော မျက်လုံးများ၊ အံ့သြ၀မ်းသာနေသော မျက်နှာဖြင့် ထိုင်းနိုင်ငံရောက် ကိုထွန်းနိုင်က ဆိုသည်။

ကိုထွန်းနိုင်သည် ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ တရားဝင်အလုပ်သမား အဖြစ် သွားရောက်လုပ်ကိုင်နေသူ ဖြစ်သည်။ မိသားစုနှင့် ခွဲပြီး ထိုင်းသို့ ရောက်နေသည်မှာ ငါးနှစ်ခန့် ရှိပြီဟု သူက ဆိုသည်။
သူ ပြောသလိုပင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများသည် ထိုင်းရဲများ၏ ဒုက္ခပေးခြင်း၊ အလုပ်ရှင်များ၏ မတရား ပြုလုပ်ခြင်း၊ ထိုင်းအစိုးရ၏ ဖိနှိပ်ခြင်းကို ခွေးလိုဝက်လို ခံခဲ့ရသည်။ ယခု ထိုကဲ့သို့ ဘ၀မျိုးမှ လွတ်မြောက်လာတော့မည်ဟု ၀မ်းသာအားရ သူက ဆိုသည်။အကြောင်းမှာ ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ကြေးအနေဖြင့် အရင် ဘတ် နှစ်သောင်း သုံးသောင်းကုန်ကျခဲ့ရာမှ သက်သာသော ဈေးနှုန်းဖြင့် မှတ်ပုံတင်ပြုလုပ်ပေးနေသောကြောင့် ဖြစ်သည်။

"အရင်ကဆို မှတ်ပုံတင်တော့မယ်ဆို ဘတ် နှစ်သောင်း သုံးသောင်းကုန်တယ်။ လာလုပ်တဲ့ မြန်မာတွေကိုလည်း မတူမတန်သလိုနဲ့ အရမ်းနှိမ်တယ်။ ခုဆို မှတ်ပုံတင်ကြေး ဘတ် ၈၀၊ Permit က ဘတ် ၃၀၀၊ ဆေးစစ်တာက ဘတ် ၅၀၀ နဲ့ အာမခံကြေး ၅၀၀ အကုန် ပေါင်းမှ ဘတ် ၁၃၈၀ ပဲကုန်တော့တယ်”။   ။
…………။

“အဲဒီသတင်းဟာသတင်းမှားကြီးပဲ။မောင်တို့လည်းသိပြီးသားဥစ္စာ ။အခုဘတ်တစ်ထောင်ကျော်ကုန်တယ်ဆိုတာ ယာယီတစ်လနှစ်လ အတွက်ပဲ တကယ့်တရားဝင်ပတ်စပို့နဲ့ဝါ့ပါမစ်တွေလုပ်တဲ့အခါသောင်းချီကုန်ကြအုံးမှာလေ”
“ဒီတစ်ခါတော့ ဆြာဒင်ညံ့သွားပြီ။ဆြာဒင်မသိသေးတဲ့ အံ့သြကုန်နိုင်ဖွယ်သတင်းထူးရှိသေးတယ်ဗျ”
“ဟေ၊ဟုတ်လား၊ဘယ်လိုများပါလိမ့်၊သိချင်စမ်းပါဘိ”

ဆြာဒင့်စကားမဆုံးမီမှာပင် ဆြာ့ထက်လက်စောင်းထက်ကြလေသည့်ခေတ်ကာလသားသမီးတပည့်ကျော်များ ထုတ်ပြလေသော အ ထောက် အထားမှာ စင်္ကာပူနိုင်ငံထုတ်”သည်စထရိတ်တိုင်းမ်”သတင်းကို အကိုးအကားပြုရေးသားထားသည့်ဧရာဝတီသတင်းဌာန၏ သတင်းတစ်ပုဒ်ဖြစ်ပါ၏။

(လေး)
မြန်မာ့တပ်မတော် ကာချုပ်သည် ၂၀၁၂ က ထိုင်းဘုရင့် အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ သက်တော်ရှည်ဗိုလ်ချုပ် Prem Tinsulanonda ၏ မွေးစားသားအဖြစ် ခံယူခဲ့ကြောင်း စင်ကာပူအခြေစိုက် The Straits Times သတင်းစာက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ စစ်ဦးစီးချုပ်ဟောင်း၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနဲ့ လက်ရှိ ထိုင်းဘုရင့်ကောင်စီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanondaက မွေးစားသားအဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း၊ မွေးစားခြင်းဟာ ခေါင်းကိုင်ဖခင်နဲ့ ခေါင်းကိုင်သားတို့ရဲ့ ဆက်ဆံရေး ဖြစ်ကြောင်း ရေးသားထားပါတယ်။

ထိုင်းမီဒီယာများရဲ့ ဖော်ပြချက်အရ ၂၀၁၂ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံကို လာရောက်လည်ပတ်စဉ် ကတည်းက သူ့ကို သားအဖြစ် မွေးစားဖို့ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda ကို တောင်းဆိုခဲ့ကြောင်း၊ အသက် ၉၄ နှစ်အရွယ်ရှိပြီး သားသမီးအရင်းအချာလည်း မရှိတဲ့ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda ကလည်း သားအဖြစ် လက်ခံခဲ့ကြောင်း သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် အခါတိုင်း ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda နဲ့ တွေ့ဆုံဖို့ ဗိုလ်ချုပ်ကြီး Thanasak Patimaprakorn က အကူအညီပေးခဲ့တယ်လို့ ဆိုပါတယ်။
…….
“အင်း၊လောကကြီးဟာ ဆန်းကျယ်မှုတွေနဲ့ ပြည့်နှက်နေပါရော့လား။ဒါနဲ့ ဒီသတင်းနဲ့ မောင်တို့ ရောက်လာတာ ဘယ်လိုများ ပတ်သက် နေပါလိမ့်။ဆက်၍လင်းကြပါဦးလော့”

“ဒီလိုဆြာဒင်ရဲ့။ထိုင်းရောက်ကျနော်တို့ဘော်ဒါတစ်ချို့အတော်ဒုက္ခရောက်နေလို့ ဆြာဒင်လို ထက်ထက်မြက်မြက်ပုဂ္ဂိုလ်ကြီးတစ်ယောက် အနေနဲ့ ကာချုပ်ကြီးဆီသတင်းစကားတစ်ခုပါးပေးစေချင်လို့ပါ”

မြှောက်လုံးပင့်လုံးတစ်ခုတည်းဖြင့်ပင် ထွေထွေထူးထူး မစဉ်းစားလိုတော့ပဲ အထုပ်အပိုးပြင်၊တက်သုတ်နှင်ချင်နေသည့် ဆြာဒင်မှာ အနည်းငယ်တော့ ဣနြေ္ဒဆည်လိုက်ရသည်။

“ဆြာသွားလို့ဖြစ်ပါ့မလားမောင်တို့ရာ”
“ဖြစ်ပါတယ်ဆြာဒင်ရဲ့။ကာချုပ်ကြီးကလည်း ထိုင်းဘုရင့်ကောင်စီအကြံပေးဥက္ကဋ္ဌကြီးရဲမွေးစားသားဆိုတော့ ဆြာဒင်လိုလူမျိုး၊ ကာချုပ် ကြီးကို လူကိုယ်တိုင် ဝင်တွေ့လိုက်ရင် တစ်ချက်တည်းပွဲသိမ်းမှာ”

ထို့သို့လျှင် နေရာတစ်ကာလူတွင်ကျယ်လုပ်ချင်သည့် ဆြာဒင်သည် ကာချုပ်ကြီးရုံးထိုင်ရာ ကြီးကျယ်ခမ်းနားလှသော ရုံးခန်းအတွင်းသို့ အထက်တွင်ဆိုခဲ့သည့်အတိုင်း အရဲစွန့်ကာရောက်ခဲ့ရခြင်းဖြစ်ပါ၏။ကော့နေအောင် ကြွေတိုက်ထားသည့် စစ်ဝတ်စုံဖြင့် ဆုံလည် ဆိုဖာကုလားထိုင်တွင် မိန့်မိန့်ကြီးထိုင်ရင်း အလုပ်ရှုပ်နေဟန်ရှိသည့် ကာချုပ်ကြီးသည်ဆြာဒင့်ကို တည်ငြိမ်သောမျက်နှာထားဖြင့် လက်ခံတွေ့ဆုံပါသည်။လူရည်သန့် ကာချုပ်ကြီး၏ မျက်နှာသွင်ပြင်မှာ  တည်ကြည်ရှင်းသန့်လျက်ရှိသည် ကိုဖြင့် ဆြာဒင် မကွယ်မဝှက် စတမ်းအသိအမှတ်ပြု ရပေမည်။

(ငါး)
“ထိုင်ဗျာ။လာရင်းကိစ္စကိုဆိုပါဦး”
ကြက်ဥအရောင်တိမ်တောင်သဖွယ် မင်းရေးကျယ်ဟုဆိုကြသည်မဟုတ်တုံလော။ဆြာဒင်စကားမှား၍မဖြစ်၊ကိုယ်လိုရာဇွတ်၊စွတ်တင်၍ မရ၊ဟူသော ဆြာဒင့်၏ကြီးရင့်လှသော အသိဥာဏ်ပညာကြောင့် ပဋိသန္ဓာရချစ်ခင်နှစ်သက်ဖွယ်စကားတချို့ဖြင့် နိဒါန်းပျိုးလိုက်ရ ချေ သည်။

“ပဌာန်းဆက်ဆိုတာ မယုံလို့မရဘူးကာချုပ်ကြီးရ၊ဘဝဘဝပေါင်းများစွာမှာ မတော်စပ်ဖူးတဲ့ဆွေမျိုးဆိုတာ မရှိဘူးလို့ ဗုဒ္ဓတရားတော်မှာ အထင်အရှားပြဆိုထားပေသကိုး”

ကာချုပ်ကြီးသည် နှုတ်မှ တစ်စုံတစ်ရာတုန့်ပြန်စကားမဆို။ခေါင်းကိုအသာငြိမ့်၏။အားတက်လာသော ဆြာဒင်မှာ လိုရင်းရောက်ရန် စကားရှေ့ ဆက်ရသည်။

“ကာချုပ်ကြီးဟာ ထိုင်းနိုင်ငံ၊အထင်ကရပုဂ္ဂိလ်ကြီးရဲ့မွေးစားသားဆိုတော့ ဆြာဒင်တို့အခက်အခဲကို အလွယ်တကူဖြေရှင်းပေးနိုင်မယ် ထင်မိလို့ ပါ”
“ဒါဆိုလည်း စာရေးပြီးတင်ထားခဲ့ဗျာ။ဒီမှာအလုပ်တွေသိပ်ရှုပ်နေတယ်”

ကံကြီးပေစွ။ဆြာဒင်ကိုယ်တိုင်လည်း ကာချုပ်ကြီးသိစေလိုသည့် သတင်းစကားကို နှုတ်မှ မထွက်ရဲသည်မှာ အမှန်ဖြစ်၏။သို့နှင့်ပင် တပည့်ကျော်တို့ပါးလိုက်သည့် ရွှေလုပ်သားဂျာနယ် အပိုင်းအစလေးကို ကာချုပ်ကြီး၏စားပွဲပေါ်သို့ အသာအယာတရိုတသေတင်လျက် ဦးညွတ်နှုတ်ဆက်ကာ သွင်သွင်ကျိုးမတတ်၊ခါးကိုကိုင်း၊ကိုယ်ကိုယို့ရင်း ပြန်လည်ထွက်ခွာလာခဲ့ရချေ၏။

အကယ်၍သာ အဆိုပါသတင်း စာဖြတ်ပိုင်းကို ဆြာဒင့်ရှေ့တွင် ကာချုပ်ကြီးကိုယ်တိုင် ချက်ချင်းဖတ်ရှုခဲ့ပါမူ အလိုက်ကန်းဆိုးမသိ၊နေရာတစ်ကာ လူတွင်ကျယ်လုပ်ချင် သည့်ဆြာဒင်သည် မင်းပြစ်မင်းဒဏ်ထိုက်ရုံမက နားရင်းကိုပါ အရိုက်ခံရလောက်ချေ သည်။အဆိုပါသတင်းစာဖြတ်ပိုင်းတွင် အောက်ပါ အတိုင်းရေးသားထား၍ဖြစ်ပါ၏။

                                                ၂၀၁၄ ဇူလိုင်လ ၁၆ ရက်
                                      မောင်ပေါ်ထွန်း (အလွတ်သတင်းထောက်)
ရွှေရည်ဖြိုးအောင် ကုမ္ပဏီမှ မလေးရှားနယ်စပ်ရှိ ပန်းရံလုပ်ငန်း ခွင်တစ်ခုသို့ တင်ပို့ထားသည့် MOU အလုပ်သမား၂၆ဦး စားစရာ မရှိ၍ ဘောစကိုင်းရွက်များကိုပြုတ်၍စားနေရကြောင်း အလုပ်သမားများက ပြော သည်။

မလေးရှား နယ်စပ် စတုန်းမြို့နယ် ပန်းရံဆိုက်တစ်ခုမှ MOUအလုပ်သမား ၂၆ဦးတို့အား လုပ်အားခ တစ်လစာ ထုတ်မပေးပဲထားသဖြင့် အနီးအနားတွင် ရှိသော ကန်စွန်းရွက်နှင့် သင်္ဘောသီးတို့အား ခူးစား၍ ကုန်နေပြီဖြစ်သဖြင့်ယခုအခါ ဘောစကိုင်းရွက်များ ကိုပြုတ်စား နေရကြောင်း အလုပ်သမား သန်းဇော်ဦးက ပြောသည်။

       “ကျနော်တို့ကို ရွှေရည်ဖြိုးအောင် ကုမ္ပဏီက ပို့တာပါ။ မလေးရှားကို ကားစီးသွားရင် တစ်နာရီကျော်ဆို၊ ရောက်တဲ့နေရာမှာ ကျနော်တို့ ဒုက္ခ   ရောက်နေတာပါ။ တစ်နှစ်အတွင်းမှာ ကျနော်တို့ဆီက ၁၉,၁၅၂ ဘတ်ဖြတ် ထားပါပြီ။  ထိုင်းကို ရောက် ကတည်းက ပတ်စပို့မကိုင်ဖူးဘူး။ လုပ်အားခ ရှင်းမပေးတာ တစ်လကျော်လာပြီ။ ကျနော်တို့မှာ စားစရာမရှိလို့ အနီးအနားမှာစားလို့ရတဲ့ အသီး အရွက်တွေအကုန်ခူးစားနေကြတာ။ မြက်ပဲရှိပြီ။ သောက်ရေ ဆိုတာလည်း ပိုက်လုံးကလာတဲ့ရေတွေ ကိုပဲသောက်နေရတာ” ဟုပြော သည်။

ဆြာဒင်တစ်ယောက် ကာချုပ်ကြီး၏ ရုံးခန်းတွင်းမှ ဘေးမသီရန်မခ၊ထွက်ခွာလာသည်ကို မြင်လိုက်သည်နှင့် တပည့်ကျော်တို့သည် တိုင်ပင်မထားပါဘဲလျက် ခြေလှမ်းကျဲကြီးများဖြင့် ခပ်သုတ်သုတ်လျှောက်ကြရာ ဆြာဒင်မှာအမီလိုက်ရ၏။စစ်ရုံးချုပ်ကြီးမှ ခပ်လှမ်းလှမ်း အရောက်တွင်မူ တစ်စုံတစ်ရာကို စိုးရိမ်ကြောက်လန့်စိတ်ကြောင့် ဆြာတပည့်တစ်သိုက်၊နောက်ကျသည့်ဖနောင့်သစ္စာဖောက်ဟူသောအသိဖြင့် ခြေကုန်သုတ်ပြေးကြလေရာ နောက်မှစောင့်ကြည့်နေသူတစ်စုံတစ်ဦးရှိပါမူ အမြီးနှင့်ဖုန်လုံးကိုပင်မြင်နိုင်ဖွယ်မရှိချေတကား။ ။
↧

သရေစည်သူဆြာဒင်နှင့်ရွှေပင်ရွာတမ်းချင်းများစုစည်းမှု မှ၊ စာရေးသူ၏အမှာစာ

$
0
0

ဇူလိုင်လ(၂၄)ရက်နေ့တွင် ရန်ကုန်မြို့စာအုပ်ဆိုင်များပေါ်သို့ရောက်လာပါမည်။

သရေစည်သူဆြာဒင်နှင့်ရွှေပင်ရွာတမ်းချင်းများစုစည်းမှု မှ၊ စာရေးသူ၏အမှာစာ

ဇာတိမြေနှင့်အလှမ်းဝေးရာ အတိတ်သမိုင်းကရန်သူ့မြေတွင် ကံကွက်ကြားကာ ရောက်နေသည့် ကျနော့်အဖို့ ကျနော်ရေး သော စာများသာ ကျနော်နှင့်ကျနော့်စာဖတ်ပရိသတ်များအတွက် တစ်ခုတည်းသောပေါင်းကူးတံတားဖြစ်၏။ ကျနော် ဆုံတွေ့လိုလှသော စာဖတ်သူများသို့ ကျနော်ပါးလိုသည့်သတင်းစကားကို စာဖြင့်သာစေနိုင်သည်မို့ ကျနော့်စာများတွင် ဖတ်သူတို့နှစ်ခြိုက်ဆောက်တည် ဖွယ်အကြောင်းအရာတို့ပါဝင်နိုင်ရန် ကျနော် အတတ်နိုင်ဆုံးလုံ့လစိုက်ပါသည်။ ပြီးပြည့် စုံပြီဟူ၍မူ ဆိုနိုင်ဦးမည်မဟုတ်ချေ။

ကျနော်ရေးသောစာများတွင်  ကျနော်ရောက်ရှိနေရာနိုင်ငံ၏ အငွေ့အသက်နှင့် ပတ်ဝန်းကျင်ဖြစ်ရပ်များ လွှမ်းမိုးနေမည် ဖြစ်ရာယင်းသည်ပင်လျှင် ကျနော့်ရင်ထဲက ဇာတိမြေအလွမ်းဖြစ်တန်ရာ၏။ထို့ကြောင့် စာရေးသူ၏လေးအုပ်မြောက် ကြိုး ပမ်းမှု ဤစာစုကို “ရွှေပင်ရွာတမ်းချင်း စုစည်းမှု”ဟု ကျနော်အမည်ပေးပါသည်။

ကျနော်သည် ဆန်းကျယ်လှသောကံတရား၏မျက်နှာသာ ပေးမှုကြောင့် မထင်မှတ်ပဲ စာရေးသူဖြစ်လာရပါသည်။ဘဝ၏ အချိန်ကာလအတော်များများကို စာဖတ်ခြင်းဖြင့်ကျော်ဖြတ်လာခဲ့ရာ စာရေးသူဖတ်ခဲ့သမျှစာအုပ်စာပေများနှင့် လမ်းဘေး ဆိုင်းဘုတ်၊စက္ကူစုတ်၊သတင်းစာဖြတ်ပိုင်း အပါအဝင် အဆိုပါစာတို့ကို ရေးသားဖန်တီးခဲ့သူတို့သည် ကျနော့်ကျေးဇူးရှင် လက်ဦးဆရာတွေချည်း ဖြစ်သည်ဟု ကျနော်ဆိုချင်ပါသည်။

မိုပါဆွန်းကို ကျနော်ကြိုက်သည်။ မောင်ထင်ကိုလေးစားသည်။ မောင် သော်က(ဗိုလ်မှူးဘသော်)၊မောင်သစ်(ဦးကိုယု)တို့ကိုအတုယူ၏။ ဂျက်(ကွမ်းခြံကုန်း)ကိုအားကျ၏။ ကလောင်အနု အရင့် မရွေး ကျနော်နည်းမှီခဲ့၏။ဤသို့လျှင် စာရေးသူဖြစ်လာခဲ့သူ ကျနော်သည် လေးနက်စွာမျှော်မြင်တတ်သော၊ စာဖတ် သူ တို့လက်ခံနိုင်သည့် စာရေးဆရာဖြစ်လာရန် စာဖတ်သူတို့၏ဝေဖန်ထောက်ပြမှုတို့ကို အားပြုလျက် ဆက်လက်ကြိုးပမ်း ရပါဦးမည်။

ကျနော့်စာများကို အရေးတယူဖတ်ရှုကြသည့် စာဖတ်သူများကို ကျေးဇူးစကားဆိုပါ၏။ထို့ပြင်တဝ ကျနော်ရေးသားသမျှ စာမူတို့ကို စေတနာရှေ့ထား၍  အားမနာတမ်းတည်းဖြတ်သုတ်သင်ပေးခဲ့သော စာရေးသူနှင့်နတ်မောက်တနယ်တည်းသား ကိုဝင်းနိုင်ဦး(ရုံးတောဖိုးစီ၊စင်္ကာပူ)၏အကူအညီမပါဝင်ခဲ့လျှင် ဤစာအုပ်ဖြစ်ပေါ်လာမည်မဟုတ်ပါ။

တဆက်တည်း အားဖြင့် ဤစာအုပ်ဖြစ်ပေါ်လာရေးအတွက် အဘက်ဘက်မှ အစွမ်းကုန်လုံးပန်းကူညီခဲ့ကြသည့် သီဟမောင်မောင်၊ ကာတွန်းစိုး သော်တာ၊ပန်းချီဝလုံး၊သီဟ(စခန်းသစ်)၊ဦးထွန်းဦး(ထွန်းဦးစာပေ၊မန္တလေး)၊ မစိမ်းစိမ်း(သက်ခိုင်စာပေ)၊ကိုလွင်ဦး (လွင်ဦး စာပေလှည်းတန်း)၊ကိုမင်းဇာနည်၊စောင့်ကြည့်ဂျာနယ်၊ဆဲဗင်းဒေးသတင်းမီဒီယာနှင့်အမည်ဖော်ပြရန်မေ့လျော့ကျန်ရစ်သော ကျေးဇူးတင်ထိုက်သူတို့အား အလေး အနက် ကျေးဇူးစကားဆိုအပ်ပါသည်။

ချမ်းသာကိုယ်စိတ်မြဲပါစေ၊

မေတ္တာများစွာဖြင့်

မင်းဒင်
၂၀၁၄ခုနှစ်၊ဇူလိုင်လ(၇)ရက်
ဖူးခက်ကျွန်း၊ထိုင်းနိုင်ငံ

↧

ဆြာဒင်နှင့်တွေးတတ်လွန်းသူ

$
0
0

၂၆။၀၆။၂၀၁၄နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာ။

ဆြာဒင်နှင့်တွေးတတ်လွန်းသူ

(မင်းဒင်)

(တစ်)
"ရဟန်းတို့ ထိုသို့ဖြစ်ခြင်းကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်း ဖြစ်သော၊ အယုတ် အမြတ်လည်း ဖြစ်သော၊ အဝေး အနီးလည်းဖြစ်သော အလုံးစုံသော ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်"

တောက်ပသောနေခြည်မျှင်တို့ဖြင့်လောကဓာတ်တခွင်ကို လွှမ်းခြုံထားလေသည့် အေးချမ်းကြည်နူးဖွယ်ဖူးခက်မြို့၏တစ်ခုသော နံနက် ခင်းတွင် ဆြာဒင်တစ်ယောက် အနတ္တလက္ခဏသုတ်ပါစာတစ်ပုဒ်ကို နှုတ်တက်ဖွဖွရွတ်ဆိုဆင်ခြင်ရင်း ခရီးဆောင်အိတ်တစ်လုံးနှင့် အလုပ်ရှုပ်နေချိန်ဖြစ်လေ၏။ကမ္ဘာဖလားဘောလုံးပွဲကို ညဥ့်လုံးပေါက်အားပေးထားကြလေသဖြင့် ဖားသူငယ်၏မျက်လုံးကိုယ်စီ၊ ကြောင် တောင်တောင်ငေါင်းစင်းစင်းဖြစ်နေကြသော တပည့်ကျော်တို့ကိုလည်း တရားသဘောကိုဆင်ခြင်နိုင်ရန်အလို့ငှာ သတိပေးစကားဆို လိုက်မိရာ ဆြာနှင့်ဥာဏ်ရည်မတိမ်းမယိမ်းရှိကြကြောင်း ၎င်းတို့၏တုန့်ပြန်စကားတို့က သက်သေခံလျက်ရှိချေ၏။

"တကယ်တော့ ရုပ်တရားကို တဏှာမာနဒိဋ္ဌိဂါဟ တွေနဲ့ မရှုသင့်တာ အမှန်ပဲတပည့်တို့"
"ဟုတ်ပါ့ဆြာဒင်ရာ။အင်္ဂလန်အနိစ္စ၊စပိန်အနိစ္စပါပဲ"
"အီတလီလည်းမမြဲသော သဘောရှိလေရဲ့ဆြာဒင်"
"ကော့စတာရီကာကတော့ နိုင်ချိန်တန်ခဲ့ပြီလို့ဆိုရမယ်ဆြာဒင်ရေ"
အံ့သြကုန်နိုင်ဖွယ်၊အနတ္တလက္ခဏသုတ်ကို ကမ္ဘာ့ဖလားဘောလုံးပွဲနှင့် ဆက်စပ်ဆင်ခြင်နိုင်ကြသူများပေတကား။
“ကဲ၊ကဲ၊မောင်တို့လည်း အဝတ်အစားအိတ်တွေပြင်ကြပေရော့။ရန်ကုန်ကိုပြန်ကြအုံးစို့ရဲ့”
"ဟာ၊ဆြာဒင်၊ဖူးခက်မှာ ဖင်ပူအောင်တောင် မထိုင်ရသေးဘူးနော်။ဆြာဒင်၊တရားသံဝေဂရပြီးတောထွက်ချင်သပဆိုရင်လည်း ကမ္ဘာ့ ဖလား ပွဲပြီးအောင်တော့ဖြင့်စောင့်သင့်တယ်"

"ဖေကြည်ငယ်၊အတော်လျှာရှည်ချေသည်တကား၊ယခုသွားမည့်ခရီးစဉ်ကား မရဏနုဿတိဟုဆိုသော်ရနိုင်ကောင်းလေ၏။ဟာသသရုပ် ဆောင် ကုသိုလ်ခေါ် ဦးမြင့်သိန်းကွယ်လွန်အနိစ္စရောက်ခဲ့ပြီမို့ နောက်ဆုံးခရီးမြေကျအမှီလိုက်ပါပို့ဆောင်သင့်သည်မဟုတ်ပေလော"
"ကုသိုလ်နဲ့ဆြာဒင် ခင်တယ်လို့လည်း တခါမှ မကြားဖူးပါကလား။ဧကန္တနာမည်ကြီး အသုဘမှာ ဇွတ်ဝင်ပြီးနာမည်ကြီးအောင်လုပ်ချင်ပြန် ရော့သလားဆြာဒင်"

"နင့်ပါးစပ်ကိုအမြန်ပိတ်လဟဲ့၊ ငဖေကြည်။သေချင်းတရားဆိုတာ ကြီးငယ်မဟူ အချိန်ကာလမရွေးဆိုက်လာတတ်တာမို့ အသုဘ ကမ္မ ဌာန်းဆိုတာ ကြပ်ကြပ်ကြီးစီးဖြန်းသင့်သကွဲ့။အတူမလိုက်ချင်သပဆိုရင်လည်း ဗမာအလုပ်သမားတွေကို အဖမ်းအဆီးကြမ်းနေတဲ့ ဖူးခက်မှာ ခွေးသေဝက်သေ၊ သေရစ်ခဲ့ကြပေတော့"
ဆြာရင်းမို့၊ကလူကြည်စယ်ကြလေသည့်၊ချစ်လှစွာသောတပည့်များကား ဆြာဒင်၏ဟောက်ဟမ်းသံဆုံးသည်၏နာရီဝက်ခန့်အချိန်အတွင်း ခရီးထွက်ရန်အဆင်သင့်ဖြစ်ကြလေရာ ဘိုးရင်းဂျက်(၇၀၇)လေယာဉ်ခရီးစဉ်ဖြင့် ဖူးခက်လေဆိပ်မှသည် ရန်ကုန်မြို့တော်သို့နာရီပိုင်း အတွင်း ဆိုက်ရောက်ခဲ့ကြပြန်ချေပြီ။

