Quantcast
Channel: .
Viewing all 346 articles
Browse latest View live
↧

စစ်တုရင်စားပွဲမှာကျားထိုင်ထိုးနေကြသူများ။

$
0
0

ယနေ့ထုတ်၊သည်လေးဒီးစ် အပတ်စဉ်ဂျာနယ်။ ။

စစ်တုရင်စားပွဲမှာကျားထိုင်ထိုးနေကြသူများ။

(မင်းဒင်)

(၁)
လမ်းဘေးကျားနှင့်စစ်တုရင်
ကျနော့်ငယ်ဘဝသည် တစ်ခုသောဈေးကြီး၏ဝန်းကျင်တွင်၊နှစ်ကာလအတန်ကြာဖြတ်သန်းခဲ့ရာ၊ထိုဈေးကြီးရှေ့၊ဆိုက်ကားဂိတ်မှ ဆိုက်ကားသမားများ၏ လမ်းဘေးကျားဝိုင်းသည် ကျနော့်စိတ်တွင်မှတ်မှတ်ထင်ထင်ရှိနေခဲ့သည်။

သူတို့ကျားကစားကြသော ကျားကွက် သည် မြေကြီးပေါ်တွင် တွေ့ရာအုတ်နီခဲဖြင့်ရေးခြစ်ထားသော ဘုရားစူးစေ့ကျားကွက်ဖြစ်၍ကျားသီး(ကျားကောင်)၊အဖြစ်အသုံးပြုသည့် အရာများမှာလည်း အရောင်မတူသည့်ကျောက်ခဲအပိုင်းအစများသာဖြစ်၏။

စနစ်တကျစီမံဖန်တီးထားသော ကျားကွက်၊ကျားကောင်တို့ ကို ထိုဆိုက်ကားဂိတ်ကျားဝိုင်းများတွင် မတွေ့မိသလောက်ရှားပါးသည်။
အပျော်သဘောထိုးကြသည်။အလောင်းအစားကြေးထိုးကြသည်။

ဆဲဆို၊ငြင်းခုန်ကြ၊ဘေးမှဝင်ပြောကြ၊ခိုက်ရန်ဖြစ်ပွားကြသည်ကိုလည်း တွေ့ရမြဲဖြစ်သည်။
ကျနော်အလယ်တန်းကျောင်းသားဘဝအရောက်တွင် စစ်တုရင်ဟူသော ကစားနည်းကို စတင်သိရှိကာကျောင်းတွင်းပြိုင်ပွဲများမှ တစ်ဆင့်ရင်းနှီးကျွမ်းဝင်ခဲ့ပြန်သည်။

ထိုခေတ်ထိုအခါက နာမည်ကျော်စစ်တုရင်ချန်ပီယံများဖြစ်ကြသည့် ဘော်ဖီဖစ်ရှာ၊စပတ်စကီနှင့် အနာတိုလီကားပေါ့စသော ကမ္ဘာကျော်စစ်တုရင်ပညာရှင်များကိုလည်း ရင်းနှီးလာခဲ့သည်။

(၂)
စစ်တုရင်နှင့်ကျားကစားနည်းနှစ်ခုစလုံးတွင် အသုံးပြုသော ဇယားကွက်မှာပုံစံတူသော်ငြား ကစားနည်းကစားဟန်၊ အရုပ်အမျိုးအစား၊ စဉ်းစား ဆင်ခြင်တွေးခေါ်ပုံများမှာ အလွန်ခြားနားလှ၏။စစ်တုရင်ကစားသည့်ပုံစံဇယားကွက်သည် အနိမ့်ဆုံးစက္ကူထူထူတစ်ချပ်ဖြင့် ဖန်တီးကြရသည်။

လူကြီးလူကောင်းဆန်ဆန်၊တိတ်ဆိတ်စွာစဉ်းစားခန်းဝင်၍ပြိုင်ဘက်၏အခြေအနေကို သေချာ ထည့်သွင်းစဉ်းစားရ၏။ ဘက်ပေါင်းစုံမှ တွက်ချက်တွေးတောကာ၊အဆင့်မြင့်မြင့်စဉ်းစားရလေ့ရှိသည်။အတိုချုပ်ဆိုရလျှင် စစ်တုရင်ကစားဝိုင်းသည် ကျားဝိုင်း ထက် အဆင့်မြင့်၍ လူကြီးလူကောင်းဆန်စွာကစားရသည့်နည်းဟု ကျနော်ဆိုချင်သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်နှင့်  ယင်းခေတ်အလွန် နဝတ၊နအဖခေတ်အဆက်ဆက်တွင် နိုင်ငံအရေးအရာကို စီမံအုပ်ချုပ် ကွပ် ကဲမှုမှန်သမျှသည် ဈေးကြီးတစ်ခု၏အနီးဆိုက်ကားဂိတ်မှ ဆိုက်ကားဆရာတို့၏ လမ်းဘေးကျားဝိုင်းကို သတိရစရာကောင်းပါသည်။

 တံခါးပိတ်ဝါဒ၊နိုင်ငံတစ်ကာနှင့် အဆက် အသွယ်ဖြတ်ကာ၊ ကိုယ့်မင်းကိုယ့်ချင်း ထင်ရာစိုင်းခဲ့ကြသည်ချည်းဖြစ်၏။

ယင်း၏နောက်ဆက် တွဲအကျိုးရလာဒ်အဖြစ် တိုင်းပြည်မှာမွဲတေပြာကျ၊ကုန်းကောက်စရာမရှိသည့် အခြေ၊ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းသို့ထိုးဆင်း သွားခဲ့သည်။

(၃)
၂၀၁၀ခုနှစ်မှ စတင်ကာ မြန်မာ့နိုင်ငံရေးအကူးအပြောင်းသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ဦးတည်လျှောက်လှမ်းလာသော အဆစ် အချိုးအကွေ့တစ်ခုသို့ရောက်လာသည်။ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ပေါ်လာ၏။လွှတ်တော်အဆင့်ဆင့်ရှိလာသည်။ရွေးကောက်ပွဲ၊ လွှတ်တော်တွင်းအခြေအတင်ဆွေးနွေးပွဲတွေမြင်လာတွေ့လာရသည်။

အဆိုပါနိုင်ငံရေးအခင်းအကျင်းအသစ်တွင် မည်သည့်ပါတီ၊မည်သို့သောပုဂ္ဂိုလ်များ၊မည်သည့်နည်းတို့ဖြင့် နေရာအများစုရလာကြ သည်ကို အများသိပြီးဖြစ်၍ အကျယ်မချဲ့လိုတော့ပြီ။စာရေးသူဆိုချင်သည့်အချက်မှာ အဆိုပါပုဂ္ဂိုလ်တို့၏ စဉ်းစားတွေးခေါ်ပုံ၊ ခံယူချက်၊ နှင့်တိုင်းပြည်အပေါ်ထားရှိသည့်စေတနာတို့ကို ဆောကြောလိုရင်းဖြစ်၏။

အတိတ်ကာလတွင်မည်သို့သော လွဲမှားမှုများကို ကြုံတွေ့ခဲ့ရသည်ဖြစ်စေ၊ချွတ်ခြုံကျနေသောဗမာပြည်ကြီးကို ပြန်လည်တည့်မတ်၊ စည်ပင်ဖွံ့ဖြိုးလာစေရန် အားသွန်ခွန်စိုက်ဇောင်းပေးရုန်းကန်ရမည့်ကာလဖြစ်သည်ကား သေချာလှသောအချက်ဖြစ်၏။

ကမ္ဘာ့နိုင်ငံ အသီးသီးနှင့်မိတ်ဖက်အဖြစ်ပြန်လည်ဆက်ဆံနေရချိန်တွင် နိုင်ငံ့အရေးကိုဦးဆောင်ဦးရွက်ပြုနေကြသည့် အဆင့်အသီးသီးမှ ပုဂ္ဂိုလ် များအနေဖြင့် မျက်စိကြီးနားကြီးအမြင်ကျယ်ကျယ်ရှိကြဖို့လိုအပ်နေချိန်ဖြစ်သည်။

အာရှပစိဖိတ်၏စစ်အင်အားချိန်ခွင်ညှာ၊ကမ္ဘာစီးပွားရေးလမ်းကြောင်း ပြောင်းလဲနေမှု၊ပထဝီနိုင်ငံရေး၊ဘာသာရေး၊လူမှုရေးအင်အားစု အသစ်များအတွေးအခေါ်အသစ်များ၊အစရှိသည်တို့သည် ယခင်ကာလများနှင့် မိုးနှင့်မြေပမာနက်ရှိုင်းစွာ၊ကွာခြားလာခဲ့ရာ လေ့လာစူး စမ်းဆင်ခြင်ဖွယ်ရာတို့ကား များမြောင်လှ၏။

(၄)
၂၀၁၀ပြည့်လွန်နှစ်၊ဗမာ့နိုင်ငံရေးသည် စစ်တုရင်ကစားဝိုင်းနှင့် အလားတူနေသည်ဟု ကျနော်ထင်သည်။ဆင်ခြင်တုံတရားကြီးမားရန်လိုအပ်သည့် ကာလဖြစ်၏။သို့သော် လက်ရှိနိုင်ငံရေးအကူးအပြောင်းတွင် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေရန်မောင်းနှင်ပေးကြရမည့်တာဝန်ရှိပုဂ္ဂိုလ် တို့၏ အတွေးအမြင်နှင့်လုပ်နည်းလုပ်ဟန်တို့သည် ကမ္ဘာကြီးနှင့်မျက်ခြေမပြတ်စကောင်းချေ။

သို့သော် မြင်နေတွေ့နေရသည်မှာ ခေတ်ဟောင်းဆီမှ ကိုယ်ကျိုးရှာအုပ်စုဖွဲ့၊အာဏာရရေးဘက်ကိုသာ စိုက်လိုက်မတ် တတ်ခရီးနှင်နေဆဲပင်ဖြစ်နေလေသည်။

၂၀၀၈ဖွဲ့စည်းပုံသည် မည်သို့သောဥပဒေဖြစ်သည်ကို အကျယ်တဝင့်ရှင်းရန်မလိုပဲ၊ကာယကံရှင်များ၊ အနိုင်ရပါတီများ၊ပြည်သူအများ၊ သိပြီးကိစ္စရပ်များ သာဖြစ်၏။ ဤဥပဒေကြီး၊ဤအကျင့်စရိုက်၊ဤခံယူချက်တို့ဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  နိုင်ငံတစ်ကာ ကိုထိုးဖောက် ယှဉ်ပြိုင်ကာ၊လက်ရည်တူကစားကွက်များဖန်တီးနိုင်မည်မဟုတ်ချေ။

တိုင်းပြည်ပြန်လည်ထူထောင်ရေးသည် ခက်ခဲလှပါသည်။ထိုတာ ဝန်ကိုဆောင်ရွက်နေကြသူများသည် ဥဇုကိုယ်ရောစိတ်ပါဖြောင့်မတ်ခြင်းရှိရန်ဖြင့်လိုအပ်လှပါသည်။

နိုင်ငံတော်သမ္မတ၊လွှတ်တော်အဆင့်ဆင့်၊ဌာနဆိုင်ရာအသီးသီးသည် ခေတ်သစ်ဆီသို့ချီသည်သာဆိုနေကြလေငြား ဖြောင့်မတ်သော ကိုယ်ကျင့်တရားဖြင့် တိုင်းပြည်နှင့်လူအများအကျိုးစီးပွားအတွက်မူ လုံ့လထုတ်ရန်မေ့လျော့နေကြဆဲပင်ဖြစ်လေသည်။တိကျခိုင်မာသော မူဝါဒမရှိ၊လေးနက်တည်ငြိမ်သော တွေးခေါ်မျှော်မြင်မှုကင်းမဲ့နေသည်ကို စိတ်အပျက်ကြီးပျက်ဖွယ်တွေ့မြင်နေရပြန်သည်။

 (၅)
လက်ရှိအခြေအနေအရ ဗမာပြည်သည် ဆူးကြားမှဘူးခါးဖြစ်၏။ရှေ့မတိုးနောက်မဆုတ်သာအနေအထားဖြစ်သည်။မကြာမီ ရွေးကောက် ပွဲအသစ်တစ်ခုကို ကြုံတွေ့ကြရတော့မည့်ကာလဖြစ်၏။ ယင်းသမယတွင် တိုင်းပြည်ကောင်းစားရေးထက် မိမိပါတီအာဏာမြဲရေး၊ အုပ်စု ဖွဲ့ထင်တိုင်းကြဲနိုင်ရေးစသည့် ဘယ်သူသေသေ၊မာချင်သည့်ငတေများဇောင်းကြွနေဆဲရှိသည်မှာ အံ့သြဘနန်းကြီးစွာဖြစ်ရသော ကိစ္စရပ် ဖြစ်၏။

လောဘမောဟမာန်မာနတရားဟူသည် အတိုင်းအတာတစ်ခုအထိ ပုထုဇဉ်တိုင်းမကင်းနိုင်လင့်ကစား ခေတ်အဆက်ဆက်ရွှေပုံပေါ်တွင် ထိုင်မြဲထိုင်လျက်နေခဲ့ကြသော အခွင့်ထူးခံလူတန်းစားတစ်ရပ်အနေဖြင့်မူ အသိဥာဏ်ဝင်သင့်ပြီဟုတော့ ထင်သည်။

ကျော်လွန်ဖြတ်သန်းခဲ့သောကာလများတွင်၊မည်သို့ပင်ရှိခဲ့စေကာမူ၊နားလည်ခွင့်လွှတ်နိုင်သော်ငြား ယခုကဲ့သို့ ဘက်ပေါင်းစုံမှချွတ်ခြုံ ကျနေသည့် နိုင်ငံကို ပြန်လည် ထူထောင်ကြရမည့်အခါသမယတွင် နိုင်ရာစားအုပ်စုဖွဲ့ ထင်ရာစိုင်း ။မသမာနည်းမျိုးစုံသုံး၊ ဘာသာ ရေးလူမျိုးရေးပဋိပက္ခများဖန်တီးကာ အောက်လမ်းနည်းမျိုးစုံကို ဆက်သုံးနေကြပါမူ မကြာမတင်သောအချိန်၊တစ်ခုသော ကာလတွင် လမ်းကျဉ်းတစ်ခုသို့ ရောက်လျက် မလိုလားအပ်သောနောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာမည်ကို စာရေးသူ တွေးပူသည်။

“ဗမာတွေစိတ်ထက်သလေး၊ဘာလေးနဲ့၊အဲဒီစိတ်ဓာတ်တွေကို တိုင်းပြည်ပြန်လည်ထူထောင်တဲ့နေရာမှာ အသုံးမချချင်ကြဘူး၊ဗမာအချင်း ချင်းပြန်ချတဲ့နေရာမယ်သုံးချင်ကြတယ်။တလွဲဆံပင်ကောင်းနေတာနဲ့အတူတူပဲ”ဟူသော ဗိုလ်ချုပ်၏မိန့်ခွန်းကိုကြားယောင်သည်။

(၆)
လက်ရှိနိုင်ငံရေးယန္တယားတွင်အဓိကနေရာမှ မောင်းနှင်နေသူများမှာခေတ်ဟောင်းလက်ကျန်ပုဂ္ဂိုလ်များသာဖြစ်ပါသည်။ သူတို့သည် မြန်မာလူ ထုအားမြောက်ကိုးရီးယားလူထုကဲ့သို့ ထင်မှတ်နေကြဆဲဖြစ်ဟန်ရှိသည်။အဆိုပါအမြင်သည်တက်တက်စင် အောင်လွဲမှား နေပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်စကားတစ်ခွန်းကို သတိရမိသည်။

“အာဏာရှင်ဟာပြည်သူကို နိုင်ငံရေးနား မလည်စေချင်ဘူး။ ပြည်သူ နားမလည်မှ အုပ်ချုပ်လို့ကောင်းတယ်လို့သူတို့ဒီလိုပဲမှတ်ကြတယ်”။တိုတိုပြတ်ပြတ်ဆိုရလျှင် မြန်မာပြည်သူ တွေ ဤမျှညံ့ဖျင်းကြသည် ဟုထင်မြင်လျှင် ထိုသူတို့သာမှားယွင်းနေသည်မှာသေချာလှ၏။

ခေတ်ဆွေးကိုဖက်တွယ်ထားလိုကြများမှာသီတဂူဆရာတော်ကြီး ဟောပြောဆုံးမ သကဲ့သို့ လူမိုက်တို့်သည်ကား နည်းအမှားကြီးကိုသာ တန်ဖိုးထားလျက်ပင်ရှိချေသေး၏။

မိမိတန်ဖိုးထားရုံမျှဖြင့် အားမရသေး ။ ပြည်သူအများကိုလည်း သံယောင်လိုက်စေချင်ပုံဖြင့် နှပ်ကြောင်းပေး ၀ါဒဖြန့်ချေသေး၏။ ငါနဲ့မတူ ငါ့ရန်သူ ဟူသောမူမှ တစ်ဖ၀ါးမှ မခွာသေးပဲ လူအမျိုးမျိုး ၊ မူအသွယ်သွယ်ဖြင့် အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေးအာဏာကို တလွဲသုံးကာ အာဏာရှင် အစဉ်အဆက် အသက်ဆက်နိုင်ရေးကိုသာအားထုတ်လျှက်ရှိ၏ ။

 အများစုသောပြည်သူတို့ကမူ အရာရာတိုင်းသော ကိစ္စရပ်များကို လက်ရှိအာဏာရ ပုဂ္ဂိုလ်တို့ ဘယ်သို့ ဖြေရှင်းသည် ၊ ဘယ်ပုံဆွေးနွေးသည် ၊ ဘယ်လိုဆုံးဖြတ်ချက်များဖြင့် တုံ့ပြန်လေသည် ကို ရိပ်စားနားလည်နေကြလေပြီ။

( ၇ )
ငြင်းမရနိုင်သော အမှန်တရားများမှာအာဏာရှင်လက်ဟောင်းလက်သစ်တို့ မည်သို့ပင် ကျားကုတ်ကျားကန် ပါးစပ်မှ အမြုပ်တစီစီထွက်အောင်ပြောလိုသည်ဖြစ်စေဦးတော့ ငြင်းဆန်၍ မရသော အမှန်တရားသည်ကား ဆင်းရဲသားတိုင်းသူပြည်သားတို့၏ အခြေအနေမှာဖွတ်သထက်ညစ်လာခြင်းပင်ဖြစ်၏ ။

 ပြီးခဲ့သော သုံးနှစ်ကာလမှစ၍၊ ပြန်လည်မီးတောက်လာခဲ့သော ပြည်တွင်းစစ်ပွဲများ ၊ တိုးပွားလာသည့် စစ်ပြေးဒုက္ခသည်နှင့် ဆင်းရဲခြင်းပင်လယ် အသစ်များသည် လက်ရှိအာဏာရ ခေါင်းဆောင်များ၏ ပရမ်းပတာကျား ကွက်များကိုညွှန်းဆိုနေသကဲ့သို့ရှိ၏ ။

ကာလကြာရှည်စွာ ငြိမ်းငြိမ်းချမ်းချမ်း အတူတကွနေလာခဲ့ကြသော လူမျိုးစုနှင့်ဘာသာကွဲများ အကြားပြင်းထန်လာခဲ့သည့် ပဋိပက္ခကိုလည်း မငြိမ်းသတ်နိုင်သည့်အပြင် မီးထိုးပေးနေသကဲ့သို့သော သံသယ၀င်ဖွယ်ရာများကလည်း နိုင်ဖွယ်မရှိသော ကျားခုံကိုခြေဖြင့်ကန်သည့် သူမိုက်သူရူးပမာ အန္တရာယ်များစွာကို လက်ယပ်ခေါ်လျက်ရှိသည် ။

ယနေ့ကာလ အိမ်နီးချင်းနိုင်ငံများ၏ ခေါင်းဆောင်များနှင့် လက်ရှိမြန်မာ့ အာဏာရဦးစီးခေါင်းဆောင်တို့ကို နှိုင်းယှဉ်ရပါမူကား စစ်တုရင်ဂရင်း မာစတာ နှင့် လက်သင်ကျားထိုးသူကဲ့သို့ အကွာကြီးကွာလျက်ရှိနေသည် ။

( Infrasturcture ) ဟုခေါ်သော တိုင်းပြည်၏အခြေခံ အဆောက်အဦများကို သေချာကျနစွာ စီမံဆောင်ရွက်နိုင်ခြင်းမရှိဘဲ ကမ္ဘာလှည့်၍ တောင်းရမ်းတတ်သည်ကို ဂုဏ်တင်၍ လက်ခုပ်သြဘာသံတောင့်တနေသူက အကြီးအမှူးပြုလုပ်နေသော၊ လက်ရှိအစိုးရထံမှ မည်သို့သော တိုးတက်မှုမျိုးကိုမျှော်မှန်းနိုင်ပါအံ့နည်း ။ ကျောက်ကို ကြိတ်၍ ဆီညှစ်ဘိသကဲ့သို့ တိုင်းပြည်ဖွတ်ဖွတ်ညက်ညက် သာကျေမည်၊ အရည်အသွေးမြင့်သောအစိုးရတစ်ရပ်မျိုးကို၊မည်သို့လျှင်ရနိုင်ပါအံ့နည်း။

ထိုသို့လျှင် လက်ရှိဗမာပြည်နိုင်ငံရေးအခင်းအကျင်းကိုလှမ်းမျှော်စေ့ငုမိလေတိုင်း စစ်တုရင်စားပွဲဝိုင်းမှာ ကျားထိုင်ထိုးနေကြသူများကိုသာ ကျနော်သတိရမိတော့သည်။
↧

မင်းဒင်ရဲ့သက်ခိုင်(၂) ရသလုံးချင်းဝတ္ထုရှည်စဆုံး။ ။

$
0
0

ဆဲဗင်းဒေး အပတ်စဉ်ဂျာနယ်တွင် အခန်းဆက်အဖြစ်တစ်နှစ်ကျော် ဖော်ပြခဲ့သည့်.... ။

မင်းဒင်ရဲ့သက်ခိုင်(၂) ရသလုံးချင်းဝတ္ထုရှည်စဆုံး။ ။

"သက်ခိုင့်ဘဝ စုံတောမြိုင်"

၂၀၁၄ သြဂုတ်လ တတိယပတ်တွင် ထွက်ရှိလာပါမည်။

မြန်မာတစ်ပြည်လုံးဖြန့်ချိရေး။ ။ သက်ခိုင်စာပေ။

ဒီဇိုင်းအပြင်အဆင်။ ။သီဟမောင်မောင်။ ။
↧
↧

ဆြာဒင်စီရင်အပ်သော၊ကြပ်ပြေးရာဇဝင်တော်ကြီး။

$
0
0

ဆြာဒင်စီရင်အပ်သော၊ကြပ်ပြေးရာဇဝင်တော်ကြီး။

 (မင်းဒင်)

(ကျမ်းဦးစကား)
မင်းဆက်မင်းစဉ်အကြောင်းအရာများကို ရာဇဝင်ဟုခေါ်သည်။ရာဇဝင်ဟူသောစကားသည် “ပင်စည်ညွန့်ညှောက်၊မင်းရိုးပေါက်လည်း၊ လှဲဖောက်မထင်၊ရာဇဝင်ဖြင့်”(ဘုံခန်းပျို့)ဟူသောစကားအတိုင်း၊၊အနွယ်တော်အဆက်အမျိုးအရိုးမပျက်၊အင်အားကောင်းသော အုပ်ချုပ် ရေးအာဏဖြင့် အုပ်စိုးလာသောမင်းစဉ်မင်းဆက်ဟု အနက်ပေးလိုသည်။အင်္ဂလိပ်ဘာသာ၌ (Dynasty)ဟူသည်နှင့် သဘောသွားအတူ တူပင်ဖြစ်သည်။ဝံသ-ဟူသောပါဠိသည် အမျိုးအရိုးအနွယ်အဆက်ဟူသော အဆက်ကိုဟောသည်။)(ဆရာကြီးဦးဆန်းထွန်း)။

(တစ်)
လွန်လေပြီးသောအခါ၊မဟာသမ္မတမင်းနောက်၊၊အသင်္ချေယျ အသက်တမ်း မင်းဆက်၊ဘယ်နှစ်ဆက်မြောက်မှန်းမသိတွင်၊သုနာပရန္တ တိုင်း၊ တမ္ပဒီပတိုင်းစသောအရှေ့ပြည်ကြီးအသီးသီး၊သလ္လာဝတီ၊ဒုဠဝတီ၊ဧရာဝတီ၊သံလာဝတီ ဟူသော မြစ်ကြီး လေးသွယ် ၊ ရတနပူရ ၊ ဒဂုံနပူရ ၊ ရာမညပူရ ၊ ကမ္ဘောဇပူရ ၊ ဓညပူရ ဟူသည့်အသွယ်သွယ်သော တိုင်းကြီးများကို စိုးမိုးခြယ်လှယ်ကာ ထက်အောက်မြေလွှာ အဇဋာတခွင်လုံးရှိ ရွှေတွင်း ၊ ငွေတွင်း ၊ ကြေးးတွင်း ၊ ဆားတွင်း ၊ ဆီတွင်း အကြွင်းမရှိ ပိုင်သ၊ အစိုးရတော် မူသော ကြပ်ပြေးနေပြည် တော်ရွှေဆည်မင်းတရားကြီး၏ ရွှေလက်ထက်တော်၌၊ မြတ်သောအမျိုးအနွယ်မှ ဆင်းသက်အပ်သော ဂုရုဒင်အမည်ရှိ၊ ပုရောဟိတ်သည် မင်းဆရာ ပဏ္ဍိတ်အဖြစ်၊ လက်သပ် မွေးခံရကာ မတန်မရာဟန်ကျလေ၏။

ထိုသို့ရောက်လတ်သော် “လ” တွင်ကြယ်ခွင်း၏။နေ့တွင်ကြယ်အများထွက်၏။ကြသပတေးနှင့် သောကြာကြယ်ခွပ်ကြ၏။ ဖျောက်ဆိပ်တွင် ကြာသပတေးကြယ်နင်း၍သွား၏။လလည်း တံခွန်ပြ၏။ငလျင်ပဲ့လှုပ်ခြင်းတော်လဲခြင်း ပြင်းစွာဖြစ်လေသည်။

ထိုမင်းသည် ရသေ့မုနိအစရှိသည့်၊ သူတော်ကောင်းတို့နှင့်ပေါင်းဖက်တိုင်ပင်ခြင်းအလျဉ်းမရှိ။စကြာဝဠာတောင်နား၌ရှိသော အထွေထွေအထူးထူးသော ဓမ္မသတ်ကျမ်းဂန်တို့ကို တစ်ရံတစ်ဆစ်မျှကပင်မကြားစဖူး။တရားနှင့်မညီသော အဂတိတရားလေးပါးတို့ကို  ခါးဝတ်ပုဆိုးကဲ့သို့၊မြဲမြံလိုသည်ဖြစ်ရာ မင်းပဏ္ဍိတ်ဂုရုဒင်ကို နန်းဦးတွင်ထား၍ အဆုံးအမကို၊မြေဝယ်မကျနာယူလေ့ရှိ၏။

မင်းကြီး။ ။ကုန်းဘောင်ကြီးကျော်ခေတ်မှသည်၊မဆလမင်းဆက်နောက် ယခုငါ၏ရွှေလက်ထက်တော်သို့တိုင်ခဲ့ချေပြီ။ဖွတ်သထက်ညစ်နေ သည့်တိုင်းရေးပြည်ရေးကို အပထား၍ ငါကိုယ်တော်၏ဆွေစဉ်မျိုးဆက်ကောင်းစားရေးအလို့ငှာ မြို့တော်ကို ကျပ်ပြေးသိင်္ဃဟု သမုတ် တော်မူလိုသည်။

ဂုရုဒင်။ ။ “သိင်္ဃ”ဟူသော မဂဓဘာသာစကားသည် (လျင်သော)အနက်ကိုဟောသဖြင့် ထိုမင်း၏စည်းစိမ်သည် ရှည်မထင်ပါဘုရား။

မင်းကြီး။ ။အသို့သော အမည်ကိုသမုတ်မှ စည်းစိမ်တော်ရှည်မည်နည်း။

ဂုရုဒင်။ ။နဝေတိမ်တောင်မင်းဆက်ဟု သမုတ်သော် ဘုန်းတော်ကြီး၍ သက်တော်ရှည်မည်။ ဆွေတော်မျိုးတော်သားစဉ်မြေးဆက် ဧကရာဇ်ချည်းသက်သက် ဖြစ်မည်ဟု နိမိတ်သြဘာရပါသည်ဘုရား။

မင်းကြီး။ ။အကြောင်းအသို့နည်း။

ဂုရုဒင်။  ။နွားလားကဲ့သို့ တဘို့တည်းထားသည်ဖြစ်၍ နဝေတိမ်တောင်မင်းဆက်သည် ဇမ္ဗူဒီပါလက်ယာမြေပြင်တွင် နေအသွင်လအသွင် ထင်ရှားတော်မူမည်မလွဲပါဘုရား။

မင်းကြီး။
။ပုရောဟိတ်၊သင့်မြတ်လှပေစွ။စီမံဆောင်ရွက်ဖွယ်တို့ကို ကောင်းစွာကွပ်ညှပ်စီရင်လေလော့။

(နှစ်)
ဤသို့လျှင် မင်းသည်၊မင်းဆရာပဏ္ဍိတ်၏ကမောက်ကမအကြံပေးချက်အတိုင်း သောက်တလွဲချည်းထင်ရာစိုင်းလေတော့ရာ ပြည်ရွာ ပျက်သုဉ်းကြောင်း၊အားထုတ်စီမံမှုမြောက်များစွာအနက် အကျဉ်းအားဖြင့် ဖော်ပြရပါမူအောက်ပါအတိုင်းဖြစ်လေသည်။

မဲမဲမြင်ရာထုံးသုတ်၏။ဗိသုကာပညာနကန်းတစ်လုံးမှ မသိကြပဲ၊၊လမ်းတံတား၊တိုက်တာတို့ကို ကြီးလျှင်ပြီးစတမ်း၊ အသားတင် ကိုယ်ကျိုးအသပြာအိတ်ထောင်တွင်းဝင်ရေးသာလုံ့လပြုကြ၏။ဒီမိုကရေစီဘက်တော်သားမှန်သမျှ၊နို့စို့မကျန်သတ်၏။ဘုန်းတော်ကိုထိပါးသသူဟုထင်မြင်သမျှ နှစ်ရာနှင့်ချီ အမိန့်ချကာ ကြေးတိုက်သွင်း၏။အချို့ကို ကြေးတိုက်တွင်း၌ပင် အသက်ကုန်စေ၏။

တပ်မှူးဗိုလ်ပါ မှန်သမျှ အရာနှင်း၏။တောင်ကောမြစ်ပါမကျန်ရောင်းထုတ်၏။မြောက်ကိုးရီးယားဧကရာဇ်နိုင်ငံစသော၊ကမ္ဘာ့အော့ကြောလန် တိုင်းနိုင်ငံ အသီးသီးနှင့် သံခင်းတမန်ခင်းကြီးစွာဖွဲ့၏။ ဘုမသိဘမသိ၊ နျူးကလီးယားစက္ကောမအိပ်မက်ကို သူရူးကဲ့သို့မက်၏။ အမျိုးမှန် သမျှလက်သင့်ရာစားတော်ခေါ်၏။ဆရာမွေးတပည့်မွေးကြီးစွာပြု၏။နိုင်ငံတစ်ကာကြွေးမြီငယ်ထိပ်အထိနစ်၏။တစ်ပြည်လုံးအနှံ့ ကြက်ဆူ ပင် တို့ကိုစိုက်ရာ တစ်တိုင်းပြည်လုံး အနှစ်မရှိသောအဖြစ် သို့ရောက်လေ၏။

မီးမလင်းသောတိုင်းပြည်ဟုကျော်ကြား၏။မုဒိန်း တန္တရလွန်စွာထူပြော၊ဆေးဖိုးမပေးနိုင်၍ ကိုယ့်ကိုယ်ကိုသတ်သေသူတို့ပင်ပေါ်လာ၏။ ဓာတ်ကြိုးပြတ်ကျ၍ ကာလနာတိုက်ကြကုန်၏။ဒဂုံနပူရတွင်နေ့ခင်းကြောင်တောင် ငါးလောင်းပြိုင်လူသတ်မှုပင် တရားခံမပေါ်လေ။

ထို့ပြင်တဝ ပတ္တမြားတွင်း၊ရွှေတွင်းငွေတွင်းပုယင်းဒုတ္တာတွင်းတို့အပြင် ကြွက်တွင်းပါတက်တက်စင်ပြောင်လျက် တောသုံးထောင်၊ တောင်စဉ် ခုနစ်သွယ်ပါမကျန် ဂန္ဓလရာဇ်ပြည်၏အပေါင်ဆုံးပစ္စည်းဖြစ်ရတော့၏။ထိုအခါ မင်းကြီးသည် ကြံရာမရရှိပြန်သောကြောင့် ရာဇဂုရုကို ခေါ်ယူနှီးနှောပြန်လေသည်။
မင်းကြီး။ ။ပုရောဟိတ်ဒင်၊ငါနှင့်ငါ့အမျိုးငါ့အဆွေတို့ တနင့်တပိုးသောက်ကျိုးနည်းအောင် ကြွယ်ဝကြကုန်လင့်ကစား အားရတင်းတိမ်းငှာ မရှိနိုင်သေး၊ရှေ့ဆက်၍ ကြံပါဦးလော့။

ဂုရုဒင်။ ။ မှန်လှပါ။ဒီမိုကရေစီလမ်းကြောင်းပေါ်သို့တက်ဟန်ပြတော်မူပါလျှင်၊အတိုင်းတိုင်းအပြည်ပြည်နှင့် ကျပ်ပြေးအတိုက်အခံတို့ပါ ယောင်နနဖြစ်ကြလျက် ခွင်ကောင်းကိုဆက်နင်းထားနိုင်ပါလိမ့်မည်ဘုရား။

မင်းကြီး။ ။ပုရောဟိတ်၊အကြောင်းအသို့နည်း။ရှင်းပါဦးအံ့။

ဂုရုဒင်။ ။မှန်လှပါ။ ဖွံ့ဖြိုးစည်ပင်ပြီးသော တိုင်းကားပြည်ကြီးမှန်သမျှ ဒီမိုကရေစီစနစ်ဆီသို့သာချည်းကြသည်တစ်ကြောင်း၊ ကိုယ်ကျင့် တရားကိုတန်ဖိုးထားကြသည်တစ်ကြောင်းတို့ကြောင့် အယုံလွယ်ကြပါသည်။  အယောင်ပြဒီမိုကရေစီဖြင့် ဆွေခုနစ်စဉ်မျိုးခုနစ်ဆက်၊ လူတစ်ကာသောက်မြင်ကပ်လောက်အောင် ဆက်၍ ကြွယ်ဝကြမည်မလွဲပါ။ ပေါက်သည့်နဖူး မထူးတော့ပြီမို့ ဒီမိုကရေစီအရွေ့ပြ ကာ၊ရှေ့ဆက်မိုက်မဲသင့်ကြောင်းပါဘုရား။

(သုံး)
ငါနှင့်ငါသာနှိုင်းစရာဟု မှတ်ထင်တော်မူသောမင်းသည် ဟန်ပုံမရလျှင်အချိန်မရွေးတာ့တာပြလမ်းခွဲနိုင်ရန် ညောင်ညိုနှစ်ပင်မှ အတိတ် တဘောင်ယူ၊အစပြုခဲ့လေသော အာဖျံကွီးညီလာခံကြီးကို ဖုတ်ပူမီးတိုက်လက်စသတ်ပြီးနောက် ကျပ်ပြေးနေပြည်တော်ကြီးသည် ဒီမိုကရေစီခေတ်သစ်ကြီးဆီသို့ ဦးတည်ပြောင်းလဲနေပြီ ဖြစ်ကြောင်း မောင်းကြေးနင်းခတ်လိုက်လေရာ၊မဟာပထဝီမြေကြီးသည် ကောင်းစွာကြိုတင်ရိပ်စားမိသည့်အလား၊အိုးထိန်းစက်အသွင်၊သွက်သွက်ခါလည်ရုံမျှမက ဆူနာမီလှိုင်းလုံးကြီးပါ ရိုက်ခတ်လေရာ၊ ပြည်သူပြည်သား သုံးသိန်းနီးပါး အလောင်းပင်မြေမမြှုပ်နိုင်လောက်အောင်မာလကီးယားကြလေကုန်၏။

ဖွတ်မင်းနောင်ပါတီကြီးကိုဖုတ်သွင်းလျက်၊ဗြဲလရမ်းလွှတ်တော်ကြီးကို ခေါ်စေ၏။သူသတ်တို့ကို မှူးမတ်ရာထူးအသီးသီးဖြင့် နေရာယူ စေ၍အစိတ်သားမျှသော ဗိုလ်ထုကို လွှတ်တော်အရပ်ရပ်တွင်၊အော်တိုမစ်တစ်ဇွတ်အတင်းနေရာ ပေးပြန်၏။ ရသေ့ရဟန်းတို့၏ ကျောင်း သင်္ခန်းပါမကျန်လုယက်ယူငင်၏။
ဥာဏ်ပညာခေါင်းပါးလှသောဝန်ကြီး၊ဝန်လေးတို့လူပြက်စကားပြောကြကုန်လေရာ ပြည်သူတို့အူနှိပ်ရယ် မောကြရကုန်၏။ တောင်သူ လယ်သမား ပိုင်မြေတို့ကိုဘူဒိုဇာနှင့်ထိုးကာ၊ ရဲမက်ဗိုလ်ထုက လုယူ၏။မင်းမှူးမတ်၊ဗိုလ်ပါနှင့်ကပ်မြှောင်သူကြွယ်တို့ သင်္ချိုင်းမြေပါမကျန် ခွဲဝေယူကြရာ၊ နေမဝင် အင်ပါယာ၊ဂရိတ်ဗြိတိန်မြေဈေးကိုပင် စံချိန်ချိုးသောဟူ၏။

သို့ပြီးတစ်ကား မင်းတရားကြီး၏လက်ပါးစေငယ်ကျွန်ကြီးတို့သည် ယခင့်ယခင်ကာလများက အမနာပစကားဆိုကာ၊အကောင်းတစ် ချက်မှမပြောခဲ့သော အနောက်သိုးဆောင်းနိုင်ငံကြီးတို့အား အမြီးတနံ့နံ့ဖြင့်၊ဖင်ယက်ဆားဖြူးပြုတော်မူကြလေသည်။ တိုင်းကြီးပြည်ရွာ အပေါင်းမှာ မင်းကြီး၏လှည့်ကွက်ကို၊နတ်စကားထင်မှတ်ကြလျက် ဘုံယာဉ်ပျံကြီးအသီးသီးဖြင့် ပြည့်ရှင်မင်းတို့နှင့်၊ သံကြီးတမန်ကြီး များကိုယ်တိုင်ကြွရောက် ဘုံမြှောက်ကြကုန်သည်သာမက၊ ဘဏ္ဍာရေး ပိတ်ဆို့မှုများကိုဖြေလျှော့ပေးသည့်အပြင် စေတနာရေစီးကမ်းပြို လိုက်လျက် အနှစ်နှစ်အလလက ကြွေးမြီတို့ကိုပါ လျှော်တော်မူကြလေသည်။

ပြေးရင်းလွှားရင်းမစင်ပုံတိုးကိန်းကြုံလေသည့်မင်းကြီးကား၊ဟစ်တိုင်တွင်လူစုလူဝေးခွင့်ကို စတိသဘောခွင့်ပေး၏။ ဟန်ပုံမပေါ် သည် နှင့်လူမျိုးရေး၊ဘာသာရေးအဓိကရုဏ်းတို့ကို ဖန်တီး၏။ငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့်၊ပြည်တွင်းလက်နက်ကိုင်တို့ကိုလေလည်ပြ၏။ ပြည်သူ ပြည်သားမိန်းမယောက်ျားမှန်သမျှ နီးရာနိုင်ငံသို့ကျွန်အဖြစ် ရောင်းထုတ်ကြပြန်လေ၏။စိနတိုင်းမှ၊ တစ်နှစ်လေးကျပ်တိုးဖြင့်ချေးငွေကို လယ်သမား တို့အားတစ်လနှစ်ကျပ်တိုးဖြင့် ထုတ်ချေးကာ၊ချစ်တီးဘိုးအေ ခြေရာကိုနင်း၏။

ငါမကောင်းရင်ငါ့အကြောင်းကိုရေး၊င့ါမိဖုရားကြီးမကောင်းရင်ငါ့မိဖုရားကြီးမကောင်းကြောင်းရေး စသည်ဖြင့် ပြည်သူလူထုဝမ်းသာ အောင်အနံ့ပေးခဲ့သည့် မီဒီယာသတင်းလွတ်လပ်ခွင့်ကို ရှုံ့ချည်နှပ်ချည်ပြုပြန်၏။ငံပြာရည်စက်ရုံဟုမရေးသဖြင့်၊သတင်းထောက်တို့ကို ကြေးတိုက်တွင်ဆယ်နှစ်အထိချပြန်၏။ ကလိမ်ကကျစ်ပီအာစနစ်ကို ကျင့်သုံးရန်အားထုတ်၏။ စိနတိုင်းသူကြွယ်တို့ကို ကာကွယ်ရန်၊ လက်ပံတောင်းတောင်အရပ်ကိုလောင်မီးဗုံးဖြင့်ခွင်းရာလက်သည်ရှာမရချေ။ ဤသို့လျှင် ဒီမိုကရေစီမီးရှူးမီးပန်းတို့ကို မြိုင်မြိုင်ကြီး လွှတ်ဖောက်လေရကားကျပ်ပြေးနေပြည်တော်တစ်ခုလုံးထိန်ထိန်ညီးသည်အဆိုရှိ၏။

(လေး)
ထို့ပြင်တဝအကွက်ကောင်းကို ကျားချောင်းချောင်းနေကြသော၊ပြည်ပအတိုက်အခံပညာတတ်တို့လည်း၊ အမြီးတနံ့နံ့ဖြင့်ခွေးကတက် အသီးသီးမှ ဖျာစုပ်ကိုယ်စီဖြင့်တက်လာကြလေ၏။ ကားပါမစ်တို့အလျှံပယ်ရကြကုန်၏။လစာဒေါ်လာကောင်းစွာရကြကုန်၏။သို့သော် တိုင်းရေးပြည် ရာတို့တွင်ကား အသပြာတစ်ကျပ်တွင် ဘယ်နှစ်ပြားရှိသည်ကိုပင်မသိကြချေ။

ဤတွင်ငယ်ထိပ်ကိုတည့်တည့်ချမှ ရိပ်မိကြသော နိုင်ငံကြီးအသီးသီးသည်လည်း၊အလိမ်ခံရမှန်းသိသာလာသည်နှင့် ခပ်တင်းတင်းခပ် တန်းတန်း ပြန်လည်ဆက်ဆံလျက်၊အကူအပံ့တို့ကို ချက်ချင်းရပ်ဆိုင်းရန်အားထုတ်လာကြပြန်ရာ ကျပ်ပြေးနေပြည်တော် အတွင်းပြည်ရွာ မငြိမ်မသက်ဖြစ်ကာ၊ငကြောင်ခေတ်၊ဂယောင်ခေတ်မှသည် အမှောင်ခေတ်သို့ဦးတည်ပြန်လေ၏။ဤတွင်မင်းကြီးသည် ဂုရုပဏ္ဍိတ်ကို တိတ်တဆိတ်ခေါ်တော်မူပြန်လေ၏။

မင်းကြီး။ ။အချင်းပဏ္ဍိတ်၊ကြံပါဦးလော့။ရွေးစရာလမ်း ကျန်ပါသေး၏လော။

ဂုရုဒင်။ ။ မှန်လှပါဘုန်းတော်ကြောင့် ကျန်ပါသေးသည်ဘုရား။

မင်းကြီး။ ။ခြင်းရာအစုံကို လျှောက်တင်လေလော့။

ဂုရုဒင်။ ။ အရှင်မင်းကြီး၏ အမည်နာမတော်သည် ဇမ္ဗူထိပ်တွင်ထာဝရတည်စိမ့်သောငှာ၊ကျပ်ပြေးကို ကမ္ဘာကသိစေခဲ့သူဟု ကမ္ဗည်း မော်ကွန်းထိုးတော်မူပါဘုရား။ကျပ်ပြေးအလံတံခွန်တော်ကို တိုင်တစ်ဝက်လွှင့်ထူရန် ငယ်ကျွန်ရင်းကိုတာဝန်ပေးတော်မူပါဘုရား။ ဧယဥ့်ကျူး ရန် မောင်းမမိဿံတို့အရံသင့်ထားတော်မူပါဘုရား။တက္ကသီလာကျောင်းသုံးပြဌာန်းစာအုပ်အသီးသီးတွင် အရှင့်ဂုဏ်ကို ဖော်ကျူးသည့် သင်ခန်းစာတို့ထည့်သွင်းတော်မူပါဘုရား။

မင်းကြီး။ ။ (အံ့သြခြင်းကြီးစွာဖြင့်) အချင်းပဏ္ဍိတ်၊၊အံ့ဖွယ်သူရဲအစီအမံတို့ပေတကား၊ဗူးလုံးကိုထွင်းသကဲ့သို့ တိကျစွာလျှောက်တင်ပါ လော့။

ဂုရုဒင်၊ ။ မှန်လှပါ။ မင်းကြီးနည်းတူ၊ ဇာတာထက်ကြကုန်သော တိုင်းခြားပြည်ရွာအသီးသီးမှ ဆက်ဒမ်ဟူစိန်၊ကဒါဖီအစရှိသည့် ဒိတ်ဆို သောဧကရာဇ်တို့ပင် လူထုစိမ်ရေသင့်လျက် မိုက်လက်စသိမ်းကြလေသည့်နည်းတူ မင်းကြီးသည်လည်း လူ့ပြည်ညီး၍ နတ်ပြည် နတ်ထီးတွင် ဒုက္ခဆက်ပေးရန်သာ ကျန်ရှိတော့၍ အလောင်းတော်ကို တင့်တယ်စွာ စီမံနိုင်ရန်လိုအပ်သည်တို့ကို ညွန်ကြားစေ သင့်ပါပြီ ဘုရား။

မင်းပဏ္ဍိတ်၏လျှောက်တင်စကားအဆုံးတွင်ပင်၊မင်းကြီးသည် ကြောက်ရွံ့တုန်လှုပ်ခြင်းကြီးစွာဖြစ်လျက်၊ အကုသိုလ်ဝဋ်ကြွေးတို့ကို ဆင်ခြင်အောက်မေ့တော်မမူနိုင်၊ သံသရာအဆက်ဆက်၊သံမှိုနှက်သကဲ့သို့၊စွဲမြဲခဲ့သောအဝိဇ္ဇာအမိုက်တိုက်၏ဖိစိးနှိပ်စက်မှုကြောင့်  ရုတ်ခြည်းပင် အနာသည်းတော်မူ၍ ငုတ်တုပ်မေ့ရင်း ရွှေနန်းစည်းစိမ်ကိုချန်ရစ်ကာ၊လက်ချည်းဗလာနတ်ရွာလားတော်မူ၏။

ကျပ်ပြေး နေပြည်တော်၏ ပြဿဒ်ဦးတွင်နေ့ရောညပါလဒဝဲလျက်ရှိသည်ဟူ၏။ဘီလူးရယ်သံကြားရ၏။ကျီးအုပ်တို့ပြို၏။ ဖွတ်တို့ငို၏။ နေပြည်တော် တခွင်လုံး ခွေးအူသံလွှမ်း၏။ညဥ့်အခါ အသံဆိုးအသံနက်ကြီးများ ရက်ဆက်ထွက်ပေါ်၏။

ထိုမင်းလွန်သော်၊ ကျပ်ပြေးပြည်သူ အပေါင်း တို့သည် နက္ခတ်ဆိုးအသီးသီးမှလွတ်၍၊ဘာမထီစိတ်အသီးသီးဝင်ကြလျက် အကြောက်တရားကင်းသည့် ဒီမိုကရေစီခေတ်သစ်ဆီသို့ မကြာမီရောက်လေ၏။မင်းပဏ္ဍိတ်ကားတောသို့ချည်း၍ ရဟန်းပြု၏။

(ကျမ်းဆုံးနိဂုံး)
(ဤတွင်ကျတ်ပြေးရာဇဝင်တော်ကြီးပြီး၏။)

(ဤကား၊မကွေးတိုင်း၊နတ်မောက်မြို့နယ်မှိုက်ပင်ကျေးရွာအနီး၊ထနောင်းတော၊ကျောက်စာပေမူကို မင်းပဏ္ဍိတ်ဂုရုဒင်၏ အနွယ်တော် ဆြာဒင်၊တည်းဖြတ်အပ်သော ဘာသာဗေဒအားဖြင့်အနက်ချဲ့ထားသည့်(Expansion of meaning) သဘောအားဖြင့်၊သမိုင်း (History) ပေမူဖြစ်သတည်း။)

↧

ယာခရိုးမှာ ရွှေချိုး ကူပါတော့ (မောင်သာချို)

$
0
0

ယာခရိုးမှာ ရွှေချိုး ကူပါတော့ (မောင်သာချို)

အသစ်စက်စက် စာစုများ။

၁၅။၀၈။၂၀၁၄ နေ့တွင်ထွက်ရှိလာပါမည်။

မြန်မာတပြည်လုံးဖြန့်ချိရေး။ ။ သက်ခိုင်စာပေ။(မစိမ်းစိမ်း ၀၉ ၄၄၈၀ ၄၉၀၈၈

အဖုံးဒီဇိုင်း ။ ။ဇော်မောင်
↧

“ဆြာဒင်နှင့်ရွှေညာမှာကွယ်တဲ့လ”

$
0
0

ယနေ့ထုတ် ၊ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ ။

“ဆြာဒင်နှင့်ရွှေညာမှာကွယ်တဲ့လ”

(မင်းဒင်)

(တစ်)
“အညာသားလေးတဲ့၊မြို့ပေါ်မှာ ကျနော့်ကိုခေါ်ကြ၊ရှက်ပဲ ရှက်နိုင်ပေါင်တစ်မူ၊အညာဆိုဟိုဓလေ့မှာ အညာသူ၊အညာသား သဘောကဖြူ မြို့ကိုရောက်ပေမဲ့ မြို့သားမဟုတ်ပါ၊မမလယ်တောသူ”

နေခြည်ဝင်းလက်သည့်၊ဖူးခက်မြို့၏နံနက်ခင်းတစ်ခုတွင် ဆြာဒင်တစ်ယောက် ပီယဝါစာ၊ချစ်ဖွယ်သောအသံဖြင့် ရွှေပင်ရွာ အလွမ်းပြေ ဆွေးဆွေးမြေ့သီဆိုလိုက်သော သီချင်းသံသည် ဂန္ထဝင်အဆိုတော်ကြီးတွံတေးသိန်းတန်၏အသံနှင့် ခွဲမရအောင်၊လွန်စွာပင်တူလှချေ၏။

သို့သော်ငြား သိကြားမင်းကိုယ်တိုင် နကင်းကြီးနှင့်၊ဆင်းလာပြီးသကာလ ကျွဲယောင်ဖန်ဆင်းပြသည်ဆိုလျှင်ပင် အမြီးတိုသော၊ ဂျိုကား သော၊အမြဲတမ်းအဆိုးဘက်မှ၊ဝေဖန်ပြက်ရယ်ပြုတတ်ကြလေသည့် တပည့်ကျော်တို့၏ စရိုက်ဆိုးကား ဖုံးမရ၊ဖိမရပေါ်လာပြန်ချေသည်။

“အမယ်လေး ဆြာဒင်ရယ်၊ဆြာက မမခေါ်တဲ့လယ်တောသူဆိုရင်ဖြင့်၊ အခုလောက်ဆို ဆံဖြူသွားကြွေပြီး လူအိုရုံကို မျက်စပစ်နေ လောက်ရော့ ပေါ့”

“ဟုတ်ပါ့ဗျာ၊သူ့အာယုတောင် ဒီလောက်ကြီးနေကမင့်ဟာ”

“ဆြာဒင်တစ်ယောက်ကတော့ ပြောမယ်ဆိုပြောစရာချည်းပဲ၊သူ့ကိုယ်သူ ဆယ့်ရှစ်နှစ်သားလေးများ အောက်မေ့နေရော့သလား”

ဆြာ၏နုပျိုလန်းဆန်း၊ဖလန်းဖလန်းထနေမှုကို မနာလိုမရှုစိမ့်လေဟန်၊ နောက်တော်ပါတို့၏အသံကို ဆြာပီပီခန္တီတည်းဟူသော သည်းခံ ခြင်းတရားလက်ကိုင်ထားလျက် နဂါးမှန်းသိစေရန်နှင့်သင်းတို့ကံကြီးမထိုက်စေရန်အလို့ငှာ ကြက်ဆုတ်ခွပ်ပစ်သဘော တုန့်ပြန်သမှုကား ပြုရချေသေးသည်။

“ဇရာဆိုတာ ဘုရားရဟန္တာတောင် ရှောင်လွှဲလို့မရစကောင်းဘူးတဲ့ မောင်တို့ရဲ့။မသေခင်စပ်ကြား အသေမဦးခင် ဥာဏ်ဦးဖို့အရေး၊ တန်ဖိုး ရှိတဲ့ အလုပ်ကလေးတွေ အချိန်မီလုပ်သွားခဲ့နိုင်အောင် အားထုတ်သင့်ကြသကွဲ့၊တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာ ပညာရေးဟာ အခရာကျလှသမို့  အဖက်ဖက်က အောက်တန်းနောက်တန်းကျနေတဲ့ ဇာတိမြေရွှေပင်ရွာပညာရေးအတွက် ခရီးထွက်ကြအုံးစို့ကွယ် ရို့”

“ဒါက ဒီလိုရှိပါတယ်ဆြာ”

ဆြာကောင်းတပည့်ပီပီ တပည့်ကျော်ဖေကြည်သည် တစ်စုံတစ်ရာကို တင်ပြဆွေးနွေးလိုဟန် အမူအယာပြနေသော်ငြား ရံခါ၌ ဒီမိုကရေ စီဗဟိုဦးစီးစနစ်ကို မပစ်လိုသေးသည့် ရီပါပလစ်ကင်ဆြာဒင်သည် တပည့်ကျော်တို့အား ဗီတိုအာဏာသုံးလိုက်ရချေသည်။

“ရပ်လော့ငဖေကြည်၊နွားရှေ့ထွန်မကျူးလေနှင့်၊အတူလိုက်ပါမည်ဆိုပါက အထုပ်အပိုးသာပြင်ကြပါလေ”

ဤသို့လျှင်  လက်ရှိကောဇာသက္ကရာဇ်၏ဝါခေါင်လပြည့်ကျော်ကိုးရက်နေ့တွင် နက္ခတ်တစ်ဆယ့်နှစ်လုံး၊ငါးဃဋီ၊၊ နေဝင်ကျော်လေးနာရီ တပါဒ်၊ကန်စန်း၊မိဿလဂ်၌ရှိချိန်  သောတာပန်ကိုးဆယ့်ကိုးပါး၊ဂြိုဟ်ရှစ်ပါး  ယိုးဒယားပြည်စောင့်နတ်၊  ဖူးခက်မြို့စောင့်နတ်တို့အား အမျှအတန်းပေးဝေလျက် ဆြာတပည့်တစ်သိုက်၊အမ်မခန်တည်းဟူသောအရပ်မှသည် ဇာတိမြေဖြစ်သည့် မကွေးတိုင်း၊နတ်မောက်မြို့ နယ်၊ရွှေပင်ရွာရှိရာသို့ ပညာဒါနပြုရန် ကုန်းတစ်တန်၊ရေတစ်တန်ဖြင့် ခရီးကြမ်းကို  နှင်ဖြစ်ခဲ့ကြပြန်လေသည်တမုံ့။ ။

(နှစ်)
ဆြာဒင်နှင့်သူ့နောက်လိုက်မဟာခရီးသည်များ နှင်ခဲ့လေသောခရီးစဉ်သည် ရှည်လျားသည်ဟုဆိုရပေမည်။ဖူးခက်မှသည် ယိုးဒယား မြန်မာနယ်စပ်ရနောင်းမြို့သို့ ဘတ်စကားကြီးဖြင့် တစ်တန်၊ရနောင်းမှသည် မြန်မာပြည်ကော့သောင်းမြို့ဆီသို့လှေဖြင့် တစ်ဖုံ၊ထိုမှသည် ရန်ကုန်သို့လေယာဉ်ပျံကြီးဖြင့် တစ်နည်း၊ယင်းနောက် မကွေးတိုင်းသို့တိုင် ကားဖြင့်တစ်သွယ် ဆြာဒင့်ဖွားရာဇာတိ၊ရွှေပင်ရွာအရောက် ခြေလျင်ရော ကုန်းကြောင်းပါမကျန် သက်စွန့်ဆံဖျားခရီးနှင်ခဲ့ကြရာ၊ ဆြာဒင်သည် ဆြာကောင်းပီသစွာ ပညာ၏သဘောကို လမ်းခရီး တစ်လျှောက်လုံး၊ ဒိုင်ခံရှင်းပြခဲ့ရာ တပည့်ကျော်တို့မှာ ဆြာစိတ်ချမ်းသာစေတော့ဟူသောသဘောဖြင့် အားတက်သရော၊ဒိုင်ပင်ထိုး ထောက်ခံကြ ကုန်၏။

“ငတို့တိုင်းပြည် ချွတ်ခြုံကျနေရတာဟာ ပညာချို့တဲ့ကြလို့ မောင်တို့ရဲ့၊အနှီခေတ်ကြီးဟာ ပညာခေတ်မို့ ဆရာကြီးဦးအောင်သင်း ပြောခဲ့ ဖူးသလို သူ့ဖက်က ဒုန်းဆို ကိုယ့်ဖက်က ဒုန်းကနဲ ပြန်လုပ်နိုင်မှလဟ”

“ဟုတ်ပါ့ဆြာရယ်၊အခုပါလက်စတိုင်းနဲ့အစ္စရေးပြဿနာကို ကြည့်ဆြာ၊ပိုပြီးဒုန်းနိုင်တဲ့သူက သာတာပဲဆြာရဲ့၊ဗမာတွေပညာတတ်လာရင် တရုတ်အားထား၊တရားအားထုတ်စရာမလိုတော့ဘူးပေါ့ ဆြာ”

“ကျည်ဆံတွေဒုံးပျံတွေက မှတ်ပုံတင်ရွေးမှန်တဲ့ခေတ်ကို ရောက်နေပြီဆြာဒင်၊ဒီတော့ ရွှေပင်သားနလဗိန်းတုံးတွေ လူရည်လည်လာဖို့ အရေး ဆြာဒင့်မှာတာဝန်ရှိပေသပေါ့”

“ဒါပေါ့ မောင်တို့ရဲ့၊ပညာသမ္မာ၊အာဘာနတ္ထိ၊ပညာထက်မြတ်သောအရာသည် မရှိလို့ ပညာရှိများဆိုကြသကိုး၊တို့အစိုးရမင်းများကလည်း အခုလို ဒီမိုကရေစီခေတ်သစ်ကြီးဆီ အကူးအပြောင်းမှာ ပြည်ပရောက်ပညာတတ်တွေ ပြည်တော်ပြန်ပြီး၊ ဗမာပြည်ပြန်လည်ထူထောင် ရေးမှာ ဝိုင်းကြဝန်းကြဖို့၊ကမ္ဘာသိဖိတ်မန္တကပြုထားတယ် မဟုတ်လား၊ငတို့ရွှေပင်သူကြီး ဘချစ်ခိုင်တစ်ယောက်၊ဖူးခက်ကို အလည်လာ ခဲ့တုန်းကလည်း ရွှေပင်သားတိုင်း ဆြာဒင့်လို လူရည်လည်စေချင်စမ်းပါဘိဆိုပြီး ပညာအမွေကို လက်ဆင့်ကမ်းဖို့ ဖိတ်ခေါ်သွားသေး သကွဲ့”

“ဟုတ်တော့ ဟုတ်ပါတယ်   ဆြာ၊ဒါပေမဲ့ ဆြာတို့မကွေးတိုင်းမှာ ကြားမိတာ တစ်ခုက ….”