(နှစ်)
သည်တစ်ခေါက်ရောက်သည့် ရန်ကုန်ကား အတန်ငယ်ထူးခြားနေသည်ဟု ဆြာဒင့်စိတ်တွင်ထင်မိလေသော်ငြား အဘယ်သည်ထူးခြား လေသနည်းဟူသည်ကိုမူ ဆြာဒင်ဧကန်ဧကမပြောနိုင်ချေ။ဆြာဒင်၏ထူးခြားလှသော အာရုံခံစားမှုပါရမီဖြင့် အလိုလိုသိနေသည်ကား အမှန်ပင်ဖြစ်ချေသည်။ထိုစဉ် တပည့်ကျော်ဖေကြည်၏ရုတ်တရက်ကောက်ချက်ဆွဲအဖြေထုတ်လိုက်သည့်မှတ်ချက်ကြောင့် ဖေကြည် ခေါ် အာရုံကို ဆြာဒင်အထင်ကြီးလေးစားမိရတော့၏။
“ရန်ကုန်မြို့ကြီးက အရင်နဲ့စာရင် နည်းနည်းသန့်ရှင်းနေသလိုပဲဆြာဒင်ရဲ့”

“ဟုတ်ပါ့ကွာ၊ဆြာက တပည့်အရင်သိနေတာကွ။ရုတ်တရက်ဆိုတော့ ဘာပြောရမှန်းမသိဖြစ်နေတာ”
ဥာဏ်ကြီးသူပီပီ၊အားနည်းချက်ကို အရှက်ပြေဖုံးဖိရင်း ရန်ကုန်မြို့တွင်းသို့ခရီးဆက်ကြပြန်သည်တွင် နေရာအတော်များများ၌ အမှိုက်ပုံး အသစ်တို့ကို တွေ့မြင်ရ၏။နာရေးကူညီမှုအသင်းဝင်တစ်ချို့ကလည်း လမ်းတကာလှည့်၍ ရန်ကုန်မြို့ကြီးကို အမှိုက်ပုံအတွင်းမှ ဆယ်ယူ ရန်လုံးပန်း နေကြချေသည်။လူသာဓုခေါ်နတ်သာဓုခေါ်ရမည့် အရေးပေတကား။

ဆြာဒင်မှာ လာရင်းနာရေးကိစ္စအချိန်မီရန်သာစိတ်စောနေလေသဖြင့် ရန်ကုန်မြို့ကြီးကို လှည့်လည်စစ်ဆေးရန် အချိန်မရလေရာ  ရေဝေးသုဿန်ရှိရာသို့သာ တက္ကစီတစ်စီးဖြင့်တက်သုတ်နှင်ရ၏။ရန်ကုန်မြို့တော်ကြီးသည် ရေဝေးနှင့်နီးလေလေ၊သန့်ရှင်းလာလေလေ ဖြစ်၏။ရေဝေးသုဿန်ဝင်းအတွင်းမှ စည်ပင်ဝန်ထမ်းတို့၏တောက်ပြောင်လှသော ယူနီဖောင်းတို့သည်လည်း သုဘရာဇာပင် ဖြစ်ချင်စိတ် ပေါက်နိုင်ချေ၏။အဝိညာတက အသက်မရှိသော အသုဘရုပ်အလောင်းတို့ကို သိုမှီးရာရေခဲတိုက်သည်ပင်လျှင် နေချင်စဖွယ်ဖြစ်နေခဲ့ပြီ ။နေအိမ်သန့်ရှင်းရမည်၊မြို့ရွာသန့်ရှင်းရမည်။တပြည်လုံးသန့်ပါမှ ကျန်းမာကြမည်ဟူသော ဆောင်ပုဒ်ကား အမှန်ပင်အသက်ဝင်လာခဲ့ လေယောင်တကား။

မြန်မာပြည်သူတို့၏နှလုံးအိမ်ကိုရွှင်ပြုံးစေခဲ့သော ဟာသသရုပ်ဆောင်ကုသိုလ်ခေါ် ဦးမြင့်သိန်းကား သေပန်းပွင့်သူတည်း။သူရယ် စေခဲ့ သော သူ့ပရိသတ်သည် သူ့ကိုနှမြောတသလျက်ငိုယိုနှုတ်ဆက်လျက်ရှိကုန်၏။သူ့ရုပ်ကလာပ်ကိုသယ်ဆောင်လာသည့် အလျူမီနီယမ် ထော်လီသည် ဝင်းဝင်းတောက်အရောင်လက်လျက်ရှိ၏။သူနောက်ဆုံးလဲလျောင်းရာ စင်မြင့်သည် သန့်ရှင်းတောက်ပြောင်လျက်ရှိ၏။ ဆြာဒင်သည် ကုသိုလ်ခေါ်ဦးမြင့်သိန်းအား ကြေကွဲဝမ်းနည်းစွာဖြင့် ဦးညွတ်နှုတ်ဆက်လိုက်မိချိန်တွင် ဆြာဒင့်စိတ်အစဉ်တွင်ကျေးဇူးတင် ထိုက်သူများသည် အစီအရီပေါ်လာခဲ့ချေသည်။ရန်ကုန်မြို့ကြီးကိုရေဝေးသုဿန်ပါမကျန် သန့်ရှင်းစေသူများကား သူတို့မှတစ်ပါး အခြား သူမရှိနိုင်။မကြာသေးမီက သတင်းစကားများအရ ရန်ကုန်မြို့ကြီးတွင် မိမိတို့စေတနာအလျောက်တာဝန်သိစွာ အမှိုက်ကောက်ပေး မည့်အရေးသော်မှ တားမြစ်ခံခဲ့ကြရသေးချေသည်ဟူ၏။

(သုံး)
“ဟယ်လို၊နာရေးဥက္ကကြီး ကျုပ်ဆြာဒင်ပါဗျ”
“ဟုတ်ကဲ့ဆြာဒင် ဘယ်ကိုကားလွှတ်ပေးလိုက်ရမလဲဗျာ”
“အော်၊ကိုရင်ကလည်း ဖုန်းကိုင်တာနဲ့ကားလွှတ်ဖို့ချည်းစိတ်ကူးနေတော့သကိုး။အေးဗျာ၊ရန်ကုန်မြို့ကြီးသန့်ရှင်းစပြုနေပြီမို့ကျေးဇူးတင် လွန်းလို့ ဖုန်းဆက်ပြီး အပလီဆိတ်(Appreciate)လုပ်လိုက်တာပါ”
“အော်၊အဲဒီကိစ္စက ကျနော်တို့ အနည်းအကျဉ်းပဲလုပ်နိုင်သေးတာပါဗျာ။တစ်နိုင်တစ်ပိုင်ဆိုပါတော့။တဖြည်းဖြည်းတော့အရှိန်မြှင့်ယူရ မယ်လေ”
“ဘာဘဲဖြစ်ဖြစ်ဗျာ။ရေဝေးလိုနေရာမျိုးအထိ သန့်နေအောင်လုပ်နိုင်တာကိုတော့ အရမ်းအရမ်းကိုအားရမိတယ်”

“အာ၊ဆြာဒင်တစ်ခုခုတော့လွဲနေပြီထင်တယ်နော်။ရေဝေးကိုသန့်အောင် ကျနော်တို့လုပ်တာမဟုတ်ဘူးဗျ။ကျေးဇူးတင်ချင်ရင် မြို့တော် စည်ပင်ကို ကျေးဇူးတင်ပေရော့”
သူတော်ကောင်းရင့်မကြီးတို့မည်သည် အချောင်နာမည်ကြီးလိုသူတို့၏စာရင်းတွင်မပါဝင်လေရကား ဆြာဒင့်မှာ ဧကန်ဂုဏ်ပြုထိုက်သူထံ ဆက်သွယ်၍ ဝမ်းမြောက်ချီးမွမ်းစကားဆိုရပြန်သည်။
“ဟယ်လို၊မြို့တော်ဝန်ကြီး၊မင်္ဂလာပါခင်ဗျာ”
“ပြောပါကိုယ့်လူ။ဒီမှာတင်ဒါအစည်းအဝေးလုပ်နေလို့တိုတိုနဲ့လိုရင်းပြောပါ”
“ကျုပ်က ဖူးခက်မှာနေတဲ့ဆြာဒင်ပါဗျ။မြို့တော်ဝန်ကြီးရဲ့အားသွန်ခွန်စိုက်ကြိုးပမ်းချက်တွေကိုတော့ လွှတ်သဘောကျနေပြီ”
“ခင်ဗျားပြောနေတာ ကျနော်နားမရှင်းဘူး”
“အော်၊ရေဝေးသုဿန်လိုနေရာမျိုးမှာ အံ့မခန်းသန့်ရှင်းတောက်ပြောင်နေတာမို့ ဂုဏ်ပြုထိုက်သူကိုဂုဏ်ပြုစကားဆိုတာပါခင်ဗျာ”

“ခင်ဗျားတစ်ခုခုမှားနေပြီဗျ။ ရေဝေးကိုသန့်ရှင်းရေးလုပ်ခိုင်းတာ တိုင်းဝန်ကြီးချုပ်။ကျုပ်တို့က သူခိုင်းသမျှလိုက်လုပ်ပေးရုံပဲ”
“အော် ဟုတ်ကဲ့ ဟုတ်ကဲ့။ ဘာဘဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်လေ။စကားးမစပ် မြို့တော်ဝန်ကြီးလည်း စည်ပင်တင်ဒါတွေနဲ့ အတော့်ကို အလုပ်ဖြစ်နေပြီကြားမိတယ်။အစားမတော်သိန်းတစ်ရာတဲ့နော်။ကုသိုလ်ရေးမှာအားထည့်တာလည်း ဘုရားကုတစ်မျိုးပေါ့ဗျ။ရမည်းသင်း ထောင်နဲ့ဝေးပါစေလို့ဆုတောင်းပါတယ်ခင်ဗျာ”
အလိုက်ကန်းဆိုးမသိလျှာရှည်နေသော ဆြာဒင့်စကားမဆုံးမီ၊ဂွတ်ကနဲမြည်အောင်ဖုန်းချသွားသည်တွင်ဆြာဒင်မှာ နဝေတိမ်တောင် ဖြစ်ရပြန်ချေပြီ။ဗမာပြည်ကြီးတွင်ချီးမွမ်းစကားဆိုခြင်းကိုပင် လက်ခံနိုင်သူရှားနေလေပြီလော။နိုင်ငံ့ဝန်ထမ်းဟူသည် ကျရာတာဝန် ထမ်း ဆောင်ခြင်းအပေါ်ချီးကျူးစကားဆိုရန်ပင် မလိုအပ်တော့သည့်ခေတ် သို့ပင်ရောက်နေလေရော့သလား အတွေးပွားရ၏။ သေချာသည် ထက်သေချာစေရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ တယ်လီဖုန်းနံပါတ်ကိုလှည့်မိပြန်သည်။

“အရမ်းအရမ်းကိုလေးစားတယ်ဝန်ကြီးချုပ်ရာ။ ရန်ကုန်မြို့ကြီးလိုနေရာမှာ ရေဝေးသုဿန်ကအစ သန့်ရှင်းတောက်ပြောင်နေတာ က တော့ မချီးကျူးပဲမနေနိုင်လို့ပါ။ဒီပုံအတိုင်းသာဆို စင်္ကာပူကိုမှီဖို့ သိပ်မလိုတော့ပါဘူး”
“ရပါတယ်ဗျာ။ကျနော်တို့အစိုးရက ပြည်သူတွေကို အမြဲအလိုလိုက်နေတဲ့အစိုးရပါ”
“ကျေးဇူးကြီးလှပါတယ်ဝန်ကြီးချုပ်ခင်ဗျာ။ဝန်ကြီးချုပ်နဲ့မြို့တော်ဝန်ကြီးရဲ့ စိတ်ရင်းစေတနာကို မသိကြလေရော့သလား။ သမ္မတရုံးမှာ တော့ တိုင်စာတွေသောင်းချီပြီးရောက်နေတာလည်းကြားမိတယ်ဗျ။နည်းနည်းပါးပါးစားတာလောက်တော့ နားလည်မှုရှိသင့်ပါတယ်ဗျာ။ အခုလိုပြုလိုက်တဲ့ ကုသိုလ်ကံစေတနာကြောင့်တိုင်စာတောစာတွေဘေးက ဝေးပါစေဗျား”

(လေး)
ဆြာဒင်တစ်ယောက်ဟန်းဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေချိန်တွင် အသံပြာကြီးနှင့် ရုပ်ချည်းဘွားကနဲပေါ်လာသသူကား ရန်ကုန်မြို့နေ ဓာတ်ဆရာကြီးဆရာသိုက်ဖြစ်ချေ၏။သူကား ယခင့်ယခင်က ပြည်ပမီဒီယာကြီးတစ်ခုတွင် အယ်ဒစ်တင်းပညာရှင်ဖြစ်ခဲ့သည့်နည်းတူ ယခုအခါ၊ဝါသနာအလျောက် ဓာတ်ရှင်ဓာတ်သေတို့ကို ဖန်တီးကာ ဖေ့စ်ဘွတ်တွင် အချိန်ဖြုန်းနေလေ့ရှိသူတည်း။ ဆြာဒင့်ရောင်းရင်း ကြီးဆရာသိုက်၏ရုပ်သွင်ကား သွားလေသူ သင်္ကြန် မင်းသားကြီးဇော်ဝမ်းကို သတိရ စရာကောင်းလှပါ၏။
“ဒီဆြာတပည့်တွေ၊ဘာတွေအလုပ်ရှုပ်နေကြသတုန်း”
“အော်၊ကမင်းသိုက်ကြီးပါကလား။ရှေးကနည်းမတူ တမူထူးနေတဲ့ မြို့ကြီးနဲ့တကယ်တူစပြုလာတဲ့ သန့်ရှင်းတောက်ပြောင်သော ရန်ကုန်မြို့ကြီးကို ကြည့်ရှုပြီးသကာလ ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်နေတာပေါ့မောင်ရယ်။တိုင်းဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ နာရေးဥက္ကဋ္ဌကြီး အစရှိသည်ဖြင့်ပေါ့”

“အာ၊ဒီဆြာတပည့်တွေ ဖူးခက်ကနေ၊ရန်ကုန်ကို မအူမလည်ရောက်လာပြီး အူကြောင်ကြောင်လျှောက်လုပ်နေကြပါရော့လား။ မသေ မချင်း မှတ်ထားဗျ။ အခုရေဝေးသုဿန်သန့်ရှင်းနေတာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ယောက္ခကြီးအနိစ္စသဘောနဲ့ ဖျတ်ကနဲ ရှော သွားရှာလို့ တာဝန် သိလူကြီးမင်းများက ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ တောက်ပြောင်သန့်ရှင်းနေအောင် အားထုတ်ထားကြတာခင်ဗျ”
ကျေးဇူးတင်ချင်လွန်းသူကြီးဆြာဒင်ခမျာ ဗိုလ်မင်းသိုက်၏စကားကြောင့် ဇက်ကိုဇတ်ကနဲ့ပုလိုက်မိရင်း အိန္ဒိယမင်းသားလေသံဖြင့် “အဘား အဘား”အော်မိတော့သည်။
အနှီအချိန်တွင် တချိန်လုံးဆြာဒင့်ဘေးတွင်ရပ်ကာ ဆြာဒင်ပြောဆိုလုပ်ကိုင်နေသမျှ စေ့စေ့စပ်စပ်ဆင်ခြင်အကဲဖြတ်နေဟန်ရှိသော တပည့်ကျော်ဖေကြည်ခေါ် အာရုံကို တချက်မျှစောင်းငဲ့လှမ်းကြည့်လိုက်မိလေရာ သူသည်တစ်စုံတစ်ရာကို လေးလေးနက်တွေးတောနေ ဟန်ရှိ၏။

ဤနေရာတွင် အလျဉ်းသင့်သည်ဖြစ်၍ တပည့်ကျော်ဖေကြည်၏ ဥာဏ်ပဋိဘန်ထက်သန်ပုံကို ဖော်ပြရဦးပေအံ့။ဖေကြည်ကား ကျောင်း ပညာရေးတွင် မူလတန်းအဆင့်ကိုမျှ ကျော်လွန်အောင်မစွမ်းနိုင်ခဲ့ချေ။လွန်စွာနမော်နမဲ့ဖြစ်၍ ဆြာဒင်၏ မော်တော်ကားအသစ်စက်စက် ကို အစမ်းသဘောတက်မောင်းစဉ်က “ဖေကြည်၊ရှေ့မှာ တိုင်ငုတ်ရှိတယ်နော်” ဟူသော ဆြာဒင့်သတိပေးစကားအဆုံးတွင် ကားရှေ့က တိုင်ငုတ်ကိုတည့်တည့်ဝင်ကြုံးခဲ့ဖူး၏။လမ်းဆုံမီးပွိုင့်တွင် မီးနီနေပါလျက်ဖြတ်မောင်းလေသဖြင့် ဆြာဒင်ကြိမ်းမောင်းသည့်အခါတွင် “အော်၊ မီးပွိုင့်ဆိုတာနီနေရင်ရပ်ရသကိုး” ဟု ဆိုတတ်သူအူကြောင်ကြောင်လူစားလည်းဖြစ်၏။ သို့သော် …..

(ငါး)
လွန်ခဲ့သောဆယ်နှစ်ဝန်းကျင်က ဆြာဒင်တို့စာရူးတသိုက် ဖူးခက်ရောက်မြန်မာအလုပ်သမားတို့အတွက် မြန်တိုင်းအမည်ရှိ အပတ်စဉ် သတင်းစာတစ်စောင်ထုတ်ခဲ့ဖူးသည်တွင်ကား ဖေကြည်သည်လွန်စွာအားကိုးခဲ့ရချေ၏။သတင်းစာပါ ဧရာမပြူးတူးပြဲတဲစာလုံးမဲကြီး တို့ဖြင့် ဖော်ပြသည့် ခေါင်းစီးတို့၏အမှားမှန်သမျှ ဒက်ကနဲထောက်ပြအမှားပြင်နိုင်သူမှာဖေကြည်ဖြစ်၏။အတန်းပညာဤမျှနုံချာလှသော ဖေကြည်တစ်ယောက် အဘယ်စွမ်းရည်ပါရမီထူးကြောင့် အနှီအမှားထိုအမှားတို့ကို ဒက်ကနဲဒက်ကနဲထောက်ပြနိုင်လေသနည်းဟု ဆြာ ဒင်မေးမြန်းမိလေရာ သူ့အဖြေမှာ လွန်စွာရိုးရှင်းလှချေသည်။

“အော် ဆြာရယ်။တပည့်က စာမှသိပ်မဖတ်တတ်တာ။တစ်လုံးချင်းပေါင်းဖတ်နေတော့ မှားတာကို ချက်ချင်းသိနေတယ်ဆြာရဲ့” ဟူသ တည်း။
ယခုလတ်တလောကြုံတွေ့ရသည့်ရေဝေးအရေးကိစ္စတွင်လည်း ဆြာဒင်ကိုယ်တိုင်မည်သို့မည်ပုံမှတ်ချက်ချရမည်ကို မဝေခွဲနိုင်ဖြစ်နေစဉ် ဖေကြည်ငယ်၏ သုံးသပ်ချက်ကို ကြားလိုလှသည်ကားအမှန်ဖြစ်ချေသည်။ဖေကြည်သည် အချိန်အတန်ကြာတွေတွေကြီးစဉ်းစားပြီးမှ လေးနက်သော အောက်ပါကောက်ချက်ကိုချလေ၏။

“ကုသိုလ်တော့သွားပြီ အကုသိုလ်တွေပဲကျန်တော့တယ်ဆြာဒင်။တစ်လတစ်ယောက်လောက်မျက်နှာကြီးမသာတွေပေါ်နေရင် ဘယ် လောက်များဟန်ကျလိုက် လေမလဲဆြာဒင်။တော်တော်ကိုသန့်သွားမှာ”
ဇမ္ဗူဒီပါလက်ျာတောင်ကျွန်း သြဘာနိမိတ်ထွန်းလေသည့် ဗမာပြည်ကြီးတွင်၊ဇာတ်သမားစကား၊ကလေးစကားနှင့်အရူးစကားတို့သည် မှန်ကန် တတ်သည်ဟုကြားဖူးနားဝရှိလေသော ဆြာဒင်သည် စာဖတ်နေသူဧရာမပုဂ္ဂိုလ်၏မိဖုရားကြီး နာမကျန်းသတင်းကိုပါ သတင်း သိုးသန့်ကြားမိနေသောကြောင့်  ထောက်ခံရအခက်၊ကန့်ကွက်ရအခက်၊တွေးတတ်လွန်းသူတပည့်ကျော်ထံ “မဆိုစကောင်း၊ ဆိုစ ကောင်း”ဟူသော အဓိပ္ပါယ်ပါသည့် မျက်စောင်းခဲကြီး ထိုးလိုက်မိချိန်တွင် ရေဝေးတွင်ရောက်နေသော်ငြား တေးဂီတ၌မွေ့လျော် တတ် သူပီပီ ခေတ်ဟောင်းအဆိုတော်ညိုမြလေး၏ သီချင်းအပိုင်းအစတစ်ခုသည် ဆြာဒင့်ခေါင်းထဲသို့ အဆီအငေါ်မတည့်၊ ဖျတ်ကနဲဝင် ရောက်လာပြန်ချေသည်တကား။

“အချစ်ကြီးလေမှ သစ်သီးကျွေကျတာမျိုး၊အပစ်ပယ်ခံဘဝကလေးတွေကိုယ်စီကိုယ်ငှ တစ်ယောက်မှ တစ်ရာ၊ထောက်ပြစရာအသင်္ချေ၊ အပြုဖက်မှာချစ်ပြလေလဲ၊ ဥပက္ခာမြစ်မရေထဲ၊ သူ့ထက်ငါ လှစ်ပြလေမြဲ ၊အသည်းများကြေကွဲမဆုံးနိုင်ပေ။အချစ်မပါရေစုန်ခရီးမှာ၊ သစ္စာ အရေခြုံပြီးလာ၊  အနှစ်မပါလှေကြုံစီးကာ။နှလုံးသားဝတ္တရားပျက်ပြားတာတွေ ခုတော့ဒင့်ရင်ထဲနွေ”

↧
↧

မှိုက်ပင်ရွာမူလတန်းလွန်ကျောင်းအတွက် အလှူရှင်စာရင်း

$
0
0


အုတ်မြစ်ချခြင်းလုပ်ငန်းစတင်ဆောင်ရွက်နေပြီဖြစ်သည့် နတ်မောက်မြို့နယ်၊မှိုက်ပင်ရွာ မူလတန်းလွန်ကျောင်းဆောက်လုပ်ရေးအတွက် ပါဝင်လှူဒါန်းကြသူများ စာရင်း။ ။

၁။ မေတ္တာရှင်ဖောင်ဒေးရှင်း                                                             ကျပ် သိန်းသုံးရာ ။

၂။ ဦးလှဝင်း၊ဒေါ်မူမူမိသားစု(ဖိုးဝဗီဒီယိုထုတ်လုပ်ရေး)                         ကျပ်သိန်းနှစ်ရာ။

၃။ ဒေါ်ခင်တုတ်(စင်္ကာပူ)နှင့်မိသားစု                                                  ကျပ်သိန်းတစ်ရာ။

၎။ စာဖတ်ပရိသတ်များနှင့်မင်းဒင်မတည်ငွေ                                       ကျပ်သိန်းငါးဆယ်။

၅။ ကိုမျိုးဦး၊မခိုင်ခင်ဝင်း၊သမီးမချိုသာကြည်သန့်နှင့်မိသားစု                     ကျပ်တစ်ဆယ့်ငါးသိန်း။

၆။ ကိုသန်းဇော်၊မနန်းခမ်းဆာမိသားစု(Sweet Hotel)                               ကျပ်ဆယ်သိန်း။

၇။ ကိုကျော်တင့်(ရိုဘင်)၊မခင်နီလာထွေး                                            ကျပ်ဆယ်သိန်း။

၈။ ကိုခင်မောင်ဌေး၊မစန်းထွေး
(Mother Treasure land Co.Ltd)                                                    ကျပ်ငါးသိန်း။

၉။ ကိုသီဟနှင့်ရွှေဘုံသာလမ်းကျောက်စိမ်းဝိုင်းညီအကိုများ                   ကျပ်ငါးသိန်း။

၁၀။ ကိုဝင်းမောင်၊၊မချန်းချန်း                                                                ကျပ်တစ်သိန်း။

၁၁။ ကိုမင်းမင်း၊မခိုင်မီမီဇော်                                                             ကျပ်တစ်သိန်း။

၁၂။ ကိုသူရအောင်ဇော်၊မအေးမော်လှိုင်                                             ကျပ်တစ်သိန်း။

၁၃။ ကိုမျိုးအောင်                                                                             ကျပ်သုံးသိန်း။

၁၄။ ကိုဆိုင်းလား                                                                            ကျပ်တစ်သိန်းငါးသောင်း။

၁၅။ ကိုစိုင်းနှောင့်၊မပို                                                                       ကျပ်တစ်သိန်းငါးသောင်း။

၁၆။ ကိုအောင်(ရွှေဘုံသာလမ်း)                                                        ကျပ်ငါးသိန်း။

၁၇။ ဦးတရုတ်ကြီး၊မနှင်းအေးခိုင်မိသားစု                                            ကျပ်နှစ်သိန်း။

၁၈။ ကိုကျော်စွာ                                                                              ကျပ်နှစ်သိန်း။

၁၉။ ကိုဇော်ကြီး၊မဒေဝီ                                                                     ကျပ်တစ်သိန်း။

၂၀။ Ko Roky Win (လွစ္စလမ်း)                                                         ကျပ်တစ်သိန်း။

၂၁။ ကိုဝင်းဟန်(တက္ကသိုလ်ရိပ်မွန်                                                      ကျပ်တစ်သိန်း။

၂၂။ ကိုခင်မောင်ဝင်း(ဆော်ဒီအာရေဗျ)                                                ကျပ်ငါးသောင်း။

၂၃။ မအေးသန္တာဖြိုး((စင်္ကာပူ)                                                            ကျပ်လေးသိန်း။

(ဆက်လက်ဖော်ပြပါမည်။)
↧

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0

၂၃၊၀၇၊၂၀၁၄နေ့ထုတ် ဆဲဗင်းဒေးဂျာနယ်။ မင်းဒင်ရဲ့သက်ခိုင်(၂)
အခန်း(၄၄)။

တော်လှန်ရေးကိုအဓွန့်ရှည်စေလိုကြသူများ။ ။

“၂၀၀၄ခုနှစ်၊နှစ်ကုန်ပိုင်းမှာ ကျနော်ယိုးဒယားမြေကို ခြေချကာစကတော့ ပြည်ပရောက် အတိုက်အခံတွေထဲမှာ ၁၉၈၈အပြီး၊ စွန့်စွန့်စား စားတောခိုသွားကြတဲ့ကျနော့်ကျောင်းနေဖက်၊ မိတ်ရင်းဆွေရင်းတချို့ပါနေတော့၊ကျနော်ဆိုတဲ့ကောင်ကလည်း ကိုယ့်ပြဿနာနဲ့ကိုယ် အူကြောင်ကြောင်ဘဝနဲ့ ပြည်ပရောက်လာသူမို့ သူတို့ကိုအတော်အထင်ကြီး လေးစားမိခဲ့တာအမှန်ပါပဲ။

အဲဒီကာလမှာ အတိုက်အခံ တွေဟာ သတင်းဌာနအသီးသီးကနေ စစ်အစိုးရကို ရဲရဲတောက်၊စကားလုံးပြောင်ပြောင်တွေနဲ့ တိုက်ခိုက်ပြီး ဗမာသံရုံးတွေရှေ့မှာ ဘာမထီစိတ်ထားနဲ့ ဆန္ဒပြနေကြတာဆိုတော့ အာဂသတ္တိရှင်တွေပါလားပေါ့။
အေးလေ၊ခင်ဗျားတို့ ကျနော်တို့ကြီးပြင်းလာတဲ့ သက်တမ်းတစ်လျှောက်၊မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတဲ့ တောင်မရောက်၊မြောက် မရောက်စံနစ်ကြီးနဲ့ စခန်းသွားခဲ့ကြရတာမို့ လက်ဖက်ရည်ဆိုင်လိုနေရာမျိုးမှာတောင် အစိုးရမကောင်းကြောင်းပြောမိရင် ဒုက္ခလှလှ တွေ့ခဲ့ကြတဲ့ခေတ်ကိုး။

ကျနော်ထိုင်းမှာအနေကြာလာတာနဲ့အမျှ သူတို့အကြောင်းကို တစ်စတစ်စ ဂဃနဏသဘောပေါက်လာရပါတော့ တယ်။ဖြစ်ရပ်အားလုံးရဲ့  မြစ်ဖျားခံရာကတော့  (၁၉၈၈)လူထုအုံကြွမှုကြီးကနေ  အစပြုတယ်လို့ဆိုရပါလိမ့်မယ်။
အဲဒီခေတ်ကာလတုန်းက စစ်အာဏာရှင်အစိုးရကို လူထုအုံကြွမှုနဲ့ တွန်းလှန်ဖယ်ရှားနိုင်ခဲ့တာဟာ  ကမ္ဘာကြီးပေါ်မှာ ဖြစ်တောင့်ဖြစ်ခဲ၊ ကြုံတောင့်ကြုံခဲကိစ္စမို့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို ကမ္ဘာ့မီဒီယာအသီးသီးက စိတ်ဝင်စားလာရာကနေ ကျောင်းသားလူငယ်အများစု အပါအဝင်၊ လူတန်းစားအလွှာအသီးသီးက လူရွယ်လူလတ်ပိုင်းတွေ တောခိုလာကြတဲ့အခါ ဇာတ်လမ်းက၊အထွတ်အထိပ်ကို ရောက်လာပါလေရောဗျာ။

 ရောက်ရတဲ့အကြောင်းရင်းကတော့ လက်နက်ကိုင်တော်လှန်ရေးအပါအဝင် အခြားအတိုက်အခံ အင်အားစု တွေအပေါ် နိုင်ငံတစ်ကာအဖွဲ့အစည်းအသီးသီးရဲ့ ထောက်ပံ့ကူညီမှုတွေ ခေါင်းစဉ်အမျိုးမျိုးနဲ့ လှိမ့်ဝင်လာကြလို့ပါပဲ။

ပြောရရင် အတော်ရယ်စရာကောင်းတာ အမှန်ပဲဗျာ။ အမြတ်ကြီးစား  ခေါင်းပုံဖြတ်စံနစ်ဆိုပြီး လက်ဝဲစာပေတွေမှာ ဖော်ကျူးခဲ့တဲ့ ကမ္ဘာ့ နိုင်ငံအသီးသီးက အရင်းရှင်နိုင်ငံတွေ အဆမတန်ဖွံ့ဖြိုးတိုးတက်နေချိန်မှာ ဆိုရှယ်လစ်လူ့ဘောင်သစ်ကြီးဆီ မမှိတ်မသုန်ချီတက်နေတဲ့ မြန်မာနိုင်ငံလို  ဆိုရှယ်လစ်နိုင်ငံတွေဟာ မွဲတေပြာကျ အငတ်ဘေးဆိုက်ပြီး မြောင်းထဲရောက်ကုန်ကြလေရဲ့။ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ အရင်းရှင်စံနစ်ရဲ့ ဟာကွက်၊ ပျော့ကွက်၊လစ်ဟင်းချက်တွေကိုလည်း လူ့အခွင့်အရေး၊ဒီမိုကရေစီရေးဆိုတဲ့ ရှုထောင့်တွေကနေချဉ်းကပ်ပြီး အထိုက်အလျောက် ပြင်ဆင်ပြီးဖြစ်နေခဲ့ကြပြီ။

အခုမျက်မှောက်ကာလမှာ အမေရိက၊ဥရောပနိုင်ငံအတော်များများမှာ အမြတ်ငွေရရင်ပြီးရော ဘယ်သူသေသေ၊ငတေမာရင်ပြီးရော ဆိုပြီးစီးပွားရှာတဲ့ခေတ်ဟာကုန်ခဲ့ပြီဗျ။အာဖရိကတိုက်ကလို စိန်ထွက်တဲ့နိုင်ငံတွေကိုတောင် အနိုင်ကျင့်ညှင်းပန်းနှိပ်စက်မှုတွေ ရှိ တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်ရှောင်ကုန်ကြတဲ့အထိပါပဲ။တိတိကျကျပြောရရင် ကိုယ်ကျင့်တရားစောင့်ထိန်းမှု၊တရားမျှတမှုကို ဦးစားပေးလာကြတယ်ပေါ့ဗျာ။ဘယ်လိုစီမံကိန်းမျိုးကိုမဆို သဘာဝပတ်ဝန်းကျင်ကို ထိခိုက်သလား၊လူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သလား၊ လုပ်အားခေါင်းပုံဖြတ်တာ၊အနိုင်ကျင့်ခိုင်းစေတာတွေရှိသလားဆိုပြီး နိုင်ငံတစ်ကာစံနှုန်းတွေနဲ့ချိန်ထိုးပြီးမှ အကောင် အထည်ဖော်ကြတဲ့ခေတ်ကို ရောက်နေပါပြီ။

ကျနော့်ကိုယ်တွေ့တစ်ခုပြောရရင် ဗမာပြည်နာမည်ကြီးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ဦးဇော်ဇော်ကို ဥရောပနိုင်ငံ တစ်ခုကနေ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတစ်ခု ပူးတွဲလုပ်ကိုင်ဖို့ အဲဒီဥရောပနိုင်ငံက လျှို့ဝှက်ငှားရမ်း ရွေးချယ်စေလွတ်တဲ့ စုံစမ်းရေး အဖွဲ့တစ်ဖွဲ့ဟာ ဘန်ကောက်နဲ့ရန်ကုန် ခြေချင်းလိမ်အောင် အဝင်အထွက်လုပ်ပြီး ဦးဇော်ဇော်နဲ့ ပတ်သက်တဲ့နောက်ခံအချက်အလက်တွေကို စုံစမ်းနေခဲ့ဖူးပါတယ်။ကျေနပ်လောက်အောင် စုံစမ်းစစ်ဆေးခဲ့ပြီးတဲ့နောက်မှာတော့ အဲဒီ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းကို စတင်ခဲ့တယ်လို့ဆိုပါတယ်။

တစ်ဆက်တည်းပြောရရင် ထိုင်းနိုင်ငံဟာနိုင်ငံတစ်ကာကို ရေထွက်ပစ္စည်းတင်ပို့ရာမှာ ထိပ်တန်းနိုင်ငံဖြစ်နေရာက မီဒီယာတချို့ကနေ ဒီလုပ်ငန်းဟာ ဗမာရွေ့ပြောင်းအလုပ်သမားတွေကို မတရား ညှင်းပန်းနှိပ်စက်မှုတွေ မကင်းဘူးဆိုတဲ့စွဲချက် ထွက်ပေါ်လာတာကြောင့်  ဒီသတင်းရင်းမြစ် မှန်၊မမှန် ထိုင်းငါးဖမ်းစက်လှေတွေ၊ အအေးခန်းစက်ရုံတွေက အနှိပ်စက်ခံ ဗမာအလုပ်သမားတွေကို  နိုင်ငံတစ်ကာအဆင့်မီ အေးဂျင့်တွေက အပူတပြင်း၊စုံစမ်း ထောက် လှမ်းခဲ့ဖူးပါတယ်။ ငါးဖမ်းလှေ တွေပေါ်ကိုရောင်းစားခံရတဲ့၊ညှင်းပန်းဖိနှိပ်ခံရတဲ့ ဗမာအလုပ်သမားတွေကို ကိုယ်တိုင်မေးမြန်း နိုင်ဖို့၊ မွန်ပြည်နယ်၊ထားဝယ်မြို့တွေအထိ လိုက်လံစုံစမ်းခဲ့ကြတာမို့ ထိုင်းအစိုးရ မျက်ကလဲ ဆန်ပြာဖြစ်သွားဖူးတာ ကျနော့်ကိုယ်တွေ့ပါပဲ။ ဗမာသူဌေးအများစုကတော့ ငွေရရင် ဘာမဆိုလုပ်မယ်ဆိုတဲ့ အဆင့်ကနေ ဒီနေ့အထိ မတက်သေးပါဘူးဗျာ။

(တိုက်ဆိုင်မှုဟုပင်ဆိုရပေမည်။စာရေးသူဤစာမူကိုရေးနေဆဲ၌ အထက်တွင်ဖော်ပြထားသည့် ကိုသက်ခိုင်၏ပြောဆိုချက်နှင့်ကိုက်ညီနေ သော ဆောင်းပါးရှင်ဝီလျံဘွတ်၏ သတင်းဆောင်းပါးတစ်ပုဒ်ကို ဧရာဝတီအွန်လိုင်းစာမျက်နှာတွင်ဖတ်ရှုမိရာ စာဖတ်သူများအနေဖြင့် သိသင့်သိထိုက်သည်ဟုယူဆသဖြင့် အောက်တွင်မူရင်းအတိုင်းဖော်ပြအပ်ပါသည်။)

မြန်မာကို ကျွန်သဖွယ် စေခိုင်းသည်ဟု စွပ်စွဲချက်ကြောင့် ထိုင်းကို အနောက် ကုမ္ပဏီများ ဖိအားပေး
ထိုင်းကုမ္ပဏီကြီးများသည် မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် လူကုန်ကူးခြင်းနှင့်ငွေဝယ်ကျွန်ကဲ့သို့ခိုင်းစေသည့်လုပ်ငန်းများနှင့် ဆက် သွယ်မှုများ ရှိနေကြောင်း စွပ်စွဲမှုများ ရှိနေသည့်အတွက် အမေရိကန် လူ့အခွင့်အရေးအဖွဲ့တစ်ခုက အနောက်တိုင်းမှ အစားအစာ လက်လီ ရောင်းချသည့် ကုမ္ပဏီများ အနေဖြင့် ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းများကို ဖိအားပေးရန် တောင်းဆိုလိုက်သည်။

ထောင်ပေါင်းများစွာသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ လုပ်ကိုင်လျက်ရှိသည့် ထိုင်း ငါးဖမ်းလုပ်ငန်းကဏ္ဍကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ၀ါရှင်တန် အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအခွင့်အရေးဖိုရမ် (ILRF) က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
လန်ဒန် အခြေစိုက် The Guardian သတင်းစာက စုံစမ်းမှုပြုလုပ်ခဲ့ခြင်းဖြစ်၍ ကမ္ဘာတ၀ှမ်းရှိ စူပါမားကက်ကြီးများတွင် ရောင်းချ ရန်အတွက် ပုဇွန်များ ထုတ်လုပ်ခြင်းလုပ်ငန်း၌ လူပေါင်းများစွာကို တိရိစ္ဆာန်များသဖွယ်အရောင်းအ၀ယ်ပြုလုပ်နေပြီး ထိုင်းငါးဖမ်းလှေ များပေါ်တွင် မိမိ၏ အလိုဆန္ဒမပါဘဲ အလုပ်လုပ်နေကြရသည်ဟု ရေးသားဖော်ပြခဲ့သည်။

CP Foods သည် မြန်မာ ငွေဝယ်ကျွန် လုပ်သားများကို အသုံးပြုနေသည့် ထိုင်း ငါးဖမ်းလှေများနှင့် အနီးကပ် ဆက်သွယ်မှု ရှိနေကြောင်း The Guardian သတင်းစာက ဖော်ထုတ်ခဲ့သည်။ ထိုသတင်းကြောင့် ပြင်သစ်နိုင်ငံအခြေစိုက် Carrefour အပါအ၀င် အနောက် နိုင်ငံများမှ စူပါမားကက် ကုမ္ပဏီ ၂ ခုက CP Foods ၏ ကုန်ပစ္စည်းများ ၀ယ်ယူခြင်းကို ရပ်ဆိုင်းခဲ့ပြီး ဖြစ်သည်။

“အလျှင်အမြန် အရေးယူဆောင်ရွက်ဖို့လိုပါတယ်။ (ပုဇွန်) ၀ယ်ယူသူတွေဖက်က အရေးယူမူဟာ ဒီထောက်ပံ့ရေး ကွင်းဆက် တစ် လျှောက်မှာ ရှိနေတဲ့ အလုပ်သမားတွေရဲ့ အခြေအနေကို သိသိသာသာ ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်” ဟု ILRF မှ လှုပ်ရှားမှု ဒါရိုက်တာ Abby Mills က ဧရာဝတီသို့ ပြောသည်။ “ဒါပေမယ့် ILRF အနေနဲ့ ဆက်သွယ်မှု ဖြတ်တောက်ရုံပဲ ဖြတ်တောက်ပြီး ထွက်သွားတဲ့ လုပ်ရပ်မျိုးကိုလည်း မထောက်ခံပါဘူး” ဟုလည်းဆိုသည်။

“ထောက်ပံ့သူတွေနဲ့ အဆက်အသွယ် မဖြတ်တောက်မီ ပထမဆုံး အလုပ်သမားတွေ ခေါင်းပုံဖြတ်ခံနေရတဲ့ အခြေ  အနေလိုမျိုး အခြေခံပြဿနာတွေကို ဖြေရှင်းဖို့၊ ပြန်လည်ပြင်ဆင်ဖို့ အတွက် ရွေးချယ်ခွင့်ပေးရမှာ ဖြစ်ပါတယ်။ အနောက် တိုင်း ကုမ္ပဏီတွေ အနေနဲ့ အမှန်တကယ် အပြောင်းအလဲဖြစ်လာပြီး ထောက်ပံ့မှု လမ်းကြောင်းကို ပွင့်လင်းမြင်သာ ရှိလာစေဖို့၊ အလုပ်သမား ဥပဒေချိုးဖောက်မှုကို ဖော်ထုတ်နိုင်တဲ့ နည်းလမ်းတွေ တိုးတက်လာဖို့ နဲ့ အလုပ်သမားတွေဖက်က သတင်းပို့ တိုင်ကြားရဲလာအောင် အားပေးဖို့ ဖြေရှင်းဖို့ နည်းလမ်းရှာဖွေနိုင်ဖို့ မိမိတို့ရဲ့ စီးပွားဖက် ထိုင်းကုမ္ပဏီတွေနဲ့ အတူလုပ်ဆောင်သင့်ပါတယ်” ဟု Abby Mills ကပြောသည်။

“သူတို့ကို ကုန်ပစ္စည်းထောက်ပံ့နေသူတွေဖက်က တိကျတဲ့ စံနှုန်းတွေရှိလာဖို့နဲ့ ထောက်ပံ့မှုလမ်းကြောင်း တစ်လျှောက်မှာ အသုံးပြု လာစေဖို့ ကုမ္ပဏီတွေ (အနောက်တိုင်း ကုမ္ပဏီတွေ) ရဲ့ အခန်းကဏ္ဍက အရေးပါ ပါတယ်။ ဒါက ဒီ အလုပ်သမား တွေရဲ့ ဘ၀နေထိုင် မှုနဲ့ လုပ်ငန်းခွင် အခြေအနေကို ကောင်းမွန်မြင့်တက်လာစေနိုင်ပါတယ်။ဒီလို တုန့်ပြန်မှုမျိုးက ထိုင်း နိုင်ငံ ပင်လယ်စာ လုပ်ငန်း ကဏ္ဍမှာ ဘာကြောင့် အလုပ်သမား လူကုန်ကူးခံရမှု လွှမ်းမိုးနေရတဲ့ အကြောင်းရင်းတွေကို လည်းဖြေရှင်း နိုင်ပါတယ်” ဟုလည်း သူက ဆိုသည်။

အရေးယူ ဆောင်ရွက်ပေးရန် ILRFက တောင်းဆိုသည့် အချိန်တွင် ထိုင်းနိုင်ငံသည် ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေး ချိုး ဖောက်ခံရမှုများ ဖြေရှင်းရန် ပျက်ကွက်ခဲ့ခြင်း အတွက် အမေရိကန်နိုင်ငံ၏ အပြစ်တင် ဝေဖန်မှုကြောင့် ကသိကအောင့် ဖြစ်နေရသည့် အချိန်ဖြစ်သည်။
မကြာမီက ထုတ်ပြန်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန၏ လူကုန်ကူးခံရမှု နှစ်စဉ်အစီရင်ခံစာတွင် ထိုင်းနိုင်ငံကို အနိမ့်ဆုံး အဆင့်တွင် ဖော်ပြထားပြီး မြောက်ကိုရီးယား၊ ဆီးရီးယားနှင့် ဆော်ဒီအာရေးဗီးယား တို့နှင့် အတူရှိနေခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerryက အစီရင်ခံစာ၏ ရည်ရွယ်ချက်မှာ ကမ္ဘာပေါ်ရှိ အလင်းရောင်လိုအပ် နေသည့် မှောင်မိုက် သည့် နေရာ အများအပြားတွင် မည်သို့ ဖြစ်ပျက်နေကြောင်း အသိပေးရန်ဖြစ်သည်ဟု ပြောသည်။
အမေရိကန်က ထုတ်ပြန်ခဲ့သည့် ယခင်အစီရင်ခံစာများတွင်လည်း လူကုန်ကူးမှု ပြဿနာကို ဖြေရှင်းရန် တောင်းဆိုခဲ့သည်။ သို့သော် လည်း ယခုနှစ် အစီရင်ခံစာတွင်ကျမှ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ထိုင်းနိုင်ငံကို အဆင့် အတန်း လျှော့ချခဲ့ခြင်း ဖြစ်သည်။

ဘန်ကောက် အခြေစိုက် CP Foods သည် အရှေ့တောင်အာရှဒေသတလွှားနှင့် တရုတ်နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသည့် CP Group လုပ်ငန်းခွဲတစ်ခု ဖြစ်ပြီး တစ်နှစ်တာ လုပ်ငန်းလည်ပတ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၃၃ ဘီလီယံ ရှိပြီး ယင်းပမာဏမှာ မြန်မာနိုင်ငံ၏ ၂၀၁၃ ခုနှစ် အတွက် GDP ၏ တစ်ဝက် ကျော်ဖြစ်သည်။
The Guardian သတင်းစာက “ စုံစမ်းစစ်ဆေးချက်အရ ကမ္ဘာ့ အကြီးဆုံး ပုဇွန်ထုတ်လုပ်သူ ဖြစ်သော ထိုင်းနိုင်ငံ အခြေစိုက် Charoen Pokphand (CP) Foods သည် ၎င်းတို့ မွေးမြူထားသော ပုဇွန်များကိုကျွေးရန်အတွက် အစာဝယ်ယူရာတွင် ငွေဝယ်ကျွန် အလုပ် သမားများလိုက်ပါသည့် ငါးဖမ်းသင်္ဘောများဖြင့် လုပ်ကိုင်နေသူ အချို့ထံမှ ၀ယ်ယူခဲ့ ကြောင်းတွေ့ ရှိရသည်” ဟု ရေးသားခဲ့သည်။

ရွှေ့ပြောင်း အလုပ်သမားများကို ငါးဖမ်းလှေများသို့ ဖိအားပေးပို့ဆောင်ပြီး တစ်နေ့လျှင် နာရီ ၂၀ ခန့် အတင်းအကျပ် အလုပ်ခိုင်း စေခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်ခြင်းခံနေရသည်ဟု စွပ်စွဲမှုများလည်း ရှိနေသည်။ The Guardian သတင်းစာက မြန်မာနှင့် ကမ္ဘောဒီးယား အလုပ်သမား ၁၅ ဦးကို တွေ့ဆုံ မေးမြန်းခဲ့ရာတွင် သူတို့က ထိုင်းနိုင်ငံမှ စက်ရုံများ၊ သို့မဟုတ် ဆောက်လုပ်ရေး လုပ်ငန်း များတွင် အလုပ်အကိုင်ရရှိရန် အတွက် ပွဲစားများကို ငွေပေးခဲ့ကြရကြောင်း ပြောကြသည်။“ဒါပေမယ့် အဲဒီအစား သူတို့ကို သင်္ဘော ကပ္ပတိန်ဆီရောင်းလိုက်တာပါပဲ။ တစ်ခါတလေ စတာလင်ပေါင် ၂၅၀ (အမေရိကန်ဒေါ်လာ၄၂၆ခန့်) လောက်နဲ့ ဖြစ်ပါတယ်။ တချို့တွေ ပင်လယ်ထဲမှာ နှစ်နဲ့ချီပြီးနေခဲ့ရတယ်။ တချို့တွေကိုတော့ သူတို့ကို ဆက်ထိန်းသိမ်းထားနိုင်ဖို့ မက်သဖက်တမင်း တွေပေးတယ်။ ငွေဝယ်ကျွန်တွေကို သူတို့ရှေ့မှာ သတ်ပစ်တာကို တချို့တွေ မြင်ခဲ့ရတယ်” ဟု The Guardian ကဆိုသည်။

Wal-Mart၊ Carrefour၊ Costco နှင့် Tesco အစရှိသည့် ကမ္ဘာ့ထိပ်တန်း လက်လီအရောင်း လုပ်ငန်းကြီးများတွင် ရောင်းချနေသည့် ပုဇွန် အများစုသည် CP Foods မှ တင်သွင်းနေခြင်းဖြစ်သည်ဟု လည်း ၎င်းကပြောသည်။
“ထိုင်းနိုင်ငံရဲ့ ပြောင်းရွှေ့လုပ်သားတွေအပေါ် ဆက်ဆံပြုမူပုံဟာ ပြဿနာရဲ့ အဓိက အရေးပါတဲ့ အချက်ဖြစ်ပါတယ်” ဟု ILRF မှ Abby Mills ကပြောသည်။

“၂၀၁၃ ခုနှစ် ကုန်ပိုင်းလောက်အထိ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သား ၃ သန်းကနေ ၄သန်း အထိရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ အများစုဖြစ်တဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ ပင်လယ်ထွက်ပစ္စည်း ပြင်ဆင်ထုတ်လုပ်ရေး နဲ့ အိမ်အကူလုပ်ငန်း တွေအပါအ၀င် အန္တရယ်အများဆုံး၊ အညစ်ပတ်ဆုံး အလုပ်တွေကိုလုပ်ဖို့ မြန်မာနိုင်ငံက ရောက်လာကြသူတွေ ဖြစ်ပါတယ် ဟုလည်း သူကပြောသည်။
ရှုပ်ထွေးကျယ်ပြန့်သည့် လူဝင်မှုကြီးကြပ်ရေးမူဝါဒများနှင့် အလုပ်သမား ဥပဒေများကြောင့် အလုပ်ရှင်များက အသာစီးရရှိ နေပြီး ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လူကုန်ကူးခံရခြင်း၊ မသမာသည့် အလုပ်ရှင်များ၏ ခေါင်းပုံဖြတ်မှုခံနေရခြင်း ဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့၏ အကျင့်ပျက်ခြစားမှု အပါအ၀င် လူကုန်ကူးမှု တိုက်ဖျက်ရေးဥပဒေကို ဖော်ဆောင်ရာတွင် တာဝန်ရှိသူများ ကိုယ်တိုင်က တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းများ ရှိနေသဖြင့် ပြဿနာ အမြစ်မပြတ်ဘဲ ဆက်လက်တည်ရှိနေရခြင်း ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီးဌာန၏ အစီရင်ခံစာက ဆိုသည်။

CP Group သည် ၂၀၁၃ ခုနှစ်အတွင်း ဘန်ကောက်မြို့တောင်ဖက်ရှိ ၎င်း၏ ပင်လယ်ထွက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံများမှ မြန်မာ အလုပ်သမားများကို ပြုမူဆက်ဆံပုံကြောင့် သိသာမြင်သာဖြစ်ခဲ့ရသည်။ ကုမ္ပဏီက မဟာချိုင်ရှိ စက်ရုံမှ မြန်မာ အလုပ်သမား ၁၆၀ ကို ကြိုတင် အသိမပေးဘဲ အလုပ်ထုတ်ပစ်ခဲ့သည်။သင့်တော်သည့် လျော်ကြေးငွေလည်း ထုတ်ပေးခြင်းမပြုခဲ့ပေ။သို့သော်လည်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးနှင့်အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက ၀င်ရောက်ဆောင်ရွက်ပေးခဲ့ကြသည့်အတွက် ထိုအလုပ်သမား များကို မူလနေရာတွင် ပြန်လည်ခန့်ထားပေးရန် ကုမ္ပဏီက သဘောတူခဲ့ရသည်။

ကမ္ဘာ အနှံ့တွင် ၀န်ထမ်း ၂၈၀၀၀၀ ခန့်ရှိပြီး ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး လက်လီအရောင်း လုပ်ငန်းဖြစ်သည့် 7-Eleven ကိုလည်း လုပ်ကိုင်နေသော CP Group က မြန်မာနိုင်ငံတွင် ဆန်နှင့်ပြောင်းစိုက်ပျိုးထုတ်လုပ်ရန်နှင့် အသားပြင်ဆင်ထုတ်လုပ်သည့် စက်ရုံများ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် စိတ်ဝင်စားကြောင်း ပြောကြားခဲ့ဖူးသည်။
The Guardian ၏ ရေးသားမှုနှင့် ပတ်သက်၍ မှတ်ချက်ပြောကြားပေးရန် ဧရာဝတီ၏ မေတ္တာရပ်ခံမှုကို ဘန်ကောက်မြို့ရှိ CP Foods က ငြင်းပယ်ခဲ့သည်။ အင်္ဂလန်ရှိကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ Bob Miller ကမူ “ဒီကိစ္စက ဆိပ်ကမ်းကို ရောက်လာတဲ့ ကုန်ကြမ်း ပစ္စည်း တွေနဲ့ ပတ်သက်တယ်လို့ ကျနော်တို့ သိရပါတယ်။ ဒါပေမယ့် ဘယ်အတိုင်းအတာ လောက်ရှိသလဲ ဆိုတာကတော့ ကျနော်တို့ မြင်နိုင် တာမှ မဟုတ်တာ” ဟု The Guardian သတင်းစာသို့ ပြောကြားခဲ့သည်။

ငွေဝယ်ကျွန် အလုပ်သမားများ ကိစ္စထွက်ပေါ်လာသည့် အချိန်တွင် ထိုင်းနိုင်ငံမှ အာဏာသိမ်းစစ်ခေါင်းဆောင်များက တိုင်း ပြည်အတွင်း မှ ရွှေ့ပြောင်းအလုပ်သမားများကို ဦးတည်ထိုးနှက်နေသည်။ထိုင်းစစ်တပ်နှင့် ရဲအဖွဲ့က မြန်မာနှင့်ကမ္ဘောဒီးယားနိုင်ငံသားများ အလုပ် လုပ်နေသည့် စီးပွားရေးလုပ်ငန်းများကို ၀င်ရောက် စီးနင်းနေသည်ဆိုသည့် သတင်း အမြောက်အမြားလည်း ထွက်ပေါ်နေခဲ့သည်။

သောင်းနှင့်ချီသော ကမ္ဘောဒီးယားနိုင်ငံသားများနှင့် အရေအတွက် မသိရသော မြန်မာနိုင်ငံသားအများစုသည် တရားဝင် စာရွက်စာတမ်း အထောက်အထားမရှိဘဲ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာသူများ ဖြစ်သည်။ တရားဝင် မှတ်ပုံတင်၍ နေထိုင်သည့် မြန်မာအလုပ် သမားများသည်ပင်လျှင် ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့သည့် အချိန်မှစ၍ ထိုင်းအာဏာပိုင်များက အနှောက် အယှက် ပေးမှုနှင့် ရင်ဆိုင်ခဲ့ကြရသည်ဟုလည်း သတင်းများက ဖော်ပြခဲ့ကြသည်။
                                                 ……………………….။……………………….