စကားလမ်းကြောင်းတည့်နေလျှင် အလိုက်ကန်းဆိုးမသိ၊ထင်ရာမြင်ရာစွတ်တင်တတ်သောဖေကြည်တစ်ယောက် အကွက်ကောင်းကို ချောင်းပြန်ချေသေး၏။သို့သော် ရွှေပင်ရွာအဝင် ဖျောက်ဆိပ်ပင်ကြီးကိုလွန်ကာ ရွာအရှေ့တံခါးဆီသို့ ချင်းနင်းဝင်ရောက်လာပြီဖြစ်၍ ဒင်း စကားဆက်ရန်  အခွင့်မသာခဲ့ပြန်လေ။

(သုံး)
ရွှေပင်သားတို့ ခေတ်မီမီကမ္ဘာကြည့်၊ကြည့်မြင်နိုင်အရေးတွင် သိုးဆောင်းဘာသာတတ်မြောက်ခြင်းသည် အခရာကျလှသည်ဖြစ်ရကား ဆြာဒင်သည် ရွှေပင်ရွာသို့ရောက်လျင်ရောက်ချင်းပင်  ဘထွေးလေးသူကြီးဦးချစ်ခိုင်အပါအဝင်  ကာလသားခေါင်းပေါ်အေး၊ ကြက်ကန်း၊ စိန်ကျော်မောင်အစရှိသူများနှင့် ဖုတ်ပူမီးတိုက် တိုင်ပင်ညှိနှိုင်းလျက် ဘိလပ်ဘာသာစကားပြောသင်တန်းကြီးကို စတင်ဖွင့်လှစ်လေရာ နဂိုဇမသေးလှသော ရွှေပင်သားတို့၏စာအံသံသည် တစ်ရွာလုံးတွင်  သောသောညံသည်ဟူ၏။

“သစ်စ အစ်စ အေဂဲလှ(This is a girl)”

“အိုင် အစ်စ အေဒေါ့(I is a dog)”

“နို့ဘိုးကြီး အဘ သည်လော(Nobody above  the law)”

ဘယ်နှစ်နှစ် ဘယ်ကာလက အောင့်အည်းထားလေသည်မသိသော ဆြာလုပ်ချင်စိတ်သည် တာတမံကျိုးသကဲ့သို့ ထွက်ပေါ်လာလေရ ကား ဆြာဒင့်ခမျာ မောရ၊ပန်းရမှန်းမသိ၊ထမင်းမေ့ဟင်းမေ့ဖြစ်ကာ ပညာအလှူကြီးပေးသည်၏ဒုတိယမြောက်နေ့တွင်မူ စာသင်ဝိုင်းမစမီ မှာပင် နတ်မောက်ဂတ်မှ စာသင်ကြီး(Sergeant)တစ်ဦး၊ရိုင်ဖယ်ကိုင်ပုလိပ်သား(Police)ငါးယောက်ခြံရံလျက် ဆြာဒင့်စာသင်ခန်းကို ဟိုအတန်းပမာ  ပုလိပ်ဝိုင်းလေ၏။

“ဆြာဒင်ဆိုတာ ခင်ဗျားလား၊ခင်ဗျားကို အထက်ကညွန်ကြားချက်အရ ဒီရွာကနေ၊ရွာနှင်ဒဏ်ပေးတယ်ဗျာ”

ရွှေပင်မှာ ချက်မြှုပ်လေသော ဆြာဒင့်ကို ရွှေပင်ရွာမှနှင်ထုတ်နေလေသည့်၊အမိန့်စာရွက်တကိုင်ကိုင်နှင့်ပါဝါပြနေသူ စာသင်ကြီးကို နားမ လည်နိုင်သော မျက်နှာပေးဖြင့် ဆြာဒင် နှုတ်လှန်ထိုးမိချေသေးသည်။

“နို့၊နေပါဦး၊စာသင်ကြီးရဲ့၊ ကျုပ်က ဘာပြစ်မှု  များကျူးလွန်မိသတုန်း”

“ပါမစ်မရှိပဲ စာသင်တဲ့အမှုပေါ့ဗျာ”

အံ့သြမှုအပေါင်း သရဖူဆောင်းရလေသည့် စာသင်ကြီး၏အဖြေကြောင့် ဆြာဒင့်ခမျာ ကျယ်လောင်သော အာမေဋိတ်သံနှင့်အတူ ဘထွေးတော်ကို တမိတော့သည်။

“အလိုလေးလေး၊မကြုံဖူးပေါင် ဂုဏ်ထူးဆောင်ပါကလား  အရပ်ကတို့၊စာသင်တာ  ဖမ်းသတဲ့ဗျ။ပထွေးလေးဘချစ်ခိုင်  ကယ်ပါအုံးဗျာ”

ရွှေပင်သူကြီးမင်းကိုယ်တိုင် တတ်အားသမျှတော့ ကာကွယ်ရှာပါ၏။သို့တစေ စာသင်ကြီး၏ကြိမ်းမောင်းသံအရမူ၊မင်းတို့စကား မိုးကြိုး သွားနှယ်ဖြစ်၍  သူကြီးမင်းလည်း  အမြီးကုပ်သွားရရှာပါ၏။

“ဟေ့လူ၊သူကြီး ကိုယ့်အလုပ်ကိုယ်လုပ်နော်။ကျုပ်တို့မကွေးဧကရာဇ်ဟာ အဘချုပ်ကြီး  လူဗျ၊သမ္မတတောင် သောက်ရေးစိုက်တဲ့ကောင် မဟုတ်ဘူး။မကွေးတိုင်းအကြောင်း ခင်ဗျားသိတယ်မဟုတ်လား”

(လေး)
“ဆြာဒင့်သင်ခန်းစာ ဆက်ပါအုံးဆြာရဲ့၊P..O ..L..I.. C.. E ဆိုတော့ ပူးလီးစ်ပေါ့ဟုတ်လား၊တပည့်ကပြောပါရစဆိုတော့ ပြောခွင့်မပေး ဘူး။ဗမာပြည်မှာ စာသင်ရင်ဖမ်းတဲ့ခေတ်ရောက်နေပြီ ဆြာရဲ့။အမေရိကန်ပြည်ထောင်စုကိုရောက်နေတဲ့ (၈၈)ရဲဘော်ဟောင်းကြီးတစ် ယောက်  ဆြာဒင့်အရင် အဖမ်းခံရပြီးပါပကော။အခုတော့  ရွာနှင်ဒဏ်ခံရတောင်နည်းသေး။ရော့၊ဒီမှာဖတ်ကြည့်ပေတော့”

သည်တစ်ကြိမ် ဖူးခက်ဆီသို့အပြန်လမ်းကား ထူထဲလှစွာသောအစောင့်အရှောက်များ  ခြံရံလိုက်ပါလာသည့် ရဲကားကြီးနှင့်မို့ ဆြာဒင်တို့ ဆြာတပည့်တစ်သိုက်အဖို့ အန္တရာယ်ကင်းသည့်အပြင် စားရိတ်စားခ သက်သာလှသည်ဟုတော့  ဆိုနိုင်လေမည်။စနစ်ကိုအတင်းပြောင်း လိုသူ ဆြာဒင်မှာ စိတ်ဓာတ်အကျကြီးကျလျက်၊ရဲကားပေါ်တွင်နှုတ်ဆိတ်လိုက်ပါလာချိန်တွင် တပည့်ကျော်ဖေကြည်က ခပ်ငေါ့ငေါ့စကား သံနှင့်အတူ သူ့လက်ကိုင်ဖုန်းအတွင်းမှာ အသင့်ဒေါင်းလုတ်၊လုတ်ထားသော သတင်းတစ်ပုဒ်အား ဆြာဒင့်ကိုဖတ်စေရာ ယင်းသတင်း ကား အောက်ပါအတိုင်းဖြစ်လေသည်။

မကွေးတိုင်းတွင် အင်္ဂလိပ်စာအခမဲ့၊သင်ကြားပေးမိသဖြင့် ပြည်နှင်ဒဏ်အပေးခံရသော၊ဆရာ Maung Maung Wann ၏ရင်တွင်းစကား

“ဒုတိယနေ့ စာသင်ကြားအပြီးညမှာ လ၀ကနဲ့ရဲများက ( အထက် ဖိအားအရ ) မော်တော်ကားနဲ့ ကျနော့်အား တောက်လျှောက်ခေါ် ဆောင်ပြီး လေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသည်အထိ တာဝန်ယူ လုပ်ဆောင်ခဲ့ပါတယ်။ဝန်ထမ်းများအနေနဲ့ ဖိအားအရ တာဝန်နဲ့ အညီလုပ်ဆောင်ခြင်းကို ကျနော့်အနေနဲ့ အပြည့်အ၀နားလည်ပေးနိုင်ပါတယ်၊သို့သော် မရှင်းတဲ့အချက်က မြို့နယ်လ၀ကမှူးမှ ကျနော့် အား ဥပဒေအကြောင်းအခြင်းအရာ စာအုပ်ကိုဖတ်ပြ ရှင်းလင်းရာမှာ

( ၄-၂ အဆိုပါစည်းကမ်းချက်အားလုံးသည် ထိုအခွင့်လက်မှတ် ဗီဇာရသူအား ပြည်ထောင်စုမြန်မာနိုင်ငံတွင်းသို့ ၀င်ခွင့်ပြုထားသော သို့တည်းမဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်ခွင့်ပြုထား သော စည်းကမ်းချက်များဟု မှတ်ယူရမည်။ထိုစည်းကမ်းချက် တစ်ခုခုကို ချိုးဖောက်လျှင် ထိုလက်မှတ်ရသူသည်၊ ပြည်ထောင်စု မြန်မာနိုင်ငံမှ နှင်ထုတ်စေရန်၊နိုင်ငံတော်သမ္မတက ညွှန်ကြားပါက နှင်ထုတ်ခြင်းခံရမည်။ )အခု ကျနော့်ကိုနှင်ထုတ်ဖို့ ညွှန်ကြားသူမှာ မကွေးတိုင်း အစိုးရ ၀န်ကြီးချုပ် ( ဦးဖုန်းမော်ရွှေ ) ဖြစ်သည်ဆိုလျှင်၊ယင်း ၀န်ကြီးချုပ်သည် သမ္မတအခွင့်အာဏာကို  လုပ်ပိုင်ခွင့်ရှိမရှိ သိချင်ပါတယ်။

ဥပဒေစကားကို တွင်တွင်ကျယ်ကျယ် ပြောဆိုနေသူကိုယ်တိုင်က ဥပဒေကိုသဲသဲကွဲကွဲမသိ လုပ်ချင်ရာလုပ်တယ်လို့ပဲ မှတ်ယူမိပါတယ်။ဆိုရိုးတစ်ခုရှိပါတယ်(လူတစ်ယောက် စကားသုံးခွန်း ပြောလိုက်ပါ။စာသုံးကြောင်း  ရေးလိုက်ပါ။ခြေလှမ်းသုံးလှမ်း လှမ်း လိုက်ပါ။ဥပဒေနဲ့လွတ်ရင် ကြိုက်သလိုပြောတဲ့)။ကျနော်စာသင်ကြားခြင်းကို ဥပဒေနဲ့မညီဆိုရင် လူကြီးမင်း ကိုယ်တိုင်ကရော ဥပဒေနဲ့ဘယ်လောက်ညီအောင်  လုပ်ဆောင်နေပါသလဲ၊မေးခွန်းထုတ်ချင်ပါတယ်”

ဒင့်အပြစ်နဲ့ဒင်သာရှိပါစေတော့ဟုသာ ညည်းချင်းထုတ်လိုက်ချင်တော့၏။အထက်ပါစာ၏အဆုံးတွင်ကား တယ်လီဖုန်းဖန်သားပြင်ပေါ် တွင် တစ်ဆက်တည်းပေါ်နေသည့်၊ “လူသားချင်းစာနာမှုဆိုင်ရာ  ပြစ်မှုများတွင် အပြစ်ရှိကြောင်း တွေ့ရှိသဖြင့် ခမာနီခေါင်းဆောင်များ အား တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချ”ဟူသော သတင်းတစ်ပုဒ်ကို တွေ့ရပြန်လေရာ နောင်မကြာမတင်အချိန်၊ဒင်းတို့ ဤစာရင်းတွင် မပါဝင်ကြပါစေနှင့်ဟုသာ ဆြာဒင့်ရင်ထဲမှ ကျိတ်၍ဆုတောင်းရင်း စိတ်သက်သာရာရစေခြင်းငှာ အဝေး၌မှုန်ပြပြ ကျန်ရစ်သော ရွှေပင်ရွာဆီသို့ အလွမ်းပြေလှမ်းမျှော်ကြည့်ရင်း သီချင်းတစ်ပုဒ်ကိုခပ်တိုးတိုးညည်းရင်း  လိုက်ပါခဲ့လေတော့သည်။

 “ယုန်ကောင်ငုံ၍ ယုန်ရုပ်ရေးပြသော်လည်း ယုံရခက်ခဲ၊ခက်လှချည့်ရဲ့ နောင်များတစ်ခါ ၊မေတ္တာပဋိညာဉ်လွှာ ချိန်ခွင်ညှာတင်လို့ ပြောပြပေမဲ့ ဂုဏ်ဓနမက်လို့ စုံမဖွက်ကာ မယုံတစ်ဝက်၊ယုံတစ်ဝက် ယုံရခက်ကြီးပါ”

လီဗာကုန်အရှိန်မြင့် မောင်းနှင်နေလေသော ရဲကားကြောင့် နောက်ဖက်မှာတစ်ရိပ်ရိပ်ကျန်ခဲ့သော၊လှည်းလမ်းကြောင်းတစ်လျှောက်တွင် ကား ဖုန်လုံးကြီးတွေ တလိမ့်လိမ့်တက်နေသည်ကို ဆြာဒင်  မြင်နေရချေ၏။အော်၊ရွှေညာမှာ  နေမသာ၊လမထွက် မှောင်မိုက်ဆဲကာလ များပေတကား။ ။

↧
↧

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0

၁၃၊၀၈၊၂၀၁၄နေ့ထုတ် ဆဲဗင်းဒေး အပတ်စဉ်ဂျာနယ်မှ ။ ။

အခန်း(၄၇)

“ဇာတ်တူသားကို စားကြသူများ”

ကိုမင်းဒင်
ခင်ဗျားသိချင်တယ်ဆိုတဲ့ အေဘီအက်စ်ဒီအက်ဖ်ကျောင်းသားတပ်ဖွဲ့ဝင်တွေကြားက သတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ ကျနော်စုဆောင်း ထားတဲ့ အချက်အလက်တချို့ကို ပို့ပေးလိုက်ပါတယ်။

ဒီအချက်တွေကို လွန်ခဲ့တဲ့ငါးနှစ်(၂၀၀၉)ခုနှစ်ဝန်းကျင် အွန်လိုင်းစာမျက်နှာတွေ ပေါ်ကနေ ရပါတယ်။စာရေးသားဟန်၊ချောမွေ့မှုအနည်းငယ်လိုအပ်နေတယ်လို့ထင်မိပေမဲ့ အချက်အလက်အဖြစ် အထိုက်အလျောက် အသုံးဝင်မယ်လို့ ကျနော်ယူဆပါတယ်။

ခင်မင်လျက်
သက်ခိုင်(၂၀၁၄၊သြဂုတ်လ ၈ ရက်)

အထက်ပါအီးမေးလ်မှာ ကျောင်းသားတပ်ဖွဲ့ဝင်အချင်းချင်းသတ်ဖြတ်မှုများနှင့်ပတ်သက်၍ ကိုသက်ခိုင်ပေးပို့သော အချက်အလက် များဖြစ်၍ အဆိုပါသတ်ဖြတ်မှုမှာ အေဘီမြောက်ပိုင်းတွင်သာမက၊အေဘီတောင်ပိုင်းတွင်ပါ ဖြစ်ပွားခဲ့ကြောင်းတွေ့ရှိရသည်။အေဘီ တောင်ပိုင်းလူသတ်မှုအပေါ် အသတ်ခံရသူကိုဌေးနိုင်၏ ညီအစ်ကိုအရင်းတော်စပ်သူ ကိုဌေးတင့်၏ စူးစမ်းရှာဖွေမှုနှင့် ကာယကံမြောက် ပါဝင်ခဲ့သူများ၏ ကိုယ်တွေ့ဖြစ်ရပ်တချို့ကိုတွေ့ရှိရသည်။

                                                   ………………။……………..
 (ကိုဌေးနိုင်နှင့်ညီအစ်ကိုရင်းတော်စပ်သူ ကိုဌေးတင့်၏စာတစ်စောင်)

လူသတ်မှု သက်သေခံသူ ကျောင်းသားတပ်မတော် မိုးသီးစစ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သူက ကိုဌေးနိုင်ကို စွပ်စွဲသော သူလျှိုမှုနှင့် ဖမ်းဆီးရာတွင် လုပ်ထုံးလုပ်နည်းများကျော်သွားတယ်လို့  ရှင်းပြပါတယ် ။မျက်မြင် သက်သေဖြစ်တဲ့ အေဘီအက်စ်ဒီအက် စစ်ရုံးတာဝန် ရှိနေသူ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ  ပြန်ပြောပြတာကတော့ …၊ယူကြုံးမရဖြစ်ခဲ့ရတဲ့ ကိုဌေးနိုင်အမေဟာ  အိပ်ပျော်နေတဲ့သူ့သားကို တောထဲမှာအသတ်ခံရဖို့ နှိုးလိုက်မိတယ်တဲ့။
(အထောက်အထား ဗီဒီယိုအခွေကို သက်ဆိုင်သူများက မိုးသီးဗဟိုကော်မတီဖက်က တရားဝင်စာထုတ်ပြန်ပြီးမှတင်ပြရန်  တောင်းဆို လာပါသဖြင့် ခေတ္တဖြုတ်ထားပါသည် ဟုဖော်ပြထား၏။)

ကိုဌေးနိုင်ကို ရန်သူ့သူလျှိုဟုစွပ်စွဲပြီး ရိုက်နှက်စစ်ဆေး ဝန်ခံကတိပြုထားသည့် ဗီဒီယိုအခွေကို၂၀၁၂ တွင် ဒုဥက္ကဌ တာဝန်ယူထားသော ကိုကျော်ကိုကိုဝင်း မှ သက်သေအဖြစ်ရှိပါသည်ဟု ပြောလာပါသည် ။
ကိုဌေးနိုင်ကိုဖမ်းဆီးရန် စီစဉ်အကွက်ချသူများ အုပ်စုဗဟိုကော်မီတီ ဆုံးဖြတ်ချက်ကိုကျော်လွန်ပြီး မိုးသီးအမိန့်နာခံသူများအုပ်စု
ကိုဌေးနိုင်ကိုလက်ရောက် ဖမ်းဆီးနှိပ်စက်၊ဝန်ခံခိုင်းသည့်အုပ်စု၊ကိုဌေးနိုင်ကို လက်ရောက်သတ်ဖြတ်ခဲ့သည့်အုပ်စု၊ကိုဌေးနိုင်ကိုသတ် ဖြတ်ပြီး တပ်ဖွဲ့ဝင်များနှင့် ပြည်ပသို့သတင်းမှားများ ဖြန့်ဝေသည့်အုပ်စုစသည်ဖြင့် ကိုဌေးနိုင်ကိုသတ်ဖြတ်ပြီး နှစ်နှစ်ဆယ်ကျော်ဝိုင်းဝန်း လိမ်ထားခဲ့ပါသည်။

အချို့မှာ တော်လှန်ရေးအကျိုးစီးပွားအတွက် မသိလိုက်ဘဲ ပါဝင်ပူးပေါင်းကူညီခဲ့ရပါသည် ။အချို့မှာ သိလျက်နှင့်မိမိ အတ္တအကျိုးစီးပွားအတွက် ပါဝင်ခဲ့ရပါသည် ။
မည်သို့ပင်ဆိုစေကာမူ အမှန်တရားကို ရင်ဝယ်ပိုက်ထားသော ကျောင်းသားတော်မတော်အဖွဲ့ဝင်အများစု ကျေနပ်နိုင်လောက်သော
သမိုင်းမှန်မှတ်တမ်းတစ်ခုကို ဝိုင်းဝန်းဖေါ်ထုတ်သင့်ပါသည်။အတဲ့သူတွေ ဆက်ခံကြပေတော့။၁၉၉၃အိုက်စပ်စပ် ပြင်းပူနေတဲ့ ဘန်ကောက်နေ့လည်ဟာ အားလုံးကိုနေအိမ်မှာ(စာရေးဆရာဦးစင်ကြယ်အိမ်)ရာသီဥတုက အကျယ်ချုပ်ထားပါတယ်။

ပန်ကာက လေ ပူပူတွေ ဝိုင်းရှူကြတာပေါ့ ။ခေါင်းဆောင်ကြီး မိုးသီးက စိတ်ကူးယဉ်အတွေးအခေါ်စပြီး ချပြပါတယ် ။
ဒဏ်ရာရရဲဘော်တွေကို တော်လှန်ရေးအတွက် ဆက်အသုံးချနိုင်ရန် စစ်အဝတ်အစားချုပ်ရန် စက်များလိုအပ်ကြောင်း(အခြားအုပ်စု များက ဒဏ်ရာရကျောင်းသားရဲဘော်များကို ယူအန်ထောက်ပံကြေးယူပြီး တတိယနိုင်ငံတွင်အခြေချရန်  စတင်ထိုးဖေါက် ကြိုးစား သည့်ကာလဖြစ်ပါသည်။)

ဖိနပ်များကိုလည်း ချီခွေဗာရာတို့လို ကိုယ်တိုင်ချုပ်လုပ်ရန်နဲ့ကျည်ဘောက်များနည်းလို့ ကိုယ်ပိုင်ထုတ်လုပ် လျှင် ပိုကောင်းမည်ဖြစ်ကြောင်း ပြောကြပါသည်။ကိုမိုးသီးက စက်မှုလုပ်ငန်းတွေ စိတ်ဝင်စားပြီး  ကျွမ်းကျင်တယ်နော်ဟုပြောရာ  မိုးသီးက “အဖေက စစ်တပ်မှာစက်ပြင်ဆရာ တပ်ကြပ်ကြီးဟောင်းပါ။ကျွန်တော်ငယ်ငယ်က မန္တလေးနန်းတွင်း ဘီအီးအမ်အီးတပ်ထဲမှာ ကြီးလာတာပါ”ဟုပြောပါသည်။

ကျွန်တော်သိလိုက်ပါသည်။အိတ်ကလေးဆွဲပြီး နေ့တိုင်းရာရှင်ရုံးမှာ တန်းစီစောင့်ခဲ့ဘူးတဲ့ဘဝ၊ အရင်ရအောင် အတင်းတိုးနေရာလုတဲ့ ငယ်ငယ်ကမိုးသီးဘဝ နှစ်ပေါင်းများစွာ လေ့ကျင်လာတော့လဲ အခုထိတိုးနေတုံးဘဲ၊မင်းလောင်းရှာစိတ်ရှိတဲ့လူတွေကို အထင်ကြီး အောင်ပြောတတ်တဲ့အကျင့်နဲ့ ကိုဌေးနိုင်အဖေက ဘီအီးအမ်အီးက နည်းပြအင်ဂျင်နီယာပါ။

နည်းပြချုပ်က ရုပ်ရှင်မင်းသမီးဒေါ်မေသစ်ရဲ့ ယောက်ျားဗိုလ်မှူးကိုကိုပါ။နောက်တော့လဲ ဦးတင်ဦးအုပ်စုနဲ့အတူ (၁၉၅၇မှာ မန္တလေးဂျီတီအိုင်က ကျောင်းပြီးတာဆိုတော့ )တနည်း ဆိုသော် ကိုဌေးနိုင်အဖေက မိုးသီးအဖေရဲ့ဆရာပါ ။မိုးသီးတို့မိသားစု ရပ်တည်ရေးအတွက် စက်ပြင်ပညာသင်ပေးခဲ့တဲ့ ကျေးဇူးရှင်ဆရာ ထမင်းရှင်ပါ ။
မိုးသီးလည်းသိသွားပါသည်။တော်လှန်ရေးကိုပူးပေါင်းပြီး  ဆက်လက်တွဲမည်ဟုပြောပါတယ်။

ကျွန်တော် မိုးသီးကို ဖေဖေ့တပည့်၏သား တစ်ယောက်အဖြစ် ယုံကြည်မိပါတယ်။ကျွန်တော်တို့ညီအကိုနှစ်ယောက် မိုးသီးအပေါ် ရိုးသားခဲ့ပါသည်။အားလုံးကလည်း မိုးသီးအပေါ် အနှစ်နှစ်ဆယ်ကျော်ကျော် ယုံကြည်ခဲ့ကြပါသည်။ကိုသန်းဝင်းစာထွက်လာမှ မိုးသီးကစိတ်ထဲမှာ ဌေးနိုင်ကို မနာလိုခဲ့ဘူးဆိုတာပါဘဲ။

သမိုင်းအမှန်ကိုဖျောက်ပြီး အားလုံးကိုညာခဲ့ပါသည်။မျက်နှာဖုံးချွတ်ပြီး နာမည်ကြီးအောင်လုပ်ကာ၊၈၈ကို ခုတုံးလုပ်ပြီး တော်လှန် ရေးကြီးတစ်ရပ်လုံးကို၊ဘာဆက်လုပ်ကြမှာလဲ။ဟုတ်ပါသည် ဘယ်အဖွဲ့ရောက်ရောက် အဖွဲ့တွေကွဲတာ ဒေါင်းယောင်ဆောင်တဲ့ကျီးစုတ် ကျီးပုတ်ကြောင့်ပါ။
……………………………………
(ကိုဌေးတင့်၏ဒုတိယစာတစ်စောင်)

“ကျေးဇူးရှင်သားကို ရက်ရက်စက်စက်သတ်တဲ့မိုးသီး။မိုးသီး မင်းကို မြေမျိုတော့မယ်။မိုးသီးနားက ဝေးဝေးရှောင်ကြ။ဌေးနိုင်ကို ဘယ်သူတွေဖမ်းပြီး  နှိပ်စက်တာလဲ”

နောက်ဆုံးရတဲ့သတင်းမှန်။ ။၂၀၁၁ခုနှစ်၊ဖေဖော်ဝါရီလ(၁၂) ရက်နေ့၊ပြည်ထောင်နေ့က မမျှော်လင့်ဘဲ Utrecht ကိုသွားရင်း ကိုထွန်း ထွန်းဦးနဲ့တွေ့ခဲ့ပါတယ်။ မတွေ့တာငါးနှစ်ကျော်ဆိုတော့ အလာပသလာပတွေ ပြောဖြစ်ခဲ့ပါတယ်။အိမ်ရှင်မှ ဟင်းပေါင်းစုံကို အရသာရှိရှိ ချက်ကျွေးသောကြောင့် ကိုထွန်းထွန်းဦး ဝိုင်နှင့်အမြည်းကို တဝသောက်ခဲ့ပါသည်။

မင်းတို့ထက် ငါပိုသိတယ်။ငါက မျက်စိရှေ့မှာ မြင်နေရ တာတဲ့ အရက်မူးကျွဲခိုးပေါ်ဆိုသည့် စကားအတိုင်း အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတပ်ဖွဲ့ဟောင်း တစ်ဦးမှနှစ် ပေါင်းများစွာ မြိုသိပ်ခဲ့ရတဲ့ ဖြစ်ရပ်မှန်ကို ပြောပြခဲ့ပါတယ်။၁၉၉၃ခုနှစ်က လူသတ်မှု ၂ ခုပေါ်လာပါသည်။ကိုထွန်းထွန်းဦးပြောပြသည်မှာ ရန်သူ့လူတစ်ယောက်မိသည်ဟု သတင်းကြားပြီးသွားကြည့်ရာ ကိုဌေးနိုင်ကို အံ့သြစွာစွာဖြင့် မြင်လိုက်ပါသည်။

ကျွန်တော်လေးစားသော ကျောင်းသားတပ်မတော် ဦးစီးချုပ်ဗဟိုမှ လက်မှတ်ထိုး ဖမ်းမိန့်ပေးထားသည့်စာမှာ သိမ်းခဲ့သော်လည်း ပျောက်ဆုံးခဲ့ပါသည်။ဆီဝေရင် ကျွန်တော့ကို ချာတိတ်ဟုခေါ်ကာ ပိုပေးတတ်ပါသည်။ကျွန်တော်က ဂျီတီအိုင်က ကျောင်းသားပါ။ကျွန်တော်က အဲဒီတုန်းက လူငယ် တစ်ယောက်ပါ။ကိုဌေးနိုင်ကို အထက်အရာရှိ အဖြစ်လေးစားပြီး အကိုတစ်ယောက်ကဲ့သို့ သံယောဇဉ်ရှိပါတယ်။ကိုဌေးနိုင်ကို ဖမ်းထားစဉ် အကိုဖြစ်သူ ဘန်ကောက်မှာရှိသည်ဟု  အကြောင်းကြားလာပါသည်။

လှဝင်းဆိုသော ချာတိတ်ဖြစ်ပါသည်။မမြင်ဖူးတော့ မယုံပါဖူး။အခု ခင်ဗျားနဲ့မနီလွိုင်မှာတွေ့မှ မြင်ဖူးတာကိုး။မိုးသီးက လက်နက်တွေကို ပဲခူးရိုးမထဲရှိ ကွန်မြူနစ်တို့ထံ ပို့ခိုင်းပါသည် ။
ကျွန်တော်ကိုယ်တိုင် ရဲဘော်အချို့ကိုခေါ်ပြီး  သေနတ်အလက် (၂၅)လက်၊လက်ပစ်ဗုံးများမာနယ်ပလောမှ လှေဆိပ်သို့ထမ်းချပေးခဲ့ရ ပါတယ်။ကေအန်ယူမှသိရှိသွားပြီး ကျွန်တော်တို့အားလုံး အဖမ်းခံရပါသည်။ဒေါက်တာနိုင်အောင်မှ သတင်းရပြီး နိုင်ငံခြားသားသတင်း ထောက်များခေါ်လာပြီး ကေအန်ယူလက်ထဲမှ ထုတ်ပါသည်။

ဗိုလ်ချုပ်မြမှ မင်းတို့ကရင်နယ်မြေမှထွက်ရန် အမိန့်ပေးလာပါသည်။ ကျွန်တော်တို့ ကျောင်းသားဗဟိုအဖွဲ့ မာနယ်ပလောမှထွက်ခွာရန် ပြင်ဆင်ပါသည်။ကျွန်တော်တို့ စက်လှေကို ပြင်ဆင်ပြီးတော့ အချုပ် ခန်းထဲမှ ဒီကောင်ကြီးကို ဘယ်လိုလုပ်ကြမလဲဟု တိုင်ပင်ကြပါသည်။နိုင်အောင်လဲ ရှိတယ်။လွမ်းဏီ၊ ဘစောထွန်းတို့လည်းရှိနေပါသည်။ ကျွန်တော်က ပစ္စတိုနှစ်လက် ခါးကြားမှာဆိုတော့ အကောင်ပေါ့။ကျွန်တော့်ကို အမိန့်ပေးလို့မရပါဖူး။ကရင်နီကို တပ်ပြောင်းရာမှဒီနှစ် ကောင်က အခက်အခဲဖြစ်နေလို့ထားခဲ့ရန် အားလုံးက သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။

ကျွန်တော်တို့က ပညာတတ်ကျောင်းသားတွေ ပါ။
ကိုယ်တိုင်သတ်ရန်မလိုပါဖူး၊ကိုဌေးနိုင်ကို ဆေးထိုးလိုက်ပါတယ်။ဒီလောက်ကြီးတဲ့ ခန္ဓာကိုယ်ကြီး ငါးမိနစ်မခံပါဖူး၊ကောင်းလိုက်တဲ့ဆေး ပါ။ကျန်တစ်ယောက်ကိုတော့ ပစ္စတိုနဲ့ခေါင်းကို ကျွန်တော်တို့ထဲမှတစ်ယောက်က သေနတ်စမ်းလိုက်ပါတယ်။တစ်ချက်တည်းပါဘဲ။ မှတ်မှတ်ရရ သူ့နာမည်က လှဝင်းတဲ့၊ကျွန်တော်တို့လည်း အဖမ်းခံထားရပြီး လွတ်လာခါစဆိုတော့ ညစ်နေတာပေါ့ဗျာ။ဆောရီးဘဲ ကိုဌေးတင့် ကျွန်တော်အမှန်တကယ် စိတ်မကောင်းပါဖူး။

မှတ်မှတ်ရရ ၁၉၉၃ မတ်လ ၂၂ နဲ့၂၇ ကြားပါ။သတ်ပြီးချိန်မှာ ကရင်က လာမေးတော့ သယ်သွားမယ်ဟုပြောပြီး၊လှေထဲမှာစောင်အုပ်ပြီး  အဲဒါဌေးနိုင်ဟု လက်ညိုးထိုးပြခဲ့ပါသည်။ဌေးနိုင်နဲ့ လှဝင်းအလောင်းကို ပုဆိုးစုတ်ကလေးအုပ်ပြီး  ချုံပုတ်ဘေးမှာ ပစ်ထားခဲ့ပါသည်။ရဲဘော်တစ်ယောက်မှ လှေထွက်ခါနီး အလောင်းထားခဲ့တယ်လို့ ကရင်တပ် ကို ပြောခဲ့ပါတယ်။မတတ်နိုင်ဖူးဗျာ တာဝန်ကျေအောင် လုပ်ပေးရတာဘဲ။နိုင်အောင်က မိုးသီးလောက် နိုင်ငံရေးမကောင်းဖူး၊သူတို့  ၂ ယောက်က အတူတူပါဘဲလေ။(ရဲဘော်ရဲဖက်များကို ကျွန်တော်ရသည့်သတင်းကို ပေးပို့ပါသည်။အမှန်တရားတစ်ခုကို ပူးပေါင်းပိတ်ဆို့ လို့ မရနိုင်ပါ။

ကျွန်တော့်ဆီမှာ အသံသွင်းဖိုင်ရှိသော်လည်း အချိန်မကျသေးလို့ မဖြန့်တော့ပါ။ကိုဌေးနိုင် သေဆုံးချိန်မှာ အတူတူရှိသော လူခြောက်ယောက် စာရင်းထွက်လာပါသည်။ကိုဌေးနိုင်ကို သတ်မိန့်ပေးတဲ့အဖွဲ့ကတော့ မိုးသီး၊ဒေါက်တာနိုင်အောင်၊ဘစောထွန်း၊ လွမ်းဏီ၊ဇော်ရဲ(အောက်မှာငြင်းထားပါတယ်၊လုပ်ကြံတာပါတဲ့)၊ထွန်းထွန်းဦးဖြစ်ပါသည်။ကိုဌေးနိုင်ကိုဖမ်းရန် အမိန့်ထုတ်ခဲ့၊လက်မှတ်ထိုး သူမှာ မိုးသီးဖြစ်ပါသည်။)

ကနေဒါမှ ကျောင်းသားရဲဘော်ရဲဘက်များက ကိုဌေးနိုင်နှင့်ပါတ်သက်ပြီး တစ်ခုခုလုပ်နိုင်ရန် တိုင်ပင်နေ သည်ဟု ကိုနိုင်ဦးမှ ပြောလာပါသဖြင့် သိရှိစေရန်တင်ပြပါသည်။ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ လူငယ်တိုင်းကို တာဝန်ပေးဖို့ စဉ်းစား ရန်လိုသည်ကို  ညီတစ်ယောက်ပေးသည့် သမိုင်းမှန်ဖြင့် ထောက်ခံလိုက်ပါသည် ။
(ဌေးတင့်)
………………………….။

(ကိုဌေးတင့်၏ရေးသားချက်အပေါ် အမည်မမှတ်မိသူတစ်ဦး၏ မှတ်ချက်)

ကိုမိုးသီးဗဟို အခြေစိုက်တဲ့ သေ့လောထ ဆက်သွယ်ရေးကုန်းမှာ၊ နေခဲ့ရတဲ့ နောက်ဆုံးညတွေကို ဘယ်တော့မှ မမေ့ပါဘူး။ဒီကုန်းရဲ့ အနောက်ဖက်အမြင့်ဆုံးနေရာကနေ ညနေပိုင်းတွေ ညပိုင်းတွေမှာ ကိုနိုင်အောင် ဦးဆောင်တဲ့ ၂၁၄ တပ်ရင်းက ရဲဘော်တွေက သေနတ်တွေ လာလာခြောက်ပစ်ပါတယ်။အဲဒီကာလဟာ ဗိုလ်ချုပ်မြက ကိုမိုးသီးတပ်တွေအားလုံးကို ကရင်နယ်မြေကနေ မောင်းထုတ်နေချိန်ဖြစ်တယ်။ကျနော်တို့အားလုံး ကိုအောင်သူငြိမ်းရဲ့ကျေးဇူးကြောင့် မသေပဲ အားလုံးထွက်လာနိုင်ခဲ့တာပါ။

ကျနော်ကတော့ နေ့လည်ဆို စက်ကိုင်တယ်။မွေးထားတဲ့ကြက်တွေကို နေ့တိုင်းရိုက်၊ချက်စားတယ်။ကျနော်တို့ ရဲဘော်တွေ (ကလလတ)ဖက်ကို တဖြည်းဖြည်းစတင်ပြောင်းရွှေ့နေပြီကိုး။ညမှာ ကျနော့် (M16) ကို ကျည်အပြည့် ကိုယ်မှာပတ်၊ ကျည်ထိုး၊ ကိုယ့်ကိုယ့်ကိုယ်သေလူအဖြစ် သတ်မှတ်ပြီး  ကြက်အိပ်၊ကြက်နိုးအိပ်ရတယ်၊ပြဿနာအခြေနေ အားလုံးစုံကို ကျနော်တို့ စက်သမားတွေ သိထားတယ်။မယုံမရှိပါနဲ့ အဲဒီကာလမှာ အဆင်မသင့်ရင် ကျောင်းသားအချင်းချင်းပြန်ပစ်ရမဲ့ အခြေအနေတွေ တကယ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ဘာမှမဖြစ်ခဲ့ကြပါဘူး။

တစ်ညမှာ ည ၁၂နာရီလောက်ကြီး ကိုမိုးသီး ဘောင်းဘီတို၊အင်္ကျံချွတ်ကြီးနဲ့ ကြောက်ဒူးတုန်ပြီး ဒီကုန်းပေါ်ပြေးတက်လာတယ်။ကျနော်က “ဘာဖြစ်တာလဲ ဥက္ကဌ” လို့ ခပ်သုတ်သုတ်မေးတော့ လာဝိုင်းတယ်၊ လာဝိုင်းတယ် လို့ ဖြေတယ်။ဟုတ်တယ် သံလွင်ကမ်းစပ်မှာ သူတို့ကောင်တွေ မီးပြပြနဲ့ ခြေရှုပ်နေတယ်။နောက် ရက်မကြာခင်မှာပဲ ကိုမိုးသီးအပြီးပဲ ခရီးထွက်သွားတယ်။အဲဒီကုန်းမှာ ဒုတိယနောက်ဆုံးညအထိ ကျနော်ရှိနေခဲ့တယ်။

.နောက်နေ့မှာ ကိုဝင်းနိုင်ဦးနဲ့ကျနော် သော်လဲထကနေ မဲစရင်းကို ထွက်ခဲ့တယ်။ဒီကုန်းရဲ့ ဘယ်အောက်ဖက် စမ်းချောင်းဘေးမှာ ကိုဌေးနိုင်ကိုထားတဲ့နေရာရှိတယ် (အရင်ကတော့ သံလွင် ဟိုဖက်ကမ်းမှာထားတယ်။ပြဿနာတွေ အကြီးအကျယ်တက်လာတော့ သူ့ကို ဒီဖက်ကမ်းကို ပြန်ခေါ်ထားတယ်)။ ကျနော်တို့အားလုံး ပြောင်းရွှေ့လာကြတော့ ကိုဌေးနိုင်ပါမလာတော့ပါဘူး။ဘယ်လိုပုံစံနဲ့ကျန်ခဲ့လဲဆိုတာ ကျနော်တို့ အများစု မသိသလို၊လူအများလည်း စိတ်ဝင်စားနေတဲ့ ကိစ္စတစ်ခုဖြစ်နေတယ်။

ဗဟိုဆက်သွယ်ရေးမှာ တာဝန်ယူရတဲ့ ရဲဘော်တွေဟာ လဝတွေ ကိုင်ထားရလေ့ရှိတယ်။ ကျနော်တစ်ခါ၊တစ်ခါ စဉ်းစားမိတယ်။အဲဒါဟာ ဘယ်လောက်ကာလအထိ အကျုံးဝင်သလဲဆိုတာကို (တချိန်ချိန်ကျရင် အဲဒီကာလက အသက်အခြေအနေ ခြိမ်းခြောက်ခံနေတဲ့ ပြဿနာတွေအကြောင်း  ပြည့်ပြည့်စုံစုံ ရေးဦးမယ်ဗျာ)။
……………………………
(အေဘီခေါင်းဆောင်ဟောင်းကိုသန်းဝင်း၏ စာတစ်စောင်)

ပြည်သူ၊ရဲဘော်၊မိတ်ဆွေများခင်ဗျား

မိုးသီးဇွန်ဆီမှ အီးမေးလ်တစ်စောင်၊လျှို့ဝှက်စွာတွဲပြီး ပို့ခဲ့ပါတယ်။အီးမေးထဲမှာ “ ကျနော့ရဲ့အခြေအမြစ်မရှိတဲ့ တိုက်ခိုက်မှုတွေကို အခုလို အရေးကြီးကာလမှာ ဖြေရှင်းစရာမလိုဘူး။ဋ္ဌေးနိုင်ကိုသူမသတ်ဘူးလို့ ရေးထားပါတယ်။” ဒီကိစ္စနှင့်ပတ်သက်လို့ ဋ္ဌေးနိုင်ကို မိုးသီး သတ်သလား၊မသတ်ဘူးလားဆိုတာကို အများကဆုံးဖြတ်ပါ။ကျနော်သိသလောက် ရှင်းလင်းတင်ပြပါ့မယ်။ဋ္ဌေးနိုင်ဟာ ၁၉၈၈ ရန်ကုန် တက္ကသိုလ်ကျောင်းသားတစ်ယောက်ပါ။

၁၉၈၈မှာ ကျနော်   ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကို တည်ထောင်တဲ့အခါ ဋ္ဌေးနိုင်ဟာ ကျနော့ရဲ့လက်အောက်ဖြစ်တဲ့ ရန်ကုန် တက္ကသိုလ်၊လှိုင်နယ်မြေဒေသကောလိပ် (၂) ရဲ့သမဂ္ဂတာဝန်ခံတစ်ယောက်ဖြစ်ပါတယ်။ ကျနော့ရဲ့အချစ်ဆုံးသူငယ်ချင်းလည်း  ဖြစ်ပါ တယ်။

စစ်အာဏာသိမ်းပြီး (၁၉၈၈) နယ်စပ်ကိုရောက်တော့ သေဘောဘိုးစခန်းကိုရောက်ပါတယ်။အဲ့ဒီအချိန်ဟာ (ABSDF) ပထမ သက်တမ်း ကျနော်အထွေထွေအတွင်းရေးမှူး (အေဘီဗဟို)မှာ တာဝန်ထမ်းဆောင်နေတဲ့ ကာလဖြစ်ပါတယ်။ဒီလိုနဲ့နှစ်လ၊သုံးလ အကြာမှာ ဋ္ဌေးနိုင်ဟာ ကျနော်နဲ့အတူနေဖို့  အေဘီဗဟိုကိုရောက်လာပြီး၊ကျနော့နားမှာ နေခဲ့ပါတယ်။(ABSDF) နှစ်ခြမ်းကွဲတော့ ကျနော် ကိုကိုဦး၊ မိုးသီး ဦးဆောင်တဲ့ဘက်ကိုရပ်ခဲ့ပြီး မိုးသီးဥက္ကဋ္ဌ ဖြစ်ပါတယ်။ကိုကိုဦးက အထွေထွေအတွင်းရေးမှူး၊ ကျနော်က (EC) ပါ။မိုးသီး က ဋ္ဌေးနိုင်ကို ဗဟိုစစ်ရေးတာဝန်ခံ ပေးအပ်ခဲ့ပါတယ်။

ဒီလိုနဲ့ ကိုကိုဦးနဲ့ကျနော် တောင်ပိုင်းမှာတာဝန်ထမ်းဆောင်နေတဲ့အချိန် ဋ္ဌေးနိုင်ကို မိုးသီးက ဖမ်းလိုက်ပါတယ်။ဒီအချိန်မှာ နိုင်အောင်ဘက်မှာ ကိုနေဝင်းအောင်နှင့်ကိုစိုးလင်း ( မြောက်ပိုင်း ABSDF)ကို သူလျှိုမှုနှင့် ဖမ်း ဆီးပြီး မြေကျင်းမှာထည့်ထားခဲ့တယ်။(တစ်လအကြာမှာ ဋ္ဌေးနိုင်အဖမ်းခံရတယ်ဖြစ်ပါတယ်)။

ကျနော်နှင့်ကိုကိုဦးက မိုးသီးဆီကို စက်ရိုက် ပြီး  ဘာကြောင့် ဋ္ဌေးနိုင်ကိုဖမ်းရတာလဲလို့ လှမ်းမေးပါတယ်။မိုးသီးက နိုင်အောင်တို့ဘက်မှ ကိုနေဝင်းအောင်နှင့် ကိုစိုးလင်းကို စစ်ဆေး တဲ့အခါ သူတို့က မိုးသီးဘက်က ဋ္ဌေးနိုင်ဟာလည်း  သူတို့နဲ့အတူတူပါပဲလို့ထွက်ဆိုလို့ ဖမ်းဆီးလိုက်ရတယ်လို့ ဖြေရှင်းပါတယ်။
ကျနော်က ပြင်းပြင်းထန်ထန် ကန့်ကွက်ငြင်းချက် ထုတ်ခဲ့ပါတယ်။ဋ္ဌေးနိုင်ဟာ သူလျှိုလုံးဝမဟုတ်ဘူး။ငါနဲ့အတူတူလုပ်ခဲ့တာ။လွှတ်ပေး ပါ။

ငါ အာမခံတယ်။ဋ္ဌေးနိုင်နဲ့ပတ်သက်လို့ ငါတာဝန်ယူတယ်လို့  စက်သွယ်ရေးစက်မှတစ်ဆင့် ပို့ပေးခဲ့ပါတယ်။ဒါပေမဲ့ မိုးသီးဟာ ကျနော့် တောင်းဆိုချက်ကို ဂရုမစိုက်ပဲ ဖမ်းမြဲဖမ်းထားပါတယ်။ကျနော် ကိုကိုဦးကို မေးတော့လည်း ဋ္ဌေးနိုင်ဟာသူလျှို လုံးဝမဖြစ်နိုင်ဘူး။ နောက်ပြီး နိုင်အောင့်ဘက်ကပေးတဲ့သတင်းနဲ့ ဖမ်းတယ်ဆိုတာ အခြေအမြစ်မရှိဘူးလို့ သူ့စဉ်းစားချက်ကိုပြောပြီး၊ကိုကိုဦးဟာ သူ့ရဲ့ အထွေထွေအတွင်းရေးမှူးတာဝန်ကို အသုံးပြုပြီး မိုးသီးထံကို ကြေးနန်းရိုက်ပါတယ်။

“မိုးသီး ငါအထွေထွေအတွင်းရေးမှူးတစ်ယောက်အနေနဲ့ သဘောထားပေးတယ်။ချက်ခြင်းလွှတ်ပေးပါ”လို့ တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ မိုးသီးဂရုမစိုက်ပါဘူး။ ဋ္ဌေးနိုင်ကိုဖမ်းမြဲဖမ်းထားပါတယ်။အဲ့ဒီတော့ ကျနော်အတော်ဒေါသ  ဖြစ်ခဲ့ပါတယ်။ဒါကြောင့် မိုးသီး၊မင်း  ဋ္ဌေးနိုင်ကို ချက်ခြင်းလွှတ်ပါ။မင်းမလွှတ်ရင် ငါမာနယ်ပလောကိုရောက်၊ငါ့တပ်နှင့်တိုက်ပြီး ဋ္ဌေးနိုင်ကိုရအောင် ထုတ်ယူမယ်လို့  အကြောင်းကြားခဲ့ပါတယ်။

ဒီလိုနဲ့ ကျနော်မာနယ်ပလောကိုဆင်းဖို့ ကြိုးစားနေတဲ့အချိန်မှာ ကျနော့်ဆီကို ဖုန်းတစ်ခုဝင်လာပါတယ်။အဲ့ဒါကတော့ ချင်းမိုင်မြို့က ဗိုလ်မှူးကြီးထုံလို့ခေါ်တဲ့ ထိုင်းထောက်လှမ်းရေးအကြီးအကဲပါ။

သူက “သန်းဝင်း မင်းမဆင်းနဲ့ မင်းဆင်းရင် မယ်ဇရင်း ဘတ်စ်ကား ဂိတ်မှာ  ပလိပ်တွေက မင်းကိုစောင့်ပြီး အပြီးသတ်လိုက်လိမ့်မယ်လို့ ပြောပါတယ်။အဲ့တော့ ကျနော်က မေးတယ်။ပုလိပ်တွေက ကျနော့် ကို ဘယ်လိုလုပ်သိလဲဆိုတော့ သူကမင်းကို နယ်စပ်ကိုမရောက်အောင် ထိုင်းနယ်မြေထဲမှာ အပြတ်ရှင်းဖို့ ထိုင်းပုလိပ်ကို ဘတ်တစ် သောင်းပေးထားပြီး  ဖြစ်တယ်လို့ပြောပါတယ်။ကျနော်အတော်အံ့သြပြီး အတော်လည်း ဒေါသဖြစ်ရပါတယ်။ဒီလောက်တောင် ယုတ်မာရ သလားလို့။ဒါနဲ့ ကျနော် မာနယ်ပလောကို လုံခြုံရေးအရ မဆင်းဖြစ်တော့ပါဘူး။နောက်တော့ မာနယ်ပလောကျခါနီးမှာ မိုးသီးဘက်က ရော၊ နိုင်အောင့်ဘက်ကပါ ဋ္ဌာနချုပ်ကို ရွေ့ပြောင်းရပါတော့တယ်။

အဲ့ဒီအချိန်မှာနိုင်အောင့်ဘက်မှာ ကိုနေဝင်းအောင်နဲ့ကိုစိုးလင်းတို့ဟာ ထွက်ပြေး၊လွတ်မြောက်သွားကြပါတယ်။မိုးသီးဘက်မှဋ္ဌေးနိုင်ကတော့ အသတ်ခံလိုက်ရပါတယ်။နောက်ပိုင်း ကျနော်ဟာ ဋ္ဌေးနိုင်ကိစ္စနဲ့ ပတ်သက်လို့ ကိုယ်တိုင်မြင်တွေ့ရတဲ့သူတွေအားလုံးကို မေးမြန်းပါတယ်။သူတို့ရှင်းပြတာက ဋ္ဌေးနိုင်ကိုစဖမ်း၊ဖမ်းခြင်း၊တဲအိမ်တစ်ခုမှာ လှောင်ပိတ်ထားတယ်။

ဗဟိုထဲမှာပေါ့။နောက်နှစ်ပတ်အကြာမှာတော့ ဋ္ဌေးနိုင်ကို ဗဟိုရဲ့တစ်ဘက်ကမ်း သောင်ရင်းမြစ်ရဲ့တစ်ဘက်ခြမ်း မှာမြေကျင်းသေးသေးလေးတူးပြီး တစ်ယောက်တည်း ထားပါတယ်။ဘာအစောင့်မှမထားပဲ ထမင်းပို့မှ လှေနှင့်သွားပို့ကြပါတယ်။ နောက် ပိုင်း အစောင့်စစ်သားနှစ်ယောက်ကိုမေးတော့ သူတို့က ကိုဋ္ဌေးနိုင်ကိုထားတာ သိပ်ရက်စက်တယ်ဗျာတဲ့။သူ့အရပ်၊သူ့ကိုယ်ခန္ဓာနဲ့မဆန့် တဲ့ ခြေထောက်ဆန့်လို့မရတဲ့ မြေကြွင်းထဲမှာထည့်ထားပြီး ခြေထောက်ကလည်း အချိန်တိုင်းကွေးထားရတော့ တစ်လလောက်အကြာမှာ ဋ္ဌေးနိုင်ဟာ မတ်တပ်ရပ်လို့မရတော့ပဲ၊

ချိသွားတယ်တဲ့။နောက်စစ်သားတစ်ယောက်က မျက်ရည်ဝဲပြီးပြောတာက  သူတို့ထမင်းသွားပို့တဲ့ အချိန်မှာ တာဝန်ခံတစ်ယောက်ပါတယ်တဲ့။သူတို့ ဋ္ဌေးနိုင်ကို တွေ့တဲ့အခါ၊ဋ္ဌေးနိုင်က…..၊

“မင်းတို့ငါ့ကို ဘယ်တော့သတ်မလဲ၊မြန်မြန်သတ်လိုက်ပါကွာ။ငါမင်းတို့နှိပ်စက်တဲ့ဒဏ်ကို မခံနိုင်တော့လို့ပါလို့ နေ့တိုင်းတောင်းပန်ပြော တယ်လို့ ကျနော့ကို  ရှင်းပြပါတယ်။

ဒီလိုနဲ့ဗဟိုဟာ စစ်ရေးအရရွှေ့ပြောင်းတဲ့အချိန်မှာ  မိုးသီးဟာ သူများတွေမရိပ်မိအောင် ဋ္ဌေးနိုင်လို သရုပ်ဆောင်တဲ့တစ်ယောက်ကိုရွေးပြီး မျက်နှာကိုဂုံနီအိတ်အုပ် သဏ္ဍန်လုပ်သရုပ်မှန်အောင်လိမ်ညာပြီး လှေပေါ်ကို တရားခံခေါ်သွား တယ်ဆိုတဲ့ပုံစံနဲ့ ဖန်တီးပါတယ်၊ အဲ့ဒီသရုပ်ဆောင်တဲ့သူက ကိုရဲလင်းလို့ခေါ်ပါတယ်။သူကိုယ်တိုင် ကျနော့်ကိုပြောပြတာ  ဖြစ်ပါတယ်။

သူတို့ရွေ့ပြောင်းကြတဲ့အချိန်မှာ ဋ္ဌေးနိုင်သေပြီးဖြစ်တယ်။သူတို့သတ်ပြီးဖြစ်တယ်။ ဒီတော့ ဘယ်သူ့မှာတာဝန်ရှိသလဲ။ဋ္ဌေးနိုင်ကို သတ် တာ မိုးသီးမှာတာဝန်ရှိတယ်။မိုးသီးဟာ အဲ့ဒီအဖွဲ့ရဲ့ဥက္ကဋ္ဌပါ။ဒါကို သူမသတ်ပါဘူးလို့ ရှောင်ထွက်လို့မရပါဘူး။ခေါင်းဆောင်လုပ်ချင်ရင် တာဝန်ယူရဲတဲ့သတ္တိရှိရပါတယ်။ပြည်သူ့ရဲဘော်မိတ်ဆွေအပေါင်းတို့ခင်ဗျား အထက်ပါအဖြစ်အပျက်ကို ဖတ်ကြည့်ကြပါ။မိုးသီးဟာ (၈၈၈၈) ခေါင်းဆောင်တစ်ယောက်မဟုတ်ပါ။နိုင်ငံရေးခေါင်းဆောင်လည်းမဟုတ်ပါ။ကျောင်းသားချင်းသွေးစွန်းတဲ့  လူသတ်ကောင်သက် သက်သာဖြစ်ပါတယ်။

ကျနော်တို့က စစ်အာဏာရူးပြီး   ပြည်သူကိုသတ်တဲ့ စစ်အာဏာရှင်ဘီလူးတွေကို တိုက်နေတာပါ။အခု မိုးသီးနှင့်နိုင်အောင်ဟာ အာဏာ တစ်ခြမ်းပဲ့လေးကိုရတာတောင်  ဒီလိုယုတ်ယုတ်မာမာ၊ရက်ရက်စက်စက် လူမဆန်စွာသတ်ဖြတ်ကြတဲ့ လူသတ်ကောင်၊လူယုတ်မာ များသာဖြစ်တယ်။နိုင်ငံရေးခေါင်းဆောင် ကျောင်းသားခေါင်းဆောင်များ  လုံးဝမဟုတ်ပါ။ဒီတော့ ခင်ဗျားတို့ကိုသတိပေးချင်ပါတယ်။

“မိုးသီး” ဒီလိုစွပ်စွဲချက်ဟာ အခြေအမြစ်မရှိတဲ့ တိုက်ခိုက်မှုလို့ မင်းကပြောတယ်။မိုးသီး မင်းဘဝမှာ ဒီကိစ္စဟာ အရေးကြီးတယ်ဆိုတာ သတိပြုပါ။နိုင်ငံရေးဆိုတာ မင်းလိုလူသတ်ကောင်နဲ့ မပတ်သက်ဘူးဆိုတာ နားလည်ပါ။မင်းသတ်ခဲ့တဲ့ လူသတ်မှုအတွက် ဖြေရှင်းဖို့၊ မင်းပြင်ဆင်ပါ။ဒီနေ့ကစပြီး ကျောင်းသားခေါင်းဆောင်၊နိုင်ငံရေးခေါင်းဆောင်ဆိုတာ လုံးဝမသုံးပါနဲ့။မိုးသီးနဲ့နိုင်အောင်ဟာ စစ်ဘီလူး ကောင်တွေလိုပဲ ဆိုးတဲ့လူသတ်တရားခံ၊လူယုတ်မာများသာဖြစ်ပါကြောင်း ရှင်းပြလိုက်ရပါတယ်။

                                                    ……………။  ။………………
အထက်တွင်ဖော်ပြခဲ့သည်တို့ကား အေဘီ(တောင်ပိုင်း)လူသတ်မှုနှင့်ပတ်သက်သော အကြောင်းအရာများဖြစ်လေ၏။
 ……………။………………….
↧

“ကိုသာဆိုးတို့ခေတ်မှသည် ဒီမိုကရေစီအရွေ့ဆီသို့”

$
0
0

၁၃။၀၈။၂၀၁၄ နေ့ထုတ် ပေါ်ပြူလာဂျာနယ်မှ။ ။

“ကိုသာဆိုးတို့ခေတ်မှသည်  ဒီမိုကရေစီအရွေ့ဆီသို့”

(မင်းဒင်)

၁။အေးချမ်းစွာ  နေချင်လှပါသည်။သို့သော်…၊

အတွင်းရေးတို့ကို ဖွင့်ချခြင်းနှင့်အားနည်းချက်တို့ကို  ထောက်ပြခြင်းဟူသောအလုပ်တို့သည် အန္တရာယ်များလှ၏။ လူလတ်ပိုင်းကိုကျော် လွန်ခဲ့ပြီးသော အသက်အရွယ်နှင့်များမြောင်လှသော စပ်ဖျင်းဖျင်းလောကဓံတို့ကြောင့် နားအေးပါးအေး စာရေးသည့်အလုပ်ကို ရွေးချယ် မိကာမှ အများသိသင့်သည်တို့ကို သိသိကြီးနှင့်ထိန်ချန်ပြန်လျှင်လည်း တရားခံစာရင်းမှ မလွတ်တန်ရာပြန်ချေ။

ထမင်းကြမ်းခဲကို ယပ်ခတ်စားနေနိုင်ရုံမျှဖြင့် နိုင်ငံသားတစ်ဦး၏တာဝန်မကျေနိုင်ဟု ခံယူမိခြင်းသည်၊ ရန်ငြိုးဖွဲ့သိုခံရနိုင်ဖွယ်ရှိသည့် ဤစာမျိုးကို ရေးရခြင်း ၏  နောက်ခံအကြောင်းတရားဖြစ်၏။

သူ့အိမ်ကခွေးနှင့်ကိုယ့်အိမ်ကခွေး ကိုက်ကြလျှင်ပင် ကိုယ့်ခွေးနိုင်စေချင်သော အတ္တစိတ်မပျောက်သေးသဖြင့် ကိုယ့်ဇာတိတိုင်းပြည်ကို အာရှနွားဘဝမှ လွတ်မြောက်စေလိုစိတ်သည်လည်း အခြားအကြောင်းတစ်ရပ်ဖြစ်တန်ရာ၏။

၂။ခေတ်ကြီးပြောင်းခဲ့ပြီဟု ဆိုကြပါ၏။
မဆလမှသည်  နဝတ၊ယင်းမှသည်  နအဖ၊ထိုမှသည်  ဒီမိုကရေစီသို့ဦးတည်သော ခေတ်အချိုးအကွေ့များကို ကျနော်ကြုံတွေ့ရလေတိုင်း အောက်ပါကြားဖူးနားဝ ကျေးလက်ပုံပြင်တစ်ပုဒ်ကို သတိရမိသည်ချည်းဖြစ်၏။

တခါက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း တွင် မွေးထားသော မျောက်ငယ်တစ်ကောင်ရှိ၏။ကျောင်းထိုင်ဘုန်းကြီးသည် ကျောင်းအ ပေါ်ထပ်မှဆင်းလာလေတိုင်း၊ မျောက်ငယ်၏ငယ်ထိပ်ကို အကြောင်းပြချက် တစ်စုံတစ်ရာမရှိပဲ၊ တစ်ချက်ခေါက်ပြီးမှဆင်းလေ့ရှိရာ၊ မျောက်ငယ်သည် ၎င်းခံစားနေရသောဒုက္ခမှ လွတ်မြောက်စေရေးအတွက်  ကျောင်းထိုင်ဘုန်းတော်ကြီးကို မြန်မြန်ပျံလွန်တော်မူစေရန် ဆုတောင်းလေသည်။

မကြာမီ ထိုဘုန်းကြီးပျံလွန်လေရာ နောက်ထပ်ကျောင်းထိုင်ဘုန်းကြီးအသစ် ကျောင်းထိုင်၏။ထိုကျောင်းထိုင်ဘုန်းကြီးကား ရှေ့ဘုန်းကြီးနှင့်မတူလေ။ကျောင်းအပေါ်ထပ်မှဆင်းလာတိုင်း မျောက်ငယ်၏ငယ်ထိပ်ကို  နှစ်ကြိမ်ခေါက်သည်ဟူ၏။ ထိုမှ စ၍  နောက်ဘုန်းကြီးနှစ်ချက်ခေါက်ဟူသောဆိုရိုးသည်  ပေါ်လာသည်ဟုဆိုပါ၏။ထိုစကားနှင့်သဘောသွားတူသည်ကား ကိုသာဆိုးဟူ သော အသုံးအနှုန်းဖြစ်သည်။

၂၀၀၀ခုနှစ်မှစတင်၍  ပွင့်လင်းမြင်သာသော ဒီမိုကရေစီခေတ်ဆီသို့ ကူးပြောင်းခဲ့ပြီဟုဆိုကြပါသည်။ ဖွဲ့စည်းပုံအခြေဥပဒေရေးဆွဲခြင်း၊ ရွေးကောက်ပွဲကျင်းပခြင်းတို့၏ နောက်ဆက်တွဲအဖြစ် လွှတ်တော်အဆင့်ဆင့်နှင့်အသီးသီးသော ဝန်ကြီးဌာနများပေါ်ပေါက်လာကြ သည်။အဆိုပါအဖွဲ့တို့တွင် ပြန်လည်ပါဝင်လာကြသူအများစုမှာကား၊ အများသိတော်မူပြီးဖြစ်ကြသည့်အတိုင်း ခေတ်ဟောင်းဆီက ယူနီ   ဖောင်းချွတ်များသာဖြစ်ကြပါ၏။

၎င်းတို့တစ်ညီတစ်ညွတ်တည်း  ကြွေးကြော်နေလေကြသည်ကား စကားလုံးအသုံးအနှုံးသာခြားနားမည်၊ လိုတိုရှင်းအဓိပ္ပါယ်မှာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ဦးတည်နေပြီ ဟူ၏။သို့သော်…၊
ကျနော်သိသမျှ တိုင်းနှင့်ပြည်နယ်လွှတ်တော်တို့သည် လက်ရှိကာလအထိ မယ်မယ်ရရအလုပ်မပြနိုင်ခဲ့ကြချေ။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဆိုလျှင် အစည်းအဝေးခေါ်ယူမှု  နည်းပါးလွန်းလှကြောင်း အမျိုးသမီးလွှတ်တော်အမတ်တစ်ဦးကိုယ်တိုင် မကြာခင်ရက်ပိုင်း အတွင်းက ရင်ဖွင့်ခဲ့ဖူးလေသည်။

အကူးအပြောင်းဟူသည် အခက်အခဲမျိုးစုံ  ကြုံတတ်စမြဲရှိလေရာ အစည်းအဝေးနည်းပါးခြင်းကို ယိုးမယ် မဖွဲ့လို။သို့သော် ပြုပြင်ပြောင်းလဲရေးခရီးသည် အရွေ့ရှိမရှိ၊ ပြည်သူလူထု၏အကျိုးစီးပွားဖြစ်ထွန်းမှုကို အခြေခံသုံးသပ်ခြင်းဖြင့် သိနိုင် လေရာ၊ဒုံရင်းတွင်သာ ရှိနေဆဲဖြစ်ကြောင်းထင်ရှား၏။ဗမာပြည်ကြီးတွင် အသွင်ပြောင်းကာလ လေးနှစ်ဝန်းကျင်ရှိလာသည့်တိုင် ဒုံရင်း တွင်ပင် သံသရာလည်နေရခြင်း၏အရင်းခံ အကြောင်းတရားတို့ကို  စေ့ငုရန်လိုမည်ဟု ကျနော်ယူဆသည်။

၃။တစ်ခုသောအင်တာဗျူး။

ကျနော်ဖတ်မိလိုက်သော ဗွီအိုအေအင်တာဗျူးတစ်ခုတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အောက်ပါအတိုင်းပြောကြား သည်ဆိုပါသည်။

"စစ်အုပ်ချုပ်ရေး ကျန်နေသေးတယ်ဆိုတဲ့ အယူအဆနဲ့ပတ်သက်လို့ မငြင်းပါဘူး။ အရှိန်တော့ ကျန်တဲ့သဘောပေါ့။ တကယ့် ထဲထဲ ဝင်ဝင် မကျန်ပါဘူး။ အရှိန်လောက်တော့ ဒီလိုပုံစံနဲ့ မြင်နိုင်တဲ့အနေအထားတော့ ရှိနေသေးတယ်လို့ ပြောလို့ရပါတယ်။ အဲ့တော့ ဒါက လဲ တချိန်တော့ ဆုတ်ရမှာပေါ့။နိုင်ငံတော်ရဲ့အနေအထား (Stability) ပါပဲ။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားမှာစိုးလို့ ဒါတွေလုပ်ထားခဲ့ တယ်လို့ ထင်တာပါ။ ဒါတွေ ထားပစ်ခဲ့တာ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်အောင် ဒါတွေလုပ်ထားခဲ့တယ်။

ဘာဖြစ်လို့လဲဆိုတော့ သမိုင်းအစဉ်အလာမှာလဲ ဒီနိုင်ငံတော်ရဲ့တည်ငြိမ်အေးချမ်းမှုကို တပ်မတော်ကပဲ ထိန်းသိမ်းနိုင်ခဲ့တာ။ ကျန်တာ မထိန်းနိုင်ခဲ့ဘူး။ ကျန်တဲ့ (Institution) ဘယ်သူမှ  မထိန်းနိုင်ခဲ့ဘူး။ ဒါကြောင့်မို့လို့ အဲ့လိုဖြစ်အောင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသွား မလား၊ စနစ်တစ်ခုကတစ်ခုကို ပြောင်းတဲ့အခါမှာ ပျက်ပြားတတ်တယ်။ အခြားနိုင်ငံတွေမှာ ကြည့်ပါ။ သွေးထွက်သံယိုတွေဖြစ်တယ်။ အဲ့တော့ အဲ့လိုတွေဖြစ်မှာစိုးတဲ့အတွက် ဒီလိုထားပြီးတော့ အဲ့လိုမဖြစ်လောက်တော့ဘူးဆိုရင် လျှော့၊လျှော့သွားဖို့တော့ လိုတယ်လို့ ယူဆပါတယ်။"

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏သဘောထားသည် ပျော့ပြောင်းညင်သာ၍ ယျေဘုယျအားဖြင့် လက်ခံနိုင်ဖွယ်ရှိသည့်အချက်ကို ကျနော် မငြင်း ပါ။သို့သော် ကျနော်တစ်ဦးတည်း၏ တွေးခေါ်မျှော်မြင်မှုအရမူ ဗမာစစ်တပ်သည် တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် တော်တည့်မှန် ကန်စွာ ဆောင်ရွက်နိုင်စွမ်းမရှိခဲ့ချေ။ရက်စက်ပြင်းထန်သော ပြစ်ဒဏ်များဖြင့် “ငါပြောသလိုလုပ်၊ငါလုပ်သလို မလုပ်နှင့်”ဟူသော အကြပ်ကိုင်လမ်းစဉ်ကိုသာ နှစ်ဆယ့်ငါးနှစ်ကျော် စိုက်လိုက်မတ်တတ် ဆောင်ရွက်သွားခဲ့သည်။

စစ်ဗိုလ်ချုပ်မှန်သမျှ ထားစရာမရှိအောင်၊ ကျိကျိတက်ချမ်းသာခဲ့ကြ၏။ပြည်သူလူထုအပါအဝင်  အတိုက်အခံမှန်သမျှ  မှီခိုလဲလျောင်းရာမရှိ၊ ဒုက္ခပင်လယ်ဝေခဲ့ရ၏။ ဖုံးကွယ်ထားခဲ့ သော သွေးထွက်သံယိုမှု  အများအပြားရှိခဲ့သည်ကို ရိုးသားစွာ ရှုမြင်ရန်လိုအပ်ပါသည်။

ယခုခေတ်ပြောင်းအရွေ့ကိုဖော်ဆောင်နိုင်ရန် တိုင်းပြည်၏တည်ငြိမ်အေးချမ်းရေးအတွက် ဒေသတွင်းနိုင်ငံများ၊အမေရိကန်အပါအဝင် အနောက်အုပ်စုတို့၏ ဗမာအစိုးရနှင့်ဗမာ့အတိုက်အခံများအပေါ် ပါးနပ်စွာထိန်းကျောင်းနေမှုကို လွှတ်တော်ဥက္ကကြီးအနေဖြင့် ကမ္ဘာ ကြည့်၊ကြည့်လျှင်မြင်နိုင်လေသည်။

ဤအချက်သည် အာရှပစိဖိတ်ဆိုင်ရာ စစ်ရေး၊စီးပွားရေးမဟာဗျူဟာများမှ ဆင်းသက်ဆက်နွယ်လာ ကြောင်း ဥာဏ်ပညာအခြေခံကာ အတွေးကိုရှေ့ဆက်လျှင် မြင်သာပါသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှ အထက်ပါအတိုင်း ဆင်ခြင် သုံးသပ်နေချိန်တွင်  တိုင်းဒေသကြီးများနှင့်ဝန်ကြီးဋ္ဌာနအသီးသီး၌  ခေတ်ကြီး၏အရွေ့အတွက် မည်သို့လျှင်အားထုတ်လျက်ရှိကြောင်း ကျနော်အတွင်းကျကျသိသော  အောက်ပါခြင်းရာတို့က သက်သေခံလျက်ရှိသည်။

၎။ တစ်ခုသော  တင်ဒါရွေးချယ်မှု။

ရန်ကုန်မြို့ကြီးရှိ ဗိုလ်မင်းရောင်လမ်းနှင့်မြန်မာ့ဂုဏ်ရည်လမ်းအကြားတွင် ဧရာမမြို့ပြစီမံကိန်းကြီးတစ်ခု အကျိုးတူဆောက်လုပ်ရန် ဈေးပြိုင် တင်ဒါခေါ်ယူခဲ့ရာ ပေးသွင်းရမည့်တင်ဒါအာမခံကြေးမှာ အမေရိကန်ဒေါ်လာတစ်သန်းဖြစ်၍ “အစကတည်းက ယဉ်သကို” ဟူသော စကားကို အမှတ်ရစရာကောင်းလှသည်။

တင်ဒါတင်သွင်းသူ စုစုပေါင်းလေးဖွဲ့ဖြစ်၏။အဆိုပါတင်ဒါတွင် ရင်းနှီးမြှုပ်နှံမှု၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ပြုပြင်ထိန်းသိမ်းရေးအစီအမံစသည့်ဆန်းစစ်ချက်များကိုပါ ထည့်သွင်းဖော်ပြရန် စည်းကမ်း သတ်မှတ်ခဲ့ရာ ယခင်ကာ လများနှင့်နှိုင်းစာလျှင် တိုးတက်လာပြီဟု စာရေးသူ  ယူဆဖွယ်ရာဖြစ်ခဲ့သည်။