စောစောကကျနော့်စကားကိုပြန်ဆက်ရရင် ဖွံ့ဖြိးပြီးနိုင်ငံတွေဟာ၊ဆိုရှယ်လစ်ခေါင်းစဉ်အောက်မှာ ကပ်ဆိုက်နေတဲ့ နိုင်ငံတွေဆီကို သူတို့ ခံစားနေရတဲ့ အခွင့်အရေးမျိုးတွေ ရရှိခံစားနိုင်ဖို့ အကူအညီတွေပေးလာကြတယ်။နိုင်ငံရဲ့တရားဝင် ဘတ်ဂျက်တွေကနေ ပေးတာရှိသလို ဧရာမကုမ္ပဏီကြီးတွေ၊တသီးပုဂ္ဂလ ထူထောင်ထားတဲ့ ဖောင်ဒေးရှင်းကြီးတွေကလည်း တော်လှန်ရေး၊ကျန်းမာရေး၊ပညာရေး၊ လူ့အခွင့်အ ရေးစတဲ့ခေါင်းစဉ် အသီးသီးနဲ့ ကူညီပံ့ပိုးတဲ့ အစီအစဉ်တွေဟာ ဆင်းရဲမွဲတေနေတဲ့ နိုင်ငံတွေဆီရောက်လာတယ်။ တချို့ ကုမ္ပဏီကြီး တွေဟာ သူတို့နိုင်ငံတွေရဲ့ တည်ဆဲဥပဒေတွေအရ ထမ်းဆောင်ရမဲ့ ဝင်ငွေခွန်တွေကို တိမ်းရှောင်ချင်တဲ့အတွက် ကုလားဖန်ထိုးပြီး လှူဒါန်းထောက်ပံ့ငွေအဖြစ် စာရင်းလိမ်ပြတာတွေလည်း  ဒုနဲ့ဒေးပေါ့ဗျာ။

ငမွဲတိုင်းပြည်တွေက ပြည်သူတွေရဲ့လက်ထဲကို  အဲဒီထောက်ပံ့ ငွေကို  အာဏာရှင်ငမွဲအစိုးရ လက်ထဲထည့်ရင် ကိုသာဆိုးဖြစ်ကုန်မှာမို့ နယ်စပ်ဒေသတွေမှာရှိနေတဲ့ အတိုက်အခံအဖွဲ့တွေဆီကို ဆက် သွယ်လာကြရောဆိုပါတော့။ဟိုးအရင်အချိန်တုန်းကတော့ နိုင်ငံတစ်ကာရဲ့စောင်မမှုကို နိုင်ငံတစ်ကာနဲ့ချိတ်ဆက်ထားနိုင်ခဲ့တဲ့ ပြည်တွင်း လက်နက်ကိုင် အင်အားစု တချို့သာရခဲ့ကြပေမဲ့ ၈၈နောက်ပိုင်းကာလတွေမှာတော့ ဗမာကျောင်းသားအင်အားစုတွေကို အခြေခံတဲ့ အတိုက်အခံတွေဆီကို ရောက်လာတယ်။

ဒီအချက်ကြောင့်ပဲ ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းနဲ့ကျောင်းသားအတိုက်အခံ အင်အားစု တွေကြားမှာ အကြံတူရန်သူ ဖြစ်ကုန်ကြတော့တာပေါ့ဗျာ။အဲဒီနိုင်ငံတစ်ကာအကူအညီတွေဆိုတာကလည်း မိုးပေါ်ကကျသလို ကျလာ တာမျိုး မဟုတ်လေတော့ စီးဆင်းရာလမ်းကြောင်းဟာလည်း စိတ်ဝင်စားစရာတော့  အကောင်းသား”
ကိုသက်ခိုင်ပြောဆိုနေသော အကြောင်းအရာမှာ ကျနော်ကိုယ်တိုင်  ဇဝေဇဝါဖြစ်နေသော အကြောင်းခြင်းရာဖြစ်၍ ကျနော်တို့ထိုင်နေရာ ဟမ်ဘာဂါဆိုင်နှင့် မလှမ်းမကမ်းမှာရှိသည့် ရေပန်းတစ်ခုဆီသို့ ငေးကြည့်နေရင်း ကိုသက်ခိုင်၏စကားကို ကျနော်နားစိုက်ထောင်နေမိ သည်။

ဗမာကျောင်းသားအတိုက်အခံတွေဟာ မဲဆောက်လိုနယ်စပ်ဒေသ၊ချင်းမိုင်လို အထိုက်အလျောက်လုံခြုံမှုရှိပြီး နိုင်ငံတစ်ကာဧည့်သည် တွေအလာများတဲ့အရပ်တွေမှာ အခြေချကြတာမို့ အဲဒီအရပ်တွေဆီကို သတင်းထောက်အဖြစ်၊လေ့လာသူအဖြစ်အသွင်အမျိုးမျိုးယူထား တဲ့နိုင်ငံတစ်ကာအဖွဲ့အစည်းမျိုးစုံရဲ့ အလှူရှင်ဒိုနာကိုယ်စားလှယ်တွေနဲ့ ချိတ်ဆက်မိကုန်ကြရောပေါ့ဗျာ။

ဒီမှာတင် ဗမာ့အတိုက်အခံ တွေဟာ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေး၊မြန်မာ့ဒီမိုကရေစီရေး၊ပညာရေး၊ကျန်းမားရေး၊မြေပေါ်မြေအောက် ယူဂျီကိစ္စ၊ အမျိုး သမီးအခွင့်အရေး၊အိမ်တွင်းညှင်းပန်းနှိပ်စက်မှုကာကွယ်ရေး ဗမာ့ဒုက္ခကိုနိုင်ငံတစ်ကာသိအောင် လုပ်ပေးမဲ့သတင်းမီဒီယာ၊ ခေါင်းစဉ် အပါအဝင် ရေတွက်လို့မရနိုင်တဲ့ ခေါင်းစဉ်တစ်ပြုံတစ်မကြီးနဲ့ ပရိုပိုဆယ်တင်ကြပါတော့တယ်။

ဥပမာဆိုပါတော့ဗျာ။ဒေါ်လာ တစ်သန်း လှူဒါန်းမဲ့ ပရိုပိုဆယ်တစ်ခုမှာ ဒိုနာပွဲစားဆိုတဲ့နိုင်ငံခြားသားကလည်း ပါးစပ်ပါတာမို့ လုပ်ငန်းချိတ်ဆက် ဆောင်ရွက်ပေးသူအနေနဲ့ သူ့ဝေစုလစာ၊လေယာဉ်စားရိတ်၊အထွေထွေကုန်ကျစားရိတ်တွေ၊တစ်နှစ်စာ၊ဒေါ်လာနှစ်သိန်းလောက် နှုတ်လိုက်တော့ ရှစ်သိန်းကျန် ရော။

အဲဒီကျန်ငွေဟာ ဗမာ့အတိုက်အခံလက်ထဲပြန်လာတော့ ပရိုပိုဆယ်ကို ပြုစုရတဲ့သူက ဥက္ကဋ္ဌ၊အတွင်းရေးမှူးရာထူးပြပြီး နှစ်သိန်း လောက်ဖြတ်အုပ်ပြန်ရော။ နောက်သူ့ညီ၊သူ့မောင်၊သူ့မိန်းမကို ဒုဥက္ကဋ္ဌ၊တွဲဖက်အထွေထွေအတွင်းရေးမှုး၊ အလုပ်အမှုဆောင်အဖွဲ့ဆိုပြီး နေရာတွေပေးလိုက်ပြန်တော့ နောက်ထပ်ဒေါ်လာနှစ်သိန်းလောက် ကိစ္စချောပြန်ရောပေါ့ဗျာ။ဒီကနေ ရုံးအုပ်အဆင့်နဲ့ အောက်ခြေ ဝန်ထမ်းတွေဆီ ရောက်လာပြန်တော့ အမြီးနှုတ်ခေါင်းနှုတ်လုပ်လိုက်ကြတာ နှစ်သိန်းလောက်ကုန်ပြန်ရော။နောက်ဆုံး စာရင်းချုပ်လိုက် တော့ တကယ်တမ်း ဒုက္ခပင်လယ်ဝေနေတဲ့ ဗမာပြည်သူတွေဆီ ဒေါ်လာနှစ်သိန်းရောက်ရင် ကံကောင်းပေါ့ဗျာ။

 နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအဖွဲ့ဆီကနေ သူထောင်ကျနေတုန်းကငါးခြောက်ပြား တစ်ပြားတောင်မရဖူးဘူးလို့ ကိုဇာဂနာပြောဖူးတာ တောင် သွားသတိရမိသေးဗျ။ နောက်တစ်ချက်ကျနော်အကြီးအကျယ်အံ့သြမိတာက အန်ဂျီအိုအဖွဲ့အသီးသီးကနေ သူတို့လုပ်ထုံးလုပ် နည်းအတိုင်း လုပ်ငန်းအသီးသီးမှာ စိတ်ဓာတ်တက်ကြွပါစေတော့ဆိုပြီး အခါအားလျော်စွာ ဆုတံဆိပ်တွေ၊ ဂုဏ်ထူးဆောင် လက်မှတ် တွေ ကိုယ့်အဝန်းအဝိုင်းမှာရှိတဲ့သူတွေကိုရွေးပြီး ချီးမြှင့်တတ်ကြတာကို ဗမာရွှေကိုယ်တော်တွေက၊ သူတို့ကိုယ်သူတို့၊ ဧရာမလူစွမ်း ကောင်းကြီးတွေအဖြစ်အထင်ခံရအောင် ဗမာလူထုကြားမှာ ပြန်ပြီးကြွားလုံး ထုတ်ကြတဲ့ကိစ္စပါပဲ။

ဒီနေရာမှာ စားဖားတွေညီညွတ်တာကျုပ်မလိုချင်ဘူးဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆိုအမိန့်လေးကို ပြေးတောင်သတိရစရာ ကောင်း သေးဗျာ။ အတိုက်အခံတချို့တွေဟာ ဘဝရပ်တည်ဖို့အတွက် ရေကြည်ရာမြက်နုရာရှာရင်း ဘီဘီစီ၊ဘီအိုအေ၊ အာအက်ဖ်အေ၊ ဒီဘီဗီအစရှိတဲ့ သတင်းဌာနတွေဆီရောက်ကုန်တယ်။နိုင်ငံတစ်ကာအထောက်အပံ့နဲ့ သတင်းဌာနတွေထူထောင်ကြတယ်။

ထူးခြားချက် ကတော့ တောခိုတဲ့အဖွဲ့တွေထဲက အင်္ဂလိပ်စာ၊အင်္ဂလိပ်စကားလည်ရည်ပတ်ရည်ရေးနိုင်ပြောနိုင်သူတွေ လက်ဦးမှုရပြီး အရာရောက် စာရင်းဝင်ကြသပေါ့။ပြည်ပအသံလွှင့်ဌာနတွေမှာ စိုင်ကော်လို့ခြုံပေါ်ရောက်နေကြတဲ့ ဗမာသတင်းသမားတချို့ကလည်း သူတို့ကိုယ် သူတို့ လမ်းဘေးကလူကို နေ့ချင်းညချင်းကမ္ဘာကျော်အောင်လုပ်ပေးနိုင်လေဟန် သွေးနားထင်ရောက်ကုန်တာလည်း ကျနော်ကိုယ်တိုင် ကြုံဖူးသေးတယ်ဗျ။

ဒီမှာတင် ကျန်အတိုက်အခံတွေရဲ့အကျိုးစီးပွားအတွက်  ဗမာပြည်ကြီးလွတ်မြောက်ရေး၊ဒီမိုကရေစီရရှိရေးဆိုတဲ့  ဆွယ်တရား (လော်ဘီ)သတင်းတွေကို လှိုင်လှိုင်ကြီး လွှင့်ပေးတယ်။ကျီးဘုတ်မြှောက်၊ဘုတ်ကျီးမြှောက်ပေါ့ဗျာ။ပြည်တွင်းနေ လူထုက တော့ အဝေးရောက်ဗမာ့လူစွမ်းကောင်းတွေ ဘယ်အချိန်မှာများ မိုးပေါ်ကနေကျလာလေမလဲ။မောင်မင်းကြီးသားတွေ အစွမ်းထက်ပါ ပေ့ဆိုပြီး ထင်ယောင်ထင်မှားဖြစ်ကုန်ကြတာပေါ့။တကယ့်လက်တွေ့ဘဝမှာတော့ အတိုက်အခံခေါင်းဆောင် တော်တော်များများသာ လောကနိဗ္ဗာန်ရောက် ကုန်ကြလေသတည်းပေါ့။

(ဆက်လက်ဖော်ပြပါမည်။)
↧

သရေစည်သူဆြာဒင်နှင့်ရွှေပင်ရွာတမ်းချင်းများစုစည်းမှု။

$
0
0

 သရေစည်သူဆြာဒင်နှင့်ရွှေပင်ရွာတမ်းချင်းများစုစည်းမှု။ 

ယနေ့(၂၄၊၀၇၊၂၀၁၄၊ကြာသပတေး)ညနေပိုင်းတွင် ဗမာတစ်ပြည်လုံးသို့ စတင်ဖြန့်ချိပါမည်။

ဆက်သွယ်ရန်။ ။ မစိမ်းစိမ်း-(သက်ခိုင်စာပေ)။ (တယ်လီဖုန်း) ၀၉ ၄၄၈၀-၄၉၀၈၈ ။

↧

ဆြာဒင်၏အီးခေတ်ကိုရောက်ရမည်မှာ၊မလွဲပါ။

$
0
0

ယနေ့ထုတ်၊ဆဲဗင်းဒေးနေ့စဉ်သတင်းစာ။

ဆြာဒင်၏အီးခေတ်ကိုရောက်ရမည်မှာ၊မလွဲပါ။
(မင်းဒင်)

(တစ်)
“သေချာစဉ်းစားကြည့်ရင် အီးဟာ တယ်လည်းအသုံးဝင်သကိုး။မျက်မှောက်ခေတ်ကြီးမှာအီးရဲ့အခန်းကဏ္ဍဟာ မသေးလှဘူးတပည့်တို့ရ”

“ဒါပေါ့ဆြာဒင်၊ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတာ အီးရဲ့အရေးကြီးပုံကိုပြဆိုတာပေါ့”
“အမယ်၊နောက်ဆုံးသတင်းတွေအရ လေလည်တဲ့အနံ့ဟာ ကျန်းမာရေးအတွက်ကောင်းဆိုပဲ။ နှပ်ချေးကို စားသုံးခြင်းရဲ့နောက်ဆက်တွဲ အကျိုးရလာဒ်တွေကိုဆက်ပြီး  သုတေသနပြုသင့်တယ်   ဆြာဒင်”

မပြည့်စုံသောအသိဥာဏ်သည် ဘေးအန္တရာယ်ကြီးလွန်းသည်ဟူသော ပညာရှိတို့၏စကားသည် သွေးထွက်အောင်မှန်လေစွ။တစ်ခါ တစ်ရံ ခေတ်ရှေ့ပြေးလွန်းလှပါသည်ဆိုသော တပည့်ကျော်များပင်၊ခေတ်အမြင်၊ခေတ်အတွေး၌ ဆြာဒင့်ခြေဖျားကိုမမီအောင် ညံ့ဖျင်းကြ လှကြောင်း ဒင်းတို့၏တုန့်ပြန်စကားတို့ကို ထောက်ချင့်လျက်သိနိုင်လေရာ ဆြာဒင့်ခမျာ အတတ်လည်းသင်၊ပဲ့ပြင်ဆုံးမ၊သိပ္ပမချန်ဟူသော ကျမ်းဂန်လာဆြာ့ဝတ်အရ မိမိတတ်ကျွမ်းနားလည်သမျှ အိတ်သွန်ဖာမှောက် စိတ်ရှည်လက်ရှည် သွန်သင်သမှုပြုရ၏။

“ညံ့ချက်ကတော့ ကမ်းကုန်ပဲဟ။မင်းတို့ဆြာဆိုလိုသဟာက အီးဆိုတာ အီလက်ထရောနစ်(Electronic)၊ဗမာလိုဆိုရင်ဖြင့် လျှပ်စစ် လို့ခေါ်သဟ”
“ဆြာဒင့်စကားကိုက ဗူးလုံးနားမထွင်းတာလဲ ကြည့်အုံးလေ၊အနုလုံပဋိလုံရှင်းပါဆြာဒင်ရဲ့”
“ဤသိှု့လျှင်ရှိချေသည်တပည့်တို့၊ကမ္ဘာကြီးကိုအပြားဖြစ်အောင် ခတ်ပစ်လိုက်တဲ့လှိုင်းတွေအနက် အီလက်ထရွန်းနစ်လှိုင်းဆိုတာလည်း တစ်ခုပါသတဲ့ကွယ်။ ရွာဖြစ်သွားတဲ့ကမ္ဘာကြီးမှာ လုပ်ငန်းမှန်သမျှ၊လျှပ်စစ်ဓာတ်အားကနေအခြေခံပြီး  ကွန်ပြူတာချိတ်ဆက်လုပ်ကိုင် ကြတော့တာမို့ အီးခေတ်ကိုရောက်နေပြီ ဆိုပါတော့ကွာ။

နိုင်ငံတစ်ကာ၊ဘဏ်လုပ်ငန်း၊အစိုးရရုံးအဖွဲ့အသီးသီး၊ကုမ္ပဏီတိုင်းလိုလိုမှာ သုံးနေကြတဲ့ ကွန်ပြူတာအခြေခံ အက်လက်ထရောနစ်စံနစ်ဆိုပါတော့  နောက်ဆုံးကုန်ကုန်ပြောရရင်  အခုငတို့နေတဲ့ ဖူးခက်မြို့ကြီးမှာ တောင် ကုန်တိုက်၊စားသောက်ဆိုင်နဲ့ ဆဲဗင်းအလဲဗင်းလို စုံစီနဖာရောင်းတဲ့ဆိုင်လေးတွေမှာပါ သုံးနေကြပြီလကွဲ့။အီးဖူးခက်ဖြစ်နေပြီ ဆိုပါတော့ကွယ်”

“ဟုတ်ကဲ့၊ရိုးတိုးရိပ်တိတ်တော့ သဘောပေါက်သလိုပဲဆြာဒင်၊နို့ပေသည့် ရွေ့ပြောင်းအလုပ်သမားစာရင်းဝင်တပည့်တို့မှာ ဆြာ့ဒင်လို ခရက်ဒစ်ကဒ်တွေ၊ဘာတွေမကိုင်နိုင်လေတော့ စားသောက်ဆိုင်တွေမှာ အီးစံနစ်ကိုဘယ်လိုများသုံးပါလိမ့်ဆိုတာ လက်တွေ့ကျကျ သိချင်စမ်းပါဘိဆြာရယ်”

စင်စစ်ဆြာဒင်ဟိတ်ဟန်တစ်လုံးဖြင့် ရမ်းတုတ်မှန်းတုတ်လုပ်လိုက်ခြင်းသာဖြစ်၏။မည်မျှပင်ကျော်ကြားသော ဘောလုံးသမားဖြစ်စေကာမူ ရံဖန်ရံခါ၌ ကိုယ့် ဂိုးကိုယ်သွင်းမိသည်လည်းရှိတတ်ချေသည်။ မျက်လုံးအဝိုင်းသားကိုယ်စီဖြင့် အံ့သြသယောင်ရှိနေသော တပည့်ကျော် သုံးဦး၏ မထင်မှတ်သော တန်ပြန်တိုက်စစ်ကြောင့်၊ငြင်းပြန်လျှင်လည်း မသဒ္ဓါရာကျဖွယ်ရှိသည်မို့၊  ဆြာဒင့်ခမျာ၊ အလှူရေစက် လက်နှင့်မကွာသည့် ဇောတိကဂိုက်ဖမ်းလျက်၊သင်းရို့ကို (MK)အမည်ရှိ နာမည်ကျော်၊အထင်ကရ စားသောက်ဆိုင်ကြီးတစ်ခုသို့၊ အောင့်သည်းအောင့်သက်  ခေါ်ဆောင်ခဲ့ရပြန်ချေသည်တမုံ့။

(နှစ်)
“ကဲပါ၊မောင်တို့ရယ်။၊မရှိလို့မလှူ၊မလှူလို့မရှိ၊ ညောင်စေ့လောက်လှူသော်ငြား ညောင်ပင်ကြီးလောက်ဒါနမြောက်သတဲ့။ကြိုက်တာ သာ မှာကြလကွဲ့”

စားနိုင်သလောက်ထိန်းထိန်းသိမ်းသိမ်းမှာကြလဟဟုဟန့်လျှင်လည်း ကျွဲပါးစောင်းတီးဖြစ်မည့်အရေးကိုဆြာဒင်တွေးသိပြီးသည့် အတိုင်း စေတနာရေစီးကမ်းပြိုလိုက်နေသည့်၊ဆြာဒင့်စကားသံမဆုံးမီမှာပင် လူရည်လည်သကောင့်သားသုံးဦးသည် စားဖွယ်စာရင်း ကတ်ပြား (Menu)ကို တဖျတ်ဖျတ်လှန်ရင်း၊ဈေးအကြီးဆုံး၊ထိပ်ဆိုသည့် အစားအသောက်တို့အား၊ ဆြာဒင်၏ဒါနပါရမီကို ဆုံးခန်းတိုင်အောင် ဖြည့်ဆည်းရန်အလို့ငှာ ဂျပန်လက်ဖက်ရည်ကြမ်းကို သီးစုံရေခဲမုန့်နှင့်တွဲ၍မှာကြားကြသည်အထိဟူ၏။

ဆြာဒင်ကား(Menu)ကိုမမှုအား အီးပညာရပ်ကို တပည့်ကျော်တို့အနေဖြင့်အိတ်သွန်ဖာမှောက်၊ ကွက်ကွက်ကွင်းကွင်း သိမြင်နားလည်သွားကြစေရန်လည်း အချိန်ရှိခိုက် လုံ့လစိုက်ရချေသေးသည်။

“မျက်စိဖွင့်နားစွင့်ထားကြတပည့်တို့၊စားပွဲထိုးကလေးတွေရဲ့လက်ထဲမှာ ကိုင်ထားတဲ့ တယ်လီဖုန်းသာသာ စက်ကလေးတွေဟာ အီးရဲ့ သဘောတရားကွဲ့။မောင်တို့မှာကြားလိုက်တဲ့ စားဖွယ်စာရင်းကို အဲဒီစက်ရဲ့မှန်သားပြင်ကို အချွန်လေးနဲ့ထောက်လိုက်တာနဲ့ မီးဖို ချောင်က စားဖိုးမှူးရဲ့ရှေ့ကကွန်ပြူတာမှာ သွားပေါ်သတဲ့ကွယ်၊စားသောက်ပြီးလို့ငွေချေတဲ့အခါမှာလည်း ငွေသားထုတ်ရှင်းစရာမလိုပဲ၊ အီးကဒ်ကလေး ထုတ်ပေးလိုက်ရင် တစ်ချက်တည်းကိစ္စပြတ်ရောကွဲ့၊ဆြာဒင်ဟာ ဒီဆိုင်ရဲ့ဖောက်သည်ဟောင်းကြီးမို့ တစ်ဆယ်ရာခိုင်နှုန်း ဒစ်စကောင့် လျှော့ဈေးရသေးသကွဲ့”

တပည့်ကျော်တို့ ပလုတ်ပလောင်း၊ပါးဖြဲနားဖြဲသုံးဆောင်နေကြဟန်ကား ဝေသာလီပြည်ဘီလူးကျခန်းကို သတိရစရာကောင်းလှပါဘိ။ နှုတ်မှ တုန့်ပြန်ရန် အခွင့်မသာကြမူ၍ အသီးသီးခေါင်းတဆတ်ဆတ်ညိမ့်ကာ ဆြာ့စကားကိုထောက်ခံကြကုန်၏။ သီးစုံရေခဲမုန့်နှင့်ဂျပန် ရေနွေးကြမ်း တွဲစပ်လျက် အချို ပွဲတည်းနေကြချိန်တွင်မူ ဆြာဒင်၏ အရည်အချင်းကိုအသိအမှတ်ပြုဖော်ရကြပါ၏။

“ဆြာဒင်လက်တွေ့ပြမှ နားထင်ကိုတူနဲ့ထုသလို ထင်းကနဲနေတော့တယ်၊အရမ်းအရမ်းကို စားလို့ကောင်းတာပဲ၊အဲ၊နားရှင်းပါတယ်ဆြာ”

“လက်စသတ်တော့ ဆြာဒင်က ဘာဝယ်ဝယ်၊ဘာစားစား၊ငွေမလိုတဲ့သူဆိုတာ ခုမှသိတော့တယ်”
“ဟကောင်တွေ၊စားမှာသာစား၊စွတ်ပြီးရမ်းတုတ်မနေနဲ့၊ဒီကဒ်ပြားတွေထုတ်ပေးတဲ့ ဘဏ်တွေက ငါ့ဘကြီးပိုင်တာမဟုတ်ဘူး။ဘဏ်မှာ ဆြာ့ငွေတွေရှိနေလို့ မျိုဆို့လို့ရနေတာဟ၊ကဲပါလေ၊အီးစံနစ်ကြီးဟာ ဘယ်လိုအချိန်ကုန်သက်သာတယ်၊ထိရောက်မှုရှိတယ်ဆိုတာ ကြုံတုန်းကြံခိုက်လိုက်ကြည့်ကြအုံးလဟဲ့”

(သုံး)
ပုထုဇဉ်သဘာဝ၊အခွင့်အခါသင့်ခိုက် မကြွားလိုက်ရလျှင်၊နေမထိထိုင်မသာဖြစ်တတ်သော၊ဆြာဒင်တစ်ယောက် အသိဥာဏ်အားဖြင့်နုံနဲ့ ရှာကြသည့်တပည့်တို့အား  (MK)စားသောက်ဆိုင်မှ အပြန်လမ်းတွင် အီးဖူးခက်သင်္ခန်းစာကို ကျွဲကူးရေပါ လက်တွေ့နှင့်သဘောတရား ပေါင်းစပ်ပို့ချခဲ့ရပြန်ချေသည်။

“ရော့၊ကပ္ပလီငယ်၊ဒီလစဉ်လျှပ်စစ်မီတာ ငွေတောင်းခံလွှာလေးကို ဟောဟိုက ဆဲဗင်းအလဲဗင်းဆိုင်လေးထဲဝင်သွားလိုက်၊ကျသင့်ငွေ ငွေအပြင် ဝန်ဆောင်ခဆယ်ဘတ် အပိုပေးလိုက်ကွာ၊၊ကောင်တာစာရေးဟာ မီတာစာရွက်က ကုဒ်နံပါတ်လို့ခေါ်တဲ့ ဒေါင်လိုက်မျဉ်း ကြောင်းလေးတွေကို ကွန်ပြူတာနဲ့ ထပ်ကနဲဖတ်လိုက်ရုံနဲ့ ဆုံးခန်းတိုင်ရောလဟဲ့”

“ရော့၊ဖေကြည်ငယ်။ မောင်က ရေမီတာသွားဆောင် ၊လုပ်ပုံလုပ်နည်းက ထိုနည်းလည်းကောင်းပါပဲကွာ၊ ဆိုင်ထဲမှာဈေးဝယ်ကျနေရင် တောင် ကြာလှငါးမိနစ်ပေါ့”

“လေမင်းသား၊မောင်ရင် မြစ်ကြီးနားကိုငွေလွှဲချင်တယ်ဆို။ဒီအလုပ်ဟာ အီးစံနစ်နဲ့ဆို အလွယ်လေးကွဲ့၊ကဲမင်းလွှဲချင်တဲ့ ဘဏ်နာမည် ပြော၊ လွှဲမဲ့ငွေပမာဏ ပြောပေတော့။အီးဘဏ်ကင်းဆိုတာ ကွင်းကနဲသဘောပေါက်သွားစေရမယ်”

“လွှဲချင်တာတော့အမှန်ပဲဆြာဒင်ရ၊ခက်တာက၊ လောလောဆယ် တပည့်လက်ထဲမှာငွေမရှိသေးတော့…”