တင်ဒါတင်သွင်းသည့်အဖွဲ့များကို လုပ်ငန်းစီမံချက်အသေးစိတ်ကို  ခေါ်ယူရှင်းလင်းစေပြီးသည့်နောက် နောက်ဆုံးဇကာတင်နှစ်ဖွဲ့ကျန်၏။ ဒုတိယအကြိမ် ထပ်မံခေါ်ယူ ရှင်းလင်းစေပြန်သည်။တစ်ပြေးနေသောကုမ္ပဏီသည် ပြည်တွင်းလုပ်ငန်းအတွေ့အကြုံမရှိသဖြင့် ပြည်ပ ပညာရှင်များဖြင့် အားဖြည့်ရန်စီမံခဲ့ရာ ပူးတွဲဆောင်ရွက်မည့် စီမံအုပ်ချုပ်မှုဆိုင်ရာအဖွဲ့မှာ ဘန်ကောက်မြို့၊သုဝဏ္ဏဘူမိလေဆိပ်သစ် ကြီးကို တည်ဆောက်ရာတွင် စီမံအုပ်ချုပ်ခဲ့ကြသူများဖြစ်၏။ရင်းနှီးမြှုပ်နှံရန်လျာထားသည့်  ငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာ သန်းနှစ်ရာ့ငါးဆယ်ကျော်ဖြစ်၏။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး  ရင်းနှီးမြှုပ်နှံမှုအသေးစိတ်စီမံချက်  ပြုပြင်ထိန်းသိမ်းရေးအစီအမံစ
သည့်လိုအပ်ချက်များကို ဗမာပြည်ရှိထိပ်တန်းပညာရှင်များ၏ အကူအညီဖြင့် စနစ်တကျရေးဆွဲ၏။လုပ်ငန်းရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံမှ ပညာရှင်များ တက်ရောက်ဆွေးနွေးသည်။စီမံကိန်းပညာရှင်များကို ခေါ်ယူအသုံးပြုသည့်ကုန်ကျငွေအပါအဝင်၊ လုပ်ငန်းစီမံချက်ရေးဆွဲခ သည်ပင်လျှင် မြန်မာငွေကျပ်သိန်းတစ်ထောင့်ငါးရာကျော်  သုံးစွဲခဲ့သည်ဟုသိရ၏။

ဒုတိယနေရာမှလိုက်သည့်အဖွဲ့မှာ ရန်ကုန်မြို့ရှိ အထင်ကရကုန်တိုက်ကြီးတစ်ခု၏အမည်ဖြင့်  တည်ထောင်ထားသည့် ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်၏။တင်ဒါစည်းကမ်းအရ ဖြည့်စွက်တင်သွင်းရမည့် အသေးစိတ်စီမံချက်မပါရှိရုံမျှမက ရင်းနှီးမြှုပ်နှံမည့်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ(၉၃)သန်းသာဖြစ်သည်။သန်းနှစ်ရာကျော်ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီနှင့် သန်းတစ်ရာမပြည့်သော ရင်းနှီးမြှုပ်နှံသူတို့ကြားတွင် တိုင်းပြည်နှင့်လူထုအတွက် မည်သည်ကပို၍အကျိုးရှိကြောင်း အလွယ်တကူပင်မြင်သာသည်။

သို့သော် ဒုတိယအဖွဲ့သာ ထူးဆန်းစွာတင်ဒါအောင်ခဲ့လေရာ မည်သို့သောရွှေဥာဏ်ရှင်များက ဤတင်ဒါကို မည်သည့်အကြောင်းကြောင့် ရွေးချယ်ခဲ့လေသနည်းဟူသောအချက်မှာ စိတ်ဝင်စားစရာကောင်းလှသည်။

လုပ်ငန်းစီမံချက်အသေးစိတ် ရှင်းလင်းမှုမှတ်တမ်းများကို နားလည်တတ်ကျွမ်းသည့် ပညာရှင်တစ်ဦးဦးအနေဖြင့် စစ်ဆေးခွင့်ရခဲ့သော်ကောင်းလေစွ။သို့တည်းမဟုတ် အစိုးရအဖွဲ့က တောင်းယူ ကြည့်ရှုခြင်းဖြင့် အဖြေမှန်ပေါ်တန်ရာသည်။စာရေးသူသိရှိသည့်  အရေးကြီးသောသတင်းစကားတစ်ခုမှာ အဆိုပါစီမံကိန်းအတွက် တာဝန်ရှိသူတစ်ဦးသို့ပေးအပ်ရန် ကြားပွဲစားတစ်ဦးမှတစ်ဆင့် တင်ဒါတွင်တစ်ပြေးနေခဲ့သောအဖွဲ့ထံ ကမ်းလှမ်းတောင်းခံခဲ့သည့် တံစိုး လက်ဆောင်၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာသုံးသန်း(ဗမာငွေကျပ်သိန်းပေါင်းသုံးသောင်း)ဖြစ်ပြီး အဆိုပါကမ်းလှမ်းမှုကို တင်ဒါအပယ် ခံနိုင်ကြောင်းသိလျက်နှင့်ပယ်ချခဲ့သည်ဟူ၏။

၅။ဒုတိယ တင်ဒါ။

အဆိုပါတင်ဒါကား လျှပ်စစ်ဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားခွဲစက်ရုံများ တည်ဆောက်ခြင်း၊ဆက်စပ်ပစ္စည်းများ  တင်သွင်းခြင်းနှင့် သက်ဆိုင်သော တင်ဒ်ါခေါ်ယူမှုဖြစ်သည်။အဆိုပါတင်ဒါကို တင်သွင်းဖူးသူ စာရေးသူ၏မိတ်ဆွေမှာအံ့ဘနန်းအဖြစ်နှင့်ကြုံရသည်ဆို၏။ လျှပ်စစ်ဝန်ကြီးဌာန တင်ဒါတာဝန်ရှိသူတို့သည် (Seimen)တံဆိပ်လျှပ်စစ်ပစ္စည်းများမှလွဲ၍ ကျန်တံဆိပ်အသစ်ဖြစ်စေ၊လက်ဟောင်းဖြစ် စေ လှည့်၍ပင်မကြည့် ၊ တင်ဒါကိုပင်  ဆုံးအောင်မဖတ်ကြဟုဆိုသည်။

အကြောင်းပြချက်မှာ မြန်မာ့လျှပ်စစ်လုပ်ငန်းမှ (SCADA-Super Control and Data Acquisition)ကို (Seimen) နှင့်တည်ဆောက် ထားသောကြောင့်ဟုဆိုသည်။ထို့ကြောင့်  အခြားတံဆိပ်ကွဲ ပစ္စည်းတူပေးသွင်းနေသူများအဖို့ မြန်မာပြည်ဈေးကွက် ဝင်တိုးနိုင်ရန်၊ လမ်း မမြင်ချေ။

အခြားနိုင်ငံများ၏လုပ်နည်းလုပ်ဟန်နှင့်လုံးဝကွဲပြားဆန်းကြယ်လျက်ရှိသည်။ထိုင်းနိုင်ငံနှင့်ဗီယက်နမ်တို့တွင် အေတံဆိပ်နှင့် တည်ဆောက်ထားသည့် လျှပ်စစ်စက်ရုံဖြစ်၍ ယင်းအတွက်လိုအပ်သည့် ဆက်စပ်ပစ္စည်းများကို အေကုမ္ပဏီမှသာ ဝယ်ယူရမည်ဟူ သော ကန့်သတ်ချက်မရှိ။ကမ္ဘာပေါ်ရှိ လျှပ်စစ်ဆိုင်ရာပစ္စည်းအားလုံးသည် နိုင်ငံတကာစံချိန်၊စံညွန်းသတ်မှတ်ချက်ဖြင့်သာ ထုတ်လုပ်ကြ သည်ချည်းဖြစ်၍ အရည်အသွေးမီသော၊ပို၍ကောင်းမွန်သော အခြားဘီ၊စီ၊ဒီ၊အီးစသည့် တံဆိပ်များကို အရည်အသွေးနှင့်ဈေးနှုန်းအပေါ် မူတည်တွက်ချက်ကာ  သုံးစွဲကြသည်ဆိုပါ၏။

၆။ တစ်ခုသော ဥပမာ။

မိတ်ဆွေဖြစ်သူကမူ တာဝန်ရှိသူများအနေဖြင့် ကမ္ဘာ့ဈေးကွက်ကြီးနှင့် အဆက်ပြတ်ကာ ရှေးရိုးစွဲနေကြဆဲဖြစ်ကြောင်း သုံးသပ်သည်။ သူ ဆက်လက်၍ ရှင်းပြသည်ကား တံဆိပ်တစ်ခုတည်းကို မူသေသုံးစွဲနေခြင်းဖြင့် ထိုပစ္စည်းတင်သွင်းခွင့်ရနေသူ တစ်ဦးတည်းကသာ ဈေး ကွက်ကိုထင်သလို ချယ်လှယ်နိုင်ကြောင်း၊နိုင်ငံတစ်ကာတွင် အရည်အသွေးတူသော၊ ပို၍မြင့်မားသော အမျိုးတူပစ္စည်းများ ဈေးကွက် တွင် ထိုးဖောက်နေရာယူနေကြပြီဖြစ်ကြောင်း စင်္ကာပူနိုင်ငံ၏တင်ဒါခေါ်ယူပုံ နည်းစနစ်တစ်ခုနှင့်နှိုင်းယှဉ်ပြောဆိုသည်။

စင်္ကာပူနိုင်ငံ(LTA - Land Transport Authority)အနေဖြင့် (MRT) အတွက် လိုအပ်သောပစ္စည်းများပေးသွင်းရန် တင်ဒါခေါ်ယူခဲ့ရာ တင်ဒါခေါ်ယူသည့်စည်းမျဉ်းများတွင် ၎င်းတို့လိုအပ်သည့် အရည်အသွေးအမျိုးအစားကို တိတိကျကျဖော်ပြထားခဲ့သည်။အဆိုပါတင်ဒါ အတွက် ပထမဆုံးတင်ဒါအောင်မြင်ခဲ့သည့်ကုမ္ပဏီမှာ (Kawasaki)ဖြစ်၏။နောင်သော် (Seimen)ကုမ္ပဏီမှ ဆက်စပ်ပစ္စည်းများကို သုံးစွဲ လာခဲ့သည်။ယခုလက်ရှိအချိန်တွင်မူ (Alstom)ကုမ္ပဏီမှ ဆက်စပ်ပစ္စည်းများကို သုံးစွဲနေသည်။

စင်္ကာပူအာဏာပိုင်တို့စွဲကိုင်ခဲ့သည့်နည်း မှာ ဈေးနှုန်းတူသည်ဆိုလျှင် ဒုတိယကုမ္ပဏီအနေဖြင့် ပထမကုမ္ပဏီ၏မည်သည့်လစ်ဟာချက်များကို  မည်သို့ထပ်မံ ဖြည့်ဆည်းပေးနိုင် သနည်းဟူသော မူသာဖြစ်၏။မြန်မာ့လျှပ်စစ်လုပ်ငန်းအနေဖြင့်၊တံဆိပ်တစ်ခုတည်းကို မူသေထားသုံးစွဲနေခြင်းကား နိုင်ငံတစ်ကာ ဗဟု သုတနှင့်ဆင်ခြင်တုံတရား နည်းပါးနေ၍လော၊သို့တည်းမဟုတ် အခြားအကြောင်းတစ်ရပ်ရပ် ရှိနေသေး၍လော၊ အတွေးပွားဖွယ်ရာဖြစ် ချေသည်။

အခွင့်သင့်သည်ဖြစ်သောကြောင့် တစ်ဆက်တည်းဆိုရလျှင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မကြာမီကမှ မြန်မာပြည်သို့လာရောက် ရင်းနှီးမြှုပ်နှံခဲ့သည့် အော်ရီဒူးကုမ္ပဏီနည်းတူ တစ်မိနစ်ခေါ်ဆိုခ နှစ်ဆယ့်ငါးကျပ်ဖြစ်ရန် လအနည်းငယ်ကြာဦးမည်ဟုဆိုသည်။နှစ်ပေါင်း များစွာက တည်ထောင်ခဲ့ပြီး ဝန်ထမ်းအင်အားအပြည့်ဖြင့် ထူထောင်ထားလေသော နိုင်ငံပိုင်ဝန်ကြီးဌာနတစ်ခုအနေဖြင့် မနေ့တစ်နေ့က မှဝင်လာသည့် ပြည်ပကုမ္ပဏီတစ်ခုကို တန်းမယှဉ်နိုင်ခြင်းကိုကြည့်ခြင်းဖြင့် ခေတ်ပြောင်းပြီဆိုလေသည့်  မြန်မာပြည်ကြီးတွင် ကိုသာဆိုး တို့ ကြီးစိုးနေဆဲကြောင်း ထင်ရှားရာသည်။

၇။ပစ္စုပ္ပန်တည့်တည့်မှ ရှုမြင်သော်…၊

အထက်ပါခြင်းရာသုံးခုသည် နမူနာမျှသာဖြစ်သော်ငြား ကျန်ဝန်ကြီးများ၊အုပ်ချုပ်ရေး၊တရားစီရင်ရေး၊စီမံခန့်ခွဲရေးဆိုင်ရာရုံးဌာနအသီးသီး တို့မှာလည်း ဤနည်းနှင်နှင်ချည်းသာဖြစ်လေရာ မြန်မာပြည်ကြီးရှေ့ဆက်ရမည့်  ဒီမိုကရေစီခရီးလမ်းသည် အလွန်တရာ ရင်လေးဖွယ် ကောင်းလှသည်။ ပုဂ္ဂိလ်တစ်စုံတစ်ဦးသည်  ပစ္စုပ္ပန်တည့်တည့်မှနေ၍  ရှုမြင်နိုင်သူဖြစ်ငြားအံ့။

တစ်ပိုင်းတစ်စ လွတ်လပ်နေသော မီဒီယာတို့၏ကျေးဇူးကြောင့် စစ်အုပ်ချုပ်ရေးအဆက်ဆက် တာဝန်ရှိပုဂ္ဂိုလ်တို့၏ ကိုယ်ကျိုးရှာ၊မသမာ မှုများကို ပြည်သူလူထုမသိချင်၊မမြင်ချင်အဆုံးဖြစ်နေသည့်ကာလ စစ်ဗိုလ်ချုပ်ဟောင်းအချို့က ခေတ်ဆိုးကြီးကိုမရွေ့နိုင်အောင်၊ အောက်လမ်းနည်းမျိုးစုံ သုံးနေသည့်အချိန်၊ကမ္ဘာကြီး၏စစ်ရေး၊စီးပွားရေးချိန်ခွင်လျှာသည် အနောက်မှအရှေ့သို့ ပြောင်းလဲဆန့်ကျင် ခရီးနှင်နေသည့်သမယ၊အာဏာရှင်တို့ နေစရာမရှိသည့်ခေတ်၊စီးပွားရေး၊စစ်ရေးပထဝီအနေအထားများအရ ဗဟိုရ်ချက်မတွင်ကျရောက် နေသော မြန်မာပြည်စသည်၊စသည်တို့ကို ထည့်သွင်းတွက်ချက်ကြည့်ပါမူ ခြေတစ်လှမ်းအမှားမခံသောအခြေအနေ၊ အကြပ်အတည်းဆိုး ကြီးတစ်ခုဆီသို့  ဦးတည်နေသည်မှာ မြင်သာသည်။

အဆိုပါအကြပ်အတည်းမှ လွတ်မြောက်စေရေးအတွက် “နိုင်ငံတော်သည် ချောက်ကမ်းပါးတွင်းသို့ ကျလုလုဆဲဆဲဖြစ်၍ တပ်မတော်မှ အာဏာသိမ်းယူရပါသည်”ဟူသော ဖန်တရာတေနေသည့် ဆင်ခြေဓာတ်ပြားဟောင်းကြီးဖြင့် နောက်ကြောင်းပြန်လှည့်ရန် ဖြစ်နိုင်၊မဖြစ် နိုင်၊

အိမ်နီးချင်း တရုတ်ပြည်ကြီးဆီသို့  ခြေဦးပြန်လှည့်ရန် သင့်မသင့်၊အမေရိကန်အပါအဝင်  အနောက်နိုင်ငံတို့(ဤအခြေအနေ ဟန်ပုံ မပေါ်လျှင်) လှမ်းမည့် ဒုတိယခြေလှမ်း၊မြေသိမ်းယာသိမ်းခံ တောင်သူလယ်သမားများနှင့်ပြည်သူလူထု၏ မခံနိုင်၊မရပ်နိုင်၊ အုံကြွတုန့်ပြန် လာနိုင်မှုစသည့်၊

တစ်စက်ကလေးမျှ  စိတ်အေးစရာမရှိသည့်အချက်များကို  အာဏာနှင့်ငွေနောက်ဆီသို့  တန်းတန်းစွဲ၊ကောက်ကောက် ပါအောင်လိုက်နေကြဆဲဖြစ်သည့်  ကိုသာဆိုးတို့အနေဖြင့်  ဥာဏ်ရှေ့သွားကာ  ကြပ်ကြပ်ကြီး ထည့်သွင်းဆင်ခြင် တွေးတောသုံးသပ် စေချင်လှသည်။

↧

ဂျွန်ကယ်ရီ၊ဆြာဒင်၊သမ္မတကြီးနှင့်စိန်ခေါ်သံ

$
0
0

၁၅။သြဂုတ်၊၂၀၁၄နေ့ထုတ် သည်လေးဒီးစ် ဂျာနယ်မှ ။ ။

“ဂျွန်ကယ်ရီ၊ဆြာဒင်၊သမ္မတကြီးနှင့်စိန်ခေါ်သံ”
(မင်းဒင်)

(တစ်)
ပင်လယ်ကမ်းခြေတွင် မေးတင်တည်ရှိနေသည့် ဖူးခက်မြို့နိုင်ငံတစ်ကာလေဆိပ်၏ ထက်ဝဠာကောင်းကင်ယံတခိုတွင် မိုးသားတိမ်လိပ် တို့ ကင်းစင်၍ သာယာလှသောရာသီဥတုဖြစ်လင့်ကစား  အနောက်တိုင်းဝတ်စုံအပြည့်ဖြင့်၊သပ်ယပ်ခန့်ငြားစွာ၊ လေဆိပ်အထူးဧည့်ကြို ခန်းမတွင်းသို့ရောက်ရှိနေသော ဆြာဒင်အဖို့ ခန္ဓာကိုယ်တစ်ခုလုံးကို ပုရွက်ဆိတ်တက်သလို ရွစိရွစိခံစားနေရ၏။

အရေးကြီးပုဂ္ဂိုလ်တို့ကို ကြိုဆိုရန်ဖြစ်၍ ထိုင်းအထူးရဲထောက်လှမ်းရေးများစွာတို့သည်လည်း  ဆြာဒင့်လုံခြုံရေးအလို့ငှာ ခြေချင်းလိမ် လျက်  ထုပ်စည်းတိုးသကဲ့သို့  ရှိနေကြလေရာ၊ဆြာဒင်တစ်ယောက်  နေရထိုင်ရသည်မှာ  ခွတီးခွကျရှိနေချိန်ဖြစ်လေ၏။ဆြာဒင့်  နံဘေးတွင် ကုတ်ချောင်းချောင်းစတိုင်ကိုယ်စီဖြင့် ဆြာလောက်နီးနီးရှိုးထုတ်ထားကြသော တပည့်ကျော်တို့သည်လည်း  ဟိတ်ဟန် သိက္ခာသမာဓိအပြည့်ဖြင့် မနေတတ်ကြရှာလေသောကြောင့်  မျက်နှာပိုးမသေကြပဲ  တီးတိုးတီးတိုး  သဖန်းပိုးလုပ်နေကြပြန်၏။

“ခုလို  ယူရိုပီယံဂိုက်နဲ့ဆိုတော့ ဆြာဒင်က ဟောလီးဝုဒ်ဓာတ်ရှင်မင်းသားနဲ့  နင်လားငါလားပါကလား ၊  ခန့်ချက်ကတော့ဗျာ”

“ဆြာဒင်က ခုလိုတည်တည်ကြီးနေတော့ လူရှိန်တာအမှန်ပဲဗျ၊တစ်ခါတစ်ခါ  ဗလွတ်ရွှတ်တ ပြောတတ်တာကတော့ ခြွင်းချက်ပေါ့   ဆြာ”

“ငတို့ ဆြာ၊ဥပဓိရုပ်ကလည်း ဆိုဖွယ်ရာမရှိပါကလား၊ဖျတ်ကနဲကြည့်ရင် ကွမ်းယာဆိုင်ပိုင်ရှင်လို့ ဘယ်သူမှ မထင်လောက်ဘူး”

ဣနြေ္ဒသမ္ပတ္တိဖြင့်နေရမည့်အချိန်လည်းဖြစ်၊ဟုတ်မှန်သောအချက်များကိုလည်း  ခွန်းတုန့်ပြန်ရန်မလိုသည့်အလျောက် ဆြာဒင်ခပ်မဆိတ် နေလိုက်ချိန်တွင် လေယာဉ်တစ်စီးထိုးဆိုက်လာသံကို ကြားလိုက်ရပြီး၊ထိုင်းဗိုလ်မှူးကြီးတစ်ယောက်   ဦးဆောင်လျက် ဧည့်ခန်းတွင်းသို့ ဝင်ရောက်လာသော အထူးဧည်သည်တော်ကြီးများကို  ဆြာဒင်ခမျာ၊ဆတ်ကနဲ မတ်တတ်ရပ်ရင်း၊ ပျာပျာသလဲ၊ ပဋိသန္ဓာရစကား ဆို လျက် ကြိုဆိုလိုက်ရသည်။

ဆြာဒင်ရှိရာသို့ ပါးစပ်နှင့်နားရွက် တက်ချိတ်မတတ် ပြုံးရွှင်သောမျက်နှာပေးကိုယ်စီနှင့် ရောက်ရှိလာကြသူ များမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့်ယင်း၏လက်ထောက်တစ်ဦး၊ ဆြာဒင်တို့သမ္မတကြီးနှင့် အသစ်စက် စက်  ပြန်ကြားရေးဝန်မင်းတို့ဖြစ်ကြချေ၏။

“ဟေး   ကယ်ရီ  ဟောင်းအာယူ၊နေကောင်းတယ်နော်၊အိုင်ဂလက်တူဆီးယူ၊တွေ့ရတာ ဝမ်းသာချက်”
“လေးစားပါတယ်  သမ္မတကြီးခင်ဗျာ  မာရဲ့နော်”
“ဟား၊ဝန်ကြီးက အပြင်မှာလည်း လူချောလူခန့်ပါပဲကလား၊ရာထူးတိုးသွားတာ ဂုဏ်ယူပါတယ်  ဝန်ကြီးခင်ဗျာ”
“ဟိုင်း၊မစ္စတာ၊ အိုင်အမ်ဆြာဒင်”

(နှစ်)
ဤသို့လျှင် ဆြာဒင်တစ်ယောက် ခါးကိုသွင်သွင်ကျိုးမတတ်ဦးညွှတ်ရင်း၊ပါးစပ်မှ အမြှုပ်တစီစီထွက်လောက်အောင် အလုပ်များရခြင်း၏ အကြောင်းရင်းကား ဆြာဒင်၏ခင်မင်ရင်းနှီးလှသော မိတ်ဆွေ၊အမေရိကန်သမ္မတကလေး အိုဘားမားထံမှ အရေးတကြီးပေးပို့လာသည့် အောက်ပါအီးမေးလ်စာတစ်စောင်ကြောင့်ဖြစ်လေသည်။

အိုဘားမားသည် အားလပ်ချိန်အချို့တွင် အွန်လိုင်းမှနေ၍ မြန်မာစာမြန်မာစကား ကို ဆြာဒင့်ထံမှနည်းခံသင်ယူဖူးလေရာ  ဆြာဒင်၏တပည့်ဟုဆိုသော်  ရနိုင်ကောင်းလေသည်၊(ဤကား စကားချပ်)

သို့
ဆြာဒင်ခင်ဗျား
ဖူးခက်မြို့နေဆြာဒင်တစ်ယောက် ကျန်းမာပကတိ  ချမ်းသာစွာရှိစေရန်  ဆုတောင်းမေတ္တာပို့သလိုက်ပါ၏။

ဆြာဒင့်ထံ အားကိုးတကြီး၊နားပူနားဆာလုပ်လိုသည်မှာ  မြန်မာပြည်တွင် တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ရန် ကျနော်စေလွှတ်လိုက်သော လူရိုးကြီးဂျွန်ကယ်ရီအား မြန်မာ့အရေးနှင့်ပတ်သက်၍  ဂဃနဏသိရှိစေရန်နှင့် မြန်မာသမ္မတကြီးအနေဖြင့် အမေရိကန် အပါအဝင် အနောက်နိုင်ငံများ၏မြန်မာနိုင်ငံအပေါ်ထားရှိသည့်သဘောထားကို ရှင်းလင်းစွာနားလည်သဘောပေါက်စေရန်အလို့ငှာ၊ ရှစ်စပ်ကဂျင် ခြေလည်သည့် ဆြာဒင့်အနေဖြင့် အားလပ်သည့်ရက်  တစ်ရက်ရက်တွင် ၎င်းတို့နှစ်ဦးအား၊ကိုယ်တိုင်ဖိတ်ခေါ်တွေ့ဆုံ၍  သင့်တော်သလို ကြားဝင်ညှိနှိုင်းပေးပါရန် လေးစားစွာ မေတ္တာအပ်ခံအပ်ပါသည်။

တော်သေးပြီ
သစ္စာရှိစွာဖြင့်

သင့်
အိုဘားမား
အမေရိကန်သမ္မတ

ခင်မင်ယုံကြည်စွာ အားကိုးတကြီး  အကူအညီတောင်းခံလာသည်က တစ်ကြောင်း၊ကိုယ်တိုင်ကလည်း လူတွင်ကျယ်လုပ်ချင်သည်က တစ်ကြောင်းတို့ကြောင့် ဆြာဒင့်မှာ ရေငတ်တုန်းရေတွင်းထဲပြုတ်ကျဘိသကဲ့သို့ ကမ်းလှမ်းချက်ကို ဝမ်းသာအားရလက်ခံကာ အဆိုပါ ပုဂ္ဂိုလ်များနှင့်နာရီပိုင်းမျှ တွေ့ဆုံနိုင်ရန်အတွက် တပည့်ကျော်များ၏ဝိုင်းဝန်းမှုဖြင့် အဆောတလျင်  စီစဉ်ခဲ့ရပြန်ချေသည်တမုံ့။
ဆြာဒင်ကား ထိပ်သီးပုဂ္ဂိုလ်များကို ဆြာလုပ်ရမည်ဖြစ်သောကြောင့် အမေရိကန်မြန်မာဆက်ဆံရေးသမိုင်းနှင့်ပတ်သက်သည်များအား ဝီကီပီးဒီးယားအစောင်စောင်မှ၊မှတ်ဖွယ်ရာရာ ထိုထိုစာကို ရှာ၍မပြတ်၊အိမ်တွင် အပူတပြင်းဖတ်ရှုလေ့လာခဲ့ရချေ၏။

သည်ကြားထဲ လူထူထူ မျက်လုံးဖြဲပြချင်ကြသည့်  တပည့်ကျော်ဖိုးသင်းမျောက်တို့ကလည်း  မြွေပူရာကင်းမှောင့်ကြပြန်သည်။

“စိတ်တော့မရှိပါနဲ့  ဆြာဒင်၊ကြုံတောင့်ကြုံခဲမို့  ဆြာ့တပည့်တွေလည်း  နားလည်သလောက်  ဝင်ဆွေးနွေးချင်တယ်  ဆြာ”

“ဒီလိုပုဂ္ဂိုလ်ကြီးတွေနဲ့ သာမန်အချိန်ဆို ဆုံနိုင်ဖို့နေနေသာသာ၊အိမ်ရိပ်တောင် နင်းဖို့မလွယ်ဘူးမဟုတ်လား ဆြာဒင်”
အမေရိကန်သမ္မတကြီးကိုယ်တိုင်ပင်လျှင် လမ်းပေါ်မှာလျှောက်သွားရင်း သာမန်ပြည်သူတို့နှင့်တရင်းတနှီးဆက်ဆံနေသည့် ဒီမိုကရေစီ ခေတ်ကြီးဖြစ်လေရာ ဆြာဒင့်ခမျာ  တပည့်ကျော်တို့၏နားပူနားဆာလုပ်မှုကို  မငြင်းဆန်သာပဲ..၊ “မီးစင်ကြည့် ကကြတာပေါ့ကွာ” ဟုသာ ဖြေသိမ့်စကားဆိုပြီးချိန် တခဏ၌ပင် တပည့်ကျော်တို့သည် ဝတ်ကောင်းစားလှကိုယ်စီဖြင့် နောက်တော်မှ ပါခဲ့ကြကုန်၏။

(သုံး)
ဗမာပြည်တွင် အာစီယံဆွေးနွေးပွဲ လက်ခံကျင်းပနေသည့်ကာလမို့ ၊အားလပ်ချိန်နာရီပိုင်းကလေးအတွင်း  ကမန်းကတန်းတက်သုတ်ရိုက် လာခဲ့ကြသော ဧည့်သည်တော်တို့၏  အခြေအနေအရပ်ရပ်အရဆွေးနွေးပွဲကို  ဖူးခက်လေဆိပ်ရှိ တစ်ခုသောကော်ဖီဘားတွင်ပင် ကျင်းပ ခဲ့ရပြီး၊တပည့်ကျော်လေမင်းသားကို အခမ်းအနားမှူးအဖြစ် ပွဲထုတ်မိလေရာ၊ချစ်လှစွာသော တပည့်ကျော်သည် လွှတ်ပြီဟေ့ ဆိုက တည်းက မဏ္ဍပ်တိုင်တက်ကာ  လူစွမ်းပြလေတော့သည်။

လေမင်းသား။ ။ “မစ္စတာဂျွန်ကယ်ရီခင်ဗျား  လူကြီးမင်းရဲ့ဘဝကို အခုလိုတောက်ပြောင်လာအောင်  မြေတောင်မြှောက်ပေးခဲ့တဲ့ လူကြီး မင်းရဲ့ဇနီးသည်ကို ချီးကျူးဂုဏ်ပြုကြောင်း ဦးစွာစကားလက်ဆောင်ပါးလိုပါတယ်။တစ်ဆက်တည်းပြောလိုတာက အခုလူကြီးမင်းရဲ့ ဗမာပြည်ခရီးစဉ်မှာ ပြောကြားခဲ့တဲ့ သတိပေးစကားတွေဟာ အကင်းမပါးသူများအဖို့  ခြိမ်းခြောက်စကားအဖြစ်  မှတ်ယူကြဖွယ်ရှိပါတယ်၊ ကျနော်တို့သမ္မတကြီးဟာ နောက်ကြောင်းပြန်လှည့်မဲ့သူ မဟုတ်ပါဘူး၊ဒီတော့ကာ နှစ်နိုင်ငံကြားမှာ အမြင်မလွဲစေဖို့ ကျနော်တို့ ဆြာ တပည့်တွေ အတတ်နိုင်ဆုံး  ကြားဝင်စေ့စပ်ပေးသွားမှာဖြစ်ပါတယ်”

ပြန်ကြားရေးဝန်မင်း။ ။ “ဟုတ်တာပေါ့၊ကိုလေမင်းသားရယ်၊ရှေ့ဆက်ပါအုံးဗျ”

သမ္မတကြီးကား  ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း နှုတ်ခမ်းပါးလေးနှင့် ပြုံးလျက်ရှိ၏။

လေမင်းသား။ ။ “တကယ်တော့ သမ္မတကြီးကို မယုံရတာမဟုတ်ပါဘူး။သမ္မတကြီးရဲ့  လူကြမ်းအဖွဲ့ဝင်တချို့က မယုံရတာပါ။ဒီတော့  ခေတ်ဟောင်းမှာဆက်ပျော်နေချင်ကြပြီး  မြန်မာပြည်ရှေ့ရေးကို နကန်းတစ်လုံးမှမသိကြတဲ့ သမ္မတကြီးနောက်တော်ပါတချို့ရဲ့  တစ်ဦး ချင်းကိုယ်ကျိုးစီးပွားကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ပစ်မှတ်ထားသင့်ပါတယ်။ “ခင်ဗျားတို့ထင်တိုင်းကြဲနေတာကို အမေရိကန်က လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး”ဆိုတဲ့ တိကျထိရောက်တဲ့သတင်းစကားကို နည်းလမ်းမျိုးးစုံနဲ့ပါးစေချင်ပါတယ်”

ဂျွန်ကယ်ရီ။ ။ “တကယ့်ကို ထိရောက်တဲ့အကြံပြုချက်ပဲဗျာ၊ဒါကြောင့်လည်း အမေရိကန်ဟာ မြန်မာပြည်ကို ၂၀၁၂ခုနှစ်ကနေ အခုအချိန် အထိ အမေရိကန်ဒေါ်လာ သန်းနှစ်ရာကျော်ထောက်ပံ့ထားတာ? သဲထဲရေသွန်အဖြစ်ခံလို့ ဘယ်ဖြစ်ပါ့မတုန်း။အမေရိကန်ဟာ ဗမာပြည်ကို မျက်ကန်းယုံကြည်မှုမျိုးနဲ့ ဆက်ဆံနေတာမဟုတ်ဘူးဆိုတာ ဒိထက်ထင်ရှားအောင် ကျနော်တို့ဆက်ပြီး လုံးပန်းသွားမှာပါ”

ဂျွန်ကယ်ရီ၏လက်ထောက်အဖြစ်လိုက်ပါလာသူ  အမေရိကန်စီအိုင်အေအရာရှိဖြစ်ပုံရသည့်ပုဂ္ဂိုလ်ကား ရှုတည်တည်မျက်နှာပေးဖြင့် မှတ်စုတချို့ကို ရေးခြစ်လျက်ရှိ၏။ဆြာစင်စစ်ဖြစ်ပါလျက် မျှော်လင့်ထားသလို ဗိုလ်ပုံအလယ်တွင် ပညာစွမ်းပြခွင့်မရရှာသည့် ဆြာဒင်မှာ တပည့်ကျော်ကိုစိတ်ဆိုးရအခက်၊ခွင့်လွှတ်ရအခက်ဖြစ်နေချေ၏။

ထိုစဉ်ဂျွန်ကယ်ရီသည် ကြားဖြတ်မေးခွန်းတစ်ခုဖြင့် အမှတ်မထင် ထောက်လိုက်လေရာ သည်တစ်ခါဟန်ကျပေပြီဟူသော အတွေးဖြင့် ဆြာဒင်မတ်တတ်ရပ်ရန် ဖင်ကြွနေဆဲမှာပင်၊ တပည့်ကျော် ကပ္ပလီက တစ်စခန်း ထပြန်လေသည်။

ဂျွန်ကယ်ရီ။ ။”လက်ရှိအနေအထားအရ  မြန်မာပြည်မှာ အထူးသတိချပ်သင့်တဲ့ စိန်ခေါ်ချက်တွေကို လူကြီးမင်းတို့  သဘောပေါက်ကြ မယ်  ထင်ပါရဲ့”

ကပ္ပလီ။ ။“ကောင်းကောင်းကြီးပေါက်တာပေါ့  မစ္စတာကယ်ရီ။အမေရိကန်ဟာ ဗမာပြည်ရဲ့ (၂၀၁၅)ရွေးကောက်ပွဲကို သတိကြီးစွာနဲ့ စောင့်ကြည့်နေတယ်ဆိုတာ ကျနော်တို့အားလုံးသိနေပါတယ်။အမေရိကန်အထက်အောက်လွှတ်တော်တွေမှာ မြန်မာပြည်ပြုပြင်ပြောင်း လဲရေးအပေါ် အယုံအကြည်မရှိတဲ့ အဆိုတွေတင်သွင်းခဲ့တယ်ဆိုတာလည်း ကျနော်တို့ကြားပြီးသားပါ။ရွေးကောက်ပွဲမှာ အားလုံး ပါဝင်ရမယ်။ပွင့်လင်းမြင်သာမှု၊မျှတမှုရှိရမယ်။နိုင်ငံတစ်ကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေရဲ့စစ်ဆေးမှုကို လက်ခံနိုင်ရမယ်၊(၂၀၁၆)မှာ အာဏာကို  အေးချမ်းစွာလွှဲပြောင်းပေးရမယ်ပေါ့ဗျာ။ ဟုတ်ဖူးလား သမ္မတကြီးခင်ဗျ”

သမ္မတကြီး။ ။ “ဟုတ်ပါ့ ကိုကပ္ပလီရယ်၊နောက်ဆုံးကျင်းပသွားခဲ့တဲ့ အင်ဒိုနီးရှားရွေးကောက်ပွဲကို ကျနော်တို့  နမူနာယူမှာပါဗျာ”

(လေး)
သမ္မတကြီးထောက်ခံလိုက်ကာမှ ကပ္ပလီငယ်မှာ စိတ်အားတက်ကြွလာလျက်၊ဆယ်စုနှစ်နှင့်ချီ၍ ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်ပဋိပက္ခ၊ အရပ်ဘက်အဖွဲ့အစည်းများအား ပိုမိုနေရာပေးရန်၊ သတင်းမီဒီယာများအား အကာအကွယ်ပေးရန်၊ မြေယာသိမ်းကိစ္စရပ်များအား ဖြေရှင်းရန်၊ နိုင်ငံတွင်းလူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ မဖြစ်ပေါ်အောင် အကာအကွယ်ပေးရန်၊ပြည်သူတို့၏အခွင့်အရေးကို တရားဥပဒေဖြင့် အကာအကွယ်ပေးရန်တို့မှာ စိန်ခေါ်မှုများအဖြစ်  ရှိနေဆဲဖြစ်သည်ကိုသိရှိကြောင်း၊ အချိန်နှင့်တစ်ပြေးညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း အာပေါင်အာရင်းသန်သန်မြွက်ခြွေနေပြန်ရာ၊လူလည်ကြီးသား ဆြာဒင့်ခမျာ ဝင်ရောက်စွက်ဖက်ရန် အခွင့်မသာ ပြန်ချေ။

ဂျွန်ကယ်ရီ၊သူ၏လက်ထောက်၊ပြန်ကြားရေးဝန်မင်း၊ကပ္ပလီနှင့်လေမင်းသားတို့မှာ မြန်မာပြည်အနာဂတ်ကို ရေပက်မဝင်နိုင်အောင် ဆွေးနွေးလျက်ရှိကြစဉ် ငြိမ်သက်စွာနားထောင်လျက်ရှိသော သမ္မတကြီးသည် တစ်စုံတစ်ခုကိုမေးလိုဟန် အမူအယာပြလိုက်ရာ ဆြာဒင် သည် သည်တစ်ခါတော့ “အကွက်ကောင်းပဟ”ဟူသောအတွေးဖြင့် ဆွေးနွေးရန် စကားလုံးရှာနေဆဲမှာပင် ဖေကြည်ငယ်က ကောက် ကာ ငင်ကာ လက်ဦးမှုရယူပြန်လေသည်။

ဖေကြည်။ ။ “သမ္မတကြီး မေးလိုတဲ့အချက်ရှိရင် အားမနာနဲ့နော်”

သမ္မတကြီး။ ။“သြော်၊အခုဆွေးနွေးပွဲမှာ စိန်ခေါ်ချက်၊စိန်ခေါ်မှုဆိုပြီး  စိန်ခေါ်တာတွေထပ်နေတော့ အဲဒီစိန်ခေါ်ချက်တွေကို မဖြေရှင်းနိုင်ခဲ့ရင် ဘာများဖြစ်မလဲ  သိချင်လို့ပါ”

ဖေကြည်။  ။ “ဒါက ဒီလိုရှိပါတယ် သမ္မတကြီးခင်ဗျာ။သမ္မတကြီးတို့အနေနဲ့  ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ပါ့မယ်လို့ ကမ္ဘာကိုအသိ ပေး ကြေညာပြီးဖြစ်တဲ့အတွက် အမေရိကန်အပါအဝင် အနောက်နိုင်ငံအုပ်စုဝင်နိုင်ငံတွေဟာ မြောက်မြားလှစွာသော ကြွေးမြီတွေကို လျှော်ပစ်တာ၊စစ်ရေး၊စီးပွားရေးအပါအဝင် နည်းပညာကဏ္ဍအသီးသီးမှာ စေတနာဗလဗွနဲ့ ကူညီဖြည့်ဆည်းပေးပြီး၊တရုတ်လောင်းရိပ် အောက်ကနေ  ဖယ်ထုတ်ပေးနေတာဖြစ်ပါတယ်

။ပြုပြင်ပြောင်းလဲရေးကို ဆက်ပြီးပီပီပြင်ပြင်မဆောင်ရွက်ဘူးဆိုရင်၊တရုတ်ကို ပြန်ကပ်ဖို့ စိတ်မကူးပါလေနဲ့။ ဒီအချက်ကို အမေရိကန်ရဲ့အာရှပစိဖိတ်မဟာဗျူဟာအရ လက်မခံနိုင်ပါဘူး။ခုလို စပ်ကူးမတ်ကူးကာလမှာ ပြုပြင် ပြောင်းလဲရေးလမ်းကနေ သွေဖီမယ်ဆိုရင် အနောက်အုပ်စုရဲ့ အကူအညီအားလုံး  ရုတ်ခြည်းရပ်ဆိုင်းလိုက်ခြင်းဖြင့်  အသိအမြင်ပွင့်လင်း စပြုနေတဲ့ ဗမာပြည်သူလူထုရဲ့ အုံကြွမှုနဲ့ မလွဲမသွေရင်ဆိုင်ရမှာဖြစ်ပါတယ်။

စစ်ဝါဒရဲ့ဆိုးကျိုးကို အထိုက်အလျောက်သဘောပေါက်တဲ့ တပ်မတော်သားတွေလည်း လူသိရှင်ကြားပေါ်ထွက်လာပြီမို့ တပ်မတော်ပါအစိတ်စိတ်အမွှာမွှာကွဲပြီး ဗမာပြည်ရှေ့ရေးဟာ မတွေးရဲ လောက်အောင် ဖြစ်သွားနိုင်တာပေါ့ခင်ဗျာ။ဒါကြောင့်  ဖွဲ့စည်းပုံအခြေခံဥပဒေကို  လိုအပ်သလိုပြင်ဆင်ပြီး  ခရီးရှေ့ဆက်ကြရမှာပေါ့”

သမ္မတကြီးသည် တစ်စုံတစ်ရာကို  အလေးအနက် တွေးတောနေဟန် ခပ်ငိုင်ငိုင်ဖြစ်သွားချိန်တွင် ဆြာဒင့်ရင်ထဲတွင်မူ နွားရှေ့ထွန်ကျူး ကြလေသည့် တပည့်များကို နားရင်းထရိုက်ချင်လောက်အောင် ကျွဲမြီးတိုနေလေပြီ။

(ငါး)
“ဘာဆက်လုပ်ရမယ်ဆိုတာ ကျနော်သိပါပြီ မစ္စတာဂျွန်ကယ်ရီ” ဟူသော သမ္မတကြီး၏နိဂုံးချုပ်စကားဖြင့် ဆွေးနွေးပွဲကား ဆြာဒင် တစ်ခွန်းတစ်ပါဒမျှ မပြောမဆိုလိုက်ရပဲ၊အောင်မြင်စွာ ဆုံးခန်းတိုင်ခဲ့လေသည်။

သည်တပည့်တွေကြောင့် သည်လိုအဖြစ်မျိုးကြုံရလေခြင်း ဟူသောအတွေးဖြင့် ဆြာဒင်တစ်ယောက်၊ကြိမ်မီးအုံးသကဲ့သို့ ဒေါသမီး  တောက်လောင်နေချိန်တွင် လေယာဉ်ပျံကြီးပေါ်သို့  တက်ခါနီး ဆဲဆဲ ဆြာဒင့်ကို ပွေ့ဖက်နှုတ်ဆက်ကြရင်း၊အသီးသီးဆိုကြလေသည့် ဧည့်သည်တော်တို့၏ မှတ်ချက်စကားတို့ကြောင့် ဆြာဒင့်ရင်မှာ လောင် မြိုက်လေသော ဝန်တိုမစ္ဆိယစိတ်သည် ပိန်းကြာဖက်တွင်၊ရေမတင်သကဲ့သို့  ကွယ်ပျောက်ကာ  ရွှင်လန်းမှုအတိဖြစ်ရလေ၏။

“မကြာခင် ပြန်ဆုံချင်ပါသေးတယ် မစ္စတာဒင်၊နာမည်နဲ့လိုက်အောင် ဥာဏ်ကြီးပါပေ့ဗျာ။ဒီပြဿနာလောက်ကို တပည့်တွေနဲ့ကိစ္စပြတ် မှန်းကြိုသိနေသကိုး၊တရုတ်၊အမေရိကန်အားစမ်းမဲ့ မဟာဗျူဟာအစီအမံတွေမှာ ဆြာဒင့်လိုလူမျိုး  ပါလာရင်သိပ်ကောင်းမယ်ဗျာ”

“ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်  ဆြာဒင်ရယ်။ဆြာ့တပည့်တွေတော်လိုက်ပုံများ ဆြာကိုယ်တိုင်  တစ်ခွန်းမှဝင်ပြောစရာ မလိုအောင်ပါကလား။အခွင့်ကြုံတဲ့အခါ သမ္မတအိမ်တော်မှာ ထမင်းဖိတ်ကျွေးချင်ပါရဲ့”

“ဆြာဒင်   ပြန်ကြားရေးမှာလိုတာရှိရင် ပြောနော်၊ကျနော့်ဖက်ကကူညီဖို့ အဆင်သင့်ရှိပါတယ်”

“You are really great man”

 အထူးလေယာဉ်ပျံကြီးးဖူးခက်လေဆိပ်မှ ပျံတက်သွားချိန်တွင်ကား ဆြာဒင်သည် ဆြာ့ဂုဏ်ကို မြှင့်တင်ပေးခဲ့လေသော တပည့်ကျော်တို့ ၏ပခုံးကို ပြုံးရွှင်စွာပွေ့ဖက်ရင်း လေဆိပ်အဆောက်အဦးကြီးအတွင်းမှ ပြန်လည်ထွက်ခွာလာခဲ့ကြပါသည်။

လေဆိပ်အပြင်မှာ အသင့် ရပ်ထားသော ဘေးတွဲဆိုင်ကယ်စံပလောပေါ်တွင်တပည့်ကျော်တို့ကို တင်ဆောင်ရင်း ဖူးခက်မြို့မှနာမည်ကျော် ထိုင်းစားသောက် ဆိုင်တစ်ဆိုင်ဆီသို့ ဆြာဒင်ကိုယ်တိုင်မောင်းနှင်ဦးတည်လျက်ရှိလေ၏။ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလံ၊မင်္ဂလာ မည်သည် မဟုတ်တုံလော။ ။
↧

လူရေးတဲ့ခွေးဝတ္ထု

$
0
0

၁၅။၀၈။၂၀၁၄ နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ။ ။

“လူရေးတဲ့ခွေးဝတ္ထု”

 (မင်းဒင်)

(၁)
လူတွေဟာ သိပ်ခက်တယ်ဗျ။သူတို့အကြောင်း အကောင်းဘက်က ချီးမွမ်းပြောဆိုရင်သာ ပါးစပ်ကြီးဖြဲပြီး တဟဲဟဲနဲ့သဘောကျနေ တတ်တာ၊ အားနည်းချို့ယွင်းချက်၊အလွဲအမှားတစ်စုံတစ်ရာကိုများ သွားထောက်ပြမိလို့ကတော့ ကမ္ဘာရန်လို့သာ မှတ်ပေတော့ဗျို့။ ရန်ငြိုးသိုတာ  ၊ လက်စားချေတာ၊လမ်းမှာတွေ့ရင် တောင်မခေါ်နိုင်၊မပြောနိုင်ဖြစ်တတ်တာတွေ အများသားကလား။

ဒီတော့ လူတွေ အကြောင်းမပြောပဲ ခွေးတွေ အကြောင်းပြောတာက နောက်ဆက်တွဲပြဿနာ  ကင်းလောက်မယ်ထင်ပါရဲ့။ “ငါ့အကြောင်း မဟုတ်တမ်း တရား၊အမနာပတွေရေးတဲ့လူ” ဆိုပြီး  လမ်းမှာချောင်းကိုက်မဲ့ ခွေးရယ်လို့တော့  မရှိလောက်ပါဘူး။ဒီတော့ခွေးအကြောင်းပဲ  ပြောကြပါစို့ ရဲ့။

ကျနော်တို့လူမျိုးတွေ နိစ္စဓူဝပြောဆို  သုံးနှုန်းနေကြတာကတော့ ..၊ဘာတဲ့  ခွေးကျိုးနဲ့ယုန်လိုက်၊ခွေးလေးအရောဝင်  ပါးလျက်နားလျက်၊ ကံကောင်းတဲ့ခွေး ပြေးရင်းချေးပုံဟတ်မိ။ ခွေးအိုမှ လက်ပေးသင်၊ခွေး ဖြူတောမတိုးဝံ့၊ ခွေးမြီးကောက် ကျည်တောက်စွပ်၊ ခွေးဟောင်လို့ တောင်ပို့မပြေး၊ခွေးရူးကောင်းစား တမွန်းတည့်၊ခွေးရူးနဲ့ဖက်ကိုက် ခွေးကောင်းနားရွက်ပြတ်..တဲ့။အများကြီးပါပဲ။ခွေးဟာသစ္စာရှိတယ်၊ ခွေးဘိုးတစ်ထောင်  ကြောင်ဘိုးတစ်သိန်းဆိုတာတွေလည်း  ရှိတော့ရှိပါရဲ့။ဒါပေသည့် သေချာစိစစ်ကြည့်ရင် ခွေးအကြောင်းက ကောင်း ကွက် တယ်နည်းသကိုး။

(၂)
အမှန်ပြောရရင် ကျနော်ခွေးတွေကို  မချစ်ဘူးဗျ။ဘယ်ချစ်ပါ့မတုန်း၊ကျနော်ခြောက်နှစ်သားလောက်အရွယ်၊ဇာတိရွာမှာ၊ခြင်းတောင်းနဲ့ အုပ်ထားတဲ့ ကြက်မတစ်ကောင်ကို အနီးကပ်လေ့လာစပ်စုနေတုန်း၊ ဘယ်ကပေါ်လာမှန်းမသိတဲ့  ခွေးတစ်ကောင်ကြောင့် ကျနော့်နား ရွက်တစ်ဖက် သွေးချင်းချင်းနီခဲ့ဖူးပါသကောဗျာ။နောက် ကျနော်လူပျိုပေါက်အရွယ်ရောက်ပြန်တော့ ကျနော့်ညီဝမ်းကွဲ တစ်ယောက်ဟာ ခွေးကိုက်ခံရရာကနေ၊ခွေးရူးပြန်ပြီး  မာလကဈာန်ကြွ သွားဖူးပြန်တာကြောင့် ခွေးတွေကို ကျနော်သံယောဇဉ်မဖြစ်တာ သဘာဝကျ လောက်မယ် ထင်ပါတယ်။အဲ  ကြောက်တဲ့စိတ်လည်းပါမယ်ဗျ။

သြော် နေဦး။ကျနော်ကခွေးတွေကို  မချစ်တတ်ပေမဲ့ မတရားမုန်းတီး၊ရွံရှာစက်ဆုပ်တာမျိုးလည်း  မဟုတ်ပြန်ဘူးဗျာ။အရောတဝင် မနေ တာ၊အိမ်မှာခွေးမမွေးတတ်တာမျိုးလောက်ပါပဲ။အမယ် ကျနော့်အကိုကတော့ တစ်ဘာသာဗျ။သူဆယ်တန်းကျောင်းသားဘဝမှာ လမ်းဘေးက ကလေကဝခွေးတစ်ကောင်ကို အိမ်ခေါ်လာပြီး  မွေးထားဖူးလေရဲ့။ဒီကောင်ကြီးကတော့ အစားအသောက်ကောင်းလို့လား မဆိုနိုင်ဘူး။တစ်ကိုယ်လုံး အုန်းခွံရောင်အမွေးနဲ့ အကောင်ကြီးထွားပြီးး၊တစ်သွေးတစ်မွေးတောင် ဖြစ်နေခဲ့လေရဲ့။ဒါပေမဲ့ တခါသား ဒီကောင် ကြီးဟာဘာစိတ်ကူးပေါက်ပြီး အိမ်ကထွက်သွားတယ်မသိ။ကျနော်အကိုကတော့ မျက်ရည်နဲ့မျက်ခွက် မစားနိုင်မသောက်နိုင်  ဖြစ်ကျန်ခဲ့သဗျာ ။

တစ်လလောက်နေတော့မှ ရွှေကိုယ်တော်ငနီဟာ ပျောက်သွားတာသူမဟုတ်သလို  အိုက်တင်နဲ့ပြန်ရောက် လာပြန် ရော။ ဒီမှာတင် သူပျောက်နေတုန်း ရောယောင်ပြီးဝမ်းနည်းမိတဲ့ ကျနော်လည်း… တော်ပါတော့ဆိုပြီး ခွေးတွေအပေါ် ထပ်စိတ် ကုန်ပြန်တယ်။ ဟုတ်တယ်ဗျ။သံယောဇဉ်ဆိုတာ  မထားတာအကောင်းဆုံး။

(၃)
အဲဒီတော့ဗျာ  ဒီခွေးတွေနဲ့ကျနော် နဖူးစာရွာလည်ပြီး ခွေးတွေအပေါ် ကျနော်ပြန်ပြီးစိတ်ဝင်စားမိတာ ဆန်းတယ်ဆိုရမယ်။ ဇာတ်လမ်းက ကျနော်ယိုးဒယားဖက် စရောက်တဲ့အချိန်ကနေ စတယ်ဆိုပါတော့။ဒီလိုဗျ။

လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်၊ကျနော်ရနောင်းဖက်ကို စရောက်တော့ ထိုင်းစာရော၊ထိုင်းစကားပါ မပြောတတ်လေတော့၊တယ်အထီးကျန် သကိုး။ရနောင်းမှာ ဗမာတွေပေါပါဘိသနဲ့ဆိုပြီး အထွန့်တက်မယ်  မကြံလိုက်ပါနဲ့ဗျာ။လက်ဖက်ရည်ဆိုင်  တစ်နေကုန်ထိုင်ပြီး မန်ယူနဲ့ အာဆင်နယ်အကြောင်း လေကန်နေနိုင်တဲ့ဗမာလူမျိုး  ရနောင်းမှာ ချစ်တီးခေါင်းက  သန်းထက်ရှားတယ်ဗျ။ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေ ကြတာ။ထားပါလေ။ခွေးအကြောင်း   ဆက်တာပဲကောင်းပါတယ်။

စကားပြောဖော်ရှားတော့ အထီးကျန်သလိုလို ခံစားလာရတဲ့ ကျနော်ဟာ ရနောင်းမြို့တွင်း၊မြို့ပြင်ပြဲပြဲစင်အောင် မြို့ရိုးကိုးပေါက်လျှောက် သွားနေတုန်း တောင်ထိပ်တစ်ခုပေါ်က ထိုင်းဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဆီ  ရောက်သွားရောဆိုပါတော့။ကျောင်းက အတော့်ကို ကျယ်ဝန်းပြီး ခမ်းနားတာအမှန်ပဲဗျ။တောင်ပေါ်မှာလည်း ရွှေပြောင်ပြောင်စေတီတစ်ဆူနဲ့။ကျောင်းဝန်းကျယ်ကြီးထဲ ကျနော်တစ်ယောက် တည်းလျှောက်သွားနေတုန်း ဗြုန်းဆို တစ်ခုသတိပြုမိတာ အဲဒီကျောင်းထဲမှာ မွေးထားတဲ့ခွေးတွေ မနည်းပါလားဗျာ။

ခွေးအို၊ခွေးလတ် ခွေးမဒန်း၊ခွေးလူပျို၊ခွေးပေါက်စ၊ခွေးနို့စို့၊ခွေးနို့ညှာ၊ခွေးမုဆိုးမ၊ခွေးမုဆိုးဖို ..စုံလို့ဆိုပါတော့ဗျာ။မွေးထားတယ်ဆိုတာ အသားတိုးအောင်၊ ဈေးကွက်ထဲမှာ ပြန်ရောင်းရအောင်  မွေးထားတာမဟုတ်ဘူးနော်။အပြင်မှာ စားရေးသောက်ရေးကြပ်တည်းလို့ ဘုန်းကြီးကျောင်းရိပ် လာခိုကြတဲ့ခွေးတွေ အများစုဗျ။ အိမ်မှာခွေးတွေပေါနေလို့ မကောင်းကျောင်းပို့ဆိုတဲ့သဘောနဲ့ လာစွန့်ကြတာလည်း ပါပေမပေါ့။ ကျနော်ပြောချင်တဲ့ အဓိကအချက်က အဲဒီခွေးတွေဟာ အကုန်ဝဖီးပြီး၊ခွေးဘဝမှာ အေးအေးလူလူ ဇိမ်ကျနေကြလေရဲ့ဗျာ။ တစ်ကောင် များ အစားလွန်နေတယ် ထင်ပါရဲ့။ဗိုက်ကြီးဖောင်းပြီး တရှူးရှူးအိပ်မောကျနေလိုက်တာ ကျနော်ဖြင့် အားတောင်ကျမိပါရဲ့။

(၄)
အဲဒီအချိန်ကစပြီး ကျနော်ဟာ ကျနော်ရောက်လေသမျှ ထိုင်းမြို့၊ထိုင်းရွာအရပ်ဒေသတိုင်းမှာ ထိုင်းခွေးတွေကို စပ်စုတဲ့အကျင့်ပါလာပါ ရောဗျာ။ ကျနော်ဆိုတဲ့ကောင်ကလည်း ထိုင်းနိုင်ငံတစ်နံတစ်လျား မလေးရှားနယ်စပ်၊ ယာလာ၊ပါတာနီလိုမြို့မျိုးကနေ၊ ဟိုး.. ထိုင်း မြောက်ပိုင်း ရွှေတြိဂံလိုဒေသမျိုးအထိ ခြေဆန့်ဖူးလေတော့ ထိုင်းခွေးရေးရာမှာ ကျွမ်းကျင်သူအဆင့်တောင် ဝင်လောက်မယ်ထင်တယ်။

ကျနော်သေချာပေါက်  ပြောနိုင်တဲ့အချက်ကတော့ ထိုင်းခွေးတွေရဲ့ရာခိုင်နှုန်းကိုးဆယ်ဟာ အခြေခံစားဝတ်နေရေး  ပြေလည်ကြ တယ်ဗျာ။

ခွေးမှာဘယ့်နှယ်လုပ်ပြီး ဝတ်ရေးဆိုတာကြီးပါလာရသတုန်းလို့  ခင်ဗျားမေးမယ်ဆိုရင်တော့  ခင်ဗျားဟာ ခေတ်နောက်ကျနေတဲ့သူပဲဗျ။ ဘာကြောင့်တုန်းဆိုတော့ (၂၀၀၄)ခုနှစ်ဝန်းကျင်က ကျနော် ဘန်ကောက်ဘက်ကိုရောက်တုန်း ကီလိုမီတာ ငါးဆယ်ကျော်လောက်လှမ်း တဲ့  မဟာချိုင်ဆိုတဲ့မြို့ဆီကို  ဒေသန္တရဗဟုသုတအဖြစ်  ရောက်သွားဖူးတယ်ဗျ။ဘတ်စ်ကားကနေ လှေပြောင်းစီးဖို့ လှေဆိပ်ကိုအသွား ထူးထူးဆန်းဆန်းမြင်ကွင်းကြောင့် ကျနော့်ခြေလှမ်းတွေ ရုတ်တရက်တန့်သွားပြီး အဲဒီမြင်ကွင်းကို  အချိန်အတော်ကြာ ရပ်ကြည့်နေမိတဲ့ အထိပဲဗျ။

ဘာလဲ၊ဟုတ်လား။လမ်းဘေးက ခွေးလေးငါးကောင်ဟာ ဘောလုံးသမားဝတ်စုံကိုယ်စီနဲ့ဗျာ။အမယ်  မန်ချက်စတာ ယူနိုက် တက်၊ အာဆင်နယ်တင်မကပါဘူး။ ဘိုင်ယန်မြူးနစ်၊ချဲလ်ဆီးနဲ့ဘာစီလိုးနားတောင်ပါသေး။ကျနော်ဖြင့် ဇာတိရွှေပင်ရွာက ကျောပြောင်ကြီး တွေပေါ်မှာ ပုဆိုးပိုင်းတွေ လွှမ်းနေတတ်တဲ့ ဦးကြီး၊ဦးမင်းတွေကို ပြေးသတိရမိပါရဲ့။
ဘယ်လိုလူကများ  ရွှေဥာဏ်တော်စူးရောက်ပြီး  ခွေးတွေကို ဘောလုံးအသင်းစွပ်ကျယ်တွေ ဆင်မြန်းပေးထားပါလိမ့်ပေါ့။ကျနော့်မှာဗျာ။ တောသားပီပီ၊ကိုယ်တိုင်တောင်  ဝယ်မဝတ်နိုင်သေးတဲ့တံဆိပ်တွေ ဒီမောင်တွေကိုယ်မှာ ဝတ်ထားတာတွေ့ရတော့  မနာလိုစိတ်တောင် ဖြစ်မိတဲ့အထိ။

ဒါကို ခင်ဗျားက သိပ်ဆန်းတယ်ထင်လိမ့်မယ်။ မဟုတ်သေးဘူးဗျ။ကျနော်ဖူးခက်မှာ အခြေကျလာတော့ ဒိထက်ဆန်းတာ တွေ တွေ့လာရပြန်တယ်။

(၅)
ကျနော် နားစွန်နားဖျားကြားဖူးတာတစ်ခုကတော့ လက်ရှိထိုင်းဘုရင်ကြီးဟာ လမ်းဘေးကခွေးတစ်ကောင်ကို ကောက်ယူမွေးစားခဲ့ဖူး တာ  အဲဒီခွေးကြီးဟာ  အတော်လိမ္မာရေးခြားရှိပြီး အံ့မခန်းသစ္စာရှိတယ်ဆိုပဲ။ဒါကြောင့်များ  ထိုင်းပြည်သူလူထုဟာ  ခွေးတွေကို ဂရုစိုက် ကြလေသလား မဆိုနိုင်ဘူးဗျ။ယိုးဒယားပြည်  မြို့အတော်များများမှာ ခွေးကယ်ဆယ်စောင့်ရှောက်ရေးဌာနတွေရှိကြလေရဲ့။နိုင်ငံခြားသား တွေ အခြေကျနေထိုင်တာ၊မြို့ခံထိုင်းလူမျိုးတွေ စီးပွားရေးပြေလည်တာ၊ရောင်းဝယ်ဖောက်ကားမှုစည်ပင်ဖွံ့ဖြိုးတာတွေကြောင့် ထင်ပါရဲ့ ဖူးခက်မြို့ဟာ ခွေးတွေရဲ့လောကနိဗ္ဗာန်လို့တောင် တင်စားနိုင်လောက်ပါတယ်။

အပိုစကားတွေ လျှောက်ပြောနေတယ်လို့ ထင်ရင်တောင် သည်းခံပြီး၊ဆက်နားထောင်ပါအုံးဗျာ။ဖူးခက်မှာ ခွေးမျိုးအတော်စုံအောင်  မြင်ရသဗျ။ အမွှေးဖွားဖွား ဧရာမအကောင်ကြီးတွေကနေ ကြောင်ထက်တောင်ငယ်ချင်တဲ့ အကောင်ပေါက်စနလေးတွေလည်း ရှိသဗျ။တစ်ချို့ အကောင်တွေဆို အမြီးတိုလေးတွေနဲ့၊တမင်ဖြတ်ထားလေသလား၊မူရင်းမျိုးစိတ်လားတော့ မဆိုနိုင်ဘူး။နောက်ဆုံးပေါ် အဖိုးတန်ကားကြီးတွေပေါ်မှာ အခန့်သားမြိန့်မြိန့်ကြီး ဇိမ်ကျနေတဲ့ခွေးကြီး၊ခွေးလတ်၊ခွေးငယ်တွေ မမြင်ချင်မှအဆုံး။အမလေး ကြားဖူးသ လောက်၊ခွေးတစ်ကောင်တန်ဖိုး ကလည်း ဗမာငွေခြောက်သိန်းကျော်ရှိသတဲ့။

တချို့ခွေးတွေဆို ညနေပိုင်းပန်းခြံကျယ်ကြီးတွေထဲမှာ သခင်နဲ့အတူ အညောင်းပြေလမ်းလျှောက်ရင်း ကျန်းမာရေးလိုက်စားနေကြတာ လည်းမြင်နေကျဗျ။အောင်မယ်၊  တစ်ခါတစ်လေ၊ကိုယ်တော်ချောများ မစင်စွန့်ချင်တဲ့အခါ သူတို့ဖင်ဝမှာ တစ်ရှူးစလေးလုံးထွေးပြီး ထွက်လာလတ္တံ့သော အီးအီးကို ဖင်ဝကနေအသင့်ခံပေးကြတောင်ရှိသေးဗျာ။

ဒီတော့ ခင်ဗျားဖူးခက်ကိုရောက်လို့များ၊လမ်းဘေးကခွေးတစ်ကောင်ကို စေတနာသဒ္ဓါတရားတွေယိုဖိတ်ပြီး ခင်ဗျားစားနေတဲ့ ဟမ်ဘာ ကာတို့၊ကြက်ကျော်တို့သွားကျွေးမယ်များ မကြံလိုက်လေနဲ့၊ဒီကောင်တွေက အင်တင်တင်လုပ်ချင် လုပ်တတ်ကြတာ။ဒီကောင်တွေ ဘယ် လောက်များ  ကိန်းကြီးခန်းကြီးနိုင်သလဲဆိုရင် ဒီကောင်တွေအတွက် ခွေးပိုင်ရှင်တွေဝယ်ကျွေးနေကျအစာကိုတောင်  စားနေကျ တံဆိပ်၊ပါနေကျရသာရနံ့မပါရင် မစားကြဘူးတဲ့ဗျ။ဒီတော့ ခွေးဟာ မစင်စားတယ်ဆိုတဲ့ ခင်ဗျားရဲ့ ရှေးရိုးအယူအဆဟောင်းကြီးကို စွန့်လိုက်ပေတော့ဗျာ။

(၆)
တကယ်တော့ ကျနော်လည်း ရှေးရိုးစွဲတဲ့လူပါပဲဗျာ။ဘယ်လောက်များရှေးရိုးစွဲပြီး ခေတ်နောက်ကျကျန်ခဲ့သတုန်းဆိုတော့ ဖူးခက်ကို ရောက်စက နေ့ဖို့ညစာအတွက် အိမ်ကရေခဲသေတ္တာထဲမှာသိမ်းထားဖို့ ကုန်ုတိုက်ကြီးတစ်ခုကနေ တာရှည်ခံစားစရာသောက်စရာတွေ လျှောက်ဝယ် ခဲ့တုန်းကပေါ့။မြင်နေတွေ့နေရတဲ့တာရှည်ခံစားသောက်ကုန်တွေက ကျနော့်အဖို့ အဆန်းကြီးဖြစ်နေလေတော့ တစ်ချို့ပစ္စည်းတွေဆို အိမ်ရောက်မှ အညွန်းဖတ်ပြီး သုံးတန်သုံး၊မျက်ရမ်းမှန်းဆဝယ်ရတာပေါ့ဗျာ။ဒီမှာတင် စားသောက်ကုန်တန်းကြီး တစ်ခုထဲကနေ ထူးထူး ခြားခြား တံဆိပ်ကောင်းကောင်း အစားအသောက်ထုပ်တွေတွေ့မိတာနဲ့ ကျနော်လည်း စားကြည့်လိုက်အုံးမယ်၊ ဝယ်ထား အုံးမှဆိုပြီး ခြင်းထဲကို နှစ်ထုပ်ပစ်ထည့်လိုက်မိသဗျ။နောက်မှ စိတ်ထဲသရိုးသရီဖြစ်လာတာနဲ့ တံဆိပ်တွေ ၊အရုပ်တွေကို သေချာကြည့်လိုက်တော့ လားလား။ခွေးစာတဲ့ဗျာ။ဘေးဘီကို အသာကြည့်ရင်း ရှက်ရှက်နဲ့ ပြန်တင်ထားခဲ့ရတယ်ဆိုပါတော့။