“အခုမရှိသေးလည်း လကုန်မှသာပေးပေတော့မောင်၊ငွေထက် အီးဗဟုသုတက ပိုအရေးကြီးပါတယ်။အခုဆြာကိုယ်တိုင်ကိုင်နေတဲ့ လက်ကိုင်ဖုန်းထဲကနေ မောင်ရင်လွှဲချင်တဲ့ ငွေစာရင်းဆီကို တစ်မိနစ်အတွင်းမှာ လွှဲပြမကွဲ့၊တကယ်တော့ ဖူးခက်မှာ အီးစံနစ် စတင်တာ နှစ်နှစ်လောက်သာရှိအုံးမှာ၊အခုတော့ အီးဖူးခက်ဖြစ်လာပြီဆိုပါတော့ကွယ်”

ဤသို့လျှင် ဆြာဒင်တစ်ယောက် ထိုင်းပုလိပ်ရန်စွယ် အသွယ်သွယ်ကြားမှ ခြစ်ခြစ်ကုတ်ကုတ် စုဆောင်းထားခဲ့လေသော ထိုင်းဘတ်   အသပြာရှိစုမဲ့စုကို အနိစ္စ၊မမြဲတတ်လေသော သဘောရှိလေသည်ဟု တွင်တွင်ကြီးနှလုံးသွင်းရင်း၊နှမြောတွန့်တိုစိတ်ကို အစွန်းကုန်ဖိနှိပ် ချိုးနှိမ်လျက် တပည်တို့ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်စိမ့်သောငှာ၊ ငွေလည်းကုန်၊အသံလည်းပြာအောင် ဆရာ့ဝတ်နှင့်အညီ သင်ရိုး ကျွတ် ပို့ချပြီးခဲ့ပါ၏။ဆြာကောင်းတပည့်တို့ကား ပညာရင်နို့၊စို့၍ မဝနိုင်သည်ထင့်၊၎င်းတို့၏ရင်တွင်းဆန္ဒကို ထပ်မံဖွင့်ဟလာပြန်ပါ၏။

“တယ်လည်းဟန်ကျတဲ့ အီးပါလားဆြာရယ်။တပည့်တို့ရွှေပြည်ကြီးမှာလည်း ခေတ်ပြောင်းစံနစ်ပြောင်းချိန်ဆိုတော့ အီးခေတ်ကို ရောက် နေလောက်ပြီထင်ပါရဲ့။သည်တစ်ခေါက်ရောက်ကြရင်ဖြင့် စမ်းကြည့်ကြပါစို့ဆြာဒင်ရယ်”

တပည့်ကျော်တို့ဆိုအပ်သောစကားမှာ ရုတ်ခြည်းအမှတ်မထင် ပွင့်အံလာသော်ငြား အီးဗမာပြည်နှင့် သက်ဆိုင်သော သတင်းစကား တချို့ကို ကြားဖူးနားဝရှိထားလေသည့် ဆြာဒင့်ခမျာ ခေါင်းနပန်းကြီးသွားရချေသည်။အကြောင်းရင်းကားဤသို့ဖြစ်လေ၏။

လွန်ခဲ့သော တစ်နှစ်ခွဲကျော်ကာလက ရန်ကုန်မြို့ကြီးနေ စုံစီနဖာပညာရှိ၊မသိတာ၊မတတ်တာဘယ်အရာမျှ မရှိလေသော ညီလင်းဆက် အမည်ရှိ ခေတ်ပညာတတ်လူငယ်ပဏ္ဍိတ်ကလေးတစ်ယောက် ဆြာဒင်နေထိုင်ရာဖူးခက်မြို့ကြီးဆီသို့ ရောက်ရှိလာခဲ့ဖူးလေရာ တောင် တောင်အီအီ စကားဆိုကြရင်း အီးရန်ကုန်ခေါင်းစဉ်သို့ရောက်ရှိသွားခဲ့ဖူးလေ၏။

“ကိုရင်လင်းဆက်ရေ။အီးဖြစ်တော့မဲ့ ရန်ကုန်မြို့ကြီးအတွက် ဝမ်းမြောက်မိသကွယ်”

“နေဦး၊ဆြာဒင်ရဲ့၊ကမ္ဘောဇဘဏ်လိုပုဂ္ဂလိက ကုမ္ပဏီတွေကတော့ ကမ္ဘာကြီးနဲ့ ရင်ဘောင်တန်းနိုင်နေပါပြီဆိုကြပေကမင့်၊အီးရန်ကုန် အစည်းအဝေးကို တက်ရောက်လာကြတဲ့ မြို့နယ်တချို့က တာဝန်ရှိလူကြီးမင်းများကတော့ဖြင့် အီးဆိုတာတောင် ကောင်းကောင်း မသိကြသေးဘူး ခင်ဗျ။အီးရန်ကုန်စီမံကိန်းအတွက် မြို့နယ်အလိုက်ဘာတွေများ ကြိုတင်စီမံထားကြပြီးတုန်းလို့ ဂျပန်ကုမ္ပဏီဖက်က ကွက်ရှင်ထုတ်လိုက်တော့ ဆရာသမားတွေက ရေနှုတ်မြောင်းတွေဘယ်လောက်ရှင်းပြီးပြီ။ ကတ္တရာလမ်းအသစ်ပေအရှည် ဘယ် လောက်ခင်းပြီးပြီ၊ကျူး ကျော်အိမ်တွေဘယ်ရွေ့ဘယ်မျှပြောင်းရွေ့ပြီးပြီဆိုတာတွေ ပြန်လှန်တင်ပြနေတာတော့ ကြားမိသဗျ”

(ငါး)
ဆရာလေးလင်းဆက်မည်သို့ပင်ဆိုစေကာမူ ကိုယ့်လူမျိုးကိုယ့်နိုင်ငံကို တစ်ရံတစ်ဆစ်မျှ အထင်မစမောမိလေသည့် နတ်မောက်သား ဆြာဒင်သည် ယခုမျက်မှောက်အချိန်၊ဗမာပြည်တွင်၊အီးခေတ်သမိုင်း၏နိဒါန်းကို ပိုင်ပိုင်ကြီးရေးထိုးနိုင်ခဲ့ပြီဟု ယုံကြည်လေရကား၊ မကြာသေးမီရက်ပိုင်းကပင်၊အကြောင်းကိစ္စပေါ်ပေါက်သဖြင့် တပည့်ကျော်တို့ကိုခေါ်ဆောင်ကာ ရန်ကုန်မြို့ဆီသို့ ရင်ဝယ် တထိတ်ထိတ် နှင့်ခရီးနှင်ခဲ့ရချေသည်။ဆြာဒင်၏ကျွဲကူးရေပါကြံရွယ်ချက်ကား အီးရန်ကုန်အခြေအနေကို တပည့်တို့မျက်ဝါးထင်ထင်မြင်တွေ့ကြစေရန် တည်း။

ရန်ကုန်မြို့တွင် လာရင်းကိစ္စကို ခပ်မြန်မြန်ဖြတ်ပြီးချိန်တွင်ကား အီးစမ်းသတ်ရေးဘက်သို့ဇောင်ပေးမျက်နှာမူရ၏။ မပိုင်လျှင်ခြင်တောင် မရိုက်နှင့်ဟူသောဆိုရိုးနှင့်အညီ ဆြာဒင်တစ်ယောက် အွန်လိုင်းဘဏ်ကင်းကို စမ်းသပ်ရန်အတွက် အလိုအလျောက်ငွေထုတ်စက်တစ်ခု တွင် ဘဏ်ကဒ်ပြားကိုထိုးထည့်လျက် စက်၏ညွန်ကြားချက်အတိုင်း အဆင့်ဆင့်ဆောင်ရွက်ရာ နောက်ဆုံးထုတ်ယူမည့်ငွေ တစ်ပြားတစ်ချပ်မှ ထွက်မလာသည့်အပြင် ကဒ်ပြားပါပြန်ထွက်မလာတော့ချေ။

တပည့်ကျော်တို့၏စူးစမ်းသောအကြည့်တို့ကိုရှောင်တိမ်းရင်း ဒါမျိုးက တစ်ခါတလေဖူးခက်လိုမြို့ကြီးမှာလည်း ဖြစ်တတ်တာပါပဲလေ ဟူသော ခန္တီနှလုံးဖြင့် အသာနောက်ဆုတ်ခဲ့ရသော်ငြား နောက်တစ်နည်းအားဖြင့် တယ်လီဖုန်းမှတစ်ဆင့် ငွေလွှဲခြင်း အမှုကိစ္စကို အား ထုတ်မိပြန်လေ၏။ညွန်ကြားချက်တို့ကို တစ်ဆင့်ချင်းလိုက်နာပါ၏။နောက်ဆုံးအဆင့်တွင်ကား တယ်လီဖုန်းမျက်နှာပြင်မှ မွတ်နေအောင်  တစ်နာရီကျော်ကြာလည်နေသည့်အဝိုင်းကလေးသည်  ဆြာဒင့်ကိုပြက်ရယ်ပြုနေသယောင်တည်း။

ဆြာဒင်ကိုယ်တိုင်ဖြင့် စိတ်ရောလူပါပင်ပန်းလှချေပြီ။လူချွန်လူကောင်းတို့မည်သည် ဇွဲလုံ့လကို လွယ်လွယ်နှင့်မလျှော့အပ်ဟု မဟာဇနက္က ဇာတ်တော်တွင်လာသည်မဟုတ်ချေလော။နောက်ဆုံးနည်းလမ်းအနေဖြင့်အားထုတ်ရန် တပည့်ကျော်တို့ကို တာဝန်ပေးရ၏။

“ကဲ၊မောင်တို့ဆြာလည်း စိတ်ရောလူပါပန်းလှချေကပြီ။အိမ်ရှင်ကိုကျေးဇူးဆပ်သည့်အနေဖြင့် ယခုဆြာတို့တည်းခိုရာအိမ်မှ ရေနှင့် လျှပ်စစ်မီတာစာရွက်တို့ကို ဆောင်ယူလျက်  အီးဆိုင်တစ်ခုခုမှာ၊အီးစံနစ်ဖြင့်အမြန်ဆုံးကိုယ်တိုင်ကွင်းဆင်းပေးသွင်းကြပါကုန်လော့”
တပည့်ကျော်သုံးဦးသား တည်းခိုရာတိုက်လှေခါးမှဆင်းသွားပြီး ငါးမိနစ်မျှပင်မကြာ၊နောက်မှီကုလားထိုင်နှင့်ဆြာဒင်၏ကျောပြင် မထိရသေးခင်မှာပင် သင်းတို့ သုံးဦး ပြုံးရွှင်သောမျက်နှာထားဖြင့် ဆြာဒင့်ရှေ့မှောက်သို့ ပြန်လည်ဆိုက်ရောက်လာကြကုန်၏။

“အားလုံးအိုကေတယ်ဆြာ၊အီးရန်ကုန်က အီးဖူးခက်ထက်အများကြီးသာတယ်ဆြာရေ”

“အေး၊ဆြာထင်သားပဲ၊တို့လူမျိုးတွေ မညံ့ပါဘူးလို့”

“ဒီအီးက ဆြာပြောတဲ့ အီးတော့မဟုတ်ဘူးဆြာ၊ဒါပေမဲ့ ဆရာနဲ့တိုက်ရိုက်ပတ်သက်တယ်လို့လည်းပြောလို့ရပါတယ်”

“နားရှုပ်အောင်မလုပ်ကြပါနဲ့ကွယ်တို့”

“ဒီလိုဆြာဒင်ရဲ့၊ဒီတိုက်လှေခါးကဆင်းဆင်းချင်း အီးဆိုင်တွေအကြောင်းစုံစမ်းလိုက်တော့  အီးညှောင်ဆိုတဲ့ ဆိုက်ကား ဆရာနဲ့စကား စပ်မိရာက ရေကောလျှပ်စစ်မီတာပါ သူအမြန်ဆုံးဆောင်ကြဉ်းပေးနိုင်သတဲ့။အီးညှောင်က ဆြာဒင့်ငယ်တပည့်တဲ့ဆရာ။ ကျနော်တို့လိုပဲ အီးညှောင်ကို မီတာမျိုးစုံငွေသွင်းဖို့ လွှတ်နေကြတာ ဝိုင်းဝိုင်းလည်နေတာပဲဆရာ၊ဝန်ဆောင်ခလည်း သက်သာတယ်၊ တစ်စောင် ငါးရာပဲ ခင်ဗျ။ဟန်ကျချက်ဆြာ”

ဒင်းတို့၏ထူးခြားလှသောအီးဇာတ်လမ်းအဆုံးတွင် အံ့သြခြင်းကြီးစွာဖြစ်မိလေသော ဆြာဒင်သည် ကုလားထိုင်၏ နောက်ဖက်ကိုမှီ ရမည့်အစား  ယောင်ယမ်း၍ရှေ့သို့ရုတ်တရက်ကုန်းထမိလိုက်ရာ အရှိန်လွန်၍ ကျွမ်းတစ်ပတ်ထိုးသလိုဖြစ်စဉ်တစ်ခဏ၌ မူးဝေဝေ၊ ဝေဒနာကြားမှပင် နှစ်မျိုးနှစ်စားသော ခံစားချက်သည် ဆြာဒင့်ခေါင်းထဲသို့ အမှတ်မထင်ဝင်ရောက်လာခဲ့ပြန်ချေသည်။

 ပထမအတွေး မှာဆြာ့ခြေရာကို ထပ်ချပ် မကွာနင်းနိုင်လေသည့်ငယ်တပည့်အီးညှောင်၏ထူးချွန်လှသော၊အရည်အသွေးဖြစ်၍ဒုတိယအတွေးကား အီး ခေတ်ကိုရောက်ရမည်မှာ မလွဲပါဟူသတည်း။
↧
↧

ဆြာဒင်၊ရွှေပင်ရွာသူကြီးအကြံပေးဖြစ်ခဲ့စဉ်က

$
0
0

၂၅၊၀၇၊၂၀၁၄နေ့ထုတ် သည်လေးဒီးဂျာနယ်။

 ဆြာဒင်၊ရွှေပင်ရွာသူကြီးအကြံပေးဖြစ်ခဲ့စဉ်က
                                                                     (မင်းဒင်)
(၁)
"မင်းအတွက်ရင်မှာ တစ်နေရာစာ ကိုယ်ဦးထားတယ်။ နေမယ်မနေဘူးကတော့ မင်းရဲ့ သဘောပါ။သေချာတဲ့နေရာက ရှိခဲ့ပြီ။မရေရာတဲ့ အကြောင်းတရားတို့ ဖိစီးသည့်တိုင်၊သိမ်းထားခဲ့တာကြာပါပြီ ၊ ဦးထားခဲ့တာကြာပါပြီ။ စောင့်စားခဲ့တဲ့အချိန်တွေဟာလည်း သိပ်ကြာပြီ"

ဇွတ်အတင်းအကျပ် မဏ္ဍပ်တိုင်တက်၊ကြွားဝါလိုစိတ်အလျဉ်းမရှိသော်ငြား ဆြာဒင်သည်လွန်ခဲ့သောသုံးနှစ်ဝန်းကျင်က ရွှေပင်ရွာသူကြီး၏ အကြံပေးဖြစ်ခဲ့ဖူးသည်မှာ မြေကြီးလက်ခတ်မုချဆတ်ဆတ် ဖြစ်ချေ၏။

အဆိုပါရာထူးကို ခန့်အပ်ခြင်းခံရသည့်နေ့က ဆြာဒင်၏ ဘထွေးတော် ငယ်မူငယ်သွေးအပြည့်ဖြင့် ညည်းဆိုလာခဲ့သော ကွယ်လွန်သူ အဆိုတော်ဗဒင်၏ "နေရာ"သီချင်းတစ်ပိုင်းတစ်စကို ဆြာဒင်ကောင်းစွာမှတ်မိနေဆဲဖြစ်လေရာ ယင်းသည်ပင် ဆြာဒင် သူကြီးအကြံပေးဖြစ်ခဲ့သည်မှာ မှန်ကန်ကြောင်း၊အခိုင်မာဆုံး သက်သေ တစ်ရပ်ဟုဆိုသော်ရနိုင်ကောင်းလေသည်။

ရွှေပင်သူကြီးဘချစ်ခိုင်ကား ဆြာဒင့်ဖခင်၏ညီ(ပထွေးလေး)တော်စပ်၏။ယခုဘဒ္ဒကမ္ဘာတွင် ဝိဝဋ္ဋဋ္ဌာယီကပ်၌ အဦးအစ မဟာ သမ္မတမင်းကို အရင်းတည်၍ ရောဇ၊ဝရရောဇ၊အစရှိသော သုဒ္ဓေါဒန သိဒ္ဓတ္ထမင်းတိုင်အောင် မင်းစဉ်၊မင်းရိုး၊မင်းနွယ် မင်းဆက် ဆင်းသက် ဖြစ်ပွားသည်ဟူသော ဆိုရိုးရှိသည်မဟုတ်တုံလော။ဆြာဒင်တို့ မျိုးရိုးအစဉ်အဆက်မှာ သူကြီးမျိုးရိုးဖြစ်လေရာ ခေတ်အဆက် ဆက် ပြောင်းလာသော်ငြား ရွှေပင်သားတို့သည် “သူကြီးသေရင် သူကြီးသားဟာ သူကြီးပဲ”ဟုသာ စိတ်ဝယ်စွဲမှတ် ယုံကြည်သူများ ဖြစ်သည့်အလျောက် တည်ဆဲဥပဒေများက မည်သို့ပင်ဆိုစေကာမူ ပထွေးလေးချစ်ခိုင်သည် ရွှေပင်၏ရာသက်ပန်သူကြီးဖြစ်နေခဲ့လေ၏။

သာမန်လူတို့ထက် ထူးခြားစွာကောင်းမွန်လှသော ဆြာဒင်၏ ဦးနှောက်မှတ်ဥာဏ်တွင် ထိုနေ့ကို ပြက်ပြက်ထင်ထင် မှတ်မိနေဆဲဖြစ် ပါ၏။နှစ်ပရိစ္ဆေဒများစွာ၊ခွဲခွာလာခဲ့ရသော မွေးရပ်မြေရွှေပင်သို့ လက်စွဲတော်တပည့်သုံးဦး ဝန်းရံလျက် အလည်တစ်ခေါက် ရောက်ခဲ့စဉ် ကပေတည်း။နှင်းမှုန်ပက်ဖျန်း မြောက်ပြန်လေနော့သရမ်းသည့်၊တစ်ခုသောနံနက်တွင် ပထွေးလေးချစ်ခိုင်သည် ဆြာဒင်တို့ စတည်းချရာ ကြီးမယ်ညို၏အိမ်သို့ မထင်မှတ်ပဲပေါက်ချလာလေရာ တူဝရီးနှစ်ယောက်သား စကားလက်ဆုံကျမိခဲ့ကြရာမှ အနှီဇာတ်လမ်း စခဲ့ကြလေ သည်တမုံ့။

(၂)
"ဒီမယ်ကိုရင်၊ဆြာဒင်လို့မခေါ်ပဲ ကိုရင်လို့ခေါ်တာတော့ စိတ်မရှိပါလေနဲ့"  
"မဆဲရင်ပြီးတာပါပဲ။ ခေါ်ချင်သလိုသာ ခေါ်ပေတော့၊ ပထွေးလေးရာ"

"ခေတ်တွေပြောင်းနေပြီဆိုတော့ ကျုပ်တို့ရွာကိုလည်း ဒီမိုကရေစီခေတ်နဲ့အညီ  ပြောင်းလဲပစ်ဘို့လိုနေပြီ ကိုရင်ရဲ့ "

"ပထွေးလေးတို့ ဆွေစဉ်မျိုးဆက် ထင်တိုင်းကြဲခဲ့ကြတာ ရွှေပင်တစ်ရွာလုံး ဖွတ်ကြောပြာစုနေကမင့်ဟာ။ဘာပြောင်းစရာ လိုသေး တုန်းဗျာ"

"ကိုရင်ပြောပေါက်က ပြည်ပမှာ နှစ်ရက်တစ်ပိုင်းသွားနေပြီး ရွှေပင်ရွာကို အဆိုးချည်းမြင်နေတာ ခက်ချက်။ရွှေပင်ရွာ တည်တံ့ခိုင်မြဲ ရေးအတွက် ကိုရင့်အဘိုး ကျုပ်အဖေ၊ကိုရင့်အဘေး ကျုပ်အဘိုးလက်ထက်ကတည်းက ပေးဆပ်ခဲ့တာလည်း ထည့်တွက်အုံးလေ။ ဒီအချိန်မျိုးမှာ ရွှေပင်အတွက် ကိုရင်တို့လို ပြည်ပရောက် မျက်စိကြီး၊နားကြီးတွေ လိုနေတဲ့အချိန်"

"ကဲပါ ပထွေးလေးရာ။ လိုရင်းသာ မြွက်ပါတော့။ ကျုပ်လိုအနုံညာတက ရွှေပင်အတွက် ဘာများလုပ်ပေးနိုင်မှာတုန်း"

"လူလည်လူတတ်ဆိုလို့ တစ်ရွာလုံးပြေးကြည့်မှ ကိုရင်နဲ့ကျုပ်ပဲရှိတာမို့ ကျုပ်ကသူကြီးဆိုတော့ ကိုရင်က သူကြီးအကြံပေးပေါ့ကိုရင်"

ပြောင်းလဲနေသော ခေတ်ကြီးကို  ဆြာဒင်ရိပ်စားမိပါ၏။သူကြီးနောက်ကွယ်မှ ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့၏  လက်စ လက်န ကိုလည်း  နောကြောနေအောင်   ဆြာဒင်သိပါ၏။

ရွှေပင်သို့  အာဂန္တုသဘော ခဏတစ်ဖြုတ် ရောက်လာသူဖြစ်၍ အဆိုပါရာထူးကို အတန်တန်ငြင်းဆန်ပါသော်ငြား၊ "ရွှေပင်ရာဇာ အာဂတော"သူကြီးမင်းကိုယ်တိုင် ကြွရောက်လျက် အတန်တန်သော မေတ္တာရပ်ခံမှုပြုခြင်းကို မလွန်ဆန်နိုင်သည်က တစ်ကြောင်း၊ ပထွေးလေးသည် ယခင့်ယခင် အစဉ်အဆက် သူကြီးများနှင့်နှိုင်းစာသော် သဘောမနောကောင်းဟန်  ရှိပေသည်ဟူသော အတွေးဖြင့် နောက်ဆုံးတွင်မူ ချောက်ကမ်းပါးအတွင်းသို့ ရွှေပင်ရွာကျလုဆဲဆဲတွင် ပြန်လည်ဆယ်တင်လိုက်နိုင်သော ကယ်တင်ရှင်ကြီး၏ အိုက်တင်အပြည့်ဖြင့် ဆြာဒင့်ခမျာ  ခေါင်းညိတ်လိုက်ရခဲ့ချေ၏။

 (၃)
သူကြီးအကြံပေးဖြစ်သည်နှင့် ရွှေပင်ရွာတည်တံ့ခိုင်မြဲရေး၊ ရွှေပင်လူထု  စည်းလုံးညီညွတ်ရေး၊ ရွှေပင်စည်ပင်ဝပြောရေးတို့သည် ဆြာ ဒင်၏ပုခုံးထက်သို့  စုပြုံကျရောက်လာလေရာ တစ်ယောက်အားနှင့်ယူသော်မရဟူသော  ဆိုရိုးအတိုင်း ရွှေပင်ရွာကို  စည်ပင်စေအံ့ သောငှာ အပရိဟာနိကတရားခုနစ်ပါးနှင့်အညီ နောက်တော်ပါ တပည့်ကျော်သုံးဦးနှင့်လည်း တိုင်ပင်သမှုပြုရ၏။ ထိုအခါအကြံပေး၏  အကြံပေးဖြစ်လေကုန်သော လေမင်းသား၊ ကပ္ပလီနှင့် အာရုံခေါ်ဖေကြည်တို့လည်း အွန်လိုင်းဆိုရှယ် မီဒီယာ ဝက်ဘ်ဆိုက်ပေါင်း  မြောက်မြားစွာကို မွှေနှောက်ခြောက်ခြားရုံမျှမက၊ ဖေ့စ်ဘွတ်အသီးသီးပေါ်တွင်ပါ ရွှေပင်ရွာ  စည်ပင်ကြီးပွားကြောင်း နည်းလမ်းကောင်း အဖုံဖုံကို ဖုတ်ပူမီးတိုက် ရှာကြလေကုန်၏။

ရွှေပင်ရွာလယ် လမ်းမကြီးတစ်လျှောက်ရှိ ခြံစည်းရိုးများကို ထုံးဖြူသုတ်ရန်လည်းကောင်း၊ခေတ်ဆန်းချိန် လှုံဆော်ရေးတေးများကို ရွှေပင်ရွာဒိုးပတ်ဝိုင်းအတွက် ရေးစပ်သီကုံးခြင်းတို့ကိုလည်းကောင်း တိတိကျကျ၊မှန်မှန်ကန်ကန်၊မြန်မြန်ဆန်ဆန်ဆောင်ရွက်ရန် ဆြာဒင့် အား အကြံပြုကြလေရာ ယင်းတို့အနက် သီချင်းနှင့်ဆောင်ပုဒ်အချို့မှာ အောက်ပါအတိုင်းဖြစ်လေ၏။

"ရွှေပင်ကျော် ဒွေးတော်လွမ်းသူများအား ဆန့်ကျင်ကြ"

"ရိုးသားကြိုးစား၊လုပ်အားဖြင့်ရွှေပင်တည်"

"ခေတ်မီဖွံ့ဖြိုးတိုးတက်သော  ရွှေပင်ရွာသစ်ကြီးဆီသို့"

"ကာလသားခေါင်းသာ  အမိ၊ကာလသားခေါင်းသာ  အဖ"

"လာဘ်ပေးလာဘ်ယူ၊ရွှေပင့်ရန်သူ"

"တည်ဆောက်ပြုပြင်  ရွှေပင်တစ်ခွင်"

"လာလာလေ၊လာကြပြီလေ၊ရွှေပင်တောအနှံ့က  တို့ဆွေသဟာတွေ၊ရပ်ဝေးကဆွေ၊ရပ်နီးကဆွေ စုပေါင်းညီညာစေ။ ဝေလေလေ"

နောက်တော်ပါတို့၏ အကြံဥာဏ်တို့ကား သမိုင်းဝင်စီမံချက်များဖြစ်သော်ငြား ခေတ်စံနစ်နှင့်အံမဝင်လှတော့သည်ဖြစ်၍ သင်းတို့နားဝင် စေရန်  ချော့မော့စည်းရုံး   ဆွေးနွေးရပြန်သည်။
"ကိုရင့်တို့ဥစ္စာတွေက ကောင်းတော့၊ကောင်းပါရဲ့။အနို့ပေသည့်ခေတ်ဟောင်းခေတ်ဆွေးအနံ့အသက်တွေ ပါနေသလားလို့။ ကိုရင်တို့ ဟာတွေ ဘုတ်အုပ်ထဲမှာသာထားရစ်ခဲ့ပါတော့။ဒီမိုကရေစီခေတ်ကြီးမှာ ရွှေပင်ရွာလူထုဆန္ဒသာ အခရာသာမို့ ရွာလုံးကျွတ်ညီလာခံကြီး တစ်ရပ်ခေါ်လိုက်တာသာ အကောင်းဆုံးထင်ပါရဲ့"

(၄)
ဤသို့လျှင် ရွှေပင်ရွာလူထုတစ်ခဲနက်၊တက်ရောက်ဆန္ဒပြုခဲ့ကြသည့် ရွာလုံးကျွတ်ညီလာခံကြီးကို ရွှေပင်ရွာလယ်ရှိသူကြီးမင်း၏  အိမ်ရှေ့ကွင်းပြင်တွင် ဝှဲချီးကျင်းပခဲ့လေရာ သူကြီးမင်းသည် ဆြာဒင်အဆင်သင့် ရေးသားထားအပ်သော အဖွင့်မိန့်ခွန်းဖြင့် အခမ်း အနားကို  စတင်ခဲ့လေသည်။

"ရွှေပင်ရွာနေ၊မိဘပြည်သူများ ခင်ဗျာ၊အလွန်ကောင်းမြတ်သော သူကြီးစဉ်ဆက်ရဲ့ နေ့မနားညမအား ကြိုးစားအားထုတ်မှုကြောင့် ရွှေပင်ရွာကြီးဟာ ဒီမိုကရေစီခေတ်သစ်ဆီကို၊တစ်ခေတ်ဆန်းကူးပြောင်းနိုင်ခဲ့ပြီဖြစ်တဲ့အတွက် သန့်ရှင်းသောရပ်မိရပ်ဖ၊ကောင်းမွန်သော ကာလသားခေါင်းများနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ရွှေပင်ရွာကြီး  ရွှေခေတ်ကိုရောက်အောင် ဆက်လက်လမ်းညွှန်  ထိန်းကျောင်းသွားကြရမှာဖြစ် ပါတယ်။မိဘပြည်သူများခင်ဗျာ။လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည်ဆိုတဲ့ ခေတ်ကြီးကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် ရွာသူ ရွာသားများအနေနဲ့ အာသီသရှိရာ မိမိတို့ဆန္ဒအသီးသီးကို ထုတ်ဖော်တင်ပြနိုင်ပြီဖြစ်ကြောင်း ကြေညာအပ်ပါတယ်"

ထူးဆန်းလှသော အတွေ့အကြုံသစ်ကြောင့် တက်ရောက်လာကြသည့်ရွှေပင်သားတို့မှာ လှုပ်လှုပ်ရွရွဖြစ်ကြရင်း လူအုပ်ကြီးအတွင်းမှ အသံမျိုးစုံ  ထွက်ပေါ်လာလေ၏။

"ငတို့က ပထွေးလေးနဲ့စာရင် ငယ်ငယ်ရှိသေးတာ၊မိဘပြည်သူများခင်ဗျာ တဲ့။ဘုရားဘုရား။ ငရဲငအုံတွေတော့  ကြီးကုန်ရော့မယ်"

"သမဝါယမခေတ်ကလို ပုဆိုးကြမ်းတွေ အိမ်ပေါက်စေ့ရောင်းပေးရင်တော့ ကောင်းချက်"

"ရွှေပင်ရွာလုံးကျွတ်သာလျှပ်စစ်မီးလင်းလို့ကတော့ တို့ဘုရားရှင် မီး၊ရေအစုံနဲ့တန်ခိုးပြာဋိဟာပြခန်းလို ဖြစ်အုံးမှာမြင်ယောင်သေးဟေ့"

"ဒီမိုကရေစီခေတ်ရောက်ပြီဆိုတော့ ထန်းရည်မူးပြီး ရမ်းကားတဲ့ကောင်တွေထင်တိုင်းကြဲနိုင်ပြီပေါ့"
"ရွှေပင်ရဲ့အဓိကလိုအပ်ချက်က ဓားမ ကောင်းကောင်း၊ ထယ်သွား ကောင်းကောင်းဆိုရပါပြီ"

"တို့ရွာသားတွေ ညံ့ချက်ကတော့ကွာ၊တကယ်တမ်းက ရွှေပင်မှာအဓိက  လိုအပ်နေတာက ယင်လုံအိမ်သာဟ"

ဤသို့လျှင် ရွှေပင်သားတို့၏ တစ်ယောက်တစ်ပေါက် ကြွက်စီကြွက်စီ၊အသံမျိုးစုံ ပေါ်ထွက်လာသည့်အချိန်၌ ဘယ်ချိန်က အကွက်ချောင်းနေသည်  မသိလေသော ကာလသားခေါင်းကိုရင်ရွှေကြည်သည် ရုတ်တရက်မားမားကြီးရပ်လျက် သြဇာသံအပြည့်ဖြင့် ထူးခြားသောအဆိုတစ်ရပ်ကိုတင်လေရာ ရွှေပင်ပရိသတ်ကြားမှ၊၎င်းနှင့်ထန်းတောမဟာမိတ်  မောင်မူးတစ်သိုက်၏  လှိုက်လှိုက်လှဲလှဲ ထောက်ခံသံတို့   ကြိုကြားဆက်တိုက်ထွက်ပေါ်လာခဲ့လေသည်။

"ကဲပါဗျာ။တစ်ယောက်၊တစ်ပေါက်နဲ့ ကြာပါတယ်။ကျုပ်တို့က အနုံညာတတွေမို့  အရင်လိုပဲ သူကြီး စိတ်တိုင်းကျသာ  လုပ်ပါတော့"

“ဟုတ်ပါ့ဗျာ။သူကြီးကောင်းသလိုသာ   စီမံပါလေ”

“သူကြီးပြီးရင်   ပြီးတာပါပဲ”

“ရွှေပင်မှာ   သူကြီးထက်စွမ်းတာ   ဘယ်သူရှိသေးလို့တုန်း”

“မှန်တယ်၊မှန်တယ်၊သူကြီးလုပ်ချင်တာသာလုပ် အေ့၊အေ့”
ကာလသားခေါင်းနှင့်  နောက်တော်ပါတို့ကို မလှန်နိုင်သည်လော၊ညီလာခံမြန်မြန်ပြီး  နားအေးရောဟု ခံယူကြသည်လော မဆိုနိုင်။ ညီလာခံတက်ရောက်သူ  ရွှေပင်သားတို့သည် ကာလသားခေါင်းတင်သွင်းသည့်အဆိုကို  ဝမ်းစမိုးရော၊သောသောညံစွာ ညီညာဖျဖျ နှစ်ထောင်းအားရထောက်ခံကြလေ၏။

ထိုသို့ဖြင့်ရွှေပင်ရွာလုံးကျွတ်ညီလာခံကြီးသည် “သူကြီးမင်းသက်တော်ရာကျော်ရှည်ပါစေ၊ ရွှေပင် ရွာဖွံ့ဖြိုးတိုးတက်ရေး၊တို့အရေး”အစရှိသော တစ်ခဲနက်ကြွေးကြော်သံတို့ဖြင့် အောင်မြင်စွာပြီးဆုံးခဲ့ပါ၏။သို့သော်  ထိုညီလာခံကြီးတွင် တစ်စုံတစ်ရာ သေချာပေါက်လွဲချော်မှု တစ်ခုရှိ နေပြီဆိုသည့်အချက်ကိုကား ဆြာဒင် အကင်းပါးစွာ၊ရိပ်စားနားလည်ခဲ့လေရာ ညီလာခံ အပြီးတွင် တူဝရီးချင်း ပွင့်လင်းစွာပင်ဖွင့်ဟမေးမြန်းသမှုပြုရချေတော့သည်။

(၅)
“နေပါဦး၊ဘထွေးရ၊ရွှေကြည်တို့အုပ်စုကြည့်ရတာ ကျုပ်စိတ်ထဲသိပ်မသင်္ကာလှဘူး၊သူကြီးနဲ့များ တစ်ခုခု စည်းဝါးရိုက်ထားလေရော့ သလား”

ဆြာဒင့်စကားအဆုံးတွင်၊ဘထွေးတော်ဝါရင့် သူကြီးမင်းသည် အဓိပ္ပါယ်အပြည့်ပါသော အကြည့်တစ်ချက်ကို ဆြာဒင့်ထံလှမ်းကြည့် လိုက်ရင်း ဒက်ကနဲတုန့်ပြန်လိုက်သည့်အဖြေကြောင့် ဆြာဒင်တစ်ယောက်  ပါးစပ်အဟောင်းသားဖြစ်သွားရချေ၏။

“ဒီကောင်တွေကို ထန်းရည်တိုက်ပြီး ကြိုညှိထားရပေါ့ကိုရင်ရယ်၊ ဒီမိုကရေစီမှာ ဗဟိုဦးစီးစံနစ်က အရေးကြီးတယ်မဟုတ်လား”

“ဟမ်၊ဒါဆိုရွှေပင်မှာ အရပ်လက်သည်တောင် မရှိလို့ ကိုယ်ဝန်ဆောင်တွေ ခဏခဏမာလကီးယားနေတာ သူကြီးဘာတွေစီစဉ်ထား သတုန်း”

“အော် ကိုရင်ရယ်၊မီးနေခန်းအဝမှာ အင်္ဂုလိမာလသုတ်ကို အစဉ်အဆက်ရွတ်လာခဲ့ကြတာပဲဥစ္စာ”

“ဒါဖြင့် ရွာမှာ သောက်ရေသုံးရေတောင် မလုံလောက်တဲ့ကိစ္စကိုကော သူကြီးဘယ်လိုစဉ်းစားထားတုန်း”

“ငတို့ရွှေပင်ရိုးရာအရတော့ မိုးခေါင်ရင်လွန်ဆွဲကြတာ ထုံးစံပဲလေ”

“အော်၊အော်၊ရွှေပင်က၊ကလေးတွေစာသင်ခန်းထဲ မရောက်ပဲ ယာထဲအကုန်ရောက်နေကြတာရောဗျာ”

“ပညာဆိုတာ ပါရမီရှိမှ ဖြစ်တာပါကိုရင်ရယ်”

“ရွှေပင်မှာ လျှပ်စစ်မီးလင်းဖို့ကော ခင်ဗျ”

“ရွာမှာ ထရန်စဖော်မာတွေလာတပ်ကာမှ ဓာတ်လိုက်လို့သေတဲ့ မသာတွေများနေပါ့မယ်ကိုရင်ရယ်”

ရှေ့မေးခွန်းတို့ဆက်နေလျှင် တူဝရီးနှစ်ယောက်နပမ်းဖက်လုံးရမည့်ကိန်းဖြစ်လေသဖြင့် စကားတိုတိုဖြတ်ရန် ဆြာဒင် ဆုံးဖြတ်ရသည်။
“သဟာဖြင့် ဘထွေးက ကျုပ်ကို ဘာကိစ္စ သူကြီးအကြံပေးခန့်သတုန်းဗျာ”

“ဒီမိုကရေစီစံနစ်ဆိုတာ ငါးနှစ်တစ်ကြိမ် သူကြီးရွေးပွဲလုပ်ရတယ်လေ။ဒါကြောင့်ရှေ့လာမဲ့ သူကြီးရွေးပွဲမှာလဲ ကျုပ်ပဲဆက်အရွေးခံရ အောင် အကြံကောင်းဥာဏ်ကောင်းတွေပေးဖို့ပေါ့”

(၆)
ကိုယ့်ဘထွေးတော်ကိုယ်၊ရန်ကုန်မြို့ကြီးကိုပင် သုံးခေါက်ပြည့်အောင် မရောက်ဖူးလေသည့် တောသားလူရိုးကြီးဟု ထင်မှတ်မိခဲ့လေ သော ဆြာဒင်မှာ ဘထွေးတော်၏ထူးခြားပြောင်မြောက်လှသော အတွေးအခေါ်နှင့် ဆန်းပြားသည့်ကစားကွက်ကြောင့် ခေါင်းကိုနီးရာ တိုင်နှင့် ပြေးဆောင့်ချင်စိတ်ကို အတန်တန်ထိန်းလိုက်ရ၏။ရွှေပင်ရွာတွင် ဒီမိုကရေစီထွန်းကားရေးဆိုသည်ကား ကျောက်ခဲကိုခွဲပုလဲရှာ သည်သို့၊ ပင်လယ်အောက်မှာငွေကြယ်ရှာသည်သို့ ပါတကား။

“အော်၊ဒါလေးများလွယ်ပါတယ်ဘထွေးရာ ရွှေပင်က အိမ်ဝိုင်းတွေမှာ ဂရန်ရှိမရှိစစ်ဗျ။တစ်ရွာလုံးတစ်ဝိုင်းမှ ဂရန်မရှိတော့ သူကြီးစိတ် တိုင်းကျလုပ်ချင်တာလုပ်၊နောက်တစ်ဆင့်က မနက်စောစောဆွမ်းခံထွက်တဲ့ ကိုယ်တော်တွေကို ဆယ်အိမ်ခေါင်းတွေ၊ လေးခွနဲ့ချောင်း ပစ်ခိုင်းပြီး တောင်ပိုင်းက ပစ်သလိုလို၊မြောက်ပိုင်းကပစ်သလိုလို သတင်းလွှင့်ဗျ။ ရွှေပင်အစိတ်စိတ်အမွှာမွှာကွဲလေ၊ သူကြီးဟန်ကျ လေပဲ။ဒါမှ မလုံလောက်သေးရင် ရွှေပင်တစ်ရွာလုံးကို ဘူဒိုဇာနဲ့ထိုးပြီးဖျက်၊ လာမဲ့သူကြီးရွေးပွဲမှာ သူကြီးကိုပြန်ရွေးမဲ့သူတွေကိုသာ ရွေးပြီး အိမ်ဝိုင်းတွေပြန်ပေး။မထူးပါဘူးဘထွေးရာ၊ရွှေပင်ကိုပါ “ဘချစ်ခိုင်တိုးချဲ့ ရွာသစ်”လို့ အမည်ပြောင်းပေရော့”

စိတ်အချဉ်ပေါက်၍ထင်ရာလျှောက်ပြောပစ်လိုက်သော ဆြာဒင့်စကားကို ဆွန်ဇု၏သေနင်္ဂဗျူဟာဟု ထင်မှတ်နေသလောမဆိုနိုင်။ ဘထွေးတော်သူကြီးမင်းသည် နှုတ်ခမ်းပါးလေးကို ဟစိဟစိလုပ်နေလေ၏။ဆြာဒင်ကား သူကြီးမင်းနှင့်မျက်နှာချင်းဆိုင်ရာမှ ဖယ်ခွာရင်း ရွှေပင်ရွာကို ဒီမိုကရေစီခေတ်ဆီသို့ ဆောင်ကြဉ်းပေးနိုင်မည့် သစ္စာတရားလက်ကိုင်ထားသည့် တစ်စုံတစ်ဦးကို သတိရမိနှင့် သီချင်း တစ်ပိုဒ်ကို၊နှုတ်ဖျားမှတိုးတိုးညည်းမိတော့သည်။

“နာရီရွေ့ညောင်း ရက်တွေသာပြောင်းပါလို့ရယ်၊ လရာသီတွေ ပြောင်းကာပြောင်းကာ နှစ်ပေါင်းတွေကြာခဲ့ပေါ့၊ မဟာကပ်ကမ္ဘာ မြေလွှာ ပြင်ဝယ် မြူခြေငွေနှင်း ကျကာဆင်းသည့်နှယ်၊ သင်္ကာယူမှားလွဲစွာ မှောင်မည်းအ၀ိဇ္ဇာဖုံးပိတ်ကွယ်၊ သြော်တွေ့နိုင်ခဲလှတယ် ..။သစ္စာ သစ္စာခင်ရယ်”
↧

ဆြာဒင်နှင့်အနီးကပ်ဆုံးရန်သူ

$
0
0

၂၉။၀၇။၂၀၁၄ နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာ။ ။

ဆြာဒင်နှင့်အနီးကပ်ဆုံးရန်သူ
(မင်းဒင်)

(တစ်)
ကမ္ဘာကျော်ဓာတ်ရှင်မင်းသားကြီး ချောင်ယွန်ဖတ်နှင့်လွန်စွာဆင်တူ၍ အမြဲတမ်း၊မညှိုးပန်းပမာ၊ရှိနေတတ်သည့် ဆြာဒင်တစ်ယောက် နေပူလိုက်မိုးရွာလိုက်၊ဖောက်ပြန်လျက်ရှိသည့် ဥတုသမယကာလ၌ ဇရာ၏မိတ်ဖက် ဗျာဒိတည်းဟူသော တုပ်ကွေးကြောင့် ၊ရုပ်အဆင်း အင်္ဂါသည် ဂျက်စပဲရိုးရုပ်သွင်၊၊ပီကင်းဘဲကင်နှင့်တူနေချိန်တွင် အလိုက်ကန်းဆိုးမသိ၊မသိဆိုးရွားနိုင်လှသော တပည့်ကျော်များက မြွေပူရာကင်းမှောင့်ကြကုန်၏။

“ဆြာဒင့်ကြည့်ရတာ ဝိတ်တွေစွတ်ကျကုန်တယ်ထင်ပါရဲ့၊ဝမ်းတွေဆက်တိုက်များသွားသလားဆြာ၊ဟိုဒင်းလေးဘာလေး စစ်စက် ကြည့်ရင်ကောင်းမယ်နော်၊ဆြာ့ပါးစပ်နည်းနည်းဟပြပါအုံး”

“မိုးတစိမ့်စိမ့်အချိန်၊အိမ်ထဲကုပ်နေရတာပျင်းစရာကောင်းချက်ဗျ။ခရီးယာယီလေးများထွက်ဖို့စိတ်ကူးမရှိလေရော့သလား”

“ဗမာပြည်မှာလွှတ်တော်ဆိုတာကြီးဟာ ဘယ်လိုများကျင်းပကြပါလိမ့်။မသေခင် မျက်ဝါးထင်ထင်မြင်ချင်စမ်းပါဘိ”

ဆြာတို့မည်သည် တပည့်သားမြေးတို့အပေါ်သည်းခံခွင့်လွှတ်ရမည့်၊ဝတ္တရားရှိလေသည်မို့ မမာလျက်ကပင် သင်းတို့သဘောကို စာနာမှု အပြည့်ဖြင့်ဆောကြောရချေသည်။

“ဘာဆေးမှစစ်စရာမလိုပါဘူးလကွဲ့။ခဲတစ်လုံးတည်းနဲ့ငှက်နှစ်ကောင်မှန်အောင် မမာတုန်းမှာ ဝိတ်လျော့နေတဲ့သဘောပါ၊ဘိုလိုဆို ဒိုင်ဗားစတီးဆိုပါတော့။လေယာဉ်တွေကလည်း ခဏခဏအနိစ္စဖြစ်နေတော့  အိမ်မှာကုပ်နေတာကဘေးမကင်းပေဘူးလားမောင်တို့ ရယ်။ လွှတ်တော်ကျင်းပပုံများ စလောင်းကနေကြည့်လည်း ရနေတာပဲဥစ္စာ”

“ဟုတ်သေးဘူးဆြာ၊ဒီရက်ပိုင်းတွေမှာ ပီအာဆိုလားဘာဆိုလား၊အချေအတင်အတော်ပွဲကြမ်းနေတယ်ဆိုပဲ။ စလောင်းကနေကြည့်ရတာ၊ ကိုယ်တိုင်ကိုယ်ကျကွင်းထဲဆင်းကြည့်ရတာနဲ့တော့ဘယ်တူပါ့မတုန်းဆြာဒင်”

ဤသို့လျှင် တပည့်အား ဆြာမဆန်သာသည်ကတစ်ကြောင်း၊ဆြာကိုယ်တိုင်လည်း အခန်းအောင်းရသည့်ဒုက္ခကို ဆက်လက်မခံစားနိုင် သည်ကတစ်ကြောင်းတို့ကြောင့်၊ဖူးခက်မြို့နေထိုင်းမိတ်ဆွေသူကြွယ်တစ်ဦးထံမှမေတ္တာရပ်ခံငှားရမ်းခဲ့သည့် နောက်ဆုံးပေါ် မားစီဒီးကား ကြီးတစ်စီးဖြင့် လွှတ်တော်အစည်းအဝေးကျင်းပလျက်ရှိသည့် နေပြည်တော်သို့ ဆြာတပည့်တစ်သိုက်တပျော်တပါး ခရီးသွား ဖြစ်ခဲ့ကြရပြန်ချေ၏။

(နှစ်)
မားစီးဒီးကားကြီး၊ဇာတိနိုင်ငံနယ်စပ်သို့ဖြတ်ကျော်ပြီးချိန်တွင်ကား တောင်တော်ရယ်သာ၊မာလာကငုံဖူးလေသည့် တောတောင်စိမ်းစိမ်း တို့ကြား၊တပည့်ကျော်တို့မှာ အိုင်ယာလန်ထီပေါက်သည့်မျက်နှာပေး ကိုယ်စီဖြင့် တေးတကျော်ကျော်၊ ဟစ်ကာအော်၊ ပျော်ချင်တိုင်း ပျော်လျက်ရှိကြလေရာ ဆြာဒင်ခံစားနေရသောတုပ်ကွေးဝေဒနာပင် ပိန်းကြာရေမတင် ရုတ်ခြည်းယူပစ်သလိုပျောက်ကင်းဟန်ရှိလေ၏။

“ဆြာဒင့်အကြံလွှတ်ကောင်းဗျာ။ ကားနဲ့ဆိုတော့ မြေပြင်ကနေ ဝေဟင်ကိုလှမ်းပစ်မဲ့ဒုံးကျည်ရန်ကြောက်စရာမလိုတော့ဘူးခင်ဗျ။ ကားကြီးကလည်း ကောင်းလိုက်တာရက်စက်ချက်”

“ဒါနဲ့ ဆြာဒင်၊လာမဲ့ ၂၀၁၅ရွေးကောက်ပွဲမှာသုံးသင့်မသုံးသင့် အခြေအတင်၊ငြင်းခုန်နေကြတဲ့ပီအာစံနစ်ဆိုတာ ဘယ်လိုဟာတုန်းဗျ”

ကပ္ပလီငယ်၏မေးခွန်းကြောင့်၊ရှပ်ထွေးပွေလီလှသောထိုပီအာစံနစ်ကိုဥာဏ်မမီလေသည့် ဆြာဒင့်ခမျာငယ်ထိပ်မြွေပေါက်သလိုဖြစ်ရုံမက တုပ်ကွေးဖျားပါပြန်ပေါ်ချင်စိတ်ပေါက်လာ၏။သို့သော်ဆြာစာရင်းဝင်ပီပီ ဆြာသိသမျှကိုကား ဟိတ်ဟန်မပျက်၊သတိကြီးစွာဖြင့်မှင်သေ သေတုန့်ပြန်ရသည်။

“ဒါကဒီလိုရှိတယ်ကွ။အမှန်က နိုင်ပုံမပေါ်လို့ ထွင်တဲ့ဇာတ်လမ်းဖြစ်ပုံရတယ်။နာဂစ်နည်းတွေ၊အကြံအဖန်ကြိုတင်မဲတွေနဲ့ ကလိမ်ကကျစ် ကျနည်းတွေက အားလုံးရိပ်မိနေလို့ကွ။နိုင်ရင်ပြီးရောဆိုပြီးအကွက်ဇယားဆွဲဖို့ကြိုးစားကြတယ်ထင်ပါရဲ့”

“ဟား၊ဆြာဒင်ရှင်းကာမှ ပိုရှုပ်ကုန်ပါပြီ။လူနားလည်အောင်ဒဲ့ရှင်းစမ်းပါဆြာရယ်”
တပည့်ကျော်တို့၏မချင့်မရဲဖြစ်သံအဆုံးတွင် တဗျင်းဗျင်းကုပ်နေမိသော ဆြာဒင်၏ဦးခေါင်းအတွင်းသို့ ရတနာပုံဇာတိ၊ရှစ်ဆယ့်ရှစ် မျိုးဆက်ဟောင်း ကိုရင်ပဏ္ဍိတ်ထွန်း၏ဖေ့စ်ဘွတ်ပါစတေးတပ်တစ်ခုသည်လျှပ်ပြက်သလိုဝင်ရောက်လာခဲ့လေရာ အဖိုးတန်လှသော ကောက်ရိုးတမျှင်ကို ဆြာဒင်အချိန်မီဆွဲယူလိုက်ရပါ၏။

“ပဏ္ဍိတ်ထွန်းဆိုတဲ့မဟာပညာကျော်လေးကတော့ ဒီလိုဆိုသဟ၊”
“ဘယ်လိုများပါလိမ့်။ကြားပါရစေဆြာ”
“မြန်မာပြည်မှာ PR စနစ်ကိုကျင့်သုံးဖို့ကြံစည်နေတာဟာ ဓမ္မတာတောင်မလာသေးတဲ့ မိန်းမငယ်လေးကို လင်ပေးစားဖို့ကြံနေကြ တာပါလားလို့ နားလည်လိုက်ပါတယ်။ ဒီလိုစဉ်းစားတာဟာ ကိုယ့်သမီးအရင်းမဟုတ်လို့ပါ။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ရှေ့ဆက် ဘာတွေဖြစ်မယ်ဆိုတာသိသိချည်းနဲ့ လုပ်နေကြတာပါ။ မိန်းမငယ်အတွက်မစဉ်းစားပဲ ငတေမာပြီးရောစဉ်းစားချက်ပါ။ မိဘအရင်းက တော့ လင်ပေးစားတောင် ကိုယ့်သမီးရဲ့အသက်အရွယ် ရင့်ကျက်မှု အိမ်မှုကိစ္စနိုင်နင်းမှု အသိပညာ စသဖြင့်ပေါ့လေ၊ တော်၏မတော်၏
ဘက်ပေါင်းစုံက စဉ်းစားမှာပါ။ ကျနော်ကတော့လက်ရှိမြန်မာပြည်နဲ့ PR လို့ခေါ်တဲ့ လွှတ်တော်တွင်း အချိုးကျကုလားထိုင်လုရေး စနစ် ကို ဤသို့ ဤပုံဟု နားလည် ပါကြောင်း...၊တဲ့ဗျား”

“အမလေးလေး၊ရှင်းချက်တော့ ဂျပန်ရေချိုးသလို ကွင်းကွင်းကွက်ကွက်လင်းလက်သွားတာပါပဲကလား။ လူပုသလောက်တယ် ဥာဏ်ကြီးသကိုး။အမြည်းပေးတာနဲ့တင် ဝမ်းသုံးခါသွားပါတယ်ဆြာ။လွှတ်တော်ထဲရောက်မှ ဆက်ပြီးစပ်စုကြအုံးစို့ရဲ့”

(သုံး)
နေပြည်တော်ဟူသည်ကား ပြည့်ရှင်မင်းတို့စံရာအရပ်ဟုဆိုသော်ရနိုင်လေသည်။ စိတ်သည်ဆန်းကြယ်လှချေ၏။ နိုင်ငံ့အရေး အရာ ကိစ္စကြီးငယ်မှန်သမျှ ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ရာလွှတ်တော်အဆောက်အဦးကြီးထည်ဝါခန့်ငြားလျက်ရှိဟန်ကို မြင်ရသည့် ဆြာဒင်မှာ ဂေါပကဂိုက်ဇွတ်ဖမ်းနေသော၊ဖိုးတွမ်တီး စစ်စစ်ကြီးကို မြင်ရသလို မဆီမဆိုင်ခံစားမိလေ၏။မာစီးဒီကားကြီးနှင့် သစ်လွင်တောက်ပနေ သောဥရောပဝတ်စုံအသီးသီး၊(NOTE BOOK)ကိုယ်စီဖြင့် လူကြီးလူကောင်းစတိုင်ပေါက်နေသော ဆြာဒင်နှင့်အဖွဲ့အား သက်ဆိုင်ရာ လုံခြုံရေးတို့က လွှတ်တော်ကိုလာရောက်လေ့လာသည့်နိုင်ငံတကာဂုဏ်သရေရှိ ဧည့်သည်တို့နှင့်ထင်မှတ်မှားကာ အလွယ်တကူ ဝင်ရောက်ခွင့်ပြုခဲ့ကြပါ၏။

“ဆြာ၊ဆြာ၊ဟိုမှာ ဘူးလက်၊ဂျနီဖာ၊မသာကြီးဗျ”

တပည့်ကျော်တို့၏အလန့်တကြားအသံကြောင့် သင်းတို့လက်ညှိုးညွန်ရာအရပ်သို့ ဆြာဒင်လှမ်းကြည့်မိချိန်တွင်ကား သတင်းမီဒီယာ စာမျက်နှာများတွင် ပြောင်မြောက်သောစကားလုံးတို့ဖြင့်အထူးရေပန်းစားလျက်ရှိသော ကြံ့ခိုင်ရေးအမတ်မင်းစစ်ဗိုလ်လူထွက်ကြီးအား တွေ့မြင်ရပါ၏။”ဗိုလ်ချုပ်မှူးကြီးဟောင်းကွယ်လွန်ပါကနိုင်ငံတော်ဈာပနအဖြစ်ကျင်းပပေးရန်၊နိုင်ငံတော်အလံကိုတိုင်တစ်ဝက်လွှင့်ထူ ရန်နှင့်မြန်မာကိုကမ္ဘာကသိစေခဲ့သော ခေါင်းဆောင်တစ်ယောက်အဖြစ် ကျောင်းသုံးပြဌာန်းစာအုပ်များတွင်ထည့်သွင်းလိုသည်”ဟု  သူမကြာခင်ရက်ပိုင်းကမှ ဖွင့်ဟခဲ့သော ဂန္ထဝင်စကားတစ်ချို့ကိုလည်း ဆြာဒင်ကြားယောင်မိပါ၏။မည်သို့ပင်ဆိုစေ၊ဆြာပီသစွာ တပည့် တို့ကို ဆြာဒင်ဆိုဆုံးမရချေသည်။