မကြာခင်ဖူးခက်မှာ  လူလည်စာရင်းဝင်လာတော့ ကျနော်လေ့လာကြည့်မိတဲ့အခါ  ခွေးအမွှေးလျှော်ရှန်ပူ၊ခွေးဆွတ်တဲ့ရေမွှေး၊ခွေး နားဖာ ကလော်ဆိုတာတွေတွေ့ဖူးလာရတဲ့အပြင် ဖူးခက်မြို့မှာ ခွေးဆေးကုခန်း၊ခွေးနာတာရှည်ဆေးရုံနဲ့ ပိုင်ရှင်နဲ့ယာယီခွဲနေရမဲ့ခွေးတွေကို ခေတ္တတာဝန်ယူပြုစုပေးမဲ့ ခွေးစောင့်ရှောက်ရေးကုမ္ပဏီတွေတောင်ရှိလေရဲ့။

ဒါတင်ဘယ်ဟုတ်အုံးမလဲဗျာ။ကျနော်က နိုင်ငံတစ်ကာကုန်သွယ်ရေးလေးဘာလေးလည်း  မတောက်တစ်ခေါက်လုပ်တယ်ဆိုတော့  တခါသား ဂျပန်မိတ်ဆွေတစ်ယောက်ဆီကနေ ထိုင်းထုတ်ပစ္စည်းတစ်ချို့ ဝယ်ချင်ပါတယ်ဆိုတဲ့ အမှာစာတစ်စောင်ရဘူးတယ်။ သူလို ချင်တဲ့ပစ္စည်းက ခွေးမွေ့ယာ၊ခွေးခေါင်းအုံး၊ခွေးကုတင်၊ခွေးစံအိမ်တွေတဲ့ဗျာ။ဒီမှာတင် ထိုင်းခွေးအသုံးအဆောင်ပစ္စည်းတွေ ထုတ်တဲ့ စက်ရုံတစ်ချို့ကိုရောက်တော့မှ ခွေးဇိမ်ခံပစ္စည်းမျိုးစုံကိုကြည့်ပြီး နုံချာလှတဲ့ငါ့ဘဝဆိုတဲ့အတွေးနဲ့  ငိုချင်းချချင်စိတ်ကို အတော်ချိုးနှိမ်ယူ ရသဗျာ။

ဟိုတစ်လောတုန်းက စီးပွားရေးကိစ္စတစ်ခုနဲ့ ဂျပန်တရုတ်ကပြားမိတ်ဆွေတစ်ယောက်ကို အရေးတကြီးတွေ့ခွင့်တောင်းလိုက်တော့ သူက ဆံပင်ညှပ်ဆိုင်ကြီးတစ်ခုကိုလိုက်ခဲ့ပါဆိုလို့ လိုက်သွားမိတော့ သူပြောတဲ့ဆံပင်ညှပ်ဆိုင်ဟာ  လူတွေအတွက်ဖွင့်ထားတဲ့ဆိုင်မှမဟုတ်ပဲ။ ခွေးဗြူတီဆလွန်းကြီးမှာ သူ့ခွေးကို ဆံပင်ဒီဇိုင်းအသစ် ပြင်ပေးနေလေရဲ့။ခွေးဖြစ်ချင်စိတ်တောင်ပေါက်သွားလို့ တရားသဘောကို ဆင်ခြင်နှလုံးသွင်းရသေးဗျာ။

(၇)
ခွေးဋီကာကို အစအဆုံးသာပြောရမယ်ဆိုရင် မဟာဘာရတနဲ့ဟိုးမားရဲ့ အိုဒက်ဆီကမ္ဘာ့ဂန္ထဝင်လင်္ကာရှည်ကြီးတွေထက်တောင် အပြန် တစ်ရာ သာသွားနိုင်တယ်ဗျ။နိုင်ငံတစ်ကာမှာ ခွေးတွေက ဘောလုံးပွဲကိုကြည့်ပြီး  ရင်ခုန်စိတ်လှုပ်ရှားတတ်နေပြီတဲ့ဗျ။ ခွေးအောင်သွယ် သင်တန်းတွေ၊ခွေးတက္ကသိုလ်တွေတောင်  ရှိချင်ရှိနေအုံးမှာ။ထူးခြားချက်တစ်ခုတော့  ရှိတယ်နော်။ ထိုင်းခွေးအများစုဟာ လူကိုမကိုက် တတ်ကြပေမဲ့၊ ဗမာခွေးတွေကတော့ ကိုက်တတ်တာများတယ်ဗျ။နောက်တော့ ထိုင်းခွေးတွေဟာ ကြောင်တွေနဲ့ ပလဲနံပသင့်တာလဲ ဆန်းကြယ်မှုတစ်ခုလို့ဆိုရမယ်။

ဗမာခွေးတွေဟာ ထိုင်းခွေးတွေနဲ့ ကွာခြားတာအမှန်ပဲဗျာ။ အဲဒီကိစ္စဟာ ခွေးတွေရဲ့ရှေးကုသိုလ်၊ ကံကြမ္မာနဲ့သက်ဆိုင်သလား။ ယိုးဒယား နဲ့မြန်မာအစိုးရတွေကျင့်သုံးနေတဲ့စနစ်တွေနဲ့  ဆိုင်သလား၊ဒီမိုကရေစီရဲ့ အသီးအပွင့်လား၊စစ်ဝါဒီတွေလက်အောက်မှာ ခွေးတွေခွေးစဉ်မီ ပါ့မလား၊ ဘာညာသာရကာ စဉ်းစားစရာတွေ  အများကြီးပါပဲဗျာ။သေချာတာကတော့ ထိုင်းခွေးတွေဟာ ခွေးဖြစ်ရကျိုးနပ်တာအမှန်ပဲဗျ။ အင်း၊ ဗမာပြည်မှာတော့ ခုထက်ထိ ခွေးတွေကို အဆိပ်ကျွေးသတ်နေတုန်းပဲကြားမိတယ်။ မြောက်ကိုးရီးယားနဲ့ တရုတ်ပြည်နယ်အချို့ မှာတော့ ခွေးသားဟာ ဈေးအကြီးဆုံးအစားအစာတဲ့။

 တကယ်တော့ ကျနော်တို့ဟာ ခွေးတွေနဲ့နံရံပါးပါးလေးတစ်ချပ်သာ ခြားနေကြတာပါ။ခင်ဗျားမှာလည်း  ခွေးတစ်ကောင်ရှိနိုင်တယ်၊ ကျနော်လည်း မကြာခင် ခွေးပိုင်ရှင်တစ်ယောက်ဖြစ်လာနိုင်တယ်။စစ်ဗိုလ်ချုပ်တွေမှာလည်း  ခွေးတွေရှိတယ်။ဟစ်တလာလဲ ဘရန်ဒီလို့ အမည်ရတဲ့ ခွေးကြီးတစ်ကောင်မွေးခဲ့ဖူးတယ်။ဒေါ်အောင်ဆန်းစုကြည်တောင် ခွေးတစ်ကောင် မွေးထားသတဲ့ဗျာ။ ဟော ပြောရင်းဆို ရင်း  လူအကြောင်းတွေပါလာပြီ။ ဒီမှာတင်ရပ်မှ ဖြစ်မယ်ထင်ပါရဲ့။

အေးလေ  ကျနော်ပြောခဲ့ပါပြီကော။လူတွေ သိပ်ခက်တယ်ဗျ။သူတို့အကြောင်း အကောင်းဘက်ကနေ၊ချီးမွမ်းပြောဆိုရင်သာ ပါးစပ်ကြီးဖြဲ ပြီး တဟဲဟဲနဲ့ သဘောကျတတ်တာ၊အားနည်းချို့ယွင်းချက်၊ အလွဲအမှားတစ်စုံတစ်ရာကိုများ သွားထောက်ပြမိလို့ကတော့ ကမ္ဘာရန်လို့ သာမှတ်ပေတော့ဗျို့။ရန်ငြိုးသိုတာ၊လက်စားချေတာ  လမ်းမှာတွေ့ရင်တောင် မခေါ်နိုင်၊မပြောနိုင်ဖြစ်တတ်တာတွေက အများသား     ကလား။

ဒါကြောင့်လူတွေအကြောင်းမပြောပဲ ခွေးတွေအကြောင်းပြောတာက နောက်ဆက်တွဲပြဿနာကင်းလောက်မယ် ထင်ပါရဲ့။  ငါ့အကြောင်း၊မဟုတ်တမ်းတရား၊အမနာပရေးတဲ့လူဆိုပြီး လမ်းမှာခြောင်းကိုက်မဲ့ ခွေးရယ်လို့တော့ မရှိလောက်ပါဘူး။ဒီတော့ ခွေး အကြောင်းပဲ ပြောတာကောင်းပါတယ်လေ။ ။

↧
↧

မင်းဒင်၏ သရေစည်သူဆြာဒင်နှင့် ရွှေပင်ရွာတမ်းချင်းများ စုစည်းမှု ။ (ေးစာပြည့်ညို )

$
0
0

စောင့်ကြည့်စာအုပ်စင်ကဏ္ဍ။ ။

၁၅။၀၈။၂၀၁၄ နေ့ထုတ် စောင့်ကြည့်အပတ်စဉ်ဂျာနယ်မှ။ ။

မင်းဒင်၏ သရေစည်သူဆြာဒင်နှင့် ရွှေပင်ရွာတမ်းချင်းများ စုစည်းမှု ။
(ေးစာပြည့်ညို )

မင်းဒင်ရဲ့သက်ခိုင်စာအုပ်တအုပ် တည်းနှင့် ပရိသတ်က စာပေလောကမှာ စာရေးဆရာတယောက်အဖြစ် နေရာပေး ခြင်းခံရသော မင်းဒင်၊ ယခုထုတ်ဝေသော “သရေစည်သူဆြာဒင်နှင့်ရွှေပင်ရွာတမ်းချင်း များစုစည်းမှု”ကမူ စာအတည်အခန့်လည်း ပါပြီး အထူးသဖြင့် စာပြောင်များ၊ သရော် စာများဖြစ်သည်။

သူ၏ သရော်ချက်က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပျက်နေသည့် အခြေအနေများကို ပြည်သူ့ဘက်မှရပ် တည်ပြီး ပြည်သူတယောက်၏အမြင် ပြည် သူတယောက်ခံစားမှုဖြစ်သည်။ ထို့ကြောင့် ထိုသို့ကြည့်မြင်ခံစားရသော စာဖတ်သူ ပြည်သူများ နှစ်ထောင်းအားရဖြစ်ရမည့် စာအုပ်၊ ဟားတိုက်မရယ်ဘဲ တိုးတိုးတိတ် တိတ်ကျိတ်ပြီး တယောက်တည်းပြုံးရမည့် စာများ ဖြစ်သည်။

စာပေ၏အရသာမှာ မူရင်းဘာသာ စကားပြောဆိုနေသူများကသာ ပိုပြီး အသက်ပါပါ နားလည်ခံစားနိုင်ပါသည်။ တဘာသာမှ တဘာသာသို့ ဘာသာပြန်ဆို ကူးပြောင်းဖလှယ်ရာတွင် အထူးသဖြင့် ဇာတ်အိမ်ဇာတ်လမ်းနှင့် တချို့အဖွဲ့အနွဲ့တို့ ကိုဘာသာပြန်နိုင်မည်။ တချို့သော မြန်မာ စရိုက်၊ မြန်မာ့ဓလေ့ စာပေလက်္ခာဏာတို့ ကိုမူ ဘာသာပြန်နိုင်မည်မဟုတ်ပါ။

ဥပမာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မဟာ လေးချိုးကြီးများမှာ စာပေအားအင်အပြည့် ပါသည်။ သို့သော် မြန်မာကဗျာဖတ်နေကျ သူများသာ အရသာခံနိုင်ပါလိမ့်မည်။ တချို့သော ဆရာကြီးရွှေဥဒေါင်း၏ စာ၊ ဥပမာ-တသက်တာမှတ်တမ်းစာအုပ် မျိုးမှာမူ ဘာသာပြန်ဆို၍ လုံးစေ့ပတ်စေ့ ဘာသာခြားက အရသာခံနိုင်မည်မထင်ပါ။

ယခုလည်း စာရေးဆရာမင်းဒင်၏ သရော်စာများမှာ မြန်မာစာပေမှ အခြား ဘာသာသို့ပြောင်းပြီး ဘာသာပြန်လျှင် စာပေအရသာပျက်သွားနိုင်ပါသည်။

 မင်းဒင်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း တို့၊ ဆရာကြီးရွှေဥဒေါင်းတို့နှင့် နှိုင်းခြင်း မဟုတ်ပါ။ စာပေအရသာပျက်သွားနိုင်ခြင်း ကိုသာ ပြောခြင်းဖြစ်ပါသည်။ လုံးစေ့ပတ် စေ့ ဘာသာပြန်၍မရနိုင်သော စာအုပ်ဖြစ် သည်။

ယနေ့ မော်ဒန်၊ ပို့စ်မော်ဒန်ဆိုပြီး လူနားမလည်နိုင်သော အရေးအသားများ တွင်ကျယ်နေကြသော ခေတ်တွင် သူ့ အရေးအသားများက ရှင်းလင်းသည်။ တဖက်သူ နားလည်သဘောပေါက်အောင် ရေးသည်။ ဤသို့ ရေးသည်မှာလည်း သူ့ မှာ အကြောင်းအရာမရှားပါ။ ရေးစရာ အကြောင်းများ ပေါပေါများများရှိနေသည် မဟုတ်ပါလား။ လူနားမလည်အောင် တီထွင်ရေးသူများမှာမူ အကြောင်းအရာ ချွတ်ခြုံကျလျှင် အရေးအသားကို စတန့် ထွင်သည်ဆိုသည့်အတိုင်း။ ဤအဆိုသည် အမှန်ပင်ဖြစ်သည်။

ယခု မင်းဒင်မှာ အကြောင်းအရာရှိ၍ ထိုအကြောင်းအရာ ကို လူတန်းစားမရွေး၊ လူ့အလွှာအသီးသီး ဖတ်ပြီး နားလည်ခံစားနိုင်သောစာများဖြစ် သည်။ သူသည် မြန်မာစာပေကိုပိုင်သည့် အပြင် ရှေးမြန်မာသီချင်းများကိုလည်း နှစ်သက်သူဖြစ်သည်။ သူ၏စာနှင့် သူသုံး သော ရှေးသီချင်းများမှာ အလွန်လိုက်ဖက် လှပါသည်။ သူ့စာများကိုဖတ်ပြီးသွားလျှင် သူဖော်ပြသော သီချင်းများက စွဲ၍ကျန်ရစ် စေသည်။

သီချင်းများမှာလည်း သူ၏ သရော်စာများစွာ ပံ့ပိုးပေးပါသည်။ “နွားရိုင်းသွင်းချိန်နှင့် ဂငယ်ကွေ့စစ် တမ်း”၊ “အမုန်းခံ၍ပြောချင်သည်” စသည့် ဆောင်းပါးများမှာ သရော်စာများမဟုတ်။ အတည်အတဲ့ရေးသည့်စာဖြစ်သည်။ တွေး စရာ၊ စဉ်းစားစရာများပါသည်။ သူ့တင်ပြ ချက်များကလည်း စေတနာပါသည်။

ထိုင်းနိုင်ငံမှာ မြန်မာများ ကျွန်ခံနေ ကြရပုံ၊ ဤသို့ဖြစ်ရသည့် လက်သည် တရားခံသည် ဘယ်သူလဲ၊ မြန်မာလုပ်သား ၃၀၀၀ ကျော် သေဆုံးရမည့်အရေးကို မြန်မာသံရုံးက မသိချင်ယောင်ဆောင်နေ ခြင်းများ၊ အမေရိကန်တယောက်ကို မတရားလုပ်ခြင်းသည် အမေရိကန်နိုင်ငံကို စော်ကားခြင်းပဲဟု သူတို့ခံယူသော်လည်း မြန်မာတယောက်ကို သူ့ခွေးကိုဆဲရကောင်း လားဟု ထိုင်းတယောက်က သေနတ်နှင့် ပစ်သတ်ပုံ စသည်တို့မှာ ရင်နာစရာအဖြစ် များဖြစ်သည်။

 သူ၏စာများမှာ စောင့်ကြည့်ဂျာနယ်၊ ဆဲဗင်းဆေးဂျာနယ်၊ ဗက်ဆင်ဂျာ ဂျာနယ် များမှာ ရေးသားသည့်ဆောင်းပါးများဖြစ် သည်။ လူပုဂ်္ဂိုလ်ကား မသိပါ။ သို့သော် စာပေတရပ်ကို လူထုက လက်ခံအားပေး ခြင်းမှာ လူထုခံစားမှုနှင့် တထပ်တည်းကျ ပြီး လူထုကို ကိုယ်စားပြုနေခြင်းကြောင့် သာ ဖြစ်သည်ဟုဆိုချင်ပါသည်။

 စောပြည့်ညို
↧

Article 0

$
0
0


၁၆သြဂုတ် ၂၀၁၄ နေ့တွင် မောင်သာချို၏ရွှေချိုး ယာခရိုး၌ ကူမည်။ 

ကြော်ငြာဒီဇိုင်း။ ။ သီဟမောင်မောင်။
↧

“အညံ့တကာ့ ထိပ်ခေါင်ဒင်”

$
0
0

၁၉။သြဂုတ်။ ၂၀၁၄ နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ ။ ။

“အညံ့တကာ့ ထိပ်ခေါင်ဒင်”
(မင်းဒင်)

“အမလေး၊ကြားလို့မှကောင်းကြသေးရဲ့လား  အရပ်ကတို့ရယ်။အမလေးဟဲ့လေး၊ဟဲ့လေး၊ ကိုယ့်အဝှာကိုသာ၊ကိုယ့်ဖာသာ ထုထုပြီး  သေ လိုက်ချင်ပါရဲ့။အောင်မလေး၊လေး ၊လေး ၊ဒင်းတို့မို့လို့ ပြောထွက်ပလေရဲ့။သူခိုးတွေနဲ့ သူခိုးလက်ခံတွေ၊ သူတော်ချင်းချင်း သတင်းလွေ့ လွေ့ ပေါင်းဖက်တွေ့ကုန်ကြပါပကော။မကယ်နိုင်ကြတော့ဘူးလားဗျာတို့”

“မထိတ်သာမလန့်သာ  ဆြာရယ်၊ဘယ်ဟာကို  ထုမှာတုန်း”

“ရင်ဘတ်ဟေ့၊ရင်ဘတ်ဟ”

“စိတ်ကိုထိန်းပါ  ဆြာ၊ဘယ်သူများ  ဆုံးပါးသွားလို့ပါလိမ့်”

“နင့်အမေကလွှား၊ဘယ်သူဆုံးရမှာတုန်းဟ၊ယူကျုံးမရဖြစ်လွန်းလို့ဟေ့၊ပြောရင်းငိုချင်လာပြန်ပြီ၊  အီး၊ဟီး၊ဟီး”

“ဆြာပြောနေကျ  သဗ္ဗေသတ္တာကမ္မသကာဆိုတဲ့  တရားလေးနဲ့ထိန်းပါဆြာ”
“ဘာတရားမှလာမချနဲ့လဟ။ဒီသတင်းမျိုးတွေသာ ဆက်တိုက်ကြားနေရရင် ရင်နာလွန်းလို့  ချက်ချင်းတောင်အသက်ထွက်သွားမယ် ထင်ပါရဲ့”
ယိုးဒယားပြည်၊ဖူးခက်မြို့၊အန်မခန်အရပ်ရှိ၊ အိမ်အိုကြီး၏အပေါ်ထပ်ဆီမှ အကာလညအခါသမယ၊ညကြီးအချိန်မတော်၊ ဆြာဒင်တစ် ယောက် ရင်ဘတ်ကို၊ စည်တော်ရွမ်းသကဲ့သို့  တဘုန်းဘုန်းထုရင်း၊ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား  နှပ်ချေးတရွှဲရွှဲငိုပွဲဆင်နေရာမှ ထွက်ပေါ် လာသည့် အမင်္ဂလာအသံကြီးကြောင့် အိမ်အောက်ထပ်ရှိ ချစ်လှစွာသော တပည့်ကျော်တို့မှာ၊အလန့်တကြား ဝုန်းဝုန်းဒိုင်းဒိုင်း ပြေးတက် လာကြကာ၊ ဆြာဒင့်ဘေးတွင်ဝိုင်းအုံလျက် ဂရုဏာသက်သောမျက်ဝန်းများဖြင့်ကြည့်လျက် စိုးရိမ်တကြီး မေးမြန်း၊အားပေးနေကြရှာ ခြင်းဖြစ်ပါ၏။

“ကဲပါ၊ဆြာဒင်ရယ်  နှပ်ချေးတွေကိုကုန်အောင်ညှစ်ပြီး ဖြစ်ကြောင်းကုန်စင်ကို  နတ်သံနှောပါအုံးဗျာ၊ဆြာ့တပည့်တွေပါ  ဝိုင်းပြီးငိုသင့်ငိုရ တာပေါ့ဆြာ၊ရော့  ဒီမှာတစ်ရှူး”
ဆြာဒင့်တစ်ယောက်  နှာခေါင်းဝမှပါးစပ်ဆီသို့တိုင်၊စီးကျလာသည့်  ငံကျိကျိအရသာရှိသော နှာရည်တို့ကို တပည့်ကျော်ကမ်းလာသော တစ်ရှူးစဖြင့် သုတ်သင်ဖယ်ရှား  ညှစ်ထုတ်ပြီးသကာလ  ရှိုက်ကြီးတစ်ငင်ငိုကြွေးရခြင်း၏ဇစ်မြစ်ကို ရင်ဖွင့်လေရာ၊နံဘေးတွင်  ဝိုင်းအုံ စုပြုံရောက်ရှိနေကြသော  တပည့်ကျော်တစ်သိုက်မှာ  အသက်ရှူရန်ပင်မေ့လျော့ကာ  ငံ့လင့်ကြကုန်လေ၏။

(၂)
“အခုလေးတင်အိပ်ယာဝင်ခါနီးဖတ်လိုက်မိတဲ့သတင်းတစ်ပုဒ်မှာ တို့သမ္မတကြီးက စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ စီးပွားရေးဇုန် တည် ဆောက်ရေးလုပ်ငန်းတွေမှာ တရုတ်ဆီကနေ ငွေတွေထပ်ချေးအုံးမတဲ့မောင်တို့။တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့နေပြည်တော်မှာ တွေ့တုန်းက ပြောသတဲ့ဟ။အမယ်၊သူက တရုတ်နိုင်ငံရဲ့ထောက်ခံမှုကို ကျေးဇူးတင်သတဲ့။ မြန်မာ့ဖွံ့ဖြိုးရေးလုပ်ငန်းမှာ တရုတ်ကူညီနိုင်ဖို့ မျှော်လင့်ကြောင်းပြောတဲ့အပြင် နှစ်နိုင်ငံနယ်စပ်မှာ စီးပွားရေးပူးပေါင်းမှုတွေလုပ်ဖို့ပါလောကွတ်ချော်လိုက်သေးသတဲ့ကွာ”

တပည့်ကျော်တို့ကား ဆြာဒင့်ရှင်းလင်းချက်ကို ဘာမှမဆန်းသလို၊ကြောင်အမ်းအမ်းမျက်နှာပေးကိုယ်စီဖြင့် တည်ငြိမ်စွာတုန့်ပြန်ကြ လေရာ၊ ဆြာဒင်မှာ အကြောင်းခြင်းရာအပြည့်အစုံကို သင်းတို့ခြုံငုံနားလည်နိုင်စေရန်အလို့ငှာ ဆက်၍ရှင်းရပြန်သည်။

“ရွှေကိုယ်တော်Wang Yi ကလည်း တရုတ်အစိုးရအနေနဲ့ စီးပွားရေးသမားတွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ တိုက်တွန်းအုံးမှာတဲ့။ မြန်မာနိုင်ငံသားတွေ အလုပ်အကိုင်ရရှိရေးနဲ့ ဘဝတိုးတက်ရေးတွေကို လုပ်ဆောင်ပေးမယ်ဆိုပဲ။မြစ်ဆုံနဲ့ ကျောက်ဖြူကူမင်း ဓာတ်ငွေ့ ပိုက်လိုင်းကိစ္စတွေမှာတင် ဆွေမျိုးပေါက်ဖော်ဇာတ်တော်ကြီးကိုနိဌိတံသင့်ပါပြီကွာ။တစ်တုံးလည်းမက၊နှစ်တုံးလည်းမက၊ အခုထက်ထိ မြိန်ရည်ယှက်ရည်စားနေလိုက်ကြတာ၊ဘယ်နှစ်ပန်းကန်ကုန်မှ သိကြမှာလဲကွယ်တို့၊နှာစေးပြီး အနံ့မခံနိုင်ကြတော့ဘူးထင်ပါရဲ့”

“ဒီကိစ္စနဲ့ပတ်သက်လို့ ဟုတ်တော့ဟုတ်ပေမဲ့ အခြားတဖက်ကကြည့်ရင် မဟုတ်သေးဘူးဆြာဒင်ရဲ့၊ကမ္ဘာ့စီးပွားရေးမျက်နှာစာမှာ စိနတွေ တွင်ကျယ်လာတဲ့အချက်ကို ဆြာဒင်မမေ့သင့်ဘူး”

ဆြာဒင့်စကားအဆုံးတွင် ကပ္ပလီငယ်သည်မျက်မှောင်ကို အစွမ်းကုန်ကျုံ့လိုက်ရင်း လေးနက်စွာတွေးခေါ်နေသော ဒီသာပါမောက္ခ အိုက်တင်ဖြင့် ဆြာ့ကို နှစ်သိမ့်ရန်အားထုတ်လာလေရာ ထိုရုတ်ခြည်းခဏတွင်ပင် ကပ္ပလီငယ်၏တွေးခေါ်မျှော်မြင်မှုကိုဖော်ကျူးသည့် မကြာမတင်က ဖြစ်ရပ် တစ်ခုကိုပြေး၍ သတိရမိလေ၏။

မိုးရွာသောနေ့တစ်နေ့တွင်ဖြစ်လေသည်။ကပ္ပလီသည် ဆြာဒင့်ခြံတွင်းမှ ရေမလောင်းသည်မှာ ကြာပြီဖြစ်သည့် သစ်ပင်များရှိရာသို့ ရေအပြည့်ပါသည့်ဘာလီပုံးတစ်ပုံးကိုဆွဲ၍၊အပြေးလောင်းတော့မည့်ဟန်၊တာဝန်သိသူကြီးဂိုက်ဖမ်းနေသဖြင့်ဆြာဒင်သတိပေးခဲ့ရဖူးလေသည်။

“အမောင်၊ဘဇာလုပ်ပါအံ့နည်း”
“သစ်ပင်တွေရေလောင်းမလို့လေဆြာ”
“နင့်အမေကလွှား၊မိုးရွာနေတာ မသိလေရော့သလား”
“ဆောရီးပါဆြာ။ ထီးကလေးမစပါအုံးခင်ဗျ။တပည့်က ထီးဆိုအမြဲမေ့တတ်လို့ပါ”
“သြော်၊သြော်၊ထီးမေ့တာတော်သေးတာပေါ့မောင်ရယ်”
စိနတို့၏ခြေလှမ်းကို ဆြာဒင်မမေ့စေရန် သတိပေးလေသော၊တပည့်ကျော်ကပ္ပလီကား အနှီသို့လျှင်လူစားဖြစ်ပါချေသည်။

(၃)
“ဒီကိစ္စအပေါ် ဆြာဒင်ငိုကြီးချက်မလုပ်ဖို့တော့ မလိုလောက်ဘူးထင်တယ်။ဗမာပြည်တင်ဖူးခဲ့တဲ့ ကြွေးမြီတွေရဲ့ရာဇဝင်ကို ပြန်ကြည့်မယ် ဆိုရင် တစ်ခါမှ ပြန်ဆပ်ခဲ့ရိုးထုံးစံမှ မရှိခဲ့တာ၊သူ့ဖာသာသူ တစ်နှစ်လေးကျပ်တိုးမကလို့ ဘယ်လောက်တိုးယူယူ၊မှုစရာမလိုပါဘူး ဆြာ၊ ကြွေးတင်ရှင်ဘုရင်ဆပ်ဆိုတဲ့ စကားပုံတောင် ရှိသေးဆြာဒင်ရယ်၊ဒီကိစ္စဟာ အမေရိကန်နဲ့တရုတ်မဟာဗျူဟာအားစမ်းပွဲအပေါ် လှေနံ နှစ်ဖက်နင်းထားတဲ့အကွက်ခင်ဗျ။တစ်ဖက်က မပေးပဲနေလို့မရအောင် အခြားတစ်ဖက်ကနေ များများယူပြရမယ်မဟုတ်လား။ လန့်ပြီး ပေးကြမယ်၊ စိုးရိမ်ပြီး ပေးကြမယ်။တောင်းနည်းတစ်ထောင် ဆိုပါတော့၊ဆြာမငိုပါလေနဲ့”

ဆြာ့သောကကိုဖြေဆည်ရာရလိုရငြား ဆက်လက်အားထုတ်လာသူကား တပည့်ကျော်လေမင်းသားပေတည်း။

“ခက်ပါဘိငါ့တပည့်ရယ်၊ ငွေချေးပြီဆိုကတည်းက တခြားသောအခွင့်အရေးတွေတွဲပြီးတောင်းတတ်တာမောင်ရဲ့၊ပြန်မဆပ်ရင်လည်း၊တရုတ်တွေကဒူးနှံ့နေလို့ရ အောင် ကြိုတင်အကွက်ချပြီးသားဆိုတာ နင်မသိလေရော့သလား၊

တရုတ်လုပ်ကလေးကစားစရာ၊ တရုတ်ပစ္စည်းအတု၊ တရုတ် စက်ရုံ ဟောင်း၊တရုတ်ဆေးအတုတွေနဲ့ တပြည်လုံးကာလနာတိုက်နေတာ မမြင်မကြားလေရော့သလား၊တရုတ်စက်၊တစ်ရက်စုတ်ဆိုတဲ့ ဆိုရိုး တောင်ပေါ်နေပြီ။ရပ်မဲ့ရပ်ရင် အမေရိကန်ဘက်ကိုခြေစုံရပ်လိုက်ပါတော့။လှေနံနှစ်ဖက်နင်းရင်ဘာဖြစ်တတ်သတုန်းဆိုတာ တွေးကြည့် လိုက်တာနဲ့သိသာပါတယ်”

ဟူသော စကားလုံးတို့သည် ဆြာဒင့်နှုတ်ဖျားတွင် ခိုသီလာသော်ငြား တပည့်ကျော်၏ ဆင်ခြင်တုံတရား ဆိုင်ရာအပြုအမူတစ်ခုကို ပြန်ပြောင်းသတိရမိပြန်လေရာ ဆြာဒင်မှာ နှုတ်ဆိတ်နေခဲ့မိပြန်ချေသည်။

“ထူးဆန်းပါပေ့၊လေမင်းသားရယ်၊နင်ငှက်ပျောသီးစားနေတာ အခွံလည်းမနွှာပါကလား”

"သြော်၊ဆြာရယ်၊ဘာနွှာစရာလိုလို့တုန်း၊အထဲမှာ ဘာပါတယ်ဆိုတာ တပည့်သိပြီးသားပဲဥစ္စာ”

ထိုစဉ်ကလည်း တွေးတတ်လွန်းသောတပည့်ကျော်ကို တစ်စုံတရာခွန်းတုံ့ပြန်မနေတော့ပဲ၊ နောင်ကာလတစ်ချိန်တစ်ခါတွင် ဒူးရင်းသီး ကိုဒင်းစားသည့်အခါ အထဲမှာ ဘာပါ သည်ကို သိပြီးသားမို့ အလုံးလိုက်ကိုက်မစားမိစေရန်သာ ဆုတောင်းခဲ့ရချေ၏။

(၄)
“ဒီလိုရှိပါတယ်ဆြာ၊ တပည့်တို့က တရုတ်ကိုကြောက်ရတော့ သိပ်ပြတ်ပြတ်တောင်းတောင်းကြီးလုပ်လို့ မတော်ဘူးလေ။ အရင့် အရင်လူကြီးတွေ တရုတ်နဲ့ပူးပေါင်းပြီး လုပ်ထားကိုင်ထားခဲ့တဲ့ စီမံကိန်းတွေက အများကြီးရှိနေသေးတယ်မဟုတ်လား။လက်ရှိအစိုးရမင်း တွေလည်း မီးစင်ကြည့်ကနေတယ်ထင်ပါရဲ့။စိုတဲ့လက်မခြောက်စေနဲ့ဆိုတဲ့ ဆိုရိုးစကားတောင် ရှိသေးတာပဲ၊အငိုမစောပါနဲ့ ဆြာရယ်”

နှိုင်းနှိုင်းချိန်ချိန်သုခမိန်လေသံဖြင့် ပြေရာပြေကြောင်း ဆြာ့ကိုနောက်ဆုံးချွေးသိပ်လာသူကား ဖေကြည်ခေါ်အာရုံဖြစ်ချေသည်။ဆြာဒင် သည် တပည့်ကျော်၏မျက်နှာကို အဓိပ္ပါယ်ပါပါစေ့စေ့စိုက်ကြည့်နေမိ၏။

”အေးပေါ့ကွာ။ကောင်းတာတစ်ယောက်၊ညောင်းတာတစ်ယောက်ပေါ့။ သွားလေသူကြီးတွေက ထင်ရာစိုင်းခဲ့ကြတာကို နောက်လူတွေက အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ လိုက်ပြီးဖာကြထေးကြပေါ့။ တစ်တိုင်းပြည်လုံးလည်း အခွံပဲကျန်ပါတော့တယ်။ သင်္ဘောပျက် တာကိုဆန်ဆေးပလုံးနဲ့လိုက်ဆယ်နေသလိုပဲကွာ။တစ်တိုင်းတစ်ပြည်လုံးမှာ တရုတ်မုန်းတီးရေးစိတ်တွေ ဖွဲမီးလို တစ်ငွေ့ငွေ့ လှိုက် လောင်နေပြီ ဆိုတာလည်း သတိချပ်ကြပါအုံး။လက်ရှိအစိုးရဟာ တိုင်းပြည်နဲ့လူထုကောင်းစားရေးအတွက်တက်လာခဲ့တဲ့အစိုးရမှ ဟုတ်ပါလေစကွာ”

ဟူသော စကားတို့သည် နှုတ်ဖျားမှပွင့်အံ့လုနီးနီးဖြစ်ခဲ့သော်ငြား လွန်ခဲ့သောလ အနည်းငယ်က ဖေကြည်ငယ်၏ ရွှေဥာဏ်တော်စူး ရောက်ပုံကို ကိုယ်တိုင်ကြုံဖူးသူ ဆြာဒင်အဖို့ တစ်စုံတစ်ရာခွန်းတုန့်မပြန်ဖြစ်ပါချေ။

“ကွန်ပြူတာနဲ့အွန်လိုင်းတက်တာများသွားလို့လားမသိဘူးဆြာဒင်။ကျနော့်အမြင်တွေဝါးနေတယ်။ကျနော်ဖူးခက်ဆေးရုံကြီးက မျက်စိ အထူးကုဆရာဝန်ကို သွားပြတော့ တပည့်မျက်စိဟာအားနည်းနေသတဲ့။အစိမ်းရောင်ရှိတဲ့ မြင်ကွင်းတွေကိုပဲ အမြဲတမ်းကြည့်ပေးရမတဲ့။ ဆြာ့တပည့်က ဆြာ့အိမ်မှာအနေများလေတော့ ဆြာဒင့်အိမ်တစ်အိမ်လုံး အတွင်းအပြင် အစိမ်းရောင်ဆေးတွေသုတ်ပေးပါလားဆြာ”

ထိုစကားကို ဆြာဒင်ကြားရစဉ်ကလည်း “အစိမ်းရောင်မျက်မှန်တစ်လက်ဝယ်တတ်လိုက်ရင် ကိစ္စမပြတ်ပေဘူးလား ငဖေကြည်ရယ်၊ နင်ပြောသလိုဆိုနင့်မိန်းခန္ဓာကိုယ်တောင် ဆေးစိမ်းရည်စိမ်ရမလိုပါကလား”ဟူသောစကားတို့ကို  ရင်မှာမျိုသိပ်တိတ်တိတ်သာ နေခဲ့ဖူး လေသည်မဟုတ်ချေလော။

(၅)
ထိုထိုသော တပည့်ကျော်တို့၏ ထင်မြင်ယူဆချက်အသီးသီးကို ကြားရပြီးသည့် တခဏတွင် ဆြာဒင်သည် ရုတ်ခြည်းပင် ဥာဏ်အလင်း ရခဲ့ချေ၏။လွဲမှားမှု၏သော့ချက်ကို ဆြာဒင် ထင်ရှားစွာသိမြင်ခဲ့လေပြီ။ထို့ကြောင့်ပင် ပါးပြင်က သွေ့ခြောက်ခါစမျက်ရည်စများကို လက်ဖမိုးဖြင့် အပြီးတိုင် ဖယ်ရှားပြီးနောက်  အေးချမ်းငြိမ်သက်သည့် စကားသံတို့သည် ဆြာဒင့်နှုတ်မှ တစ်လုံးချင်း ထွက်ပေါ်လာခဲ့ချေ သည်တကား။

“သူ့ထက်တုံးတာတောင်သူ့လောက်မတုံးပါဘူးမောင်တို့ရာ၊ ညံ့ချက်ကတော့ ကမ်းကုန်ပါတယ်၊စပတ်ကလင်ကိုအညက်ခဲနဲ့တွဲသောက်တဲ့ အရူးပါကွာ၊ကမ္ဘာပေါ်မှာ ဘယ်လိုလူမျိုးမှ တုနှိုင်းမမီတဲ့၊ဗာလနံလူမိုက်ကြီးပါပဲ”

“ဗျာ၊ဆြာဒင် ကျနော်တို့သမ္မတကြီးကိုများ ရည်ညွန်းလိုက်လေသလားခင်ဗျာ”

“လေသံပျော့လေးနဲ့ ရိုက်ချက်ပြင်းလှချည့်လား၊နံရံမှာနားတွေရှိသတဲ့ဆြာ”

“ဆြာဒင်၊နေ့ပြောနောက်ကြည့်၊ညပြောအောက်ကြည့်တဲ့နော်။ဆြာဒင့်ပြောပုံက အစိုးရကို အကြည်ညိုပျက်စေတဲ့ပုဒ်မနဲ့ ပြစ်မှုမြောက် နိုင်တယ်နော်”

သတ္တိသွေးစွေးစွေးနီ၊ရဲရဲတောက်ကြလေသည့် တပည့်ကျော်တို့ကား ဘေးဘီရှေ့နောက်နှင့် အိမ်အောက်ပါမကျန် တစ်စုံတစ်ခုကိုရှာ ဖွေကြလေဟန် ကျီးကန်းတောင်းမှောက် မျက်စိကစားကြရင်းပြူးတူးပြဲတဲ အမူအယာဖြင့် စိုးရိမ်တကြီး ဖြစ်ကုန်ကြပါ၏။ သို့သော်ဆြာဒင် သည် တပည့်တို့သောကကင်းဝေးစေဖို့အရေး၊သူ့ရင်ဘတ်ကို လက်ဖဝါးဖြင့် အသာအယာပုတ်လျက် လေသံခပ်အေးအေးဖြင့်ပင် ဖြေရှင်း ချက်ပေးခဲ့ရပြန်ချေသည်တမုံ့။

“အမလေး၊လေး၊ကြံကြီးစည်ရာမောင်တို့ရယ်။အဲသလို အဓိပ္ပါယ်ရတဲ့ပေါက်ပေါက်ရှာရှာစကားတွေ ဆြာဒင်ဘယ့်နှယ်လုပ်ပြောရဲမှာတုန်း။ ညံ့လွန်းတယ်ဆိုတာ ဟောဒီက၊ငဒင်ကိုပြောတာပါဟ။လူကြီးမင်းတို့တွေးတဲ့ရှုထောင့်၊ ဘယ်သူသေသေ၊ငတေမာဖို့အဓိကဆိုတဲ့ ရှုထောင့် တွေကနေမတွေးတတ်တဲ့ကောင်၊သောက်တလွဲတွေချည်းတွေးတတ်တဲ့သူတွေကို မှီအောင်လိုက်မတွေးနိုင်တဲ့ အညံ့တကာ့ ထိပ်ခေါင်တင် ဟောဒီ၊ဟောဒီ၊ငနုံမောင်မောင်ဒင်ကို ပြောတာပါခင်ဗျာ”

(၆)
ဆြာဒင့်ရှင်းလင်းချက်ကိုကျေနပ်အားရဟန်ရှိကြလေသည့်တပည့်ကျော်တို့ကား သက်ပြင်းဟင်းကနဲကိုယ်စီချရင်း ပြုံးဖြဲဖြဲမျက်နှာကိုယ် စီဖြင့် ဆြာဒင့်ကိုတစ်ယောက်တည်းထားရစ်ကာ အိမ်အောက်ထပ်ဆီသို့ ဆင်းသွားကြချိန်သည်၊သက်ကြီးခေါင်းချချိန်တိုင်ခဲ့ပြီမို့ ဆြာဒင်တစ်ယောက် အိပ်စက် အနားယူရန် ကုတင်ထက်တွင်လဲလျောင်းလိုက်စဉ်တခဏ၌ ဆြာဒင့်နားထဲတွင် ထူးဆန်းသော ငိုချင်းချ သံကို ထပ်မံကြားရပြန်လေသည်။

 တုန်လှုပ်အံ့သြသောစိတ်ဖြင့်  ငိုသံလာရာအရပ်ကို ဂရုပြုစေ့ငုမိသည်တွင်ကား ထိုငိုသံ၏မြစ်ဖျားခံရာ သည် ဆြာဒင့်ရင်တွင်းမှ ဖြစ်နေပြန်ချေသည်တကား။

“အမလေး၊ကြားလို့မှကောင်းကြသေးရဲ့လား  အရပ်ကတို့ရယ်။အမလေးဟဲ့လေး၊ဟဲ့လေး၊ ကိုယ့်အဝှာကိုသာ၊ကိုယ့်ဖာသာ ထုထုပြီး  သေ လိုက်ချင်ပါရဲ့။အောင်မလေး၊လေး ၊လေး ၊ဒင်းတို့မို့လို့ ပြောထွက်ပလေရဲ့။သူခိုးတွေနဲ့ သူခိုးလက်ခံတွေ၊ သူတော်ချင်းချင်း သတင်းလွေ့ လွေ့ ပေါင်းဖက်တွေ့ကုန်ကြပါပကော။မကယ်နိုင်ကြတော့ဘူးလားဗျာတို့”

↧

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0

၂၀။သြဂုတ်။၂၀၁၄နေ့ထုတ် ဆဲဗင်းဒေး အပတ်စဉ်ဂျာနယ်။မင်းဒင်ရဲ့သက်ခိုင်(၂)။

အခန်း(၄၈)။

“ပန်းချီထိန်လင်းသန်းကြွယ်သူဌေးဖြစ်ခဲ့စဉ်က”

အေဘီမြောက်ပိုင်း(ပါဂျောင်)လူသတ်မှုနှင့်ပတ်သက်၍မူ အဆိုပါကိစ္စရပ်တွင် အကျဉ်းသားအဖြစ် ကိုယ်တွေ့ကြုံခဲ့ရသော အေဘီရဲဘော် ဟောင်း ပန်းချီထိန်လင်း(၂၀၀၂-၂၀၀၆ခုနှစ်ကာလများအတွင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ်  တာဝန်ထမ်းဆောင်ခဲ့သူ မစ္စဘက်ကီဘိုးမန်းMs. VICKY BOWMAN-၏ခင်ပွန်း) ကိုယ်တိုင်ရေးသားခဲ့သော၊ (ကျနော်သန်းကြွယ်သူဌေးဖြစ်ခဲ့စဉ်က) နှင့် (လူကက် ဆက်)အမည်ရှိ ဆောင်းပါးနှစ်ပုဒ်ဖြစ်လေရာ စာရေးသူထံခွင့်ပြုချက်တောင်းခံလျက်၊မူရင်းအတိုင်း အောက်တွင် ဆက်လက်ဖော်ပြ အပ်ပါသည်။

ကျနော်သန်းကြွယ်သူဌေးဖြစ်ခဲ့စဉ်က
(ပန်းချီထိန်လင်း)

များသောအားဖြင့် ဒီလိုခေါင်းစဉ်မျိုးဟာ ကျဖမ်းစကားပြောပြိုင်ပွဲတွေမှာ မဲပေါက်တတ်တဲ့ ခေါင်းစဉ်မျိုးပါ။ဟုတ်တာ မဟုတ် တာအပထား စိတ်ထဲရှိတာလျောက်ပြီး အချိန်မစေ့မချင်း ပြောရတော့တာပေါ့။ဒါပေမယ့် အခုကတော့ စိတ်ကူးတည့်ရာမဟုတ်ဘဲ တကယ်ကို သန်းကြွယ်သူဌေးဖြစ်ခဲ့တုန်းက အကြောင်းကိုပြောမလို့ပါ။

ပန်းချီထိန်လင်းတစ်ယောက် သန်းကြွယ်သူဌေးဖြစ်ခဲ့တုန်းက ဘဝဆိုတော့ သစ်ကုန်ကူးတဲ့အကြောင်းပဲ ပြောပြမှာလား ကျောက်အောင် ခဲ့တာပဲ ဖတ်ရမလားလို့ စာဖတ်သူက တွေးကောင်းတွေးမိနိုင်ပေမယ့် ကျွန်တော့်အကြောင်းသိကြတဲ့ အများစုကတော့ ပေါက်တတ်ကရ၊ ကမောက်ကမတွေ ဖြစ်ခဲ့တဲ့အထဲက တစ်ခုခုကို ဘာလုပ်ဇာတ်ခင်းလာဦးမလဲမသိဘူးလို့  ကြိုတင်တွေးနေလောက်ပါပြီ။

ဟုတ်ပါတယ် ခုပြောပြမယ့် အကြောင်းကတော့ ပိုက်ဆံသန်းချီချမ်းသာတဲ့ သန်းကြွယ်သူဌေးတစ်ယောက် ဘ၀မဟုတ်ပဲ ကိုယ့်ချစ်ဦးခေါင်းမှာ သန်းလေးတွေဝေဆိုတဲ့ နောက်တီးနောက်တောက်သီချင်းလို သန်းဂျီးမတွေ ကြွယ်ဝခဲ့တဲ့ တစ်ခါက ဘ၀လေးတစ်ခုကို ရေးပြမလို့ပါ ခင်ဗျ။ကျွန်တော်ကိုယ်က သန်းတွေအကြောင်းမပြောခင်   သန်းရှာခြင်း ယဉ်ကျေးမှုအကြောင်း ပထမပွားချင်ပါသဗျ။
လွန်ခဲ့တဲ့ ခြောက်လလောက်က စာရေးဆရာမ ခက်မာရေးတဲ့ အက်ဆေးလေးတစ်ခုမှာ ခေါင်းမှာတွယ်တဲ့ သန်းတွေအကြောင်း ဖတ်ခဲ့ရ ကတည်းက ဒီစာလေးကို ရေးချင်ခဲ့တာပါ။ ပြောရရင်တော့ သူရဲ့သန်းတွေအကြောင်းဖတ်ရင်း ကိုယ်ပါ ယားလာတယ် ဆိုပါတော့ဗျာ။

ကမ္ဘာကသိတဲ့ မြန်မာပန်းချီဆရာကြီး ပေါ်ဦးသက်ရဲ့ ရေဆေးကာတွန်းပန်းချီကားလေးတွေထဲမှာ ရှေ့နောက်တန်းစီပြီး သန်းထိုင်ရှာ နေတဲ့ မိန်းမတွေကို မကြာခဏ ဆွဲပြခဲ့ဘူးတာ အမှတ်ရသဗျ။ ကျွန်တော်တို့ ငယ်ငယ် ရုပ်ရှင်ဇာတ်ကားတွေထဲက အတင်းပြောတဲ့ ဇာတ်ဝင်ခန်းတွေမှာ မိန်းမတွေ (တချို့လည်း ရင်ရှားနဲ့)တန်းစီပြီး သန်းရှာကြ၊ သန်းတုပ်ကြရင်း၊အတင်းပါတုပ်ကြတဲ့ ပြကွက်မျိုး တွေလည်း မကြာခဏ ကြည့်ခဲ့ဘူးကြပါလိမ့်မယ်။

ငယ်ငယ်က  ရွာမှာ နေ့လည်၊ နေ့ခင်းဆိုရင် အရိပ်ကောင်းတဲ့ မန်ကျဉ်းပင်ကြီးအောက်မှာ မိန်းမကြီးတွေဟာ သူတို့ ဘီးဆံထုံးတွေ ဖြေချပြီး ဆံပင်ဖါးယားကြီးတွေနဲ့ တန်းစီထိုင်ပြီး တစ်ယောက်ခေါင်းကို တစ်ယောက်ဖွပြီး သန်းရှာ သန်းတုပ်နေကြတာ အမြဲတွေ့ ရပါတယ်။သန်းတုတ် သန်းရှာကောင်းတဲ့သူဟာ ရွာမှာ တော်တော်လေး ပေါ်ပြူလာ ဖြစ်တယ်ခင်ဗျ။နောက်ပြီး သန်းရှာကောင်းတဲ့သူ ဆိုရင် ရွာထဲမှာ ဟိုလူကခေါ်ရှာခိုင်း ဒီလူကခေါ်ရှာခိုင်းရင်းနဲ့ လူတကာနဲ့ ဆက်ဆံရတာမို့ သတင်းကလည်း သူ့ဆီမှာ စုံတတ်သဗျ။ ဒါကြောင့် တချို့ က သန်းရှာတဲ့ နေရာကို သန်းမရှိပေမယ့် သတင်းစုံ အတင်းစုံကြားချင်လို့ လာကြတာလဲ ရှိသဗျ။ အခုခေတ် သတင်း သိချင်လို့ အွန်လိုင်းပေါ် တက်ကြသလိုပေါ့ခင်ဗျာ။

အဲဒီထဲမှာမှ စောစောက သန်းရှာကောင်းတဲ့ သူတွေကျတော့ ခုခေတ် သတင်းပေါင်း ချုပ် ဘလော့ဂ်ဂါ ဒေါက်တာလွဏ်းဆွေတို့လို သိချင်တာအားလုံး ရှိတတ်တာမို့ သူရှိတဲ့ သန်းရှာဝိုင်းမှာ မိန်းမတန်းက ပိုရှည်တတ်ပါ တယ်။

အရင်ခေတ်တွေက အိမ်မှာ လူတစ်ယောက် အလုပ်လုပ်ရင် မိသားစုတစ်စုလုံး ထိုင်စားလို့ရနေတဲ့ခေတ်ကိုး။ ခုခေတ်မှာတော့ ရွာတွေမှာ သန်းတုပ်သန်းရှာတဲ့ဓလေ့ မရှိသလောက် ဖြစ်သွားပါပြီ။ ခက်တာက မြန်မာ့ရိုးရာ သန်းရှာ၊ သန်းတုပ်တဲ့ဓလေ့ မပျောက်ပျက်အောင် သက်ဆိုင်ရာတွေက ထိမ်းသိမ်းကြပါဘို့ ခုခေတ်စားနေတဲ့ ဖေ့ဘွတ်တို့၊ တွတ်တာတို့ (တွတ်တီး၊ တွတ်တာ) ပေါ်ကနေ အော်ဂနိုက်ဇ် လုပ်ကြည့်ဘို့ စဉ်းစားသေးသဗျ။ နောက်တော့ ကိုယ့်ဖေ့ဘွတ် စာမျက်နှာမှာ ဒီလိုအရေးမပါတဲ့ စိတ်ကူးမျိုး ရေးရကောင်းလားဆိုပြီး ပွက်လောထသွားနိုင်တာမို့ လက်လျော့လိုက်ပါတယ်။

သေချာမှတ်မိတာက ကျွန်တော် စတုတ္ထတန်းနှစ်က ကျွန်တော့်ရှေ့ခုံမှာထိုင်တဲ့ ဌေးရီဆိုတဲ့ ကျွန်တော့်သူငယ်ချင်းခေါင်းမှာ သန်းတွေ သန်းနဲ့ချီပြီး ရှိနေတယ်လို့ ထင်ရလောက်အောင် တရွရွနဲ့ပြေးလွား ရွေ့ရှားနေသဗျ။သူ့ခေါင်းကိုကြည့်ရင် တစိစိနဲ့ စိတ်ထဲမှာ ယားလာ အောင် များလှပေမယ့် ကျွန်တော်တို့သူငယ်ချင်း ဌေးရီကတော့ သူ့ခေါင်းမှာ သန်းတွေကို ရှိတယ်လို့ အမှုမထားပါဘူး။ဒါကြောင့် နောင်အခါ သန်းထူတဲ့ခေါင်း မယားဆိုတဲ့ စကားပုံကို ကြားဘူးတဲ့အခါ ငယ်ငယ်က သူငယ်ချင်းသန်းကြွယ်သူဌေး ဌေးရီမျက်နှာကို ပြန်သတိရမိပြီး ဟုတ်ပါပေတယ်၊ မှန်ပါပေတယ်လို့ လက်ခံရပါတယ်။

နောင် ကျွန်တော် အလယ်တန်း ကျောင်းသားဘ၀လောက် ရောက်တဲ့အချိန်မှာတော့ ကျွန်တော့်ဆံပင်ထဲမှာ သန်းများခိုအောင်း နေသည်ကို သိရှိခဲ့ရပြီး ကျောင်းအားရက်တွေမှာ အမေရဲ့ညွန်ကြားချက်နဲ့ ဘီးစိပ်တိုက်ရပါတော့တယ်။ပထမ ဗလာစာအုပ်(သို့) သတင်း စာ အလယ်စာမျက်နှာကို ဖြန့်ချထား ပြီးတော့မှ ခေါင်းကိုငုံ့ပြီး ၀ါးဘီးစိပ်နဲ့ တိုက်ချရပါတယ်။အဲဒီမှာ သန်းသကောင့်သားတွေ ခမျာ ဆံကြားမှာ မနေသာဘဲ သတင်းစာပေါ်ကို တဖေါက်ဖေါက် ပြုတ်ကျ လာရပါတော့တယ်။နောက်တော့ ကျွန်တော့်ညီမနဲ့ ကျွန်တော် တို့ဟာ ဘယ်သူ့ခေါင်းက ဘယ်လောက် ရတယ်ဆိုတာကို ပြိုင်ပွဲလုပ်ကြပါတယ်။ ပြီးတဲ့အခါမှာတော့ လက်မနဲ့လိုက်တုပ်တော့တာပေါ့ ခင်ဗျာ။

သန်းတုပ်တဲ့အခါ တဖေါက်ဖေါက်နဲ့မြည်တဲ့ အသံကြောင့် ပိုပိုပြီး တုပ်ချင်လာတတ်သဗျ။အဲဒီနေ့မျိုးဟာ ကျွန်တော်တို့ ခေါင်းပေါ်က သန်းတွေအတွက်ကတော့ ကမ္ဘာပျက်တဲ့နေ့ပေါ့ခင်ဗျာ။နောက်  ရွာဘုရားတန်ဆောင်းတစ်ခုမှာ  သန်းတုတ်သူများ ခံစားရ သော ငရဲဆိုတဲ့ ပန်းချီကားတွေ့လိုက်တော့ နည်းနည်းတော့ ဖျားသွားသဗျ။အဲဒီနောက်ပိုင်းမှာတော့ ကျလာတဲ့ သန်းတွေကို အိမ်ပြင် ဘက်သွားခါချဖြစ်ပါတယ်။
အဲဒီလို  ဘီးစိပ်တိုက်လို့ သန်းမကြီးတွေကျလာရင် အားရ၀မ်းသာနဲ့ အဖွါးလုပ်တဲ့လူကို ပြတော့ ဂျပန်ခေတ်က ဆပ်ပြာတွေပြတ်လတ်ပြီး လူတွေကိုယ်မှာ သန်းဂျီးမတွေ တွယ်ကပ်တဲ့အကြောင်းတွေကို အဖွားက လွမ်းလွမ်းမောမော ပြောပြတတ်ပါတယ်။

အဲဒီလို ဂျပန်ခေတ် အကြောင်းပြောပြီဆို  ကျွန်တော်ဆိုတဲ့ကောင်က အဲဒီခေတ်မျိုးမရှိတော့လို့ ၀မ်းသာရမယ့်အစား အဲဒီခေတ်ကို မမှီလိုက်တာပဲ နာသလို လို တွေးမိခဲ့သဗျ။အဲဒီလို တွေးခဲ့ဘူးလို့လား မသိပါဘူးဗျာ၊ အဲဒီသန်းဂျီးမဆိုတာကြီးနဲ့ ဘ၀တကွေ့မှာ တည့်တည့်ကြီးကို သွားကြုံမိ ပါတော့တယ်။

နေရာက ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ် (KIA) ဌာနချူပ် လိုင်စင်နဲ့ ကပ်လျက်မှာ ABSDF (NB) ပါဂျောင်စခန်းရဲ့ အကျဉ်းစခန်း တစ်ခုမှာ ကျွန်တော်အပါအ၀င် လူ ၇၀ လောက်ဟာ စစ်အစိုးရက လွတ်လိုက်တဲ့ သူလျှိုတွေဆိုပြီး စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်၊ညှင်းဆဲမှု တွေနဲ့ ကြုံနေရချိန်မှာ ကိုရွှေသန်းဂျီးမနဲ့ လာဆုံတွေ့ရပါတော့တယ်။ ကျွန်တော်တို့ကို ဖမ်းဆီးထားတဲ့ ထောင်ဆိုတဲ့အဆောက်အဦးက တကယ်တော့ သာမန်မြေစိုက် ယင်ပေါင်ကြမ်း (ကတ္တရာပြားတွေ) မိုးပြီး ၀ါးခြမ်းသေးသေးလေးတွေနဲ့ ကာထားတဲ့ တဲကြီးဗျ။
ဒါကြောင့်မို့ ကျွန်တော်တို့ကို ညပဲဖြစ်ဖြစ် နေ့ပဲဖြစ်ဖြစ် ထိပ်တုံးရှည်ကြီးတွေထဲခြေ ၂ ဖက်လုံးကို ထည့်ခတ်ထားပါတယ် (သို့မဟုတ်) သံကြိုးကြီးတွေနဲ့ ခြေကျင်းဝတ်ကို ခတ်ထားပါတယ်။

ညဘက် လှဲချ မအိပ်ခင်မှာတော့ လက်တွေကို လက်ကောက်ဝတ်ကနေ ကြိုးနဲ့ ပူးတုပ်ထားပါတယ်။ပြီးတော့ မျက်နှာကို ပိတ်စနဲ့တင်းကြပ်နေအောင် စည်းပြီးမှ အိပ်ကြရပါတယ်။အိပ်ယာကတော့ မြေကြီးပေါ်မှာ ကတ္တာရာပြားစတွေခင်းထားတဲ့ ဘူမိကဗ္ဗလာ မြေမွေ့ယာပါ။မအိပ်ခင်မှာ လုံခြုံရေးအဖွဲ့ (သို့) ကျွန်တော်တို့ကို ဖမ်းဆီးထားတဲ့အဖွဲ့ရဲ့ ခေါင်းဆောင်ပုဂ္ဂိုလ်တွေကို သီချင်းတွေ၊ဘာတွေနဲ့ ဖျော်ဖြေတင်ဆက်ရသေးသဗျ။ခိုင်းရင်ပေါ့လေ။ ပြီးလို့ အိပ်ချိန် လှဲချပြီးပြီဆိုရင်တော့ လူးလွန့်၊လှုပ်ရှားခွင့် မရှိတော့ပါဘူး။

ညလယ်ကောင်မှာ ဆီးသွားဘို့ နိုးတဲ့အချိန်မှာ လှဲချနေရာက ထ၊ခြေရင်းမှာချထားတဲ့ ဂလူးကို့စ်ပုလင်းလွတ်တွေထဲကို သေသေချာ ချာချိန်ပြီး ရှူရှူးပေါက်ထည့်ရပါတယ်။ ပြီးပြန်အိပ်ပေါ့ဗျာ။အဲ အိပ်ချိန်မှာ လူးလွန့်တာများတဲ့သူတွေကိုတော့ မနက်လင်းချိန် တန်းစီချိန် ဆီးပုလင်းတွေ သွန်ပြီးတာနဲ့ နာမည်တွေခေါ်လိုက်  ပြီးရင် မြေကြီးပေါ်ဝမ်းယားတိုး ပေးထားရပါတယ်။အဲဒီမှာ ထောင်မှုးဆိုတဲ့လူ ဒါမှ မဟုတ် အရိုက်အနှက် အင်မတန်ကြမ်းပါပေတယ်လို့ နာမည်ကောင်းထွက်ချင်တဲ့ လုံခြုံရေးတာဝန်ကျပုဂ္ဂိုလ်တွေရဲ့ မနက်ခင်း သွေးပူ လေ့ကျင်ခန်းစပါတယ်။

သုံးလက်မ ပတ်လည်နီးပါးတုတ်တဲ့ လက်ကိုင်တုတ်ရှည်ကြီးဟာ ကျွန်တော်တို့ရဲ့ကျော(သို့) ခါးရိုးပေါ်ကို စုံကိုင် ရိုက်ချလိုက်သူရဲ့ စေစားရာအတိုင်း အလည်အပတ်ကျရောက် လာပါတော့တယ်။
သို့ပေမယ့် သို့ကလို ကျရောက်လာတဲ့ တုတ်ချက်တွေဟာ ကျွန်တော်တို့အဖို့တော့ ထမင်းစား၊ရေသောက်လိုပါပဲ။

အဲဒီမတိုင်ခင်က စစ် ကြောရေးလို့ခေါ်တဲ့ငရဲခန်းမှာ ကျွန်တော်တို့ကို ဖမ်းဆီးစစ်ဆေးတဲ့ ကျောင်းသားတပ်ဖွဲ့ထောက်လှမ်းရေးရဲ့ တုတ်ချက်၊ဓါးချက်တွေ၊မီးရှို့ ချက်တွေ၊လျပ်စစ်တို့ချက်တွေ၊ရေနှစ်ချက်တွေနဲ့ ယှဉ်တဲ့အခါ ကလေးကစားသလို ဖြစ်နေပါတယ်။ဒီငရဲခန်းရဲ့ ညှင်းပန်းမှုနဲ့ ရှေ့မှာ ဘ၀ ဆုံးပါးသွားတဲ့ ကိုတင်မောင်အေး(ကသာ) နိုင်ငံရေးတာဝန်ခံ ပီကင်းပြန် ဦးစိန်၊ စမ်းချောင်းက ကိုပြည့်စိုးနိုင်၊ ကိုစိုးကြီးတို့လို တုတ်ချက်နဲ့ အသက်ထွက်မခံလိုလို့ တော်လှန်ရေးသမားဘ၀ကနေ မဆလလွတ်လိုက်တဲ့ စစ်ထောက်လှမ်းရေးတွေပါလို့ ရင်နာနာထွက်ဆိုပြီး အသက်ကိုဆက်မွေးဘို့ ကြိုးစားနေတဲ့ ဒီဇာတ်ထုပ်မှာတော့ ဒီလိုကျရောက်လာတဲ့ တုတ်ချက်တွေဟာ သိပ်အဆန်း မဟုတ်တော့ပါဘူး။

ကျွန်တော်တို့လို အသက်ကိုမွေးပေမယ့် မိမိတို့ကိုယ်လက်အင်္ဂါတချို့ကို ပေးလိုက်ရသူတွေလည်းရှိတာမို့ ကျွန်တော်တို့ ထောင်အိပ်ခန်း ဟာ ဈေးက အမဲသားတန်းထက်တော့ပိုပြီး သွေးညှီနံ့ လွှမ်းပါတယ်။လက်ကောက်ဝတ်က ဖြတ်ထားခံရတဲ့ ယူဂျီတာဝန်ခံ ကိုချိုကြီး (နောက်တော့ ခေါင်းပါဖြတ်ပေးလိုက်ရ)၊လက်ချောင်းတွေ ခုတ်ထားခံရတဲ့ ကိုအောင်ဖိုးတို့၊ခြေထောက်ထဲကို ဖနောင့်ကနေ သံချောင်းကို မီးဖုတ်ပြီး ရှိုသွင်းခံထားရတဲ့ ကျောင်းသားခေါင်းဆောင်ကိုထွန်းအောင်ကျော်တို့ဆီက သွေးညှီနံ့တွေအပြင် ရံဖန်ရံခါ အကွဲအပြဲ အဖြတ် အတောက်တွေကြားမှာ ကျွန်တော်ကိုယ်တိုင်လည်း ခေါင်းကိုမကြာခဏ အစိမ်းချုပ် ချုပ်ခံရတတ်တာမို့ ကိုယ်ပေါ်က အ၀တ်တွေမှာ သွေးနံ့စွဲနေတာ အဆန်းမဟုတ်တော့ပါ။

ခက်တာက သွေးပေလို့မို့လည်း အင်္ကျီကိုလဲမပစ်သာပါဘူး။လဲစရာလည်း မပေးပါဘူး။အဲဒီ ပါဂျောင်ဒေသဆိုတာက တရုတ်မြန်မာနယ် စပ် ကေအိုင်အေဌာနချုပ် လိုင်စင်စခန်းနဲ့ တစ်ဆက်တည်း အမြင့်ပေခုနှစ်ထောင်ကျော်ရှိတာမို့ ဆောင်းမှာ အရိုးကွဲအောင် အေးစက်ပါ တယ်။ဒါကြောင့်မို့ စောင်မရှိပဲ (တစ်ခါတစ်ရံ စောင်ပါးလေးတစ်ထည် ၂ယောက်မျှ) မြေပေါ်လှဲအိပ်ရတဲ့ ကျွန်တော်တို့အဖို့ သွေးဘယ်လို ရွဲနေပေမယ့် အဲဒီအင်္ကျီကို မပစ်နိုင်ပါဘူး။

အနည်းဆုံး လေးထပ်လောက် ထပ်ဝတ်ထားတာတောင် အဆောက်အဦး ထရံကြဲကြဲကြားက တိုက်လာတဲ့ တောင်ပေါ်ဆောင်းလေကြောင့် ရိုက်ထားတဲ့ဒဏ်တွေက အရိုးကွဲအောင် အေးမြလှပါတယ်။

နောက်ပြီးတော့ စပြီး ဖမ်းဆီးနှိပ်စက်ပြီး ချုပ်ထားကတည်းက တစ်ခါမှ ရေချိုးခွင့်လည်း မပေးသလို၊ကျွန်တော်တို့ဘက်ကလည်း ထပ်အသားနာခံပြီး ရေချိုးခွင့်တောင်းဆိုဘို့ဆိုတာ စိတ်ကူးထဲတောင် မရှိပါဘူး။

ဒါကြောင့် အ၀တ်အစားတွေမှာ သွေးတွေကခြောက်ပြီး ချပ်ခေါက်ကြီးဖြစ်တဲ့နေရာ၊ဆီးနံ၊သွေးနံ့နဲ့ဖုန်မှုန့်တို့ လိမ်းကျံနေခဲ့တာ လနဲ့ချီပြီး ကြာလာတာတဲ့နောက် ကျွန်တော်တို့ကိုယ်ပေါ်မှာ ဘယ် အချိန်က စတင်ပေါက်ဖွားခဲ့တယ်လို့ မသိနိုင်တဲ့ သန်းဂျီးမလို့ခေါ်တဲ့ ကိုယ်သန်းတွေနဲ့ အဆွေခင်ပွန်း ဖွဲ့မိကြပါတော့တယ်။

အမှန်တော့ ကျွန်တော်တို့ကိုယ်မှာ ခုလို ကိုယ်သန်းတွေရှိနေတာကို ဘယ်အချိန်ကစ သတိထားမိ၊ ဘယ်သူကစ သတိထားမိတယ်ဆို တာ မှတ်မှတ်သားသား ရှိသင့်ပါလျက် မရှိတာကတော့ အဲဒီအချိန်က  ဘယ်အချိန်ခေါ်ပြီး ရိုက်စစ်ဦးမလဲ။လျှော့ခ်တိုက်ပြီး အစစ်ခံရဦးမ လဲ။မီးမြိုက်ခံရဦးမလဲဆိုတာကို နေ့နေ့ညည လန့်နေရလို့ပါ။အစစ်မခံရတဲ့ အချိန်တွေမှာလဲ သူတို့ခိုင်းတဲ့ အလုပ်ကြမ်းတွေကို ကျွဲလို နွားလိုလုပ်ရတဲ့ ကျွန်တစ်ပိုင်းဖြစ်နေတာမို့ သတိမထားမိကြတာပါ။

အဲ နောက်တော့ တစ်ယောက်သောသူကစပြီး သူ့ကိုယ်ပေါ်မှာ သန်းတွေရှိနေတယ်လို့ စကြေညာလိုက်ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့တွေ အလုပ်နားတဲ့အချိန် အင်္ကျီတွေကို တစ်လွာချင်းချွတ်ပြီး သေချာစစ်ကြည့်သောအခါမှာတော့ အင်္ကျီရဲ့ချူပ်ရိုးကြောင်း တွေကြားမှ ခိုအောင်းနေတဲ့ (အထူးသဖြင့် ဂျိုင်းနဲ့ လက်ပြင်အဆက် ချုပ်ရိုးတွေကြား) သန်းဖြူဖြူကြီးတွေကို တွေ့ရပါတယ်။

လူ့စိတ်ဟာ တော်တော်တော့ ဆန်းတယ်ခင်ဗျ။ဒီ ကိုယ်သန်းကြီးတွေကို စတွေ့တော့ ဒါဟာအင်မတန် လန့်စရာကောင်းတဲ့ကိစ္စကို အန္တရာယ်လို့ မမြင်ဘဲ   ငါ့အမေကြီး(အဖွား)ပြောတဲ့ ဂျပန်ခေတ်လို  ခေတ်ပျက်ကာလမျိုးမှာမှ ကြုံရတဲ့  သန်းဂျီးမကြီးတွေကိုယ်တိုင် ငါ့ခန္ဓာကိုယ်ပေါ်မှာ ကိုယ်ကပ်နေပါပေါ့လားဆိုပြီး ကြိတ်ဝမ်းသာမိနေသေးဗျ။ဒါပေမယ့် ကြာကြာမစောင့်လိုက်ရပါဘူး ညလည်းရောက် ရော သတ္တိပြတော့တယ်ဗျာ။

ခက်တာက ညဘက် မခံမရပ်နိုင်အောင် ဒင်းတို့ကကိုက်ပေမဲ့  စောစောကပြောခဲ့သလို လက်ပြန်ကြိုးက တုပ်ထားတဲ့အပြင် နည်းနည်းလေး လှုပ်ချင်လွန့်ပြီဆိုရင် ခွင့်ပြုချက် အရင်တောင်းရတာမို့ စိုင်းထီးဆိုင်သီချင်းအလိုက်နဲ့ ပြောရရင် ယားတော့ယားတာပေါ့ ဒါပေမယ့် မကုတ်နဲ့လို့ပဲ ဆိုသလို ဖြစ်နေတာပေါ့ဗျာ။

အမှန်တော့ ညည ကျွန်တော်တို့ အကျဉ်းစံရဲဘော်တချို့ဟာ ခွင့်ပြုချက်မတောင်းဘဲ လူးတယ်၊လွန့်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မနက်မနက် တုတ်ချက်ထိခံနေရတာ တော်တ်ာကြာနေပါပြီ။အရိုက်သာခံနေရတယ် ကိုယ့်ဖာသာ လူးမိလွန့်မိသလားမသိရဘဲ အသလွတ်အနွာခံနေ ရတာက တော်တော်ကြာနေပြီ ခင်ဗျ။ မနက်ကျ စာရင်းကထွက်လာပြီ၊ လူးတယ်လွန့်တယ်တဲ့။နောက်မှ အဖြေကပေါ်တော့တာကိုးဗျ။ ဒီကောင်ကြီးတွေ အင်္ကျီအတွင်းထဲမှာ ကိုက်နေတာဆိုတော့ လူးတော့တာပေါ့ဗျာ။လွန့်တော့တာပေါ့ဗျာ။

လူစိတ်ဟာ အင်မတန်ဆန်းသဗျ။ပထမဆုံး ကျွန်တော်တို့ကိုယ်ပေါ်မှာ ဒီကိုယ်သန်းကြီးတွေ ရှိနေတယ်ဆိုတာ စသိတဲ့ညကိုမှာတော့ ညအိပ်ဘို့ ခေါင်းချပြီး မိနစ်အတွင်းမှာပဲ အင်္ကျီအထပ်ထပ်အတွင်းက ကိုယ်ခန္ဓာမှာ မကြုံစဖူး ထူးထူးခြားခြား ယားလာပါတော့တယ်။ သန်းဂျီးမတပ်ဖွဲ့ဟာ  တစ်ညတာ စစ်ဆင်ရေးစတင်ဘို့အတွက် တပ်ချီ၊တပ်ပြောင်းတွေ လုပ်နေပုံရပါတယ်ဗျ။သိတဲ့အတိုင်း ခြေထောက် ၂ချောင်းကလည်း သံကြိုးကွင်းထဲမှာ။

လက်၂ဖက်ကို ကျောနောက်ပို့ပြီး လက်ကောက်ဝတ်ကနေ ပူးတုပ်ထားတာမို့ လှဲချလိုက်ပြီဆိုတာနဲ့ လူက ပုံစံအရကို မလူးမလွန့်နိုင်တော့ပါဘူး။ငယ်ငယ်က ဘူတာရုံမှာ ခြေလေးချောင်းလုံးကို ပူးတုပ်ထားတဲ့ဝက်တွေ ပုံစံပါပဲဗျာ။မျက်စေ့ ကိုလည်း ပိတ်စနဲ့အမြဲတင်းနေအောင် ချည်ထားတာဆိုတော့ နားကိုအမြဲစွင့်ထားတဲ့အလေ့က ရှိနေသဗျ။ဘယ်သူ့ ခေါ်ထုတ်သွားပြီ လဲ။ဘယ်သူ ၀င်လာပြန်ပြီလဲ စသည်ဖြင့်ပေါ့။ညဘက်တွေမှာခေါ်ပြီး စစ်ဆေးတာကိုးဗျ။ဘယ်သူတော့ဖြင့်စစ်ရင်း လက်လွန်သွားလို့  ပြန်မလာနိုင်တော့ဘူး စသည်ဖြင့်ပေါ့ … ဆိုတော့ နားကတော့ စွပ်စွင့်ထားရတယ်။

ဘ၀က။
ပြောရင်တော့  ပိုလွန်းတယ် ပြောကြမှာပဲ။ တကယ်ပါဗျာ နောက်အာရုံစိုက်ထားတဲ့ အချိန်ဆိုရင် အဲဒီ ကိုရွှေသန်းဂျီးမတပ်ဖွဲ့ အထဲမှာ ပြေးလွားလှုပ်ရှားတဲ့အသံကို နားထဲမှာ တစ်ခါတစ်ခါ ကြားရသဗျ။အရေပြားပေါ်မှာ ပြေးနေရင်လည်း သိနေသဗျ။ ကိုက်တာကတော့ မပြောပါနဲ့တော့ဗျာ။
သူတို့တွေကလည်း သိပုံရတယ်ဗျ။ ခု ငါတို့သွေးစုတ်နေတဲ့ လဒတွေဟာ ငါတို့ကို ဘာမှမတုံ့ပြန်နိုင်တဲ့ကောင်တွေလို့ ကောင်းကောင်း သိနေပုံရတယ်ဗျ။

အဲဒီတော့ ညရောက်တာနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးဟာ သူတို့အတွက် အကောင်းဆုံး ပျော်ပွဲစားရုံကြီးတွေ ဖြစ် သွားတော့တာမို့ တစ်ညလုံး စိတ်ကြိုက် ပွဲတော်တည်ကြပါတော့တယ်။ကျွန်တော်တို့ သန်းတွေကပ်နေတာ စသိတဲ့ညကတော့ ဘာပြော ကောင်းမလဲဗျာ။အရင်ကနဲ့ မတူအောင်ယား။မတူအောင် နာတော့တာကိုး။အဲဒီတော့ လက်ပြန်ကြိုးတုပ်ထားတော့ ဘာမှလုပ်မရပေမဲ့ နည်းနည်းလေး သက်သာလို၊သက်သာငြား လူးကြည့်၊လွန့်ကြည့်ချင်တဲ့စိတ်က ဘယ်လိုမှ တားမရဘူး ခင်ဗျ။

ယားနေတာကို အာရုံစိုက်ပြီး မြေကြီးနဲ့ကြိတ်သတ်ဖို့ လုပ်ကြည့်တာပေါ့ဗျ။ဘာပြောကောင်းမလဲဗျာ။တစ်ညလုံးဟာ တစ်ယောက်ပြီး တစ် ယောက် နည်းနည်းလှုပ်ပါရစေဗျဆိုတာချည်း ဖြစ်ကုန်တာပေါ့။ခက်တာက အကုန်လုံးက ကုပ်ချင်၊လှုပ်ချင်တဲ့လူတွေချည်း ဖြစ်နေသလို ကုပ်ဖို့အရေး ခွင့်ပြုချက်ရဘို့ကလည်း အလွန်အရေးကြီးတာကိုး ဗျ။ကျွန်တော် နည်းနည်းလှုပ်ပါရစေဗျလို့ ပြောပေမယ့် လှုပ်လို့ခွင့်ပြု ချက်ကျဘို့ စောင့်ရတာက တစ်ခါတစ်ခါ တစ်ကမ္ဘာလောက် ကြာနေသလိုပဲ။ကိုယ့်အလှည့်တောင် မရောက်သေးဘူး နောက်က တစ် ယောက်က ကျွန်တော်လည်း ကုပ်ပါရစေ ဖြစ်လာပြန်ရော။

သိတဲ့အတိုင်းဗျာ တာဝန်ကျတဲ့ အစောင့်ဆိုတာကလည်း အမျိုးမျိုးကိုး။ အဲဒီတော့ နောက်ဆုံးရလဒ်ကတော့ မနက်လင်းလို့ ကွင်းထဲမှာလည်းတန်းစီရော ဘာမှပြောမနေနဲ့ အစောင့်ကျတဲ့ လူအားလုံးက တုတ်ကိုယ်စီနဲ့ စောင့်နေတော့တာပေါ့။ညက လှုပ်တဲ့လူ၊မလှုပ်တဲ့လူ ခွဲမနေတော့ဘူးလေ။ အားလုံးမြေကြီးပေါ် ၀မ်းယားမှောက်ထားစေ ဆိုတာမျိုးနဲ့ အ၀စားရတော့တာပေါ့ ဗျ။

အဲဒီ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ဘ၀မှာ ကျွန်တ်ာတို့ကို ဖမ်းထားပြီး မကြာခဏ အကြီးအကျယ် နှိပ်စက်နေတဲ့ ငရဲသားတွေရဲ့ ရန်ထက်၊နောက် ရန်သူတော်အသစ် သန်းဂျီးမတွေကိုပိုပြီး ထိန့်လန့်လာပါတော့တယ်။ညတိုင်း ဘယ်လိုအချိန်မှာ လူးခွင့်တောင်းရပါ့ မလဲ ဆိုတာမျိုးကိုချည်း ချောင်းနေရတာကိုး။သန်းဂျီးမတွေကလည်း လည်တယ်ဗျ။ညဆို သူတို့ပုန်းအောင်းနေတဲ့ နေရာကနေ လက်မောင်းတလျောက် ဆင်းလာပြီး လက်ပြန်ကြိုးတုပ်ထားတဲ့ လက်ကောက်ဝတ်က ကြိုးချည်ထားတဲ့ နေရာတစ်ဝိုက်ကို ဆင်းလာပြီး ကိုက်တတ်သဗျ။တိုတိုပြောရရင်တော့ ညမလှုပ်ပဲလည်းမနေနိုင်၊မနက်ကျတော့မှ ရိုက်ပါစေတော့ဆိုပြီး လှုပ်ရာက အရိုက်ခံရတာ ကြာလာတော့ ဒီသန်းဂျီးမတွေရန်က လွတ်ဘို့အရေးဟာ တို့တာဝန် အရေးတစ်ပါး ဖြစ်လာတော့တာပေါ့ ဗျာ။

ပထမဆုံး စစ်ဆင်ရေးကတော့ အပြင်မှာအလုပ်တွေ ထွက်လုပ်ရာကအပြန် ထောင်ရှေ့ကွင်းထဲ ခဏထိုင် လူရေတွက်ချိန်မှာ ခွင့်တောင်း ပြီး အင်္ကျီအထပ်ထပ်ကိုချွတ်ပြီး အောက်ဆုံးထပ်ကိုထားပြီး ကျန်အထပ်တွေကိုပြန်ဝတ်ပြီး(ပြန်မ၀တ်လို့ကလည်း မဖြစ်ဘူး တစ်ခါ တစ်လေဆို ရေခဲအောင်အေးတဲ့နေရာကိုး)တော့ ရတဲ့အချိန်အတွင်းမှာ အဲဒီအင်္ကျီရဲ့ချူပ်ရိုးကြောင်းတွေအတိုင်း ခိုအောင်းနေတဲ့ ရန်သူ တော်သန်းဂျီးမတွေကို လက်စားချေကြပါတော့တယ်။

ကျွန်တော်တို့ရဲ့အင်္ကျီတွေက စစ်ရောင်တွေမို့ စစ်စိမ်းရောင်အင်္ကျီချုပ်ရိုးကြားမှာ ခိုနေတဲ့ဒင်းတို့ကိုရှာရတာ ဘယ်ခက်လိမ့်မလဲဗျာ။ ဒီဖြူဖြူဖွေးဖွေး ဆန့်စေ့ကြီးတွေလို ကပ်နေတဲ့ဟာ။အမယ် တကယ်လိုက်ရှာပြီး ရှင်းနေပြီဆိုတာသိတော့ ဒင်းတို့ကလည်း ပြေးချင်တယ် ဗျ။ဒါပေမယ့် ဘယ်ရလိမ့်မလဲဗျာ ညပေါင်းများစွာ အညှိုးကြီးညှိုးထားတဲ့ ကျွန်တော်တို့လက်က လွတ်အောင်မပြေးနိုင်ကြပါဘူး။အတုံး အရုံးပေါ့ဗျာ။ ဒါပေမယ့် ခက်တာက သူတို့ကို ကုန်စင်သွားအောင်ရှာဘို့ ကျွန်တော်တို့မှာက လုံလောက်တဲ့အချိန် မရှိတာပဲဗျ။ ပြီးတော့ နေ့စဉ်ကလည်း မရှာနိုင်တာတော့ အရင်လိုပဲ နေ့ကျအစောင့်နဲ့စစ်ကြောရေးပြုသမျှနုကြရပြီး ညညမှာတော့ ဒင်းတို့ပြုသမျှ နုရတဲ့ဘ၀ မှာပဲ စင်းခံခဲ့ရသဗျ။

အဲဒီလို စင်းခံနေရတဲ့ဘ၀ကနေ တစ်ယောက်သောသူက သူ့အတွေအကြုံတစ်ခု ဝေငှလာသဗျ။အဲဒါကတော့ ညအိပ်ယာဝင်ခါနီး လက်ပြန်ကြိုးချည်ကာနီးမှာ အတွင်းဆုံးက အင်္ကျီကိုချွတ်ပြီး အပေါ်ဆုံးကိုပြောင်းပြီး ၀တ်တဲ့နည်း ခင်ဗျ။များသောအားဖြင့် ဒီသန်းဂျီးမ တွေက အောက်ဆုံးကအင်္ကျီမှာ တွယ်ကပ်နေတတ်ထာဆိုတော့ ဒီဟာကို အပေါ်ဆုံးထပ်ကို ပြောင်းဝတ်လိုက်ပြီးတော့ မျက်စိလည် အောင် လုပ်တဲ့စိတ်ကူးဖြစ်ပါတယ်။

တကယ်တမ်း လုပ်ကြည့်တဲ့အခါ ဟုတ်သဗျ။ ညဦးပိုင်းမှာတော့ နည်းနည်းသက်သာသလိုလို ဖြစ်ပြီး နောက်ပိုင်းမှာတော့ အတိုးချပြီး အပြတ်အသတ် နွှာပါတော့တယ်။ငါတို့ကို မလိမ့်တပတ်နဲ့ လုပ်တဲ့ကောင်တွေဆိုပြီး တကယ်နွှာတဲ့အခါ တော်တော်ခံစားရသဗျ။ဒီတော့ နေနှင့်ဦးပေါ့ကွာဆိုပြီး ကြိတ်ပြီး ကြိမ်းဝါးနေခဲ့ရတာပေါ့ ခင်ဗျာ။

ဒီလိုနဲ့ ဆောင်းတွင်းကြီး တစ်တွင်းလုံးမှာ ရေခဲတွေလွှမ်းတဲ့ဆောင်း၊အရိုက်ကြမ်း အဖြတ်အတောက်ကြမ်းတဲ့ စစ်ကြောရေးနဲ့ သွေးအစုပ် ကြမ်းတဲ့ သန်းဂျီးမတို့နဲ့လုံးထွေးရင်း ရက်စက်အမှုအပေါင်း သရဖူဆောင်းတော့သည်ဆိုသလိုပဲ ကျွန်တော်တို့ထဲက ရဲဘော်တချို့ မကြွေ သင့်ဘဲ၊ ကြွေလွင့်ခဲ့ရပြီး ဆောင်းအလွန် နှင်းခဲပျော်ချိန် ရောက်လာပါတယ်။

ကျွန်တော်တို့တွေလည်း ငရဲမှာ နည်းနည်း အသားကျလာပါတယ်။တစ်ရက်မှာတော့ ကျွန်တော်တို့ အကျဉ်းသားတွေထဲမှာ တန်းစီး တာဝန်ယူထားရတဲ့ ကသာက ကိုမြင့်သိန်းက အရဲ့စွန့်ပြီး အထူးအရေးကြီးတဲ့ စီမံကိန်းတစ်ခုကို လုံခြုံရေးယူထားတဲ့ တာဝန်ခံက တစ်ဆင့်  တင်ပြလိုက်ပါသဗျ။

အဲဒါကတော့ ခုလို နှင်းတွေပျော်လို့ ထောင်ကုန်းကဆင်းတဲ့ တောင်ကြားစမ်းချောင်းလေး ပေါ်လာတဲ့နေရာမှာ ကျွန်တော်တို့ကို ရေချိုး ခွင့်ပြုဘို့နဲ့ အ၀တ်တွေကိုလည်း ရေနွေးနဲ့စိမ်ပြီး ပြုတ်လျော်ခွင့်ပေးဘို့  ဖြစ်ပါတယ်။
အဲဒီချိန်က ကျွန်တ်ာတို့အားလုံး ရေမချိုးရတာ လေးလကျော်နေပါပြီ။နောက်ဆုံးတော့ အစောင့်အကြပ် စုံလင်စွာနဲ့ သဘောတူညီချက် များစွာနဲ့ ရေချပွဲအခမ်းအနား လုပ်ဖြစ်ပါတော့တယ်။အချိန်က မနက် ၁၀ နာရီလောက် နေထွက်ချိန်လောက်မှာ စဖြစ်ပါတယ်။

ကျွန်တော် တို့ ထောင်ကုန်းနဲ့အာသံကုန်းနှစ်ခုကြားမှာ နှင်းပျော်ချိန်ဆို ခြေကျင်းဝတ်လောက်နက်ပြီး လေးပေလောက်ကျယ်တဲ့ စမ်းချောင်းလေး ရှိသဗျ။အာသံကုန်းလို့ ခေါ်ရတာကတော့ ကေအိုင်အေတပ်မှာ စစ်သင်တန်းလာယူတဲ့ အိန္ဒိယနိုင်ငံ အာသံပြည်ကလာတဲ့ သူပုန်တွေထဲ က စစ်စည်းကမ်းမလိုက်နာတဲ့ စစ်သားတချို့ကို ခေါင်းဖြတ်သတ်ခဲ့ဘူးတဲ့ ကုန်းဖြစ်လို့ပါ။

နောင် အဲဒီတောင်ကုန်းပေါ်မှာပဲ ၁၉၉၂ ဖေဖေါ်ဝါရီလ ၁၂ ရက် ညနေလေးနာရီလောက်မှာ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင် ကျော်အပါအ၀င် တော်လှန်ရေးကျောင်းသားခေါင်းဆောင် ရဲဘော်၁၅ ဦးကို   တစ်ချိန်တည်း အမိန့်ထုတ် ခေါင်းဖြတ်သတ်ခံခဲ့ရတာ လည်း အဲဒီကုန်းပေါ်မှာ ဖြစ်ခဲ့တာပါ။

ပထမဦးစွာ ကျွန်တော်တို့က
အဲဒီစမ်းချောင်းလေးကို လူတစ်ယောက်လှဲပြီး စိမ်လို့ရအောင် ပြုပြင်ရပါတယ်။တစ်ဖွဲ့ကတော့ မိုးဗြဲဒယ်ကြီး တစ်လုံးထဲ ရေဖြည့်ပြီးတော့ ကျောက်တုံးသုံးတုံးကို ဖိုခနောက်ဆိုင်ပြီး ထင်းမီးဖိုကြီးတစ်ခု တည်ပါတယ်။အဲဒီမိုးဗြဲဒယ်ကြီး ပွက်လာတာ ကို ကြည့်ပြီး ကျွန်တ်ာတို့အားလုံးဟာ တော်တော် စိတ်လှုပ်ရှားနေကြပါတယ်။ရေတွေ ကျွက်ကျွက်ဆူလာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ သန်းနှိမ်နင်းရေး စီမံကိန်းကြီးကို စတင်ပါတော့တယ်။
↧
↧

“ဖိနပ်ရာဇဝင်”

$
0
0

၂၂သြဂုတ်လ၊၂၀၁၄နေ့ထုတ် သည်လေးဒီးစ် အပတ်စဉ်ဂျာနယ်မှ။  ။

“ဖိနပ်ရာဇဝင်”
(မင်းဒင်)

(၁)
ဒီမယ်၊ကျုပ်လည်း လူထဲက လူပါပဲဗျာ။ဖိနပ်အကြောင်းများ ရေးကြီးခွင်ကျယ်၊တစ်ခုတ်တစ်ရလုပ်ပြီး ဘယ်ပြောချင်ပါ့မတုန်း။ခက်တာက စစ်ရေး၊နိုင်ငံရေး၊ စီးပွားရေးဆိုတဲ့ ဆင်ကြီးဂဠုန်ချီအကြောင်းတွေက၊ တနွယ်ငင်တစင်ပါဆိုသလို ညောင်မြစ်တူး ပုတ်သင်ဥပေါ်ဆိုတာ မျိုးဖြစ်တတ်လေတော့ မတော်တဆများ  ဇာတာနိမ့်နေရင် ကံဆိုးမိုးမှောင်ကျပြီး အပြောမတတ်တဲ့ပုဒ်မနဲ့၊ ရုံးရောက်ဂတ်ရောက်ဖြစ် သွားနိုင်တယ်ဗျ။

 ခေတ်ကြီးကိုက၊လွတ်လပ်စွာပြောရေးဆိုခွင့်ရှိတယ်လို့တော့ ပြောနေကြပေမဲ့၊တကယ့်လက်တွေ့မှာ ဘာမှမဖြစ်ရင် ဘာမှမဖြစ်တဲ့ သဘောဗျ။ကျုပ်မလည်း အသက်ကလေးကထောက်လာပြီဆိုတော့ ထောင်နှုတ်ခမ်းနင်းရမဲ့ကိစ္စမျိုးကို  လန့်လွန်းလို့၊ အန္တရာယ်ကင်း၊ဘေးရှင်းဖိနပ်အကြောင်းပဲ ပြောပါရစေတော့။

ဖိနပ်ဆိုလို့ ပေါ့သေးသေးတော့  လျှော့မတွက်ပါလေနဲ့ကိုရင်။ဖိနပ်ဟာ မဟာသမ္မတမင်းအနွယ်တော်များရဲ့ မင်းမြောက်တန်ဆာငါးပါးထဲ မှာလည်း ခြေနင်းစင်္ကြာအဖြစ်ပါလေရဲ့။ဘယ်သူထွင်လိုက်မှန်းမသိတဲ့ ဗမာ့ဆိုရိုးစကားတစ်ခုကတော့ မိန်းမမှာနားကပ်၊ယောက်ျားမှာ ဖိနပ်တဲ့။ကမ္ဘာဦးအတီတေက ဖိနပ်စတင်ပေါ်ပေါက်လာပုံကို ဘယ်သူမှတိတိကျကျ မပြောနိုင်ပေမဲ့၊ ကမ္ဘာဦးလူတွေ ဖိနပ်စစီးကြတာဟာ  လမ်းလျှောက်ဖန်များတဲ့အခါ ခြေထောက်မနာအောင်  ကာကွယ်တဲ့သဘောပဲဖြစ်ရမယ်ဗျ။

ခေတ်တွေပြောင်းလာတာနဲ့အမျှ ဖိနပ်အပေါ် ထားတဲ့သဘောထားတွေလည်း  တစ်စတစ်စပြောင်းလဲလာဟန်တူပါရဲ့။ အနောက်တိုင်းနာမည်ကျော်  စင်ဒရဲ လားပုံပြင်ထဲမှာလည်း  ဖိနပ်ကအဓိက  ကျနေပြန်သဗျ။ဖိနပ်ကိုချေးသုတ်ပြီး  ပါးကိုရိုက်မယ်အပြောခံရရင် ကျုပ်တို့ဗမာတွေ ဆတ်ဆတ်ခါအောင်  နာတတ်ကြ တာလည်း  မှတ်သားစရာတစ်ခုပါပဲဗျာ။အမယ်၊ကြီးကြီးကျယ်ကျယ်လောကဓမ္မအတွေးအခေါ်တစ်ခုထဲမှာတောင် ဖိနပ်က ကန့်လန့် ကန့်လန့်ပါနေသေးတယ်ဗျ။ ဘာတဲ့၊အမှန်တရားဟာ ခရီးထွက်ဖို့ ဖိနပ်စီးနေချိန်မှာ မုသားဟာ ကမ္ဘာတစ်ပါတ်၊ပတ်ခဲ့ပြီးပြီဆိုလား။

ဒါတင်ဘယ်ကအုံးမလဲဗျာ။နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်တွေ တရှိန်ထိုးမြင့်တက်စေခဲ့တဲ့ ဖိနပ်ပြဿနာဟာ မြန်မာ့သမိုင်းမှာချန်လှပ် ထားခဲ့လို့မရပြန်ဘူး။ဖိနပ်ဦးသိမ်းမောင်နဲ့ရွှေမော်ဓောဘုရားရင်ပြင်ပေါ်ကို  ဗြိတိသျှဘုရင်ခံဆိုလား ဖိနပ်မချွတ်ပဲတက်လို့  ပြဿနာကြီးခဲ့ ဖူးသေးသတဲ့။အသေးစိတ်သိချင်ရင်စာအုပ်တွေ  ရှာဖတ်လေ။ကျနော်က ဖိနပ်အကြောင်းပဲ ပြောမှာပါဆိုနေမှ။

(၂)
အမှန်တော့ ကျုပ်တို့မိသားစု ရန်ကုန်မရောက်ခင် ဇာတိရွာမှာနေခဲ့ကြစဉ်တုန်းက ကျုပ်ဟာဖိနပ်စီးခဲ့ဖူးသလား၊မစီးခဲ့ဘူးလား ဇဝေဇဝါ ပဲဗျ။မစီးတဲ့ဘက်က ပိုများမယ်ထင်ပါရဲ့။အေးလေ၊ကျုပ်တင်မကပါဘူး။တစ်ရွာလုံးလိုလိုလည်း  ဖိနပ်အကြောင်း သိပ်ပြီးခေါင်းထဲရောက် ကြဟန်မတူပါဘူး။ဘယ်ရောက်လိမ့်မတုန်း၊ကျုပ်တို့အညာရွာလမ်းတွေက ဖိနပ်စီးပြီးလျှောက်ရင် ဖိနပ်ဖျားသဲတွေ အင်္ကျီကော်လံဂုတ် ပေါ်ကနေ နောက်ကျောထဲအထိ၊ဝင်လာတတ်ပေသကိုး၊ခတ်သုတ်သုတ်များလျှောက်မိရင် တစ်ခေါင်းလုံးသဲတွေနဲ့ပွလို့။

အလှူအတန်း အချိန်တွေကလွဲလို့ တောထဲတောင်ထဲသွားတဲ့အခါ ဖိနပ်ကိုတကူးတက  စီးမနေကြပါဘူး။ခြေဗလာနဲ့လျှောက်ကြ၊ ဖဝါးတွေမှာ အသား မာတက်ပြီး  ကြာစူးတွေထွက်လာတာကို  တွယ်ချိတ်နဲ့ထွင်ကြ၊ ဒီလိုပဲနေခဲ့ကြတာပါပဲ။ မဖြစ်မနေ အများစုစီးကြတာက သစ်သားခုံဖိနပ် ဗျ။ တောကျောင်း၊ကျောင်းထိုင်ဘုန်းကြီးကတော့ ကတ္တီပါဖိနပ်စီးတာပေါ့ဗျာ။

စကားကိုတိုတိုချုံ့ရရင် ဒီလိုနေလာခဲ့ကြရာကနေ အဖေ့ကောင်းမှုနဲ့ကျုပ်တို့မိသားစုရန်ကုန်မြို့ကြီးဆီကို  ရောက်လာကြရောဆိုပါတော့ ဗျာ။ထုံးစံအတိုင်း ကျုပ်တို့ညီအကို ပေတစ်ရာလမ်းပေါ် ဖိနပ်မပါပဲထွက်လျှောက်ကြတာ အဖေမြင်တော့..၊ “ဟေ၊့တောနွားတွေ၊ ဖိနပ်စီး ကြဟ”ဆိုပြီး ခပ်ထန်ထန် အမိန့်ပေးသံကြားရပြီးနောက်ပိုင်းမှာတော့ “သြော်၊ဖိနပ်ဆိုတာ မစီးမဖြစ်ပါကလား”လို့ သဘောပေါက်ကြသဗျ။

ဘဝတစ်ကွေ့မှာ တစ်သက်မမေ့နိုင်စရာကတော့ ကျုပ်တို့ညီအကိုတွေကို အဖေဝယ်ပြီးဆင်ခဲ့တဲ့၊ကာကီ ဘောင်းဘီအတို၊ ရှပ်အင်္ကျီ လက်တိုကျောင်းဝတ်စုံနဲ့တွဲပြီးဝတ်ရတဲ့  ဘွတ်ဖိနပ်အနက်ရောင် တစ်ရံပါပဲဗျာ။ကျုပ်မှာ ဘွတ်ဖိနပ်ဝတ်ထားတဲ့ ကျုပ်ခြေထောက်တွေကို ခဏခဏငုံ့ကြည့်မိတာအမော။

ကျုပ်ဖြင့်ကလေးဘဝအသိနဲ့ ညညအိပ်လို့တောင်မပျော်ခဲ့ဖူး။လမ်းလျှောက်တဲ့အခါ  လမ်းနဲ့ဖိနပ်ထိတယ်တောင် မထင်တဲ့အထိပါပဲ။ ဟုတ်ပါ့ဗျာ။ဆင်ကြယ်တံဆိပ်  ယိုးဒယားခြေညှပ်ဖိနပ်ဆိုရင် ထိပ်တန်းစာရင်းဝင်တဲ့အချိန်ကိုး။အမယ်၊ရန်ကုန်မြို့ကြီးမှာ  တစ်စတစ်စ လူဝါးဝလာတော့  ဖိနပ်နဲ့ပတ်သက်တဲ့ခေါင်းစဉ်တွေက အတော်များသားကလား။

(၃)
ရွာမှာတုန်းက အများအားဖြင့် ဖိနပ်မစီးကြတာကြောင့်၊ဘုရားစေတီတွေနဲ့ဘုန်းတော်ကြီးကျောင်းဝိုင်းတွေထဲမှာ ဖိနပ်မစီးရတဲ့ထုံးစံက ရန်ကုန်ကျတော့  ပိုပြီးသိသာလာတယ်။မင်္ဂလာဆောင်၊အလှူပွဲနဲ့နာရေးတွေမှာ ဖိနပ်အခိုးခံရတတ်တယ်။လမ်းလျှောက်ရင်း  ကိုယ်တိုင် မသိလိုက်ပဲ ခွေးချေးပုံနင်းမိလာခဲ့လို့ အိမ်နဲ့ကျောင်းမှာ ရနံ့လေးသင်းနေရင်..၊”နင့်ဖိနပ် ဘာနင်းလာခဲ့တုန်း၊ သေချာကြည့်အုံး” ဆိုတာမျိုး လည်းရှိသေးဗျာ။

ကျုပ်လူပျိုပေါက်တုန်းက ဖတ်မိတဲ့ဝတ္ထုစာအုပ်တွေထဲမှာဆို လမ်းမှာဖိနပ် သဲကြိုးပြတ်သွားတဲ့ ကောင်မလေးကို ကောင်လေးက သူ့မှာပါတဲ့လက်ကိုင်ပုဝါနဲ့  သဲကြိုးလဲတပ်ပေးရင်း  ဖူးစာဆုံသွားကြတဲ့  ဖိနပ်အချစ်ဇာတ်လမ်းတွေလည်း  ရှိသေးလေရဲ့။

ဆရာသာဓုရဲ့သား ကွယ်လွန်သူစာရေးဆရာဒါရိုက်တာမောင်ဝဏ္ဏဟာ ကတ္တီပါဖိနပ်စီးရွှေထီးဆောင်းဆိုတဲ့ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ ရသဗျ။ ရွှေဖိနပ်ကြီးလျှပ်တိုက်စီးမယ်ဆိုတဲ့ ကက်ဆက်ခွေအသံဇာတ်လမ်းကလည်း ကျုပ်တို့ခေတ်မှာနာမည်ကြီးပေါ့။ကျုပ်ဆယ်တန်း ကျောင်းသားဘဝအရောက်မှာတော့ လမ်းလျှောက်ဖိနပ်(Walking Shoes)နာမည်ကို စကြားဖူးပါလေရော။

အဲဒီခေတ် ရွှေတစ်ကျပ်သား ဈေးဟာ ဗမာငွေသုံးသောင်းလောက်ရှိချိန်မှာ ကျုပ်ရဲ့ကျောင်းနေဖက်သူငယ်ချင်း ကြေးရည်တတ်သားသမီးတွေဟာ လမ်းလျှောက်ဖိနပ် တစ်ရံကို နှစ်သောင်းကျော်ဆိုလား ပေးဝယ်ရတယ်ဆိုတော့ ကျုပ်အကြီးအကျယ်အံ့သြမိတာ  အမှန်ပဲဗျာ။အေးလေ၊အဲဒီဈေးနဲ့ဆို ကျုပ်နဲ့ လမ်းလျှောက်ဖိနပ်  ဒီတစ်သက်မှာ ဖူးစာဆုံနိုင်စရာမှ မရှိပဲ။

ဒီလိုနဲ့ လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်လောက်က ကျုပ်လည်းမမျှော်လင့်ပဲ ဘဝဇာတ်ဆရာရဲ့အလိုကျ ယိုးဒယားပြည်၊၊ဖူးခက်မှာ အခြေကျခဲ့ ပါလေရော။ဖူးခက်ရောက်ကာစ၊တစ်နေ့သား အညောင်းအညာပြေ  လမ်းလျှောက်မဟဲ့ဆိုပြီး ရာမမင်းပန်းခြံထဲရောက်သွားတော့ ပန်းခြံ ထဲတွေ့တွေ့သမျှ ယောက်ျားမိန်းမ၊ကလေးလူကြီး၊ပျိုပျိုအိုအိုအားလုံးလိုလို ဝပ်ကင်းရှူးနဲ့ချည်းဖြစ်နေကြလေတော့ ကျုပ်မယ် ခြေညှပ် ဖိနပ်နဲ့ လူတောမတိုးဝံ့တာနဲ့ အသာနောက်ပြန်ဆုတ်လာရပါပကော။

ဒီမှာတင် အာရောဂျံပရမံလာဘံဆိုတဲ့အတိုင်း ကျန်းမာရေးထက်အရေးကြီးတာ ဘာမှမရှိဘူးဆိုတဲ့ခံယူချက်နဲ့မဖြစ်မနေ၊ဘယ်လောက် ပေးရပေးရ၊ဝယ်ချေဦးမှဆိုပြီး ဈေးသိပ်မများလှတဲ့ လမ်းလျှောက်ဖိနပ်တစ်ရံ ဝယ်စီးမိရောဆိုပါတော့။ဒီမှာတင် ကျုပ်မှာ ဝပ်ကင်းရှူး ဝေဒနာဇာတ်လမ်းစပါလေရောဗျာ။အဆန်းလုပ်ပြောတာမဟုတ်ဘူးဗျ။ကျုပ်ဟာ ကားဘီးတာရာကိုလှီးပြီး ခြေညှပ်ဖိနပ်လုပ်ကြတာမျိုး လည်း ကြုံခဲ့စီးခဲ့ဖူးတဲ့အပြင်  ခြေညှပ်ဖိနပ်အမျိုးမျိုးမှာ ဆင်ခြောက်ကောင်လိုဖိနပ်မျိုးအထိ စီးခဲ့ဖူးပေမဲ့ ဖိနပ်ဋီကာ ဒီလောက်ကြီးကျယ် မှန်း  အစကမသိခဲ့တာတော့  အမှန်ပါပဲ။

(၄)
ဘာဖြစ်လို့တုန်းဆိုတော့ ပန်းခြံထဲကို ကျုပ်လမ်းလျှောက်ထွက်တဲ့အခါ မလုံမလဲစိတ်နဲ့ သူများတွေစီးထားတဲ့ ဖိနပ်တံဆိပ်နဲ့ ဒီဇိုင်းတွေကို သေသေချာချာလေ့လာမိတော့ အမယ်မင်း၊ကျုပ်စီးနေတဲ့တံဆိပ်က တကဲ့ဂချလာတံဆိပ်ဖြစ်နေသဗျ။ဖိနပ်အမျိုးအစားများလွန်းလို့ အပြည့်အစုံပြောရရင်  မိုးစင်စင်လင်းသွားနိုင်တယ်။

အယ်ဒီဒတ်၊မစ်ဇူဟို၊ရီဘွတ်နဲ့ နီကီတွေအပြင် တစ်ခြားတံဆိပ်ပေါင်း အနမတဂ္ဂလည်း ရှိလေသေးဗျာ။ဘောကန်ဖိနပ်၊လမ်းလျှောက်ဖိနပ်၊တင်းနစ်ရိုက်တဲ့ဖိနပ်၊အပြေးသမားဖိနပ်၊ကြက်တောင်ရိုက်တဲ့ဖိနပ်၊လက်ဝှေ့ထိုးတဲ့ဖိနပ်၊ဘော်လီဘောပုတ်တဲ့ဖိနပ်၊ဂေါက်သီးရိုက်ရာမှာစီးတဲ့ဖိနပ်၊ဘာဖိနပ်၊ညာဖိနပ်  ပြောမဆုံးပေါင်တောသုံးထောင်ပါပဲဗျာ။ ဈေးနှုန်းတွေက လည်း ဟိုခေတ်ဟိုအခါက အညာမှာနွားတစ်ရှဉ်းဖိုးလောက်ကိုရှိသဗျ။

ဒီလိုနဲ့ကျုပ်လည်း လူချင်းတူသူချင်းမျှဖို့အရေး တဖြည်းဖြည်း၊ ဘရင်းဒက်(Branded)ဖိနပ်တံဆိပ်တွေနဲ့ တစ်စတစ်စရင်းနှီးလာရော ဆို ပါတော့။သူ့အရပ်သူ့ဇာတ်နဲ့ ငွေရှာရတာကလည်း  သိပ်ခက်ခက်ခဲခဲကြီးမဟုတ်လေတော့၊ ကျုပ်လည်းထွေထူးပြီး နှမျောချင်စိတ်မရှိတော့ ပါဘူး။သေချာယှဉ်ပြီးစီးကြည့်မှ ဈေးကြီးတဲ့ထိပ်တန်းဖိနပ်တွေဟာ စီးတဲ့သူကိုကိုယ်ပိုင်ယုံကြည်စိတ် တိုးစေတာကတော့ ကိုယ်တွေ့ ပါပဲဗျာ။

ဟုတ်ပါ့ဗျာ။လောကကြီးမှာ ဖိနပ်ရဲ့အခန်းကဏ္ဍက မသေးလှပဲကိုး။ ဖိနပ်ဟာအမျိုးသမီးတွေရဲ့  ဘဝဒဿနဆိုင်ရာအမြင်နဲ့လည်း  ပတ်သက်နေသတဲ့။ဒါကလည်း  ဇာတ်လမ်းလေးနဲ့ဗျ။

တစ်ခါတော့ အမေဖြစ်သူနဲ့ သမီးဖြစ်သူဟာ၊ခေတ်မီကုန်တိုက်ကြီးတစ်ခုဆီ  ဖိနပ်ဝယ်ထွက်ကြသတဲ့။ဖိနပ်ဆိုင်ရောက်တော့ ၀င်ကြည့်ပြီး၊ ဖိနပ်တွေအမျိုးမျိုးစီးကြည့်ကြ၊ဈေးနှုန်းတွေ  စပ်စုကြပေါ့။မကြာခင်မှာပဲ အမေဖြစ်ဟာ သူနဲ့လိုက်ဖက်တဲ့ ဖိနပ်တစ်ရံကိုရွေးချယ်နိုင်ခဲ့ပေမဲ့ သမီးဖြစ်သူကတော့ စိတ်တိုင်းမကျဖြစ်နေတုန်းပဲတဲ့။

ဒီမှာတင်  အမေလုပ်သူက ဖိနပ်ရွေးချယ်ခြင်းကနေ ဘဝဒဿနတစ်ခုကို ဆက်စပ် ထုတ်နှုတ်ပြီး  သွန်သင်ဆုံးမတာက…၊

“သမီး၊ဖိနပ်ရွေးတာဟာ ချစ်သူအိမ်ထောင်ဖက်ရွေးတာနဲ့တူတယ်။ အမျိုးသမီးတွေဟာ၊တစ်ခါတစ်လေ  လှပတဲ့ဖိနပ်တစ်ရံကိုရွေးတယ်။

တစ်ခါတစ်လေ ဈေးအလွန်ကြီးတဲ့ဖိနပ်ကိုရွေးကြတယ်။ဒါပေမဲ့ တကယ်တမ်း သူတို့မေ့နေတာက စီးလို့အသင့်တော်ဆုံး လိုက်လျောညီ ထွေတဲ့ဖိနပ်ကိုရွေးဖို့  မေ့နေတတ်ကြတယ်။ချစ်သူအိမ်ထောင်ဖက်ရွေးတဲ့ နေရာမှာလဲ၊ထိုနည်းလည်းကောင်းပါပဲ။ အမျိုးသမီးတွေဟာ တစ်ခါတစ်လေ  လှပတဲ့သူကိုရွေးချယ်ကြတယ်။တစ်ခါတစ်လေ ပစ္စည်းဥစ္စာကြွယ်ဝသူကို ရွေးချယ်ကြပေမဲ့ ကိုယ်နဲ့တကယ်လိုက်ဖက် ပြီးတော့  ကိုယ့်အပေါ်ကောင်းတဲ့လူကိုရွေးချယ်ဖို့  မေ့နေကြတယ်သမီး၊” တဲ့ဗျာ။
(၅)
ဒါတင်ဘယ်ကအုံးမလဲဗျာ။ဖိနပ်ဟာ ကိုယ်ပေါ်မှာဝတ်ဆင်ထားတဲ့၊ အဝတ်အစားနဲ့ပတ်သက်ဆက်နွယ်မှုရှိနေကြောင်း၊ ဝတ်စားဆင်ယဉ် ခြင်းဆိုင်ရာ  သီအိုရီတွေလည်း  ရှိလေသေးရဲ့။

အထူးသဖြင့်  အမျိုးသမီးတွေ  ပွဲကြီးလမ်းကြီးတက်တော့မယ်ဆိုရင် အင်္ကျီရွေးရတာက သိပ်မကြာလိုက်ပေမဲ့  ဖိနပ်ကိုလိုက်ဖက်အောင် မရွေးနိုင်တာတွေ  ကြုံရတတ်သတဲ့ဗျ။ဒီတော့ ဘယ်အဝတ်အစားနဲ့ဘယ်ဖိနပ်လိုက်တယ်ဆိုတာကို ရွေးချယ်နိုင်တာကိုလည်း  ပညာတစ် မျိုးလို့ဆိုသဗျ။ဖိနပ်အမျိုးအစားကို  သွားမဲ့နေရာအပေါ်မူတည်ပြီး ရွေးရမတဲ့။ဒေါက်မြင့်ဖိနပ်ဟာ ပွဲတက်ဂါဝန်၊ဂျင်းဘောင်းဘီအရောင် ရင့်ရင့်ကိုရွေးသင့်ပေမဲ့ ဖိနပ်အပါးကတော့ ဂျင်းဘောင်းဘီအရောင်နုနဲ့တွဲဝတ်သင့်ပြီး၊ထသွားထလာအတွက်ပဲ  သင့်တော်တယ်လို့ဆို တယ်။မနိမ့်မမြင့်ဒေါက်ဖိနပ်တွေကတော့ ဝတ်ရတာသက်တောင့်သက်သာရှိပြီး၊ စတိုင်ပင်လိုဒဲ့ဘောင်းဘီ၊ဒူးလောက်ရှိတဲ့စကတ်တွေနဲ့ အလိုက်ဆုံးပါပဲတဲ့ဗျာ။

(Stiletto)ပွိုင့်ဒေါက်ဖိနပ်တွေဟာ စီးထားသူရဲ့ခြေထောက်ကို ပိုရှည်စေတာကြောင့် ဂါဝန်အရှည် ဒါမှမဟုတ် အောက်ကား ဘဲလ်  ဘောင်းဘီတို့နဲ့ဆို အဆင်ပြေသတဲ့။ဝတ်ထားတဲ့ဝတ်စုံမှာ  အများဆုံးပါတဲ့အရောင်ကို  ရွေးစီးရမတဲ့ဗျ။

အနက်၊အညို၊အပြာရင့်၊သနပ်ခါးရောင်တွေဖိနပ်တွေကတော့  ဘာအရောင်နဲ့ဖြစ်ဖြစ် လိုက်ဖက်တယ်။ဝတ်စုံက ဒီအရောင်ဆို၊ဖိနပ်က အရောင်အတိုင်း ဖြစ်ရမယ်လို့လည်း မဟုတ်ပြန်ဘူး။(Brand) အကောင်းစားဆိုပြီး တံဆိပ်စာသား အထင်းကြီးတွေပါတဲ့ ဖိနပ်တွေဟာ ဝတ်ထားတဲ့အဝတ်အစားတွေနဲ့လိုက်ဖက်မယ်လို့  အာမမခံနိုင်ဘူးတဲ့ဗျ။ဖိနပ်နဲ့ပတ်သက်တဲ့ မှတ်သားစရာတစ်ခုကတော့ ထူးထူးခြား ခြား၊အရမ်းပူတဲ့အချိန်မှာ ခြေထောက်ဟာ (size) နံပတ်တစ်ခု  တိုးလာတဲ့အထိ ကြီးလာနိုင်ပါသတဲ့။

(၆)
မယုံရင် ပုံပြင်မှတ်ပေတော့ဗျို့။အခုအချိန်မှာတော့ ကျုပ်ဟာ(Branded)ဖိနပ်တွေနဲ့အတော့်ကိုရင်းနှီးနေပါပြီ။သွားလေသူဖိလစ်ပိုင် အာဏာရှင်မားကို့စ်ရဲ့ဇနီးအီမယ်ဒါမားကို့စ်လို ဖိနပ်မျိုးစုံ အရံထောင်ချီမရှိပေမဲ့၊တန်းဝင်ဖိနပ်တံဆိပ်မျိုးစုံဆယ်ရံလောက်တော့  ရှိနေပြီဗျ။

အားအားရှိကုန်တိုက်ကြီးတွေထဲမှာ နောက်ဆုံးပေါ်ဖိနပ်ဒီဇိုင်းအသစ်ထွက်လေသလား၊ဒစ်စကောင့်ချနေသလား၊ လျှောက်ပြီးစပ်စုရတာ လည်း ဝါသနာတစ်ခုလိုဖြစ်နေပါပြီ။ဖိနပ်နဲ့ ပတ်သက်တဲ့သတင်းပလင်းတွေလည်း နားစိုက်ထောင်မိသဗျ။
ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ပွဲစဉ်တလျှောက် ဂိုးအများဆုံးသွင်းနိုင်တဲ့ကစားသမားကို ရွှေဘောကန်ဖိနပ်ချီးမြှင့်သတဲ့။(၈၈)ကျောင်းသား ခေါင်းဆောင်ဟောင်းမိုးသီးဇွန်ဟာ အမေရိကန်ကိုအလည်အပတ်ရောက်လာတဲ့ ကျုပ်တို့သမ္မတကြီးကို  ဖိနပ်နဲ့ပေါက်ဖူးသတဲ့။

အဲ၊ပြောနေရင်း စစ်ဖိနပ်ဆိုတာ  သွားသတိရမိသေးတယ်။စစ်ဖိနပ်ကို ကျုပ်မစီးဘူးပေမဲ့ ရိုးရိုးဖိနပ်ထက်တော့လေးမယ်ဆိုတာ ခန့်မှန်းမိ တယ်။ တချို့စစ်သားတွေများဆိုရင် စစ်တပ်ထဲမှာ နေခဲ့တဲ့အနှစ်နှစ်ဆယ်ကျော်လုံးလုံး သူ့အထက်ဗိုလ်ရဲ့ဖိနပ်ကိုတိုက်ပေးရတာလည်း ကြားဖူးသေးဗျာ။ဗမာပြည်မှာ ရွှေဝါရောင်ကာလတွေတုန်းကဘုန်းတော်ကြီးတွေတောင်  စစ်ဖိနပ်နဲ့ဆောင့်ကန်တာ ခံကြရဖူးသဗျ။

တကယ်တော့ဖိနပ်နဲ့လူနေမှုအဆင့်ဟာ တိုက်ရိုက်အချိုးကျတယ်ဗျ။ကျုပ်တစ်ဆက်တည်းအတွေးဝင်မိတာက ဒီမိုကရေစီဆိုတာ အရည် အသွေးမြင့်ဖိနပ်တွေ  ဝယ်စီးတာနဲ့သွားပြီး ဆင်တူနေသလိုပဲဗျာ။

မယဉ်ပါးခင်အချိန်တွေတုန်းကတော့ ကိုယ်နဲ့အလှမ်းဝေးလှချည့်ရဲ့လို့ ထင်ခဲ့မိပေမဲ့ တကယ်တမ်းလက်တွေ့ သုံးစွဲကြည့်တဲ့အခါ တယ်နိပ်၊တယ်ဟန်ကျသကိုး။ငါလူတောတိုးပြီဆိုတဲ့၊ခံစားမှုကိုက အပုံကြီးကွာ ဗျ။ဒါပေသည့် ခင်ဗျားထိုင်နေရုံနဲ့တော့ ဘာမှဖြစ်မလာဘူးနော်။

တွန်းတွန်းတိုက်တိုက်၊ ရေကုန်ရေခန်း၊ကြိုးစားရုန်းကန်ရတာတွေလည်း မလွဲမသွေရှိနိုင်တယ်။ကျုပ်ကိုယ်တိုင်တောင်မှ အကောင်းစားဖိနပ်တွေ ဝယ်စီးနိုင်ဖို့အရေး၊ထိုင်းရဲတွေရန်စွယ်ကြားကနေ အပတ်တကုပ် ရုန်းကန်ခဲ့ရသေးတာပဲ။ ကျုပ်တို့နိုင်ငံမှာ ဒီမိုကရေစီခေတ်ရောက်ဖို့  အရေးဆိုတာလည်း  ဒီသဘောပါပဲဗျ။

(၇)
ဒီမယ်၊ကျုပ်လည်း လူထဲကလူပါပဲဗျာ။ဖိနပ်အကြောင်းများ ရေးကြီးခွင်ကျယ်၊တစ်ခုတ်တစ်ရလုပ်ပြီး ဘယ်ပြောချင်ပါ့မတုန်း။ခက်တာက စစ်ရေး၊နိုင်ငံရေး၊ စီးပွားရေးဆိုတဲ့ ဆင်ကြီးဂဠုန်ချီအကြောင်းတွေဟာ တနွယ်ငင်တစင်ပါဆိုသလိုညောင်မြစ်တူး ပုတ်သင်ဥပေါ်ဆိုတာ မျိုး ဖြစ်တတ်လေတော့ မတော်တဆများ  ဇာတာနိမ့်နေရင် ကံဆိုးမိုးမှောင်ကျပြီး အပြောမတတ်တဲ့ပုဒ်မနဲ့၊ ရုံးရောက်ဂတ်ရောက်ဖြစ် သွားနိုင်တယ်ဗျ။

 ခေတ်ကြီးကိုက၊လွတ်လပ်စွာပြောရေးဆိုခွင့်ရှိတယ်လို့တော့ ပြောနေကြပေမဲ့၊တကယ့်လက်တွေ့မှာ ဘာမှမဖြစ်ရင် ဘာမှမဖြစ်တဲ့ သဘောပါဗျာ။ကျုပ်မလည်း  အသက်ကလေးကထောက်လာပြီဆိုတော့ ထောင်နှုတ်ခမ်းနင်းရမဲ့ကိစ္စမျိုးကို  လန့်လွန်းလို့၊ အန္တရာယ်ကင်း၊ဘေးရှင်းဖိနပ်အကြောင်း  ပြောတာပဲကောင်းပါတယ်ဗျာ။
↧

“မောင့်ကြက်သရေခေါင်းပေါင်းဆောင်းထားသော ပစ္စတိုတစ်လက်၏ဖွင့်ဟဝန်ခံချက်”

$
0
0

၂၃။၀၈။၂၀၁၄ နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ။ ။

“မောင့်ကြက်သရေခေါင်းပေါင်းဆောင်းထားသော  ပစ္စတိုတစ်လက်၏ဖွင့်ဟဝန်ခံချက်”
(မင်းဒင်)

(တစ်)
အေးဗျာ။အရမ်းကိုကျေးဇူးတင်ပါတယ်။ခင်ဗျားနဲ့ကျနော်ဟာ အယူအဆချင်း ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတော့  ဖူးခက်မှာလူချင်း ဆုံရင် အဆင်မှပြေပါ့မလားလို့ စိတ်ပူခဲ့မိသေးတယ်ဗျ။ခုလိုဆိုတော့လည်း ထင်သလောက်မဆိုးပါဘူးဗျာ။ အညာသားချင်းမို့ ထင်ပါရဲ့။ ဖူးခက်မြို့အနှံ့နဲ့ဖီဖီကျွန်းပါမကျန် ခင်ဗျားလိုက်ပို့ထားတာမို့ ဖူးခက်အကြောင်းတော့ ကျနော်တော်တော်သိသွားပြီ ဆိုရမယ်။ အဟဲ။ပါတောင်ကမ်းခြေ ဆွိုင်ဘင်္ဂလာလမ်းကိုတော့ သတိအရဆုံးပဲဗျာ။ဟဲဟဲ။ ကျနော်ပြောနေကျဂျနီဖာလိုပက်ကြီးကိုတောင်  မဆီမ ဆိုင်ပြေး သတိရမိသေးဗျာ။

ခရီးဆောင်အိတ်တွေလည်း (Check in)ကောင်တာမှာအပ်ပြီးပြီဆိုတော့ စကားပြောချိန်ရပါသေးတယ်ဗျ။ကြုံတုန်းကြုံခိုက်ပြောချင်တာ လေးတွေပြောချင်သေးတယ်ဗျာ။ဖူးခက်လေဆိပ်က နေ့စဉ်လေယာဉ်ပျံအစီးရေ ရာချီပြီးဆိုက်တာကလား။ ကမ္ဘာလှည့်ခရီးသွား တွေကြောင့်  ထင်ပါရဲ့။ကျနော်တို့နိုင်ငံမှာလည်း  ခရီးသွားလုပ်ငန်းတွေ  တိုးတက်ဖွံ့ဖြိုးလာအောင် လေယာဉ်ပျံတွေအများကြီးဝယ်ပြီး လုပ်ငန်းတိုးချဲ့ သင့်တယ်ဗျ။တရုတ်လေယာဉ်ပျံတွေကတော့  ဈေးပေါတာအမှန်ပဲ။ ခင်ဗျားသိတဲ့အတိုင်း ကျနော်ကလွှတ်တော်အမတ် ဆိုတော့ တိုင်းပြည် အတွက်  နိုင်ငံတကာအတွေ့အကြုံဗဟုသုတတွေ အမြဲတမ်းဆည်းပူးလေ့လာနေရမယ်မဟုတ်လား။

(နှစ်)
နောက်တစ်ခု  ကျနော်စိတ်ဝင်စားမိတာက ဆဲဗင်းအလဲဗင်းဆိုပြီး၊စုံစီနဖာရောင်းတဲ့ဆိုင်လေးတွေပဲဗျာ။ကျနော်တို့တိုင်းပြည်မှာလည်း ကျေးလက်တောရွာတွေအထိ ဒီလိုဆိုင်မျိုးလေးတွေဖွင့်ဖို့ လွှတ်တော်မှာကျနော်တင်ပြချင်သေးတယ်။လွှတ်တော်ဆိုလို့ လွှတ်တော်ဟာ အခုအတော်ရုပ်လုံးပေါ်နေပြီဗျ။ လွှတ်တော်ဥက္ကဋ္ဌနှစ်ယောက်ရဲ့ကျေးဇူးပေါ့ဗျာ။ဒီလို မသွေမစောင်းပေါ်လာဖို့လည်း တပ်မတော်က ဂိုက်လိုင်းချပေးသွားတာလေ။

ကျနော်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ အမတ်ဖြစ်လာပေမဲ့ တောသားပါဗျ။ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက် သမ္မတကြီးရဲ့လမ်းညွန် ချက်နဲ့အညီဆောင်ရွက်ရာမှာ ကျေးလက်တောရွာအနှံ့ ကျနော်ခရီးနှင်ခဲ့ရတာပေါ့။မကြာသေးခင်၊ယောနယ်ဖက်ကိုရောက်တုန်းက ဆိုရင် အသက်(၇၀)ကျော်အဖိုးအရွယ်လူကြီးတွေတောင် ကျနော့်ကိုခရီးဦး ကြိုဆိုကြတာဗျ။

လူမမယ်ကလေးတွေက လည်း ကျနော့်လိပ်စာ ကဒ်တွေ အလုအယက်တောင်းကြ၊ကျနော်ကလည်း အသင့်ပါလာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်တွေ လက်ဆောင်ပြန်ပေး၊ နောက်ဆုံးဗျာ။ပြည်သူတွေနဲ့ဘယ်လောက်များ  တသားတည်းကျခဲ့သလဲဆိုရင်  သူတို့ကျွေးတဲ့ကွမ်းယာတောင်စား ခဲ့ရသေးဗျာ။မကွေး လိုမြို့မှာတောင်၊လမ်းဘေးကမုန့်ပျားသလက်ဝယ်စားတတ်တဲ့ ကျနော်ဟာ  တောရွာတွေရောက်တဲ့အခါ ငါးရံဗဒူရွက် သုတ်စား တာပဲဗျာ။ ပျော်စရာတော့အကောင်းသား။ဒေါ်ခင်ဝိုင်းကြည်တို့ကတော့ ကံကောင်းတာပေါ့။ ကျနော့်လိုရွှံ့ဗွက်မှ မနင်းရတာ။

ကျနော်ဟာ တပ်မတော်မိသားစုကပေါက်ဖွားလာတာမို့ စကားပြောရင် တဲ့တိုးပြောတတ်တာသည်းခံပါဗျာ။ဗမာပြည်မှာ တပ်မတော် ရဲ့အခန်းကဏ္ဍဟာ အသက်သွေးတမျှ  အရေးကြီးတယ်ဗျ။ခေတ်အဆက်ဆက် တိုင်းပြည်မပြိုကွဲအောင်၊အေးချမ်းတည်ငြိမ်အောင် ဆောင် ရွက်နိုင်ခဲ့တာ တပ်မတော်တစ်ခုတည်းပဲ ရှိတာမဟုတ်လား။(၁၉၆၂)ခုနှစ်မှာ ပါလီမန်ဒီမိုကရေစီစနစ် ကသောင်းကနင်းဖြစ်တော့ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ တပ်မတော်က တိုင်းပြည်ချောက်ထဲမကျခင်၊လက်တစ်လုံးအလိုမှာအချိန်မီဝင်ထိန်းခဲ့ရတယ်။ (၁၉၈၈) ခုနှစ်အရေးအခင်းမှာလည်း ဂိုဒေါင်တွေဖောက် ခေါင်းတွေဖြတ်တော့လည်း တပ်မတော်က ဝင်ပါရပြန်တာပဲဗျ။ဟော၊အခုဒီမိုကရေစီ ခေတ်သစ်ဆီကိုကူးပြောင်းမယ်ဆိုတော့လည်း တပ်မတော်အစိုးရခင်းပေးခဲ့တဲ့ ပန်းခင်းလမ်းမှာ ကျနော်တို့အဆင်သင့်လျှောက်နိုင်ကြ တာပဲမဟုတ်လား။

(သုံး)
ကျနော်ကစစ်သားပီပီ ခတ်ပြတ်ပြတ်ပြောတတ်တော့ တချို့က သိပ်သဘောမတွေ့ကြဘူးထင်ပါရဲ့။ခင်ဗျားစဉ်းစားကြည့်လေ။လက်ရှိ အစိုးရအနေနဲ့ တစ်တိုင်းပြည်လုံးအပစ်အခတ်ရပ်စဲနိုင်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ ကမ်းလှမ်းနေတာကို ကချင်လွတ်မြောက်ရေး တပ်မတော်(KIO)လိုအဖွဲ့မျိုးက ပေကပ်ကပ်လုပ်နေတော့ ရွှေလက်နဲ့မခေါ်ရင် ဘူးလက်နဲ့ခေါ်လိုက်မှာပေါ့ဗျာ။ကျနော်က ယောမင်းကြီး ဦးဘိုးလှိုင်နဲ့တစ်နယ်တည်းသားမို့ တိုင်းပြည်ရှေ့ရေးကိုတော့ စိတ်ပူတယ်ဗျို့။ဗမာပြည်ကို အင်္ဂလိပ်သိမ်းခါနီးတုန်းက ဦးဘိုးလှိုင် ဘာပြောသတုန်းဆိုရင်…၊စစ်သည်အင်အားနှင့် သူတို့ကြောက်ရွံ့လောက်သော လက်နက်ရှိလျှင် ဒင်းတို့ကြံဝံ့ကြမည်မဟုတ်။စစ်မက် ငြိမ်းချမ်း၍ ပြည်သူတွေချမ်းသာလိမ့်မည်။သို့တည်းမဟုတ်လျှင် နှာခေါင်းရှည်နှင့်လူမျိုးခြားတို့က ငါတို့၏နှမတို့အား နမ်းရှုံကြပေလိမ့်မည် တဲ့။

ဦးဘိုးလှိုင်ရဲ့စကားတွေဟာ ခုချိန်ထိ ခေတ်မီနေသေးတယ်ဗျာ။ဒါကြောင့် ဗမာပြည်ရဲ့လက်နက်စက်ရုံအကြောင်း သတင်းမီဒီယာ တွေက ဖော်ထုတ်ရာမှာ မျိုးချစ်စိတ်ရှိရင်ဖြင့် ငံပြာရည်စက်ရုံလို့  ရေးသင့်တာပေါ့။ခုတော့ဗျာ။မီဒီယာတွေက မြှောက်ပင့်ပေး၊လူထုက ထစ်ကနဲရှိတောင်အော်မြောက်အော်နဲ့ တော်တော်စိတ်ပျက်စရာကောင်းတယ်။ဘာမှသုံးစားမရတဲ့ သံလွင်မြစ်ရေတွေကို ထိုင်းနိုင်ငံဖက် ထုတ်ရောင်း မဲ့စီမံကိန်းကိုသာ  ကြည့်ပေတော့။
တစ်စက္ကန့်ကို ကုဗမီတာ သုံးထောင်နှုန်း၊ရေသန့်ဗူးကြီးနဲ့ဆို  တစ်စက္ကန့်ရေဗူးတစ်သိန်းခွဲ၊သံလွင်မြစ်ထဲကနေ ထိုင်းနိုင်ငံဖက်ကို တင်ပို့ပြီး ရောင်းမှာ။

ဟုတ်တယ်လေ။ဒီအတိုင်း  အလကားထားမဲ့အစား ရောင်းပြီးရတဲ့ပိုက်ဆံနဲ့ တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ရမှာလေ။ခင်ဗျားတို့ပဲ ဗမာ ပြည်ကြီးဆင်းရဲနေတယ်လို့ပြောကြတယ်မဟုတ်လား။အဲဒီစီမံကိန်းကိုတရုတ်ကဦးဆောင်လုပ်တာ၊ဟုတ်တယ်လေ။ကိုယ်မှမလုပ်တတ်ပဲ၊ လုပ်တတ်တဲ့သူကိုဆရာတင်ရမှာပေါ့။ဒီက ရွှေတောင်ကုမ္ပဏီနဲ့အိုင်ဂျီအီးကုမ္ပဏီတွေလည်းဝင်လုပ်မှာ။အဲသလို ပြည်တွင်းကုမ္ပဏီတွေ ဝင်လုပ်တော့ အစိုးရက ဘတ်ဂျက်မကုန်တော့ဘူးပေါ့။လွှတ်တော်မှာမျက်နှာငယ်လေးနဲ့ ဘတ်ဂျက်တောင်းစရာမလိုတော့ဘူးလေ။ ခင်ဗျားတို့အမြင်ကျယ်ကြစမ်းပါဗျာ။ထစ်ကနဲရှိ ကန့်ကွက်ဖို့ပဲ မစဉ်းစားကြပါနဲ့။ဒီလိုကြီးကျယ်တဲ့စီမံကိန်းကြီးဖြစ်မြောက်အောင် ဘယ်လောက်အပင်ပန်းခံလုပ်ရသလဲ။