“ဥပဓိရုပ်ကတော့လူပုံချောကွ။သူ့ဆရာသေတော့မှာကိုသူကြိုသိနေတယ်ထင်ပါရဲ့။ဆရာကောင်းတပည့်ပီသရှာပါပေတယ်။အာချောင်တာကို နည်းနည်းလျော့ကြကွယ်တို့”

ထို့နေ့လွှတ်တော်အစည်းအဝေးကား ပီအာစံနစ်အပေါ်အခြေအတင်စတင်ဆွေးနွေးကြမည့်နေ့ဖြစ်ရာ ဆြာဒင်တို့လာရကျိုးနပ်သည်ဟု ဆိုရပေမည်။တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်သုံးဆယ်ကျော်ကား ထိုနေ့တွင်ဆွေးနွေးမည့်အဆိုပါခေါင်းစဉ်ကြောင့် အစည်း အဝေးကို ခွင့်တင်သပိတ် မှောက်ကြသည်ဆိုပါ၏။ပီအာကျင့်သုံးသင့်ကြောင်း အဆိုပြုချက်အဆုံးတွင်ပင် အန်အယ်ဒီလွှတ်တော်ကိုယ် စားလှယ်အားလုံး တစ်ညီတစ်ညွတ်တည်းမတ်တတ်ရပ်ကန့်ကွက်ကြလေပြီ။

အန်အယ်ဒီကိုယ်စားလှယ်ဒေါ်ခင်သန္တာ၏ ကန့်ကွက် အဆိုကား ထိရောက်ပြတ်သား လှချေ၏။

“အခုလက်ရှိ အခြေအနေမှာလည်း၊ ကျွန်မတို့ရဲ့ အုပ်ချုပ်ရေးဖွဲ့အစည်းအဆင့်ဆင့်ကိုလည်းပဲ ကျွန်မတို့ပြည်သူတွေက ရွေးချယ်ခွင့် မရပါဘူး။တရားစီရင်ရေး မဏ္ဍိုင်မှာလည်းပဲ ပြည်သူ့ဆန္ဒမပါပါဘူး။အခုတခါ ဥပဒေပြုရေးမှာပါ ဒီစနစ်ကြောင့် ပြည်သူ့ကိုယ်စားလှယ်များ ကို တိုက်ရိုက်မဲပေးခွင့် တိုက်ရိုက်ရွေးချယ်ခွင့် မရှိတော့ဘူးဆိုရင် ကျွန်မတို့နိုင်ငံဟာ ဘာနိုင်ငံဖြစ်နေပြီဆိုတာ ကမ္ဘာမှာချပြဖို့ အင်မတန် ခက်ခဲပါလိမ့်မယ်။ဒီမိုကရေစီနိုင်ငံပါလို့ ကြွေးကြော်ပြရုံသက်သက်ပဲဖြစ်နေပါလိမ့်မယ်။နိဂုံးချုပ်အနေနဲ့ တင်ပြလိုတာကတော့ ဒီမိုကရေစီစနစ်မှာ ကျွန်မတို့တွေအားလုံးဟာ အနိုင်အရှုံးကို ရင်ဆိုင်ရဲရပါလိမ့်မယ်။ပြည်သူရဲ့ ရွေးချယ်မှုကို သတ္တိရှိရှိ၊သိက္ခာရှိရှိ လက်ခံ ရပါလိမ့်မယ်။အမြဲတမ်းအနိုင်အမြဲတမ်းအရှုံးဆိုတာ ဒီမိုကရေစီမှာ ရှိမှာမဟုတ်ပါဘူး။ကျွန်မတို့ ရွေးကောက်ခံကိုယ်စားလှယ်များရဲ့ သတ္တိနဲ့ သိက္ခာကို ရွေးကောက်ပွဲစနစ်တစ်ခုကို ပြောင်းလဲကျင့်သုံးစေခြင်းဖြင့် အပြစ်မဟုတ်သလို မဖုံးကွယ်ပါရစေနဲ့။ မဖုံးကွယ်ကြ ပါနဲ့လို့ တိုက်တွန်းရင်း အဆိုကိုကန့်ကွက်ကြောင်း အဆိုပြုတင်ပြအပ်ပါတယ်ရှင်”

ဆြာဒင့်တပည့်ကျော်တို့ကား ဖြေဆည်ရာတစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိကြလေသည်ထင့်။မျက်လုံးရောနားရွက်ပါမခတ်၊အသက်ကို ပင်ရှူကြအံ့မထင် ပါးစပ်အဟောင်းသားဖြင့် ဝမ်းသာအားရအမူအယာကိုယ်စီရှိကြကုန်လေ၏။

(လေး)
တစ်ဆက်တည်းမှာပင် ဆြာဒင်နှင့်တပည့်ကျော်တစ်သိုက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ မှတ်သားထိုက် သောလိုတိုရှင်းအောက်ပါအဆိုအမိန့်ကိုလည်း ကြားနာခွင့်ကြုံခဲ့ပြန်ပါသည်။အဆိုပါမိန့်ခွန်းကား ….၊

“ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ချင်ဘူးဆိုပြီးတော့ တောင့်ခံနေတဲ့ ပုဂ္ဂိုလ်များဟာ အကြောင်း(၃)ကြောင်းပဲရှိရမယ်။တစ်ခုကတော့ စေတနာမရှိလို့ပဲ။ကျွန်မတို့ပြည်သူတွေအပေါ်မှာ စေတနာမရှိလို့ ကိုယ့်အတွက်ပဲ ကိုယ်စေတနာရှိလို့ မပြင်ချင်တဲ့သူတွေ ဖြစ်ရမယ်။ နောက်တစ်ကြောင်းကတော့ ပညာမရှိလို့ဖြစ်ရမယ်။သေသေချာချာ စဉ်းစားဆင်ခြင်ပြီးတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျွန်မတို့ နိုင်ငံအတွက် မကောင်းဘူးဆိုတာကို မဆင်ခြင်တတ်လို့ရင်လည်း ဖြစ်ရမယ်။နောက်ဆုံးတစ်ခုကတော့ စေတနာလည်း ရှိပါရဲ့၊ ပညာလည်းရှိပါရဲ့။သတ္တိမရှိလို့ မပြင်ရဲတဲ့သူတွေလည်း ရှိနိုင်တယ်လို့ ကျွန်မပြောပါမယ်။

ကျွန်မတို့ရဲ့ ပြည်သူတွေအားလုံးဟာ စေတနာရှိရှိပညာရှိရှိ သတ်္တိရှိရှိနဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ၊ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် နောင်လာမဲ့မျိုးဆက်တွေရဲ့ ကောင်းကျိုး အတွက် ပြင်ဖို့ကို ဝိုင်းဝန်းပြီးတော့ ထောက်ခံကြပါ” ဟူ၏။
တပည့်ကျော်တို့မှာ အဆိုပါမြွက်ဟစကားကြောင့် စိတ်ဓာတ်အင်အားမိုးထိမယောင်အထိတက်ကြလျက် ဆြာဟန့်တားနေသည့်ကြား မှပင် တီးတိုး တီးတိုးသဖန်းပိုးလုပ်လာကြလေတော့သည်။
“လက်စသတ်တော့ ပီအာစံနစ်ဟာ မကြာခင်ရောက်လာတော့မဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် အနီးကပ်ဆုံးရန်သူပဲဆြာ ဒင်ရ”

“ဒီစံနစ်ကို ဘယ်သူကများ ရွှေဥာဏ်တော်စူးရောက်ပြီးလွှတ်တော်တွင်းအဆိုအဖြစ်ရောက်လာအောင်ဆောင်ကြဉ်းခဲ့ပါလိမ့်ဗျာ”
“စစ်ဗိုလ်ချုပ်ဟောင်းကြီးကို ဗြောင်သဘောကျနေတဲ့ ခေါင်းဖြူစွယ်ကျိုးဘွားတော်ကြီုးလို့ကြားတယ်ဆြာဒင်၊ ဟုတ်လားဗျ။ ဒါခမောက် သူခိုးတွေ ဂဠုန်ဆားချက်တဲ့ဂွင်ဖြစ်ရမယ်ဗျ”

“ကဲ ကဲမောင်တို့။အသံကြောင့်ဖားသေသတဲ့ကွယ်ရို့၊အခုငတို့ရောက်နေတာ လွှတ်တော်ခန်းမကြီးထဲမှာကွဲ့။ နှုတ်ကိုစောင့်စည်းကြပါ လော့ ငါ့ရှင်တို့”

ဆြာဒင်ကား အချိန်မရွေးကျရောက်လာနိုင်သည့်ဘေးကို တွေးမြင်သည့်အလျောက် တပည့်ကျော်တို့အား ကြိမ်ဖန်များစွာ သတိပေးတား မြစ်စကားဆိုခဲ့ပါသော်ငြား ငယ်နုသူတို့ဖြစ်သည့် အားလျော်စွာ ခံစားချက်ကိုမမြိုမသိနိုင်ကြလေသည့် တပည့်ကျော်တို့၏မမျှော်လင့် ထားသည့်လုပ်ရပ်ကြောင့် ဆြာဒင်တစ်ယောက်၊တစ်ခေါင်းလုံးရှိဆံပင်ဖြူများပင်ထောင်ကာ မျက်လုံးမျက်ဆံပြူးရသည့် ကိန်းဆိုက်ရ သည်မှာ လေမင်းသား၏နုတ်ဘုတ်(NOTE BOOK)အတွင်းမှထွက်ပေါ်လာသည့် အောက်ပါအသံကြောင့်ဖြစ်လေရာ ယင်းအသံသည် လွှတ်တော်ခန်းမ တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့လေသည်။

(ငါး)
“တိုင်းရင်းသားစည်းလုံးရေးညီညွတ်ရေး၊ပြည်သူလူထုညီညွတ်ရေး၊အဲဒီညီညွတ်ရေးမတည်ဆောက်နိုင်ကြသမျှကာလပတ်လုံး၊ဘယ်ပါတီ တက်တက်၊ဘယ်အစိုးရတက်တက် ဖာသည်လိုနိုင်ငံမျိုးဆက်ဖြစ်ဦးနေမှာပဲ။ဒီတော့ကာ အဲဒီနှစ်ချက်ကို ခင်ဗျားတို့ဖက်က မပျက်ကြပါ စေနဲ့။စားဖားတွေညီညွတ်တာ ကျုပ်မလိုချင်ပါဘူး။ဒီနေ့ကစပြီး ခင်ဗျားတို့ အကျင့်ဆိုးတွေ၊အကျင့်ဟောင်းတွေ စောက်ကျင့်တွေကို ပြင်ကြဖို့လိုပြီဟု ဒီနေ့ကျနော်ပြောခဲ့ချင်တယ်”

“ကဲ၊လွှတ်တော်အထူးလုံခြုံရေးတွေ ရောက်မလာခင်၊လစ်ကြစို့ဆြာဒင်”

တပည့်ကောင်းပီသလှကြပေစွ။ဘယ်အချိန်က ဘယ်လိုလက်ဆော့စီစဉ်လိုက်ကြသည်ကို ဆြာကိုယ်တိုင်ပင် မသိလိုက်ရပဲ တပည့်ကျော် တို့ကိုယ်ပိုင်အစီအစဉ်ဖြင့်ရင်ဖွင့်လိုက်ကြသော အမျိုးသားခေါင်းဆောင်ကြီး၏ မိန့်ခွန်းသံအဆုံး လွှတ်တော် စင်မြင့်ရှေ့တည့်တည့်မှ အပြေးတစ်ပိုင်းခတ်သုတ်သုတ်လစ် ထွက်သွားကြလေသည့် သင်းတို့နောက်သို့ ဆြာဒင်ခမျာ နလံထဝေဒနာနှင့်ပင် ဒရောသောပါး နောက်တော်က မှီအောင် ခြေကုန်သုတ်လိုက်ခဲ့ရသည်မှာ အသက်ထွက်မတတ်ဟောဟဲလိုက်ချေပြီတည်း။

ဖူးခက်မြို့တစ်ခိုတွင်ထိုင်းပုလိပ်ရန်စွယ်ကို ရှောင်တိမ်းနေကြစစ်ရည်ဝနေကြသည့် တပည့်ကျော်တို့ကား မလွယ်ပေါက်ကို ကြိုတင်ရှာ ဖွေထားကြပြီးဖြစ်သည့်အလျောက်၊မားစီးဒီးကားကြီးပေါ်တွင် လေချွန် မပျက်အငြိမ့်သားရောက်နေကြချိန်တွင် ဆြာဒင်လည်း ဟောဟဲလိုက်နေသည့်ကြားမှကားကို အလျင်အမြန်စက်နှိုး၍လီဗာကုန်စွတ်တင်ကာ မြဝတီနယ်စပ်သို့ ဦးတည် မောင်းနှင်လိုက်ရ လေတော့သည်။

အချိန်မည်မျှကြာအောင်၊မည်သို့မည်ပုံ ကားကို မောင်းနှင်ခဲ့လေသည်ကို ဆြာဒင်ကိုယ်တိုင် လုံးဝမှတ်မိခြင်းမရှိတော့သည့်နောက် မြဝတီ မဲဆောက်ထိုင်းမြန်မာနယ်စပ်ချစ်ကြည်ရေးတံတားကြီးကို ဖြတ်ကျော်ပြီးချိန်တွင်ကား တပည့်ကျော်တို့သည် အမျိုးသားရေးတာဝန် တစ်ရပ်အားကျေပွန်ခဲ့သည့် မျက်နှာပေးကိုယ်စီဖြင့် ငိုက်မျဉ်းလိုက်ပါနေစဉ်မှာပင် “ပီအာအလိုမရှိ၊ပီအာအလိုမရှိ”ဟု ယောင်ယမ်း ရေရွတ်ဆဲ ရှိ ကြကုန်၏။
↧

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0

၃၀ဇူလိုင်လ၊၂၀၁၄နေ့ထုတ် ဆဲဗင်းဒေးအပတ်စဉ်ဂျာနယ်။မင်းဒင်ရဲ့သက်ခိုင်(၂)။

အခန်း(၄၅)
“သြော်၊ဆရာတို့က ဒီမိုကရေစီကို ကိုးကွယ်သတဲ့လား”

“ဒါပေမဲ့လျော့တော့ မတွက်လိုက်လေနဲ့နော်။သူတို့ကိုတစ်ရေးနိုးထမေးလည်း ဗမာပြည်ကြီးလွတ်မြောက်ရေးအတွက် ဘယ်သို့ဘယ်ပုံ ဘယ်ချမ်းသာ၊ ဘယ်နည်းလမ်းတွေနဲ့ အပတ်တကုပ် စိုက်လိုက်မတ်တတ် ဦးဆွေးဆံမြေ့ကြိုးပမ်း ထမ်းဆောင်နေပါကြောင်း၊ ပါးစပ်က အမြှုပ်တစီစီထွက်အောင် ချက်နဲ့လက်နဲ့ပြောနိုင်ကြသဗျား။

တကယ့်အတွင်းပိုင်းမှာတော့ အတိုက်အခံအချင်းချင်း တစောင်းစေးနဲ့မျက်ချေး၊ တစ် ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန်အပုပ်ချနေကြပြီး ဂိုဏ်းဂဏပေါင်းများစွာ ကွဲနေကြတာပါပဲ။ကွဲရုံပြဲရုံတင်မက၊ ကိုယ်နဲ့သဘောထား မတိုက်ဆိုင်တဲ့အဖွဲ့ကို ထိုင်းရဲ၊ထိုင်းစစ်တပ်တွေနဲ့လက်တို့ပြီး ဒုက္ခပေးတဲ့နည်းတွေလည်း ရှိသေးသတဲ့ဗျာ။

မဲဆောက်မှာ ခင်မင်ခဲ့တဲ့ ဧရာဝတီသတင်းထောက် ကိုမန်းမျိုးမြင့်ကိုတွေ့တုန်း ပြည်ပရောက်အတိုက်အခံအဖွဲ့တွေ စုစုပေါင်းဘယ်နှစ်ဖွဲ့ လောက်များ ရှိသတုန်းဆိုတော့ မဲဆောက်မှာတောင် ရေတွက်လို့မရဘူးတဲ့ဗျာ။ပရိုပိုဆယ်နဲ့ကိုက်မဲ့အဖွဲ့နာမည်ပေး၊ ပါးစပ်ထဲတွေ့ရာ ပေးထားတဲ့ အဖွဲ့တွေ၊ရာထူးတွေချည်းပါပဲ။

နောက်ထူးခြားချက်တစ်ခုကတော့ အဲဒီမှိုလိုပေါက်နေတဲ့အတိုက်အခံအဖွဲ့တွေဟာ အမည်နာမအမျိုးမျိုးနဲ့ တစ်ပတ်ကိုခုနစ်ရက်နှုန်း အခမ်းအနားမျိုးစုံ ကျင်းပနေကြတာလည်းရှိသေးသဗျ။ဖုန်းမော်နှစ်ပတ်လည်၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့၊ ဦးဝင်းတင်မွေးနေ့၊ သခင် ကိုယ်တော်မှိုင်းမွေးနေ့၊အေဘီတပ်မွေးနေ့၊ဘာအထူးအစည်းအဝေး၊ဘာဆန့်ကျင်ပွဲ၊အဝှာဆွေးနွေးညှိနှိုင်းပွဲစုံလို့ပါပဲ။ဒီလိုအခမ်းအနားတွေကျင်းပနေတာကို လုံးလုံးမလိုအပ်ဘူးဆိုတဲ့အမြင်နဲ့ ကျနော်ချည်းကပ်နေတာမဟုတ်ပါဘူး။

 အဲဒီဆွေးနွေးပွဲတွေ၊ အခမ်းအနား တွေဟာ ဗမာပြည်ကြီး တိုးတက်ကြီးပွားရေး၊ဒီမိုကရေစီအရေးတွေမှာ တကယ်ကော အကျိုးသက်ရောက်မှုရှိရဲ့လား။ အဲဒီအခမ်း အနားတွေရဲ့ နောက်ဆက်တွဲအကျိုးရလာဒ်တွေဟာ တကယ်ပဲထိရောက်မှုရှိသလား ကျနော်အတွေးပွားမိတာတော့အမှန်ပဲ။ကျနော့်အမြင် ပြောရမယ်ဆိုရင် ဒီအခမ်းအနားတွေဟာ ဒိုနာတွေအမြင်ကောင်းအောင်၊ဓာတ်ပုံဖိုင်၊ဗီဒီယိုဖိုင်တွေနဲ့နိုင်ငံတစ်ကာအလှူတွေကို ဖြုန်းတီး နေတဲ့၊လာလတ္တံ့သော အလှူငွေတွေကို ချူနေတဲ့လုပ်ရပ်တွေအဖြစ်သာ မြင်တယ်ဗျာ။

ကျနော်ဒီလိုပြောနေတာ အတိုက်အခံတွေကိုမုန်းလို့၊ဗမာစစ်အစိုးရကိုချစ်လွန်းလို့ ပြောနေတာမဟုတ်ဘူး။ကျနော့်ကိုယ်တွေ့တွေ ရှိတယ်။ကျနော်ကိုယ်တိုင် ဒီအဝန်းအဝိုင်းထဲမှာရှိနေ၊ရောက်နေခဲ့ရင်လည်း ဒီစာရင်းကနေလွတ်မယ်မထင်မိဘူး။၂၀၁၀ခုနှစ်ဝန်းကျင်က ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုနဲ့ မဲဆောက်ကိုရောက်သွားတော့ တိုက်တိုက်ဆိုင်ဆိုင် အေဘီအက်စ်ဒီအက်ဖ်ဗဟိုကော်မီတီဝင် ကဗျာ ဆရာကိုလွမ်းဏီရဲ့အိမ်ကို မထင်မှတ်ပဲရောက်သွားတာ သူ့မွေးနေ့နဲ့တိုးနေသဗျ။အမှန်ဝန်ခံရရင် ကျနော်လိုတောကြိုအုံကြားမှာ မွေးလာ တဲ့ကောင်မျိုးအဖို့ မွေးနေ့အခမ်းအနားဆိုတာ စိမ်းနေတာတော့အမှန်ပဲဗျ။

ပိုဆိုးတာက ဗမာပြည်လွတ်မြောက်ရေးအတွက် နိုင်ငံကိုစွန့်ပြီး တော်လှန်ရေးဆင်နွှဲနေတဲ့သူတွေ ဘယ်လိုမွေးနေ့လုပ်ကြသလဲဆိုတာ စပ်စုချင်စိတ်ကြောင့် ဘာမှမသောက်မစားပဲ ကိုလွမ်းဏီ့မွေး နေ့မှာ နှစ်နာရီကျော်လောက် အချိန်ဖြုန်းနေလိုက်မိတယ်။
ဒီမှာတင် ကျနော်ထိုင်နေတဲ့ဝိုင်းထဲမှာ နာမည်ကျော်အတိုက်အခံတချို့ကို မျက်နှာချင်းဆိုင် တွေ့ရတော့တာပါပဲ။ ကျနော့်ရှေ့တည့်တည့် မှာထိုင်နေတာက ပီတာလင်းပင်နဲ့ဒေါက်တာနိုင်အောင်ဗျ။သူတို့နှစ်ယောက်စလုံး အတော်ကိုမူးနေကြပြီ။

ပီတာလင်းပင်ဟာ ဒေါက်တာ နိုင်အောင်ရဲ့လည်ပင်းကိုဖက်ပြီး ငါအကုန်သိတယ်၊ငါအကုန်သိတယ်(I KNOW EVERYTHING,I KNOW EVERTHING)လို့ချည်း အပ်ကြောင်းထပ်နေသဗျာ။ဒေါက်တာနိုင်အောင်ဆိုတာ အေဘီအက်စ်ဒီအက်ဖ်မှာ မိုးသီးဇွန်နဲ့အုပ်စုကွဲခဲ့တဲ့ နိုင်အောင်ပေါ့။အဲဒီပွဲမှာ ကျနော်နေတဲ့ဖူးခက်ကနေ ကီလိုမီတာတစ်ရာကျော်လောက်ဝေးတဲ့ ဖန်ငအရပ်မှာ ပညာရေးနှင့်တိုးတက်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ထောင် ထားတဲ့ ကိုထူးချစ်နဲ့လည်း ဆုံခဲ့သေးတယ်။နောက်ပိုင်းမှာကိုထူးချစ်နဲ့ကျနော် အတော်ခင်မင်ခဲ့ပါတယ်။ကိုလွမ်းဏီကတော့ ထူးချစ်ကို၊ ဒီနေရာရောက်အောင် သူဖန်တီးပေးထားတာပါလို့ ဆိုလေရဲ့။

ကိုလွမ်းဏီရဲ့ဇနီးမအေးအေးမာကတော့ ဗွီအိုအေအသံလွှင့်ဌာနမှာလည်းလုပ်၊SAW ဆိုတဲ့ မဲဆောက်မှာဖွင့်ထားတဲ့ မြန်မာစာသင် ကျောင်းရဲ့ကျောင်းအုပ်ကြီးတဲ့ဗျ။နောက်ကျနော်ရဲ့ဝဲယာမှာ ထိုင်နေကြရင်းရေချိန်မှန်နေကြတဲ့ အင်္ဂလိပ်စာဆရာဟောင်း အပါအဝင် အတိုက်အခံရဲဘော်ခုနစ်ဦးလောက်ဟာလဲ မူးနေရင်းတန်းလန်း၊ ပါးစပ်ကနေ အမျှင်မပြတ်ဟောနေတဲ့ အကြောင်းအရာတွေကတော့ ဗမာပြည်လွတ်မြောက်ရေးပဲဗျာ။

မဲဆောက်ဈေးနားမှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်၊ ကျနော့်အသိ မွတ်ဆလင်ကုလားလေးတစ်ယောက်ပြောဖူးတဲ့ ဗမာ့အတိုက်အခံ တွေအပေါ်မှတ်ချက်ကို ကျနော်ပြေးသတိရမိတယ်ဗျာ။ဘာတဲ့။မဲဆောက်က တော်လှန်ရေးသမားတွေ လုပ်နေကိုင်နေပုံနဲ့ ဗမာပြည် ဘယ်တော့မှ ဒီမိုကရေစီမရနိုင်ဘူးဆိုပဲ။အမှန်က အဲဒီကုလားလေးဟာ သူ့လက်ဖက်ရည်ဆိုင်မှာ ဗမာအတိုက်အခံအဖွဲ့ပေါင်းစုံ  နေ့စဉ်နဲ့ အမျှ တစ်နေကုန်တစ်နေခန်း  ဗမာပြည်လွတ်မြောက်ရေးအတွက် လေတိုက်ပွဲဆင်နွှဲနေကြတာကို ဆယ်စုနှစ်နဲ့ချီပြီး မြင်နေကြားနေခဲ့ ဟန်တူပါရဲ့။

ချင်းမိုင်နဲ့မဲဆောက်မှာနေတဲ့ ဗမာ့အတိုက်အခံခေါင်းဆောင် အတော်များများဟာ ဇာတိမြေနဲ့ခွဲခွာနေရတာကလွဲလို့ အထိုက်အလျောက် ပြည့်ပြည့်စုံစုံပါပဲ။ကိုလွမ်းဏီဆို သူ့သားတော်မောင်အတွက် ထိုင်းဘတ်သုံးထောင်(ဗမာငွေကိုးသောင်းကျပ်)တန် လမ်းလျှောက် ဖိနပ်မျိုး ဝယ်ပေးနိုင်တာကိုကြည့်ရင်  စားဝတ်နေရေးအဆင့်ကို ခန့်မှန်းနိုင်ပါတယ်။ဧရာဝတီသတင်းဌာနက ကိုအောင်ဇော်တို့ဆို အဆင့်မြင့် အိမ်ကြီးရခိုင်တွေနဲ့ နေနိုင်ကြသဗျာ။ဘန်ကောက်လိုမြို့ကြီးမှာတောင် ကိုယ်ပိုင်အိမ်တွေ၊တိုက်ခန်းတွေဝယ်နေနိုင်တဲ့သူတွေ ဒုနဲ့ဒေးဗျ။

ဖူးခက်ကိုရောက်လာဖူးတဲ့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်း ဗီအိုအေသတင်းထောက်တစ်ယောက်ဆိုရင် ကျနော်ကိုယ်တိုင် အိမ်မှာချက်ပြုတ်ကျွေးမွေးတဲ့ ဗမာထမင်းဟင်းကို စိတ်ဝင်စားဟန်မပြပဲ အနှိပ်ခန်းနဲ့ဇိမ်ခန်းရှိရာကို နတ်လမ်းညွန်ဖို့ နားပူနေတာလည်း ကြုံဖူးသေးဗျာ။ဖူးခက်မှာ ရေမီးအစုံနဲ့ထိုင်းပြည့်တန်ဆာတစ်ယောက်ရဲ့တစ်ညတာစားရိတ်ဟာ ထိုင်းဘတ်တစ်သောင်းခွဲ (ဗမာငွေလေးသိန်းခွဲ) ရှိတာမို့ သူတို့အဆင့်အခြေကို ခင်ဗျားကိုယ်တိုင်သာ တွက်ကြည့်ပါတော့။

ဒီလိုလူတွေဟာ လက်ရှိမြန်မာနိုင်ငံ ထူထောင်ရေးမှာ ကျရာ ကဏ္ဍကနေဝင်ပါဖို့ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မတုန်း။အတိုက်အခံအဖြစ် အနေအစားချောင်တဲ့ဘဝကနေ ပြာပုံအတိကျနေတဲ့ဗမာပြည်ကို  ပြန်လာဖို့ဆိုတာ  ယုံတမ်းစကားတွေပါပဲ။