နေဦးဗျ။သမဝါယမဝန်ကြီးအနေနဲ့တောင်ကိုးရီးယားကချေးငွေယူပြီး ဗမာဆင်းရဲသားတွေကို ပြန်ချေးမဲ့ကိစ္စကိုတော့ ကျနော်သဘော မတူဘူး။ဘယ့်နှယ်ဗျာ။ဒီလူလုပ်ခဲ့သမျှဘာတစ်ခုမှ ရေရေရာရာအောင်မြင်ခဲ့တာမှမရှိတာ။ ကျနော်ဆိုကြည့်လေ။ (၂၀၀၅)ခုနှစ် ခယကဥက္ကဋ္ဌဘဝတုန်းက ဆောနယ်ခူးချောင်းရွာကိုဖြတ်တော့ ကောက်စိုက်သမတွေဟာကွန်ပြူတာသရီးဒီပွားနည်းအတိုင်း တညီတည်း အတန်းလိုက်ကောက်စိုက်နေကြတာမြင်လို့ ညည်းတို့တော်တယ်ဆိုပြီး အကြော်ဝယ်စားဖို့ ဆုငွေတစ်သောင်းချခဲ့တာ၊သူတို့က အကြော် ဝယ်မစားပဲ စပါးကိုခွဲတိုးပေးထားသတဲ့။

 ဟော ။ခုဆိုစပါးတင်းခြောက် ဆယ်အသားတင်မြတ်နေပြီဗျာ။ခွဲတိုးဆိုတာ စပါးမပေါ်ခင် တစ်တင်း ယူထားရင် စပါးပေါ်ချိန်မှာ တစ်တင်းခွဲပြန်ပေးရတာပေါ့ဗျာ။ တရွာလုံးမှာလိုအပ်တဲ့အခါ ကျနော့်စပါးတွေယူစားကြတယ်။ သာရေးနာရေး တွေမှာသုံးစွဲ ကြတယ်။ကျနော်ဖြင့်ထင်တောင်မထားဘူး။ အခုလိုသိရတော့ပီတိဖြစ်ရတာပေါ့ဗျာ။ သာလင်းနဲ့မြင်သား ကူးတဲ့ကြိုးတံတား ဟာလည်း ကျနော့်တံတားပဲဗျ။
တော်ခရမ်းရွာသားတွေကတော့ (၂၀၁၅)မှာပီအာလာလာ၊ဘာလာလာ၊ကျနော့်ကိုပဲမဲပေးကြမှာတဲ့ဗျ။ကျနော့်လိပ်စာကဒ် နောက်ကျော ဖက်မှာ မောင့်ကြက်သရေခေါင်းဆောင်းထားတဲ့ပုံကိုအပြည့်ရိုက်ထည့်ထားတယ်။ဒါက လူသိအောင်ကြော်ငြာတဲ့ နည်းတစ်မျိုးပါ။ စည်းရုံးရေး ပေါ့။ပုဂ္ဂိုလ်ခင်တော့တရားမင်တာပေါ့ဗျ။

(လေး)
(၂၀၁၅)ဆိုလို့ ရွေးကောက်ပွဲကိုသတိရမိသေးတယ်ဗျ။ကျနော့်အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော်တို့ရဲ့ အမျိုးသား ဖခင်ကြီးဗိုလ်ချုပ်အောင် ဆန်းရဲ့သမီးဖြစ် တယ်။အန်အယ်ဒီ မှာလည်း ဒေါ်အောင်ဆန်းစုကြည်က လွဲပြီး ကျန်တဲ့ကောင်တွေ တစ် ကောင်မှသောက်သုံးမကျဘူးဆိုတာလည်းသိတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မယ်ဆိုရင်လည်း လက်ခံတယ်။ ဒီတော့ သူ့ကို သမ္မတဖြစ်အောင်ဘယ်လိုနည်းနဲ့ ဖြေလျှော့ပေးမလဲပေါ့နော်။

သူ့မှာ ခင်ပွန်းက လည်းသေသွားပြီ။ နိုင်ငံခြားက သူ့သားနှစ်ယောက် မြန်မာနိုင်ငံသား ခံယူလိုက်ရင်ပြီးရော၊ ချွေးမတွေ ဘာတွေဆိုရင်လည်း ကင်းလွတ်စေဆိုပြီး ဖြေလျှော့ ပေးလို့ရတယ်ပေါ့နော်။ ၅၉ (စ) က ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်ထားတာဆိုရင် ဒါစွပ်စွဲတာပဲ။
(၁၈) နှစ်ပြည့်ပြီးသား သားနှစ်ယောက်ကို မြန်မာနိုင်ငံသား ခံယူခိုင်းလိုက်ပါဗျာ။ ကျွန်တော် ဆိုလိုချင်တာက သားနှစ်ယောက်ကို ပြော လို့မရရင် သန်းခြောက်ဆယ်သော ပြည်သူတွေကို ဘယ်လိုပြောမလဲ။ ကျွန်နော်ပြောတာမဟုတ်ဘူးလား။

ကျနော်တို့တတ်နိုင်သမျှ ဖြေလျှော့ပေးမယ်။  ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အရည်အချင်းရှိတဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူ့ကို ပုဂ္ဂလိကအမြင်ကပ်တာမျိုး လုံးဝမရှိပါဘူးဗျာ။ဒါပေမဲ့ သမ္မတလုပ်မယ်ဆိုရင်စစ်ရေးအတွေ့အကြုံစစ်ရေးအမြင်တော့ရှိသင့်တယ်ဗျ။

အမြန်လမ်းဘေးကကွန်ကရိတုံးကြီးချထားတာ အလကား နိုင်ငံတော် ဘတ်ဂျက်ကုန်တယ်လို့ ဂျာနယ်တစ်စောင်မှာဖတ်ရတယ်။ အမြန် လမ်းဆိုတာ လေယာဉ်တွေအတက်အဆင်းလုပ်လို့ရတဲ့ ရမ်းဝေးတခုဘဲ ရန်ကုန်နဲ့ မန္တလေးကြားမှာ ကြိုက်တဲ့နေရာဆင်းလို့ ရသွားမယ် စီ၁၃၀ ဟာကြူလီ လေယာဉ်ဟာ အပေါ့စားသံချပ်ကာ ကားတွေတောင်တင်နိုင်ပါတယ်။ပြည်ပနဲ့ စစ်ဖြစ်ရင် ဒီဟိုက်ဝေးလမ်းမကြီးက အန္တရာယ်ကို ဖိတ်ခေါ်သလိုပါဘဲ ဒီတော့ ကြိုတင်လုပ်ထားတဲ့ ဒါကြီးတွေကို ကိုးလို့ကန့်လန့်ချထားလိုက်ရင်ပြီးတာပါဘဲ စစ်ဖြစ်ခါမှ မဆလာဖျော်နေမယ်ဆိုရင် စဉ်းစားကြည့်ပေါ့။ ဆောင်ပါးရှင်ဟာ စစ်ရေးအမြင် စစ်ရေးရှုဒေါင့်ကိုထည့်တွက်ဟန်မတူဘူး။ဒီတော့ သမ္မတ ဖြစ်လာမဲ့သူဟာ စစ်ရေးအမြင်တော့ ကျိမ်းသေပေါက်ရှိသင့်တယ်ဗျ။

နောက်တစ်ချက်က နိုင်ငံရေးသမားဆိုတာ ကိုယ့်ကိုတန်ပြန်ဆန္ဒပြတဲ့သူနဲ့သိပ်ကိုတွေ့သင့်တာပေါ့ဗျာ။အမေရိကန်သမ္မတဂျော့ဒဗလျူ ဘုရှ်ကို စာနယ်ဇင်းရှင်းလင်းပွဲတစ်ခုမှာ အမျိုးသမီးသတင်းထောက်တစ်ယောက်က ဖိနပ်နဲ့ပေါက်တာကို ဘုရှ်က အဲဒီဖိနပ်ဟာ နံပတ်ခုနစ်ဖြစ်ရမယ်ဆိုပြီး ဟာသလုပ်ပစ်တယ်။ဒေါ်စုကြည်က အဲသလိုသဘောမထားနိုင်ဘူး။သူက စိတ်တိုပြီးပြန်ရန်တွေ့နေတာ။ သူက ခွပ်ဒေါင်းမဟုတ်ဘူးဗျ။Angry Bird။

(ငါး)
ခင်ဗျားလည်းကြားမှာပါဗျာ။ခုတလော ဓမ္မစေတီခေါင်းလောင်းကြီးကိစ္စနဲ့ပတ်သက်လို့ပွဲဆူနေကြတာလေ။ကျနော်ကတော့ ရှေးဟောင်း သိုက်တို့၊ဂန္ဓရီဆိုတာတို့ကိုတယ်အယုံအကြည်မရှိဘူးဗျ။ကျနော်ဗိုလ်အဆင့်တုန်းက စခန်းပေါ်ကိုရွာသားတချို့တက်လာပြီး ရိုးမတောင် ကြီးပေါ်မှာ ဂျပန်ခေတ်က မြှုပ်ထားခဲ့တဲ့ ရတနာသေတ္တာကြီးတစ်လုံး၊တောင်ပြိုမိုးရွာရာကနေတစ်ခြမ်းပေါ်နေတယ်ဆိုပြီး ဂျီသရီးနှစ် လက်ငှားတယ်ဗျာ။အမှန်တော့ ဒီရွာသားတွေဟာ ကျားတွေဆင်တွေပစ်ပြီးမှောင်ခိုဈေးကွက်မှာရောင်း နေကြတဲ့သူတွေဗျ။ ကျနော်တို့ ဆီက အားပြင်းသေနတ် တွေကိုလိုချင်လို့မလိမ့်တပတ်လာလုပ်ကြတာ။အခုလည်း ဓမ္မစေတီခေါင်းလောင်းနဲ့ပတ်သက်တဲ့ ဂမ္ဘီရဆန်ဆန် ဇာတ်လမ်းတွေကို မယုံရေးချမယုံပဲဗျ။အထူးသဖြင့် ကျနော့်မိတ်ဆွေကြီး ဦးခင်ရွှေဟာ ဓမ္မစေတီမင်းပြန်ပြီးဝင်စားတယ်ဆိုတာ မယုံဆုံး ပဲဗျာ။

ဟိုတလောလေးမှာ၊ဆဲဗင်းဒေးက အေးသူစံတို့ အောင်သူရတို့၊ကျနော့်ကိုလာညှော်နေတယ်ဗျာ။ ဒုဝန်ကြီးရာထူး လစ်လပ်နေသတဲ့၊ သတင်းတွေလဲထွက်နေသတဲ့။ သတင်းတွေထွက်တယ် ထွက်တယ်လို့သာ သူတို့ကဆိုကြတယ်၊ အမှန်တော့ အဲဒီသတင်းတွေက သူတို့ဆီကနေဘဲ ထွက်နေတာဖြစ်နေတယ်။ရာထူးဆိုတာရူးတာပါဗျာ။ပြည်သူ့အကျိုးဆောင်ဖို့ဆိုရင် ကြီးကြီးမားမား ရာထူးရှိနေ စရာမလိုပါဘူး။

 ဒုဝန်ကြီးမပြောနဲ့ ဝန်ကြီးတို့ ဒုသမ္မတ တို့လဲ sorry ပါ။ ဘာလို့လဲဆိုတော့ ဒုဝန်ကြီးဆိုရင် ဝန်ကြီးမျက်နှာ ကြည့်နေရမှာ။ ဝန်ကြီး ဆိုလဲသမ္မတမျက်နှာကြည့်နေရမယ်။ အမတ်ဆိုတာက ပြည်သူ့ မျက်နှာ ကြည့်ရုံဘဲလေ။ အစိုးရမဟုတ်ရင် မဟုတ်ကြောင်း၊ တပ်မတော် မဟုတ်လဲမဟုတ်ကြောင်း၊ ပါတီမဟုတ်လဲမဟုတ်ကြောင်း၊ ပြည်သူ့ဘက်ကရပ်တည်ပြီးပြောရမယ်လေ။ မဲဆန္ဒရှင်တွေရှိတဲ့နေရာ လွတ်လပ်စွာသွားယုံဘဲ။ ကိန်းခန်းကြီးစရာမလိုပါဘူး။

ကျနော် ဒုဗိုလ်ဘဝမှာ အရပ်ဝတ်နဲ့ တစ်ယောက်တည်း ရွာထဲကစာအုပ် ဆိုင်မှာစာအုပ်ငှားမလို့စာမြည်းနေတုံး တခြားတပ်ခွဲက အဆင့်တူ ဒုဗိုလ်တစ်ယောက်ဟာ၊ ရှေ့ကရဲဘော်တစ်ယောက် နောက်ကရဲဘော် တစ်ယောက် လက်နက်အပြည့်အစုံနဲ့ ရွာထဲဆင်းလာတာတွေ့တယ်။ ကြောက်တာလားကိန်း ခန်းကြီးတာလား တော့မသိဘူး။ ကျနော် တိုင်းရင်းသားဘာသာစကားတွေ ကျွမ်းကျွမ်းကျင်ကျင် တတ်နေတဲ့အခါ သူကဘာမှ နားမလည်ရှာသေးဘူး။ ဒါပေမဲ့သူ့မှာ ရှိတဲ့ အရည်အချင်းက အထက်အရာရှိအားလုံးကို မျက်နှာယူ၊ မျက်နှာလုပ် ပေါင်းတတ်တာဘဲ။ ဒါနဲ့ ရာထူးအဆင့်ဆင့်တက်သွားတာပေါ့ဗျာ။ ကျနော်ကတော့ မရယ်ချင်ဘဲရယ်ပြရတာလောက် မျက်နှာညောင်းတာမရှိဘူးလို့ထင်တာ ပါဘဲဗျာ။

(ခြောက်)
ကျနော့်စကားကို အဆုံးသတ်ရရင်ဒီခေတ်က နည်းပညာခေတ်ဗျ။ ဘာမဆိုသူက ရှေ့တန်းရောက်နေတယ်။ ကျွန်တော်တို့ထက် ကြီးသူ ငယ်သူ ရွယ်တူ အတော်များများ နည်းပညာကိုကျွမ်းကျွမ်းကျင်ကျင် သုံးတတ်နေကြပါတယ်ဗျ။ ကျွန်တော်ကတော့ အခု သင်ယူဆဲပါ။ ဒီဖူးခက်လေဆိပ်ကြီးသိပ်ကောင်းတယ်ဗျာ။ပြေးလမ်းတွေကော အဆောက်အဦးတွေပါ ဘာမှပြောစရာမရှိအောင်ပြည့်စုံတာကလား။ ကျနော်တို့နိုင်ငံမှာလည်း ဒီလိုလေဆိပ်မျိုးတွေဆောက်နိုင်အောင်ကြိုးစားရမယ်ဗျ။စကားကောင်းနေလိုက်တာ လေယာဉ်ချိန်နီးပြီဗျာ။

 လေဆိပ်ပေါ်တက်ဖို့ အတွင်းခန်းမထဲကိုဝင်တော့မှ။ ကဲ၊စာရေးဆရာရေ။ နှုတ်ဆက်တယ်ဗျာ။မကြာခင်တိုးတက်ဖွံ့ဖြိုးလာတော့မဲ့ ဒီမိုကရေစီနိုင်ငံတော်ခေတ်သစ်၊ နေပြည်တော်မှာဆုံကြအုံးစို့ရဲ့။ကျနော့်ဖက်ကလည်း ဧည့်ဝတ်ကျေချင်ပါသေးတယ်။သွားပြီဗျာ။

မှတ်ချက်။ ။
ကျနော့်မိတ်ဆွေကြီးညွန်းဆိုသွားခဲ့သောလက်ရှိဖူးခက်လေဆိပ်၏၊လေယာဉ်ပြေးလမ်းများ၊အဆောက်အဦများမှာ များပြားလာသော လေယာဉ်စီးရေနှင့်နောက်ဆုံးပေါ်ခေတ်မီနည်းပညာများပြည့်စုံကိုက်ညီခြင်းမရှိတော့သဖြင့် (၂၀၁၄)ခုနှစ်တွင် အပြီးတိုင်ဖျက်သိမ်း မည်ဖြစ်ပါသည်။ယင်းလေဆိပ်ဟောင်းနှင့်ကပ်လျက်တွင် ဖူးခက်အပြည်ပြည်ဆိုင်ရာ၊အဆင့်မြင့်လေဆိပ်သစ်ကြီးကို တည်ဆောက်ပြီးစီး နေပြီဖြစ်၍ လာမည့်(၂၀၁၅)ခုနှစ်တွင် ပြောင်းရွေ့မည်ဖြစ်ပါသည်။
↧

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0

၂၇။၀၈။၂၀၁၄နေ့ထုတ်။ဆဲဗင်းဒေးအပတ်စဉ်ဂျာနယ်မှ။ မင်းဒင်ရဲ့သက်ခိုင်(၂)

အခန်း(၄၉)

“ဒဏ္ဍာရီဆန်သော်ငြား ပုံပြင်တော့ဖြင့်မဟုတ်ပါလေ”

ပထမဆုံး ရေချိုးမဲ့တစ်သုတ်ခွဲလိုက်ပြီး သူတို့အားလုံးရဲ့ အ၀တ်တွေအားလုံးကိုချွတ်ပြီး အငွေ့တထောင်းထောင်းထနေတဲ့ ရေတွေထဲကို ပစ်ထည့်လိုက်ကြပြီး ၀ါးလုံရှည်နဲ့ ထိုးနှစ်လိုက်ပါတယ်။ အားလုံးရဲ့ မျက်လုံးတွေကလည်း စိတ်ဝင်စားစွာနဲ့ ဒယ်အိုး ရေမျက်နှာပြင်ကို စိုက်ကြည့်နေလိုက်ပါတယ်ဗျာ။တစ်ထည်ပစ်လိုက်တာနဲ့ ရေပြင်ပေါ်ကို တက်လာလိုက်တဲ့ သန်းဂျီးမဖွေးဖွေးကြီးဗျာ။ဖွေးကနဲ ဖွေးကနဲ ရေပြင်ပေါ် တက်လာလိုက်တာ။နောက်ဆုံး ညစ်မဲနေတဲ့ ဒယ်အိုး ရေမျက်နှာပြင်တစ်ခုလုံးမှာ ပေါလောမျောနေတဲ့ သန်းဂျီးမတွေနဲ့ အပြည့်ဖုံးသွားလိုက်တာ ရေမဲညစ်ညစ်တွေတောင် ပျောက်သွားတဲ့ အထိပါပဲ။

ကျွန်တော်တို့ အကုသိုလ်ကလည်း မသေးလှဘူး ခင်ဗျ။ဒီလောက် ဘယ်နေ့ထုတ်ရိုက်လို့ သေမလဲဆိုတာကို တထိတ်ထိတ် ဖြစ်နေရတဲ့ အထဲ ဒီသန်းဂျီးမတွေက အကုန်ကြွသွားတာကို အားရပါးရ အရသာခံပြီး ကြည့်နေကြသေးတယ်ခင်ဗျ။ပြောရရင်တော့ သူတို့ပေးထား တဲ့ ဒုက္ခကလည်း မသေးဘဲကိုးဗျ။အဲဒီနေ့ ညမှာတော့ ကျွန်တော်တို့အားလုံးဟာ သန်းဂျီးမတွေရဲ့ဘေးရန်က လွတ်မြောက်ပြီး အေးအေးချမ်းချမ်း အိပ်စက်ရပါတော့တယ်။

ဒါပေမယ့် သိပ်တော့ မကြာပါဘူး ဒင်းတို့ အတိုးချ နှိပ်စက်တဲ့ဒဏ်ကို ပြန်ခံရပြန်ပါတယ်။ အကြောင်းကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ကို ရေချခွင့်ရတဲ့နေ့က နှိပ်စက်ထားလို့ မထနိုင်တဲ့လူတွေ လောလောလတ်လတ် လက်ခြေပြတ်ထားတဲ့ဒဏ်နဲ့ ရေလုံးဝ ထိလိုမရတဲ့ ရဲဘော် တချို့က ထောင်တွင်းဆောင်မှာ ကျန်ခဲ့တာမို့ သူတို့အ၀တ်အစားတွေမှာနဲ့ ကျွန်တော်တို့အိပ်တဲ့ နေရာခင်းတို့ စောင်တို့မှာ အသက် ဆက်ရှင်သန်နေတဲ့ သန်းဂျီးမတို့ဟာ သန်းဂျီးမမျိုးနွယ် မတိမ်ကောရေးအတွက် သံဝါသအမှုကို အရင်ကထက်နှစ်ဆ အတိုးချပြီး လုပ် အားပြကြပုံရပါတယ်။မကြာခင်မှာပဲ မျိုးဆက်တွေ ပြန့်ပွါးပြီး ကုတ်ပါရစေ ဘ၀။ လူးပါ၊လွန့်ပါရစေ ဘ၀ကို ပြန်ကျရောက်ရပြန်ပါတယ်။

ဒီလိုနဲ့ သန်းဂျီးမစစ်ဆင်ရေးတစ်ခုကို ဆင်နွဲဘို့ အခွင့်လျောက်ရပြန်ပါတယ်။ဒီလိုနဲ့ န၀တခေတ်ဦး မြို့ပြစီမံကိန်းတွေမှာ စစ်တပ်နဲ့ ပေါင်းပြီး သန်းကြွယ်သူဌေးတွေဖြစ်ဘို့ အလုအယက် စီးပွါးရှာနေကြတဲ့ ခေတ်ကြီးထဲမှာ ကျွန်တော်အပါအ၀င် ကံထူးသူ ငမိုက်သား တစ်သိုက်ကတော့ သန်းကြွယ်သူဌေးတွေဘ၀ကနေလွတ်ဘို့ အသည်းအသဲအသန် ကြိုးစားနေခဲ့ကြရသဗျ။

မှတ်မှတ်ရရ သန်းဂျီးမတွေနဲ့ အပြန်အလှန် ခင်းခဲ့တဲ့စစ်ပွဲကို ကျွန်တော်တို့ဘက်ကနေ တစ်ဖက်သတ် ရပ်စဲလိုက်တဲ့ အချိန်ကတော့ စောစောကပြောသလို ကျွန်တော်တို့နဲ့ဘ၀တူ ရဲဘော်တချို့ကွက်မျက်ခံခဲ့ရပြီးနောက်ပိုင်းမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ဇက်ပေါ်ကို တကယ်ဓါးဝဲခဲ့တဲ့ အတွေ့အကြုံအရ တိရိစ္ဆာန်ပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် ကိုယ့်အသက်သေမှာတော့ ကြောက်ရှာ မှာပဲလို့ ကိုယ်ချင်းစာမိလာတာလည်းပါသလို၊နေ့စဉ်အလုပ်ခွင် ထင်းထမ်း၊ထင်းဖြတ်၊ကျောက်ထု၊ကျောက်သယ် လုပ်ကြရတိုင်း ရဲဘော် တွေ ကွက်မျက်ခံခဲ့ရတဲ့ အာသံကုန်း(နောင်အခါ ကိုထွန်းအောင်ကျော်ကုန်း)ဘေးက နေ့စဉ်ဖြတ်သွားလာရင်း စဉ်းစားမိတဲ့ အချက်တစ်ခု  ရှိပါတယ်။

ဗုဒ္ဓ ကျမ်းဂန်တစ်ခုမှာ ရဟန်းကြီးတစ်ပါးဟာ ပျံလွန်တော်မူချိန်မှာ မိမိရဲ့သင်္ကန်းကို စွဲလန်းမိခဲ့လို့ သင်္ကန်းမှာကပ်ညိပြီး သန်းဂျီမ ဖြစ်ရရှာတဲ့ ဇာတကရှိပါတယ်။ကျွန်တော်တို့ ရဲဘော်တွေထဲက တချို့ဟာ ကျွန်တော်တို့ကိုများ နောက်ဆုံးအချိန်မှာ စိတ်မှာစွဲသွားခဲ့သော် ဆိုတဲ့ အတွေးတစ်ခုရလာပြီးတဲ့နောက် ဒီလိုအတွေးကို အချင်းချင်းဝေငှပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ရဲ့ မိုးဗြဲဒယ်စစ်ဆင်ရေးကို တစ်ဖက်သတ်ရပ်ဆိုင်းပြီး သန်းကြွယ်သူဌေးတွေဘ၀မှာပဲ လူးရင်း၊လွန့်ရင်း ကြိတ်ခံကြတာ နွေ .. တနွေကုန်လို့၊မိုးကူးပြီး မိုးသည်း ညတစ်ညမှာ ပါဂျောင်စခန်းက စွန့်ခွါထွက်ပြေးခဲ့တဲ့တိုင်အောင်ပါပဲ။

နောက်ဆုံး အလင်းဝင်ဘ၀နဲ့ ကြက်ခြေနီအဖွဲ့ကပေးတဲ့ အ၀တ်အစားသစ်တွေကို ပြောင်းလဲခွင့်ရချိန်မှာ သန်းဂျီးမတွေနဲ့ ကတ္တီပါလမ်းခွဲ ပေါ့ခင်ဗျာ။အမှန်တော့ ကိုခင်ဝမ်းရဲ့ နုတ်ဆက်ခဲ့ပါတယ်ဆိုတဲ့ သီချင်းလေးနဲ့ နုတ်ဆက်ချင်ပေမဲ့ သန်းဂျီးမဆိုတော့လည်း အနုပညာ တွေ ဘာတွေ နားလည်ခံစားနိုင်မှာမဟုတ်တော့ မဆိုပြဖြစ်ခဲ့တော့ပါဘူး။
တကယ်တွက်ကြည့်တော့ ဒီအိမ်မက်ဆိုးကြီးမက်ခဲ့တဲ့ သန်းကြွယ်သူဌေးဘ၀ဟာ ခုဆိုရင် နှစ်ပေါင်းနှစ်ဆယ်တင်းတင်း  ပြည့်မည်ခဲ့ပါပြီ။ လာမယ့် ၂၀၁၂ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ နိုင်ငံတော်လှန်ရေးတစ်ခုအတွက် မွန်မြတ်တဲ့စိတ်နဲ့ စွန့်လွှတ်၊စွန့်စားမယ်ဆိုပြီး ထွက်လာခဲ့တဲ့ အထက်ဗမာပြည်က ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်အပါအ၀င် ရဲဘော်တွေ ကွက်မြက်ခံခဲ့ရတာ နှစ်ပေါင်းနှစ်ဆယ်တင်းပြည့်ခဲ့ပါပြီ။

နိဒါန်းမှာ ဖေါ်ပြခဲ့သလို ဆရာမခက်မာရဲ့ သန်းတွေအကြောင်း ဖတ်ရတဲ့အခါ နှစ်ကာလများစွာက ကိုယ်ပေါ်မှာ ညပေါင်းများ စွာ  သန်းဂျီးမတွေ တွားသွားခဲ့တဲ့နေရာတွေက ယားလာပါတယ်။အခုတစ်ခါ ယားလာတာကတော့ သန်းဂျီးမတွေကြောင့် မဟုတ်ပါဘူး။

နိုင်ငံအတွက် စွန့်လွှတ်ရင်း အသက်ပေးခဲ့ရတဲ့ ကိုထွန်းအောင်ကျော်အပါအ၀င် ကျောင်းသားခေါင်းဆောင် ရဲဘော်ပေါင်း ၃၀ ကျော်ရဲ့ အဖြစ်အပျက်ထဲမှာ ကိုယ်တိုင်လည်း သားကောင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါလျက်နဲ့ နှောင်းလူတို့သိဘို့ တစိုးတစိမှ မတို့မထိခဲ့ပဲ၊ရေငုံနေခဲ့ တဲ့ မိမိကိုယ်မိမိ  ကြည့်မိတဲ့အခါ အပြစ်မကင်းသလို ခံစားရတဲ့စိတ်က တရွရွ ကိုယ်ပေါ်ပြေးလွားနေတာမို့ တစ်ခါက တရွရွ ပြေးလွှားခဲ့ ဘူးတဲ့ သန်းဂျီးမတွေအကြောင်းကို ခုလိုချရေးမိတာ ဖြစ်ပါကြောင်း ၀န်ခံချက်ပေးပါတယ်။

တကယ်တော့လည်း အစမထင် သံသရာအစဉ်က ကျွန်တော်တို့ခန္ဓာမှာ ကပ်ညှိလိုက်ပါ တွားသွားနေတဲ့ သာမာန်မျက်စိနဲ့ မမြင်သာတဲ့ သန်းဂျီးမတွေက အချိန်တိုင်းမှာ လိုက်ပါပြေးလွား ကိုက်ဖဲ့၊သွေးစုတ်နေခဲ့တာက …
ဘ၀များစွာ၊
နှစ်များစွာ၊
လများစွာ၊
ရက်များစွာ၊
နာရီများစွာ ။
မိနစ်များစွာ၊ စက္ကန့်များစွာ မဟုတ်ပါလားခင်ဗျာ။
(ပါဂျောင်ဒေသတွင် ကျဆုံးခဲ့ရသော ကိုထွန်းအောင်ကျော်နှင့် ရဲဘော်များသို့ ဦးညွတ်လျက်)
ပန်းချီထိန်လင်း
……………………..
ကျနော် လူကက်ဆက်
(ပန်းချီထိန်လင်း)
တစ်လောက သန်းဂျီးမတွေအကြောင်း ရေးလိုက်တော့ တချို့လည်း သဘောတွေ့ကြ၊ တချို့ကလည်း ပူပန်ကြ အသံမျိုးစုံ ကြားခဲ့ရပါ တယ်။ဒီတစ်ခါတော့ တစ်မျိုးပြောင်းပြီး “ပိုး” တွေအကြောင်းရေးမယ် စိတ်ကူးမိပါတယ်။ပိုးက ရိုးရိုးပိုးမျိုးမဟုတ်ပါဘူး ဂီတပိုး၊ အနုပညာ ပိုးများ အကြောင်းပါ။ သန်းဂျီးမတွေကို ရေနွေးတွေ ကြိုထားတဲ့ ဒယ်အိုးထဲထည့်လိုက်တော့ အားလုံးကြွကုန်ပေမယ့် ဒီအနုပညာပိုးက ရေနွေးအိုးထဲ ထည့်လည်းမသေ၊လျှပ်စစ်နဲ့တို့လို့လည်း မသေ၊အင်မတန် ချိုးရ၊နှိမ်ရ ခက်တတ်ပါတယ်။

၁၉၉၈ ကနေ ၂၀၀၄ နှစ်ကုန်ပိုင်း ထိ အင်းစိန်ထောင်၊မန်းထောင်နဲ့မြောင်းမြထောင် သုံးထောင်ကို ဂန္ဓာရီလှည့်လည် စံမြန်းစဉ်ကာလ ခြောက်နှစ်ခွဲအတွင်း ထောင်အာဏာ ပိုင်နဲ့ အရှင်းရဆုံးအမှုဟာ ထောင်တွင်း သီချင်းအော်ဆိုမှု အများဆုံးပါ။တစ်ခါကဆို သီချင်းအသစ်တစ်ပုဒ်ကို စိတ်နဲ့ရေးပြီးစ သီချင်း တစ်ပုဒ်ကို ထ အသံစမ်းဆိုကြည့်တော့ ထောင်ဝန်ထမ်းတွေ နံပတ်တုတ်တွေ တိုက်ထဲကို အလန့်တကြား ပြေးဝင်လာကြပါတယ်။ နောက်တော့ ကျနော်သီချင်းဆိုတာ ဆိုလည်းသိရော ဆဲလိုက်ဆိုလိုက်တာ မိုးမွှန်နေသွားတော့တာပါပဲဗျာ။

သူတို့အဆိုအရ ကျနော့် သီချင်းဆိုသံဟာ ခွေးဟောင်သံထက်ကို ဆိုးတယ်လို့ ဆိုပါတယ်။အဲဒီလောက်ထိ ပါရမီ ထူးခြားပါတယ်။အဲဒီကြားထဲက ကိုထိန်လင်းက စိတ်ကူးလွဲနေတာ ပန်းချီဆွဲရမှာ မဟုတ်ဘူးဗျ၊ သီချင်းဆိုရမှာလို့ တစ်ခါတစ်လေ ကာရာအိုကေမှာ တစ်စုံတစ်ယောက် ပြောလာရင် တော့ ကျနော်လက်ထဲက မိုက်ကရိုဖုန်းဟာ ဆွဲလုမယူခဲ့ရင် တခြားလူရဖို့ မမြင်တော့ပါဘူး။အဲလောက်ရူးပါတယ်။ရူးတဲ့အထဲမှာတော့ ကာလတစ်ခုမှာ လူကက်ဆက် ဖြစ်သွားတဲ့အထိပါ။အဲဒီကာလက စီဒီတွေမပေါ်သေးတဲ့ ကက်ဆက်ခေတ် ဖြစ်တာမို့ လူကက်ဆက် ဖြစ်သွားရတာပါ။ခုလို စီဒီခေတ်၊အိုင်ပေါ့ခေတ်ဆိုရင်တော့ လူစီဒီ၊လူအိုင်ပေါ့တို့ ဘာတို့ ဖြစ်သွားနိုင်ပါတယ်။လူကက်ဆက်က ဘယ်တုန်းက ဖြစ်ခဲ့ဘူးပြန်တာတုန်းဟုမေးသော် ၁၉၉၁ စက်တင်ဘာနောက်ပိုင်းကနေ ၁၉၉၂ မိုးလယ်ပိုင်းအတွင်း ကချင်ပြည်နယ် ပါဂျောင်ဒေသ ABSDF (NB)တပ်ဖွဲ့၏ အကျဉ်းသားဘ၀ကဟု တိတိကျကျပြောမှ ဖြစ်ပါလိမ့်မယ်။

အဲဒီလိုပြောရတဲ့  အကြောင်းကတော့
 တောင်ပိုင်း ထိုင်းနယ်စပ်မှာ ABSDFတပ်ဖွဲ့ဟာ တော်လှန်ရေးတပ်ဖွဲ့တစ်ခုအဖြစ် ဆက်လက်ရပ်တည်နေပြန်ပါတယ်။အဲဒါကြောင့် မဆီ မဆိုင် အလကားနေရင်း မတ်တပ် တချို့က ဒီတပ်ဖွဲ့က ရဲဘော်တွေကို ဒီပြဿနာတွေနဲ့ဆက်စပ် ပတ်သက်နေသယောင် ထင်ယောင် ထင်မှား မဖြစ်ရဖို့ တိတိကျကျ ကြိုပြောထားရခြင်း ဖြစ်ပါသဗျ။ ပြဿနာက တောင်ပိုင်းတပ်ဖွဲ့ ဦးဆောင်သူတွေထဲမှာက ကိုမျိုးဝင်း နာမည်တူက ရှိနေတော့ အလကားနေရင်း ကိုမျိုးဝင်း အိပ်ရာအောက် ရေ၀ပ်တဲ့ကိန်း ၀င်နိုင်တာ မြင်ယောင်မိလို့ပါ။

ကျနော့်အနေနဲ့ ဒီအကြောင်းအရာကို ရေးသားဖို့ လက်တွန့်တဲ့အထဲမှာ အဓိက အချက်တစ်ခုကတော့ နှစ်ပေါင်း ၂၀ ကျော်လာတဲ့ ကျောင်းသား တော်လှန်ရေးသမိုင်း အလံတော်ကို မည်သို့ပင်ဖြစ်စေ ချစ်နေဦးမည်ဆိုတဲ့ စာသားလို ဒုက္ခအပေါင်း ခါးစည်းခံပြီး စွဲစွဲမြဲမြဲ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနေသေးတယ်ဆိုတာကိုလည်း သိနေတဲ့အခါ အတော်လက်တွံ့မိတယ်ဆိုတာ ရိုးသားစွာ ၀န်ခံပါတယ်။ ပြည်ပကို ထွက်ခွင့် စပြီးရတော့ ချင်းမိုင်ကို ပန်းချီပြပွဲကိစ္စနဲ့ လာတဲ့အချိန်မှာ လက်ရှိအေဘီခေါင်းဆောင်(ကို)သံခဲက သမီးလေးနဲ့အတူ ဆိုင်ကယ် လေးနဲ့ လေယာဉ်ကွင်းလာကြိုသဗျ။ကျနော်တို့ တောစခိုကာစက အိန္ဒိယ၊လေခွန်းစခန်းမှာ ကျနော့်အနွံအတာ အများကြီးသည်းခံနား လည်မှုပေးခဲ့တဲ့ သူငယ်ချင်းဖြစ်လို့ပါ။

ပန်းချီပြပွဲဖွင့်ပွဲအပြီး နောက်တစ်ရက်မှာတော့ သံခဲက မင်းကို ဒီနေ့စပါယ်ရှယ် ဒင်နာကျွေးမယ်ဆို
ပြီး လာခေါ်ပါတယ်။သိတဲ့အတိုင်း လက်ရှိ အေဘီဥက္ကဋ္ဌတစ်ဦးက တည်ခင်းမယ့် ညစာဆိုတော့ တော်တော်လေး စိတ်ဝင်စားပြီး သူ့ဆိုင် ကယ်လေးနောက်ကနေ လိုက်သွားပါတယ်။လမ်းမှာ စမူဆာတို့၊ နံပြားတို့၊ ဒန်ပေါက်တို့ရတဲ့ ကုလားဆိုင်တစ်ဆိုင်ကိုဝင်ပြီး ပဲဟင်းနဲ့ ကြက်သားဟင်း ၂ ထုပ် ၀င်ဝယ်သဗျ။ပြီးတဲ့အခါကျတော့ သူတို့မိသားစု ငှားထားတဲ့ အခန်းလေးကို သွားကြပါတယ်။သူတို့မိသားစု သုံးယောက်နေတဲ့ အခန်းလေးထဲရောက်တော့ မဒမ်သံခဲက ကျနော့်အတွက် အထူးစီမံထားတဲ့ ဟင်းတစ်ခွက်နဲ့ စောင့်နေပါတယ်။ တခြားဟုတ်ပါရိုးလားဗျာ။ကျနော်တို့ အိန္ဒိယမှာနေခဲ့စဉ်က ရွှေလှံဗိုလ်လို့ နာမည်ကြီးတဲ့ ကုလားအော်ငြုပ်သီးကို ငပိနဲ့ထောင်းထားသဗျ။ ပြောစရာတစ်ခုရှိတာကတော့ မဒမ်သံခဲ (ကျနော်တို့အခေါ် ဒေါ်လှိုင် ခေါ် မခင်ဆွေလှိုင်)ဟာ ကျနော်တို့ မြောက်ပိုင်းပြဿနာတွေ ဖြစ်နေချိန်မှာ ပါဂျောင်မှာ တထိတ်ထိတ် တလန့်လန့်နဲ့ ဖြစ်ပျက်သွားတဲ့ အနိဋ္ဌာရုံအားလုံးကို မြင်တွေ့ခဲ့ရတဲ့ မျက်မြင်တစ်ဦးလည်း ဖြစ်ပါ သဗျ။

ဒီလိုနဲ့သုံးဦးသား ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း မျက်ရည်ဖြိုင်ဖြိုင်ကျရပါတယ်။ (ရွှေလှံဗိုလ်ငြုပ်သီးကြောင့်ပါ၊ ဒီငြုပ်သီးက စားတဲ့သူတိုင်း မျက်ရည်ကျအောင် စပ်ပါတယ်။) ထမင်းစားပြီးတော့ စကားပြောကြရင်း ကိုထွန်းအောင်ကျော်တို့တွေ ထောက်လှမ်းရေး အဖြစ် စွပ်စွဲခံခဲ့ရပြီး ကျဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး လက်ရှိတောင်ပိုင်း ABSDF (NB)က တော်လှန်ရေးသမား ကျောင်းသား ရဲဘော်တွေ သာ ဖြစ်တဲ့အကြောင်း ကြေညာချက်ထုတ်ပေးဖို့ သင့်၊မသင့်ကိစ္စ စကားပြောမိကြပါတယ်။ဒီတော့ သူက ခပ်ရှင်းရှင်းပဲ ဒီလို ပြောပါတယ်။သူငယ်ချင်း မင်းစဉ်းစားကြည့် ဒီကိစ္စဖြစ်နေချိန် ငါက အနောက်ပိုင်း (အိန္ဒိယ)ဘက်မှာပဲ ရှိသေးတာ၊မျက်စိနဲ့တပ်အပ် မြင်ခဲ့ တာလည်း မဟုတ်ဘူး။ပြီးတော့ ဒီကိစ္စမှာ တိုက်ရိုက်ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ သက်ရှိထင်ရှားရှိနေပါရက်နဲ့ ဘာသဘောထားမှ မပေးဘဲ ရေငုံနေကြတာကို ငါက သဘောထားထုတ်ပေးဖို့ ဘာမှမလိုဘူးထင်တယ်လို့ ပြောပါတယ်။သူပြောတာ  အမှန်ပါပဲ။

အမှန်ကတော့ ကျနော်တို့မသေဘဲ ကျန်နေသူတွေ လုပ်ရမယ့်အလုပ်ပါ။ကျနော်တို့တွေရဲ့ အားနည်းချက်။ကျနော်တို့တွေရဲ့ တာဝန် ပျက်ကွက်မှုသက်သက် ဖြစ်ပါတယ်။ပြီးတော့ ဆက်ပြောတာက ငါတို့က အခုလက်ရှိ ရှိနေတဲ့ အခြေအနေကို ထိမ်းထားနိုင်ဖို့ကို မနည်း ရုန်းကန်နေရတာ။အပြင်ရောက်နေတဲ့ ကိုယ့်မြန်မာတွေကူညီနေလို့ ဒီလောက်ထိ ရပ်တည်နေနိုင်တာ။ဒါလည်း အမှန်ပါ။လောလော ဆယ် ကျနော်တို့သုံးယောက် ထမင်းစားနေရတာကိုက သူတို့မိသားစုအိပ်ခန်းထဲမှာ စားနေရတာပါ။အိပ်ခန်းနဲ့မီးဖိုချောင်နဲ့ ထမင်းစား ခန်းကို ပေါင်းထားတဲ့ သရီးအင်န်ဝမ်း အခန်းလေးကိုကြည့်ပြီး လက်ရှိ အေဘီအတွက် စခန်းပြင်ထွက်ပြီး လှုပ်ရှားနေတဲ့ ခေါင်းဆောင် တစ်ဦးတောင် ခုလို ကျပ်ကျပ်တည်းတည်း ချို့ချို့တဲ့တဲ့နေရရင် အထဲမှာရုန်းနေရတဲ့ ရဲဘော်တွေခမျာ ဘယ်လောက် ခက်ခဲကြမလဲဆို တာကို ခန့်မှန်းမိပြီး စာနာမိပါတယ်။ဒီလို အကျပ်တည်းကြား ခရီးဆက်နေတဲ့ သူတို့စိတ်ဓာတ်ကိုလည်း လေးစားမိသွားပါတယ်။

ဒါကြောင့် အခု ရေးသားမယ့် လူကက်ဆက် အဖြစ်အပျက်များမှာ လက်ရှိ ABSDF တပ်ဖွဲ့မှာ တာဝန်မရှိပါကြောင်း ကြိုတင်ပြောထားရပါ တယ်။ ရိုးရိုးသားသားပြောရရင် ခုလို ကြိုတင် ရှင်းလင်းထားရတာကလည်း သတင်းတွေထဲမှာ အမြဲပါ ပါလာတတ်တဲ့ ရဲဘော်သံခဲဆိုတဲ့ ဒီပုဂ္ဂိုလ်ကို နည်းနည်းလန့်တာလည်း ပါပါတယ်။မလန့်လို့လည်း မရဘူးဗျ။ကျနော်ရဲ့ ငယ်ကျိုးငယ်နာအားလုံးကို ဒီငသိက သိထားတာ၊ မတော် အိန္ဒိယစခန်းမှာ နေခဲ့တုန်းက ကျနော်ကြောင်ခဲ့တဲ့ ကသည်းမတွေထဲက တစ်ယောက်ယောက်နာမည်ကို မှားရိုက်သလိုနဲ့ အွန်လိုင်းကနေ ကျနော့်မိန်းမမေးလ်ထဲ ရိုက်ထည့်လိုက်တာမျိုးပေါ့ဗျာ။ဆောရီး တစ်လုံးထဲနဲ့တင် ကျနော်စပွန်ဆာ ပျောက်သွားနိုင်တဲ့ အကွက်လေးတွေက ရှိနေတော့ ကြိုခင်းရကျင်းရ တင်ရမြောက်ရတာလေးတွေတော့ ရှိတာပေါ့ဗျာ။ကျနော်တို့ လူပြက်တွေ ပြက်လုံး ပြက်တာတောင်မှ မပြက်ခင်မှာ ရပ်ရွာအခြေအနေကြည့်ပြီး ပဏာမအမှုနဲ့ ဂါရ၀ပြုပါသည်ဆိုတာလေးတွေက လုပ်ရသေးတာကိုး။ နို့မဟုတ်ရင် ပွဲခင်းထဲ ဖားခုန်ဝင်လာတာကနေ ကျားခုန်ဝင်လာတယ်ဖြစ်လို့ ပြေးပေါက်တွေ မှားခဲ့ရဖူးတဲ့ ကိုယ်တွေ့တွေက ရှိခဲ့တာကိုး။

 နောက်ပြဿနာတစ်ခုကတော့ ကိုထွန်းအောင်ကျော် နာမည်တူပြဿနာပါ။ခက်တာကနှစ် ယောက်စလုံးက အေဘီဥက္ကဋ္ဌတွေချည်း ဖြစ် နေတာပါ။ ခုလောလောဆယ် အမေရိကားမှာရှိနေတဲ့ ကိုထွန်းအောင်ကျော်က တောင်ပိုင်းက ဥက္ကဋ္ဌဟောင်းဖြစ်ပြီး ကျနော်တို့ရှေ့က (၁၉၇၄) မျိုးဆက်ကဖြစ်ပြီး ကျနော်တို့ထက်အရင် ထောင်ပုံစံထမင်းကို စားခဲ့သူပါ။ဒီလောက် နိဒါန်းပျိုးပြီးပြီဆိုရင်ဖြင့် ကျနော့်လူကက် ဆက်ဖက်ကို လှည့်လို့ရပြီ ထင်တယ်ဗျာ။ပြောမယ့်သာ ပြောရတာ အွန်လိုင်းမှာ စာရေးရတာလည်း မလွယ်ဘူးဗျ။ပြောသလို အင်မတန် ၀ဋ်ကြွေးမကင်းတဲ့လူတွေ လုပ်တဲ့အလုပ်ဗျ။ရေးတဲ့စာမူက စာရိုက်လို့မပြီးသေးခင် ကွန်မင့်က အောက်က အရင်တက်လာတဲ့ခေတ်ကြီး ကိုး။

ကျနော်တို့ ပါဂျောင်မှာဖြစ်ပွားခဲ့တဲ့ သန်းဂျီးမ အတွေ့အကြုံကို ဖတ်ပြီးကြတဲ့နောက်မှာ အမျိုးမျိုးတုန့်ပြန်လာတာ တွေ့ရပါတယ်။ကျနော့် ကိုလည်း ဒီပြဿနာကို ဘယ်သူတွေ ကျူးလွန်တယ်။ဘယ်သူတွေ ဘယ်ပုံ သေဆုံးခဲ့ရတယ်။ဘယ်သူတွေ အသက်မသေဘဲ ကျန်နေ တယ်  …စသည်ဖြင့်ပေါ့ဗျာ။ပြောရရင် ကျနော်နဲ့အတူ ထွက်ပြေးလာကြတဲ့ ရဲဘော် ၅၀ လုံး ပြည်တွင်းမှာ အသက်ရှိထင်ရှား ရှိနေကြသ လို  တိကျတဲ့ စာရင်းဇယားနဲ့ထုတ်ဖို့လည်း လုပ်နေတယ်ဆိုတာ ကြားရပါတယ်။
နောက် တကယ်ကြုံခဲ့ရတဲ့ ရဲဘော်တွေရဲ့ ပြောကြားချက်တွေကတစ်ဆင့် အချက်အလက်တွေကို ဖေ့ဘွတ်စာမျက်နှာပေါ် တက်လာတာ လည်း  တွေ့နေရတာမို့ အချက်အလက်တွေ သိချင်ရင်တော့ အဲဒီစာမျက်နှာတွေကိုပဲ ညွန်းဆိုရပါတယ်။

ကျနော်အဓိက ရေးချင်တာက အဲဒီကာလဆိုးကြီးမှာ ကျနော်တို့ ဘယ်လိုခံစားရသလဲ၊ဘယ်လို အသက်ရှင်အောင် မွေးခဲ့ကြသလဲ၊ဘယ်လိုအမှားတွေ ရှိခဲ့သလဲဆိုတဲ့ အချက်တွေကိုပါ။ဒီလိုဗျ ဒီပြဿနာတွေ မဖြစ်ခင်က ABSDF(NB)အဖွဲ့ရဲ့ ဥက္ကဋ္ဌက ကိုထွန်းအောင်ကျော်ပါ။ဥက္ကဋ္ဌအပါအ၀င် ဗဟို ကော်မတီဝင် အားလုံးလိုလိုကို ထောက်လှမ်းရေးတွေဆိုပြီး ဖမ်းဆီးခဲ့တဲ့အဖွဲ့မှာ ဥက္ကဋ္ဌလုပ်ခဲ့သူက ကိုအောင်နိုင်။အတွင်းရေးမှူးက ကိုမျိုးဝင်းပါ။စစ်ရေးတာဝန်ခံက ကိုသံချောင်းပါ။

ကျနော်တို့ကို ဖမ်းဆီးနှိပ်စက် စစ်ဆေးတဲ့ကိစ္စတွေကိုတော့ ကျောင်းသားတပ်ထောက် လှမ်းရေးတပ်ဖွဲ့က ဆောင်ရွက်ပြီး ကိုမျိုးဝင်းက ဦးစီးသဗျ။အဲဒီကာလမှာတော့ ထောက်လှမ်းရေးတပ်ဖွဲ့ဟာ ထင်တိုင်းကြဲခွင့် ရှိပါတယ်။ ကျနော်တို့ကိုလည်း အချိန်မရွေး ထောင်ကနေခေါ်ထုတ်ပြီး အချက်အလက် လိုချင်သည်ဖြစ်စေ၊မလိုချင်သည်ဖြစ်စေ ခေါ်ယူပြီး ကြိုက် တဲ့နည်းနဲ့ စစ်ဆေးလို့ရပါတယ်။ညှဉ်းပန်းနည်းမျိုးစုံကိုလည်း တီထွင်ခွင့်ရှိပါတယ်။ဒီလို ပြောရတာကတော့ တစ်ကြိမ်မှာ ကျနော့်ကို ခေါ်ပြီး ပါးစပ်ထဲကို ၀ါယာကြိုး ၂ ပင် ပူးထည့်ပါတယ်။ပြီး ပါးစပ်ကို တိတ်နဲ့ပိတ်လိုက်ပါတယ်။ပြီးတော့ ၀ါယာစကို လက်နဲ့လှည့်ခေါ်ရတဲ့ တယ်လီဖုန်းနဲ့ဆက်ပြီး လျှပ်စစ်ဓာတ်ထွက်လာတဲ့အထိ လှည့်ပြီး ညှဉ်းဆဲပါတော့တယ်။အမှန်တော့ စမ်းသပ်တာပါ။

အဲဒီက ထွက်လာတဲ့ လျှပ်စစ်ဓာတ်ကြောင့် ကျနော့်ခေါင်းတစ်ဝိုက်မှာ လျှပ်စစ်စီးနေတာကို မျက်လုံးမှိတ်အော်နေတဲ့ အာရုံမှာ မြင်နေရတဲ့အထိပါပဲ။စစ်နေတဲ့ ချာတိတ်တွေက ကျနော့်ကိုကြည့်ပြီး တခွီးခွီး သဘောကျ ရယ်ပါတယ်။အကြောင်းကတော့ ကျနော့်မျက်နှာဟာ လျှပ်စစ်စီးဆင်းမှုကြောင့် တွန့်လိမ်ရှုံ့တွနေတဲ့ကြားက ကြွက်သားတွေ တဆတ်ဆတ်ဖြစ်သွားပုံဟာ တော်တ်ာရယ်စရာကောင်းနေပုံရပါတယ်။အဲဒါကိုပဲ ထပ်ခါ ထပ်ခါ လုပ်ပြီး တခွိခွိ ဖြစ်နေပါတယ်။နောက်တော့ သူတို့ရဲ့ရှာဖွေတွေ့ရှိချက်ကို ဥက္ကဋ္ဌကိုခေါ်ပြလိုက်ပါသေးတယ်။ကြည့်ကြည့် နည်းနည်းလေးလှည့်ရင် နည်းနည်းလေးရွဲ့တယ်၊များများလှည့်ရင် များများရွဲ့တယ် စသည်ဖြင့်ပေါ့ဗျာ။အဲဒီချိန်က ကျနော့်ကို နှိပ်စက်နေ တဲ့ထဲက ဖိုးနှောင်းဆိုတဲ့ကောင်လေးဆိုတာကလည်း ၁၈နှစ်လောက် ရှိပါဦးမယ်ဗျာ။တစ်ခါကျတော့လည်း ကျနော့်ကိုထင်တိုင်း လှိမ့် ရိုက်နေရာက သူတို့တစ်ချက်ရိုက်ရင် ကျနော်က ဒူဝေေ၀လို့ အော်ပေးရမယ်လို့ ပြောလာပြန်သဗျ။

အဲဒီတော့ ကျနော့်လိုကောင်မှာလည်း ပေါကြောင်ကြောင်နဲ့ ဒူဝေ၊ဝေရတာပေါ့ဗျာ။နောက်တော့ နာလွန်းမက နာတော့လည်း ဒူဝေေ၀တင်မက၊ ဒူဝေးဝေး ဝေးဝေးထိ ကွန့်ရတဲ့ ထိပေါ့ဗျာ။
• အဲလို ထောက်လှမ်းရေး နှိပ်စက်ချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေကတော့ ကျနော်တို့တွေဟာ အကျဉ်းထောင်တာဝန်ကျတဲ့ အဖွဲ့ရဲ့လက်ထဲမှာပဲ နေရသဗျ။အဲဒီ ထောင်ကုန်းတာဝန်ခံဆိုတဲ့အဖွဲ့ကလည်း သူတို့ခေါင်းဆောင်ပိုင်းနဲ့ ထောက်လှမ်းရေးအဖွဲ့ က အယုံကြည်ရဆုံးထဲမှာမှ လက်ရဲဇက်ရဲ နာမည်ရသူတွေကို တပ်ဖွဲ့ ဖွဲ့ပေးထားတာမို့ ထောင်လုံခြုံရေးအဖွဲ့က ဒုတိယ တန်ခိုးထွားဆုံးပေါ့ဗျာ။အဲဒီလုံခြုံရေးလက်မှာ ကျနော်တို့အသက်ကို ၀ကွက်အပ်ထားရတာမို့ သူတို့ပြုသလို နုရပါတယ်။သူတို့ ကလည်း သူတို့ခန့်ထားတဲ့ တာဝန်နဲ့လျော်ညီစွာ လက်စွမ်းလက်စ အပြိုင်ပြရပါတယ်။တစ်ညမှာတော့ ကျနော်တို့ကို မျက်နှာ တွေ စည်းထားပြီး အိပ်ရာထဲလှဲခါနီးမှာ လူကက်ဆက် အထူးဖျော်ဖြေရေးအစီအစဉ် ဖြစ်ပေါ်လာပါတယ်။

အဲဒါကတော့ မင်းတို့ အထဲက ဘယ်သူသီချင်းကောင်းကောင်း ဆိုတတ်သလဲကွတဲ့။အားလုံးတိတ်ပြီး နေပါတယ်။ဘာများ လုပ်ဦးမလို့လဲပေါ့လေ။ လုပ်ပါကွ၊တို့က ဒီကုန်းပေါ်မှာ နေ့နေ့ညည စောင့်နေရတာ။ပျင်းစရာကြီး အပျင်းပြေသီချင်းဆိုတဲ့ အစီအစဉ်လေး လုပ်ရ အောင်ဆိုတော့ တစ်ယောက်က ကိုဘောကြီး ဆိုတတ်တယ်ဆိုပြီး ကျနော့်ဆီကို ကျနော်တို့ထဲက တစ်ယောက်က ချွန်တွန်း လုပ် လွှတ်လိုက်ပါတယ်။ကျနော် အဖမ်းမခံရခင်မှာ အူကျသလိုဖြစ်လို့ ခွဲစိတ်မှုတစ်ခု လုပ်ခဲ့တာကိုစွဲပြီး ကျနော့်ကိုဖမ်းတဲ့အခါ မှ မင်းလိုထောက်လှမ်းရေးက မတန်မရာ ဗိုလ်ချုပ်ငယ်နာမည် မှည့်ရကောင်းလားဆိုပြီး နောက်နာမည်တစ်ခုရှိလား မေးပါတယ်။အဲဒီမှာ တစ်ယောက်က တလောလေးက ဒီကောင်ဘောခွဲထားတာ ဘောကြီးလို့ ခေါ်ရအောင်ဆိုပြီး  နံနှိမ်လိုက် ပြီးတဲ့နောက် ကျနော့်နာမည်ဟာ ဘောကြီးဖြစ်လာပါတယ်။နောက်ဆုံးတော့ ကျနော်က တတ်သည့်ပညာ မနေသာဆိုသလို ဓနုဖြူစိုးသိန်းရဲ့လူပျိုကြီးသီချင်းကို ခပ်နောက်နောက်လေး ဆိုပြလိုက်ပြီးတဲ့နောက်မှာတော့ ကျနော်ဟာ ထန်းပင်တက် လက် မှတ်ရတဲ့ လူတစ်ယောက်ဖြစ်သွားပြီး မကြာခဏဆိုသလို ဒီသီချင်းကို ဆိုပြရတဲ့ဘ၀ ရောက်ပါတော့တယ်။

အဲဒီနောက်တော့ စောစောက သီချင်းဆိုခိုင်းတဲ့လူက ကျနော့်မျက်နှာနား လာရပ်ပြီး ပါးစပ်ဟလို့ ဆိုပါတယ်။ကျနော် ပါးစပ်ဟလိုက်တော့ သူသောက်နေတဲ့ ဆေးပေါ့လိပ်ကို လာတပ်ပေးပြီး သောက်လို့ပြောပါတယ်။ဘယ်ပြောကောင်းမလဲဗျာ ကျနော်ဟာ နေရင်း ထိုင်ရင်း လူ ၇၀ ကျော်လောက်ထဲမှာ ဆေးပေါ့လိပ် ပထမဆုံး စသောက်ခွင့်ရတဲ့ ကံထူးသူ ဖြစ်သွားတာပေါ့။သောက်တယ် ဆိုတာကလည်း သူ့စေတနာရှိသလောက် သုံးလေးဖွာပေါ့ဗျာ။လက်ပြန်ကြိုး ချည်ထားတဲ့အပြင် မျက်လုံးကလည်း စီးထား သေးတာကိုး။ဒီလိုနဲ့ ကျနော်တစ်ယောက် ဆေးလိပ်ကလေးသောက်ခွင့်ရပြီး ထောင်စောင့်နဲ့ကောင်တွေရဲ့ မျက်နှာသာရတာ လေး ကြားတဲ့အခါ နောက်ဘယ်သူ သီချင်းဆိုချင်သေးလဲ ဆိုတဲ့အခါ နောက်ထပ် ဖိုးဆိုချင်လေးတွေ ပေါ်လာပါတယ်။
တစ်ယောက်က ဆိုနေချိန်မှာ ကျန်တဲ့လူတွေက လှဲနေကြရပါတယ်။သီချင်းဆိုတဲ့သူကပဲ ထထိုင်ပြီး မျက်နှာစည်းထားရက်က ဆိုပြရပါတယ်။ဘာပဲဖြစ်ဖြစ် အဲဒီညလေးဟာ ကျနော်တို့ဘ၀မှာတော့ လက်ရှိခံနေရတဲ့ ဒဏ်ရာတွေ ဒုက္ခတွေထဲကနေ အပြန်အလှန် ဆိုပြကြတဲ့ သီချင်းလေးတွေထဲ စီဆင်းမျောပါ သက်သာခွင့်လေး တခဏရခဲ့တဲ့ ညလေးတစ်ည အစဖြစ်ခဲ့ပါ တယ်။ရာသီဥတုတွေ ပြောင်းလဲသလိုပဲ ကျနော်တို့ လုံခြုံရေးတဖွဲ့ရဲ့ သဘောထားကလည်း အမျိုးမျိုးပြောင်းနေတာမို့ တစ်ည မှာတော့ လုံခြုံရေးတာဝန်ခံတဲ့အဖွဲ့ရော ထောက်လှမ်းရေးတာဝန်ခံတဲ့အဖွဲ့တွေရော တပ်ဖွဲ့ကိုခေါင်းဆောင်တဲ့ လူတွေပါ ထောင်ကုန်းအောက် တစ်နေရာရာမှာ သောက်ကြပြီး တော်တော်ရေချိန် မှန်လာတော့မှ တက်လာကြပါတယ်။ဒီလိုညမျိုးတွေ ဟာ ကျနော်တို့တွေအတွက်တော့ မြိုင်ရာဇာတွတ်ပီစကားကို ငှားပြောရမယ်ဆိုရင်တော့ ဒီည ကံမကောင်းပါလားလို့ ပြောရ မယ့် ညပါ။
ထုံးစံအတိုင်း တရားခံတွေ ထ ဆိုတော့ ထထိုင်နေရပြီး မျက်နှာတွေစည်းထားတဲ့ ကျနော်တို့ရှေ့က အလာလမ်း ပေါ်မှာလူတွေ လမ်းတွေလျှောက်နေကြသံ ဆဲဆိုကြိမ်းမောင်းသံတွေပဲ ကြားနေရပြီး သူတို့ကိုတော့ ဘယ်မြင်ရမလဲဗျာ။ တစ်ယောက်က ဟာ ဒီကောင်တွေ သီချင်းဆိုကောင်းတယ်ဗျဆိုပြီး စလာပါတော့တယ်။အဲဒီအချိန်မှာ ထောင်မှူးလုပ်တဲ့ ကောင်က အားလုံးနားထောင် ခုချိန်ကစပြီး မင်းတို့က လူကက်ဆက်တွေ လုပ်ရမယ်။မင်းတို့ကို ဘယ်ဘက်ပါးကို ရိုက်လိုက် ရင် အဲဒါကက်ဆက်ဖွင့်တာပဲ။မင်းတို့ရတဲ့ သီချင်းကိုဆိုရမယ်။ညာဘက်ပါးကို ရိုက်လိုက်ရင် stop ပဲ နားလည်လားလို့ အော်လိုက်တော့ အားလုံးကလည်း နားလည်ပါတယ်လို့ ပြန်ဖြေလိုက်ရတာပေါ့ဗျာ။အဲဒီလို ပြန်ဖြေပြီး သူတို့ကြားမှာ ဘယ်ကက်ဆက်ကို စဖွင့်ရင်
·        ကောင်းမလဲဆိုတာ နည်းနည်းကြိတ်ပြောသံ တိုးတိုးကြားနေရပြီး ဘောကြီး၊ ဘောကြီး ဆိုတာလည်း ကြားရသဗျ။
↧

"လွဲလိုက်လေ၊မောင်ပဉ္ဇင်း”

$
0
0

၂၉သြဂုတ်၊၂၀၁၄နေ့ထုတ် သည်လေးဒီးစ်အပတ်စဉ်ဂျာနယ်မှ။

"လွဲလိုက်လေ၊မောင်ပဉ္ဇင်း”

(မင်းဒင်)

(တစ်)
တခါတုန်းက  အောက်ပြည်အောက်ရွာတွင် အထက်အညာသားများကို အထင်အမြင်သေး၍ ဘာမျှမသိနားမလည်သူများဟု ယူဆထား သောဆရာတော်တစ်ပါးရှိလေသည်။ထိုသတင်းကိုအထက်အညာမှ ဦးပဉ္ဇင်းတစ်ပါးကြားသိရလျှင် မခံချင်လှ၍ ထိုဆရာတော်အား ချေပ ပြောဆိုရန်အကြံထုတ်ပြီး  သွားရောက်တွေ့ဆုံလေသည်။

တွေ့လျှင်ဆရာတော်က ဦးပဉ္ဇင်းအား နေရပ်ဇာတိတို့ကိုမေးလေ၏။ထိုအခါ ဦးပဉ္ဇင်းက အထက်အညာမှဖြစ်ကြောင်းလျှောက်ထားလေ ၏။ဆရာတော်မှာ ထုံးစံအတိုင်းအထင်သေးသည့်အမူအရာပြလျက် မိမိသိလိုသော အထက်အညာဒေသအကြောင်းများကို ဆက်လက်၍ မေးမြန်းလေတော့သည်။
ဦးပဉ္ဇင်းမှာဆရာတော်၏အကြောင်းကို သိရှိပြီးသူဖြစ်သည့်အတိုင်း မသိနားမလည်ဟန်ဆောင်၍ တောင်မေးမြောက်ဖြေပြုလုပ်နေလေ သည်။ဆရာတော်ကမူ အဟုတ်ထင်မှတ်၍ အထက်အညာသားတို့၏အပုံကိုသဘောကျပြီး တဟဲဟဲနှင့်ရယ်မောရင်း ဆက်လက်မေးမြန်း နေလေသည်။

“မောင်ပဉ္ဇင်းတို့  အညာဒေသမှာ သီတင်းကျွတ်လဆိုရင် ဘာပွဲတွေများ လုပ်တတ်ကြသတုန်းကွဲ့”
“မှန်လှပါ။ရေလောင်းပွဲများပြုလုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် ရေနဲ့လောင်းကြပက်ကြပါတယ်ဘုရား”
“ဟင်…၊တယ်လွဲပါလား။ဒါလဲ တို့ဆီနဲ့မတူဘူးဟ”
“ကိုင်း   ဒီလိုဆို တန်ခူးလရောက်တော့ကော ဘာပွဲတွေများ ပြုလုပ်ကြသေးသလဲကွဲ့”

“မှန်လှပါ၊ဆီမီးထွန်းပွဲတော်များပြုလုပ်ကြတယ်ဘုရား”
“ဟင်၊ဒါလည်းမတူဘူးဟ။တယ်လွဲပါလား”
ထိုအခိုက်ကျောင်းပေါ်သို့  သီလရှင်တစ်ပါးတက်လာသည်ကိုမြင်ရာ၊ဦးပဉ္ဇင်းက မသိဟန်ဆောင်၍ “မှန်လှပါ။ဒီတကာမက အရှင်ဘုရား ရဲ့ မိန်းမလားဘုရာ့” ဟု ရွဲ့မေးလိုက်လေသည်။
ထိုအခါဆရာတော်သည် တကယ်မသိရှာ၍ဦးပဉ္ဇင်းက မေးသည်ထင်မှတ်ပြီး ပြန်ဖြေလိုက်ပုံမှာ……၊
“လွဲလိုက်လေမောင်ပဉ္ဇင်း” ဟူသတည်း။
(လူထုဦးလှ၏ကျောင်းကန်အနီးမှပုံပြင်များ)

(နှစ်)

ကွယ်လွန်သူ သတင်းစာဆရာကြီးလူထုဦးလှ၏ ကျောင်းကန်အနီးမှ ပုံပြင်များစာအုပ်မှ အထက်ဖော်ပြပါ ပုံပြင်တစ်ပုဒ်ကို ကျနော် သတိရမိခြင်းမှာ အောက်ပါသတင်းတစ်ပုဒ်ကြောင့်ဖြစ်လေသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စီးပွားရေးအဆောက်အအုံများ တည်ဆောက်ရန် တင်ဒါခေါ်ယူရာ အားနည်းချက်များရှိနေသောကြောင့် (Sun Mon Star) ကုမ္ပဏီကို ရွေးချယ်ခြင်းမရှိဘဲ ဂမုန်းပွင့်ကုမ္ပဏီကိုသာ ရွေးချယ်ရ ခြင်းဖြစ်ကြောင်း  အင်ဂျင်နီယာနှင့်အဆောက်အအုံဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။

‘‘သူတို့ရဲ့တင်ပြချက်က ကောင်းပါတယ်။ ဒါပေမဲ့ တင်ဒါမူဝါဒပိုင်းရဲ့ စည်းကမ်းပိုင်းအချို့မှာငြိနေတာတွေရှိတယ်။ လုပ်ကိုင်ခွင့်ရှိမဲ့ ကုမ္ပဏီကို ရွေးချယ်ပြီးတဲ့အချိန်ပြီးမှ သူတို့က ရင်းနှီးမြှုပ်နှံမဲ့ငွေပမာဏကို တိုးပေးတယ်။ ဒါကြောင့် သူတို့ကို မရွေးချယ်ရတာပါ’’ ဟု အထက်ပါအရာရှိကဆိုသည်”အဆိုပါတင်ဒါရွေးချယ်ခြင်းကို ရန်ကုန်မြို့တော်ဝန်ဦးဆောင်သည့် တင်ဒါစိစစ်ရေးအဖွဲ့က မျှတစွာရွေးချယ် ခြင်းဖြစ်သည်ဟုလည်းဆိုသည်။

ရွေးချယ်ရာတွင် နောက်ဆုံးဆန်ခါတင်ရွေးချယ်မှုအဖြစ် (Sun Mon Star) ကုမ္ပဏီနှင့် ဂမုန်းပွင့်ကုမ္ပဏီတို့ကို ရွေးချယ်ခဲ့ရာ တင်ဒါစိစစ်ရေး အဖွဲ့က ဂမုန်းပွင့်ကုမ္ပဏီအား ရွေးချယ်ခဲ့သည်။တိုင်းဒေသကြီးအဖွဲ့နှင့် စည်ပင်သာယာရေးကော်မတီတို့သည် ရွေးချယ်မှုအပိုင်းတွင် မသမာမှုအချို့ရှိကြောင်း (Sun Mon Star) ကုမ္ပဏီမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက စွပ်စွဲပြောဆို သည်။

‘‘ကုမ္ပဏီအနေနဲ့ ကျွန်တော်တို့ စည်ပင်ကိုတရားဝင် လာမေးစေချင်ပါတယ်။ ဘာကြောင့် မရွေးချယ်ရတယ်ဆိုတာတွေကို ပြောပြပေးမှာ ပါ။အပြင်ကနေ အဓိပ္ပာယ်မရှိတာတွေကို မပြောစေချင်ပါဘူး’’ဟု အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း၂၅၀ ဖြင့် ဆန်ခါတင်ပထမဆင့်ဝင်ထားသည့် Sun Mon Star ကုမ္ပဏီမှ ထိုင်းနှင့် မြန်မာလုပ်ငန်းရှင်များ၊ ပညာရှင်များပူးပေါင်းပြီး အဆိုပြုလွှာတင်သွင်းခဲ့သော်လည်း ပြည်တွင်းပညာရှင်များဖြင့် ပူးပေါင်းဖွဲ့စည်းထား သည့် ဂမုန်းပွင့်ဆောက်လုပ်ရေးကုမ္ပဏီက အမေရိကန်ဒေါ်လာ (၉၃) သန်း ရင်းနှီးမြှုပ်နှံရန်၊အဆိုပြုထားသည့်တင်ဒါဖြင့်  ယှဉ်ပြိုင်ခဲ့ရာ ငွေကြေးရင်းနှီးမြှုပ်နှံသည့် ပမာဏနည်းသည့်ကုမ္ပဏီကို ရွေးချယ်ခဲ့ခြင်းမှာ ပွင့်လင်းမြင်သာမှုမရှိကြောင်း အဆိုပါ (Sun Mon Star) ကုမ္ပဏီက စွပ်စွဲပြောဆိုထားသည်။
(၁၈။၀၈။၂၀၁၄နေ့ထုတ် ဆဲဗင်းဒေးသတင်းစာမှ)

(၃)
အမှန်အတိုင်းပြောရလျှင် အဆိုပါသတင်းသည် လွန်ခဲ့သောတစ်ပတ်ကျော်ခန့်က စာရေးသူ၏ဖေ့စ်ဘွတ်စာမျက်နှာတွင် တင်ခဲ့သော ဖွင့်ဟချက်တစ်ခုမှ  မြစ်ဖျားခံခဲ့သည်။ သူ့ရှင်းလင်းချက်ထဲတွင်”လုပ်ကိုင်ခွင့်ရှိမဲ့ကုမ္ပဏီကို ရွေးချယ်ပြီးတဲ့အချိန်ပြီးမှ သူတို့ကရင်းနှီးမြှုပ်နှံ မဲ့ငွေပမာဏကို တိုးပေးတယ်။ဒါကြောင့် သူတို့ကိုမရွေးချယ်ရတာပါ’’ဟုဖော်ပြထားရာ အဆိုပါချေပပြောဆိုချက်မှာ တက်တက်စင်အောင် လွဲမှားသည်။

စီမံကိန်းတစ်ခု၏တင်ဒါကို  တင်သွင်းရာတွင် စီမံကိန်းတန်ဖိုး တိကျစွာဖော်ပြရလေရာ၊စီမံကိန်းတန်ဖိုး မဖော်ပြသောအဖွဲ့ အနေဖြင့် ဇကာတင်စာရင်းအဆင့်တစ်ဝင်ရန်မဖြစ်နိုင်သောကြောင့် သူ၏တုန့်ပြန်ချက် ယုတ္တိတန်မတန် လူသာမန်ပင်လျှင် သိနိုင်သည်။ ယင်းတင်ဒါနှင့်ပတ်သက်၍အကြောင်းစုံသိသူ တစ်ဦးအနေဖြင့် တိကျစွာဖော်ပြရလျှင် ….၊

(Sun Moon Star)မှတင်ပြသော စီမံကိန်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ(၂၃၅)သန်းဖြစ်ပြီး တင်ဒါစည်းကမ်း အရထည့်သွင်းဖော်ပြရမည့်၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ပြုပြင်ထိန်းသိမ်းရေး၊ဘဏ္ဍာရေးစီမံချက်အစရှိသည့် ပညာရှင်များ ကိုယ်တိုင်ရေးဆွဲသည့် စာရွက်စာတမ်းအထောက်အထား  ပြည့်စုံစွာပါရှိသည်။အဆိုပါစီမံကိန်းမြေနေရာအတွက် မြေငှားရမ်းခကို စည်ပင်သာယာရေးကော်မီတီမှ သတ်မှတ်ချက်အတိုင်း  ပေးသွင်းပါမည်ဟု ဖော်ပြထားခဲ့သည်။

ဂမုန်းပွင့်ကုမ္ပဏီတင်ပြသော စီမံကိန်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ(၉၃)သန်းဖြစ်ပြီး တင်ဒါစည်းကမ်းအရထည့် သွင်းဖော်ပြရမည့်၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ပြုပြင်ထိန်းသိမ်းရေး၊ဘဏ္ဍာရေးစီမံချက်အစရှိသည့် စာရွက်စာတမ်း အထောက် အထားပြည့်စုံစွာမပါရှိချေ။မြေငှားရမ်းခကိုမူ တစ်စတုရန်းမီတာလျှင် ဆယ့်ရှစ်ဒေါ်လာနှုန်းပေးသွင်းမည်ဟုဖော်ပြထားသည်။

အထက်ပါနှိုင်းယှဉ်ချက်ကိုလေ့လာလျှင် ဂမုန်းပွင့်ကုမ္ပဏီတင်ပြသော မြေငှားခနှုန်းထား ထက်ပိုမို၍(Sun Moon Star)ထံမှ တောင်းခံခြင်းဖြင့် ဌာနအတွက်ရောတိုင်းပြည်အတွက်ပါ သားရွှေအိုးထမ်းမည့်ကိန်းဖြစ်သည်။သို့သော် ရန်ကုန်စည်ပင်နှင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရုံးသည်  ရင်းနှီးမြှုပ်နှံမှုပမာဏ၊၂၀၀ရာခိုင်နှုန်းလျော့နည်းနေသော၊ဂမုန်းပွင့်ကိုသာ  ရွေးချယ်ခဲ့သည်။ဤအချက်မှာ အဆိုပါ စီမံကိန်းအတွက် ရိုးသားမှုမရှိကြောင်း များစွာသံသယပွားဖွယ်ဖြစ်၏။
သက်ဆိုင်ရာစည်ပင်တာဝန်ရှိအဆင့်မြင့်အရာရှိကြီးကမူ အဆိုပါတင်ဒါရွေးချယ်ခြင်းကို ရန်ကုန်မြို့တော်ဝန်ဦးဆောင်သည့် တင်ဒါစိစစ် ရေးအဖွဲ့က မျှတစွာရွေးချယ်ခြင်းဖြစ်သည်ဟုဆိုသည်။ယင်းအဆိုမှန်မမှန်  သေချာစွာစိစစ်ကြည့်သင့်လှပေသည်။

(၄)
စီမံကိန်းပမာဏကြီးမားလှသည့်  အဆိုပါတင်ဒါအတွက် သက်ဆိုင်ရာတို့သည် တင်ဒါပိတ်ရမည့်ရက်တွင်မပိတ်ခြင်း၊တင်ဒါဖွင့်သင့်သည့် ကာလအပိုင်းအခြားအတွင်းမဖွင့်ခြင်း၊အစည်းအဝေးအချိန်တို့ကို သတ်မှတ်ချက်ထက် သုံးနာရီမျှကွာဟပြီးမှကျင်းပခြင်းအပါအဝင် ပေါ့ပျက်ပျက်ကိုင်တွယ်ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိခဲ့ရသည်။

စင်စစ် ၎င်းတင်ဒါရွေးချယ်ရာ၌ ကျင့်သုံးသင့်သောမူမှာ အဆိုပါစီမံကိန်းတွင်ပါဝင်သည့် အခန်းကဏ္ဍအသီးသီးနှင့်သက်ဆိုင်သော ပညာ ရှင်များကိုဖိတ်ခေါ်ကာ အဆိုပါပညာရှင်တစ်ဦးချင်း၏ သဘောထားမှတ်ချက်တို့အပေါ်အခြေခံ၍ တာဝန်ရှိသူတို့က မည်သည့်အဖွဲ့အား ရွေးချယ်ကြောင်း အဂတိတရားကင်းရှင်းစွာ ဆုံးဖြတ်ရန်သာဖြစ်လေသည်။
ယခုမူ တင်ဒါတင်သွင်းသော  အဖွဲ့တစ်ဖွဲ့ချင်းစီ၏ ရှင်းလင်းတင်ပြချက်များကို  ဗီဒီယိုမှတ်တမ်းအစရှိသည်ဖြင့်  စနစ်တကျမှတ်တမ်း မထားရှိခြင်း၊ပညာရှင်တို့၏သဘောထားသုံးသပ်ချက်ကိုတန်ဖိုးမထားခြင်း၊ပွင့်လင်းမြင်သာမှုမရှိခြင်းတို့ကြောင့် လက်ရှိနောက်ဆက်တွဲ ပြဿနာတို့ကို  ကြုံတွေ့လာရခြင်းဖြစ်ကြောင်း  ထင်ရှားမြင်သာ၏။

အဆိုးဆုံးမှာ ပြည်ပပညာရှင်များက  အဆိုပါစီမံကိန်းပရိုပိုဆယ်ကို   အင်္ဂလိပ်ဘာသာစကားဖြင့်  စတင်ရှင်းလင်းခဲ့ရာ  စည်ပင်နှင့်ရန်ကုန်တိုင်းဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူများက မြန်မာဘာသာဖြင့် ရှင်းလင်း တင်ပြရန်  တောင်းဆိုခဲ့သဖြင့်ကြားလူတစ်ဦးက ဗမာစကားဖြင့်ရှင်းလင်းခဲ့ရသည်ဟူ၏။
ပညာရပ်ဆိုင်ရာအသုံးအနှုံးများမှာ ဘာသာစကားဖလှယ်ရာတွင် ခက်ခဲလှသည်ဖြစ်ရာ အဆိုပါတင်ဒါနှင့်ပတ်သက်၍ နကန်းတစ်လုံးမှ မသိသူများက တင်ဒါရွေးချယ်ရေးတွင် အဓိကနေရာမှပါဝင်နေခြင်းမှာ အကျည်းတန်လှသည်။

(၅)
အဆိုပါစည်ပင်အဆင့်မြင့်တာဝန်ရှိသူကပင် ‘‘ကုမ္ပဏီအနေနဲ့ ကျွန်တော်တို့စည်ပင်ကို  တရားဝင်လာမေးစေချင်ပါတယ်။ ဘာကြောင့် မရွေးချယ်ရတယ်ဆိုတာတွေကို ပြောပြပေးမှာပါ။အပြင်ကနေ အဓိပ္ပာယ်မရှိတာတွေကို မပြောစေချင်ပါဘူး’’ဟုဆိုပြန်ရာ သူ့စကား အသွားအလာအရ အရွေးမခံရသောကုမ္ပဏီအနေဖြင့် မျက်ကန်းစွပ်စွဲနေသည်၊မိမိနှင့်ရင်းနှီးကျွမ်းဝင်သောအဖွဲ့  ရစေလိုခြင်းကြောင့် ဖွင့်ဟရေးသားနေသည် ဟုဆိုလိုချင်ဟန်ရှိ၏။

အကယ်၍သာ ယင်းသို့ဆိုလိုချင်ခဲ့ပါလျှင် နံရံတွင်ရှိလေသော နားများမှတစ်ဆင့်စာရေးသူသိရှိထားသည့် ဂျပန်သံအမတ်ကြီးဟောင်း မြို့တော်ဝန်မဖြစ်မီ ကျပ်သိန်းခြောက်ဆယ်ကျော်ကို အတိုးရင်းပွားပေးစားရန်ကြံရွယ်ခဲ့သည်မှ၊ သမ္မတကြီး၏စောင်မကြည့်ရှုမှုကြောင့် မြို့တော်ဝန်ဖြစ်လာကာ၊ယခုလက်ရှိအချိန်တွင် ထားစရာမရှိအောင်ကြွယ်ဝနေသည့်အဖြစ်တို့ကို ဖွင့်ချမည်ဖြစ်၏။

ထို့နောက် မြို့တော် ဝန်နှင့်ပတ်သက်သော စောင်ရေသောင်းချီသည့်တိုင်စာများ သမ္မတရုံးသို့ရောက်နေသဖြင့် ကိုယ်ရှိန်သတ်သည့်အနေဖြင့်လက်ရှိတင်ဒါကို ရန်ကုန်တိုင်းဝန်ကြီး ချုပ်ရုံးသို့ ခွဲတမ်းအဖြစ်ပေးပို့ရသည့်အဖြစ်ကိုလည်းကောင်း၊မြို့တော်ဝန်နှင့်စစ်တက္ကသိုလ်ဆင်းဖက် အကျိုးတော် ဆောင်အငြိမ်းစား ဗိုလ်မှူးကြီး၏ တင်ဒါစားပွဲအောက်ကြေးကမ်းလှမ်းချက်ကိုလည်းကောင်း အမည်နှင့်တကွဖော်ပြမည်ဖြစ်၏။

ထို့ပြင် ယခုတင်ဒါအောင်သွားပြီဆိုလေသည့် အဖွဲ့ရရှိကြောင်း တရားဝင်တင်ဒါအောင်စာရင်းမထုတ်ပြန်မီ ၊လွန်ခဲ့သော ရက်သတ္တသုံး ပတ်ခန့်ကပင် ကြိုတင်သတင်းရရှိနေခဲ့ကြောင်းထောက်ပြမည်ဖြစ်၏။မြန်မာ့စီးပွားရေးလောကသို့တစ်ကျော့ပြန် ခြေချလာမည့် (ဗိုလ်ချုပ်မှူးကြီးဟောင်း၏မြေးဖြစ်သူအားမူးယစ်ဆေးဝါးဖြန့်ဝေခဲ့သည်ဟုစွပ်စွဲဖမ်းဆီးထောင်ချခံခဲ့ရလေသော) နာမည်ကြီး လူငယ် လုပ်ငန်းရှင်တစ်ဦးအား မြို့တော်ဝန်နှင့်ရန်ကုန်တိုင်းဝန်ကြီးချုပ်အနေဖြင့် မင်းတရားကြီး၏မမှေးမှိန်သေးသော အာဏာစက်ကို ကြောက်ရွံ့လျက် လက်ကမ်း၍မကြိုသာသည့် အဖြစ်တို့ကို ထည့်သွင်းရေးသားမည်ဖြစ်၏။

သတင်းစာတွင် အဆင့်မြင့်စည်ပင်တာဝန်ရှိ သူ၏အမည်ရင်းကို ဖော်ပြကာ ယခုအခါ ၎င်းတင်ဒါအားမည်သည့်အဖွဲ့သို့မျှ တရားဝင်စာအားဖြင့် မပေးအပ်ရသေးကြောင်း နောက်ဆုံး ပြောကြားချက်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရုံးအနေဖြင့် အဆိုပါတင်ဒါသည် ရှုပ်ထွေးနေသဖြင့် စည်ပင်သို့ပြန်ချပေးထားကြောင်း ထမင်း ရည်ပူလျှာလွှဲသည့် လုပ်ရပ်တို့ကိုဖော် ထုတ်မည်ဖြစ်၏။

(၆)
သို့သော် စာရေးသူ၏ဖွင့်ဟချက်တွင် ထိုထိုသော အပြစ်အနာအဆာများကို မဖော်ပြခဲ့ပဲ၊မြင်သာသည့်လွဲမှားချက်ကိုသာ လိုတိုရှင်းဖော်ပြ ခဲ့သည်။စာရေးသူအထူးရည်ညွန်းလိုသည်ကား ယခုကဲ့သို့ခေတ်ပြောင်းချိန်တွင် အာဏာရှင်စစ်အစိုးရလက်ထက်က စရိုက်ဟောင်း၊ အကျင့်ဟောင်း၊တိုင်းပြည်နှင့်လူမျိုးအကျိုးစီးပွားကို စဉ်းငယ်မျှပင် ထည့်သွင်းမစဉ်းစားနိုင်ကြသေးသည့် အာဏာရှင်လက်ကျန်တို့၏ အရိုးစွဲနေသည့်လုပ်ရပ်တို့ကိုသာ မီးမောင်းထိုးပြလိုခြင်းဖြစ်၏။

အဖြစ်သင့်ဆုံးလုပ်ရပ်ကား အဆိုပါတင်ဒါကို အသစ်ထပ်မံခေါ်ယူခြင်း သာဖြစ်ကြောင်း နားရှင်းအောင်ဒဲ့တိုးပြောလိုသည်။
အစိုးရကသာ တင်ဒါရွေးပွဲများကို ပွင့်လင်းမြင်သာမှုရှိစွာဖြင့် လာဘ်ပေးလာဘ်ယူကင်းလျက်မျှတစွာ ဆောင်ရွက်လိုစိတ်ရှိပါက လုပ်ကိုင် ရမည့်လုပ်ငန်းစဉ်များမှာ ခက်ခဲလှသည်မဟုတ်ချေ။သန့်ရှင်းသောအစိုးရ၊ကောင်းမွန်သောအုပ်ချုပ်ရေးဟုကြွေးကြော်နေသော်ငြား တိုင်း ပြည်ထူထောင်ရေးအတွက်ခေါ်ယူသည့်တင်ဒါရွေးပွဲများတွင် လာဘ်ပေးလာဘ်ယူမှုများကိုထိရောက်စွာ မတိုက်ဖျက်နိုင်ပါက တရားမျှတ မှုဟူသည် ခါးတမာချိုလေသည်အထိစောင့်ဆိုင်းကြရပေဦးမည်။

ထို့အတူ နိုင်ငံဘဏ္ဍာများ အတိုင်းအဆမရှိဆုံးရှုံးလျက် လူထုအနေဖြင့် ဆင်းရဲတွင်းနက်နေဦးမည်သာဖြစ်၏။
ထို့ကြောင့်ပင် အရွေးမခံရ၍ပွဲဆူအောင်လုပ်လေဟန်တုန့်ပြန်ကာ၊ မှားနေသည်သိပါလျက် ဆင်သေကိုဆိတ်သားရေဖြင့် ဖုံးရန်ဆက် လက်ကြိုးစား နေသည့် စည်ပင်အဆင့်မြင့်အရာရှိကြီးသို့ ရည်ညွန်းလျက်“လွဲလိုက်လေမောင်ပဉ္ဇင်း”ဟု ကျနော် ညည်းချင်းချမိခြင်းဖြစ် လေသည်။
↧
↧

နဂါးနိုင်ဒင်

$
0
0

၃၀သြဂုတ် ၂၀၁၄နေ့ထုတ်၊ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ။

“နဂါးနိုင်ဒင်”
(မင်းဒင်)
(တစ်)
ပစ္စက္ခရက်များကား ပြည်တွင်းပြည်ပမီဒီယာအားလုံး၏မျက်နှာစာကို ဆြာဒင်ကြီးစိုးထားသောကာလများဖြစ်ကြောင်း အောက်ဖော်ပြပါ နိုင်ငံတစ်ကာသတင်းစာမျက်နှာများထက်မှခြောက်လိုင်းပြည့်စာလုံးမဲကြီးများက သက်သေခံလျက်ရှိချေ၏။ပို၍ထူးခြားသည်ကား အဆိုပါ သတင်းများသည် လွန်ခဲ့သော နှစ်ပေါင်းလေးရာကျော်ခန့်က ရန်ကုန်မြစ်ဝတွင်နစ်မြှုပ်ခဲ့သော၊ ရှေးဟောင်းခေါင်းလောင်းကြီးကို၊ ရှာဖွေ နေသည့်ဆောင်ရွက်ဆဲလုပ်ငန်းကြီးနှင့်ဆက်စပ်ပတ်သက်နေခြင်းပေတည်း။

“ဗမာပြည်မှဆြာဒင်နှင့်အဖွဲ့နဂါးကြီးကိုဖမ်းပြီ”
“ဒဏ္ဍာရီထဲကနဂါးကို အရှင်လတ်လတ်ဖမ်းပြမည့်ဗမာ့သူရဲကောင်းဆြာဒင်”
“ကမ္ဘာမှာ နဂါးကိုဖမ်းနိုင်တာတို့ဗမာ”
“ခေတ်သစ်နဂါးနိုင်မင်းဆြာဒင်”
“ရွှေရောင်နဂါးမင်းဆြာဒင့်ကိုလွတ်အောင်ရှောင်နိုင်ပါ့မလား”

ကမ္ဘာ့မီဒီယာများအနေဖြင့် မည်သို့ပင် ရေးကြသည်ဖြစ်စေ၊ဆြာဒင်နှင့်တပည့်ကျော်တို့အဖွဲ့ကား တင်ပါးယား၍သော်မျှ မကုတ်အား အောင် အလုပ်များလျက်ရှိကြချေသည်။အဆိုပါနဂါးနိုင်စစ်ဆင်ရေးအတွက် လိုအပ်သော ဆိုနာ၊တိုနာစသည့်၊ ခေတ်မီစက်ကိရိယာ အစုံအလင်ပါရှိသည့် ဧရာမသင်္ဘောကြီးတစ်စင်းကို ဆက်သွယ်ငှားရမ်းရသည်။ နိုင်ငံတစ်ကာအဆင့်မီအဏ္ဏဝါဗေဒ၊မစ္ဆဗေဒ၊ ဇလ ဗေဒဆိုင်ရာကျွမ်းကျင်သူများကိုလည်းအပူတပြင်းငှားရမ်းရသည်။ထို့ပြင်တဝ နဂါးဖမ်းဆီးမည့်နေရာတဝိုက်အား ဂြိုလ်တုမှအသေး စိတ်လေ့လာနိုင်ရန်၊ ကမ္ဘာ့အကောင်းဆုံး ဆက်သွယ်ရေးကုမ္ပဏီတို့နှင့်လည်းလိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းရပြန်သေးသည်။

ထို့နောက် ကမ္ဘာ့နိုင်ငံအသီးသီး၊လူမျိုးအဖုံဖုံတို့၏ နဂါးဆိုင်ရာယုံကြည်ချက်၊ အယူအဆ၊မှတ်တမ်းမှတ်ရာ၊ ရှေးဟောင်းပေမူ၊ကျမ်းဂန်၊ စက်ကြိုးယန္တယားဖြင့်အထက်မိုးလမ်းသွားနိုင်သည့်၊ ဘူထာဝါဟန၊စက္ကောမတည်းဟူသောအတတ်တို့ကိုလည်း နှံ့စပ်အောင် ဆြာဒင် ကိုယ်တိုင် စုဆောင်းလေ့လာဖတ်ရှုရပြန်သည်။

ထိုမျှမကသေး။စစ်ဆင်ရေးလုပ်ငန်းအဆင့်ဆင့်ကို သတင်းထုတ်ပြန်ပေးမည့်ကော်မီတီဖွဲ့စည်းခြင်း၊ရှာဖွေနေဆဲကာလများ၌ သတင်းမ ပေါက်ကြားစေရေး၊ နဂါးကြီးကို အရှင်ဖမ်းဆီးရမိသည့်အခါ၊၎င်း၏ကျန်းမာရေးအတွက် အခါမည်သို့မည်ပုံထိမ်းသိမ်းထားရှိမည်ဟူသော အစီအမံများကိုချမှတ်ခြင်းဖြင့် ဆြာဒင်တို့တသိုက် ဇယ်စက်သလိုအလုပ်များလျက်ရှိလေသည်။
လျှို့ဝှက်စွာဆောင်ရွက်နေသည်ကို ကြေညာထားပါလျက် စပ်စုချင်စိတ်လွန်ကဲသူများကိုထိန်းသိမ်းရခြင်းကား မျှော်လင့်ထားသည် ထက်ခက်ခဲလှချေ၏။သည်အထဲတွင်၊ဆြာဒင်နှင့်အနီးကပ်ဆုံးတပည့်ကျော်များကားအဆိုးဆုံးဖြစ်ချေသည်။

(နှစ်)
“ဟုတ်မှလည်းလုပ်နော်ဆြာဒင်၊နဂါးဆိုတာတကယ်ရှိလို့လား၊မှောက်ရက်လဲသလိုဖြစ်ပြီး၊သောက်ရှက်တွေကွဲကုန်ပါ့မယ်ဆြာဒင်ရယ်”
“ရှင်းရှင်းလင်းလင်းလုပ်ပါဆြာရယ်။နဂါးလား၊ငလင်ပန်းလား၊မြွေအကြီးစားလား၊ဒါမှမဟုတ် ကမ္ဘာဦးတီကောင်များလား”
“နဂါးမျိုးစိတ်ဘယ်နှစ်မျိုးရှိလဲဆြာဒင်။တချို့နဂါးတွေဟာ ပါးစပ်ထဲကနေ မီးတွေမှုတ်ထုတ်တတ်တယ်ဆိုပဲ။လိုလိုမယ်မယ် မီးသတ်ကား တော့ ခေါ်ထားသင့်တယ်”

“မင်းတို့ပါးစပ်ကိုပိတ်ထားစမ်းလဟ၊ဘုရားဟောနိပါတ်တော်တွေထဲမှာတောင် နဂါးဆိုတာအထင်အရှားရှိသဟ။တေ၊ဇ၊သု၊ဏေ၊မ၊အစချီ တဲ့ဇာတ်ကြီးဆယ်ဘွဲ့ထဲမှာ ဘူဆိုတာ ဘူရိဒတ်နဂါးမင်းကိုဆိုလိုသကွဲ့။တရုတ်တွေရှစ်ခိုးနေတာ နဂါးဆိုတာလည်း မေ့မနေနဲ့အုံး”
အချို့ချို့သော ဆြာဒင့်အပေါ်သံယောဇဉ်ကြီးကြလေသည့် ဦးကြီးဘထွေး၊ဒွေးကြီးဒွေးလေး၊အရီးကြီးအရီးလေးတို့အပါအဝင် ရပ်ဝေး ရပ်နီးရပ်ဝေးမှ မော်ဒယ်ဂဲ၊မယ်စကြာဝဠာလောင်းလျာဣတ္ထိယခေါ်မိန်းမပျိုပျိုအိုအိုတို့သည်လည်းဖုန်းတဂွမ်ဂွမ်ဆက်၍ စိုးရိမ်ပူပန် တကြီးမေးမြန်းသမှု ပြုကြ ခြင်းကို ပြန်လည်ဖြေကြားရသည်မှာလည်းတစ်မှောင့်။

“ဟဲ့၊ငဒင်၊ပေါက်ပေါက်ရှာရှာဘာတွေလျှောက်လုပ်နေတာတုန်း။နဂါးတို့မျက်စောင်းအကြောင်းသုံးပါးမရွေးဘူးတဲ့နော်”
“ကိုဒင်ကြီးကို ညီမလေးအရမ်းအရမ်းကိုစိတ်ပူတယ်”
“ကိုရင်ဒင်၊သတိတော့ရှိပေစေနော်။နဂါးအမြီးက ရှည်ပါဘိသနဲ့”
“ဇွတ်တရွတ်နိုင်လှတဲ့ဒင်ကလေးကြောင့်မမကြီးမှာ၊သောကတွေတောင်လိုပုံနေရပြီ။သူတကာမကြံစည်ဝံ့တာကိုမှပေါက်ပေါက်ရှာရှာ”
မည်သည့်နည်းနှင့်မျှရှောင်မရ၊တိမ်းမရသည်ကား ဓာတ်သိချင်းဖြစ်နေသော ပြည်တွင်းမီဒီယာများဖြစ်ကြလေသည်။

“ကျနော်တောင်ဥက္ကလာပက ဆဲဗင်းဒေးအုတ်ခဲပါဆြာဒင်။နှစ်ခွန်းလောက်တော့ဖြေပေးပါနော်”
“ပြောလဟ”
“ဒီရွှေရောင်နဂါးကြီးရှိနေကြောင်းသတင်းကို ဘယ်ကနေ ခြေရာခံမိပါသလဲ”
“ခေါင်းလောင်းကြီးရဲ့သတင်းကနေ ခြေရာခံမိတာပါ။ကျုပ်ဖမ်းမဲ့နဂါးကြီးဟာ ခေါင်းလောင်းကြီးကိုစောင့်တဲ့နဂါကြီးပါပဲ”
“ဟုတ်ကဲ့ဆြာဒင်၊အဲဒီရွှေရောင်နဂါးကြီးကို လက်ရဖမ်းမိနိုင်မဲ့နေရာအတိအကျကိုကော ဆြာဒင်ပြောနိုင်ပါသလားခင်ဗျာ”
“သေချာပေါက်ပြောနိုင်တယ်လေ။နဂါးဟာခေါင်းလောင်းကြီးစောင့်ရှောက်နေတာမို့ ခေါင်းလောင်းကြီးနားမှာ ကျက်စားနေတာ ထင်ရှားပါ တယ်”
“ဟုတ်ကဲ့၊နောက်တစ်ချက်က….”
“တော်ပြီမောင်၊နှစ်ခွန်းပြည့်ပြီ။ကိုယ်တို့အလုပ်က စည်းပေါက်လို့မဖြစ်ဘူးလေ။နားလည်ပေးစေချင်တယ်”

(သုံး)
အချို့သောပြည်ပမီဒီယာသတင်းဌာနကိုလည်း ဆြာဒင်တစ်ယောက်အလုပ်မအားလပ်သည့်ကြားမှပင်၊ဗျူးခွင့်ပေးခဲ့ရပြန်သည်။

“မစ္စတာဒင့်အနေနဲ့ နဂါးရှာဖွေခွင့်ကို သက်ဆိုင်ရာကနေ၊ဘယ်လိုများခွင့်ပြုချက်တောင်းခံရယူနိုင်ခဲ့ပါသလဲ”
“ဟုတ်ကဲ့။အငြိမ်းစားမင်းတရားကြီးဟာ နဂါးသိုက်ကလာတာမို့၊ဆွေမျိုးသားချင်းတွေပြန်လည်တွေ့ဆုံနိုင်မှသာ တန်ခိုးထွားမြဲထွားနေမဲ့ အချက်ကို သက်ဆိုင်ရာသို့ရှင်းလင်းတင်ပြခဲ့ပါတယ်။(၂၀၁၅)ရွေးကောက်ပွဲနဲ့တိုက်ရိုက်ပတ်သက်နေတာမို့ သက်ဆိုင်ရာပုဂ္ဂိုလ်များအနေ နဲ့ပါမစ်ကိုချက်ချင်းချပေးလိုက်တာပါ”

“အရေးကြီးတဲ့မေးခွန်းပါ၊မစ္စတာဒင်။ဆရာရဲ့နဂါးနိုင်စစ်ဆင်ရေးအပေါ် တရုတ်အစိုးရက ကန့်ကွက်တာ၊ နိုင်ငံတစ်ကာ တိရိစ္ဆာန်ညှင်းပန်း နှိပ်စက်မှု ကာကွယ်ရေးအသင်းကြီးကနေရှုံ့ချနေတာတွေအပေါ်ဘယ်လိုများတုန့်ပြန်ချင်ပါသလဲ”

“ဒီလိုဗျ။ဒီနဂါးကိုဖမ်းမဲ့ကိစ္စဟာ ခေါင်းလောင်းရှာနေရင်း နဂါးကိုသောင်တူးစက်ပိမိရာကနေ ဖြစ်ပေါ်လာတာပါ။သောင်တူးစက်ပိမိတာ ကြောင့်နဂါးကြီးမှာဒဏ်ရာရသွားတယ်လေ။ဒါကို ဆြာဒင်တို့အနေနဲ့လျစ်လျူရှုလို့မရပါဘူး။သတ္တဝါတွေကိုကြင်နာသနားရမဲ့ တာဝန်ရှိတာ ကြောင့် မရရအောင်ဖမ်းဆီးပြီး လိုအပ်တဲ့ဆေးဝါးကုသမှုတွေပေးရပါမယ်။နဂါးကြီးကိုသတ်ဖြတ်တာ၊နာကျင်အောင်ပြုလုပ်တာတွေ ကျနော်တို့ မလုပ်ပါဘူး။ကျန်းမာလာတဲ့အခါပြန်လွှတ်ပေးမှာပါ။တရုတ်နိုင်ငံကိုလည်း စိုးရိမ်မှုမလွန်ကဲဖို့ သတင်းစကားပါးချင်ပါတယ်”

“နောက်ဆုံးမေးခွန်းပါခင်ဗျာ။ဒီလောက်အကုန်အကျများပြားလှတဲ့ နဂါးနိုင်စစ်ဆင်ရေးအတွက် လိုအပ်တဲ့ရံပုံငွေပံ့ပိုးမှုကို ဘယ်လိုအဖွဲ့ အစည်းဘယ်လိုပုဂ္ဂိုလ်တွေဆီကနေ ဆြာဒင်ရရှိခဲ့ပါသလဲ”

“အမှန်တော့ ဒီနဂါးကြီးကိုဖမ်းဆီးရာမှာ အဓိကကူညီပံ့ပိုးပေးနိုင်သူဟာ ဝိဇ္ဇာရှစ်သောင်းရဲ့ဖေးမကူညီမှုနဲ့နိုင်ငံ့အထွဋ်အထိပ် သမ္မတ ရာထူးကိုတောင် ရသွားနိုင်တယ်ဆိုတာ၊သဘောပေါက်နေတဲ့ပုဂ္ဂိုလ်တွေဆီက လိုအပ်သမျှငွေကြေးကိစ္စအဝဝကို ပံ့ပိုးပေးခဲ့ပါ တယ်။ သူတို့နဲ့တစ်ကျိတ်တည်းတစ်ဥာဏ်သမားတွေဟာလည်း လာမဲ့ရွေး ကောက်ပွဲမှာနိုင်ချေရှိတယ်လို့သူတို့ယုံကြည်ကြတဲ့အတွက် လိုအပ် ချက်မှန်သမျှဖြည့်ဆည်းပေးခဲ့ပါတယ်”

“ခွင့်လွှတ်ပါဆြာဒင်။မေးခွန်းလေးတစ်ခုကျန်နေလို့ပါ။ဆြာဒင်လို ရှစ်စပ်ကဂျင်ဂျင်လည်တဲ့ပုဂ္ဂိုလ်ကြီးမျိုးက နဂါးသိုက်တို့၊အတိတ်တ ဘောင်ယတြာနဲ့ရှေ့ဖြစ်ဟောကိန်းတွေကို ယုံကြည်သက်ဝင်မှုရှိပါသလား”
“ခက်ခက်ရချည်သေးကိုရင်ရယ်။ကျုပ်အိတ်ကပ်ထဲကနေ တပြားသားမှမစိုက်ရပဲ အချောင်နာမည်ကြီးရတဲ့ဥစ္စာ၊ ဘာငြင်းစရာရှိ သတုန်း ဗျာ။မတွေ့တော့အရင်းပေါ့။မတော်တဆကံကွက်ကျားပြီးတွေ့လို့ကတော့ ဓာတ်ပုံနဲ့ဗီဒီယိုအရိုက်ခံပြီးဒေါက်ကျူမင်ထရီရိုက်ရုံနဲ့ တင် ထားစရာမရှိအောင် ပွပေါက်တိုးမှာ ကျုပ်သိပြီးသားပါ။ဒါတောင် နဂါးကိုရုံသွင်းပြလို့ရမဲ့ငွေမပါသေးဘူးနော်”

“အခုလိုစိတ်ရှည်လက်ရှည်ရှင်းပြတာကိုကျေးဇူးတင်လှပါမစ္စတာဒင်။သိုင်းခရုဆိုးမတ်ပါ”
“အိုးခေ။ယူအာဝဲလ်ကမ်း”

(လေး)
ဤသို့ဖြင့် ဆြာဒင်တစ်ယောက်သတ်မှတ်သည့်နေရက်တွင် မြစ်သုံးဆိုင်ဆုံရာအရပ်၌ နတ်တို့သနင်းသိကြားမင်းကိုတိုင်တည်လျက်၊ ဘိုးတော်ရှစ်သောင်း၊ဝိဇ္ဇာကိုးသောင်း၊မြေစောင့်နတ်၊လေစောင့်နတ်၊ရေစောင့်နတ်အပါအဝင်နတ်မူလီမျိုးစုံနှင်တကွ၊သိုက်စောင့်၊မြစ်စောင့်ပုဂ္ဂိုလ်တို့ကိုတိုင်တည်ကာ၊ရေနေ ကိုးကုဋေ၊ကုန်းနေကိုးကုဋေသောသတ္တဝါတို့အား အမျှပေးဝေလျက် နဂါးနိုင်စစ်ဆင်ရေးကို အစပြု ခဲ့လေတော့သည်။

ထိုသတင်းကိုနားစွန်နားဖျားကြားသိကြသည့် ရွှေပင်ရွာမှဆွေတော်ရှစ်သောင်းမျိုးတော်ပေါင်းတို့ကလည်း ၎င်းတို့၏ချစ်လှစွာသော တူသားနောင်မယ်ကလေး ဆြာဒင်၊ဘေးမသီရန်မခရှိစေကြောင်း၊နဂါးကြီးကိုအလျင်အမြန်ဖမ်းမိပါစေကြောင်း၊ ရွာ့အရှေ့တံခါးအနီးမှ ကိုးတောင်ပြည့်ဘုရားတွင် ရွာလုံးကျွတ် ဆုတောင်းပွဲပြုလုပ်ကြသည်ဆို၏။

ပထမရက်တွင် နဂါးနှင့်ခပ်ဆင်ဆင်ရေသတ္တဝါငယ်တစ်ကောင်ကိုဆြာဒင်ဖမ်းဆီးမိရာ အဆိုပါသတင်းမှာလည်း ပြည်တွင်းပြည်ပမီဒီယာ အသီးသီး၌ နဂါးသားပေါက်ကလေးကို ဆြာဒင်ဖမ်းနိုင်ပြီဟူသောသတင်းအဖြစ် အုတ်အော်သောင်းနင်းဖြစ်သွားပြန်သည်။ ကျွမ်းကျင် သူများ ၏စစ်ဆေး ချက်အရအဆိုပါလက်လေးသစ်ခန့်ရှိ ရေသတ္တဝါမှာ နဂါးအစစ်မဟုတ်ပဲ(Seahorse)ခေါ်ရေနဂါးမျှသာဖြစ်၍ အမျိုးသားအား တိုးဆေးအဖြစ် အသုံးပြုနိုင်ကြောင်းအတည်ပြုသဖြင့်လူထု၏စိတ်ဝင်စားမှုဒီရေတိုးမြင့်လာခဲ့ပြန်သည်။

ဆြာဒင်နှင့်အဖွဲ့နောက်ထပ်ခုနစ်ရက်ကြာမျှ နဂါးကိုရေပြင်တွင်၊အသည်းအသန်တောနင်းကြပါသော်လည်း နဂါးမဆိုထားဘိ၊ နဂါး၏ အကြေးခွံအစအနမျှကို ပင်မတွေ့နိုင်လေသေးရာ၊ဆြာဒင်၏သတင်းထုတ်ြပန်ရေးအဖွဲ့မှ ကြေညာချက်တစ်စောင်ထုတ်ပြန်ရပြန်၏။
ယင်းမှာယခုကာလသမယသည် လှိုင်းလေကြီးလွန်းသောမိုးကာလဖြစ်သည်ကတစ်ကြောင်း၊ မီဒီယာများ၏အာချောင်၊စည်းမစောင့်မှု ကြောင့် အဆိုပါသတင်းကိုနဂါးသိရှိသွားနိုင်ပြီး အချိန်မီရှောင်တိမ်းသွားခြင်းလည်းဖြစ်နိုင်ကြောင်း၊သို့သော် ခေါင်းလောင်း ဆယ်ယူသည့် အဖွဲ့ရှိ နေသေးခြင်း၊ ခေါင်းလောင်းကိုရှာဖွေမတွေ့သေးခြင်းတို့ကြောင်းနဂါးရှိသည်မှာလွန်စွာသေချာလှကြောင်းဟူ၏။

(ငါး)
ဤသို့ဖြင့် ဆြာဒင်၏နဂါးဖမ်းအဖွဲ့ကား နေပူမရှောင်မိုးရွာမရှောင်၊မဟာယောက်ျားကောင်းတို့၏ဇွဲနပဲဖြင့် နဂါးကို ကြိုးစားပမ်းစား၊ အပတ်တကုတ်ရှာဖွေကြသော်ငြား ရက်ဖျင်လစွန်းသည့်တိုင်၊ နဂါး၏အရိပ်ကိုမျှပင် မတွေ့ရချေ။နဂါးသတင်းကို နေ့ရောညပါ အဆက် မပြတ်နားစွင့်စပ်စုနေသည့်မီဒီယာတို့၏ထင်မိထင်ရာအသံများဆူညံလာပြန်သည်။

“ဆြာဒင်အာဖျံကွီးလေသလော”
“ဆြာဒင့်ကိုနဂါးကြီးပြက်ရယ်ပြု၊ရယ်သွမ်းသွေး”
“နဂါးခေါင်း၊ဆြာဒင်မချီနိုင်”
“ရေသာများ၍၊နဂါးမတွေ့”

ပုံနှိပ်မီဒီယာများကသတင်းရေးရုံနှင့်အားမရကြသည့်အပြင်၊ ရုပ်သံမီဒီယာများကလည်း ဆြာဒင်အား နဂါးနိုင်စစ်ဆင်ရေး နောက်ဆုံး အခြေ အနေနှင့် စပ်လျဉ်း၍ ထပ်မံအင်တာဗျူးရန် အတင်းအဓမ္မကြိုးပမ်းလာခဲ့ပြန်ရာနောက်တော်ပါတပည့်တို့၏မျက်နှာမှာ ဇီးရွက် လောက် ပင်မရှိတော့ ချေ။မပိုင်လျှင်ခြင်တောင်မရိုက်သည့်ဆြာဒင်ကား ရင်ကိုကော့ရင်း၊သင်္ဘောကြီးပေါ်မှဆင်းကာ သတင်းထောက် များကို ရင်ဆိုင်လိုက်သည်။

“ဆြာတို့ရဲ့နောက်ဆုံးအခြေအနေလေးသိပါရစေ”
“ဟုတ်ကဲ့။ဒီရက်ပိုင်းမှာ ကျုပ်တို့ဝယ်ထားတဲ့ နဂါးပတ်ကျော့ကွင်းဟာအတုဖြစ်နေတာကြောင့် လေးငါးဆယ်ရက်လောက်နှောင့်နှေးသွား တာပါ။အခုဗာရာဏသီပြည်ကိုလှမ်းပြီး၊ဒါဇင်လိုက်အော်ဒါမှာထားပါပြီ။နဂါးကိုသေချာပေါက်မိမှာပါ။ကျုပ်အာမခံပါတယ်”
“နဂါးဆိုတာဒဏ္ဍာရီထဲမှာသာရှိတယ်။ဒါကြောင့်ဆြာဒင့်ကိုတချို့ကလူလိမ်လို့ပြောနေကြတာကိုဘယ်လိုများဖြေရှင်းချင်ပါသလဲ”

“ခက်တယ်ဗျာ။ဒါဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုသက်သက်ဗျ။နဂါးရှိလို့သာ လူတွေကိုခဏခဏဝင်ပူးနေတာပေါ့။ ခေါင်းလောင်းနဲ့နဂါးခွဲခြား လို့မရဘူးဗျ။ဟိုမှာကြည့်လေ။ခေါင်းလောင်းရှာနေတဲ့ အဖွဲ့ကြီးရဲ့သောင်တူးသင်္ဘောကြီး တစ်စီးလုံးမြင်နေရတာပဲ။ ခင်ဗျားမျက်စိကန်း နေသလား”

“ဟုတ်ကဲ့။ဒါဆိုဘာကြောင့်နဂါးကို ဖမ်းမမိသေးတာလဲဆိုတာ ခိုင်လုံတဲ့အဖြေတစ်ခုပေးစေချင်ပါတယ်”
“ဟောဗျာ။ခေါင်းလောင်းကြီးကို မတွေ့သေးဘူးလေ။ခေါင်းလောင်းတွေ့တာနဲ့ ခေါင်းလောင်းကို စောင့်ကြပ်နေတဲ့ နဂါးကြီးက စိတ်ဆိုး မာန် ဆိုးနဲ့တဝုန်းဝုန်းထခုန်တဲ့အခါ ကျုပ်တို့က အလွယ်တကူဖမ်းနိုင်ပြီပေါ့။ခေါင်းလောင်းကြီးတွေ့ပါလျက်နဲ့နဂါးကို ကျုပ်တို့မဖမ်းနိုင်ဘူး ဆိုရင်ဖြင့် ကျုပ်တို့ကိုလူလိမ်စာရင်းသွင်းပြီး ရေးချင်တာရေးကြပေတော့”

ဆြာဒင့်ကိုအပြီးတိုင်နှိပ်ကွပ်ချေမှုန်းရန်၊လုံးပန်းအားထုတ်ခဲ့ကြသည့်၊သတင်းသမားတို့၊ခေါင်းငိုက်စိုက်ချကာ၊ဘာတစ်ခွန်းမျှ ပါးစပ်မဟ နိုင်တော့ပဲ မှင်တက်မိနေ ချိန်တွင်၊ ဆြာဒင်သည် နဂါးဖမ်းဆီးရေးသင်္ဘောရှိရာသို့ခြေဦးလှည့် လိုက်သည်၏တခဏ၌ အဆိုတော်ကြီး ဒေါ်မာမာအေး၏ ခေတ်ဟောင်းသီချင်းသံတပိုဒ်သည် မြစ်ဝနှင့်မလှမ်းမကမ်းရှိရွာဆီမှပေါ်ထွက်လာကာ ဆြာဒင့်ကို အားပေးလျက်ရှိ နေယောင်တကား။

“အိုး၊မေးပါများရင်စကားရပေမဲ့ရွယ်တူမိန်းကလေးလှလှတွေနဲ့စကားမပြောရပါဘူးရှင်၊ ကျားကြောက်လို့ရှင်ကြီးကိုး၊ကျားထက်ပင်ဆိုးမဲ့ ဟန်ပြင်၊ သွားပါများခရီးရောက်ပေမဲ့လည်တာသွားတာ တားရမယ်ရှင်။ မအိပ်မနေအသက်ရှည် ဒီစကားလေးတကယ့်ကိုမှန်စေ၊ အချိန် မှန်မှန် အိပ်ရမယ်ရှင့်၊အချိန်မှန်မှန်စားရမယ်ရှင့်”
“နဂါးနိုင်မင်းတော့ မောင်ဖြစ်လိမ့်မယ်မထင်၊ဇာတ်မင်းသားကြီးလိုနန်းဝတ်နန်းစားကြီးနဲ့ဆို တကယ့်ကိုရီ(ရယ်)စရာကောင်း(ရီ)၊ရယ်စရာ ကောင်းမယ်ရှင်။ကျမစကားကိုမောင်နားထောင်ရင် နဂါးနိုင်မင်းမဖြစ်ပေမဲ့ မယားနိုင်မင်းတော့ဖြစ်မှာဧကန်ပင်”

↧

“ဆြာဒင်၊စီအိုင်အေနှင့်တရုတ်ထရိုဂျင်စစ်ဆင်ရေး”

$
0
0

ယနေ့ထုတ်မက်ဆင်ဂျာအပတ်စဉ်ဂျာနယ်မှ။

(ဤသရော်စာမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရုံး၏ ရန်ကုန်မြို့သစ်စီမံကိန်းအပေါ်သရော်ချက်ဖြစ်ပြီး၊ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်မှတ်ချက်တစုံတရာမပေးမီ၊ရန်ကုန်တို်င်းဝန်ကြီးချုပ်ရုံးမှ ဘွာတေးမခတ်မီ၊ရေးသားထားသော စာမူဖြစ်ပါသည်။ဂျာနယ်ထွက်ရက်ကြောင့် ယနေ့မှပါရှိလာခြင်းဖြစ်၍ သူခိုးပြေးမှထိုးကွင်းထသော စာမူမဟုတ်ပါကြောင်း စာဖတ်သူများအားလေးစားစွာသိစေအပ်သည်။)

“ဆြာဒင်၊စီအိုင်အေနှင့်တရုတ်ထရိုဂျင်စစ်ဆင်ရေး”

(မင်းဒင်)
(တစ်)
ခမ်းနားကြီးကျယ်လှသော အဆောက်အဦကြီး၏ပင်မတံခါးပေါက်သို့ဝင်လိုက်သည်နှင့်   ကျယ်ဝန်းလှသည့် ခန်းမကြီး၏ ကွန်ကရစ်ကြမ်း ပြင်တွင် အထင်သားပေါ်နေသည့် ဧရာမရုံးတံဆိပ်စက်ဝိုင်းကြီးပေါ်မှ (Central Intelligence Agency )ဟူသော၊စာတမ်းကြီးကြောင့် ဆြာဒင် နှင့်နောက်ပါတပည့်ကျော်တစ်သိုက် ရုတ်တရက်မှင်တက်မိရင်းခြေလှမ်းတို့တုံ့ကနဲရပ်သွားကြချေသည်။

ဆြာ့နည်းတူ သေသပ် ကျနသော အနောက်တိုင်းဝတ်စုံကိုယ်စီနှင့်လူကြီးလူကောင်းဂိုက်ဖမ်းထားကြလေသည့် တပည့်ကျော်တို့မှာ ယခင်အချိန်များကဲ့သို့ ပြောင်ချော်ချော် အမူအယာမရှိကြပဲ တည်ငြိမ်သောမျက်နှာပေးများဖြင့်ရှိကြသော်ငြား အာချောင်သည့်စရိုက်ကို မဖျောက်နိုင်ကြသေး လေရာ ခပ်အုပ်အုပ် လေသံဖြင့် တီးတိုးတီးတိုးသဖန်းပိုးလုပ်နေကြပြန်သည်။

“ဟာ၊ကြီးကျယ်ခမ်းနားချက်ကတော့ကွာ။အလှူသာလုပ်လိုက်ရရင်လူတော်တော်ဆန့်မဲ့အခန်းကြီးဟ”
“အမလေး၊ဖူးခက်မြို့က ဟိုတယ်ကြီးတွေခမ်းနားလှပြီထင်နေတာ၊ဒီအဆောက်အဦကြီးနဲ့ယှဉ်လိုက်တော့၊ပါမွှားစာရင်းမှာတောင်ဖင်နား မသီနိုင်ပါ ကလားဗျာတို့”
“သူ့ထက်ကြီးကျယ်တာတောင်၊ သူလောက်မကြီးကျယ်နိုင်ပါကလား။ ဒါကြောင့်လည်း၊ဒီအဖွဲ့ကြီးကို၊ တကမ္ဘာလုံးကဖိန့်ဖိန့်တုန်အောင်
ကြောက်ကြတာဖြစ်မယ်ထင်ပါရဲ့”

“ပါးစပ်တွေကိုပိတ်ထားကြစမ်းကွယ်ရို့။ဒီအဆောက်အဦမှာတပ်ထားတဲ့ ခေတ်မီစက်ကရိယာဆန်းတွေက မောင်တို့စိတ်မှာတွေးတောနေ တာတွေကိုတောင် သိချင်သိနေမှာ။ဣနြေ္ဒရရနေကြစမ်းလဟ”

ဆြာဒင်တို့ရောက်ရှိနေသည့်နေရာသည်ကား အမေရိကန်နိုင်ငံ၊ဗားဂျီးနီးယားပြည်နယ်၊လန်ကလေ(Langley)မြိ့ရှိ စီအိုင်အေဌာနချုပ် အဆောက်အဦကြီးပေတည်း။(၁၉၄၇)ခုနှစ်၊အမေရိကန်လုံခြုံရေးအက်ဥပဒေအရပေါ်ပေါက်လာသည့် အမေရိကန်ဗဟိုထောက်လှမ်းရေး ဌာနချုပ်တည်ရှိရာ၊လန်ကလေမြို့မှာ ဝါရှင်တန်ဒီစီမြို့ကြီး၏အနောက်ဖက် မိုင်အနည်းငယ်ဝေးကွာသည့်အရပ်တွင် တည်ရှိလေ၏။

ဤအရပ်ဤအဆောက်အဦကြီးအတွင်းသို့ဆြာဒင်တို့ရောက်ရှိလာရသည့် အကြောင်းခြင်းရာကား တရုတ်ထရိုဂျင်စစ်ဆင်ရေးအတွက် ဖြစ်ချေ၏။
ဤစကားမှာဧဝကံ၊အမှန်ပေတည်း။အဆိုပါစစ်ဆင်ရေးအတွက် ဆြာဒင့်အားဆွေးနွေးညှိနှိုင်းအကြံဥာဏ်ရယူလိုပါကြောင်း၊ အမေရိ ကန်စီအိုင်အေ ညွန်ကြားရေးမှူး မစ္စတာဂျွန်ဘရင်နန်(Jhon Brennan)က၊ထိုင်းနိုင်ငံဆိုင်ရာစီအိုင်အေအကြီးအကဲမှတဆင့် ယမန်နေ့ ကပင်အရေးတကြီးဖိတ်ခေါ်ခဲ့ရာ၊ဆြာဒင်နှင့်အဖွဲ့သည် ဖူးခက်မှသည်လန်ကလေဆီသို့၊အထူးလေယာဉ်တစ်စီးဖြင့် ဒုတ်ဒုတ်ထိရောက် ခဲ့ရခြင်းဖြစ်ချေသည် တစ်မုံ့။။

(နှစ်)
မစ္စတာဂျွန်ဘရင်နန်သည် ဧည့်ခန်းမကြီးအတွင်းမှစောင့်ကြို၍ ဆြာဒင်နှင့်အဖွဲ့ကို လှိုက်လှဲပျူငှာစွာခရီးဦးကြိုဆိုမှုပြုပါသည်။ အရပ် ရှည်ရှည်၊ကြီးမားတုတ်ခိုင်လှသောခန္ဓာကိုယ်ပိုင်ရှင်ဂျွန်ဘရင်နန်သည်၊အဆီပိုဟူ၍တစ်ကျပ်သားမျှမရှိအောင်ကျန်းမာရေးလိုက်စားကာ၊ကျစ်လစ်သန်မာလျက်၊အရပ်ခြောက်ပေနီးပါးရှိသော၊ရှေးမြန်မာအဆက်အနွယ်ဆြာဒင်ကိုကား၊ဥပဓိရုပ်ခံအရာ၌မယှဉ်သာလေ။
ဆြာဒင်နှင့်အဖွဲ့သည်တင်းကြပ်လှသောလုံခြုံရေးအတားအဆီးများကိုကျော်ဖြတ်ပြီးနောက်၊ တစ်ခုသောအစည်းအဝေးခန်းမကြီးအ တွင်းသို့ရောက်ရှိကြချိန်တွင်၊ဂျွန်ဘရင်နန်သည် ဆြာဒင့်တပည့်သုံးဦးအား၊စိုက်ကြည့်ရင်း၊ဆြာဒင့်အားအဓိပ္ပါယ်ပါပါကြည့်ပြန်လေရာ၊ အကင်းပါးလှသောဆြာဒင်အနေဖြင့် ၊၎င်းတို့သည် လက်ရင်းတပည့်များဖြစ်၍ ယုံကြည်စိတ်ချနိုင်ကြောင်း၊ မျက်နှာပေးနှင့်ပင်တုန့်ပြန် လိုက်ရချေသည်။

များမြောင်လှသောစားသောက်ဖွယ်စာရင်းတို့ကိုငြင်းပယ်ရင်း၊ဆြာဒင်တို့ရေနွေးကြမ်းတစ်ခွက်စီမှာယူလိုက်ပြီးချိန်တွင်၊ စစ်ဆင်ရေးညှိနှိုင်းအစည်းအဝေးကိုစတင်လေ၏။ယင်းအစည်းအဝေးတွင် ဗြိတိသျှထောက်လှမ်းရေးအမှတ်(၆)မှ အရာရှိငယ်တစ်ဦး လည်းအထူးဧည့်သည်အဖြစ်တက်ရောက်သည်ကိုတွေ့ရှိရသည်။
အဆိုပါအစည်းအဝေးတွင်အပြန်အလှန်ပြောဆိုကြသည်မှာ သိုးဆောင်းဘာသာဖြစ်သော်ငြားစာဖတ်သူများနားလည်လွယ်စေရန်အလို့ငှာ မြန်မာဘာသာဖြင့်သာ၊ပြန်လည်ဖော်ပြပေအံ့။(ဤကားစကားချပ်)

ဂျွန်ဘရင်နန်။  ။ဆြာဒင်ခင်ဗျာ။လိုတိုရှင်းပဲဆွေးနွေးကြရအောင်၊ရန်ကုန်မြို့ရဲ့နောက်ဆုံးသတင်းကိုဆြာဒင်ကြားပြီးပြီထင်ပါရဲ့။

ဆြာဒင်။  ။ရက်စ်၊အိုင်ဆီး။ရန်ကုန်မြို့သစ်စီမံကိန်းကိုဆိုလိုတာမဟုတ်လား။ ရန်ကုန်တိုင်းဝန်ကြီးချုပ်က၊မြို့တော်ဝန်ကို၊အချွန်နဲ့မပြီး လွှတ်တော်ထဲဝင်မွှေခိုင်းလိုက်တာဗျ။ စီမံကိန်း တည်နေရာဟာ ရန်ကုန်မြို့အနောက်ဘက် ပန်းလှိုင်မြစ်နဲ့ တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နဲ့ လှိုင်သာယာတွံတေးကား လမ်းကြားက မြေဧကသုံးသောင်းဝန်းကျင်ပေါ်မှာ လျာထားတယ်။ အဲဒီ စီမံကိန်းကို မြန်မာ့ စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက တာဝန်ယူ အကောင်အထည်ဖော်မယ်၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ်ဘီလျံ (၇၀၀၀) နဲ့ အမေရိကန် ဒေါ်လာ (၈)ဘီလျံရှိမယ်၊ စီမံကိန်းထဲမှာ မြို့ပြအခြေခံအဆောက်အဦတွေ အပါအ၀င် ခြောက်လမ်းသွား မြစ်ကူးတံတားငါး စင်းပါမယ် တဲ့ဗျ။

ဂျွန်ဘရင်နန်။  ။ဟာ၊ကိန်းဂဏန်းအတိအကျနဲ့ကိုလက်တန်းပြောနိုင်တဲ့ဆြာဒင်ပါကလား။ဆက်ပါအုံးဗျ။
ဆြာဒင်။  ။ဒါဟာ တရုတ်တွေရဲ့နည်းဗျူဟာခြေလှမ်းဆိုတာ ကျုပ်သဘောပေါက်ပြီးသားပါ။အမှန်တော့ တရုတ်တွေဟာ အနောက် အုပ်စုရဲ့အာရှပစိဖိတ်ဒေသအပေါ်ခြေဦးလှည့်လာမှုကို စိုးရိမ်ထိတ်လန့် တာကြောင့်၊ဗမာပြည်ကိုကျားပိန်တွယ်၊တွယ်ဖို့ စိုင်းပြင်းနေတာ ပါပဲ။ဒီလိုတွယ်ကပ်နေနိုင်အောင်လည်း၊ ဗမာစစ်ဝါဒီလက်ကျန်တရုတ်ထရိုဂျင်တွေ ခြေလှမ်းစိတ်နေတာပေါ့။ အထူးသဖြင့် ရန်ကုန် တိုင်း ဝန်ကြီးချုပ်ဟာ အထူးသတိထားစောင့်ကြည့်သင့်တဲ့သူဖြစ်တယ်။ဒီမဟာစီမံကိန်းကြီးကိုလျှို့ဝှက်လုပ်နေခဲ့တာကြည့်ရင်သိပ်သိသာ တယ်ဗျာ။

ဂျွန်ဘရင်နန်။  ။အတော့်ကို အကင်းပါးတဲ့ဆြာဒင်ပါကလား။ကျနော်တို့အမေရိကန်နိုင်ငံရဲ့အာရှပစိဖိတ်ဆိုင်ရာမဟာဗျူဟာကတော့ ကမ္ဘာပေါ်မှာ စစ်ရေးနိုင်ငံရေးစီးပွားရေးကိစ္စရပ်တိုင်းလိုလိုမှာ တရုတ်သြဇာချဲ့ထွင်လာမှုကို တားဆီးဖို့ပဲဗျ။

ဆြာဒင်။  ။ဒီအချက်ကို ကျုပ်တို့သဘောပေါက်ပြီးသားပါ။အမေရိကန်နဲ့အနောက်အုပ်စုတွေရဲ့အဓိကရည်ရွယ်ချက်ဟာလည်း ကိုယ်ကျိုး စီးပွားကာကွယ်ရေးပါပဲ။သို့သော် တရုတ်နဲ့နှိုင်းစာလိုက်ရင် ကိုယ်ကျင့်တရားစောင့်ထိန်းမှုပါဝင်နေတဲ့အတွက်၊ ဒီကိစ္စရပ်ကို ဆွေးနွေး အကြံပေးဖို့ လူကြီးမင်းရဲ့ဖိတ်ခေါ်ချက်ကိုလက်ခံခဲ့တာပေါ့။တရုတ်ရဲ့စီးပွားရေးမူဝါဒဟာ တန်းမဝင်ဘူးဗျ။အချောင်နှိုက်၊အတုလုပ်ချင်တဲ့ စရိုက်။ ဗမာပြည်ဟာအမေရိကန်နဲ့အနောက်အုပ်စုရဲ့ မိတ်ဆွေဖြစ်နိုင်ပါတယ်။ သို့သော် သြဇာခံအဖြစ်တော့ ဘယ်နံရောအခါမှ မမျှော် လင့်ပါလေနဲ့ဗျာ။

ဂျွန်ဘရင်နန်။  ။ဟာ။ကျနော်ကလည်း အဲသလိုဒဲ့ဒိုးသမားမှကြိုက်တာဗျာ။အဆင်သင့်လိုက်လေ။ကျနော်တို့အနေနဲ့ကတော့ တရုတ်ရဲ့ အာရှစိုးမိုးရေးပုလဲကိုးသွယ်စီမံကိန်းမျိုးကိုလက်ခံမှာမဟုတ်ပါဘူး။အာဖရိကတိုက်လိုနေရာမျိုးအထိ တရုတ်တွေခြေလှမ်းကျဲနေပေမဲ့၊ ထင်ရာမစိုင်းနိုင်အောင်၊ကျနော်တို့နည်းလမ်းမျိုးစုံသုံးပြီးပိတ်ဆို့ထားပါတယ်။

ဆြာ့နံဘေးမှတပည့်ကျော်သုံးဦးသားကား လေးလေးနက်နက်စဉ်းစားတွေးတောသည့်မျက်နှာပေးကိုယ်စီဖြင့်ဂိုက်ပေးကြမ်းလျက်ရှိနေ ကြလေသည်။

(သုံး)
ထိုခဏ၌ ရန်ကုန်မြို့သစ်မဟာစီမံကိန်းကြီး၏ သုံးဘက်မြင်ရုပ်လုံးကြွပုံများမှာ အစည်းအဝေးစားပွဲ ထိပ်တစ် နေရာရှိ၊လေထုထဲတွင်၊ ဖျတ်ကနဲဖျတ်ကနဲပေါ်လာနေလေရာ၊ဆြာဒင်မှာ အံ့သြတကြီးခံစားရသော်လည်း၊တွေ့မြင်နေကျရိုးအီနေသည့် မြင်ကွင်းကိုကြည့်နေရ လေဟန် ဇွတ်အိုက်တင်ဖမ်းထားရပြန်၏။