ပြည်ပရောက် အတိုက်အခံတွေထဲမှာ လူရည်အလည်ဆုံး၊သဘာအရှိဆုံး၊အပါးနပ်ဆုံးလူကိုပြပါဆိုရင် မြန်မာနိုင်ငံအလုပ်သမား အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးမောင်မောင်ကိုပြရမယ်။သူဟာ ၈၈မတိုင်ခင်ကတည်းက ပြည်ပမှာအခြေကျတာမို့ တခြားနောက်ပေါက် အတိုက်အခံတွေ သူ့ကိုမကျော်နိုင်ကြဘူး။ဘယ်လောက်တောင် လူရည်လည်သလဲဆိုရင် အခုလိုခေတ်ပြောင်းချိန် စပ်ကူးမတ်ကူး ကာလမှာတောင် ILO အလုပ်အမှုဆောင်အဖွဲ့မှာ အဓိကကိုယ်စားလှယ် (၅၆) ဦးနဲ့ လက်ထောက်ကိုယ်စားလှယ် (၆၆) ဦးပါဝင်ရာမှာ ဦးမောင်မောင်ဟာ မြန်မာပြည်သမိုင်းမှာ ပထမဆုံး (ILO) အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရသတဲ့ဗျာ”

“ဒါနဲ့ ခင်ဗျားပြောတဲ့ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဒုတိယဥက္ကဌဦးသန်းလွင်နဲ့ ခင်ဗျားဘန်ကောက်မှာဆုံခဲ့ကြသေးတယ်ဆို”

ကိုသက်ခိုင်၏စကား ဤနေရာသို့အရောက်တွင် တစ်စုံတစ်ခုကို ကျနော်သတိရမိသဖြင့် သူ့စကားကို ကြားဖြတ်ကာ မေးလိုက်မိသည်။ (OUTLET)ကုန်တိုက်ကြီး၏ ကားရပ်နားသည့်ကွင်းပြင်တွင် ကမ္ဘာလှည့်ခရီးသည်များ အပြည့်တင်ဆောင်ထားသည့် လေအေးစက်တပ် ဘတ်စ်ကားကြီးများ တစ်စီးပြီးတစ်စီး ဝင်ထွက်နေသည်ကို  မြင်တွေ့နေရသည်။
 “ဟုတ်တယ်ဗျ။ကျနော်ထိုင်းရောက်ကာစမှာ၊စင်္ကာပူသွားလိုက်၊မလေးရှားဖက်လှည့်လိုက်၊ယောင်ခြောက်ဆယ် ဘာလုပ်ရမှန်းမသိတဲ့ အချိန်၊ဘန်ကောက်က၊မိတ်ဆွေတစ်ယောက်ဖုန်းလှမ်းဆက်ပြီး သစ်ကုန်သည်တစ်ယောက်၊ကျနော့်ကို အရေးတကြီးတွေ့ချင်တယ်ဆိုလို့ စားသောက်ဆိုင် ခပ်သန့်သန့်တစ်ခုမှာချိန်းလိုက်တော့ အသားဖြူဖြူ၊အရပ်မြင့်မြင့် အသက်ငါးဆယ်ကျော်ဝန်းကျင် ပုဂ္ဂိုလ်တစ်ယောက်၊ ကျနော့်ဘော်ဒါနဲ့အတူ ပေါက်ချလာတယ်။

အပြန်အလှန်မိတ်ဆက်ကြတော့ သူက ကျနော်သန်းလွင်ပါတဲ့။သူငယ်ငယ်တုန်းက လက်ဝှေ့ သမားဆိုပဲဗျ။သင်္ဘောလည်း လိုက်ဖူးတယ်လို့ဆိုတယ်။သူ့မှာ ဘိုနာမည်တစ်ခုလည်းရှိသေးပေမဲ့ ကျနော့်မှတ်ဥာဏ်မှာ ပြန်မပေါ်တော့ ဘူးဗျာ။ သူပြောတာကသူဟာ အိန္ဒိယနယ်စပ်မှာ ကျွန်းသစ်လုံးတန်ချိန်ထောင်ချီပြီး လုပ်ပိုင်ခွင့်ရထားတာမို့ စင်္ကာပူနဲ့ဥရောပဖက်ကို ကျွန်းသစ်ခွဲသားတွေ ပို့ချင်တယ်လို့ဆိုတယ်။သူ့စကားကို နာရီဝက်လောက် အသာငြိမ်ပြီး ကျနော်နားထောင်ကြည့်လိုက်တော့ သူဟာ သစ်ကုန်သည်လောကထဲက မဟုတ်ဘူးဆိုတာ သိသာလာပါတယ်။ထိုင်းမှာ သစ်တောထွက်ကုန်တွေကို ပြင်းပြင်းထန်ထန် တင်းကျပ် ထားတာကိုလည်း သူသိပုံမရဘူး။

ဒီလိုနဲ့ရောက်တတ်ရာရာ စီးပွားရေးအကြောင်း၊ဗမာပြည်အကြောင်းတွေပြောပြီး တစ်နာရီကျော်ကျော် လောက်မှာ လူချင်းခွဲလိုက်ကြတယ်။ လေးငါးနှစ်လောက် မေ့မေ့ပျောက်မေ့ပျောက်ဖြစ်နေရာကနေ တစ်နေ့မှာ အွန်လိုင်းကနေ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးသန်းလွင် ကမ္ဘာ့ကုလသမဂ္ဂညီလာခံသို့ တက်ရောက်ဆိုတဲ့သတင်းကို ဓာတ်ပုံနဲ့တကွ ဖတ်ရတော့ ကျနော် အတော်အံ့သြသွားတာ အမှန်ပဲဗျာ။

တော်လှန်ရေးသမားဖြစ်ဖြစ်၊အတိုက်အခံဖြစ်ဖြစ် ဘဝရပ်တည်မှုအတွက် ဘဝအခြေအနေမျိုးစုံမှာရုန်းကန်ကြရတာ ထူးဆန်းတဲ့ကိစ္စ တော့မဟုတ်ပါဘူး။ဘဝမှန်ကိုဖုံးကွယ်ပြီးတော်လှန်ရေးသမားအဖြစ် အသံကုန်ဟစ်ကြတာကိုတော့ ကျနော်အတော်နားကြားပြင်းကပ်မိ တာအမှန်ပဲ။ စစ်အစိုးရက ပြည်တွင်းမှာနေပြီး ဗမာပြည်သူလူထုကို ခေါင်းပုံဖြတ်တယ်၊နိုင့်ထက်စီးနင်းလုပ်တယ်။အတိုက်အခံတွေက ဒုက္ခပင်လယ်ဝေနေတဲ့ ဗမာပြည်သူလူထုကို လက်ညှိုးထိုးပြပြီး နိုင်ငံတစ်ကာကရတဲ့  အကူအညီမှန်သမျှ ကိုယ်ကျိုးအတွက်ဖြတ်အုပ်ကြ တယ်။

ဒါကြောင့်ထင်ပါရဲ့။မဲဆောက်မှာ အတိုက်အခံအချင်းချင်း လမ်းမှာ၊စားဝိုင်းသောက်ဝိုင်းမှာဆုံမိကြရင် အတည်လိုလို အပြောင်အပြက်လို တော်လှန်ရေးအဓွန့်ရှည်စေရမည်ဆိုပြီး ကြွေးကြော်နေကြလေရဲ့ဗျာ။မှတ်မှတ်ရရ တော်လှန်ရေးအဓွန့်ရှည်ပါစေဆိုတဲ့ ကာတွန်းဆရာ ဟန်လေးရဲ့ ကာတွန်းတစ်ကွက်ကို ဧရာဝတီသတင်းစာမျက်နှာမှာတောင်တွေ့မိသေးဗျာ။

ဒါပေမဲ့ သူတို့ထင်သလိုတော်လှန်ရေး၊ အဓွန့်မရှည်ရှာပဲ ဗမာပြည်နိုင်ငံရေးဟာ ရုတ်ခြည်းဂငယ်ကွေ့၊ကွေ့ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် လည်းတက်ဟန်ပြရော ပြည်ပအတိုက်အခံတွေဟာ လမ်းပေါ်မှာလမ်းပျောက်သလို  ဖြစ်ကုန်ကြပြန်ရောဗျ။ အထူးသဖြင့် နိုင်ငံတစ်ကာ အလှူငွေတွေရဲ့လမ်းကြောင်းဟာ ပြည်တွင်းကို တိုက်ရိုက်စီးဝင်သွားတာကြောင့် ဆရာသမားများခမျာ ဒူးမထောက်လက်မမြှောက်ဆိုတဲ့ မဟာသံဓိဌာန်တွေကို လမ်းဘေးထိုးသွန်ပြီး ပြည်တွင်းဖက်ကို ခြေကုန်သုတ်ကြလေရဲ့။

။ပြည်တွင်းမှာ တိုက်ရိုက်အခြေစိုက်တဲ့ နိုင်ငံတစ် ကာအန်ဂျီအိုတွေလည်း ဗမာ့နည်းဗမာ့ဟန်တွေကို အတုခိုးလွဲလေရော့သလားမဆိုနိုင်ဘူး၊နဝတ၊နအဖလက်ထက် စစ်ဗိုလ်ချုပ်တွေရဲ့ နေအိမ် စံနန်းတော်ကြီးတွေကို စံချိန်သစ်တင်တဲ့အိမ်ငှားခတွေတနင့်တပိုးပေးငှားပြီး ဒုက္ခသည်နိုင်ငံစာရင်းဝင် ဗမာပြည်ကြီးကို မဟာ ဂရုဏာတော်တွေနဲ့ ကျန်းမာဖွံ့ဖြိုးအောင်ကူညီနေကြလေရဲ့။
အတိုက်အခံအုပ်စုထဲက ခတ်ထက်ထက်စာရင်းဝင်တဲ့ ပညာတတ်တချို့ကလည်းစစ်ဗိုလ်လူထွက်အုပ်စုတွေဆီက အခွင့်အရေး ကောင်း ကောင်းယူပြီး နိုင်ငံတော် အကြံပေးစာရင်းဝင်တွေ  ဖြစ်ကုန်ကြပြန်ရော။

ကျနော်သေချာပေါက်ပြောနိုင်တာကတော့ သူတို့ဟာ နိုင်ငံတစ်ကာတက္ကသိုလ်တွေက အဆင့်မြင့်ဘွဲ့တွေရပြီး ပညာတတ်ကြီးတွေ ဖြစ်နေပေမဲ့ တကယ့်လက်တွေ့စီးပွားရေးဘဝ၊ပြည်သူ့ဘဝ၊အောက်ခြေလူတန်းစားတွေအတွက်  အမှန်တစ်ကယ်အကျိုးရှိစေမဲ့ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းတွေကိုတော့၊နကန်းတစ်လုံးမှ နားလည်ပုံမရပါဘူး။သူတို့ဟာ နိုင်ငံတစ်ကာလုပ်ထုံးလုပ်နည်းတွေကို စာအုပ်ကြီး တွေ ထဲမှာသာ ဖတ်ဖူးကြပုံရပြီး ဗမာပြည်ရဲ့လက်တွေ့အခြေအနေနဲ့ အံဝင်ခွင်ကျဖြစ်အောင် ဆက်စပ်အကြံပေးနိုင်တဲ့သူတွေလို့တော့ ကျနော် မထင်မိဘူးဗျ။သူတို့သိနားလည်နေတာ၊အကြံပေးနေတာက နိုင်ငံခြားကိုအထင်ကြီးပြီး  ပုံတူကူးချင်တဲ့ စိတ်ကူးမျိုးတွေထက် မပိုပါဘူး။

 ကျနော့်စကားအစွန်းရောက်သွားတယ်လို့ ခင်ဗျားထင်ရင် အကြံပေးဆိုတာ ဘယ်လိုဟာတုန်းဆိုတဲ့ ကျနော့်ကိုယ်တွေ့အဖြစ် အပျက် လေးတစ်ခုကို ပြောပြချင်သေးတယ်ဗျာ။
(၂၀၀၁)ခုနှစ်ဝန်းကျင်လောက်ဖြစ်မယ်ဗျ။ကျနော့်မိတ်ဆွေကိုဇော်ဝင်းဦးကတစ်ဆင့် ဖားအံမြိုင်ကလေးဘိလပ်မြေစက်ရုံအမှတ်(၂) စက်ရုံသစ်ဖွင့်ပွဲအတွက် မဖြစ်မနေတက်ရောက်ဖို့ ဖိတ်စာတစ်စောင်ရောက်လာလို့ အလုပ်လည်းပါးနေတာနဲ့ ခွင်ကောင်းလေးများ ကြုံမလားဆိုပြီး သွားဖြစ်ခဲ့တယ်ဆိုပါတော့။

အဲ  ကျနော်ဆိုတဲ့ကောင်ကလည်း  နေရာတစ်ကာမှာ နောက်ခံဇာတ်လမ်းဟောင်းလေးတွေနဲ့ မမျှော်လင့်ပဲကြုံကြုံနေတတ်တာ ထုံးစံလိုဖြစ်နေပြီဗျ။ အဲဒီတစ်ခေါက်မှာလည်းကျနော်ဟာ (၁၉၈၈)ခုနှစ်ဆီက တပ်မ(၂၂)တပ်မမှူး အဖြစ်သိကျွမ်းခဲ့တဲ့ ဗိုလ်မှူးကြီးတင်လှကို ဒုတိယဗိုလ်ချုပ်ကြီးတင်လှအဖြစ်  ပြန်ဆုံရပြန်သေးဗျာ။ထူးဆန်းတာကတော့ ကျနော်ဟာ အဲဒီပုဂ္ဂိုလ်ကြီး စင်ပေါ်ရောက်လာတဲ့ အခမ်းအနားနဲ့  စင်ပေါ်ကဆင်းတဲ့  အခမ်းအနားနှစ်ခုစလုံးကို  တက်ရောက်မိနေတဲ့ကိစ္စဗျ။

ဟုတ်တယ်။ဘုရင့်နောင်ဈေးစီမံကိန်း၊ပထမဆုံးအကြိမ်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးဟာ ဗိုလ်မှူးကြီးတင်လှ လူရာစဝင်တဲ့ အစည်း အဝေးပဲ။မြို့ပြစီမံကိန်းတွေအကြောင်းလည်း နကန်းတစ်လုံးမှ သိသေးပုံမရဘူး။ဒါပေမဲ့ဗျာ။ စစ်အစိုးရဆယ်နှစ်ကျော်ဝန်းကျင်သက်တမ်း မှာ ကိုယ့်လူရာထူးအတက်မြန်ပုံများ ဒုတိယဝန်ကြီးချုပ်၊ဒုတိယဗိုလ်ချုပ်ကြီးတောင် တက်ဖြစ်ခဲ့သေးဗျာ။မြိုင်ကလေးဘိလပ်မြေစက်ရုံ ဟာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)က ဂျပန်နိုင်ငံရဲ့ချေးငွေနဲ့ တည်ဆောက်တာမို့ စက်ရုံဖွင့်ပွဲကို MEC အကြီးအကဲအနေနဲ့ အဖွင့် မိန့်ခွန်းလာပြောတာပေါ့ဗျာ။ဒါပေမဲ့လာဘ်ပေးလာဘ်ယူဇာတ်ရှုပ်တွေကြောင့် အခမ်းအနားမစခင်မှာပဲ ဗိုလ်ချုပ်ကြီးတင်လှပြုတ်တော့ မယ်ဆိုတဲ့ အသံတွေအပြင်မှာ ထွက်နေပါပြီ။

တိုတိုပြောရရင် အဲဒီစက်ရုံဖွင့်ပွဲအခမ်းအနားမစခင်နာရီဝက်လောက်အလိုကျမှ စစ်ရဟတ် ယာဉ်တစ်စီးနဲ့ ရောက်ချလာတဲ့  ဗိုလ်ချုပ်ကြီးတင်လှဟာ အသင့်ရေးယူလာတဲ့ မိန့်ခွန်းတစ်ခုကို အင်္ဂလိပ်လိုဖတ်ပြတယ်။ မျက်နှာ ကတော့ သိပ်မသာလှဘူး။ပြီးတော့ ဧည့်သည်တော်တွေရဲ့ရှေ့မှာပဲ ဘိလပ်မြေစက်ရုံအသစ်စတင်လည်ပတ်တာကို ရှင်းလင်းပြသ တယ်ဆိုပါတော့။

ဂျပန်အကူအညီနဲ့ဆောက်လို့ထင်ပါရဲ့။စက်ရုံဟာကြီးကျယ်ခမ်းနားပြီး ခေတ်မီစက်ကိရိယာ၊နည်းစံနစ်အသစ်တွေနဲ့ တည်ဆောက်ထားတာတော့အမှန်ပဲဗျာ။ စက်ရုံနဲ့ကပ်လျက်မှာ အနှစ်လေးငါးဆယ် ကုန်ကြမ်းအတွက်မပူရတဲ့ ထုံးကျောက်တောင်ကြီး တွေကလည်း မိုးထိအောင်ဟီးလို့။
အမှန်တော့ ကျနော်အပါအဝင် ဧည့်သည်တော်အများစုဟာ သူတို့ဖိတ်လို့သာလာရတာ ဒီဘိလပ်မြေစက်ရုံနဲ့ပတ်သက်ပြီးဘာလုပ်ရမယ်၊ ဘယ်လိုအကျိုးအမြတ်ရှိမယ်ဆိုတာ တစ်ယောက်မှသိပုံမပေါ်ဘူးဗျ။

ဒါနဲ့စက်ရုံလည်ပတ်ပုံကို ရှင်းပြအပြီးမှာ အထူးအစည်းအဝေးခမ်းမကြီးထဲထပ်ခေါ်သွားကြပြန်ပြီး ဒီစက်ရုံကြီးကနေ ကြံ့တံဆိပ်ဘိလပ်မြေ တွေ တစ်နေ့ဘယ်နှစ်တန်နှုန်း သုံးမကုန်ဖြုံးမကုန်၊ဈေးနှုန်းသက်သာစွာနဲ့  ထုတ်ပေးတော့မှာဖြစ်ကြောင်း၊ဒါကြောင့် အဲဒီဘိလပ်မြေတွေ ကို ဖြန့်ဖြူးပေးမဲ့ ရန်ကုန်မြို့အပါအဝင် မြို့ကြီးအသီးသီးကို သယ်ယူပို့ဆောင်ပေးနိုင်ဖို့အတွက် ပူးပေါင်းပါဝင်ကူညီကြစေလိုကြောင်း စက်ရုံညွန်ကြားရေးမှူးက ထရှင်းတော့မှ ကျနော်တို့လည်း.. သြော် လက်စသတ်တော့ ငါတို့ဆီက ဆယ့်နှစ်ဘီးကားတွေ ငှား ချင်တာကိုးလို့ သဘောပေါက်ကုန်ကြသဗျ။

ဒီမှာတင် ဧည့်သည်တော်ခရိုနီများကလည်း ရောက်တုန်းရောက်ခိုက် ခွင်တစ်ခုရလည်း မနည်းဘူးဆိုပြီး ဘယ်ကုမ္ပဏီက တစ်နေ့ကို ကားဘယ်နှစ်စီး ဘိလပ်မြေဘယ်နှစ်တန်တာဝန်ယူပို့ဆောင်ပေးနိုင်ကြောင်း ၊တစ်တန်ဘယ် ဈေး၊ တစ်အိတ်ဘယ်ဈေးဆိုပြီး၊ကိုယ့်ဝေစုလေးလက်မလွတ်အောင်  ဈေးညှိကြပါလေရောဗျ။

အဲ၊အဲဒီအချိန်၊ကျနော်တို့အစည်းအဝေးခန်းမထဲမှာ ကျနော်တို့နဲ့ တစ်ချိန်လုံးအနီးကပ်ရှိနေပြီး ကျနော်တို့ပြောဆို လုပ်ကိုင်နေပုံတွေကို အသေးစိတ်လေ့လာအကဲခတ်နေတဲ့ ဂျပန်ကုမ္ပဏီရဲ့လုပ်ငန်းအထူးအကြံပေး၊အသက်သုံးဆယ်ကျော်ဝန်းကျင် ဆွစ်ဇာလန်နိုင်ငံသား တစ်ယောက်ကိုဘယ်သူမှ သတိပြုမိကြပုံမရဘူးဗျာ။

ဒါပေမဲ့ ထုံးစံအတိုင်း ကျနော်က ဟိုစပ်စပ်ဒီစပ်စပ်ကောင်ဆိုတော့ ဒီလူက သူနားမရှင်းတဲ့ကိစ္စတွေကို တစ်ချက်တစ်ချက်  ကျနော့်အနားကပ်ပြီး မေးမေးနေတော့ ကျနော်သူ့ကို သတိထားမိလာတယ်။ စကားမစပ်၊ သူ့ရုပ်ရည်က ကမ္ဘာကျော်ဟော်လီးဝုဒ်ဖိုက်တင်မင်းသားဗန်ဒိန်းနဲ့ အတော့်ကိုဆင်သဗျ။

ဒါကြောင့်ကျနော်ကသူ့ကို မစ္စတာဗန်ဒိန်းလို့ ပဲခေါ်တော့ သူကအတော်သဘောကျနေလေရဲ့။သူ့မေးခွန်းထဲမှာ ဒီလောက်ထုတ်လုပ်မှုနှုန်းမြန်နေတဲ့ စက်ရုံတစ်ခုက၊ ဒီဘိလပ်မြေ အိတ်တွေ ရန်ကုန်မြို့အရောက် ဘယ်လမ်းကြောင်းကို အဓိကထားပြီး ဘယ်လိုသယ်ကြမှာတုန်းဆိုတော့ ကျနော်လည်း ဒီလူ ဆယ့်နှစ်ဘီး ကားတစ်စီး ဘိလပ်မြေတန်လေးဆယ်ဆန့်တယ် ဆိုတာလောက်တောင် မသိဘူးထင်ပါရဲ့ဆိုတဲ့အတွေးနဲ့ ..၊တစ်စီးကို တန်လေးဆယ် တင်နိုင်တဲ့ ဆယ့်နှစ်ဘီးကား အစီးရာချီပြီး ပို့ဆောင်ကြမဲ့အကြောင်း၊ တန်နှစ်ဆယ်ဆန့်တဲ့ကားတွေလည်း သုံးမဲ့အကြောင်းရှင်းပြတော့ ဗန်ဒိန်းဟာ ခပ်တွေတွေဖြစ်သွားသဗျ။တစ်ဆက်တည်းဆိုသလို လေသံအေးလေးနဲ့ ကျနော်တို့ကို မေးခွန်းတွေပြန်မေးလေရဲ့။

နေပါဦးဗျ။ခင်ဗျားတို့မြိုင်ကလေးကနေ ရန်ကုန်မြို့အထိ မြစ်ကူးတံတားဘယ်နှစ်စင်းကို ဖြတ်ကျော်ရမယ်ဆိုတာသိသလား၊အဲဒီတံတား တွေရဲ့ကြံ့ခိုင်မှုကို သေချာစစ်ဆေးပြီးပြီလား။တန်လေးဆယ်တင်နိုင်တဲ့ ဆယ့်နှစ်ဘီးကားတွေ နေ့စဉ်အစီးရေ ရာချီပြီးဖြတ်သန်းနိုင် တယ်ဆိုတာ  သေချာသလားတဲ့။ဒီမှာတင် ကျနော်အပါအဝင် ဧည့်သည်တော်ကြီးတွေ ပါးစပ်အဟောင်းသားနဲ့ မြွေပေါက်ခံရသလိုဖြစ် ကုန်တော့တာပဲဗျာ။ဒီမှာတင် ကျနော်တို့အထဲက၊နည်းနည်းလူရည်လည်ပုံရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကထပြီး ရေလမ်းခရီးက သယ်တဲ့ နည်းတွေလည်း အများ ကြီးပါဗျာဆိုပြီး  ထလုပ်ပြန်ရောဗျ။

 ဗန်ဒိန်းကတော့ခပ်အေးအေးပဲ ဒီလူ့ကိုမေးခွန်းပြန်ထုတ်တယ်။စက်ရုံကနေ ဆိပ်ကမ်းအရောက်၊ ဆိပ်ကမ်းအဆင့်ဆင့် အတင်အချစားရိတ်တွေ သေချာတွက်ကြည့်ပြီးပြီလား။ပြည်တွင်းသင်္ဘောလိုင်းတွေမှာ လမ်းခရီးတစ်လျှောက် ရာသီဥတုအပါအဝင်၊မတော်တဆ ပျက်စီးဆုံးရှုံးမှုတွေအတွက် ကြိုတင်ကာကွယ်နိုင်တဲ့၊ဗမာပြည်အာမခံစံနစ် ဘယ်လိုရှိသလဲ။ ဆိပ်ကမ်းတွေရဲ့ ရေစူးအနက်ကို တိတိကျကျ သိသလားဆိုတဲ့ ထောက်ကွက်မေးခွန်းတွေလည်းဝင်လာရော အကုန်ပက်လက်လန်ကုန်ကြရောဆိုပါတော့။

 နိဂုံး ချုပ်ရရင် ဗန်ဒိန်းက ကျနော်တို့ကို… ခင်ဗျားတို့တွေးနေသလို ဒီကိစ္စဟာ လွယ်လွယ်မဟုတ် ပါဘူး။ထိုက်တန်တဲ့ သယ်ယူပို့ဆောင်စားရိတ် ရရင် နိုင်ငံတစ်ကာကုမ္ပဏီတွေကတာဝန်ယူပြီး ပို့ဆောင်ပေးနိုင်ကြပါတယ်။ ဒါပေမဲ့ခင်ဗျားတို့နိုင်ငံမှာ ဘာမှအဆင်သင့် မရှိသေးတာကို သတိပြုစေချင်တယ်။အခုတည်ဆောက်ထားတဲ့ မြစ်ကူးတံတားတွေဟာ တန်ချိန်လေးဆယ် တင်ဆောင်ထားတဲ့ ကားအစီးရေရာချီပြီး နေ့စဉ်ဖြတ်ကျော်နေတာကို ကာလရှည်ကြာ  ခံနိုင်ရည်မရှိပါဘူး။ဒီတော့ ခင်ဗျားတို့ ဒီအခက်အခဲကိုဖြေရှင်းဖို့  နည်းလမ်းတစ်ခုသာရှိပါတယ်။

အဲဒီနည်းလမ်းကတော့ တန်လေး ဆယ်၊တန်နှစ်ဆယ်သယ်နိုင်တဲ့ ကားကြီးတွေနဲ့ မြစ်ကူးတံတားတွေထိပ်အထိသယ်။ အဲဒီကနေ တံတားကိုဖြတ်ကျော်ဖို့၊ ဆယ်တန် ထက်မပိုတဲ့ ကားလေးတွေနဲ့ တံတားဟိုဖက်ထိပ်၊ဒီဖက်ထိပ်ကို သယ်ရမယ်၊ပြီးမှ တန်လေးဆယ် တန်နှစ်ဆယ်ဆန့်တဲ့ ကားကြီး တွေပေါ်ပြန်တင်၊နောက်ထပ် မြစ်ကူးတံတားကြီးတစ်စင်း ထပ်တွေ့ရင် ဒီနည်းအတိုင်းထပ်လုပ်၊ ဒီတစ်နည်းပဲ နောက်ဆုံးနည်းလမ်းရှိ တယ်ဆိုပြီး အသေးစိတ်ရှင်းပြခဲ့သဗျာ။

အံ့သြကုန်နိုင်ဖွယ် သူ့ကြိုတင်တွေးဆချက်ဟာ သွေးထွက်အောင်မှန်တဲ့အဆင့်ကျော်ပြီး  အသက်ပါထွက်ကုန်အောင် မှန်လွန်းနေခဲ့ပါ တော့တယ်။

(ဆက်လက်ဖော်ပြပါမည်)

ဓာတ်ပုံ။ ။ကျော်ကျော်ဝင်း။

↧
Viewing all 346 articles
Browse latest View live