ဂျွန်ဘရင်နန်။  ။ဆြာဒင်ကြည့်ပါဗျာ။ဒီစီမံကိန်းဟာ ရုတ်တရက်ကြည့်ရင်၊စီးပွားရေးကဏ္ဍမှာရင်းနှီးမြှုပ်နှံသယောင်၊အဆမတန်ကြီးမြင့်နေ တဲ့ရန်ကုန်မြေဈေးကို ကျဆင်းစေမယောင်၊ရန်ကုန်မြို့ကြီး ဝုန်းကနဲစည်ပင်ဖွံ့ဖြိုးလာတော့မယောင်၊မက်လုံးတွေပေးထားပေမဲ့၊ တရုတ် တွေရဲ့တကယ့်ရည်မှန်းချက်ကတော့ ဗမာပြည်ကိုလက်မလွှတ်ရေးမူပဲဗျ။

ဆြာဒင်။  ။မှန်ပါတယ်။ဒါဟာ တရုတ်ရဲ့မဟာဗျူဟာနည်းနာကြီးထဲက နည်းဗျူဟာတစ်ခုပါပဲ။ဆိုလိုချင်တာက တရုတ်ဗဟိုအစိုးရကွန်မြူ နစ်ပါတီအနေနဲ့ ဗမာပြည်ကိုဆက်လက်စိုးမိုးနိုင်ရေးမဟာဗျူဟာချမှတ်မယ်။ဒီမဟာဗျူဟာကိုအထောက်အကူပြုနိုင်တဲ့ နည်းဗျူဟာ အဖြစ်၊တရုတ်ကုမ္ပဏီတွေက၊ဗမာပြည်ဖွံ့ဖြိုးရေးခေါင်းစဉ်တပ်ပြီး၊၊မြစ်ဆုံရေကာတာ၊ကျောက်ဖြူကူမင်းဓာတ်ငွေ့ပိုက်လိုင်း၊အခုရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ဗမာပြည်နေရာအနှံ့မှာ စီမံကိန်းမျိုးစုံလုပ်နေပြီး၊ဗျူဟာမြောက်လှုပ်ရှားနေကြတာကို ကျုပ်သိ ထားပြီးသားပါဗျာ။

 တရုတ်ရဲ့ ရည်ရွယ်ချက်ကတော၊့ ဗမာပြည်မြောက်ဖျားကနေ၊တောင်ဖက်စွန်းအထိ၊နေရာအနှံ့ကို နည်းမျိုးစုံနဲ့ ကြိုတင်သိမ်းပိုက်ထားခြင်းဖြင့် ဗမာပြည်ကို၊ဂုတ်သွေးဆက်စုပ်နိုင်ပြီးအမေရိကန်ရဲ့ခြေလှမ်းကို ဟန့်တားရာရောက်တာပေါ့။ မြစ်ဆုံ ရပ်ဆိုင်းခဲ့တာဟာလည်း လူကြီး မင်းတို့အမေရိကန်အနေနဲ့ နောက်ကွယ်ကနေ ခိုင်ခိုင်မာမာရပ်တည်ပေးခဲ့ လို့ဆိုတာ သိနေပါသော်ကော။ အမေရိကန်အနေနဲ့လည်း၊ အာရှပစိဖိတ်မဟာဗျူဟာအောင်မြင်ဖို့၊ တရုတ်ပြည်တောင်ပိုင်းရဲ့ အသက်ရှူ ပေါက်ကျောက်ဖြူကူမင်း ဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်ပစ် နိုင်တဲ့အထိခြေလှမ်း ဆက်လှမ်းရမယ်ဆိုတာလည်း သဘာဝကျပါတယ်။

ဂျွန်ဘရင်နန်။  ။ဆြာဒင်ဒီလောက်သိနေမှတော့ လိုရင်းကိစ္စထရိုဂျင်ခေါင်းစဉ်ကိုပဲ၊ဆက်ဆွေးနွေးလိုက်ကြရအောင်။
ဆြာဒင်။  ။ဟုတ်ပြီလေ။ တရုတ်အနေနဲ့ ဗမာတပြည်လုံးမှာ စီမံကိန်းမျိုးစုံဗန်းပြပြီး နေရာယူနိုင်အောင် အဓိကပံ့ပိုးနေကြတဲ့အုပ်စုက အငြိမ်းစား မင်းတရားကြီးအပါအဝင်၊သူ့နောက်တော်ပါတွေပေါ့ဗျ။

အထူးသဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်၊နောက် မကွေးတိုင်းဝန်ကြီး ချုပ်နဲ့ အစိုးရ အဖွဲ့ဝင်ဝန်ကြီးတစ်ချို့၊ကြံ့ခိုင်ရေးလွှတ်တော်အမတ်တချို့ပေါ့ဗျာ။အမေရိကန်အနေနဲ့ အဲဒီထရိုဂျင်စာရင်းကို သေချာပြုစု ပြီး တစ်ဦးချင်းရဲ့အကျိုးစီးပွားကိုပစ်မှတ်ထားတိုက်ခိုက်သင့်တယ်။တိုင်းပြည်ကိုရောင်းစား၊လူထုကိုနှိပ်စက်တာတွေဟာ သံသရာအထိ  ချေသော်မကြေဖြစ်ကျန်ခဲ့ကြောင်းသူတို့ရှင်းရှင်းကြီးနားလည်သဘောပေါက်စေရမယ်ဗျ။

ဂျွန်ဘရင်နန်။  ။ဆြာဒင့်အမျိုးသားရေးစိတ်ဓာတ်ကိုလေးစားပါတယ်ဗျာ။ကျနော့်အနေနဲ့ ဗမာပြည်ရဲ့တရုတ်ထရိုဂျင်စာရင်းကိုပြုစုထားပြီး သားပါ။ဒီစာရင်းမှာပါတဲ့သူတွေကို လိုအပ်ရင်၊အာဖဂန်နစ္စတန်မှာ မောင်းသူမဲ့ဒရုန်းလေယာဉ်တွေသုံးပြီးချေမှုန်းခဲ့သလို ချေမှုန်းပစ်မှာပါ။ အဲဒီစာရင်းကို ဆြာဒင်အပြန်မှာတပါတည်းထည့်ပေးလိုက်ပါ့မယ်။ ဆြာဒင်တို့သမ္မတကြီးလက်ထဲကိုထည့်ဖြစ်အောင်ထည့်ပါဗျာ။ လွှတ် တော်ဥက္ကဋ္ဌနဲ့ လွှတ်တော် နာယကတွေကိုလည်းမိတ္တူတစ်စောင်ဆီပေးလိုက်ပါဗျာ။

တပည့်ကျော်တို့မှာ ငတို့ဆြာ၊အာဂလူ၊ဇမ္ဗူတလူဟူသော အဓိပ္ပါယ်ပါသည့်မျက်ဝန်းများဖြင့် ဆြာသခင်၏မျက်နှာငွေလရွှင်ပပကို လေးစား သမှုဖြင့် ငေးမောကြည့်ရှုနေကြလေ၏။

(လေး)
ထိုစဉ်ဆွေးနွေးချက်တို့ကို ငြိမ်သက်စွာနားစွင့်နေသောဗြိတိသျှအမ်အိုင်(၆)မှ ဧည့်သည်တော်က မရဲတရဲဝင်ရောက်ဆွေးနွေးလာပြန် ပါသည်။

အမ်အိုင်(၆)။  ။မေးခွန်းလေးတစ်ခုရှိနေပါတယ်ဆြာဒင်၊ဒီရန်ကုန်မြို့သစ်မဟာစီမံကိန်းဟာ ဗမာပြည်အတွက်တကယ်ပဲလိုအပ် နေပြန် တော့ မြစ်ဆုံစီမံကိန်းလို ရပ်တန့်ဖို့လူထုကတောင်းဆိုလို့သင့်တော်ပါ့မလားဆိုတာကိုဖြေကြားပေးစေ လိုပါတယ်။

ဆြာဒင်။  ။ အော်၊ဒီကိစ္စလား။မပူပါနဲ့ကိုရင်။ဆြာဒင်တို့နလပိန်းတုံးမဟုတ်ပါဘူးလေ။ဒီစီမံကိန်းကို ကျုပ်တို့မဖြစ်မနေအကောင်အထည် ဖော်ရမယ်။ဘယ်နှယ့်ဗျာ။ဒေါ်လာဘီလျံနှစ်ထောင်လောက်အမြတ်အစွန်းကျန်မဲ့ကိစ္စကြီးကို (၁၅)ဘီလီယံရင်းနှီးမြှုပ်နှံမဲ့ကုမ္ပဏီကို အပ်ရ သတဲ့လား။ကျုပ်လက်ထဲကိုသာအပ်လိုက်ပါဗျာ။ပထမဆုံး(Infrastructure)အခြေခံအဆောက်အဦတွေအတွက်တင်ဒါခေါ်မယ်။

ကျသင့်တန်ဖိုးကို မြေကွက်တွေနဲ့ပေးချေမယ်။ကျန်တဲ့မြေကွက်ပေါင်းမြောက်များစွာကို သက်သာတဲ့ဈေးနှုန်းနဲ့ ပြည်တွင်းပြည်ပကုမ္ပဏီ တွေကိုရောင်းပေးမယ်။မြစ်ကူးချောင်းကူးတံတားတွေဒီနည်းအတိုင်းကြိုက်သလောက်ဆောက်ပါလေ့ဗျာ။လုံးဝပွင့်လင်းမြင်သာမှုရှိစေရမယ်ဗျာ။ဒါပေသည့် ကျုပ်ကိုလည်းနိုင်ငံတစ်ကာအဆင့်မီအကြံပေးတစ်ယောက်၊ခံစားထိုက်တဲ့အခကြေးငွေတော့ရမှဖြစ်မယ်။ ကျုပ်ခိုးမစား ချင်ဘူး။မသဒ္ဓါရေစာမစားချင်ဘူး။ဒါပါပဲကိုရင်။

ဂျွန်ဘရင်နန်။  ။အိုး၊ဂရိတ်အိုက်ဒီယာ။တကယ့်ကိုလက်တွေ့ကျတဲ့ အစီအစဉ်ပါပဲဗျာ။ကဲ၊ဒီတော့ဗျာ။ဒီစီမံကိန်းကို တရုတ်လက်မပါအောင် ပထမဆုံးတားဆီးရမယ်။တပြိုင်နက်မှာ ဆြာဒင့်စိတ်ကူးအတိုင်း ဖြစ်မြောက်အောင်အကောင်အထည်ဖော်ရမယ်။ အဲ၊ဆြာဒင်တာဝန်ယူ ဖြစ်ခဲ့ရင် ကျုပ်လည်း ရန်ကုန်ပင်လယ်ဝရှုခင်းလေးနဲ့ မြေတစ်ကွက်လောက်ပေါက်ဈေးအတိုင်းကြိုတင်ဝယ်ချင်ပါရဲ့ဗျာ။ ကျနော်တင်မက ဘူးဗျ။အမေရိ ကန်နဲ့ဥရောပနိုင်ငံတော်တော်များများက ဧရာမကုမ္ပဏီကြီးတွေလည်း စိတ်ဝင်စားနေတာကြာပြီ။ဆြာဒင်တို့ ဗမာပြည် မြေဈေးကသိကြား မင်းဖင်တက်ဆောင့်နေလို့။မြေဈေးသာသက်သာရင် အချိန်မရွေးကျနော်ဆက်သွယ်ပေးပါ့မယ်ဆြာဒင်ရယ်။

ဆြာဒင်။  ။ဟုတ်ပါပြီကိုလင်နန်။စိတ်ချစမ်းပါ။ဒီစီမံကိန်းရပ်ကိုရပ်ရပါစေ့မယ်။ခင်ဗျားပေးတဲ့ ဗမာပြည်တရုတ်ထရိုဂျင်စာရင်းကို သက်ဆိုင်ရာလူကြီးတွေလက်ထဲထည့်ဖြစ်အောင်ထည့်လိုက်ပါ့မယ်။ဗမာလူထုသိအောင်လည်း ကျုပ်ကိုယ်တိုင်တာဝန်ယူပါတယ်။ ဗမာ ပြည်မှာ တရုတ်ထရိုဂျင်တွေ မျိုးပြုတ်အောင် အမေရိကန်အနေနဲ့ကူညီစေချင်ပါတယ်။

ဂျွန်ဘရင်နန်။  ။ တကယ့်ကို၊ယောက်ျားတံခွန်၊လူရည်ချွန်၊ အံဘနန်းဒိတ်ဒိတ်ကြဲဆြာဒင်ပါပဲဗျာ။ ကွန်ကရက်ကျူလေးရှင်း၊ ဂုဏ်ယူပါဘိချင်း။

အမ်အိုင်(၆)။  ။တကယ့်ပုဂ္ဂိုလ်ကျော်ကို အရှင်လတ်လတ်တွေ့ရတာ ကံထူးပါပေ့ဗျာ။သိုင်းခရု၊ဆိုးမက်ခ်ျ။

ဆြာဒင်။  ။အားလုံးကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျ။

(ငါး)
ဆွေးနွေးညှိနှိုင်းပွဲအောင်မြင်စွာပြီးဆုံးသည်နောက် မစ္စတာဂျွန်ဘရင်နန်က ဆြာဒင်နှင့်အဖွဲ့အား အဆိုပါအဆောက်အဦး၏ ထိပ်တန်းခန်းမ ကြီးတွင်ညစာဖြင့်တည်ခင်းဧည့်ခံရန်၊ဖိတ်ကြားသော်ငြား ဆြာဒင့်ခမျာ၊ဖူးခက်က၊စုံစီနဖာဈေးဆိုင်ကို ထိုင်းပုလိပ် ဝင်မွှေမည့်အရေး၊ရတက် မအေး ရသည်ကတစ်ကြောင်း၊ထရိုဂျင်စာရင်းကို သမ္မတကြီးထံအချိန်မီပေးပို့ရမည်ကတစ်ကြောင်းတို့ကြောင့် ၊ဖိတ်ကြားချက်ကိုယဉ် ကျေးစွာ ငြင်းပယ်ရင်း ဟမ်ဘာဂါခပ်ကြီးကြီးတစ်လုံးစီနှင့်ရေသန့်တစ်ဗူးစီကိုသာ တောင်းဆိုလျက်ဖူးခက်ဆီသို့၊ လေယာဉ်ဦးလှည့် ခဲ့ရပါ၏။

တပည့်ကျော်တို့ကားဆြာဒင်၏ပြောင်မြောက်လှသောစွမ်းဆောင်မှုအတွက်ဂုဏ်ယူမဆုံးဖြစ်လေရကား အထူးလေယာဉ်ပေါ်သို့ရောက် သည်နှင့်ပင် ဝမ်းမြောက်ဝမ်းသာချီးမွမ်းထောမနာစကားဆိုကြပါ၏။

“တို့ဆြာဒင်၊ အချဉ်မဟုတ်ပါကလား၊အံ့သြလွန်းလို့သေတော့မယ်ဆြာ”

“နောက်ဆုံးတော့ဆြာက ဆြာပါပဲဆြာရယ်”

“တကယ့်ကိုရှာမှရှားတဲ့ဆြာဒင်ပါပဲဗျာ။တပည့်တွေပြောမှားဆိုမှားရှိခဲ့တာ ဗွေမယူပါနဲ့နော်ဆြာ”

အမှန်စင်စစ်ဆြာဒင်ပြောဆိုဆွေးနွေးခဲ့သမျှ အကြောင်းအချက်တို့သည် ဘန်ဂလေမြို့သို့မထွက်ခွာမီနာရီပိုင်းအလို၌၊ ဆြာဒင်၏ ချစ်လှစွာသောမိတ်ဆွေလူမွှေလူလည်ကြီးကိုသက်ခိုင်၏ လက်ပူတိုက်သင်ကြားချက်များသာဖြစ်ချေ၏။

သို့သော်ငြား ဆြာနှင့်တပည့်တို့  ကြားတွင် ယုံကြည်လေးစားမှုရှိနေရန်လိုအပ်သေးသည်ဖြစ်ရာ၊နောင်လူထူထူတွင် ဆြာ့ဂုဏ်ကို၊တပည့်တို့၊ရှိန်နေစေရန်အလိှု့ငှာ၊ သင်းတို့ ၏ချီးမွမ်းစကားတို့ကို ဟိတ်ဟန်တစ်လုံးဖြင့်မိန့်မိန့်ကြီးခံယူလိုက်ရင်း သမ္မတကြီးထံပေးအပ်ရမည့် ဗမာပြည်မှတရုတ်ထရိုဂျင်စာရင်းပါ စာအိတ် တို့ကိုသာ၊ဆြာဒင် စိမ်းစိမ်းကြီးကြည့်နေမိလေသည်။ယင်းခဏ၌ပင် အဆိုပါစာအိတ်အတွင်းမှ၊အာခံတွင်းတွင် ဝင်းဝင်းတောက် သော မီးလျှံများဖြင့်၊နဂါးကြီးတစ်ကောင်ခုန်ထွက်လာကာ၊ ဆြာဒင့်ကိုမာန်ဖီနေသယောင်ခံစားရချေ၏။
↧

မင်းဒင်ရဲ့သက်ခိုင်(၂)

$
0
0

၀၃။စက်တင်ဘာ။၂၀၁၄နေ့ထုတ်ဆဲဗင်းဒေးအပတ်စဉ်ဂျာနယ်မှ
 မင်းဒင်ရဲ့သက်ခိုင်(၂)
အခန်း(၅၀)
ရက်စက်မှုအပေါင်း  သရဖူဆောင်းခဲ့သည်။

စက္ကန့်ပိုင်းအတွင်းမှာပဲ ဖြန်းကနဲ ကျနော့်ဘယ်ဘက်ပါး ပူကနဲဖြစ်သွားတာမို့ ကောက်ကာငင်ကာနဲ့ လူပျိုကြီးသီချင်းရဲ့ အင်ထရိုတီးလုံး လေး ပြာပြာသလဲကောက် ပါးစပ်နဲ့ဆိုရင်း လူကက်ဆက်ဘ၀ အရှင်လတ်လတ် ကျရောက်သွားပါတော့တယ်။ ပြောရရင်တော့ အဲဒီညက ကျနော်ကနေ အစပြုပြီး သီချင်းဆိုတတ်တဲ့ အကျဉ်းသားရဲဘော် အတော်များများဟာ လူစင်စစ်ကနေ လူကက်ဆက်ဘ၀ ရောက်သွားခဲ့ ရသဗျ။ပါးရိုက်တဲ့ လက်ဆတွေကတော့ အမျိုးမျိုးပေါ့ဗျာ။တချို့ကျတော့လည်း ဆိုနေရင်းက ညာဘက်ပါးကို ပြင်းပြင်းရိုက်ပြီး ပိတ်လိုက် တော့ အူကြောင်ကြောင်နဲ့ ဘာဆက်လုပ်ရမယ်မသိ ဖြစ်နေချိန်မှာ ပြန်အိပ်တော့လေဆိုပြီး ရင်ဝကိုဖိနပ်နဲ့ ဆောင့်ကန်လိုက်တာ ခံရပြီးမှ လန်ကျသွားတဲ့သူတွေလည်း ရှိပေါ့ဗျာ။တကယ်စေ့စေ့တွေးကြည့်တော့ ဒါဟာ အကြီးအကျယ် စော်ကားတဲ့ကိစ္စပါ။ဒါပေမယ့် ကျနော်ဆို တဲ့ကောင်က ဘယ်လောက်ထိ ရူးသလဲဆိုတော့ အဲဒီအစီအစဉ်ကို စပြောပြနေတုန်းက တော်တော်ဆန်းပြားတဲ့ စိတ်ကူးလေးပဲ တော် တော် စိက်ကူးကောင်းတဲ့လူလို့ စိတ်ထဲကတွေးမိနေသေးဗျာ။ပါးရိုက်ချလိုက်တော့မှ ဘုရားတမိတာဗျ။အဲဒီနောက်ပိုင်းကစလို့ ကျနော်တို့ အားလုံးဟာ ဒီလူကက်ဆက်တွေအဖြစ် အစောင့်တွေနဲ့ ထောင်ကုန်းပေါ်တက်လာတဲ့ ဗီအိုင်ပီတွေကို ဖျော်ဖြေရတာဟာ အစဉ်အလာ တစ်ခု ယဉ်ကျေးမှုတစ်ခု ဖြစ်လာပါတော့တယ်။ကျနော်အတွက်တော့ စောစောကလိုလူက ၀မ်းတွင်းရူး ဖြစ်နေတာကြောင့်လည်း  ဖြစ်လို့ ဒီသီချင်းသီဆိုတဲ့အစီစဉ်မှာ ပါဝင်ရတဲ့ လုံလောက်တဲ့ နောက်အကြောင်းတစ်ခု ရှိပါတယ်။သီချင်းဆိုခိုင်းတဲ့လူက ကျနော်တို့ကို နှိပ်ကွပ် နေတဲ့ ထောင်အာဏာပိုင်တို့ ထောက်လှမ်းရေးတို့ ဖြစ်ပေမယ့် နားထောင်နေတဲ့လူ အများစုကတော့ ထောက်လှမ်းရေးရဲ့နှိပ်စက်မှုဒဏ် နဲ့ သေလုမြောပါး ဖြစ်နေရသူတွေ ဘယ်နေ့ထုတ်ပြီး သတ်မလဲဆိုတာ တထိတ်ထိတ်ဖြစ်နေရတဲ့ ဘ၀တူတော်လှန်ရေး ရဲဘော်တွေ ဖြစ် နေလို့ပါ။တကယ်လည်း နေ့မြင် ညပျောက်သွားတာတွေကလည်း မနည်းမနောကိုးဗျ။ဒါကြောင့် ဘာပဲဖြစ်ဖြစ် အသက်ရှင်ခွင့်ရတဲ့ အချိန်  လေးတစ်ခုမှာ စိတ်လေးခဏ အနုပညာကြောင့် သက်သာရာရလည်း မနည်းဘူးဆိုတဲ့စိတ်နဲ့ ပါးရိုက်ရိုက် မရိုက်ရိုက် သီချင်းဆိုကြချိန် တွေတိုင်း အရိုက်ခံပြီး ၀င်ဆိုခဲ့တဲ့အပြင် နောက်ပိုင်းမှာ တစ်ကိုယ်တော် အငြိမ့်ပြက်လုံး အစီအစဉ်လေးတွေပါ ဆောင်းပြီးတင်ဆက်ဖြစ် ပါတယ်။ဒီလောက်ဖြစ်နေတဲ့ကြားမှာဝင်ပြီး ရယ်စရာ ပြက်လုံးထုတ်ရတာ တော်တော်အန္တရာယ်များသလို စိန်ခေါ်ချက်လည်းများပါ တယ်။နားထောင်နေတဲ့လူတွေက ကိုယ့်ကိုမှ မမြင်နိုင်တာကိုး၊ထိုင်နေရင်းကနေ လုပ်ရတာဖြစ်သလို ကိုယ့်မျက်နှာကိုလည်း ပိတ်စကြီးနဲ့ စည်းထားတာဆိုတော့ နောက်ဆုံးမှာ ရေဒီယိုကလာတဲ့ ရေနံချောင်းက ဖေကံကောင်းဆိုတဲ့ ဦးဓာတ်ဆီ၊ ဦးဓာတ်ဆံတို့ ပြက်လုံးကို အစ အဆုံးရနေတာမို့ အဲဒီပြက်လုံးကို အခြေအနေကြည့်ပြီး တိုက်ရိုက်ပြက်တဲ့အခါ ပြက်၊နည်းနည်းလစ်ရင်လစ်သလို ကိုယ်ထည့်ပြောချင် တာလေးတွေကိုလည်းထည့်နဲ့ ထောင်တွင်း ပျော်တော်ဆက်တစ်ယောက် ဖြစ်ခဲ့ပါတယ်။သီချင်းဆိုဖို့ တောင်းဆိုခံရတဲ့သူအတွက် တစ်ခုကောင်းတာက သူများတွေမြေပေါ် မသက်မသာ လှဲအိပ်နေရချိန်မှာ သူက ထိုင်နေခွင့်ရတာ နားထောင်နေတဲ့အစောင့်က စေတနာ ရှိရင် ဆေးလိပ်လေးတစ်ဖွာ၊နှစ်ဖွာ သောက်ခွင့်ရတာတို့ဖြစ်ပြီး အင်မတန် အန္တရာယ်များတာကတော့ မူးပြီးတက်လာတဲ့ လူတွေရဲ့ အဓိ က ပစ်မှတ်ဖြစ်သွားတတ်တာ ကိုယ်ရွေးလိုက်တဲ့ သီချင်းမှားလို့ နားထောင်နေတဲ့ကောင်က နားကြားပြင်းကတ်ပြီး ဆောင့်ကန်တာတို့ ခံရ တတ်ပါတယ်။
ဥပမာ ထူးအိမ်သင်ရဲ့ ညီလေးရေဆိုတဲ့ သီချင်းမျိုးပေါ့ဗျာ။အောင်မာ ထောက်လှမ်းရေးက ရာရာစစ မှန်ရာလုပ် ဟုတ်တာပြောဖို့ မမေ့နဲ့ လုပ်နေသေးတယ်၊ငါတို့ကို ရိနေတာပေါ့ ဟုတ်လားဆိုတဲ့နောက်မှာ နှစ်ရက်၊ သုံးရက်လောက် အစာတောင် မြိုမရတဲ့ အခြေအနေမျိုးကို ကျရောက်သွားနိုင်လို့ပါ။မှတ်မှတ်ရရကတော့ အမရပူရဘက်လာတဲ့ အေဘီယူဂျီလောက မှာ မုန်တိုင်း ၃ လို့ သိထားကြတဲ့ စံလွင်လေး (ခေါ်) စံစံက ခေတ်ဟောင်းတေးတွေ တော်တော်ရသလို အသံကလည်း တော်တော်ကောင်းပါတယ်။သူ မကြာခဏ ဆိုလေ့ရှိတဲ့ သီချင်း ကတော့ ဆရာမြို့မငြိမ်းရေးတဲ့ ရေချိုးဆိပ်နဲ့နပန်းဆံ သီချင်းပါ။ဒါကြောင့် မကြာခဏ သူ့ပါးကလည်း လက်ဝါးတောင်းတတ်ပါတယ်။ ဖြန်းကနဲ ပြီးတာနဲ့ လုပ်ပါဦးကွ၊ အိပွဲ့ အိပွဲ့ ပြောလိုက်ရင် သူက စဆိုပါတော့တယ်။အိပွဲ့ အိပွဲ့ ငှက်သမ္မာန် ခတ်သွားတယ် …။ ကိုစံလွင် လေးကို စစ်ဆေးတဲ့အချိန်မှာ ဓားမြောင်ကိုမီးဖုတ်ပြီး ခြေသလုံးထဲထိုးထည့်တဲ့ဒဏ်ရာကို တော်တော်ကြာကြာ ခံစားရရှာပါတယ်။ နောက်ပိုင်းစခန်းက ထွက်ပြေးကြတဲ့ထဲမှာ ကျနော်တို့နဲ့အတူပါလာပြီး ၁၉၉၈ ကျနော်တို့နိုင်ငံရေး ပြန်လည်လှုပ်ရှားတဲ့ စွဲချက်တွေနဲ့ စစ်အစိုးရက ထောင်ပြန်ချတော့လည်း ကျနော်တို့နဲ့အတူ ပျော်ပျာ်ကြီး ပါလာပါတယ်။ ၅ ညနဲ့ ၇ နှစ်ပါ။မန်းလေးထောင်ထဲမှာ ကျနော် တို့နဲ့ဆက်ပြီး အိပွဲ့ အိပွဲ့သီချင်း ဆက်ဆိုကြပါတယ်။ခုတော့ ထောင်က ပြန်လွတ်လာပြီး အထဲမှာစဖြစ်ခဲ့တဲ့ ခုခံအားနည်းရောဂါကြောင့် တောင်မြို့မှာ ကွယ်လွန်ပြီလို့ ကြားရပါတယ်။
နောက် အဆိုကောင်းတစ်ယောက်ကတော့ စမ်းချောင်း၊အခြေခံပညာ သမဂ္ဂကျောင်းသားလေးဘ၀က တောခိုလာတဲ့ဘိုဘို(ခေါ်) မိုးကျော်သူပါ။ငယ်ငယ်လေးနဲ့ တောခိုလာလို့ လူတစ်ကာချစ်ကြတဲ့ ဘိုဘိုတစ်ယောက်ဟာလည်း အသက်မသေရေးအတွက် ကျနော် NIP ကပါလို့ ထွက်ဆိုချက်ပေးပြီး အကျဉ်းသားဖြစ်လာရရှာပါတယ်။ဘိုဘိုကျောင်းသားတပ်ဖွဲ့ကတီးဝိုင်းမှာ ပင်တိုင်အဆိုတော်ဖြစ်ပြီး အခမ်းအနားတွေမှာ တော်လှန်ရေးသီချင်းတွေ အမြဲဆိုရတာမို့ ကျောင်သားတပ်ထဲက ကေအိုင်အေဘက်က မိသားစုတွေက အစ ချစ်ကြ၊ခင်ကြသူပါ။သူတစ်ပါးကို အမြဲကူညီတတ်ပါတယ်။သူက အမြဲတမ်း “သဘာဝရဲ့ရင်သွေးငယ်” သီချင်းကို ဆိုတတ်ပါတယ်။ဒီလိုနဲ့ တစ်ညမှာတော့ အစောင့်တာဝန်ကျတဲ့သူက ဘိုဘိုရဲ့သဘာဝရဲ့ရင်သွေးငယ်အပြီးမှာ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ သီချင်းတစ်ပုဒ် ကိုဆိုဖို့ တောင်းဆိုပါတယ်။ဘိုဘိုက ဒီသီချင်းတော့ မဆိုပါရစေနဲ့ အကိုရယ်ဆိုပြီး တောင်းပန်ပါတယ်။အဲဒီလို အချီအချ ဖြစ်နေကတည်း က ဘိုဘို့ဘေးမှာကပ်ပြီး လှဲအိပ်နေတဲ့ ကျနော့်စိတ်ထဲမှာ ပြဿနာတော့ စပြီဆိုတာ သိနေပါတယ်။နောက်ဆုံးတော့ ဘိုဘိုဟာ မငြင်း သာတော့ဘဲ “ပျံသာပျံပါ ခွပ်ဒေါင်းနီ” ဆိုတဲ့ သီချင်းကို လွမ်းလွမ်း ဆွတ်ဆွတ်နဲ့ စဆိုပါတော့တယ်။ဒီလိုအခြေအနေမျိုးမှာ ထွက်လာတဲ့ ဘိုဘိုရဲ့သီချင်းသံကြောင့် ဒဏ်ရာကိုယ်စီနဲ့ မြေပေါ်မှာ မျက်နှာကိုစည်းပြီး လှဲအိပ်နေကြရတဲ့ ကျနော်တို့အားလုံးဟာ စူးနစ်တဲ့ဝေဒနာနဲ့ အတူ သီချင်းစာသားတွေနောက်မှာ မျောပါနေပါတော့တယ်။
“… ပျံသာပျံပါ ခွပ်ဒေါင်းနီ မုန်တိုင်း မိုးသက်ချီ …” တဲ့။ ကျနော်တို့ဟာ ခွပ်ဒေါင်းနီသီချင်းမှာ သိပ်ကြာကြာ မနစ်မျောလိုက်ပါဘူး၊ “ဖုန်း .. ခွပ် .. အင့်” ဆိုတဲ့ အသံနဲ့အတူ ဘိုဘိုရဲ့တစ်ကိုယ်လုံး ကျနော့်အပေါ် ပုံကျလာပါတယ်။အကြောင်းကတော့ သူ သီချင်းဆိုတဲ့အချိန်မှာ အင်မတန်လက်ယဉ် သွေးဆာတတ်တဲ့ လက်သီးဆိုတဲ့ နောက်တန်းလုံခြုံရေး တာဝန်ကျတစ်ယောက်ဟာ အရက်မူးဝင်လာပြီး သီချင်း ဆိုနေတဲ့ဘိုဘို့မျက်နှာကို စစ်ဘိနပ်နဲ့ ဆောင့်ကန်ချလိုက်လို့ပါ။ပြီးတော့ ပြန်ထခိုင်းပါတယ်။ထောက်လှမ်းရေးက လူပါးဝလို့ ကျောင်းသား တော်လှန်ရေးသီချင်း ဆိုရကောင်းလားဆိုပြီး ပါလာတဲ့ M22 မောင်းပြန်သေနတ်ဒင်နဲ့ ခေါင်းကိုရိုက်ချလိုက်တဲ့ အခေါက်မှာတော့ ဘိုဘို့ခေါင်းကသွေးတွေ ကျနော့်မျက်နှာပေါ်ကို ပေါက်ပေါက် ပေါက်ပေါက် ကျလာပါတယ်။အဲဒီမှာ မရပ်သေးဘဲ ပြန်ထခိုင်းလိုက် ရိုက်ချ လိုက်နဲ့ အကြိမ်ကြိမ် ထင်တိုင်းကြဲနေပါတော့တယ်။ခံရတဲ့သူမှာတော့ မသိပါဘူး၊ကျနော့်စောင်နဲ့အင်္ကျီတွေကတော့ သွေးနဲ့ရွှဲနစ်နေပေ      မယ့် ကျနော်လည်း မလှုပ်ရဲပါဘူး။ဘယ်သူ့ဆီကမှလည်း ဘာအသံမှ ထွက်မလာပါဘူး။အမှန်တရားကို ချစ်လွန်းလို့ ကျနော်တို့ အားလုံးဟာ ကိုယ့်နားထဲမှာ အတိုင်းသားကြားနေရတဲ့ ဒီမတရားမှုကြီးအတွက် တားမြစ်ကန့်ကွက်ဖို့ နေနေသာသာ နားရွက်တောင် မခတ်ရဲဘဲ ငြိမ်စင်းနေရတဲ့အဖြစ်ကို စေ့စေ့ပြန်တွေးကြည့်တိုင်း မိမိကိုယ်မိမိ စက်ဆုပ်အော့နှလုံးနာရပါတယ်။တစ်ကြိမ်မှာတော့ မူးနေတဲ့ လက်သီးဟာ ဘိုဘို့ကို ပြန်ထခိုင်းပြီး မျက်နှာကို သေနတ်ပြောင်းနဲ့ ဆောင့်ထိုးချလိုက်ပါတယ်။ကံဆိုးချင်တော့ သေနတ်ပြောင်းဟာ ဘိုဘို့ကိုချော်ပြီး အိပ်နေတဲ့ကျနော့်နံကြားထဲကို အရှိန်နဲ့တိုးဝင်ဆောင့်ပါတော့တယ်။နံရိုးတော့ ကျိုးပြီလို့ စိတ်ထဲမှာ ခံစားလိုက်ရပါတယ်။ နောက်ဆုံး အားရအောင် နှိပ်စက်နေတဲ့ တစ်ချိန်လုံး ဘယ်သူ တစ်ဦးတစ်ယောက်ကမှ တားမြစ်ခြင်းမရှိပါဘူး။တစ်နာရီလောက် ကြာ တော့  သူနာပြုအဖွဲ့ရောက်လာပြီး ခေါင်းကကွဲနေတာတွေကို အစိမ်းချုပ်ချုပ်နေကြတာ အားလုံးနားမှာ ကြားနေခဲ့ရပါတယ်။
ဒီဘိုဘို (ခေါ်) မိုးကျော်သူဟာ ၁၉၉၈ ခုနှစ် ကျနော်နဲ့အတူ စစ်အစိုးရက ဖမ်းဆီးထောင်ချတဲ့အထဲမှာ အမှုတွဲဖြစ်ပြီး ကျနော်တို့က ၅ ည နဲ့ ၇ နှစ်သာကျပေမယ့် မိုးကျော်သူကို ၁၂၂ ပုဒ်မနဲ့ နှစ်နှစ်ဆယ်ချလိုက်ပါတယ်။မန်းထောင်ရဲ့ ညချမ်းဂီတ ဆည်းဆာတွေဆိုရင် အမြဲပွဲတောင်းခံရပြီး မကြာခဏ “ပျံသာပျံပါ ခွပ်ဒေါင်းနီ”သီချင်းကို ဆိုလေ့ရှိပါတယ်။၂၀၀၀ ခုနှစ် မန်းထောင် ထောင်တွင်းတိုက်ပွဲတွေမှာ ကျနော်တို့ကို ရိုက်နှက်ပြီး မြောင်းမြထောင်ကို ပို့လိုက်ချိန်မှာ ဘိုဘိုတစ်ယောက်က မန်းထောင်မှာ ဆက်ကျန်နေရပြီး အဲဒီနေ့က နားကို ပိတ်ရိုက်ခံလိုက်ရတဲ့အတွက် နားလေးသွားတယ်လို့ နောက်ပိုင်းကြားရပါတယ်။ဟိုတလောကတော့ ဘိုဘိုတစ်ယောက် ပြန်လွတ်လာပါ တယ်။အွန်လိုင်းပေါ်မှာ တစ်နေ့ကတွေ့တော့ ခုထောင်က လွတ်လာပြီး ဘာတွေလုပ်နေလဲဆိုတော့ ၈၈ကစပြီး  ဒီမိုကရေစီတော်လှန်ရေး နှစ် ၂၀ ကာလအတွင်း ထင်ရှားခဲ့တဲ့တိုက်ပွဲဝင် တော်လှန်ရေးသီချင်းတွေကို ခုလူငယ်တွေ ကြားဖူးရအောင် ပြန်ဆိုမယ့် စီးရီးတစ်ခုကို လုပ်နေတယ်။အခု အတီးပိုင်းပြီးပြီ အဆိုတွေပဲ ကျန်တော့တယ်တဲ့။ဘယ်သူဆိုမှာလဲလို့ မေးတော့ ….. “အဟီး ... ကျနော်ပဲပေါ့” … တဲ့။ လူငယ်ပြောလေ့ရှိတဲ့ စကားနဲ့ပြောရင်တော့ “အင်း… မနိုင်ပါလား”လို့ တွေးမိပါတယ်။“ကျနော်ကတော့ ရေနံချောင်းက ဖေကံကောင်း ကိုးဗျ။သပိတ်မှောက်ရင်း လာခဲ့တယ် (၀ါးဟားဟား)” “လောက လည်တဲ့တစ်နေ့တော့ မနက်စာကို ညမှ ပေါင်းစားရတယ်(၀ါးဟား ဟား ဟား)”  “တစ်နေ့ကလည်း လူသုံးယောက် ကျနော့်ကိုဝိုင်းရိုက်တာ၊ဘယ်ရမလဲဗျ။သူတို့က ဘူ။ကျူပ်က ကုလားသုံးစီး (၀ါးဟားဟား)” “သောက်ဆိုလည်း သောက်လိုက်တာပဲ။တစ်နေ့က ပုလင်းဆွဲပြီး ဂတ်တဲရှေ့ ဖြတ်လျှောက်သွားတော့ ဌာနာအုပ်က မေးတယ် ဘယ်သွား မလို့လဲတဲ့။ကျနော် မကြောက်ပါဘူး။ပြောင်ပြောင်ပဲ ပြောလိုက်တယ်။ရေနံဆီ ၀ယ်သွားမလို့ပါ (၀ါးဟားဟားဟား)” ဒီပြက်လုံးတွေကို တော့ မဆလခေတ် ရေဒီယိုတွေကို နားထောင်ခဲ့လေ့ရှိတဲ့ သူတွေကတော့ ရင်းရင်းနှီးနှီး မှတ်မိနေပါလိမ့်မယ်။ဟုတ်ပါတယ် ရှေးခေတ် လူရွှင်တော်ကြီး ဦးဓာတ်ဆီ၊ဦးဓာတ်ဆံ၊ဦးကြင်ခဲတို့ရဲ့ နာမည်ကြီး ရေဒီယိုပြက်လုံးတွေပါ။ဒီပြက်လုံးတွေကို ရွေးချယ်တင်ဆက်ရတာက ကျနော်တို့ရဲဘော် အကျဉ်းစံတွေအားလုံးဟာ မျက်နှာတွေကို အ၀တ်တွေ စည်းထားလို့ဗျ။ခင်ဗျားတို့ ဖတ်ရတဲ့အတိုင်း မူလပြက်လုံးမှာ ရယ်ရမယ့်နေရာရောက်တိုင်း မျက်လုံးတွေကို သွေးညှီနံ့လွှမ်းနေတဲ့ပိတ်စတွေ စည်းထားတဲ့ လူရှစ်ဆယ်လောက်ဟာ တ၀ါးဝါး၊ တဟားဟားနဲ့ ပွဲကျနေသဗျ။သူတို့တွေထဲမှာ တချို့က လက်ကောက်ဝတ် ဖြတ်တဲ့နေရာက ပတ်တီးတွေစည်းထားသူတွေ၊ ပတ်တီးတွေ စည်းထားတဲ့ အင်္ဂါမပြည့်ဝတော့တဲ့ ခြေထောက်တွေ၊ထိပ်တုံးရှည်ကြီးရဲ့ ခတ်ထားခံရသူတွေ၊ ခေါင်းတွေမှာ ပတ်တီးတွေ ဖွေးနေသူတွေပါသဗျ။ဒီလောက် နာကျင်ဖွယ်ကောင်းတဲ့ အခြေအနေထဲမှာတောင် ဒီလူတွေအားလုံးဟာ တ၀ါးဝါး၊တဟားဟားနဲ့ ပွဲကျ အောင် အသံတု ၂ မျိုး၊ ၃ မျိုးလောက်နဲ့ ဖမ်းစားနိုင်တယ်ဆိုတော့ ကျနော်ဟာ နိုင်ငံတော်အဆင့် “စည်သူနေမျိုးဗလ အလင်္ကာ ကျော်ခေါင် ဟာသ၀ိဇ္ဇာ”ဆိုတဲ့ ဘွဲ့မျိုးတောင် ရသင့်ပေတယ်လို့ စာရှုသူ တွေးမိသွားနိုင်ပါတယ်။လူရွှင်တော်ဘ၀မှာ ပွဲတစ်ပွဲမှာ ပြက်သမျှ ပရိသတ်က ရယ်ကြတယ်ဆိုတာမျိုးက အလွန်ရှားပါတယ်။ဘယ်လောက်နာမည်ကြီးတဲ့ လူပြက်ပဲဖြစ်ဖြစ်၊ ပရိသတ်က မသိလိုက်ရလို့ ရှော်သွားတဲ့အလုံးဆိုတာကတော့ ရှိစမြဲပဲဗျ။အခုပွဲမှာကတော့ ပရိသတ်က ရာခိုင်နှုန်းပြည့် အူလှိုက်သည်းလှိုက် ရယ်ကြသဗျ။တစ်ခါ တစ်လေဆို မရယ်ရမယ့် နေရာတွေမှာပါလိုက်ပြီး အူလှိုက်၊သည်းလှိုက် ရယ်ကြသဗျ။ဘယ်မရယ်လို့ ရမလဲဗျာ။ထောင်မှူးဆိုတဲ့ ယမမင်း လက်သစ်က ဗီအိုင်ပီဖျော်ဖြေရေးပွဲမို့ အမိန့်က ကြိုထုတ်ပြီးသားဗျ။အကုန်ထထိုင်ရမယ်၊လူရွှင်တော်ဘောကြီးရဲ့ ပြက်လုံးမှာ ရယ်ရမယ့် နေရာရောက်ရင် ရယ်ရမယ်ဆိုတာ ကြိုအမိန့်က ထုတ်ထားဗျ။စောစောပိုင်း ပြက်လုံးတစ်ခု၊နှစ်ခုလောက်မှာ မသဲကွဲလို့ သူမျုားနဲ့ရော ယောင်မရယ်ဘဲ အူကြောင်ကြောင်ဖြစ်နေတဲ့ တစ်ယောက်ကို မင်းကဘာလို့ မရယ်တာလဲဆိုပြီး “ဂွမ်း” ကနဲ ခေါင်းကို တစ်ချက်ကျွေး လိုက်တဲ့အသံကို အားလုံးကြားလိုက်ရပြီးတဲ့နောက်မှာ ကျန်တဲ့သူအားလုံးဟာ ကျနော်တစ်လုံးပြက်ပြီးတာနဲ့ “၀ါးကနဲ ... ၀ါးကနဲ” ရေဒီယိုဟာဒယရွှင်ဆေးမှာ နောက်ကလိုက်ရယ်ပေးတဲ့ လူတွေအတိုင်း လိုက်လိုက်ရယ်လိုက်ကြတာ တစ်ခါ တစ်ခါ သူတို့ရယ်သံက ရှေ့ကပြက်လုံး ပြက်နေတဲ့ ကျနော်တောင် လန့်လန့်သွားတဲ့အထိဗျ။သူတို့ရယ်သံကြောင့် နောင်ပြည်တွင်းပြန် အငြိမ့်ကဖြစ်ရင် ရှေ့က ၀ါးရင်းတုတ်တစ်ချောင်းနဲ့ ခေါက်တုန့်ခေါက်ပြန် ရယ်ဖို့လှုံ့ဆော်ပေးနေတဲ့ မောင်မင်းကြီးသားကို ခေါ်သွားချင်စိတ်တောင် ပေါ်မိပါသဗျာ။
တကယ်ပါ။ကဗျာဆရာ မာယောကော့စကီးနဲ့ ကျနော်တို့ခေတ်ရဲ့ ကဗျာဆရာ ကိုချော (မောင်ချောနွယ်)တို့ စကားလုံးတွေ ငှားသုံးရရင် ဒါဟာဖြစ်ခဲ့တယ်။ပါဂျောင်မှာ ဖြစ်ခဲ့တယ်။အရှေ့ခုနစ်ဘ၀၊အနောက်ခုနစ်ဘ၀ အနုပညာမရတဲ့ကောင်တွေအတွက် ဖျော်ဖြေရေးမှာ ဖြစ်ခဲ့ တယ်လို့ ပြောရပါလိမ့်မယ်။ကျနော့်အနေနဲ့ သူတို့နေရာကနေ တွေးကြည့်လိုက်တော့ လွန်ခဲ့တဲ့တစ်ခါက မြန်မာပြည်ကို အုပ်ချုပ်သွားခဲ့ တဲ့  အင်္ဂလိပ်ဘုရင်ခံတောင် မရှုစားခဲ့ရဘူးတဲ့ ပါဖေါင်းမင့် ရှိုးမျိုးပေါ့ဗျာ။လက်နောက်ပြန်တုပ်၊မျက်လုံးတွေ အ၀တ်စည်း၊ငုပ်တုပ်ခစား ရင်းက ပြက်လုံးအလိုက်နဲ့ တ၀ါးဝါး၊တဟားဟား အော်ရယ်ပေးနေရရှာတဲ့ သားကောင်တွေရှေ့မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း မိမိတို့ရဲ့ ငရဲပြည်တမျှ ကြီးကျယ်ခမ်းနားတဲ့ စည်းစိမ်ကို မြိန်ရည်ရှက်ရည် ခံစားနေကြသဗျ။တစ်ခါတစ်ခါကျတော့လည်း ကျနော်တို့ကို ဖမ်းဆီးထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တွေဟာ များသောအားဖြင့်တော့ ညဘက်စုပြီး အရက်သောက်ဖြစ်ပြီး တော်တော်လေး ရေချိန်ကိုက်လာပြီဆိုရင် တရားခံတွေကို သွားရိုက်ရအောင်ဆိုပြီး အုပ်စုလိုက်ကြီး တက်လာတတ်ကြသဗျ။အဲလိုညမျိုးကတော့ ကျနော်တို့အဖို့ သူတို့တင်ဆက်တဲ့ ပါဖောင်းမင့်ကို ခံစားကြရတော့တာပေါ့ဗျာ။အဲလိုမျိုးဆိုရင်တော့ “တရားခံတွေ ထကြစမ်း” ဆိုတဲ့ အသံနက်ကြီးကို စကြားရသဗျ။ညှင်းဆဲထားလို့ တုတ်တုတ်မှ မလှုပ်နိုင်တော့တဲ့လူကလွဲလို့ အားလုံးဖေးကာ၊တွဲကာ ထကြရသဗျ။ လူတွေဟာ ဗြိတိသျှပန်းပုကျော် ဟင်နရီမိုးစ်ရဲ့ စစ်အတွင်း လန်ဒန်မြေအောက် လိုဏ်ခေါင်းထဲမှာ တုံလုံးပက်လက် လဲနေတဲ့လူတွေကို ဆွဲထားတဲ့ ပန်းချီကားထဲကလိုပေါ့ဗျာ။အမျိုးမျိုးသော ဆဲဆိုကြိမ်းမောင်းသံတွေ၊ဘွတ်ဖိနပ်တွေရှပ်တိုက် ရွေ့လျားနေသံတွေ ဆူနေတဲ့ ကြားမှာ “ခွမ်း” “ခွမ်း” ဆိုတဲ့ အသံကြီးဟာ ထိုင်နေတဲ့ ကျနော်တို့လူတန်း တစ်ဘက်ထိပ်ကနေ တရွေ့ရွေ့ နီးလာနေသလို အဲဒီနောက် ကနေ “ဟိုတစ်ယောက် ကွဲသွားပြီ” စတဲ့ ခပ်အုပ်အုပ် အချင်းချင်း ပြောသံတွေလည်း ကြားနေရတာမို့ မိမိခေါင်းကို ရိုက်လာမဲ့တုတ်နဲ့ အံကိုက်လောက်ဖြစ်အောင် စိတ်မှန်းနဲ့ချိန်ပြီး စောင့်နေလိုက်သဗျ။အဓိက ရည်မှန်းချက်ကတော့ ကိုယ့်ခေါင်းက အမာနေရာပေါ်တုတ် ကျပြီး ပထမတုတ်ချက်မှာတင် ခေါင်းကွဲသွားဖို့ဗျ။ဒီလိုနဲ့ ခွမ်းကနဲ ကိုယ့်မျက်စိထဲ ၀င်းကနဲတစ်ချက်ဖြစ်ပြီး လဲအကျ “ဘောကြီး ခေါင်းကွဲသွားပြီ” လို့ နောက်က လိုက်ကြည့်နေတဲ့လူရဲ့ မှတ်ချက်အပြီးမှာ ကျနော့်မျက်နှာပေါ် သွေးတွေစီးကျလာတဲ့နောက် စိတ်ထဲမှာ နည်းနည်းပေါ့သွားပါတယ်။အစိမ်းချုပ်ချုပ်မယ့် သူနာပြုတွေ မကြာခင်တော့ ရောက်လာပါလိမ့်မယ်။ဘာပဲပြောပြော “နောက်တစ်ခါ လာပြန်ပြီဟေး ဝေးဝေး” ဆိုတဲ့ မူးမူးနဲ့ ကြွေးကြော် ရိုက်နှက်ဦးမယ့် နောက်အကျော့တွေမှာ ကိုယ်လွတ်သွားပါတယ်။ဒီလို စောစာစီးစီး တစ်ချက်တည်းနဲ့ ကွဲသွားတဲ့ကိုယ့်ခေါင်းရဲ့ ထိလွယ်၊ကွဲလွယ်မှုအပေါ် တော်တော်ဂုဏ်ယူသွားသဗျ။ဒီလိုနဲ့ အကျဉ်းသားများ ရိုက်နှက် ခြင်း အနုပညာလို့ခေါ်မယ်ဆို ခေါ်လို့ရတဲ့ အကြောင်းမယ် ကျနော်တို့ အကျဉ်းကျနေတဲ့ ဒုက္ခိတတွေကို အရက်မူးပြီး တက်ရိုက်တဲ့ အကျင့်ဟာ ABSDF (NB) ဆိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေကြားမှာ ယဉ်ကျေးမှုသဖွယ် ဖြစ်လာပါတယ်။ ဥက္ကဋ္ဌ၊ ရင်းမှူး၊ ခွဲမှူး၊ ထောက်လှမ်းရေးမှူး၊ တစ်ခါတစ်လေ အထူးဧည့်သည်တွေရောပေါ့ဗျာ။နောက်ပိုင်းမှာတော့ မရိုက်ခင်ကတည်းက အကွဲချုပ်မယ့် သူနာပြုရဲမေတွေကိုပါ တစ်ခါတည်း ခေါ်လာတတ်သဗျ။မုဆိုးစိုင်သင်ဆိုသလိုပေါ့ဗျာ။
ဒီမြင်ကွင်းကို မြန်မာ့စာပေလောကမှာ သရော်စာ အလွန်အရေးကောင်းလှတဲ့ ဆရာကြီးမောင်ထင်များတွေ့ရင် ဒီလိုများရေးမလား မသိဘူးဗျ။“မိမိတို့နိုင်ငံအတွက် အသက်ကိုပင် မငဲ့ကွက်ဘဲ ပေးလှူထားသော တော်လှန်ရေးခေါင်းဆောင်ကြီးများပီပီ ရဲစိတ်၊ ရဲမာန်တို့ ကို အခါမလပ် ဖြစ်ပေါ်နေစေရေးအတွက် အထောက်အပံ့ကောင်း အလို့ငှာ အရက်သေစာတို့ကို သောက်ကြ၊စားကြရသော်လည်း မြို့ကြီးများပေါ်တွင် စည်းစိမ်ယစ်ကာ အပျော်အပါးကြား မျောပါနေသူများကဲ့သို့ သူရာမူးယစ်ပြီးချိန်တွင် အနှိပ်ခန်း၊ ကာရာအိုကေ၊ နိုက်ကလပ်များသို့ သွားရောက် ကခုန်ခွင့်မျိုး စိုးစဉ်းမျှမရနိုင်သော ဘ၀မျိုးတွင်နေရရှာသော တော်လှန်ရေးခေါင်းဆောင်များခမျာ မိမိတို့ ဖမ်းဆီးထားသော တရားခံများအား သွားရောက် ရိုက်နှက်ခြင်းဖြင့်သာ အပန်းဖြေရရှာလေသည်။” လို့လေ ...။ အဲဒီတော့ ရိုက်နှက်မှုဟာ ယဉ်ကျေးမှုတစ်ရပ်ဖြစ်လာပြီး သူ့ထက်ငါသာအောင် လာရောက်ရိုက်နှက်တဲ့ဓလေ့ ထွန်းကားနေချိန်မျိုးမှာ အစောပိုင်းက တင်ပြခဲ့သလို “ကျွန်မကတော့ ရန်ကုန်မြို့ ... ဒေါ်ကြင် ဒေါ်ကြင်နဲ့ … အပျိုကြီးပေါ့ရှင်။ကလေးကို ငါးဆယ်ကျော်နေပြီ” လို့ ကျနော်ရှေ့က ပြောသွားတဲ့နောက်မှာ “၀ါးဟားဟား” လို့ အားရပါးရ ပါတီစီဖင့်လုပ်ရတဲ့ အလုပ်မျိုးလောက်ကတော့ အီးစီးဂျော့ပေါ့ဗျာ။ အဲဒီအချိန်မျိုးမှာ ခင်ဗျားကလာပြီး “ဒါသက်သက် လူအချင်းချင်း ခြေနဲ့နင်းတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကြီးပဲ” ဆိုပြီးတော့ လာတော့မတားလေနဲ့။ ကျုပ်တို့နဲ့ပါ ရန်သူဖြစ်သွားနိုင်သဗျ။စောစောကပြောသလို စိတ်ပြောင်းပြီး တုတ်သွားဆွဲတော့ ခင်ဗျားက ဘာမှတတ်နိုင်တာ မဟုတ်ဘူး ဗျ။ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီလိုပဲ ဆူဆူဆဲဆဲ လူကက်ဆက်ညတွေဟာ ကျနော်တို့ရဲ့ လူသားဘ၀ကို ပြန်ရတဲ့ညတွေမို့ ခုလို တကူး တက  ရေးပြရပါသဗျ။ကျန်တဲ့အချိန်တွေကတော့ ခင်ဗျားတို့ ဖေ့ဘွတ်ပေါ်မှာ ဖတ်ဖူးကြသလို တိရိစ္ဆာန်တမျှ ဘ၀တွေကိုး။
ပထမဦးဆုံး ကိုနေ၀င်းရေးပြီး ခိုင်ထူးဆိုခဲ့တဲ့ “ခတ္တာ” သီချင်းကို အမြဲဆိုလေ့ရှိတဲ့ လူကက်ဆက်ကတော့ ကသာမြို့ကနေ တောခိုလာတဲ့ မောင်မောင်ခင် (ခေါ်) ဒဿပါ။နာမည်ရင်းက မောင်မောင်ခင်။မောင်မောင်ခင်ဆိုတဲ့ နာမည်ကလည်း ABSDF (NB) အဖွဲ့မှာ နှစ်ယောက် ရှိသဗျ။အခု နောက်ဆုံးထွက်တဲ့ ရမ်ဘိုဇာတ်ကားနဲ့ The Lady ဇာတ်ကားတွေမှာ နအဖစစ်ဗိုလ်အဖြစ် ၀င်သရုပ်ဆောင်တဲ့ ကိုမင်းဌေး (ခေါ်)မောင်မောင်ခင်ကလည်း အေဘီမြောက်ပိုင်းကပဲဗျ။သူက ကံကောင်းသွားတာက ကျနော်တို့ ပြဿနာတွေ ဖြစ်နေချိန်မှာ မြစ်ကြီး နားဘက် ရှေ့တန်းစခန်းတစ်ခုကို ရောက်နေတယ်လို့ သူပြောပြဖူးသဗျ။ဒီအနိဌာရုံတွေ မကြုံလိုက်ရဘူးပေါ့ဗျာ။ကျနော် ခုပြောတဲ့ မောင်မောင်ခင်က နောက်ပိုင်း ကျနော်တို့နဲ့အတူ ထွက်ပြေးလွတ်မြောက်လာတဲ့အထဲမှာ ပါလာပြီး ခုတော့ ကသာမှာပဲ နေနေတယ်ဗျ။ ကျနော်တို့ ပြန်လွတ်လာတဲ့အထဲမှာ ဒဏ်ရာအများဆုံးပေါ့။သူ့ကို ဘယ်လောက်ရိုက်ရိုက် “ကျောင်းသားကွ ထောက်လှမ်းရေး မဟုတ ဘူး”လို့ပဲ ထွက်ဆိုသတဲ့။ဒါကြောင့် နောက်ဆုံးမှာတော့ ကိုယ်တုံးလုံးချွတ်ပြီး ကိုယ်ပေါ်ကို “ရင်ပေါင်ကြမ်း” လို့ခေါ်တဲ့ တရုတ်ပြည်ဘက် အိမ်မိုး ကတ္တရာပြားတွေကို မီးရှို့ပြီး ကတ္တရာစက်တွေကို ကိုယ်ပေါ်ချတော့မှ ကိုယ်တော်က ကျနော်နဲ့ဘ၀တူ ထောက်လှမ်းရေး ဖြစ်လာတဲ့သူပါ။တကယ်က လူပျော်ပါ။ဒုက္ခတွေထဲမှာကို တစ်ခါတစ်ခါ ဟာသပြောတတ်ပါသေးတယ်။မီးလောင်ရာတွေကတော့ သူ့ကိုယ်အနှံ့ သေရာပါခဲ့သဗျ။ထန်းသမားများ အမူးပြေ ထန်းနို့မော့ကြည့်ဆိုသလို တောထဲကပြေးလာပြီး နောက်ပိုင်း ၁၉၉၅ လောက်က စာပေးစာယူ စာမေးပွဲဖြေကြတဲ့အချိန် ကျောင်းတွေပိတ်လိုက်ရတဲ့ လှုပ်ရှားမှုမှာ ဒဿတို့က ဇာတ်လိုက်တဲ့ဗျ။သူ့လိုပဲ “ရင်ပေါင်ကြမ်း” ဒဏ်ကြောင့် NIP က ထောက်လှမ်းရေးဗိုလ်ကြီးပါလို့ ထွက်ချက်ပေးလိုက်ရသူက ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ပါ။ မြေပေါ်မှာ ငုတ်လေး ငုတ်ရိုက်ပြီးတော့ ပက်လက်လှန်ပြီး လက်ရောခြေထောက်ကိုပါ တုပ်ပြီးတော့မှ ၀မ်းဗိုက်ပေါ်မှာ “ရင်ပေါင်ကြမ်း” စကို ခင်းပြီး မီးဖိုခဲ့ တယ်လို့ ထောက်လှမ်းရေး စစ်ကြောရေးတာဝန်ခံ တပ်ကြပ်ကြီးသန်းဇော်က ကျနော်တို့ကို လာပြောလို့ သိရတာပါ။နောက်တော့ ဖနောင့်ကနေ သံချောင်းကို မီးတို့ပြီး ရိုက်ထည့်ပါတယ်။ဒီလောက်ထိ သွေးအေးအေးနဲ့ ရက်ရက်စက်စက်လုပ်လို့သာ ကိုထွန်းအောင် ကျော်ဟာ သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ပြောခဲ့ရတာ ဖြစ်ပါတယ်။ကျနော်တို့နဲ့အတူ ချုပ်ထားစဉ် တလျှောက်လုံး ကိုထွန်းအောင် ကျော်ဟာ  ၀မ်းဗိုက်က မီးလောင်ထားတဲ့ဒဏ်ရာ၊ခြေသလုံးထိ သံကိုရိုက်သွင်းထားတဲ့ဒဏ်ရာတို့ကြောင့် လမ်းကောင်းကောင်း မလျှောက်နိုင်တော့ပါဘူး။
ဒီလိုဒဏ်ရာတွေကြောင့် မထနိုင်လောက်အောင် ဖြစ်နေပေမယ့် လူကက်ဆက်အဖြစ် ပျော်တော်ဆက်ရတဲ့ အဖြစ်ကလည်း မလွတ်ခဲ့ ပါဘူး။သူ့ကိုက ငြှိုးတေးထားလေတော့ သီချင်းသာဆိုရတယ်၊အဆဲအဆို အကန်အကြောက်လည်း ခံရရှာပါတယ်။အစောပိုင်းရက်များ မှာ သူသီဆိုတဲ့ သီချင်းကတော့ “တိမ်တမာန်” သီချင်းပါ။ “မှိုင်းပြာမှုန်ဝေ ... တိမ်မဲညိုရိပ်တွေ ... တောင်ပြန်လေ ...” သီချင်းစာသားတွေအတိုင်း သူ လွမ်းလွမ်းဆွေးဆွေး သီဆိုတိုင်း ကျနော်တို့ဟာ သူနဲ့အတူ လွင့်ပါ ခံစားခဲ့ကြရပါတယ်။
ကိုထွန်းအောင်ကျော်ဟာ နောက်ပိုင်းရောက်လာတဲ့အခါမှာတော့ ထောင်လုံခြုံရေးက “ဘယ်သူ သီချင်းဆိုပြမလဲ” လို့ မေးရင်ကို တစ်ခါတစ်ရံမှာ သူ့သဘောနဲ့သူ့ကို ထထိုင်ပြီး ကိုနေ၀င်းရဲ့ ‘အားလုံးကို ကျော်ဖြတ်ရမယ်’ ဆိုတဲ့သီချင်းကို ဆိုလေ့ရှိပါတယ်။ အသတ်ခံရကာနီး ရက်ပိုင်းတွေမှာတော့ မင်းမင်းလတ်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းကို သီဆိုသဗျ။ဒီအကျဉ်းကျနေတဲ့ဘ၀နဲ့ ဒီသီချင်းဟာ ကိုထွန်းအောင်ကျော်မှာ ဖဲကြိုးဝါလေးတွေ သစ်ပင်မှာ ချည်ပြီး စောင့်နေမယ့်သူများ ရှိခဲ့လေသလားလို့ တွေးမိပေမယ့် မမေးသာလို့ မမေးဖြစ်ခဲ့ပါဘူး။ တစ်ကြိမ်မှာတော့ သူနဲ့ကျနော် မိုးကာစတစ်ခုထဲမှာ ထမင်းပုံစားခွင့် ရခဲ့သဗျ။သူက ပတ်ဝန်းကျင်ကို အသာလေး ခိုးကြည့်ပြီး “ကိုဘောကြီး ကျနော့်ကိုတော့ သူတို့ အရှင်ဆက်ထားမယ်မထင်ဘူး။တကယ်လို့များ ခင်ဗျားဆက်ပြီး အသက် ရှင်ခဲ့ရင်တော့ အဖြစ်မှန်ကို အခွင့်သာရင် ဖော်ထုတ်ပေးပါဗျာ” လို့ တိုးတိုးလေး ကပ်မှာပါတယ်။စကားပြောနေတာကို မြင်ပြီး ဆဲဆိုသံ တွေနဲ့ ပစ်ပေါက်တာ ခံလိုက်ရတာမို့ “စိတ်ချပါလို့” ကမန်းကတန်း သူ့ကို အဖြေပေးပြီးနောက်မှာ စကားပြောခွင့် မသာတော့ပါဘူး။ ကိုထွန်းအောင်ကျော်ရဲ့ သီချင်းတွေအကြောင်းကို ဒီလောက်ဖွဲ့နွဲ့နေရတာက အကြောင်းရှိသဗျ။ သူဆိုတဲ့ပုံက တကယ့်အဆိုတော် တစ်ယောက်လို ဆိုနိုင်သလို တစ်လုံးတစ်လေ ယိုင်သွားတာ တိမ်းသွားတာမျိုးကို မရှိပါဘူး။ဂစ်တာနဲ့ ကီးဘုတ် ၂ မျိုးကို ကျွမ်းကျွမ်း ကျင်ကျင် တီးနိုင်သလို အနောက်တိုင်း ဂီတသင်္ကေတကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းတယ်လို့ သိရပါတယ်။သီချင်းတစ်ပုဒ် ကို ဖွင့်နားထောင်ပြီး သင်္ကေတကို ဒါရိုက် နောက်က လိုက်ရေးနိုင်သဗျ။ ဒါကြောင့်လည်း အေဘီတပ်ဖွဲ့က ရဲဘော်၊ ရဲမေတိုင်းက အကိုကြီးတစ်ယောက်လို ချစ်ကြတာပါ။ကျနော် အံ့သြတာကတော့ အင်မတန်စရိုက်ကြမ်းတဲ့ တာတီးဆိုတဲ့ လုံခြုံရေးတာဝန်ကျတဲ့လူက တခြားလူတွေလစ်ရင် သူ့ဆီကို ဂစ်တာကို ၀ှက်ယူလာပြီး အစ်ကိုကြီး တစ်ပုဒ်လောက် တီးပြပါလို့ ယဉ်ယဉ်ကျေးကျေး တောင်းဆိုတာမျိုး တွေ့ဖူးလို့ပါ။ကိုထွန်းအောင်ကျော် ဂစ်တာကို စိတ်ကြိုက်ကြိုးညှိပြီး တာတီးအတွက် စိုင်းထီးဆိုင်ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ” သီချင်းကို တီးပြတဲ့နေ့ကိုတော့ မေ့မရနိုင်တော့ပါဘူး။ကျနော်တို့အပေါ် အဆဲအဆို အကန်အကြောက် နာမည်ကြီးတဲ့ တာတီးတစ်ယောက် စကားမပြောနိုင်ဘဲ ငြိမ်နေပြီး တော်တော်ကြာမှ “ကျေးဇူးပါပဲ အစ်ကိုကြီးရာ” လို့ ပြောသွားတာ ကြားရတော့ တကယ့်ကို အံ့သြမိပါတယ်။


 ရုပ်ပုံ။ ။ဂူဂဲလ်
↧
Viewing all 346 articles
Browse latest View live